အခန်း (၃၀၆-၃၁၀)
Vol. 21 Ch. 306-310
အခန်း ၃၀၆
ဘာလို့အဆင်မပြေရတာလဲ?
"ကိုယ်က မြို့တော်မှာ ခနတဖြုတ်နေနေကျဆိုတော့ ဒီနေရာက ကိုယ်မြို့တော်ပြန်လာရင် နေတဲ့နေရာပဲ။ ဒီအိမ်ကို အမြဲတမ်းသန့်ရှင်းရေးလုပ်နေကြဆိုတော့ ဘယ်အချိန်ဖြစ်ဖြစ် ဝင်နေလို့ရတယ်။" လင်ရှောင်းထင်ပြောလိုက်သည်။
ထို့နောက် လင်ရှောင်းထင် ကုနင်း၏လက်ကို ကိုင်ဆွဲကာ အိမ်ထဲသို့ခေါ်သွားလိုက်သည်။
အိမ်တွင်းမီးများကို ဖွင့်ထားပြီးဖြစ်သောကြောင့် ကုနင်း အိမ်တစ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ အိမ်တွင်းအပြင်အဆင်သည် ရိုးရှင်းကာ အဆင့်အတန်းမြင့်မြင့်ပုံစံပေါက်ပြီး ဇိမ်ခံစရာအိမ်တစ်လုံးလိုတော့မဟုတ်ပေ။ ထိုအပြင်အဆင်များက လင်ရှောင်းထင်၏ကိုယ်ပိုင်ဟန်ဖြင့် ကွက်တိတူညီနေသည်။ အိမ်တစ်လုံးလုံးကို ရိုးရှင်းသည့် အဓိကလိုအပ်သောပစ္စည်းများဖြင့်သာ ပြင်ဆင်ထားခြင်းဖြစ်ပေမယ့် သူမတို့လိုအပ်သည့်ပစ္စည်းအားလုံးသည်တော့ အဆင်သင့်ရှိနေသည်။
"ရှင်အလုပ်များနေရင်သွားတော့လေ။ ကျွန်မဒီမှာနေလို့အဆင်ပြေပါတယ်။" လင်ရှောင်းထင် လင်မိသားစုအိမ်ကိုပြန်ဖို့ရန်လိုအပ်ကြောင်း ကုနင်းသိသောကြောင့် သူ့အချိန်များကို မဖြုန်းတီးလိုချေ။
လင်ရှောင်းထင် ကုနင်းကိုဖက်လိုက်ကာ သူမဆံနွယ်မှမွေးကြိုင်သင်းပျံသည့်အနံ့များကို ရှုရိုက်နေကာ သူမဘေးမှ ထွက်မသွားချင်စွာ ပြုမူနေသည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ၊
"ကိုယ့်ကိုစောင့်နေနော် ပြန်လို့ရတာနဲ့ချက်ချင်းပြန်ခဲ့မယ်။"
"အင်းပါ။"
လင်ရှောင်းထင်မထွက်သွားခင် ကုနင်း၏နဖူးပြင်ထက်သို့ အနမ်းဖွဖွချွေခဲ့သေးလေသည်။
လင်မိသားစုအိမ်သည် မျိုးရိုးစဉ်ဆက် နေထိုင်ခဲ့သည့် အမွေအနှစ်တစ်ခုဖြစ်ကာ ၂၀ရာစုကတည်းက တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ တချို့နေရာများကိုတော့ဖြင့် ပြန်လည်ပြင်ဆင် တည်ဆောက်ထားပေမယ့်လဲ မူရင်းပုံစံကိုတော့ ဆက်လက်ထိန်းထားနိုင်စဲဖြစ်သည်။ ထို့အပြင် လင်မိသားစုဝင်အားလုံးသည်လဲ ထိုကြီးမားသည့်အဆောက်အဦးကြီးထဲတွင်သာ နေထိုင်ကြလေသည်။
ဧည့်ခန်းမကြီးထဲတွင်တော့ လင်ရှောင်းထင်၏ဒုတိယမြောက်အဒေါ် ကျန်းရှူးယွမ်သည် ဘွဲ့ရပြီး နှစ်ဝက်တစ်လျှောက်လုံး အလေလိုက်ပျော်ပါးနေခဲ့သည့် လင်ရှောက်ကျားကို အပြစ်တင်ဆူပူနေခဲ့သည်။ သို့ပေမယ့် လင်ရှောက်ကျားသည်တော့ဖြင့် သူမအမေဘာပြောပြော ဂရုပင်မစိုက်ဘဲ တီဗီကြည့်ရင်း မုန့်များကိုသာ အဆက်မပြတ်စားနေလေသည်။
"ပြန်လာတာကြိုဆိုပါတယ်၊ သခင်လင်!"
ထိုအချိန်တွင်ပဲ အိမ်အကူတစ်ဦး၏အံ့အားသင့်နေသည့်အသံဖြင့်ပြောလာသည်ကို ကြားလိုက်ရသောကြောင့် ကျန်းရှူးယွမ်ရော လင်ရှောက်ကျားပါ တစ်စက္ကန့်မျှ ဆွံ့အသွားကြတော့သည်။ လင်ရှောင်းထင် ပြန်လာတာလား? ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့နှစ်ဦးလုံး လင်ရှောင်းထင်ပြန်ရောက်လာသည့်အကြောင်း ကြားသိလိုက်ရသည်နှင့် သိသိသာသာပင် မကျေမနပ်ဖြစ်သွားကြသည်။
လင်ရှောင်းထင်သည် လင်မိသားစု၏လူငယ်မျိုးဆက်သစ်များထဲတွင် အလွန်ထူးချွန်သောကြောင့် လင်မိသားစု၏အမွေကို ဆက်ခံခွင့် ပိုများနေခြင်းဖြစ်၍ ကျန်းရှူးယွမ်ရော လင်ရှောက်ကျားပါ သူ့ကို မနာလိုဝန်တိုဖြစ်နေကြခြင်းဖြစ်သည်။ လင်ရှောင်းထင်ကြောင့် ကျန်းရှူးယွမ်၏သားဖြစ်သည့် လင်ရှောက်မင်မှာ လင်မိသားစု၏ပိုင်ဆိုင်မှုများကို အမွေဆက်ခံနိုင်ဖို့အခွင့်အရေးကိုပင် လက်လွှတ်လိုက်ရနိုင်လေသည်။
လင်ရှောင်းထင်သည် ဆရာကြီးလင်၏အကြီးမြေးဖြစ်သလို အမွေဆက်ခံဖို့ရန် အကျိုးအကြောင်းသင့်လျော်ပြီး ဆရာကြီးလင်အတွက်လဲ ဂုဏ်ယူဖွယ်ရာ မြေးဖြစ်သော်လည်း ကျန်လင်မိသားစုဝင်များ၏အမြင်တွင်တော့ လင်ရှောင်းထင်၏မိဘနှစ်ပါးလုံး ဟိုးအရင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာတည်းက ဆုံးပါးသွားသည်ဖြစ်သောကြောင့် တစ်မျိုးတစ်ဖုံးဖြစ်နေသည်။
သို့ပေမယ့် မည်သည့်လင်မိသားစုဝင်မှ လင်ရှောင်းထင်၏ အရည်အချင်း နှင့် အာဏာလွှမ်းမိုးနိုင်မှု ဘယ်လောက်အထိတာသွားသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိကြပေ။ ဆရာကြီးလင်ကိုယ်တိုင်တောင်မှ တခြားမိသားစုဝင်များထက်များများစားစားပို မသိပေ။ ဆရာကြီးလင်သည်တစ်ယောက်သာ လင်ရှောင်းထင်၏နာမည်အောက်တွင် ပိုင်ဆိုင်မှုတချို့တလေရှိကြောင်း သိထားလေသည်။ တခြားလင်မိသားစုဝင်များသည်တော့ လင်ရှောင်းထင်ကို စစ်တပ်ထဲတွင် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ကြောင်းလောက်ကိုသာသိထားလေသည်။ ထိုသို့ဆိုလျှင်တောင်မှ လင်ရှောင်းထင်သည် အသက်၂၅နှစ်တည်းဖြင့် ဗိုလ်ချုပ်ကြီးဖြစ်လာသည့် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေသည်ကပင် သူ့ရဲ့ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းများကို သက်သေပြန်နေပေသည်။
လင်ရှောင်းထင်ကို ကြိုဆိုလိုက်သည့် အိမ်အကူမှာ လင်ချန်းကျီဖြစ်သည်။ သူသည် လင်မိသားစု၏ အမျိုးဝေးသည့် ဝမ်းကွဲတစ်ဦးဖြစ်ကာ နောက်ပိုင်း လင်ဝေ့ဟွာ၏ယုံကြည်မှုကို ရခဲ့သောကြောင့် သူသည်လဲ လင်ရှောင်းထင်နှင့် ရင်းနှီးကာ လင်ရှောင်းထင်သည်လဲ သူ့ကို လေးလေးစားစားဆက်ဆံလေသည်။
"ဦးလေးလင်၊"
"ဆရာကြီးက အခုစာဖတ်နေပါတယ်။" လင်ချန်းကျီ ပြုံးရင်းဖြင့်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော်အခုပဲသွားတွေ့လိုက်ပါ့မယ်။" လင်ရှောင်းထင်ပြောလိုက်ရင်း အထဲသို့တန်းဝင်သွားလိုက်သည်။
"ဟိုင်း၊ ရှောင်းထင်။" ကျန်းရှူးယွမ်သည် ဘယ်လိုပဲ လင်ရှောင်းထင်ကို သဘောမကျဘူးဆိုဆို ဟန်ဆောက်ကာတော့ ဆက်ဆံရဦးမည်ဖြစ်သည်။
"မင်္ဂလာပါ၊ အန်တီကျန်း" လင်ရှောင်းထင် အေးစက်လှသည့်အသံဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
လင်ရှောက်ကျားသည်တော့ လင်ရှောင်းထင်ကို လျစ်လျူရှုထားပေမယ့် လင်ရှောင်းထင်သည်လဲ ဘယ်လိုဖြစ်နေနေ ဂရုမစိုက်ပေ။ သူ့လမ်းကိုသာဆက်သွားရင်း အပေါ်ထပ်သို့တက်သွားတော့သည်။
ဒုတိယထပ်ရှိ စာကြည့်ခန်းတွင်တော့ ဆရာကြိးလင်သည် စားပွဲတစ်လုံးနောက်တွင် ထိုင်ကာ သတင်းစာတစ်စောင့်ကို ဖတ်နေခဲ့သည်။ အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရတော့၊
"ဝင်ခဲ့။"
လင်ရှောင်းထင်လဲ တံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လာလိုက်သည်။
ဝင်လာသူမှာ လင်ရှောင်းထင်မှန်း မြင်လိုက်သည်နှင့် ဆရာကြီးလင် ချက်ချင်းပင် လက်ထဲမှ သတင်းစာကို ချလိုက်ကာ မကျေမနပ်ပြောတော့သည်၊
"မင်းဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ? ငါမင်းကို စောင့်နေရတာလေ!"
"တကယ်တော့ ကျွန်တော်ဒီ့ထက်နောက်ကျပြီးမှတောင် လာမလို့ဘဲ၊ ဒါပေမယ့် မြန်မြန်လာလိုက်တော့ မြန်မြန်ပြန်နိုင်မှန်းတွေးမိပြီး အခုချိန်လာလိုက်တာ။" လင်ရှောင်းထင် တမင်ပြန်ပြောလိုက်သည်။
ဆရာကြီးလင်လဲ ချက်ချင်းဒေါသထွက်သွားကာ၊
"ဘာ? မင်းအခုမှ မြို့တော်ကို ရောက်ရုံရှိသေးတာလေ။ ဘယ်ကို ထပ်သွားပြန်ဦးမလို့လဲ?"
