အခန်း (၃၉၁-၃၉၅)
Vol. 27 Ch. 391-395
အခန်း ၃၉၁
ဘဝအမှန်ကိုထုတ်ဖော်ပြခြင်း
တကယ်တော့ ချင်ဟောက်ကျန်းသည် အစကတည်းကကုနင်းကိုကူညီပေးချင်နေပေမည့် သူ့အနေဖြင့် ကုနင်းအကြောင်းအစစ်အမှန်ကိုထုတ်ပြောသင့်ရဲ့လားဆိုသည်ကို မသေချာခြင်းကြောင့်ပင်။ သူကတော့ယုံကြည်သည်ဆိုသော်လည်း အခြားသူများအတွက်ကတော့သက်သေမရှိနေပေ။
ချင်ဟောက်ကျန်း၏ထောက်ခံမှုကိုပါကြားလိုက်ရတော့ ထိုအကြောင်းကိုမသိထားသည့်လူတိုင်း ထိတ်လန့်အံ့ဩသွားကြတော့သည်။ အနည်းဆုံးယွမ်၅သန်းတောင်တန်တဲ့ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုတဲ့လား? ဒီမိန်းကလေးက တကယ်ပဲချမ်းသာတာလား? လူတိုင်း၏စိတ်ထဲတွင် ထိုမေးခွန်းများဖြင့်သာပြည့်နှက်နေတော့သည်။
"ငါလဲ ကောင်မလေးကုကို ရှေးဟောင်းလမ်းမှာတွေ့ခဲ့သေးတယ်၊ ပြီးတော့ သူကယွမ်၁.၅သန်းတန်တဲ့ရှေးဟောင်းပန်းကန်ပြားတစ်ချပ်ကိုတောင်ရွေးထုတ်နိုင်ခဲ့သေးတယ်။ သူကဘယ်လိုမှမဆင်းရဲနိုင်ဘူး!" ကုချန်ကျန်းကလဲဝင်ပြောလိုက်သည်။ သူသည်လဲ ချင်ဟောက်ကျန်းနှင့်အတွေးတူပြီး သူတို့နှစ်ဦးလုံးကုနင်းဘက်ကထောက်ခံပေးချင်ကြလေသည်။
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် ကုနင်းကိုကြည့်လိုက်မိကြသည်။
ချင်ဟောက်ကျန်းနှင့် ကုချန်ကျန်းတို့နှစ်ယောက်လုံး ကုနင်းဘက်မှနေရပ်တည်ထောက်ခံပေးနေကြသော်လည်း အချို့ကတော့ မိန်းမငယ်လေးတစ်ယောက်ကို ယွင်သိန်းကျော်တန်မွေးနေ့လက်ဆောင်မျိုး ကုနင်းပေးချင်စိတ်ရှိလိမ့်မည်ဟုမယုံကြည်ကြသေးပေ။
အမျိုးသမီးဟောင်ကလည်း ထိုပြဿနာထဲသိုဝင်ပြောဖို့ရန်ပြင်နေခိုက်မှာပင် ကုနင်းမှအရင်စပြောလိုက်သည်။
"ကြည့်ရတာ ကျွန်မဘာလို့ချမ်းသာနေလဲဆိုတဲ့ အကြောင်းပြချက်ကိုပြောပြမှဖြစ်တော့မယ်နဲ့တူတယ်။" ထို့နောက် ကုနင်း ကျင်းခယ်ရှင်းဘက်သို့လှည့်လိုက်ကာ၊
"ကျင်းခယ်ရှင်း၊ နင်ငါ့ရဲ့မိသားစုနောက်ခံကိုသိချင်တယ်မလား? ဟုတ်ပြီလေ၊ ငါအခုပဲပြောပြလိုက်မယ်။ JadeBeautyလက်ဝတ်ရတနာဆိုင်ဆိုတာ ငါပိုင်တဲ့လုပ်ငန်းပဲ။"
"ဘာ?" ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ကျင်းခယ်ရှင်းအလွန်အံ့အားသင့်သွားကာ မယုံကြည်နိုင်ဖြစ်သွားရသည်။
"မဖြစ်နိုင်တာ!"
JadeBeautyလက်ဝတ်ရတနာဆိုင်က ကုနင်းအပိုင်ဖြစ်သည့်အအမှန်တရားကို ကျင်းခယ်ရှင်းလက်မခံနိုင်ခဲ့ပေ။
စုအန်းယာနှင့်အခြားသော ဧည့်သည်များသည်လဲ အံ့အားသင့်သွားကြရသည်။
"ဘယ်လုပ်ငန်းလဲ?" သေချာမကြားလိုက်ရသည့် ဧည့်သည်တစ်ဦးက သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
"ကုနင်း၊ နင်က JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့တကယ့်ပိုင်ရှင်အစစ်လို့ပြောချင်တာလား?" ထိုသတင်းမှာ အလွန်အံ့အားသင့်စရာကောင်းလှသောကြောင့် စုအန်းယာမရေမရာဖြင့်ပြန်မေးလိုက်သည်။
"ဘာ? JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ပိုင်ရှင်အစစ်တဲ့လား?" ထိုအသံကိုကြားတော့ မကြားလိုက်ရသည့်လူများပါ အံ့အားသင့်သွားကြတော့သည်။
"ဟုတ်တယ်။" ကုနင်းအတည်ပြုပေးလိုက်သည်။
အနားရှိလူအများမှာ အလွန်အံ့အားသင့်လွန်း၍ အသက်ရှုနှုန်းများပင်မမှန်တော့သလိုမျိုးခံစားလိုက်ကြရသည်။ JadeBeautyလက်ဝတ်ရတနာဆိုင်သည် အလွန်ကြီးကျယ်သည့်ဆိုင်ကြီးတစ်ခုမဟုတ်သော်လည်း ထိုဆိုင်ရှိလက်ဝတ်ရတနာအားလုံးသည် အရည်အသွေးအမြင့်ဆုံးများဖြစ်ကာသောကြောင့် အနည်းဆုံးရင်းနှီးငွေ၁ဘီလီယံလောက်ရှိလေသည်။ ထိုအတွက် လက်ခံနိုင်ဖို့မဖြစ်နိုင်လောက်အောင်ကိုအံ့ဩဖို့ကောင်းသည့်စကားပင်ဖြစ်သည်။
"တကယ်ဟုတ်လို့လား? သူကဒီလောက်ငယ်သေးတာကို၊ JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ပိုင်ရှင်အစစ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ရင်းနှီးမြှုပ်နှံငွေကတင် အနည်းဆုံးယွမ်၁ဘီလီယံလောက်ရှိတာကို!"
"ဘယ်လိုလုပ်သိမှာလဲ! ဒါပေမယ့် ငါကတော့လုံးဝမယုံဘူး။"
"ငါလဲမယုံဘူး။"
ထိုသို့မယုံကြည်နိုင်သည့်စကားများကိုကြားလိုက်ရချိန်တွင်တော့ အန်းကွမ်းယောင် ရှေ့ထွက်လာခဲ့ကာ ကုနင်းကိုပြုံးပြလိုက်ပြီး၊
"ဥက္ကဌကု၊ ကြည့်ရတာ မင်းရဲ့အဆင့်အတန်းအမှန်ကိုဆက်ပြီးဖုံးကွယ်ထားဖို့မဖြစ်နိုင်တော့ဘူးနဲ့တူတယ်။" အန်းကွမ်းယောင်၏လေသံအရ ကုနင်းကJadeBeautyလက်ဝတ်ရတနာဆိုင်၏ဥက္ကဌဖြစ်ကြောင်းအစကတည်းကသိထားပုံရသလို သူတို့ချင်းလဲ အလွန်ရင်းနှီးနေကြပုံပင်။
အန်းကွမ်းယောင်ကိုယ်တိုင်ရှေ့ထွက်လာသည်ကိုမြင်လိုက်ရချိန်တွင်တော့ ကုနင်းကJadeBeautyလက်ဝတ်ရတနာဆိုင်၏ဥက္ကဌဆိုသည့်အချက်ကို လူအများစတင်ယုံကြည်လာကြတော့သည်။ အန်းကွမ်းယောင်သည် လူအများလေးစားကြသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လူအများကလဲ သူ့ကိုယုံကြည်ကြလေသည်။
"ဘာလဲ? သူကတကယ်ပဲ JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ပိုင်ရှင်အစစ်ပေါ့?"
"မယုံနိုင်စရာပဲ!"
လူတိုင်းပိုလို့ပင်ထိတ်လန့်လို့သွားတော့သည်။ ၁၈နှစ်အရွယ်မိန်းကလေးတစ်ဦးက JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်အစစ်တဲ့လား!
"ဟ-ဟ၊ ဟုတ်တာပေါ့၊ ကျွန်မဥက္ကဌအန်းကိုတော့ လျှို့ဝှက်ထားဖို့ပြောထားမိတာ။ အခုတော့ မမျှော်လင့်ထားဘဲနဲ့ ဒီလိုအလိုမကျစရာကိစ္စတွေရှိလာခဲ့တယ်လေ။ ဒါကိုဆက်ပြီးလျှို့ဝှက်ထားတာကမကောင်းတော့ဘူးထင်လို့ပါ။ မဟုတ်ရင် ကျွန်မဂုဏ်သိက္ခာကိုလုံးဝပျက်စီးသွားနိုင်တယ်။" ကုနင်း မတတ်သာသည့်သဘောဖြင့်ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ အတင်းအဖျင်းစကားများဖြစ်အောင် စတင်ခဲ့သည့် ကျင်းခယ်ရှင်းအား လူတိုင်းအထင်သေးရွံ့ရှာစွာဖြင့်ကြည့်လိုက်ကြသည်။
"မဟုတ်ဘူး-မဟုတ်ဘူး။ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး!" ကျင်းခယ်ရှင်းသည်တော့ အမှန်တရားကို ယခုထိတိုင်လက်မခံနိုင်သေးပေ။
"ဝိုး၊ မိန်းကလေးကု မင်းကတကယ်ပဲ JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ပိုင်ရှင်အစစ်ပေါ့! မင်းကတော့ တကယ့်ကိုထူးချွန်တဲ့မိန်းကလေးပဲ!" ယွင်ကျီစုန့်က စတင်ချီးကျူးလိုက်သည်။
ထို့နောက် စုကျန်းဟောက်ကလဲ "ဟုတ်တာပေါ့! အရမ်းကိုအံ့ဩသွားမိတာ!"
