ဆုမီတောင်သို့ ပြန်သွားခြင်း
Vol. 21 Ch. 293
ဟွမ်ဟိုင်မှာ ပုလဲလုံးကို ကြည့်ရင်း တုန်သွားပြီး အသံတုန်တုန်ဖြင့် ပြောသည်။
" လက်ထောက် ဂိုဏ်းချုပ်ကြီး .. ဒါက ... "
တဖက်မှ လက်ထောက်ဂိုဏ်းချုပ်က သူ့ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြန်ပြော၏။
" ငါ မင်းကို အခွင့်အရေး ပေးထားပြီးပြီနော် ။ ဒါကိုမှ မလုပ်နိုင်ရင်တော့ မင်း သေလိုက်လို့ ရတယ် "
ဟွမ်ဟိုင် အံကြိတ်ပြီး ခေါင်းညိတ်လိုက်ရသည်။
" ကျုပ် ဒါကို သန့်စင်လိုက်ပါ့မယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် ပုလဲလုံးအား လှမ်းယူကာ လက်ထောက်ဂိုဏ်းချုပ်ကြီး ကြည့်နေစဥ်မှာပင် ခက်ခက်ခဲခဲ မြိုချလိုက်သည်။
ဘုန်း ..
ထိုပုလဲလုံးက ဟွမ်ဟိုင်၏ အစာအိမ်ထဲ ရောက်သွားသည်နှင့် .. သူ့ကိုယ်ထဲတွင် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားဟန် တူ၏။
သူ့ အစာအိမ်မှာလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုကြီး ၊ ပိုကျယ်လာသည်။
" အား .... "
ချက်ချင်း ဆိုသလိုပင် ဟွမ်ဟိုင်ထံမှ စူစူးဝါးဝါး အော်သံကြီးတစ်ခု ထွက်လာသည်။ ထိုအသံမှာ လူအသံနှင့်ပင် တူမနေပါချေ။
လက်ထောက်ဂိုဏ်းချုပ်ကြီးကမူ ထိုမြင်ကွင်းအား စိတ်လှုပ်ရှားစွာ ကြည့်နေ၏။
" အင်း .. သူက ပေါက်ကွဲမှုကြောင့် ချက်ချင်း မသေသွားဘူးဆိုတော့ .. ကြည့်ရတာ အောင်မြင်နိုင်ချေ ရှိတယ်နဲ့တူတယ် "
သူက အပြုံးဖြင့် ဆိုသည်။
နံဘေးတွင် ရှိနေသည့် အစောင့်အကြပ်ကြီးမှာ .. ၎င်းကို ကြည့်ကာ ရင်ထဲအသည်းထဲမှပင် ကြောက်ရွံ့တုန်လှုပ်သွား၏။
သူ ကြောက်ရသည့် ပထမအချက်မှာ ဟွမ်ဟိုင်၏ ပုံက အလွန်ဆိုးဆိုးရွားရွား ခံစားနေရဟန် ပေါက်နေသောကြောင့်ပင်။
ဒုတိယအချက်မှာမူ .. သူတို့ လက်ထောက်ဂိုဏ်းချုပ်ကြီး၏ အမူအရာကြာင့် ဖြစ်ပါသည်။
သူတို့ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ စိတ်လှုပ်ရှားစွာသာ ရှိနေပြီး ဟွမ်ဟိုင် သေခြင်း ၊ ရှင်ခြင်းကို လုံးဝ ဂရုစိုက်ဟန် မရှိပါချေ။
သို့သော် .. ထိုအတွေးကိုလည်း သူ ထုတ်မပြောဝံ့ပါ။
ထို့ကြောင့် သူ စကားလမ်း လွှဲသည့် အနေဖြင့်သာ ပြောလိုက်၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ခုနက ပြောသွားတာ .. နဂါးသင်္ချိုင်းမြေကို သွားမှာ .. ဟုတ်လားဗျ "
လက်ထောက်ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်၍ အပြုံးဖြင့် ပြန်ပြောသည်။
" ဟုတ်တယ်ကွ ၊ နဂါးသင်္ချိုင်းမြေ ဖွင့်ဖို့ သိပ်မလိုတော့ဘူးလေ။ ဒီတစ်ခေါက်တော့ အထဲမှာ ထားထားတဲ့ ငါတို့ဂိုဏ်းရဲ့ အရန်အစီအစဥ်ကို ပြန်ထုတ်ဖို့ အချိန်ကျပြီ "
သူ့စကားကြောင့် အစောင့်အကြပ်ကြီး အံ့သြတုန်လှုပ်သွား၏။
" ဘယ်လို .. အရန် အစီအစဥ်ကို သုံးတော့မှာလားဗျ .. "
လက်ထောက်ဂိုဏ်းချုပ်ကြီးက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ် ၊ ပထမ စီစဥ်ထားတဲ့အတိုင်း ဆိုရင်တော့ ဒီ အရန်အစီအစဥ်ကို နောက်ပိုင်းမှ သုံးမလို့ပဲ ။ ဒါပေမယ့် မမျှော်လင့်ဘဲ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုက မြန်မြန်ကြီး ရောက်လာတာရယ် ၊ အားလုံးကလဲ တစ်ပြိုင်တည်း ရောက်လာကြမှာရယ်ဆိုတော့ အစီအစဥ်ကို ရှေ့တိုးလိုက်ရတာပေါ့ကွာ "
ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ...
