← Chapters

အခန်း (၄၃၆-၄၄၀)

Vol. 30 Ch. 436-440

အခန်း (၄၃၆-၄၄၀)

Vol. 30 Ch. 436-440

အခန်း ၄၃၆

သူကအရမ်းအောင်မြင်တယ်

ဤကမ်းလှမ်းချက်မှာ ယုကျီအတွက် အကောင်းချည်းသာဖြစ်သည်။ အဝတ်အစားဒီဇိုင်းကို အထူးပြုလေ့လာသည့်လူများစွာရှိသလို ထူးချွန်သူများလဲ များပြားလှသောကြောင့် ကုနင်းသာလိုအပ်လျှင် နာမည်ကြီး ဒီဇိုင်းနာတစ်ဦးကို အချိန်မရွေးအလုပ်ခန့်လိုက်၍ရပေသည်။ သို့ပေမည့် ကုနင်းကတော့ ယုကျီ၏ဒီဇိုင်းများကို နှစ်သက်သောကြောင့် သူမကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ကုနင်း ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို စတင်တည်ထောင်လိုက်ပြီဆိုကတည်းက ကြော်ငြာများ၊ ရုပ်ရှင်ဇာတ်လမ်းများ စသည်တို့အတွက် အဝတ်အစားမြောက်များစွာ လိုအပ်လာမည်ကို ရှောင်လွှဲ၍မရတော့ပေ။ သူမသာ အထည်ကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ပိုင်ဆိုင်ထားလျှင် များစွာပို၍အဆင်ပြေသွားပေမည်။ ကုနင်း၏အထည်ကုမ္ပဏီတွင် တံဆိပ်တစ်မျိုးမကရှိနိုင်ပေသည်။ ယုကျီသာသဘောတူလျှင် Charmသည် ဂါဝန်သီးသန့်တံဆိပ်ဖြစ်လာမည်ဖြစ်ကာ သူမကဘဲ ထိုတံဆိပ်အတွက်စီမံအုပ်ချုပ်ရပေမည်။

ဂါဝန်များတင်မကဘဲ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် မျိုးစုံကိုလဲ ထုတ်လုပ်ရန်အတွက် ကုနင်းတွင်အစီစဉ်ရှိထားပေမည့် အလောတကြီးလုပ်မည်မဟုတ်ပေ။

ကုနင်း ယုကျီအား နှစ်ကုန်ဆုကြေးများ အခြားဆုကြေးများအစား ရှယ်ယာများပေး၍ကမ်းလှမ်းခြင်းသည် သူမအတွက် မန်နေဂျာတစ်ယောက်လိုအပ်နေခြင်းကြောင့်ဖြစ်လေသည်။ သူမ ယုကျီအကြောင်း သေချာမသိသေးသော်လည်း ချောင်ဝမ်ရှင်းနှင့်ပါ သူငယ်ချင်းဖြစ်နေနိုင်မှတော့ ယုကျီသည်ယုံကြည်ရသည့်လူစားမျိုးဖြစ်လောက်မည်ဟု ကုနင်းယုံကြည်နေမိသည်။ ထို့အပြင် ယုကျီသည် Charmကိုတည်ထောင်ခဲ့သူဖြစ်သောကြောင့် Charmသည် သူမအတွက် သွေးသားတစ်ယောက်လိုဖြစ်၍ အခြားလူများထက် ဤလုပ်ငန်းပေါ်တွင် ပို၍စိတ်နှစ်ကာ ကြိုးစားလုပ်ကိုင်ပေလိမ့်မည်။

ကုနင်း၏ကမ်းလှမ်းချက်ကိုကြားလိုက်ရတော့ ယုကျီအလွန်အံ့အားသင့်သွားခဲ့သည်။ ထိုစကားများက အလွန်မယုံကြည်နိုင်စရာပင်။ အကယ်၍သူမတွင်သာ Charmကို ထင်ပေါ်ကျော်ကြားလာအောင် လုပ်နိုင်စွမ်းရှိလျှင် သူမကိုတိုင်လုပ်မည်ဖြစ်ပေမည့် အဓိကအချက်သည်က ထိုသို့ဖြစ်လာအောင်လုပ်ရန်အတွက် သူမတွင်အရည်အချင်းမရှိပေ။ ထို့အပြင် ကုနင်းသည် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ဖို့အတွက် အလွန်ငယ်နေသေးသောကြောင့် သူမ၏စွမ်းရည်ကိုလဲ သံသယမဝင်မိဘဲမနေနိုင်ပေ။ ဘာပဲဖြစ်ဖြစ်၊ ကုနင်းပြောသလိုမျိုး မဖြစ်သွားလျှင်တောင်မှ သူမအတွက်ဆိုးကျိုးမရှိသောကြောင့် ယုကျီတစ်ကြိမ်လောက်စွန့်စားလိုက်ကြည့်ချင်သည်။

“မိန်းကလေးကု၊ ရှင်အတည်ပြောနေတာလား?”

“နင်တို့ဘာတွေပြောနေကြတာလဲ?” ထိုအချိန်တွင်ပဲ ချောင်ဝမ်ရှင်းပြန်ရောက်လာကာ ယုကျီ၏စကားကိုကြားသွားခဲ့သည်။ ယုကျီ၏အမူအရာမှာ တည်ကြည်လေးနက်နေသောကြောင့် ချောင်ဝမ်ရှင်းလဲ သိချင်သွားရသည်။

ထို့နောက်ကုနင်းကပဲ ချောင်ဝမ်ရှင်းကို သူမ၏အစီစဉ်အား ပြန်ရှင်းပြလိုက်သည်။ ချောင်ဝမ်ရှင်းကတော့ သူမ၏ရင်ထဲတွင် ကုနင်းဆိုသည်မှာ နတ်ဘုရားမတစ်ပါးသာဖြစ်သောကြောင့် လုံးဝမအံ့ဩသွားခဲ့ပေ။ ကုနင်းဘာကိုပဲ စီစဉ်ပါစေ သေချာပေါက်အောင်မြင်မည်ဟု သူမယုံကြည်လေသည်။

“ယုကျီ၊ နင်းနင်းကအသက်ငယ်တယ်ဆိုပေမယ့် သူကအရမ်းအောင်မြင်တဲ့လူမျိုး၊ ငါကတော့ သူ့ကိုယုံတယ်။”

ယုကျီကတော့ တစ်ခါလောက်စမ်းကြည့်မည်ဟု စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်၍ ချောင်ဝမ်ရှင်း တိုက်တွန်းသည်ဖြစ်စေ မတိုက်တွန်းသည်ဖြစ်စေ သဘောတူမည်သာဖြစ်သည်။ သို့ပေမည့် ချောင်ဝမ်ရှင်းကပါ အာမခံလိုက်သောကြောင့် ပို၍ပင်ယုံကြည်ချက်ရှိသွားခဲ့သည်။

“မိန်းကလေးကု၊ ကျွန်မရှင့်ရဲ့ဦးဆောင်မှုအတိုင်းလုပ်ချင်ပါတယ်။”

ယုကျီလုံးဝယုံကြည်နေခြင်းမဟုတ်မှန်း ကုနင်းနားလည်သောကြောင့် ထပ်ပြီး၊

“ရှင် ကျွန်မနောက်ကိုလိုက်ဖို့ရွေးချယ်လိုက်ပြီဆိုတာနဲ့ ကျွန်မကိုယုံကြည်ပြီး အလုပ်ကြိုးစားဖို့ပဲလိုတယ်။ ဘယ်တော့မှသာမာန်ကာလျှံကာလေးလိုသဘောမထားရဘူး။”

ယုကျီလဲ ချက်ချင်းပင် မတ်မတ်ပြန်ပြင်ထိုင်လိုက်ကာ၊

“ကောင်းပါပြီ!”

“အရမ်းကောင်းတယ်။ စာချုပ်အတွက်ကတော့ ကျွန်မတို့အခုချက်ချင်းလက်မှတ်ထိုးဖို့မလိုသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အချိန်ခနလောက်သေချာပြန်တွေးကြည့်ပါ။ တစ်လအတွင်းမှာပဲ Bမြို့မှာ ကျွန်မလက်ဝတ်ရတနာဆိုင်ခွဲတစ်ဆိုင်ဖွင့်ဖို့စီစဉ်ထားပြီး ဒီအတွက် ကြော်ငြာတွေအများကြီးထည့်သွားမယ်။ အခုတော့ ရှင့်ဘဏ်အကောင့်ကျွန်မကိုပေးထား၊ ပြီးတာနဲ့ ယွမ်၁သန်းလွှဲပေးထားမယ်။ ပြီးရင် အရည်အသွေးအမြင့်ဆုံးဂါဝန်၁၀စုံချုပ်ထားပေး၊ ပြီးတာနဲ့ လက်ဝတ်ရတနာတွေနဲ့အတူ ရှင့်ရဲ့ဂါဝန်တွေကိုပါ ထည့်ပြီးကြော်ငြာသွားမယ်။ ဖွင့်ပွဲနေ့ကျရင် မော်ဒယ်၁၀ယောက်ကို အလှပြခိုင်းမယ်။ ကျွန်မတို့အမှတ်တံဆိပ်အတွက် သံတမန်တွေလဲထားထားမယ်။ ကျွန်မတို့ရဲ့လက်ဝတ်ရတနာတွေနဲ့ဂါဝန်တွေရဲ့အနာဂါတ်က ဒီပွဲအပေါ်မှာမူတည်သွားပြီ။” ကုနင်းဆက်ရှင်းပြလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ ကုနင်းသူမ၏အမှတ်တံဆိပ်များကို လူသိအများဆုံးထိပ်တန်းအဆင့်သို့ရောက်ရန်လုပ်ဖို့ ဆုံးဖြတ်ချက်ချထားလေသည်။ သူမထန်မိသားစု၏အကူအညီကိုလဲယူမည်ဖြစ်ပြီး အခြားသော သူမ၏အဆက်အသွယ်များကိုလဲ အပြည့်အဝအသုံးချတော့မည်ဖြစ်သည်။ သို့ပေမည့် လက်စားချေဖို့ကိုတော့ သူမကိုယ်တိုင်သာလုပ်မည်ဖြစ်သည်။

ထိုစကားကိုကြားလိုက်ရတော့ ယုကျီ စိတ်လှုပ်ရှားကာ လေးစားသွားပြီး၊

“ဟုတ်ကဲ့ပါ၊ ဘော့စ်!” အလိုလိုနေရင်းနှင့်ပင် ကုနင်းကိုခေါ်ဝေါ်ပုံပြောင်းသွားတော့သည်။

“အိုး၊ နင်းနင်း၊ ဘယ်သူတွေကိုနင့်အမှတ်တံဆိပ်အတွက်သံတမန်ခန့်ချင်လဲ? ထန်ဟွမ်းလုပ်ငန်းစုလက်အောက်မှာ အရမ်းနာမည်ကြီးပြီး ကျော်ကြားတဲ့အမျိုးသမီးအနုပညာရှင်နှစ်ယောက်ရှိတယ်။ တစ်ယောက်ကတော့ ယန်ယန်း၊ နောက်တစ်ယောက်ကတော့ လင်းအန်းရှောင်းတဲ့။” ချောင်ဝမ်ရှင်းကမေးလိုက်သည်။

ထိုစကားကိုကြားလိုက်ရတော့ ယုကျီပင့်သက်ရှိုက်မိသွားကာ၊

“ယန်ယန်းနဲ့လင်းအန်းရှောင်းက အေအဆင့်အနုပညာရှင်တွေမလား။ သူတို့ကသဘောတူပါ့မလား?”

