အခန်း (၄၂၆-၄၃၀)
Vol. 29 Ch. 426-430
အခန်း ၄၂၆
အနိုင်ရခြင်း
ချောင်ဝမ်ရှင်းကပဲ ကုနင်းနှင့်ထန်ကျားခိုင်တို့အား ဂိမ်းစက်များရှိရာဘက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ ထို့နောက်တွင်တော့ ဂိမ်းမကစားခင် လိုအပ်သည့်အကြွေစေ့များကိုလဲ ငွေသားဖြင့် လဲလှယ်လိုက်သည်။ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကတော့ အပျော်သဘောသာကစားကြခြင်းဖြစ်ပြီး လောင်းကစားတစ်ခုကဲ့သို့ သဘောမထားသောကြောင့် သူတို့အတွက် ယွမ်၁သောင်းဖိုးဆီ အကြွေလဲလိုက်ကာ ကုနင်းအတွက်လဲ လဲပေးလိုက်သည်။ ကုနင်းလဲ တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် လှမ်းယူလိုက်သည်။
ဂိမ်းစက်များသည်လဲ ငွေနည်းနည်းဖြင့်ကစားရသည့် လောင်းကစားတစ်မျိုးသာဖြစ်သော်လည်း ကစားသည့်လူကသာ ကံကောင်းလျှင် သို့မဟုတ် အလွန်ကစားတတ်သူဖြစ်လျှင်တော့ ယွမ်သိန်းပေါင်းများစွာနိုင်နိုင်ပြီး၊ ယွမ်၁သန်းလောက်အထိတောင်မှ နိုင်သွားနိုင်သည်။ သို့သော်လည်း ထိုသို့နိုင်ဖို့ရန်က မလွယ်ကူပေ။
“နင်းနင်း၊ ဘယ်လိုကစားရမလဲဆိုတာ သိလား?” ချောင်ဝမ်ရှင်းမေးလိုက်သည်။
“သိပ်တော့မသိဘူး။ အရင်ဆုံး နင်တို့ကစားတာကို ကြည့်ဦးမယ်။”
ထို့နောက်တွင်တော့ သူတို့ဂိမ်းစက်တစ်ခုဆီသို့သွားလိုက်ကာ ချောင်ဝမ်ရှင်းက အကြွေစေ့များကို ထည့်လိုက်ပြီးနောက် ကုနင်းအား ရှင်းပြလိုက်သည်။
“တစ်တန်းအတွက်လောင်းချင်ရင် အကြွေစေ့၁၀၀ထည့်ရတယ်။ ဒီစက်က အကြွေစေ့၁၀၀၀အထိ လောင်းပြီး ဆယ်တန်းစာ အထိဝယ်လို့ရတယ်။ နိုင်ဖို့အခွင့်အရေးပိုရချင်ရင် ကြိုးများများသာဝယ်လိုက်။”
ဂိမ်းစက်ဖန်သားပြင်ပေါ်တွင် အတန်းပုံစံ၁၀တန်းရှိနေကာ ထိုအတန်းတစ်တန်းစီတိုင်းတွင် အကြိမ်၁၀၀၊ အကြိမ်၂၀၀၊ အကြိမ်၃၀၀၊ အကြိမ်၄၀၀၊ အကြိမ်၅၀၀၊ အကြိမ်၆၀၀၊ အကြိမ်၇၀၀၊ အကြိမ်၈၀၀၊ အကြိမ်၉၀၀၊ အကြိမ်၁၀၀၀ဟုပါသည့် မတူညီသည့်ရုပ်ပုံဆယ်မျိုးရှိနေလေသည်။ ဖန်သားပြင်ပေါ်တွင် ပုံစံတူပုံများ တစ်ပြိုင်နက်တည်း ပေါ်လာလျှင် ဆုသတ္တာသည်လဲ အပြည့်အဝပွင့်သွားပေလိမ့်မည်။ ထိုအချိန်တွင်တော့ ဘယ်လောက်များသည့် နိုင်ကြေးဖြစ်ပါစေ ဂိမ်းစက်မှနေပြီး ထုတ်ပေးပေလိမ့်မည်။ ထိုဆုသတ္တာတွင်က အနည်းဆုံး ယွမ်သန်း၁၀၀အထိပင်ရှိပေမည့် ထိုသို့အပြည့်အဝပွင့်နိုင်မည့်အခွင့်အရေးကတော့ အလွန်ရှားပါးကာ အခုချိန်ထိလဲ မည်သူမျှမအောင်မြင်နိုင်ခဲ့သေးပေ။
ဂိမ်းစတင်သည်နှင့် ထိုအတန်း၁၀တန်းသည် လည်သွားမည်ဖြစ်ကာ ကစားသမားမှနေပြီး သူရပ်ချင်သည့် အချိန်တွင် ခလုတ်ကိုနှိပ်လိုက်ရမည်ဖြစ်ကာ ထိုအချိန်တွင် တူညီသည့်ပုံများက တစ်တန်းတည်းပေါ်ထွက်နေရမည်ဖြစ်သည်။ ကစားသမားမှ အနည်းဆုံးလောင်းနိုင်သည့်ပမာဏမှာ တစ်တန်းစာဖြစ်ပြီး အကယ်၍ ပထမတစ်တန်းတွင် တူညီသည့်ပုံသုံးပုံပေါ်ခဲ့လျှင်တော့ ကစားသမားမှ ထိုပုံတွင်ပါရှိသည့် အကြိမ်ပမာဏအတို်ငး ငွေပြန်ရမည်ဖြစ်သည်။
သို့ပေမည့် အကယ်၍များ ကစားသမားကသာ တစ်တန်းစာသာဝယ်ခဲ့ပြီး အခြားအတန်းများတွင်လဲ ပုံတူများထွက်ခဲ့မည်ဆိုလျှင်တောင်မှ သူသည် ဝယ်ထားသည့်တစ်တန်းစာအတွက်သာ ငွေရမည်ဖြစ်သည်။
ချောင်ဝမ်ရှင်းသည် တစ်ကြိမ်တည်းဖြင့် ၁၀တန်းစာအတွက် လောင်းကြေးတင်ခဲ့ပေမည့် အားလုံးရှုံးသွားခဲ့ကာ အကြွေစေ့၁၀၀၀ဆုံးရှုံးသွားတော့သည်။
ချောင်ဝမ်ရှင် ထိုဂိမ်းစက်ကို ကစားနေသည့် အချိန်တွင် ကုနင်းသည်လဲ ထိုစက်၏အလုပ်လုပ်ပုံကို သေချာလေ့လာနေပြီး လျှို့ဝှက်ချက်ကို ဖော်ထုတ်နေခဲ့သည်။
“ငါစမ်းကြည့်မယ်။” ကုနင်းပြောလိုက်သည်။
ကုနင်းသည်လဲ ပထမတစ်ကြိမ်တည်းဖြင့် ၁၀တန်းစာလုံးလောင်းလိုက်ပေသည်။ အကြွေစေ့များစက်ထဲသို့ဝင်သွားပြီးသည်နှင့် ဂိမ်းကစတင်တော့သည်။ ကုနင်း ခလုပ်ကိုစတင်နှိပ်လိုက်သည်နှင့် စက်မှနေပြီး ဆူညံသံကြီးတစ်သံထွက်လာကာ အတန်း၁၀တန်းလုံးသည်လဲ တစ်ချိန်တည်းမှာပင် လျင်မြန်စွာစတင်လည်ပတ်တော့သည်။
ကျောက်စိမ်းမျက်ဝန်းရှိခြင်းကြောင့် မည်သည့်အချိန်တွင် အတန်းအားလုံး၌ ပုံများအတူတူကိုက်ညီသွားမလဲဆိုသည်ကို ကုနင်းတွက်ချက်နိုင်လေသည်။ အချိန်ရောက်သည်နှင့် ကုနင်း ရပ်သည့်ခလုတ်အားနှိပ်လိုက်တော့သည်။ ထိုဂိမ်းစက်သည်လဲ တစ်ယောက်ယောက်က ဘရိတ်ကိုဆောင့်အုပ်လိုက်သည့်အသံမျိုးဖြင့် ရပ်တန့်သွားခဲ့ပြီး အတန်း၁၀တန်းလုံးသည်လဲ ဘယ်ဘက်မှစတင်ကာ ညာဘက်သို့ တစ်တန်းချင်းစီ ရပ်တန့်လာခဲ့သည်။
ကုနင်းတို့သုံးဦးလုံးလဲ ဂိမ်းစက်ဖန်သားပြင်မှနေပြီး အကြည့်မလွှဲနိုင်ကြပေ။
ပထမ၊ ဒုတိယ နှင့် တတိယတန်းများသည်တော့ ဘာမှမကျသွားပေမည့် ၄တန်းမြောက်တွင်က အကြိမ်၃၀၀တစ်တန်းကျခဲ့သောကြောင့် ထိုအတန်းအတွက် ကုနင်းယွမ်၃သောင်းရသွားပေပြီ။ ၅တန်းမြောက်သည်လဲ အချည်းအနှီးသာဖြစ်ခဲ့ပေမည့် ၆တန်းမြောက်နှင့် ၉တန်းမြောက်တွင်က အကြိမ်၁၀၀နှင့် အကြိမ်၆၀၀တို့ရခဲ့လေသည်။ ထို့ကြောင့် ဤတစ်ပွဲအပြီးတွင် ကုနင်း ယွမ်၁ထောင်လောင်းရုံဖြင့် ယွမ်၁သိန်းရသွားခဲ့တော့သည်။
ဂိမ်းစက်မှနေပြီး အကြွေစေ့များစွာထွက်ကျလာသည့်အသံက အနီးအနားရှိကစားသမားများ၏အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့ကာ သူတို့အားလုံး ကုနင်း မနာလို အားကျစွာဖြင့်ကြည့်နေကြတော့သည်။
“နင်းနင်း! နင်အရမ်းတော်တာပဲ!” ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့သည် တစ်ကြိမ်တစ်ခါမျှ မနိုင်ခဲ့ဖူးသူများဖြစ်သောကြောင့် အလွန်အံ့အားသင့်နေကြတော့သည်။ ကုနင်းသည်တော့ သုံးတန်းသာနိုင်ခဲ့သောကြောင့် သူမ၏ရလဒ်အတွက် မကျေနပ်နိုင်ခဲ့ပေ။ သူက ၁၀တန်းလုံးစာအတွက် နိုင်ချင်ခြင်းသာဖြစ်သည်။
“နောက်တစ်ကြိမ်စမ်းကြရအောင်၊ ငါတို့၁၀တန်းလုံးနိုင်လောက်မလား ကြည့်ရတာပေါ့!” ချောင်ဝမ်ရှင်းမှာ အနိုင်ရရန်မှာ ထီဆုကြီးပေါက်ဖို့ထက်ပင် ခက်ခဲလွန်းသောကြောင့် ၁၀တန်းလုံးနိုင်နိုင်လောက်သည်ဟု မယုံကြည်မိသော်လည်း တက်ကြွစွာဖြင့်ပြောလိုက်သည်။ သို့ပေမည့် ကုနင်းအတွက်တော့ ထီပေါက်ဖို့ထက်ပင် ပို၍လွယ်ကူသည်ဟု မြင်မိလေသည်။ သူမ၏ထိုးထွင်းမြင်နိုင်သည့်အကြည့်နှင့် လျင်မြန်သည့်လက်အရှိန်ကိုပေါင်းလိုက်လျှင် အနိုင်ရနိုင်ချေအရမ်းမြင့်လေသည်။
ဒုတိယအကြိမ်တွင်လဲ ကုနင်းအတန်းအားလုံးအတွက်သာလောင်းခဲ့ပြီး ရပ်ဖို့ခလုတ်နှိပ်ရန်အတွက် အာရုံစူးစိုက်ကြည့် တွက်ချက်နေလိုက်သည်။
အဆုံးသတ်တွင်တော့ အကြိမ်၂၀၀၊ အကြိမ်၄၀၀၊ အကြိမ်၅၀၀၊ အကြိမ်၈၀၀ နှင့်အကြိမ်၉၀၀တို့ရခဲ့သောကြောင့် ကုနင်းယွမ်၂သိန်း၈သောင်းနိုင်သွားခဲ့သည်။
အနားတစ်ဝိုက်ရှိလူများသည်တော့ သူမ၏မယုံနိုင်စရာကံကောင်းမှုအပေါ် စတင်ဆွေးနွေးလာကြတော့သည်။
“မဖြစ်နိုင်တာ! သူဘယ်လိုလုပ် ဒီလောက်တောင် ကံကောင်းနိုင်ရတာလဲ?”
