အဓိက အဖွဲ့ကြီးနှစ်ခု
Vol. 21 Ch. 281
" ပြဿနာများမှာ ..."
လောထျန်း သူ့အား နားမလည်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
အစိမ်းရောင်ဘိုးဘေးက ခေါ်းညိတ်၍ ဆက်ပြော၏။
" ကျုပ် မင်းကို ကာင်းကင်ဘုံပျက်စီးခြင်း ၉ ခု အကြောင်း ပြောခဲ့တာ မှတ်မိလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ဘိုးဘေးက စကားဆက်၏။
" မိတ်ဆွေလေးလဲ သိတဲ့အတိုင်းပဲ ၊ ဒီ ကမ္ဘာကြီးမှာ ရှိတဲ့ မသေမျိုးတွေက အဓိက အဖွဲ့ကြီး ၂ ဖွဲ့ ကွဲနေကြတာ။ အဲ့ အဖွဲ့ ၂ ခုကလဲ တွေ့တာနဲ့ သူသေ ကိုယ်သေ တိုက်ခိုက်လေ့ရှိတယ်။ မိတ်ဆွေလေး အကြောင်းကိုသာ သူတို့ ကြားသွားရင် အဲ့အဖွဲ့ ၂ ခုထဲက တစ်ခုကို အတင်း ဖိအားပေးပြီး ဝင်ခိုင်းကြမှာ သေချာတယ် "
" တကယ်လို့ တစ်ဖွဲ့ကို ရွေးလိုက်ပြန်ရင်လဲ ကျန်တဲ့ နောက်တစ်ဖွဲ့က မိတ်ဆွေလေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သတ်ဖို့ ကြိုးစားကြဦးမှာ၊ အဲ့တုန်းက ကျုပ် အသတ်ခံခဲ့ရသလိုပေါ့ "
လောထျန်းက ဘိုးဘေးအား သေချာစိုက်ကြည့်ကာ ပြောလိုက်သည်။
" ဒါဆို .. ခုနကတုန်းက ခင်ဗျားရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကို တိုက်ခိုက်ခဲ့တဲ့ သူကလဲ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ပဲလား "
အစိမ်းရောင်ဝတ် ဘိုးဘေးက ခေါင်းညိတ်သည်။
" မှန်တာပေါ့ ၊ အဲ့လူက တောင်ပိုင်းဒေသ ၊ မဟာအလင်းတန်း ဂိုဏ်းကပဲ ။ ကျုပ်တို့ကို ပထမဆုံး သစ္စာဖောက်ခဲ့တဲ့သူပေါ့ "
သူက ထိုစကားကို ပေါ့ပေါ့ပါးပါးဟန်ဖြင့်သာ ပြောလိုက်သော်လည်း သူ့အသံထဲတွင် ပါဝင်နေသည့် အမုန်းတရားကို အားလုံး ခံစားမိလိုက်ကြ၏။
" မိတ်ဆွေလေး လောထျန်း အနေနဲ့ ကျုပ်တို့ ကမ္ဘာကို ကာကွယ်မလား ၊သစ္စာဖောက်မလား .. ဘယ်ဟာကို ရွေးမယ်ဆိုတာ ကျုပ် တကယ် သိချင်တယ် "
ဘိုးဘေးက လောထျန်းအား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။
" ကျုပ်က ခင်ဗျားတို့ကို ဘာကိစ္စကြောင့် သစ္စာဖောက်ရမှာလဲဗျာ "
မည်သို့ပင်ဆိုစေ သူသည် ဤကမ္ဘာတွင် မွေးဖွားလာခဲ့ပြီဖြစ်ရာ ဤနေရာက သူ့အတွက် အိမ်ပင် ။
သူ့ ယခင်ဘဝတွင်သာမက ယခုဘဝတွင်ပါ ထိုသို့ မိမိကာကွယ်ရမည့် လူများအား သစ္စာဖောက်သည့် လုပ်ရပ်မျိုး သူ မလုပ်နိုင်ပါချေ။
