← Chapters

အခန်း (၄၃၁-၄၃၅)

Vol. 29 Ch. 431-435

အခန်း (၄၃၁-၄၃၅)

Vol. 29 Ch. 431-435

အခန်း ၄၃၁

အကြီးအကျယ်ကိုလေးစားခြင်း

ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ကတော့ သီးသန့်ခန်းမှပြန်ထွက်လာပြီးကတည်းက ကြောက်လွန်း၍တုန်ရီနေကြသည်။ သူတို့သာ သာမာန်လူများထက်ပို၍ စိတ်ခိုင်သည့်လူများမဟုတ်လျှင် ကြမ်းပြင်ထက်သို့ပုံကျလို့နေပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံး ကားမောင်းဖို့ရန် အလွန်ကြောက်ရွံ့နေသေးသောကြောင့် ကုနင်းကသာအစားမောင်းပေးလိုက်ရသည်။

သူတို့အားလုံးကားထဲရောက်ပြီးချိန်တွင်တော့ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့က၊

“အဲ့လူက တကယ်ပဲ ကီရင်းဂိုဏ်းရဲ့ခေါင်းဆောင်ပေါ့။ ကြောက်ဖို့ကောင်းပြီ၊ ရက်စက်ရုံတင်မကဘူး စိတ်အပြောင်းအလဲကလဲမြန်ပါ့! ငါတော့ကြောက်လွန်းလို့ အခုထိတောင်တုန်နေတုန်းပဲ။”

“ဟုတ်တယ်၊ ငါတို့ကိုပစ်လိုက်တော့မှာလားလို့ တကယ်ကိုကြောက်နေခဲ့တာ။”

“နင်းနင်း၊ နင်တော်တော်သတ္တိရှိတာပဲ! သူက ချီထျန်းလင်ဆိုတာကို နင်သိပြီးတာတောင်မှ သူ့ကိုစော်ကားရဲတယ်။ သူနင့်ကိုသေနတ်နဲ့ပစ်လိုက်မှာမကြောက်ဘူးလား?”

“အင်း-အင်း၊ ငါဆို ငါတို့က ထန်မိသားစုနဲ့ ချောင်မိသားစုကပါဆိုတာကို ပြောမိတော့မလို့ပဲ။” သူတို့ ထိုသီးသန့်ခန်းထဲတွင် ဘယ်လောက်တောင်ခက်ခဲသည့်အချိန်များရှိခဲ့လဲဆိုသည်ကို ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။

“နင်းနင်း၊ ငါတော့ နင့်ကိုအရမ်းအရမ်းကိုလေးစားမိသွားပြီ။” ချောင်ဝမ်ရှင်းက ကုနင်းကို သူမချစ်ရသည့်အမျိုးသားတစ်ယောက်အားကြည့်နေသလိုမျိုး တောက်ပလင်းလက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။

“ငါရောပဲ! ငါရောပဲ!” ထန်ကျားခိုင်ကလဲ ချက်ချင်းထောက်ခံခဲ့သည်။

“နင်းနင်း၊ နင်အရမ်းအံ့ဩဖို့ကောင်းတာပဲ! နင်မသိတာတို့ မလုပ်နိုင်တာတို့ကောရှိသေးရဲ့လား?” ချောင်ဝမ်ရှင်း ဆက်မေးလိုက်သည်။

“တကယ်တော့ အများကြီးရှိပါသေးတယ်။” ကုနင်းပြောလိုက်ပြီးနောက် တောင်းပန်လိုက်သည်။

“နင်တို့အခုလိုကြုံသွားခဲ့တာအတွက် တောင်းပန်ပါတယ်။”

“နင်းနင်း၊ အဲ့လိုမပြောပါနဲ့၊ တကယ်လို့ငါသာ နင့်ကိုအဲ့နေရာမခေါ်သွားရင် ဒီလိုဖြစ်လာမှမဟုတ်ဘူး။” ချောင်ဝမ်ရှင်းကလဲ သူမကိုယ်သူမအပြစ်တင်နေခဲ့သည်။

“ဒါပေမယ့် ငါသာငွေအများကြီးမနိုင်ခဲ့ရင် ဒီလိုပြဿနာတက်မှာမဟုတ်ဘူးလေ! ထားပါ ပြီးခဲ့တာတွေလဲ ပြီးပြီပေါ့။ ကံကောင်းလို့ ငါတို့ယွမ်၃ဘီလီယံတောင်နိုင်လိုက်သေးတယ်! ပြီးတော့ နင်တို့ကိုလဲ သုံးပုံတစ်ပုံပေးမယ်။” ကုနင်းထိုငွေများကို ချီထျန်းလင်နှင့် ကိုယ်တိုင်ကစားကာရရှိခဲ့ခြင်းဖြစ်သော်လည်း သူမနှင့်အတူရှိနေခြင်းကြောင့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ အသက်ဘေးနှင့်ကြုံခဲ့ကြရလေသည်။ ထို့ကြောင့် သူမတစ်ယောက်တည်း ထိုငွေအားလုံးကို မယူနိုင်ပေ။ သူတို့နှစ်ယောက်နှင့်ညီတူညီမျှအထိတော့ ခွဲဝေမယူနိုင်သော်လည်း သုံးပုံတစ်ပုံတော့ ပေးနိုင်ပေသည်။

ကုနင်း၏စကားကိုကြားတော့ ချောင်ဝမ်ရှင်းရော ထန်ကျားခိုင်ပါ အလွန်အံ့အားသင့်သွားကြတော့သည်။ သူတို့နှစ်ယောက်ပေါင်း ၁ဘီလီယံကိုခွဲယူရမည်ဆိုလျှင် တစ်ယောက်ကို ယွမ်သန်း၅၀၀တောင်ရမည်ဖြစ်သည်။ ဒါတကယ့်ကိုကြွယ်ဝသွားနိုင်သည့်ပမာဏပဲ! သို့ပေမည့် သူတို့ငြင်းလိုက်လေသည်။

“နင်းနင်း၊ ဒါကနင် ချီထျန်းလင်နဲ့အလောင်းအစားလုပ်ပြီးနိုင်ခဲ့တာလေ၊ ငါတို့ကိုခွဲပေးဖို့မလိုပါဘူး။”

“ဟုတ်တယ်၊ နင်ငါတို့နှင့်ခွဲယူဖို့မလိုဘူး။”

တကယ်တော့ သူတို့လဲ ထိုမျှများပြားသည့်ငွေများကို လိုချင်လေသည်။ သို့သော်လည်း ထိုငွေများသည် ကုနင်းတစ်ဦးတည်း အနိုင်ရခဲ့ခြင်းဖြစ်၍ သူတို့ခွဲမယူနိုင်ပေ။ သူတို့ငွေကိုသဘောကျသော်လည်း ကိုယ်ပိုင်နည်းလမ်းဖြင့်ရခြင်းကိုပိုသဘောကျလေသည်။

“ဒီတစ်ခေါက်တော့ ငါ့စကားကိုနားထာင်လိုက်ကြပါ။ ပြီးတော့ ဒီညဖြစ်သွားတာတွေကို နင်တို့မိသားစုတွေကိုပြန်မပြောပါနဲ့။ အလကားနေရင်း သူတို့ကိုစိတ်မပူစေချင်ဘူး။” ကုနင်း သတိပေးလိုက်သည်။

“ကောင်းပြီလေ။” ကုနင်းသူတို့ကို သတိမပေးလျှင်တောင်မှ သူတို့ ဤအကြောင်းကို ဘယ်သူ့ကိုမှပြန်ပြောလိမ့်မည်မဟုတ်ပေ။ ကုနင်းကလဲ သူတို့ကိုငွေများအတင်းပေးနေသောကြောင့် အဆုံးတွင်တော့ လက်ခံလိုက်ကြရတော့သည်။

“အိုး၊နင်းနင်း၊ နင်ဒီည ငါနဲ့အတူ ဟွားဖုတောင်ကုန်းကကိုလိုက်ခဲ့ပါလား? ငါတို့အတူတူအိပ်လို့ရတာပေါ့! ပြီးတော့ နင့်ဗီလာကိုလဲ သွားကြည့်လို့ရတယ်လေ။” ချောင်ဝမ်ရှင်းက အကြံပြုလိုက်သည်။

“ကောင်းသားပဲ!” ကုနင်းမငြင်းခဲ့ပေ။ သူမတွင်နေစရာရှိနေမှတော့ အလုပ်ရှုပ်ခံကာ ဟိုတယ်တွင် သွားနေစရာအကြောင်းမရှိတော့ပေ။

ထန်ကျားခိုင်၏စိတ်အခြေအနေကမကောင်းသေးသောကြောင့် ကုနင်းကပဲ သူ့ကို့ထန်အိမ်တော်သို့အရင်လိုက်ပို့ပြီးမှ ဟွားဖုတောင်ကုန်းသို့လာခဲ့လိုက်သည်။

ဟွားဖုတောင်ကုန်းသည် Bမြို့၏ဇိမ်ခံလူနေအိမ်ရာဖြစ်ပြီး မြို့တွင်းနှင့်လဲ သိပ်မဝေးသောကြောင့် အိမ်ဈေးနှုန်းများမှာ ရူးလောက်အောင်ခေါင်ခိုက်ပေမည့် ဘယ်လောက်ပဲဈေးများပါစေ ထန်မိသားစုနှင့် ချောင်မိသားစုအတွက်တော့ ပြောပလောက်သည့်ပမာဏမဟုတ်ပေ။

ချောင်မိသားစုသည် စစ်တပ်မိသားစုဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းများတွင်လဲပါဝင်လုပ်ကိုင်လေသည်။ ထန်မိသားစုနှင့်တော့ မယှဉ်နိုင်သော်လည်း Bမြို့တွင်တော့ အလွန်ချမ်းသာသည့်မိသားစုတစ်ခုသာဖြစ်သည်။ ထို့အပြင် ထန်ယွင်ရုန်သည် ထန်မိသားစု၏ပိုင်ဆိုင်မှုများထဲမှ ရှယ်ယာ၁၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသေးသည်။ ရှယ်ယာ၁၀ရာခိုင်နှုန်းပဲ ဆိုလျှင်တောင် မှ အနည်းဆုံးယွမ်၁၀ဘီလီယံကျော်ရှိလေသည်။

ချောင်ယွေ့ဟွာတို့ဇနီးမောင်နှံပေးသည့် ကုနင်းအတွက်ဗီလာသည် ချောင်ဝမ်ရှင်း၏ဗီလာနှင့်ကပ်ရပ်တွင်ရှိသည်။ ဗီလာ၏အရှေ့ဘက်တွင်တော့ စတုရန်းမီတာ၁၀၀နီးပါးကျယ်ဝန်းသည့် မြက်ခင်းပြင်တစ်ခုရှိကာ ညာဘက်အခြမ်းတွင်တော့ ဗီလာပထမထပ်နှင့် ကားဂိုဒေါင်ကိုဆက်နေသည့် လမ်းတစ်လမ်းရှိလေသည်။

