အခန်း (၂၉၆-၃၀၀)
Vol. 20 Ch. 296-300
အခန်း ၂၉၆
မြို့တော်သို့သွားရာလမ်း
ကုနင်း မြို့တော်သို့သွားရန် ဆုံးဖြတ်ပြီးဖြစ်ပေမယ့်လဲ လင်ရှောင်းထင်မှာ အခုချိန်ထိပြန်မရောက်သေးသောကြောင့် သူပြန်လာသည်အထိစောင့်ဆိုင်းဦးမည်ဖြစ်သည်။
ညနေခင်းတွင်တော့ ကုနင်းထံသို့ လင်ရှောင်းထင်ဆက်သွယ်လာကာ သူ့တာဝန်များပြီးမြောက်သွားပြီဖြစ်ကြောင်းပြောလာခဲ့သည်။ အခုချိန်က ညစာစားလို့ရချိန်ရောက်နေပြီဖြစ်သောကြောင့် လင်ရှောင်းထင်ကို သူမတို့တည်းသည့်ဟိုတယ်ဘေးရှိ စားသောက်ဆိုင်တွင်တွေ့ကြရန် ချိန်းလိုက်သည်။
နာရီဝက်အကြာတွင်၊ ကုနင်း စားသောက်ဆိုင်သို့ရောက်ရှိလာခဲ့ပြီး လင်ရှောင်းထင်သည်တော့ ကြိုရောက်နှင့်နေကာ သူမကိုစောင့်နေခဲ့သည်။
ကုနင်း သီးသန့်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့် လင်ရှောင်းထင်နှင့်အကြည့်ချင်းဆုံးသွားတော့သည်။ သူမတို့နှစ်ယောက် ၂ရက်တောင်မှမတွေ့ခဲ့ကြရ၍ တစ်ဦးနှင့်တစ်ဦးအလွန်လွမ်းဆွတ်နေပြီဖြစ်သည်။ ၂ရက်ဆိုသည်မှာ ခနလေးဆိုပေမည့် အခုချိန်တွင် သူတို့ချင်းရူးလောက်အောင်ချစ်မိနေကြခြင်းကြောင့်ဖြစ်နိုင်ပေသည်။ သို့ပေမယ့် သီးသန့်ခန်းထဲတွင် စားပွဲထိုးတစ်ယောက်ရှိနေသေးသောကြောင့်သာမဟုတ်လျှင် လင်ရှောင်းထင် ချက်ချင်းပြေးသွားကာ ကုနင်းကို သူ့လက်မောင်းများကြားတွင် တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီးလောက်ပေပြီ။
အမှန်တကယ်လဲ စားပွဲထိုးထွက်သွားသည်နှင့်တစ်ပြိုင်နက် လင်ရှောင်းထင် မစောင့်နိုင်တော့ဘဲ ကုနင်းရှိရာသို့သွားလိုက်ကာ တင်းတင်းကြပ်ကြပ်ပွေးဖက်လိုက်တော့သည်။ အချိန်တခုကြာသည်ပြီးနောက် လင်ရှောင်းထင်ဘက်က သူမကို လွှတ်ပေးရန်စိတ်ကူးမရှိကြောင်းသိလိုက်၍ ကုနင်းအနည်းငယ်ရုန်းလိုက်ကာ,
"ဟေ့၊ စားပွဲထိုးရုတ်တရက်ဝင်လာရင် ဒီအခြေအနေကြီးက အရမ်းရှက်ဖို့ကောင်းတယ်နော်!"
ကုနင်း၏စကားကိုကြားတော့မှ လင်ရှောင်းထင် သူမကို မလွှတ်ချင်လွှတ်ချင်ဖြင့်လွှတ်ပေးလိုက်ရသည်၊ အခုသူတို့ရှိနေသည့်နေရာသာ လူအများရှိနေသည့်နေရာမဟုတ်ခဲ့လျှင် သူမကိုပိုတိုးလို့ပင် တင်းတင်းကြပ်ကြပ်ဖက်ထားမိမည်ဖြစ်သည်။
ထို့နောက် ကိုယ့်နေရာကိုယ်ထိုင်လိုက်ကြပေမယ့် လင်ရှောင်းထင်သည်တော့ ကုနင်းထံမှ အကြည့်လုံးဝမလွှဲသေးပေ။ သူအကြည့်တစ်ချက်လွှဲလိုက်ရုံဖြင့် သူ့ရှေ့ရှိကုနင်းမှာ မြူမှုန်တစ်စသဖွယ်ပျောက်ကွယ်သွားမည်ကိုစိုးရိမ်နေဟန်။
နောက်ဆုံးကုနင်းလဲ နေရထိုင်ရခက်လာကာ,
"ရှင်ဘာလို့ ကျွန်မကိုတစ်ချိန်လုံးစိုက်ကြည့်နေတာလဲ?"
"ကိုယ်မင်းကိုကြည့်နေချင်လို့လေ။" လင်ရှောင်းထင် မတုန်မလှုပ် နူးညံညင်သာစွာပြန်ဖြေလိုက်သည်။
"ရှင့်ကိုကြည့်ခွင့်ပိတ်တယ်။" ကုနင်းစိတ်ဆိုးသလိုဟန်ဆောင်လိုက်တော့
"ဟင်အင်း၊ ကြည့်ဦးမှာပဲ။" လင်ရှောင်းထင် ကုနင်းကိုဆက်ပြီးစိုက်ကြည့်နေစဲပင်။
ကုနင်းရယ်သာရယ်လိုက်ပြီး ထိုကိစ္စကို ဆက်ပြောမနေတော့ပေ၊
"ရှင်ဘယ်တော့လောက် မြို့တော်ကိုပြန်မှာလဲ?"
"မသိသေးဘူး၊ ဒါပေမယ့် အခုတော့အားနေပြီ။" ရှုကျင်းချန်တို့တစ်ဖွဲ့လုံးကို မြို့တော်သို့ပြန်ရန် လင်ရှောင်းထင် ပြောထားခဲ့ပြီး သူကတော့ ထန်မြို့တွင်နေခဲ့လေသည်။ လင်ရှောင်းထင်သည် အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်သည့်လူတစ်ယောက်ဖြစ်သောကြောင့် ရှုကျင်းချန်တို့လဲ အတင်းပြောရုံကလွဲပြီး သူ့ကို ဘာမှမမေးမြန်းကြပေ။ သူတို့လဲ လင်ရှောင်းထင်သည် စစ်တပ်ရေးရာတွင်သာမက စီးပွားရေးဘက်တွင်ပါ လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ကြောင်း နားလည်ကြသည်။
တကယ်လဲ လင်ရှောင်းထင်တွင် လုပ်စရာကိစ္စများစွာရှိနေပေမယ့် သူကိုယ်တိုင်လုပ်စရာတော့ဖြစ်မလိုအပ်သောကြောင့် ကုနင်းနှင့်အတူရှိနိုင်ရန် သူ့ရဲ့လုပ်ငန်းစဉ်အားလုံးကို ရှင်းထားပြီးဖြစ်သည်။
"ကျွန်မလဲအားသွားပြီ မနက်ဖြန်ဆို မြို့တော်ကိုသွားတော့မှာ။"
"ကောင်းပြီလေ၊ ဒါဆိုလဲ မြို့တော်ကို အတူတူသွားကြတာပေါ့။"
မကြာခင်တွင်ပဲ စားသောက်ဖွယ်ရာများ စားပွဲအပြည့်ရောက်လာခဲ့လေသည်။ လင်ရှောင်းထင်မှာ ကုနင်းအတွက် အများကြီးမှာခဲ့ခြင်းဖြစ်သည်။
စားသောက်နေရင်းနှင့်လဲ ဟင်းပွဲအမျိုးမျိုးမှနေပြီး ဟင်းများကို ကုနင်းပန်းကန်ထဲသို့ခပ်ထည့်ပေးနေသေးကာ မကြာခင်တွင်ပဲ ပန်းကန်လုံးအပြည့်ဖြစ်သွားတော့သည်၊
"ရှင်ဘာတွေလုပ်နေတာလဲ? ကျွန်မက ဝက်မဟုတ်ဘူးနော်!" ကုနင်းအမှန်တကယ် စိတ်ဆိုးလာမိသည်။
"စိတ်မပူနဲ့။ ဖြည်းဖြည်းချင်းသာစား၊ မင်းအရမ်းပိန်နေတော့ မင်းပုံမှန်လောက်တောင်မစားမှာကို ကိုယ်စိုးရိမ်နေတာ။" ကုနင်း၏မကျေနပ်မှုကို လင်ရှောင်းထင် လျစ်လျူရှုလိုက်သည်။
ကုနင်းပိန်သည်ဆိုပေမည့် ကျန်းကျန်းမာမာရှိလေသည်။ ပြီးတော့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကိုလဲ သူမအနေဖြင့်ကျေနပ်နေပြီဖြစ်သည်။
"ကျွန်မအရမ်းပိန်တယ်လို့မထင်ပါဘူး။ အနေတော်ပဲ!" ကုနင်းအသံနည်းနည်းမြှင့်ကာ ပြန်ပြောလိုက်သည်။
ကုနင်း၏စကားကိုကြားတော့ လင်ရှောင်းထင် ကုနင်းကို ခေါင်းအစခြေအဆုံးအသေးစိတ်လိုက်ကြည့်လိုက်သောကြောင့် ကုနင်းချက်ချင်းပဲ ပါးများနီမြန်းလာကာ စကားလမ်းကြောင်းလွှဲလိုက်တော့သည်။
.....
