အခန်း (၃၇၆-၃၈၀)
Vol. 26 Ch. 376-380
အခန်း ၃၇၆
လင်ရှောင်းထင်နှင့် စစ်ထူယဲ့၏လက်ဆောင်
သိပ်ပင်အားမစိုက်လိုက်ရဘဲ ဝူလျန်ချင်းနှင့်ပတ်သတ်သည့်အကြောင်းအရာများနှင့် ပုံများကို ကုနင်းရှာတွေ့သွားကာ ဓါတ်ပုံရိုက်ယူထားလိုက်သည်။ ထို့နောက် ပုံများကို ကောင်းယိထံသို့ပို့လိုက်ကာ ဝူလျန်ချင်း၏နောက်ခံအသိုင်းအဝိုင်းအကြောင်းနှင့် သူလုပ်ခဲ့ဖူးသည့် ဥပဒေနှင့်မလွတ်ကင်းသော ကိစ္စရပ်များအကြောင်းကို ရှာဖွေစုံစမ်းခိုင်းလိုက်သည်။ ကျွမ်းကျင်သတ်ဖြတ်သူတစ်ယောက်အနှင့်ဖြင့် အချက်အလက်များစုံစမ်းခြင်းသည်လဲ လိုအပ်သောအရည်အချင်းတစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ဝူလျန်ချင်းအကြောင်းစုံစမ်းသည့်ကိစ္စမှာ ကောင်းယိအတွက်အပန်းကြီးလှသည့်အရာမဟုတ်ပေ။
လင်ရှောင်းထင်အခန်းငှားပြီးသွားသည်နှင့် ကုနင်းကို အခန်းနံပါတ်အားလှမ်းပြောပြလိုက်သည်။ ကုနင်းက အခြားလူများအားသူတို့ဆက်ဆံရေးအကြောင်းမသိသွားစေချင်မှန်း လင်ရှောင်းထင်နားလည်သောကြောင့် သူမ၏ဆုံးဖြတ်ချက်ကို အလေးထားပေးလေသည်။ သူတို့နှစ်ယောက်လုံး ဟိုတယ်အခန်းအတွင်းသို့ရောက်ပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် တစ်ယောက် အချိန်ဆွဲမနေတော့ဘဲ ကုနင်းကို ပွေ့ဖက်လိုက်ကာ ယနေ့တစ်ညလုံးသူမနှင့်အချိန်ဖြုန်းဖို့ရန်အတွက် အိပ်ရာထက်သို့ခေါ်ဆောင်သွားလိုက်တော့သည်။
.......
တစ်ဖက်တွင်တော့ ရဲသုံးဦးမှာ တရားခံကို ရဲစခန်းသို့ခေါ်ဆောင်သွားပြီးသည်နှင့် ချက်ချင်းပင် ဝူလျန်ချင်း၏အတွင်းရေးမှူးအား သွားရောက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ဝူလျန်ချင်းကို မကြာခင်အချိန်အတွင်းရဲစခန်းသို့လာရတော့မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
သူတို့အကြံအစည်များအားလုံး ဖော်ထုတ်ခံလိုက်ရပြီဖြစ်သောကြောင့် ဝူလျန်ချင်း၏အတွင်းရေးမှူးကဝန်ခံခဲ့ပေမည့် ဝူလျန်ချင်းနာမည်ကိုတော့ဖြင့်လုံးဝထုတ်မပြောခဲ့ပေ။ အတွင်းရေးမှူးက အန်းကွမ်းယောင်ကို သူကိုယ်တိုင်ကသဘောမကျ၍သာ သတ်ဖို့ကြိုးစားခြင်းဖြစ်ကြောင်းပြောလာခဲ့သည်။ အတွင်းရေးမှူးက ဝူလျန်ချင်းကို ကာကွယ်ပေးရသည့်အကြောင်းရင်းမှာ သူသာအမှန်အတိုင်းဝန်ခံလိုက်လျှင် ဝူလျန်ချင်းကသေချာပေါက် သူ့မိသားစုကို ထိခိုက်မည်မှန်းသိနေခြင်းကြောင့်ပင်။
အကြံအစည်များပျက်စီးသွားပြီဖြစ်မှန်းသိလိုက်ရချိန်တွင်တော့ ဝူလျန်ချင်းအလွန်ဒေါသထွက်သွားပေမည့် သူ့အတွင်းရေးမှူးက အပြစ်များကိုတစ်ယောက်တည်းယူသွားမှတော့ သူပါဝင်နေကြောင်းကိုလဲ ဝန်ခံမနေတော့ပေ။ ဝူလျန်ချင်းကိုယ်တိုင်ကလဲ ငြင်းဆန်နေကာ အတွင်းရေးမှူးကလဲ သူတစ်ဦးတည်းအပြစ်များကို ယူသွားသည့်အတွက် ရဲများအနေဖြင့် ဝူလျန်ချင်းကိုမဖမ်းနိုင်တော့ပေ။
ကုနင်းတွင် ဝူလျန်ချင်းကို သင်ခန်းစာပေးရန်အတွက် အခြားအစီစဉ်တစ်ခုရှိကြောင်း ပြောပြထားပြီးဖြစ်၍ နောက်ဆုံးရလဒ်ကို အန်းကွမ်းယောင်သိလိုကိချိန်တွင် အံ့အားသင့်ခြင်းလဲမရှိသလို စိတ်ဆိုးဒေါသထွက်ခြင်းလည်းမဖြစ်ပေ။
ည၁၁နာရီထိုးခါနီးအချိန်တွင်တော့ ကုနင်း ကုမန့်အားဖုန်းဆက်လိုက်ကာ ချူးဖေ့ဟန်စိတ်အခြေအနေမကောင်း၍ သူမအဖော်ပြုပေးရမည်ဖြစ်သောကြောင့် ယနေ့ညအိမ်ပြန်လာတော့မည်မဟုတ်ကြောင်း အကြောင်းပြချက်ပေးလိုက်သည်။ ကုမန့်ကလဲ သံသယ်အနည်းငယ်မျှမဝင်ဘဲ ခွင့်ပြုပေးလိုက်ပေသည်။
နောက်တစ်နေတွင်တော့ ကုနင်း လင်ရှောင်းထင်နှင့်အတူ ဟိုတယ်တွင်သာဆက်နေခဲ့ပြီး အပြင်ဘက်တွင်လဲ မိုးရွာနေခြင်းကြောင့် ဟိုတယ်တွင်သာ နေ့လည်စာစားလိုက်ကြသည်။
ထိုအချိန်တွင်ပဲ ဝူလျန်ချင်း၏အတွင်းရေးမှူးနှင့် တရားခံသည်တော့ လူသတ်ရန်ကြံစည်မှုဖြင့် ထောင်သုံးနှစ်ချမှတ်ခံခဲ့ရသည်။
Gမြို့တွင်လဲ လျှိုရှီခွန်းတို့အဖွဲ့အား တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပေမည့် နှစ်သစ်ကူးပွဲတော်မှာ မနက်ဖြန်ဆိုလျှင်ကျင်းပပြီဖြစ်သောကြောင့် ဟုန်ယွမ်လုပ်ငန်းစု၏ပိုင်ဆိုင်မှုကို ပွဲတော်ပြီးမှပင် စတင်မည်ဖြစ်ကြောင်း ယန်ကျန်းလင်က ကုနင်းကို အကြောင်းကြားလာခဲ့သည်။ ကုနင်းအတွက်လဲ အလျင်လိုသည့်ကိစ္စမဟုတ်သောကြောင့် သဘောတူလိုက်ပေသည်။
လင်ရှောင်းထင် ညနေ၅နာရီထိုးခါနီးလောက်အထိ ဟိုတယ်တွင်ပင် ကုနင်းနှင့်အတူနေခဲ့သည်။
လင်ရှောင်းထင်မထွက်သွားခင်တွင် သူ့ကားနောက်ဖုံးထဲမှ သေတ္တာတစ်ခုကိုထုတ်ယူလိုက်ကာ ကုမန့်အတွက်နှစ်ကူးလက်ဆောင်ဟုပြောလာသည်။ ထိုသေတ္တာထဲတွင်တော့ တန်ဖိုးကြီးကာ သက်တမ်းကြာရင့်နေသည့် ဂျင်ဆင်းနှစ်ပင်ရှိလေသည်။ ဂျင်းဆင်းတင်မကဘဲ ထိုသေတ္တာထဲတွင် အခြားတန်ဖိုးကြီးသည့်ဆေးဘက်ဝင်အပင်များစွာလဲရှိနေသေးသည်။ လင်ရှောင်းထင်က လက်ဆောင်အဖြစ်ပေးလာမှတော့ ကုနင်းလဲ ဝမ်းမြောက်စွာဖြင့်သာလက်ခံလိုက်တော့သည်။
ထို့နောက်၊ ကုနင်း လင်ရှောင်းထင်ကို လေဆိပ်အထိလိုက်ပို့ပေးလေသည်။
လင်ရှောင်းထင်က ကုနင်းကို အလုပ်မရှုပ်စေလိုသော်လည်း ကုနင်းနှင့်အတူနေနိုင်သလောက်ကြာကြာပိုနေချင်သောကြောင့် ကုနင်းကို လိုက်ပို့ခွင့်ပေးလိုက်ပေသည်။
လင်ရှောင်းထင် ထွက်သွားပြီးမကြာခင်တွင်ပဲ ကောင်းယိထံမှဖုန်းဝင်လာခဲ့ကာ ဝူလျန်ချင်း၏ ပြစ်မှုသက်သေများရရှိထားပြီဖြစ်ကြောင်းပြောလာခဲ့သည်။ ဝူလျန်ချင်းသည် အလွန်ရဲတင်းသည့်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သူလုပ်ခဲ့သမျှပြစ်မှုသက်သေများကိုပင် ကိုယ့်ကိုကိုယ်အထင်ကြီးစွာဖြင့် မဖျက်ဆီးဘဲထားထားလေသည်။ ထို့ကြောင့်လဲ ယခုလိုမျိုး ပြစ်မှုသက်သေများကို အလွန်တကူဖြင့် ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆောက်လုပ်ရေးပရောဂျတစ်ခု၏ရန်ပုံငွေများမှနေပြီး ဝူလျန်ချင်းလာဘ်စားထားခဲ့သည်မှာ ယွမ်သန်း၄၀ကျော်ပြီး အားလုံးသူ့အိတ်ထဲထည့်ခဲ့ကာ ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလဲ အရည်အသွေးမပြည့်မီသည့် အညံ့စားပစ္စည်းများကို အစားထိုးသုံးခဲ့ပေသည်။
လာဘ်စားထားသည်မှလွဲပြီး အခြားသောကိစ္စအားလုံးမှာ သူ့အလုပ်သမားဝန်ထမ်းများကို လက်ငှားလုပ်ခဲ့ခြင်းဖြစ်သောကြောင့် ဝူလျန်ချင်းတွင် အပြစ်ရှိနေကြောင်း တိုက်ရိုက်ဆက်နွယ်နေသည့်သက်သေများမရှိနေပေ။ သို့ပေမည့် လာဘ်စားခြင်းတစ်ခုကပင် သူ့ကို ထောင်ချပစ်ဖို့ရန်လုံလောက်နေပြီဖြစ်ပေသည်။
ကုနင်း ကေကိုဆက်သွယ်ကာ ထျန်းဟွာလုပ်ငန်းစုဥက္ကဌ၏အီးမေးလ်ကိုရှာပြီး သူမတွင်ရှိနေသည့် ဝူလျန်ချင်း၏မကောင်းမှုသက်သေများကို ပို့ပေးလိုက်ရန်ပြောလိုက်သည်။ ထျန်းဟွာလုပ်ငန်းစုသည် ဝူလျန်ချင်း အမှုဆောင်ဥက္ကဌလုပ်နေသည့် ထျန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ပင်မရုံးချုပ်ဖြစ်သည်။
ကုနင်း သူမကိုယ်ပိုင်အီးမေးလ်ဖြင့်မပို့ခြင်းကတော့ ပြဿနာထဲဝင်မပါချင်၍ဖြစ်ကာ သူမ၏ရည်ရွယ်ချက်က ဝူလျန်ချင်းကို ရာထူးမှပြုတ်သွားစေရန်လောက်သာဖြစ်ပေသည်။
ထျန်းဟွာလုပ်ငန်းစု၏ဥက္ကဌလဲ ထိုအီးမေးလ်ကိုဖတ်ပြီးသည်နှင့် အလွန်ဒေါသွက်သွားကာ ချက်ချင်းပင် သူ့လူများအား စုံစမ်းဖြေရှင်းခိုင်းတော့သည်။
ကုနင်း ညစာကိုတော့ ကောင်းယိ၊ ချောင်ယတို့နှင့်အတူစားသောက်ခဲ့သည်။ အခုချိန်အထိ သူမအိမ်မပြန်ရသေးသောကြောင့် လင်ရှောင်းထင်၏လက်ဆောင်ကို စိတ်စွမ်းအင်အာကာပြင်ထဲသို့သာထည့်ထားလိုက်သည်။ ညစာစားနေချိန်အတွင်း ကုနင်းထံသို့ ချူးရွှမ်ဖန်ဖုန်းဆက်လာကာ သူမနှင့်တွေ့လို၍ ဘယ်နေရာတွင်ရှိနေလဲဆိုသည်ကို မေးလေသည်။ ကုနင်းလဲ အခုလိုချိန်းဆိုမှုမှာ စစ်ထူယဲ့နှင့်တစ်နည်းနည်းပတ်သတ်နေလောက်မှန်းသိသော်လည်း ထိုချိန်းဆိုမှုကို လက်ခံခဲ့သည်။
