← Chapters

အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းခြင်း… ဝမ်ကူးကုန်းမြေ၏ ပဲ့တင်ပြန်မှုများ

Vol. 108 Ch. 1655

အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းခြင်း… ဝမ်ကူးကုန်းမြေ၏ ပဲ့တင်ပြန်မှုများ

Vol. 108 Ch. 1655

ပဉ္စမအလွှာဆီသို့ တတ်လှမ်းရန် အလွန်အမင်း ခက်ခဲသည်။

ထိုနေရာကို ခြေလှမ်းဝက်အင်မော်တယ်များသာ ဝင်ရောက်နိုင်ကြသည်။

အုပ်ချုပ်သူဆိုလျှင် သူတို့၏ အာဏာစက်က သတ်မှတ်ထားသော အဆင့်တစ်ခုထိ အားကောင်းနေမှသာ အခွင့်အရေးရရှိလိမ့်မည်။

သို့သော်လည်း ထိုသို့ကျင့်ကြံသူများက အလွန်အမင်း ရှားပါးသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၌ လက်ရှိမျိုးဆက်ထဲမှာ ထိုသို့လုပ်ဆောင်နိုင်သော လူက ကြယ်တာရာစက်ဝန်းသာရှိသည်ဟု လူအများက အသိအမှတ်ပြုထားကြသည်။

ထို့ကြောင့် ကြယ်တာရာစက်ဝန်းက တခြားကြယ်ပွင့်များ၏ အပေါ်မှာ ရှိနေရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ ယင်းက ကြယ်တာရာစက်ဝန်း၏ ရည်မှန်းချက်ရှိသော နေရာလည်း ဖြစ်သည်။

သူ၏ အမိန့်အာဏာစက်သည် သူ့အား ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို အဆင့်ချိုးဖြတ်နိုင်စေသည်အထိ အလွန်အားကောင်းသည်။ တစ်နည်းဆိုရသော် သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကို အစောကြီးကတည်းက တတ်လှမ်းနိုင်ပေသည်။

သို့သော်လည်း သူက အဆင့်မတတ်ဘဲ ယင်းကို ဖိနှိပ်ထားရသည့် အကြောင်းအရင်းမှာ အမိန့်သံကြိုး(၉၉၉)ချောင်းကို စုဆောင်းချင်သောကြောင့် ဖြစ်သည်။

ယခု ခြေလှမ်းဝက်အင်မော်တယ်များသာ ရောက်ရှိနိုင်သော ပဉ္စမအလွှာထဲတွင် သူက ဤနေရာမှ အလွန်ကျယ်ပြောသော စွမ်းအားနှင့် အရှိန်အဝါကို စုပ်ယူပြီး ပိုပြီးခိုင်မြဲသော ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို တည်ဆောက်ချင်သည်။ ယင်းက သူ့အား စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ အာဏာစက်ကို ပဲ့တင်ပြန်စေလိမ့်မည်။

ထို့နောက် သူက အဆင့်ချိုးဖြတ်လိုက်မည်ဆိုလျှင် ယင်းက သူ့ကို စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ လမ်းစဉ်နှင့် အတူယှဉ်တွဲသွားစေလိမ့်မည်။ တစ်နည်းဆိုရသော် ရှေ့ဆက်မည့် သူ၏ လမ်းစဉ်တွင် စတုတ္ထမြောက် အစစ်အမှန်ဦးသျှောင်၏ တာအိုက သူ့အတွက် အထောက်အပံ့ဖြစ်လာလိမ့်မည်။

အကယ်၍ ထိုနည်းဖြင့် သူက အမှန်တကယ် အဆင့်ချိုးဖြတ်နိုင်ခဲ့မည်ဆိုလျှင် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ သူခြေချသည့်အခါ သူ၏ စမှတ်နှင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က တခြားခြေလှမ်းဝက်အင်မော်တယ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျတော့မည် မဟုတ်ချေ။

ထို့ပြင် သူ၏ တိုက်ပွဲစွမ်းအားသည်လည်း တစ်ဟုန်ထိုး တိုးတတ်သွားလိမ့်မည်။

သူက အဆင့်တတ်လိုက်သည်နှင့် အစွမ်းထက် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။

