တောက်ဟွန်းမြို့
Vol. 21 Ch. 285
လောထျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ဖြေသည်။
" သူ့ကို ဖမ်းပြီး ကျောက်သွားတူးခိုင်းတာများ ဖြစ်နေမလား... "
စီမာထျန်းချန်က အံ့သြတကြီး ပြန်မေး၏။
" သခင်လေးက ဒီကိစ္စကို တကယ်ကြီး သိနေတာလား ... "
" ဟင် .. အဲ့အတိုင်း တကယ်ကြီး ဖြစ်သွားခဲ့တာလား "
လောထျန်း ပြန်အံ့အားသင့်သွားရသည်။
စီမာထျန်းချန်က ပြန်ပြော၏။
" အဲ့ဒီ သခင်ကြီးရဲ့ စကားအရဆိုရင် တချို့ တက်သွားတဲ့သူတွေကို တကယ်ကြီး ဖမ်းပြီး မသေမျိုးသတ္ထုရိုင်းတွေ တူးခိုင်းတာတဲ့ဗျ ။ ဒါပေမယ့် အဲ့ဒီ သခင်ကြီးကတော့ သတ္ထုမတူးခဲ့ရဘူး ။ သုက ပိုဆိုးနဲ့ ကံကြမ္မာနဲ့ ကြုံခဲ့ရတာ ။ သူ ပိုမြင့်တဲ့အဆင့်ကို တက်တက်ချင်းမှာပဲ အဖမ်းခံရပြီးတော့ ကျွန်အဖြစ် ခိုင်းတာကို ခံခဲ့ရတယ်တဲ့ '
" ကျွန် ..ဟုတ်လား "
လောထျန်း အလွန်အံ့အားသင့်သွားရသည်။
စီမာထျန်းချန်က သက်ပြင်းချ၏။
" ဟုတ်တယ်ဗျ ၊ အရင်က သခင်ကြီး တစ်ယောက်အဖြစ်နဲ့ ကိုးကွယ်ခံခဲ့ရတဲ့သူက ရုတ်တရက် ကျွန်အဖြစ် ရောက်သွားခဲ့ရတာပေါ့ဗျာ။ သူ ခံစားရတဲ့ ဒုက္ခက ဘယ်လောက်ကြီးမယ်ဆိုတာ မှန်းကြည့်လို့တောင် ရတယ် ။ ဒါပေမယ့် သခင်ကြီးက ကံကောင်းပြီးတော့ ထွက်ပြေးဖို့ အခွင့်အရေး ရှာတွေ့သွားခဲ့တယ် ။ ပြီးတော့ အဲ့ချိန် နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲဖြစ်တဲ့ ကမ္ဘာရွှေ့တဲ့အချိန်နဲ့လဲ တိုက်ဆိုင်နေတာမို့ သူ ဒီကမ္ဘာကို ပြန်ရောက်လာနိုင်ခဲ့တယ်ဗျ "
" ဒီကမ္ဘာကနေ ပိုမြင့်တဲ့အဆင့်ကို တက်ဖို့က လွယ်ပေမယ့် အဲ့ကနေ ဒီကမ္ဘာကို ပြန်ဆင်းဖို့ကတော့ အင်မတန်မှကို ခက်တယ် ။ အဲ့ဒီ သခင်ကြီး ပြန်ဆင်းလာနိုင်တာတောင် ကောင်းကင်ဘုံက ကောင်းချီးပေးလို့ လို့ ပြောရမှာပေါ့ "
" ဒါတောင်မှ သူ ပြန်ရောက်လာတဲ့အခါ အသက်အန္တရာယ်နဲ့ ကြုံနေရပြီ ။ အဲ့လိုနဲ့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူ သေသွားခဲ့ရတာပဲ။ ဒါပေမယ့် သူက ပိုမြင့်တဲ့အဆင့်ကနေ သတင်းတချို့တော့ ပြန်ယူလာနိုင်ခဲ့တယ် "
" ပိုမြင့်တဲ့အဆင့်က ကမ္ဘာကို အပိုင်းတွေအများကြီး ခွဲထားပြီးတော့ အပိုင်းတစ်ခုစီတိုင်းကို မတူတဲ့ အဖွဲ့တွေ အသီးသီးက အုပ်ချုပ်ကြတယ်တဲ့။ တချို့အဖွဲ့တွေကတော့ အဲ့လို အောက်ကမ္ဘာက တက်လာသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး စည်းမျဥ်းအတိုင်း ကျင့်ကြံခွင့်ပေးတယ်လို့ ပြောတယ်။ ဒါပေမယ့် အဖွဲ့အများစုကတော့ အောက်ကမ္ဘာသားတွေရဲ့အသက်ကို ဘာမှ တန်ဖိုးမရှိသလိုပဲ သတ်မှတ်ကြတယ်တဲ့။ အဲ့လို တက်လာသူတွေကို တွေ့တာနဲ့ တစ်ခါတည်းဖမ်းပြီး သေတဲ့အထိ ကျွန်အဖြစ် ခိုင်းကြတယ်လို့ ပြောတယ် "
