← Chapters

အခန်း (၃၆၁-၃၆၅)

Vol. 25 Ch. 361-365

အခန်း (၃၆၁-၃၆၅)

Vol. 25 Ch. 361-365

အခန်း ၃၆၁

ဘာလဲ? ရန်ဖြစ်ချင်တာလား?

သို့ပေမည့် အခန်းထဲမှလူကြီးများ ဘာတွေဖြစ်သွားလဲဆိုသည့်အခြေအနေကိုမသိလိုက်သေးခင်တွင်ပဲ ချူးဖေ့ဟန်က၊

"ရှင်တို့လား၊ မီရှီတို့မိသားစုပိုင်တဲ့အိမ်ကိုလုချင်နေကြတာ? လုံးဝမဖြစ်နိုင်ဘူး!"

"ဖေ့ဟန်၊ ဟောင်ရန်၊ ကျီရွှမ်း၊ ထန်ပင်း!" ယွီမီရှီချက်ချင်းပင် သူမအသက်ကိုကယ်ဆယ်မည့်သူများအားတွေ့မြင်လိုက်ရသလိုမျိုး စိတ်လှုပ်ရှားစွာဖြင့်မတ်တပ်ထရပ်လိုက်သည်။ ယွီမီရှီ၏မိဘနှစ်ပါးသည်လဲ ချူးဖေ့ဟန်တို့ဝင်လာသည်ကိုမြင်လိုက်ရတော့ အနည်းငယ်စိတ်အေးသွားကြရသည်။

သူတို့သည် ထိုကလေးများ၏နောက်ခံမိသားစုအသိုင်းအဝိုင်းအကြောင်း ရှင်းရှင်းလင်းလင်းမသိထားသော်လည်း ထိုကလေးများမှာ ချမ်းသာသည့် သို့မဟုတ် အာဏာရှိသည့်မိသားစုများကဖြစ်ကြမည်မှန်းကိုတော့ သိထားပြီးဖြစ်လေသည်။ သူတို့ရောက်ရှိလာခြင်းကြောင့် ယွီမီရှီ၏မိသားစုမှာ လုံခြုံသွားသလိုခံစားလိုက်ကြရသည်။

သို့ပေမည့် ယွီမီရှီ၏အကြီးဆုံးဦးလေးနှင့်အန်တီသည်တော့ အတွေးမတူကြပေ။ သူတို့အမြင်တွင်တော့ ချူးဖေ့ဟန်တို့မှာ သာမာန်ကျောင်းသားလေးများသာဖြစ်ကြလေသည်။ ထို့ကြောင့် ယွီမီရှီ၏အန်တီက သူတို့ကို၊

"ဒါငါတို့မိသားစုကိစ္စ မင်းတို့နဲ့ဘာမှမဆိုင်ဘူး!"

"ဒါကျွန်တော်တို့ကိစ္စပဲ၊ ကျွန်တော်တို့ကတော့ မီရှီကိုထောက်ခံပေးမှာ။" ဟောင်ရန်က စိတ်ဆုံးဖြတ်ချက်ခိုင်မှာစွာဖြင့်ပြန်ပြောလိုက်သည်။

"နင်...." ယွီမီရှီ၏အန်တီမှာ စိတ်အနှောက်အယှက်ဖြစ်သွားရသည်။

"မင်းတို့လိုကလေးတွေကများ!" ယွီမီရှီ၏အကြီးဆုံးဦးလေးက အထင်သေးစွာဖြင့်ပြောလိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ? ခင်ဗျားတို့အခုချက်ချင်းထွက်သွားပြီး ဘယ်တော့မှပြန်မပေါ်လာကြဘဲနေတာကပိုကောင်းမယ်ထင်တယ်၊ မဟုတ်ရင်တော့ ရလဒ်ကိုခင်ဗျားတို့ရင်ဆိုင်နိုင်ကြမှာမဟုတ်ဘူး!" ချင်ကျီရွှမ်းက ခြိမ်းခြောက်လိုက်လေသည်။

"စိတ်ဝင်စားစရာပဲ၊ မင်းက ငါတို့ကိုခြိမ်းခြောက်ရအောင် မင်းကိုယ်မင်းဘယ်သူလို့ထင်နေလဲ?" ယွီမီရှီ၏အကြီးဆုံးဦးလေးဘေးတွင်ရှိနေသည့် အမျိုးသမီးက အထင်သေးစွာဖြင့် ဝင်ပြောလာခဲ့သည်။ သူမသည်တော့ ယွီမီရှီ၏အကြီးဆုံးအဒေါ်ပင်ဖြစ်သည်။

"ရှင်တို့လုပ်ခဲ့တဲ့ကိစ္စနဲ့တင် ကျွန်မတို့ဘက်ကပြန်ပြီးပညာပေးဖို့အကြောင်းအရင်လုံလောက်နေပြီ။" အအေးစက်သည့်အရှိန်အဝါနှင့်အမျိုးသမီးအသံတစ်သံအပြင်ဘက်မှထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ သူတို့၏မြင်ကွင်းအတွင်းသို့ ကုနင်းလျှောက်လှမ်းလို့လာလေသည်။

"ဘော့စ်!" ဟောင်ရန်နှင့်ကျန်သည့်သူငယ်ချင်းများ ကုနင်းကိုခေါ်လိုက်ကြသည်။

"နင်းနင်း!" ယွီမီရှီသည်တော့ ချက်ချင်းပင် ငိုတော့မလိုပုံစံဖြင့် ကုနင်းထံသို့ပြေးသွားလိုက်တော့သည်။

"အဆင်ပြေသွားပြီ၊ ဒီကိစ္စငါဖြေရှင်းလိုက်မယ်။" ကုနင်းက ယွီမီရှီ၏လက်ကိုဆုပ်ကိုင်ကာ နှစ်သိမ်းပေးလိုက်ပြီးနောက် ကျန်သည့်လူများရှိရာသို့လှမ်းလျှောက်သွားလိုက်သည်။

နောက်ထပ်မိန်းမငယ်လေးတစ်ဦးဝင်လာခြင်းသာဖြစ်ကြောင်း မြင်လိုက်ရ၍ ယွီမီရှီ၏ဦးလေးများသည် သူမကိုလဲဂရုစိုက်မနေတော့ပေ။

ကုနင်းသည်တော့ထိုလူများကို အေးစက်စက်တစ်ချက်ကြည့်လိုက်ပြီးကာမှ ယွီမီရှီ၏အဖေဘက်သို့လှည့်ကာ၊

"ဦးလေးယွီ၊ ဦးလေးရဲ့အိမ်ဖြိုလို့ရမယ့် လျော်ကြေးဘယ်လောက်ရှိလဲဆိုတာ သိလို့ရမလား?"

ယွီမီရှီ၏အဖေသည် ကုနင်းကိုလေးစားသောကြောင့် သူမဘာကိုရည်ရွယ်ပြီးမေးသည်ဖြစ်ပါစေ သူကတော့အမှန်အတိုင်းပြန်ဖြေဖို့ရန် ဆန္ဒရှိနေပြီးဖြစ်သည်။

"ဦးလေးတို့အိမ်က ၇၀စတုရန်းမီတာပဲကျယ်တာဆိုတော့ ယွမ်၇သိန်းရမှာ၊ ပြီးရင် အဲ့ဒီငွေနဲ့ ပိုပြီးကြီးတဲ့အိမ်တစ်လုံးဝယ်နိုင်တယ်။"

အိမ်မှယွမ်၇သိန်းတောင်ရမည်ဆိုသည်ကိုကြားလိုက်ရတော့ ယွီမီရှီ၏ဦးလေးနှင့်အဒေါ်များမှာ ထိုငွေကိုသူတို့အိတ်ထဲထည့်ဖို့ရန် မအောင့်အီးနိုင်ကြတော့ပေ။ သူတို့၏လောဘတက်နေသည့်အမူအရာများမှာ တကယ်ကိုစက်ဆုပ်ရွံ့ရှာဖို့ကောင်းလှသည်။

"အိမ်ကိုဘယ်အချိန်လာဖျက်ကြမှာလဲ?" ကုနင်းဆက်မေးလိုက်သည်။

"လိုအပ်တဲ့စာရွက်စာတမ်းတွေကို နှစ်သစ်ကူးပွဲတော်ပြီးရင်အပြီးသတ်ပြီးလိမ့်မယ်၊ ပြီးရင်တော့ နှစ်လအတွင်းရွှေ့ပေးရမှာ"

"ဟုတ်ပြီ၊ ဒါဆို ကျွန်မကိုဒီအိမ်ဘာလို့မရောင်းပေးလိုက်တာလဲ? ပြီးရင် သမီးက ကျားဟွာဥယျာဉ်ထဲက ၁၂၀စတုရန်းမီတာကျယ်တဲ့အပြင်အဆင်အနေတော်နဲ့အိမ်တစ်လုံးပြန်ပေးမယ်လေ၊ ဘယ်လိုလဲ? ကျားဟွာဥယျာဉ်က ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကနေတည်ဆောက်ထားတဲ့နေရာပဲ၊" ကုနင်းပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရတော့ လူတိုင်းအလွန်အံ့အားသင့်ကုန်ကြလေသည်။ ကျားဟွာဥယျာဉ်သည် အလယ်အလတ်တန်းစားလူနေရပ်ကွက်ဖြစ်ကာ ၁၂၀စတုရန်းမီတာကျယ်တဲ့အိမ်ဆိုလျှင် အနည်းဆုံးယွမ်၂သန်းလောက်တန်လေသည်။ ကုနင်းက ဘယ်လိုလုပ်များ ဈေးပေါပေါအိမ်တစ်လုံးကို အလွန်ဈေးကြီးသည့် အိမ်နှင့်လဲသည်အထိ အဓိပ္ပါယ်မရှိသောကိစ္စမျိုးလုပ်ရတာလဲ!

ယွီမီရှီ၏ဦးလေးနှင့်အဒေါ်များသည်တော့ အခုချိန်တွင်ယွီမီရှီ၏အဖေကို အလွန်မနာလိုဖြစ်နေကြသည်။ သူတို့သာထိုမျှကောင်းသည့်အိမ်တွင်နေနိုင်လျှင်ဆိုပြီး အိပ်မက်ပင်မက်နေကြတော့သည်။

တကယ်တော့ ကုနင်းသည် ယွီမီရှီတို့မိသားစုကို အမြဲတစေကူညီပေးချင်နေခြင်းဖြစ်ပေမယ့် နွမ်းပါးသူကိုစွန့်ကြဲသည့်ပုံစံပေါက်နေမည်ဖြစ်ကာ သူတို့ဘက်ကလဲ လက်ခံမည်မဟုတ်ကြောင်း ကုနင်းသိလေသည်။ ထို့အပြင် ကုနင်းအနေဖြင့် သူတို့စိတ်ခံစားသွားရမည်ကိုလဲမလိုချင်ခဲ့ပေ၊ သို့ပေမယ့် အခုအချိန်တွင်တော့ အခြေအနေမှာမတူတော့ပေ။ ယွီမီရှီ၏မိသားစုသည် ဒုက္ခရောက်နေချိန်ဖြစ်ပြီး သူမအနေဖြင့်ယွီမီရှီကို အခုချိန်ကူညီပေးလိုက်ရန်က အသင့်တော်ဆုံးအချိန်ပင်ဖြစ်သည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကတည်ဆောက်ထားသည့် အိမ်လွတ်များစွာရှိသေးသော်လည်း ထိုအိမ်အားလုံးမှာ သာမာန်လူတန်းစားနေထိုင်သည့်ရပ်ကွက်တွင်သာဖြစ်ကြသည်။ ကုနင်းဘက်ကလဲ သူတို့ကို ပိုပြီးကောင်းသည့်အိမ်ကိုသာပေးလိုလေသည်။

"မိန်းကလေးကု၊ ဒါအကြံကောင်းလို့ဦးလေးတော့မထင်ဘူး၊ ဦးလေးတို့အိမ်က ယွမ်၇သိန်းပဲတန်တာ၊ ဒါပေမယ့် ကျားဟွာဥယျာဉ်ကအိမ်တွေက အနည်းဆုံးယွမ်၂သန်းလောက်တန်ကြေးရှိတယ်!" ယွီမီရှီ၏အဖေက ငြင်းဆိုလိုက်သည်။ သူသည် အခြားလူအပေါ်အခွင့်ကောင်းယူတတ်သည့်လူမျိုးမဟုတ်သလို ကုနင်းသည်လဲ သူတို့မိသားစုအပေါ်အများကြီးကူညီပေးခဲ့ပြီးပြီဖြစ်သည်။