"ကျွန်တော့်အိမ်။"
"မင်း အိမ်ပြန်လာခဲတာကို ရောက်တုန်းရောက်ခိုက် တစ်ညလောက် နေမသွားနိုင်ဘူးလား?" ဆရာကြီးလင်မှာအတော်လေး စိတ်မတင်မကျဖြစ်နေပုံပေါ်ပေသည်။ သူ၏အကြီးဆုံးမြေးဖြစ်သူကို အလွန်တရာလွမ်းစွတ်နေရပေမယ့် သူ့မြေးကြီးကတော့ သူ့ခံစားချက်ကို နည်းနည်းလေးတောင်မှ ဂရုစိုက်ဟန်မပေါ်ပေ။ သူကပုံမှန်ဆိုအလုပ်များနေတတ်တာကြောင့် အိမ်ကိုပြန်မလာနိုင်သည်ကို နားလည်ပေးနိုင်ပေမယ့် အခုလိုအိမ်ကိုရောက်နေပြီးကာမှ ဘာလို့များ တစ်ညလေးတောင် မနေနိုင်ရတာလဲ?
"အဆင်မပြေဘူး။" လင်ရှောင်းထင်မှာ ကုနင်းနှင့်အတူ နှစ်ဦးတည်းသာနေလိုလေသည်။
"ဘာလို့အဆင်မပြေရတာလဲ? ဒါမင်းမိသားစုရဲ့အိမ်ပဲလေ!" ဆရာကြီးလင်၏ဒေါသများမှာ ပေါက်ကွဲတော့မတတ်ပင်။
"ကျွန်တော့်မှာချစ်သူရှိနေပြီ။" လင်ရှောင်းထင် အမှန်တရားကို ဖုံးကွယ်မနေခဲ့ပေ။
"ဘာ?" ထိုစကားကိုကြားလိုက်တော့ ဆရာကြီးလင် ထိတ်လန့်အံ့ဩစွာ မျက်လုံးများပြူးကျယ်ကုန်ပြီး သူ့နားဖြင့်ကြားနေရသည်ကိုပင် မယုံနိုင်တော့ပေ။
"မင်းဘာပြောလိုက်တယ်? ထပ်ပြောဦး။"
"ကျွန်တော့်မှာ ချစ်သူရှိနေပြီ။" လင်ရှောင်းထင် စိတ်ရှည်လက်ရှည်ဖြင့် ထပ်ပြောပြလိုက်သည်။
ဆရာကြီးလင်သည် ရုတ်တရက်ကြီး ထိုင်ခုံပေါ်မှနေပင် ထရပ်မိသွားတော့သည်။ ထိုသတင်းသည် အစစ်အမှန်ဟု ယုံကြည်ဖို့ရန်က အလွန်အံ့အားသင့်စရာကောင်းနေသည်။
"တကယ်လား? မင်းမှာ တကယ်ပဲ ချစ်သူရှိနေပြီလား?"
"ဟုတ်ကဲ့၊" လင်ရှောင်းထင်ပြန်ဖြေလိုက်ကာ သူ့အဖိုးကိုကြည့်ပြီး ခေါင်းပါထပ်ညိတ်ပြလိုက်သေးသည်။
အခုတော့ဖြင့် ဆရာကြီးလင်သည် အလွန်ဝမ်းသာပျော်ရွှင်သွားရတောသည်။ သူ့မြေးမှာ ချစ်သူရှိသွားခဲ့ပေပြီ! လင်ရှောင်းထင်သည် အလွန်ခန့်ညားကာ ဆွဲဆောင်မှုရှိလှပေမယ့် ဘယ်တုန်းကမှ အမျိုးသမီးများဖြင့် နီးနီးကပ်ကပ်မနေခဲ့ဖူးပေ။ ဆရာကြီးလင်မှာလဲ အမြဲတမ်း သူ့မြေးတွင် လိင်ပိုင်းဆိုင်ရာတွေးခေါ်မှု တစ်မျိုးတစ်ဖုံထူးဆန်းနေခြင်းကြောင့်လားဟုပင် သံသယဝင်ခဲ့မိပေမယ့် စုံစမ်းကြည့်ပြီးနောက်တွင်တော့ ထိုကိစ္စက မဟုတ်မှန်း အတည်ပြုနိုင်ခဲ့သည်။ သို့ပေမယ့် ဆရာကြီးလင်ဘက်က ဘယ်လောက်ပင် လင်ရှောင်းထင်ကို တစ်ယောက်ယောက်နှင့် ချိန်းတွေ့အောင် သို့မဟုတ် ကောင်မလေးတစ်ယောက်လောက်နှင့်တွဲအောင် တိုက်တွန်းခဲ့ပေမယ့်လဲ လင်ရှောင်းထင်သည် အမြဲတမ်း တုံ့ဆိုင်းခြင်းမရှိ ငြင်းဆိုခဲ့သည်ချည်းသာ။ လင်ရှောင်းထင်မှာ ငယ်ရွယ်သေးပြီး လက်ထပ်ဖို့ရန် တော်တော်လေးစောနေသေးသည်ဆိုပေမယ့်လဲ ဆရာကြီးလင်သည်တော့ဖြင့် သူ့မြေးတစ်ဘဝလုံး တစ်ယောက်တည်းအချိန်ကုန်သွားမည်ကို စိုးရိမ်နေရလေသည်။
ဆရာကြီးလင်သည် နောက်ခံမိသားစုကို ဂရုမစိုက်ပေ။ လင်ရှောင်းထင်သာ သူနှင့် အဆင့်အတန်းတူညီသည့်မိသားစုမှ မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့မည်ဆိုလျှင်တော့ ပိုကောင်းမည်ဖြစ်ပေမယ့် အဆုံးတွင် လင်ရှောင်းထင်မှာ သာမာန်မိသားစုမှမိန်းကလေးတစ်ဦးကိုသာ စုံမက်ချစ်ကြိုက်ခဲ့မည်ဆိုလျှင်ပင် ဆရာကြီးလင်ဘက်က ထောက်ခံပေးမည်ဖြစ်သည်။ ဆရာကြီးလင်အတွက်တော့ သူ့မြေးပျော်ရွှင်ရဖို့ကိုသာ မျှော်လင့်လေသည်။ ထို့ကြောင့် ဆရာကြီးလင်သည် လင်ရှောင်းထင်ကိုယုံကြည်ပြီးသားဖြစ်သောကြောင့် သူ့ချစ်သူကောင်မလေး၏မိသားစုနောက်ခံအကြောင်း မမေးမြန်းခဲ့ပေ။ "မင်းကောင်မလေးက ဘယ်ကလဲ? ငါနဲ့တွေ့ဖို့ ဘယ်တော့ခေါ်လာနိုင်လဲ?" ဆရာကြီးလင် အမောတကော မေးမြန်းလိုက်သည်။
"သူက Fမြို့ကပါ။ သူက အဖိုးကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးလို့ မြို့တော်မှာ တက္ကသိုလ်လာမတက်ခင်အထိ မတွေ့နိုင်သေးဘူး။" ကုနင်းသည် သူမစိတ်ကို မပြင်ဆင်ရသေးကြောင်း သူ့ကိုပြောထားပြီးဖြစ်ကာ သူမယခုအချိန်တွင် သူ့အဖိုးနှင့် တွေ့ဖို့ရန်ဆန္ဒမရှိသေးပေ။ ထို့အပြင် အခုလို ကုနင်းအကြောင်း သူ့အဖိုးကိုပြောပြလိုက်ခြင်းကပင် ကုနင်း၏ဆန္ဒကို ဆန့်ကျင်နေပြီဖြစ်သည်။
"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ!? သူက အသက်ဘယ်လောက်လဲ?" ဆရာကြီးလင် ထိတ်လန့်စွာမေးလိုက်မိသည်။
***
အခန်း ၃၀၇
အပြင်ထွက်ချင်လား?
"၁၈နှစ်၊ မကြာခင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မှာ။" လင်ရှောင်းထင် ဆရာကြီးလင်၏အမေးကို ပြန်ဖြေလိုက်သည်။
၁၈နှစ်? ပြောရလျှင် လင်ရှောင်းထင်ထက် ၇နှစ်များတောင်ငယ်နေ့တဲ့မိန်းကလေးပေါ့။ ရုတ်တရက် ဆရာကြီးလင်မှာ သူ့မြေးက သူ့ထက်အများကြီးငယ်သည့်မိန်းကလေးကို ကြိုက်နေသောကြောင့် ထူးထူးဆန်းဆန်းခံစားလိုက်ရပေမယ့်လဲ အနည်းဆုံး ၁၈နှစ်ပြည့်ပြီးသွားပြီဆိုတော့ အရွယ်ရောက်ပြီဟုဆို၍ရပေသည်။
လင်ရှောင်းထင် သူ့ဖုန်းမှ နာရီကို တစ်ချက်ကြည့်လိုက်ရင်းဖြင့်,
"အဖိုး၊ တခြားဘာမှလုပ်စရာမရှိတော့ရင် ကျွန်တော်အခုပဲပြန်လိုက်တော့မယ်။ သူ့ကိုစောင့်မနေစေချင်လို့။" လင်ရှောင်းထင်ပြောလိုက်သည် 'သူ' ဆိုသည်မှာ ကုနင်းမှန်း သံသယဝင်စရာပင်မလိုချေ။
"အခုလား?" ဆရာကြီးလင် အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ လင်ရှောင်းထင် အိမ်ပြန်ရောက်လာသည်မှာ မိနစ်ပိုင်းလောက်သာရှိသေးပေမယ့် သူက ပြန်ဖို့အလျင်လိုနေလေပြီ၊
"ကောင်းပြီလေ၊ ဒါပေမယ့် မနက်ဖြန်မနက်တော့ ငါနဲ့အတူ မနက်စာပြန်လာစားရမယ်။"
"တောင်းပန်ပါတယ်, ကျွန်တော်လုပ်စရာကိစ္စရှိသေးလို့လာလို့မရဘူး။" လင်ရှောင်းထင်ချက်ချင်းပင် ငြင်းလိုက်သည်။
"ဒါဆို ညစာဆိုရင်ရော?" ဆရာကြီးလင် ထပ်မေးလိုက်ပြန်သည်။
"နောက်ပိုင်းလဲ ကျွန်တော်အားဦးမှာမဟုတ်ဘူး။ ပြန်လာဖြစ်ရင် အရင်ကြိုပြောထားပါ့မယ်! အော်! ပြီးတော့ ကျွန်တော့်နောက်ကို လူတွေလွှတ်ပြီး သူ့အကြောင်းကို မစုံစမ်းနဲ့နော်။" လင်ရှောင်းထင် မထွက်သွားခင် တစ်ဖန်ပြန်လှည့်လိုက်ကာသတိပေးလိုက်သည်။
"မင်း..." ဆရာကြီးလင် အလွန်ဒေါသထွက်သွားရသည်။ သူ့မြေးကြီးဖြစ်သူက သူ့ကိုကျော်ကာ ကောင်မလေးကို ရွေးချယ်သွားတာပဲ! သို့ပေမယ့် လင်ရှောင်းထင်၏အကျင့်စရိုက်ကို ဆရာကြီးလင် သေချာသိလေသည်။ သူ့ဘက်က မစုံစမ်းစေခိုင်းစေချင်မှတော့ ဆရာကြီးလင်လဲ သူပြောသည့်အတိုင်းလုပ်သည်က ပိုကောင်းပေသည်။ မဟုတ်လျှင် မကောင်းတာတစ်ခုခုဖြစ်သွားနိုင်လေသည်။
လင်ရှောင်းထင်လဲ အပေါ်ထပ်လှေကားမှပြန်ဆင်းလာကာ ဧည့်ခန်းမသို့ဖြတ်လာလိုက်သည်။
ကျန်းရွှီယွမ် နှင့် လင်ရှောက်ကျားသည်တော့ အစကတည်းက လင်ရှောင်းထင်ကို ရှောင်ရန်အတွက် ထွက်သွားနှင့်ကြပြီးဖြစ်ပေမည့် လင်ရှောင်းထင် ဦးလေးအငယ်ဆုံး၏သားဖြစ်သည့် လင်ရှောက်ရွှမ်းသည်တော့ အခုမှန်ပြန်ရောက်လာခြင်းဖြစ်၍ လင်ရှောင်းထင်နှင့် တည့်တည့်တိုးသွားလေသည်။
လင်ရှောင်းထင်ကို မြင်လိုက်သည်နှင့် လင်ရှောက်ရွှမ်း အလွန်စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် လင်ရှောင်းထင် ရှေ့သို့သွားရပ်လိုက်ရင်း လေးစားချစ်ခင်မှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်၊
"ဟိုင်း၊ ရှောင်းထင်! ကြိုဆိုပါတယ်!"
