ကွေ့ယီ ဂိုဏ်း
Vol. 21 Ch. 288
" ဝိဥာဥ်တစ်ရာ ကားချပ်က တကယ်ကောင်းတဲ့အကွက်ပဲ "
လောထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ဘုံသိုင်းကျမ်း ထဲမှ ပုံရိပ်ဖော်ပညာရပ်တွင် ပြောထားသည့်အတိုင်း ဆိုပါက ထို ဝိဥာဥ်တစ်ရာ ကားချပ်ဖြင့် မိစ္ဆာဝိဥာဥ် တစ်ရာကို သိမ်းသွင်းနိုင်သည် ဆို၏။
ထို့အပြင် ၎င်းက မည်သို့သော ကန့်သတ်ချက်မှ မပါဝင်ဘဲ လုံးဝ အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်သည့် နည်းတစ်ခု ဖြစ်ပါသည်။
၎င်းနည်းဖြင့် သိမ်းသွင်းထားသည့် မိစ္ဆာဝိဥာဥ်များကလည်း သူ့စကားကို အကြွင်းမဲ့ နာခံကြမည်ဖြစ်ပါ၏။
ထိုမျှမက .. ဝိဥာဥ်တစ်ရာ ကားချပ်ထဲသို့ ရောက်သွားပြီးသည့် မိစ္ဆာဝိဥာဥ်ကို သတ်ရန်မှာလည်း မဖြစ်နိုင်သလောက်နီးပါး ခက်ခဲသည်ဟု ဆိုသည်။
ထိုမိစ္ဆာဝိဥာဥ်က လုံးဝ အဖျက်အဆီး မခံရမခြင်း ၊၎င်း၏ အစိတ်အပိုင်း အနည်းငယ်သာ ကျန်သည်အထိ ဝိဥာဥ်တစ်ရာ ကားချပ်ထဲ ပြန်ထည့်ကာ မူလအတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်ပါသည်။
မသေမျိုးနီးပါး ဖြစ်သွားသည်ဟုပင် ပြော၍ ရ၏။
တစ်နည်းအားဖြင့် ဆိုရသော် .. လောထျန်းအနေဖြင့် ဤကားချပ်ကို သုံးကာ မသေမျိုးနီးပါး သန်မာသည့် တိုက်ခိုက်ရေးအင်အားစု တစ်ရာကို ထိန်းချုပ်နိုင်သည် ဆိုသည့် အဓိပ္ပါယ်ပင်။
သူ့အတွက် တစ်ခုတည်းသော အခက်ခဲမှာ ထိုသို့ အစွမ်းထက်သည့် မိစ္ဆာဝိဥာဥ်က ရှားပါးခြင်းပင်။
" ကြည့်ရတာ .. ငါ သိမ်းသွင်းလို့ရမယ့် မိစ္ဆာဝိဥာဥ်တွေကို ရှာရမယ်နဲ့တူတယ် "
လောထျန်းတစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူ့လက်ကို ဝေ့ယမ်းပြီး ဝိဥာဥ်တစ်ရာကားချပ်အား ပြန်သိမ်းကာ မြေပြင်သို့ ဆင်းသက်လိုက်၏။
ထို့နောက် သေသည်ထက် ပို သေ နေသည့် ရှဲ့ဝူရရှေ့သို့ သူ လျှောက်သွားလိုက်သည်။
သို့သော် အစောက မိစ္ဆာဝိဥာဥ် မတိုက်ခင် ကတည်းကပင် လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ရှဲ့ဝူရ၏ စိတ်ဝိဥာဥ်အား ကာကွယ်ပေးထားသဖြင့် သူ့ စိတ်ဝိဥာဥ်ကမူ လုံးဝ ပျောက်မသွားသေးပါ။
" ဒီ မိစ္ဆာဝိဥာဥ်က တော်တော်ရက်စက်တာပဲ "
လောထျန်းက သူ့ရှေ့မှ ရှဲ့ဝူရဲ့၏ စုတ်ပြတ်နေသည့် ရုပ်အလောင်းနှင့် စိတ်ဝိဥာဥ်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ရှဲ့ဝူရ၏ စိတ်ဝိဥာဥ်မှာ မိစ္ဆာဝိဥာဥ်၏ တိုက်ခိုက်မှုကြောင့် လုံးဝ ပြိုကွဲမသွားသည့်တိုင် ကြီးကြီးမားမား ထိခိုက်ထားသည့်အတွက် အသိစိတ်လည်း ပျောက်ကွယ်နေခဲ့ပြီဖြစ်၏။
သို့ဖြစ်ရာ သူ့ထံမှ စိတ်ဝိဥာဥ်ပုလဲလုံးကို ထုတ်ယူရန် မဖြစ်နိုင်တော့ပါချေ။
