စမ်းသပ်မှု
Vol. 21 Ch. 290
" ခင်ဗျားတို့က ကျုံ့ကျိုးကလား .. ကျုပ်ကို ဘာလို့ လာရှာကြတာလဲ "
လောထျန်းမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း မထူးခြားဟန်ဖြင့်သာ မေးလိုက်သည်။
ပိုင်လန်ထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ကျုပ်တို့နှစ်ယောက်က သခင်လေးကို အခွင့်ကောင်း ပေးချင်လို့ ပျောင်ပိုင်မြို့ကို လာခဲ့ကြတာပါ "
သူက ထိုသို့ပြောပြီးနောက် လောထျန်းထံမှ အမေးကို စောင့်နေဟန်ဖြင့် စကားခနရပ်သည်။
သို့သော် တဖက်မှ လောထျန်းက သူ့ကို နားမလည်ဟန်ဖြင့် အေးစက်စက်သာ ကြည့်နေ၏။
ပိုင်လန်ထျန်းမှာ အိုးတို့အမ်းတမ်းပြုံး၍ စကားဆက်လိုက်ရသည်။
" ကျုပ် တစ်ခုလောက် မေးလို့ရမလား သခင်လေး ၊ သခင်လေး ပိုမြင့်တဲ့အဆင့်က ကမ္ဘာအကြောင်းကို ဘယ်လောက် သိထားလဲ "
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။
" ပြောချင်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းဗျာ ၊ စကားကို ဟိုဝေ့ဒီဝေ့ လုပ်မနေနဲ့ "
မျှော်လင့်မထားသည့် တုန့်ပြန်ပုံကြောင့် ပိုင်လန်ထျန်း အံ့သြမှင်သက်သွားသည်။ သူသည် အစပိုင်းတွင် စကားဝိုင်းကို သူကသာ ဦးဆောင်မည်ဟု တွေးထားခဲ့ပြီး .. ယခု လောထျန်းက ထိုသို့ ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ပိုင်လန်ထျန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ စကားဆက်လိုက်ရ၏။
" ဒါဆိုလဲ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ကျုပ်တို့သခင်ကြီးက သခင်လေးလောထျန်း မိုးကြိုးဘုရင်ကို သတ်လိုက်တဲ့အကြောင်း ကြားခဲ့ရပါတယ်။ ဒါ့ကြောင့်မို့ သခင်လေးရဲ့အစွမ်းက မသေမျိုးအဆင့် မရှိရင်တောင် ကောင်းကင်ဘုံ တံခါးဝအဆင့်မှာတော့ ရှိမှာပဲလေ "
" သခင်လေးရဲ့ အစွမ်းနဲ့သာဆို ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး ပိုမြင့်တဲ့အဆင့်ကို တက်ဖို့ သိပ်အလှမ်းမဝေးတော့ဘူး။ ဒါပေမယ့် သခင်လေးတစ်ခု သိထားရမှာက ကျုပ်တို့ ထျန်းယွမ်ကမ္ဘာက လူတွေအတွက် ပိုမြင့်တဲ့အဆင့်ကို တက်ဖို့က ကိုယ့်အသက်ကို လောင်းကြေးထပ်ရသလိုကို ခက်ခဲတယ်။ ဒါပေမယ့် .. သခင်လေးသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် သခင်လေးအနေနဲ့ ပိုမြင့်တဲ့အဆင့်ကို ဘေးကင်းကင်းတက်ပြီး အဆင်ချောချောနဲ့ မသေမျိုးတစ်ယောက် ဖြစ်လာရမယ်ဆိုတာ ကျုပ်တို့ သခင်ကြီးက အာမခံပေးနိုင်ပါတယ် "
သူက ထိုသို့ပြောကာ လောထျန်းအား စူးရှသည့် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။
ပိုမြင့်သည့်အဆင့်သို့ ဘေးကင်းကင်း တက်နိုင်ခြင်း ...