သူ့စကားကို ကြားသောအခါ အစိမ်းရောင်ဝတ် ဘိုးဘေးက စိတ်သက်သာရာ ရသွားဟန် တူသည်။
" သိပ်ကောင်းတယ် ။ ဒါပေမယ့် .. အဲ့လို ရွေးချယ်လိုက်ပြီ ဆိုရင်တော့ သူတို့တွေရဲ့ ပစ်မှတ်ထားတာကို သေချာ ဂရုစိုက် သတိထားမှ ဖြစ်မယ် "
ဘိုးဘေးက ပြော၏။
" ပစ်မှတ်ထားမယ် .. ကျုပ်ကို ဘယ်သူတွေက ပစ်မှတ်ထားကြမှာလဲ "
လောထျန်း ပြန်မေးလိုက်သည်။
အစိမ်းရောင်ဝတ် ဘိုးဘေးက ပြန်ပြော၏။
" တောင်ပိုင်းဒေသက မဟာအလင်းတန်း ဂိုဏ်းရယ် ၊ ထျန်းကူဟုန် မိသားစုရဲ့ ဘိုးဘေးရယ် ၊ ပြီးတော့ ယွမ်လင်နတ်ဆိုးသခင်ကြီးရယ် ပဲ "
" အဲ့ သုံးယောက်တည်းလား "
လောထျန်း ထပ်မေးလိုက်သည်။
ဘိုးဘေးက ခေါင်းယမ်း၍ ပြော၏။
" အဲ့ထက်များတာပေါ့ ။ ဒါပေမယ့် .. ကျုပ် အသက်ရှင်နေတုန်းကတော့ အဲ့သုံးယောက်က အားလုံးရဲ့ ခေါင်းဆောင်ပဲ ။ ကျန်တဲ့သူတွေက မိတ်ဆွေလေးကို ဘာမှ မလုပ်နိုင်ပါဘူး "
လောထျန်း၏ အစွမ်းကို လက်တွေ့မြင်ရပြီး ဖြစ်သည့်အတွက် ဤကမ္ဘာပေါ်တွင် လောထျန်းအား ထိခိုက်အောင် လုပ်နိုင်သူမှာ လူ အနည်းစုသာ ရှိကြောင်း သူ သိထားပြီး ဖြစ်ပါသည်။
" အဲ့လိုကိုး .. ကျုပ် မှတ်ထားလိုက်ပါ့မယ် "
လောထျန်းက ခေါင်းညိတ်၍ ဆိုသည်။
သူ့စိတ်ထဲတွင်လည်း အချိန်တန်လျှင် ထိုလူများကို လိုက်ရှာရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်၏။
" ကျုပ် မှာချင်တဲ့ ဒုတိယကိစ္စကတော့ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု အကြောင်းပဲ ။ တကယ်လို့ ကောင်းကင်ဘုံ ပျက်စီးခြင်း ဖြစ်လာရင် မိတ်ဆွေလေး လောထျန်း အနေနဲ့ ကျုပ်ရဲ့ နတ်ဘုရားမြို့တော်ကို ကာကွယ်ပေးနိုင်မလားလို့ တောင်းဆိုချင်လို့ပါ "
အစိမ်းရောင်ဝတ် ဘိုးဘေးက ထိုသို့ပြောကာ လောထျန်းဆီမှ အဖြေကို မျှော်လင့်နေဟန်ဖြင့် စိုက်ကြည့်လာသည်။
ယခု သူ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က စွမ်းအင်ကုန်ဆုံးပြီး ပျောက်ကွယ်ရတော့မည် ဖြစ်ရာ ... သူ့ နတ်ဘုရားမြို့တော်အတွက် ကျောထောက်နောက်ခံ ပေးမည့်သူ မဖြစ်မနေ ရှာရမည်မှန်း သူ သိပါသည်။
သို့မဟုတ်ပါက ကောင်းကင်ဘုံ ပျက်စီးခြင်း ဖြစ်လာလျှင် နတ်ဘုရားမြို့တော်အဖို့ ဆိုးရွားသည့် အဆုံးသတ်ကသာ စောင့်ကြိုနေပေလိမ့်မည်။
ထို့ကြောင့်လည်း သူ လောထျန်းအား အကူအညီ တောင်းရခြင်းပင်။
လောထျန်းက မြန်မြန်ပင် ခေါင်းညိတ်ပြီး ပြော၏။
