← Chapters

အခန်း (၃၅၁-၃၅၅)

Vol. 24 Ch. 351-355

အခန်း (၃၅၁-၃၅၅)

Vol. 24 Ch. 351-355

အခန်း ၃၅၁

သူတို့နဲ့ခံရသင့်တယ်!

ယန်ကျန်းလင် ရှောင်းချန်းချွန်းအား သူပြစ်မှုသက်သေများရထားပြီဖြစ်ကြောင်း ပြောပြလိုက်ကာ ကုနင်းလွှဲအပ်လာခြင်းဖြစ်သည်ဆိုသည့်အချက်ကိုတော့ဖြင့် မဖုံးကွယ်ထားလိုက်နိုင်ပေ။

ထိုသက်သေများအား ကုနင်းက ယန်ကျန်းလင်ကို လွှဲပြောင်းပေးလာခြင်းဖြစ်သည်ဆိုသည့်အချက်ကို ကြားလိုက်ရချိန်တွင်တော့ ရှောင်းချန်ချွန်းပိုလို့ပင် ထိတ်လန့်အံ့ဩသွားရသည်။ ကုနင်းသည် သူရော ယန်ကျန်းလင်ကိုပါ အန္တရာယ်ကြားမှကယ်တင်ပေးခဲ့ခြင်းဖြစ်ပေမယ့် အခုတော့ အရေးကြီးသက်သေများကိုပါ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရှောင်းချန်းချွန်းသူမကို အလွန်လေးစားမိသွားရသည်။

"ဘုရင်ခံရှောင်း၊ ကုနင်းက ဟုန်ယွမ်လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုတချို့တလေကို ဝယ်ချင်နေတယ်။ ပြီးတော့ကျွန်တော်လဲ သူ့ကို တခြားဘယ်သူမှမဦးသွားခင်ရအောင်လုပ်ပေးပါ့မယ်လို့ ကတိပေးလိုက်တယ်။ ဈေးနှုန်းကတော့ သူကျွန်တော်တို့အတွက် ဒီလောက်အခွင့်ကောင်းကြီးကိုတောင် ဖန်တီးပေးထားတာဆိုတော့ အတက်နိုင်ဆုံးလျှော့ပေးကြရင်ဘယ်လိုလဲ?" ယန်ကျန်းလင်မေးမြန်းလိုက်သည်။

"ဘာ? သူက ဟုန်ယွမ်လုပ်ငန်းစုရဲ့ပိုင်ဆိုင်မှုအချို့ကိုဝယ်ချင်နေတယ်?" ရှောင်းချန်းချွန်းသည်လဲ ယန်ကျန်းလင်လိုမျိုး ထိုသတင်းကိုကြားလိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားရသည်။

"ဟုတ်ပါတယ်၊ သူ့မှာ ပိုက်ဆံအလုံအလောက်ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်က ဈေးနိမ့်နိမ့်နဲ့ရအောင်သွားအောင် လုပ်ပေးတာပိုကောင်းလိမ့်မယ်ထင်လို့ပါ။"

"ကိစ္စမရှိဘူး၊ ငါတို့အတတ်နိုင်သမျှ ဈေးအနိမ့်ဆုံးနဲ့ရသွားအောင် လုပ်ပေးတာပေါ့။"

ဒေဝါလီခံသွားရသည့်ကုမ္ပဏီအားလုံးသည် အသိမ်းခံရမည်ဖြစ်ကာ အစိုးရဘက်က ထိုကုမ္ပဏီ၏ပိုင်ဆိုင်မှုများကို ကိုယ်တွယ်ဖြေရှင်းခွင့်ရှိပေမယ့် လာဘ်ထိုးထားသည်ဟုသံသယအဝင်ခံရနိုင်သောကြောင့် ဈေးမတန်တဆလျှော့ပြီးရောင်းခွင့်မရှိပေ။

"ငါတို့အခုပဲ သက်သေတွေကို သေချာစီမံရမယ်။" ရှောင်းချန်းချွန်းကပြောလိုက်သည်။

အခုကိစ္စသည် ပြန်လည်ရွေးကောက်ပွဲအတွက် အဓိကသော့ချက်ဖြစ်သောကြောင့် လျှိုရှီခွန်း၏နောက်ကွယ်မှအထက်လူကြီးသည်တော့ သူ့လမ်းကြောင်းကိုပါထိခိုက်မည်စိုး၍ ဝင်မပါရဲပေ။

အခုချိန်ထိတော့ လျှိုရှီခွန်း၏နောက်ခံအထက်လူကြီးကိုပါ မဖြုတ်ချနိုင်သေးသော်လည်း သူတို့၏နိုင်ငံရေးရန်ဘက်များကိုရသလောက်ဖြုတ်ချပစ်ဖို့ရန် မစောင့်နိုင်တော့ပေ။ ထို့အပြင် သက်သေများကိုထုတ်မပြခင် သေချာပြင်ဆင်ထားဖို့ရန်လဲလိုအပ်သေးပေသည်။ ကြည့်ရတာတော့ လျှိုရှီခွန်းတို့အဖွဲ့ ဒီနှစ်၏နှစ်သစ်ကို ပျော်ရွှင်နိုင်ကြတော့မည်မဟုတ်ပေ။

ရေပြာအိုင်သို့ပြန်လာသည့်လမ်းတွင် တက္ကစီက ကလပ်တစ်ခု၏ရှေ့မှဖြတ်သွားရပြီး ထိုကလပ်၏အပြင်ဘက်တွင် လူနာတင်ယာဉ်တစ်စီးရပ်ထားသည်ကို ကုနင်းသတိထားမိလိုက်သည်။ သူမချက်ချင်းပင် ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ထိုနေရာတွင်ဘာတွေဖြစ်သွားကြောင်းကို လှမ်းအကဲခတ်လိုက်ပေသည်။ သို့ပေမယ့် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကုနင်းအလွန်ထိတ်လန့်သွားရသည်။ ထိုကလပ်အတွင်းမှ အမျိုးသမီး၂ဦးကို ဆေးဘက်အကူများမှ သယ်ထုတ်လာသည်ကို ကုနင်းမြင်လိုက်ရပြီး ထိုထဲမှတစ်ဦးသည်က လီကျန်းကျန်းပင်ဖြစ်လေသည်။ ကုနင်းအခုလိုသူမကိုထပ်၍မမြင်တွေ့ရသေးခင်အထိ လီကျန်းကျန်းကို မေ့နေခဲ့ပေသည်။ လီကျန်းကျန်း၏ခေါင်းတွင် သွေးများရှိနေပြီး သူမ၏ခန္ဓာကိုယ်သည်လဲ အကြောဆွဲသကဲ့သို့ဖြစ်နေလေသည်။

ကုနင်းတက္ကစီယာဉ်မောင်းအား ရပ်ခိုင်းလိုက်ပြီး ထိုနေရာသို့သွားကြည့်ရန် လျှောက်သွားလိုက်ပေမည့် လီကျန်းကျန်းကိုကယ်ရန်သွားခြင်းတော့မဟုတ်ပေ။ သူတို့သည် ရန်ဘက်များသာဖြစ်ကြပေသည်။ ထို့ကြောင့် ကုနင်းအနေဖြင့် ပျော်စရာတစ်မျိုးလောက်ကိုကြည့်ချင်ရုံလောက်သာဖြစ်သည်။ ကုနင်း တက္ကစီယာဉ်မောင်းအား ယွမ်၁ရာပေးလိုက်ပြီး ပြန်မအမ်းတော့ရန်ပြောလိုက်သည်။ တက္ကစီယာဉ်မောင်းသည်လဲ အခုလိုမျိုးရက်ရောလွန်းသည့်ခရီးသည်မျိုးကို တွေ့ရခဲ၍ ပိုလို့ပင်လက်ခံချင်နေသေးသည်။

ကုနင်းထိုနေရာသို့သွားလိုက်ချိန်တွင်တော့ လူအုပ်ကြီး၏ဆွေးနွေးပြောဆိုနေကြသံများကိုကြားလိုက်ရသည်။

"ဒီမှာဘာတွေဖြစ်သွားတာလဲ?" တစ်စုံတစ်ဦးက မေးမြန်းလိုက်ခြင်းပင်။

"ငါကြားတော့တော့ ဒီအမျိုးသမီး၂ယောက်က အမျိုးသားတစ်ယောက်အတွက်နဲ့ရန်ဖြစ်ကြတာတဲ့။ တစ်ယောက်တော့ မျက်နှာကို အခြစ်ခံလိုက်ရပြီး နောက်တစ်ယောက်ကတော့ ခေါင်းကိုဘီယာပုလင်းနဲ့အရိုက်ခံလိုက်ရတာ။"

"ယောက်ျားတစ်ယောက်အတွက်နဲ့? သူတို့က ဒီလိုမျိုးလုပ်တယ်ပေါ့?" ထိုတစ်စုံတစ်ဦး အထင်သေးဟန်ဖြင့်ပြောလိုက်သည်။ သူတို့ဒဏ်ရာရခြင်းက ထိုကိစ္စအတွက်ကြောင့်သာဆိုလျှင် မည်သူမျှသူတို့ကိုသနားပေးကြမည်မဟုတ်ပေ။

"ဒီလောက်မရိုးရှင်းဘူး! သူတို့ကမူးယစ်ဆေးသုံးထားပြီး ခံစားချက်တွေကိုမထိန်းချုပ်နိုင်ကြလို့ အခုလိုအပြင်းအထန်ရန်ဖြစ်ကြရတာပဲ။"

"အိုး!"

"သူတို့အခုလိုခံရတာနည်းတောင်နည်းသေးတယ်လို့ထင်တယ်! သူတို့က အလုပ်မရှိအကိုင်မရှိ လျှောက်သွားပျော်ပါးနေရုံမက မူးယစ်ဆေးတောင်သုံးလိုက်ကြသေးတယ်။ ငါကတော့ မသနားဘူး။"

"ငါရောပဲ မသနားဘူး။"

အကြောင်းအရင်ကိုကြားလိုက်ရတော့ မည်သူမျှ သနားသည့်အမူအရာမပေါ်နေကြတော့ပေ။

ကုနင်းသည်လဲ သေချာပေါက် သူတို့ကိုကူညီပေးဖို့ရန် ရည်ရွယ်ချက်မရှိပေ။ သူမဘေးနားကနေသာ လူနာတင်ယာဉ်ထွက်သွားသည်ကိုကြည့်နေလိုက်သည်။ မကြာခင်တွင်ပဲ လီမိသားစုသည် ဆေးရုံမှနေ ဖုန်းလက်ခံရရှိကာ အလျင်အမြန်ပင် ဆေးရုံသို့လိုက်သွားကြတော့သည်။

ကုနင်း သူမ၏တိုက်ခန်းသို့ပြန်ရောက်လာချိန်တွင်တော့ ကုမန့်ထံမှဖုန်းဝင်လာကာ သူမအိမ်ပြန်လာတော့မလားဆိုသည်ကိုမေးလေသည်။ ကုနင်း အိမ်မှထွက်သွားသည်မှာ ဆောင်းရာသီအားလပ်ရက်အစထဲမှဖြစ်ကာ အခုဆိုလျှင်လဝက်ပင်ရှိပြီဖြစ်သောကြောင့် ကုမန့်အနေဖြင့် ကုနင်းကိုစိုးရိမ်နေပြီဖြစ်သည်။

"သန်ဘက်ခါလောက်တော့ ပြန်လာဖြစ်လောက်မှာပါ!"

"အမေရော၊ အလှပြင်ဆိုင်လုပ်ရတာဘယ်လိုနေလဲ?"

"မဆိုးပါဘူး၊ အရင်လဝက်ကတည်းက ကုမိသားစုက ပြဿနာလာမရှာကြတော့ဘူး။"

"ကောင်းတာပေါ့။"

"နင်းနင်း, အမေသမီးဆီကအကြံတစ်ခုလောက်လိုချင်လို့။"

"နှစ်သစ်ကူးပွဲတော်က ရောက်တော့မှာဆိုတော့ အမေတို့အစီစဉ်တစ်ခုကိုသုံးရက်လောက်ကျင်းပမလားလို့။ ပုံမှန်ဆိုရင်တော့ တခြားလူတွေက သူတို့ဖောက်သည်တွေကို လျှော့ဈေးပေးတာတို့ လက်ဆောင်ပေးတာတို့လုပ်ကြပေမယ့် အမေကတော့ အဲ့အတိုင်းက အရင်းရိုးလွန်းနေလာလို့။ သမီးမှာရော အကြံပေးစရာမရှိဘူးလား?"