“ငါအဲ့ဒီစက်မှာ အကြိမ်ထောင်ပေါင်းများစွာဆော့ခဲ့ဖူးတာတောင်မှ အကြိမ်၁၀၀တစ်ခါပဲနိုင်ခဲ့ဖူးတယ်။”
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့သည်လဲ စိတ်လှုပ်ရှားလွန်း၍ ခုန်တောင်ခုန်မိတော့မတတ်ပင်။
“နင်းနင်း! နင်အရမ်းတော်တာပဲ! ငါနင့်ကိုပိုပြီးတောင်လေးစားမိသွားပြီ!” သို့ပေမည့် ကုနင်းကတော့ မကျေနပ်နိုင်သေးပေ။ ထိုအချိန်တွင်တော့ ဂိမ်းစက်များကိုကစားခြင်းမှ များစွာအနိုင်ရရှိခြင်းကို မြင်ဖူးရန်က အလွန်ရှားပါးသည့် မြင်ကွင်းဖြစ်သောကြောင့် လူတွေပိုပိုပြီး ထိုနေရာတွင် ဝိုင်းဖွဲ့လာကြတော့သည်။
တတိယအချိန်ကစားလိုက်ချိန်တွင်တော့ ကုနင်းအတန်းအားလုံးကို အနိုင်ရသွားကာ ဆုသတ္တာကြီးကို အပြည့်အဝဖွင့်နိုင်ခဲ့ပြီး အကြွေစေ့ကျသံများဆူညံစွာထွက်ပေါ်လာတော့သည်။
လူတိုင်းသည်တော့ အလွန်ထိတ်လန့်အံ့ဩနေကြကာ သူတို့မြင်နေရသည်ကိုပင် မယုံကြည်နိုင်ဖြစ်နေကြတော့သည်။
“ရပ်မနေနဲ့လေ၊ မြန်မြန် အကြွေစေ့တွေသိမ်းပေးကြဦး!” ကုနင်း တစ်ယောက်တည်းဖြင့် အကြွေစေ့များကို သိမ်းမနိုင်တော့သောကြောင့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကိုပါ ခေါ်လိုက်သည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့မှာတော့ ကုနင်း၏စကားသံမကြားခင်အထိ အသိစိတ်များလွင့်နေခဲ့ကြသည်။ အကြွေစေ့ပုံကြီးကို မြင်လိုက်တော့မှ ချောင်ဝမ်ရှင်း ရုတ်တရက်ထအောင်လိုက်ကာ၊
“အား! ဒါ-ဒါကတကယ်ပဲလား?”
သူမ၏အော်သံက ဂိမ်းခန်းမထဲရှိလူများ၏အာရုံကို ပို၍ပင်ဆွဲဆောင်သွားခဲ့သည်။
ထန်ကျားခိုင်က ချောင်ဝမ်ရှင်း၏လက်မောင်းအားဆိတ်ဆွဲလိုက်သောကြောင့် ချောင်ဝမ်ရှင်းနာလို့ အော်လိုက်ကာ၊
“နင်ဘာလုပ်တာလဲ!”
ထန်ကျားခိုင်က အပြစ်ကင်းသည့်အမူအရာလေးဖြင့်၊
“နင်နာတာကို ခံစားမိမှတော့ တကယ်အမှန်ဖြစ်နေတာပေါ့။”
“အိုး! ဒါတကယ်ပေါ့! တကယ်ကြီးပဲ!” ချောင်ဝမ်ရှင်း ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေတော့သည်။
ကုနင်းကတော့စိတ်မရှည်တော့ဘဲ
“လာကြစမ်းပါ! ငါ့ကို အကြွေစေ့ကူသိမ်းပေးကြပါဦး!”
“လာပြီ-လာပြီ။” ထိုတော့မှ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ ချက်ချင်းပင် ကုနင်းအနားသွားကာ အကြွေစေ့များကူသိမ်းပေးလိုက်ကြသည်။
ဤနေရာသည် ဂိုဏ်းတစ်ခုမှပိုက်ဆိုင်ခြင်းဖြစ်သောကြောင့် သူမ ငွေအားလုံးကိုအနိုင်သိမ်းသွား၍မရဘဲ အခုရပ်သင့်သည့်အချိန်ရောက်ပြီမှန်း နားလည်လိုက်သည်။
သူတို့ ထိုအကြွေစေ့အားလုံးကိုယူကာငွေသားလဲရန်အတွက်ကောင်တာသို့သွားလိုက်ချိန်တွင်တော့ ဝန်ထမ်းမှာ ကြောင်အလို့နေတော့သည်။ ယခုလောက်ငွေအများကြီးနိုင်သည့်အထိ ကံကောင်းလွန်းသည့်လူမျိုးကို သူတစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးခဲ့ပေ။
အကြွေစေ့များကိုလဲလှယ်ရာတွင် စုစုပေါင်း ယွမ်၁၃၆.၂၇သန်းရလိုက်သည်။ ကုနင်း ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့၏ဘဏ်အကောင့်များဆီသို့ ယွမ်သန်း၃၀ဆီလွှဲပြောင်းပေးလိုက်ကာ သူမကတော့ ကျန်တာအားလုံးကိုယူလိုက်သည်။
ထိုငွေများသည် ကုနင်းသူမဘာသာအနိုင်ရခဲ့ခြင်းဖြစ်၍ အစမှာတော့ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့က သူတို့ကိုခွဲပေးသည်အား ငြင်းဆိုခဲ့ကြသည်။ ကုနင်းက အတင်းအကြပ်ယူခိုင်းနေတော့မှာသာ အဆုံးတွင်လက်ခံလိုက်ကြခြင်းဖြစ်ပေသည်။
တကယ်တော့ ထန်မိသားစုနှင့် ချောင်မိသားစု နှစ်ခုလုံးသည် ရူးလောက်အောင်ကို ချမ်းသာသည့်မိသားစုများဖြစ်ကြသော်လည်း ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကိုတော့ ငွေအများကြီးပေးမကိုင်ကြသောကြောင့် ယွမ်သန်း၃၀မှာ သူတို့အတွက်အလွန်များပြားလှသည့်ပမာဏဖြစ်လေသည်။
***
အခန်း ၄၂၇
ပြဿနာတက်ပြီ
ကုနင်းတို့အဖွဲ့ ဂိမ်းခန်းမတွင် အချိန်ကြာကြာမနေခဲ့ကြသောကြောင့် သူမတို့ပြန်ထွက်လာသည့်အချိန်တွင် ည၉နာရီခွဲရုံသာရှိသေးသည်။ ကုနင်းလဲ လက်ဝှေ့ပွဲစရန် အချိန်နာရီဝက်တောင်မှ လိုနေသေးသောကြောင့် လောင်းကစားဝိုင်းသို့သွားပြီး ပျော်ပါးကြရန်အတွက် အကြံပြုလိုက်သည်။
ကုနင်း လောင်းကစားဝိုင်းသို့သွားချင်သည်ဆိုလာ၍ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်လဲ သဘောတူကာအတူတူသွားလိုက်ကြသည်။
သူတို့သုံးဦး လောင်းကစားဝိုင်းထဲသို့ဝင်သွားကြပြီး အရင်ဆုံး ကုနင်း ယွမ်၁သောင်းဖိုးတိုကင်ပြားများလဲလိုက်ကာ ထုန်ပေါင်ကစားဝိုင်းသို့ သွားလိုက်သည်။
(ထုန်ပေါင်-တရှိ၊ တရှောင်၊ အကြီး နှင့်အသေး စသည်ဖြင့် ကံအပေါ်မူတည်၍ကစားရသည့် ရှေးဟောင်းတရုတ်များစတင် တီထွင်ခဲ့သော အံစာတုံး၃တုံးကိုအသုံးပြုကာ လောင်းကြေးထပ်ကစားရသည့် လောင်းကစားနည်းတစ်မျိုးဖြစ်သည်။)
ဒိုင်မှအံစာခွက်ကိုခေါက်ပြီးသည်နှင့်
“လောင်းကြေးတင်ပြီးသွားတာနဲ့ လက်ကိုရုတ်ထားလိုက်ကြပါ။”
ထုန်ပေါင်ကစားရာတွင် အမျိုးအစားများစွာရှိကာ အခြေခံစားဖြင့်တော့ “အကြီး”၊ “အသေး”၊ “မကိန်း” နှင့် “သုံးဆ” ဟူ၍ရှိလေသည်။
နိုင်ကြေးများသည်တော့ “အကြီး”နှင့် “အသေး” ဆိုလျှင် ၁-၁ လောင်းကြေးတစ်ဆကိုသာရမည်ဖြစ်သည်။ အားလုံးလောင်းလျှင်တော့ ၁-၂၄ဆအထိရနိုင်သည်။ “မကိန်း”ကိုလောင်းလျှင်တော့ လောင်းကြေး ၁-၁ သို့မဟုတ် ၁-၂ သို့မဟုတ် ၁-၃အထိ ကစားသမားဘက်က လောင်းထားသည့်နံပါတ်များမှန်ကန်လျှင် မှန်ကန်သလိုရရှိမည်ဖြစ်သည်။ “သုံးဆ” သည်ကတော့ အံစာသုံးတုံးလုံးတွင် တူညီသည့်ဂဏန်းများကျသွားခဲ့လျှင် ၁-၁၅၀အထိ နိုင်နိုင်ပေသည်။
အံစာခွက်ကို စားပွဲထက်သို့ချလိုက်ပြီးချိန်တွင်တော့ ကုနင်းအရင်ဆုံး သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့် ခွက်ထဲရှိအံစာသုံးတုံးတွင်ပေါ်နေသည့် ဂဏန်းများကို အရင်ကြည့်ပြီးမှသာ သူမ၏လောင်းကြေးအားထည့်လိုက်သည်။
ကုနင်း “မကိန်း”ကို ယွမ်၁သောင်းဖိုးတိုကင်ပြားအားလုံးကိုလောင်းလိုက်ခြင်းကြောင့် ၃ဆရမည်ဖြစ်၍ ယွမ်သုံးသောင်းနိုင်သွားခဲ့သည်။
လူတိုင်းကတော့ ကုနင်း၏ကံကောင်းလွန်းမှုကြောင့် သူမကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိကြတော့သည်။
ဒုတိယအခေါက်တွင်တော့ ကုနင်း ယွမ်၁သောင်းဖို့ “အကြီး”ကိုလောင်းလိုက်သောကြောင့် လောင်းကြေးတစ်ဆပြန်ရခဲ့သည်။ တတိယအကြိမ်တွင်တော့ ကုနင်း တမင်သက်သက်ရှုံးမည့်ဘက်ကို လောင်းခဲ့သည်။ စတုတ္ထအကြိမ်တွင်တော့ ကုနင်း “မကိန်း”ကိုပဲ ယွမ်၄သောင်းလုံး ထပ်လောင်းပြန်ကာ ယွမ်၁သိန်း၂သောင်းပြန်နိုင်ခဲ့သည်။ ၅ကြိမ်မြောက်တွင်တော့ ကုနင်းတမင်အရှုံးခံလိုက်ပြန်သည်။ သို့ပေမည့် သူယွမ်၁သောင်းသာဆုံးရှုံးခဲ့သည်။ ၆ကြိမ်မြောက်တွင်တော့ ကုနင်း ယွမ်၂သောင်းကို “သုံးဆ”တွင်လောင်းလိုက်ကာ ဂဏန်းအတွက်ကိုတော့ ၆သုံးလုံးဆီသို့လောင်းလိုက်သည်။
အံစာသုံးတုံးအား ဖွင့်ပြလိုက်သည်နှင့် ထိုသုံးတုံးလုံးတွင် ၆သုံးလုံးရှိနေခဲ့သည်။ ထိုကစားပွဲမှလူတိုင်းလဲ အလွန်အံ့ဩကုန်ကြတော့သည်။ လောင်းကြေးမှအဆ၁၅၀ပြန်ရမည်ဖြစ်၍ ကုနင်းယွမ်၃သန်းအနိုင်ရသွားတော့သည်။
ကစားသမားများတွင်မကဘဲ ဒိုင်ပင်လျှင်အလွန်အံ့ဩနေခဲ့သည်။ ကုနင်းကံကောင်းနေလို့ပဲလား ဒါမှမဟုတ် လိမ်ကစားနေသည်လား၊ မည်သို့ပင်ဖြစ်ပါစေ မအံ့ဩမိဘဲမနေနိုင်ပေ။ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်သည်တော့ စိတ်လှုပ်ရှားလွန်း၍ ထအော်မိတော့မတတ်ပင်။ ကုနင်း ငွေအများကြီးနိုင်သွား၍ သူတို့စိတ်လှုပ်ရှားနေကြခြင်းမဟုတ်ဘဲ ကုနင်း၏မယုံနိုင်စရာကံကောင်းမှုကြောင့် စိတ်လှုပ်ရှားအံ့ဩနေမိခြင်းသာဖြစ်သည်။
ကုနင်းဆက်ပြီးလောင်းနေခဲ့ကာ လူတော်တော်များများကလဲ သူမလောင်းသည့်ဘက်သို့ လိုက်လောင်းတော့သည်။ သို့ပေမည့် ကုနင်းက နှစ်လှည့်လောက်တမင်အရှုံးခံလိုက်သောကြောင့် ကုနင်းကံကိုမှီခိုကာ ကြွယ်ဝဖို့ရန်ကြံစည်နေကြသူများလဲ ဝက်ဝက်ကွဲအောင်ဆုံးရှုံးသွားကြတော့သည်။
“ေ-ာက်ေ-ွး!! မင်းတမင်လုပ်နေတာလား?”