ထို့ပြင် သူ၏ အနာဂတ်အလားအလာက အကန့်အသတ်မဲ့သွားလိမ့်မည်။

အနာဂတ်မှာ သူက အဆင့်နိမ့်အင်မော်တယ်တစ်ပါးဖြစ်လာရန် သေချာသလောက်နီးပါး အောင်မြင်နိုင်ခြေ ရှိသွားလိမ့်မည်။ ထိုအကြောင်းအရင်းကြောင့် သူက ဤအင်မော်တယ်ကျဆုံးလွင်ပြင်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ၏ အကြံအစည်က အမှန်တကယ် အံ့ဩစရာကောင်းသော်လည်း တကယ့်လက်တွေ့က အနည်းငယ် ကွာခြားနေသည်။ သူက စတုတ္ထအလွှာထဲတွင် သမိုင်းကို အစီအစဉ်အတိုင်း မထိန်းသိမ်းနိုင်ခဲ့ဘဲ ကျရှုံးသွားခဲ့သလို တန်ပြန်ဆိုးကျိုးကိုလည်း ခံစားခဲ့ရသည်။

တစ်နည်းဆိုရသော် အမိန့်သံကြိုး(၉၉၉)ချောင်းထိ ရောက်ရှိချင်သော သူ၏ ရည်ရွယ်ချက်က ကျရှုံးသွားခဲ့ရုံသာမက သူဖွဲ့စည်းထားသော သံကြိုးခုနစ်ချောင်းသည်ပင် ကျိုးပြတ်သွားခဲ့သည်။

ယင်းက သူ့အပေါ် ကြီးမားသော ထိခိုက်ပျက်စီးမှုကို ပေးသည်။

သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နံပါတ်တစ်ကြယ်ပွင့်အနေဖြင့် သူက ကျရှုံးသွားပြီးနောက် သူ၏ စိတ်အခြေအနေကို မြန်ဆန်စွာ ပြန်ချုပ်ထိန်းလိုက်ပြီး ပဉ္စမအလွှာဆီသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူက ထိုနေရာတွင် သူ၏ လမ်းစဉ်ကို ဆက်ပြီး ဖောက်ထွင်းမည်။

ထို့ပြင် သူက အောင်မြင်ခါနီးနေသည်။

ပဉ္စမအလွှာတွင် သူ၏ အမိန့်သံကြိုးများက အပြည့်အဝ ပြန်ကောင်းမွန်လာရုံသာမက (၉၉၉)ခုမြောက် သံကြိုးသည်လည်း တစ်ဝက်အထိ ဒြပ်ထည်ဖွဲ့စည်းနေပြီ ဖြစ်သည်။

အကယ်၍ သူ့မှာ နောက်ထပ် အချိန်တချို့ရှိမည်ဆိုလျှင် (၉၉၉)ခုမြောက် သံကြိုးကို သေချာပေါက် သူဖွဲ့စည်းနိုင်လိမ့်မည်။

ထို့နောက် သူက အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်ပြီး ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းလိမ့်မည်။

ဤအတောအတွင်းမှာ အလှည့်အပြောင်းများက ထွက်ပေါ်လာခဲ့သော်လည်း ရလဒ်က အတူတူသာ ဖြစ်သည်။

ယင်းက ကြယ်တာရာစက်ဝန်း၏ အစီအစဉ်ဖြစ်သည်။

သူ၏ နားလည်ထားမှုအရ အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လာသော သူနှင့်ရွယ်တူများထဲတွင် သူမှလွဲ၍ အခြားမည်သူမှ ပဉ္စမအလွှာဆီသို့ ခြေမချနိုင်ကြပေ။

ထို့ကြောင့် သူ၏ အစီအစဉ်အရ မည်သူမှ သူ့ကို မတားဆီးနိုင်ပေ။

ဤနေရာမှ ခြေလှမ်းဝက်အင်မော်တယ်များသည်တော့ အကယ်၍ သူ့ဘက်မှ စမတိုက်ခိုက်လျှင် သူတို့က သူ့ကို လာရောက်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် ကြယ်ပွင့်များကို ကာကွယ်ပေးထားသော အထူးဥပဒေတစ်ခု ရှိသည်။

