← Chapters

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

အခန်း (၄၅၁-၄၅၅)

Vol. 31 Ch. 451-455

အခန်း ၄၅၁

ဆေး၊ ထပ်ပြီးဆေးပဲ

ကုနင်းနှင့်သူမသူငယ်ချင်းများ သီးသန့်ခန်းသို့ပြန်ရောက်ချိန်တွင်တော့ သူမတို့ ဂိမ်းကစားခန်းမတွင်ဖြစ်ခဲ့သည့် ကိစ္စရပ်များကို ကျန်လူများအားပြောပြလိုက်၍ အမျိုးသားများအားလုံး အလွန်အံ့အားသင့်ကုန်ကြတော့သည်။

ဘာ? ကုနင်းက ဂိမ်းစက်တစ်ခုတည်းမှာ တစ်ကြိမ်လေးကစားလိုက်ရုံနဲ့ ယွမ်သန်း၁ရာတောင် နိုင်သွားတယ်တဲ့လား? သူကအရမ်းကံကောင်းတာပဲ!

လင်ရှောင်းထင်သည်လဲ ကုနင်းကို ဂုဏ်ယူနေရသည့်အပြုံးမျိုးဖြင့် ပြုံးရင်းလှမ်းကြည့် မိလိုက်သည်။

“ကုနင်း၊ မင်းအရမ်းတော်တာပဲ။” ရှုကျင်းချန်က ချီးမွမ်းလိုက်သည်။

“မင်းဘယ်လိုမျိုးကစားလိုက်တာလဲ?” ချန်မင်ကတော့ သိချင်စွာဖြင့်မေးလိုက်သည်။

“ဒီတိုင်းကံကောင်းသွားရုံပါ။” ကုနင်း သူမတွင်ကျောက်စိမ်းမျက်ဝန်းရှိကြောင်းကိုတော့ ထုတ်ပြော၍မဖြစ်သောကြောင့် ကံကြောင့်ဟုသာပြောလိုက်သည်။ ဂိမ်းစက်တွင်ကစားခြင်းသည် အနိုင်ရရှိရန်အတွက် ကံအပေါ်တွင်မူတည်ကြောင်း လူတိုင်းသိထားပြီးဖြစ်သောကြောင့် သူတို့အားလုံးလဲ ကံကြောင့်ဟု ယုံကြည်ကြပေမည့် ကုနင်း၏ကံကောင်းမှုကတော့ လွန်လွန်းလေသည်။

“နင်းနင်းက အရမ်းလဲရက်ရောသေးတယ်။ ငါနဲ့ဝမ်ရှင်းကိုတောင် ယွမ်သန်း၃၀စီပေးသေးတာ။” ရှုချင်ယင်းက ထပ်ပြောလိုက်သည်။

ဤတစ်ခေါက်တွင်တော့ အခြားလူများတင်မကဘဲ လင်ရှောင်းထင်ပင် ကုနင်း၏ရက်ရောလွန်းမှုကြောင့် ထပ်မံအံ့အားသင့်သွားကြပြန်သည်။

“ဒီငွေရဖို့အတွက် ကျွန်မလဲ သိပ်ပြီး အားစိုက်ထားရတာမဟုတ်လို့ သူတို့ကိုပါ ခွဲပေးလိုက်တာပါ။” ကုနင်းအေးဆေးစွာသာ ပြန်ဖြေလိုက်သည်။

“မင်းငါတို့ကိုကျ ဘာလို့မခေါ်သွားရတာလဲ?” ရှုကျင်းချန်က မကျေနပ်စွာဖြင့်ပြောလိုက်သည်။

“ငါလဲလိုက်ချင်တယ်။” စစ်မင်ကလဲ သံယောင်လိုက်ထောက်ခံလေသည်။

“မင်းတို့လက်ထဲ ပိုက်ဆံပြတ်နေကြလို့လား?” ရုတ်တရက် လင်ရှောင်းထင်က ထမေးလိုက်သောကြောင့် ရှုကျင်းချန်ရော စစ်မင်ပါ တခနမျှကြောင်အသွားကြပြီးနောက် ချက်ချင်းပင် ငြင်းကြတော့သည်။

“မဟုတ်ပါဘူး-မဟုတ်ပါဘူး။ ငါတို့ကစနောက်ရုံပါ။ နောက်ရုံလေးပဲ။”

“ဟုတ်တာပေါ့။”

သူတို့သာ ဝန်ခံခဲ့လျှင် နောက်ထပ်တာဝန်ပေးခြင်းခံရမည်ဖြစ်သောကြောင့် လုံးဝဝန်မခံကြပေ။ သူတို့တွင် ကိုယ်ပိုင်တာဝန်များရှိပြီးဖြစ်သော်လည်း လူသတ်သမားများကဲ့သို့ နိုင်ငံတကာမှ ဆုကြေးထုတ်ထားသည့် တာဝန်များကိုလဲ ထမ်းဆောင်နိုင်ပေသည်။ သို့ပေမည့် သူတို့၏ရည်ရွယ်ချက်များသည်တော့ မတူညီပေ။ လူသတ်သမားများသည်က သူတို့ငွေရသ၍ မည်သည့်တာဝန်မျိုးဖြစ်ပါစေလုပ်ဆောင်မည်ဖြစ်ပြီး ဘယ်လိုလူကို သတ်ရမလဲဆိုသည်ကို ဂရုမစိုက်ကြပေ။ သို့ပေမည့် သူတို့သည်တော့ ရာဇဝတ်သားများကိုသာ ဖမ်းကြသောကြောင့် သူတို့ရသည့်ဆုကြေးသည် လူသတ်သမားများရသည့် ဆုကြေးထက်နိမ့်လေသည်။

ထို့နောက် သူတို့အားလုံး သောက်ကြစားကြရင်း စကားဆက်ပြောကြကာ ချောင်ဝမ်ရှင်းနှင့် ရှုချင်ယင်းသည်လဲ မကြာခင်မှာပဲ ဘိလိယက်ကစားပွဲ၌ ပါဝင်ကစားလာကြသည်။

“အား!” ရုတ်တရက် အော်သံတစ်သံက အခန်းထဲရှိ လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူတို့အားလုံးကြည့်လိုက်ချိန်တွင်တော့ ရှင်းပိုင်က သူ၏ခါးနေရာကို လက်ဖြင့်အုတ်ကာ ချောင်ဝမ်ရှင်းကို စိုက်ကြည့်နေခဲ့သည်။ ထိုတော့မှ လူတိုင်းလဲ ဘာတွေဖြစ်သွားလဲဆိုသည်ကို သိလိုက်ကြတော့သည်။

ရှင်းပိုင်၏အကြည့်စူးစူးကိုမြင်တော့ ချောင်ဝမ်ရှင်း ပုခုံးတွန့်ပြလိုက်ကာ၊

“ဒါကျွန်မအမှားမဟုတ်ဘူး။ ရှင့်ဘာသာ ကျွန်မနောက်လာရပ်နေတာ။”

“မင်း…” ရှင်းပိုင် အလွန်ဒေါသထွက်သွားတော့သည်။ ချောင်ဝမ်ရှင်းကသာ သူမ၏ကျူတံဖြင့် သူ့ကို တိုက်မိခဲ့ခြင်းဖြစ်သော်လည်း မတောင်းပန်သည့်အပြင် အပြစ်လွတ်အောင်ဉာဏ်ဆင်နေသေးသည်။ ရှင်းပိုင်ဘယ်လောက်ပဲ ဒေါသထွက်ထွက် သူမနှင့်ဆက်ပြီး မငြင်းခုန်ချင်တော့သောကြောင့် သူ့ဘာသာသူ ထွက်သွားတော့သည်။

သူတို့အားလုံး ကမ်းရိုးတန်းအသင်းတိုက်တွင် အချိန်ကြာကြာဆက်မနေကြဘဲ ည၁၁နာရီလောက်မှာပင် လူစုခွဲလိုက်ကြသည်။

သူတို့အပြင်ထွက်လာသည့်အချိန်တွင်ပဲ ရှင်းပိုင်က ရုတ်တရက်ရပ်လိုက်ပြီး သူ့နောက်တွင်ရှိနေသည့် ချောင်ဝမ်ရှင်းကလဲ ချက်ချင်းပင် သူ့နောက်ကျောနှင့် ဝင်ဆောင့်မိကာ သူမလက်ကိုင်အိတ်မှာ မြေပေါ်သို့ပြုတ်ကျသွားတော့သည်။ ချောင်ဝမ်ရှင်းလဲ ချက်ချင်းပင် ဒေါသများထွက်လာခဲ့ကာ၊

“ရှင်ဘယ်လိုလုပ်လိုက်တာလဲ?”

“ဒါငါ့အမှားမဟုတ်ဘူးလေ။ မင်းဘာသာ ငါ့နောက်ကကပ်လျှောက်နေတာ။ ပြီးတော့ မင်းကသာ ငါ့နောက်ကျောကို ဝင်တိုက်တာလေ။ ငါ့ကိုမတောင်းပန်တဲ့အပြင် အပြစ်တောင်လာတင်နေတာလား?” ရှင်းပိုင် ထိုသို့ပြောလိုက်ပြီးနောက် ခံစားချက်ကောင်းသွားကာ ပေါ့ပေါ့ပါးပါးထွက်သွားတော့သည်။ ဤကိစ္စသည်က ရှင်းပိုင် တမင်ပြန်လုပ်ခဲ့ခြင်းပင်ဖြစ်သည်။

“ရှင်…” ချောင်ဝမ်ရှင်း ဒေါသများပေါက်ကွဲလုမတတ်ဖြစ်နေပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ကျန်လူများကတော့ သူတို့ခေါင်းကိုသာ ခါရမ်းလိုက်ကြပြီး ဘာပြောလို့ပြောရမှန်းပင် မသိကြတော့ပေ။ ဤနှစ်ယောက်မှာ တစ်ရက်တည်းနှင့်ကို ပြဿနာများစွာဖြစ်နေတာပဲ။

ကုနင်းနှင့်လင်ရှောင်းထင်က သူတို့အိမ်သို့မပြန်ခင် ချောင်ဝမ်ရှင်းအား ဟိုတယ်သို့အရင်ပြန်ပို့ပေးခဲ့သည်။ ကုနင်းနှင့် လင်ရှောင်းထင် နှစ်ယောက်တည်းသာ ကားပေါ်တွင်ရှိတော့ချိန်၍ ကုနင်းက စတင်စနောက်တော့သည်။

“ဝမ်ရှင်း ရှင့်ကိုမတ်လေးလို့ခေါ်လိုက်ရင် ရှင်တော်တော်ပျော်သွားတာကို ကျွန်မသတိထားမိတယ်။”

“သူက မင်းအမပဲ ဒီတော့ သူ့ရဲ့အမြင်ကလဲ အရေးကြီးတယ်လေ။” လင်ရှောင်းထင် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

ကုနင်းပြုံးရုံသာပြုံးနိုင်ပြီး ဘာပြန်ပြောလို့ပြောရမှန်းမသိခဲ့ပေ။ အမှန်ကိုပဲ မိသားစုဘက်မှ ခွင့်ပြုချက်ကိုရခြင်းက ပိုကောင်းလေသည်။

လင်ရှောင်းထင်ကလဲ သူ့အဘိုး၏ဆန္ဒကိုသာ ဂရုစိုက်ကြောင်း သူမကို ပြောထားပြီးဖြစ်၍ ကုနင်းလဲ ဆရာလင် သူမအပေါ် အမြင်ကောင်းရှိဖို့ရန်ကို တန်ဖိုးထားလေသည်။