ချူးရွှမ်ဖန်တစ်ယောက်တည်းလာခဲ့ခြင်းဖြစ်ပေမည့် လက်ဆောင်သေတ္တာတစ်ခုလုံးတော့ပါလာခဲ့သည်။ စစ်ထူယဲ့က သူမအတွက်နှစ်သစ်ကူးလက်ဆောင်ပေးခိုင်းလိုက်ခြင်းဖြစ်ကြောင်းကိုလဲ ကုနင်းကိုပြောခဲ့သည်။
ကုနင်းအံ့ဩမိသွားသော်လည်း ခန့်မှန်းထားပြီးသားဖြစ်၍ အရမ်းတော့မအံ့ဩမိပေ။ သူမချက်ချင်းလက်မခံသေးဘဲ သေတ္တာထဲသို့ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြည့်လိုက်သည်။ အထဲမှပစ္စည်းများမှာ အလွန်ဈေးကြီးလှသည်များဖြစ်နေလျှင် သူမငြင်းရပေလိမ့်မည်။
အံ့ဩစရာမရှိစွာပင် သေတ္တာထဲမှပစ္စည်းများမှာ အမှန်ကို ဈေးကြီးလွန်းသည့်ပစ္စည်းများဖြစ်ပေသည်။ ထိုသေတ္တာထဲတွင် ၁ပုလင်းလျှင် အနည်းဆုံးယွမ်၁သိန်း၉သောင်းလောက်တန်ဖိုးရှိသည့် ရောမ၏ Conti Winery 85'Medusaဝိုင်နှစ်လုံးရှိနေလေသည်။ ထို့အပြင် အခြားသော တန်ဖိုးကြီးဆေးဖက်ဝင်အပင်များစွာလဲပါဝင်နေသေးသည်။ ထိုမျှ ဈေးကြီးလွန်းသည့် လက်ဆောင်များမှာ လင်ရှောင်းထင်ပေးခြင်းမဟုတ်ဘဲ စစ်ထူယဲ့ကပေးခြင်းဖြစ်၍ ကုနင်း တုံ့ဆိုင်းနေခဲ့သည်။
"ကျွန်မ ဒီလက်ဆောင်ကို လက်ခံဖို့မသင့်ဘူးလို့ထင်တယ်။" ထိုပစ္စည်းလောက်က စစ်ထူယဲ့အတွက်ပြောပလောက်သည့်ပမာဏမဟုတ်သော်လည်း အမှန်တကယ်ကိုဈေးကြီးလွန်းလှပေသည်။
ကုနင်း၏စိတ်ကိုသိသည်နှင့် ချူးရွှမ်ဖန်မှာ တောင်းပန်ခယတော့မလိုပုံစံဖြင့်၊
"ကျေးဇူးပြုပြီးလက်ခံလိုက်ပါ! မဟုတ်ရင် ငါပြဿနာအကြီးကြီးတက်သွားလိမ့်မယ်။"
ချူးရွှမ်ဖန်ဘာကြောင့် အခုလောက်ပြောနေလဲဆိုသည်ကို ကုနင်းမသိသော်လည်း သူမသာလက်မခံလျှင် သူအမှန်တကယ်ဒုက္ခရောက်သွားနိုင်သည်ကိုတော့ ခံစားမိလေသည်။ အချိန်တခနမျှတုံ့ဆိုင်းနေမိပြီးနောက်တွင်တော့ ကုနင်းထိုလက်ဆောင်ကိုလက်ခံလိုက်ရတော့သည်။ ဘာပဲဖြစ်ဖြစ် စစ်ထူယဲ့ထံမှ အရင်တုန်းကလဲ ယခုထက်ပို၍တန်ဖိုးကြီးသည့်လက်ဆောင်ကို လက်ခံဖူးပြီးသားပင်။
"ကောင်းပြီလေ၊ ကျွန်မနောက်မှ လက်ဆောင်အတွက် သူ့ကို ကျေးဇူးတင်ကြောင်း ဖုန်းဆက်လိုက်တော့မယ်။" ကုနင်းသက်ပြင်းတစ်ချက်ချကာ သေတ္တာကိုယူလိုက်သည်။
ကုနင်းလက်ဆောင်သေတ္တာကိုယူလိုက်သည်ကိုမြင်မှပဲ ချူးရွှမ်ဖန်တစ်ယောက်စိတ်အေးသွားရတော့သည်။ အမှန်တကယ်လဲ သူလိမ်ညာနေခြင်းမဟုတ်ပေ။ သူသာ ကုနင်းကို သူ့ဘော့စ်၏လက်ဆောင်အားမပေးနိုင်ခဲ့ဘူးဆိုလျှင် ဒီနှစ်ကူးပွဲတော်၌ အေးအေးချမ်းချမ်းနေနိုင်လိမ့်မည်မဟုတ်ပေ။
ချူးရွှမ်ဖန်ထွက်သွားသည်နှင့် ကုနင်း စစ်ထူယဲ့ထံဖုန်းဆက်လိုက်သည်။
"ဟိုင်း၊ မင်းအဆင်ပြေရဲ့လား?" ဖုန်းဝင်သွားသည်နှင့်ချက်ချင်းပင် စစ်ထူယဲ့ပြန်ဖြေလာခဲ့သည်။
"ပြေပါတယ်၊ ပြီးတော့ ကျွန်မအခုပဲ ရှင့်ဆီက နှစ်သစ်ကူးလက်ဆောင်ရပြီးသွားပြီ။ ဒါတွေကအရမ်းတန်ဖိုးကြီးလွန်းတယ်နော်။"
"ဒါဆိုလဲ ကျေးဇူးတင်တဲ့အနေနဲ့ မင်းGမြို့ကိုလာရင် ငါ့ကိုထမင်းတစ်နပ်လောက်လိုက်ကျွေးလိုက်ပါလား?" စစ်ထူယဲ့က တမင်ကို ကုနင်းနှင့် နှစ်ယောက်တည်းတွေ့ဆုံနိုင်ရန်အတွက် အခွင့်ရေးဖန်တီးနေခြင်းဖြစ်သည်။
"ရပါတယ်။" ကုနင်းအနေဖြင့် စစ်ထူယဲ့၏လက်ဆောင်ကိုလက်ခံပြီးနေပြီဖြစ်၍ သူ့ကိုထမင်းစားဖိတ်ခြင်းက သင့်တောင်ပေသည်။
ထို့နောက် သူတို့ "ပျော်ရွှင်စရာနှစ်သစ်ပါ။"ဟု အချင်းချင်းပြောလိုက်ပြီးနောက် ဖုန်းချလိုက်တော့သည်။
***
အခန်း ၃၇၇
နှစ်သစ်ကူးပွဲတော်
ညစာစားပြီးနောက် ကုနင်းအိမ်သို့ပြန်လာခဲ့သည်။
ကုနင်း သတ္တာနှစ်လုံးဖြင့် အိမ်ပြန်ရောက်လာသည်ကိုမြင်လိုက်ရချိန်၌ ကုမန့်အလွန်အံ့အားသင့်သွားကာ၊
"နင်းနင်း၊ ဒါဘာတွေလဲ?"
"သမီးသူငယ်ချင်းတွေဆီက နှစ်သစ်ကူးလက်ဆောင်ပါ။" ကုနင်း ထိုသတ္တာနှစ်လုံးကို စားပွဲထက်သို့တင်ကာ ဖွင့်ပြလိုက်သည်။
သတ္တာထဲမှပစ္စည်းများကို ကုမန့်မြင်လိုက်ရချိန်တွင်တော့ သူမအလွန်အံ့ဩသွားသည့်အသံဖြင့်၊
"နင်းနင်း၊ သမီးသူငယ်ချင်းတွေကအရမ်းရက်ရောလှချည်လား!" ထိုထဲတွင်ပါဝင်သည့်ပစ္စည်းတိုင်း ဈေးပေါခြင်းအလျင်းမရှိပေ။
"ဟုတ်တယ်၊ သမီးတို့ကအရမ်းခင်ကြလို့လေ။" ကုနင်းဘယ်သူကဘယ်လိုပေးတယ်ဆိုတာအထိ ရှည်ရှည်ဝေးဝေးရှင်းပြမနေခဲ့ပေ။
ထိုလက်ဆောင်ပစ္စည်းများကိုမြင်ပြီးနောက် ကုမန့်တစ်ခုခုကိုတွေးမိသွားကာ၊
"ဟုတ်သားပဲ၊ အဘွားကလေဖြတ်သွားတယ်တဲ့နော်။" ကုမန့်ထိုစကားပြောချိန်တွင် အလွန်ဝမ်းနည်းနေခြင်းမရှိပေမည့် အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်။ မည်သို့သောပြဿနာများရှိခဲ့ပါစေ ကုအဘွားကြီးမှာ သူမ၏မိခင်အရင်းပင်မဟုတ်ပါလား။ သို့ပေမည့် ကုနင်းအတွက်ကတော့ ထိုသတင်းသည် သတင်းကောင်းတစ်ပုဒ်ဖြစ်လေသည်။ ထိုကုအဘွားကြီးလေဖြတ်သွားပြီဆိုလျှင် ကုမန့်နှင့်ကုချင်ကို ထပ်ပြီးပြဿနာရှာနိုင်တော့မည်မဟုတ်ပေ။
ကုနင်း Fမြို့သို့ပြန်ရောက်ကတည်းက တစ်ချိန်လုံးအလုပ်ရှုပ်နေခဲ့သောကြောင့် ကုမန့်နှင့်အေးအေးဆေးဆေးစကားပြောချိန်မရသေးဘဲ ထန်ယွင်ဖန်းအကြောင်းကိုမပြောဖြစ်သေးပေ။ ထို့အပြင် မနက်ဖြန်ကလဲ နှစ်သစ်ကူးပွဲတော်နေ့ဖြစ်သောကြောင့် ကုမန့်စိတ်အခြေအနေကိုထိခိုက်သွားစေမည်စိုး၍ ကုနင်းယခုချက်ချင်းလဲ မပြောလိုက်ချင်သေးပေ။
နောက်တစ်နေ့သည်တော့ နှစ်သစ်ကူးပွဲတော်နေ့ပင်ဖြစ်သည်။
မနက်စောစောစီးစီးကတည်းက ကုနင်း လင်ရှောင်းထင်နှင့်နာရီဝက်မကဖုန်းပြောနေခဲ့သည်။ လင်ရှောင်းထင်က သူ့ကိုယ်ပိုင်အိမ်တွင်သာရှိနေပြီး နှစ်ကူးမတိုင်ခင်ညစာစားပွဲလုပ်မည့် ညနေပိုင်းမှသာ လင်မိသားစုစံအိမ်သို့သွားပေလိမ့်မည်။
လင်ရှောင်းထင်နှင့် သူ့မိသားစုအကြောင်းတွေးမိသွားချိန်တွင်တော့ ကုနင်း လင်ရှောင်းထင်အတွက်စိတ်မကောင်းဖြစ်မိသွားရလေသည်။ ကံကောင်း၍သာ လင်ရှောင်းထင်သည့် အဘိုးဖြစ်သူနှင့်တော့ ရင်းနှီးသည့်ဆက်ဆံရေးရှိနေခဲ့သည်။ ထိုသို့သာမဟုတ်လျှင် နှစ်သစ်ကူးပွဲကို သူမနှင့်အတူဖြတ်သန်းရန်အတွက် ကုနင်းသေချာပေါက် ခေါ်ထားမိပေလိမ့်မည်။
မနက်ပိုင်းကတည်းက ကုနင်း ကောင်းယိနှင့်ချောင်ယကိုသူမအိမ်သို့လာရန်ဖိတ်ခေါ်ထားခဲ့သည်။ ကျန်းရွှီ၏မိသားစုသည်လဲ ကုနင်းတို့နှင့်သာ နှစ်သစ်ကူးပွဲကိုအတူကျင်းပရန်အတွက် သူမတို့အိမ်သို့ရောက်နေပေသည်။
နေ့လည်စာစားပြီးချိန်တွင်တော့ နှစ်ကူးညစာစားသောက်ဖို့ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ပြုလုပ်ကြသည်။
လင်ရှောင်းထင်သည်တော့ နေ့လည်စာကို မြို့တော်တွင် ရှုကျင်းချန်၊ စစ်မင်နှင့် အခြားအဖွဲ့သားများဖြင့် အတူစားသောက်ခဲ့သည်။ နှစ်သစ်ကူးပွဲတော်ပြီးချိန်တွင် အဖွဲ့သားများနှင့်ဆုံစည်းဖို့အချိန်မပေးနိုင်တော့သောကြောင့် လင်ရှောင်းထင်အခုလိုတွေ့ဆုံရန်စီစဉ်လိုက်ရခြင်းဖြစ်လေသည်။
အဖွဲ့သားများကလဲ နှစ်သစ်ကူးပွဲတော်ပြီးသည်နှင့် လင်ရှောင်းထင်သေချာပေါက် ကုနင်းအနားတွင်သွားနေတော့မည်မှန်းသိ၍ အထွန့်တက်မနေဘဲ လက်ခံလိုက်ကြသည်။
သို့ပေမည့် သူတို့ထဲမှတစ်ယောက်သည်တော့ တစ်ကိုယ်တည်းသမားလေးဖြစ်၍ ကြိတ်ဝမ်းနည်းနေမိသည်။ ထိုသူသည်တော့ ခန့်မှန်းထားကြသလို ရှုကျင်းချန်ပင်။
စစ်မင်နှင့် ချိုးယွီရှင်းသည်က အခုတလောဆက်ဆံရေး အတော်လေးအဆင်ပြေနေကြပြီး ချစ်သူရည်းစားအဆင့်သို့မရောက်သေးသော်လည်း မကြာခင် အဆင့်တက်နိုင်ကြမည်ဖြစ်သည်။
မြို့တော်ရှိ လင်မိသားစုစံအိမ်တွင်....