" အဲ့ဒါက ကိစ္စမရှိပါဘူးဗျာ ၊ ကျုပ် လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် .. အခြေအနေ တစ်ခုတော့ ရှိတယ်ဗျ "
" ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ မိတ်ဆွေလေး "
အစိမ်းရောင်ဝတ် ဘိုးဘေးက ဆိုသည်။
" ကျုပ် နတ်ဘုရားမြို့တော်ကို ကာကွယ်ပေးမယ် ။ ဒါပေမယ့် .. အဲ့ဒါကို မြာက်ပိုင်းနန်းတော် ပျက်စီးမှုအတွက် လျော်ကြေးအဖြစ် သတ်မှတ်ပေးလို့ ရမလား "
လောထျန်း အနည်းငယ် တုံ့ဆိုင်းစွာ မေးလိုက်သည်။
သူသည် တဖက်လူ၏ လျှို့ဝှက်ဒေသကို မတော်တဆ ဖျက်ဆီးထားမိခဲ့ရာ ထိုကိစ္စအား ဖြေရှင်းရန် လိုသည် မဟုတ်ပါလား ။
အစိမ်းရောင်ဝတ် ဘိုးဘေးမှာ ထိုစကာကို မျှော်လင့်မထားဟန်ဖြင့် ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ ပြုံး၍ ပြန်ပြော၏။
" ဒါပေါ့ဗျ ၊ မြောက်ပိုင်းဒေသက ဒီတိုင်း လျှို့ဝှက်ဒေသ တစ်ခုပဲလေဗျာ ။ အခု ကျုပ်ရဲ့ အမွေဆက်ခံသူကိုလဲ ရသွားပြီဆိုတော့ လျှိူ့ဝှက်ဒေသက အဲ့လောက် အရေးမကြီးတော့ပါဘူး "
လောထျန်း ထိုအချိန်မှသာ သက်ပြင်းရှည်ကြီး ချနိုင်သွားသည်။
" ကောင်းပြီဗျာ .. ဒါဆို အဆင်ပြေသွားပြီ "
သူသည် အခြားသူများအပေါ်တွင် ကျေးဇူးကြွေး မတင်လိုသူတစ်ယောက် ဖြစ်ပါသည်။
ယခုကိစ္စမှာလည်း အချိန်ကျလာမှ အကာအကွယ် ပေးလိုက်ရုံသာ ဖြစ်ရာ သူ့အတွက် အပန်းမကြီးလှပါချေ။
တဖက်မှ အစိမ်းရောင် ဘိုးဘေးက မြို့စားကြီး သုံးယောက်ဘက်လှည့်ကာ ပြော၏။
" မင်းတို့တွေ ဘာဆက်လုပ်ကြရမယ် ဆိုတာ ငါ ပြောမယ် "
မြို့စားကြီး သုံးယောက်က ချက်ချင်း ဦးညွှတ်အရိုအသေပေးကာ သေချာ အာရုံစိုက် နားထောင်လိုက်ကြသည်။
ဘိုးဘေးက အလေးနက် ပြော၏။
" ငါ့ရဲ့ နတ်ဘုရားမြို့တော်က ဒီကမ္ဘာကြီးမှာ တည်ရှိလာတာမို့ ဒီကမ္ဘာကို ကာကွယ်ဖို့ တာဝန်ရှိတယ် ။ အဲ့တော့ ဒီကမ္ဘာကို သစ္စာဖောက်ပြီး ငါ့တို့ရဲ့ အပေါင်းအပါတွေကို သတ်ဖို့ ကူညီတဲ့ နတ်ဘုရားမြို့တော်က ဘယ်သူ့ကိုမဆို သနားညှာတာမှုမထားဘဲ သတ်ပစ်ရမယ် ။မင်းတို့ ဒါကို လုပ်နိုင်မလား "
မြို့စားကြီး သုံးယောက် တစ်ကိုယ်လုံး တုန်သွားကာ တစ်ပြိုင်နက်တည်း ဦးညွှတ် အရိုအသေ ပေးလိုက်ကြသည်။
" ဘိုးဘေးရဲ့ အမိန့်ကို တသွေမတိမ်း နာခံပါမယ် "
ဘိုးဘေးက သူတို့ကို ကြည့်ကာ ခေါင်းညိတ်၏။