“ဟုတ်တယ်! ငါတို့မင်းလောင်းတဲ့အတိုင်း လိုက်မလောင်းတုန်းက မင်းနိုင်တယ်။ ငါတို့လဲ လိုက်လောင်းရော မင်းကရှုံးသွားရော။ တမင်သက်သက်လုပ်နေတာပဲ!” လူအချို့က ဆဲဆိုကြတော့သည်။
ကုနင်းလဲ မကျေမနပ်ဖြစ်သွားကာ ထိုလူများကို အေးစက်ခက်ထန်သည့်အကြည့်များဖြင့် ကြည့်လိုက်ပြီး၊
“ကျွန်မဘယ်လိုလောင်းလောင်း ရှင်တို့နဲ့ဘာမှမဆိုင်ဘူး။ ရှင်တို့ကိုလဲ ကျွန်မလောင်းတဲ့ဘက်လိုက်လောင်းပါလို့မပြောထားဖူးဘူး။”
ကုနင်း၏ကြောက်စရာကောင်းသည့်အကြည့်များကြောင့် သူတို့ကြောက်ရွံ့သွားကြကာ ဤမျှငယ်ရွယ်သည့်မိန်းကလေးတစ်ဦးက ထိုသို့ထက်ရှက်အေးစက်လွန်းသည့်အကြည့်မျိုးထုတ်လွှတ်နိုင်သောကြောင့်လဲ အလွန်အံ့ဩသွားကြသည်။ ထို့အပြင် ကုနင်းတမင်သက်သက်အရှုံးခံနေလားဆိုသည်ကိုလဲ မည်သူမှသေချာမသိကြပေ။
ထို့နောက် ပွဲအသစ်ထပ်စပြန်သည်။ ထိုအချိန်တွင်တော့ ကုနင်းလောင်းသည့်အတိုင်း ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ လိုက်လောင်းကြသည်။ လောင်းကစားခန်းမတွင် လူများစွာရှိပြီး လူအနည်းငယ်လောက်ကသာ သူတို့သုံးဦးက တစ်ဖွဲ့တည်းဆိုသည်ကို သိကြလေသည်။
ဤတစ်ခေါက်တွင်တော့ ကုနင်းလောင်းသည့်နောက် လိုက်လောင်းသည့် အရင်လူများမှာ သူတို့နောက်တစ်ခေါက်ထပ်ရှုံးသွားနိုင်မလားဆိုသည်ကို မသေချာ၍ လက်လျှော့သွားကြတော့သည်။ သို့ပေမည့် ကုနင်း နိုင်သွားခဲ့သည်လေ။ “သုံးဆ”ဖြင့်ကို အနိုင်ရသွားခြင်းဖြစ်သည်။
ကုနင်းတို့အဖွဲ့မှလူတိုင်း ယွမ်၂သောင်းစီလောင်းကြသောကြောင့် ယွမ်၃သန်းစီအနိုင်ရရှိသွားကြလေသည်။
လူတိုင်းလဲထပ်ပြီး ဆွေးနွေးပြောဆိုလာကြပြန်ပေမည့် ကုနင်းလောင်းသည့်အတိုင်း မည်သူကမျှတွန်းအားမပေးဘဲ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ခြင်းဖြစ်၍ သူမကို အပြစ်မတင်နိုင်ပေ။
တစ်ချိန်တည်းတွင်ပဲ ကမ္ဘာမြေကလပ်၏အပေါ်ဆုံးထပ်မှ နားနေခန်းတွင်တော့ အသက်၃၀အရွယ် အမျိုးသားတစ်ဦးသည် ပျင်းတိပျင်းရွဲ့ပုံစံဖြင့် ခြေနှစ်ချောင်းကို ချိတ်ကာ ဆိုဖာထက်တွင် မှီထိုင်နေခဲ့သည်။ ကြပ်ထုတ်နေသည့် အနက်ရောင်ဘောင်းဘီရှည်က ထိုအမျိုးသား၏ရှည်လျားကာ သန်မာသည့် ခြေတံများကို ပေါ်လွင်နေစေပြီး ရှပ်အင်္ကျီကိုလဲ ကြယ်သီးနှစ်လုံးသာ တပ်ထားခဲ့လေသည်။ ထိုအမျိုးသား၏ပုံပန်းသဏ္ဍာန်မှာ အလွန်ခန့်ညားကာ အရိုင်းဆန်လှပေသည်။
ထိုအချိန်တွင်ပဲ ထိုအမျိုးသား၏ရှေ့တွင်တော့ လောင်းကစားဝိုင်း၏မန်နေဂျာက ရှိနေကာ အောက်ထပ်တွင်ဖြစ်ပျက်နေသည့် ကိစ္စများကို တင်ပြလို့နေသည်။ ထိုအမျိုးသား၏ နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးကာ ပြုံးလိုက်ပေမည့် မန်နေဂျာကတော့ဖြင့် သူ့ကိုယ်သူအန္တရာယ်ရှိနေပြီဟု ခံစားမိလေသည်။
ကုနင်းတို့အဖွဲ့လဲ ကီရင်းဂိုဏ်းကို စိတ်အနှောက်အယှက်ပြုမိမည်စိုး၍ စုစုပေါင်း ယွမ်သန်း၃၀ရသည်နှင့် ဆက်မကစားကြတော့ပေ။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ တော်တော်များများနိုင်ပြီးနောက် ကုနင်းနှင့်အတူပြန်ထွက်မည်က ပို၍ကောင်းကြောင်း နားလည်သောကြောင့် သဘောတူလိုက်လေသည်။ သို့ပေမည့် သူတို့မသိလိုက်သည်က ပြဿနာတက်နေပြီးနှင့်သားဆိုသည်ကိုပင်။ သူတို့အားလုံး ကောင်တာသို့သွားကာ ငွေသားလဲဖို့လုပ်လိုက်သည့်အချိန်တွင်ပဲ လောင်းကစားဝိုင်းမန်နေဂျာက သူတို့ကိုတားလိုက်ကာ၊
“မိန်းကလေး၊ ကျွန်တော်တို့ဘော့စ်က သူနဲ့တစ်ပွဲလောက်ကစားဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်။”
“ရှင်တို့ရဲ့ဘော့စ်?” ကုနင်း မျက်ခုံးများပင့်မိသွားသည်။ မမျှော်လင့်ထားစွာပဲ သူတို့အဖွဲ့သည် ကီရင်းဂိုဏ်း၏အာရုံစိုက်မှုကို ရရှိသွားခဲ့ပြီဖြစ်ပေမည့် ကုနင်းကတော့ ယခုပြောနေသည့်ဘော့စ်ဆိုသူသည် ဤဖျော်ဖြေရေးလုပ်ငန်းကို တာဝန်ယူပေးနေသည့် တဆင့်ခံဘော့စ်လား တကယ့်ကီရင်းဂိုဏ်း၏ဘော့စ်လားကိုတော့ မသိပေ။ ကီရင်းဂိုဏ်း၏အဓိကခေါင်းဆောင်ကိုယ်တိုင် ထွက်လာတာရောမဖြစ်နိုင်ဘူးလား? ကုနင်းတွေးနေမိသည်။
“နင်းနင်း။” ချောင်ဝမ်ရှင်းနှင့်ထန်ကျားခိုင်လဲ စိုးရိမ်ပူပန်သွားရပေမည့် ချောင်မိသားစုနှင့် ထန်မိသားစုသည်လဲ Bမြို့တွင်ထိပ်တန်းအဆင့် အာဏာလွှမ်းမိုးမှုရှိသည့် မိသားစုများဖြစ်သောကြောင့် ကြောက်တော့မကြောက်မိပေ။ ကီရင်းဂိုဏ်းကလဲ ဘယ်လောက်အတိုင်းအတာအထိလုပ်ရမည်ကို နားလည်သင့်ပေသည်။ သို့သော်လည်း မတော်တဆတစ်ခုခုဖြစ်သွားခဲ့ရင်ရော?