"ဘုရားရေ! ကုနင်း နင်အရမ်းအံ့ဩဖို့ကောင်းတာပဲ!" စုအန်းယာသည်တော့ ကုနင်းကိုယုံကြည်ပြီးသားဖြစ်ကာ အခုလိုအတည်ပြုသွားချိန်တွင်တော့ ပို၍ပင်အံ့အားသင့်နေတော့သည်။
"ကုနင်း၊ နင်ဒါမျိုးကိုအကြာကြီးဖုံးကွယ်ထားတာပဲ!" အန်ချင်းသည်လဲ အလွန်အံ့အားသင့်နေခဲ့သည်။
"မင်းအမေက အလှပြင်ဆိုင်ရဲ့နှစ်ကုန်ပွဲအခမ်းအနားရဲ့ဆုကို JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ ကျောက်စိမ်းဆွဲပြားတွေပေးနေတာ အံ့ဩစရာကိုမရှိတော့ပါဘူး!" အမျိုးသမီးဟောင်လဲ အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
အလှပြင်ဆိုင်ဆိုသည့်စကားကိုကြားတော့ သူတို့အားလုံး ကုနင်း၏မိသားစုသည် အလှပြင်ဆိုင်တစ်ဆိုင်ကိုလဲပိုင်ဆိုင်သေးကြောင်းသိလိုက်ကြတော့သည်။ သို့ပေမည့် ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ဥက္ကဌဖြစ်ကြောင်းသိထားပြီးပြီဖြစ်ကြ၍ ထိုအကြောင်းကြောင့် မအံ့ဩမိကြတော့ပေ။
"ဟုတ်တာပေါ့၊ အဲ့လိုကြောင့်သာမဟုတ်ရင် ဒီလိုလုပ်ငန်းအသေးစားလေးအတွက် ဒီလောက်ဈေးကြီးတဲ့ လက်ဝတ်ရတနာတွေကို ကျွန်မသုံးမှာမဟုတ်ဘူး!" ကုနင်းပြန်ဖြေပေးလိုက်သည်။
ထို့နောက် ကုနင်းအနားသို့လူများဝိုင်းအုံလာကာ သူမနှင့်လက်ဆွဲနှုတ်ဆက်ကြတော့သည်။
JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် အသစ်တည်ထောင်ထားကာစလုပ်ငန်းတစ်ခုဆိုသော်လည်း အချိန်တိုအတွင်း အလွန်အောင်မြင်ကျော်ကြားလာခဲ့ခြင်းက ကုနင်းတွင် အလွန်ထူးချွန်သည့် စီးပွားရေးအကြံဉာဏ်များရှိကြောင်းသက်သေပြနေပြီဖြစ်သည်။ ထို့အပြင် အခုလိုအသက်၁၈နှစ်တည်းနှင့် လုပ်ငန်းတစ်ခုကိုတောင်မှတည်ထောင်နိုင်နေပြီဖြစ်သောကြောင့်လဲ သူတို့အားလုံးလေးစားနေမိကြသည်။ ဒီမိန်းမငယ်လေးမှာ နောင်အနာဂါတ်တွင် ဒီထက်မကပို၍အောင်မြင်ကြီးပွားလာမည်မှာ အသေအချာပင်!
ကုနင်း လက်ဝတ်ရတနာဆိုင်တစ်ခုပိုင်ဆိုင်သည်ကိုသိကတည်းက လူအများမှာ အမှန်တကယ်လေးစားနေကြပြီဖြစ်ပြီး အကယ်၍ ကုနင်းတွင်အခြားသောအမြတ်များစွာရရှိသည့်ကုမ္ပဏီများစွာရှိသေးကြောင်းကိုပါသိသွားလျှင် ပို၍ပင် ထိတ်လန့်အံ့ဩသွားကြမည်ဖြစ်သည်။
အခုချိန်တွင် ကုနင်းပိုင်ဆိုင်သမျှကုမ္ပဏီများတန်ကြေးမှာ ယွမ်ဘီလီယံအနည်းငယ်မျှသာရှိသေးသော်လည်း ကုနင်းတွင် မဖြတ်တောက်ရသေးသည့်ကျောက်ရိုင်းများစွာရှိနေသေးသောကြောင့် ထိုကနေသာအမြတ်များထက်ရလာလျှင် ပို၍ပင် ကြီးပွားသွားမည်ဖြစ်သည်။
ထိုလုပ်ငန်းများမပါလျှင်တောင်မှ JadeBeautyလက်ဝတ်ရတနာဆိုင်တစ်ခုတည်းနှင့်ပင် Fမြို့ရှိအချမ်းသာဆုံးလူများစာရင်း၏နံပါတ်၆နေရာတွင်ရပ်တည်နေဖို့ရန်အတွက် လုံလောက်နေပြီဖြစ်သည်။ သို့ပေမည့် JadeBeautyလက်ဝတ်ရတနာဆိုင်သည် Gမြို့တွင်တည်ရှိနေခြင်းဖြစ်သောကြောင့် Fမြို့၏အချမ်းသာဆုံးစာရင်းတွင်တော့တရားဝင်မဝင်နိုင်ပေ။ သို့သော်လည်း လူများကတော့ ကုနင်းကို အထင်ကြီးသဘောကျနေစဲပင်ဖြစ်သည်။
သို့ပေမည့် ကုနင်းသည် ထိုစားရင်းတွင်ပါသည်ဖြစ်သည် မပါသည်ဖြစ်စေဂရုမစိုက်ပေ။ သူမ၏ပန်းတိုင်မှာ မြို့တော်သာဖြစ်သည်။ သူမကိုယ်ပိုင် စီးပွားရေးအင်ပါယာကြီးတစ်ခုဖြစ်အောင် တည်ထောင်ပြီး လက်စားပြန်ချေဖို့ရန်သာဖြစ်သည်။
ကုနင်း၏အဆင့်အတန်းအမှန်ကိုဖော်ထုတ်ပြီးသွားသည့်အချိန်တွင်တော့ ချမ်းသာသည့်အမျိုးသမီးများမှာ သူတို့Gမြို့သို့လေယာဉ်ဖြင့်ခနခနသွားရန်မလိုအောင် ဘယ်အချိန်မှ Fမြို့တွင်လဲ JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲဖွင့်မလဲဆိုသည်ကို ကုနင်းအားဝိုင်းမေးကြတော့သည်။ ကုနင်းတွင်လဲ Fမြို့တွင်ဆိုင်ခွဲဖွင့်ရန်ရည်ရွယ်ချက်ရှိထားပြီးဖြစ်ပေမည့် အခုချိန်တွင်တော့မဟုတ်သေးပေ။ လောလောဆယ် မြို့တော်တွင်အရင်ဆုံး စီးပွားရေးကိုချဲ့ထွင်ဦးမည်ဖြစ်သည်။ သို့ပေမည့်Fမြို့အတွက်ဆိုင်ခွဲကိုလည်း ဒီနှစ်အတွင်းမှာပဲ ဖွင့်ဖို့ရန်စီစဉ်ထားပေသည်။
***
အခန်း ၃၉၂
စုအန်းယာ အန္တရာယ်တွင်းသို့ ကျရောက်ခြင်း
အခြားသောစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း ကုနင်းကောင်းမွန်စွာဆက်ဆံပြောဆိုနေနိုင်သည်ကိုတွေ့ရသောကြောင့် အားလုံး သူမကိုပို၍အထင်ကြီးသွားကြသည်။ ကုနင်း၏ပုံစံရင့်ကျက်တည်ငြိမ်သောကြောင့် သူမကိုဆယ်ကျော်သက်တစ်ယောက်မဖြစ်မထင်မိစေပေ။
ကုနင်း၏သူငယ်ချင်းများသည်တော့ သူမအတွက်အလွန်ဂုဏ်ယူနေကြကာ ကျင်းခယ်ရှင်းကိုတော့ဖြင့် မနှစ်မြို့စွာကြည့်နေကြသည်။ ချူးဖေ့ဟန်တောင်မှ ထေ့ငေါ့သည့်လေသံဖြင့်၊
"ဒီတော့? နင်အခုဘယ်လိုခံစားရလဲ? ငါတို့ကိုလာပြီးလှည့်စားလို့ရမယ်လို့ထင်မနေနဲ့။ ပြီးတော့ နင် ငါတို့ဘော့စ်ကိုလဲ ဘယ်လိုမှမယှဉ်နိုင်ဘူး။ ဘော့စ်ကြောင့်သာမဟုတ်ရင် နင်အခုချိန် ကြမ်းပေါ်ကတောင်ထနိုင်မှာမဟုတ်လောက်ဘူး။"
ထို့နောက် သူတို့အားလုံးကျင်းခယ်ရှင်းကိုလျစ်လျူရှုထားလိုက်ကြသလို အခြားသောဧည့်သည်များသည်လဲ သူမနှင့်ဝေးဝေးခွာသွားကြတော့သည်။ ကျင်းခယ်ရှင်းလည်းအလွန်ရှက်ရွံ့သွားရပြီး တစ်နေရာရာတွင်ဝင်ပုန်းနေလိုက်ချင်မိသည်။
စုကျန်းဟောက်သည်တော့ ကျင်းခယ်ရှင်းကိုမကျေမနပ်အဖြစ်နေဆုံးဖြစ်ပေမည့်အခုချိန်က သူမကိုအပြစ်တင်စကားပြောဖို့ရန်အတွက် အချိန်ကောင်းမဟုတ်သေးပေ။
ကျင်းကျင့်ဝေ့သည်လဲ အနည်းငယ်ကသိကအောက်ဖြစ်နေရသည်။ သူကျင်းခယ်ရှင်းအားအကြည့်စူးစူးဖြင့်ကြည့်နေကာ သူမကိုထရိုက်ချင်လုနီးပါးပင်၊
"ဘာလို့ဒီမှာရှိနေရသေးတာလဲ? ဒီလောက်အရှက်ကွဲထားတာမလုံလောက်သေးလို့လား? ကိုယ်အခန်းကိုချက်ချင်းပြန်စမ်း!"
ကျင်းခယ်ရှင်းကတော့ အချိန်အထိ သူမလုပ်တာမှားနေသည်ဟုမတွေးမိဘဲ မတရားအဆူခံနေရသည်ဟုသာ ခံစားနေရသည်။ သူမ ကုနင်းတို့တဖွဲ့လုံးကိုအလွန်ဒေါသထွက်နေပေမည့် တစ်ခွန်းမှတော့ နှုတ်မှထုတ်မပြောရဲပေ။ ထို့ကြောင့် တိတ်တဆိတ်ဖြင့်သာ သူမအခန်းရှိရာသို့ပြန်သွားလိုက်တော့သည်။
ပါတီပွဲသည်တော့ ဆက်လက်ကျင်းပနေစဲဖြစ်ပေမည့် စုအန်းယာအစား ကုနင်းသည်သာ အားလုံးအာရုံစိုက်ခြင်းကိုခံနေရသည်။ ထိုသို့ဖြစ်နေသည့်အတွက်လဲ စုအန်းယာရော သူမမိဘများကပါ စိတ်ထဲမထားကြပေ။
"ငါတို့ဘော့စ်က ငါတို့တွေးထင်ထားတာထက်ပိုပြီးတောင် အံ့ဩဖို့ကောင်းတဲ့လူမျိုးဖြစ်နေမယ်လိမ့်မယ်လို့ ငါအမြဲတွေးနေမိတယ်။" ဟောင်ရန်က သေချာနေဟန်ဖြင့်ပြောလိုက်သည်။
"ငါလဲထင်တယ်။ မယုံနိုင်စရာကောင်းတယ်ဆိုပေမယ့် ငါလဲအဲ့လိုပဲခံစားမိတယ်။" ချင်ကျီရွှမ်းကပါ ထောက်ခံလိုက်သည်။
"ငါတို့သူ့ကိုဘာလို့မမေးကြည့်တာလဲ?" ချူးဖေ့ဟန်က အဆိုပြုလာသည်။
ထိုအချိန်တွင်ပဲ မုခယ်က၊
"မေးတာကမေးလို့ရပါတယ်။ ဒါပေမယ့် ဘော့စ်ကိုယ်တိုင်ကမပြောပြချင်ဘူးဆိုရင် သူ့မှာလဲ အကြောင်းရင်းရှိမှာပေါ့ ငါတို့အတင်းတော့မပြောခိုင်းသင့်ဘူး။"
အားလုံးလဲ ထိုစကားကို သဘောတူလိုက်ကြသည်။ သူတို့အရမ်းသိချင်နေကြသော်လည်း ကုနင်းကို သူတို့အားကိစ္စတိုင်းပြောပြစေရန်အတွက် ဖိအားမပေးလိုပေ။
ကုနင်းမှာ အချိန်အတော်ကြာသည်အထိ လူအများနှင့်ပြောဆိုနှုတ်ဆက်နေရသောကြောင့် မအားလပ်ခဲ့ပေ။ သူမအားသွားသည့်အချိန်တွင်တော့ ဟောင်ရန်တို့အားလုံးချက်ချင်းရောက်လာကြကာ၊
"ဘော့စ်၊ နင့်မှာ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအပြင် တခြားကုမ္ပဏီတွေရှိသေးလား?"