"ဟုတ်တယ်၊ မိန်းကလေးကု!" ယွီမီရှီ၏မိခင်ကလဲ ဝင်ပြောလာခဲ့သည်။

ယွီမီရှီ၏ဦးလေးနှင့်အဒေါ်များသည်တော့ ယွီမီရှီ၏မိဘများကို စိတ်တိုလာတော့သည်။ သူတို့ဆိုလျှင် ကျားဟွာဥယျာဉ်မှအိမ်တစ်လုံးကို အလွန်လက်ခံချင်ကြသည်။

"မီရှီက နောက်ကျရင် ကျွန်မအတွက်အလုပ်လုပ်ပေးရမယ်ဆိုတာကို မမေ့နဲ့ဦးလေ၊ ကျွန်မက သူ့ရဲ့ဘော့စ်ပဲ၊ ဒီတော့ အခုဟာကိုလဲ သူ့အလုပ်အတွက် အပိုဆုကြေးကြိုရတယ်လို့မှတ်လိုက်ပါ။"

ယွီမီရှီ၏မိဘများသည်က ထိုအကြောင်းကိုသိထားကြပြီးဖြစ်သော်လည်း ချူးဖေ့ဟန်နှင့်အခြားလူများသည်တော့ မသိကြသေးပေ၊ ထို့ကြောင့် ကြားလိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားကြပြီး ကုနင်းကို နားမလည်နိုင်လှည့်ကြည့်လိုက်ကြသည်။ သို့ပေမည့် အခုချိန်ကတော့ ထိုအကြောင်းမေးဖို့ရန်အချိန်ကောင်းမဟုတ်သေးပေ။

"ဒါက...." ယွီမီရှီ၏ဖခင်မှာတော့ ထိုမျှတန်ဖိုးကြီးသည့်အိမ်ကိုလက်ခံဖို့ရန်မသင့်ဟုတွေးမိနေစဲပင်။

"စိတ်မပူကြပါနဲ့၊ မီရှီက ကျွန်မတို့အားလုံးရဲ့သူငယ်ချင်းကောင်းပဲ၊ သူငယ်ချင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက်ကူညီရိုင်းပင်းကြရတယ်လေ၊ နောက်ဆိုရင်လဲ မီရှီက ကျွန်မဆီမှာအလုပ်လုပ်မှာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ဝယ်နိုင်တဲ့အထိ အကျိုးအမြတ်တွေရလာမှာပဲ၊ ဒီတော့ အခုထဲကကြိုယူထားလိုက်လို့လဲ မကွာခြားသွားပါဘူး။"

ထိုစကားများကိုကြားတော့ ယွီမီရှီ၏မိဘများစိတ်ပြောင်းသွားကြတော့သည်။ ကုနင်းက သူတို့စိတ်မသန့်မဖြစ်ဘဲ လက်ခံစေရန်အများကြီးရှင်းပြပြောဆိုထားခြင်းဖြစ်သည်။ သို့ပေမည့် သူတို့၏အဓိကပြဿနာကိုမဖြေရှင်းနိုင်လျှင်တော့ သူတို့၏အရှက်မဲ့လှသောဆွေမျိုးများသည် ဆက်ပြီး စိတ်အနှောက်အယှက်ပေးနေကြဦးမည်ဖြစ်ကာ သူတို့သည်လဲ ထိုလူများဖြင့် တစ်ချိန်လုံးစကားများရန်ဖြစ်နေလိုခြင်းမရှိပေ။

"နေပါဦး၊ နင်တို့ဒီအိမ် သူ့ကိုရောင်းလိုက်မယ်ဆိုရင်တောင်မှ၊ အိမ်အသစ်ကိုဆက်ပြီးခွဲလို့ရကြသေးတာပဲ!" ယွီမီရှီ၏အဒေါ်ကအရှက်မရှိဝင်ပြောလာသည်။ ယွီမီရှီ၏အဖေက အိမ်ကိုရောင်းလိုက်ရုံနှင့် သူတို့ကတော့ထွက်သွားကြမည့်ပုံမပေါ်ပေ။

"အဟုတ်ပဲ!" ယွီမီရှီ၏ဦးလေးအကြီးဆုံးကလဲ ထောက်ခံလိုက်သည်။

"ရှင်တို့က တကယ့်ကိုအရူးတွေပဲ၊" ကုနင်းနှာခေါင်းရှုံ့လိုက်ကာ သူတို့ကိုအေးစက်စက်ကြည့်လိုက်သောကြောင့် ထိုလူများ ကြောက်လန့်သွားကြသော်လည်း အကြီးဆုံးဦးလေးကတော့ ဆက်ပြီး ပြောနေတုန်းပင်၊

"ဒီအိမ်က ငါတို့အဖေပိုင်တာ၊ဒီတော့ ငါတို့အားလုံးခွဲဝေယူသင့်တယ်!"

"အိမ်စာချုပ်မှာ ရှင့်နာမည်ပါလို့လား?" ကုနင်းမေးလိုက်သည်။

အကြီးဆုံးဦးလေးက ထိုစကားကြောင့်အနည်းငယ်လန့်သွားပေမည့် ဆက်ပြီး၊

"မပါဘူး။ ဒါပေမယ့် အဲ့ဒါကအရေးမကြီးဘူး! ငါလဲ ဒီအိမ်ကဝေစုကို ရနိုင်သေးတယ်!"

လူတိုင်း သူ၏စကားကြောင့် ရယ်ချင်မိသွားကြသည်။ တကယ်ကိုအဓိပ္ပါယ်မရှိတဲ့စကားတွေပြောတတ်တာပဲ၊ ချူးဖေ့ဟန်တောင်မှ သူ့ကို ကျိန်ဆဲတော့သည်၊

"WTF! ငါဒီလောက်အရှက်မဲ့တဲ့လူမျိုး အရင်တုန်းက တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ သူတို့ကိုတကယ်ထိုးပစ်ချင်လာပြီ။" ချူးဖေ့ဟန် သူမလက်ကောက်ဝတ်ကိုလှည့်ရင် အမှန်တကယ်ဝင်ထိုးချင်နေသည့်ပုံစံကိုပြနေသည်။

"ငါလဲထိုးပစ်ချင်နေပြီ!" ဟောင်ရန်ကပါ ချုးဖေ့ဟန်စကားကို ထောက်ခံလိုက်သည်။

ထိုအချိန်တွင်ပဲ အန်းရီနှင့်မုခယ်ရောက်ရှိလာခဲ့သည်။ သူတို့သည်လဲ ယွီမီရှီ၏မိဘများနှင့်သိသောကြောင့် အကူအညီပေးချင်ကြသည်။ သို့ပေမယ့် ယွီမီရှီ၏ဦးလေးများသည်တော့ အနည်းငယ်ကြောက်ရွံ့သွားကြသည်။ သူတို့သာအမှန်တကယ် ရန်ဖြစ်ချင်ကြလျှင် သူတို့ဘက်ကလေးယောက်သာရှိခြင်းကြောင့် ရှုံးနိုင်ချေရှိလေသည်။

"ငါတို့နောက်ကျသွားတယ်၊ ငါတို့စပြီးတိုက်ခိုက်ကြတော့မလား?" မုခယ်သည်လဲ ရောက်ရောက်ချင်းပင် သူ့လက်ကောက်ဝတ်ကိုလှည့်ရင်းမေးလိုက်သည်။

***

အခန်း ၃၆၂

သူငယ်ချင်းများဆုံခြင်း

"မတိုက်သေးနဲ့ဦး၊" ကုနင်းပြောလိုက်ပြီးနောက် ယွီမီရှီ၏ဦးလေးနှင့်အဒေါ်များဘက်သို့လှည့်လိုက်ကာ၊

"ရှင်တို့နာမည်က အိမ်စာချုပ်ပေါ်မှမရှိနေမှတော့ ဒီအိမ်က ရှင်တို့နဲ့ဘာမှမဆိုင်ဘူး။ ဒါက ဥပဒေလို့ခေါ်တယ်၊ ပြီးတော့ ရှင်တို့ဘက်က အတင်းဖိအားပေးပြီးယူကြမယ်ဆိုရင်တော့ ကျွန်မတို့လဲ ရဲကိုလှမ်းအကြောင်းကြားလိုက်ရုံပဲ။"

တကယ်တမ်း၊ ယွီမီရှီ၏ဦးလေးနှင့်အဒေါ်များသည် အိမ်စာချုပ်အပေါ်တွင် သူတို့နာမည်မပါမှန်းသိထားကြပြီးဖြစ်သော်လည်း ငွေကိုအလွန်လောဘတတ်နေခဲ့ကြသည်။ ထို့အပြင် သူတို့သည် ယွီမီရှီတို့မိသားစုအပေါ်အနိုင်ကျင့်နေကြဖြစ်သောကြောင့် ဥပဒေကိုဆန့်ကျင်ကာတောင်းဆိုနေကြခြင်းဖြစ်သည်။

ကုနင်းက သာမာန်မဟုတ်ကြောင်း သိပြီးကြပြီဖြစ်၍ သူမတကယ်ပဲ ရဲကိုအကြောင်းကြားလိုက်နိုင်သောကြောင့် ယွီမီရှီ၏ဦးလေးတို့လဲ တွန့်ဆုတ်သွားကြရသည်။ ထို့အပြင်၊ ရန်ဖြစ်ကြလျှင်လဲ ကုနင်းနှင့်အခြားလူများကို အနိုင်မတိုက်နိုင်ပေ၊ ထို့ကြောင့် အဆုံးတွင်တော့မသွားချင်သွားချင်ဖြင့် ပြန်သွားကြတော့သည်။

"မိန်းကလေးကု၊ သူတို့လဲထွက်သွားကြပြီဆိုမှတော့ ဦးလေးတို့..." ယွီမီရှီ၏အဖေသည် ကုနင်းအစောကပြောခဲ့သည့်စကားကိုပြန်ရုတ်သိမ်းလိုက်စေလိုနေသည်။

"ဦးလေးယွီ၊ သူတို့ထွက်သွားတယ်ဆိုတာ ကျွန်မတို့အဖွဲ့အင်အားကိုကြောက်လို့ပဲ၊ လုံးဝလက်လျှော့သွားပြီလိုမဆိုလိုဘူး။ ကျွန်မအထင်တော့ သူတို့နောက်တစ်ခေါက်ပြန်ရောက်လာကြဦးမှာပဲ၊ ဒါကြောင့် အိမ်ကိစ္စကို မငြင်းနေပါတော့နဲ့၊ မြန်နိုင်သမျှမြန်မြန်ပဲ ဖြေရှင်းလိုက်ကြရအောင်။"

တကယ်ကိုပဲ ထိုလူများသည် ကုနင်းနှင့်အခြားလူများကိုကြောက်သွားကြခြင်းဖြစ်ကာ လက်လျှော့သွားသည်ဟုမဆိုလိုပေ။ လောဘကြီးသည့်လူများသည် သူတို့လိုချင်တာကို မရမခြင်းလက်လျှော့ကြလေ့မရှိပေ။

"ဟုတ်တယ်၊ ဦးလေးယွီ၊ ဒီတစ်ခေါက်တော့ ကျွန်တော်တို့ဘော့စ်ရဲ့စကားကိုနားထောင်လိုက်ပါ။" ဟောင်ရန်နှင့်အခြားလူများကလဲ ယွီမီရှီ၏အဖေကို လက်ခံရန်အတွက် တိုက်တွန်းလိုက်ကြသည်။

တခနအကြာအထိ တုန့်ဆိုင်းနေပြီးနောက်တွင်တော့ ယွီမီရှီအဖေလဲ သဘောတူလိုက်တော့သည်။ သူအခုချိန်တွင် ကုနင်းကို မည်သို့ကျေးဇူးတင်မှလုံလောက်မည်မှန်း အမှန်တကယ်ကိုမသိတော့ပေ။

"ဒါပေမယ့် အိမ်အသစ်က အခုထိ အရောင်းမတင်သေးဘူး။ တစ်လလောက်တော့စောင့်ရဦးမယ်။ ဒီတော့ လောလောဆယ်ဒီအိမ်မှာပဲဆက်နေကြပါ။ နောက် အစိုးရကို အိမ်အပ်ရတော့မယ်ဆိုရင်တော့ နေရာတစ်ခုခုမှာ အရင်ဆုံးငှားနေထားလိုက်လေ၊ အိမ်အသစ်က နေဖို့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဦးလေးတို့တန်းပြောင်းလို့ရပြီ။ သူတို့သာထပ်ပြီးပြဿနာလာရှာရဲရင် ချက်ချင်းရဲကိုသာအကြောင်းကြားလိုက်။ မနက်ဖြန်ကြရင် စာချုပ်ချုပ်ဖို့ ကျွန်မလာခဲ့ပါ့မယ်။"

