အခန်း (၃၅၆-၃၆၀)
Vol. 24 Ch. 356-360
အခန်း ၃၅၆
အသက်ကွာတာက ပြဿနာမဟုတ်ဘူး
ကုနင်းတားလိုက်သောကြောင့် ပိုင်ရွှယ်ယန်လဲ ကျောက်စိမ်းဆွဲပြားကို လျှိုလုလုအားပေးလိုက်ကာ,
"ကောင်းပြီလေ၊ နင်ပြောတာမှန်ပါတယ်။ ငါက ဒီပစ္စည်းဖိုးမတတ်နိုင်ဘူးဆိုမှတော့ နင့်အပိုင်ပဲပေါ့။"
ပိုင်ရွှယ်ယန်သည် သူမအပေါ် တခြားလူများ၏ အတွေးအမြင်ကိုထည့်တွေးလေ့မရှိသောကြောင့် ဆင်းရဲသည်ဟုထင်မှတ်ယူနေခြင်းအပေါ်ဂရုမစိုက်ပေ။
"ဟုတ်တာပေါ့၊ နင်မတတ်နိုင်ဘူးဆိုရင်လဲ ဒီလိုလက်ဝတ်ရတနာဆိုင်တစ်ဆိုင်ရှေ့ကနေဖြတ်တောင်မလျှောက်သင့်ဘူး! နင်ဟန်ဆောင်နေလို့လဲ ချက်ချင်းကြီးအမှန်တကယ်ချမ်းသာသွားမှာမဟုတ်ဘူးလေ။" ပိုင်ရွှယ်ယန်က သူမထိုရတနာပစ္စည်းကို မဝယ်နိုင်ကြောင်း ကိုယ်တိုင်လက်ခံလိုက်သောကြောင့် လျှိုလုလုပို၍ပင် ဂုဏ်မောက်သွားတော့သည်။ သို့ပေမယ့် သူမ၏အမူအရာများက မသင့်လျော်မှန်းလဲ သတိမထားမိသလို သူမထောင်ချောက်ထဲဝင်သွားပြီမှန်းလဲမသိခဲ့ပေ။ ထို့နောက် လျှိုလုလုက အရောင်းဝန်ထမ်းကို၊
"ဒါကထုပ်လိုက်!"
ပြောပြီးသည်နှင့် သူမ၏ဘဏ်ကဒ်ကိုထုတ်ယူကာ အရောင်းဝန်ထမ်းထံသို့ပေးလိုက်သည်။ ထိုကဒ်မှာ သူမအမေကပေးလိုက်သောကဒ်ဖြစ်လေသည်။ လျှိုရှီခွန်းသည် ဒုတိယမြို့တော်ဝန်တစ်ယောက်ဖြစ်သောကြောင့် သူဘယ်လောက်ပဲလာဘ်စားထားပါစေ သိုသိုသိပ်သိပ်နေသည့်ကြောင်း နားလည်လေသည်။ လျှိုရှီခွန်း၏ဇနီးသည်တော့ အစိုးရအငယ်တန်းအရာရှိတစ်ယောက်ဖြစ်နေသာ်လည်း သူမသမီးကို ယွမ်သန်းပေါင်းများစွာပါသည့် ဘဏ်ကဒ်ကိုပေးလိုက်သည်အထိ တုံးအသူတစ်ယောက်ဖြစ်နေသည်။
ပုံမှန်ဆိုလျှင် ဝယ်သူများသည် စရံငွေအရင်ဦးစွာချေထားနိုင်ပြီး JadeBeautyလက်ဝတ်ရတနာဆိုင်က ထိုစရံပေးထားသည့်ပစ္စည်းအတွက် ငွေအကျေချေရန်အတွက် သုံးရက်စောင့်ပေးမည်ဖြစ်သည်။ အကယ်၍ ထိုဝယ်သူကသာ သုံးရက်နေသည်အထိ ကျန်သည့်ငွေပမာဏကို ပေးဖို့ရန်မတတ်နိုင်ပါက ထိုပစ္စည်းကို အခြားသူအားပြန်ရောင်းလေ့ရှိပေမည့် ဆိုင်၏သူဌေးဖြစ်သည့် ကုနင်းကိုယ်တိုင်ရော ဝယ်သူကပါ ငွေအကျေချေပြီးဝယ်ဖို့ရန်သဘောတူထားသောကြောင့် အရောင်းဝန်ထမ်းသည်လဲ ချက်ချင်းပင် ထုပ်ပိုးပေးလိုက်တော့သည်။
လျှိုလုလု သူမ၏ကဒ်ဖြင့်ငွေချေကာ သူမနာမည်နှင့်လက်မှတ်ထိုးပေးလိုက်သည်။ ထို့နောက် ဆိုင်ထဲမှမထွက်သွားခင် ပိုင်ရွှယ်ယန်၏ရှေ့တွင် သူမကိုယ်သူမ မင်းသမီးတစ်ဦးကဲ့သို့မောက်မာစွာပြုမူလိုက်သေးပေသည်။ တုံးအသည့်လျှိုလုလုသည်တော့ သူမအမှားကြီးတစ်ခုလုပ်မိကာ ထိုအမှားအတွက် တစ်ဘဝလုံးနောင်တအကြီးအကျယ်ရနေတော့မည်ကို မသိခဲ့ပေ။ သို့ပေမယ့် လျှိုရှီခွန်းကို ဥပဒေအရအရေးမယူရသေးခင်တွင်ပဲ သူ့သမီးယနေ့လုပ်ခဲ့သည့်ကိစ္စကပင် အတော်လေးအထိနာတော့မည်ဖြစ်သည်။
ကုနင်းက တမင်ရည်ရွယ်ကာလုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ထဲတွင်ရှိနေသမျှလူအားလုံးသည် မျက်မြင်သက်သေအဖြစ်ရှိနေကြမည်ဖြစ်သည်။ လျှိုလုလုထွက်သွားသည်နှင့် ပွဲကြည့်နေသည့်လူအုပ်ကြီးလဲ ချက်ချင်းချဲသွားတော့သည်။
ပိုင်ရွှယ်ယန်သည်တော့ သိပ်မကျေနပ်သည့်လေသံဖြင့် ကုနင်းကိုမေးလိုက်သည်၊
"ဘာလို့ငါ့ကို ပေးမဝယ်တာလဲ?"
"ဘာလို့ဆို ငါငွေလိုချင်လို့လေ!" ကုနင်း အမှန်တကယ်လောဘကြီးသည့်သူတစ်ယောက်ပုံစံဖြင့်ပြန်ဖြေလိုက်သည်။
"ငါလဲ သူ့ဈေးအတိုင်းပေးနိုင်တာပဲ! ဒီနေ့ပဲ ငွေလုံလုံလောက်လောက်မယူလာခဲ့မိရုံပါနော်။" ပိုင်ရွှယ်ယန် စိတ်ဆိုးစွာပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ အမှန်အတိုင်းပဲပြောတော့မယ်။ ငါ့မှာ အစီစဉ်လေးတစ်ခုရှိလို့ပါ။ နင့်ကိုက နင်လိုချင်တဲ့ပုံစံနဲ့ သူ့ထက် အရည်အသွေးပိုတောင်ကောင်းတဲ့ ကျောက်စိမ်းဆွဲပြားမျိုးပေးနိုင်တယ်။ နင်ဘယ်လိုပုံမျိုးလိုချင်လဲ?"
ကုနင်းတွင် အစီအစဉ်တစ်ခုရှိလို့လုပ်လိုက်ကြောင်းကြားတော့မှ ပိုင်ရွှယ်ယန် အနည်းငယ်စိတ်ကိုလျှော့လိုက်သည်။ ထို့အပြင် ကုနင်း၏ရက်ရောလွန်းမှုကြောင့်လဲ ထိတ်လန့်အံ့အားသင့်သွားရလေသည်။
"နင်သေချာရဲ့လား? အဲ့ဒါက သေချာပေါက်အရမ်းဈေးကြီးတာတွေလေ!"
ကုနင်းတွင် ကျောက်စိမ်းမရှားပါးသလို ငွေလဲမရှားပါးဘူးဆိုပေမယ့် အခြားလူတစ်ဦးကို ဈေးကြီးသည့်လက်ဆောင်ပေးခြင်းသည်ကတော့ အလွန်ရက်ရောလွန်းနေပြီဖြစ်သည်။
"နင်လိုချင်လား? မလိုချင်ဘူးလား?"
"သေချာပေါက် လိုချင်တာပေါ့!" ပိုင်ရွှယ်ယန်ချက်ချင်းပြန်ဖြေလိုက်သည်။
"ဒါပေမယ့် ငါအလကားမယူပါဘူး၊ တန်ကြေးကိုပေးပါ့မယ်။" ပိုင်ရွှယ်ယန်သည် အခြားလူတစ်ယောက်စီမှ အမြတ်ထုတ်ယူလိုသည့်ဆန္ဒမရှိပေ။
"နင်ပေးဖို့မလိုပါဘူး။ နှစ်သစ်ကူးအတွက် လက်ဆောင်ပေးတယ်လို့ပဲသဘောထားလိုက်။"
"ဘာလို့လဲ? ငါတို့နှစ်ယောက်က အခုမှသိကြတာလေ။ နင်က အရမ်း,အ,မနေဘူးလား?" ပိုင်ရွှယ်ယန် တဲ့တိုးသာမေးလိုက်သည်။ သူက ကုနင်းကိုလှောင်ပြောင်လိုခြင်းမျိုးမဟုတ်ဘဲ ကုနင်း၏လက်ဆောင်မှာ အလွန်ဈေးကြီးလို့ပြောခြင်းသာဖြစ်သည်။
ကုနင်းသည်တော့ ပိုင်ရွှယ်ယန်ထံမှ အလှောင်ခံလိုက်ရသော်လည်း သူမလုပ်သည့်လုပ်ရပ်မှာ အမှန်တကယ်ကို ထိုသို့ထင်မြင်စရာကောင်းလှပေသည်။
"ဒါဆိုလဲ နင့်အဖေနဲ့အဖိုးရဲ့မျက်နှာသာရအောင် လက်ဆောင်ပေးတယ်လို့သာသဘောထားလိုက်တော့၊ ဟုတ်ပြီလား?"
"ဒါပေမယ့်..." ပိုင်ရွှယ်ယန် အနည်းငယ်တုံ့ဆိုင်းနေမိသေးသည်။
"နင်ဆက်ပြီး တွန့်ဆုတ်နေမယ်ဆိုရင် ငါပြောထားတာကို ပြန်ရုတ်သိမ်းတော့မှာနော်။" ကုနင်းခြိမ်းခြောက်လိုက်တော့မှပင်
"ဟုတ်ပါပြီ၊ ယူမှာပေါ့လို့ပဲ။"ပိုင်ရွှယ်ယန်ချက်ချင်းသဘောတူသွားတော့သည်။
ဆိုင်ထဲမှ လှပသည့်လက်ဝတ်ရတနာများကိုမြင်ပြီးနောက်တွင် ပိုင်ရွှယ်ယန်တစ်ယောက် ကျောက်စိမ်းလက်ဝတ်ရတနာများကို အလွန်သဘောကျသွားခဲ့ပေသည်။ အမျိုးသမီးအများစုသည် လက်ဝတ်ရတနာများ၏လွှမ်းမိုးမှုမှုမလွတ်မြောက်နိုင်ကြဘဲ လှပသည့်လက်ဝတ်ရတနာမျိုးကြောင့်ဆိုလျှင် ပို၍ပင် မလွတ်မြောက်နိုင်ပေ။
"သူ့ထက်ပိုသာတဲ့ကျောက်စိမ်းက ဘာအမျိုးအစားရှိလဲ?" ပိုင်ရွှယ်ယန် သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
"အနီနဲ့အစိမ်းရောင်စပ်ထားတဲ့ ပျော်ရွှင်ခြင်းနှစ်ဆကျောက်စိမ်း ဒါမှမဟုတ် သွေးလိုမျိုးနီရဲနေတဲ့ သွေးနီရောင်ကျောက်စိမ်းရယ်ရှိတဲ့။ နင်ဘယ်ဟာလိုချင်လဲ?" ကုနင်းမေးလိုက်သည်။ ထိုကျောက်စိမ်းနှစ်မျိုးထက် ပို၍ကောင်းသည့် အခြားကျောက်စိမ်းများစွာရှိသေးသော်လည်း ကုနင်းကတော့ မိန်းမငယ်လေးများနှင့်ပို၍သင့်တော်သည့် ထိုကျောက်စိမ်းနှစ်မျိုးကိုရွေးပေးလိုက်လေသည်။
"သွေးနီရောင်ကျောက်စိမ်း!"ပိုင်ရွှယ်ယန် စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည်။ သူမသည် ကျောက်စိမ်းကို မူလအစိမ်းရောင်ထက် အခြားသောအရောင်များကိုပိုနှစ်သက်ကာ ထို့ထက်သေချာသည့်အကြောင်းပြချက်သည်တော့ ပိုင်ရွှယ်ယန်သည် အနီရောင်ကိုအကြိုက်ဆုံးဖြစ်သည်။ သူမတွင် အနီရောင်ဝတ်စုံများစွာရှိသလို သူမအခုဝတ်စားလာသည့် အပြင်အဆင်မှာလဲ အနီရောင်အများအပြားပါလေသည်။
"ရတယ်လေ၊ နင်ဘယ်လိုပုံစံမျိုးကိုလိုချင်လဲ?"
