နတ်ဘုရားသွေးမြစ်ပေါ်မှ လက်ဆောင်
Vol. 108 Ch. 1659
အင်မော်တယ်ကျဆုံးလွင်ပြင်ပေါ်မှ ဝိညာဉ်ဒီရေက ဆက်လက် လှုပ်ခတ်နေဆဲပင်။ ယင်းက အပြည့်အဝ မလွင့်ပြယ်သေးပေ။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်နန်းတော်ထဲမှ ကံကြမ္မာအခွင့်အလမ်းများက လုံးလုံး မပြီးဆုံးသေးသောကြောင့် ဖြစ်သည်။ ပဉ္စမအလွှာအောက်မှ တခြားအလွှာများသည်သာ ပြီးဆုံးသွားကြခြင်း ဖြစ်သည်။
ခြေလှမ်းဝက်အင်မော်တယ်များအတွက်တော့ ဆဌမအလွှာက သူတို့တတ်လှမ်းချင်ကြသော အိမ်မက်နယ်မြေဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းက ကောင်းကင်ပေါ်သို့ တတ်လှမ်းသွားနေစဉ် အောက်သို့ ငုံ့ကြည့်လိုက်လေရာ အင်မော်တယ်နန်းတော်ကို မြင်တွေ့သွားသည်။ ကုန်းမြေက ဝေဝါးနေစဉ် တိုးညင်းသော အသံလှိုင်းတချို့က ကောင်းကင်နှင့် မြေပြင်တစ်လျှောက်မှာ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ ရွှီချင်း၏ နှလုံးသားထဲတွင် လှိုင်းတချို့ ထွက်ပေါ်လာသည်။ အင်မော်တယ်နန်းတော်၏ အခွင့်အာဏာကြောင့် သူက ရေးတေးတေး နားလည်သွားသည်။
“ တစ်ယောက်ယောက်က ဆဌမအလွှာဆီ တတ်လှမ်းသွားပြီ ”
ထူးဆန်းသော အလင်းတန်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဆဌမအလွှာသည် အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ တိုက်ပွဲစွမ်းအားရှိသူများသာ တတ်လှမ်းနိုင်သော နေရာဖြစ်သည်။
အင်မော်တယ်နန်းတော်၏ အဆင့်အတန်းကြောင့် ယင်းက အဆင့်နိမ့်အင်မော်တယ်များအတွက်ပင် ကံကြမ္မာကောင်းတစ်ခု ဖြစ်သည်။
“ အမည်မသိ အဆင့်နိမ့်အင်မော်တယ်တစ်ပါးက အင်မော်တယ်နန်းတော်ဆီ ဝင်ရောက်လာတာလား… ဒါမှမဟုတ် ခြေလှမ်းဝက်အင်မော်တယ်တွေထဲက တစ်ယောက်ယောက်က အဆင့်ချိုးဖြတ်သွားတာလား ”
“ ကံမကောင်းစွာပဲ ငါ့မှာ အင်မော်တယ်နန်းတော်ရဲ့ အခွင့်အာဏာရှိပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ အာဏာစက်အပေါ် ဆင်ခြင်နားလည်မှုက မလုံလောက်သေးတာကြောင့် ဆဌမအလွှာဆီ တတ်လှမ်းဖို့ မဖြစ်နိုင်ဘူး ”
ရွှီချင်းက ခေါင်းခါလိုက်သည်။ သူက အလျင်မလိုပေ။
အင်မော်တယ်နန်းတော်၏ အခွင့်အာဏာကို ရရှိပြီးနောက် အထဲသို့ သူဝင်ရောက်ရန် သတ်မှတ်ထားသော အချိန်ထိ စောင့်ဆိုင်းနေရန် မလိုတော့ပေ။ သူဆန္ဒရှိသည့်အခါ အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်နိုင်သည်။
“ အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းပြီးလို့ ဒသမမြောက် အန္တိမတာအိုကို နည်းနည်း ငါဆင်ခြင်နားလည်နိုင်တဲ့အခါကျရင် ဒီကို ငါထပ်လာနိုင်တယ် ”
“ ဆဌမအလွှာက ဘယ်လိုပုံစံရှိမလဲ ငါသိချင်မိတယ်… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူပြန်ပေါ်လာသည့်အခါ အင်မော်တယ်ကျဆုံးလွင်ပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ဤအခိုက်အတန့်မှာ အရည်အချင်းပြည့်မီတုံကင်နှင့်ပတ်သက်သော ကြယ်တာရာမြေပုံက ကောင်းကင်ပေါ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ယင်းက အနီရောင်မိုးသောက်အလင်းဖြင့် ထပ်မံ ဖုံးလွှမ်းခံလိုက်ရသည်။
သို့သော်လည်း တတိယအဆင့်၏ တရားဝင်စတင်မှုနှင့်အတူ အရည်အချင်းပြည့်မီတုံကင်ရှိသော ကျင့်ကြံသူများသည် တခြားလူများ၏ တည်ရှိမှုကို ယခင်ကထက် ပိုပြီးအာရုံခံနိုင်လာကြသည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံကို အရည်အချင်းပြည့်မီတုံကင်ထဲသို့ ပို့လွှတ်လိုက်ရုံဖြင့် ပုန်းကွယ်နေသော ကြယ်တာရာမြေပုံက သူတို့၏ စိတ်ထဲမှာ အလိုအလျောက် ထွက်ပေါ်လာလိမ့်မည်။
ယင်းက သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းကို ပိုပြီးလွယ်ကူစေသည်။ ယင်းက တတိယအဆင့်၏ ရက်စက်ကြမ်းကြုတ်မှု ဖြစ်သည်။
အရည်အချင်းပြည့်မီတုံကင်၏ တည်ရှိမှုကို ဖုံးကွယ်ရန် မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ယင်းအစား လူအများစုက ထိုသို့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ကြယ်တာရာစက်ဝန်းက ထိုသို့လုပ်ဆောင်နိုင်ကြောင်း ထင်ရှားသည်။
သို့ဖြစ်၍ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက အရည်အချင်းပြည့်မီတုံကင်ဆီသို့ ပေါင်းစပ်သွားသော်လည်း သူက ကြယ်တာရာစက်ဝန်းကို ကိုယ်စားပြုသော ကြယ်ကို ကြယ်တာရာမြေပုံထဲမှာ ရှာမတွေ့ခဲ့ပေ။
ယင်းက ရွှီချင်း၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိ၏။
ကြယ်တာရာစက်ဝန်းကဲ့သို့သော လူက ထိုသို့အမှားမျိုး မည်သို့ကြောင့် ပြုလုပ်နိုင်မည်နည်း။
ရွှီချင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းသလင်းကျောက်ကို လှည့်ပတ်လိုက်ပြီး အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ကာ သူ၏ အရည်အချင်းပြည့်မီတုံကင်ကို ရစ်ပတ်စေသည်။ သူသည်လည်း သူ၏ အရည်အချင်းပြည့်မီတုံကင်ကို ဖုံးကွယ်လိုက်သည်။
သို့မှသာ ဤလိုက်ဖမ်းမှုက အဆင်ပြေချောမွေ့လိမ့်မည်။