"ကောင်းပါပြီ၊"

ထို့နောက်၊ ကုနင်းနှင့်ယွီမီရှီလဲ အခြားသူငယ်ချင်းများနှင့်အတူ သူတို့ပြန်လည်တွေ့ဆုံပွဲအတွက်အပြင်သို့ထွက်လာခဲ့ကြသည်။ ယွီမီရှီ၏မိဘများက သူမတို့ကို ယနေ့ကိစ္စအားကျေးဇူးတင်သည့်အနေဖြင့် အိမ်တွင်ညစာစားသွားကြရန်ပြောသော်လည်း ကုနင်းက ငြင်းပယ်လိုက်သည်။ ယွီမီရှီ၏မိဘများသည်လဲ သူတို့လို ဆယ်ကျော်သက်အရွယ်လေးများသည် ရွယ်တူအချင်းချင်းသာဆုံစည်းပျော်ပါးကြလိုမှန်း နားလည်သောကြောင့် ဆက်မပြောကြတော့ပေ။

"ဘော့စ်၊ နင်ကဘာလို့ မီရှီရဲ့ဘော့စ်လို့ပြောတာလဲ? ငါတို့ကိုလဲပြောပြဦးလေ!"ယွီမီရှီ၏အိမ်မှထွက်လာကြသည်နှင့်ချက်ချင်းပင် ချူးဖေ့ဟန်မေးလိုက်သည်။

"ဟုတ်သားပဲ! ဘာတွေဖြစ်ကုန်ကြတာလဲ?" ဟောင်ရန်နှင့်အခြားလူများကလဲ အလွန်သိချင်နေကြသည်။

"ငါက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်မှာဆိုတော့ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေလိုတယ်လေ၊ မီရှီက သင်္ချာလဲတော်သလို ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကိုလဲ ဆက်လေ့လာဖို့အစီစဉ်ရှိတယ်။ ဒါကြောင့် ငါက သူ့ကိုကြိုပြီးအလုပ်ခန့်ထားလိုက်တာ။"

ကုနင်း ကိုယ်ပိုင်ကုမ္ပဏီတစ်ခုတည်ထောင်မည်ဆိုသည်က အသစ်အဆန်းမဟုတ်၍ မအံ့ဩကြပေ။

"ဘော့စ်၊ ဘာကုမ္ပဏီမျိုးကိုတည်ထောင်မှာလဲ?" ဟောင်ရန်ကမေးလိုက်သည်။

"ငါတို့စတွေ့ကတည်းက နင်ကအမြဲတမ်းအလုပ်များနေတယ်လို့ငါတော့ခံစားရတယ်။" ချင်ကျီရွှမ်းကလဲပြောလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊" ချုးဖေ့ဟန်က သံယောင်လိုက်ကာ၊

"နင်ကအမြဲတမ်းလျှို့ဝှက်ဆန်းကြယ်လွန်းလို့၊ ဘယ်သူမှနင့်အကြောင်းမဖော်ထုတ်နိုင်ဘူး။"

"ကျောက်စိမ်းလက်ဝတ်ရတနာလုပ်ငန်း။" ကုနင်းပြန်ဖြေလိုက်သည်။

"ကျောက်စိမ်းလက်ဝတ်ရတနာလုပ်ငန်း? နင်ကုမ္ပဏီစဖွင့်နေပြီလား?" မုခယ်ကမေးလိုက်သည်။ သူသည်လဲ လက်ဝတ်ရတနာလောကတွင်လုပ်ကိုင်နေသည်ဖြစ်၍ ထိုအကြောင်းကိုစိတ်ဝင်စားလေသည်။

"အင်း၊ တည်ထောင်ထားပြီ၊ တကယ်တော့ Gမြို့ရဲ့JadeBeautyလက်ဝတ်ရတနာဆိုင်က ငါ့အပိုင်ပဲ။" ကုနင်းအနေဖြင့် အမှန်တရားကို အချိန်အကြာကြီးဖုံးကွယ်မထားနေတော့ပေ။

"ဘာ? JadeBeautyလက်ဝတ်ရတနာဆိုင်?" ထိုနာမည်ကိုကြားလိုက်ရတော့ အားလုံး ထိတ်လန့်ကာ မျက်လုံးပြူးမျက်စံပြူးဖြစ်ကုန်ကြသည်။ JadeBeautyလက်ဝတ်ရတနာဆိုင်သည် အခုတလောအလွန်နာမည်ကြီးနေသည့်ဆိုင်ဖြစ်ကာ ပိုင်ရှင်မှာ သူတို့ဘော့စ်ဖြစ်နေလေသည်!

ကုနင်းသည်သာမာန်မဟုတ်ဘဲ သူမ၏စီးပွားရေးအင်ပါယာကြီးတစ်ခုကိုတည်ထောင်မည်မှန်း သူတို့သိထားပြီးသားဖြစ်သော်လည်း မမျှော်လင့်ထားစွာပဲ သူမ၏ပထမဦးဆုံးကုမ္ပဏီကို အောင်အောင်မြင်မြင်ဖွင့်လှစ်ထားနိုင်ခဲ့နေပြီဖြစ်သည်!

"ဘုရားရေ!ဘော့စ်! မင်းတကယ်ကိုအံ့ဩဖို့ကောင်းတာပဲ၊ ငါနှလုံးရောဂါတောင်ရသွားသလိုပဲ။" ဟောင်ရန်က သူ၏ရင်ဘက်ကိုဖိကာ မည်မျှအံ့အားသင့်သွားကြောင်းကိုပုံဖော်ပြနေသည်။

"ဘော့စ်၊ နင်တကယ့်ကိုအရမ်းချမ်းသာနေပြီပဲ! JadeBeautyလက်ဝတ်ရတနာဆိုင်က အနည်းဆုံးယွမ်ဘီလီယံကျော်တောင်အဖိုးတန်တာလေ!" မုခယ် လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။ JadeBeautyလက်ဝတ်ရတနာဆိုင်သည် အခုချိန်တွင် အရောင်းပြခန်းတစ်ခုတည်းသာရှိသေးသည့်ဆိုင်ဖြစ်သော်လည်း အဆင့်မြင့်လက်ဝတ်ရတနာတံဆိပ်ဖြစ်သည်။ ထိုလုပ်ငန်း၏ရင်းနှီးငွေသည်ပင် အလွန်အင်မတန်များပြားလေသည်။

"ဘော့စ်...."

သူတို့အားလုံး စိတ်ဝင်စားမှုအပြည့်ဖြင့် စိတ်လှုပ်တရှားပြောဆိုဆွေးနွေးနေကြတော့သည်။

"ဘော့စ်၊ မင်းဘယ်လိုလုပ်လိုက်တာလဲ? ငါတို့ကို အသေးစိတ်ပြောပြပေးပါနော်၊ ငါတို့လဲ မင်းဆီကသင်ယူလို့ရတာပေါ့!" မုခယ်၏မျက်ဝန်းအစုံမှာတောက်ပလို့နေကာ ကုနင်းထံမှပညာများကို တောင်ခံလို့နေသည်။

"နော်လို့!!" အခြားလူများကလဲ သံယောင်လိုက်တောင်းဆိုကြတော့သည်။

မုခယ်သည်က ကုနင်းအောင်မြင်လာသည့်လျှို့ဝှက်ချက်ကိုသိချင်ခြင်းဖြစ်ကာ အခြားလူများသည်တော့ ရိုးရိုးတန်းတန်းစပ်စုလိုခြင်းသာဖြစ်သည်။

ကုနင်းပြုံးလိုက်ရင်း၊

"ငါကျောက်အလောင်းအစားလုပ်ပြီး ကျောက်စိမ်းတွေဖြတ်နိုင်နေတယ်လို့ နင်တို့ကိုမပြောခဲ့ဘူးလား? ငါနောက်ပိုင်းကျောက်အလောင်းအစားလုပ်ရင်းရလာတဲ့ကျောက်စိမ်းတွေကိုသုံးပြီး ဆိုင်တစ်ဆိုင်ဖွင့်လိုက်ရုံပါပဲ။"

"မဖြစ်နိုင်တာ! ဘော့စ် မင်းကတော့မယုံနိုင်စရာပဲ! ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ဖို့တောင်ဘယ်လောက်ထိခက်မှန်းလူတိုင်းသိထားကြတာကို နင်ကတော့ ကျောက်အလောင်းအစားလုပ်ရင်း ကျောက်စိမ်းလက်ဝတ်ရတနာဆိုင်တစ်ဆိုင်ပါဖွင့်နိုင်ခဲ့တယ်တဲ့လား?" မုခယ်အလွန်အံ့အားသင့်နေမိသည်။

"ဘော့စ်၊ မင်းမှာ ကျောက်စိမ်းမျက်ဝန်းများရှိနေတာလား?" ဟောင်ရန်က စနောက်ကာမေးလိုက်သည်။ အခြားလူများသည်လဲ ထိုသို့တွေးကြပေမည့် မည်သူမျှအမှန်တကယ်မယုံကြည်ကြပေ။ သို့သော်လည်းမမျှော်လင့်ထားစွာပဲ သူတို့အထင်မှာ အမှန်တရားဖြစ်နေခဲ့သည်။

"တော်ပြီ၊ လျှောက်တွေးမနေကြနဲ့တော့၊ ပြီးတော့ ဒါငါတို့ကြားထဲကလျှို့ဝှက်ချက်နော်၊ နင်တို့မိသားစုတွေကိုသွားမပြောနဲ့ဦး။" ကုနင်းသတိပေးလိုက်သည်။

"လုံးဝမပြောဘူး။" အားလုံးကတိပြန်ပေးလိုက်သည်။

"ဘော့စ်၊ နင်အခုအရမ်းချမ်းသာနေပြီဆိုမှတော့ ဒီနေ့ ငါတို့ကို အဆင့်မြင်မြင့်ညစာမျိုးကျွေးသင့်တယ်! လာကြ! ငါတို့ကြယ်ငါးပွင့်ဟိုတယ်မှာ ညစာသွားစားပြီး တိဟိုင်အသင်းတိုက်မှာ သွားကဲကြတာပေါ့!" ချင်ကျီရွှမ်းက ဦးဆောင်လိုက်ကာ အားလုံးကလဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။

"ငါအခုကတည်းက တိဟိုင်အသင်းတိုက်မှာ ကြိုပြီးနေရာချန်ခိုင်းထားလိုက်မယ်၊ ဒါပေမယ့် ငါတို့ဘော့စ်က နောက်တစ်ကြိမ်အမြင့်ဆုံးဆုကိုရနိုင်သေးတယ်မလား?" ကုနင်းပြီးခဲ့သည့်အခေါက်က အလွန်ကံကောင်းခဲ့သည်ကိုတွေးမိတော့ ချူးဖေ့ဟန်မှာ ထူးထူးဆန်းဆန်း ကုနင်းထပ်ပြီး အမြင့်ဆုံးဆုထပ်ရလိမ့်ဦးမည်ဟုထင်နေမိသည်။

"ငါလဲ ဘော့စ်နောက်တစ်ခါအမြင့်ဆုံးဆုရတာကိုမြင်ချင်တယ်၊ ဒါပေမယ့် ဒုတိယအကြိမ်အနေနဲ့ထပ်ပြီးအရမ်းကံကောင်းဖို့ကမသေချာဘူး၊ ဒါပေမယ့် ဘော့စ်မှာသာ ကျောက်စိမ်းမျက်ဝန်းရှိရင်တော့ သေချာပေါက် ပုံးထဲက အမြင့်ဆုံးဆုရှိတဲ့နေရာကိုသိလိမ့်မယ်။" ဟောင်ရန်ကပြောလိုက်သည်။

သူတို့မှာ ကျောက်စိမ်းမျက်ဝန်းအမှန်တကယ်ရှိသည်ဟု ယုံကြည်ကြသည်မဟုတ်သော်လည်း ကုနင်းသည်တော့ အနည်းငယ်ထိတ်လန့်သွားမိလေသည်။ ထို့ကြောင့် ဒီတစ်ခေါက်တွင်တော့ အမြင့်ဆုံးဆုရအောင်မလုပ်ဘူးဟု ဆုံးဖြတ်လိုက်တော့သည်။