ကုနင်း၏လက်ဝတ်ရတနာဆိုင်ကဘယ်လောက်အထိကြီးပြီး ဘယ်လောက်ကျော်ကြားလဲဆိုသည်ကို ယုကျီမသိသော်လည်း Charmသည်တော့ လူအများမသိသေးသည့်အမှတ်တံဆိပ်တစ်ခုသာဖြစ်သည်။ အေအဆင့်အနုပညာရှင်များမပြောနှင့် ဇက်အဆင့်အနုပညာရှင်များတောင်မှ Charmကိုကြော်ငြာပေးဖို့အတွက် အလုပ်ရှုပ်ခံကြမည်မဟုတ်ပေ။

“ငါတို့အလျင်လိုစရာမလိုသေးပါဘူး။” ကုနင်း ထိုအနုပညာရှင်နှစ်ဦး၏နာမည်ကိုကြားဖူးထားပေမည့် သေချာမသိပေ။ ထို့အပြင် အမှတ်တံဆိပ်သံတမန်အတွက် ထန်မိသားစု၏အကူအညီဖြင့် အနုပညာရှင်များကို မဖိတ်ကြားလိုပေ။ ထိုအစား သူမကိုယ်တိုင်စီးပွားရေးသမားတစ်ယောက်ကဲ့သို့ အနုပညာရှင်များနှင့်ဆွေးနွေးရန်အတွက် စီစဉ်ထားခဲ့သည်။ အကယ်၍ ထိုအနုပညာရှင်များဘက်ကသာ သူမနှင့် ပူးပေါင်းလုပ်ဖို့ရန်ဆန္ဒမရှိလျှင် သူတို့နှင့်စာချုပ်ချုပ်မည်မဟုတ်ပေ။ ကုနင်းသည်ကတော့ တစ်ဖက်မှလိုလိုချင်ချင်ပူးပေါင်းလာမည်ကိုသာ လိုချင်လေသည်။

ကုနင်းကထိုသို့ပြောခြင်းကြောင့် ချောင်ဝမ်ရှင်းလဲ သံတမန်ခန့်မည့်အကြောင်းဆက်ပြီးမပြောတော့ပေ။

“ဒါနဲ့ဘော့စ်၊ ဝတ်စုံ၁၀စုံအတွက်ဒီဇိုင်းက အသစ်ထပ်ဆွဲမှာလား ဒါမှမဟုတ် ရှိပြီးသားဒီဇိုင်းကိုပဲသုံးမလား?” ယုကျီမေးလိုက်သည်။

ဒီဇိုင်းဆွဲခြင်းသည်မလွယ်ကူသလို တစ်လအတွင်း အပြည့်စုံဆုံးဒီဇိုင်း၁၀မျိုးဆွဲဖို့ရန်ကလဲမဖြစ်နိုင်ပေ။ ပုံမှန်ဆိုလျှင် ထိုဒီဇို်ငးနာကသာ အကြံကောင်းများမထွက်လာခဲ့လျှင် သူတို့ဝတ်စုံအတွက် ပြီးပြီးရောအကြံဉာဏ်များဖြင့် ရေးဆွဲပစ်လေ့မရှိကြပေ။ ထို့အပြင် ဒီဇိုင်းနာတစ်ယောက်သည် စိတ်ရှုပ်စရာဖိအားပေးခံရမှုများအောက်တွင် ဝတ်စုံကောင်းတစ်စုံရအောင် မရေးဆွဲနိုင်ပေ။

ကုနင်းလဲ ထိုအချက်ကိုနားလည်သောကြောင့် ယုကျီကိုအသစ်ပဲအတင်းအကြပ်မရေးဆွဲခိုင်းပေ။

“အခုရှင့်မှာရှိထားသလောက်ကလဲ အတော်လေးကောင်းနေပြီလို့ထင်ပါတယ်။ အဲ့ဒီကိစ္စအတွက် ကိုယ်တိုင်သာဆုံးဖြတ်လိုက်ပါ။ ဒီဇိုင်းအသစ်ဆွဲနိုင်ရင်တော့ ဘယ်နှစုံပဲဖြစ်ဖြစ် ထည့်သုံးလိုက်ပေါ့။ ကျန်တာကိုတော့ ရှိပြီးသားထဲကပဲပြန်သုံးလိုက်ပါ။”

“ဟုတ်ကဲ့ပါ။” ယုကျီစိတ်အေးသွားတော့သည်။

ထို့နောက် ကုနင်းယုကျီ၏ဘဏ်အကောင့်ထဲသို့ ယွမ်၁သန်းလွှဲပြောင်းပေးလိုက်ကာ ဒီဇိုင်းရေးဆွဲခြင်းနှင့်ချုပ်လုပ်ခြင်းတွင် ငွေကိုကန့်သတ်သုံးစွဲမနေဘဲ အကောင်းဆုံးများသာသုံးဖို့ပြောလိုက်သည်။

ခနအကြာတွင်တော့ ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ ထိုဆိုင်မှပြန်ထွက်လာခဲ့ကြသည်။

ယုကျီက ကုနင်းနှင့်ချောင်ဝမ်ရှင်းကို သူမနှင့်အတူနေ့လည်စာစားရန်အတွက် ဖိတ်သော်လည်း ထန်ကျားခိုင်က သူမတို့ကို သူ၏သူငယ်ချင်း မြင်းပြိုင်ကွင်း၏အမွေဆက်ခံသူ အိုးယန်ရှိယွမ်နှင့်မိတ်ဆက်ပေးရန် လှမ်းခေါ်ထားပြီးဖြစ်သည်။

ထန်ကျားခိုင်သည် အိုးယန်ရှီယွမ်ရှေ့တွင် အရမ်းကိုကြွားဝါချင်နေသောကြောင့် ကုနင်းလဲ သူ့ကို စိတ်မကောင်းဖြစ်စေလို၍ သဘောတူလိုက်ရသည်။

“အိုးယန်ရှီဟွမ်က အိုးယန်ရှီယွမ်ရဲ့ဒုတိယအစ်ကိုလေ။ အိုးယန်ရှီဟွမ်က စီးပွားရေးလုပ်ငန်းလုပ်ဖို့စိတ်မဝင်စားလို့ အစိုးရဝန်ထမ်းလုပ်ဖို့ရွေးသွားတာ။” ချောင်ဝမ်ရှင်းက ကုနင်းကိုရှင်းပြနေလိုက်သည်။

“အိုးယန်ရှီဟွမ်မှာ နောက်ထပ်အစ်ကိုကြီးတစ်ယောက်လဲရှိသေးတယ်။ အိုးယန်စစ်ကျယ်တဲ့။ သူကတော့ ၂၉နှစ်ရှိနေပြီး အိုးယန်မိသားစုကုမ္ပဏီတွေကိုဦးစီးနေတယ်။ အိုးယန်မိသားစုကလဲ Bမြို့မှာဩဇာရှိတဲ့မိသားစုပဲ။ ပိုင်ဆိုင်မှုကယွမ်၅၀ဘီလီယံနဲ့ အချမ်းသာဆုံးနံပါတ်၇နေရာဝင်တယ်။ ပြီးတော့ သူတို့က….”

ချောင်ဝမ်ရှင်းစကားဆုံးအောင်မပြောရသေးခင်တွင်ပဲ အမျိုးသမီးအသံတစ်သံက ကြားဖြတ်လိုက်ကာ၊

“ဝမ်ရှင်း!”

ထိုအသံကိုကြားသည်နှင့် ချောင်ဝမ်ရှင်း ချက်ချင်းပင် စိတ်မကြည်မသာဖြစ်သွားကာ သူမမျက်လုံးထဲတွင် ထိုအသံပိုင်ရှင်အမျိုးသမီးအား မနှစ်သက်မှုများထင်ဟပ်နေသည်။

“ဒီနေ့ကတော့ပြဿဒါးပဲ!”

အသက်၂၀ကျော်အရွယ်ရှိအမျိုးသမီးငယ်တစ်ဦးက သူမတို့ထံသို့လျှောက်လှမ်းလို့လာလေသည်။ သူမသည် လှပကာ ချစ်စရာကောင်းပေမည့် ချောင်ဝမ်ရှင်း သူမကိုသဘောမကျအောင်တော့ မကောင်းတာတစ်ခုခုလုပ်ထားသည့်ပုံပင်။ ထိုမိန်းမငယ်လေးသည် အမြင်လောက်ချစ်စရာကောင်းမည့်ပုံမပေါ်ပေ။

“ဝမ်ရှင်း၊ ငါအခုတလော ဘာလို့နင့်ဖုန်းကိုဆက်သွယ်လို့မရတာလဲ? ငါနင့်ကိုစိတ်မကောင်းဖြစ်အောင်တစ်ခုခုလုပ်ထားမိလို့ အခုစိတ်ဆိုးနေတာလား?” ထိုမိန်းမငယ်လေးက သူမကသာ အပြစ်ကင်းစင်သည့်ဟန်လေးဖြင့် မေးလိုက်သည်။

***

အခန်း ၄၃၇

ဖုန်းရှန့်ခယ်

“ဟုတ်တယ်၊ နင်ငါ့ကိုစိတ်ဆိုးအောင်လုပ်ထားတယ်။” ချောင်ဝမ်ရှင်း တိုက်ရိုက်သာပြောချလိုက်သည်။ ထိုမိန်းမငယ်လေးကလဲ ချောင်ဝမ်ရှင်းအခုလိုပေါ်တင်ကြီးပြောလာလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ကြောင်အသွားတော့သည်။ သို့ပေမည့် သူမ၏မှတ်ဉာဏ်များအရတော့ ချောင်ဝမ်ရှင်းကို စိတ်ဆိုးစေမည့်ကိစ္စလုပ်ထားသည်ဟု မထင်မိပေ။

“ဝမ်ရှင်း၊” ထိုမိန်းမငယ်လေးက ချောင်ဝမ်ရှင်းကို သံသယမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။ သို့ပေမည့် သူမဘာမှဆက်ပြီးမပြောရသေးခင်မှာပဲ ချောင်ဝမ်ရှင်းက၊

“ဖုန်းရှန့်ခယ်၊ ငါထုတ်မပြောဘူးဆိုတာ ငါကအရမ်းကြင်နာတတ်တဲ့လူစားမျိုးဖြစ်ပြီး နင့်ကိုအရှက်မရသွားစေချင်လို့ပဲ။ ဒီရက်ပိုင်းအတွင်း ငါနင့်ဖုန်းတွေကိုပြန်မဖြေမှတော့ ငါနဲ့ဝေးဝေးနေဖို့အချိန်ရောက်ပြီမှန်း နင်သိသင့်နေပြီ။ ဟန်ဆောင်မနေနဲ့တော့ ရွံစရာကောင်းတယ်။ ငါ့အစ်ကိုကော ငါရော နင့်ရည်ရွယ်ချက်ကိုသိထားပြီးသား ဒီတော့ အခုကစပြီး နင်ငါတို့နဲ့ဝေးဝေးနေတာပိုကောင်းမယ်။”

“နင်…” ဖုန်းရှန့်ခယ်ထိတ်လန့်သွားတော့သည်။ ဘာ? သူတို့ကသိပြီးသွားပြီ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

“ဝမ်ရှင်း၊ ငါတို့ကြားတစ်ခုခုနားလည်မှုလွဲနေပြီထင်တယ်။” ဖုန်းရှန့်ခယ်က ငြင်းဆိုရန်ကြိုးစားတော့သည်။

“နားလည်မှုလွဲတယ်? ငါတော့ အဲ့လိုမထင်ဘူး။ နင့်ဘာသာ အရမ်းချမ်းသာတဲ့မိသားစုနဲ့လက်ထပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိနေတာ အမှားမဟုတ်ဘူး။ ဒါပေမယ့် နင်ကအရမ်းလွန်လွန်းပြီး ငါ့အစ်ကိုရဲ့ခံစားချက်ကိုတော့ ကစားရဲတယ်။ နင်သာ နင်ဟန်ဆောင်ထားသလိုမျိုး အမှန်တကယ် နူးညံ့ညင်သာပြီး ကြင်နာတတ်တဲ့လူဆိုရင် ငါ့အစ်ကိုက နင့်ကိုတကယ်ချစ်မိသွားပြီး နင်လဲ ငါတို့မိသားစုကိုလက်ထပ်နိုင်သေးတယ်။ မမျှော်လင့်ဘဲ နင်ကဟန်ဆောင်ရုံဟန်ဆောင်နေတာပဲ။” ချောင်ဝမ်ရှင်း ဖုန်းရှန့်ခယ်ကို လျစ်လျူရှုကာ ကုနင်းကိုဆွဲပြီး ထွက်သွားတော့သည်။

