ခေါင်းမာသော ကြယ်တာရာစက်ဝန်း
Vol. 108 Ch. 1656
အုပ်ချုပ်သူအဆင့်သည် အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းရသော လုပ်ငန်းစဉ်ဖြစ်သည်။
တစ်စုံတစ်ယောက်က အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းနိုင်ပြီး အဆင့်မြင့်အာဏာစက်တစ်ခုကို ပိုင်ဆိုင်နိုင်သည်နှင့် ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ခြေချနိုင်လိမ့်မည်။
ထို့နောက် အင်မော်တယ်သန္ဓေသားလောင်းက အင်မော်တယ်ဖြစ်လာပြီး အာဏာစက်က မြစ်ခွဲများကို ဖန်တီးနိုင်သည့်အခါ ခြေလှမ်းဝက်အင်မော်တယ်က အဆင့်နိမ့်အင်မော်တယ်အဆင့်သို့ တတ်လှမ်းနိုင်လိမ့်မည်။
ထိုအဆင့်သုံးဆင့်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ သူတို့တစ်ဘဝလုံး အိမ်မက်မက်နေကြသောအရာများ ဖြစ်ကြသည်။ သို့သော်လည်း ကျင့်ကြံသူအနည်းစုသာလျှင် ထိုအဆင့်များကို အမှန်တကယ် ရောက်ရှိနိုင်ကြသည်။
အဆင့်တစ်ခုစီက ရက်စက်ကြမ်းကြုတ်သော စမ်းသပ်မှုတစ်ခုဖြစ်ပြီး ပြစ်ချက်ရှိသူများကို အဆုံးစွန်အထိ စစ်ထုတ်လိမ့်မည်။ အဆင့်တစ်ဆင့်မှ နောက်တစ်ဆင့်သို့ တတ်လှမ်းရန် ကံကြမ္မာကောင်းများနှင့် နက်နဲသိမ်မွေ့သော အခြေခံအုတ်မြစ်ကို လိုအပ်သည်။
အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် နတ်ဘုရားများက ဖိနှိပ်ခံထားရလေရာ ကျင့်ကြံသူများက ဘေးကင်းလုံခြုံစွာ ရှင်သန်ကြီးထွားလာကြသည်။ သို့ဖြစ်၍ ဤနေရာမှ အုပ်ချုပ်သူများ၏ အရေအတွက်က အတော်လေး များပြားသည်။ သို့တိုင် အလုံးစုံခြုံကြည့်မည်ဆိုလျှင် အုပ်ချုပ်သူအရေအတွက်က နည်းပါးနေဆဲပင်။
ဝမ်ကူးကုန်းမြေထဲတွင်တော့ နတ်ဘုရားများက အထွတ်အမြတ်တည်ရှိမှုဖြစ်ပြီး ဒြပ်နှောများက နေရာတိုင်းမှာ ပျံ့နှံ့နေသည်။ ထိုသို့ပတ်ဝန်းကျင်မျိုးမှာ အသက်ရှင်ရန်ပင် အလွန်ခက်ခဲပင်ပန်းသည်။ ဝမ်ကူးကုန်းမြေ၏ အထွတ်အထိပ်ကာလမှာပင် အုပ်ချုပ်သူအရေအတွက်က အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် မနှိုင်းယှဉ်နိုင်ပေ။
ယခုကဲ့သို့ နတ်ဘုရားများကျူးကျော်ဝင်ရောက်လာသည့်အခါ ဝမ်ကူးကုန်းမြေထဲတွင် အစစ်အမှန်အုပ်ချုပ်သူများက လက်တစ်ဖက်စာမျှသာ ရှိကြတော့သည်။
ထိုအဆင့်သုံးဆင့်ကို ကျော်လွှားရာတွင် တစ်စုံတစ်ယောက်သည် ၎င်း၏ အာဏာစက်ကို ဆက်ပြီး အဆင့်မြှင့်တင်ပေးရုံသာမက အင်မော်တယ်သန္ဓေသားလောင်းကို အားဖြည့်ပေးရန်လည်း ကြယ်တာရာစက်ဝန်း၏ စွမ်းအားကို စုပ်ယူရလိမ့်မည်။ သို့မှသာလျှင် ကျင့်ကြံသူက အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်။
ထိုထဲမှ မည်သည့်အချက်တစ်ခုကိုမှ လက်လွှတ်၍ မရချေ။
ရွှီချင်းသည် ထိုအကြောင်းကို အစောကြီးကတည်းက သိထားသည်။
