အခန်း (၃၁၆-၃၂၀)
Vol. 22 Ch. 316-320
အခန်း ၃၁၆
အစိမ်းရောင်ဘုရင်
ကုနင်း ကျောက်ရိုင်းဆိုင်အများအပြားသို့သွားရောက်ခဲ့ပြီးနောက်တွင်တော့ ထိပ်တန်းအဆင့်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းကိုရှာတွေ့သွားတော့သည်။ ထို့ထက်မက အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း၂တုံးကိုလဲ ရခဲ့သေးလေသည်။ သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းတွင် ထိပ်တန်းအဆင့်ကျောက်စိမ်းများစွာရှိထားပြီးဖြစ်သော်လဲ လင်ရှောင်းထင်ရှေ့တွင်ထုတ်ယူ၍မရသောကြောင့် အခုလိုမျိုး ကျောက်အလောင်းအစားလမ်းတွင် တချို့တလေလာရှာရန် နည်းလမ်းသာရှိတော့သည်။
ထို့နောက် ကုနင်း ဆိုင်အလုပ်သများတစ်ယောက်ကို အကူအညီတောင်းကာ ထိပ်တန်းအဆင့်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းကို ဖြတ်ခိုင်းလိုက်လေသည်။ ကျောက်ရိုင်းမှာသိပ်မကြီးဘဲ ယောက်ျားတစ်ဦး၏လက်သီးဆုပ်အရွယ်သာရှိပေမယ့် အပေါ်ယံလွှာကပါးသောကြောင့် ကျောက်ကိုသွေးဖို့သာလိုအပ်လေသည်။
အလုပ်သမားတစ်ဦးဘယ်အချိန်တွင် ကျောက်ရိုင်းဖြတ်သည်ဖြစ်စေ သူ့အနားတွင် စောင့်ကြည့်ကြမည့်လူတစ်စုအမြဲတမ်းရောက်လာတတ်ကြသည်။
"အထဲမှာအစိမ်းရောင်မြင်နေရတယ်!"
အလုပ်သမားဘက်က ကျောက်ရိုင်းထဲတွင် အစိမ်းရောင်မြင်ရပြီဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် အနားတွင်လူများပိုလို့ပင်စုဝေးလာကြတော့သည်။
လူတစ်ဦးကတော့ အစိမ်းရောင်မြင်လိုက်ရသည်နှင့် ချက်ချင်းပင်ဈေးစခေါ်တော့သည်၊ သို့ပေမယ့် ကုနင်းက ထိုလူကို တားမြစ်လိုက်သည်။
"စိတ်မကောင်းပါဘူး၊ ကျွန်မဒီကျောက်စိမ်းကိုရောင်းဖို့စိတ်ကူးမရှိပဘူး။ ဒါက လူကြီးအတွက် နှစ်သစ်ကူးလက်ဆောင်မို့လို့ပါ။"
ပိုင်ရှင်ဘက်ကရောင်းချင်စိတ်မရှိနေမှတော့ သူတို့လဲအတင်းဖိအားမပေးကြတော့ပေ။ သို့ပေမယ့် အမျိုးသမီးတစ်ဦးသည်တော့ လှောင်ပြောင်ထေ့ငေါ့လာခဲ့သည်၊
"ဟွန့်၊ လူကြီးအတွက် နှစ်သစ်ကူးလက်ဆောင်တဲ့လား? အထဲမှာဖြင့် ကျောက်စိမ်းရှိမရှိတောင် မသေချာသေးဘဲနဲ့များ! နောက်ဆုံးရလဒ်ကို ကျော်မချနဲ့လေ!" ထိုအမျိုးသမီးသည် အသက်၂၀ကျော်ရုံလောက်သာရှိသေးပြီး ဒီဇိုင်နာထုတ်အဝတ်အစားများကို ဝတ်ဆင်ထားပေမယ့် ကြည့်ရတော့ လုံးဝကောင်းမနေပေ။
ကုနင်းပြန်ပြောလိုက်သည်။
"နင့်ကိစ္စမဟုတ်ဘူး။"
"အဲ့တော့ဘာဖြစ်လဲ? ငါပြောပြီးနေပြီလေ။" ထိုအမျိုးသမီးက အထင်အမြင်သေးစွာဖြင့် ထပ်ပြောလိုက်သည်။ သို့ပေမယ့် ထိုအမျိုးသမီးမှာ လင်ရှောင်းထင်၏အေးစက်ကာ ထက်ရှလှသည့်အကြည့်များကြောင့် ချက်ချင်းပင်ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရပြီး နောက်တစ်စကားတစ်ခွန်းပင်မပြောရဲတော့ဘဲ ပါးစပ်ပိတ်သွားတော့သည်။ ကုနင်းသည်လဲ သူမနှင့် စကားများချင်စိတ်မရှိသောကြောင့် လျစ်လျူရှုထားလိုက်တော့သည်။ ထိုအမျိုးသမီးလဲ အရှက်ခွဲခံရသလို ခံစားလိုက်ရကာ သူမဘေးနားရှိ သက်လတ်ပိုင်းအရွယ်လူကြီးရှေ့တွင် ချစ်စရာကောင်းသည့်အမူအရာမျိုးလုပ်ပြလိုက်ကာ,
"ဟန်နီ"
ဟန်နီ? ကုနင်းအံ့ဩမိသွားကာ ထိုလူနှစ်ဦး၏ဆက်ဆံရေးအမှန်ကို သတိထားမိသွားတော့သည်။ ထိုလူလတ်ပိုင်းအမျိုးသားက ထိုအမျိုးသမီး၏ရှူးဂါးဒယ်ဒီပေါ့။ လူတိုင်းသည်လဲ ထိုအမျိုးသမီးကို အထင်သေးစွာကြည့်လိုက်ကြသည်။ သူမကငယ်ငယ်ရွယ်ရွယ်ဖြင့် တခြားသူ၏အပျော်မယားဖြစ်နေပြီပေါ့။
"တိတ်တိတ်နေစမ်း မဟုတ်ရင် အခုချက်ချင်းထွက်သွား!" သက်လတ်ပိုင်းအမျိုးသားက ဒေါသတကြီးငေါက်ငမ်းလိုက်သည်။ သူက တခြားလူများ၏အမြင်ကို ဂရုမစိုက်သော်လဲ ထိုအမျိုးသမီး အခုလိုကျောက်ရိုင်းဖြတ်နေမှုကို ဝင်နှောက်ယှက်သည်ကိုတော့ မကျေနပ်ပေ။ ထိုအမျိုးသမီးလဲ ကြောက်ရွံ့စွာဖြင့် ဆွံ့အသွားရတော့သည်။
အပေါ်ယံလွှာတစ်ထပ်ပြီးတစ်ထပ်ကွာကျသွားချိန်တွင်တော့ ကျောက်စိမ်းသားသည်လဲ တစ်စတစ်စ ပေါ်ထွက်လာကာ အလွန်လှပသည့် အစိမ်းရင့်ရောင်ကျောက်စိမ်းတစ်ခုထွက်ပေါ်လာတော့သည်။
"ဘုရားရေ! အဲ့ဒါအစိမ်းရောင်ဘုရင်မဟုတ်လား!" ကျောက်ဖြတ်သမားသည် စိတ်လှုပ်ရှားတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ လူတိုင်းမှာလဲ သူ့ကိုဝိုင်းကြည့်လိုက်မိကာ အသက်ပြင်းပြင်းရှူလိုက်မိသွားကြပြီး သူတို့မျက်စိဖြင့် မြင်နေရသည်ကိုပင်မယုံနိုင်ဖြစ်နေကြသည်။ ကျောက်စိမ်းတို့ရဲ့ဘုရင် အစိမ်းရောင်ဘုရင်ပဲ! သို့ပေမယ့် ကုနင်းသည်တော့ အလွယ်တကူပင်ရရှိခဲ့လေသည်။ အခုချိန်တွင်တော့ဖြင့် လူတိုင်းသူမကို မနာလိုအားကျကုန်ကြပြီး သူတို့ကိုယ်တိုင် ထိုအစိမ်းရောင်ဘုရင်ကို ရရှိနိုင်အောင်ဆုတောင်းကုန်ကြတော့သည်။
ကုနင်းသည်လဲ ထိပ်တန်းအဆင့်ကျောက်စိမ်းပါရှိမည်မှန်း သိထားပြီးဖြစ်ပေမယ့် အခုလိုမျိုး အစိမ်းရောင်ဘုရင်ထွက်လာခြင်းက အတော်လေးအံ့ဩစရာပင်။ သို့ပေမယ့် အခုတော့ ဆရာကြီးလင်အတွက် အသင့်တော်ဆုံးဖြစ်လို့သွားပေပြီ။
ထိုသတင်းကြားပြီးနောက် ကျောက်ရိုင်းဆိုင်သို့ လူအမျိားအပြားထပ်မံရောက်ရှိလာကြပေမယ့် ကုနင်းက မရောင်းသောကြောင့် အားလုံးစိတ်ပျက်သွားကြရသည်။
ကုနင်း ကျောက်ဖြတ်ခကိုပေးချေလိုက်ပြီး မြန်မြန်သွက်သွက်ပင် လင်ရှောင်းထင်နှင့်အတူ ထွက်လာလိုက်တော့သည်။ လူအပေါင်းမှာလဲ သူမတို့နှစ်ဦးမြင်ကွင်းအတွင်းမှပျောက်သွားသည်ကို ကြည့်ရုံသာကြည့်နေနိုင်တော့သည်။ အစိမ်းရောင်ဘုရင်သည် အနည်းဆုံးယွမ်သန်း၁ရာလောက်တန်ကြေးရှိသည်ဆိုပေမယ့် တချို့မကောင်းသည့်လူများ၏အရုံကိုတော့ဆွဲဆောင်သွားစေလေသည်။ တန်ဖိုးကြီးကျောက်စိမ်းတစ်တုံးလက်ထဲတွင်ရှိနေခြင်းက ကုနင်းကို အန္တရာယ်များစေလေသည်။
သူမတို့ ဆိုင်ထဲမှထွက်လာကြသည်နှင့် သူမတို့နောက်မှ လူအချို့နောက်ယောင်ခံလိုက်လာသည်ကို ခံစားလိုက်ရသည်။ သို့ပေမယ့် ထိုသူများကိုလျစ်လျူရှုထားလိုက်ကာ ကားပါကင်သို့သာ ဆက်လျှောက်သွားလိုက်သည်။
လမ်းပေါ်တွင် လူအများအပြားရှိနေခြင်းဖြစ်၍ ထိုမကောင်းသည့်လူများမှာ ကုနင်းကို အလစ်ချောင်းတိုက်ခိုက်ရန်အတွက် အခွင့်အရေးမရှိနေပေ။ ထို့ကြောင့် ကားပါကင်သို့ရောက်မှသာ ကုနင်းလက်ထဲမှကျောက်စိမ်းကို ဆွဲလုရန်စီစဉ်ထားကြသည်။
