← Chapters

ရှေးခေတ်မင်္ဂလာဝတ်စုံ

Vol. 108 Ch. 1648

ရှေးခေတ်မင်္ဂလာဝတ်စုံ

Vol. 108 Ch. 1648

“ အကြောင်းပြချက် မလုံလောက်သေးဘူး ”

ရွှီချင်းက လေထဲမှာ ရပ်နေပြီး နှိမ့်ချသော ကိုယ်ဟန်အမူအရာဖြင့် ရှိနေသော ကျိုးကျန်းလီကို တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။

သူ့အရှေ့မှ လူက အပြစ်ကင်းစင်ပုံပေါ်သည်။ သို့သော်လည်း အပြစ်ကင်းစင်သော ထိုမျက်နှာအောက်မှာ အဆိပ်ပြင်းသော မြွေဟောက်ရှိသည်။

ကျိုးကျန်းလီသည် သိမ်မွေ့သော နည်းလမ်းကို အသုံးပြု၍ ကြယ်တာရာစက်ဝန်းကို ကျရှုံးစေရန် ဖိအားပေးခဲ့သည်။ ကြယ်တာရာစက်ဝန်း၏ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ကျိုးကျန်းလီ၏ အခန်းကဏ္ဍက အချက်တစ်ချက်မျှသာ မဟုတ်ပေ။ သူက ကစားသမားတစ်ယောက်လည်း ဖြစ်သည်။

ရွှီချင်းက ကြယ်တာရာစက်ဝန်းကဲ့သို့ တူညီသော ထောင်ချောက်ထဲသို့ မကျဆင်းနိုင်သော်လည်း သူ၏ သတိကြီးသော အကျင့်စရိုက်ကြောင့် တစ်ဖက်လူကို အလွယ်တကူ လက်မခံနိုင်ပေ။

ထို့ကြောင့် ကျိုးကျန်းလီက သူ၏ အကြောင်းပြချက်ကို ဖော်ပြပြီး သူနှင့် မိတ်ဆွေဖြစ်လိုကြောင်း ထုတ်ပြောခဲ့သော်လည်း သေချာသော အကြောင်းအရင်းမရှိလျှင် ရွှီချင်းက တစ်ဖက်လူကို စတုတ္ထအလွှာထဲမှာ ဆက်နေခွင့်ပေးလိမ့်မည် မဟုတ်ချေ။

လက်ရှိ ရွှီချင်းရရှိထားသော အရှိန်အဟုန်အရ အကယ်၍ သူသာ ဆန္ဒရှိလျှင် တစ်ဖက်လူကို ဤနေရာမှ ချက်ချင်း ဖယ်ရှားပစ်နိုင်သည်။

သို့ဖြစ်၍ ဘေးပတ်ဝန်းကျင်မှ လေက တဖြည်းဖြည်း အေးစက်လာသည်။ နေရောင်ခြည်သည်ပင် ထိုအအေးဓာတ်ကို မဖယ်ရှားနိုင်ပေ။

ကျိုးကျန်းလီက နှုတ်ဆိတ်သွားသည်။ အေးစက်စက် လေထဲမှာ သူက ခေါင်းမော့လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

သူက ရုတ်တရက် ပြောသည်။

“ သခင်… ကြီးမြတ်တဲ့ မင်္ဂလာပွဲနေ့ကို ရောက်ဖို့ လေးရက်ပဲ လိုပါတော့တယ်… ဒီလေးရက်အတွင်းမှာ ကျုံးချီရဲ့ အဆိပ်က အစမ်းသပ်ခံရပြီး နန်းတော်ထဲမှာ ဖြန့်ဝေပေးဖို့ မလွယ်ကူနိုင်ပါဘူး… အဲ့ဒီအတွက် ငါကူညီပေးနိုင်ပါတယ် ”

“ ကောင်းကင်အရွေးချယ်ခံလီရဲ့ ဉာဏ်များမှုကို ကြိုတင်ကာကွယ်ဖို့အတွက် တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်ပေးရလိမ့်မယ်… ဒါမှ နောက်ရက်တွေမှာ ငါ့သခင်က စိတ်အေးအေးထားနိုင်မှာပါ… ကျန်းဖန်အကြောင်း ငါကောင်းကောင်း သိပါတယ်… ဒီကိစ္စကို ငါဖြေရှင်းပေးနိုင်ပါတယ် ”

