အခန်း (၄၁၆-၄၂၀)
Vol. 28 Ch. 416-420
အခန်း ၄၁၆
မြင်းပွဲလောင်းခြင်း
ကျောက်ခန်းလင်အား ကုနင်းအေးစက်သည့်မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်သောကြောင့် ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ ထိုစူးရှသည့်အကြည့်မျိုးသည် သာမာန်လူများကြည့်နိုင်သည့် ပုံစံမျိုးမဟုတ်ပေ။ ဤကောင်မလေးသည် သာမာန်တော့မဖြစ်နိုင်။
ကုနင်း တမင်သက်သက် ကျောက်ခန်းလင်အားကြောက်လန့်သွားစေရန် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ ကျောက်ခန်းလင်အမှန်တကယ်ကြောက်လန့်နေပြီဆိုတော့မှ၊
“ဒါက ငါ့ကိုစော်ကားပြောဆိုတဲ့အတွက် တန်ကြေးပဲ။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုးထပ်ဖြစ်ခဲ့ရင် ဒီလောက်နဲ့မပြီးသွားဘူး။”
ကုနင်း၏ဖိနှိပ်နိုင်စွမ်းကြောင့် ကျောက်ခန်းလင်ကြောက်ရွံ့သွားခဲ့ပေမည့် သူမကိုတော့ဖြင့် သေလောက်အောင်မုန်းတီးလို့နေပေပြီ။ ထို့ကြောင့် ကုနင်းကို လက်စားမချေရသ၍ ဤဇာတ်လမ်းပြီးသွားမည်မဟုတ်ပေ။ သို့ပေမည့် အခုချိန်တွင်တော့ သူပြင်းပြင်းထန်ထန်ဒဏ်ရာရနေခဲ့ပြီဖြစ်သောကြောင့် ဘာမှပြန်မပြောဘဲ တိတ်တဆိတ်သာနေလိုက်သည်။
ကုနင်း၏ခွန်အားကိုမြင်လိုက်ရသည်ချိန်တွင်တော့ ကျောက်ခန်းလင်၏အဖွဲ့မှမိန်းကလေးများသည် သူမကိုရင်းနှီးနေသလို ခံစားသွားကြရတော့သည်။
“အိုး!” အမျိုးသမီးတစ်ဦး၏အာမေဍိတ်သံသည် လူအားလုံး၏အာရုံကိုဆွဲဆောင်သွားခဲ့ကာ၊
“သူ-သူက မနေ့တုန်းက လေဆိပ်မှာ ဒဏ်ရာရသွားတဲ့ကောင်မလေးကိုကယ်ခဲ့တဲ့မိန်းကလေးပဲ!”
“ဘာပြောတယ်? သူက မနေ့ကလေဆိပ်မှာ ဒဏ်ရာရသွားတဲ့ ကောင်မလေးကို ကယ်ခဲ့တဲ့မိန်းကလေးလား?”
“တကယ်ပဲ သူလား?”
ထိုသတင်းကိုကြားလိုက်ရသည်နှင့် လူတိုင်းအလွန်အံ့အားသင့်သွားကြတော့သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ထိုစကားကိုကြားသည်နှင့် ချက်ချင်းဖုန်းကိုထုတ်ယူလိုက်ကာ လေဆိပ်ကသတင်းကိုပြန်ဖွင့်ကြည့်လိုက်ပြီး၊
“ဘုရားရေ! တကယ်ကိုသူပဲ!”
“သွားရအောင်!” ကုနင်းသည် ဤကဲ့သို့ဆူညံမှုများကိုသဘောမကျသောကြောင့် ဖန်းကျီရွေ့အားပြောလိုက်ကာ သူမတစ်ယောက်တည်းအမြန်ထွက်သွားခဲ့ပြီး ဖန်းကျီရွေ့လဲ နောက်မှလိုက်သွားခဲ့လေသည်။
ထိုအချိန်တွင်ပဲ လူအချို့မှနေပြီး သူမတို့တိုက်ခိုက်ခဲ့သည့်ဗီဒီယိုအား တင်လိုက်သောကြောင့် အချိန်ခနလေးအတွင်းမှာပဲ လူတိုင်းနီးပါးသိသွားကြပြန်သည်။ ထိုဗီဒီယိုနှင့်အတူ သူတို့ဘာကောင့် ပြဿနာတက်ရလဲဆိုသည့် အကြောင်းရင်းကိုပါ တွဲတင်ထားသောကြောင့် လူအများစုက ကုနင်းဘက်က ထောက်ခံအားပေးခဲ့ကြသည်။ သို့ပေမည့် လူအချို့ကလဲ ကုနင်းကို အပြစ်တင်ကာ အလွန်ကြောက်စရာကောင်းသည့် မိန်းကလေးဟူ၍ပြောကြပြန်သည်။ အင်တာနက်အသုံးပြုသူများကတော့ သူတို့၏အမြင်မတူမှုများဖြင့် အချင်းချင်း ငြင်းခုံဆွေးနွေးနေကြ၍ ထိုသတင်းမှာ ပို၍ပင် လူသိများလာတော့သည်။
တဖြည်းဖြည်းနှင့် ကုနင်း၏အပြုအမူကို အပြစ်တင်ဝေဖန်သည့်လူများ လျော့နည်းသထက်လျော့နည်းလာတော့သည်။
ကုနင်းသည်ကတော့ သူမလုပ်ခဲ့သည့်ကိစ္စမှာ မှန်သည်ဟုတွေးထားသောကြောင့် ထိုသတင်းမှန်သမျှကို ဂရုစိုက်မနေပေ။
“ဘော့စ်၊ မင်း မြင်းလောင်းဖူးလား?” ဖန်းကျီရွေ့မေးလိုက်သည်။
“မလောင်းဖူးဘူး။”
ထို့နောက် ဖန်းကျီရွေ့က စတင်ပြီး ကုနင်းကို မြင်းလောင်းသည့်အကြောင်းကို ရှင်းပြတော့သည်။
ပြိုင်ပွဲတစ်ပွဲတွင် မြင်း၁၂ကောင်ပါဝင်ယှဉ်ပြိုင်သည်။ ပြိုင်ပွဲမစတင်ခင်အချိန်တွင်ဖြင့် မြင်းလောင်းသူများသည် နိုင်နိုင်ချေမြင့်သည်ဟု သူတို့ထင်မှတ်သည့် မြင်းတစ်ကောင်ကို ရွေးချယ်ပြီး သူတို့လောင်းချင်သလောက် ပမာဏနှင့်တကွ မြင်း၏နံပါတ်ကို မြင်းပွဲ၏လောင်းကြေးလက်မှတ်တွင် ထည့်သွင်းရေးသားပြီး စာရင်းသွင်းရန်အတွက် သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့်ဌာနသို့အပ်ရပေသည်။
မြင်းပြိုင်ပွဲပြီးသွားသည့်အချိန်တွင်တော့ သူတို့ထည့်သွင်းရေးသားခဲ့သည့် မြင်းနံပါတ်နှင့် ပြိုင်ပွဲရလဒ်မှာ တူညီနေလျှင် မြင်းလောင်းသူများက လျော်ကြေးပြန်ရပေလိမ့်မည်။
ထို့အပြင် မြင်းပြိုင်ပွဲတွင် လောင်းရာ၌ အမျိုးအစားများစွာရှိသေးလေသည်။
“Win”ဆိုသည်မှာတော့ မြင်းလောင်းသူက ပထမဦးဆုံးပန်းဝင်မညဟုထင်သည့် မြင်းအား နံပါတ်အတိအကျဖြင့် လောင်းခြင်းဖြစ်သည်။
“Place” ဆိုသည်မှာတော့ မြင်းလောင်းသူက မည်သည့်အဆင့်ပင်ဖြစ်စေ ပထမသုံးနေရာအတွင်းဝင်နိုင်မည့် မြင်းတစ်ကောင်အား ရွေးချယ်လောင်းခြင်းဖြစ်သည်။
“Quinella” သည်တော့ မြင်းလောင်းသူက ပထမနှစ်နှင့်ဒုတိယအဆင့်ဝင်နိုင်သည့်မြင်းများကို လောင်းခြင်းဖြစ်သည်။
“Trio” သည် မြင်းလောင်းသူက ပထမဆုံးပန်းဝင်သွားမည့် မြင်းသုံးကောင်အား ဘယ်ကောင်က ဘယ်အဆင့်ဟုသတ်မှတ်မထားဘဲ ထိုသုံးကောင်လုံးအတွက်လောင်းကြေးတင်ခြင်းဖြစ်ပေသည်။
ထိုတင်မကပဲ မြင်းလောင်းရာတွင် “First 4”, “Quartet”, “Tierce”နှင့် အခြား အမျိုးအစားပေါင်းများစွာရှိနေသေးပေသည်။ (မြင်းပြိုင်ပွဲများအကြောင်းရှာရာတွင် မြင်းပြိုင်ပွဲအတွင်းသုံးနှုန်းသည့် အခေါ်အဝေါ်များကိုရှာမတွေ့သောကြောင့် အင်္ဂလိပ်လိုသာရေးပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။)
အကယ်၍မြင်းလောင်းသူက ပြိုင်ပွဲတစ်ခုတည်းတွင် လောင်းရသည်ကိုမကျေနပ်သေးလျှင် ပြိုင်ပွဲများစွာတွင်လဲ လောင်းနိုင်သေးသည်။ ထိုသို့လောင်းခြင်းကိုတော့ဖြင့် “ပုံအောခြင်း” ဟုခေါ်ပေသည်။ ပုံမှန်ဆိုလျှင် ပြိုင်ပွဲ၂ခုမှ ၆ခုအထိ ကိုယ်လောင်းချင်သလောက်လောင်း၍ရပေသည်။ ရှေ့ပြိုင်ပွဲများတွင် အနိုင်ရရှိသည့် အစုငွေများကို မြင်းလောင်းသူရွေးချယ်ထားသည့် ကျန်သည့်ပွဲစဉ်များအတွက် လောင်းကြေးဖြင့် ဆက်လက်ယူဆောင်သွားပေလိမ့်မည်။
မြင်းပြိုင်ပွဲလောင်းခြင်းကိုပို၍စိတ်ဝင်စားလာစေရန်နှင့် ယှဉ်ပြိုင်လိုစိတ်များမြင့်မားလာစေရန်အတွက် မြင်းလောင်းသူများသည် သူတို့လောင်းသည့်အရေအတွက် များလျှင်များသလောက် ဆုကြေးငွေအများကြီးကို တစ်ကြိမ်တည်းဖြင့်ကံစမ်းနိုင်သေးလေသည်။ ထိုသို့ဖြင့် ပြိုင်ပွဲတစ်ပွဲတည်းဖြင့်ပင် မြင်းပွဲလောင်းသူသည် ယွမ်သန်းပေါင်းများစွာကို အနိုင်ရနိုင်ပေသည်။