" အောက်ကမ္ဘာက လူတွေ ပိုမြင့်တဲ့အဆင့်ကို တက်တဲ့အခါမှာ ဘယ်ကို ရောက်သွားမယ်ဆိုတာကလဲ ကံတရားတစ်ခုတည်းအပေါ်မှာပဲ လုံးဝ မူတည်နေတာဗျ ။ တကယ်လို့ ဒီ ကမ္ဘာနှစ်ခုကို ဆက်သွယ်တဲ့ လမ်းကြောင်းတစ်ခုသာ သေချာ တည်ဆောက်နိုင်ရင်တော့ စ်မျိုးပေါ့ဗျာ ၊ အထူးသဖြင့် အောက်ကမ္ဘာက တက်လာမယ့်သူတွေကို လက်ခံပေးမယ့် နေရာမျိုးမှာ သေချာဆောက်နိုင်ရင် ကောင်းတာပေါ့ "
" ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ .. အဲ့လို တည်ဆောက်ဖို့ဆိုရင် သဘာဝ အရင်းအမြစ်တွေ အများကြီး လိုသလို အစွမ်းလဲ အများကြီး လိုတယ် ။ ခုထိတော့ ကျုပ်တို့ ကမ္ဘာက ဘယ်သူကမှ အဲ့လိုလမ်းကြောင်းကို မဆောက်နိုင်သေးဘူး "
" ဆိုတော့ ... ကျုပ်တို့ ကမ္ဘာက ကျင့်ကြံသူတွေအတွက် ပိုမြင့်တဲ့အဆင့်က ကမ္ဘာကို တက်ဖို့က အသက်အန္တရာယ် ကြီးကြီးမားမားကို ရှိနေတယ်။ ဒါ့ကြောင့်မို့လဲ ဒီကမ္ဘာက ကျင့်ကြံသူတွေက ကောင်းကင်ဘုံတံခါးဝအဆင့်ကို ရောက်ပြီးတာနဲ့ ဒီမှာပဲ ဆက်နေပြီး ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်အောင်ပဲ ကြိုးစားကြတာ။ နောက်ဆုံး သူတို့ ဘဝသက်တမ်း ကုန်ခါနီးလို့ ဒီကမ္ဘာပေါ်က မသေမျိုးဖြစ်ဖို့ မျှော်လင့်ချက်လဲ မရှိတော့ဘူး ဆိုမှသာ ကိုယ့်အသက်ကို လောင်းကြေးထပ်ပြီး ပိုမြင့်တဲ့အဆင့်ကို တက်ဖို့ စဥ်းစားတတ်ကြတာ "
စကားဆုံးအောင် နားထောင်ပြီးနောက်မှသာ ပိုမြင့်သည့် အဆင့်သို့ တက်ခြင််းက အလွန်အန္တရာယ်ကြီးမှန်း လောထျန်း နားလည်သွားတော့သည်။
" အဲ့လိုလား ...ဒါနဲ့ မြို့စားကြီး သုံးယောက်ကို ကျုပ် အကူအညီ ထပ်တောင်းချင်တာလေး တစ်ခု ရှိသေးတယ်ဗျ "
သူ ပြောလိုက်သည်။
" အရမ်းယဥ်ကျေးနေဖို့ မလိုပါဘူး သခင်လေးရယ် ။ သခင်လေး ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ "
ရှန့်လင်ကျိုးက ပြန်ပြော၏။
" မြောက်ပိုင်းဒေသ စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့က ဘယ်နားမှာလဲဗျ "
လောထျန်း မေးလိုက်သည်။
သူ နတ်ဘုရားမြို့တော်သို့ မလာခင်က ထို စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့သည် မီးလောင်ရာ လေပင့်ပြီး ပျောင်ပိုင်မြို့ကို တိုက်ခိုက်ရန် နောက်ကွယ်မှ ကြိုးစားခဲ့သည် မဟုတ်ပါလား။
ယခု သူ အခွင့်အရေး ရနေပြီဖြစ်ရာ ထိုကိစ္စကို အပြီးတိုင် ဖြေရှင်းရပေမည်။
" စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့ရဲ့ မြောက်ပိုင်းဒေသမှာ အကြီးဆုံး ဌာနချုပ်က တောက်ဟွန်း မြို့မှာ ရှိတယ် ။ သခင်လေး လောထျန်းက အဲ့ကို ဘာသွားလုပ်မလို့လဲ "
ရှန့်လင်ကျိုးက စိတ်ဝင်တစား မေးလာ၏။
