← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 23 Ch. 336-340

အခန်း ၃၃၆

သတ္ထုစပ်ခေါင်းလောင်း

လင်ရှောင်းထင်သည် ညလင်းပုလဲမပြုတ်ကျစေရန်အတွက် သတိကြီးကြီးထားကာ မြန်မြန်ဆန်ဆန်လှုပ်ရှားပြုမူ၍မရသောကြောင့် ချက်ချင်းပင် သေနတ်ကိုထုတ်ယူကာ ဖုတ်ကောင်၏နောက်ကျော်ဘက်ဆီသို့ပစ်လိုက်သည်။ သို့ပေမယ့် ကျည်ဆန်များသည်တော့ ထိုဖုတ်ကောင်ကို အနည်းငယ်မျှပင် ထိခိုက်နာကျင်အောင်ပြုမူနိုင်ခြင်းမရှိသွားခဲ့ပေ။

"သေနတ်တွေ ဓါးတွေက အသုံးမဝင်ဘူး။ ဒီကောင်က မီးတွေ အလင်းရောင်တွေကိုပဲ ကြောက်တာ!" ကုနင်း လင်ရှောင်းထင်ကိုလှမ်းပြောလိုက်သည်။

ဖုတ်ကောင်သည် သူ့နောက်ကျောဖက်ဆီသို့ ကျည်ဆန်ဝင်လာသည်ကိုသတိထားမိသွားသည်နှင့် ချက်ချင်းလှည့်လိုက်ကာ လင်ရှောင်းထင်ကို ပြန်လည်တိုက်ခိုက်ချင်ပေမယ့် ညလင်းပုလဲ၏တောက်ပလွန်းသည့်အလင်းရောင်ကြောင့် ကြောက်လန့်သွားရသည်။ ထို့ကြောင့် တစ်ဖက်သို့ပြန်လှည့်လိုက်ကာ ကုနင်းကိုသာ ဆက်ပြီး တိုက်ခိုက်တော့သည်။

ဖုတ်ကောင်လှည့်သွားသည် ၃စက္ကန့်ဟူသည့်အချိန်တိုလေးအတွင်းမှာပင် မီးတောက်ပြုလုပ်သည့်ကိရိယာကို ကုနင်းဆွဲထုတ်ဖို့ရန် အခွင့်ရေးရသွားခဲ့ကာ ဖုတ်ကောင်ထံသို့မီးများမှုတ်ထုတ်လိုက်လေသည်။

ဘွန်း! မီးတောက်ပြုလုပ်သည့်ကိရိယာမှ ထုတ်လွှတ်လိုက်သည့် အားပြင်းလှသောမီးတောက်များသည် ဖုတ်ကောင်ကိုလောင်ကျွမ်းနေစေတော့သည်။ ထိုဖုတ်ကောင်ကြီးသည်လဲ အလွန်တရာနာကျင်မှုဒဏ်ကြောင့် အော်ဟစ် ခုန်ပေါက်နေတော့သည်။ ထိုအချိန်တွင်ပဲ ကုနင်းချက်ချင်း သူမအိတ်ထဲမှ ဓါတ်ဆီပုလင်းကိုထုတ်ယူလိုက်ကာ ထိုဖုတ်ကောင်ပေါ်သို့ လောင်းချပေးလိုက်သည်။ လောင်စာဆီရရှိသွားသောကြောင့် မီးတောက်ကြီးသည် ပိုလို့ပင် ပြင်းပြင်းထန်ထန် တောက်လောင်သွားသည်။ ဖုတ်ကောင်၏စူးစူးဝါးဝါးအော်ဟစ်သံများသည် အတော်လေးကြောက်မက်ဖွယ်ကောင်းပြီး ညှော်နံ့များလဲထွက်ပေါ်လို့လာလေသည်။

ပထမအခန်းငယ်အတွင်းရှိ လူ၃ဦးသည်တော့ ဖုတ်ကောင်၏ကြောက်မက်ဖွယ်ရာစူးစူးဝါးဝါးအော်ဟစ်သံကြီးကြောင့် ထိတ်လန့်ကြောက်ရွံ့နေပြီး ထိုအသံက လူသားတစ်ဦး၏အသံမဟုတ်ကြောင်းကိုလဲ ခံစားမိကြလေသည်။

"ဒါဘာအသံကြီးလဲ? လူသားတစ်ယောက်ကတော့ ဒီလိုအော်နိုင်မယ်လို့မထင်ဘူး။"လောင်ယောင်သည် ဖြူရော်နေသည့်မျက်နှာထားနှင့်ပြောလိုက်သည်။ လောင်ယောင်မှာ ကြောက်လန့်ကာ တုန်လှုပ်နေပြီး လောင်တ၏နောက်တွင်ပင် ပုန်းကွယ်လို့နေလေသည်။

"မကောင်းဆိုးဝါးကြီးတွေများရှိနေတာလား?" လောင်အာ့သည်လဲ ကြောက်ကြောက်လန့်လန့်ဖြင့် ခန့်မှန်းလာခဲ့သည်။

လောင်တသည်တော့ တိတ်ဆိတ်နေမြဲဖြစ်သည်။ သူသည်လဲ လောင်အာ့လိုမျိုးတွေးမိပေမယ့် သူ့ကိုယ်သူတော့ကြောက်လန့်အောင် အတွေးများနေစေချင်ပေ။ သူတို့ကိုယ်တိုင်အပြင်ထွက်ကာ ဘာတွေဖြစ်နေလဲဆိုသည်ကို စစ်ဆေးကြည့်ချင်ပေမည့် တစ်ယောက်တောင်မှ ခြေတစ်လှမ်းပင်မရွှေ့ရဲကြပေ။

ဖုတ်ကောင်ကြီးသည် မီးပြင်းပြင်းထန်ထန်တောက်လောင်ခံနေရပြီး ၁၀မိနစ်ခန့်အကြာတွင်တော့ ရုန်းကန်အော်ဟစ်လှုပ်ရှားနေမှုများ ရပ်တန့်သွားခဲ့ကာ မြေပြင်ပေါ်သို့လဲကျသွားခဲ့ပေမယ့် မီးများကတော့ဖြင့် ဆက်လက်တောက်လောင်နေစဲပင်ဖြစ်သည်။

ယခုလိုပုံစံအရ ဖုတ်ကောင်တစ်ကောင်ကိုသတ်ရန်ပင် ကုနင်းအတွက်လွယ်ကူလွန်းနေသည်ဟုထင်ရပေမယ့် တကယ်တမ်းမှာ မီးတောက်ထုတ်လုပ်သည့်ကိရိယာကြောင့်သာဖြစ်လေသည်။ မဟုတ်လျှင် ထိုဖုတ်ကောင်၏လက်မှလွတ်မြောက်အရန် အလွန်တရာခက်ခဲရုန်းကန်ရပေလိမ့်မည်။

"ဒါကို စောင့်ကြည့်ထားပေဦး။ ရုတ်တရက်ကြီးပြန်ရှင်လာမှာစိုးရတယ်။ ကျွန်မဟိုဘက်ထဲသွားပြီး ရှေးဟောင်းပစ္စည်းတွေ သွားရှာလိုက်ဦးမယ်။" ကုနင်းခေါင်းတလားရှိရာဘက်သို့မသွားခင် လင်ရှောင်းထင်ကို သေချာမှာကြားခဲ့သည်။

ကုနင်းအနေနှင့် ရှာတွေ့လာမည့်ရှေးဟောင်းပစ္စည်းများကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲသို့ လျှို့ဝှက်ထည့်သွင်းရမည်ဖြစ်သောကြောင့် လင်ရှောင်းထင်ကို သူမနှင့်အတူခေါ်ဆောင်မသွားချင်ပေ။ ထို့အပြင် ရှေးဟောင်းပစ္စည်းများတွင် ယင်စွမ်းအင်အများအပြားကပ်တွယ်လို့နေလေသည်။ လင်ရှောင်းထင် လက်ထဲတွင် ညလင်းပုလဲကိုင်ဆောင်ထားသည်ဆိုလျှင်ပင် ထိုပစ္စည်းများအား ထိကိုင်မိမည်ကို ကုနင်းမလိုလားပေ။

ဖုတ်ကောင်သည် အော်ဟစ်ရုန်းကန်နေခြင်းမရှိတော့ဘူးဆိုပေမယ့်လဲ တစ်ချက်တစ်ချက်လှုပ်နေစဲပင်။ လင်ရှောင်းထင်သည်လဲ ထိုဖုတ်ကောင်ကြီး ရုတ်တရက်ပြန်လည်အသက်ဝင်လာမည်ကိုစိုးရိမ်သောကြောင့် ထိုအရာအပေါ်သာ မျက်စိဒေါက်ထောက်ကြည့်ကာ နေခဲ့လေသည်။

ကုနင်း ခေါင်းတလားစီသို့သွားရောက်ခဲ့ပြီး ထိုနေရာတွင် ရှေးဟောင်းပစ္စည်းများများစားစားတော့ဖြင့်ရှိမနေပေမည့် တစ်ခုချင်းစီကပင် အလွန်တန်ဖိုးကြီးမားလေသည်။ ပစ္စည်းအများစုကို သတ္ထုစပ်ဖြင့်ပြုလုပ်ထားသောကြောင့် ဒီဂူသင်္ချိုင်းကို စစ်ပွဲခေတ်ကာလတွင်တည်ဆောက်ထားခြင်းဖြစ်ကြောင်း ပို၍သိသာစေလေသည်။

ခေါင်းတလားထဲတွင် သတ္ထုစပ်ပစ္စည်း ၁၂ခုရှိကာ သတ္ထုစပ်ဓါးရှည်။ သတ္ထုစပ်ငှက်နှင့်သားရဲပုံထွင်းထားသည့်အိုး၊ တိရိစ္ဆာန်ပုံစံသတ္ထုစပ်ရုပ်ထု နှင့်တခြားသောပစ္စည်းမျိုးစုံရှိလေသည်။ ထိုရှေးဟာင်းပစ္စည်းအားလုံးသည် အမဲရောင်မြူငွေ့များဖြင့်သာလွှမ်းခြုံနေကာ အဖြူရောင်မြူငွေတစ်စပင်ရှိမနေချေ။

ထိုခေါင်းတလားထဲတွင် မြှုပ်နှံ့ခြင်းခံခဲ့ရသည့်အမျိုးသားမှာ ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားပြီးဖြစ်သောကြောင့် သူနှင့်အတူရှိနေသည့်ရှေးဟောင်းပစ္စည်းများသည်လဲ အခုလိုဆိုးယုတ်မှုများကပ်တွယ်နေခြင်းဖြစ်သည်။

ကုနင်း သတ္ထုစပ်ရှေးဟောင်းပစ္စည်း၅ခုကို သူမ၏စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သိမ်းလိုက်ကာ ကျန်သည့်သတ္ထုစပ်ပစ္စည်း၇ခုကိုတော့ဖြင့် သူမကျောပိုးအိတ်အတွင်းသို့သာထည့်လိုက်သည်။ သူမသာအလိုရှိလျှင် ကျောပိုးအိတ်ထဲရှိနေသည့်ရှေးဟောင်းပစ္စည်းများကိုလဲ စိတ်စွမ်းအင်အာကာပြင်အတွင်းသို့အလွယ်တကူအသွင်းအထုတ်လုပ်နိုင်ပေသည်။

အမှန်တော့ လင်ရှောင်းထင်၏အမြင်ရှိသေး၍ကြောင့်သာ သူမလွယ်အိတ်ထဲသို့ရှေးဟောင်းပစ္စည်းအချို့ကိုထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုသို့သာမဟုတ်ဘဲ သူမပစ္စည်းအများကြီးထည့်ပြီးသွားလျှင်တောင်မှ ကျောပိုးအိတ်မှာနဂိုအတိုင်းသာရှိနေသေးလျှင် လင်ရှောင်းထင်က ထူးဆန်းသည်ဟုတွေးလာနိုင်ပေသည်။

ထို့နောက် ကုနင်း လင်ရှောင်းထင်အနားသို့ပြန်သွားလိုက်သည်။ အနက်ရောင်ကိုယ်ထည်ကြီးမှာ အခုချိန်ထိ လှုပ်နေစဲဖြစ်သောကြောင့် သူမတို့ထွက်သွား၍မရသေးပေ။

ထိုအချိန်အတွင်းမှာပဲ ကုနင်းသူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ နောက်ထပ်ပိတ်ထားသည့်အခန်းငယ်သို့ကြည့်လိုက်သည်။ ထိုထဲတွင်တော့ ခေါင်းတလားရှိမနေပေမယ့် သစ်သားသတ္တာတစ်ခုနှင့် သတ္ထုစပ်ခေါင်းလောင်းတစ်စုံရှိနေလေသည်။ ထိုသတ္ထုစပ်ခေါင်းလောင်းများကိုမြင်သည်နှင့် ကုနင်းအလွန်အံ့အားသင့်သွားရသည်။ အကြောင်းမှာတော့ ထိုသတ္ထုစပ်ခေါင်းလောင်းများက အလွန်အဖိုးတန်နေခြင်းကြောင့်ပင်ဖြစ်သည်။