ဗီလာတွင် အထပ်သုံးထပ်ပါရှိကာ စုစုပေါင်း၁၇၈စတုရန်းမီတာလောက်ရှိပေမည့် ပထမထပ်တွင်တော့ ဘယ်သူမှမနေပေ။ ပထမထပ်၏ ညာဘက်ခြမ်းတွင်တော့ ကားဂိုဒေါင်နှစ်ခုရှိကာ ဘယ်ဘက်ခြမ်းတွင်တော့ ရေကူးကန်နှင့် အားကစားခန်းရှိကာ အပေါ်သို့တက်သည့်လှေကားမှာတော့ အလယ်တွင်တည်ရှိသည်။

သူမတို့ဟွားဖုတောင်ကုန်းသို့ရောက်ချိန်တွင်တော့ ချောင်ဝမ်ရှင်းက ကုနင်းကို သူမ၏အနက်ရောင် Lamborghiniကားသစ်ကိုကြည့်ဖို့ရန် ခေါ်သွားပေးခဲ့သည်။ ကားများအပေါ်သိပ်ပြီး အလေးမထားဖူးသည့် ကုနင်းပင်လျှင် ထိုကားကို မြင်မြင်ချင်းသဘောကျသွားတော့သည်။

“ဒါအရမ်းမမိုက်ဘူးလား? မနက်ဖြန်တစ်ပတ်လောက်လျှောက်မောင်းကြရအောင်! အရမ်းပျော်စရာကောင်းမှာ!” ချောင်ဝမ်ရှင်းက ပြောလိုက်သည်။

“ငါ့မှာအခုထိ ယာဉ်မောင်းလိုင်စင်မရှိသေးဘူး။” ကုနင်းသည် ကားမောင်းကျွမ်းကျင်ထားပြီးသားဖြစ်သောကြောင့် ထပ်ပြီးသင်ရန်မလိုတော့ပေမည့် စာမေးပွဲတော့ဖြေရန်လိုအပ်သေးပေသည်။ သို့ပေမည့် သူမလောလောဆယ် ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေဖို့ရန်က အလုပ်များနေသေးသောကြောင့် မဖြေနိုင်သေးပေ။

“ဘာ?” ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်သွားတော့သည်။ ထို့နောက်‌ ကြောက်ကြောက်လန့်လန့်ဖြင့်၊

“နင်လိုင်စင်မရှိသေးဘူးဆိုပေမယ့် အခုပဲ ငါတို့ကိုအိမ်ပြန်လိုက်ပို့ပေးနေတာမဟုတ်ဘူးလား?”

“ငါ့မှာယာဉ်မောင်းလိုင်စင်မရှိသေးပေမယ့် အမောင်းကတော့ကျွမ်းပါတယ်။ ငါ့ဆရာကသင်ပေးထားပြီးသား။ ဒါပေမယ့် ၁၈နှစ်မပြည့်ခင်အထိ စာမေးပွဲကဖြေလို့မရဘူးလေ။ ပြီးတော့၁၈နှစ်ပြည့်ပြီးတော့လဲ အရမ်းအလုပ်များနေတာနဲ့ မဖြေဖြစ်သေးတာ။”

ထိုတော့မှ ချောင်ဝမ်ရှင်းစိတ်အေးသွားကာ၊

“ဒါကလွယ်ပါတယ်။ ငါ့မှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာက သူငယ်ချင်းတစ်ယောက်ရှိတယ်။ နင်မနက်ဖြန်စာမေးပွဲဖြေလို့ရအောင် လုပ်ပေးလို့ရတယ်။ နင်အောင်ပြီဆိုတာနဲ့ ချက်ချင်းလိုင်စင်တန်းရလိမ့်မယ်။”

“ဒီလိုဆိုပိုကောင်းတာပေါ့။” ကုနင်းအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပေသည်။

ထို့နောက် ချောင်ဝမ်ရှင်းက ကုနင်းကို ဗီလာတစ်ဝိုက်လိုက်လံပြသပေးသည်။ ဒုတိယထပ်တွင်တော့ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါရှိလေသည်။ တတိယထပ်တွင်တော့ ရေချိုးခန်းပါသည့် အခန်းလေးခန်းနှင့်စာကြည့်ခန်းတစ်ခန်းပါဝင်သည်။

မာစတာအိပ်ခန်း၏ကပ်ရပ်တွင်တော့ ၁၀စတုရန်းမီတာကျယ်သည့် အဝတ်ထားခန်း၂ခန်းပါရှိကာ အမျိုးသားများအတွက် တစ်ခန်းနှင့် အမျိုးသမီးများအတွက် တစ်ခန်းဖြစ်သည်။

အပြင်အဆင်သည် တောက်တောက်ပပကြီးမဟုတ်ဘဲ ကုနင်းသဘောကျသည့် ကျော့ရှင်းလှပသည့်ပုံစံမျိုးဖြစ်ပေသည်။ ထို့အပြင် ဗီလာကိုသန့်ရှင်းရေးလုပ်ထားပြီးသောကြောင့် အကုန်တောက်ပြောင်နေကာ ဖုန်တစ်စက်ပင်မရှိနေသောကြောင့် ကုနင်းချက်ချင်းလာနေ၍ရပေသည်။

ချောင်ဝမ်ရှင်းက ကုနင်းကို သူမ၏ဗီလာတွင်လိုက်အိပ်ရန်ခေါ်ချင်သော်လည်း ယခုက ကုနင်းအိမ်သစ်သို့လာသည့်ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ကုနင်း၏အိမ်တွင်သာအိပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

လှည့်ပတ်ကြည့်ရှု၍ပြီးချိန်တွင်တော့ ချောင်ဝမ်ရှင်းက ညအိပ်ဝတ်စုံလဲဖို့ရန် သူမ၏အိမ်သို့ပြန်သွားခဲ့သည်။

ကုနင်းသည်တော့ လင်ရှောင်းထင်ထံဖုန်းဆက်ကာ ယနေ့သူမရခဲ့သည့် လက်ဆောင်ပစ္စည်းများအကြောင်းပြောပြနေသည်။ သို့ပေမည့် လင်ရှောင်းထင် စိုးရိမ်နေမည်စိုး၍ သူမကီရင်းဂိုဏ်းနှင့် ချီထျန်းလင် အကြောင်းကိုတော့ မပြောပြခဲ့ပေ။ ထိုအကြောင်းကို သူမမြို့တော်သို့ရောက်ပြီးမှသာ အေးအေးဆေးဆေးပြောပြရန် ဆုံးဖြတ်ထားလိုက်သည်။

ကုနင်းဖုန်းဆက်သည့်အချိန်တွင် လင်ရှောင်းထင်သည် ဆရာကြီးလင်နှင့်စကားပြောနေခြင်းဖြစ်သည်။ သို့ပေမည့် ကုနင်း ဖုန်းဆက်လာသည်နှင့် သူ့အဘိုးကိုလျစ်လျူရှုကာ ကောင်မလေး၏ဖုန်းကို တန်းကိုင်တော့သည်။ ဆရာကြီးလင်ကတော့ အပြစ်တင်ကာ လင်ရှောင်းထင်နှလုံးသားထဲတွင် သူ့ကောင်မလေးတစ်ယောက်သာရှိနေသည်ဟုဆိုကာ ဆူပူနေတော့သည်။ သို့ပေမည့် ထိုသို့ဆူပူကြိမ်းမောင်းနေသော်လည်း အရမ်းကိုစိတ်လှုပ်ရှားနေမိသည်။ ကုနင်းသာလက်ထပ်ဖို့အရွယ်ရောက်လာလျှင် လင်ရှောင်းထင်ကို သူမနှင့်ချက်ချင်းလက်ထပ်ခိုင်းပစ်ပေမည်! ကုနင်းနှင့်ဖုန်းပြောပြီးသွားမှသာ လင်ရှောင်းထင်ပြန်ပြီး သူ့အဘိုးနှင့်စကားဆက်ပြောတော့သည်။

***

အခန်း ၄၃၂

ချောင်ဝမ်ရှင်းနှင့် ဖူးစာရှင်

“စုံစမ်းချက်တွေအရတော့ လုံထျန်းဟူနဲ့ ရှန်းယန်ဖန့်၊ ချန်းချိုးယင်းနဲ့ကျန်တဲ့ ချန်းမိသားစုဝင်တွေနဲ့လဲ ဖုန်းပြောထားတာလုံးဝမတွေ့ဘူး။ ပြီးတော့ အခြားဖုန်းနံပါတ်တွေအစိမ်းတွေဝင်ထားတာလဲမရှိဘူး။”

“ဒါပေမယ့် လုံထျန်းဟူရဲ့နာမည်နဲ့တော့ ဖုန်းနံပါတ်သုံးခုတောင်ရှိနေတယ်။ ဒီသုံးလုံးလုံးက လက်ရှိသုံးနေတဲ့အပြင် အချင်းချင်းခေါ်ထားတာကြတာချည်းပဲ။ လုံထျန်းဟူကိုယ်တိုင်ကိုင်တဲ့ ဖုန်းတစ်လုံးကလွဲပြီး ကျန်တဲ့နှစ်လုံးလုံးက ဖုန်းဆက်ကြည့်တော့ ပြန်ဖြေလာတာမရှိဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ကျန်တဲ့ဖုန်းနှစ်လုံးက ရှန်းယန်ဖန့်နဲ့ ချန်းမိသားစုဆီကိုပေးထားတယ်လို့ သံသယဖြစ်မိတယ်။” လင်ရှောင်းထင် စုံစမ်းရမိသမျှကို သုံးသပ်ကာ ဆရာကြီးလင်အားပြန်ပြောပြလိုက်သည်။

ဆရာကြီးလင်အလွန်စိတ်တိုသွားရသည်။ ယခုက လင်ရှောင်းထင်၏ထင်မြင်ချက်သာဖြစ်သော်လည်း သူကိုယ်တိုင်ပါ ထိုသို့ဖြစ်နိုင်သည်ဟု ထင်မိပေသည်။

“ဒါသာအမှန်ဆိုရင်၊ ရှန်းမိသားစုနဲ့ ချန်းမိသားစုတော့….” လင်ရှောင်းထင် ဆက်မပြောတော့ပေမည့် ဆရာကြီးလင်ကတော့ သူဘာပြောချင်လဲ ဆိုသည်ကို နားလည်သဘောပေါက်လေသည်။

“အဘိုး၊ ရှန်းမိသားစုက လင်မိသားစုနဲ့ဆွေမျိုးတော်စပ်တယ်ဆိုပေမယ့် ကျွန်တော်ကတော့ ဒီလိုဥပဒေမဲ့အပြုအမူမျိုးအတွက် သူတို့ကိုကာကွယ်ပေးမှာမဟုတ်ဘူး။ ဒါကြောင့် မဘိုးက ဘာမှမသိသလိုပဲ ဟန်ဆောင်နေလိုက်ပါ။ ကျွန်တော်ပဲ ဒီကိစ္စကိုကိုင်တွယ်လိုက်ပါ့မယ်။”

ဆရာကြီးလင်သည်လဲ ဆွေမျိုးများကိုကာကွယ်ချင်ရုံဖြင့် ဥပဒေကိုလျစ်လျူရှုတတ်သည့် လူမျိုးမဟုတ်ပေ။ ထို့ကြောင့် လင်ရှောင်းထင်စကားအတိုင်းသဘောတူလိုက်သည်။ ရှန်းမိသားစုကတော့ ကိုယ့်သေတွင်းကိုတူးနေကြတာပဲ!