“ ပြီးတော့… မြေခွေးမိန်းမပျိုလေးရဲ့ သရုပ်အတွက် သူ့ပုံပြင်ကို ရေးသားပေးမယ့် တစ်ယောက်ယောက်ကို လိုအပ်ပါတယ်… ဒါမှ သူက ဒဏ္ဍာရီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး လူအများရဲ့ အသိအမှတ်ပြုတာကို ခံရပါလိမ့်မယ်… ငါက အင်မော်တယ်နန်းတော်ထဲမှာ ကျမ်းစာပြုစုသူတစ်ယောက်ပါ… ဒီကိစ္စမှာ ငါက အသင့်တော်ဆုံးပါပဲ ”

“ ဒါ့အပြင် မင်းရဲ့ ဘေးမှာ နောက်ထပ် စာသင်ဖက်တစ်ယောက်ကို လိုအပ်လိမ့်မယ် ”

“ အဲ့ဒီတာဝန်တွေထဲက အများစုက အခုထွက်ပေါ်လာတဲ့ အချိန်လေဟာနယ်လှိုင်းတွေရဲ့ တည်ရှိမှုကို မြဲမြံစေဖို့ပဲ… ဒါပေမဲ့ ဒီလေးရက်အတွင်းမှာ ငါက မင်းအတွက် အဲ့ဒီလှိုင်းတွေကို ထိန်းသိမ်းပေးနိုင်ရုံတင်မကဘဲ ပိုပြီးကြီးမားတဲ့ လှိုင်းတွေကိုတောင် လှုံ့ဆော်ပေးနိုင်ပါတယ် ”

“ နောက်ဆုံးအနေနဲ့ကတော့ သက်ကျားအိုကြီးသုံးယောက်က ဒီနေရာမှာ ပုန်းအောင်းနေပြီး အရာအားလုံးကို စောင့်ကြည့်နေကြတယ်… သူတို့ရဲ့ သရုပ်ကို ငါအတည်ပြုပြီးပြီ… ဒီရက်တွေမှာ မင်းဘာမှအာရုံစိုက်စရာမလိုဘဲ တစ်နေ့ တစ်ယောက်စီ သူတို့ကို ငါဖြေရှင်းပေးသွားမယ် ”

“ မင်္ဂလာပွဲနေ့မတိုင်ခင် ဘာပြဿနာမှ မရှိရအောင် ငါလုပ်ပေးမယ် ”

“ နောက်ပြီးတော့… တကယ်လို့ မင်းက ဒီအချိန်လေဟာနယ်လှိုင်းတွေက မလုံလောက်သေးဘူးလို့ ခံစားမိတယ်ဆိုရင် ငါ့ကို အမိန့်တစ်ခုသာ ပေးလိုက်ပါ… ငါ ကိုယ့်ကိုယ်ကိုယ် အသေခံပြီး ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖန်တီးပေးမယ် ”

“ ဒါပေါ့… အသက်ဆက်ရှင်နေတာက ငါ့အတွက် အကျိုးရှိတယ် ”

“ အဲ့ဒါတွေက ငါဆက်နေဖို့အတွက် မင်းကို တောင်းဆိုနေရတဲ့ အကြောင်းအရင်းတွေပဲ ”

ကျိုးကျန်းလီက စကားပြောပြီးနောက် နောက်တစ်ကြိမ် ခေါင်းငုံ့လိုက်ပြီး ရွှီချင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသည်။

ရွှီချင်းက သူ့အရှေ့မှ ကျိုးကျန်းလီကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး သူ့အရှေ့၌ ထွန်းလင်းတောက်ပနေသော လက်ထပ်စာချုပ်ကို လက်ထဲမှာ ပြန်သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လေရာ ဆန္ဒမရှိသော ချမ်ကျွင်းနှင့် ပိုင်ရီက စိတ်လှုပ်ရှားသော ဓားဟိန်းသံကို ထုတ်လွှတ်လျက် ရွှီချင်းနားသို့ ပြန်ရောက်လာကြသည်။ ဓားအလင်းက ထွန်းလင်းတောက်ပလာသည့်အခါ ဓားဟိန်းသံက ဆက်လက် ပဲ့တင်ထပ်သွားသည်။