ကုနင်းတွင်က ကျောက်စိမ်းမျက်ဝန်းရှိသောကြောင့် မည်သည့်မြင်းများက အခြေအနေကောင်းသည် မည်သည့်မြင်းကတော့ဖြင့် အခြေအနေမကောင်းသည်ကို အလွယ်တကူ ခွဲခြားနိုင်သော်လည်း ရလဒ်မှာ ပွဲမပြီးခင်အထိ ပြောင်းလဲသွားနိုင်ချေရှိသောကြောင့် သူမလဲ မခန့်မှန်းနိုင်ပေ။
“ဘော့စ်၊ ဘယ်မြင်းကိုလောင်းမှာလဲ? ကျွန်တော်လောင်းကြေးထည့်ပေးမယ်။” ဖန်းကျီရွေ့ကပြောလာသည်။
“ရတယ်၊ ကျွန်မဘာသာပဲ ပေးလိုက်ပါ့မယ်။” ကုနင်းငြင်းဆန်လိုက်သည်။ လင်ရှောင်းထင်မှာလွဲ၍ သူမအတွက် အခြားယောကျ်ားတစ်ယောက်က အကုန်အကျခံခြင်းမျိုးကို ခွင့်မပြုပေးနိုင်ပေ။
ကုနင်းငြင်းလိုက်သည်နှင့် ဖန်းကျီရွေ့လဲ အတင်းတွန်းအားမပေးတော့ပေ။ ကုနင်းချမ်းသာမှန်း သူသိပြီးသားဖြစ်သည်။
“သခင်လေးဖန်း၊ ကျွန်မအတွက်လောင်းကြေးထည့်ပေးပါနော်!” ရှားကျောင်းက ဖန်းကျီရွေ့ကို ချစ်စရာကောင်းသည့်အမူအရာဖြင့် တောင်းဆိုလိုက်သည်။ သို့ပေမည့် ဤတစ်ခေါက်ကတော့ ကုနင်းကြောင့် မျက်နှာပေးခံရစေရန် တောင်းဆိုခြင်းမဟုတ်ဘဲ ကွမ်းပင်းနှင့် ကောရုန်ခမ်းတို့က သူတို့၏တွဲဖက်များအတွက် လောင်းကြေးအစားထည့်ပေးသောကြောင့်သာဖြစ်သည်။ ရှားကျောင်းသည် သူမတစ်ယောက်တည်း ခွဲထုတ်ခံရမည်ကို မလိုချင်သလို အခြားအမျိုးသမီးများ၏လှောင်ရယ်ခံရမည့်အဖြစ်ကိုလဲ မဖြစ်ချင်ပေ။
“ကောင်းပြီလေ၊ မင်းရဲ့လောင်းကြေးဖြည့်ပြီးရင် ငါ့ကိုလက်မှတ်ပေး။” ဖန်းကျီရွေ့ကလဲ သူမကိုမငြင်းပေ။ သူသည် မိန်းမများအတွက် ငွေအမြောက်အမြားဖြုန်းပေးနေကြဖြစ်၍ လောင်းကြေးလောက်ကိုတော့ဖြင့် ပြောပမနေတော့ပေ။
ဖန်းကျီရွေ့၏ခွင့်ပြုချက်ရသည်နှင့် ရှားကျောင်းလဲ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လက်မှတ်သွားယူကာ လောင်းကြေးဖြည့်လိုက်တော့သည်။ သူမသည် မြင်းပွဲအကြောင်းလုံးဝနားလည်ထားခြင်းမရှိသောကြောင့် အပျော်သက်သက်ငွေဖြုန်းတီးခြင်းဖြစ်ကြောင်းကိုတော့ နားလည်ထားပြီးဖြစ်သည်။
တကယ်တော့ လူချမ်းသာများသည် သူတို့အတွက် ဈေးကြီးသည့်လက်ကိုင်အိတ်များ၊ အဝတ်အစားများ၊ မိတ်ကပ်များကိုသာ ဝယ်ပေးကြပြီး ငွေသားမပေးသောကြောင့် ရှားကျောင်းတွင် ငွေသိပ်မရှိပေ။
“ဘယ်လိုလောင်းကြေးအမျိုးအစားကို ရှင်အမြဲရွေးလေ့ရှိလဲ?” ကုနင်း ဖန်းကျီရွေ့အားမေးလိုက်သည်။
“ဒါတွေကအရမ်းရှုပ်လွန်းလို့ အမြဲတမ်း ‘Win’ ကိုပဲရွေးတယ်၊ အခုတော့ နံပါတ်၅ကိုလောင်းတယ်။” ဖန်းကျီရွေ့ကပြန်ပြောလိုက်သည်။ ဖန်းကျီရွေ့က နံပါတ်၅ကို နိုင်,နိုင်ချေအမြင့်ဆုံးဟု ထင်နေလေသည်။ သူ့အတွက် မြင်းတစ်ကောင်၏ယှဉ်ပြိုင်နိုင်စွမ်းကို အခြေအနေကို အရောင်အသွေး၊ ပြေးလွှားနိုင်သည့်အဟုန်၊ မျက်လုံးအရောင်စသည်တို့ကို ကြည့်ရှုပြီးလဲ မဆုံးဖြတ်နိုင်၍ ထင်ရာနံပါတ်ကိုသာလောင်းခြင်းဖြစ်သည်။
“နံပါတ်၅က ကောင်းမယ်လို့မထင်ဘူး၊ အဲ့ဒါအစား နံပါတ်၄, နံပါတ်၇နဲ့ နံပါတ်၁၀ကမှ နိုင်နိုင်ချေမြင့်တယ်။” ကုနင်း ဖန်းကျီရွေ့အား အရိပ်အမြွက်ပေးခြင်းသာဖြစ်ပြီး သူမပြောသည့်အတိုင်းလောင်းရမည်ဟု မဆိုလိုပေ။ သူမသည်လဲ သူမမှန်ပါမည်ဟု ရာနှုန်းပြည့်သေချာနေခြင်းမဟုတ်ပေ။
ဖန်းကျီရွေ့၏အမြင်တွင်တော့ ကုနင်းဆိုသည်မှာ ကြီးကျယ်မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် ကုနင်းပြောသမျှကို လိုက်လုပ်မည်ဖြစ်သည်။ အကယ်၍ သူတို့ရှုံးခဲ့မည်ဆိုလျှင်တောင်မှ ကုနင်းကိုအပြစ်တင်မည်မဟုတ်ပေ။
ကုနင်း ကွယ်ဝှက်မနေဘဲ ဖန်းကျီရွေ့ရှေ့တွင်ပဲ သူမလောင်းချင်သည့်နံပါတ်များကို ချရေးလိုက်လေသည်။ ကုနင်းလဲ များများရေးလျှင် ပို၍နိုင်,နိုင်ချေရှိသောကြောင့် သူမရွေးထားသမျှနံပါတ်တိုင်းကို လောင်းလိုက်သည်။
မြင်းပွဲလောင်းရသည်မှာ သိပ်မကုန်ပဲ ကံကောင်းရန်သာ အဓိကလိုအပ်ပေသည်။ အကယ်၍ ကုနင်းလောင်းသမျှမှ တစ်ဝက်သာနိုင်မည်ဆိုလျှင်ပင် အဆုံးတွင်တော့ ယွမ်၁၀သန်းကျော်လောက်ရဦးမည်ဖြစ်သည်။
“ဘော့စ်၊ မင်းလောင်းတဲ့အတိုင်း ကျွန်တော်လိုက်လောင်းလို့ရလား?”
“ရတာပေါ့၊” ကုနင်းတားမနေဘဲ သူမရေးထားပြီးသား လက်မှတ်ကို ဖန်းကျီရွေ့၏ရှေ့သို့ချပေးလိုက်ကာ ကူးခွင့်ပေးလိုက်သည်။
“ကျေးဇူးပါ။”
“ကျွန်မတို့ရှုံးသွားရင်တော့ အပြစ်မတင်နဲ့နော်။”
***
အခန်း ၄၁၇
ထန်မိသားစုဆီသို့
“အပြစ်တင်စရာလား၊” ဖန်းကျီရွေ့ကတော့ နိုင်နိုင် ရှုံးရှုံး စိတ်ထဲထားနေမည်မဟုတ်ပေ။
သူတို့အဖွဲ့ထဲမှ ကျန်သည့်လူများသည်လဲ သူတို့၏လောင်းကြေးလက်မှတ်များတွင် လောင်းကြေးများဖြည့်အလုပ်ရှုပ်နေကြသောကြောင့် ဖန်းကျီရွေ့က ကုနင်း၏နံပါတ်များအတိုင်းကူးယူနေကြောင်းကို မသိလိုက်ကြပေ။ သူတို့ဖြည့်ထားသည့် လက်မှတ်များကို အပ်ပြီးသွားသည့်အချိန်တွင်တော့ အားလုံးအတူတကွ ဗီအိုင်ပီအခန်းသို့သွားလိုက်ကြသည်။
ဗီအိုင်ပီအခန်းသည် ကျယ်ပြန့်ကာ လူ၂၀ ဝန်းကျင်အထိ ဝင်ဆံ့လေသည်။ ဗီအိုင်ပီအခန်း၏အရှေ့ဘက်တွင်တော့ မှန်နံရံတစ်ခုရှိနေ၍ ထိုမှတစ်ဆင့်အပြင်ဘက်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်လေသည်။ ထိုတင်မကသေး ညာဘက်နံရံတွင်လဲ ပြိုင်လမ်းကြောင်းမျိုးစုံကို ပြသနေသည့် တီဗီဖန်သားပြင်၆ခုကိုပါထားရှိသေးသောကြောင့် ပြိုင်ပွဲအခြေအနေကို သေချာမြင်နိုင်ပေသည်။
အစောကဖြစ်ခဲ့သည့်ကိစ္စရပ်ကြောင့် ကွမ်းပင်းနှင့်အခြားလူများ တစ်ချိန်လုံးတိတ်ဆိတ်လို့နေလေသည်။
ဖန်းကျီရွေ့တစ်ယောက်သာ ကုနင်းကို ဧည့်ခံရင်အလှုပ်ရှုပ်လို့နေသည်။ သူက ကုနင်းအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ အချိုပွဲအနေဖြင့် ဘာစားချင်လဲဆိုသည်ကိုပါ မေးမြန်းနေခဲ့သည်။
ကုနင်းရယ်ချင်သွားမိသည်။ ဖန်းကျီရွေ့သည် သူမ၏အဖွဲ့ဝင်တစ်ဦးသာဖြစ်ပြီး အစေခံတစ်ယောက်မဟုတ်ပေ။
“ဟုတ်ပါပြီ၊ ကျွန်မကကလေးမဟုတ်ဘူး။ ရှင်ဒီလောက်ဂရုစိုက်ပေးနေစရာမလိုပါဘူး။ ပြိုင်ပွဲကစတော့မယ်၊ ရှင်လောင်းထားတဲ့မြင်းကိုသာ ပိုပြီးအာရုံစိုက်ကြည့်။”
ထိုအပြောကြောင့် ဖန်းကျီရွေ့လဲ ကုနင်းကိုလွှတ်ထားပေးလိုက်ကာ ပြိုင်ပွဲကိုသာကြည့်ဖို့ပြင်လိုက်သည်။ သူက ရလဒ်မည်သို့ဖြစ်ပါစေ ဂရုမစိုက်ဘဲ ယခုလိုမြင်းပြိုင်ပွဲကြည့်ရသည့် ခံစားချက်ကို သဘောကျခြင်းသာဖြစ်သည်။
“အသင့်ပြင်၊ သွားတော့!”
