← Chapters

အခန်း (၄၅၆-၄၆၀)

Vol. 31 Ch. 456-460

အခန်း (၄၅၆-၄၆၀)

Vol. 31 Ch. 456-460

အခန်း ၄၅၆

စုထုံနျို

သောက်စရာများမှာပြီးသွားသည့်နောက်တွင်တော့ ကုနင်းကနေပြီး စုထုံနျိုအား၊

“မိန်းကလေးစုအကြောင်းကို ဝမ်ရှင်းအစောက ပြောပြလို့ သူ့ကို အသေးစိတ်ပိုပြီး မေးလိုက်တယ်။ ရှင့်ရဲ့ သရုပ်ဆောင် အရည်အချင်းက တော်တော်ကောင်းမယ် ထင်လို့ ရှင်နဲ့ စာချုပ်ချုပ်ချင်တာပါ။ ရှင် ကျွန်မအတွက် အလုပ်လုပ်ပေးချင်ရင် ရှင်နဲ့ ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီရဲ့ စာချုပ်ဖျက်သိမ်းလို့ရအောင် ကူညီပေးနိုင်တယ်။ ပြီးတော့ ကျွန်မကုမ္ပဏီမှာဆိုရင် ဖော်မပြထားတဲ့ ဖျော်ဖြေရေးလောကရဲ့ စည်းမျဉ်းတွေကိလဲ ရှင်လုပ်စရာမလိုဘူးလို့ ကတိပေးတယ်။ လုပ်ငန်းအပ်သူတွေကိုလဲ ဝန်ဆောင်မှုပေးစရာမလိုဘူး။ ရှင်သာ အလုပ်ကြိုးစားပြီး ကျွန်မကုမ္ပဏီအပေါ် သစ္စာရှိရင် ကောင်းကောင်းဆက်ဆံပေးမှာပါ။ ကုမ္ပဏီအကြောင်းကတော့ ရိုးရိုးသားသားပဲ ပြောပါ့မယ်။ ကုမ္ပဏီကို စာရင်းသွင်းပြီးသားပေမယ့် အခုမှ ပြင်ဆင်နေတုန်းရှိသေးတယ်။ ဒီတော့ ကျွန်မဦးဆောင်မှုနောက်ကို လိုက်မယ်ဆိုရင်တော့ အန္တရာယ်နည်းနည်းရှိဦးမယ်။ ဒါကြောင့် ကိစ္စအားလုံး ရှင့်ရဲ့ဒီအလုပ်ပေါ်ထားမယ့် လုံလ၊ ရည်းမှန်းချက်အပေါ်မှာ မူတည်တယ်။”

ဖော်မပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းအပ်သူများကို အလုပ်မှလွဲ၍ အခြားသော ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းသည့် ကိစ္စရပ်များ လုပ်ဆောင်ပေးစရာမလိုအပ်။ ဤအချက်နှစ်ချက်သည် စုထုံနျို အလွန်မျှော်လင့်ခဲ့ရသည်များ ဖြစ်လေသည်။ သူမအခုချိန်တွင် ဖေးထန်ကုမ္ပဏီမှ အလွန်လွတ်မြောက်ချင်နေပြီဖြစ်၍ ကုနင်း၏ကုမ္ပဏီအနာဂါတ်ကို လုံးဝဂရုမစိုက်သေးပေ။ ထို့အပြင် သူမတွင် အနာဂါတ်အတွက် စွန့်စားဖော်ဆောင်ရသည့် ဘဝခရီးလမ်းကြောင်း တစ်ခုလျှောက်လှမ်းရန်အတွက် သတ္တိအပြည့်အဝရှိထားပြီးဖြစ်သည်။

ထို့ကြောင့် စုထုံနျို နှစ်ကြိမ်ပင် ပြန်စဉ်းစားမနေဘဲ သဘောတူလိုက်တော့သည်။

“မိန်းကလေးကု၊ ကျွန်မရဲ့အခြေအနေက ဒီထက်ပိုပြီး ဆိုးဝါးနိုင်စရာအကြောင်း မရှိတော့လို့ မိန်းကလေးကုရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်မ အရည်အချင်းပြည့်မှီတဲ့သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါ့မယ်။ ပြီးတော့ ကုမ္ပဏီအပေါ်လဲ သစ္စာရှိပါ့မယ်၊ ဒါပေမယ့်….” စုထုံနျို ဖေးထန်ကုမ္ပဏီမှာ အလွန်လွတ်မြောက်ချင်နေသော်လည်း သူမစိတ်အနှောက်အယှက် ပေးထားခဲ့မိသည့် အရေးပါသည့် ပုဂ္ဂိုလ်အကြောင်း တွေးမိလိုက်ချိန်တွင် မလွယ်ကူလောက်ဘူးဟု ခံစားသွားရသည်။

“ကျွန်မရဲ့အခွင့်အလမ်းတွေ ပိတ်သွားအောင် လုပ်ခဲ့တဲ့လူက ယဉ်ကျေးမှုဌာနဒါရိုက်တာရဲ့သားပဲ။”

ဤနေရာသည် မြို့တော်ဖြစ်ပေသည်။ ဖေးထန်ကဲ့သို့ မကြီးမားသည့် လုပ်ငန်းတစ်ခုမဆိုထားနှင့် အလွန်ကြီးမားကာ နာမည်ကျော်သည့် ဖျော်ဖြေရေးလုပ်ငန်းကြီးပင်လျှင် ဤနေရာ၌ အစိုးရ၏ထောက်ခံမှုမရှိဘဲ မရပ်တည်နိုင်ကြပေ။