ထိုဥပဒေကို ချိုးဖောက်သည့် လူတိုင်းက ကြီးမားသော တန်ကြေးကို ပေးဆပ်ရလိမ့်မည်။

သို့ဖြစ်၍ သူ၏ အဆင့်ချိုးဖြတ်မှုတွင် မည်သည့်အဟန့်အတားမှ ရှိလိမ့်မည်မဟုတ်ဟု အစက သူတွေးထားခဲ့သည်။

ယင်းက ရွှီချင်းကို သူမမြင်လိုက်ခင်အထိ ဖြစ်သည်။

ရွှီချင်း၏ ထွက်ပေါ်လာမှုက ကြယ်တာရာစက်ဝန်းကို နှလုံးတုန်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုမြင်ကွင်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှာ အဆင့်ချိုးဖြတ်ခဲ့သော အရိပ်အယောင်တချို့ရှိကြောင်း သူအာရုံခံနိုင်သည်။ ဤနေရာသို့ ရောက်လာသည့် တစ်ဖက်လူ၏ ရည်ရွယ်ချက်က သူနှင့်အတူတူဖြစ်ကြောင်း သူသိသည်။ သူတို့နှစ်ယောက်စလုံးက အဆင့်ချိုးဖြတ်ရန် ရည်ရွယ်ထားကြသည်။

ထိုရှာတွေ့မှုက ကြယ်တာရာစက်ဝန်း၏ နှလုံးကို အပြင်းအထန် တုန်ယင်သွားစေသည့် အဓိကအကြောင်းအရင်းလည်း ဟုတ်၏။

“ ဒီတော့… မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်စုစည်းခြင်းအဆင့်ပေါ့ ”

သူတစ်ယောက်တည်း ထိတ်လန့်သွားခြင်းမဟုတ်ပေ။ ဤအခိုက်အတန့်မှာ ဝဲကတော့များထဲ၌ ကျင့်ကြံနေကြသော ခြေလှမ်းဝက်အင်မော်တယ်များသည်လည်း မျက်လုံးဖွင့်လိုက်ကြပြီး ရွှီချင်းကို မတူညီသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

သူတို့၏ နှလုံးသားသည်လည်း တုန်လှုပ်သွားသည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက သူတို့၏ နှလုံးသားထဲမှ လှိုင်းများကို ပိုပြီးကြီးမားသွားစေသည်။

“ ဝိညာဉ်စုစည်းခြင်းအဆင့်လား ”

“ သူ့ရဲ့ အာဏာစက်က… ”

“ သူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာတင် အဲ့လောက် အဆင့်မြင့်တဲ့ အာဏာစက်တစ်ခုကို ဆင်ခြင်နားလည်ခဲ့တယ်လား… ”

“ စိတ်ဝင်စားစရာပဲ… ကြည့်ရတာ ဒီမျိုးဆက်ရဲ့ နံပါတ်တစ်ကြယ်ပွင့်ရဲ့ နာမည်က ပြောင်းလဲတော့မယ်ထင်တယ် ”

ဤအခိုက်အတန့်မှာ လေက ပဉ္စမအလွှာတွင် စတင်တိုက်ခတ်လာဟန် ရ၏။

လေထဲတွင် ကြယ်တာရာစက်ဝန်း၏ အံ့ဩသော အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့နောက် သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။

သူမတ်တတ်ရပ်လိုက်သည့်အခိုက် အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာ ယင်းက အလွန်အားကောင်းသော ဖိအားကို ပေးသည်။

ရွှီချင်းကို သူမြင်လိုက်သည်နှင့်ချက်ချင်း မယုံကြည်နိုင်မှုနှင့်အတူ အံ့ဩသွားသော်လည်း ထုံးစံအားဖြင့် ရွှီချင်း၏ သရုပ်ကို သူမှတ်မိသည်။

စတုတ္ထအလွှာမှာ သူက ရွှီချင်း၏ အစစ်အမှန်အသွင်သဏ္ဍာန်ကို မမြင်ခဲ့သော်လည်း ရွှီချင်း၏ အကြည့်က သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။

သို့ဖြစ်၍ သူတို့၏ အကြည့်ချင်း တွေ့ဆုံသွားသည့်အခါ အရာအားလုံးကို သူခန့်မှန်းနိုင်သွားသည်။

