← Chapters

ဒါက ကျင့်ကြံခြင်းတဲ့လား

Vol. 21 Ch. 283

ဒါက ကျင့်ကြံခြင်းတဲ့လား

Vol. 21 Ch. 283

လောထျန်းက သူမ အတွေးကို မသိဘဲ ပြော၏။

" ကဲ .. ကျုပ် ကျင့်ကြံလိုက်ဦးမယ်ဗျာ ။ အသံတွေ နည်းနည်း ဆူနိုင်တာမို့ ဖြစ်နိုင်ရင် ဝေးဝေးမှာနေဖို့ ကျုပ် အကြံပေးချင်တယ် "

ဟွာယွိက နှုတ်ခမ်းမဲ့ကာ ပြန်ပြောသည်။

" မင်း ကျင့်ကြံတာကို မမြင်စေချင်ရင်လဲ တိုက်ရိုက်ပဲ ပြောလေ ။ ဘာဖြစ်လို့ အကြောင်းပြချက်တွေ လျှောက်ရှာပြီး ပြောနေရတာလဲ "

သူမ ဤလောကကြီးထဲတွင် အသက်ရှင် နေထိုင်လာသည်မှာ အချိန်အလွန်ကြာခဲ့ပြီဖြစ်ရာ အစွမ်းထက် ကျင့်ကြံသူ လူပေါင်းများစွာနှင့် ဆုံခဲ့ဖူးပြီး ကျင့်ကြံနေသည်ကိုလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးပါသည်။

ကျင့်ကြံရာတွင် အသံက ဘယ်လောက် ဆူနိုင်ပါမည်နည်း

ထို့ကြောင့်လည်း လောထျန်းက တမင်သက်သက် အကြောင်းပြချက် ရှာသည်ဟုသာ သူမ ထင်လိုက်ခြင်းဖြစ်၏။

၎င်းကို ကြားသောအခါ လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။

" ခင်ဗျား ကြည့်ချင်လဲ ကျုပ်အတွက် ကိစ္စမရှိပါဘူးဗျာ ၊ သတိတော့ထားပါ "

" မင်းရဲ့ ကျင့်စဥ်က အန္တရာယ်များလို့လား "

ဟွာယွိ ပို၍ပင် အံ့အားသင့်သွားရသည်။

သာမာန် ကျင့်ကြံခြင်းတစ်ခုက မည်သို့သော အန္တရာယ်မျိုး ပေးနိုင်ပါသနည်း။

ထိုအချိန်မှာပင် လောထျန်းက ရေခဲပြင်ပေါ်၌ တင်ပျဥ်ခွေထိုင်ပြီး သူ့အသိစိတ်အား အသိပညာပင်လယ်ကြီးထဲသို့ ပို့လွှတ်ကာ ကောင်းကင်ဘုံ သိုင်းကျမ်း ကိုးခုကို ခေါ်ယူလိုက်သည်။

မျှော်လင့်ထားသလိုပင် .. ကောင်းကင်ဘုံ သိုင်းကျမ်းထဲမှ ​ကောင်းကင်ထိိန်းချုပ်အဆင့် ကျင့်စဥ်များက ပွင့်နေခဲ့လေပြီ ။

သူ ပထမဆုံး ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်အား ကြည့်လိုက်သည်။

ထို ပညာရပ်မှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရန် အသုံးပြုရသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ကျင့်ကြံရာတွင် ပထမဦးစားပေး ဖြစ်ပါ၏။

ကောင်းကင်ဘုံ သိုင်းကျမ်းကို ဖွင့်လိုက်သည်နှင့် လောထျန်း၏ အသိစိတ်ပင်လယ်ထဲမှ အလင်းတန်းများ တိုးထွက်လာကြသည်။

စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများကိုလည်း သူ ချက်ချင်းပင် ကျွမ်းကျင်တတ်မြောက်သွား၏။

ထို့နောက်တွင်မူ သူ့အသိစိတ်က မူလနေရာသို့ ပြန်ရောက်သွားသည်။

လောထျန်းအနည်းငယ် ပြုံးကာ ​ရေရွတ်လိုက်သည်။

" ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ် .. ရှူသွင်း ... "