“ သဲလွန်စကတော့… ”
ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
ချက်ချင်းဆိုသလို ကြယ်တာရာစက်ဝန်း၏ အရှိန်အဝါအမျှင်တန်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ အရှိန်အဝါအမျှင်တန်းက အဆက်မပြတ် လှုပ်ယမ်းနေစဉ် ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ယင်းပေါ်သို့ စေလွှတ်လိုက်သည်။
မကြာမီ တည်နေရာကို သူအာရုံခံမိသွားပြီးနောက် လိုက်ဖမ်းရန် အရှိန်မြှင့်တင်လိုက်သည်။
အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။
ရွှီချင်း၏ အလျင်က အလွန်မြန်ဆန်သည်။ သို့သော်လည်း ကြယ်တာရာစက်ဝန်း၏ အလျင်က ရွှီချင်းနှင့်တူညီစွာ အံ့ဖွယ်ကောင်းနေဆဲပင်။
ကြယ်တာရာစက်ဝန်း၏ ကျင့်ကြံခြင်းက ရွှီချင်းထက် သာလွန်သော်လည်း သူက ရွှီချင်းကြောင့် တစ်ကြိမ်အသတ်ခံခဲ့ရပြီး လျှို့ဝှက်အတတ်ပညာကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့ရသည်။ သို့ဖြစ်၍ သူက ယခင်ကထက် အနည်းငယ် ပိုပြီးအားနည်းသွားသည်။
ရလဒ်အနေဖြင့် ကြယ်တာရာစက်ဝန်းက သူ့အရှိန်အဝါအမျှင်တန်းကို အခြေခံ၍ သူ့နောက်သို့ လိုက်ဖမ်းနေသော ရွှီချင်းကို မျက်ခြေမဖြတ်နိုင်ခဲ့ပေ။
ထိုသို့ဖြင့် သုံးရက်ကုန်ဆုံးသွားသည်။
ရွှီချင်းက မြန်ဆန်စွာ လိုက်ဖမ်းနေစဉ် အဝေးမှ အလွန်ကျယ်ပြောသော သဲကန္တာရတစ်ခုက သူ၏ စိတ်အာရုံအတွင်းမှာ ထွက်ပေါ်လာလေသည်။
ယင်းက အချိန်သဲကန္တာရ ဖြစ်သည်။
ဤသည်မှာ ရွှီချင်းက ထိုသဲကန္တာရကို တတိယအကြိမ်မြောက် မြင်တွေ့ခြင်း ဖြစ်သည်။
ပထမအကြိမ်က ယွင်မန်ချင်းဖန်ကို သူကင်းထောက်လိုက်ပို့ပေးခဲ့စဉ်က ဖြစ်သည်။
ဒုတိယအကြိမ်က ကြေးမုံသမိုင်းထဲမှာဖြစ်ပြီး ထိုစဉ်က မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့ဘေးမှာ ရှိနေခဲ့သည်။
ဤတစ်ကြိမ်က တတိယအကြိမ် ဖြစ်သည်။
အချိန်သဲကန္တာရကို စိုက်ကြည့်နေစဉ် ရွှီချင်းက နှလုံးတုန်သွားသည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက သဲကန္တာရဆီသို့ လျှောက်သွားသည်။
သဲမုန်တိုင်းက တအင့်အင့်ညည်းညူသံနှင့်အတူ တိုက်ခတ်နေသည်။ ဤသည်မှာ ၎င်းက ရှေးခေတ်ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည့်အလားပင်။
သဲမှုန်များက ပရမ်းပတာ ရွေ့လျားနေကြလေရာ ၎င်းတို့က ထိုပုံပြင်ကို သရုပ်ဖော်ပေးနေကြဟန် ရ၏။
