နဝမမြောက် အန္တိမတာအို
Vol. 108 Ch. 1654
မြစ်က တဝုန်းဝုန်း မြည်သံနှင့်အတူ မြှောက်တတ်လာသည်နှင့် ကျယ်လောင်သော အသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းက မြစ်၏ မျက်နှာပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် စတုတ္ထအလွှာ၏ ပြာမှုန်များက လွင့်မျောနေကြသည်။
ယင်းက ကောင်းကင်ပေါ်မှ နှင်းကျခြင်းနှင့် ဆင်တူသည်။
သို့သော်လည်း ဤစတုတ္ထအလွှာက မအက်ကွဲသွားသလို မပျောက်ကွယ်သွားပေ။
အင်မော်တယ်နန်းတော်ထဲမှ အဆောက်အဦးအားလုံး၊ ကောင်းကင်နှင့်မြေပြင်သည်ပင် လေထဲမှာ ပျောက်ကွယ်သွားကြသည်။
သို့တိုင် ဤအလွှာက ဆက်ရှိနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက ဤနေရာမှာ ရှိနေသောကြောင့် ဖြစ်သည်။
သခင်လေးက သူ့အား အင်မော်တယ်နန်းတော်၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးခဲ့သည်။
သို့ဖြစ်၍ သူ့မှာ အင်မော်တယ်နန်းတော်ကို အုပ်ချုပ်နိုင်သော အခွင့်အာဏာရှိသည်။
သူ၏ အချိန်လေဟာနယ်အာဏာစက်က အပြည့်အဝ ဖွင့်ဖြိုးတိုးတတ်လာပြီး အချိန်လေဟာနယ်မြစ်တစ်စင်းအသွင် ဒြပ်ထည်ဖွဲ့စည်းသွားကာ အက်ကွဲသွားတော့မည့် စတုတ္ထအလွှာကို ဆက်ပြီး ထိန်းသိမ်းပေးထားသည်။ သို့မဟုတ်လျှင် ဤအလွှာက ချက်ချင်း အက်ကွဲသွားလိမ့်မည်။
တစ်ချိန်တည်းမှာ သူက ဤနေရာမှ အချိန်မရွေး ထွက်သွားနိုင်ကြောင်း နားလည်သွားသည်။ သူက ပထမဆုံး အလွှာသုံးလွှာကိုပင် အတွေးတစ်ချက်နှင့် ပြန်ဝင်ရောက်နိုင်သည်။
သူက အပြင်ဘက်မှ ပစ္စုပ္ပန်လောကဖြစ်စေ၊ ပထမအလွှာမှ မျဉ်းကြောင်းများဖြစ်စေ သို့မဟုတ် ဒုတိယအလွှာမှ မြင်ကွင်းဖြစ်စေ အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ထိုနေရာသို့ ချက်ချင်း ဆင်းသက်သွားနိုင်သည်။
သို့သော်လည်း အကယ်၍ သူက အပေါ်သို့ တတ်ရောက်ချင်သည်ဆိုလျှင် ကန့်သတ်ခံရလိမ့်မည်။
ယင်းက သူ၏ အခွင့်အာဏာကို ကန့်သတ်ထားခြင်းမဟုတ်ဘဲ သူ၏ အာဏာစက်အဆင့်ကို ဖြစ်သည်။
စတုတ္ထအလွှာသို့ ဝင်ရောက်ချင်လျှင် တစ်စုံတစ်ယောက်က အာဏာစက်တစ်ခု သို့မဟုတ် အာဏာစက်ဓမ္မရတနာတစ်ခုကို ပိုင်ဆိုင်ထားရလိမ့်မည်။ ထုံးစံအားဖြင့် ပဉ္စမအလွှာအတွက် လိုအပ်ချက်က ပိုပြီးမြင့်မားပေသည်။
လိုအပ်ချက်မှာ သူတို့၏ အာဏာစက်က အဆင့်တစ်ခုထိ ရောက်ရှိနေပြီး ဥပဒေသစွမ်းအားကို ထုတ်လွှတ်နိုင်ရမည်။ သို့မဟုတ်လျှင် သူတို့မှာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအား ရှိရမည်။
