စိတ်ဝိဥာဥ် တစ်ခုလား ..
Vol. 21 Ch. 282
" မင်းက နတ်ဘုရားမြို့တော်အတွက် လုပ်ခဲ့တာ ဟုတ်လား .... "
ရှန့်လင်ကျိုး၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များဖြင့် ပြည့်သွား၏။
ဟန်မင်သည် နတ်ဘုရားမြို့တော် ဒုက္ခနှင့် ကြုံနေရစဥ်တွင် သူ့လူများကို ချက်ချင်း သစ္စာဖောက်ပြီး မိုးကြိုဘုရင်၏ လက်အောက်ခံအဖြစ် သစ္စာခံယူခဲ့သူ ဖြစ်ပါသည်။
ထိုကာလအတွင်းတွင်လည်း လိုင်ထင် စိတ်ကျေနပ်စေရန်အတွက် ယုတ်မာဆိုးရွားသည့် လုပ်ရပ်များစွာကို လုပ်ခဲ့ပါသေး၏။
ထိုမျှမက .. နောက်ဆုံး နတ်ဘုရားမြို့တော်၏ မြို့စားကြီး နေရာကိုပင် အရယူရန် ကြံစည်ခဲ့ပါသေးသည်။
ထိုသို့သော လူမျိုးကို သူတို့ မည်သို့ ဆက်အသက်ရှင်ခွင့် ပေးရပါတော့မည်နည်း။
" သေစမ်းကွာ .. "
ရှန့်လင်ကျိုးက ဓားတစ်လက်ဖြင့် ဟန်မင်၏ ခေါင်းအား ခုတ်ဖြတ်လိုက်တော့သည်။
နတ်ဘုရားမြို့တော်၏ နတ်ဘုရားသားတော်တစ်ယောက်က ယခုကဲ့သို့ အသက်ဆုံးသွားရသည်မှာ သနားစရာလည်း အနည်းငယ် ကောင်းပါ၏။
" ဟမ့် .. အကိုကြီးက အင်မတန် သနားညှာတာတတ်တာပဲ ။ ဒိလိုကောင်မျိုးကို အပိုင်းပိုင်းဖြစ်အောင်ပဲ လုပ်လိုက်သင့်တာ '
ချူကျင်းထောင်က သူ့ကို ကြည့်ကာ မကျေမနပ်ဟန်ဖြင့် ပြောလာသည်။
ရှန့်လင်ကျိုးက သက်ပြင်းချကာ ပြန်ပြော၏။
" လောလောဆယ် နတ်ဘုရားမြို့တော်က အပျက်အစီးပုံကြီး ဖြစ်နေတော့ အဲ့လိုတွေ လုပ်နေဖို့ အချိန်မရသေးပါဘူးကွာ ။ အားလုံးကို တစ်ခါတည်း သတ်လိုက်တာပဲ ကောင်းတယ် "
ချူကျင်းထောင်ကမူ သဘောမတူဟန်ဖြင့် ခေါင်းယမ်းသည်။
တဖက်မှ စီမာထျန်းချန်ကမူ သူ့လူများကို ဦးဆောင်ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုပင် အသက်သွင်းနေလေပြီ။
" သခင်လေးလောထျန်း ၊ တည်နေရာ ရွှေ့ပြောင်းဖို့ အသင့်ဖြစ်ပါပြီ "
သူ ပြောသည်။
လောထျန်းက ခေါင်းညိတ်၏။
" ကောင်းပြီဗျာ ၊ ဒါဆို ကျုပ် သွားကြည့်လိုက်ဦးမယ် "
စီမာထျန်းချန်က မျက်မှောင်ကြုံ့ကာ ပြောလာသည်။
" တစ်ယောက်တည်း သွားမှာလား သခင်လေး "
လောထျန်းက သူ့ကို ကြည့်ကာ ပြန်မေး၏။
" ဘာလို့လဲဗျ .. ဘာပြဿနာများ ရှိလို့လဲ "
" ကျုပ်က အဲ့မှာ အန္တရာယ်နဲ့ ကြုံနေရမှာ စိုးရိမ်လို့ပါဗျာ "
စီမာထျန်းချန်က စိုးရိမ်မကင်းဟန်ဖြင့် ပြန်ပြောသည်။
လောထျန်းမှာ ၎င်းကို သိပ်မစိုးရိမ်လှသဖြင့် ..