ကုနင်းမသိသေးသည်က ဆရာကြီးလင်သည် သူမ၏ဖြစ်တည်မှုကို သိရှိထားပြီးသည့်အပြင် အလွန်လဲ ကျေနပ်နေခြင်းကိုပင်။ ဆရာကြီးလင်က ကုနင်းကို လူကိုယ်တိုင်မတွေ့ရသေးသော်လည်း လင်ရှောင်းထင်နှင့် သူမ၏သတင်းများကြောင့် အလွန်အထင်ကြီးသဘောကျမိနေပြီဖြစ်သည်။

“ဟုတ်သားပဲ၊ ကျွန်မBမြို့မှာတုန်းက ကီရင်းဂိုဏ်း၏ကလပ်ကိုသွားခဲ့သေးတယ်။ အဲ့ဒီမှာ မတော်တဆနဲ့ ယွမ်သန်း၁၀၀နိုင်ခဲ့လို့ ကီရင်းဂိုဏ်းခေါင်းဆောင် ချီထျန်းလင်က ကျွန်ကို ပြဿနာနည်းနည်းတောင် ရှာသွားသေးတယ်။” ကုနင်းပြောပြလိုက်သည်။

ထိုစကားကိုကြားတော့ လင်ရှောင်းထင် စိုးရိမ်သွားရကာ၊

“ဘာမှတော့ ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘူးမလား?” သူချီထျန်းလင်အကြောင်းကိုကြားဖူးကာ ချီထျန်းလင် ဘယ်လောက်တောင်မှ ရက်စက်ပြီး သွေးအေးလဲဆိုသည်ကိုလဲ သိထားလေသည်။

“မဖြစ်ပါဘူး။ သူက သူနဲ့လောင်းကစားတစ်ပွဲလောက် ကစားဖို့ပြောတယ်။ နောက်ဆုံး ကျွန်မပဲနိုင်သွားလို့ သူတောင်ယွမ်၃ဘီလီယံ ရှုံးသွားသေးတယ်။ အဲ့ဒါနဲ့ ကျွန်မ ဝမ်ရှင်းနဲ့ ကျားခိုင်ကို ယွမ်သန်း၅၀၀စီပေးလိုက်တယ်။”

“သူဒီလောက်လွယ်လွယ်နဲ့ သဘောတူလိုက်တယ်လား?” လင်ရှောင်းထင် မျက်မှောင်ကြုတ်ကာ သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

“အမ်….” ကုနင်း ကြားထဲဖြစ်ပျက်သမျှကို အသေးစိတ်မပြောပြဘဲ၊

“တကယ်တော့ အစပိုင်းမှာ သူငြင်းတာပေါ့၊ ဒါပေမယ့် ကျွန်မ သူ့လူနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ပြီးတော့ ကုပေးခဲ့တယ်။ သူက ကျွန်မဆေးကိုလိုချင်နေတာဆိုတော့ သဘောတူညီမှုတစ်ခုလုပ်ခဲ့တယ်။ စိတ်မပူပါနဲ့။ ကျွန်ကို ပြဿနာမရှာပါဘူး။”

ဆေး… ထပ်ပြီးဒီဆေးပဲလား။

သို့ပေမည့် လင်ရှောင်းထင်ကတော့ ချီထျန်းလင် ကုနင်းကို လက်စားချေမည်အား စိုးရိမ်မိလေသည်။

“ချီထျန်းလင်နဲ့ ဝေးဝေးနေ။ သူက စစ်ထူယဲ့ထက်တောင် ပိုပြီးအန္တရာယ်များတဲ့လူပဲ။”

“ဟ-ဟ၊ ဒါဆို စစ်ထူယဲ့နဲ့တော့ နီးနီးကပ်ကပ်နေလို့ရတယ်ပေါ့?” ကုနင်း မျက်စောင်းလေးထိုးရင်းဖြင့် စနောက်လိုက်သည်။ သူမ လင်ရှောင်းထင်၏တုန့်ပြန်မှုကို ကြည့်ချင်၍ တမင်ပြောလိုက်ခြင်းသာဖြစ်သည်။ မမျှော်လင့်ထားဘဲ၊ လင်ရှောင်းထင်မှာ ရုတ်တရက်ကြီး ကားကို လမ်းဘေးသို့ ဆွဲချကာ ထိုးရပ်လိုက်သည်။

“ဘာဖြစ်….” ကုနင်းလဲ ကြောက်လန့်သွားပေမည့် သူမစကားဆက်မပြောရသေးခင်တွင်ပဲ သူမနှုတ်ပိတ်ခံလိုက်ရသည်။ လင်ရှောင်းထင်မှာ ကုနင်း၏နှုတ်ခမ်းသားများကို နမ်းရှိုက်ကာ အပြစ်ပေးသည့်ပမာ ပြင်းပြင်းထန်ထန်နမ်းရှိုက်လို့နေသည်။ မိနစ်များစွာကြာသည်အထိ ကုနင်းကိုလွှတ်မပေးခဲ့ပေ။

ကုနင်း၏နှုတ်ခမ်းပါးများ အနည်းငယ်ယောင်သွားသည်ကို မြင်လိုက်ရတော့ လင်ရှောင်းထင် စိတ်မသက်မသာဖြစ်သွားရသော်လည်း ပြန်တော့ မတောင်းပန်ခဲ့ပေ။ ထိုအစား၊ လုံးဝလွန်ဆန်ခွင့်မရှိသည့် လေသံဖြင့်၊

“စစ်ထူယဲ့နဲ့လဲ ဝေးဝေးနေ။ မင်းမှာ ကိုယ်ရှိတယ်။ ပြီးတော့ ကိုယ်ကလဲ မင်းအတွက် အရာရာတိုင်းကို ဖြေရှင်းပေးမယ်။”

ကုနင်းရယ်ချင်မိသွားသည်။ သူမက စနောက်ချင်ရုံပဲဖြစ်ပေမည့် လင်ရှောင်းထင်ကတော့ ပြင်းထန်စွာ တုန့်ပြန်လေသည်။ သူ့ပုံစံက အခြားယောကျ်ားများနှင့်ပတ်သတ်လျှင် အလွယ်တကူ သဝန်တိုလွယ်သောကြောင့် သူမထပ်ပြီးမစနောက်သင့်တော့ပေ။

“ဟုတ်ပါပြီ။ အခုတော့ ကားကိုဆက်မောင်းပါဦး။” ကုနင်းပြောလိုက်သည်။

ကုနင်း၏အဖြေကိုကြားတော့မှပဲ လင်ရှောင်းထင် ကျေနပ်သွားတော့သည်။

“အိုး၊ ကျွန်မရှင့်အတွက်လဲ ဆေးလုံးအချို့ပြင်ပေးထားမယ်၊ ရှင်ယူသွားပေါ့။ ဖျားနာတာတို့ ဒဏ်ရာရတာတို့ဆို ရှင်သောက်လို့ရတယ်။” လင်ရှောင်းထင်သည် အလွန်ထူးချွန်သည့် စစ်တပ်အရာရှိတစ်ဦးဖြစ်သော်လည်း သူသည်လဲ ဒဏ်ရာရနိုင်ကာ သူထမ်းဆောင်ရသည့် တာဝန်တိုင်းမှာလဲ အန္တရာယ်များအပြည့်ပင်ဖြစ်သောကြောင့် သူနှင့်အတူ အထူးဆေးအချို့ယူဆောင်သွားဖို့ရန်လိုအပ်လေသည်။

“ဒီဆေးထဲကနေ အဘိုးကိုလဲ ယူသွားပေးလို့ရတယ်။ ခန္ဓာကိုယ်ကိုလဲ ကျန်းမာသန်စွမ်းစေတယ်။” ကုနင်းဆက်ပြောပြလိုက်သည်။

***

အခန်း ၄၅၂

အတူတူရေချိုးကြမယ်

“ကောင်းပြီလေ၊” ကုနင်းက သူကောင်းဖို့အတွက် စီစဉ်ပေးနေသည်မှန်းသိသောကြောင့် လင်ရှောင်းထင်မငြင်းဆန်ခဲ့ပေ။ ဆေး၏အစွမ်းသတ္တိကိုတော့ သူသံသယမရှိသော်လည်း ထိုဆေး၏ အရင်းအမြစ်ကိုတော့ သိချင်သေးလေသည်။

“မင်း ဒီလောက်ဆေးအများကြီး ဘယ်ကရခဲ့တာလဲ?”

“ကျွန်မဆရာကပေးခဲ့တာ။ ပမာဏအများကြီးပေးပေမယ့် သူဒီဆေးတွေကို ဘယ်ကရလဲတော့မသိဘူး။ အရင် ကျွန်မလေ့ကျင့်တုန်းက အမြဲတမ်းဒဏ်ရာတွေရခဲ့တယ်လေ။ ဒီတော့ ဆရာက ကျွန်မကို အဲ့ဒီဆေးသောက်ခိုင်းလိုက်ရင် အမြဲတမ်းမြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းသွားတာချည်းပဲ။” ကုနင်းလိမ်ညာလိုက်သည်။

“ကျွန်မအထင်တော့ ဆရာ့မှာ ဆေးပညာထူးချွန်တဲ့သီးသန့်ဆရာဝန်တစ်ယောက်ရှိပုံပဲ။”

ထိုစကားများကို ကြားရသည်က ထူးဆန်းနေသော်လည်း လင်ရှောင်းထင်သည်တော့ ကုနင်း၏ရှင်းပြချက်ကို လက်ခံလေသည်။

“မင်းမနက်ဖြန် ဘယ်ကိုသွားမှာလဲ?” လင်ရှောင်းထင်မေးလိုက်သည်။

“ကျွန်မရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုသွားမယ်။”

“ကိုယ်လဲ အတူလိုက်ခဲ့မယ်။”

ကုနင်းလင်ရှောင်းထင်ကိုကြည့်လိုက်ကာ၊

“ရှင်မနက်ဖြန်အားလို့လား?”