လင်ရှောက်ရွှမ်းသည် လင်ရှောင်းထင်ကို အလွန်လေးစားကာ စစ်ထဲဝင်ရန် တစ်နေ့တွင် လင်ရှောင်းထင်ကဲ့သို့ လေးစားထိုက်သည့် စစ်အရာရှိတစ်ဦးဖြစ်လာရန် ဆန္ဒပြင်းပြနေသူဖြစ်သည်။ ထို့ကြောင့် လင်ရှောင်းထင်အိမ်ပြန်လာသည်နှင့် လင်ရှောက်ရွှမ်းသည် သူ့ကို တိုက်ခိုက်နည်းများသင်ပေရန် အမြဲတမ်းတောင်းဆိုလေ့ရှိသည်။ လင်ရှောင်းထင်သည်လဲ ပုံမှန်အားဖြင့် သူ့တောင်းဆိုချက်များကို မငြင်းဆိုသောကြောင့် လင်ရှောင်းထင်ထံမှ ပညာအမြောက်အမြားသင်ယူခွင့်ရခဲ့ပေသည်။
လင်ရှောင်းထင်၏ အငယ်ဆုံးဦးလေးမိသားစုမှာ လင်ရှောင်းသည် အမြဲတမ်းအေးစက်စက်ဖြင့် တသီးတခြားနေတတ်သည့်အကျင့်စရိုက်ရှိ၍ ထွေထွေထူးထူးသဘောထားများမရှိသောကြောင့် သူတို့သူည် သူစိမ်းများလိုပင် မကျေနပ်မှုများလဲ မရှိသလို ချစ်ခင်မှုများလဲမရှိဘဲ ဘာသိဘာသာပင် နေကြသည်။
လင်ရှောက်ရွှမ်းသည် သွက်လက်သည့်လူငယ်တစ်ယောက်ဖြစ်ပြီး အစပိုင်းတွင်တော့ လင်ရှောင်းထင်ကို ကြောက်ရွံ့ခဲ့ပေမယ့် အချိန်ကြာလာသည်နှင့်အမျှ သူ့ကို လေးစားသဘောကျစိတ်များ မြင့်မားလာခဲ့သည်။
လင်ရှောက်ရွှမ်းကိုတော့ သိပ်ပြီး ရင်းနှီးမှုမရှိနေပေမယ့်လဲ လင်ရှောင်းထင်ဘက်က သူ့ရဲ့ ဝမ်းကွဲညီငယ်တစ်ဦးအဖြစ်သတ်မှတ်လေသည်။
"ဟိုင်း၊" လင်ရှောင်းထင် ဝတ်ကျေတမ်းကျေသာပြန်နှုတ်ဆက်ကာ သူ့လမ်းသူဆက်လျှောက်သွားခဲ့သည်။
"ရှောင်းထင် မင်းဘယ်သွားမလို့လဲ?"
"ငါအလုပ်များနေလို့။"
"မင်းဘယ်တော့လောက်ပြန်လာပြီး ငါ့ကို သိုင်းသင်ဘေးမှာလဲ?"
"အားတဲ့အချိန်ပေါ့။" လင်ရှောင်းထင်ပြောပြီးသည်နှင့် အပေါက်မှထွက်သွားတော့သည်။ လင်ရှောက်ရွှမ်းမှာ ထိုအဖြေစကားကြောင့် အနည်းငယ်စိတ်ပျက်သွားမိပေမည့် လင်ရှောင်းထင်သည်အမြဲတမ်းအလုပ်များနေသူဖြစ်ကြောင်းကိုတော့ဖြင့် နားလည်လေသည်။
လင်ရှောင်းထင် လင်မိသားစုအိမ်တော်မှထွက်လာသည်နှင့် ရှုကျင်းချန်ထံမှဖုန်းဝင်လာခဲ့သည်။
"ဟေ့၊ ဘော့စ် ဒီည၈နာရီလောက် အပြင်ထွက်လာခဲ့ချင်လား?" ရှုကျင်းချန်ဘက်က မေးလာခဲ့သည်။
"ငါ နင်းနင်းကို အရင်မေးလိုက်ဦးမယ်။" လင်ရှောင်းထင်သည် အပျော်အပါးနေရာများကို စတ်မဝင်စားပေ။ သူက အိမ်တွင်သာ ကုနင်းနှင့်နှစ်ယောက်တည်းအချိန်ဖြုန်းနေချင်တာဆိုပေမယ့် ကုနင်းသာသွားချင်လျှင်တော့ဖြင့် လိုက်ပို့ပေးမည်ဖြစ်သည်။
ရှုကျင်းချန်သည်တော့ လင်ရှောင်းထင်၏စကားကိုကြားလိုက်ရ၍ ရင်ထဲနာကျင်သွားရသည်။ သူတို့လို တစ်ကိုယ်တည်းသမားလေးများရှေ့တွင် သူ့ဘော့စ်အတွဲ၏ ချိုမြိန်လှသည့် အချစ်ဇာတ်လမ်းကို ထပ်မံ ထိုင်ကြည့်နေရဦးပေမည်။
ရှုကျင်းချန်နှင့် ဖုန်းပြောပြီးသွားသည်နှင့် လင်ရှောင်းထင် ကုနင်းကို ဖုန်းဆက်လိုက်ကာ သူ့အဖွဲ့သားများနှင့် အပြင်သွားဖို့ရန် ဆန္ဒရှိမရှိမေးမြန်းလိုက်သည်။ ကုနင်းသည်လဲ အိမ်ထဲတွင် တစ်နေ့လုံးနေဖို့က ပျင်းစရာကောင်းလွန်းသည်ဟုတွေးမိသောသောကြောင့် သဘောတူလိုက်ပေသည်။ ထို့နောက် လင်ရှောင်းထင် နေရာကိုမေးရန်အတွက် ရှုကျင်းချန်ကို ဖုန်းပြန်ခေါ်လိုက်ကာ သူ ကုနင်းကိုဝင်ခေါ်ပြီးသည်နှင့် လာခဲ့မည့်အကြောင်းပါ ပြောလိုက်သည်။
Kingဖျော်ဖြေရေးကလပ်သည် မြို့တော်ရှိ အဆင့်မြင့်ဖျော်ဖြေရေးနေရာတစ်ခုဖြစ်ပြီး သာမာန်လူများမတတ်နိုင်လောက်အောင် ဈေးကြီးလွန်းသောကြောင့် ထိုနေရာတွင် လာရောက်ပျော်ပါးနိုင်သူများမှာ ချမ်းသာသူများ သို့မဟုတ် အာဏာရှိသူများသာဖြစ်ကြသည်။ သို့ပေမယ့် ရှုကျင်းချန်သည်တော့ဖြင့် Kingဖျော်ဖြေရေးကလပ်သည် ရှုမိသားစုအပိုင် နေရာဖြစ်သောကြောင့် အခကြေးငွေပေးစရာမလိုအပ်ပေ။
မြို့တော်သည် ကြီးမားစည်ကားသည့်မြို့တစ်မြို့ဖြစ်သောကြောင့် ကားလမ်းများအလွန်ပိတ်နေတတ်၍ လင်ရှောင်းထင် နှင့် ကုနင်းတို့ Kingဖျော်ဖြေရေးကလပ်ကို ရောက်ချိန်တွင် ၉နာရီပင်ခွဲတော့မည်ဖြစ်သည်။
အလွန်ကောင်းမွန်သည့် သီးသန့်ဇိမ်ခံခန်းတစ်ခုတွင်တော့ ရှုကျင်းချန်၊ ချန်းမင်၊ စစ်မင်၊ ချိုးယွီရှင်း နှင့် ရှုချင်ယင်းတို့ရောက်ရှိနေကြပြီဖြစ်သည်။
ရှုချင်ယင်းသည် အမြဲလိုလို ရှုကျင်းချန်နှင့် လျှောက်လည်လေ့ရှိပြီး ချန်းမင်ရော စစ်မင်တို့နှင့်ပါ အတော်အသင့်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သောကြောင့် ယခုညတွင်လဲ ဖိတ်ကြားခြင်းခံရသည်။ ချိုးယွီရှင်းသည်တော့ဖြင့် ရှုချင်းယင်း၏အခင်ဆုံးသူငယ်ချင်းဖြစ်သောကြောင့် ရှုချင်းယင်းနှင့်လိုက်လာသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့ပေမယ့် ရှုချင်ယင်းသည် ချန်းမင်နှင့် စစ်မင်မှာ ရှုကျင်းချန်နှင့် လင်ရှောင်းထင်၏ စစ်ထဲမှသူငယ်ချင်းများဖြစ်သည်ဟုပင် သိထားကာ မီးတောက်နီအဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ခုတည်းမှဖြစ်ကြောင်းကိုတော့ဖြင့် မသိပေ။
အချိန်ခနမျှ သောက်ပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် အခုချိန်ထိမရောက်လာသေး၍ ချန်းမင်က ရှုကျင်းချန်ကို မေးလာခဲ့သည်၊
"ကျင်းချန်၊ ဘာလို့အခုထိ ရှောင်းထင်မလာသေးတာလဲ?" ရှုကျင်းချန်သည် သူတို့ကို လင်ရှောင်းထင် ၈နာရီကျော်လောက်လာခဲ့မည့်အကြောင်း ပြောထားပြီးဖြစ်ပေမယ့် အခုတော့ဖြင့် ၁နာရီခွဲကျော်ကြာပြီးသည်အထိ ပေါ်မလာခဲ့သေးပေ။ လမ်းမှာကားပိတ်နေသည်ဆိုလျှင်ပင် လင်ရှောင်းထင် လင်မိသားစုအိမ်မှ ဒီကိုရောက်ဖို့ရန် ကြာချိန်မှာ လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။ သူတို့၏အစစ်အမှန်ရာထူးအဆင့်အတန်းများကို မဖော်ထုတ်ရန်အတွက် လင်ရှောင်းထင်ကို သူတို့ဘော့စ်ဟုခေါ်မည့်အစား နာမည်တပ်ပြီးသားခေါ်ကြလေသည်။
"သူတစ်ယောက်ယောက်ကို အရင်သွားခေါ်ရဦးမယ်ပြောတယ်။" ရှုကျင်းချန် ဘယ်သူ့ကို သွားခေါ်ရမည်ဆိုသည့်အထိတော့မပြောခဲ့ပေ။
ရှုကျင်းချန် လျှို့ဝှက်လိုက်သည်မှာ ရည်ရွယ်ရှိလေသည်။ လင်ရှောင်းထင် ကောင်မလေးတစ်ယောက်ကိုတွဲကာ ပေါ်လာခဲ့လျှင် ချန်းမင် နှင့်စစ်မင်တို့ဖြစ်သွားမည့် အမူအရာကို သူအလွန်သိချင်မိလေသည်။ ရှုချင်ယင်းသည်လဲ ထိုသို့တွေးမိသောကြောင့် ဘာမှဝင်မပြောပေ။
တခါတလေ ကံကြမ္မာဆိုသည်မှာ အလွန်ဆန်းကျယ်လွန်းသည့်အရာဖြစ်သည်။ ချိုးယွီရှင်းသည် လင်ရှောင်းထင်ကို လက်လွှတ်လိုက်ရသည်မှာ မကြာသေးသော်လည်း စစ်မင်ကိုတွေ့လိုက်ရချိန်တွင်တော့ သူမနှလုံးသားလေးမှာ ထပ်မံခုန်လှုပ်လာခဲ့ပြန်သည်။ သူတို့နှစ်ယောက် ယခုညတစ်လျှောက်လုံး စကားအတော်ပြောဖြစ်ခဲ့ကြသည်။ စစ်မင်သည် လင်ရှောင်းထင်လောက်တော့ မခန့်ညားပေမယ့် ကြည့်လို့ကောင်းကာ ဆွဲဆောင်မှုရှိသည့်ယောက်ျားတစ်ယောက်ပင်ဖြစ်သည်။ ထို့အပြင် သူသည် ဟာသဉာဏ်ရွှင်ကာ မိန်းကလေးများကိုလဲ အလွယ်တကူ စိတ်ဝင်စားလာအောင် လုပ်နိုင်စွမ်းရှိသည်။
