အခန်း (၃၃၁-၃၃၅)
Vol. 23 Ch. 331-335
မကောင်းသည့်အငွေ့အသက်များရှိသည့်ရှေးဟောင်းပစ္စည်းများ
"ကိုယ်မင်းနဲ့လိုက်ခဲ့မယ်။" လင်ရှောင်းထင်ပြောလာသည်။
"ကျွန်က ရှေးဟောင်းအုတ်ဂူကိုတူးဖို့သွားမှာလေ! ရှင့်လို စစ်တပ်အရာရှိတစ်ယောက်က ကျွန်မကိုတားတောင်တားရမယ့်ဟာကို ကိုယ်တိုင်တောင်လိုလိုလားလား ကျွန်မနဲ့လိုက်ချင်တယ်လား?" ကုနင်းစနောက်လိုက်သည်။
"ကိုယ်တောင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုလက်ခံပြီး မင်းနဲ့အတူလိုက်ပေးမှတော့ မင်းလဲ ကိုယ့်ကို ဆုကြေးလေးဘာလေးပြန်ပေးသင့်တယ်မဟုတ်ဘူးလား?" လင်ရှောင်းထင် ကုနင်းကို ရမ္မက်လျှမ်းသောအကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
ကုနင်းလဲ လင်ရှောင်းထင်စိတ်ထဲဘာတွေတွေးနေသည်ကို နားလည်သွားသောကြောင့် သူ့ကို စိတ်ဆိုးသည့်အကြည့်မျိုးဖြင့်ကြည့်လိုက်ကာ၊
"ရှင်ဘယ်ကတည်းက ဒီလောက်မြူဆွယ်တတ်သွားတာလဲ?"
"မင်းနဲ့အတူရှိနေတဲ့အချိန်တိုင်းပေါ့။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ ကုနင်း သူ့ရည်းစားဖြစ်လာသည့်အချိန်ကတည်းက လင်ရှောင်းထင် တက်ကြွကာ စကားများလာခြင်းက အမှန်ပင်ဖြစ်သည်။
ကုနင်း အနည်းငယ်ရှက်သွေးဖြာသွားရပြီး လင်ရှောင်းထင်ကိုမျက်စောင်းထိုးလိုက်ပေမယ့် သူမစိတ်တော့လုံးဝဆိုးနေပုံမရပေ။ ထိုအစား ကုနင်း၏အနည်းငယ်နီရဲကာ လှပလှသည့်မျက်နှာလေးကို လင်ရှောင်းထင်ကြည့်လိုက်ကာ၊
"နင်းနင်း၊ မင်း ကိုယ့်ကို ဒီလိုကြာကြာကြည့်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှာမဟုတ်တော့ဘူးနော်။" လင်ရှောင်းထင်၏အသံမှာ အက်ကွဲလို့နေလေသည်။
ကုနင်း ရယ်ချင်မိသွားလေသည်။ သူမကဘာလို့ သူ့ကို ဒီလိုပုံစံမျိုးမကြည်နိုင်ရမှာလဲ? သူမက စိတ်ဆိုးသည့်အကြည့်မျိုးဖြင့်ကြည့်ခြင်းဖြစ်တာတောင် သူကဘာလို့ ဒီလောက်စိတ်တက်ကြွသွားရတာလဲ? လင်ရှောင်းထင်က တကယ်ကို စိတ်ကြွလွန်းတဲ့လူပဲ။ ကုနင်း လင်ရှောင်းထင်ကို လျစ်လျူရှုလိုက်ကာ သူနှင့်ဝေးဝေးရောက်ရန် မြန်မြန်ဆန်ဆန်လျှောက်သွားလိုက်သည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်သမား၂ယောက်ရှိလေသည်။ တစ်ယောက်သည်တော့ မန်နေဂျာဖြစ်ပြီး ကျန်၂ယောက်သည်တော့ အရောင်းဝန်ထမ်းအမျိုးသားများဖြစ်ကြသည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ဆိုင်ထဲဝင်လာချိန်တွင် အထဲ၌ ဧည့်သည်တစ်ဦးမျှရှိမနေပေ။ ကုနင်းတို့ဝင်လာသည်ကိုမြင်သည်နှင့် အရောင်းဝန်ထမ်းတစ်ဦးက ချက်ချင်းကြိုဆိုနှုတ်ဆက်လာခဲ့သည်။
"ကျွန်တော်တို့ဆိုင်ကနေ နွေးထွေးစွာကြိုစွာပါတယ်ဗျ! စိတ်တိုင်းကျ လိုက်လံကြည့်ရှုနိုင်ပါတယ်။"
ကုနင်းသူမ၏အဆင့်အတန်းအမှန်ကိုချက်ချင်းထုတ်မပြသေးဘဲ ဆိုင်အတွင်းစိမ်ပြေနပြေလျှောက်ပတ်လို့ကြည့်နေလိုက်သည်။ သူမပုံစံက တစ်ခုခုဝယ်ယူရန်ရည်ရွယ်ချက်ရှိမနေပုံပေါ်ပေသည်။ တကယ်တော့ ကုနင်းသည် မတူညီသည့်ဧည့်သည်များအပေါ် ဝန်ထမ်းများ၏ ပြုမူဆက်ဆံပုံကို စမ်းသပ်လို၍ တမင်ဟန်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့ဖြင့် အနည်းဆုံးဟန်ဆောင်ပန်ဆောင်ဖြင့် ယခုလိုဧည့်သည်မျိုးအပေါ် ဆက်ပြီး အလွန်ယဉ်ကျေးပြီး ကြင်ကြင်နာနာဆက်ဆံနိုင်သေးသလားဆိုသည်ကို ဖော်ထုတ်လိုခြင်းဖြစ်သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်ထဲတွင် အချိန်ကြာမြင့်စွာ ပတ်ကြည့်နေပြီးနောက် အရောင်းဝန်ထမ်းတစ်ဦးက သူမတို့အတွက် လက်ဖက်ရည်နှစ်ခွက်ပင်ချပေးလိုက်ပေသေးသည်။
ကုနင်းစကားပြောရန်ဟန်ပြင်လိုက်ချိန်တွင်ပဲ လက်ထဲတွင်အိတ်ကြီးတစ်အိတ်ကိုင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး ဆိုင်ထဲသို့ဝင်လာခဲ့သည်။ ကုနင်းထိုလူကြီးကို ဘေးတစောင်းအနေအထားဖြင့်မြင်လိုက်ရချိန်တွင်တော့ ထိုလူသည်လဲ ကုနင်းအစာကတင်တွေ့ရှိခဲ့သည့် ဆိုင်ပိုင်ရှင်နှင့်အခြေအနေတူနေကြောင်းတွေ့လိုက်ရလေသည်။ အတိအကျပြောရလျှင်တော့ ယခုသက်လတ်ပိုင်းလူကြီးသည် ပိုလို့အားနည်းနေကာ နဖူးပြင်သည်လဲ ပို၍ နက်မှောင်လို့နေလေသည်။ သူသည်လဲ ယင်စွမ်းအင်ပါဝင်နေသည့်ရှေးဟောင်းပစ္စည်းနှင့်ထိတွေ့ခဲ့သည်မှာအသိအသာပင်။
ထို့နောက် ကုနင်း၏အကြည့်များသည် ထိုလူကြီးလက်ထဲရှိ အိတ်ကြီးထံကျရောက်သွားတော့သည်။ သူမကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြည့်လိုက်ချိန်တွင်တော့ ထိုအိတ်ထဲတွင် ရှေးဟောင်းပစ္စည်းတစ်ပုံတစ်ပင်ကြီးကိုတွေ့လိုက်ရပေမယ့် အများစုသည်တော့အတုများသာဖြစ်လေသည်။ သို့ပေမယ့် ထိုထဲတွင် ရှေးဟောင်းပစ္စည်းအစစ်၂ခုပါဝင်လေသည်။ တစ်ခုသည်တော့ ၁၄စင်တီမီတာလောက်မြင့်သည့် သတ္ထုစပ်ဖန်ခွက်ဖြစ်ပြီး ကျန်တစ်ခုသည်တော့ ၁၉.၃စင်တီမီတာလောက်ရှည်သည့် သတ္ထုစပ်မှန်တစ်ချပ်ဖြစ်လေသည်။ နှစ်ခုလုံးသည် စစ်ပွဲကာလများမှဖြစ်ကြသည်။ တစ်ချိန်တည်းတွင်ပဲ ထိုရှေးဟောင်းပစ္စည်းအစစ်၂ခုလုံးတွင် အဖြူရောင်နှင့် အနက်ရောင်မြူငွေ့များရောယှက်လို့နေလေသည်။
ထိုရှေးဟောင်းပစ္စည်းနှစ်ခုလုံးသည် သတ္ထုစပ်ဓါးမြှောင်နှင့် တူညီသည့်သင်္ချိုင်းမှပဲဖြစ်ပြီး ထိုသင်္ချိုင်းသည်လဲ စစ်ပွဲပြီးကာလ သို့မဟုတ် အစောပိုင်းကာလကတည်းက တည်ရှိနေပုံရလေသည်။
"ကျွန်တော်အခုလေးတင် ကျေးလက်ဒေသကနေ ရှေးဟောင်းပစ္စည်းတွေရခဲ့တယ်။ ခင်များတို့ဝယ်ချင်သေးလား?" ထိုလူကြီးကမေးလာသည်။
"အထဲဝင်ခဲ့ပါ! အရင်ကြည့်ကြည့်ပါဦးမယ်!" ဆိုင်မန်နေဂျာက သူ့ကိုပြောလိုက်သည်။
ဆိုင်ထဲတွင်လဲ ရှေးဟောင်းပစ္စည်းအစစ်ရော အတုပါနှစ်မျိုးစလုံးရှိနေခြင်းဖြစ်သည်။ ပစ္စည်း၏ပုံစံကကောင်းမွန်ပြီး ဈေးလဲမမြင့်သ၍ သူတို့ဘက်ကဝယ်ယူမည်ဖြစ်လေည်။
"ခနလေး။" ကုနင်းပြောလိုက်သည်။
ဆိုင်မန်နေဂျာလဲ ရပ်သွားကာ ကုနင်းကိုကြည့်လိုက်ပြီး၊
"ကျွန်တော် ဘာများကူညီပေးရမလဲ?"
ကုနင်း သူမ၏အသိအမှတ်ပြုလက်မှတ်ကိုထုတ်ယူကာ ဆိုင်မန်နေဂျာအားပေးလိုက်သည်။ ဆိုင်မန်နေဂျာသည်လဲ ဒီလိုငယ်ရွယ်သည့်မိန်းကလေးက သူတို့ဘော့စ်ဖြစ်မှန်းသိလိုက်ရ၍ အံ့အားသင့်သွားကာ၊
"တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်။" သူတို့ဘော့စ်အသစ်က အခုလိုအရမ်းငယ်ရွယ်နေခြင်းမျိုးသည် သူတို့၏အတွေးများကို ကျော်လွန်လို့နေလေသည်။ အရောင်းဝန်ထမ်း၂ဦးသည်လဲ ချက်ချင်းရောက်လာကာ ကုနင်းကိုနှုတ်ဆက်လိုက်ကြသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်!"
ကုနင်း ခေါင်းကိုသာ အသာလေးညိတ်ပြလိုက်ပြီး ဆိုင်မန်နေဂျာကို ၊
"ပစ္စည်းတွေကို ကျွန်မလဲကြည့်လို့ရမလား?"
ဆိုင်မန်နေဂျာ၏နာမည်သည် ချန်တရုန်ဖြစ်ပြီး အသက်၄၀စွန်းစွန်း အမြဲတမ်းအလုပ်ကြိုးစားနေသူတစ်ဦးဖြစ်သည်။ ဒီနှစ်သည် သူရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်လုပ်သည့်သက်တမ်း နှစ်၂၀ပြည့်နှစ်ဖြစ်သည်။ သူသည် ဘဝကို အလုပ်သင်အဖြစ်ကနေပြီး အခုလို ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတစ်ဦးအဖြစ် တစ်ဆင့်ချင်းတက်ရောက်လာသူလဲဖြစ်လေသည်။
"ရတာပေါ့၊ ဘော့စ်။" ချန်တရုန်သည် ကုနင်းငယ်ရွယ်လွန်းခြင်းကြောင့် အထင်အမြင်သေးခြင်းမရှိပေ။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုဝယ်ယူနိုင်ခြင်းသည်ပင် သူမ၏စွမ်းရည်ကိုဖော်ပြနေပြီးသားဖြစ်ပေသည်။ ဉာဏ်ကောင်းသည့်လူများသည် အခြားလူတစ်ဦး၏သွင်ပြင်ကိုကြည့်ပြီး ဘယ်တော့မှထိုလူ၏အရည်အချင်းကိုမဆုံးဖြတ်ကြပေ။
ထို့နောက် ကုနင်းနှင့်လင်ရှောင်းထင်တို့ ချန်တရုန်နှင့် ရှေးဟောင်းပစ္စည်းလာရောင်းသည့်လူကြီးနောက်လိုက်သွားကာ အခန်းတစ်ခန်းထဲဝင်သွားကြလေသည်။ သူတို့အခန်းထဲရောက်သွားချိန်တွင်တော့ ထိုလူက သူ့အိတ်ကိုချကာဖွင့်ပြတော့သည်။
ကုနင်း သတ္ထုစပ်မှန်နှင့် သတ္ထုစပ်ဖန်ခွကို မယူခင်အရင်ဆုံး ရှေးဟောင်းပစ္စည်းများပုံကြီးထဲမှ ဟိုရွေးဒီရွေးဖြင့်ဟန်ဆောင်နေလိုက်သည်။
"ကျွန်မဒီ၂မျိုးယူမယ်။ ဦးလေးချန်ကတော့ ကျန်တဲ့ထဲက ရွေးလိုက်ပါ!"
