လက်ထောက် ဂိုဏ်းချုပ်ကြီး
Vol. 21 Ch. 292
" ဘာလို့ ကျုပ်ကို သွားခိုင်းရတာလဲ ၊ ဒီလိုကိစ္စမျိုးက ကမ္ဘာပေါ်က လူသားမသေမျိုးတွေပဲ လုပ်သင့်တာ မဟုတ်ဘူးလား "
လောထျန်းက တဖက်လူအား သံသယ မကင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ပိုင်လန်ထျန်းက အောင့်သက်သက်ပြုံးကာ ပြန်ပြော၏။
" သခင်လေး မသိလို့ ၊ အဲ့နှစ်က စစ်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ အရှေ့ပိုင်းဒေသက ကောင်းကင်နှင့်မြေကြီးရဲ့ သဘာဝတရားတွေ ဖျက်ဆီးခံခဲ့တယ်ဗျ။ အဲ့ဒါကြောင့်မို့ အဲ့ကို မသေမျိုးတစ်ယောက် သွားတာနဲ့ အဲ့က အရာတွေအားလုံး ပြိုကျပျက်စီးသွားနိုင်တယ် "
သူ့စကားဆုံးသောအခါ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ ။ ဒါဆို .. ဒီတစ်ခေါက် ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လာရှာရတဲ့အခြေခံ အကြောင်းအရင်းက ဒါကြောင့်ပေါ့ "
ပိုင်လန်ထျန်းက အိုးတို့အမ်းတမ်း ပြန်ပြော၏။
" အဲ့လိုလဲ ပြောလို့ရပါတယ် ။ သခင်လေး လောထျန်းရဲ့ ကျင့်ကြံခြင်းက မသေမျိုးအဆင့်ကို မရောက်သေးပေမယ့် သခင်လေးက မိုးကြိုးဘုရင်ကိုတောင် သတ်နိုင်ခဲ့တယ်လေ။ ဒါ့ကြောင့်မို့ ဒီအရေးကြီးတဲ့ ကိစ္စကိုရော တာဝန်ယူနိုင်တဲ့ အစွမ်း ရှိမလားဆိုတာ သိချင်လို့ လာခဲ့တာပါ။ ဒါပေမယ့် အစောတုန်းက သခင်လေး တိုက်ခိုက်တာကို မြင်ရတာနဲ့တင် သခင်လေးမှာ လုပ်နိုင်စွမ်း အပြည့်ရှိတယ်ဆိုတာ သိခဲ့ရတယ် "
ပိုင်လန်ထျန်းက လောထျန်း ငြင်းလိုက်မည်ကို စိုးရိမ်နေသည့်အလား စကားဆက်သည်။
" ပြီးတော့ သခင်လေးသာ နဂါးသင်္ချိုင်းမြေကို သွားနိုင်ရင် မှော်လက်နက်ကလွဲလို့ ကျန်တဲ့ အရာတွေအားလုံး .. နဂါးသွေး တို့ ၊ ကောင်းကင်ဘုံ နဂါးအရိုး တို့ အဲ့ဒါတွေအကုန် သခင်လေးပဲ ရမှာပါ။ ဒါ့အပြင်ကို ကျုပ်တို့ ထျန်းယွမ်ဘုရားကျောင်းရဲ့ အဖိုးတန် ရတနာကြီး ၃ ခုကိုလဲ သခင်လေးကို ပေးဦးမှာပါ "
လောထျန်းသည် အစပိုင်းတွင် မျက်နှာထားတည်တည်သာ ရှိနေခဲ့သော်လည်း ထိုစကားကို ကြားသည်နှင့် မျက်လုံးများ အရောင်လက်သွား၏။
" ခင်ဗျား ခုနက ပြောလိုက်တာ ဘယ်လို .. "
သူ ရုတ်တရက် ထရပ်ကာ မေးသည်။
ပိုင်လန်ထျန်းကခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ ပြန်ဖြေ၏။
" ကျုပ်တို့ ထျန်းယွမ်ကျောင်းတော် ရဲ့ အဖိုးတန် ရတနာ ၃ ခုကို ပေးမှာလို့ ပြောတာပါ "
လောထျန်းက လက်ကာပြကာ ပြောသည်။