“ကျွန်မဘက်က ငြင်းရင်ရော?” ကုနင်းပြန်မေးလိုက်သည်။
“ကျွန်တော်တို့ဘော့စ်ရဲ့ခွင့်ပြုချက်မရှိရင်တော့ ဒီတိုကင်ပြားတွေကို ငွေသားလဲလို့ရနိုင်မှာမဟုတ်ပါဘူး။” မန်နေဂျာက ခြိမ်းခြောက်လိုက်သည်။
ထိုခြိမ်းခြောက်စကားကိုကြားလိုက်ရတော့ ကုနင်း မကျေမနပ်ဖြစ်သွားကာ၊
“ဂရုမစိုက်ဘူး။ ဒါကယွမ်သန်း၃၀လောက်တင်ပါ။ ရှင်တို့ဘော့စ်က ဒီလောက်ငွေကိုတောင် အဆုံးရှုံးမခံနိုင်မှတော့ ဘာလို့များ လောင်းကစားဝိုင်းဖွင့်နေရသေးလဲ? ဒီယွမ်သန်း၃၀ဖိုး တိုကင်ပြားတွေကိုတော့ ရှင်တို့ဘော့စ်အတွက် ကျွန်မကဘောက်ဆူးပေးတယ်ပဲ သဘောထားလိုက်ပါ။”
ကုနင်းလုံးဝမကြောက်ပေမည့် သူတို့ဘက်က သေချာပေါက် ကောင်းသည့်အကြံစည်များရှိနေခြင်းမဟုတ်သည်ကိုသိ၍ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ပါ ပြဿနာထဲဝင်ပါမိမည်ကို စိုးရိမ်မိလေသည်။
“ဘာ?” ထိုမန်နေဂျာ ထိတ်လန့်သွားရသည်။ ကုနင်းက ယွမ်သန်း၃၀ကို အလွယ်တကူစွန့်လွှတ်လိုက်သောကြောင့် အလွန်အံ့အားသင့်သွားမိသည်။ သို့ပေမည့် မည်သို့ပင်ဖြစ်ပါစေ သူ့ဘော့စ်ကိုတွေ့ရန်အတွက် ကုနင်းအပေါ်ထပ်သို့သွားရပေမည်။ မဟုတ်လျှင် သူသေချာပေါက် အပြစ်ပေးခံရလိမ့်မည်။ ထို့ကြောင့် သူထပ်ပြီး ခြိမ်းခြောက်လိုက်ပြန်သည်။
“မိန်းကလေး၊ မင်းငါ့ရဲ့ဘော့စ်ကို တွေ့ဖို့ငြင်းမယ်ဆိုရင် မင်းဒီကမ္ဘာမြေကလပ်ရဲ့ တံခါးပေါက်ကနေပြန်ထွက်မသွားနိုင်မှာ စိုးရိမ်မိတယ်။”
“ခင်ဗျား…” ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ ဒေါသထွက်လာကြတော့သည်။ သူတို့လဲ သူတို့၏နောက်ခံအဆင့်အတန်းမှန်ကို ထုတ်ဖော်ပြကာ ထိုမန်နေဂျာနှင့် ရန်ဖြစ်တော့မည့်အချိန်တွင်ပဲ ကုနင်းက သူတို့ကိုတားလာသည်။
“ကောင်းတာပေါ့။ ရှင်ကျွန်ကို အောင်အောင်မြင်မြင်နဲ့ရန်စနိုင်သွားပြီ။ ရှင့်ရဲ့ဘော့စ်ကိုလိုက်တွေ့ပါမယ်။ ပြီးရင်တော့ ရှင့်ကိုလာတွေ့မယ်။” ကုနင်း မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခုကို ချိတ်ဆွဲရင်း စူးရှသည့်အကြည့်များဖြင့် ထိုမန်နေဂျာအားကြည့်လိုက်သောကြောင့် မန်နေဂျာလဲ အလွန်ကြောက်ရွံ့သွားရသည်။ ကုနင်းမှာ အရမ်းငယ်ရွယ်သေးသောကြောင့် အရမ်းအင်အားကြီးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ကြည့်ရတာတော့ သူရန်မစသင့်သည့်သူကို သွားရန်စမိပြီထင်သည်။ သို့ပေမည့် သူမဘယ်လောက်ပဲ အကြင်နာတရားမဲ့နိုင်ပါစေ ကီရင်းဂိုဏ်းထက်တော့ ပိုဆိုးနိုင်ပါဦးမလား? သို့ဖြစ်၍ ကုနင်း၏အကြည့်ကြောင့် မန်နေဂျာကြောက်ရွံ့သွားခဲ့သော်လည်း သိပ်ပြီး စိတ်ထဲထားမနေပေ။
“ငါ့နောက်ကလိုက်ခဲ့။ ဘာမှလဲမပြောနဲ့ ဘာမှလဲမလုပ်နဲ့။ ငါ့ကိုယုံထား။ ငါတို့အန္တရာယ်ကင်းကင်းနဲ့ ပြန်ထွက်နိုင်လိမ့်မယ်။” ကုနင်း ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကို ပြောလိုက်သည်။ သူတို့ကမ္ဘာမြေကလပ်အပြင်ဘက်သို့ရောက်သွားလျှင်တောင်မှ ကီရင်းဂိုဏ်းကဒီအတိုင်းလွှတ်ပေးလိုက်မည်မှာမသေချာသောကြောင့် သူမမပါဘဲ သူတို့နှစ်ယောက်ကို အရင်ပြန်မလွှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက် သူမအနားတွင် ဆက်ရှိနေခြင်းက ပို၍ စိတ်ချရလေသည်။
***
အခန်း ၄၂၈
ကီရင်းဂိုဏ်းခေါင်းဆောင် ချီထျန်းလင်
“ကောင်းပြီ။” ချောင်ဝမ်ရှင်းရော ထန်ကျားခိုင်ပါ သဘောတူလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး ကုနင်းကိုယုံကြည်ကြလေသည်။ အကယ်၍ ကုနင်းတစ်ယောက်တည်း ထိုကိစ္စကို ကိုင်တွယ်မဖြေရှင်းနိုင်လျှင် သူတို့အနားတွင်ရှိနေသ၍ သူတို့မိသားစုများ၏နောက်ခံဖြင့် ကာကွယ်ပေးနိုင်လေသည်။
မန်နေဂျာက သူတို့သုံးယောက်အား ၇လွှာသို့ခေါ်ဆောင်သွားခဲ့သည်။ သီးသန့်ဇိမ်ခံခန်းတစ်ခန်း၏အပြင်ဘက်တွင်တော့ တောင့်တင်းသည့် အရပ်ရှည်ရှည် သက်တော်စောင့်နှစ်ဦးရပ်နေကြသည်။ သူတို့သုံးယောက်ရောက်လာသည်နှင့် သက်တော်စောင့်တစ်ဦးက တံခါးကိုဖွင့်ပေးလိုက်သည်။
သူတို့အခန်းထဲသို့မဝင်သွားခင် ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် သီးသန့်ခန်းထဲမှအခြေအနေကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုထဲတွင် အမျိုးသား၃ဦးရှိနေကာ တစ်ယောက်သည်တော့ လောင်းကစားစားပွဲတစ်လုံး၏ရှေ့တွင် ပျင်းတိပျင်းရွဲ့ဖြင့် ထိုင်နေသည်။ ထိုလူ၏ပုံစံမှာ အလွန်ခန့်ညားပေမည့် ရန်လိုသည့်ပုံလဲပေါက်သည်။ ကုနင်းထိုလူကိုမြင်လိုက်သည်နှင့် ချက်ချင်းမှတ်မိသွားတော့သည်။ ထိုလူကတော့ ကီရင်းဂိုဏ်း၏ခေါင်းဆောင် ချီထျန်းလင်ပင်ဖြစ်သည်။ ကုနင်းအံ့ဩသွားမိသည်က ထိုလူနှင့် သူမ လူကိုယ်တိုင်တွေ့ဖူးထားခြင်းကြောင့်ပင်။ ချီထျန်းလင်၏ဘေးတစ်ဖက်တစ်ချက်စီတွင်တော့ သူ့နောက်လိုက်ဖြစ်ပုံရသည့် လူနှစ်ယောက် မတ်တပ်ရပ်နေလေသည်။
ဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်သည့်လူများဖြစ်ကာ လူကြားထဲဘယ်တုန်းကမှမထွက်ကြပေ။ သူတို့၏လူရင်းများမှလွဲ၍ အနည်းအကျဉ်းလောက်သာ သူ့ကို မြင်ဖူးကြလေသည်။ ကုနင်း ချီထျန်းလင်ကို သိနေရသည်ကလဲ သူမအရင်ဘဝတုန်းက သူနှင့် ပြဿနာဖြစ်ခဲ့ကာ အသတ်ခံရလုနီးပါးဖြစ်ခဲ့ဖူး၍ကြောင့်ပင်။
ချီထျန်းလင်သည် မောက်မာကာ ရက်စက်သည့်လူမျိုးဖြစ်သည်။ သူ့ရည်ရွယ်ချက်အောင်မြင်ဖို့ဆိုလျှင် ဘယ်လိုကိစ္စမျိုးကိုမဆိုလုပ်သည့်လူမျိုးပင်။ စစ်ထူယဲ့နှင့်ယှဉ်လျှင် ချီထျန်းလင်သည် ပို၍ပင်ကြောက်ဖို့ကောင်းပေသည်။ ဘယ်သူပဲ သူ့ကို စိတ်အနှောက်အယှက်ပြုမိပစေ ထိုလူကို ကိုယ်တိုင်ပြန်သတ်မည်ဖြစ်သည်။ သို့ပေမည့် ချီထျန်းလင်သည် ပြောင်းလဲတတ်သည့်လူမျိုးဖြစ်ကာ တစ်ခါတစ်ရံ သူလုပ်ကိုင်လိုက်သည့်အရာများသည် မခန့်မှန်းနိုင်ဘဲ အံ့အားသင့်မိရသည်ချည်းသာ။
ယခင်ဘဝတုန်းက သူမ ချီထျန်းလင်၏လက်ထဲတွင် အသတ်ခံရလုပ်နီးနီးဖြစ်ခဲ့ခြင်းမျိုးကဥပမာပင်။ နောက်ဆုံးတွင်တော့ ချီထျန်းလင်က သူမလွှတ်ပေးခဲ့ပြီး သူမကသာ ကိုယ့်ကိုကိုယ်ထိခိုက်ခံပြီး ချီထျန်းလင်ကို စိန်ခေါ်ရဲသည့် ပထမဆုံးလူဖြစ်သောကြောင့် သူမအသတ်ကိုပင်ပြန်ကယ်ခဲ့သေးသည်။ ထို့အပြင် ချီထျန်းလင်သည် အာဏာပါးကွက်သားမဟုတ်သောကြောင့် သူ့သဘောမကျသည့်လူတိုင်းကိုတော့ သတ်ခြင်းမဟုတ်ပေ။
ချီထျန်းလင်သည် သူ၏ကီရင်းဂိုင်းကို အလွန်ဂရုစိုက်ကာ ကီရင်းဂိုဏ်း၏အနေအထားကို ခြိမ်းခြောက်နိုင်သည့် အာဏာကြီးသူများကိုတော့ ပေါ်ပေါ်ထင်ထင် အနှောက်အယှက်မပြုပေ။ သို့ပေမည့် သူလုပ်သည်ကို ဘယ်သူမှမသိနိုင်သည့် နည်းများဖြင့်တော့ တိုးတိုးတိတ်တိတ်ကြံစည်လေသည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကသာ သူတို့၏မိသားစုနောက်ခံများအကြောင်းကိုပြောလိုက်လျှင် ချီထျန်းလင်လဲ သူတို့ကိုပြဿနာရှာလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ကုနင်းကထိုသို့ မထုတ်ဖော်လိုက်စေချင်ပေ။ ချီထျန်းလင်က သူတို့က ချောင်မိသားစုနှင့် ထန်မိသားစုကမှန်းသိ၍ ပြန်လွှတ်ပေးလိုက်မည်ဖြစ်သော်လည်း ချောင်မိသားစု သို့မဟုတ် ထန်မိသားစုဘက်ကို တိုးတိုးတိတ်တိတ်ဖြင့် ထိခိုက်အောင် သူကြံစည်လိုက်မလားကိုတော့ ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ကုနင်း သူမဘာသာ ဤကိစ္စကိုကိုင်တွယ်ဖြေရှင်းရန်ဆုံးဖြတ်လိုက်သည်။ ငွေသည်အဓိကမဟုတ်ဘဲ သူတို့ ဘေးကင်းဖို့ကသာ အဓိကကျလေသည်။