ကုနင်း ခနလောက်တွေးကြည့်လိုက်ပြီးတော့မှ,

"သမီးအနေနဲ့ကတော့၊ အရင်ဆုံး ဗီအိုင်ပီဖောက်သည်အားလုံးကို ယွမ်၂ရာ ဒါမှမဟုတ် ၃ရာတန်လက်ဆောင်အသေးလေးတွေပို့ပေးမယ်၊ ဒုတိယအနေနဲ့ ဗီအိုင်ပီအဖွဲ့ထဲမှာရှိနေတဲ့ ဖောက်သည်အားလုံး ဒါမှမဟုတ် အဖွဲ့ဝင်အသစ်တွေကို အစီအစဉ်ရက်တွေမှာ လျှော့ဈေးပေးမလားလို့ လျှော့ပေးမယ့်ပမာဏကိုတော့ အမေတို့ပဲဆုံးဖြတ်လိုက်ပေါ့။ နောက်ဆုံးတစ်မျိုးကတော့ ဖောက်သည်အသစ်တွေအားလုံးကို ကံစမ်းမဲအစီအစဉ်မှာပါခွင့်ပေးတာပဲ။ သမီးတို့ဘက်က အနိုင်ရသူသုံးယောက်ရွေးပြီးတစ်ယောက်စီတိုင်းကို JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားတစ်ခုစီဆုအဖြစ်ပေးကြတာပေါ့။"

"ဘာ? JadeBeautyလက်ဝတ်ရတနာဆိုင်က ကျောက်စိမ်းဆွဲပြားတစ်ခုစီ, ဟုတ်လား? အရမ်းဈေးကြီးလွန်းတယ်! အဲ့ဒီ့ဆိုင်ရဲ့ဈေးအနည်းဆုံးယွမ်၁သိန်းကျော်တာကို!" ကုမန့် အံ့အားသင့်သွားလေသည်။ သူတို့သာ ကျောက်စိမ်းဆွဲပြားကို ဆုအဖြစ်သုံးမည်ဆိုလျှင် အလွန်ကုန်ကျမည်ဖြစ်သည်။

"အမေ, အခုတစ်ယောက်တည်းလား?" ကုနင်းမေးလိုက်ကာ သူမပုံစံမှာ အရေးကြီးကိစ္စတစ်ခုကိုပြောတော့မည့်ပုံပင်။

"ဟုတ်တယ်, အခုအိမ်မှာတစ်ယောက်တည်းပဲ။"

"အမေ၊ သမီးအမှန်အတိုင်းပြောရရင်၊ JadeBeautyလက်ဝတ်ရတနာဆိုင်က သမီးရဲ့ဆိုင်ပဲ၊ ဒါကြောင့် လက်ဝတ်ရတနာအားလုံးကို အလကားယူလို့ရတယ်။ မစိုးရိမ်ပါနဲ့၊ သမီးတို့ဘက်က ငွေဆုံးရှုံးစရာမရှိပါဘူး။ ပြီးတော့ ဈေးကြီးတဲ့ဆုကြေးနဲ့ဆိုရင် နောက်ထပ်ဖောက်သည်တွေအများကြီးကိုလဲ ဆွဲဆောင်နိုင်သွားပြီးသားဖြစ်လိမ့်မယ်။"

ကုနင်း Gမြို့တွင် လက်ဝတ်ရတနာဆိုင်တစ်ခုလုပ်ကိုင်နေကြောင်း ကုမန့်သိထားပြီးဖြစ်၍ အနှေးနှင့်အမြန်သိသွားမည်သာဖြစ်သည်။

"ဘာ? JadeBeautyလက်ဝတ်ရတနာဆိုင်က သမီးပိုင်တာ၊ ဟုတ်လား?" ကုမန့်ပြန်မေးလိုက်သည်။ သူမကိုအံ့အားသင့်စေသည်က JadeBeautyလက်ဝတ်ရတနာဆိုင်သည် အခုချိန်တွင် အလွန်အော်မြင်ကျော်ကြားနေသည့်ဆိုင်တစ်ဆိုင်ဖြစ်နေခြင်းကြောင့်ပင်။ သို့ပေမယ့် ကုနင်းက ဘယ်လိုလုပ်ဒီလောက်အာဏာကြီးသည့်လူများစွာနှင့်သိနေရသည်နည်း?

"အမေ၊ ဒီကိစ္စကို အန်တီတို့အပါအဝင်ဘယ်သူ့ကိုမှမပြောသေးနဲ့ဦးနော်။ သမီးပြန်လာတော့မှ အမေ့ကိုအသေးစိတ်ပြောပြတော့မယ်။ ဒါကြောင့် အများကြီးတွေးမနေပါနဲ့။ ဒီလက်ဝတ်ရတနာဆိုင်ကိုဖွင့်ဖို့ သမီးရဲ့ကိုယ်ပိုင်အရည်အချင်းကိုပဲသုံးထားတာ၊ ဘာမကောင်းတဲ့ကိစ္စမှမရှိဘူး။" ကုမန့်ဘာကြောင့်စိုးရိမ်သွားသည်ကို ကုနင်းနားလည်လေသည်။

ကုမန့်သည် အစကတည်းက ကုနင်းကိုယုံကြည်ထားပြီးသားဖြစ်သောကြောင့် ကုနင်း၏ရှင်းပြချက်ကိုကြားသည်နှင့် စိတ်အေးသွားရသော်လည်း အံ့အားသင့်နေမိစဲပင်။ ခနတဖြုတ်ဆက်လက်စကားပြောပြီးနောက်တွင်တော့ ဖုန်းချလိုက်ကြတော့သည်။ ထို့နောက် ကုနင်း သူမ၏သူငယ်ချင်းများနှင့် ခနလောက်စကားပြောနေလိုက်သေးသည်။

တကယ်တော့ လီကျန်းကျန်းသည် ကုနင်းမျှော်မှန်းထားသည်ထက် အဆပေါင်းများစွာ ထိခိုက်ခဲ့ခြင်းဖြစ်သည်။ ကုနင်းသည်တော့ လီကျန်းကျန်းကို ကူညီဖို့ရန်စိတ်ကူးမရှိနေသောကြောင့် သူမ၏ဒဏ်ရာများကိုသေချာအာရုံစိုက်မနေခဲ့ခြင်းဖြစ်ပေသည်။

***

အခန်း ၃၅၂

လီကျန်းကျန်း၏သေဆုံးမှု

မမျှော်လင့်ထားစွာဘဲ လီကျန်းကျန်းသည် ဆေးရုံသို့ရောက်ရှိပြီးမကြာမီအတွင်းမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ရသည်။ သူမ၏သေဆုံးမှုသည် ဦးခေါင်းဒဏ်ရာပြင်းထန်ခြင်းကြောင့်မဟုတ်ဘဲ မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲမိ၍သာဖြစ်ပေသည်။

လီကျန်းကျန်းသည် အခုတလော သိပ်မူမမှန်ခဲ့သောကြောင့် လီချန်းမင်က လီကျန်းယွီကို လီကျန်းကျန်းကို နောက်ယောင်ခံလိုက်ကာစုံစမ်းရန်မှာကြားထားခဲ့လေသည်။ သို့ပေမယ့် လီကျန်းကျန်းက နိုက်ကလပ်ကိုအလွန်နှစ်သက်ခုံမင်နေသည်ဟုသာ စုံစမ်း၍ရခဲ့ပြီးထိုကလပ်အထဲတွင်‌ မူးယစ်ဆေးကိုပါသုံးဆွဲနေကြောင်းကိုတော့ မသိခဲ့ကြပေ။ ထို့ကြောင့် လီကျန်းကျန်း ဆေးလွန်ကာသေဆုံးသွားသည့်သတင်းကိုကြားလိုက်သည်နှင့် လီမိသားစုမှာ အရုပ်ကြိုးပျက်လဲကျလုနီးပါးပင်ဖြစ်သွားရသည်။

မျက်နှာပေါ်တွင်ဒဏ်ရာရသွားသည့် အမျိုးသမီးသည်က ဆေးပမာဏအနည်းငယ်ကိုသာသုံးစွဲခဲ့ခြင်းကြောင့် သူမသည်တော့အသက်အန္တရာယ်မရှိပေမည့် သူမမျက်နှာဒဏ်ရာကြောင့် သူမဘဝသည်တော့လုံးဝပျက်စီးသွားပြီဖြစ်သည်။

..........

နောက်တစ်နေ့

မနက်၈နာရီခွဲအချိန်လောက်တွင်တော့ ကုနင်း ယန်ကျန်းလင်ထံမှဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ကာ သ,၏ခေါင်းဆောင်ဖြစ်သူကို သူမပြောထားသမျှအားပြောပြပြီးသွားပြီဖြစ်ပြီး ခေါင်းဆောင်ကလဲ သဘောတူကာ နောက်နေ့များတွင် သက်သေများကိုသေချာပြန်လည်ပြင်ဆင်တော့မည်ဖြစ်ကြောင်းပြောပြခဲ့သည်။ ပြီးတော့ အစိုးရဘက်မှလဲ သူမကိုဈေးအနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှလျှော့ပေးပါ့မည်ဟုလဲ ကတိပေးခဲ့ပေမယ့် ပိုင်ဆိုင်မှုများကို အတိအကျမတွက်ချက်ရသေးခင်အထိတော့ ဈေးအတိအကျသိနိုင်ဦးမည်မဟုတ်ပေ။

........

Fမြို့တွင်တော့ ကုမန့်က ကုနင်းပြောထားသည့်အကြံဉာဏ်အတိုင်း ကုချင်ကိုပြောပြပေမယ့် JadeBeautyလက်ဝတ်ရတနာဆိုင်သည် ကုနင်းအပိုင်ဖြစ်သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ ထိုအကြံပြုချက်ကိုကြားလိုက်ရချိန်၌ ကုချင်၏တုံ့ပြန်မှုသည်လဲ ကုမန့်နှင့်အလားတူပင်။ သူမတို့အနေဖြင့် ငွေများဆုံးရှုံးသွားရမည်ကို စိုးရိမ်မိပေမည့် ကုနင်းဘက်ကအကြံပြုလာခြင်းဖြစ်သောကြောင်းအဆုံးတွင်တော့ ကုချင်လဲသဘောတူလိုက်ပေတော့သည်။ သူတို့အားလုံးသည် ကုနင်းကိုမည့်သို့သောအခြေအနေမျိုးတွင်မဆို ယုံကြည်ထားကြလေသည်။ ကုနင်းက ထိုပုံစံအတိုင်းဆိုလျှင် အလုပ်ဖြစ်မည်ဟုပြောလာမှတော့ ကုချင်အနေဖြင့် အနည်းငယ်တွန့်ဆုတ်နေမိသော်ငြား သူမ၏အကြံဉာဏ်အတိုင်းသူတို့လိုက်လုပ်မည်ဖြစ်ပေသည်။ ထို့နောက် ကုချင်နှင့်ကုမန့်တို့ ထိုအစီအစဉ်အကြောင်းကို ကြေညာဖို့ရန် အရင်ဦးစွာစတင်ပြင်ဆင်တော့သည်။ အရင်ဦးစွာ သူတို့ဆိုင်၏ဗီအိုင်ပီဖောက်သည်များထံသို့ စာပို့ပြီး ဆိုင်၏တံခါးတွင်လဲ ကြော်ညာစာကိုကပ်ထားလိုက်သည်။

ဖောက်သည်များအား စာပို့ပြီးသွားသည်နှင့် အလှပြင်ဆိုင်သို့ ဖုန်းများအဆက်မပြတ်ဝင်လာတော့သည်။ ဗီအိုင်ပီဖောက်သည်အများအပြားက JadeBeautyလက်ဝတ်ရတနာဆိုင်မှ ကျောက်စိမ်းဆွဲပြားဆုလက်ဆောင်အကြောင်းပိုမိုသိချင်နေကြလေသည်။ JadeBeautyလက်ဝတ်ရတနာဆိုင်သည် အလွန်ကိုနာမည်ကျော်ကြားနေခြင်းပင်ဖြစ်သည်။

