ဟွာယွိ အဆင့်တက်သွားခြင်း
Vol. 21 Ch. 284
လောထျန်း ဓားတစ်ချက် လွှဲလိုက်တိုင်း ဓားစွမ်းအင်က ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်တော့မည့်အလား တုန်ခါနေသည်။
ထိုတုန်ခါမှုမှ မသေမျိုး တေးသွားတစ်ပုဒ် ထွက်ပေါ်လာပြီး လေထဲ ပျံ့လွင့်လာ၏။
အပြင်လူများအတွက်မူ ၎င်းကို အလွန် ကြောက်စရာကောင်းပြီး အားပြင်းသည်ဟုသာ ထင်ကြမည် ဖြစ်သော်လည်း ...
ဓားဝိဥာဥ်တစ်ယောက်ဖြစ်သည့် ဟွာယွိအတွက်မူ ထိုသို့ မဟုတ်ပါချေ။
လောထျန်းက ဓားတစ်ချက် ယမ်းလိုက်တိုင်း သူမအတွက် အခွင့်ရေးကောင်းကြီး ဖြစ်နေ၏။
ဓားဝိဥာဥ်တစ်ယောက်သည် အစွမ်းထက်သည် မှန်သော်ငြား ကျင့်ကြံခြင်းတွင် တိုးတက်မှုရရန် အလွန်ခက်ခဲပါသ ည်။
အချို့ ဓားဝိဥာဥ်များဆိုလျှင် သေဆုံးရသည့် အချိန်ထိတိုင် မည်သို့သော တိုးတက်မှုမှ မရဘဲ ရှိတတ်ကြပါသေးသည်။
သို့သော် ..ယခုမူကား လောထျန်း ဓားတစ်ချက် ယမ်းလိုက်တိုင်း သူမ၏ အစွမ်း တိုးတက်လာသည်ကို ဟွာယွိ ခံစားမိနေ၏။
လောထျန်းက သူ့နောက်ဆုံး ဓားသိုင်းကွက်အား လေ့ကျင့်ပြီးသွားသည့် အချိန်တွင်မူ ...
ဝုန်း ...
ဟွာယွိကိုယ်မှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု ထွက်လာတော့သည်။
" ဟမ် .. "
ခပ်လှမ်းလှမ်းမှ ဓားကို ပြန်သိမ်းနေသည့် လောထျန်းမှာ ထိုအစွမ်းကို ခံစားမိသွားကာ အနည်းငယ်လန့်သွား၏။
သူ ချက်ချင်း တစ်စုံတစ်ခုကို တွေးမိသွားပြီး ဟွာယွိရှေ့သို့ တည်နေရာရွှေ့ပြောင်းလိုက်သည်။
" ဟင် .. သူက.. "
ဟွာယွိရှေ့ ရောက်မှသာ သူမကိုယ်မှ ဓားစွမ်းအင်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်နေသည်ကို လောထျန်း တွေ့သွားပြီး အံ့အားသင့်သွားသည်။
ဟွာယွိ၏ ကိုယ်အရောင်အဝါကလည်း ချက်ချင်းပင် တိုးလာ၏။
သူမ၏ ရုပ်ရည်သွင်ပြင်မှာလည်း တခဏအတွင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသည့်အလား ရုတ်ချည်း ပြောင်းလဲသွားသည်။
" ဟူး .... "
စိတ်စွမ်းအင် အလင်းတန်းများ မှိန်ဖျော့ ပျောက်ကွယ်သွားသည့် အချိန်မှသာ ဟွာယွိ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမအသွင်မှာလည်း အလွန်ပျော်ရွှင်နေဟန်ပင် ။
သူမ နောက်တစ်ဆင့်သို့ အမှန်တကယ်တက်သွားခဲ့ရလေပြီ ....