သူ အသက်တစ်ခါ ရှူလိုက်သည်နှင့် သူ့ဘေးပတ်ဝန်းကျင်မှ စိတ်စွမ်းအင်များက ဆူနာမီလှိုင်းလုံးကြီး တစ်ခုသဖွယ် သူ့ထံသို့ တိုးဝင်လာ၏။

" ဟင် .. "

ထိုစဥ် ဘေးနားတွင် ရှိနေသည့် ဟွာယွိမှာ စိတ်စွမ်းအင် လှိုင်းလုံးကြောင့် လွင့်ထွက်မလိုပင် ဖြစ်သွားရပြီး အလွန်အံ့အားသင့်သွားသည်။

" ဒီကောင်လေး ... "

ဟွာယွိ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဥ်မှာပင် လောထျန်းက အသက်ရှူထုတ်ပြီး နောက်တစ်ကြိမ် ပြန်ရှုသွင်းနေသည်ကို တွေ့လိုက်ရ၏။

ဤတစ်ကြိမ် စိတ်စွမ်းအင် လှိုင်းကြီးက ယခင်ကထက်ပင် ပိုကြမ်းတမ်းကာ ကြောက်စရာ ကောင်းနေပါသေးသည်။

ပေပေါင်း ၇၀ ၊ ၈၀ ကျော် မြင့်သည့် စိတ်စွမ်းအင် လှိုင်းလုံးကြီးက  သူတို့ရှိရာဘက်သို့ တဟုန်ထိုး လာနေ၏။

" ဒီ ခွေးမျိုးလေး %$#%&  "

ဟွာယွိမျက်နှာထား ချက်ချင်းပြောင်းသွားကာ လှစ်ခနဲ ပြေးလိုက်ရတော့သည်။

ထိုနေရာတွင်သာ ဆက်နေနေပါက စိတ်ဝိဥာဥ်တစ်ယောက်ဖြစ်သည့် သူမသည်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်​သည် မဟုတ်ပါလား ။

တခဏအတွင်းမှာပင် ဟွာယွိတစ်ယောက် ပေထောင်ချီ အကွာအဝေးသို့ ပြေးထွက်သွားပြီး ရေခဲဂူအပြင်ဘက်သို့ ရောက်လာ၏။

" ဒီကောင်လေးက ဘယ်လိုလဲဟ "

သူမ တအံ့တသြ ရေရွတ်လိုက်သည်။

" ဒီ စိတ်စွမ်းအင်တွေက လုံးဝ ပုံမှန်မဟုတ်ဘူး ။ သူ ဒီလောက်အစွမ်းထက်နေတာ မထူးဆန်းတော့ပါဘူး။ ဒီလောက်အကွာအဝေး ဆိုရင်တော့ .. ဘေးကင်းလောက်မှာပါ "

သို့သော် .. သူမ ထိုသို့ ရေရွတ်နေစဥ်မှာပင် ..

ဝုန်း ..

သူမ ဘေးနားမှ စိတ်စွမ်းအင်များ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်၏။

ထို့နောက်တွင်မူ စိတ်စွမ်းအင်များက ကောင်းကက်ယံသို့ ထောင်တက်သွားပြီး အစောကထက်ပင် ပိုကြောက်စရာကောင်းသည့် စိတ်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖြစ်သွားပြန်သည်။

ဟွာယွိမှာ ထို လှိုင်လုံး၏ အလယ်ထဲ ရောက်သွားရပြန်သည်။

" မဖြစ်နိုင်ဘူး  ... "

ဟွာယွိ မည်သို့မှ မတတ်နိုင်ဘဲ ထွက်ပြေးလိုက်ရပြန်၏။

ထို့နောက်တွင်မူ ..

ဝုန်း ...

ကြောက်မက်ဖွယ် လှိုင်းလုံးကြီး ကျလာပြီး ရေခဲပြင်တစ်ခုလုံး တုန်ခါလာတော့သည်။

" ဒီကောင်လေးက .. တော်တော် မယုံနိုင်စရာ ကောင်းတာပဲ "

ဟွာယွိ ထွက်ပြေးနေရင်း နောက် လှည့်ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

သို့သော် ...

ဝုန်း ...