ထို့နောက် ရွှီချင်းက ကျိုးကျန်းလီကို ဆက်ပြီး မကြည့်တော့ပေ။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျိုးကျန်းလီကို ဖြတ်ကျော်သွားကာ ဓားမီးဖို၏ ထွက်ပေါက်ဆီသို့ ခြေချလိုက်သည်။

သို့သော်လည်း သူထွက်သွားသည့်အခိုက် သူ့အသံက ကျိုးကျန်းလီ၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်း မြွေစားဖူးလား ”

“ မြွေက ပိုပြီးအဆိပ်ပြင်းလေ ပိုပြီးအရသာရှိလေပဲ ”

ရွှီချင်းက ထွက်သွားသည်။

ကျိုးကျန်းလီက လုံးဝ မလှုပ်ရှားပေ။ အချိန်တစ်ခဏကြာပြီးနောက် ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည့်အခါ ကျိုးကျန်းလီက သူ၏ ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ပြန်မတ်လိုက်ပြီး ရွှီချင်းထွက်သွားသော ဦးတည်ရာဆီသို့ အနောက်လှည့်ကြည့်လိုက်သည်။

သူ၏ အမူအရာပေါ်မှာ လေးနက်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

“ သူနဲ့ ကြယ်တာရာစက်ဝန်းမှာ တူညီတဲ့ အချက်တချို့ရှိသလို ကွဲပြားခြားနားမှုတချို့ ရှိတယ်… သူက ပိုပြီးသတိကြီးသလို ပိုပြီးရက်စက်ကြမ်းကြုတ်တယ်… ”

“ ဒါ့အပြင် သူ့အမြင်မှာ ငါက အဆိပ်ပြင်းတဲ့ မြွေဖြစ်တယ်… ဒါပေမဲ့ ငါနဲ့ ကြယ်တာရာစက်ဝန်းရဲ့ အမြင်မှာရော သူက အဆိပ်ပြင်းတဲ့ မြွေမဟုတ်လို့လား ”

အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

တစ်ဖက်လူနှင့် ရန်သူမဖြစ်ချင်သော သူ၏ အတွေးက ပိုအားကောင်းလာသည်။

…..

မင်္ဂလာပွဲနေ့က ရောက်ရှိလာပြီး မိုးသောက်ခေတ်က နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ဘုံလျှို့ဝှက်ချက်များက ပိုပြီးဖရိုဖရဲဖြစ်လာသည်။ အနက်ရောင်ကောင်းကင်နှင့် နေ့အချိန်ကြားမှ တစ်လှည့်စီ ပြောင်းလဲမှုက ရာသီဥတုကို ပြောင်းလဲသွားစေသည်။ လေကြမ်းများက အမြဲတမ်း တိုက်ခတ်နေသည်။

သို့သော်လည်း မည်သူကမှ မနေ့ညက ကိစ္စကို ဂရုစိုက်ဟန် မရချေ။ ဤသည်မှာ အရာအားလုံးက လေတိုက်ခတ်မှုနှင့်အတူ လွင့်ပြယ်သွားသည့်အလားပင်။

ရေပူဖောင်းအဖြစ် ပျောက်ကွယ်သွားခဲ့သော စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်ကို ရွှီချင်းက အပြန်လမ်းမှာ နောက်တစ်ကြိမ် တွေ့ဆုံခဲ့သည်။

သူတို့နှစ်ယောက် တွေ့ဆုံသွားသည့်အခိုက် ရယ်ရယ်မောမော စကားပြောခဲ့ကြသည်။ ရင်းနှီးကျွမ်းဝင်သော လေသံက ပုံမှန်သာဖြစ်ပြီး ယင်းက ရွှီချင်း၏ မှတ်ဉာဏ်များနှင့် လိုက်ဖက်ညီသည်။