သူ့အရှေ့မှ ကျင့်ကြံသူသည် စတုတ္ထအလွှာတွင် သခင်လေး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သူ ဖြစ်သည်။

ထိုလူက အမှောင်ထုထဲမှာ ပုန်းအောင်းနေပြီး အဆုံးမဲ့သော လှိုင်းဂယက်များကို ဖန်တီးခဲ့သည်။

ထို့ပြင် ထိုလူက လက်ထပ်စာချုပ်ထဲမှ စာလုံးများကို အသုံးပြု၍ သူ့အား စတုတ္ထအလွှာထဲမှ မောင်းထုတ်ခဲ့သည်။

“ မင်းက ဒီရောက်လာပြီး… ”

“ အဆင့်ချိုးဖြတ်ချင်တယ်လား… ”

“ ငါမင်းကို ခွင့်မပြုဘူး ”

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကြယ်တာရာစက်ဝန်းထဲမှ ပေါက်ကွဲထွက်လာသည်။ သူမတ်တတ်ရပ်လိုက်သည့်အခါ အုပ်ချုပ်သူအဆင့်၏ အထွတ်အထိပ် စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ခြေချရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သူ ဖြစ်သည်။

တစ်ဖက်လူမှာ သူ၏ အဆင့်ချိုးဖြတ်မှုကို တားဆီးရန် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမကြီးပေ။ မည်သို့ဖြစ်ပါစေ သူ့အရှေ့မှ လူကို အဆင့်ချိုးဖြတ်ရန် သူခွင့်မပြုနိုင်ပေ။

ရွှီချင်းက ဝိညာဉ်စုစည်းခြင်းအဆင့်မှာတင် သူ့ကို အတော်လေး ဒုက္ခရောက်စေခဲ့သည်။ အကယ်၍ တစ်ဖက်လူ၏ အဆင့်ချိုးဖြတ်မှုက အောင်မြင်သွားလျှင်ပင် သူ့ကို ဖိနှိပ်နိုင်ဦးလိမ့်မည်ဟု ကြယ်တာရာစက်ဝန်းက သူ့ကိုယ်သူ ယုံကြည်မှုရှိဆဲပင်။ သို့တိုင် မသေချာမရေရာမှုက သူ့ကို စိတ်စနိုးစနောင့်ဖြစ်စေသည်။

သို့ဖြစ်၍ သူမတ်တတ်ရပ်လိုက်သည်နှင့် ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ဝေဝါးသွားသည်။ သူက ရွှီချင်းဆီသို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။

ဘေးပတ်ဝန်းကျင်မှ ခြေလှမ်းဝက်အင်မော်တယ်များက ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

သူတို့အတွက်တော့ ထိုနှစ်ယောက်ကို သူတို့၏ ဂျူနီယာများဟု ရိုးရှင်းစွာ မသတ်မှတ်နိုင်ပေ။ မည်သို့ဖြစ်ပါစေ သူတို့က ဤနေရာသို့ ရောက်လာနိုင်လေရာ သူတို့နှင့် အဆင့်တူညီပေသည်။

သို့သော်လည်း သူတို့ထဲမှ မည်သူအနိုင်ရပါစေ သူတို့နှင့်ဘာမှမဆိုင်ပေ။

သို့ဖြစ်၍ သူတို့က ကျင့်ကြံနေရင်း စိတ်လှုပ်ရှားဖွယ်ကောင်းမည့် ထိုနှစ်ယောက်၏ တိုက်ပွဲကို စောင့်ကြည့်လိုက်ကြသည်။

သို့သော်လည်း ကြယ်တာရာစက်ဝန်းက ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ပြေးလာသည်နှင့် ပဉ္စမအလွှာဆီသို့ ရောက်ရှိလာသော ရွှီချင်းက သူ၏ ဘေးပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မြင်သွားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ လက်ရှိအခြေအနေက တိုက်ခိုက်ရန် မသင့်တော်ကြောင်း သူသိသည်။

ယခု သူ၏ ခန္ဓာကိုယ်ထဲမှ မျဉ်းပြိုင်အာဏာစက်က ဖရိုဖရဲလှုပ်ခတ်နေပြီး သူ၏ နဝမမြောက် မဟာလောကက ပြီးပြည့်စုံသောအဆင့်ထိ ရောက်ရှိနေသည်။