“အင်း။” လင်ရှောင်းထင်သည် ကုနင်းမြို့တော်သို့လာလျှင် အတူရှိနေခွင့်ရရန်အတွက် သူ၏လုပ်ငန်းတာဝန်အားလုံးကို အပြီးသတ်ထားပြီးသားဖြစ်သည်။

“မနက်ဖြန် ကိုယ့်ရဲ့ စစ်ဟယ်ယွမ့်ဆီကိုသွားလည်ကြရအောင်။” လင်ရှောင်းထင်ကပြောလိုက်သည်။

(စစ်ဟယ်ယွမ့် - ရှေးဟောင်းပုံစံ အလယ်တွင် မြေကွက်လပ်ရှိပြီး ဘေးလေးဘက်တွင် အဆောက်အဦး၊ ရေကန်တံခါးများစသည့် ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်ထားကာ အဓိကအားဖြင့် လေးထောင့်ပုံစံရှိပြီး တရုတ်တွင်အများဆုံးတွေ့ရသည်။ ရှေးဟောင်းတရုတ်များအဆောက်အဦးအများစုသည် ဤပုံစံဖြင့်သာ ဆောက်လုပ်လေ့ရှိကြသည်။ )

“ကောင်းပြီလေ။” ကုနင်းသည်လဲ ရှေးဟောင်းပုံစံနေထိုင်ရာနေရာများကို အလွန်စိတ်ဝင်စားလေသည်။ အထူးသဖြင့် လင်ရှောင်းထင်၏နေရာဖြစ်သောကြောင့် ပို၍ပင် စိတ်ဝင်စားသွားတော့သည်။

သူမတို့ အိမ်သို့ပြန်ရောက်ချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းအတွက် ရေချိုးကြွေကန်ထဲတွင် ရေကူဖြည့်ပေးကာ ကုနင်းကတော့ ရေချိုးဖို့ရန်ပြင်ဆင်လိုက်သည်။ သို့ပေမည့် သူမရေချိုးခန်းထဲရောက်၍ အဝတ်အစားများချွတ်ပြီးရုံရှိသေး ရုတ်တရက်ဆိုသလိုပင် လင်ရှောင်းထင်သည်လဲ အဝတ်ဗလာဖြင့် ရေချိုးခန်းထဲသို့ဝင်လာခဲ့သည်။ ကုနင်းအလွန်ရှက်ရွံ့သွားကာ မျက်နှာတစ်ခုလုံးနီရဲသွားရပြီး လင်ရှောင်းထင်ကို တည့်တည့်ပင် မကြည့်ရဲတော့ပေ။ သူမချက်ချင်းပင် တဘက်တစ်ထည့်ဖြင့် သူမကိုယ်သူမဖုံးကွယ်လိုက်ကာ၊

“ဒီ-ဒီထဲဘာဝင်လုပ်တာလဲ?”

“ရေအတူတူချိုးကြရအောင်!” လင်ရှောင်းထင် နည်းနည်းလေးပင် ရှက်ရွံ့ဟန်မပေါ်ဘဲ ပြောလိုက်လေသည်။

“မချိုးဘူး။ အခုချက်ချင်းထွက်သွား။”

ကုနင်းအလွန်ရှက်ရွံ့နေသည်ကို မြင်လိုက်ရတော့ လင်ရှောင်းထင် ရယ်လိုက်မိပြီး၊

“မင်းအခုချိန်မှရှက်နေတာ အရမ်းနောက်ကျလွန်းနေပြီလို့မထင်ဘူးလား?” ထိုသို့ပြောရင်းဖြင့် ကုနင်းအနားသို့ ဆက်ပြီးလျှောက်သွားကာ သူမ၏တဘက်ကိုဆွဲယူလိုက်တော့သည်။

“ရှင်…” ကုနင်းအနည်းငယ် စိတ်ဆိုးသွားပေမည့် ဘာပြန်ပြောလို့ပြောရမှန်းမသိခဲ့ပေ။

လင်ရှောင်းထင် ကုနင်းကို နောက်ထပ်စကားတစ်ခွန်းပင် ဆက်ပြောခွင့်မပေးတော့ဘဲ လက်မောင်းမှနေပြီး ဆွဲခေါ်လိုက်သည်။ နှစ်ဦးသားအဝတ်အစားမပါခြင်းကြောင့် ပို၍ပင် ခံစားမှုအားကောင်းနေကြကာ လင်ရှောင်းထင်ကလဲ ကုနင်းကို အရိုင်းဆန်ဆန်နမ်းရှိုက်နေပြီး သူ၏လက်များကလဲ ကုနင်း၏ချောမွေ့လှသည့် ကိုယ်ခန္ဓာတစ်လျှောက် စုန်ချည်ဆန်ချည်ပွတ်တိုက်လို့နေလေသည်။ ကုနင်းလဲ ထိုအထိအတွေ့များအကြားတွင် သာယာလာမိကာ နောက်ဆုံးတွင်တော့ လင်ရှောင်းထင်အား အရှုံးပေးလိုက်ပြီး စိတ်တိုင်းကျ ပြုမူခွင့်ပေးထားလိုက်တော့သည်။

နောက်တစ်နေ့မနက်အာရုံဦးအချိန်တွင်တော့ လင်ရှောင်းထင် အရင်ဦးစွာနိုးလာခဲ့သည်။ သူ့လက်မောင်းထက်တွင် သူ၏ချစ်ရသူမိန်းကလေးအိပ်မောကျနေသည်ကိုမြင်လိုက်ရပြီး မျက်ဝန်းထဲ၌ အချစ်စိတ်တို့ ပြည့်လျှမ်းလာရသည်။ အခုလိုမျိုး သူ့ဘေးတွင် သူမအခုလိုရှိနေခြင်းက အလွန်ကောင်းလေသည်။ လင်ရှောင်းထင်သည်အမြဲတမ်း သူတစ်ကိုယ်တည်းသာ သေသည့်အထိနေရမည်ဟု တွေးမိခဲ့သည်။ သို့ပေမည့် သူကုနင်းနှင့်ခဲ့ရပြီးနောက် သူ၏အိပ်ပျော်နေသည့် နှလုံးသားမှာ စတင်ခုန်လှုပ်လာခဲ့ကာ သူမကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားတော့သည်။

ကုနင်းကို အချိန်တခုအထိကြည့်မိနေပြီးနောက် အိပ်ရာမှထမသွားချင်သေးသော်လည်း ကုနင်းကိုမနက်စာပြင်ဆင်ပေးရဦးမည်ဖြစ်သည်။

သူထလိုက်သည်ဆိုသည်နှင့် ကုနင်းလဲ နိုးလာခဲ့ကာ၊

“ရှောင်းထင်၊” သူမအိပ်တဝက်နိုးတဝက်ဖြင့် သူ့နာမည်အားခေါ်လိုက်သည်။

“မောနင်း၊ ကလေးလေး၊ ကိုယ်မင်းနိုးအောင်လုပ်မိသွားတာလား?” လင်ရှောင်းထင် သူမကို သူ့လက်မောင်းထက်သို့ ပြန်တင်ပေးလိုက်ကာ လေပြေအေးလေးဖြင့်ပြောလိုက်သည်။

“အခုမှအစောကြီးရှိသေးတယ်။ မင်းခနလောက်ဆက်အိပ်လိုက်ဦး။”

ကုနင်း အသံပင်သိပ်မထွက်ပဲ ပြန်ဖြေလိုက်ပြီးနောက် နောက်တစ်ဖန်အိပ်ပျော်သွားပြန်တော့သည်။

လင်ရှောင်းထင် သူမအနား၌ရှိချိန်များတွင် သူမကိုယ်သူမလုံခြုံသည်ဟု ခံစားရကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်လေသည်။ ထို့အပြင် သူမတို့မနေ့ညက ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းကြောင့်လဲ သူမအမှန်တကယ်မောပန်းလို့နေလေပြီ။

ကုနင်း နောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားသည်ကိုမြင်တော့ လင်ရှောင်းထင် နူးနူးညံ့ညံ့ပြုံးလိုက်မိကာ သူလဲ အပြင်သို့ပြန်ထွက်လာခဲ့လိုက်သည်။ မနက်စာပြင်ပြီးသွားချိန်တွင်တော့ လင်ရှောင်းထင် အိပ်ခန်းသို့ပြန်ရောက်လာခဲ့သည်။

ထိုအချိန်တွင်တော့ ကုနင်းလဲ အပြည့်အဝနိုးလို့နေလေပြီ။

“မနက်စာအဆင့်သင့်ဖြစ်နေပြီ။” လင်ရှောင်းထင်ပြောလိုက်သည်။

“ကျေးဇူးပါ။” ကုနင်း အိပ်ရာမှထလိုက်သည့်အချိန်တွင်တော့ သူမသည်အခုထိ အဝတ်မဲ့နေစဲဖြစ်ကာ သူမတစ်ကိုယ်လုံးတွင်လဲ အမှတ်များစွာရှိနေသည်ကို မြင်လိုက်ရပြီး ချက်ချင်းပင် မျက်နှာနီရဲသွားကာ စောင်ဖြင့်ပြန်ဖုံးကွယ်လိုက်တော့သည်။

“အပြင်ထွက်နေ။”

လင်ရှောင်းထင် ရယ်မောလိုက်ပြီး၊

“အိုး၊ မင်းရဲ့အဝတ်အစားတွေက ဗီရိုထဲမှာနော်။” ဟုပြောပြီးမှသာ အခန်းပြင်သို့ ပြန်ထွက်သွားတော့သည်။

လင်ရှောင်းထင် ထွက်သွားတာသေချာမှသာ ကုနင်းလဲ အိပ်ရာမှထလိုက်သည်။ သူမအဝတ်ဗီရိုက်ကို ဖွင့်လိုက်ချိန်တွင်တော့ သူအတွက်ပြင်ဆင်ထားသည့် အဝတ်အစားသစ်များစွာကို တွေ့လိုက်ရသည်။ သို့ပေမည့် အမျိုးသမီးအတွင်းဝတ်အထည်များကို မြင်လိုက်ရချိန်တွင်တော့ ထပ်မံရှက်သွေးဖြန်းသွားရပြန်သည်။ ဒါတွေအားလုံး သူကိုယ်တိုင်ဝယ်ခဲ့တာလား? ဒါမှမဟုတ် တစ်ယောက်ယောက်ကို သွားဝယ်ခိုင်းတာလား? သူနည်းနည်းလေးတောင်မှ မရှက်ဘူးလား?

ထိုဝတ်စုံများက သူမနှင့် ကွက်တိကျနေသည်ကို သိလိုက်ရတော့ သူမပိုလို့ပင် ထိတ်လန့်လို့သွားရတော့သည်။

ကုနင်း အဝတ်အစားလဲပြီးဖို့ရန် အချိန်အတော်ကြာသွားပြီးနောက်တွင်မှ အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။

လင်ရှောင်းထင်ကတော့ သူပြင်ဆင်ပေးထားသည့် အဝတ်အစားများကို ကုနင်းဝတ်ထားသည်အားမြင်ပြီး အလွန်ကျေနပ်သဘောကျလို့နေသည်။ ကုနင်းသည်တော့ လင်ရှောင်းထင်ကို တစ်ချက်မျှပင် မကြည့်ဘဲ စားပွဲတွင်သာဝင်ထိုင်ကာ မနက်စာကိုတန်းစားတော့သည်။

ကုနင်းရှက်နေခြင်းဖြစ်မှန်း လင်ရှောင်းထင်နားလည်ပေမည့် တမင်ထုတ်မေးလိုက်လေသည်။

“အဲ့ဒါက မင်းနဲ့တော်ရဲ့လား?”