"ဟုတ်ပြီ၊ အခုသွားစားကြရအောင်! ဘယ်ဟိုတယ်လဲ?" ကုနင်းချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်သည်။

"ရှန်းယွမ်ဟိုတယ်ကိုသွားရအောင်၊ အဲ့ဒီကနေဆို တိဟိုင်အသင်းတိုက်လဲနီးတယ်!" ချူးဖေ့ဟန်က အဆိုပြုလိုက်သည်။ ထို့နောက် သူတို့အဖွဲ့တက္ကစီငှားကာ ရှန်းယွမ်ဟိုတယ်သို့ထွက်လာလိုက်ကြသည်။

တိုက်ဆိုင်စွာပဲ ကုချင်းရှန်သည်လဲ သူ၏အလုပ်အပ်သူအား ရှန်းယွမ်ဟိုတယ်တွင်ညစာစားရန်အတွက် ဖိတ်ကြားထားခဲ့လေသည်။ အလုပ်အပ်သူမှာ နာမည်ကြီးကုမ္ပဏီတစ်ခု၏အလုပ်အမှုဆောင်တစ်ဦးဖြစ်သည်။ ထိုကုမ္ပဏီနာမည်အောက်မှဟိုတယ်တစ်ခုကို အလှဆင်ရန်လိုအပ်နေပြီး ကုချင်းရှန်သည် ထိုအလုပ်ကို အလွန်ရချင်နေမိသည်။ ထို့ကြောင့် သူ၏အရည်အချင်းနှင့် အလွန်စိတ်အားထက်သန်နေမှုကိုဖော်ပြရန်အတွက် ထိုအလုပ်အမှုဆောင်အား ဟိုတယ်ဝင်ပေါက်ကပင်စောင့်ဆိုင်းလို့နေသည်။ ယနေ့သာ အောင်အောင်မြင်မြင် အလုပ်အပ်အောင်ပြောနိုင်ခဲ့လျှင် ယွမ်၅သန်းနီးပါးရလိမ့်မည်ဖြစ်သည်။

ကုချင်းရှန်၏ကုမ္ပဏီသည် ရင်းနှီးငွေယွမ်သန်း၅၀သာရှိသောကြောင့် သူ့အတွက်ယွမ်၅သန်းဆိုသည်မှာ အလွန်များပြားသည့်ပမာဏဖြစ်သည်။

အခုမြို့တော်တွင်ပါ လုပ်ငန်းချဲ့ဖို့ရန်လုပ်နေခြင်းဖြစ်၍ ကုမ္ပဏီ၏အမြတ်ငွေမှာနည်းပါးလာကာ အရင်းအနှီးထဲမှပင် ဆုံးရှုံးနိုင်လေသည်။ သူသာ ယနေ့အပေးအယူကိစ္စအောင်မြင်အောင်မလုပ်ဆောင်နိုင်ခဲ့ပါလျှင် ကုမ္ပဏီသည်လဲ အကြွေးနစ်ကာ ဒေဝါလီပင်ခံသွားရနိုင်ပေသည်။ ထို့ကြောင့် ယနေ့အစည်းအဝေးကို ကုချင်းရှန်အလွန်အလေးထားနေခြင်းဖြစ်သည်။

ညနေ၆နာရီထိုးခါနီးတွင်တော့ ကုချင်းရှန်၏အလုပ်အပ်မည့်သူရောက်လာခဲ့သည်။ ထိုအလုပ်အမှုဆောင်၏အမည်မှာ ချွမ်ဝမ်ဖုန်းဖြစ်ကာ သူနှင့်အတူ သူငယ်ချင်းတစ်ဦးရယ် အတွင်းရေးမှူးတစ်ယောက်ရယ်ဖြင့်ရောက်လာခဲ့ခြင်းဖြစ်သည်။

***

အခန်း ၃၆၃

ကောင်းယိနှင့်ချောင်ယရောက်ရှိလာခြင်း

သို့ပေမည့် ချွမ်ဝမ်ဖုန်းဘေးမှအမျိုးသားကိုမြင်လိုက်ရချိန်တွင်တော့ ကုချင်းရှန်အံ့ဩသွားရသည်။ ထိုလူကတော့ ကျန်းရွှီပင်ဖြစ်သည်။ ကျန်းရွှီက ဘယ်လိုလုပ် ချွမ်ဝမ်ဖုန်းနှင့်အတူရောက်လာရတာလဲ? ကျန်းရွှီက ချွမ်ဝမ်ဖုန်းပြောထားတဲ့သူငယ်ချင်းဆိုတာလား?

ကုချင်းရှန် ချွမ်ဝမ်ဖုန်းအားညစာအတူစားရန်ဖိတ်ခေါ်ခဲ့စဉ်က ချွမ်ဝမ်ဖုန်းက သူ့သူငယ်ချင်းတစ်ဦးနှင့်ချိန်းဆိုထားပြီးဖြစ်ကြောင်းပြောလာခဲ့သည်။ ထို့ကြောင့် ကုချင်းရှန်က ထိုသူငယ်ချင်းနှင့်ရောပါ အတူတူညစာစားဖို့ရန် ထပ်မံဖိတ်ခဲ့သည်။ သို့ပေမယ့် ချွမ်ဝမ်ဖုန်း၏သူငယ်ချင်းဆိုသူမှာ ကျန်းရွှီဖြစ်နေခြင်းအကြောင့် အလွန်အံ့အားသင့်သွားရလေသည်။ ဘယ်လိုလုပ် ကျန်းရွှီက ချွမ်ဝမ်ဖုန်းနှင့်တွေ့သွားရတာလဲ? ကုချင်းရှန်စိတ်ထဲတွင်တော့ အတွေးများစွာတွေးနေမိသော်လည်း အခုချိန်က ထုတ်ပြောဖို့ရန်အချိန်ကောင်းမဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပင် ကြိုဆိုနှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်၊ အလုပ်အမှုဆောင်ချွမ်!"

"သူဌေးကု၊ ခင်ဗျားကိုစောင့်နေစေမိလို့ စိတ်မကောင်းပါဘူး။" ချွမ်ဝမ်ဖုန်းပြောလိုက်ကာ ကုချင်းရှန်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မဟုတ်တာ၊ ကျွန်တော်လဲ အခုလေးတင်ရောက်လာတာပါ။" ကုချင်းရှန်ပြန်ပြောလိုက်သည်။

"ကျွန်တော်မိတ်ဆက်ပေးရဦးမယ်။ ဒီဘက်က ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်ရဲ့သူဌေး ကျန်းရွှီပါ။" ချွမ်ဝမ်ဖုန်းက ကျန်းရွှီနှင့် ကုချင်းရှန်ကိုမိတ်ဆက်ပေးလိုက်သည်။

"ဘာ?" ထိုစကားကိုကြားလိုက်ရတော့ ကုချင်းရှန်အလွန်အံ့အားသင့်သွားရသည်။ သူကျန်းရွှီကို ကြည့်ကာ သတိလက်လွတ်မေးမိသွားတော့သည်။

"ကျန်းရွှီ၊ မင်းဘယ်တုန်းက ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ရဲ့သူဌေးဖြစ်သွားတာလဲ?"

ကုချင်းရှန်သည်လဲ အခုတလောကျော်ကြားလာခဲ့သည့် ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ကိုကြားဖူးထားပြီးဖြစ်ပေမည့် ထိုဆိုင်၏သူဌေးသည်က သူဘယ်တုန်းကမှ အထင်ကြီးလေးစားမှုမရှိခဲ့ဖူးသည့် ကျန်းရွှီဖြစ်ကြောင်းကိုတော့ လုံးဝမတွေးထားမိခဲ့ပေ။

ဘာတွေဖြစ်ကုန်တာလဲ? ကျန်းရွှီက ရုတ်တရက်ကြီး ဘယ်လိုလုပ် ရင်းနှီးငွေအနည်းဆုံးသန်းပေါင်းများစွာရှိသည့် ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ရဲ့ပိုင်ရှင်ဖြစ်သွားရတာလဲ? ကုချင်းရှန်သူ့ဘာသာဆက်တွေးနေမိသည်။

ကုချင်းရှန်၏အမေးစကားကိုကြားလိုက်ရတော့ ချွမ်ဝမ်ဖုန်းလဲ အံ့အားသင့်သွားကာ "မင်းတို့အချင်းချင်းက သိနေကြတာလား?"

"အိုး၊ တကယ်တော့ သူဌေးကုက ကျွန်တော့်ရဲ့ယောက်ဖပါ။" ကျန်းရွှီရှင်းပြလိုက်သည်။

ကျန်းရွှီနှင့် ချွမ်ဝမ်ဖုန်းတို့သိသည်မှာ အချိန်တိုလေးသာရှိသေးချင်းဖြစ်ပေမည့် သူတို့ချင်းအတော်လေးဆက်ဆံရေးကောင်းလေသည်။ မဟုတ်လျှင် ကုချင်းရှန်ကိုတွေ့ရန်အတွက် ကျန်းရွှီကိုပါ ခေါ်လာလိမ့်မည်မဟုတ်ပေ။ ကုချင်းရှန်က သူနှင့်စီးပွားရေးကိစ္စပြောဆိုဆွေးနွေးရန်စီစဉ်ထားခြင်းဖြစ်သောကြောင့် အပြင်လူတစ်ယောက်ရှိနေခြင်းက မသင့်တော်ပေ။

"ယောက်ဖလား?" ချွမ်ဝမ်ဖုန်းအနည်းငယ်ထိတ်လန့်အံ့ဩသွားသည်။ သူတို့ခြင်းဆွေမျိုးတော်စပ်နေ၍တော့မဟုတ်ဘဲ ကုချင်းရှန်ကယောက်ဖဖြစ်နေတာတောင်မှ ကျန်းရွှီက ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်၏သူဌေးမှန်းမသိနေခြင်းကြောင့်ပင်ဖြစ်သည်။ ပြောရလျှင်တော့ သူတို့ခြင်းလုံးဝရင်းနှီးကြပုံမရပေ။

ဝမ်ချွမ်ဖုန်းသည် လိမ္မာပါးနပ်သည့်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ထိုနှစ်ဦးအချင်းချင်းမတည့်ကြလောက်သည်ကို ချက်ချင်းပင်ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း ထိုအချက်ကိုတော့ မဖော်ထုတ်လိုက်ပေ။

"ဆိုင်ဖွင့်ဖို့အတွက် ငါ့သူငယ်ချင်းဆီက ပိုက်ဆံနည်းနည်းချေးလိုက်လို့ပါ။" ကျန်းရွှီ သာမာန်ကာ လျှံကာမျှသာ ကုချင်းရှန်ကိုရှင်းပြလိုက်သည်။

ဘယ်သူကများ ယွမ်၁၀သန်းမကတဲ့ငွေပမာဏကို သူ့ကိုချေးမှာလဲ? အမျိုးသမီးဟောင်က ကုချင်နှင့်ကုမန့်ကို အလှပြင်ဆိုင်ဖွင့်ရန်အတွက် ငွေချေးပေးခဲ့သည်ဟု အရင်တစ်ခေါက်တုန်းကပြောခဲ့လေသည်။ ကျန်းရွှီလဲ အမျိုးသမီးဟောင်ဆီကနေငွေချေးခဲ့တာပဲလား?