နောက်တစ်နေ့မနက်တွင်တော့ ချောင်ဝမ်ရှင်းနှင့် ကုနင်းတို့ မနက်၆နာရီကတည်းကထကာ ပန်းခြံထဲတွင် ထပြေးကြသည်။ ပြေးချင်းသည် သိုင်းလေ့ကျင့်သည့်လူများအတွက် ခြေခံလေ့ကျင့်ရေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရန်အတွက် ပြေးဖို့ရန် သေချာပေါက်လိုအပ်ပေသည်။ အိမ်ရာအတွင်း၌မနက်ပိုင်းပြေးနေကြသည့် ယောကျ်ား၊ မိန်းမ ၊ လူကြီးလူငယ်များစွာရှိလေသည်။

“မိန်းကလေးချောင်၊ မင်္ဂလာနံနက်ခင်းပါ! ဒီနေ့တော့ သူငယ်ချင်းနဲ့အတူပြေးတာပေါ့?” အသက်ကြီးကြီးအမျိုးသမီးတစ်ဦးက ချောင်ဝမ်ရှင်းကို နှုတ်ဆက်လိုက်သည်။

ချောင်ဝမ်ရှင်းသည် မကြာခဏပြေးလေ့ရှိသောကြောင့် အခြားမနက်ပိုင်းလေ့ကျင့်ခန်းလုပ်သူများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။

“ဟုတ်တယ်၊ မင်္ဂလာနံနက်ခင်းပါ!” ချောင်ဝမ်ရှင်း ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ဖြေလိုက်သည်။

အချိန်ခနလောက်ပြေးပြီးချိန်တွင်တော့ တစ်စုံတစ်ယောက်က သူမတို့နောက်မှတောက်လျှောက် လိုက်ကြည့်နေကြောင်း ကုနင်းသတိထားလိုက်မိပေမည့် ထိုလူထံမှ အန္တရာယ်အငွေ့အသက်တော့မရပေ။ ချောင်ဝမ်ရှင်းကို သဘောကျသည့် တစ်ယောက်ယောက်ဖြစ်နိုင်လား?

ကုနင်း ချောင်ဝမ်ရှင်းကိုလှည့်ကြည့်လိုက်တော့ သူမက တစ်ယောက်ယောက်လိုက်နေကြောင်း သတိထားမိပုံမရပေ၊

“ဟေ့၊ ငါတို့နောက်ကို တစ်ယောက်ယောက် ဆက်တိုက်လိုက်ကြည့်နေတာ သတိထားမိလား? လှည့်မကြည့်နဲ့!”

ချောင်ဝမ်ရှင်းက နောက်လှည့်ကြည့်ဖို့ပြင်လိုက်သောကြောင့် ကုနင်းအမြန်တားလိုက်ရသည်။

“နင့်ကို သဘောကျနေတဲ့လူများလား?”

“ဟုတ်တာပေါ့၊ ငါ့ကိုကြိုက်တဲ့လူတွေကတော့ အများကြီးပဲ ဒါပေမယ့် ဘယ်သူမှ ငါ့စံနှုန်းနဲ့မညီဘူး။” ချောင်ဝမ်ရှင်းက အထင်သေးစွာနှင့်ပြောလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်ကာ၊

“ဒီနေ့ခေတ်ကြီးမှာ ယုံကြည်ရတဲ့ယောက်ျားဆိုတာ အရမ်းကိုနည်းသွားပြီ။ အများစုကအပြင်ဘက်ကသာကြည့်ကောင်းကြတာ အတွင်းစိတ်ကတော့ လုံးဝမယုံကြည်ရဘူး။ ငါ့ယောက်ျားလေးသူငယ်ချင်းတွေတောင်မှပါသေးတယ်။ သူတို့လဲ မချမ်းသာတာမဟုတ်ဘဲနဲ့ မိန်းကလေးရဲ့နောက်ခံအသိုင်းအဝိုင်းကို အရမ်းကြည့်ကြတာ။ တွဲပြီးသွားပြီဆိုတာနဲ့သူတို့အတွက် ငွေရှင်းခိုင်းရင်ရှင်းခိုင်း အဲ့လိုမှမဟုတ်ရင်လဲ သူတို့မှာ အမြှောင်မယားပေါင်းများစွာကရှိနေပြန်ရော။ ငါကတော့နှစ်မျိုးလုံးကိုမကြိုက်ဘူး။ ဒီတော့ တစ်ယောက်တည်းပဲနေလိုက်တယ်!”

ချောင်ဝမ်ရှင်းပြောသည့်စကားများမှာ လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့် အခြအနေမှန်ပင်ဖြစ်သည်။ ထို့ကဲ့သို့သောကိစ္စများကြောင့်လဲ ကွာရှင်းမှုနှုန်းများ မြင့်တက်နေကာ အမျိုးသမီးများသည် လက်မထပ်ချင်ကြတော့ပေ။

ကုနင်းသည်လဲ သူမသာ ယုံကြည်ရသည့်လူနှင့်မတွေ့ခဲ့လျှင် တစ်ကိုယ်တည်းသာနေပေမည်။

ထိုအကြောင်းပြောနေရင်းဖြင့် ချောင်ဝမ်ရှင်း အတွေးတစ်ခုဝင်သွားကာ၊

“နင်းနင်း၊ နင့်ရည်းစားဆီမှာ ယုံကြည့်ရလောက်တဲ့ လူလွတ်သူငယ်ချင်းတွေမရှိဘူးလား? ငါ့ကိုတစ်ယောက်လောက်နဲ့မိတ်ဆက်ပေးပါလား?” ချောင်ဝမ်ရှင်း စနောက်သလိုလိုနှင့် အတည်ပြောလိုက်သည်။

ချောင်ဝမ်ရှင်း၏စကားကိုကြားသည်နှင့် ကုနင်း ရှုကျင်းချန်အား ချက်ချင်းသတိရသွားခဲ့သည်။ ရှုကျင်းချန်သည် ခန့်ညာချောမောသည့်အပြင် နောက်ခံမိသားစုအင်အားလဲတောင့်ပေသည်။ အလုပ်အကိုင်ကောင်းတစ်ခုလဲရှိသလို ကိုယ်ကျင့်တရားလဲကောင်းပေသည်။ ကုနင်း ယခုအထိသိထားသလောက်ဆိုလျှင် ရှုကျင်းချန်သည် ယုံကြည်ရသည့်လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ချောင်ဝမ်ရှင်နှင့်ရှုကျင်းချန်တို့သည် အလွန်လိုက်ဖက်မည်ဟု တွေးမိသည်။ သေချာပေါက် အချက်အလက်များကိုနှိုင်းယှဉ်ရုံဖြင့် သူတို့နှစ်ဦး၏ဆက်ဆံရေးကလဲ အဆင်ပြေမည်ဟုမဆိုလိုပေ။ အရေးအကြီးဆုံးက သူတို့ချင်းအဆင်ပြေပြီး အချင်းချင်းသဘောကျကြရန်လိုအပ်သည်။

အကယ်၍ ချောင်ဝမ်ရှင်းအတွက် သူ၏ဖူးစာရှင်အမှန်ပေါ်လာခဲ့လျှင်လဲ ကိစ္စမရှိပေ။

“သူနဲ့အတူ တပ်ထဲမှာပဲ တာဝန်ထမ်းဆောင်နေတဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်။ အဲ့လူက ရုပ်လဲချောတယ်၊ အကျင့်စရိုက်လဲကောင်းတယ်။ မိသားစုနောက်ခံကလဲတောင့်တယ်။ ဒါပေမယ့် သူကယုံကြည်ရလားမရဘူးလားကိုတော့ ငါအာမမခံနိုင်ဘူး။ နင်တွေ့ချင်ရင်တော့ ငါမိတ်ဆက်ပေးမယ်လေ။” ကုနင်းပြန်ဖြေလိုက်သည်။

“တကယ်လား?” ထိုလူက စစ်အရာရှိတစ်ဦးဖြစ်ကြောင်း သိလိုက်ရ၍ ချောင်ဝမ်ရှင်းစိတ်လှုပ်ရှားသွားသည်။

“ဘာပဲဖြစ်ဖြစ်၊ ငါလဲအားနေတာပဲ။ နင်မြို့တော်ကို ဘယ်တော့သွားမှာလဲ? ငါပါလိုက်ခဲ့မယ်။”

“မနက်ဖြန်၊” ကုနင်းပြန်ဖြေလိုက်သည်။

“ဒါပေမယ့် သူမြို့တော်မှာရှိနေမလားတော့ သေချာမသိဘူး။ ငါ့ကောင်လေးကို ဖုန်းဆက်မေးကြည့်လိုက်မယ်။”

“မဆက်နဲ့။” ချောင်ဝမ်ရှင်း ချက်ချင်းတားလိုက်သည်။

“ဒါကို ငါတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်လို့ပဲ ထားလိုက်။ သူရှိတော့လဲ တွေ့လို့ရတာပေါ့။ မရှိရင်လဲ ငါ့ဘာသာ မြို့တော်မှာ လျှောက်လည်လိုက်မယ်။ ပြီးတော့ မြို့တော်မှာနေတဲ့ ငါ့သူငယ်ချင်းတစ်ယောက်လဲရှိသေးတယ်။ သူနဲ့အတူလျှောက်လည်လို့ရတယ်။”

ချောင်ဝမ်ရှင်းက ထိုကိစ္စအတွက် အလျင်မလိုနေပေ။

“ကောင်းပြီလေ။” ချောင်ဝမ်ရှင်းဘက်က ထိုသို့ပြောလာပြီဖြစ်၍ ကုနင်းလဲ သူမစကားအတိုင်းနားထောင်လိုက်သည်။ အကယ်၍များ သူတို့ချင်းတွေ့ပြီးကာမှ သဘောမကျကြဘူးဆိုလျှင် အနေရခက်စရာဖြစ်သွားမည်စိုး၍ ကုနင်းလဲ သူမတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်အဖြစ်သာထားချင်လေသည်။

ထို့နောက်တွင်တော့ သူမတို့ဆက်ပြေးခဲ့ကြသည်။ အချိန်အတော်ကြာပြေးပြီးနောက်တွင်တော့ နောက်ယောင်ခံလိုက်နေသူမှာ ဆက်ပြီးမလိုက်နိုင်တော့သည့်ပုံပင်။

“ဟွန့်၊ ငါ့ကိုကြိုက်ဖို့ အရမ်းအားပျော့လွန်းတယ်။” ချောင်ဝမ်ရှင်း အထင်သေးဟန်ဖြင့်ပြောလိုက်သည်။

ကုနင်းလဲ ထိုစကားကြောင့် ပြုံးမိသွားရသည်။ ချောင်ဝမ်ရှင်းအတွက် စစ်တပ်အရာရှိတစ်ဦးကသာ အလိုက်ဖက်ဆုံးဖြစ်ပေသည်။ အကယ်၍ သူမသာ သာမာန်လူတစ်ယောက်နှင့် ဖူးစာဆုံခဲ့လျှင် ထိုလူမှာ သေချာပေါက် အမြဲတမ်း သူမအနိုင်ကျင့်သည်ကို ခံရပေလိမ့်မည်။