ကုနင်းတို့အထဲသို့ဝင်လိုက်သည်နှင့် ချီထျန်းလင်ကို သေချာတွေ့လိုက်ပေပြီ။ ချီထျန်းလင်၏ပုံစံမှာ အလွန်အန္တရာယ်များလှသော်လည်း ကုနင်းကတော့ သူနှင့်မျက်လုံးချင်းစုံကြည့်ဖို့ မကြောက်ရွံ့နေပေ။
ချီထျန်းလင်သည်လဲ ကုနင်း သူနှင့်မျက်လုံးချင်းဆိုင်ကြည့်နေရသောကြောင့် အံ့ဩသွားပေမည့် အခုလိုကြည့်ရဲသည်က သူမသတ္တိပဲရှိလို့လား တုံးအလို့လားဆိုသည်ကတော့ သေချာမသိသေးပေ။ ထိုသို့တွေးရင်းဖြင့် သူလဲ ကုနင်းကိုဆက်ပြီးဆိုက်ကြည့်နေကာ အကြည့်များက ပို၍ပို၍ပင် အေးစက်လာတော့သည်။ သို့ပေမည့် ကုနင်းကတော့ ချီထျန်းလင်၏အကြည့်များ မည်မျှအေးစက်လာပါစေ ကြောက်ရွံ့မသွားပေ။
သူတို့နှစ်ယောက် ၁၀မိနစ်ကျော်ကြာသည်အထိ အကြည့်ချင်းစစ်ခင်းနေကြကာ နှစ်ယောက်လုံးအဆင်ပြေနေကြပေမည့် အနားရှိလူများကတော့ သူတို့နှစ်ယောက်၏ ပြင်းထန်သည့်အရှိန်အဝါများကြောင့် အသက်ပင်မရှူနိုင်ကြပေ။
တကယ်တော့ ကုနင်းသည် သူမ၏အကြည့်များတွင် စွမ်းအားများကိုထည့်သွင်းအသုံးပြုကာ ပို၍အေးစက်စေသေောကြာင့် ချီထျန်းလင်လဲ အနည်းငယ်ဖိအားခံစားနေရသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ချီထျန်းလင် စိတ်ရှုပ်လာတော့သည်။ ဤသို့မိန်းမငယ်လေးတစ်ယောက်၏အကြည့်ကို ရှုံးနိမ့်သွား၍ သူစိတ်အနှောက်အယှက်ဖြစ်သွားခဲ့ပေမည့် ကုနင်း၏အကြည့်များကြောင့် အမှန်တကယ်ဖိအားခံစားရသည်ကိုတော့ မငြင်းနိုင်ပေ။
ချီထျန်းလင်လဲ ချက်ချင်းပင် သူ့မျက်စိရှေ့တွင်ရှိနေသည့် မိန်းကလေးမှာ သာမာန်မဟုတ်ကြောင်း သိလိုက်တော့သည်။ သို့ပေမည့် ကုနင်းအပေါ်ပို၍ပင် စိတ်ဝင်စားမှုတိုးပွားလာတော့သည်။ ထို့အပြင် ဤမိန်းကလေး၏အကြည့်များသည် သူပထမဆုံးအကြိမ်စိတ်ဝင်စားမိသည့် မိန်းကလေးနှင့် ဆင်တူလွန်းနေသည်ဟုတောင် တွေးနေမိသည်။ စိတ်မကောင်းစွာဖြင့် ထိုမိန်းကလေးကတော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် သူလဲ သူမကိုအချိန်ပေးကာ အတူရှိနေမိပေမည်။
“ကောင်းတယ်။” ချီထျန်းလင် ရုတ်တရက် စကားစပြောကာ သူတို့ကြားမှ အေးစက်သည့်အခြေအနေကိုဖြိုခွဲလိုက်သည်။
“မင်းတကယ်ကိုတော်ပါတယ်။”
“ရှင်လင်းတော်ပါတယ်။” ကုနင်းအေးအေးဆေးဆေးပင်ပြန်ဖြေလိုက်သည်။
တကယ်တော့ ချီထျန်းလင်က သူမ၏လောင်းကစားစွမ်းရည်ကို စိန်ခေါ်လိုခြင်းမဟုတ်ဘဲ စိတ်စွမ်းအားမည်မျှကောင်းမွန်လဲကို သိချင်ခြင်းသာဖြစ်သည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကတော့ ထိုလူကို ကီရင်းဂိုဏ်း၏ခေါင်းဆောင်ဟု မသိကြသော်လည်း မြေကမ္ဘာကလပ်၏ဘော့စ်ဖြစ်သောကြောင့် သူကအနည်းဆုံးကီရင်းဂိုဏ်း၏အကြီးအကဲတစ်ဦးဖြစ်လိမ့်မည်ဟု ခန့်မှန်းမိကြသည်။
“ထွက်သွားတော့!” ချီထျန်းလင်က မန်နေဂျာအားပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။” မန်နေဂျာလဲ ပြန်ဖြေပြီးသည်နှင့် ထွက်သွားတော့သည်။
ထို့နောက် ချီထျန်းလင်က ကုနင်းဘက်ကိုပြန်လှည့်လိုကက်ာ၊
“တစ်ပွဲလောက်ကစားကြရအောင်!” သူ့အသံမှာ အလွန်အထက်စီးဆန်လှလေသည်။
ကုနင်းလဲ ဤနေရာသို့ရောက်နေပြီးပြီဖြစ်သောကြောင့် ငြင်းမနေတော့ပေ။ ထို့ကြောင့် လောင်းကစားစားပွဲဆီသို့လျှောက်သွားလိုက်ကာ ချီထျန်းလင်နှင့်ဆန့်ကျင်ဘက်တွင်ထိုင်လိုက်ပြီး၊
“ကျွန်မတို့ ဘာကစားကြမလဲ?”
“အံစာတုံး။ အံစာ၃တုံးခေါက်ပြီး ဂဏန်းကိုခန့်မှန်းကြတာပေါ့။” ချီထျန်းလင်ကပြောလိုက်သည်။
ကုနင်းခပ်ဖွဖွပြုံးလိုက်ကာ၊
“လောင်းကြေးကရော?”
“မင်းဘာကိုလောင်းချင်လဲ?”
“ယွမ်၃ဘီလီယံ ဒါမှမဟုတ် ဒီမြေကမ္ဘာကလပ်ရဲ့ရှယ်ယာ၃၀ရာခိုင်နှုန်း။” အကယ်၍ သူမကသာ သူမကြွယ်ဝမည့် အခွင့်ရေးကိုလက်လွှတ်ခံလိုက်မည်ဆိုလျှင် ကုနင်းမပီသတော့ပေ။
“ဘာ?” လူတိုင်း ထိတ်လန့်သွားကြသည်။
“မင်းကများ ငါတို့ဘော့စ်ကို ဒီလိုပုံစံမျိုးပြောရဲတယ်ပေါ့! သူဘယ်သူဆိုတာမင်းသိ….” ချီထျန်းလင်ဘေးမှ သက်တော်စောင့်တစ်ဦးက ဝင်ပြောလိုက်ပေမည့် စကားဆုံးသည်အထိမပြောလိုက်နိုင်ခင်တွင်ပဲ ကုနင်းကကြားဖြတ်ကာ၊
“သူဘယ်သူဖြစ်ဖြစ် ကျွန်မဂရုမစိုက်ဘူး။ ဒီကိုလောင်းကစားလုပ်ဖို့ရောက်လာတာ။ ရှင်တို့ လောင်းကြေးကို မတတ်နိုင်ရင်တော့ မလောင်းကြရုံပဲပေါ့။”
“မင်း…” ထိုလူက ထပ်ပြောချင်နေပေမည့် ချီထျန်းလင်က လက်ဟန်ပြကာ တားလိုက်သည်။
ချီထျန်းလင်က ကုနင်းကို စိုက်ကြည့်လိုက်ပေမည့် စိတ်မဆိုးမိဘဲ ထိုမိန်းကလေးအား ပို၍ပင် စိတ်ဝင်စားသွားကာ၊
“မင်းငါ့ကို နိုင်နိုင်မယ်လို့ ဘာလို့ဒီလောက်တောင်ယုံကြည်ချက်ရှိနေတာလဲ?”
“တကယ်လို့ ကျွန်မရှုံးသွားရင်တောင် ဒါကယွမ်၃ဘီလီယံလေးပါ။ ဒီလောက်တော့ တတ်နိုင်ပါတယ်။” ကုနင်းထိုသို့ပြောလိုက်ပေမည့် သူမမရှုံးနိုင်ဘူးဆိုသည်ကို ယုံကြည်ချက်ရှိထားပြီးဖြစ်သည်။
ကုနင်းက တမင် ထိုစကားကိုပြောခြင်းဖြစ်၍ ချီထျန်းလင် ဒေါသထွက်သွားတော့သည်။ ကုနင်းကလောင်းကြေးကိုတတ်နိုင်နေမှတော့ သူ့လိုကီရင်းဂိုဏ်းခေါင်းဆောင်က မတတ်နိုင်ဘူးဆိုလျှင် အရှက်ရစရာကောင်းပေမည့် အခုကလဲ နောက်ဆုံးဘယ်လိုအဆုံးသတ်မလဲဆိုသည်ကို ပြောနေဖို့ရန်က စောသေးလေသည်။
“ကိစ္စမရှိဘူး။ ယွမ်၃ဘီလီယံပေါ့။”
“ဘယ်သူအရင် အံစာခွကိုခေါက်မလဲ?”
“လောစရာမလိုပါဘူး။ အရင်ဆုံးသဘောတူညီချက်ရေးကြရအောင်။” ကုနင်း ချီထျန်းလင်ကို မယုံကြည်ပေ။
“မင်းကများ ငါတို့ဘော့စ်ကို သံသယဝင်ရဲတယ်!” အစောက သက်တော်စောင့်ကပဲ ကုနင်းကို ထပ်ပြီးအပြစ်တင်မာန်မဲလိုက်ပြန်သည်။
ကုနင်းကတော့ စိတ်မဆိုးဘဲ ထိုလူကို တည့်တည့်ကြည့်လိုက်ကာ၊
“ရှင့်ဘော့စ်ကတောင် ဘာမှမပြောသေးဘူး။ ဘာလို့တစ်ချိန်လုံးအော်ဟစ်နေတာလဲ? ရှင့်ကိုရှင် ဒီနေရာရဲ့တကယ့်ပို်ငရှင်အစစ်လို့ထင်နေတာလား?”
“အဓိပ္ပါယ်မရှိလိုက်တာ!” ထိုလူအလွန်ဒေါသထွက်သွားတော့သည်။
“တော်သင့်ပြီ။” ချီထျန်းလင်က သူ့ကိုတားလိုက်ကာ ကုနင်းကို စိုက်ကြည့်ပြီး ရန်စလိုက်သည်။
“ကောင်မလေး၊ မင်းက ဒီနေရာကိုလာပြီး တော်တော်ပြဿနာရှာနိုင်တာပဲ! ဒါပေမယ့် သူတို့က နှစ်ပေါင်းများစွာ ငါ့နောက်လိုက်ပြီး အန္တရာယ်များစွာကို ကျော်ဖြတ်လာကြတာ။ မင်းလိုအပြင်လူတစ်ယောက် သွေးခွဲရုံလောက်နဲ့မရဘူး။”
***
အခန်း ၄၂၉
အကျိုးဆက်ကို လက်ခံနိုင်ရဲ့လား?
ကုနင်း ဂရုမစိုက်ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်ကာ၊
“ဒါတော့ ရှင်တို့အပိုင်းလေ။ ဒါပေမယ့် အရင်ဆုံးသဘောတူစာချုပ်ကိုတော့ရေးရမယ်။”
“သဘောတူညီချက်ရေးလိုက်ရင်တောင် နောက်မှငါ့ဘက်က စိတ်ပြောင်းသွားခဲ့ရင်ကော မင်းဘာလုပ်နိုင်မှာလဲ?” ချီထျန်းလင်ပြန်ပြောလိုက်သည်။ သူ့အမြင်တွင်တော့ သဘောတူညီချက်စာချုပ်ချုပ်ဖို့ရန် မလိုအပ်နေပေ။
“တကယ်လို့ ရှင်ရှုံးသွားခဲ့ရင် စိတ်ပြောင်းသွားမယ်လို့ ပြောချင်တာလား?”
“အဲ့လိုဆိုရင်ရော။”
“ဂရုမစိုက်ပါဘူး။ ဘာလို့ဆို ကျွန်မပိုင်ဆိုင်ထားပြီးသားအရာကို ဘယ်သူမှပြန်မခိုးယူနိုင်ကြဘူးလေ။” ကုနင်း သူမလိုချင်သည်ကို သေချာပေါက် အရယူနိုင်သည်ဟု ယုံကြည်ချက်ရှိသောကြောင့် ချီထျန်းလင် တစ်ခုခုကြံစည်လာမည်ကို ဂရုမစိုက်ပေ။
“စကြရအောင်!”
