← Chapters

အချိန်ပြင်ပမှ မင်္ဂလာပွဲ

Vol. 108 Ch. 1649

အချိန်ပြင်ပမှ မင်္ဂလာပွဲ

Vol. 108 Ch. 1649

နေနှင့်လ တစ်ပြိုင်နက် ထွန်းလင်းတောက်ပနေသော ကောင်းကင်အောက်တွင် တောက်ပသော အလင်းရောင်များက အတူတကွ ယှက်ထွေသွားကြပြီး ခမ်းနားထည်ဝါသော ရောင်ခြည်ကို ဖန်တီးပေးလိုက်သည်။

ထို‌ရောင်ခြည်က ကုန်းမြေတစ်လျှောက် ပျံ့နှံ့သွားပြီး အင်မော်တယ်နန်းတော်ပေါ်သို့ ကျဆင်းသွားသည်။ ဤသည်မှာ ကောင်းကင်ဘုံကိုယ်တိုင်က ဤမင်္ဂလာပွဲကို အပ်နှင်းပေးနေသည့်အလားပင်။

ခမ်းနားထည်ဝါသော ရောင်ခြည်က မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အကြည့် စုဝေးနေကြသော ပုံရိပ်နှစ်ခုပေါ်သို့ ကျဆင်းသွားသည်။

တစ်ယောက်က အရှေ့ဘက်မှာ ရပ်နေပြီး တခြားတစ်ယောက်က အနောက်ဘက်မှာ ရပ်နေသည်။ သူတို့နှစ်ယောက်က တစ်လှမ်းချင်း လျှောက်လှမ်းရင်း အချင်းချင်း ချဉ်းကပ်သွားနေကြသည်။

အနီရောင်သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးက တောက်ပသော မီးတောက်မီးလျှံနှင့် ဆင်တူသည်။

သူ၏ အပြုံးမှာ ရှက်ရွံ့မှုတစ်စွန်းတစ်စ ပါရှိသည်။ သူ၏ အမူအရာမှာ အနာဂတ်အတွက် အိမ်မက်နှင့် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။

အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ သိမ်မွေ့နူးညံ့သော မျက်နှာက နှင်းဆီရောင်သန်းလာသည်။ ယင်းက ကောင်းကင်ပေါ်မှ အလင်း၏ ရောင်ပြန်မှုလော သို့မဟုတ် သူ့ကိုယ်ပိုင်စိတ်ခံစားချက်လော မသေချာပေ။

သို့သော်လည်း သေချာစစ်ဆေးကြည့်မည်ဆိုလျှင် သူ၏ မျက်နှာအမူအရာက အတင်းလုပ်ယူထားပုံပေါ်ကြောင်း မြင်ရလိမ့်မည်။ သူ၏ အပြုံးက အတုအယောင်ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် အေးစက်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။ သို့သော်လည်း ယနေ့မင်္ဂလာပွဲအတွက် မျှော်လင့်မှုက ထိုမျက်လုံးထဲမှာ ရှိသည်။

အေးစက်မှုနှင့် မျှော်လင့်မှုက ဆန့်ကျင်ဘက်မဟုတ်ပေ။

မည်သို့ဖြစ်ပါစေ သူက ဝိညာဉ်ဖီးနစ်နတ်သမီး မဟုတ်ပေ။

သခင်လေးအပေါ် သူ့မှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။

သူမျှော်လင့်နေခြင်းမှာ ဤမင်္ဂလာပွဲသာ ဖြစ်သည်။ သမိုင်းမှတ်တမ်းများထဲတွင် ဤမင်္ဂလာပွဲက မဖြစ်မြောက်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ယင်းက အလွန်ရှုပ်ထွေးနက်နဲသော ကမ္မဖြင့် ပတ်သက်နေသည်။

သို့ဖြစ်၍ ဤနေရာမှာ ချောချောမွေ့မွေ့ သူထွက်ပေါ်လာသည့်အခိုက် သူ၏ ရည်ရွယ်ချက်အများစုကို ရရှိပြီးသွားပြီ ဖြစ်သည်။

သူ့အတွက်တော့ အရှေ့သို့ ဆက်ပြီး သူသရုပ်ဆောင်ပေးနေသရွေ့ သမိုင်းက မည်သို့ပြောင်းလဲသွားပါစေ အရေးမကြီးပေ။