" ဘာမှမဟုတ်ပါဘူးဗျာ ၊ ဒီတိုင်း မေးကြည့်တာပါ ။ ဒီနတ်ဘုရားမြို့တော်က တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကရော အဲ့ တောက်ဟွန်းမြို့ကို ရောက်လားဗျ "
လောထျန်း မေးလိုက်သည်။
ရှန့်လင်ကျိုးက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ရတယ်ဗျ ၊ သွားလို့ရတယ် "
လောထျန်းက ပြောသည်။
" ဒါဆို ကျေးဇူးပြုပြီးတော့ ကျုပ်အတွက် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို ထပ်စီစဥ်ပေးလို့ ရမလားဗျာ "
" ရတာပေါ့ဗျာ "
ရှန့်လင်ကျိုးမှာ အနည်းငယ်မျှပင် အချိန်မဆွဲရဲဘဲ သူ့လူများအား ချက်ချင်း ခေါ်၍ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းရန် အမိန့်ပေးလိုက်သည်။
လောထျန်းက သူ့အား ကျေးဇူးတင်စကားဆိုပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံထဲသို့ ဝင်သွား၏။
ထိုစဥ် .. တောက်ဟွန်းမြို့ ရှိ စိတ်ဝိဥာဥ် သခင်ကြီးများ အဖွဲ့၏ အိမ်တော်၌...
" သခင်ကြီး ဟွမ်ဟိုင် ၊ ဘာဖြစ်လို့ စိတ်ပူနေတဲ့ပုံ ပေါက်နေရတာလဲ "
ဆံပင်များ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် အဘိုးအိုတစ်ယောက်က သူ့ရှေ့မှ ဟွမ်ဟိုင်ကို ကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
ထိုလူမှာ အခြားသူ မဟုတ်ပါချေ။ မြောက်ပိုင်းဒေသ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့၏ ခေါင်းဆောင် ၊ ရှဲ့ဝူရ ဖြစ်ပါသည်။
" ဟူး ...လောလောဆယ် မြောက်ပိုင်းဒေသ အခြေအနေတွေက ဒီလောက် ရှုပ်ထွေးနေတာကို ကျုပ် ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး နေနိုင်မှာလဲဗျာ "
ဟွမ်ဟိုင်သည် သူ့ အမည်းရောင် ဝတ်ရုံကြားထဲတွင် ခေါင်းဝှက်ထားရာမှ ရုတ်တရက် ခေါင်းမော့ပြီး ကောင်ကင်ယံအား မော့ကြည့်၏။ သူ့အသွင်မှာလည်း စိုးရိမ်ပူပန်နေဟန် အထင်းသားရှိသည်။
ရှဲ့ဝူရက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြန်ပြောသည်။
" သခင်ကြီး ဟွမ်ဟိုင်က အစိုးရိမ် လွန်နေပါပြီ ။ မိုးကြိုဘုရင်က အစွမ်းထက်တယ် ဆိုပေမယ့် ကျုပ်တို့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့တော့ ယှဥ်လို့ မရဘူးလေ "
သူ့စကားကို နားထောင်ပြီးသွားသည့်တိုင် ဟွမ်ဟိုင် စိတ်သက်သာရာ ရမသွားပါချေ။ သူ သက်ပြင်းချ၍သာ ပြော၏။
" လောလောဆယ် ကျုပ်ရှေ့မှာ လောထျန်း နဲ့ ကျုပ်နောက်မှာက မိုးကြိုးဘုရင် ရှိနေတယ်ဗျာ။ ကျုပ်ရဲ့ ကံကလဲ ဘာလို့ အဲ့လောက် ဆိုးနေရလဲ မသိတော့ပါဘူး။ဘာလို့ ကျုပ်ကို မြောက်ပိုင်းဒေသကို လာခိုင်းခဲ့ရတာလဲ "
ရှဲ့ဝူရက အိုးတို့အမ်းတမ်းပြုံးပြီး တစ်ခုခုပြော၍ နားချရန် ပြင်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ...