ကုနင်း ပစ္စည်း၂မျိုးကို ဆိုင်တွင်တင်မရောင်းခင် ထိုထဲမှ ယင်စွမ်းအားကို နှင်ထုတ်ဖို့ရန်လိုအပ်ပေသည်။ မဟုတ်လျှင် ဆိုင်ထဲမှလူအားလုံးကို ထိခိုက်မိသွားစေနိုင်သည်။
ချန်တရုန်သည်တော့ ကုနင်းသူ့ကို ဦးလေးချန်ဟုခေါ်ဆိုလိုက်၍ အံ့အားသင့်သွားရသည်။ ကြည့်ရတာ သူတို့၏ဘော့စ်အသစ်ည် အတော်လေးဖော်ရွေတတ်ပုံပင်။
"ကောင်းပါပြီ။" ချန်တရုန်ပြန်ဖြေလိုက်သည်။ ကုနင်းဘာကြောင့်ထိုသတ္ထုစပ်ပစ္စည်း၂မျိုးကိုယူရလဲဆိုသည့်အကြောင်းရင်းကိုလဲ သူမမေးခဲ့ပေ။ ထိုပစ္စည်းများကို ကုနင်းရွေးထားမှတော့ ကျသင့်ငွေကို သူမဘာသာပေးချေလိမ့်မည်ဖြစ်ပေသည်။ ထိုပစ္စည်းနှစ်မျိုးပေါင်းကိုမှ ယွမ်၁သောင်းသာကျသင့်လေသည်။ ထိုလူကြီးသည် ကုနင်းယူလိုက်သည့်ပစ္စည်းများမှာ ရှေးဟောင်းပစ္စည်းအစစ်ဖြစ်မှန်းမသိသောကြောင့် ရှေးဟောင်းပစ္စည်းအတုများ၏ဈေးနှင့်တစ်တန်းတည်းသာထားရောင်းလေသည်။
အချို့ရှေးဟောင်းပစ္စည်းရောင်းသူများသည် ကျေးလက်ဒေသမှနေရှေးဟောင်းပစ္စည်းများစွာရရှိခဲ့လျှင် အရင်ဦးစွာရှေးဟောင်းပစ္စည်းဆိုင်ကြီးများသို့သွားရောင်းကြလေသည်။ အကယ်၍ ရှေးဟောင်းပစ္စည်းဆိုင်များမှ သူတို့ပစ္စည်းများကိုမလိုချင်လျှင်တော့ ရှေးဟောင်းဈေးထဲတွင် သူတို့ဘာသာ နေရာခင်းပြီးရောင်းချကြရသည်။
"ရှင်ဒီရှေးဟောင်းပစ္စည်းတွေကို ဘယ်ကနေရခဲ့တာလဲ?" ကုနင်း ထိုလူကြီးကိုမေးလိုက်သည်။
"ရွာတွေအများကြီးပဲ၊ ဖုန်းယန်ရွာတို့ တနဉ်ရွာတို့လိုအတော်များများကပေါ့။"
ကုနင်း၏ခေါင်းထဲ အတွေးတစ်ခုပေါ်ထွက်လာခဲ့သည်။ ယခုရှေးဟောင်းပစ္စည်းများသည် အသစ်စက်စက်သင်္ချိုင်းဂူများမှထုတ်ယူထားကြသည့်ပစ္စည်းများသာဖြစ်ကြလေသည်။ ရွာသူရွာသားတွေကိုယ်တိုင်သာ သင်္ချိုင်းဂူများမှ ကိုယ်တိုင်တူးဖော်ကြခြင်းဆိုလျှင် သူတို့သည်လဲ ပစ္စည်းများအစစ်ဖြစ်ကြောင်းသိကြရပေမည်။ ဘာအတွက် ရှေးဟောင်းပစ္စည်းရောင်းချသူများကို ဈေးနိမ့်နိမ့်ပြန်ရောင်းပေးလိုက်ကြရတာလဲ? ကုနင်းထိုအချက်ကိုတော့ဖြင့် မဖော်ထုတ်နိုင်ပေ။ သူမကိုယ်တိုင် ထိုရွာသို့သွားကာ အမှန်တရားကိုဖော်ထုတ်ဖို့ရန်လိုကြောင်းသိသာလေသည်။
ထို့နောက် ကုနင်းသန့်စင်ခန်းအသုံးပြုဦးမည်ဟုဆိုကာ ထွက်သွားလိုက်ပြီး သတ္ထုစပ်မှန်နှင့် သတ္ထုစပ်ဖန်ခွက်တို့ကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်သိမ်းလိုက်လေသည်။ သူမ၏စိတ်စွမ်းအင်အာကာပြင်တွင် စွမ်းအားပမာဏာများစွာရှိနေခြင်းကြောင့် ထိုပစ္စည်းနှစ်မျိုးကို အလိုအလျောက်သန့်စင်ပေးသွားလိမ့်မည်ဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်တွင်အချိန်ကြာကြာဆက်မနေကြဘဲ ဖုန်းယန်ရွာသို့ထွက်လာခဲ့ကြသည်။
သို့ပေမယ့် ကုနင်းသည် နေ့အချိန်တွင် ဖုန်းယန်ရွာထဲသို့ဝင်ရန်အလောကြီးမနေပေ။ အကြောင်းရင်းသည်တော့ သူတို့သည် သင်္ချိုင်းဂူများရှာရန်လာကြခြင်းဖြစ်သောကြောင့်ပင်။ ထို့အတွက်ကြောင့် သူတို့ရွာထဲကို ညအချိန်ဝင်ခြင်းကပို၍ကောင်းပေသည်။ ထို့ကြောင့် သူတို့ရွာဆီသည့်တိုက်ရိုက်တန်းမောင်းသွား၍မရဘဲ အနီးနားရှိ ဟိုတယ်တွင်သာ အခန်းတစ်ခန်းငှားနေလိုက်သည်။ ညအချိန်ရွာထဲသို့မဝင်ရောက်ခင် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဟိုတယ်ကားပါကင်တွင်အစီအစဉ်များအရင်ချမှတ်ခဲ့ကြပေသည်။
***
အခန်း ၃၃၂
ဖုန်းယန်ရွာရှိ ရှေးဟောင်းသင်္ချိုင်းသို့သွားရောက်ခြင်း
ကုနင်းတို့ နေရာများသေချာလေ့လာရှာဖွေပြီးသွားချိန်တွင်တော့ ဖုန်းယန်ရွာအနီး ၂ကီလိုမီတာလောက်အကွာတွင် မြို့ငယ်လေးတစ်ခုကိုတွေ့သွားသောကြောင့် ထိုနေရာတွင် အခန်းတစ်ခန်းယူလိုက်ပြီး ကားကိုထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ကုနင်းသူမ၏အစီအစဉ်များကို လင်ရှောင်းထင်အားပြောပြချိန်တွင် လင်ရှောင်းထင်သည်လဲ သဘောတူလေသည်။
ဖုန်းယန်ရွာသည် မြို့တော်အနီးတွင်တည်ရှိသည်ဆိုပေမယ့် မြို့တော်သည် အလွန်ကျယ်ဝန်းသောကြောင့် ထိုမြို့ငယ်လေးသို့ရောက်ရန်အတွက် ၁နာရီခွဲမျှမောင်းနှင်ရန်လိုအပ်ပေသည်။ ထို့နောက် မြို့ငယ်လေးမှနေပြီး ဖုန်းယန်ရွာသို့ရောက်ရန်လဲ မိနစ်၂၀ခန့်လမ်းလျှောက်သွားရန်လိုအပ်သေးသည်။ ထို့ကြောင့် ကုနင်း မြို့တော်မှနေပြီး ညနေ၄နာရီတွင်စတင်ထွက်ခွဲဖို့ရန်ပြင်ဆင်လိုက်သည်။ ထိုအချိန်ထွက်ခွာလျှင် မြို့ငယ်လေးသို့ ညနေ၅နာရီခွဲခန့်တွင်ရောက်ရှိမည်ဖြစ်ကာ ညစာစားချိန်ကွက်တိပင်ဖြစ်သည်။ အခုချိန်က ဆောင်းရာသီဖြစ်၍ ညနေ၆နာရီဆိုလျှင်ပင် မှောင်နေပြီဖြစ်သောကြောင့် ညစာစားပြီးသည်နှင့် လမ်းကြောင်းအခြေအနေကို ဆက်လက်ဆွေးနွေးရန် အချိန်ကောင်းပင်ဖြစ်သည်။
ယခုအချိန်တွင်တော့ သူတို့လမ်းခရီးအတွက် စားသောက်စရာများ လိုအပ်သည့်အထောက်အကူပြုပစ္စည်းများပြင်ဆင်ရန် အချိန်၂နာရီရသေးပေသည်။
ဖုန်းယန်ရွာတစ်ပတ်လည်တွင်တောင်များခြံရံထားသောကြောင့် သူတို့ထိုနေရာသို့ရောက်သွားလျှင်ပင် ရှေးဟောင်းသင်္ချိုင်းကို ချက်ချင်းရှာတွေ့နိုင်ဖို့ရန် မဖြစ်နိုင်ပေ။ ထိုသင်္ချိုင်းများကို ရှာဖွေတွေ့ရှိရန်အတွက် နာရီပေါင်းများစွာကြာမြင့်နိုင်သလို ရက်ပေါင်းများစွာပင်ကြာမြင့်သွားနိုင်ပေသည်။ လူအများ၏အာရုံစိုက်မှုကိုမခံရစေရန်အတွက် သူမတို့အနေဖြင့် ရွာသားများကိုလဲ လမ်းမေး၍မဖြစ်ပေ။ သို့ပေမယ့် သူမတို့ရှေးဟောင်းသင်္ချိုင်းကို ရှာ၍တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ မနက်ဖြန်ညရောက်သည်နှင့် မြို့တော်သို့ပြန်ကြမည်သာဖြစ်သည်။
ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲတွင် ကိရိယာများစွာရှိပြီးသားဖြစ်ပေမယ့်လည်း လင်ရှောင်းထင်ကို သူမ၏လျှို့ဝှက်ချက်အားမသိစေချင်သေးသောကြောင့် သူမအနေဖြင့်ထိုပစ္စည်းများကို ထုတ်ယူဖို့ရန်မသင့်လျော်ပေ။
အခုချိန်တွင် ကုနင်းသည်လဲ ရှေးဟောင်းသင်္ချိုင်း၏အခြေအနေအကြောင်းကို သေသေချာချာရှင်းရှင်းလင်းလင်းမသိထားသေးပေ။ လူတွေနည်းနည်းပါးပါးလောက်ပဲ ရှာတွေ့ထားသေးသည်လား သို့မဟုတ် အများစုကိုရှာတွေ့သွားကြပြီးပြီလား? သို့ပေမယ့် ရှေးဟောင်းပစ္စည်းရောင်းသူများသည် ထိုသတ္ထုစပ်ပစ္စည်းများကို ရောင်းနိုင်နေသေးသည်ဆိုမှတော့ ရှေးဟောင်းသင်္ချိုင်းကို အစိုးရက ရှာဖွေမတွေ့ရှိကြလောက်သေးပေ။ အစိုးရကသာလျှင် ထိုအကြောင်းကိုသိသွားခဲ့လျှင် ချက်ချင်းပိတ်ပစ်ပြီး ရှေးဟောင်းသုတေသနအဖွဲ့သို့ပေးအပ်ကာ လေ့လာခိုင်းတော့မည်ဖြစ်သည်။ သို့ပေမယ့် ရှေးဟောင်းသင်္ချိုင်းများသည် ယင်စွမ်းအင်များဖြင့်ပြည့်နှက်နေသောကြောင့် လေ့လာစမ်းစစ်သည့်ရှေးဟောင်းသုတေသီများကိုလဲ ဘေးအန္တရာယ်ဖြစ်စေနိုင်ပေသည်။
ရှေးဟောင်းသင်္ချိုင်းထဲကိုဝင်မည့်အချိန်တွင်တော့ လင်ရှောင်းထင်ကို အကာအကွယ်ဖြစ်စေရန် ညလင်းပုလဲကို ကုနင်းပေးထားမည်ဖြစ်ပေမည့် ပထမဦးစွာအရေးအကြီးဆုံးသည်က ထိုရှေးဟောင်းသင်္ချိုင်းကို ရှာဖွေရန်ဖြစ်သည်။
၂နာရီကြာပြီးနောက်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖုန်းယန်ရွာနှင့်အနီးဆုံးတွင်ရှိသည့် မြို့ငယ်လေးသို့ရောက်ရှိသွားခဲ့သည်။ သူမတို့ ညစာမစားခင် အခန်းတစ်ခန်းငှားလိုက်ကာ ကားကိုထားခဲ့လိုက်သည်။ ညစာစားပြီးချိန်တွင်တော့ ည၆နာရီခွဲခါနီးပင်ရှိနေပြီဖြစ်ပြီး ကောင်းကင်တစ်ခုလုံးမဲမှောင်လို့နေပေပြီ။ ထို့နောက် သူတို့နှစ်ဦး လိုအပ်သည့်ပစ္စည်းများကိုသယ်ဆောင်ကာထွက်ခွာလာခဲ့သည်။