မြင်း၁၂ကောင်သည်လဲ မြင်းစီးသမားများနှင့်အတူ တစ်ဟုန်ထိုးပြေးထွက်လာကြလေသည်။ ပြိုင်နေသည့်တစ်လျှောက် ပွဲကြေညာသူက ရှင်းပြနေကာ ပြိုင်ကွင်းတစ်ခုလုံးတွင် သူ့အသံသာလွှမ်းမိုးနေတော့သည်။
အစပိုင်းတွင်တော့ မြင်းအချို့က ဦးဆောင်နေခဲ့သသော်လည်း တဖြည်းဖြည်းဖြင့် နောက်ကျကျန်ခဲ့ကာ အချို့မြင်းများသည်တော့ ပွဲအစတွင် နှေးနေခဲ့သော်လည်း တဖြည်းဖြည်းမြန်လာခဲ့သည်။
ကုနင်းလောင်းထားခဲ့သည့် နံပါတ်၇မြင်းသည် အစပိုင်းတွင်တော့ အေးအေးဆေးဆေးဖြင့် အလယ်လောက်တွင်သာပြေးနေခဲ့ပေမည့် လမ်းကြောင်းသုံးပုံနှစ်ပုံပြေးပြီးသည့်နောက်တွင်တော့ ရုတ်တရက် အပြေးမြန်လာခဲ့ကာ အခြားသော မြင်းအားလုံးကိုကျော်တက်ပြီး ရှေ့ဆုံးသို့ရောက်သွားခဲ့ပြီး အခြားမြင်းများကို အဝေးကြီးချန်ထားခဲ့နိုင်လေသည်။
“အား! နံပါတ်၇! နံပါတ်၇! နံပါတ်၇! ” ဖန်းကျီရွေ့ကတော့ နံပါတ်၇မြင်းမှာ နိုင်နိုင်ချေမြင့်နေသောကြောင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေတော့သည်။
ပွဲစဉ်ပြီးဆုံးသည့်အချိန်တွင်တော့ နံပါတ်၇မြင်းသာ ပထမဆုံးပန်းဝင်သွားခဲ့ပြီး ထို့နောက်တွင်တော့ နံပါတ်၄မြင်းပန်းဝင်ကာ နံပါတ်၁၀မြင်းသည်တော့ တတိယနေရာမှပန်းဝင်ခဲ့လေသည်။ ဖန်းကျီရွေ့သည်တော့ အလွန်ဝမ်းသာနေရာ ကုနင်းကို လေးစားသဘောကျမှုအပြည့်ဖြင့်ကြည့်လိုက်ပြီး၊
“ဘော့စ်က တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ!”
ထိုအသံကိုကြားတော့မှ ဖန်းကျီရွေ့က ကုနင်းအတိုင်းလောင်းကြေးထပ်ထားသည့်အကြောင်းသိလိုက်ကြကာ ရလဒ်ကြောင့် ကုနင်းကို သူတို့အားလုံးပို၍ပင်လေးစားသွားကြတော့သည်။ ကုနင်း သူမလောင်းထားသည်မှ တစ်ဝက်မှန်ကန်သွားခဲ့သောကြောင့် ယွမ်၁၀သန်းရလိုက်ပေမည့် ကွမ်းပင်းတို့အဖွဲ့သည်တော့ အားလုံးရှုံးခဲ့ကြသည်။
ယခုတစ်ခေါက်သည်ကသာ ဖန်းကျီရွေ့ကိုယ်တိုင်လဲ မြင်းပွဲမှတစ်ဆင့် ဤမျှငွေအများကြီးအနိုင်ရဖူးခြင်းဖြစ်သောကြောင့် သူကိုယ်တိုင်လဲ အလွန်ထိတ်လန့်အံ့ဩလို့နေလေသည်။ ပွဲကြေညာသူသည်လဲ ဖန်းကျီရွေ့နှင့် ကုနင်းတို့ထိုမျှပမာဏအများကြီးအနိုင်ရသွားသောကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။ သူတို့နှစ်ယောက်လုံး ဒီလောက်ငယ်ကြသေးတာကို!
တကယ်တော့ သူတို့သာ ဒီထက်ပို၍လောင်းကြေးမြင့်မြင့်တင်ခဲ့မည်ဆိုလျှင် ယခုထက်အဆများစွာနိုင်မည်ဖြစ်သည်။
ဖန်းကျီရွေ့နှင့်ကုနင်းတို့ သူတို့ဆုကြေးငွေကိုထုတ်ယူပြီးသည့်အချိန်တွင်တော့ ကွင်းထဲရှိလူများစွာက သူတို့ကိုဝန်းရံလာခဲ့ကြသည်။ အကယ်၍ ဖန်းကျီရွေ့၏နောက်ခံကြောင့်သာမဟုတ်လျှင် သူတို့ချက်ချင်းပင် ကုနင်းတို့အနားသို့ပြေးလာကာ ဘယ်လိုလောင်းခဲ့လဲဆိုသည့် အကြောင်းအရာအသေးစိတ်ကိုမေးမြန်းကြပေလိမ့်မည်။
ထို့နောက်တွင်တော့ သူတို့အားလုံးပြန်ထွက်လာခဲ့ကြသည်။
ဖန်းကျီရွေ့သည် ယနေ့သူငွေအများကြီးနိုင်ခဲ့သောကြောင့်အလွန်ပျော်ရွှင်နေကာ ကျန်သည့်အချိန်အတွင်းလည်ပတ်ကြမည့် စားရိတ်အားလုံးကို တာဝန်ခံပေးဖို့ဆုံးဖြတ်လိုက်သည်။ သို့ပေမည့် ကံကောင်းစွာဖြင့် ကုနင်းတွင် လုပ်စရာကိစ္စရှိနေသေးသောကြောင့် သူတို့နှင့်မလိုက်နိုင်တော့ပေ။
ဖန်းကျီရွေ့လဲ စိတ်ပျက်သွားရပေမည့် ကုနင်းအလုပ်များနေခြင်းဖြစ်သောကြောင့် အတင်းအကျပ်မနေခိုင်းတော့ပေ။ ထို့ကြောင့် ဖန်းကျီရွေ့က ကုနင်းကိုလိုက်ပို့ပေးမည်ဟုသာ ပြောလိုက်ပေမည့် ကုနင်းက ငြင်းလိုက်ပြန်သည်။
ကုနင်းမထွက်သွားသေခင် ကျောက်ခန်းလင်တစ်ယောက် နေကောင်းသည်နှင့်ပြန်လာရှာနိုင်သည်ဟု ခံစားနေရ၍ ဖန်းကျီရွေ့ကို ဂရုစိုက်နေရန် မှာကြားခဲ့သေးသည်။
ဖန်းကျီရွေ့သည်လဲ ကျောက်ခန်းလင် ဘယ်လောက်အမှတ်ကြီးကာ ရက်စက်တတ်လဲဆိုသည်ကို သိထားပြီးဖြစ်သောကြောင့် ကျောက်ခန်းလင်သူ့ကိုပြဿနာလာမရှာစေရန်အတွက် တစ်နေရာရာတွင်သွားနေလိမ့်မည်ဖြစ်သည်။
သူတို့အားလုံး လမ်းခွဲလိုက်ကြပြီးနောက် ကုနင်း ထန်ဟိုင်ဖုန်းအား ဆက်သွယ်လိုက်သည်။
ထန်ဟိုင်ဖုန်းသည်တော့ ကုနင်းဖုန်းဆက်လာသည်နှင့် အလွန်ပျော်ရွှင်သွားကာ၊
“ကောင်မလေးကု၊ အားသွားပြီလား?”
“ဟုတ်၊ အားသွားပြီ၊ ဒါကြောင့် အဘိုးကိုဖုန်းဆက်တာပေါ့။ နေ့လည်စာကို သမီးနဲ့အတူလာစားချင်လား?” ကုနင်းဖိတ်ခေါ်လိုက်သည်။
“စားချင်တာပေါ့၊ ဒါပေမယ့် အဘိုးဒီနေ့နေလို့သိပ်မကောင်းဘူး။ မြေးပဲ အဘိုးအိမ်ကိုလာခဲ့လို့ရမလား၊ အဲ့ဒီတော့မှ အတူတူစားကြတာပေါ့။” ထန်ဟိုင်ဖုန်းက ကုနင်းကို ထန်အိမ်တော်သို့လာစေချင်သောကြောင့် တမင်လိမ်ညာလိုက်လေသည်။ ကုနင်းကို သူ၏မြေးအရင်းဖြင့်မှတ်ယူထားပြီးပြီဖြစ်သောကြောင့် အိမ်သို့လဲလာလည်စေချင်လေသည်။
ကုနင်းလဲ ထန်ဟို်ငဖုန်းလိမ်ညာနေသည်ကို နားလည်လေသည်။ သို့ပေမည့် သူမတွင်လဲ ထန်မိသားစုအိမ်တော်သို့ သွားရောက်လည်ပတ်ရန် စိတ်ကူးရှိပြီးသားဖြစ်လေသည်။ သူမတို့အားလုံးသည် မိသားစုဝင်များသာဖြစ်သောကြောင့် ထန်မိသားစုမှအခြားမိသားစုဝင်များကိုလဲ တွေ့ဆုံချင်ကာ ဆက်ဆံရေးအဆင်ပြေချင်လေသည်။ ထို့မှသာ နောင်အနာဂါတ်တွင် ကုမန့်ကို သူတို့အနိုင်ကျင့်မည်အားမလိုချင်ပေ။
“ဟုတ်၊ လာခဲ့ပါ့မယ်။”
ထိုတော့မှ ထန်ဟိုင်ဖုန်းအလွန်ပျော်ရွှင်သွားကာ၊
“မြေးအခုဘယ်မှာလဲ? အဘိုးကြိုဖို့အတွက် ကားလွှတ်ပေးလိုက်မယ်။”
ကုနင်းလဲ ထန်ဟိုင်ဖုန်းကို သူမ၏တည်နေရာအားပြောပြပေးလိုက်သည်။ တိုက်ဆို်ငစွာဖြင့် ထန်မိသားစု၏အိမ်သည် မြင်းပြိုင်ပွဲကွင်းနှင့် သိပ်မဝေးသောကြောင့် ကားလမ်းသာမပိတ်နေလျှင် နာရီဝက်မျှသာ သွားရပေမည်။
စောင့်နေရင်းဖြင့် ကုနင်းအကွယ်တစ်နေရာသို့သွားကာ သူမ၏ခရီးဆောင်အိတ်အား စိတ်စွမ်းအင်အာကာပြင်အတွင်းမှထုတ်ယူလိုက်သည်။ သူမသည် ခရီးထွက်လာခြင်းဖြစ်သောကြောင့် သူမလက်ထဲခရီးဆောင်အိတ်ရှိမနေလျှင် ထူးဆန်းလှပေသည်။ ထန်အိမ်တော်သို့ရောက်လျှင်လဲ သူမထုတ်ယူစရာလေးတွေရှိသေးသောကြောင့် အိတ်မပါသွားလို့မဖြစ်ပေ။
နာရီဝက်အကြာတွင်တော့ ကုနင်းရှေ့သို့ကားတစ်စီးရပ်လာခဲ့ကာ လာကြိုသည့်လူမှာတော့ ထန်ဝမ်ဟုခေါ်လေသည်။
ထန်ဝမ်လဲ ကားပြင်သို့ထွက်လာခဲ့ကာ ကုနင်းကိုနှုတ်ဆက်လိုက်သည်။
“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။”
“တွေ့ရတာဝမ်းသာပါတယ်၊ ဦးလေးထန်၊” ထန်ဝမ်သည် အသက်၃၅နှစ်ရှိပြီဖြစ်သောကြောင့် ကုနင်းဦးလေးဟုသာတပ်ခေါ်လိုက်လေသည်။
ထန်ဝမ်ကအရင်ဆုံး ကုနင်းအတွက် ကားတံခါးဖွင့်ပေးပြီးကာမှ ကားနောက်ဖုံးအတွင်းသို့ သူမ၏ခရီးဆောင်အိတ်အားသွားထည့်လိုက်သည်။
ထန်မိသားစုသည် Bမြို့တွင် နံပါတ်၁အချမ်းသာဆုံးမိသားစုဖြစ်ပြီး သူတို့နေအိမ်သည်လဲ ခေတ်သမိုင်းကြောင်းရှည်ကြာသည့် အိမ်ဟောင်းတစ်ခုတွင်ဖြစ်သည်။ ထိုအိမ်ဟောင်းသည် မြို့ထဲနှင့်အတော်ဝေးသည့် နေရာတွင်တည်ရှိသော်လည်း သူ၏နောက်ခံသမိုင်းကြောင်းကြောင့် အလွန်တန်ဖိုးကြီးပေသည်။ အနီးနားတွင်လဲ အဆင့်မြင့်အိမ်ရာများစွာရှိသေးသည်။ ထန်မိသားစုသည် အိမ်ဟောင်းတစ်လုံးဖြစ်သော်လည်း ပြုပြင်မွမ်းမံကာ တိုးချဲ့ထားရှိပြီးဖြစ်သည်။ အခုဆိုလျှင် ထန်အိမ်တော်သည် စတုရန်းမီတာ၂၀၀၀နီးနီးကျယ်ဝန်းကာ မြေနေရာအများစုကိုတော့ဖြင့်သစ်ပင်ပန်းမန်များဖြင့် အလှဆင်လို့ထားသည်။ ထိုကျယ်ဝန်းလှသည့်ခြံကြီး၏ အဓိကအိမ်တော်သည်တော့ စတုရန်းမီတာ၆၀၀နီးပါးပင် ကျယ်ဝန်းလေသည်။
ထိုသို့ကြာရှည်သည့်သမိုင်းကြောင်းနှင့် အဖိုးတန်အိမ်တစ်လုံးမှာ ရှာပါးလေသည်။ အဆင့်မြင့်ကာ အခမ်းနားဆုံးအိမ်တော်မဟုတ်သော်လည်း ထိုသို့အဆင့်မြင့်သည့်အိမ်ရာတွင် လူချမ်းသာတိုင်းကတော့ ထိုအိမ်တော်နှင့် ထိုအိမ်တော်မှမိသားစုဝင်များကို မယှဉ်နိုင်ပေ။ အချို့သော လူချမ်းသာများသည် သူတို့ကိုယ်သူတို့ သိုဝှက်၍သာနေထိုင်ကြသည်။
ကားက ထန်မိသားစုအိမ်တော်၏ဂိတ်တံခါးကိုဖြတ်သန်းလာချိန်တွင်တော့ ထန်ဟိုင်ဖုန်းက အဓိကအိမ်တော်၏အပြင်ဘက်တွင် ထွက်စောင့်နေသည်ကို ကုနင်းမြင်လိုက်ရသည်။
ကားသည် အိမ်ရှေ့ဘက်ရှိဥယျာဉ်ကိုဖြတ်သန်းကာ အဓိကအိမ်တော်၏ရှေ့တွင်ရပ်တန့်လိုက်လေသည်။ ထိုအချိန်မှာပဲ အိမ်ဖော်တစ်ဦးက ကားတံခါးကိုလာဖွင့်ပေးကာ ကုနင်းလဲထွက်လာခဲ့လိုက်သည်။
ထန်ဟိုင်ဖုန်းကိုမြင်သည်နှင့် ကုနင်းစနောက်လိုက်သည်၊
“ဘိုးဘိုး နေမကောင်းဘူးဆို? ဘာလို့အထဲမှာမနေဘဲ အပြင်မှာ သမီးကိုလာကြိုနေရတာလဲ?”