"ကျောက်စိမ်းဆွဲပြားပေါ်မှာ နဂါးပုံပါတာမျိုးလိုချင်တယ်။" ပိုင်ရွှယ်ယန်၏တရုတ်ရာသီခွင်အမှတ်အသားသည် နဂါးပုံဖြစ်ပြီး သူမသည် ကုနင်းထက် တစ်နှစ်ငယ်လေသည်။ ကုနင်းလဲ ကျိုးကျန်းဟုန်ကို ပိုင်ရွှယ်ယန်လိုချင်သည့် ကျောက်စိမ်းဆွဲပြားပုံစံမျိုးကို လုပ်ခိုင်းလိုက်သည်။
ပိုင်ရွှယ်ယန်အတွက် ကျောက်စိမ်းဆွဲပြားကိုတော့ စက်ဖြင့်လုပ်မည်ဖြစ်သည်။ လက်ဖြင့်သာထွင်းမည်ဆိုလျှင် ထိုပုံစံမျိုးမှာ အလွန်အားစိုက်ရမည်ဖြစ်သောကြောင့် အချိန်များစွာကြာမြင့်မည်ဖြစ်သည်။ စက်ဖြင့်သာလုပ်မည်ဖြစ်၍ ပိုင်ရွှယ်ယန်မှာ ထိုကျောက်စိမ်းဆွဲပြားကို မနက်ဖြန်ဆိုလျှင် လာယူနိုင်ပြီဖြစ်သည်။
ကုနင်း ရုံးခန်းထဲမှ နောက်တစ်ခေါက်ပြန်ထွက်လာချိန်တွင်တော့ ပိုင်ရွှယ်ယန်က သူမကိုမေးလာသည်။
"နင်ဒီနေ့အားတယ်မလား? ငါတို့အတူတူ ဈေးဝယ်ထွက်ကြရအောင်?"
"ကောင်းပြီလေ၊" ကုနင်းသဘောတူလိုက်ကာ သူမတို့နှစ်ဦး ဈေးဝယ်စင်တာသို့သွားလိုက်ကြသည်။ တကယ်တမ်း သူမတို့တွင် ဝယ်စရာထွေထွေထူးထူးမရှိဘဲ အပျော်လျှောက်လည်သည့်သဘောသာဖြစ်သည်။
၁နာရီလောက်လည်ပတ်ပြီးနောက်တွင်တော့ ကော်ဖီသောက်ရန်အတွက် ကော်ဖီဆိုင်တစ်ဆိုင်သိုထွက်လာခဲ့သည်။ ထိုဆိုင်တွင် ပိုင်ရွှဘ်ယန်၏အကြိုက်ဆုံး အချိုပွဲကိုရောင်းလေသည်။ ပိုင်ရွှယ်ယန်သည် အချိုပွဲစားရသည်ကို အလွန်နှစ်ခြိုက်ပြီး ကံကောင်းစွာဖြင့် သူမသည် ကိုယ်အလေးချိန်မတတ်,တတ်ပေ။ ထိုသို့သာမဟုတ်လျှင် သူမလို အချိုပွဲခနခနစားပုံးမျိုးဖြင့် အလွန်ဝတုတ်နေမည်ဖြစ်သည်။
သူတို့နှစ်ဦး ဆိုင်ထဲတွင် ထိုပြီးသွားကြသည်နှင့် ပိုင်ရွှယ်ယန်က၊
"ငါ ဒီဆိုင်က ကော်ဖီရော အချိုပွဲတွေရောကို အရမ်းကြိုက်တာ။ ဒီဆိုင်ရဲ့ဘော့စ် အယ်လန်က တရုတ်-ဂျာမန်လူမျိုးလေ၊ အသက်၃၀ဆယ်တောင်မပြည့်သေးဘူး။ အခုထိလူလွတ်ပဲ။ သူသာငါ့ထက်အသက်အများကြီးကြီးမနေဘူးဆိုရင် သေချာပေါက် ငါသူ့ကိုလိုက်တယ်!ဟ-ဟ။"
ပိုင်ရွှယ်ယန်သည် သူမ၏ အယ်လန်အပေါ်ထားသည့်သဘောထားကို ကွယ်ဝှက်မနေပေ။ ကုနင်းသည်လဲ ပိုင်ရွှယ်ယန်ဘယ်လောက်တောင်မှ အယ်လန်အပေါ်နှစ်သက်နေသည်ကို ခံစားမိလေသည်။
"ငါကတော့ အသက်ကွာခြားချက်က ပြဿနာရှိတယ်လို့မထင်ဘူး။ အဓိကက တစ်ယောက်နဲ့တစ်ယောက်ကြိုက်နေကြဖို့ပဲ။"ကုနင်းက ပိုင်ရွှယ်ယန် ယောကျ်ားတစ်ယောက်ကို လိုက်ဖို့အားပေးအားမြှောက်လုပ်နေခြင်းမျိုးမဟုတ်ဘဲ သူမ၏ထင်မြင်ချက်ကိုသာဖော်ပြခြင်းဖြစ်သည်။
"တကယ်လား?" ပိုင်ရွှယ်ယန်၏မျက်လုံးများ အရောင်တဖြတ်ဖြတ်တောက်ပသွားတော့သည်။
"ငါကတော့အဲ့လိုပဲထင်တယ်။"
တခနမျှစဉ်းစားပြီးနောက်တွင်တော့ ပိုင်ရွှယ်ယန် သက်ပြင်းချလိုက်ကာ၊
"ထားလိုက်ပါတော့၊ ငါ့မိသားစုက အခုထိ ငါ့ကိုရည်းစားထားခွင့်မပြုထားသေးဘူး။"
ကုနင်းလဲ ဆက်မပြောတော့ပေ။ တကယ်လဲ ပိုင်ရွှယ်ယန်မှာ အချစ်ကိုရှာဖို့အတွက် ငယ်လွန်းနေသေးသည်။ ထို့အပြင် ဤကိစ္စသည် သူမ၏ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်လေသည်။
မကြာခင်တွင်ပဲ သူတို့မှာထားသည့် ကော်ဖီနှင့်အချိုပွဲများရောက်ရှိလာပြီး ထိုအချိုပွဲများကိုမြင်သည်နှင့် ပိုင်ရွှယ်ယန်မှာ အရသာမြည်းစမ်းဖို့ရန်မစောင့်နိုင်တော့ပေ။
***
အခန်း ၃၅၇
ကော်ဖီဆိုင်မှ ဇာတ်လမ်းတစ်ပုဒ်
ကုနင်းလဲ ထိုအချိုပွဲကိုမြည်းစမ်းကြည့်လိုက်တော့ အမှန်တကယ်အရသာရှိ ချိုပေမယ့် တရားလွန်တော့မဟုတ်ဘဲ စားလို့အဆင်ပြေရုံသာဖြစ်သည်။
"စုန့်မန်နီ, အရမ်းလွန်မလာနဲ့!" ရုတ်တရက် ကျယ်လောင်လှသည့်အမျိုးသမီးသံတစ်သံက ကော်ဖီဆိုင်အတွင်းရှိလူအများ၏အာရုံကိုဆွဲဆောင်လို့သွားလေသည်။ ကုနင်းနှင့် ပိုင်ရွှယ်ယန်တို့လဲ အသံလာရာဘက်သို့ကြည့်လိုက်ကြသည်။
အသံလာရာသည် ကော်ဖီဆိုင်ထောင့်နားမှ စားပွဲတွင်ထိုင်နေကြသော အမျိုးသမီးသုံးဦးထံမှဖြစ်လေသည်။ အသက်၃၀အရွယ်ဝန်းကျင်ရှိသည့်အမျိုးသမီးတစ်ယောက်သည်က တစ်ဖက်ခြမ်းတွင်ထိုနေကာ သူမမှာ အတော်အတန်လှပသော်လည်း မောပန်းနွမ်းနယ်နေဟန်ပေါက်သည်။ သူမ၏မျက်နှာချင်းဆိုင်တွင်တော့ အသက်၅၀အရွယ်အမျိုးသမီးတစ်ဦးနှင့် ၂၅နှစ်အရွယ်အမျိုးသမီးတစ်ဦးအတူတကွထိုင်နေကြသည်။ ကျယ်လောင်သည့်အမျိုးသမီးအသံသည်က အသက်အကြီးဆုံးအမျိုးသမီးထံမှပင်ဖြစ်သည်။
ဆူညံသံဖြစ်ပြီးနောက်တွင်တော့ ထိုအမျိုးသမီးလဲ သူမအမူအရာအနည်းငယ်ရုပ်ပျက်သွားကြောင်း သတိထားမိလိုက်၍ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
အတော်ကြာတော့မှ အသံတိုးတိုးဖြင့်၊
"စုန့်မန်နီ၊ နင်ကိုယ်နင် မျိုးမအောင်မှန်း သိနေရင်လဲ ကိုယ့်နေရာကိုယ်သိပြီး ချက်ချင်းထွက်သွားသင့်တယ်။ အခုမိန်ရှင်းက ကိုယ်ဝန်ရှိနေပြီ ပြီးတော့ ကျဲ့နဲ့လဲလက်ထပ်လိမ့်မယ်။ ဒီတော့ သူ့ကိုကွာရှင်းပေးလိုက်တော့!" ထိုအမျိုးသမီးအိုကြီးသည် ထေ့ငေါ့ခြိမ်းခြောက်ကာဖြင့် တစ်ဖက်အခြမ်းတွင်ထိုင်နေသည့် အမျိုးသမီးကိုပြောလိုက်သည်။
ထိုအမျိုးသမီးအိုကြီး၏အသံမှာ အတော်လေးတိုးသွားပြီဖြစ်သော်လည်း ကုနင်းနှင့် ပိုင်ရွှယ်ယန်အပါအဝင် အနားရှိလူများကတော့ဖြင့် ကြားနိုင်နေသေးသည်။ ထိုအမျိုးသမီးအိုကြီး၏စကားကိုကြားလိုက်ရတော့ ကုနင်း စက်ဆုပ်ရွံ့ရှာမိသွားသည်။ ဇာတ်လမ်းကြောင်းရာတစ်ခုလုံးကိုတော့ သူမမသိသေး၍ အဆုံးသတ်အထိတွေးလိုက်ခြင်းက မသင့်တော်သော်လည်း ထိုအမျိုးသမီးအိုကြီးနှင့် စုန့်မန်နီ၏ခင်ပွန်းသည်တော့ အရှက်မဲ့သည်လူများဖြစ်ပုံရသည်။
စုန့်မန်နီက ကိုယ်ဝန်မဆောင်နိုင်ဘူးဆိုလျှင်တောင်မှ အခြားနည်းလမ်းဖြင့် ကွာရှင်းခွင့်တောင်းသင့်ပေမည့် သူတို့ကတော့ ကွာတောင်မကွာရှင်းရသေးခင် သူမ၏ယောကျ်ားမှာ မယားငယ်နှင့်ဖောက်ပြန်ကာ ကိုယ်ဝန်ပင်ရှိနေပြီဖြစ်သည်။
"ဟုတ်တယ်၊ မမ၊ နင်ကိုယ်ဝန်မဆောင်နိုင်တာက နင့်ရဲ့အမှားပဲ၊ ခေါင်းကြောမာပြီး မယားကြီးနေရာကို ဆက်ပြီးသိမ်းပိုက်မထားသင့်ဘူး။ ခဲ့အိုကို ဆက်ခံသူမရှိဘဲနဲ့တော့ နင်ထားလို့မဖြစ်ဘူး! ငါ့မှာ သူ့ရဲ့ကလေးရှိနေပြီးပြီ။ ဒီတော့ နင်ဉာဏ်ရှိရှိနဲ့ ကွာရှင်းဖို့သဘောတူပေးလိုက်!" အမျိုးသမီးငယ်က မောက်မာစွာပြောလိုက်သည်။
ထိုစကားများကိုကြားလိုက်ရချိန်တွင်တော့ ကုနင်းပို၍ပင် ရွံ့ရှာစက်ဆုပ်သွားတော့သည်။ ထိုအမျိုးသမီးငယ်က စုန့်မန်နီရဲ့ညီမတဲ့လား! ပြီးတော့ စုန့်မန်နီရဲ့ညီမဖြစ်သူက သူမယောကျ်ားရဲ့ကလေးကို ကိုယ်ဝန်ဆောင်ထားရတယ်!
