← Chapters

အခန်း (၂၈၁-၂၈၅)

Vol. 19 Ch. 281-285

အခန်း (၂၈၁-၂၈၅)

Vol. 19 Ch. 281-285

အခန်း ၂၈၁

ကျရှုံးမှု

သေနတ်ကိုမြင်လိုက်သည်နှင့် ယန်ရွှီယာ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားရတောသည်။ သူမသိုင်းပညာအကြောင်းသိထားပြီး တိုက်ခိုက်ဖို့ရန်မကြောက်ရွံ့ပေမယ့်လဲ သေနတ်နှင့်ပစ်သတ်ခံရမည်ကိုတော့ မဖြစ်ချင်ပေ။

သို့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်သည်တော့ သေနတ်ကိုမြင်ရတာတောင်မှ အေးဆေးဖြစ်နေကြပေမယ့် စိတ်ထဲတွင်တော့မကျေမနပ်ဖြစ်သွားကာ ဝမ်ကျစ်လင်းကို အေးစက်စွာစိုက်ကြည့်နေကြသည်။

"ကျွန်မအထင် ရှင်သေနတ်ကိုချထားလိုက်တာကောင်းမယ်။ မဟုတ်ရင် ရှင့်ကိုလဲ ထောင်ချပစ်မယ်။" ကုနင်းအေးစက်စွာပြောလိုက်သည်။

ဝမ်ကျစ်လင်းသည် လင်ရှောင်းထင်ကို စစ်အရာရှိတစ်ယောက်မှန်းမသိထားခဲ့ပေ။ သူသာ ယခုလိုမျိုး သေနတ်နှင့် လင်ရှောင်းထင်ကို ချိန်ထားရက်ဖြင့် သိသွားခဲ့လျှင် ပစ်မိသွားမည်မှာအသေချာပင်။

"ဟွန့်! မင်းကများ ငါ့ကိုထောင်ထဲထည့်နိုင်မယ်ထင်နေတာလား? ငါ့မှာ ဝမ်မိသားစုရဲ့ထောက်ခံပေးမှုရှိတယ်၊ ပြီးတော့ မင်းတို့ကို ရဲတွေကိုပြန်တိုက်ခိုက်တဲ့အမှုနဲ့ ထောင်ထဲလဲထည့်ပစ်နိုင်တယ်။"

ထိုအချိန်တွင်ပဲ အပြင်ဘက်မှ ရဲများသည် စစ်ဆေးရေးခန်းထဲမှ ဆူညံသံများကြားသောကြောင့် အပြေးရောက်ရှိလာကြကာ သူတို့၏လုပ်ဖော်ကိုင်ဖက်လေးယောက်လုံး အရိုက်ခံထားရပြီး ကြမ်းပြင်ပေါ်တွင်လဲကျနေကြောင်း မြင်လိုက်ရသောကြောင့် အံ့ဩသွားကြသည်။

ဒီလူတစ်ယောက်တည်း တိုက်ခိုက်ခဲ့တာလား? သူတို့အားလုံး လင်ရှောင်းထင်ကို ကြည့်လိုက်မိကြသည်။

သူတို့ဝင်လာသည်နှင့် ဝမ်ကျစ်လင်းလဲ တုံ့ဆိုင်းမနေဘဲ မြန်မြန်အမိန့်ပေးလိုက်သည်၊

"ဘာကိုရပ်ကြည့်နေကြတာလဲ! သူတို့ကို အခုချက်ချင်း ထောင်ထဲထည့်ပစ်စမ်း!"

ဒီတစ်ခေါက်တော့ လင်ရှောင်းထင်ပြန်လည်မခုခံလောက်တော့ဟု ဝမ်ကျစ်လင်းထင်ထားခဲ့ပေမယ့် မမျှော်လင့်ထားစွာပဲ သူ့အထင်မှားသွားခဲ့လေသည်။

ရဲသုံးယောက် အနားသို့ကပ်လာရုံရှိသေး လင်ရှောင်းထင်မှာ ထပ်မံပြီး စက္ကန့်ပိုင်းအတွင် အနိုင်တိုက်လိုက်ပြန်သည်။

ဝမ်ကျစ်လင်းမှာ ဒေါသလဲထွက်သလို အလွန်လဲထိတ်လန့်သွားခဲ့ကာ ချက်ချင်းပဲ သေနတ်မောင်းကိုတင်လိုက်ပြီး လင်ရှောင်းထင်ကို ပစ်ရန် အဆင်သင့်ပြင်လိုက်သည်။ သို့ပေမယ့်သူဘာမှမလုပ်ရသေးခင်တွင်ပဲ သူ၏လက်ကောက်ဝတ်ကို အရိုက်ချခံလိုက်ရကာ လက်ထဲမှသေနတ်ကိုဆွဲဖယ်ခံလိုက်ရသည်။

သူ့မျက်စိရှေ့တွင် ကုနင်းကိုကိုင်ကာရပ်နေသည်ကိုမြင်လိုက်ရချိန်တွင်တော့ ဝမ်ကျစ်လင်းအလွန်ကြောက်ရွံ့သွားကာ သတိလက်လွတ်နောက်ပြန်ဆုတ်လိုက်မိပြီး,

"မင်းဘယ်လိုလုပ်...."

ကုနင်း၏လျင်မြန်သွက်လက်မှုနှင့် ရုတ်တရက်လှုပ်ရှားလိုက်မှုကြောင့် ဝမ်ကျစ်လင်းအလွန်ထိတ်လန့်သွားရသည်။

"မင်းကများ ငါ့သေနတ်ကို ဆွဲလုရဲတယ်လား! မင်းကိုသေဒဏ်ချပစ်လို့ရတယ်!" ဝမ်ကျစ်လင်း ခြိမ်းခြောက်လိုက်သည်။

"တကယ်လား? ရှင်ကလုပ်နိုင်တယ်ပေါ့?" ကုနင်း မျက်လုံးထဲတွင် ဝမ်ကျစ်လင်းမှာ ဘာမှမှုစရာကောင်းသည့် လူတစ်ယောက်မဟုတ်သလိုမျိုး ပြန်မေးလိုက်သည်။

"မင်း...." ကုနင်း သူ့ကို သေနတ်ဖြင့်ပစ်ရဲမည်ကိုတော့ မယုံကြည်ပေမယ့်လဲ မတော်တဆပစ်မိသွားမည်ကိုတော့ ကြောက်ရွံ့နေလေသည်၊

"ငါက ဝမ်မိသားစုဝင်တစ်ယောက်ပဲ! မင်းငါ့ကို ထိခိုက်အောင်လုပ်ရဲရင်၊ ဝမ်မိသားစုက မင်းတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး!"

"အိုး! စိတ်ဝင်စားစရာပဲ! ကျွန်မကလဲ ဝမ်မိသားစုကို အလွတ်ပေးဖို့မစဉ်းစားထားပါဘူး!" ကုနင်းအေးစက်စွာပြန်ပြောလိုက်သည်။

ထိုအချိန်တွင်ပဲ ဝမ်ကျစ်လင်း၏ဖုန်းမြည်လာခဲ့ကာ ခေါ်ဆိုသူသည်တော့ ထန်မြို့ရှိ ပြည်သူ့လုံခြုံရေးဌာန၏ခေါင်းဆောင် ကျန်းယွမ်ချန်းပင်ဖြစ်သည်။ ဝမ်ကျစ်လင်းလဲ ချက်ချင်းပဲ ဖုန်းကိုင်လိုက်ကာ,

"ဟုတ်ကဲ့, ဘော့စ် ကျွန်တော် ဘာများလုပ်ပေးရမလဲ?"

ဝမ်ကျစ်လင်းစကားဆုံးသည်နှင့် ဖုန်းတစ်ဖက်မှ ကျန်းယွမ်ချန်းသည် အော်ဟစ်လာတော့သည်၊

"ဝမ်ကျစ်လင်း၊ မင်းဒီနေ့ ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ကို ဖမ်းခဲ့တယ်မလား? မင်းဖမ်းခဲ့မိရင် အခုချက်ချင်းပြန်လွှတ်လိုက် မဟုတ်ရင် မင်းကို အလုပ်ဖြုတ်ပစ်မယ်!"

ဝမ်ကျစ်လင်းသည်တော့ ထိတ်လန့်တုန်ရီသွားကာ လင်ရှောင်းထင်, ကုနင်းနှင့် ယန်ရွှီယာတို့ကို ကြည့်လိုက်မိသည်။

ကျန်းယွမ်ချန်းသည် ဖုန်းထဲမှနေအော်လိုက်ခြင်းဖြစ်သောကြောင့် စစ်ဆေးရေးခန်းအတွင်းမှလူတိုင်း သူ့အမိန့်ကိုကြားလိုက်ရကာ အားလုံးလဲအံ့သွားကြသည်။

သူတို့က ဘယ်သူတွေမို့လို့လဲ? ပြီးတော့ ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်ကိုယ်တိုင် သူတို့ကို လွှတ်ပေးဖို့ဘာလို့ လှမ်းဆက်ရတာလဲ?

ကုနင်းလဲ လင်ရှောင်းထင်ကို ကြည့်လိုက်မိသည်။ ယခုဖုန်းဆက်လာသည်ကိစ္စက လင်ရှောင်းထင်နှင့် တစ်နည်းနည်းပတ်သတ်နိုင်ကြောင်းတွေးလိုက်မိသည်။ လင်ရှောင်းထင်သည်လဲ ကုနင်း၏အကြည့်ကိုနားလည်သောကြောင့် အမှန်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ဘေ-ဘော့စ်, သူတို့နာမည်တွေကိုမေးလို့ရမလား?" ဝမ်ကျစ်လင်း အသံတုန်ရီကာမေးမြန်းလိုက်သည်။ သူသည် ဝမ်မိသားစုဝင်ဖြစ်သော်လည်း သွေးဝေးသည့် ဝမ်းကွဲတစ်ယောက်သာဖြစ်သောကြောင့် သူ့တွင်သာ ရာထူးတစ်ခုရှိမနေလျှင် ယခုလိုမောက်မာနိုင်တော့မည်မဟုတ်ပေ။

ထို့အပြင်၊ ကျန်းယွမ်ချန်းသည် သူ၏ဘော့စ်ဖြစ်ရုံသာမက အင်အားကြီးသည့်နောက်ခံကိုလဲပိုင်ဆိုင်ထားသေးသည်။ ကျန်းယွမ်ချန်းသာ သူ့ကိုအလုပ်ဖြုတ်မည်ဆိုလျှင် ဝမ်မိသားစုသည်လဲ သူကိုကူညီလိမ့်မည်မဟုတ်။ ဝမ်ကျစ်လင်းသည် အောက်ခြေလွတ်ဂုဏ်မောက်တတ်ပေမယ့် ဘယ်အချိန်တွင် ရိုရိုကျိုးကျိုးဆက်ဆံရမည်ဆိုသည်ကိုလဲ သိပေသည်။