သို့ပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်တို့ Hummerတစ်စီးထံသို့လျှောက်လို့သွားသည်ကိုမြင်လိုက်ရသောကြောင့် ထိုလူဆိုးများထိတ်လန့်သွားကြရသည်။ ထိုကားသည် အလွန်အမင်းဈေးကြီးကာ ပိုင်ရှင်ဖြစ်သူသည်လဲ အလွန်ချမ်းသာရင်ချမ်းသာ မဟုတ်လျှင် အာဏာကြီးသည့်လူသာဖြစ်သောကြောင့် ထိုလူဆိုးများ တုံ့ဆိုင်းသွားကြတော့သည်။ တစ်ချိန်တည်းတွင်ပဲ အနည်းဆုံးယွမ်သန်း၁ရာလောက်တန်သည့် အစိမ်းရောင်ဘုရင်ကိုလဲ လက်မလွှတ်ချင်ကြပေ။ ထို့ကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများအတွက် သူတို့စိတ်ကို သူတို့သာကြိုပြင်ဆင်လိုက်ကြတော့သည်။ ယွမ်သန်း၁ရာဆိုသည်မှာ ကုနင်းအတွက်တော့ များပြားလှသည့်ပမာဏမဟုတ်ပေမည့် သာမာန်လူများအတွက်တော့ အလွန်တရာကြွယ်ဝချမ်းသာသွားနိုင်သည့်ငွေကြေးဖြစ်လေသည်။
ကားပါကင်ရှိရာတွင် လူအနည်းအကျဉ်းသာရှိသောကြောင့် ထိုလူဆိုးများချက်ချင်းပင် ကားထဲဝင်ခါနီးပြီဖြစ်သည့် လင်ရှောင်းထင်နှင့် ကုနင်းထံသို့ပြေးသွားကြတော့သည်။ သို့ပေမယ့် သူတို့ဘက်ကမည်သည့်တိုက်ခိုက်မှုမျိုးမှ မပြုလုပ်ရသေးခင်တွင်ပဲ လင်ရှောင်းထင်က အရင်ဆုံးထိုးချလိုက်တော့သည်။ လှုပ်ရှားမှုအချို့ပြီးသွားချိန်တွင်တော့ လူသုံးယောက်မှာ အတော်လှမ်းလှမ်းသို့ကန်ထုတ်ခံလိုက်ရပြီဖြစ်သည်။ သူတို့အားလုံးသည်လဲ သူတို့ဘက်က ကုနင်းကိုစတင်မတိုက်ခိုက်ရသေးခင်တွင်ပင် အရှုံးနှင့်ရင်ဆိုင်လိုက်ရခြင်းကြောင့် ထိတ်လန့်အံ့အားသင့်နေကြတော့သည်။ ထိုလူသုံးယောက်မှာ မြေပြင်ထက်တွင် နာကျင်မှုအလုံးစုံဖြင့် ညည်းညူလဲလျောင်းနေကြပြီး သူတို့ဆိုးဝါးလှသည့်အမှားမျိုး လုပ်ခဲ့မိပြီဖြစ်ကြောင်း သိသွားပြီဖြစ်သည်။ သူတို့အားလုံး လင်ရှောင်းထင်ကို ကြောက်ရွံ့သွားကာ ချက်ချင်းထွက်ပြေးဖို့ကြိုးစားပေမည့် ကံမကောင်းစွာဖြင့် မတ်တပ်ပင်မရပ်နိုင်ကြပေ။
လင်ရှောင်းထင်သည်တော့ ထိုလူများဖြင့် အချိန်ဖြုန်းမနေချင်တော့၍ ကားထဲသို့ဝင်လိုက်ကာ ချက်ချင်းပင်မောင်းထွက်သွားတော့သည်။ ယခုအဖြစ်အပျက်တွင် လင်ရှောင်းထင်ရော ကုနင်းကိုပါ ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်နိုင်ခဲ့ပေ။
"ကျွန်မတို့ ရှင့်--အဖိုးကိုမပေးခင် သေချာဘူးကောင်းကောင်းလေးနဲ့ ထုတ်ပိုးဖို့လိုဦးမယ်။" ကုနင်းမှာ 'ရှင့်အဖိုး'ဆိုသည်ကို ထပ်မံသုံးမည်တော့မလိုဖြစ်သွားပေမည့် ချက်ချင်းပြင်လိုက်သည်။
"ဒါကအရမ်းဈေးကြီးလွန်းတယ်လို့ထင်တယ်။ ကိုယ်တို့ တခြားလက်ဆောင်ပြင်ကြရင်ရော?" ကုနင်းတွင် ကျောက်စိမ်းပြတ်လတ်မှုမရှိသည်ကို လင်ရှောင်းထင်သိပြီးဖြစ်ပေမည့် ထိပ်တန်းအဆင့်ကျောက်စိမ်းသည်က အလွန်တရာရှားပါးသောကြောင့် သူမကို ထပ်ပြီးစဉ်းစားစေချင်သေးသည်။
"စိတ်မပူပါနဲ့။ ကျွန်မအတွက်အစိမ်းရောင်ဘုရင်ဖြတ်နိုင်တယ်ဆိုတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။" ကုနင်းအနေဖြင့် လင်ရှောင်းထင်၏အဖိုးအတွက် ထိပ်တန်းအဆင့်ကျောက်စိမ်းပေးမည်ဟုပြောထားပြီးဖြစ်ကာ သူမကတိကိုတည်အောင်ဆောင်ရွက်ရပေမည်။ ဘယ်လောက်ပဲဈေးကြီးပါစေ သူ့အဖိုးအတွက် သူမနေဖြင့်ပေးဖို့ရန်ဆန္ဒရှိလေသည်။
"ဒါပေမယ်...." လင်ရှောင်းထင်သည်တော့ အနည်းငယ်တုံ့ဆိုင်းနေစဲဖြစ်သည်။ အစိမ်းရောင်ဘုရင်သည် အလွန်ဈေးကြီးလှသည်။ သူ့အတွက်တော့ ယွမ်သန်း၁ရာဆိုသည်မှာ ဘာမှမဟုတ်ပေမည့် လက်ဆောင်အနေဖြင့်တော့ အတော်လေးများလွန်းသည့်ပမာဏပင်။
"ကျွန်မတို့တစ်နေ့လက်ထပ်ကြရင် ကျွန်မတို့ပိုင်ဆိုင်မှုတွေနဲ့ ကြွယ်ဝမှုတွေကို ခွဲဝေကြရမှာပဲ။ ကျွန်မပိုင်တာကလဲ ရှင့်အပိုင်ပဲပေါ့။" ကုနင်းအနေဖြင့် လင်ရှောင်းထင်၏ပိုင်ဆိုင်မှုများကို ယူရန်စိတ်ကူးမရှိပေမည့် သူ့ကို စိတ်သက်သာစေရန်သာပြောလိုက်ခြင်းဖြစ်သည်။
***
အခန်း ၃၁၇
တန်ဖိုးမရှိသည့်လက်ရေးမူ?
ကုနင်း၏အပြောကိုကြားလိုက်ရ၍ လင်ရှောင်းထင် ပျော်ရွှင်သွားတော့သည်။ အကယ်၍ ကုနင်းက သူ့ပိုင်ဆိုင်မှုအားလုံးကို ယူသွားလျှင်ပင် စိတ်ထဲထားမည်မဟုတ်ပေ။
"ဒါဆိုလဲ၊ နောက်မှ ကိုယ်အဖိုးအစားယူသွားပေးမယ်။"
ထို့နောက် သူတို့၂ဦးအိမ်သို့ပြန်လာခဲ့ကြသည်။ မကြာခင်တွင်ပင် တစ်စုံတစ်ယောက်က အစိမ်းရောင်ဘုရင်ကို ဖြတ်နိုင်ခဲ့သည့်သတင်းသည် ကျောက်အလောင်းအစားလမ်းတစ်လျှောက်ပျံ့နှံ့သွားခဲ့ပြီး လူအများစုသည်တော့ ထိတ်လန့်သွားကြသလို မနာလိုလဲဖြစ်မိနေကြသည်။
ညစာစားချိန်ရောက်ချိန်တွင်တော့ လင်ရှောင်းထင်က အိမ်မှာပင် ကုနင်းအတွက်ချက်ပြုတ်ပေးခဲ့သည်။ အခုက သူမနေမကောင်းသည့်အချိန်ဖြစ်သောကြောင့် သူမကိုအနည်းငယ်မျှပိုအနားယူစေချင်သောကြောင့်ဖြစ်သည်။ သို့ပေမယ့် သူမနေကောင်းနေလျှင်တောင်မှ လင်ရှောင်းထင် သူမအတွက်အမြဲတမ်းချက်ပြုတ်ပေးဖို့ရန် ဆန္ဒရှိလေသည်။ မည်သို့ပင်ဖြစ်စေ လင်ရှောင်းထင်၏ချက်ပြုတ်နိုင်စွမ်းမှာ ကုနင်းထက်ပိုသာလေသည်။
စားသောက်နေချိန်တွင်းတွင် လင်ရှောင်းထင်ထံသို့ ရှုကျင်းချန်ဖုန်းဆက်လာခဲ့ပြီး မနက်ဖြန်နေ့လည်၂နာရီတွင်ကျင်းပမည့် လေလံပွဲသို့တက်ရောက်ရန်ဖိတ်ကြားခြင်းဖြစ်သည်။
ကုနင်းသည်တော့ ထိုသတင်းကိုကြားသည်နှင့်စိတ်လှုပ်ရှားနေပြီး ထိုလေလံပွဲတွင် သူမပစ္စည်းများကိုပါ ထည့်သွင်းခွင့်ရှိမလားဆိုသည်ကို ရှုကျင်းချန်အားမေးလိုက်သည်။ ကုနင်းသည် သူမ၏ရှေးဟောင်းပစ္စည်းများကို အပျော်သဘောရောင်းချချင်ရုံဖြစ်ပြီး ငွေအတွက်ကြောင့်မဟုတ်ပေ။
"မင်းမှာလဲရှေးဟောင်းပစ္စည်းတွေရှိနေတာလား? ဘာတွေလဲ?" ရှုကျင်းချန် သိချင်စိတ်ပြင်းပြစွာမေးမြန်းလိုက်သည်။
ကုနင်းပြန်မဖြေခင် ခတ္တမျှတွေးတောနေခဲ့ပြီးနောက်၊
"စဉ့်စုတ်တံဆေးခွက်"
သူမအနေဖြင့် လေလံပွဲကို အပျော်အနေနှင့်တက်ရောက်လိုခြင်းဖြစ်သောကြောင့် ထိုအတွက် အလွန်ဈေးကြီးသည့်ပစ္စည်းမျိုး မထည့်ချင်ပေ။
"ကိစ္စမရှိဘူး။ ရတယ်။" ရှုကျင်းချန် ပုံမှန်ပဲပြန်ဖြေလိုက်သည်။ သူသည်လဲ ရှေးဟောင်းပစ္စည်းအကြောင်း အနည်းငယ်သိသောကြောင့် စဉ့်စုတ်တံဆေးခွက်အကြောင်းကို ရှည်ရှည်ဝေးဝေးမေးမနေတော့ပေ။ လေလံပွဲတွင် ပစ္စည်းများကို အကဲဖြတ်ပေးမည့် ရာပြတ်ရှိနေပြီးသားပင်။ သေချာပေါက်တော့ ရာပြတ်သည်လဲအမြဲတမ်းမှန်ကန်မည်မဟုတ်သောကြောင့် မူရင်းပုံစံငယ်မိတ္တူများကိုလဲ ထားရှိထားလေသည်။ တချို့ပစ္စည်းများသည်က အစစ်နှင့်အလွန်ဆင်တူသောကြောင့် ကျွမ်းကျင်ပညာရှင်များပင်လျှင် မည်သည်က တကယ့်အစစ်မှန်းမပြောနိုင်သည်များရှိပေသည်။ သို့ပေမည့် လေလံပွဲမစခင်တွင် ဝယ်ယူမည့်သူများက ကိုယ်တိုင်ပစ္စည်းများကို လာစစ်ဆေးနိုင်ပြီး ထို့ကြောင့်ပင် သူတို့၏ရွေးချယ်မှုများသည် သူတို့နှင့်သာဆိုကာ အတုဖြစ်နေလျှင်ပင် အပြစ်တင်၍မရတော့ပေ။ လေလံအိမ်တော်ဘက်မှလဲ မည်သည့်တာဝန်မှယူစရာမလိုသလို ရှေးဟောင်းပစ္စည်းလောက၏စည်းမျဉ်းကိုက ထိုသို့ပင်ဖြစ်သောကြောင့် ဂုဏ်သတင်းပျက်စီးသွားမည်လဲမဟုတ်ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဆရာကြီးလင်က လင်ရှောင်းထင်ကိုဖုန်းဆက်လာကာ လေလံပွဲအကြောင်းပြောကြားတော့သည်။