ထို့နောက် သူ့ ဓားအာ ပြန်ငုံ့ကြည့်လိုက်သည်။
" ဟွာယွိ ၊ ငါ ထွက်သွားပြီးရင် မင်းနဲ့ ရှောက်ပိုင်ထျန်း တို့ နှစ်ယောက် ငါ့ရဲ့ နတ်ဘုရားမြို့တော်ကို ဆက်ပြီး အကာကွယ် ပေးကြဖို့ မျှော်လင့်ပါတယ် ။ငါ့ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကိုလဲ ဒုက္ခခံပြီး ကာကွယ်နေစရာ မလိုတော့ဘူးမို့ .. မင်းတို့ရဲ့ ပါရမီအတိုင်း ဆက်ပြီး တိုးတက်လာကြမယ်လို့လဲ ယုံကြည်ပါတယ် "
ထိုစကားကို ပြောသည့်အချိန်တွင် သူ့မျက်လုံးများက အလွန်နူးညံ့နေကာ အပြစ်မကင်းဟန် ခံစားနေရသည့် အရိပ်အယောင်များလည်း ရှိနေ၏။
ထိုအချိန်တွင် ဟွာယွိမှာ လူသားအသွင် ပြောင်းထားပြီဖြစ်ပြီး မျက်နှာကြီး သုန်မှုန်နေသည်။ သူမ မျက်လုံးများတွင်လည်း ဝမ်းနည်းမှုတို့ဖြင့် ပြည့်နေ၏။
" ကျွန်မ သိပါတယ် "
သူမ ပြောလိုက်သည့် လေသံမှာ အနည်းငယ် စိတ်မရှည်ဟန် ပေါက်နေသည့်တိုင် .. အမှန်တွင်မူ ထိုသို့ မဟုတ်ပါချေ။
" ကျေးဇူးတင်ပါတယ် "
အစိမ်းရောင်ဝတ် ဘိုးဘေးက ပြောလိုက်သည်။ ထို့နောက် နတ်ဘုရားမြို့တော်၏ အပျက်အစီးများကို ကြည့်ကာ သူ သက်ပြင်းများ ချ၏။
ထို့နောက်တွင်မူ ... သူ့ ပုံရိပ်က တဖြည်းဖြည်း ပိုမှုန်ဝါးလာပြီး .. မကြာမီမှာပင် .. လုံးဝ ပျောက်ကွယ်သွားတော့သည်။
" ဒီလူကြီး .. %$# "
ဟွာယွိက အနည်းငယ် ဆဲရေးပြီးနောက် အခြားဘက်သို့ မျက်နှာလှည့်ကာ တသိမ့်သိမ့် ငို၏။
" ဘိုးဘေး ... "
မြို့စားကြီး သုံးယောက်နှင့် နတ်ဘုရားမြို့တော်မှ ကျန်တပည့်များအားလုံးလည်း မြေပြင်တွင် ဒူးထောက်ချလိုက်ကြသည်။ ငိုကြွေးသံများလည်း နေရာအနှံ့မှ ထွက်ပေါ်လာ၏။
လောထျန်း အားလုံးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ထိုစဥ် ... သူ အခြားဘက်သို့ ရုတ်တရက် ခေါင်းလှည့်လိုက်ရာ လူရိပ်နှစ်ခုက ခိုးကြောင်ခိုးဝက် ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့သွား၏။
" ရပ်လိုက်စမ်း "
လောထျန်း အေးစက်စက် အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ တဖက်လူနှစ်ယောက်၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြပြီး အရှိန်တင်၍ တစ်ပြိုင်နက်တည်း ဆက်ပြေးလိုက်ကြသည်။
သို့သော် .. လောထျန်းရှေ့တွင်မူ သူတို့ကြိုးစားမှုက အရာမထင်ပါချေ။
ဝုန်း .. ဝုန်း ..