“မစိုးရိမ်ပါနဲ့။ အဲ့ဒီကိစ္စကို ကျွန်မဖြေရှင်းလိုက်မယ်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ကုနင်းဘက်က ယုံကြည်ချက်အပြည့်ရှိနေသည်ကို မြင်လိုက်ရတော့ စုထုံနျို ယုံကြည်ဖို့ရန်သာ ရွေးချယ်လိုက်တော့သည်။ ထိုသို့ယုံကြည်လိုက်ခြင်းမှာ ကုနင်းကြောင့်မဟုတ်ဘဲ ကုနင်းနောက်ကွယ်မှ အင်အားကြောင့်သာဖြစ်သည်။ ကုနင်းသည် အလွန်ငယ်ရွယ်သောကြောင့် သူမ၏နောက်ကွယ်တွင် ထောက်ပံ့ပေးနေသည့် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ယောက်ရှိနေလိမ့်မည်ဟု စုထုံနျို တွေးနေခဲ့လေသည်။

“ဒါနဲ့၊ ကျွန်မရဲ့လက်ထောက်ကိုပါ ဖေးထန်နဲ့စာချုပ်ဖျက်သိမ်းဖို့ ကူညီပေးလို့ရမလား? သူက အရမ်းတော်တယ်။ ကျွန်မသူနဲ့ဆက်ပြီး အလုပ်လုပ်ချင်လို့ပါ။” စုထုံနျို တောင်းဆိုလိုက်သည်။

“ကိစ္စမရှိပါဘူး။” ကုနင်း ဂရုစိုက်မနေပေ။ စုထုံနျိုတွင် သူမသဘောကျသည့် လက်ထောက်ရှိနေပြီးသားဆိုမှတော့ ကုနင်းအနေဖြင့် စုထုံနျိုအတွက် လက်ထောက်တစ်ယောက်ရှာဖို့ရန် အင်အားချွေတာပြီးသား ဖြစ်သွားပေမည်။

“ကျေးဇူးအများကြီးတင်ပါတယ်။”

“ဟုတ်ပြီ။ ကျွန်မ မနက်ဖြန် မနက်၉နာရီခွဲလောက် ဖေးထန်ကို သွားလိုက်မယ်။ ကျွန်မကုမ္ပဏီရဲ့နာမည်က ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၊ ရှင့်က အခုထိဆို ကျွန်မအလုပ်ခန့်ထားတဲ့ သုံးယောက်မြောက် အဖွဲ့ဝင်ပဲ။ ပူးပေါင်းမှုအတွက် ကြိုဆိုပါတယ်။” ကုနင်း သူမလက်ကို ဆန့်တန်းပေးရင်း စုထုံနျိုနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

စုထုံနျိုသည် ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းမှ အလွန်ထွက်ချင်နေခြင်းဖြစ်၍ ကုနင်းနှင့် ပူးပေါင်းဖို့ရန် ဆုံးဖြတ်ချက်ချဖို့ မခက်ခဲခဲ့ပေ။ သို့သော်လည်း စုထုံနျိုနှင့် ဖေးထန်ဖျော်ဖြေရေးလုပ်ငန်း၏ စာချုပ်ဖျက်သိမ်းပြီးမှသာလျှင် ကုနင်းနှင့် တရားဝင်စာချုပ်တွင်လက်မှတ်ထိုးနိုင်မည်ဖြစ်သည်။

သူမတို့ ထိုနေရာတွင် အချိန်ကြာကြီး ဆက်နေခြင်းမရှိဘဲ လမ်းခွဲခဲ့ကြသည်။

ကုနင်းနှင့်လင်ရှောင်းထင်က သူတို့အိမ်သို့မပြန်ခင် ချောင်ဝမ်ရှင်းအား ဟိုတယ်သို့ အရင်ဦးစွာ လိုက်ပို့ပေးခဲ့သည်။ အချိန်မှာ စောနေသေးသောကြောင့် လင်ရှောင်းထင်က ကုနင်းကိုဖက်ထားကာ ဆိုဖာထက်တွင် မှီထိုင်ရင်း တီဗီကြည့်လို့နေသည်။

“ရှောင်းထင်၊ ရှင့်မှာ ဘာကုမ္ပဏီတွေရှိတာလဲ?” ကုနင်းအနေဖြင့် ရှန်းရှစ်လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုတည်းကိုသာ သိထားခဲ့သည်။

နောက်ဆုံးတွင်တော့ ကုနင်းသည် သူ၏အကြောင်းအရာများကို စတင်စိတ်ဝင်စားလာပြီဖြစ်၍ လင်ရှောင်းထင် အလွန်ပျော်ရွှင်သွားခဲ့သည်။

“အားလုံးကို စီမံခန့်ခွဲဖို့ လူငှားထားတာဆိုတော့ ကိုယ်လဲသေချာမသိဘူး။ ကိုယ့်လုပ်ငန်းစုရဲ့နာမည်ကတော့ ရှန်းရှစ်လုပ်ငန်းစုပဲ။”

လင်ရှောင်းထင်၏ လုပ်ငန်းစုနာမည်က ရှန်းရှစ်လုပ်ငန်းစုဖြစ်နေသောကြောင့် ကုနင်း၏လုပ်ငန်းစုနာမည်ကလဲ ရှန်းနဉ်လုပ်ငန်းစုမှန်း သိလိုက်ချိန်တွင် သူတို့နှစ်ဦး အစကတည်းက အတူရှိနေကြဖို့ရန် အကြောင်းပါလာသည်ဟု တွေးမိသွားခဲ့သည်။

“ရှန်းရှစ်လုပ်ငန်းစု?” ကုနင်းထိတ်လန့်အံ့ဩသွားခဲ့သည်။ သူမသည် ရင်းနှီးမြှုပ်နှံငွေ ယွမ်ဘီလီယံပေါင်းရာကျော်ရှိသည့် ထင်ပေါ်ကျော်ကြားသော ရှန်းရှစ်လုပ်ငန်းစုအကြောင်း ကြားဖူးထားပြီးသားဖြစ်ပေသည်။ လင်ရှောင်းထင် တစ်ဦးတည်းပိုင်ဆိုင်မှုကပင် နိုင်ငံတစ်နိုင်ငံစာလောက်ကို ကြွယ်ဝချမ်းသာနေခြင်းကြောင့် သူမအလွန်အံ့အားသင့်သွားရသည်။