ရွှီချင်းက သဲကန္တာရထဲမှာ လမ်းလျှောက်နေရင်း အချိန်လေဟာနယ်ထဲမှ အပြောင်းအလဲများကို အာရုံခံကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ သူက အရှေ့သို့ တိတ်တဆိတ် ရွေ့လျားနေရင်း သဲမုန်တိုင်းထဲမှ ပုံပြင်ကို နားထောင်လိုက်သည်။
သူ၏ လက်ရှိ အာဏာစက်အဆင့်ကြောင့် သဲကန္တာရထဲမှ အချိန်လေဟာနယ်ကို ယခင်ကထက် ပိုပြီးရှင်းလင်းစွာ မြင်နိုင်သွားသည်။
ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင် သူ့အား ခေါ်ဆောင်သွားခဲ့သော ဧရိယာဆီသို့ ရောက်ရှိသွားသည်အထိ ကြာမြင့်ခဲ့သည်။
ထိုနေရာတွင် ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
သူက အရှေ့သို့ လှမ်းကြည့်လိုက်သည်။
ကြေးမုံသမိုင်းထဲတွင် ထိုနေရာမှာ သစ်ခွပန်းများဖြင့် ပြည့်နှက်နေသည်။ သစ်ခွပန်းများက အမျိုးအစားစုံလင်စွာနှင့် အရောင်အသွေးစုံလင်စွာ ရှိနေကြသည်။
တချို့က လိပ်ပြာကခုန်နေသည့်အလား လှပကြပြီး တချို့က ကြိုးကြာအတောင်ပံဖြန့်နေသည့်အလား ကျက်သရေရှိကြသည်။ ပန်းပွင့်တိုင်းက တမူထူးခြားသော အမွှေးနံ့နှင့်အတူ ပွင့်လန်းနေကြသည်။
ယင်းတို့ကို မိုးသောက်အင်မော်တယ်အရှင်သခင်ကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ ဇနီးက သစ်ခွပန်းများကို သဘောကျသည်။
ထို့ပြင် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့သားကို အနာဂတ်မှာ နှစ်စဉ်နှစ်တိုင်း ဤနေရာဆီသို့ မဖြစ်မနေ ရောက်လာပြီး သစ်ခွပန်းများ စိုက်ပျိုးပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့သေးသည်။
ယင်းက ဤသဲကန္တာရတစ်ခုလုံး သစ်ခွပင်လယ်အဖြစ် မပြောင်းလဲသွားခင်အထိ ဖြစ်သည်။
သို့သော်လည်း ယခုတော့…
ရွှီချင်းက လှမ်းကြည့်လိုက်သည့်အခါ သစ်ခွပန်းများက ညှိုးနွမ်းခြောက်သွေ့နေကြောင်း မြင်သွားသည်။
ပန်းပွင့်ပင်လယ်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းပြီးနောက် အချိန်၏ ယိုယွင်းတိုက်စားခြင်းခံလိုက်ရသည်။
သို့သော်လည်း ရွှီချင်းက ပြုံးလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ညှိုးနွမ်းခြောက်သွေ့နေသော သစ်ခွပန်းများ၏ အလယ်တွင် မကြာသေးခင်ကမှ စိုက်ပျိုးထားဟန်ရသော သစ်ခွအပင်ငယ်လေးနှစ်ပင်ကို သူမြင်တွေ့သွားသောကြောင့် ဖြစ်သည်။
ထိုသစ်ခွအပင်ငယ်လေးနှစ်ပင်က ညှိုးနွမ်းခြောက်သွေ့နေသော ပန်းပွင့်များကြားထဲမှာ ရှင်သန်ကြီးထွားနေကြသည်။ လေပြေတိုးဝှေ့သွားသည့်အခါ သစ်ခွအပင်လေးများက အချင်းချင်း ထိတွေ့သွားကြပြီး ၎င်းတို့သာလျှင် ပိုင်ဆိုင်နိုင်သော တမူထူးခြားသည့် အမွှေးနံ့ကို ထုတ်လွှတ်လိုက်ကြသည်။