ထို့နောက် သူမ မျက်လုံးဖွင့်လိုက်သည့် အချိန်တွင်မူ ရှေ့ရောက်နေသည့် လောထျန်းအား တွေ့သွား၏။
" ကျေးဇူတင်ပါတယ် သခင်လေး "
ဟွာယွိက သူ့အား ချက်ချင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။
လောထျန်းမှာ ၎င်းကိုကြည့်ကာ အံ့သြမှင်သက်နေ၏။
ဟွာယွိသည် စတွေ့ကတည်းက သူ့အား ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့သည့်တိုင် အနည်းငယ် မောက်မာကာ ထီမထင်ဟန် ရှိသည်ကို သူ သတိထားမိခဲ့ပါသည်။
သို့သော် .. ယခု သူမ၏ သူ့အပေါ် ဆက်ဆံပုံက ယခင်နှင့် လုံးဝ ကွဲသးခဲ့လေပြီ ။
သူ့ ကောင်းကင်ဘုံ ဓားသိုင်းက ဟွာယွိအား ထိုသို့ဖြစ်သွားအောင် လုပ်လိုက်နိုင်ခြင်း ဖြစ်သည်ကိုမူ သူ မသိပါချေ။
ဓားဝိဥာဥ်တစ်ယောက်ဖြစ်သည့် ဟွာယွိမှာလည်း လောထျန်း၏ ဓားလေ့ကျင့်ပုံကို မြင်ပြီးသည်နှင့် မနေနိုင်တော့ဘဲ သူ့အပေါ် လေးစားစိတ် ဖြစ်သွားခဲ့ရ၏။
" ဘာ .. ဘာဖြစ်လို့ ကျုပ်ကို ကျေးဇူးတင်နေရတာလဲ "
လောထျန်းက သံသယ မကင်းသည့် မျက်လုံးများဖြင့် ကြည့်ပြီး မေးလိုက်သည်။
ဟွာယွိက ဦးညွှတ်နေရင်းပင် ပြန်ဖြေ၏။
" ကျွန်မ ခုနက သခင်လေး ဓားလေ့ကျင့်နေတာကို ကြည့်ရင်း မသိသေးတဲ့ အရာတွေ အများကြီး သိခဲ့ရပါတယ်။ ဒါက ကျွန်မအစွမ်းကို တိုးတက်အောင် ကူညီပေးလိုက်တာမို့ သခင်လေးကို ကျေးဇူးတင်ရတာပါ "
မျှော်လင့်မထားသည့် စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားရသည်။
" ကျုပ် ဓားလေ့ကျင့်တာကို ကြည့်တာနဲ့ပဲ အဲ့လိုမျိုး ဖြစ်သွားနိုင်တယ်လား .. "
ဟွာယွိက ခေါင်းညိတ်ပြသည်။
" သခင်လေးရဲ့ ဓားသိုင်းကွက်တွေက ကျွန်မ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ ။ သခင်လေး ဓားရေး လေ့ကျင့်တာကို ကြည့်ရတာကိုက ကျွန်မလို ဓားဝိဥာဥ်တွေအတွက် အခွင့်ကောင်းကြီး တစ်ခုပါပဲရှင် "
လောထျန်း အံ့အားသင့်သွားပြီး ထပ်မေးလိုက်သည်။
" ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. "ခင်ဗျားရဲ့ လက်ရှိ အစွမ်းက ဘယ်လောက်လဲ "
ဟွာယွိက ခေတ္တမျှ စဥ်းစားပြီး ပြန်ဖြေ၏။
" တကယ်လို့ အခုချိန်သာ မိုးကြိုးဘုရင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် .. ကျွန်မ သူ့ကို တိုက်ခိုက်နိုင်လောက်တယ် ။ တစ်နည်း ပြောရရင်တော့ သာမာန် မသေမျိုးအဆင့် ပေါ့ရှင် "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားသည်။
သူ နည်းနည်း ကျင့်ကြံသည်ကို ကြည့်ကာ မသေမျိုးအဆင့်သို့ ရောက်သးသတဲ့လား ...
