← Chapters

အခန်း (၄၀၆-၄၁၀)

Vol. 28 Ch. 406-410

အခန်း (၄၀၆-၄၁၀)

Vol. 28 Ch. 406-410

အခန်း ၄၀၆

အကောင်းဆုံးကြိုးစားပါ့မယ်

လူကြီးမင်းယန်သည်တော့ အလွန်ထိတ်လန့်သွားရသည်။ အကယ်၍ ကုနင်းသာ သခင်လေးဖန်း၏ဆရာဖြစ်သွားခဲ့လျှင် သေချာပေါက်သူမစကားကိုသာနားထောင်တော့မည်ဖြစ်ကာ သူသည်တော့ ပြဿာနာအကြီးကြီးတက်သွားပေတော့မည်။

ကုနင်း မျက်မှောင်ကြုတ်သွားမိသည်။ သူမအနေဖြင့် တစ်စုံတစ်ဦး၏ဆရာဖြစ်လာဖို့ရန် စိတ်မဝင်စားသောကြောင့် တန်းပြီးငြင်းလိုက်ပေသည်၊

“စိတ်မကောင်းပါဘူး။ ကျွန်မစိတ်မဝင်စားဘူး။”

“ဘာ?” သခင်လေးဖန်းမှာ စိတ်ပျက်သွားရသော်လည်း နောက်တစ်အကြံတစ်ခုထုတ်လိုက်သည်၊

“ဒါဆို၊ မင်းငါ့ရဲ့ဆရာမဖြစ်ချင်ဘူးဆိုမှတော့ ဘော့စ်တော့လုပ်လိုက်ပါလား?”

ဆိုင်ထဲရှိလူအားလုံး အမှန်တကယ်ထိတ်လန့်အံ့ဩသွားကြတော့သည်။ သခင်လေးဖန်းက ကုနင်း၏နောက်လိုက်ဘာကြောင့် ဒီလောက်လုပ်ချင်နေတာလဲ?

ကုနင်း ဒီတစ်ခေါက်တော့ ချက်ချင်းမငြင်းလိုက်ပဲ ခနလောက်စဉ်းစားကြည့်လိုက်သည်။ အခုလိုအလွန်ချမ်းသာသည့်မိသားစုမှအမွေဆက်ခံသူတစ်ဦးက သူမအဖွဲ့ထဲဝင်လာခြင်းသည် မကောင်းခြင်းမျိုးမဟုတ်ပေ။ ထိုအတွက်ဖြင့် သူမဘက်ကဘာမှပေးစရာမလိုဘဲ အဆက်အသွယ်များပင်ပို၍များလာပေမည်။ သို့ပေမည့် ကုနင်းအနေဖြင့် ဖန်းမိသားစုအကြောင်းကိုသေချာမသိသေးသောကြောင့် ချက်ချင်းမဆုံးဖြတ်သေးပေ။ ဖန်းမိသားစုကသာ သူတို့၏အင်အားနောက်ခံကိုအသုံးပြုကာ အခြားလူများကိုအနိုင်ကျင့်တတ်သူများဆိုလျှင် ကုနင်းနှင့်အဆင်မပြေနိုင်ဘဲ သူမအနေဖြင့် ထိုမိသားစုနှင့်အဆက်အသွယ်လုပ်ဖို့ရန်လဲမလိုအပ်တော့ပေ။

တစ်ချိန်တည်းတွင်ပဲ မည်သည့်အရာရှိမှ စီးပွားရေးသမားမှ မကောင်းမှုတစ်ကြိမ်တစ်ခါမျှမလုပ်ဖူးသူဟူ၍မရှိကြောင်းကိုလဲ ကုနင်းနားလည်လေသည်။ ထိုမကောင်းမှုသည် ဥပဒေကို ချိုးဖောက်ခြင်းမျိုး မဟုတ်သ၍ လူ့ကျင့်ဝတ်ကိုဖောက်ဖျက်ခြင်းမျိုး မဟုတ်သ၍ ကုနင်း ထည့်တွက်နေမည်မဟုတ်ပေ။

“မင်းဘယ်လိုသဘောရလဲ?” ကုနင်း တုံ့ဆိုင်းနေသည်ကိုမြင်ရတော့ သခင်လေးဖန်းလဲ သူ့တွင် မျှော်လင့်ချက်ရှိသေးကြောင်း သိလိုက်ပေမည့် စိတ်လှုပ်ရှားစိုးရိမ်နေမိစဲပင်။

“ကျွန်မကို ဘော့စ်လို့ခေါ်ချင်တာ သေချာရဲ့လား?” ကုနင်းသေချာအောင်မေးလိုက်တော့၊

“သေချာတာပေါ့။”

သခင်လေးဖန်းဆိုသူ၏ သေချာနေသည့်ပုံစံကိုမြင်ရတော့ ကုနင်းက၊

“အခုချက်ချင်းကြီးတော့ ကျွန်မချက်ချင်းအဖြေမပေးနိုင်သေးဘူး။ ဒါပေမယ့် ရှင့်ကိုအခွင့်ရေးတစ်ခုတော့ပေးမယ်။ ဒီတော့ ရှင့်ကိုကျွန်မအဖွဲ့သားအဖြစ်လက်ခံဖို့ မခံဖို့ဆိုတာ ရှင့်လုပ်ရပ်အပေါ်မူတည်သွားပြီ။”

“ရတာပေါ့၊ ငါအကောင်းဆုံးကြိုးစားပါ့မယ်။” သခင်လေးဖန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။ ကုနင်းဘက်က သဘောတူကြောင်း အတိအကျမပြောရသေးသော်လည်း သူ့တွင် အခွင့်ရေးရှိနေပြီဖြစ်သည်။

“အခုရှင်က လူကြီးမင်းယန်ကိုထောက်ပံ့ပေးနေတာလား?” ကုနင်းမေးလိုက်သည်။

“မဟုတ်တာ၊ မပေးပါဘူး။” ကုနင်းသည် အခုချိန်တွင်သူ့ဘော့စ်ဖြစ်နေပြီဖြစ်သောကြောင့် သခင်လေးဖန်းသည် သေချာပေါက် ကုနင်းဘက်ကသာရပ်တည်ပေးမည်ဖြစ်သည်။

လူကြီးမင်းယန်သည်တော့ အလွန်ထိတ်လန့်လို့နေလေသည်။

“ပြီးတော့ ကျွန်မက လူကြီးမင်းကျန်းကိုကူညီပေးနေတာ။ ရှင်သူ့ကိုအပြစ်တင်ချင်သေးလား?”

“မတင်တော့ပါဘူး။” သူ့ဘော့စ်က လူကြီးမင်းကျန်းကိုကူညီနေမှတော့ သူကဘာကြောင့်များ သူ့ဘော့စ်နှင့်ဆန့်ကျင်သည့်လုပ်ရပ်မျိုးကိုလုပ်ရမည်လဲ။

“ကောင်းတာပေါ့။” ကုနင်း ကျေနပ်သွားကာ လူကြီးမင်းယန်ဘက်သို့လှည့်ကြည့်လိုက်ပြီး၊

“ရှင်လူကြီးမင်းကျန်းရဲ့ငွေတွေကိုပြန်ပေးပြီး ကျောက်ရိုင်းအတုတွေကိုဖျက်ဆီးပစ်မလား၊ ဒါမှမဟုတ် ကျွန်မရဲကိုပဲဖုန်းဆက်လိုက်ရမလား?”

“လူ-လူကြီးမင်းကျန်းကို ငွေတွေပြန်ပေးလိုက်ပါ့မယ်။” လူကြီးမင်းယန် ကြောက်လန့်စွာပြန်ဖြေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆိုင်၏ဂုဏ်သတင်းမှာပျက်စီးလို့သွားပြီဖြစ်သည်။ သို့ပေမည့် လူကြီးမင်းကျန်းကိုသာ ငွေတွေပြန်ပေးလိုက်ပြီး ကျောက်ရိုင်းတုများကိုဖျက်ဆီးလိုက်မည်ဆိုလျှင် သူ့စီးပွားရေးကို ပုံမှန်အတိုင်းပြန်လည်ပတ်နိုင်ဖို့ အခွင့်အရေးကျန်ဦးမည်ဖြစ်သည်။ သို့သော်လည်း ကုနင်းကသာ ရဲကိုအကြောင်းကြားလိုက်မည်ဆိုလျှင် သူ့ဘဝလုံးဝပျက်စီးသွားမည်ဖြစ်သည်။

အဆုံးတွင်တော့ လူကြီးမင်းကျန်းထံမှရထားသည့်ငွေအားလုံးကို လူကြီးမင်းယန်ပြန်ပေးခဲ့သည်။

လူကြီးမင်းယန်၏အပြုအမူများကြောင့် လူကြီးမင်းကျန်းရော ဆိုင်ထဲရှိအခြားလူများပါ ကျောက်ရိုင်းများသည်အစစ်မဟုတ်နေကြောင်း ယုံကြည်သွားကြပြီဖြစ်သည်။ ဇာတ်လမ်းအစမှအဆုံးအထိ လူကြီးမင်းကျန်းသည် အခြေနေတွေဘယ်လိုပြောင်းလဲသွားသည်ကို အနီးကပ်တွေ့မြင်ကြားသိနေခဲ့ရခြင်းဖြစ်လေသည်။

ထို့နောက် လူကြီးမင်းကျန်းသည် ကုနင်းအားအထပ်ထပ်အခါခါကျေးဇူးတင်စကားပြောနေပြီး ကုနင်းဘယ်လိုလုပ် ကျောက်ရိုင်းအတုဖြစ်ကြောင်းသိနေသည်ကိုမေးရန်အထိတော့ တုံးအနေသည့်လူစားမျိုးမဟုတ်သောကြောင့် မမေးမြန်းခဲ့ပေ။

သခင်လေးဖန်းက လူကြီးမင်းကျန်းအား ပြဿနာထပ်မရှာတော့လျှင်တောင်မှ လူကြီးမင်းကျန်းအတွက် ကျောက်စိမ်းကိုတင်ပို့မည့်လူကိုအချိန်တိုအတွင်း ရှာဖွေ့၍မတွေ့နိုင်သေးပေ။ ထို့ကြောင့် ကုနင်းက လူကြီးမင်းကျန်းအား တစ်နေရာသို့ခေါ်သွားလိုက်ကာ သူမ၏ဆွေမျိုးထဲတွင် ကျောက်စိမ်းတင်ပို့သူတစ်ဦးရှိကြောင်းပြောပြလိုက်သည်။ အကယ်၍ လူကြီးမင်းကျန်းသာ လိုလားလျှင် သူမကူညီနိုင်သည်ဟုလည်း ပြောခဲ့သည်။

တကယ်တော့ ကုနင်းက သူမစီးပွားအတွက်ကိုသာ ညှိနှိုင်းနေခြင်းဖြစ်သည်။ လူကြီးမင်းကျန်း ကျောက်စိမ်းကိုဘယ်လောက်တောင် အရေးတကြီးလိုအပ်နေလဲဆိုသည်ကိုကုနင်းသိလေသည်။ ထို့ကြောင့် ကုနင်းထိုသို့ပြောလိုက်သည်နှင့် လူကြီးမင်းကျန်းလဲ အလွန်ဝမ်းသာသွားကာ သူမကိုထပ်မံကျေးဇူးတင်ပြန်သည်။

ကုနင်းလဲ ကျန်းဖန်၏ဖုန်းနံပါတ်နှင့်ကုမ္ပဏီနာမည်အား လူကြီးမင်းကျန်းကို‌ ပြောပြလိုက်သည်။

Colorfulကျောက်စိမ်းတင်ပို့မှုလုပ်ငန်းဖြစ်ကြောင်းသိလိုက်သည်နှင့် လူကြီးမင်းကျန်းအလွန်စိတ်အေးသွားတော့သည်။ ထိုကုမ္ပဏီသည် ကျောက်စိမ်းလောကတွင် အတော်လေးထင်ရှာကျော်ကြားနေခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်လေသည်။

“ဘော့စ် အဆင်ပြေရင် ငါနဲ့နေ့လည်စာအတူလိုက်စားပါလား?” ကုနင်းတစ်ယောက်တည်းရှိနေသည့်အချိန်တွင်တော့ သခင်လေးဖန်းက အခွင့်ရေးကိုအမိအရယူကာ ကုနင်းကိုတောင်းဆိုလိုက်သည်။

“ကျွန်မအခုပဲစားလာပြီးတာ။” ကုနင်း တမင်သက်သက် သခင်လေးဖန်း၏ဖိတ်ကြားချက်ကိုငြင်းလိုက်ခြင်းမဟုတ်ဘဲ အမှန်တကယ်ကို သူမနေ့လည်စာစားပြီးသည်မှာ ၁နာရီလောက်သာရှိခြင်းကြောင့်ဖြစ်သည်။

“ဒါဆို ကော်ဖီတစ်ခွက်လောက်ဝယ်တိုက်လို့ကောရလား?”