သူအဆင့်ချိုးဖြတ်သွားသည့်အခိုက် သူ၏ အားသာချက်နှင့် အားနည်းချက်ကို ရှင်းလင်းစွာ သဘောပေါက်သွားသည်။
ဝိညာဉ်စုစည်းခြင်းအဆင့်တွင် သူ၏ အာဏာစက်က ရှိန်လောက်စရာကောင်းသော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်က အားနည်းချက်ဖြစ်ခဲ့သည်။ ယခု အုပ်ချုပ်သူအဆင့်သို့ သူတတ်လှမ်းသွားသည့်အခါမှာလည်း တူညီသော ပြဿနာဖြင့် ရင်ဆိုင်ရပြန်သည်။
“ စောစောက ပဉ္စမအလွှာဆီ ငါတတ်လှမ်းနိုင်ခဲ့တာက ငါ့ရဲ့ အာဏာစက်ကြောင့်ပဲ ”
“ နဝမမြောက် အန္တိမတာအိုရဲ့ အပြိုင်စကြာဝဠာက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးရဲ့ ပြီးပြည့်စုံတဲ့အဆင့် အာဏာစက်နဲ့ နှိုင်းယှဉ်နိုင်တယ်… အဲ့ဒါက မြစ်ခွဲတစ်ခုနဲ့ သိပ်မကွာခြားဘူး ”
“ ဒါကြောင့် ငါက အုပ်ချုပ်သူအဆင့်နဲ့ ခြေလှမ်းဝက်အင်မော်တယ်အဆင့်မှာ အာဏာစက်ကို ကျင့်ကြံဖို့ မလိုတော့ဘူး… ဒါဆိုရင် ငါလိုအပ်တဲ့ တစ်ခုတည်းသောအရာက အင်မော်တယ်သန္ဓေသားလောင်းရဲ့ မွေးဖွားမှုနဲ့ ကြီးထွားမှုပဲ ”
“ ဒီတော့… အခုကစပြီး ငါအာရုံစိုက်ရမှာက ကြယ်တာရာစက်ဝန်းဆီက စွမ်းအင်ကို စုပ်ယူဖို့ပဲ… အဲ့ဒါက အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ မူလစွမ်းအင်တွေ ဖြစ်တယ်… ကြယ်တာရာစက်ဝန်းရဲ့ စွမ်းအင်ကို အာဟာရဓာတ်အဖြစ် အသုံးပြုပြီးတော့ ငါ့အင်မော်တယ်သန္ဓေသားလောင်းရဲ့ မွေးဖွားမှုနဲ့ ကြီးထွားမှုကို အရှိန်မြှင့်တင်မယ် ”
“ ဒါပေမဲ့ အာဏာစက်ကို လုံးလုံး လျစ်လျူရှုထားလို့တော့ မဖြစ်ဘူး… ဘာလို့လဲဆိုတော့ အဆင့်နိမ့်အင်မော်တယ်အဆင့်ကို ငါတတ်လှမ်းမယ်ဆိုရင် လက်ရှိ ငါ့ရဲ့ အာဏာစက်နဲ့ မလုံလောက်သေးဘူး ”
“ တစ်နည်းပြောရရင်… ဒသမမြောက် အန္တိမတာအို ”
ရွှီချင်းက တင်ပျဉ်ခွေထိုင်နေသည်။ သူက လက်ရှိ သူ၏ ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများကို အာရုံခံနေရင်း စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက အတိတ်ကို ဆင်ခြင်သုံးသပ်ပြီး သူ၏ အနာဂတ်အတွက် အစီအစဉ်ဆွဲလိုက်သည်။
ဒသမမြောက် အန္တိမတာအိုက မည်သည့်အရာဖြစ်ကြောင်း ရွှီချင်း မသိပေ။ ထိုအရာနှင့်ပတ်သက်ပြီး သူ့ဆီမှာ မည်သည့်ဦးတည်ရာမှ မရှိသေးပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူမည်မျှသန်မာကြောင်း ကောင်းကောင်း နားလည်သည်။
“ ငါ့ရဲ့ လက်ရှိတိုက်ပွဲစွမ်းအားက ခြေလှမ်းဝက်အင်မော်တယ်တွေနဲ့ ရင်ဆိုင်နိုင်တယ်… ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းတဲ့ အဆင့်မှာပဲ ရှိသေးတယ်… ဒါကြောင့် ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က အုပ်ချုပ်သူတစ်ပါးလောက်ပဲ သန်မာတယ်… ခြေလှမ်းဝက်အင်မော်တယ်တွေနဲ့ တိုက်ခိုက်တဲ့အခါ အဲ့ဒါက ပြစ်ချက်တစ်ခု ဖြစ်လာလိမ့်မယ် ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