ထိုအခြေအနေမှာ ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက် ကျင့်ကြံသူများ အားလုံးအတွက် အလွန်ဆွဲဆောင်နိုင်သည့် အရာတစ်ခုပင် ။
ပုံမှန်ဆိုလျှင် ထိုအကြောင်းကို ကြားသည်နှင့် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားကြရစမြဲ ဖြစ်ပါသည်။
သို့ဖြစ်ရာ လောထျန်းကလည်း ထို့နည်းတူပင် တုန့်ပြန်လာလိမ့်မည်ဟုသာ ပိုင်လန်ထျန်း ထင်ထားခဲ့၏။
သို့သော် ...
" ကျုပ် စိတ်မဝင်စားဘူး "
လောထျန်းက ထိုစကားတစ်ခွန်းသာ ပြောပြီး နောက်လှည့်၍ ထွက်ခွာသွားသည်။
ပိုင်လန်ထျန်း ဒုက္ခရောက်ရလေပြီ ...
" ခဏလေး နေပါဦးဗျာ "
သူ အသံကျယ်ဖြင့် လှမ်းအော်ကာ တားလိုက်သည်။
" တခြား ဘာပြောစရာ ရှိသေးလို့လဲ "
လောထျန်းက သူ့ဘက်သို့ ခေါင်းလှည့်ကြည့်ကာ မေး၏။ သူ့အသံမှာလည်း စိတ်မရှည်ဟန် အတိုင်းသား ပါနေလေပြီ။
ပိုင်လန်ထျန်းက မျက်မှောင်ကြီးကြုံ့၍ ပြောလိုက်သည်။
" သခင်လေးလောထျန်း ၊ ဒီကိစ္စကို တကယ်ကြီး မစဥ်းစားတော့ဘူးလား ။ ဒီလိုအခွင့်ရေးမျိုးက လူတိုင်းရတာ မဟုတ်ဘူးနော်။ ကျုပ် တကယ်လိမ်နေတာ မဟုတ်ဘူး။ ကျုပ်တို့ သခင်ကြီးက ပိုမြင့်တဲ့အဆင့်မှာ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာက လူတွေကို လက်ခံပေးတဲ့ နေရာတစ်ခု လုပ်ထားတယ်။ဒါ့ကြောင့်မို့ ပိုမြင့်တဲ့အဆင့်ကို ဘေးကင်းကင်းနဲ့ တက်နိုင်တယ်ဗျ "
လောထျန်း မျက်နှာကြီး မဲ့ကာ ပြန်မေးသည်။
" ကျုပ် သိထားသလောက်တော့ ဒီကလူတွေက ပိုမြင့်တဲ့အဆင့်မှာ ဒီထျန်းယွမ်ကမ္ဘာက လူတွေကို လက်ခံပေးတဲ့ နေရာ မလုပ်နိုင်သေးပါဘူး .. ဟုတ်တယ်မလား "
ပိုင်လန်ထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" အမှန်ပဲ ၊ ဒါပေမယ့် ကျုပ်တို့ သခင်ကြီးက ဒီ ထျန်းယွမ်ကမ္ဘာကလို့ ကျုပ် မပြောခဲ့ဘူးလေ "
ထိုစကားကို ကြားလိုက်သည်နှင့် .. လောထျန်း၏ အရောင်အဝါက ချက်ချင်း အေးစက်သွားတော့သည်။
" ဒါဆို .. ခင်ဗျားရဲ့ သခင်ကြီးက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကလို့ ပြောရမှာပေါ့ "
လောထျန်းက မေးလိုက်သည်။
ပိုင်လန်ထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" သခင်လေးက ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုအကြောင်းကို သိထားတာပဲ။ ဒီလိုဆိုတော့လဲ ပြောရတာ ပိုရှင်းသွားတာပေါ့ဗျာ ။ သခင်လေးပြောတာမှန်တယ် ၊ ကျုပ်တို့ သခင်ကြီးက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ထဲကပဲ ။ သူတို့ကမ္ဘာက ကျုပ်တို့ ထျန်းယွမ်ကမ္ဘာထက် အများကြီး ပိုပြီး အစွမ်းထက်တယ်ဗျ။ ဒီတော့ ကျုပ်တို့နဲ့သာ ပူးပေါင်းလိုက်ရင် .. သခင်လေးရဲ့ အရည်အချင်းနဲ့ဆို ကျုပ်တို့ သခင်ကြီးက သခင်လေးကို မျက်နှာသာပေးမှာ အသေချာပဲ။ ပိုမြင့်တဲ့အဆင့်ကို တက်ဖို့ကလဲ အိမ်မက်တစ်ခုပဲ ဖြစ်နေတော့မှာ မဟုတ်ဘူး "
ချွှင် ...