"ရှိတသေးတယ်၊ ဒါပေမယ့် အခုပြောပြလို့မရသေးဘူး။ အချိန်တစ်ခုရောက်ရင် နင်တို့အားလုံးကိုသိရမှာပါ။"
ကုနင်းကအခုချိန်တွင်မပြောပြချင်သေးဘူးဆိုမှတော့ သူတို့လဲထပ်မမေးကြတော့ပေမည့် သူမတွင်အခြားသော ကုမ္ပဏီများပိုင်ဆိုင်နေသေးသည်ကိုသိရသောကြောင့် အံ့ဩသွားကြသည်။
"အိုး၊ အန်းယာ၊ မင်းမှာအစ်ကိုရှိတယ်မဟုတ်လား? ဘာလို့သူ့ကိုအခုထိမတွေ့ရသေးတာလဲ?" ဟောင်ရန်ကမေးလိုက်သည်။
သူမအစ်ကိုအကြောင်းပြောလာချိန်တွင်တော့ စုအန်းယာအနည်းငယ်မကျေမနပ်ဖြစ်သွားကာ အပြစ်တင်တော့သည်၊
"အရင်ရက်တွေတုန်းက သူအလောတကြီးနဲ့ထွက်သွားတာပဲ။ သူ့ရဲ့အဓိကဘာသာရပ်က စာရင်းအင်းဆိုပေမယ့် ရှေးဟောင်းပစ္စည်းတူးဖော်တာကိုလဲ အရူးအမူးကိုစွဲလမ်းနေတာ။ အဖေ့ကြောင့်သာမဟုတ်ရင် အဲ့ဒီရှေးဟောင်းပစ္စည်းတူးဖော်တာကိုပဲ အဓိကဘာသာအဖြစ်ယူဖြစ်မှာ! ဒါပေမယ့်လဲ ရှေးဟောင်းပစ္စည်းတူးဖော်တာကို စိတ်ကြိုက်ဘာသာရပ်အဖြစ်ရူးထားတုန်းပါပဲ။ သူအားတဲ့အချိန်တိုင်း အဲ့ဒီရှေးဟောင်းပစ္စည်းတူးဖော်တဲ့အတန်းက သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းနေတာ။ သူ့ရဲ့နည်းပြက ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုတွေ့တယ်ဆိုပြီးဆက်သွယ်လာလို့ ချက်ချင်းပဲထွက်သွားတာ။"
"ရှေးဟောင်းပစ္စည်းတူးဖော်တာ? ဘယ်နေရာမှာလဲ?" ကုနင်းစိတ်ဝင်စားသွားသည်။
စုအန်းယာခနလောက်တွေးကြည့်နေပြီးတော့မှ၊
"Bမြို့နားက ရွာလေးတစ်ရွာလို့ထင်တယ်။ ဒါပေမယ့် သူတို့နေရာအတိအကျကိုတော့ရှာမတွေ့သေးဘူးတဲ့။ လူတချို့က မြစ်ထဲကနေရှေးဟောင်းပစ္စည်းတွေဆယ်တွေ့နေကြတယ်ဆိုလို့ သူတို့ကလဲ ရှေးဟောင်းဂူသင်္ချိုင်းရှိတယ်ဆိုပြီးယုံကြည်နေကြတာ။ အဲ့ဒီတွေ့ထားတဲ့ပစ္စည်းတွေက ဂူသင်္ချိုင်းဖောက်ထွင်းတဲ့လူတွေကျန်ခဲ့ကြတာထင်တယ်။"
ကုနင်းစိတ်ထဲအကြံတစ်ခုရုတ်တရက်ပေါ်လာခဲ့ကာ Bမြို့နားရှိရွာသို့သွားရောက်ရန်ဆုံးဖြတ်လိုက်တော့သည်။ သူမတွင် အခုချိန်၌ ရှေးဟောင်းပစ္စည်းဆိုင်ရှိနေပြီဖြစ်သောကြောင့် သူမအနေဖြင့် ရှေးဟောင်းပစ္စည်းအများအပြားလိုအပ်ပေသည်။ သို့ပေမည့် သူမBမြို့သို့မသွားခင် အရင်ဦးစွာGမြို့သို့သွားရပေမည်။ နွေဦးပွဲတော်ရက်ကပြီးဆုံးတော့မည်ဖြစ်၍ အစိုးရရုံးများလဲပြန်ဖွင့်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် ဟုန်ယွင်လုပ်ငန်းစုမှ ပိုင်ဆိုင်မှုများကိုရယူဖို့ရန်အရင်ဦးစွာ သွားသင့်သည်။
ည၈နာရီအချိန်တွင်တော့ ဧည့်သည်များစတင်ထွက်ခွာနေကြပေမည့် ကုနင်းကတော့ဆက်နေ,နေသေးသည်။ ပွဲချိန်လုံးဝပြီးသွားချိန်တွင်တော့ ဧည့်သည်အားလုံးစတင်ထွက်ခွာနေကြပေမည့် ကုနင်းသည်တော့ ဆက်နေနေသေးသည်။ သူမ မနက်တုန်းက မကောင်းတာတစ်ခုခုဖြစ်မည်ဟု ခံစားမိထားခြင်းကြောင့်ရယ် စုကျန်းဟောက်ကလဲ ယင်စွမ်းအင်၏သက်ရောက်မှုခံထားရခြင်းရယ်ကြောင့် သူမစိုးရိမ်နေမိသည်။ အခုချိန်တွင်တော့ အားလုံးအဆင်ပြေနေသေးသော်လည်း သူမစိတ်မချနိုင်သေးပေ။
"ဒီမှာခနစောင့်နေဦးနော်။ ငါနင့်အတွက်ယူပေးစရာရှိသေးတယ်။" စုအန်းယာပြောပြီးသည်နှင့် အပေါ်ထပ်သို့ပြေးတက်သွားတော့သည်။
စုအန်းယာသည် ကုနင်းနှင့်အခြားသောသူငယ်ချင်းများအတွက် လက်ဆောင်ပြင်ဆင်ထားလေသည်။ လက်ဆောင်များသည် အရမ်းဈေးမကြီးသော်လည်း သူ၏စေတနာကိုဖော်ပြခြင်းမျိုးဖြစ်သည်။
စုအန်းယာအပေါ်ထပ်သို့တက်သွားသည်ကိုမြင်လိုက်သည်နှင့် ကျင်းကျင့်ဝေ့အလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် ကျင်းခယ်ရှင်းအားဖုန်းလှမ်းဆက်တော့သည်။
စုအန်းယာ ဒုတိယထပ်သို့ရောက်ချိန်တွင်တော့ သူမအဖေ၏စာကြည့်ခန်းတံခါးပွင့်နေသည်ကိုသတိထားမိလိုက်သည်။ သူမလဲ တစ်ခုခုထူးခြားနေသည်ဟုခံစားမိသောလိုက်သည်။ သူမအောက်ထပ်သို့ဆင်းသွားစဉ်တုန်းက ထိုအခန်းတံခါးသည် ပိတ်ထားခဲ့သည်။ ထို့ကြောင့် သူမသံသယဝင်သွားကာ ထိုအခန်းနားသို့လျှောက်သွားလိုက်တော့သည်။
စုအန်းယာအခန်းတံခါးနားသို့ရောက်သည့်အချိန်တွင်ပင် ကျင်းခယ်ရှင်း၏ဖုန်းမှတုန်လာခဲ့သည်။ စုအန်းယာလဲ ကျင်းခယ်ရှင်း စုအန်းဟောက်၏စားပွဲအံ့ဆွဲထဲမှ စာရွက်စာတမ်းတစ်ခုထုတ်ယူနေသည်ကို တွေ့လိုက်ရတော့သည်။ စုအန်းယာအလွန်ထိတ်လန့်သွားသလို ဒေါသလဲထွက်သွားပြီး၊
"ကျင်းခယ်ရှင်း၊ နင်ဒါဘာလုပ်နေတာလဲ?" ပြောရင်းနှင့်ပင် ချက်ချင်းကျင်းခယ်ရှင်းရှိရာသို့ပြေးသွားလိုက်တော့သည်။
မျက်မြင်ကိုယ်တွေ့အမိခံလိုက်ရသောကြောင့် ကျင်းခယ်ရှင်းအလွန်ကြောက်ရွံ့သွားရသည်။ စုအန်းယာအခုလိုရောက်လာလိမ့်မည်ဟု သူမမတွေးထားမိပေ။ ထို့ကြောင့် စုအန်းယာကိုတားရန်အတွက် စားပွဲပေါ်မှပြာခွက်ကို ကျင်းခယ်ရှင်းဆွဲယူလိုက်ကာ စုအန်းယာ၏ခေါင်းတည့်တည့်သို့ပစ်ပေါ်လိုက်တော့သည်။
စုအန်းယာသည်လဲ ကျင်းခယ်ရှင်းအခုလောက်ရဲတင်းမည်မှန်းမထင်မှတ်ထားသောကြောင့် ရှောင်ချိန်မရလိုက်ပဲ ထိုပြာခွက်က သူမခေါင်းတည့်တည့်သို့ထိမိသွားတော့သည်။
"အား!!" စုအန်းယာအကျယ်ကြီးအော်မိသွားတော့သည်။
ခန်းမထဲတွင်က သီချင်းများဖွင့်ထားပြီး လူများကလဲ တစ်ယောက်နှင့်တစ်ယောက်စကားပြောဆိုကြရင်းအလုပ်ရှုပ်နေကြသောကြောင့် ထိုအော်သံကိုကုနင်းမှလွဲပြီးဘယ်သူမှမကြားလိုက်ကြပေ။ ကုနင်းလဲ စုအန်းယာ၏အော်သံမှန်းသိလိုက်သည်နှင့် ချက်ချင်းအပေါ်ထပ်သို့ပြေးတက်သွားတော့သည်။
တစ်ချိန်တည်းမှာပဲ သူမ၏ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ စုအန်းယာအားရှာဖွေလိုက်သည်။
ဒုတိယထပ်တွင်တော့ ကျင်းခယ်ရှင်းသည် ထိတ်ထိတ်လန့်လန့်ဖြင့် စုကျန်းဟောက်၏စာကြည့်ခန်းထဲမှထွက်ပြေးလာကာ စုအန်းယာသည်တော့ခေါင်း၌သွေးများယိုစီးကာကြမ်းပြင်ထက်တွင်လဲကျလို့နေသည်။
ကုနင်းအမြန်ပြေးသွားလိုက်သည်။ ယနေ့ညသူမစိတ်ရှုပ်နေရသည့်အကြောင်းရင်းမှာ ဒီအတွက်ကြောင့်ဖြစ်ပုံရလေသည်။
ကျင်းခယ်ရှင်းကလဲ ဖုန်းမကိုင်သလို ကုနင်းကလဲ အပေါ်ထပ်သို့တက်သွားသောကြောင့် ကျင်းကျင့်ဝေ့ပို၍ပင် စိုးရိမ်ပူပန်လာတော့သည်။ ကုနင်းနှင့်စုအန်းယာတို့သူ့အကြံအစည်ကိုသိရှိသွားမည်ကို ကြောက်နေပေမည့် ကုနင်းနောက်သို့လိုက်မသွားနိုင်ပေ။ ထိုသို့ဆိုလျှင် ပိုပြီးအာရုံစိုက်ခံရမည်ဖြစ်၍ ခန်းမထဲ၌သာ စိုးရိမ်မှုအပြည့်ဖြင့်စောင့်ဆိုင်းနေလိုက်တော့သည်။
"ဘော့စ်ဘာသွားလုပ်တာလဲ?" ဟောင်ရန်က သံသယဖြစ်စွာမေးလိုက်သည်။
"ငါတို့လိုက်သွားကြည့်မလား?"