ဤအခိုက်အတန့်မှာ ပဉ္စမအလွှာဆီသို့ သူဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့ကြောင်း ရွှီချင်း အာရုံခံနိုင်သည်။
“ ငါ့ရဲ့ အာဏာစက်ကို နောက်တစ်ဆင့်ကို မြှင့်တင်ရမယ်… ပြီးသွားရင် အရာအားလုံးကို ငါချိုးဖြတ်နိုင်လိမ့်မယ် ”
“ ပိုပြီးမြင့်တဲ့ အဆင့်က ငါ့ရဲ့ နဝမမြောက် အန္တိမတာအိုပဲ ”
ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
နဝမမြောက် အန္တိမတာအိုထွက်ပေါ်လာသည့်အခိုက် သူက နဝမမြောက် မဟာလောကကို ဖွဲ့စည်းနိုင်လိမ့်မည်ဟု အလွန်အားကောင်းစွာ နိမိတ်ရနေသည်။
နဝမမြောက် အန္တိမတာအို၏ အကူအညီဖြင့်ဆိုလျှင် မဟာဧကရာဇ်များသာ ဝင်ရောက်နိုင်သော သို့မဟုတ် အဆင့်မြင့်အာဏာစက်ပိုင်ရှင်များသာ ဝင်ရောက်နိုင်သော ပဉ္စမအလွှာဆီသို့ သူခြေချနိုင်လိမ့်မည်။
ထိုနေရာသို့ သူရောက်သည့်အခါ ပဉ္စမအလွှာ၏ စွမ်းအားကို စုပ်ယူနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသည်။
“ အုပ်ချုပ်သူအဆင့်ကို ရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ်… ပြီးတော့ မဟာဧကရာဇ်တစ်ပါးကို တိုက်ခိုက်နိုင်တဲ့ တိုက်ပွဲစွမ်းအား… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုအတွေးများ ပေါ်လျှိုးလာသည်နှင့် သူက တီးတိုးရေရွတ်လိုက်သည်။
“ ငါ့ရဲ့ နဝမမြောက် အန္တိမတာအို… အချိန်လေဟာနယ်ရဲ့ နောက်တစ်ဆင့်က… မျဉ်းပြိုင်… ”
သခင်လေး မထွက်သွားခင် ပြောခဲ့သော စကားက ယခုအချိန်ထိ သူ၏ စိတ်ထဲမှာ အလွန်အားကောင်းစွာ ပဲ့တင်ထပ်နေဆဲပင်။
နက်နဲသိမ်မွေ့သော ဉာဏ်အလင်းက ပိုပြီးအားကောင်းသထက် အားကောင်းလာသည်။
နောက်ဆုံးမှာတော့ ရွှီချင်းက သူ့ကိုယ်ပိုင်အချိန်မြစ်ထဲမှာ တင်ပျဉ်ခွေထိုင်နေရင်း ရေမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။
သူ၏ ပုံရိပ်က ထိုနေရာမှာ ပုံရိပ်ပြန်နေသည်။
သူက ထိုပုံရိပ်ပြန်မှုကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။ ထို့နောက် မြစ်ပြင်ပေါ်မှ ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။
သို့သော်လည်း ရေမျက်နှာပြင်ပေါ်မှ ပုံရိပ်ပြန်မှုက မျက်လုံးဖွင့်ထားဆဲပင်။ ထို့နောက် ပုံရိပ်ပြန်မှုက မြစ်ကြမ်းပြင်အောက်သို့ နစ်မြုပ်သွားပြီး သဲနှင့် နုန်းမြေပေါ်သို့ ဆက်လက် ဆင်းသက်သွားသည်။ တဖြည်းဖြည်း ၎င်းက နက်သထက် ပိုနက်သွားပြီး နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားသည်။
မြစ်ပြင်ပေါ်မှ ရွှီချင်းသည်သာ ဆက်လက် ရှိနေပြီး လှုပ်ရှားမှုကင်းမဲ့စွာ တင်ပျဉ်ခွေထိုင်နေသည်။
…..