ထို့ကြောင့် သူက မြန်မြန်သွက်သွက် လျှောက်လိုက်သည်။

အမျိုးသားသည်တော့ နဂါးကိုးကောင်ဇာပန်းထိုးထားသော သူ၏ ဝတ်စုံက လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ သူ၏ ဦးခေါင်းထက်မှ ရွှေရောင်သရဖူက ကောင်းကင်ဘုံအလင်းအောက်မှာ ခမ်းနားထည်ဝါစွာ ထွန်းလင်းတောက်ပနေသည်။ သို့တိုင်အောင် ထိုအလင်းရောင်အောက်တွင် သူ့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော သတိုးသမီးကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားက စိတ်ခံစားချက်ဖြင့် လှိုင်းထသွားဆဲပင်။

ထိုလှိုင်းများသည် ဤအခိုက်အတန့်က မည်မျှအရေးကြီးကြောင်း သူ၏ နားလည်သဘောပေါက်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ ယွင်ရှန်းစုက ဝိညာဉ်ဖီးနစ်နတ်သမီးအဖြစ် သရုပ်ဆောင်လိမ့်မယ်… ငါကတော့ သမိုင်းထဲက မင်္ဂလာပွဲအတိုင်း မီမင်အဖြစ် သရုပ်ဆောင်လိမ့်မယ် ”

“ ပြီးတော့ သမိုင်းထဲက မှတ်တမ်းတွေထဲမှာ ဒီမင်္ဂလာပွဲက အထမမြောက်ခဲ့ဘူး… ဘာလို့လဲဆိုတော့ မင်္ဂလာပွဲက မပြည့်စုံခဲ့လို့ပဲ ”

“ လက်ထပ်စာချုပ်မှာ… သူ့ရဲ့ နာမည်မရှိဘူး ”

ကျုံးချီ၏ သတင်းအချက်အလက်များကြောင့်ဖြစ်စေ သို့မဟုတ် နောက်ပိုင်းမှာ ကျိုးကျန်းလီ၏ တင်ပြချက်များကြောင့်ဖြစ်စေ သမိုင်း၏ ဦးတည်ရာက ရွှီချင်းအတွက် အလွန်ကြည်လင်ရှင်းလင်းသည်။

အပြောင်းအလဲသော့ချက်က ပထမအကြိမ် အရိုအသေပေးမှုမှာ တည်ရှိသည်။

သူတို့က မိုးနှင့်မြေကို အရိုအသေပေးလိုက်သည်နှင့် ဤလောကက သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။ အင်မော်တယ်အရှင်သခင်က ပုန်ကန်ပြီး အင်မော်တယ်ဘုရင်က ဆင်းသက်လာကာ အင်မော်တယ်နန်းတော်တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်လိမ့်မည်။

ထို့ပြင် ယခု…

“ ဆယ့်ငါးမိနစ်ပဲ ကျန်တော့တယ် ”

ရွှီချင်းက အရှေ့သို့ တိတ်တဆိတ် လျှောက်သွားသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းများက ပိုပြီးကြီးမားသထက် ကြီးမားလာသည်။

အဘယ့်ကြောင့်ဆိုသော် ထိုဆယ့်ငါးမိနစ်အတွင်းမှာ သမိုင်းထဲမှ အကြီးမားဆုံး မုန်တိုင်းတစ်ခုက အစပျိုးလာတော့လိမ့်မည်။

တစ်ချိန်တည်းမှာ သူပြင်ဆင်ထားသော အရာအားလုံးက ထိုအခိုက်အတန့်မှာ နောက်ဆုံးပေါက်ကွဲမှုအနေဖြင့် ထွက်ပေါ်လာလိမ့်မည်။

သူက သမိုင်းကို ပြောင်းလဲချင်သောဘက်မှာ ရပ်တည်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အချိန်လေဟာနယ်အာဏာစက်ကို အစွမ်းမြှင့်တင်ရန် သမိုင်းကို လှိုင်းထသွားအောင် သူလုပ်ရလိမ့်မည်။ ကြယ်တာရာစက်ဝန်းကို ထုတ်ပယ်ရုံမျှဖြင့် သူဖြစ်စေချင်သော လှိုင်းဂယက်များက အဆုံးမသတ်သွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကြယ်တာရာစက်ဝန်းကို ထုတ်ပယ်ခြင်းနှင့် မသေချာသော ပြင်ပအခြေအနေများကို ကြိုဖယ်ရှားခြင်းသည် ယနေ့အတွက် သူ၏ အစီအစဉ်ကြောင့်သာ ဖြစ်သည်။