အကယ်၍ ဓားဝိဥာဥ်များစွာကို ခေါ်ပြီး သူ လေ့ကျင့်သည်ကို ကြည့်ခိုင်းလိုက်ပါက ထို ဓားဝိဥာဥ်များအားလုံး မသေမျိုးအဆင့်သို့ ရောက်သွားနိုင်ပါသည်လား ။
လောထျန်းသည် စိတ်ထဲတွင် အစီအစဥ် ကြိတ်ဆွဲနေရင်း သူ့အကြံအစည်သူ ဂုဏ်ယူလာသဖြင့် ရုတ်တရက် အသံထွက်၍ပင် ရယ်မိသွား၏။
" ဘာဖြစ်လို့လဲ သခင်လေး .. "
ဟွာယွိက သူ့အား နားမလည်နိုင်စွာ ကြည့်သည်။
လောထျန်းမှာ ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ပြော၏။
" ကဲ ..အခု ကျုပ်တို့ အာတိတ်ရေခဲပြင်ကိစ္စကို အဖြေရှာလို့လဲ ပြီးသွားပြီဆိုတော့ .. လောလောဆယ် ပြန်ကြတာပေါ့ဗျာ "
ဟွာယွိကလည်း ခေါင်းညိတ်ပြကာ သူနှင့်အတူ ထွက်ခွာလာခဲ့သည်။
ယခု လက်ရှိတွင် သူမသည် လောထျန်း၏ စကားများ အားလုံးကို နာခံနေပြီဟဟု ပြော၍ ရပါ၏။
ထို့နောက်တွင်မူ .. လိုင်ထင်၏ မှတ်ဉာဏ်ထဲတွင် ရှိသော ရေခဲပြင်တစ်နေရာမှ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံး၍ သူတို့ နတ်ဘုရားမြို့တော်သို့ ပြန်သွားလိုက်ကြသည်။
ပြန်ရောက်သွားပြီးနောက် လောထျန်းနှင့် ဟွာယွိတို့က ရေခဲပြင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို အတိုချုံ့၍ ပြောပြ၏။
သူတို့ စကားများကို ကြားသည်နှင့် မြို့စားကြီး သုံးယောက်လုံး အလွန် အံ့အားသင့်သွားကြသည်။
" လက်ချောင်းအရိုးကိစ္စက တကယ်ကြီး မှန်နေတာလား ။ ဒါဆို .. ကျုပ်တို့ကမ္ဘာက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုအပြင် ၊ ရှေးခေတ်က ဖြစ်ခဲ့သလို ကမ္ဘာပျက် ကပ်ဘေးကြီးနဲ့ပါ ကြုံရဦးမှာပေါ့ .. "
ရှန့်လင်ကျိုးက တုန်လှုပ်စွာ ဆိုသည်။
စီမာထျန်းချန်မှာလည်း မျက်နှာတည်ကြီးဖြင့် ရှိနေ၏။
ထိုရှေးခေတ်က ကမ္ဘာပျက်ကပ်ကြီးနှင့် ပတ်သက်သည့် မည်သို့သော အထောက်အထား မှတ်တမ်းမျိုးကို မှ သူတို့ မမြင်ဖူးကြပါ။ ၎င်းက ရှေးဟောင်းစာအုပ်များ နှင့် သမိုင်းစာအုပ်များတွင် လုံးဝ ရှိမနေပေ။
သို့သော် .. ပြန်စဥ်းစားကြည့်လျှင်လည်း ထိုကပ်ဘေးကြီးကြောင့် သူတို့ကမ္ဘာမှ အရာများ အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရပြီး ကမ္ဘာပေါ်မှ မသေမျိုးများသည်ပင် မရှင်သန်နိုင်ခဲ့ကြရာ .. ထိုသို့ မှတ်တမ်း မရှိသည်က သဘာဝ ကျပါသည်။
၎င်းကို ကြည့်ခြင်းဖြင့်ပင် ထိုကပ်ဘေးကြီးက မည်မျှဆိုးရွားကြောင်း သိနိုင်ပါ၏။
ယခု ထိုကပ်ဘေးကြီး တစ်ကြော့ပြန်လာတော့မည့် လက္ခဏာများ ပေါ်နေသည်ဖြစ်ရာ သူတို့ မစိုးရိမ်ဘဲ မည်သို့ နေပါမည်နည်း။
" အရမ်းကြီးလဲ စိတ်ပူမနေကြပါနဲ့ ။ ဟိုစကားပုံလိုပေါ့ .. အသက် သေခြင်း ရှင်ခြင်းဟာ ကံတရားနဲ့ပဲ ဆိုင်တယ်တဲ့ ။ အဲ့တော့ ဒီလိုအရာတွေကို တွေးပြီး ပူပန်သောကရောက်နေလဲ အပိုပဲ ။ ငါတို့ တတ်နိုင်သမျှ အကောင်းဆုံးသာ ကြိုးစားကြတာပေါ့ ။ နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမယ်ဆိုတာကတော့ ငါတို့ ထိန်းချုပ်လို့ရတဲ့အရာမှ မဟုတ်တာ "