လေပြေတိုက်ခတ်လာသည့်အခါ ထူးဆန်းသော မြူခိုးက အပေါ်သို့ တလိပ်လိပ် မြှောက်တတ်လာပြီး ကျင့်ကြံသူအများအပြားကို ဖြတ်ကျော်သွားသည်။ တစ်ဆက်တည်းမှာ မြူခိုးက အင်မော်တယ်နန်းတော်၏ အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်မှ ကျောက်ပြားကိုလည်း ဖုံးလွှမ်းသွားသည်။
ကျောက်ပြားက အနက်ရောင်ဖြစ်ပြီး ကျောက်ပြားပေါ်မှာ ရေညှိတတ်နေသည်။ ယင်းက ရှေးဟောင်းအငွေ့အသက်နှင့် အချိန်ကာလ၏ ယိုယွင်းတိုက်စားမှုကို အထင်အရှား ဖော်ပြနေသည်။
ကျောက်ပြားပေါ်မှ စာလုံးများက မှေးမှိန်နေပြီး ပျက်စီးနေသည်။ ယင်းတို့က အင်မော်တယ်နန်းတော်၏ လမ်းကြောင်းသုံးခုနှင့်ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားသော အကြောင်းအရာများ ဖြစ်သည်။
ဤနေရာက အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ဖြစ်ပြီး အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူအားလုံးက ဤနေရာမှာ အရင်ဆုံး စုဝေးကြရသည်။ ဤနေရာမှာ သူတို့က အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်မည့် လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ကြရသည်။
ဤအခိုက်အတန့်မှာ လီမုန့်တု၊ မြေဝိညာဉ်ဘိုးဘေးနှင့် ဝေဝါးသော ပုံရိပ်တစ်ခုက အဝေးမှ ထွက်ပေါ်လာကြသည်။
အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်သို့ သူတို့ရောက်ရှိသွားသည်နှင့် စင်မြင့်ပေါ်မှ ကျင့်ကြံသူအများစုက လမ်းကြောင်းရွေးရန် ထွက်သွားကြသည်။
အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်နိုင်သော ပထမလမ်းကြောင်းတွင် မြူခိုးက သိပ်မထူထဲပေ။ သို့သော်လည်း နယ်မြေက အနည်းငယ် ကွဲပြားခြားနားသည်။ အင်မော်တယ်ကြိုဆိုစင်မြင့်နှင့် နှိုင်းယှဉ်လျှင် ယင်းက အများကြီး ပိုမှေးမှိန်သည်။
ထိုနေရာမှာ မိုးတဖွဲဖွဲ ရွာသွန်းနေလေရာ မြေကြီးက စိုစိစိုစိ ဖြစ်နေသည်။ မြေပြင်က ရွှံ့ဗွက်အဖြစ် ပြောင်းလဲနေသည်။
ဒုတိယလမ်းကြောင်းက ညာဘက်မှာရှိပြီး သိပ်သည်းသော မြူခိုးဖြင့် ဖုံးလွှမ်းနေသည်။ ထိုနေရာမှာ တံတားတစ်စင်းရှိကြောင်း မည်သူမဆို ဝေဝေဝါးဝါး မြင်နိုင်သည်။
လူတစ်ယောက်က ထိုတံတားပေါ်မှာ လမ်းလျှောက်နေသည်။
“ အဲ့ဒါ ကြယ်တာရာစက်ဝန်းပဲ… စောစောက သူထွက်ပေါ်လာတုန်းက အဲ့ဒီတံတားဆီ သူသွားနေတာ ငါမြင်လိုက်တယ် ”
ဘေးမှ လီမုန့်တုက တိုးညင်းစွာ ပြောသည်။
“ အကိုရွှီက ဘယ်လမ်းကြောင်းကို ရွေးချယ်မှာလဲ မသိဘူး… တကယ်လို့ မင်းက လမ်းကြောင်းငယ်ကို ရွေးချယ်မယ်ဆိုရင် ငါတို့အတူတူ ခရီးဆက်နိုင်မယ် ”