အချိန်ပြင်ပမှာ တည်ရှိသော သဲနာရီထဲမှ အချိန်ဆယ့်ငါးမိနစ်နှင့်ပတ်သက်ပြီး ရွှီချင်းက စိတ်မကျေနပ်ပေ။

သူက ပိုမိုများပြားသော အချိန်ကို လိုချင်သည်။

သူက ဤစတုတ္ထအလွှာထဲမှာ သူ၏ အချိန်လေဟာနယ်အာဏာစက်ကို အပြည့်အဝ ကျွမ်းကျင်ချင်သည်။

ထို့ကြောင့် သူက သဲနာရီ၏ အချိန်ကို ပိုကြာမြင့်စေချင်သည်။

ဤသမိုင်းအဖြစ်အပျက်ထဲတွင် အရေးကြီးသော အဖြစ်အပျက်နှစ်ခု ရှိသည်။ မည်သည့်အဖြစ်အပျက်ကို ပြောင်းလဲလိုက်ပါစေ ရွှီချင်းက သူ၏ ရည်ရွယ်ချက်ကို ရရှိလိမ့်မည်။

သို့သော်လည်း ထိုအဖြစ်အပျက်နှစ်ခုက မပြောင်းလဲနိုင်လုနီးပါး အလွန်ခက်ခဲသည်။

ပထမတစ်ခုက မိုးသောက်နှင့် ဤအင်မော်တယ်နန်းတော်ထဲမှ လူတိုင်း၏ မလွဲဧကန် သေဆုံးရမည့် ကံကြမ္မာဖြစ်သည်။

ဒုတိယတစ်ခုက အထမမြောက်ခဲ့သော မင်္ဂလာပွဲဖြစ်သည်။ ယင်းက အင်မော်တယ်နန်းတော်ထဲမှ လူတိုင်း၏ သေဆုံးခြင်းပြီးလျှင် ဒုတိယအကြီးမားဆုံးအရာ ဖြစ်သည်။ ယင်းက အဆုံးမဲ့သော နောင်တကို ကြွင်းကျန်ရစ်စေသည်။

ပထမတစ်ခုက မရှောင်လွှဲနိုင်သော ကံကြမ္မာဖြစ်ကြောင်း ရွှီချင်း သိသည်။ ယင်းက သူ၏ လက်ရှိစွမ်းအားဖြင့် ပြောင်းလဲနိုင်သောအရာ မဟုတ်ပေ။ သို့သော်လည်း ဒုတိယတစ်ခုသည်တော့ သူ၏ သရုပ်ကြောင့် ဖြစ်နိုင်ခြေနည်းနည်းရှိသည်။

အရေးကြီးဆုံးမှာ ထိုသရုပ်ကို မိုးသောက်အင်မော်တယ်အရှင်သခင်၏ နောက်ဆုံးအကြွင်းအကျန်အသိစိတ်အမျှင်တန်းဟု ထင်မှတ်ရသော ကောင်လေးက ရွှီချင်းအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်က ထိုနောင်တကို ပြန်ပြင်ဆင်ရန် ဖြစ်နိုင်သည်။

မှန်ပေသည်။ ယင်းက ရွှီချင်း၏ ခန့်မှန်းမှုသာ ဖြစ်၏။ သူ့မှာ အတိအကျသက်သေ မရှိပေ။

သို့သော်လည်း ယင်းက သူ၏ ရည်ရွယ်ချက်နှင့် မဆန့်ကျင်ပေ။

အချိန်ပြင်ပသဲနာရီသည်တော့ ယင်းက ယနေ့အတွက် သူ၏ ဝှက်ဖဲကတ်ဖြစ်သည်။

သူ၏ အစီအစဉ်က ထိုအချိန်ပိုဆယ့်ငါးမိနစ်ကို အသုံးပြုပြီး ဤမင်္ဂလာပွဲ၏ ရလဒ်ကို ပြောင်းလဲစေမည်။