ကုနင်း လင်ရှောင်းထင်နား တိုးကပ်သွားရင်းဖြင့် စိုက်ကြည့်လိုက်ကာ၊

“ရှင်ဒီလောက်ထိတောင် ချမ်းသာမယ်လို့ ကျွန်မမထင်ထားခဲ့ဘူး။ ကြည့်ရတာ ကျွန်မဘာအလုပ်မှတောင် လုပ်စရာမလိုတော့ဘူးထင်တယ်။”

ကုနင်းက စနောက်လိုက်ခြင်းသာဖြစ်ပေမည့် လင်ရှောင်းထင်ကတော့ အတည်မှတ်ယူလေသည်။ ကုနင်းအား ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ၊

“ဟုတ်တာပေါ့၊ ဒါပေမယ့် ကိုယ့်ကိုအရင်စိတ်ကျေနပ်အောင် လုပ်ပေးဖို့လိုတယ်။” ထိုသို့ပြောပြီးနောက် ကုနင်းကို စတင်နမ်းရှိုက်လိုက်သည်။

နောက်တစ်နေ့မနက်တွင်တော့ ညခင်းပိုင်း အားစိုက်ထုတ်ထားရ၍ ကုနင်းမနက်၈နာရီလောက်မှပင် နိုးလာနိုင်တော့သည်။ လင်ရှောင်းထင်ကတော့ သူမအိပ်ရာမှထချိန်တွင် မနက်စာအဆင်သင့်ပြင်ဆင်ထားနှင့်ပြီးဖြစ်သည်။ မနက်စာစားပြီးနောက် မနေ့က ကေပို့ပေးထားသည့် အချက်အလက်များကို ကုနင်း မိတ္တူကူးယူလိုက်သည်။

ထိုစာရွက်စာတမ်းများကို မြင်လိုက်ရတော့ လင်ရှောင်းထင်မှနေပြီး၊

“မင်းအကူအညီလိုသေးလား?”

“ရပါတယ်။ ကျွန်မဖြေရှင်းနိုင်တယ်။”

“ကျွန်မရှင့်အပေါ်ပဲ အမြဲမှီခိုမနေနိုင်ဘူးလေ။ ကျွန်မလုပ်ငန်းကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့ လေ့ကျင့် သင်ကြားရမှာပေါ့။”

လင်ရှောင်းထင် အတင်းအကြပ်မတောင်းဆိုတော့ပေမည့်၊

“ဟုတ်ပါပြီ၊ မင်းအကူအညီလိုတာနဲ့ ကိုယ့်ကိုချက်ချင်းပြောနော်။”

“အင်း။” ထို့နောက် ကုနင်းစာရွက်စာတမ်းများကို ကျောပိုးအိတ်အတွင်းသို့ ထည့်လိုက်ရင်း၊

“သွားကြစို့၊”

စုထုံနျိုသည် မနက်၉နာရီမတိုက်ခင်ကတည်းက ကုမ္ပဏီသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမသည် အနုပညာလောကမှ ဖယ်ကျဉ်ထားခြင်းခံရပြီဖြစ်သော်လည်း ပိတ်ရက်မှလွဲ၍ ပုံမှန်အတိုင်း အလုပ်တက်ရလေသည်။ သူမတွင် ဘာမှတော့ လုပ်စရာမရှိဘဲ ထိုင်နေရုံသာဖြစ်သည်။ ကုမ္ပဏီမှအခြားသော သရုပ်ဆောင်များကတော့ သူတို့အားလပ်ချိန်တိုင်း သူမကိုလှောင်ပြောင်ရယ်မောလေ့ရှိကြသည်။

“ကြည့်စမ်းပါဦး၊ ထုံနျိုကတော့ စောစောစီးစီးကို အလုပ်ရောက်နေပြီပဲ။” လှောင်ပြောင်သည့် အမျိုးသမီးသံတစ်သံက စုထုံနျို၏အနောက်မှပေါ်ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ လှပစွာဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးသည် ဘုရင်မတစ်ပါးကဲ့သို့ ယောက်ျားသားများစွာလဲ ခြံရံလို့ ဝင်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးက စုထုံနျိုအား မောက်မာမှုအပြည့်ဖြင့် ကြည့်လိုက်သလို သူမ၏နောက်လိုက်များကလဲ စုထုံနျိုကို အထင်သေးသည့် မျက်ဝန်းများဖြင့် ကြည့်လာကြသည်။

ထိုအမျိုးသမီးမှာ လီကျားယွဲ့ဖြစ်ကာ ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီမှ သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သူမသည် စုထုံနျိုနှင့် တစ်ချိန်တည်း စာချုပ်ချုပ်ခဲ့သည့် အနုပညာရှင်တစ်ဦးဖြစ်ပေမည့် စုထုံနျိုက သူမထက် အစစအရာရာသာလွန်နေသောကြောင့် လီကျားယွဲ့တွင် အခွင့်ရေးများစွာမရှိ၍ စုထုံနျိုကို အလွန်မုန်းတီးခဲ့သည်။ စုထုံနျိုလောက် သူမကမလှသလို အရည်အချင်းအရမ်းမရှိမှန်းကိုလဲ လက်ခံပေမည့် စုထုံနျိုကြောင့်နှင့်တော့ သူမကိုလျစ်လျူရှုသင့်သည်ဟုတော့ မထင်မိပေ။