ဆရာကြီးလင်သည် ရှေးဟောင်းပစ္စည်းမြတ်နိုးသူဖြစ်သောကြောင့် သူသည်လဲ လေလံပွဲကိုစိတ်ဝင်စားလေသည်။ သူက လင်ရှောင်းထင်ကို သူနှင့်အတူ မနက်ဖြန်ပွဲသို့လိုက်ရန် အားမလားဟုမေးခဲ့သည်။ လေလံပွဲတွင် ရှုပိုင်ဟုန်၏ပန်းချီလဲပါဝင်သောကြောင့် ဆရာကြီးလင်သည် ထိုပန်းချီကို အလွန်လိုချင်နေခြင်းဖြစ်သည်။
လင်ရှောင်းထင်သည်တော့ မနက်ဖြန် လေလံပွဲကို ကုနင်းနှင့်အတူသွားမည်ဖြစ်၍ ချက်ချင်းပင် သူမအားကြောင်းငြင်းလိုက်တော့သည်။ သို့ပေမယ့် ဘာကြောင့်မအားလဲဆိုသည့်အကြောင်းအရင်းကိုတော့ဖြင့် မပြောပြပေ။ မဟုတ်လို့ကတော့ သူ့အဖိုးက သေချာပေါက် သူတို့ကို လာတွေ့လိမ့်မည်ပင်။
ထို့ကြောင့် လင်ရှောင်းထင် သူ့အဖိုးကို လေလံပွဲသို့မလာစေရန်အတွက်၊
"အဖိုး ပန်းချီလိုချင်ရင် ကျွန်တော်ဝယ်ပေးမယ်လေ၊ လေလံပွဲကသေချာပေါက် လူကျပ်မှာဆိုတော့ အဖိုးအိမ်မှာပဲ နားနေတာပိုကောင်းမယ်။"
"ငါကိုယ်တိုင်သေချာသွားစစ်ရမှာပေါ့! အတုဖြစ်နေရင်ဘယ်လိုလုပ်မလဲ? ငါ့ပိုက်ဆံကို အလကားမဖြစ်စေချင်ဘူး!"
"ဒါဆိုလဲ ကျွန်တော် အဖိုးကို ရှုပိုင်ဟုန်ရဲ့ပန်းချီထက်ပိုသာတဲ့ လက်ရေးမူတစ်ခုပေးမယ်။ ဒီလိုဆို အဖိုး လေလံပွဲသွားစရာမလိုတော့ဘူး။" လင်ရှောင်းထင်သည်တော့ ဆရာကြီးလင် လေလံပွဲသို့မလာရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုလို့နေသည်။
"အဖိုး ရှုပိုင်ဟုန်ရဲ့ပန်းချီကိုပဲလိုချင်လား ဒါမှမဟုတ် ကျောက်မန်ဖူရဲ့ လျိုရှန်းဖူကိုလိုချင်လား?"
"ဘာ?" ဆရာကြီးလင် အလွန်အံ့အားသင့်သွားသလို စိတ်လဲလှုပ်ရှားသွားတော့သည်။
"မင်းမှာ လျိုရှန်းဖူရှိတာတကယ်လား?"
"ဟုတ်တယ်။"
လင်ရှောင်းထင်၏အတည်ပြုစကားကြောင့် ဆရာကြီးလင်ပိုလို့ပင် စိတ်လှုပ်ရှားလာခဲ့ကာ လျိုရှန်းဖူကို ရရန်မစောင့်နိုင်တော့ပေ၊
"ငါ့ကို အခုချက်ချင်းယူလာပေး!"
"ကျွန်တော်ခနနေသေချာပေါက်ယူလာပေးပါ့မယ်။" လင်ရှောင်းထင်က လျိုရှန်းဖူအကြောင်ကို ထည့်ပြောလိုက်ခြင်းဖြင့် ယနေ့ပင် ဆရာကြီးလင်အား လက်ဆောင်ပို့ပေးဖို့ စီစဉ်ထားခြင်းဖြစ်ရပေမည်။ လင်ရှောင်းထင်သည်လဲ သူ့အဖိုးဖြစ်သူ၏စရိုက်အကြောင်း ကောင်းကောင်းနားလည်ကာ လက်ရေးမူကိုသာ ဒီညအတွင်းမရခဲ့လျှင် အိပ်လို့ပင်ပျော်လိမ့်မည်မဟုတ်သလို လင်ရှောင်းထင်သည်လဲ သူ့အဖိုးအိပ်ရေးပျက်မည်ကို မလိုလားပေ။ သူ့အဖိုးက တော်တော်လေးကို အသက်ကြီးလို့နေလေပြီဖြစ်သည်။
"ဘယ်အချိန်လဲ? မဟုတ်သေးဘူး မင်းအမြန်ဆုံးသာယူလာခဲ့!" ဆရာကြီးလင် အမိန့်ပင်ပေးလိုက်သည်။
"ကျွန်တော်အခုညစာစားနေလို့ ပြီးတာနဲ့ယူလာပေးပါ့မယ်။"
"ကောင်းတယ်! မင်းစားတာကို အရမ်းအချိန်ဆွဲမနေနဲ့၊ ငါ့ဆီမြန်မြန်ယူလာခဲ့ပေး!"
လင်ရှောင်းထင်ဖုန်းချလိုက်ပြီးနောက် ကုနင်းကို သူခနပြန်ဦးမည့်အကြောင်းပြောပြလိုက်သည်။ ကုနင်းသည်လဲ လင်ရှောင်းထင်ဖုန်းပြောနေသည်ကို ကြားထားပြီးဖြစ်သောကြောင့် ဘာမှပြောမနေပေ။ စားပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် လက်ရေးမူနှင့် အစိမ်းရောင်ဘုရင်ကိုယူကာ လင်မိသားစုအိမ်သို့ပြန်သွားတော့သည်။
ထို့နောက် ကုနင်းသည်လဲ လုကျန်းနှင့် သွမ်းလီရှင်းတို့ထံ သူမကုမ္ပဏီအသစ်အတွက် ရုံးအဆောက်အဦးစီစဉ်ပြီးသွားပြီဖြစ်ကြောင်း စာလှမ်းပို့လိုက်သည်။ လုကျန်းနှင့် သွမ့်လီရှင်းလဲ ကုနင်း၏စာကိုမြင်မှပဲ စိတ်အေးသွားကြတော့သည်။ သူတို့နှစ်ဦးလုံး ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းတွင်အလုပ်လုပ်ကြရတော့မည်ဖြစ်ပြီး အရင်ဦးဆုံး စာချုပ်တော့ချုပ်ရဦးမည်ဖြစ်သည်။
လင်မိသားစုအိမ်တွင်တော့ ဆရာကြီးလင်သည် စိတ်စောစွာဖြင့် လင်ရှောင်းထင်ကိုစောင့်မျှော်နေကာ အိမ်အကူကိုလဲ တောက်လျှောက် လင်ရှောင်းထင်ပြန်လာမလာကို ထွက်ကြည့်ခိုင်းနေသည်။
အခုချိန်က ည၇နာရီကျော်ပြီဖြစ်သောကြောင့် လင်ယွမ်ချန်တို့မိသားစုနှင့် လင်ယွမ်ကျန်းတို့မိသားစုသည်လဲ ဆရာကြီးလင်နှင့်အတူ အိမ်တွင်ရှိနေကြသည်။ သူတို့လဲ လင်ရှောင်းထင်ကြောင့် ဆရာကြီးလင်အနားမယူသေးမှန်းသိသောကြောင့် လင်ယွမ်ချန်တို့မိသားစုမှာ အတော်လေးမကျေမနပ်ဖြစ်နေကြသည်။ သူတို့အမြင်တွင်တော့ လင်ရှောင်းထင်သည် ဆရာကြီးလင်၏အကြီးဆုံးမြေးဖြစ်လျှင်တောင်မှ အပြင်လူအဖြစ်မြင်နေစဲဖြစ်သည်။
"အဖိုး၊ ရှောင်းထင်က အရင်နေ့တုန်းကမှ လာလည်ထားတာလေ၊ ဘာလို့ဒီလောက်စိတ်လှုပ်ရှားနေတာလဲ?" လင်ရှောက်ရွှမ်းက သိချင်စွာဖြင့်မေးလိုက်သည်။ လင်ရှောက်ရွှမ်းတင်မကဘဲ လူတိုင်းလဲ ထိုမေးခွန်း၏အဖြေကို သိချင်နေကြသည်။ လင်ရှောင်းထင်ပြန်လာရုံဖြင့် အခုလို ဆရာကြီးလင်အနားတောင်မယူနိုင်ဘဲ စောင့်နေသည့်ပုံစံမျိုးကို တခါမှမမြင်ဖူးခဲ့ကြပေ။
"ရှောင်းထင်က ငါ့ကို လျိုရှန်းဖူပေးမလို့တဲ့! အဲ့ဒါက တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့လက်ရေးမူပဲ!" ဆရာကြီးလင် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။ ဆရာကြီးလင်သည် သူလင်ရှောင်းထင်အပေါ်တန်ဖိုးထားမှုကို မကွယ်မဝှက်ပဲ ပြန်ဖြေလိုက်သောကြောင့် လင်ယွမ်ချန်တို့မိသားစုမှာအတော်လေးကို စိတ်မကျေမနပ်ဖြစ်သွားကြသည်။ သို့ပေမယ့် လင်ရှောင်းထင် ကျောက်မန်ဖူ၏ လျိုရှန်းဖူကို ရအောင်ရှာနိုင်သည်ဆိုသည်အချက်ကတော့ အလွန်ဖြစ်နိုင်ကြောင်း လက်ခံလေသည်။ ဆရာကြီးလင်သည် ရှေးဟောင်းပစ္စည်းများကို မြတ်နိုးသူဖြစ်ကြောင်း သူတို့အားလုံးသိထားပြီးဖြစ်သောကြောင့် လူတိုင်း ဆရာကြီးလင်၏အလေးပေးမှုကိုရချင်ကြလေသည်။ မမျှော်လင့်ထားဘဲ ယခုခေတ်တွင် ငွေအလုံအလောက်ရှိနေလျှင်ပင် ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကို ရှာဖို့ရန်က အလွန်ခက်ခဲလေသည်။
"ဒါက အဲ့လောက်ကိစ္စကြီးလဲမဟုတ်ပါဘူး။ အဲ့ဒီ့လက်ရေးမူက တန်ဖိုးမရှိတဲ့ဟာလောက်ပဲဖြစ်မှာကိုများ။" လင်ရှောက်ကျားသည် အထင်သေးစွာဖြင့်ပြောလိုက်သည်။ သူမစိတ်အလိုမကျဖြစ်နေသည်မှာ သိသာလွန်းလေသည်။
"ရှောက်ကျား၊ စကားပြောဆင်ခြင်စမ်း!" လင်ယွမ်ချန် ကြိမ်းမောင်းလိုက်သည်။ သူတို့အားလုံး ဆရာကြီးလင်ဘယ်လောက်တောင် ရှေးဟောင်းပစ္စည်းကို မြတ်နိုးကြောင်းသိထားကြပြီးဖြစ်ကာ ယခုသူမစကားကြောင့် သေချာပေါက် ဆရာကြီးလင်ဒေါသထွက်သွားလောက်ပေသည်။
***
အခန်း ၃၁၈
မင်းကောင်မလေးက အံ့ဩစရာပဲ!