သူ့စကားဆုံးသည်နှင့် လောထျန်းလက်ထဲတွင် ဓားတစ်လက် ပေါ်လာသည်။
" ဟင် ... အဲ့ဒါ ...ဘာသဘောလဲဗျ "
ပိုင်လန်ထျန်း လန့်သွားသည်။
လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက်ပြော၏။
" နောက်ဆုံးစကားအနေနဲ့ ဘာပြောချင်လဲ "
" အမ် .. "
ပိုင်လန်ထျန်း မျက်နှာထား ပြောင်းသွားသည်။
လောထျန်းက သူ့အား သေတမ်းစာ ချန်ထားရန် တိုက်ရိုက်ပင် ပြောနေသည်လား။
" ဘာမှ ပြောစရာ မရှိဘူးလား ။ ကောင်းပြီလေ ၊ အဲ့လိုဆိုလဲ ကျုပ် တိုက်ခိုက်တော့မယ် "
လောထျန်းက ပြောလိုက်သည်။ သူ့ကိုယ်ထဲမှ လူသတ်အရိပ်အငွေ့များလည်း ဆူပွက်လာကြ၏။
" ခဏ ... ခဏနေပါဦး "
ပိုင်လန်ထျန်း လန့်သွားကာ လက်အမြန်ကာလိုက်သည်။
သို့သော် ..လောထျန်းက သူ့ကို လျစ်လျူရှုပြီး သူ့လက်ထဲမှ ဓားကိုသာ မြှောက်လိုက်၏။
ပိုင်လန်ထျန်း အလွန်ကြောက်လန့်သွားရသည်။
" သခင်လေးလောထျန်း ၊ ကျုပ် ခုနက သခင်လေးကို စမ်းသပ်နေတာပါဗျာ။ ကျုပ်က ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု အဖွဲ့က မဟုတ်ပါဘူး "
ပိုင်လန်ထျန်း၏ စကားများက အလွန်လျင်မြန်နေ၏။ သူ စကားနှေးနေခဲ့ပါက လောထျန်း၏ ဓားချက် သူ့အပေါ်သို့ ကျလာကာ သူ့ကိုယ် အပိုင်းပိုင်း ဖြစ်သွားမည်ကိုလည်း အလွန် စိုးနေပါသည်။
" ဟင် .. အဲ့ဒါ ဘာအဓိပွပါယ်လဲ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
လောထျန်းက လောလောဆယ် တိုက်ခိုက်မည့်ဟန် မရှိတော့သည်ကို မြင်မှသာ ပိုင်လန်ထျန်း သက်ပြင်းချနိုင်သွား၏။ ထို့နောက် သု့နဖူးမှ ချွေးများကို သုတ်ကာ ဆိုသည်။
" ကျုပ် ခုနက ပြောခဲ့သလို .. သခင်လေးကို ပိုမြင့်တဲ့အဆင့်နဲ့ မျှားရင် ပါလာမလားလို့ စမ်းသပ်တာပါ။ တကယ်တော့ ကျုပ်တို့ သခင်ကြီးက ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု ထဲက မဟုတ်ပါဘူး။ ကျုံ့ကျိုးဒေသက လူသားမသေမျိုး တစ်ယောက်ပါ "
" ကျုပ်တို့အဖွဲ့က ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုက သူတွေနဲ့ တိုက်ခိုက်နေတာ ကြာလှပြီဗျ "
လောထျန်းကမူ ပိုင်လန်ထျန်းကို ကြည့်နေရင်း မျက်မှောင်ကြုံ့သထက် ကြုံ့လာ၏။
" ခင်ဗျားရဲ့ စကား ၂ ခုမှာ ဘယ်ဟာက အမှန်လဲဆိုတာ ကျုပ် ဘယ်လို သိနိုင်မှာလဲ "
သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့ကလည်း ယခင်အတိုင်း အစွမ်းထက်နေဆဲပင်။
" ကျုပ် ကျိန်ပြောရဲပါတယ်ဗျာ ။ ကျုပ်က တကယ်ကို ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုက မဟုတ်ပါဘူး "