" မဟုတ်ဘူး .. အဲ့မတိုင်ခင်က ဟာကို ပြောတာဗျ။ နဂါးသင်္ချိုင်းမြေမှာ နဂါးသွေးအစစ် ရှိတယ်လို့ ပြောလိုက်တာလား .. "
နဂါးသွေးမှာ လောထျန်း အတွက် နောက်တစ်ဆင့်ဖြစ်သည့် ထုံရွှယ်ကျင့်ကြံခြင်းအဆင့်သို့ တက်ရန် လိုအပ်သော ပစ္စည်း ဖြစ်ပါသည်။
သူ ထိုနဂါးသွေးကို ဘယ်နေရာတွင် ရှာရမည်မသိ ဖြစ်နေချိန်၌ ယခုလိုစကားမျိုး ကြားရလိမ့်မည်ဟု ထင်မထားခဲ့ပါ။
" ဟုတ်တယ်ဗျ ၊ နဂါးသင်္ချိုင်းမြေမှာ နဂါးသွေးအစစ် ရှိတယ် "
ပိုင်လန်ထျန်းက ခေါင်းညိတ်ပြကာ ပြောသည်။
ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပိုင်လန်ထျန်း၏ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။
" စိတ်မပူပါနဲ့ဗျာ .. ကျုပ်တို့ ထျန်းယွမ်ကမ္ဘာအတွက် ဒီကိစ္စကို ကျုပ် တာဝန်သာ ထားပါ "
" ဟင် .. ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း "
ပိုင်လန်ထျန်းမှာ လောထျန်းက ဤမျှ အလွယ်တကူ သဘောတူလာလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။
ကြည့်ရသည်မှာ သခင်ဘေး လောထျန်းက ဤထျန်းယွမ်ကမ္ဘာကို ကာကွယ်လိုသည့် ဖြူစင်သော စိတ်ထား ရှိထားဟန်ပင် ။
" သခင်လေး လောထျန်း ၊ ကျုပ် သခင်လေးကို သတိပေးချင်တာ တစ်ခု ရှိသေးတယ် "
ပိုင်လန်ထျန်း၏ မျက်နှာထားက ရုတ်တရက် လေးနက်သွား၏။
" ဘာဖြစ်လို့လဲ "
လောထျန်းက သူ့အား ပြန်ကြည့်လိုက်သည်။
" နဂါးသင်္ချိုင်းမြေဆိုတာ အင်မတန် အန္တရာယ်များတဲ့ နေရာတစ်ခုပဲဗျ။ အခု အရှေ့ပိုင်းဒေသကို မသေမျိုးတွေ သွားလို့ မရတော့ဘူးဆိုပေမယ့် .. နဂါးသင်္ချိုင်းမြေက ဟိုးအရင်ကတည်းက ပိတ်ထားတဲ့ ကမ္ဘာငယ်တစ်ခု ဖြစ်ပြီးတော့ နဂါးမျိုးနွယ်စုကိုတောင် မသွားဖို့ တားမြစ်ထားတဲ့ နေရာတစ်ခုပဲ။ အဲ့မှာရှိတဲ့ နဂါးအစစ်တွေရဲ့ စိတ်ဝိဥာဥ်တွေက မသေမျိုးအဆင့် တိုက်ခိုက်စွမ်းရည် ရှိပြီးတော့ အင်မတန်ကို အန္တရာယ်များတယ် "
" ပြီးတော့ .. နဂါးသင်္ချိုင်းမြေ ဖွင့်တာနဲ့ ဒီကမ္ဘာက သစ္စာဖောက်တွေကလဲ အခွင့်အရေးကို လက်လွတ်ခံကြမှာ မဟုတ်ဘူးဗျ။ သူတို့တွေက ကျုပ်တို့ကို တားဖို့ သေချာပေါက် ကြိုးစားမှာပဲ ။ သူတို့ရဲ့ အကောင်းဆုံး သိုင်းသမားတွေ လွှတ်ပြီးတော့ ဝိုင်းပြီး အင်အားသုံးဖိနှိပ်ဖို့ ကြိုးစားကြမှာ သေချာတယ်။ ဒီတော့ဗျာ အတိုချုပ် ပြောရရင် ဒီခရီးက အင်မတန်ကို အန္တရာယ်များတယ် "
ထိုစကားကို ကြားသောအခါ လောထျန်းက လက်ကာပြ၍ ပြော၏။
" ကောင်းပါပြီဗျာ ၊ ကျုပ် နားလည်ပါပြီ "
အန္တရာယ်တဲ့လား ..