သခင်လေးနှင့် ဝိညာဉ်ဖီးနစ်နတ်သမီး၏ ပုံရိပ်များက ရွှီချင်း၏ အသိစိတ်ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာကြသည်။
သူတို့နှစ်ယောက်က ဤနေရာမှာ အပင်စိုက်ပျိုးသွားခဲ့ကြောင်း ထင်ရှားပေသည်။
ကြေးမုံသမိုင်းထဲမှ မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံသည်လည်း လေနှင့်အတူ ထွက်ပေါ်လာပြီး ရွှီချင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားဟန် ရသည်။
“ အနာဂတ်မှာ ဒီနေရာကို နှစ်စဉ်နှစ်တိုင်း ရောက်လာပြီး သစ်ခွပန်းတွေ စိုက်ပျိုးပေးဖို့ မင်းအမြဲမှတ်ထားပါ… ဒီနေရာမှာ ပန်းပွင့်ပင်လယ်ကို အမြဲတမ်း တည်ရှိနေပါစေ ”
အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး အချိန်လေဟာနယ်ထဲမှ သစ်ခွပန်းမျိုးစေ့များကို ထုတ်လိုက်ကာ ယင်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးလိုက်သည်။
ထို့နောက် သူက အရိုအသေပေးလိုက်သည်။
ယခုအချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း ဤနေရာမှာ ပန်းပွင့်များ ပိုမိုများပြားလာတော့မည်ဟု သူယုံကြည်သည်။ နှစ်အနည်းငယ်အတွင်းမှာ ဤအချိန်သဲကန္တာရက ပန်းပွင့်ပင်လယ်အဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားလိမ့်မည်။
မိုးသောက်အလင်းက ဤအခိုက်အတန့်မှာ သိမ်မွေ့ညင်သာလာပြီး သစ်ခွပန်းများပေါ်သို့ ပြန့်ကျဲသွားသည်။
အလင်းရောင်က အတိတ်တုန်းကကဲ့သို့ ရွှေရောင်မဟုတ်တော့သော်လည်း အနီရောင်က ဤနေရာ၏ စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းမေတ္တာနှင့် လိုက်ဖက်ညီပေသည်။
ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာလည်း အမွှေးနံ့တစ်မျိုးကို စွဲကျန်စေသည်။
ထိုအမွှေးနံ့၏ ကောင်းချီးပေးမှုကြောင့်လော သူမသေချာသော်လည်း သဲကန္တာထဲမှ ထွက်ခွာလာပြီး သုံးရက်မြောက်နေ့တွင် ရွှီချင်းက မြေအောက်ထဲမှာ ပုန်းအောင်းနေသော ကြယ်တာရာစက်ဝန်းကို ရှာတွေ့သွားသည်။
တစ်ဖက်လူက မြေအောက်ထဲမှာ ပုန်းနေပြီး အားအင်ပြန်ဖြည့်နေသည်။
ကြည့်ရသည်မှာ ကြယ်တာရာစက်ဝန်း၏ ဒဏ်ရာများက သူ့အား ဆက်ပြီး ထွက်ပြေးရန် အခက်အခဲဖြစ်စေပုံပေါ်သည်။ သို့ဖြစ်၍ သူက တခြားရွေးချယ်စရာမရှိသည့်အဆုံး မြေအောက်ထဲတွင် စည်းချအစီအရင်များ ခင်းကျင်း၍ သူ၏ ဒဏ်ရာများကို ပြန်ကုသရန် ရွေးချယ်ခဲ့သည်။