ထို့နောက် ကုနင်းနှင့် ချီထျန်းလင်တို့စတင်ကာ အံစာခွက်များကိုခေါက်တော့သည်။
ချီထျန်းလင်၏နောက်လိုက်နှစ်ဦးကတော့ သူတို့ဘော့စ်သေချာပေါက်နိုင်မည်ဟု ယုံကြည်နေကြပေမည့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်သည်တော့ အလွန်စိုးရိမ်နေကာ လက်ဖဝါးများတွင် ချွေးများဖြင့်ပင် စိုစွတ်လာတော့သည်။ သူတို့နှစ်ယောက်သည်လဲ ကုနင်းအနိုင်ရန်အတွက် မျှော်လင့်နေမိကြသည်။
အချိန်ခနကြာသည့်နောက်တွင်တော့ သူတို့နှစ်ယောက်လုံးတစ်ပြိုင်နက်တည်း အံစာခွက်ကိုချလိုက်ကြသည်။
“မင်းအရင်ပြောပါ။” ချီထျန်းလင်ပြောလိုက်သည်။
ကုနင်းလဲ သူ၏ကျောက်စိမ်းမျက်ဝန်းဖြင့် အံစာခွက်ကို ထွင်းဖောက်ကာ အထဲမှကိန်းဂဏန်းကိုကြည့်လိုက်ပြီး၊
“၁၂”
ချီထျန်းလင်၏တပည့်များကတော့ဖြင့် ကုနင်းမှန်မည်ဟု လုံးဝမယုံကြည်နေကြပေ။ ချီထျန်းလင်ကတော့ သူကိုယ်တိုင်လဲ အထဲတွင် ၁၂ဟုတ်လားမဟုတ်လားဆိုသည်ကို သေချာမသိပေမည့် ဖြစ်နိုင်ချေများသည်ဟု ထင်နေမိသည်။
ချီထျန်းလင် အံစာခွက်ကိုဖွင့်လိုက်ချိန်တွင်တော့ အထဲတွင် အမှန်တကယ်၁၂ရှိနေသောကြောင့် သူ့အတွက်အန္တရာယ်များသည့် အခြေအနေသို့ရောက်ရှိသွားလေသည်။ သူသာမှားသွားသည်နှင့် အမှန်တကယ်ရှုံးတော့မည်။
ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကတော့ စိတ်လျုပ်ရှားလွန်း၍အော်မိလုနီးပါးဖြစ်နေကြကာ ချီထျန်းလင် ရှုံးသွားရန်အတွက် ဆုတောင်းနေတော့သည်။
“၁၇” ချီထျန်းလင် ဖြေလိုက်သည်။
ကုနင်း အသာပြုံးလိုက်ကာ သူမ၏အံစာခွက်အားဖွင့်ပြလိုက်တော့သည်။ မမျှော်လင့်ထားစွာပဲ အထဲတွင် ၆သုံးလုံးဖြင့် စုစုပေါင်း၁၈ရှိနေခဲ့ပေသည်။
“ရှင်ရှုံးသွားပြီ။” ကုနင်းထိုသို့ပြောလိုက်သည့် အချိန်တွင် ရလဒ်ကိုကြိုတင်သိထားပြီးသလိုမျိုး စိတ်လှုပ်ရှားခြင်းမရှိသလို ဂုဏ်မောက်နေသည့်ပုံစံလဲလုံးဝမပြပေ။ ထို့နောက် သူမ၏ဘဏ်အကြောင့်ကိုရေးထားသည့် စာရွက်အတိုလေးတစ်ရွက်ကိုထုတ်ကာ ချီထျန်းလင်ထံသို့ ပစ်ပေးလိုက်ပြီး၊
“ငွေကို ဒီအကောင့်ထဲလွှဲပေး။”
ချီထျန်းလင်လဲ ထိုစာရွက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကုနင်းကိုပြန်ကြည့်လိုက်ကာ၊
“ငါကမပေးဘူးဆိုရင်ရော? ဒါကငါ့နယ်မြေပဲ၊ ဒီတော့ မင်းငါ့ကိုဘာများပြန်လုပ်နိုင်မှာလဲ?”
ချီထျန်းလင် စိတ်ပြောင်းသွားပြီမှန်းသိလိုက်ရ၍ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားတော့သည်။ ချောင်ဝမ်ရှင်းက ချီထျန်းလင်ကို ပြန်ပြောဖို့ပြင်လိုက်ပေမည့် ကုနင်း သူတို့ကို သတိပေးထားသည်အား ပြန်သတိရသွားသောကြောင့် အသာတိတ်နေလိုက်တော့သည်။
ကုနင်းလဲ ဘာမှမပြောဘဲ ချီထျန်းလင်ကို အပြုံးပါးလေးတစ်ခုဖြင့် ပြန်ပြီးစိုက်ကြည့်နေခဲ့ပေမည့် ထိုအကြည့်များတွင် အန္တရာယ်အငွေ့အသက်များ အပြည့်ပါဝင်နေလေသည်။
“သေချာပြီလား?” ကုနင်း ထူးမခြားနားလေသံဖြင့်မေးလိုက်ပေမည့် နောက်ဖြစ်လာမည့်မုန်တိုင်းအတွက်ကိုတော့ သူမစိတ်ကိုသူမပြင်ဆင်ထားလို့နေပေပြီ။
တကယ်တော့ ချီထျန်းလင်သည် အမှန်တကယ်စိတ်ကူးပြောင်းကာ လောင်းကြေးကို မပေးချင်ခြင်းမဟုတ်ဘဲ ကုနင်းဘယ်လိုတုံ့ပြန်မလဲဆိုသည်ကို အရမ်းသိချင်နေမိ၍သာ ရန်စလိုက်ခြင်းဖြစ်သည်။ ကုနင်း၏စကားကိုကြားလိုက်ရတော့ ကုနင်းတစ်ခုခုလှုပ်ရှားတော့မည်ကို သိလိုက်၍ ပို၍ပင် စိတ်လှုပ်ရှားတက်ကြွသွားတော့သည်။
“ကောင်းပြီလေ၊ ရှင်နောက်မှနောင်တမရသွားဖို့ မျှော်လင့်ပါတယ်။” ကုနင်းအေးစက်စွာပြောလိုက်ပြီးနောက် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကို ထခိုင်းလိုက်ကာ၊
“သွားရအောင်။”
ကုနင်းဘာမှမလုပ်ဘဲ ထထွက်သွားသောကြောင့် ချီထျန်းလင် စိတ်ပျက်မိသွားကာ၊
“ငါမင်းတို့ကို သွားခွင့်ပေးလိုက်လို့လား?”
ချီထျန်းလင်၏စကားမဆုံးသေးခင်တွင်ပဲ သူ့နောက်မှသက်တော်စောင့်နှစ်ဦးက ချက်ချင်းရှေ့တက်လာကာ ကုနင်းတို့သုံးဦးအား သေနတ်များဖြင့် ချိန်ထားလိုက်တော့သည်။
ယခုအချိန်တွင်တော့ ကုနင်းအမှန်တကယ်ဒေါသထွက်သွားပေပြီ။ တကယ်တော့ ကုနင်းက ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့၏လုံခြုံရေးကို စိုးရိမ်သောကြောင့်သာ သူတို့ကို အပြင်ခေါ်ထုတ်သွားပြီးမှ ချီထျန်းလင်ဆီသို့ ပြန်လာတွေ့ရန်စီစဉ်ထားခြင်းဖြစ်သည်။ မမျှော်လင့်ထားဘဲ ချီထျန်းလင်က သူမတို့အားလုံးကို ထွက်ခွာခွင့်မပေးပေ။
ကုနင်းလဲ အချိန်ဆွဲမနေဘဲ ထိုသက်တော်စောင့်နှစ်ဦးကို စတင်တိုက်ခိုက်လိုက်တော့သည်။ လျင်မြန်ဖျတ်လတ်သည့် လှုပ်ရှားချက်များစွာအပြီးတွင်တော့ ကုနင်း ထိုသက်တော်စောင့်နှစ်ဦး၏ လက်ကောက်ဝတ်ကို လိမ်ချိုးကာ လက်မောင်းကိုလဲ အဆစ်လွဲအောင်လုပ်လိုက်ပြီးသေနတ်များကို လုယူလိုက်သည်။
ထို့နောက်တွင်တော့ ကုနင်း ထိုသက်တော်စောင့်နှစ်ဦးက ထပ်ကန်လိုက်ပြန်သည်။ သူမ၏စွမ်းအားများကိုပါ ထည့်သွင်းအသုံးပြုထားသောကြောင့် ထိုသက်တော်စောင့်နှစ်ဦးလုံး လွင့်ထွက်သွားကာ အချိန်တိုအတွင်းတော့ ပြန်ထလာနိုင်တော့မည်မဟုတ်ပေ။
ကုနင်း အတိုက်အခိုက်ကောင်းလွန်းနေသည်ကို မြင်လိုက်ရ၍ ချီထျန်းလင် အလွန်အံ့အားသင့်သွားရကာ ခေတ္တမျှ မှင်သက်နေမိတော့သည်။ ထိုအချိန်တိုလေးအတွင်းမှာပဲ ကုနင်းလဲ အခွင့်ရေးကို အမိအရယူကာ သက်တော်စောင့်နှစ်ဦးဆီမှလုထားသည့် သေနတ်နှစ်လက်ကို ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ဆီသို့ပစ်ပေးလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် စစ်တပ်တွင်တာဝန်ထမ်းဆောင်ဖူးကြသောကြောင့် သေနတ်တစ်လက်ကို အသုံးပြုနိုင်ရန်က သူတို့အတွက်လွယ်ကူသည့် ကိစ္စပင်။
ချီထျန်းလင်လဲ ဒေါသထွက်သွားကာ ချက်ချင်းပင် သူ့သေနတ်ကိုဆွဲထုတ်လိုက်ပြီး ကုနင်းကို ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့၏သေနတ်နှစ်လက်သည်လဲ ချီထျန်းလင်အား ချိန်ရွယ်ထားခဲ့သည်။
ချီထျန်းလင် အေးစက်စက်ရယ်မောလိုက်ကာ၊
“ဒီနေရာက ငါ့ပိုင်နက်ပဲ။ မင်းတို့လွတ်နိုင်လိမ့်မယ်လို့ တကယ်ကြီးထင်နေကြတာလား?”
ကုနင်းတို့အဖွဲ့ ဤနေရာမှ ဘေးကင်းကင်း ထွက်သွားနိုင်မည်ဟု ချီထျန်းလင်မယုံကြည်သော်လည်း ကုနင်းက သူတွေးထားသည်ထက်ကိုပင် ပို၍စိတ်ဝင်စားဖို့ကောင်းသည့် မိန်းကလေးဖြစ်ကြောင်းကိုတော့ ဝန်ခံမိသည်။ သူမသည့် အံ့ဩစရာကောင်းလောက်အောင် လျင်မြန်လွန်းပြီး သူ့သက်တော်စောင့်နှစ်ယောက် ပြန်မတိုက်ခိုက်နိုင်တွင်ပဲ အနိုင်ယူသွားခဲ့သည်။ သူတို့က မိန်းမငယ်လေးတစ်ယောက်ကိုတောင်မှ နိုင်အောင် မတိုက်နိုင်မှတော့ သေချာပေါက် အသုံးမဝင်သည့်လူများဖြစ်ကာ သက်တော်စောင့်အသစ်လဲဖို့ရန် အချိန်ကျသွားပေပြီ။
“စမ်းကြည့်လေ!” ကုနင်းယုံကြည်ချက်အပြည့်ပြောလိုက်ကာ လှောင်ပင်လှောင်ပြောင်လိုက်သေးသည်။
“ကီရင်းဂိုဏ်းရဲ့ခေါင်းဆောင်က ကိုယ်တိုင်ဆုံးဖြတ်ထားပြီးဖြစ်လာတဲ့ အကျိုးဆက်ကိုတောင် လက်မခံနိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်နေမယ်လို့ ကျွန်မမမျှော်လင့်ထားမိဘူး။ ရှင်အရှုံးမခံနိုင်မှတော့ လောင်းကစားမလုပ်နဲ့လေ။ ကျွန်မတောင် ရှင့်အစားရှက်မိတယ်။”
ထိုစကားကိုကြားလိုက်ရတော့ ချောင်ဝမ်ရှင်းနှင့်ထန်ကျားခိုင်တို့ အံ့ဩသွားကြတော့သည်။ ဘာ? သူက ကီရင်းဂိုဏ်းရဲ့ခေါင်းဆောင်လား? ပြီးတော့ ကုနင်းက ချီထျန်းလင်ကို မျက်နှာချင်းဆိုင်ပြီးတောင် ပြောရဲဆိုရဲနေသေးတယ်?