မည်သို့ပင်ဆိုစေ .. သူ့အသိစိတ်ပင်လယ်ထဲတွင်ကား မှတ်ဉာဏ်အချို့ ကျန်နေသေးပါသည်။
လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်း အသုံးပြုပြီး တဖက်လူ၏ အသိစိတ်ပင်လယ်ထဲဝင်ကာ ထိုသူ၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်သည်။
ထိုလူက အဘယ့်ကြောင့် သူ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရသည်ကို သူ သိချင်၏။
သို့သော် ရှဲ့ဝူရသည် စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက် ဖြစ်သည့်အတွက် သူ့ စိတ်ဝိဥာဥ်နှင့် အသိစိတ်ပင်လယ်တို့ကို ဘဝ တလျှောက်လုံး သေချာ ချုပ်နှောင်ကန့်သတ်ထားခဲ့ပါသည်။
ထို့အပြင် အစောက မိစ္ဆာဝိဥာဥ်၏ တိုက်ခိုက်မှုကြောင့် သူ့စိတ်ဝိဥာဥ် တစ်ပိုင်းတစလည်း ပျက်စီးသွားခဲ့သေးရာ လောထျန်း ရှာတွေ့သည့် မှတ်ဉာဏ်များမှာ အပိုင်းအစများသာ ဖြစ်၏။
မည်သို့ပင်ဆိုစေ လောထျန်း၏ အချက်အလက်များကို သေချာစုစည်းမှုကြောင့် ဇာတ်လမ်း၏ အကြမ်းဖျင်းကိုမူ နားလည်သွားရသည်။
ရှဲ့ဝူရ က လောထျန်းနှင့် ပျောင်ပိုင်မြို့အား တိုက်ခိုက်ခဲ့ရသည့် အကြောင်းရင်းမှာ ဟွမ်ဟိုင် ဆိုသော လူတစ်ယောက်၏ တောင်းဆိုမှုကြောင့် ဖြစ်ပါသည်။
ထို ဟွမ်ဟိုင်ဆိုသော လူ၏ ပုံစံနှင့် အရောင်အဝါမှာ လောထျန်းလက်ချက်ဖြင့်ပင် သေသွားခဲ့ရသည့် ဟွမ်ဝေ့ဆိုသော လူနှင့် အလွန်ဆင်တူ၏။
ရှဲ့ဝူရ၏ မှတ်ဉာဏ်များမှတဆင့် ထို ဟွမ်ဟိုင်နှင့် ဟွမ်ဝေ့ နှစ်ယောက်လုံးမှာ ကွေ့ယီဆိုသော ဂိုဏ်းတစ်ခုမှ လူများဖြစ်ကြောင်း လောထျန်း သိလိုက်ရသည်။
သို့သော် .. ထို ဂိုဏ်းနာမည် တစ်ခုမှလွဲ၍ ကျန်မှတ်ဉာဏ်များမှာ ရှဲ့ဝူရ ကြိုတင် လုပ်ထားခဲ့သည့် ကန့်သတ်ချက်များကြောင့် လောထျန်းက သူ့အသိစိတ်ပင်လယ်ထဲ ဝင်မွှေနှောက်လိုက်သည်နှင့် အားလုံး ပျက်စီးသွားခဲ့ရ၏။
လောထျန်း သိသမျှ မှာ ရှဲ့ဝူရတို့အဖွဲ့ မိစ္ဆာဝိဥာဥ်အား ထိန်းချုပ်နိုင်သည့် အကြောင်းရင်းက ထို ကွေ့ယီဂိုဏ်း၏ ကူညီမှုကြောင့် ဆိုသည့် အချက်ပင်။
ထို့ကြောင့်လည်း သူ ပိုဒေါသထွက်သွားရသည်။
" ကွေ့ယီဂိုဏ်း ... အင်း .. ဖြည်းဖြည်း စုံစမ်းရုံပဲ ရှိတော့တာပေါ့ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူနှင့် ကွေ့ယီဂိုဏ်းသည် ယခင်ကတည်းက ပြဿနာ အငြိုးအတေးများ ရှိထားကြသည်ဖြစ်ရာ သူ့အနေဖြင့် တဖက်အဖွဲ့ကိုသာ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း မလုပ်ပါက နောင်အနာဂါတ်တွင် ပြဿနာများ ပိုများလာနိုင်ပေသည်။
ထို့နောက်တွင်မူ လောထျန်းက လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ ရှဲ့ဝူရ၏ စိတ်ဝိဥာဥ် လုံးဝ ပြိုကွဲသွားတော့သည်။