"မင်းဒီနေ့တစ်ယောက်ယောက်ကို ဖယ်ခဲ့တယ်မလား?" ကျန်းယွမ်ချန်း ထပ်ပြီး အော်လိုက်ပြန်သည်။ တကယ်တော့ သူလဲ သူ့ဘော့စ်က အသေးစိတ်မပြောပြသောကြောင့် သူလွှတ်ခိုင်းသည့်လူများ၏နာမည်ကိုမသိပေ။ သို့ပေမယ့် ကျန်းယွမ်ချန်း၏ဘော့စ်က ချက်ချင်းပဲ လွှတ်ပေးရန် အမိန့်ပေးခဲ့လေသည်။

ညကရန်ဖြစ်သည့်ကိစ္စမှာကြီးကြီးမားမားမဟုတ်ပေမယ့် ဝမ်မိသားစု၏သမီးဖြစ်သည့် ဝမ်ရှင်းယန်ပါဝင်နေသောကြေည့် ဝမ်မိသားစုသည် ကုနင်းကို အပြစ်ပေးချင်နေကြကာ ဘယ်သူမှလဲ သူတို့ကိုမတားရဲပေ။ သို့ပေမယ့် စစ်တပ်ဘက်မှအရေးပါသည့်ပုဂ္ဂိုလ်ကိုယ်တိုင်က သူ့ကို ကုနင်းတို့အားလွှတ်ပေးရန် အမိန့်ပေးလာခဲ့သည်။

"မ-မဖမ်းခဲ့ပါဘူး။" ဝမ်ကျစ်လင်း အလောတကြီးငြင်းလိုက်ပေမယ့် အသံတိုးတိုးဖြင့် ကျန်းယွမ်ချန်းကို သတိပေးလိုက်သေးသည်။

"ဘော့စ်၊ သူတို့က ဝမ်မိသားကို စိတ်အနှောက်အယှက်ပေးခဲ့တဲ့လူတွေနော်!"

"အဲ့တော့ဘာဖြစ်လဲ? သူတို့ကို အခုချက်ချင်းပြန်လွှတ်လိုက်!" ကျန်းယွမ်ချန်း စိတ်မရှည်တော့ပေ။

ဝမ်ကျစ်လင်းလဲ ချက်ချင်းပဲ သူတို့ ယနေ့ဖမ်းခဲ့သည့် လူသုံးယောက်သည် ဝမ်မိသားစုထက်ပင် ပိုပြီးအာဏာကြီးကြောင်း နားလည်သွားတော့သည်။ ဝမ်မိသားစုက သူတို့ကို ထောင်ထဲထည့်ရန် ပြောထားပေမယ့် အခုတော့ သူ့မှာ ကျန်းယွမ်ချန်း၏အမိန့်ကိုနာခံရပေမည်။ ရာထူးသာမရှိတော့လျှင် ဝမ်မိသားစုသည် သူ့ကို အချိန်မရွေးစွန့်ပစ်လိုက်မည်ပင်။

ကျန်းယွမ်ချန်းနှင့်ဖုန်းပြောပြီးသည်နှင့် ဝမ်ကျစ်လင်း၏အပြုအမူပြောင်းလဲသွားကာ လင်ရှောင်းထင်ထံသို့သွားလိုက်ပြီး,

"ကျွန်တော်တို့ ပြောခဲ့လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ အခုပြန်လို့ရပါပြီ။"

ကုနင်းလဲ ဝမ်ကျစ်လင်းကို အပြစ်တင်မနေတော့ဘဲ ထွက်သွားလိုက်သည်။

သူမတို့ထွက်သွားသည်နှင့် ချက်ချင်းပဲ ဝမ်ကျစ်လင်း ဝမ်ဟုန်းမင်ထံဖုန်းဆက်လိုက်သည်။

"ဦးလေးဝမ်၊ " ဝမ်ကျစ်လင်း၏အသံမှာ အခုထိကြောက်လန့်တုန်ရီနေစဲပင်။

"ဘယ်လိုလဲ? ဖြေရှင်းပြီးပြီလား?" ဝမ်ဟုန်းမင်သည်တော့ ကိတ်မုန့်တစ်တုံးစားရသလို သူ့စိတ်ထင်တိုင်းဖြစ်မည်အထင်နှင့် အေးအေးဆေးဆေးပဲမေးလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ဘယ်သူမှ ထန်မြို့ရှိ ဝမ်မိသားစုကို မဆန့်ကျင်သင့်သလို မဆန့်ကျင်နိုင်ကြပေ။

"ဦးလေးဝမ်၊ ကျွန်တော်တောင်းပန်ပါတယ်။ ပြည်သူ့လုံခြုံရေးဌာခေါင်းဆောင်ကိုယ်တိုင် ဖုန်းဆက်ပြီး သူတို့ကို လွှတ်ပေးဖို့ အမိန့်ပေးလာခဲ့တယ်။" ဝမ်ကျစ်လင်း တောင်းပန်လိုက်သည်။

"ဘာ? ကျန်းယွမ်ချန်းကိုယ်တိုင် ဖုန်းဆက်ပြီး သူတို့ကိုလွှတ်ပေးခိုင်းတာလား? သူတို့က ကျန်းယွမ်ချန်းနဲ့ ဘယ်လိုပတ်သတ်နေလို့လဲ?" ဝမ်ဟုန်းမင်း စိတ်တိုသွားသည်။

"ကျွန်-ကျွန်တော်လဲမသိဘူး။" ဝမ်ကျစ်လင်းသည်တော့ ဇောချွေးများပင်ပြန်လာခဲ့သည်။

"ငါတို့ကို စိတ်အနှောက်အယှက်ပေးခဲ့တာကြောင့် ဆိုတာကော ကျန်းယွမ်ချန်း သိရဲ့လား?" ဝမ်မိသားစုကို မည်သူမျှမလွန်ဆန်ရဲသလိုနှင့် ဝမ်ဟုန်းမင် ဂုဏ်မောက်စွာဖြင့်မေးလိုက်သည်။

"သူသိပါတယ်၊ ဒါပေမယ့် ဂရုမစိုက်ဘူး! ကြည့်ရတာ သူတို့ဘက်မှာ ပိုပြီး အာဏာကြီးတဲ့လူဖြစ်မယ်ထင်တယ်။" ဝမ်ကျစ်လင်းပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဝမ်ဟုန်းမင်မကျေမနပ်ဖြစ်သွားပေမယ့် လက်သီးကျစ်ကျစ်ဆုပ်ထားဖို့သာတတ်နိုင်တော့သည်။

***

အခန်း ၂၈၂

ကုနင်း၏ ကျောက်စိမ်းတင်ပို့မှုကုမ္ပဏီဖွင့်လှစ်ခြင်း

"ကောင်းပြီ၊ ငါနောက်တစ်နည်းရှာလိုက်မယ်။" ဝမ်ဟုန်းမင် မကျေနပ်ပေမယ့် ဝမ်ကျစ်လင်းကိုတော့ အပြစ်မတင်တော့ဘဲ ဖုန်းချလိုက်တော့သည်။

ဝမ်ကျစ်လင်းသည်လဲ သူ့ကို ဝမ်ဟုန်းမင်အပြစ်မတင်သောကြောင့် စိတ်သက်သာရာရသွားတော့သည်။

ဝမ်ရှင်းယန်သည် ဝမ်ဟုန်းမင်၏ဘေးနားတွင်ရပ်နေတာဖြစ်ပြီး သူတို့အစီအစဉ်ကျရှုံးသွားသည်ကိုကြားတော့ အရှုံးမပေးနိုင်စွာဖြင့်၊

"အဖိုး၊ သူတို့ကို ဒီလိုလွယ်လွယ်နဲ့မလွှတ်ပေးပါနဲ့။"

"ကောင်းပြီ, ကောင်းပြီ၊ လွယ်လွယ်မလွှတ်ပေးဘူး၊ အဖိုးကတိပေးတယ်။" ကုနင်း၏နောက်ခံက သိပ်မရိုးရှင်းကြောင်း ဝမ်ဟုန်းမင်ခံစားရပေမယ့် ဝမ်မိသားစု၏ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက်တော့ ဆက်ပြီးကြိုးစားသွားဦးမည်ဖြစ်သည်။ အစမှာတော့ ဝမ်ဟုန်းမင်သည် ဝမ်ရှင်းယန် ကုနင်းတို့ကို အပြစ်ပေးရာတွင်ကူညီပေးရန်သာစီစဉ်ထားပေမည့် အခုချိန်တွင်တော့ ဝမ်မိသားစုနာမည်ဖြစ်တောင်ဘာမှမလုပ်ခဲ့နိုင်ခြင်းက အရှက်ခွဲခံရသလိုခံစားရသောကြောင့် သူကိုယ်တိုင်အတွက်ပါ လက်စားပြန်ချေရန်ဆုံးဖြတ်လိုက်တော့သည်။

ကုနင်းတို့အဖွဲ့ ရဲစခန်းမှထွက်လာပြီးနောက် ကုနင်းက ဝမ်မိသားစုမှာ လွယ်လွယ်နှင့်အလွတ်မပေးနိုင်သောကြောင့် နောက်ဘာကိစ္စပဲဖြစ်ဖြစ် သူမကို အသိပေးအကြောင်းကြားရန် ယန်ရွှီယာကို ပြောလိုက်သည်။ ထိုအချိန်တွင်တော့ ဝမ်မိသားစုသည် ကုနင်းကို အလွန်တရာမုန်းတီးနေကြပြီဖြစ်သည်။ အကယ်၍ ဝမ်မိသားစုဘက်က လက်လျှော့လိုက်ဖို့ရန်တွေးလျှင်တောင်မှ ကုနင်းဘက်က အလွတ်ပေးတော့မည်မဟုတ်ပေ။ ဒီကနေ့အဖြစ်အပျက်များပြီးချိန်တွင်တော့ ယန်ရွှီယာနှင့် ကုနင်းမှာ တစ်လှေတည်းစီးကြသူများဖြစ်သွားလေပြီ။

ယန်ရွှီယာသည်လဲ သူမ ဝမ်မိသားစုကို ဆန့်ကျင်မရပ်တည်နိုင်ကြောင်း နားလည်သလို ဆက်ပြီးတော့ ဝမ်ရှင်းယန်၏အနိုင်ကျင့်ခြင်းကိုလဲ သည်းမခံနိုင်တော့ပေ။ ကံကောင်းစွာဖြင့် အခုတော့ ကုနင်း၏အထောက်အပံ့ကိုရသွားပြီဖြစ်သောကြောင့် ကုနင်းနှင့် ရင်းနှီးမှုရှိရန် သူမဘက်က ပိုလို့တောင် ဆန္ဒရှိလေသေးသည်။

ပြဿနာများဖြေရှင်းသွားပြီးချိန်တွင်တော့ နေ့လည်၁၂နာရီထိုးခါနီးပြီဖြစ်၍ တက္ကစီတစ်စီးငှားကာ ဟိုတယ်သို့အရင်ပြန်လိုက်ပြီးမှသာ လင်ရှောင်းထင်ငှားထားသောကားဖြင့် စက်ရုံသို့ပြန်သွားကြမည်ဖြစ်သည်။

သူမတို့နှစ်ယောက်ဟိုတယ်သို့ပြန်ရောက်ချိန်တွင် ဧည့်ကြိုများမှာ သူတို့နှစ်ယောက်၏ပြဿနာမှာ ဝမ်မိသားစု၏သမီးဖြစ်သူနှင့်ပါဝင်ပတ်သတ်နေကြောင်းကြားသိထားသောကြောင့် အခုလိုဘေးကင်းကင်းဖြင့်ပြန်ရောက်လာသည်ကိုမြင်လိုက်ရတော့ အံ့ဩသွားကြရသည်။ ဝမ်မိသားစုသည် ထန်မြို့ရှိ အာဏာလွှမ်းမိုးမှုအရှိဆုံး မိသားစုကြီး၄စုထဲမှတစ်စုဖြစ်သည်။ သူတို့နှစ်ယောက်က မိန်းကလေးဝမ်ကို ရိုက်နှက်ပြီးတာတောင်မှ ဘေးကင်းနေကြသည်ဆိုတော့ သူတို့၏နောက်ခံက ဝမ်မိသားစုထက်ပင် ပိုမြင့်လောက်ပေသည်!