"ဒါအန်းယာရဲ့အိမ်လေ၊ ငါတို့စိတ်တိုင်းကျလျှောက်သွားလို့မရဘူး။ ဘော့စ်က အန်းယာကိုသွားရှာတာထင်တယ်။ ငါတို့ဒီကပဲစောင့်ကြတာပေါ့။" မုခယ်ကပြန်ပြောလိုက်သည်။
***
အခန်း ၃၉၃
ကုနင်းက စုအန်းယာကိုသတ်လိုက်တာလား?
ကောင်းယိနှင့်ချောင်ယသည်လဲ ကုနင်း၏အမူအရာအရတစ်ခုခုတော့မှားနေပြီဆိုသည်ကိုသိလိုက်ပေမည့် ကုနင်းအမိန့်မပေးထားသောကြောင့် ခန်းမထဲတွင်သာဆက်ပြီးနေရပေသည်။
အခြားသော ဧည့်သည်များသည်လဲ ကုနင်းအလောတကြီး ဒုတိယထပ်သို့တက်သွားသည်ကိုမြင်လိုက်ပေမည့် စုအန်းယာက သူမကိုအပေါ်ထပ်သို့တက်လာရန်ခေါ်ခြင်းကြောင့်သွားသည်ဟုသာ တွေးလိုက်ကြသည်။
ကုနင်း ဒုတိယထပ်သို့ရောက်သည့်အချိန်တွင် ကျင်းခယ်ရှင်းထွက်ပြေးလာသည်နှင့်တိုးတော့သည်။ ကျင်းခယ်ရှင်းဘာမှမလုပ်လိုက်နိုင်ခင်တွင်ပဲ ကုနင်းက သူမ၏အစာအိမ်တည့်တည့်သို့ကန်ထုတ်လိုက်သည်။ ကျင်းခယ်ရှင်းလဲ နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး နံရံနှင့်ဆောင့်မိကာ ကြမ်းပြင်ပေါ်သို့ ပြန်ကျသွားတော့သည်။
ထို့နောက် ကုနင်း စာကြည့်ခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်ကာ စုအန်းယာ၏အခြေအနေကိုသွားရောက်စစ်ဆေးလိုက်တော့သည်။
စုအန်းယာသည် သတိမေ့နေပြီဖြစ်သောကြောင့် ကုနင်းလဲ မြန်မြန်ဆန်ဆန်နှင့် ဒဏ်ရာမှသွေးဆက်ထွက်နေသည်ကိုရပ်သွားစေရန် သူမ၏စွမ်းအားများကိုပို့လွှတ်ပေးလိုက်သည်။
ကျင်းခယ်ရှင်းလဲ အခုလိုစုအန်းယာအားဒဏ်ရာရအောင်လုပ်ပြီး စုကျန်းဟောက်၏အခန်းထဲသို့ ခိုးဝင်သည်အား အခြားလူများသိသွားကြလျှင် သူမမိသားစု၏အကြံအစည်များလဲပေါ်ထွက်သွားမည်ဖြစ်ကြောင်းကို နားလည်လိုက်သည်။
ထို့ကြောင့် ကုနင်းကိုသာ အပြစ်ပုံချရန်အတွက် ဆုံးဖြတ်လိုက်တော့သည်။ ကျင်းခယ်ရှင်း နာကျင်နေမှုကိုသည်းခံအောင့်အီးကာ အောက်ထပ်သို့ဖြည်းဖြည်းချင်းဆင်းလိုက်ရင်း၊
"ကယ်ကြပါဦး! ကုနင်း အန်းယာကို သတ်ဖို့လုပ်နေတယ်!"
ခန်းမထဲရှိလူအများ၏စကားသံများရုတ်ချည်းရပ်တန့်သွားကာ ဒုတိယထပ်ရှိရာသို့ထိတ်လန့်တကြားကြည့်လိုက်မိကြသည်။ ကုနင်းက စုအန်းယာကိုသတ်ဖို့လုပ်နေတယ်? ထိုစကားကိုဘယ်သူမှမယုံကြည်ကြဘဲ ကျင်းကျင့်ဝေ့ကသာ အမှန်တကယ်ဘာတွေဖြစ်သွားလဲဆိုသည်ကိုခန့်မှန်းမိပေသည်။ ကျင်းခယ်ရှင်း အမိခံလိုက်ရ၍ စုအန်းယာအားတိုက်ခိုက်လိုက်ခြင်းဖြစ်ပေမည်။
"မင်းဘာပြောလိုက်တယ်?" စုကျန်းဟောက်အလွန်ထိတ်လန့်သွားသည်။
"ကျင်းခယ်ရှင်း၊ အဓိပ္ပါယ်မရှိတာမပြောနဲ့။" ဟောင်ရန် ဒေါသထွက်ကာ အော်လိုက်သည်။
ကျင်းခယ်ရှင်းကတော့ သူ့စကားများကိုလျစ်လျူရှုကာ ဆက်ပြီး၊
"ကုနင်းက အန်းယာကို သတ်ဖို့လုပ်နေတာ၊ ပြီးတော့ သမီးကိုလဲ ဒဏ်ရာရအောင်လုပ်သေးတယ်။ အခုကြမ်းပေါ်မှာသွေးတွေမှအများကြီးပဲ။"
ထိုအခိုက်အတန့်တွင် ကျင်းခယ်ရှင်း၏မျက်နှာမှာဖြူဖျော့နေပြီး သူမ၏နာကျင်နေသည့်ဝမ်းဗိုက်ကိုဖိလို့ထားပုံအရ သူမလဲ ဒဏ်ရာဆိုးဆိုးဝါးဝါးရထားကြောင်း သိသာလေသည်။
ကျင်းခယ်ရှင်းအမှန်ကိုပြောနေခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စုအန်းယာ၏မိဘများနှင့်အခြားလူများကတော့ ချက်ချင်းဒုတိယထပ်သို့တက်လာကြပြီဖြစ်သည်။
ဟောင်ရန်တို့အဖွဲ့နှင့်ကောင်းယိ၊ ချောင်ယသည်လဲ ကျင်းခယ်ရှင်း၏စကားများကိုမယုံကြည်ပေမည့် သူတို့ကိုယ်တိုင် အပေါ်ထပ်သို့တက်ကာ ကြည့်ခဲ့သည်။
စာကြည့်ခန်းရှိရာသို့လူစုကြီးရောက်လာသည့်အချိန်တွင်တော့ ကုနင်းက စာကြည့်စားပွဲရှေ့တွင် မတ်တပ်ရပ်နေကာ စုအန်းယာသည်တော့ ကြမ်းပြင်ထက်ရှိ သွေးအိုင်ထဲတွင် လဲလို့နေသည်။ သူမပုံစံက အသိမရှိနေဘဲ သေတော့မည့်စဲစဲပုံပင်။
ထိုမြင်ကွင်းကြောင့် လူတိုင်းလိုလိုထိတ်လန့်တုန်လှုပ်သွားကြပြီး အမျိုးသမီးစုသည်တော့ ကြောက်ရွံ့မှုကြောင့် ပြိုလဲကျလုနီးနီးပင်ဖြစ်သွားကာ၊
"အန်းယာ! ထပါဦး၊ အန်းယာ!" ချက်ချင်းပင် စုအန်းယာအနားသို့ဒူးထောက်ချလိုက်ကာ ငိုကြွေးတော့သည်။
စုကျန်းဟောက်လဲ ချက်ချင်းဆေးရုံကားခေါ်လိုက်ပြီးကာမှ, ကုနင်းဘက်သို့ကြည့်လိုက်ကာ၊
"မိန်းကလေးကု၊ ဒီမှာဘာတွေဖြစ်သွားတာလဲ?"