တကယ်တမ်း စစ်မင်သည် ယဉ်ကျေးပြီး ရှုကျင်းချန်နှင့် စကားပြောဆိုနေချိန်အတွင်းတွင်ပဲ သူ့မြင်ကွင်းအတွင်းသို့ အလွန်လှပသည့်အလှလေးတစ်ပါး ဝင်ရောက်လာခဲ့လေသည်။ မမျှော်လင့်ထားစွာပဲ သူတို့ချင်း အတော်လေးစကားလမ်းကြောင်း အပေးအယူတည့်စွာဖြင့် ပြောနိုင်ခဲ့ကြသည်။
ချိုးယွီရှင်းအခုလို ယောက်ျားတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် စကားအများကြီးပြောနေမှုကိုတွေ့ရသည်မှာ ရှုချင်ယင်းအတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။ ချိုးယွီရှင်းသည် သူမ၏အခင်ဆုံးသူငယ်ချင်းဖြစ်သောကြောင့် ချိုးယွီရှင်းအကြောင်းကို သူမကောင်းကောင်းသိလေသည်။ ချိုးယွီရှင်သည် လှပကာ ယောကျ်ားများနှင့် စကားများများဘယ်တုန်းကမှမပြောခဲ့ပေမယ့် သူမအနေနှင့် ယောက်ျားတစ်ဦးရှေ့တွင် စကားအလွန်များလာပြီဆိုလျှင်တော့ ထိုယောက်ျားအပေါ် စိတ်ဝင်စားနေခြင်းဖြစ်လေသည်။ စစ်မင်သည်တော့ ထိုသို့သောလူမျိုးဖြစ်လောက်ပေသည်။
"ဟဲ့ စစ်မင်မှာ ရည်းစားရှိလား?" ရှုချင်ယင်း ရှုကျင်းချန်ကိုမေးလိုက်သည်။
ထိုစကားကိုကြားတော့ ရှုကျင်းချန်လဲ ယနေ့ည စစ်မင်၏အပြုအမူများမူမမှန်ဖြစ်နေသည်ကို သတိထားမိ၍ ရှုချင်ယင်းဘာကြောင့် ထိုမေးခွန်းမေးသည်ကို သိလိုက်သည်။
"မရှိသေးဘူး။" ရှုကျင်းချန် ပြုံးကာပြန်ဖြေလိုက်သည်။
ရှုကျင်းချန်သည်လဲ ချိုးယွီရှင်းသည် အတော်လေးပြည့်စုံသည့်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့မိဘများကလဲ သူမကို အတော်လေးသဘောကျကြောင်း ပြန်တွေးမိလိုက်သည်။ စိတ်မကောင်းစွာပဲ သူမအပေါ်တွင်တော့ မည်သည့်ခံစားချက်မှရှိမနေပေ။
***
အခန်း ၃၀၈
ကလပ်
ထိုအချိန်တွင်ပဲ အပြင်ဘက်မှ တစ်စုံတစ်ယောက် သီးသန့်ခန်းတံခါးကို ခေါက်လာခဲ့သည်။
"ဝင်ခဲ့ပါ။" ရှုကျင်းချန်ပြန်ဖြေလိုက်သည်။
Kingဖျော်ဖြေရေးကလပ်သည် လုံခြုံရေးအတွက်အထူးကောင်းမွန်သည့်ပစ္စည်းများတပ်ဆင်ထားသောသည့် အဆင့်မြင့်ဖျော်ဖြေရေးနေရာတစ်ခုဖြစ်လေသည်။ အခန်းတွင်းမှလူ၏ခွင့်ပြုချက်မရှိဘဲနှင့် ဘယ်သူမှ အခန်းအပြင်ဘက်မှနေ တံခါးကို တွန်း၍မရပေ။ ခန့်မှန်းစရာပင်မလို အသစ်ရောက်လာသူမှာ လင်ရှောင်းထင်ဖြစ်သည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် လင်ရှောင်းထင်သည် သူတို့မြင်ကွင်းရှေ့သို့ပေါ်ထွက်လာခဲ့သည်။ သို့ပေမယ့် လင်ရှောင်းထင်၏လက်ကိုကိုင်ထားသည့် မိန်းကလေးတစ်ယောက်ကိုပါ ဘေးဘက်တွင်မြင်လိုက်ရသည်နှင့် ချန်းမင်ရော စစ်မင်ပါ ထိတ်လန့်သွားကာ ဆိုဖာခုံပေါ်မှပင် ရုတ်တရက်ထရပ်လိုက်မိကြသည်။
ဘာတွေဖြစ်ကုန်တာလဲ? ဘာလို့ဘော့စ်က မိန်းကလေးတစ်ယောက်လက်ကိုကိုင်ထားတာလဲ?
ခနလေးအတွင်းတွင်ပဲ ချန်းမင် ကုနင်းကို မှတ်မိသွားကာ၊
"ကုနင်း?"
"မင်းတို့နှစ်ယောက်သိနေကြတာလား?" ဒီတစ်ကြိမ်တွင်တော့ ရှုကျင်းချန်အံ့အားသင့်သွားရလေသည်။
ချန်းမင်သည်တော့ လောလောဆယ်သူ့အမေးကို ပြန်ဖြေနိုင်သည့်အခြေအနေတွင် မရှိသေးပေ။
"ဟိုင်း၊ ထပ်တွေ့ပြန်ပြီနော်။" ကုနင်းပြုံးကာ နှုတ်ဆက်လိုက်သည်။
"မင်းတို့က?" ချန်းမင် ကုနင်းတို့လက်တွဲထားသည့်နေရာကို ချွန်ပြကာလိုက်သည်။ တကယ်တော့ သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းမှာ မေးစရာမလိုဘဲ သိသာနေပြီဖြစ်ပေမယ့် ချန်းမင်ကတော့ မယုံကြည်နိုင်သေးပေ။ လင်ရှောင်းထင် အခုလိုမျိုး ရုတ်တရက်ကြီး ရည်းစားရသွားသည့်သတင်းက အမှန်ကို ထိတ်လန့်စရာကောင်းလေသည်။
"ဟုတ်တယ်, အတွဲတွေ။" လင်ရှောင်းထင်ပြန်ဖြေလိုက်ကာ ကုနင်းနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။
"ဝိုး၊ မမေ့နိုင်စရာအခိုက်အတန့်လေးပဲ!" စစ်မင်စိတ်လှုပ်ရှားစွာပြောလိုက်သည်။ လင်ရှောင်းထင် ချစ်ရသည့် ကောင်မလေးတစ်ယောက်ကို ရှာတွေ့နေပြီဆိုသည်ကို သိလိုက်ရချိန်တွင် သူတို့အားလုံးပထမဆုံးတုံ့ပြန်ချက်မှာ ဝမ်းသာသွားမှုပင်ဖြစ်ပြီး ကောင်မလေး၏နောက်ခံကို မေးမြန်းခြင်းမဟုတ်ပေ။ သူတို့အမြင်တွင်တော့ လင်ရှောင်းထင် မိန်းကလေးတစ်ဦးနှင့် ချိန်းတွေ့ခြင်း ဒါမှမဟုတ် ရည်းစားထားလိုက်ခြင်းသည် အလွန်ဆန်းကျယ်သည့်ကိစ္စတစ်ရပ်ဖြစ်နေပြီဖြစ်သည်။
"လာကြ၊ ရှောင်းထင်နောက်ဆုံးတော့ ရည်စားရသွားပြီမို့ ဂုဏ်ပြုရအောင် ခွက်တွေမြှောက်လိုက်ကြရအောင်!" စစ်မင်ချက်ချင်းပင် လင်ရှောင်းထင်နှင့် ကုနင်းအတွက် ဝိုင်နှစ်ခွက်ငှဲ့ပေးလိုက်ရင်းဖြင့် သူကိုယ်တိုင်ရည်းစားရသွားသူတစ်ဦးလိုမျိုး ဝမ်းသာစွာပြောလာသည်။ ထိုစကားကိုကားတော့ အားလုံးလဲ သူတို့၏ဝိုင်ခွက်များကို မြှောက်လိုက်ကြလေသည်။
ရှောင်းထင်သည်တော့ ထိုသို့ဂုဏ်ပြုစကားမျိုးကြားရသည်ကို အလွန်ပျော်ရွှင်နေကာ ချက်ချင်းပင် ခွက်ကိုမြှောက်လိုက်သည်။ ကုနင်းသည်လဲ ထို့နည်းတူပင်။ ထို့နောက် လင်ရှောင်းထင်က ကုနင်းကို,
"မင်းသောက်ချင်ရဲ့လား? မသောက်ချင်ရင် အတင်းသောက်စရာမလိုဘူးနော်။"
"မဖြစ်ဘူး- မဖြစ်ဘူး၊ ငါတို့အားလုံးသောက်သင့်တယ်!" ကုနင်းပြန်မဖြေရသေးခင်တွင်ပဲ စစ်မင်ပြန်ဖြေလိုက်ကာ လင်ရှောင်းထင်ကိုပါ မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း၊
"ဝိုင်ဆိုတာ ယောက်ျားတစ်ယောက် နဲ့ မိန်းမတစ်ယောက်ကြားက အကွာအဝေးကို နီးကပ်အောင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲလေ။"
"ဟ-ဟ၊ဟ-ဟ" အားလုံးလဲ ထိုနောက်ပြောင်စကားကြောင့် ရယ်လိုက်မိကြသည်။
ကုနသည်တော့ အနည်းငယ်ရှက်သွေးဖြာသွားခဲ့ရပြီး လင်ရှောင်းထင်သည်တော့ စိတ်လှုပ်ရှားသွားသည်။ သူနှင့် ကုနင်းတို့ အတူအိပ်ဖူးကြပြီးဖြစ်ပေမယ့်လဲ ကုနင်းအရက်မူးနေတုန်းတစ်ကြိမ်လောက်တော့ သူချစ်ကြည့်ချင်သေးလေသည်။
စစ်မင်ဘက်ကတော့ဖြင့်အမှန်တကယ်စနောက်လိုက်ခြင်းဖြစ်ကာ ဆက်ပြီး ဝိုင်ခွက်ချင်းတိုက်ကာ ဂုဏ်ပြုလိုက်ကြသည်။
"ဟိုင်း၊ ငါ့နာမည်က စစ်မင်း၊ မင်းနာမည်ကရော?" သူတို့အားလုံး ပြန်ထိုင်ပြီးချိန်တွင်တော့ စစ်မင် ကုနင်းကိုမိတ်ဆက်လိုက်သည်။
"ကျွန်မနာမည်က ကုနင်းပါ။"
"မင်းနဲ့ရှောင်းထင် တွဲတာဘယ်လောက်တောင်ကြာပြီလဲ? သူငါတို့ကို အချိန်အတော်ကြာလျှို့ဝှက်ထားပြီး ငါတို့စိတ်ပူရအောင်လုပ်တာပေါ့!" စစ်မင် မကျေမနပ်ပြောလိုက်သည်။
"အဲ့ဒါက သိပ်တော့မကြာသေးပါဘူး။"
အခန်း၏တစ်ဖက်ခြမ်းတွင်တော့ ရှုကျင်းချန်က ချန်းမင်ကို မေးလိုက်သည်။
"မင်၊ မင်း ကုနင်းကို ဘယ်လိုလုပ်သိတာလဲ?"