“ကျွန်မကျောက်အလောင်းအစားသွားလုပ်ဦးမှာ။”

“ကျောက်အလောင်းအစားလုပ်မယ်? ဘော့စ်က ကျောက်လဲကစားတတ်တယ်လား?” သခင်လေးဖန်းအံ့အားသင့်သွားခဲ့သည်။ ကုနင်း၏အောင်မြင်မှုများကိုသိပြီးသားဆိုလျှင် သခင်လေးဖန်း ယခုလိုအံ့ဩနေမည်မဟုတ်ပေ။

“အင်း။”

သခင်လေးဖန်းမှာ ကုနင်းကိုပို၍ပို၍ပင်လေးစားသဘောကျလာခဲ့ကာ ကုနင်းနောက်ကလိုက်ပြီး နောက်ထပ်ကျောက်ရိုင်းဆိုင်တစ်ဆိုင်သို့သွားခဲ့သည်။ သခင်လေးဖန်းဝင်လာသည်ကို ဆိုင်ရှင်မြင်လိုက်သည်နှင့် မျက်နှာထက်တွင် ဖော်လန်ဖားတော့မည့်အရိပ်အယောင်များပေါ်လာခဲ့ကာ၊

“အိုး၊ ဒါသခင်လေးဖန်းမလား! ဝင်ခဲ့ပါ၊ ဝင်ခဲ့ပါ၊ သခင်လေးအတွက်ဆို ၃၀ရာခိုင်နှုန်းလျှော့ပေးပါ့မယ်။”

သခင်လေးဖန်းသည် ကျောက်အလောင်းအစားလုပ်ခြင်းအကြောင်း များများစားစားမသိထားသော်လည်း ကျောက်အလောင်းအစားလုပ်ခြင်းသည် စိတ်လှုပ်ရှားဖို့ကောင်းသောကြောင့် သဘောကျလေသည်။ ထို့ကြောင့် ဒီကျောက်အလောင်းအစားလမ်းသို့မကြာခနလာရောက်လည်ပတ်လေ့ရှိသည်။ ထို့အပြင် ကျောက်ရိုင်းဆိုင်အားလုံး၏ပိုင်ရှင်များသည်လဲ သခင်လေးဖန်းကိုမသိသူမရှိကြပေ။

“ဟုတ်ပြီလေ၊” သခင်လေးဖန်းသည် အခြားလူများနှင့်ဆိုလျှင်တော့ သူ၏မောက်မာဝံ့ကြွားသည့်ဟန်ပန်အမူအရာက ပြန်၍ပေါ်လာခဲ့သည်။ ထို့နောက် ကုနင်းနောက်မှနေဆက်လိုက်နေကာ ကိုယ်တိုင်တော့ ကျောက်ရိုင်းဝယ်ယူဖို့ရန်စိတ်ကူးမရှိနေပေ။

ကုနင်း စက္ကန့်ပိုင်းလောက် ကျောက်ရိုင်းတုံးအပုံကြီးကို စူးစိုက်ကြည့်နေပြီးနောက် ထိုနေရာသို့လျှောက်သွားကာ ဘောလုံးတစ်လုံးအရွယ်အစားရှိသည့်ကျောက်ရိုင်းတစ်တုံးအား ကောက်ယူလိုက်သည်။ ထိုကျောက်ရိုင်းတုံးထဲတွင်တော့ အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိလို့နေသည်။

“တွန်းလှည်းတစ်ခုယူလိုက်။” ကုနင်းသဘာဝကျကျပဲ သခင်လေးဖန်းကိုအမိန့်ပေးလိုက်သည်။

“ရစေရမယ်!” ကုနင်း၏အမိန့်ကိုရသည်နှင့် သခင်လေးဖန်းပြုံးပျော်သွားကာ ချက်ချင်းပင် လှည်းတစ်စီးကိုသွားယူတော့သည်။

သခင်လေးဖန်းအကြောင်း သိရှိထားပြီးသည့်လူများမှာတော့ ထိုမြင်ကွင်းကြောင့် ကိုယ်မြင်နေရသည်ကိုပင်မယုံမကြည်နိုင်ဖြစ်နေကြတော့သည်။ ဒီမိန်းကလေးကဘယ်သူလဲ? သခင်လေးဖန်းက ဘာလို့သူ့စကားကိုနားထောင်နေရတာလဲ? သူမက သခင်လေးဖန်း၏ချစ်သူလား? မဖြစ်နိုင်တာ! သခင်လေးဖန်းတွင် ကောင်မလေးများစွာရှိပေမည့် ထိုမိန်းကလေးအားလုံးသည် သခင်လေးဖန်းနှင့်အတူရှိနေလျှင် အစေခံများပမာရိုကျိုးစွာနေကြလေပြီး သခင်လေးဖန်းသည်တော့ မည်သည့်မိန်းကလေးကိုမျှ ညင်ညင်သာသာဆက်ဆံလေ့မရှိဘဲ အပြုံးတစ်ခုဖြင့်သာချန်ထားလေ့ရှိပေသည်။ ဒီမိန်းကလေးကတော့ သခင်လေးဖန်းအတွက်ထူးခြားသည့်လူများလား? ဒါမှမဟုတ် သခင်လေးဖန်းက ထိုမိန်းကလေးကိုကြောက်လို့များလား?

အနားတွင်ရှိနေသည့်လူတိုင်း ထိုသို့သောအတွေးများဖြင့်သာကြောင်အနေကြပေမည့် သခင်လေးဖန်း၏စိတ်ထဲတွင်တော့ ကုနင်းဖြင့်သာပြည့်နှက်နေသောကြောင့် ထိုလူများကိုဂရုမစိုက်အားပေ။

“ဘော့စ်၊ ဒီထဲမှာကျောက်စိမ်းရှိတာလား?” သခင်လေးဖန်းကမေးလိုက်သည်။

သခင်လေးဖန်းက ထိုမိန်းကလေးကိုဘော့စ်ဟုခေါ်လိုက်သည်အား လူအများကြားလိုက်သည်နှင့် အမှန်တကယ်ကိုထိတ်လန့်သွားကြတော့သည်။ သို့ပေမည့် သူတို့ဘယ်လောက်ပဲ သိချင်စိတ်ပြင်းပြနေပါစေ သခင်လေးဖန်းကိုတော့ သွားမမေးရဲကြပေ။

သခင်လေးဖန်း၏မိသားစုသည် Bမြို့၏အချမ်းသာဆုံးမိသားစု၁၀စုစာရင်းတွင် မပါဝင်ပေမည့် အလွန်ချမ်းသာကာ လူသိများသည့်မိသားစုတစ်ခုဖြစ်လေသည်။ Bမြို့သည် စီးပွားရေးအချက်အချာကျသောမြို့တစ်မြို့ဖြစ်ပြီး ဘီလီယံဆယ်နှင့်ချီကာကြွယ်ဝချမ်းသာသည့်မိသားစုများကိုသာ အလွန်ချမ်းသာသည့်မိသားစုဟုခေါ်ဆိုနိုင်ပေသည်။

ပုံမှန်မြို့များတွင်တော့ ယွမ်၁ဘီလီယံမျှချမ်းသာလျှင်ပင် အလွန်ချမ်းသာသည့်မိသားစုစာရင်းဝင်နေပြီဖြစ်သည်။ ယွမ်သန်းရာကျော်မျှသာရှိသည့်မိသားစုများမှာတော့ အလွန်ချမ်းသာသည့်မိသားစုစာရင်းဝင်နိုင်ရန်အလွန်ခက်ခဲလှပေသည်။ Bမြို့တွင် ယွမ်သန်းရာကျော်ချမ်းသာသည့်မိသားစု များစွာရှိသော်လည်း ဘီလီယံနာသူကြွယ်များကိုတော့ဖြင့် တွေ့မြင်ရခြင်းကလဲ သာမာန်မျှသာဖြစ်သည်။

“ကျောက်ကိုဖြတ်တဲ့အချိန်ကျ သိရမှာပေါ့။” ကျောက်ရိုင်းကိုမဖြတ်ရသေးချိန်တွင် ကုနင်းဘက်က သေချာသည့်အဖြေမျိုးပေးမည်မဟုတ်ပေ။

***

အခန်း ၄၀၇

ငါအံ့ဩဖို့ကောင်းတာ ငါသိတယ်

ထို့နောက် ဆက်လက်ပြီး ကျောက်စိမ်းရှိနေမည့် ကျောက်ရိုင်းနှစ်တုံးကိုကုနင်းရွေးလိုက်ပြန်သည်။ တစ်တုံးသည်က တစ်ရှူးဘူတစ်ဗူးအရွယ်မျှရှိပြီး အလယ်အမြင့်ဆင့်ကျောက်စိမ်းပါရှိကာ ကျန်တစ်တုံးသည်က ယောက်ျားသုံးယောက်၏လက်ဝါးများစုထားသည့်အရွယ်ရှိပြီး အဆင့်မြင့်ကျောက်စိမ်းပါရှိလေသည်။ ထိုကျောက်ရိုင်းတုံးနှစ်တုံး၏သုံးပုံနှစ်ပုံခန့်တွင် ကျောက်စိမ်းများရှိလို့နေသည်။

သခင်လေးဖန်းသည်တော့ ကုနင်း၏ကျောက်ရိုင်းရွေးသည့်အမြန်နှုန်းကြောင့် အံ့အားသင့်နေကာ၊

“ဘော့စ်၊ ကျောက်ရိုင်းတွေကိုတွေ့ရာရွေးနေတာလား?”

“ကျွန်မအာရုံနဲ့ကျွန်မရွေးတာပါ။”

ဘာ? သခင်လေးဖန်းသည်တော့ ကုနင်း၏အာရုံသည်ယုံကြည်လို့မရနိုင်ဟုထင်မိသည်။ ကုနင်းက ကျောက်ရိုင်းအလောင်းအစားလုပ်ခြင်းအကြောင်း ဘာမှမသိဟု သခင်လေးဖန်းတွေးမိသော်လည်း သူမကိုတော့ လေးစားမြဲလေးစားစဲပင်ဖြစ်သည်။

ကုနင်း ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းသုံးတုံးကိုသာရွေးလိုက်ပြီး ဆိုင်ပိုင်ရှင် ဆိုင်ကိုလည်ပိတ်ဖို့လုံလောက်သည့်ကျောက်စိမ်းပမာဏကိုချန်ထားပေးခဲ့လိုက်သည်။

ထို့နောက် ငွေရှင်းသည့်အခါတွင် သခင်လေးဖန်း၏မျက်နှာကြောင့် ကုနင်း၃၀ရာခိုင်နှုန်းလျှော့ဈေးရလိုက်သည်။ ကုနင်းတွင် ငွေအများကြီးရှိနေပြီဖြစ်သော်လည်း အခုလိုလျှော့ဈေးရခြင်းသည်ကတော့ လူတိုင်းသဘောကျသည့်ဖြစ်ရပ်မျိုးသာဖြစ်သည်။

“မိန်းကလေး၊ ဒီကျောက်ရိုင်းတွေကို တခါတည်းဖြတ်သွားချင်လား?” ဆိုင်ပိုင်ရှင်ကမေးလိုက်သည်။