လီမုန့်တု၏ စကားဆုံးသွားသည့်အခါ သူ့ဘေးမှ မြေဝိညာဉ်ဘိုးဘေးက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သူတို့ဘေးမှာ ရပ်နေသည့်လူက ရွှီချင်းဖြစ်သည်။
ဤအခိုက်အတန့်က အင်မော်တယ်ကျဆုံးလွင်ပြင်ဆီသို့ သူတို့အားလုံး ဝင်ရောက်ခဲ့သောအချိန် ဖြစ်သည်။ သို့သော်လည်း ထူးဆန်းသည်မှာ လီမုန့်တုဖြစ်စေ မြေဝိညာဉ်ဘိုးဘေးဖြစ်စေ သူတို့က မည်သည့်မူမမှန်မှုကိုမှ သတိမထားမိကြချေ။
ဤနေရာကို ယခင်က သူတို့ရောက်ခဲ့ဖူးကြောင်း လုံးဝ သတိမထားမိကြချေ။
သို့မဟုတ် အတိအကျဆိုရသော် အချိန်လေဟာနယ်ထဲမှ သူတို့၏ မူကွဲပုံစံများက တူညီသော မြေပြင်ပေါ်မှာ လျှောက်လှမ်းနေကြသည့်အလားပင်။
ပိုပြီးထူးဆန်းသည်မှာ ရွှီချင်းဖြစ်သည်။ သူသည်လည်း ဘာမှမမှတ်မိပုံပေါ်သည်။ ဤသည်မှာ သူက ယခုမှ ဤနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးသည့်အလားပင်။ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ လမ်းကြောင်းသုံးခုကို ကြည့်လိုက်သည်။
လမ်းကြောင်းငယ်၊ သစ်သားတံတားနှင့် မြစ်တစ်စင်း ဖြစ်သည်။
“ အဲ့ဒီတံတားကို ငါလျှောက်ချင်တယ် ”
ရွှီချင်းက လီမုန့်တုကို ကြည့်လိုက်သည်။
လီမုန့်တုက ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်ကာ ရွှီချင်းကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ဘယ်ဘက်မှ လမ်းကြောင်းငယ်ဆီသို့ လျှောက်သွားသည်။
မြေဝိညာဉ်ဘိုးဘေးက တစ်ခဏ တုံ့ဆိုင်းနေသည်။ သို့သော်လည်း အဆုံးမှာတော့ သူက ရွှီချင်းကို မသွေးဆောင်တော့ပေ။ ယင်းအစား သူက ရွှီချင်းကို အရိုအသေပေးလိုက်ပြီး လီမုန့်တုကဲ့သို့ လမ်းကြောင်းငယ်ကို ရွေးချယ်လိုက်သည်။
မကြာမီ သူတို့နှစ်ယောက်က ပျောက်ကွယ်သွားကြသည်။
ယခု ရွှီချင်းတစ်ယောက်တည်းသာ အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်မှာ ကျန်ရှိတော့သည်။
သူက နေရာမှာ ရပ်နေပြီး ညာဘက်ကို ကြည့်လိုက်သည်။
တစ်ခဏကြာ တွေးတောပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး သူ၏ အရှေ့မှ တံတားကို ကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး ထိုနေရာသို့ တန်းမတ်စွာ ဦးတည်သွားသည်။
အချိန်က ကုန်ဆုံးသွားသည်။
တံတားနောက်မှ လောကသည် ဒုတိယအလွှာဖြစ်သည်။ ဒုတိယအလွှာမှာ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းက မြင်ကွင်းထဲမှာ စိတ်နစ်မြှုပ်ထားလိုက်ပြီး ကိစ္စအများအပြားကို တွေ့ကြုံခံစားလိုက်သည်။ သို့သော်လည်း သူက ဓားကိုင်ထားသော ကောင်လေးနှင့် မတွေ့ဆုံခဲ့ပေ။
ယင်းအစား သူက မဟာနတ်ဆိုးဘုရင်၏ ဆေးပုံးထဲမှာ အိပ်ပျော်နေသည်။