ပိုင်လန်ထျန်းက ထိုသို့ပြောပြီး ချက်ချင်းပင် ကျိန်ပြသည်။
ကျင့်ကြံသူများအတွက် ကျိန်ဆိုခြင်းက မည်မျှ အရေးပါကြောင်းကို လောထျန်း သိထားပြီး ဖြစ်ပါ၏။
ထို့ကြောင့် .. တဖက်လူ ကျိန်ပြသည်ကို ကြားမှသာ လောထျန်း သူ့လက်ထဲမှ ဓားအား ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။
သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့ကလည်း အနည်းငယ် မှိန်ဖျော့သွား၏။
ပိုင်လန်ထျန်းမှာလည်း ၎င်းကို မြင်မှသာ သက်ပြင်းရှည်ကြီး ချနိုင်သွားသည်။
သို့သော် .. သူ ထင်မထားသည့် အချိန်မှာပင် သူ့ဘေးမှ ဝမ်ဖုန်းယွိက လှောင်သံဖြင့် အေးစက်စက် ပြောလာ၏။
" သခင်ကြီးပိုင် ၊ ဒီကောင်လေးကို ဘာဖြစ်လို့ အဲ့လောက် ကြောက်နေရတာလဲ ။ ကျုပ်တို့က သူ့ကို တကူးတက လာတွေ့တာတောင် ၊ သူက ကျုပ်တို့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ဆက်ဆံနေတာလေ။ ဒီကောင်က သူ့ကိုယ်သူ တော်တော်အစွမ်းထက်တယ်လို့ ထင်နေတဲ့ပုံပဲ "
ပိုင်လန်ထျန်းမှာ ကြားလိုက်ရသည့် စကားကြောင့် ချက်ချင်း လန့်သွားပြီး မှားသွားခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ထိုစဥ် တဖက်မှ ဝမ်ဖုန်းယွိက ရှေ့သို့ မြန်မြန်ပင် ခြေတစ်လှမ်းတိုးပြီး လောထျန်းအား လက်ညိုးထိုးကာ ပြော၏။
" ကောင်လေး .. မင်းက တစ်ပိုင်းသေနေတဲ့ မိုးကြိုးဘုရင်ကို သတ်လိုက်နိုင်ရုံနဲ့ မသေမျိုးတွေကို သတ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် အထင်ရောက်နေတယ်ပေါ့လေ။ ငါတို့က မင်းကို မျက်နှာသာ ပေးတဲ့အနေနဲ့ လာခဲ့တာတောင် မင်းက ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေသေးတယ် "
" မင်းတိုက်ခိုက်ချင်ရင် လာလေ .. ငါနဲ့ တိုက်ခိုက်မယ် ။ မင်းထက် ပိုတော်ပြီး ပိုအစွမ်းထက်တဲ့သူတွေ အမြဲရှိတယ်ဆိုတာ မင်းသိအောင် ငါ ပြပေးမယ် "
သူက ထိုသို့ပြောပြီးနောက် လောထျန်းအား ရန်စ လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
လောထျန်းက သူ့ကို ပြန်ကြည့်ကာ ခေါင်းညိတ်၏။
" ကောင်းပြီလေ ၊ ဒါဆိုလဲ မင်းသဘောပေါ့ "
ထို့နောက် သူ လေထဲ ပျံတက်လိုက်သည်။
" ဟား ဟား .. ထွက်ပြေးတော့မလို့လား "
ဝမ်ဖုန်းယွိက လှောင်သံဖြင့် ပြောကာ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သို့သော်..လောထျန်းက ရိုးရိုးရှင်းရှင်းပင် လက်တစ်ဖက် မြှောက်လိုက်၏။
ထို့နောက်တွင်မူ ...
ဘုန်း ..