ကုနင်းနှင့် ဆရာကြီးယန်သည်တော့ မနက်၁၀နာရီဝန်းကျင်လောက်တွင် ဆရာကြီးပိုင်ထံသို့လည်သွားကြဖို့ရန် ချိန်းဆိုထားပြီး ဆရာကြီးယန်က မနက်၉နာရီခွဲလောက်ကတည်းက ကုနင်းကို ရေပြာအိုင်အိမ်ရာဂိတ်ဝတွင် သူလာခေါ်မည်ကို စောင့်နေရန်ပြောထားလေသည်။ ဆရာကြီးယန်သည် အသက်၇၀ပင်ရှိပြီဖြစ်သောကြောင့် ကိုယ်တိုင်ကားမမောင်းတော့ပေမည့် ကိုယ်ပိုင်ယာဉ်မောင်းတော့ရှိလေသည်။

၉နာရီထိုးခါနီးလောက်တွင်တော့ ကုနင်း အနီးနားရှိဈေးဝယ်စင်တာတစ်ခုသို့သွားကာ လက်ဆောင်ပစ္စည်းနည်းနည်းပါးပါးဝယ်ယူလိုက်သည်။ သူမဝယ်ခြမ်းလို့ပြီးသွားချိန်တွင်တော့ ၉နာရီခွဲနေပြီဖြစ်သောကြောင့် ရေပြာအိုင်ဂိတ်ပေါက်ဝသို့ပြန်လာခဲ့သည်။

ဆရာကြီးယန်၏ကားသည်က ၉နာရီ၂၈မိနစ်လောက်ကတည်းက ရောက်ရှိနေခြင်းဖြ်စပြီး ကုနင်းလက်ဆောင်ပစ္စည်းများသယ်လာနေသည်ကိုမြင်လိုက်ရတော့သည်၊

"မင်းက သူ့ရောဂါကိုသွားကုပေးမယ့်လူလေ၊ ဒီတော့ကျေးဇူးတင်လက်ဆောင်ပေးမယ်ဆို သူကပဲပြန်ပေးသင့်တာကို။ ဘာလို့ဒီလောက်လက်ဆောင်တွေအများကြီးဝယ်လာရတာလဲ?"

ဆရာကြီးယန်က အတည်ကြီးကုနင်းကို အပြစ်တင်နေခြင်းမျိုးမဟုတ်ဘဲ ကုနင်းဘက်က အလွန်ယဉ်ကျေးစွာဖြင့် စေတနာအပြည့်လုပ်ပေးနေခြင်းကြောင့် အားနာမိသလိုခံစားရ၍သာဖြစ်သည်။ ကုနင်းရယ်ရုံသာရယ်လိုက်ပြီး ကားထဲရောက်ကာမှ ရှင်းပြလိုက်သည်။

"အဖိုးယန်ကလဲ သမီးက အဖိုးတို့အားလုံးကို သမီးရဲ့မိသားစုလိုသဘောထားတာမို့ လက်ဆောင်ပေးချင်လို့ပါ။ သမီးက သူစိမ်းတွေဆိုရင် ဒီလိုလက်ဆောင်ပေးလေ့မရှိဘူး။"

"ကောင်းပါပြီ။" ဆရာကြီးယန်လဲ ကုနင်းနှင့်အပြိုင်မည်သို့ပြန်ပြောရမည်မှန်းမသိတော့သော်လည်း ကုနင်းက သူတို့ကိုမိသားစုအဖြစ် သတ်မှတ်သည်ဟုသိလိုက်ရ၍ ပျော်ရွှင်သွားရလေသည်။

ဆရာကြီးပိုင်၏နေအိမ်သည် အဆင့်မြင့်အိမ်ရာဖြစ်သည့် မက်မွန်ပွင့်အိမ်ရာတွင်တည်ရှိလေသည်။ မက်မွန်ပွင့်အိမ်ရာနှင့် ရေပြာအိုင်အိမ်ရာသည် အိမ်ခြံမြေလုပ်ငန်းတစ်ခုတည်းမှတည်ဆောက်ထားခြင်းဖြစ်သော်လည်း ထိုတည်ဆောက်သူမှာ Gမြို့မှမဟုတ်ပေ။

မက်မွန်ပွင့်အိမ်ရာသည် စိမ်းလန်းစိုပြေလှသည့်တောင်တစ်လုံးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ တောင်၏အရှေ့ဘက်တွင်လဲ ၅မီတာမျှကျယ်သည့်မြစ်တစ်ဆင်းရှိလေသည်။ လူအများသည် တံတားမှတစ်ဆင့် အိမ်ရာများထံသို့သွားရလေသည်။ တောင်ပေါ်မှလေထုသည် အေးမြလတ်ဆတ်ကာ စိမ်းလန်းစိုပြေလှသည့်သစ်ပင်များစွာလဲရှိလို့နေလေသည်။ ထိုနေရာသည် တိတ်ဆိတ်ငြိမ်သက်ပုံရပေမည့် တစ်သီးတစ်ခြားနှင့် ခေါင်လွန်းနေခြင်းမျိုးတော့မဟုတ်ပေ။

သူတို့လုံခြုံရေးအခန်းရှိရာသို့ရောက်ချိန်တွင်တော့ ဆရာကြီးယန်က လုံခြုံရေးတစ်ဦးကို ပိုင်အိမ်တော်သို့ဆက်သွယ်ပေးရန်ပြောလိုက်သည်။ ပိုင်အိမ်တော်မှ ခွင့်ပြုချက်ပေးလာမှသာ သူမတို့ခရီးဆက်ကြရလေသည်။ ပိုင်မိသားစုဝင်များသည် ချက်ချင်းပင် အိမ်ပြင်သို့ထွက်လာကာ ဆရာကြီးယန်နှင့် ကုနင်းကို ကြိုဆိုနှုတ်ဆက်ကြလေသည်။ ဆရာကြီးဖူသည်က ဆရာကြီးယန်နှင့် ကုနင်းတို့ထက်ပင်ပိုစော၍ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ကုနင်းနှင့်ဆရာကြီးယန်တို့ ကြီးမားသည့်အိမ်တော်အတွင်းသို့ဝင်လိုက်သည်နှင့် ဆရာကြီးဖူ၊ ပိုင်လင်းဝေ့နှင့် သူ၏ဇနီးတို့က သူမတို့ကိုစောင့်နေသည်အားတွေ့လိုက်ရသည်။

"ကောင်မလေးကု၊ လာခဲ့ လာခဲ့။" ပိုင်လင်းဝေ့က ကုနင်းကိုကြိုဆိုလိုက်သည်။ ထို့နောက် ကုနင်းလက်ထဲမှလက်ဆောင်ပစ္စည်းများကိုမြင်လိုက်ရတော့ အံ့ဩစွာဖြင့်၊

"မင်းဘာလို့ဒီလောက်လက်ဆောင်တွေအများကြီးယူလာရတာလဲ? ဒီလိုလုပ်ဖို့မလိုပါဘူး။"

ပိုင်လင်းဝေ့သည် နာမည်ကြီးလုပ်ငန်းစုကြီးတစ်ခု၏ဥက္ကဌဖြစ်ကာ သူ၏သားသမီးများရှေ့တွင်ပင် အမြဲလိုလို စည်းကမ်းကြီးကာရုပ်တည်ကြီးဖြင့်နေပေမယ့် ကုနင်းနှင့်တွေ့ဆုံလိုက်သည်နှင့် ကြင်နာကာ နူးညံ့သည့်လူအိုကြီးတစ်ဦးအသွင်ပြောင်းလို့သွားလေသည်။ တစ်ခါတစ်လေတွင် ပိုင်လင်းဝေ့မှာ ကုနင်းသည် အလွန်ရင့်ကျက်ကာ တည်ငြိမ်လှသောကြောင့် သူမကိုကလေးတစ်ဦးကဲ့သို့ဆက်ဆံရန်ခက်ခဲရလေသည်။

"ဒါလေးက ဘာမှမဟုတ်ပါဘူး။ဒီတိုင်းလက်ဆောင်အသေးအဖွဲလေးပါ။" ကုနင်းပြန်ပြောလိုက်သည်။

ပိုင်မိသားစုလို ယွမ်ဘီလီယံပေါင်းများစွာချမ်းသာသူများအတွက် အခုလက်ဆောင်မှာအမှန်ကိုဘာမှမဟုတ်ပေ။ ကုနင်းက သူမ၏စေတနာနှင့်ယဉ်ကျေးသည့်အမူအရာကိုပြသလိုခြင်းသာဖြစ်သောကြောင့် ပိုင်လင်းဝေ့လဲဘာမှထပ်ပြောမနေတော့ဘဲ ကုနင်းထံမှလက်ဆောင်များကို လက်ခံလိုက်တော့သည်။ ပိုင်လင်းဝေ့၏ဇနီးဖြစ်သူသည် ရှက်ရွံ့တတ်သည့်အမျိုးသမီးတစ်ဦးဖြစ်လေသည်။ သူမသည် သာမာန်ရိုးရိုးရှင်းရှင်းအဝတ်အစားများကိုသာဝတ်ဆင်ထားသော်လည်း သဘာဝအတိုင်းကိုပင် အထက်တန်းဆန်သည့်အငွေ့အသက်များလွှမ်းမိုးလို့နေသည်။

အမျိုးသမီးပိုင်က ကုနင်းကိုယဉ်ယဉ်ကျေးကျေးပင်နှုတ်ဆက်လိုက်သည်၊

"တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊"

"ကျွန်မလဲတွေ့ရတာဝမ်းသာပါတယ်၊ အမျိုးသမီးပိုင်။"

တစ်ဖက်နှင့်ဆရာကြီးဖူသည်တော့ ကုနင်းကိုမျက်စောင်းထိုးကြည့်ကာ ဆူပူတော့သည်။

"မင်းGမြို့ကိုရောက်နေတယ်ဆိုတာ ဘာလို့ငါ့ကိုမပြောတာလဲ? ငါကတော့မင်းကို အရမ်းလွမ်းနေရတာ! ဘယ်လိုလုပ်များငါ့ကျတော့ မေ့ထားရတာလဲ?"

ကုနင်းကတော့ ဆရာကြီးဖူ၏အပြောကိုသဘောကျသွားပြီး,

"သမီးတောင်းပန်ပါတယ်၊ ဒါပေမယ့် အရေးကြီးကိစ္စတစ်ခုအရင်လုပ်စရာရှိနေလို့ပါ။ အားတာနဲ့ အဖိုးဆီလာလည်ဖို့စီစဉ်ထားပြီးသား!"