စုထုံနျိုက ဖျော်ဖြေရေးလောက၏ ဖော်ပြမထားသည့် စည်းမျဉ်းကို ငြင်းဆိုခြင်းကြောင့် ဖယ်ကျဉ်ခံထားရချိန်မှစပြီး လီကျားယွဲ့မှာ စုထုံနျို ငြင်းဆိုခဲ့သည့် နည်းလမ်းများကို လက်ခံကျင့်သုံးရင်းဖြင့် အောင်မြင်ကျော်ကြားဖို့ရန် အခွင့်ရေးများ ရရှိလာခဲ့တော့သည်။

***

အခန်း ၄၅၇

စာချုပ်ဖျက်သိမ်းခြင်း

လီကျားယွဲ့မှာ ယခုထိ အေအဆင့်စာရင်းဝင် သရုပ်ဆောင်တစ်ဦးမဟုတ်သေးသော်ငြား သူမအောင်မြင်ကျော်ကြားမှုများစွာကို ရရှိထားပြီးဖြစ်ကာ မကြာခင်အချိန်အတွင်းမှာပဲ နိုင်ငံကျော်တစ်ဦးဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားလေသည်။

စုထုံနျိုသည် သူမကို တစ်ချက်လောက်သာကြည့်လိုက်ပြီး ခွန်းတုံ့ပြန်ခြင်းလဲ မရှိသလို နှုတ်ဆက်ခြင်းလဲမရှိပေ။

“နင်ရိုင်းလှချည်လား၊ ကျားယွဲ့ဒီမှာရှိနေတာတောင် နင်ကနှုတ်မဆက်ဘူးလား။ နင့်ကိုနင်ဘယ်သူထင်နေလဲ? နာမည်ကြီးမို့လို့လား?” လီကျားယွဲ့၏လက်ထောက်က သရော်ဟန်ဖြင့်ပြောလိုက်သည်။

စုထုံနျိုသည်တော့ ထိုလက်ထောက်ကို အေးအေးဆေးဆေးပဲပြန်ကြည့်လိုက်ကာ၊

“သာမာန်ပြည်သူတစ်ဦးက အနုပညာရှင်တစ်ယောက် ရောက်လာတာနဲ့ နှုတ်ဆက်ပေးရမယ်လို့ ဥပဒေရှိထားလို့လား?”

“နင်….” လက်ထောက်လဲ ဒေါသထွက်သွားကာ၊

“စုထုံနျို၊ နင့်ကိုနင်ဘာထင်နေလဲ!”

“နင်မျက်လုံးမကောင်းတော့ဘူးလား? ငါကလူလေ။ ဒါတောင်မမြင်နိုင်တော့ဘူးလား?” စုထုံနျို ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“နင်….” လက်ထောက်မှာ အလွန်ဒေါသထွက်သွားရပေမည့် မည်သို့ ပြန်ခံပြောရမှန်း စကားစရှာမရတော့ပေ။

လက်ထောက်ဖြစ်သူ အရှက်ခွဲခံနေရသည်ကို မြင်လိုက်တော့ လီကျားယွဲ့ မကျေမနပ်ဖြစ်သွားကာ၊

“စုထုံနျို၊ နင်စောင့်ကြည့်နေလိုက်။”

ထို့နောက် သူမ ဆက်လက်လျှောက်လှမ်းသွားပြီးနောက် ရုတ်တရက် ရပ်လိုက်ပြန်ကာ သူမကိုစိုက်ကြည့်နေသည့် မိန်းကလေးအား အော်ဟစ်လိုက်တော့သည်။

“ဘာမှကြည့်စရာမရှိဘူး။ သွား ငါ့အတွက် ကော်ဖီတစ်ခွက်ဖျော်ခဲ့။”

ထိုမိန်းကလေးသည် စုထုံနျို၏လက်ထောက် လင်းရှောင်ရှားဖြစ်သည်။ စုထုံနျို အနုပညာလောကမှ ဖယ်ကျဉ်ခံထားရကတည်းက သူမသည်လဲ လူတိုင်း၏ခိုင်းဖက်ဖြစ်လာခဲ့သည်။ ကုမ္ပဏီရှိလူတိုင်းသည် သူမအနားတွင် ရှိလျှင်ရှိသလို မတရားခိုင်းစေကြတော့သည်။

“ကောင်းပါပြီ။” လင်းရှောင်းရှား မလုပ်ပေးချင်သော်လည်း မငြင်းဆိုနိုင်ခဲ့ပေ။

စုထုံနျိုက ဝင်ရောက်တားမြစ်ချင်ပေမည့် သူမနှင့်ကုမ္ပဏီ၏စာချုပ်မှာ အကျုံးဝင်နေသေးသောကြောင့် သူမသူငယ်ချင်းဖြစ်သူကို မကာကွယ်ပေးနိုင်သေးပေ။

မနက်၉နာရီခွဲခါနီးတွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီသို့ ရောက်ရှိလာခဲ့ကာ လင်ရှောင်းထင်က ကားထဲတွင်သာ စောင့်နေရစ်ပြီး ကုနင်းတစ်ယောက်တည်းသာ ထွက်လာခဲ့လိုက်သည်။

ကုနင်း ဝင်ပေါက်သို့ရောက်ကာ စုထုံနျိုအား ဖုန်းဆက်ရန်ပြင်လိုက်ချိန်တွင်ပဲ အဆောက်အဦးရှေ့သို့ ကားတစ်စီးရပ်လာကာ အထဲမှနေပြီး ဖေးထန်ကုမ္ပဏီ၏သူဌေး ရှားကျီဟုန် ထွက်လာခဲ့သည်။