မိနစ်၂၀အတွင်းမှာပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖုန်းယန်ရွာသို့ရောက်ရှိလာကြကာ ပတ်ဝန်းကျင်တစ်ခုလုံးပိုလို့ပင်မှောင်မဲလို့နေသည်။ ကုနင်း၏အလွန်ကောင်းမွန်သည့်အမြင်အားဖြင့်တောင်မှ လမ်းဘယ်မှာရှိလဲဆိုသည်ကို မနည်းရှာဖွေနေရသည်။
သူမပတ်ဝန်းကျင်ရှိတောင်များကိုကြည့်ရှုလိုက်ပြီး ဘယ်ကနေစ၍ရှာဖွေရမည်လဲဆိုသည်ကိုတော့ အဖြေမထွက်လာပေ။ တောင်များသည်အလွန်ဝေးကွာလွန်းလှသည်။ မြင်နိုင်ဖို့အတော်လေးခက်ခဲသည်ဆိုလျှင်တောင်မှ ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြိုးစားကြည့်သေးလေသည်။ သို့ပေမယ့် စိတ်မကောင်းစွာဖြင့် သူမ၏ကျောက်စိမ်းမျက်ဝန်းသည့် မီတာ၂၀ပတ်လည်ကိုသာမြင်နိုင်ပြီး အလွန်ဝေးလွန်းသည့်တောင်များကိုတော့ဖြင့် မမြင်နိုင်ပေ။
ထိုအချိန်တွင်ပင် ကုနင်းတို့ ကားစက်သံတစ်သံကိုကြားလိုက်ရပေသည်။ သူမတို့ကို ရှာမတွေ့သွားစေရန်အတွက် ကုနင်းနှင့်လင်ရှောင်းထင်တို့ လမ်းဘေးရှိ မြက်ပင်များအကြားတွင် ချက်ချင်းဝင်ရောက်ပုန်းကွယ်လိုက်တော့သည်။ ဗင်ကားတစ်စီးသည် ဖုန်းယန်ရွာအဝင်တွင်ရပ်သွားကာ ထိုထဲမှ ကျောပိုင်းအိတ်ကြီးတစ်လုံးစီသယ်ဆောင်ထားသည့် အမျိုးသား၄ယောက်ထွက်လာခဲ့သည်။
"လာကြ! သတိထားဦး။ ငါတို့ကို ဘယ်သူမှမတွေ့သွားကြစေနဲ့။" သူတို့ထဲမှ တစ်ဦးကဆိုသည်။
ထိုစကားကိုကြားတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ထိုသူများ ဒီနေရာကို ကောင်းသောလာခြင်းမျိုးဖြင့်လာကြခြင်းမဟုတ်ကြောင်း နားလည်သွားတော့သည်။ ထိုလူများသည် သင်္ချိုင်းဖောက်ထွင်းသူများဖြစ်နိုင်ပေသည်။ ကုနင်းချက်ချင်းပင် သူတို့လွယ်အိတ်ထဲဘာပစ္စည်းတွေပါသလဲဆိုသည်ကို ကျောက်စိမ်းမျက်ဝန်းအားအသုံးပြုကာ ကြည့်လိုက်သည်။ ကျောပိုးအိတ်များထဲတွင်တော့ သင်္ချိုင်းတူးရန်အတွက်လိုအပ်သည့်ပစ္စည်းမျိုးစုံပါဝင်ကြသည်။
ထိုအမျိုးသား၄ဦးထွက်သွားသည်နှင့် ဗင်ကားသည်လဲ ချက်ချင်းပြန်မောင်းထွက်သွားတော့သည်။
"သူတို့နောက်ကိုလိုက်ကြရအောင်။" ကုနင်းပြောလိုက်တော့ လင်ရှောင်းထင်လဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး တိုးတိုးတိတ်တိတ်ဖြင့် အမျိုးသား၄ယောက်နောက်သို့လိုက်သွားခဲ့သည်။
နာရီဝက်အကြာတွင်တော့ သူတို့အားလုံး တောင်တစ်ခု၏တစ်ဝက်လောက်အထိကိုတက်ပြီးကြပြီဖြစ်ကာ ရှေ့မှလူလေးယောက်သည်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ သူတို့နောက်လိုက်လာသည်ကို လုံးဝသတိမထားမိကြပေ။ ထို့နောက် သူတို့လေးဦး အနည်းငယ်မတ်စောက်သည့်ကျောက်နံရံတစ်ခုရှေ့တွင်ရပ်လိုက်ကြကာ မြက်ပင်အချို့ကို ဖယ်ရှားလိုက်ချိန်တွင်ပဲ တွင်းတစ်ခုရုတ်ချည်းပေါ်လာခဲ့သည်၊ ထိုနေရာက ရှေးဟောင်းသင်္ချိုင်းဝင်ပေါက်ဖြစ်နိုင်ပေသည်။
လူလေးယောက်သည် ကြိုးများကိုသေချာချည်နှောင်ကာ တွင်းထဲသို့လျှောက်ဆင်းသွားခဲ့သည်။
ထိုလူလေးယောက် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းသို့ဆင်းသွားပြီး အချိန်အတန်ကြာမှ ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ ထိုတွင်နားသို့ချဉ်းကပ်သွားလိုက်သည်။ သို့ပေမယ့် ချက်ချင်းတော့မဆင်သွားကြသေးပေ။ ကုနင်းသူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ တွင်းအနက်နှင့် ရှေ့ကလူ၄ယောက်၏တည်နေရာကို သူတို့ချင်းမတော်တဆမဆုံမိစေရန် စစ်ဆေးကြည့်လိုက်သည်။
တွင်းသည် မီတာ၂၀လောက်နက်ပြီး ထို့အောက်တွင် ဥမင်လှိုဏ်ခေါင်းတစ်ခုလဲရှိနေသည်။ ဥမင်လှိုဏ်ခေါင်းမှ ၃၊ ၄မီတာအကွာတွင် ၁၀မီတာပတ်လည်ကျယ်ဝန်းသည့် အခန်းလေးတစ်ခုရှိပြီး ထိုထဲတွင် ခေါင်းတလား၄လုံးစီတန်းချထားသည်။ ထိုခေါင်းတလား၄လုံးသည် ဖွင့်ထားပြီးဖြစ်သည်။ ထိုအတိုင်းအတာထိသည်က ကုနင်းမြင်နိုင်သလောက်ပင်ဖြစ်သည်။
လူ၄ယောက်သည်တော့ ထိုအခန်းငယ်ထဲမှ တန်ဖိုးကြီးပစ္စည်းများအားလုံးကို ခိုးယူပြီးသွားပြီဖြစ်၍ ဆက်မနေကြတော့ပေ။ ထို့ကြောင့် သူတို့တခြားအခန်းငယ်များဆီကူးသွားနေပြီဖြစ်ပေမယ့် အခန်းငယ်တစ်ခန်းကိုဝင်ဖို့ရန်ကဖြင့် မလွယ်ကူနေပေ။
သူတို့ရှာတွေ့ထားပြီးသားဖြစ်သည့် ရှေးဟောင်းပစ္စည်းများကြောင့် ဒီရှေးဟောင်းသင်္ချိုင်းတွင်မြှုပ်နှံထားသည့်လူမှာ အဆင့်အတန်းမြင့်သည်လူမှန်း သူတို့လဲသိပြီဖြစ်သောကြောင့် အခန်းငယ်များ၏အဝင်ဝတွင် ထောင်ချောက်များ သို့မဟုတ် အဆိပ်များရှိနိုင်ချေအလွန်များလေသည်။
ထိုလူ၄ယောက်သည် နောက်တစ်ခန်းသို့ရောက်သွားပေမယ့် ချက်ချင်းမဝင်ရဲသေးဘဲ ပတ်ဝန်းကျင်အနေအထားကို သေချာဂရုတစိုက်စစ်ဆေးနေပြီး အန္တရာယ်ကင်းကြောင်းမသေချာခင်အထိ အထဲသို့မဝင်ကြသေးပေ။
အခုကတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ တွင်းထဲသို့ဆင်းသက်ရန်အချိန်ရောက်ပေပြီ။ ကုနင်း ညလင်းပုလဲကိုထုတ်ယူလိုက်ပေမယ့် အလွန်လင်းလွန်းသောကြောင့် ပေါ်ပေါ်ထင်ထင်ထုတ်ယူ၍မရပေ။
"ဒီမှာ။" ကုနင်း လင်ရှောင်းထင်ကို ညလင်းပုလဲပေးလိုက်ပြီး၊
"ဒါကညလင်းပုလဲပဲ။ ရှင်လမ်းကိုအလင်းရောင်ရအောင်သုံးလို့ရတယ်။"
သူမ၏စွမ်းအားအကြောင်းနှင့် ယင်စွမ်းအင်အကြောင်းရှင်းပြဖို့ရန်က အလွန်ရှုပ်ထွေးလှ၍ အခုလိုမျိုးအကြောင်းပြချက်တစ်ခုသာပေးနိုင်ပေသည်။
"ညလင်းပုလဲ?" ကုနင်းတွင် ဒီလိုမျိုးအဖိုးတန်ရတနာရှိနေခြင်းကြောင့် လင်ရှောင်းထင်အံ့ဩသွားရပေမယ့် အများကြီးတော့မေးမြန်းမနေဘဲ ညလင်းပုလဲကိုယူလိုက်လေသည်။
ကုနင်း ထိုလူလေးယောက် မတွေ့သွားစေရန်အတွက် ညလင်းပုလဲ၏အလင်းကို အပြည့်အဝထုတ်ဖော်မထားရန်လဲ လင်ရှောင်းထင်ကိုပြောလိုက်သေးသည်။ ထို့နောက် သူတို့လက်အိတ်များကိုဝတ်ဆင်ကာ တွင်းထဲသို့ဆင်းလိုက်သည်။ သူတို့ဥမင်လှိုဏ်ထဲရောက်လာပြီးနောက် ပထမဆုံးအခန်းငယ်သို့သွားလိုက်သည်။ မကြာခင်တွင်ပဲ သူတို့နှစ်ဦးစလုံး ပြောင်ရှင်းစွာလုယက်သွားခဲ့ကြပြီဖြစ်သည့် ပထမအခန်းသို့ရောက်သွားကြသည်။
အထဲတွင်တော့ရှုပ်ပွနေပြီး ခေါင်းတလားတစ်ခုစီတွင်တော့ သံချပ်ကာအချို့နှင့် အနက်ရောင်ပြောင်းနေသည့်အရိုးအချို့ရှိလေသည်။ သူတို့သည် သခင်နှင့်အတူမြှုပ်နှံခံရသည့် အစေခံများဖြစ်နိုင်ပေသည်။
ကုနင်း ရှေ့မှသွားသည့်လူ၄ယောက်၏တည်နေရာကိုကြည့်ရန် ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုလိုက်ချိန်တွင်ပဲ နာကျင်စွာအော်ဟစ်သံတစ်သံနှင့်အတူ ပြေးလာကြသည့်ခြေသံများကိုပါကြားလိုက်ရသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ တစ်ခုခုတော့ဖြစ်နေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သောကြောင့် ချက်ချင်းပင် အခန်းငယ်အတွင်းမှထွက်လိုက်ပေမယ့် တခြားအခန်းမှထွက်ပြေးလာကြသည့် အမျိုးသား၄ဦးနှင့်ထိတ်တိုက်တွေ့သွားတော့သည်။ ရှေ့ဆုံးမှပြေးလာသည့်လူသည် ဥမင်လှိုဏ်အတွေး၌ လူရိပ်၂ရိပ်ကိုတွေ့လိုက်ရခြင်းကြောင့် ထိတ်လန့်သွားကာ ရုတ်ချည်းရပ်တန့်လိုက်လေသည်။ သူ့နောက်မှကျန်သုံးဦးသည်တော့ သူယခုလိုရုတ်တရက်ရပ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် တစ်ယောက်ပြီးတစ်ယောက်ဆင့်ကဲ တိုက်မိကုန်ကြတော့သည်။ သို့ပေမယ့် သူတို့အားလုံး အန္တရာယ်တောထဲရောက်ကြခြင်းဖြစ်၍ ချက်ချင်းပင် လွတ်မြောက်ဖို့ရန်အတွက် နောက်ပြန်ဆုတ်သွားကြတော့သည်။ သူတို့အားလုံးသေမည့်အရေးကို ထိတ်လန့်ကြောက်ရွံ့နေကြချိန်တွင်ပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့သည် သူတို့မျက်စိရှေ့တွင်ထွက်ပေါ်လို့လာလေတော့သည်။
***
အခန်း ၃၃၃
ရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှ လင်းနို့များ
လူ၄ယောက်အဖွဲ့ထဲမှ တစ်ယောက်ကနေပြီး တုန်ရီနေသည့်အသံဖြင့်၊
"မင်း- မင်းတို့က လူတွေလား သရဲတွေလား?"
