← Chapters

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို စုစည်းခြင်း

Vol. 21 Ch. 294

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို စုစည်းခြင်း

Vol. 21 Ch. 294

လောထျန်း ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင်မူ သူ ကံတရားမျှော်စင်မှ ထွက်လာပြီး အဝါရောင်ရေပူစမ်းပင်လယ်၏ အလယ်တည့်တည့်သို့ တည်နေရာရွှေ့ပြောင်းခြင်းနည်းကို သုံးကာ သွားလိုက်၏။

လောထျန်း အဝါရောင်ရေပူစမ်းပင်လယ်ထဲသို့ ခြေချလိုက်သည်နှင့် ..

ရေနက်ပိုင်းထဲမှ မျက်လုံးတစ်စုံ ရုတ်တရက် ပွင့်လာသည်။

အစောက တည်ငြိမ်နေခဲ့သော အဝါရောင်ရေပူစမ်းပင်လယ်၏ ရေပြင်မှာလည်း ရုတ်တရက် လှိုင်းများ ထန်လာ၏။

ဂလောက် ....

ထို့နောက် ချက်ချင်းဆိုသလိုပင် ..  မရေမတွက်နိုင်သော ချိန်းကြိုးသံများကို ကြားလိုက်ရသည်။ ပြီးနောက်တွင်မူ သွေးကဲ့သို့ နီရဲနေသည့် လူရိပ်တစ်ခုက အချုပ်အနှောင်များမှ ရုန်းထွက်ကာ အဝါရောင်ရေပူစမ်းပင်လယ် ရေပြင်ပေါ်သို့ တဟုန်ထိုး ထွက်လာသည်။

ထိုစဥ် လောထျန်းမှာလည်း တည်နေရာရွှေ့ပြောင်း၍ ထိုအရာကြီအား ခပ်ဝေးဝေးမှ ကြည့်နေသည်။

" ဆုမီတောင် .... အမွေဆက်ခံသူ ... "

၎င်းက လောထျန်းကို ကြည့်ကာ မေး၏။

သို့သော် ထိုလူကြီးမှာ နှစ်ပေါင်းများစွာကြာ အချုပ်နှောင် ခံထားရသည့်အတွက် စကားကို သေချာရှင်းရှင်းလင်းလင်း ပြောနိုင်ဟန် မတူပေ။

" အင်း .. အဲ့လိုပဲ ပြောရမှာပေါ့ ။ မင်းက ဘယ်သူလဲ ၊ ဘာလို့ ဒီနေရာမှာ ချုပ်နှောင်ခံထားရတာလဲ "

လောထျန်းက ခေါင်းညိတ်ပြကာ မေးလိုက်သည်။

" သေစမ်းကွာ "

သို့သော် ထိုသွေးနီလူကြီးက လောထျန်းအမေးကို ပြန်မဖြေဘဲ ဒေါသတကြီးသာ အော်လိုက်၏။ သူ့မျက်လုံးများမှာလည်း အမုန်းတရားမီးတောက်များဖြင့် ပြည့်နေကာ လောထျန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။

ဝုန်း ..

ထိုလူ လှုပ်ရှားလိုက်သည်နှင့် သူ့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း ချက်ချင်း ပေါက်ကွဲထွက်လာ၏။

ထိုတခဏတွင် သူ့ဆီမှ ထွက်လာသည့် ဖိနှိပ်စွမ်းအားကြောင့် အဝါရောင်ရေပူစမ်းပင်လယ် ရေပြင်မှာ ပေရာပေါင်းများစွာအထိပင် နိမ့်ကျသွားသည်။

" တော်တော်အစွမ်းထက်တဲ့ အရောင်အဝါပါလား "

လောထျန်းသည်ပင် ၎င်းကိုကြည့်ကာ အံ့သြမှင်သက်သွားရ၏။

သူ့ရှေ့မှ လူက မိုးကြိုးဘုရင်ထက် များစွာအစွမ်းပိုထက်သည််မှာ သံသယဖြစ်ဖွယ် မရှိပေ။

မျှော်စင် စိတ်ဝိဥာဥ်များက ထိုလူအား အလွန်ကြောက်စရာ​ကောင်းသည်ဟု ပြောကြသည်မှာ မဆန်းတော့ပါ။

လောထျန်း သတိလက်လွတ် မနေဝံ့ပဲ သူ့ဓားကို တန်းပြီး ဆွဲထုတ်လိုက်သည်။

ချွှင် ..