ဟွာယွိက ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မြို့စားကြီး သုံးယောက်လုံး ချက်ချင်း ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
" ဟုတ်ကဲ့ပါ ၊ ကျုပ်တို့ သခင်မကြီး ဟွာယွိရဲ့ အမိန့်ကို ခံပါ့မယ် .. "
ထိုစဥ် စီမာထျန်းချန်က ဟွာယွိကို ကြည့်ကာ ရုတ်တရက် တအံ့တသြ မေးလာ၏။
" သခင်မကြီး ဟွာယွိ ၊ သခင်မကြီးရဲ့ ကျင့်ကြံခြင်းက အဆင့်တက်သွားတာလား .. "
သူ့စကားကြောင့် ကျန် မြို့စား နှစ်ယောက်လုံးကလည်း ဟွာယွိအား လှမ်းကြည့်လိုက်ကြသည်။
ဟွာယွိ၏ အရောင်အဝါနှင့် ရုပ်ရည်သွင်ပြင်က ယခင်ကနှင့် မတူဘဲ အနည်းငယ် ပြောင်းလဲနေသည်ကိုလည်း သူတို့ ထိုအချိန်မှသာ သတိထားမိသွားကြ၏။
ဟွာယွိက သက်ပြင်းချ၍ ပြန်ပြောသည်။
" အမှန်ပဲ ၊ အရင်ကထက် နည်းနည်း ပိုတိုးတက်လာတယ် "
သူမက မည်သို့သောအကြောင်းကြောင့် တိုးတက်လာရသည်ကိုပါ တစ်လက်စတည်း ရှင်းပြလိုက်သည်။
" ဘယ်လို .. သခင်မကြီးရဲ့ ကျင့်ကြံခြင်းက မသေမျိုးအဆင့်ကို ရောက်သွားပြီ ... ပြီးတော့ သခင်လေးလောထျန်း ဓားရေး လေ့ကျင့်နေတာကို ကြည့်ရုံနဲ့တင် တိုးတက်သွားခဲ့တာ .. "
မြို့စားကြီး သုံးယောက်မှာ မိမိနားကို မိမိ မယုံနိုင်ဘဲ လောထျန်းအား အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။
ဟွာယွိ အဆင့်တက်ခြင်းမှာ အမှန်တကယ် ကြောက်စရာကောင်းသည် မှန်သော်လည်း ...
သူမကို အဆင့်တက်အောင် ကူညီပေးလိုက်နိုင်သူက ပို၍ ကြောက်စရာ ကောင်းပါသည်။
" ဟူး ... ကျုပ်လဲ မသေမျိုးအဆင့်ကို ဘယ်တော့မှ ရောက်နိုင်မလဲ မသိတော့ပါဘူး '
ချူကျင်းထောင်က အောင့်သက်သက်မျက်နှာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်သည်။
ကျန်မြို့စားနှစ်ယောက်လည်း သက်ပြင်းများ ကိုယ်စီချကာ ခေါင်းယမ်းလိုက်ကြ၏။
ထိုစဥ် နံဘေးမှ ကြည့်နေသည့် လောထျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာသည်။
" မြို့စားကြီးတို့ .. ကျုပ် မြို့စားကြီးတို့ကို ဖြေစေချင်တဲ့ မေးခွန်းတစ်ခု ရှိတယ် "
" သခင်လေးက ယဥ်ကျေးလွန်းနေပါပြီဗျာ။ သခင်လေး မေးချင်တာကိုသာ စိတ်ကြိုက်မေးပါ ။ ကျုပ်တို့ သိသမျှ ပြန်ဖြေပါ့မယ် "
ရှန့်လင်ကျိုးမှာ လောထျန်းရှေ့တွင် မောက်မောက်မာမာ မပြုမူရဲဘဲ တလေးတစား ပြန်ပြောလိုက်သည်။
လောထျန်းက မြို့စားသုံးယောက်အား တစ်ချက်ဝေ့ကြည့်ကာ မေး၏။
" မြို့စားကြီးတို့ သုံးယောက်လုံးက ကောင်းကင်ဘုံ တံခါးဝအဆင့် ထိပ်ဆုံးမှာ ရောက်နေပြီးသား လူတွေလေ ။ မသေမျိုးတစ်ယောက် ဖြစ်ချင်ရင် ..ဘာလို့ ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး ပိုမြင့်တဲ့အဆင့်က်ု မတက်ကြတာလဲ "