နောက်တစ်နေ့မနက်၈နာရီ၌ ကုနင်းနှင့်လင်ရှောင်းတို့နှစ်ယောက် လေဆိပ်သို့ထွက်လာလိုက်သည်။
ကျန်းဖန်, ကောင်းယိ နှင့်ချောင်ယတို့က ကုနင်းထန်မြို့တွင်မရှိနေသည့်အချိန်အတွင်း သူမ၏စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲပေးထားမည်ဖြစ်သည်။ ဝမ်မိသားစုလုံးဝပျက်စီးသွားပြီဖြစ်သောကြောင့် သူမ၏လုပ်ငန်းများလဲ လုံခြုံဘေးကင်းနေမည်ဖြစ်သည်။
ကုနင်း မသွားခင် ကျန်းသဲ့ချန်ကို ဖုန်းခေါ်ကာ နှုတ်ဆက်စကားပြောခဲ့သေးသည်။ ကျန်းသဲ့ချန်က သူမနှင့်အတူ နေ့လည်စာဖြစ်ဖြစ်အတူစားရရန် ဖိတ်ပေမယ့်လဲ အချိန်မရှိသောကြောင့် ကုနင်းငြင်းလိုက်၍ အနည်းငယ်စိတ်ပျက်သွားရသည်။ ကျန်းသဲ့ချန်မှာ ကုနင်းနှင့်ရင်းနှီးသည့်မိတ်ဆွေများဖြစ်ရန်အထိ ရည်ရွယ်ထားပြီးဖြစ်နေခြင်းကြောင့်ပင်။
ကုနင်းထန်မြို့တွင် အချိန်၁ပတ်ကုန်ဆုံးခဲ့ပြီး Fမြို့ကိုတော့ နှစ်သစ်ကူးပွဲတော်ရက်မတိုင်မီ၅ရက်အလိုတွင် အရောက်ပြန်မည်ဖြစ်သောကြောင့် မြို့တော်တွင် နောက်ထပ်၁ပတ်သာနေနိုင်တော့မည်။
လေယာဉ်ပေါ်သို့တက်လာချိန်တွင်တော့ ကုနင်း သူမအရင်ဘဝမှအရင်းနှီးဆုံးသောနေရာတစ်ခုစီသို့ဦးတည်သွားရတော့မည်ဖြစ်၍ ခံစားချက်များရှုပ်ထွေးနေခဲ့သည်။ မြို့တော်တွင် သူမ၏ရန်သူများဖြင့်တွေ့နိုင်မလားဆိုသည်ကိုလဲ မသိသလို ထိုသူများနှင့်တွေ့ခဲ့လျှင်လဲ သူမမည်သို့ပြန်တုံ့ပြန်ရမည်ဆိုသည်ကိုလဲ တွေးမရပေ။
အခုချိန်တွင်တော့ သူမစိတ်ကိုသူမထိန်းချုပ်လို့ရနေသေးပေမယ့် အမှန်တကယ်မျက်စိရှေ့တွင် ထိုလူများကိုတွေ့လိုက်ရလျှင်ကော? သူမစိတ်တွေလွတ်ထွက်ပြီး ပြန်တိုက်ခိုက်မိသွားမလား?
ချီကျီယွဲ့နှင့်ထန်ယရှင်းတို့အကြောင်းတွေးမိသွားတော့ ကုနင်း ဒေါသများဆူပွက်လာရသည်၊
လင်ရှောင်းထင်လဲ ကုနင်းစိတ်အခြေအနေပြောင်းလဲသွားသည်ကို သတိထားမိကာ သူမလက်ကိုဆုပ်ကိုင်ရင်းဖြင့် စိုးရိမ်တကြီးမေးမြန်းလိုက်သည်၊
"ဘာဖြစ်လို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ မြို့တော်မှာ ကျွန်မကုမ္ပဏီအတွက် ရုံးခန်းကောင်းတစ်ခုဘယ်လိုရှာရမလဲတွေးနေလို့ပါ။" ကုနင်းပြုံးကာပြန်ဖြေလိုက်သည်။
"ကိုယ်ကူညီပေးပါ့မယ်။" လင်ရှောင်းထင် ချက်ချင်းစဉ်းပင်စဉ်းစားမနေဘဲ ပြန်ပြောလိုက်သည်။
"ကောင်းတာပေါ့၊ ကျေးဇူးပါပဲ။" ကုနင်းငြင်းမနေတော့ပေ။ မြို့တော်ဆိုသည်မှာ လင်ရှောင်းထင်၏အာဏာလွှမ်းမိုးမှုအောက်တွင်ရှိပြီး ကုနင်းသူမကိုယ်တိုင်ဖြေရှင်းသည်ထက် သူ့ကိုလုပ်ခိုင်းလိုက်သည်က ပိုမိုလွယ်ကူပေမည်။ ပြီးတော့ သူမကိုယ်တိုင်လဲ အဆက်အသွယ်ကောင်းများချိတ်ဆက်သင့်ကြောင်းလဲ နားလည်သဘောပေါက်သည်။
လင်ရှောင်းထင်သည်တော့ ကုနင်းသူ့အကူအညီကို မငြင်းဆန်သည့်အတွက် ပျော်ရွှင်နေလေသည်။
သို့ပေမယ့် ကုနင်းသည်တော့ လင်ရှောင်းထင်သူမနားရှိနေတာကိုတောင်မှ စိတ်မအေးသွားပဲ စိတ်လှုပ်ရှားကာ ဒေါသတရားများက ကျန်ရှိနေစဲပင်။
ထန်မြို့မှ မြို့တော်သို့ ၂နာရီကြာပျံသန်းရမည်ဖြစ်ပြီး ကုနင်းလဲ စိတ်အခြေအနေမကောင်းကာ စကားပြောချင်စိတ်လဲမရှိသောကြောင့် လင်ရှောင်းထင်၏ပုခုံးများထက်တွင် မှီကာ မျက်လုံးများကိုမှိတ်ထားလိုက်တော့သည်။
လင်ရှောင်းထင်သည်တော့ ကုနင်းပင်ပန်း၍အိပ်သည်ပဲထင်ကာ သူမကိုမနှောက်ယှက်တော့ပေ။
ကုနင်းရော လင်ရှောင်းထင်ပါ ပထမတန်းတွင်ထိုင်ကြခြင်းဖြစ်ပြီး ကုနင်းက ပြတင်းပေါက်ဘက်အခြမ်းတွင်ထိုင်ကာ လင်ရှောင်းထင်သည်တော့ လမ်းဘက်တွင်ထိုင်သည်။
***
အခန်း ၂၉၇
လေယာဉ်မတော်တဆမှု ၁
လင်ရှောင်းထင်၏ဘေးဘက် လမ်းသွားအခြမ်းမှထိုင်ခုံတွင် အသက်၂၇နှစ်အရွယ်လောက်ရှိသည့် ငယ်ရွယ်ကာ အဆင့်အတန်းမြင့်မြင့်လှပသည့် အမျိုးသမီးတစ်ယောက်ရှိလေသည်။ သူမ လင်ရှောင်းထင်ကို သတိထားမိသွားသည်နှင့် မျက်ဝန်းအစုံမှာမြင့်တက်သွားတော့သည်။ ဒီလူအရမ်းကို ဆွဲဆောင်မှုရှိပြီး ခန့်ညားတာပဲ! သူမ ကြည့်ကောင်းသည့်ယောကျ်ားများစွာကို မြင်တွေ့ဖူးခဲ့ပေမယ့် ဘယ်သူမှ ယခုသူမမျက်စိရှေ့တွင်ရှိနေသည့်အမျိုးသားကို မယှဉ်နိုင်ပေ။ သူက အရမ်းကို ဆွဲဆောင်မှုရှိလွန်းတယ်! ပြီးတော့ ပထမတန်းမှာထိုင်သည့်လူများသည် ချမ်းသာတာ မဟုတ်ရင် အာဏာကြီးသည့်လူများသာဖြစ်သည်။ သူမသာ ထိုလူနှင့်ချစ်သူရည်းစားဖြစ်သွားခဲ့လျှင် သူမအတွက်အလွန်အထောက်အကူဖြစ်ပေမည်။
"ဟိုင်း၊ ဒါ ကျွန်မရဲ့နာမည်ကဒ်။ ကျွန်မတို့ မိတ်ဆွေဖွဲ့ကြရအောင်လား?" ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိရှိပြုံးလိုက်ကာ လင်ရှောင်းထင်ကိုကြည့်နေသည်။ လင်ရှောင်းထင်ဘေးတွင်ရှိနေသည့် ရည်းစားဖြစ်မှန်းသိသာလွန်းလှသည့် ကုနင်းကို လုံးဝဂရုမစိုက်နေပေ။ သို့ပေမယ့် လင်ရှောင်းထင်သည်လဲ သူမကို လျစ်လျူရှုထားခဲ့သည်။ ထိုအမျိုးသမီးမှာ ရှက်ရွံ့သွားကာ သူမ၏နာမည်ကဒ်သည်လဲ လေထဲ၌သာတန့်နေတော့သည်။ သူမအခုလိုမျိုး ဘယ်တုန်းကမှ အရှက်ခွဲမခံခဲ့ရဖူးပေ။
"ဟွန့်၊ မျက်ကန်းမ! ဒီကိုလူချောက လူလွတ်မဟုတ်လောက်ဘူးလေ။" လင်ရှောင်းထင်၏အနောက်မှ အမျိုးသမီးသံတစ်သံပေါ်ထွက်လာခဲ့သည်။
သူမသည်လဲ ၂၅နှစ်လောက်ရှိပြီဖြစ်သည့် ငယ်ရွယ်သည့်အမျိုးသမီးတစ်ဦးဖြစ်ကာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပေမည့် သူမတစ်ကိုယ်လုံးမှဝတ်စုံများမှာ ဒီဇိုင်နာကိုယ်တိုင်ချုပ်ထားသည်များသာဖြစ်သည်။ သူမကတော့ အခုလိုမျိုး ကလူမြူဆွယ်မှုကို မုန်းတီးသည့်ပုံပင်။
"နင်နဲ့မဆိုင်ဘူး!" လင်ရှောင်းထင်ဘေးတွင် ထိုင်သည့်အမျိုးသမီးက သူမကို စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဆိုင်တာပေါ့၊ နင့်ရဲ့ကလူနေသံကြီးကို ငါရွံ့လွန်းလို့ နေထိုင်မကောင်းတောင်ဖြစ်တော့မယ်။" လင်ရှောင်းထင်နောက်တွင်ထိုင်သည့်အမျိုးသမီးက လှောင်ပြောင်သရော်လိုက်သည်။
"နင်ဘာပြောလိုက်တယ်?" ထိုအမျိုးသမီး ဒေါသတကြီးဖြင့် သူမကို ချက်ချင်းထရိုက်တော့မလို မတ်တပ်ထရပ်လိုက်တော့သည်။ သို့ပေမယ့် သူမမလှုပ်ရှားရသေးခင်တွင်ပဲ လေယာဉ်မယ်က သူမကိုတားလိုက်သည်၊
"မိန်နးကလေး၊ လေယာဉ်ကပျံတက်တော့မှာဖြစ်လို့ ကျေးဇူးပြုပြီး ထိုင်ခုံခါးပတ်ကို မြန်မြန်ပြန်ပတ်ပေးထားပါနော်။"
ထို့နောက် ထိုအမျိုးသမီးမှာ လင်ရှောင်းထင်၏နောက်ထိုင်ခုံရှိအမျိုးသမီးကို စောင်းကြည့်ရင်းဖြင့် သူမခုံတွင် သူမပြန်ထိုင်လိုက်ရင်း လင်ရှောင်းထင်ကိုလဲ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သေးသည်၊
"ငတုံးကောင်!"