ကံမကောင်းစွာဖြင့် ရွှီချင်း၏ ထွက်ပေါ်လာမှုက သူ၏ ဒဏ်ရာကုသမှုကို နှောင့်ယှက်လိုက်သည်။
သို့ဖြစ်၍ ကြီးမားသော တိုက်ပွဲက တောအုပ်ထဲမှာ နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။
အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့သော ကြယ်တာရာစက်ဝန်းသည်ပင် ရွှီချင်း၏ အသတ်ခံခဲ့ရလေရာ ယခုကဲ့သို့ ဒဏ်ရာရရှိထားသော ကြယ်တာရာစက်ဝန်းက မည်သို့ကြောင့် ရွှီချင်းကို တွန်းလှန်နိုင်မည်နည်း။
သို့ဖြစ်၍ တိုက်ပွဲက သိပ်မကြာမြင့်ခဲ့ချေ။
ကြယ်တာရာစက်ဝန်းက ဒုတိယအကြိမ် သေဆုံးသွားသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူ့ကို သတ်လိုက်ပြီးနောက် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူက ကြယ်တာရာစက်ဝန်း သေဆုံးသွားသော နေရာကို ကြည့်လိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။
“ သူက ဒီနေရာမှာ အသေခံဖို့ ငါ့ကို တမင်စောင့်နေတာပဲ… ဒီနည်းနဲ့ သူက ငါ့ရဲ့ လိုက်ဖမ်းမှုကို အဆုံးသတ်ပစ်ချင်တယ် ”
ကြယ်တာရာစက်ဝန်း သေဆုံးသွားသည်နှင့် ရွှီချင်း၏ လက်ဖဝါးပေါ်မှ အရှိန်အဝါအမျှင်တန်းက ပျောက်ကွယ်သွားသည်။
ဤတစ်ကြိမ်တွင် ကြယ်တာရာစက်ဝန်းနှင့်ပတ်သက်သော မည်သည့်သဲလွန်စမှ အချိန်လေဟာနယ်ထဲမှာ ကျန်မနေခဲ့ပေ။
ယခု သူက ကြယ်တာရာစက်ဝန်းကို ပစ်မှတ်မထားနိုင်တော့သလို သူ့ကို လိုက်မဖမ်းနိုင်တော့ပေ။
“ နံပါတ်တစ်ကြယ်ပွင့်လို့ မျှော်လင့်ထားသလိုပါပဲ… ဒီလိုခက်ခဲနေတဲ့ အခြေအနေမှာတောင် သူက ငါ့ရဲ့ လိုက်ဖမ်းမှုကို ဖြတ်တောက်နိုင်ခဲ့တယ် ”
ရွှီချင်းက ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
“ ဒါပေမဲ့… ”
“ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အရှေ့ပိုင်းကြယ်စင်စုဆီ သေချာပေါက် ပြန်သွားလိမ့်မယ် ”
“ အနောက်ပိုင်းကြယ်စင်စုထဲကနေ ထွက်ခွာပြီး အရှေ့ပိုင်းကြယ်စင်စုဆီ ပြန်ဖို့ နည်းလမ်းတွေက အများကြီး ရှိတယ်… ဒါပေမဲ့ အဲ့ဒီထဲက တစ်ခုက… ”
“ ဘယ်လိုရှုထောင့်ကနေပဲ ကြည့်ကြည့် ဘေးကင်းအလုံခြုံဆုံးပဲ ”
ရွှီချင်းက နတ်ဘုရားသွေးမြစ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် အနက်ရောင်အလင်း ထွက်ပေါ်လာသည်။
နတ်ဘုရားသွေးမြစ်၏ ထူးခြားမှုက ကူးတို့လှေသမားများ ဖြစ်သည်။
တစ်စုံတစ်ယောက်က ကူးတို့လှေပေါ်သို့ ခြေချလိုက်သည်နှင့် ကူးတို့လှေသမားက ထိုလူ၏ ဘေးကင်းလုံခြုံမှုကို သေချာပေါက် တာဝန်ယူပေးရလိမ့်မည်။