" စိတ်မပူပါနဲ့ဗျာ ၊ အန္တရာယ်နှင့် ကြုံလဲ ကိစ္စမရှိပါဘူး "
ဟုသာ ပြန်ပြောလိုက်သည်။
သူ ဘာအန္တရာယ်ကိုများ ဂရုစိုက်နေရပါဦးမည်နည်း ။
၎င်းကို မြင်သောအခါ စီမာထျန်းချန် အနည်းငယ်ပင် ရှက်သွား၏။
သေချာ ပြန်တွေးကြည့်လျှင်လည်း လောထျန်း၏ အစွမ်းဖြင့် ဆိုပါက မည်သို့သော အန္တရာယ်ကိုမှ ဂရုစိုက်နေစရာ မလိုပါချေ။
" ငါ သူနဲ့ သွားလိုက်မယ် "
ထိုစဥ် .. ဓားဝိဥာဥ်ဟွာယွိက ရုတ်တရက် ဝင်ပြောလာသည်။
" သခင်မကြီး ... "
စီထျန်းချန် အံ့သြမှင်သက်သွား၏။
ဟွာယွိသည် အစိမ်းရောင်ဝတ် ဘိုးဘေး၏ ဓားဝိဥာဥ်တစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် စီမာထျန်းချန်တို့က သူ့အား သခင်မကြီးဟု ခေါ်သည်မှာ သဘာဝကျပါ၏။
" ဟို လက်ချောင်းအရိုးကြောင့်သာ မဟုတ်ရင် သခင်ကြီး သေသွားရမှာ မဟုတ်ဘူး ။ ငါ အဲ့ဟာကို ရှာပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်ချင်တယ် "
ဟွာယွိက မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ပြန်ပြောသည်။
၎င်းကို ကြားသောအခါ စီမာထျန်းချန် ခေါင်းအသာညိတ်လိုက်သည်။
" ဟုတ်ကဲ့ပါဗျာ ၊ သခင်မကြီးပါ လိုက်သွားရင် ပိုပြီး အန္တရာယ်ကင်းတာပေါ့ "
ဟွာယွိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လက်ဆန့်ကာ မသေမျိုး ဓားပေါ်မှ ပျံသန်းလိုက်၏။
" သွားကြစို့ "
ထို့နောက် သူမက လောထျန်းကို ကြည့်ကာ ပြောလိုက်သည်။
လောထျန်းကလည်း ခေါင်းညိတ်ပြပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ သူမနှင့်အတူ လိုက်ဝင်သွား၏။
ထို့နောက်တွင်မူ .. သူတို့ဘေးမှ လေထုတစ်ခုလုံး လှုပ်ရှားသွားပြီး ...
သူတို့နှစ်ဦး အာတိတ်ရေခဲပြင်သို့ ရောက်သွားကြသည်။
" ဒီနေရာက စိတ်စွမ်းအင်တွေ .. ပေါကြွယ်ဝလှပါလား "
ရေခဲပြင်သို့ ခြေချလိုက်သည်နှင့် လောထျန်း အံ့အားသင့်သွားရ၏။
ကမ္ဘာကြီး၏ မြောက်ဘက်အစွန်ဆုံးရှိ လူသူကင်းမဲ့သော ရေခဲပြင်ကြီးတွင် စိတ်စွမ်းအင် သိပ်သည်းမှုက ထင်မထားလောက်အောင် အားကောင်းလွန်းနေပါသည်။
ဤနေရာမှ စိတ်စွမ်းအင်က ပျောင်ပိုင်မြို့ထက် လုံးဝ မလျော့ပါချေ။
" ဟမ့် .. ဟိုကောင်က တကယ့် နေရာကောင်းတစ်ခုကို ရှာတွေ့ထားတာပဲ "
ဟွာယွိသည်လည်း အံ့အားသင့်သွား၏။
" ဂူထဲကို ဝင်ပေါက်က ဘယ်နားမှာလဲ "
ဟွာယွိက မေးလိုက်သည်။
" ဟိုနားမှာ "
လောထျန်းက သူ့ရှေ့နားမှ ရေခဲနံရံကြီးတစ်ခုဆီသို့ လက်ညိုးညွှန်ပြကာ ပြော၏။
သူက ပြောပြောဆိုဆိုပင် လိုင်ထင်၏ မှတ်ဉာဏ်ထဲမှ အချက်လက်များအတိုင်း အစီအမံတစ်ခု ပြုလုပ်လိုက်သည်။
ဝီ ..
