နံပါတ်တစ်ကြယ်ပွင့် ရွှီချင်း
Vol. 108 Ch. 1658
သူက အမှန်တကယ် မဝေးပေ။
ပဉ္စမအလွှာထဲတွင် ကြယ်တာရာစက်ဝန်း အသတ်ခံလိုက်ရသည့်အခိုက် အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ဖြစ်သော အင်မော်တယ်ကြိုဆိုစင်မြင့်၏ အရှေ့တွင်…
ဝေဝါးသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။
ထိုနေရာသည် အင်မော်တယ်နန်းတော်ဆီသို့ ဦးတည်နေသော လမ်းကြောင်းသုံးခုထဲမှ တစ်ခုဖြစ်သည်။ ယင်းက အတိတ်မှာ အဝေးမှ ရွှီချင်းမြင်ခဲ့သော တံတားတစ်စင်းဖြစ်သည်။
ဤအခိုက်အတန့်မှာ မြူခိုးက တအိအိလှုပ်ခတ်သွားစဉ် ပုံရိပ်တစ်ခုက ဒြပ်ထည်ဖွဲ့စည်းသွားသည်။ ထို့နောက် ၎င်းက ချက်ချင်း အနောက်ဆုတ်သွားပြီး အင်မော်တယ်ကြိုဆိုစင်မြင်ပေါ်မှာ ပြန်ပေါ်လာသည်။
အပြာရောင်ကျောက်ပြားပေါ်သို့ ခြေချလိုက်သည်နှင့် ပုံရိပ်က တုန်ယင်သွားပြီး ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။
၎င်း၏ အသက်ရှူသံက မြန်ဆန်နေပြီး ၎င်း၏ ရင်ဘက်က ဖားဖိုတစ်ခုနှယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ၎င်း၏ ပုံစံကို ကြည့်ရသည်မှာ သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာခဲ့ပုံပေါ်သည်။
၎င်းက ကြယ်တာရာစက်ဝန်းမှလွဲ၍ တခြားမဟုတ်ပေ။
သို့သော်လည်း သူ၏ လက်ရှိ အရှိန်အဝါက ပရမ်းပတာဖြစ်နေပြီး အားနည်းသော အငွေ့အသက်က သူ့ထံမှ ထွက်ပေါ်နေသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်တစ်ဝက်က ပုံရိပ်ယောင်ဖြစ်ပြီး တစ်ဝက်က အစစ်အမှန်ဖြစ်သည်။
“ ရွှီချင်း… ”
ကြယ်တာရာစက်ဝန်း၏ အမူအရာက မည်းမှောင်နေသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး အင်မော်တယ်နန်းတော်၏ ထွက်ပေါက်ဆီသို့ အရှိန်မြှင့်တင်လိုက်သည်။
နောက်အခိုက်အတန့်မှာ သူက အင်မော်တယ်နန်းတော်ထဲမှ ထွက်သွားသည်။
အပြင်သို့ သူပျံသန်းထွက်လာသည့်အခိုက် လူအများအပြားက အင်မော်တယ်ကျဆုံးလွင်ပြင်ပေါ်မှာ တင်ပျဉ်ခွေလျက် တရားထိုင်နေကြောင်း မြင်တွေ့သွားသည်။
သူက လူအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်လေရာ လီမုန့်တုနှင့် ကျိုးကျန်းလီကို မြင်တွေ့သွားသည်။
သူ၏ အကြည့် ကျရောက်လာသည့်အခိုက် တင်ပျဉ်ခွေထိုင်နေကြသော ကျင့်ကြံသူများက ယင်းကို အာရုံခံမိသွားကြသည်။ အထူးသဖြင့် လီမုန့်တုနှင့် ကျိုးကျန်းလီ ဖြစ်သည်။ သူတို့က ချက်ချင်း ခေါင်းမော့လိုက်ကြပြီး ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်ကြသည်။