ကုနင်း ထိုအသံကိုကြားလိုက်သောကြောင့် မျက်လုံးများဖွင့်လာပြီး ထိုအမျိုးသမီးကို အေးစက်စက်တစ်ချက်ကြည့်လိုက်တော့သည်။ ထိုအမျိုးသမီးလဲ ကြောက်ရွံ့သွားကာ ချက်ချင်းပဲ ခေါင်းပြန်လှည့်သွားကာ သူမနှလုံးခုန်နှုန်းများသည်လဲ သေခါနီးအချိန်မှကပ်ကာသီကာ လွတ်မြောက်လာရသကဲ့သို့ အလွန်လျင်မြန်စွာ ခုန်လှုပ်နေတော့သည်။
သူမလင်ရှောင်းထင်ကို မြူဆွယ်ဖို့လုပ်ခဲ့ပေမယ့် လင်ရှောင်းထင်က သူမကို ဂရုပင်မစိုက် လျစ်လျူရှုခဲ့သောကြောင့် ကုနင်းလဲ သူမနှင့်အချိန်ကုန်ခံပြောမနေတော့ခြင်းဖြစ်သည်။ ကုနင်း အနည်းငယ်စိတ်တိုသွားသည်ကိုမြင်တော့ လင်ရှောင်းထင်လဲ စိတ်မကြည်တော့ပေ။
"WTF! ဒီလောက်အရှက်မဲ့မဲ့နဲ့မြူစွယ်တာမျိုး ငါဘယ်တုန်းကမှ မမြင်ဖူးဘူး။ တကယ့်ခွေးမပဲ!" လင်ရှောင်းထင်နောက်တွင် ထိုင်သည့်အမျိုးသမီးက ထပ်မံဆဲဆိုလိုက်သည်။
"နင်..." လင်ရှောင်းထင်၏ဘေးဘက်တွင် ထိုသည့်အမျိုးသမီးသည်တော့ အလွန်ဒေါသထွက်နေပေမယ့် သူမတစ်ချက်လှည့်ကြည့်လိုက်သည်နှင့် ကြောက်စရာကောင်းလှသော ကုနင်း၏အေးစက်စက်အကြည့်များဖြင့် ရင်ဆိုင်ရတော့သည်။
နောက်ဆုံးလေယာဉ်စတင်ပျံတက်တော့သသည်။ ၁နာရီခွဲလောက်ပျံသန်းပြီးနောက်တွင်တော့ လေယာဉ်သည် ပြင်းထန်ကြမ်းတမ်းသည့်လှုပ်ရမ်းမှုနှင့်ကြုံတွေ့ရပြီး လူတိုင်းသည်လဲ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ကြတော့သည်။
ကုနင်းလဲ ထိတ်လန့်တကြား ချက်ချင်းမတ်မတ်ပြန်ထိုင်မိသွားပြီး လင်ရှောင်းထင်က သူမလက်များကိုဆုပ်ကိုင်ကာ နှစ်သိမ့်ပေးနေသည်။ ကံကောင်းစွာဖြင့် လေယာဉ်ပြင်းပြင်းထန်ထန်လှုပ်ရမ်းသည့်အချိန်တွင် လူတိုင်းထိုင်ခုံခါးပတ်များသေချာပတ်ထားကြသောကြောင့် မည်သူမျှထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ သူတို့အားလုံး ဒါကသာမာန်လှုပ်ရမ်းမှုတစ်ခုဟု တွေးနေမိကြတုန်းတွင်ပဲ မမျှော်လင့်ထားဖွယ် ဒုတိယအကြိမ် ပိုမိုပြင်းထန်ကြမ်းတမ်းသည့်လှုပ်ရမ်းမှုဖြစ်ပေါ်လာခဲ့သည်။ ထိုလှုပ်ရမ်းမှုနောက်တွင်တော့ အချို့ခရီးသည်များမှာ စတင်ကာ ငိုကြွေးမှုများပြုလာကြတော့သည်။
ထိုအချိန်တွင်တော့ လေယာဉ်မယ်တစ်ဦးက ရေဒီယိုမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်တော့သည်၊
"ခရီးသည်များရှင်၊ ကျေးဇူးပြုပြီးမစိုးရိမ်ကြပါနဲ့။ လေယာဉ်က ပုံမှန်မဟုတ်တဲ့လေစီးကြောင်းတစ်ခုနဲ့ ကြုံရတာကြောင့် အနည်းငယ်မတည်မငြိမ်ဖြစ်တာပါ။ ကျေးဇူးပြုပြီး လူကြီးမင်းတို့၏ ထိုင်ခုံခါးပတ်များကို သေချာစွာပတ်ထားကြပြီး ထိုင်ခုံနေရာမှ မရွှေ့ကြပါနဲ့။ ကျေးဇူးပြုပြီး တိတ်တိတ်ဆိတ်ဆိတ်နေပေးကြပါ။ လူကြီးမင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်!"
နည်းနည်းလေးမငြိမ်မသက်ဖြစ်တယ်? ဒီလောက်ပြင်းပြင်းထန်ထန် နှစ်ကြိမ်တောင် လှုပ်ရမ်းသွားခဲ့ရတာကိုလေ! လေယာဉ်မယ်၏ကြေညာမှုမှာ ခရီးသည်များ၏စိတ်ကို မအေးချမ်းစေခဲ့ပေ။
"လေယာဉ်က ဒီအတိုင်းပျက်ကျတော့မှာလား? ငါမသေချင်သေးဘူး! ငါ့ဘဝလေးက အခုမှစတာလေ!" လင်ရှောင်းထင်ဘေးဘက်တွင်ထိုင်သည့် အမျိုးသမီးက ကြောက်ရွံ့ထိတ်လန့်စွာပြောတော့သည်။ သို့ပေမယ့် လင်ရှောင်းထင်၏နောက်ဘက်တွင်ထိုင်သည့်အမျိုးသမီးက သူမစကားကိုဖြတ်ကာ,
"ပါးစပ်ပိတ်ထားစမ်း! ပျက်ကျစရာလား! ခွေးစကားပြောနေတာတွေရပ်စမ်း! "
............
ကုနင်းရော လင်ရှောင်းထင်ပါ မျက်နှာများတည်တန့်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးတွင် အန္တရာယ်သိစိတ်ရှိသောကြောင့် အခုအခြေအနေအရ သူတို့အားလုံး အလွန်အန္တရာယ်များသည့်အခြေအနေတွင်ရှိနေကြောင်း သိသာနေသည်။
ကုနင်း၏မျက်နှာတစ်ပြင်လုံးလဲ စတင်ဖြူဖျော့လာကာ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူမအနေဖြင့် အခုလိုပြန်လည်မွေးဖွားလာဖို့ရန် မလွယ်ကူသည့်အပြင် သူမ၏စီးပွားရေးလုပ်ငန်းများသည်လဲ အခုမှစတင်လည်ပတ်ကာစရှိသေးသည်။ အခုချိန်ထိလက်စားလဲမချေရသေးသောကြောင့် အခုလိုမတော်တဆဖြစ်ရပ်မျိုးဖြင့် နောက်တစ်ခေါက်ပြန်မသေချင်သေးပေ။
မသေချင်ဘူး!
"နင်းနင်း၊ စိတ်မပူပါနဲ့။ မင်းဒီမှာထိုင်နေခဲ့ ကိုယ်ဘာတွေဖြစ်နေလဲသွားစုံစမ်းလိုက်ဦးမယ်။" လင်ရှောင်းထင်ပြောရင်းဖြင့် မတ်တပ်ရပ်လိုက်ကာ လေယာဉ်မောင်းနှင်ခန်းနားသို့သွားလိုက်သည်။ သို့ပေမယ့် သူမောင်းနှင်ခန်းအတွင်းသို့ဝင်ဝင်ဖို့လှမ်းလိုက်ရုံရှိသေး တံခါးဘေးတွင်ထိုင်နေသည့် လေယာဉ်မယ်တစ်ဦးက သူ့ကိုတားလိုက်တော့သည်။
"ဆရာ, ကျေးဇူးပြုပြီး ကိုယ့်ခုံကိုယ်ပြန်သွားပေးပါ။"
လင်ရှောင်းထင်ချက်ချင်းပဲ သူ၏စစ်အရာရှိဖြစ်ကြောင်း အိုင်ဒီကဒ်ကိုထုတ်ပြလိုက်သောကြောင့် လေယာဉ်မယ်လဲ အံ့အားသင့်သွားရသည်။ လင်ရှောင်းထင်သည် အလွန်ငယ်ရွယ်သေးတာတောင်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေသည်လား!