“ဖြတ်ပါမယ်။” ကုနင်းပြောရင်းဖြင့် ကျောက်ဖြတ်သည့်နေရာသို့လျှောက်သွားလိုက်သည်။

လောလောဆယ်ကျောက်ရိုင်းဖြတ်နေသည့်လူမရှိသောကြောင့် စက်နှစ်လုံးစလုံးတွင် ဖြတ်၍ရပေသည်။ ကုနင်း ကျောက်ရိုင်းဖြတ်သူနှစ်ဦအား အလယ်အဆင့်မြင့်ကျောက်စိမ်းပါရှိသည့်ကျောက်ရိုင်းနှစ်တုံးအား ဖြတ်ပေးပါရန်ပြောလိုက်သည်။ ကျောက်ရိုင်းများစတင်ဖြတ်တောက်သည်နှင့် ဆိုင်ထဲရှိလူများစတင်ကာ စုရုံးလာကြတော့သည်။

ကျောက်ရိုင်းစဖြတ်သည်နှင့် သခင်လေးဖန်းအပါအဝင် လူတိုင်းမှာအလွန်စိတ်လှုပ်ရှားနေကြကာ ကုနင်းသည်သာ စိတ်မလှုပ်ရှားဘဲရှိနေသည့် တစ်ဦးတည်းသောသူဖြစ်သည်။

“ဘော့စ်၊ အခုလိုအချိန်မှာ စိတ်လှုပ်ရှားနေသင့်တယ်မဟုတ်ဘူးလား?” ကုနင်း အေးဆေးလွန်းနေသည်ကိုမြင်တော့ သခင်လေးဖန်းမနေနိုင်စွာမေးလိုက်မိသည်။

“စိတ်မလှုပ်ရှားပါဘူး။”

ကုနင်း၏စိတ်ဓါတ်တည်ကြည်မှုအပေါ်တွင် သခင်လေးဖန်းထပ်မံလေးစားသွားမိပြန်သည်။

မကြာခင်တွင်ပဲ အစိမ်းရောင်မျက်နှာပြင်ထွက်ပေါ်လာခဲ့သည်။ လူတိုင်းမှာ ကုနင်းကို မနာလိုစွာ အားကျစွာဖြင့်ကြည့်လာကြပေမည့် ကုနင်းသည်တော့ အေးဆေးနေစဲပင်။

တစ်ဖက်တွင်တော့ သခင်လေးဖန်းမှာ ကုနင်း၏အာရုံသိစိတ်ကမှန်ကန်နေသောကြောင့် အလွန်အံ့အားသင့်လို့နေလေသည်။

ကျောက်အလောင်းအစားလုပ်ခြင်းတွင် ကံကောင်းဖို့ကလဲ အလွန်အရေးပါကြောင်း သခင်လေးဖန်းသိထားလေသည်။ သို့ပေမည့် ကုနင်းသည်တော့ စိတ်လှုပ်ရှားခြင်းအလျဉ်းရှိမနေဘဲ အေးဆေးလို့သာနေသည်။

“ဘော့စ်၊ မပျော်ဘူးလား?”

“ပျော်တာပေါ့၊” ကုနင်းပုံမှန်သာပြန်ဖြေလိုက်သည်။ သူမမပျော်ခြင်းမျိုးမဟုတ်ဘဲ ပုံမှန်ဖြစ်နေကြကိစ္စဖြစ်ကာ အထဲတွင်ကျောက်စိမ်းရှိမည်မှန်းလဲ သူမသိထားပြီးသားဖြစ်သောကြောင့်သာ စိတ်မလှုပ်ရှားမိတော့ခြင်းဖြစ်သည်။

ကုနင်းအမှန်တကယ်ပျော်တယ်ဆိုပြီး ပျော်ရွှင်နေသည့်အရပ်အယောင်နည်းနည်းမျှမထုတ်ပြသောကြောင့် သခင်လေးဖန်းမှာတော့ အလွန်ထူးဆန်းအံ့ဩနေတော့သည်။

ကျောက်စိမ်းရှိတာကို သူမသိထားပြီးသားလား? သခင်လေးဖန်းထိုသို့တွေးလိုက်မိကာ ထိုအတွေးမှာအမှန်တရားဖြစ်သော်လည်း သူကတော့ အတည်မမှတ်ယူလိုက်ပေ။

“ဒါအလွှာပါးလေးပဲဖြစ်မှာပါ။” တစ်စုံတစ်ဦးက မနာလိုစွာပြောလိုက်သည်။ အစိမ်းရောင်ကိုမြင်လိုက်သည်နှင့် လူအများစုမှာ မနာလိုမှုကြောင့် မျက်နှာများစိမ်းဖန့်လို့နေပြီဖြစ်သည်။

“မိန်းကလေး၊ ဒီကျောက်ရိုင်းအတွက် ငါယွမ်၅သောင်းပေးမယ်။ အစိမ်းရောင်ပေါ်နေပြီဆိုပေမယ့် အလွှာပြားလေးပဲဖြစ်ပြီး အဖိုးမတန်တဲ့ကျောက်ရိုင်းဖြစ်နေနိုင်တာပဲ။ ဒါပေမယ့် မင်းအခုချိန် ငါ့ကိုရောင်းလိုက်မည်ဆိုရင်တော့ အနည်းဆုံးယွမ်၅သောင်းရနိုင်ဦးမယ်!” ဝတ်စုံပြည့်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ကုနင်းကိုပြောလာသည်။

ကုနင်းထိုစကားကိုကြားသည်နှင့် သူမပထမဆုံးအကြိမ်ကျောက်ရိုင်းဖြတ်တုန်းက ထိုသို့သောစကားများ တစ်ပုံစံတည်းကြားခဲ့ဖူးသည့်အကြောင်းကိုပြန်အမှတ်ရသွားခဲ့တော့သည်။

“စိတ်မကောင်းပါဘူး၊ ရှင်ဝယ်ချင်ရင်လဲ အဆုံးထိဖြတ်ပြီးတာကိုစောင့်ပါ။ ပြီးရင်တော့ ဈေးအပေးနိုင်ဆုံးဝယ်သူက ကျောက်စိမ်းကိုရလိမ့်မယ်။”

ကုနင်းက ထိုသို့ပြောလာမှတော့ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားလဲ စောင့်ရုံသာတတ်နိုင်တော့သည်။ ကျောက်ရိုင်းဖြတ်သူက ဆက်လက်ဖြတ်တောက်နေခဲ့သည်။ ထိုအချိန်တွင်ပဲ တစ်ခြားကျောက်ရိုင်းတုံးမှနေပြီး အစိမ်းရောင်အလွှာထွက်ပေါ်လာခဲ့ပြန်သည်။

“ဘုရားရေ! ဒီမိန်းကလေး တကယ်ကိုကံကောင်းတာပဲ! သူ့ရဲ့ကျောက်ရိုင်းနှစ်တုံးလုံးကနေပြီး အစိမ်းရောင်အလွှာပေါ်နေပြီ။ တတိယကျောက်ရိုင်းတုံးကနေရော အစိမ်းရောင်အလွှာပေါ်လာဦးမှာများလား?”

“ဖြစ်နိုင်တယ်!”

လူတိုင်းမှာ အလွန်အံ့ဩကာကုနင်းကိုကြည့်လိုက်ကြပြီး ပို၍လဲ မနာလိုဖြစ်လာခဲ့ပေမည့် ကုနင်းသည်တော့ စိတ်အေးလက်အေးရှိနေစဲပင်။

“ဘော့စ်၊ မင်းတကယ်ကိုအံ့ဩဖို့ကောင်းတာပဲ!” သခင်လေးဖန်းသည်တော့ ကုနင်းကိုလေးစားပြီးရင်းလေးစားနေမိကာ ကုနင်း၏ဦးဆောင်မှုနောက်လိုက်ခြင်းသည် မှန်ကနန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ယုံကြည်နေတော့သည်။

မိနစ်အနည်းငယ်အကြာတွင်တော့ ပထမကျောက်စိမ်ကိုအာင်မြင်စွာဖြတ်နိုင်ခဲ့ပြီဖြစ်ကာ၊

“ဘုရားရေ! ဒါအလယ်အမြင့်ဆင့် ကလူတီးနက်စ်ရိုက်အမျိုးအစားကျောက်စိမ်းပဲ!” ကျောက်ဖြတ်သူက စိတ်လှုပ်ရှားစွအော်ပြောလိုက်ရင်း လက်များမှာလဲ တုန်ရီလို့နေသည်။ ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ဖို့ရာအလွန်ခက်ခဲပြီး ပုံမှန်ဆိုလျှင် သူတစ်နှစ်ကိုမှ ကျောက်စိမ်းဆယ်တုံးကျော်သာဖြတ်နိုင်ပေသည်။ အခုလိုအလယ်အမြင့်ဆင့်ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ခြင်းသည်တော့ ပို၍ပင်ရှားပါးလွန်းသည့်ဖြစ်ရပ်မျိုးပင်။

“ဘာ? ဂလူတီးနက်စ်ရိုက်အမျိုးအစား! ဒါဆိုအနည်းဆုံး ယွမ်သန်း၃၀တန်တာပေါ့!”

“ဘုရားရေ! တကယ်ကိုပွပေါက်ပဲ!”

“ဘော့စ်၊ မင်းတကယ်အံ့ဩဖို့ကောင်းတယ်!” သခင်လေးဖန်းသည်တော့ ထိုကျောက်စိမ်းကိုသူဖြတ်နိုင်ခဲ့သည့်အတိုင်း အလွန်စိတ်လှုပ်ရှားနေတောသည်။

သို့ပေမည့် ဘယ်သူကမှ ဆိုင်ပိုင်ရှင်လောက်တော့ ဝမ်းနည်းနေလိမ့်မည်မဟုတ်ပေ။ သူ့ဆိုင်မှနေပြီး ကျောက်စိမ်းဖြတ်နိုင်သွားသည့်ဝယ်သူများကိုတွေ့ရသည်မှာ ပုံမှန်သာဖြစ်သော်လည်း မနာလို အားကျမှုမဖြစ်မိဘဲမနေနိုင်ပေ။

အချိန်အတန်ကြာပြီးနောက်…

“ဘုရားရေ! ဒါရေသားအမျိုးအစား အလယ်အမြင့်ဆင့်ကျောက်စိမ်းပဲ!” နောက်ထပ်ကျောက်ဖြတ်သူတစ်ယောက်ကလဲ အလွန်အံ့အားသင့်စွာဖြင့် ထအော်လိုက်သည်။

ဘာ? လူအုပ်ကြီးမှာ ထပ်မံပြီးဆွေးနွေးပြောဆိုသံများဆူညံသွားတော့သည်။ ကုနင်း၏မယုံနိုင်စရာကံကောင်းမှုကြောင့် လူတိုင်းထိတ်လန့်အံ့ဩနေကြလေသည်။

လူတိုင်း ကုနင်းကိုအလွန်မနာလိုဖြစ်နေကာကြည့်နေကြသော်လည်း ကုနင်းကတော့ဂရုစိုက်မနေခဲ့ပေ။

“ဘော့စ်…” သခင်လေးဖန်းသည်တော့ ကုနင်းအပေါ်ထပ်မံပြီးလေးစားသွားပေမည့် နောက်ထပ်စကားတစ်ခွန်းပင်ထပ်မပြောနိုင်ခဲ့ပေ။ သူ့တွင်ချီးကျူးဖို့စကားအားလုံးကုန်ဆုံးနေပြီဖြစ်သည်။ သို့ပေမည့် ကုနင်းအပေါ် သူ၏လေးစားသဘောကျမှုများကို ထုတ်ဖော်ပြကာ၊

“ကျွန်တော်တကယ်ပဲ ဘာပြောလို့ပြေရမှန်းမိသတော့ဘူး။ မင်းကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲ!”