ထိုစကားကို ကြားသည်နှင့် အစောင့်အကြပ်ကြီး စကားမဆိုနိုင် ဖြစ်သွားသည်။
အချိန်အတန်ကြာသွားပြီးမှသာ သူ ပြောလာ၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ် အမြဲတမ်း သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခု ရှိတယ်ဗျ"
" မေးလေ "
လက်ထောက်ဂိုဏ်းချုပ်ကြီးက လက်နှစ်ဖက်နောက်ပစ်ကာ ဟွမ်ဟိုင်၏ အော်ဟစ်သံများကို စိတ်ကျေနပ်ဟန်ဖြင့် နားထောင်နေရင်း ပြောသည်။
အစောင့်အကြပ်ကြီးက စကားစ၏။
" တကယ်လို့ နဂါးမျိုးနွယ်ကသာ ကျုပ်တို့ နဂါးသင်္ချိုင်းမြေမှာ လုပ်ထားခဲ့တာကို သိသွားရင် ... "
လက်ထောက်ဂိုဏ်းချုပ်ကြီးက သူ့ဘက်သို့ ချက်ချင်း လှည့်ကြည့်လာကာ အပြုံးဖြင့် ပြောသည်။
" နဂါးမျိုးနွယ် .. ဟုတ်လား ၊ ဟား ဟား ... ။ ငါတို့ ထျန်းယွမ်ကမ္ဘာက နဂါးမျိုးနွယ်က ဖျက်ဆီးခံခဲ့ရတာ ကြာလှနေပြီလေ။ သူတို့က ဘယ်လိုလုပ်ပြီး သိမှာလဲ ။ ထျန်းယွမ်ကမ္ဘာက မဟုတ်တဲ့ တခြားကမ္ဘာက နဂါးမျိုးနွယ်တွေကလဲ ဒီအကြောင်းကို သိတဲ့အချိန်လောက်ဆိုရင် .. ငါတို့ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကြီးက ပြီးမြောက်သွားလောက်ပြီ "
" အဲ့ကျရင် ငါတို့ ဂိုဏ်းက ကမ္ဘာတွေအားလုံးထဲမှာ အစွမ်းအထက်ဆုံး ဖြစ်လာမှာကွ။ ခွေးတွေကြောင်တွေ လောက်ကို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ "
အစောင့်အကြပ်ကြီးက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။
" ဒါပေမယ့် .... "
သို့သော် .. သူ ဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် လက်ထောက်ဂိုဏ်းချုပ်ကြီးက သူ့အား ရုတ်တရက် အေးစက်စက် ကြည့်လာသည်။
သူ့မျက်လုံးထဲတွင်လည်း အရိုးထဲထိပင် အေးလောက်သည့် အငွေ့အသက်များ ရှိနေသည်။
အစောင့်အကြပ်ကြီးမှာ ထိုအကြည့်ဖြင့် တစ်ချက်အကြည့်ခံလိုက်ရရုံဖြင့် တစ်ကိုယ်လုံး အပိုင်းပိုင်း အဖြတ်ခံရတော့မလို ခံစားလိုက်ရပြီး ချက်ချင်း ဒူထောက်ကျသွား၏။
လက်ထောက်ဂိုဏ်းချုပ်ကြီးက အေးစက်စက် မေးလာသည်။
" မင်းက ငါ့ယုံကြည်မှုကို မေးခွန်းထုတ်နေတာလား "
" ကျုပ် .. မလုပ်ဝံ့ပါဘူးဗျာ "
အစောင့်အကြပ်ကြီးက အသံတုန်တုန်ဖြင့် ပြန်ဖြေ၏။
သူ ယနေ့ သေသွားရတော့မလိုလည်း ခံစားလိုက်ရသည်။
လက်ထောက်ဂိုဏ်းချုပ်ကြီးသည် အစောင့်အကြပ်အား အချိန်အတန်ငယ်ကြာ စိုက်ကြည့်နေပြီးမှသာ ရုတ်တရက် အသံထွက်ကာ ရယ်၏။