ဤသည်မှာ ဤစတုတ္ထစီနီယာအကိုက ယခင်က ဖြစ်ပျက်ခဲ့သော အရာများကို ဘာမှမသိသည့်အလားပင်။ ဤအတောအတွင်း သူ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်၏ အသိစိတ်က ဝင်ထိန်းချုပ်ထားခဲ့ကြောင်း သူမသိပေ။

ထိုမြင်ကွင်းက ရွှီချင်းကို ထပ်မံ အတွေးနက်သွားစေသည်။

တစ်ဖက်လူ၏ ပုံရိပ်က ဓားမီးဖိုထဲမှာ ပျောက်ကွယ်သွားကြောင်း သူကိုယ်တိုင် မြင်ခဲ့ရသည်။

“ ဒီကိစ္စက… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

ထို့နောက် သူက စတုတ္ထစီနီယာအကိုကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်ပြီး ဂျူနီယာမိုးသောက်ခန်းမဆီသို့ ပြန်သွားသည်။

သူက နောက်တစ်ခါ အပြင်မထွက်တော့ပေ။

လေးရက်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

ကျိုးကျန်းလီက ထိုလေးရက်အတွင်းမှာ သူပြောခဲ့သည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ခဲ့သည်။

သူက မြေခွေးမိန်းမပျိုလေးအတွက် ကျမ်းစာတစ်ခု ပြုစုပေးခဲ့သည်။ ယင်းထဲမှာ သူ၏ သရုပ်က ကမ်းစပ်ကိုးခု၏ တပည့်တစ်ယောက်ဖြစ်ရုံသာမက ထိုသမိုင်းကို ပိုပြီးစစ်မှန်စေရန် တခြားအချက်အလက်များကိုလည်း သူထပ်ပေါင်းထည့်ခဲ့သည်။

သူက ကောင်းကင်အရွေးချယ်ခံလီ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး တစ်ဖက်လူ၏ ဆန္ဒမရှိမှုကို အပြီးတိုင် ဖယ်ရှားပစ်ခဲ့သည်။ သူက တစ်ဖက်လူကို တခြားရွေးချယ်စရာမပေးဘဲ သူတို့နှင့် အတူတကွ ပူးပေါင်းရန် သွေးဆောင်ခဲ့သည်။

သူက ကျုံးချီ၏ အဆိပ်အတွက် ကိုယ်တိုင်အစမ်းသပ်ခံခဲ့ပြီး ကျုံးချီ၏ အဆိပ်တာအိုဌာန တည်ဆောက်ခြင်းကို ပိုပြီးအရှိန်မြင့်စေခဲ့သည်။ ယခု အိမ်မက်မြေအဆိပ်က အင်မော်တယ်နန်းတော်တစ်ခုလုံးမှာ ပျံ့နှံ့သွားပြီ ဖြစ်သည်။

ထို့ပြင် သူက အင်မော်တယ်နန်းတော်၏ အင်အားကို ငှားယူ၍ အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေကြသော သက်ကျားအိုကြီးသုံးယောက်ကို ဤလေးရက်အတွင်းမှာ ဖယ်ရှားပစ်ခဲ့သည်။

ဖယ်ရှားသော နည်းလမ်းက သူတို့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

ယင်းက ရွှီချင်း၏ အချိန်လေဟာနယ်သဲကို ပမာဏပိုများလာစေသည်။

ထိုတာဝန်များမှလွဲ၍ ရွှီချင်းကို နားလည်မှုလွဲစေမည့် တခြားမည်သည့်အရာကိုမှ သူမလုပ်ဆောင်ခဲ့ပေ။

သူက ရွှီချင်းကို ရိုသေလေးစားပြီး ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားသည်။

ထို့ကြောင့် မင်္ဂလာပွဲနေ့မတိုင်ခင်အထိ လေးရက်ဟူသော အချိန်က အဆင်ပြေချောမွေ့စွာ ကုန်ဆုံးသွားသည်။