ကုနင်း ရယ်လိုက်ကာ၊

“အင်းပါ၊ ငါအံ့ဩဖို့ကောင်းတာ ငါသိပါတယ်၊ မြှောက်ပင့်နေတာတော်လိုက်တော့။”

ကုနင်းတို့ပြောနေသည့်စကားများကိုကြားလိုက်တော့ ကုနင်း၏မောက်မာလွန်းနေသည့်ပုံကြောင့် လူအများဝိုင်းကြည့်လာကြသော်လည်း သူမအမှန်တကယ်တော်လွန်းသည်ကိုတော့ လက်ခံမိလေသည်။

သခင်လေးဖန်းကတော့ဖြင့် ကုနင်း၏စရိုက်ကိုအလွန်သဘောကျနေတော့သည်။

မကြာခင်တွင်ပဲ ဂလူတီးနက်စ်ရိုက်အမျိုးအစားကျောက်စိမ်းအတွက် တစ်စုံတစ်ဦးကစတင်ကဈေးခေါ်လာခဲ့သည်။

“ယွမ်၁၀သန်း၊”

“ယွမ်၁၁သန်း၊”

“ယွမ်သန်း၂၀၊”

အဆုံးတွင်တော့ ထိုကျောက်စိမ်းသည် ယွမ်သန်း၂၀ဖြင့်ဈေးတည့်သွားတော့သည်။

ကုနင်း သူမ၏တတိယကျောက်ရိုင်းတုံးကို ကျောက်ဖြတ်သမားဆီပေးဖို့လုပ်နေတုန်းတွင်ပဲ ကေကဖုန်းဆက်လာခဲ့သည်။ ရွာ၏တည်နေရာကိုရှာတွေ့သွားပြီဖြစ်ကြောင်း ကေပြောလာခဲ့၍ ကုနင်းလဲ တတိယကျောက်စိမ်းတုံးကိုမဖြတ်တော့ရန်အတွက် ဆုံးဖြတ်လိုက်သည်။

“မိန်းကလေး၊ ဒီတတိယတစ်တုံးကိုကော ဖြတ်ဦးမှာလား?” ဆိုင်ပိုင်ရှင်ကမေးလာခဲ့သည်။

“မဖြစ်တော့ဘူး၊ ကျေးဇူးပါပဲ။”

ထို့နောက်တွင်တော့ ဒုတိယကျောက်စိမ်းကိုအလုံးစုံဖြတ်ပြီးသွားခဲ့ကာ ပထမကျောက်စိမ်းထက်လဲပိုကြီးသောကြောင့် ဈေးလဲပိုမြင့်မည်ဖြစ်သည်။

“ယွမ်၁၀သန်း၊”

“ယွမ်၁၂သန်း၊”

လူအများ ဒုတိယကျောက်စိမ်းတုံးအတွက် ဈေးခေါ်နေကြသည့်အချိန်တွင် ကုနင်းနားဘေးမှ Rနိုင်ငံ၏ဘာသာစကားဖြင့် တစ်ယောက်ယောက်ပြောနေသည်ကိုကြားလိုက်ရပြီး စိတ်မကြည်ဖြစ်သွားရသည်။ Rနိုင်ငံသားများကို ဒီနိုင်ငံမှလူများက သဘောမကျကြသလို ကုနင်းလဲသဘောမကျပေ။

ကုနင်းက Rနိုင်ငံဘာသာစကားကိုမကျွမ်းကျင်သော်လည်း အနည်းငယ်တော့ နားလည်နိုင်လေသည်။ ထိုRနိုင်ငံသားက သူမတို့လူမျိုးကို ဒုတိယကျောက်စိမ်းအား သူ့အတွက် လေလံဝင်ဆွဲပေးရန် အကူညီတောင်းနေခြင်းဖြစ်ကြောင်း ကုနင်းကြားလိုက်ရသည်။

***

အခန်း ၄၀၈

Rနိုင်ငံသားကို မရောင်းဘူး

ကုနင်းသည် Rနိုင်ငံသားများအား အလွန်မနှစ်သက်သူများထဲတွင်ပါဝင်သောကြောင့် အမြတ်အစွန်းများစွာရရှိမည့် အရောင်းအဝယ်ဖြစ်နေလျှင်ပင် သူမ၏ကျောက်စိမ်းကို Rနိုင်ငံသားတစ်ဦးအားရောင်းလိမ့်မည်မဟုတ်ပေ။

“ယွမ်၃၅သန်း၊”

“ယွမ်သန်း၄၀” Rနိုင်ငံသားမှ ဈေးခေါ်လိုက်ခြင်းဖြစ်သည်။

ထို့နောက်တွင်တော့ Rနိုင်ငံသားထက်ပို၍ ဈေးပိုမပေးနိုင်ကြတော့၍ တိတ်ဆိတ်သွားကြတော့သည်။

ကုနင်းလဲ သခင်လေးဖန်းနားသို့ကပ်လိုက်ကာ၊

“သူကRနိုင်ငံကပဲ၊ ကျွန်မသူ့ကို ကျောက်စိမ်းမရောင်းလိုက်ချင်ဘူး၊ ရှင်ဝင်ပြီးဈေးတင်ပေးပါလား၊”

Rနိုင်ငံသားဆိုသည်ကိုကြားလိုက်သည်နှင့် သခင်လေးဖန်းသည်လဲ ထိုလူများကိုအလွန်မုန်းတီးသောကြောင့် မကျေမနပ်ဖြစ်သွားခဲ့ကာ ကုနင်း၏တောင်းဆိုချက်ကို ချက်ချင်းမဆိုင်းသဘောတူလိုက်တော့သည်။

“ယွမ်၅၅သန်း!” သခင်လေးဖန်းက တစ်ကြိမ်တည်းဖြင့် ယွမ်၁၀သန်းတိုးကာ ဈေးခေါ်လိုက်သည်။ ကုနင်းက ကျောက်စိမ်းကိုအမှန်တကယ်ရောင်းလိုက်မည်မဟုတ်၍ ဈေးဘယ်လောက်ပဲတင်တင် ကိစ္စမရှိပေ။

သခင်လေးဖန်းကလဲ လေလံပွဲတွင်ပါဝင်လာသည်ကိုမြင်လိုက်ရချိန်တွင်တော့ သခင်လေးဖန်းသည် ကုနင်းနှင့်အတူလာခြင်းဖြစ်ကြောင်းသိထားကြ၍ လူတိုင်း စိတ်ရှုပ်ထွေးသွားကြလေသည်။ သခင်လေးဖန်းသာ တကယ်ဝယ်ချင်လျှင် ကုနင်းနှင့်သီးခြင်းဈေးညှိ၍ရနေသည်မဟုတ်ပါလား။

Rနိုင်ငံသားသည်လဲ စိတ်ပျက်သွားရသည်။ ယွမ်သန်း၅၀ဆိုသည်မှာ သူအမြင့်ဆုံးပေးနိုင်သည့်ဈေးသာဖြစ်ပြီး နောက်ထပ်ဈေးထပ်မြှင့်ပေးမည်ဆိုလျှင် ပြန်ရောင်းပါကအမြတ်များများရတော့မည်မဟုတ်ပေ။ သို့သော်လည်း Rနိုင်ငံသားသည် လွယ်လွယ်ဖြင့်တော့ လက်မလျှော့နိုင်သေးပေ။

“ယွမ်၅၅သန်း၊”

“ယွမ်သန်း၆၀!” သခင်လေးဖန်းက ချက်ချင်းပင်ဈေးကိုထပ်မြှင့်လိုက်ကာ တစ်ဖက်လူကို စိန်ခေါ်သည့်အကြည့်မျိုးဖြင့်ပါ ကြည့်လိုက်သေးသည်။ အခုချိန်တွင်တော့ သခင်လေးဖန်းတမင်လုပ်နေခြင်းဆိုသည်ကို အားလုံးသိလိုက်ကြပြီဖြစ်ပေမည့် သခင်လေးဖန်း ယခုလိုလုပ်ရပ်မျိုးလုပ်ခြင်းကို သူတို့တစ်ကြိမ်တစ်ခါမျှမမြင်ခဲ့ဖူးကြပေ။ သခင်လေးဖန်းဘာကြောင့် အခုလိုတမင်ဈေးမြှင့်နေသနည်း။

Rနိုင်ငံသားက ဆက်ပြီးဈေးပြိုင်ခေါ်ချင်နေသေးသော်လည်း သူနှင့်အတူပါလာသည့်လူက တားလိုက်ကာ သူတို့ချင်း ခနလောက်တီးတိုးဆွေးနွေးနေကြပြီးနောက်တွင်တော့ Rနိုင်ငံသားလဲလက်လျှော့သွားတော့သည်။ ထို့နောက် သခင်လေးဖန်းကို မျက်စောင်းထိုးကြည့်လိုက်ပြီးနောက် ထွက်သွားကြတော့သည်။

“ဟ-ဟ!” သခင်လေးဖန်းသည်တော့ သူအနိုင်ရလိုက်၍အလွန်ကျေနပ်အားရနေတော့သည်။

“ဟုတ်ပြီ၊ ဒီဘက်ကလူကြီးမင်း ကျောက်စိမ်းကိုလိုချင်နေသေးတယ်ဆိုရင် ယွမ်၃၅သန်းပေးရုံနဲ့ယူသွားလို့ရပါပြီ။” ကုနင်းက နောက်ဆုံးယွမ်၃၅သန်းပေးထားသည့်အမျိုးသားအားပြောလိုက်သည်။

“လိုချင်တာပေါ့၊ ယူပါ့မယ်။” ဟူ၍အလျင်စလိုပြန်ဖြေလိုက်ကာ၊

“ဒါပေမယ့် အစောကလူက ဒီလောက်ဈေးအမြင့်ကြီးပေးနေတာကို မိန်းကလေးက ဘာလို့မရောင်းလိုက်တာလဲ?”

“သူကRနိုင်ငံသားမို့လို့ ကျွန်မမရောင်းချင်လို့ပါ။” ကုနင်းဖုံးကွယ်မနေဘဲပြန်ဖြေလိုက်သည်။

အစောကဈေးအမြင့်ကြီးပေးသွားသည့်လူမှာ Rနိုင်ငံဖြစ်မှန်းသိလိုက်သည်နှင့် လူတိုင်းစက်ဆုပ်ရွံ့ရှာသွားကြကာ ကုနင်း၏သဘောထားကိုထောက်ခံလိုက်ကြသည်။ သို့ပေမည့် ငွေရမည့်ကိစ္စဆိုလျှင် ဘာကိုမှကြည့်နေစရမလိုဟုတွေးထားကြသည့် လူအချို့သည်တော့ ကုနင်းကို တုံးအသည်ဟုတွေးနေကြလေသည်။

အရောင်းအဝယ်ပြီးသွားချိန်တွင်တော့ ကုနင်း ကျောက်ရိုင်းဆိုင်မှပြန်ထွက်လာခဲ့သည်။

“ကျွန်မလုပ်စရာကိစ္စရှိသေးလို့ ဒီကနေပဲ နှုတ်ဆက်ကြတာပေါ့။”

“ဘာ?” သခင်လေးဖန်းသည် မထွက်သွားချင်သေးဘဲ ကုနင်းကို သူနှင့်အတူ ညစာပါစားဖို့ရန်ပါဖိတ်ကြားချင်နေသေးလေသည်။

“မင်းဘယ်ကိုသွားရမှာလဲ? ကျွန်တော်လိုက်ပို့ပေးမယ်လေ၊ ကျွန်တော့်ကားကအပြင်မှာတင်ရပ်ထားတာ။” သခင်လေးဖန်း အလျင်စလိုပြောလိုက်သော်လည်း ကုနင်းကတော့ ငြင်းလိုက်လေသည်၊

“မလိုတော့ပါဘုး။ ကျေးဇူးပါပဲ။”

“ဟုတ်သားပဲ၊ မင်းနာမည်ကိုအခုထိတော့မသိရသေးဘူးနော်၊ ကျွန်တော့နာမည် ဖန်းကျီရွေ့ပါ၊ မင်းက အခုကျွန်တော့်ရဲ့ဘော့စ်ဖြစ်သွားပြီတော့ ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်လေးဖြစ်ဖြစ်ပေးထားသင့်တယ်မဟုတ်လား?”