ထိုစဥ်မှာပင် သူမ အနီးတဝိုက်မှ စိတ်စွမ်းအင်များ မငြိမ်မသက် ဖြစ်လာပြန်၏။

" လာပြန်ပြီလား .. "

ဟွာယွိ မျက်ခုံးပင့်သွားကာ ထပ်​ပြေးလိုက်ပြန်သည်။

ယခုတစ်ကြိမ် စိတ်စွမ်းအင် လှိုင်းလုံးကြီးမှာ ယခင်ထက်ပင် ပိုကြီးဟန် တူပေရာ သူမ မထွက်ပြေး၍လည်း မရပါချေ။

သူမ မပြေးဘဲ နေရာတွင်သာ ဆက်နေပါက သူမ၏ ဓားခန္ဓာကိုယ်သည်ပင် ပျက်စီးသွားမည် စိုးရပါ၏။

သို့ဖြစ်သွားခဲ့လျှင် .. သူမ အန္တရာယ်နှင့် ကြုံရပေလိမ့်မည်။

" ဒီ &$# .. ဒီ ကောင်က တကယ့်ကို လူထူးဆန်းပဲ ။ သူ ကျင့်ကြံတာကို ကြည့်ရုံနဲ့တောင် အသက်အန္တရာယ်နဲ့ ကြုံရတယ်လို့ "

ဟွာယွိ ထွက်ပြေးနေရင်း ဒေါသတကြီး ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သူမ မိုင်ရာပေါင်းများစွာ အကွာအဝေးအထိပင် ထွက်ပြေးသွားလိုက်၏။

ဝုန်း ... ဝုန်း ... ဝုန်း ...

သူမ နောက်မှ ဆက်တိုက် ရိုက်ခတ်နေခဲ့သည့် လှိုင်းလုံးကြီးများလည်း နောက်ဆုံး ရပ်တန့်သွားလေပြီ။

" အားလုံး ပြီးသွားပြီလား .. "

တိတ်ဆိတ်ငြိမ်သက်နေသည့် ရေခဲပြင်ကို ကြည့်ကာ သူမ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ဟင် .. ခဏနေဦး .. "

ထိုအချိန်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ဟွာယွိ ရုတ်တရက် သတိထားမိသွား၏။

သူမ မျက်လုံးမှိတ်ပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။

ထို့နောက်တွင်မူ သူမ၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွားကာ အလန့်တကြား အော်လိုက်၏။

" ချီး ... မဖြစ်နိုင်ဘူး ... "

သူတို့ ဤရေခဲပြင်သို့ ရောက်စတွင် စိတ်စွမ်းအင်များ သိပ်သည်းမှုက အံ့သြဖွယ် ကောင်းလောက်အောင် အလွန်အားကောင်းနေခဲ့သော်လည်း ..

ယခုတွင်မူ .. လေထဲတွင် စိတ်စွမ်းအင်များ မရှိသလောက် ကုန်ခမ်းနေလေပြီ ။

" ဒီကောင်လေးက .. စိတ်စွမ်းအင်တွေအားလုံးကို စုပ်ယူခဲ့တာလား "

သူမ မျက်နှာကြီး ရှုံ့မဲ့သွား၏။

သူမသည် အစပိုင်းတွင် ဤနေရာအား နတ်ဘုရားနန်းတော်မှ လူများ ကျင့်ကြံရန်နေရာတစ်ခုအဖြစ် သုံးမည်ဟု စဥ်းစားထားခဲ့သေးသော်လည်း ...

ယခုကဲ့သို့ ဖြစ်သွားမည်ဟု မည်သူ ထင်ပါမည်နည်း။

" ဒီကောင်လေးက ... ဘယ်လို ဘီလူးမျိုးလဲ ။ သူက တကယ်ကြီး မသေမျိုးအဆင့်ကို ရောက်သွားပြီလား .. "

သူမ ခေါင်းထဲတွင်လည်း မေးခွန်းများစွာ ပေါ်လာသည်။

ထိုစဥ် တဖက် ရေခဲပြင်မှ လောထျန်း၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာကြသည်။

" အင်း ကောင်းကင် ထိန်းချုပ်အဆင့် ၉ ကိုတော့ ရောက်သွားတာပဲ .. မဆိုးဘူး "