ထို့နောက်တွင်မူ .. ရေခဲနံရံ၌ လျှောက်လမ်းတစ်ခု ပေါ်လာ၏။
" သွားကြစို့ "
ဟွာယွိက အနည်းငယ်ပင် တုန့်ဆိုင်းမနေဘဲ ရှေ့မှ ဦးဆောင်ထွက်သွားသည်။
လောထျန်းကလည်း မည်သို့မှ မပြောဘဲ သူမနောက်မှ ကပ်လိုက်လာ၏။
သူတို့နှစ်ယောက် လျှောက်လမ်းအတိုင်း ဝင်လာခဲ့လိုက်ကြသည်။ အချိန်အတန်ငယ်ကြာ လျှောက်ပြီးနောက်တွင်မူ ဟွာယွိ မျက်မှောင်ကြုံ့သွား၏။
" ဘာတွေ ဖြစ်နေတာလဲ "
အဘယ့်ကြောင့်ဆိုသော် .. ရေခဲနံရံ အတွင်းဘက်တွင် တွင်းနက်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင် ။
ထိုတွင်းထဲတွင်ကား .. မရေမတွက်နိုင်သော အလောင်းများ စုပုံနေ၏။
တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုအလောင်းများက သန်းပေါင်းများစွာ ရှိမှန်း သိသာပါသည်။
ထို့အပြင် .. ထိုအလောင်းများက မသေမီ ကြောက်ရွံ့မှုနှင့် နာကျင်မှုကို ဆိုးရွားစွာ ခံစားခဲ့ရဟန်တူသည့် ကြောက်စရာ မျက်နှာကြီးများ ရှိနေကြ၏။
ကြည့်ရသည်မှာ အရှင်လတ်လတ် ငရဲ ကျခံခဲ့ရပုံပင် ။
၎င်းကို မြင်သောအခါ လောထျန်း၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။
" ဒါ .. လက်ချောင်းအရိုးထဲက မသေမျိုးအစွမ်းကို သန့်စင်ဖို့အတွက် ယဇ်ပူဇော်ထားတာနဲ့ တူတယ် "
လောထျန်း ပြောလိုက်သည်။
" ဘယ်လို .. "
ဟွာယွိက သူ့အား တအံ့တသြ လှည့်ကြည့်၏။
လောထျန်းက ပြောသည်။
" ကျုပ် လိုင်ထင်ရဲ့ မှတ်ဉာဏ်ကနေတဆင့် မြင်ခဲ့ရတာတော့ မိုးကြိုးဘုရင်က လက်ချောင်းအရိုးထဲက မသေမျိုးအစွမ်းကို စုပ်ယူဖို့အတွက် လူတွေအများကြီးကို ယဇ်ပူဇော်ပြီး သက်ရှိ စိတ်ဝိဥာဥ်တွေကို မသေမျိုးအစွမ်း ထုတ်ယူတဲ့နေရာမှာ သုံးခဲ့တာ "
ထိုအရာများက လိုင်ထင်၏ မှတ်ဉာဏ်ထဲတွင် ပါပြီးသား ဖြစ်ပါသည်။
သို့သော် သူသည် အခြားသူဆီမှသာ တဆင့်စကား ကြားခဲ့ခြင်း ဖြစ်ပြီး ယခု သူတို့မြင်နေရသည့် မြင်ကွင်းကို ကိုယ်တိုင် မမြင်ဖူးခဲ့ပါချေ။
ထို့ကြောင့်လည်း လိုင်ထင်၏မှတ်ဉာဏ်များမှ သိပြီးသည့်တိုင် ၎င်းကို လက်တွေ့မြင်ရသည့်အချိန်တွင် လောထျန်း အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
" ပြီးတော့ .. ကျုပ် ထင်ထားသလိုပဲ ၊ မိုးကြိုးဘုရင်က မြောက်ပိုင်းဒေသ တစ်ခုလုံးက အဆုံးအစမဲ့အဆင့်နဲ့အထက် အစွမ်းထက် ကျင့်ကြံသူတွေကို ဒီ ရေခဲပြင်ဆီလာဖို့ ဆင့်ခေါ်တာက အားကောင်းတဲ့ တပ်ဖွဲ့ကြီးတစ်ခု တည်ထောင်ဖို့ သက်သက်မဟုတ်ဘူး "
လောထျန်း ဆက်ပြော၏။
" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ဟွာယွိ ပို၍ အံ့အားသင့်သွားရသည်။
လောထျန်းက ပြော၏။