"Gမြို့တုန်းက ငါတို့တာဝန်ထမ်းဆောင်နေတုန်းကတွေ့ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း မင်းကိုပြောဖူးတာမှတ်မိလား၊ သူကိုယ်တိုင် လူနှစ်ယောက်ကို တခါတည်းသတ်ပစ်တယ်ဆိုတာကော?" ချန်းမင် ရှုကျင်းချန်ကို ပြန်မေးလိုက်သည်။
"သူလား...?" ရှုကျင်းချန် ထိတ်လန့်သွားရသည်။
"ဟုတ်တယ်။"
"ဘုရားရေ!" ကုနင်းက တကယ့်ကို မယုံကြည်နိုင်စရာပဲ!
လင်ရှောင်းထင်သည် အချိန်အတော်ကြာအထိ ကုနင်းနှင့်အတူသောက်ကာ အဖော်ပြုပေးနေသောကြောင့် ကုနင်းမှာ စစ်မင်ပြောလိုက်သည့်စကားကို မတွေးဘဲမနေနိုင်တော့ဘဲ လင်ရှောင်းထင်ကို စလိုက်သည်၊
"ရှင်ကျွန်မကို အမူးတိုက်ဖို့လုပ်နေတာလား?"
လင်ရှောင်းထင် အနည်းငယ်ထိတ်လန့်သွားရသည်။ ကုနင်းပြောလိုက်သည့်စကားက သူ့အကြံကို တန်းမှန်သွားခဲ့လေသည်။ ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ တခြားလူများနှင့်အတူ ဆက်သောက်နေလိုက်သည်။
ည၁၂နာရီထိုးခါနီးလောက်တွင်တော့ သူတို့ပြန်ဖို့ရန်ပြင်လိုက်သည်။ ကုနင်းသည် အတော်များများသောက်ထားခဲ့ပေမယ့် သူမပုံစံက မူးနေပုံလုံးဝမပေါ်သောကြောင့် လင်ရှောင်းထင် အနည်းငယ်စိတ်ရှုပ်သွားရသည်။
သူတို့အားလုံး နောက်သီးသန့်ခန်းတစ်ခုရှေ့သို့ဖြတ်လာချိန်တွင်တော့ ကုနင်းတစ်စုံတစ်ယောက်၏အော်ဟစ်အကူအညီတောင်းသံကို ရှင်းလင်းစွာကြားလိုက်ရသည်။ သီချင်းသံများက အလွန်ကျယ်လောက်နေပြီး အကူအညီတောင်းသံသည်လဲ တိုးလျလှသောကြောင့် သာမာန်လူများအနေဖြင့် သတိမထားမိနိုင်ပေ။ ကုနင်းချက်ချင်းပင် သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ အခန်းတွင်းကြည့်လိုက်ချိန်တွင်တော့ သက်လတ်ပိုင်းအရွယ်လူဝကြီးတစ်ဦးသည် မိန်းမငယ်လေးတစ်ဦးကို ဆိုဖာထက်တွင်ဖိနှိပ်ထားပြီး သူမကို အဓမ္မပြုကျင့်ရန် ကြံစည်နေကာ ကောင်မလေးသည်လဲ ရုန်းကန်လို့နေသည်။
ထိုအခန်းထဲတွင် နောက်ထပ် ယောကျ်ား၂ဦးနှင့် မိန်းမ၂ဦးလဲ ရှိလို့နေသေးသည်။
ယောက်ျား၂ဦးသည်တော့ အသက်၄၀ ဝန်းကျင်လောက်ရှိပြီဖြစ်ကာ အမျိုးသမီး၂ဦးသည်တော့ အသက်၂၅နှစ်အရွယ်လောက်သာရှိပြီး ဆွဲဆောင်မှုရှိလှသည့် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူမတို့နှစ်ဦးလုံးသည် ယောကျ်ား၂ဦး၏ကိုယ်ပေါ်သို့ မှီတွယ်နေပြီး ထိုယောက်ျား၂ဦးကို သူမတို့ခန္ဓာကိုယ်အား စိတ်တိုင်းကျ ကိုယ်တွယ်ခွင့်ပြုထားလေသည်။ ကြည့်ရပုံအရတော့ ထိုယောက်ျား၂ဦး၏တရားဝင်ဇနီးမယားများ၊ ချစ်သူရည်းစားများဟုတ်ပုံမရပေ။ သူတို့အားလုံး အရက်များသောက်ရင်းဖြင့် အားပေးအားမြှောက်ဖြင့် ကြည့်ရှုနေကြသည်။
ထိုဆိုဖာပေါ်တွင် ဖိထားခံရသည့် မိန်းကလေး၏မျက်နှာကို မြင်လိုက်ရချိန်တွင်တော့ ကုနင်း အံ့အားသင့်သွားရသည်။ ထိုမိန်းကလေးကို ယနေ့တွင်ပင် လေဆိပ်၌ သူမတစ်ကြိမ်မြင်ခဲ့ဖူးလေသည်။ ထိုအမျိုးသမီးသည် လင်ရှောင်းထင်နောက်လိုက်ကာ သူ့နောက်တွင် တောက်လျှောက် ချီးကျူးပြောဆိုနေသူပင်ဖြစ်ပေသည်။
အကယ်၍ ထိုအမျိုးသမီးဘက်ကသာ သူမခန္ဓာကိုယ်ကို ရောင်းစားရန် ဆန္ဒရှိနေခြင်းဆိုလျှင်တော့ ကုနင်းဝင်ပါမည်မဟုတ်ပေမယ့် အခုကြည့်ရတာတော့ဖြင့် နာနာကျင်ကျင်ရုန်းကန်အော်ဟစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလို ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်မျိုးကို သူမအနေဖြင့် လျစ်လျူမရှုခဲ့နိုင်ပေ။
ထို့ကြောင့် နောက်တစ်ကြိမ်ပင် ထပ်တွေးမနေတော့ဘဲ ကုနင်းပြေးသွားကာ အခန်းတံခါးကို ကန်ဖွင့်လိုက်တော့သည်။
လင်ရှောင်းထင်တို့အဖွဲ့ရော သီးသန့်ခန်းအတွင်းမှ လူများပါ ထိုကျယ်လောင်သည့်အသံကြောင့် ထိတ်လန့်သွားကြသည်။ လင်ရှောင်းထင်နှင့် ကျန်သည့်လူများသည်တော့ ကုနင်းဘာကြောင့်များ တံခါးကို ကန်ဖွင့်လိုက်ရလဲဆိုသည်ကို အခန်းတွင်းမှမြင်ကွင်းအားမမြင်ရခင်အထိ မသိခဲ့ကြပေ။
သီးသန့်ခန်းအတွင်းမှလူများ ထိတ်လန့်သွားရာမှ ပြန်သတိမဝင်လာခင်မှာပဲ ကုနင်း ထိုမိန်းကလေးကို ဖိထားသည့်လူအား ဆွဲမကာ ပစ်ထုတ်လိုက်တော့သည်။
ကုနင်း၏ရုတ်တရက်ဆန်လှသည့်လုပ်ရှားမှုများကြောင့် အနားတွင်ရှိနေသည့် လူတိုင်း အံ့အားသင့်သွားကြရသည်။
"အာ့!" အပစ်ခံလိုက်ရသည့်လူမှာတော့ နာကျင်စွာညည်းညူလိုက်ပြီး,
"မင်းဘယ်သူလဲ? ဘယ်လိုလုပ်ပြီးများ ငါ့ကို ဒီလိုဆက်ဆံရဲတာလဲ?"
Kingဖျော်ဖြေရေးကလပ်၏ပိုင်ရှင်တစ်ယောက်အနေနှင့် အခုလိုမျိုး အဆီတချွဲချွဲဖြင့် လူဝကြီး၏ ကိုယ်ကျင့်တရားမဲ့သည့်အပြုအမူမျိုးကို ရှုကျင်းချန် သည်းမခံနိုင်ပေ။ သူချက်ချင်းပင် အခန်းတွင်းသို့ဝင်လိုက်ကာ ထိုလူများကို အော်ဟစ်လိုက်တော့သည်။
"ခင်ဗျားတို့ကများ Kingဖျော်ဖြေရေးကလပ်မှာ ဒီလိုမျိုး လုပ်ရဲတယ်ပေါ့?"
သီးသန့်ခန်းအတွင်းမှ လူအားလုံး ထိတ်လန့်အံ့ဩသွားကြသည်။ ရှုကျင်းချန်သည် ဒီကလပ်၏ပိုင်ရှင်ဖြစ်သောကြောင့် သူ့ကို စိတ်အနှောက်အယှက်မပြုရဲကြပေ။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ?" ကုနင်း အမျိုးသမီးငယ်လေးဘက်လှည့်ကာမေးလိုက်သည်။
"ရှင်ပဲ?" ထိုအမျိုးသမီးလဲ ကုနင်းကို မှတ်မိသွားသည်နှင့် အနည်းငယ်အံ့ဩသွားရသည်။
"မင်းတို့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာလား?" ရှုကျင်းချန် သူမကို မေးလိုက်သည်။
"အရမ်းတော့မသိပါဘူး။ ဒီနေ့လေဆိပ်မှာ တွေ့ဖူးတာပါ။" ထိုအမျိုးသမီးလဲ အနည်းငယ်ရှက်ရွံ့စွာပြန်ဖြေလိုက်သည်။
***
အခန်း ၃၀၉
စာရေးဆရာ
"ကျွန်မရှင့်ကို မှတ်မိတယ်၊ ပြီးတော့ ရှင်က စာရေးဆရာလို့လဲပြောသေးတယ်မဟုတ်လား?" ကုနင်းပြန်ပြောလိုက်တော့ ထိုမိန်းကလေးလဲ ကုနင်း၏မှတ်ဉာဏ်ကောင်းမှုကို အံ့အားသင့်သွားရကာ ကုနင်း သူမကိုမှတ်မိနေသေးခြင်းကြောင့် ဂုဏ်ယူသလိုလဲ ခံစားလိုက်ရသည်။ သို့ပေမယ့် အခုလေးတင်ဖြစ်ပျက်ခဲ့သည့်ကိစ္စအကြောင်းကိုပြန်တွေးမိသွားချိန်တွင်တော့ ထိုမိန်းကလေး၏အမူအရာမှာ ဒေါသထွက်သည့်ပုံစံပြန်ပြောင်းသွားကာ လူဝကြီးဘက်ကို လက်ညှိုးထိုးရင်းဖြင့်၊
"ဒီလူက တီဗီဒါရိုက်တာဖြစ်တဲ့ ချန်းဟွာပဲ။ ကျွန်မရေးထားတဲ့ဝတ္ထုကို သဘောကျတဲ့လို့ပြောပြီး တီဗီဇာတ်လမ်းတွဲအဖြစ်နဲ့ရိုက်ချင်တယ်ဆိုလို့ ကျွန်မတို့ဒီမှာချိန်းထားကြတာ။ ဒါပေမယ့် သူ့က ကျွန်မအပေါ် အခွင့်ရေးယူပြီး သူနဲ့သာအိပ်ပေးရင် ကျွန်မဝတ္ထုကို ဝယ်မယ်လို့ပြောတယ်! ကျွန်မက ငြင်းလိုက်တော့ အခုလို အတင်းအကြပ်လုပ်ဖို့ကြိုးစားတာပဲ!"