စုကျန်းဟောက်၏အသံမှာ အတော်လေးအေးစက်လို့နေသည်။ ကုနင်းက သူ့သမီးကိုသတ်ဖို့ကြိုးစားလိမ့်မည်ဟု မယုံကြည်ထားသော်လည်း စုအန်းယာတိုက်ခိုက်ခံထားရသည့် အခင်းနေရာတွင် ကုနင်းရှိနေသည်ဆိုသည့်အမှန်တရားကိုတော့ မငြင်းနိုင်ပေ။
"ကျွန်မ အန်းယာရဲ့အော်သံကိုကြားလိုက်လို့ အပေါ်ထပ်ကိုတက်လာခဲ့တာ။ ကျွန်မဒီကိုရောက်တော့ အန်းယာရဲ့ခေါင်းထိထားပြီး ဒီမှာလဲနေတာပဲ။ သူ့ခေါင်းဒဏ်ရာကတော်တော်လေးအခြေနေဆိုးနေတယ်။" ကုနင်း အေးအေးဆေးပင်ပြန်ဖြေလိုက်သည်။
သူမထိုသို့ပြောပြနေသော်လည်း ကုနင်း၏သူငယ်ချင်းမှလွဲပြီး ဘယ်သူကမှ သူမ၏ရှင်းပြချက်ကို အပြည့်အဝမယုံကြည်ကြပေ။
"ဟန်ဆောင်မနေနဲ့! နင်ပြာခွက်နဲ့ အန်းယာရဲ့ခေါင်းကိုပစ်လိုက်တာငါမြင်တယ်! ငါနင့်ကိုတွေ့သွားလို့ပဲ ငါ့ကိုကန်တောင်ကန်ခဲ့သေးတယ်လေ!" ကျင်းခယ်ရှင်းက မြန်မြန်ပင် လိမ်ညာလိုက်သည်။ လိမ်ခြင်းက အမှန်တရားမဖြစ်သောကြောင့် ကျင်းခယ်ရှင်းမှာ ပြောနေရင်းနှင့်ကို ကြောက်ရွံ့နေခဲ့သည်။ သို့ပေမည့် သူမသာ ကုနင်းကို အပြစ်ပုံမချနိုင်ခဲ့လျှင် သူမသာဘဝပျက်သွားမည်ဖြစ်သည်။ ထို့ကြောင့် သူမအားတင်းကာ ဆက်ပြီးဆက်ပြီးကိုလိမ်ညာနေတော့သည်။
"ပေါက်ကရမပြောနဲ့! ဘော့စ်က အန်းယာကိုထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး!"
"ဟုတ်တယ်၊ ဘော့စ်က အန်းယာကိုထိခိုက်အောင်မလုပ်နိုင်ဘူး။"
"မိန်းကလေးကုက အပေါ်ထပ်ကနေအော်သံကြားလို့သွားခဲ့တာလို့ပြောတယ်မဟုတ်လား? ဘာလို့ငါတို့ကျ တစ်ယောက်မှမကြားကြတာလဲ?" ကျင်းကျင့်ဝေ့ ကဝင်ပြောလိုက်သည်။ အကြံအစည်မအောင်မြင်ခဲ့သည့်အတွက် ကျင်းခယ်ရှင်းကိုအပြစ်တင်မိသော်လည်း လောလောဆယ်တော့ကာကွယ်ပေးမှဖြစ်ပေမည်။
ကျင်းကျင့်ဝေ့၏စကားကိုအတော်များများကထောက်ခံကြလေသည်။ သူတို့လဲ ဘာအသံကိုမှမကြားခဲ့ကြပေ။
"ဒါကတော့ ကျွန်မရဲ့အကြားအာရုံကအရမ်းကောင်းနေတာကို။" ကုနင်းမထူးဆန်းသည့်ကိစ္စတစ်ခုလိုပြန်ဖြေလိုက်သည်။
"မင်းကအဲ့လိုပြောနေပေမယ့် ဘယ်သူမှမယုံကြဘူးလေ။"
"ဟုတ်တယ်!" ကျင်းကျင့်ဝေ့၏စကားကို လူတစ်ယောက်ကထောက်ခံလိုက်သည်။
ကုနင်း ထိုလူအုပ်ကြီးကိုအေးစက်စွာကြည့်လိုက်ကာ၊
"ရှင်တို့အားလုံးက ဘာလို့ကျွန်မပြောတာကျမယုံဘဲ ကျင်းခယ်ရှင်းစကားကိုပဲယုံနေကြတာလဲ? တကယ်လို့ ကျွန်မကသာ ကျင်းခယ်ရှင်းက အန်းယာကိုတိုက်ခိုက်ခဲ့တဲ့လူဖြစ်ပြီး ကျွန်မကတွေ့လို့သူ့ကိုကန်ထုတ်လိုက်တာလို့ပြောရင်ရော၊ ရှင်တို့ယုံမှာလား?"
ထိုစကားကြောင့် လူတိုင်း ကျင်းခယ်ရှင်းဘက်သို့အကြည့်များရောက်သွားကြကာ တချို့သည်တော့ ယုံကြည်ကြပြီး တချို့ကတော့မယုံကြသေးပေ။
ကျင်းခယ်ရှင်းလဲ အနည်းငယ်ထိတ်လန့်သွားကာ သူမကိုယ်သူမပြန်ပြီးကာကွယ်ပြောဆိုလိုက်သည်။
"နင်ရူးနေလား! အန်းယာက ငါ့ဝမ်းကွဲညီမလေ၊ သူ့ကိုထိခိုက်အောင်လုပ်စရာလား!"
အမှန်ပင်! ကျင်းခယ်ရှင်းသည် စုအန်းယာ၏ဝမ်းကွဲအမဖြစ်သောကြောင့် လူအများစုက သူမကိုပို၍ယုံကြည်ကြလေသည်။ ကုနင်းသည်တော့ စုအန်းယာ၏အရင်းနှီးဆုံးသူငယ်ချင်းဆိုသော်လည်း သူစိမ်းတစ်ယောက်ဖြစ်ပေသည်။ သို့ပေမယ့်လဲ ကုနင်းက အထူးသဖြင့် စုအိမ်တော်ကြီးတွင် စုအန်းယာကို စတင်တိုက်ခိုက်လိမ့်မည်ဟု သူတို့မယုံမိပေ။
"ငါဘော့စ်ကိုယုံတယ်။ မင်းကသာ အန်းယာကိုတိုက်ခိုက်ခဲ့တဲ့လူ!" ဟောက်ရန်က ကျင်းခယ်ရှင်းကိုပြောလိုက်သည်။
"နင်တို့က ကုနင်းရဲ့သူငယ်ချင်းတွေလေ၊ ဒီတော့ သေချာပေါက် သူ့ဘက်ကပဲပြောပေးကြမှာပေါ့!"
"ကျင်းခယ်ရှင်း၊ နင်ကများချောက်ချရဲတယ်ပေါ့! ကြည့်ထား နင့်ကိုတစ်နေ့ပညာပြန်ပေးပြမယ်!"ချူးဖေ့ဟန်က ကျင်းခယ်ရှင်းကို လက်ညှိုးထား ခြိမ်းခြောက်လိုက်သည်။ ထိုနေရာတွင် အရာရှိများစွာရှိနေသည်ကိုလဲ သူမဂရုလုံးဝမစိုက်ပေ။
ချူးဖေ့ဟန်၏ခြိမ်းခြောက်စကားကိုကြားလိုက်ရချိန်တွင်တော့ ယွင်ကျီစုန့်မျက်မှောင်ကြုတ်သွားမိရသည်။ ချူးဖေ့ဟန်၏အကျင့်စရိုက်ကိုသဘောမကျသော်လည်း ဘာမှတော့မပြောခဲ့ပေ။ စုကျန်းဟောက်သည် သူ၏အကောင်းဆုံးသူငယ်ချင်းဖြစ်သလို ကုနင်းသည်လဲ သူ့အသက်သခင်ဖြစ်လေသည်။ ကျင်းခယ်ရှင်းကသာ စုအန်းယာအားတိုက်ခိုက်ခဲ့သူအမှန်ဖြစ်ရဲ့သားနှင့် ကုနင်းကို အပြစ်ပုံချခြင်းဆိုလျှင် သူသေချာပေါက် ကျင်းခယ်ရှင်းအားအပြစ်ပေးမည်ဖြစ်သည်။ သူက ကုနင်းကိုယုံကြည်သော်လည်း သက်သေအတိအကျကရှိမနေပေ။
စုအန်းယာသာ အခုချိန်နိုးလာနိုင်လျှင်တော့ ကိစ္စအားလုံးရှင်းလင်းသွားမည်ဖြစ်သည်။ သို့ပေမည့် ပြဿနာသည်က စုအန်းယာသည် ယခုအချိန်ထိ သတိလစ်နေစဲပင်ဖြစ်သည်။ ထို့အပြင် ကြမ်းပြင်တွင်သွေးများအိုင်ထွန်းနေပုံအရ စုအန်းယာ၏ဒဏ်ရာမှာလဲ အတော်ဆိုးဝါးပုံရလေသည်။
***
အခန်း ၃၉၄
ကျင်းခယ်ရှင်းအား ရိုက်နှက်ခြင်း
"တော်လောက်ပြီ! အခုအန်းယာက အသက်အန္တရာယ်စိုးရိမ်နေရတာ! မင်းတို့စကားမများပဲမနေနိုင်ကြဘူးလား? အန်းယာကို တိုက်ခိုက်ခဲ့တာဘယ်သူပဲဖြစ်ပါစေ အဲ့လူသေချာပေါက် အပြစ်ခံရမယ်!" အမျိုးသမီးစုက ဒေါသတကြီးအော်ဟစ်လိုက်သည်။ စုအန်းယာမှာ သေနိုင်သည့်အခြေအနေဖြစ်နေရပြီး သူတို့ကတော့ အချင်းချင်းအပြစ်တင်ရင်းစကားများနေကြလေသည်။
ထိုစကားကိုကြားလိုက်တော့ ကျင်းခယ်ရှင်းရော ကျင်းကျင့်ဝေ့ပါ စိုးရိမ်ပူပန်သွားတော့သည်။ သူတို့နှစ်ယောက်လုံး ဘေးကင်းဖို့ရန်အတွက် စုအန်းယာဘယ်တော့မှပြန်မနိုးလာစေရန်သာ မျှော်လင့်နေကြလေသည်။
"ကျင်းခယ်ရှင်း၊ အန်းယာနိုးလာတာနဲ့၊ ကိစ္စအားလုံးရှင်းသွားမှာပါ။" ကုနင်းပြောလိုက်သည်။
ဒီကမ္ဘာပေါ်တွင် ကျင်းခယ်ရှင်းနှင့်ကျင်းကျင့်ဝေ့တို့မမြင်ချင်ဆုံးအရာသည်ကား စုအန်းယာပြန်လည်သတိရလာမည်ကိုပင်။ ထို့ကြောင့် စုအန်းယာ သတိပြန်မရလာစေရန်အတွက် သူတို့နည်းမျိုးစုံကိုအသုံးပြုမည်ဖြစ်သည်။ စုအန်းယာဆေးရုံသို့ရောက်သွားသည်နှင့် ကျင်းကျင့်ဝေ့အနေနှင့် သူမတစ်သက်လုံးပြန်မနိုးလာနိုင်စေရန် တစ်နည်းနည်းဖြင့်ပြုလုပ်မည်ဖြစ်သည်။
သို့ပေမည့် လူနာတင်ယာဉ်မရောက်သေးခင်တွင်ပဲ ကုနင်းက စကားဆုံးသွားသည်နှင့် စုအန်းယာမျက်လုံးများပြန်ဖွင့်လာခဲ့သောကြောင့် အားလုံးအံ့အားသင့်ကုန်ကြတော့သည်။
ကျင်းခယ်ရှင်းနှင့် ကျင်းကျင့်ဝေ့တို့လဲ အလွန်ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
"အန်းယာ၊ သမီးအဆင်ပြေရဲ့လား?" အမျိုးသမီးစု မျက်ရည်များအပြည့်ဖြင့်ပြုံးလိုက်ရင်း ပြောလိုက်သည်။
"အန်းယာ၊" စုကျန်းဟောက်သည်လဲ အလွန်စိတ်လှုပ်ရှား အံ့ဩသွားခဲ့သည်။
တကယ်တော့ ကုနင်းအပေါ်ထပ်သို့တက်လာခဲ့ကတည်းက စုအန်းယာကိုကယ်တင်ခဲ့ပြီးပြီဖြစ်ကာ ကျင်းခယ်ရှင်းကို ထောင်ချောက်ဆင်ရန်အတွက် သူမအားဆက်ပြီးသတိလစ်ဟန်ဆောင်နေဖို့ ကုနင်းပြောထားခဲ့ခြင်းဖြစ်လေသည်။
"သမီးကို လုပ်တာ ကျင်းခယ်ရှင်းပဲ! သူအဖေ့အခန်းထဲက စာရွက်စာတမ်းတွေခိုးနေတာ သမီးမိသွားလို့ ပြာခွက်နဲ့သမီးကိုပေါက်လိုက်တာ!" စုအန်းယာ ကျင်းခယ်ရှင်းအားစိုက်ကြည့်ကာ အံ့ကြိတ်ပြီးပြောလိုက်သည်။
ထိုစကားကိုကြားတော့ လူတိုင်းထိတ်လန့်စွာဖြင့် ကျင်းခယ်ရှင်းကိုကြည့်လိုက်ကြလေသည်။ ကျင်းခယ်ရှင်းက စုကျန်းဟောက်အခန်းထဲက စာရွက်စာတမ်းကိုခိုးဖို့လုပ်ပေမယ့် စုအန်းယာကမိသွားလို့ ပြာခွက်နဲ့ပေါက်လိုက်တယ်တဲ့လား?