“ကျွန်မက ကုနင်းပါ၊ ဖုန်းနံပါတ်ကတော့ xxxxxx ပါ၊ရှင်ကျွန်မကို စာပို့ထားလိုက် အဲ့ဒီနံပါတ်ကိုသိမ်းထားလိုက်မယ်။ ကျွန်မကိစ္စပြီးသွားရင် ပြန်ဆက်သွယ်လိုက်ပါမယ်။”

ဖန်းကျီရွေ့လဲ ချက်ချင်းပင် ကုနင်း၏ဖုန်းနံပါတ်ကိုမှတ်သားထားလိုက်သည်။ သူတို့နှစ်ဦးအတူတူ အပြင်သို့လမ်းလျှောက်ထွက်လာကြပြီး လမ်းမပေါ်သို့ရောက်သည်နှင့် ကုနင်းတက္ကစီငှားဖို့ရန်စောင့်ဆိုင်းနေလိုက်သည်။

နမ်ရွှေရွာသို့ ကုနင်းသွားရမည်ဖြစ်သည်။ ထိုရွာသည် Bမြို့တောင်ဘက်တွင်တည်ရှိကာ ၂၃ကီလိုမီတာကွာဝေးပေမည့် အဝေးပြေးကားဖြင့်သွားရန်တော့ မလိုအပ်ပေ။

လမ်းရောက်သည့်အချိန်တွင်တော့ ကုနင်းဆီသို့ ထန်ဟိုင်ဖုန်း ဆက်သွယ်လာခဲ့သည်။ ထိုသို့ဆက်သွယ်လာသည်နှင့် ထန်ဟိုင်ဖုန်းတော့ သတင်းများမှတစ်ဆင့် သူမBမြို့သို့ရောက်နေသည်ကို သိသွားလောက်ပြီဖြစ်မည်ဟု တွေးလိုက်မိကာ သူမ၏အတွေးမှာလဲ အမှန်တကယ်ကို မှန်ကန်နေခဲ့သည်။ ကုနင်း ဖုန်းကိုပြန်ဖြေလိုက်သည်နှင့် တစ်ပြိုင်နက် ထန်ဟိုင်ဖုန်းဘက်က အပြစ်တင်ဆူပူလာခဲ့သည်။

“ကောင်မလေးကု၊ မင်းBမြို့လေဆိပ်မှာ ဒဏ်ရာရနေတဲ့ကောင်မလေးတစ်ယောက်ကို ကယ်ခဲ့တယ်ဆိုတဲ့သတင်းကြားပြီးပြီး၊ မင်းရောက်နေတာတောင်မှ ဘာလို့ဒီအဘိုးဆီကိုမလာရတာလဲ?”

ကုနင်းပြုံးလိုက်မိကာ၊

“အဘိုးရယ် သမီးကBမြို့ကို အလုပ်ကိစ္စတစ်ခုရှိလို့လာခဲ့တာ၊ အလုပ်ပြီးသွားတာနဲ့ အဘိုးဆီလာခဲ့မယ်၊ ကတိပေးတယ်နော်၊”

“ဘာအရေးကြီးကိစ္စလဲ? အဘိုးကူညီပေးရမလား? အကူညီလိုရင်ပြောသာပြောနော်။”

“ကျေးဇူးပါ၊ အဘိုး၊ ဒါပေမယ့် ဒီကိစ္စလောက်က သမီးဘာသာကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။” ကုနင်းသည် ကိစ္စတစ်ခုကို သူမကိုယ်တိုင်လုပ်၍ရနိုင်နေလျှင် အခြားလူများအား အနှောက်အယှက်ပေးမည်မဟုတ်ပေ။ သို့ပေမည့် တကယ်လို့ သူမ ထန်ဟိုင်ဖုန်း၏အကူအညီကိုလိုအပ်နေသည်ဆိုလျှင်လဲ တုံ့ဆိုင်းမနေဘဲ ချက်ချင်းအကူညီလှမ်းတောင်းမိမည်ဖြစ်သည်။ သူမအနေဖြင့် သူမ၏အဆက်အသွယ်ကွန်ရက်ကြီးထွားလာစေရန် ထန်ဟိုင်ဖုန်းနှင့်ရင်းနှီးအောင်လုပ်ထားရခြင်းဖြစ်၍ အခွင့်အရေးမယူဘဲ ဖြုန်းတီးပစ်မည်မဟုတ်ပေ။

“ဟုတ်ပါပြီ၊ ဒါပေမယ့် အကူညီလိုရင် ဘာမှလျှောက်တွေးမနေဘဲ တန်းပြောနော်၊ ဟုတ်သားပဲ, အဘိုးမင်းအတွက် စာအိတ်နီပြင်ထားပြီးသွားပြီ၊ လာလည်ဖို့သာမမေ့နဲ့နော်!” ထန်ဟိုင်ဖုန်း စာအိတ်နီကို လာဘ်ထိုးသည့်အနေဖြင့် အသုံးပြုလိုက်သည်။

“ဟ-ဟ၊” ကုနင်းရယ်လိုက်မိပေမည့် ထန်ဟိုင်ဖုန်း၏စကားအတိုင်းလိုက်လျောညီထွေစွာဖြင့် လောဘကြီးသည့်ပုံစံ ဟန်ဆောင်ပြလိုက်သည်။

“စာအိတ်နီရှိနေတာပဲ သေချာပေါက်လာလည်ရမှာပေါ့၊”

“အိုး၊ ဒါဆို စာအိတ်နီသာမပြင်ပေးထားရင် မင်းက ဒီအဘိုးဆီကိုမလာလည်တော့ဘူးပေါ့၊ အဲ့လိုလား?” ထန်ဟိုင်ဖုန်းကလဲ ပြန်ပြီး စိတ်ဆိုးသလိုဟန်ဆောင်ပြလိုက်သည်။

“အဲ့လိုမဟုတ်ရပါဘူး! စာအိတ်နီမရှိဘူးဆိုရင်တောင်မှ အဘိုးဆီလာလည်ဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဘိုးအိမ်မှာ စားချင်တာစား၊ သောက်ချင်တာသောက်လို့တော့ရနိုင်သေးတယ်လေ။” ကုနင်းပြန်လည်စနောက်လိုက်သည်။

“ဟ-ဟ။” ထန်ဟိုင်ဖုန်းသည်လဲ ကုနင်းနှင့်စနောက်နေရသည်ကို အလွန်အမင်း ပျော်ရွှင်ဝမ်းမြောက်နေတော့သည်။

ထန်ဟိုင်ဖုန်း ကုနင်းနှင့်ဖုန်းပြောပြီးသွားသည့်အချိန်တွင်ပဲ ထန်ကျားခိုင် အိမ်ပြန်ရောက်လာခဲ့သည်။ ထန်ဟိုင်ဖုန်းအလွန်ပျော်ရွှင်နေသည်ကိုမြင်လိုက်ရတော့ ထန်ကျားခိုင်အလွန်သိချင်သွားကာ၊

“အဘိုး၊ ဘာလို့ဒီလောက်တောင်ပျော်နေတာလဲ?”

“ကောင်မလေးကုက အခုBမြို့ကိုရောက်နေတယ်၊ ဒါပေမယ့် အလုပ်များနေသေးလို့ သူအားမှငါ့ဆီလာခဲ့မယ်တဲ့။” ထန်ဟိုင်ဖုန်းသည် ကုနင်းBမြို့သို့ရောက်လာသည့်သတင်းကိုကြားရခြင်းမှာ သူ့မြေးများအိမ်ပြန်လာသည့်သတင်းကြားသည်ထက်ပင် ပို၍ပျော်ရွှင်နေခဲ့သည်။

ထန်ကျားခိုင်လဲ သူ့အဘိုး၏”မြေးမ”အသစ်ကုနင်းအကြောင်းကိုအလွန်သိချင်နေခဲ့ကာ သူ့ဦးလေးနှင့်လဲဆင်တူသည်ဟုကြားထားရခြင်းကြောင့် အခုလိုရောက်နေသည်ကိုကြားရတော့ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

“အဘိုး၊ သူလာမယ်ဆိုရင် ကျွန်တော်တို့အိမ်မှာရှိနေတဲ့အချိန်ခေါ်နော်။ ကျွန်တော် အဲ့ကောင်မလေးကိုအရမ်းတွေ့ဖူးချင်နေပြီ!”

နမ်ရွှေရွာသည် အပန်းဖြေစခန်းတစ်ခုဖြစ်နေပြီဖြစ်သည်။ အရင်တုန်းကဆိုလျှင် နမ်ရွှေရွာသည် စုစုပေါင်း၁၆၅ဧကကျယ်ဝန်းသည့် သစ်သီးခြံကြီးတစ်ခြံဖြစ်လေသည်။ နောက်ပိုင်းတွင်တော့ နေထိုင်စားသောက်မှုများ၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် နောက်ထပ်နောက်ထပ်သော ဝန်ဆောင်မှုများပါသည့် လယ်တောအိမ်ပုံစံများဖြင့် ရိုးရာဆန်ဆန်အပန်းဖြေစခန်းအဖြစ်သို့တိုးတက်ဖွံ့ဖြိုးလားခဲ့သည်။

သစ်သီးခြံတင်မကသေး ထိုနေရာတွင် ထန်ခေတ်မှဘုရားကျောင်းများပင်တည်ရှိလို့နေသောကြောင့် လူအများအပြားသည် ကံကောင်းစေရန်အလို့ငှာ ထိုနေရာသို့သွားရောက်ဆုတောင်းကြလေသည်။ ထို့အပြင် ဘောလုံးကွင်းအရွယ်ရေလှောင်တမံတစ်ခုလဲရှိသေးသောကြောင့် လာရောက်လည်ပတ်သူများသည် ထိုထဲတွင် လှေများဖြင့် ကားဖမ်းခြင်း ရွက်လွှင့်ခြင်းများလဲ ပြုလုပ်နိုင်ပေသည်။

စုအန်းကျွင်း၏တည်နေရာသည် နမ်ရွှေရွာတွင်ဖြစ်ပြီး ဖျော်ဖြေရေးအပန်းဖြေစခန်းများရှိနေသည့်နေရာတွင်မဟုတ်ပေ။ ကေပို့ပေးထားသည့် ဂျီပီအက်စ်မြေပုံအရ ကုနင်းမြစ်ကမ်းတစ်ယောက် ၂ကီလိုမီတာခန့်လျှောက်လာခဲ့လိုက်သည်။ လူများသည် ထိုမြစ်ကမ်းဘေးလမ်းတစ်လျှောက်မှနေပြီး ရှေးဟောင်းပစ္စည်းများကို ကောက်ယူရရှိနိုင်ခဲ့ခြင်းဟု ပြောကြလေသည်။

နမ်ရွှေရွာ၏ရွာသားအများစုသည် ထိုနေရာတွင်ရှေးဟောင်းပစ္စည်းများရှာတွေ့သည့် သတင်းကို သိထားကြပြီးဖြစ်သော်လည်း အပြင်လူများသည်တော့ မကြားခဲ့ကြပေ။

***

အခန်း ၄၀၉

သင်္ချိုင်းဖောက်ထွင်းရေးသမားများဖြင့် ထပ်မံတွေ့ဆုံခြင်း

အစပိုင်းတွင်တော့ ရွာသားအချို့သည် တိုးတိုးတိတ်တိတ်ဖြင့် ထိုရှေးဟောင်းပစ္စည်းများကိုရောင်းချကာ ငွေရှာချင်ကြသော်လည်း ထိုသို့လုပ်ခြင်းကတရားမဝင်ဟုသိကြသည့်လူအချို့က အစိုးရအားသတင်းပေးလိုက်လေသည်။ အစိုးရဘက်ကလဲ ချက်ချင်းပင် ထိုနေရာသို့ ရှေးဟောင်းသုတေသီအဖွဲ့အားစေလွှတ်ခဲ့သည်။ အစိုးရဘက်မှ ထိုသတင်းကိုဖုံးကွယ်ထားခဲ့သောကြောင့် သတင်းမပျံ့နေရ၍ နမ်ရွှေတွင် ရှေးဟောင်းပစ္စည်းများရှိနေသည့်သတင်းကို သိသူများများစားစားမရှိနေခြင်းဖြစ်သည်။

ကုနင်း လမ်းတစ်လျှောက်သွားနေရင်းဖြင့် အနီးနားရှိတောင်များကိုပါ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုပြီး စစ်ဆေးကြည့်နေလိုက်သည်။ စုအန်းကျွင်းတို့အဖွဲ့သည်လဲ ဒီလမ်းကိုရှာခဲ့ကြမည်ဖြစ်သော်လည်းသူတို့အမြင်အာရုံကတော့ဖြင့် ကျောက်စိမ်းမျက်ဝန်းကိုလုံးဝမယှဉ်နိုင်ပေ။