လင်ရှောင်းထင်မှလွဲ၍ လင်မိသားစုဝင်အားလုံးသည် ဧည့်ခန်းထဲတွင်စုထိုင်နေကြကာ အချင်းချင်းစကားစမြည်ပြောဆိုလို့နေသည်။
သူတို့အချင်းချင်းမပြေလည်မှုများရှိကြသော်လည်း နှစ်သစ်ကူးပွဲတော်အချိန်တွင်တော့ စကားများရန်ဖြစ်သည်အထိ မိုက်မဲသည့်လူများမဟုတ်ပေ။ အထူးသဖြင့် ဆရာကြီးလင်၏ ရှေ့မှောက်တွင်ပေါ့။
"၄နာရီတော်ထိုးခါနီးနေပြီ။ ရှောင်းထင်ဘာလို့အခုထိမလာသေးတာလဲ?" လင်ရှောက်ရွှမ်းကမေးလိုက်သည်။
လင်ရှောင်းထင်၏နာမည်ကိုကြားလိုက်သည်နှင့် လင်ယွမ်ချန်တို့မိသားစုမှာ စိတ်မသက်မသာဖြစ်သွားကြပေမည့် စကားတစ်ခုခွန်းမျှတော့ ထုတ်မပြောရဲကြပေ။ သို့ပေမည့် ထိုအချိန်တွင်ပဲ လင်ချန်းကျီ၏ပျော်ရွှင်နေသည့်အသံကိုကြားလိုက်ကြရသည်။
"သခင်လေးပြန်လာပါပြီ!"
လင်ရှောက်ရွှမ်းကတော့ ထိုအသံကြားသည်နှင့် ချက်ချင်းပြေးထွက်သွားကာ
"ရှောင်းထင်! မင်းဘာလို့ဒီလောက်နောက်ကျနေတာလဲ? ငါက ဒီနှစ်ကူးကိုမင်းပြန်တောင်မလာတော့ဘူးထင်နေတာလ!"
"ငါလုပ်စရာလေးတစ်ခုရှိနေလို့ပါ။" လင်ရှောင်းထင်ပြန်ဖြေလိုက်ရင်း ဧည့်ခန်းမအတွင်းသို့ဝင်သွားလိုက်ကာ လူကြီးများကိုတစ်ယောက်ပြီးတစ်ယောက်လိုက်နှုတ်ဆက်လိုက်သည်။
"ရှောင်းထင်ပြန်လာပြီပေါ့!" ဆရာကြီးလင်တစ်ယောက်သာ လင်ရှောင်းထင်ကိုမြင်၍ စိတ်လှုပ်ရှားပျော်ရွှင်နေပြီး အခြားလူများသည်တော့ တိတ်တိတ်ဆိတ်ဆိတ်သာရှိနေကြသည်။
"ဟိုင်း၊ ရှောင်းထင်။" လင်ရှောက်မင်သည် သူ့မိသားများကဲ့သို့တော့ လင်ရှောင်းထင်အားအေးစက်စက်မဆက်ဆံသော်ငြား အခြားမည်သို့သောခံစားမှုမျိုးကိုမျှလဲ မထုတ်ပြပေ။
"မတွေ့တာကြပြီးနော်၊ ရှောင်းထင်။" လင်ရှောက်ရှီက လေးလေးစားစားနှုတ်ဆက်လိုက်ပေမည့် လင်ရှောက်ကျားသည်တော့ လင်ရှောင်းထင်ကို လျစ်လျူပင်ရှုထားသည်။
"ရှောင်းထင်၊ ညစာကအခုထိမရသေးဘူး။ ငါ့ကို အခုခနလောက် တိုက်ခိုက်နည်းလေးနည်းနည်းပါးပါးသင်ပေးပါလား?" လင်ရှောက်ရွှမ်းက တောင်းဆိုလိုက်သည်။
လင်ရှောင်းထင်ဘက်က ဘာမှပြန်မဖြေနိုင်သေးခင်မှာပဲ ဆရာကြီးလင်က လင်ရှောက်ရွှမ်းကိုအပြစ်တင်လိုက်သည်၊
"ဒါနှစ်သစ်ကူးပွဲတော်လေ! ဆိုးမနေနဲ့ ငြိမ်ငြိမ်ထိုင်နေ။"
ဆရာကြီးလင်ကပြောလာခြင်းဖြစ်သောကြောင့် လင်ရှောက်ရွှမ်းဆက်မပြောရဲတော့ပဲ တိတ်တိတ်လေးပြန်ထိုင်နေလိုက်သည်။
"ရှောင်းထင်၊ ဒီကိုလာခဲ့!" ဆရာကြီးလင် သူ့လက်ကိုဝှေ့ယမ်းပြကာ လင်ရှောင်းထင်ကို သူ့အနားသို့လာထိုင်ခိုင်းလိုက်သည်။
လင်ရှောင်းထင်လဲ ဆရာကြီးလင်အနားသို့သွားကာ ပြောသည့်အတိုင်းထိုင်လိုက်ပေသည်။ ထို့နောက်ဆရာကြီးလင်က ဂရုစိုက်မှုအပြည့်ဖြင့် လင်ရှောင်းထင်ကိုဆက်တိုက်စကားပြောပေးနေခဲ့သည်။
ဆရာကြီးလင် ထိုမျှလင်ရှောင်းထင်အားဂရုစိုက်ပေးနေသည်ကိုမြင်ရတော့ အခြားထိုင်နေသည့်လူများအားလုံး အလွန်မနာလိုဖြစ်ကြရလေသည်။
အမြဲတမ်းထင်တိုင်းကြဲတက်သည့် လင်ရှောက်ကျားကတော့ သူ့အစ်ကိုရင်းကိုလျစ်လျူရှုထားသည်ဟုခံစားမိကာ၊
"အဘိုး၊ သမီးအစ်ကိုလဲ အိမ်ကထွက်သွားတာဒီလောက်ကြာနေကို သူ့ကိုကျ ဘာလို့ ဒီလိုမျိုးဂရုမစိုက်ပေးတာလဲ?"
လင်ရှောက်မင်သည် မြို့တော်အတွင်အလုပ်လုပ်ခြင်းမဟုတ်ဘဲ အနီးနားရှိစီရင်စုတစ်ခုတွင်အလုပ်ဝင်နေခြင်းဖြစ်သည်။ ထိုစီရင်စုက မြို့တော်နှင့်သိပ်အလှမ်းမဝေးသော်လည်း အိမ်သို့ပြန်လာသည်ကရှားလေသည်။ လင်ရှောက်မင်သည်လဲ ထူးချွန်ထက်မြက်သည့် လူငယ်တစ်ဦးဖြစ်ကာ သူ့နောက်ခံမိသားစုအသိုင်းအဝိုင်းအခြေအနေကြောင့်ပါ အသက်၂၅နှစ်ကတည်းက ထိုစီရင်စု၏ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့အပြင် လင်ရှောက်မင်သည် လတ်တလောတွင် မြို့တော်နားရှိ တတိယတန်းစားအဆင့် မြို့တစ်မြို့၏မြို့တော်ဝန်အဖြစ်လဲ ထောက်ခံခြင်းခံထားရပြီး မကြာခင်မှာပဲ မြို့တော်သို့ရာထူးကြီးကြီးဖြင့် ပြန်ပြောင်းရွှေ့လာနိုင်တော့မည်ဖြစ်သည်။
သို့ပေမည့် လင်ရှောက်မင်ဘယ်လောက်ပင် ထူးချွန်ထက်မြက်ပါစေ လင်ရှောင်းထင်နှင့်တော့မယှဉ်နိုင်သေးပေ။ လင်ရှောင်းထင်သည် လင်ရှောက်မင်ထက် နှစ်ဝက်သာအသက်ပိုကြီးသော်လည်း သူသည် နိုင်ငံသမိုင်းတွင်အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေပေပြီ။
"ရှောက်ကျား၊ စကားကိုကြည့်ပြီး! အဘိုးက ငါ့ကိုဘယ်တုန်းကဂရုမစိုက်ဘဲနေဖူးလို့လဲ? နင်ဘာမှသိတာမဟုတ်ဘူး၊ လျှောက်ပြောမနေနဲ့။" လင်ရှောက်မင် ချက်ချင်းပင် လင်ရှောက်ကျားအား ဆူလိုက်သည်။ ဆရာကြီးလင်သည်အမှန်ပင် သူ့ထက် လင်ရှောင်းထင်ကိုပို၍ ဂရုစိုက်ပြီး သူသည်လဲ ထိုအတွက်ကြောင့် မကျေမနပ်ဖြစ်မိသော်လည်း ဆရာကြီးလင်က သူ့ကို တစ်ကိုယ်ကောင်းဆန်သည်ဟု မထင်သွားစေရန်အတွက် စိတ်ထဲမှမကျေနပ်ချက်များကို တစ်ခါမျှထုတ်ဖော်မပြခဲ့ပေ။
လင်ရှောက်ကျား၏ကြားဝင်ပြောဆိုမှုက သူထိန်းသိမ်းထားသည့်မျက်နှာဖုံးလွှာကို ဖျက်ဆီးပစ်ခါနီးပင်။
"ညီမအမှန်တရားကိုပြောနေတာလေ!" လင်ရှောက်ကျားသည်တော့ သူမအစ်ကို၏စိတ်ထဲမည်သို့တွေးနေသည်ကိုမသိဘဲ ဆက်ပြောလိုက်သည်။
"ရှောက်ကျား အခုချက်ချင်းပါးစပ်ကို ပိတ်လိုက်ထားတော့!" လင်ယွမ်ချန်က သူမကိုအပြစ်တင်လိုက်သည်။ လင်ရှောက်ကျား၏အပြောအဆိုပုံစံက အလွန်ပင်မသင့်လျော်လှပေ။
လင်ရှောက်မင်ကော လင်ယွမ်ချန်ပါ လင်ရှောက်ကျားအားဆူလိုက်ပြီးဖြစ်ပေမည့် ဆရာကြီးလင်ကတော့ မကျေနပ်နိုင်သေးပေ။ ဆရာကြီးလင် လင်ရှောက်ကျားအား သဘောမကျစွာကြည့်လိုက်ကာ၊
"ဒီမိသားစုထဲမှာ မင်းကအမြဲတမ်းပြဿနာအရှာဆုံးပဲ။ ဒီလိုပြဿနာတစ်ခုမဟုတ်တစ်ခုရှာလိုက်ရမှ မင်းဘဝကြီးက စားဝင်အိပ်ပျော်ပြီး နေလို့ထိုင်လို့ကောင်းနိုင်တာလား?"