ချက်ချင်း ဆိုသလိုပင် ကောင်းကင်ဘုံ ဓားသိုင်းကွက်တစ်ခု ထွက်ပေါ်လာပြီး ဓားကမ္ဘာ ပွင့်သွားကာ လောထျန်းဘေးမှ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများက လောထျန်းအလိုကျ အသုံးခံဘဝ ရောက်သွားတော့၏။

၎င်းကို မြင်သောအခါ အနီရောင် လူကြီးက မျက်မှောင်ကြုံ့၍ မေးသည်။

" ဒါ .. ဓားအဆင့်လား ... "

သို့သော် သူက ခေါင်းယမ်း၍ ဆက်ပြောသည်။

" အမှိုက်တွေ "

ထိုသွေးနီလူကြီးက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဆန့်ထုတ်ကာ အစွမ်းထက်သော အရောင်အဝါများကို စတင်စုစည်း၏။

ဝုန်း ...

ထို့နောက်တွင်မူ သူ့လက်ထဲတွင် အနီရောင် ဧရာမ တိုက်ပွဲဝင်ပုဆိန်ကြီး တစ်လက် ထွက်ပေါ်လာသည်။

" ဟင် .. "

ထိုပုဆိန်ကြီးကို မြင်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လောထျန်း ချက်ချင်း သိလိုက်သည်။

၎င်းမှာ သူ မြင်တွေ့ခဲ့ဖူးသည့် လက်နက်များနှင့် လုံးဝ မတူပါချေ။

၎င်းက လက်နက်အစစ်တစ်ခု မဟုတ်ဘဲ အဆုံးအစမဲ့ ဖျက်ဆီးခြင်း အငွေ့အသက်များကို သယ်ဆောင်လာသည့် စည်းမျဥ်းများကို စုစည်းထားသော အရာကြီးတစ်ခုနှင့်သာ ပိုတူပါ၏။

တစ်နည်းအားဖြင့် ဆိုရသော် .. ထိုလူကြီးက ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို လက်နက်အဖြစ် ပြောင်းကာ အထဲတွင် သူ့ကိုယ်ပိုင် ဖျက်ဆီးခြင်း အငွေ့အသက်များ ထပ်ပေါင်းထည့်ထားခြင်းပင်။

၎င်းက ကမ္ဘာကြီးတစ်ခုလုံးကို လွှဲ၍ လူများအား အပိုင်းပိုင်းဖြစ်အောင် လုပ်တော့မလိုပင် ဖြစ်နေပါသည်။

" သေစမ်းကွာ "

အော်သံကျယ်ကြီးနှင့်အတူ ထို အနီရောင် လူကြီးက လောထျန်းအား ပုဆိန်ဖြင့် လွှဲခုတ်လိုက်သည်။

လောထျန်းမှာ သတိလတ်လွတ် လုံးဝ မနေရဲဘဲ ဓားအဆင့်ကို သုံး၍ ၎င်းအား ချက်ချင်း တားသည်။

သို့သော် .. ထို အနီရောင် ပုဆိန်ကြီးအောက်တွင် ဓားကမ္ဘာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြစ်သွားပြီး ချက်ချင်း ပျက်စီးသွား၏။

" ဟင် .. "

သူ့သိုင်းကွက် လုံးဝ ချေထျက်ခံလိုက်ရသည်ကို လောထျန်း ယခုမှသာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သဖြင့် အလွန်အံ့အားသင့်သွားရသည်။

ထိုအချိန်မှာပင် အနီရောင်လူကြီးက ဓားကမ္ဘာကို ဖျက်ဆီးပြီး လောထျန်းရှေ့သို့ ရောက်လာ၏။

" သေစမ်းကွာ "

ထိုလူ၏ မျက်နှာတွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ထပ်ပေါ်လာကာ လောထျန်းအား သူ့ ပုဆိန်ကြီးဖြင့် ထပ်ခုတ်လိုက်သည်။

လောထျန်းမှာ ထိုပုဆိန်ကြီး၏ လက်ချက်ဖြင့် ချက်ချင်း နှစ်ပိုင်းပြတ်သွားတော့မည့်ဟန်ပင် ။

သို့သော် .. ..