" လိုင်ထင်ရဲ့ မှတ်ဉာဏ်တွေအရ ဆိုရင် .. မိုးကြိုးဘုရင်က သူ့ကိုယ်ပိုင်အစွမ်းကို မကျေနပ်သလို မသေမျိုးအစွမ်းကို နည်းနည်းပဲ ထုတ်ယူနိုင်တာကိုလဲ မကျေနပ်ဘူး။ ဒါ့ကြောင့်မို့ သူက အဆုံးအစမဲ့ အဆင့်က အစွမ်းထက်ကျင့်ကြံသူ ရာပေါင်းများစွာရဲ့ စိတ်ဝိဥာဥ်တွေကို အသုံးချ ယဇ်ပူဇော်ပြီးတော့ မသေမျိုးအစွမ်းကို ထုတ်ယူပြီး ကျင့်ကြံခြင်း အဆင့်တက်သွားအောင် လုပ်ချင်နေတာ "
လောထျန်းက ထိုသို့ပြောကာ မနေနိုင်ဘဲ ခေါင်းယမ်း သက်ပြင်းချလိုက်သည်။
ထို အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူများမှာ မိုးကြိုးဘုရင်ကို အားကိုးခြင်းဖြင့် ကြီးမားသော အောင်မြင်မှုများ ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြဟန် တူပါသည်။
သို့သော် .. မိုးကြိုးဘုရင်က အစကတည်းက သူတို့အသက်ကို ခြွေယူရန် စီစဥ်ထားကြောင်းကိုမူ သူတို့ သိကြမည် မဟုတ်ပါ။
သို့သော် .. နောက်ဆုံးတွင်မူ မိုးကြိုးဘုရင်မှာ ထိုလူများကို သတ်ခွင့်မရလိုက်ဘဲ အားလုံးက လောထျန်း၏ လက်ချက်ဖြင့်သာ သေသွားခဲ့ရပါ၏။
" ဟမ့် .. မင်းတို့ လူသားတွေက ဘာတွေ ဖြစ်နေကြတာလဲ ။ ကိုယ့်လူမျိုးကိုယ် အဲ့လောက်ဆိုးရွားတဲ့အရာတွေ ဘာလို့ ပြန်လုပ်ကြရတာလဲ "
ဟွာယွိက အနည်းငယ် ဒေါသထွက်နေဟန်ဖြင့် ပြောလိုက်သည်။
လောထျန်းက လက်ဖြန့် ပုခုံးတွန့်ကာ ပြန်ပြော၏။
" ကျုပ်လဲ ဘယ်လိုလုပ် သိမှာလဲဗျာ "
ဟွာယွိက သူ့အား ဒေါသတကြီး ကြည့်လိုက်ပြီး နောက်ဆုံးမှသာ ခေါင်းယမ်း၍ ဆိုသည်။
" ထားလိုက်ပါလေ .. အခု ဟို လက်ချောင်းအရိုးက ဘယ်မှာလဲ ။ အဲ့ဒါကို မြန်မြန်ရှာလိုက်ဦး ။ မင်း ရှာတွေ့တာနဲ့ ငါကိုယ်တိုင် အဲ့အရိုးကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ် "
သူမ စကားကို ကြားသည်နှင့် လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဝီ ..
တခဏအတွင်းမှာပင် လေထုတစ်ခုလုံး သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် ပြည့်သွားတော့၏။
သို့သော် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက်...
ရေခဲဂူ နက်ပိုင်းမှ အမည်းရောင် အရောင်အဝါတစ်ခု ထွက်လာပြီး အသံကျယ်တစ်သံကိုလည်း ကြားလိုက်ရသည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
၎င်းကို မြင်သောအခါ ဟွာယွိ အလွန်အံ့သြတုန်လှုပ်သွားသည်။
လောထျန်းက မျက်မှောင်အနည်းငယ်ကြုံ့ကာ ပြန်ပြော၏။
" ကျုပ် တွေ့ပြီ "
သူက ပြောပြောဆိုဆိုပင် အခြားနေရာမှ သူ့ စိတ်ဝိဥာဥ်အစွမ်းများကို ပြန်လည်ခေါ်ယူပြီး လက်ချောင်းအရိုး ရှိသည့်နေရာသို့သာ ပို့လွှတ်လိုက်သည်။
ဝုန်း ...