ဆရာကြီးလင်က လင်ရှောက်မင်ထက် လင်ရှောင်းထင်ကိုပို၍ဂရုစိုက်သည်မှာ အမှန်တရားပင်ဖြစ်သော်လည်း ထိုသို့ဂရုစိုက်ရခြင်းမှာ လင်ရှောင်းထင်သည် ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရသောကြောင့်ပင်ဖြစ်သည်။ ဆရာကြီးလင်ကသာ လင်ရှောင်းထင်ကိုဂရုမစိုက်ပေးလျှင် သူ့ကိုဂရုစိုက်ပေးမည့် အခြားလူမရှိတော့ပေ။ လင်ယွမ်ချန်တို့မိသားစုကလဲ သူတို့၏တစ်ဝမ်းကွဲတော်စပ်သည့် ထိုကလေးကို ဂရုမစိုက်သည့်အပြင် အမြဲတမ်းတောင်မှ ဆန့်ကျင့်တိုက်ခိုက်နေသေးသည်။ ထို့ကြောင့်ပင် သူတို့ဘက်ကလင်ရှောင်းထင်ကိုပိုသဘောမကျလေ ဆရာကြီးလင်က ပိုဂရုစိုက်ပေးလေဖြစ်ကာ၊ ဆရာကြီးလင်က ပိုဂရုစိုက်ပေးလေ သူတို့ကလည်းပို၍သဘောမကျလေဖြင့် သံသရာလည်နေတော့သည်။
လင်ရှောက်ကျားအလွန်စိတ်တိုနေပေမည့် ဆရာကြီးလင်ကိုတော့ ပြန်ခံမပြောရဲသောကြောင့် ခေါင်းငုံကာ တိတ်သွားတော့သည်။ တစ်ဖက်ရှိ ကျန်းရှူးယွမ်သည်လဲ လင်ရှောက်ကျားအားမကာကွယ်ပေးရဲခဲ့ပေ။
Fမြို့ရှိ ကုနင်းတို့မိသားစုသည်တော့ ညနေ၆နာရီခန်တွင် စားပွဲပေါ်၌စားသောက်ဖွယ်ရာများစွာကိုပြင်ဆင်ထားပြီးပြီဖြစ်သည်။ ထို့နောက် သူတို့၇ယောက် အတူတကွဝိုင်းဖွဲ့စကားဆိုရင်း ဟာသများပြောကာဖြင့် ရယ်ရွှင်လို့နေကြပြီး အမြဲလိုလိုခံစားချက်ကင်းမဲ့သည့်အမူအရာဖြစ်နေသည့် ကောင်းယိနှင့်ချောင်ယပင်လျှင် ယနေ့ညအတော်လေးပြုံးနေမိကြသည်။
***
အခန်း ၃၇၈
မြေးတစ်ယောက်ပေါ်ထွက်လာခြင်း
ဖြတ်သန်းရခဲ့သမျှပွဲတော်များထဲတွင် ယခုနှစ်၏နှစ်သစ်ကူးပွဲတော်သည် ကောင်းယိနှင့်ချောင်ယအတွက်တော့ အလွန်အဓိပ္ပါယ်ရှိကာ အပျော်ရွှင်ရဆုံးနေ့ကလေးဖြစ်တော့သည်။ ကုချင်နှင့်ကုမန့်တို့မိသားစုအတွက်လဲ အလားတူပင်။
နှစ်သစ်ကူးညစာစားပြီးသွားချိန်တွင်တော့ တိုက်ရိုက်ထုတ်လွှင့်နေသည့် နှစ်ကူးဖျော်ဖြေပွဲကို အလုံးအတူဆက်ကြည့်နေကြလေသည်။ အချိန်တော်တော်လေးနောက်ကျတော့မှသာ ကောင်းယိနှင့်ချောင်ယတို့ ပြန်လာခဲ့ကြပြီး ကုနင်းက မနက်ဖြန်လဲထပ်လာခဲ့ကြရန်ဖိတ်လိုက်သည်။
ညသန်းခေါင်ရောက်သည့်အချိန်တွင်တော့ ကုနင်း လင်ရှောင်းထင်ကိုဖုန်းခေါ်ရန်ကြံရွယ်လိုက်ပေမည့် လင်ရှောင်းထင်ကသာ အရင်ဦးဆုံးခေါ်လာခဲ့သည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ။" ကုနင်းဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်းပင် လင်ရှောင်းထင် ဆုမွန်ကောင်းတောင်းပေးလိုက်သည်။
ကုနင်းလဲပြုံးလိုက်ပြီး။
"ပျော်ရွှင်စရာနှစ်သစ်ပါ! ကျွန်မအတွက် စာအိတ်နီကဘယ်မှာလဲ?"
"နောက်ရက်ပိုင်းအတွင်းကိုယ်ပေးပါ့မယ်။"
ကုနင်းက စနောက်လိုက်ရုံဆိုသော်လည်း လင်ရှောင်းထင်က သူမအတွက်စာအိတ်နီပြင်ဆင်ပေးမည်ဆိုမှတော့ ငြင်းမနေတော့ပေ။ သူမတို့နှစ်ယောက်အချိန်အတော်ကြာအထိ စကားဆက်ပြောခဲ့ကြသည်။ ဖုန်းချပြီးနောက် ကုနင်း သူမဖုန်းကိုစစ်ကြည့်လိုက်ချိန်တွင်တော့ စာအသစ်များစွာဝင်ထားပြီး ဟောင်ရန်နှင့် အခြားရင်းနှီးသည့်သူငယ်ချင်းများအပါအဝင် ချင်ယီဖန်းပင်လျှင် သူမကိုစာတစ်စောင်ပို့ထားခဲ့သည်။
ထို့နောက် ကုနင်းစာတစ်စောင်ရိုက်လိုက်ကာ သူမဖုန်းထဲရှိ နံပါတ်အားလုံးထံသို့ပို့ပေးလိုက်သည်။ အခုကအရမ်းနောက်ကျနေပြီဖြစ်သောကြောင့် တစ်ယောက်ချင်းဆီကိုတော့ ဖုန်းပြန်ဆက်မနေတော့ပေ။
နောက်တစ်နေ့မနက်ခင်းတွင်တော့ ကုနင်း ဆရာကြီးများကို တစ်ယောက်ချင်းဆီဖုန်းဆက်လိုက်သည်။ သူမညတုန်းက ပျော်ရွှင်စရာနှစ်သစ်ပါဟု အားလုံးကိုစာဖြင့်ပို့ထားပြီးဖြစ်သော်လည်း ဖုန်းနှင့်သေချာဆက်ပြီးသည်က ပို၍အဓိပ္ပါယ်ရှိပေသည်။
ကုနင်းပထမဆုံးဖုန်းစခေါ်သည့်လူမှာတော့ သူမ၏ 'အဘိုး' ထန်ဟိုင်ဖုန်းပင်ဖြစ်သည်။
"ကောင်မလေးကု၊ ပျော်စရာနှစ်သစ်ပါ!" ကုနင်းထံမှဆက်သွယ်လာသည်နှင့် ထန်ဟိုင်ဖုန်းအလွန်ပျော်ရွှင်သွားကာ ဖုန်းကိုင်ပြီးပြီးချင်းမှာပင် ချက်ချင်း ဆုမွန်ကောင်းတောင်းပေးလိုက်သည်။
ကုနင်းပြုံးလိုက်ပြီးနောက်၊
"ပျော်ရွှင်စရာနှစ်သစ်လေးပါ၊ အဘိုး! သမီးအတွက် စာအိတ်နီမပေးဘူးလား?"
ထန်ဟိုင်ဖုန်းက ကုနင်းကို သူ့အားအဘိုးဟုသာခေါ်ဆိုရင်ပြောထားပြီးဖြစ်သောကြောင့် သူမလဲ ထိုအတိုင်းလိုက်နာလိုက်ခြင်းဖြစ်သည်။
"မင်းအတွက် စာအိတ်နီသေချာပေါက်ပြင်ဆင်ထားပြီးသားပါ၊ ဒါပေမယ့် မင်းအရင်ဆုံးငါ့ဆီလူကိုယ်တိုလာလည်ပေးရမယ်!" ထန်ဟိုင်ဖုန်း စနောက်လိုက်သည်။ သို့ပေမည့် အမှန်တကယ်လည်း ကုနင်းကိုလွမ်းနေမိလေသည်။ သူတို့နှစ်ဦး ထန်မြို့တွင်လမ်းခွဲသွားသည့်နောက်ပိုင်းတောက်လျှောက် ကုနင်းကို သတိရနေခဲ့မိသည်။ ကုနင်းက ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူသည့်အကြောင်းကိုတော့ ထန်ဟိုင်ဖုန်း သူ့မိသားစုဝင်များအားမပြောပြရသေးပေ။ ရုပ်ရည်သွင်ပြင်ဆင်တူနေသည်ဆိုရုံဖြင့် သူတို့နှစ်ဦးကြား ဆက်နွယ်မှုတစ်ခုခုရှိနေပါသည်ဟု အတိအကျမပြောနိုင်ခြင်းကြောင့်ဖြစ်သည်။
"ဟုတ်ကဲ့ပါ၊ သမီးအားတာနဲ့တန်းလာခဲ့ပါ့မယ်! ဒါပေမယ့် သမီးအတွက်စာအိတ်နီက သေချာပေါက်များနေမှဖြစ်မှာနော်။ သမီးလေယာဉ်လက်မှတ်ခတောင်ပေးဖို့မလောက်တဲ့ပမာဏဆိုရင် စိတ်ဆိုးမိမှာ။" ကုနင်း အလွန်လောဘကြီးနေသည့်ကောင်မလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာပြောလိုက်သည်။
ထန်ဟိုင်ဖုန်းသည်တော့ အရမ်းကိုသဘောတကျဖြင့် ကျယ်လောင်စွာအော်ရယ်လိုက်ပြီး၊
"ဟ-ဟ! စိတ်မပူနဲ့။ အဘိုးမင်းအတွက် စာအိတ်နီအထူကြီးကိုပေးမှာ!"