လီမုန့်တုက မျက်မှောင်ကြုတ်လိုက်စဉ် ကျိုးကျန်းလီက နက်နဲစွာ တွေးတောလိုက်သည်။
ကြယ်တာရာစက်ဝန်းက မရပ်တန့်သွားပေ။ သူက ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ အရှိန်မြှင့်တင်လိုက်သည်။
သူက ဤအခိုက်အတန့်မှာ အမြန်ဆုံး အလျင်ကို ထုတ်သုံးလိုက်သည်။
အင်မော်တယ်ကျဆုံးလွင်ပြင်၏ အစွန်းသို့ ရောက်ရှိသွားသည့်အခါမှသာ သူက ခေါင်းလှည့်လိုက်ပြီး အင်မော်တယ်နန်းတော်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။
သူ၏ တစ်ဝက်ပုံရိပ်ယောင် တစ်ဝက်အစစ်အမှန်ဖြစ်နေသော ပုံစံသည်တော့ အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ယောင်က ပျောက်ကွယ်သွားပြီး အပြည့်အဝ စစ်မှန်လာသည်။
ယင်းက သူ၏ အသက်ကယ်နည်းလမ်းဖြစ်ပြီး ကြယ်တာရာစက်ဝန်းမျှော်စင်၏ လျှို့ဝှက်အတတ်ပညာတစ်ခု ဖြစ်သည်။
တာအိုစတေးခြင်းမှတဆင့် သူက သူ့သေဆုံးမှုမှာ အစားထိုးနိုင်မည့် သူ့ကိုယ်ပိုင် ကြယ်တာရာမျှော်စင်တစ်ခုကို ပုံဖော်နိုင်သည်။
ယင်းက သေခြင်းရှင်ခြင်းကပ်ဘေးကို ဖြေရှင်းပေးနိုင်သည်။
ဤနှစ်များမှာ သူက ကြယ်တာရာမျှော်စင်ခုနစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။
“ ဒီနေရာမှာ မျှော်စင်တစ်ခုကို ဆုံးရှုံးသွားမယ်လို့ ငါမမျှော်လင့်ထားဘူး… ”
ပဉ္စမအလွှာထဲမှ ကိစ္စများကို ပြန်ဆင်ခြင်လိုက်သည့်အခါ ကြယ်တာရာစက်ဝန်းက စိုးရိမ်ကြောင့်ကြမှုကို ခံစားမိသွားသည်။ အာဏာစက်အပေါ် တစ်ဖက်လူ၏ ဆင်ခြင်နားလည်မှုက သူ့ထက် အများကြီး သာလွန်ကြောင်း သူဝန်ခံရလိမ့်မည်။
“ သူ့ရဲ့ အာဏာစက်က သတ်ဖြတ်ခြင်းမှာရော ပုန်းကွယ်ခြင်းမှာရော ကြောက်စရာကောင်းတဲ့အဆင့်ထိ ရောက်နေပြီ ”
“ ဒါကြောင့်… တကယ်လို့ သူ့ကို ငါဖိနှိပ်ချင်တယ်ဆိုရင် ငါ့ရဲ့ အာဏာစက်က သူထိန်းချုပ်နိုင်တဲ့ အချိန်လေဟာနယ်အားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အားကောင်းနေမှ ရမယ်… မဟုတ်ရင် သူ့ကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ”
“ ဒါမှမဟုတ်ရင်… ”
အနက်ရောင်အလင်းက ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါ့ရဲ့ ကောင်းကင်ဘုံဥပဒေသအောက်မှာ သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာဖွေဖို့လိုလိမ့်မယ် ”
“ သူ့ရဲ့ အကြီးမားဆုံး အားနည်းချက်က… သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ပဲ ”