လက်ချောင်းအရိုးက လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းဖြင့် ရစ်ပတ်ခြင်းကို မခံလိုဟန်ဖြင့် ထွက်ပြေးရန် ပြင်၏။
" ထွက်ပြေးချင်တယ်ပေါ့လေ ၊ အဲ့လောက် လွယ်မယ်လို့ ထင်တယ်ပေါ့ "
လောထျန်းက အေးစက်စက် ပြောကာ သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် ၎င်းအား ချုပ်နှောင်လိုက်သည်။
သို့သော် .. မျှော်လင့်မထားစွာပင် လက်ချောင်းအရိုးမှ အမည်ရောင်လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းကို ချုပ်နှောင်ထားသည့် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းအား ဆွဲဖြဲလိုက်သည်။
ထို့နောက်တွင်မူ .. ၎င်းက လေထုကို ဖြဲပြီး နေရာမှ ပျောက်ကွယ်သွားတော့၏။
" ဟင် ... "
လောထျန်း ရုတ်တရက် အံ့သြတုန်လှုပ်သွားရသည်။
သူ အံ့သြသွားရသည့် ပထမ တစ်ချက်မှာ ထို လက်ချောင်းအရိုးက သူ့ စိတ်ဝိဥာဥ်အစွမ်းကို ချိုးဖျက်သွားနိုင်၍ ဖြစ်ပါသည်။
ဒုတိယအချက်မှာမူ ၎င်းက သူ့ စိတ်ဝိဥာဥ်အစွမ်းကို တွေ့သည်နှင့် ချက်ချင်း ဆုံးဖြတ်ချက်ချပြီး ထွက်ပြေး လွတ်မြောက်သွား၍ပင် ။
၎င်း လက်ချောင်းအရိုးက အသိဉာဏ်ရှိသည့် စိတ်ဝိဥာဥ်တစ်ခု ဖြစ်နေနိုင်သည်လား ။
" ဘာဖြစ်လို့လဲ "
ဟွာယွိက မေးလာသည်။
" ထွက်ပြေးသွားလို့ "
လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ဒါ .. "
ဟွာယွိစိတ်ထဲတွင် လောထျန်းအား အပြစ်တင်ချင်စိတ် အနည်းငယ် ဖြစ်သွားသည်။
သို့သော် .. သေချာ စဥ်းစားကြည့်လိုက်ပြန်လျှင်လည်း .. အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေး၏ ပြောစကားအရ ထိုအရာမှာ ဟိုးလွန်ခဲ့သော ရှေးခေတ်ကတည်းက ရှိနေခဲ့သည့် အရာတစ်ခုဖြစ်ရာ လောထျန်က တစ်ချက်တည်းဖြင့် ဖမ်းလိုက်နိုင်လျှင် လွန်ရာကျသွားပေမည်။
" ဟမ့် .. သိပ်မကြာခင် ငါ ဒီ လက်ချောင်းအရိုးကိုအပိုင်းပိုင်းဖြစ်အောင် သေချာပေါက် လုပ်မှာ "
ဟွာယွိက ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက်တွင်မူ သူမက လောထျန်းအား လှည့်ကြည့်ကာ ပြော၏။
" အခု မင်း ဘာဆက်လုပ်မယ် စဥ်းစားထားလဲ "
လောထျန်းက ဘေးပတ်လည်သို့ တစ်ချက်လှည့်ကြည့်ပြီး ပြန်ဖြေသည်။
" ကျုပ် ဒီမှာ ခဏလောက် ကျင့်ကြံမယ်လို့ စဥ်းစားထာတယ် "
" ကျင့်ကြံမယ် ..ဟုတ်လား "
ဟွာယွိက ဘေးပတ်လည်မှ စိတ်စွမ်းအင်များအား တချက်လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ဒီနေရာက စိတ်စွမ်းအင်တွေ ပေါများလွန်းတော့ ကျင့်ကြံဖို့အတွက် တကယ့်ကို နေရာကောင်းတစ်ခုပဲ ။ သူ ကျင့်ကြံပြီးသွားရင် နတ်ဘုရားမြို့တော်က လူငယ်တွေကိုပါ ဒီကို ခေါ်လာပြီး ကျင့်ကြံခိုင်းရမယ် "
သူမ တွေးလိုက်သည်။