"အရမ်းကောင်းတာပေါ့၊ ဒါဆိုသမီးလာလည်ဖြစ်တဲ့အချိန်ကျရင် ဖုန်းဆက်လိုက်ပါ့မယ်။"
"မြန်မြန်လာခဲ့နော်၊ ဒီအဘိုးကို အကြာကြီးမစောင့်ခိုင်းနေနဲ့!" ကုနင်းက စာအိတ်နီကိုအများကြီးထည့်ဖို့ပြောသည်က စနောက်ခြင်းသာဖြစ်သော်လည်း ထန်ဟိုင်ဖုန်းကတော့ အတည်မှတ်ယူကာ ကုနင်းအတွက် စာအိတ်နီအထူကြီးပြင်ဆင်ထားပေသည်။
"ဟုတ်ကဲ့ပါ၊ အရမ်းမစောင့်စေရပါဘူး။" ကုနင်းပြန်ဖြေလိုက်ပြီးနောက် ဖုန်းချလိုက်တော့သည်။
ယခုအချိန်က နှစ်သစ်ကူးပွဲတော်အချိန်အခါဖြစ်၍ ထန်မိုသားစုစံအိမ်တွင် မိသားစုဝင်အားလုံး ဆုံစည်းနေကြလေသည်။ အချိန်ပြည့်စာကြည့်ခန်းထဲတွင်သာနေသည့် ထန်ယွင်ဖန်းမှလွဲ၍ အခြားလူအားလုံး ဆရာကြီးထန် ဖုန်းပြောနေသည်ကို သေချာကြားလိုက်ကြရသည်။ ဖုန်းပြောပြီးနောက်တွင်လဲ ဆရာကြီးထန်အလွန်ပျော်ရွှင်နေသည်ကိုမြင်ရ၍ အားလုံး အံ့အားသင့်နေကြကာ ဘာကြောင့်မှန်းတော့စဉ်းစားမရကြပေ။
"အဘိုး၊ ဘယ်ကတည်းက အဘိုးမှာ နောက်ထပ်မြေးမတစ်ယောက်ရှိသွားတာလဲ?" ထန်ကျားခိုင်ကမေးလိုက်လေသည်။ ထန်ကျားခိုင်သည် ထန်မိသားစု၏အကြီးဆုံးမြေးယောကျ်ားလေးတစ်ဦးဖြစ်ကာ သူမိသားစု၏လှပသည့်ပုံပန်းသဏ္ဍာန် အမွေရရှိထားသောကြောင့် အသားအရည်မှာ ချောမွေ့ပြီး ပိန်ပါးကာ ဆွဲဆောင်မှုရှိသည့်ပုံစံမျိုးဖြစ်ပေသည်။ ထိုလူငယ်လေးတွင် သဘာဝအတိုင်းမြင့်မြတ်သည့်အရှိအဝါများလဲ ရှိလို့နေသေးသည်။ ထိုတင်မကဘဲ ထန်ကျားခိုင်၏ပုံစံမှာ ကုနင်းနှင့်အနည်းငယ်ဆင်တူနေသေးကာ မျိုးရိုးဗီဇ၏သက်ရောက်မှူကြောင့်ဖြစ်နိုင်သည်။
"ငါနဲ့သိတဲ့ ကောင်မလေးတစ်ယောက်ပါ။" ကုနင်းအကြောင်းပြောလိုက်သည်နှင့် ဆရာကြီးထန်၏အမူအရာမှာ ဂုဏ်ယူဝံ့ကြွားသည့်ဟန်ပါဖြစ်ပေါ်လာခဲ့သည်။
"ဘာ?" လူတိုင်းထပ်မံအံ့ဩသွားကြရပြန်သည်။ ဆရာကြီးထန် အိမ်မှတစ်ပတ်လောက်ထွက်သွားရုံဖြင့် သူနှင့်တွေ့သည့် သူစိမ်းတစ်ယောက်ကိုတောင် မြေးအဖြစ်တောင်သတ်မှတ်နေပြီလား?
သို့ပေမည့် ထိုအချိန်တွင်ပဲ ဆရာကြီးထန်၏အမူအရာမှာ ဝမ်းနည်းသည့်ဘက်သို့ပြောင်းလဲသွားကာ၊
"ငါထန်မြို့ကိုသွားတုန်းက လေဆိပ်မှာ နှလုံးရောဂါဖောက်ခဲ့သေးတယ်။ အဲ့ဒီမိန်းကလေးကုကပဲ ငါ့အသက်ကိုကယ်ခဲ့ပေးတာ။"
ထန်ဟိုင်ဖုန်းသည် ထိုအဖြစ်အပျက်ကို သူ့မိသားစုဝင်များအားမစိုးရိမ်စေချင်သောကြောင့် ထုတ်မပြောပြခဲ့ခြင်းဖြစ်သည်။
"ဘာ?" ဒီတစ်ခေါက်တော့ လူတိုင်းအလွန်ထိတ်လန့်သွားကြရတော့သည်။
"အဖေ၊ ဘာလို့ဒီအကြောင်း နည်းနည်းလေးတောင်မပြောရတာလဲ?"
"မင်းတို့ကိုမစိုးရိမ်စေချင်လို့ပေါ့။"
"အဖေက အဖေ့ကိုကယ်ခဲ့တဲ့ကောင်မလေးကို ကျွန်တော်တို့အထင်ကြီးသွားစေချင်လို့မပြောသေးတာလို့ပဲထင်တယ်။" ထန်ယွင်ဟန်၏အပြောက တန်းမှန်သွားခဲ့သည်။
ကုနင်းက ဆရာကြီးထန်ကိုကယ်ခဲ့၍ သူ့မိသားစုကလဲ ကုနင်း၏ကြင်နာမှုကို အမှန်တကယ်ခံစားသိရှိနေပေမည့် မြေးအဖြစ်သတ်မှတ်ခြင်းကတော့ အရမ်းမများသွားလွန်းဘူးလား?
ထန်ဟိုင်းဖုန်းလဲ သူတို့စိုးရိမ်နေသည့်အကြောင်းကိုနားလည်သောကြောင့် သက်ပြင်းချလိုက်ကာ၊
"ငါကောင်မလေးကုကို မြေးအဖြစ်သဘောထားလိုက်တာ ငါ့အသက်ကိုကယ်ခဲ့လို့ပဲမဟုတ်ဘူး။ သူက ယွင်ဖန်းနဲ့လည်းအရမ်းတူလွန်းနေလို့။ ငါသာ သူတို့နှစ်ယောက်ကို အဖေနဲ့သမီးပါလို့ပြောလိုက်ရင် ဘယ်သူမှသံသယဝင်ကြမှာကိုမဟုတ်ဘူး။"
"ဘာ?" ထန်မိသားစုဝင်များ ထပ်မံပြီး ပိုလို့ပင်ထိတ်လန့်သွားကြရသည်။
ဆရာကြီးထန်ကပဲဆက်ပြီး၊
"ယွင်ဖန်းက လက်ထပ်ဖို့အမြဲငြင်းနေတယ်ဆိုပေမယ့် အဲ့ဒီကောင်မလေးရဲ့မွေးစားအဖေအဖြစ်သာသဘောတူရင်အရမ်းကောင်းမှာ။ ကောင်မလေးရဲ့ငယ်ဘဝကလဲခက်ခဲခဲ့ပါတယ်။ သူငယ်ငယ်လေးကတည်းက အဖေကပျောက်သွားခဲ့တာ။ ဒါပေမယ့် ကောင်မလေးကတော့ ယွင်ဖန်းရဲ့သဘောကိုအရင်သိချင်သေးတယ်တဲ့။ ငါ့အထင်တော့ ယွင်ဖန်းရဲ့ပုံစံအရသဘောတူလောက်မှာမဟုတ်ဘူး။ ဒါကြောင့်ငါကပဲ သူ့ကိုမြေးအဖြစ်သဘောထားလိုက်တာ။"
"သူက အဘိုးဘယ်သူလဲဆိုတာသိလား?" ထန်ကျားခိုင်ကမေးလိုက်သည်။ ထန်မိသားစုသည် သာမာန်မိသားစုတစ်ခုမဟုတ်သောကြောင့် ကုနင်းက အကြံနှင့်ဝင်ရောခြင်းဖြစ်လောက်သည်ဟု သူသံသယဝင်နေမိသည်။
"အစကတော့မသိပါဘူး။ ဒါပေမယ့် နောက်တော့ငါပဲပြောပြလိုက်ပြီး သူ့ကို ထန်မိသားစုနာမည်လက်အောက်က ဟိုတယ်နှင့် ဈေးဝယ်စင်တာတွေအတွက် အလကားဝယ်ယူတည်းခိုနိုင်တဲ့ကဒ်နှစ်ကဒ်ပေးလိုက်တယ်။"
"သူအဲ့ကဒ်တွေကို လက်ခံလိုက်လား?" ထန်ယွင်ချန်၏ဇနီး ယန်ရှိုးယွီကမေးလိုက်သည်။
ဆရာကြီးထန်လဲ သူတို့စိတ်ထဲမည်သို့တွေးနေလဲသိသောကြောင့် ဆက်ရှင်းပြလိုက်သည်။
"မင်းတို့သူ့ကိုသံသယဝင်နေမယ်ဆိုတာ သိပါတယ်။ သူကအခုမှ၁၈နှစ်ပဲရှိသေးပေမယ့် လုံးဝမရိုးရှင်းဘူး။ သူက ငါ့အသက်ကိုကယ်ခဲ့ရုံတင်မကဘူး၊ ငါ့နှလုံးအခြေအနေတိုးတက်လာအောင် အထူးနည်းလမ်းနဲ့နှိပ်ပေးခဲ့သေးတယ်။ အခုဆို အရင်ကထက်အများကြီး အားအင်တွေပြည့်နေသလိုခံစားရတယ်။ အရင်နေ့က ဆေးစစ်ခဲ့တုန်းကလဲ ဆရာဝန်က ငါ့နှလုံးရောဂါထပ်ဖောက်လာဖို့လုံးဝမဖြစ်နိုင်တော့သလောက်ပဲတဲ့။"
လူတိုင်းမှာ အလွန်ထိတ်လန့်အံ့အားသင့်ကာ မျက်လုံးများပြူးကျယ်ကုန်ကြသည်။ တကယ်ပဲလား? အထူးနည်းလမ်းတစ်ခုနဲ့နှိပ်လိုက်ရုံနဲ့ နှလုံးရောဂါကိုကုသနိုင်တယ်လား? ဒီကောင်မလေးက လူသားတော့ဟုတ်ပါတယ်နော်? အဆင့်မြင့်ဆေးပညာများပင်လျှင် နှလုံးရောဂါကိုကုသဖို့ရန်မဖြစ်နိုင်သေးဘဲ အခြေအနေပိုကောင်းလာစေရန်သာ ထိန်းချုပ်ပေးနိုင်လေသည်။ ကုနင်းသည်ကတော့ နှလုံးရောဂါကိုလုံးဝပျောက်ကင်းသွားစေရန်အတွက် နှိပ်ပေးလိုက်ရုံဖြင့်ရသည်တဲ့လား? တကယ့်ကိုထူးခြားဆန်းကျယ်လွန်းပေသည်။
လူတိုင်းမှာ အစက ကုနင်းသည် ဆရာကြီးထန်နှလုံးရောဂါဖောက်ချိန်တွင် အရေးပေါ်ကုသနည်းဖြင့်ကုသပေးလိုက်ခြင်းသာဖြစ်သည်ဟု တွေးထားမိခဲ့ကြသည်။ ထိုသို့ကုသခြင်းက အလွန်ခက်ခဲလွန်သည်မဟုတ်ပေ။ သို့ပေမည့် ကုနင်းက ဆရာကြီးထန်၏နှလုံးရောဂါကို ကုသပေးခဲ့မှန်းကြားလိုက်ရချိန်တွင်တော့ သူတို့အားလုံးအလွန့်အလွန်ကိုအံ့ဩမိနေကြတော့သည်။
***
အခန်း ၃၇၉
လင်ရှောင်းထင်ကိုသဘောကျလေးစားသည့်အမျိုးသမီးတစ်ဦး
"ပြီးတော့၊" ဆရာကြီးထန်က ဆက်လက်ပြီး
"သူက ထန်မြို့ရဲ့အာဏာရှိတဲ့မိသားစုတစ်ခုလုံးကိုတောင် နင်းချေခဲ့ပြီး ယွမ်ဘီလီယံပေါင်းများစွာတန်တဲ့ ကျောက်စိမ်းတင်သွင်းတဲ့လုပ်ကြီးကြီးတစ်ခုကိုတောင် တည်ထောင်နိုင်ခဲ့တဲ့လူဆိုတော့ ငါတို့ထန်မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို စိတ်မဝင်စားနေဘူး။"
ကုနင်း ဝမ်မိသားစုကိုချေမှုန်းခဲ့သည့်သတင်းသည် အတိအကျမထွက်လာသော်ငြား ဆရာကြီးထန်ကတော့ သူမပါဝင်ပတ်သတ်နေသည်ဟု ယုံကြည်နေလေသည်။ ကုနင်းသည် ကျောက်ရိုင်းတူးဖော်ခွင့်ကိုရရှိသွားကာ အကြီးမားဆုံး ကျောက်ရိုင်းတင်သွင်းမှုလုပ်ငန်းနှင့် Colorfulကျောက်စိမ်းတင်သွင်းမှုလုပ်ငန်းနှစ်ခုလုံးသည်လဲ လူတစ်ဦးတည်းက အုပ်ချုုပ်နေခြင်းကိုပါထည့်တွက်ကြည့်လိုက်လျှင် ကုနင်းက ပိုင်ရှင်ဖြစ်ကြောင်း သက်သေပြနေပြီဖြစ်သည်။ ထိုမျှတင်မကသေး နောင်အနာဂါတ်တွင်လည်း ကုနင်းထိုထက်မကပို၍အောင်မြင်လာလိမ့်မည်ဟု ဆရာကြီးထန် ယုံကြည်ထားသည်။
ထိုမျှအသက်ငယ်ငယ်ကလေးဖြင့် ကုနင်းထိုမျှအောင်မြင်နေသည့်အကြောင်းကိုကြားလိုက်ရ၍ ထန်မိသားစုတစ်ခုလုံး ပြောစရာစကားပင်ပျောက်ရှကာ အလွန်အံ့အားသင့်သွားကြသည်။
ဆရာကြီးထန်က ဆက်ပြီး ကုနင်းအကြောင်းကိုပြောပြနေသည်၊
"ငါထန်မြို့ကပြန်လာတုန်းကလဲ၊ ငါ့ကို ယွမ်သန်းပေါင်းများစွာတန်တဲ့ အဖိုးတန်သဘာဝသန္တာကျောက်နီတွေအများကြီးပေးလိုက်သေးတယ်။ ယွမ်သန်းကျော်ဆိုတာ ပြောပလောက်တဲ့ပမာဏတော့မဟုတ်ပေမယ့် သဘာဝသန္တာကျောက်နီဆိုတာ တွေ့ဖို့အရမ်းရှားတယ်လေ!"