သူက ဤမင်္ဂလာပွဲကို အောင်မြင်စေမည်။

ထိုသို့ဆိုလျှင် ယင်းက ဤအချိန်လေဟာနယ်ကို လုံးဝ တုန်လှုပ်သွားစေပြီး စစ်မှန်သော အချိန်လေဟာနယ်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

ယင်းက ရွှီချင်း၏ အစီအစဉ်ဖြစ်သည်။

ဤအခိုက်အတန့်မှာ အချိန်က ဆက်လက် ရွေ့လျားနေစဉ် သူ၏ အတွေးများက ပိုပြီးခိုင်မြဲလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ပြန့်ကျဲသွားသည်။ သူ၏ ခြေလှမ်းများသည်လည်း ထို့အတူပင်။ နောက်ဆုံးမှာတော့ လူတိုင်း၏ ကောင်းချီးပေးမှုနှင့် အော်ဟစ်ချီးမြှောက်မှုအောက်မှာ မင်္ဂလာဝတ်စုံနှင့် သူတို့နှစ်ယောက်က အတူတကွ တွေ့ဆုံသွားကြသည်။ သူတို့က လေထဲမှာ ရပ်တန့်လိုက်ကြသည်။

ချက်ချင်းဆိုသလို ကောင်းကင်ဘုံက ထွန်းလင်းတောက်ပလာပြီး ကောင်းချီးမင်္ဂလာ ရောင်ခြည်တန်းများက ပေါ်လျှိုးလာကြသည်။ ရောင်စုံအလင်းများက နေရာတိုင်းမှာ ထွက်ပေါ်လာပြီး သတိုးသားနှင့် သတိုးသမီးပေါ်မှာ ပြန့်ကျဲသွားကြသည်။ ယင်းက ခမ်းနားထည်ဝါသော လှိုင်းတစ်ခုကို ဖန်တီးပေးလိုက်ပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့ပွားသွားစေသည်။

သူတို့နှစ်ယောက်က လူတိုင်း၏ အာရုံစိုက်မှုအလယ်မှာ ရှိနေကြသည်။

လူအုပ်ကြားထဲတွင် ကျုံးချီက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ မြေခွေးမိန်းမပျိုလေးက နှာခေါင်းရှုံ့လိုက်စဉ် ကောင်းကင်အရွေးချယ်ခံလီက အေးစက်စက် စိုက်ကြည့်လိုက်သည်။ ကျိုးကျန်းလီ၏ မျက်လုံးထဲတွင်တော့ ထူးဆန်းသော အလင်းရောင်က ထွက်ပေါ်လာသည်။

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်သည်လည်း လူအုပ်ကြားထဲမှာ ရှိနေပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဘေးမှာ ရပ်နေသည်။ သူက သူ့အရှေ့မှ အရာအားလုံးကို ကြည့်နေစဉ် သိမ်မွေ့သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ စစ်မှန်သော ကောင်းချီးပေးမှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ပေါ်လွင်နေသည်။

“ ဂျူနီယာညီလေး… မင်း အရွယ်ရောက်လာပြီ ”

စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်က ခေါင်းလှည့်လိုက်ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်ကို ကြည့်လိုက်သည်။

မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့စကားကို မကြားဟန် ရသည်။ ဤအခိုက်အတန့်မှာ သူက ဝမ်းမြောက်ဝမ်းသာသော အမူအရာဖြင့် ကောင်းချီးမင်္ဂလာပုံရိပ်များအောက်မှ ပုံရိပ်နှစ်ခုကို ကြည့်နေသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အနက်ရောင်အခိုးအငွေ့တချို့က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည်။

သို့သော်လည်း ထူးဆန်းသည့်အရာမှာ ဤနေရာမှ မည်သူကမှ ထိုအနက်ရောင်အခိုးအငွေ့ကို မမြင်နိုင်ကြချေ။

တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်ထဲမှ မဟာအကြီးအကဲ၏ အသံက ပဲ့တင်ထပ်လာသည်။

