ကျုံ့ကျိုးမှ လူများ
Vol. 21 Ch. 289
" အားလုံး ဖျက်ဆီးခံလိုက်ရပြီလား ၊ ဒီလူတွေက ဘယ်သူတွေလဲ "
အဘိုးအိုမှာ သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးသူပင် မယုံနိုင် ဖြစ်နေသည်။
လွန်ခဲ့သော နှစ်နာရီအကြာကပင် ဤ တောက်ဟွန်းမြို့က ခမ်းခမ်းနားနား အဆောက်အဦးများဖြင့် မြို့ကြီးတစ်ခုအဖြစ် ရှိနေခဲ့သေးပါသည်။
ယခုတွင်မူ .. တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခုသာ ကျန်ခဲ့တော့သည်လား။
" သူတို့တွေက အဆောက်အဦးရဲ့ အခြေခံအုတ်မြစ်တွေကိုတောင် တူးသွားကြသေးတယ်။ ဒီလူတွေက တကယ့် ဓားပြတွေပဲ "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကလည်း တအံ့တသြ ပြော၏။
" ပျောင်ပိုင်မြို့က လောထျန်း .. ဒီလူက တကယ့်ကို စေ့စေ့စပ်စပ် လုပ်တာပဲ။ ကြည့်ရတာ သူက စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့နဲ့ အဆုံးထိ တိုက်ဖို့ လုံးဝ စိတ်ဆုံးဖြတ်လိုက်ပြီထင်တယ် "
" ဒီက စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့က .. တစ်ခါတရံ လူသိပ်မစုံတတ်ဘူးဆိုပေမယ့် သူတို့ရဲ့ တကယ့်အစွမ်းက ကျုံ့ကျိုးက မြင့်မြတ်နယ်မြေထက် အစွမ်းမနိမ့်လှဘူး "
" ကြည့်ရတာ .. မြောက်ပိုင်းဒေသနဲ့ ကျုံ့ကျိုးဒေသနဲ့ စစ်ပြန်ဖြစ်ကြတော့မယ်နဲ့ တူတယ် "
" လက်ရှိ မြောက်ပိုင်းဒေသက ကျုံ့ကျိုးနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ '
" လောလောဆယ် အဲ့ဒါကို တွေးပူမနေနဲ့ ။ ဘယ်ဘက်ကပဲ ပိုအစွမ်းထက်ထက်၊ ငါတို့အနေနဲ့ ဘယ်ဖက်ကိုမှ စော်ကားလို့ မဖြစ်ဘူး "
" ဟုတ်တယ် .. သွားကြစို့ကွာ "
ထို့နောက် အားလုံး လူစုခွဲကာ တောက်ဟွန်းမြို့ အပျက်အစီးများကြားမှ ထွက်လာခဲ့လိုက်ကြသည်။
ထိုစဥ် ပျောင်ပိုင်မြို့၌ ...
" သခင်လေး .. ကျုပ်တို့တွေတော့ တကယ် ချမ်းသာပြီဗျာ "
ပထမအကြီးအကဲက လောထျန်းအား ဝမ်းသာအားရ ပြောသည်။
" ဟင် .. ဘာဖြစ်လို့လဲဗျ "
လောထျန်းက တအံ့တသြ ပြန်မေး၏။
ပထမအကြီးအကဲ၏ အသက်ရှူသံ မြန်လာပြီး အသံတုန်တုန်ဖြင့် ပြောသည်။
" ကျုပ်တို့ တောက်ဟွန်းမြို့၊ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကနေ ယူလာတဲ့ ပစ္စည်းတွေက .. စိတ်စွမ်းအင်ကျောက်တုံး တစ်မျိုးတည်းကတောင် ကျုပ်တို့ ပျောင်ပိုင်မြို့ရဲ့ ပိုင်ဆိုင်မှုထက် အဆတစ်ရာ ပိုသာတယ် သခင်လေးရဲ့ "
" ဟုတ်လား .. "
လောထျန်း မျက်လုံးပြူးသွားရသည်။
ပထမအကြီးအကဲက စကားဆက်၏။
" အကြီးအကဲ ယဲ့ ပြောတာတော့ ဒီ စိတ်စွမ်းအင်ကျောက်တုံးတွေက သူတို့ ပိုင်ဆိုင်မှုရဲ့ အပိုင်းသေးသေးလေးပဲ ရှိသေးတာတဲ့။ တကယ့် အဖိုးအတန်ဆုံး အရာတွေက စိတ်စွမ်းအင်ဆေးတွေနဲ့ မှော်လက်နက်တွေလို့ ပြောတယ် "
" စိတ်ဝိဥာဥ်သခင်ကြီးများ အဖွဲ့ရဲ့ ဆေးပင်တွေနဲ့ မှော်လက်နက်တွေက တကယ်ကို နည်းတာကြီး မဟုတ်ဘူးဗျာ။ ကျုပ်တို့ ပျောင်ပိုင်မြို့ရဲ့ လက်ရှိ လူအင်အားနဲ့ ဒါတွေ အကုန်သုံးဖို့ဆို နောင်နှစ် ရာပေါင်းများစွာ ကြာတဲ့အထိတောင် သုံးရမှာ "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း ပိုအံ့အားသင့်သွားရပြန်သည်။
တောက်ဟွန်းမြို့မှ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့သည် ချမ်းသာကြွယ်ဝမည်မှန်း သူ တွေးထားခဲ့ပြီး ဖြစ်သော်လည်း ..