"ထားပါတော့၊" ဆရာကြီးဖူ ဆက်ပြီးအပြစ်တင်ရမလို အပြစ်မတင်ရတော့မလိုနှင့် ပြောစရာစကားပျောက်သွားတော့သည်။

"ဟ-ဟ၊ ငါမင်းကိုမနေ့ညတုန်းက ကောင်မလေးကုကို မဆူဖို့မပြောခဲ့ဘူးလား? ဒီနေ့ကျဘာလို့ သူ့ကိုအပြစ်တင်နေရတာလဲ?" ဆရာကြီးယန်ရယ်မောကာပြောလိုက်သည်။

"အဖိုးကြီးယန် မင်းငါ့ကို အပြစ်ရှာနေတာလား?" ဆရာကြီးဖူ စိတ်တိုသွားကာပြန်မေးလိုက်သည်။

"အိုး၊ တန်းသိသွားတာပဲ!" ဆရာကြီးယန်က အေးအေးဆေးဆေးပင် အတည်ပြုပေးလိုက်သည်။ လူတိုင်းကလဲ သူတို့တစ်ဦးနှင့်တစ်ဦး ရန်စကာစနောက်နေကြသည်ကိုသိလေသည်။

"မင်း....." ဆရာကြီးဖူ စိတ်ဆိုးသွားတော့သည်။

ပိုင်လင်းဝေ့မှာတော့ သူတို့နှစ်ဦးတကယ်ကြီးစကားများကြတော့မည်ကိုစိုးရိမ်သောကြောင့် စကားစကိုဖြတ်လိုက်ကာ,

"ကဲကဲ၊ အပြင်မှာအေးတယ်၊ အထဲဝင်ကြရအောင်"

"ဟုတ်တာပေါ့၊ မြန်မြန် ဝင်ကြရအောင်။" အမျိုးသမီးပိုင်ကလဲ ဝင်ပြောလိုက်ကာ ထို့နောက် သူတို့အားလုံး အထဲသို့ဝင်သွားလိုက်ကြတော့သည်။

ကုနင်းတို့အိမ်ထဲသို့ရောက်သည်နှင့် ကုနင်းနှင့်အသက်အတူတူလောက်ရှိသည့် လျော့တိလျော့ရဲဖြစ်နေသည့် ပန်းရောင်အမွှေးဖွားအင်္ကျီကိုဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး မီးဖိုခန်းထဲမှထွက်လာလေသည်။ သူမ၏လက်ထဲတွင်တော့ သစ်သီးပန်းကန်တစ်ပန်းကန်ကိုကိုင်ထားပြီး ထိုပန်းကန်းအတွင်းမှ သစ်သီးစိတ်များကိုစားရင်းဖြင့် ကုနင်းတို့အနားသို့လျှောက်လာလေသည်။ ကုနင်းကိုမြင်လိုက်သည်နှင့် ထိုမိန်းမငယ်လေးသည် မောက်မာပြီး သံသယဝင်နေသည့်လေသံမျိုးဖြင့်၊

"တကယ်ကြီးလား! သူကအဖိုးရဲ့ရောဂါကိုကုပေးနိုင်တယ်ပေါ့?"

"ယန်၊ ပါးစပ်ပိတ်ထားစမ်း!" ပိုင်လင်းဝေ့က သူမကိုငေါက်ငမ်းလိုက်သည်။

***

အခန်း ၃၅၃

ရောဂါကုသခြင်း

ပိုင်လင်းဝေ့သည် ကုနင်း၏အရည်အချင်းကိုအတော်လေးသိထားပြီဖြစ်ပြီး ကုနင်းသာ သူအဖေ၏ရောဂါကိုကုသပေးဖို့ရန် ရှုံးနိမ့်ခဲ့လျှင်ပင် သူ့အနေဖြင့် ကုနင်း၏အရည်အချင်းကို သံသယဝင်မည်မဟုတ်ပေ။

"ကောင်မလေးကု၊ ငါတောင်းပန်ပါတယ်၊ ဒါက ငါ့သမီးလေ ပြီးတော့ မင်းနဲ့လဲဘယ်တုန်းကမှမတွေ့ခဲ့ဖူးလို့ပါ။" ပိုင်လင်းဝေ့က ကုနင်းကိုပြောလိုက်သည်။

"ရပါတယ်။" ကုနင်းအနေဖြင့် ထိုမိန်းကလေး၏စကားကိုဂရုစိုက်မနေပေ။ သူမ၏အသက်ကအလွန်ငယ်နေသောကြောင့် ပြိုင်ဆိုင်မှုများစွာကိုရင်ဆိုင်ရမည်မှန်း သိထားပြီးဖြစ်လေသည်။ သူမသာ ဆရာကြီးယန်ကိုမကုသပေးနိုင်ခဲ့လျှင် သူတို့ သူမကိုဘယ်တော့မှယုံကြည်ကြတော့မည်မဟုတ်ပေ။

"သမီးကတော့ သမီးပြောတာမှားတယ်လို့မထင်ပါဘူးနော်။" ပိုင်ရွှယ်ယန်တစ်ယောက် အသံတိုးတိုးဖြင့် ပြန်အထွန့်တကလိုက်သည်။ သူမသည် သူမ၏အဖေဖြစ်သူပိုင်လင်းဝေ့ကိုတော့ကြောက်လေသည်။ သို့ပေမယ့်၊ သူမဘယ်လောက်ပဲတိုးတိုးလေးပြောပါစေ တခြားလူများကတော့ ကြားနေနိုင်စဲပင်။

"မင်းအခန်းထဲပြန်သွားစမ်း!" ပိုင်လင်းဝေ့မှာ ပိုင်ရွှယ်ယန်၏အမူအကျင့်ကြောင့် ဒေါသထွက်သွားတော့သည်။

"ထားပါ၊ ကြည့်ရသေးတာပေါ့။" ပိုင်လင်းဝေ့ကုနင်းကို မျက်စောင်းထိုးကြည့်ကာပြောလိုက်ပြီးမှသာ အပေါ်ထပ်သို့ပြန်တက်သွားတော့သည်။

ထို့နောက် ပိုင်လင်းဝေ့နှင့် သူ့ဇနီးတို့က ဆရာကြီပိုင်၏အခန်းရှိရာသို့လမ်းပြခေါ်ဆောင်သွားတော့သည်။

ဆရာကြီးပိုင်၏အခန်းသည် ပထမဆုံးမြင်ရသည့်အခန်းဖြစ်ကာ အထဲတွင်တော့ အိပ်ခန်းနှင့်စာကြည့်ခန်းတွဲရက်အခန်းနှစ်ခန်းရှိနေသည်။ သူတို့အားလုံး အထဲသို့ဝင်လိုက်သည်နှင့် ၁၅စတုရန်းမီတာလောက်ကြီးသည့် စာကြည့်ခန်းကိုမြင်လိုက်ရသည်။ တံခါး၏ဘေးတွင်တော့ ရှေးဟောင်းပစ္စည်းမျိုးစုံနှင့် အဖိုးတန်ရတနာများထားရှိသည့် စင်တစ်ခုရှိလေသည်။ ဘယ်ဘက်အခြမ်းတွင်တော့ စာအုပ်စင်နှင့် စားပွဲတစ်လုံးရှိကာ သူနှင့်မျက်နှာချင်းဆိုင်တွင်တော့ ဆိုဖာတစ်လုံးနှင့် ထိုရှေ့တွင်က ကော်ဖီသောက်သည့်စားပွဲတစ်လုံးရှိလေသည်။ အိပ်ခန်းနှင့်စာကြည့်ခန်းနှစ်ခုကြားတွင်တော့ ရိုးရာဆန်ဆန်အကာတစ်မျိုးဖြင့် ကာထားလေသည်။

ဆရာကြီးပိုင်သည်တော့ အိပ်ရာထက်တွင်လှဲလို့နေသည်။ ကုနင်းရောက်လာမည်ဆိုခြင်းကြောင့် ပိုင်လင်းဝေ့က သူ့ကိုအိပ်ရာထဲတွင်သာနေ,နေရန်ပြောထားခြင်းဖြစ်သည်။ ဆရာကြီးပိုင်၏ခြေထောက်များသည် အခြေနေမကောင်းပေမယ့် စိတ်သည်တော့ ကြည်လင်လို့နေသည်။ ကုနင်းကိုမြင်လိုက်သည်နှင့် သိသိသာသာကိုပင် ဝမ်းသာသွားကာ,

"ဟိုင်း၊ ကောင်မလေးကု!"

ဆရာကြီးပိုင်ပျော်ရွှင်နေခြင်းမှာ ကုနင်းက သူ့ရောဂါကိုကုသပေးမည်ဆိုသောကြောင့်မဟုတ်ဘဲ ကုနင်းကို သူ၏မြေးအရင်သဖွယ်သဘောထားခြင်းကြောင့် သူမလာရောက်ပေးတာကိုကပင် သူ့ကိုပျော်ရွှင်စေခြင်းဖြစ်သည်။ ထိုသည်ကတော့ ဆရာကြီးပိုင်မှာ ကုနင်းကိုမကြာခဏမမြင်တွေ့ရခြင်းကြောင့်ဖြစ်နေပြီး သူ့မြေးအရင်းများကိုမြင်တွေ့ရသည်ထက်ပင် ကုနင်းကိုတွေ့ရသည်အားပိုလို့သဘောကျလေသည်။

"အဖိုးပိုင်၊ ဒီနေ့နေရတာဘယ်လိုလဲ?" ကုနင်းအိပ်ရာနံဘေးသို့သွားလိုက်သည်၊

"သမီး အဖိုးရဲ့ခြေထောက်ကိုနှိပ်ပေးမယ်နော်။"

"ကောင်းတာပေါ့၊" ဆရာကြီးပိုင်ပြန်ပြေလိုက်သည်။ ပိုင်လင်းဝေ့သည်လဲ ဆရာကြီးပိုင်၏ခြေထောက်များကို စောင်အောက်မှထုတ်ပေးလိုက်သည်။

ကုနင်း သူမလက်ကိုဆန့်တန်းလိုက်ကာ ဆရာကြီးပိုင်၏ခြေထောက်ကိုအရင်ဦးစွာနှိပ်နယ်ပေးလိုက်သည်။ ဆရာကြီးယန်မှလွဲ၍ လူတိုင်းစိတ်ပူနေသလို စိတ်လဲလှုပ်ရှားလို့နေကြလေသည်။

နှိပ်ပေးနေသည်က ၁မိနစ်လောက်ကျော်သွားမှပင် ကုနင်းဖြည်းဖြည်းမှန်မှန်နှင့် သူမစွမ်းအားများကိုပို့လွှတ်ပေးလိုက်သည်။ ဆရာကြီးပိုင်၏ခြေထောက်သည်လဲ ချက်ချင်းပင် ပြန်လည်အာရုံခံစား၍ရလာကာ စိတ်လှုပ်ရှားမှုကြောင့် မျက်ဝန်းအရောင်များလင်းလက်လာပြီး

"ငါခံစားရတယ်...."

"ဘယ်လိုမျိုးခံစားရတာလဲ?" ပိုင်လင်းဝေ့က စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။

"မင်း နေသာထိုင်သာရှိသွားစေတဲ့ အေးမြတဲ့အထိအတွေ့လေးကိုမခံစားရဘူးလား?" ဆရာကြီးယန်မေးလိုက်သည်။ သို့ပေမယ့် သူ၏ပုံစံမှ ကြိုတင်သိထားပြီးဖြစ်၍ ဂုဏ်ယူနေဟန်ပင်။

"အဲ့အတိုင်းပဲ!" ဆရာကြီးပိုင် ခေါင်းညိတ်လိုက်သည်။ ဆရာကြီးပိုင်မှာစိတ်လှုပ်ရှားလွန်း၍ ခံစားချက်ကိုအတိအကျပင်မဖော်ပြနိုင်တော့ပေ။ နှိပ်နယ်ပေးနေသည့်တစ်လျှောက် ဆရာကြီးပိုင်မှာ ပို၍ နေလို့ကောင်းလာကာ စိတ်လက်ပေါ့ပါးလာတော့သည်။

"ဟ-ဟ၊ မင်းမကြာခင် အသက်၁၀နှစ်မကပြန်ငယ်သွားရသလိုမျိုး အားအင်တွေပြည့်လာလိမ့်မယ်။" ဆရာကြီးယန်က ထပ်ပြောလိုက်သည်။ ပြီးခဲ့သည့်ညက ထိုနှိပ်နယ်ပေးမှုမျိုးအပြီးတွင် ဆရာကြီးယန်သည်လဲ ထိုအတိုင်းခံစားရကာ အမှန်တကယ်ပင်ငယ်ရွယ်သွားသည်ဟု ထင်မိလေသည်။

"တကယ်လား?" ဆရာကြီးဖူ အံ့ဩမိသွားသည်။

"ကောင်မလေးကု မင်းကိုနှိပ်ပေးပြီးရင် သိလာလိမ့်မယ်။" ဆရာကြီးယန်ပြောလိုက်သည်။

ဆရာကြီးဖူသည်လဲ အလွန်မျှော်လင့်နေပြီဖြစ်သည်။ မည်သူမဆို ၁၀နှစ်မကပြန်ငယ်သွားသလိုခံစားရမည့်အခွင့်အရေးကို ငြင်းဆန်ကြမည်မဟုတ်ပေ! လူကြီးပိုင်းများအနေနှင့် မကြာခနဆိုသလိုရောဂါမျိုးစုံခံစားရခြင်းကအတော်လေးစိတ်အနှောက်အယှက်ဖြစ်ရလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဆရာကြီးပိုင်၏ညာခြေထောက်မှာပုံမှန်အတိုင်းသန်သန်မာမာပြန်ဖြစ်လို့သွားသည်။ ကုနင်းလဲအချိန်ဆွဲမနေဘဲ ဆရာကြီးပိုင်၏ဘယ်ဘက်ခြေထောက်ကိုပါ စတင်နှိပ်နယ်လို့ပေးလိုက်သည်။ ၅မိနစ်ကြာပြီးနောက်တွင် ထိုဘယ်ဘက်ခြေထောက်သည်လဲပြန်လဲကောင်းမွန်သွားတော့သည်။