ကုနင်း ဒီနေရာသို့လာရခြင်းမှာ စုအန်းကျွင်းကြောင့်မဟုတ်ဘဲ ရှေးဟောင်းဂူသင်္ချိုင်းကြောင့်သာဖြစ်လေသည်။ ထို့ကြောင့် ကုနင်း စုအန်းကျွင်းတို့အုပ်စုကိုရှာမနေပေမည့် သူတို့နှင့်ထိပ်တိုက်မတွေ့မိစေရန်ကိုတော့ သတိထားလို့နေသည်။

နမ်ရွှေမှတောင်များသည် သိပ်မမြင့်ဘဲ မီတာ ရာဂဏန်းမှ ၁ထောင်လောက်အထိသာမြင့်မားလေသည်။ သို့သော်လည်း တောင်တစ်လျှောက်တွင် သစ်ပင်များကျောက်စိုင်ကျောက်ခဲများများပြားလွန်းသောကြောင့် တက်ဖို့ရန်ကတော့မလွယ်ကူပေ။ ဟုတ်တာပေါ့ ထိုမျှလောက်ကတော့ ကုနင်းအတွက်ပြဿနာတစ်ရပ်မဟုတ်ပေ။ ကုနင်းတစ်နာရီကြာသည်အထိ တောင်တစ်လုံးနားတွင်အသေးစိတ်ရှာဖွေနေခဲ့သော်လည်း ရှေးဟောင်းဂူသင်္ချိင်း၏သဲလွန်စတစ်စုံတစ်ရာကိုမတွေ့သလို ဝင်ပေါက်ကိုလဲမတွေ့ခဲ့ပေ။ နာရီပေါင်းများစွာကြသည်အထိလဲ မတွေ့ခဲ့သေးပေ။

သို့ပေမည့် ကုနင်းနောက်ထပ်တောင်တစ်တောင်ပေါ်သို့ အတော်လေးတက်ပြီးသွားသည့်နောက်တွင်တော့ လူအချို့စကားပြောဆိုနေကြသည်ကိုကြားလိုက်ရလေသည်။ သို့ပေမည့် အနည်းငယ်အလှမ်းဝေးသောကြောင့် ရှင်းရှင်းလင်းလင်းမကြားရပေ။ ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာကြည့်လိုက်ချိန်တွင်တော့ တောင်၏တစ်ဖက်ခြမ်းတွင် လူအယောက်၂၀လောက်ရှိနေသည်ကိုတွေ့လိုက်ရပြီး သူတို့က စက်ပစ္စည်းကိရိယာများကိုအသုံးပြုကာ မြေပြင်ထက်မှနေပြီးတစ်စုံတစ်ရာကိုရှာဖွေနေကြလေသည်။

ကုနင်းတွင်ကျောက်စိမ်းမျက်ဝန်းရှိသည်ဆိုသော်လည်း တစ်ချက်လောက်ကြည့်ရုံဖြင့် ရှေးဟောင်းဂူသင်္ချိင်းကိုရှာမတွေ့နိုင်ပေ။ ထိုအစား မြေပြင်တစ်လျှောက် မီတာပေါင်းများစွာအထိ တစ်ကြိမ်ပြီးတစ်ကြိမ်ရှာဖွေရသည်။ သို့ပေမည့် ကုနင်း၏ရှာဖွေနိုင်သည့်နေရာအကျယ်အဝန်းသည်က ထိုလူများထက်တော့ပို၍များကာပို၍လဲမြန်ပေသည်။ စုအန်းကျွင်းတို့အဖွဲ့ကိုတွေ့လိုက်ရသောကြောင့် ကနုင်းထိုနေရာသို့မသွားတော့ဘဲ ဆန့်ကျင်ဘက်လားရာသို့ထွက်လာခဲ့လိုက်သည်။

ကုနင်း နမ်ရွှေရွာသို့ရောက်လာသည့်အချိန်သည်ပင် မစောတော့သလို ဆောင်းရာသီလဲဖြစ်သောကြောင့် ကောင်းကင်ယံမှာမြန်မြန်ဆန်ဆန်မှောင်မိုက်လာခဲ့တော့သည်။ ညအချိန် တောင်ပေါ်တွင်နေခြင်းက လုံခြုံမှုမရှိဘဲ မြွေများ၊ ကြွက်များနှင့် အခြားသောအကောင်များကိုတွေ့ရနိုင်လေသည်။ ထို့ကြောင့် စုအန်းကျွင်းတို့အဖွဲ့သည်လဲ ရှာဖွေခြင်းကိုရပ်တန့်လိုက်ကာ မြွေများနှင့်အခြားသော အဆိပ်ရှိသတ္တဝါများရန်မှကာကွယ်ရန်အတွက် နေရာလွတ်တစ်ခုတွင် နေထိုင်ဖို့တဲများထိုးလိုက်သည်။

ကုနင်းသည်တော့ ရှေးဟောင်းဂူသင်္ချိုင်းကို ဆက်လက်ရှာဖွေနေစဲပင်။ ကျောက်စိမ်းမျက်ဝန်း၏ကျေးဇူးကြောင့် ကုနင်းအနေဖြင့်ညအချိန်လျှောက်သွားလျှင်ပင် ပြဿနာမရှိပေ။ ထို့အပြင် သူမကိုမြွေကိုက်သွားခဲ့လျှင်တောင်မှ သူမစွမ်းအားဖြင့် အဆိပ်မတက်စေရန်ကာကွယ်နိုင်ပေသည်။

ထို့နောက် ကုနင်းနောက်ထပ်တောင်တစ်လုံးသို့ဆက်ထွက်လာခဲ့သည်။ သို့ပေမည့် သူမရှေးဟောင်းဂူသင်္ချိင်းကို ရှာမတွေ့နိုင်သေးခင်တွင်ပဲ သူမ၏ရှေ့နားမှ လူအချို့ စကားပြောနေသံကို အနည်းငယ်ကြားလိုက်ရသည်။

“လီမြောင်စုန့်၊ ငါ့အစ်ကိုကြီးသေရတာမင်းကြောင့်! ဒီနေ့ သူ့အတွက် ငါကလဲ့စားပြန်ချေပေးရမယ်!”

လီမြောင်စုန့်ဆိုသည့်နာမည်ကိုကြားလိုက်ရတော့ ကုနင်းအံ့အားသင့်သွားကာ ချက်ချင်းပင် သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ သူတို့ပဲ! ကုနင်း ထိုသင်္ချိုင်းဖောက်ထွင်းရေးသမားများနှင့် နောက်တစ်ကြိမ်ထပ်တွေ့ရပြန်လေပြီ! ထိုသူများမှာတော့ လီမြောင်စုန့်၊ စွင်းချောင်၊ ကျောက်ကျန်းချွမ် နှင့်ကောင်ယိယန်တို့ပင်ဖြစ်သည်။ ဘယ်လိုတောင်တိုက်ဆိုင်ရတာလဲ! သို့ပေမည့် ကုနင်းအရမ်းတော့မအံ့ဩမိပေ! သူတို့အားလုံးသည် ဂူသင်္ချိုင်းဖောက်ထွင်းရေးသမားများဖြစ်ကြကာ သူတို့၏အချိန်အများစုကို ရှေးဟောင်းဂူသင်္ချိုင်းများရှာဖွေခြင်းဖြင့်သာ အချိန်ကုန်ကြလေသည်။ ထို့ကြောင့် သတင်းကြားပြီးသည်နှင့် ဤနေရာသို့ရောက်လာကြခြင်းသည် အံ့ဩစရာကိစ္စတစ်ခုတော့မဟုတ်ပေ။

သို့ပေမည့် လီမြောင်စုန့်တို့အဖွဲ့တင်မကဘဲ လီမြောင်စုန့်တို့နှင့်ဆန့်ကျင်ဘက်တွင်ရပ်နေကြသည့် အခြားအမျိုးသား၆ဦးကိုလဲတွေ့လိုက်ရလေသည်။ သူတို့နှစ်ဖက်လုံးမှာ မကျေမနပ်ဖြစ်နေကြကာ အထူးသဖြင့် လီမြောင်စုန့်ကိုစိုက်ကြည့်နေသည့်လူများပင်ဖြစ်သည်။

“တုရှို့ယန်၊ လောင်စန်းသေရတာ ငါတို့ကြောင့်မဟုတ်ပါဘူးလို့ ငါပြောထားပြီးပြီလေ။ သူကသာ ငါတို့စကားကိုနားမထောင်ဘဲ ငွေအတွက်နဲ့ဂူသင်္ချိုင်းထဲပြေးဝင်သွားတာလေ၊ ဒါပေမယ့် ဖုတ်ကောင်သတ်တာခံလိုက်ရတယ်!” လောင်အာ့ဆိုသည့် စွန်းချောင်က ဒေါသတကြီးပြန်ပြောလိုက်သည်။ လောင်စန်း၏သေဆုံးမှုအတွက် သူတို့က တာဝန်ခံပေးစရာအကြောင်းမရှိပေ။

ထိုစကားများကိုကြားပြီးသည်နှင့် ဘာတွေဖြစ်နေတာလဲဆိုသည်အား ကုနင်းနားလည်သွားတော့သည်။ တုရှို့ယန်ဟုခေါ်သည့်လူသည် လောင်စန်း(တုရှို့မင်)၏ညီငယ်ဖြစ်လောက်ပေမည်။

ကုနင်းဖြည်းဖြည်းလေး ထိုနေရာသို့တိုးကပ်သွားလိုက်သည်။ သူမနှင့်လီမြောင်စုန့်တို့အဖွဲ့မှာ တစ်ကြိမ်တစ်ခါသာမြင်တွေ့ခဲ့ဖူးသော်လည်း သူတို့အားလုံးသည် ရှေးဟောင်းဂူသင်္ချိုင်းထဲတွင် မယုံနိုင်စရာအဖြစ်အပျက်များကို အတူတကွကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမထွက်သွား၍မဖြစ်ပေ။ အကယ်၍ သူတို့သာအန္တရာယ်ကြုံလာလျှင် သူမဝင်ရောက်ကူညီပေးမည်ဖြစ်သည်။

“ဖုတ်ကောင်? အဓိပ္ပါယ်မရှိတာတွေ! ငါယုံပေးမယ်လို့မင်းထင်နေလား? မင်းတို့သူ့ဝေစုကိုပါ ယူချင်ကြလို့သတ်ပစ်ကြတာပဲဖြစ်မယ်!” တုရှို့ယန်သည် ဖုတ်ကောင်ရှိသည်ကိုမယုံကြည်ပေ။

“ယုံချင်ယုံ မယုံချင်နေ၊ ငါတို့လောင်စန်းကိုမသတ်ခဲ့ဘူး!” ကျောက်ကျန်းချွမ်ကပါပြောလိုက်သည်။

“မင်းတို့အားလုံး ဒိနေ့သေကြရတော့မှာဆိုတော့ ငါယုံတာမယုံတာလဲအရေးအကြီးတော့ဘူး။” တုရှို့ယန် သေနတ်ကိုကိုင်ကာ လီမြောင်စုန့်အားချိန်ရွယ်လိုက်သည်။

လီမြောင်စုန့်တို့အဖွဲ့လဲ ကြောက်ရွံ့ကာ နောက်သို့ဆုတ်သွားခဲ့ကြပြီး မျက်နှာများသည်လဲ ဖြူဖျော့လို့နေသည်။ ကုနင်းသည်လဲ သူတို့အချိန်မရွေးအသတ်ခံလိုက်ရမည်အား စိုးရိမ်မိသွားကာ ချက်ချင်းပင် ထိုနေရာသို့ပြေးသွားလိုက်တော့သည်။

ကံကောင်း၍ ကုနင်းနှင့် ထိုလူများရှိနေသည့်နေရာမှာ ၄မီတာသာဝေးသောကြောင့် အချိ်န၂စက္ကန့်အတွင်းမှာပဲ တုရှို့ယန်၏အနားသို့ရောက်သွားခဲ့ကာ ထိုလူ၏လက်ကောက်ဝတ်အားလိမ်ချိုးပစ်လိုက်တော့သည်။ အခြားလူများမှာတော့ တုရှို့ယန်၏နာနာကျင်ကျင်အော်ဟစ်သံကြီးကိုမကြားရခင်အထိ ဘာဖြစ်နေလဲဆိုသည်ကိုသေချာမမြင်ခဲ့ရပေ။ အသံကိုကြားပြီးသည်နှင့် သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြတော့သည်။