ဤမျှ ပမာဏအထိ ချမ်းသာမည်ဟု မထင်ထားခဲ့ပါ။
ထိုစဥ် လောထျန်း၏ ခေါင်းထဲသို့ အတွေးတစ်ခု ဖျတ်ခနဲဝင်လာသည်။
" မြောက်ပိုင်းဒေသက ဌာနခွဲကတောင် ဒီလောက် ချမ်းသာနေရင် ကျုံ့ကျိုးက ဌာနချုပ်ကြီးသာဆို ပစ္စည်းတွေ ဘယ်လောက် ပေါကြွယ်ဝလိုက်မလဲ မသိဘူး "
သူ တစ်ကိုယ်တည်း တွေးမိလိုက်၏။
စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ ဘက်မှ သူ့အား စစ်ကြေငြာလာမည်ကိုပင် သူ မျှော်လင့်မိသွားသည်။
သို့ဆိုလျှင် သူ့အနေဖြင့် သူတို့၏ ဌာနချုပ်ကို စိတ်ရှင်းရှင်း တိုက်ခိုက်၍ ရသွားလေပြီ။
" ကောင်းတယ်ဗျာ ။ ပထမအကြီးအကဲ ၊ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေကိုတော့ တတ်နိုင်သမျှ အမြန်ဆုံးသာ ခွဲဝေပေးလိုက်ပါဗျာ။ ပြီးတော့ နောက်ထပ် မြို့ထဲက ထိပ်သီးသိုင်းသမား အယောက် ၄၀၀ ကိုလဲ စုပေးပါဦး "
" ထိပ်သီးသိုင်းသမားတွေ .. မဟုတ်မှလွဲရော ... "
ပထမအကြီးအကဲက တစ်စုံတစ်ခုကို ခန့်မှန်းမိသွားသည့်အလား မျက်လုံးများ အရောင်လက်သွားသည်။
လောထျန်းက ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ ကျုပ် ဒီတစ်ခေါက် စိတ်ဝိဥာဥ် ပုလဲလုံးတွေ အများကြီး ရခဲ့တယ်။ အဲ့ဒါတွေကို ဝေပေးရအောင်လို့ "
" စိတ်ဝိဥာဥ် ပုလဲလုံးတွေ ..ဘယ်အဆင့်တွေလဲဗျ "
ပထမအကြီးအကဲက အရောင်လက်နေသည့် မျက်လုံးများဖြင့် ပြန်မေးသည်။
" အားလုံးကတော့ အဆုံးအစမဲ့အဆင့် တွေပဲဗျ ..ပြီးတော့ ကောင်းကင်ဘုံ တံခါးဝအဆင့်ကဟာ၂ ခု ပါတယ် "
လောထျန်းက ဖြေသည်။
အဆုံးအစမဲ့ အဆင့်ရှိသည့် စိတ်ဝိဥာဥ် ပုလဲလုံး အခု ၄၀၀ ဆိုသည်မှာ အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူ ၄၀၀ ဆိုသည့် အဓိပ္ပါယ်ပင် ။
ယခု တစ်ခေါက် နတ်ဘုရားမြို့တော်တွင် လောထျန်းက မည်သို့သော အခြေအနေမျိုးနှင့် ကြုံခဲ့ရပါသနည်း ။
" စိတ်မပူပါနဲ့ သခင်လေး ၊ ကျုပ် ချက်ချင်း စီစဥ်လိုက်ပါမယ် "
ထို့နောက်တွင်မူ ပထမ အကြီးအကဲက မြို့ထဲဆင်းသွားပြီး သေချာရွေးချယ်ထားသည့် လူစာရင်းနှင့်အတူ ပြန်ရောက်လာ၏။
လောထျန်းက စာရင်းအတိုင်း စိတ်ဝိဥာဥ်ပုလဲလုံးများကို ခွဲဝေပေးကာ ၎င်းတို့အား မြန်နိုင်သမျှ အမြန်ဆုံး သန့်စင်ကြရန် မှာလိုက်သည်။