ထိုသို့နှိပ်ပေးခြင်းသည် စွမ်းအားများစွာမကုန်သော်လည်း သုံးတော့သုံးရစဲဖြစ်၍ ကုနင်း၏မျက်နှာအရောင်အနည်းငယ်ဖြူဖျော့သွားသည်။ သို့ပေမယ့် သာမာန်လူများသည်တော့ သတိထားမိကြမည်မဟုတ်ပေ။

"အဖိုးပိုင် ဘာလို့ကိုယ်တိုင်ထပြီး လမ်းမလျှောက်ကြည့်တာလဲ?" ကုနင်းပြောလိုက်သည်။

"ဘာ? ငါလျှောက်နိုင်သွားပြီလား?" ထိုစကားကိုကြားတော့ အားလုံးအံ့အားသင့်သွားကြသည်။

"ဒါပေါ့။" ကုနင်းအတည်ပြုပေးလိုက်သည်။

ပိုင်လင်းဝေ့လဲချက်ချင်းပင် ဆရာကြီးပိုင်ကို အိပ်ရာထဲမှထနိုင်အောင်ကူညီပေးလိုက်သည်။ သူတို့အားလုံးမှာ ရလဒ်ကိုအလွန်သိချင်နေကြပြီဖြစ်သည်။ ဆရာကြီးပိုင်၏ခြေထောက်များကြမ်းပြင်ထက်သို့ချလိုက်ပြီးသည်နှင့် သူအမှန်တကယ်လမ်းပြန်လျှောက်နိုင်လောက်ပြီဟု ခံစားလိုက်ရသည်။

တစ်လှမ်း, နှစ်လှမ်း, သုံးလှမ်း........

"ငါလမ်းပြန်လျှောက်နိုင်သွားပြီ! ငါပြန်လျှောက်နိုင်ပြီကွ!" ဆရာကြီးပိုင်မှာ စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင်ဝေ့သီလာရသည်။

ဆရာကြီးပိုင်၏ခြေထောက်များခံစားမှုပျောက်ဆုံးသွားခြင်းသည် ပြင်းထန်သည့်ဝေဒနာမျိုးမဟုတ်ဘဲ အချိန်တစ်ခုအထိ ဆေးဝါးကုသမှုခံယူပြီးသည်နှင့် ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ထိုသို့ပြန်မကောင်းခင်အထိကတော့ အတော်ကိုဒုက္ခကြီးလေသည်။ သို့ပေမယ့် ကုနင်းသည်တော့ မိနစ်ပိုင်းလေးအတွင်းမှာပင် သူ့ခြေထောက်များကိုပြန်လည်ကုသပေးနိုင်ခဲ့သောကြောင့် အလွန်အံ့အားသင့်ဖို့ကောင်းလေသည်။

"မိန်းကလေးကု၊ ကျေးဇူးအများကြီးတင်ပါတယ်၊ မင်းကိုဘယ်လိုမျိုးကျေးဇူးတင်လို့တင်ရမှန်းကိုမသိတော့ဘူး!" အမျိုးသမီးပိုင်မှာ ကုနင်းကိုပြောနေရင်းဖြင့် မျက်ဝန်းများက မျက်ရည်များဖြင့်စိုစွတ်လာရသည်။

"ဟုတ်တယ်၊ ကောင်မလေးကု၊ တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်၊" ပိုင်လင်းဝေ့ကလဲထပ်ပေါင်းပြောလိုက်သည်။

"ဦးလေးပိုင်၊ အမျိုးသမီးပိုင်၊ အခုလိုကူညီခွင့်ရတာကိုက ဝမ်းသာစရာပါ။"

ထိုကိစ္စသည် ကုနင်းအတွက်တော့ဖြင့် ပြောပလောက်သည့်ကိစ္စမဟုတ်သော်လည်း ပိုင်မိသားစုအတွက်တော့ဖြင့် ကြီးမားသည့်အကျိုးရလဒ်ပင်ဖြစ်သည်။ ဆရာကြီးပိုင်သည်လဲ သူ့စိတ်သူအတတ်နိုင်ဆုံးတည်ငြိမ်အောင်ပြန်လုပ်လိုက်ကာ,

"ကောင်မလေးကု၊ ငါ့ကိုကုသပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ မင်းနောင်ကျ တစ်ခုခုလိုအပ်တာနဲ့ ငါ့ကို ဒါမှမဟုတ် မင်းရဲ့ဦးလေးပိုင်ကို အချိန်မရွေးပြောလို့ရတယ်။ ငါတို့အတတ်နိုင်ဆုံးရအောင်ကူညီပေးမယ်။"

ကုနင်းတွင် အဆက်အသွယ်ကောင်းများရှိသည်ကို သူနားလည်သောကြောင့် သူမအနေဖြင့် သူတို့အကူအညီကိုလိုအပ်လိမ့်မည်မဟုတ်ပေ။ သို့သော် ကုနင်းက သူ့ခြေထောက်များကိုကုသပေးခဲ့သောကြောင့် အမှန်တကယ်လိုလိုလားလားဖြင့် သူမကိုပြန်လည်ကူညီပေးချင်လေသည်။ ကုနင်းသည် အမှန်တကယ်ပြဿနာကြုံခဲ့လျှင် သူတို့အနေဖြင့် သေချာပေါက် ကူညီပေးမည်ဖြစ်သည်။ ကနုင်းက သူ့ခြေထောက်ကိုကုသပေးခဲ့ခြင်းကြောင့်သာမဟုတ်ဘဲ သူမသည် အလားအလာကောင်းသည့်မိန်းမငယ်လေးတစ်ဦးလဲဖြစ်ခြင်းကြောင့်ပင်။ ကုနင်းတုံ့ဆိုင်မနေဘဲ သဘောတူလိုက်တော့သည်။ အခုချိန်တွင် ပိုင်မိသားစု၏အထောက်အပံ့ကိုသူမမလိုအပ်သော်လည်း နောင်အနာဂါတ်တွင်တော့ သူတို့သည်တကယ့်အကူအညီကောင်းတစ်ခုဖြစ်လာပေမည်။

"မဖြစ်နိုင်တာ! သူကုပေးခဲ့တာလား?" ပိုင်ရွှယ်ယန်သည် တံခါးအပြင်ဘက်မှပေါ်ထွက်လာကာ သူမ၏မျက်နှာထက်တွင်တော့ အလွန်အံ့အားသင့်နေမှုများထင်ဟပ်လို့နေသည်။ အစောကတော့ သူမအမှန်တကယ်အပေါ်ထပ်သို့တက်သွားသည်ဆိုပေမယ့် ချက်ချင်းပင်ပြန်ဆင်းလာခဲ့ခြင်းဖြစ်သည်။ ကုနငး်သူမအဖိုးကိုကုသပေးနိုင်လိမ့်မည်ဟု မယုံကြည်သောကြောင့် လှောင်ပြောဖို့ရန်ပြန်ဆင်းလာခဲ့ခြင်းဖြစ်သည်။ သို့သော်မမျှော်လင့်ထားစွာပဲ ကုနင်းက ကုသပေးနိုင်ခဲ့လေသည်။

ပိုင်ရွှယ်ယန်၏စကားကိုကြားလိုက်ရတော့ ပိုင်မိသားစုဝင်အားလုံးမကျေမနပ်ဖြစ်သွားသည်။ သို့ပေမယ့် သူတို့က သူမကိုအပြစ်တင်စကားမဆိုရသေးခင်တွင်ပဲ ပိုင်ရွှယ်ယန်က၊

"ကျွန်မပြောခဲ့တာအတွက်တောင်းပန်ပါတယ်။" ပိုင်ရွှယ်ယန်က တလေးတစားဖြင့်တောင်းပန်လာသောကြောင့် ကုနင်းအံ့အားသင့်သွားရသည်။ ပိုင်ရွှယ်ယန်က အခုလို သူမအမှားကိုသူမဝန်ချတောင်းပန်လိမ့်မည်ဟု ကုနင်းမမျှော်လင့်ထားခဲ့ပေ။ ကြည့်ရတာတော့ ထိုမိန်းကလေးသည် မဆိုးသွမ်းပုံပင်။ ထိုတော့မှ ပိုင်မိသားစုဝင်များလဲ စိတ်အေးသွားရတော့သည်။

***

အခန်း ၃၅၄

မနာလိုမှု

ပိုင်ရွယ်ယန်၏မိသားစုသည်လဲ သူမ၏စရိုက်အကြောင်း သေချာသိထားကြပြီးဖြစ်သည်။ သူမသည် အတော်အတန်တော့ အလိုလိုက်ခံရ၍ ပျက်စီးနေသည်ဆိုသော်လည်း ဆိုးသွမ်းသည့်မိန်းကလေးအဆင့်သို့တော့မရောက်သေးသောကြောင့် ချက်ချင်းပင် သူမထင်မြင်ချက်မှားသွားကြောင်းကို ဝန်ခံခဲ့သည်။ သို့ပေမယ့် ကုနင်းသည်က သူမနှင့်တစ်ကြိမ်မျှမတွေ့ဆုံဖူးသောကြောင့် ပိုင်ရွယ်ယန် ကုနင်းကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိသွားမည်ကို ပိုင်မိသားစုဝင်များစိုးရိမ်မိသွားကြခြင်းဖြစ်သည်။ ကုနင်းဘက်က ထိုကိစ္စကိုဂရုစိုက်မည်မဟုတ်သလို ပိုင်ရွယ်ယန်၏ရိုင်းဆိုင်းမှုကိုလဲ အလေးထားနေမည်မဟုတ်ကြောင်း နားလည်ကြသော်လည်း ကုနင်း၏စိတ်အကြည်ဓါတ်ပျက်သွားမည်ကိုစိုးရိမ်မိနေကြသည်။

"ကိစ္စမရှိပါဘူး။" ကုနင်းက ထိုကိစ္စအတွက်အမှန်ကို စိတ်ထဲထားမနေပေ။ ကုနင်းစိတ်အခြေနေကောင်းကြောင်းသိလိုက်မှသာ ကျန်လူများအားလုံးစိတ်အေးသွားကြတော့သည်။

ကုနင်းက ပိုင်ရွယ်ယန်ကိုခွင့်လွှတ်ပေးပြီးနောက်တွင်တော့ ပိုင်ရွှယ်ယန်ချက်ချင်းပင် ဆရာကြီးပိုင်အနားသို့သွားလိုက်သည်။ သူမအဖိုးပြန်လည်ကျန်းမာသွားသည့်အတွက် သူမလဲ အမှန်တကယ်ပျော်ရွှင်နေမိလေသည်။ ပိုင်မိသားစုအတွင်းရှိ လူကြီးများနှင့်လူငယ်မျိုးဆက်များမှာ အတော်လေးအဆင်ပြေပြေရှိကြလေသည်။

ဆက်လက်ပြီး ဆရာကြီးဖူ၏ပုခုံးနာကျင်မှုကိုလဲ ကုနင်းကုသပေးလိုက်သည်။ ကုနင်း၏စွမ်းအားဖြင့်အားဖြည့်ပေးမှုကြောင့် ဆရာကြီးဖူသည်လဲ ယခုတစ်ခေါက်တွင်တော့ ငယ်ရွယ်ကာအားအင်ပြည့်ဝသွားသည့်ခံစားချက်မျိုးကို ကိုယ်တိုင်ထိတွေ့ခံစားသွားဖူးပြီဖြစ်သည်။

""ဟ-ဟ! ငါအခုဆယ်နှစ်လောက်ငယ်သွားသလို အားအင်တွေအပြည့်ဖြစ်သွားသလိုပဲ!" ဆရာကြီးဖူ စိတ်လှုပ်တရှားအော်ရယ်လိုက်ကာ တစ်ဖန် ကုနင်းဘက်သို့လှည့်လိုက်ပြီး၊

"ကောင်မလေးကု၊ မင်းကိုတကယ်ကျေးဇူးအများကြီးတင်တယ်!"