သို့ဖြစ်၍ ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက ပဉ္စမအလွှာမှ စွမ်းအားကို ငှားယူပြီး ဝိညာဉ်စုစည်းခြင်းအဆင့်ကို ချိုးဖြတ်ကာ အုပ်ချုပ်သူအဆင့်ဆီသို့ ခြေချရန် ဖြစ်သည်။

ထို့ပြင် သူ၏ အဆင့်တတ်မှုက အောင်မြင်လိမ့်မည်ဟု သူ့ကိုယ်သူ တစ်ရာရာခိုင်နှုန်း ယုံကြည်မှုရှိသည်။

သို့သော်လည်း အကယ်၍ သူအဆင့်ချိုးဖြတ်နေစဉ်အတွင်း နှောင့်ယှက်ခံရမည်ဆိုလျှင် သို့မဟုတ် တိုက်ခိုက်ခံရမည်ဆိုလျှင် ထိုသို့ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်ကြောင်း ရွှီချင်း နားလည်သည်။

သူ၏ မူလအစီအစဉ်အရ သူက ကြယ်တာရာစက်ဝန်း၏ အဆင့်ချိုးဖြတ်မှုကို နှောင့်ယှက်လိမ့်မည် မဟုတ်ချေ။ သူတို့နှစ်ယောက်စလုံးက ဤနေရာသို့ ရောက်နေမှတော့ အတူတကွ အဆင့်ချိုးဖြတ်နိုင်ပေသည်။ အဆင့်ချိုးဖြတ်ပြီးမှ တိုက်ခိုက်မည်ဆိုလျှင်လည်း နောက်မကျပေ။

သို့သော်လည်း ကြယ်တာရာစက်ဝန်းက ထိုသို့ခွင့်မပြုပေ။

“ ဒါဆိုရင်… ငါလည်း မင်းကို ခွင့်မပြုဘူး ”

ရွှီချင်း၏ အကြည့်က အေးစက်သွားသည်။ သူက ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်သည်နှင့်ချက်ချင်း ညာလက်ကို မြှောက်လိုက်ပြီး သူ့ဆီသို့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ပျံသန်းလာနေသော ကြယ်တာရာစက်ဝန်းထံသို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

သူက တည်ငြိမ်စွာ ပြောသည်။

“ သူ့ကို ထုတ်ပယ်စမ်း ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ပဉ္စမအလွှာထဲမှာ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ လေက မုန်တိုင်းအဖြစ် အားကောင်းလာပြီး ပဉ္စမအလွှာတစ်ခုလုံးကို ရိုက်ခတ်သွားသည်။ ဝဲကတော့များသည်လည်း ပေါက်ကွဲသံများသည်နှင့်အတူ စတင်လှည့်ပတ်လာကြသည်။ ကျယ်လောင်သော မြည်သံများက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ မရေမတွက်နိုင်သော မျက်လုံးများက တစ်ပြိုင်နက်တည်း ပွင့်သွားသည့်အလားပင်။

ပြင်းထန်သော တွန်းကန်အားက ထွက်ပေါ်လာသည်။

ယင်းက ကြယ်တာရာစက်ဝန်းပေါ်သို့ ကျရောက်သွားသည်။

ကြယ်တာရာစက်ဝန်းက အံ့ဩထိတ်လန့်သွားပြီး ရုန်းကန်လိုက်သည်။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ သူက ခုခံနိုင်စွမ်းကင်းမဲ့သွားသည်။

နောက်အခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ဝေဝါးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက နေရာမှ မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။

သူက ပဉ္စမအလွှာမှ ထုတ်ပယ်ခံလိုက်ရသည်။

ကြယ်တာရာစက်ဝန်း ထုတ်ပယ်ခံလိုက်ရပြီးနောက် တွန်းကန်အားက ပျောက်ကွယ်သွားပြီး အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ခြေလှမ်းဝက်အင်မော်တယ်များက ချက်ချင်း အံ့ဩမင်သက်သွားကြသည်။ ဤအခိုက်အတန့်မှာ ပွဲကြည့်ချင်သော သူတို့၏ စိတ်က ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