ကျန်းရွှီရုတ်တရက်ကြီးချမ်းသာသွားသည်ကိုမြင်လိုက်ရတော့ ကုချင်းရှန်စိတ်ထဲမသက်မသာခံစားသွားရသည်။

တစ်ဖက်တွင်တော့ ဝမ်ချွမ်ဖုန်းသည်လဲ ကုချင်းရှန်တစ်ယောက် ကျန်းရွှီချမ်းသာနေသည်ကိုသိပြီးဖြစ်သွားသည့်ပုံစံကြောင့် အမြင်ကောင်းများပျောက်ကွယ်သွားတော့သည်။ သို့ပေမယ့် ကုချင်းရှန်နှင့်ပူးပေါင်းလုပ်ကိုင်နိုင်ချေများသည့် ဖြစ်နိုင်ချေကိုတော့ဖြင့် မပယ်ဖျက်ပစ်ပေ။ ကုချင်းရှန်၏ကုမ္ပဏီက သူတို့ဘက်ကလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်သ၍ သူကလဲ ကုချင်းရှန်နှင့်အလုပ်တွဲလုပ်မည်သာဖြစ်သည်။

"ကောင်းပြီလေ၊ အရင်ဆုံးအထဲဝင်ကြရအောင်!" ကုချင်းရှန်က ဝမ်ချွမ်ဖုန်းကို အခုချိန်အထိအပြင်မှာသာရပ်ခိုင်းမိထားကြောင်းသတိရလိုက်ကာ အထဲဝင်ကြဖို့ရန်ပြောလိုက်သည်။ ထို့နောက် သူတို့လေးဦး ဟိုတယ်ထဲသို့ဝင်သွားလိုက်ကြသည်။

သူတို့အထဲသို့ဝင်သွားသည်နှင့် ကုနင်းနှင့်အခြားလူများရောက်လာခဲ့ကာ သူတို့ချင်းမတွေ့လိုက်ကြပေ။

သို့ပေမည့် သူတို့ဟိုတယ်ခန်းမထဲဝင်လိုက်ချိန်တွင်ပဲ ကုနင်း၏ဖုန်းမှမည်လာကာ ခေါ်ဆိုသူမှာချောင်ယဖြစ်သည်။ ကုနင်းလဲ အခုချိန်က ချောင်ယနှင့်ကောင်းယိတို့ Fမြို့သို့ရောက်လောက်ပြီဖြစ်မှန်း သတိရသွားကာ ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

"ရောက်ကြပြီလား?"

"အခုပဲလေယာဉ်ပေါ်ကဆင်းတာ" ချောင်ယပြန်ဖြေလိုက်သည်။

"ဒါဆို တက္ကစီငှားပြီး ရှန်းယွမ်ဟိုတယ်မှာ ကျွန်မကိုလာတွေ့ပါ။"

"ကောင်းပြီ။"

"ဘော့စ်၊ ဘယ်သူဆက်တာလဲ?" ဟောင်ရန်ကမေးလိုက်သည်။

"ငါ့သူငယ်ချင်းနှစ်ယောက်၊ ခနနေငါတို့နဲ့အတူညစာလာစားလိမ့်မယ်။"

"ယောက်ျားလား မိန်းမလား?" ချူးဖေ့ဟန်တစ်ယောက် လင်ရှောင်းထင်ကိုတွေးမိသွားကာ မေးလိုက်ခြင်းဖြစ်သည်။ ချူးဖေ့ဟန်၏မျက်နှာထားကိုတွေ့တော့ ကုနင်းလဲ သူမဘာတွေးနေလဲသိလိုက်ကာ၊

"စုံတွဲ" စိတ်လေသည့်အမူအရာဖြင့် လို့သာပြန်ဖြေလိုက်တော့သည်။

ကုနင်းသည်လဲ လင်ရှောင်းထင်ကိုအလွန်သတိရနေမိသော်လည်း လင်ရှောင်းထင်မှာအမြဲတမ်အလုပ်များနေသူဖြစ်သည်။ မြို့တော်မှပြန်လာပြီးကတည်းက သူ့အကြောင်းကိုတစ်ခါမှမကြားရတော့ပေ။

"အင်းပါ၊" ရောက်လာမည့်လူက ကုနင်း၏ကောင်လေးမဟုတ်မှန်းသိလိုက်ရတော့ ချူးဖေ့ဟန်အနည်းငယ်စိတ်ပျက်သွားမိသည်။

"အထဲသွားကြရအောင်!" ကုနင်းတို့အားလုံး သူတို့ကြိုတင်မှာထားသည့်သီးသန့်ခန်းရှိရာသို့သွားလိုက်ကြသည်။

အစားအသောက်များမှာပြီးသွားချိန်တွင်တော့ ကုနင်းက သူတို့အတွက်ပြင်ဆင်ထားသည့်ကျောက်စိမ်းဆွဲပြားများကိုထုတ်ယူလိုက်ကာ၊

"ဒါကနင်တို့အတွက်၊ ဖေ့ဟန်ကတော့ သူ့မွေးနေ့တုန်းကပေးပြီးသွားပြီ။"

"ဝိုး!!" အားလုံးစိတ်လှုပ်ရှားစွာဖြင့် ကုနင်းကိုကျေးဇူးတင်လိုက်ကြသည်။

ကုနင်း ဗူးများကိုစားပွဲပေါ်သို့တင်ပေးလိုက်ကာ သူတို့ရာသီခွင်နှင့်ဆွဲပြားကို ကိုယ်တိုင်ရှာစေလိုက်သည်။

နာရီဝက်ကြာပြီးနောက်တွင်တော့ စားသောက်ဖွယ်ရာများမရောက်လာခင် ကောင်းယိနှင့်ချောင်ယတိုကရောက်လာကြသည်။

ကုနင်းက သူမသူငယ်ချင်းများနှင့်ညစာစားနေခြင်းဖြစ်မှန်း ကောင်းယိနှင့်ချောင်ယတို့မသိထားသောကြောင့် အခန်းထဲတွင် ဆယ်ကျော်သက်လူငယ်တစ်အုပ်ကိုတွေ့လိုက်ရချိန်၍ အံ့အားသင့်သွားကြသည်။

"ဘော့စ်၊" ကောင်းယိနှင့် ချောင်ယက ကုနင်းကိုခေါ်လိုက်ပေသည်။

"လာဝင်ခဲ့ကြ! အရင်ဆုံးစားကြရအောင်၊ ပြီးရင်တော့ အသင်းတိုက်တစ်ခုကိုသွားပြီးမှ ပြန်ကြတာပေါ့။" ကုနင်း၏သက်တော်စောင့်များဖြစ်ကြသည့်အလျောက် သူတို့နှစ်ဦးသည် ကုနင်းနှင့်သာအတူလိုက်ပါရမည်ဖြစ်သည်။

ထို့အပြင် သူတို့လဲ လေယာဉ်စီးလာသည့်တစ်လျှောက် ဆာလောင်လို့နေကြပြီဖြစ်သည်။ ကျွမ်းကျင်လူသတ်သမားများဖြစ်သော်ကြောင့် ပင်တော့မပင်ပန်း၍ ကုနင်းနှင့်အတူမှသာ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်ကြမည်ဖြစ်သည်။

"ဟုတ်ကဲ့၊ ဘော့စ်။" ကုနင်းပြောသမျှကို တုန့်ဆိုင်းမှုမရှိ သဘောတူလိုက်ကြသည်။

ကျန်သည့်လူများကတော့ ကောင်းယိ၊ ချောင်ယနှင့်ကုနင်းတို့ကို စူးစမ်းနေကြပြီး တစ်ခုခုမေးချင်နေကြပေမည့် တစ်ယောက်မှတော့ စမမေးလာခဲ့ပေ။

ကောင်းယိနှင့်ချောင်ယတိုထိုင်ပြီးသွားကြချိန်တွင်တော့ ကုနင်းကပဲ သူမသူငယ်ချင်းများနှင့်မိတ်ဆက်ပေးလာခဲ့သည်။

"နင်တို့နဲ့မိတ်ဆက်ပေးရဦးမယ်၊ ဒါက ကောင်းယိ နဲ့ချောင်ယ သူတို့က ငါ့ဆီမှာအလုပ်လုပ်ကြတာ။"

"တွေ့ရတာဝမ်းသာပါတယ်၊" ချူးဖေ့ဟန်တို့နှုတ်ဆက်လိုက်တော့ ကောင်းယိနှင့်ချောင်ယက အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ကုနင်းက ကောင်းယိနှင့်ချောင်ယကိုလဲ သူမသူငယ်ချင်းများနှင့်မိတ်ဆက်ပေးလိုက်သည်။

"သူတို့အားလုံးက ကျွန်မသူငယ်ချင်းတွေ။ ချူးဖေ့ဟန်၊ ယွီမီရှီ၊ ဟောင်ရန်၊ ချင်ကျီရွှမ်း၊ မုခယ်၊ အန်းယီ နဲ့ ကျန်းထန်ပင်းလို့ခေါ်တယ်။"

ကောင်းယိနှင့်ချောင်ယသည်တော့ ကုနင်းက သူတို့ကိုမေးခွန်းမမေးမချင်း အသံတိတ်လို့နေသည်။ သူတို့နှစ်ယောက်၏အရှန်အဝါကိုက သဘာဝအတိုင်းအေးစက်လို့နေခြင်းဖြစ်သည်။ ချူးဖေ့ဟန်တို့လဲ အစက သူတို့ဘာသာပျော်ပျော်ရွှင်ရွှင်နေဖို့ရန် အနေရခက်နေသော်လည်း အချိန်နည်းနည်းကြာတော့ အကျင့်ဖြစ်လာကြသည်။

သူတို့အားလုံးလဲ ကောင်းယိနှင့်ချောင်ယသည် သာမာန်မဟုတ်ကြောင်း ခန့်မှန်းမိကြသည်။

စားသောက်ပြီးသွားတွင်တော့ သူတို့အပြင်သို့ပြန်ထွက်လာခဲ့ကြသည်။ သို့ပေမယ့် သူတို့အဖွဲ့ ခန်းမထဲသို့ပြန်ရောက်လာချိန်တွင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းရွှီတို့အဖွဲ့နှင့်တွေ့တော့သည်။

"ဦးလေး!" ကုနင်း ကျန်းရွှီကိုလှမ်းခေါ်လိုက်သော်လည်း ကုချင်းရှန်ကိုတော့လျစ်လျူရှုထားတာကြောင့် ကုချင်းရှန်တစ်ယောက်စိတ်အနှောက်အယှက်ဖြစ်သွားရသည်။

***

အခန်း ၃၆၄

လက်ဝှေ့ပွဲ

"တွေ့ရတာဝမ်းသာပါတယ်၊ အန်ကယ်ကျန်း!" ချူးဖေ့ဟန်နှင့်အခြားလူများလဲ ကျန်းရွှီကိုနှုတ်ဆက်လိုက်ကြသည်။

"ဟိုင်း၊ မင်းတို့တွေလဲ ဒီမှာညစာလာစားကြတာလား?" ကျန်းရွှီမေးလိုက်သည်။

"ဟုတ်"

"အိမ်ပြန်ကြတော့မှာလား၊ ဒါမှမဟုတ်...." ကျန်းရွှီဆက်မေးလိုက်တော့ ကုနင်းက

"မပြန်သေးဘူး၊ နဲနဲထပ်နေပြီးမှပြန်ကြမှာ။"

"ဂရုစိုက်ကြနော်!"

ထို့နောက် ကုနင်းနှင့်ကျန်သည့်လူများ တက္ကစီနှစ်စီးငှားကာထွက်သွားကြတော့သည်။

ချွမ်ဝမ်ဖုန်းနှင့်ကျန်းရွှီ နှစ်ယောက်လုံးသည်တော့ ကိုယ်တိုင်ကားမောင်းလာကြခြင်းဖြစ်သည်။ သို့သော်လည်း နှစ်ယောက်လုံးအရက်သောက်ထားသောကြောင့် ပြန်မမောင်းနိုင်တော့ပေ။ ချွမ်ဝမ်ဖုန်းကိုတော့ သူ့အတွင်းရေးမှူးကပြန်လိုက်ပို့ပေးမည်ဖြစ်ပြီး ကျန်းရွှီတွင်က အတွင်းရေးမှူးမရှိသောကြောင့် ချွမ်ဝမ်ဖုန်းက၊

"လောင်ရွှီ၊ မင်းလဲမူးနေပြီဆိုတော့ မင်းအိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်အောင် ဟိုတယ်ကဒရိုင်ဘာတစ်ယောက်လောက်ခေါ်သွားတာပိုကောင်းမယ်ထင်တယ်။"

"ငါလဲ အဲ့လိုတွေးနေတာ။" ကျန်းရွှီပြန်ပြောလိုက်သည်။ သူအရက်အများကြီးမသောက်ခဲ့သော်လည်း မူးတော့မူးနေပြီဖြစ်၍ သူကိုယ်တိုင်မမောင်းသည်က ပို၍ကောင်းပေမည်။ သူကိုယ်တိုင်မောင်း၍ ယာဉ်ထိန်းရဲကသာဖမ်းမိသွားလျှင် ပြဿနာတက်နိုင်သည်။

ဟိုတယ်မှစီစဉ်ပေးထားသည့်ဒရိုင်ဘာက ကျန်းရွှီကားကို သူတို့ရှိသည့်နေရာသို့မောင်းလာပေးသည့်အချိန်တွင်တော့ ကျန်းရွှီ၏ကားသည် ဇိမ်ခံMercedes-Benzကားဖြစ်နေကြာင်း ကုချင်းရှန်မြင်လိုက်၍ ကျန်းရွှီကိုပိုလိုပင် မနာလိုဖြစ်သွားတော့သည်။