မည်သည့်ပြဿနာမှ မဖြစ်ပေါ်လာချေ။

နောက်ဆုံးမှာတော့ ဝိညာဉ်ဖီးနစ်နတ်သမီးနှင့် သခင်လေး၏ မင်္ဂလာပွဲနေ့ကို ရောက်ရှိသွားသည်။

မနက်ပိုင်းတွင် ကောင်းကင်ဘုံတာအိုက ရပ်တန့်သွားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များက အေးခဲသွားသည်။ ထို့ကြောင့် ကောင်ကင်ယံတွင် နေနှင့်လက တစ်ပြိုင်နက် ထွန်းလင်းတောက်ပနေကြပြီး လောကကို အလင်းရောင်ပေးနေကြသည်။

တစ်စုံတစ်ယောက်က အပေါ်သို့ မော့ကြည့်လျှင် ယင်းက ကောင်းချီးမင်္ဂလာပုံရိပ်နှင့် ဆင်တူကြောင်း မြင်နိုင်လိမ့်မည်။ အဆုံးမဲ့သော ထွန်းလင်းတောက်ပမှုက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်။

အင်မော်တယ်နန်းတော်ထဲမှ မြင်ကွင်းသည်လည်း သိပ်မကွာခြားပေ။ နေရာတိုင်းမှာ ရောင်စုံအလှတန်ဆာများဖြင့် ပြည့်နှက်နေပြီး လူတိုင်းက ဝမ်းသာပျော်ရွှင်စွာ ပြုံးထားကြသည်။

လေထုက သက်ဝင်လှုပ်ရှားပြီး ရယ်မောသံများနှင့် ချီးမွမ်းသံများက နေရာတိုင်းမှာ အစဉ်မပြတ် ပဲ့တင်ထပ်နေသည်။

ရွှီချင်းက ဂျူနီယာမိုးသောက်ခန်းမထဲမှ ထွက်လျှောက်လာသည်နှင့် အရာရှိတစ်အုပ်စုက သူ့ကို ဝန်းရံလိုက်ကြသည်။ အော်ဟစ်ချီးမြှောက်သံများက နန်းတော်အပြင်ဘက်မှ သောင်းသောင်းဖြဖြ ထွက်ပေါ်လာသည်။

ယနေ့ ရွှီချင်း၏ ဝတ်စုံက ခါတိုင်းနှင့်မတူဘဲ ကွဲပြားခြားနားနေသည်။ သူက ရွှေရောင်နဂါးကိုးကောင်ကို ဇာပန်းထိုးထားသော အာမာန်ပြည့်ဝသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ နဂါးတစ်ကောင်စီက အလွန်အသက်ဝင်လေရာ ၎င်းတို့က ကောင်းကင်ပေါ်သို့ အချိန်မရွေး ပျံတတ်သွားတော့မည့်အလားပင်။

ကော်လံနှင့် ဝတ်စုံ၏ အစွန်းများပေါ်တွင် တန်ဖိုးကြီးမားသော အင်မော်တယ်ကျောက်စိမ်းနှင့် ဝိညာဉ်ခရုခွံများကို စီခြယ်ထားသည်။ ယင်းတို့က အင်မော်တယ်အရှင်သခင်၏ သားတော်ဟူသော သူ၏ သရုပ်နှင့် ဂုဏ်ကျက်သရေကို မီးမောင်းထိုးပြနေသည်။

သူ၏ ဦးခေါင်းထက်တွင်လည်း အင်မော်တယ်ရတနာများဖြင့် စီခြယ်ထားသော ဝိညာဉ်သရဖူတစ်ခု ရှိသည်။ သရဖူက ကောင်းကင်ဘုံအလင်းနှင့်အတူ ထွန်းလင်းတောက်ပနေသည်။

သူဖြတ်သန်းသွားသည့်နေရာတိုင်း ပျော်ရွှင်ဖွယ် ရယ်မောသံများနှင့် ဂုဏ်ပြုစကားသံများက ရေလှိုင်းများသဖွယ် နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာသည်။

“ ဂုဏ်ပြုပါတယ် သခင်လေး ”

“ ဟား ဟား… ဒီနေ့က သခင်လေးရဲ့ မင်္ဂလာပွဲနေ့ပဲ… သခင်လေးနဲ့ သခင်မလေးက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လှပါတယ် ”