“ သူ့ရဲ့ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်မှာပဲ ရှိသေးပြီး သူ့ရဲ့ အင်မော်တယ်သန္ဓေသားလောင်းက အခုမှ ဖွဲ့စည်းနေတုန်းပဲ ရှိသေးတယ်… ဒီတော့ တကယ်လို့ ငါသာ သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာနိုင်မယ်ဆိုရင်… ”
“ အဲ့ဒါဆိုရင် သူ့ကို သတ်နိုင်ဖို့ ငါ့မှာ အခွင့်အရေးတစ်ခု ရှိလိမ့်မယ် ”
ကြယ်တာရာစက်ဝန်းက နှုတ်ဆိတ်သွားပြီး နောက်ဆုံးမှာတော့ ခေါင်းခါလိုက်သည်။
မည်သို့ဖြစ်ပါစေ ယင်းက သူတွက်ချက်ထားသော သီအိုရီတစ်ခုသာ ဖြစ်သည်။
သူ၏ လက်ရှိအခြေအနေက ထိုသို့မလုပ်ဆောင်နိုင်ကြောင်း ကြယ်တာရာစက်ဝန်း သိသည်။
သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပျောက်ကွယ်သွားသည်။
တစ်ဖက်လူက သူ့နောက်ကို ဆက်ပြီး လိုက်ဖမ်းမည်လော သူမသေချာပေ။ သို့သော်လည်း သူ၏ နှလုံးသားထဲမှ အန္တရာယ်ခံစားမှုက ယခုထိ မပျောက်ကွယ်သေးပေ။
သို့ဖြစ်၍ သူက ဤအနောက်ပိုင်းကြယ်စင်စုထဲမှ ထွက်သွားပြီး အရှေ့ပိုင်းကြယ်စင်စုဆီသို့ မြန်နိုင်သမျှမြန်မြန် ပြန်သွားရမည်ဖြစ်ကြောင်း သိသည်။
အရှေ့ပိုင်းကြယ်စင်စုဆီသို့ ရောက်ရှိမှသာလျှင် ထိုအန္တရာယ်ကို သူရှောင်ရှားနိုင်လိမ့်မည်။
…..
တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်၏ ပဉ္စမအလွှာထဲတွင် ရွှီချင်းက သူ၏ လက်ဖဝါးပေါ်မှ အရှိန်အဝါအမျှင်တန်းကို ကြည့်လိုက်ပြီး ဖျစ်ညှစ်လိုက်ကာ ယင်းကို အချိန်လေဟာနယ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ခြေလှမ်းဝက်အင်မော်တယ်များကို ကြည့်လိုက်သည်။
သူက မည်သည့်စကားမှ မပြောဘဲ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်က ချက်ချင်း ဝေဝါးသွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ဝေဝါးနေခြင်းမှ ပြန်ကြည်လင်လာသည်။
“ ဆဌမအလွှာဆီ တကယ်ပဲ ငါမဝင်ရောက်နိုင်ဘူး ”
အစောနက ဆဌမအလွှာဆီသို့ သူဝင်ရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဆဌမအလွှာဆီသို့ အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအားရှိသူများသာ ဝင်ရောက်နိုင်ကြောင်း သူသိသော်လည်း သူက ပဉ္စမအလွှာဆီသို့ ရောက်ရှိနေမှတော့ ထုံးစံအားဖြင့် ကြိုးစားကြည့်ချင်သေးသည်။
ယင်းကို အတည်ပြုပြီးနောက် ရွှီချင်းက အရှေ့သို့ နောက်တစ်ခါ ခြေလှမ်း လှမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဆဌမအလွှာဆီသို့ မသွားပေ။ ယင်းအစား သူက ပြန်ထွက်သွားသည်။
သူ၏ ပုံရိပ်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူပြန်ပေါ်လာသည့်အခါ သူက အင်မော်တယ်နန်းတော်၏ ဝင်ပေါက်ဖြစ်သော အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။