အစိမ်းရောင်ဘိုးဘေး၏ စကားမှတဆင့် ပိုမြင့်သည့်အဆင့်တွင် မသေမျိုးတစ်ယောက် ဖြစ်ရန်မှာ ဤကမ္ဘာတွင် မသေမျိုး ဖြစ်လာခြင်းထက် များစွာ ပိုလွယ်သည်ကို သူ သိထားရသည် မဟုတ်ပါလား ။
သူ့အမေးကို ကြားသောအခါ ရှန့်လင်ကျိုးက အောင့်သက်သက်ပြုံး၍ ပြန်ဖြေသည်။
" တကယ်တော့ ဒီကိစ္စက အင်မတန်ကို ရိုးရှင်းတယ်ဗျ "
" ဒီ ကမ္ဘာက ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူတွေက ပိုမြင့်တဲ့အဆင့်ကို လွယ်လွယ်နဲ့ မတက်ချင်ရတဲ့ အဓိက အကြောင်းရင်းကြီး နှစ်ခု ရှိတယ်။ ပထမတစ်ခုကတော့ လူတော်တော်များများက ဒီကမ္ဘာက သူတို့ရဲ့ မိသားစုတွေ ၊ ဂိုဏ်းတွေ နဲ့ အမွေအနှစ်တွေကို မစွန့်လွတ်နိုင်ကြလို့ပဲ ။ သူတို့က မိသားစုဝင်တွေ ၊ ဂိုဏ်းသူ ဂိုဏ်းသားတွေရဲ့ တိုးတက်မှုကို နောက်တစ်ရက်လောက် ထပ်ကာကွယ်ပေးဦးမယ်ဆိုတဲ့ စိတ်နဲ့ပဲ တစ်ရက်ပြီးတစ်ရက် မခွာနိုင်ဘဲ ဖြစ်နေရတာ "
လောထျန်းက သဘောတူစွာ ခေါင်းညိတ်သည်။
ဤကမ္ဘာတွင် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရှိထားပါက ထိုသူ၏ မိသားစု သို့မဟုတ် ၊ ဂိုဏ်း၏ တိုးတက်မှုမှာလည်း ပိုအဆင်ချောသည် မဟုတ်ပါလား ။
ရှန့်လင်ကျိုးက စကားဆက်၏။
" နောက် ဒုတိယအကြောင်းရင်းကတော့ ပိုမြင့်တဲ့အဆင့်ကို တက်တာက အန္တရာယ်များလွန်းလို့ပဲ "
" အန္တရာယ်များတယ် ..."
စီမာထျန်းချန်က စကားဝင်ထောက်သည်။
" အမှန်ပဲဗျ ၊ ပိုမြင့်တဲ့အဆင့်ကို တက်နေတဲ့အချိန်က ပြဿမရှိပေမယ့် .. အဲ့အဆင့်က လူတွေကတော့ အင်မတန် အန္တရာယ်များတယ် "
" ဒီကမ္ဘာမှာတော့ ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံခြင်း ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က တကယ့်ကို ဆရာကြီးပေါ့ဗျာ ။ ဒီလိုအဆင့်နဲ့ လူကို ဘိုဘေးအဖြစ် သတ်မှတ်ပြီး အားလုံးကလဲ ကြောက်ကြရတယ် "
" ဒါပေမယ့် .. ပိုမြင့်တဲ့အဆင့်ကို ရောက်သွားတာနဲ့ ကောင်းကင်ဘုံ တံခါးဝအဆင့်ဆိုတာ ဘာမှ မဟုတ်တော့ဘူး ။ ဟိုး လွန်ခဲ့တဲ့ နှစ်တော်တော်ကြာတုန်းက ဒီ ကမ္ဘာက သခင်ကြီးတစ်ယောက်က ပိုမြင့်တဲ့အဆင့်ကို တက်သွားပြီး တော့ အဲ့မှာ ဆင်းရဲဒုက္ခတွေ ရောက်လွန်းလို့ ဒီကမ္ဘာကို ပြန်ဆင်းလာခဲ့ဖူးတယ်ဗျ "
" အဲ့ဒီ သခင်ကြီးက ဒီကမ္ဘာရဲ့ မသေမျိုးအောက်က ကျင့်ကြံသူတွေထဲမှာ အကောင်းဆုံး သခင်ကြီးပဲ။ သူက အင်မတန် မာန်မာနကြီးပြီး အင်မတန်လဲ အစွမ်းထက်တဲ့သူပေါ့ဗျာ ။ သူက မသေမျိုးတစ်ယောက် ဖြစ်လာဖို့ ပိုမြင့်တဲ့အဆင့်ကို တက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တာ။ ဒါပေမယ့် သူ အဲ့လိုလဲ တက်ပြီးသွားရော ဘာဆက်ဖြစ်တယ်ဆိုတာ ခန့်မှန်းကြည့်ပါဦး .. "
စီမာထျန်းချန်က ပဟေဠိတစ်ခု သဖွယ် မေးခွန်းထုတ်လိုက်သည်။