ဆရာကြီးလင် အမှန်တကယ်ကို ဒေါသထွက်သွားခဲ့ကာ လင်ရှောက်ကျားကို စိတ်အလိုမကျစွာဖြင့်စိုက်ကြည့်လိုက်သောကြောင့် လင်ရှောင်းကျားလဲ ချက်ချင်းကြောက်လန့်ကာ ခေါင်းငုံ့သွားတော့သည်။ သူမဆရာကြီးလင်နှင့် မျက်လုံးချင်းပင်ဆုံမကြည့်ရဲတော့ပေ။
ဆရာကြီးလင်သည်လဲ တစ်လျှောက်လုံး ကျန်သည့်လင်မိသားစုဝင်များ လင်ရှောင်းထင်အပေါ်မည်သို့သဘောထားမှန်းသိထားပြီးဖြစ်ပေမည့် သူတို့တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ဘဲ အေးအေးချမ်းချမ်းနေနေသ၍ ဆရာကြီးလင်အနေနှင့် ကြားဝင်မပါခဲ့ခြင်းဖြစ်သည်။ သို့ပေမယ့် တစ်ယောက်ယောက်ကသာ သူ့ရှေ့တွင် မလိုမုန်းထားသည့်အပြုအမူမျိုး ပေါ်တင်ပြုမူခဲ့မည်ဆိုလျှင်တော့ သူ့အနေဖြင့် မသိချင်ယောင်ဆောင်နေတော့မည်မဟုတ်ပေ။ မိသားစုတစ်ခုလိုမျိုး အေးအေးချမ်းချမ်းအဆင်ပြေပြေနေဖို့ သူတို့အတွက် ဒီလောက်တောင် ခက်ခဲကြသည်လား?
လင်ရှောင်းထင်ကို လေးစားသည့် လင်ရှောက်ရွှမ်းသည်တော့ လင်ရှောက်ကျား၏ပြောစကားကို သည်းမခံနိုင်ပေ။
"ရှောက်ကျား၊ အဖိုးရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီနဲ့ လက်ရေးမူတွေကို မြတ်နိုးတာ ငါတို့အားလုံးသိကြပြီးသားပဲ။ နင်ကဘာလို့ အဲ့ဒါတွေကို တန်ဖိုးမရှိဘူးလို့ပြောနေသေးတာလဲ? နင့်စကားက ရှောင်းထင်ကို ပြောချင်တာလား ဒါမှမဟုတ် အဖိုးကိုပြောချင်တာလား? တစ်ယောက်ယောက်က မကြိုက်ရုံနဲ့ အဲ့ဒီ့ပစ္စည်းက တန်ဖိုးမဲ့သွားရောလား? ဒီလိုသာဆို ငါ့အထင် နင့်ရဲ့ဒီဇိုင်းတွေကလဲ တန်ဖိုးမဲ့တာပဲ!"
လင်ရှောက်ကျားသည် အင်္ကျီဒီဇိုင်းပညာရပ်ကိုစိတ်ဝင်စားသူဖြစ်သည်။ အခုချိန်အထိ သူမတွင်အလုပ်အကိုင်မရှိသေးသော်လည်း သူမလျှောက်လည်ပတ်မနေသည့်အချိန်များတွင် အင်္ကျီဒီဇိုင်းများကို ရေးဆွဲနေလေ့ရှိပေသည်။ လင်ရှောက်ကျားသည် လင်ရှောင်းထင်ကို အကြိမ်ရေများစွာ အပြစ်ရှာနေခဲ့ခြင်းကြောင့် လင်ရှောက်ရွှမ်းက တမင်ကို အဖိုးရှေ့တွင် အရှက်ရအောင်မေးမြန်းလိုက်ခြင်းဖြစ်သည်။ လင်ရှောင်းထင်ရှေ့တွင်တော့ လင်ရှောက်ကျား ထိုသို့မပြောရဲပေမည့် သူ့နောက်ကွယ်တွင်တော့ အမြဲတမ်းမကောင်းပြောလေသည်။
"နင်..." လင်ရှောက်ကျား ဒေါသထွက်သွားပေမယ့် ဆရာကြီးလင်ရှိနေသောကြောင့် ဘာစကားမှခွန်းတုန့်မပြန်နိုင်ခဲ့ပေ။
တကယ်တမ်း လင်ယွမ်ကျန်းတို့မိသားစုသည်လဲ လင်ယွမ်ချန်တို့မိသားစုနှင့်သည်လဲ တည့်သည့်ထဲတွင်မပါပေ။
အကြောင်းရင်းသည်တော့ ဆရာကြီးလင်၏အကြီးဆုံးသားသေဆုံးသွားခြင်းကြောင့် လင်ယွမ်ချန်တို့မိသားစုသည် သူတို့သည်သာ လင်မိသားစု၏အမွေကို ဆက်ခံသင့်သည်ဟု ယုံကြည်နေလေသည်။ ထို့ကြောင့် လင်ယွမ်ကျန်းတို့မိသားစုသည်လဲ လင်ယွမ်ချန်တို့မိသားစုအတွက် ပြဿနာတစ်ရပ်ဖြစ်နေလေသည်။ ထို့အပြင် အင်အားကြီးမိသားစုတစ်စုဖြစ်ဖို့ရန်အတွက် သင့်မြတ်သည့်မိသားစုဖြစ်ဖို့လိုမှန်းလဲ သူတို့အားလုံးသိကြလေသည်။ ထို့ကြောင့် သူတို့ချင်းမည်သို့ပင်မတည့်ကြပါစေ သူတို့ကြားက လျှို့ဝှက်ချက်အဖြစ်သာ စောင့်ထိန်းထားကြသည်။
"စကားပြောဆင်ခြင်စမ်း!" လင်ယွမ်ကျန်းက လင်ရှောက်ရွှမ်းကို သတိပေးလိုက်သည်။
လင်ရှောက်ကျားပြောလိုက်သည့်စကားများသည် ဆရာကြီးလင်ကို စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် သူမကို ဆက်ပြီးမမြင်ချင်တော့၍ သူ၏စာကြည့်ခန်းသို့ပြန်သွားလိုက်ကာ လင်ချန်းကျီကိုသာ လင်ရှောင်းထင်ရောက်လာလျှင် သူ့ဆီလွှတ်လိုက်ဖို့ပြောခဲ့သည်။
ည၈နာရီကျော်လောက်တွင်တော့ လင်ရှောင်းထင် လင်အိမ်တော်သို့ရောက်လာခဲ့သည်။ အိမ်အောက်ထပ်တွင်ရှိနေသည့် လူကြီးများကိုနှုတ်ဆက်လိုက်ပြီးကာမှ အပေါ်ထပ်ရှိစာကြည့်ခန်းသို့သွားဖို့လုပ်လိုက်သည်။
"ရှောင်းထင်၊ ငါမင်းနဲ့အတူလိုက်လို့ရမလား?" လင်ရှောက်ရွှမ်းမေးလိုက်သည်။ သူ လက်ရေးမူအကြောင်းကိုအတော်လေးသိချင်စိတ်ဖြစ်နေလေသည်။
"ငါအဖိုးနဲ့ပြောစရာနည်းနည်းတော့ရှိသေးတယ်။ မင်းကြည့်ချင်ရင် ခနလောက်နေမှကြည့်လို့ရမယ်။" လင်ရှောင်းထင်မှာ သူနဲ့ ကုနင်းတို့ဆက်ဆံရေးအကြောင်း လင်ရှောက်ရွှမ်းကို မသိစေချင်သောကြောင့် ငြင်းလိုက်လေသည်။
"ကောင်းပြီလေ။"