ကုနင်း စက်ရုံသို့သွားရာလမ်းတွင် ကေ့ထံသို့စာတစ်စောင့်ပို့လိုက်သည်။ အကြောင်းအရာသည်တော့ ဝမ်မိသားစု၏ ဥပဒေနှင့်မလွတ်ကင်းသော အပြုအမူများကို သက်သေနှင့်တကွ မြန်နိုင်သမျှမြန်မြန်ရှာဖွေပေးရန်ပြောထားခြင်းဖြစ်သည်။ သူမတွင်သာ ဝမ်မိသားစု၏ ဥပဒေမဲ့ပြုမူထားသည့် မှတ်တမ်းမှတ်ရာများကို သက်သေနှင့်တကွရှာတွေ့ထားလျှင် ဝမ်မိသားစုကို အချိန်မရွေးလွယ်လွယ်ကူကူ ဖြုတ်ချပစ်နိုင်လေသည်။ ဝမ်မိသားစုတွင် ဥပဒေနှင့်မလွတ်ကင်းတာတစ်ခုမှ လုပ်ထားတာမရှိဟု ကုနင်းမယုံကြည်ပေ။

ကုနင်းနှင့် လင်ရှောင်းထင်တို့ စက်ရုံသို့ရောက်ချိန်တွင်တော့ လူတိုင်းမှာ အလုပ်ရှုပ်နေကြလေသည်။

ကုနင်းလဲ ချက်ချင်းပဲ ဖြတ်ပြီးသားကျောက်စိမ်းများကို ထုပ်ပိုးပြီး သူတို့ဆိုင်သို့ရွှေ့ရန်ပြောလိုက်သည်။ ပြီးနောက် ကျန်းဖန်ကို လက်ဝတ်ရတနာလုပ်ငန်းများ၏ ကိုယ်စားလှယ်များထံသို့ ယနေ့, နေ့လည်၂နာရီအချိန်တွင် Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်းသို့လာရောက်ကာ လေလံဆွဲနိုင်ကြောင်း စာပို့ခိုင်းလိုက်သည်။

အခုက ၂နာရီထိုးရန် ၁နာရီခွဲလောက်လိုသေးသောကြောင့် သူတို့ ဆိုင်သို့မသွားခင် အရင်ဆုံး နေ့လည်စာစားကြရန်ဆုံးဖြတ်လိုက်ပြီး ကောင်းယိနှင့် ချောင်ယတို့က သွားဝယ်ပေးကြလေသည်။

ယမန်နေ့တုန်းက လက်ဝတ်ရတနာလုပ်ငန်းများ၏ ကိုယ်စားလှယ်အားလုံး ယနေ့Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းမှနေပြီး ကျောက်စိမ်းရောင်းချမည့်အကြောင်းကြားထားပြီးဖြစ်သောကြောင့် သူတို့အားလုံး စောင့်ကြည့်ရန်လူများကို Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်းသို့စေလွှတ်ထားပြီးဖြစ်သည်။ ကျောက်စိမ်းစတင်ရောင်းပြီဆိုသည်နှင့် သူတို့ချက်ချင်းပဲ ရောက်လာကြမည်ဖြစ်သည်။ သို့ပေမယ့် မနက်ပိုင်းတွင် Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်း၏တံခါးများသည် စေ့စေ့ပိတ်ထားကြသောကြောင့် သူတို့အလားလုံး စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး နေ့လည်ခင်းတွင်တော့ သူတို့မျှော်လင့်စောင့်စားနေကြသည့် အကြောင်းအရာကို ကျန်းဖန်မှ စာပို့လာခဲ့လေသည်။

စားသောက်ပြီးသွားချိန်တွင်တော့ ကုနင်းတို့အဖွဲ့ ကျောက်အလောင်းအစားလမ်းသို့သွားလိုက်ကြတော့သည်။

သို့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်မှာ ကျန်းဖန်နှင့် တစ်ဖွဲ့တည်းအဖြစ်မသွားဘဲ လာရောက်ကြည့်ရှုသူများအဖြစ်သာဟန်ဆောင်ပြီး စောစောသွားလိုက်ကြသည်။

နေ့လည်၁၂နာရီ၁၅မိနစ်လောက်ကတည်းက Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်း၏အပြင်ဘက်တွင် လူများစွာစောင့်ဆိုင်းနေကြပြီးသားဖြစ်လေသည်။ တချို့သည်တော့ လက်ဝတ်ရတနာလုပ်ငန်းများ၏ကိုယ်စားလှယ်များ၊ တချို့သည်တော့ ကျောက်စိမ်းကို ဝယ်ယူချင်ကြသည့် ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင်များ၊ တချို့သည်တော့ လာရောက်ကြည့်ရှုသူများနှင့် တခြားကျောက်စိမ်းတင်ပို့သူအချို့လဲ ရောက်ရှိနေကြလေသည်။

အထူးသဖြင့် ထန်မြို့၏အကြီးမားဆုံး ကျောက်စိမ်းတင်ပို့သူသုံးဦးသည် သူတို့လူများကို ကျန်းဖန်၏ဆိုင်မှ နောက်ဆုံးရသတင်းများကို စုံစမ်းစုဆောင်းရန် ပို့လွှတ်လိုက်ကြလေသည်။

တကယ်တော့ ထန်မြို့တွင် ကျောက်စိမ်းတင်ပို့သူအနည်းဆုံး ၈ဦးရှိပေမယ့် ကျန်းမိသားစု, ဝမ်မိသားစု နှင့် လုမိသားစုများသည်တော့ အင်အားအကြီးဆုံးဖြစ်ကြသည်။ ကျောက်စိမ်းဖြတ်ဖို့ရန်မှာအလွန်ခက်ခဲကြောင်း အားလုံးသိထားကြပြီးဖြစ်သောကြောင့် ကျောက်စိမ်းလုပ်ငန်းသည် အလွန်အမြတ်များသည့် လုပ်ငန်းဖြစ်နေလေသည်။

ကျောင်းယွဲ့ဖန်သည်လဲ ကျန်းဖန်၏ဆိုင်သို့ရောက်နေကာ ကုနင်းကိုမြင်သည်နှင့် ချက်ချင်းသွားနှုတ်ဆက်လိုက်သည်၊

"မိန်းကလေးကု, တိုက်ဆိုင်လှချည်လား!"

"ဟိုင်း၊ တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းကျောင်း!" ကုနင်းလဲ ပြန်နှုတ်ဆက်လိုက်သည်။

ကျောင်းယွဲ့ဖန်မှာ လေလံပွဲသို့တက်ရောက်ရန်အလျင်လိုနေသောကြောင့် ကုနင်းနှင့် အချိန်ကြာကြာစကားပြောမနေတော့ပေ။

ကျန်းဖန်နှင့် သူ့အလုပ်သမားများသည်တော့ မကြာခင်တွင်ရောက်လာကြပြီး လက်ဝတ်ရတနာလုပ်ငန်းများမှ ကိုယ်စားလှယ်များလဲ သူ့နောက်ကိုလိုက်သွားကြတော့သည်။

ကျန်းဖန်က ထိုကိုယ်စားလှယ်များအတွက် ထိုင်ခုံနေရာများစီစဉ်ပေးလိုက်သည်။

Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်း၏ နေရာမှာ အကန့်အသတ်ရှိသောကြောင့် လက်ဝတ်ရတနာလုပ်ငန်းများ၏ကိုယ်စားလှယ်များနှင့် ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်များသည်သာ ထိုင်ခုံနေရာရကြလေသည်။ ကျန်းဖန်မှာ ထိုင်ခုံးများစွာကို ဝယ်ယူခဲ့သော်လဲ ထိုလူများအတွက်တော့ မလောက်ချင်ပေ။ ကံကောင်းစွာပဲ လေလံပွဲကို တက်သူများမှာ အယောက်၂၀ကျော်လောက်သာရှိပေသည်။

ဧည့်သည်များအားလုံး နေရာယူပြီးချိန်တွင်တော့ ကျန်းဖန် စပြီး Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို မိတ်ဆက်စကားစပြောတော့သည်၊

"ဂုဏ်သရေရှိလူကြီးမင်းများအပေါင်းတို့ မင်္ဂလာနံနက်ခင်းပါ။ Colorfulကျောက်စိမ်းတင်ပို့မှုရုံးခန်းကို ဒီနေ့မှာပဲ တရားဝင်စတင်ဖွင့်လှစ်လိုက်ပါပြီ! ကျွန်တော်က Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရဲ့ကိုယ်စား တက်ရောက်လာကြတဲ့ လူများအားလုံးကို ကျေးဇူးတင်စကားပြောပါရစေ!"