စိတ်ဝိဥာဥ်ပုလဲလုံးများနှင့် ပျောင်ပိုင်မြို့မှ ကြောက်မက်ဖွယ် အရင်းအမြစ်များ၏ ပေါင်းစပ် အကူအညီဖြင့် ဆိုပါက သူတို့မြို့တွင် အဆုံးအစမဲ့အဆင့် ကျင့်ကြံသူများ မကြာခင် ထွက်ပေါ်လာနိုင်ပါသည်။
ထို့နောက် .. အကောင်းအဆိုး သေချာချင့်ချိန်ပြီးသွားသည့် နောက်တွင်မူ လောထျန်းက ကောင်းကင်ဘုံတံခါးဝအဆင့်မှ ပုလဲလုံး တစ်လုံးအား သူ့အဖေ လောဖုန်းကို ပေးလိုက်သည်။
၎င်းမှာ သူ့အဖေ မဟုတ်ပါလား။
ကျန်တစ်လုံးကိုမူ သူ ယဲ့ထုံလင်းအား ပေးလိုက်၏။
ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကိုသာ ကြည့်ပြီး ပြောပါက လက်ရှိ ပျောင်ပိုင်မြို့တွင် ထျဲ့နန်ဟွေ့ကသာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ဖြစ်ပါသည်။
သို့သော် .. သူသည် ပျောင်ပိုင်မြို့သို့ ရောက်သည်မှာ မကြာသေးသည့်အတွက် သူ ပျောင်ပိုင်မြို့အတွက် လုပ်ပေးသည့်အရာများက လုံလောက်သည်ဟု မဆိုနိုင်သေးပါချေ။
သို့ဖြစ်ရာ အခြေအနေကို ဆက်စောင့်ကြည့်ပြီးမှသာ အဆုံးအဖြတ် ပေးရမည်ဖြစ်သည်။
ထို့နောက်တွင်မူ ... တောက်ဟွန်းမြို့မှ ရခဲ့သည့် အရင်းအမြစ်များကိုလည်း အများသုံးနိုင်ရန် သေချာ ခွဲဝေပေးထားသဖြင့် ပျောင်ပိုင်မြို့တခွင် တစ်ကိုယ်တည်းအောင်းကာ ကျင့်ကြံနေကြသူများ များစွာပင် ထွက်ပေါ်လာ၏။
ထို့အပြင် စိတ်ဝိဥာဥ်ပုလဲလုံးများကလည်း သူတို့ ကျင့်ကြံရာတွင် များစွာ အထောက်အကူ ပြုပါသေးသည်။
ဤသို့ဖြင့် လဝက်ခန့် အကြာတွင်မူ ... ကျင့်ကြံခြင်းအဆင့်တက်သည့် လက္ခဏာဖြစ်သော အစွမ်းထက် အရောင်အဝါများ ပျောင်ပိုင်မြို့တခွင် နေရာအနှံ့မှ ထွက်ပေါ်လာကြ၏။
ကောင်းကင်ဘုံ ပျက်စီးခြင်း တိမ်တိုက်များကလည်း ကောင်းကင်ယံတွင် နေ့တိုင်းနီးပါးပင် ရှိနေပြီး လူများကလည်း ကောင်းကင်ဘုံ ပျက်စီးခြင်းကို နေ့တိုင်းလိုပင် ဖြတ်ကျော်နေကြသည်။
မြို့ထဲမှ လူများဆိုလျှင် ထိုကောင်းကင်ဘုံ ပျက်စီးခြင်း အဖြစ်အပျက်ကို အသားကျ၍ပင် နေလေပြီ ။
အရာအားလုံး အေးချမ်းနေသည့် ပျောင်ပိုင်မြို့ကို ကြည့်ကာ လောထျန်း ကျေနပ်အားရနေ၏။
ထိုအတိုင်းသာ အမြဲတမ်း အေးချမ်းသွားပါက ဘဝကြီးက မည်မျှ ကောင်းလိမ့်မည်နည်းဟုလည်း သူ တွေးမိသည်။
သို့သော် ... ထိုနေ့မှာပင် တည်ငြိမ်နေသည့် အရာများက လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားခဲ့ရပါသည်။