ချောင်ဝမ်ရှင်း၏စကားများကိုကြားပြီးနောက် ဖုန်းရှန့်ခယ်အလွန်နောင်တရနေတော့သည်။ သူတို့ရဲ့ခံစားချက်များကို ကစားဖို့အတွက် သူမလဲဆန္ဒရှိခဲ့ခြင်းမဟုတ်ပေ။ သို့ပေမည့် သူမသာထိုသို့အပိုင်မကြံထားလျှင် ချောင်ဝမ်ရှင်းနှင့် ချောင်ဝမ်ကျွင်းတို့ကိုတောင် တွေ့ခွင့်ရခဲ့လိမ့်မည်မဟုတ်ပေ။

သူမတို့ထွက်လာပြီးနောက် ချောင်ဝမ်ရှင်းက သူမ၏မကျေနပ်ချက်များကို ကုနင်းအားတိုင်တန်းတော့သည်။

“အဲ့ဒီမိန်းမကို အမှန်တကယ် နူးညံ့ကြင်နာတတ်တယ်လို့ ယုံကြည်ခဲ့တာ ငါတကယ်ကန်းနေခဲ့လို့ပဲ။ သူကငါ့မိသားစုနောက်ခံကိုသိပြီးတော့မှ ဘာမှမသိထားသလိုဟန်ဆောင်ပြီး ရည်ရွယ်ချက်ရှိရှိ ငါနဲ့သူငယ်ချင်းဖွဲ့ခဲ့တာ။ ပြီးတော့ ငါ့အစ်ကိုအကြိုက်နဲ့ကိုက်အောင် သူ့ရှေ့ရောက်ရင် အရမ်းကိုချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပုံမျိုးဟန်ဆောင်သေးတယ်။ ငါသာ သူနဲ့သူ့အမေဖုန်းပြောနေတာကို မတော်တဆမကြားခဲ့ရင် သေချာပေါက်အလိမ်ဆက်ခံနေရတော့မှာ။ သူ့အမေကို ငါ့အစ်ကိုအပိုင်ဖမ်းပြီး အရမ်းချမ်းသာတဲ့မိသားစုဝင်ဖြစ်အောင်လုပ်မယ့်အကြောင်းပြောနေတာ။ နောက်တော့ ငါ့အစ်ကိုပြောပြလိုက်ပေမယ့် သူကမယုံဘူး။ ဒါကြောင့် ငါလဲအသံသွင်းထားတာကိုဖွင့်ပြလိုက်ရတယ်။ ငါ့အစ်ကိုလဲ အသဲကွဲသွားရပေမယ့် ငါတို့နှစ်ယောက်ပဲ သိထားဖို့ဆုံးဖြတ်လိုက်ပြီး အဲ့ဒီကတည်းက ဖုန်းရှန့်ခယ်နဲ့ ဝေးဝေးနေလိုက်ကြတယ်။ ငါ့မိသားစုက တစ်ဖက်လူရဲ့နောက်ခံမိသားစုကို ဂရုမစိုက်ဘူးဆိုပေမယ့် အခုလိုအပိုင်ကြံတတ်တဲ့လူတွေကိုတော့ လုံးဝသဘောမကျဘူး။”

“နင်နင်း၊ ဘာလို့လူတွေရဲ့စိတ်တွေကအရမ်းရှုပ်ထွေးလွန်းတာလဲ? အရမ်းချမ်းသာတဲ့မိသားစုဝင်ကိုလက်ထပ်နိုင်ဖို့ ဘာကြောင့် ဒီလိုအပိုင်ကြံကြတာလဲ? တစ်ယောက်ယောက်ကသာ အမှန်တကယ်ချစ်သွားမိပြီဆိုရင် သူတို့ရဲ့အဆင့်အတန်း ငွေကြေးဆိုတာတွေကိုဂရုစိုက်ကြတော့တာမှမဟုတ်ဘဲ။ ငါတော့ အခုလိုအပိုင်ကြံတတ်တဲ့လူမှာ သာယာတဲ့အချစ်ရေးရှိလာမယ်လို့ မထင်ဘူး။”

အမှန်ပင်၊ တစ်စုံတစ်ယောက်ကသာ မင်းကိုအချစ်စစ်နှင့်ချစ်သွားခဲ့လျှင် မင်းရဲ့အဆင့်အတန်း၊ ငွေကြေးဘယ်လောက်ရှိလဲဆိုသည်ကို ဂရုစိုက်တော့မည်မဟုတ်ပေ။ အစပိုင်း ကုနင်းနှင့်လင်ရှောင်းထင်တို့၏ဆက်ဆံရေးတွင် လင်ရှောင်းထင်သည် ကြီးကျယ်မြင့်မြတ်သည့် လင်မိသားစုမှအမွေဆက်ခံသူ၊ စစ်တပ်တွင်လဲ ဗိုလ်ချုပ်ကြီးဖြစ်သောကြောင့် သူမတို့ကြားတွင် ကြီးမားသည့်ကွာဟချက်ကြီးရှိနေပေမည့် သူကတော့ ဘယ်တုန်းကမှ သူမကိုအထင်မသေးခဲ့ပေ။ ထို့အပြင် သူမကလဲ လင်ရှောင်းထင်ကို သူ၏မိသားစုနောက်ခံကြောင့် သဘောကျခဲ့ခြင်းမဟုတ်ဘဲ လင်ရှောင်းထင်ဖြစ်နေခြင်းကြောင့်သာ သဘောကျခဲ့ခြင်းဖြစ်သည်။

မကြာခင်အချိန်တွင်ပဲ သူမတို့ချိန်းဆိုထားသည့်နေရာသို့ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာသည်က ဟိုတယ်တွင်ရှိသည့် သီးသန့်ကာရာအိုကေခန်းတစ်ခန်းဖြစ်သောကြောင့် ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ အခန်းတံခါးကိုတွန်းဟလိုက်သည်နှင့် ဆူညံသည့်သီချင်းသံများကိုကြားလိုက်ရသည်။

ချောင်ဝမ်ရှင်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင်တော့ ဆူညံသံများကပို၍ပင် ကျယ်လောင်သွားတော့သည်။ ချောင်ဝမ်ရှင်း ထိုအသံများကြောင့် ခေါင်းကိုက်လုနီးနီးဖြစ်သွားကာ ကာရာအိုကေအခန်းတံခါးကိုကန်ဖွင့်လိုက်တော့သည်။

အထဲရှိလူတိုင်းသည်လဲ အံ့ဩထိတ်လန့်သွားကာ ချက်ချင်းပင် သီချင်းဆိုနေသံများလဲ ရပ်တန့်သွားသောကြောင့် အခန်းထဲတွင် တီးလုံးသံအကျယ်ကြီးသာကျန်ခဲ့တော့သည်။ အခန်းထဲရှိအမျိုးသားသုံးဦးကတော့ တစ်ယောက်ယောက်က သူတို့ကိုနှောက်ယှက်လိုက်၍ အလွန်ဒေါသထွက်သွားကြသော်လည်း ချောင်ဝမ်ရှင်းဝင်လာသည်ကိုမြင်လိုက်ပြီးနောက်တွင်တော့ အကုန်လုံးငြိမ်သက်သွားတော့သည်။

“အသံကျယ်ကြီးတွေနဲ့ ဆိုးရွားလိုက်တာ။” ချောင်ဝမ်ရှင်း ထိုသို့ပြောလိုက်ပေမည့် သူတို့အားလုံးအကျင့်ဖြစ်နေကြပြီဖြစ်၍ ဘယ်သူမှစိတ်မဆိုးကြပေ။ ထို့အပြင် သူတို့ကိုယ်သူတို့လဲ သီချင်းဆိုညံ့မှန်း သိထားကြပြီးဖြစ်လေသည်။

“ဟေ့၊ ဝမ်ရှင်း၊ နင်းနင်းရောဘယ်မှာလဲ?” ထန်ကျားခိုင်ကာ မတ်တပ်ရပ်ကာ မေးလိုက်သည်။ ထို့နောက် ချောင်ဝမ်ရှင်းရှိရာသို့လျှောက်လာချိန်တွင်ပဲ သူမနောက်မှ ကုနင်းကို တွေ့သွားကာ၊

“နင်းနင်း!”

“ဟိုင်း၊ ဝမ်ရှင်း!” ကျန်သည့်ကောင်လေးနှစ်ယောက်ကလဲ ထန်ကျားခိုင်နောက်ကလိုက်လာကာ နှုတ်ဆက်လိုက်ကြသည်။

သူတို့အားလုံးသည် ထန်ကျားခိုင်နှင့်အသက်အတူတူပင်ဖြစ်ကြသည်။ တစ်ယောက်ကတော့ အရပ်ရှည်ကာ ခန့်ညားပြီး ကျန်တစ်ယောက်သည်တော့ သာမာန်မျှသာဖြစ်သည်။ သူတို့လဲ ကုနင်းကိုမြင်လိုက်သည်နှင့် အားလုံးစိတ်လှုပ်ရှားသွားကြကာ သူမအပေါ်သဘောကျလေးစားမှုများကိုပင် မဖုံးကွယ်နိုင်ကြတော့ပေ။

“ဟိုင်း၊ မင်းက ကုနင်းပဲဖြစ်ရမယ်! မင်းက အရမ်းအံ့ဩစရာကောင်းတယ်၊ ငါတို့မင်းအကြောင်း အများကြီးကြားဖူးထားတယ်။”

“ဟုတ်တယ်၊ ကျားခိုင်က မင်းကို သူ့ညီမလို့ပြောတယ်။ ငါတို့ကတော့ မယုံဘူး။”

“ငါမင်းတို့ကို ဘယ်တုန်းကမှမညာဖူးပါဘူးနော်။” ထန်ကျားခိုင်ပြန်ပြောလိုက်ပြီးမှ သူ့သူငယ်ချင်းများနှင့် ကုနင်းကိုမိတ်ဆက်ပေးလိုက်သည်။

“နင်းနင်း၊ သူက မြင်းပြိုင်ပွဲကွင်းရဲ့ဆက်ခံသူ အိုးယန်ရှီယွမ်။”

အိုးယန်ရှီယွမ်သည် အရပ်ရှည်ကာ ခန့်ညားသည့်ကောင်လေးဖြစ်သည်။

“ပြီးတော့ ဒီဘက်ကတော့ စုန့်မြောင်ရွှယ်။ ငါတို့ကအခင်ဆုံးသူငယ်ချင်းတွေ။” ထန်ကျားခိုင်က ကျန်သည့်ကောင်လေးနှင့်လဲ မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်း သူတို့ကိုနှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။”

“အခုချက်ချင်း သီချင်းကိုပိတ်စမ်း! ဆူညံနေတာပဲ၊” ချောင်ဝမ်ရှင်းကပြောလိုက်သည်။ အမှန်ကိုပင် သီချင်းသံမှာ အလွန်ဆူညံနေပြီး ချောင်ဝမ်ရှင်းမပြောနှင့် ကုနင်းပင်လျှင် နားမခံနိုင်တော့ပေ။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။” စုန့်မြောင်ရွှယ်က သီချင်းကိုသွားပိတ်လိုက်သည်။ သီချင်းသံရပ်သွားတော့မှပင် အရာရာငြိမ်းချမ်းသွားသယောင်။

“လာ-လာ၊ ထိုင်ရအောင်!” အိုးယန်ရှီယွမ်က သူမတို့ကို စားပွဲဆီသို့ခေါ်ဆောင်သွားလိုက်သည်။

“ဝမ်ရှင်း၊ နင်းနင်း၊ မင်းတို့ကြိုက်တာမှာနော်။” ဟုပြောရင်း အိုးယန်ရှီယွမ်က စားသောက်ဖွယ်စာရင်းနှစ်ခုကို ကုနင်းနှင့် ချောင်ဝမ်ရှင်းအားပေးလိုက်သည်။

“နင်းနင်း၊ ငါတို့အားလုံးက သူငယ်ချင်းတွေဆိုတော့ နင်ကြိုက်တာကိုသာမှာ။” ချောင်ဝမ်ရှင်းကလဲ ကုနင်းကိုပြောလိုက်သည်။

ထို့ကြောင့် ကုနင်းလဲ တုံ့ဆိုင်းမနေတော့ဘဲ သူမအကြိုက်ဆုံးဟင်းပွဲအများအပြားကိုမှာလိုက်သည်။ သူတို့အားလုံးစားသောက်စရာများမှာပြီးနောက်တွင်တော့ စားပွဲထိုးက စားသောက်စာရင်းကိုယူကာ ပြန်ထွက်သွားတော့သည်။

စားပွဲထိုးပြန်ထွက်သွားသည်နှင့် အိုးယန်ရှီယွမ်နှင့် စုန့်မြောင်ရွှယ်တို့က သိချင်စိတ်ပြင်းပြနေသည့် အကြည့်များဖြင့် ကုနင်းကို မေးခွန်းများမေးတော့သည်။

“ကုနင်း၊ နင်ကသိုင်းအရမ်းတော်တာပဲ။ နင့်ကိုသိုင်းပညာသင်ပေးတဲ့ ဆရာရှိမှာပေါ့?”