လင်ရှောင်းထင်စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်နှင့် ဆရာကြီးလင်က ချက်ချင်းပင် ဖွင့်လာပေးခဲ့သည်။ ဘာစကားမှပင်ဆိုမနေဘဲ ဆရာကြီးလင်သည် လင်ရှောင်းထင်လက်ထဲတွင်ရှိနေသည့် လက်ရေးမူကို ဆွဲယူလိုက်ပေမယ့် ပျက်စီးသွားမည်စိုးသောကြောင့် ဖြည်းဖြည်းသက်သာတော့လုပ်လေသည်။ ထို့နောက် လက်ရေးမူ အစစ်ဟုတ်မဟုတ်မစစ်ဆေးခင် အရင်ဦးစွာ စာကြည့်စားပွဲသို့ပြန်သွားလိုက်ပြီးမှ လက်ရေးမူစာလိပ်ကို ဖွင့်လိုက်လေသည်။ ထိုသို့စစ်ဆေးခြင်းက လင်ရှောင်းထင်ကို မယုံကြည်၍မဟုတ်ရဘဲ အကျင့်အရသာဖြစ်လေသည်။ ထို့အပြင် ယခုခေတ်တွင် မိတ္တူများရှိလာပြီသောကြောင့် လင်ရှောင်းထင်ဝယ်လာသည်က အတုလဲဖြစ်နိုင်လေသည်။ သို့ပေမယ့် ဆရာကြီးလင်တွင်က အသိပညာများကြွယ်ဝကာ အတွေ့အကြုံလဲများ၍ ထိုလက်ရေးမူအစစ်ဖြစ်ကြောင်း သိရှိသွားကာ စိတ်လှုပ်ရှားလွန်း၍ လက်များပင်တုန်ရီလာတော့သည်။
"ဟ-ဟ၊ ဟ-ဟ ဒါအစစ်ပဲ! ငါ့ဘဝမှာဒီလိုအဖိုးတန်တဲ့လက်ရေးမူကို စုဆောင်းနိုင်လိမ့်ဦးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး!" ဆရာကြီးလင် လက်ရေးမူအစစ်ဖြစ်ကြောင်းသိလိုက်ရ၍ ပိုလို့ပင် ပျော်ရွှင်နေတော့သည်။
"ငါ့သူငယ်ချင်းတွေကိုလဲပြရမယ်။ ဒါမှ ငါ့ကိုအားကျနေကြမှာ။"
"ဟုတ်သား၊ မင်းဒါကို ဘယ်ကနေရလာတာလဲ?" ဆရာကြီးလင် သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
"နင်းနင်းက ရှေးဟောင်းလမ်းကနေမတော်တဆဝယ်ခဲ့မိတာ။ ဒါအဖိုးအတွက် နှစ်သစ်ကူးလက်ဆောင်ပဲ။" လင်ရှောင်းထင် ပွင့်ပွင့်လင်းလင်းပဲပြောပြလိုက်သည်။ သူ့အဖိုးသည်လဲ သူ့တွင်ချစ်သူမိန်းကလေးရှိနေပြီဖြစ်ကြောင်းသိထားပြီးဖြစ်သောကြောင့် ဖုံးကွယ်နေရန်မလိုအပ်တော့ပေမည့် သူ့အဖိုးသည်တော့ အခုထိ သူ့ချစ်သူ၏နောက်ခံကို မသိသေးပေ။ မေးစရာပင်မလိုစွာ ဆရာကြီးလင်သည်လဲ နင်းနင်းက မည်သူဆိုသည်ကို ချက်ချင်းသိလိုက်သည်။ ထိုသူက သူ့မြေး၏ ငယ်ရွယ်သည့်ကောင်မလေးပင်ဖြစ်မည်။ သို့ပေမယ့် ကုနင်းကမတော်တဆဝယ်ခဲ့မိသည်ကိုကြားရတော့ ဆရာကြီးလင်ထိတ်လန့်သွားရသည်။
"မင်းကောင်မလေးက အံ့ဩစရာကောင်းတာပဲ!" ဆရာကြီးလင် ချီးကျူးလိုက်သည်။
အဖိုးဖြစ်သူက သူ့ကောင်မလေးအကြောင်း ချီးကျူးသည်ကို ကြားရသောအခါ လင်ရှောင်းထင်၏နှုတ်ခမ်းများထက်တွင် ဂုဏ်ယူသည့်အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။ ဆရာကြီးလင်မှာ ကုနင်းကြောင့်ဖြင့် လင်ရှောင်းထင်ပြုံးလိုက်သည်ကိုမြင်တော့ ထပ်မံအံ့အားသင့်သွားရပြန်သည်။ ထို့ကြောင့်ပင် လင်ရှောင်းထင် အချစ်စစ်ကို ရှာတွေ့သွားပြီမှန်း ဆရာကြီးလင်နားလည်သွားရသောကြောင့် သူ့မြေး၏ကောင်မလေးအကြောင်း ပိုလို့ပင်သိချင်စိတ်ပြင်းပြလာခဲ့သည်။ တစ်ချိန်တည်းတွင်ပဲ သူ့မြေး၏ကောင်မလေးက ယခုလိုတန်ဖိုးကြီးလက်ဆောင်ကို သူ့ထံပေးလောက်သည်အထိ ရက်ရောသည့်သူဖြစ်ကြောင်းကိုလဲ လက်ခံသွားသည်။
တကယ်တမ်း ကုနင်း၏လျိုရှန်းဖူအပေါ်ဈေးသတ်မှတ်မှုသည်မမှန်ကန်ခဲ့ပေ။ သူမက လျိုရှန်းဖူကို အနည်းဆုံးယွမ်း၈သန်း သို့မဟုတ် ယွမ်၁၀သန်းကျော်လောက်အများဆုံးဟုတွေးခဲ့ပေမည့် တကယ်တမ်းတွင်တော့ အနည်းဆုံး ယွမ်သန်း၃၀ကျော်တန်ဖိုးရှိလေသည်။ လျိုရှန်းဖူကိုသာ လေလံပစ်လိုက်မည်ဆိုလျှင် ယွမ်သန်း၅၀အထိပင် ဈေးမြင့်သွားနိုင်ပေသည်။
ထို့နောက်ဆရာကြီးလင်က တုံ့ဆိုင်းစွာဖြင့်၊
"ဒါပေမယ့် ဒီလက်ဆောင်က အရမ်းဈေးကြီးလွန်းတယ်လို့ထင်တယ်။"
ကုနင်းအနေဖြင့် သူ၏မျက်နှာသာပေးခြင်းခံရစေရန် အခုလိုတန်ဖိုးကြီးလက်ဆောင်မျိုးပေးဖို့မလိုအပ်ဟုတွေးမိပေမည့် ကုနင်းသည် ချမ်းသာသည့်မိသားစုမှ ထူးချွန်ထက်မြက်သည့်မိန်းကလေးတစ်ဦးဖြစ်မည်ဟုတော့ ယုံကြည်သွားသည်။ သို့ပေမည့် ယခုလက်ဆောင်သည်က အလွန်ဈေးကြီးလွန်းပြီး သူလက်ခံလိုက်ဖို့ရန်က အနည်းငယ်ခက်ခဲနေလေသည်။
"တကယ်တော့ အဖိုးအတွက် ဒီ့ထက်ပိုဈေးကြီးတဲ့လက်ဆောင်ရှိသေးတယ်။" လင်ရှောင်းထင်ပြောရင်းဖြင့် နောက်ထပ်လက်ဆောင်တစ်ခုကို စားပွဲပေါ်တင်လိုက်လေသည်။
ဆရာကြီးလင်မှာ ဆွံ့အမင်တက်သွားရတော့သည်။ ကျောက်မန်ဖူ၏လက်ရေးမူထက်ပင် ဈေးပိုကြီးသည်တဲ့လား?
"ဘာများလဲ?" ဆရာကြီးလင်မေးနေရင်းဖြင့်ပင် ပစ္စည်းကိုဖွင့်ကြည့်ရန် လက်လှမ်းလိုက်သည်။ လင်ရှောင်းထင်သည်တော့ ဆရာကြီးလင်၏အမေးကိုပြန်ဖြေမနေတော့ဘဲ ကိုယ်တိုင်ပင်ဖွင့်ကြည့်စေလိုက်သည်။ ဆရာကြီးလင် သစ်သားဗူးလေးကိုဖွင့်ကြည့်လိုက်လျှင်ပဲ သူ၏မြင်ကွင်းအတွင်းသို့ အစိမ်းရင့်ရောင် ကျောက်စိမ်းတစ်တုံးထွက်ပေါ်လာခဲ့ကာ သူသည်လဲ မျက်လုံးများပြူးကျယ်ပြီး ထိတ်လန့်သွားရတော့သည်။
"ဒါ...ဒါ....." ဆရာကြီးလင် အလွန်အံ့အားသင့်လွန်း၍ စကားတစ်ခွန်းပင်ဆုံးအောင်မပြောနိုင်တော့ပေ။ သူ့အနေနှင့်အဖြေကိုသိပြီးသားဖြစ်ပေမယ့်လဲ မသေချာသေးပေ။ ဆရာကြီးလင် ကျောက်စိမ်းကိုထုတ်ယူလိုက်ကာ အနီးကပ်သေချာကြည့်လိုက်ပြီး,
"ဒါက အစိမ်းရောင်ဘုရင်ပဲ! မင်းဘယ်လိုလုပ်ရလာတာလဲ?"