"ကျွန်တော်ကတော့ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ကျန်းဖန်ပါ။" ကျန်းဖန် သူ့ကိုယ်သူ ပိုင်ရှင်တစ်ယောက်မဟုတ်ကြောင်းဖော်ပြသည့်အနေဖြင့် အထွေထွေမန်နေဂျာဟု မိတ်ဆက်လိုက်သည်။ ထို့နောက် ကုနင်းပြောထားသည့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ ရောင်းနည်း၂နည်းကို စတင်ရှင်းပြလိုက်တော့သည်။

ပထမနည်းကတော့ တစ်ပတ်ကို တစ်ကြိမ် ရောင်းချကာ ကျောက်စိမ်း၅တုံးအထိ ကန့်ကတ်ထားသည်။ ကျောက်စိမ်းကို မဖြတ်တောက်ခင်အထိ မည်သည့် အဆင့်ရမည်ဆိုသည်ကို မည်သူမှမသိနိုင်သောကြောင့် ကျန်းဖန်က ကျောက်စိမ်းဘယ်အဆင့်များကိုရောင်းမည်ဆိုသည်ကိုတော့ မပြောခဲ့ပေ။

ဒုတိယနည်းသည်တော့ လက်ဝတ်ရတနာလုပ်ငန်းရှင်များနှင့် တစ်လလျှင် ကျောက်စိမ်း ၁တုံးမှ၃တုံးအထိ ကုန်သွယ်ရောင်းချပေးမည်ဖြစ်သည်။ လတိုင်း အဆင့်မြင့်ကျောက်စိမ်းများကိုသာဖြတ်နိုင်မည်ဟုကတိမပေးနိုင်ပေမယ့် အနည်းဆုံး အလယ်အဆင့်ကျောက်စိမ်းကိုတော့ လူတိုင်းရနိုင်မည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ သို့ပေမယ့် ထိုလက်ဝတ်ရတနာလုပ်ငန်းရှင်များမှာ အရောင်းအဝယ်မလုပ်ခင် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းနှင့် လတိုင်းကျောက်စိမ်းဝယ်ယူပါမည်ဟူသည့် ၂နှစ်ကြာစာချုပ်ကို ချုပ်ဆိုကြရမည်ဖြစ်သည်။ စာချုပ်အတိုင်းမလိုက်နာနိုင်လျှင် ပျက်စီးဆုံးရှုံးမှု လျော်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။

ကျန်းဖန်၏ ရောင်းနည်း၂နည်းအကြောင်းကို ရိုးရိုးရှင်းရှင်းပြောပြပြီးနောက်တွင်တော့ အဖွင့်အမှာစကား ပြီးဆုံးသွားလေသည်။

***

အခန်း ၂၈၃

ကျန်းဟောင်ပြန်လာခြင်း

ကုနင်းမှာ ကျောက်စိမ်းတင်ပို့သည့်ကုမ္ပဏီဖွင့်ထားပြီဖြစ်သောကြောင့် အလယ်အနိမ့်အဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းများကိုပါ ဝယ်ယူခဲ့လေသည်။

လက်ဝတ်ရတနာလုပ်ငန်းရှင်များမှာ တည်ငြိမ်သည့် ကျောက်စိမ်းအထောက်အပံ့မရှိမည်ကို စိုးရိမ်နေရသူများဖြစ်သောကြောင့် ဒုတိယအရောင်းနည်းမှာ သူတို့အတွက် အလွန်ဝမ်းသာစရာကောင်းသည့် သတင်းဖြစ်နေလေသည်။ ကျန်းဖန်သာ သူတို့အတွက်လတိုင်း ကျောက်စိမ်းထုတ်လုပ်ပေးနိုင်လျှင် သူတို့ဘက်က ပိုလို့တောင် ကျန်းဖန်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ရန် ဆန္ဒရှိလေသည်။ ပြီးတော့ သူတို့တစ်လက်ကို ကျောက်စိမ်းအများကြီးမရနိုင်ဘူးဆိုလျှင်ပင် တစ်တုံးမှမရသည်ထက်တော့ အများကြီးပိုသာလေသည်။

လက်ဝတ်ရတနာလုပ်ငန်းရှင်အတော်များများနှင့် လက်ဝတ်ရတနာလုပ်ငန်းကိုယ်စားလှယ်များမှာ ကျန်းဖန်နှင့် အပေးအယူလုပ်ဖို့ရန် စိတ်များလှုပ်ရှားနေကြပေမယ့် သံသယတော့ရှိနေသေးလေသည်။

"လူကြီးမင်းကျန်း၊ ခင်ဗျားလတိုင်း ကျောက်စိမ်းထုတ်လုပ်နိုင်မယ်ဆိုတာသေချာရဲ့လား?" တစ်ယောက်က ထမေးလိုက်သည်။

ကျန်းဖန်ကလဲ၊ "အပတ်စဉ်ကျောက်စိမ်းအရောင်းရှိပါမယ်လို့တော့ ကျွန်တော့်ဘက်က ကတိမပေးနိုင်ပေမယ့် ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ ဖောက်သည်တိုင်းကိုတော့ လတိုင်းကျောက်စိမ်းရအောင်လုပ်ပေးနိုင်ပါတယ်။ အရေအတွက်ကိုတော့ ၃တုံးအထိ ကြိုက်သလောက်ယူနိုင်ပြီး မကန့်သတ်ထားပါဘူး။"

ကျန်းဖန်လဲ သူတို့စက်ရုံမှ ကျောက်ကျောက်များသည် နှစ်ဝက်စာလောက်အတွက်သာ လုံလောက်မည်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းသိထားလေသည်။ ကုနင်း၏ တမူထားခြားလှသည့် အရည်အချင်းများနှင့်ဆိုလျှင် အဲ့ဒီ့အတွက်စိတ်ပူစရာမလိုပေ။ ပြီးတော့ ကုနင်း ကျောက်ရိုင်းဝယ်လို့ရသည့် အခြားမြို့များစွာနဲ့ မြန်မာပြည်လဲရှိနေသေးလေသည်။ သို့ပေမည့် လူအများရှေ့တွင်တော့ သိုသိုသိပ်သိပ်နေသင့်ပေသည်။

"ကျွန်တော်တို့အားလုံး ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ဖို့တောင် ဘယ်လောက်ခက်မှန်းသိနေကြတာပဲ၊ လူကြီးမင်းကျန်းက ဒီစာချုပ်ချုပ်ထားမယ့် ၂နှစ်စာလုံး ကျောက်စိမ်းထုတ်ပေးနိုင်ပါမယ်လို့ ဘယ်လိုလုပ်ယုံကြည်မှုအပြည့်ရှိနေရတာလဲ?" နောက်ထပ်တစ်ယောက်မှထပ်မေးလိုက်ပြန်သည်။

"ဟုတ်တယ်၊ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းက ကျောက်စိမ်းဘုရင်မနဲ့ အဆက်အသွယ်ရှိနေလို့လား?" နောက်တစ်ယောက်က မေးလိုက်ပြန်သည်။ ထိုမေးခွန်းသည်တော့ လူတိုင်းတွေးနေကြသည့်မေးခွန်းပင်ဖြစ်သည်။

ကျောက်စိမ်းဘုရင်မသည် သူမ၏ အလွန်ထူးချွန်လှသည့် ကျောက်အလောင်းအစားလုပ်မှုအရည်အချင်းကြောင့် ကျော်ကြားနေပြီးဖြစ်သည်။ အကယ်၍ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကသာ သူမနှင့် အဆက်အသွယ်ရှိနေလျှင် သူတို့အတွက် ကာလကြာရှည် ကျောက်စိမ်းထောက်ပံ့ပေးနိုင်ပေမည်။

ထိုအကြောင်းအရာသည် အမှန်တရားဖြစ်နေသော်လဲ ကုနင်းကို ပြဿနာမဖြစ်စေရန်အတွက် ကျန်းဖန်ငြင်းလိုက်လေသည်၊

"ကျွန်တော်တို့ကုမ္ပဏီက ကျောက်စိမ်းဘုရင်မနဲ့ အဆက်အသွယ်မရှိပါဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကျောက်စိမ်းအရင်းအမြစ်ရှိပြီးသားပါ။ ဒါကြောင့် စိုးရိမ်ပူပန်နေဖို့မလိုပါဘူး။ ပြီးတော့ စာချုပ်မှာလက်မှတ်ထိုးကြမှာဖြစ်တာကြောင့် ကျွန်တော်တို့ဘက်က ကျောက်စိမ်းမထုတ်လုပ်ပေးနိုင်ခဲ့ရင်လဲ စာချုပ်ပါစည်းမျဉ်းအတိုင်း လျော်ကြေးငွေပြန်ပေးမှာပါ။"

ထိုစကားကိုကြားတော့မှ အားလုံးလဲ အခုကိစ္စက မျှတသည့် စီးပွားရေးတစ်ခုဖြစ်ကြောင်းနားလည်သွားပြီး Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို ယုံကြည်လိုက်ကြသည်။

ဧည့်သည်များတွင် ဘာမေးခွန်းမှထပ်မေးစရာမရှိလောက်တော့သည်ကို မြင်တော့ ကျန်းဖန်က ထပ်ပြီး,

"Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းကို ဒီနေ့တရားဝင်စတင်ဖွင့်လှစ်ခြင်းဖြစ်တာကြောင့် ကျွန်တော်တို့ဘက်က လေလံပွဲမှာ ကျောက်စိမ်း၁၀တုံးတင်ရောင်းပါမယ်။"

ကျန်းဖန်၏ကြေညာချက်ကိုကြားသည်နှင့် လူတိုင်းဝမ်းသာသွားကြကာ လေလံပွဲအတွက်စိတ်လှုပ်ရှားကုန်ကြသည်။

ကျောက်စိမ်း၁၀တုံးတွင် အလယ်အနိမ့်အဆင့်ကျောက်စိမ်း ၃တုံး၊ အလယ်အဆင့်ကျောက်စိမ်း၂တုံး၊ အလယ်အမြင့်ဆင့်ကျောက်စိမ်း၂တုံး၊ အဆင့်မြင့်ကျောက်စိမ်း၂တုံးနှင့် ထိပ်တန်းအဆင့်ကျောက်စိမ်း၁တုံးတို့ပါဝင်လေသည်။ ကုနင်းတို့ ကျောက်စိမ်း ၁၀တုံးမကဖြတ်နိုင်ခဲ့သော်လည်း လေလံပွဲအတွက် ၁၀တုံးကိုသာထုတ်ပြခဲ့သည်။

အဆုံးတွင်တော့ ကျောက်စိမ်း၁၀တုံးလုံးကို စုစုပေါင်း ယွမ်သန်း၆၃၀ဖြင့်ရောင်းထွက်သွားလေသည်။

လေလံပွဲပြီးချိန်တွင်တော့ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် ထန်မြို့အနှံ့ကျော်ကြားသွားတော့သည်။

ယခု ကုနင်းတွင် စုစုပေါင်းယွမ်၃ဘီလီယံကျော်ရှိနေပြီဖြစ်ကာ ဘာဆက်လုပ်မည်ဆိုသည်ကိုလဲ သူမစီစဉ်ထားသည့်အတိုင်းလုပ်နိုင်ခဲ့ပြီဖြစ်သည်။

ကုနင်း လေလံပွဲအစကနေအဆုံးအထိ ကြည့်ရှုသူတစ်ယောက်အဖြစ်သာ ဟန်ဆောင်နေခဲ့ပြီး သူမနှင့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းပတ်သတ်မှုရှိသည်ကို မထုတ်ပြခဲ့ပေ။

လေလံပွဲပြီး၍ လက်ဝတ်ရတနာစီးပွားရေးလုပ်ငန်းရှင်များအားလုံး ထွက်သွားချိန်မှသာ လင်ရှောင်းထင်နှင့် ကုနင်းတို့ ရုံးထဲသို့ဝင်သွားလိုက်သည်။ သို့ပေမယ့် ကုနင်း ကျန်းဖန်နှင့်စကားပြောဖို့လုပ်နေချိန်တွင်ပင် လူငယ်တစ်ယောက် ဆိုင်ထဲသို့ပြေးဝင်လာကာ ကျန်းဖန်ကို အော်လိုက်သည်။

"အဖေ၊ အဖေ့မှာဒီလောက်ငွေအများကြီးရှိနေတာ ဘာလို့ကျွန်တော့်ကိုမပြောတာလဲ? ကျွန်တော့်မှာ အခုပိုက်ဆံမရှိတော့ဘူး၊ အနည်းဆုံးယွမ်၁သန်းလောက် ထုတ်ပေး။ မဟုတ်သေးဘူး၊ ဒီနေ့တင် ယွမ်သန်း၆၃၀တောင်ရခဲ့တာမလား၊ အနည်းဆုံးတစ်ဝက်တော့ပေးသင့်တယ်!"