နောက်ဆုံးမှာတော့ အမည်အသိ အခြေအနေတစ်ရပ်ကြောင့် မဟာနတ်ဆိုးဘုရင်က ဒေါသထွက်သွားပြီး ဆေးပုံးထဲမှ အရာအားလုံးကို အပြင်သို့ ဖြန်းပက်လိုက်သည်။
အခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ရွှီချင်းက အကြောင်းအရင်းကို သေချာမသိသော်လည်း ဒုတိယအလွှာမှ ကပ်သီးလေး လွတ်မြောက်သွားခဲ့သည်။
သူက တတိယအလွှာဆီသို့ ဝင်ရောက်သွားသည်။
ထိုနေရာတွင် သူက လီမုန့်တုနှင့်အတူ အင်အားပူးပေါင်းပြီး စတုတ္ထအလွှာဆီသို့ ဝင်ရောက်ရန် သရုပ်တစ်ခုကို ရယူခဲ့သည်။
ထို့နောက် သူတို့က စတုတ္ထအလွှာဆီသို့ အတူတူ ဝင်ရောက်ခဲ့ကြသည်။
သူက သခင်လေးမဟုတ်တော့ပေ။ ယင်းအစား သူက ကျမ်းစာလွှဲပြောင်းနန်းဆောင်၏ အစောင့်အကြပ်တစ်ယောက် ဖြစ်လာသည်။
သူက သမိုင်းကို ပြောင်းလဲပြီး လှိုင်းဂယက်ထစေရန် ကြိုးစားခဲ့သော်လည်း ကြယ်တာရာစက်ဝန်းက ယင်းကို အစီအစဉ်အတိုင်း ပြန်ပြောင်းလဲစေခဲ့သည်။
မင်္ဂလာပွဲ ထွက်ပေါ်လာပြီး ကပ်ဘေးဆင်းသက်လာမှုနှင့်အတူ အရာအားလုံးက အစီအစဉ်အတိုင်း ဆက်လက် သွားနေသည်။
ကြယ်တာရာကောင်းကင်ထဲမှ ပူဖောင်းတစ်လုံးက အက်ကွဲသွားသည့်အခါ သူအပါအဝင် အင်မော်တယ်နန်းတော်ထဲမှ သက်ရှိအားလုံးက လွင့်ပြယ်သွားကြသည်။
သူလွင့်ပြယ်သွားသည့်အခိုက် ရွှီချင်းက မျက်လုံးပြန်ဖွင့်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ဘေးပတ်ပတ်လည်တွင် သိမ်မွေ့ညင်သာသော စမ်းချောင်းတစ်ခု စီးဆင်းနေသည်။ အဝေးတွင် အချိန်လေဟာနယ်ဘောင်ဖြင့် ခွဲခြားခံထားရသည့်အလား သူ့ကိုယ်သူ၏ နောက်ထပ်မူကွဲပုံစံကို မြင်တွေ့သွားသည်။
ထိုလူ၏ ဘေးပတ်ပတ်လည်တွင် အလွန်ကျယ်ပြောသော မြစ်တစ်စင်းက ခမ်းနားထည်ဝါစွာ စီးဆင်းနေသည်။
“ ဒီတော့… မျဉ်းပြိုင်ဆိုတာ အဲ့ဒါကို… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူက စမ်းချောင်းပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
စမ်းချောင်းပေါ်မှ သူ၏ ပုံရိပ်ပြန်မှုက အောက်သို့ ဆက်လက် နစ်မြုပ်သွားသည်။
ထို့နောက် အင်မော်တယ်ကြိုဆိုစင်မြင်ပေါ်မှ မြင်ကွင်းက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ် ထွက်ပေါ်လာသော ရွှီချင်းသည်လည်း ထိုအကြောင်းကို ဘာမှမသိသေးပုံပေါ်သည်။ သူက တခြားလမ်းကြောင်းများ၏ အန္တရာယ်ကို သိရှိပြီးနောက် လီမုန့်တု၊ မြေဝိညာဉ်ဘိုးဘေးနှင့်အတူ လမ်းကြောင်းငယ်ကို ရွေးချယ်လိုက်သည်။
ရွှီချင်းက ထိုလမ်းကြောင်းကို ရွေးချယ်ခဲ့သောကြောင့် ပထမအလွှာနှင့် ဒုတိယအလွှာ၏ အတွေ့အကြုံများကို မရရှိတော့ပေ။ ယင်းအစား သူက တတိအလွှာမှာ ရှဲလင်းဇီနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး ရန်ငြိုးဖွဲ့ခဲ့သည်။