"သရဲ?" ကုနင်းအတွက်တော့ ထိုစကားမှာရယ်စရာတစ်ခုပင်။ သို့ပေမယ့် ထိုလူသည်တော့ စိတ်အေးသွားရကာ၊
"မင်းတို့စကားပြောနိုင်တယ်ဆိုတော့ လူသားတွေပဲ၊ ဒါပေမယ့် အခုချက်ချင်းဒီကထွက်ကြတော့။ ဒီဘက်ကို လင်းနို့တစ်အုပ်ကြီးလာနေပြီ!"
သူတို့မှာ ကုနင်းနှင့်လင်ရှောင်းထင်တို့ဘာကြောင့်ဒီနေရာသို့ရောက်နေလဲဆိုသည်ကို သိချင်စိတ်မဖြစ်ကြပေ။ အကြောင်းသည်တော့ သူတို့တင်မကဘဲ သင်္ချိုင်းဖောက်ထွင်းသူများမှာ အများအပြားရှိခြင်းကြောင့်ပင်။ တခြားလူများလဲ ယခုရှေးဟောင်းဂူသင်္ချိုင်းကိုရှာတွေသွားသည်မှာ ထူးခြားသည့်ကိစ္စမဟုတ်ပေ။
လင်းနို့အုပ်? ထိုစကားကိုကြားတော့ ကုနင်းချက်ချင်းပင် သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့်လှမ်းကြည့်လိုက်ပြီးသည်နှင့် အခန်းငယ်တစ်ခုထဲမှနေ ဒီဥမင်လှိုဏ်ခေါင်းဘက်သို့ အနက်ရောင်လင်းနို့အုပ်ကြီးတစ်အုပ်ပျံသန်းလာနေသည်ကိုမြင်လိုက်ပေသည်။
လူ၄ယောက်သည်က ကုနင်းဘေးတွင်ရှိနေသည့် အခန်းငယ်အတွင်းသို့ဝင်သွားကာ တံခါးကိုပိတ်ရန်လုပ်လိုက်ပေမယ့် ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ဥမင်လှိုဏ်ခေါင်းအတွင်း၌သာရှိနေသေးလေသည်။
"ဟေ့၊ မင်းတို့အထဲဝင်မှာလား? မဝင်ဘူးလား? ငါတို့တံခါးပိတ်တော့မှာနော်!" သူတို့ထဲကတစ်ယောက်က အော်ပြောလိုက်သည်။ သူတို့သည် ရှေးဟောင်းသင်္ချိုင်းတစ်ခုထဲတွင်ရောက်နေသည့် သင်္ချိုင်းဖောက်ထွင်းသည့် ပြိုင်ဘက်များဖြစ်ကြသည်ဆိုသော်လည်း ကုနင်းနှင့်လင်ရှောင်းထင်ကို လင်းနို့အုပ်ကြီးလာနေပြီဖြစ်ကြောင်းကိုသတိပေးပြီဖြစ်လေသည်။ ကုနင်းနှင့်လင်ရှောင်းထင်သာအထဲသို့မဝင်လာလျှင် ထိုကိစ္စသည် သူတို့အမှားမဟုတ်တော့ပေ။
ကုနင်းနှင့်လင်ရှောင်းထင်လဲ အချိန်ဆွဲမနေဘဲ အခန်းငယ်အတွင်းသို့ဝင်သွားလိုက်ကာ ထိုလူသည်လဲချက်ချင်းပင် တံခါးကိုစေ့စေ့ပိတ်လိုက်တော့သည်။ ထိုတော့မှပင် သူတို့အားလုံး စိတ်အေးသွားကြတော့သည်။ များမကြာမီအချိန်တွင်ပင် တံခါးအပြင်ဘက်က လင်းနို့အုပ်ကြီး၏အဆက်မပြတ်ဆူညံနေမှုကိုကြားလာရတော့သည်။
"ငါတို့အခုဘယ်လိုလုပ်ကြမလဲ? လင်းနို့က အလင်းရောင်နဲ့ မီးကိုကြောက်တယ်ဆိုပေမယ့်အပြင်ဘက်မှာက လင်းနို့တွေအများကြီးပဲ။ ငါတို့ဓါတ်မီးလောက်နဲ့လဲ သူတို့ကိုထိန်းမနိုင်ဘူး။ ဒီနားမှာလဲ ငါတို့မီးရှို့လို့ရတာတစ်ခုခုရှိမယ်လို့မထင်ဘူး။" အမျိုးသားတစ်ဦးကပြောလိုက်သည်။
"ညလင်းပုလဲကို အပြင်ထုတ်လိုက်တော့။" ကုနင်း လင်ရှောင်းထင်ကိုပြောလိုက်သည်။
လင်ရှောင်းထင်လဲ ခေါင်းညိတ်ပြုလိုက်ကာ ညလင်းပုလဲကိုထုတ်လိုက်တော့သည်။ ခနအတွင်းတွင်ပဲ အခန်းငယ်တစ်ခုလုံးလင်းထိန်သွားသောကြောင့် ဖောက်ထွင်းသူ၄ယောက်မှာထိတ်လန့်သွားကြတော့သည်။ သူတို့အားလုံး အလင်းရောင်ထွက်ပေါ်လာသည့်နေရာကိုကြည့်လိုက်ကြချိန်တွင်တော့ ထိတ်လန့်အံ့ဩစွာဖြင့် မျက်လုံးများပြူးကျယ်ကုန်ကြတော့သည်။
"ည-ညလင်းပုလဲပဲ!"
ကုနင်းနှင့်လင်ရှောင်းထင်တို့၏မျက်နှာအမူအရာသည်တော့ ပြောင်းလဲသွားခြင်းမရှိတည်ငြိမ်လို့နေလေသည်။ ထိုလူများသည် ကြင်နာတတ်သည့်လူများဖြစ်လျှင်တော့ သူမအနေဖြင့် သူတို့ကိုပါ တခါတည်းအန္တရာယ်ကင်းကင်းနှင့် ခေါ်ထုတ်သွားဖို့ရန် စိတ်အနှောက်အယှက်ဖြစ်နေမည်မဟုတ်သော်လည်း သူတို့သာ ညလင်းပုလဲအတွက်ကြောင့်နှင့် သူမတို့ကို ဆန့်ကျင်တိုက်ခိုက်ရဲမည်ဆိုလျှင် ကုနင်းဘက်ကလဲ သူတို့ကိုလုံးဝကူညီမည်မဟုတ်ပေ။
ဖောက်ထွင်းသူ၄ဦးထဲမှ ၃ဦးသည် အလွန်အံ့အားသင့်သွားကြသည်ဆိုပေမည့် သူတို့မျက်နှာတွင်တော့ လိုချင်လောဘတက်သည့်အမူအရာမျိုးကိုမပြနေပေ။ သို့ပေမယ့် နောက်ဆုံးတစ်ယောက်သည်တော့ဖြင့် သူတို့စိတ်ထဲမှအကြံအစည်ကို ထုတ်ဖော်ပြသနေလေသည်။ သေချာတာပေါ့! သူတို့မျက်နှာအမူအရာအရ လိုချင်လောဘမရှိနေသော်လည်း သူတို့စိတ်ထဲ၌ ကုနင်းထံမှ ထိုညလင်းပုလဲကိုခိုးယူရန်စိတ်ကူးရှိမနေပါဟုတော့ မဆိုလိုပေ။ ထို့ကြောင့် ကုနင်းလဲ သတိကြီးကြီးထားနေလိုက်သည်။
ကုနင်း အဖွဲ့ထဲတွင်အငယ်ဆုံးဖြစ်လောက်သည့် အသက်၂၅နှစ်အရွယ်အမျိုးသားဘက်ကိုလှည့်လိုက်ကာ၊
"ရှင်ဒဏ်ရာရထားတယ်။"
အမှန်တကယ်ကို ထိုလူသည် လင်းနို့အကိုက်ခံထားရပြီး သူ့မျက်နှာအရောင်သည်လည်း အဆိပ်မိခြင်း၏ လက္ခဏာဖြစ်သည့် အမည်းရောင်သို့တဖြည်းဖြည်း ပြောင်းလဲလို့လာနေပြီဖြစ်လေသည်။ ကုနင်း၏စကားကိုကြားတော့ ကျန်သည့်အမျိုးသား၃ယောက်လဲ ထိုလူငယ်ကိုကြည့်လိုက်ကြာ စိုးရိမ်ထိတ်လန့်စွာဖြင့်မေးလိုက်သည်။
"မင်းဒဏ်ရာရထားတာလား? ဘယ်နေရာမှာလဲ?"