အကယ်၍ အနောက်မှ လိုက်ဖမ်းသူများရှိလျှင်ပင် သူတို့က ကူးတို့လှေသမား၏ တားဆီးခြင်းခံရလိမ့်မည်။
ထို့ပြင် ကူးတို့ခအနေဖြင့် တတိယအကြိမ်မှသာ သူတို့က သူတို့၏ တစ်ဘဝစာ အသက်ကို ပေးရလိမ့်မည်။ သို့ဖြစ်၍ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မြစ်ကို ဖြတ်ကူးခြင်းက ကျင့်ကြံသူများအတွက် ကြီးမားသောအရာ မဟုတ်ပေ။
တစ်ချိန်တည်းမှာ မြစ်ကို ဖြတ်ကူးနေစဉ်အတွင်း သူတို့က လှေပေါ်မှာ ဒဏ်ရာများကို ပြန်ကုသနိုင်သေးသည်။
“ ငါတောင် အဲ့ဒီလိုစဉ်းစားမိရင် သူလည်းပဲ သေချာပေါက် အဲ့ဒီလို စဉ်းစားမိလိမ့်မယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
နောက်ဆုံးမှာတော့ သူက နတ်ဘုရားသွေးမြစ်ဆီသို့ ဦးတည်သွားရန် ရွေးချယ်လိုက်သည်။
ထိုသို့သူဆုံးဖြတ်ရခြင်းမှာ နတ်ဘုရားသွေးမြစ်က ကြယ်တာရာစက်ဝန်း၏ လွတ်မြောက်လမ်းများထဲမှ တစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ သူက တစ်ဖက်လူကို ခြေရာမခံနိုင်မှတော့ တခြားလမ်းကြောင်းများမှာ လိုက်ရှာနေမည့်အစား နေရာမှာ ကြိုစောင့်နေခြင်းက ပိုပြီးအဆင်ပြေလိမ့်မည်။
အကယ်၍ တစ်ဖက်လူက ရောက်လာလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ အကယ်၍ ရောက်မလာလျှင်လည်း သူက သိပ်နောက်မကျခင် ထွက်သွားနိုင်လိမ့်မည်။
မည်သို့ဖြစ်ပါစေ သူတို့က နောက်ပိုင်းမှာ တွေ့ဆုံရလိမ့်မည်။
တခြားအကြောင်းအရင်းမှာ ဝိညာဉ်ဖီးနစ်နတ်သမီးက နတ်ဘုရားသွေးမြစ်ထဲမှာ သူ့အတွက် လက်ဆောင်တစ်ခုကို ထားရစ်ခဲ့သည်ဟု ပြောကြားခဲ့ဖူးကြောင်း ရွှီချင်း မှတ်မိသည်။
ထို့ပြင် ထိုလက်ဆောင်နှင့်ပတ်သက်ပြီး ရွှီချင်းက ခန့်မှန်းမှုတစ်ခုကို ပြုလုပ်ထားသည်။
သို့သော်လည်း သူမသေချာပေ။
“ တကယ်လို့ အဲ့ဒီလက်ဆောင်က ငါခန့်မှန်းထားတဲ့ဟာဆိုရင်… ကြယ်တာရာစက်ဝန်းက နတ်ဘုရားသွေးမြစ်ကို ရွေးချယ်လိုက်တဲ့အခါ စိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ် ”
ထိုသို့တွေးမိသောအခါ ရွှီချင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး တည်နေရာပြောင်းရွှေ့သွားသည်။
လဝက်ကြာပြီးနောက်…
ရွှီချင်း၏ ပုံရိပ်က နတ်ဘုရားသွေးမြစ်၏ ကမ်းစပ်ပေါ်မှာ ပြန်ပေါ်လာသည်။
နတ်ဘုရားသွေးမြစ်က အလွန်ကျယ်ပြောသော်လည်း ကူးတို့လှေရှိနိုင်သောနေရာက တစ်ခုတည်းသာ ရှိ၏။