သူ ခေါင်းအသာ ညိတ်လိုက်၏။

" နောက်ထပ် .. ကောင်းကင်ဘုံ ခန္ဓာကိုယ် သန့်စင်ခြင်းပညာကို ဆက်လေ့ကျင့်ရမယ် "

သူ ပြောပြောဆိုဆိုပင် အသက်ပြင်းပြင်းရှိုက်၍ စလေ့ကျင့်လိုက်သည်။

သူ စတင်လေ့ကျင့်လိုက်သည်နှင့် သူ့ကိုယ်ပေါ်မှ အရှုပ်အထွေး အလင်းတန်းက လင်းလက်လာပြီး သူ့ လှုပ်ရှာမှုများနှင့်အညီ တုန့်ပြန်နေ၏။

ဝေါင်း ....

သူ့အနောက်ဘက်မှ နဂါးအော်သံ တစ်ခုလည်း ထွက်လာသည်။

ထို့နောက် အစိမ်းရောင် မသေမျိုးနဂါးတစ်ကောင်၏ မှိန်ဖျော့ဖျော့အရိပ်လည်း ပေါ်လာ၏။

" တော်တော် ထူးဆန်းတဲ့ ခံစားမှုပါလား .. ။ တစ်ခုခု ကို လှုပ်နိုးနိုင်တော့မလို ခံစားနေရပေမယ့် ... နည်းနည်းလေး လက်လှမ်း မမှီသလိုလဲ ဖြစ်နေတယ် "

လောထျန်း ​မျက်မှောင်ကြုံ့ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက်တွင်မူ သူ ဆက်တွေးမနေတော့ဘဲ ကျင့်ကြံစရာ ရှိသည််ကိုသာ ဆက်ကျင့်ကြံနေလိုက်၏။

သို့သော် .. ဤတစ်ကြိမ်တွင်မူ အစိမ်းရောင် နဂါးအရိပ် ပေါ်မလာတော့ပေ။

ဤသို့ဖြင့် မကြာမီအချိန်မှာပင် သူ ကောင်းကင်ထိန်းချုပ်အဆင့်၏ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရပ်များအား ကျွမ်းကျင်တတ်မြောက်သွားတော့၏။

သူ့ခန္ဓာကိုယ်မှာလည်း ယခင်ကထက် များစွာ ပိုအစွမ်းထက်လာသည်ကို လောထျန်း ခံစားလိုက်ရသည်။

ထို့နောက်တွင်မူ ကောင်းကင်ဘုံ သိုင်းကျမ်းထဲမှ အခြားသော သိုင်းပညာရပ်များအား သူ ဆက်လေ့ကျင့်လိုက်၏။

သူ ထိုသိုင်းပညာရပ်များကို တတ်မြောက်သွားသည့် အမြန်နှုန်းမှာလည်း ကြောက်မက်ဖွယ် ကောင်းလှပြီး မယုံနိုင်စရာပင်။

နောက်ဆုံးတွင်မူ .. သူ မလေ့ကျင့်ရသေးသည့် အရာဆို၍ ကောင်းကင်ဘုံ ဓာသိုင်းတစ်ခုတည်းသာ ကျန်ပါတော့သည်။

ထိုစဥ် .. ဟွာယွိက ခပ်လှမ်းလှမ်းမှ နေ၍ လောထျန်းရှိရာဘက် စိုက်ကြည့်နေ၏။

အမှန်တွင်မူ သူမ ၏ စိတ်စွမ်းအင်များ များစွာပင် ကုန်ခမ်းသွားရသဖြင့် ပြန်ကြဖို့ ပြောရန် လာခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် သူမ အနားကပ်ရန် ပြင်လိုက်စဥ်မှာပင် လောထျန်း ကျင့်ကြံသည့်အချိန် သူ့ကိုယ်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် ဖိအားကြောင့် သူမ ရှေ့ဆက်မတိုးရဲဘဲ နေရာတွင်သာ ရပ်နေရ၏။

သူမ အသိဉာဏ် ရလာသည့် အချိန်မှစ၍ ယခုကဲ့သို့ မြင်ကွင်းမျိုးကို မြင်ဖူးသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ပါသည်။