“ သခင်လေး… မင်္ဂလာဆောင်ပြီးရင် အရင်ပုံစံအတိုင်း ဆက်မနေပါနဲ့တော့… ငါတို့က သခင်လေးကို ငယ်ငယ်လေးကနေ အခုလို မင်္ဂလာဆောင်တဲ့အထိ ကြည့်ရှုခဲ့ကြတာပါ… အင်မော်တယ်အရှင်သခင်ရဲ့ အရိုက်အရာကို သခင်လေးဆက်ခံတာကို ငါတို့မြင်ချင်ပါသေးတယ် ”

“ သခင်လေးရဲ့ အနာဂတ်ဘဝတစ်လျှောက်မှာ ရယ်မောသံတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေဖို့ ငါဆုတောင်းပေးပါတယ်… သခင်လေးနဲ့ သခင်မလေးက အတူတကွ သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်နိုင်ပါစေ ”

ကောင်းချီးစကားသံများက ရွှီချင်း၏ နားထဲမှာ မရပ်မစဲ ပဲ့တင်ထပ်သွားသည်။

သူက စိတ်ကို ကြိုပြင်ဆင်ထားသော်လည်း ထိုသို့ကိစ္စမျိုးဖြင့် တွေ့ကြုံရသောအခါ ရွှီချင်းက အံ့ဩမင်သက်သွားဆဲပင်။

နောက်ဆုံးမှာတော့ ခေါင်းလောင်းမြည်သံက ပဲ့တင်ထပ်နေပြီး လူအုပ်ကြီးက တဖြည်းဖြည်း ပိုတိုးပွားလာနေစဉ် ရွှီချင်းက ကြီးမြတ်သော မိုးသောက်ခန်းမ၏ အရှေ့သို့ ရောက်ရှိသွားသည်။

ယနေ့ ကြီးမားသော ပွဲအခမ်းအနားတစ်ခုကို ဤနေရာမှာ ကျင်းပတော့မည်။ ဤနေရာတွင် အပြင်လူများမရှိသော်လည်း အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူအားလုံးက ယနေ့ပွဲအခမ်းအနားအတွက် စုဝေးရောက်ရှိနေကြသည်။

ခမ်းနားထည်ဝါမှုနှင့် စိတ်လှုပ်ရှားမှုက ဖော်မပြနိုင်သော အဆင့်သို့ ရောက်ရှိနေသည်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်လေရာ ပြုံးဖြီးဖြီး အမူအရာနှင့် ကျုံးချီကို မြင်သွားသည်။ လက်တစ်ဖက်ပြတ် ကောင်းကင်အရွေးချယ်ခံလီက တင်းမာခက်ထန်သော အမူအရာဖြင့် ရပ်နေကြောင်းကိုလည်း သူမြင်သွားသည်။ ထို့ပြင် ကျိုးကျန်းလီက သူ့ဘေးမှာ နှိမ့်ချသော အမူအရာဖြင့် ရပ်နေကြောင်း သူသတိထားမိသည်။

မြေခွေးမိန်းမပျိုလေးက ခါးသီးသော အမူအရာဖြင့် သူ့ကို လှမ်းကြည့်နေကြောင်းကိုလည်း သူမြင်သည်။

ခန်းမ၏ အမြင့်ဆုံးနေရာတွင် မိုးသောက်အင်မော်တယ်အရှင်သခင်က မတ်တတ်ရပ်နေသည်။ ပုံမှန်အားဖြင့် သူ၏ မျက်နှာက ခက်ထန်လေ့ရှိသော်လည်း ယနေ့တွင် ရှားရှားပါးပါး သူက ပြုံးနေသည်။ သူက ရွှီချင်းနှင့် အကြည့်ချင်း ဆုံသွားသည့်အခိုက် လက်ယပ်ခေါ်လိုက်သည်။

ယနေ့တွင် အင်မော်တယ်အရှင်သခင်က ဂုဏ်ကျက်သရေ ကြီးမားသော ရိုးရာပွဲအခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားသည်။