ဤကမ္ဘာပေါ်တွင် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က တိုက်ခိုက်လာသည့်အချိန်မှလွဲ၍ ကျန်သာမာန်လူများက သူ့အား လုံးဝ အန္တရာယ်မပြုနိုင်သည်ကို သူ သိထားပြီး မဟုတ်ပါလား။
အကယ်၍ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က တိုက်ခိုက်လာလျှင်ပင် မည်သူနိုင်မည် ၊ ရှုံးမည်ကို ပြောရန် ခက်ခဲပါသည်။
လောထျန်း၏ ဂရုမစိုက်ဟန် မျက်နှာထားကို မြင်သောအခါ ပိုင်လန်ထျန်းရင်ထဲ စိုးရိမ်စိတ်များဖြင့် ပြည့်သွားသည်။
သူ လောထျန်းအား အန္တာရယ်များကြောင်းကို ထပ်ပြီး ပြောချင်သေးသော်လည်း လောထျန်းမျက်နှာကို ကြည့်ခြင်းဖြင့် သူပြောလည်း အပိုပင် ဖြစ်သည်ကို နားလည်လိုက်၏။
သူ သက်ပြင်းချ၍သာ ဆိုသည်။
" ကောင်းပါပြီဗျာ ၊ သခင်လေးလောထျန်း ၊ နောက်တစ်လဆိုရင် နဂါးသင်္ချိုင်းက ဖွင့်ပြီဗျ။ အဲ့ကျရင် ဒီ တည်နေရာရွှေ့ပြောင်းခြင်း အဆောင်နဲ့ အရှေ့ပိုင်းဒေသ နယ်စပ်နားအထိ တိုက်ရိုက် တည်နေရာ ရွှေ့ပြောင်းသွားလို့ရတယ်။ ကျုပ်တို့ဘက်ကနေ သခင်လေးကို နဂါးသင်္ချိုင်းဆီ ပို့ပေးမယ့် လူတစ်ယောက် စီစဥ်ထားပါ့မယ် "
သူက ပြောပြောဆိုဆိုပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံအား လက်နှစ်ဖက်ဖြင့် တလေးတစား ပေးလိုက်သည်။
လောထျန်းက ၎င်းကို ယူကာ ပြော၏။
" ကျုပ်နဲ့အတူ တခြားသူတွေကိုရောခေါ်လာလို့ရလား "
ပိုင်လန်ထျန်းက ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ ခေါင်းညိတ်သည်။
" ရပါတယ်ဗျာ ၊ ဒါပေမယ့် ကျုပ် သတိပေးချင်တာ တစ်ခုတော့ ရှိတယ်ဗျ ။ နဂါးသင်္ချိုင်းမြေကို ဝင်ဖို့ဆိုရင် အနည်းဆုံး ကောင်းကင်ဘုံအဆင့် ကျင့်ကြံခြင်းတော့ ရှိထားဖို့ လိုတယ်။ ဒါမှ မဟုတ်ရင်လဲ နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားသွေးပါတဲ့ သားရဲတစ်ကောင်ဖြစ်ရမယ်ဗျ။ မဟုတ်ရင် အထဲက ကောင်းကင်ဘုံနဂါးတွေရဲ့ ဖိအားဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး "
သူ့စကားကြောင့် လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" အဲ့လိုလား ... ဒါဆို နျိုထျဲ့ချူ အပါအဝင် သုံးယောက်ပဲ ခေါ်လို့ရမယ်နဲ့ တူတယ် "
ဤသို့ဖြင့် အားလုံး ရှင်းပြပြီးနောက်တွင်မူ .. ပိုင်လန်ထျန်းက မတ်တပ်ရပ်ပြီး ဦးညွှတ်အရိုအသေပြု၍ ပြော၏။
" ဒါဆို ကျုပ်ကို သွားခွင့်ပြုပါဦး သခင်လေး လောထျန်း ။ နောက်တစ်လနေရင် နဂါးသင်္ချိုင်းမြေရဲ့ အပြင်ဘက်မှာ ပြန်ဆုံကြတာပေါ့ဗျာ "
လောထျန်းက ခေါင်းညိတ်ပြသည်။
" ကောင်းပါပြီဗျာ ၊ ဂရုစိုက်ပါ "
ထို့နောက်တွင်မူ ပိုင်လန်ထျန်းက ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြီး သတိလစ်မေ့မျောနေဆဲဖြစ်သည့် ဝမ်ဖုန်းယွိကို သယ်ကာ ပျောင်ပိုင်မြို့မှ ထွက်ခွာသွားတော့၏။