"ဘာတွေဖြစ်နေတာလဲ?" လင်ရှောင်းထင်မေးလိုက်သည်။
လင်ရှောင်းထင်၏ရာထူးကိုသိပြီးနောက်တွင်တော့ လေယာဉ်မယ်သည်လဲ အမှန်တရားကိုမဖုံးကွယ်ရဲတော့ဘဲ,
"လေထဲမှာ ငှက်တွေအများကြီးပျံနေကြလို့ အခုလိုပြင်းထန်တဲ့လှုပ်ရမ်းမှုတွေဖြစ်လာတာပါ။ လေယာဉ်မှူးလဲ သူတို့ကိုရှောင်ဖို့ကြီးစားနေပါတယ်။"
"ဒါ ကျွန်တော့်ရဲ့ လေယာဉ်မောင်းလိုင်စင်ပါ။ တစ်ချက်လောက်ဝင်ကြည့်ချင်တယ်။" လင်ရှောင်းထင် သူ့ရဲ့နောက်ထပ်လိုင်စင်တစ်ခုကို ထုတ်ပြကာ မတော်တဆဖြစ်နေသည့်အခြေအနေကို ဝင်ကြည့်လိုကြောင်းပြောလိုက်သည်။
"ကောင်းပါပြီ၊" လေယာဉ်မယ်သည်လဲ ချက်ချင်းပင် လင်ရှောင်းထင်အတွက် တံခါးကိုဖွင့်ပေးလိုက်သည်။
လေယာဉ်မယ်ပြောပြနေသမျှကို ကုနင်းလဲကြားပြီး လေယာဉ်က ငှက်များနှင့်တိုးမည်ဆိုလျှင် မည်မျှအန္တရာယ်များလွန်းကြောင်း သူမသိပေသည်။ အဟုန်သီအိုရီအရ- ၀.၄၅ကီလိုဂရမ်လေးသည့် ငှက်တစ်ကောင်သည် ၁နာရီလျှင် ၈၀၀ကီလိုမီတာနှုန်းဖြင့်သွားနေသည့် လေယာဉ်ဖြင့် ဝင်တိုက်မိမည်ဆိုလျှင် သူ့ရဲ့အလေးချိန်မှာ ၁၅၃ကီလိုဂရမ်အဖြစ်သို့ပြောင်းသွားမည်ဖြစ်သည်။ အကယ်၍ ၇ကီလိုဂရမ်လေးသည့် ငှက်ကြီးတစ်ကောင်ကသာ ၁နာရီလျှင် ၉၆၀ကီလိုမီတာနှုန်းဖြင့် သွားနေသည့် အင်ဂျင်ဖြင့်တိုက်မိမည်ဆိုလျှင် ပျက်စီးမှုနှုန်းသည် ၁၇၇တန်အဖြစ်မြင့်တက်သွားမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် စာကလေးတစ်ကောင်ကပင် လေယာဉ်အင်ဂျင်ဖြင့်တိုက်မိလျှင် အင်ဂျင်ကို ပျက်စီးသွားစေနိုင်ပေသည်။
အကယ်၍ ထိုငှက်သည်သာ အင်ဂျင်အတွင်းသို့လွတ်လွတ်ကျွတ်ကျွတ်ဝင်ရောက်သွားပြီး လေယာဉ်၏ရေနွေးငွေ့စက်ခန်းအတွင်းသို့ရောက်သွားမည်ဆိုလျှင် တစ်ခုလျှင် ယွမ်သောင်းချီတန်သည့် စက်သွားများကိုပါဖျက်ဆီးပစ်ပေလိမ့်မည်။ ပြီးနောက် အင်ဂျင်ကိုပါ ရပ်သွားစေနိုင်သည်။ အကယ်၍ ထိုငှက်က စက်ခန်းကို မီးပါလောင်စေလျှင်တော့ဖြင့် လေယာဉ်သည်လဲ တစ်စစီကျိုးပဲ့ကာ ပေါက်ကွဲသွားနိုင်ပေသည်။ တစ်နည်းပြောရလျှင်တော့ဖြင့် လေယာဉ်လမ်းကြောင်းတွင် ပျံနေသည့်ငှက်တစ်ကောင်ကပင်လျှင် လေယာဉ်မတော်တဆမှုကြီးတစ်ခုကိုဖြစ်ပွားစေနိုင်ပေသည်။
***
အခန်း ၂၉၈
လေယာဉ်မတော်တဆမှု ၂
အခုလိုမျိုး အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ရချိန်တွင် ကုနင်း၌ဖြေရှင်းဖို့ရန် မည်သည့်နည်းလမ်းကိုမှ စဉ်းစားမိခြင်းမရှိပေမယ့် ယခုကိစ္စကို လင်ရှောင်းထင် ကောင်းကောင်း ကိုင်တယ်ဖြေရှင်းနိုင်မည်ဟု သူမယုံကြည်လေသည်။
လေယာဉ်မောင်းနှင်ခန်းထဲတွင် လေယာဉ်မှူးနှစ်ဦးရှိကာ အဓိကလေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးအပြင် လေ့လာသူတစ်ဦးလဲရှိနေသည်။ သို့ပေမယ့် အဓိကလေယာဉ်မှူးမှာ ဒုတိယအကြိမ် ပြင်းထန်သည့်လှုပ်ရမ်းမှု၌ ဦးခေါင်းကိုရိုက်မိခဲ့ပြီး သတိလစ်မေ့မျောနေပြီဖြစ်သောကြောင့် လေ့လာသူက သူ့ကိုကပ္ပတိန်ထိုင်ခုံမှဆွဲထုတ်နေကာ တွဲဖက်လေယာဉ်မှူးက လေယာဉ်ကိုထိန်းချုပ်မောင်းနှင်နေရခြင်းဖြစ်သည်။
အခန်းတံခါးဖွင့်သံကိုကြားလိုက်ရချိန်တွင်တော့ လေ့လာသူက လှည့်ကြည့်လိုက်ကာ လေယာဉ်မယ်တစ်ဦးက သူစိမ်းတစ်ယောက်ကို အထဲသို့လမ်းပြခေါ်ဆောင်လာသည်ကိုတွေ့လိုက်ရ၍,
"မင်းဘယ်လိုလုပ်နေတာလဲ? မောင်းနှင်ခန်းထဲကို ခရီးသည်ဝင်လို့မရဘူးဆိုတာ နားမလည်ဘူးလား?"
လေယာဉ်မယ်လေးဘက်ကပြန်ရှင်းမပြနိုင်သေးခင်တွင်ပဲ လင်ရှောင်းထင်က သူ၏ လေယာဉ်မောင်းလိုင်စင်နှင့် စစ်အရာရှိဖြစ်ကြောင်း အိုင်ဒီကဒ်ကို ထုတ်ပြလိုက်ကာ,
"ကျွန်တော်ကူညီပေးနိုင်တယ်။"
လင်ရှောင်းထင်၏ လေယာဉ်မောင်းလိုင်စင်နှင့် စစ်အရာရှိအိုင်ဒီကိုမြင်လိုက်သည်နှင့် လေ့လာသူမှာ အလွန်အံ့ဩကာ ပါးစပ်ပိတ်သွားတော့သည်။
လေယာဉ်က ယခုထိတုန်ခါက လှုပ်ရမ်းနေတုန်းပေမယ့် အရင်ထက်တော့ အတော်လေးအားပျော့သွားပြီဖြစ်သည်။ သို့ပေမယ့် ခရီးသည်များ၏ကြောက်လန့်တုန်လှုပ်မှုကိုတော့ဖြင့် မငြိမ်းအေးစေဘဲ တချို့သည်တော့ ကြောက်ရွံ့ကာ အော်ဟစ်နေကြစဲပင်။
ထိုတစ်ခနတွင်ပဲ အမျိုးသမီးတစ်ယောက်၏အော်သံထွက်ပေါ်လာခဲ့သည်၊
"ဘုရားရေ! ဒီတစ်ယောက် ခေါင်းဆောင့်မိပြီး သွေးတွေထွက်နေပြီ!"
ထိုအသံကိုကြားသည်နှင့် ကုနင်းချက်ချင်းပဲ ထိုင်ခုံခါးပတ်ကိုဆွဲဖြုတ်ကာ ထိုဒဏ်ရာရနေသည့်လူအနားသို့သွားတော့သည်။
"လေယာဉ်ပေါ်မှာ ဆရာဝန်တစ်ယောက်လောက်မပါဘူးလား?" လေယာဉ်မယ်တစ်ဦးက အသံကျယ်ကျယ်ဖြင့်အော်မေးလိုက်သည်။
ဒဏ်ရာရသည့်လူမှာ အသက်၂၀ ဝန်းကျင်အရွယ်ရှိပြီး ဦးခေါင်း၏ဘယ်ဘက်အခြမ်းမှနေပြီး သွေးများစိမ့်ထွက်နေသည်။
ကုနင်းချက်ချင်းပဲ သူမလွယ်အိတ်အတွင်းမှ အရေးပေါ်ဆေးသေတ္တာလေးကို ထုတ်ယူလိုက်ကာ လေယာဉ်မယ်ကိုပြောလိုက်သည်၊
"ကျွန်မကို ဝင်ခွင့်ပေးပါ၊ ကျွန်မကူညီပေးနိုင်တယ်။"
"မင်းက? လာနောက်မနေနဲ့။ မင်းကအခုမှ ဆယ်ကျော်သက်လေးတစ်ယောက်ပဲရှိသေးတယ်။" ထိုလေယာဉ်မယ်က ကုနင်း၏အရည်အချင်းကို မယုံကြညပေ။
"ဒီလူတစ်ခုခုဖြစ်သွားခဲ့ရင်တော့ ဖြစ်လာသမျှအကျိုးဆက်ကို ကျွန်မတာဝန်ယူနိုင်တယ်။" ကုနင်းထပ်ပေါင်းပြောလိုက်သည်။
သို့ပေမယ့် လေယာဉ်မယ်ကတော့ ကုနင်းကို အထင်သေးစွာဖြင့်,
"မင်းကဘယ်လိုလုပ်ပြီးများ အကျိုးဆက်ကို တာဝန်ယူနိုင်မှာတဲ့လဲ?"
သူတို့နားရှိ တခြားခရီးသည်များသည်လဲ ကုနင်းကိုမယုံကြည်ကြပေမယ့် အခုလိုအန္တရာယ်များလှသည့်အခြေအနေကြီးတွင် သူတို့ကိုယ်သူတို့ပင် မနည်းမထိခိုက်မိစေရန် စောင့်ရှောက်နေရလေသည်။
ယခုလိုအနေအထားတွင် အချိန်သည် အလွန်အဖိုးတန်နေသောကြောင့် ကုနင်း ထိုလေယာဉ်မယ်နှင့် ဆက်လက်အငြင်းပွားမနေတော့ဘဲ လေယာဉ်မယ်၏လက်မောင်းမှနေ ဘေးဘက်သို့ဆွဲဖယ်လိုက်ကာ အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်သည်။ ထိုလေယာဉ်မယ်သည်လဲ အသက်ရှုမှားကုန်ကာ ကြောင်အနေပြီး တောင့်တောင့်ကြီးသာ မတ်တပ်ရပ်နေနိုင်တော့သည်။
ကုနင်း ထိုလူ၏ဒဏ်ရာကိုစစ်ဆေးကြည့်လိုက်တော့ ဒဏ်ရာသည်အသစ်မဟုတ်ဘဲ အရင်ထိခိုက်ဖူးထားသည့်နေရာကို ထပ်မံထိခိုက်မိခြင်းဖြစ်နေသည်။ ဒဏ်ရာကို ချုပ်ထားပြီးဖြစ်ပေမယ့် လုံးဝပြန်မကောင်းသေးသောကြောင့် ပြင်းထန်သည့်လှုပ်ရမ်းမှုဖြစ်သည့်အချိန်တွင် ထိုနေရာကို ထပ်ဆောင့်မိသွားပြန်ကာ ချုပ်ရိုးပြန်ပွင့်သွားခြင်းဖြစ်သည်။
ကုနင်းဆေးသေတ္တာအတွင်းမှ အရက်ပြန်နှင့်ဂွမ်းကိုထုတ်ယူကာ ဒဏ်ရာကို သန့်ရှင်းလိုက်ပြီးနောက် ပိတ်ကျဲဖြင့် ပြန်အုပ်စည်းလိုက်သည်။ ထိုသို့ပြန်စည်းနေချိန်အတွင်းမှာပဲ သူမ၏စွမ်းအားများကို လျှို့ဝှက်ကာ ထည့်သွင်းနေပြီး သွေးထွက်ရပ်ကာ အနာသက်သာစေရန်လုပ်ပေးလိုက်သည်။ သို့ပေမယ့် သူမ၏စွမ်းအားအကြောင်းကို လျှို့ဝှက်ထားရန်အတွက် ထိုအမျိုးသား၏ဒဏ်ရာကို အပြီးတိုင်ပျောက်ကင်းစေရန် ကုနင်း မကုသပေးဘဲ အခြေအနေမဆိုးရွားလာစေရန်လောက်ကာ ကုသပေးခဲ့သည်။
မကြာခင်တွင်ပဲ ထိုအမျိုးသားပြန်သတိလည်လာခဲ့သည်။ သူ့ဒဏ်ရာကြောင့်မူးနောက်နေသေးပေမယ့်လဲ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းသိသောကြောင့် သတိရလာသည်နှင့် ချက်ချင်းကုနင်းကို ကျေးဇူးတင်စကားပြောတော့သည်၊
"ကျေးဇူးအများကြီးတင်ပါတယ်။"
ထိုအမျိုးသားပြန်လည်သတိရလာသည်ကိုမြင်တော့မှပဲ ဘေးနားတစ်ဝိုက်မှလူများ ကုနင်း၏အရည်အချင်းကိုယုံကြည်သွားကြတော့သည်။
"အိုး! ဒီလူနှလုံးရောဂါဖောက်တာနဲ့တူတယ်!"