“ ဒီတစ်ကြိမ် အင်မော်တယ်နန်းတော်ရဲ့ ကံကြမ္မာက ငါ့အတွက် အဆုံးသတ်သွားစေ ”
ရွှီချင်းက အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်မှာ ရပ်နေရင်း အင်မော်တယ်နန်းတော်ကို ကြည့်လိုက်သည်။
အတွေ့အကြုံအများအပြားက သူ၏ စိတ်ထဲမှာ တရစပ် ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းများက အချိန်မြစ်ထဲမှ ပုံရိပ်များနှင့် ဆင်တူသည်။ ယင်းတို့က သူ၏ မျက်လုံးထဲ၌ စီးဆင်းနေသော မြစ်ထဲမှ ကြမ်းပြင်ပေါ်မှ သဲမှုန်များကို လှုံ့ဆော်လိုက်သည်။
ရွှီချင်း၏ မျက်လုံးက ရီဝေသွားစဉ် ဝတ်စုံဖြူနှင့် လူငယ်တစ်ယောက်ကို သူမြင်တွေ့သွားသည်။
ဝတ်စုံဖြူနှင့်လူငယ်က လက်ထပ်စာချုပ်ကို ကိုင်ထားလျက် မတ်တတ်ရပ်နေသည်။ သူ၏ ဘေးတွင် သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ယောက် ရှိသည်။ သူတို့နှစ်ယောက်စလုံးက အပြန်အလှန် အရိုအသေမပေးခင် သူ့ကို ကြည့်၍ ပြုံးလိုက်ကြသည်။
ထိုအပြုံးထဲမှာ ဖော်မပြနိုင်သော အတိတ်အဖြစ်အပျက်များ ပါဝင်နေသည်။
ယင်းတို့က လူငယ်၏ နာကျင်မှုများ၊ စိတ်ဒဏ်ရာများနှင့် အလှအပများ ဖြစ်ကြသည်။
စီးဆင်းနေသော မြစ်ရေက ထိုမြင်ကွင်းကို တအိအိလှုပ်ခတ်သွားစေသည်။
ရွှီချင်းက ခေါင်းလှည့်လိုက်ပြီး အချိန်မြစ်၏ အခြားအဆုံးသတ်မှာရှိသော သူ့ကိုယ်သူကို ကြည့်လိုက်သည်။
ထို့နောက် သူက ညင်သာစွာ ပြုံးလိုက်ပြီး တစ်ဖက်လူကို အရိုအသေပေးလိုက်သည်။
ယမန်နေ့မှ မုန်တိုင်းက ယနေ့မှာ ပျံ့လွင့်သွားသည်။
စီးဆင်းနေသော မြစ်ရေက လွင့်ပြယ်သွားပြီး ကြမ်းပြင်ပေါ်မှ သဲမှုန်များက မပျောက်ကွယ်သွားခင် ကြယ်အလင်းရောင်အဖြစ် ပြောင်းလဲသွားကြသည်။
ရွှီချင်းက ခါးဆန့်လိုက်ပြီး အင်မော်တယ်ကြိုဆိုစင်မြင်ပေါ်မှ ပြန်ဆင်းသွားသည်။ သူက ခြေတစ်လှမ်းနှင့်အတူ အင်မော်တယ်နန်းတော်၏ ထွက်ပေါက်ဆီသို့ ရောက်ရှိသွားသည်။
အင်မော်တယ်ကျဆုံးလွင်ပြင်ပေါ်မှာ သူရပ်လိုက်သည့်အခိုက် အချိန်အတော်ကြာအောင် သူမမြင်တွေ့ခဲ့ရသော အနီရောင်မိုးသောက်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ မိုးသောက်အလင်း၏ ဖုံးလွှမ်းမှုအောက်မှာ သူ၏ မြင်ကွင်းထဲမှ အရာအားလုံးက အနီရောင်အဖြစ် ပြောင်းလဲသွားသည်။
သို့သော်လည်း ဤတစ်ကြိမ်က ယခင်ကနှင့် ခြားနားသည်။
မိုးသောက်အလင်းက သူ့အပေါ်မှာ သိမ်မွေ့ညင်သာလာသည်။
ထိုထဲမှာ ဖခင်၏ ချစ်ခြင်းမေတ္တာ ပါဝင်သည်။
ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး တိတ်တဆိတ် အာရုံခံလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ အင်မော်တယ်နန်းတော်၏ အပြင်ဘက်မှ လူတိုင်းကို မြင်တွေ့သွားသည်။
မြေဝိညာဉ်ဘိုးဘေး၊ လီမုန့်တု၊ ကျိုးကျန်းလီနှင့် သူမသိသော တခြားကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့အားလုံးက အင်မော်တယ်နန်းတော်ထဲမှ ပြန်ထွက်လာကြသူများ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုက ထွက်သွားမည့်အစား ဤနေရာမှာ ဆက်နေရန် ရွေးချယ်ခဲ့ကြသည်။ သူတို့က အင်မော်တယ်နန်းတော် ပြီးဆုံးသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်နန်းတော်၏ လွင့်ပြယ်မှုမှ ထွက်ပေါ်လာမည့် ဒီရေလှိုင်းမှတဆင့် သူတို့က ဉာဏ်အလင်းအသစ်တချို့ကို ရရှိရန် မျှော်လင့်နေကြသည်။
မည်သို့ဖြစ်ပါစေ သူတို့ထဲမှ အများစုက တတိယအလွှာသို့သာ တတ်လှမ်းနိုင်ကြသည်။ သူတို့က တစ်စုံတစ်ခု ရရှိခဲ့ကြသော်လည်း အများကြီး မဟုတ်ပေ။
သို့သော်လည်း ထိုသို့အတွေးမျိုးက လီမုန့်တုနှင့် ကျိုးကျန်းလီဆီမှာ မရှိကြောင်း ထင်ရှားသည်။
လီမုန့်တုက ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက တစ်စုံတစ်ခု ပြောချင်နေသည့်အလား ပါးစပ်ဟလိုက်သည်။
စတုတ္ထအလွှာထဲမှ အဖြစ်အပျက်များက သူ့အပေါ် နက်ရှိုင်းသော သက်ရောက်မှုတစ်ခု ဖြစ်ပေါ်စေဟန် ရသည်။ သို့ဖြစ်၍ ရွှီချင်းကို သူမြင်လိုက်သည့်အခါ သူ့ကိုယ်သူ ကျုံးချီဖြစ်သည်ဟု ခံစားမိနေဆဲပင်။
လီမုန့်တု၏ ဘေးမှာ ရပ်နေသော ကျိုးကျန်းလီသည်တော့ သူ့ထက် အများကြီး ပိုတည်ငြိမ်သည်။ သူက မျက်မှောက်လောကနှင့် ကြေးမုံပုံရိပ်ယောင်ကို မရောထွေးသွားပုံပေါ်သည်။
သူ့အတွက် အဓိကဦးစားပေးက ကြေးမုံပုံရိပ်ယောင်ထဲတွင် သူတည်ဆောက်ခဲ့သော ရွှီချင်းနှင့် သူ့ကြားမှ ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းရန် ဖြစ်သည်။
အစောနက အလောတကြီး ထွက်သွားခဲ့သော ကြယ်တာရာစက်ဝန်းကို သူမြင်လိုက်သည့်အခိုက် ထိုအတွေးက ပိုပြီးခိုင်မြဲလာသည်။
သို့ဖြစ်၍ ရွှီချင်းကို သူမြင်လိုက်သည်နှင့် ကျိုးကျန်းလီက မြန်မြန်သွက်သွက် လျှောက်သွားသည်။
သူက ရွှီချင်း၏ အရှေ့သို့ ရောက်သွားသည့်အခါ စတုတ္ထအလွှာတွင် သူပြုမူခဲ့သည့်အတိုင်း အလွန်ရိုသေလေးစားသော ကိုယ်ဟန်အမူအရာကို ထုတ်ဖော်လိုက်သည်။
“ ဂုဏ်ပြုပါတယ် သခင်လေး ”
“ သခင်လေးက အဆင့်ချိုးဖြတ်ပြီး အောင်အောင်မြင်မြင် အဆင့်တတ်နိုင်ခဲ့ပါတယ်… အခု သခင်လေးက အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ နံပါတ်တစ်ကြယ်ပွင့် ဖြစ်သွားပါပြီ ”