ဆရာကြီးထန်လဲ ကုနင်းတမင်စနေမှန်းသိလိုက်ပေမည့် လုံးဝရှက်မသွားခဲ့ဘဲ၊
“မင်းသိသွားပြီတော့ ဒါပေမယ့် အဘိုးက ရိုးရိုးသားသား မြေးကိုအိမ်ဖိတ်ချင်ရုံပါ။”
ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှမပြောနေတော့ပေ။
***
အခန်း ၄၁၈
မိသားစုတွေပဲ
“ဝင်ရအောင်! အပြင်မှာကအေးတယ်။” ထန်ဟိုင်ဖုန်းပြောလိုက်သောကြောင့် ကုနင်းလဲ ထန်ဟိုင်ဖုန်းကို ကူတွဲပေးကာ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
“ဘိုးဘိုး၊ အခုတလော နေရာတာအဆင်ပြေရဲ့လား?”
“အရမ်းကိုနေလို့ကောင်းတယ်! မြေးကုပေးလိုက်တာကို ကျေးဇူးအရမ်းတင်တယ်! အခုဆို အဘိုးရဲ့နှလုံးရောဂါမရှိတော့လို့ ပိုကျန်းမာလာပြီး အသက်နှစ်ဆယ်လောက်တောင်ပြန်ငယ်သွားသလိုပဲ” ထန်ဟိုင်ဖုန်း ထိုအကြောင်းတွေးမိသည်နှင့် ပျော်ရွှင်လာခဲ့သည်။ လူကြီးများအတွက်တော့ သူတို့ကျန်းမာရေးသည်သာ အရေးအကြီးဆုံးဖြစ်ပြီး ယခုလိုအချိန်များတွင် နာမကျန်းဖြစ်ကာ ဆေးရုံဆေးခန်းသွားနေရက်ဖြင့် အချိန်မကုန်ဆုံးသွားလိုကြပေ။
သူမတို့ ဧည့်ခန်းမထဲသို့ဝင်လိုက်ချိန်သည်နှင့် လက်ဖက်ရည်စားပွဲထက်၌ လက်ဖက်ရည်ခွက်များ၊ အသီးအနှံများနှင့် အခြားသော အချိုပွဲများစွာရှိနေခဲ့သည်။
“ကောင်မလေးကု၊ အသီးတွေ အချိုပွဲတွေကြိုက်ရင်စားထားနှင့်၊ ကိုယ့်အိမ်လိုသာသဘောထား။ ဒီည မင်းရဲ့ဦးလေးတွေကိုပါ ဖိတ်ထားတာဆိုတော့ ညစာစားချိန် နည်းနည်းနောက်ကျလိမ့်မယ်။”
“ဟုတ်ကဲ့ပါ၊” ကုနင်း ထန်ယွင်ဖန်းနှင့်အလွန်တွေ့ချင်နေပေပြီ။ ဓါတ်ပုံထဲတွင်တော့ ထန်ယွင်ဖန်းအားမြင်ဖူးထားပြီးသားဖြစ်သော်လည်း လူကိုယ်တိုင်တွေ့ဖူးချင်နေသေးသည်။
ထိုအချိန်တွင်ပဲ အိမ်တော်ထိန်းချွမ်ပေါ်ဟန်ရောက်လာကာ လောလောလတ်လတ်ဖုတ်ထားသည့် အချိုပွဲမုန့်ပန်းကန်တစ်ချပ်ကိုယူလာပေးခဲ့သည်။ ကုနင်းကို ချွမ်ပေါ်ဟန်တွေ့မြင်လိုက်ချိန်တွင်ပဲ အလွန်အံ့အားသင့်သွားကာ၊
“ဒီမိန်းကလေးက တကယ်ကို သခင်လေးထန်ငယ်ငယ်တုန်းကနဲ့ တူတာပဲ။”
အိမ်တော်ထိန် ချွမ်ပေါ်ဟန်သည် ထန်အိမ်တော်တွင် နှစ်ပေါင်း၂၀ကျော် တာဝန်ထမ်းဆောင်လာခဲ့ခြင်းဖြစ်ပြီး အခုချိန်တွင် အသက်၅၀ကျော်နေပြီဖြစ်သောကြောင့် ထန်ယွင်ဖန်းငယ်ငယ်တုန်းက ဘယ်လိုဘယ်ပုံရှိလဲဆိုသည်ကို သိထားပြီးဖြစ်လေသည်။ ချွမ်ပေါ်ဟန်သည် ကုနင်းကို လူကိုယ်တိုင်မြင်လိုက်ချိန်တွင် အလွန်သဘောကျသွားခဲ့ကာ ထန်ယွင်ဖန်းနှင့်အတော်လေးဆင်တူနေသည်ကိုလဲ ချက်ချင်းသတိထားမိခဲ့သည်။
တကယ်တော့ ချွမ်ပေါ်ဟန်သည်လဲ ကုနင်းကို ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်စေချင်လေသည်။ သို့မှသာ ထန်ယွင်ဖန်းတစ်ယောက် ဘဝတစ်ယောက်လုံး တစ်ကိုယ်တည်းဖြတ်သန်းသွားစရာမလိုတော့မည်ဖြစ်သည်။
“ကောင်မလေးကု၊ ဒါကအဘိုးတို့ရဲ့အိမ်တော်ထိန်းလေ၊ သူ့ကို ဦးလေးချွမ်လို့ခေါ်လို့ရတယ်။” ထန်ဟိုင်ဖုန်းက ကုနင်းကို မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဦးလေးချွမ်” ကုနင်း မတ်တပ်ထရပ်လိုက်ကာ ယဉ်ယဉ်ကျေးကျေးပင် ချွမ်ပေါ်ဟန်အား နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်, မိန်းကလေးကု၊ ထိုင်ပါ၊ ထိုင်ပါ။”
ထို့နောက်တွင်တော့ ထန်ဟိုင်ဖုန်းနှင့် အချိန်ခနလောက်စကားဆက်ပြောနေခဲ့ကြပြီးနောက် ကုနင်း သန့်စင်ခန်းသို့ထွက်လာခဲ့လိုက်သည်။ ကုနင်းထွက်သွားသည့်အချိန်တွင်ပဲ လူငယ်တစ်ယောက် ဧည့်ခန်းအတွင်းသို့ အော်ကြီးဟစ်ကျယ်ဖြင့် ပြေးဝင်လာခဲ့ကာ၊
“အဘိုး၊ ကျွန်တော်ပြန်ရောက်ပြီ!”
ထန်ကျားခိုင် ဆူဆူညံညံလုပ်နေသောကြောင့် ထန်ဟိုင်ဖုန်းက သူ့ကိုဆူပူလိုက်တော့သည်။
“အဲ့လောက်ပြေးမနေနဲ့။ တစ်ယောက်ယောက်ကို ဝင်တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ?”
အမှန်တကယ်ကိုပဲ ထန်ကျားခိုင်လဲ ပြေးဝင်လာသည့်အခိုက်တွင် အိမ်တော်ထိန်းကို ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရပေသည်။ ထိုတော့မှ ထန်ကျားခိုင် ရှက်သွားကာ သူ့ခေါင်းသူပွတ်လိုက်ပြီး၊
“တောင်းပန်ပါတယ်၊ အဘိုး၊ နောက်ကို ထပ်မပြေးတော့ပါဘူး။”
ပြန်တောင်းပန်နေရင်းဖြင့် အခန်းထဲသို့လှည့်ပတ်ကာ ကြည့်နေပေမည့် ကုနင်းကိုမတွေ့ရသောကြောင့် အလွန်စိတ်ပျက်သွားကာ၊
“အဘိုးပြောတော့ ကျွန်တော့်ညီမလေးအိမ်ကိုရောက်နေပြီဆို? အခုသူဘယ်မှာလဲ?”