“ မင်္ဂလာအခါတော်အချိန် ကျရောက်လို့ လာပါပြီ… ကြွရောက်လာကြတဲ့ ဧည့်သည်တော်များနဲ့ အရာရှိများခင်ဗျာ ကျေးဇူးပြုပြီးတော့ ကိုယ့်နေရာမှာကိုယ် နေရာယူပေးကြပါ… မင်္ဂလာအခါတော် ကျရောက်လာတာနဲ့အညီ ကောင်းချီးမင်္ဂလာ တေးသံချိုများကို နားဆင်ပေးကြပါခင်ဗျာ ”

ထိုစကားသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း အော်ဟစ်ချီးမြှောက်သံများက ပဲ့တင်ထပ်သွားပြီး တေးဂီတသံက နားဝင်ချိုစွာ စတင်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကောင်းကင်နှင့် မြေပြင်ကြားမှ သက်ရှိအားလုံးက သူတို့၏ ကောင်းချီးမေတ္တာများကို ဤဇနီးမောင်နှံအတွက် ပေးပို့လိုက်ကြသည်။

အင်မော်တယ်ဖီးနစ်နှင့် ကောင်းကင်ဘုံနဂါးသည် ကောင်းကင်ပေါ်သို့ အတူတကွ ပျံတတ်သွားကြသည်။ ၎င်းတို့က ပါးစပ်ထဲတွင် အနီရောင်ဖဲကြိုးကို ကိုက်ချီလျက် သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးကြားမှာ လှည့်ပတ်ကခုန်လိုက်ကြသည်။ တစ်ချိန်တည်းမှာ ၎င်းတို့က ပါးစပ်ထဲမှ အနီရောင်ဖဲကြိုးဖြင့် သူတို့နှစ်ယောက်၏ ဘေးပတ်ပတ်လည်ကို ချည်နှောင်လိုက်ကြသည်။ မကြာမီ အနီရောင်ဖဲကြိုးဘောလုံးက သူတို့နှစ်ယောက်၏ ကြားမှာ ထွက်ပေါ်လာသည်။

ထို့နောက် မဟာအကြီးအကဲ၏ ဝမ်းမြောက်ဝမ်းသာသော အသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

“ ရှေးခေတ်ဓလေ့ထုံးတမ်းတွေအရ… မင်္ဂလာပွဲဖြစ်မြောက်ရေးအတွက် ဇနီးမောင်နှံက မိုးနဲ့မြေကို အရင်ဆုံး အရိုအသေပေးရမယ် ”

“ သတိုးသားနဲ့ သတိုးသမီး…. မိုးကောင်းကင်ကို မျက်နှာမူပြီး အတူတကွ အရိုအသေပေးကြမယ် ”

မဟာအကြီးအကဲ၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ဘေးမှ ယွင်ရှန်းစုကို ကြည့်လိုက်လေရာ တစ်ဖက်လူ၏ မျက်ဝန်းထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေကြောင်း သူမြင်တွေ့သွားသည်။

ဤအခိုက်အတန့်မှာ မိုးကောင်းကင်က ထွန်းလင်းတောက်ပသော ရောင်စုံအလင်းများဖြင့် ပြည့်နှက်နေသည်။ နေနှင့်လသည်ပင် ထိုအလင်းရောင်အောက်မှာ ဖုံးကွယ်ခံလိုက်ရသည်။ အေးခဲနေသော ကောင်းကင်ဘုံလျှို့ဝှက်ချက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

ရှေးခေတ်ကာလက ပျောက်ကွယ်သွားပြီး ခေတ်သစ်က အစပြုလာသည်။

ရောင်စုံတိမ်တိုက်များက ကံကြမ္မာကောင်း၏ နိမိတ်လက္ခဏာများဖြစ်ရုံသာမက အမှတ်သင်္ကေတများလည်း ဟုတ်၏။

“ ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ခံယူပြီး နေနဲ့လလို လိုက်ဖက်ညီပါစေ ”

မဟာအကြီးအကဲ၏ အသံက ဩဇာကြီးမားစွာ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို ပဲ့တင်ပြန်လိုက်သည်။

ထိုအခါ ရွှီချင်းက ယွင်ရှန်းစုနှင့်အတူ ခေါင်းငုံ့လိုက်ပြီး မိုးကောင်းကင်ကို အရိုအသေပေးလိုက်သည်။

ကောင်းကင်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ မြေပြင်ရဲ့ ကောင်းချီးကို ခံယူပြီး… ရွှေနဲ့ မြလို တင့်တယ်ပါစေ ”