ထိုစကားများကိုကြားတော့ လူတိုင်း မကျေမနပ်ဖြစ်သွားကြသည်။ ဖျော်ဖြေရေးလောကတွင် တရားဝင်ပြောမထားသည့် စည်းမျဉ်းစည်းကမ်းများစွာရှိပြီးဖြစ်သည်ဆိုသည်ကို သူတို့သိပြီးဖြစ်ကြပေမယ့် အခုလိုမျိုး ထိုလူ၏ အတင်းအဓမ္မလုပ်ခြင်းမျိုးကိုတော့ဖြင့် လက်မခံနိုင်ပေ။ အထူးသဖြင့် ရှုမိသားစုပိုင် ကလပ်တွင်လုပ်ခြင်းမျိုးကို ပိုလို့ပင် လက်မခံနိုင်ပါ။
ထိုတခနတွင်ပဲ ကုနင်းစိတ်ထဲအကြံတစ်ခုပေါ်လာခဲ့သည်။ သူမသည်လဲ ဖျော်ဖြေရေးလောကသို့ဝင်ရောက်ရန် စီစဉ်ထားပြီးဖြစ်သည်။ ဒီအမျိုးသမီး၏ဝတ္ထုကို ဒါရိုက်တာတစ်ဦးကပင် စိတ်ဝင်စားသည်ဆိုမှတော့ အကျိုးအမြတ်ရနိုင်မည့် ဇာတ်လမ်းသာဖြစ်ရမည်၊ ထို့ကြောင့် သူမကိုယ်တိုင် ထိုဇာတ်လမ်းကို ဝယ်လိုက်မည်ဆိုလျှင်ရော!
"မစိုးရိမ်နဲ့တော့၊ ကျွန်မတို့ရှင့်ကို ဒီနေရာက်နေ ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားမှာပါ။" ကုနင်းပြန်ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်!"
"ရဲကို အကြောင်းကြားလိုက်ကြတာပေါ့!" ရှုကျင်းချန် ဝင်ပြောလိုက်သည်။
ချန်းဟွာတို့တစ်ဖွဲ့လုံး ချက်ချင်းပင် ရှုကျင်းချန်အား တောင်းပန်ခယကြတော့သည်၊
"ရဲကိုတော့မခေါ်ပါနဲ့။ ဒါအားလုံး ကျွန်တော့်အမှားပါ။ ဒီလိုမျိုး နောက်တစ်ခါ ဘယ်တော့မှမလုပ်တော့ပါဘူး။"
ရှုကျင်းချန်သည်တော့ ချန်းဟွာ၏စကားများကို ဂရုပင်စိုက်မနေဘဲ ကလပ်မန်နေဂျာကို ထိုကိစ္စများကိုင်တွယ်ဖြေရှင်းရန် ပြောလိုက်ပြီး ထွက်သွားတော့သည်။ သူတို့ကလပ်အပြင်သို့ရောက်ရှိလာချိန်တွင်တော့ ထိုအမျိုးသမီးလဲ ချိုးယွီရှင်းကို သတိထားမိသွားကာ မျက်ဝန်းများ ချက်ချင်းတောက်ပသွားတော့သည်။
ချိုးယွီရှင်းသည် နိုင်ငံအတွင်းလူသိများသည့် ငယ်ရွယ်သောမော်ဒယ်တစ်ဦးဖြစ်ပေမယ့် သူမ အနုပညာလောကထဲဝင်ရောက်လာသည်မှာ ၂နှစ်သာရှိသေးသောကြောင့် လူတိုင်းသိနေသည်အထိတော့ဖြင့် နာမည်မကြီးသေးပေ။
ထိုအမျိုးသမီးစိတ်လှုပ်ရှားနေပုံကို ချိုးယွီရှင်းမြင်လိုက်ရသောကြောင့် ရင်းရင်းနှီးနှီးပင် ပြုံးပြလိုက်သည်။ ထိုအမျိုးသမီးလဲ အလွန်ပျော်ရွှင်သွားရပေမယ့် ချိုးယွီရှင်းကိုတော့ စကားစမပြောရဲသေးပေ။
"ရှင်ဘယ်မှာနေတာလဲ? ကျွန်မတို့ အိမ်ပြန်လိုက်ပို့ပေးပါ့မယ်။" အခုချိန်က ညဉ့်နက်နေပြီဖြစ်သောကြောင့် မိန်းကလေးတစ်ဦးတည်းပြန်ဖို့ရန်က အန္တရာယ်များလေသည်။
ထိုမိန်းကလေးသည်တော့ အနည်းငယ်ရှက်ရွံ့စွာဖြင့်ပင်၊
"ကျွန်မနေတဲ့နေရာက ဒီနဲ့အရမ်းဝေးတယ်၊ ကိုယ့်ဘာသာ တက္ကစီငှားပြီးပဲပြန်လိုက်ပါမယ်။"
"အဆင်ပြေပါ့မလား? အခုက အရမ်းနောက်ကျနေပြီလေ။" ကုနင်းထပ်ပြောလိုက်သည်။
"အဲ့ဒါတော့." လောလောလတ်လတ်ဖြစ်ပျက်ထားခဲ့သည့်ကိစ္စကြောင့် ထိုမိန်းကလေးသည်လဲ ကြောက်ရွံ့ထိတ်လန့်နေစဲဖြစ်သောကြောင့် အဆုံးတွင်တော့ သူမနေသည့်နေရာကိုပြောပြလိုက်တော့သည်။
"ကျွန်မက XXဟိုတယ်မှာနေတာပါ။"
ဟိုတယ်မှာနေပုံအရဆိုရင်ဖြင့် သူမမိသားစုမှာ မြို့တော်တွင်ရှိပုံမရပေ။ ပြီးတော့ ထိုဟိုတယ်သည်လဲ လူပြတ်သည့်နေရာတွင်တည်ရှိခြင်းဖြစ်၍ လုံခြုံမှုမရှိပေ။
"အဲ့ဒီ့ဟိုတယ်က မလုံခြုံဘူး။ ကျွန်မနဲ့အတူ ကျင်းလင်ဟိုတယ်မှာလိုက်နေလိုက်ပါလား?" ကုနင်းသည် ကျင်းလင်ဟိုတယ်တွင် အခန်းတစ်ခန်းငှားထားပြီးဖြစ်ကာ အခုချိန်ထိ ပြန်မအပ်ရသေးသောကြောင့် နေလို့ရသေးလေသည်။
"အိုး၊ မဟုတ်တာ၊ ကျေးဇူးပါပဲ။" ကျင်းလင်ဟိုတယ်သည် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်ပြီး ထိုမိန်းကလေးအနေနှင့်မတတ်နိုင်ပေ။ မဟုတ်လျှင် အခုလိုမျိုး ဝေးလံကာ လူပြတ်သည့်ဟိုတယ်လေးမျိုးတွင် နေလိမ့်မည်မဟုတ်။
"စိတ်မပူပါနဲ့။ အဲ့ဒီမှာ ကျွန်မအခန်းတစ်ခန်းငှားထားပြီးသားပေမယ့် မနေဖြစ်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အလွတ်ပဲထားထားရင်က ဖြုန်းတီးရာရောက်တယ်လေ။" ကုနင်းရှင်းပြလိုက်သည်။
"အမ်...." မိန်းကလေးမှာ အနည်းငယ်တုံ့ဆိုင်းနေမိကာ ရှက်ရွံ့နေသည်။ ကုနင်းသူမကို ထိခိုက်အောင်လုပ်လာနိုင်သည်ကိုတော့ မစိုးရိမ်ပေ။ မဟုတ်ရင် အစောတုန်းက သူမကို ကယ်တင်ပေးခဲ့မည်ပင်မဟုတ်ချေ။
ကုနင်းကတော့ သူမကို ငြင်းဆန်ဖို့အခွင့်အရေးပင်မပေးတော့ဘဲ ရှုကျင်းချန်နှင့်ကျန်လူများကို နှုတ်ဆက်စကားဆိုလိုက်ကာ သူမကို ကားထဲဆွဲသွင်းလိုက်တော့သည်။
သူတို့အားလုံး အရက်သောက်ထားပြီးဖြစ်သောကြောင့် ဘယ်သူမှကားမောင်း၍မရတော့ပေ။ ထို့ကြောင့် ရှုကျင်းချန်က သူတို့အတွက် ကိုယ်ပိုင်ယာဉ်မောင်းများ ကြိုတင်စီစဉ်ပေးထားခဲ့ပြီးဖြစ်သည်။
သူတို့အသီးသီထွက်လာလိုက်ကြသည်နှင့် ချက်ချင်းပင် စစ်မင်တစ်ယောက် ကျန်သည့်မီးတောက်နီအဖွဲ့ဝင်များထံသို့ စာတစ်စောင့်ပို့လိုက်တော့သည်။ 'သတင်းထူး! ငါတို့ဘော့စ် ရည်စားရသွားပြီ!' တခြားအကြောင်းအရာအသေးစိတ်ကိုတော့ဖြင့် မပို့ခဲ့ပေ။
ထိုစာကိုဖတ်ပြီးသည်နှင့် အဖွဲ့သားအားလုံးထိတ်လန့်အံ့ဩနေကြကာ စစ်မင်ကို ပထမဆုံးဖုန်းပြန်ခေါ်သူသည်တော့ ရှင်းပိုင်ပင်ဖြစ်သည်။
"မင်၊ ဘယ်လိုတွေဖြစ်သွားတာလဲ? တကယ်ကြီးလား? ကောင်မလေးက ဘယ်လိုပုံစံလဲ? သူကဘာလုပ်တဲ့လူလဲ?" စစ်မင်ဖုန်းကိုင်လိုက်သည်နှင့် ရှင်းပိုင်မှာ စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းတွေ တရစပ်မေးမြန်းတော့သည်။
"မင်းသေချာသိချင်ရင် ဘော့စ်ကိုသာသွားမေးလိုက်တော့။" စစ်မင်တမင်သက်သက် ရှင်းပိုင်ကို အသေးစိတ်အချက်အလက်များမပြောပြခဲ့ပေ။
"မင်း..." ရှင်းပိုင်စိတ်ဆိုးသွားပေမယ့် သူ့ဘက်က ရန်ပြန်မတွေ့နိုင်သေးခင်တွင်ပဲ စစ်မင်က ဖုန်းချသွားခဲ့လေသည်။
ထို့နောက်တွင် စစ်မင်ထဲသို့ ကျန်ရှိသည့် အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်လာခဲ့ကာ သူသည်လဲ တစ်ပုံစံတည်းပြန်ဖြေခဲ့ခြင်းကြောင့် အားလုံးစိတ်တိုသွားရလေသည်။ ဘယ်သူမှလဲ လင်ရှောင်းထင်ကို ကိုယ်တိုင်သွားမမေးရဲကြပေ။
စစ်မင်အနားတွင် မရှိ၍သာပေါ့ မဟုတ်လို့ကတော့ မဖြေဖြေအောင် လုပ်ပစ်ပေမည်။
ချန်းမင် နှင့် စစ်မင် သည် ကားတစ်စီးတည်းဖြင့် ပြန်လာကြခြင်းဖြစ်သည်။ စစ်မင်၏တိုက်ခန်းရှိရာသို့သွားနေသည့်လမ်းတွင် ချန်းမင်က,
"မင်းကျန်တဲ့အဖွဲ့ဝင်တွေကို သတင်းဖြန့်ပစ်မှန်း ဘော့စ်သိသွားရင် မင်းကိုအပြစ်ပေးမှာမကြောက်ဘူးလား?"