သူ့အဘိုးဖြစ်သူက ကုနင်း ထန်အိမ်တော်သို့ရောက်နေပြီဟုပြောသည်နှင့် ထန်ကျားခိုင်အမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် သူအမြန်ပြန်လာခဲ့သော်လည်း မိန်းကလေးဟူ၍ တစ်ယောက်ပင်မတွေ့ရသောကြောင့် သူ့အဘိုးက ပျင်းနေ၍ သူ့ကို တမင်အိမ်ပြန်လာစေရန် ကြံဖန်ခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
ထန်ကျားခိုင်သည် ကုနင်းကို တစ်ကြိမ်တစ်ခါမျှမတွေ့ခဲ့ဖူးသော်လည်း ထန်ဟိုင်ဖုန်းပြောပြချက်များကြောင့် ကုနင်းကို အလွန်သဘောကျနေခဲ့ပြီဖြစ်ကာ သူမကို ညီမလေးတစ်ယောက်လို ချစ်နေပြီဖြစ်သည်။ တစ်ချိန်တည်းတွင်ပဲ ကုနင်းဘက်ကရော သူ့ကိုအစ်ကိုတစ်ယောက်အဖြစ် လက်ခံချင်ပါ့မလားဟူ၍ စိုးရိမ်နေမိပြန်သေးသည်။ ထန်ကျားခိုင်သည် အရင်ကတည်းက ညီမတစ်ယောက်ကို အရမ်းလိုချင်နေခဲ့သည်။ သို့ပေမည့် မမျှော်လင့်ဘဲ သူ့တွင် ဝမ်းကွဲအစ်မတစ်ယောက်သာရှိခဲ့သည်။ ထို့အပြင် ထိုဝမ်းကွဲအစ်မသည်လဲ စစ်တပ်ထဲတွင်ကြီးပျင်းခဲ့ခြင်းဖြစ်၍ ချစ်စရာလုံးဝမကောင်းဘဲ သူ့ကိုသာ တွေ့တိုင်းအနိုင်ကျင့်နေတော့သည်။
သူသည်လဲ စစ်တပ်ထဲတွင် နှစ်အနည်းငယ်ခန့်လေ့ကျင့်ခြင်းခံခဲ့ရသော်လည်း သူ့ကိုသူဘယ်လိုကာကွယ်ရမလဲဆိုသည်ကိုသာသိပြီး သူ၏ဝမ်းကွဲအစ်မဖြစ်သည့် ချောင်ဝမ်ရှင်းကိုတော့ လုံးဝမယှဉ်နိုင်ပေ။
သူတို့နှစ်ယောက်၏အခြေအနေက ထိုကဲ့သို့ သတ်ပုတ်အနိုင်ကျင့်ရင်းဖြစ်နေကြသော်လည်း ချောင်ဝမ်ရှင်းက ထန်ကျားခိုင်ကို မနှစ်သက်၍ တမင်အနိုင်ကျင့်ခြင်းမျိုးမဟုတ်ပေ။
ချောင်ဝမ်ရှင်းသည် စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ချင်ပေမည့် ချောင်မိသားစုက သူမကိုလုပ်ခွင့်မပေးပေ။ ထိုအလုပ်သည် အန္တရာယ်များသည့် အလုပ်ဖြစ်ပြီး ချောင်ဝမ်ရှင်းသည်တော့ စစ်သမီးတစ်ဦး သို့မဟုတ် ရဲဝန်ထမ်းတစ်ဦးအလွန်ဖြစ်ချင်မိသည်။ ထို့ကြောင့် ချောင်ဝမ်ရှင်းတွင် အခုချိန်ထိ အလုပ်မရှိဘဲ အားနေလေသည်။
မည်သို့ပင်ဆိုစေ၊ ချောင်မိသားစုနှင့် ထန်မိသားစုသည် အလွန့်အလွန်ချမ်းသာကြသောကြောင့် ချောင်ဝမ်ရှင်း တစ်ဘဝလုံးဘာအလုပ်မှမလုပ်လျှင်တောင် အေးအေးဆေးဆေးထိုင်စားနိုင်ပေသည်။ ထို့ကြောင့် သူမမိသားစုကလဲ သူမတွင် အလုပ်ရှိသည် မရှိသည်ကို ဂရုမစိုက်ကြပေ။
“သူ သန့်စင်ခန်းသွားနေတယ်။” ထန်ဟိုင်ဖုန်းပြန်ဖြေလိုက်သည်။
ကုနင်း အမှန်တကယ်ရှိနေသည်ကိုဆိုသည်ကို သိလိုက်ရမှပဲ ထန်ကျားခိုင်ပျော်ရွှင်သွားတော့သည်။
ထန်ကျားခိုင် နေရာတွင်ထိုင်ပြီးမကြာခင်တွင်ပဲ ကုနင်းပြန်လာခဲ့ကာ သူတို့ချင်းအကြည့်စုံသွားသည့်အခိုက် နှစ်ယောက်လုံး ကြောင်အသွားတော့သည်။
ကုနင်းကတော့ ထန်ကျားခိုင်ကို မြင်မြင်ချင်းမှာပဲ ထန်မိသားစု၏မြေးထန်ကျားခိုင်မှန်းမှတ်မိလိုက်သည်။ ထန်ကျားခိုင်သည်တော့ ကုနင်းကို မြင်ဖူးနေသည်ဟုတွေးနေမိလေသည်။
“အိုး၊ မင်းပဲ!” ကုနင်းကိုမှတ်မိသွားသည်နှင့် တပြိုင်နက် ထန်ကျားခိုင်မျက်ဝန်းများပြူးကျယ်သွားကာ စိတ်လှုပ်တရှား ထိုင်ခုံမှပင် ထရပ်လိုက်မိတော့သည်။
ထန်ကျားခိုင်၏စကားကိုကြားလိုက်ရတော့ ထန်ဟိုင်ဖုန်းလဲ သိချင်မိသွားပြီး၊
“ကျားခိုင်၊ မင်း ကောင်မလေးကုကိုသိနေတာလား?”
ကုနင်းကတော့ သူမတို့ချင်းတစ်ခါမျှမတွေ့ခဲ့ဖူးကြ၍ သူမအကြောင်း အင်တာနက်သတင်းများမှတစ်ဆင့် ထန်ကျားခိုင်ဖတ်ဖူးခြင်းဖြစ်မည်ဟုတွေးလိုက်မိကာ သူမအထင်မှာ အမှန်တကယ်ကိုမှန်နေခဲ့သည်။
ထန်ကျားခိုင်တွင် ထန်ဟိုင်ဖုန်း၏မေးခွန်းအားဖြေဖို့အချိန်ပင်မရှိဘဲ ကုနင်းကိုသာ တန်းမေးလိုက်သည်။
“မနေ့က လေဆိပ်မှာ ဒဏ်ရာရသွားတဲ့ကောင်မလေးကို မင်းကယ်ခဲ့တာမဟုတ်လား? ပြီးတော့ ဒီနေ့လဲ မြင်းပြိုင်ပွဲကွင်းမှာ ကျောက်ခန်းလင်ကို မီတာပေါင်းများစွာလွင့်အောင် ကန်ခဲ့သေးတယ်မလား? ပြီးတော့၊ ဒီတစ်နေ့တည်းနဲ့ မြင်းပွဲလောင်းပြီး ယွမ်၁၀သန်းရခဲ့သေးတယ်မလား?”
ထန်ကျားခိုင်၏အမေးစကားများကိုကြားရသည်နှင့် ထန်ဟိုင်ဖုန်းအလွန်အံ့အားသင့်သွားခဲ့သည်။ သူသည်လဲ လေဆိပ်မှအဖြစ်အပျက်သတင်းကို ကြားခဲ့ပြီးဖြစ်ပေမည့် မြင်းပွဲကွင်းမှသတင်းကိုတော့ တစ်ခုမှမကြားရသေးပေ။ မြင်းလောင်းပြီး ယွမ်၁၀သန်းရအောင် ကုနင်းလုပ်နိုင်ခဲ့သည့်သတင်းသည် အလွန်အံ့ဩဖွယ်ရာကောင်းလေသည်။
ထန်ကျားခိုင်သည်လဲ မြင်းပွဲသတင်းကို အင်တာနက်မှတစ်ဆင့်ဖတ်လိုက်ရခြင်းမဟုတ်ဘဲ သူ့သူငယ်ချင်းဖြစ်သူထံမှကြားခဲ့ရခြင်းဖြစ်လေသည်။ မြင်းပြိုင်ပွဲကွင်း၏အမွေဆက်ခံသူသည် ထန်ကျားခိုင်၏အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်သောကြောင့် ထန်ကျားခိုင်အား ဖြစ်ပျက်သမျှသတင်းအလုံးစုံကိုပြောပြလေသည်။ မမျှော်လင့်ထားစွာပဲ တစ်နေ့တည်းဖြင့် မြင်းပြိုင်ပွဲကွင်းတွင် နာမည်ကျော်သွားခဲ့သည့်မိန်းကလေးမှာ ကုနင်းဖြစ်နေပြီး အခု ထန်ကျားခိုင်၏အိမ်တွင်ရောက်နေလေပြီ။
“ဟုတ်တယ်၊ ကျွန်မပါပဲ။” ကုနင်းပြုံးကာပြန်ဖြေလိုက်သည်။ သို့ပေမည့် ထိုကိစ္စလောက်သည် သူမအတွက်တော့ ခက်ခက်ခဲခဲအောင်မြင်ထားရခြင်းမဟုတ်သလို ဂုဏ်ယူဝံ့ကြွားစရာကိစ္စလဲမဟုတ်သောကြောင့် ဂုဏ်မောက်နေသည့်အပြုအမူမျိုး လုံးဝမဖော်ပြပေ။
“ဘုရားရေ! မင်းကတော့ တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ!” ထန်ကျားခိုင် မနေနိုင်စွာ ချီးကျူးလိုက်မိသည်။ အခုဆိုလျှင် ကုနင်းကို အမှန်တကယ်လေးစားမိသွားပေပြီ။
“ဟ-ဟ၊ အိုးယန်နဲ့ တခြားငါ့သူငယ်ချင်းတွေသာ သူတို့ကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့မိန်းကလေးက ငါ့ညီမမှန်းသိသွားရင် အရမ်းကိုမနာလိုဖြစ်နေကြလိမ့်မယ်!”
အိုးယန်ဆိုသည်မှာ မြင်းပြိုင်ပွဲကွင်းမှအမွေဆက်ခံမည့်သခင်လေး အိုးယန်ရှီယွမ်ပင်ဖြစ်သည်။
ထန်ကျားခိုင်သည် “ငါ့ညီမ”ဟူသည့်စကားပြောရတွင် အနည်းငယ်နေရခက်သလိုပင် လုံးဝမခံစားခဲ့ရပေမည့် ကုနင်းကတော့ အံ့အားသင့်သွားခဲ့ရသည်။ ထန်ကျားခိုင်က သူမကိုအမှန်တကယ်ပင် သူ၏မိသားစုဝင်တစ်ဦးအဖြစ်သဘောထားနေပြီပဲ။ ထိုပုံစံက ထန်ကျားခိုင်က ဖော်ရွေတတ်သည့်ပုံစံကိုဖော်ပြနေလေသည်။ ထို့နောက်တွင်တော့ ထန်ကျားခိုင် ကုနင်းကို မျှော်လင့်ချက်မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကာ၊
“ညီမလေး၊ ငါ့ကို အစ်ကိုလို့ခေါ်ပါလား!”