ထိုလူငယ်လေးက ငွေတွေမှာ သူ့အပိုင်သဘောနှင့် အကြွေးတောင်းသလိုတောင်းနေလေသည်။ ထိုလူငယ်က ကျန်းဖန်ကို အဖေဟုခေါ်လိုက်ခြင်းကြောင့် ကျန်းဟောင်သာဖြစ်ပေလိမ့်မည်။

ကျန်းဟောင်ကိုမြင်သည်နှင့် ကျန်းဖန် ဒေါသထွက်နေပြီဖြစ်ကာ သူ့ပြောလိုက်သည့် စကားများကိုပါကြားလိုက်ရချိန်တွင်တော့ ဒေါသများပေါက်ကွဲသွားတော့သည်။ ကုနင်းနှင့် လင်ရှောင်းထင်သည်လဲ စိတ်အလိုမကျတော့ပေ။

"ကျန်းဟောင်၊ အခုချက်ချင်းထွက်သွားစမ်း! အခုကစပြီး မင်းနဲ့ငါ ဘာပတ်သတ်မှုမှမရှိတော့ဘူး၊ ပြီးတော့ မင်းကိုလဲ တစ်ပြားမှပေးမှာလဲမဟုတ်ဘူး။" ကျန်းဖန် ဒေါသတကြီး ကျန်းဟောင်ကို ပြန်အော်လိုက်တော့သည်။

ကျန်းဟောင်နှင့် ပတ်သတ်မှုကိုဖြတ်တောက်ရန် ကျန်းဖန်အစကတည်းက စိတ်ကိုပြင်ဆင်ထားပြီးဖြစ်လေသည်။ ကျန်းဖန်သည် ကြင်နာတတ်ပေမယ့် ငတုံးတစ်ယောက်တော့မဟုတ်ပေ။ ကျန်းဟောင်သည့် သူ့ရဲ့ခံစားချက်များကို အကြိမ်ပေါင်းများစွာ နာကျင်ခံစားစေခဲ့ပြီး သူ့စီးပွားရေးကိုလဲ ပျက်စီးလုနီးနီးဖြစ်စေခဲ့ကာ ကျန်းဟောင်ကြောင့် သေလုနီးပါးပင်ဖြစ်ခဲ့ရသေးသည်! သူဘယ်တော့မှ ကျန်းဟောင်ကို ခွင့်လွှတ်မည်မဟုတ်သလို ငွေတစ်ပြားတစ်ကျပ်မှလဲပေးလိမ့်မည်မဟုတ်ပေ။ ကျန်းဟောင်အတွက်လိုအပ်သည့် ထောက်ပံ့မှုအားလုံးကို တာဝန်ကျေစွာ ကျန်းဟောင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်လေသည်။

"ဘာ? ကျွန်တော်က အဖေ့ရဲ့တစ်ဦးတည်းသောသားလေ။ အဖေ့ပိုက်ဆံက ကျွန်တော့်ပိုက်ဆံပဲပေါ့။ ကျွန်တော့်ကိုမပေးရင် အဖေအသက်ကြီးတဲ့အခါ ကျွန်တော်ဂရုစိုက်မှာမဟုတ်ဘူးနော်!" ကျန်းဖန်က အသက်ကြီးလာလျှင် အားကိုးအားထားရှိရန်အတွက် မွေးစားခဲ့ခြင်းဖြစ်ကြောင်း အမြဲတမ်း ကျန်းဟောင်ယုံကြည်ထားသောကြောင့် ခြိမ်းခြောက်လိုက်လေသည်။

မမျှော်လင့်ထားဘဲ သူ့အထင်မှားနေခဲ့လေသည်။ ကျန်းဖန်က သူ့စကားများကို ဂရုပင်မထားပေ။

"မင်းစောင့်ရှောက်ပေးမှာကိုလဲ ငါမလိုချင်ဘူး၊ အခုချက်ချင်းထွက်သွားစမ်း!"

"ခင်ဗျား...." ကျန်းဖန်၏သဘောထားကြောင့် ကျန်းဟောင်အံ့ဩသွားရပြီး စိတ်တိုသွားကာ ထပ်မံခြိမ်းခြောက်တော့သည်၊

"အခုငွေပေးရင်ပေး၊ မဟုတ်ရင် ခင်ဗျားနောင်တရလိမ့်မယ်!"

"မင်းအခုချက်ချင်းဒီကမထွက်သွားရင် မင်းလဲ နောင်တရလိမ့်မယ်။" ကျန်းဖန်ပြန်ပြောလိုက်သည်။

"ခင်ဗျား...." ကျန်းဟောင် ဒေါသတကြီးဖြင့် ကျန်းဖန်အား အရှင်လတ်လတ်ဝါးမြိုစားသောက်ပစ်ချင်သည့်ပုံစံဖြင့် စိုက်ကြည့်နေလေသည်။

ကုနင်းနှင့် လင်ရှောင်းထင်သည်တော့ ကျန်းဖန် ဘယ်လိုများ ကျန်းဟောင်ကို နှင်ထုတ်မည်လဲဆိုသည်ကို မြင်ချင်သောကြောင့် ဘေးကနေသာ ရပ်ကြည့်နေလိုက်သည်။ ကျန်းဖန်သာ ပြန်ပြီး ကျန်းဟောင်ကို ခွင့်လွှတ်ကာ လက်ခံပေးလိုက်လျှင် ကုနင်းဘက်ကလဲ ကျန်းဟောင်မှာ သူမကုမ္ပဏီကို ပျက်စီးအောင်လုပ်နိုင်သူဖြစ်သောကြောင့် ကျန်းဖန်ကို စွန့်ပစ်လိုက်မည်ဖြစ်သည်။

"ကျန်းဟောင်၊ ငါမင်းကို အမှန်အတိုင်းပြောလိုက်မယ်။ ဒီကျောက်စိမ်းတင်ပို့တဲ့လုပ်ငန်းက ငါ့အပိုင်မဟုတ်သလို ငွေတွေကလဲ ငါ့အပိုင်မဟုတ်ဘူး။ မင်းငါ့စီးပွားရေးကိုဖျက်ဆီးခဲ့လို့ ငါ့မှာတောင် ငွေများများမရှိတော့ဘူး။ ငါ့ဘက်က အတတ်နိုင်ဆုံး မင်းအတွက်လုပ်ပေးပြီးသားမို့လို့ မင်းပြန်ဆပ်စရာလဲမလိုဘူး။ အခုကစပြီး မင်းက ငါ့သားလဲမဟုတ်တော့ဘူး၊ ပြီးတော့ချင်ဂိုဏ်းက မင်းကိုရှာနေတုန်းဆိုတာလဲ မမေ့နဲ့ဦး! မင်းငါ့ကိုဖြစ်ဖြစ် ဒီဆိုင်ကိုဖြစ်ဖြစ် ထိခိုက်နစ်နာအောင်လုပ်မယ်ဆိုရင် ငါ့ဘော့စ်က ချင်ဂိုဏ်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက် မင်းဒီလမ်းပေါ်မှာပဲသေသွားနိုင်တယ်။" ကျန်းဖန် သတိပေးလိုက်သည်။

သူကျန်းဟောင်ကို စွန့်ပစ်လိုက်ပြီဖြစ်ပေမယ့်လဲ ကျန်းဟောင်တစ်ယောက်မိုက်မဲသည့်အလုပ်များလုပ်ပြီး သေသွားမှာမျိုးကတော့ မဖြစ်စေချင်ပေ။ ဒါကတော့ ကျန်းဟောင်အတွက် သူနောက်ဆုံးအကြိမ်လုပ်ပေးနိုင်သည့်အရာသာဖြစ်သည်။

ချင်ဂိုဏ်းဆိုသည့်အသံကိုကြားသည်နှင့် ကျန်းဟောင်ချက်ချင်းပဲ သူ့အားအင်တွေအားလုံး ကုန်ဆုံးသွားသလိုခံစားလိုက်ရသည်။

***

အခန်း ၂၈၄

ရှယ်ယာ၅ရာခိုင်နှုန်း

ကျန်းဟောင်သည်လဲ အခုချိန်တွင် ကျန်းဖန်၏ဆိုင်သည် ချင်ဂိုဏ်း၏ထောက်ပံ့မှုကိုရထားပြီဖြစ်ကြောင်း ကြားထားပြီးဖြစ်ပေမယ့် ကျန်းဖန်က သူ့ကို သားတစ်ယောက်ကဲ့သို့ပဲ ဆက်ဆံဦးမည်ဖြစ်ကာ သူလိုချင်သလောက်ငွေကိုလဲပေးပြီး အကြွေးများလဲဆပ်ပေးလိမ့်မည့်ဟု ထင်ထားသောကြောင့် အခုလို ကျန်းဖန် ငွေအများကြီးရှာနိုင်နေပြီဆိုသည့်သတင်းကြားသည်နှင့် ပြန်ပြေးလာခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် အစောကတည်းက ဝေးဝေးရောက်အောင်ပြေးနေပေပြီ။

ကျန်းဟောင် ခနမျှ တုံ့ဆိုင်းနေပြီးမှ အဆုံးတွင်တော့ ထွက်သွားတော့သည်။

"ဘော့စ်၊ ကျွန်တော်တောင်းပန်ပါတယ်။" ကျန်းဟောင်ထွက်သွားသည်နှင့် ကျန်းဖန်ချက်ချင်းပဲ ကုနင်းကိုတောင်းပန်လိုက်လေသည်။

"ရပါတယ်၊ ဦးလေးကျန်း၊ ဒါပေမယ့် နောက်လဲ ဒီလိုစိတ်ခိုင်ခိုင်ထားဖို့မျှော်လင့်ပါတယ်။" ကုနင်းပြန်ပြောလိုက်သည်။ ကျန်းဟောင်သည် ကြင်နာသနားမှုများနှင့် မထိုက်တန်ပေ။

"ကျွန်တော်နားလည်ပါတယ်။" ကျန်းဖန်လဲ ကျန်းဟောင်ကိုရှေ့လျှောက် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံရန် ဆုံးဖြတ်ထားပြီးဖြစ်လေသည်။

ထို့နောက် ကုနင်းတို့ ဒုတိယထပ်ရှိရှုံးခန်းသို့တက်သွားကာ စာချုပ်တွင်လက်မှတ်ထိုးရန် ပြင်ဆင်လိုက်သည်။

ကျန်းဖန် စာချုပ်ကိုဖတ်ပြီးသွားချိန်တွင်တော့ သူက Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ရှယ်ယာ၅ရာခိုင်နှုန်းကိုရနိုင်ကြောင်းကို တွေ့သွားပြီး ထိတ်လန့်အံ့ဩသွားရသည်။

"ဘော့စ်၊ ဒါက..."