“ အခွင့်အာဏာလား ”

“ အရည်အချင်းပြည့်မီတယ်လား ”

“ ဒီလူမှာ အင်မော်တယ်နန်းတော်ရဲ့ အခွင့်အာဏာရှိတယ် ”

တခြားလူများက မည်သို့တွေးနေပါစေ ယင်းကို ဂရုစိုက်နေရန် ရွှီချင်းမှာ အချိန်မရှိပေ။ သခင်လေးသည် သူမထွက်သွားခင် အင်မော်တယ်နန်းတော်၏ အခွင့်အာဏာကို သူ့အား လွှဲပြောင်းပေးခဲ့သည်။ သို့ဖြစ်၍ သီအိုရီအရဆိုလျှင် သူဝင်ရောက်နိုင်သော အလွှာထဲမှ မည်သူ့ကိုမဆို ထုတ်ပယ်ပစ်နိုင်သည်။

သို့ဖြစ်၍ ကြယ်တာရာစက်ဝန်းကို ထုတ်ပယ်ပြီးနောက် ရွှီချင်းက ဖြည်းညင်းစွာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူက နဝမမြောက် အန္တိမတာအိုမှာ လုံးဝ စိတ်နစ်မြှုပ်ထားလိုက်သည်။

နဝမမြောက် အန္တိမတာအို… အန္တိမမျဉ်းပြိုင်…

ရွှီချင်း၏ နားလည်မှုအရ ဤအန္တိမတာအိုက အချိန်သဲကန္တာရထဲမှ ရှေးအကျဆုံး သဲပွင့်နှင့် ဆင်တူသည်။ သဲပွင့်၏ ရွေ့လျားမှုက မတူညီသော အချိန်စီးကြောင်းများကို ဖွဲ့စည်းပေးနိုင်ပြီး မရေမတွက်နိုင်သော အချိန်လေဟာနယ်များကို ဖန်တီးပေးနိုင်သည်။

ထိုအချိန်လေဟာနယ်များက သီအိုရီအရဆိုလျှင် အဆုံးမဲ့သည်။ ၎င်းတို့၏ အပြောင်းအလဲများသည်လည်း အကန့်အသတ်မဲ့သည်။

၎င်းတို့က အတုဖြစ်နိုင်သလို အစစ်လည်း ဖြစ်နိုင်သည်။

၎င်းတို့က တံခါးများနှင့် ဆင်တူသည်။

တစ်စုံတစ်ယောက်သည် ထိုတံခါးများမှတဆင့် အချိန်လေဟာနယ်များထဲမှ သူတို့၏ ခန္ဓာကိုယ်များနှင့် ဆက်သွယ်နိုင်ကြသည်။

ထိုပေါင်းစည်းမှုက နဝမမြောက် အန္တိမတာအိုဖြစ်သည်။

“ ဒီတော့… အဲ့ဒါကို အပြိုင်စကြာဝဠာတွေ ဆင့်ခေါ်ခြင်းလို့ ခေါ်နိုင်တယ် ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်နှင့် ပဉ္စမအလွှာက နောက်တစ်ကြိမ် လှုပ်ခါသွားသည်။ ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ဗလာနတ္ထိထဲမှ ထွက်ပေါ်လာပြီး အော်ပြောလိုက်သည်။

“ မင်း… ”

သို့သော်လည်း သူက စကားလုံးတစ်လုံးသာ အော်ပြောနိုင်ခဲ့သည်။ ရွှီချင်းက သူ့ကို လှည့်မကြည့်ပေ။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ကြယ်တာရာစက်ဝန်းကို နောက်တစ်ကြိမ် မောင်းထုတ်လိုက်သည်။

လှိုင်းဂယက်များက ချက်ချင်း ငြိမ်သက်သွားသည်။ ပဉ္စမအလွှာဆီသို့ နောက်တစ်ကြိမ် ပြန်တတ်လာသော ကြယ်တာရာစက်ဝန်းက ထပ်မံ ပျောက်ကွယ်သွားသည်။ သူက မကျေမချမ်းစိတ်၊ ဒေါသနှင့်အတူ အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။