ကုနင်းအပြုံးလေးဖြင့်သာ ပြန်လည်တုန့်ပြန်လိုက်သည်။

"လာကြ၊ ငါတို့အတူတူလမ်းလေးဘာလေးထွက်လျှောက်ကြည့်ကြရအောင်!" ဆရာကြီးဖူမှာ သူ၏တစ်ကိုယ်လုံးအားအင်များပြည့်ဝနေသလိုခံစားနေရသောကြောင့် လမ်းပတ်လျှောက်ကြည့်ဖို့ရန် မအောင့်နိုင်တော့ပေ။

"သွားကြတာပေါ့!" ဆရာကြီးယန်နှင့် ဆရာကြီးပိုင်သည်လဲ ဆရာကြီးဖူနှင့်အတွေးချင်းတူညီနေကြသည်။

"မင်းတို့နှစ်ယောက်ရော ဘာလို့ငါတို့နဲ့မလိုက်ခဲ့လိုက်တာလဲ?" ဆရာကြီးပိုင်က ကုနင်းနှင့် ပိုင်ရွှယ်ယန်ကိုကြည့်ကာပြောလိုက်သည်။ ထို့နောက်တွင်တော့ ကုနင်းနှင့်ပိုင်ရွှယ်ယန်လဲ ဆရာကြီးသုံးဦးနောက်လိုက်ကာ အပြင်သို့ထွက်လာခဲ့ကြတော့သည်။

ကျန်ခဲ့သည့်ပိုင်လင်းဝေ့သည်တော့ သူ၏စီးပွားရေးကိစ္စများကို လုပ်ဆောင်ရန် စာကြည့်ခန်းထဲသို့ဝင်သွားပြီး ပိုင်လင်းဝေ့၏ဇနီးသည်က အိမ်အကူများနှင့်အတူ ချက်ပြုတ်ဖို့ရန် မီးဖိုခန်းထဲသို့သွားလိုက်သည်။

မက်မွန်ပွင့်အိမ်ရာသည်နာမည်နှင့်တူညီစွာပင် မက်မွန်ပွင့်များပွင့်လန်းသည့်နေရာလဲဖြစ်သည် ဤအိမ်ရာသည် သဘာဝရှုခင်းများဖြင့် လှပသည်သာမကပဲ လမ်းမကြီး၏တစ်ဖက်တစ်ချက်တွင်တော့ မက်မွန်ပင်တောအုပ်ကြီးတစ်ခုရှိနေသေးသည်။ မက်မွန်ပွင့်, ပွင့်သည့်အချိန်များတွင် လူအများသည် ရင်သပ်ရှုမောဖွယ်ရာ မက်မွန်ပွင့်ပင်လယ်ကြီးတစ်ခုကို မြင်တွေ့နိုင်ပေမည်။

မက်မွန်ပွင့်အိမ်ရာတွင် အိမ်တော်များထက် စိမ်းလန်းလှသည့်သစ်ပင်ပန်းမန်များက ပို၍ပင်များပြားပြီး အိမ်တော်များကို အသေအချာပိုင်းခြားလို့ထားခြင်းကြောင့် ထိုအိမ်ရာတွင်နေထိုင်ကြသူများသည် အခြားလူများ၏နှောက်ယှက်မှုကိုခံရခြင်းမရှိပေ။ အိမ်ရာရှိ သစ်ပင်များ၏တစ်ဝက်ခန့်သည် နဂိုသစ်တော်မှချန်ထားခဲ့သည့်သစ်ပင်များဖြစ်လေသည်။ အိမ်ခြံမြေလုပ်ငန်းမှတည်ဆောက်သူများသည် ကျောက်သားလမ်းလေးအချို့၊ နားနေဆောင်လေးများ၊ တံတားနှင့်၊ ရေတံခွန်ငယ်လေးတစ်ခုရယ် ကြာကန်လေးရယ်ကိုလောက်သာ ထပ်မံထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

မက်မွန်ပွင့်အိမ်ရာတွင် လုံခြုံရေးစောင့်ကြည့်ကင်မရာများစွာရှိနေကာ သစ်တောထဲတွင်ပင်ရှိသေးသည်။ တစ်ယောက်ယောက်ကသာ ဤအိမ်ရာကို မကောင်းတာတစ်ခုခုလုပ်လိုလျှင် ထိုစောင့်ကြည့်ကင်မရာများက သေချာပေါက် အမိအရပုံရိပ်များကို ဖမ်းယူထားပြီးသားဖြစ်ပေမည်။ ကုနင်းလို သိုင်းပညာကျွမ်းကျင်သည်သူများပင်လို သတိသေချာမထားပါက သေချာပေါက်ကို ထိုကင်မရာများတွင် အမိခံလိုက်ရမည်ဖြစ်သည်။

သူတို့၅ဦးသည် အတော်ဝေးဝေးအထိလမ်းလျှောက်လာကြပြီဖြစ်ပေမည့် မည်သူမှမောပန်းသည်ဟုမခံစားရပေ။ ထိုလျှောက်ခဲ့သည့်လမ်းတစ်လျှောက်လုံး ဆရာကြီး၃ဦးမှာ စိတ်ချမ်းသာပျော်ရွှင်မှုများဖြင့်သာ ပြည့်နှက်လို့နေလေသည်။

ကုနင်းသည်ဆရာကြီးများနှင့် အခက်အခဲမရှိစကားစမြည်ပြောလို့လာခဲ့ပေမယ့် ပိုင်ရွှယ်ယန်သည်တော့ ထိုလူအုပ်နှင့်ဆွေးနွေးမပြောဆိုင်နိုင်ဘဲ အပြင်လူတစ်ယောက်လိုမျိုးခံစားနေရလေသည်။

ပိုင်ရွှယ်ယန်၏သိချင်စိတ်ပြင်းပြနေသည့် အကြည့်များသည် ကုနင်းထံသို့တခနမျှကျရောက်လို့သွားလေသည်။ ကုနင်းသည်လဲ သူမနှင့်သက်တူရွယ်တူသာဖြစ်ပြီး ဘာကြောင့် အရွယ်ရောက်ပြီးသားလူတစ်ယောက်လိုမျိုး ရင့်ကျက်တည်ငြိမ်နေနိုင်ရတာလဲ? ပိုင်ရွှယ်ယန်မနာလိုဖြစ်မိသလို ကုနင်းကို လေးလဲလေးစားမိလေသည်။ ကုနင်းက တကယ်ကိုသာမာန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးပဲ! ပိုင်ရွှယ်ယန်သူမဘာသာတွေးလိုက်မိသည်။

ပိုင်ရွှယ်ယန်သည် မွေးကတည်းက အလွန်ချမ်းသာသည့်မိသားစုမှဖြစ်သည်။ သူမ၏ပြီးပြည့်စုံလှသည့်ဘဝအနေအထားကြောင့် လူချမ်းသာကလေးများ၏သဘာဝအတိုင်း အနည်းငယ်ပျက်စီးနေသည်ဆိုသော်လည်း သူမက ငတုံးငအတစ်ယောက်ဟုတော့မဆိုလိုပေ။ ထိုအစား သူမမိသားစု၏သွန်သင်ဆုံးမပေးမှုကြောင့် သက်တူရွယ်တူများထက် ပို၍အတွေ့အကြုံများကာ အသိတရားရှိလေသည်။

ကုနင်းသည်လဲ ပိုင်ရွှယ်ယန်က စူးစမ်းသည့်အကြည့်များကိုခံစားမိရပေမယ့် လျစ်လျူရှုထားလိုက်သည်။ ထိုသည်က သူမ ပိုင်ရွှယ်ယန်ကို မနှစ်သက်၍မဟုတ်ဘဲ ပိုင်ရွှယ်ယန်ဘက်အရင်စကာ သူမကိုမည်သည့်စကားမျှပြောမလာ၍ကြောင့်သာဖြစ်လေသည်။ ထို့ကြောင့် ကုနင်းလဲ ပိုင်ရွှယ်ယန်ကို မည်သို့သောတုန့်ပြန်မှုမှပြန်မပေးခဲ့ပေ။

"ကောင်မလေးကု၊ JadeBeautyလက်ဝတ်ရတနာဆိုင်က အတော်လေးလူကြိုက်များနေတယ်လို့တော့ ငါကြားထားတယ်။" ဆရာကြီးပိုင်ကပြောလိုက်ခြင်းဖြစ်သည်။ JadeBeautyလက်ဝတ်ရတနာဆိုင်သည် အလွန်အောင်ကာ နာမည်ကြီးနေသည့်အတွက် ဆရာကြီးပိုင်သည်လဲ ထိုသတင်းကိုကြားထားလေသည်။

"ဟုတ်တယ်၊ ဦးလေးကျိုးလဲ အဲ့လိုတော့ပြောတယ်။ ဒါပေမယ့် သမီးကိုယ်တိုင်တော့သွားမစစ်ဆေးဖြစ်သေးဘူး၊ ဒီကပြန်ရင်တော့ ဆိုင်ကိုသွားကြည့်ဖို့ စီစဉ်ထားတယ်။"

"ကျိုးကျန်းဟုန်ကတော့ သူ့ရဲ့ဆိုးရွားလှတဲ့အတွေ့အကြုံကြီးနဲ့ကြုံပြီးတော့ ကံကောင်းမှုတွေရလာတယ်ထင်တယ်။ သူကျိုးဖူလက်ဝတ်ရတနာလုပ်ငန်းကိုဆုံးရှုံးခဲ့ပေမယ့် မင်းနဲ့တန်းတွေ့သွားတာပဲ။" ဆရာကြီးယန်က ပြောလိုက်သည်။

ကုနင်းပြုံးလိုက်သော်လည်း မည်သည့်စကားမျှတော့ပြန်မပြောပေ။

"အိုး၊ ငါကတော့မင်း ဒီတစ်ဆိုင်တည်းနဲ့တော့ မင်းမကျေနပ်လောက်သေးဘူးလို့ ငါယုံတယ်။ နောက်ထပ်ဆိုင်ခွဲကို ဘယ်မှာဖွင့်ဖို့စီစဉ်ထားလဲ?" ဆရာကြီးဖူမေးလိုက်သည်။

"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကလဲနီးနေပြီ ပြီးတော့ သမီးကလဲ မြို့တော်တက္ကသိုလ်ကိုတက်ဖို့ပြင်ဆင်နေတာဆိုတော့ စီးပွားရေးကိုလဲ မြို့တော်မှာဆက်လုပ်ဖို့စီစဉ်ထားတယ်။ ဒီကိုမလာခင်တုန်းက မြို့တော်ကိုသွားခဲ့သေးတယ်။ ပြီးတော့ ဆိုင်ဖွင့်ဖို့နေရာကောင်းတစ်ခုလဲ ရှာတွေ့ပြီးသွားပြီ။ နှစ်သစ်ကူးပွဲတော်ပြီးတာနဲ့ အခန်းပြင်ဆင်ဖို့မယ်၊ ပြီးတာနဲ့ ဆိုင်စဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီ။"

"အရမ်းကောင်းတယ်! မင်းရဲ့ရည်မှန်းချက်ကို ငါသဘောကျတယ်။ ဒါပေမယ့် မြို့တော်မှာကုမ္ပဏီတစ်ခုကိုလည်ပတ်အောင်လုပ်ဖို့ဆိုတာ သိပ်တော့မလွယ်ဘူး။" ကုနင်း၏အစီအစဉ်ကို ဆရာကြီးဖူသဘောကျသော်လည်း သူမအတွက်စိုးရိမ်မိလေသည်။

"စွန့်စားမှုမလုပ်ရတဲ့စီးပွားရေးဆိုတာမရှိဘူးလေ၊ ဟုတ်တယ်မလား? ပြီးတော့ စွန့်စားမှုမလုပ်ဘဲနဲ့ ကောင်းတာတွေကလဲဖြစ်မလာနိုင်ဘူး။ သမီးကတော့ စမ်းကြည့်ချင်တယ်။" မြို့တော်တွင်စီးပွားရေးလုပ်ခြင်းက လွယ်ကူမလား ခက်ခဲမလားဆိုသည်ကိုတော့ ကုနင်းမသိသော်လည်း ကြောက်ရွံ့မှုတော့မရှိနေပေ။ မည်သို့ပင်ဖြစ်ပါစေ သူမအနေဖြင့်နောက်ဆုတ်မည်မဟုတ်ဘဲ သတ္တိရှိရှိနဲ့ဆက်လက်တိုက်ခိုက်မည်သာဖြစ်လေသည်။