ထိုအချိန် ... တောက်ဟွန်းမြို့မှ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ဝင် မဟုတ်သော သူများမှာ လောထျန်းအား ကြောက်လန့်တကြား ကြည့်နေကြ၏။
ထိုလူများမှာ တောက်ဟွန်းမြို့သို့ အလုပ်ကိစ္စနှင့် လာကြသူများ နှင့် ဖြတ်သွားဖြတ်လာ ခရီးသွားများ ဖြစ်ပါသည်။
ယခု မမျှော်လင့်ဘဲ စိတ်ဝိဥာဥ် သခင်ကြီးများအဖွဲ့၏ ပျက်စီးခြင်းနှင့် မျက်ဝါးထင်ထင် ကြုံလိုက်ကြရသဖြင့် သူတို့အားလုံး အလွန်ကြောက်လန့်တုန်လှုပ်နေကြ၏။
လောထျန်းက ထိုလူများကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ခင်ဗျားတို့တွေ ကျုပ်ကိုယ်စား သတင်းပို့ပေးလို့ ရမလား။ ဒီတစ်ခေါက် စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က ကျုပ်ကို စပြီး တိုက်ခိုက်ခဲ့တာမို့ ကျုပ်က အပြစ်ပေးတဲ့အနေနဲ့ သူတို့ရဲ့ မြောက်ပိုင်း ဌာနချုပ်ကို ဖျက်ဆီးခဲ့တာ။ တကယ်လို့ ဒါကို စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က မကျေနပ်ဘူးဆိုရင် ပျောင်ပိုင်မြို့က လောထျန်းဆိုတဲ့ ကျုပ်ဆီကို လာပြီး လက်တုန့်ပြန်လို့ရတယ် ။ ကျုပ် အားလုံးနဲ့ ရင်ဆိုင်မယ်လို့ ပြောလိုက်ပါ "
" ဒါပေမယ့် ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ် ။ ကျုပ် ဆိုတဲ့ကောင်က ကိုယ့်ကို လာထိခိုက်ရင် ပြန်လုပ်ရမှ ကျေနပ်တဲ့သူ ၊ ပြီးတော့ သနားညှာတာပေးတာတွေ ဘာတွေလဲ ကျုပ် နားမလည်ဘူး။ ဒီတော့ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က ကျုပ်ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လာရင် .. တိုက်ရိုက် တိုက်ခိုက်တာပဲဖြစ်ဖြစ် ၊ နောက်ကွယ်ကနေ သွေးထိုး ရန်စပေးတာပဲ ဖြစ်ဖြစ် .. ကျုပ်က သူတို့ရဲ့ အကြီးဆုံး ဌာနချုပ်ဆီသွားပြီး အားလုံးကို အသေသတ်ပစ်မှာ "
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် တောက်ဟွန်းမြို့ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံဆီသို့ တည်နေရာရွှေ့ပြောင်းပြီး သွားလိုက်သည်။ ထို့နောက် အစီအမံအား အသက်သွင်းပြီး မကြာခင်မှာပင် သူ ပျောင်ပိုင်မြို့ပြင်သို့ ပြန်ရောက်လာ၏။
ယဲ့ထုံလင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံအား အစောကတည်းက ကြိုတင်၍ မြို့ပြင်၌ နေရာသီးသန့်ခွဲကာ တည်ဆောက်ထားခဲ့သဖြင့် ပျောင်ပိုင်မြို့ထဲသို့မူ တန်းမရောက်ပါချေ။
လောထျန်းက မြို့ပြင်မှနေ၍ အသံကျယ်ကြီးဖြင့် အော်လိုက်သည်။
" အားလုံး .. ဟင်းလင်းပြင်လက်စွပ်တွေ အသင့်ပြင်ပြီး ငါနဲ့ လိုက်ခဲ့ကြပါ "
ထိုအော်သံက ပျောင်ပိုင်မြို့ထဲသို့ ချက်ချင်း ပျံ့သွား၏။