သူတို့ ထွက်ခွာသွားပြီး နောက်တွင်မူ လောထျန်းက ဘုရင်ကျင်းဖန်နှင့် နျိုထျဲ့ချူ တို့ သားအမိကို ခေါ်ကာ နဂါးသင်္ချိုင်းမြေအကြောင်း ပြောပြလိုက်သည်။
လောထျန်းစကားကို နားထောင်ပြီးနောက် သူတို့ သုံးယောက်လုံး စိတ်လှုပ်ရှားသွားကြ၏။
" အကိုကြီး .. နဂါးသင်္ချိုင်းမြေလို့ ပြောလိုက်တာလား .. တကယ့် နဂါးသင်္ချိုင်းမြေ အစစ်လား "
နျိုထျဲ့ချူက တအံ့တသြ မေးသည်။
လောထျန်းက သူမကို လှည့်ကြည့်ကာ တအံ့တသြ ပြန်မေး၏။
" ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲ "
သူ့ဘေးမှ ဘုရင်ကျင်းဖန်က ဝင်ပြောသည်။
" သခင်လေး မသိလို့ဗျ ၊ ဒီ နဂါးသင်္ချိုင်းမြေက သခင်လေးတို့လို လူသားတွေအတွက် ဒီတိုင်း သာမာန် လျှို့ဝှက်ဒေသတစ်ခု ဆိုပေမယ့် ကျုပ်တို့လို သားရဲတွေအတွက်တော့ အင်မတန် ရခဲလှတဲ့ အခွင့်ကောင်းကြီးပဲဗျ "
" အင် .. အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲ "
လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။
နျိုထျဲ့ချူက စိတ်လှုပ်ရှားစွာ ပြောပြ၏။
" နဂါးမျိုးနွယ် ဆိုတာ ကျွန်မတို့ နတ်ဘုရားသားရဲတွေရဲ့ ခေါင်းဆောင်ပဲ အကိုကြီးရဲ့ ။ နဂါးသွေး ပဲဖြစ်ဖြစ် ၊ နဂါးကြေးခွံပဲ ဖြစ်ဖြစ် ၊ နဂါးအရိုးပဲ အဖြစ် အကုန်လုံးက သားရဲတွေအတွက် အင်မတန် အဖိုးတန်တယ်"
" အဲ့ပစ္စည်းတွေကို နည်းနည်းလေး သန့်စင်လိုက်နိုင်ရင်တောင် ကျွန်မတို့ ကိုယ်ထဲက နတ်ဘုရားသွေးကို အများကြီး ပိုအစွမ်းထက်လာအောင် ကူညီပေးနိုင်တယ်။ ဒါပေမယ့် အဲ့အရာတွေကို အပြင်ကမ္ဘာကြီးမှာ ရှာတွေ့ဖို့ အင်မတန်ကို ခက်တယ်ရှင့် "
" ဘယ်လိုပဲ ဖြစ်ဖြစ် ၊ နဂါးသင်္ချိုင်းမြေမှာတော့ အဲ့အရာတွေက နေရာတိုင်း ရှိနေမှာ။ ဒီတော့ ကျွန်မတို့သာ အဲ့အရာတွေကို နဂါးသင်္ချိုင်းမြေထဲမှာပဲ သန့်စင်လိုက်နိုင်ရင် ကျွန်မတို့အတွက် အင်မတန်ကြီးတဲ့ တိုးတက်မှုတွေ ဖြစ်သွားမှာပဲ "
ထိုအချိန်မှသာ နဂါးသင်္ချိုင်းမြေက သူတို့အတွက် အလွန်အဖိုးတန်ကြောင်း လောထျန်း နားလည်သွားရသည်။
" ကဲ .. ဒါဆို မင်းတို့တွေ အရင်ဆုံး ကျင့်ကြံခြင်းအဆင့် နည်းနည်းပိုပြီး တိုးတက်လာအောင် လုပ်လိုက်ကြဦး။ ဒါမှလဲ နဂါးသင်္ချိုင်းမြေကို သွားတဲ့အခါ ပိုပြီး အန္တရာယ်ကင်းမှာ "လောထျန်းက ပြောလိုက်သည်။
နျိုထျဲ့ချူက ချက်ချင်း ခေါင်းညိတ်ကာ ပြန်ပြော၏။
" ကောင်းပါပြီ အကိုကြီး ၊ ဒါဆို ကျွန်မ တစ်ကိုယ်တည်း သွားပြီး ကျင့်ကြံလိုက်ဦးမယ် "
" ကျုပ်လဲ သွားကျင့်ကြံဦးမယ်ဗျာ "
ဘုရင်ကျင်းဖန်ကလည်း ဆိုသည်။
ဤသို့ဖြင့် သားရဲ သုံးယောက်လုံးပင် မိမိနေရာသို့ ပြန်ကာ နဂါးသင်္ချိုင်းမြေသို့ မသွားခင်အချိန်ထိ တစ်ကိုယ်တည်း ကျင့်ကြံနေလိုက်ကြ၏။
ထိုစဥ် .. ကျုံ့ကျိုးဒေသ တစ်နေရာ၌ ...