သူတို့နှစ်ယောက်က ဒုတိယအကြိမ် အရိုအသေပေးလိုက်သည်။

ကောင်းကင်က တုန်ယင်သွားပြီး ရောင်စုံအလင်းများက ပိုပြီးခမ်းနားထည်ဝါလာသည်။

“ မိုးနဲ့မြေရဲ့ ကောင်းချီးကို ခံယူပြီး… ကောင်းကင်နဲ့ မြေပြင်တည်တံ့သရွေ့ သက်ဆုံးတိုင် ပေါင်းသင်းရပါစေ ”

ထိုစကားများကို ပြောလိုက်သည်နှင့်ချက်ချင်း ကောင်းကင်နှင့် မြေပြင်၏ အရောင်က သိသိသာသာ ပြောင်းလဲသွားသည်။ လေကြမ်းများ တိုက်ခတ်လာပြီး တိမ်တိုက်များက မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ နေနှင့်လသည်ပင် မမြင်နိုင်တော့လုနီးပါး ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ဧရာမလက်တစ်စုံက ကောင်းကင်ပေါ်သို့ ဆန့်တန်းနေပြီး နေနှင့်လကို ခူးဆွတ်နေသည့်အလားပင်။

မိုးသောက်ခေတ်က အမှန်တကယ် ရောက်ရှိလာတော့မည်။

ယွင်ရှန်းစုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်ဖြစ်လာမည့် အပြောင်းအလဲကို သူသိသည်။

ဤအခိုက်အတန့်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အခိုးအငွေ့က အလွန်အမင်း သိပ်သည်းလာသည်။ သမိုင်းတွင်စေမည့် အကြီးမားဆုံး အပြောင်းအလဲက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာတော့မည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သဲနာရီက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် မြှောက်တတ်လာသည်။

သဲနာရီထွက်ပေါ်လာသည်နှင့်ချက်ချင်း အဆုံးမဲ့သော အလင်းတန်းများက ညအချိန်မှ ကြယ်များသဖွယ် ထွက်ပေါ်လာကြသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပသွားစေသည်။

သဲမှုန်က အောက်သို့ ကျဆင်းသွားသည်နှင့် အလွန်ကျယ်ပြောသော စွမ်းအင်က ကြီးကျယ်ခမ်းနားသော အင်အားနှင့်အတူ ထွက်ပေါ်လာပြီး ဤအချိန်လေဟာနယ်ထဲမှ အရာအားလုံးကို ဖိနှိပ်လိုက်သည်။

ယင်းက မရပ်တန့်နိုင်သော မြစ်ရေနှင့် ဆင်တူသည်။

ယင်းက အချိန်ပြင်ပမှ အချိန်ဖြစ်သည်။ ယင်းက ဤအချိန်လေဟာနယ်ထဲသို့ နောက်ထပ် အပိုထည့်ပေးမည့် ဆယ့်ငါးမိနစ် ဖြစ်သည်။ ထို့ပြင် ယင်းကို မဖယ်ရှားနိုင်သလို မပြောင်းလဲနိုင်ပေ။

ယင်းက ဤနေရာသို့ ဆင်းသက်လာပြီး ဤအချိန်အမှတ်နှင့် အတင်းအဓမ္မ ဆက်သွယ်သွားသည်။

သို့ဖြစ်၍ ကောင်းကင်ပေါ်မှ အလင်းရောင်က ရပ်တန့်သွားဟန် ရ၏။ ကမ္ဘာမြေ၏ တုန်ခါမှုသည်လည်း ရပ်တန့်သွားဟန် ရ၏။ ဘေးပတ်ဝန်းကျင်မှ မည်သူကမှ မလှုပ်ရှားနိုင်တော့ပေ။ လေ၊ ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များသည်ပင် ဤအခိုက်အတန့်မှာ အေးခဲသွားကြသည်။

အချိန်သဲမှ ထုတ်လွှတ်ထားသော အလင်းရောင်ဖြင့် ဖုံးလွှမ်းခံထားရသည့် ရွှီချင်းနှင့် ယွင်ရှန်းစုသည်သာ ရပ်တန့်ခြင်းမခံရဘဲ လှုပ်ရှားနိုင်ကြသည်။