ရွှီချင်းက ကျိုးကျန်းလီကို ကြည့်လိုက်သည်။
“ ဒီနေရာက ကြေးမုံပုံရိပ်ယောင်မဟုတ်ဘူး ”
ကျိုးကျန်းလီက ခေါင်းခါလိုက်သည်။
“ ကျွန်တော့်ကို ယုံကြည်လက်ခံခဲ့တဲ့လူက မိုးသောက်သခင်လေး မဟုတ်ပါဘူး ”
ယင်းကို ရွှီချင်းကြားသောအခါ သူက ကျိုးကျန်းလီကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ မြေဝိညာဉ်ဘိုးဘေးက မြန်ဆန်စွာ ရောက်လာပြီး ရွှီချင်းကို လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြောသည်။
“ စီနီယာပြန်ရောက်လာတဲ့အတွက် ဒီဂျူနီယာရဲ့ စိုးရိမ်ပူပန်မှုက နောက်ဆုံးမှာတော့ ငြိမ်းအေးသွားပါပြီ… အရင်တစ်ခေါက်က စီနီယာက ကျွန်တော့်ကို ကယ်တင်ပေးခဲ့ပါတယ်… စတုတ္ထအလွှာဆီ စီနီယာဝင်သွားတဲ့ အတောအတွင်း စီနီယာရဲ့ လုံခြုံရေးအတွက် ကျွန်တော် အမြဲတမ်း စိတ်ပူနေခဲ့တာပါ ”
“ ဒီရက်တွေမှာ ကျွန်တော် စိတ်မငြိမ်းချမ်းနိုင်ဘဲ စီနီယာကိုပဲ အမြဲစိတ်ပူနေမိပါတယ်… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက မလုံလောက်တာကြောင့် စီနီယာကို ကူညီပေးဖို့ စတုတ္ထအလွှာဆီ မဝင်ရောက်နိုင်တာကိုလည်း ကျွန်တော် နောင်တရမိပါတယ် ”
“ ဒါပေမဲ့… မနေ့ညကမှ ကျွန်တော် ဉာဏ်အလင်းတချို့ ရရှိသွားပြီး စိတ်အေးနိုင်ခဲ့ပါတယ် ”
“ ကျွန်တော်နားလည်ခဲ့တာကတော့… စီနီယာရဲ့ ပြိုင်ဘက်ကင်းပါရမီနဲ့ အမြော်အမြင်အရဆိုရင် အရာအားလုံးက စီနီယာရဲ့ တွက်ချက်မှုအတွင်းမှာပဲ ရှိနေပါလိမ့်မယ်… စတုတ္ထအလွှာမှာ လှိုင်းလုံးတွေနဲ့ ပရမ်းပတာဖြစ်နေပေမဲ့ အဲ့ဒါတွေအားလုံးက စီနီယာရဲ့ လုပ်ဆောင်မှုတွေပါပဲ ”
“ ကျွန်တော်လုပ်ရမှာက ဒီနေရာမှာ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေရုံပါပဲ… ဘာလို့လဲဆိုတော့ ထွက်ပေါ်လာမယ့် နောက်ဆုံးရလဒ်က သေချာပေါက် အောင်မြင်မှုဖြစ်ပြီး မဟာကံကြမ္မာကောင်းဖြစ်ပါလိမ့်မယ် ”
“ နောက်ဆုံးအနေနဲ့ ပြောချင်တာက အင်မော်တယ်နန်းတော်ထဲမှာ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… စီနီယာရဲ့ ခရီးစဉ်က ခမ်းနားထည်ဝါပြီး ကောင်းကင်ဘုံပေါ်က ကြယ်ပွင့်တွေကြားထဲမှာ ဆက်ပြီး ထွန်းလင်းတောက်ပနိုင်ဖို့ ကျွန်တော်ဆုတောင်းပေးပါတယ် ”
မြေဝိညာဉ်ဘိုးဘေးက ကျယ်လောင်စွာ ပြောသည်။
ယင်းက သူ့ဘေးမှာ ရှိနေသော ကျိုးကျန်းလီကို ပထမဆုံးအကြိမ် မျက်စောင်းထိုးကြည့်စေသည်။
ရွှီချင်း၏ ခြေဖဝါးအောက်မှ အရိပ်လေးသည်လည်း လှုပ်ခါသွားသည်။
ကောင်းကင်သည်ပင် မြေဝိညာဉ်ဘိုးဘေး၏ စကားကြောင့် တုန်လှုပ်သွားဟန် ရ၏။