သူမသည် ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုသာမက ကမ္ဘာပေါ်တွင် ရှိကြသော မသေမျိုးများကြားမှ တိုက်ပွဲကိုလည်း ကြုံဖူးခဲ့သူတစ်ယောက်ဖြစ်၏။ သို့သော် .. မည်သည့်အရာကမှ သူမကို နောက်ဆုတ်သွားရန် မစွမ်းဆောင်နိုင်ခဲ့ကြပါ။

ယခု လောထျန်းကမူ .. သာမာန် ကျင့်ကြံနေစဥ်တွင်ပင် သူမ ကြောက်လွန်း၍ အနားမကပ်ရဲသည်အထိ ဖြစ်ခဲ့ရသည်။

" ဒီ ဘီလူးက .. ဘာတွေ လုပ်နေတာလဲ "

သူမ လောထျန်းအား ဘီလူးဟု ခေါ်ရသည်မှာ တစ်ကြိမ် မကတော့ပါချေ။

ထိုအချိန်မှာပင် ...

ချွှင် ..

ခပ်လှမ်လှမ်းမှ ဓားစွမ်းအင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်လာ၏။

ထို ဓားစွမ်းအင်ကို မြင်သည်နှင့် ဟွာယွိတစ်ကိုယ်လုံး တုန်ယင်သွားရသည်။

" ဒါ ... "

သူမ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွား၏။

သူမသည် ဓားဝိဥာဥ်တစ်ယောက် ဖြစ်သည့်အတွက် ဓားတစ်လက်အဖို့ အဓိက အကျဆုံးအရာမှာ အမိန့် နာခံရန် ဆိုသည်ကို သေချာ သိထားပြီး ဖြစ်ပါသည်။

ယခု သူမ မြင်လိုက်သည်မှာ သာမာန် ဓားစွမ်းအင်တစ်ခုသာ ဖြစ်သော်လည်း သူမစိတ်ထဲတွင် ၎င်းအား အလွန်ရိုသေလေးစား စိတ် ပေါ်လာရ၏။

ဓားဝိဥာဥ်တစ်ခုကို ကြောက်အောင် လုပ်ရန်မှာ ဤမျှ မခက်ခဲလှပါချေ။ ၎င်းထက် ပိုအစွမ်းထက်ရုံနှင့်ပင် ရပါသည်။

သို့သော် .. သူမကို ယခုကဲ့သို့ ရိုသေလေးစားစိတ် ဖြစ်လာအောင် လုပ်ရန်မှာမူ အလွန်ခက်ခဲသည့် အရာတစ်ခု ဖြစ်ပါသည်။

ထိုသို့ ဖြစ်ရန်ဆိုလျှင် .. တဖက်လူအနေဖြင့် ဓားပညာရပ် အကြောင်းကို သူမထက်ပို၍ များစွာ နားလည်ထားရန် လိုပါ၏။

သို့သော် သူမသည် မသေမျိုးတစ်ယောက်၏ ဓားဝိဥာဥ်တစ်ခု ဖြစ်ရာ ..ဓားအကြောင်းကို သူမ နားလည်သည်ထက် ပိုနားလည်ရန် လုံးဝ မလွယ်သည်မှာ ပြောနေစရာပင် မလိုပါ။

ချွင် ... ချွင် ... ချွင် ..

ထိုစဥ် တဖက်တွင် မြောက်များစွာသော ဓားစွမ်းအင်များက တချွင်ချွင် မြည်သံပေးပြီး ထွက်ပေါ်လာကြသည်။ ထိုဓားစွမ်းအင် တစ်စုစီတိုင်း၏ အစွမ်းမှာလည်း ယခင်ထက် တစ်ခုပြီးတစ်ခု ပို၍ ကြောက်စရာ ကောင်းနေ၏။

" ဒါ ... "

ထိုမြင်ကွင်းကို ကြည့်ကာ ဟွာယွိတစ်ယောက် အံ့သြတုန်လှုပ်နေတော့သည်။

သူမ၏ အကြည့်ကလည်း လောထျန်း ရှိသည့်ဘက်သို့သာ ကျနေပြီး လုံးဝ နေရာမရွှေ့ချေ။

All Chapters