"ဘာလို့လဲ? ဘော့စ်က သူ့ကောင်မလေးကို ငါတို့နဲ့တောင်တွေ့ခိုင်းပြီးမှတော့ လူတိုင်းကို ဖွင့်ပြောပြချင်နေလို့ဖြစ်မှာပေါ့။" စစ်မင် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ ထိုသို့သာမဟုတ်လျှင် တခြားအဖွဲ့ဝင်များကို သူပြန်ပြောရဲလိမ့်မည်မဟုတ်ပေ။
ကျင်းလင်ဟိုတယ်သည် Kingဖျော်ဖြေရေးကလပ်နှင့် သိပ်မဝေးသောကြောင့် မိနစ်အနည်းငယ်အတွင်းတွင်ပဲ ရောက်ရှိသွားကြသည်။
လမ်းတစ်လျှောက် စကားပြောဆိုခဲ့ကြရင်းဖြင့် မိန်းကလေး၏နာမည်မှာ သွမ့်လီရှင်းဖြစ်ပြီး စတုတ္ထုတန်းစားမြို့တစ်ခုမှလာခဲ့ခြင်းဖြစ်ကြောင်း ကုနင်းသိခဲ့ရလေသည်။ သူမသည် စာအုပ်ပေါင်းများစွာကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ပြီးတော့ ချန်းဟွာသည် သူမနောက်ဆုံးထွက်ရှိထားသည့် အန္တရာယ်များလှသည့် မောင်းမဆောင်အကြောင်းကိုရေးသားထားသော ဝတ္ထုကို ကြိုက်နှစ်သက်သောကြောင့် အခုလိုကလပ်တွင် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ မမျော်လင့်ထားစွာပဲ ထိုချိန်းဆိုမှုတွင် သူမမှာ အဓမ္မပြုကျင့်ခံလုနီးဖြစ်ခဲ့ရလေသည်။
သူမတို့ ဟိုတယ်သို့ရောက်ချိန်တွင်တော့ ကုနင်းက လင်ရှောင်းထင်ကိုကားပါကင်တွင်သာစောင့်နေခိုင်းခဲ့ပြီး သူမသာ သွမ့်လီရှင်းကို အခန်းထဲလိုက်ပို့ပေးလိုက်သည်။
သွမ့်လီရှင်းသည်တော့ အခန်းထဲရောက်ချိန် ထိုအခန်းမှာ ဟိုတယ်၏အကောင်းဆုံးအခန်းဖြစ်ကြောင်း တွေ့လိုက်ရ၍ ဆွံ့အမှင်တက်သွားကာ,
"မိန်းကလေးကု, ဒါက...."
ကုနင်းကတော့ သူမ၏ထိတ်လန့်နေသည့်ပုံစံကို လျစ်လျူရှုလိုက်ကာ သူမ၏ဝှက်ဖဲများကို ဖွင့်လှစ်လိုက်သည်။
"မိန်းကလေးသွမ့်၊ ရှင့်ကို ရိုးရိုးသားသားပြောရရင် ကျွန်မမှာ ဖျော်ဖြေရေးလောကထဲဝင်ဖို့ အစီအစဉ်ရှိတယ်။ ပြီးတော့ ဒါရိုက်တာကတောင် ရှင့်ဝတ္ထုကို သဘောကျတယ်ဆိုမှတော့ အဲ့ဒီ့ဝတ္ထုက အတိုင်းအတာတစ်ခုအထိတော့ ကောင်းလိမ့်မယ်ထင်တယ်။ ကျွန်မဘက်က ရှင်နဲ့ပူးပေါင်းချင်တယ်၊ ပြီးတော့ ကျွန်မကုမ္ပဏီမှာ အချိန်ပြည့်ဇာတ်ညွှန်းရေးဆရာအဖြစ် ရှင်လုပ်နိုင်တယ်။ လစာအတွက်ကတော့ ရှင့်ရဲ့အရည်အချင်းပေါ်မှာ မူတည်ပါတယ်။"
"ဘာ?" ထိုစကားများကိုကြားတော့ သွမ့်လီရှင်း မျက်ဝန်းများပြူးကျယ်ကာ အံ့အားသင့်သွားရသည်။ သူမကြားခဲ့ရသည့်စကားများမှာ အိပ်မက်မဟုတ်ဘဲ အမှန်ဖြစ်လိုက်စေချင်သည်။
"ကျွန်မတကယ်ပြောနေတာပါ၊ ရှင်ဒီတစ်ညလုံး စဉ်းစားနိုင်တယ်။ ကျွန်မတို့ဖုန်းနံပါတ်ချင်းလဲထားကြတာပေါ့။ ရှင်ကျွန်မနဲ့ပူးပေါင်းဖို့သဘောတူရင်၊ ဒါမှမဟုတ် ကျွန်မအတွက် အလုပ်လုပ်ပေးဖို့သဘောတူရင် အသေးစိတ်အကြောင်းအရာကိုတော့ မနက်ဖြန်ဆက်ပြောကြတာပေါ့။ သဘောမတူချင်ရင်လဲ ရှင့်ကို အတင်းဖိအားမပေးပါဘူး။"
သွမ့်လီရှင်းဘက်ကတော့ သေချာပေါက် ကုနင်းနှင့်တွဲလုပ်ဖို့ ဒါမှမဟုတ် ကုနင်းအတွက်အလုပ်လုပ်ပေးဖို့ဆန္ဒရှိလေသည်။
သွမ့်လီရှင်းနှင့် ဖုန်းနံပါတ်ချင်းလဲပြီးသွားချိန်တွင်တော့ ကုနင်းလဲ ပြန်ထွက်သွားတော့သည်။
***
အခန်း ၃၁၀
အန်တီလာနေတယ်!
မကြာခင်အချိန်အတွင်းတွင်ပဲ သွမ့်လီရှင်းတစ်ယောက် သူ့စိတ်သူပြန်ထိန်းနိုင်သွားကာ ကုနင်းပြောခဲ့သည်များက အစစ်အမှန်များဖြစ်ကြောင်း လက်ခံနိုင်သွားလေသည်။ သူမဟိုတယ်ခန်းအတွင်း စိတ်လှုပ်ရှားစွာလှည့်ပတ်ကြည့်နေမိသည်။ သူမအခုလိုမျိုး ကြယ်ငါးပွင့်ဟိုတယ်မျိုးတွင်နေဖူးသည်မှာ ပထမဆုံးအကြိမ်သာဖြစ်လေသည်။
လင်ရှောင်းထင်၏အိမ်သို့ပြန်ရောက်ကြသည်နှင့် တပြိုင်နက် လင်ရှောင်းထင်တစ်ယောက်ကို ကုနင်းကို နှစ်ပေါင်းများစွာခွဲခွာခဲ့ကြရသည့် ချစ်သူနှစ်ဦးလိုမျိုး ပွေ့ဖက်လိုက်သည်။
"မင်းဘာလို့ ကောင်းကောင်းသောက်နိုင်နေရတာလဲ?" လင်ရှောင်းထင် အနည်းငယ်မကျေမနပ်ဖြစ်နေသည့် လေသံဖြင့်မေးလိုက်သည်။ သူ့အနေနှင့် ကုနင်း ဒီလောက်အများကြီးသောက်ခဲ့တာတောင်မှ မမူးနေသည့်အပေါ်အတော်လေး မကျေမနပ်ဖြစ်နေမိလေသည်။
ကုနင်းသည်လဲ လင်ရှောင်းထင်၏စိတ်ကို သိသောကြောင့်၊
"ရှင်ကျွန်မကို တကယ်ပဲ သောက်ပြီးတာနဲ့လွယ်လွယ်မူးစေချင်တာလား? နောင် ကျွန်မတခြားယောက်ျားတွေနဲ့ အရက်တွေသောက်ပြီး မူးသွားလို့ ကိုယ်တိုင်တောင် အိမ်မပြန်နိုင်ဖြစ်သွားရင်ရော? တစ်ယောက်ယောက် ကျွန်မကို မကောင်းတာလုပ်သွားမှာကို မစိုးရိမ်ဘူးလား?"
ထိုစကားကိုကြားတော့ လင်ရှောင်းထင် ဆွံ့အသွားရပြီး ထိုကိစ္စမျိုး အမှန်တကယ်ဖြစ်လာနိုင်မှန်း သတိထားမိသွားသည်။ ထို့ကြောင့် ကုနင်းကို ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ,
"ကိုယ်အနားမှာမရှိရင် မူးတဲ့အထိမသောက်နဲ့နောက် ဟုတ်ပြီလား? တကယ်တော့ မင်းလုံးဝမသောက်ရင်ပိုတောင် ကောင်းမယ်။" သူမသာမသောက်လျှင် မူးနိုင်စရာအကြောင်းလဲ မရှိနိုင်တော့ပေ။ သို့ပေမယ့် ကုနင်းသည် သူမ၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ပေါင်းသင်းဆက်ဆံရေးလဲရှိသေးသောကြောင့် တကယ်တမ်း ထိုသို့တောင်းဆိုမှုကမဖြစ်နိုင်ပေ။ လင်ရှောင်းထင်လဲ ထိုအချက်ကို နားလည်သောကြောင့် ဘာမှမတတ်နိုင်ဘဲ ကုနင်းကို ဂရုစိုက်ဖို့သာ သတိပေးနိုင်တော့သည်။
"ကျွန်မ အရက်၊ ဝိုင်သောက်ဖို့ကိုတော့ ငြင်းလို့မရပေမယ့် မစိုးရိမ်ပါနဲ့၊ ကျွန်မကမမူးတတ်ပါဘူး။"ကုနင်း နှစ်သိမ့်ပေးလိုက်သည်။ ဒီလို အရာရာတိုင်းကို အထိခိုက်မခံပဲ စိုးရိမ်လွန်အူတိုတတ်သည့်ရည်းစားရှိခြင်းက ပင်ပန်းစရာကောင်းသည်ဆိုပေမယ့်လဲ ကုနင်းသည်တော့ ပျော်ရွှင်ရလေသည်။ ကုနင်း၏ဖြေသိမ့်ပေးသည့်စကားကြောင့် လင်ရှောင်းထင်လဲ ကျေနပ်သွားရသည်။
"ရှင်တသက်လုံး ဒီဧည့်ခန်းထဲမှာပဲကျွန်မကို ဖက်ထားဖို့စီစဉ်နေတာလား?" လင်ရှောင်းထင်ဘက်က သူမကို လွှတ်ဖို့ရန်စိတ်ကူးမရှိသည်ကို မြင်ရတော့ ကုနင်းမရယ်မိဘဲမနေနိုင်တော့ပေ။ သူတို့နှစ်ဦး အိမ်ထဲသို့ဝင်လာပြီး အခုချိန်အထိ ဧည့်ခန်းအတွင်း၌သာရှိနေကြသေးလေသည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင် ချက်ချင်းပဲပြန်ပြောလိုက်သည်၊
"အိပ်ခန်းထဲသွားကြရအောင်!" ထို့နောက် ချက်ချင်းပင် ကုနင်းလက်ကို ဆွဲကာ အိပ်ခန်းထဲသို့ လျှောက်သွားတော့သည်။ ကုနင်းဘက်က ထိုသို့ပြောလိုက်မိခြင်းက သူမဘက်ကပဲအလွန် လင်ရှောင်းထင်နှင့်ချစ်ချင်နေသည့်သဘောသက်ရောက်သွားသောကြောင့် သူမနေရထိုင်ရခက်သွားရသည်။
"အမ်၊ ကျွန်မလူတစ်ယောက်ရဲ့ဖုန်းနံပါတ်လိုချင်လို့။ ရှင်ကူညီပေးနိုင်မလား?" လင်ရှောင်းထင် သူမကို ဆွဲခေါ်သွားခြင်းမှ ရပ်တန့်သွားရန်အတွက် ကုနင်းစကားလမ်းကြောင်းလွှဲလိုက်လေသည်။
"ရတာပေါ့၊ ဒါပေမယ့် ဖုန်းနံပါတ်က အဲ့လူဘက်ရဲ့ အိုင်ဒီနံပါတ်နဲ့ဆက်စပ်နေတယ်။"
"ဒါဆို ကျွန်မကို နာမည်ကြီးနေသည့် ဒါရိုက်တာလုကျန်းရဲ့ဖုန်းနံပါတ်ကို ရအောင်လုပ်ပေးပါလား?"