ယွင်ရှန်းစုက မိန်းမောတွေဝေသွားသည်။ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုနှင့် ချောက်ချားမှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ဘာမှမပြောနဲ့… လက်ထပ်ပွဲကို ဆက်လုပ်မယ် ”

ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ဝိညာဉ်ဖီးနစ်နတ်သမီး၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ တဒင်္ဂကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ပြောသည်။

“ ရှေးခေတ်ဓလေ့ထုံးတမ်းတွေအရ… မိုးနဲ့မြေကို အရိုအသေပေးပြီးရင် နေနဲ့လကို အရိုအသေပေးရမယ် ”

“ ယန်နဲ့ ယင်ရဲ့ ဖန်တီးမှုကို ခွဲခြားထားတဲ့ နေနဲ့လကို အရိုအသေပေးပြီး ကောင်းချီးမင်္ဂလာကို ခံယူမယ် ”

ရွှီချင်းနှင့် ဝိညာဉ်ဖီးနစ်နတ်သမီးက အတူတူ အရိုအသေပေးလိုက်ကြသည်။

“ အနီရောင်ကံကြမ္မာချည်မျှင်ရဲ့ ကောင်းချီးပေးမှုကို ခံယူမယ်… ကံကြမ္မာချည်မျှင်က ငါတို့ကို ထာဝရ လက်တွဲစေလိမ့်မယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အသံက အနည်းငယ် တုန်ယင်နေသည်။

သူတို့နှစ်ယောက်က ဆက်လက် အရိုအသေပေးနေစဉ် အချိန်လေဟာနယ်လှိုင်းများက မုန်တိုင်းသဖွယ် ဝုန်းခနဲ မြည်ဟိန်းသွားသည်။

“ တတိယအနေနဲ့… မိဘတွေကို အရိုအသေပေးမယ် ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ အသံက အချိန်လေဟာနယ်လှိုင်းထဲမှာ ပဲ့တင်ထပ်သွားစဉ် သူက ပိုပြီးတုန်ယင်လာသည်။ သူ၏ မျက်ဝန်းထဲမှာ စိတ်ရှုပ်ထွေးမှု၊ အတိတ်ကို လွမ်းဆွေးမှုနှင့် အဆုံးမဲ့သော စောင့်ဆိုင်းမှုဖြင့် ပြည့်နှက်နေသည်။

ထိုသို့အကြည့်က ရွှီချင်း၏ နှလုံးကို ချက်ချင်း တုန်ယင်သွားစေသည်။

ဝိညာဉ်ဖီးနစ်နတ်သမီးကို သူကြည့်လိုက်သည့်အခါ တစ်ဖက်လူက တစ်စုံတစ်ခု လွဲမှားနေကြောင်း သူသိလိုက်သည်။ သူ၏ အကြည့်ထဲမှ အဓိပ္ပာယ်က လုံးဝကွဲပြားသွားသည်။ သူ၏ မျက်လုံးထဲမှာ အေးစက်မှုနှင့် အတုအယောင်က မရှိတော့ပေ။ ယင်းအစား အချိန်ကာလ၏ ယိုယွင်းတိုက်စားမှု၊ အတိတ်ကို လွမ်းဆွေးသတိရမှု၊ စိတ်ရှုပ်ထွေးမှုနှင့် သိမ်မွေ့နူးညံ့မှုသာ ရှိသည်။

ဤသည်မှာ သူက ယနေ့ ဤအခိုက်အတန့်ကို နှစ်ထောင်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့သည့်အလားပင်။

ယွင်ရှန်းစု၏ အသိစိတ်က အမည်မသိ အချိန်ကာလကတည်းက လွင့်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းက ရွှီချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ နောက်အခိုက်အတန့်မှာ ရင်းနှီးကျွမ်းဝင်သော သက်ပြင်းချသံက သူ၏ အသိစိတ်ထဲမှာ ညင်သာစွာ ပဲ့တင်ထပ်သွားသည်။

ယင်းက ကောင်လေး၏ အသံဖြစ်သည်။

ထိုသက်ပြင်းချသံက သူ၏ တစ်ကိုယ်လုံးအား လွှမ်းခြုံသွားမည့် လှိုင်းဂယက်များကို ထုတ်လွှတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က တစ်ဖက်လူ၏ သိမ်းပိုက်ခံလိုက်ရသည်။