"ဒီနေ့ပဲ နင်းနင်း ကျောက်အလောင်းအစားလမ်းမှာသွားဖြတ်လာခဲ့တာ။"
"ဘာ?" ဆရာကြီးလင် အခုချိန်တွင်တော့ပိုလို့ပင် ထိတ်လန့်သွားပြီဖြစ်သည်။ ထပ်ပြီးလား? မကြာသေးခင်ကပင် ကျောက်အလောင်းအစားလမ်း၌ ယွမ်သန်း၁ရာကျော်တန်ကြေးရှိသည့် အစိမ်းရောင်ဘုရင်ကို ကောင်မလေးတစ်ဦးဖြတ်ခဲ့သည်ဟုသည့် သတင်းကိုသူကြားခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားဘဲ ထိုမိန်းကလေးသည် လင်ရှောင်းထင်၏ချစ်သူဖြစ်နေကာ သူ၏မြေးချွေးမဖြစ်လာမည့်သူဖြစ်နေလေတော့သည်။
***
အခန်း ၃၁၉
လက်ဆောင်
အစိမ်းရောင်ဘုရင်ကျောက်စိမ်းသည် ယွမ်သန်း၁ရာကျော်တန်ဖိုးရှိသည်၊ ယွမ်သန်း၁ရာထက်ပင်များစွာတန်ကြေးရှိနိုင်သေးလေသည်။ ဆရာကြီးလင်မှာ ယခုလက်ရှိသူခံစားနေရသည့်ခံစားချက်ကို စကားလုံးများဖြင့်ပင်မဖော်ပြနိုင်ဖြစ်နေလေသည်။
"ရှောင်းထင် မင်းကောင်မလေးကတော့ တကယ့်ကိုမယုံနိုင်စရာပဲ! သူက ရှေးဟောင်းပစ္စည်းအစစ်ကိုရွေးနိုင်တဲ့အပြင် အရည်အသွေးမြင့်ကျောက်စိမ်းကိုလဲ ဖြတ်နိုင်တယ်လား။" ဆရာကြီလင်ထင်ထားသည်က လင်ရှောင်းထင်ရွေးချယ်ထားသည့်မိန်းကလေးမှာ ငယ်ရွယ်လှပသည့်မိန်းကလေးမျိုးပေမယ့် အခုတော့ဖြင့် အမှန်တကယ်အရည်အချင်းရှိသည့်မိန်းကလေးဖြစ်နေသာကြောင့် အံ့အားသင့်သွားရလေသည်။
"အဖိုးထပ်ပြီးတော့သိလာဦးမှာပါ။"
"ဒါပေမယ့် ဒါက အရမ်းဈေးကြီးလွန်းတယ်။" အစိမ်းရောင်ဘုရင်ကိုပါ မြင်လိုက်ရချိန်တွင်တော့ ဆရာကြီးလင် လက်ခံဖို့ရန် ပိုလို့ပင်ခက်ခဲသွားတော့သည်။ အစိမ်းရောင်ဘုရင်သည် ယွမ်သန်း၁ရာကျော်တန်ကြေးရှိသည့် ကျောက်စိမ်းဖြစ်သည်။ ယွမ်သန်း၁ရာကျော်ဆိုသည်မှာ လင်မိသားစုအတွက် ပြောပလောက်သည့်ပမာဏမဟုတ်ပေမည့် လက်ဆောင်အဖြစ်ယူရန်ကတော့ အလွန်ဈေးကြီးလှသည်။ လင်မိသားစုပင်လျှင် တခြားလူများကို ထိုမျှဈေးကြီးသည့်လက်ဆောင်မျိုးမပေးပေ။ တကယ်တော့ ကုနင်းသည် လင်ရှောင်းထင်၏ရည်းစားအဆင့်သာရှိသေးပြီး အခုထိ လက်မထပ်ကြရသေးပေ။ထို့ကြောင့် ဆရာကြီးလင်သည် ကုနင်း၏မိသားစုဝင်မဖြစ်သေးပေမယ့် သူမအနေနှင့်တော့ အခုလိုဈေးကြီးကာ ရှားပါးသည့် လက်ဆောင်ပစ္စည်းများပို့ဖို့ရန် ဆန္ဒရှိနေပြီဖြစ်သည်။ ဆရာကြီးလင်သည်တော့ ကုနင်း၏ရက်ရောမှုကို အတော်လေးအံ့အားသင့်လို့နေလေသည်။
"မစိုးရိမ်ပါနဲ့။ သူ့အတွက်က အစိမ်းရောင်ဘုရင်ဖြတ်ဖို့ဆိုတာ မခက်ခဲဘူး၊ ပြီးတော့ သူပေးပြီးသားပစ္စည်းကိုလဲ ပြန်ယူတော့မှာမဟုတ်ဘူး။" လင်ရှောင်းထင်တွင်လဲ သူ့အဖိုးကဲ့သို့အတွေးမျိုးရှိနေပေမည့် ထိုသို့သာပြောလိုက်သည်။ လင်ရှောင်းထင်မှတောင် ယခုလိုပြောလာမှတော့ဖြင့် ဆရာကြီးလင်လဲ လက်ဆောင်များကို ယူလိုက်ရန်သာတတ်နိုင်တော့လေသည်။
"ကောင်းပြီလေ၊ ငါလဲ သူ့ကို လက်ဆောင်ပြန်ပေးပါရစေဦး!" ဆရာကြီးလင်ပြောပြီးသည်နှင့် ကုနင်းအတွက်လက်ဆောင်ပေးရန် တစ်မျိုးမျိုးကို ရှာဖွေဖို့လုပ်လိုက်သည်။ သို့ပေမယ့် လင်ရှောင်းထင်က တားလိုက်ကာ၊
"အလုပ်ရှုပ်ခံမနေပါနဲ့တော့။ သူက လောလောဆယ်လျှို့ဝှက်ထားစေချင်နေသေးလို့ အဖိုးကျွန်တော်မှာ ရည်းစားရှိနေတာ သိသွားပြီဆိုတဲ့အကြောင်း သူမသိထားသေးဘူး။ အခုလက်ဆောင်နှစ်မျိုးကိုလဲ ကျွန်တော့်နာမည်နဲ့ပဲပို့ခိုင်းထားတာ ဒါပေမယ့်သူ့စေတာနာကို အလကားမဖြစ်စေချင်လို့ အဖိုးကို အမှန်အတိုင်းပြောပြလိုက်တာ။"
"ဘာ?" ဆရာကြီးလင် အံ့ဩသွားရပြန်သည်။ ကုနင်းက သူ့အတွက်လက်ဆောငပေးတာကိုတောင် နာမည်ခံလို့သည့်ဆန္ဒမရှိခြင်းက မမျှော်လင့်ထားမိသည့်ကိစ္စပင်ဖြစ်သည်။ လင်ရှောင်းထင်ဘက်ကတော့ သူ့ကိုလိမ်ညာမည်မဟုတ်မှန်း ဆရာကြီးလင်ယုံကြည်သောကြောင့် ကုနင်းအပေါ်ပိုလို့ပင်အထင်ကြီးသွားတော့သည်။
လင်ရှောင်းထင် လင်အိမ်တော်တွင် အချိန်ကြာကြာဆက်မနေဘဲ ဆရာကြီးလင်နှင့်စကားပြောပြီးသည်နှင့် ပြန်ထွက်သွားတော့သည်။ သူ့အနေဖြင့် လင်အိမ်တော်ကို အိမ်ဟုပင်သဘောမထားသည်မှာ သိသာလှပေသည်။ ဆရာကြီးလင်သည်တော့ လင်ရှောင်းထင် သူ့ကောင်မလေးအနားမြန်မြန်ပြန်သွားချင်နေ၍ အလျင်လိုနေကြောင်းသိပေမယ့် တခြားလင်မိသားစုဝင်များသည်တော့ လင်ရှောင်းထင် စစ်တပ်တာဝန်များရှိနေခြင်းကြောင့်ဟုထင်ကြလေသည်။ လင်ရှောင်းထင်သည် စစ်တပ်တွင် ရာထူးကြီးသည့်လူဖြစ်ပြီး နှစ်ကုန်ပိုင်းဆိုလျှင် အလုပ်ပိုများလေ့ရှိပေသည်။
လင်ရှောင်းထင်က သူ့တွင် ရည်းစားရှိနေသည့်ကြောင်း လင်မိသားစုမှ တခြားလူများကိုမသိစေချင်၍ ဆရာကြီးလင်သည်လဲ လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ဆရာကြီးလင်လဲ ကုနင်းအကြောင်းပိုသိချင်ပေမည့် လင်ရှောင်းထင်သည် သူ့ကို စုံစမ်းခွင့်မပေးခဲ့သောကြောင့် လက်လျှော့ထားရလေသည်။
သို့ပေမယ့် လင်ရှောင်းထင်သည် ကောင်မလေး၏နာမည်အပြည့်အစုံကိုတောင်မှ မပြောပြခြင်းကြောင့် ဆရာကြီးလင် အလွန်စိတ်ရှုပ်ရပေမယ့် လင်ရှောင်ထင်က မပြောပြချင်မှတော့ဖြင့် ဆရာကြီးလင်လဲ အတင်းအကြပ်မေးမနေတော့ပေ။
လင်ရှောင်းထင်ထွက်သွားသည်နှင့် ဆရာကြီးလင် ချက်ချင်းပင် တစ်စုံတစ်ယောက်ထံဖုန်းလှမ်းဆက်လိုက်ကာ၊
"ဟလို ဆရာကြီးကျန်း၊ ငါအခုပဲ ကျောက်မန်ဖူရဲ့ လျိုရှန်းဖူကို ရထားတယ်။ မင်းမနက်ဖြန်လောက်လာပြီး ကြည့်လှည့်ပါလား?"
ဆရာကြီးကျန်း၏အမည်အပြည့်အစုံမှာ ကျန်းကျုံးယွီဖြစ်ပြီး ဆရာကြီးလင်၏သူငယ်ချင်းဟောင်းတစ်ဦးဖြစ်ကာ နိုင်ငံ့ရှေးဟောင်းအဖွဲ့အစည်း၏ခေါင်းဆောင်တစ်ဦးလဲဖြစ်ခဲ့ဖူးသောကြောင့် ပြောစရာမလိုအောင်ကို ရှေးဟောင်းလက်ရာများအပေါ်စိတ်ဝင်စားသဘောကျလေသည်။ အခုချိန်တွင်တော့ ပင်စင်ယူသွားပြီဖြစ်ပေမယ့် ရှေးဟောင်းပစ္စည်းလောကတွင်တော့ အာဏာရှိနေမြဲပင်ဖြစ်သည်။ ဆရာကြီးလင်၏စကားများကိုကြားသည်နှင့် ကျန်ကျုံးယွီစိတ်လှုပ်ရှားသွားကာ၊
"ဘာ? ကျောက်မန်ဖူရဲ့ လျိုရှန်းဖူ? တကယ်အစစ်လား? မင်းကအခုချိန်ကြီးငါ့ကိုလှမ်းပြောပြီး နောက်နေ့မှလာကြည့်ခိုင်းတယ်ပေါ့? မင်းတော်တော်ဆိုးတဲ့လူပဲ။ ငါဒီညဘယ်လိုလုပ်အိပ်ပျော်တော့မှာလဲ! မဟုတ်သေးဘူး၊ ငါအခုချက်ချင်းလာခဲ့မယ်။ မအိပ်သေးဘဲ ငါ့ကိုစောင့်နေဦး!"
ကျန်းကျုံးယွီ နောက်နေ့အထိ လုံးဝသည်းခံမစောင့်နိုင်တော့ပေ။ သူချက်ချင်းအခန်းထဲမှထွက်ကာ အပေါ်ထပ်ကိုလှမ်းအော်လိုက်သည်၊
"ကျန်းလွေ့နဉ်၊ အခုချက်ချင်း ထွက်ခဲ့။" ကျန်းကျုံးယွီသည် အသက် ၇၀ရှိပြီဖြစ်ပေမည့် လေ့ကျင့်ခန်းလုပ်ကာ ကျန်းမာရေးလိုက်စားသူဖြစ်သောကြောင့် အားအင်အပြည့်ရှိနေစဲပင်။ စက္ကန့်ပိုင်းအတွင်းတွင်ပဲ အပေါ်ထပ်လှေကားမှနေပြီး အသက်၂၀ကျော်လူငယ်တစ်ဦး အောက်သို့ငုံ့ကြည့်လာခဲ့သည်။
"အဖိုး၊ ဘာဖြစ်လို့လဲ?"
ကျန်းလွေ့နဉ် ညအိပ်ဝတ်စုံသာဝတ်ထားသည်ကို ကျန်းကျုံးယွီသတိထားမိလိုက်သောကြောင့်၊
"မင်းအဝတ်အစားအခုချက်ချင်းသွားလဲ ပြီးတာနဲ့ ငါ့ကိုလင်မိသားစုအိမ်ကိုလိုက်ပို့ပေး။"
"အခုက အရမ်းနောက်ကျနေပြီလေအဖိုးရဲ့၊ လင်မိသားစုအိမ်ကိုဘာလို့သွားမှာလဲ?"