“ဟုတ်တယ်၊ ဒါမှမဟုတ် နင်လဲ ဝမ်ရှင်းလိုမျိုး စစ်တပ်ထဲမှာ စခန်းသွင်းလေ့ကျင့်ခံထားရတာလား?”

“ဒါကသူ့ကိုယ်ရေးကိုယ်တာကိစ္စလေ၊ အရမ်းမမေးနဲ့။” ထန်ကျားခိုင်ကြားဖြတ်ပြောလိုက်ကာ သူတို့ကိုသတိပေးသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ သူမ၏ဆရာအကြောင်းပြောလိုက်လို့ ကုနင်းဝမ်းနည်းသွားမည်ကို ထန်ကျားခိုင်စိုးရိမ်သွားမိ၍ဖြစ်သည်။

***

အခန်း ၄၃၈

ဖန်းကျီရွေ့အကူအညီလိုခြင်း

အိုးယန်ရှီယွမ်နှင့်စုန့်မြောင်ရွှယ်တို့သည် ပုံမှန်ဆိုလျှင် သူငယ်ချင်းများနှင့်စနောက်ပျော်ပါးနေတတ်ကြသော်လည်း အလိုက်သိပေ။ ထို့ကြောင့် ထန်ကျားခိုင်က သူတို့ကို စကားလမ်းကြောင်းလွှဲဖို့ရန် အချက်ပြလိုက်သည်နှင့် ချက်ချင်းပင် သူတို့မေးခွန်းကိုပြောင်းလိုက်ကြတော့သည်။

“ကုနင်း၊ မင်းတကယ်ပဲ မြင်းပွဲနိုင်အောင်ဘယ်လိုလောင်းရမလဲဆိုတဲ့နည်းလမ်းကိုသိနေတာလား? ဒါမှမဟုတ် ဒီအတိုင်းကံကောင်းသွားရုံလား?”

တကယ်တော့ သူတို့အစောကမေးလိုက်သည့်မေးခွန်းနှင့်ပတ်သတ်ပြီး ကုနင်းစိတ်အနှောက်အယှက်မဖြစ်သော်လည်း ထန်ကျားခိုင်က သူတို့ကို တားလိုက်ပြီးပြီဖြစ်သောကြောင့် သူမလဲ လျစ်လျူရှုထားလိုက်သည်။

“ကံကောင်းသွားရုံပါ။” ကုနင်းပြန်ဖြေလိုက်သည်။

“ဘာ?” သူတို့အားလုံး ထိတ်လန့်သွားကြတော့သည်။ သူမ၏ကံကောင်းမှုကတော့ မယုံကြည်နိုင်စရာပင်။

“မင်း ကံတစ်ခုတည်းနဲ့ ဒီလောက်ငွေတွေအများကြီးနိုင်တယ်ပေါ့? အံ့ဩစရာပဲ။” စုန့်မြောင်ရွှယ်က အံ့ဩတကြီးပြောလိုက်သည်။

“ဟုတ်တယ်၊ အဲ့လိုပဲပြောရမှာပေါ့၊ ကျွန်မကအမြဲတမ်းကံကောင်းတယ်လေ။” ကုနင်းပြုံးလိုက်မိသည်။

ချောင်ဝမ်ရှင်းနှင့်ထန်ကျားခိုင်ကတော့ ကုနင်း၏မယုံကြည်နိုင်စရာကံကောင်းလွန်းမှုကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးကြပြီးဖြစ်သောကြောင့် ကုနင်း၏ရှင်းပြချက်ကို ယုံကြည်ကြလေသည်။

ခနအကြာတွင်တော့ စားပွဲထက်တွင် ဟင်းပွဲများဖြင့်ပြည့်သွားကာ စားပွဲထိုးက သူတို့အတွက် ဝိုင်များလိုက်ထည့်ပေးလေသည်။

စုန့်မြောင်ရွှယ်က ဝိုင်ခွက်ကိုမြှောက်လိုက်ရင်း၊

“ခွက်ချင်းတိုက်ကြရအောင်! ပျော်ရွှင်စရာနှစ်သစ်လေးပါ။”

ဝိုင်ခွက်များသည်လဲ အချင်းချင်းထိတိုက်မိသွားကြကာ ပျော်စရာအောင်ပွဲအငွေ့အသက်များလဲ အခန်းထဲ၌ပြည့်လျှမ်းနေတော့သည်။

သူမတို့စားနေသည့်အချိန်တွင်ပဲ ကုနင်း၏ဖုန်းသို့ ဖန်းကျီရွေ့ဆက်သွယ်လာခဲ့သောကြောင့် ကုနင်းချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

“ဟလို၊”

“ဘော့စ်၊ ကူညီပါဦး! ဘော့စ် အခုBမြို့မှာရှိသေးရဲ့လား? ကျွန်တော်တို့ကို ကျောက်ခန်းလင်တို့အဖွဲ့ နောက်ယောင်ခံလိုက်ပြီး ဝိုင်းရိုက်ကြလို့၊ သူတို့လက်ထဲမှာလဲ သစ်သားတုတ်တွေနဲ့!” ဖန်းကျီရွေ့ အသက်ကိုမနည်းရှူရင်းပြောလိုက်သည်။ ဖန်းကျီရွေ့အသံကကျယ်သောကြောင့် ကုနင်းဘေးတွင်ထိုင်နေသည့် ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့လဲ ရှင်းရှင်းလင်းလင်းကြားလိုက်ကြရသည်။

ကုနင်းလဲ စိုးရိမ်မိသွားကာ၊

“နင်တို့အခုဘယ်မှာလဲ?”

“ကျွန်တော်တို့ တောင်ပိုင်းတောင်တက်ပတ်လမ်းမှာ။” ဖန်းကျီရွေ့ပြန်ဖြေလိုက်သည်။

ဖန်းကျီရွေ့တို့ ယနေ့ကားမောင်းပြိုင်ရန်သွားကြပေမည့် ဖန်းကျီရွေ့က သူတို့၏အစီအစဉ်ကိုသိနေသောကြောင့် လူခေါ်ကာ သူတို့ကို လာရိုက်ခြင်းဖြစ်သည်။ ကျောက်ခန်းလင်တို့ဘက်လူများသည် ကြိုတင်ပြင်ဆင်လာကြသည့်လူများဖြစ်သောကြောင့် ဖန်းကျီရွေ့တို့သူငယ်ချင်းအုပ်စုမှာ တောင်မှပြန်မထွက်နိုင်ခင်မှာပဲ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတော့သည်။

“ငါအခုချက်ချင်းလာခဲ့မယ်။” ကုနင်းချက်ချင်းမတ်တပ်ထရပ်လိုက်ကာ၊

“ငါတောင်းပန်ပါတယ်။ အရေးပေါ်ကိစ္စလေးရှိလာလို့ အခုသွားရတော့မယ်။”

“ငါလဲလိုက်ခဲ့မယ်။” ချောင်ဝမ်ရှင်းကလဲ ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။ ကုနင်းတစ်ယောက်တည်း ထိုကိစ္စကိုကိုင်တွယ်ဖြေရှင်းနိုင်မှန်း သူမသိသော်လည်း သူမ၏တိုက်ခိုက်ရေးစွမ်းအားကို လေ့ကျင့်ဖို့ရန်အတွက် အခွင့်ကောင်းတစ်ခုကို လက်လွှတ်မခံလိုပေ။

“ငါရောပဲ၊” ထန်ကျားခိုင်ကလဲ ထရပ်လိုက်သည်။ သူကတော့ တိုက်ခိုက်ရသည်ကိုမကြိုက်သော်လည်း ကုနင်းကိုတော့ ကူညီပေးချင်လေသည်။

“ဘာဖြစ်ကြတာလဲ? ငါတို့လဲ လိုက်ခဲ့မယ်လေ။” အိုးယန်ရှီယွမ်နှင့် စုန့်မြောင်ရွှယ်ကလဲ ချက်ချင်းမတ်တပ်ထရပ်လာကြသည်။ ဘာတွေဖြစ်နေလဲဆိုသည်ကို သူတို့မသိသော်လည်း ကူညီပေးချင်ကြသည်။

“နင်တို့တိုက်ခိုက်တတ်လား?” ကုနင်း အိုးယန်ရှီယွမ်နှင့် စုန့်မြောင်ရွှယ်တို့ကို ကြည့်ကာမေးလိုက်သည်။

“သေချာပေါက် တိုက်ခိုက်တတ်တာပေါ့။” ကုနင်းထိုသို့ပြောလာချင်းကြောင့် သူမတစ်ယောက်ယောက်နှင့် တိုက်ခိုက်ဖို့ရန်သွားမည်ဖြစ်ကြောင်း နားလည်သွားကြတော့သည်။

“ကောင်းတယ်၊ သွားကြရအောင်။” ကုနင်းပြောပြီးသည်နှင့် ချက်ချင်းပြေးထွက်လာကာ သူတို့လဲ နောက်ကလိုက်သွားကြသည်။

ထန်မိသားစုပိုင်ဟိုတယ်ဖြစ်သောကြောင့် သူတို့ငွေရှင်းဖို့ရန်မလိုအပ်ပေ။

သူတို့အားလုံး ကားပါကင်သို့ရောက်သည်နှင့် ကုနင်းကသူတို့အားလုံးကို ချောင်ဝမ်ရှင်း၏ကားပေါ်သို့တက်ခိုင်းလိုက်ကာ သူမသည်တော့ မောင်းသူနေရာတွင်ထိုင်လိုက်သည်။

“ခါးပတ်တွေပတ်ထားကြ။ ငါတို့အခု တောင်ဘက်တောင်ပတ်လမ်းကိုသွားမယ်။ လမ်းညွှန်ပေး။” ကုနင်းပြောပြီးသည်နှင့် အရှိန်မြှင့်ကာ စတင်မောင်းထွက်လာသောကြောင့် ကားထဲမှလူတိုင်းလဲ အလွန်အံ့ဩကာ ကြောက်ရွံ့နေကြတော့သည်။

ကုနင်း လမ်းမထက်တွင် လျင်မြန်စွာမောင်းနှင်နေခဲ့ပြီး လမ်းရှုပ်သည့်နေရာများတွင်တောင်မှ အရှိန်ကိုမလျှော့ဘဲ အကုန်လုံးကို ကျော်တက်ခဲ့လေသည်။

အခြားသော ယာဉ်မောင်းသူများကတော့ လမ်းရှုပ်သည့်အခြေအနေမှာတောင် အနီရောင်LandRoverကားတစ်စီးက အရှိန်ပြင်းပြင်းနှင့် မောင်းနှင်နေသည်ကို သတိထားမိလိုက်သည်။ သူတို့ ထိုအနီရောင်LandRoverကား၏မောင်းသူကို ဆဲဆိုလိုက်ကြသော်လည်း ထိုလူ၏ကားမောင်းကျွမ်းကျင်မှုကိုတော့ အသိအမှတ်မပြုမိဘဲမနေပေ။