***
အခန်း ၄၁၉
ညီမလေးက အစ်ကို့ကိုကာကွယ်ပေးရခြင်း
ကုနင်းအနေဖြင့် ထန်ကျားခိုင်အား အစ်ကိုဟုခေါ်ဖို့ရန်က အကျွမ်းတဝင်မရှိသော်လည်း ထန်ကျားခိုင်ကို ဝမ်းမနည်းစေချင်သောကြောင့် ပြောသည့်အတိုင်းခေါ်လိုက်ရသည်၊
“အစ်ကို၊”
“ဟ-ဟ၊ ငါ့မှာ ညီမရှိသွားပြီကွ! မင်းငါ့ကို အစ်ကိုလို့ခေါ်မှတော့ အခုကစပြီး မင်းကို ဒီအစ်ကိုက ကာကွယ်ပေးမယ်။” ထန်ကျားခိုင် အော်ရယ်နေလိုက်ပေမည့် ရုတ်တရက် တစ်ခုခုမှားနေကြောင်း သတိရသွားကာ၊
“အိုး၊ မဟုတ်သေးပါဘူး။ ကောင်ဝမ်ရှင်းက တကယ်ကိုဆိုးတာဆိုတော့ မင်းကပဲ ငါ့ကိုပြန်ကာကွယ်ပေးသင့်တယ်။ သူခနနေရောက်လာရင် ငါ့ကိုထပ်ပြီး အနိုင်ကျင့်နိုင်တယ်။ ဒီအစ်ကိုကာကွယ်ပေးပါနော်၊ နော်!”
ထန်ကျားခိုင်တစ်ယောက် ကုနင်းကို သူ့ညီမအနေနှင့်မဟုတ်ဘဲ ဘော့စ်တစ်ယောက်လိုကို တောင်းပန်ခယနေတော့သည်။
“ဟ-ဟ” ကုနင်း မရယ်ဘဲမနေနိုင်တော့ပေ။ ထန်ကျားခိုင်က ကတယ့်ကို ရယ်စရာကောင်းသည်ဟု သူမတွေးလိုက်မိသည်။
“ထန်ကျားခိုင်!” ထန်ဟိုင်ဖုန်းက ထန်ကျားခိုင်အားဟန့်တားလိုက်သည်။
ထန်ကျားခိုင်ကတော့ သူ့အဘိုး၏တားမြစ်ချက်ကို ဂရုမစိုက်ဘဲ ပြန်ပင်ပြောလိုက်သေးသည်။
“အဘိုး၊ ဒီလိုဆို ချောင်ဝမ်ရှင်း ကျွန်တော့်ကိုအနိုင်ကျင့်တာကျ ဘာလို့မတားရတာလဲ?”
ထန်ဟိုင်ဖုန်းလဲ စိတ်အနှောက်အယှက်ဖြစ်သွားပေမည့် ဘာမှတော့မပြောနိုင်ခဲ့ပေ။ သူသာ ချောင်ဝမ်ရှင်းလို အလိုလိုက်ခံရ၍ ပျက်စီးနေသည့်ကောင်မလေးအား တားနိုင်လျှင် အရင်ကတည်းကတားပြီးနေပေပြီ။
“ငါ့ကိုကူပေးပါနော်။” ကုနင်းပြန်မဖြေသောကြောင့် ထန်ကျားခိုင် ထပ်မံခယတောင်းဆိုလိုက်သည်။
“ဟုတ်ပါပြီ။” ကုနင်းလဲ ထန်ကျားခိုင်၏ဝမ်းကွဲအစ်မအကြောင်းကို သိချင်နေပေသည်။
ထန်ဟိုင်ဖုန်းစိတ်တိုနေပြီကို ခံစားလိုက်ရသောကြောင့် ကုနင်းချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်ကာ၊
“ဘိုးဘိုး၊ နှစ်သစ်မှာပျော်ရွှင်ပါစေ၊ သမီးအတွက် စာအိတ်နီရော ဘယ်မှာလဲ?” ထိုသို့ပြောရင်း ကုနင်း စာအိတ်နီကိုတောင်းသည့်ပုံစံဖြင့် လက်ကိုဖြန့်ပြလိုက်သည်။
ထန်ဟိုင်ဖုန်းလဲ သဘောကျသွားကာ၊
“ဟ-ဟ၊ မင်းဒီလောက်ချမ်းသာနေတာတောင် အဘိုးဆီက စာအိတ်နီလိုချင်နေတုန်းလား?”
ထန်ဟိုင်ဖုန်း ထိုသို့ပြောခြင်း တမင်စနောက်ခြင်းသာဖြစ်ပြီး လက်ကတော့ စာအိတ်နီအားထုတ်ယူနေပြီဖြစ်သည်။
“ဒါကတော့ ဘိုးဘိုးက သမီးအဘိုးလေ၊ ဘယ်တူပါ့မလဲ။ ဘိုးဘိုးဆီကလဲ ကံကောင်းခြင်းဆုတောင်းလေးရချင်တာပေါ့။” ထန်ဟိုင်ဖုန်းထံမှ စာအိတ်နီရပြီးသည်နှင့် ကုနင်းပြုံးလိုက်ကာ၊
“သမီးဂရုမစိုက်တဲ့လူဆီကဆိုရင် အစာအိတ်နီကိုဒီလောက်တောင်းနေမှာမဟုတ်ပါဘူးနော်။”
ကုနင်းလိမ်ညာနေခြင်းမဟုတ်ပေ။ တစ်ဖက်တွင်လဲ ထန်ဟို်ငဖုန်းမှာ အလွန်ပျော်ရွှင်သွားတော့သည်။
ကုနင်း ထန်ဟိုင်ဖုန်းရှေ့တွင် စာအိတ်နီအားချက်ချင်းဖွင့်ဖောက်မကြည့်ဘဲ ကျောက်စိမ်းမျက်ဝန်းကိုသုံး၍သာ အထဲတွင်ဘာရှိလဲဆိုသည်အား စစ်ဆေးလိုက်သည်။ စာအိတ်နီထဲတွင် ဘဏ်ကဒ်တစ်ကဒ်ရှိနေပေမည့် ထိုထဲတွင် ငွေဘယ်လောက်ရှိနေမလဲဆိုသည်ကိုတော့ ကုနင်းမသိပေ။ ဘယ်လိုပဲဖြစ်ဖြစ် ပမာဏကတော့ သေချာပေါက်များလောက်ပေမည်။
ကုနင်း စာအိတ်နီကိုယူပြီးသည်နှင့် ထန်ဟိုင်ဖုန်းကိုလဲ လက်ဆောင်ပြန်ပေးမည်ဖြစ်သည်။ သို့မှသာ နှစ်ဦးနှစ်ဖက်အဆင်ပြေပေမည်။
“ဘိုးဘိုးအတွက်လဲ သမီးနှစ်သစ်ကူးလက်ဆောင်ပြင်ဆင်လာခဲ့တယ်။” ကုနင်း သူမ၏ခရီးဆောင်အိတ်ရှိရာသို့လျှောက်သွားလိုက်သည်။
“ဘာများလဲ?” ထန်ကျားခိုင်ရော ထန်ဟိုင်ဖုန်းပါ အလွန်သိချင်သွားကြသည်။ ထန်ဟိုင်ဖုန်းကတော့ ထိုပစ္စည်းမှာ ထူးခြားမည်ဟု ခံစားနေရသည်။ သို့ပေမည့် ကုနင်းဘာကိုပဲပေးပေး အရေးမကြီးဘဲ သူ့ဘက်က ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံပေးမည်ဖြစ်သည်။ ထန်ဟိုင်ဖုန်းစိုးရိမ်သည်တစ်ခုတည်းက ကုနင်းဘက်မှ အလွန်ဈေးကြီးလွန်းသည့်လက်ဆောင်မျိုးပေးလာလျှင် သူ့အနေဖြင့်လက်ခံဖို့ ခက်နေမည်ကိုပင်။
“သမီးပြောလိုက်ရင် ဘယ်စိတ်လှုပ်ရှားဖို့ကောင်းတော့မလဲ၊ ကိုယ်တိုင်သာဖွင့်ကြည့်လိုက်ပါ။” ကုနင်း သူမ၏ခရီးဆောင်အိတ်ကိုဖွင့်လိုက်ကာ စက္ကူဗူးတစ်ခုကိုထုတ်ယူလိုက်ပြီးနောက် ထန်ဟိုင်ဖုန်းဆီသို့ပြန်လာကာပေးလိုက်သည်။
ထန်ဟိုင်ဖုန်းလဲ ပစ္စည်းကိုသိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းယူလိုက်ကာ ရှေ့မှစားပွဲပေါ်သို့တင်လိုက်သည်။
ထန်ကျားခိုင်ကလဲ ချက်ချင်းပင် အနားသို့တိုးကပ်လာခဲ့သည်။ ဗူးကိုဖွင့်လိုက်သည်နှင့် အထဲတွင် အနီရောင်အဝတ်စဖြင့်ပတ်ထားသည့် ပစ္စည်းတစ်ခုရှိနေခဲ့သည်။ ထန်ဟိုင်ဖုန်းလဲ ထိုအနီရောင်အဝတ်စကို ဖွင့်ကြည့်လိုက်သည်နှင့် အထဲတွင်ရှိနေသည့်ပစ္စည်းကိုမြင်လိုက်ရကာ အလွန်အံ့အားသင့်သွားခဲ့တော့သည်။
“ဒါ-ဒါက ထန်ခေတ်က စန့်ချိုင်ကုလားအုတ်ပဲ!” ထိုပစ္စည်းကို မြင်လိုက်သည်နှင့် ထန်ဟိုင်ဖုန်းချက်ချင်းမှတ်မိသွားခဲ့ကာ ကုနင်း၏လက်ဆောင်ဖြစ်ခြင်းကြောင့် ထိုပစ္စည်းမှာသေချာပေါက်အစစ်ဖြစ်မည်ဟု ယုံကြည်လိုက်သည်။
ဤစန့်ချိုင်ကုလားအုတ်သည် မနေ့ကတွေ့ခဲ့သည့် ရှေးဟောင်းဂူသင်္ချိုင်းမှ ကုနင်းယူလာခဲ့သည့် အဖိုးတန်ရှေးဟောင်းပစ္စည်းများထဲမှတစ်ခုဖြစ်ပေသည်။ ထန်စန့်ချိုင်ဆိုသည်မှာ စဉ့်သို့မဟုတ် အညိုရောင်၊ အစိမ်းရောင်နှင့် နို့နှစ်ရောင်သုတ်ကာ အချောကိုင်ထားသည့် မြေဖြင့်ပြုလုပ်ထားသော တရုတ်ဘက်စုံသုံးအလုပ်ဆင်ပစ္စည်းတစ်မျိုးဖြစ်လေသည်။ ထိုစန့်ချိုင်သည် ထန်ခေတ်တွင်ပေါ်ပေါက်လာခဲ့သည့်ပစ္စည်းအမျိုးအစားဖြစ်၍ ထန်စန့်ချိုင်ဟုခေါ်ဝေါ်ခြင်းဖြစ်သည်။
ဤစန့်ချိုင်ကုလားအုတ်သည်တော့ ၈၇စင်တီမီတာမြင့်ကာ ၆၁စင်တီမီတာကြီးလေသည်။ ဘယ်အဆုံးနားနှင့် ညာဘက်အဆုံးနားတွင်တော့ ဘို့တစ်ခုဆီရှိနေကာ ကုလားအုတ်၏ခန္ဓာကိုယ်တစ်ခုလုံးကိုတော့ အညိုရောင်စဉ့်သုတ်ထားပြီး အစိမ်းရောင်၊ အဖြူရောင်နှင့်အဝါရောင်များကိုတော့ အလယ်တွင် အရိပ်သဏ္ဍာန်ချယ်သထားလေသည်။
ထန်ကျားခိုင်သည်တော့ ရှေးဟောင်းပစ္စည်းအကြောင်းလုံးဝမသိထားပေမည့် ထိုပစ္စည်းမှာ ထန်စန့်ချိုင်ဟုကြားလိုက်သည်နှင့်၊
“ဝိုး၊ ဒါက ထန်ခေတ်ကရှေးဟောင်းပစ္စည်းပေါ့!”