တုရှို့ယန်လဲ ဒဏ်ရာရသွားခဲ့သည့် သူ့ညာလက်ကောက်ဝတ်ကိုကိုင်ထားရသောကြောင့် သေနတ်ကိုမကိုင်ထားနိုင်တော့ပေ။ ကုနင်းသည်တော့ တုရှို့ယန်၏ဘေးတွင် သေနတ်ကိုကိုင်ထားကာ မတ်တပ်ရပ်လို့နေခဲ့သည်။

“မင်း….” လူတိုင်းသည်လဲ ကုနင်းကို အလွန်အံ့အားသင့်နေသည့်အကြည့်များဖြင့် ကြည့်နေကြတော့သည်။ ဖြစ်ပျက်သွားသည်များမှာ လျှပ်စီးလက်သကဲ့သို့မြန်လွန်းလေသည်ပြီး သာမာန်လူတစ်ယောက်သာဆိုလျှင် ထိုသို့မလုပ်နိုင်ပေ။ ဒီမိန်းကလေးက သေချာပေါက် သိုင်းပညာရှင်တစ်ဦးဖြစ်ရပေမည်ဟု သူတို့တွေးလိုက်မိကြသည်။

လီမြောင်စုန့်တို့အဖွဲ့သည်လဲ ကုနင်းရုတ်တရက်ဝင်ရောက်လာခဲ့တုန်းက မမှတ်မိခဲ့ကြပေမည့် သူမမျက်နှာကိုသေချာမြင်ုလိက်ရချိန်တွင်တော့ အလွန်အံ့အားသင့်သွားကြတော့သည်။

“မိန်းကလေးကုပဲ!” လီမြောင်စုန့် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ ကုနင်းဆိုမှတော့ တုရှို့ယန်အား အလင်းအလျင်လိုမြန်မြန်ဆန်ဆန် ထိန်းချုပ်လိုက်နိုင်ခြင်းကို နားလည်၍ရနိုင်ပေသည်။ ကုနင်းသည် အရင်တစ်ခေါက်တုန်းက သူတို့ကို လင်းနို့များနှင့် ဖုတ်ကောင်၏ရန်မှကယ်တင်ပေးခဲ့သောကြောင့် သူတို့၏နှလုံးသားထဲတွင် ကုနင်းသည် အသက်သခင်ကျေးဇူးရှင်တစ်ဦးဖြစ်သလို သူတို့လေးစားရသည့် သိုင်းပညာရှင်တစ်ဦးလဲဖြစ်ပေသည်။

“တကယ်၊ မိန်းကလေးကုပဲ!” အခြားလူများလဲ အံ့ဩသွားကြရသည်။ ကုနင်းသည်လဲ သင်္ချိုင်းဖောက်ထွင်သူတစ်ဦးဖြစ်သောကြောင့် အခုလိုပေါ်လာခြင်းမျိုးသည် အံ့ဩစရာမရှိပေ။

“အားလုံးပဲ၊ ထပ်တွေ့ရတာဝမ်းသာပါတယ်!” ကုနင်း နှုတ်ဆက်လိုက်သည်။ လီမြောင်စုန့်နှင့် စွင်းချောင်သည် သူမအမေထက်ပင် ပို၍အသက်ကြီးကာ ကောယိယန်နှင့် ကျောက်ကျန်းချွမ်သည်တော့ အသက်၃၀နီးနီးဖြစ်သောကြောင့် သူမဘက်ကသာစတင်နှုတ်ဆက်လိုက်သည်။

တုရှို့ယန်သည်လဲ ကုနင်းနှင့် လီမြောင်စုန့်တို့သိနေကြသလို သူ့လက်ထဲမှသေနတ်ကိုလဲ စက္ကန့်ပိုင်းအတွင်း ကုနင်းလုယူသွားနိုင်ခဲ့သောကြောင့် အလွန်ထိတ်လန့်နေတော့သည်။

ကုနင်း အေးစက်သည့်အကြည့်များဖြင့် တုရှို့ယန်တို့အဖွဲ့အားကြည့်လိုက်သည်နှင့် သူမ၏အေးစက်လှသည့်အရှိန်အဝါများကြောင့် သူတို့အားလုံးထိတ်လန့်ကြောက်ရွံ့သွားကြတော့သည်။

***

အခန်း ၄၁၀

ထပ်မံကယ်တင်ခြင်း

ကုနင်း တုရှို့ယန်အား စိုက်ကြည့်လိုက်ကာ၊

“ဒီကမ္ဘာပေါ်မှာ ဖုတ်ကောင်တွေမရှိပါဘူးလို့ ရှင်မယုံတာနဲ့ပဲ တကယ်မရှိတော့တာမဟုတ်ဘူး။ ရှင့်အစ်ကိုက တကယ်ကို ဖုတ်ကောင်သတ်တာခံလိုက်ရတာ။ ကျွန်မကိုယ်တိုင်မြင်ခဲ့တယ်။”

တုရှို့ယန်သည်တော့ ယုံကြည်ဖို့ရန်ငြင်းဆန်နေစဲပင်၊

“မင်းက သူတို့နဲ့တစ်ဖွဲ့တည်းပဲလေ၊ ဒီတော့ သေချာပေါက် သူတို့ကို ကာကွယ်ပေးမှာပေါ့။”

တုရှို့ယန်တွင်မကဘဲ အခြားလူများသည်လဲ ဖုတ်ကောင်ရှိသည်ကိုမယုံကြည်ကြပေ။ ယခုခေတ်လူများအတွက်တော့ သရဲတစ္ဆေများကိုမယုံကြည်နိုင်သည်မှာ နားလည်ပေး၍ရပေသည်။

သူတို့မယုံကြည်မှတော့ ကုနင်းလဲ ဆက်ပြီးရှင်းပြပေးနေဖို့အစီစဉ်မရှိတော့ပေ။ သို့ပေမည့် သူမ တုရှို့ယန်ကို ကြည့်ကာ ဆက်ပြီးသတိပေးလိုက်သည်၊

“ယုံတာ မယုံတာရှင့်အပိုင်းပဲ၊ ဒါပေမယ့် လီမြောင်စုန့်တို့ကို ထိခိုက်အောင် ရှင်လုပ်ရဲရင်တော့ တစ်သက်လုံးထောင်ထဲမှာပဲ နေသွားရအောင်လုပ်ပစ်မယ်။”

ကုနင်း၏အကြည့်စူးစူးများကြောင့် တုရှို့ယန်ကြောက်လန့်ကာ တုန်ရီလာခဲ့ပြီး အသက်ကိုပင်ခက်ခက်ခဲခဲရှုသွင်းနေရတော့သည်။ တုရှို့ယန်၏အဖွဲ့သားများပင်လျှင် ကုနင်း၏အကြည့်နှင့်တိုက်ရိုက်ရင်မဆိုင်ရတာတောင်မှ ကြောက်ရွံ့လာကြရပြီး ထိုမိန်းကလေးသည် သာမာန်လုံးဝမဟုတ်ဟု တွေးသွားမိကြတော့သည်။

“သွားကြစမ်း!” ကုနင်းနှင်လွှတ်လိုက်သည်။

တုရှို့ယန်က လီမြောင်စုန့်ကိုသတ်ချင်ပေမည့် ကျရှုံးခဲ့သလို ကုနင်းကလဲ သူတို့အားလုံးကိုပြန်မသတ်နိုင်ပေ။ အကြောင်းမှာတော့ ထိုလူများကိုသတ်ကာ သူမထောင်ထဲမဝင်ချင်ခြင်းကြောင့်ပင်။

တုရှို့ယန်ကတော့ ထွက်မသွားချင်သော်လည်း ဆက်ပြီးနေ,နေဖို့ရန်ကလဲ သတ္တိမရှိနေပေ။ ထို့အပြင် သူ့လက်ကောက်ဝတ်ဒဏ်ရာမှာဆိုးရွားသောကြောင့် ချက်ချင်းဆေးရုံသွားမှဖြစ်ပေမည်။ ထို့နောက်တွင်တော့ တုရှို့ယန်တို့တစ်ဖွဲ့လုံးထွက်သွားကြတော့သည်။

သူတို့ထွက်သွားပြီးသည်နှင့် လီမြောင်စုန့် ကုနင်းကိုစိတ်ရင်းဖြင့်ကျေးဇူးတင်စကားပြောတော့သည်။

“မိန်းကလေးကု၊ ငါတို့အသက်ကိုထပ်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

“ဟုတ်တယ်၊ မိန်းကလေးကု ကျေးဇူးအများကြီးတင်ပါတယ်။” အားလုံးကလဲ တစ်ပြိုင်နက်ကျေးဇူးဝိုင်းတင်လိုက်ကြသည်။

“မိန်းကလေးကု၊ မင်းက ငါတို့အားလုံးရဲ့အသက်သခင်ကျေးဇူးရှင်ပဲ၊ နောင်မင်းအကူအညီလိုလာခဲ့ရင် အချိန်မရွေးသာပြော ငါတို့အတတ်နိုင်ဆုံးကြိုးစားပေးမယ်။” လီမြောင်စုန့် ကတိပေးလိုက်သည်နှင့် ကျန်လူများကလဲ ထောက်ခံကြလေသည်။

ကုနင်း လီမြောင်စုန့်တို့ကိုထပ်တွေ့လိုက်ရကတည်းက သူတို့ကိုငှားရမ်းရန်အတွက် စိတ်ကူးရှိနေပြီးသားဖြစ်သည်။ သူတို့ဘက်က ကိုယ်တိုင်ကိုယ်ကျကူညီချင်နေကြမှတော့ ကုနင်းလဲ ငြင်းစရာအကြောင်းမရှိတော့ပေ။

“ကောင်းပြီလေ၊ ကျွန်မနောက်တစ်ချိန်အကူအညီလိုခဲ့ရင် ရှင်တို့ကိုပြောပါ့မယ်။”

“ဟုတ်တာပေါ့၊ ပြောသာပြောလိုက်၊”

လီမြောင်စုန့်တို့အတွက်တော့ ကုနင်းက သူတို့ကိုအကူအညီတောင်းလျှင်ပင် ဂုဏ်ယူဖွယ်ဖြစ်ရပ်မျိုးဟု မှတ်ယူနေပေပြီ။

“ဒါနဲ့၊မိန်းကလေးကုလဲ ဒီကိုရှေးဟောင်းဂူသင်္ချိုင်းလာရှာတာမဟုတ်လား? တောင်တော်တော်များများကိုတော့ သုတေသီတွေလိုက်ရှာပြီးပြီ၊ ကျွန်တော်တို့လဲ ဒီနားတစ်ဝိုက်ကတောင်တွေရှာပြီးသွားပြီ၊ ဒါပေမယ့် သဲလွန်စနည်းနည်းလေးတောင်မတွေ့သေးဘူး။ ကြည့်ရတာ ဒီမှာရှေးဟောင်းဂူသင်္ချိုင်းရှိမနေတာလားပဲ။” လီမြောင်စုန့်ကပြောလိုက်သည်။

“ဒါပေမယ့် ဒီမှာရှေးဟောင်းဂူသင်္ချိုင်းမရှိဘူးဆိုရင် ဘယ်လိုလုပ် ရှေးဟောင်းပစ္စည်းတွေက ဒီကိုရောက်လာရတာလဲ?” ကျောက်ကျန်းချွမ်သည်တော့ နမ်ရွှေရွာတစ်ဝိုက်တွင်သေချာပေါက် ရှေးဟောင်းဂူသင်္ချိုင်းရှိနေသည်ဟု ယုံကြည်နေစဲပင်။

“ဒါကပြောဖို့တော့ခက်တယ်၊ ဒါပေမယ့် ရောက်နေပြီးမှတော့ ဆက်ရှာကြည့်ကြတာပေါ့!” ကုနင်းကတော့ ဆက်ရှာဖို့ရန်သာ ပြောလိုက်သည်။