သူ့ ပုဆိန်က လောထျန်း၏ ပုခုံးကို ထိလိုက်သည်နှင့် မီးတောက်များ  များစွာပင် ပွင့်ထွက်လာပြီး အနီရောင်လူကြီးမှာ နောက်သို့ ချက်ချင်း လွင့်ထွက်သွား၏။

ထိုလူ စကားမဆိုနိုင် ဖြစ်သွားသည်။

သူ ထို အခြေအနေမျိုးနှင့် ကြုံရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင်။

တစ်စုံတစ်ယောက်က ခန္ဓာကိုယ်ချည်း သက်သက်ကို သုံး၍ သူ့ကိုယ်ပိုင် စည်းမျဥ်းများဖြင့် လုပ်ထားသော လက်နက်ကို ခုခံနိုင်နေသတဲ့လား ။

ခုခံနိုင်ခဲ့ရုံတင်မကဘဲ မီးတောက်များပင် ပွင့်သွားခဲ့ပါသေးသည်။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများက လောထျန်းအပေါ် အသုံးမဝင်ဘူးတဲ့လား။

ဤကမ္ဘာပေါ်တွင် ထိုသို့သောလူမျိုး အမှန်တကယ် ရှိပါသလား ...

" မင်း တိုက်ခိုက်လို့ ပြီးသွားပြီလား ၊ အခု ငါ့အလှည့် "

ထိုစဥ် တဖက်မှ လောထျန်းက မျက်နှာကြီး သုန်မှုန်နေပြီး  သူ့ရှိသမျှ အစွမ်းကုန်သုံးကာ လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း ..

အနီရောင် လူကြီးမှာ လောထျန်း၏ လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွား၏။

သို့သော် ဆယ်ပေကျော်ခန့် လွင့်သွားပြီးနောက်တွင်မူ ထိုလူက သူ့ကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်သွားသည်။

သူ့ကိုယ်တွင် မည်သည့် ထိခိုက်ဒဏ်ရာမှလည်း ရမသွားခဲ့ချေ။

ဤတစ်ကြိမ်တွင်လည်း လောထျန်း အနည်းငယ် အံ့အားသင့်သွားရပြန်၏။

သူ့ရှေ့မှ လူကြီးက ဤမျှ ခက်ထန်မာကြောနေသတဲ့လား ..

" အဲ့လိုဆိုမှတော့လဲ သေချာ တိုက်ခိုက်ကြတာပေါ့ "

လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့ကာ တဖက်လူဆီသို့ ဝုန်းခနဲ ပြေးဝင်သွားလိုက်သည်။

တဖက်မှ အနီရောင်လူကြီးကလည်း ပုဆိန်ကြီးကို လက်ထဲကိုင်၍ လောထျန်းဆီသို့ ပြေးလာ၏။

ချက်ချင်းဆိုသလိုပင် ထိုနှစ်ယောက်က လေထဲ၌ သူသေကိုယ်သေ တိုက်ခိုက်လိုက်ကြတော့သည်။ သူတို့၏ တိုက်ပွဲမှာ သံကြီးကို တူနှင့် ထုနေသည့်အလား အဆက်မပြတ် ဖြစ်နေပြီး အသံများလည်း ဆူညံနေ၏။

တဖက်မှ ကံတရားမျှော်စင်အတွင်း၌ ...

" အကိုကြီး ၊ ကျုပ်တို့ သခင်လေးက အောင်မြင်နိုင်ပါ့မလား "

မျှော်စင် ပထမထပ်မှ အလင်းလုံးက စိုးရိမ်စွာ မေးလာသည်။

ပညာရှိ စိတ်ဝိဥာဥ်က သက်ပြင်းချ၏။

" အောင်မြင်ဖို့လား ... ဟို အဝါရောင်ရေပူစမ်းပင်လယ်အောက်က ကောင်ကြီးက ဘာဆိုတာ မင်းတို့အားလုံးလဲ သိကြတာပဲကွာ။ သူ့ကို ချုပ်နှောင်ဖို့သက်သက်တောင် ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံသူတွေ အများကြီး အသေခံခဲ့ကြရတာ။ ဒီကောင်ကြီးကို သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ "

ဒုတိယထပ်မှ မိန်းကလေး စိတ်ဝိဥာဥ်ကလည်း ဝင်ပြောသည်။

" ဒါတင်မကသေးဘူး ၊ အဲ့ကောင်ကြီးရဲ့ စည်းမျဥ်းလက်နက်ကလဲ ပြိုင်ဘက်ကင်းပဲလေ ။  အဲ့ဒါနဲ့  ထိမိတာနဲ့ ချက်ချင်း သေသွားကြရမှာ ။ ငါတို့ သခင်လေး အသစ် မသေဖို့ပဲ မျှော်လင့်ပါတယ် "

ပညာရှိ စိတ်ဝိဥာဥ်က ပြော၏။

" စိတ်မပူပါနဲ့ ၊ ငါတို့ သခင်လေးအသစ်ရဲ့ အစွမ်းတွေကို ငါ မြင်ထားဖူးတယ်ကွ။ သူ့ဘက်က ဆန္ဒရှိနေသရွှေ့ ဟိုလက်နက်က သူ့ကိုယ်ကို ထိနိုင်မှာ မဟုတ်ဘူး ။ ဘယ်လိုဖြစ်ဖြစ် သူ့ကို ငါတို့ ဖြောင့်ဖျလို့လဲ ရမှမရတာ ။ အဲ့တော့ သူကိုယ်တိုင်သွားပြီး ရင်ဆိုင်ပါစေ ။ အဲ့ကျမှ ဟိုကောင်ကြီး ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မြင်ပြီး သူ ဆင်ခြင်တတ်သွားမှာ "

ကျန် မျှော်စင်စိတ်ဝိဥာဥ်များက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

တဖက်တွင်ကား ...

သွေးနီ​လူကြီး၏ ပုဆိန်က လောထျန်းကိုယ်နှင့် ရိုက်မိသွားကာ မီးများ ပွင့်သွားပြန်၏။

၎င်းကို ကြည့်ကာ သွေးနီလူကြီး အလွန်စိတ်ဓာတ်ကျသွားသည်။

" ဘာလို့ မရှောင် ... လဲ "

သူ လောထျန်းကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။

လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြော၏။

" မင်းလက်နက်က ငါ့ကို နာအောင်လုပ်ဖို့မပြောနဲ့ ယားအောင်လေးတောင် မလုပ်နိုင်တာ .. ငါက ဘာလို့ ရှောင်ရမှာလဲ "

သွေးနီလူကြီး စကားမဆိုနိုင် ဖြစ်သွားရသည်။

နာအောင် မလုပ်နိုင်သလို ယားအောင်လေးပင် မလုပ်နိုင်ဘူးတဲ့လား ...

သူ ယခင်ကဆိုလျှင် ထိုလက်နက်ကြီးဖြင့် ကမ္ဘာတဝှမ်းလုံးကို အပိုင်သိမ်းလာခဲ့ပြီး သူ့အား မည်သူကမှ မတားနိုင်ခဲ့ကြပါ။

သို့သော် .. ယခု သူ့ရှေ့မှ  လူကမူ သူ့လက်နက်ကို ဂရုမစိုက်ဘူးတဲ့လား။

သူ နှစ်ပေါင်းများစွာကြာ ဘာမှ မလုပ်ဘဲ နေလာရသည့်အတွက် ထိုလက်နက်ကို စုစည်းရာတွင်  အမှားအယွင်းများ လုပ်မိသွားခြင်းပေလား။

သူ ထိုသို့တွေးကာ မနေနိုင်တော့ဘဲ လက်ထဲမှ ပုဆိန်အား စစ်ဆေးကြည့်လိုက်သည်။

သို့သော် .. သူ့ လက်နက်က မည်သို့သော ပြဿနာမှလည်း ရှိမနပါချေ။

ပုဆိန်ပေါ်တွင်လည်း ယခင်ကကဲ့သို့ ဖျက်ဆီးခြင်း အငွေ့အသက်က စီးဆင်းမြဲပင် ။

သို့ဆိုလျှင် ပုဆိန်က လောထျန်းအပေါ် အဘယ့်ကြောင့် အကျိုးမသက်ရောက်နိုင် ဖြစ်နေရပါသနည်း။