ထန်မိသားစုဝင်များမှာ ပိုလို့ပင်အံ့အားသင့်သွားကာကာ ကုနင်းကို သံသယဝင်မိကြသည့်အတွက်လဲ ရှက်ရွံ့မိသွားကြသည်။ သို့ပေမည့် ဆရာကြီးထန် အခုလိုမပြောပြရသေးခင်အထိ ကုနင်း၏အောင်မြင်မှုများကို သူတို့မှမသိနိုင်ခဲ့ကြဘဲ။ ထို့အပြင် အခုခတ်တွင် လိမ်လည်ဖို့ကြိုးစားနေကြသည့်လူကလဲ အလွန်များပြားလာသောကြောင့် သူတို့အနေဖြင့်လဲ ဂရုစိုက်ဖို့ရန်လိုအပ်လေသည်။
"ဝိုး၊ ကျွန်တော်တော့ သူ့အကြောင်းအရမ်းသိချင်နေပြီ။ အဘိုး၊ သူဘယ်တော့ Bမြို့ကိုလာလည်မှာလဲ?" ထန်ကျားခိုင်က စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။
ထန်ယွင်ဟန်နှင့် ယန်ရှိုးယွီသည်လဲ ကုနင်းကိုအတော်လေးအထင်ကြီးနေမိကြပေပြီ။ သူတို့လဲ ကုနင်းနှင့်မြန်မြန်လူချင်းတွေ့ချင်လာကြသည်။ သူတို့သည် တစ်ကိုယ်ကောင်းဆန်ကာ မောက်မာသည့်လူမျိုးများဟုတ်သောကြောင့် ကုနင်းချမ်းသာသည်ကြောင့်မဟုတ်ဘဲ သူမ၏ထူးချွန်ပြောင်မြောက်လှသည့်အရည်အချင်းများကြောင့် သူမကို လေးစားသဘောကျနေမိသည်။ ကုနင်းမည်မျှပင်ချမ်းသာပါစေရန် ထန်မိသားစုကိုတော့ ဘယ်လိုမှယှဉ်နိုင်မည်မဟုတ်ပေ။
"သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေပြီးသွားရန်လာလိမ့်မယ်။" ဆရာကြီးထန်သည်လဲ ကုနင်းကို မြန်မြန်ဆန်ဆန်တွေ့မြင်လိုနေပေပြီ။
"အကြာကြီးစောင့်ရဦးမှာပေါ့!" ထန်ကျားခိုင်အနည်းငယ်စိတ်ပျက်သွားရသည်။
..........
ဆရာကြီးထန်နှင့်ဖုန်းဆက်ပြီးသွားသည့်နောက်တွင်တော့ ကုနင်း ဆရာကြီးပိုင်၊ ဆရာကြီးယန်နှင့် ဆရာကြီးဖူတို့ကိုလဲ ဖုန်းဆက်ကာ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလေသည်။
......
မြို့တော်ရှိ၊ လင်မိသားစုအိမ်၌....
မနက်ပိုင်းတွင် လင်မိသားစုအိမ်သို့ ဧည့်သည်များလာရောက်လည်ပတ်ကြကာ ထိုထဲတွင် သက်လတ်ပိုင်းအရွယ်လင်မယားနှင့် အသက်၂၃နှစ်လောက်ရှိသည့် မိန်းကလေးတစ်ဦးပါဝင်လေသည်။
"အားလုံးပဲ၊ ပျော်ရွှင်စရာနှစ်သစ်ပါ၊" သက်လတ်ပိုင်းအရွယ်လင်မယားက ယဉ်ယဉ်ကျေးကျေးဖြင့်ပြုံးကာနှုတ်ဆက်လိုက်ပြီး အိမ်ထဲသို့ဝင်လာခဲ့ကြသည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ၊ လင်ဘိုးဘိုး၊ လင်ဦးလေး၊ လင်အဒေါ်။" နောက်မှမိန်းကလေးကလဲ လေးစားမှုအပြည့်ဖြင့်နှုတ်ဆက်ခဲ့သည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသည်တော့ ရှန်းယန်ဖုန့်ဖြစ်ကာ ဆရာကြီးလင်၏ကွယ်လွန်ပြီးသော ဇနီးနှင့်ဝမ်းကွဲတော်သည့်ဆက်ဆံရေးဖြစ်လေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည်တော့ ရှန်းယန်ဖုန့်၏ဇနီး ချန်ချိုးယင်းဖြစ်ကာ မိန်းကလေးသည်က သူတို့နှစ်ဦး၏သမီး ရှန်းကျီလင်းဖြစ်သည်။ ရှန်မိသားစုသည် မြို့တော်တွင် အာဏာရှိသည့်မိသားစုတစ်ခုမဟုတ်သော်လည်း အလွန်ချမ်းသာကာ အတိုင်းအတာတစ်ခုအထိတော့ ကျော်ကြားလေသည်။ ထိုသို့ကျော်ကြားခြင်းကလဲ လင်မိသားစုနှင့်ဆက်ဆံရေးရှိနေခြင်းကြောင့်နှင့် အဓိကသက်ဆိုင်လေသည်။
ဆရာကြီးလင်သည် ဇနီးဖြစ်သူကို အလွန်ချစ်မြတ်နိုးသောကြောင့် သူမမိသားစုဖြစ်သည့် ရှန်းမိသားစုကိုလည်း သေချာဂရုစိုက်ပေးလေသည်။
ဆရာကြီးလင်ကပြုံးလိုက်ကာ၊
"ပျော်စရာနှစ်သစ်ပါ! မင်းတို့ဒီလောက်လက်ဆောင်တွေအများကြီးယူလာဖို့မလိုပါဘူး။"
ရှန်းယန်ဖုန့်က သူ့ခေါင်းကိုအနည်းငယ်ညွတ်ကိုင်းလိုက်ကာ လေးစားမှုအပြည့်ဖြင့်၊
"အခုလိုလာလည်မှတော့ သေချာပေါက်ယူလာသင့်တာပေါ့! လက်ဗလာနဲ့တော့ မလာနိုင်ဘူးလေ။"
ဆရာကြီးလင်ပြုံးရုံသာပြုံးလိုက်ကာ ဆက်ပြီးမပြောနေတော့ပေ။ ထိုကြောင့် လင်ယွမ်ချန်ကပဲ၊
"အားလုံးပဲ ထိုင်ကြပါ။"
ထို့နောက် ယွီယင်က အိမ်အကူများအား ရှန်းယန်ဖုန့်နှင့် ချန်ချိုးယွီတို့လက်ထဲမှအထုတ်အပိုးများကို ကူညီသယ်စေလိုက်ကာ သူတို့အတွက် လက်ဖက်ရည်နှစ်ခွက်ထည့်ပေးလိုက်သည်။
ရှန်းယန်ဖုန့် ခုံတွင်ထိုင်လိုက်ပြီးနောက် အနားတစ်ဝိုက်သို့ ကြည့်လိုက်ကာ၊
"ဒါနဲ့ ကလေးတွေရောဘယ်ရောက်နေကြလဲ?"
"ရှောက်မင်ကတော့ သူ့အခန်းထဲမှာ၊ ရှောက်ကျားကလဲ သူ့ဒီဇိုင်းဆွဲတာနဲ့ပဲအလုပ်ရှုပ်နေတယ်လေ၊ ရှောက်ရွှမ်း၊ ရှောက်ရှီနဲ့ ရှောင်းထင်တို့ကတော့ ခြံနောက်ဘက်ထဲမှာ။" လင်ယွမ်ကျန်းကပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်လဲ အိမ်တွင်ရှိနေကြောင်းကြားလိုက်ရတော့ ရှန်းကျီလင်း၏မျက်ဝန်းများ စိတ်လှုပ်တရှားဖြင့် လင်းလက်သွားတော့သည်။ သူမ လင်ရှောင်းထင်အပေါ် မည်သို့သောခံစားချက်မျိုးထားရှိနေကြောင်း ပေါ်လွင်အောင် အတတ်နိုင်ဆုံးဖုံးကွယ်နေသော်လည်း သူမမျက်နှာအမူအရာကတော့ သိသာနေစဲပင်။
တကယ်တော့၊ ရှန်းကျီလင်း ဘယ်လောက်တောင်မှ လင်ရှောင်းထင်ကို သဘောကျလေးစားမှန်း အားလုံးသိထားကြပြီးဖြစ်ပေသည်။ အစတုန်းကတော့ ဆရာကြီးလင်သည်လဲ ရည်ရွယ်ချက်ရှိရှိဖြင့် လင်ရှောင်းထင်ကို သူမနှင့်မိတ်ဆက်ပေးလေသည်။ ရှန်းမိသားစုသည် လင်မိသားစုအတွက်ဆွေမျိုးနီးစပ်လည်းဖြစ်ပြီး ရှန်းကျီလင်းသည်လဲ လှပသည့်မိန်းမကောင်းလေးဖြစ်ပေသည်။ သို့ပေမည့် မမျှော်လင့်ထားစွာဘဲ လင်ရှောင်းထင်သည် သူမကိုလုံးဝမကြိုက်သောကြောင့် အဆုံးတွင်တော့ ဆရာကြီးလင်လက်လျှော့လိုက်ရတော့သည်။
သို့ပေမည့် ရှန်းမိသားစုသည်တော့ လင်မိသားစုနှင့် ပိုနီးကပ်သည့်ဆက်ဆံရေးရှိလာနိုင်မည့် မည်သို့သောအခွင့်အရေးကိုမျှ လက်လွှတ်မခံကြပေ။ ထို့ကြောင့်၊ ချန်းချိုးယင်းက၊
"ကျီလင်း၊ လူငယ်တွေနဲ့ဘာလို့သွားမနေတာလဲ? အမေတို့နဲ့ပဲဒီမှာဆက်နေရင် ပျင်းသွားလိမ့်မယ်။" သို့ပေမယ့် ထိုစကားသည် အကြောင်းပြချက်တစ်ခုမျှသာ။
ရှန်းမိသားစုသည် ရှန်းကျီလင်းအား လင်မိသားစုနှင့်လက်ထပ်စေလိုသည်။ ရှန်းကျီလင်းက လင်ရှောင်းထင်ကို သဘောကျလေးစား၍ကြောင့်သာမဟုတ်ဘဲ သူတို့ကလဲ လင်မိသားစုနှင့်ပို၍နီးကပ်ချင်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ထပ်ကာ လင်မိသားစုထဲဝင်ရောက်ဖို့ရန်က သူတို့ရည်မှန်းချက်အောင်မြင်ဖို့ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တော့သည်။
တကယ်တမ်းလက်ထပ်မည်ဆိုလျှင် လင်ရှောက်မင်းသည် လင်ရှောင်းထင်ထက်ပို၍ ကောင်းသည့်ရွေးချယ်မှုဖြစ်လေသည်။ အကြောင်းသည်က လင်ရှောက်မင်ကို ချဉ်းကပ်ရန်ကပို၍လွယ်ကူပြီး လင်ရှောင်းထင်သည်က အမြဲတမ်းအေးစက်ကာ တစ်သီးတစ်ခြားနေတက်ခြင်းကြောင့်ပင်၊ သို့ပေမည့် ရှန်းကျီလင်းက လင်ရှောင်းထင်တစ်ဦးတည်းကိုသာ သဘောကျလေးစားခြင်းကြောင့် သူမမိဘများသည်လဲ သူမ၏ခံစားချက်အတိုင်းသာလွှတ်ထားပေးခဲ့သည်။ ဘယ်သူပဲနေနေ၊ လင်မိသားစု၏အမျိုးသားဖြစ်နေသ၍ သူတို့အတွက်စိတ်ကျေနပ်စေပေသည်။
"အမ်၊ ဒါဆို သမီး ရှောက်ရှီတို့နားသွားနေလို့ရမလား?" ရှန်းကျီလင် လူကြီးများအား ယဉ်ကျေးစွာဖြင့် ခွင့်တောင်းလိုက်သည်။
"ပျော်သလိုသာနေပါ!" ဆရာကြီးလင်သည်လဲ သူတို့စိတ်ထဲမှအတွေးများကိုနားလည်ပေမည့် သူတို့က လင်ရှောက်ရှီနှင့် အကြောင်းပြချက်ပေးနေခြင်းဖြစ်၍ မတားဆီးနိုင်ပေ။ သို့ပေမည့် သူတို့ဘယ်လိုပဲကြိုးစားကြိုးစား ရလဒ်ကတော့ပြောင်းလဲသွားမည်မဟုတ်ပေ။ လင်ရှောင်းထင်သည် ရှန်းကျီလင်းကိုလုံးဝဂရုမစိုက်သလို အခုလဲ လင်ရှောင်းထင်တွင် ချစ်သူရှိသွားပြီဖြစ်သောကြောင့် ဆရာကြီးလင် ထိုကိစ္စအတွက်သိပ်စိတ်ပူမနေတော့ပေ။