ချောင်ဝမ်ရှင်းနှင့်သူမ၏သူငယ်ချင်းများသည်တော့ ကားထဲကပင်လွင့်စင်ထွက်တော့မလိုဖြစ်နေကြပေမည့် ကုနင်း၏ ကားမောင်းကျွမ်းကျင်မှုကိုတော့ လေးစားနေကြလေသည်။

သူတို့ ကားလမ်းရှုပ်သည့်နေရာအဆုံးသတ်ကိုရောက်သည့်အချိန်တွင်တော့ ကုနင်း တစ်နာရီကိုမိုင်၁၂၀နှုန်းဖြင့် စတင်မောင်းနှင်တော့သည်။ တောင်ဘက်တောင်ပတ်လမ်းသို့ရောက်ရန် ပုံမှန်ဆိုလျှင် မိနစ်၄၀လောက်အချိန်ယူရသော်လည်း ကုနင်းကတော့ မိနစ်၂၀သာကြာခဲ့သည်။

သူတို့ တောင်ခြေသို့ရောက်သည်နှင့် ထိုနေရာတွင် ကား၇စီးရပ်ထားသည်ကို တွေ့လိုက်ရပေမည့် လူတစ်ဦးတစ်ယောက်မှ ရှိမနေပေ။

ကုနင်းလဲ သူမ၏ဖုန်းကို ထုတ်ကာ ချောင်ဝမ်ရှင်းထံသို့ပစ်ပေးလိုက်ပြီး ဖန်းကျီရွေ့ကို ဆက်ခိုင်းလိုက်ပေမည့် တစ်ဖက်ကတော့ပြန်မဖြေခဲ့ပေ။

“သူတို့ဒုက္ခရောက်နေကြတာများလား?” ချောင်ဝမ်ရှင်း ခန့်မှန်းကြည့်လိုက်သည်။ ကုနင်းလဲ ထိုသို့ထင်နေမိသည်။ သူမ ကားကိုရပ်လိုက်ကာ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး တောင်တစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးတွင်တော့ တောင်၏မတ်စောက်သည့်အပိုင်းတစ်နေရာတွင် အုပ်စု၂စုတိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။ အတိအကျပြောရလျှင်တော့ တစ်ဖွဲ့ကနေပြီး ကျန်တစ်ဖွဲ့ကို ဆက်တိုက်ရိုက်နှက်နေခြင်းဖြစ်လေသည်။ ကျောက်ခန်းလင်၏အဖွဲ့တွင် အနည်းဆုံးလူ၁၂ယောက်လောက်ပါဝင်ကာ ဖန်းကျီရွေ့တို့အဖွဲ့ကို ရက်ရက်စက်စက် ရိုက်နှက်ကန်ကျောက်နေခဲ့သည်။

ကုနင်းကတော့ ဒေါသထွက်သွားခဲ့ကာ ကားထဲရှိကျန်လူများကတော့ ကြောက်လန့်နေကြသည်။ ကုနင်းလဲချက်ချင်းပင် ကားကို တောင်လမ်းတစ်လျှောက်မောင်းသွားလိုက်သည်။ သူမလုံးဝအရှိန်ကို မလျှော့ဘဲ ရုတ်ချည်းရုတ်ချည်း အချိုးအကွေ့များစွာနှင့် မောင်းနှင်နေခဲ့သည်။ ကားထဲရှိကျန်လူများကတော့ ဘယ်လောက်ပဲ လုံခြုံရေးခါးပတ်ကို ပတ်ထားထား အချင်းချင်းတိုက်မိတာ ကားဖြင့်ဆောင့်မိတာကိုတော့ မရှောင်လွှဲနိုင်ကြပေ။

၅မိနစ်ကြာပြီးနောက်တွင်တော့ သူမတို့ ဖန်းကျီရွေ့တို့အဖွဲ့ရိုက်နှက်ခံနေရသည့်နေရာသို့ ရောက်သွားတော့သည်။ ကုနင်းချက်ချင်း ဘရိတ်ကိုဆောင့်နင်းလိုက်သောကြောင့် ကားထဲရှိလူအားလုံး ရှေ့ကိုစိုက်ကြသွားတော့သည်။ ကံကောင်းစွာဖြင့် သူတို့အားလုံး ခါးပတ်ကိုတင်းတင်းပတ်ထားကြခြင်းကြောင့် ဘာမှမဖြစ်သွားပေ။ ကုနင်းလဲ ခါးပတ်ကိုဖြုတ်ကာ ကားထဲမှခုန်ထွက်လိုက်ပြီး ချက်ချင်းထိုအဖွဲ့ထဲသို့ပြေးဝင်သွားတော့သည်။

အမှန်တွင် ချောင်ဝမ်ရှင်းတို့အုပ်စု ကုနင်းနှင့်အတူပါလာသည်ဖြစ်စေ မပါလာသည်ဖြစ်စေ ကုနင်းတစ်ယောက်တည်း ကျောက်ခန်းလင်တို့အဖွဲ့ကို ကိုင်တွယ်နိုင်လေသည်။ သူမက ချောင်ဝမ်ရှင်းတို့က ကူညီလိုစိတ်ကို မငြင်းဆန်ပစ်ချင်ရုံသာဖြစ်သည်။‌

ချောင်ဝမ်ရှင်းတို့လဲ ကုနင်းနောက်ကနေလိုက်ကာ ကားထဲမှထွက်လိုက်ကြပေမည့် ကုနင်းကဲ့သို့တော့ မလျင်မြန်ပေ။

ကျောက်ခန်းလင်တို့အဖွဲ့သည် သစ်တောထဲတွင်ရှိနေခြင်းဖြစ်သောကြောင့် အပြင်ဘက်မှကားသံကိုမကြားခဲ့ကြပေ။ ထို့နောက် ကုနင်းက လူနှစ်ယောက်ကိုကန်ထုတ်လိုက်မှပင် သူတို့အားလုံး ကုနင်းကိုသတိထားမိသွားကြတော့သည်။

“မင်းပဲ!” ကျောက်ခန်းလင် ထိတ်လန့်သွားသလို ကုနင်းကိုလဲ ကြောက်နေလေသည်။

“ဘ-ဘော့စ်” ဖန်းကျီရွေ့မှာ ပြင်းပြင်ထန်ထန်အရိုက်ခံထားရပြီး မြေပေါ်မှမထနိုင်ဖြစ်နေပေမည့် ကုနင်းသူ့ကိုလာကယ်သည်အား မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားတော့သည်။

“နင်ကများ ငါ့လူတွေကိုရိုက်ရဲတယ်ပေါ့!” ကုနင်းဒေါသထွက်ကာ အနီးရှိနောက်လူတစ်ယောက်ကို လွင့်ထွက်သွားအောင်ကန်လိုက်ပြန်သည်။ ထိုလူလဲ သစ်ပင်နှင့်ဆောင့်မိသွားကာ နံရိုးအချို့ပင်ကျိုးသွားတော့သည်။

“အားလုံး၊ သူ့ကို ပစ်မှတ်ထားကြ!” ကျောက်ခန်းလင် ချက်ချင်းအမိန့်ပေးလိုက်သည်။ ဖန်းကျီရွေ့တို့အဖွဲ့ကိုက မလှုပ်နိုင်တော့အောင်ကို ရိုက်ထားပြီးနေပြီဖြစ်၍ သူတို့ကတော့ ထမတိုက်ခိုက်နိုင်ကြတော့ပေ။

ထိုအချိန်တွင်ပဲ ထန်ကျားခိုင်တို့အဖွဲ့လဲရောက်ရှိလာကြသည်။ ကုနင်း လူတစ်ယောက်က လွယ်လွယ်လေးလွင့်ထွက်သွားအောင် ကန်နိုင်သည်အားတွေ့လိုက်သည်နှင့် သူတို့အားလုံး အလွန်အံ့အားသင့်သွားကြတော့သည်။ သို့ပေမည့် ကျောက်ခန်းလင်ကတော့ ထန်ကျားခိုင်တို့အဖွဲ့ကို တွေ့လိုက်ချိန်တွင် အလွန်ကြောက်ရွံ့သွားတော့သည်။ သူတို့ကဘာလို့ ဒီမှာရှိနေကြတာလဲ?

***

အခန်း ၄၃၉

ကံကောင်းသွားတယ်

ဖန်းကျီရွေ့တို့အဖွဲ့လဲ ကုနင်း ထန်ကျားခိုင်တို့အဖွဲ့နှင့်အတူလာသည်ကို တွေ့လိုက်ရ၍ အလွန်အံ့အားသင့်သွားကြသည်။

ကျောက်ခန်းလင်သည် Bမြို့မှချမ်းသာသည့်မိသားစုတစ်ခု၏သားဖြစ်သော်လည်း ထန်ကျားခိုင်တို့အဖွဲ့၏မိသားစုများနှင့်တော့ လုံးဝမယှဉ်နိုင်ပေ။ ထို့ကြောင့် ထန်ကျားခိုင်တို့ကို သူစိတ်အနှောက်အယှက်မပြုချင်ပေ။

ထန်ကျားခိုင်တို့အဖွဲ့သည်လဲ ချက်ချင်းပင် ရန်ပွဲတွင် ပါဝင်လာခဲ့ကြသည်။

ထန်ကျားခိုင်တို့သည် ကုနင်းကဲ့သို့ ခွန်အားကြီးသည့်လူများမဟုတ်သော်ကြာင့် အခြားတစ်ဖွဲ့ကို လက်ဗလာဖြင့် ရင်ဆိုင်တိုက်ခိုက်ရသည်မှာ မလွယ်ကူပေ။ ထို့ကြောင့် သူတို့အရင်ဆုံး ကျောက်ခန်းလင်တို့အဖွဲ့၏ သစ်သားတုတ်များကို အရင်လုယူလိုက်ပြီးတော့မှသာ ထိုတုတ်များဖြင့် ကျောက်ခန်းလင်တို့အဖွဲ့ကို ရိုက်နှက်တော့သည်။

ကျောက်ခန်းလင်တို့အဖွဲ့သည်လဲ အတိုက်အခိုက်တော်ကြပေမည့် ထန်ကျားခိုင်တို့လို သီးသန့်လေ့ကျင့်ပေးထားခံရသူများနှင့် ရင်ဆိုင်ဖို့ရန်ကတော့ ခက်ခဲလွန်းပေသည်။ ထို့ကြောင့် ထန်ကျားခိုင်တို့အဖွဲ့ သစ်သားထုတ်များကို ဆွဲယူပြီးသွားနိုင်သည်နှင့် ကျောက်ခန်းလင်တို့အဖွဲ့ ဆက်တိုက်ကို အရိုက်ခံနေကြရတော့သည်။ ၁၀မိနစ်အတွင်းတွင်ပဲ ကျောက်ခန်းလင်တို့တစ်ဖွဲ့လုံး မြေပေါ်သို့အတုံးအရုံးလဲသွားကြတော့သည်။

ထို့နောက် ကုနင်း ဆေး၅ပုလင်းကိုထုတ်ယူလိုက်ကာ ထန်ကျားခိုင်ကိုပေးလိုက်ပြီး၊

“ဖန်းကျီရွေ့တို့အဖွဲ့ကို ဒီဆေးတွေသောက်ဖို့ပြောလိုက်။”

ထန်ကျားခိုင်လဲ ဆေးပုလင်းကိုယူကာ ဖန်းကျီရွေ့တို့အဖွဲ့ထံသို့သွားခဲ့ပြီး ကုနင်းကတော့ မြေပေါ်တွင်လဲနေသည့် ကျောက်ခန်းလင်ရှိရာသို့သွားခဲ့သည်။ ကျောက်ခန်းလင်မှာ ကုနင်းသူ့ထံသို့လျှောက်လာသည်ကိုမြင်သည်နှင့် ကြောက်ရွံ့တုန်လှုပ်နေကာ တောင်းပန်ခယတော့သည်။