ရှင်းလင်းစွာပင် ယနေ့က သူ့အတွက် အလွန်အရေးကြီးသည်။

အင်မော်တယ်အရှင်သခင်၏ လက်ယပ်ခေါ်မှုကို မြင်သွားသောအခါ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ အတွေးများကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ မြန်မြန်သွက်သွက် လျှောက်သွားသည်။

သူက အင်မော်တယ်အရှင်သခင်၏ အရှေ့မှာ ရပ်လိုက်သည့်အခိုက် အင်မော်တယ်အရှင်သခင်၏ အကြည့်က သိမ်မွေ့သွားသည်။ ထို့နောက် သူက ရွှီချင်း၏ အနီရောင်သတိုးသားဝတ်စုံကို သပ်ရပ်စွာ ပြင်ဆင်ပေးလိုက်သည်။

“ မင်းအမေသာ ဒီမြင်ကွင်းကို မြင်မယ်ဆိုရင် သူက ငါ့လိုပဲ အရမ်းပျော်နေမှာ သေချာတယ် ”

အင်မော်တယ်အရှင်သခင်က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်နှင့် ရွှီချင်းက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း မိုးသောက်သခင်လေး၏ မှတ်ဉာဏ်များက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ ညှိုးငယ်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ တော်ပြီ… ဒီအကြောင်းကို ဆက်မပြောကြရအောင်… မင်းရဲ့ ဇနီးက ဒီမှာ ရောက်နေပြီ ”

အဝေးတွင် နီညိုရောင်အလင်းက ကောင်းကင်တစ်ခွင် ထွန်းလင်းသွားပြီး မြေပြင်ပေါ်သို့ ရေတံခွန်ပမာ စီးကျလာသည်။ သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသော ဝိညာဉ်ဖီးနစ်နတ်သမီးသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ အနောက်တွင် အခြွေအရံများက လိုက်ပါလာကြသည်။

သူ၏ သတိုးသမီးဝတ်စုံကို တမူထူးခြားသော အနီရောင်ပိုးခြည်မျှင်ဖြင့် ရက်လုပ်ထားပြီး ဝတ်စုံပေါ်တွင် ရွှေရောင်ဖီးနစ်များနှင့် တိမ်တိုက်များကို ဇာပန်းထိုးထားသည်။ တိမ်တိုက်က နံနက်ခင်း၏ ဂုဏ်ကျက်သရေကို ဖော်ဆောင်ပြီး ဖီးနစ်က သခင်လေး၏ ဇနီးဟူသော သရုပ်အဆင့်အတန်းမှ မြင့်မြတ်မှုကို ကိုယ်စားပြုသည်။

သူ၏ အနက်ရောင်ဆံပင်ကို ဖီးနစ်ဆံထိုးနှင့်အတူ ကြော့ရှင်းတင့်တယ်စွာ ထုံးဖွဲ့ထားသည်။ သူ၏ မျက်နှာပေါ်မှ ဇာပဝါသည် မရေမတွက်နိုင်သော ဝိညာဉ်ပုလဲများ၏ အလင်းပြန်မှုအောက်မှာ လင်းလက်တောက်ပသည်။

သူက လမ်းလျှောက်နေစဉ် သူ၏ ဝတ်စုံအစွန်းက ညင်သာစွာ လှုပ်ယမ်းသွားသည်။ ယင်းက ဘယ်ညာယိမ်းနွဲ့နေသော အနီရောင်ပန်းတစ်ပွင့်ပမာ သိမ်မွေ့နူးညံ့မှုနှင့် ကြော့ရှင်းတင့်တယ်မှုကို ပေးသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ရွှီချင်းဆီသို့ လျှောက်သွားသည်။

ရွှီချင်းက တစ်ခဏ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း အင်မော်တယ်အရှင်သခင်က သူ့ကို အရှေ့သို့ တွန်းထုတ်လိုက်သည်။

ထို့ကြောင့် ရွှီချင်းက ဘေးပတ်ဝန်းကျင်မှ အော်ဟစ်ချီးမြှောက်သံများကြားမှာ အရှေ့သို့ လျှောက်သွားသည်။ တစ်ချိန်တည်းမှာ ကောင်းချီးမင်္ဂလာပုံရိပ်များက အရပ်မျက်နှာအဘက်ဘက်မှ မြှောက်တတ်လာကြသည်။ ယင်းက အံ့ဖွယ်ကောင်းသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။