"မေးနေတာတွေရပ်လိုက်တော့ မင်းကိုနှစ်မိနစ်အချိန်ပေးမယ်!" ကျန်းကျုံးယွီ အမိန့်ပေးလိုက်သောကြောင့် ကျန်းလွေ့နဉ်လဲ ချက်ချင်းပင် သူ့အခန်းသို့ပြန်ကာ အဝတ်အစားသွားလဲရတော့သည်။ ၁မိနစ်သာကြာလိုက်ပြီးနောက် ပြန်ထွက်လာခဲ့လေသည်။
ကံကောင်းစွာဖြင့် ကျန်းမိသားစုအိမ်တော်နှင့် လင်မိသားစုအိမ်တော်သည် ၂လမ်းသာခြားသောကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းကျုံးယွီရောက်သွားခဲ့သည်။
လင်ချန်းကျီသည် ဆရာကြီးကျန်းအလာကို တံခါးတွင်စောင့်ဆိုင်းနေခြင်းဖြစ်သောကြောင့် ကျန်းကျုံးယွီရောက်သည်နှင့် ဆရာကြီးလင်၏စာကြည့်ခန်းသို့ခေါ်သွားလိုက်တော့သည်။ ကျန်းလွေ့နဉ်သည်တော့ အခုလောက် သူ့အဖိုးအလျင်လိုနေခြင်းက ရှေးဟောင်းပစ္စည်းကြောင့်သာဖြစ်လောက်သည်ဟု ခန့်မှန်းနိုင်ခဲ့သည်။ အခုချိန်က ဆောင်းရာသီညတစ်ညဖြစ်နေသည်တောင်မှ အချိန်ဆွဲမနေဘဲ ချက်ချင်းလာခဲ့သည်ကိုသာကြည့်လေ။ ကျန်းလွေ့နဉ်လဲ သူ့အဖိုးနောက်လိုက်လာခဲ့ရသည်။
ဧည့်ခန်းအတွင်းတွင်တော့ လင်ရှောက်ရွှမ်းတစ်ဦးသာရှိနေတော့သည်။ ကျန်းကျုံးယွီကိုမြင်လိုက်သည်နှင့် လင်ရှောက်ရွှမ်း လေးလေးစားစားနှုတ်ဆက်လိုက်ပေမယ့် လျစ်လျူရှုခံလိုက်ရလေသည်။ လင်ရှောက်ရွှမ်းလဲ အခုလိုမျိုးအခြေအနေကို အသားကျနေပြီးဖြစ်သည်။ အခုလိုအချိန်ကြီး ကျန်းကျုံးယွီရောက်လာခြင်းက လျိုရှန်းဖူကြောင့်သာဖြစ်မှန်း သူလဲနားလည်လေသည်။
ကျန်းလွေ့နဉ်သည်တော့ ရှေးဟောင်းပစ္စည်းများကိုစိတ်မဝင်စားသောကြောင့် ဧည့်ခန်းတွင်ပင်နေရစ်ခဲ့ကာ လင်ရှောက်ရွှမ်းနှင့်အတူ တီဗီထိုင်ကြည့်နေလိုက်သည်။
"နှစ်သစ်ကူးပွဲတော်ရောက်တော့မယ်ဆိုတော့ ရှောင်းထင်အိမ်ပြန်လာလောက်လား?" ကျန်းလွေ့နဉ်သည်လဲ လင်ရှောက်ရွှမ်းကဲ့သို့ပင် လင်ရှောင်းထင်ကို လေးစားကာ လင်ရှောက်ရွှမ်းနှင့်အတူတူ လင်ရှောင်းထင်ထံမှ ပညာများသင်ယူနေခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် လင်ရှောက်ရွှမ်းကို မယှဉ်နိုင်ပေမည့် သာမာန်လူများကိုတော့ သူကိုယ်တိုင် တိုက်ခိုက်အနိုင်ယူဖို့ရန် မခက်ခဲတော့ပေ။
"ရှောင်းထင် ပြီးခဲ့တဲ့၂ရက်တုန်းကလဲအိမ်ပြန်လာသေးပေမယ့် မိနစ်ပိုင်းလောက်ပဲနေသွားတယ်။ သူဘာလို့ဒီလောက်တောင်အလုပ်များနေလဲမသိပါဘူး။ နှစ်သစ်ကူးပွဲတော်ကျရင်တော့ အိမ်ပြန်လာဖြစ်လောက်မယ်ထင်တယ်။" လင်ရှောင်းထင်သည် နှစ်တိုင်း လင်မိသားစုနှင့်အတူ နှစ်သစ်ကူးပွဲတော်ကို ကျော်ဖြတ်လေ့မရှိသောကြောင့် လင်ရှောက်ရွှမ်းအနေဖြင့်လဲ မသေချာပေ။
စာကြည့်ခန်း၌-
ကျန်းကျုံးယွီ စိတ်လှုပ်ရှားလှစွာဖြင့် ဆရာကြီးလင်အားမေးလိုက်သည်။
"လျိုရှန်းဖူဘယ်မှာလဲ? ငါ့ကိုပြပါဦး!" ပြောရင်းဖြင့်ပင် ကျန်းကျုံးယွီ လျိုရှန်းဖူကိုတင်ထားသည့် စာကြည့်စားပွဲရှေ့သို့လျှောက်သွားလိုက်သည်။
......
နောက်တစ်နေ့.......
အန်းကွမ်းယောင်တို့အဖွဲ့သည် မနက်အစောဆုံး၇နာရီ၂၀မိနစ်လေယာဉ်ဖြင့် ထွက်လာကာ မြို့တော်သို့ ၁၀နာရီခွဲတွင်ရောက်ရှိလာသည်။
***
အခန်း ၃၂၀
လေလံပွဲ ၁
အန်းကွမ်းယောင်တို့ကို ကြိုရန်အတွက် ကုနင်းကို လင်ရှောင်းထင်ကူညီပေးကာ အန်းကွမ်းယောင်တို့အဖွဲ့ လေဆိပ်သို့ရောက်သည်နှင့် ကျင်းလင်ဟိုတယ်သို့ပို့ပေးလေသည်။
ကုနင်းသည်တော့ သူတို့ကို သီးသန့်ခန်းတစ်ခုတွင်စောင့်နေကာ ရုံးနေရာသို့မသွားကြသေးခင် နေ့လည်စာအတူစားရန်စီစဉ်ထားခြင်းဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့မှာ နေ့လည်၂နာရီတွင် လေလံပွဲသွားတက်ကြရဦးမည်ဖြစ်သောကြောင့် စားဖွယ်များကိုကြိုတင်မှာထားလိုက်လေသည်။ ထိုသို့ဖြင့် အန်းကွမ်းယောင်တို့ရောက်သည်နှင့် ချက်ချင်းစားသောက်နိုင်ကြမည်ဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ် မိန်းကလေးကု လူကြီးမင်းလင်" အနားတွင်တခြားလူများပါရှိနေသောကြောင့် အန်းကွမ်းယောင်အနေဖြင့် ကုနင်းကို ဘော့စ်ဟုခေါ်ဖို့အဆင်မပြေပေ။
အန်းကွမ်းယောင်နှင့်အတူ အတွင်းရေးမှူး ကျန်းရွှင်းကျယ် နှင့် ဒီဇိုင်နာ ဝူမင်ခိုင်းအပြင် လက်ထောက်ဒီဇိုင်နာတစ်ဦး နှင့် အဆောက်အဦးအားတိုင်းတာ တွက်ချက်မည့်သူနှစ်ဦးပါဝင်လေသည်။
"မိန်းကလေးကု၊ လူကြီးမင်းလင် တွေ့ရတာဝမ်းသာပါတယ်။" တခြားလူများလဲ ကုနင်းတို့ကိုနှုတ်ဆက်လိုက်သည်။ သူတို့အနေနှင့်တော့ ကုနင်းနှင့် လင်ရှောင်းထင်ကို အလုပ်အပ်သူများအဖြစ်သာသိထားကြသောကြောင့် အလွန်လေးလေးစားစားဖြင့် ယဉ်ကျေးစွာပြုမူပြောဆိုလေသည်။ ကျန်းရွှင်းကျယ်သည်တော့ ကုနင်းက သူတို့၏အမှန်တကယ်သူဌေးမှန်းသိထားပြီးဖြစ်သောကြောင့် တစ်လျှောက်လုံး သတိထားနေလေသည်။
ကုနင်း သူတို့အားလုံးကို နှုတ်ဆက်ကာ ထိုင်ခိုင်းလိုက်သည်။
စားသောက်နေချိန်းအတွင်းတွင်တော့ အလုပ်အကြောင်းသိပ်မပြောကြပေ။ ကုနင်းသည်က သူမ၏အတွေးများကို ချရေးထားပြီးဖြစ်ကာ အသေးစိတ်ပုံကြမ်းကိုလဲ ရေးဆွဲထားပြီးသားဖြစ်ပြီး အန်းကွမ်းယောက်သည်က ကျန်သည့်အလုပ်များကိုတာဝန်ယူလုပ်ဆောင်လိမ့်မည်ဖြစ်သည်။
ရုံးအတွက်ဆောက်အဦးသည် ၁၈ထပ်ရှိသောကြောင့် တွေးစရာပင်မလိုစွာ ပထမဆုံးအထပ်သည် ဧည့်ကြိုဌာနဖြစ်မည်ဖြစ်ပြီး အပေါ်ဆုံး၁၈ထက်မြောက်သည်က ဥက္ကဌရုံးခန်းဖြစ်မည်ပင်။
ရုံးဌာနများအတွက်ကိုတော့ဖြင့်၊ ငွေစာရင်းဌာန၊ လူစွမ်းအားအရင်းအမြစ်ဌာန၊ ဈေးကွက်စီးပွားရေးဌာန၊ သတင်းအချက်အလက်ဌာန နှင့် လုံခြုံရေးဌာနဟူ၍ ရှိမည်ဖြစ်သည်။ အဆောက်အဦးသည် စတုန်းရန်း၅၅၀မီတာ အရွယ်အစားရှိသောကြောင့် ဌာနတစ်ကို တစ်ထပ်စီတွင် သန့်စင်ခန်း နှင့် ကော်ဖီဖျော်ဖို့ရန်အခန်းပါထားရှိမည်ဖြစ်သည်။ စားသောက်ခန်းအတွက်ကိုတော့ဖြင့် သီးသန့်တစ်ထပ်ကိုသုံးမည်ဖြစ်ကာ အစည်းအဝေးခန်းများအတွက်လဲ တစ်ထပ်သုံးမည်ဖြစ်သည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကိုတော့ဖြင့် ၇လွှာ၊ ၈လွှာ နှင့် ၉လွှာတွင် ရုံးချုပ်ပါတစ်ပါတည်း ထားမည်ဖြစ်သည်။ ၇လွှာတွင် အကခန်းမ၊ ၈လွှာတွင် အသံသွင်းခန်း နှင့် ၉လွှာတွင်တော့ဖြင့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ဝန်းထမ်းများ ရုံးခန်းကိုထားရှိမည်ဖြစ်သည်။
အဆောက်အဦးမှာ ၁၈ထပ်တောင်မှရှိပြီး ကုနင်းသည်လဲ သူမကုမ္ပဏီအားလုံးကို တချိန်တည်းရွှေ့ပြောင်းဖို့ အဆင်မပြေလှ၍ လောဆယ်တွင်တော့ လွတ်နေသည့်အထပ်များစွာကျန်ဦးမည်ဖြစ်ပေသည်။ ထို့ကြောင့် ကုနင်း ရုံးခန်းနေရာစီစဉ်ထားသည့် အထပ်များကိုသာ ပြင်ဆင်ပြီး ကျန်အထပ်များကိုတော့ အသုံးမပြုခင်အထိ ဒီအတိုင်းသာထားထားလိုက်ရန် ဆုံးဖြတ်ထားသည်။