ထိုနေရာတွင် စုစုပေါင်း သတ္ထုစပ်ခေါင်းလောင်း၆၅ခုရှိနေကာ အရွယ်အစားအလိုက် ၉ခုတစ်တန်းစီ ၃လွှာခွဲထားပြီး ဒိုင်ခွက်ဘောင်တွင် ချိတ်ဆွဲလို့ထားလေသည်။ ဒိုင်ခွက်ဘောင်၏အလယ်နှင့် အောက်ဘက်အလွှာတွင်တော့ ဖူခေါင်းလောင်းတစ်လုံးနှင့် ရုန်ခေါင်းလောင်း၄၅လုံးလဲရှိလေသည်။ အလယ်လွှာတွင်ရှိသည့်ခေါင်းလောင်းများသည်က အမြင့်သံကိုထုတ်လွှတ်ပေးပြီး အောက်ဘက်အလွှာရှိခေါင်းလောင်းများသည်တော့ အနိမ့်သံကိုထုတ်လွှတ်ပေးလေသည်။ ဖူခေါင်းလောင်းနှင့် ရုန်ခေါင်းလောင်းများအပြင် ဒိုင်ခွက်ဘောင်ရှိ သုံးလွှာမှ အပေါ်ဆုံးလွှာတွင်က ရုန်ခေါင်းလောင်းထက်ပို၍သေးငယ်သည့် နျိုခေါင်းလောင်း ၁၉လုံးရှိပါသေးသည်။

[ဖူ,ရုန် နှင့် နျိူခေါင်းလောင်းများသည်‌ ရှေးဟောင်းတရုတ်ခေါင်းလောင်းများဖြစ်ပြီး ပုံစံ အသံ အမျိုးမျိုးကွဲပြားပါသည်။ ]

၁၉xxတွင် အရှေ့ခြမ်းကျိုးမင်းဆက်၏သင်္ချိင်းတွင် သတ္ထုစပ်ခေါင်းလောင်းနှစ်စုံကို တူးဖော်ရရှိခဲ့ဖူးသည်။ ပထမတစ်စုံသည်တော့ ၉ခုရှိပြီး ကျန်တစ်စုံသည်တော့ ၇ခုပါဝင်လေသည်။ ထိုသတ္ထုစပ်ခေါင်းလောင်းများသည် ကောင်းမွန်စွာပြုလုပ်ပုံဖော်ထားပေသည်။ စာတမ်းများကိုလေ့လာစိစစ်ချက်အရ ထိုခေါင်းလောင်းများသည် နွေနှင့်ဆောင်းခေတ်နှောင်းပိုင်းရှိ ဝူကောတရားရေးရာသုံးကိရိယာများဖြစ်လေသည်။ နှစ်ပေါင်း၂၅၀၀မျှ မြေကြီးအတွင်း မြှုပ်နှံ့ခြင်းခံရသည်ကိုတောင်မှ ထိုသတ္ထုစပ်ခေါင်းလောင်း၂စုံသည် ကြည်လင်သာယာသည့်အသံများကို ဖန်တီးနေနိုင်စဲဖြစ်လေသည်။ မမျှော်လင့်ထားစွာပဲ ၉လုံးတစ်စုနှင့် အလွှာသုံးလွှာပါရှိသည့် သတ္ထုစပ်ခေါင်းလောင်းများသည်တော့ ပျောက်ကွယ်နေစဲဖြစ်လေသည်။

ဒီရှေးဟောင်းဂူသင်္ချိုင်းထဲတွင် ထိုသတ္ထုစပ်ခေါင်းလောင်းတစ်စုံကိုတွေ့ခဲ့သည့်အကြောင်းသာ ပေါ်ပေါက်သွားပါလျှင်၊ ထိုသတင်းသည် ဂီတ၊ အနုပညာ နှင့် ရှေးဟောင်းအမွေအနှစ်လောကများသို့ လှုပ်ခတ်မှုကြီးတစ်ခုဖြစ်သွားနိုင်လေသည်။ နာမည်ကြီးပြတိုက်များစွာသည်လဲ ထိုခေါင်းလောင်းအစုံကိုရရန် ပြိုင်ဆိုင်တိုက်ခိုက်ကြမည်ဖြစ်သည်။ ထို့ထက်မက၊ ဒီသတ္ထုစပ်ခေါင်းလောင်းတစ်စုံလုံးသည် အနည်းဆုံးယွမ်ဘီလီယံများစွာတန်ကြေးရှိခြင်းကပင် အတော်လေးစိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ ထို့အပြင် သတ္တာထဲတွင်လဲ အခြားရှေးဟောင်းပစ္စည်းများရှိနေသေးလေသည်။

ကုနင်းကိုပိုပြီးအံ့ဩသွားစေသည့်အချက်မှာတော့ ထိုအခန်းငယ်အတွင်းရှိ ရှေးဟောင်းပစ္စည်းအားလုံးသည် သန့်စင်သည့်သဘာဝစွမ်းအားများဖြင့်သာ ရစ်ပတ်ထားခြင်းခံရသောကြောင့်ပင်ဖြစ်သည်။

ကုနင်း ခနမျှတွေးကြည့်ပြီးကာမှ သဘောပေါက်သွားခဲ့သည်။ သူမအစောတုန်းကတွေ့ရှိခဲ့ရသည့်ရှေးဟောင်းပစ္စည်းများသည် မသေခင်ဘဝတုန်းက ကြွယ်ဝချမ်းသာခဲ့သည့်အမျိုးသားနှင့်အတူ မြှုပ်နှံ့ခြင်းခံခဲ့ရလေသည်။ ထို့ကြောင့်ပင် ထိုရှေးဟောင်းပစ္စည်းများသည် အမျိုးသား၏မုန်းတီးမှုများနက်နက်ရှိုင်းရှိုင်းပါဝင်နေပေမည်။ သို့ပေမယ့် သတ္ထုစပ်ခေါင်းလောင်းများသည်တော့ အခန်းသီးသန့်ခွဲထုတ်ထားခြင်းခံရသောကြောင့် ယင်စွမ်းအင်ကပ်တွယ်မနေခြင်းဖြစ်ပေသည်။

သစ်သားသတ္တာထဲတွင်ရှိနေသည့်ရှေးဟောင်းပစ္စည်းများသည်တော့ သယ်ထုတ်ဖို့ရန်မခက်ခဲပေမည့် သတ္ထုစပ်ခေါင်းလောင်းများသည်တော့အလွန်လေးလံသောကြောင့် စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သွင်းသယ်ဆောင်ရန်လိုအပ်ပြီး လင်ရှောင်းထင်မမြင်အောင်လဲ ရှောင်ကွင်းဖို့လိုနေသေးပေသည်။ ထို့ကြောင့် ကုနင်း လင်ရှောင်းထင်ကို၊

"ရှောင်းထင်၊ ရှင်ဒီမှာနေခဲ့ဦး ကျွန်မဟိုဘက်ထဲသွားကြည့်လိုက်ဦးမယ်။ ရှင်ကျွန်မကိုစိတ်ပူရင်တော့ ဒီအခန်းပေါက်မှာရပ်ပြီး ဖုတ်ကောင်ကိုလဲစောင့်ကြည့်ရင်း ကျွန်မကိုပါ လှမ်းကြည့်နေလို့ရတယ်။"

ထိုစကားကိုစကြားကြားခြင်းတော့ အမှန်တကယ်ပင် ကုနင်းကို လင်ရှောင်းထင်စိုးရိမ်မိသွားခဲ့ပေမည့် အဆုံးတွင်တော့ သဘောတူလိုက်ရတော့သည်။

ကုနင်းသွားသည့် အခန်းငယ်သည်သိပ်ဝေးဝေးတွင်မရှိဘဲ ၄မီတာလောက်သာကွာဝေးလေသည်။ လင်ရှောင်းထင် အခန်းတံခါးဝတွင်ရပ်လိုက်ကာ မီးလောင်ကျွမ်းနေစဲဖြစ်သည့် ဖုတ်ကောင်ကိုကြည့်ရင်း တစ်ချိန်တည်းတွင်ပဲ ကုနင်းကိုပါ ဂရုတစိုက်ကြည့်လိုက်နေသည်။

ကုနင်း တတိယမြောက်အခန်းငယ်ဘက်ကိုသွားပြီး ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ တံခါးမှတစ်ဆင့်ထပ်မံစစ်ဆေးကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် ထိုထဲတွင် ထောင်ချောက်များလဲမရှိသလို အဆိပ်ရှိသည့်အမှုန့်များလဲရှိမနေပေ။ သူမတံခါးကို တန်းဖွင့်လိုက်ခြင်းကြောင့် လင်ရှောင်းထင်အလွန်ထိတ်လန့်သွားရသည်။ ထိုအခန်းထဲမှနေ နောက်ထပ် လင်းနို့များ သို့မဟုတ် ဖုတ်ကောင်တစ်ကောင်ကောင် ထပ်ထွက်လာမည်ကိုစိုးရိမ်မိလေသည်။

"နင်းနင်း!" လင်ရှောင်းထင် စိုးရိမ်တကြီး ကုနင်းကိုခေါ်လိုက်သည်။

"အဆင်ပြေပါတယ်။" ကုနင်း တံခါးကိုအဆုံးထိတွန်းကာဖွင့်လိုက်တော့သည်။

အခန်းထဲမှာ မည်သည့်ထူးဆန်းသည့်အရာမှထွက်လာခြင်းမရှိသည်ကိုမြင်ရတော့မှပင် လင်ရှောင်းထင်စိတ်အေးသွားတော့သည်။ ကုနင်းဓါတ်မီးတစ်လက်နှင့် အခန်းထဲသို့အလင်းပြလိုက်ပြီးမှ လင်ရှောင်းထင်ကို၊

"ဒီထဲမှာဘာမှမကောင်းတာမရှိဘူး၊ သတ္ထုစပ်ပစ္စည်းနည်းနည်းလောက်ပဲရှိတယ်။"

ထိုစကားကိုကြားမှပင် လင်ရှောင်းထင်စိတ်ချသွားတော့သည်။

ထို့နောက် ကုနင်းအခန်းတွင်းသို့ဝင်သွားခဲ့ကာ ချက်ချင်းပင် သတ္ထုစပ်ခေါင်းလောင်းအစုံကို စိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သွင်းလိုက်ပြီး သစ်သားသတ္တာကိုဖွင့်ကြည့်လိုက်သည်။ စစ်ပွဲခေတ်ကာလတွင် သတ္ထုစပ်များသည် အလွန်ကျော်ကြားသောကြောင့် ထိုထဲတွင်လဲ သတ္ထုစပ်ပစ္စည်းများစွာရှိနေသည်။ ကုနင်း ထိုသစ်သားသတ္တာကိုသယ်ထုတ်လာကာ တံခါးနားတွင်ချလိုက်သည်။ ထို့နောက် တစ်ချက်တစ်ချက်လှုပ်နေသည့်ဖုတ်ကောင်ကြီး ငြိမ်ကျသွားပြီဖြစ်ကာ ပြာမှုန့်အဖြစ်သို့ပါပြောင်းလဲသွားပြီကို သူမစစ်ဆေးကြည့်လိုက်သည်။ ထိုဖုတ်ကောင်ကြီး နောက်တစ်ဖက်ပြန်လည်ရှင်သန်လာဖို့ရန်မှာမဖြစ်နိုင်တော့ပေ။

***

အခန်း ၃၃၇

အလောင်းကောင်အဆိပ်

"ကျွန်မတို့ ဒီမှာလုပ်စရာကုန်သွားပြီထင်တယ်၊ ပြန်ကြရအောင်!" ကုနင်းပြောလာသည်။

"ကောင်းပြီလေ၊" လင်ရှောင်းထင် သစ်သားသတ္တာကိုသွားသည်ကူပေးလိုက်သည်။ ထိုသတ္တာသည်လေးသည်ဆိုသော်လည်း လင်ရှောင်းထင်ကတော့ မနိုင်လေသည်။ သူမတို့နှစ်ဦး ပထမဆုံးအခန်းငယ်ရှေ့သို့ပြန်လည်ရောက်ရှိသွားကြကာ အသံကျယ်ကျယ်ဖြင့် ကုနင်းအော်လိုက်သည်။

"ရှင်တို့ထွက်လာလို့ရကြပြီ!"