သို့ပေမယ့် ထိုအမျိုးသား၏ဒဏ်ရာကို ကုနင်း ပတ်တီးစည်းပေးလို့ပြီးစမှာပင် နောက်ထပ်ခရီးသည်တစ်ယောက်သည် အန္တရာယ်နှင့်ရင်ဆိုင်နေရပြန်သည်။ ပြင်းထန်ကြမ်းတမ်းလှသည့် လှုပ်ခါရမ်းမှုကြောင့် နှလုံးရောဂါရှိသည့်လူများအတွက် အလွယ်တကူရောဂါဖောက်လာနိုင်သလို သွေးဖိအားမြင့်တက်လာမှုများလဲဖြစ်နိုင်ပေသည်။
ကုနင်းလဲ တုံ့ဆိုင်းမနေဘဲ ထိုနှလုံးရောဂါဖောက်နေသည့်လူထံ ချက်ချင်းသွားလိုက်ကာ ယခုတစ်ခေါက်တွင်တော့ မည်သူမျှ သူမကိုမတားရဲကြတော့သလို မယုံမကြည်လဲမဖြစ်ကြတော့ပေ။
နှလုံးရောဂါဖောက်သည့်ခရီးသည်မှာ အသက်၅၀အရွယ်ခန့်ရှိကာ ကုနင်း ထိုလူ၏မျက်နှာကို မှတ်မိနေသည်။ ထိုလူသည် ပြည်တွင်းရှိ နာမည်ကျော်ကြားသည့် ဒါရိုက်တာ လုကျန်းဖြစ်ကာ သူ့ရဲ့ဇာတ်ကားများသည် ပြည်တွင်းရော ပြည်ပတွင်ပါ အားပေးချီးမြှောက်မှုခံရလေသည်။ သို့ပေမယ့် လွန်ခဲ့သည့်၂နှစ်လောက်က အာဏာရှိသည့်လူတစ်ယောက်ကို စိတ်အနှောက်အယှက်ပေးခဲ့မိခြင်းကြောင့် ယခုအချိန်အထိ ဇာတ်ကားရိုက်ကူးခွင့်ပိတ်ပင်ခံထားရလေသည်။
ကုနင်း ထိုလူအနားသို့ချက်ချင်းသွားလိုက်ကာ လုကျန်း၏ရင်ဘက်ပေါ်သို့ ပုံမှန်အသက်ကယ်နည်းအတိုင်းဖိနှိပ်လိုက်သည်။ ထိုလှုပ်ရှားမှုများမှာ သူမ၏စွမ်းအားအကြောင်းဖုံးကွယ်ရန်သာဖြစ်ပြီး လျှို့ဝှက်စွာဖြင့် ရင်ဘက်အတွင်းသို့စွမ်းအားများပို့လွှတ်ပေးနေခြင်းဖြစ်သည်။ အရင် ထန်ဟိုင်ဖုန်းကို လုပ်ပေးခဲ့စဉ်ကအတိုင်း လုကျန်း၏ရင်ဘက်အတွင်းသို့ သူမ၏စွမ်းအားများစီးဆင်းဝင်ရောက်သွားကာ မကြာခင်တွင်ပဲ အသက်ရှုသံပြန်မှန်လာပြီး သတိရလာတော့သည်။
ကုနင်းတို့ဘေးရှိခရီးသည်များသည်တော့ ထိုမြင်ကွင်းကို အံ့အားသင့်စွာကြည့်နေကြသည်။ သို့ပေမယ့် ကုနင်း သူမလက်ကို မဖယ်ရသေးခင်တွင်ပဲ နောက်ထပ်သတိလစ်သွားသည့် ခရီးသည်တစ်ယောက်ပေါ်လာပြန်လေသည်။
........
လေယာဉ်က ငှက်များဖြင့် ထိပ်တိုက်ရင်ဆိုင်ရပြီး ပြင်းထန်ကြမ်းတမ်းသည့် လှုပ်ရမ်းမှုများဖြစ်ခဲ့ချိန်တွင် လေယာဉ်မှူးက လေဆိပ်မျှော်စင်သို့ လှမ်းဆက်သွယ်ကာ အရေးပေါ်အခြေအနေဖြစ်နေကြောင်း သတင်းပေးထားပြီးဖြစ်သည်။
အခုတော့ဖြင့် လေယာဉ်မတော်တဆမှုဖြစ်စဉ်ကို မြို့တော်လေဆိပ်တွင် ကြေညာနေပြီဖြစ်သည်။
နောက်ဆုံးရသတင်း : မြို့တော်သို့ပျံသန်းလာသည့်လေယာဉ်တစ်စီးသည် လေထဲတွင်လေယာဉ်လမ်းကြောင်း၌ ပျံသန်းနေသည့် ငှက်တစ်အုပ်ဖြင့် ရင်ဆိုင်တွေ့ခဲ့ရကာ ပြင်းထန်ကြမ်းတမ်းသည့်လှုပ်ရမ်းမှုအကြိမ်များစွာဖြစ်ပွားခဲ့သည်။ အဓိကလေယာဉ်မှူးသည်လဲ မတော်တဆမှုကြောင့် ဦးခေါင်းဆောင့်မိကာ သတိလစ်သွား၍ တွဲဖက်လေယာဉ်မှူးကသာ လက်ရှိလေယာဉ်ကို ထိန်းချုပ်မောင်းနှင်နေရပါသည်။ လက်ရှိထိုလေယာဉ်မှာ အန္တရာယ်ကြားထဲရောက်နေစဲဖြစ်ပြီး ထိုလေယာဉ်ပေါ်၌ ခရီးသည် ၂၆၇ဦးနှင့် ဝန်ထမ်း၁၂ဦးလိုက်ပါစီးနှင်လာခဲ့ပါသည်။
တစ်ချိန်တည်းတွင်ပဲ လေဆိပ်ဟောခန်းရှိ LEDမျက်နှာပြင်ပေါ်တွင် ထိုလေယာဉ်ပေါ်၌ လိုက်ပါလာကြသည့် ခရီးသည်များစာရင်းကိုပါ တွဲဖက်ဖော်ပြထားသည်။
သတင်းကြေညာပြီးချိန်တွင် လူတိုင်းထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်။ လေယာဉ်က မကျိုးပဲ့ခဲ့ဘူးဆိုပေမယ့်လဲ အန္တရာယ်များနေစဲပင်။ ထို့အပြင် ပြင်းထန်သည့်လှုပ်ရမ်းမှုအတွင်း အချို့ခရီးသည်များသည် နှလုံးရောဂါဖောက်သူများရှိနိုင်သလို တချို့အရေးပေါ်ကုသရန်လိုအပ်သည့်ရောဂါများလဲပြန်ဖောက်လာကြရင်ရော? လူတိုင်းမှာ လေယာဉ်ပေါ်တွင်ပါရှိနေမည့် လူများ၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြကာ ထိုခရီးသည်များကို ကြိုဖို့ရန်ရောက်နေကြသည့် မိသားစုများ မိတ်ဆွေများမှာ ပိုလို့ပင်ဆိုးတော့သည်။
ရှုကျင်းချန်၏ဝမ်းကွဲညီမ ရှုချင်ယင်းသည် သူမ၏အခင်ဆုံးသူငယ်ချင်းတစ်ဦး နိုင်ငံခြားမှပြန်လာသည်ကို ကြိုဆိုရန်အတွက် လေဆိပ်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ထိုဆိုးရွားလှသည့် လေယာဉ်မတော်တဆမှုသတင်းကိုကြားလိုက်ရလေသည်။ ထို့နောက် ခရီးသည်လူစာရင်းကိုပါ စစ်ဆေးကြည့်လိုက်တော့သည်။ ရှုမိသားစုနှင့် လင်မိသားစုတို့သည် မျိုးရိုးအဆက်ဆက် တစ်ဦးနှင့်တစ်ဦးရင်းနှီးလာကြသူများဖြစ်သောကြောင့် ရှုချင်ယင်းသည်လဲ လင်ရှောင်းထင်နှင့် ရင်းနှီးမှုရှိလေသည်။ LEDပေါ်တွင် လင်ရှောင်းထင်၏နာမည်ကိုတွေ့လိုက်ည်နှင့် သူမအလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် ရှုကျင်းချန်အားဖုန်းခေါ်တော့သည်။ အလွန်စိုးရိမ်ပူပန်နေသည့်အတွက် ဖုန်းကိုကိုင်ထားသည့်လက်မှာတုန်ရီနေကာ လွတ်ကျမတတ်ပင်။
ရှုကျင်းချန်သည်တော့ အိမ်တွင် တီဗီကြည့်နေစဉ် သူ့ဖုန်းမှမြည်လာခဲ့ကာ ခေါ်ဆိုသူမှာ ရှုချင်ယင်းမှန်းတွေ့လိုက်သည်နှင့် သူနှုတ်ခမ်းတစ်စုံထပ်တွင် အပြုံးနုနုဖြစ်ပေါ်လာတော့သည်။ သို့ပေမယ့် သူဖုန်းကိုင်လိုက်ကာ စကားတစ်ခွန်းပင်မပြောရသေးခင်တွင်ပဲ တစ်ဖက်မှ ရှုချင်ယင်း၏တုန်ရီနေသည့်အသံထွက်ပေါ်လာကာ,
"ကျင်းချန်၊ အခုရှောင်းထင်က ထန်မြို့ကနေ မြို့တော်ကိုလာတဲ့လေယာဉ်ပေါ်ရောက်နေတယ်။ ဒါပေမယ့် အဲ့ဒီ့လေယာဉ်က ငှက်အုပ်တစ်အုပ်နဲ့တွေ့လို့ တော်တော်ပြင်းပြင်းထန်ထန်မငြိမ်မသက်ဖြစ်နေပြီး အန္တရာယ်ရှိနေတယ်တဲ့!"
"ဘာပြောတယ်?" ရှုကျင်းချန် အလွန်ထိတ်လန့်လွန်း၍ ဆိုဖာပေါ်မှပင် ခုန်ထလိုက်မိတော့သည်။
***
အခန်း ၂၉၉
ချိုးယွီရှင်း
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘာလို့လဲ?