“တော်တော်လေးဈေးကြီးမှာပဲ! မင်းတကယ်ကိုရက်ရောတာပဲ။” ထန်ကျားခိုင် ကုနင်းအားချီးကျူးလိုက်သည်။
ကုနင်းလဲပြုံးပြလိုက်ကာ၊
“အဲ့လိုတော့မဟုတ်ပါဘူး။ ညီမလဲ ဒါကိုမတော်တဆရှာတွေ့ခဲ့ပြီးမှ အစစ်ဖြစ်နေမှန်းသိလိုက်တာ။”
ကုနင်းလဲ ထိုပစ္စည်းအတွက် ငွေအများကြီးကုန်ကျခံထားရခြင်းမဟုတ်သောကြောင့် ထန်ဟိုင်ဖုန်း လက်ခံဖို့ရန် အဆင်မပြေဖြစ်နေမည်စိုးရိမ်နေလေသည်။ ထို့အပြင် ထန်ဟိုင်ဖုန်း သံသယဖြစ်နေမည်စိုးသောကြောင့်လဲ အစစ်ဖြစ်ကြောင်း ထည့်ပြောလိုက်ခြင်းပင်။
“ဒါပေမယ့် ဒီစန့်ချိုင်က အရမ်းတန်ဖိုးကြီးလွန်းတယ်။” ထန်ဟိုင်ဖုန်းကတော့ ယခုလို အနည်းဆုံးယွမ်၁၀သန်းမကတန်ဖိုးရှိသည့်လက်ဆောင်ပစ္စည်းမျိုးကို လက်မခံသင့်ဟုထင်နေမိသည်။
“ဘိုးဘိုး၊ သမီးလက်ဆောင်ကိုလက်မခံဘူးဆိုရင်၊ အဘိုးရဲ့ စာအိတ်နီကိုလဲ သမီးမယူတော့ဘူးနော်။” ကုနင်း မကျေမနပ်ဖြစ်သွားသလို ဟန်ဆောင်လိုက်သည်။
“ဒါကတော့၊” ထန်ဟိုင်ဖုန်း တုန့်ဆိုင်းသွားရသည်။ သူပေးသည့် စာအိတ်နီဆိုသည်မှာ ဤစန့်ချိုင်အားယှဉ်ဖို့ခက်လေသည်။
“ပြီးတော့ သမီးက ဒီလောက်ဆောင်ပေးပြီး အဘိုးကိုအကူညီတောင်းစရာလေးလဲရှိလို့ပါ။” ထန်ဟိုင်ဖုန်း သူမလက်ဆောင်ကိုလက်ခံစေရန်အတွက် ကုနင်း သူမအဘိုးအားအကူညီတောင်းနိုင်မည့် ကိစ္စတစ်ခုကို အမြန်စဉ်းစားလိုက်သည်။
“ဒီစန့်ချိုင်ကို လက်ဆောင်မပေးရင်တော့ အဘိုးကကူညီပေးမှာပါ!”
“သမီး လက်ဝတ်ရတနာကုမ္ပဏီတစ်ခုကို မကြာသေးခင်ကဖွင့်ထားတယ်။ ပြီးတော့ အခုလဲ Bမြို့မှာ ဆိုင်ခွဲထပ်ဖွင့်ချင်နေတာ။ ဒါပေမယ့် သမီးက Bမြို့ရဲ့အနေအထားနဲ့မရင်းနှီးတော့ ဆိုင်နေရာကောင်းလေးနဲ့ ယုံကြည်ရတဲ့ ဆိုင်မန်နေဂျာတစ်ယောက်လောက် အဘိုးကူရှာပေးစေချင်တယ်။”
ကုနင်းအနေဖြင့် ယခုချိန်တွင် အလွန်အလုပ်များနေကာ ဆိုင်ခွဲထပ်ဖွင့်ရန် ပြင်ဆင်ဖို့ကလဲ အချိန်မပေးနိုင်သေးဘဲ ဤအကြံမှာ အခုမှပေါ်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထန်ဟိုင်ဖုန်း သူမလက်ဆောင်ကို လက်ခံသွားစေရန်အတွက်သာ အခုလိုပြောလိုက်ရခြင်းဖြစ်သည်။ ထို့အပြင် ညနေထန်မိသားစုညစာစားချိန်တွင်လဲ အမျိုးသမီးများကို လက်ဝတ်ရတနာများလက်ဆောင်ပေးကာ သူမဆိုင်အတွက်ကြေညာပေးဖို့ရန် အကူညီတောင်းဖို့လဲ စဉ်းစားထားလေသည်။
“ကိစ္စမရှိဘူး!” ထန်ဟိုင်ဖုန်း ချက်ချင်းသဘောတူလိုက်ပေမည့် “ဒါပေမယ့် ဒီစန့်ချိုင်ကုလားအုတ်ကတော့….”
“ဘိုးဘိုး၊” ကုနင်း စကားကိုဝင်ဖြတ်လိုက်ကာ၊
“သမီးကို အဘိုးရဲ့မိသားစုဝင်အဖြစ်မသတ်မှတ်သေးဘူးလား?”
“ဘယ်လိုပြောလိုက်တာလဲ၊ သေချာပေါက် မြေးက အဘိုးရဲ့မိသားစုဝင်ပေါ့!” ထန်ဟိုင်ဖုန်း ပျာပျာသလဲနှင့်ပြန်ဖြေလိုက်ရသည်။
“ဒါဆိုလဲ လက်ခံလိုက်ပါ။ အဘိုးသာငြင်းမယ်ဆိုရင်။ သမီးအခုချက်ချင်းပြန်တော့မယ်၊ ပြီးရင် ဒါကိုလဲ လွှင့်ပစ်မယ်။” ကုနင်းဆိုးသွမ်းသည့်ကလေးတစ်ဦးကဲ့သို့ ဟန်ဆောင်စိတ်ဆိုးပြလိုက်သည်။
***
အခန်း ၄၂၀
တိုက်ခိုက်ကြစို့
“မင်းကတော့…” ကုနင်းတမင် သရုပ်ဆောင်ပြနေမှန်း ထန်ဟိုင်ဖုန်းသိသော်လည်း စိတ်မကောင်းဖြစ်သွားရသည်။ ဤစန့်ချိုင်ကုလားအုတ်အား ကုနင်းသာအမှန်တကယ်ပစ်လိုက်မည်ဆိုလျှင် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းစိုးရိမ်သွားမိသည်။
“ဟုတ်ပြီ-ဟုတ်ပြီ၊ အဘိုးလက်ခံလိုက်မယ်၊ ဟုတ်ပြီလား?” ထန်ဟိုင်ဖုန်း မနိုင်ဟန်ဖြင့် အလျှော့ပေးလိုက်ရတော့သည်။
ကုနင်းလဲ ထိုတော့မှ စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်မိသည်။
ကုနင်းတစ်ယောက် ထန်ဟိုင်ဖုန်းအား နည်းမျိုးစုံသုံးကာ သူမလိုချင်သည့်အတိုင်းဖြစ်အောင်လုပ်နိုင်သည်ကိုမြင်လိုက်ရတော့ ထန်ကျားခိုင် သူမကို ထပ်ပြီးမလေးစားမိဘဲ မနေနိုင်တော့ကာ၊
“မင်းသရုပ်တောင်အရမ်းကောင်းတာပဲ။ မင်းသမီးလုပ်ဖို့စိတ်ဝင်စားလား? ငါ မင်းရဲ့ကိုယ်စားလှယ်လုပ်ပေးမယ်လေ။” ထန်ကျားခိုင်စနောက်လိုက်သော်လည်း ထန်ဟိုင်ဖုန်းကတော့၊
“အဓိပ္ပါယ်မရှိတာတွေ၊”
“ကောင်မလေးကုက သူဌေးတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတာ။”
ကုနင်း ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ထို့နောက်တွင်တော့ ထန်ဟိုင်ဖုန်းက စန့်ချိုင်ကုလားအုတ်ပေါ်တွင် အာရုံနစ်ဝင်သွားခဲ့ကာ ရှုထောင့်ပေါင်းစုံမှ ကြည့်ရှုနေပြီး ထန်ကျားခိုင်ကတော့ ကုနင်းနှင့်စကားပြောနေခဲ့သည်။ အတိအကျပြောရလျှင်ဖြင့် ထန်ကျားခိုင်ကသာ ကုနင်း၏ဆက်တိုက်မေးခွန်းများတစ်ခုပြီးတစ်ခုမေးနေခြင်းဖြစ်သည်။
“ညီမလေး၊ မင်းစာသင်ရတာအဆင်ပြေရလား?”
“ညီမလေး၊ ဘယ်တက္ကသိုလ်ကိုသဘောကျလဲ?”
“ညီမလေး၊ Bမြို့ကတက္ကသိုလ်မှာ ဘာလို့မတက်ချင်တာလဲ?”
“ညီမလေး၊ မင်းဒီလောက်အသက်ငယ်ငယ်လေးနဲ့အရမ်းထူးချွန်တာပဲ! သိုင်းလဲတက်တယ်၊ လူတွေကိုလဲ ဆေးကုပေးနိုင်တယ်၊ ကျောက်အလောင်းအစားလဲလုပ်တတ်ပြီး ရှေးဟောင်းပစ္စည်းလဲကြည့်တတ်တယ်၊ အဓိကကတော့ စီးပွားရေးဘယ်လိုလုပ်ရမလဲသိနေတာပဲ။”
“ညီမလေး၊ အခုကစပြီး ငါဦးဆောင်တဲ့နောက်လိုက်လို့ရမလား?”
“ထန်ကျားခိုင်၊ တော်လောက်ပြီ!” ထန်ဟိုင်ဖုန်းမှာ ထန်ကျားခိုင်၏ဆက်တိုက်မေးမြန်းနေမှုများကို နားမခံနိုင်တော့ပေ။ ထန်ဟိုင်ဖုန်း စိတ်တိုနေပြီဖြစ်သောကြောင့် ထန်ကျားခိုင်လဲ ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။
“ကောင်မလေးကု၊ Bမြို့ကမပြန်ခင် ဒီအိမ်မှာပဲ ဘာလို့မနေလိုက်တာလဲ?”