ဖောက်ထွင်းသူ၃ဦးမှာ အပြင်ထွက်ချင်လွန်းနေကြပြီဖြစ်ကြ၍ ကုနင်း၏အသံကိုကြားသည်နှင့်ချက်ချင်း တံခါးဖွင့်ကာထွက်လာကြတော့သည်။ ထို့နောက် လောင်ယောင်က,

"အစောတုန်းက ကြောက်စရာအော်သံကြီးက ဘာလဲ? ကျွန်တော်အရမ်းကြောက်သွားတာပဲ?"

"ဖုတ်ကော်။" ကုနင်းကွယ်ဝှက်မနေဘဲဖြေကြားလိုက်သည်။ သူတို့သာအမှန်တရားကိုမသိထားလျှင် ဒီရှေးဟောင်းဂူသင်္ချိုင်းထဲမှ ရှေးဟောင်းပစ္စည်းများကို သူမတို့အလွယ်တကူရရှိခဲ့သည်ဟု ထင်သွားနိုင်လေသည်။

"ဘာ?" ဖောက်ထွင်းသူများထိတ်လန့်အံ့ဩသွားကြသည်။ ဖုတ်ကောင်ဆိုသည်မှာ ဘာကိုပြောမှန်း သူတို့သိထားဖူးကြပြီးဖြစ်ပေမယ့် ထိုအကြောင်းအရာကို ရှေးဘိုးဘေးများ၏ပုံပြင်ဟောင်းတစ်ခုအဖြစ်သာကြားဖူးခဲ့ကြခြင်းဖြစ်သည်။ မည်သူမှ ထိုအရာကို လက်တွေ့အစစ်အမှန်မမြင်ဖူးကြပေ။

"အဲ့-အဲ့ဒီ့ဖုတ်ကောင်ဘာဖြစ်သွားပြီလဲ?" လောင်ယောင်ကပဲ ထပ်မေးလို့လာသည်။

"သေတဲ့အထိ မီးနဲ့ရှို့ခဲ့တယ်၊ ဒါပေမယ့် လောင်စန်းကတော့အသတ်ခံလိုက်ရပြီ။" ကုနင်းပြန်ဖြေလိုက်သည်။

ဖောက်ထွင်းသူ၃ဦးမှာ သူတို့စိတ်ကိုသူတို့ပြင်ဆင်ထားကြပြီးဖြစ်ပေမယ့်လဲ အခုလိုသတင်းဆိုးကို တိုက်ရိုက်ကြားလိုက်ရချိန်တွင်တော့ စိတ်မချမ်းမသာဖြစ်မိကြစဲပင်။

ခနများတိတ်ဆိတ်သွားကြပြီးနောက်တွင်မှ လောင်တက သက်ပြင်းချလိုက်ကာ,

"လောင်စန်းရဲ့အလောင်းကို ဒီကသယ်ထုတ်သွားကြရအောင်!" လောင်စန်းသည် သူတို့ကိုသစ္စာဖောက်ခဲ့ခြင်းဆိုလျှင်ပင် သူတို့အားလုံးသည် အလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြလေသည်။ ထို့အပြင် အခုလိုလောင်စန်းသေဆုံးသွားပြီဆိုမှတော့ သူတို့ဘက်က ကောင်းကောင်းမွန်မွန်မြှုပ်နှံ့ပေးရန်လိုအပ်သည်ဟုလဲ ခံစားရလေသည်။

"နေကြဦး!" သူတို့၃ဦးမလှုပ်ရှားရသေးခင်တွင်ပင် ကုနင်းက သူတို့ကိုတားလိုက်ကာ,

"လောင်စန်းက ဖုတ်ကောင်သတ်တာခံလိုက်ရတာ၊ ပြီးတော့ သူ့အလောင်းမှာလဲ အဆိပ်တွေပျံနေပြီးလောက်ပြီ။ ရှင်တို့သူ့အလောင်းကိုသယ်ဖို့လုပ်မယ်ဆိုရင် ရှင်တို့လဲ အလောင်းကောင်အဆိပ်မိပြီး မကြာခင်သေသွားကြလိမ့်မယ်။ သတိဆိုတာပိုတယ်လို့မရှိဘူး။ ပြီးတော့ သူသာနောက်ပိုင်း ဖုတ်ကောင်အဖြစ်ပြောင်းသွားခဲ့ရင် သာမာန်အုတ်ဂူလောက်က သူ့ကိုထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကိုဒီထဲမှာပဲထားခဲ့တာ ပိုကောင်းမယ်လို့ထင်တယ်။"

ကုနင်းက ထိုသူများကိုခြိမ်းခြောက်နေခြင်းမဟုတ်ဘဲ ဖြစ်နိုင်ချေနည်းသည်ဆိုလျှင်တောင်မှ ဖြစ်လာနိုင်သည့်အကျိုးသည့်အကြောင်းသင့်ရှင်းပြပြောဆိုနေခြင်းဖြစ်လေသည်။ ထိုစကားများကိုကြားရတော့ ဖောက်ထွင်းသူ၃ဦးလုံး ထိတ်လန့်သွားကြရသည်။ ထိုစကားများမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူတို့လောင်စန်း၏အလောင်းကိုမသယ်သွားရဲကြတော့သလို ဖုတ်ကောင်ကိုလဲသွားမကြည့်ရဲကြတော့ပေ။ ထို့အပြင် ကုနင်းပြောသည့်စကားများကိုလဲ သံသယမဝင်ကြပေ။ သူတို့မျက်စိဖြင့်တပ်အပ် ထိုရွေ့လျားနေသည့်အနက်ရောင်ကိုယ်ထည်ကြီးကိုမမြင်ခဲ့ရသော်လည်း လူသားများမပြုလုပ်နိုင်သည့် ထူးဆန်းသော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာအသံနက်ကြီးကို ကြားခဲ့ကြပြီးဖြစ်လေသည်။

"ကောင်းပြီလေ၊ ဒါဆိုအခုပဲထွက်သွားကြတာပိုကောင်းမယ်ထင်တယ်!" လောင်ယောင်မှာ ဒီဂူသင်္ချိုင်းထဲတွင် တစ်စက္ကန့်မျှဆက်နေဖို့ရန်ကို အလွန်ကြောက်ရွံ့နေပြီဖြစ်သည်။ ဂူသင်္ချိုင်းများစွာကို သူဖောက်ထွင်းခဲ့ဖူးသည်ဆိုသော်လည်း အခုလိုဆိုးဆိုးဝါးဝါးအဖြစ်အပျက်များဖြစ်ခြင်းသည်က ပထမဦးဆုံးအကြိမ်ပင်ဖြစ်လေသည်။ လောင်ယောင်တင်မကဘဲ သင်္ချိုင်းဖောက်ထွင်းသည့်အလုပ်ကို ဆယ်စုနှစ်တစ်ခုမကလုပ်ကိုင်လာကြသည့် လောင်တနှင့် လောင်အာ့တောင်မှ အလွန်ကြောက်ရွံ့ထိတ်လန့်နေကြပြီဖြစ်သည်။ ထို့နောက် လင်ရှောင်းထင်၏ခြေထောက်နားတွင်ရှိနေသည့် သစ်သားသတ္တာတစ်ခုကို သူတို့သတိပြုမိသွားကာ ထိုထဲတွင် ရှေးဟောင်းပစ္စည်းများရှိနေမည်ကိုလဲ သိကြလေသည်။

အကယ်၍ ဖုတ်ကောင်ရှိနေသည့်အဖြစ်ကိုသာ သူတို့မသိထားခဲ့ဖူးဆိုလျှင် ထိုရှေးဟောင်းပစ္စည်းများကိုလက်လွှတ်လိုက်ဖို့ရန် တွန့်ဆုတ်နေမိကြမည်ဖြစ်သော်လည်း အခုတော့ သူတို့ကိုယ်သူတို့ကံကောင်းသည်ဟုသာ ခံစားနေကြရသည်။ သူတို့သာ လောဘတက်ကာ ကြွယ်ဝချမ်းသာမှုအတွက်နှင့် သူတို့အသက်ကိုမမှုဘဲသွားခဲ့မည်ဆိုလျှင် သူတို့လဲအသတ်ခံရပြီးလောက်ချေပြီ။ သူတို့သာသေဆုံးသွားခဲ့လျှင် ကြွယ်ဝချမ်းသာမှုဆိုသည်မှာလဲ အဓိပ္ပါယ်မဲ့သွားမည့်အရာပင်ဖြစ်လေသည်။

တကယ်တော့ ယွမ်သန်း၁၀၀ဆိုသည်မှာအလွန်များပြားသည့်ပမာဏဖြစ်ပြီး သူတို့တစ်ဦးလျှင် ယွမ်၂၅သန်းဆီခွဲဝေယူ၍ရနိုင်နေပြီဖြစ်ပေမယ့် လောင်စန်းမှာသေဆုံးသွားပြီဖြစ်သောကြောင့် ထိုငွေကို သူတို့ကိုဒီနေရာသို့ကားမောင်းပို့ပေးခဲ့သည့် လောင်စစ်ကိုပင်ခွဲဝေပေးလိုက်တော့မည်ဖြစ်သည်။ သူတို့အဖွဲ့သည် စုစုပေါင်း၅ဦးပါဝင်လေသည်။ တစ်ခါတစ်ရံ တစ်ယောက်သည်ကားမောင်းကာ ကျန်လူများသည်တော့ ဂူဖောက်ကြပေသည်။ ငွေပမာဏက အဖိုးတန်ရှေးဟောင်းပစ္စည်းများ၏တန်ဖိုးကိုမယှဉ်နိုင်သော်လည်း သူတို့အသက်ကိုတော့ဖြင့် ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ အကယ်၍ ကုနင်းဘက်က သူတို့ကိုထိုငွေမပေးခဲ့လျှင်တောင်မှ သူတို့ဘက်ကအထွန့်တက်ပြောဆိုလိမ့်မည်မဟုတ်ပေ။

ကုနင်းသည်လဲ ထိုလူ၃ဦး၏အမူအရာများကိုမြင်လိုက်ပြီး သူတို့အပေါ်အမြင်ကောင်းရှိသွားခဲ့လေသည်။

ဂူသင်္ချိုင်း၏ဝင်ပေါက်မှာ သိပ်မကျယ်လှဘဲ တစ်ကြိမ်လျှင်တစ်ဦးသာ ထွက်လို့ရနိုင်မည်ဖြစ်သောကြောင့် သစ်သားသတ္တာကိုသယ်ဆောင်ကာ တစ်ခါတည်းထွက်၍မဖြစ်နိုင်ပေ။ ထို့ကြောင့် သစ်သားသတ္တာကို ကြိုးဖြင့်တုတ်ကာ ကုနင်းအပြင်ရောက်သွားပြီကာမှ ဆွဲထုတ်လိုက်သည်။ သစ်သားသတ္တာထုတ်ပြီးသည်နှင့် ဖောက်ထွင်းသူ၃ဦးထွက်လာခဲ့သည်။ လင်ရှောင်းထင်သည်တော့ ထိုဝင်ပေါက်မှ နောက်ဆုံးထွက်လာရသူပင်။

ဝင်ပေါက်ကို ဒီအတိုင်းထားခဲ့၍မဖြစ်နိုင်သောကြောင့် မထွက်သွားကြသေးခင် အရင်ဆုံးပိတ်ရန်လုပ်ရတော့သည်။ အပေါက်ကအလွန်နက်လွန်းပြီး ဖောက်ထွင်းသူများသည် အခြားလူများ ဂူနေရာကိုမမြင်နိုင်စေရန်အတွက် တူးထုတ်ထားသည့်မြေကြီးများကို ဝေးဝေးလံလံသို့သွားပစ်ထားကြလေသည်။ ထို့ကြောင့် အခုပြန်လည်ဖြည့်သည့်အချိန်တွင်တော့သိပ်မလွယ်ကူလှပေ။ နာရီပေါင်းများစွာကြာပြီးနောက်တွင်တော့ သူတို့၅ယောက်၏ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကြီးပြီးဆုံးသွားလေတော့သည်။

လင်ရှောင်းထင်သည်တော့ ကုနင်းကိုအလုပ်ကြမ်းများမလုပ်စေချင်သောကြောင့် အမျိုးသားများ ကျောက်နှင့်မြေကိုသွားသယ်နေကြချိန်တွင် သစ်သားသတ္တာကိုသာစောင့်ကြပ်ရင်း ငြိမ်ငြိမ်လေးနေခဲ့ရန်မှာကြားခဲ့သည်။ သူတို့အောက်ဖက်ကိုတော့ ကျောက်သွားများဖြင့်ဖြည့်တင်းပြီး အပေါ်ယံတွင်သာမြေသားများဖြင့်ဖုံးအုပ်ခဲ့သည်။ ထို့နောက် ကုနင်းထိုအပေါက်နေရာတွင် သူမလက်မောင်းအရွယ်လောက်တုတ်သည့်သစ်ပင်တစ်ပင်ကိုစိုက်ခဲ့လိုက်သည်။