“ဥက္ကဌရှား၊ ခနလောက်နေပါဦး။” ကုနင်း ရှားကျီဟုန်ကို ခေါ်လိုက်သည်။

ရှားကျီဟုန် သူ့အားတစ်စုံတစ်ယောက် ခေါ်ဆိုနေသံကို ကြားလိုက်ရ၍ လှည့်ကြည့်လာခဲ့သည်။ သူကုနင်းကို မြင်တွေ့လိုက်ရချိန်တွင်တော့ ကုနင်းသည် သူ့ကုမ္ပဏီ၏မင်းသမီးများထက်ပင် ပို၍လှပနေသောကြောင့် မှင်သက်သွားခဲ့သည်။ ရှားကျီဟန်သည် တဏှာရာဂကြီးသူဖြစ်သောကြောင့် ကုနင်းသူ့အနားသို့ လျှောက်လာသည်နှင့် ကောက်ကျစ်သည့် အကြည့်များဖြင့် ကြည့်နေတော့သည်။ ကုနင်းသည်လဲ ရှားကျီဟုန်၏ အကြည့်ကို မနှစ်မြို့ပေမည့် ပြောမနေတော့ပေ။

“ဘာများကူညီပေးရမလဲ၊ မိန်းကလေး?” ရှားကျီဟုန်မေးမြန်းလိုက်ပေမည့် ကုနင်းသည် အခြားသော လှပငယ်ရွယ်သည့် မိန်းမငယ်လေးများလိုပင် နာမည်ကျော်တစ်ယောက်ဖြစ်ချင်ခြင်းဟုသာ သူတွေးမိသည်။ ထိုသို့သာဆိုလျှင် ရှားကျီဟုန် သူမအပေါ်တွင် အခွင့်ကောင်းများစွာ ယူနိုင်ပေမည်။

ရှားကျီဟုန်သည် အသက်၄၀ ဝန်းကျင်ရှိပြီဖြစ်သည့် အမျိုးသားတစ်ဦးဖြစ်ကာ ဝတုတ်ပြီး ရုပ်လဲဆိုးလေသည်။ အဆိုးဆုံးသည်ကတော့ သူသည်အရမ်းကို ညစ်ညမ်းရိုင်းပြသည့် လူမျိုးဖြစ်သောကြောင့် ထိုလိုလူမျိုးဖြင့် စကားပြောရခြင်းကပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။

ကုနင်း ခပ်ဖွဖွပြုံးလိုက်ကာ၊

“ကျွန်မ ဥက္ကဌရှားနဲ့ အပေးအယူတစ်ခုလုပ်ချင်လို့ပါ။ အခုအားလားပဲ?”

“အားတာပေါ့၊ ရုံးခန်းထဲမှာ သွားပြောကြရအောင်။” ရှားကျီဟုန်သည် ကုနင်းအပေါ် အခွင့်ရေးယူချင်သောကြောင့် သူ၏ရုံးခန်းရှိရာသို့ ဖိတ်ကြားလိုက်သည်။ ရှားကျီဟုန်၏အပြုအမူများက ကုနင်းကို စက်ဆုပ်ရွံ့ရှာလာစေသော်လည်း သူနှင့်ရုံးခန်းထဲတွင် စကားသွားပြောချင်သလို ဟန်ဆောင်နေလိုက်သည်။

လမ်းတွင်တော့ သူတို့၏ဥက္ကဌက လှပသည့်မိန်းမငယ်လေးတစ်ဦးဖြင့် အတူလျှောက်ဝင်လာသည်ကိုတွေ့ရတော့ ဝန်ထမ်းများစတင် အတင်းအဖျင်းပြောကြတော့သည်။ အချို့ကတော့ ကုနင်းကို ဥက္ကဌ၏ဆွေမျိုးဟုထင်ကြပြီး အချို့ကတော့ သူမသည် သရုပ်ဆောင်အသစ်ဖြစ်လောက်မည်ဟု ထင်မှတ်ကြသည်။

ကုနင်း ရှားကျီဟုန်နောက်မှလိုက်ကာ ရုံးခန်းသို့သွားလိုက်သည်။ ထို့နောက် ရှားကျီဟုန်က သူ့အတွင်းရေးမှူးအား ထွက်သွားခိုင်းလိုက်သောကြောင့် ရုံးခန်းထဲတွင် သူနှင့်ကုနင်းနှစ်ယောက်သာ ကျန်နေတော့သည်။

ထိုအချိန်တွင်တော့ ရှားကျီဟုန်မှာ ကုနင်းကို ခုန်အုပ်ဖို့ရန် မအောင့်အီးနိုင်တော့ပေ။

“မိန်းကလေးရဲ့ နာမည်ကိုသိလို့ရမလား? ကိုယ်နဲ့ဘာအပေးအယူများလုပ်ချင်တာလဲ?”

“ဥက္ကဌရှားအနေနဲ့ ကျွန်မနာမည်ကို သိဖို့မလိုအပ်ဘူးလို့ ထင်ပါတယ်။”

“ကျွန်မဒီနေ့လာတာက စုထုံနျိုနဲ့သူ့လက်ထောက်လင်းရှောင်ရှားရဲ့ စာချုပ်ကို ဖျက်သိမ်းခိုင်းမလို့ပါ။”

ထိုစကားကိုကြားလိုက်ရတော့ ရှားကျီဟုန် အလွန်အံ့အားသင့်သွားခဲ့သည်။ ကုနင်းက စုထုံနျိုကို ကူညီဖို့ရန်အတွက် လာခြင်းဖြစ်လိမ့်မည်ဟု သူလုံးမမျှော်လင့်ထားမိပေ။ ရုတ်ချည်းပင် ရှားကျီဟုန်၏အမူအရာပြောင်းလဲသွားကာ၊

“မင်းက စုထုံနျိုကို ကုမ္ပဏီကထွက်လို့ရအောင် ကူညီချင်တာပေါ့? အဲ့လိုဖြစ်နိုင်မယ်လို့မထင်ဘူး။” တစ်နည်းဆိုရလျှင်တော့ မလုပ်ပေးနိုင်ဟု ငြင်းဆန်လိုက်ခြင်းပင်။