မကြာခင်တွင်ပဲ ချောင်ဝမ်ရှင်းလဲ ပင်ပန်းလာသောကြောင့် သူမတို့နားလိုက်ကြသည်။ ကုနင်းသည်တော့ မျက်နှာအနည်းငယ်နီနေသည်ကလွဲပြီး အသက်ရှုနှုန်းလဲ ပုံမှန်အနေအထားသာရှိနေသောကြောင့် ချောင်ဝမ်ရှင်း အံ့ဩသွားကာ၊

“နင်းနင်း၊ နင်သက်လုံအရမ်းကောင်းတာပဲ! ငါတို့၅ကီလိုမီတာ ပြေးပြီးတာတောင် နင်ကတော့ အေးဆေးပဲ။”

“ငါက အထူးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာထက်တောင် ပိုပြီးရက်စက်တဲ့ လူတွေကိုတိုက်ခိုက်ဖို့သီးသန့်လို ပြင်းထန်ရက်စက်တဲ့လေ့ကျင့်ရေးပုံစံမျိုးနဲ့ လေ့ကျင့်ခဲ့ရတာကြောင့်ပါ။ ဒါပေမယ့် နင်ကတော့ သာမာန်လေ့ကျင့်မှုမျိုးနဲ့ပဲမို့လို့လေ။” ကုနင်းပြောလိုက်သည်။

“ဘာ? ပြင်းထန်ရက်စက်တဲ့လေ့ကျင့်မှုမျိုး? အရမ်းရက်ရက်စက်စက်လေ့ကျင့်ပေးမယ့်ပုံပဲ။” ချောင်ဝမ်ရှင်းအလွန်အံ့အားသင့်သွားသည်။ ထိုပြင်းထန်ရက်စက်သည့်လေ့ကျင့်ရေးက တစ်စုံတစ်ဦး၏အသက်အပေါ်အခြေခံကာ လေ့ကျင့်မှုမျိုးဖြစ်ပုံရပေသည်။

ကုနင်း၏ဆရာက ရူးနေတာပဲဖြစ်ရမည်ဟု ချောင်ဝမ်ရှင်းထုတ်ပြောမိတော့မတတ်ပင်။ သို့ပေမည့် ကုနင်း၏ဆရာက ဆုံးပါးသွားပြီဖြစ်ကြောင်းကို ပြန်သတိရလိုက်မိ၍ ကုနင်းစိတ်မထိခိုက်သွားစေရန် အသံထွက်မပြောမိအောင် ထိန်းလိုက်သည်။ ထိုလေ့ကျင့်မှုသည် ဘယ်လောက်ပင်ရက်စက်ပါစေ အခုလို ကုနင်းဘယ်လိုအန္တရာယ်ပဲကြုံကြုံ အေးအေးဆေးဆေးရင်ဆိုင်ဖြေရှင်းနိုင်နေသောကြောင့် ပင်ပန်းဖို့ထိုက်တန်သည့် လေ့ကျင့်မှုမျိုးပင်ဖြစ်သည်။

***

အခန်း ၄၃၃

ယာဉ်မောင်းလိုင်စင်ဖြေခြင်း

ချောင်ဝမ်ရှင်း၏မိဘများသည်လဲ သူမအန္တရာယ်ကြုံလာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စေရန် မျှော်လင့်ပြီး ငယ်ငယ်ကတည်းက စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့သည်။ သူမသာ သူမကိုယ်သူမကာကွယ်နိုင်သည့်အရည်အချင်းမျိုးမရှိခဲ့လျှင် အကြိမ်ပေါင်းများစွာ ပြန်ပေးဆွဲခံရပြီးနှင့်ပြီဖြစ်သည်။

ပြေးပြီးနောက်တွင်တော့ သူမတို့နှစ်ဦး ဗီလာသို့မပြန်ခင် မနက်စာအတူတူစားလိုက်ကြသည်။ ချောင်ဝမ်ရှင်းက တစ်ဦးတည်း ဗီလာတွင်လာနေသော်လည်း သူမ၏အချက်အပြုတ်စွမ်းရည်မှာ ဆိုးဝါးလွန်းသောကြောင့် တစ်ခါမျှကိုယ်တိုင်မချက်စားဖူးပေ။ ထို့ကြောင့် ချောင်အိမ်တော်သို့ ပြန်စားရင်ပြန်စား ထိုသို့မဟုတ်လျှင် ဆိုင်မှာပဲထွက်စားလေသည်။

ထို့နောက် ကုနင်းရော ချောင်ဝမ်ရှင်းပါ သူမတို့ကိုယ်ပိုင်ဗီလာများဆီသို့ပြန်လိုက်ကြပြီး ရေချိုးအဝတ်အစားလဲကာ အပြင်သို့ပြန်ထွက်လာကြသည်။ ကုနင်းတွင် ယာဉ်မောင်းလိုင်စင်မရှိသေးသောကြောင့် ချောင်ဝမ်ရှင်း၏ကားဖြင့်သာ လိုက်လာခဲ့သည်။

ချောင်ဝမ်ရှင်း၏ကားဂိုဒေါင်ထဲတွင်တော့ ကားနှစ်စီးရှိနေကာ တစ်စီးကတော့ ကုနင်းနှင့်ဆင်တူ Lamborghiniကားဖြစ်ပြီး အရောင်ကတော့ အနီရောင်တောက်တောက်ဖြစ်သည်။ နောက်တစ်စီးသည်လဲ အနီရောင်ပင်ဖြစ်ကာ Land Roverကားဖြစ်သည်။ ချောင်ဝမ်ရှင်း အနီကိုအတော်ကြိုက်ပုံရပေသည်။

“ငါတို့ဒီနေ့ အရမ်းထင်းမနေအောင်လို့ Land Roverပဲစီးသွားကြတာပေါ့။” ချောင်ဝမ်ရှင်းပြောလိုက်ပြီးနောက် ကုနင်းအတွက် ကားတံခါးဖွင့်ပေးကာ လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ သူမကို ဝင်ထိုင်ရန်ဖိတ်ကြားလိုက်၍ ကုနင်းရယ်ချင်မိသွားသည်။ အမှန်တကယ်လဲ ကုနင်း အနည်းငယ်အသံထွက်ရယ်လိုက်ပြီးမှသာ ကားထဲသို့ဝင်ထိုင်လိုက်လေသည်။

တကယ်တော့ ကုနင်းသည်လဲ ကားများထဲတွင် Land Rover, Hummers, Knight XVတို့လို အရမ်းမိုက်သည့် ကားများကိုသဘောကျလေသည်။

လမ်းရောက်ချိန်တွင် ကုနင်းက၊

“ဝမ်ရှင်း၊ နင် Bမြို့ကအရမ်းချမ်းသာတဲ့မိသားစု ဘယ်လောက်များများသိလဲ?”

“တော်တော်များများတော့သိပါတယ်။” ချောင်ဝမ်ရှင်းသည် အဆင့်အတန်းမြင့်သည့်မိသားစုမှ မိသားစုဝင်တစ်ဦးဖြစ်သောကြောင့် ထိုအဆင့်အတန်းဝန်းကျင်မှ လူများစွာကို သိထားရပေသည်။

“ဒါဆို ဖန်းကျီရွေ့လို့ခေါ်တဲ့လူကိုသိလား?” ကုနင်း ဖန်းမိသားစုအကြောင်းကို ချောင်ဝမ်ရှင်းထံမှ ပိုပြီးသိထားချင်မိသည်။

ဖန်းကျီရွေ့၏နာမည်ကိုကြားသည်နှင့် ချောင်ဝမ်ရှင်း ရယ်လိုက်ကာ ထိုရယ်သံက ဖန်းကျီရွေ့ကို သဘောမကျသည့်ပုံပင်။

“ဖန်းကျီရွေ့က ဒီနယ်ပယ်မှာတော့ အရမ်းကိုနာမည်ကြီးတဲ့ မိန်းမရှုပ်တဲ့လူပဲ။ နင်သူ့ကိုသိတာလား?”

“ဟုတ်တယ်။”

“အရင်နေ့တုန်းက ကျောက်အလောင်းအစားလမ်းမှာ ငါသူနဲ့ပြဿနာတက်တော့မလို၊ ဒါပေမယ့် ငါက လေဆိပ်ကကောင်မလေးကိုကယ်ခဲ့တဲ့သူမှန်း သူမှတ်မိသွားပြီး ငါ့ဆီကသိုင်းပညာသင်ချင်ပါတယ်။ ဆရာဖြစ်ပေးပါဆိုပြီး ပြောတယ်။ ဒါပေမယ့် ငါကငြင်းလိုက်တော့ ငါ့ကိုသူ့ဘော့စ်အဖြစ်သတ်မှတ်လိုက်တယ်။ ငါက ဖန်းမိသားစုရဲ့ဂုဏ်သတင်းဘယ်လိုဆိုတာ သိချင်တာပါ။ သူ့မိသားစုက မကောင်းမှုနဲ့နာမည်ကြီးနေတာဆိုရင်တော့ သူနဲ့ခပ်ကင်းကင်းနေရမယ်လေ။ တကယ်လို့ သူမိသားစုက ဆိုးဝါးတဲ့အထဲမပါဘူးဆိုရင်တော့ သူနဲ့ ဆက်ဆံရေးကောင်းတာက အကျိုးမယုတ်ပါဘူး။”

“အိုး၊ ဖန်းကျီရွေ့က နင့်နောက်လိုက်လုပ်ချင်တယ်တဲ့လား?” ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်သွားရတော့သည်။

“သူက မိန်းမတွေကိုအရမ်းအထင်အမြင်သေးတာ! နင်းနင်း၊ နင်တကယ်ကိုဆွဲဆောင်အားကောင်းတာပဲ!”