"ကိစ္စမရှိပါဘူး၊ ကိုယ်လုပ်ပေးမယ်။" လင်ရှောင်းထင် ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။ ကုနင်း၏ရည်ရွယ်ချက်ကို သူသိထားပြီးဖြစ်ပေမယ့် အသေးစိတ်ကိုတော့ဖြင့်ထပ်မမေးတော့ပေ။ ကုနင်းသာ တစ်ခုခုကို လိုချင်သည်ဆိုလျှင် သူမအတွက် ဘယ်အရာကိုဖြစ်ဖြစ် မရရအောင် သူယူဆောင်ပေးပေမည်။ သူမလုပ်ပေးနိုင်လို့ ကုနင်း တခြားယောကျ်ားတစ်ယောက်ကို အကူအညီတောင်းမည့်အဖြစ်မျိုး ဘယ်တော့မှအဖြစ်မခံနိုင်ပေ။
ခနတဖြုတ်စကားပြောပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် ဆက်မစောင့်နိုင်တော့ဘဲ ကုနင်းကို အိပ်ရာထက်သို့တွန်းလှဲလိုက်ကာ အရိုင်းဆန်ဆန် နမ်းရှိုက်တော့သည်။ သို့ပေမယ့် လင်ရှောင်းထင် ကုနင်း၏ဝမ်းဗိုက်နေရာသို့လက်ကို ရွှေ့လိုက်သည့်အချိန်တွင်ပဲ ကုနင်း သူမခန္ဓာကိုယ်အတွင်းမှ နွေးထွေးသည့်တစ်စုံတစ်ရာစီးဆင်းလာသည်ကို ခံစားလိုက်ရသောကြောင့်၊
"ခနနေဦး။" လင်ရှောင်းထင်၏လက်ကို ဖမ်းတားလိုက်သည်။
"ဘာလို့လဲ?" လင်ရှောင်းထင် စိတ်ရှုပ်ထွေးစွာပြန်မေးလိုက်သည်။
"ကျွန်မ ရေချိုးခန်းထဲအရင်သွားလိုက်ဦးမယ်။" ကုနင်းပြောပြီးသည်နှင့် လင်ရှောင်းထင်ကို တွန်းထုတ်လိုက်ကာ ရေချိုးခန်းဆီသို့ပြေးတော့သည်။ လင်ရှောင်းထင်သည်တော့ အိပ်ရာထက်တွင် တစ်ဦးတည်း နားမလည်နိုင်စွာကျန်ရစ်ခဲ့ရ၏။
ကုနင်း ရေချိုးခန်းထဲသို့ရောက်သွားသည့်အချိန်တွင်တော့ဖြင့် သူမ၏အတွင်းခံဘေားဘီတွင် သွေးများပေစွန်းနေသည်ကို တွေ့လိုက်ရ၍ အတင်းလုပ်ပြုံးပင်ပြုံးလိုက်ရသည်။ သူမ၏ဓမ္မတာကာလက အချိန်မှားပြီးရောက်လာခဲ့သည်ပဲ! ကြည့်ရတာတော့ လင်ရှောင်းထင်တစ်ယောက် သူ၏စိတ်တက်ကြွနေမှုများကို ချုပ်ငြိမ်းရန် ရေအေးအေးနှင့်သာ ချိုးလိုက်ရတော့မည့်ပုံပင်။
"ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မအန်တီလာနေလို့ (ဓမ္မတာလာခြင်း)" ကုနင်း ရေချိုးခန်းထဲကထွက်လာပြီးပြီးခြင်းတွင်ပဲ ရှက်ကိုးရှက်ကန်းဖြင့်ပြောလာသည်။ ထို့နောက် သူမ၏အဝတ်အိတ်ရှိရာသို့သွားခဲ့သည်။ သူမအန်တီလာတော့မည်မှန်း စိတ်ထဲထင့်နေပြီးသားဖြစ်သောကြောင့် လိုအပ်သည့်ပစ္စည်းကို ထည့်ယူလာခဲ့ပြီးဖြစ်သည်။ မဟုတ်လျှင် ယခုအခြေအနေထက်ပင် ပိုလို့ရှက်ဖို့ကောင်းနေပေလိမ့်မည်။ ကုနင်း၏အပြောကိုကြားပြီးနောက်တွင်တော့ လင်ရှောင်းထင်တစ်ယောက် သူ့ခေါင်းထက်မှနေ ရေခဲရေတစ်ပုံးဖြင့်လောင်းချခံလိုက်ရသလိုခံစားလိုက်ရပေမယ့် အရင်ဆုံး ကုနင်းကိုသာ ဂရုတစိုက်မေးမြန်းလိုက်သည်၊
"မင်းတစ်နေရာရာက မသက်မသာခံစားရလား?"
"ဟင်အင်း။" ကုနင်း ချက်ချင်းပင် ခေါင်းရမ်းကာ ဖြေဆိုလိုက်သည်။
ထို့နောက် လိုသည့်ပစ္စည်းနှင့်အတူ ရေချိုးခန်းအတွင်းသို့ သူမပြန်ဝင်သွားကာ လင်ရှောင်းထင်သည်လဲ အိပ်ခန်းအတွင်းမှထွက်သွားတော့သည်။ ကုနင်း နောက်တစ်ခေါက်ပြန်ထွက်လာချိန်တွင်တော့ လင်ရှောင်းထင်သည် ရေနွေးနွေးတစ်ခွက်ကို သယ်ဆောင်လာခဲ့သည်။
"မင်းခန္ဓာကိုယ်နွေးသွားအောင် ဒါလေးနည်းနည်းလောက်သောက်လိုက်ဦး။"
"ကျေးဇူးပါ။" ကုနင်းနေလို့ကောင်းပြီးသားဖြစ်ပေမယ့်လဲ လင်ရှောင်းထင်၏စေတနာကို မငြင်းပယ်လိုက်ပေ။
ထို့နောက် ကုနင်းကို ကောင်းကောင်းအနားယူရန် လင်ရှောင်းထင်မှာကြားလိုက်ကာ သူသည်တော့ 'သူ့ကိုယ်သူကူညီရန်' အတွက် ရေချိုးခန်းရှိရာသို့ထွက်သွားတော့သည်။ ကုနင်းအနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရပေမယ့်လဲ တွေးကြည့်လျှင် ရယ်စရာတော့ကောင်းလေသည်။
လင်ရှောင်းထင် ရေအေးအေးဖြင့် ရေချိုးလိုက်ပြီးနောက် ကုနင်းကို ပွေ့ဖက်ကာ အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့မနက်၈နာရီတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ မနက်စာစားနေကြချိန် စစ်ထူယဲ့ထံမှ ဖုန်းဝင်လာခဲ့သည်။ သူက Bမြို့သို့သွားတော့မည့်အကြောင်း ကုနင်းကို လှမ်းပြောခြင်းဖြစ်ကာ သူမGမြို့သို့လာတော့မှ ထပ်တွေ့ရန် နှုတ်ဆက်လိုက်သည်။
လင်ရှောင်းထင်သည်တော့ စစ်ထူယဲ့ ကုနင်းကိုဖုန်းဆက်ကာ တွေ့ရန်ပြောခြင်းဖြစ်မည်ထင်၍ မပျော်မရွှင်ဖြစ်သွားခဲ့ပေမည့် စစ်ထူယဲ့ထွက်သွားတော့မည့်အကြောင်းပြောလာခြင်းဖြစ်သည်ကို သိလိုက်ရချိန်တွင်တော့ အလွန်ပျော်ရွှင်သွားရသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ကုနင်း၏ဖုန်းမှာ နောက်ထပ်တစ်ကြိမ်မြည်လာခဲ့ပြန်သည်။
"ဟဲလို။" ကုနင်းဖုန်းကိုင်လိုက်သည်။
"မိန်းကလေးကု၊ ကောင်းသောနံနက်ခင်းပါ! ကျွန်မ သွမ့်လီရှင်းပါ။"
ကုနင်းနှုတ်ခမ်းထက် အပြုံးဖွဖွတစ်ခုဖြစ်ပေါ်လာခဲ့ကာ သွမ့်လီရှင်းကိုမေးလိုက်သည်၊
"ရှင့်ဘက်က အဖြေကို ကျွန်မသိလို့ရမလား?"
"ဟုတ်ကဲ့၊ ကျွန်မ မိန်းကလေးကုရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပါ့မယ်!" သွမ့်လီရှင်းသည် ကုနင်းအတွက် အလုပ်လုပ်ပေးရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ပြောရလျှင်တော့ ကုနင်း၏ကုမ္ပဏီတွင် ဇာတ်ညွှန်းရေးဆရာတစ်ဦးအဖြစ်လုပ်ခြင်းက ပိုလို့ အခြေခိုင်သည့်အလုပ်အကိုင်ဖြစ်လေသည်။ သူမသာ ကုနင်း ကုမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာဖြစ်လာခဲ့လျှင် သူမတွင် နောက်ပိုင်းဇာတ်လမ်းသစ်တွေဖန်တီးဖို့ အခွင့်ရေးလဲပိုများမည်ဖြစ်သလို ကုန်ကြမ်းရှာဖွေဖို့ရန်လဲ လွယ်ကူမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်း၏ကမ်းလှမ်းမှုမှာ သူမအတွက် အလွန်ကောင်းသည့် အခွင့်အရေးပင်ဖြစ်သည်။
သွမ့်လီရှင်း၏အဓိကဘာသာရပ်မှာ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်း ဇာတ်ညွှန်းရေးခြင်းဖြစ်ပြီး အတော်လေးထူးထူးချွန်ချွန်ဖြင့် ဘွဲ့ရခဲ့ခြင်းလဲဖြစ်သည်။ သူမအနေဖြင့် ကုနင်း၏ကမ်းလှမ်းချက်မျိုးကို လက်လွှတ်မခံနိုင်ပေ။ ထူးချွန်သည့်ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်လာရန် ကြိုးကြိုးစားစားလုပ်ဆောင်မည်ဖြစ်သည်!
သွမ့်လီရှင်းတစ်ယောက် ထိုအကြောင်းတွေးနေမိကာ တစ်ညလုံးစိတ်ကူးယဉ်နေမိပြီး အလင်းရောင်ပြန်ထွက်ချိန်အထိ မအိပ်နိုင်ခဲ့ပေ။
ထို့နောက် ကုနင်း မနက်၈နာရီလောက်တွင်တော့ နိုးလောက်ပြီဟုတွေးမိကာ ချက်ချင်းပင် ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်။ ကုနင်းဘက်ကဖုန်းပြန်ဖြေလာသည့်အချိန်တွင်လဲ သူမဘက်ကအဖြေကို ချက်ချင်းပင် ပေးခဲ့လေသည်။
ကုနင်းသည်တော့ မအံ့ဩမိပေ။
"ကောင်းပြီလေ၊ ကျွန်မအခုမနက်စာစားနေတာမို့ အသေးစိတ်အကြောင်းအရာကို ခနနေဟိုတယ်မှတွေ့မှဆက်ပြောကြတာပေါ့။"
"ကောင်းပါပြီ။" သွမ့်လီရှင်းပြန်ဖြေလိုက်သည်။