"ငါအခုချက်ချင်း အဲ့ကိုလာခဲ့မယ်။" ရှုကျင်းချန်ပြောပြီးသည်နှင့် အပြင်သို့ပြေးထွက်လိုက်ကာ အထဲသို့ဝင်ရန်ပြင်နေသည့် သူ့အဖေနှင့်ပင် တိုက်မိတော့မတတ်ဖြစ်သွားသည်။
ရှုကျင်းချန်၏ဖခင် ရှုကျီဖန်းက,
"ဟေ့ကောင်၊ သေချာကြည့်သွားလေ! " သို့ပေမယ့် စက္ကန့်ပိုင်းလေးတွင်းတွင်ပဲ ရှုကျင်းချန်မှာ သူ့မြင်ကွင်းအတွင်းမှ ပျောက်သွားသောကြောင့် ရှုကျီဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကြည့်ရတာ အရေးပေါ်ကိစ္စဖြစ်မည်။
ရှုကျင်းချန်ချက်ချင်းပင် လေဆိပ်သို့မောင်းထွက်လာပြီး မီးနီများကိုပင် ဖြတ်ကျော်ကာ အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်ရင်းဖြင့် လင်ရှောင်းထင် အန္တရာယ်ကင်းဖို့ရန်အတွက်လဲ ဆုတောင်းနေသေးသည်။
တိုက်ဆိုင်စွာပင် စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့နှစ်ဦးသည်လဲ Bမြို့သို့သွားရန်အတွက် Gမြို့လေဆိပ်သို့ရောက်ရှိနေကြလေသည်။
ထန်မြို့မှ မြို့တော်သို့သွားသည့်လေယာဉ်မတော်တဆဖြစ်သည့်အကြောင်းကို Gမြို့လေဆိပ်တွင်လဲ ကြေညာနေသောကြောင့် စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့လဲ ထိုဆိုးရွားလှသောသတင်းကို ကြားသိလိုက်ကြရသည်။ သူတို့နှစ်ယောက်လုံး ကုနင်း၏နာမည်ကို မြင်တွေ့လိုက်ချိန်တွင်တော့ ထိတ်လန့်သွားကြတော့သည်။ အထူးသဖြင့် စစ်ထူယဲ့ပင်၊ သူ့နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲသွားကာ မျက်နှာသည်လဲ ချက်ချင်းပင်ဖြူဖျော့သွားတော့သည်။ ယခုအဖြစ်အပျက်မတိုင်ခင်အထိ သူ ကုနင်းကို ထိုမျှဂရုစိုက်မှန်းမသိခဲ့ပေ။
ထို့နောက် စစ်ထူယဲ့ချက်ချင်းပင် ကုနင်းကို ဖုန်းဆက်တော့သည်။ စာရင်းတွင်ပါနေသည့်ကုနင်းမှာ နာမည်တူသည့် အခြားလူတစ်ဦးဖြစ်ဖို့ရန်ကိုလဲ မျှော်လင့်နေမိကာ သူနှင့်သိကျွမ်းသည့်ကုနင်းသည်တော့ ဘေးကင်းကင်းနှင့်ရှိနေဖို့ရန် ဆုတောင်းနေတော့သည်။ သို့ပေမယ့် စိတ်မကောင်းစရာကတော့ ကုနင်း၏ဖုန်းမှာ စက်ပိတ်ထားခဲ့သည်။
"ရွှမ်ဖန်၊ မင်းအရင်ဆုံး Bမြို့ကိုသွားနှင့်လိုက်၊ ငါအခုချက်ချင်း မြို့တော်ကိုသွားဦးမှဖြစ်မယ်။" စစ်ထူယဲ့ ပြောပြီးသည်နှင့် ချက်ချင်း လက်မှတ်အရောင်းဌာနသို့တန်းသွားတော့သည်။
ချူးရွှမ်ဖန်သည်လဲ သူ့ဘော့စ်ဖြစ်သူက ကုနင်းအပေါ်မည်သို့သဘောထားမှန်းနားလည်သောကြောင်း တားမနေတော့ပေ။ ကုနင်းကို ကြိုက်နေသည့် စစ်ထူယဲ့မပြောင်းနှင့် ကုနင်းကို မိတ်ဆွေသူငယ်ချင်းအဖြစ်မှတ်ယူသည့် ချူးရွှမ်ဖန်ပင်လျှင် သူမ၏ဘေးကင်းရေးအတွက်စိတ်ပူနေမိသည်။
သတင်းသည်လဲ ဆက်လက်ပြီး မတော်တဆဖြစ်ပွားရာနေရာမှ အခြေအနေများကို တင်ပြနေသည်။ တင်ပြချက်များအရ ခေါင်းထိသွားသော ခရီးသည်တစ်ယောက်၏ဒဏ်ရာမှ သွေးအမြောက်အမြားထွက်နေပြီး တခြားရုတ်တရက်နှလုံးရောဂါဖောက်သည့်ခရီးသည်များလဲရှိကာ သွေးဖိအားမြင့်တက်ပြီး သတိလစ်သွားသည့်ခရီးသည်များနှင့် တခြားဒဏ်ရာအနာတရရသည့် ခရီးသည်များလဲ ရှိလေသည်။ လူနာတင်ယာဉ်များနှင့် ဆေးဝါးအကူများမှာတော့ လေဆိပ်တွင် အဆင်သင့်စောင့်နေပြီဖြစ်သည်။
ထိုသတင်းထွက်လာသည်နှင့် လူအများအပြားမှာ စိုးရိမ်ပူပန်ကုန်ကြသည်။ ထိုလေယာဉ်ပေါ်တွင် အရေးပေါ်လူနာများ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူများသည် မတော်တဆသေဆုံးသည့်အခြေအနေပင်ဖြစ်နိုင်လေသည်!
လေဆိပ်သို့ ဆွေမျိုးများ၊ မိသားစုဝင်များကိုလာရောက်ကြိုဆိုသည့်လူများသည်တော့ သူတို့မိသားစုဝင်များ၏ဘေးကင်းလုံခြုံမှုအတွက် ပိုလို့ပင်စိုးရိမ်ပူပန်နေကြတော့သည်။
"ငါတို့ဘယ်လိုလုပ်ကြမလဲ? အဖိုးမှာ သွေးတိုးရောဂါရှိတယ်!"
"အဆင်ပြေသွားမှာပါ။ အဆင်ပြေလောက်ပါတယ်။"
......
"ဟန်နီ၊ ကျွန်မတို့သားရဲ့ခေါင်းမှာ ဒဏ်ရာရှိနေတယ်လေ ပြီးတော့ အခုထိလဲ လုံးဝပြန်မကောင်းသေးဘူး။ ချုပ်ရိုးပြန်ပြေသွားရင် ဘယ်လိုလုပ်မလဲ? ကျွန်မအမှားတွေပါ။ သူ့ကို ဒီနေ့အတင်းပြန်မလာခိုင်းခဲ့သင့်ဘူး။"
"စိတ်မပူပါနဲ့။ သားအဆင်ပြေပါလိမ့်မယ်.။ အဆင်ပြေသွားမှာပါ။"
မိနစ်ပေါင်းများစွာကြာပြီးနောက်တွင်တော့ လေယာဉ်မှာ ပြန်လည်ထိန်းချုပ်၍ရသွားတောသည်။ ပထမတန်းရှိခရီးသည်များမှလွဲ၍ မည်သူမှ လင်ရှောင်းထင်က သူရဲကောင်းမှန်းမသိခဲ့ပေ။ ကပ်ဘေးကို ဖြေရှင်းခဲ့ပြီးဖြစ်ပေမယ့်လဲ ယခုချိန်ထိ မြေပြင်သို့ ဘေးကင်းကင်းမဆင်းသက်ရသေးသောကြောင့် လူတိုင်းမှာ အတော်လေးထိတ်လန့်နေကြသေးလေသည်။ မြေပြင်သို့ဆင်းသက်ရာလမ်းတွင်လဲ နောက်ထပ်မတော်တဆမှုမဖြစ်နိုင်ဟု မည်သူမှမသိနိုင်ပေ။
မြေပြင်ပေါ်သို့ဆင်းသက်ရန်စောင့်ဆိုင်းနေရချိန်သည် အလွန်ကို စိတ်လှုပ်ရှားထိတ်လန့်စရာအကောင်းဆုံးအချိန်ပင်ဖြစ်သည်။ ပြီးတော့ ယခုလို ငှက်အုပ်ကြီးနှင့်ထိပ်တိုက်တွေ့ရသည့်အဖြစ်မျိုးမှာ ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးသောကြောင့် အလွန်ထူးဆန်းနေကာ ဘေးကင်းကင်းဖြင့်လွတ်မြောက်နိုင်ခဲ့ခြင်းသည်လဲ အလွန်ထူးခြားဆန်းကျယ်လွန်းသည့်ဖြစ်ရပ်ပင်ဖြစ်သည်။
အကျဉ်းချုပ်ရလျှင်ဖြင့် ကုနင်းသည် ခေါင်းဒဏ်ရာနှင့်လူငယ်တစ်ယောက်၊ နှလုံးရောဂါနှင့် လုကျန်း၊ သွေးတိုးရှိသည့်လူကြီးနှစ်ဦး နှင့် လက်ကောက်ဝတ်အဆစ်လွဲသွားသည့် အမျိုးသမီးတစ်ဦးတို့ကို ကယ်တင်ခဲ့သည်။ တခြားလူများသည်တော့ အနည်းအကျဉ်းဒဏ်ရာရရှိခြင်းဖြစ်သောကြောင့် ထိုသူများကိုပါ ကုသရန်အတွက် အချိန်မရှိသလို စွမ်းအားများစွာသုံးခဲ့ရသည့်အတွက် ကုနင်း၏မျက်နှာမှာလဲ ဖြူဖျော့နေခဲ့ပြီဖြစ်သည်။
ကုနင်း၏ကယ်တင်ခြင်းခံရသည့် ဒဏ်ရာရ ခရီးသည်အားလုံးသည် ကုနင်းကို အဆက်မပြတ်ကျေးဇူးတင်နေကြတော့သည်။ ကုနင်း သူတို့ကို ဘယ်လိုဘယ်ပုံဖြင့်ကယ်တင်ခဲ့လဲဆိုသည်ကိုတော့ မည်သူမှမသိပေမည့် သူတို့အားလုံး ကုနင်း၏ရဲရင့်မှုနှင့် အရည်အချင်းကို လေးစားနေမိကြသည်။