“ကျွန်မကအတင်းအကြပ်လုပ်မယ်ဆိုရင်ရော။” ကုနင်းပြုံးလိုက်သည်။

“သူတို့ဘက်က စာချုပ်ဖျက်သိမ်းတဲ့အတွက် လျော်ကြေးကို ပေးနိုင်နေသ၍ ကုမ္ပဏီက သူတို့ကို ဆက်နေဖို့ တွန်းအားမပေးထားနိုင်ပါဘူး။ မဟုတ်ရင် ဥပဒေနဲ့ဘယ်ညီတော့မလဲ။ ကျွန်မအထင် ဥက္ကဌရှားလဲ ဒီအချက်ကို သိထားလောက်မှာပါ။”

ရှားကျီဟုန် သေချာပေါက် ထိုအချက်ကို သိပေသည်။ သို့ပေမည့် ဂရုစိုက်မနေခြင်းဖြစ်သည်။ ထို့နောက် ရှားကျီဟုန်၏အမူအရာက အထင်သေးသည့်ဘက်သို့ ပြောင်းသွားကာ၊

“ကောင်မလေး၊ အရမ်းနုံအလွန်းမနေနဲ့။ စုထုံနျိုက အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တာ။ ဘယ်ရှေ့နေကမှ သူ့ကိစ္စကို ဖြေရှင်းပေးမှာမဟုတ်ဘူး။”

ကုနင်းလဲ ရှားကျီဟုန်၏အပြူအမူအတွက် စိတ်ထဲထားမနေဘဲ သူမပြောချင်သည်ကိုသာ ဆက်ပြောခဲ့သည်။

“သေချာရဲ့လား?”

“အဲ့ကိစ္စကတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းသာ နာမည်ကြီးတစ်ယောက်ဖြစ်ချင်ရင်တော့ ကိုယ်ကူညီပေးနိုင်ပါတယ်။” ရှားကျီဟုန်က ကုနင်းကို ထပ်ပြီး မထိတရိပြောဆိုလိုက်ပြန်သည်။

“ကောင်းပြီလေ၊ ဥက္ကဌအရင်ဆုံး ဒါတွေကိုဖတ်ကြည့်ပြီးမှ နောက်တစ်ခေါက်ပြန်တွေးကြည့်ရင် ဘယ်လိုလဲ?” ကုနင်း သူမလွယ်အိတ်ထဲမှ စာရွက်စာတမ်းကိုထုတ်ယူကာ ရှားကျီဟုန်ရှေ့သို့ ချပေးလိုက်သည်။

ရှားကျီဟုန်လဲ သိချင်စွာနှင့်ယူဖတ်ပြီးနောက် အလွန်ထိတ်လန့်သွားတော့သည်။

“မင်း….” ရှားကျီဟုန် သူ့အမြင်အာရုံကိုပင် မယုံနိုင်ဖြစ်သွားတော့သည်။ ထိုစာရွက်ထဲတွင် ရှားကျီဟုန်ပါဝင်ပတ်သတ်နေသည့် အဓမ္မပြုကျင့်မှုနှင့် လာဘ်ပေးလာဘ်ယူမှုအတွက် သက်သေများပါရှိလို့နေသည်။ ရှားကျီဟုန် အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသမီးကသာ သူ့ကိုတရားမဆွဲလျှင် ထိုအမှုကို ထည့်တွက်စရာမလိုပေမည့် လာဘ်ပေးလာဘ်ယူအမှုသည်ကတော့ နှစ်များစွာ ထောင်ထဲထည့်နိုင်စွမ်းရှိပေသည်။ ရှားကျီဟုန် ထိုအချက်အလက်များအား ဖတ်ပြီးနောက် ကြောက်ရွံ့တုန်လုပ်နေတော့သည်။

ကုနင်းသည်တော့ အပြုံးတုတစ်ခုဆင်မြန်းကာ ထပ်မံမေးလိုက်သည်။

“ဒါဆို၊ အခုရော စာချုပ်ကို ဖျက်သိမ်းဖို့ဖြစ်နိုင်တယ်လို့ထင်ပြီလား?”

“ကောင်းပြီလေ၊ ဖျက်-ဖျက်သိမ်းကြတာပေါ့။ ဒါပေမယ့် ဒီအချက်အလက်တွေက…” ရှားကျီဟုန်မှာ ထောင်ထဲသို့ လုံးဝမဝင်ချင်သောကြောင့် ချက်ချင်းပင် သဘောတူလိုက်တော့သည်။

“ဥက္ကဌဘက်က စုထုံနျိုတို့ကို လွှတ်ပေးဖို့ သဘောတူသ၍ ဒီအချက်အလက်တွေ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို မသိချင်ယောင်ဆောင်လိုက်ပါ့မယ်။ ဒါပေမယ့် ဒီလိုပြစ်မှုမျိုး နောက်ထပ်ကျူးလွန်မယ်ဆိုရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်မကတိမပေးထားနိုင်ဘူးနော်။”

ရှားကျီဟုန်သည် ပြစ်မှုများစွာကျူးလွန်ထားသည်မှာ မှန်သော်လည်း ဤတစ်ခေါက်တော့ဖြင့် စုထုံနျိုကြောင့် ကုနင်း မသိချင်ယောင်ဆောင်ပေးလိုက်ပေမည်။

“ကောင်းပါပြီ- ကောင်းပါပြီ။” ရှားကျီဟုန် ချက်ချင်းပင် သဘောတူလိုက်သည်။ ထို့နောက် အတွင်းရေးမှူးအား စုထုံနျိုနှင့် လင်းရှောင်ရှား၏စာချုပ်များကို ဖျက်သိမ်းရန်အတွက် အမိန့်ပေးလိုက်တော့သည်။

ဤလောကတွင် မည်သူကမျှ အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးနှင့် ရန်ငြှိုးမဖွဲ့လိုကြသောကြောင့် ထိုအမိန့်စကားကိုကြားလိုက်ရချိန်တွင် အတွင်းရေးမှူးမှာ အလွန်ထိတ်လန့်သွားခဲ့ရတော့သည်။