"ကျွန်-ကျွန်တော်လင်းနို့အကိုက်ခံလိုက်ရတာ။" ထိုလူငယ်သည်လဲ အခုချိန်မတိုင်ခင်အထိ သူ့လက်ဖမိုးမှနာကျင်မှုကိုသိသိသာသာသိပ်မခံစားခဲ့ရပေ။ ရှေးဟောင်းဂူသင်္ချိုင်းများရှိလင်းနို့များသည် အလွန်အဆိပ်ပြင်းကြောင်း အားလုံးသိထားသည့်အရာဖြစ်၍ သူသည်လဲ ကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သည်။ သူမြန်မြန်ဆန်ဆန်သေသွားမည်မဟုတ်သော်လည်း အချိန်မီသာမကုသာဘူးဆိုလျှင် နောက်၁နာရီ ၂နာရီအတွင်းသေဆုံးသွားနိုင်ပေသည်။
"ဟုတ်သားပဲ၊ အဆိပ်ဖြေဆေး!" အမျိုးသား၃ယောက်က ချက်ချင်းပင် သူတို့လွယ်များထဲမှ ဆေးများကိုရှာဖွေကြတော့သည်။ သူတို့သည် သင်္ချိုင်းဖောက်ထွင်းသူများဖြစ်ပြီး အမြဲတမ်း သူတို့နှင့်အတူ အဆိပ်ဖြေဆေးမျိုးစုံကိုသယ်ယူသွားတတ်ကြလေသည်။ သူတို့ချက်ချင်းပင် အဆိပ်ဖြေဆေးကိုထုတ်လိုက်ကာ လူငယ်လေး၏ဒဏ်ရာပေါ်အုပ်ပေးလိုက်ကြသည်။ သို့ပေမယ့် အဆိပ်ဖြေဆေးသည် အချိန်အကြာကြီးနေမှသာ အာနိသင်ပြမည်ဖြစ်သည်။ ထို့အပြင် လူငယ်လေး၏ကိုယ်ခန္ဓာမှအဆိပ်များကို ရှင်းထုတ်နိုင်သွားပြီဆိုလျှင်တောင်မှ သူ့ဘဝကျန်သည့်နေ့ရက်များတွင်တော့ လှုပ်ရှားသွားလာမှုများအားနည်းသွားပေလိမ့်မည်။
ကုနင်း ထိုလူများထံသို့လျှောက်သွားကာ ကြွေဆေးပုလင်းငယ်လေးတစ်ခုကို ကမ်းပေးလိုက်ပြီး,
"ရှင်ကျွန်မကိုယုံတယ်ဆို ဒီဆေးကိုသောက်လိုက်ပါ။ စက္ကန့်ပိုင်းအတွင်းအာနိသင်ပြလာပါလိမ့်မယ်။" ထိုကြွေဆေးပုလင်းလေးသည် ယနေ့ပင် ကုနင်းသူမ၏စွမ်းအားနှင့် ရေကိုရောထည့်ထားခဲ့ခြင်းမျိုးဖြစ်လေသည်။
သူတို့အားလုံး ကုနင်းကိုတစ်ချက်ကြည့်လိုက်ကြပေမယ့် ကြွေဆေးပုလင်းလေးကိုတော့ ချက်ချင်းမယူလိုက်သေးပေ။ သူမကိုချက်ချင်းကြီးယုံကြည်လိုက်ဖို့ရန်က သူတို့အတွက်ခက်ခဲလေသည်။ ကုနင်း သူတို့ကိုသတ်ကာ သူတို့ ဒီရှေးဟောင်းဂူသင်္ချိုင်းထဲမှ ရရှိထားသည့်ရှေးဟောင်းပစ္စည်းအားလုံးကို အပိုင်စီးသွားလိမ့်မည်ဟု သင်္ကာမကင်းဖြစ်နေကြလေသည်။ သူတို့သည် အခုလေးတင်မှတစ်ယောက်နှင့်တစ်ယောက်တွေ့ဖူးကြခြင်းဖြစ်သလို သင်္ချိုင်းဖောက်ထွင်းတာချင်းတူသည့် ပြိုင်ဘက်များလဲဖြစ်နေလေသည်။
ကုနင်းလဲ သူတို့တုံ့ဆိုင်းနေရသည့်အကြောင်းရင်းကိုနားလည်သောကြောင့် ထပ်မံရှင်းပြလိုက်သည်။
"ဘာတွေပဲဖြစ်လာဖြစ်လာ ဖြစ်လာသမျှအကျိုးဆက်ကို ကျွန်မတာဝန်ယူပါမယ်။"
ထိုစကားကိုကြားတော့ သူတို့အားလုံး ကုနင်းကိုအခုချိန်တွင် ယုံကြည်ပေးရန်ရွေးချယ်လိုက်ပြီး ဆေးပုလင်းကိုယူလိုက်တော့သည်။ သူတို့သည်လဲ အဆိပ်ဖြေဆေးသည် ချက်ချင်းအာနိသင်ပြမည်မဟုတ်မှန်းသိထားပြီဖြစ်ပေသည်။ သူတို့လူငယ်လေး၏အသက်ကိုကယ်တင်နိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းသွားလာလှုပ်ရှားမှုများကိုတော့ ဆိုးကျိုးကျန်နေခဲ့မည်ဖြစ်သည်။
လူငယ်လေးသည်ချက်ချင်းပင် ကုနင်းလက်ထဲမှဆေးပုလင်ကိုယူသောက်လိုက်တော့သည်။
ဆေးဟုခေါ်သော ကုနင်း၏မှော်စွမ်းအားများနှင့်ရောနှောနေသည့်ရေ လူငယ်လေး၏လည်ချောင်းထဲသို့ဝင်ရောက်သွားချိန်တွင်တော့ အလွန်သက်သောင့်သက်သာဖြစ်လှသည့် လေအေးစီးကြောင်းလေးတစ်ခုကိုခံစားလိုက်ရသည်။ ထိုလေအေးလေးသည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အနှံ့သို့ပျံ့နှံ့သွားခဲ့ပြီး နာကျင်မှုများလဲပျောက်ကင်းသွားသလို သွေးလဲတိတ်သွားတော့သည်။ အံ့ဩစရာအကောင်းဆုံးသည်က သူ့အားအင်တွေအားလုံး အလင်းအလျင်လိုပြန်လည်ရရှိလာခဲ့ခြင်းဖြစ်လေသည်။ သူ့နံဘေးရှိလူအားလုံးသည်လဲ အလွန်အံ့အားသင့်လျက်ရှိလေသည်။
လူငယ်လေး၏ဒဏ်ရာသည်ကတော့ စွမ်းအင်မလုံလောက်တော့သောကြောင့် အပြီးတိုင်ပျောက်ကင်းမသွားခဲ့ပေ။ သို့ပေမယ့် ထိုအရာသည်လဲ ကုနင်းတမင်ရည်ရွယ်ကာလုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဆေးကအလွန်သက်ရောက်မှုအာနိသင်ကောင်းနေလျှင် သူမဒုက္ခရောက်သွားနိုင်ပေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်!" ဖောက်ထွင်းသူ၄ယောက်လုံး ကုနင်းကိုကျေးဇူးတင်လိုက်သည်။
"ရပါတယ်။" ကုနင်းပြန်ဖြေလိုက်ပြီးနောက်၊
"ရှင်တို့က ကျွမ်းကျင်သင်္ချိုင်းဖောက်ထွင်းသူတွေဆိုတော့ ဒီရှေးဟောင်းဂူသင်္ချိုင်းထဲမှာ တခုခုထူးခြားနေတာများရှာမတွေ့ကြဘူးလား?"
ကုနင်း သေတော့မသေချာပေမယ့် ထိုလူများထံမှအချက်အလက်များပိုရရန်ကြိုးပမ်းလိုက်သည်။ ကုနင်းထိုမေးခွန်းမေးလိုက်သည်နှင့် ဖောက်ထွင်းသူ၄ဦး၏အမူအရာများချက်ချင်းပင်ပြောင်းလဲသွားကြကာ သူတို့ကိုယ်တိုင် ထိုထူးခြားသည့်ဖြစ်ရပ်များကို ကြုံဖူးပြီးသားလိုပင်။ ထိုဖောက်ထွင်းသူ၄ဦးသည် လွန်ခဲ့သည့်တစ်ပတ်က ဒီရှေးဟောင်းဂူသင်္ချိုင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ပေမယ့် ထိုအချိန်မှစ၍ သူတို့တချိန်လုံးဖျားနာနေမကောင်းဖြစ်ခဲ့ကြလေသည်။ ထို့ကြောင့် သူတို့တစ်ပတ်ကြာပြီး သူတို့ရောဂါများမပျောက်ကင်းသေးချိန်အထိ ထပ်မလာခဲ့ကြပေ။ သူတို့ဒီရှေးဟောင်းဂူကိုတွေ့ပြီးကတည်းက အိပ်မက်ဆိုးများလဲမက်ပြီး အမြဲတမ်းအားအင်ပြတ်လတ်နေသလိုခံစားရပေမယ့် ကုနင်းဘာကြောင့်ထိုမေးခွန်းမျိုးမေးသည်ကို သူတို့မသိသောကြောင့် တိတ်ဆိတ်နေကာ သူမစကားဆုံးသည်ကိုစောင့်နားထောင်နေလိုက်ကြသည်။
"ရှင်တို့ဘာတွေဖြစ်နေကြလဲဆိုတာကို ရှင်တို့ပုံစံတွေကြည့်ပြီး ကျွန်မပြောနိုင်ပါတယ်။ ကျွန်မဘက်ကကြင်နာမှုကိုပြတဲ့အနေနဲ့ အရိုးသားဆုံးပြောပြပါ့မယ်။ ဒီသင်္ချိုင်းထဲကရှေးဟောင်းပစ္စည်းတွေအားလုံးမှာ မကောင်းတဲ့ယင်စွမ်းအားတွေပါဝင်နေတယ်။ ရှင်တို့သာ အဲ့ပစ္စည်းတွေကိုယူသွားရန် ယင်စွမ်းအားက ရှင်တို့ကျန်းမာရေးကိုထိခိုက်စေပြီး အားနည်းတာတွေ နေမကောင်းဖြစ်တာတွေခံစားရလိမ့်မယ်။ ပြီးတော့ မကြာခင်မှာပဲ သေတောင်သေသွားနိုင်တယ်။"
ထိုစကားများက သဘာဝမကျသလို ယုံချင်စရာလဲမကောင်းပေပေမယ့် ထိုဖောက်ထွင်းသူ၄ဦးသည်တော့ သံသယမဝင်နိုင်ကြပေ။
"ဒါဆို ကျွန်တော်တို့ဘာလုပ်ကြရမလဲ?" အငယ်ဆုံးအဖွဲ့ဝင်က စိုးရိမ်ပူပန်စွာမေးလိုက်သည်။
"ဒီတော့ ငါတို့ကို ဒီရှေးဟောင်းပစ္စည်းတွေကို လက်လွှတ်လိုက်လို့ပြောချင်တာလား?" အသက်၃၅နှစ်ဝန်းကျင်လောက်ရှိသည့် လူက မနှစ်မြို့သည့်လေသံဖြင့်ပြောလိုက်သည်။
"ရှင်တို့အသက်ရှင်ချင်ရင်တော့ လက်လွှတ်လိုက်တာကောင်းမယ်၊ ဒါပေမယ့် ဒါတွေကိုဂရုမစိုက်ဘူးဆိုရင်လဲ ယူသွားကြပေါ့" ကုနင်းပြန်ဖြေလိုက်သည်။
"ငါတို့ကို ခြောက်လှန့်မနေနဲ့! ငါတို့လက်လွှတ်လိုက်ရင် ဒါတွေအားလုံးကိုမင်းယူဖို့အခွင့်ရေးရသွားမှာပေါ့" အသက်၃၀အရွယ်ဝန်းကျင်ရှိသည့် နောက်အမျိုးသားတစ်ဦးက ခွန်းတုန့်ပြန်လာခဲ့သည်။
***
အခန်း ၃၃၄
ကြွယ်ဝမှုလား ဒါမှမဟုတ် အသက်လား
ရှေးဟောင်းဂူသင်္ချိုင်းကိုတွေ့ရှိပြီးနောက်ပိုင်း ထိုဖောက်ထွင်းသူ၄ဦးလုံး မသက်မသာခံစားနေရသည်ဆိုပေမယ့် ဒီလောက်ထိများပြားလှသည့်ရှေးဟောင်းပစ္စည်းများကိုလက်လွှတ်ဖို့ရန်ကမဖြစ်နိုင်ပေ။
"လောင်စန်း!" ထိုလူများထဲမှအကြီးဆုံးဖြစ်သည့် အသက်၄၀အရွယ်လောက်ရှိသည့်လူကြီးက ဝင်ဟန်လိုက်လေသည်။ သူသည်တော့ လောင်စန်းဆိုသည့် အသက်၃၀အရွယ်လူကြီးပြောသည့်စကားကို ယုံကြည်ပေမယ့် ကုနင်းပြောသည့်စကားကိုတော့ဖြင့် ပို၍ယုံကြည်လေသည်။ သူသည် သင်္ချိုင်းဖောက်ထွင်းသူအဖြစ် နှစ်ပေါင်းများစွာကျင်လည်လာခဲ့ခြင်းဖြစ်၍ ကုနင်း၏စကားများကိုလက်ခံယုံကြည်လေသည်။