ထိုအချိန်တွင်ပဲ လင်ရှောင်းထင် မောင်းနှင်ခန်းအတွင်းမှပြန်ထွက်လာခဲ့ကာ ကုနင်း စီးပွားရေးအတန်းတွင်ရှိမှန်း သတိထားမိသောကြောင့် ထိုနေရာသို့ချက်ချင်းဆက်သွားလိုက်သည်။
သူ ကုနင်းရှေ့ရပ်လိုက်သည်ဆိုရင်ပဲ သူမ၏အလွန်အားနည်းကာ ဖြူဖျော့နေသည့်မျက်နှာကို မြင်လိုက်ရတော့သည်။ သူ့နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲလာပြီး ကုနင်းကို ထွေးပွေ့လိုက်ရင်း သူတို့ထိုင်ခုံနေရာသို့ပြန်ခေါ်လာခဲ့သည်။
လေယာဉ်မယ်တစ်ဦးက ကုနင်းအတွက် ရေတစ်ခွက်ယူလာပေးကာ ကုနင်းနှင့်လင်ရှောင်းထင်တို့လုပ်ဆောင်ပေးခဲ့သည့်ကိစ္စအတွက်ကိုလဲ ထပ်မံကျေးဇူးတင်နေတော့သည်။
ထို့နောက်သတင်းတွင် လေယာဉ်ဘေးကင်းလုံခြုံသွားပြီဖြစ်ပြီး လူနာများအတွက်လဲ မြို့တော်လေဆိပ်တွင် အဆင်သင့်ကယ်ဆယ်ရန် ရှိနေပြီဖြစ်ကြောင်း ကြေညာမှ အားလုံးစိတ်အေးသွားကြတော့သည်။ သို့ပေမယ့် ထိုလေယာဉ်ပေါ်ရှိလူများကို မည်သူကယ်တင်ခဲ့ခြင်းဖြစ်မှန်းကိုတော့ဖြင့် မသိကြပေ။
ရှုကျင်းချန် လေဆိပ်သို့သွားရာ လမ်းတစ်ဝက်လောက်တွင်ပဲ ရှုချင်ယင်းက ထပ်မံဆက်သွယ်လာကာ ဘေးကင်းသွားပြီဖြစ်ကြောင်း ပြောလာခဲ့ပေမည့် အရှိန်ကို မလျှော့ဘဲ ဆက်ပြီးမောင်းနှင်နေစဲပင်။ လင်ရှောင်းထင်ကို လူကိုယ်တိုင်မမြင်ရမချင်း သူစိတ်မအေးနိုင်သေးပေ။ စစ်ထူယဲ့သည်လဲ ထို့နည်းတူပင်၊ ကုနင်းဘေးကင်းသည်ကို သူ့မျက်စိဖြင့်တပ်အပ်မမြင်ရမချင်း စိတ်မအေးနိုင်ပေ။
နာရီဝက်အကြာတွင်တော့ လေယာဉ်သည် မြို့တော်ပိုင်နက်အတွင်းသို့ဝင်ရောက်လာခဲ့ပြီး ရေဒီယိုမှတစ်ဆင့် မကြာခင် မြေပြင်ပေါ်သို့ဆင်းသက်မည့်အကြောင်း ကြေညာလာချိန်မှ လူတိုင်း စိတ်ချသွားကာ မြန်မြန်ရောက်ချင်စိတ်စောနေကြတော့သည်။
ကုနင်းသည်လဲ စိတ်အေးသွားခဲ့သည်။ ကုနင်းသည် တစ်ကြိမ်သေဖူးထားပြီးဖြစ်သောကြောင့် အခုလိုနောက်တစ်ကြိမ်ပြန်လည်ရှင်သန်ရသည့်ဘဝကို အလွန်တန်ဖိုးထားပြီး ထိုမတော်တဆဖြစ်ချိန်ကာလအတွင်း သူမသည်လဲ အလွန်ကြောက်ရွံ့နေခဲ့သည်။ သူမ၏အရင်ဘဝတွင် စိတ်ပျက်မှု မုန်းတီးမှုများဖြင့် သေဆုံးခဲ့ရပေမယ့် အခုပြန်လည်မွေးဖွားလာချိန်တွင်တော့ဖြင့် အချစ်ကိုလဲတွေ့ရှိခဲ့ပြီး မသေချင်သေးပေ။
နာရီဝက်လောက်နားလိုက်ရခြင်းကြောင့် ကုနင်းပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သည်။
ရှုကျင်းချန်သည်တော့ လေဆိပ်ထွက်ပေါက်သို့ရောက်ရှိနေပြီဖြစ်ကာ လင်ရှောင်းထင်ကို စောင့်နေခဲ့သည်။ အစကတော့ လင်ရှောင်းထင်တစ်ဦးတည်းပြန်လာခဲ့ခြင်းဖြစ်မည်ဟုထင်ထားခဲ့ပေမည့် ကုနင်းကိုပါတွေ့လိုက်ရချိန်တွင်တော့ သူ့ဘော့စ် ဘာကြောင့် တာဝန်အတွင်း အချိန်အတော်ကြာပျောက်နေခဲ့မှန်း နားလည်သွားတော့သည်။ သို့ပေမယ့် အခုချိန်က အတင်းပြောဖို့ရန် အချိန်ကောင်းမဟုတ်သေးပေ။
ရှုချင်ယင်းသည်လဲ သူမသူငယ်ချင်းကို ကြိုလာခဲ့ပြီဖြစ်ပေမယ့် လင်ရှောင်းထင်အတွက်စိုးရိမ်နေသောကြောင့် ရှုကျင်းချန်နှင့်အတူ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ရှုချင်ယင်း၏အခင်ဆုံးသူငယ်ချင်းသည် ချိုးယွီရှင်းဖြစ်ကာ အသက်၂၅နှစ်ရှိပြီး အရပ်မှာ ၁၇၇စင်တီမီတာမြင့်လေသည်။ သူမ၏ခန္ဓာကိုယ်အချိုးအစားမှာ ပြီးပြည့်စုံသလို လှပသည့်မျက်နှာသွင်ပြင်လဲရှိပြီး ပြည်တွင်းတွင် လူသိများသည့်မော်ဒယ်တစ်ဦးဖြစ်သည်။ ချိုးရှင်းယွီသည် လင်ရှောင်းထင်နှင့်တစ်ကြိမ်မျှတွေ့ဖူးခဲ့ကာ မမေ့နိုင်ဖြစ်ခဲ့ရပြီး အမြဲတမ်းလင်ရှောင်းထင်နှင့် နောက်တစ်ကြိမ်ပြန်ဆုံတွေ့ချင်ခဲ့သည်။ အခုကတော့ နိုင်ငံရပ်ခြားတွင် နှစ်လခန့် စာသွားသင်ကာ အိမ်ပြန်လာခဲ့ခြင်းဖြစ်ပြီး မမျှော်လင့်ထားစွာပင် ဆိုးရွားလှသည့်သတင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ သူမသည် ရှုချင်ယင်းထက်ပင် လင်ရှောင်းထင်ကို စိုးရိမ်မိလေသည်။
***
အခန်း ၃၀၀
လင်ရှောင်းထင်၏ချစ်သူ
၁၅မိနစ်ကြာပြီးနောက်တွင်တော့ လေယာဉ်သည် မြို့တော်လေဆိပ်သို့ အန္တရာယ်ကင်းကင်းဆိုက်ရောက်လာခဲ့တော့သည်။ လူနာတင်ယာဉ်များအဆင်သင့်စောင့်နေပြီးဖြစ်သောကြောင့် ဒဏ်ရာရလူနာများ လေယာဉ်ပေါ်မှဆင်းလာသည်နှင့် ချက်ချင်း ဆေးရုံသို့ပို့ပေးကြကာ ကုနင်းနှင့် လင်ရှောင်းထင်သည်တော့ ဒီအတိုင်းထွက်လာခဲ့သည်။
လင်ရှောင်းထင်၏ အရပ်ရှည်ရှည်ဖြင့် အလွန်ချောမောခန့်ညားလှသည့်ပုံစံကြောင့် သူထွက်လာသည်နှင့် အနီးတစ်ဝိုက်မှလူများ၏အာရုံကိုဆွဲဆောင်သွားကာ ဆူညံအော်ဟစ်သံများပါ ထွက်ပေါ်လာတော့သည်။
"ဝိုး! သူအရမ်းခန့်ညားတာပဲ!"
"သူက သရုပ်ဆောင်များလား?"
"ငါ့အထင်တော့ သူက ငါသိသမျှ သရုပ်ဆောင်တွေအားလုံးထက်ကို ချောလွန်းတယ်!"
"ဟုတ်တယ်! နင် သူ့ဆီက ခွန်အားနဲ့ တော်ဝန်ဆန်တဲ့အရှိန်အဝါတွေကို ခံစားမိလား? ငါ့အထင် သူက အရမ်းချမ်းသာတဲ့လူ ဒါမှမဟုတ် အာဏာကြီးတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်။ သူက တကယ့်ကို ဆွဲဆောင်မှုရှိလွန်းတဲ့ အပြီးပြည့်စုံဆုံးလူပဲ!"
"ဟ-ဟ။ ငါတော့ နင်ဆွဲဆောင်မှုရှိတဲ့ယောက်ျားတွေအကြောင်းပါတဲ့ အချစ်ဝတ္ထုတွေ အဖတ်လွန်နေတာထင်တယ်!"
"ဟဲ့, ငါကိုယ်တိုင်ကိုက စာရေးဆရာတစ်ယောက်ဆိုတာ မမေ့နဲ့ဦးလေ!"
ထိုစကားပြောနေသည့်ကောင်မလေးများကို ကုနင်းစိတ်ဝင်စားမိသွားသည်။ လင်ရှောင်းထင်တွင် အမှန်တကယ်ကို တော်ဝန်ဆန်သည့်အရှိန်အဝါများရှိလေသည်။ ပြီးတော့ တကယ်လဲ ထိုလူတွင် အာဏာရှိသလို အလွန်ချမ်းသာသည့် ယောကျ်ားတစ်ဦးလဲဖြစ်သေးသည်။ သူသွားသည့်လမ်းတစ်လျှောက်မှလူများအဖို ဒီလိုပြီးပြည့်စုံသည့်လူတစ်ယောက်ကို လျစ်လျူရှုပစ်ရန်ခက်ခဲပေသည်။
"ငါ့မှာလဲ သူ့လို ရည်းစားတစ်ယောက်လောက်ရှိချင်တယ်!" စာရေးဆရာဖြစ်သည့်မိန်းကလေးက ထပ်ပြောလိုက်သည်။
..........