သူ၏ စကားသံသည်သာ လေထဲမှာ ဆက်လက် ပျံ့လွင့်သွားသည်။

ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ နဝမမြောက် အန္တိမတာအိုကို လှည့်ပတ်လိုက်သည်။ ဤအချိန်လေဟာနယ်ဆက်သွယ်မှုထဲတွင် သူက တဖြည်းဖြည်း ပိုအားကောင်းလာသည်။ နဝမမြောက် မဟာလောကက ပန်းပွင့်တစ်ပွင့်ပမာ ပွင့်လန်းလာပြီး ထွန်းလင်းတောက်ပလာသည်။

ထို့နောက် ပေါင်းစည်းမှုက စတင်လာသည်။

မဟာလောကကိုးခုက ဤအခိုက်အတန့်မှာ အတူတကွ ပေါင်းစည်းသွားကြသည်။ ထို့နောက် ရွှီချင်း၏ ကျင့်ကြံခြင်းက မြင့်တတ်သွားသည်။ သူ၏ အရှိန်အဝါသည်လည်း ကြီးကျယ်မြင့်မြတ်လာသည်။

သူ့ထံမှ ထွက်ပေါ်လာသော အားလှိုင်းအတတ်အကျများက ဝဲကတော့တစ်ခုအဖြစ် ၎င်းတို့ဘာသာ ဖွဲ့စည်းသွားကြသည်။

ဝဲကတော့က အကြမ်းပတမ်း လှည့်ပတ်လာသည်။

ဝဲကတော့ထဲတွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေသော ရွှီချင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို စတင်ထုတ်လွှတ်လိုက်သည်။

အုပ်ချုပ်သူအဆင့်သည် အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းရသော လုပ်ငန်းစဉ်ဖြစ်သည်။ အင်မော်တယ်သန္ဓေသားလောင်း ပြီးမြောက်သွားသည့်အခိုက် ကျင့်ကြံသူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ အုပ်ချုပ်သူအဆင့်ကို အဆင့်သုံးဆင့်ခွဲခြားထားသည်။

ထိုအဆင့်သုံးဆင့်က အစစ်အမှန်၏ ပုံရိပ်ယောင်၊ မဖျက်ဆီးနိုင်ခြင်းနှင့် အင်မော်တယ်သန္ဓေသားလောင်း ဖြစ်သည်။

အစစ်အမှန်၏ ပုံရိပ်ယောင်အဆင့်တွင် တစ်စုံတစ်ယောက်က ၎င်း၏ ဝိညာဉ်ကို အပြင်သို့ ထုတ်လွှတ်ပြီး ရုပ်ခန္ဓာကိုယ်ကို လွှမ်းခြုံစေကာ ရုပ်ခန္ဓာကိုယ်အသစ်တစ်ခုကို ဖွဲ့စည်းရသည်။ ၎င်းက ဝိညာဉ်မှ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ပုံရိပ်‌ယောင်မျှသာ ဖြစ်သည်။ သို့တိုင် ၎င်းမှာ အစစ်အမှန်၏ သဘောတရားလည်း ရှိသည်။

သို့ဖြစ်၍ ထိုအဆင့်ကို အစစ်အမှန်၏ ပုံရိပ်ယောင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ တစ်ကိုယ်လုံးက ထွန်းလင်းတောက်ပလာသည်။ သူ၏ ဝိညာဉ်က အပြင်ဘက်မှာ ထွက်ပေါ်လာသည့်အခါ နတ်ဘုရားရုပ်တုသဖွယ် ထိန်ထိန်လင်းလာသည်။

၎င်းက တင်ပျဉ်ခွေထိုင်နေလေရာ လူ့ဘီလူးငယ်တစ်ကောင်နှင့် ဆင်တူသည်။ အလင်းတန်းက ၎င်း၏ ဘေးပတ်ပတ်လည်မှာ လှည့်ပတ်စီးဆင်းနေသည်။ ယင်းက နတ်ဘုရားဆန်သော အငွေ့အသက်ကို ပေးသည်။