"WTF!ဘာတုန်းဟ! တစ်မိသားစုလုံး အရှက်မဲ့တာလိုက်တာ!" ပိုင်ရွှယ်ယန်သည်တော့ သူမဒေါသကိုဆက်မထိန်းနိုင်တော့ အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲလိုက်တော့သည်။
အမျိုးသမီးအိုကြီးနှင့် အမျိုးသမီးငယ်သည်လဲ ချက်ချင်းပင် ပိုင်ရွှယ်ယန်အား မကျေမနပ်ဖြင့် မျက်စောင်းထိုးကြည့်လိုက်ကြတော့သည်။
"ကျွန်မပြောထားပြီးပြီလေ၊ ကျွန်မ သူ့ကိုကွာရှင်းပေးမယ်၊ ဒါပေမယ့် ဘယ်ပိုင်ဆိုင်မှုကိုမှာ ဖုန်းကျဲ့မယူဘဲနဲ့ထွက်သွားရမယ်။" စုန့်မန်နီသည်တော့ ဒေါသအရိပ်အယောင်လုံးဝမပြဘဲ အေးအေးဆေးဆေးသာပြန်ပြောလိုက်သည်။ ထိုသို့အေးဆေးနေခြင်းက သူမဒေါသမထွက်၍မဟုတ်ဘဲ သူမဒေါသထွက်ခဲ့ရသမျှမှာလုံလောက်သွားခြင်းကြောင့်သာဖြစ်သည်။ အခုတော့ သူမအနေဖြင့် အမှန်တရားလက်ခံသွားခဲ့ပြီဖြစ်ပေမည့် သူမ၏အကျိုးအမြတ်များကိုတော့ လုံးဝလက်လျှော့လိုက်မည်မဟုတ်ပေ။
"မဖြစ်နိုင်တာ၊ အိမ်ကိုငါ့သားကဝယ်ခဲ့တာ။ ဘာလို့သူက ပိုင်ဆိုင်မှုတွေထားခဲ့ပြီးထွက်သွားရမှာလဲ?" အမျိုးသမီးအိုကြီး စိတ်တိုသွားတော့သည်။
"ဘာလို့ဆို သူက ကျွန်မကိုလိမ်လည်ခဲ့တာလေ။ ဒီတော့ ပိုင်ဆိုင်မှုတွေအကုန်ထားပြီးတော့ပဲထွက်သွားရမယ်။" စုန့်မန်နီ နှာခေါင်းရှုံလိုက်ကာ၊
"ပြီးတော့၊ ပြီးတော့ အိမ်တန်ဖိုးကို ကျွန်မလဲ အမေ့ရဲ့သားနဲ့တစ်ဝက်စီပေးချေထားတာ။ ဒီတော့အိမ်က အမေ့သားတစ်ယောက်တည်းပိုင်တာမဟုတ်ဘူး။ ပြီးတော့ အိမ်ရဲ့ကျန်နေတဲ့အကြွေးကို အရင်နှစ်တွေတုန်းက ကျွန်မတစ်ယောက်တည်းပေးထားတာ၊ အမေ့ရဲ့သားပေးထားတာက အိမ်တန်ဖိုးရဲ့သုံးပုံတစ်ပုံတောင်မှမရှိဘူး။"
"ဒီတော့ဘာဖြစ်လဲ? နင်ကလက်ထပ်ပြီး ငါတို့မိသားစုထဲကိုဝင်လာမှတော့ နင့်အပိုင်မှန်သမျှက ငါတို့အပိုင်ပဲ။ ဒါ့အပြင် နင်က ကလေးတစ်ယောက်ကိုတောင်မှ မမွေးပေးနိုင်ခဲ့ဘူး၊ ဒီတော့ နင်ကတောင်မှ ငါတို့ကိုနစ်နာကြေးပြန်ပေးသင့်သေးတယ်!" အမျိုးသမီးအိုကြီးကပြန်ပြောလိုက်သည်။ သူမသည် အလွန်အရှက်မဲ့သော်လည်း သူမအနားရှိလူအပေါင်းသည်တော့ သူမအစားရှက်ရွံ့မိကြသည်။
"WTF! သူဘယ်လောက်အထိတောင်မှ အရှက်မဲ့ရတာလဲ!" ပိုင်ရွှယ်ယန်ထပ်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း!" အမျိုးသမီးအိုကြီးက ပိုင်ရွှယ်ယန်ကို ဖြတ်ပြောလိုက်သည်။
"မပိတ်ချင်ပါဘူး၊ အဲ့တော့ဘာလုပ်ချင်လဲ?" ပိုင်ရွှယ်ယန် ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး ထိုအမျိုးသမီးများထံသို့လျှောက်သွားလိုက်သည်။
"အရှက်မရှိတဲ့စုန်းမကြီး၊ ရှင်ရဲ့ အရှက်မဲ့တဲ့သားရော ဒီအရှက်မဲ့တဲ့မယားငယ်ပါ ငရဲကိုသွားကြ!"
နောက်ဆုံးတွင်တော့ အမျိုးသမီးပိုင်က ပိုင်ရွှယ်ယန်ကို ပြဿနာမဖြစ်စေရန် တိတ်တိတ်ဆိတ်ဆိတ်နေဖို့ဘာကြောင်းပြောလိုက်လဲဆိုသည်ကို ကုနင်းနားလည်သွားပြီဖြစ်သည်။ ပိုင်ရွှယ်ယန် တခါတလေ စိတ်လိုက်မာန်ပါလုပ်တတ်သည့်လူမျိုးပဲ။ သို့ပေမယ့် ကုနင်းကတော့ သူမကိုယ်တိုင်လဲ ထိုကိစ္စကို သည်းမခံနိုင်၍ ပိုင်ရွှယ်ယန်ကိုမတားပေ။
"နင်ဘာပြောလိုက်တယ်!" အမျိုးသမီးအိုကြီးရော အမျိုးသမီးငယ်ပါ ဒေါသထွက်သွားကြတော့သည်။
"ရှင်တို့ နားပင်းနေကြလို့လား? ဘာလဲ ကျွန်မကိုလာကိုက်ချင်တာလား? လာစမ်းပါ!" ပိုင်ရွှယ်ယန်ခါးထောက်လျှက် ကြိမ်းဝါးနေတော့သည်။ သူမ 'ကိုက်ချင်တာလား' ဟုသုံးလိုက်ခြင်းသည် ထိုအမျိုးသမီး၂ဦးကို ခွေးရူးဟုတစ်နည်းတစ်ဖုံသတ်မှတ်ပေးလိုက်ခြင်းပင်ဖြစ်သည်။
"နင်..." အမျိုးသမီးအိုကြီးက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ ပိုင်ရွှယ်ယန်ကို ပါးရိုက်ရန် လက်ကိုမြှောက်လိုက်ပြီး၊
"ဒီခွေးမလေးကတော့!"
သို့ပေမယ့် သူမ၏လက်က ပိုင်ရွှယ်ယန်ဆီသို့မကျရောက်သွားခင်တွင်ပဲ စုန့်မန်နီက သူမကို ဆိုဖာပေါ်သို့တွန်းချလိုက်သည်။
"နင်ဒါဘယ်လိုလုပ်လိုက်တာလဲ!" စုန့်မိန်ရှင်းက စုန့်မန်နီကို အပြစ်တင်လိုက်သည်။
"နင်ကများ ငါ့ကိုလုပ်ရဲတယ်!" အမျိုးသမီးအိုကြီးက ဒေါသကြောင့် မျက်နှာတစ်ခုလုံးနီရဲလာသလို အသားများလဲ တဆတ်ဆတ်တုန်ရီလာတော့သည်။
"ရှင်တို့အရင်စတာလေ" စုန့်မန်နီအထင်သေးသည့်အသံဖြင့်ပြောလိုက်သည်။
"ရှင်တို့ကိုရှင်တို့ အရှက်မဲ့လွန်းတယ်လို့မထင်ကြဘူးလား? ဒါမှမဟုတ် အရှက်မဲ့တယ်ဆိုတာကို သိဖို့ကိုတောင်မှ အရှက်မဲ့လွန်းနေတာလား။ ရှင်တို့ဘက်က ကျွန်မကို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးစေချင်ရင် ကျွန်မပြောတဲ့အတိုင်းလုပ်ကြ။ မဟုတ်ရင်တော့ ကျွန်မဘက်က လက်မှတ်ထိုးပေးမှာမဟုတ်ဘူး။ ပြီးတော့ စုန့်မိန်ရှင်းရဲ့ကလေးမွေးလာရင်လဲ တရားမဝင်ကလေးပဲဖြစ်လာလိမ့်မယ်။ နောက်ဆုံးကျတော့ ရှင်တို့ပဲ လူရယ်စရာဖြစ်ကြမှာ။"
"နင်....." စုန့်မိန်ရှင်းသည်လဲ တရားမဝင်ကလေးသာဖြစ်သောကြောင့် 'တရားမဝင်ကလေး' ဆိုသည့်စကားကြားလိုက်သောကြောင့် အလွန်ဒေါသထွက်သွားတော့သည်။ ထိုကိစ္စကြောင့်ပင် စုန်မိန်ရှင်းမှာ ကလေးဘဝကတည်းက လှောင်ပြောင်ခံရပြီး အရှက်ကွဲခဲ့ရလေသည်။ ထို့ကြောင့် 'တရားမဝင်ကလေး'ဆိုသည့်စကားလုံးကို သူမအလွန်မုန်းတီးမိကာ သူမ၏ကလေးကိုလည်း ထိုသို့တစ်ပုံစံတည်းဖြစ်ခွင့်မပြုနိုင်ပေ။
စုန့်မန်နီ၏ဖခင်သည် သမီးတွေထက်သားကို ပို၍တန်ဖိုးထားပေမည့် စုန်မန်နီ၏အမေသည်က စုန်မန်နီဟူသည့်သမီးတစ်ဦးကိုသာ မွေးဖွားပေးနိုင်ခဲ့သည်။ ထိုအတွက်ကြောင့် စုန့်မန်နီ၏မိခင်မှာ စုန့်မန်နီ၏ဖခင်မိသားစုမှ အနိုင်ကျင့်ခြင်းကို တချိန်လုံးခံခဲ့ရပေသည်။
နှစ်အနည်းငယ်ကြာပြီးသည်အထိ စုန့်မန်နီ၏မိခင်မှာ သားယောက်ျားလေးမမွေးဖွားပေးနိုင်ခဲ့သောကြောင့် စုန့်မန်နီ၏ဖခင်သည် ကွာရှင်းခြင်းမရှိဘဲ စုန့်မိန်ရှင်း၏မိခင်နှင့် တိုးတိုးတိတ်တိတ်အဆက်အသွယ်ရှိခဲ့တော့သည်။
မကြာခင်တွင်ပဲ စုန့်မိန်ရှင်း၏မိခင်သည် ကိုယ်ဝန်ရှိရှိလာသော်လည်း စုန်မန်နီ၏ဖခင်မှာ ထိုကိုယ်ဝန်သည်လဲ နောက်ထပ်သမီးမိန်းကလေးတစ်ဦးဖြစ်နေမည်ကိုစိုးရိမ်နေသည်။ ထို့ကြောင့် စုန့်မိန်ရှင်း၏မိခင်ကို သူတို့မိသားစုတွင် မိသားစုဝင်တစ်ဦးသေဆုံးပြီးခါစဖြစ်သောကြောင့် ချက်ချင်းလက်ထက်ဖို့ရန် အဆင်မပြေကြောင်း သို့ပေမည့် ကလေးမွေးပြီး တစ်နှစ်အကြာတွင်တော့ တရားဝင်လက်ထပ်နိုင်ပါမည်ဟု လိမ်လည်ပြောဆိုခဲ့သည်။
စုန့်မိန်ရှင်း၏မိခင်သည်တော့ စုန့်မန်နီ၏ဖခင်ကို အလွန်တရာချစ်မြတ်နိုးနေပြီဖြစ်သောကြောင့် သူပြောသမျှကိုသဘောတူခဲ့သည်။ သို့ပေမယ့် သူတို့ကလေးမွေးဖွားလာချိန်တွင်တော့ နောက်ထပ်သမီးတစ်ဦးသာဖြစ်နေသောကြောင့် စုန့်မန်နီ၏ဖခင်သည် နောင်တရသွားကာ စုန့်မိန်ရှင်း၏မိခင်ကို သူကလက်ထပ်ပြီးသားဖြစ်ကြောင်းဖွင့်ပြောလိုက်တော့သည်။
စုန့်မိန်ရှင်း၏မိခင်သည် အလွန်ဒေါသထွက်ခဲ့သော်လည်း စုန့်မန်နီ၏ဖခင်ကို ထားမသွားနိုင်သောကြောင့် စုန့်မန်နီ၏ဖခင်အတွက် နောက်ထပ်သားယောက်ျားလေးတစ်ဦးမွေးပေးပါမည်ဟု သဘောတူလိုက်သည်။ စုန့်မိန်ရှင်း၏မိခင်သာ သားတစ်ယောက်မွေးပေးနိုင်ခဲ့မည်ဆိုလျှင် စုန့်မန်နီ၏ဖခင်မှာ စုန့်မန်နီ၏မိခင်ကို သေချာပေါက် ကွာရှင်းမည်ဖြစ်သည်။ သို့ပေမည့် နောက်ထပ်သမီးတစ်ယောက်သာဆိုလျှင်တော့ ထိုကလေးကို အဝေးသို့စွန့်ပစ်လိုက်မည်ဖြစ်သည်။ ၁နှစ်ကြာပြီးနောက်တွင်တော့ စုန့်မိန်ရှင်း၏မိခင်မှာ နောက်ထပ်ကိုယ်ဝန်ထပ်ဆောင်ရပြီး သားတစ်ယောက်ကိုမွေးပေးနိုင်ခဲ့သည်။ ထို့နောက်တွင်တော့ ကတိအတိုင်း စုန့်မန်နီ၏ဖခင်မှာ စုန့်မန်နီ၏မိခင်ကို ကွာရှင်းပြတ်စဲလိုက်သည်။