လောထျန်းက လက်ကို ဆန့်ထုတ်ကာ ထိုနှစ်ယောက်အား ဖမ်းဆုပ်လိုက်သည်။
" သနားညှာတာပေးပါ .. သနားညှာပေးပါ ... "
သူတို့ထဲမှ တစ်ယောက်က အသည်းအသန် အော်လာ ၏။
ထိုလူမှာ လိုင်ထင် ပင် ။
သူ့ကို မြင်သည်နှင့် လောထျန်း မျက်ခုံးများ ပင့်သွားသည်။
" သြော် .. မင်းပါလား .. "
သူက ပြောပြောဆိုဆိုပင် လိုင်ထင်အား သူ့အနီးသို့ ဆွဲခေါ်လိုက်သည်။
ထိုအချိန်တွင် လိုင်ထင်တစ်ယောက်မှာ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေပြီး ကြောက်လွန်း၍ တစ်ကိုယ်လုံးပင် တုန်လေပြီ ။
လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက် မေး၏။
" မင်းအဘိုးပြောတဲ့ လက်ချောင်းအရိုးက ဘယ်မှာလဲဆိုတာ သိလား "
" ငါ ... "
လိုင်ထင် ခေတ္တမျှ တုန့်ဆိုင်းသွားသည်။
၎င်းကို မြင်သည်နှင့် လောထျန်းမျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲ လက်သွား၏။
" ထားလိုက်ပါ .. ငါ့ဟာငါပဲ ကြည့်လိုက်မယ် "
လောထျန်းက ပြောပြောဆိုဆိုပင် သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်ပြီး လိုင်ထင်၏ အသိစိတ်ပင်လယ်အတွင်း ပို့လွှတ်၍ မှတ်ဉာဏ်များအာ ရှာဖွေလိုက်သည်။
လိုင်ထင်မှာ မိုးကြိုးဘုရင်ကဲ့သို့ စိတ်ဝိဥာဥ်သခင်ကြီးတစ်ယောက် မဟုတ်သဖြင့် လောထျန်းအား မည်သို့မှပင် မခုခံနိုင်ရှာပါ။
မကြာမီမှာပင် လက်ချောင်းအရိုးနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို လောထျန်း တွေ့သွားတော့သည်။
" အာတိတ် ရေခဲပြင် .. သူ ကျင့်ကြံဖို့အတွက် သုံးတဲ့နေရာ .. "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" မြို့စားကြီး ရှန့် ၊ ဒီ နတ်ဘုရားမြို့တော်က တည်နေရာရွှေ့ပြောင်းခြင်း အစီအမံက အဲ့ကို တည်နေရာ ရွှေ့ပြောင်းလို့ ရလား "
လောထျန်းက ပြောပြောဆိုဆိုပင် တည်နေရာရွှ့ပြောင်းလိုသည့် နေရာအတိအကျအား ချရေးလိုက်သည်။
ထိုစဥ် အငိုတိတ်နေပြီဖြစ်သည့် ရှန့်လင်ကျိုးကလည်း သူ့မေးခွန်းကို ကြားသည်နှင့် ချက်ချင်း လာကြည့်ကာ ခေါင်းညိတ်၏။
" ရတယ်ဗျ ၊ ပြဿနာ မရှိဘူး "
လောထျန်းက ပြောသည်။
" ကျုပ် နည်းနည်း စိတ်ပူနေတာလေး ရှိသေးတာမို့ ကျုပ်ကို အဲ့နေရာဆီ တည်နေရာရွှေ့ပြောင်းပြီး ပို့ပေးနိုင်မလား "
မိုးကြိုးဘုရင်က ထို လက်ချောင်းအရိုးနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့သည်မှာ အနည်းငယ် ထူးဆန်းသည် မဟုတ်ပါလား။
ထို့အပြင် ၎င်းက ယဲ့ထုံလင်းတို့ သုံးယောက်၏ ကျရှုံးသွားသော မသေမျိုး အရောင်အဝါနှင့်လည်း ပတ်သက်နေပါသေးသည်။
သို့ဖြစ်ရာ ထိုကိစ္စ၏ အရင်းအမြစ်ကို သူ သေချာစုံစမ်းမှ ရပေလိမ့်မည်။
" ကိစ္စမရှိပါဘူးဗျာ ။ ဒါပေမယ့် .. အဲ့မတိုင်ခင် ဟို သစ္စာဖောက်ကောင်ကို ကျုပ်တို့ဆီ လွှဲပေးလို့ရမလား သခင်လေး "
ရှန့်လင်ကျိုးက လောထျန်းလက်ထဲမှ ဟန်မင်ကို ကြည့်ကာ ပြောလိုက်သည်။
ထိုအချိန်တွင် ဟန်မင်မှာ ဘောလုံးတစ်လုံးကဲ့သို့ ခွေနေပြီး မျက်နှာပင် မဖော်ရဲတော့ပါချေ။
လောထျန်းက သူ့လက်ထဲမှ ဟန်မင်အား ရှန့်လင်ကျိုးဆီသို့ ပစ်ပေးလိုက်၏။
" မြို့စားကြီး .. မြို့စားကြီး ... ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ ။ ကျုပ်က ဘယ်လိုမှ မတတ်သာလို့သာ ခုလို လုပ်ခဲ့ရတာပါ။ ပြီးတော့ ကျုပ် လုပ်ခဲ့တာကလဲ နတ်ဘုရားမြို့တော် ကောင်းစားဖို့ အတွက်ပါဗျာ "
ဟန်မင်က တိုးလျှိုးတောင်းပန်လိုက်သည်။