ဝမ်ဖုန်းယွိတစ်ယောက် လေထဲမှ လွင့်သွားပြီး မြေကြီးပေါ် ကျသွားတော့သည်။
သူ ကျသွားခဲ့သည့် နေရာတွင် လူပုံစံ တွင်းကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့၏။
ဝမ်ဖုန်းယွိကမူ မြေကြီးအနက်ပိုင်းထဲထိ နစ်ဝင်နေလေပြီ ။
ထိုမြင်ကွင်းကို ကြည့်နေသော ပိုင်လန်ထျန်းတစ်ယောက် အလွန် ထိတ်လန့် တုန်လှုပ်သွားရသည်။
ဝမ်ဖုန်းယွိသည် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်သော်လည်း ..
လောထျန်းရှေ့တွင်မူ .. သူ သိုင်းကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပါချေ။
ထို့အပြင် လောထျန်းက သနားညှာတာပေးခဲ့သည်မှာလည်း သိသာနေပါသေး၏။
သို့မဟုတ်ပါက .. ဝမ်ဖုန်းယွိတစ်ယောက် ပြာအဖြစ်သို့ပင် ရောက်နေလောက်လေပြီ ။
" ကဲ ..ကျုပ် ခင်ဗျားကို အမှန်အတိုင်း ရှင်းပြဖို့ နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ်။ ဒါကိုမှ ကောင်းကောင်း မရှင်းပြနိုင်ရင်တော့ ခင်ဗျားတို့နှစ်ယောက်လုံး ဒီကနေ ပြန်ထွက်လို့ မရဘူးလို့သာ မှတ်လိုက်ပါ "
လောထျန်းက ပိုင်လန်ထျန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ကောင်းပါပြီဗျာ ၊ ကျုပ် အားလုံးကို ရှင်းပြပါ့မယ် "
ပိုင်လန်ထျန်းမှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ သူ ဝမ်ဖုန်းယွိကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ရှင်းပြ၏။
" ကျုပ်တို့ရဲ့ သခင်ကြီးက လွန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုက သူတွေနဲ့ ဒီ ကမ္ဘာက သစ္စာဖောက်တွေကို တိုက်ခိုက်ဖို့အတွက် ကမ္ဘာအနှံ့က ပါရမီရှင်တွေကို စုဆောင်းနေခဲ့တာဗျ။အထူးသဖြင့် ကမ္ဘာပေါ်က လူသားမသေမျိုး ဖြစ်လာနိုင်ချေရှိတဲ့ သူတွေပေါ့ဗျာ "
" သိပ်မကြာခင်ကတော့ သခင်လေးလောထျန်းက မိုးကြိုးဘုရင်ကို သတ်လိုက်တယ်ဆိုတဲ့သတင်းကို ကျုပ် တို့သခင်ကြီး ကြားသွားခဲ့တယ်။ သူက သခင်လေးအနေနဲ့ ဒီ ထျန်းယွမ်ကမ္ဘာက လူတွေကို ကူညီချင်စိတ် ရှိ ၊ မရှိ ကို စမ်းသပ်ချင်လို့ ကျုပ်တို့ကို လွှတ်လိုက်တာပဲ ။ ဒါ့ကြောင့်မို့လဲ ကျုပ်က ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုက သူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး သခင်လေးကို သိမ်းသွင်းဖို့ ကြိုးစားခဲ့တာပါ "
" တကယ်လို့ သခင်လေးက ဒီ စမ်းသပ်မှုကို အောင်မြင်ရင်တော့ ကျုပ်တို့ထဲက တစ်ယောက်အဖြစ် မှတ်ယူမှာပေါ့ဗျာ "
ထိုစကားကို ကြားသောအခါ လောထျန်းက အေးအေးဆေးဆေး ပြန်မေးသည်။
" တကယ်လို့ ကျုပ်က စမ်းသပ်မှုကို မအောင်မြင်ခဲ့ရင်ရော "
" ဒါဆို .... "
ပိုင်လန်ထျန်းက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ စကားဆက်၏။
" အဲ့ကျရင်တော့ ကျုပ် သခင်လေးကို သတ်ရမှာပေါ့ "