ထိုစဥ် .. မြို့ပြင်၌ လူနှစ်ယောက် လေထဲတွင် ရပ်နေကြ၏။
" ကျွတ်စ် ..တော်တော်ဝေးတဲ့နေရာပဲ ။ ဒီကို ဘာဖြစ်လို့ လူကိုယ်တိုင်လာဖို့ လိုတာလဲဗျာ ။ အဲ့လောက်ကြီး လိုအပ်လို့လား "
လေထဲတွင် ရပ်နေသည့် လူငယ်တစ်ယောက်က သူ့ရှေ့မှ ပျောင်ပိုင်မြို့အား အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်ကာ ဆိုသည်။
သူ့ဘေးမှ သက်လတ်ပိုင်းအရွယ် လူကြီးက မျက်မှောင်ကြုံ့၍ ပြော၏။
" သခင်လေး ဝမ် ၊ သတိလွတ်လို့ မရဘူးနော် ။ သခင်ကြီးပြောတာကို သခင်လေးလဲ ကြားခဲ့တာပဲ။ ဒီ လောထျန်းဆီမှာက ထူးခြားတဲ့ အမွေအနှစ်တစ်ခု ရှိနေနိုင်တာမို့ မသေမျိုးတစ်ယောက်နဲ့ ယှဥ်တိုက်ခိုက်နိုင်တဲ့ အစွမ်းတောင် ရှိထားတာတဲ့ "
ဝမ်ဖုန်းယွိက ထိုလူအား မျက်စောင်းဖြင့် ပြန်ကြည့်ကာ နှာခေါင်းရှုံ့သည်။
" သခင်ကြီးပိုင်က အဲ့စကားကို ယုံတယ်ပေါ့ ။ ဒီ ပြီးခဲ့တဲ့နှစ်တွေမှာ နာမည်ကြီးချင်လို့ မသေမျိိုးတစ်ယောက်နဲ့ တိုက်ခိုက်နိုင်တယ်ဆိုပြီး သတင်းလွင့်ခဲ့တဲ့သူတွေ ဘယ်လောက် များနေပြီလဲဗျာ ။ ဒါပေမယ့် နောက်ဆုံးတော့လဲ အားလုံးက လူလိမ်တွေပဲ မဟုတ်ဘူးလား "
သခင်ကြီးပိုင်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ဒါပေမယ့် .. သူက မိုးကြိုးဘုရင်ကို သတ်ခဲ့တဲ့သူလေ "
ဝမ်ဖုန်းယွိက အပြုံးဖြင့် ဆိုသည်။
" သခင်ကြီးပိုင် ..သတင်းပို့တာကို မကြားလိုက်ရဘူးလား ။ မိုးကြိုးဘုရင်က သူ့လက်ချက်နဲ့ သေခဲ့ရတယ်ဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲ့မတိုင်ခင်မှာ မိုးကြိုးဘုရင်က ဟို နတ်ဘုရားမြို့တော်က လူကြီးလက်ချက်နဲ့ ဒဏ်ရာ ရထားသေးတယ်လေ ။ ပြီးတော့ မြောက်ပိုင်းနန်းတော် ပေါက်ကွဲမှုကိုလဲ သူ ခံခဲ့ရသေးတယ်မဟုတ်လားဗျ။ လောထျန်းနဲ့ တွေ့တဲ့အချိန်မှာ သူ့အစွမ်း တော်တော် ကုန်နေလောက်ပြီဆိုတာ ခန့်မှန်းကြည့်လို့တောင် ရတယ် "
" ဒီလောထျန်း ဆိုတဲ့ကောင်က ကံကောင်းသွားတာ ။ တကယ်လို့ ကျုပ်သာ အဲ့ချိန် နတ်ဘုရားမြို့တော်မှာ ရှိနေရင် ကျုပ်လဲ မိုးကြိုးဘုရင်ကို သတ်ပြီး မသေမျိုးကို သတ်နိုင်သူ ဆိုတဲ့ နာမည် ရသွားမှာပဲ "
သူက ပြောပြောဆိုဆိုပင် အလွန်မောက်မာသည့် မျက်နှာထားဖြင့် လက်တစ်ဖက်မြှောက်၍ အများ၏ အရိုအသေကို ခံနေရဟန် လုပ်ပြသည်။