ထိုစဥ် အားလုံးမှာ လောထျန်းအကြောင်းတွေးကာ စိတ်ပူနေကြချိန် ဖြစ်ပါသည်။
ဤတစ်ကြိမ် လောထျန်း၏ ပြိုင်ဘက်က မသေမျိုးအဆင့်သို့ ရောက်ထားသည့် မိုးကြိုးဘုရင် မဟုတ်ပါလား ။
လောထျန်းမှာ ပြိုင်ဘက်ကင်းသည်အထိ အစွမ်းထက်သည်ဟု နာမည်ကျော်သော်လည်း သူတို့ စိတ်ပူနေကြရဆဲပင် ။
အားလုံးမှာ စိုးရိမ်တကြီးဖြင့် နတ်ဘုရားမြို့တော်မှ သတင်းကို စောင့်မျှော်နေကြချိန် .. လောထျန်း၏ အသံကို ကြားလိုက်ရသဖြင့် ပျောင်ပိုင်တစ်မြို့လုံး ဝမ်းသာပျော်ရွှင်စွာ တစ်ခဲနက် အော်ဟစ်လိုက်ကြသည်။
" သခင်လေး ပြန်လာပြီဟေ့ ... သခင်လေး ပြန်လာပြီ "
" တော်သေးတာပေါ့ .. ငါတို့ ပျောင်ပိုင်မြို့ကြီး ဘေးကင်းပြီ "
" လျှောက်ပြောမနေကြနဲ့။ သခင်လေးပြောတာ မကြားလိုက်ဘူးလား ၊ ဟင်းလင်းပြင် လက်စွပ်တွေ သွားပြင်ကြတော့လေ "
" ဟုတ်တယ်ဟေ့ .. သွားကြမယ် "
ချက်ချင်း ဆိုသလိုပင် အားလုံး လှုပ်ရှားလိုက်ကြသည်။
မြို့ရိုးထိပ်တွင် ရှိနေသည့် ယဲ့ထုံလင်းကလည်း လေထဲတွင် ရပ်နေသည့် လောထျန်းကို မြင်သည်နှင့် အကာအကွယ် အစီအမံများအား ဖွင့်ပေးလိုက်သည်။
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ဝမ်းသာပျော်ရွှင်သွားကြ၏။
" သခင်လေး လောထျန်း ၊ ကျင့်ကြံခြင်းအဆင့် တက်သွားပြီလား .. "
ယဲ့ထုံလင်းက တအံ့တသြ ပြောသည်။
ကျန်လူများကလည်း ၎င်းကို ကြည့်ကာ ဝမ်းသာနေကြ၏။
ယခု လောထျန်းက လေထဲတွင် ပျံသန်းနိုင်နေပြီဖြစ်ရာ .. သူ ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်သွားပြီဆိုသည့် အဓိပ္ပါယ်ပင် ။
ကောင်းကင်ထိန်းချုပ်အဆင့်သည် သာမာန်လူများအတွက် အထင်ကြီးလောက်စရာ မဟုတ်သော်လည်း ...
လောထျန်းအကြောင်း သိထားကြသူများအဖို့မူ .. ထိုအဓိပ္ပါယ်ကို ကောင်းကောင်းကြီး နားလည်ကြပါသည်။
လောထျန်းသည် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်၌ ရှိနေစဥ်တွင်ပင် အဆုံးအစမဲ့အဆင့်မှ ကျင့်ကြံသူများကို အလွယ်တကူ သတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ယခု ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ရာ သူ့အစွမ်းက ပို၍ ကြောက်မက်ဖွယ် ကောင်းသွားလေပြီ။
" အကိုကြီး .. ခရီးမှာ အဆင်ပြေခဲ့ရဲဲ့လား။ မိုးကြိုးဘုရင်ရော အခု ဘယ်ရောက်သွားပြီလဲ "
နျိုထျဲ့ချူက လောထျန်းအနားသို့ အရင်ဆုံး ပြေးလာကာ စိတ်ဝင်တစား မေးသည်။
" ကျုပ် သူ့ကို သတ်လိုက်ပြီ "
လောထျန်းက ပြန်ဖြေသည်။
" ဘယ်လို ... "
အားလုံး အံ့သြတုန်လှုပ်သွားကုန်၏။
မိုးကြိုးဘုရင်က အသတ်ခံလိုက်ရပြီတဲ့လား ။
သို့သော် .. သူသည် မသေမျိုးအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ ..