အရင်နှစ်များတုန်းကတော့ ကျန်းရွှီကသာ သူ့ကို အစဉ်အမြဲအားကျခဲ့ရသည့်အကြောင်း ပြန်တွေးမိသွားကာ အခုချိန်တွင်တော့ အခြေအနေမှာလုံးဝပြောင်းပြန်လှန်လိုက်သကဲ့သို့ပြောင်းလဲနေပြီဖြစ်၍ ကုချင်းရှန် စိတ်ရှုပ်ထွေးသွားသည်။

ကုနင်းက ကျန်းရွှီကို သိုသိုသိပ်သိပ်နေရန်သတိပေးထား၍သာမဟုတ်လျှင် သူမအနေဖြင့် ကျန်းရွှီကို ယွမ်သန်းပေါင်းများစွာတန်သည့်ကားတစ်စီးပင် အလွယ်တကူဝယ်ပေးနိုင်လေသည်။ ချွမ်ဝမ်ဖုန်းသည်လဲ လူချမ်းသာတစ်ဦးဖြစ်ပေမည့် ယွမ်သိန်းကျော်တန်ကားကိုသာမောင်းနှင်လေသည်။

လူချမ်းသာအမျိားစုသည် အလွန်အဆင့်မြင့်ကာ ဇိမ်ခံသည့်ကားမျိုးမမောင်းကြပေ။ လူတစ်ယောက်က ပို၍ချမ်းသာလေ ပို၍ သိုသိုသိပ်သိပ်နေတတ်လေဖြစ်သည်။ တစ်နည်းပြောရလျှင်တော့ အမှန်တကယ်ကျိကျိတက်မချမ်းသာသည့်လူများသည်က သူတို့ချမ်းသာသမျှကို ထုတ်ဖော်ကြွားဝါနေကြခြင်းဖြစ်သည်။

ကုချင်းရှန်မှာ ကျန်းရွှီနှင့်အလွန်စကားပြောချင်နေသော်လည်း ချွမ်ဝမ်ဖုန်းရှိနေခြင်းကြောင့် အကောင်အထည်မဖော်သေးခြင်းဖြစ်သည်။

ထို့ကြောင့် ချွမ်ဝမ်ဖုန်း၏ကားထွက်သွားသည်နှင့် ကုချင်းရှန် ကားထဲသို့ဝင်ရန်ပြင်နေသည့်ကျန်းရွှီကိုတားလိုက်ကာ၊

"ဟေ့၊ ခနလောက်နေဦး၊"

"ဘာလဲ?" ကျန်းရွှီ၏ပုံစံမှာ ကုချင်းရှန်နှင့်မပတ်သတ်လိုမှန်းသိသာလေသည်။

"မင်းနဲ့ အလုပ်အမှုဆောင်ချွမ်က သူငယ်ချင်းတွေဆိုမှတော့...." ကုချင်းရှန်စကားကိုအဆုံးမသတ်လိုက်ရသော်လည်း သူ့ရည်ရွယ်ချက်ကတော့ပေါ်လွင်နေသည်။ သူနှင့် ကျန်းရွှီမှာဆက်ဆံရေးအဆင်မပြေခြင်းကြောင့် ချွမ်ဝမ်ဖုန်း၏ရှေ့တွင် သူ့အကြောင်းမကောင်းပြောလိုက်မည်ကို စိုးရိမ်နေမိသည်။ ထို့သို့ဖြင့် သူ့ရဲ့အလုပ်ကိစ္စလဲပျက်သွားနိုင်ပေသည်။ ယနေ့တွင် ချွမ်ဝမ်ဖုန်းက ကုချင်းရှန်ကို စိတ်မကျေနပ်သည့်ပုံစံမျိုးမထုတ်ပြဘဲ ပစ္စည်းအရည်အသွေးကအရေးအကြီးဆုံးဖြစ်ကြောင်းကိုသာ ပြောသွားသည်ဆိုပေမယ့် ကုချင်းရှန်ကတော့ စိုးရိမ်ပူပန်နေမိစဲပင်။ ထို့အပြင် ကျန်းရွှီက ချွမ်ဝမ်ဖုန်းနှင့်သူ၏ပူးပေါင်းမှုအောင်မြင်သွားစေရန် ကူညီပြောပေးစေလိုနေပေသည်။

ကုချင်းရှန်ဘာကိုဆိုလိုချင်နေမှန်း ကျန်းရွှီသိပြီးဖြစ်သောကြောင့် စကားမဆုံးလိုက်သေးခင်ဖြတ်ကာ,

"အလုပ်အမှုဆောင်ချွမ်က ဖြောင့်မတ်တဲ့လူလို့ငါတော့ယုံတယ်။ မင်းရဲ့ကုမ္ပဏီက အရည်အသွေးပြည့်ဝနေသ၍ သူကလဲ မင်းနဲ့ပူးပေါင်းဖို့ရွေးချယ်မှာပါ။ ငါ့လိုအပြင်လူက ဘာဝင်ပြောပြောအသုံးဝင်မှာမဟုတ်ဘူး။"

ထို့နောက် ချက်ချင်းပင် ကျန်းရွှီသူ့ကားထဲသို့ဝင်သွားတော့သည်။ ကျန်းရွှီတမင်တကာ လုပ်သွားသည့်အပြုအမူကြောင့် ကုချင်းရှန်အလွန်ဒေါသထွက်သွားပေမည့် အခုချိန်တွင်တော့ ကျန်းရွှီက ချွမ်ဝမ်ဖုန်းရှေ့တွင် မကောင်းသတင်းများသွားပြောမည်ကိုစိုးရိမ်နေရသေး၍ ကျန်းရွှီကို စိတ်အနှောက်အယှက်မပြုရဲပေ။ ထိုသို့သာလုပ်မိပါကာ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုသည်မှာ မျှော်လင့်လို့ပင်ရတော့မည်မဟုတ်ပေ။

ကုနင်းတို့အဖွဲ့သည်တော့ ဟိုတယ်မှထွက်ကာ တိဟိုင်အသင်းတို့သို့ရောက်လာခဲ့ကြသည်။ သူတို့ဝင်ပေါက်ရှိ စားပွဲသို့ရောက်ချိန်တွင်တော့ ချူးဖေ့ဟန်က၊

"ဘော့စ်၊ ဒီကိုလာပြီး အမြင့်ဆုံးဆုထပ်ရဦးမလားစမ်းကြည့်ပါလား!" နောက်တစ်ကြိမ်ထပ်ရဖို့က မဖြစ်နိုင်ဟု ချူးဖေ့ဟန်ယုံကြည်နေမိသော်လည်း အခြားလူများကဲ့သို့အနည်းငယ်တော့မျှော်လင့်လို့နေမိသေးသည်။

ထိုစားပွဲတွင်ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းသည်လဲ ပြီးခဲ့သည့်တစ်ခေါက်က အမြင့်ဆုံးဆုကိုရသွားခဲ့သည့် ငယ်ရွယ်လှသည့်ကုနင်းကို ထပ်မြင်လိုက်ရသောကြောင့် အံ့ဩသွားမိသည်။ နေ့တိုင်းလိုလို တိဟိုင်အသင်းတိုက်သို့ လူထောင်ပေါင်းများစွာပျော်ပါးသောက်စားရန်လာကြခြင်းဖြစ်ပေမည့် အမြင့်ဆုံးဆုကိုရရှိသည့်လူသည်တော့ အလွန်ရှားပါးလှသည်။ ထို့ကြောင့် ဤကစားနည်းကိုအားလုံးက သဘောကျကြခြင်းဖြစ်သည်။ ထို့အပြင် ကုနင်းထပ်ပြီးတော့ အမြင့်ဆုံးဆုရသွားဦးမလားဆိုသည်ကိုလဲ အားလုံးသိချင်နေကြလေသည်။

"ငါသာ နောက်တစ်ကြိမ်အမြင့်ဆုံးဆုထပ်ရရင်တော့ အရမ်းအရမ်းကိုကံကောင်းတဲ့လူသားဖြစ်သွားပြီပဲ။" ကုနင်းနောက်ပြောင်လိုက်သည်။ တကယ်တော့ သူမသာ နောက်တစ်ကြိမ်အမြင့်ဆုံးဆုထပ်လိုချင်လျှင် ရအောင်ယူနိုင်ပေမည့် ထိုသို့ထပ်ရပါက ရှင်းပြဖို့ရန်အတော်လေးခက်ခဲမည်ဟုတွေးမိလေသည်။

ထို့အတွက်ကြောင့် သူမသူငယ်ချင်းများကိုလဲ စိတ်မပျက်သွားစေရန်အတွက် တတိယဆုလောက်ကိုတော့ယူလိုက်ရန်ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် ယနေ့အတွက် သူတို့အဖွဲ့သုံးသည့်ကုန်ကျငွေ၏တစ်ဝက်ကိုသာပေးရမည်ဖြစ်သည်။

ကုနင်း၏လက်က ပုံးထဲမှအနီရောင်စာအိတ်ကိုလှမ်းလိုက်ချိန်တွင်တော့ လူတိုင်းမှာ အသက်နှင့်လောင်းကြေးထပ်သည့်ပြိုင်ပွဲတစ်ခုကိုကြည့်နေရသလိုမျိုး အလွန်စိတ်လှုပ်ရှားကာ ရလဒ်ကိုသိချင်စိတ်ပြင်းပြနေကြသည်။ ကုနင်း သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ တတိယဆုပါသည့်စာအိတ်ကိုထုတ်ယူလိုက်သည်။ စာအိတ်ထွက်လာသည်နှင့် ချူးဖေ့ဟန်က ချက်ချင်းဆွဲယူလိုက်ကာ ဖွင့်ဖောက်လိုက်တော့သည်။

"ဝိုး! တတိယဆုပဲ!" အမြင့်ဆုံးဆုမဟုတ်သော်လည်း တတိယဆုသည်ပင်လျှင် အံ့ဩဖို့ရန်လိုသည်ထက်ပိုနေပြီဖြစ်သည်။

"ဘော့စ်ကတော့ တကယ်ကိုကံကောင်းတာပဲ! ငါဆို ဒီထဲကတစ်ဆုတောင်မှမရဖူးဘူး။"

"တကယ်ပဲ!" ဝန်ဆောင်မှုပေးနေသည့်ဝန်ထမ်းသည်လဲ ကုနင်း၏မယုံနိုင်စရာကံကောင်းမှုကြောင့် အံ့အားသင့်နေရသည်။ ထို့နောက် သူတို့ကိုသီးသန့်ခန်းတစ်ခန်းဆီသို့လမ်းညွှန်ပို့ဆောင်ပေးလိုက်သည်။

ချူးဖေ့ဟန်ကတော့ မလာခင်ကတည်းက မြင်ကွင်းအကောင်းဆုံးမြင်ရသည့် သီးသန့်ခန်းတစ်ခန်းကိုကြိုတင်မှာထားပြီးဖြစ်သည်။

"ခနနေရင် လက်ဝှေ့ပွဲတစ်ပွဲစတော့မှာ၊ ရှင်တို့ပျင်းနေရင် ဝင်ပါပြီ၊ အပျော်သဘောနဲ့ငွေရှာကြည့်ကြပေါ့။" ကုနင်း ကောင်းယိနှင့်ချောင်ယကိုပြောလိုက်သည်။ သူမတို့ဝင်သွားသည့်အချိန်တုန်းက လက်ဝှေ့ပွဲအကြောင်းကြေညာထားသည်ကိုတွေ့ခဲ့ခြင်းဖြစ်သည်။

ကျွမ်းကျင်လူသတ်သမားများအနေဖြင့် ကောင်းယိနှင့်ချောင်ယတွင် ငွေကြေးမရှားပါးနေပေ။ ဆွဇ်ဘဏ်တွင်သူတို့စုထားသည့်ငွေပမာဏကပင် ၁ဘီလီယံကျော်ရှိလေသည်။ သူတို့ကို လူသတ်အဖွဲ့အစည်းက မည်သို့ပင် လိုက်ဖမ်းနေသည်ဆိုပါစေ သူတို့၏ဘဏ်အကောင့်များသည်တော့ လုံခြုံနေစဲဖြစ်လေသည်။