မရေမတွက်နိုင်သော အကြည့်များက အချင်းချင်း ချဉ်းကပ်နေကြသော လူနှစ်ယောက်ပေါ်သို့ ကျရောက်သွားကြသည်။

တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်၏ အချိန်လေဟာနယ်အပြင်ဘက်တွင် အတိအကျဆိုရသော် မူလလောကထဲမှ အင်မော်တယ်ကျဆုံးလွင်ပြင်နှင့် အလွန်ဝေးကွာသော နတ်ဘုရားသွေးမြစ်ပေါ်တွင်…

မြစ်က တဝုန်းဝုန်း လှိုင်းထနေသည်။

ယိုယွင်းပျက်စီးနေသော ကူးတို့လှေတစ်စင်းက မြစ်ပြင်ပေါ်မှာ ရွေ့လျားနေသည်။

နတ်ဘုရားသွေးမြစ်ပေါ်တွင် ကူးတို့လှေမည်မျှရှိကြောင်း မည်သူမှမသိပေ။

သို့သော်လည်း သေချာသော တစ်စုံတစ်ခု ရှိသည်။ ကူးတို့လှေကို နှစ်ကြိမ်စီးဖူးသော လူများထဲတွင် တူညီသော ကူးတို့လှေသမားကို ထပ်တွေ့ရခြင်းက အလွန်ရှားပါးသည်။

ဤအခိုက်အတန့်မှာ ထိုကူးတို့လှေပေါ်တွင် မည်သည့်ခရီးသည်မှ မရှိပေ။ မိုးကာဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော ကူးတို့လှေသမားတစ်ယောက်သာ ရှိသည်။ သူက အရိုးပေါ်အရေတင်နေသော လက်များကို အသုံးပြု၍ လှော်တတ်ဖြင့် လှေကို တိတ်တဆိတ် လှော်ခတ်နေသည်။

ထိုကူးတို့လှေသမားအတွက်တော့ အချိန်က အစမရှိ အဆုံးမရှိသည့်အလားပင်။

သို့သော်လည်း ယနေ့တွင် သူက ခါတိုင်းနှင့်မတူဘဲ အနည်းငယ် ထူးခြားနေသည်။

လေက မြစ်ထဲမှာ တိုက်ခတ်နေစဉ် မြစ်ရေပြင်ပေါ်မှာ လှိုင်းထသွားသည်။ ယင်းက ကူးတို့လှေသမား၏ နှလုံးသားထဲမှ မေတ္တာနှောင်ကြိုးများကိုလည်း လှုပ်ခတ်သွားစေသည်။

သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။

ကောင်းကင်ပေါ်မှ အနီရောင်မိုးသောက်အလင်းက သူ့အပေါ်သို့ ကျရောက်လာသည့်အခါ ဝါးခမောက်အောက်မှ သူ၏ မျက်နှာက ထင်ရှားစွာ ထွက်ပေါ်လာသည်။

၎င်းက အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အဖွားအိုတစ်ယောက် ဖြစ်သည်။

သူက အင်မော်တယ်ကျဆုံးလွင်ပြင်၏ ဦးတည်ရာဆီသို့ တိတ်တဆိတ် ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှု၊ အတိတ်ကို လွမ်းဆွေးမှုဖြင့် ပြည့်နှက်သွားသည်။ နောက်ဆုံးမှာတော့ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ နင်ပြန်လာပြီ ”

ထိုစဉ် လေပြင်းက တိုက်ခတ်လာပြီး မိုးကာဖျင်ကြမ်းအင်္ကျီကို တဖျပ်ဖျပ်လှုပ်ခတ်သွားစေသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုမိုးကာဖျင်ကြမ်းအင်္ကျီ၏ အောက်မှာ အနီရောင်ရဲရဲတောက်နေသော ရှေးခေတ်သတိုးသမီးဝတ်စုံရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။

All Chapters