ထို့နောက် ချောင်ဝမ်ရှင်းက ဆက်ပြီး၊

“ဖန်းမိသားစုက ဆိုးရွားတာလုပ်ခဲ့တယ်လို့တော့ ငါအခုထိမကြားသေးဘူး။ ဒါပေမယ့်လဲ သူတို့ရဲ့မကောင်းမှုတွေကို သေချာဖုံးကွယ်ထားနိုင်တာလဲ ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားအားလုံးက ဉာဏ်နီဉာဏ်နက်တော့များကြတာပဲလေ။ ကိုယ့်ကျင့်တရားပျက်တဲ့အထိ ဒါမှမဟုတ် ဥပဒေချိုးဖောက်တာအထိမဟုတ်ရင် ငါကတော့ အဆင်ပြေတယ်လို့ထင်တယ်။”

အမှန်ကိုပင် စီးပွားရေးသမားအားလုံးသည် ဉာဏ်နီဉာဏ်နက်များလွန်းသည့်လူများဖြစ်ပေသည်။ ကုနင်းသည်လဲ ဉာဏ်နီဉာဏ်နက်များသည့် စီးပွားရေးသမားတစ်ဦးပင်။ ဖန်းမိသားစုသာ ဥပဒေနှင့်မလွတ်ကင်းသည့် ပြစ်မှုများမကျူးလွန်ထားသ၍ ကုနင်း လက်ခံနိုင်ပေသည်။

ဘဏ်ဖွင့်ချိန်ရောက်ပြီဖြစ်မှန်း ကုနင်းသိလိုက်တော့ ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့၏အကောင့်ထဲသို့ ငွေလွှဲပေးရန်အတွက် ဖုန်းဆက်လိုက်သည်။

ကုနင်းဖုန်းပြောနေသည်ကိုကြားရချိန်တွင် ချောင်ဝမ်ရှင်းဘယ်လောက်ပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားထား စိတ်လှုပ်ရှားနေမိစဲပင်။ ယွမ်သန်း၅ရာတောင်! အခုချိန်ကစပြီး သူမ၏ကိုယ်ပိုင်ဘဏ်အကောင့်ထဲတွင် ယွမ်သန်း၅ရာပိုင်ဆိုဖူးသွားပေပြီ။ ကုနင်း ယွမ်၃ဘီလီယံကို အလွယ်တကူရလိုက်သည်အား ချောင်ဝမ်ရှင်း ယခုထက်ထိတိုင် မယုံကြည်နိုင်သေးပေ။ တကယ်တော့ လွယ်ကူသည်ဟူ၍လဲ ပြောလို့မရပေ။ ကုနင်းသာ သတ္တိမရှိသလို ဉာဏ်လဲမကောင်းနေခဲ့လျှင် ငွေရဖို့မပြောနှင့် အသတ်ပင်ခံရနိုင်ပေသည်။

စာအသစ်ဝင်လာသည့်အချိန်တွင် ထန်ကျားခိုင်မှာ အိပ်နေစဲဖြစ်၍ အိပ်ချင်မူးတူးဖြင့် သူ့ဖုန်းကို စစ်ကြည့်လိုက်သည်။ စာကိုဖတ်ပြီးနောက် သူ့အကောင့်ထဲ ရှည်လျားသည့်ဂဏန်းများဖြင့်ငွေများဝင်နေသည်ကို မြင်လိုက်ရပြီး ချက်ချင်းနိုးနိုးကြားကြားဖြစ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရင်း အိပ်ရာထဲမှခုန်ထွက်သွားတော့သည်။ အိမ်တော်ထဲရှိလူတိုင်းလဲ ထန်ကျားခိုင်၏အော်သံကျယ်ကြီးကို ကြားလိုက်ရကြသည်။

“ထန်ကျားခိုင်၊ အော်ဟစ်နေတာရပ်တော့!” ထန်ဟိုင်ဖုန်းက အောက်ထပ်မှနေပြီး ဆူလိုက်ပေမည့် ထန်ကျားခိုင်ကတော့ သူ့အဘိုးစကားကိုလျစ်လျူရှုကာ ဖုန်းထဲမှစာကိုသာ သေချာပြန်ကြည့်နေလိုက်သည်။ သုညတွေအများကြီးပဲ! ယွမ်သန်း၅၀၀တောင်! ယွမ်သန်း၅၀၀တောင် သူ့ကိုယ်ပိုင်ငွေဖြစ်သွားပြီဖြစ်၍ မိဘများထံမှ အသုံးစားရိတ်ပေးရန်အတွက် နောက်ထပ်တောင်းဖို့မလိုတော့ပေ။ သို့ပေမည့် ထန်ကျားခိုင်သည် ပညာတက်လူငယ်တစ်ယောက်ဖြစ်သောကြောင့် ငွေကို လက်လွတ်စပယ်သုံးမည်တော့မဟုတ်ပေ။

ထိုအစား သူအခုချိန်အထိလိုချင်တာမှန်သမျှကိုသာ ဝယ်မည်ဖြစ်သည်။

ထန်ကျားခိုင်၏ပြန်ဖြေသံကို မကြားရသောကြောင့် ထန်ဟိုင်ဖုန်း စိုးရိမ်မိသွားကာ အိမ်တော်ထိန်းအားအပေါ်ထပ်သို့ သွားတက်ကြည့်စေတော့သည်။

“သခင်လေးကျားခိုင်၊ အဆင်ပြေရဲ့လား?” အိမ်တော်ထိန်းလဲ ထန်ကျားခိုင်၏အခန်းတံခါးကို ခေါက်ကာ စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

အိမ်တော်ထိန်း၏အသံကိုကြားတော့မှပဲ ထန်ကျားခိုင်လဲ စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားကာ အသက်ပြင်းပြင်းအရင်ရှုလိုက်ပြီးနောက်မှ၊

“အဆင်ပြေပါတယ်၊ အိပ်မက်ဆိုးမက်သွားလို့ပါ။”

ထန်ကျားခိုင်အဆင်ပြေကြောင်းကြားမှပဲ အိမ်တော်ထိန်းလဲ စိတ်အေးသွားကာ အောက်ထပ်သို့ပြန်ဆင်းသွားတော့သည်။

………..

ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ မနက်၈နာရီခွဲကတည်းက ထွက်လာကြသော်လည်း ကားလမ်းပိတ်ဆို့နေခြင်းကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ၉နာရီခွဲမှသာ ရောက်ရှိခဲ့သည်။

မနေ့ညကတည်းက ချောင်ဝမ်ရှင်း သူမသူငယ်ချင်းကို ဖုန်းဆက်ထားပြီးသားဖြစ်သောကြောင့် သူတို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ရောက်ချိန်တွင် အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ညာဘက်တွင် ယာဉ်မောင်းစာမေးပွဲဖြေဆိုရန်နေရာရှိသောကြောင့် ထိုနေရာသို့သာ သူမတို့တန်းသွားလိုက်ကြသည်။

သူမတို့ကားရပ်ပြီးသည်နှင့် အသက်၂၅နှစ်ဝန်းကျင် ခန့်ညားသည့်လူငယ်တစ်ဦး သူတို့ရှိရာသို့ လျှောက်လာခဲ့သည်။ ချောင်ဝမ်ရှင်း ကားထဲမှထွက်လိုက်သည်နှင့် ထိုလူက မကျေမနပ်ပြောတော့သည်။

“မိန်းကလေးချောင်၊ နင်ငါ့ကိုအသုံးမလိုရင် ခေါ်တောင်မခေါ်ဘူးနော်။ ငါ့ကိုထမင်းတစ်နပ်လိုက်ကျွေးမယ်ပြောထားပေမယ့် ငါနှစ်ပတ်လောက်စောင့်နေတာတောင် နင်ဆက်သွယ်မလာဘူး။”

ထိုစကားကိုကြားလိုက်ရတော့ ချောင်ဝမ်ရှင်းအနည်းငယ်ရှက်ရွံ့သွားကာ၊

“ငါ့အမှားငါသိပါတယ်။ ငါ့သူငယ်ချင်းစာမေးပွဲဖြေပြီးရင် ငါတို့အတူတူနေ့လည်စာသွားစားကြရင်ရော?”

“ကောင်းသားပဲ။” ထိုအမျိုးသားလဲ ကျေနပ်သွားတော့သည်။

ထိုအချိန်တွင်ပဲ ကုနင်းလဲ ချောင်ဝမ်ရှင်းအနားသို့ရောက်လာခဲ့ကာ ချောင်ဝမ်ရှင်းက သူမနှင့် ထိုလူကို မိတ်ဆက်ပေးလေသည်။

“ဒါကငါ့ညီမ ကုနင်းတဲ့။ ဒီဘက်ကတော့ ငါ့သူငယ်ချင်း အိုးယန်ရှီဟွမ်။”

“တွေ့ရတာဝမ်းသာပါတယ်။” “တွေ့ရတာဝမ်းသာပါတယ်။” ကုနင်းရော အိုးယန်ရှီဟွမ်ပါ အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။

“မင်းအဆင်သင့်ဖြစ်ပြီလား? အဆင့်သင့်ပဲဆို ငါတို့စလိုက်ကြရအောင်။” အိုးယန်ရှီဟွမ်က ကုနင်းကိုမေးလိုက်သည်။

“အဆင်သင့်ပါပဲ။”

စာမေးပွဲမဖြေခင် ကုနင်းအရင်ဆုံး စာမေးပွဲဖြေရန်အတွက်‌ ငွေသွင်းရကာ ပထမဆုံး ဘာသာရပ်၁ကိုစဖြေဖို့ဖြစ်သည်။ ဘာသာရပ်၁သည်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အခြေခံအသိပညာများနှင့် အခြားသော သက်ဆိုင်ရာအသိပညာရပ်များကို ဖြေဆိုရခြင်းဖြစ်သည်။ ထိုစာမေးပွဲကိုကာ ကွန်ပျူတာထဲတွင် တန်းပြီးအဖြေထည့်ရုံပဲဖြစ်သောကြောင့် အိုးယန်ရှီဟွမ်က ကုနင်းကို မေးခွန်းဖြေဆိုရမည့် ကွန်ပျူတာရှိရာသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။

ဤစာမေးပွဲကို ချောင်ဝမ်ရှင်း၏အကူအညီဖြင့် ကုနင်းလာရောက်ဖြေဆိုရခြင်းဖြစ်သော်လည်း ကင်မရာများလဲရှိနေကာ ကွန်ပျူတာကပဲ သူမ၏အဖြေလွှာကို စစ်ဆေးမည်ဖြစ်၍ လိမ်ညာဖြေဆို၍မရနိုင်ပေ။ မကြာခင်မှာပဲ ကုနင်းမေးခွန်း၁၀၀လုံးကိုဖြေပြီးသွားကာ အမှတ်ပြည့်ရခဲ့သည်။

ချောင်ဝမ်ရှင်းနှင့် အိုးယန်ရှီဟွမ်တို့လဲ ကုနင်း၏အမြန်နှုန်းနှင့်ဖြေဆိုနိုင်စွမ်းကြောင့် အလွန်ထိတ်လန့်အံ့ဩသွားကြရတော့သည်။

***

အခန်း ၄၃၄

ပြီးပြည့်စုံသည့် အဆုံးသတ်

“ဘုရားရေ! မိန်းကလေးကု၊ မင်းမေးခွန်း၁၀၀လုံးကို သုံးမိနစ်တည်းနဲ့ဖြေလိုက်တာလား! မင်းကဉာဏ်ကြီးရှင်ပဲ!” အိုးယန်ရှီဟွမ် မယုံကြည်နိုင်စွာဖြင့် ချီးကျူးလိုက်သည်။

“ကျွန်မသေချာမပြင်ဆင်ထားဘဲနဲ့၊ ဒီနေရာကိုရောက်လာစရာအကြောင်းမရှိဘူးလေ။” ကုနင်းပြန်ပြောလိုက်သည်။

သူမ၏အဖြေများက ထိပ်တန်းဖြေဆိုချက်များမဟုတ်သော်လည်း သာမာန်လူသာဆိုလျှင် မေးခွန်း၁၀၀လုံးဖြေပြီးရန်အတွက် ၁၅မိနစ်လောက်အချိန်ယူရမည်ဖြစ်ကာ အမှားများလဲ ပါနိုင်သေးသည်။ ထို့ကြောင့် အိုးရန်ရှီဟွမ်လဲ ဆက်ပြီးမပြောတော့ပေ။