"ဟုတ်တာပေါ့၊ ငါကတော့ မင်းအောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်။" ဆရာကြီးပိုင်က ကုနင်းကိုအားပေးလိုက်သည်။

"နင်က JadeBeautyလက်ဝတ်ရတနာဆိုင်ကိုလဲ ပိုင်တာလား?" ပိုင်ရွှယ်ယန် ထိတ်လန့်စွာမေးလိုက်သည်။ သူမသည်လဲ ကျော်ကြားနေသည့်JadeBeautyလက်ဝတ်ရတနာဆိုင်အကြောင်းသိထားထားပြီးဖြစ်ကာ သတင်းများလဲ ဖတ်ဖူးထားပြီးဖြစ်သည်။ သူမအဖိုးနှင့်အဖေအပါအဝင် Gမြို့၏အာဏာကြီးသည့်အထူးပုဂ္ဂိုလ်များစွာက ထိုဆိုင်၏ဖွင့်ပွဲနေ့အခမ်းအနားကိုတက်ရောက်ခဲ့ကြလေသည်။

"ဟုတ်တယ်၊" ကုနင်းပြန်ဖြေလိုက်သည်။

"ဘာ?" ပိုင်ရွှယ်ယန် ကြောင်အသွားရသည်။ ကုနင်းက ဘယ်လောက်ထိတောင် အံ့ဩဖို့ကောင်းနေတာလဲ? ကုနင်းက တကယ်ပဲ သူမထက်၁တစ်နှစ်ကြီးတာ သေချာပါတယ်နော်?

ဆရာကြီးပိုင်လဲ ကုနင်းနှင့် ပိုင်ရွှယ်ယန်ကို ယှဉ်ကြည့်မိလိုက်ပြီးနောက် အနည်းငယ်ရှက်ရွံ့သွားရသည်။ ကုနင်းသာ သူ့ရဲ့မြေးအရင်းသာဖြစ်ရင်! ဆရာကြီးပိုင် စိတ်ထဲတွေးတောမိလိုက်သည်။

အခုတော့ ပိုင်ရွှယ်ယန်မှာ ကုနင်းကို အလွန်မနာလိုဖြစ်သွားရသည်။ ဆရာကြီးပိုင်က ကုနင်းရှေ့တွင်တောင်မှ သူမကို အပြစ်တင်တော့သည်၊

"ကုနင်းကိုကြည့်စမ်း! မင်းနဲ့အသက်အတူတူပဲဆိုပေမယ့် တစ်ချိန်တည်းနဲ့ ကုမ္ပဏီတွေကို စီမံခန့်ခွဲနေနိုင်ပြီ၊ မင်းကျတော့ရော? နေ့တိုင်း အပြင်ထွက်ပျော်ပါးနေတာပဲ။ စာတောင်မကျက်ဘူး! မင်းရဲ့ကိုယ်ပိုင်အနာဂါတ်လမ်းကြောင်းတစ်ခုကို ဘယ်လိုလုပ်များတည်ဆောင်နိုင်တော့မှာလဲ? "

ပိုင်ရွှယ်ယန် အရှက်ရသွားပေမည့် ပြန်တော့မပြောခဲ့ပေ။ ထိုသို့ဆိုလျှင်တောင် သူမ ကုနင်းကို အပြစ်မတင်မိဘဲ အမှန်တကယ်ပဲ လေးစားသွားမိရသည်။

"ဟ-ဟ၊ အဖိုးကြီးပိုင်၊ ရွယ်တူတွေထဲမှာဆိုရင် ရွှယ်ယန်က အတော်လေးတော်နေပြီလို့ ငါတော့ထင်တယ်။ ပြီးတော့ ကုနင်းလိုမျိုး အရည်အချင်းရှိလွန်းတဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဆိုတာ အရမ်းကိုရှားလွန်းတယ်လေ!" ဆရာကြီးဖူချက်ချင်းပင် ပိုင်ရွှယ်ယန်ကို အခက်အခဲမှလွတ်မြောက်ရန် ကူညီပေးလိုက်သည်။ သို့သော်လည်း သူပြောသည်မှာ အမှန်တရားသာဖြစ်လေသည်။ ကုနင်းလိုမျိုး မယုံနိုင်စရာထူးချွန်သည့်မိန်းကလေးမျိုး နောက်ထပ်တစ်ယောက်ထပ်မတွေ့နိုင်တော့ပေ။

ကုနင်းတွင် ထန်အိုက်နင်း၏ဝိဉာဉ်လဲရှိသလို မှော်စွမ်းအားများလဲရှိနေသေးသည်။ ထို့ကြောင့် သူမအနေဖြင့် မထူးမချွန်သည့်ပုံစံနေဖို့ကမှ ပို၍ပင်ခက်ခဲလေသည်။ ထို့အပြင် သူမအနေဖြင့် သေချာပေါက် အောင်မြင်ဖို့ရန်အတွက်ရည်မှန်းချက်လဲရှိထားသေးသည်။ ထို့ကြောင့် ကုနင်း သူမကြောင့် ပိုင်ရွှဘ်ယန်အဆူခံသည်ကိုကြားရတော့ အနည်းငယ်အပြစ်ရှိသလိုခံစားသွားရလေသည်။

***

အခန်း ၃၅၅

ပို၍ရှုပ်ထွေးလာခြင်း

"ဟုတ်တာပေါ့၊ ငါ့မြေးနှစ်ယောက်လဲ ကောင်မလေးကုကိုလုံးဝမယှဉ်နိုင်ဘူး!" ဆရာကြီးယန် သက်ပြင်းချလိုက်မိသည်။

ကုနင်းသည် အမှန်ကို လူငယ်မျိုးဆက်သစ်များထဲတွင် အတော်ဆုံးဖြစ်လေသည်။ ဆရာကြီးပိုင်သည်လဲ ပိုင်ရွှယ်ယန်ကို အမှန်တကယ်အပြစ်တင်ခြင်းမဟုတ်သလို ကုနင်းလိုမျိုးဖြစ်လာနိုင်သည်ဟုလဲ မမျှော်လင့်ပေ။ သူက ပိုင်ရွှယ်ယန် ပိုပြီးကြိုးစားချင်စိတ်ဖြစ်လာကာ ထူးချွန်လာဖို့ရန်လောက်ပင် လိုချင်လေသည်။ သူတို့ နောက်ထပ်နာရီဝက်မျှ လမ်းဆက်လျှောက်လိုပြီးတော့မှ နေ့လည်စာစားချိန်ရောက်ပြီဖြစ်၍ အိမ်သို့ပြန်လာကြသည်။

နေ့လည်စာစားနေချိန်တွင်တော့ အမျိုးသမီးပိုင်က ကုနင်း၏ပန်းကန်လုံးထဲသို့ ဟင်းများအဆက်မပြတ်ခပ်ထည့်ပေးလို့နေသည်။ ကုနင်းသည်လဲ အတော်လေးကိုအစားကြီးသူတစ်ယောက်ဖြစ်သော်လည်း အမျိုးသမီးပိုင်ထည့်ပေးသမျှကို စားဖို့ရန်ကတော့ ခက်ခဲလွန်း၍ တားယူရတော့သည်။ စားသောက်ပြီးသွားချိန်တွင်တော့ ဧည့်ခန်းထဲသို့သွားကာ အနားယူကြသည်။

နားနေချိန်တွင်တော့ ပိုင်ရွှယ်ယန်က ကုနင်းနားသို့ချဉ်းကပ်လာကာ ၊

"ကုနင်း၊ ငါ့ကို နင်နဲ့အတူ JadeBeautyလက်ဝတ်ရတနာဆိုင်ကို ခေါ်သွားပေးလို့ရမလား?"

"ရပါတယ်။" ကုနင်းအေးအေးဆေးဆေးသာပြန်ဖြေလိုက်သည်။

ပိုင်ရွှယ်ယန်လဲ ကျေနပ်သွားကာ ချက်ချင်းပင် သူမအမေကိုပြောလိုက်တော့သည်။ အမျိုးသမီးပိုင်က သူမကိုမတားမြစ်သော်ငြား ယဉ်ကျေးမှုရှိရန်နှင့် ပြဿနာမရှာခဲ့ရန်ကိုတော့ သတိသေချာပေးလိုက်သည်။ ပိုင်ရွှယ်ယန်သည် သူမမိသားစုဝင်များဖြင့်သာ အနည်းငယ်ဆိုးသွမ်းသော်လည်း အပြင်တွင်တော့ သူမမနှစ်သက်သည့်လူများဖြင့်သာ စကားများခြင်းဖြစ်သည်။

ထို့ထက်မက သူမတွင် နောက်ကထောက်ခံမြှောက်ပင့်ပေးနေသည့်သူငယ်ချင်းများရှိကာ ထိုအတွက်ကြောင့်ပင် ပြဿနာများစွာလဲဖြစ်ခဲ့ဖူးခြင်းကြောင့် အမျိုးသမီးပိုင်က စိုးရိမ်နေမိခြင်းဖြစ်သည်။ ဖြစ်ခဲ့သည့်ကိစ္စများသည်က ကြီးကြီးမားမားမဟုတ်သော်လည်း သူမနောက်ထပ်ပြဿနာထပ်ဖြစ်မည်ကတော့ သတင်းကောင်းတစ်ခုမဟုတ်ပေ။

ထို့နောက် သူတို့အဖွဲ့ပိုင်မိသားစုအိမ်တော်မှထွက်လာခဲ့လိုက်သည်။ သူတို့ ဆရာကြီးယန်၏ကားကိုပဲစီးကာ ဆရာကြီးယန်က JadeBeautyလက်ဝတ်ရတနာဆိုင်သလို့လိုက်ပို့ပေးခဲ့သည်။ ကုနင်းနှင့်ပိုင်ရွယ်ယန်ကို လိုက်ပို့ပြီးသွားသည်နှင့် ဆရာကြီးယန်သည်တော့ သူ့အိမ်သို့ပြန်သွားတော့သည်။

တကယ်တော့ ပိုင်ရွှယ်ယန်မှာ လက်ဝတ်ရတနာများကိုစိတ်မဝင်စားသောကြောင့် အရင်ကတစ်ခေါက်မှ မသွားခဲ့ပေ။ သို့ပေမယ့် ထိုနာမည်ကြီးလှသည့်လက်ဝတ်ရတနာဆိုင်၏သူဌေးက ကုနင်းမှန်းသိလိုက်ရချိန်တွင်တော့ အလွန်ထိတ်လန့်သွားကာ သိချင်စိတ်လဲဖြစ်လာမိ၍ အခုလိုလိုက်ကြည့်ခြင်းဖြစ်သည်။

ဆိုင်ထဲတွင် လူများစွာရှိနေပြီး အရောင်းဝန်ထမ်းများကလဲ ထိုလူများကိုပစ္စည်းများမိတ်ဆက်ပြသာကာ အလုပ်ရှုပ်နေခြင်းက JadeBeautyတံဆိပ်သည် အလွန်လူကြိုက်များသည့်သတင်းကို သက်သေပြလို့နေသည်။

ဆိုင်ထဲတွင်လူများစွာရှိနေသော်လည်း အဆုံးတွင်တော့ ထိုထဲမှအနည်းငယ်လောက်ကသာ လက်ဝတ်တရတနာကိုအမှန်တကယ်ဝယ်ယူကြမည်ဖြစ်သော်လည်း ထိုလောက်ဖြင့်ပင် ကုနင်းအတွက် ငွေအမြောက်အမြားရရှိဖို့ရန်လုံလောက်နေပြီဖြစ်သည်။

အရောင်းဝန်ထမ်းတစ်ဦးက ပိုင်ရွှယ်ယန်ကို ကုနင်းနှင့်အတူလာခြင်းဖြစ်မှန်းမသိသောကြောင့် လက်ဝတ်ရတနာများကိုမိတ်ဆက်ပေးဖို့ရန်လုပ်လိုက်ပေမယ့် ကုနင်းကတားလိုက်ကာ၊