ကုနင်း ‘အင်း’လောက်သာပြန်ဖြေလိုက်ပြီး ထပ်မံတိတ်ဆိတ်လို့သွားပြသောကြောင့် လင်ရှောင်းထင်လဲ သူမကိုဆက်စမနေတော့ပေ။

မနက်စာစားပြီးနောက် ကုနင်း သူမတို့နှင့်အတူအပြင်ထွက်လည်ရန်အတွက် ချောင်ဝမ်ရှင်းကို ဖုန်းဆက်လိုက်လေသည်။

ထိုအသံကိုကြားလိုက်ရတော့ လင်ရှောင်းထင် မကျေမနပ်ဖြစ်သွားရသည်။ သူတို့နှစ်ဦးအတူတူအချိန်ဖြုန်းရန်က မလွယ်ပါဘူးဆို ကုနင်းက ချောင်ဝမ်ရှင်းကိုပါ သူတို့နှင့်အတူလည်ရန်ခေါ်နေသေးသည်။ သို့ပေမည့်ကုနင်းသာ ချောင်ဝမ်ရှင်းကို ဟိုတယ်တွင် တစ်ယောက်တည်းထားခဲ့မည်ဆိုလျှင် မသင့်တော်သောကြောင့် လင်ရှောင်းထင်လဲ ဘာမှပြောမနေတော့ပေ။ ကံကောင်းစွာဖြင့် ချောင်ဝမ်ရှင်းမှာ သူမသူငယ်ချင်းနှင့်တွေ့ရန် ချိန်းထားပြီးဖြစ်သောကြောင့် မနက်ပိုင်း သူတို့နှင့်လျှောက်မလည်နိုင်တော့ဘဲ ညကျမှသာ ညစာအတူစားရန်အတွက် ပြောလိုက်သည်။

မနက်၉နာရီဝန်းကျင်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်မှစတင်ထွက်ခွာလာခဲ့သည်။

လင်ရှောင်းထင်၏စစ်ဟယ်ယွမ်သည်သည် ပိုင်ဟိုင်ပန်းခြံနှင့်သိပ်မဝေးဘဲ မြို့ထဲတွင်တည်ရှိလေသည်။ ထိုနေရာသည် မြို့ထဲ၏အကောင်းဆုံးသောနေရာတွင်တည်ရှိကာ ရှုခင်းမှာလဲ အလွန်လှပသည်။ စစ်ဟယ်ယွမ်၏ဘေးနားတွင်တော့ ကြီးမားကျယ်ပြန့်သည့် မြက်ခင်းပြင်တစ်ခုရှိလေသည်။

အရှေ့တံခါးကိုဖွင့်လိုက်ချိန်တွင်တော့ ဘေးတစ်ဖက်တစ်ချက်စီတွင် မက်မွန်ပင်များစီတန်း စိုက်ပျိုးထားသည့် ကြီးမားသော ခြံဝန်းကြီးတစ်ခုရှိလေသည်။ ယခုအချိန်သည် ဆောင်းရာသီဖြစ်သောကြောင့် ပန်းပွင့်ခြင်းမရှိပေမည့် နွေရာသီတွင်တော့ အသက်ရှုမှားလောက်အောင် လှပစွာပွင့်ဖူးကြလေသည်။

***

အခန်း ၄၅၃

မင်းဘယ်နေရာမှာနေနေ၊ ကိုယ်လဲနေမယ်

ခြံဝန်း၏ဘယ်ဘက်အခြမ်းတွင်တော့ လူများဖန်တီးထားသည့် ကျောက်တုံးများနှင့်အတူ ကြာကန်တစ်ကန်ရှိလေသည်။ အခုချိန်က ဆောင်းရာသီဖြစ်သောကြောင့် ကြာများမပွင့်လန်းနေပေမည့် ငါးကြင်းရောင်စုံသည်တော့ ထိုကန်ထဲတွင် ကူးခတ်လို့နေသည်။ ကြာကန်၏ဘေးဘက်တွင်တော့ ကျောက်စားပွဲတစ်လုံးနှင့်အတူ ကျောက်သားထိုင်ခုံလေးခုံပါဝင်သည့် ရှုခင်းကြည့်အဆောင်ငယ်တစ်ခုလဲရှိနေသည်။ ရာသီဥတုက ပူနွေးသည့်ဘက်သို့ ပြန်ရောက်လာလျှင်တော့ ဤနေရာတွင် သူတို့သက်သောင့်သက်သာနှင့်အနားယူနိုင်ပေသည်။ ခြံဝန်း၏ဘေးနှစ်ဖက်လုံးတွင်တော့ ရှေးဟောင်းပုံစံ လမ်းသွယ်လေးများလဲရှိသည်။

ကုနင်း ချက်ချင်းဆိုသလိုပင် ဤနေရာပုံစံအား သဘောကျနှစ်ခြိုက်သွားတော့သည်။

ဤနေရာက ခြံရှေ့ဝန်းလေးသာဖြစ်သေးပြီး နောက်ထပ် ခြံနေဖက်တွင်လဲ ခြံဝန်းထပ်ရှိလို့နေသေးသည်။

သူမတို့ ဆက်လျှောက်လာလိုက်ပြီး ရှေ့ခန်းမမှဖြတ်ကာ နောက်ဖက်ခြံဝန်းသို့ ဆက်သွားလိုက်သည်။ ခြံနောက်ဘက်မြင်ကွင်းကို ကုနင်းမြင်လိုက်ရချိန်တွင်တော့ ထပ်မံပြီး မျက်ဝန်းများတောက်ပသွားရပြန်သည်။ အနောက်ဘက်ခြံဝန်းသည်လဲ အထူးလှပကောင်းမွန်သောကြောင့် ကုနင်း ဤနေရာတစ်ခုလုံးကို အမှန်တကယ်သဘောကျသွားရတော့သည်။

“မင်းကြိုက်ရဲ့လား?” ကုနင်း၏အမူအရာအရ အဖြေကို သိထားပြီးဖြစ်သော်လည်း သူမကိုယ်တိုင်ပြောသည်ကို ကြားချင်သောကြောင့် လင်ရှောင်းထင် ထပ်မေးလိုက်သည်။

“သေချာပေါက် ကြိုက်တာပေါ့။” ကုနင်း ပျော်ရွှင်စွာပြုံးပျော်ရင်း ဖြေလိုက်သည်။

လင်ရှောင်းထင် ကုနင်းကို သိုင်းဖက်လိုက်ကာ၊

“ဒီနေရာက မြို့တော်တက္ကသိုလ်နဲ့နီးတယ်။ မင်းကျောင်းလာတက်ရင် ကိုယ်တို့ဒီမှာနေလို့ရတယ်။”

ကုနင်း တခနမျှကြောင်အသွားပြီးနောက် ချက်ချင်းပြန်ငြင်းလိုက်သည်။

“မနေဘူး၊ ကျွန်မကိုယ်ပိုင်အိမ်တစ်လုံးဝယ်မှာ။”

ထိုစကားကိုကြားလိုက်ရတော့ လင်ရှောင်းထင် ဝမ်းနည်းသွားကာ၊

“မရဘူး။ မင်းကိုယ်နဲ့အတူ ဒီမှာပဲလိုက်နေရမယ်။”

“လုံးဝမနေဘူး။”

“ကိစ္စမရှိပါဘူး။ မင်းဘယ်မှာနေနေ ကိုယ်လိုက်နေမယ်။” လင်ရှောင်းထင် ကုနင်းနှင့်ဆက်ပြီး မငြင်းခုံချင်တော့ပေ။ သူအလိုချင်ဆုံးက သူမနှင့်အတူရှိနေဖို့ရန်သာဖြစ်သည်။ ကုနင်းလဲ လင်ရှောင်းထင်၏ကလေးဆန်ဆန် တုံ့ပြန်မှုကြောင့် ရယ်ချင်သွားပေမည့် ဖြစ်လာမည့်အရာများအတွက် သူမကိုယ်တိုင်သာ ဆုံးဖြတ်ပေမည်။

လင်ရှောင်းထင်သည် စစ်ဟယ်ယွမ်တွင် ဘယ်တုန်းကမှမနေခဲ့သော်လည်း လိုအပ်သမျှအရာရာတိုင်း အပြည့်အစုံရှိနေပြီးသားဖြစ်ကာ အချိန်မှန် လာရောက်သန့်ရှင်းပေးသူများရှိသောကြောင့် သူတို့ နေချင်သည့်အချိန် တက်နေလိုက်ရုံပင်။

“နင်းနင်း၊ အခန်းထဲမှာ သွားနားနေချင်လား? ကိုယ်နဲ့အတူဈေးဝယ်လိုက်ခဲ့မလား?” လင်ရှောင်းထင်မေးလိုက်သည်။

“လိုက်ခဲ့မယ်။” ကုနင်းချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ။” ထို့နောက် လင်ရှောင်းထင် ကုနင်း၏လက်ကိုဆွဲကိုင်ရင်း အဆင့်မြင့်ဈေးတစ်ခုသို့ ထွက်လာခဲ့သည်။ သူတို့နှစ်ဦး အဆင့်မြင့်ဈေးအတွင်းသို့ ဝင်လိုက်ချိန်တွင်တော့ သူတို့၏လှပခန့်ညားလွန်းသည့် ရုပ်ရည်သွင်ပြင်များကြောင့် အနားတဝိုက်ရှိလူများ မှင်သက်ကုန်ကြရသည်။ အချို့အမျိုးသမီးများဆိုလျှင် လင်ရှောင်းထင်ကို သိသိသာသာပင် စိုက်ကြည့်နေကြကာ သူတို့၏အမျိုးသား၊ ချစ်သူများကိုပင် လျစ်လျူရှုထားကြတော့သည်။ သို့ပေမည့် လင်ရှောင်းထင်သည်တော့ သူတို့ဘက်ကိုလုံးဝအာရုံစိုက်ခြင်းမရှိဘဲ ကုနင်းကိုသာ မေးလိုက်သည်။

“မင်းဘာစားချင်လဲ?”

“အရင်ဆုံးကြည့်ကြည့်ဦးမယ်။” ကုနင်းသည် ချက်ပြုတ်ရခြင်းကို စိတ်မဝင်စားသောကြောင့် ဘာတွေဝယ်ရမလဲဆိုသည်ကို မစဉ်းစားတတ်ပေ။

လင်ရှောင်းထင်က ဈေးဝယ်လှည်းကိုတွန်းကာ ကုနင်းကတော့ သူမလိုချင်တာရှိလောက်မလား လိုက်ကြည့်နေခဲ့သည်။ သူမတို့နှစ်ဦးတည်းသာ စားမည်ဖြစ်သောကြောင့် ကုနင်း ပါဝင်ပစ္စည်းအများကြီး မရွေးချယ်ခဲ့ပေ။

နောက်ဆုံးဝယ်ပြီးကာ အိမ်သို့ပြန်ရောက်ချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းကိုအနားယူရန်ပြောလိုက်ပြီး သူကတော့ ချက်ပြုတ်ဖို့အတွက် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင်ပဲ ကုမန့်ထံမှဖုန်းဆက်ခေါ်လာခဲ့သည်။

“နင်းနင်း၊ မီးအိမ်ပွဲတော်က နောက်သုံးရက်ပဲလိုတော့တယ်။ သမီးဘယ်အချိန်အိမ်ပြန်လာမှာလဲ?” ကုမန့်မေးလိုက်သည်။ သူမသမီးသည် နေ့တိုင်းလိုလို အခြားမြို့အသီးသီးတွင် အလုပ်များနေသောကြောင့် သူမစိုးရိမ်ပူပန်နေရပေမည့် ဘာမှတော့ မလုပ်ပေးနိုင်ခဲ့ပေ။

“သမီးမနက်ဖြန်တော့ အလုပ်များဦးမယ်။ သန်ဘက်မှတော့ ပြန်လာခဲ့ပါ့မယ်။” ကုနင်းပြန်ဖြေလိုက်သည်။

“သမီးကအမြဲတမ်းအလုပ်များနေပေမယ့် အမေကတော့ ဘာမှမကူညီပေးနိုင်ဘူး။ ကိုယ့်ကိုကိုယ်သေချာဂရုစိုက်နော်။ အမေ့အတွက် သမီးငွေဘယ်လောက်ပဲရှာနိုင်နိုင် အရေးမကြီးဘူး။ သမီးရဲ့ကျန်းမာရေးကသာ အရေးကြီးဆုံးပဲ။ ဟုတ်ပြီလား?”