"ကဲ၊ ကျွန်မတို့အတူတူဒီလောက်တောင်ကျော်ဖြတ်လာခဲ့ပြီဆိုတော့ ရှင်တို့ ကျွန်မကိုအတိုင်းအတာတစ်ခုလောက်အထိယုံကြည်လောက်ပါပြီ။ အခုကငွေလွှဲပေးဖို့လဲ အရမ်းနောက်ကျနေပြီ။ ဒီတော့ ကျွန်မတို့မြို့ကိုပြန်သွားပြီး ဟိုတယ်မှာတစ်ညလောက်နေလိုက်ကြတာပေါ့၊ နောက်နေ့ကျမှ ဘဏ်ကိုသွားကြမယ်။ ဘယ်လိုလဲ?" ကုနင်းမေးလိုက်သည်။ ကုနင်းတွင် သူတို့ကိုလိမ်ညာရန်စိတ်ကူးမရှိသော်လည်း သူတို့သည် အခုမှတွေ့ဖူးကြသည့်သူစိမ်းများသာဖြစ်ကြပေသေးသည်။

သစ်သားသတ္တာထဲတွင် ယင်စွမ်းအားကပ်ညိမနေသည့် ရှေးဟောင်းပစ္စည်းများစွာရှိနေသော်လည်း ကုနင်းသူတို့ကိုပြောပြမည်လည်းမဟုတ်သလို ခွဲဝေပေးမည်လဲမဟုတ်ပေ။ သူတို့နှစ်ဦးသဘောတူ သဘောတူညီမှုလုပ်ပြီးမှတော့ ထိုအတိုင်းသာလုပ်ရမှာပေါ့။

"ကိစ္စမရှိပါဘူး။"

ကုနင်း၏ပြောစကားကို လောင်တကသဘောတူပေးလိုက်သည်။ ယွမ်သန်း၁ရာဆိုသည်မှာ သာမာန်ငွေပမာဏလေးမဟုတ်သောကြောင့် သူတို့အွန်လိုင်းပေါ်မှနေပြီး လွှဲပြောင်း၍မဖြစ်နိုင်ပေ။ ပြောရလျှင်ဖြင့် ကုနင်း၏စကားကိုသဘောတူရသည်အထိ သူမအပေါ်တွင် သူတို့ထိုမျှယုံကြည်နေပြီဖြစ်သည်။ ကုနင်းသာ သူတို့ကို ငွေမပေးချင်ဘူးဆိုလျှင် သူတို့ကအစကတည်းကယ်တင်ခဲ့လိမ့်မည်ကိုမဟုတ်ပေ။ ထို့အပြင် အခုလိုအဖြစ်အပျက်များဖြစ်ပြီးသွားတာတောင်မှ အခုလိုသူတို့အသက်ရှင်နိုင်ခြင်းကိုက အတော်လေးကံကောင်းနေပြီဖြစ်သည်။ အခုချိန်တွင် ငွေဆိုသည်မှာ သူတို့အတွက် အလွန်အရေးကြီးသည့်အရာမဟုတ်တော့ပေ။

"ဒါပေမယ့် ကျွန်တော်တို့သူငယ်ချင်းတစ်ယောက်ကို စောင့်ရဦးမယ်။" လောင်တကပြောလိုက်သည်။

ကုနင်းလဲ သူတို့ကားမောင်းပို့သည့်သူကိုပြောချင်မှန်းနားလည်လေသည်။ တကယ်တော့ ထိုကားဖြင့်သာ သစ်သားသတ္တာကိုသယ်သွားရလျှင် ပိုလို့တောင်မှအဆင်ပြေလှသည်။

"အိုး၊ ရှင်တို့ကိုဒီအထိလိုက်ပို့ပေးတဲ့လူကိုပြောတာလား? ဒီသတ္တာကို ကားနဲ့သယ်ရင်ပိုကောင်းမယ်လို့ ကျွန်မလဲထင်တယ်။ သူ့ကို လာကြိုဖို့ခေါ်လိုက်လေ!" ကုနင်းပြန်ပြောလိုက်သည်။

ကုနင်း၏စကားကိုကြားတော့ ဖောက်ထွင်းသူ၃ဦးမှာအလွန်အံ့အားသင့်သွားရသည်။ သူမဘယ်လိုလုပ်သိနေတာလဲ? သို့ပေမယ့် မကြာခင်တွင်ပဲ ကုနင်းသူတို့ကိုမြင်လိုက်လို့ပင်ဖြစ်ကြောင်း နားလည်သွားတော့သည်။ မမျှော်လင့်ထားစွာဘဲ ကုနင်းနှင့် လင်ရှောင်းထင်မှာ သူတို့ကိုအစကတည်းက သတိထားမိခဲ့ခြင်းဖြစ်လေသည်။

ထို့နောက် သူတို့အားလုံး တောင်ပေါ်မှပြန်ဆင်းလာခဲ့တော့သည်။ ဆင်းလာသည့်အချိန်တွင်တော့ ည၁၂နာရီလောက်ရှိနေပြီဖြစ်လေသည်။

သူတို့တောင်ပေါ်မှ ခြေလျင်ပြန်ဆင်းလာသည့်အချိန်မှာတော့ သူတို့ဖုန်းများပြန်လည်လိုင်းတက်လာခဲ့ပေပြီ။ လောင်တလဲ ချက်ချင်းပင် လောင်စစ်ကို သူတို့ကိုလာကြိုဖို့စာလှမ်းပို့လိုက်သည်။ သူတို့ ဖုန်းယန်ရွာဝင်ပေါက်သို့ပြန်လည်ရောက်ရှိလာချိန်တွင်တော့ ဗင်ကားမှာ ကြိုတင်ရောက်ရှိလို့နေပြီဖြစ်လေသည်။

***

အခန်း ၃၃၈

ထပ်တွေးနေလဲ အကျိုးမရှိဘူး

ဗင်ကားထဲရှိလူမှာ ကုနင်းနှင့်လင်ရှောင်းထင်တို့ကိုမြင်သည်နှင့် အံ့အားသင့်သွားရပြီး၊

"လောင်တ၊ သူတို့ကဘယ်သူတွေလဲ? လောင်စန်းရော ဘယ်မှာလဲ?"

"လောင်စန်းကသေသွားပြီ ပြီးတော့ ဒီနှစ်ယောက်က ငါတို့က်အသက်ကိုကယ်ခဲ့တဲ့လူတွေပဲ။ တော်ပြီ၊ ငါတို့အရင်ထွက်ကြရအောင် ပြန်ရောက်တော့မှအသေးစိတ်ပြန်ပြောပြမယ်။" လောင်တကပြန်ဖြေလိုက်သည်။

"ဘာ? လောင်စန်းသေသွားပြီ?" လောင်စစ်ဟုခေါ်သည့် အမျိုးသား အလွန်ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။ သူဘယ်တုန်းကမျှ လောင်စန်းကိုသဘောမကျခဲ့သော်လည်း သူတို့အချင်းချင်းနှစ်ပေါင်းများစွာရင်းနှီးခဲ့ကြသူများဖြစ်လေသည်။ အခုလိုလောင်စန်းရုတ်တရက်သေဆုံးသွားခြင်းက ထိတ်လန့်စရာကောင်းလာသည်။ ပြီးတော့ ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ ဘာတွေဖြစ်ခဲ့လို့လဲ? ဘာလို့ဒီလူစိမ်းနှစ်ယာက်က သူတို့ရဲ့အသက်သခင်တွေဖြစ်သွားတာလဲ? လောင်စစ်စိတ်ထဲသို့ မေးခွန်းပေါင်းများစွာဝင်ရောက်လာခဲ့ပေမယ့် လောင်တသည်တော့ မြို့သို့ပြန်မရောက်ခင်အထိ ဘာမှမပြောပြခဲ့ပေ။

သူတို့အားလုံး ကားထဲဝင်လိုက်ကြာက မြို့ငယ်လေးဆီသို့ပြန်လည်မောင်းနှင်လာခဲ့ကြသည်။ လမ်းတွင်တော့ သူတို့အချင်းချင်းနာမည်များမိတ်ဆက်ခဲ့ကြသည်။ လောင်တ၏နာမည်အပြည့်အစုံမှာ လီမြောင်စုန့်ဖြစ်ပြီး အသက်၄၂နှစ်ရှိပြီဖြစ်သည်။ လောင်အသည်တော့ စွင်းချောင်ဖြစ်ပြီး အသက်၃၈နှစ်ရှိသည်။ လောင်စစ်သည်တော့ ကျောက်ကျန်းချွမ်ဖြစ်ပြီး အသက်၂၉နှစ်ရှိကာ လောင်ယောင်သည်တော့ဖြင့် ကောယိယန်ဖြစ်ပြီး အသက်၂၆နှစ်ရှိပြီဖြစ်၏။

ကုနင်းသည်တော့ သူမကိုယ်သူမပြန်မိတ်ဆက်လိုက်ပေမယ့် လင်ရှောင်းထင်၏နာမည်အပြည့်အစုံကိုတော့ဖြင့်မပြောပေ။ လင်ရှောင်းထင်၏မိသားစုနာမည်က 'လင်'ဆိုသည်ကိုသာပြောလေသည်။ ထို့ထက်အရေးကြီးသည့်အရာကတော့ သူမနှင့်လင်ရှောင်းထင်မှာ စုံတွဲများဖြစ်ကြောင်းကို သေချာထည့်ပြောလိုက်ပေသေးသည်။

လီမြောင်စုန့် သူမကိုဆက်သွယ်၍ရနိုင်ရန်အတွက် အချင်းချင်း ဖုန်းနံပါတ်များလဲလှယ်လိုက်ကြသည်။

၁၀မိနစ်ကြာပြီးနောက်တွင်တော့ သူတို့ ဟိုတယ်ကားပါကင်သို့ပြန်ရောက်လာကြကာ လင်ရှောင်းထင်၏ကားဘေးတွင်ပင် သူတို့ဗင်ကားကိုရပ်လိုက်ကြသည်။ လင်ရှောင်းထင်က အရင်ကားထဲမှထွက်သွားပြီး သစ်သားသတ္တာကို သူ့ကားနောက်ဖုံးထဲသို့ထည့်ရန်လုပ်လိုက်သည်။

ကားနောက်ဖုံးထဲတွင်တော့ အစကတည်းက ခရီးဆောင်အိတ်အကြီးကြီးတစ်လုံးကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်လေသည်။ ကုနင်း ရှေးဟောင်းပစ္စည်းများကို ထိုခရီးဆောင်အိတ်ထဲပြောင်းထည့်လိုက်ကာ ဟိုတယ်ထဲသို့သယ်သွားလိုက်သည်။ သစ်သားသတ္တာဖြင့်သာ ဟိုတယ်ထဲသို့သယ်သွားမည်ဆိုလျှင် အလွန်သိသာမြင်သာဖြစ်လွန်းပေမည်။

ကုနင်း အမျိုးသား၄ဦးအတွက် အခန်းနှစ်ခန်းငှားပေးလိုက်ပြီး ထိုအခန်း၂ခန်းသည် ကုနင်းနှင့်လင်ရှောင်းထင်တို့အခန်း၏ဘေးချင်းကပ်လျက်တွင်ပင်တည်ရှိလေသည်။ ထိုအရာသည်လဲ ဖောက်ထွင်းသူ၄ဦး စိုးရိမ်စိတ်လျော့နည်းစေရန်အတွက် ကုနင်းတမင်သက်သက်လုပ်ပေးထားခြင်းဖြစ်သည်။

ပြီးနောက် ကုနင်းနှင့်လင်ရှောင်းထင်တို့က သူမတို့အခန်းဆီသို့ပြန်သွားကာ လီမြောင်စုန့်နှင့် အခြားလူများသည်တော့ဖြင့် ဆွေးနွေးစရာအမြောက်အမြားရှိနေသေးသောကြောင့် တစ်ခန်းထဲသို့သာဝင်သွားလိုက်သည်။

"ဘာပစ္စည်းတွေရလာခဲ့လဲ?" ကျောက်ကျန်းချွမ်က အခန်းထဲရောက်သည်နှင့်မေးလိုက်ပေသည်။

"ဘာမှမရခဲ့ဘူး။" လီမြောင်စုန့်ကပြန်ဖြေလိုက်သည်။

"ဘာ? ဘာလို့လဲ?" ကျောက်ကျန်းချွမ် ထိတ်လန့်သွားရသည်။

"ငါတို့အဲ့ထဲမှာသေတော့မလိုကိုဖြစ်ခဲ့တာ! ဘယ်သူကများ ရှေးဟောင်းပစ္စည်းတွေကို ဂရုစိုက်နေနိုင်ဦးမှာလဲ?" စွင်းချောင်က တည်ငြိမ်စွာပြန်ဖြေလိုက်သည်။ ထို့နောက် သူတို့ရှေးဟောင်းဂူသင်္ချိုင်းထဲတွင်ဖြစ်ပျက်ခဲ့သည်များကို ကျောက်ကျန်းချွမ်အားပြန်ပြောပြလိုက်တော့သည်။ ကျောက်ကျန်းချွမ်သည်လဲ ထိုစကားများကိုကြားလိုက်ရတော့ အလွန်ကြောက်ရွံ့ထိတ်လန့်သွားပြီး မျက်လုံးများပင်ပြူးကျယ်သွားတော့သည်။ ဖုတ်ကောင်? ဘုရားရေ၊ တကယ်ကြီးလား? ပြီးတော့ အဲ့ဒီ့ဖုတ်ကောင်က လောင်စန်းကိုသတ်ခဲ့တယ်လား?