စုအန်းယာက စာရွက်စာတမ်းလို့ပြောလိုက်သည်နှင့် စုကျန်းဟောက်ချက်ချင်းပင် သူ့စားပွဲဆီသို့ပြေးသွားကာ ရှာဖွေလိုက်တော့သည်။
အမျိုးသမီးစုသည်တော့ ကျင်းခယ်ရှင်း၏ပါးကိုဖြတ်ရိုက်လိုက်ကာ၊
"ကျင်းခယ်ရှင်း၊ နင်ဘယ်လိုတောင်လုပ်ရက်ရတာလဲ?"
ကျင်းခယ်ရှင်းလဲ သူမ၏နာကျင်သွားသည့်ပါးတစ်ဖက်ကိုအုပ်ကိုထားရင်းဖြင့် ဘာမှပြန်ခွန်းတုံ့မပြန်နိုင်ခဲ့ပေ။ စုအန်းယာနိုးလာပြီဆိုမှတော့ သူမကိုယ်သူမအပြစ်မှလွတ်မြောက်စေရန် အကြောင်းပြချက်ပေး၍မရတော့ပေ။
ကျင်းကျင့်ဝေ့သည်လဲ သူပါပြဿနာအကြီးအကျယ်တက်သွားနိုင်သောကြောင့် ကျင်းခယ်ရှင်းကိုဝင်မကူညီရဲခဲ့ပေ။
"ကျင်းခယ်ရှင်း၊ နင်ကများ ကုနင်းကိုစွပ်စွဲရဲတယ်၊ နင့်ကိုလုံးဝမထနိုင်အောင်ကိုရိုက်ပစ်မယ်!" ချူးဖေ့ဟန်ပြောရင်းဖြင့်ပင် ကျင်းခယ်ရှင်းထံသို့ပြေးဝင်သွားလိုက်ပြီး ထိုးချလိုက်သောကြောင့် ကျင်းခယ်ရှင်း၏နာနာကျင်ကျင်အော်သံကြီးထွက်လာတော့သည်။
ချူးဖေ့ဟန်က တကယ်ပဲ ကျင်းခယ်ရှင်းအားရိုက်လိမ့်မည်ဟု ဘယ်သူမှမထင်ထားသောကြောင့် အားလုံးကြောက်အနေကြတော့သည်။ ချူးဖေ့ဟန်၏ပုံစံမှာ စနစ်တကျလေ့ကျင့်ထားကြောင်းသိသာလေသည်။
"ရပ်လိုက်! ရပ်စမ်း!" ကျင်းကျင့်ဝေ့က ချူးဖေ့ဟန်အားရပ်သွားစေရန်အော်ဟစ်လိုက်သည်။ သို့ပေမည့် ဟောင်ရန်နှင့်အခြားကောင်လေးများက ချက်ချင်းပင် ကျင်းကျင့်ဝေ့အားဖမ်းချုပ်ထားလိုက်တော့သည်။ ထို့ကြောင့် ကျင်းကျင့်ဝေ့ခမျာ ကျင်းခယ်ရှင်းအရိုက်နှက်ခံနေရသည်ကို ကြည့်ရုံသာကြည့်နေနိုင်တော့သည်။
တခြားလူများသည်တော့ ပြဿနာထဲဝင်မပါချင်သောကြောင့် ဘာမှမပြောကြပေ။
"တော်သင့်ပြီ၊ ရပ်လိုက်တော့!" ယွင်ကျီစုန့်ကပြောလိုက်ပေမည့် အမှန်တကယ်ရပ်သွားစေသည်အထိပြောခြင်းမျိုးမဟုတ်ဘဲ သူ့ရာထူးအရပြောသင့်သည်ကိုပြောလိုက်ခြင်းသာဖြစ်သည်။ ကျင်းခယ်ရှင်းသည် သူ့သူငယ်ချင်းကောင်း၏သမီးနှင့် သူ့အသက်သခင်ကို ချောက်ချတိုက်ခိုက်ခဲ့သူပင်! ယွင်ကျီစုန့်သည် ဖြောင့်မတ်သည့်အရာရှိတစ်ဦးဖြစ်သော်လည်း ပျော့ညံ့အားနည်းသူတော့မဟုတ်ပေ။ သူဂရုစိုက်သည့်လူများအား လာရောက်ထိပါးလျှင်တော့ သူသည်လဲ ပြန်တိုက်တတ်သည့်လူမျိုးပင်။
ချူးဖေ့ဟန်ကလဲ ကျင်းခယ်ရှင်းအား အကြာကြီးဆက်ရိုက်မနေပေ။ ကျင်းခယ်ရှင်းသည်လဲ ဆက်ပြီးတောင့်ခံနိုင်တော့သည့်အနေအထားတွင်မရှိတော့ပေ။ ချူးဖေ့ဟန်အလွန်ဒေါသထွက်နေသည်ဆိုလျှင်တောင်မှ ဘယ်လိုအချိန်တွင်ရပ်လိုက်သင့်သည်ကိုတော့ သိနေစဲပင်။ အကယ်၍ကျင်းခယ်ရှင်းသာသေသွားခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်ကိုသူမလက်မခံနိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျင်းခယ်ရှင်းဘဝမှာ သေချာပေါက် ထောင်ထဲတွင်သာအဆုံးသတ်တော့မည်ဖြစ်သည်။
စုကျန်းဟောက် ပျောက်သွားသည့်စာရွက်စာတမ်းမှာ အတော်လေးအရေးကြီးလေသည်။ ထိုအရာသည် ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေလည်ပတ်ရန်နေရာအတွက် တင်ဒါစာရွက်ဖြစ်သည်။ လွန်ခဲ့သည့်ရက်များက ကျင်းကျင့်ဝေ့ သူ့ထံသို့လာခဲ့ခြင်းမှာလဲ ထိုလုပ်ငန်းကို ခွဲဝေယူလိုခြင်းကြောင့်ဖြစ်လေသည်။ သို့ပေမည့် စုကျန်းဟောက်သည် ထိုပရောဂျက်ကိုတစ်ယောက်တည်းတာဝန်ယူရခြင်းမဟုတ်သောကြောင့် သူ့ဘာသာမဆုံးဖြတ်နိုင်၍ ငြင်းဆိုခဲ့ပေသည်။
ဘာတွေဖြစ်သွားလဲဆိုသည်ကိုသိလိုက်သည်နှင့် စုကျန်းဟောက်လဲ နောက်ကွယ်ကအကြောင်းရင်းကိုချက်ချင်းမှန်းဆမိသွားတော့သည်။ ကျင်းကျင့်ဝေ့က ကျင်းခယ်ရှင်းအား စုကျန်းဟောက်မရှိတုန်း သူ့စာကြည့်ခန်းသို့ခိုးဝင်စေပြီး တင်ဒါစာရွက်စာတမ်းများကိုခိုးယူစေခဲ့ခြင်းဖြစ်ပေသည်။ စုကျန်းဟောက်လဲ ကျင်းကျင့်ဝေ့က ငွေအတွက်ကြောင့်ဖြင့် သူ့မိသားစုကိုထိခိုက်စေကြောင်းသိလိုက်ရသောကြောင့် အလွန်ဒေါသထွက်သွားတော့သည်။ ကျင်းကျင့်ဝေ့က သူတို့ကိုအန္တာရယ်ပေးမှတော့ သူ့ဘက်ကလဲ ကျင်းကျင့်ဝေ့ကို မိသားစုအဖြစ်ဆက်ပြီးသဘောမထားနိုင်တော့ပေ!
"စာရွက်စာတမ်းတွေဘယ်မှာလဲ?" စုကျန်းဟောက် ကြမ်းပြင်တွင်လဲကျနေသည့် ကျင်းခယ်ရှင်းအားမေးလိုက်သည်။
ကျင်းခယ်ရှင်းမှာနာကြင်လွန်းနေ၍ စကားတစ်ခွန်းပင်မပြောနိုင်သောကြောင့် စုကျန်းဟောက်၏မေးခွန်းကိုပြန်မဖြေခဲ့ပေ။
"အဲ့ဒါက ဆိုဖာအောက်ထဲမှာ။ ကျွန်မ သူ့ကိုကန်လိုက်တုန်းက ဖိုင်တစ်ခုအဲ့နားကိုကျသွားတယ်။" ကုနင်းကပဲ ဖြေလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ကုနင်းပြောသည့်ဆိုဖာနားသို့ စုကျန်းဟောက်ချက်သွားကာ ဒူးထောက်လိုက်ပြီး စာဖိုင်အားရှာလိုက်သည်။
ထိုဆိုဖာအောက်တွင် အမှန်ကို ဖိုင်တစ်ခုရှိနေလေသည်။ ထိုဖိုင်ကိုကြည့်လိုက်ပြီးတော့မှပဲ စုကျန်းဟောက်လဲ သူရှာနေသည့်စာရွက်စာတမ်းများရှိနေသောကြောင့် စိတ်အေးသွားတော့သည်။
ထို့နောက် စုကျန်းဟောက် ကျင်းကျင့်ဝေ့အား အေးစက်စွာစိုက်ကြည့်လိုက်တော့သည်။ သူ ကျင်းကျင့်ဝေ့အားဘာတစ်ခွန်းမှတော့မပြောပေမည့် လူအုပ်ကြီးဘက်သို့လှည့်ကာ၊
"အခုချိန်ကစပြီး၊ ကျွန်တော် စုကျန်းဟောက်က ကျင်းဟွာလုပ်ငန်းစုမှာ ရင်းနှီးထားသမျှ ပူးပေါင်းထားသမျှကိစ္စတွေကိုဖျက်သိမ်းလိုက်ပြီ။ ပြီးတော့ ကျင်းဟွာလုပ်ငန်းစုနဲ့အလုပ်ဆက်လုပ်တဲ့ဘယ်သူကိုမဆို စုမိသားစုနဲ့စီးပွားရေးအရာ ဆက်ဆံရေးဖြတ်တောက်မယ်!"