" သတင်းပို့ပါတယ် သခင်ကြီးဝူရ ၊ ကိစ္စကြီးကြီးတစ်ခု ဖြစ်သွားခဲ့ပြီဗျ "
တံခါးအပြင်ဘက်မှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။
" ဟင် .. ဘာဖြစ်သွား လို့လဲ "
ရှဲ့ဝူရတစ်ယောက် မျက်နှာမသာမယာဖြစ်သွားသော်လည်း သည်းခံ၍သာ မေးလိုက်သည်။
" ဂိုဏ်းချုပ်ကြီးကို သတင်းပို့ပါတယ် .. နတ်ဘုရားမြို့တော်က သတင်းရောက်ပါတယ်ဗျ။ မိုးကြိုးဘုရင်က နတ်ဘုရားမြို့တော်ကို ရောက်သွားခဲ့တယ်လို့ ပြောပါတယ် "
သက်လတ်ပိုင်းအရွယ် လူကြီးက ပြောသည်။
" အဲ့လိုလား .. "
ရှဲ့ဝူရ မျက်ခုံးပင့်သွားပြီး ထိုင်နေရာမှ ချက်ချင်း ထရပ်၏။
" အင်း .. မိုးကြိုးဘုရင်က ထင်ထားသလို နတ်ဘုရားမြို့တော်ကို သွားပြီး တိုက်ခိုက်နေတာပဲ။ နတ်ဘုရားမြို့တော်ဘက်ကရော ဘာတွေ စီစဥ်ထားသေးလဲ "
သူ မေးလိုက်သည်။
သက်လတ်ပိုင်းအရွယ် လူကြီးက ပြန်ဖြေ၏။
" ဟုတ်ကဲ့ ၊ နတ်ဘုရားမြို့တော်ရဲ့ တည်ထောင်သူ ဘိုးဘေး ချင်းရှန်ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ပါ ဂိုဏ်းချုပ်ကြီး "
ရှဲ့ဝူရ မျက်မှောင်ကြုံ့သွားသည်။
" အဲ့လူကြီးရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က ခုထိ ရှိသေးတာလား ။ ဒီအတိုင်းဆို .. သခင်ကြီး မင် ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ "
သူက ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်ကာ ဆက်မေး၏။
" မိုးကြိုးဘုရင်နဲ့ အဲ့ဘိုးဘေးရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ် တိုက်ခိုက်ခဲ့ကြသေးလား ၊ ရလဒ်ကရော ဘယ်လိုလဲ "
တဖက်လူ ပြန်ဖြေသည်။
" တိုက်ခိုက်ခဲ့ကြပါတယ်။ မိုးကြိုးဘုရင်က ဘိုးဘေးရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ် ဖိနှိပ်တာကို ခံခဲ့ရပါတယ် "
ရှဲ့ဝူရ၏ မျက်လုံးမှ အလင်းတန်းနှစ်ခု တိုးထွက်သွား၏။
" သခင်ကြီးမင် က တကယ့် နတ်ဘုရားတစ်ပါးလိုပါပဲလား ။ မိုးကြိုးဘုရင်က ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် မဟုတ်ဘဲ အခွင့်ကောင်းနဲ့ ကြုံလို့သာ မသေမျိုးတစ်ယောက် ဖြစ်လာတာလို့ သူ ပြောခဲ့တာ။ ငါ အစကတော့ သူ့စကားကို မယုံခဲ့ဘူး ။ အခုတော့ .. သခင်ကြီး မင် ရဲ့ စကားတွေက အားလုံး အမှန်တွေ ဖြစ်နေပါလား "
ထို့နောက် သူက သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်ကာ ဆက်မေးသည်။
" ပွဲရဲ့ အဆုံးသတ် ရလဒ်ကရော ဘယ်လိုလဲ ၊ ဘိုးဘေး ချင်းရှန် နိုင်သွားလား "
သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းယမ်းကာ ပြန်ပြော၏။