ကျောက်ကျန်းချွမ်သည် ကျန်သုံးဦး ကုနင်းနှင့်သဘောတူညီချက်လုပ်ခဲ့၍အပြစ်မတင်ပေ၊ သူဆိုလျှင်လဲ ထိုနည်းလမ်းကိုသာရွေးချယ်လိမ့်မည်ဖြစ်သည်။ ငွေထက်အသက်သည် ပိုလို့တန်ဖိုးရှိလေသည်! လောင်စန်းသည် ငွေအတွက်ကြောင့် အသက်ကိုဂရုမထားတော့၍ အဆုံးတွင်အသတ်ခံခဲ့ရလေသည်။

"ဒါပေမယ့် သူတို့ကိုယုံလို့ရနိုင်ပါ့မလား?" ကျောက်ကျန်းချွမ်ထပ်မေးလိုက်သည်။ ကုနင်းသူတို့ကိုလိမ်လည်သွားမည်ကို သူစိုးရိမ်မိလေသည်။

"ငါတော့ယုံတယ်။ တကယ်လို့ သူတို့သာ ယွမ်သန်း၁ရာမပေးချင်ဘူးဆိုရင် ဂူသင်္ချိုင်းထဲကမှာကတည်းက ငါတို့ကိုစွန့်ပစ်ခဲ့လောက်ပြီ။ အခုတော့ ငါတို့ကိုသူကယ်ပေးခဲ့တယ်လေ။ သူသာ ငွေမပေးချင်ဘူးဆိုရင်လဲ, ငါတို့ဘက်က ဘာမှပြောစရာအကြောင်းမရှိဘူး။" လီမြောင်စုန့်ကဖြေလိုက်ကာ,

"ကောင်းပြီ၊ ဆက်တွေးနေလဲ အကျိုးမရှိဘူး။ နားကြရအောင်!"

အခုချိန်တွင် အခုလိုအရှည်ကြီးတွေးနေခြင်းက အဓိပ္ပါယ်မရှိမှန်းသူတို့လဲသိသောကြောင့် လီမြောင်စုန့်ပြောသည်ကိုသဘောတူက ဆွေးနွေးမှုကိုအဆုံးသတ်လိုက်သည်။ လောင်အာ့နှင့်လောင်စန်းသည်တော့ အခြားအခန်းသို့ထွက်သွားကြသည်။

ထိုညတွင် ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ကလေးများသဖွယ်နှစ်ခြိုက်စွာအိပ်မောကျခဲ့ကြပေမယ့် အမျိုးသား၄ဦးသည်တော့ အိပ်ပင်မအိပ်နိုင်ပေ။ စိုးရိမ်နေ၍လဲ အကျိုးမရှိဆိုသော်ငြား မစိုးရိမ်ဘဲလဲမနေနိုင်ကြပေ။

နောက်တစ်နေ့မနက်၇နာရီတွင်တော့ အမျိုးသား၄ဦးသည် အခန်းတစ်ခန်းတွင်စုဝေးနေကာ ကုနင်းကိုစောင့်ဆိုင်းနေကြသည်။

ကုနင်းနှင့်လင်ရှောင်းထင်သည်လဲ မနက်အစောထသည်မှာအကျင့်ဖြစ်နေပြီဖြစ်သောကြောင့် မနက်၇နာရီတွင် နှစ်ယောက်လုံးနိုးနေကြပြီဖြစ်သည်။ လီမြောင်စုန့်နှင့် သူ့သူငယ်ချင်းများ တစ်ညလုံးစိုးရိမ်ပူပန်နေလောက်မည်မှန်းကုနင်းလဲသိသောကြောင့် သူတို့ကိုအချိန်အကြာကြီးမစောင့်ခိုင်းစေဘဲ သူမပြင်ဆင်၍ပြီးသည်နှင့်ဖုန်းဆက်လိုက်လေသည်။ သို့ပေမယ့် အခုချိန်ကစောလွန်းနေသေးသောကြောင့် ဘဏ်များမဖွင့်သေး၍ မနက်၉နာရီထိုးသည်အထိစောင့်ကြရဦးမည်ဖြစ်သည်။

လီမြောင်စုန့်တို့အဖွဲ့သည်လဲ ကုနင်းဆီမှဖုန်းချပြီးသည်နှင့်ချက်ချင်း အခန်းပြင်သို့ထွက်ကာစောင့်နေလိုက်ကြသည်။ ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ အခန်းထဲမှထွက်လာသည်နှင့် ထိုအမျိုးသား၄ဦးကို တွေ့လိုက်ရကာ အနည်းငယ်ပင်လန့်သွားရလေသည်။

"ဘဏ်ကအခုထိမဖွင့်သေးဘူး။ အရင်ဆုံးအခန်းအပ်ပြီး မနက်စာသွားစားကြရအောင်!" ကုနင်းပြောလိုက်တော့

"ကောင်းပြီ။"

ထို့နောက် သူတို့အားလုံး အခန်းပြန်အပ်လိုက်ကာကာ မနက်စာစားဖို့ထွက်သွားလိုက်ကြသည်။ မနက်စာစားပြီးသည်နှင့် ချက်ချင်းပင် ဘဏ်သို့တန်းသွားကြတော့သည်။ မနက်၉နာရီထိုးချိန်တွင်တော့ ဘဏ်မှာဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ကုနင်းနှင့်လီမြောင်စုန့်တို့ ငွေလွှဲရန်လိုအပ်သည်များကိုဆောင်ရွက်ကြာကာ တစ်ဖက်နှင့်တစ်ဖက်ငွေလွှဲပြောင်းပြီးသွားမှပင် လီမြောင်စု့န်တို့အဖွဲ့လဲစိတ်အေးသွားကြတော့သည်။

"မိန်းကလေးကု၊ လူကြီးမင်းလင်၊ ကျွန်တော်တို့အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်!" လီမြောင်စုန့်က ကုနင်းနှင့်လင်ရှောင်းထင်ကို အသေအချာကျေးဇူးတင်စကားပြောလိုက်သည်။ မည်သို့ပင်ဖြစ်ပါစေ သူတို့ဒီတစ်ကြိမ်တော်တော်များများရခဲ့ပေသည်။ စွင်းချောင်နှင့် ကျန်လူများကလဲ ကုနင်းနှင့်လင်ရှောင်းထင်ကိုကျေးဇူးတင်လိုက်ကြသည်။

"ရပါတယ်။" "ဒါဆိုနှုတ်ဆက်ကြတာပေါ့" ကုနင်းပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့ချင်းလမ်းခွဲလိုက်ကြကာ ကုနင်းနှင့်လင်ရှောင်းထင်လဲ မြို့တော်သို့ပြန်လာခဲ့ကြသည်။

"မင်းဒီရှေးဟောင်းပစ္စည်းတွေကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ထဲထည့်လိုက်မှာလား ဒါမှမဟုတ်တစ်နေရာရာမှသိမ်းထားမှာလား?" လင်ရှောင်းထင်မေးလာခဲ့သည်။

"တချို့ကိုတော့ရွေးထုတ်ပြီးရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ထဲထည့်လိုက်မယ် ပြီးရင်ကျန်တာကိုတော့ လောလောဆယ် ကျွန်မအိမ်မှာပဲသိမ်းထားဦးမယ်။" ရှေးဟောင်းဂူသင်္ချိုင်းတူးဖော်ခြင်းသည် တရားမဝင်လုပ်ခြင်းဖြစ်သောကြောင့် လူအများအပြား၏အာရုံကိုဆွဲဆောင်မသွားချင်ပေ။

"ကောင်းတာပေါ့၊"

သူတို့မြို့တော်သို့ပြန်ရောက်လျှင်ပဲ အရင်ဆုံးရှေးဟောင်းလမ်းသို့သွားလိုက်သည်။

ကားထဲတွင်က ခရီးဆောင်အိတ်အကြီးကြီးရှိနေ၍ မလုံခြုံသောကြောင့် လင်ရှောင်းထင်က ကားပေါ်တွင်သာနေခဲ့ပြီး ကုနင်းကတော့ဖြင့်ခနလောက်ထွက်သွားလေသည်။ တကယ်တော့ ကုနင်းသည် စိတ်စွမ်းအင်အာကာပြင်ထဲမှပစ္စည်အချို့ကိုထုတ်ယူချင်၍ လင်ရှောင်းထင်ကိုရှောင်နိုင်ရန်လုပ်လိုက်ခြင်းပင်ဖြစ်သည်။ အရေးအကြီးဆုံးသည်က သူမသည်ရှေးဟောင်းပစ္စည်းတစ်ပုံတစ်ပင်ကိုသယ်ဆောင်ကာ အမြဲလာနေလျှင် ထူးဆန်းသောကြောင့် လင်ရှောင်းထင်ကိုရှောင်ဖို့လိုလေသည်။

ကုနင်းအရင်ဆုံး ၂၆လက်မလောက်ကြီးသည် ခရီးဆောင်အိတ်တစ်လုံးကိုဝယ်ယူကာ ရှေးဟောင်းပစ္စည်းများကိုထည့်လိုက်မည်ဖြစ်သည်။ ထို့နောက် အများသုံးသန့်စင်ခန်းတစ်ခုကိုတွေ့သည်နှင့် အထဲသို့ဝင်လိုက်ကာ ရှေးဟောင်းပစ္စည်းများကို စိတ်စွမ်းအင်အာကာပြင်အတွင်းမှထုတ်ယူကာ အိတ်ထဲသို့ထည့်လိုက်ပြီးကာမှ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သို့ဦးတည်သွားလိုက်သည်။

သို့ပေမယ့် ကုနင်းဆိုင်သို့ရောက်သွားချိန်တွင်ပဲ ရှန်းယွင်ရှေးဟောင်းဆိုင်ထဲတွင်တွင် လူတစ်ဦးအငြင်းပွားနေသည်ကိုမြင်လိုက်ရသည်။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏တံခါးအပြင်ဘက်တွင်တော့ ပွဲကြည့်နေသူအများအပြားလဲစုဝေးနေခဲ့သည်။ ဆိုင်ထဲမှအမျိုးသားသည်တော့ ဒေါသတကြီးဖြင့်၊

"ချန်တရုန်! ဆရာကြီးလျိုက ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုရောင်းသွားတာနဲ့၊ မင်းက ဒီဆိုင်ရဲ့ဂုဏ်သိက္ခာကိုစပြီးဖျက်ဆီးနေပြီတဲ့လား! ဒီလက်ဖက်ရည်အိုးက အတုမှန်းအသိသာကြီးပေမယ့် မင်းကအစစ်လို့ပဲ အခိုင်အမာပြောနေတယ်။ ငါဒါအတွက် ယွမ်၂သိန်းတောင်ကုန်ခဲ့တာ မင်းငါ့ကိုပြန်လျော်ပေးရမယ်! မဟုတ်ရင် ငါရဲကိုလှမ်းအကြောင်းကြားလိုက်မှာ။"

***

အခန်း ၃၃၉

ပြဿနာရှာသူ

ပွဲကြည့်နေသူများသည်လဲ တစ်ဖက်လူ၏စကားကြောင့် စတင်တီးတိုးဆွေးနွေးမှုများပြုလုပ်လာကြတော့သည်။

"မဖြစ်နိုင်တာ! ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က ဒီလိုလိမ်ညာမှုမျိုးလုပ်တယ်တဲ့လား?"

"ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က အရင်တုန်းကဆို ဒီလိုအဖြစ်မျိုးမလုပ်ဖူးပါဘူး။ ဒါပေမယ့် ဆိုင်ပိုင်ရှင်ကပြောင်းသွားပြီဆိုတော့ ပြောရတော့ခက်သွားပြီ။"

"အဟုတ်ပဲ၊ စီးပွားရေးသမားတွေဆိုတာ အမြတ်ကိုပဲကြည့်ကြတာမဟုတ်လား!"

"ပိုင်ရှင်အသစ်ကတော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ရဲ့ ဂုဏ်သတင်းတွေကိုဖျက်ဆီးနေပြီလို့ထင်တယ်!"

"အမှန်ပဲ!"

ချန်တရုန်သည်တော့ ထိတ်လန့်မှုလုံးဝမရှိဘဲ အေးဆေးစွာဖြင့် ထိုသက်လတ်ပိုင်းပြဿနာလာရှာသူကိုကြည့်လို့နေလေသည်။

"လူကြီးမင်းဝူ, ခင်ဗျားဒီလက်ဖက်ရည်အိုးကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကဝယ်ခဲ့တယ်ဆိုတာ သေချာရဲ့လား?"

လူကြီးမင်းဝူဆိုသူသည် ရှေးဟောင်းလမ်းအပြင်ဘက်ရှိ စားသောက်ဆိုင်တစ်ခု၏ပိုင်ရှင်ဖြစ်ပြီး ချမ်းသာကာ ရှေးဟောင်းပစ္စည်းများစုဆောင်းရခြင်းကို ကြိုက်နှစ်သက်သူဖြစ်သည်။ စိတ်မကောင်းစရာအချက်သည်ကတော့ သူသည် ရှေးဟောင်းပစ္စည်းအကြောင်း များများစားစားနားမလည်ထားခြင်းပင်။

"ငါ့ကိုလာနောက်နေတာလား? ဒီကမဟုတ်မှတော့ ငါကဘာလို့ဒီကိုလာနေဦးမှာလဲ! ဒါက ပုံထဲကနဲ့အတူတူပဲ!" လူကြီးမင်းဝူက ဒေါသတကြီးပြန်ပြောလိုက်သည်။

"တကယ်ပဲလား? ဒါဆိုကျွန်တော့်ကို အရင်စစ်ဆေးခွင့်ပြုပါ။" ချန်တရုန်ပြောလိုက်တော့ လူကြီးမင်းဝူသည်လဲ သူလိမ်ညာနေခြင်းမဟုတ်သည့်ပုံစံမျိုးဖြင့် တုံ့ဆိုင်းခြင်းမရှိ လက်ဖက်ရည်အိုးအားကမ်းပေးလိုက်သည်။

ချန်တရုန်က လက်ဖက်ရည်အိုးအား အနီးကပ်သေချာကြည့်လိုက်ပြီးနောက်တွင်တော့၊

"ခင်ဗျားမှန်ပါတယ်။ ဒီအိုးက ပုံထဲကနဲ့တစ်ပုံစံတည်းပါပဲ၊ ဒါပေမယ့် အရမ်းကွာခြားနေတဲ့အချက်တော့ရှိတယ်။"

"ဘယ်နေရာမို့လို့လဲ?" ဆရာကြီးဝူ ထိတ်လန့်သွားကာ ငြင်းဆန်ရန်လုပ်လိုက်သည်။ ထိုလူကြီးမင်းဝူဆိုသူက တမင်ရည်ရွယ်၍ ပြဿနာရှာရန်လာခြင်းမှာအသိအသာပင်ဖြစ်လေသည်။ ချန်တရုန်ရော အပြင်တွင်ရပ်နေစဲဖြစ်သည့် ကုနင်းပါ ထိုအကြောင်းကို ရိပ်မိလေသည်။

ချန်တရုန်ကဆက်ပြီး,

"လူကြီးမင်းဝူ လက်ဖက်ရည်အိုးရဲ့ပုံတူမူကြမ်းကိုယူလာခဲ့လား? ကျွန်တော်ကွာခြားတဲ့အချက်ကို ထောက်ပြပေးပါ့မယ်။"

ချန်တရုန်ဘက်က အလွန်ယုံကြည်မှုရှိနေသည်ကိုမြင်ရတော့ လူကြီးမင်းဝူတွန့်ဆုတ်သွားရသည်။ တကယ်ပဲ ကွာခြားနေတာတစ်ခုခုရှိနေလို့လား? လူကြီးမင်းဝူ သူ့သာသာတွေးမိလိုက်သည်။ မဖြစ်နိုင်ဘူး! ဒါက လုံးဝက အစစ်နဲ့တစ်ထပ်တည်းတူညီတဲ့ပုံတူပွားထားတဲ့အိုးပဲ။ ဘယ်လိုလုပ်ကွာခြားချက်ရှိနေမှာလဲ?

"ကြည့်ရတာ ပုံကလူကြီးမင်းနဲ့အတူပါမလာဘူးထင်တယ်။ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာမိတ္တူတစ်ခုရှိပါသေးတယ်။" ချန်တရုန် တိတ်ဆိတ်နေစဲဖြစ်သည့် လူကြီးမင်းဝူကိုပြုံးပြလိုက်ကာ

"ကျန်း၊ လက်ဖက်ရည်အိုးရောင်းထားတဲ့စာချုပ် သွားယူလာခဲ့ပေးဦး။"

ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကို ရောင်းချရာတွင် ဝယ်သူ နှင့်ရောင်းသူသည် စာချုပ်တွင်လက်မှတ်ရေးထိုးရလေသည်။ ထိုစာချုပ်မှာ စာချည်းပဲသီးသန့်မဟုတ်ဘဲ ပစ္စည်းနှင့်ပတ်သတ်သမျှကို အသေးစိတ်ဖော်ပြထားသည့်ပုံတူပန်းချီတစ်ခုကိုယှဉ်တွဲလက်မှတ်ထိုးရလေသည်။ ထိုသို့ပြုလုပ်ရခြင်းမှာလဲ ယခုလိုပြဿနာများမဖြစ်လာစေရန် ကြိုတင်ကာကွယ်ခြင်းသာဖြစ်သည်။ တချို့လူများသည် ရှေးဟောင်းပစ္စည်းအစစ်များကိုဝယ်ယူပြီး အတုနှင့်လဲလှယ်ကာခြိမ်းခြောက်ငွေညှစ်လေ့ရှိကြလေသည်။

"ဟုတ်ကဲ့။" ကျန်းသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏အလုပ်သမားတစ်ဦးဖြစ်ပြီး ချန်တရုန်ပြောသည်နှင့်ချက်ချင်းပင် စာရွက်စာတမ်းများထားရှိသည့်အခန်းသို့ထွက်သွားခဲ့သည်။

ထိုအချိန်တွင်တော့ လက်ဖက်ရည်အိုးမှာအမှန်တကယ်အစစ်မဟုတ်သောကြောင့် လူကြီးမင်းဝူပိုလို့ပင်ထိတ်လန့်သွားရလေသည်။ ယခုအိုးမှာ တစ်ပုံစံတည်းတူသည့်ပုံတူပွားထားခြင်းမှန်သော်ငြား အတုကတော့အတုပင်ဖြစ်သည်။ သို့ပေမယ့် လမ်းတစ်ဝက်ရောက်နေမှတော့ ပြန်မလှည့်နိုင်ပေ။

လူကြီးမင်းဝူ ခနမျှတွေးတောနေလိုက်ပြီးနောက် ချန်တရုန်နှင့်ဆက်ပြီးရင်ဆိုင်ငြင်းဆိုရန် ပြင်ဆင်လိုက်သည်။

ကျန်းက ချန်တရုန်တောင်းသည့် လူကြီးမင်းဝူလက်မှတ်ထိုးထားခဲ့သည့်စာချုပ်ကိုယူဆောင်လာခဲ့ပေမယ့် ချန်တရုန်သည်တော့ချက်ချင်းဖွင့်မကြည့်သေးဘဲ ထိုအစား လူကြီးမင်းဝူကို တည်ငြိမ်စွာပြောလိုက်သည်,

"လူကြီးမင်းဝူ၊ ခင်ဗျားဘာကြောင့် ဒီနေ့ဒီလိုမျိုးလုပ်ရလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ခင်ဗျားအခုချိန်မှာရပ်လိုက်မယ်ဆိုရင်တော့ ဒီနေ့ကိစ္စကိုမရှိသလိုဟန်ဆောင်ပေးလို့ရပါတယ်။ အကယ်၍ ခင်ဗျားဘက်က ဆက်ပြီးငြင်းနေဦးမယ်ဆိုရင်တော့ ကျွန်တော်လဲဆက်ပြီးညှာတာနေတော့မှာမဟုတ်ဘူး။"

လူကြီးမင်းဝူသည် အရှက်ခွဲခံလိုက်ရသလိုခံစားလိုက်ရသည်။ သူသာအခုချိန်မှ နောက်ဆုတ်လိုက်လျှင် သူပစ္စည်းအတုပြုလုပ်ကာ ငွေညှစ်ရန်ကြိုးစားကြောင်း ဝန်ခံလိုက်သလိုဖြစ်သွားမည်ဖြစ်ကာ ပိုလို့ပင်ရှက်ဖို့ကောင်းလေသည်။ ထို့ကြောင့် လူကြီးမင်းဝူ ဒေါသတကြီးဖြင့်၊

"ချန်တရုန် ငါ့ကိုခနခနလာခြောက်လှန့်မနေနဲ့။ ငါဒီလက်ဖက်ရည်အိုးကို ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကပဲဝယ်ခဲ့တာ!"

လူကြီးမင်းဝူသည် သူ၏မကောင်းသည့်အကြံများ လူအများကြားတွင်ပေါ်ထွက်ကာ အဆုံးသတ်သွားရမည့်အဖြစ်ကို လျစ်လျူရှုကာ ဆက်လက်ငြင်းဆိုနေလေသည်။

"ကောင်းပြီလေ၊ ခင်ဗျားကဆက်ငြင်းနေမှတော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။" ချန်တရုန်ဆက်ပြီး လူကြီးမင်းဝူနှင့်ငြင်းခုန်စကားများကာ အချိန်မဖြုန်းလိုတော့ပေ၊

"တကယ်တော့၊ အရှင်းလင်းဆုံးသက်သေက ဒီအိုးနဲ့ ပုံထဲကအိုးရဲ့ကွာခြားချက်ကိုမဟုတ်ဘူး၊ ဘာလို့ဆို ဒီအိုးက အခုမှအသစ်စက်စက်လုပ်ထားပြီးစပဲ။ အိုးမှာ မီးခိုးနံ့တောင်မှမပျော်နေသေးဘူး!"

ထိုသို့ပြောနေရင်းဖြင့် ချန်တရုန် လူကြီးမင်းဝူကိုတည့်တည့်စိုက်ကြည့်လိုက်ကာ၊

"လူကြီးမင်းဝူ၊ ခင်ဗျားက တော်တော်လေးစိတ်မရှည်တတ်ဘဲ အရမ်းမိုက်မဲလွန်းတဲ့လူလို့ ကျွန်တော်တော့ထင်တယ်။"

ထိုစကားများကိုကြားတော့ ကြည့်ရှုနေသည့်လူအုပ်ကြီးမှာအံ့ဩသွားကြရကာ၊

"ဘာ? အတုကြီးလား?"

"ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်က ဒီလိုကိစ္စမျိုးမလုပ်လောက်မှန်းငါသိသားပဲ!"

"အဟုတ်ပဲ၊ လူကြီးမင်းဝူ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ချောက်ချဖို့ကြိုးစားတာတော်တော်လေးကို အရှက်မရှိတာပဲ။"

"ဟုတ်တယ်၊ ဟုတ်တယ်!"

လူအများစုသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ယုံကြည်ဖို့ရွေးချယ်လိုက်ကြပြီး ချန်တရုန်ကို အပြစ်တင်ကြတော့သည်။

"အဓိပ္ပါယ်မရှိလိုက်တာ!" လူကြီးမင်းဝူ ဒေါသတကြီးအော်ဟစ်လိုက်ပေမယ့် သူ၏စကားသံတွင် ယုံကြည်မှုများတော့ဖြင့် ပါဝင်မနေပေ။ ချန်တရုန် အခုလိုမျိုး အနံခံအာရုံကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အတိအကျပြောရလျှင်ဖြင့် အသစ်စက်စက်ပြုလုပ်ထားသည့် လက်ဖက်ရည်အိုးတွင် မီးခိုးနံ့စွဲနေလိမ့်မည်ဟု လူကြီးမင်းဝူမှာ သိပင်မသိထားပေ။

ချန်တရုန်သည်တော့ ဒေါသထွက်မနေဘဲ၊

"ခင်ဗျား ကျွန်တော်ပြောတာကိုမယုံဘူးဆိုရင် ဆရာကြီးကျိုးကို ဒီနေရာကိုလာခဲ့ဖို့ ခင်ဗျားဖိတ်လိုက်နိုင်ပါတယ်။"

ဆရာကြီးကျိုးဆိုသည်မှာ ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသည့် ကျွမ်းကျင်ရှေးဟောင်းပစ္စည်းစစ်ဆေးသူတစ်ဦးဖြစ်သလို ကျွမ်းကျင်သည့် လက်မှုပညာသည်တစ်ဦးလဲဖြစ်သည်။ လူတိုင်းသည ဆရာကြီးကျိုးကိုအလွန်လေးစားပြီး ဆရာကြီးကျိုးသည်လဲ ရိုးသားမှုကြောင့်နာမည်ကျော်ကြားလေသည်။ ထို့ကြောင့် ဆရာကြီးကျိုးသာဤနေရာသို့ရောက်ရှိလာခဲ့လျှင် လူများမှာ သူ့ကိုသာယုံကြည်ကြမည်ဖြစ်သည်။

ထိုစကားကိုကြားတော့ လူကြီးမင်းဝူအလွန်ထိတ်လန့်သွားခဲ့ကာ လက်ဖက်ရည်အိုးကိုပြန်ဆွဲလုရန်ကြိုးစားပေမယ့် ချန်တရုန်ကတားဆီးလိုက်ပေသည်။

လူကြီးမင်းဝူ၏အပြုအမူသည် သူ၏ကြိုတင်ကြံစည်မှုကို ဖော်ထုတ်ပြလိုက်သလိုပင်။

"ကျန်း၊ ရဲကိုခေါ်လိုက်!" ချန်တရုန်သည် ကြင်နာတတ်သည့်လူတစ်ဦးဖြစ်ပေမည့် သတ္တိနည်းသူတစ်ဦးတော့ဖြင့်မဟုတ်ပေ။ လူကြီးမင်းဝူက သူ့ကိုယ်သူအရှက်ရအောင်လူကြားထဲတွင် ငြင်းဆိုခဲ့မှတော့ဖြင့် ချန်တရုန်ဘက်ကလဲ ငဲ့ညှာပေးတော့မည်မဟုတ်ပေ။ ထို့အပြင် လူကြီးမင်းဝူသည် နောင်ဤသို့သောကိစ္စမျိုးထပ်မံမဖြစ်စေရန်အတွက် နမူနာကောင်းတစ်ခုလဲဖြစ်သွားမည်ဖြစ်သည်။

လူကြီးမင်းဝူချက်ချင်းပင် ချန်တရုန်ကို တောင်းပန်ခယကာ,

"လူကြီးမင်းချန်၊ ဒါတွေအားလုံးငါ့အမှားပါ။ ဒီတစ်ခေါက်တော့ ငါ့ကိုခွင့်လွှတ်ပေးပါနော်! ဒါမျိုးနောက်တစ်ခါထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်!"

သို့ပေမယ့် ချန်တရုန်သည်တော့ လူကြီးမင်းဝူ၏စကားများကို လျစ်လျူရှုထားလေသည်။ ချန်တရုန်၏အပြုအမူကိုမည်တော့ တောင်းပန်၍မရနိုင်တော့မှန်းသိပြီး လူကြီးမင်းဝူလွတ်မြောက်ဖို့ရန်ကြိုးစားလိုက်ပေမည့် ချန်တရုန်ကပြန်ဖမ်းမိသွားခဲ့ပေသည်။

"ချန်တရုန်၊ မင်းငါ့ကိုအခုချိန်လွှတ်ပေးလိုက်တာပိုကောင်းမယ် မဟုတ်ရင် ငါ့ယောက်ဖဝမ်းကွဲက မင်းကိုလက်စားပြန်ချေလိမ့်မယ်!" မလွတ်မြောက်နိုင်သည့်အဆုံး လူကြီးမင်းဝူခြိမ်းခြောက်သည့်နည်းကိုအသုံးပြုတော့သည်။ လူကြီးမင်းဝူ၏ယောက်ဖဝမ်းကွဲသည် ဒီရှေးဟောင်းလမ်းထဲတွင်ပင် တည်ရှိသည့် ကူယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ သူဌေးဖြစ်ပြီး နာမည်မှာတော့ ကျန်းဟုန်ချန်းဖြစ်သည်။ လူကြီးမင်းဝူ ကျန်းဟုန်ချန်းကို ထည့်သွင်းပြောဆိုလာသည့်အချိန်တွင်တော့ လူကြီးမင်းဝူ၏ကြိုတင်ကြံစည်မှုနောက်ကွယ်က မကောင်းသည့်ရည်ရွယ်ချက်များကို လူအများလဲ စတင်သတိထားလာမိကြတော့သည်။

ကူယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှင့်သိပ်မဝေးသည့်နေရာတွင်ပင်ရှိလေသည်။ ကူယွင်ရှေးဟောင်းပစ္စည်းဆိုင်သည်လည်း နာမည်ကြီးသော်လည်း ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှင့်တော့ မယှဉ်နိုင်ပေ။ ထို့ကြောင့်ပင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည် အမြဲလိုလို ကူယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ပြိုင်ဘက်ဖြစ်သွားလေတော့သည်။ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်၏ယခင်သူဌေးသည် ရှေးဟောင်းအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ယောက်ဖြစ်သောကြောင့် ကျန်းဟုန်ချန်းတွင်လဲ အင်အားကြီးနောက်ခံရှိသော်လည်း သူ့ကိုပြဿနာမရှာရဲပေ။ သူသည်လဲ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဟိုးအရင်ကတည်းက ရန်ငြိုးထားကြံစည်နေခြင်းဖြစ်သည်။

သို့ပေမယ့် အခုချိန်တွင်တော့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တွင် ဘော့စ်အသစ်ဖြစ်သွားပြီဖြစ်သည်။ ကျန်းဟုန်ချန်းသည်လဲ ဆိုင်ပိုင်ရှင်အသစ်မှာ မိန်းမငယ်လေးတစ်ဦးဖြစ်မှန်းသိထားပြီးဖြစ်သောကြောင့် သူ့အနေဖြင့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဖျက်ဆီးပစ်ရန်မစောင့်နိုင်တော့ပေ။

"ဒါဆိုလဲ ကြိုဆိုပါတယ်။" ချန်တရုန်သည် လုံးဝကြောက်မနေပေ။

"မင်း..." လူကြီးမင်းဝူအလွန်ဒေါသထွက်သွားတော့သည်။

မကြာခင်တွင်ပင် ရဲများရောက်ရှိလာကာ လူကြီးမင်းဝူကိုဆွဲခေါ်သွားတော့သည်။ လူအုပ်ကြီးသည်လဲ မကြာခင်တွင်ပင် လူအုပ်ခွဲသွားကြပြီး ကုနင်းသည်တော့ထိုလူအုပ်ကြီးကုန်သွားပြီးကာမှ အထဲဝင်လာခဲ့လေသည်။

ကုနင်းဝင်လာသည်ကိုမြင်သည်နှင့် ချန်တရုန်ချက်ချင်းပင် သူမကိုထွက်ကြိုလိုက်သည်။

"မင်္ဂလာပါ,ဘော့စ်!"

***

အခန်း ၃၄၀

ဆရာကြီးရွှီနှင့်မိတ်ဆွေဖွဲ့ခြင်း

"ဟိုင်း၊ ကျွန်မ ရှေးဟောင်းပစ္စည်းအစစ်နည်းနည်းလောက်ဝယ်လာခဲ့တယ်။" ကုနင်းပြောလိုက်သည်။ ကုနင်း အစောတုန်းကဖြစ်ပျက်ခဲ့သည့်အကြောင်းကိုစကားမစခဲ့ပေမယ့် ချန်တရုန် ကိုင်တွယ်ခဲ့သည့်ပုံစံကိုအလွန်စိတ်တိုင်းကျလို့နေသည်။

"ရှေးဟောင်းပစ္စည်းအစစ်?"

"ရှေးဟောင်းပစ္စည်းအစစ်?"

ကုနင်းစကားဆုံးသွားသည်နှင့် တစ်ချိန်တည်းတွင်ပင် အံ့အားသင့်နေသည့်အသံနှစ်သံထွက်ပေါ်လာခဲ့သည်။ တစ်သံမှာ ချန်တရုန်ထံမှဖြစ်ပြီး တခြားအသံသည်တော့ တံခါးအပြင်ဘက်မှထွက်ပေါ်လာခြင်းဖြစ်လေသည်။

ကုနင်းနှင့်ချန်တရုန် နှစ်ယောက်လုံး အပြင်ဘက်မှအသံလာရာဘက်ကိုကြည့်လိုက်မိကြသည်။ ထိုအသံပိုင်ရှင်မှာတော့ အသက်၇၀အရွယ်မျှရှိသည့်အဖိုးကြီးတစ်ဦးဖြစ်ကာ သူ့နောက်တွင်လဲ သက်တော်စောင့်နှစ်ဦးပါလေသည်။ ထိုလူကိုမြင်လိုက်သည်နှင့် ချန်တရုန်ချက်ချင်းပင် လေးလေးစားစားဖြင့်သွားရောက်ကြိုဆိုနှုတ်ဆက်လိုက်လေသည်။

"ဆရာကြီးရှု၊ တွေ့ရတာဝမ်းသာပါတယ်၊ ဆရာကြီးကတော့အမြဲတမ်းအားအင်အပြည့်ပဲနော်!"

"ငါ့ကို မြှောက်ပင့်မနေနဲ့တော့။ ဒီကိုစုဆောင်းဖို့အတွက် ပစ္စည်းကောင်းလေးတွေရှိမလားလာကြည့်တာ။ မိန်းကလေး၊ မင်းအစောက ရှေးဟောင်းပစ္စည်းအစစ်တွေရှိတယ်လို့ပြောလိုက်တယ်မလား။ စိတ်မရှိရင် ငါ့ကိုတစ်ချက်လောက်ပြကြည့်ပါလား?" ဆရာကြီးရှု အလျင်အမြန်ပင် ကုနင်းထံသွားလိုက်ကာ အလောတကြီးပြောလိုက်သည်။

ဆရာကြီးရှြသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်အဟောင်းနှင့် ဆက်ဆံရေးကောင်းမွန်လေသောကြောင့် ချန်တရုန်သည်လဲ သူနှင့်အလွန်ရင်းနှီးလှပေသည်။ ဆရာကြီးရှုသည် ရှေးဟောင်းပစ္စည်းစွဲလမ်းသူတစ်ဦးအဖြစ် ဒီရှေးဟောင်းလမ်းတခွင်တွင် နာမည်ကြီးလေသည်။

ကုနင်း နူးနူးညံ့ညံ့ပင်ပြုံးပြလိုက်ကာ၊

"ရတာပေါ့၊ ကျွန်မနောက်လိုက်ခဲ့ပေးပါ၊ ဆရာကြီးရှု။"

ထို့နောက် ကုနင်း ဆရာကြီးရှုကို နားနေခန်းဘက်သို့လမ်းပြခေါ်ဆောင်သွားလိုက်သည်။ နားနေခန်းထဲတွင် သူတို့သုံးဦးထိုင်ပြီးသွားသည်နှင့် ကုနင်း သူမ၏ခရီးဆောင်အိတ်ကိုဖွင့်လိုက်ကာပြီး ရှေးဟောင်းပစ္စည်းများကိုထုတ်ပြလိုက်လေသည်။

ထိုထဲတွင် သတ္ထုစပ်ပစ္စည်း၅မျိုးရှိကာ သတ္ထုစပ်ဓားမြှောင်၊ သတ္ထုစပ်လှံသွားနှင့် အခြားပစ္စည်းများပါဝင်လေသည်။ သတ္ထုစပ်ပစ္စည်းများတင်မဟုတ်ဘဲ ကြွေပန်းကန်ပြား၊ နဂါးနှင့်ဖီးနစ်ငှက်ပုံစံပါသည့် ကြွေပန်းကန်လုံး၊ ချုံးကျန်းဖြူပြာစပ်စုတ်တံထည့်ခွက် စသည့် တခြားသော ရှေးဟောင်းပစ္စည်းများမျိုးလဲပါရှိသေးသည်။

ချန်တရုန်ရော ဆရာကြီးရှုပါ ရှေးဟောင်းပစ္စည်း၁၀မျိုးကိုတွေ့လိုက်ရချိန်တွင် ထိတ်လန့်အံ့ဩသွားကြရသည်။

"ဘော့စ်၊ ဒါတွေအားလုံးက ရှေးဟောင်းပစ္စည်းအစစ်တွေလား?" ချန်တရုန်မေးတော့မေးလိုက်ပေမယ့် သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်ရိပ်များထင်ဟပ်လိုက်နေသည်။ ယခုဖြစ်ရပ်သည် အမှန်ဟုယုံကြည်ဖို့ရန်မှာအတော်လေးမဖြစ်နိုင်သည့်ကိစ္စပင်။