" မင်းရဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို ချိုးတဲ့နည်းက တော်တော်တော့ ကောင်းသားပဲ "

ထိုစဥ် လောထျန်းက ပြောလာသည်။ ထို့နောက် လောထျန်းက သူ့လက်ကို ဆန့်ထုတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကိုလည်း သူ နားလည်စ ပြုလာသည်။

၎င်းကို မြင်သောအခါ သွေးနီလူကြီး နှုတ်ခမ်းမဲ့သွားသည်။

လောထျန်းက သူ့ထံမှ သင်ယူရန် ကြိုးစားနေသည်ကို သူ မြင်နေရပါ၏။

သူ ရယ်ချင်စိတ်လည်း ဖြစ်သွားသည်။

ဤကမ္ဘာကြီးတွင် သူတစ်ယောက်မှလွဲ၍ ထိုပညာရပ်အား သုံးနိုင်သူ တစ်ယောက်ကိုမှ သူ မမြင်ဖူးခဲ့ပါ။

သူသည်ပင်လျှင် ထိုအကွက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ရန် နှစ်ပေါင်း သိန်းချီ၍ လေ့လာခဲ့ရပါ၏။

ယခု သူ့ရှေ့မှ ကောင်လေးက သူနှင့် သိုင်းကွက်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ရုံဖြင့် ထိုအစွမ်းအား တတ်မြောက်ရန် မျှော်လင့်နေသည်လား။

မည်မျှ ရယ်စရာကောင်းလိုက်ပါသနည်း။

သို့သော် ...

သွေးနီလုကြီးက စိတ်ထဲမှ ကြိတ်ရယ်နေစဥ်မှာပင် ....

ဝုန်း ...

လောထျန်းလက်မှ ကြောက်မက်ဖွယ် အသံကြီးတစ်ခု ထွက်လာသည်။

ထို့နောက်.. ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများက သူ့လက်ထဲ စီးဝင်သွားပြီး စတင် စုစည်းလာ၏။

နောက်ဆုံးတွင်မူ  ...

ချွင် ...

အသံတစ်သံနှင့်အတူ လောထျန်းလက်ထဲတွင် တိုက်ပွဲဝင် ပုဆိန်ကြီးတစ်လက် ပေါ်လာတော့သည်။

" ဝိုး .. တကယ်ကြီး ရတာပဲ "

လောထျန်း မျက်လုံးများ အရောင်လက်သွား၏။

တဖက်မှ သွေးနီလူကြီး၏ အပြုံးမျက်နှာကမူ ချက်ချင်း အေးခဲသွားတော့သည်။

ဘာတွေ ဖြစ်နေပါသနည်း ..

သူ နှစ်ပေါင်း သိန်း ၊ သောင်းကြာ သင်ယူခဲ့ရသည့် သိုင်းကွက်ကို တဖက်လူက အချိန်အတန်ငယ်ကြာ ကြည့်လိုက်ရုံဖြင့် တတ်မြောက်သွားခဲ့သည်လား။

သူ အိမ်မက် မက်နေသည်များလား။

ထိုအချိန်မှာပင် လောထျန်းက ခေါင်းလှည့်၍ သူ့အား ကြည့်လာသည်။

" မင်း မသေမျိုးဖြစ်နေရတဲ့ အကြောင်းရင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေနဲ့ ပတ်သက်နေတယ် မဟုတ်လား။ ငါ မင်းကို သာမာန်နည်းတွေသုံးပြီး တိုက်ခိုက်ရင် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေက တိုက်ခိုက်မှုတွေကို မင်းကိုယ်စား ချေဖျက်ပေးသွားတယ်။ ဒီတော့ မင်းကို ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကို အခြေခံထားတဲ့ လက်နက်နဲ့ တိုက်ခိုက်လိုက်ရင် ဘာဖြစ်သွားမလဲ "

လောထျန်းက တဖက်လူကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

ဂလု ..

သွေးနီလူကြီးမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

သူ မသေမျိုး ဖြစ်နေရသည့် လျှို့ဝှက်ချက်အား လောထျန်းက ထိုသို့ ထွင်း​ဖောက်မြင်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါချေ။

“ကောင်လေး မင်းအကွက်နဲ့ မင်းကြွဖို့သာပြင်ထားပေတော့”

စာစဉ်ပြီး၏

All Chapters