ချီထျန်းလင် ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်လို အကြည့်များဖြင့် ကုနင်းကို စိုက်ကြည့်လိုက်သည်။ သူသည်လဲ ကုနင်း သူ့ကိုသိနေသောကြောင့် အံ့ဩသွားခဲ့သလို အခုလိုမျက်နှာခြင်းဆိုင် အရှက်ခွဲရဲနေသောကြောင့်လဲ စိတ်တိုသွားရသည်။ ကုနင်းက သူ့အစားသူမရှက်မိတယ်လို့တောင် ပြောရဲသေးတယ်! ဟုတ်ပါတယ်! သူရှုံးခဲ့ပေမယ့် ကုနင်းဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိချင်လို့ လောင်းကြေးမပေးဖို့လုပ်ခဲ့တယ်။ ဒါပေမယ့်လဲ သူ့ကိုယ်ကျင့်တရားအတွက် ကုနင်းအထင်သေးသည့်အဆင့်ထိသာ ဖြစ်သင့်လေသည်။
ကုနင်းက သူဘယ်သူဆိုတာကို သိသိရက်နှင့်တောင်မှ သူ့ကိုစော်ကားရဲခြင်းက ချီထျန်းလင်၏အာဏာလွှမ်းမိုးနိုင်စွမ်းကို စိန်ခေါ်လိုက်ခြင်းမျိုးဖြစ်နေသောကြောင့် အတော်လေးစိတ်တိုသွားရသည်။
“မင်းငါဘယ်သူလဲဆိုတာကို သိနေမှတော့၊ ငါ့စိတ်ကို ဘယ်သူမှလာမပြောင်းနိုင်ဘူးဆိုတာကိုလဲ မင်းသိထားသင့်တယ်။”
“ရှင့်စိတ်ကို ဘယ်သူမှမပြောင်းနိုင်ဘူးတဲ့လား? ကျွန်မလဲအတူတူပဲ။ ကျွန်မဖြစ်ချင်တာကို ဘယ်သူမှလာမတားနိုင်ဘူး။”
“ဒီတော့ ရှင်မသေချင်သေးရင် ကျွန်မတို့ကိုလွှတ်ပေးပြီး ယွမ်၃ဘီလီယံကို ကျွန်မဘဏ်အကောင့်ထဲထည့်ပေးလိုက်။” ပြဿနာကတက်ပြီးနေမှတော့ ကုနင်းလဲ ဆက်ပြီးသည်းခံမနေတော့ပေ။
ချီထျန်းလင် မျက်ခုံးများပင့်လိုက်မိကာ၊
“မင်းက ငါ့ကိုခြိမ်းခြောက်တယ်ပေါ့? ငါ့ကိုခြိမ်းခြောက်ရဲတဲ့ ဘယ်သူမဆို မိန်းမတွေအပါအဝင် ဇာတ်သိမ်းမကောင်းဘူးဆိုတာကို သိရဲ့လား?” အမှန်ပင် ချီထျန်းလင်သည် အလှအပ ဆွဲဆောင်၍ရသူမဟုတ်ပေ။
“ရှင်လဲ ကျွန်မကိုအခုပြန်ခြိမ်းခြောက်နေတာပဲမဟုတ်ဘူးလား?”
ကုနင်း သူ့တစ်ပုံစံတည်းပြန်ဖြေလိုက်လိမ့်မည်ဟု ချီထျန်းလင်မထင်ထားမိပေ။
“ပြောတာကောင်းတယ်!” ကုနင်းက သူ့ကိုခြိမ်းခြောက်လိုက်ချိန်မှစ၍ ချီထျန်းလင်လဲ လုံးဝသည်းမခံနိုင်တော့ပေ။
“မင်းက ငါ့လူတွေရဲ့လက်ကိုချိုးပြီး ငါ့ငွေကိုလဲ ထပ်လိုချင်နေသေးတာလား? ငါသဘောတူမယ်လို့ ထင်နေတာလား?”
“ကျွန်မကို သေနတ်နဲ့အရင်ချိန်ခဲ့တာ ရှင့်လူတွေလေ။ ဒါကြောင့် သေနတ်နဲ့မချိန်နိုင်အောင် သူတို့လက်ကိုချိုးပေးလိုက်ရုံပါ၊ ဒါကတရားမျှတပါတယ်။” ကုနင်းအေးဆေးသာပြန်ပြောလိုက်သည်။
“ဒါဆို မင်းသူငယ်ချင်းတွေက ငါ့ကို သေနတ်နဲ့ချိန်ထားကြတယ်လေ။ ဒီတော့ ငါသူတို့ကိုဘာပြန်လုပ်သင့်လဲ?” ချီထျန်းလင် အန္တရာယ်အငွေ့အသက်များ ပြည့်လျှံနေသည့် အကြည့်များဖြင့် စိုက်ကြည့်ခဲ့သည်။
***
အခန်း ၄၃၀
ယွမ်၃ဘီလီယံရရှိခြင်း
“ရှင်ကသာ ကျွန်ကို သေနတ်နဲ့အရင်ချိန်ထားတာလေ။” ကုနင်းချက်ချင်းပြန်ခံပြောလိုက်သည်။
ချီထျန်းလင်လဲ ရုတ်တရက်ကြောင်အသွားတော့သည်။ ဒီမိန်းကလေး ချက်ချင်းကို ပြန်ပြောနိုင်တာပဲ ပြီးတော့ ဟာကွက်ကို ချက်ချင်းထိသွားအောင်ပြောနိုင်သေးတယ်။ ချီထျန်းလင်ပြုံးလိုက်ကာ ကုနင်းနှင့်ပြဿနာတက်ရသည်ကို ပျော်ရွှင်လာခဲ့ပြီး၊
“မိန်းကလေး၊ မင်းက ငါမင်းအပေါ်စိတ်ဝင်စားမှုတွေမြင့်လာအောင်လုပ်နိုင်တာပဲ။”
“ကျွန်မကို စိတ်ဝင်စားတဲ့ယောက်ျားတွေက ရေတွက်လို့တောင်မရဘူး။”
“ဟုတ်တာပေါ့၊ မင်းလိုမိန်းကလေးမျိုးက တဖက်သားကို စိတ်ဝင်စားလာအောင် အလွယ်လေးလုပ်နိုင်တာပဲ။” ချီထျန်းလင်မငြင်းပေ။ သို့ပေမည့် ရုတ်ချည်းပင် လေသံပြောင်းသွားကာ၊
“ဒါပေမယ့် ငါကလဲ ငါလိုချင်တာမှန်သမျှ မရဘူးဆိုတာ လုံးဝမရှိခဲ့ဘူး။ မိန်းမတစ်ယောက်ဆိုရင်တောင်မှပေါ့။” ပြောနေရင်းဖြင့် ချီထျန်းလင်ကို ကုနင်းကိုသာ စိုက်ကြည့်နေလိုက်သည်။ တစ်နည်းပြောရလျှင် သူသာ သူမကိုလိုချင်ရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူမည်ဟု ပြောလိုက်ခြင်းပင်။
ကုနင်းသည်လဲ ချီထျန်းလင်၏အကျင့်စရိုက်ကို အတိုင်းအတာတစ်ခုအထိ သိရှိထားပြီးဖြစ်သောကြောင့် သူပြောသည့်စကားများကို သံသယမဝင်မိပေ။ သို့ပေမည့် သူမကို ရဖို့ရန်ကလဲမဖြစ်နိုင်ပေ။
“ကြည့်ရသေးတာပေါ့။ ဒါပေမယ့် အခုတော့ ကျွန်မကို ရှင်လောင်းကြေးငွေတွေပေးသင့်တယ်။”
“ကောင်းပြီလေ၊ ယွမ်၃ဘီလီယံလောက်ပဲကို ငါတတ်နိုင်ပါတယ်။” ချီထျန်းလင် သေနတ်ကိုပြန်ချလိုက်ပြီး ကုနင်း၏ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးရန်အတွက် ဖုန်းဆက်ညွှန်ကြားလိုက်သည်။
ကုနင်းလဲ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်ကို ကြည့်ကာ သေနတ်ကိုချလိုက်ရန် အချက်ပေးလိုက်သည်။ ထို့နောက် သူမ သက်တော်စောင့်နှစ်ဦးထံသို့လျှောက်သွားလိုက်သည်။ သူမကတော့ ထိုနှစ်ဦး၏ဒဏ်ရာများကို ကုသပေးရန် ရည်ရွယ်ပေမည့် ထိုသက်တော်စောင့်နှစ်ဦးကတော့ ကုနင်းသူတို့ဆီသို့လာသည်နှင့် တစ်ခုခုထပ်လုပ်မည်ဟု ထင်ကာ ကြောက်လန့်နေတော့သည်။
ကုနင်း သူတို့၏လက်များကို နဂိုမူလအတိုင်းပြန်ဖြစ်စေရန် တည့်ပေးလိုက်ပြီးနောက် စွမ်းအင်သလောင်းကျောက်ပါဝင်သည့် ပုလင်းနှစ်လုံးကိုပေးလိုက်ကာ၊
“ဒီဆေးကိုသောက်လိုက်၊ ကောင်းသွားလိမ့်မယ်။”
သက်တော်စောင့်နှစ်ယောက်ကတော့ ပြောနေစရာမလိုအောင်ပင် ကုနင်းကိုမယုံကြည်၍ မယူကြပေ။
“ယူမှာလား၊ မယူဘူးလား?” သူမ၏ဆေးမှာ ဈေးပေါသည့်ဆေးများမဟုတ်၍ အတင်းသောက်ဖို့ရန်မပြောပေ။
ချီထျန်းလင်လဲ ဖုန်းချပြီးနောက် ကုနင်းပြောနေသည်ကိုကြား၍၊
“တကယ်လား? မင်းဆေးကအဲ့လောက်တောင် အကျိုးသက်ရောက်မှုရှိတယ်ပေါ့?”