ယခုချပြလိုက်သည့် ရှေးဟောင်းပစ္စည်း၁၀မျိုးသည် ကုနင်းယခုလက်ရှိအထိ ရှိထားသမျှရှေးဟောင်းပစ္စည်းများထဲ၌ ဈေးအကြီးဆုံးပစ္စည်းများထဲတွင် မပါနေသေးသော်လည်း ချန်တရုန်၏အမြင်တွင်တော့ တကယ့်ကိုတန်ဖိုးကြီးများပြားလွန်းလှပေသည်။ မည့်သည်ပစ္စည်းတစ်မျိုးလျှင်မဆို အနည်းဆုံးယွမ်သန်းကျော်တန်ဖိုးရှိလေသည်။

ဆရာကြီးရှုသည်တော့ ချန်တရုန်ထက်ပင် ကုနင်းကိုပိုလို့မယုံကြည်နိုင်သေးပေ။ သူနှင့် ကုနင်းမှာ ယခုမှစတင်တွေ့ဖူးကြခြင်းဖြစ်သောကြောင့် ကိုယ်တိုင်စစ်ဆေးကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။

"ငါ့ကို အခုချက်ချင်းစစ်ဆေးတဲ့ပစ္စည်းယူပေး!"ဆရာကြီးရှု ချန်တရုန်ကို အလောတကြီးပြောလိုက်သည်။

ချန်တရုန်သည်လဲ ချက်ချင်းပင် ကောင်တာရှိစစ်ဆေးသည့်ကိရိယာကို သွားယူပေးလိုက်တော့သည်။ ထို့နောက်တွင်တော့ ဆရာကြီးရှု ရှေးဟောင်းပစ္စည်းကို စစ်ဆေးကြည့်ရှုရာတွင် ဈာန်ဝင်သွားကာ ချန်တရုန်သည်လဲ အတူတကွစစ်ဆေးကြည့်နေလေသည်။ ရှေးဟောင်းပစ္စည်းမြတ်နိုးသူများအဖို့ စိတ်လှုပ်အရှားရဆုံးအခိုက်အတန့်သည်ကား ရှေးဟောင်းပစ္စည်းကို တန်ဖိုးဖြတ်စစ်ဆေးချိန်ဖြစ်ပြီး ထိုပစ္စည်းမှာ သူတို့ပိုင်ဆိုင်သောအရာမဟုတ်လျှင်တောင်မှ အလွန်စိတ်လှုပ်ရှားနေစဲဖြစ်သည်။

"ဒါအစစ်ပဲ!" ပထမဆုံးရှေးဟောင်းပစ္စည်းတစ်ခုကိုစစ်ဆေးပြီးသည်နှင့် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဆရာကြီးရှုဆိုလာခဲ့သည်။

ထို့နောက်ဆက်လက်ပြီး ကျန်ပစ္စည်းများကိုဆက်တိုက် ဆရာကြီးရှနှင့် ချန်တရုန်တို့ဆက်လက်စစ်ဆေးကြကာ ပို၍ပို၍ပင်စိတ်လှုပ်ရှားပျော်ရွှင်နေကြတော့သည်။

ပစ္စည်း၁၀မျိုးလုံးကို စစ်ဆေးတန်ဖိုးဖြတ်ပြီးသွားချိန်တွင်တော့ ဆရာကြီးရှု ထိုပစ္စည်းများကို ညွှန်ပြရင်း ကုနင်းကိုမေးလိုက်သည်။

"မိန်းကလေး၊ ဒီပစ္စည်းတွေရဲ့ဈေးနှုန်းကဘယ်လောက်လဲ?" ရှေးဟောင်းပစ္စည်းအစစ်ရရှိရန်မှာ ခက်ခဲလှသော်လည်း လူအများတွင် ရှေးဟောင်းပစ္စည်းစုဆောင်ရာ၌ ကိုယ့်အကြိုက်နှင့်ကိုယ်ရှိကြသောကြောင့် ဆရာကြီးရှုသည်လဲ သူနှစ်သက်သည့်ပစ္စည်းကိုသာဝယ်ယူမည်ဖြစ်သည်။

"ဆရာကြီးရော ဘယ်လောက်တန်ဖိုးရှိမယ်လို့ထင်ပါလဲ?" ကုနင်း ဆရာကြီးရှုကိုပြန်မေးလိုက်သည်။ ရှေးဟောင်းပစ္စည်းများတွင် တိကျသည့်ဈေးနှုန်းသတ်မှတ်ချက်မရှိဘဲ ခန့်မှန်းခြေဈေးနှုန်းသာရှိလေသည်။

"ငါ့ရဲ့အတွေ့အကြုံအရတော့ ဒီပစ္စည်းတစ်မျိုးကို ယွမ်၃သန်းလောက်တန်တယ်။ မင်း ဒီပစ္စည်းတွေကို တစ်မျိုးကိုယွမ်၃သန်းနဲ့ရောင်းပေးချင်လား?" ဆရာကြီးရှုမေးလိုက်သည်။ ဆရာကြီးရှု ကုနင်းကိုပေးသည့်ဈေးနှုန်းမှာ သင့်လျော်ပေသည်။

"ဒီပစ္စည်းအားလုံးကိုမှ ကျွန်မကိုယွမ်၈သန်းပဲပေးပါ။" ကုနင်းအနေနှင့် ထိုပစ္စည်းတစ်ခုကို ယွမ်ထောင်ကျော်မျှသာပေးခဲ့ရခြင်းဖြစ်သောကြောင့် အမြတ်အများကြီးရဖို့ရန် စိတ်ကူးမနေပေ။

ထိုစကားကိုကြားတော့ ဆရာကြီးရှု အံ့အားသင့်သွားကာ၊

"တကယ်လား? ဒီအရောင်းအဝယ်က အမြတ်ရတယ်လို့မင်းထင်နေတာလား?"

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ဝယ်သည်အထိ ကုနင်းအလွန်ချမ်းသာသည်ဆိုသော်လည်း သူမသည် စီးပွားရေးသမားတစ်ဦးသာဖြစ်လေသည်။ စီးပွားရေးသမားတစ်ဦးအတွက် အရေးအကြီးဆုံးမှာ အမြတ်ရရှိဖို့ရန်သာဖြစ်လေသည်။

"ရတာပေါ့။ ပြီးတော့ ကျွန်မက ဆရာကြီးရှုနဲ့မိတ်ဆွေဖွဲ့ချင်တာ။ ကျွန်မအရမ်းငယ်ရွယ်နေတာကိုတော့ စိတ်ထဲမထားပါနဲ့နော်။" ဆရာကြီးရှုမှာ အင်အားကြီးမိသားစုတစ်ခုကဖြစ်လောက်မှန်း ကုနင်းနားလည်ပြီးဖြစ်ကာ သူနှင့်မိတ်ဆွေဖြစ်သွား၍ သူမအတွက်ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်ပေ။

"ဟ-ဟ၊ ဟ-ဟ၊ ကောင်းတယ်။ ငါမင်းရဲ့ပုံစံကိုသဘောကျတယ်!" ဆရာကြီးရှု ရယ်မောလိုက်ကာ သဘောတူလိုက်သည်။ ကုနင်းသည် အတော်လေးငယ်ရွယ်လွန်းသည့်မိန်းကလေးတစ်ဦးဆိုသော်လည်း ရင့်ကျက်တည်ငြိမ်သောကြောင့် ဆရာကြီးရှုအတွက် အမြင်ကောင်းတစ်ခုရှိသွားစေသည်။ ဆရာကြီးရှုမှာ ကုနင်း၏အရည်အချင်းကိုသဘောကျကာ သူမအကြောင်းလဲပိုလို့သိချင်မလေသည်။

"ကောင်းပြီလေ၊ ငါကပုံမှန်ဆို ကြွေထည်တွေကိုပဲသဘောကျတာ၊ ဒါပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်ကတော့ သတ္ထုစပ်ကိုကြိုက်တယ်။ ငါအခုပဲသူ့ကိုဖုန်းဆက်ပြီး ဒီကိုလာခဲ့ဖို့ပြောလိုက်မယ်။" ဆရာကြီးရှုသည် အခုပင်ကုနင်းနှင့်မိတ်ဆွေဖြစ်သွားပြီဖြစ်ကာ ကုနင်းကို တခြားဖောက်သည်များရရှိအောင် အလွန်ကူညီချင်လာသည်။

"ကျေးဇူးအများကြီးတင်ပါတယ်!"

"ရပါတယ်၊ ရပါတယ်။" ဆရာကြီးရှု ချက်ချင်းပင် သူ့သူငယ်ချင်းဆိုသူကို ဖုန်းဆက်လိုက်တော့သည်။ သို့ပေမယ့် ဆရာကြီးရှုဘက်မှ မည့်သည့်စကားမှမပြောရသေးခင်တွင်ပင်၊

"ဟေ့၊ မင်းမြို့တော်ကိုပြန်ရောက်နေပြီလား?"

"ဟုတ်တယ်၊ ငါအခုပဲပြန်ရောက်တာ ပြီးတော့ အခု ရှေးဟောင်းလမ်းကိုရောက်နေတယ်။ မင်းသတ္ထုစပ်ကိုကြိုက်တယ်မဟုတ်လား? ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်မှာ သတ္ထုစပ်ပစ္စည်းတွေအများကြီးရောက်နေတယ်။ လာကြည့်ကြည့်လှည့်!"

"ဘာ?" တစ်ဖက်မှအဖိုးကြီးလဲ သိသိသာသာပင်စိတ်လှုပ်ရှားသွားဟန်ပေါက်ကာ၊

"ငါအခုချက်ချင်းလာခဲ့မယ်! စောင့်နေဦး"

ဆရာကြီးရှု၏ သူငယ်ချင်းမှာလာနေပြီဖြစ်သည်။ ကုနင်းသည် ဘော့စ်တစ်ဦးဖြစ်သောကြောင့် ချက်ချွင်းထွက်သွားလို့မဖြစ်သေးပေ။ ထို့ကြောင့် လင်ရှောင်းထင်ကို စာပို့ကာ နည်းနည်းပိုကြာဦးမည်ဖြစ်သည့်အကြောင်းပြောလိုက်သည်။

ကုနင်းသည် သူမ၏စီးပွားရေးကိစ္စဖြင့် အလုပ်များနေခြင်းဖြစ်သောကြောင့် လင်ရှောင်းထင်အနေဖြင့် သူမကိုစောင့်ရခြင်းအပေါ် စိတ်ခုမည်မဟုတ်ပေ။

မိနစ်၄၀မျှကြာပြီးနောက်တွင်တော့ ဆရာကြီးရှု၏သူငယ်ချင်းမှာရောက်ရှိလို့လာခဲ့ပေသည်။ ဆိုင်ထဲသို့ရောက်ကာ အခန်းထဲပင်မဝင်ရသေးခင်တွင်ပဲ သံကျယ်ကြီးဖြင့် ဆရာကြီးရှကိုခေါ်လိုက်သည်၊

"အဖိုးကြီးရှု!"

"ဒီကိုလာခဲ့!" ဆရာကြီးရှု လှမ်းခေါ်လိုက်ပြီးနောက် အသက်၇၀အရွယ်လောက်ရှိသည့် အဖိုးကြီးတစ်ဦးချက်ချင်းပင် ဝင်လာခဲ့သည်။

လင်ရှောင်းထင်သာ ဆိုင်ထဲတွင်ရှိနေမည်ဆိုလျှင် ထိုအဖိုးကြီးမှာ နိုင်ငံရှေးဟောင်းအဖွဲ့အစည်း၏ခေါင်းဆောင်ဟောင်းဖြစ်သည့် ကျန်းကျုံးယွီမှန်း ချက်ချင်းမှတ်မိနေမည်ဖြစ်သည်။ သို့ပေမယ့် ကုနင်းသည်တော့ ကျန်းကျုံးယွီကိုမသိပေ။ ကျန်းကျုံးယွီ၏နောက်တွင်လဲ ဆရာကြီးရှကဲ့သို့ သက်တော်စောင့်၂ဦးလိုက်ပါလာလေသည်။

ရှေးဟောင်းလောကရှိ လူအများစုသည် ကျန်းကျုံးယွီကိုသိထားကြသောကြောင့် ကျန်းကျုံးယွီ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ထဲသို့ဝင်သွားသည်ကိုတွေ့၍ အားလုံးအံ့အားသင့်ကုန်ကြပြီး ကျန်းကျုံးယွီဝင်သွားပြီးသည်နှင့် သူ့နောက်မှ လူအများအပြားလိုက်ပါလာကြတော့သည်။

All Chapters