ဘာသာရပ်၂သည်တော့ ယာဉ်မောင်းနည်း၅မျိုးကိုဖြေဆိုရမည်ဖြစ်ကာ၊ ကားဂိုဒေါင်ထဲသို့ဝင်ခြင်း၊ ကားပါကင်ထိုးခြင်း၊ ကုန်းဆင်းကုန်းတက်မောင်းခြင်း၊ ညာကွေ့ခြင်း နှင့် ဂငယ်ကွေ့ကွေ့ခြင်းတို့ဖြစ်သည်။ ဘာသာရပ်၃ကတော့ လမ်းမများထက်တွင် မောင်းနှင်ရန်လိုအပ်သည့် အခြေခံကျွမ်းကျင်မှုများအား စစ်ဆေးခြင်းဖြစ်ကာ ဘာသာရပ်အားလုံးကို ကုနင်း အပြည့်စုံဆုံးဖြင့် အောင်မြင်ခဲ့လေသည်။

ကုနင်းသည် ၁၈နှစ်သာရှိသေးသော်လည်း သူမ၏ယာဉ်မောင်းပညာသည် နည်းပြထက်ပင်ပို၍ကျွမ်းကျင်နေသောကြောင့် ချောင်ဝမ်ရှင်းနှင့် အိုးရန်ရှီဟွမ်တို့ ထပ်မံအံ့ဩသွားကြရပြန်သည်။

ကုနင်းသည်သာ သူတို့မြင်ဖူးသမျှထဲတွင် စာမေးပွဲကို အမှတ်အမြင့်ဆုံးနှင့် အမြန်ဆုံးပြီးခဲ့သည့် တစ်ဦးတည်းသောလူဖြစ်လေသည်။

“မိန်းကလေးကု၊ ငါတကယ်ကို ဘာပြောလို့ပြောရမှန်းတောင် မသိတော့ဘူး။ မင်းကအရမ်းမယုံနိုင်စရာကောင်းလောက်အောင်ကိုတော်တာပဲ။ မင်းက အကောင်းဆုံးယာဉ်မောင်းနည်းပြထက်တောင်မှ ပိုတော်နေသေးတယ်။ အခုချိန်ကစပြီး မင်းကငါ့အိုင်ဒေါပဲ။” အိုးယန်ရှီဟွမ် ကုနင်းကိုး လေးစားသဘောကျစွာဖြင့်ကြည့်ကာ ပြောလိုက်သည်။

ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

“ကောင်းပြီလေ၊ အခုလိုင်စင်သွားယူပြီး နေ့လည်စာအတူတူသွားစားကြရအောင်။”ချောင်ဝမ်ရှင်းက ကြားဖြတ်ကာ ပြောလိုက်သည်။ အိုးယန်ရှီဟွမ် ချောင်ဝမ်ရှင်း၏အခင်ဆုံးသူငယ်ချင်းဖြစ်လာရခြင်းမှာ သူကရယ်ရသောကြောင့်သာဖြစ်သည်။ ချောင်ဝမ်ရှင်းသည် လူကြီးလူကောင်းဆန်သည့် ပုံစံမျိုးကို သဘောမကျပေ။

“ဟုတ်ကဲ့ပါ၊ မဒမ်။” အိုးယန်ရှီဟွမ် ချောင်ဝမ်ရှင်းအား နောက်ပြောင်လိုက်ကာ သူမတို့ကို လိုင်စင်ထုတ်ရမည့်နေရာသို့ခေါ်သွားပေလိုက်သည်။

မိနစ်ပိုင်းအတွင်းမှာပဲ ကုနင်း သူမ၏ကိုယ်ပိုင်ယာဉ်မောင်းလိုင်စင်ကို ရရှိသွားခဲ့တော့သည်။

အခုက၁၁နာရီလဲထိုးပြီဖြစ်သောကြောင့် နေ့လည်စာစားချိန်ရောက်ပေပြီ။ အိုးယန်ရှီယွမ်က နောက်နာရီဝက်နေမှသာ တာဝန်ချိန်ပြီးမည်ဆိုသော်လည်း ဘာမှထွေထွေထူးထူးလုပ်စရာမရှိသောကြောင့် သူမတို့နှင့်အတူ နာရီဝက်စောထွက်လာခဲ့လိုက်သည်။ ၂နာရီခွဲတွင်တော့ အလုပ်ပြန်တက်ရမည်ဖြစ်၍ အနီးတစ်ဝိုက်မှ စားသောက်ဆိုင်သို့သာ သွားလိုက်ကြသည်။

နေ့လည်စာစားပြီးနောက် ချောင်ဝမ်ရှင်းနှင့်ကုနင်းက အိုးယန်ရှီဟွမ်ကို သူ့အလုပ်သို့ပြန်လိုက်ပို့ကာ ထန်မိသားစုပိုင်ဆိုင်သည့် ဖန်ရှန်းဈေးဝယ်စင်တာသို့ ပြန်ထွက်လာခဲ့သည်။

ဖန်ရှန်းဈေးဝယ်စင်တာသည် Bမြို့၏အကြီးမားဆုံး ဈေးဝယ်စင်တာသုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ လူများသည့် မြို့လယ်ခေါင်တွင်တည်ရှိသည်။

“ငါ့အဝတ်ဗီရိုထဲမှာ ဝတ်စုံတွေအများကြီးရှိပြီး အများစုက တံဆိပ်တောင်မဖြုတ်ရသေးတဲ့ အသစ်တွေဆိုပေမည့် ငါ့မှာအခုထိ ဝတ်စုံလှလှလေးမရှိသေးဘူးလို့ပဲ ခံစားနေရတယ်။” ချောင်ဝမ်ရှင်း ဆိုင်များထဲမှ ရောင်စုံလှပသည့် ဝတ်စုံများကိုမြင်ပြီးနောက် အရမ်းကိုဝယ်ချင်နေတော့သည်။ သူမ၏ပုံစံမှာ အမေဖြစ်သူရှေ့ရောက်သွားသည်နှင့် အလွန်နို့စို့ချင်နေသည့် ကလေးငယ်တစ်ဦးကဲ့သို့ပင်။

ကုနင်းကတော့ ဘာပြောလို့ပြောရမှန်းပင်မသိတော့ပေ။ ပုံမှန်ဆိုလျှင် အမျိုးသမီးများသည် သူတို့ကိုသူတို့အမြဲတမ်း အဝတ်အစားမရှိဟု ထင်ကြသည်မှန်သော်လည်း ချောင်ဝမ်ရှင်း ဝယ်ယူနေပုံမှာ အနည်းငယ်ပင် ရူးသွပ်ဟန်ပေါက်နေသည်။ ကုနင်းသည်တော့ အဝတ်အစားဝယ်ယူသည့်အပေါ် သိပ်ပြီးစိတ်မဝင်စားပေ။ ပြောရရင်တော့ ကုနင်း၏အဝတ်ဗီရိုထဲတွင်လဲ အဝတ်များများစားစားမရှိပေမည့် လုံလောက်နေပြီဖြစ်သောကြောင့် ထပ်ဝယ်ရန်အစီစဉ်လဲရှိမနေပေ။

သို့ပေမည့် သူမတို့ ဂါဝန်ဆိုင်တစ်ဆိုင်ရှေ့ကိုရောက်သည့်အခါတွင်တော့ ကုနင်းနောင်ပွဲလမ်းသဘင်များအတွက် များစွာသော ပွဲတက်ဝတ်စုံများပြင်ဆင်ထားသင့်သည်ဟု တွေးမိသွားသည်။ ထို့အပြင် ကုနင်းသည် JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်ဖြစ်ကြောင်း ထုတ်ဖော်ထားပြီးပြီဖြစ်သောကြောင့် သူမ၏အဆင့်အတန်းမှာ ယခင်နှင့်လုံးဝကွာခြားနေပြီဖြစ်ပေသည်။ ထို့အကြောင့် သူမကို ဧည့်ခံပွဲများစွာတက်ရောက်ရန် ဖိတ်ကြားမှုများလဲ ရှိလာပေလိမ့်မည်။

အဆက်အသွယ်များသည် ထိုသို့သောပွဲများမှတစ်ဆင့် စပ်ဆက်တည်ဆောက်ရခြင်းဖြစ်ကြောင်း ကုနင်းကောင်းစွာနားလည်ထားသည်။

“ဝမ်ရှင်း၊ နင်ဒီမှာ ဂါဝန်ဆိုင်ကောင်းကောင်းလေးသိလား? ငါပွဲတက်ဂါဝန်များများလေးဝယ်ထားချင်လို့။” ကုနင်းမေးလိုက်သည်။

“ဂါဝန်!” ချောင်ဝမ်ရှင်း၏မျက်ဝန်းများ ချက်ချင်းလင်းလက်သွားပေမည့် မကြာခင်တွင်ပဲ ပြန်လည်ဝမ်းနည်းသွားကာ၊

“တကယ်တော့ ငါ့မှာ အဝတ်အစားဒီဇိုင်းလေ့လာတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ရဲ့ဒီဇိုင်းတွေက အရမ်းလှပေမည့် နာမည်တော့မကြီးသေးဘူး။ နင်နာမည်ကြီးတာ မကြီးတာကို စိတ်ထဲမထားဘူးဆိုရင် ငါလိုက်ပြမယ်လေ။”

“ရတာပေါ့၊။” ကုနင်းသည် တံဆိပ်ဘာဆိုသည်ကို ဂရုမစိုက်တတ်ဘဲ အရည်အသွေးနှင့်ဒီဇိုင်းကိုသာ ကြည့်လေသည်။

ထို့နောက် ချောင်ဝမ်ရှင်းက ဖန်းရှန်းဈေးဝယ်စင်တာတွင်ပဲရှိနေသည့် သူမသူငယ်ချင်းဖွင့်ထားသော ဂါဝန်ဆိုင်သို့ ခေါ်သွားခဲ့သည်။

လမ်းတွင်တော့ ချောင်ဝမ်ရှင်းက သူမသူငယ်ချင်းအကြောင်း အနည်းအကျဉ်း ကုနင်းကိုပြောပြလေသည်။

“တကယ်တော့ ငါအဲ့ဒီသူငယ်ချင်းနဲ့တွေ့တာသိပ်မကြာသေးဘူး။ ဒါပေမယ့် သူက တကယ်အရည်အချင်းရှိတယ်လို့ထင်တယ်။ သူ့ဒီဇိုင်းတွေကိုလဲ ငါသဘောကျတယ်။ အခုခေတ် လူချမ်းသာတွေက ကျော်ကြားမှုကိုတန်ဖိုးထားကြတာ နင်လဲသိမှာပါ။ ဒါပေယ့်ငါ့သူငယ်ချင်းကတော့ ကြော်ငြာတာတွေ လူသိများအောင်လုပ်တာတွေအစား သူ့အလုပ်ကိုပဲ သေချာဂရုစိုက်လုပ်လို့ ဖောက်သည်များများစားစားတော့မရှိဘူး။”

ကျော်ကြားမှုဆိုသည်မှာ ကြော်ငြာနိုင်စွမ်းအပေါ်တွင် အဓိကမူတည်နေခြင်းဖြစ်လေသည်။ အလျင်မြန်ဆုံးနှင့် ကျော်ကြားချင်လျှင်တော့ အခြားလူသိများပြီးသား တံဆိပ်တစ်ခုကို ယူသုံးခြင်းသာဖြစ်ပေမည့် ၉၀ရာခိုင်နှုန်းသော လူသိများကျော်ကြားပြီးသားတံဆိပ်များသည် သူတို့၏အမှတ်တံဆိပ်ဖြင့် ဝင်ငွေရှာသွားကြမည်စိုး၍ တော်ရုံ ဒီဇိုင်နာအသစ်များမခန့်အပ်ပေ။