"ရှင်တို့မယုံကြည်မှတော့ ကျွန်မဘက်ကလဲ ဖိအားမပေးပါဘူး။"
"ကောင်းပြီလေ၊ မင်းရော ဒီဂူသင်္ချိုင်းထဲကရှေးဟောင်းပစ္စည်းတွေကို လက်လျှော့လိုက်မလား?" လောင်စန်းကပြန်မေးလိုက်ပေမယ့် ကုနင်းကိုမယုံကြည်ထားသည်မှာအသိအသာပင်။
"သေချာပေါက် မလုပ်နိုင်ဘူးပေါ့!" ကုနင်းပေါ်ပေါ်တင်တင်သာပြန်ဖြေလိုက်သည်။ ထိုစကားကိုကြားတော့ ထိုလူ၄ဦးဒေါသထွက်သွားကြပေမယ့် သူတို့ဘာမှပြန်မပြောနိုင်သေးခင်တွင် ကုနင်းကထပ်ပြီး၊
"ညလင်းပုလဲတွေကစွမ်းအားတွေနဲ့ပြည့်နေလို့ ယင်စွမ်းအင်ကိုမောင်းထုတ်ပေးနိုင်တယ်ဆိုတာကို ရှင်တို့သိသင့်တယ်။ ဒါကြောင့် ဒီရှေးဟောင်းပစ္စည်းတွေကိုကျွန်မလက်နဲ့ကိုင်လိုက်ရင်တောင်မှ သိပ်ပြီးထိခိုက်စေမှာမဟုတ်ဘူး။"
သင်္ချိုင်းဖောက်ထွင်းသူများသည် သာမာန်လူများထက် ပုံမှန်မဟုတ်သည့်ပစ္စည်းများကို ပိုမိုထိတွေ့မိကြသူများဖြစ်သောကြောင့် ယင်နှင့်ယန်စွမ်းအားများအကြောင်းကိုယုံကြည်ထားကြလေသည်။
လင်ရှောင်းထင်တွင်တော့ အတွေ့အကြုံရယ်လို့မရှိထားပေမယ့်လဲ ယင်နှင့်ယန်စွမ်းအားအကြောင်းကိုတော့ ကြားဖူးနားဝရှိပြီးဖြစ်ကာ ယုံကြည်သည်လည်းမဟုတ်သလို မယုံကြည်ဘူးလဲမဟုတ်ပေမယ့် သိချင်စိတ်တော့ဖြစ်မိလေသည်။
"ဒီတော့ဘာဖြစ်လဲ? ငါတို့ညလင်းပုလဲကိုခိုးလိုက်နိုင်ရင် ငါတို့အပိုင်ဖြစ်သွားမှာပဲကို။" လောင်စန်းက လောဘကြီးစွာပြောလိုက်သည်။
"လောင်စန်း၊ မင်းဘယ်လိုပြောလိုက်တာလဲ?" အသက်အကြီးဆုံးလူကြီးက မကျေမနပ်ဟန့်တားလိုက်သည်။
"ဘော့စ်၊ သူပြောတာကိုနားထောင်ပြီး ဒီအဖိုးတန်ရှေးဟောင်းပစ္စည်းတွေအားလုံးကိုပေးလိုက်တော့မလို့လား?" လောင်စန်းကပြန်ပြောလိုက်သည်။ ဉာဏ်မရှိသည့်သူများသည်သာလျှင် သူတို့မျက်စိရှေ့လက်တစ်ကမ်းတွင်ရှိနေပြီဖြစ်သည့် ကြွယ်ဝချမ်းသာမှုများကို လက်လွှတ်ပေလိမ့်မည်။
"ဒါကတော့ ရှင်က ကျွန်မဆီကပစ္စည်းကိုခိုးဖို့အတွက် အရည်အချင်းပြည့်မီတယ်လို့ထင်နေတာလား?" ကုနင်းအထင်သေးစွာဖြင့်မေးလိုက်သည်။
"မင်း...." လောင်စန်း ဒေါသထွက်သွားရသည်။ သို့ပေမယ့် သူကုနင်းကိုစတင်မတိုက်ခိုင်နိုင်သေးခင်တွင်ပဲ သူ့ဘော့စ်ဖြစ်သူကဝင်တားလိုက်လေသည်။ ထို့နောက် အသက်အကြီးဆုံးဘော့စ်ဖြစ်သူက ကုနင်းကို၊
"မိန်းကလေး၊ မင်းငါတို့ကို ဒီလိုပြောပြပေးတာကိုက မင်းကြင်နာတတ်လို့မှန်းငါနားလည်ပါတယ်၊ ဒါပေမယ့် ဒီရှေးဟောင်းဂူသင်္ချိုင်းကိုရှာတွေ့ဖို့နဲ့တူးဖို့အတွက် အင်အားတွေအများကြီးကုန်ခဲ့သလို အရမ်းလဲကြိုးစားခဲ့ရတယ်။ ဒီတိုင်းလက်ဗလာနဲ့ပြန်သွားဖို့ကလဲ ငါတို့အတွက်မဖြစ်နိုင်ဘူးလေ။"
"ဟုတ်တာပေါ့၊ ကျွန်မကလဲ ရှင်တို့ကိုလက်ဗလာနဲ့ပြန်မလွှတ်ပါဘူး။ ဒီတော့ ကျွန်မမှာအကြံ၂ခုရှိတယ်။ ပထမတစ်ခုက၊ ကျွန်မရှင်တို့ဘဏ်အကောင့်ထဲကို ယွမ်သန်း၁ရာလွှဲပေးနိုင်တယ်၊ ပြီးရင်တော့ဒီဂူသင်္ချိုင်းထဲကရှေးဟောင်းပစ္စည်းအားလုံး ကျွန်မကိုလွှဲပြောင်းပေးရမယ်။" ကုနင်းဆက်ပြောဖို့ရန်ရှိသေး လောင်စန်းဆိုသူက ကြားဖြတ်ပြောလိုက်သည်။
"ယွမ်သန်း၁၀၀? ငါတို့ကို သူတောင်းစားတွေများထင်နေလား? ဒီဂူသင်္ချိုင်းထဲက ကြိုက်ရာပစ္စည်းတစ်ခုရွေးထုတ်လိုက်ရင်တောင်မှ ယွမ်၁၀သန်းကျော်တယ်ကွ!" လောင်စန်းဆိုသူက ဒေါသတကြီးပြောလာခဲ့သည်။
ထိုသူပြောသည်မှာမှန်လေသည်။ ဒီဂူသင်္ချိုင်းအတွင်းရှိ ကျရာပစ္စည်းတစ်ခုပင်လျှင် ယွမ်၁၀သန်းအထက်တွင်ရှိလေသည်။ ထို့ကြောင့် သူတို့အတွက်မမျှတဘူးဆိုပေမယ့် ယခုနည်းသည်သာ သူတို့အသက်အန္တရာယ်မဖြစ်နိုင်သည့် တစ်ခုတည်းသောနည်းဖြစ်လေသည်။
"ရှင်တို့က ငွေတစ်ခုတည်းအတွက်နဲ့သေဖို့လုပ်နေကြတာပဲ!" ကုနင်းသူမခေါင်းကိုရမ်းလိုက်ပြီး သက်ပြင်းချလိုက်ကာ,
"ကောင်းပြီလေ၊ ဒုတိယတစ်နည်းကတော့ ကျွန်မတို့ဒီရှေးဟောင်းပစ္စည်းတွေအတွက် အချင်းချင်းပြိုင်လုကြတာပေါ့။"
"ဒါကမှ ကြောင်းကျိုးသင့်တာ။" လောင်စန်းဆိုသူက ထပ်မံပြောလိုက်သည်။ သို့ပေမယ့် ကျန်၃ဦးသည်တော့ဖြင့် တိတ်ဆိတ်နေကြစဲပင်။
"ဒါပေမယ့် ကိုယ်ထိလက်ရောက်တိုက်ခိုက်တာကိုတော့ခွင့်မပြုဘူး။ ရှင်တို့ကျွန်မတို့ကိုတိုက်ခိုက်မယ်ဆိုရင်၊ ကျွန်မတို့ဘက်ကလဲ ပြန်တိုက်ခိုက်ရမှာပဲ။" ကုနင်းသတိပေးလိုက်သည်။
"ပြီးတော့ ဒုတိယနည်းကိုရွေးလိုက်မယ်ဆိုရင်တော့ ကျွန်မရှင်တို့အသက်ကိုနောက်တစ်ကြိမ်ကယ်မှာလဲမဟုတ်သလို အပြင်ဘက်က လင်းနို့တွေ့ရန်ကလဲ ကာကွယ်ပေးမှာမဟုတ်ဘူး။"
ကုနင်း သူတို့ကိုတစ်ကြိမ်ကယ်တင်ပြီးသလို သတိလဲပေးထားပြီးပြီဖြစ်လေသည်။ ထို့ကြောင့် အခုချိန် ထိုသူများအားလုံး သူမမျက်စိရှေ့တွင်သေဆုံးသွားကြမည်ဆိုလျှင်တောင်မှ သူမအနေဖြင့် သူတို့နှင့်ထိုက်၍ခံရသည်ဟုသာသတ်မှတ်မည်ဖြစ်ပြီး အပြစ်ရှိသလိုခံစားရတော့မည်မဟုတ်ပေ။
ထိုစကားကိုကြားတော့ ဖောက်ထွင်းသူ၄ဦးလုံး အနည်းငယ်ထိတ်လန့်သွားရသည်။ အပြင်ဘက်ရှိ လင်းနို့အုပ်စုကြီးသည် တကယ့်ကိုကြီးမားသည့်အန္တရာယ်ပင်!
"ကောင်းပြီလေ၊ ကျွန်မတို့အရင်ထွက်နှင့်တော့မယ်။" ကုနင်းပြောလိုက်သည်။ ထို့နောက် သူမနှင့်လင်ရှောင်းထင်တို့ လင်းနို့ကိုက်လာလျှင်အကာအကွယ်ဖြစ်ရန်အတွက် ကာကွယ်ရေးဝတ်စုံများကိုထုတ်ယူကာ ဝတ်ဆင်လိုက်ကြသည်။ ရှေးဟောင်းဂူသင်္ချိုင်းထဲတွင် အန္တရာယ်များစွာရှိမည်ဖြစ်ကြောင်း ကုနင်းသိထားပြီးသားဖြစ်သောကြောင့် မလာခင် အင်တာနက်ပေါ်မှတစ်ဆင့် လိုအပ်သည့်အချက်အလက်များကို ကြိုတင်ရှာဖွေခဲ့လေသည်။ ဂူသင်္ချိုင်းထဲတွင် လင်းနို့များ၊ ကြွက်များ သို့မဟုတ် မြွေများလဲရှိနေနိုင်ကြောင်းကိုလဲ သူမသိရှိထားပြီးဖြစ်သည်။ ကာကွယ်ရေးဝတ်စုံများသည် အဆိပ်ရှိသည့်သတ္တဝါများ၏တိုက်ခိုက်မှုများထံမှ ကာကွယ်ပေးနိုင်မည်မဟုတ်သော်လည်း သူမတို့၏အလွန်လျင်မြန်ဖြတ်လတ်စွာလှုပ်ရှားနိုင်မှုများဖြင့်ပင် ထိုပြဿနာကိုကိုင်တွယ်ဖြေရှင်းနိုင်လေသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ကာကွယ်ရေးဝတ်စုံများဝတ်လိုက်သည်ကို မြင်လိုက်သည်နှင့် ဖောက်ထွင်းသူ၄ဦးမှာ အလွန်မနာလိုဖြစ်သွားကြသည်။ အထူးသဖြင့် လောင်စန်းဆိုသူသည် အစကတည်းက ကုနင်းတို့ကိုမနာလိုဖြစ်နေပြီးဖြစ်ကာ အခုလဲ အခန်းငယ်အတွင်းမှ မြန်မြန်ထွက်သွားချင်နေပြီဖြစ်သည်။ သူတို့သာ ကုနင်းတို့နောက်မှထွက်ရမည်ဆိုလျှင် ရှေးဟောင်းပစ္စည်းများအားလုံးကို ကုနင်းတို့သာရရှိသွားမည်ကို စိုးရိမ်နေမိလေသည်။
"ဟေ့၊ မင်းတို့အခု တံခါးကိုဖွင့်လိုက်ရင်၊ လင်းနို့တွေအထဲကိုဝင်လာကြမှာပေါ့!" လောင်စန်းက ကုနင်းတို့ကိုတားနိုင်ရန်ကြိုးပမ်းလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီထဲကို လင်းနို့တစ်ကောင်တောင် ကျွန်မဝင်ခွင့်ပေးမှာမဟုတ်ပါဘူး။" ကုနင်းအထင်သေးသည့်ဟန်ဖြင့်ပြုံးပြကာ ပြောလိုက်သည်။
လောင်စန်းသည်တော့ သူ၏သည်းခံနိုင်မှုများပျောက်ဆုံးပျောက်ကွယ်ကုန်ကာ သူ့အဖွဲ့သားများကိုလှုံ့ဆော်လိုက်သည်။
"ဘော့စ်၊ အခုပဲဒီကနေထွက်ကြရအောင်!"
သို့ပေမယ့် သူ့ဘော့စ်ဆိုသူက ရုတ်တရက် ကုနင်းအား,
"မိန်းကလေး၊ ငါတို့ ဒီဂူသင်္ချိုင်းထဲကရှေးဟောင်းပစ္စည်းတွေအစား ယွမ်သန်း၁ရာရမယ်ဆိုတာကို ရွေးချယ်မယ်၊ ဒါပေမယ့် မင်းလဲ မင်းကတိကိုတည်ပါ။"
"ဘာ?" အားလုံးလဲအံ့အားသင့်သွားကြရပြီး လောင်စန်းသည်တော့ ဒေါသထွက်သွားကာ,
"ဘော့စ်၊ ခင်ဗျားဘာကိုဆိုလိုတာလဲ? ဒီမိန်းကလေးပြောသွားတာတွေကို ခင်ဗျားကကြောက်နေတာလား?"