“ကျေး-ကျေးဇူးပြုပြီး၊ ငါ့ကိုလွှတ်ပေးမပါ၊ နောက်တစ်ခေါက် ဒါမျိုးထပ်မလုပ်တော့ပါဘူး။”

“နောက်ဒါမျိုးထပ်ဖြစ်လို့ကတော့ နင်တစ်သက်လုံးအကြောတွေသေသွားအောင်အထိ ရိုက်ပစ်မယ်။” ကုနင်းအေးစက်စွာပြောလိုက်သည်။

ဖန်းကျီရွေ့တို့ ဆိုးဆိုးရွားရွားဒဏ်ရာရခဲ့ကြသော်လည်း ကျောက်ခန်းလင်တို့လဲ မြေပေါ်တွင်မထနိုင်ဖြစ်နေပြီဖြစ်သောကြောင့် ကုနင်းထပ်ပြီး အပြစ်မပေးနေတော့ပေ။ သူတို့ကို သူမမသတ်ပစ်နိုင်မှတော့ သင်ခန်းစာရသွားရုံလောက်ဆိုလျှင် လုံလောက်နေပေပြီ။

“ကောင်း-ကောင်းပါပြီ။ ထပ်မလုပ်တော့ပါဘူး။” ဤတစ်ခေါက်တွင်တော့ ကုနင်းက ထန်ကျားခိုင်တို့အဖွဲ့နှင့်လဲ သိကျွမ်းနေ၍ ကျောက်ခန်းလင် အမှန်တကယ်ကြောက်ရွံ့နေပြီဖြစ်သည်။

ထန်ကျားခိုင်တို့က အသိအသာကို ဖန်းကျီရွေ့တို့ဘက်မှရပ်တည်နေကြခြင်းဖြစ်သည်။ သူသာ ဖန်းကျီရွေ့ကို ထပ်ပြီးပြဿနာရှာရဲလျှင် ထန်ကျားခိုင်တို့အဖွဲ့နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အပြင် ကျောက်ခန်းလင်သည် ထန်မိသားစု၊ ချောင်မိသားစု၊ အိုးယန်မိသားစုနှင့် စုန့်မိသားစုတို့ကို စိတ်အနှောက်အယှက်မပြုရဲပေ။

တစ်ဖက်တွင်တော့….

“မင်္ဂလာပါ၊ သခင်လေးကျားခိုင်၊” ဖန်ကျီရွေ့တို့အဖွဲ့က ထန်ကျားခိုင်းကို လေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

ဖန်းကျီရွေ့သည် အမြဲတမ်းမာနထောင်လွှားလေ့ရှိသော်လည်း စည်းမျဉ်းစည်းကမ်းများကိုသိကာ သူနှင့်တန်းတူချမ်းသာသည့်မိသားစုများမှ သို့မဟုတ် သူ့ထက်ဆင်းရဲသည့်မိသားစုများမှ လူများကိုသာ အနိုင်ကျင့်လေသည်။

“မင်းတို့ငါ့ညီမနဲ့တွေ့ခဲ့တာ တကယ်ကိုကံကောင်းသွားတယ်။ ငါတို့ညစာစားနေရင်းတန်းလန်းတောင်မှ သူကမင်းတို့ကိုကယ်ဖို့ ချက်ချင်းထွက်လာခဲ့တာ။” ထန်ကျားခိုင် အထင်သေးစွာဖြင့်ပြောလိုက်သည်။ သူသည် ဖန်းကျီရွေ့အပေါ် ဆိုးဝါးသည့်အမြင်မျိုးရှိထားခဲ့သည်။ ကုနင်းကြောင့်သာမဟုတ်လျှင် သူ့ကိုသေချာပေါက် ကယ်ပေးမည်မဟုတ်ပေ။

ဖန်းကျီရွေ့လဲရှက်ရွံ့သွားခဲ့ရပေမည့် သူအန္တရာယ်ကြုံရသည့်အချိန်တွင် ကုနင်းတစ်ယောက်တည်းကိုသာ စဉ်းစားနိုင်ခဲ့သည်။ နေပါဦး၊ ဘော့စ်က ထန်ကျားခိုင်ရဲ့ညီမ? ဖန်းကျီရွေ့ထိတ်လန့်သွားတော့သည်။ သူတို့၏မျိုးရိုးနာမည်များကမတူသောကြောင့် သေချာပေါက် သွေးရင်းမောင်နှများမဟုတ်သည်ကိုတော့ ဖန်းကျီရွေ့သိလေသည်။ ထိုသို့ဆိုလျှင်တောင်မှ ကုနင်းသည် ထန်မိသားစု၏ဆွေမျိုးဖြစ်သောကြောင့် သူမသည်လဲ ဩဇာအာဏာရှိရပေမည်။

“သောက်လိုက်၊ နင်းနင်းက မင်းတို့ကိုဒီဆေးပေးခိုင်းလိုက်တာ။” ထန်ကျားခိုင် ဆေးပုလင်းများကို ဖန်းကျီရွေ့တို့ထံသို့ပစ်ပေးလိုက်ကာ ကုနင်းတို့ရှိရာသို့ ပြန်လျှောက်သွားတော့သည်။ ဖန်းကျီရွေ့တို့အဖွဲ့သည်လဲ အကြောင်းအရင်းပင်မမေးဘဲ တုံ့ဆိုင်းခြင်းမရှိ‌ ဆေးများကိုသောက်လိုက်ကြသည်။ ဆေးများ သူတို့ပါးစပ်ထဲသို့ရောက်သွားသည်နှင့် ချက်ချင်းပျော်ဝင်သွားခဲ့သည်။ ၁မိနစ်အတွင်းမှာပင် သူတို့၏အင်အားများပြန်လည်ပြည့်လာကာ ဒဏ်ရာများလဲ သက်သာလာပြီး ကိုယ့်ခြေထောက်နှင့်ကိုယ်ပြန်ပြီး မတ်တပ်ရပ်နိုင်သွားကြသည်။

“ဘော့စ်၊ ဒါဘာဆေးလဲ? တကယ့်ကိုမယုံနိုင်စရာပဲ!” ဖန်းကျီရွေ့ ကုနင်းရှေ့သို့ ခုန်ပေါက်သွားကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

“မှော်ဆေး။” ကုနင်းသမာန်ကာလျှံကာသာဖြေလိုက်ပေမည့် ဖန်းကျီရွေ့ကတော့ ဂရုမစိုက်ပဲ သူမကိုယုံကြည်လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု။” ဖန်းကျီရွေ့၏သူငယ်ချင်းများကလဲ ကုနင်းကိုကျေးဇူးတင်လိုက်ကြသည်။

“ရပါတယ်။” “ဟုတ်ပြီ၊ သွားကြရအောင်!”

မထွက်သွားခင် ဖန်းကျီရွေ့တို့အဖွဲ့ သူတို့၏ဒေါသများကို ဖြေဖျောက်ရန်အတွက် ကျောက်ခန်းလင်တို့အဖွဲ့ကို ထပ်ပြီးကန်ကျောက်လိုက်ကြပေမည့် သူတို့ကို သတ်လိုက်၍မဖြစ်မှန်းသိသောကြောင့် မကြာခင်မှာပဲ ရပ်လိုက်ကြသည်။

“ဘော့စ်၊ သခင်လေးကျားခိုင်ပြောတာတော့ ကျွန်တော်ဖုန်းဆက်တုန်းက ဘော့စ်ညစာစားနေတုန်းကြီးဆို။ ကျွန်တော် ကျေးဇူးတင်တဲ့အနေနဲ့ရော တောင်းပန်တဲ့အနေနဲ့ပါ ဘော့စ် ဘာမှလုပ်စရာမရှိဘူးဆိုရင် ညစာလိုက်ကျွေးပါရစေ။” ဖန်းကျီရွေ့က ကုနင်းကိုတောင်းဆိုလိုက်သည်။

“ပင်လယ်စာ။” ကုနင်း ချက်ချင်းပင် ပြန်ဖြေခဲ့သည်။ ထို့နောက် သူတို့နှစ်ဖွဲ့လုံး Bမြို့၏အကြီးဆုံးပင်လယ်စာဆိုင်ကြီးသို့ ထွက်လာခဲ့လိုက်ကြသည်။

သူတို့ထွက်သွားပြီးနောက်တွင်တော့ ကျောက်ခန်းလင်ချက်ချင်းဖုန်းကို ထုတ်ကာ လူနာတင်ယာဉ်ကိုခေါ်လိုက်သည်။ ကုနင်းသတိပေးသွားခြင်းကြောင့် ကျောက်ခန်းလင် ဤအကြောင်းအား သူ့မိသားစုကိုမပြောပြရဲသလို အကယ်၍သွားပြောလိုက်လျှင်လဲ သူ့မိသားစုက လက်စားချေပေးမည့်အစား သူ့ကိုသာ ဉာဏ်မရှိသည့်အပြုအမူမျိုးလုပ်သည်ဟုဆိုကာ အပြစ်တင်ပေလိမ့်မည်။ ထို့အပြင် သူ့ကို နိုင်ငံခြားသို့ ပို့ရင်ပို့ မဟုတ်လျှင် အိမ်ထဲ၌အပိတ်ခံရမည်ဖြစ်သည်။

ထန်ဟွမ်းလုပ်ငန်းစု၏ဥက္ကဌရုံးခန်းတွင်တော့ ထန်ယွင်ဖန်းအလုပ်တော့လုပ်နေပေမည့် ကုနင်းအကြောင်း မတွေးမိဘဲမနေနိုင်ခဲ့ပေ။ ကုနင်းက သူ့သမီးဖြစ်နေနိုင်လောက်လား? ဖြစ်နေခဲ့ရင်ရော? သူဘာဆက်လုပ်သင့်လဲ? သူသည် တစ်ကိုယ်တည်းနေခြင်းနှင့် အသားကျနေပြီဖြစ်သောကြောင့် ရုတ်တရက်ကြီး သမီးတစ်ယောက်နှင့်ဘယ်လိုဆက်ဆံရမလဲကို မသိသလို သူ့သမီး၏မိခင်ကိုလဲ ဘယ်လိုဘယ်ပုံဆက်ဆံရမလဲဆိုသည်ကိုလဲ မသိပေ။ ထို့အပြင် ဤကိစ္စကလဲမသေချာသေးပေ။

မကြာခင်မှာပဲ ချွမ်မင်ခိုင် ဖိုင်တစ်ခုကိုကိုင်ကာ ရုံးခန်းအတွင်းသို့ဝင်လာခဲ့သည်။ ထို့နောက် ထန်ယွင်ဖန်းရှိရာသို့လျှောက်သွားကာ ထိုဖိုင်အားပေးလိုက်ပြီး၊

“ဘော့စ်၊ ဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေကို စုံစမ်းထားတာပါ။”

ထန်ယွင်ဖန်းလဲ ချက်ချင်းပင် ထိုဖိုင်အားဖွင့်လိုက်သည်။

စာရွက်များ၏အပေါ်ဆုံးတွင်တော့ ကုနင်းနှင့် ကုမန့်၏ဓါတ်ပုံများပါရှိလေသည်။ ထန်ယွင်ဖန်း ကုမန့်၏ဓါတ်ပုံအားကြည့်မိလိုက်သည်နှင့် တစ်ကိုယ်လုံးတုန်ရီသွားခဲ့ကာ ရုတ်တရက်ကြီး ထူးဆန်းသည့်စိတ်လှုပ်ရှားသော ခံစားမှုမျိုးကို ခံစားလိုက်ရပေမည့် ဘာကြောင့်မှန်းတော့မသိပေ။ ထိုအကြောင်းကို သေချာတွေးကြည့်လိုက်သည်နှင့် ထန်ယွင်ဖန်း ပြင်းပြင်းထန်ထန်နာကျင်လာခဲ့သည်။ ကုနင်း၏ဆေးသောက်ပြီးနောက်ပိုင်း ထန်ယွင်ဖန်းဆက်ပြီး ခေါင်းမကိုက်တော့ဘူးဆိုပေမည့် အခုချိန်ထိတော့ မသက်မသာခံစားနေရစဲပင်။