“သမီးနာလည်ပါတယ်။ အမေလဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။”

“ဒါနဲ့၊ ဒီရက်ပိုင်းအတွင်း ကုမိသားစုတွေ အမေတို့ကို ပြဿနာလာရှာသေးလား?”

ထိုမေးခွန်းကိုကြားတော့ ကုမန့်တခနတိတ်ဆိတ်သွားခဲ့ကာ၊

“တကယ်တော့ ကုချင်းရှန် အမေ့ကိုဖုန်းတစ်ခါဆက်သေးတယ်။ အခုသူ့ကုမ္ပဏီက ဒေဝါလီခံရလုနီးပါးဖြစ်နေလို့ အမေ့ဆီက ပိုက်ဆံနည်းနည်းလောက်ချေးချင်နေပေမယ့် အမေကတော့ ငြင်းလိုက်တယ်။”

ကုချင်းရှန်သည် ကုမန့်၏အစ်ကိုကြီးဖြစ်သော်လည်း ကုချင်းရှန်လုပ်ခဲ့သမျှမှာ သူမ၏နှလုံးသားကို အလုံးစုံကွဲအက်သွားစေခဲ့ပြီဖြစ်သောကြောင့် ထိုအတိတ်အချိန်များကို သူမမမေ့နိုင်တော့သလို ကုချင်းရှန်ကိုလဲ ကူညီပေးလိမ့်မည်မဟုတ်တော့ပေ။ ကုမန့်တို့ ချမ်းသာကြွယ်ဝသည့် ဘဝတွင်နေလာရချိန်တွင် သူတို့က သူမတို့နောက်ပါးမှခိုကပ်ကာ အကျိုးအမြတ်ကိုခံစားလိုက်နေကြသည်။ ကုမန့်သာ အရင်လိုဆက်ပြီးဆင်းရဲနေခဲ့ဦးမည်ဆိုလျှင် သူတို့က ကုမန့်ကို ကုမိသားစုဝင်အဖြစ်ပင် သတ်မှတ်ကြလိမ့်မည်မဟုတ်ပေ။

ကုချင်းရှန်အကြောင်းကို ကုမန့်သိထားပြီးကတည်းက သူမချမ်းသာနေပြီဆိုလျှင်တော့ လေးလေးစားစားဆက်ဆံပေးမည်မဟုတ်ဘဲ အမိန့်ပေးသလိုသာ လုပ်ကြမည်ဖြစ်ကြောင်း နားလည်ထားလေသည်။ ထို့အပြင် သူမဆီမှ ကြွယ်ဝချမ်းသာမှုများကို လုယူကြပြီး သူမဘဝကိုပင် ဖျက်စီးဖို့ရန် ကြိုးစားပေလိမ့်မည်။

“အဲ့လိုလုပ်တာပဲကောင်းတယ်။ သူတို့ကို လျစ်လျူရှုထားလိုက်။” ကုနင်းက ကုမန့်၏ဆုံးဖြတ်ချက်ကို ထောက်ခံပေးခဲ့သည်။ ကုမန့်နှင့် မိနစ်ပိုင်းမျှ စကားပြောပြီးနောက်တွင်တော့ ကုနင်းဖုန်းချလိုက်တော့သည်။

တစ်နာရီခွဲအတွင်းမှာပင် ထမင်းစားပွဲပေါ်၌ ဟင်းပွဲငါးမျိုး အဆင်သင့်ရောက်ရှိသွားကာ လင်ရှောင်းထင်လဲ နေ့လည်စာစားရန်အတွက် ကုနင်းကို ဖိတ်ခေါ်လိုက်သည်။

ချောင်ဝမ်ရှင်းနှင့် အိုက်ရှင်းယွီသည် ယနေ့အတွက် ချိန်းထားတာတစ်ခုရှိလေသည်။ ထို့အပြင် အိုက်ရှင်းယွီကလဲ သူမ၏နောက်ထပ်မိန်းကလေးသူငယ်ချင်းဖြစ်သည့် စုထုံနျိုလဲ အတူလိုက်ပါလာခဲ့သည်။

စုထုံနျိုသည် အလွန်လှပကာ ကြော့ရှင်းသည့်သွင်ပြင်ရှိသည်။ သူမသည် နာမည်ကြီးသရုပ်ဆောင်မင်းသမီးတစ်ဦးမဟုတ်ပေမည့် သရုပ်ဆောင်တော့ အတော်လေးကောင်းမွန်လှပေသည်။ သို့ပေမည့် သူမသည် ဖျော်ဖြေရေးလောက၏ ဖော်မပြထားသော စည်းမျဉ်းစည်းကမ်းများကို ငြင်းဆန်ခဲ့သောကြောင့် သူမတွင် အခွင့်ရေးများများစားစားမရှိနေပေ။ ထို့အပြင် သူမသည် တကယ့်သူဌေးကြီးတစ်ဦးကိုလဲ စိတ်အနှောက်အယှက်ပြုခဲ့မိသောကြောင့် အနုပညာလောကမှ ထုတ်ပယ်ခံထားရလေသည်။

စုထုံနျို၏ ကောလိပ်မှအဓိကပညာရပ်မှာ ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး မမျှော်လင့်ဘဲနှင့် အနုပညာလောကသို့ဝင်ရောက်ခဲ့ခြင်းသာဖြစ်သည်။ သူမ၏ကုမ္ပဏီက သူမအတွက် အခွင့်ရေးမပေးတော့သောကြောင့် သူမအသက်ရှင်နေထိုင်စားသောက်ရန်အတွက် ဒီဇိုင်းရေးဆွဲသည့်လုပ်ငန်းအချို့နှင့်ချိတ်ဆက်ပေးနေသည့် အိုက်ရှင်းယွီအပေါ်သာ မှီခိုနေရသည်။

အိုက်ရှင်းယွီ၏မိသားစုသည် အတော်အတန်ချမ်းသာကာ ဝင်ငွေကောင်းသော်လည်း အာဏာတော့မရှိသောကြောင့် သူမအတွက် ကုမ္ပဏီတွင် သီးသန့်နေရာမပေးနိုင်ပေ။

သူမတို့သုံးဦး စားသောက်ဆိုင်တစ်ဆိုင်အတွင်းသို့ဝင်လိုက်ချိန်တွင် ခါးပိုက်နှိုက်တစ်ဦးကို သတိထားမိလိုက်သည်။ ထို့ကြောင့် အချိန်ဆွဲမနေဘဲ ချောင်ဝမ်ရှင်း ထိုလူကို ဖမ်းဆီးလိုက်တော့သည်။ ထိုခါးပိုက်နှိုက်မှာ အပြေးမြန်လှသော်လည်း ချောင်ဝမ်ရှင်းကပို၍မြန်ပေသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုခါးပိုက်နှိုက်ကို ချောင်ဝမ်ရှင်းဖမ်းမိသွားကာ ပိုက်ဆံအိတ်ကိုပြန်ရလိုက်သည်။ ခါးပိုက်နှိုက်ခံခဲ့ရသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးမှာ ချောင်ဝမ်ရှင်းအားထပ်ခါထပ်ခါကျေးဇူးတင်နေတော့သည်။ ထိုသက်လတ်ပိုင်းအမျိုးသမီးကြီးမှာ သူမ၏ပိုက်ဆံအိတ်ကိုလဲပြန်ရပြီဖြစ်သောကြောင့် အလုပ်ရှုပ်ခံကာ ရဲကိုအကြောင်းကြားမနေတော့ပေ။

တိုက်ဆိုင်စွာဖြင့် ပြတင်းပေါက်နားတွင်ထိုင်နေသည့် ရှုကျင်းချန်နှင့်ရှင်းပိုင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ထိုတခနတွင်ပဲ ရှင်းပိုင်၏ ချောင်ဝမ်ရှင်းအပေါ် အတွေးအမြင်များပြောင်းလဲသွားတော့သည်။

“ချောင်ဝမ်ရှင်း အတိုက်အခိုက်ကောင်းနေတာ အံ့ဩစရာပဲ။” ရှုကျင်းချန် အလွန်အံ့အားသင့်သွားသည်။

“ပြီးတော့ သူသတ္တိလဲရှိသားပဲ။”

“ဟုတ်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်လိုက်မာန်ပါလုပ်လွန်းတယ်။ တခါတလေတော့ အခုလိုမျိုး တန်းပြေးသွားပြီး ဝင်မပါသင့်ဘူး။” ရှင်းပိုင်က ပြန်ပြောလိုက်သည်။

ရှုကျင်းချန်ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။

“သူတို့အပေါ်ထပ်တက်လာကြပြီ။ ငါတို့ သူတို့ကိုပါ ညစာအတူစားဖို့ ဘာလို့မခေါ်လိုက်တာလဲ?” ရှုကျင်းချန်ပြောလိုက်သည်။

“သဘောပဲ။” ရှင်းပိုင်ကတော့ အရေးမစိုက်သည့်ဟန်ဖြင့်ပင်။

“မင်းသူ့ကို တကယ်မကြိုက်ဘူးလို့ ငါထင်နေတယ်။ ဒါကအထင်လွဲနေရုံလေးပဲကို။ ဘာလို့ မင်းဒီတိုင်းမထားပေးလိုက်နိုင်တာလဲ?” ရှင်းပိုင် ဘာကြောင့်များ ဒီလောက်အထိ စိတ်ထဲထားနေလဲ ဆိုသည်ကို ရှုကျင်းချန်နားမလည်နိုင်တော့ပေ။ ထို့အပြင် ရှင်းပိုင်သည် အစောလေးကတင် သူနှင့်ရယ်ရယ်မောမောဖြင့် စကားပြောနေခြင်းမဟုတ်ပါလား။ သို့ပေမည့် ချောင်ဝမ်ရှင်းပေါ်လာသည်နှင့် ရှင်းပိုင်၏ပုံစံမှာ အေးစက်သွားကာ တည်တံ့သွားတော့သည်။

“ကောင်းပြီလေ၊ မင်းသူ့ကို မမြင်ချင်ရင်လဲ ငါခေါ်မနေတော့ဘူး။ သူတို့ဒီဘက်လာတဲ့အချိန် ငါတို့မမြင်ချင်ယောင် ဟန်ဆောင်လိုက်တာပေါ့။”

ရှင်းပိုင် အနည်းငယ်မျက်မှောင်ကြုတ်သွားကာ နှုတ်ခမ်းများအနည်းငယ်လှုပ်ရှားသွားပေမည့် ဘာမှတော့မပြောခဲ့ပေ။

***

အခန်း ၄၅၄

ချင်ခေတ်မှရှေးဟောင်းပစ္စည်းများ

ဤစားသောက်ဆိုင်သည် ခန်းမကျယ်တစ်ခုတည်းသာရှိသောကြောင့် သူတို့အနေဖြင့် ချောင်ဝမ်ရှင်းတို့ သူငယ်ချင်းအုပ်စု ဆန့်ကျင်ဘက်လမ်းသို့သာမသွားလျှင် သူမတို့ကို မမြင်ချင်ဟန်‌ဆောင်ဖို့ရန်က ခက်ခဲလေသည်။ သို့ပေမည့် စားပွဲထိုးက ချောင်ဝမ်ရှင်းတို့အဖွဲ့ကို ရှုကျင်းချန်တို့ရှိရာဘက်သို့သာ လမ်းပြခေါ်ဆောင်လာခဲ့သည်။ အဆိုးဆုံးသည်ကတော့ ချောင်ဝမ်ရှင်းနှင့် ရှုကျင်းချန်မှာ အကြည့်ချင်းပါ ဆုံသွားကြသောကြောင့် ရှုကျင်းချန်အဖို့ ဘာမှမပြောဘဲနေဖို့က ရိုင်းစိုင်းလွန်းသွားပေမည်။