အုပ်ချုပ်သူအဆင့်သည် နတ်ဘုရားလမ်းစဉ်၏ နတ်ဘုရားမီးတောက်အဆင့်နှင့် တူညီသည်။

သို့သော်လည်း တခြားအုပ်ချုပ်သူများနှင့် မတူညီသည်မှာ ရွှီချင်း၏ အစစ်အမှန်ပုံရိပ်ယောင်က မြန်ဆန်စွာ အသွင်ပြောင်းလဲနေသည်။ ၎င်းက ဝေဝါးနေခြင်းမှ မြန်ဆန်စွာ ကြည်လင်သွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ အစစ်အမှန်၏ ပုံရိပ်ယောင်က ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။

ဝိညာဉ်စုစည်းခြင်းအဆင့်ထက် သာလွန်သော အလွန်ကျယ်ပြောသည့် စွမ်းအားက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

ခြေတစ်လှမ်းနှင့်အတူ အုပ်ချုပ်သူအဆင့်သို့…

တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်၏ အပြင်ဘက်၊ အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် အကန့်အသတ်မဲ့ ဟင်းလင်းပြင်ခြားထားသော အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲတွင်…

ဝမ်ကူးကုန်းမြေထဲမှ ဖုန်းဟိုင်ဒေသငယ်အောက်ရှိ နတ်မိမယ်ကျစ်ရွှမ်း တံခါးပိတ်ကျင့်ကြံနေသော မြေအောက်ဖီးနစ်နန်းဆောင်၏ အရှေ့၌…

ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ ၎င်း၏ ဘေးပတ်ပတ်လည်၌ နတ်ဘုရားအလင်းက လှည့်ပတ်စီးဆင်းနေသည်။

၎င်းက ရွှီချင်း၏ နတ်ဘုရားကိုယ်ပွားမှလွဲ၍ တခြားမဟုတ်ပေ။

၎င်း၏ အင်မော်တယ်ခန္ဓာကိုယ်က အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းသွားသည်နှင့်ချက်ချင်း ၎င်းတို့ကြားမှ ဆက်သွယ်မှုအရ ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ထဲမှ နတ်ဘုရားအခွင့်အာဏာက ထွန်းလင်းတောက်ပလာသည်။

နတ်ဘုရားနှင့် အင်မော်တယ်က အချင်းချင်း ပဲ့တင်ပြန်နေသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးက ထိတ်လန့်ချောက်ချားသွားသည်။

ဖီးနစ်နန်းဆောင်ထဲတွင် နတ်မိမယ်ကျစ်ရွှမ်းက မျက်တောင်ခတ်လိုက်သည်။

လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှ နွေဦးထွက်ခွာဧကရီက ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေအောက်၌ ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ကို ချိပ်ပိတ်ထားသော ရှေးခေတ်နယ်မြေထဲတွင် အားညိုက အားကုန်သုံး၍ ပြေးနေသည်။ သူ၏ လက်ထဲတွင် တောင်ကုန်းငယ်တစ်လုံး အရွယ်အစားရှိသော ဦးခေါင်းတစ်လုံးကို ပိုက်ထားသည်။

သူ၏ ပုံစံက ဖရိုဖရဲဖြစ်နေသော်လည်း သူ၏ မျက်လုံးက ဝင်းလက်တောက်ပနေသည်။ သူက ပြေးလွှားနေရင်း စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“ ငါတော့ အကြီးကြီးပွပြီပဲ… ဒီဟာက နည်းနည်းမာပေမဲ့ သေချာပေါက် အရသာရှိမယ့်ပုံပဲ… အဲ့ဒါကို ဖွင့်လှစ်ဖို့ နေရာတစ်နေရာကို ငါရှာရမယ် ”

ဤအခိုက်အတန့်မှာ သူက အမောတကော အသက်ရှူနေရပြီး နေရာတစ်နေရာ ရှာဖွေရန် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုစဉ် သူက တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားပြီး ခေါင်းမော့လိုက်သည်။ သူက အလွန့်အံ့ဩသွားလေရာ မျက်လုံးကျွတ်ထွက်လုနီးပါး ဖြစ်သွားသည်။

“ ယီး… ချင်းလေးက ငါမရှိတုန်း ရတနာတစ်ခုခုကို စားလိုက်တာလား… ဒီကောင်က ဘယ်လိုလုပ် အဆင့်တတ်တာ အရမ်းမြန်ရတာလဲ ”

All Chapters