" အဲ့လို ဖြစ်မနေစမ်းပါနဲ့ကွာ .. ငါက မင်းကို စနေတာပါ "
အစောင့်အကြပ်ကြီးက သူ့ရှေ့မှ စိတ်အပြောင်းအလဲ မြန်လှသော လက်ထောက်ဂိုဏ်းချုပ်ကြီးအား တအံ့တသြ မော့ကြည့်သည်။ ထို့နောက် အချိန်အတန်ငယ်ကြာ အကဲခတ်ပြီးမှသာ သူ လတ်တလော ဘေးကင်းသွားပြီဖြစ်ကြောင်း သေချာသွား၏။
" ကဲ .. မင်းလုပ်စရာရှိတာ သွားလုပ်ပါ။ ငါ ဒီမှာ ခဏနေပြီး ကောင်းကောင်းကြီး ခံစားလိုက်ဦးမယ် "
လက်ထောက်ဂိုဏ်းချုပ်ကြီးက ထိုသို့ ပြောကာ အော်ဟစ်နေဆဲဖြစ်သည့် ဟွမ်ဟိုင်ဘက် လှည့်သွားသည်။
" ဟုတ်ကဲ့ပါ "
အစောင့်အကြပ်ကြီးမှာ လက်ထောက်ဂိုဏ်းချုပ်ကြီးရှေ့တွင် လိုအပ်သည်ထက် ပိုကြာကြာ မနေလိုသည့်အတွက် ချက်ချင်းပင် နောက်လှည့်၍ ထွက်ခွာသွား၏။
လက်ထောက်ဂိုဏ်းချုပ်ကြီးကမူ သူ့ရှေ့မှ မြင်ကွင်းကို စိတ်လှုပ်ရှားဟန်ဖြင့် ကြည့်ကာ နှုတ်ခမ်းကွေးသွားအောင် ပြုံးလိုက်သည်။
" တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ "
တဖက်ရှိ ပျောင်ပိုင်မြို့၌...
" အင်း .. သွားကြည့်လိုက်ပါဦးမယ်လေ "
လောထျန်းက နျိုထျဲ့ချူတို့ သုံးယောက် ထွက်သွားပြီး မကြာခင်တွင် လက်များဖြင့် အစီအမံအချို့ ပြုလုပ်လိုက်သည်။
ဝီ ..
သူ့ရှေ့တွင် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ချက်ချင်း ပေါ်လာ၏။
ထို လမ်းကြောင်းထဲတွင်မူ လေများ တဟူးဟူး တိုက်ခတ်နေသည်။
ထို့နောက် လောထျန်းက ထို လမ်းကြောင်းထဲ ခြေချလိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိ လေထုတစ်ခုလုံး ရုတ်တရက် လှုပ်ရှားသွား၏။
ဤသို့ဖြင့် မကြာမီမှာပင် သူ ဆုမီတောင်ခြေသို့ ရောက်သွားသည်။
သူယခင်တစ်ခေါက် ဆုမီတောင်မှ ထွက်လာပြီးကတည်းက ထိုကမ္ဘာငယ်သို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သည့် နည်းကို တတ်မြောက်ထားခဲ့ပါ၏။ သို့ဖြစ်ရာ ဆုမီတောင် အဖွင့်အပိတ်ကို ထည့်တွက်နေစရာ မလိုတော့ပါချေ။
ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လောထျန်း ကံတရားမျှော်စင်ရှေ့သို့ ရောက်သွားသည်။
" သခင်ကြီးကို ကြိုဆိုကြဟေ့ .. "
ကံတရားမျှော်စင်မှ မျှော်စင်စိတ်ဝိဥာဥ်များကလည်း လောထျန်း ရောက်လာသည်ကို အာရုံခံမိလိုက်သည်နှင့် ပထမထပ်တွင် တစုတဝေးတည်း စောင့်ကြိုနေကြ၏။