“အိုး၊ မင်္ဂလာပါ။ မိန်းကလေးချောင်။ တိုက်ဆိုင်လိုက်တာနော်။ စိတ်မရှိရင် ကျွန်တော်တို့နဲ့တစ်ဝိုင်းတည်း လာစားလိုက်ပါလား?” ရှုကျင်းချန် ယဉ်ကျေးစွာဖြင့် ဖိကြားလိုက်သည်။

ချောင်ဝမ်ရှင်း ရှင်းပိုင်အားတစ်ချက်မျှ စောင်းကြည့်လိုက်ရင်း ငြင်းဆိုလိုက်သည်။

“ကျေးဇူးပါ။ လူကြီးမင်းရှု၊ ဒါပေမယ့် ကျွန်မတို့ သီးသန့်စားပွဲဝိုင်းကြိုမှာထားပြီးသားမို့လို့ပါ။”

ရှင်းပိုင်ကို လုံးဝလျစ်လျူရှုထားလိုက်လေသည်။ ထို့နောက် စားပွဲထိုးနောက်မှနေပြီး ရှုကျင်းချန်တို့၏ရှေ့မှ စားပွဲဝိုင်းသို့ ချောင်ဝမ်ရှင်း ဆက်လိုက်သွားခဲ့သည်။

အိုက်ရှင်းယွီကတော့ ရှင်းပိုင်ကိုမြင်လိုက်ချိန်တွင် အလွန်အံ့ဩသွားခဲ့ရသည်။

“ဝမ်ရှင်း၊ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ။ နင်အဲ့ဒီလူဆိုးရဲ့သူငယ်ချင်းနဲ့သိနေတာလား?”

အိုက်ရှင်းယွီက အသံတိုးကာပြောသော်လည်း ရှုကျင်းချန်နှင့် ရှင်းပိုင်ကတော့ ကြားနိုင်နေသေးသည်။ ရှုပိုင်ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပေမည့် ရှုကျင်းချန်ကတော့ တိုးတိုးတိတ်တိတ်ခိုးရယ်နေတော့သည်။

ချောင်ဝမ်ရှင်း နေရခက်သွားကာ အမြန်ရှင်းပြလိုက်ရသည်။

“တကယ်တော့၊ အဲ့ဒါက နားလည်မှုလွဲသွားရုံပါ။ သူကလူဆိုးမဟုတ်ပါဘူး။ သူ့ချစ်သူဆိုတဲ့ အမျိုးသမီးက အရင်သူဘာမှမဟုတ်ခင်တုန်းက စွန့်ပစ်ခဲ့တာ။ အခုသူအောင်မြင်လာတော့မှ အဲ့ဒီအမျိုးသမီးက သူ့နားပြန်လာချင်နေတာ။ သူတို့အားလုံးက ငါ့မတ်လေးရဲ့သူငယ်ချင်းကောင်းတွေပဲ။ ပြီးတော့ မနေ့ညကတင် အတူတူညစာစားခဲ့သေးတယ်။” သူမ ရှင်းပိုင်ကို သဘောမကျသော်လည်း ရှင်းပိုင်၏ဂုဏ်သိက္ခာကျအောင်တော့ မဖျက်စီးလိုပေ။

“ဘာ?” အိုက်ရှင်းယွီ အံ့ဩသွားရသည်။

“နင်တို့မနေ့ညက အဆင်ပြေခဲ့လား?”

“အဲ့ဒါတော့ ငါတို့ခနတဖြုတ်တော့ စကားများခဲ့ကြပါသေးတယ်။”

“ဝမ်ရှင်း၊ ငါနင့်ကို စိတ်လိုက်မာန်ပါမလုပ်ဖို့ မပြောဘူးလား။ အခုတော့ အပြစ်မဲ့တဲ့လူကို ထိခိုက်အောင်လုပ်မိသွားပြီ။”

“ဒါငါ့အမှားမဟုတ်တာ။ မနေ့ကဖြစ်တာကို နင်လဲအမြင်ပဲလေ။ သေချာပေါက် အဲ့လိုကိစ္စများက တခြားလူတွေကို လွယ်လွယ်လေး အထင်လွဲသွားစေနိုင်တာပဲကို။” သူမ ရှင်းပိုင်အပေါ် အမှားလုပ်မိသွားမှန်း ချောင်ဝမ်ရှင်းဝန်ခံသော်လည်း အားလုံး သူမအမှားဟူ၍တော့ မထင်မိပေ။

ရှုကျင်းချန်နှင့်ရှင်းပိုင်မှာ စောစောစီးစားသောက်ပြီးစီးသွားခဲ့သည်။ ထို့နောက် သူတို့မထွက်သွားင် ရှုကျင်းချန်က ချောင်ဝမ်ရှင်းတို့ဆီသွားကာ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သောကြောင့် သူ၏ယဉ်ကျေးသည့်အပြုအမူက ကျန်သည့် ကောင်မလေးနှစ်ဦးကို အမြင်ကောင်းကျန်ရှိသွားစေသည်။

“ငါ့အထင်တော့ အဲ့လူက ခန့်ညားပြီး ယဉ်ကျေးတယ်။ သူသာ တစ်ကိုယ်တည်းသမားဆိုရင် နင်သူ့အကြောင်း ပိုသိအောင် ဘာလို့မကြိုးစားကြည့်လိုက်တာလဲ?” အိုက်ရှင်းယွီက ချောင်ဝမ်ရှင်းကို ပြောလိုက်သည်။

ချောင်ဝမ်ရှင်း တွေဝေသွားရသည်။ ရှုကျင်းချန်သည် အမှန်ကိုပင် အပြစ်ပြောစရာမရှိလောက်အောင် ထူးချွန်သည့် လူတစ်ယောက်ဖြစ်ပေမည့် သူမကတော့ ထိုလူအပေါ် မည်သည့်ခံစားချက်မျှ ရှိမနေပေ။ ထို့ကြောင့် သူမ အရမ်းမလောဖို့ရန်သာ ဆုံးဖြတ်လိုက်သည်။

ချောင်ဝမ်ရှင်းတို့အဖွဲ့လဲ နေ့လည်စာစားပြီးသွားကာ ငွေရှင်းဖို့သွားလိုက်ချိန်တွင်တော့ ရှုကျင်းချန်က သူတို့အတွက် ကြိုတင်ရှင်းပေးသွားကြောင်း စားပွဲထိုးကပြောလာခဲ့သောကြောင့် သူတို့လဲ အံ့အားသင့်သွားခဲ့ရသည်။

“ဝိုး၊ သူကခန့်ညားပြီး ယဉ်ကျေးရုံတင်မကဘူး အရမ်းလဲရက်ရောတာပဲ။” အိုက်ရှင်းယွီ ချီးကျူးလိုက်မိသည်။

……..

ကုနင်းနှင့်လင်ရှောင်းထင်တို့လဲ နေ့လည်စာစားပြီးနောက် စစ်ဟယ်ယွမ်ကို တစ်ပတ်ခန့်ပတ်ကြည့်လိုက်ပြီးနောက် ပိုင်ဟိုင်ပန်းခြံသို့ထွက်လာခဲ့သည်။

“မင်းမြစ်ထဲမှာ လှေစီးချင်လား?” လင်ရှောင်းထင်မေးလိုက်သည်။

“စီးတာပေါ့။” ကုနင်းစိတ်လှုပ်ရှားသွားခဲ့သည်။

ထို့နောက် သူတို့လှေငယ်တစ်စီးငှားလိုက်ကာ ထိုလှေပေါ်တွင် ကုနင်းနှင့်လင်ရှောင်းထင်အပြင် လှေလှော်သမားတစ်ဦးလဲပါရှိလေသည်။ သူတို့မြစ်တစ်လျှောက်ကို ဖြည်းဖြည်းမှန်မှန်ဖြင့် လှော်ခပ်သွားခဲ့ကြသည်။

ကုနင်းသည် လှေ၏အစွန်းဘက်တွင်ထိုင်ခဲ့သည်။ ထို့ကြောင့် လှေနားတွင် ရွှေငါးတစ်ကောင် သေနေသလိုဖြင့် မလှုပ်မရှားရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူမလက်ဖြင့် ထိုငါးကိုကိုင်လိုက်ရင်း စွမ်းအင်များကို ထည့်သွင်းပေးလိုက်သည်။ မကြာခင်တွင်ပဲ ထိုငါး တဖန်ပြန်လည်အသက်ရှင်လာခဲ့သည်။

ထိုအချင်းအရာကိုမြင်လိုက်ရတော့ လင်ရှောင်းထင် အံ့အားသင့်သွားပေမည့် မည်သို့မျှမပြောခဲ့ပေ။

ကုနင်းက စနောက်သည့်သဘောဖြင့်၊

“ဒါကရွှေငါးဖြစ်နေတော့ ကျွန်မတို့စားလိုမရဘူး။ မဟုတ်ရင် အိမ်ကိုယူသွားပြီး ချက်စားပစ်မှာ။”

လင်ရှောင်းထင်ပြုံးလိုက်ကာ ကုနင်း၏ဦးခေါင်းကို သူ့အနားသို့ ညင်သာစွာဖြင့် ဆွဲယူလိုက်ရင်း၊

“မင်းငါးစားချင်ရင် ကိုယ်တို့ နောက်မှငါးတစ်ကောင်လောက်ဝယ်လိုက်လို့ရတာပဲ။”

ကုနင်း မျက်တောင်ပုတ်ခက်ပုတ်ခပ်ဖြစ်သွားကာ၊

“ရှင်ပင်လယ်စာနဲ့ဓါတ်မတည့်ဘူးမဟုတ်လား? ငါးကလဲ ပင်လယ်စာပဲလေ။”

“ကိုယ် ငါးနဲ့တော့တည့်တယ်။”

“ကောင်းတာပေါ့၊ ညနေကျရင် ငါးစားကြရအောင်။” ကုနင်းပြုံးပျော်စွာဖြင့်ပြောလိုက်သည်။

ကုနင်း၏အကြိုက်ဆုံးအစားအစာမှာ ပင်လယ်စာဖြစ်ပေသည်။ သို့ပေမည့် မမျှော်လင့်ထားစွာပင် လင်ရှောင်းထင်သည် ပင်လယ်စာနှင့်ဓါတ်မတည့်သောကြောင့် လင်ရှောင်းထင်နှင့်အတူရှိနေတိုင်း သူမပင်လယ်စာစားဖို့ရန် မပြောခဲ့ပေ။

ကုနင်း ရွှေငါးကို ရေထဲသို့ပြန်လွှတ်ပေးလိုက်ပေမည့် ထိုရွှေငါးလေးက အဝေးသို့မထွက်သွားဘဲ ကုနင်းရှေ့တွင် ခုန်ပျံလို့နေကာ သူမအတွက်အလှပြနေသလိုပင်။ ထို့အပြင် ကုနင်းသည် ရွှေငါးလေးက သူမကိုအလွန်ကျေးဇူးတင်နေသည်ဟု ခံစားလိုက်ရသောကြောင့် သူမအံ့အားသင့်သွားပေမည့် ဘာမှမပြောခဲ့ပေ။ လင်ရှောင်းထင်လဲ ထိုသို့ခံစားချက်မျိုး ခံစားလိုက်ရကာ ကုနင်းကဲ့သို့ပင် အံ့အားသင့်သွားပေမည့် ဘာပြောလို့ပြောရမှန်း မသိခဲ့ပေ။