ရှယ်ယာ၅ရာခိုင်နှုန်းတောင်! ဒါနဲ့ဆို ကြွယ်ဝချမ်းသာသွားနိုင်နေပြီပဲ! Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် ဒီတစ်နေ့တည်းတွင်ပဲ ယွမ်းသန်းပေါင်း၆၃၀တောင်ရခဲ့ခြင်းဖြစ်ပြီး ၅ရာခိုင်နှုန်းဆိုလျှင်ပင် ယွမ်ဆယ်သန်းမကပေ။ ပြီးတော့ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းမှာ ဆက်ပြီးဆက်ပြီးသာငွေတွေဝင်လာမည်ဖြစ်သောကြောင့် ရှယ်ယာ၅ရာခိုင်းနှုန်းသည်လဲ ပိုလို့တိုးပွားလာမည်သာဖြစ်သည်။

ထိုအကြောင်းကြောင့်ပဲ ကျောက်စိမ်းစီးပွားရေးလုပ်ငန်းမှာ အမြတ်ငွေရနှုန်းမြင့်သောကြောင့် ကုနင်း ကျန်းဖန်ကို အန်းကွမ်းယောင် နှင့် ကျိုးကျန်းဟုန်တို့ကဲ့သို့ ရှယ်ယာ၁၀ရာခိုင်နှုန်း ၂၀ရာခိုင်းနှုန်းမပေးခဲ့ခြင်းဖြစ်သည်။

ကျန်းဖန်သည်တော့ အမှန်တကယ်ဖြစ်ရင် ဝမ်းသာစရာဖြစ်မည့် အိပ်မက်တစ်ခုကို မက်နေရသလိုခံစားနေရသည်။

"ဦးလေးကျန်းဘက်က ကျွန်မနောက်ကိုလိုက်ဖို့ဆန္ဒရှိနေမှတော့ ကျွန်မကလဲ ဦးလေးကို မမျှမတ မဆက်ဆံပါဘူး။ ဒါကဦးလေးနဲ့ထိုက်တန်တာမို့ယူလိုက်ပါ။ ပြီးတော့ ကျွန်မကုမ္ပဏီတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အကြီးတန်းအုပ်ချုပ်သူတွေအားလုံးလဲ ညီတူညီမျှ ရကြတာပါ။"

ထိုစကားကိုကြားတော့မှ ကုနင်းတွင် ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းအပြင် အခြားကုမ္ပဏီများထပ်ရှိသေးကြောင်း ကျန်းဖန်သိသွားတော့သည်။ ဘယ်ကုမ္ပဏီတွေဆိုတာကို သူသိချင်မိပေမယ့် ဆက်မမေးပေ။ ကုနင်းက အကြီးတန်းအုပ်ချုပ်သူတွေအားလုံးကို ညီတူညီမျှ အကျိုးခံစားခွင့်ပေးသည်ဟုပြောလာသောကြောင့် ကျန်းဖန် အနည်းငယ်စိတ်အေးသွားရပေမယ့် အခုချိန်ထိ မယုံကြည်နိုင်သေးပေ။

နောက်ဆုံး ကျန်းဖန် စာချုပ်များချုပ်ဆိုပြီးသွားချိန်တွင်တော့ သူ့ကိုယ်သူ ကျောက်စိမ်းတင်ပို့သည့်လုပ်ငန်းကို သေချာဦးစီးဆောင်ရွက်ပြီး ကုနင်းကိုစိတ်ပျက်အောင်မလုပ်မိစေရင် တွေးလိုက်မိသည်။

ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ထွက်သွားပြီး ကောင်းယိနှင့် ချောင်ယသည်တော့ သူတို့စိတ်ကြိုင်လည်ပတ်ဖို့ရန်အားလပ်ချိန်ရသွားသည်။

ကောင်းယိနှင့်ချောင်ယတို့သည် စုံတွဲများဖြစ်သောကြောင့် သူတို့တွင်လဲ ကိုယ်ပိုင်သီးသန့်ချိန်များ လိုအပ်လေသည်။

..........

လက်ဝတ်ရတနာလုပ်ငန်းများ၏ ကိုယ်စားလှယ်တိုင်းလဲ သူတို့ရုံးခန်းများကိုပြန်ရောက်သည်နှင့် ရုံးချုပ်သို့ချက်ချင်း ဆက်သွယ်လိုက်ကြပြီး ထင်သည့်အတိုင်း သူတို့ဘော့စ်များအားလုံးသည်လဲ စာချုပ်ချုပ်ဆိုရင် သဘောတူကြလေသည်။

ထိုသတင်းသည် လက်ဝတ်ရတနာကုမ္ပဏီတိုင်းအတွက် သတင်းကောင်းတစ်ခုဖြစ်ကာ ကျန်းဖန်နှင့် သဘောတူစာချုပ်တွင်လက်မှတ်ထိုးဖို့ရန် မစောင့်နိုင်တော့ပေ။

ဝမ်ဟုန်းမင်သည်လဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းတွင် ကျင်းပသည့် လေလံပွဲအကြောင်းကြားခဲ့သည်။ သူအရမ်းစိတ်တိုနေရပေမယ့် ကျန်းဖန်ဘာလို့များ ကျောက်စိမ်းကို အခြေငြိမ်ငြိမ်ဖြင့် တင်သွင်းနိုင်နေသည်လဲဆိုသည်ကိုတော့ မဖော်ထုတ်နိုင်ခဲ့ပေ။

တစ်ချိန်တည်းတွင်ပဲ Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည် ကျောက်စိမ်းဘုရင်မနှင့်အဆက်အသွယ်ရှိနေသည်ဟု သူတွေးလိုက်မိသည်။ ကျန်းဖန်ဘယ်လောက်ပဲငြင်းထားပါစေ ဝမ်ဟုန်းမင်သည်တော့ တိတ်တဆိတ်ဖြင့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်း၏ စာချုပ်စာတမ်းများကို စုံစမ်းစစ်ဆေးရန် လူလွှတ်လိုက်လေသည်။

ကုမ္ပဏီတစ်ခု၏ စာချုပ်စာတမ်းများကို စုံစမ်းဖော်ထုတ်ရန်မှာ မခက်ခဲပေ။ ပုံမှန်ဆိုလျှင် ထိုစာရွက်စာတမ်းများကို ဆိုင်များ ကုမ္ပဏီများ၏ ဧည့်ကြိုဌာနတွင်ထားရှိထားကြပေမယ့် Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းသည်တော့ မထုတ်ပြထားပေ။ ထို့ကြောင့် ဝမ်ဟုန်းမင်း သူ့လက်ထောက်လင်းကျန်းကို စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတွင် အချက်အလက်များစုံစမ်းရန် စေလွှတ်လိုက်သည်။

လင်းကျန်းသည် အသက်၄၀စွန်းစွန်းရှိပြီဖြစ်ကာ ဝမ်ဟုန်းမင်နောက်လိုက်နေသည်မှာ ၁၀နှစ်ကျော်ပြီဖြစ်သည်။ သူသည် ဝမ်ဟုန်းမင်အယုံကြည်ရဆုံးဖြစ်သည့် လူများစွာထဲမှတစ်ယောက်ဖြစ်သောကြောင့် ဝမ်းဟုန်းမင်က လင်းကျန်းကို ယခုနှစ်များအတွင်း သူ့ရဲ့မကောင်းမှုများစွာကို ပြုလုပ်ဆောင်ရွက်စေသည်။

မကြာခင်တွင်ပဲ လင်းကျန်း ရှာတွေ့သွားတော့သည်။

စာချုပ်စာတမ်းများတွင် ပိုင်ရှင်မှာ ၁၈နှစ်အရွယ် တခြားစီရင်စုမှ မိန်းကလေးတစ်ယောက်ဖြစ်နေသောကြောင့် ဝမ်ဟုန်းမင်းအံ့အားသင့်သွားရသည်။ ပြီးတော့ ထိုမိန်းကလေးမှာ သူ့မြေးဖြစ်သူကို ရိုက်ခဲ့ပြီး ကျန်းယွမ်ချန်းလွှတ်ပေးလိုက်သည့် မိန်းကလေးဖြစ်နေလေသည်။ ပြီးတော့ ထိုမိန်းကလေးက နေ့တဝက်တည်းဖြင့် စာချုပ်စာတမ်းအားလုံးကို လုပ်ခဲ့ပြီး ဌာနခေါင်းဆောင်ကိုယ်တိုင်က ထောက်ခံပေးခြင်းဖြစ်နေသည်။

ဝမ်ဟုန်းမင် အံ့အားသင့်သွားရသည်။ ဒီကုနင်းဆိုသည့်မိန်းကလေးက တကယ်ပဲဘယ်သူများလဲ? ဝမ်ဟုန်းမင် ကုနင်းအကြောင်းအလွန်သိချင်လာကာ ကုနင်း၏နောက်ခံက သာမာန်မဟုတ်ကြောင်းကိုလဲ သတိပြုမိသွားသည်။ သို့ပေမယ့် ကုနင်းကိုလွှတ်ပေးဖို့ကိုတော့ စိတ်ကူးမရှိသေးပေ။ ကုနင်းက သာမာန်မိန်းကလေးမဟုတ်ဘူးဆိုလျှင်ပင် ဝမ်မိသားစုနှင့် ဝမ်ဟုန်းမင်းကို ရန်လာစထားမှတော့ သူတို့ဘက်က လွယ်လွယ်လွှတ်ပေးမည်မဟုတ်ပေ။ ထန်မြို့၏ အာဏာလွှမ်းမိုးမှုအရှိဆုံးမိသားစုကို အပြင်လူတစ်ယောက်ကို ရိုက်ချင်တိုင်းရိုက်ပြီး ဒီတိုင်းပြီးသွားရလိမ့်မည်ဟု ဝမ်ဟုန်းမင်မယုံကြည်ပေ။