စုန့်မန်နီ၏အမေသည်လဲ စုန့်မန်နီ၏ဖခင်က သူမကိုလိမ်လည်ထားကြောင်းသိခဲ့ပြီးပြီဖြစ်၍ အသဲလဲကွဲပြီးနေပြီဖြစ်သည်။ ထို့ကြောင့် ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရချိန်တွင်တော့ ငိုလဲမငိုခဲ့သလို ငြင်းဆန်မှုလဲမပြုလုပ်ခဲ့ပေ။
***
အခန်း ၃၅၈
အယ်လန်
ကွာရှင်းပြီးနောက်တွင်တော့ စုန့်မန်နီ၏ဖခင်က စုန့်မိန်ရှင်း၏မိခင်နှင့်တကွ စုန့်မိန်ရှင်းကိုရော သူမ၏မောင်ငယ်ကိုပါ အိမ်သို့ခေါ်ဆောင်လာခဲ့ပြီး သူတို့သည်လဲ တစ်မြို့လုံး၏အလှောင်ပြောင်ခံဖြစ်လာကြတော့သည်။ စုန့်မိန်ရှင်းနှင့် သူမ၏မောင်ငယ်သည်လဲ တရားမဝင်ကလေးဟုအခေါ်ခံရကာ တခြားသောကလေးများ၏အနိုင်ကျင့်ခြင်းကို တချိန်လုံးခံကြရသည်။
ထိုအကြောင်းတွေးလိုက်မိသည်နှင့် စုန့်မိန်ရှင်း၏နှလုံးသားတစ်ခုလုံး အမုန်းတရားများဖြင့်ပြည့်နှက်လာတော့သည်။ သူမကလေး၏အနာဂါတ်အတွက် စုန့်မန်နီအပေါ် သူမ၏နည်းလမ်းကိုပြောင်းမှဖြစ်ပေမည်။
"မန်နီ၊ ငါတို့ နင့်ကို ယွမ်၁သိန်းပေးမယ်၊ ဒါကြောင့် အိမ်ကိုတော့ ငါတို့နဲ့ထားခဲ့လိုက်! နင့်မှာ လစာကောင်းကောင်းရှိနေတာပဲ နင့်အတွက် အိမ်အသစ်တစ်လုံးဝယ်ဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမယ့် ငါတို့ကတော့ အဲ့အိမ်မှမရှိရင် နေစရာနေရာမရှိဘူး!"
ယခုအချိန်တွင် အိမ်ဈေးများသည် အလွန်မြောက်တက်နေပြီဖြစ်ပြီး သာမာန်အိမ်တစ်လုံးပင်လျှင် အနည်းဆုံးယွမ်သန်းနှင့်ချီပေးရသည်။ ထို့အတွက်ကြောင့် သူတို့အနေဖြင့် အိမ်အသစ်တစ်လုံးဝယ်ရန်မတတ်နိုင်ပေ။
ထိုစကားကိုကြားတော့ စုန့်မန်နီရယ်လိုက်ကာ၊
"နင်က ယွမ်၁သန်းကျော်တန်တဲ့အိမ်တစ်လုံးကို ယွမ်၁သိန်းနဲ့လဲချင်တာလား? ရှင်တို့နှစ်ယောက်လုံးက ကလိမ်ကျစ်နဲ့ ဉာဏ်မရှိတဲ့လူတွေပဲ။ ပြီးတော့ ရှင်တို့ဘာသာရှင်တို့ နေစရာမရှိတာက ကျွန်မနဲ့ဘာမှမဆိုင်ဘူး။"
"အဟုတ်ပဲ! ငါဒီလောက် အရှက်မဲ့တဲ့လူမျိုးတွေ တစ်ခါမှကိုမတွေ့ခဲ့ဖူးဘူး။ ရှင်တို့က တခြားအမျိုးသမီးတစ်ယောက်ကိုနာကျင်စေရုံမက သူ့အိမ်ကိုပါ လုဖို့ကြံနေတာ တကယ်ကိုရွံ့စရာကောင်းကြတာပဲ!" ပိုင်ရွှယ်ယန်က စုန့်မန်နီကိုထောက်ခံအားပေးလိုက်သည်။
"နင်တို့...." စုန့်မိန်ရှင်းမှာ စုန့်မန်နီနှင့် ပိုင်ရွှယ်ယန်၏အရှက်ခွဲခြင်းကိုခံလိုက်ရသောကြောင့် ဒေါသထွက်နေတော့သည်။ ထိုသို့ညှိနှိုင်းမှုက မတရားမှန်း သူမသိထားပြီဖြစ်ပေမယ့် အဲ့တော့ဘာဖြစ်လဲ? ဘယ်လိုပဲဖြစ်ဖြစ် သူမအကျိုးအတွက်လုပ်ရမှာပဲ။
"စုန့်မန်နီ၊ ငါတို့နင်နဲ့စကားသေချာပြောပြီး အခွင့်ရေးပေးခဲ့ပြီးပြီ။ နင့်ဘက်က သဘောမတူဘူးဆိုရင် နင့်ကိုညှင်းပန်းဖို့ငါ့မှာ နည်းလမ်းအများကြီးရှိတယ်!" အမျိုးသမီးအိုကြီးက ခြိမ်းခြောက်လိုက်လေသည်။
"ဒါ ကျွန်မအနေနဲ့ အမေလို့ခေါ်တာနောက်ဆုံးအကြိမ်ပဲ။ အမေလဲ ကျောင်းတတ်ခဲ့ဖူးတာပဲ၊ ဒီတော့ ဘာဥပဒေတွေရှိလဲဆိုတာကို သိသင့်တယ်။ ကျွန်မအမှုအတွက်စားရိတ်အပိုမကုန်ချင်လို့သာ အမေတို့ကို တရားမစွဲတာ။ အမှုရှုံးတဲ့ဘက်က ကုန်ကျစားရိတ်ကိုပေးရမှာ အမေလဲသိသားပြ။ ပြီးတော့ ကျွန်မအမှန်အတိုင်းပြောလိုက်မယ်။ တရားရင်ဆိုင်ရရင် ကျွန်မဘက်သေချာပေါက် နိုင်လိမ့်မယ်။ ကျွန်မတောင်းဆိုချက်ကို အမေသဘောမတူဘူးဆိုရင်တော့ ကျွန်ရှေ့နေနဲ့သာစကားပြောဖို့စောင့်နေလိုက်တော့!" စုန့်မန်နီ အေးအေးဆေးဆေးနှင့်ပြောနေခြင်းဖြစ်ပေမည့် ခြိမ်းခြောက်နိုင်သည့်အရှိန်အဝါသည်တော့ အပြည့်ပင်။
စုန့်မန်နီသည် အားနည်းသည့်ယုန်သူငယ်မဟုတ်ပေ။ သူမတွင်သာ ကလေးရှိနေမည်ဆိုလျှင် အချိန်တိုင်း အပြစ်ပြောသမျှကိုလျစ်လျူရှုရမည်ဖြစ်ကာ အနိုင်ကျင့်ခံရမည်ဖြစ်သောကြောင့် အသက်ငယ်တုန်းတွင်လွတ်လွတ်လပ်လပ်ရှိစေရန် အမြဲဂရုစိုက်ခဲ့ခြင်းဖြစ်သည်။ သူမမိဘများကွာရှင်းပြီးနောက်ပိုင်းတွင် သူမဖခင်နှင့်သာအတူနေထိုင်သေးသော်လည်း၊ သူမဖခင်က မိန်းကလေးတစ်ယောက်အတွက် ပညာသင်ယူခြင်းက အဓိပ္ပါယ်မဲ့သည်ဟုသာ ယုံကြည်ထားသောကြောင့် သူမကိုကျောင်းထားဖို့ရန်ငြင်းဆန်၍ သူမမိခင်ကသာ သူမ၏ကျောင်းစားရိတ်အားလုံးကိုထောက်ပံ့ပေးခဲ့ပေသည်။
သူမကောလိပ်တက်နေချိန်တွင်တော့ သူမမိခင်သည် ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး သူမသည်လဲ စာကိုကြိုးစားရင်းတစ်ဖက်နှင့် ကျောင်းစားရိတ်အတွက် အချိန်ပိုင်းအလုပ်များလုပ်ခဲ့ရသည်။ သူမဘွဲ့ရပြီးနောက်တွင်တော့ အလုပ်ကောင်းတစ်ခုကိုရခဲ့လေသည်။ သူမ၏အလုပ်သည် အခန်းတွင်းအလှဆင်လုပ်ငန်းဖြစ်ပြီး ပင်ပန်းသည်ဆိုပေမယ့် လစာကောင်းရသောကြောင့် သူမဘဝကို သူမဘာသာကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်နိုင်လေသည်။ သို့ပေမယ့် သူမ၏လက်ထပ်မှုသည်တော့ သူမဘဝ၏အမှားတစ်ခုဖြစ်ခဲ့ရသည်။
သူမအမှန်တကယ်ကိုယ်ဝန်ဆောင်နိုင်သည်လား မဆောင်နိုင်သည်လားကိုတော့ အခုလောလောဆယ် လျှို့ဝှက်ထားရန်သာဆုံးဖြတ်ထားသည်။ သူမယောက်ျားနှင့်ကွာရှင်းပြီးမှသာလျှင် အမှန်တရားကိုဖွင့်ပြောပြမည်ဖြစ်သည်။ စုန့်မန်နီသည် သူမဘဝထဲတွင် ထိုလူများကို ဆက်လက်ထားရှိမည်မဟုတ်ပေ။ သူမသည် အခြားလူများကို သူမကိုယ်တိုင်က ဆက်ဆံခံချင်သည့်ပုံစံအတိုင်းသာ ပြောဆိုဆက်ဆံသည်ဆိုပေမည့် သူမကိုသာ တစ်စုံတစ်ယောက်က ထိခိုက်အောင်လုပ်မည်ဆိုလျှင်တော့ ငြိမ်ခံနေမည့်လူစားမျိုးမဟုတ်ပေ။ သူမခင်ပွန်းနှင့် ယောက္ခမဖြစ်သူသည် တစ်ကြိမ်ပြီးတစ်ကြိမ် သူမကိုစိတ်အနှောက်အယှက်ပေးခဲ့သောကြောင့် ထိုလူများကို ပညာပေးရန်အတွက် သူမတွင်အစီစဉ်ရှိထားပြီးဖြစ်သည်။
"နင်...." ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ အမျိုးသမီးအိုကြီးကြောက်ရွံ့သွားရတော့သည်။ သူမတို့ဘက်က ဥပဒေအရဆိုလျှင်ရှုံးမည်မှာ သံသယဖြစ်စရာပင်မလိုအပ်ပေ။ မဟုတ်လျှင် သူမလည်း စုန့်မန်နီကွာရှင်းလာစေရန် ဥပဒေနှင့်ဖြေရှင်းမည့်အစား ခြိမ်းခြောက်နေလိမ့်မည်မဟုတ်ပေ။ သို့ပေမည့် သူတို့သာ အိမ်ကိုအရမယူနိုင်လျှင် ဆင်းရဲသည့်မြို့ငယ်လေးတစ်မြို့သို့ပြန်လည်ပြောင်းရွှေ့ရလိမ့်မည်ဖြစ်သည်။ ထိုသို့အဆုံးသတ်မျိုးကိုတော့ဖြင့် သူတို့မလိုချင်ပေ။
"စုန့်မန်နီ၊ နင်ဘာလို့ဒီလောက်တောင်သွေးအေးရတာလဲ? နင်က ငါတို့မိသားစုဝင်ပဲလေ၊ ဒါတောင် ငါတို့ကို လမ်းဘေးမှာအိပ်စေချင်တယ်ပေါ့?" အမျိုးသမီးအိုကြီးက စုန့်မန်နီကပဲ ရက်စက်လွန်းသလိုမျိုးမေးခွန်းထုတ်လိုက်သည်။ သူမ၏အပြုအမူမှာ လုံးဝကိုရယ်စရာကောင်းလှပေသည်။
စုန့်မန်နီသည်လဲ အမျိုးသမီးအိုကြီး၏ဉာဏ်မရှိမှုကို ရယ်မိသွားကာ၊
"တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။ ရှင်ကကျွန်မကိုထိခိုက်အောင်လုပ်ခဲ့တဲ့အတိုင်း ချက်ချင်းကိုတန်ပြန်ခံနေရတာပါလား? ကျွန်မကသာနစ်နာသူပါ၊ ရှင်မဟုတ်ဘူး!"