အန်းကွမ်းယောင်သည်တော့ ကုနင်းဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းအကြောင်းပြောလာချိန်တွင် အံ့အားသင့်သွားရတော့သည်။ ကုနင်းက ဖျော်ဖြေရေးနယ်ပယ်တွင်ပါ ပါဝင်ဖို့လုပ်နေပြီတဲ့လား။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် JadeBeautyလက်ဝတ်ရတနာဆိုင်ကြောင့် ကုနင်း၏အရည်အချင်းကို အန်းကွမ်းယောင် သံသယဝင်ခြင်းမရှိတော့ပေ။ အခုလို အသက်ငယ်ငယ်လေးဖြင့် သူမ၏စီးပွားရေးကို တိုးချဲ့နေနိုင်သည်ကို မြင်ရတော့ ပို၍ပင် လေးစားမိနေတော့သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ လုပ်စရာကိစ္စရှိသေးမှန်း အန်းကွမ်းယောင်တို့အဖွဲ့လဲသိသောကြောင့် နာရီဝက်အတွင်း မြန်မြန်စားသောက်လိုက်ကြသည်။ ထို့နောက် ရုံးအဆောက်အဦးရှိရာသို့သွားလိုက်သည်။ မြို့တော်သည် ကြီးမာရုံတင်မကဘဲ လမ်းလဲအရမ်းရှုပ်သောကြောင့် နောက်ထပ်နာရီဝက်နေမှသာရောက်ရှိသွားကြသည်။ ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ လေလံပွဲတက်ရဦးမည်ဖြစ်၍ တခြားလမ်းသို့ဆက်သွားကြသည်။
လေလံပွဲသည် မြို့လယ်ခေါင်တွင်ကျင်းပခြင်းဖြစ်ပြီး မြို့တော်၏အကြီးမားဆုံးသော လေလံကုမ္ပဏီမှ ဦးစီးကျင်းပခြင်းလဲဖြစ်သောကြောင့် နာမည်ကြီးလူပေါင်းများစွာ ဖိတ်ကြားခံရလေသည်။
ပွဲတက်ရောက်သူတိုင်းသည်တော့ ရှေးဟောင်းပစ္စည်းမြတ်နိုးသူများမဟုတ်ကြပေ။ လူများစုမှာ သူတို့၏လူမှုအဆက်အသွယ်များ ကျယ်ပြန့်လာစေရန် ယခုပွဲသို့လာကြခြင်းဖြစ်ပြီး တချို့သည်တော့ သူတို့၏ကြွယ်ဝချမ်းသာမှုကို ထုတ်ဖော်ကြွားဝါရန်လာကြခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ဖိတ်ကြားခံရသူတိုင်းသည်လဲ လာရောက်ခြင်းမရှိကြပေ။ အကြောင်းအရင်းသည်တော့ လုံးဝစိတ်မဝင်စားကြသည့်လူများရှိသလို တချို့သည်က ဂုဏ်အဆင့်အတန်းမြင့်မားကြပြီးဖြစ်၍ ယခုလိုပွဲမျိုးတွင် စိတ်အရှုပ်မခံကြတော့ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ကားပါကင်တွင် ကားရပ်လိုက်ပြီးသောအခါ ရှုကျင်းချန်တို့အဖွဲ့က သူတို့ကိုစောင့်နေကြသည်နှင့် တိုးလေသည်။
ချန်းမင်၊ စစ်မင်၊ ချိုးယွီရှင်းနှင့် ရှုချင်ယင်းသည်လဲ ရှုကျင်းချန်နှင့်အတူ ရှိလေသည်။
"ဟိုင်း၊ ရှောင်းထင်၊ ကုနင်း!" သူတို့အားလုံး ကုနင်းနှင့် လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်ကြသည်။ ကုနင်းသည်တော့ သူတို့ကို ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်လိုက်ပေမည့် လင်ရှောင်းထင်ကတော့ဖြင့် ခေါင်းလေးညိတ်ရုံသာညိတ်ပြလေသည်။ သူတို့အားလုံးလဲ လင်ရှောင်းထင်၏ပုံစံနှင့် ကျင့်သားရနေပြီးဖြစ်ကြ၍ ထိုအပြုအမူမှာ မယဉ်ကျေးဟုမထင်ကြတော့ပေ။
"ကုနင်း၊ ငါကြားတာတော့ လေလံပွဲမှာ ရှေးဟောင်းပစ္စည်းတစ်မျိုး မင်းထည့်မလို့ဆို၊ ငါတို့ကို အခုပြကြည့်လို့ရမလား?"
ကုနင်း ရှေးဟောင်းပစ္စည်းရောင်းမည်ဟုကြားကတည်းကအားလုံး အံ့ဩနေကြခြင်းဖြစ်သောကြောင့် သူမရောက်လာသည်နှင့် ချက်ချင်းပင် ချန်းမင်က မေးလိုက်တော့သည်။
"ရပါတယ်၊ ဒါပေမယ့် ကျွန်မက အပျော်သဘောနဲ့ရောင်းရုံပါ။ ကျွန်မကိုယ်တိုင်က တကယ်ကြီးရှေးဟောင်းပစ္စည်းကို မြတ်နိုးတဲ့အထဲမှာမပါဘူး။" ထို့နောက် ကုနင်း စဉ့်စုတ်တံဆေးခွက်ကို သူမကျောပိုးအိတ်အတွင်းမှထုတ်ယူပြလိုက်သည်။
သူတို့ထဲတွင် မည်သူမျှ ရှေးဟောင်းပစ္စည်းအကြောင်း များများစားစားသိထားသူမပါသောကြောင့် ထိုစုတ်တံဆေးခွက်မည်မျှတန်ဖိုးရှိသည်ကို မပြောနိုင်ကြပေ။ သူတို့လေလံပွဲသို့လာခဲ့ရသည့်အကြောင်းမှာ ဖိတ်ကြားခံရခြင်းကြောင့်အပြင် အတူတကွစုဝေးလိုသောကြောင့်သာဖြစ်သည်။
"အထဲဝင်ကြရအောင်! ပွဲကစတော့မယ်!"
ညနေ ၁နာရီခွဲပြီးဖြစ်ပြီး၊ ကုနင်းသည်လဲ စဉ့်စုတ်တံဆေးခွက်ကို ရာဖြတ်စီယူသွားရဦးမည်ဖြစ်၍ အခုချိန်ဝင်ဖို့သင့်ပြီဖြစ်သည်။
ခန်းမထဲတွင်တော့ လူတိုင်းမှာ စကားပြောဆိုနေပြီး တချို့သည်တော့ အချင်းချင်း လက်ဆွဲနှုတ်မှုပြုနေကြလေသည်။ သို့ပေမယ့် လင်ရှောင်းထင်တို့ဖွဲ့အထဲသို့ဝင်လိုက်သည်နှင့် လူအများ၏အာရုံစိုက်ကချင်းကို တခနတွင်းခံလိုက်ရကြသည်။ လူအတော်များများက သူတို့ကို မှတ်မိနေကြ၍တော့မဟုတ်ဘဲ သူတို့အားလုံး၏တမူထူးခြားလှသည့်ရုပ်ရည်သွင်ပြင်များကြောင့်ပင်ဖြစ်သည်။
"ဝိုး၊ ဟိုကောင်လေးတွေအရမ်းချောတာပဲ!"
"ဟုတ်တယ်!"
"ဘေးက အလှလေးတွေကလဲ ဆွဲဆောင်မှုရှိပါတယ်"
"ဟုတ်တယ်၊ ဟုတ်တယ်၊ အထူးသဖြင့် ဟို အရပ်ရှည်ရှည်နဲ့တစ်ယောက်ပဲ၊ သူ့ခန္ဓာကိုယ်အချိုးအစားက လုံးဝပြည့်စုံတယ်!"
ခန်းမအတွင်းရှိ ယောကျ်ားမိန်းမမကျန် သူတို့ကို အကဲဖြတ်ရင်းဖြင့် အလုပ်ရှုပ်နေကြလေသည်။
လင်ရှောင်းထင်နှင့် ကျန်သည့်ယောကျ်ားလေးများသည် ကြွက်သားများအပြည့်အစုံဖြင့် ခန့်ညာကြလေသည်။ သို့ပေမယ့် ကုနင်း၏မျက်နှာမှာ ချိုးယွီရှင်းထက်ပိုမိုလှပသော်လည်း သူမ၏ခန္ဓာကိုယ်အချိုးအစားနှင့် အရပ်မှာတော့ ချိုးယွီရှင်းကို မရှင်နိုင်သေးပေ။ ချိုးယွီရှင်းသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးဖြစ်ကာ ဆွဲဆောင်မှုရှိရှိဖြင့် လှပစွာဝတ်ဆင်ထားသောကြောင့် လူအများစုက သူမကို ပိုပြီးသတိထားမိပေမည့် ကုနင်းသည်တော့ ကျောင်းသူတစ်ယောက်နှင့်သာပို၍ ဆင်တူသောကြောင့် သိပ်ပြီး အာရုံစိုက်မခံရပေ။ သို့ပေမယ့် ကုနင်းသည်တော့ အာရုံစိုက်မခံရသည်ကို ဂရုမစိုက်သလို လင်ရှောင်းထင်သည်လဲ သူ့ကောင်မလေးကို တခြားယောက်ျားများဝိုင်းကြည့်ကြမည်ကို မလိုချင်၍ အတော်ပင်ဖြစ်သွားတော့သည်။ ရှုချင်ယင်းသည်လဲ ဆွဲဆောင်မှုရှိကာ လှပပေမည့် ချိုးယွီရှင်းနှင့်တော့ မယှဉ်နိုင်သေးပေ။
"သူက ရှုမိသားစုရဲ့သမီးမဟုတ်လား?"
"ကျိကျိတက်ချမ်းသာတဲ့အထဲပါတဲ့ ရှုမိသားစုကိုပြောတာလား?"
"ဟုတ်တယ်လေ၊ သူက ဆရာကြီးရှုရဲ့ ဒုတိယသားကမွေးတဲ့ သမီး ရှုချင်ယင်းပဲ။"
"ပြီးတော့ ဒီဘက်က အရပ်ရှည်ရှည်နဲ့ အမျိုးသမီးကိုလဲ တစ်နေရာရာမှာတွေ့ဖူးသလိုပဲ။ တော်တော်လေးရင်းနေတယ်!"
"မဂ္ဂဇင်းကာဗာမှာတွေ့တာဖြစ်လိမ့်မယ်၊ သူက လူသိများတဲ့ မော်ဒယ်တစ်ယောက်ပဲလေ"
"အိုး၊ သူပဲ! ဘာလို့ ဒီလောက်ရင်းနှီးနေလဲသိသွားပြီ! သူက ပုံထဲမှာထက်တောင်မှ ဆွဲဆောင်မှုရှိပြီး ပိုတောင်လှနေသေးတယ်!"
ချိုးယွီရှင်းရော ရှုချင်ယင်းကိုပါ အတော်များများက ရင်းရင်းနှီးနှီးမြင်ဖူးနေကြလေသည်။