"လောင်စန်း၊ ငါ့မှာ မင်းကိုတားပိုင်ခွင့်တော့မရှိပါဘူး။ ဒါပေမယ့် မင်းငါ့ကို မင်းရဲ့ဘော့စ်အဖြစ်မှတ်ယူသေးရန်တော့ ငါ့အကြံကိုလက်ခံပြီး ဒီအခန်းကမထွက်သွားပါနဲ့။ မင်းအတင်းအကြပ်ထွက်သွားချင်တယ်ဆိုလဲ တစ်ယောက်တည်းသာသွား။" အသက်အကြီးဆုံးဖြစ်သည့် လောင်တ ကပြောလိုက်သည်။ သူက ကုနင်းပြောလိုက်သည့်စကားများကိုကြောက်၍မဟုတ်ပေမယ့် ကုနင်းသူတို့ကို အမှန်အတိုင်းပြောပြနေခြင်းဆိုသည်ကိုတော့ နားလည်လေသည်။ သင်္ချိုင်းတူးသူများသည် အမြဲတမ်းအန္တရာယ်ကြုံနေရမည်မှာ မှန်သော်လည်း ငွေအတွက်တစ်ခုတည်းဖြင့်တော့ သေလိုသည့်ဆန္ဒမရှိပေ။
"မင်းတို့ကရော?" လောင်စန်းက လောင်အာ့ နှင့် လောင်ယောင်တို့ကိုမေးလိုက်သည်။
လောင်အာ့နှင့် လောင်ယောင်သည်လဲ ထိုမျှအဖိုးတန်လှသည့်ရှေးဟောင်းပစ္စည်းများကို လက်လွှတ်လိုက်ဖို့ရန်တွန့်ဆုတ်နေသည်ဆိုပေမယ့် သူတို့သည်အမြဲတမ်း လောင်တကိုယုံကြည်ကာ သူ့ဦးဆောင်သည့်လမ်းကြောင်းကိုပဲ ပုံမှန်အတိုင်းရွေးချယ်လိုက်သည်။
"ငါတို့ လောင်တပြောသလိုပဲလုပ်မယ်။"
"ကောင်းတယ်၊ အရမ်းကိုကောင်းတယ်။ ငါတစ်ယောက်တည်းပဲသွားမယ်။" လောင်စန်းသည် အလွန်တရာစိတ်ဆိုးဒေါသထွက်နေပြီး သူတစ်ယောက်တည်းသွားဖို့ရန် ပြင်ဆင်လိုက်သည်။ သူ့တွင်ရှိနေသည့်အကာအကွယ်ပစ္စည်းကိုဝတ်ဆင်ကာ မီးတိုင်တစ်ခုကို ထုတ်ယူကာထွန်းညှိလိုက်သည်။
ကုနင်း လောင်တနှင့်ကျန်သည့်လူများကိုကြည့်လိုက်ကာ၊
"ကျွန်မတို့ချင်း သဘောတူညီမှုလုပ်ထားပြီဆိုမှတော့ ရှင်တို့ဒီမှာပဲ ကျွန်မတို့ကိုစောင့်နေလိုက်ပါ။ ကျွန်မတို့ဂူသင်္ချိုင်းအပြင်ကိုပြန်ရောက်ပြီဆိုတာနဲ့ ငွေလွှဲပေးပါ့မယ်။ ကျွန်မကတိပေးပါတယ်။"
"ကောင်းပါပြီ။" လောင်တပြန်ဖြေလိုက်သည်။ အခုချိန်တွင် သူ့အနေဖြင့် ကုနင်းကိုယုံကြည်ဖို့တစ်နည်းသာရှိလေသည်။ ပြီးသွားသည်နှင့် ကုနင်း လောင်စန်းဘက်ကိုလှည့်ကာ,
"ကျွန်မက သူတို့ကိုကာကွယ်ပေးရမှာဆိုတော့ ရှင်ကျွန်မတို့ထက်အရင်ထွက်သွားဖို့လိုတယ်။ ရှင်တံခါးကိုဖွင့်လိုက်တာနဲ့ လင်းနို့တွေအထဲဝင်လာကြမှာစိုးရိမ်လို့။"
"မင်း..." လောင်စန်းတစ်ယောက် ကုနင်းက သူ့ကို အထင်အမြင်သေးစွာပြောလာခြင်းကြောင့် ဒေါသထွက်သွားရသည်။ သူဒေါသတကြီး နှာတစ်ချက်မှုတ်လိုက်ကာ တံခါးကိုဖွင့်လိုက်ပြီး မီးတိုင်ကို သူ့ခေါင်းထက်သို့မြှောက်ကာကိုင်ပြီး ထွက်သွားတော့သည်။ မည်သူမျှသူကိုတားခြင်းမရှိပေ။ အကြောင်းမှာတော့ လောင်စန်း၏အသက်ကို သူ၏အဖွဲ့ဝင်များက အလေးမထား၍မဟုတ်ဘဲ သူကိုယ်တိုင်ကိုက ကိုယ့်အသက်ကိုတန်ဖိုးမထား၍သာဖြစ်လေသည်။
***
အခန်း ၃၃၅
လောင်စန်း၏သေဆုံးခြင်းနှင့် ရွေ့လျားနေသော အနက်ရောင်ကိုယ်ထည်ကြီး
ညလင်းပုလင်း၏တောက်ပလှသည့်အလင်းရောင်ကြောင့် လင်းနို့အုပ်ကြီးသည် အခန်း၏အပြင်ဘက်တွင်သာ ဟိုပျံ ဒီပျံလုပ်နေခဲ့ပြီး အခန်းထဲကိုတော့ဖြင့် ဝင်မလာရဲကြပေ။
ကုနင်းနှင့်လင်ရှောင်းထင်တို့မထွက်သွားခင်မှာပင် ကုနင်းက လောင်တနှင့်အခန်းတွင်းရှိကျန်လူများကို၊
"ဒါက သူ့ရဲ့ရွေးချယ်မှုပဲ၊ သူအသက်ရှင်နေနိုင်သည်ဖြစ်စေ မရှင်နိုင်သည်ဖြစ်စေ ကျွန်မနဲ့ဘာမှမပတ်သတ်ဘူး။"
လောင်တနှင့်ကျန်လူများသည်လဲ လောင်စန်းသေလျှင်ပင်သေသွားနိုင်ကြောင်းနားလည်ထားပြီးဖြစ်ကာ မည်သူ့ကိုမှ အပြစ်တင်နိုင်မည်မဟုတ်ပေ။
"ကျွန်မတို့ထွက်သွားပြီဆိုတာနဲ့၊ ရှင်တို့ချက်ချင်း တံခါးကိုပိတ်လိုက်ပါ။" ကုနင်းလောင်တတို့ကိုသတိပေးလိုက်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ထွက်လိုက်သည်နှင့် လောင်တတို့ချက်ချင်းပင် တံခါးကိုပြန်ပိတ်လိုက်သောကြောင့် လင်းနို့တစ်ကောင်မျှ ဝင်ဖို့ရန်အခွင့်ရေးမရသွားခဲ့ပေ။
ဥမင်လှိုဏ်ခေါင်းအတွင်းတွင်တော့ လောင်စန်းသည် မီးတိုင်တစ်ခုကိုကိုင်ထားခြင်းဖြစ်သောကြောင့် လင်းနို့များသည် သူ့နားနီးနီးကပ်ကပ်မချဉ်းကပ်ရဲကြပေ။ သို့ပေမယ့် မီးတိုင်လေးတစ်ခုသည် လင်းနို့ထောင်ပေါင်းများစွာရှေ့တွင်တော့ အလွန်အားနည်းလွန်းလှလေသောကြောင့် အချို့လင်းနို့များသည် လောင်စန်းကိုခြောက်လှန့်သည့်အနေဖြင့် တခါတခါလာရောက်တိုက်ခိုက်လာလေသည်။
ကုနင်းနှင့်လင်ရှောင်းထင်သည်က ညလင်းပုလဲ၏အလင်းရောင်ကကာကွယ်ပေးထားခြင်းကိုခံနေရသောကြောင့် လင်းနို့များလာရောက်မတိုက်ခိုက်ဝံ့ပေ။ သို့ပေမယ့် သူတို့သာ လင်းနို့များကိုမသတ်ပစ်လျှင် ဆက်လက်ပြီးအန္တရာယ်များနေဦးမည်ဖြစ်သည်။ အခွင့်ရေးရသည်နှင့် ထိုလင်းနို့များ သူမတို့ကို ဝင်မတိုက်ခိုက်ပါဘူး မကိုက်ပါဘူးဟု မည်သူမျှ ကတိမပေးထားခဲ့ပေ။
ထိုအချိန်တွင်ပဲ လောင်စန်း၏နာနာကျင်ကျင်အော်ဟစ်သံကို ကုနင်းကြားလိုက်ရလေသည်။ သူ့ကိုလင်းနို့များကိုက်လိုက်ပြီဖြစ်ကြောင်း သံသယဝင်ရန်ပင်မလိုအပ်ပေ။ လောင်စန်းသည် သူ၏အဆိပ်ဖြေဆေးကိုအသုံးပြုကာ လင်းနို့အဆိပ်တက်လာခြင်းရပ်သွားစေရန်လုပ်လိုက်လေသည်။
သူ့အသက်ကိုကယ်တင်နိုင်သွားပြီဆိုသော်လည်း နဂိုထက်ပိုလို့အားနည်းသွားပြီဖြစ်လေသည်။
"ကျွန်မရှင့်ကို နောက်ဆုံးအကြိမ်အဖြစ်မေးမယ်။ ရှင်ရှေးဟောင်းပစ္စည်းတွေကိုလိုချင်လား ဒါမှမဟုတ် ရှင့်အသက်ကိုလိုချင်လား?" ကုနင်းတွင် လောင်စန်းအပေါ်သနားညှာတာစိတ်ရှိနေစဲဖြစ်၍ နောက်ဆုံးအကြိမ်အဖြစ် အခွင့်ရေးပေးလိုက်ပေသည်။
"ဒါမင်းကိစ္စမဟုတ်ဘူး!" လောင်စန်းက ဒေါသတကြီးပြန်ပြောကာ ရှေ့ဆက်လို့လျှောက်သွားခဲ့သည်။
လောင်စန်းဘက်ကထိုသို့ပြောလာမှတော့ ကုနင်းလဲ သူ့ကိုဆက်ပြီးဖျောင်းဖျနေတော့မည်မဟုတ်ပေ။
ကုနင်း မီးတောက်ထွက်စေသည့်ကိရိယာတစ်မျိုးကို ကျောပိုးအိတ်အတွင်းမှထုတ်ယူလိုက်ကာ သူမတို့နောက်တွင်ရှိနေသည့် အနက်ရောင်လင်းနို့အုပ်ကြီးရှိရာသို့ မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။ မီးတောက်များသည် ၂မီတာအကွာအဝေးထိရောက်ကာ ၁၀စင်တီမီတာမျှ ပြန့်ကားပြီး ထိုမီးတောက်ထွက်လာသည်နှင့် လင်းနို့တစ်စုသည်လဲ ချက်ချင်းပင် မီးလောင်သွားတော့သည်။ ထိုမီးလောင်နေသည့်လင်းနို့များသည် မလွတ်မြောက်နိုင်တော့ပဲ သေဆုံးကာ အောက်သို့ပြုတ်ကျလာကြသည်။
လောင်စန်းသည်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ကိုလွန်စွာမနာလိုဖြစ်နေပြီး ကုနင်းတို့ထံမှ ညလင်းပုလဲနှင့် မီးတောက်ထွက်စေသည့်ကိရိယာကိုဆွဲလုပစ်လိုက်ချင်ပေမည့် သူတစ်ယောက်တည်းဖြင့် ကုနင်းတို့ကိုမနိုင်မည်ကိုလဲစိုးရိမ်ကြောက်ရွံ့မိလေသည်။
မီးတောက်၃ကြိမ်ပစ်လွှတ်ပြီးချိန်တွင်တော့ ကုနင်းတို့နောက်ဘက်ရှိလင်းနို့အားလုံးနီးပါး သေဆုံးသွားကြပြီဖြစ်ပေမယ့် တချို့တလေသည် ပုန်းကွယ်နေကြခြင်းကြောင့် အားလုံးကိုသတ်ပစ်မည်ဆိုသည့်အတွေးမျိုးသည်တော့ လက်တွေ့မကျလှပေ။ သူတို့သာ ခြိမ်းခြောက်သလိုခြောက်လှန့်မနေသ၍ ကုနင်းအနေဖြင့်လဲ ထိုအကောင်များကို အလုပ်ရှုပ်ခံရှာသတ်မည်မဟုတ်ပေ။
ကုနင်း သူမနောက်တွင်ရှိနေသည့်လင်းနို့များကိုသာသတ်ခဲ့ပေမယ့် လောင်စန်း၏ရှေ့တွင်တော့ လင်းနို့ပေါင်းများစွာကျန်ရှိနေစဲဖြစ်သည်။ မီးတုတ်လေးတစ်ခုတည်းဖြင့် ထိုလင်းနို့များ၏တိုက်ခိုက်မှုမှလွတ်မြောက်ရန်မှာ လောင်စန်းအတွက်အလွန်တရာခက်ခဲလေသည်။
လောင်စန်းသည် ယခင် သူတို့ဖွင့်လိုက်သည်နှင့်လင်းနို့များထွက်လာသည့်အခန်းငယ်အတွင်းသို့သွားချင်ပေမယ့် လင်းနို့များမှာ ထိုအခန်း၏အပြင်ဘက်တွင် ဆက်တိုက်ပျံသန်းနေကြသောကြောင့် သူ့အနေဖြင့်ချက်ချင်းဝင်မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် သူအထဲကိုဆက်တိုက်အကဲခတ်လို့နေလိုက်သည်။