အနီရောင်မိုးသောက်အလင်းက ပိုပြီးထွန်းလင်းတောက်ပလာသည်။ မိုးခြိမ်းသံက ကောင်းကင်ယံမှာ အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားဟန် ရသည်။ အမှန်မှာ ဤနေရာမှ ကောင်းကင်တစ်ခုတည်းသာ မဟုတ်ပေ။
အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးက ဝုန်းခနဲ မြည်သွားသည်။
အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းသည်လည်း ထို့အတူပင်။
ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကောင်းကင်ကို သဏ္ဍာန်မဲ့သော ဧရာမလက်တစ်ဖက်က ဖယ်ရှားလိုက်သည့်အလား ကြယ်တာရာကောင်းကင်က အထင်အရှား ထွက်ပေါ်လာသည်။
ထိုကြယ်များမှာ မတူညီသော အလင်းရောင်များ ရှိသည်။ တချို့ကြယ်များက လင်းထိန်ပြီး တချို့ကြယ်များက မှေးမှိန်သည်။
ထို့ပြင် ယင်းတို့က အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူတချို့ကို ရည်ညွှန်းသည်။
ယင်းက အရည်အချင်းပြည့်မီတုံကင်၏ ပုံရိပ်ပြန်မှုဖြစ်သည်။
ထိုမြင်ကွင်းက အင်မော်တယ်ကျဆုံးလွင်ပြင်၏ အပြင်ဘက်မှ လူတိုင်း၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက ခေါင်းမော့လိုက်ကြသည်။
သူတို့ချည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူအများစုက ခေါင်းမော့လိုက်ကြသည်။
အဘယ့်ကြောင့်ဆိုသော်…
“ အင်မော်တယ်မြို့တော်ရဲ့ အမဲလိုက်ပွဲတော်ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးအဆင့်က စတင်ပြီ ”
ကျိုးကျန်းလီက တိုးညင်းစွာ ပြောလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။
ဤအဆင့်က သတ်ဖြတ်ခြင်းနှင့် ထုတ်ပယ်ခြင်း ဖြစ်သည်။
ယင်းက နောက်ဆုံးရွေးချယ်မှု ပြုလုပ်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း ဖြစ်သည်။
ထို့နောက် ကျင့်ကြံသူများထံမှ အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်က ထွန်းလင်းတောက်ပလာသည်။
ရွှီချင်းသည်လည်း ချွင်းချက်မဟုတ်ပေ။ ထိုအလင်းက မျက်စိကျိန်းစပ်လုနီးပါး တောက်ပသည်။ တစ်ချိန်တည်းမှာ ကြယ်အလင်းရောင် ထွက်ပေါ်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက စစ်ပွဲဗုံသံပမာ လောကတစ်ခွင်လုံးသို့ ပျံ့လွင့်သွားသည်။
ယင်းက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်ကျဆုံးလွင်ပြင်၏ အပြင်ဘက်တွင် မူလက တရားကျင့်ကြံနေကြသော လူများက အမူအရာပြောင်းလဲသွားကြသည်။ သူတို့က ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး အမြန်ထွက်သွားကြသည်။