နောက်ဆုံးမှာတော့ သူက ကျိုးကျန်းလီနှင့် မိတ်ဆွေဖွဲ့ခဲ့သည်။
ထို့နောက် လီမုန့်တုအပါအဝင် သူတို့သုံးယောက်က စတုတ္ထအလွှာအတွက် လိုအပ်သော သရုပ်များကို ရှာဖွေခဲ့ကြသည်။ စတုတ္ထအလွှာမှာ သူတို့က သမိုင်းကို ပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။
အရာအားလုံးက အဆုံးသတ်သွားပြီး စတုတ္ထအလွှာက စတင်လွင့်ပြယ်သွားသည့်အခါ ရွှီချင်းက မျက်လုံးဖွင့်လိုက်သည်။ သူက တခြားအချိန်လေဟာနယ်များထဲမှ သူ၏ မူကွဲပုံစံနှစ်ယောက်ကို မြင်တွေ့သွားသည်။
သူက တစ်ခဏ နှုတ်ဆိတ်သွားပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။
“ ဒီတော့… အဲ့ဒီလိုကို… ”
သူက မျက်လုံးမှိတ်လိုက်သည်။ သူ၏ ဘေးမှ မြစ်ရေက အလွန်သေးငယ်သည်။
သို့သော်လည်း သူ၏ ပုံရိပ်ပြန်မှုက ဆက်လက် နစ်မြုပ်သွားဆဲပင်။
၎င်းက မြစ်ပြင်အောက်မှ ရေစီးကြောင်းကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ထို့နောက် ပုံရိပ်ပြန်မှုက ရွှီချင်းအဖြစ် ပြောင်းလဲသွားပြီး တခြားအချိန်လေဟာနယ်ထဲမှ အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ရှေ့မှာ ပြန်ပေါ်လာသည်။
သူက မတူညီသော ရွေးချယ်မှုများကို ပြုလုပ်ခဲ့သည်။
ယင်းက အချိန်သဲကန္တာရထဲမှ မူလသဲပွင့်နှင့် ဆင်တူသည်။ သဲပွင့်က လေတိုက်ခတ်မှုကြောင့် ရွေ့လျားသွားသည့်အခါတိုင်း မတူညီသော အချိန်စီးကြောင်းများနှင့် မတူညီသော အတွေ့အကြုံများက ထွက်ပေါ်လာလိမ့်မည်။
တချို့မူကွဲများက ရွေ့လျားနေစဉ်အတွင်း သေဆုံးသွားကြသည်။
ထိုအခါ သူတို့ရှိနေသော အချိန်လေဟာနယ်များက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။
တချို့မူကွဲများသည်တော့ ရွှီချင်း၏ အချိန်လေဟာနယ်ဘောင်များအဖြစ် ပြောင်းလဲသွားကြသည်။
သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း၊ လုယက်ခြင်း…
ယင်းတို့က မတူညီသော အတွေ့အကြုံအမျိုးမျိုးကို ပေးသည်။
ထိုအတွေ့အကြုံများက ရွှီချင်း၏ ရွေးချယ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တချို့က ရှဲလင်းဇီနှင့် မိတ်ဆွေဖွဲ့ခဲ့ပြီး တချို့က ချမ်ကျွင်း၊ ပိုင်ရီနှင့် မိတ်ဆွေဖွဲ့ခဲ့သည်။ တချို့က စတုတ္ထအလွှာသို့ပင် မဝင်ရောက်နိုင်ခဲ့ကြပေ။
ကြယ်တာရာစက်ဝန်းနှင့် မိတ်ဆွေဖြစ်လာပြီး သမိုင်းကို အစီအစဉ်အတိုင်း ထိန်းသိမ်းရန် ရွေးချယ်ခဲ့သော ရွှီချင်းမူကွဲတစ်ယောက်ပင် ရှိသေးသည်။