ရှန်းကျီလင်း ခြံနောက်သို့ရောက်သည်နှင့် လင်ရှောက်ရွှမ်း၊ လင်ရှောက်ရှီနှင့် လင်ရှောင်းထင်တို့အားတွေ့သွားခဲ့သည်။ လင်ရှောင်းထင်က လင်ရှောက်ရွှမ်းကို သိုင်းပညာသင်ပေးနေခြင်းဖြစ်ပြီး လင်ရှောက်ရှီသည်တော့ အနားရှိဒန်းတစ်ခုကနေပြီး သူတို့ကိုကြည့်နေလေသည်။
လင်ရှောင်းထင်၏အလွန်အမင်း ချောမောခန့်ညားနေမှုကိုမြင်လိုက်ရသည်နှင့် ရှန်းကျီလင်း၏နှလုံးခုန်နှုန်းများ ချက်ချင်းပင် မြန်ဆန်လာခဲ့ကာ မျက်ဝန်းများသည်လဲ လင်ရှောင်းထင်အား သဘောကျလေးစားသည့်အငွေ့အသက်များဖြင့်ပြည့်နှက်သွားတော့သည်။ လင်ရှောင်းထင်သည် အမြဲတမ်းအေးစက်စက်စရိုက်ရှိကာ အခြားလူများနှင့်လဲ ခပ်ခွာခွာနေတတ်ကြောင်းသူမသိထားပြီးဖြစ်သည်။ လင်ရှောင်းထင်သည် ဘယ်တုန်းကမှ သူမကိုဂရုစိုက်ခြင်းမရှိသော်လည်း သူမကတော့ လင်ရှောင်းထင်ကို နှစ်သက်သည့်စိတ်ကိုမတားဆီးနိုင်ခဲ့ပေ။
"ကျီလင်း! ဒီကိုလာထိုင်လေ!" ရှန်းကျီလင်းကိုမြင်လိုက်သည်နှင့် လင်ရှောက်ရှီ ဝမ်းသာအားရနှင့်ခေါ်လိုက်သည်။
လူငယ်မျိုးဆက်များတွင် လင်ရှောက်ရှီတစ်ဦးတည်းကသာ ရှန်းကျီလင်းနှင့်ရင်းနှီးခြင်းဖြစ်ပြီး လင်ရှောက်ကျားသည်ကတော့ မာနကြီးလွန်းသောကြောင့် ရှန်းကျီလင်းကလဲ သူမကိုသဘောမကျပေ။
လင်ရှောက်ရှီ၏အသံကိုကြားတော့မှ ရှန်းကျီလင်း လင်ရှောင်းထင်ကိုကြည့်နေသည့်အကြည့်များကိုပြန်ရုတ်သိမ်းလိုက်ကာ လင်ရှောက်ရှီထံသို့လျှောက်သွားလိုက်သည်၊
"ရှောက်ရှီ၊ ပျော်စရာနှစ်သစ်ပါ!"
"အင်း၊ ပျော်စရာနှစ်သစ်ပါ!" လင်ရှောက်ရှီပြန်လည်နှုတ်ဆက်ရင်း ရှန်းကျီလင်းထိုင်နိုင်ဖို့ရန်အတွက် နေရာအနည်းငယ်ရွှေ့ပေးလိုက်သည်။
"ရှောက်ရှီ၊ ရှောင်းထင်ဘယ်တုန်းကပြန်ရောက်နေတာလဲ?" ရှန်းကျီလင်း ပုံမှန်လိုစကားစမြည်ပြောသည့်ဟန်ဆောင်ကာ မေးလိုက်သည်။
"မနေ့ နေ့လည်တုန်းကပဲ၊"
"ဒါဆို၊ ဘယ်အချိန်ပြန်မှာလဲ?"
"မသိသေးဘူး။" လင်ရှောက်ရှီသည် ရှန်းကျီလင်းက လင်ရှောင်းထင်ကို နှစ်သက်လေးစားနေကြောင်းမသိ၍ ရှန်းကျီလင်းမေးသမျှကို သိပ်စဉ်းစားမနေဘဲ အကုန်ပြန်ဖြေပေးနေသည်။
လင်ရှောင်းထင်က လင်ရှောက်ရွှမ်းအားသိုင်းသင်ပေးနေခြင်းဖြစ်၍ သွားရောက်နှောက်ယှက်လျှင်ကာ ရိုင်းရာကျပေလိမ့်မည်။
မကြာခင်မှာပဲ လင်ရှောင်းထင်၏သင်ခန်းစာပြီးသွားခဲ့ကာ ရှန်းကျီလင်းလဲ ချက်ချင်းသူ့အနားသို့သွားလိုက်ပြီး၊
"ပျော်ရွှင်စရာနှစ်သစ်ပါ၊ ရှောင်းထင်!"
***
အခန်း ၃၈၀
လင်ရှောင်းထင်မှာ ချစ်သူရှိနေပြီလား?
သို့ပေမည့် လင်ရှောင်းထင်သည်တော့ သာမာန်ဆန်ဆန်ပဲပြန်လည်ဖြေကာ အိမ်ထဲသို့ဝင်သွားတော့သည်။
အခုလိုမျိုး ရှန်းကျီလင်းအား လင်ရှောင်းထင်လျစ်လျူရှုခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ ရှန်းကျီလင်းထိုအတွက်ကြောင့် ဝမ်းနည်းမိသော်လည်း နေသားကျနေခဲ့ပြီဖြစ်သည်။ သူမ၏နေရခက်မှုကိုဖြေဖျောက်ရန်အတွက် လင်ရှောက်ရွှမ်းဘက်သို့လှည့်ကာ၊
"ရှောက်ရွှမ်း၊ ပျော်စရာနှစ်သစ်ပါ၊"
"အင်း၊ပျော်စရာနှစ်သစ်ပါ။" လင်ရှောက်ရွှမ်းက ယဉ်ယဉ်ကျေးကျေးသာပြန်ဖြေလိုက်သည်။ သူသည်တော့ လင်ရှောင်းထင်ကဲ့သို့အေးစက်သည့်စရိုက်မျိုးမဟုတ်ပေ။
နေ့လည်စာစားချိန်ရောက်သည့်အခါမှာတော့ လူတိုင်း ရှေ့ဧည့်ခန်းမထဲသို့ပြန်လာခဲ့သည်။ ဧည့်ခန်းမထဲတွင်တော့ လင်ရှောက်ကျားနှင့် လင်ရှောက်မင်သည်လဲ အပေါ်ထပ်မှဆင်းလာကြပြီးပြီဖြစ်သည်။,
"ပျော်စရာနှစ်သစ်ပါ၊ ဦးလေးရှန်း၊ အဒေါ်ရှန်း၊"
"ပျော်စရာနှစ်သစ်ဖြစ်ကြပါစေ။" ရှန်းယန်ဖုန့်နှင့် ချန်ချိုးယင်းတို့လဲ ပြန်လည်ဆုတောင်းပေးလိုက်သည်။ ထို့နောက် ရှန်းယန်ဖုန့်က၊
"ငါမင်းတို့ကို မတွေ့ရတာတောင်တော်တော်ကြာနေပြီ။ ရှောက်ရွှမ်းတောင် ပိုအရပ်ရှည်ပြီး ချောလာပါ့လား! ရှောက်ရှီလဲအရမ်းလှလာတယ်!"
ထိုစကားများက သာမာန်နှုတ်ဆက်ခြင်းသဘောမျိုးသာဖြစ်သော်လည်း လင်ရှောက်ရွှမ်းနှင့်လင်ရှောက်ရှီတို့ ကျေးဇူးတင်စကားပြောလိုက်ကြသည်၊
"ကျေးဇူးပါ၊ ဦးလေးရှန်း။"
"အိုး၊ ရှောင်းထင်ဘယ်ရောက်သွားလဲ?" ဆရာကြီးလင်မေးလိုက်သည်။
ထိုအခါလင်ရှောက်ရွှမ်းက၊
"သူအခန်းပြန်ပြီး အဝတ်အစားလဲနေတယ်။"
မကြာခင်တွင်ပဲ လင်ရှောင်းထင်ပြန်ထွက်လာခဲ့သည်။ လင်ရှောင်းထင်ထွက်ပေါ်လာသည်နှင့် ရှန်းယန်ဖုန့်သည်ပင် သူ့ထံမှအကြည့်မလွှဲနိုင်တော့ပေ။ ရှန်းယန်ဖုန့်နှင့်ချန်ချိုးယင်းတို့တောင်မှ လင်ရှောင်းထင်ကို အလွန်နှစ်သက်သဘောကျကြလေသည်။ အကယ်၍ လင်ရှောင်းထင်သာ သူတို့သမီးနှင့်လက်ထပ်ခဲ့လျှင် ဘယ်လောက်များဝမ်းသာစရာကောင်းလိုက်လိမ့်မလဲ။
"ရှောင်းထင်က တကယ်ကိုထူးချွန်တဲ့လူငယ်ပဲ။ ဒီလောက်အသက်ကလေးနဲ့တောင် ဗိုလ်ချုပ်ကြီးဖြစ်နေပြီ။ သူ့ကိုလက်ထပ်ခွင့်ရတဲ့မိန်းကလေးကတော့ အရမ်းကိုကံကောင်းတာပဲ!" ရှန်းယန်ဖုန့် ချီးမွမ်းလိုက်သည်။ သို့ပေမည့် အခုလိုမျိုး လင်ရှောင်းထင်ကို ချီးမွမ်းလိုက်ခြင်းက လင်ရှောက်မင်သည်တော့ အလုံအလောက်မထူးချွန်သေးဘူးဟုပြောလိုက်သလိုပင်။ လင်ရှောက်မင်သည်လဲ သူ့ရွယ်တူတန်းတူများကြားတွင် အတော်အသင့်ထူးချွန်သည့်လူငယ်တစ်ဦးဖြစ်သော်လည်း လင်ရှောင်းထင်ကိုယှဉ်နိုင်ဖို့ရန်ကတော့ ခက်ခဲလွန်းပေသည်။ ထို့ကြောင့် လင်ရှောက်မင်တို့မိသားစုတစ်ခုလုံး မကျေမနပ်ဖြစ်သွားကြသော်လည်း ထိုစကားသည်အမှန်တရားသာဖြစ်သောကြောင့် ပြန်မပြောနိုင်ခဲ့ပေ။
"ဒါနဲ့စကားမစပ်၊ ရှောင်းထင်၊ မင်းမှာ ချစ်သူရှိနေပြီလား?" ရှန်းယန်ဖုန့် လင်ရှောင်းထင်အားမေးလိုက်သည်။
"ရှိနေပါပြီ။" လင်ရှောင်းထင် ချက်ချင်းပင်ပြန်ဖြေလိုက်သည်။ ရှန်းမိသားစုစိတ်ထဲသူ့ကိုဘယ်လိုတွေးနေမှန်းနားလည်ထားသောကြောင့် သူတို့အကြံအစည်များကိုလက်လျှော့သွားစေရန်အတွက် ထိုအကြောင်းကိုလျှို့ဝှက်မထားတော့ဖို့ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သို့ပေမည့် လင်ရှောင်းထင်၏ရိုးရှင်းလှသည့် အဖြေစကားလေးတစ်ခုကပင် ထိုင်နေသည့်လူအားလုံးကို ကြီးကြီးမားမားလှုပ်ခတ်သွားစေခဲ့သည်။ ဆရာကြီးလင်မှလွဲကာ လူတိုင်းထိတ်လန့်ကာမျက်ပြူးဆံပြာဖြစ်ကုန်ကြတော့သည်။
"ဘာ? တကယ်ပြောနေတာလား?" လင်ရှောက်ရွှင်းမှာ သူ့နားကိုပင်သူမယုံနိုင်တော့ပေ။
"အင်း။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ ကုနင်းအကြောင်းတွေးမိသွားသည်နှင့် လင်ရှောင်းထင်၏ပုံစံမှာပို၍နူးညံသွားကာ အမူအရာတွင်လဲချစ်ခြင်းများဖြင့်ပြည့်လျှမ်းလာတော့သည်။ လင်မိသားစုတစ်ခုလုံးသည်တော့ လင်ရှောင်းထင်၏ယခုလိုပုံစံမျိုးကိုမြင်တွေ့ဖူးရလိမ့်မည်ဟု ဘယ်သူမှမတွေးကြည့်ဖူးကြသောကြောင့် အလွန်အံ့အားသင့်နေကြတော့သည်။
ထိတ်လန့်တုန်လှုပ်မှုကြီးအပြီးတွင်တော့ ရှန်းမိသားစုဝင်အားလုံးစိတ်ပျက်သွားကြသော်လည်း လက်လျှော့သွားခြင်းတော့မဟုတ်ပေ။ လင်ရှောင်းထင် လက်မထပ်ရသေးသ၍ ရှန်းကျီလင်းအတွက် မျှော်လင့်ချက်ရှိနေပေသေးသည်။ ထို့အပြင် လင်ရှောင်းထင်တွင် ချစ်သူကောင်မလေးရှိနေခြင်းဖြစ်သည်ဆိုတော့ သူကအခြောက်မဟုတ်ဘူးပဲ!