ထိုအချိန်တွင်ပဲ စားပွဲထိုးတစ်ဦးရောက်လာကာ၊
"တောင်းပန်ပါတယ်၊ ကျွန်တော်တို့မှာ အခြားဧည့်သည်တွေအများကြီးရှိနေသးတာကြောင့် ဧည့်သည်တို့ရဲ့အသံကို နည်းနည်းလောက်လျှော့ပေးကြပါ။" ကော်ဖီဆိုင်ထဲတွင် သီချင်းဖွင့်ထားပြီး ပုံမှန်ဆိုလျှင် လူအများ၏စကားသံက ထိုသီချင်းသံဖြင့်လွှမ်းမိုးခံထားရမည်ဖြစ်သော်လည်း အသံကျယ်ကျယ်ဖြင့်သာပြောလိုက်လျှင် သီချင်းသည်လဲ လိုက်မအုပ်နိုင်တော့ပေ။
"တောင်းပန်ပါတယ်၊" စုန့်မန်နီချက်ချင်းပင် တောင်းပန်စကားဆိုလိုက်ပြီးနောက် စုန့်မိန်ရှင်းနှင့်အမျိုးသမီးအိုကြီးဘက်သို့ပြန်လှည့်လိုက်ကာ၊
"ကျွန်မပြောချင်တာတော့ ဒါအကုန်ပဲ၊ ကျွန်မနဲ့ဝေးဝေးနေကြပါ!"
ထို့နောက် သူမ၏လက်ကိုင်အိတ်ကိုကောက်ယူလိုက်ကာ ပိုင်ရွှယ်ယန်ကိုကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ထွက်သွားတော့သည်။ ထိုကိစ္စပြီးသွားတော့ ပိုင်ရွှယ်ယန်လဲ သူမခုံသို့ပြန်လာထိုင်ပြီဖြစ်ပေမည့် အမျိုးသမီးအိုကြီးနှင့် စုန့်မိန်ရှင်းသည်တော့ စွံ့အမှင်သက်နေကြတုန်းပင်ရှိသေးသည်။ သူတို့ဒီနေရာတွင် ပြဿာနာမရှာရဲသောကြောင့် စုန့်မန်နီထွက်သွားခြင်းကိုမတားလိုက်ခြင်းဖြစ်သည်။ ထို့အပြင် သူတို့ဆက်ပြီး စကားအခြေအတင်ပြောနေ၍လဲ အသုံးမဝင်ကြောင်းနားလည်ပေမည့် ဘာမှမလုပ်ဘဲ နေဖို့ရန်ကလဲမဖြစ်နိုင်ပေ။ သူတို့အနေဖြင့် အိမ်ကိုလဲ လက်မလွှတ်နိုင်သလို စုန့်မန်နီတရားစွဲလာမည်ကိုလဲ ထိုင်စောင့်မနေနိုင်ပေ။
ပိုင်ရွှယ်ယန်သည်တော့ ထိုင်ခုံတွင်ပြန်ထိုင်ပြီးသည် ဆက်လက်ပြီး မကျေမနပ်ပြောနေတော့သည်။
"ဒီစုန်းမအိုကြီးနဲ့ မယားငယ်က တကယ်ကိုအရှက်မရှိတာပဲ! သူတိုက တစ်ဖက်ကအမျိုးသမီးကို စိတ်ထိခိုက်အောင်လုပ်ထားပြီး အိမ်ကိုတောင်လုပ်ယူချင်နေကြသေးတယ်!"
"ကံကောင်းလို့ တစ်ဖက်အမျိုးသမီးကပျော့ညံ့တဲ့လူမဟုတ်တာ၊ မဟုတ်ရင်တော့ တကယ့်ကိုရင်နာစရာဇာတ်လမ်းပဲ။"
"အဲ့ဒီ့စုန်းမကြီးရော သူတို့တစ်မိသားစုလုံးပါ ငရဲရောက်သွားဖို့ မျှော်လင့်တယ်။"
"ဘုရားရေ! ရှောင်ရွှယ်ပါလား။ မင်္ဂလာပါ။" ရုတ်တရက် သူမတို့၏အနောက်ဘက်မှ နိုင်ငံခြားသံဝဲတဲဖြင့် အမျိုးသားသံတစ်သံကိုကြားလိုက်ရသောကြောင့် ပိုင်ရွှယ်ယန်အံ့အားသင့်သွားရသည်။ သူမချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ ထိုလူအားကြည့်လိုက်တော့သည်။ ထိုအမျိုးသားသည် အရပ်ရှည်ရှက် ဆံပင်ကောက်ကောက်နှင့် အသက်၂၈နှစ်အရွယ်ဝန်းကျင်လောက်ရှိပြီဖြစ်သည်။ သူ၏မျက်နှာသွင်ပြင်သည်က ဆွဲဆောင်မှုရှိကာ အချိုးအစားသေသပ်လှပပြီး မျက်ဝန်းပြာတစ်စုံလည်းရှိသေးသည်။ ထို့အပြင် နှုတ်ခမ်းထပ်တွင်လဲ ဆွဲဆောင်မှုရှိလှသည့်အပြုံးတစ်ပွင့်ကိုချိတ်ဆွဲလို့ထားသည်။ ထိုအမျိုးသား၏ပုံစံမှ တော်ဝင်မင်းသားတစ်ဦးကဲ့သို့ အရှိန်အဝါအားကောင်းလှပေသည်။
ကုနင်း ထိုအမျိုးသားကိုသတိထားမိလိုက်သည်နှင့်ချက်ချင်းပင် ထိုလူသည် ဒီကော်ဖီဆိုင်၏ပိုင်ရှင်ဖြစ်မှန်းသိလိုက်တော့သည်။ ထိုအမျိုးသားသည် ပိုင်ရွှယ်ယန်ထုတ်ဖော်ချီးကျူးခဲ့သလိုပဲ အမှန်တကယ်ကိုခန့်ညားလှပေသည်။
ထိုရောက်လာသည့်သူကိုမြင်လိုက်သည်နှင့် ပိုင်ရွှယ်ယန်မှာ သူမချစ်သူကိုမြင်လိုက်ရသကဲ့သို့ပင် အလွန်အံ့အားသင့်သွားတော့သည်။
"အယ်လန်၊ ဟိုင်း!" ပိုင်ရွှယ်ယန် ပြုန်နှုတ်ဆက်လိုက်သည်။
"ဟိုင်း!" အယ်လန်လဲပြန် နှုတ်ဆက်ပြီးနောက် ကုနင်းဘက်ကိုကြည့်လိုက်ကာ လက်ကိုဆန့်ထုတ်လိုက်ပြီး၊
"တွေ့ရတာဝမ်းသာပါတယ်၊ မင်းက ရှောင်ရွှယ်ရဲ့သူငယ်ချင်းပဲဖြစ်ရမယ်။"
ကုနင်းချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ အယ်လန်၏လက်ကိုပြန်ဆွဲနှုတ်ဆက်လိုက်ပြီး၊
"ကျွန်မလဲ တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းအယ်လန်။"
"မင်းက ကိုယ့်ကိုသိနေတာလား?" အယ်လန်အံ့ဩသွားခဲ့သည်။
"ရွှယ်ယန်က ကျွန်မကိုရှင့်အကြောင်းပြောပြထားလို့ပါ။"
ထိုစကားကိုကြားတော့ အယ်လန် ညင်ညင်သာသာပြုံးလိုက်ကာ,
"ဒါနဲ့ မင်းနာမည်ကိုသိခွင့်ရှိမလား?"
"ကျွန်မက ကုနင်းပါ။"
"တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု၊ မင်းရဲ့ ဒီနေ့အတွက်ကော်ဖီနဲ့ အချိုပွဲကို ကိုယ်ဧည့်ခံပါ့မယ်။" အယ်လန်သည် ကုနင်းနှင့်ပိုင်ရွှယန်ယန် နှစ်ဦးစလုံးကို သူငယ်ချင်းအရင်းများကဲ့သို့ဆက်ဆံလေသည်။
အယ်လန်ကထိုသို့ပြောလာမှတော့ ကုနင်းလဲ ငြင်မနေတော့ဘဲ၊
"ကျေးဇူးအများကြီးတင်ပါတယ်!"
"ရပါတယ်၊ ဒါဆို မင်းတို့နှစ်ယောက်ကိုမနှောက်ယှက်တော့ဘူး၊ ပျော်ပျော်နေကြပါ။"
"ဟုတ်ပါပြီ၊" ကုနင်းနှင့် ပိုင်ရွှယ်ယန်လည်းတစ်ပြိုင်နက်တည်းပြန်ဖြေလိုက်ကြသည်။
***
အခန်း ၃၅၉
Fမြို့သို့အပြန်ခရီး
အယ်လန်ထွက်သွားသည့်နှင့် ပိုင်ရွှယ်ယန်၏အကြည့်များသည်တော့ အယ်လန်၏ကျောပြင်ထက်ကပ်ပါလို့သွားလေသည်။ သူမ၏မြင်ကွင်းအတွင်းအယ်လန်ပျောက်ကွယ်မသွားခင်အထိ အသိစိတ်ပြန်မကပ်လာခဲ့ပေ။ ထို့နောက် ကုနင်းကိုမေးလိုက်သည်၊
"သူအရမ်းမခန့်ညားလွန်းဘူးလား? တကယ့်ကိုလူကြီးလူကောင်းဆန်တာပဲ!"