“ကျေးဇူးပါ ဘိုးဘိုး၊ ဒါပေမယ့် သမီးဟိုတယ်မှာပဲ နေလိုက်ပါမယ်။” ကုနင်းယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းဆန်လိုက်သည်။ သူမတွင်လဲ ဤအိမ်တော်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရှုချင်စိတ်ရှိပေမည့် ညအိပ်ဖို့ရန်ကတော့ သူမအတွက်အဆင်မပြေသလို သက်သောင့်သက်သာမဖြစ်နိုင်သောကြောင့် မနေလိုပေ။
“လုပ်ပါ၊ ညီမလေးကလဲ၊ ဒီမှာလဲ လူနည်းနည်းလေးနဲ့ အခန်းတွေကအများကြီးပဲ၊ ငါတို့နဲ့ပဲနေလိုက်ပါ။” ထန်ကျားခိုင်ကလဲ ဝင်ပြောလာသည်။
“ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မလုပ်စရာလေးတွေရှိသေးလို့ မနေတော့ပါဘူး။”
ကုနင်းဘက်က ငြင်းနေမှတော့ ထန်ကျားခိုင်နှင့် ထန်ဟိုင်ဖုန်းတို့လဲ အတင်းမတိုက်တွန်းနေတော့ပေ။
“ဒီလိုဆိုလဲ။ Bမြို့မှာရှိတုန်း အားတဲ့အချိန်လေးတွေတော့ အဘိုးဆီထပ်လာလည်ပေးမယ်မဟုတ်လား? အဘိုးတစ်ယောက်တည်းအရမ်းပျင်းလို့ပါ။”
ကုနင်းပြုံးလိုက်ကာ “လာလည်ရမှာပေါ့။” သို့ပေမည့် သူမသည်လဲ မကြာခင်ရက်အနည်းငယ်အတွင်း အိမ်ပြန်တော့မည်ဖြစ်သည်။
ညနေ၅နာရီလောက်တွင်တော့ ချောင်ဝမ်ရှင်းရောက်လာခဲ့လေသည်။ သူမဝင်လာသည်နှင့်တပြိုင်နက် စတင်အော်တော့သည်။
“ထန်ကျားခိုင်၊ နင်ဘယ်မှာလဲ? နင်ကများ ငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့? ပြီးတော့ နင့်ကိုကူမယ့်သူကကောဘယ်မှာလဲ?” ထိုအသံအရ ချောင်ဝမ်ရှင်းအလွန်ဒေါသထွက်နေသည့်ပုံပင်။
ကုနင်းလဲ အကြောင်းရင်းကို ချက်ချင်းခန့်မှန်းနိုင်လိုက်သည်။ ထန်ကျားခိုင်က သူမဆီမှ ကာကွယ်ပေးမည်ဟူသည့်အဖြေရသည်နှင့် ချောင်ဝမ်ရှင်းကို လှမ်းစိန်ခေါ်လိုက်ပုံပင်။ သို့ပေမည့် သူမက ထန်ကျားခိုင်ကို အခြားလူများအနိုင်ကျင့်လာလျှင် ကာကွယ်ပေးမည်ဟုသာပြောခဲ့ခြင်းဖြစ်လေသည်။ ဘယ်လိုလုပ် စိန်ခေါ်သည့် အခြေအနေသို့ရောက်သွားရတာလဲ? ကုနင်းရှုံးသွားမည်ကို သူမစိုးရိမ်ဘူးလား?
ထန်ကျားခိုင်သည်တော့ ကုနင်းကို အလွန်ယုံကြည်နေပေသည်။ ကုနင်း ကျောက်ခန်းလင်အား သုံးမီတာအထိလွင့်ထွက်သွားအောင်ကန်နိုင်မှတော့ ချောင်ဝမ်ရှင်းကိုလဲ အနိုင်ယူဖို့ရန် ခက်ခဲမနေသင့်ပေ။
စက္ကန့်ပိုင်းအတွင်းတွင်ပဲ ချောင်ဝမ်ရှင်း ဧည့်ခန်းမအတွင်းသို့ပြေးဝင်လာခဲ့သည်။
“အော်ကြီးဟစ်ကျယ်နဲ့၊ ကိုယ့်ကိုကိုယ်ထိန်းစမ်း!” ထန်ဟိုင်ဖုန်းအပြစ်တင်ဆူပူလိုက်သော်လည်း ဤအခြေအနေမျိုးနှင့် နေသားကျလို့နေပေပြီ။ သို့ပေမည့် ယနေ့ကုနင်းလဲရှိနေသောကြောင့် ထန်ဟိုင်ဖုန်းကို သူမကိုမကြောက်လန့်သွားစေလိုပေ။
ချောင်ဝမ်ရှင်းသည်တော့ ထန်ဟိုင်ဖုန်း၏ဆူသံကို အရင်လိုပင် နားထောင်မနေပေမည့် ကုနင်းကိုမြင်လိုက်ရချိန်တွင်တော့ အံ့အားသင့်သွားကာ၊
“ထန်ကျားခိုင်၊ ဒါနင့်ရည်းစားလား? လှသားပဲ။”
ကုနင်းကို ထန်ကျားခိုင်၏ရည်းစားဟု ချောင်ဝမ်ရှင်းထင်သွားသည့်အပေါ် မည်သူမျှအပြစ်မတင်နိုင်ပေ။ သူတို့နှစ်ဦးမှာ အသက်အရွယ်ချင်းလဲ သိပ်မကွာသလို ကုနင်းသည် သူစိမ်းတစ်ယောက်လဲဖြစ်ပေသည်။ ထို့အပြင် ထန်ကျားခိုင်က မိန်းကလေးတစ်ယောက်အား ပထမဆုံးအကြိမ်အိမ်သို့ခေါ်လာခဲ့ခြင်းဟုထင်ရသောကြောင့် ကုနင်းကို သူ့ရည်းစားဟုထင်လိုက်မိခြင်းဖြစ်သည်။
“နင်ဘာတွေလျှောက်ပြောနေတာလဲ? မဟုတ်ပါဘူး။” ထန်ကျားခိုင် နေရခက်စွာ မြန်မြန်ဆန်ဆန်ပင် ငြင်းဆန်လိုက်သည်။
“တကယ်လား?” ချောင်ဝမ်ရှင်း မယုံကြည်ပေ။
“သူက အဘိုးရဲ့မြေးအသစ်ပဲ။”
“အိုး၊ ဒါဆို သူကကုနင်းပေါ့?” ချောင်ဝမ်ရှင်းအံ့ဩသွားမိသည်။ ကုနင်းအကြောင်းကို ထန်ဟိုင်ဖုန်းမှတစ်ဆင် သူမကြားဖူးထားပြီးဖြစ်ကာ ကုနင်းကို လေးလဲလေးစားမိထားလေသည်။
ထန်မိသားစုသည် လူတစ်ယောက်အား နောက်ခံမိသားစုကိုကြည့်၍ ခွဲခြားဆက်ဆံလေ့မရှိဘဲ ညီတူတန်းညီကြင်ကြင်နာနာဆက်ဆံလေသည်။
“မင်္ဂလာပါ။” ကုနင်း မတ်တပ်ထရပ်ကာ ချောင်ဝမ်ရှင်း အားနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ငါက ချောင်ဝမ်ရှင်း၊ မင်းက အဘိုးရဲ့မြေးအသစ်လေးဆိုမှတော့ ငါ့ညီမပဲပေါ့။ အခုကစပြီး နင့်ကို ငါကာကွယ်ပေးမယ်။” ချောင်ဝမ်ရှင်း ပြောရင်းဖြင့်ပင် ကုနင်းနှင့်ညီအစ်မအရင်းကြီးများကဲ့သို့ ပုခုံးအားလှမ်းကိုင်လိုက်သည်။
ကုနင်းသည် သူ့အဘိုးအားကယ်တင်ခဲ့သောကြောင့် ထန်မိသားစု၏အသက်သခင်ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် ကုနင်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်ထူးချွန်သောကြောင့် ချောင်ဝမ်ရှင်းလဲ သူမကိုနှစ်သက်မိသည်။ ထို့ကြောင့် အလိုလိုနေရင်းဖြင့်ပင် ကုနင်းကိုညီမတစ်ဦးကဲ့သို့ သဘောထားမိသွားခြင်းဖြစ်သည်။
ပုံမှန်ဆိုလျှင် ကုနင်းသည် အခြားသူစိမ်းတစ်ယောက်က သူမကိုထိတွေ့ခြင်းအားမကြိုက်သော်လည်း ချောင်ဝမ်ရှင်း သူမပုခုံးကိုထိလိုက်ချိန်တွင်တော့ မနှစ်သက်သလိုမခံစားရပေ။
သို့ပေမည့် ကုနင်း ချောင်ဝမ်ရှင်းအား ဘာမှပြန်မပြောနိုင်သေးခင်တွင်ပဲ ထန်ကျားခိုင်က အထင်သေးစွာဖြင့်၊
“ဟင့်၊ နင်က သူ့ကိုကာကွယ်ပေးချင်တယ်ပေါ့? အဲ့လောက်အထိအရည်အချင်းရှိလို့လား?”
ချောင်ဝမ်ရှင် ရုတ်တရက်ကြောင်အသွားကာ မသေချာစွာဖြင့် ထန်ကျားခိုင်အားမေးမြန်းလိုက်သည်။
“နင့်ကိုကူပေးမယ့်လူဆိုတာ ကုနင်းလို့ပြောချင်တာလား?”
ထန်ကျားခို်ငက သူမကိုဖုန်းဆက်ကာ သူမကို အနိုင်တိုက်နိုင်မည့် လူတစ်ယောက်ကိုတွေ့ထားပြီဖြစ်ကြောင်းပြောလာခဲ့သည်။ ချောင်ဝမ်ရှင်းအမြင်တွင်တော့ ထိုစကားမှာ ပေါ်တွင်စိန်ခေါ်လိုက်ခြင်းသာဖြစ်သောကြောင့် သူမချက်ချင်းပင် ထန်အိမ်တော်အား အပြေးပြန်လာခဲ့ခြင်းဖြစ်သည်။
“ဟုတ်တယ်၊ နင့်အထင်မှန်တယ်။” ထန်ကျားခိုင် ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ချောင်ဝမ်ရှင်း ကုနင်းဘက်သို့လှည့်ကာ၊
“နင် တိုက်ခိုက်တတ်တယ်ပေါ့?”
ထိုသို့မေးခြင်းမှာ ထန်ကျားခိုင်အား မယုံကြည်၍မဟုတ်ဘဲ ကုနင်းကို အလေးထားသည့်နေဖြင့် သူမကိုယ်တိုင်ဖြေလာမည်ကို လိုချင်သောကြောင့်ပင်။
“ဟုတ်ပါတယ်၊” ကုနင်းပြုံးကာ ပြန်ဖြေလိုက်သည်။
“ကောင်းတာပေါ့၊ ဒါဆို တစ်ပွဲလောက်တိုက်ကြရအောင်။ နင်ငါ့ကိုနိုင်အောင်တိုက်နိုင်ရင်၊ ထန်ကျားခိုင်ကို ထပ်ပြီးအနိုင်မကျင့်တော့ဘူး။”
“နင်ငြင်းလို့ရပါတယ်၊ ငါအတင်းဖိအားမပေးပါဘူး။”
ချောင်ဝမ်ရှင်းသည် ဒေါသကြီးသော်လည်း တဖက်လူအပေါ်လေးစားမှုရှိပြီး သူမ၏ကတိကိုလဲတည်လေသည်။ သို့ပေမည့် ထန်မိသားစုသည်တော့ ချွင်းချက်ဖြစ်ကာ အထူးသဖြင့် ထန်ကျားခိုင်ပင်။ ထန်ကျားခိုင်သည်လဲ အကြိမ်တိုင်း ချောင်ဝမ်ရှင်းကိုရှုံးနိမ့်ကာ အရိုက်ကြီးခံနေရသောကြောင့် သူမနှင့်လုံးဝမလေ့ကျင့်လိုချေ။
“ငါ့ရဲ့ချစ်ရပါသောညီမလေး၊ ဒီအစ်ကိုရဲ့အနာဂါတ်က ညီမလေးအပေါ်မူတည်သွားပြီ။” ထန်ကျားခိုင် ကုနင်းကို တောင်းဆိုလိုက်သည်။
ကုနင်းလဲ ပြုံးပြလိုက်ကာ၊
“ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်။”
ထန်ကျားခိုင်ကြောင့်သာမဟုတ်ဘဲ ကုနင်းကိုယ်တိုင်ကလဲ ချောင်ဝမ်ရှင်းနှင့် တစ်ခေါက်လောက်ပြိုင်ကြည့်ချင်လေသည်။
***
စာစဉ် ၂၈ ပြီး၏။