ရုတ်တရက် ကုနင်းစိတ်ထဲအတွေးတစ်ခုပေါ်လာကာ သူမချက်ချင်းပင် ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ ရေထဲသို့ကြည့်လိုက်သည်။

ရေပြင်မှာ မှောင်မိုက်နေသော်လည်း ကုနင်း၏ကျောက်စိမ်းမျက်ဝန်းဖြင့် ကြည့်လိုက်ချိန်တွင်တော့ သလင်းကျောက်ပမာ ကြည်လင်လို့နေတော့သည်။ ရေထဲတွင် ရေမှော်ပင်များစွာနှင့် ငါးများစွာရှိလို့နေသည်။ ကုနင်းအကြည့်ကိုပြန်ရုတ်သိမ်းတော့မည့်အချိန်တွင်ပင် ၅၀စင်တီမီတာခန့်ရှိသည့် ပြဒါးရောင်သစ်သားသတ္တာတစ်လုံး သူမ၏မြင်ကွင်းအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ဒီထဲမှာ ရှေးဟောင်းပစ္စည်းတွေများ ရှိနေတာလား? ကုနင်း ထိုသို့တွေးလိုက်ပြီးနောက် သစ်သားသတ္တာအတွင်းဘက်သို့ ဖောက်ထွင်းလကြည့်လိုက်ချိန်တွင် သူမအထင်မှန်နေခဲ့သည်။ ထိုသတ္တာအတွင်းတွင် ရှေးဟောင်းပစ္စည်းအများအပြားရှိနေသည်။ ထိုထဲမှအချို့ကတော့ ချင်ခေတ်မှကြွေပုလင်းများဖြစ်နေကြောင်း ကုနင်းမှတ်မိလိုက်သည်။ ထို့အပြင် ထိုသတ္တာထဲမှ ရှေးဟောင်းပစ္စည်းအားလုံးသည်လဲ ချင်ခေတ်မှသာဖြစ်လေသည်။

ထို့ကြောင့် ဤပစ္စည်းများကို တစ်စုံတစ်ယောက်ခိုးယူခဲ့ပေမည့် ရှာတွေ့သွားကြသောကြောင့် ရှေးဟောင်းပစ္စည်းများကို မြစ်ထဲတွင် စွန့်ပစ်လိုက်ကြခြင်းဖြစ်လေသည်။ သူတို့ကအခု ကျုံးဘက်သို့သွားနေခြင်းဖြစ်ပြီး ရှေးဟောင်းပစ္စည်းများသည် ထိုကျုံး၏ဘေးနားတွင် တည်ရှိခြင်းဖြစ်သည်။

ကုနင်းစိတ်လှုပ်ရှားသွားပုံကို လင်ရှောင်းထင် ချက်ချင်းသတိထားမိသွားလေသည်။

“ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်တောင် ပျော်နေရတာလဲ?” လင်ရှောင်းထင် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

ထိုတော့မှ ကုနင်းလဲ သူမ၏စိတ်လှုပ်ရှားနေသည့် အမူအရာကို ထုတ်ဖော်မပြသသင့်မှန်း နားလည်ပေမည့် ထိတ်လန့်သွားခြင်းတော့ မရှိပေ။

“အမ်၊ အဲ့ဒါက ကျွန်မအခုလေးတင် ရေထဲမှာ ငါးနှစ်ကောင်ရန်ဖြစ်နေတာကို တွေ့လိုက်ရလို့။”

“ငါးနှစ်ကောင်က ရန်ဖြစ်နေတယ်?” လင်ရှောင်းထင် အံ့ဩသွားရသည်။

ကုနင်း ရှေးဟောင်းပစ္စည်းများကို ရှာတွေ့ထားသော်လည်း ၎င်းပစ္စည်းများကို ချက်ချင်းယူဦးမည်မဟုတ်သလို လင်ရှောင်းထင်နှင့်အတူရှိနေခြင်းဖြစ်၍ ပိုလို့ပင် မယူနိုင်သေးပေ။ ထို့ကြောင့် သူမဘာသာ နောက်တစ်ကြိမ်မှ မြို့တော်သို့ လာရောက်ရန် စီစဉ်ထားလိုက်သည်။

ဤသတ္တာကို အခြားလူများ ရှာတွေ့နိုင်မည်ဟု မထင်ခြင်းကြောင့်လဲ ကုနင်း အလောမကြီးနေခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ဤမျှနှစ်ရာပေါင်းများစွာ ကြာသည်အထိ ရေအောက်တွင် နစ်မြုပ်နေစရာအကြောင်းမရှိပေ။

ပန်းခြံထဲ၌ တစ်နာရီလောက် လှည့်ပတ်လျှောက်ကြည့်ပြီးနောက်တွင်တော့ ကုနင်းနှင့် လင်ရှောင်းထင်တို့ စစ်ဟယ်ယွမ်သို့ပြန်သွားလိုက်ကာ ထို့နောက်တွင်တော့ ရှေးဟောင်းလမ်းသို့ ပြန်ထွက်လာခဲ့သည်။

***

အခန်း ၄၅၅

အားနည်းတယ်လို့ ထင်လား?

ကုနင်းနှင့်လင်ရှောင်းထင်တို့ ရှေးဟောင်းလမ်းသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပင် ကုနင်း အလိုအလျောက်နှင့်ပင် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး လမ်းတစ်ဖက်တစ်ချက်စီမှ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ အံ့ဩစရာကောင်းစွာပင် သူမရှေးဟောင်းပစ္စည်းအစစ်နှစ်မျိုးကို ရှာတွေ့လိုက်သော်လည်း သိပ်ပြီး အဖိုးမတန်လှပေ။

သူမတို့ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ထဲသို့ဝင်သွားသည်နှင့် ကုနင်း သူမအခုလေးတင်ဝယ်လာခဲ့သည့် ရှေးဟောင်းပစ္စည်းများကို ချန်တရုန်အား ကမ်းပေးလိုက်သောကြောင့် ချန်တရုန်လဲ အံ့ဩသွားခဲ့သည်။

ထို့နောက် ချန်တရုန်မှနေပြီး ဆိုင်၏အရောင်းစာရင်းများကို ကုနင်းကို အစီရင်ခံတင်ပြလိုက်သည်။

ရှေးဟောင်းပစ္စည်းဆိုင်များသည် နေ့တိုင်းလိုလိုအလုပ်မများပေမည့် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်သည်တော့ ချွင်းချက်ဖြစ်လေသည်။

ဤဆိုင်သည်တော့ ရှေးဟောင်းပစ္စည်းအစစ်များစွာတောင်မှ ရောင်းနေရသေးသည်။

ရှေးဟောင်းလမ်း၏အခြားသော ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်များက မနာလိုဖြစ်ကြပေမည့် ဆရာကြီးရှုနှင့် ဆရာကြီးကျန်း၏ထောက်ခံမှုရှိနေခြင်းကြောင့် မည်သူမျှ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ပြဿနာမရှာရဲကြပေ။

ကုနင်းက ကိစ္စတိုင်းကိုတော့ လင်ရှောင်းထင်၏နောက်ကွယ်တွင် မလုပ်သော်လည်း တချို့သောကိစ္စရပ်များကိုတော့ သူ့အား ရှောင်ရလေသည်။ ဥပမာအားဖြင့် သူမနှင့်အစကတည်းက အတူတကွ သယ်ဆောင်လာသည့် ရှေးဟောင်းပစ္စည်းများကိုတော့ လင်ရှောင်းထင်ရှေ့တွင် ထုတ်ယူ၍မဖြစ်ပေ။

လင်ရှောင်းထင်သည် ကုနင်းနှင့်တချိန်လုံးရှိနေခြင်းဖြစ်၍ သူမသာရုတ်တရက်ကြီး ရှေးဟောင်းပစ္စည်းအမြောက်အမြားကို ထုတ်ယူလိုက်လျှင် သူသတိပင်လစ်သွားနိုင်သည်။ သို့ပေမည့် သူမ ချန်တရုန်ရှေ့တွင်သာ ထုတ်မည်ဆိုလျှင်တော့ဖြင့် ချန်တရုန်က သံသယဝင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ချန်တရုန်က ကိစ္စတစ်ခုဆွေးနွေးရန်အတွက် ရုံးခန်းသို့သွားမည်ဟု ခွင့်တောင်းလိုက်ကာ လင်ရှောင်းထင်ကို နားနေခန်းတွင် စောင့်ခိုင်းခဲ့သည်။

သူမတို့ရုံးခန်းအတွင်းသို့ရောက်သည်နှင့် ကုနင်း စန့်ချိုင်ရှေးဟောင်းပစ္စည်းအများအပြားကို သူမလွယ်အိတ်ထဲမှထုတ်ယူလိုက်သည်။

ထိုပစ္စည်းများကိုမြင်လိုက်ရသောကြောင့် ချန်တရုန်တယောက် အလွန်ထိတ်လန့်ကာ မျက်လုံးများပြူးကျယ်သွားတော့သည်။

ကုနင်း ထိုရှေးဟောင်းပစ္စည်းများကို ရောင်းဖို့အစီစဉ်များအား ချန်တရုန်အား ညွှန်ကြားပြီးနောက် လင်ရှောင်းထင်ရှိရာသို့ ပြန်ထွက်လာခဲ့လေသည်။

ညနေပိုင်းတွင်တော့ ကုနင်းထံသို့ နဉ်ချန်ခိုင်က ဖုန်းဆက်လာခဲ့သည်။ သူကိစ္စအားလုံး ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်း နဉ်ချန်ခိုင် အကြောင်းကြားခြင်းဖြစ်ကာ ကုနင်းကလဲ မနက်ဖြန် သူနှင့်လာတွေ့မည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။

ထို့နောက် ဆက်လက်ပြီး ချောင်ဝမ်ရှင်းကို စစ်ဟယ်ယွမ်တွင် သူမတို့နှင့်အတူညစာစားရန် ကုနင်းဖိတ်ခေါ်လိုက်သည်။ လင်ရှောင်းထင်သည်တော့ သူ့ချစ်သူမိန်းကလေးနှင့် နှစ်ယောက်တည်းအတူ မရှိနိုင်တော့ခြင်းကြောင့် ဝမ်းနည်းသွားခဲ့ပေမည့် ဘာတစ်ခွန်းမျှတော့ ဝင်မပြောခဲ့ပေ။

ချောင်ဝမ်ရှင်း စစ်ဟယ်ယွမ်သို့ရောက်လာချိန်တွင်တော့ မြို့တော်၏မြို့တွင်းပိုင်း၌ သမိုင်းကြောင်းရှည်ကြာသည့် အိမ်တော်တစ်ခုလို တည်ရှိနေသည့် လှပခမ်းနားသည့် စစ်ဟယ်ယွမ်ကြောင့် အလွန်အံ့အားသင့်သွားခဲ့ရသည်။