"ဟုတ်ပါတယ်၊ သူကခန့်ညားပြီး ယဉ်ကျေးမှုလဲရှိတယ်။" ကုနင်းထိုအချက်ကိုတော့ဖြင့်မငြင်းနိုင်ပေ။ သို့သော်လည်း သူမစိတ်ထဲတွင်တော့ အယ်လန်ထက် လင်ရှောင်းထင်က ပို၍ကြည့်ကောင်းသည်ဟုယုံကြည်နေမိစဲပင်။ လင်ရှောင်းထင်အကြောင်းတွေးမိသွားသည်နှင့် အလွန်လွမ်းမိသွားရပြန်သည်။
"အထူးသဖြင့် သူပြုံးလိုက်တဲ့အချိန်တွေပဲ! လုံးဝကိုမှင်သက်သွားစေတယ်!" ပိုင်ရွှယ်ယန်၏အချစ်မှာနစ်မြောနေသည့်ပုံစံက ကုနင်းကိုရယ်ချင်သွားစေသည်။ တခနကြာပြီးနောက်တွင်တော့ ကုနင်းနှင့်ပိုင်ရွှယ်ယန်တို့ ကော်ဖီဆိုင်မှပြန်ထွက်လာခဲ့ကြသည်။
ဆိုင်အပြင်သို့ရောက်သည်နှင့် သူမတို့နှစ်ဦးတစ်ယောက်တစ်လမ်းစီခွဲထွက်လိုက်ကြတော့သည်။ ပိုင်ရွှယ်ယန်က ကုနင်းကို သူမတို့ပိုင်မိသားစုအိမ်တွင် ညစာလိုက်စားဖို့ရန်ခေါ်သော်လည်း ကုနင်းက ငြင်းလိုက်ပေသည်။
ထို့နောက် ကုနင်းချောင်ယကိုဖုန်းဆက်က ထန်မြို့ရှိ သူမကုမ္ပဏီအခြေအနေအကြောင်းမေးမြန်းခဲ့သည်။ ချောင်ယကလဲ ကိစ္စအားလုံးအဆင်ပြေချောမွေ့နေကြောင်း ပြန်လည်ဖြေကြားခဲ့လေသည်။ ထို့နောက် ကုနင်းက သူတို့ကို မနက်ဖြန်လေယာဉ်ဖြင့် Fမြို့သို့လာခဲ့ရန်ပြောလိုက်သည်။
ကျန်သည့်နေခင်းတစ်ပိုင်းလုံးတွင်တော့ ကုနင်းအားလပ်သွားပြီဖြစ်၍ စက်ရုံသို့သွားလိုက်သည်။ ညနေ၆နာရီထိုးခါနီးတွင်တော့ ဝန်ထမ်းများအိမ်ပြန်ကြတော့မည်ဖြစ်၍ ကုနင်းလည်းပြန်ထွက်လာခဲ့သည်။ ထို့နောက် စားသောက်ဆိုင်တစ်ခုတွင် သူမတစ်ဦးတည်းညစာကိုစားရသည်။ စားသောက်နေစဉ်အတွင်း ချင်ကျီရွှမ်းက သူမတို့အားလုံးကို စုံကြရန်အတွက် WeChatအဖွဲ့ထဲတွင်ပြောထားကြောင်း သတိထားမိလိုက်သည်။
မုခယ် : မင်းမိဘတွေက မင်းကိုအပြင်ထွက်ခွင့်ပြုထားတယ်လား?
ချင်ကျီရွှမ်း : သူတို့အိမ်မှာမရှိဘူး Gမြို့မှာဈာပနပွဲသွားတက်ကြတော့၊ ဒီတော့ ငါ့ကိုမတားနိုင်ဘူး။
ဟောင်ရန် : ဘယ်သူသေလို့လဲ?
ချင်ကျီရွှမ်း : ငါ့အဖေရဲ့သူငယ်ချင်းတစ်ယောက်ရဲ့သမီး၊ ငါ့ဦးလေးမွေးနေ့ပွဲတုန်းကလဲ သူလာသေးတယ်လေ၊ ကြားတာတော့ နိုက်ကလပ်မှာ ဘီယာပုလင်းနဲ့ခေါင်းရိုက်ခံရလို့တဲ့။
ချင်ကျီရွှမ်းသည်လဲ အသေးစိတ်အကြောင်းအရာကိုမသိထားပေ။
ထိုစာများအားဖတ်ပြီးနောက်တွင်တော့ ထိုသေဆုံးသည့်လူမှာ လီကျန်းကျန်းဖြစ်ကြောင်းချက်ချင်းသိလိုက်ပေသည်။ လီကျန်းကျန်းသေသွားတာလား? ကုနင်းအတော်လေးအံ့အားသင့်သွားရသည်။ တခနမျှတွေးလိုက်မိပြီးနောက်တွင်တော့ လီကျန်းကျန်းသေဆုံးရခြင်းမှာ ခေါင်းဒဏ်ရာကြောင့်မဟုတ်ဘဲ ဆေးလွန်ခြင်းကြောင့်သာဖြစ်လောက်မှန်းကုနင်းခန့်မှန်းမိသွားသည်။ ကုနင်းအနေဖြင့် လီကျန်းကျန်းကိုသေလောက်အောင်အထိမမှန်းသော်လည်း သူမနှင့်ထိုက်လို့ဖြစ်သွားသည်သာဖြစ်၍ သနားစိတ်တော့မဝင်မိပေ။ စားသောက်ပြီးနောက်တွင်တော့ ကုနင်းရေပြာအိမ်အိမ်ရာသို့ပြန်သွားတော့သည်။
ညနေတုန်းက ကေက သူမတောင်းဆိုထာသည့်အရာကို မေးလ်ကနေတစ်ဆင့်ပို့ထားပြီးပြီဖြစ်ကြောင်း စာပို့ထားခဲ့သည်။ ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့် ကုနင်းမေးလ်ကိုဖွင့်စာ ပို့ထားသည့်စာဖိုင်ကိုစစ်လိုက်သည်။
ကုနင်းက ကေ့ကို မြို့တော်တွင်ရှိသည့် ဒေဝါလီခံရကာနီးသည့်ဆေးကုမ္ပဏီများအကြောင်းစုံစမ်းထားခဲ့ခိုင်းခြင်းဖြစ်သည်။ ကေက ကုမ္ပဏီသုံးခုကိုရှာတွေ့ထားကာ ထိုကုမ္ပဏီများ၏သမိုင်းကြောင်း နောက်ခံအသိုင်းအဝိုင်းနှင့် အခြားဆက်စပ်သည့်အချက်အလက်များကိုရှာဖွေကာ ပို့ထားပေးသည်။ ကုနင်း ပထမဆုံးကုမ္ပဏီကိုရွေးလိုက်ပေမည့် သူမတွင် မြို့တော်သို့တစ်ခေါက်ပြန်သွားရန်အချိန်မရှိသောကြောင့် နှစ်သစ်ကူးပွဲတော်ပြီးသည်ကိုသာ စောင့်ရတော့မည်ဖြစ်သည်။ ထိုကုမ္ပဏီချက်ချင်းကြီးရောင်းထွက်သွားမည်မဟုတ်ဟု ကုနင်းထင်မိသည်။
နောက်တစ်နေ့မနက်တွင်တော့ ကုနင်းFမြို့သို့ချက်ချင်းပြန်ဖို့လုပ်လိုက်သည်။ Gမြို့မှ မနက်၉နာရီခွဲလေယာဉ်ကိုစီးလိုက်ကာ Fမြို့သို့မနက်၁၀နာရီမိနစ်၄၀တွင်ရောက်ရှိလေသည်။ သူမလေယာဉ်ပေါ်ကဆင်းသည်နှင့် ကုမန့်ကိုဖုန်းဆက်ကာ ဘယ်မှာရှိနေလဲဆိုသည်ကိုမေးမြန်းလိုက်သည်။
ကုမန့်သည် အလှပြင်ဆိုင်တွင်ရှိနေခြင်းဖြစ်သောကြောင့် ကုနင်းလဲ တက္ကစီတစ်စီးငှားကာ ထိုနေရာသို့ဦးတည်လိုက်လေသည်။ ကုနင်းပြန်လာပြီဖြစ်သောကြောင့် ကုမန့်အမှန်တကယ်ကိုပျော်ရွှင်နေကာ ကုနင်းရောက်ရှိလာဖို့ရန် အပြင်သို့ထွက်ကာစောင့်ဆိုင်းနေတော့သည်။
"ရှောင်မန့်၊ နင်ဒီလောက်စိတ်လှုပ်ရှားနေပုံထောက်ရင် ကုနင်းပြန်လာတာပဲဖြစ်ရမယ်။ ဒါပေမယ့် တစ်ချိန်လုံးအပြင်ထွက်စောင့်နေဖို့တော့မလိုဘူးလေ! နင်းနင်းဒီတစ်ခေါက်သွားတာ လဝက်ပဲကြာတာကို၊ သူသာတက္ကသိုလ်သွားတက်လို့ နှစ်ဝက်လောက်ပြန်လာလို့မရတော့ဘူး!" ကုချင်ပြောလိုက်သည်။
တကယ်တော့ သူမသည်လဲ ကုနင်းထွက်သွားသည့်လဝက်အတွင်စိုးရိမ်နေခဲ့ရသည်။ ကုနင်းမည်မျှပင်အောင်မြင်ပါစေ သူမမိသားစု၏မျက်လုံးထဲတွင်တော့ သူမသည်ကလေးတစ်ယောက်သာဖြစ်သေးသည်။ သူမမိသားစုဝင်များသည်က သေချာပေါက် သူမကိုဂရုစိုက်လေသည်။ ထို့ကြောင့် ကုနင်းပြန်လာပြီဆိုသည်ကိုသိတော့ ကုချင်လဲ ဝမ်းသာရသည်။
"ဘာပဲဖြစ်ဖြစ်၊ သူက အခုထိ တက္ကသိုလ်မှသွားမတတ်ရသေးတာ!"
လေဆိပ်မှမြို့ထဲသို့ မိနစ်၂၀ကျော်ကားမောင်းရသည်ဖြစ်သောကြောင့် ကုနင်း အလှပြင်ဆိုင်သို့ရောက်ရန် မိနစ်၄၀မျှကြာသွားခဲ့သည်။ ကုနင်းထဲသို့ဝင်လာသည်နှင့် ကုမန့်ရော ကုချင်ပါ သူမကိုကြိုဆိုကြသည်။
"နင်းနင်း၊ ပြန်လာပြီပေါ့!"
ကုချင်က ကုနင်း၏လက်ထဲမှ ခရီးဆောင်အိတ်ကိုယူပေးကာ ကုမန့်သည်တော့ ကုနင်းလက်ကိုတွဲရင်းရုံးခန်းထဲသို့သွားလိုက်ကြသည်။
သူတို့အားလုံးရုံးခန်းထဲသို့ရောက်သည်နှင့် ကုနင်း ခရီးဆောင်အိတ်ကိုဖွင့်လိုက်ကာ၊
"ဒါအမေတို့အတွက် နှစ်သစ်ကူးလက်ဆောင်တွေ!"