"ကျန်းဟောက်!" ကျင်းကျင့်ဝေ့အလွန်ထိတ်လန့်သွားကာ စုကျန်းဟောက်ကို တားရန်ကြိုးစားလိုက်သည်။ ကျင်းမိသားစု၏စီးပွားရေးသည် စုမိသားစုအပေါ်တွင်သာမှီခိုနေခြင်းဖြစ်သည်။ စုကျန်းဟောက်ကသာ သူရင်းနှီးမြှုပ်နှံထားသမျှကိုပြန်ထုတ်ပြီး ပူးပေါင်းမှုကိုဖြတ်ချပစ်မည်ဆိုလျှင် ကျင်းမိသားစု၏လုပ်ငန်းများ ဆက်လက်လည်ပတ်ဖို့ရန်ခက်ခဲသွားပေလိမ့်မည်။ ဒါတင်မကသေး၊ စုကျန်းဟောက်က အခြားသောကုမ္ပဏီကြီးများကိုလဲ သူနှင့်မပူးပေါင်းစေရန်ခြိမ်းခြောက်လိုက်သေးသည်။ ထိုအတိုင်းသာဆိုလျှင် ကျင်းမိသားစု၏စီးပွားရေးမှာ မကြာခင်အချိန်အတွင်းမှာပဲ ဒေဝါလီခံရပေလိမ့်မည်။
"ငါ့နာမည်ကိုမခေါ်နဲ့! ဒီနေ့ဒီအချိန်ကစပြီး မင်းကငါတို့မိသားစုဝင်မဟုတ်တော့ဘူး။ ပြီးတော့ ကျင်းမိသားစုဝင်တစ်ယောက်မှ ဒီအိမ်ထဲကိုခြေချခွင့်မရှိဘူး!" ထို့နောက် ဆက်လက်ပြီး၊
"ကျင်းခယ်ရှင်းကိုဖမ်းရအောင် ရဲကိုဖုန်းဆက်အကြောင်းကြားလိုက်။"
ကျင်းကျင့်ဝေ့မှာ နှုတ်ဟလိုက်မိသော်လည်း ဘာပြောလို့ပြောရမှန်းတော့မသိခဲ့ပေ။ အခုချိန်တွင် နောင်တရဖို့ရန်က အလွန်နောက်ကျလို့သွားခဲ့ပေပြီ။
"အိုး၊ ကုနင်း၊ နင်ငါ့ကိုပေးလိုက်တာဘာဆေးလဲ? စက္ကန့်ပိုင်းအတွင်း သွေးတိတ်သွားပြီး ငါနည်းနည်းလေးမှတောင်မနာတော့ဘူး။" စုအန်းယာကသိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
စုအန်းယာနိုးလာသည့်အချိန်တွင် ကုနင်းက သူမ၏ဒဏ်ရာမှသွေးဆက်မထွက်စေရန်နှင့် နာကျင်မှုပျောက်စေရန် အထူးဆေးဝါးတစ်မျိုးပေးခဲ့လေသည်။
စုအန်းယာက်၏စကားကိုကြားလိုက်တော့ လူတိုင်းအံ့အားသင့်သွားကြတော့သည်။ ကုနင်းဆိုတဲ့ ဒီမိန်းကလေးက အမြဲလိုလို အံ့ဩစရာတွေနဲ့ပြည့်နှက်နေတာပဲ။
"အဲ့ဒါက အကျိုးသက်ရောက်မှုအများကြီးရှိတဲ့၊ အထူးဆေးတစ်မျိုးပါ။ ပြီးတော့ ရောဂါများစုကိုလဲ ကုသနိုင်တယ်။ ရောဂါကမပြင်းထန်ဘူးဆိုရင်တော့ ဆေးတစ်လုံးနဲ့လုံလောက်တယ်။ တကယ်လို့ပြင်းထန်တယ်ဆိုရင်တော့ ဆေးအများကြီးနဲ့မှပျောက်လိမ့်မယ်။" ကုနင်းပြန်ဖြေလိုက်သည်။
***
အခန်း ၃၉၅
ဆေးကြော်ငြာခြင်း
"ဖြစ်ခဲပြီး ရှားပါးတဲ့ရောဂါအမျိုးအစားဆိုရင်တော့ လုံးဝပျောက်ကင်းအောင်ကုနိုင်မယ်လို့မသေချာပေမယ့်၊ အနည်းဆုံးတော့ အရင်အခြေအနေထက်တိုးတက်လာမှာပါ။ အရင်တစ်ခေါက်က နှလုံးရောဂါရှိတဲ့လူနာဆိုလည်း ဒီဆေးငါးပြားသောက်ပြီးတော့ သူ့နှလုံးရောဂါလုံးဝပျောက်သွားခဲ့တယ်။ အခုဆို ကျန်းကျန်းမာမာနဲ့ အားအင်အပြည့်ပဲ။" ကုနင်းသူမ၏ဆေးအကြောင်းကိုကြော်ငြာဝင်နေခဲ့သည်။
သူမ၏စကားများကြောင့် လူတိုင်း အံ့ဩထိတ်လန့်ကာ မျက်ဝန်းများပြူးကျယ်နေကြသည်။ ထိုသို့သဘာဝမဆန်သည့်ကိစ္စမျိုးကို ဘယ်သူမှမယုံကြည်နိုင်ကြပေ။ သို့ပေမည့် စုအန်းယာက နမူနာကောင်းဖြစ်နေသည်။ သူမဒဏ်ရာ ကုနင်း၏ဆေးကိုသောက်ပြီးသည်နှင့် သွေးတိတ်သွားသလို နာကျင်မှုလဲပျောက်သွားခဲ့ပေသည်။ သို့ပေမည့် တချို့ကတော့ စုအန်းယာ၏ဒဏ်ရာကသိပ်မဆိုးသောကြောင့် ကုနင်း၏ဆေးဖြင့် တိုက်တိုက်ဆိုင်ဆိုင်ကယ်နိုင်သွားသလိုထင်ရခြင်းဖြစ်မည်ဟုလဲ ထင်နေကြသေးသည်။
"မိန်းကလေးကု၊ မင်းကိုဘယ်လိုကျေးဇူးတင်လို့တင်ရမှန်းကိုမသိတော့ပါဘူး။ မင်းကငါတို့စုမိသားစုရဲ့အသက်သခင်ပဲ!" စုကျန်းဟောက်က လေးစားမှုအပြည့်ဖြင့် ကုနင်းကိုကျေးဇူးတင်စကားပြောလိုက်သည်။
ကုနင်းကလဲ၊
"ဦးလေးစု၊ အဲ့လိုပြောဖို့မလိုပါဘူး။ အန်းယာဆိုတာ ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ပဲကို။"
"မိန်းကလေးကု၊ မင်းရဲ့ဆေးကတကယ်ပဲ အဲ့လောက်စွမ်းတယ်လား?" တစ်စုံတစ်ဦးကမေးလာခဲ့သည်။
"ရှင်တို့အားလုံး ဒီလိုကိစ္စမျိုးရုတ်တရက်ကြီးကြားလိုက်ကြရတော့ အန်းယာက နမူနာကောင်းဖြစ်နေရင်တောင်မှ မယုံနိုင်ကြသေးမှန်း ကျွန်မနားလည်ပါတယ်။ ဒါပေယ့် ရှင်တို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အထူးဆေးစွမ်းကောင်းဆိုတာ အရမ်းတန်ဖိုးရှိတယ်။ ဒီတော့ ဒီဆေးကိုရောင်းဖို့မရောင်းဖို့ဆိုတာလဲ ကျွန်မရဲ့စိတ်အပေါ်ပဲမူတည်တယ်။" ကုနင်း ဝံ့ကြွားစွာပြောလိုက်သည်။ လူများသူမကိုယုံတာမယုံတာကို သူမဂရုမစိုက်ပေ။ ထို့အပြင် ဒီဆေး၏အကျိုးသက်ရောက်နိုင်စွမ်းများကိုသေချာသိသွားသည်နှင့် လူတိုင်းအလွန်လိုချင်နေကြမည်ကိုလဲ သူမသိလေသည်။
"မိန်းကလေးကု၊ မင်းရဲ့ဆေးက ကြွက်သားအားနည်းတဲ့ရောဂါမှရော အကျိုးသက်ရောက်မှုရှိလား?" သက်လတ်ပိုင်းအရွယ်လူတစ်ဦးက မျှော်လင့်ချက်ကြီးစွာဖြင့်မေးလိုက်သည်။ ထိုသူကတော့ လန်ယွီပင်းဖြစ်ကာ Fမြို့၏နိုင်ငံခြားခရီးသွားလာရေးလုပ်ငန်းများ၏ ထိပ်တန်းဖြစ်သည့် လန်တုခရီးသွားလုပ်ငန်း၏ဥက္ကဌဖြစ်ဖြစ်သည်။ လန်ယွီပင်းသည် အချမ်းသာဆုံးစာရင်းတွင်မဝင်သော်လည်း သူ့ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံငွေမှာအနည်းဆုံး ယွမ်သန်းရာပေါင်းများစွာရှိနေစဲပင်။
လန်ယွီပင်း၏သားသည် လွန်ခဲ့သည့်လေးနှစ်ကတည်းက ကြွက်သားအားနည့်သည့်ရောဂါကိုစတင်ခံစားနေရပြီး သူ၏ညာဘက်ခြေသလုံးကြွက်သားများမှာ တဖြည်းဖြည်းအားနည်းလာခဲ့ပြီး အခုဆိုလျှင် လမ်းပင်မလျှောက်နိုင်တော့ဘဲ အမြဲတမ်းဝှီးချဲဖြင့်သာနေရတော့သည်။ ယခုခေတ်တွင် ဆေးပညာများစွာတိုးတက်နေပြီဖြစ်သော်လည်း ထိုသို့ရှားပါးသည့်ရောဂါအမျိုးအစားများကိုတော့ ကုသဖို့ရန်ခက်ခဲနေစဲပင်။
"ရှင်ကျွန်မကိုယုံတယ်ဆိုရင်တော့ ဒီဆေးက ကုပေးနိုင်တာပေါ့။" ကုနင်းပြန်ဖြေလိုက်သည်။
"ဒါဆို၊ ကျွန်တော့ကို အဲ့ဒီဆေးရောင်းပေးပါလား?" လန်ယွီပင်းစိတ်လှုပ်ရှားသွားသည်။ သူ့သားကိုကုသပေးနိုင်မည့် မျှော်လင့်အချက်အနည်းငယ်ရှိလျှင်ပင် သူကုနင်းကိုယုံကြည်ပေးဖို့ရန်လုံလောက်ပေပြီ။
"ကောင်းပြီလေ၊ ဒါပေမယ့် ရှင်ဆေးရဲ့တန်ဖိုးကိုပေးချင်ပါ့မလား။"