***

အခန်း ၄၅၈

ပထမဆုံးအမျိုးသမီးသရုပ်ဆောင်

ရှားကျီဟုန်၏အတွင်းရေးမှူးမှာ စာချုပ်ဖျက်သိမ်းခဲ့သည့် ကိစ္စကို သေချာသိချင်သေးသော်လည်း ယခုအချိန်တွင် မည်သည့်မေးခွန်းမျှ မမေးသင့်ဟု ခံစားနေမိသည်။

ထို့နောက် စုထုံနျိုအား ယခုလက်ရှိအခြေအနေအကြောင်း ကုနင်း စာပို့ပေးလိုက်သည်။ စုထုံနျိုသည် ကုနင်း၏စွမ်းဆောင်ရည်ကို ယုံကြည်ထားသော်လည်း ရလဒ်ကို စောင့်ဆိုင်းရင်းဖြင့် စိတ်လှုပ်ရှားနေမိစဲပင်။ ရှားကျီဟုန်၏အတွင်းရေးမှူးမှ သူမတို့ကို ရှားကျီဟုန်၏ရုံးခန်းသို့ လာရန်အကြောင်းကြားလိုက်မှသာလျှင် စုထုံနျို စိတ်ချသွားရတော့သည်။

“ထုံနျို၊ ဥက္ကဌက ဘာလို့ငါတို့ကို သူ့ရုံးခန်းထဲလာတွေ့ခိုင်းတာလဲမသိဘူးနော်။” လင်းရှောင်ရှားသည် စုထုံနျို ကုမ္ပဏီမှ ထွက်ဖို့လုပ်နေသည်ကို မသိသေးသောကြောင့် စိုးရိမ်နေခဲ့သည်။

“သူ နင့်ကို မကောင်းတာတစ်ခုခုလုပ်ဖို့ ထပ်ပြီး တွန်းအားပေးဦးမလို့လားပဲ?” ထိုသို့တွေးလိုက်မိသည်နှင့် လင်းရှောင်ရှား ဒေါသထွက်လာရတော့သည်။

စုထုံနျိုကတော့ ပြုံးရုံသာပြုံးလိုက်ကာ၊

“ရှောင်ရှား၊ ငါကုမ္ပဏီကနေထွက်သွားရင် နင့်ကိုလဲ ငါနဲ့အတူခေါ်သွားမယ်လို့ ပြောခဲ့တာ မှတ်မိသေးလား?”

“မှတ်မိတာပေါ့။” လင်းရှောင်ရှားပြန်ဖြေလိုက်ပေမည့် သူမတို့ ဥက္ကဌရုံးခန်းကို သွားနေရတာနှင့် ထိုစကား မည်သို့ဆက်နွယ်နေလဲဆိုသည်ကိုတော့ဖြင့် နားမလည်နိုင်ခဲ့ပေ။

“သွားရအောင်၊ နင်ခနနေကျ အဖြေကိုသိလိမ့်မယ်။” စုထုံနျိုက လင်းရှောင်ရှားအား အဖြေကို မပြောပြဘဲ ဥက္ကဌရုံးခန်းသို့သာ မြန်မြန်ဆွဲခေါ်သွားလိုက်သည်။

နောက်ဆုံး သူမတို့ကုမ္ပဏီမှ ထွက်ခွင့်ရသွားပြီမှန်း လင်းရှောင်းရှားသိသွားချိန်တွင်တော့ အလွန်တရာဝမ်းသာသွားရတော့သည်။ သူမအနေဖြင့် မည်သည့်အချိန်မဆို အလုပ်ထွက်လိုက်၍ရသော်လည်း စုထုံနျိုနှင့်အတူတကွ ထွက်သွားရခြင်းထက်တော့ ပိုမကောင်းနိုင်ပေ။

ရှားကျီဟုန်သည်တော့ စာချုပ်ဖျက်သိမ်းခြင်းအတွက် လျော်ကြေးကိစ္စကို ထုတ်တောင်မပြောရဲပေ။ သူ့ဘက်က ထိုကိစ္စကို ပြောမလာမှတော့ ကုနင်းလဲ အတင်းအကြပ် လျော်ကြေးပေးဖို့ လုပ်မနေတော့ပေ။

ထို့နောက်တွင်တော့ စုထုံနျိုနှင့် လင်းရှောင်ရှား သူမတို့ရုံးခန်းသို့ပြန်သွားကာ ပစ္စည်းများသိမ်းနေကြသောကြောင့် လူတိုင်း အံ့အားသင့်ကုန်ကြသည်။

“နင်တို့ဘာလုပ်နေကြတာလဲ?” တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

“ဒီကထွက်သွားမလို့၊” စုထုံနျို ပျော်ရွှင်စွာဖြင့်ပြန်ဖြေလိုက်သည်။

“ဘာ? ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းကနေ ထွက်သွားမယ်? နင်တို့စာချုပ်ဖျက်သိမ်းပြီးသွားပြီလား?” လူတိုင်း အံ့ဩထိတ်လန့်သွားကြသည်။

စုထုံနျိုနှင့်လင်းရှောင်ရှားတို့ သူမတို့ပစ္စည်းများကို ထုပ်ပိုးသိမ်းစည်းကာ အောက်ထပ်သို့ဆင်းလာချိန်တွင် ကုနင်းသည်လဲ သူမတို့အား ရှေ့ဝင်ပေါက်နား၌ စောင့်နေခဲ့သည်။

စုထုံနျို ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းနှင့် အောင်အောင်မြင်မြင် စချုပ်ဖျက်သိမ်းနိုင်သွားသည့် သတင်းသည် ကုမ္ပဏီတစ်ခုလုံးသို့ လျင်မြန်စွာဖြင့် သတင်းပျံ့သွားခဲ့သည်။ စုထုံနျိုက သူတို့ဥက္ကဌပင် ဒေါသထွက်အောင်မလုပ်ရဲသည့် အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦးအား စိတ်အနှောက်အယှက်ပြုခဲ့ခြင်းသည် လူတိုင်းသိထားပြီးသားဖြစ်လေသည်။