သခင်ကြီးပိုင်က အိုးတိုးအတ ပြန်ပြော၏။
" သခင်လေး ဝမ်ရဲ့ပါရမီက သခင်လေးနဲ့ အဆင့်သူ ကျင့်ကြံသူတွေနဲ့ ယှဥ်ရင် အင်မတန်ကို ထူးခြားတယ်ဆိုတာ မှန်ပါတယ် ။ နောင် အနာဂါတ်ကျရင်လဲ သခင်လေးက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာမှာ သေချာတယ်။ ဒါပေမယ့် ဒီတစ်ခေါက်က ကျုပ်တို့ သခင်ကြီးရဲ့ အမိန့်အတိုင်း လိုက်လုပ်ရမှာမို့ ... "
ဝမ်ဖုန်းယွိက သူ့စကားမဆုံးခင်မှာပင် လက်ကာပြပြီး ဖြတ်ပြောသည်။
" ကောင်းပါပြီဗျာ ၊ ကျုပ် သဘောပေါက်ပါတယ်။ သခင်ကြီး သဘောအတိုင်းသာလုပ်ပါ ၊ကျုပ်က တိတ်တိတ်လေးပဲ နေမယ် "
" ကျေးဇူးတင်ပါတယ် သခင်လေးဝမ် "
အဘိုးကြီးပိုင်က ဦးညွှတ်အရိုအသေပေး၍ ပြော၏။
ထို့နောက်တွင်မူ သူတို့နှစ်ဦး ပျောင်ပိုင်မြို့ထဲဝင်ရန် ပြင်လ်ုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ..
ဝီ ..
အားတစ်ခုက သူတို့အား အထဲမဝင်နိုင်အောင် တားထား၏။
" ဟင် ... ဒါက .. "
အဘိုးကြီးပိုင် အံ့သြမှင်သက်သွားရသည်။
" ခင်ဗျားတို့နှစ်ယောက်က ကျုပ်တို့ ပျောင်ပိုင်မြို့ကို ဘာကိစ္စနဲ့ လာခဲ့တာလဲ "
မြို့ထဲမှ လောထျန်း၏ အသံ ထွက်ပေါ်လာသည်။
အသံနှင့် မရှေးမနှောင်းမှာပင် လောထျန်းက မြို့ရိုးပေါ်၌ ရုတ်တရက် ပေါ်လာ၏။
လောထျန်းသည် ထိုမတိုင်ခင်က အိမ်တွင် အနားယူနေရင်း အစွမ်းထက်သော အရောင်အဝါ နှစ်ခု မြို့နားသို့ ချဥ်းကပ်လာသည်ကို သတိထားမိသွားကာ ချက်ချင်း တည်နေရာရွှေ့ပြောင်းပြီး မြို့ရိုးပေါ်သို့ ရောက်လာခြင်း ဖြစ်သည်။
အဘိုးကြီးပိုင်မှာ လောထျန်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွား၏။
လောထျန်းက မည်သို့ ပေါ်လာသည်ကို သူ သတိပင် မထားမိလိုက်ပါချေ။
ခဏအကြာတွင်မူ သူ ပြန်တည်ငြိမ်သွားပြီး မေးလိုက်သည်။
" စိတ်မရှိပါနဲ့ဗျာ ၊ သခင်လေးက သခင်လေး လာထျန်းလား .. "
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ဟုတ်တယ် ၊ ကျုပ်ပဲ ။ ခင်ဗျားတို့နှစ်ယောက်က ဘယ်သူတွေလဲ .. "
သခင်ကြီးပိုင်က အပြုံးဖြင့် ပြန်ဖြေသည်။
" ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည်က ပိုင်လန်ထျန်း ပါ ၊ သူကတော့ ဝမ်ဖုန်းယွိ လို့ ခေါ်ပါတယ်။ ကျုပ်တို့က ကျုံ့ကျိုးဒေသကပါ "