"အမေတို့မှာ အဝတ်အစားတွေအများကြီးရှိနေပါပြီ၊ မလိုအပ်တော့ပါဘူး။" ကုမန့်ထိုသို့ပြောလိုက်ပေမည့် ရင်ထဲတွင်တော့ ပျော်ရွှင်လို့နေသည်။ လက်ဆောင်ရလို့ မပျော်သည့်သူ တစ်ယောက်မှမရှိပေ။
ကုနင်းပြုံးရုံသာပြေုံးပြလိုက်ပြီး ထိုလက်ဆောင်များမှာ ကုမန့်၏အနာဂါတ်သားမတ်က ဝယ်ပေးလိုက်ခြင်းဖြစ်ကြောင်းကိုတော့ မပြောပြလိုက်နိုင်ပေ။ သူတို့သာ သူမတွင်ချစ်သူရှိနေပြီဖြစ်ကြောင်းသိသွားလျှင် အသေးစိတ်မေးမြန်းနေတော့မည်ဖြစ်သည်။
ထို့နောက် ကုနင်းရတနာသတ္တာသုံးဗူးကိုထုတ်ယူက ကုမန့်ကိုပေးလိုက်ပြီး၊
"ဒီကျောက်စိမ်းဆွဲပြားသုံးခုက အမေတို့ဆိုင်အခမ်းအနားအတွက်။"
ကုချင် ထိုကျောက်စိမ်းဆွဲပြားသုံးခုကို ကြည့်လိုက်ကာ ထိုပစ္စည်းများမှာ အလွန်ဈေးကြီးသည်ဟုတွေးနေမိပြီး တစ်ခုခုကိုပြောချင်နေပေမည့် ဘာမှတော့ထုတ်မပြောလိုက်ပေသည်။ ကုနင်းလဲ သတိထားမိလိုက်သောကြောင့် သူမကိုနှစ်သိမ့်ပေးလာသည်။
"အန်တီ၊ ဒါတွေကဈေးကြီးမှန်းသမီးသိပါတယ်၊ ဒါပေမယ့် အနာခံမှအသာစံရမယ်ဆိုတဲ့စကားရှိတယ်လေ၊"
ထိုစကားကိုကြားလိုက်ရတော့ မနေ့တုန်းက သူမတို့ဆိုင်၏ဗီအိုင်ပီဖောက်သည်အများအပြားဖုန်းဆက်ကာ ဆုအကြောင်းမေးမြန်းလာသည်ကိုသတိရလိုက်ပြီး ထိုအရာကပင် ဆုလက်ဆောင်က မည်မျှတောင် ဆွဲဆောင်နိုင်မှန်း သက်သေပြပေးနေသောကြောင့် စိတ်လျှော့လိုက်တော့သည်။
"ဟုတ်ပါပြီ၊ အခု ၁၁နာရီတောင်ခွဲတော့မှာဆိုတော့ နေ့လည်စာအတူတူသွားစားကြရအောင်! နင်းနင်း၊ ဘာလေးစားချင်လဲ?" ကုမန့်အချိန်ကိုကြည့်ကာ ကုနင်းကိုမေးလိုက်သည်။
အလှပြင်ဆိုင်ထဲတွင်လဲ ဝန်ထမ်းများ ကိုယ်တိုင်ချက်ပြုတ်စားနိုင်ရန်အတွက် မီးဖိုချောင်တစ်ခုပါရှိပြီးဖြစ်သော်လည်း ကုမန့်ကတော့ သူမတို့မိသားစုပြန်လည်ဆုံစည်းခြင်းအတွက် အပြင်ထွက်စားရန်သာဆုံးဖြတ်လိုက်သည်။
"ရာသီကလဲ ဆောင်းတွင်းဆိုတော့ ဟော့ပေါ့သွားစားရအောင်။" ကုနင်းပြောလိုက်သည်။
"ရတာပေါ့၊ ဟော့ပေါ့ပဲသွားစားကြမယ်။" ကုမန့်လဲသဘောတူလိုက်ကာ သူမတို့သုံးဦး ဆိုင်ပြင်သို့ထွက်လာကြတော့သည်။
"အန်တီ၊ ဦးလေးရဲ့စီးပွားရေးအခြေအနေရောဘယ်လိုလဲ?" ကုနင်း ကုချင်အားမေးလိုက်သည်။
"အသေးစိတ်တော့မသိဘူး၊ ဒါပေမယ့် အတော်လေးတော့ကောင်းတယ်! နေ့တိုင်းလိုလိုကို အရောင်းအဝယ်တွေရှိနေတာ။" ကုချင်ပြုံးလိုက်သည်။ သူတို့အရမ်းဆင်းရဲခဲ့ကြပြီး အခုချိန်မှာတော့ အရာရာရှိနေပြီဖြစ်သည်။ ဒီလိုဘဝတစ်ခုလုံးပြောင်းလဲသွားလိမ့်မည်ဟု ကုချင်အိပ်မက်ပင်မမက်ခဲ့ဖူးပေ။ သို့ပေမယ့် ထိုအရာရာတိုင်းကို ကုနင်းကဖြစ်အောင်လုပ်ပေးခဲ့ပေပြီ။
"အိုး၊ ဒီမနက်ပဲ သမီးရဲ့ဦးလေးအငယ်ဆုံးဆီက အဆက်အသွယ်ရတယ်၊ သူတို့ သန်ဘက်ခါ ဒီကိုပြန်လာကြမှာမို့လို့ အန်တီတို့ကိုကော မိသားစုတွေ့ဆုံပွဲလာစေချင်နေတယ်။ သမီးရဲ့အမြင်ကိုသိချင်သေးလို့ သူ့ကိုဘာမှတော့ပြန်မဖြေထားရသေးဘူး။" ကုချင် ကုနင်းကိုကြည့်ကာပြောလိုက်သည်။ တကယ်တော့ ကုနင်း၏အကြံဉာဏ်ကိုအမှန်တကယ်ကိုလိုအပ်နေပေသည်။
ကုနင်းခနမျှနှုတ်ဆိတ်သွားရသည်။ ကုမန့်နှင့်ကုချင်တို့ ထိုနေရာသို့သွားချင်ကြမည်ကို သူမနားလည်လေသည်။ မဟုတ်လျှင် သူမကိုအခုလိုလာမေးကြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ကုချင်းယန်တို့မိသားစုနှင့် သူမတိုကြားတွင် ကြီးမားသည့်ရန်ငြှိုးရန်စများမရှိနေပေ။ ထို့ကြောင့် သူတို့နှင့်ညစာတစ်ခါလောက်စားလိုက်လို့လည်း ကိစ္စကြီးမဟုတ်ပေ။
"ဒါက ဘာမှတော့မဖြစ်လောက်ဘူးလို့ထင်တယ်၊ သမီးတို့နဲ့ ဦးလေးငယ်တို့မိသားစုကြားမှာလဲ ကြီးကြီးမားမားရန်ငြှိုးရန်စမှမရှိနေတာ။ သူတို့နဲ့ စည်းခြားထားဖို့မလိုပါဘူး။ ဒါပေမယ့် တစ်ခါတည်းရှင်းရှင်းပြောထားကြတာပေါ့၊ အဲ့ဒီ့စုန်းမအိုကြီးနဲ့ ကုချင်းရှန်တို့မိသားစု သမီးကိုထပ်ပြီးစိတ်အနှောက်အယှက်ပေးရင် သမီးဘက်ကလဲ ယဉ်ကျေးနေမှာမဟုတ်ဘူး။ ပြီးတော့ သမီးကတော့ထွက်သွားပေးမှာမဟုတ်ဘူး၊ သူတို့ပဲထွက်သွားရမယ်။" ကုနင်းတည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
"အန်တီ နားလည်ပါပြီ၊" ကုချင်ပြန်ဖြေလိုက်သည်။ သူတို့သည် အရင်ကကဲ့သို့ပျော့ညံ့အားနည်းသည့်လူများမဟုတ်တော့ပေ ထို့ကြောင့် ဘာကိုမှကြောက်နေစရာအကြောင်းမရှိပေ။
***
အခန်း ၃၆၀
ယွီမီရှီ၏မိသားစု ဒုက္ခရောက်ခြင်း
နေ့လည်စာစားပြီးသွားချိန်တွင်တော့ ကုနင်း၊ ကုချင်နှင့် ကုမန့်တို့ အလှပြင်ဆိုင်သို့ပြန်သွားလိုက်ကြသည်။ ကုနင်းသည်တော့ နေ့လည်၂နာရီလောက်တွင် သူမ၏ခရီးဆောင်အိတ်ကိုယူကာ အိမ်သို့ပြန်သွားခဲ့သည်။
သူမအိမ်ပြန်ရောက်ကာနားနေတုန်းတွင် ချူးဖေ့ဟန်နှင့်အခြားသူငယ်ချင်းများကို မတွေ့သည်မှာ အတော်ကြာနေပြီဖြစ်ကြောင်းသတိရသွားတော့သည်။ ထို့ကြောင့် ဒီနေ့လည်ပိုင်း ညစာအတူသွားစားကြမလားဟု WeChrtကနေတစ်ဆင့်မေးမြန်းလိုက်သည်။ ကုနင်းရုတ်တရက်ပြန်ပေါ်လာခြင်းကြောင့် သူတို့အံ့အားသင့်ကုန်ကြကာ၊
ဟောင်ရန် : အား! ဘော့စ်၊ နောက်ဆုံးတော့ပြန်လာခဲ့ပြီပေါ့! မတွေ့ရတာဘယ်လောက်တောင်ကြာပြီလဲ၊ အရမ်းကိုလွမ်းနေတာ!
ချူးဖေ့ဟန် : လာလေ၊ လာလေ၊ အခုပဲဆုံကြတာပေါ့! ဘယ်နေရာလဲ?
ချူးဖေ့ဟန်သည်တော့ အခုမှ၂နရီကျော်သာရှိသေးတာတောင်မှ ကုနင်းနှင့်တွေ့ဖို့ရန်မအောင့်အီးနိုင်တော့ပေ။
မုခယ် : နင်ဘာလို့အရမ်းလောနေတာလ? အခုမှအစောကြီးရှိသေးတယ်။
ချူးဖေ့ဟန် : အဲ့တော့ဘာဖြစ်လဲ?
ကုနင်း : ငါကိစ္စတစ်ခုလုပ်စရာရှိလို့ ၄နာရီလောက်မှဆုံလို့ရမယ်။ WeChatကစာတွေကိုမတွေ့လိုက်တဲ့လူတွေကို ဖုန်းဆက်လိုက်ဦး၊ ပြီးတော့ နင်တို့ပဲ တွေ့မဲ့နေရာကိုရွေးလိုက်ကြ၊ ဒီနေ့ငါကျွေးမယ်၊ နင်တို့စိတ်ကြိုက်သာလုပ်!
ဟောင်ရန် : ယေး! ချစ်သွားပြီ၊ ဘော့စ်ရေ!
ချူးဖေ့ဟန် : ငါလဲချစ်တယ်!
မုခယ် : ငါရောပဲ!