သူက တွေးတောနေစဉ် အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
သူကြည့်နေစဉ်မှာပင် ဟင်းလင်းပြင်က တအိအိလှုပ်ခတ်လာပြီး စူးရှသော အားလှိုင်းအတတ်အကျများက ထွက်ပေါ်လာကြသည်။ ဤသည်မှာ တစ်စုံတစ်ယောက်က အပြင်ဘက်မှ အတင်းအကျပ် ဝင်ရောက်လာနေသည့်အလားပင်။
ထုံးစံအားဖြင့် ထိုလူက မည်သူဖြစ်ကြောင်း ရွှီချင်း သိသည်။
သို့သော်လည်း…
“ သူက အပြင်မှာ အဆင့်ချိုးဖြတ်လိုက်တာလား ”
ရွှီချင်း၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။ သူလှမ်းကြည့်လိုက်သည်နှင့် ဟင်းလင်းပြင်ထဲမှ လှိုင်းများက ပိုပြီးကျယ်ပြန့်လာပြီး ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။
သူထွက်ပေါ်လာသည့်အခိုက် သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက အလွန်အားကောင်းစွာ ပျံ့လွင့်ထွက်လာသည်။ ယင်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ အရှိန်အဝါ ဖြစ်သည်။
“ ရွှီချင်း ”
ဒေါသတကြီး အော်သံက ကောင်းကင်ကို တုန်ခါသွားစေပြီး အရပ်ရှစ်မျက်နှာကို ဝုန်းခနဲ မြည်သွားစေသည်။
ဤအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းက ရွှီချင်းကို စူးစိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက ပိုပြီးနီရဲသွားသည်။
သူက အမှန်တကယ် အဆင့်ချိုးဖြတ်ခဲ့သည်။
သူ့မှာ အဆင့်ချိုးဖြတ်ရန်မှလွဲ၍ တခြားရွေးချယ်စရာမရှိပေ။ အကြိမ်ပေါင်းများစွာ ထုတ်ပယ်ခံရပြီးနောက် ပဉ္စမအလွှာမှာ သူအဆင့်တတ်ရန် မဖြစ်နိုင်တော့ကြောင်း နားလည်သွားသည်။
သို့ဖြစ်၍ သူက အပြင်မှာ သူ၏ ကျင့်ကြံခြင်းကို အဆင့်ချိုးဖြတ်ရန် စိတ်ဓာတ်ပြတ်သားစွာ ရွေးချယ်ခဲ့သည်။
ထုံးစံအားဖြင့် သူ၏ အဆင့်ချိုးဖြတ်မှုက မပြည့်စုံတော့ပေ။
ဤအခိုက်အတန့်မှာ အစောနက သူဖိနှိပ်ထားခဲ့သော ရွှီချင်းအပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က အလွန်အားကောင်းစွာ ပေါ်လျှိုးလာသည်။
ကြယ်တာရာစက်ဝန်း၏ နီရဲနေသော မျက်လုံးကို မြင်တွေ့ပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိပြီးနောက် ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ ငါမင်းကို စောင့်နေတာ အတော်ကြာပြီ ”
ထိုစကားက ပဉ္စမအလွှာကို လှိုင်းထသွားစေသည်။ လေပြင်းတိုက်ခတ်သံများ၊ မိုးကြိုးပစ်ခတ်သံများနှင့်အတူ အချိန်လေဟာနယ်လှိုင်းများက ဤနေရာမှာ တရစပ် ဖွဲ့စည်းသွားကြသည်။