သို့သော် .. ထိုအချိန်တွင် မျှော်စင်၏ ငါးထပ်မြောက်မှ ပညာရှိတစ်ယောက်မှလွဲ၍ ကျန် မျှော်စင်စိတ်ဝိဥာဥ်များ အားလုံးက သူ့အား ထူးဆန်းသည့်အကြည့်ဖြင့်သာ ကြည့်နေကြသည်။
သေချာ စဥ်းစားကြည့်ပြန်လျှင်လည်း ယခင်တစ်ခေါက် လောထျန်း ကံတရားမျှော်စင်သို့ ဝင်စဥ်၌ ကျန် စိတ်ဝိဥာဥ်လေးယောက်လုံးက လောထျန်းလက်ချက်ဖြင့် ဒုက္ခများစွာ ရောက်ခဲ့ကြရသည် မဟုတ်ပါလား။
မျှော်စင်ပထမထပ်မှ မျှော်စင်အစောင့်မှာ လောထျန်း၏ ကိုယ်ပွားပုံရိပ်ဖြင့် အစားထိုးခြင်း ခံခဲ့ရပြီး သူ့နောက်မှ ဝင်လာသမျှ ကျင့်ကြံသူများကို သေလုမျောပါးဖြစ်အောင် ထိုးကြိတ်ခဲ့ပါ၏။
ဒုတိယထပ်တွင်လည်း လောထျန်း ချန်ခဲ့သည့် ဓားဝိဥာဥ်က ကျန် ဓားဝိဥာဥ်များ အားလုံးကို အပြတ်ရှင်းခဲ့ပါသည်။
ထို့အပြင် လေးထပ်မြှောက်မှ အဖိုးတန် ရတနာများ အားလုံးနီးပါးကိုလည်း လောထျန်းက ယူသွားခဲ့ပါသေး၏။
ထိုအထဲမှ အဆိုးဆုံးမှာ အသက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည့် တတိယထပ်မှ မျှော်စင်စိတ်ဝိဥာဥ်ပင် ။
အကယ်၍ လောထျန်းသာ သူတို့၏ သခင်ကြီး ဟုတ်မနေပါက .. သူတို့အားလုံး လောထျန်းအား သူသေကိုယ်သေ တိုက်ခိုက်မိကြမည်လား မပြောတတ်ပါချေ။
" အားလုံး ထကြပါဗျာ "
လောထျန်းက လက်ယမ်းပြကာ ပြောသည်။
" သခင်လေး .. ဘယ်လိုဖြစ်လို့ အဲ့လောက်မြန်မြန်ကြီး ပြန်ရောက်လာရတာလဲဗျ "
မျှော်စင် စိတ်ဝိဥာဥ် ပညာရှိကြီးက အပြုံးဖြင့် မေး၏။
လောထျန်းက အေးအေးဆေးဆေး ပြောသည်။
" ကျုပ် ပြဿနာနည်းနည်း ဖြစ်နေလို့ ဆုမီတောင်ကို သုံးချင်လို့ဗျ "
ပိုင်လန်ထျန်း၏ အပြောအရ ဆိုပါက ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုသည် သူ တွေးထားသည်ထက် ပိုအန္တရာယ်များသည့်ပုံပင်။
သူသည် လက်ရှိတွင် အလွန်အစွမ်းထက်နေပြီ ဖြစ်သည့်တိုင် ထိကပ်ဘေးကြီးကို ဖြေရှင်းနိုင်ပါမည်လား မသေချာပါချေ။
သူတစ်ယောက်တည်း ဆိုပါက ဖြစ်လာမည့် ရန်ကို သိပ်ဂရုမစိုက်လှသော်လည်း သူ့မိသားစုနှင့် တပ်ဖွဲ့ဝင်များ အန္တရာယ်ရောက်သွားနိုင်သည် မဟုတ်ပါလား။
သို့ဖြစ်ရာ သူ့အနေဖြင့် ကာကွယ်နိုင်မည့် နည်းလမ်းပေါင်းစုံကို သေချာ ကြိုပြင်ဆင်ထားရပေမည်။
ယခု ဆုမီတောင်က သူ့အတွက် နိုင်ဖဲကြီးတစ်ခုပင် ။
" သခင်လေးက ဆုမီတောင်ကို သုံးချင်တာ ... "
သူ့စကားကြောင့် မျှော်စင်စိတ်ဝိဥာဥ် အားလုံး အံ့သြတုန်လှုပ်သွားကုန်၏။
ငါးထပ်မြောက်မှ မျှော်စင်စိတ်ဝိဥာဥ် ပညာရှိကြီးက ဦးစွာ စကားစလာသည်။