အကယ်၍ ထိုဒီဇိုင်နာ၏အဝတ်အစားများကသာ သူတို့အမှတ်တံဆိပ်ထက်ပို၍ ကျော်ကြားသွားမည်ဆိုလျှင် သူတို့ဘက်က နာမည်ပျက်သွားပေလိမ့်မည်။ ထို့ကြောင့် ဒီဇိုင်နာတစ်ဦးသည် ကျော်ကြားချင်လျှင် ကိုယ်တိုင်သာ ကြိုးစားမှရသည်။

“သူကတခြားနည်းလမ်းတွေနဲ့ကော ကြော်ငြာတာမလုပ်ဘူးလား?” ကုနင်းမေးလိုက်သည်။

“သူက သာမာန်မိသားစုကဆိုတော့ အထောက်အပံ့ပေးမယ့်သူမရှိဘူးလေ။ ငါကလဲ သူနဲ့အရမ်းမရင်းနှီးသေးတော့ သူ့အကြောင်းအများကြီးမသိထားသေးဘူး။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလိုက်ရတော့ ကုနင်း ဦးဏှောက်ထဲ အစီစဉ်တစ်ရပ်ထွက်ပေါ်လာခဲ့သည်။

မကြာခင်တွင်ပဲ သူမတို့နှစ်ဦး Charmဟုအမည်ရသည့် ဂါဝန်ဆိုင်တစ်ဆိုင်သို့ရောက်ရှိလာခဲ့သည်။ ထိုဆိုင်မှအဝတ်အစားများ၏အမှတ်တံဆိပ်သည်လဲ Charmသာဖြစ်သည်။ ထို့အပြင် ကုနင်းကလဲ ထိုနာမည်ကိုသဘောကျလေသည်။

ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ဝင်သွားသည်နှင့် အရောင်းဝန်ထမ်းတစ်ဦးရောက်လာခဲ့ကာ၊

“Charmမှကြိုဆိုပါတယ်၊ ဧည့်သည်တော်တို့။”

“ဝမ်ရှင်း!” အသက်၂၇နှစ်လောက်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးလဲ သူမတို့ရှိရာဆီသို့လျှောက်လာခဲ့သည်။ သူမသည်အရမ်းကြီးလှပသည့်အထဲမပါဝင်သော်လည်း ကြော့ရှင်းလေသည်။

“ယုကျီ၊ ငါတို့ဈေးဝယ်ထွက်ကြရင်းနဲ့ နင့်ဆိုင်နားကဖြတ်မိလို့၊ အဲ့ဒါနဲ့ နင့်ကိုဝင်နှုတ်ဆက်ဖို့လာလိုက်တာ။” ချောင်ဝမ်ရှင်းက သူမတို့တမင်လာခြင်းဟုမပြောခဲ့ပေ။ အကယ်၍ ကုနင်းကသာ ဤဆိုင်မှအဝတ်အစားများကို သဘောမကျခဲ့လျှင် နှစ်ဦးနှစ်ဖက် နေရခက်သွားပေမည်။

“အော်၊ မိတ်ဆက်ပေးရဦးမယ်။ ဒါကငါ့ညီမ၊ ကုနင်း။” ချောင်ဝမ်ရှင်းက ထိုအမျိုးသမီးကိုပြောပြလိုက်ကာ၊

“ပြီးတော့ သူကဒီဆိုင်ရဲ့ပိုင်ရှင်လဲဖြစ်တဲ့ ဒီဇိုင်နာယုကျီပဲ။”

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု။”

“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးယု” ကုနင်းနှင့် ယုကျီတို့နှစ်ဦးအပြန်အလှန်နှုတ်ဆက်လိုက်ကြသည်။

“လာထိုင်ကြပါဦး။” ယုကျီက ကုနင်းတို့ကို နားနေခန်းဆီသို့ဖိတ်ခေါ်လိုက်သည်။

***

အခန်း ၄၃၅

အထည်ထုတ်လုပ်ရေးလုပ်ငန်းတွင်ပါဝင်ခြင်း

ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ ထိုင်ပြီးသွားကြသည်နှင့် ဆိုင်ဝန်ထမ်းတစ်ယောက်မှ ချက်ချင်းပင် သူမတို့အတွက် လက်ဖက်ရည်နှစ်ခွက်ချပေးခဲ့သည်။

ကုနင်းဆိုင်အခြေအနေကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ ဆိုင်သည်အရမ်းမကြီးပဲ ၂၀စတုရန်းမီတာထဲသာကျယ်ပေမည့် ပွဲတက်ဂါဝန်များ၊ ထသွားထလဝတ်စုံများစသည်ဖြင့် ရွေးချယ်အစရာများစွာရှိနေသည်။ ပွဲတက်ဝတ်စုံများသည်တော့ ချောင်ဝမ်ရှင်းပြောသည့်အတိုင်းပင် အမှန်တကယ်ကို လှပကာ ထူးခြားသည့်ဒီဇိုင်းများဖြစ်ကြောင်း ကုနင်းသတိထားမိသွားသည်။

ယုကျီက ထိုအဝတ်အစားများကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲကာ အစိတ်အပိုင်းတိုင်းကို ဤနေရာတွင်သာချုပ်လုပ်ပုံဖော်ထားခြင်းဖြစ်သည်။ ဆိုင်သည်သေးငယ်သောကြောင့် စက်ရုံတစ်ရုံရှိဖို့ရန်အထိ သူမအတွက်မဖြစ်နိုင်သေးပေ။ ထို့အပြင် ဂါဝန်အများစုသည်လဲ ဝယ်သူ၏စိတ်တိုင်းကျပုံဖော်ချုပ်လုပ်ပေးခြင်းဖြစ်သည်။ ယခုဆိုင်ထဲတွင်ရှိနေသည့် ပုံစံအားလုံးကတော့ ပုံမှန်နမူနာပြထားခြင်းမျိုးသာဖြစ်လေသည်။ ဝယ်သူဘက်မှ ယခုပြသထားသည့်နမူနာအထည်ဒီဇိုင်းများကိုသာ ဝယ်ချင်လျှင်တော့ စောင့်စရာမလိုပဲ ချက်ချင်းဝယ်ယူသွားနိုင်ပေသည်။ သို့ပေမည့် လူအများစုကတော့ သူတို့ကိုယ်တိုင်းနှင့်ကွက်တိရှိကာ စိတ်တိုင်းကျစေရန်အတွက် သီးသန့်မှာပြီးသာချုပ်ကြသည်။

“ကျွန်မရှင့်ရဲ့ဂါဝန်ဒီဇိုင်းတွေကို သဘောကျတယ်။ နင်တို့စကားဆက်ပြောနေကြလေ၊ ငါခနလောက်သွားကြည့်လိုက်ဦးမယ်။” ကုနင်း ချောင်ဝမ်ရှင်းနှင့်ယုကျီတို့ကို ပြောကာ ပွဲတက်ဝတ်စုံများကြည့်ရန်အတွက် ထထွက်လာခဲ့လိုက်သည်။

တစ်ပတ်လောက်လှည့်ပတ်ကြည့်ပြီးနောက် ကုနင်းဂါဝန်တစ်ထည်ကိုလက်ညှိုးထိုးပြလိုက်ကာ၊

“ဒါဆိုဒ်ဘယ်လောက်လဲ? ကျွန်မနဲ့တော်လောက်လား?”

ယုကျီကတော့ ခနလောက်အံ့ဩမှင်သက်နေခဲ့သည်။ ကုနင်း ဆိုင်မှာရှိသည့်ဝတ်စုံကို တန်းဝယ်လိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။

“ဒါကသေးတယ်။ စမ်းဝတ်ကြည့်လိုက်ပါလား?” ယုကျီပြောရင်းဖြင့် ကုနင်းရှိရာသို့လျှောက်သွားလိုက်သည်။

“မလိုတော့ပါဘူး။ ကျွန်မဒီတစ်ထည်ဝယ်မယ်။” ကုနင်းစမ်းလဲမဝတ်ကြည့်သလို ဈေးနှုန်းကိုလဲမမေးဘဲ ချက်ချင်းဝယ်ယူလိုက်သည်။

ကုနင်း၏စကားကိုကြားတော့ ယုကျီအလွန်အံ့ဩသွားတော့သည်။ အကြောင်းက ကုနင်းဝယ်၍မဟုတ်ဘဲ ဈေးပင်မမေးခြင်းကြောင့်သာဖြစ်လေသည်။ ထိုမျှရက်ရောသည့်ဝယ်သူကို သူမပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။ သို့ပေမည့် ကုနင်းကစမ်းမဝတ်ကြည့်သောကြောင့် သူမနှင့်မတန်ပင်ဖြစ်နေမည်ကို ယုကျီစိုးရိမ်နေမိသည်။

အခုကဆောင်းရာသီဖြစ်၍ သူတို့အားလုံး ကုတ်အင်္ကျီအနွေးထည်အထူများကို ဝတ်ထားကြသောကြောင့် ကုနင်း၏ကိုယ်အတိုင်းအမှန်ကို ခန့်မှန်းဖို့ရန်ခက်လေသည်။ ထို့ကြောင့် ထိုဂါဝန်ဖြင့် ကုနင်းတော်ပါ့မလားဆိုသည်ကို ယုကျီသေချာမပြောနိုင်ပေ။

ထိုဂါဝန်သာ သာမာန်ဝတ်စုံဆိုလျှင် အနည်းငယ်ချောင်နေတာတို့ ကျပ်နေတာတို့က မပြောပလောက်ပေမည့် ကုနင်းပြသည့်ဂါဝန်မှာ ပွဲတက်ဝတ်စုံဖြစ်နေလေသည်။

“နင်းနင်း၊ နင်စမ်းမဝတ်ကြည့်တော့ဘူးလား?” ချောင်ဝမ်ရှင်းလဲ အံ့ဩသွားရသည်။ အမျိုးသမီးများသည် အဝတ်အစားသစ်များစမ်းသပ်ဝတ်ဆင်ရခြင်းကို သဘောကျနှစ်ခြိုက်ကြပေမည့် ကုနင်းကတော့ ထိုအတွက် အချိန်ကုန်ခံလိုသည့်ပုံမပေါ်ပေ။

“မလိုတော့ပါဘူး။ ငါ့အတိုင်းငါသိပါတယ်။” ကုနင်းပြန်ဖြေလိုက်သည်။

ကုနင်းတောင်ထိုသို့ပြောမှတော့ ယုကျီလဲ အတင်းစမ်းမဝတ်ခိုင်းနေတော့ဘဲ၊

“ရပါတယ်၊ အခုပဲ ထုပ်ပေးမယ်။”

ယုကျီသည် တုံးအသည့်လူတစ်ယောက်မဟုတ်ပေ၊ ထို့ကြောင့် ချောင်ဝမ်ရှင်းနှင့်ကုနင်းတို့ကာ တမင်သက်သက်သူမဆိုင်တွင် အားပေးချင်၍သာ လာကြောင်း သိလေသည်။ ယုကျီလဲ ကုနင်းပြသည့်ဂါဝန်အား ချက်ချင်းထုပ်ပိုးပေးလိုက်သည်။