ထိုလှိုင်းများက ကြယ်တာရာစက်ဝန်း၏ ဘေးပတ်ပတ်လည်မှာ ပဲ့တင်ထပ်သွားကြသည်။ ယင်းတို့က သူ၏ အရှေ့၊ အနောက်၊ ဘယ်နှင့် ညာတွင် ပျံ့လွင့်သွားကြသည်။ ထို့အတူ သူ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်သည်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ရွှီချင်း၏ မျက်လုံးထဲတွင် ထွန်းလင်းတောက်ပသော ကြယ်များက ထွက်ပေါ်လာကြသည်။ ယင်းတို့က အချိန်လေဟာနယ်အလင်းနှင့်အတူ ရောင်ဝါတောက်ပနေကြသည်။
သူ၏ အကြည့်အောက်မှာ ကြယ်တာရာစက်ဝန်းက တစ်ယောက်တည်း မဟုတ်တော့ပေ။
သူက မရေမတွက်နိုင်သော အချိန်လေဟာနယ်များကို မြင်တွေ့သွားသည်။ ထိုအချိန်လေဟာနယ်များထဲတွင် ကြယ်တာရာစက်ဝန်း၏ တခြားမူကွဲများ ရှိကြသည်။
တချို့က ရူးသွပ်နေပြီး တချို့က အထင်သေးရှုံ့ချပုံပေါ်သည်။ တချို့က နှုတ်ဆိတ်နေပြီး တချို့က ရက်စက်ကြမ်းကြုတ်ပုံပေါ်သည်။ တချို့သည်တော့ ခါးသီးသော အမူအရာဖြင့် ရှိနေကြသည်။
မရေမတွက်နိုင်သော အချိန်လေဟာနယ်များထဲတွင် ရွှီချင်းက မရေမတွက်နိုင်သော ကြယ်တာရာစက်ဝန်းများကို မြင်တွေ့သွားသည်။
‘ အမြင် ’က အာဏာစက်၏ ပထမအဆင့်သာဖြစ်ပြီး လွှမ်းမိုးခြယ်လှယ်ခြင်းက ဒုတိယအဆင့် ဖြစ်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် မူလလောကထဲမှ ကြယ်တာရာစက်ဝန်းကိုသာမက တခြားအချိန်လေဟာနယ်များထဲမှ ကြယ်တာရာစက်ဝန်းများကိုလည်း သူလွှမ်းမိုးခြယ်လှယ်နိုင်ကြောင်း ရှင်းလင်းစွာ အာရုံခံမိသွားသည်။
အမှန်မှာ အကယ်၍ သူ၏ အာဏာစက်အစွမ်းသာ လုံလောက်မည်ဆိုလျှင် သူက တစ်ဖက်လူကို တိုက်ရိုက် သတ်ပစ်နိုင်လိမ့်မည်။
သူက အချိန်လေဟာနယ်များထဲမှ တစ်ဖက်လူနှင့်ပတ်သက်သော အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။ အကျိုးတရားနှင့် အကြောင်းတရားသော်လည်းကောင်း သို့မဟုတ် ကံကြမ္မာသော်လည်းကောင်း၊ ပြန်လည်မွေးဖွားခြင်းသည်ပင် ချွင်းချက်မရှိ ဖျက်ဆီးခံရလိမ့်မည်။
ထိုခံစားမှုက အတိတ်မှာ ယုလျှိုချန်းပြောခဲ့ဖူးသော အစစ်အမှန်နတ်ဘုရားအကြောင်းကို ရွှီချင်းအား ပြန်အမှတ်ရသွားစေသည်။
အစစ်အမှန်နတ်ဘုရားများ ပြန်ရောက်လာနိုင်သည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အစစ်အမှန်နာမည်က ဖျက်ဆီးမခံရသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့က သေဆုံးသွားလျှင်ပင် တစ်စုံတစ်ယောက်က ၎င်းတို့ကို မှတ်မိနေသေးသရွေ့ ၎င်းတို့၏ အစစ်အမှန်နာမည်မှတဆင့် ပြန်ရောက်လာနိုင်ကြသည်။
အတိတ်မှာ ထိုစကားကို ရွှီချင်းကြားခဲ့စဉ်က ယုလျှိုချန်း၏ ဆိုလိုရင်းကို သူနားမလည်ခဲ့ပေ။ သို့သော်လည်း ယင်းက အလွန်အထင်ကြီးစရာကောင်းသည်ဟု သူခံစားမိသည်။ အစစ်အမှန်နတ်ဘုရားများက အမှန်တကယ် ကြောက်စရာကောင်းသည်ဟုသာ သူတွေးမိခဲ့သည်။
သို့သော်လည်း ယခု သူနားလည်သွားသည်။