" သခင်လေး .. ဆုမီတောင်ကို ဒီလေထုကနေ ထုတ်လိုက်လို့ မရဘူးဗျ ။ အရင်တစ်ခေါက် သခင်လေး ဆုမီတောင်ရဲ့ အစွမ်းကို ယူလိုက်တုန်းကတောင် အဝါရောင် ရေပူစမ်းပင်လယ်က လုံးဝ မတည်မငြိမ် ဖြစ်သွားခဲ့တာ။ ဒီတော့ တကယ်လို့သာ ဆုမီတောင်ကို အခု ရွှေ့လိုက်ရင် အဝါရောင်ရေပူစမ်းပင်လယ်ထဲက အချုပ်အနှောင်က အချိန်မရွေး ပျက်စီးသွားမှာဗျ "
ကျန် မျှော်စင်စိတ်ဝိဥာဥ်များကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ် သိပါတယ်ဗျ ။ ဒါ့ကြောင့်မို့လဲ ဒီတစ်ခေါက် အဝါရောင်ရေပူစမ်းပင်လယ် အောက်က ကိစ္စကို တစ်ခါတည်းရှင်းဖို့ လာခဲ့တာ။ အရင်တစ်ခေါက်တုန်းက ကျုပ် မပျံသန်းနိုင်သေးလို့ ဘာမှ မလုပ်ခဲ့တာ ။ အခုက ကျုပ် ပျံသန်းနိုင်နေပြီဆိုတော့ ဒီကိစ္စကို ရှင်းဖို့ ကြိုးစားကြည့်ချင်တယ် "
" ဘယ်လို .. "
မျှော်စင် စိတ်ဝိဥာဥ်များအားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
လောထျန်းက အဝါရောင်ရေပူစမ်းပင်လယ်ထဲမှ ကိစ္စကို အပြီးရှင်းချင်နေသတဲ့လား။
" သခင်လေး .. ကျုပ်ကတော့ အဲ့လိုမလုပ်ဖို့ အကြံပေးချင်တယ်ဗျာ "
ပညာရှိက ထပ်ပြောသည်။
" အဝါရောင်ရေပူစမ်းပင်လယ်အောက်မှာ ချုပ်နှောင်ထားတဲ့အရာက အင်မတန်မှကို ကြောက်စရာကောင်းတယ်ဗျ။ ဒီတော့ သခင်လေးအနေနဲ့ လုံးဝ သေချာပြီဆိုမှ လုပ်တာကောင်းတယ်။ ဒီကိစ္စကို ပေါ့ပေါ့တန်တန်လေး ကိုင်တွယ်လို့ မဖြစ်ဘူး "
လောထျန်းက ပြန်ပြော၏။
" ပညာရှိကြီး ပြောခဲ့တာတော့ အဲ့အရာကြီးက အင်မတန်အစွမ်းထက်ပေမယ့် အချိန်တွေအကြာကြီး ချုပ်နှောင်ခံထားရတာမို့ အရင်လို အစွမ်းမျိုး မရှိတော့ဘူးဆို။ ဒီတော့ ကျုပ် အရင်ဆုံး ကြိုးစားကြည့်မယ်ဗျာ။ ဒီကောင်ကြီးကို တစ်ခါတည်း သတ်လိုက်နိုင်ရင်တော့ ကောင်းတာပေါ့ ။ တကယ်လို့ မသတ်နိုင်ရင်လဲ ပြန်ပြီး ချုပ်နှောင်လို့ ရတယ်မလားဗျ "
မျှော်စင် စိတ်ဝိဥာဥ်များ အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ နောက်ဆုံးမှသာ ပညာရှိ စိတ်ဝိဥာဥ်က သက်ပြင်းချ၍ ပြော၏။
" သခင်လေးက လုပ်ချင်နေမှတော့လဲ ကျုပ်တို့က ဘာပြောလို့ ရမှာလဲဗျာ ။ ဒါပေမယ့် အဲ့ဒီအရာကို မသတ်နိုင်ခင်အထိတော့ သခင်လေးအနေနဲ့ ဆုမီတောင်ကို ထပ်သုံးလို့ မရဘူး ။ ဆုမီတောင်ရဲ့ ဖိနှိပ်မှုသာ မရှိရင် အဲ့ဒါကြီးက အချုပ်အနှောင်ကနေ ထွက်ပြေးသွားနိုင်တယ်ဗျ ။ အဲ့ကျရင် ပြဿနာများသွားလိမ့်မယ် "