ကုနင်းအခုလိုမျိုး အပျော်ဝင်စမ်းဖို့အကြံပေးလိုက်ခြင်းက ကြေညာချက်ကို ကောင်းယိအတော်လေးစိတ်ဝင်တစားကြည့်နေကြောင်း သူမသတိထားမိလိုက်သောကြောင့်ပင်။

"ဟုတ်ပြီလေ၊" ကောင်းယိပြန်ဖြေလိုက်ကာ သူ့မျက်ဝန်းများသည်တော့ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလို့နေသည်။

သူလဲအားသည့်အချိန်များတွင် ချောင်ယနှင့်ပုံမှန်လေ့ကျင့်ဖြစ်ကြသော်လည်း ချောင်ယထိခိုက်မည်စိုးသောကြောင့် အားအင်ကိုအပြည့်အဝထုတ်မသုံးနိုင်ပေ။ ထို့ကြောင့် ပျော်ရွှင်မှုသိပ်မရရှိနိုင်ခဲ့ပေ။

"ဘာ? သူတို့က တိုက်ခိုက်နိုင်တယ်ပေါ့?" ထိုစကားများကိုကြားလိုက်ရတော့ ချူးဖေ့ဟန်တို့စိတ်လှုပ်ရှားသွားကြသည်။

"ဒီလက်ဝှေ့ပွဲက စိတ်ကြိုက်စိန်ခေါ်လို့ရတယ်၊ တိဟိုင်အသင်းတိုက်ဘက်ကလဲ ပွဲအတွက်လောင်းကြေးတွေကောက်တယ်။ ရှင်နိုင်ရင်တော့ သူတို့က ယွမ်၁သိန်းကိုဆုကြေးပေးမှာဆိုပေမယ့် ရှုံးသွားရင်တော့ ဘာမှပြန်ပေးစရာမလိုဘူး။ လောင်းကြေးရဲ့ရာခိုင်နှုန်းကိုလဲ ကိုယ့်ဘာသာသတ်မှတ်နိုင်တယ်။" ထို့နောက် ကုနင်း သူမသူငယ်ချင်းများဘက်သို့လှည့်ကာ၊

"ကောင်းယိက ခနနေကစားပွဲကိုဝင်ပြိုင်မှာ၊ ဒီတော့ နင်တို့သူ့ဘက်ကနေလောင်းလို့ရတယ်။ သူနိုင်မှာ။" ကုနင်းယုံကြည်ချက်ရှိစွာပြောလိုက်သည်။

ကျွမ်းကျင်လက်ဝှေ့ပွဲတစ်ခုတွင်ဆိုလျှင်တော့ဖြင့် ကောင်းယိနိုင်လိမ့်မည်ဟု ကုနင်းမသေချာသော်လည်း အခုလို သာမာန်လက်ဝှေ့ပွဲတွင်တော့ ကောင်းယိနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။

"တကယ်လား?" ထိုစကားကိုကြားရတော့ လူတိုင်းဝမ်းသာသွားကြကာ မည်သူမျှ ကုနင်း၏စကားကိုသံသယမဝင်မိကြပေ။

"ငါလောင်းမယ်!" ဟောင်ရန်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူကတော့ သူ့တွင်ရှိသမျှငွေအကုန်ဖြစ်သည့် ယွမ်၁သိန်းလောင်းလိမ့်မည်ဖြစ်သည်။ ထို့အပြင် ယွမ်၁သိန်းသည်လဲ လောင်းကြေးအမြင့်ဆုံးသတ်မှတ်ချက်သာဖြစ်သည်။

"ငါရောပဲ!" ချင်ကျီရွှမ်း၊ ကျန်းထန်ပင်း၊ မုခယ်နှင့် ချူးဖေ့ဟန်တို့လဲ ဟောင်ရန်နှင့်ပမာဏအတူတူလောင်းကြေးထည့်ကြသည်။

"ငါလဲလောင်းမယ်!" အန်းယိကလဲ ယွမ်၅သောင်းလောင်းလေသည်။

ယွီမီရှီသည်တော့ ငွေများများမရှိ၍ ငြိမ်ငြိမ်လေးသာနေနေလိုက်သည်။

အခုလိုငွေရှာလို့ကောင်းသည့်အခွင့်အရေးများ ယွီမီရှီလက်လွတ်သွားမည်ကို ကုနင်းကတော့ ခွင့်မပြုနိုင်ပေ။

"မီရှီ၊ ငါနင့်ကို ယွမ်၁သိမ်းချေးပေးမယ်၊ နင်လဲ ငါတို့နဲ့အတူဝင်လောင်းလေ။"

"ဘာ? အဲ့ဒါက..." ယွီမီရှီမှာ တစ်ခါမျှလောင်းကစားမလုပ်ခဲ့ဖူးသောကြောင့် ကုနင်း၏စကားကိုကြားတော့ အနည်းငယ် ထိတ်လန့်သွားရသည်။

***

အခန်း ၃၆၅

ကုချင်းယွမ်

ယွမ်၁သိန်းဆိုသည်မှာ ယွီမီရှီ၏အမြင်တွင်တော့ အလွန်တရာများပြားလှသည့်ပမာဏဖြစ်၍ အလောင်းအစားလုပ်ဖို့ရန်သတ္တိမရှိပေ။

"အေးဆေးပါ၊ ငါတို့မရှုံးပါဘူး။ ပုံမှန်ဆို ငါလဲ နင်တို့ကို အလောင်းအစားလုပ်ဖို့ အားပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ငွေရှာဖို့အခွင့်ကောင်းတစ်ခုပဲ၊ မစိုးရိမ်နှင့်၊ ရလဒ်ဘယ်လိုပဲဖြစ်ပါစေ ငါတာဝန်ယူတယ်။" ကုနင်းအာမခံလိုက်သည်။

ကုနင်းသည် အလွန်ရက်ရောသူတစ်ဦးဖြစ်သော်လည်း ငတုံးတစ်ယောက်တော့မဟုတ်ပေ။ သူမငွေကိုမည်သို့သောအချိန်တွင်မှ ထုတ်သင့်မှန်းသေချာသိလေသည်။

"ဟုတ်တယ်၊ မီရှီ၊ ဒီတစ်ခေါက်တော့ ဘော့စ်ပြောတာကိုနားထောင်လိုက်!" လူတိုင်းကလဲ ယွီမီရှီကို သူတို့နှင့်အတူပါဝင်စေချင်နေကြသောကြောင့် နောက်ဆုံးတွင်တော့ ယွီမီရှီမှာ ထိတ်လန့်စွာဖြင့် သဘောတူလိုက်တော့သည်။

လက်ဝှေ့ပွဲသည် ည၁၀နာရီမထိုးမချင်းစဦးမည်မဟုတ်သောဘဲ အခုက ည၈နာရီခွဲသာရှိသေးသောကြောင့် သူတို့အားလုံး ပျော်ပျော်ပါးပါး စားသောက် စကားပြောကြရင်းဖြင့် ပြိုင်ပွဲစမည်ကိုစောင့်နေလိုက်သည်။

ကောင်းယိနှင့်ချောင်ယသည်တော့ အရက်မသောက်ဘဲ သစ်သီးဖျော်ရည်မျှသာသောက်ကြသည်။ ယွီမီရှီသည်တော့ ယခုတစ်ခေါက်တွင် အခြားသူများနည်းတူ အရက်နည်းနည်းပါးပါးသောက်ကြည့်နေကြပြီဖြစ်သည်။

.......

ကုမိသားစုအိမ်၏ ဧည့်ခန်းမတွင်

ကုအဘွားကြီး၊ လင်လိကျွမ်း၊ ကုရှောင်ရှောင်နှင့်အတူ ယခုမှမြို့တော်ကပြန်ရောက်လာသည့် ကုချင်းယွမ်ပါ တီဗီကြည့်နေကြလေသည်။

ကုချင်းယွမ်သည် အတော်အတန်ကြည့်ကောင်းသည့်လူငယ်တစ်ဦးဖြစ်လေသည်။ သို့သော်လည်း အခုလိုမျိုး ဆိုဖာထက်တွင်လှဲကာ ခြေထောက်များကို ကော်ဖီစားပွဲထက်သို့တင်ထားရင်း ဆဲရေးကာဂိမ်းကစားနေသည့်အချိန်တွင်တော့ ယဉ်ကျေးမှုလုံးဝမရှိသည့် လူဆိုးကောင်လေးတစ်ယောက်နှင့်ပိုတူနေပေသည်။

အမျိုးသားတစ်ယောက်ဆဲနေသည်က သာမာန်မဟုတ်ခြင်းမျိုးတော့မဟုတ်သော်လည်း အခုလိုအမျိုးသမီးများ အထူးသဖြင့် သူ့အဖွား၊ အမေနှင့် ညီမ၏ရှေ့တွင်ပြုမှုခြင်းသည်တော့ အလွန်မယဉ်ကျေးသည့်အပြုအမူဖြစ်လေသည်။ သို့ပေမည့် သူတို့အားလုံးကတော့ ထိုအမူအရာမျိုးနှင့်နေသားကျနေကြပြီဖြစ်သည်။ တစ်ခါတစ်လေတွင်တော့ ကုချင်းရှန်က ကုချင်းယွမ်၏ရိုင်းစိုင်းသည့်အပြုအမူနှင့်စပ်လျဉ်းကာ အပြစ်တင်ပြောဆိုပေမည့် ကုအဘွားကြိးက အမြဲလိုလို ကုချင်းယွမ်ရှေ့က ကာစီးကာစီးလုပ်ပေးလေသည်။

ကုချင်းယွမ်သည် ကုမိသားစု၏အကြီးဆုံးမြေးဖြစ်သောကြောင့် ကုအဘွားကြီးသည့် သူ့ကို အမြဲတစေအလိုလိုက်ဖျက်စီးနေခဲ့သည်။ ထိုအတွက်ကြောင့်ပင် ကုချင်းယွမ်သည် ကုရှောင်ရှောင်ထက်ပင် ပိုကာရိုင်းစိုင်းပျက်စီးနေခြင်းဖြစ်သည်။ ထို့အပြင် ကုချင်းယွမ်သည် မကြာခနဆိုသလို ရန်ပွဲများတွင်ပါဝင်ကာ ပြဿနာရှာလေ့လဲရှိသည်။

အခုချိန်တွင်တော့ အရင်တုန်းကထက် ပို၍အရွယ်ရောက်လာပြီဖြစ်ကာ အတော်လေးရင့်ကျက်လာပြီဆိုပေမည့် သူ့မိသားစု၏မကောင်းသည့်အကျင့်စရိုက်အတော်များများကိုတော့ဖြင့် အပြည့်အဝအမွေဆက်ခံထားစဲဖြစ်သည်။ ဥပမာဆိုရလျှင်ဖြင့် သူသည်လဲ သူ့မိသားစုကဲ့သို့ပင် တစ်ကိုယ်ကောင်းဆန်လေသည်။ တစ်စုံတစ်ယောက်ကသာ သူ့ကိုထိခိုက်အောင်လုပ်မည်ဆိုလျှင် ထိုသို့လုပ်ခြင်းက သူ့လုပ်ခဲ့သည့်အပြုအမူ၏အကျိုးဆက်ကြောင့်ဖြစ်နေလျှင်ပင် နောက်ဆက်တွဲရလဒ်ကိုစဉ်းစားနေမည်မဟုတ်ဘဲ သေချာပေါက် လက်စားပြန်ချေလိမ့်မည်ဖြစ်သည်။ သူ့မျက်လုံးထဲတွင်တော့ သူ့အဖွား၊ မိဘများနှင့်ညီမဖြစ်သူသာလျှင် သူ့မိသားစုဖြစ်ပြီး သူ၏ကိုယ်ပိုင်မိသားစုကိုသာလျှင် ကာကွယ်စောင့်ရှောက်မှုပေးမည်ဖြစ်သည်။

သူကောလိပ်ကနေပြီး ဆောင်းရာသီအားလပ်ရက်ရ၍ အိမ်ပြန်လာချိန်တွင်တော့ ကုရှောင်ရှောင်ကို ကုနင်းက ပါးရိုက်ခဲ့ကာ ကျောင်းပြောင်းရအောင်ပင်ဖိအားပေးခဲ့သည့်အကြောင်းကိုကြားလိုက်ရသည်။ ကုချင်းယွမ်မှာ အလွန်ဒေါသထွက်ကာ ချက်ချင်းပင် ကုနင်းကိုပြန်ပြီးပညာပေးလိုက်ချင်ပေမည့် ကုနင်း၏အိမ်လိပ်စာကိုမသိသလို ဖုန်းနံပါတ်ကိုလဲ မသိထားပေ။ ထို့ကြောင့် သူတို့မိသားစုတွေ့ဆုံပွဲလုပ်မည့်အချိန်အထိစောင့်ရန်သာရှိတော့သည်။