ပြန်ရောက်လာသည့်သူက တစ်ယောက်တည်းဖြစ်လိမ့်မည်ဟု သေချာမပြောနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သေဆုံးပြီးနောက် ပြန်ရောက်လာသည့်သူက တခြားအချိန်လေဟာနယ်ထဲမှ နတ်ဘုရားတစ်ပါး ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။
ရွှီချင်းက ထိုသို့တွေးနေစဉ် ကြယ်တာရာစက်ဝန်းက အပြင်းအထန် နှလုံးတုန်သွားသည်။
“ ကံမကောင်းစွာပဲ ငါ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိသေးတယ်… ပြီးတော့ ငါ့ရဲ့ နဝမမြောက် အန္တိမတာအိုက အထွတ်အထိပ်ကို မရောက်သေးဘူး… ဒါကြောင့် လက်ရှိ ငါက အချိန်လေဟာနယ်အားလုံးကို မခြယ်လှယ်နိုင်သေးဘူး ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ကြယ်တာရာစက်ဝန်းကို မျက်နှာမူလိုက်သည်။ ထို့နောက် သူက လက်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ဤအခိုက်အတန့်မှာ ကြယ်တာရာစက်ဝန်းက ရွှီချင်း၏ ညှို့ဓာတ်ကိန်းအောင်းနေသော မျက်လုံးကို စိုက်ကြည့်လိုက်လေရာ နှလုံးတုန်သွားပြီး ဦးရေပြားစပ်ဖျင်းဖျင်း ခံစားမိသွားသည်။
တစ်ချိန်တည်းမှာ သူ၏ အသက်ရှူသံက မြန်လာပြီး အလွန်အားကောင်းသော အန္တရာယ်ကပ်ဘေးကို ခံစားမိသွားသည်။
ဤသည်မှာ သူက ထွင်းဖောက်မြင်ခံလိုက်ရသည့်အလားပင်။
သူ၏ ကမ္မ၊ ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းက ထွင်းဖောက်မြင်ခံလိုက်ရဟန် ရ၏။ သို့ဖြစ်၍ သေခြင်းအငွေ့အသက်က ရုတ်တရက် သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ အမိန့်သံကြိုးများက ကြယ်တာရာစက်ဝန်း၏ ဘေးမှာ ထွက်ပေါ်လာကြသည်။ အမိန့်သံကြိုးများက သူ့ကို ဝန်းရံသွားကြစဉ် ကြောက်မက်ဖွယ်ကောင်းသော ခြေလှမ်းဝက်အင်မော်တယ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
သူက တိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။
ထိုစဉ် ရွှီချင်းက ကြယ်တာရာစက်ဝန်းထံသို့ ရည်ရွယ်ထားသော သူ၏ လက်ကို ညင်သာစွာ ဆုပ်လိုက်သည်။
တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
“ ပြစ်ချက်မဲ့လောက ”
ထိုစကားသံ ထွက်ပေါ်လာပြီး သူလက်သီးဆုပ်လိုက်သည်နှင့်ချက်ချင်း ရွှီချင်းမြင်နေရသော ကြယ်တာရာစက်ဝန်း၏ ဘေးပတ်ပတ်လည်မှ အချိန်လေဟာနယ်များက ဝုန်းခနဲ မြည်သွားပြီး ပရမ်းပတာ လှုပ်ခတ်သွားသည်။ ယင်းတို့က ဖရိုဖရဲ ပေါက်ကွဲသွားကြသည်။
ထိုပေါက်ကွဲမှုက မျက်စိတစ်မှိတ်အတွင်း အလွန်အားကောင်းလာပြီး အချိန်လေဟာနယ်မုန်တိုင်းအဖြစ် ပြောင်းလဲသွားကာ ကြယ်တာရာစက်ဝန်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားသည်။
ဤမတိုင်ခင် ရွှီချင်းက ပြစ်ချက်မဲ့လောကကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူလုပ်နိုင်သည်မှာ ယင်းကို ဖရိုဖရဲအသက်သွင်းနိုင်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ နဝမမြောက် အန္တိမတာအိုကို ကျွမ်းကျင်ပြီးနောက် သူက ယခင်တုန်းကနှင့် ကွာခြားသွားသည်။