"ရတယ်၊ သူက ကျွန်မနဲ့လာတာ။"

"မိန်းကလေးကု၊ မင်္ဂလာပါ!" အရောင်းဝန်ထမ်းသည်လဲ ချက်ချင်းပင် ကုနင်းကိုနှုတ်ဆက်လိုက်ကာ သူမပြောသည့်အတိုင်း နာခံပြီး အခြားရှင်းပြရန်လိုအပ်နေသည့်ဝယ်သူများထံသို့ပြန်သွားတော့သည်။

JadeBeautyလက်ဝတ်ရတနာဆိုင်၏ အရောင်းဝန်ထမ်းအားလုံးသည် အမူအကျင့်ကောင်းမွန်စေရန် သေချာလေ့ကျင့်ပေးခြင်းခံထားရသောကြောင့် ဝယ်သူမှာ ငယ်ရွယ်သည့်မိန်းကလေးဖြစ်ပါစေ လက်ဝတ်ရတနာများကိုဝယ်ယူဖို့ရန် မတတ်နိုင်သူဖြစ်ပါစေ ဆင်းရဲနေသည့်သူဖြစ်ပါစေ ဆိုင်သို့လာရောက်သူတိုင်းကိုညီတူညီမျှဆက်ဆံလေသည်။

ကုနင်း ပိုင်ရွှယ်ယန်အား ဆိုင်ထဲသို့အေးအေးဆေးဆေးလှည့်ပတ်ကြည့်ရှုရန်ပြောခဲ့ပြီးသည် သူမသည်တော့ ကျိုးကျန်းဟုန်နှင့်တွေ့ရန်အတွက် ရုံးခန်းသို့သွားလိုက်သည်။

ကုနင်း ဟောင်ရန်နှင့်အခြားသူငယ်ချင်းများအတွက် ကြိုတင်မှာထားသော ကျောက်စိမ်းဆွဲပြားအားလုံးမှာ အဆင်သင့်ပြုလုပ်ပြီးနေပြီဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင်ယူသွားဖို့ရန် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမ၏ဆိုင်မှ နောက်ထပ်များစွာသော ကျောက်စိမ်းဆွဲများကိုလဲယူသွားသေးသည်။

တစ်ခုသည်က စုအန်းယာ၏မွေးနေ့လက်ဆောင်ဖြစ်ကာ Kameiအလုပြင်ဆိုင်တွင်ကျင်းပမည့်ပွဲအတွက် ဆုလက်ဆောင်ပေးရန်လဲရှိသေးပြီး ကျန်သည့်ဆွဲပြားများကိုတော့ သူမဘာသာသိမ်းထားမည်ဖြစ်သည်။ တစ်ချိန်ချိန်တွင် လိုအပ်ကောင်းလိုအပ်လာနိုင်ပေသည်။

ထိုတခနတွင်ပဲ အပြင်ဘက်မှ ဆူညံသံများကိုကြားလိုက်ရကာ ပိုင်ရွှယ်ယန်၏ဒေါသတကြီး ဆူပူနေသံလဲပါဝင်လေသည်။ ကုနင်းနှင့်ကျိုးကျန်းဟုန်လဲ ချက်ချင်းပင် ရုံးခန်းထဲမှထွက်ကာ ဆိုင်ထဲသို့သွားလိုက်ကြသည်။

ဆိုင်ထဲတွင်တော့ ပွဲကြည့်နေသည့်လူတစ်စုနှင့်အတူ ပိုင်ရွယ်ယန်ရယ် နောက်ထပ်ကောင်မလေးတစ်ယောက်ရယ်ပါရှိနေလေသည်။

"လျှိုလုလု၊ နင်ဘာလို့များ အခြားလူဆီက ပစ္စည်းတွေကို လုယူရတာလဲ? ဒါပထမဆုံးအကြိမ်လဲမဟုတ်တော့ဘူး! ဘယ်လောက်တောင်အရှက်မဲ့လိုက်လဲ!" ပိုင်ရွှယ်ယန်က ဒေါသတကြီးပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်၊ နင်ဝယ်မှာမှမဟုတ်တာ၊ ငါယူလိုက်တာကို အပြစ်လာတင်မနေနဲ့!" တစ်ဖက်ကလျှိုလုလုဆိုသည့် မိန်းကလေးကအထင်သေးစွာဖြင့်ပြန်ပြောလာသည်။ သူမပုံစံက ပိုင်ရွှယ်ယန်မှာ လက်ဝတ်ရတနာ၏တန်ဖိုးကို မပေးနိုင်ဟုသေချာနေပုံပင်။

"ငါအခုငွေမပါလာပေမယ့် ကြိုတင်မှာထားခဲ့လို့ရတယ်။" ပိုင်ရွှယ်ယန်က ပြန်ပြောသည်။

"နင်က ဒီအတွက်တတ်နိုင်လို့လား? နင်က သာမာန်မိသားစုကပါလို့ ယွီ ငါ့ကို ပြောဖူးတယ်မလား၊ နင့်မှာ ဒီပစ္စည်းကိုဝယ်ဖို့ ငွေလုံလုံလောက်လောက်ရှိမယ်လို့မထင်ဘူး။ ဒီကျောက်စိမ်းဆွဲပြားက ဘယ်လောက်တန်လဲဆိုတာကောသိရဲ့လား? ဒါ ယွမ်၃သိန်းနဲ့၆ထောင်တန်တယ်ဟဲ့!" လျှိုလုလုကပြန်ပြောလိုက်သည်။ ပိုင်ရွှယ်ယန်၏နောက်ခံမိသားစုအကြောင်း သူမမသိထားသည်မှာသေချာလေသည်။ မဟုတ်လျှင် အခုလိုမောက်မာနေနိုင်မည်မဟုတ်ပေ။ ယွီဆိုသည်မှာ လင်းရှောင်ယွီ၏နာမည်အပြစ်အစုံဖြစ်ကာ ပိုင်ရွှယ်ယန်၏သူငယ်ချင်း လင်းယို့ယို့၏ ဝမ်းကွဲလဲဖြစ်သည်။ ထိုမိန်းကလေးနှစ်ဦးသည် ဘယ်သောအခါမှမတည့်ကြပေ။

လင်းယို့ယို့သည်က ပိုင်ရွှယ်ယန်က သူငယ်ချင်းကောင်းဖြစ်သောကြောင့် သူမက ပိုင်ရွှယ်ယန်ကမိသားစုနောက်ခံကိုသေချာပေါက်သိသော်လည်း အခြားလူများကိုလုံးဝမပြောပြပေ။ အထူးသဖြင့် လင်းရှောင်းယွီနှင့် လျိုလုလုကိုပင်။

လင်းယို့ယို့၏မိဘများသည်က သာမာန်ကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကြခြင်းဖြစ်သော်လည်း ပိုင်ရွှယ်ယန်သည်က လူအများကို သူမနှင့်စိတ်တူကိုယ်တူဖြစ်မည့်အချက်ကြောင့်သာသူငယ်ချင်းဖွဲ့ပြီး ချမ်းသာသည် ဆင်းရဲသည်ကိုမကြည့်ပေ။ တစ်ဖက်၌လင်းရှောင်ယွီသည်က ယွမ်သန်း၁၀၀မကရှိသည့်ချမ်းသာသောမိသားစုမှဖြစ်သောကြောင့် သူမ၏ဝမ်းကွဲဖြစ်သည့် လင်းယို့ယို့ကို အမြဲတမ်းသဘောမကျဖြစ်ကာ အနိုင်ကျင့်လေသည်။

ပိုင်ရွှယ်ယန်သည်က လင်းယို့ယို့၏သူငယ်ချင်းကောင်းဖြစ်သလို လျှိုလုလုသည်က လင်းရှောင်ယွီ၏သူငယ်ချင်းကောင်းဖြစ်သောကြောင့် လင်းရှောင်ယွီနှင့်လင်းလုလုတို့က ရန်ပွဲကြားသို့ရောက်ကာ သူတို့သည်လဲ အလိုလျောက်မတည့်ကြတော့ခြင်းဖြစ်သည်။

ပိုင်ရွှယ်ယန်က သူမ၏နောက်ခံမိသားစုအကြောင်းကြွားဝါလေ့မရှိ၍ လင်းရှောင်ယွီနှင့် လျှိုလုလုမှာ သူမကို သာမာန်မိသားစုကသာဖြစ်သည်ကို ထင်နေကြသည်။ ထို့ကြောင့်ပင် လျှိုလုလုက သူမသည် ပိုင်ရွှယ်ယန်ထက်သာသည်ဟုခံစားနေမိခြင်းဖြစ်သည်။

"ထားပါ၊ ငါတစ်ခုအရမ်းသိချင်နေတာ၊ နင့်အဖေက ဒုတိယမြို့တော်ဝန်လေ၊ သူကဘယ်လိုလုပ်များဒီလောက်ဈေးကြီးတဲ့လက်ဝတ်ရတနာကိုဝယ်နိုင်နေရတာလဲ?" ပိုင်ရွှယ်ယန်က အဓိပ္ပါယ်ပါပါမေးလိုက်သည်။ ထိုပြဿနာက အမြင်ထက်ပင်ပို၍ရှုပ်ထွေးပေသည်။ ဒုတိယမြို့တော်ဝန်တစ်ယောက်၏သမီးက အလွန်ဈေးကြီးသည့် ယွမ်၃သိန်း၆သောင်းတန်လက်ဝတ်ရတနာတစ်ခုကိုဝယ်နိုင်ရတာလဲ? သူဒီလောက်ငွေတွေကိုဘယ်ကရနေတာလဲ? လျှိုလုလု၏အဖေတွင် သေချာပေါက်လာဘ်ထိုးငွေမည်းများရှိနေရပေမည်။

အစိုးရအရာရှိများ တံစိုးလာဘ်ဆောင်လက်ခံသည်က ထူးခြားသည့်ဖြစ်ရပ်မျိုးမဟုတ်သော်လည်း အခုလို ရာထူးကြီးသည့်အစိုးရအရာရှိ၏သမီးဖြစ်သူက အခုလိုထင်ထင်ပေါ်ပေါ်ထုတ်ပြနေခြင်းမျိုးသည်တော့ အလွန်ရှားပါးလှပေသည်။ သူမကတော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။

ထိုတခနတွင်ပဲ လူအများ၏လျှိုလုလုအပေါ်ကြည့်သည့်အကြည့်များမှာပြောင်းလဲလို့သွားခဲ့ပေမည့် လျှိုလုလုသည်တော့ သတိမထားလိုက်မိပေ။ သူက ပိုလို့ပင် သူမအဖေ၏ ရာထူးကို ထုတ်ဖော်ကြွားဝါက ဘဝင်မြင့်နေတော့သည်။

"ဒါနင့်ကိစ္စမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်၊ငါကတော့ ဒီအတွက်တတ်နိုင်တယ်။" လျှိုလုလုသည် သူမအဖေအတွက် သေတွင်းကိုကိုယ်တိုင်ကိုယ်ကျတူးပေးလို့နေသည်။

ကုနင်းကတော့ သူမ၏အော်ရယ်ပစ်ချင်စိတ်ကို မနည်းအောင့်အီးလို့ထားရသည်။ လျှိုရှီခွန်းသာ သူ့သမီးက ဒီလောက်အသိဉာဏ်မရှိမှန်းသိသွားလျှင် ဒေါသထွက်လွန်း၍သေသွားနိုင်ပေသည်။

ပိုင်ရွှယ်ယန် ထပ်ပြီး ပြန်ပြောတော့မည့်အခိုက်မှာပဲ ကုနင်းက ကြားဖြတ်ကာ,

"ရွှယ်ယန်၊ သူ့ကိုဝယ်ခိုင်းလိုက်ပါ။" တစ်ချိန်တည်းတွင်ပဲ ကုနင်းသူမကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ပိုင်ရွှယ်ယန်မှာ ကုနင်းတွင် မည်သည့်အစီစဉ်ရှိမှန်းမသိသော်လည်း ကုနင်းစကားကိုတော့နားထောင်လိုက်စဲဖြစ်သည်။

All Chapters