" သခင်ကြီး ၊ ကျုပ် လောထျန်းကို သတ်ဖို့ တကယ်ကို အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဗျာ။ ဒါပေမယ့် သူက အရမ်း အစွမ်းထက်လွန်းတယ်ဗျ .. ကျုပ် သူ့ကို သတ်လို့မရဘူး "
ဟွမ်ဟိုင်က ကြမ်းပြင်တွင် ဒူးထောက်ကာ ငိုသံကြီးဖြင့် ဆိုသည်။
သူ့ရှေ့တွင်မူ .. အမည်းရောင် ဝတ်ရုံတစ်ခုက လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး ထိုဝတ်ရုံ၏ ခေါင်းဆောင်းအောက်ရှိ နီရဲနေသော မျက်လုံးတစ်စုံမှ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်နေ၏။
" မင်းက တကယ်ကို အမှိုက်ပဲ ။ ဒီလောက် ကိစ္စသေးသေးလေးကိုတောင် သုံးစားမရရင် မင်းကို ငါ ဘယ်မှာ သွားသုံးရမလဲ "
ထိုသူက ပြောပြောဆိုဆိုပင် ဟွမ်ဟိုင်အား သတ်ရန် ပြင်လ်ုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ...
" ခဏနေဦး "
အသံတစ်သံ ကြားလိုက်ရပြီး အစွမ်းထက်သော အရောင်အဝတ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်း ဆိုသလိုပင် အမည်းရောင်နှင့် အနီရောင် ရောစပ်ထားသည့် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ရုတ်ချည်း ပေါ်လာသည်။
ထိုသူကို မြင်သည်နှင့် အစောက ဟွမ်ဟိုင်အား သတ်ရန် ပြင်နေခဲ့သော အစောင့်အကြပ်ကြီး၏ အနီရောင်မျက်လုံးများ ချက်ချင်း တုန်သွားကာ ချက်ချင်း ဒူးထောက်လိုက်၏။
" ကြိုဆိုပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး "
အနီရောင်မျက်လုံးများနှင့် အစောင့်အကြပ်ကြီးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လက်ထောက်ဂိုဏ်းချုပ်ကြီးက သူ့ကို တစ်ချက်ကြည့်ကာ ပြော၏။
" ပြီးခဲ့တဲ့တလောက ငါတို့ဂိုဏ်းကို ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေရတဲ့အချိန်မှာ ကမ္ဘာပေါ်က ဌာနခွဲတွေ ဆယ့်နှစ်ခု ရှိတဲ့ထဲက ဌာနခွဲနှစ်ခုပဲ အသတ် ခံခဲ့ရတာလေ။ အခု သူ့ကို သတ်လိုက်ရင် ငါတို့ ဘယ်သူ့ကို သွားသုံးရပါတော့မလဲ "
အစောင့်အကြပ်ကြီးက ခေါင်းငုံ့သွားပြီး ပြောသည်။
" ဒါပေမယ့် လက်ထောက်ဂိုဏ်းချုပ်ကြီး .. ဒီကောင်က ... "
သို့သော် .. သူ့စကား မဆုံးခင်မှာပင် လက်ထောက်ဂိုဏ်းချုပ်က လက်ကာပြပြီး ပြော၏။
" ဟွမ်ဟိုင် .. မင်းလုပ်ထားတဲ့ ကိစ္စတွေကို ပြန်ချေဖို့အတွက် ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်းဘက်က လုပ်ဖို့ ဆန္ဒရှိရဲ့လား "
ဟွမ်ဟိုင်က ချက်ချင်း ဦးညွှတ်အရိုအသေပေးကာ ဆိုသည်။
" ကျေးဇူးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ် လုပ်ဖို့ ဆန္ဒရှိပါတယ် "
လက်ထောက်ဂိုဏ်းချုပ်ကြီးက နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲတွင် အမည်းရောင် ပုလဲလုံးတစ်ခု ပေါ်လာ၏။
ဝုန်း ..
ထို ပုလဲလုံး ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားတစ်ခုက ရုတ်တရက် လွှမ်းခြုံလာသည်။
" ဒီဟာကို သန့်စင်လိုက် ။ပြီးသွားလို့မှ မင်းအသက် ဆက်ရှင်နေသေးရင်တော့ နဂါးသင်္ချိုင်းမြေကို ငါနဲ့ လိုက်လာခဲ့။ အဲ့ကျရင် မင်းရဲ့ အပြစ်တွေအားလုံးကို ခွင့်လွတ်ပေးမယ် "