" မဟုတ်ဘူးဗျ ၊ ဘိုးဘေးက မိုးကြိုးဘုရင်ကို သတ်ဖို့ လုပ်နေတဲ့အချိန် တခြား ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်က ဝင်ပါလာပြီး ဘိုးဘေး ချင်းရှန်ကို ဒဏ်ရာပြင်ပြင်းထန်ထန် ရသွားအောင် လုပ်ခဲ့တယ်တဲ့။အဲ့လို တိုက်ခိုက်ခဲ့တဲ့ မသေမျိုးက တောင်ပိုင်းဒေသ ၊ မဟာအလင်းတန်းဂိုဏ်းက ဖြစ်နိုင်တယ်လို့လဲ ပြောတယ် "
" ဘယ်လို ... "
ရှဲ့ဝူရ အလွန်အံ့အားသင့်သွားသည်။
" မဟာအလင်းတန်း ဂိုဏ်းက လူကြီးက ထပ်တိုက်ခိုက်ပြန်ပြီလား .. ။ အဲ့လို လူတစ်ယောက် တိုက်ခိုက်ပြီးသွားရင် နောက်ဆက်တွဲ ပြဿနာတွေလဲ အများကြီး ပေါ်လာတတ်တယ် ။ ကြည့်ရတာ ငါတို့ ကမ္ဘာက အရှုပ်အထွေးတွေနဲ့ ကြုံရတော့မယ်နဲ့တူတယ် "
" ဒါဆို .. လောလောဆယ် နတ်ဘုရားမြို့တော်ကို မိုးကြိုးဘုရင်ကပဲ အပိုင်သိမ်းထားတာလား "
သက်လတ်ပိုင်းအရွယ် လူကြီးက အိုးတို့အမ်းတမ်း ပြန်ဖြေ၏။
" မဟုတ်ဘူးဗျ ၊ မိုးကြိုးဘုရင်က .. သေသွားပြီ"
" ဘယ်လို ... "
ရှဲ့ဝူရမှာ ကြားလိုက်ရသည့်စကားကို လုံးဝ မယုံကြည်နိုင် ဖြစ်သွားသည်။
" ဘယ်သူ့လက်ချက်ကြောင့်လဲ ... ဟို မဟာအလင်းတန်းဂိုဏ်းက လူရဲ့ လက်ချက်လို့တော့ မပြောနဲ့နော် "
သူ မျက်မှောင်ကြုံ့ကာ ထပ်မေးလိုက်သည်။
" မဟုတ်ဘူးဗျ ၊ အဲ့ မဟာအလင်းတန်းဂိုဏ်းက လူက ဘိုးဘေး ချင်းရှန်ကို ဒဏ်ရာဆိုးဆိုးရွားရွားရအောင် လုပ်ပြီးတာနဲ့ တန်းပြီး ပြန်ထွက်သွားခဲ့တာ။မိုးကြိုးဘုရင်ကို သတ်လိုက်တာက တခြားတစ်ယောက် "
သက်လတ်ပိုင်းအရွယ် လူကြီးက ပြန်ဖြေသည်။
" ဘယ်သူလဲ ၊ မြောက်ပိုင်းဒေသမှာ အဲ့ဒီ ဘိုးဘေး ချင်းရှန်ကလွဲလို့ မိုးကြိုးဘုရင်ကို သတ်နိုင်တဲ့ တခြားသူ မရှိပါဘူး။ ဘယ်သူ မသေမျိုး ထပ်ဖြစ်လာလို့လဲ "
ရှဲ့ဝူရ မေးလိုက်၏။
" လောထျန်း ပါ "
တဖက်လူက ပြန်ဖြေသည်။
ခွမ်း ...
ထိုနာမည်ကို ကြားသည်နှင့် တဖက်တွင် ရေနွေးကြမ်းသောက်နေသော ဟွမ်ဟိုင်လက်မှ ရေနွေးခွက် ပြုတ်ကျသွား၏။
" မင်း ပြောလိုက်တာ ဘယ်သူ ... "
သူကိုယ်တိုင်လည်း သက်လတ်ပိုင်းအရွယ် လူကြီးနားသို့ ဝုန်းခနဲ ရေုက်လာသည်။
" လောထျန်းပါ .. ပျောင်ပိုင်မြို့က လောထျန်းပါ "
သက်လတ်ပိုင်းအရွယ် လူကြီးက ကြောင်အအ ပြန်ဖြေသည်။
" ဒါ ... "
ဟွမ်ဟိုင်မှာ ကြောက်လန့် တုန်လှုပ်လွန်း၍ သူ့တစ်ကိုယ်လုံး ပြိုကွဲသွားတော့မလိုပင် ဖြစ်နေတော့၏။
" လောထျန်း .. မင်းက ဘယ်လို ဘီလူးမျိုးလဲကွာ။ မသေမျိုးတစ်ယောက်ဖြစ်တဲ့ မိုးကြိုးဘုရင်တောင် မင်းလက်ချက်နဲ့ သေခဲ့ရတာလား .. "
သူ့ရင်ထဲတွင်လည်း လှိုင်းထန်နေလေပြီ။
ထိုအချိန်မှာပင် ...
" စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ရဲ့ ခေါင်းဆောင် .. ထွက်လာခဲ့ "
တောက်ဟွန်းမြို့ပြင်မှ ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။