အထဲတွင်လင်းနို့အနည်းငယ်လောက်သာရှိပြီး မင်းကိုမြင်သည်နှင့် နောက်သို့ဆက်တိုက်ဆုတ်နေကြလေသည်။
"အထဲမဝင်သွားနဲ့!" ကုနင်း လောင်စန်းကိုဟန့်တားရန်ကြိုးပမ်းလိုက်ပေမယ့် ထိုလူကတော့ သူမစကားကိုနားမထောင်ခဲ့ပေ။ လောင်စန်း အခန်းထဲသို့ဝင်သွားပြီးသည်နှင့် မကြာခင်တွင်ပဲ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နာနာကျင်ကျင်အော်ဟစ်သံကြီးတစ်ခုထွက်ပေါ်လာတော့သည်။ ကုနင်း လောင်စန်းနောက်လိုက်သွားချိန်တွင်တော့ တစ်ကိုယ်လုံးသွေးများစိုရွှဲကာ မြေပြင်ထက်တွင်လဲလျောင်းနေသည့် လောင်စန်းကိုတွေ့လိုက်ရလေသည်။ လောင်စန်းသေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် လောင်စန်း၏ရှေ့တွင်တော့ ရွေ့လျားနေသည့် အနက်ရောင်ကိုယ်ထည်တစ်ခုရှိနေခဲ့သည်။ ထိုအရာသည်ကား ဖုတ်ကောင်တစ်ကောင်ပင်ဖြစ်လေသည်။ သူတို့ ထိုအခန်းငယ်အတွင်းသို့မဝင်ကြခင် ကုနင်းအရင်ဆုံး သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုခဲ့သောကြောင့် ထိုဖုတ်ကောင်ကိုမြင်ခဲ့ရလေသည်။ သူမလဲ ဒီကမ္ဘာပေါ်တွင် ဖုတ်ကောင်များအမှန်တကယ်ရှိနေကြောင်းရှာတွေ့လိုက်ရ၍ ထိတ်လန့်သွားရလေသည်။
ထိုသို့ထိတ်လန့်သွားခြင်းကြောင့်ပင် သူမလောင်စန်းကိုတားရန်ကြန့်ကြာသွားခဲ့ခြင်းဖြစ်ပေမယ့် လောင်စန်းမဝင်သွားခင်မှာပင် အချိန်မီ သတိပေးခဲ့ပေသည်။ သူသာ သူမစကားကိုနားထောင်ခဲ့လျှင် အခုလိုမျိုးအသတ်ခံရမည်မဟုတ်ပေမယ့် အခုလိုကုနင်း၏အကြံပေးချက်ကို နားထောင်ဖို့ရန်ငြင်းဆန်ခဲ့ခြင်းကြောင့် လောင်စန်းသေဆုံးသွားပြီဆိုသည်မှာလဲ အဖြစ်မှန်ပင်ဖြစ်သည်။
ပထမအခန်းငယ်ထဲတွင်ကျန်ခဲ့သည့် လူ၃ယောက်သည်လဲ ကုနင်း၏အသံနှင့် လောင်စန်း၏အော်သံများကိုကြားခဲ့ရလေသည်။ သူတို့ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည့်အတိုင်း လောင်စန်းအန္တရာယ်ကျရောက်နေပြီဖြစ်သည်။ လောင်စန်းသာအမှန်တကယ်အန္တရာယ်ရှိနေလျှင် သူတို့သည်လဲ ဆိုးဆိုးရွားရွားစိတ်မကောင်းဖြစ်ကြရလေသည်။ သူတို့အတူတူအလုပ်လုပ်ခဲ့ကြသည်မှာ ခနတာမဟုတ်ဘဲ ၂နှစ်ပင်ရှိပြီဖြစ်သည်။ သို့ပေမယ့် လောင်စန်းသည် ငွေကိုအလွန်တန်ဖိုးထားပြီး သူ့အသက်ကိုတောင် ငွေအတွက် ဂရုမထားခဲ့ပေ။ ထို့အပြင်၊ လောင်စန်းသည် ငွေအတွက်ဖြင့် သူတို့ကိုသစ္စာဖောက်သွားခဲ့သည့် အကြောင်းကိုတော့ လောင်တအနေဖြင့် လျှို့ဝှက်ချက်တစ်ခုအဖြစ်သာသိမ်းဆည်းထားမည်ဖြစ်သည်။ ထိုကြောင့်ပင် သူအကောင်းဆုံးကြိုးစားကာ လောင်စန်းကိုရအောင်မတားခဲ့ခြင်းဖြစ်လေသည်။ လောင်တအနေဖြင့်လဲ ဒီတစ်ကြိမ်ပြီးသည်နှင့် လောင်စန်းကိုအဖွဲ့ထဲမှထုတ်ပစ်ရန် စီစဉ်ထားပြီးဖြစ်သည်။ လောင်စန်းသည် ဒီရှေးဟောင်းဂူသင်္ချိုင်းရှာတွေ့အောင် အများကြီးစွမ်းဆောင်ပေးခဲ့ပြီးဖြစ်သည်။
"ဘော့စ်၊ ဒါလောင်စန်း ဒုက္ခရောက်နေတာများလား?" လောင်အာ့ကမေးလိုက်သည်။
"ငါလဲ မသိဘူး။" လောင်တလဲ သိပ်ပြီးသေချာမခန့်မှန်းနိုင်ပေ။
လင်ရှောင်းထင်သည်လဲ သူ့မျက်စိရှေ့ရှိ ရွေ့လျားနေသော အနက်ရောင်ကိုယ်ထည်ကြီးကိုမြင်ကာ တုန်လှုပ်ချောက်ချားသွားရလေသည်။
"ဒါဘာကြီးလဲ?" လင်ရှောင်းထင်သည် အန္တရာယ်များလှသည့် အခြေအနေများ၊ နေရာများစွတို့ကို ကြုံတွေ့ခဲ့ရပြီး အမေဇုန်မိုးသစ်တောတွင်ပင် တိုက်ခိုက်ခဲ့ဖူးပေမယ့် ကြောက်စရာသားရဲကောင်ကြီးများ သို့မဟုတ် ရန်သူများရှေ့တွင် ဘယ်သောအခါကမှ ထိတ်လန့်မတုန်လှုပ်ခဲ့ဖူးပေ။ သို့ပေမယ့် ဒီရွေ့လျားနေသည့်အနက်ရောင်ကိုယ်ထည်ကြီးသည်တော့ အလွန်ထူးဆန်းကာ ကြောက်မက်ဖွယ်လဲကောင်းပေသည်။ ၎င်းသည် လူသားတစ်ဦးနှင့်တူပေမယ့်လဲ တစ်ကိုယ်လုံးကို အမဲရောင်သားမွေးများဖြင့်ရစ်ပတ်ထားလေကာ ဂေါ်ရီလာမျောက်ဝံကြီးနှင့်တူပေမယ့် ထိုသို့မဟုတ်မှန်းလဲသိသာလေသည်။
"ဖုတ်ကောင်ပဲ။" ကုနင်းပြန်ဖြေလိုက်သည်။ ၎င်းသည် သူမတို့မြင်နေကျ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာဇာတ်ကားများထဲမှ သာမာန်ဖုတ်ကောင်များနှင့် မတူညီပေ။ ထိုဖုတ်ကောင်၏အနံ့သည် အပုတ်အဆွေးပုံကြီးတစ်ခုနှင့်တူကာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းလှသည်။
ဘာ? ဖုတ်ကောင်? ထိုစကားကိုကြားလိုက်တော့ လင်ရှောင်းထင်ပိုလို့ပင် ထိတ်လန့်သွားရလေသည်။ သူ့အနေဖြင့် သရဲများ နှင့် မကောင်းဆိုးဝါးများ၏ ပုံပြင်များကိုသာကြားခဲ့ဖူးလေသည်။ ပိုပြီး အံ့အားသင့်စရာကောင်းသည်က ဒီကမ္ဘာပေါ်တွင် အမှန်တကယ်ဖုတ်ကောင်များတည်ရှိနေခြင်းပင်။ လက်ရှိကမ္ဘာကြီးအပေါ် သူ၏ပုံမှန်အမြင်များမှာ ပြဇာတ်တစ်ပုဒ်ပမာ စတင်ပြောင်းလဲလို့လာလေပြီ။
ဖုတ်ကောင်များသည်လဲ အလင်းရောင်များ နှင့် မီးများကိုကြောက်ရွံ့ကြသောကြောင့် လင်ရှောင်းထင်လက်ထဲတွင် ညလင်းပုလဲရှိနေ၍ သူတို့မချဉ်းကပ်ရဲပေမယ့် လင်းနို့များထက်ပင် ဖုတ်ကောင်သည် ကုနင်းနှင့်လင်ရှောင်းထင်ကို ပို၍ခြောက်လှန့်နေလေသည်။ အကြောင်းအရင်းသည်က ထိုဖုတ်ကောင်သည် လင်းနို့များထက်ပို၍သန်မာသလို သူမတို့ကိုတိုက်ခိုက်ရန်အတွက် အခြားလက်နက် ပစ္စည်းကိရိယာများကိုလဲ အသုံးပြုနိုင်ခြင်းကြောင့်ဖြစ်သည်။ ရုတ်တရက် ထိုဖုတ်ကောင်သည် ကုနင်းတို့ဘက်ကို လေးလံလှသည့် ခေါင်းတလားအဖုံးကြီးတစ်ခုကို ပစ်လိုက်လေသည်။
ဖြစ်ပျက်သွားသည်များမှာ ရုတ်တရက်ဆန်ကာ အလွန်လျင်မြန်လွန်းသောကြောင့် ကုနင်းနှင့်လင်ရှောင်းထင်မှာ ထိုခေါင်းတလားအဖုံးဖြင့် ထိမိလုနီးနီးပင်ဖြစ်သွားသည်။ သို့ပေမယ့် ထိုခေါင်းတလားအဖုံးကြီးသည် သူမတို့နှစ်ဦးကြားနေရာသို့သာရိုက်ခတ်မိသွားသောကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဘေးတစ်ဖက်တစ်ချက်စီသို့အသီးသီးရှောင်ထွက်လိုက်တော့သည်။
သို့ပေမယ့် ထို့အတွက်ကြောင့် ကုနင်းသည် မီးအလင်းများသည့်နေရာမှကွဲထွက်သွားပြီး ဖုတ်ကောင်သည်လဲ ထိုအခွင့်အရေးကိုယူကာ သူ၏ထက်ရှလှသည့်အနက်ရောင်အမြီးကြီးဖြင့် ကုနင်းကိုတိုက်ခိုက်တော့သည်။
"နင်းနင်း!" လင်ရှောင်းထင်ထိတ်လန့်သွားကာ ချက်ချင်းပင် ကုနင်းအနားသို့ပြေးသွားလိုက်ပေမယ့် မမျှော်လင့်ထားစွာဘဲ ဖုတ်ကောင်သည် သူထက်ပို၍လျင်မြန်ပြီး ကုနင်းအနားသို့ အလင်းတန်းတစ်ခုပမာ ရောက်ရှိလို့သွားခဲ့သည်။
ကုနင်းသည် အားနည်းပျော့ညံ့သည့်မိန်းကလေးတစ်ဦးမဟုတ်ပေ။ ထို့ကြောင့် သူမ၏မှော်စွမ်းအားများကိုပါ ထုတ်သုံးကာ ထိုဖုတ်ကောင်ကို ပြန်လည်တိုက်ခိုက်လိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာမရရှိသွားပေ။ တစ်ချိန်တည်းတွင်ပဲ လင်ရှောင်းထင်ကို ကုနင်း တည်ကြည်လေးနက်စွာဖြင့် ,
"ညလင်းပုလဲကိုသေချာကိုယ်ထား ဘယ်တော့မှလက်ထဲကမလွတ်သွားစေနဲ့!"
လင်ရှောင်းထင်သည် သူမကိုကူညီဖို့ရန်အတွက်ဖြင့် ညလင်းပုလဲကို လျစ်လျူရှုပစ်လိုက်မည်ကို ကုနင်းအမှန်တကယ်စိုးရိမ်မိလေသည်။ ညလင်းပုလဲကိုကာကွယ်ထားခြင်းဖြင့် အခွင့်ကောင်းယူကာ ဖုတ်ကောင်ကိုတိုက်ခိုက်နိုင်ပေမည်။ ထို့အပြင် လင်ရှောင်းထင်သာ ညလင်းပုလဲ၏ကာကွယ်ပေးမှုကို ဆုံးရှုံးလိုက်ရလျှင် ယင်စွမ်းအင်က သူ့ကိုထိခိုက်စေပေလိမ့်မည်။
ကုနင်း၏အလွန်အလေးအနက်ထားနေပုံကိုမြင်ရတော့ လင်ရှောင်းထင် သူမစကားများကိုသေချာစိတ်ထဲတွင်မှတ်သားထားလိုက်သည်။ ကံကောင်းစွာဖြင့် ဖုတ်ကောင်သည် ကုနင်းကိုထိခိုက်အောင်မလုပ်လိုက်နိုင်သောကြောင့် လင်ရှောင်းထင် အနည်းငယ်မျှ စိတ်ပူပန်မှုလျော့သွားခဲ့သည်။ သို့ပေမယ့် သူ ကုနင်းကိုသွားရောက်ကူညီချင်နေစဲပင်။