ရှန်ယန်ဖုန့်က ဟန်ဆောင်ပန်ဆောင်ဖြင့်၊
"ဟ-ဟ၊ ရှောင်းထင်မှာ ချစ်သူရှိနေပြီမှန်း လုံးဝမသိခဲ့ဘူး၊ ကောင်မလေးကဘယ်သူများလဲ?"
"ကျွန်တော်ချစ်တဲ့တစ်ယောက်ယောက်ပေါ့။" လင်ရှောင်းထင်မှာ သူ့ကောင်မလေး၏နောက်ခံအသိုင်းအဝိုင်းအကြောင်းကိုလုံးဝမဖော်ထုတ်ခဲ့ပေ။ တစ်နည်းပြောရလျှင်တော့ သူသာ သူမကိုချစ်နေသ၍ နောက်ခံမိသားစုအခြေအနေကိုလုံးဝဂရုစိုက်နေမည်မဟုတ်ပေ။
လင်ရှောင်းထင်၏ချစ်သူကောင်မလေးသည် အင်အားကြီးမိသားစုကမဟုတ်မှန်းကြားလိုက်ရချိန်တွင်တော့ လင်ရှောင်းထင်တွင် နောက်ထပ်ထောက်ခံပေးမည့်အင်အားမရှိနိုင်တော့မှန်းသိလိုက်ရ၍ ကျန်သည့်လင်မိသားစုဝင်အားလုံးစိတ်အေးသွားကြတော့သည်။ သို့ပေမည့် သူတို့မသိလိုက်သည်က လင်ရှောင်းထင်၏ချစ်သူကောင်မလေးသည် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေခြင်းကိုပင်။ ထို့အပြင် နောင်အနာဂါတ်တွင်လဲ မြို့တော်ရှိ အခြားသောချမ်းသာသည့်မိသားစုများထက်ပို၍ အင်အားကြီးကာ အာဏာကြီးလာပေလိမ့်မည်။
ဆရာကြီးလင်က ရယ်မောလိုက်ကာ၊
"ငါတို့က နောက်ခံမိသားစုဆိုတာကို ဘယ်တုန်းကမှဂရုမစိုက်ခဲ့ဘူးလေ။ ရှောင်းထင်ပျော်ရွှင်နေသ၍ ငါကထောက်ခံပေးသွားမှာ!"
ရှန်းမိသားစုသည်လဲ တုံးအသူများမဟုတ်၍ ချက်ချင်းပင် စကားလမ်းကြောင်းကိုလွှဲလိုက်တော့သည်။
မကြာခင်တွင်ပဲ စားပွဲထက်တွင် ဟင်းပွဲမျိုးစုံတည်ခင်းပြီးသွားပြီဖြစ်သောကြောင့် သူတို့အားလုံးထမင်းစားခန်းထဲသို့ ရွှေ့သွားကြတော့သည်။ ရှန်းကျီလင်းသည်တော့ လင်ရှောင်းထင်တွင် ချစ်သူရှိနေပြီမှန်းကြားလိုက်ရ၍ ထမင်းစားချင်စိတ်ပင်ပျောက်ဆုံးလို့သွားခဲ့သည်။ နေ့လည်စာစားပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် ချက်ချင်းပြန်ထွက်သွားတော့သည်။ ရှန်းကျီလင်းမှာ ဝမ်းနည်းမိသော်လည်း ဘာမှတော့မလုပ်နိုင်ခဲ့ပေ။ သူမသာ လင်ရှောင်းထင်တွင်ချစ်သူရှိပြီးသားမှန်းသိနေတာတောင်မှ ဆက်ပြီးချဉ်းကပ်နေမည်ဆိုလျှင် သူမအမှားသာဖြစ်ပေတော့မည်။
.........
ထိုအချိန် Fမြို့၌၊
ဝူလျန်ချင်းသည် နှစ်သစ်ကူးအကြိုပွဲပြီးကတည်းက ရဲများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူလုပ်ထားသမျှ မကောင်းမှုကိစ္စများသည်လဲ ဖော်ထုတ်ခံလိုက်ရသောကြောင့် Fမြို့သူမြို့သားများအားလုံး ထိတ်လန့်သွားကြရတော့သည်။
နှစ်သစ်ကူးပွဲတော်ကြောင့်သာ ဝူလျန်ချင်းကို စီစဉ်ထားသည်ထက်တစ်ရက်နောက်ကျပြီးမှဖမ်းခဲ့ရခြင်းဖြစ်သည်။ သို့ပေမည့် နှစ်သစ်ကူးပွဲတော်ဆင်နွှဲပြီးသွားသည်နှင့် ချက်ချင်းပင် အဖမ်းခံခဲ့ရတော့သည်။ ဝူလျန်ချင်းသည် အနည်းဆုံးထောင်ဒဏ်၁၀နှစ်ချမှတ်ခံခဲ့ရလေသည်။
ဝူလျန်ချင်း ထောင်ထဲရောက်သွားသည်နှင့် ကုနင်း ထျန်းဟွာအိမ်ခြံမြေလုပ်ငန်းကို မနှောက်ယှက်တော့ပေ။ ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ ဝူလျန်ချင်းနှင့်သာသက်ဆိုင်ပေသည်။
ယနေ့တွင်ပဲ ကုနင်းနောက်ထပ်သတင်းကိုလဲ ကြားခဲ့သေးသည်။ အန်းယီက WeChatမှနေပြီး သူတို့မိသားစုပိုင်ငွေများကိုခိုးယူသွားခဲ့သည့် စုံတွဲကိုဖမ်းမိသွားပြီဖြစ်ပေမည့် ငွေတွေကိုက သုံးစွဲပြီးပြီဖြစ်သောကြောင့် ပြန်လည်မရရှိနိုင်တော့ကြောင့် ပြောပြခဲ့သည်။ ကုနင်းသည်လဲ အန်းကွမ်းယောင်အတွက်အလွန်စိတ်မကောင်းဖြစ်မိပေသည်။ ကံကောင်း၍သာ အန်းကွမ်းယောင်သည် ကုနင်းနှင့်အလုပ်တွဲလုပ်နိုင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့်ဘဝကိုပိုင်ဆိုင်းထားလို့နေပြီဖြစ်သည်။
နေ့လည်ပိုင်းတွင်တော့ ကျန်းကျုံးယွီနှင့်ဆရာကြီးရှုတို့ ဆရာကြီးလင်ထံအလည်လာခဲ့ကြသည်။
"ရှောင်းထင်ဘယ်မှာလဲ?" ကျန်းကျုံးယွီမေးလိုက်ခြင်းဖြစ်သည်။ လင်ရှောင်းထင် နှစ်သစ်ကူးပွဲတော်အတွက်ပြန်လာမှန်းသိပေမည့် ဘယ်တုန်းကမှသူနှင့်မဆုံတွေ့ခဲ့ပေ။
"ပြန်သွားပြီလေ။"
"ဘာ? အခုမှနွေဦးပွဲတော်အတွင်းပဲရှိသေးတာလေ၊ ကျင်းချန်တောင်မှာ အိမ်မှာရှိသေးတယ်!" ဆရာကြီးရှုအံ့ဩသွားရသည်။
"သူ့ကောင်မလေးကိုတွေ့ဖို့ အလျင်လိုနေတာနေမှာပေါ့။" ဆရာကြီးလင်ပြန်ဖြေလိုက်သည်။ လင်ရှောင်းထင်က သူနှင့်ကြာကြာမနေဘူးဆိုသော်လည်း သူ့မြေးလက်ထပ်သွားဖို့ရန်က ပို၍အရေးကြီးသည်ဟုတွေးမိလေသည်။
"ဟ-ဟ၊ ကြည့်ရတာ အဘိုးထက် ကောင်မလေးကပိုပြီးအရေးကြီးနေပုံပဲ!" ဆရာကြီးကျန်းစနောက်လိုက်သည်။
"သူ့ကောင်မလေးကိုဂရုစိုက်နေတာမြင်ရတာပိုပြီးပျော်ပါတယ်။ ဒီလိုဆို သူ့လက်ထပ်ပွဲအတွက် ငါထပ်ပြီးစိုးရိမ်ပူပန်နေစရာမလိုတော့ဘူး။"
"ဟ-ဟ၊ ဟုတ်တာပေါ့။" ဆရာကြီးရှုရော ဆရာကြီးကျန်းပါ သဘောတူကာ ရယ်လိုမိကြသည်။
"ရှောင်းထင်ရဲ့ကောင်မလေးအကြောင်းပြောမှ၊ သူကငါတို့မိသားစု၏ကယ်တင်ရှင်နော်!" ဆရာကြီးကျန်းပြောလိုက်သည်။
"ကယ်တင်ရှင်? ဘာကိုဆိုလိုတာလဲ?" ထိုစကားကိုကြားလိုက်ရတော့ ဆရာကြီးလင်ရော ဆရာကြီးရှုပါ နားမလည်နိုင်ဖြစ်သွားကြရသည်။
"မင်းဒီအကြောင်းမသိသေးဘူးလား?" ဆရာကြီးကျန်းလဲအံ့ဩသွားရလေသည်။ သူက ဆရာကြီးလင်တော့သိထားပြီးလောက်ပြီဟု ထင်မိထားခြင်းပင်။
"ဘာဖြစ်လို့လဲ၊အဘိုးကျန်း? ရှောင်းထင်၏ကောင်မလေးက ဘယ်လိုလုပ် အဘိုးတို့မိသားစုရဲ့ကယ်တင်ရှင်ဖြစ်သွားတာလဲ?" လင်ရှောက်ရွှမ်း သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။