“သိချင်ရင် ရှင့်ဘာသာစမ်းကြည့်ပေါ့။”
“ယွီဟောက်၊ သောက်ကြည့်လိုက်။” ကုနင်းပြောသလို ထိုဆေးတကယ်စွမ်းလားဆိုသည်ကို ချီထျန်းလင် သိချင်နေမိသည်။ ထို့အပြင် သူ့ရှေ့တွင်တော့ ကုနင်း သူ့လူများကို ထိခိုက်အောင်လုပ်မည်မဟုတ်သိနေသောကြောင့် ယွီဟောက် ထိုဆေးကိုသောက်မည်အား မစိုးရိမ်မပေ။ ယွီဟောက်သာ ထိုဆေးကိုသောက်ပြီး တစ်ခုခုဖြစ်ခဲ့လျှင် သူ ကုနင်းကို ဤအတိုင်းလွှတ်ပေးမည်မဟုတ်ပေ။ သူတို့ဘော့စ်၏အမိန့်ဖြစ်သောကြောင့် ထိုဆေးက အဆိပ်ဆိုလျှင်ပင် ယွီဟောက်သောက်မည်ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ဆေးပုလင်းအားဖွင့်ကာ ချက်ချင်းသောက်ချလိုက်တော့သည်။
ဆေးက ပါးစပ်ထဲသို့ရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားခဲ့သည်။ အရသာကတော့ မခါးပေမည့် အေးစက်လှသည်။ ချက်ချင်းပင် ထိုအေးစက်သည့်စီးကြောင်းလေးက ယွီဟောက်၏ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့စီးဝင်သွားကာ ၁၀စက္ကန့်အတွင်းမှာပဲ သူ၏နာကျင်မှုများ သက်သာပျောက်ကင်းသွားတော့သည်။
ယွီဟောက်၏မျက်လုံးများပြူးကျယ်သွားကာ ထိတ်လန့်စွာဖြင့်၊
“ကျွန်တော်အခု နည်းနည်းလေးမှမနာတော့ဘူး။”
“တကယ်လား?” ချီထျန်းလင် မယုံကြည်နိုင်ဟန်ဖြင့်ကြည့်လိုက်သည်။
ကျန်သည့်သက်တော်စောင့်ကလဲ ကုနင်းကိုချက်ချင်းလှမ်းကြည့်လိုက်ကာ ဆေးကိုလိုချင်နေတော့သည်။
ကုနင်းလဲ ဖြစ်ခဲ့သည့် ကိစ္စရပ်များကိုစိတ်ထဲထားမနေတော့ဘဲ ဆေးပုလင်းအား ထိုလူ့ထံသို့ပစ်ပေးလိုက်သည်။
“ဆေးအကြောင်းကတော့ သူတို့ကအကောင်းဆုံးဥပမာတွေပဲမဟုတ်လား? ဒါပေမယ့် ဒီဆေးကပေါပေါပဲပဲတော့မဟုတ်ဘူး။ ကျွန်မ ဒီလောက်ငွေအများကြီးသာ မနိုင်ခဲ့ရင် သူတို့ကို ဒီဆေးပေးလိုက်မှာမဟုတ်ဘူး။” ချီထျန်းလင် တစ်ကြိမ်တည်းဖြင့် ဆေး၏အကျိုးသက်ရောက်နိုင်စွမ်းကို မျက်မြင်တွေ့သွားပြီဖြစ်ကြောင်း ကုနင်းနားလည်လိုက်သည်။ ချီထျန်းလင် ထိုဆေးကို သေချာပေါက်လိုချင်နေပေလိမ့်မည်။ ထို့ကြောင့်လဲ သူမထိုဆေးကိုပေးရသည့်အကြောင်းအရင်းကိုပါ တစ်ခါတည်းပြောလိုက်ရခြင်းဖြစ်သည်။ ချီထျန်းလင်သာ သူမနှင့်အရောင်းအဝယ်လုပ်ဖို့ရန် ကမ်းလှမ်းလာခဲ့လျှင် ငြင်းဆိုမည်မဟုတ်ပေမည့် သူမရောင်းချမည့် ဆေးပမာဏကိုတော့ဖြင့် ကန့်သတ်ထားမည်ဖြစ်သည်။
“ဒီဆေးရဲ့ သက်ရောက်မှုကအရမ်းကြီးပြီး ရောဂါအများစုကို ကုသနိုင်တယ်။ တကယ်လို့ ဒဏ်ရာ ဒါမှမဟုတ် ရောဂါက အရမ်းမပြင်းဘူးဆိုရင် ဆေးတစ်လုံးနဲ့တင်လုံလောက်ပြီ။ ဒါပေမယ့် ဒီဆေးက သာမာန်ဒဏ်ရာအနာတရတွေကို ကုဖို့သုံးရင်ကတော့ အရမ်းဈေးကြီးလွန်းတယ်။ တကယ်လို့ရောဂါပြင်းတယ်ဆိုရင်တော့ ဆေးတွေအများကြီးလိုအပ်တယ်။ ပြောရရင်တော့ သေနတ်နဲ့အပစ်ခံရလို့ အသက်အန္တရာယ်ရှိနေတဲ့အခြေအနေမှာတောင်မှ ကျည်ဆန်ကိုထုတ်ပြီး ဒီဆေးသောက်လိုက်ရင် နာကျင်မှုလဲ ပျောက်ကင်းသွားသလို သွေးလဲတိတ်သွားမယ်။ ဒါတင်မကဘူး၊ ဆေးသောက်လိုက်တဲ့လူရဲ့ကျန်းမာရေးအခြေအနေကိုလဲ ပိုပြီးကောင်းမွန်လာစေတယ်။”
ကုနင်းအပိုပြောနေခြင်းမဟုတ်ဘဲ အမှန်တရားကိုသာပြောခြင်းဖြစ်လေသည်။ သို့ပေမည့် သာမာန်လူများ၏အမြင်တွင်တော့ အရမ်းကိုချဲ့ကားပြောဆိုနေခြင်းကို မြင်ကြသည်။ ထိုဆေးက သာမာန်ရောဂါများကို ကုသနိုင်သည်ကိုတော့ သူတို့ယုံကြည်ကြသော်လည်း ပြင်းထန်သည့်ရောဂါနှင့် ရှားပါးရောဂါများကိုကုသနိုင်ခြင်းကိုတော့ သံသယဝင်မိကြသေးသည်။
ယနေ့ခတ်တိုးတက်လာသည့်ဆေးပညာဖြင့်ဆိုလျှင် ပြင်းထန်သည့်ရောဂါများကို အမြစ်ပြတ်ကုသဖို့ရန် ခက်ခဲနေစဲဖြစ်ပေမည့် ကုနင်းကတော့ ဆေးလုံးအနည်းငယ်သောက်ရုံဖြင့် ကုသနိုင်သည်ဟု ယုံကြည်ချက်ရှိလေသည်။ ထိုကိစ္စက သာမာန်လူများအဖို့ အမှန်ကိုယုံကြည်ဖို့ခက်ခဲသည်။ သို့ပေမည့် သူမ၏ဆေးက သက်တော်စောင့်နှစ်ဦးဒဏ်ရာကို စက္ကန့်ပိုင်းအတွင်း ကုသနိုင်စွမ်းရှိနေတော့ သေချာပေါက် အစွမ်းထက်မှန်းသိသာသည်။ ကုနင်းပြောသလောက် အစွမ်းမထက်လျှင်တောင်မှ အလွန်အသုံးဝင်နေပြီဖြစ်သည်။ ဂိုဏ်းသားများသည် မကြာခဏဒဏ်ရာရကြသောကြောင့် သူတို့အတွက် ဆေးစွမ်းကောင်းလိုအပ်လေသည်။
“မင်းမှာ ဘယ်နှလုံးရှိလဲ? ငါအားလုံးလိုချင်တယ်။” ချီထျန်းလင် အလွန်လောဘတက်စွာပြောလိုက်သည်။
“ဒီဆေးက အရမ်းတန်ဖိုးကြီးတယ်၊ ဒီတော့ ကျွန်မမှာလဲအများကြီးမရှိဘူး။ အခုတော့ ရှင့်ကို၁၀လုံးပဲပေးနိုင်မယ်။ ကျန်တာကိုတော့ ကျွန်မအတွက်လဲသိမ်းထားဖို့လိုသေးတယ်လေ။ နောက် ကျွန်မမှာ များများထပ်ရှိလာတော့မှ ထပ်ပြီးဆွေးနွေးကြတာပေါ့။” ကုနင်းပြန်ဖြေလိုက်သည်။
သူမ ချီထျန်းလင်လို မောက်မာကာ ရက်စက်သည့်လူမျိုးနှင့် အဆက်အသွယ်မလုပ်လိုသော်လည်း သူတို့ချင်း အခုလို ပတ်သတ်ပြီးသွားမှတော့ ဆိုးဝါးသည့်ဆက်ဆံရေးရှိခြင်းထက် ကောင်းသည့်ဘက်သို့လှည့်လိုက်ခြင်းက ပို၍အဆင်ပြေပေသည်။
“ရတယ်၊ ဘယ်လောက်ကျလဲ?” ချီထျန်းလင်မေးလိုက်သည်။ ချီထျန်းလင်သည် သူလိုချင်တာမှန်သမျှကို မရရအောင်ယူတတ်သူဖြစ်သော်လည်း စီးပွားရေးသမားတစ်ဦးဖြစ်သောကြောင့် သူ့အတွက်ဘယ်လမ်းက အကောင်းဆုံးဆိုသည်ကိုလဲ တွက်ချက်နိုင်လေသည်။
“ဆေးတစ်လုံးကို ယွမ်၁သန်း၊” ကုနင်းအစကယွမ်၅သန်းဟုပြောမလို့ပေမည့် အရမ်းများနေသောကြောင့် ၁သန်းသို့ပြန်ပြောင်းပြောလိုက်ခြင်းဖြစ်သည်။
“ကောင်းပြီ၊ ၁၀လုံးဆိုတော့ ယွမ်၁၀သန်းပေါ့။ အခုပဲ မင်းကို ငွေလွှဲပေးလိုက်မယ်။” ယွမ်၁သန်းဆိုသည်မှာ ဆေးတစ်လုံးအတွက် မိုးလောက်အောင်မြင့်လွန်းသည့် ဈေးနှုန်းဖြစ်သော်လည်း ချီထျန်းလင်အတွက်တော့ ဘာမှမဟုတ်ပေ။ အခုလေးတင် လောင်းကစားတစ်ပွဲလောက်ကစားရုံဖြင့် ယွမ်၃ဘီလီယံ ရှုံးသွားခဲ့ပြီးပြီဖြစ်သော်ကြောင့် ယွမ်၁၀သန်းကို စိတ်ထဲထည့်မနေတော့ပေ။ ထို့အပြင် ထိုဆေးများသည်လဲ အလွန်အသုံးဝင်မည်ဖြစ်သည်။
ကုနင်း သူမလွယ်အိတ်ကိုကွယ်ကာ စိတ်စွမ်းအင်အာကာပြင်ထဲမှနေပြီး ဆေးဆယ်လုံးပါသည့် ပုလင်းများကိုထုတ်လိုက်ကာ သူတို့အစောကကစားခဲ့သည့်စားပွဲပေါ်သို့တင်ပေးလိုက်သည်။ မကြာခင်မှာပဲ သူမဘဏ်အကောင့်ထဲသို့ ငွေဝင်သည့်အကြောင်းစာရောက်လာခဲ့ပြီး ကုနင်းတို့အဖွဲ့လဲ ပြန်ထွက်လာခဲ့ကြတော့သည်။
ကုနင်းမြင်ကွင်းထဲမှပျောက်သွားသည်ကိုမြင်ပြီး ချီထျန်းလင်အနည်းငယ်ပြုံးလိုက်မိသည်။ သူအခုဆိုလျှင် ကုနင်းကိုပို၍ပင်စိတ်ဝင်စားနေမိပြီဖြစ်ကာ သူမကို အလွန်စိတ်ဝင်စားဖို့ကောင်းသည့် ကြောင်ပေါက်လေးတစ်ကောင်ဟုပင် မှတ်ယူနေတော့သည်။
“သူတို့နောက်ခံကို မြန်နိုင်သမျှမြန်မြန်စုံစမ်းခဲ့။” ချီထျန်းလင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ၊ ဘော့စ်။” ယွီဟောက်လဲ ပြန်ဖြေကာ ချက်ချင်းထွက်သွားတော့သည်။ သူကိုယ်တိုင်စုံစမ်းမည်မဟုတ်ပေမည့် ချီထျန်းလင်၏အမိန့်ကို စုံစမ်းရမည့်သူထံသို့သတင်းသွားပေးမည်ဖြစ်သည်။
ကုနင်းတို့အဖွဲ့မသွားခင်တွင် လောင်းကစားဝိုင်း၌နိုင်ထားသည့် ယွမ်သန်း၃၀ကိုလဲ ပြန်ရသွားသည်။ အခုလေးတင်ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများကြောင့် သူတို့အားလုံး လက်ဝှေ့ပွဲကြည့်ဖို့ရန် စိတ်အခြေအနေမကောင်းကြတော့ပေ။