ချွမ်မင်ခိုင်လဲ အနည်းငယ်လန့်သွားကာ ထန်ယွင်ဖန်းအား တားလိုက်သည်။

“ဘော့စ်ကို စိတ်ကိုလျှော့ထားပါ။ ချက်ချင်းအများကြီးမတွေးနေပါနဲ့။”

ချွမ်မင်ခိုင်၏စကားကိုကြားမှပဲ ထန်ယွင်ဖန်းပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ထို့နောက် ဓါတ်ပုံများကို ဘေးမှာအရင်ချထားကာ အချက်အလက်များကိုသာဖတ်လိုက်သည်။

ကုမန့်၊ အမျိုးသမီး၊ အသက်၃၉နှစ်၊ Fမြို့မှာနေတယ်။ အသက်၂၀မှာ Dမြို့ကို တက္ကသိုလ်သွားတက်ခဲ့ပေမည့် လက်မထပ်ပဲ ကိုယ်ဝန်ရှိခဲ့တာကြောင့် ကျောင်းထွက်ခဲ့ရသည်။ ၁၈နှစ်လုံးလုံး သူမမိသားစု၏အထင်သေးအရှက်ခွဲခြင်းများကို ခံခဲ့ရပြီး သူမ၏သမီးကိုတော့ စက်ရုံတွင်အလုပ်လုပ်ကာ ထောက်ပံ့မွေးမြူခဲ့သည်။ လွန်ခဲ့သည့်၄လခန့်က လှေကားမှလိမ့်ကျခဲ့ပြီး မကြာခင်မှာပဲ အလုပ်ထွက်သွားခဲ့သည်။ အခုချိန်တွင်တော့ သူမသည် အလှပြင်ဆိုင်တစ်ခု၏ပိုင်ရှင်ဖြစ်နေသည်။

ကုနင်း၊ အမျိုးသမီး၊ အသက်၁၈နှစ်၊ Fမြို့တွင်နေသည်။ Fမြို့၏အမှတ်၃အထက်တန်းကျောင်းတွင် နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး အားနည်းပျော့ညံ့ကာ အနိုင်ကျင့်ခံရပြီး စာလဲညံ့သည်။ လွန်ခဲ့သည့် ၄လခန့်က ကားတိုက်မှုဖြစ်ခဲ့ပြီး ပြန်နိုးလာချိန်တွင်တော့ ချက်ချင်းရဲရင့်ကာ ယုံကြည်ချက်အပြည့်ရှိသွားပြီး စာလဲတော်သွားသည်။ အချိန်ခနလေးအတွင်းမှာပဲ JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်ဖြစ်လာခဲ့ကာ ကျောက်အလောင်းအစားလုပ်ရမှာ ငွေအမြောက်အမြားရရှိခဲ့ခြင်းကြောင့်ဟု ပြောထားသည်။ JadeBeautyလက်ဝတ်ရတနာဆိုင်၏ဖွင့်ပွဲအခမ်းအနားကိုလဲ Gမြို့မှအရေးကြီးပုဂ္ဂိုလ်များစွာ တက်ရောက်ပေးခဲ့ကြသည်။

***

အခန်း ၄၄၀

သမီး

ကျောက်အလောင်းအစားလုပ်ခြင်းသည့်အကြောင်းကိုတော့ ထန်မိသားစုအားလုံးသိထားပြီးဖြစ်သောကြောင့် ထန်ယွင်ဖန်းမအံ့ဩမိပေ။ သို့ပေမည့် ကျောက်အလောင်းအစားလုပ်ခြင်းဖြင့် ကုနင်းဘယ်လိုလုပ်ပြီးများ ထိုမျှများပြားလှသည့်ငွေပမာဏကို ရှာဖွေနိုင်ခဲ့လဲဆိုသည်ကိုတော့ သူသိချင်နေမိသေးသော်လည်း ထိုကိစ္စကို စုံစမ်းဖို့ရန်က ခက်ခဲပေသည်။ မျိုးစုံသော အပြောင်းအလဲများသည် လွန်ခဲ့သည့်၄လမှစတင်ကာ ဖြစ်ပျက်လာခဲ့ခြင်းဖြစ်လေသည်။

သူတို့က အခြေခံအချက်များလောက်ကိုသာ စုံစမ်းခဲ့ခြင်းဖြစ်၍ အသုံးဝင်သည့်အချက်များများစားစားမရရှိခဲ့ပေ။ သို့ပေမည့် ကုနင်း၏နာမည်အောက်မှ ကုမ္ပဏီများစာရင်းကိုသိချင်လျှင်တော့ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဌာနသို့သွားကာ စုံစမ်းနိုင်ပေမည့် ထိုအရာမှာအရေးမကြီးလှသောကြောင့် သူတို့တွင်စုံစမ်းဖို့ရန် စိတ်ကူးမရှိကြပေ။ ထို့အပြင် ကုနင်း၏ ကုမ္ပဏီအများစုကိုလဲ သိထားပြီးပြီဖြစ်သည်။

ကုနင်းနှင့်ကုမန့်၏ဘဝအတွေ့အကြုံများအကြောင်းကို ဖတ်ပြီးသွားချိန်တွင်တော့ ထန်ယွင်ဖန်း ဒေါသထွက်လာရသည်။ ထန်ယွင်ဖန်းသည် အခြားလူများအပေါ် သနားညှာတာတတ်လွန်းသည့် လူတစ်ယောက်မဟုတ်သော်လည်း ကုနင်းနှင့်ကုမန့်တို့ဖြစ်နေချိန်တွင်တော့ သူ့ဒေါသများကို ချုပ်တည်း၍မရတော့ပေ။

အခုချိန်အထိတော့မသိချာသေးသော်လည်း ကုနင်းနှင့်ကုမန့်သည် သူနှင့်အလွန်ရင်းနှီးသည့် ဆက်နွယ်မှုတစ်ခုတော့ရှိမည်ဖြစ်ကြောင်း ယုံကြည်နေသည်။ ထိုသို့သာမဟုတ်လျှင် ကုမန့်ကို အရင်ကတွေ့ဖူးသည်ဟု သူခံစားနေရမည်မဟုတ်။ ထိုသို့သာမဟုတ်လျှင် ကုနင်းကလဲ သူနှင့်ဒီလောက်အထိ ဆင်တူနေစရာမရှိ။ ထိုသို့သာမဟုတ်လျှင် သူမတို့နှစ်ဦးအပေါ် ခံစားချက်တစ်စုံတစ်ရာရှိနေခဲ့မည်မဟုတ်ပေ။ ထိုသို့သာမဟုတ်လျှင် သူထန်မိသားစုမှပျောက်သွားသည့်အချိန်နှင့် တိုက်ဆိုင်စွာ ကုမန့်တွင် ကိုယ်ဝန်ရှိနေမည်မဟုတ်ပေ။

အကြောင်းတိုက်ဆိုင်မှုတစ်ခုသာဆိုလျှင် ၎င်းသည် အမှန်တကယ်ကို တိုက်ဆိုင်မှုတစ်ခုဆိုပေမည့် ဤမျှများပြားသည့် တိုက်ဆိုင်မှုများရှိလာလျှင်တော့ဖြင့် သေချာသည့်အခြေအနေသို့ပြောင်းလဲသွားပေသည်။

ထိုတစ်နှစ်ဆိုသည့်အချိန်တုန်းက တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ထန်ယွင်ဖန်းအလွန်မှတ်မိချင်လာခဲ့သည်။

ထန်ယွင်ဖန်းတွင် ထိုမှတ်ဉာဏ်များပျောက်ဆုံးနေပြီဖြစ်၍ ကုနင်းနှင့်ကုမန့်သည် သူ၏မိသားစုအစစ်အမှန်ဖြစ်နေသည်ဆိုလျှင်ပင် မည်သို့မည်ပုံမျက်နှာချင်းဆိုင် ဆက်ဆံသင့်လဲဆိုသည်ကို မသိတော့ပေ။ သူ့တွင် အချစ်ဆိုသည့်ခံစားချက်လဲ မေ့ပျောက်နေခဲ့ပြီဖြစ်ကာ အခုချိန်တွင် ကုမန့်ဆိုသည်မှာ သူ့အတွက် ရင်းနှီးသည်ဟုခံစားနေရသည့် သူစိမ်းတစ်ယောက်သာသာဖြစ်တော့သည်။

ထန်ယွင်ဖန်း သူခံစားရသမျှကို ချွမ်မင်ခိုင်အားပြောပြလိုက်ပြီးနောက်၊

“ကုနင်းကတကယ်ပဲ ငါ့သမီးဖြစ်လိမ့်မယ်လို့ထင်လား?”

“ဘော့စ်၊ ကျွန်တော်ကတော့ ဖြစ်နိုင်ချေတော်တော်များတယ်လို့ထင်မိတယ်။ ဒီလိုသာမဟုတ်ရင် ဘော့စ်အခုလို သူတို့အပေါ်ခံစားချက်ရှိနေမှာမဟုတ်ဘူးလေ။ ” ချွမ်မင်ခိုင်ပြန်ဖြေလိုက်သည်။

“ဘော့စ်အချိန်ရရင် ကုမန့်တက္ကသိုလ်တက်ခဲ့တဲ့ Dမြို့ကိုသွားကြည့်လိုက်ပါလား။ တစ်ခုခုတော့ ပြန်သတိရလာနိုင်တာပဲ။ ဒီကိစ္စတွေဖြစ်တာ ၁၈နှစ်တောင်ကြာသွားလို့ Dမြို့လဲ အတော်များများပြောင်းလဲသွားပြီ ဆိုပေမယ့် အရင်အတိုင်းလေးကျန်နေတာ တစ်ခုခုတော့ရှိလောက်ဦးမှာပါ။”

ထိုအချိန်မှာပဲ တစ်ဖက်ကချီထျန်းလင်သည်လဲ ကုနင်း၏နောက်ခံကိုစုံစမ်းလို့ပြီးသွားပြီဖြစ်သည်။ သူစုံစမ်းထားသမျှသည်လဲ ထန်ယွင်ဖန်းနှင့်အတူတူသာ။

ချီထျန်းလင် ကမ္ဘာမြေကလပ်၏အပေါ်ဆုံးထပ်က သီးသန့်ခန်းထဲရှိ ဆိုဖာထက်တွင် ပျင်းရိစွာမှီထိုင်နေပုံကတော့ ယခင်အတိုင်း မောက်မာကာ ကြောက်လန့်စရာကောင်းနေစဲပင်။

ကုနင်းနှင့်သက်ဆိုင်သည့် အချက်အလက်များကိုဖတ်ပြီးသွားချိန်တွင်တော့ သူလဲ အတွေးများသွားရတော့သည်။

သူက ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်းမှ လုံးဝပြောင်းလဲသွားခဲ့တာလား? ဒီလိုအပြောင်းအလဲမျိုးက ပြဇာတ်တစ်ပုဒ်လိုမျိုးပဲ။ အားနည်းပျော့ညံ့ပြီး ဆင်းရဲ့သည့်မိန်းကလေးဘဝကနေပြီး ချက်ချင်း ထက်မြက်သတ္တိရှိတဲ့ ဘီလီယံနာတစ်ယောက်ဖြစ်သွားခဲ့သည်။ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်အားပင်။ မဟုတ်မှ ကားမတော်တဆမှုမဖြစ်ခင်တုန်းက ဟန်ဆောင်ပြီးနေခဲ့တာများလား? ဒါပေမယ့် ဘာလို့လဲ? ပြီးတော့ သူမ၏ကျောက်အလောင်းအစားစွမ်းရည်ကလဲ မယုံကြည်နိုင်လောက်အောင်ကို တော်လွန်းနေတယ်။ ဘယ်လောက်အထိတောင်တော်နေလို့ အဆင့်မြင့်လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ဖွင့်နိုင်သည့်အထိ ငွေရှာနိုင်သွားတာလဲ? ထိုမျှနှင့်ပင်မကသေး၊ ဆိုင်ဖွင့်ပွဲသို့ ချင်ဂိုဏ်းအပါအဝင် Gမြို့မှ အရေးကြီးပုဂ္ဂိုလ်များစွာလဲ တက်ရောက်ပေးခဲ့သေးသည်။ ချင်ဂိုဏ်း၏ကုမ္ပဏီမှလူကလဲ ကုနင်းကို ယွမ်သန်းပေါင်းများစွာတန်သည့် သဘာဝသန္တာကျောက်နီကိုပေးခဲ့ခြင်းကြောင့် သူတို့ကြားရှိဆက်ဆံရေးမှာ သာမာန်မဟုတ်နိုင်ပေ။