ထန်မြို့တွင် ဝမ်မိသားစုတစ်စုတည်းကသာ အာဏာအရှိဆုံးမိသားစုမဟုတ်သော်လည်း လူတစ်ယောက်လောက်ကိုတော့ လွယ်လွယ်လေး ဖြေရှင်းနိုင်ပေသည်။

"ဆရာကြီး ကျွန်တော်နောက်တစ်ခုသိထားသေးတယ်။" လင်းကျန်းဆက်ပြောလာသည်။

"ဘာလဲ?" လင်းကျန်း၏ အတည်ပေါက်ပုံစံကိုမြင်တော့ တစ်ခုခုမကောင်းသည့်ကိစ္စဖြစ်တော့မည်မှန်း ဝမ်ဟုန်းမင်ခန့်မှန်းမိနေသည်။

"ကျန်းဖန်နဲ့ မိန်းကလေးတစ်ယောက်က ကျွန်တော်တို့သိုလှောင်ရုံက ကျောက်ရိုင်းတစ်ပုံကြီးဝယ်သွားကြတယ်တဲ့။ ကျွန်တော်စိုးရိမ်တာက...." လင်းကျန်းစကားမဆုံးလိုက်ပေမယ့် သူပြောချင်သည့်အဓိပ္ပါယ်သည်တော့ ရှင်းလင်းနေသည်။

ဝမ်ဟုန်းမင်လဲ ချက်ချင်းပဲသဘောပေါက်သွားတော့သည်။ လင်းကျန်းစိုးရိမ်နေသည်က ယနေ့Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းမှာ လေလံတင်ရောင်းချသွားသည့်ကျောက်စိမ်းများသည် ဝမ်မိသားစုပိုင် သိုလှောင်ရုံမှဖြစ်နေမည်ကိုပင်။

ကျောက်ရိုင်းများစွာမှ ကျောက်စိမ်းတစ်တုံးဖြတ်ရန်ပင်ခက်ခဲကြောင်း လူတိုင်းသိကြသည့်ကိစ္စဖြစ်ပေမယ့်လဲ ဝယ်ယူသွားသည့်လူမှာ ကုနင်းဖြစ်နေလျှင်တော့ ထိုခက်ခဲသည့်ကိစ္စမှာ ဖြစ်နိုင်သွားပေမည်။ ပြီးတော့ တစ်ညတည်းဖြင့်တောင်မှ ကျောက်စိမ်း၁၀တုံးတောင်ဖြတ်ပြီးသွားခဲ့လေပြီ။ ဒီလိုသာဆိုလျှင် ကုနင်းက သူတို့သိုလှောင်ရုံမှ ကျောက်စိမ်းပါသည့် ကျောက်ရိုင်းအားလုံးကို ယူသွားခြင်းဖြစ်နိုင်နေသည်။ ထိုကိစ္စသာအမှန်ဆိုလျှင် ဝမ်ဟုန်းမင် သေချာပေါက် အရှုံးကြီးရှုံးပြီဖြစ်သည်။

"မဖြစ်နိုင်ဘူး!" ဝမ်ဟုန်းမင် အမှန်တရားကို လက်မခံနိုင်စွာ ငြင်းဆိုလိုက်သည်။

***

အခန်း ၂၈၅

ဆရာကြီးထန်နှင့် ရှေးဟောင်းလမ်းတွင် တွေ့ဆုံခြင်း

"အဲ့ဒီ့ကျောက်စိမ်းတွေက ကျွန်တော်တို့ သိုလှောင်ရုံကလို့တော့မသေချာပေမယ့် ကျွန်တော်သူတို့သိုလှောင်ရုံကိုသွားကြည့်ဖို့ လူနည်းနည်းလောက်လွှတ်လိုက်ပါ့မယ်။" လင်းကျန်း သေချာမှုမရှိသလို ယုံလဲမယုံကြည်နိုင်ပေ။

"ကောင်းပြီ၊ မင်းနဲ့အတူ အတိုက်အခိုက်ကောင်းတဲ့ လူများများခေါ်သွားပြီး သွားကြည့်လိုက်။ တကယ်သာဆို၊ အဲ့ဒီ့ကျောက်ရိုင်းတွေကို ပြန်ခိုးလာခဲ့!" ဝမ်ဟုန်းမင်အမိန့်ပေးလိုက်သည်။ ကုနင်းရရှိထားသည့် ကျောက်စိမ်းများအားလုံးမှာ သူ့ရဲ့သိုလှောင်ရုံက ကျောက်ရိုင်းများမှဆိုလျှင် ဘယ်လိုမှသည်းထံနိုင်မည်မဟုတ်ပေ။ အခုချိန်တွင်တော့ ဝမ်ဟုန်းမင် ကုနင်းကို သေလောက်အောင်ကိုမုန်းတီးနေမိပြီဖြစ်သည်။

"ကောင်းပါပြီ!" လင်းကျန်း ပြန်ဖြေပြီးသည်နှင့် ထွက်သွားတော့သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့ ကျောက်အလောင်းအစားလမ်းမှထွက်ကာ ရှေးဟောင်းလမ်းသို့သွားလိုက်သည်။ သူတို့ ပြီးခဲ့သည့်နှစ်ရက်က ထိုလမ်းကိုသွားပြီးသားဖြစ်ပေမယ့် နေ့အချိန်တွင်လဲ ထပ်ပြီး လျှောက်ပတ်ကြည့်ချင်ကြသေးလေသည်။

"ရှင်ထန်မြို့ကိုလာတာ တာဝန်ထမ်းဆောင်ဖို့မလား။ ကျွန်မနဲ့တချိန်လုံးရှိနေပေးဖို့ အဆင်ပြေရဲ့လား?" ရှေးဟောင်းလမ်းသို့သွားရာလမ်းတွင် ကုနင်း လင်ရှောင်းထင်အားမေးလိုက်သည်။ လင်ရှောင်းထင်မှာ သူ့ကိုယ်ပိုင် အစီအစဉ်များရှိလို့လာရကြောင်း သူမသိထားသောကြောင့် အခုလိုခေါ်ထားရသည်ကို အနည်းငယ်အပြစ်ရှိသလိုခံစားနေရသည်။

"အဆင်ပြေပါတယ်။ ကိုယ်တို့ ဒီတစ်ခေါက် မူးယစ်ဆေးမှောင်ခိုရောင်းတဲ့ဂိုဏ်းကိုဖမ်းရမှာလေ၊ ပြီးတော့ ကိုယ့်လူတွေကလဲ သူတို့ရဲ့ယုံကြည်မှုကိုရအောင် ရုပ်ဖျက်ပြီး ဝင်ရောထားကြပြီ။ သူတို့ မူးယစ်ဆေးဂိုဏ်းရဲ့ စခန်းကိုရှာတွေ့ပြီဆိုတာနဲ့ ကိုယ်တို့က ထွက်သွားပြီးဖမ်းချုပ်လိုက်ရုံပဲ။"

လင်ရှောင်းထင်ဘက်က အဆင်ပြေသည်ဟုပြောလာမှပဲ ကုနင်းစိတ်အေးသွားရသည်။

သူမတို့ ရှေးဟောင်းလမ်းသို့ရောက်ချိန်တွင် ညအချိန်တုန်းကထက် နေ့အချိန်တွင် ရှေးဟောင်းပစ္စည်းများစွာပိုရှိနေကြောင်းတွေ့လိုက်ရသည်။ Gမြို့၏ရှေးဟောင်းလမ်းနှင့်ယှဉ်ကြည့်လိုက်လျှင် ထန်မြို့၏ရှေးဟောင်းလမ်းမှာ များစွာပိုပြီး စည်ကားလှသည်။

ကုနင်းချက်ချင်းပဲ သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ဆိုင်များတွင် ခင်းကျင်းထားသည့် ရှေးဟောင်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်တော့သည်။

သူမတို့ ရှေးဟောင်းလမ်းတစ်လျှောက် ကြည့်လာရင်းဖြင့် တစ်နေရာအရောက်တွင် စွမ်းအင်များထူထပ်သိပ်သည်းနေသည့် ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကို ကုနင်းသတိထားမိသွားတော့သည်။ ထိုပစ္စည်းမှာ အပြာရောင်နှင့် အဖြူရောင်ရောစပ်ထားသည့် ကြွေထည်ချောပန်းကန်ပြားတစ်ချပ်ဖြစ်ပေမယ့် တခြားလူတစ်ယောက်က ကိုင်ထားလေသည်။

ကုနင်း ထိုပန်းကန်ကိုင်ထားသည့်လူကို တစ်ချက်ကြည့်လိုက်ချိန်တွင်တော့ ရင်းနှီးနေသည့်မျက်နှာတစ်ခုကြောင့် အံ့အားသင့်သွားရတော့သည်။

"မင်္ဂလာပါ၊ ဆရာကြီးထန်!" ကုနင်းချက်ချင်းပဲ သွားရောက်နှုတ်ဆက်လိုက်သည်။ ထိုလူမှာတော့ ဆရာကြီးထန်ပင်။

ဆရာကြီးထန်သည်လဲ ကုနင်း၏အသံကြားသည်နှင့် လှည့်ကြည့်လာကာ၊

"ကောင်မလေးကု, တိုက်ဆိုင်လှချည်လား!" ဆရာကြီးထန်လဲ ကုနင်းကိုတွေ့ရသည့်အတွက်စိတ်လှုပ်ရှားနေလေသည်။ ကုနင်းသည့် သူ့သားထန်ယွင်ဖန်းနှင့်အလွန်ဆင်တူသောကြောင့် သူမတွင် ရှင်းပြ၍မရနိုင်သည့်ရင်းနှီးကျွမ်းဝင်မှုမျိုးကို ခံစားရလေသည်။ ပြီးတော့ ကုနင်းသည် သူ့အသက်ကိုကယ်တင်ခဲ့သူဖြစ်သောကြောင့် ဆရာကြီးထန်မှာ သူမကို အလွန်လေးစားမိလေသည်။

ဆရာကြီးထန်၏အကြည့်များက လင်ရှောင်းထင်ထံကျရောက်သွားသည်။ ထိုလူကိုကြည့်ရတာ ရင်းနှီးနေပုံရပေမယ့် ဘယ်မှာတွေ့ဖူးခဲ့လဲဆိုသည်ကိုတော့ သူမမှတ်မိပေ။

"ဒီဘက်က...?" ဆရာကြီးထန် ကုနင်းကိုမေးလိုက်သည်။

"ဒါ ကျွန်မရဲ့ချစ်သူ, လင်ရှောင်းထင်ပါ။" ကုနင်းမိတ်ဆက်ပေးလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ ဆရာကြီးထန်။"

"တွေ့ရတာဝမ်းသာပါတယ်။"

ဆရာကြီးထန်သည် အတွေ့အကြုံရင့်သည့်လူတစ်ဦးဖြစ်သောကြောင့် လင်ရှောင်းထင်မှာသာမာန်မဟုတ်ကြောင်း ချက်ချင်းခံစားလိုက်ရသည်။