ကုနင်း : ဒါဆို ငါအလုပ်ကိစ္စတစ်ခုသွားလုပ်လိုက်ဦးမယ်၊ နင်တို့ဆုံးဖြတ်ပြီးရင် ငါ့ကိုပြောကြ၊
ထို့နောက် ကုနင်းဖန်ဟွားအဆင့်မြင့်အိမ်ရာအရောင်းပြခန်းသို့ထွက်လာလိုက်သည်။ သူမ ကောင်းယိနှင့်ချောင်ယတို့အတွက် တိုက်ခန်းတစ်ခန်းဝယ်ပေးဖို့ရန်ဖြစ်သည်။ ရှန်းဟွာအိမ်ခြံမြေတွင် ရောင်းချရန် တိုက်ခန်းများစွာရှိနေသေးသော်လည်း ကုနင်းကတော့ ကောင်းယိနှင့် ချောင်ယကို သူမနှင့်တစ်နေရာတည်းတွင်သာရှိစေလိုသည်။ အကြောင်းမှာတော့ ကောင်းယိနှင့်ချောင်ယသည် သူမ၏သက်တောင်စောင့်လဲဖြစ်သလို ယာဉ်မောင်းရော အတွင်းရေးမှူးပါဖြစ်လေသည်။ ထို့ထက်အရေးကြီးသည်က ဖန်ဟွားအဆင့်မြင့်အိမ်ရာသည် ပတ်ဝန်းကျင်ကောင်းသည့်အဆင့်မြင်အိမ်ရာဖြစ်ခြင်းကြောင့်ပင်။
ထို့အပြင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏လူနေအိမ်အသစ်များဆောက်လုပ်ပြီးစီးသွားပြီဆိုလျှင်လည်း ကုနင်းထိုနေရာတွင် အိမ်တစ်လုံးလောက်ယူထားမည်ဖြစ်သည်။ အခုချိန်တွင်တော့မလိုအပ်သေးပေမည့် အနာဂါတ်တွင်တော့အသုံးဝင်လာနိုင်သည်။
တစ်နေ့နေ့တွင် သူမပါတီပွဲကြီးတစ်ခုကိုကျင်းပဖြစ်နိုင်ပြီး ဖန်ဟွားအဆင့်မြင့်အိမ်ရာသည်တော့ ထိုသို့ပွဲမျိုးကျင်းပဖို့ရန် သေးလွန်းပေသည်။
"မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်!" ဝေ့ကျီယွဲ့က ကုနင်းဝင်လာသည်နှင့် ချက်ချင်းကြိုဆိုလိုက်သည်။
"ဟိုင်း၊ ကျွန်မ အပြင်အဆင်ကောင်းကောင်းလေးနဲ့ နည်းနည်းသေးတဲ့ တိုက်ခန်းတစ်ခန်းလောက်လိုချင်လို့။"
ကောင်းယိနှင့်ချောင်ယသည် နှစ်ဦးတည်းနေမည်ဖြစ်သောကြောင့် အိပ်ခန်းတစ်ခန်းပါလျှင်ပင် သူတို့အတွက်လုံလောက်ပြီဖြစ်သည်။ ထို့အပြင် သူတို့ကလဲ ခနတဖြုတ်သာနေကြမည်ဖြစ်သောကြောင့် တိုက်ခန်းအကြီးကြီးဝယ်ပေးဖို့ရန်လဲ မလိုအပ်ပေ။ နောက်နှစ်ဝက်အတွင်း သူမတို့သုံးဦးလုံး မြို့တော်သို့ရွှေ့ပြောင်းရမည်ဖြစ်သည်။
ကုနင်းက တိုက်ခန်းအသစ်ရှာနေသည်ကိုကြားရတော့ ဝေ့ကျီယွဲ့အံ့အားသင့်သွားပေမည့် အသေးစိတ်တော့မမေးမြန်းပေ။
"အသေးဆုံးကတော့ ၇၃စတုရန်းမီတာကျယ်ပြီး အိမ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်မျိုးတော့ရှိပါတယ်။ ဒါပေမယ့် ၈၅စတုရန်းမီတာကျယ်တဲ့ အိပ်ခန်း၂ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းလဲ ကျွန်တော်တို့မှာရှိသေးတယ်။"
"အိပ်ခန်းတစ်ခန်းပါတဲ့တိုက်ခန်းက ဘယ်မှာလဲ? သူ့ပုံစံငယ်ကိုကြည့်လို့ရမလား?" ကုနင်းမေးလိုက်သည်။
"သူက ဇုံGရဲ့မျက်စောင်းထိုးမှာရှိတဲ့ ဇုံFကအဆောက်အအုံနံပါတ်၂မှာပါ။" ဝေ့ကျီယွဲ့ပြောပြလိုက်ကာ ကုနင်းကို ထိုတိုက်ခန်း၏ပုံစံငယ်ရှိရာသို့ခေါ်သွားလိုက်သည်။
"ကျွန်တော်တို့မှာ နှစ်ခန်းပဲကျန်တော့တာ၊ တစ်ခန်းကတော့ ၁၂လွှာမှာ နောက်တစ်ခန်းကတော့ ၁၃လွှာမှာ။"
ကုနင်းခနလောက်သေချာကြည့်နေလိုက်ပြီးနောက်၊ "ကောင်းတယ်၊ ကျွန်မ ၁၂လွှာကအခန်းကိုဝယ်မယ်။"
ဝေ့ကျီယွဲ့သည်တော့ ကုနင်း၏လုပ်ဆောင်ချက်ကြောင့်ထပ်မံထိတ်လန့်သွားရပြန်ကာ ချက်ချင်းပင် သူမအတွက်လိုအပ်သည့်စာရွက်စာတမ်းများကိုလုပ်ပေးလိုက်သည်။
ကုနင်းပြန်ထွက်လာတော့ ညနေ၃နာရီသာရှိသေးလေသည်။ ထို့ကြောင့် သူမသူငယ်ချင်းများနေရာရွေးပြီးပြီလားဆိုသည်ကိုသိရရန်အတွက် WeChatထဲသို့ဝင်ကြည့်ဖို့ရန်လုပ်လိုက်သည်။ သို့သော် သူမWeChatကိုမဖွင့်ရသေးခင်ပင် ချူးဖေ့ဟန်ထံမှဖုန်းဝင်လာခဲ့သည်။
ကုနင်းဖုန်းပြန်ဖြေလိုက်သည်နှင့် ချူးဖေ့ဟန်ကအလာတကြီးဖြင့်၊
"ဘော့စ်၊ အခု မီရှီတို့မိသားစု ပြဿနာတက်နေတယ်!"
ထိုစကားကိုကြားတော့ ကုနင်းချက်ချင်းစိတ်တိုသွားကာ၊
"ဘာဖြစ်တာလဲ?"
"သူ့မိသားစုအိမ်ကိုဖြိုချခံရတော့မှာ ပြီးတော့ သူ့အကြီးဆုံးဦးလေးနဲ့အဒေါ်က အိမ်ကရလာမယ့်ငွေကို ခွဲပေးသင့်တယ်ဆိုပြီး အတင်းပြောနေကြတယ်!" ချူးဖေ့ဟန် ရှင်းပြလိုက်သည်။
ကုနင်းမကျေမနပ်ဖြစ်သွားရသည်။ ငွေအတွက်ဖြင့် သူတို့ညီအစ်ကို မောင်နှမများကို တိုက်ခိုက်နေကြသည့် အရှက်မဲ့သော ဆွေမျိုးများစွာရှိကြသည်ပဲ။
"ငါအဲ့ကိုချက်ချင်းလာခဲ့မယ်။" ကုနင်းပြောပြီးသည်နှင့်ချက်ချင်းပင် တက္ကစီငှားကာ ယွီမီရှီ၏အိမ်သို့ဦးတည်လိုက်သည်။
ကုနင်းချက်ချင်းပင် ယွီမီရှီကိုလဲ ဖုန်းခေါ်လိုက်ပြီး ယွီမီရှီကတော့ အချိန်အတော်ကြာမှသာပြန်ဖြေလာခဲ့သည်။
"နင်းနင်း..." သူမငိုနေခဲ့သည်။ ယွီမီရှီမှာ အကူအညီမဲ့စွာဖြင့် ငိုကြွေးလို့နေခဲ့သည်။
"မီရှီ၊ မငိုနဲ့တော့၊ အခုဘာတွေဖြစ်နေတာလဲ?"
ယွီမီရှီ သူမစိတ်ကိုသူမသေချာပြန်ထိန်းကာ ကုနင်းအမေးကိုပြန်ဖြေလိုက်သည်။
"ငါတို့အိမ်က အဖြိုခံရတော့မှာ ဒါပေမယ့် ငါ့အကြီးဆုံးဦးလေးနဲ့အန်တီက ရလာမယ့်ငွေကိုသူတို့ကိုလဲခွဲပေးသင့်တယ်ဆိုပြီးပြောနေတယ်။ ဒီအိမ်ကို ငါ့အဖိုးကနေပြီး ငါ့အဖေကိုအမွေပေးထားခဲ့တာ၊ ပြီးတော့ အဖိုးက အကြီးဆုံးဦးလေးနဲ့အန်တီကိုလဲ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းက သူတို့အိမ်ဝယ်ဖို့အတွက် ယွမ်၃သောင်းပေးခဲ့ပြီးသား။ ငါ့အဖေက အခုသူတို့နဲ့စကားများနေကြတယ်။ ငါတကယ်ကိုဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး။"
"မစိုးရိမ်နဲ့တော့ ငါအခုလာနေပြီ၊ ခနနေရောက်တော့မယ်၊"
"အင်း၊"
ဖုန်းချပြီးနောက်တွင်တော့ ကုနင်းတက္ကစီမောင်းသူအား မြန်မြန်လေးမောင်းပေးရန်ပြောလိုက်သည်။
မိနစ်၂၀ကြာပြီးနောက်တွင်တော့ ချူးဖေ့ဟန်နှင့်ဟောင်ရန်တို့သည် တစ်ချိန်တည်းလိုလို ယွီမီရှိနေသည့်ရပ်ကွက်သို့ရောက်လာခဲ့ကြသည်။ သူတို့နှစ်ဦးလုံး ကားနှင့်လာကြခြင်းဖြစ်ကာ ဟောင်ရန်သည်တော့ ချင်ကျီရွှမ်းနှင့် ကျန်းထန်ပင်းကိုခေါ်လာခဲ့သည်။ မုခယ်နှင့်အန်းရီသည်တော့ သူတို့ကားမရှိ၍ တက္ကစီဖြင့်သာလာကြပြီး ခနနေရောက်ကြတော့မည်ဖြစ်သည်။
ယွီမီရှီတို့မိသားစုသည် အိမ်ရာအဟောင်းတစ်ခုတွင်နေထိုင်ကြခြင်းဖြစ်သည်။ သူတို့နေသည့်အဆောက်အအုံတွင်က လှေကားထစ်များစွာရှိလေသည်။ ချူးဖေ့ဟန်နှင့်ကျန်တဲ့လူများ အထဲသို့ဝင်လာချိန်တွင်တော့ အပေါ်ထပ်ဆီမှာ ကျယ်လောင်သည့် ငြင်းခုံပြောဆိုနေသံများကိုကြားလိုက်ရသည်။
"WTF! သူတို့က မီရှီကိုများအနိုင်ကျင့်ရဲကြတယ်! ငါသူတို့ကို ပညာသွားပေးလိုက်မယ်!" ဟောင်ရန်ဒေါသထွက်ကာ သုံးလွှာသို့ပြေးတက်သွားပြီး ကျန်သည့်လူများလဲ လိုက်သွားကြသည်။
ဧည့်ခန်းထဲတွင်တော့ ယွီမီရှီ၏မိသားစုနှင့် အခြားအမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦးတို့ကျယ်လောင်စွာ စကားများနေကြသည်။
"ဒီအိမ်က ငါတို့အဖေပိုင်တာ၊ဒီတော့ မင်းတစ်ယောက်တည်းယူလို့မရဘူး။ အဖေက လွန်ခဲ့တဲ့၁၀နှစ်ကျော်တုန်းက ငါတို့ကိုယွမ်၃သောင်းပေးတယ်လို့မင်းပြောတယ်မလား။ ကောင်းပြီလေ၊ ဖြိုချပြီးလို့ လျော်ကြေးရရင် မင်းယွမ်သုံးသောင်းအရင်ယူလိုက် ကျန်တာကိုတော့ ငါတို့ခွဲယူကြမယ်။" အသက်၅၀အရွယ်လောက်ရှိသည့် လူကြီးကပြောလိုက်သည်။ ထိုလူသည်တော့ ယွီမီရှီ၏အကြီးဆုံးဦးလေးဖြစ်ကာ ထိုစကားကိုပဲ ဆယ်ကြိမ်မကပြောပြီးနေပြီဖြစ်သည်။
"ဟုတ်တယ်!" အသက်၄၀စွန်းစွန်းရှိမည့် အမျိုးသမီးက သံယောင်လိုက်ကာပြောလိုက်သည်။ ထိုအမျိုးသမီးသည်တော့ ယွီမီရှီ၏အန်တီပင်ဖြစ်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ! လွန်ခဲ့တဲ့၁၀နှစ်ကျော်က ယွမ်သုံးသောင်းဆိုတာ အခုခေတ်အခြေအနေနဲ့ယှဉ်လို့ရမလား!" ယွီမီရှီ၏အဖေသည်လဲ တော်တော်လေးဒေါသထွက်နေပြီဖြစ်သည်။
အမှန်ကိုပဲ၊ လွန်ခဲ့သည့်၁၀နှစ်မှယွမ်သုံးသောင်းသည် ယနေ့ခတ်၏ယွမ်သုံးသိန်းနှင့်ညီမျှလေသည်။ သို့ပေမယ့် ယွီမီရှီ၏အဖေသည်တော့ ယွမ်သုံးသိန်းကိုပဲယူကာ ကျန်သည့်ငွေများကို ခွဲဝေယူခွင့်လဲပြုမည်မဟုတ်ပေ။
"ဂရုမစိုက်ဘူး၊ အဲ့လိုပဲခွဲယူကြရမယ်!" ယွီမီရှီ၏အန်တီသည်တော့ ဘူးခံငြင်းသည့်ကစားနည်းကိုကစားလို့နေသည်။ ငွေနဲ့ပတ်သတ်လာလျှင် မိသားစုဘာညာကိုဂရုစိုက်နေကြမည်မဟုတ်ပေ။
"နင်....." ယွီမီရှီ၏အဖေသည်တော့ ဒေါသထွက်လွန်း၍ နောက်ထပ်စကားတစ်ခွန်းပင်မပြောနိုင်တော့သည်။ သို့သော်လည်း ယွီမီရှိ၏အမေသည်တော့ အားနည်းသည့်မိန်းမသားဖြစ်၍ ထိုငြင်းခုံမှုထဲတွင်မပါဝင်ရဲပေ။ ထို့အပြင် ယွီမီရှီက သူမအဖေဘက်ကကူပြောပေးလျှင်လဲ သူမ၏အကြီးဆုံးဦးလေးနှင့်အန်တီက သူမကိုကျိန်ဆဲပြောဆိုသောကြောင့် သူမလဲ ဘာမှမလုပ်နိုင်တော့ပေ။
တံခါးမှာမပိတ်ထားသောကြောင့် ဟောင်ရန်နှင့်အခြားလူများ အထဲသို့ ချက်ချင်းပင်ဝင်ရောက်လာ၍ ဧည့်ခန်းထဲရှိလူများအံ့အားသင့်သွားကြတော့သည်။
***
Book 24 End