ကျိုးကျန်းလီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ထပ်မံ အရိုအသေပေးလိုက်သည်။
“ သခင်လေး… အင်မော်တယ်မြို့တော်ကို ဝင်ရောက်ဖို့က သခင်လေးအတွက် သေချာတဲ့ကိစ္စပါ… အမဲလိုက်ပွဲတော် ပြီးသွားတဲ့အခါ သခင်လေးနဲ့ အင်မော်တယ်မြို့တော်ထဲမှာ ပြန်ဆုံနိုင်ဖို့အတွက် ကျွန်တော် အလုပ်ကြိုးစားရဦးမယ်… အရည်အချင်းပြည့်မီတုံကင်ရှိတဲ့ လူတိုင်းက ဒီအမဲလိုက်ပွဲတော်ကို အာရုံစိုက်ကြလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ကျိုးကျန်းလီက ခန္ဓာကိုယ်ကို တစ်ချက်ရွေ့လျားလိုက်ပြီး ကြယ်တာရာကောင်းကင်ဆီသို့ ပျံသန်းသွားသည်။
ကျိုးကျန်းလီနှင့် ဘေးပတ်ဝန်းကျင်မှ လူအများစုက ထွက်ခွာသွားကြောင်း မြင်သောအခါ လီမုန့်တုက အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။
“ ချမ်ကျွမ်းနဲ့ ပိုင်ရီက သိပ်မကြာခင်က ထွက်လာကြတယ်… သူတို့က ထွက်ပေါ်လာတာနဲ့ချက်ချင်း မြန်မြန် ထွက်သွားကြတယ်… ဒါပေမဲ့ သူတို့ဆီက အရှိန်အဝါက စတုတ္ထအလွှာမှာ ငါအာရုံခံမိတာနဲ့ သိပ်မကွာခြားဘူးဆိုတာ ငါပြောနိုင်တယ်… မင်းတို့ကြားက သခင်နဲ့အစေခံဆက်ဆံရေးက ပစ္စုပ္ပန်လောကမှာပါ သက်ရောက်မှုရှိလိမ့်မယ်လို့ ငါမျှော်လင့်တယ် ”
“ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက အာဏာစက်ကလည်း ကွဲပြားခြားနားတယ် ”
“ ရှဲလင်းဇီကိုတော့ ငါမမြင်မိဘူး… သူက ပထမဆုံး ထွက်လာတဲ့လူဖြစ်မယ်လို့ ငါထင်တယ်… ဒါကြောင့် သူက အစောကြီးကတည်းက ထွက်သွားလောက်ပြီ ”
“ ပြီးတော့ ယွင်ရှန်းစုလည်း ရှိသေးတယ်… သူက စိတ်ရှုပ်ထွေးတဲ့ အမူအရာနဲ့ မြန်မြန်ထွက်သွားတာကို ငါမြင်လိုက်တယ် ”
“ ပြီးတော့ ငါ… ငါက ငါ့ရဲ့ အရည်အချင်းပြည့်မီတုံကင်ရဲ့ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ဖို့ အမဲလိုက်တော့မယ်… သခင်လေး… ငါနဲ့အတူ ပူးပေါင်းချင်လား ”
လီမုန့်တု၏ စကားက အနည်းငယ် ကိုးရိုးကားရားနိုင်သည်။
ယင်းကို ကြားသောအခါ ရွှီချင်းက ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး လက်မြှောက်လိုက်သည်။ ကြယ်တာရာစက်ဝန်း၏ အရှိန်အဝါအမျှင်တန်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
လီမုန့်တု၏ အကြည့်က အေးခဲသွားသည်။
“ မင်းလုပ်ချင်တာက… ”
“ ကြယ်တာရာစက်ဝန်းဆီမှာ ငါ့အပိုင် ပစ္စည်းတစ်ခု ရှိတယ်… အဲ့ဒါကို ငါပြန်ယူဖို့ သွားရမယ် ”
ရွှီချင်းက တည်ငြိမ်စွာ စကားပြောပြီးနောက် မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။