ဒီအိမ်က အတော်ဈေးကြီးမှာပဲ။ ဆိုတော့ လင်ရှောင်းထင်က အရမ်းချမ်းသာတဲ့လူပေါ့။

“နင်းနင်း၊ ငါ့အထင်တော့ မတ်လေးက စစ်အရာရှိတစ်ယောက်တင်ပဲမဟုတ်လောက်ဘူး။ အဲ့လိုပဲသာဆို ဒီလောက်ဈေးကြီးတဲ့အိမ်ကို ဝယ်နိုင်မှာမဟုတ်ဘူး။” ချောင်ဝမ်ရှင်းပြောလိုက်သည်။ လင်ရှောင်းထင်သာ သာမာန်စစ်တပ်အရာရှိတစ်ယောက်ဆိုလျှင် ဤကဲ့သို့စစ်ဟယ်ယွမ်တစ်အိမ်ကို ဝယ်ဖို့ရန် လုံးဝမဖြစ်နိုင်ပေ။

“သူ့နာမည်နဲ့ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်။ ပြီးတော့ အဲ့ဒီပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့လဲ လူသက်သက်ငှားထားတာ။ ဒါပေမယ့် ငါလဲ အသေးစိတ်သေချာမသိဘူး။” ရုတ်တရက်ကြီး ကုနင်းလဲ လင်ရှောင်းထင်၏ပိုင်ဆိုင်မှုအကြောင်းများကို သိချင်လာခဲ့သည်။ ထို့ကြောင့် ဤညတွင် လင်ရှောင်းထင်အား မေးမြန်းရန်အတွက် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ လင်ရှောင်းထင်၏နောက်ခံမိသားစုအကြောင်းကိုတော့ဖြင့် ချောင်ဝမ်ရှင်းအားမပြောပြခဲ့ပေ။

ချောင်ဝမ်ရှင်း ယနေ့တွေ့ကြုံခဲ့ရသည်များကို ကုနင်းအားပြောပြရင်း စုထုန်နျိုအကြောင်းကိုလဲ ပြောပြခဲ့သည်။

စုထုံနျို၌ဖြစ်ပျက်ခဲ့သည်များကိုကြားရတော့ ကုနင်းအကြံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စုထုန်နျိုတွင် ထူးချွန်ပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်ရှိသည်ဟုဆိုခြင်းကြောင့် သူမတွင် အလားအလာကောင်းရှိလောက်ပေသည်။ သူမက ဖျော်ဖြေရေးနယ်ပယ်၏ ဖော်မပြထားသော စည်းမျဉ်းစည်းများကို လိုက်နာရန် ငြင်းဆန်သည်ဆိုသောကြောင့် သူမသည် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စုထုံနျိုကို အလုပ်ခန့်ရန်အတွက် ကုနင်းရည်ရွယ်လိုက်သည်။

ဟုတ်တာပေါ့ ချောင်ဝမ်ရှင်း၏ပြောဆိုချက်တစ်ခုတည်းဖြင့် သူမအပြီးသတ်ယုံကြည်ဆုံးဖြတ်လိုက်မည်မဟုတ်၍ စုထုံနျိုအကြောင်း စုံစမ်းဖို့ရန်အတွက် ကေကိုအကြောင်းကြားလိုက်သည်။

၁၀မိနစ်အတွင်းတွင်ပဲ ကေက စုံစမ်းချက်များကိုပို့ပေးလာခဲ့ကာ ချောင်ဝမ်ရှင်းပြောပြသည့်အတိုင်းပင်ဖြစ်သည်။ စုထုံနျိုသည် အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးကို စိတ်အနှောက်အယှက်ပြုမိခဲ့ပြီး ဖျော်ဖြေရေးလောကမှ ဖယ်ကျဉ်ခံထားရသည်။

စုထုံနျိုသည် အရမ်းလည်းနာမည်မကြီးသလို သေးငယ်လွန်းသည်လဲမဟုတ်သည့် ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီတွင် အလုပ်လုပ်လေသည်။

ထို့နောက် ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းမှ သူဌေးဖြစ်သူ၏ မကောင်းမှုများအကြောင်းကို ကေ့အား ကုနင်းထပ်မံစုံစမ်းခိုင်းလိုက်သည်။ ထိုသူဌေးထံတွင် မကောင်းမှုလုပ်ထားသည်များ ရှိပါက ထိုအချက်အလက်များကို အသုံးပြုက စုထုံနျိုနှင့်စာချုပ်ဖျက်သိမ်းရန်အတွက် ဖိအားပေးခြိမ်းခြောက်မည်ဖြစ်သည်။ သေချာပေါက် သူမဘက်ကတော့ ကောင်းကောင်းမွန်မွန်ဖြင့် ပြေလည်အောင်သာပြောမည်ဖြစ်သည်။ သူ့ဘက်က လက်မခံလိုလျှင်သာ ခြိမ်းခြောက်သည့် နည်းလမ်းကိုအသုံးပြုမည်ဖြစ်သည်။

“ဝမ်ရှင်း၊ ငါ့ကို စုထုံနျိုနဲ့ ဆက်သွယ်ပေးလို့ရမလား?” ကုနင်းမေးလိုက်သည်။

“ရတာပေါ့။” ကုနင်းဘာကြောင့် ဤသို့ပြောလဲဆိုသည်ကို သူမမသိသော်လည်း ချောင်ဝမ်ရှင်း ပြန်ဖြေလိုက်သည်။

“ငါ့ကို ဒီညသူလာတွေ့ဖို့ ဖိတ်ပေးပါ။ သူနဲ့ ပြောစရာလေးတွေရှိလို့။”

“နင် သူနဲ့ဘာအကြောင်း ပြောမှာလဲ?” သူတို့ချင်း သိပင်မသိသောကြောင့် ဘာကိစ္စပြောလိုလဲ ဆိုသည်ကို ချောင်ဝမ်ရှင်းနားမလည်နိုင်ပေ။

ကုနင်းလဲ သူမ၏အကြံအစည်ကို မဖုံးကွယ်ဘဲ ချောင်ဝမ်ရှင်းကို ပြောပြပေးလိုက်သည်။

ချောင်ဝမ်ရှင်း အလွန်အံ့အားသင့်သွားခဲ့ကာ၊

“နင်းနင်း၊ နင်ကတော့ မယုံနိုင်စရာပဲ။ နင် ဒီလောက်အသက်အရွယ်လေးနဲ့ ကုမ္ပဏီတွေအများကြီးကို တည်ထောင်ထားတယ်။ အခုလိုအခြေနေပဲရှိသေးတဲ့ ငါ့ကိုငါတောင် ရှက်လာပြီ။ ဒါပေမယ့် နင်ကုမ္ပဏီအားလုံးကို ကိုယ်တိုင်စီမံနိုင်ရဲ့လား?” ထိုထိတ်လန့်စရာသတင်းအားကြားပြီးနောက် ချောင်ဝမ်ရှင်း စိုးရိမ်ပူပန်မိသွားခဲ့သည်။

“ငါက နောက်ကွယ်ကဘော့စ်ဖြစ်ရုံပါ။ ပြီးတော့ ကုမ္ပဏီအားလုံးအတွက်လဲ အရည်အချင်းရှိတဲ့ လူတွေကိုခန့်အပ်ထားပြီးသား။”

“သူတို့က နင်အသက်ငယ်တယ်ဆိုပြီး နင့်အပေါ် အခွင့်ကောင်းယူရင်ကော?”

“ငါ့ကို အားနည်းတယ်လို့ ထင်နေတာလား?”

ချောင်ဝမ်ရှင်း တခနကြောင်အသွားပြီးကာမှ ကုနင်းဘယ်လောက်ပင် အံ့ဩဖို့ကောင်းသည့် လူမှန်း ပြန်အမှတ်ရသွားခဲ့သည်။ ကုနင်းသည် ဂိုဏ်းခေါင်းဆောင်ကိုပင် မျက်နှာချင်းဆိုင်ဖို့ရန် မကြောက်ရွံ့သောကြောင့် သာမာန်လူများကို ကြောက်ရွံ့ဖို့ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်သည့် ကိစ္စရပ်ပင်။

ထို့နောက် စုထုံနျိုအား ချောင်ဝမ်ရှင်း ချက်ချင်းပင် ဆက်သွယ်လိုက်ကာ ကုနင်းက သူမနှင့်စာချုပ်ချုပ်ဆိုချင်နေကြောင်းကို ပြောပြလိုက်သည်။ စုထုံနျိုလဲ အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး ယနေ့ပင် သူမတို့နှင့်တွေ့ဆုံရန် သဘောတူခဲ့သည်။

မကြာခင်တွင်ပဲ၊ ကုနင်း ကေ့ထံမှ အီးမေးလ်တစ်စောင် ရရှိခဲ့သည်။ သူမခန့်မှန်းထားသည့် အတိုင်းပင် ဖေးထန်ဖျော်ဖြေရေးလုပ်ငန်း၏ သူဌေးဖြစ်သူသည် မကောင်းမှုများစွာတွင် ပါဝင်ပတ်သတ်နေခဲ့သည်။ သူတို့အားလုံးတွင် မကောင်းမှုအနည်းနှင့်အများရှိနေခြင်းမှာ အံ့ဩစရာကိစ္စတော့မဟုတ်ပေ။ ကုနင်းသည်လဲ မည်သူမျှ ရှာဖွေဖော်ထုတ်၍ မရနိုင်သည့် ကိစ္စအချို့ကိုလုပ်ခဲ့ပေသည်။

ညစာစားပြီးနောက် လင်ရှောင်းထင်ကနေပဲ ကုနင်းနှင့် ချောင်ဝမ်ရှင်းအား စုထုံနျိုနှင့်တွေ့ဆုံရန် လိုက်ပို့ပေးခဲ့သည်။ ချိန်းဆိုသည့်နေရာသို့ရောက်သည်နှင့် လင်ရှောင်းထင်က ကားထဲတွင်ပဲ နေခဲ့ကာ ကုနင်းနှင့်ချောင်ဝမ်ရှင်းသာ လမ်းလျှောက်ဝင်သွားခဲ့သည်။

ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ ရောက်သွားချိန်တွင် စုထုံနျိုမှာ ကြိုတင်ရောက်ရှိလို့ပင် နေလေသည်။

ကုနင်းကိုမြင်လိုက်ရတော့ အလွန်ငယ်ရွယ်လွန်းနေမည်ဟု မမျှော်လင့်ထားခဲ့၍ စုထုံနျိုအံ့အားသင့်သွားခဲ့ရသည်။ သို့ပေမည့် ကုနင်းပုံစံက ကျောင်းသူတစ်ယောက်ဖြင့်သာ တူနေသော်လည်း ကုနင်းအပေါ် သူမ၏လေးစားမှုကို ဆက်လက်ဖော်ပြလို့နေစဲပင်။

“ထုံနျို၊ ငါနင်နဲ့မိတ်ဆက်ပေးမယ်။ သူက ငါ့သူငယ်ချင်း ကုနင်းတဲ့။” ချောင်ဝမ်ရှင်း စုထုံနျိုကိုမိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးကု။”

“တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးစု။”

ကုနင်းရော စုထုံနျိုပါ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

“ထိုင်ကြပါဦး။” စုထုံနျိုပြောလိုက်ကာ၊

“ဘာသောက်ကြမလဲ?”

စားပွဲထိုးမလေးက ကုနင်းနှင့်ချောင်ဝမ်ရှင်းအား အစားသောက်စားရင်းကို ပေးလိုက်သည်။ ထို့နောက် ကုနင်းက ကော်ဖီတစ်ခွက်မှာလိုက်ပြီး ချောင်ဝမ်ရှင်းကတော့ လက်ဖက်ရည်တစ်ခွက်ကို မှာယူလိုက်သည်။

All Chapters