မြစ်ကမ်းနံဘေးက ရှေးခေတ်ရေစီးကြောင်းဖြင့် တိုက်စားခံထားရပြီး နီညိုရောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာမှာ သစ်သားလျှောက်လှမ်းတစ်ခုကို တည်ဆောက်ထားသည်။ သို့သော်လည်း ဂနာမငြိမ်သော မြစ်ရေ၏ တိုက်စားမှုအောက်မှာ သစ်သားလျှောက်လှမ်းသည်လည်း ယိုယွင်းဆွေးမြေ့နေသည်။
လေက တစ္ဆေညည်းသံအလား တိုက်ခတ်နေပြီး အရိုးထဲထိ စိမ့်ဝင်စေမည့် အအေးဓာတ်ကို ပေးသည်။
ရွှီချင်းသည် နီညိုရောင်မြစ်ကမ်းနံဘေးမှ ယိုယွင်းဆွေးမြေ့နေသော သစ်သားလျှောက်လှမ်းပေါ်မှာ လမ်းလျှောက်နေသည်။ သူက လေ၏ အော်ညည်းသံကို နားထောင်လျက် ၎င်းဆောင်ကြဉ်းလာသော သွေးနံ့ကို ရှူရှိုက်လိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှ အလွန်ကျယ်ပြောသော သွေးမြစ်ကို ကြည့်လိုက်သည်။
သွေးမြစ်က အလွန်ကျယ်ပြောလေရာ အဆုံးမရှိပေ။
သွေးမြစ်ပေါ်တွင် လှိုင်းလုံးများက အကန့်အသတ်မဲ့စွာ ဘောင်ဘင်ခတ်နေကြသည်။ မြစ်ပြင်က ကောင်းကင်ပေါ်မှ မိုးသောက်အလင်းကိုလည်း အလင်းပြန်နေသည်။
အနီရောင်မြစ်ရေက ဘောင်ဘင်ခတ်နေပြီး တစ္ဆေအော်ညည်းသံနှင့်အတူ လေတိုက်ခတ်နေသော ထိုအမင်္ဂလာမြင်ကွင်းထဲတွင် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းကူးတို့လှေတစ်စင်းက အဝေးမှ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။
ထိုကူးတို့လှေ ထွက်ပေါ်လာသည့်အခိုက် ဘောင်ဘင်ခတ်နေသော မြစ်ရေက ငြိမ်သက်သွားပြီး လေကြမ်းက သိမ်မွေ့ညင်သာသွားသည်။ ကူးတို့လှေက တရွေ့ရွေ့ ရွေ့လျားလာနေသည်။ နောက်ဆုံးမှာတော့ လှေက သစ်သားလျှောက်လှမ်း၏ ဘေးမှာ ကမ်းဆိုက်လိုက်သည်။
သို့သော်လည်း လှေပေါ်တွင် မည်သည့်ကူးတို့လှေသမားမှ မရှိပေ။
ယင်းအစား လှေပေါ်တွင် မိုးကာဖျင်ကြမ်းအင်္ကျီ၊ ဝါးခမောက်နှင့် ကျောက်စိမ်းတုံကင်တစ်ခုသာ ရှိ၏။
ရွှီချင်းက လှေကို မြင်သွားသည့်အခိုက် ကျောက်စိမ်းတုံကင်က အက်ကွဲသွားသည်။ နောက်အခိုက်အတန့်မှာ ဝိညာဉ်ဖီးနစ်နတ်သမီး၏ အသံက လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ဒီဟာက နင့်အတွက် ငါ့ရဲ့ လက်ဆောင်ပဲ ”
“ ဒီလှေပေါ်မှာ ဘာကမ္မမှမရှိသလို ဘာအချုပ်အနှောင်မှ မရှိဘူး… ဘာလို့လဲဆိုတော ကမ္မအားလုံးကို ငါဖြတ်တောက်ထားပြီးလို့ပဲ… အချုပ်အနှောင်အားလုံးကိုလည်း ငါယူသွားပြီးပြီ… ကူးတို့လှေသမားရဲ့ တာဝန်တွေကိုရောပဲ ”
“ ဒီဟာက နင်နဲ့သာ လုံးဝသက်ဆိုင်တဲ့ ကူးတို့လှေပဲ… ပြီးတော့ ကူးတို့လှေသမားရဲ့ တာဝန်ကို နင်ထမ်းဆောင်ပေးစရာ မလိုဘူး ”
“ ဒီကူးတို့လှေက ငါ့အဖေကိုယ်တိုင် ဆောက်လုပ်ပေးထားတဲ့ဟာပါ ”