“ဒီဂါဝန်က ယွမ်၆သောင်း၈ထောင်၊ မင်းက ဝမ်ရှင်းရဲ့သူငယ်ချင်းဆိုမှတော့ ၂၀ရာခိုင်နှုန်းလျှော့ပေးလိုက်မယ်။ ယွမ်၅၄၄၀၀နဲ့ပဲယူသွားပါ။”

“ကောင်းပြီလေ။” ကုနင်း ချက်ချင်းသူမ၏ဘဏ်ကဒ်ကိုထုတ်ကာ ယုကျီအားပေးလိုက်သည်။

ယုကျီထပ်မံပြီး အံ့ဩသွားရပြန်သည်။ ကုနင်းက ယွမ်သောင်းကျော်သည့် ဂါဝန်တစ်ထည်ကို ဈေးနှုန်းပင် ကြည့်စရာမလိုပဲ လွယ်လွယ်ကူကူဝယ်နိုင်လောက်အောင် အရမ်းချမ်းသာသူပဲဖြစ်ရပေမည်။

တကယ်တော့ ယုကျီသည် ချောင်ဝမ်ရှင်း၏မိသားစုနောက်ခံအားမသိထားပေ။ ထိုသို့မသိခြင်းမှာ ချောင်ဝမ်ရှင်းက တမင်မပြောပြချင်၍မဟုတ်ဘဲ သူမတို့ကသာမာန်သူငယ်ချင်းများသာဖြစ်သောကြောင့် မိသားစုနောက်ခံအကြောင်းအထိ ပြောဖို့ရန်မလိုအပ်သောကြောင့်သာဖြစ်သည်။ ချောင်ဝမ်ရှင်းသည်လဲ ယခုလိုရက်ရောလွန်းသည့်ဝယ်သူဖြစ်သောကြောင့် သူမချမ်းသာမှန်း ယုကျီခန့်မှန်း၍ရပေမည့် ဘယ်လောက်အတိုင်းအတာအထိ ချမ်းသာလဲဆိုသည်ကိုတော့ မသိပေ။

“နင်းနင်း၊ ဒီမှာခနလောက်ထိုင်စောင့်နေပေးဦး၊ ငါသန့်စင်ခန်းသွားချင်လို့။” ချောင်ဝမ်ရှင်း ရုတ်တရက် သူမအစာအိမ်မှ နေမထိထိုင်မသာဖြစ်လာခဲ့ရ၍ ကုနင်းကို စောင့်နေခိုင်းလိုက်သည်။

“ဟုတ်ပြီလေ၊ ငါစောင့်နေပါ့မယ်။” ကုနင်းပြန်ဖြေလိုက်သည်။

ဂါဝန်အတွက် ငွေချေပြီးနောက် ယုကျီနှင့်ကုနင်းတို့ နားနေခန်းသို့ပြန်သွားကာ စကားပြောကြသည်။

“မိန်းကလေးယု၊ ဝမ်ရှင်းပြောတာတော့ ဒီဆို်ငက ဂါဝန်အားလုံးကို ရှင့်ဘာသာကိုယ်တိုင်ဒီဇိုင်းဆွဲထားတာလို့ကြားတယ်။ ဟုတ်လား?” ကုနင်းမေးလိုက်သည်။

“ဟုတ်ပါတယ်! ကျွန်မက အဝတ်အစားဒီဇိုင်းဘာသာရပ်နဲ့ကျောင်းပြီးထားတာလေ။ ပြီးတော့ ဂါဝန်တွေဒီဇိုင်းဆွဲရတာကို ပိုပြီးတော့ စိတ်ဝင်စားလို့။”

“ဒါတွေအားလုံးက အတော်လေးလှတယ်။ သေချာပေါက် ရှင့်ဂါဝန်တွေက နာမည်ကြီးရမယ်။” ကုနင်းတမင်ရည်ရွယ်ကာ မေးလိုက်သည်။

ယုကျီသည်တော့ အနည်းငယ်ဝမ်းနည်းသွားပေမည့် ဆက်ပြုံးနေကာ၊

“တကယ်တော့ အရမ်းကြီးနာမည်မကြီးပါဘူး။ တစ်လကိုမှ ဂါဝန်၄၊၅ထည်လောက်ပဲရောင်းရတယ်။ ကုန်ကျစားရိတ်အားလုံးကိုနှုတ်ပြီးရင် ကျွန်မရဲ့ဝင်ငွေက ငှားခ၊ ဝန်ထမ်းလစာ နဲ့ နေ့စဉ်အသုံးစားရိတ်အတွက် လုံလောက်ရုံလေးပဲ။”

ကုနင်းသည် ချောင်ဝမ်ရှင်း၏သူငယ်ချင်းဖြစ်သောကြောင့် ယုကျီအမှန်တရားကို ပြောပြရန်ဝန်လေးမနေပေ။

“ဒီလိုသာဆက်သွားနေရင် ရှင့်ဆိုင်ကိုဆက်ဖွင့်ဖို့အဆင်ပြေပါ့မလား? ကျွန်မကတော့ရှင့်ရဲ့ဒီဇိုင်းတွေကို သဘောကျတယ်။ နောက်လဲသေချာပေါက်လာဝယ်ဦးမယ်။”

“ရှင်ဒီလိုပြောပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်မလဲဆိုင်အတွက် တော်တော်လေးစိတ်ဖိစီးနေရပေမည့် ကျွန်မရွေးချယ်ထားတဲ့လမ်းကြောင်းဆိုတော့ အောင်မြင်ပြီး အမြတ်ရလာတဲ့တစ်နေ့အထိ ဒီဆိုင်ကိုဆက်ပြီးဖွင့်ဦးမှာပဲ။ ဒါပေမယ့် ဘဝဆိုတာ စိတ်ကူးနဲ့တည်ဆောက်လို့ရတာမှမဟုတ်တာ။ ဒီတော့ ဒီဆိုင်အရှုံးပေါ်တော့မယ့်အချိန်ရောက်ရင်တော့ တခြားအလုပ်တစ်ခုပြောင်းရမှာပေါ့။” ယုကျီသည် မဖြစ်နိုင်တော့သည့်ကိစ္စကို အတင်းဆွဲကိုင်ထားမည့် ခေါင်းကျောမာသည့်မိန်းကလေးမျိုးမဟုတ်ပေ။

ထို့နောက် ယုကျီကပဲဆက်ပြီး၊

“ဒီဆိုင် ဆက်ပြီးဖွင့်ဖြစ်ဖြစ် မဖွင့်ဖြစ်ဖြစ်၊ ရှင်ဂါဝန်လိုချင်ရင်တော့ ကျွန်မကိုအချိန်မရွေးဆက်သွယ်လိုက်ပါ။ ရှင့်အတွက် သီးသန့်ဒီဇိုင်းဆွဲပေးပါ့မယ်။” သူမကိုယ်ပိုင်ဆိုင်ကိုဆက်ပြီးမဖွင့်နိုင်လျှင်တောင်မှ အချိန်ပိုင်းအလုပ်တစ်ခုအဖြစ် ဆက်လက်လုပ်ကိုင်နိုင်သေးသည်။ ယခုလိုငွေရနိုင်သည့်အခွင့်အရေးမျိုးကို လက်လွှတ်လိုက်လျှင် အလွန်တုံးအကာဉာဏ်မရှိသည့်လူဖြစ်သွားပေမည်။

“ကျွန်မမှာ ရှင့်အမှတ်တံဆိပ်ကို နာမည်ကြီးလာအောင် ကူညီပေးနိုင်မည့် အကြံတစ်ခုရှိတယ်။ လုံးဝထိပ်တန်းတံဆိပ်တစ်ခုအထိ ဖြစ်လာပါ့မလားဆိုတာတော့ မသေချာပေမယ့် သေချာပေါက် လူသိများကျော်ကြားတဲ့တံဆိပ်တစ်ခုတော့ ဖြစ်လာနိုင်တယ်လို့တော့ ယုံကြည်ချက်ရှိတယ်။ ဘယ်လိုသဘောရလဲ?” ကုနင်းမေးလိုက်သည်။

“တကယ်လား?” ယုကျီ အံ့ဩသွားကာ မျက်ဝန်းများလင်းလက်သွားပြီး။

“ဘယ်လိုမျိုးလဲ?”

ကုနင်း၏အသက်ကြောင့် ယုကျီအနည်းငယ်သံသယဝင်မိသော်လည်း အသက်တစ်ခုတည်းဖြင့် ဆုံးဖြတ်ချက်ချ၍မရပေ။ ဘာပဲပြောပြော ကုနင်း၏အကြံကို တစ်ခါလောက်နားထောင်လိုက်၍လဲ မကောင်းတာမရှိပေ။ တံဆိပ်တစ်ခုကို ကြောညာချင်လျှင် ငွေကုန်ကြေးကျများမည်မှန်း ယုကျီသိထားပေမည့် သူမတွင်က ငွေမရှိပေ။

“ကျွန်မအထင်တော့ ရှင့်ရဲ့ဒီဇိုင်းတွေက ကောင်းတယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလဲ အထည်လုပ်ငန်းဘက်ကို လုပ်ကိုင်ဖို့စိတ်ကူးရှိတယ်။ ဒါကြောင့် ရှင်သာသဘောတူမယ်ဆိုရင် ရှင့်ရဲ့အမှတ်တံဆိပ်မှာ ကျွန်မရင်းနှီးမြှုပ်နှံပေးနိုင်တယ်. ပြီးတော့ တံဆိပ်အတွက်ကိုလဲ ကြော်ညာတွေ ပရိုမိုးရှင်းတွေ လုပ်ပေးမယ်။ ဒီတံဆိပ်ကို ထိုးဖောက်နေတဲ့အချိန်မှာတော့ ဒီဇိုင်းပိုင်းနဲ့ Charmရဲ့အုပ်ချုပ်ရေးပိုင်းကိုပဲ အာရုံစိုက်ထားဖို့လိုမယ်။ ပြီးသွားရင်တော့ ဒီဇိုင်းဆွဲတာတစ်ခုကိုပဲ ရှင်လုပ်ဖို့လိုပြီး ကျွန်မဘက်က ရှင့်ကို ရှယ်ယာ၂၀ရာခိုင်နှုန်းပေးမယ်။ ဘယ်လိုသဘောရလဲ?” ကုနင်း အလေးအနက်ဖြင့်ပြောလိုက်သည်။

ကုနင်းက ယုကျီကို သူမ၏လုပ်ငန်းစုတွင် အလုပ်ခန့်အပ်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင်ပဲ စီးပွားရေးကိစ္စပြောခြင်းက အနည်းငယ်ထူးဆန်းနေပေမည့် ကုနင်းသည် စီးပွားရေးသမားတစ်ဦးဖြစ်ကာ စွမ်းဆောင်ရည်ရှိသူလဲဖြစ်သောကြောင့် ယခုချက်ချင်းလုပ်လိုက်လဲရသည့် အလုပ်ကို အချိန်မဆွဲလိုပေ။

***

စာစဉ်၂၉ပြီး၏။

All Chapters