“ သူက မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ အကြွင်းအကျန်ဝိညာဉ်မဟုတ်ဘူး… သူက မိုးသောက်သခင်လေးပဲ ”

ရွှီချင်းက နှလုံးတုန်သွားသည်။ ဤအခိုက်အတန့်မှာ သူက စောင့်ကြည့်သူတစ်ယောက် ဖြစ်လာသည်။

သခင်လေးက ဝိညာဉ်ဖီးနစ်နတ်သမီးကို သိမ်မွေ့နူးညံ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက လက်ကို မြှောက်လိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက နူးညံ့စွာ ပြောသည်။

“ ငါတို့မိဘတွေရဲ့ မေတ္တာက အရှေ့ပင်လယ်ကြီးလောက် ကြီးမားတယ် ”

“ ငါတို့မိဘတွေရဲ့ သင်ကြားမှုက တောင်ကြီးလောက် လေးလံတယ် ”

“ ငါတို့မိဘတွေက မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ခံစားနိုင်ပြီး ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ပါစေ ”

ဝိညာဉ်ဖီးနစ်နတ်သမီးက သူ့ဘဝ၏ အရေးကြီးဆုံးလူဖြစ်သော သခင်လေး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားစဉ် မျက်ရည်က သူ၏ ပါးပြင်ထက်သို့ စီးကျလာသည်။ သူတို့နှစ်ယောက်က မိဘများကို အတူတကွ အရိုအသေပေးလိုက်ကြသည်။

“ စတုတ္ထမြောက်အနေနဲ့ ဇနီးမောင်နှံက အပြန်အလှန် အရိုအသေပေးကြမယ်… ”

“ အခုချိန်ကစပြီး နှစ်ယောက်သားက စိတ်တစ်ခုတည်း နှလုံးသားတစ်ခုတည်း ဖြစ်သွားပြီး အတူတူ ရှင်သန်နေထိုင်သွားကြမယ်… တစ်အိပ်ယာတည်း ခေါင်းအုံးတစ်ခုတည်းကို မျှဝေအသုံးပြုကြမယ် ”

“ နှစ်ယောက်သား အပြန်အလှန် ချစ်ခင်မြတ်နိုးပြီး နဂါးနဲ့ ဖီးနစ်လို လိုက်ဖက်ညီတဲ့ တာအိုဇနီးမောင်နှံတွေ ဖြစ်လာကြမယ် ”

“ သုံးဘဝရဲ့ ကံကြမ္မာနဲ့အတူ ငါတို့ရဲ့ နှလုံးသားက ထာဝရ ပေါင်းစည်းသွားမယ်… သေခြင်းရှင်ခြင်းတွေကို ငါတို့အတူတူ ဖြတ်ကျော်ကြမယ်… ”

“ ဒီမင်္ဂလာပွဲ… ပြီးမြောက်ပြီ… ”

ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်ရည်က သူ၏ ပါးပြင်ထက်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“ ဒီမင်္ဂလာပွဲ… ပြီးမြောက်ပြီ ”

သခင်လေးက လက်မြှောက်လိုက်ပြီး ဝိညာဉ်ဖီးနစ်နတ်သမီး၏ မျက်ရည်ကို သုတ်ပေးလိုက်ကာ နူးညံ့စွာ ပြောသည်။

ထို့နောက် သူက လက်ထပ်စာချုပ်ကို ထုတ်လိုက်ပြီး စာချုပ်ပေါ်မှာ ဝိညာဉ်ဖီးနစ်နတ်သမီး၏ နာမည်ကို ရေးသားလိုက်သည်။

ဤအခိုက်အတန့်မှာ အချိန်လေဟာနယ်က တစ်ခါမှမဖြစ်စဖူး အကြီးအကျယ် လှိုင်းထသွားသည်။ လောကက တုန်ယင်သွားပြီး အချိန်လေဟာနယ်လှိုင်းဂယက်များက မုန်တိုင်းသဖွယ် ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က ဧရာမဝဲကတော့တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး အင်မော်တယ်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝုန်းခနဲ မြည်သံနှင့်အတူ ဝဲကတော့က အပြင်းအထန် လှုပ်ခါသွားသည်။

All Chapters