ကုနင်းသည် အသက်၁၈နှစ်သာရှိသေးပေမယ့် အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ကဲ့သို့သာ ပြုမူဆက်ဆံလေရှိသောကြောင့် သူမတို့နှစ်ယောက် ချစ်သူရည်းစားတွေဖြစ်နေသည်ကို မသင့်တော်ဟု ဆရာကြီးထန်မတွေးမိပေ။

"ဆရာကြီးထန် ရှေးဟောင်းပစ္စည်းတွေလာဝယ်တာလား?" ကုနင်း ဆရာကြီးထန်လက်ထဲမှ အပြာနှင့်အဖြူရောင်စပ် ကြွေထည်ချောပန်းကန်ပြားကိုကြည့်ရင်းမေးလိုက်သည်။ ထိုပန်းကန်မှာ အဖိုးတန်ပစ္စည်းဖြစ်ပြီး ဆရာကြီးထန် ကံကောင်းသွားသည်လား ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့်ရွေးလိုက်တာလားဆိုသည်ကိုတော့ ကုနင်းမသိပေ။

"ဟုတ်တယ်၊ ပျင်းနေတာနဲ့ တစ်ချက်လောက်လာပတ်ကြည့်တာ။ ဒီပန်းကန်ပြားလေးကလဲ ကြည့်လို့ကောင်းနေလို့" ဆရာကြီးထန်ပြုံးလိုက်ပေမယ့် ကုနင်းနားကပ်လာကာ၊

"တကယ်တော့ဒီနေရာမှာ ရှေးဟောင်းပစ္စည်းအစစ်ရှိမယ်လို့မထင်ပါဘူး။ နည်းနည်းတောင်ပိုပြီးပျင်းဖို့ကောင်းနေသေးတယ်။" ဆရာကြီးထန်က ပြောရင်းဖြင့် ပန်းကန်ပြားကို ပြန်အောက်ချလိုက်သည်။

ကုနင်းချက်ချက်ချင်းပဲ သူ့ကိုတားလိုက်ကာ,

"ဆရာကြီး ဒီပန်းကန်ကို ကောင်းတယ်လို့မြင်ထားမှတော့ ဘာလို့မဝယ်တာလဲ? ဘာပဲဖြစ်ဖြစ် အလှဆင်ဖို့လောက်တော့ရတာပေါ့။"

ထို့နောက် ဆရာကြီးထန်ကို ထိုပန်းကန်အားဝယ်စေချင်နေသည့် အကြည့်တစ်ချက်နှင့်လဲကြည့်လိုက်သည်။

ဆရာကြီးထန် အံ့ဩသွားရသည်။ ကုနင်းကသူ့ကို အကြောင်းအရင်းမရှိဘဲနှင့်တော့ ပန်းကန်ကိုဝယ်ခိုင်းမည်မဟုတ်မှန်းနားလည်လေသည်။ 'ဒီပန်းကန်က ရှေးဟောင်းပစ္စည်းအစစ်များလား? သူက ရှေးဟောင်းပစ္စည်းတွေအကြောင်း သိတယ်ပေါ့?' ဆရာကြီးထန် တစ်ကိုယ်တည်းတွေးနေမိသည်။ ဒါပေမယ့် သူမဘာလို့များဒီလောက်တောင်သေချာနေရတာလဲ?

ဆရာကြီးထန် စိတ်ထဲရှုပ်ထွေးနေသည်ကိုမြင်ရတော့ ကုနင်းထပ်ပြီး သေချာသည်ဆိုသည့်အကြောင်းကို ခေါင်းတစ်ချက်ငြိတ်ပြလိုက်ပြန်သည်။

ဆရာကြီးထန် အံ့ဩကာ သိချင်စိတ်များဖြစ်လာရပေမယ့် အခုချိန်က မေးခွန်းများထုတ်မေးနေရန် အချိန်ကောင်းမဟုတ်ပေ။ ကုနင်းက သူ့ကိုဝယ်စေချင်နေမှတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီပန်းကန်က ဈေးပေါတာကြောင့် ဝယ်လိုက်ပေမည်။

ထို့ကြောင့် ဆရာကြီးထန် သူ့သက်တော်စောင့် ထန်ဝမ်အား ပန်းကန်ဖိုးပေးချေရန်ပြောလိုက်သည်။

"ကောင်မလေးကု, မင်းအခုအားလား? ငါနဲ့ လက်ဖက်ရည်တစ်ခွက်လောက်သွားသောက်ရအောင်လား?" ဆရာကြီးထန် ဖိတ်ကြားလိုက်သည်။

"ရတာပေါ့။" ကုနင်းလဲ ဆရာကြီးထန် သူမတို့ကို ဘာကြောင့်ဖိတ်မှန်းနားလည်သောကြောင့် မငြင်းနေတော့ပေ။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့ ဆရာကြီးထန်နောက်လိုက်ကာ အနီးနားရှိ လက်ဖက်ရည်စံအိမ်တစ်ခုရှိ သီးသန့်ခန်းသို့သွားလိုက်သည်။

သူတို့သီးသန့်ခန်းသို့ရောက်လျှင် ရောက်ချင်းပဲ ဆရာကြီးထန်က ကုနင်းကိုမေးလာသည်၊

"ကောင်မလေးကု, မင်းဘယ်လိုလုပ် ဒီပန်းကန်ပြားက အစစ်ပါလို့သေချာနေရတာလဲ?"

"အလိုလိုသိစိတ်ကြောင့်ပါ။" ကုနင်းပြန်ဖြေလိုက်သည်။

"ဘာ? မင်းရဲ့အလိုလိုသိစိတ်,ဟုတ်လား?" ဆရာကြီးထန် ကုနင်း၏အဖြေကို သိပ်သဘောမကျသောကြောင့် အနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားလေသည်။

"ကျွန်မရဲ့ အလိုလိုသိစိတ်က အမြဲတမ်းမှန်ကန်ပါတယ်။ ကျွန်မကို မယုံဘူးဆိုရင် ကျွမ်းကျင်ပညာရှင်တစ်ယောက်စီသွားပြီး စစ်ကြည့်လိုက်ပါ။" ကုနင်းအေးအေးဆေးဆေးပဲပြန်ဖြေလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဆရာကြီးထန် ထိုပန်းကန်ကို ရာပြတ်ဆီပို့ရမှာပဲလေ။

ထို့နောက် သူတို့ စပြီး လက်ဖက်ရည်လေးသောက်ရင်း စိတ်လိုလက်ရစကားဖောင်ဖွဲ့ပြောဆိုနေကြတော့သည်။

လင်ရှောင်းထင်သည်တော့ တိတ်ဆိတ်နေစဲဖြစ်ပေမယ့် ပျင်းလဲမပျင်းသလို မသက်မသာလဲမခံစားနေရပေ။ သူက ကုနင်းနှင့်အတူရှိနေရသ၍ အနားမှာ ဒီတိုင်းလေးထိုင်နေရလျှင်ပင် အလိုလိုနေရင်းပျော်ရွှင်နေပြီဖြစ်သည်။

အစကတော့ ဆရာကြီးထန်လဲ လင်ရှောင်းထင်နှင့်စကားပြောရန်ကြိုးပမ်းကြည့်ပေမယ့် မကြာခင်တွင်ပဲ လင်ရှောင်းထင်မှာ စကားများတတ်သည့်လူတစ်ယောက်မဟုတ်ကြောင်း နားလည်သွားတော့သည်။

ဆရာကြီးထန်သည် အာဏာလွှမ်းမိုးမှုကြီးသည့် မိသားစုမှဖြစ်သော်လည်း မောက်မာခြင်းမရှိဘဲ နှိမ့်နှိမ့်ချချသာနေတတ်လေသည်။

ဆရာကြီးထန်သည် သူ့မိသားစုအပါအဝင် လူများစွာနှင့်ပြောဆိုဆက်ဆံရာတွင် တည်တံ့ကာ စည်းစနစ်တင်းကြပ်တတ်သည့်လူတစ်ယောက်ဖြစ်ပြီး Bမြို့တွင်တော့ အများက သူ့ကိုကြောက်ရွံ့ရိုသေကြရသည်။ သို့ပေမယ့် ကုနင်းနှင့် တွေ့လိုက်လျှင်တော့ သူ့အသက်ကိုကယ်တင်ထားဖူး၍လား သို့မဟုတ် ကုနင်းက ချစ်စရာကောင်းနေလို့ပဲလား သို့မဟုတ် သူ့အချစ်မြတ်နိုးရဆုံးသားဖြစ်သူနှင့် ဆင်တူနေသောကြောင့်ပဲလားတော့မသိ အရမ်းကိုကြင်နာတတ်သည့်လူတစ်ယောက်အဖြစ်ပြောင်းလဲသွားလေသည်။

နောက်တော့ ကုနင်းက ရှင်းပြလာသည်၊

"ဆရာကြီးထန် သူ့ကို စိတ်ထဲမထားနေပါနဲ့။ သူက ဘယ်တုန်းကမှ စကားပြောရတာသဘောမကျဘူး။"

"ဟ-ဟ၊ ကောင်းပါပြီ။" ဆရာကြီးထန်လဲ စိတ်ထဲမထားနေပေ။

"ဒါပေမယ့် မင်း ငါ့ကို တချိန်လုံးဆရာကြီးထန်လို့ပဲခေါ်နေတော့ ရင်းနှီးမှုရှိတယ်လို့မခံစားရဘူး၊ မင်းစိတ်မရှိဘူးဆိုရင် ငါ့ကို ထန်ဖိုးဖိုးလို့ခေါ်ပါလား။ အရိုးသားဆုံးပြောရရင် မင်းက ငါ့သားနဲ့အရမ်းဆင်တူတယ်။ ဒါကြောင့် ငါအမြဲတမ်း မင်းအပေါ် ရှင်းပြလို့မရနိုင်တဲ့ ရင်းနှီးမှုမျိုး ခံစားနေရတာ ဒါပေမယ့်...."

ထိုအကြောင်းပြောနေရင်းဖြင့် ဆရာကြီးထန် သက်ပြင်းချလိုက်မိကာ ဝမ်းနည်းမှုအရိပ်အယောင်များလဲ ပေါ်ထွက်လာလေသည်။

ထိုတခနအတွင်း ကုနင်းစိမ်းသက်လှသည့်ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

'ငါက ဆရာကြီးထန်ရဲ့သားနဲ့ ဆင်တယ်တဲ့လား? ဆရာကြီးထန်ကလဲ ငါ့အပေါ် ရှင်းပြလို့မရနိုင်တဲ့ ရင်းနှီးမှုကိုခံစားရတယ်? ဆက်နွယ်မှုတစ်ခုခုများရှိနေတာလား?'

***

စာစဉ် ၁၉ ပြီး၏။

All Chapters