ရွှီချင်းက လက်သီးဖွင့်ပြီး ဆုပ်လိုက်ရုံဖြင့် ဖရိုဖရဲအချိန်လေဟာနယ်မုန်တိုင်းက ချက်ချင်း ထွက်ပေါ်လာပြီး အရာအားလုံးကို ဒေါသတကြီး ဝါးမျိုသွားလိမ့်မည်။
ဤအခိုက်အတန့်မှာ လက်ရှိပစ္စုပ္ပန်အပါအဝင် ကြယ်တာရာစက်ဝန်းရှိသော အချိန်လေဟာနယ်ကိုးခုက ဖရိုဖရဲအချိန်လေဟာနယ်မုန်တိုင်း၏ ဝါးမျိုခံလိုက်ရသည်။
ထိုအချိန်လေဟာနယ်များထဲမှ ကြယ်တာရာစက်ဝန်းများသည် သူတို့က မုန်တိုင်းအတွင်းသို့ ကျရောက်သွားကြောင်း ချက်ချင်း သတိပြုမိသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားပြီး သူတို့ထုတ်ဖော်ထားသော အမိန့်သံကြိုးများက အချိန်၏ တိုက်စားမှုအောက်မှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။
ယင်းက ကြေညာနေခြင်းနှင့် ဆင်တူသည်။
မည်သည့်အမိန့်မဆို အချိန်စီးဆင်းမှုထဲမှာ အတိတ်သာ ဖြစ်လာလိမ့်မည်။
အချိန်လေဟာနယ်ကိုးခုထဲမှ ကြယ်တာရာစက်ဝန်းသုံးယောက်က နှလုံးကွဲကြွေစွာ အော်ဟစ်ညည်းညူလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက အချိန်၏ တိုက်စားမှုအောက်မှာ ပြာမှုန်ဖြစ်သွားကြသည်။ အင်မော်တယ်သန္ဓေသားလောင်းသည်သာ ထိုနေရာမှာ ကျန်နေခဲ့သည်။ သို့သော်လည်း ၎င်းက မြန်ဆန်စွာ အရည်ပျော်သွားနေသည်။
၎င်းက အချိန်ကြာကြာ တောင့်ခံနိုင်မည့်ပုံမပေါ်ချေ။
ကျန်အချိန်လေဟာနယ်ခြောက်ခုထဲမှ ကြယ်တာရာစက်ဝန်းများသည်လည်း အချိန်၏ တိုက်စားမှုအောက်မှာ စတင်လွင့်ပြယ်နေကြသည်။
သူတို့၏ အတွေ့အကြုံများက မူလလောကပေါ်ကိုလည်း သက်ရောက်မှုရှိသည်။ သို့ဖြစ်၍ မူလလောကထဲမှ ကြယ်တာရာစက်ဝန်းက သွေးတစ်ပွက် အန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်က စတင်ယိုယွင်းပျက်စီးလာသည်။
ယင်းက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအား ဖြစ်သည်။
ယင်းက အင်မော်တယ်သန္ဓေသားလောင်းအပေါ်မှာ သက်ရောက်နိုင်စွမ်း ရှိသည်။
ဆန့်ကျင်ဘက်အနေဖြင့် တစ်စုံတစ်ယောက်၏ အာဏာစက်က မည်မျှအစွမ်းထက်ပါစေ အကယ်၍ ယင်းက အင်မော်တယ်သန္ဓေသားလောင်းကို မလှုပ်ခါနိုင်ဘူးဆိုလျှင် ၎င်းမှာ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအားရှိသည်ဟု သတ်မှတ်နိုင်လိမ့်မည် မဟုတ်ချေ။
မတူညီသော အာဏာစက်များမှာ မတူညီသော ဒြပ်ထည်ဖွဲ့စည်းမှုများ ရှိသည်။
မျဉ်းပြိုင်အာဏာစက်က အပြိုင်စကြာဝဠာများကို ဖြစ်ပေါ်စေနိုင်သည်။ ယင်းက အချိန်လေဟာနယ်အများအပြားကို ဖျက်ဆီးခြင်းဖြင့်လည်း လှိုင်းများကို ဖန်တီးပေးနိုင်သည်။
အကယ်၍ လီမုန့်တုဆိုလျှင် သူ၏ အဆိပ်က ဤအဆင့်သို့ ရောက်ရှိသွားပြီးနောက် ယိုယွင်းတိုက်စားခံရမည့်လူက မူလခန္ဓာကိုယ်ဖြစ်လိမ့်မည်။