“ဟုတ်တာပေါ့။ မိန်းကလေးကု၊ ငါတို့အဖွဲ့နဲ့ပူးပေါင်းလိုက်ပါလား? ရှာတွေ့သွားရင်လဲ ရှေးဟောင်းပစ္စည်းတွေကို ညီတူညီမျှခွဲယူကြလို့ရတာပဲ။” လီမြောင်စုန့်က စတင်အဆိုပြုလိုက်သည်။ ကုနင်းကတစ်ယောက်တည်းဖြစ်ကာ သူတို့ဘက်ကတော့ လေးယောက်ာအားဖြစ်သောကြောင့် မမျှတသော်လည်း ထည့်တွက်မနေပေ။

လီမြောင့်စုန့်ကပဲ ဆက်လက်ပြီး၊

“ဒါပေမယ့်၊ အရင်တစ်ခေါက်ကလို အန္တရာယ်တစ်ခုခုရှိလာခဲ့ရင်တော့ မိန်းကလေးကုကပဲ ငါတို့ကိုကူညီပေးပေါ့။”

လီမြောင်စုန့်က ရက်ရောတတ်ပုံကြောင့် ကုနင်းအံ့အားဩမိသွားခဲ့ပေမည့် သူကိုယ်တိုင်ကိုက စတင်အဆိုပြုလာခြင်းဖြစ်သောကြောင့် ကုနင်းမငြင်းခဲ့ပေ။ လီမြောင်စုန့်တောင်းဆိုသည့်ကိစ္စကိုလဲ ကုနင်းသဘောတူလိုက်သည်။

“စိတ်မပူပါနဲ့။ ကျွန်မတို့ကတစ်ဖွဲ့တည်းဖြစ်သွားပြီဆိုမှတော့ အတတ်နိုင်ဆုံးရှင်တို့ကိုကာကွယ်ပေးပါ့မယ်။”

ထို့နောက် ကုနင်း လီမြောင်စုန့်တို့အဖွဲ့နှင့်အတူ ဆက်လက်ပြီးရှေးဟောင်းဂူသင်္ချိုင်းကိုရှာတော့သည်။

ယခုရောက်ရှိနေသည့်တောင်ပေါ်တွင် လီမြောင်စုန့်တို့အဖွဲ့ရှာဖွေပြီးကြပြီးဖြစ်သော်လည်း ကုနင်းက သူမဘာသာထပ်စစ်ဆေးကြည့်ချင်နေသေးသည်။ နောက်ဆုံးကျောက်စိမ်းမျက်ဝန်းဖြင့်ရှာတာတောင်မှ ကုနင်းဘာမှမတွေ့ခဲ့သည့်အခါတွင်တော့ လီမြောင်စုန့်တို့နှင့်အတူ နောက်တစ်နေရာသို့ဆက်ထွက်လာခဲ့လိုက်တော့သည်။

“ဒီနားကတောင်အားလုံးကိုရှာပြီးသွားပေမယ့် ဘာမှမတွေ့ရသေးဘူး။ ဒီနေရာနဲ့ဝေးတဲ့တောင်တွေမှာရှိနေတာများလား?” ကျောက်ကျန်းချွမ်ကဆိုသည်။

“ငါတို့သဲလွန်စနဲနဲလေးတောင်ရှာမတွေ့သေးဘူးဆိုတော့ ငါတို့ထက်အရင်အခြားလူတွေ တူးထုတ်ပြီးသွားကြလို့များလား?” ကောယိယန် ထိုစကားပြောနေသည့်အချိန်တွင် သူတို့ဒီတောင်များကိုအကြိမ်ပေါင်းများစွာ စစ်ဆေးရှာဖွေခဲ့သည်များကိုပြန်တွေးမိရင် ဝမ်းနည်းသွားတော့သည်။

“ရှင်တို့မှာ မြေပုံရှိလား?” ကုနင်းမေးလိုက်သည်။

“ရှိတယ်။” စွန်းချောင်ကပြောရင်းဖြင့် မြေပုံကိုချက်ချင်းထုတ်ယူပေးလိုက်ကာ၊

“ဒီမြေပုံပဲ။ ဒါကတော့ ငါတို့ဒီကိုလာတုန်းက လေယာဉ်ပေါ်ကနေပြီး နမ်ရွှေရွာရဲ့အပေါ်စီးမြင်ကွင်းအားလုံးကိုရိုက်ထားခဲ့တာ။”

ကုနင်း ထိုမြေပုံနှင့် ဓါတ်ပုံကိုစစ်ဆေးကြည့်လိုက်သည်။ ကျောက်ကျန်းချွမ်ကလဲ ချက်ချင်းပင် ကုနင်းမြင်ရစေရန်အတွက် ဓါတ်မီးဖြင့်ထိုးပြလိုက်သည်။ ကုနင်းအနေဖြင့် မီးအလင်းရောင်ကိုမလိုသော်လည်း သူမ၏လျှို့ဝှက်ချက်ပေါ်ပေါက်မသွားစေရန်အတွက် တားမြစ်မနေတော့ပေ။

သူမဓါတ်ပုံကိုအရင်ဦးစွာကြည့်လိုက်သည်။ အချို့တောင်များကိုက အနီရောင်အမှတ်အသားများဖြင့် မှတ်သားထားသောကြောင့် ထိုတောင်များကို သူတို့စစ်ဆေးပြီးသွားကြောင်းပြလေသည်။ အနီမှတ်မလုပ်ရသေးသည့်တောင်များသည်တော့ နမ်ရွှေရွာနှင့်အတော်ဝေးပေသည်။

အချိန်ခနကြာသည့်နောက်တွင်တော့ နေရာတစ်နေရာက ကုနင်း၏စိတ်အာရုံကိုဆွဲဆောင်သွားတော့သည်။ ထိုနေရာသည်က နမ်ရွှေရွာ၏ဘုရားကျောင်းပင်ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် ထိုဘုရားကျောင်း၏အောက်တွင် ရှေးဟောင်းဂူသင်္ချိုင်းရှိနေလောက်မည်ဟု ကုနင်းခံစားနေမိသည်။

“ကျွန်မတို့ရှေးဟောင်းဂူသင်္ချိုင်းတွေကိုလာရှာတယ်ဆိုမှတော့ ဒီဘုရားကျောင်းကိုရောဘာလို့တစ်ခေါက်လောက်သွားမကြည့်ကြတာလဲ?” ကုနင်းပြောလိုက်သည်။

ဘုရားကျောင်း? ဘုရားကျောင်းသည် နမ်ရွှေရွာ၏အနားတွင်တည်ရှိသောကြောင့် မည်သူမျှ ထိုနေရာတွင်ရှေးဟောင်းဂူသင်္ချိုင်းရှိနေမည်ဟုမတွေးမိကြပေ။ ထို့အပြင် လူများ ရှေးဟောင်းပစ္စည်းများကို တွေ့ခဲ့သည့်နေရာမှာလဲ ထိုဘုရားကျောင်းနှင့်ဆန့်ကျင်ဘက်အရပ်တွင်တည်ရှိသောကြောင့် မည်သူမျှ ထိုဘုရားကျောင်းကိုမရှာဖွေခဲ့ကြပေ။ သို့ပေမည့် ကုနင်းက တစ်ခေါက်လောက်သွားရှာကြည့်ချင်သည်ဆိုမှတော့ လီမြောင်စုန့်တို့လဲ မယုံမကြည်ဖြစ်မနေဘဲ သူမ၏ဆန္ဒအတိုင်းလိုက်လျောကြပေသည်။ ထို့နောက် သူတို့အဖွဲ့ ဘုရားကျောင်းရှိရာအရပ်သို့ထွက်လာခဲ့လိုက်ကြသည်။

ဘုရားကျောင်းအနားတစ်ဝိုက်တွင် ရှေးဟောင်းဂူသင်္ချိုင်းရှိလောက်မည်ဟု ကုနင်းခံစားမိနေသော်လည်း အရမ်းသေချာနေခြင်းမျိုးတော့မဟုတ်ပေ။ ထို့ကြောင့် ကုနင်းတစ်လမ်းလုံး ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ဆက်လက်စစ်ဆေးနေခဲ့သည်။ သူတို့အားလုံး ဘုရားကျောင်းသို့ရောက်ရန် ၂နာရီခန့်အချိန်ယူလိုက်ကြရသည်။ သူမတို့ရောက်သည့်အချိန်တွင် ၉နာရီထိုးနေပြီဖြစ်သောကြောင့် ယခုအချိန်သည် သင်္ချိုင်းဖောက်ထွင်းရေးသမားများအတွက် အလုပ်စရန်အချိန်ကောင်းပင်ဖြစ်သည်။

ဘုရားကျောင်းသည် မြေပြင်မှအမြင့်ပေ၂၀၀မီတာလောက်ရှိသည့် တောင်တက်လမ်း၏အလယ်လောက်တွင်တည်ရှိနေခြင်းဖြစ်သည်။ ဘုရားကျောင်းပေါ်သို့တက်သည့်လှေကားများမှလွဲ၍ ထိုနေရာတစ်ဝိုက်တွင် သစ်ပင်ကြီးများဖြင့်သာ အုပ်ဆိုင်းလို့နေသည်။

ပုံမှန်ဆိုလျှင် ရှေးဟောင်းဂူသင်္ချိုင်းများသည် မြေပြန့်များ တောင်ငယ်လေးများတွင်သာရှိခြင်းကြောင့် သင်္ချိုင်းဖောက်ထွင်းရေးသမားများအတွက် အမြင့်နေရာမှဂူသင်္ချိုင်းကိုရှာဖွေရသည့်အဖြစ်မှာ ရှားပါးလွန်းလှပေသည်။

ကုနင်းတို့အဖွဲ့ တောင်ပေါ်သို့တက်လာခဲ့ကြကာ ရှေးဟောင်းဂူသင်္ချိုင်းကိုရှာဖွေတော့သည်။

နာရီဝက်အကြာ သူမတို့အဖွဲ့ဘုရားကျောင်းသို့ရောက်ရန် ၁၀မီတာခန့်အကွာသို့ရောက်ချိန်တွင်တော့ အော့အန်ချင်စရာ ပုပ်သိုးနေသည့်အနံ့ကိုရလိုက်ကြသည်။

ကုနင်းလဲ ထိုရွံ့စရာအနံ့လာသည့်လားရာအတိုင်း ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာရှာဖွေကြည့်လိုက်သည့်နောက်တွင်တော့ သူမတို့နှင့်မီတာ၂၀ခန့်ဝေးသည့်နေရာတွင် ကျောက်တုံးကြီးတစ်ခုရှိနေပြီး ထိုကျောက်တုံး၏အောက်တွင်တော့ ခန္ဓာကိုယ်တစ်ဝက်လောက်ပုပ်သိုးနေပြီဖြစ်သည့် အလောင်းတစ်လောင်းရှိနေလသည်။ ထိုအလောင်းကို ကျောက်တုံးကျောက်စအတော်များများကလဲ ဖုံးအုပ်လို့ထားနေသေးသည်။

ထိုအလောင်းသည် ပုံမှန်ဝတ်စုံကိုသာဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် ဘုန်းကြီးတစ်ပါးတော့မဟုတ်ဘဲ ခရီးသည်တစ်ယောက်သာဖြစ်ပေမည်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ အသေးစိတ်ထပ်ကြည့်လိုက်ချိန်တွင်တော့ ထိုအနားတွင် အနက်ရောင်တွင်းကြီးတစ်တွင်းရှိနေသည်ကို တွေ့သွားတော့သည်။ ထိုတွင်းသည် ရှေးဟောင်းဂူင်္ချိင်း၏ဝင်ပေါက်ဟုတ်မဟုတ်တော့ ကုနင်းသေချာမသိသေးသော်လည်း ဖြစ်နိုင်ချေတော့များလေသည်။ ထိုတွင်းသည်သာ ဂူသင်္ချိုင်း၏ဝင်ပေါက်ဆိုလျှင် ထိုလူသေအလောင်းသည်က သင်္ချိုင်းဖောက်ထွင်းသူဖြစ်နိုင်ပေသည်။

ဘာပဲဖြစ်ဖြစ် ထိုအနားသို့သွားကာ အတိအကျသိရအောင်ကြည့်ဖို့ရန်အတွက် ဆုံးဖြတ်လိုက်တော့သည်။

All Chapters