ကုချင်းရှန်အိမ်ပြန်လာချိန်တွင်တော့ စိတ်ခံစားချက်ဆိုးရွားနေပြီဖြစ်ပေမည့် ကုချင်းယွမ်သည်တော့ သူဝင်လာသည့်အချိန်တွင်ပင် ဆဲဆိုနေသည်ကိုမရပ်သွားခဲ့ပေ။

"ပါးစပ်ပိတ်ထားစမ်း! မဟုတ်ရင် ကိုယ့်အခန်းထဲကိုယ်သွားနေ!" ကုချင်းရှန်အော်လိုက်သည်။ အခုလိုမျိုး ကုချင်းယွမ်အား ကုချင်းရှန်ဒေါသတကြီးအော်ဟစ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ကုချင်းယွမ်အပါအဝင်ကျန်သည့်မိသားစုဝင်အားလုံးကြောင်အသွားကြရသည်။

"ချင်းရှန်၊ မင်းဘယ်လိုဖြစ်နေတာလဲ?" ကုချင်းရှန်၏အမေ ကုအဘွားကြီးက မကျေမနပ်ပြောလိုက်သည်။

"ကျွန်တော်ကဘာဖြစ်နေလို့လဲ? ကျွန်တော်ဒီနေ့ဘယ်သူနဲ့တွေ့ခဲ့ရလဲဆိုတာသိရဲ့လား? ကျန်းရွှီ! သူအခုဘာဖြစ်နေပြီလဲဆိုတာကိုကောသိရဲ့လား? ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်ရဲ့သူဌေးပဲ! သူက အခုယွမ်သန်းပေါင်းများစွာရှိနေပြီး Mercedes-Benzကားတောင်စီးနေနိုင်ပြီ!" ကုချင်းရှန် ဒေါသတကြီးပြောလိုက်သည်။

"ဘာ?" အားလုံးလဲ အလွန်ထိတ်လန့်သွားကြသည်။ သူတို့အမြင်တွင်တော့ ကျန်းရွှီက ယွမ်သန်းပေါင်းများစွာပိုင်ဆိုင်မှုရှိပြီး Mercedes-Benzကားတောင်စီးနိုင်မည်က ဘယ်လိုမှပင်မဖြစ်နိုင်သည့်အရာဖြစ်လေသည်။

"သူဘယ်ကနေဒီလောက်များတဲ့ငွေကိုရသွားလို့ စီးပွားရေးတောင်လုပ်နိုင်ရတာလဲ?" လင်လိကျွမ်းကမေးလိုက်သည်။ သူမ၏မျက်နှာသည်လဲ မနာလိုမှုကြောင့် ရှုံ့တွလို့နေလေသည်။ သူမသည်အမြဲတမ်းကျန်သည့်ကုမိသားစုဝင်များထက် သာလွန်နေခဲ့သည်ကို အသားကျနေပြီးဖြစ်ပေမည့် အခုချိန်တွင်တော့ အရာအားလုံးရုတ်တရက်ပြောင်းလဲနေပြီဖြစ်သည်။

ကုမန့်နှင့်ကုချင်သည် ယွမ်သန်းပေါင်းများစွာအရင်းရှိသည့် အလှပြင်ဆိုင်တစ်ခုကိုပိုင်ဆိုင်ထားပြီး အခုတွင်တော့ ကျန်းရွှီသည်လဲ ထပ်ပြီး ယွမ်သန်းပေါင်းများစွာအရင်းရှိသည့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်တစ်ခုကိုပိုင်ဆိုင်နေပြန်ပြီဖြစ်သည်။ သူမ၏အလွန်ဆင်းရဲကြသောဆွေမျိုးများမှာ ညတွင်းချင်းဘယ်လိုကြောင့်များ ချမ်းသာကုန်ကြရတာလဲ?

"ငါ့အထင်တော့ အမျိုးသမီးဟောင်ဆီကနေပဲ ငွေထပ်ချေးထားတာဖြစ်မယ်။" ကုချင်းရှန်ကပြန်ပြောလိုက်သည်။ ဟောင်မိသားစုသည် သန်းထောင်ပေါင်းများစွာချမ်းသာသည့်မိသားစုဖြစ်သောကြောင့် ယွမ်ဆယ်သန်းကျော်လောက်သော ပမာဏမှာ သူတို့အတွက်တော့ ပြောပလောက်သည့်ပမာဏမဟုတ်ပေ။

လင်လိကျွမ်းမှာ ထပ်တိုးကာ မနာလိုဖြစ်ရပြန်သည်။ အကြောင်းသည်တော့ အမျိုးသမီးဟောင်သည် သူမနှင့်ဆက်ဆံရတွင် အနည်းငယ်မျှပင် အလေးထားပေးမှုမရှိသော်လည်း ကုချင်နှင့် ကုမန့်ကိုတော့ သူ၏အရင်းနှီးဆုံးသူငယ်ချင်းများကဲ့သို့ဆက်ဆံလေသည်။

"သူတို့ဘယ်လိုလုပ်များဒီလိုနေနိုင်ရတာလဲ! ကုချင်ရော ကုမန့်ရော အခုချမ်းသာကုန်ကြပြီ။ ဒီတော့ ငါ့လို သူတို့ရဲ့အမေရင်းတစ်ယောက်ကို သူတို့ပိုင်ဆိုင်သမျှဝေမျှပေးသင့်တယ်!" ကုအဘွားကြီးမှာ ဒေါသများပေါက်ကွဲထွက်လာတော့သည်။ သူမ၏သမီးနှစ်ယောက်ဆီမှ ငွေညှစ်ဖို့ရန်အကြံအစည်ကို ဘယ်သောအခါမှ မရပ်တန့်နိုင်ပေ။ ထို့အပြင် အခုချိန်တွင် ကျန်းရွှီတွင်လဲ ယွမ်သန်းပေါင်းများစွာရှိနေမည်ဆိုသည်ကိုသိလိုက်ရချိန်တွင်တော့ သူမနှင့်ဘာမျှမဆိုင်သည့်ကိစ္စဖြစ်သော်လည်း ထိုချမ်းသာကြွယ်ဝမှုကို သူမအတွက်ပါ ခွဲဝေယူဖို့မစောင့်နိုင်တော့ပေ။

ကုချင်ယွမ်နှင့် ကုရှောင်ရှောင်သည်တော့ ကျန်းရွှီနှင့် ကုမန့်၏ကြွယ်ဝလာမှုကို သူတို့နှင့်ဆိုင်သည်ဟုမထင်ကြသော်လည်း သူတို့၏ဆင်းရဲလှသည့်ဆွေမျိုးများက ရုတ်တရက်ချမ်းသာသွားသောကြောင့် စိတ်မကျေမနပ်ဖြစ်နေသည်။

"အဲ့ဒါကထက်ပိုဆိုးတာက၊ သူက ကျွန်တော့်ကိုအလုပ်အပ်မယ့်သူရဲ့သူငယ်ချင်းဖြစ်နေတာပဲ။ ကျွန်တော်က သူ့ကို အပေးအယူတည့်သွားအောင် ကြားထဲက ကူညီပေးစေချင်ပေမယ့် သူကငြင်းလိုက်တယ်!"ကုချင်းရှန်သည် ချွမ်ဝမ်ဖုန်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေသွားစေရန် ကျန်းရွှီက သေချာပေါက်ကူညီပေးသင့်သည်ဟု သူ့ဘာသာသတ်မှတ်ထားလေသည်။

"ဘာ? သူကများ!" ကုအဘွားကြီး အကျယ်ကြီးအော်မိလုနီးနီးဖြစ်သွားကာ၊

"အဓိပ္ပါယ်မရှိလိုက်တာ! အခုချက်ချင်းသူ့ကိုဖုန်းခေါ်ရမယ်။" ပြောရင်းဖြင့် ကုအဘွားကြီးသည်ချက်ချင်းပင် ဖုန်းကိုကောက်ကိုင်လိုက်ပေမည့် ကုချင်းရှန်ကတားလိုက်ကာ၊

"အမေ! ကျေးဇူးပြုပြီး ဒီကိစ္စထဲကိုတော့ဝင်မပါ,ပါနဲ့။ သူသာစိတ်အနှောက်အယှက်ဖြစ်သွားပြီး ကျွန်တော့်ရဲ့အလုပ်အပ်သူကို မကောင်းကြောင်းတွေသွားပြောပစ်ရင် ဒီလုပ်ငန်းအတွက်လုံးဝမျှော်လင့်ချက်မဲ့သွားရလိမ့်မယ်။"

"သူကများလုပ်ရဲတယ်ပေါ့!" ကုအဘွားကြီးအလွန်ဒေါသထွက်သွားသည်။

"ဖြစ်နိုင်တာပဲ။ အရင်တစ်ခေါက်တုန်းကလဲ အဖေ့ရဲ့လုပ်ငန်းကိစ္စကို ကုနင်းဖျက်စီးခဲ့တာပဲမဟုတ်ဘူးလား?" ကုရှောင်ရှောင်ကဝင်ပြောလိုက်သည်။ သူမက အခုချိန်ထိ ထိုကိစ္စက ကုနင်းအမှားကြောင့်ဟုယုံကြည်နေစဲဖြစ်ကာ သူမလုပ်ရပ်မှားယွင်းနေသည်ဟုလုံးဝမခံစားမိသေးပေ။

"ဘာ? ကုနင်းက အဖေ့ရဲ့လုပ်ငန်းကိစ္စကိုဝင်ဖျက်စီးခဲ့တာလား? သူ့ကိုသေချာပေါက် ပညာပေးဖို့တော့လိုနေပြီ!" ကုချင်းယွမ်လဲ ဒေါသထွက်သွားပြီး ကုနင်းကို ပညာပေးရန်အတွက် စိတ်ထဲတွင်တေးမှတ်ထားတော့သည်။ ကုချင်းယွမ်သည် လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘဲ အမျိုးသမီးများကိုလဲ ရိုက်နှက်လေ့ရှိပေသည်။

တကယ်တော့ ကုချင်းရှန်သည် သူ့ကုမ္ပဏီ၏တင်ပြချက်ကအရမ်းကြီးကောင်းမနေခဲ့သည်ကိုသိပေမည့် ထိုအရာကို ဝန်မခံချင်သောကြောင့် သူ့အမှားအားလုံးကို ကုနင်းအားလွှဲချအပြစ်တင်လိုက်ခြင်းဖြစ်လေသည်။

"ကျွန်မတို့အခုဘာလုပ်ကြမလဲ? ဒီတစ်ခေါက်လဲ ကျန်းရွှီက ရှင့်ကိစ္စကိုဝင်ဖျက်မယ်ဆိုရင်ရော?" လင်းလိကျွမ်းကစိုးရိမ်စွာပြောလိုက်သည်။

"မသိတော့ဘူးကွာ။" ကုချင်းရှန်သည်တော့ စိတ်ရှည်သည်းခံနိုင်မှုပျောက်ဆုံးနေပြီဖြစ်သည်။ သူသာထိုမေးခွန်း၏အဖြေကိုသိနေလျှင် အခုလိုစိုးရိမ်ကြောင့်ကြနေလိမ့်မည်မဟုတ်ပေ။ ကျန်းရွှီအကြောင်းထိတ်လန့်စွာသတင်းကိုကြားလိုက်ရခြင်းကြောင့် ကုချင်းရှန်တို့မိသားစုမှာ ဆိုးရွားလှသည့်တစ်နေ့တာဖြစ်သွားရပေတော့သည်။ ကုချင်းရှန်က သူ့အမေကို ကျန်းရွှီအားဖုန်းဆက်ခွင့်မပြုထားတာတောင်မှ ထိုကုအဘွားကြီးသည် သူ့သားငယ် ကုချင်းယန်အားဖုန်းဆက်ကာမကျေမနပ်တိုင်တန်းပြောဆိုခဲ့သေးသည်။

ကုချင်းယန်သည်လဲ ထိုသတင်းစကားကြောင့်အလွန်အံ့အားသင့်သွားပေမည့် ပြီးခဲ့သည့်တစ်ခေါက် ကုနင်း၏သတိပေးစကားကြောင့် အတော်လေးသင်ခန်းစာရသွားခဲ့ပြီးဖြစ်လေသည်။

All Chapters