ကြယ်တာရာစက်ဝန်းသည်လည်း ထိုနည်းတူပင်။ အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေခံက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားသည့်အခါမှာ ဖြစ်သည်။
သူ၏ အဆင့်ချိုးဖြတ်မှုက သူ့အမြင်မှာ မပြည့်စုံသော်လည်း သူ၏ တိုက်ပွဲစွမ်းအားက ရှိန်လောက်စရာကောင်းနေဆဲပင်။
သို့ဖြစ်၍ သူက တခြားအချိန်လေဟာနယ်များထဲမှ သူ၏ မူကွဲများကို မမြင်နိုင်သော်လည်း သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ဒဏ်ရာရရှိသွားကြောင်း အာရုံခံမိသွားပြီးနောက် တန်ပြန်တိုက်ခိုက်လိုက်သည်။
မရေမတွက်နိုင်သော အမိန့်သံကြိုးများက ရွှေရောင်တောက်ပလာကြသည်။ ယင်းတို့က အတူတကွ စုဝေးသွားပြီးနောက် ချိန်ခွင်တစ်ခုကို ဖန်တီးလိုက်သည်။
ချိန်ခွင်၏ တစ်ဖက်မှာ သူရှိပြီး အခြားတစ်ဖက်မှာတော့ ရွှီချင်းရှိသည်။
အပေါ်မှ ချိန်ခွင်လျှာက ညီတူညီမျှဖြစ်ကြောင်း ဖော်ပြနေသည်။
ထိုချိန်ခွင် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မမြင်နိုင်သော စွမ်းအင်တစ်ခုက သူတို့နှစ်ယောက်ကို အတူတကွ ဆက်သွယ်ပေးလိုက်သည်။
ဤအခိုက်အတန့်မှာ ရွှီချင်း ထုတ်လွှတ်ထားသော အချိန်လေဟာနယ်မုန်တိုင်းက ချိန်ခွင်၏ အခြားတစ်ဖက်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်ပြီး ချိန်ခွာလျှာ၏ ညီမျှမှုကို တိမ်းစောင်းသွားစေသည်။
ညီမျှမှု မရှိတော့သည့်အခါ အလွန်ကျယ်ပြောသော စွမ်းအားက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ကြယ်တာရာစက်ဝန်းပေါ်သို့ ဆင်းသက်သွားသည်။ ယင်းက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ သူ့အပေါ်သို့ သွန်းလောင်းပေးလိုက်သည်။ ကျယ်ပြောသော စွမ်းအားက ဆက်လက် စုစည်းသွားသည်နှင့်အမျှ ၎င်း၏ အလေးချိန်က ထပ်တိုးသွားပြီး မူလရှိနေခဲ့သော ညီမျှမှုကို အတင်းအကျပ် ပြန်ရောက်စေသည်။
ယင်းက ခွန်အားချေးငှားခြင်းနှင့် ဆင်တူသည်။
ယင်းက ကြယ်တာရာစက်ဝန်း ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ချိုးဖြတ်ပြီးနောက် အဆင့်မြင့်တတ်သွားသော သူ၏ အာဏာစက်မှ ဖြစ်ပေါ်လာသည့် ဥပဒေသဖြစ်သည်။
သူ၏ ရန်သူက ပိုပြီးအစွမ်းကြီးမားလေ သူငှားယူနိုင်သော ပြင်ပစွမ်းအားက ပိုပြီးများပြားလေ ဖြစ်သည်။ နောက်ဆုံးမှာတော့ ယင်းက အလွန်ကျယ်ပြောသော စွမ်းအားကို ဖွဲ့စည်းပေးနိုင်ပြီး အရာအားလုံးကို ဖိနှိပ်ပစ်လိမ့်မည်။
ထိုသို့အံ့ဖွယ်ကောင်းသော အာဏာစက်ဖြင့် ရင်ဆိုင်ရသောအခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။
“ စိတ်ဝင်စားစရာပဲ… ဒါဆိုရင် ဘယ်သူက အကန့်အသတ်ကို အရင်ရောက်မလဲ ကြည့်ကြတာပေါ့ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