သို့ပေမည့် ကုနင်းက ချင်ဂိုဏ်းပိုင်သည့်ကုမ္ပဏီနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်လား သို့မဟုတ် ချင်ဂိုဏ်းနှင့်တိုက်ရိုက်ဆက်ဆံရေးရှိသည်လားဆိုသည်ကိုတော့ ချီထျန်းလင်မသိသေးပေ။ ထို့အပြင် ကုနင်းက ချင်ဂိုဏ်းမှ အကြီးတန်းအုပ်ချုပ်သူတစ်ဦးဦးနှင့်သိခြင်းလား၊ ချင်ဂိုဏ်းခေါင်းဆောင် စစ်ထူယဲ့နှင့်သိခြင်းလားဆိုသည်ကိုလဲ သေချာမသိရသေးပေ။ ချီထျန်းလင် ကုနင်း၏နောက်ခံကိုသာစုံစမ်းစစ်ဆေးဖို့ပြောင်းလိုက်ခြင်းဖြစ်သောကြောင့် အသေးစိတ်အကြောင်းအရာများကို မရရှိခဲ့ပေ။

သူသာ အသေးစိတ်အချက်အလက်များကို သိချင်လျှင်ဆိုရင်ဖြင့် အချိန်တိုလေးအတွင်းတော့ မသိနိုင်ပေ။ ကုနင်းသာ စစ်ထူယဲ့နှင့်ရင်းနှီးခြင်းဆိုလျှင် သူမကမ္ဘာမြေကလပ်သို့ လာခြင်းမှာ အကြောင်းရင်းတစ်ခုခုရှိလောက်မည်။

ကီရင်းဂိုဏ်းနှင့် ချင်ဂိုဏ်းသည့် ကိုယ့်အကန့်နှင့်ကိုယ်သာနေကြခြင်းဖြစ်ပြီး ကိုယ့်စီးပွားရေးကိုသာ အာရုံစိုက်ကြသည်ဆိုပေမည့် အချို့သောအကြောင်းကိစ္စများကြောင့်တော့ အချင်းချင်းပြဿနာဖြစ်ထားသည်များ ရှိလေသည်။ ထို့အပြင် အဆင့်အတန်းတူသည့်လူများသည် အကောင်းဆုံးပြိုင်ဘက်များပင်ဖြစ်သည်။ ချီထျန်းလင်သည် ကီရင်းဂိုဏ်းကို ဤနိုင်ငံ၏ထိပ်တန်းနံပါတ်၁ဂိုဏ်းဖြစ်အောင်လုပ်ဆောင်ရန်အတွက် ရည်မှန်းချက်ရှိထားပြီး စစ်ထူယဲ့လဲ ဤသို့သောအကြံမျိုးတစ်ခါမျှမတွေးဖူးပါဘူးဟု သူမယုံကြည်ပေ။ ထို့ကြောင့် သူတို့ဘက်က အမြဲတမ်း ချင်ဂိုဏ်း၏လှုပ်ရှားမှုများကို မျက်စိဒေါက်ထောက်စောင့်ကြည့်နေခဲ့သည်။ ချင်ဂိုဏ်းသာ အရင်စပြီး သူတို့ကိုဖြုတ်ချဖို့ရန်ကြံလျှင် ကီရင်းဘက်ကလဲ ငြိမ်နေမည်မဟုတ်ပေ။

“ကုနင်းနဲ့ ချင်ဂိုဏ်းကြားက ဆက်ဆံရေးကို စုံစမ်းခဲ့။” ချီထျန်းလင်ထပ်ပြီးအ အမိန့်ပေးလိုက်ပြန်သည်။

သူအခြားအကြောင်းအရာများကို စိတ်မဝင်စားပေမည့် သူတို့၏ဆက်ဆံရေးအကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းထားရပေမည်။ ကုနင်းသာ ချင်ဂိုဏ်းကို ကူညီပေးနေခြင်းဆိုလျှင် သူ…. ဆိုးရွားလိုက်တာ၊ ရုတ်တရက်ကြီး ဘာလို့များ ကုနင်းကို သတ်ပစ်မည်ဟုတွေးဖို့တောင်မှ တုံ့ဆိုင်းသွားရတာလဲ။ ကောင်းပြီလေ၊ သူ့ကို အခန်းတစ်ခန်းထဲတော့ ထည့်ပိတ်ထားလို့ရသေးတယ်။

“ဟုတ်ကဲ့ပါ၊ ဘော့စ်။” ယွီဟောက်ပြန်ဖြေလိုက်သည်။

“နောက်တစ်နေရာအတွက် ကျွန်တော်တို့ ကမ္ဘာမြေကလပ်ကိုသွားကြမလား?” ဖန်းကျီရွေ့က ညစာစားပြီးနောက် အကြံပြုလိုက်သည်။

“မသွားဘူး!” ချောင်ဝမ်ရှင်းနှင့် ထန်ကျားခိုင်တို့ချက်ချင်းပင် ငြင်းဆန်လိုက်ကြသည်။ မနေ့ကအဖြစ်အပျက်ပြီးသွားပြီးနောက် ထိုကမ္ဘာမြေကလပ်ကို သူတို့နောက်တစ်ကြိမ်ထပ်မသွားလိုကြတော့ပေ။

“ငါလဲမသွားချင်ဘူး။” ကုနင်းကတော့ ကြောက်သည်မဟုတ်သော်လည်း ထိုနေရာသို့ထပ်မသွားချင်တော့ပေ။

မနေ့ကကိစ္စဖြစ်ပြီးနောက် ချီထျန်းလင်က သေချာပေါက် သူမနောက်ကြောင်းကို စုံစမ်းပေလိမ့်မည်။ ထိုသို့ဖြင့် သူမနှင့်ချင်ဂိုဏ်းဆက်သွယ်မှုရှိသည်ကိုသာ သိသွားခဲ့လျှင် သူမကို ချင်ဂိုဏ်းမှလွှတ်လိုက်သည့် သူလျှိုဟုထင်သွားပါက ပြဿနာကြီးတက်ပေလိမ့်မည်။

ကုနင်းတို့သုံးဦးလုံး ငြင်းဆိုနေသောကြောင့် အိုးယန်ရှီယွမ်နှင့် စုန့်မြောင်ရွှယ်လဲ မသွားချင်ကြတော့ပေ။

“ဒါဆို အခုဘယ်ကိုဆက်သွားကြမလဲ?” ဖန်းကျီရွေ့ကတော့ ရှည်ရှည်ဝေးဝေးတွေးမနေဘဲ သူမတို့ ကမ္ဘာမြေကလပ်ကို သဘောမကျခြင်းသာဖြစ်မည်ဟု တွေးလိုက်သည်။

“ငါတို့မြစ်ထဲမှာအပျော်စီးလှေသွားစီးကြရင်ရောဘယ်လိုလဲ? နင်းနင်းလဲအခုထိ Bမြို့ရဲ့ညအလှကို မခံစားဖူးသေးဘူးလေ။ ညရှုခင်းကတကယ့်ကို ရင်သပ်ရှုမောဖို့ကောင်းတာနော်!” ချောင်ဝမ်ရှင်းကပြောလိုက်သည်။

ကုနင်းလဲ ခနလောက်တွေးကြည့်လိုက်ပြီးနောက် သဘောတူလိုက်သည်။ ထန်မိသားစုသည် Bမြို့၏သင်္ဘာလုပ်ငန်းပိုင်းကို ဦးဆောင်နေသည့် မိသားစုကြီးဖြစ်သောကြောင့် ထန်မိသားစု၏နာမည်အောက်တွင် အပျော်စီးဇိမ်ခံလှေများစွာရှိလေသည်။ ထန်ကျားခိုင် ဖုန်းတစ်ချက်ဆက်ပြီးသွားသည်နှင့် သူမတို့အားလုံး ထိုလှေရှိရာသို့တန်းထွက်လာခဲ့လိုက်ကြသည်။

……

ထန်မိသားစုအိမ်ဟောင်းတွင်တော့ ထန်ဟိုင်ဖုန်း၊ ထန်ယွင်ဟန်နှင့် ဇနီးဖြစ်သူတို့ ဧည့်ခန်းထဲတွင် တီဗီကြည့်ကာ အနားယူနေကြသည်။

ထန်ယွင်ဖန်းကတော့ ညစာစားချိန်ပြီးမှသာပြန်ရောက်လာခဲ့သည်။ သူတို့အားလုံး ထန်ယွင်ဖန်းစိတ်ရှုပ်နေကြောင်းသတိထားမိလိုက်ကြ၍ နေလို့မကောင်းလားဆိုသည်ကို မေးမြန်းကြပေမည့် ထန်ယွင်ဖန်းကတော့ ပြန်ဖြေမလာခဲ့ပေ။ ထန်ယွင်ဖန်းသည် သူကိုယ်တိုင် အမှန်တရားကို သေချာမဖော်ထုတ်နိုင်သေးသ၍ ဘာကိုမှထုတ်မပြောချင်သေးပေ။

“ဟုတ်သားပဲ၊ ကောင်မလေးကုက ငါတို့မိသားစုဝင်ဖြစ်နေပြီဆိုတော့ ပွဲတစ်ခုလောက်စီစဉ်ပြီး သူကငါတို့မိသားစုဝင်ဖြစ်ကြောင်း တရားဝင်ကြေညာဖို့လိုမယ်ထင်တယ်။ သူ့ကို တစ်ယောက်ယောက်က အနိုင်ကျင့်မှာမျိုးမဖြစ်စေချင်ဘူး။” ထန်ဟိုင်ဖုန်းက ဆိုသည်။

ထန်ယွင်ဖန်းက ကုနင်းကို သူ့သမီးအဖြစ်မှတ်ယူရန် စိတ်ကိုကြိုတင်မပြင်ဆင်ထားရသေးသောကြောင့် ကုနင်းကို သူ့မြေးအဖြစ်သာ ကြေညာခြင်းက မဆိုးလှဟု ထန်ဟိုင်ဖုန်းထင်မိလေသည်။

ထန်ယွင်ဖန်း စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပေမည့် ချက်ချင်းပင် သူ့ဖခင်၏ဆုံးဖြတ်ချက်ကို တားမြစ်လိုက်တော့သည်။

“ကျွန်တော်တို့ အလျင်လိုဖို့မလိုပါဘူး။ အချိန်ခနလောက်ပဲပေးပါ။”

ထန်ယွင်ဖန်းသည် ကုနင်းကို သူ့သမီးအရင်းဖြစ်ကြောင်း သေချာလုနီးပါးဖြစ်နေပြီဖြစ်သောကြောင့် သေချာသည့်အချိန်တစ်ခုသို့ရောက်မှသာ ကုနင်းကို သူ့သမီးအဖြစ်ဆက်ဆံပါဆိုသည့်အစား သမီးအရင်းဖြစ်ကြောင်းကိုသာ လူတိုင်းကို ကြေညာချင်လေသည်။ သို့ပေမည့် အခုချိန်တွင်တော့ အသေးစိတ်သေချာမသိသေးသလို ထိုတစ်နှစ်အတွင်းမှတ်ဉာဏ်များကိုလဲဆုံးရှုံးထားရသောကြောင့် သူလောလောဆယ်ရှာတွေ့ထားသမျှကို ထန်ဟိုင်ဖန်းအားပြောမပြနိုင်သေးပေ။

All Chapters