လောထျန်းက မသေမျိုးတစ်ယောက်ကို သတ်ခဲ့သည်ဆိုသည့် အဓိပ္ပါယ်ပင် ။
အားလုံး၏ အံ့သြတုန်လှုပ်နေသော မျက်နှာများကိုကြည့်ကာ လောထျန်းက လက်ကာပြ၍ ပြောသည်။
" အဲ့ဒါကို နောက်မှ အေးအေဆေးဆေး ပြောကြတာပေါ့ဗျာ။ အခု လူတွေ အကုန်စုပြီး ကျုပ်နောက်ကို လိုက်ခဲ့ကြပါ ။ အလုပ်အကြီးကြီး တစ်ခု ရှိတယ်ဗျ "
သူ့စကားကို ကြားသည်နှင့် အားလုံး အချိန် အနည်းငယ်ပင် မဆွဲရဲကြတော့ပါချေ။
ဤသို့ဖြင့် မကြာမီမှာပင် .. တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့၌ ဧရာမလူအုပ်ကြီး စုဝေးရောက်နေကြတော့၏။
ဤတစ်ကြိမ်တွင် ပျောင်ပိုင်မြို့ပြင်သို့ ထွက်နိုင်သူမှန်သမျှ ထွက်လာခဲ့ကြသည်။
" သခင်လေးလောထျန်း ၊ ကျုပ်တို့ အခု ဘယ်သွားကြမှာလဲ "
ယဲ့ထုံလင်းက မေး၏။
" တောက်ဟွန်းမြို့ကို "
လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
" ဘယ်လို .. ဒီတစ်ခေါက် တောက်ဟွန်းမြို့ကို သွားဖျက်မလို့လား "
ယဲ့ထုံလင်း အံ့အားသင့်သွားသည်။
သူသည် အစီအမံ သခင်ကြီးတစ်ယောက်ဖြစ်သည့်အတွက် တောက်ဟွန်းမြို့တွင် ဘာရှိသည်ကို ကောင်းကောင်းကြီး သိပါ၏။
သို့သော် .. လောထျန်းက နောက်မှ ပြောကြမည်ဟု ပြောထားသဖြင့် သူ မေးခွန်းများစွာ မေးရန် အခွင့်မသာသေးပေ။
ထို့နောက်တွင်မူ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ အသက်ဝင်သွားသည်။
ထိုစဥ် တဖက်ခြမ်းမှ တောက်ဟွန်းမြို့၌ ...
မြို့ထဲမှ လူများမှာ အစောပိုင်းက မြင်ခဲ့ရသည့် မြင်ကွင်းကြောင့် အံ့သြမှု မပျယ်သေးစဥ်မှာပင် .. တောက်ဟွန်းမြို့၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံက ရုတ်တရက် လင်းလက်ပြီး အသက်ဝင်လာသည်ကို မြင်လိုက်ရ၏။
ထို့နောက် .. ပျောင်ပိုင်မြို့မှ လူအုပ်ကြီးက အစီအမံထဲမှ ဝုန်းခနဲ ထွက်လာကြတော့သည်။
" သွားကြမယ်ဟေ့ ။ ခါတိုင်းလိုပဲ အဖွဲ့ ၁ က သိုင်းကျမ်း စာကြည့်တိုက်ကို သွားမယ်။ အဖွဲ့ ၂ က ရတနာတိုက်ကို သွားမယ်။ အဖွဲ့ ၃ က ခန်းမဆောင်ကို ဖျက်မယ် ၊ အဖွဲ့ ၄ က လမ်းခင်းကျောက်တွေကို ဖျက်မယ် ၊ အဖွဲ့ ၅ .... "
ပထမအကြီးအကဲက လေထဲသို့ ပျံတက်ကာ အားလုံးကို အမိနိ့ပေးလိုက်သည်။
ပျောင်ပိုင်မြို့မှ လူများကလည်း သူ့အမိန့်အတိုင်း စနစ်တကျပင် တောက်ဟွန်းမြို့ထဲ ဝင်သွားကြ၏။
နှစ်နာရီ ကြာပြီးနောက်တွင်မူ ....
အဘိုးအိုတစ်ယောက်သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ တစ်ခုတည်းသာ ကျန်နေခဲ့သည့် တောက်ဟွန်းမြို့ကို ကြည့်ကာ စကားမဆိုနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။