သူက ကုချင်း၏ ကြိုးများကို တီးခတ်လိုက်သည့်အလား သူ၏ ခန္ဓာကိုယ်ထဲမှ နဝမမြောက် အန္တိမတာအိုက တအိအိလှုပ်ခတ်သွားသည်။
ချက်ချင်းဆိုသလို ဖရိုဖရဲအချိန်လေဟာနယ်မုန်တိုင်းက တစ်ဟုန်ထိုး အားကောင်းလာပြီး တခြားအချိန်လေဟာနယ်များထဲမှ ကြယ်တာရာစက်ဝန်းများထံသို့ ပျံသန်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အချိန်လေဟာနယ်မုန်တိုင်းက ဆယ့်တစ်ခုမြောက် အချိန်လေဟာနယ်ကို ဝါးမျိုလိုက်သည်။
ထို့နောက် ဆယ့်နှစ်ခုမြောက်၊ ဆယ့်သုံးခုမြောက်၊ ဆယ့်လေးခုမြောက်…
တစ်ချိန်တည်းမှာ ချိန်ခွင်လျှာ၏ မညီမျှမှုက ထွက်ပေါ်လာသည်။ ထို့အတူ ပြင်ပစွမ်းအားက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ညီမျှမှုကို အတင်းအဓမ္မ ပြန်ရောက်စေသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ အချိန်လေဟာနယ်မုန်တိုင်း၏ ဝါးမျိုမှုက အရှိန်မြှင့်တင်သွားပြီး ဆယ့်ရှစ်ခုမြောက် အချိန်လေဟာနယ်ပေါ်သို့ သက်ရောက်သွားသည်။
သူက ဤတိုက်ပွဲကို အသုံးပြု၍ သူ၏ နဝမမြောက် အန္တိမတာအိုနှင့် အကျွမ်းတဝင်ရှိစေရန် ကြိုးစားလိုက်သည်။
ကြယ်တာရာစက်ဝန်း၏ အကန့်အသတ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ရွှီချင်း၏ မုန်တိုင်းက နှစ်ဆယ်ခုမြောက် အချိန်လေဟာနယ်ကို ဝါးမျိုလိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။
ဗုန်း…
ချိန်ခွင်က အက်ကွဲသွားသည်။
ရွှီချင်းက တင်ပျဉ်ခွေထိုင်နေရာမှ ပြန်မတ်တတ်ရပ်လိုက်သည်။
အပြိုင်စကြာဝဠာ(၂၀)က သူ၏ အကန့်အသတ် မဟုတ်ပေ။ အကယ်၍ သူသာ နဝမမြောက် အန္တိမတာအိုကို အားအင်အပြည့် ထုတ်လွှတ်လိုက်မည်ဆိုလျှင် သူဝါးမျိုနိုင်သော အချိန်လေဟာနယ်လှိုင်းများ၏ အရေအတွက်က ငါးဆယ်နီးပါး ရှိနိုင်လိမ့်မည်။
ကြယ်တာရာစက်ဝန်းက ဤအခိုက်အတန့်မှာ သွေးအန်လိုက်ရသည်။ အက်ကွဲကြောင်းအများအပြားက သူ၏ အင်မော်တယ်သန္ဓေသားလောင်းပေါ်မှာ ထွက်ပေါ်လာသည်နှင့် သူက အဝေးသို့ လွင့်စင်သွားသည်။
သို့သော်လည်း သူက အတွေးမပျံ့လွင့်သွားချေ။
အစောနက ယှဉ်ပြိုင်မှုတွင် သူရှုံးနိမ့်ခဲ့ရသော အကြောင်းအရင်းကို ရှင်းလင်းစွာ သိသည်။ ထိုသို့ဖြစ်ရခြင်းမှာ တစ်ဖက်လူ၏ အာဏာစက်က အလွန်အမင်း အစွမ်းထက်ခြင်းကြောင့်ဖြစ်သလို သူ၏ အဆင့်တတ်မှုက မပြည့်စုံခဲ့ကြောင့်လည်း ဖြစ်သည်။
“ ရွှီချင်း… မင်းက တကယ်ပဲ အရမ်းသန်မာတယ်… ဒါပေမဲ့ မင်းရဲ့ အားနည်းချက်ကလည်း အရမ်းထင်ရှားတယ်… မင်းရဲ့ အင်မော်တယ်သန္ဓေသားလောင်းက… အစစ်အမှန်ရဲ့ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိသေးတယ် ”
ကြယ်တာရာစက်ဝန်းက ဒယိမ်းဒယိုင် မတ်တတ်ရပ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။