ထိုမိန်းကလေးအဖွဲ့များသည် စိတ်လှုပ်တရှားဖြင့် လင်ရှောင်းထင်အကြောင်း ဆွေးနွေးပြောဆိုနေကြတော့သည်။
တချို့ဆိုလျှင် ကုနင်းတစ်ယောက်လုံး ရှိနေတာတောင်မှ လင်ရှောင်းထင်နောက်လိုက်လာကြသေးသည်။ သူတို့အားလုံးသည် သူတို့အိုင်ဒေါတစ်ယောက်ကိုတွေ့လိုက်ရသည့် ပရိတ်သတ်တစ်ဦးပမာ လင်ရှောင်းထင်ကို အနီးကပ်မြင်လိုကြခြင်းသာဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ထွက်ပေါက်သို့ရောက်လာချိန်တွင်တော့ ရှုကျင်းချန်ကို သတိထားမိလိုက်ကာ သူဘာကြောင့် ဒီနေရာတွင်ရှိနေရလဲဆိုသည်ကိုပါ ချက်ချင်းနားလည်လိုက်သည်။
ရှုကျင်းချန်သည်လဲ လင်ရှောင်းထင်နှင့် ကုနင်းကို မြင်လိုက်လျှင်ပဲ ငိုမိမတတ်ဝမ်းသာသွားရသည်။
"ရှောင်းထင်!" ရှုချင်ယင်းက စိတ်လှုပ်ရှားစွာလှမ်းအော်ခေါ်လိုက်သည်။
ချိုးယွီရှင်းသည်လဲ လင်ရှောင်းထင်ကိုမြင်လိုက်ပေမယ့် သူမအပြုံးများသည်တော့ လင်ရှောင်းထင် ကုနင်း၏လက်ကို ကိုင်ထားသည်ကိုမြင်လိုက်ချိန်တွင် အေးခဲသွားရတော့သည်။ ဒီလိုလက်ချင်းတွဲထားသည်က စုံတွဲမှန်းအလွန်သိသာသည်လေ။ သူမလင်ရှောင်းထင်အကြောင်း များများစားစားမသိသော်လည်း ရှုချင်ယင်းထံမှ ထိုလူအကြောင်းအနည်းအကျဉ်းကြားဖူးထားသည်။ ရှုချင်ယင်း၏အပြောအရ လင်ရှောင်းထင်၏စရိုက်သည် အေးစက်ကာ ဘယ်တုန်းကမှ ရည်းစားမထားခဲ့ဖူးသောကြောင့် သူတို့အားလုံး လင်ရှောင်းထင်တစ်ယောက် တစ်သက်လုံး တစ်ကိုယ်တည်းသာနေတော့မည်ဟုပင် ယုံကြည်နေခဲ့ကြသည်။ ထိုအချိန်တုန်းကတော့ ချိုးယွီရှင်းမှာ သူမတွင် အခွင့်အရေးရှိသေးသည်ဟု ထင်ခဲ့ပေသည်။
သူမအနေဖြင့် လင်ရှောင်းထင်၏နောက်ခံအကြောင်းသေချာမသိပေမယ့် သူက ရှုကျင်းချန်၏အခင်ဆုံးသူငယ််ချင်းဖြစ်ကာ ရှုကျင်းချန်သည် အလွန်ချမ်းသာသည့်မိသားစုမှဖြစ်သောကြောင့် လင်ရှောင်းထင်သည်လဲ ထိုအဆင့်ထဲတွင်သာရှိလောက်ပေသည်။ ပြီးတော့ ချိုးယွီရှင်း၏မိသားစုသည်လဲ Bမြို့တွင် ထင်ရှားသည့်ချမ်းသာသောမိသားစုတစ်ခုပင်ဖြစ်ပြီး သူမသည်လဲ လှပကာဆွဲဆောင်မှုရှိလေသည်။ ထို့ကြောင့် သူမနှင့်လင်ရှောင်းထင်သာ တွဲဖြစ်ခဲ့လျှင် အလွန်လိုက်ဖက်မည်ဟု သူမတွေးခဲ့သည်။
ချိုးမိသားစုမှာ လင်မိသားစုကို မယှဉ်နိုင်ပေမယ့် ကွာဟချက်အလွန်ကြီးမားနေသည်တော့မဟုတ်ပေ။ ပြီးတော့ ချိုးယွီရှင်းနှင့် လင်ရှောင်းထင်တို့၏ ပုံပန်းသဏ္ဍာန်မှာလဲ အမှန်တကယ်ကို လိုက်ဖက်ညီလှပေသည်။
"အဲ့ဒီမိန်းကလေးက ဘယ်သူလဲ?" ရှုချင်ယင်း ကုနင်းကိုမြင်လိုက်ရတော့ အံ့ဩသွားရသည်။ လင်ရှောင်းထင်သည် ဘယ်တုန်းကမှ ချိန်းမတွေ့ဖူးခဲ့သလို ရည်းစားလဲမထားဖူးပေမယ့် အခုတော့ဖြင့် သူကိုယ်တိုင်မိန်းကလေးတစ်ဦး၏လက်ကို ကိုင်ထားလေသည်။
ရှုကျင်းချန်သည်တော့ ထိုအမေးကိုပြန်မဖြေဘဲ လင်ရှောင်းထင်နှင့် ကုနင်းအားသို့သွားလိုက်ကာ,
"ရှောင်းထင်!" လင်ရှောင်းထင်ကို အားပြင်းပြင်းဖြင့်ပွေ့ဖက်လိုက်တော့သည်။
"ငါအဆင်ပြေပါတယ်။" လင်ရှောင်းထင်လဲ သူ့ကို ပြန်နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် ရှုကျင်းချန် ကုနင်းကိုကြည့်လိုက်ကာ၊
"ဟိုင်း, ငါတို့ထပ်တွေ့ကြပြန်ပြီနော်! ရှောင်းထင်က မင်းအတွက်နဲ့ငါတို့ကို စွန့်ပစ်သွားခဲ့တာပဲ အံ့ဩလိုက်တာ!"
လင်ရှောင်းထင်တို့နှစ်ယောက်လုံးဘေးကင်းလုံခြုံသည်ကိုတွေ့ရတော့ ရှုကျင်းချန်စိတ်အခြေအနေကောင်းသွားကာ စနောက်တော့သည်။
လင်ရှောင်းထင်တစ်ယောက် ကုနင်းအပေါ်မတူကွဲပြားစွာဆက်ဆံမှန်း သူခံစားမိပြီးဖြစ်သောကြောင့် အခုလိုအလွန်ရင်းနှီးမှုရှိပြီးသားစုံတွဲအဖြစ်ထွက်ပေါ်လာမှုအပေါ် သိပ်ပြီးမအံ့ဩမိပေ။
ကုနင်းလဲ အနည်းနည်းပါးပါးပြုံးလိုက်ကာ,
"မတွေ့ရတာတော်တော်တောင်ကြာပြီပဲ!"
"ဟုတ်ပ! မင်းအခု မြို့တော်ကိုရောက်လာမှတော့ ငါလမ်းပြပေးမယ်! ဒီရက်ပိုင်း ငါလဲအားနေတာဆိုတော့ ငါ...." သို့ပေမယ့် သူအဆုံးထိမပြောရသေးခင်တွင်ပဲ လင်ရှောင်းထင်၏အေးစက်လှသောအကြည့်ကို ရင်ဆိုင်လိုက်ရကာ ချက်ချင်းရပ်သွားတော့သည်။ ထို့နောက် ကုနင်းက အခုဆိုလျှင် သူ့ဘော့စ်၏ရည်းစားဖြစ်နေပြီဖြစ်ကြောင်း သတိရသွားကာ သူမကို သူ့ဘော့စ်ကပဲ ဂရုစိုက်စောင့်ရှောက်ပေးပေလိမ့်မည်။
"ရှောင်းထင်!" ရှုချင်ယင်းသည် လင်ရှောင်းထင်အပေါ် လေးစားကာ ကြောက်ရွံ့ရိုသေသူတစ်ဦးဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းလင်!" ချိုးယွီရှင်းသည်လဲ ယဉ်ကျေးစွာနှုတ်ဆက်လိုက်ပြီး လင်ရှောင်းထင်အပေါ် သူမမည်သို့သဘောထားကြောင်းကို မဖော်ပြပေ။
လင်ရှောင်းထင်လဲ သူမတို့နှစ်ယောက်ကို ကြည့်လိုက်ကာ ပုံမှန်အတိုင်းပြန်နှုတ်ဆက်လိုက်သည်။ သူက ရှုချင်ယင်းနှင့်ရင်းနှီးပေမယ့်လဲ ချိုးယွီရှင်းကိုတော့ သိပ်ဂရုမထားမိပေ။
"ရှောင်းထင်၊ ဒါနင့်ချစ်သူလား?" ရှုချင်ယင်းက ကုနင်းကို ကြည့်ကာမေးလိုက်သည်။
"ဟုတ်တယ်၊"
သူတို့အားလုံးအဖြေကိုသိပြီးသားဖြစ်ပေမယ့် လင်ရှောင်းထင်ကိုယ်တိုင်အတည်ပြုပေးလိုက်သည်ကိုကြားရတော့ အနည်းငယ် အံ့ဩမိစဲပင်။ အထူးသဖြင့် ချိုးယွီရှင်းပင်၊ သူမနှလုံးသားထဲ အနည်းငယ်နာကျင်သွားပေမယ့် မျက်နှာပေါ်တွင်တော့မည်သည့်အမူအရာကိုမှ မဖော်ပြခဲ့ပေ။
"ဟိုင်း၊ ငါ့နာမည်က ရှုချင်ယင်း၊ ရှုကျင်းချန်ရဲ့ဝမ်းကွဲ၊ နင့်နာမည်ကိုကောပြောပြလို့ရမလား?" ရှုချင်ယင်းက ကုနင်းကိုစပြောလိုက်သည်။ ချိုးယွီရှင်း လင်ရှောင်းထင်ကို ကြိုက်နေမှန်း ရှုချင်ယင်းမသိသလို သူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများအကြားဝင်ပါဖို့ရန်လဲ သူမတွင်အခွင့်မရှိပေ။ လင်ရှောင်းထင်နှင့် ချိုးယွီရှင်းတို့သာ တစ်ဦးနှစ်တစ်ဦးအပြန်အလှန်ချစ်ကြိုက်နေကြသည်ဆိုလျှင်တော့ သူမအနေဖြင့် သေချာပေါက် အားပေးထောက်ခံမည်ဖြစ်ပေမယ့် အခုတော့ဖြင့် လင်ရှောင်းထင်တွင် ချစ်သူရှိနေပြီဖြစ်သောကြောင့် သူမအနေဖြင့်ဘာမှမလုပ်နိုင်တော့ပေ။
"တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက ကုနင်းပါ!" ကုနင်း ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်လိုက်သည်။
ကုနင်းသည် ရည်ရည်မွန်မွန်ပုံစံသာပြုမူခဲ့ပြီး ဆယ်ကျော်သက်လေးတစ်ဦးဟု လုံးဝမထင်ရဘဲ ချိုးယွီရှင်း ရော ရှုချင်ယင်းကိုပါ အမြင်ကောင်းကျန်ရှိစေခဲ့သည်။
"ကုနင်း၊ ဒါက ငါ့ရဲ့အခင်ဆုံးသူငယ်ချင်း ချိုးယွီရှင်းတဲ့။"
"တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု!" ချိုးယွီရှင်း အရင်ဦးစွာနှုတ်ဆက်လိုက်သည်။ ကုနင်းက လင်ရှောင်းထင်၏ချစ်သူဖြစ်နေသည့်အကြောင်းပြချက်လောက်ဖြင့် သူမကို ရန်သူအဖြစ်မှန်ယူမည်မဟုတ်ပေ။ ချိုးယွီရှင်းအနေဖြင့် လင်ရှောင်းထင်ကို ကြိုက်နှစ်သက်ပြီး သူ့တွင် ချစ်သူမိန်းကလေးရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၍ ဝမ်းနည်းမိပေယ့် သူမသည် ယဉ်ကျေးသည့် ပညာတတ်အမျိုးသမီးတစ်ဦးဖြစ်လေသည်။ ထို့ကြောင့် တခြားအမျိုးသမီးများကဲ့သို့ ကုနင်းနှင့် လင်ရှောင်းထင်တို့၏ဆက်ဆံရေးကြားထဲ ဝင်နှောက်ယှက်မည်မဟုတ်ပေ။
***
စာစဉ်၂၀ပြီး၏။