"သေချာပေါက်ပေးမှာပါ။" လန်ယွီပင်းချက်ချင်းပြန်ဖြေလိုက်သည်။ ထိုဆေးကသာ သူ့သားကိုကုသပေးနိုင်မည်ဆိုလျှင် ဘယ်လောက်ပဲ ကုန်ကျပါစေ ပေးမည်ဖြစ်သည်။
"ဈေးနှုန်းကတောင်မှမမေးတော့ဘူးဘဲ။ ကြည့်ရတာ လူနာက ရှင့်အတွက်တော်တော်အရေးပါတဲ့လူထင်တယ်။ ရှင့်ရဲ့ရက်ရောမှုကို ကျွန်မလေးစားပါတယ်၊ ရောင်းပေးရမှာပေါ့၊ ဆေးတစ်လုံးကို ယွမ်တစ်သန်းကျတယ်။ စိတ်မပူပါနဲ့၊ ဆေးက အနည်းဆုံး၈၀ရာခိုင်နှုန်းလောက်တောင် အကျိုးသက်ရောက်မှုမရှိရင် ကျွန်မတစ်ပြားတစ်ချပ်တောင်ယူမှာမဟုတ်ဘူး။ ပြီးတော့ ရောဂါအတွက်ဆေးဘယ်လောက်လိုလဲဆိုတာသိရအောင် ကျွန်မကိုယ်တိုင်လူနာကိုလိုက်ကြည့်ဖို့လိုသေးတယ်။"
ဆေး၏ဈေးနှုန်းကိုကြားလိုက်ရတော့ လူတိုင်းအလွန်ထိတ်လန့်အံ့ဩသွားကြသည်။ ဆေးတစ်လုံးကို ယွမ်တစ်သန်း? ဒီဆေးနဲ့တင် ကြွယ်ဝသွားနိုင်တာပဲ။ သို့ပေမည့် သူတို့ပိုပြီးအံ့ဩရသည်က အနည်းဆုံး၈၀ရာခိုင်းနှုန်းမှ ဆေးကအကျိုးသက်ရောက်မှုမရှိလျှင် တန်ကြေးပေးစရာမလိုဆိုသည်ကိုပင်။ ကုနင်းကအကြောက်အလန့်မရှိတာပဲလား ဒါမှမဟုတ် သူမဆေးအပေါ်အလွန်ယုံကြည်ချက်ရှိနေလို့ပဲလား? လူတိုင်း၏စိတ်ထဲတွင် သံသယများစွာရှိနေခဲ့သည်။
"ရတာပေါ့၊ မိန်းကလေးကု ဘယ်အချိန်အားမလဲ?" လန်ယွီပင်းသည်တော့ ဆေး၏ဈေးနှုန်းကိုမြင့်သည်ဟု မထင်မိပေ။ ထိုအစားကုနင်းကို မြန်မြန်သူ့သားနှင့်တွေ့ပေးချင်နေတော့သည်။
"ကျွန်မ မနက်ဖြန်ဆိုအလုပ်များမှာဆိုတော့၊ အဆင်ပြေမယ်ဆိုရင် အခုချက်ချင်းပဲလူနာကိုသွားကြည့်ကြတာပေါ့။" မနက်ဖြန်တွင် ကုနင်း Gမြို့သို့သွားမည်ဖြစ်၍ ယနေ့ညတွင်သာ သွားကြည့်နိုင်ပေမည်။ ကံအားလျော်စွာဖြင့် အခုမှ ည၈နာရီသာရှိသေးသောကြောင့် နောက်မကျသေးပေ။
"ရတာပေါ့-ရတာပေါ့။" ထိုစကားမျိုးကပင် လန်ယွီပင်းကြားချင်နေသော အဖြေဖြစ်လေသည်။
ထိုအချိန်တွင်ပဲ လူနာတင်ယာဉ်ရောက်လာခဲ့သောကြောင့် ကုနင်းက၊
"အန်းယာရဲ့ဒဏ်ရာက သွေးတိတ်သွားပြီဆိုပေမယ့် ဆေးရုံကိုသွားပြီး စောင့်ကြည့်တာပိုကောင်းမယ်လို့ထင်တယ်။"
ကုနင်းအနေဖြင့် အရမ်းကြီး သဘာဝမကျသလိုမျိုးမဖြစ်နေစေချင်သောကြောင့် ဒဏ်ရာကိုအနည်းငယ်ချန်ထားခဲ့လေသည်။ ဆံပင်များဖြင့် ဒဏ်ရာကိုဖုံးထားနိုင်ပြီး မဆိုးရွားပေ။ အကယ်၍ နောင်ကျလို့ စုအန်းယာကသာ အမာရွတ်ကိုပျောက်စေချင်လျှင်လဲသူမကုပေးနိုင်လေသည်။
ထို့နောက် စုကျန်းဟောက်နှင့်အမျိုးသမီးစုတို့ချက်ချင်းပင် စုအန်းယာကိုဆေးရုံသို့လိုက်ပို့လိုက်ကြသည်။ ကျင်းခယ်ရှင်းသည်လဲ ဒဏ်ရာဆိုးဆိုးဝါးဝါးရထားသောကြောင့် ဆေးရုံသို့သာအရင်ပို့လိုက်ရလေသည်။ သို့ပေမည့် သူမဆေးရုံမှရက်အနည်းငယ်ကာ၍ဆင်းသည်နှင့် ချက်ချင်းပင် တရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရပေလိမ့်မည်။
ယွင်ကျီစုန့်သည်တော့ စုကျန်းဟောက်ကိုယ်စားဧည့်သည်များကိုဆက်ပြီး နှုတ်ဆက်နေခဲ့သည်။
ချူးဖေ့ဟန်နှင့်အခြားသူငယ်ချင်းများသည်တော့ အတူတူပြန်သွားကြပြီး ကုနင်းသည်တော့ ကောင်းယိနှင့်ချောင်ယကိုခေါ်ကာ လန်ယွီပင်းနှင့်အတူ လန်အိမ်သို့လိုက်သွားခဲ့သည်။ တိုက်ဆိုင်စွာပင်၊ လန်ယွီပင်းသည်လဲ ဖန်ဟွားအဆင့်မြင့်အိမ်ရာတွင်သာနေထိုင်လေသည်။
လန်မိသားစုအိမ်သည် ဇုံBတွင်တည်ရှိပြီး နှစ်ထပ်တိုက်လေးနှင့် ဥယျာဉ်လေးတစ်ခုပါရှိသောကြောင့် အိမ်တော်တစ်ခုနှင့်ပင်ဆင်တူလေသည်။ အခုချိန်ကအစောကြီးရှိသေးသောကြောင့် လန်ယွီပင်၏ဇနီးနှင့်သားအပါအဝင် အိမ်ဖော်များပါ မအိပ်ကြသေးဘဲ ဧည့်ခန်းထဲတွင် တီဗီကြည့်နေကြသည်။
လန်ယွီပင်း သူစိမ်းများနှင့်အတူ အိမ်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်တော့ အမျိုးသမီးလန်ကဘာမှမမေးဘဲ အိမ်အကူများကိုသာ လက်ဖက်ရည်ပွဲပြင်ဆင်ပေးရန်ပြောလိုက်သည်။
"ကျင်းယွမ်၊ ဒါကမိန်းကလေးကုပဲ၊ သူရဲ့ အထူးဆေးက ရောဂါအများစုကိုကုသပေးနိုင်တယ်။ ဒီနေ့မိန်းကလေးစုခေါင်းမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာတာမှ မိန်းကလေးကုပေးတဲ့ဆေးကိုသောက်ပြီးတာနဲ့ သွေးတိတ်လဲရပ်သွားပြီး နာလဲမနာတော့ဘူး။ ဒါကြောင့် ထျန်းဟွာကိုကြည့်ရအောင် မိန်းကလေးကုကို ငါဖိတ်လာခဲ့တာ။" လန်ယွီပင်းက သူ့ဇနီးကိုပြောပြလိုက်သည်။ ထျန်းဟွာဆိုသည်က လန်ယွီပင်း၏သား လန်ထျန်းဟွာပင်ဖြစ်သည်။
အမျိုးသမီးလန်၏မျက်ဝန်းများလဲ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားကာ၊ "တကယ်ပဲလား?"
"ဒါဆို သူ့ခြေသလုံးကိုအရင်ကြည့်ပါရစေ!" အခုချိန်တွင် ကုနင်းအနေဖြင့်ဘာကတိမှကြိုမပေးချင်သေးပေ။ သူတို့အားလုံး မကြာခင်တွင်ပဲ ဆေးစွမ်းကိုသိသွားကြမည်ဖြစ်သည်။
"ကောင်းပါပြီ။" အမျိုးသမီးလန်ပြန်ဖြေလိုက်ကာ ချက်ချင်းပင် လန်ထျန်းဟွာ ဘောင်းဘီရှည်ကို ဒူးအထက်သို့ရောက်သည်အထိ ကူညီပြီးလိပ်တင်ပေးလိုက်သည်။
ကုနင်းအရမ်းငယ်သည်ကိုမြင်ရတော့ အမျိုးသမီးလန် အနည်းငယ်သံသယဝင်မိပေသည်။ သို့ပေမည့် သူမတွင်လဲ လန်ယွီပင်းနှင့်တူညီသည့်ခံစားချက်ရှိလေသည်။ တစ်ခုခုထူးခြားမှုသာရှိမည်ဆိုလျှင် ဘယ်လိုအခွင့်အရေးကိုမဆို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ ထို့အပြင် မိန်းကလေးကုသည် မိန်းကလေးစု၏ဒဏ်ရာကိုကုသပေးနိုင်ခဲ့သည်ဟုလဲ လန်ယွီပင်းပြောခဲ့သောကြောင့် ကုနင်းကိုယုံကြည်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
လန်ထျန်းဟွာသည်လဲ နောက်တစ်ကြိမ်ကျန်းကျန်းမာမာဘဝမျိုးကို အလွန်ပိုင်ဆိုင်လိုပေသည်။ သူ့ညာဘက်ခြေသလုံးကြွက်သာများသည်တဖြည်းဖြည်းအားနည်းလာကာ အရိုးတစ်ချောင်းသာကျန်တော့သလိုခံစားရလေသည်။ ကုနင်းလဲ သူ့အနားသို့လျှောက်သွားကာ လန်ထျန်းဟွာ၏ခြေသလုံးကိုထိကြည့်လိုက်ပေမည့် ဘာမှမခံစားရပေ။
"မိန်းကလေးကု၊ ဘယ်လိုနေလဲ? ကုသလို့ရနိုင်ရဲ့လား?"လန်ယွီပင်း စိုးရိမ်စွာဖြင့်မေးလိုက်သည်။
"ရပါတယ်၊ ဒါပေမယ့် ဆေးသုံးပြားလိုအပ်မယ်။" ကုနင်းပြန်ဖြေလာခဲ့သည်။