နောက်ဆုံးမှာတော့ အမျိုးမျိုးသော အပြောင်းအလဲများနှင့် အတွေ့အကြုံများက ကျယ်ပြောလှသော မြစ်၏ အပြင်ဘက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ထိုအခါ ရွှီချင်းသည် သူ၏ ဘေးပတ်ပတ်လည်မှာ အရေအတွက်များပြားသော မြစ်များရှိနေကြောင်း မြင်တွေ့သွားသည်။ မြစ်များက တစ်ခုနှင့်တစ်ခု မတူညီသော်လည်း မြစ်ထဲမှာ စီးဆင်းနေသော ပုံရိပ်များက တခြားအချိန်လေဟာနယ်များထဲမှ သူ၏ မူကွဲများသာ ဖြစ်ကြသည်။
နောက်ဆုံးမှာတော့ မြစ်များက အချင်းချင်း ယှက်ထွေသွားကြပြီး ခမ်းနားထည်ဝါလာသည်။
မရေမတွက်နိုင်သော မြစ်များနှင့်အတူ မရေမတွက်နိုင်သော ရွှီချင်းမူကွဲများက ဟင်းလင်းပြင်ထဲမှာ ပြည့်နှက်သွားကြသည်။
ထို့နောက် လေတိုးဝှေ့လာပြီး မူလသဲပွင့်ကို တိုက်ခတ်သွားသည့်အခါ မူလရွှီချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူက တီးတိုးရေရွတ်လိုက်သည်။
“ မူလပြန်လာစမ်း ”
သူက မျက်လုံးဖွင့်လိုက်ပြီး စကားပြောလိုက်သည်နှင့်ချက်ချင်း…
ဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အချိန်လေဟာနယ်များထဲမှ ရွှီချင်းမူကွဲများက ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့အားလုံးက မူလရွှီချင်းကို ကြည့်လိုက်ကြသည်။
အကြည့်အားလုံးက ဤအခိုက်အတန့်မှာ ယှက်ထွေသွားကြပြီး ပေါင်းစုံသွားကြသည်။
နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော မြစ်များက ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားကြပြီး မူလရွှီချင်းထံသို့ စုဝေးသွားကြသည်။
မြစ်ရေက ပရမ်းပတာ မြှောက်တတ်လာသည်နှင့် အဆုံးမဲ့သော မြည်သံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ဤသည်မှာ သူ၏ စိတ်က ဖွင့်လှစ်သွားသည့်အလားပင်။
သူ၏ မျက်လုံးများက ဖုံးကွယ်မခံရတော့ပေ။
မရေမတွက်နိုင်သော ရွှီချင်းမူကွဲများက သူကိုယ်တိုင်ဖြစ်လာပြီး တစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားကြသည်။
မရေမတွက်နိုင်သော မြစ်များသည်လည်း ပင်လယ်ကြီးအဖြစ် ပေါင်းစုံသွားကြသည်။
နဝမမြောက် အန္တိမတာအိုက ဤအခိုက်အတန့်မှာ မွေးဖွားလာသည်။
ယင်းက မျဉ်းပြိုင်အန္တိမတာအိုဖြစ်သည်။
ဤသည်မှာ လောကအသစ်တစ်ခု မွေးဖွားလာသည့်အလားပင်။ စတုတ္ထအလွှာက တုန်ယင်သွားသည်နှင့် ရွှီချင်း၏ နဝမမြောက် မဟာလောကက ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းအခြေခံက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
ယခု သူက နဝမမြောက် မဟာလောကကို ဖွဲ့စည်းနိုင်သွားလေရာ ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူ၏ အာဏာစက်က တိုက်ရိုက် အဆင့်ချိုးဖြတ်သွားသည်။ အဆင့်ချိုးဖြတ်သွားသည့်အခိုက် ရွှီချင်းက အချိန်လေဟာနယ်ပင်လယ်ပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ခြေထောက်မြှောက်လိုက်ပြီး ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်သည်။
သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့် တိုက်ပွဲစွမ်းအားရှိသူများသာ ခြေချနိုင်သော ပဉ္စမအလွှာဆီသို့ တတ်လှမ်းချင်ပြီး ထိုနေရာမှာ အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ချင်သည်။
သူခြေထောက်ချလိုက်သည့်အခိုက် သူ၏ ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်လာပြီး ဝေဝါးလာသည်။ ဤသည်မှာ သူက အတားအဆီးများကို ချိုးဖြတ်သွားသည့်အလား အကာအကွယ်အလွှာ၏ အပြင်သို့ လျှောက်သွားသည်။
သူက ပဉ္စမအလွှာဆီသို့ ခြေချလိုက်သည်။
ဘေးပတ်ဝန်းကျင်ကို သူကြည့်လိုက်သည့်အခါ ထွန်းလင်းတောက်ပသော မြင်ကွင်းတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ကြယ်ဖွဲ့စည်းပုံ သို့မဟုတ် ထူးဆန်းသော မျက်လုံးများနှင့်ဆင်တူသော ဝဲကတော့များက အရွယ်အစားအမျိုးမျိုးဖြင့် အဆုံးမဲ့စွာ ဆန့်တန်းနေကြသည်။
သို့တိုင် ရွှီချင်း စစ်ဆေးကြည့်လိုက်သည့်အခိုက် ဝဲကတော့များက အရွယ်အစား အလွန်ကျယ်ပြောသော်လည်း ယင်းတို့ထဲမှ နက်နဲသိမ်မွေ့မှုကို အသေးစိတ် သူမြင်နိုင်ဆဲပင်။
လျှို့ဝှက်ဆန်းကြယ်သော ဤအတွေ့အကြုံထဲတွင် ပုံရိပ်အများအပြားက ထိုဝဲကတော့များထဲမှာ တင်ပျဉ်ခွေထိုင်နေကြောင်း သူမြင်တွေ့သွားသည်။
သူတို့ထဲတွင် ကြယ်တာရာစက်ဝန်းနှင့် ယခင်က တစ်ခါမှ သူမမြင်ဖူးသော ကျင့်ကြံသူတချို့လည်း ရှိကြသည်။ သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါအရ သူတို့က ခြေလှမ်းဝက်အင်မော်တယ်များဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုပုဂ္ဂိုလ်များ၏ ဘေးပတ်ဝန်းကျင်က တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားပြီး တမူထူးခြားသည်။ ဤသည်မှာ အိမ်မက်ဆန်သော ပုံရိပ်ယောင်များက သူတို့၏ ဘေးပတ်ပတ်လည်မှာ လွင့်မျောနေကြသည့်အလားပင်။
ကြယ်တာရာစက်ဝန်းက အဆင့်ချိုးဖြတ်တော့မည့်ဟန် ရ၏။
ရွှီချင်း၏ စိုက်ကြည့်ခံလိုက်ရပြီးနောက် ကြယ်တာရာစက်ဝန်းက တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ဆတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။ သူ၏ အကြည့်က တစ်ဖက်လူထံသို့ ကျရောက်သွားသည်။
ရွှီချင်းကို သူမြင်လိုက်သည်နှင့်ချက်ချင်း သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူ၏ မျက်နှာပေါ်မှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။
“ မင်းဘယ်လိုလုပ် ဒီရောက်လာတာလဲ ”