ယခုလို စုထုံနျို၏စာချုပ်ကို ဖျက်သိမ်းပေးလိုက်ခြင်းသည် ထိုတစ်ဖက်ပုဂ္ဂလ်က ခွင့်လွှတ်ပေးခြင်းမျိုး သို့မဟုတ် သူမတွင် ထိုပုဂ္ဂိုလ်ထက်ပို၍ အင်အားကြီးသည့် နောက်ခံရသွားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

လီကျားယွဲ့သည်တော့ ထိုသတင်းကိုကြားသည်နှင့် သူမသောက်နေသည့် ကော်ဖီခွက်ကိုပင် ပစ်ပေါက်ခွဲလိုက်မတော့သည်။ သူမသည် စုထုံနျို ပြန်လည်ကျော်ကြားလာတော့မည်ဟူသည့် အမှန်တရားအား လက်မခံနိုင်ဖြစ်နေကာ သူမက အရင်ဦးစွာ စုထုံနျိုထက်ပို၍ ကျော်ကြားအောင်လုပ်ရန်အတွက် စိတ်ဆုံးဖြတ်လိုက်တော့သည်။

စုထုံနျိုကဖေးထန်လုပ်ငန်းနှင့် စာချုပ်ဖျက်သိမ်းပြီးသွားပြီဆိုသော်လညး ကနင်းတွင် သူမနှင့်ဆွေးနွေးစရာများရှိနေသေးသောကြောင့် ကုနင်း လင်းရှောင်းရှားကို အရင်ပြန်ခိုင်းလိုက်ကာ စုထုံနျိုကို ကုမ္ပဏီနားမှ ကော်ဖီဆိုင်တစ်ဆိုင်အား ခေါ်သွားခဲ့သည်။ လင်ရှောင်းထင်သည်တော့ ကားထဲတွင်သာ ကုနင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းလို့နေလေသည်။

ဆိုင်ရောက်သည်နှင့် ကုနင်း စာချုပ်ကိုထုတ်ယူကာ စုထုံနျိုအားပေးလိုက်ပြီး၊

“ဒါကစာချုပ်ပဲ။ အရင်ဆုံးစစ်ကြည့်လိုက်ပြီး အဆင်ပြေရင် လက်မှတ်ထိုးလိုက်ပါ။”

စုထုံနျို ထိုစာချုပ်အားဖတ်လိုက်သည့်နောက်တွင်တော့ ကုမ္ပဏီဘက်နှင့် သူမခွဲယူရသည့် ဝေစုပမာဏကြောင့် အလွန်အံ့အားသင့်သွားရတော့သည်။ အကျိုးအမြတ်ရယူသည့် နှုန်းထားမှာ ၆အချိုး၄ ဖြစ်ကာ ကုမ္ပဏီဘက်မှ ၆၀ရာခိုင်နှုန်းယူပြီး သူမကို၄၀ရာခိုင်နှုန်းပေးထားခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ၈အချိုး၂သာရရှိပြီး အေအဆင့် အနုပညာရှင်မှသာ ၇အချိုး၄ရကာ နိုင်ငံကျော်တစ်ဦးဖြစ်လာခြင်းမှမဟုတ်လျှင် ၆အချိုး၄ရာခိုင်နှုန်းမျိုးဖြင့်ရခြင်းမှာ ရှားပါးလွန်းလှပေသည်။

“ဘော့စ်၊ ဒါသေချာရဲ့လား?” စုထုံနျို မရေမရာဖြင့်မေးလိုက်သည်။

ကုနင်းပြုံးလိုက်မိပြီး၊

“သေချာတာပေါ့။ ဒါကအစပိုင်းပဲရှိသေးတယ်။ ရှင်သာ အေအဆင့်စာရင်းဝင်တစ်ယောက်ဖြစ်သွားရင် ၅၀ရာခိုင်နှုန်းအထိရမှာ၊ အလုပ်ကြိုးစားပေါ့။”

စုထုံနျိုထပ်မံအံ့အားသင့်သွားရပြန်သည်။ သူမသာ အေအဆင့်စာရင်းဝင် သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့လျှင် အကျိုးအမြတ်၅၀ရာခိုင်နှုန်းပင် ရနိုင်ပေမည်။ သူမ၏သူဌေးအသစ်က အရမ်းကို ရက်ရောတဲ့လူပဲ။ ထိတ်လန့်မှုများကို ထိန်းချုပ်နိုင်ပြီးနောက်တွင်တော့ စုထုံနျို စာချုပ်ကို ဆက်လက်ဖတ်ရှုလိုက်တော့သည်။

ကုမ္ပဏီဘက်မှ အိပ်ခန်းတစ်ခန်းပါသည့် တိုက်ခန်းတစ်ခန်းနှင့် အသုံးစားရိတ်ကိုထောက်ပံ့ပေးမည်ဖြစ်သည်။ သူမတွင်သာ ကိုယ်ပိုင်အိမ်ရှိပြီးသား ဆိုလျှင်တော့ ကုမ္ပဏီမှ သူမအတွက် အိမ်အသုံးစားရိတ် တစ်လလျှင် ယွမ်၃ထောင်နှင့် အခြားကုန်ကျစားရိတ်များပါ ထောက်ပံ့ပေးမည်ဖြစ်သည်။ စုထုံနျိုသည် ဖျော်ဖြေရေးလောကမှ ဖယ်ကျဉ်ခံထားရသည်မှာ ၁နှစ်လောက်ရှိပြီဖြစ်သော်လည်း အရင်အချိန်များတွင် အောင်မြင်ကျော်ကြားခဲ့ပြီး ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သောကြောင့် သူမတွင် ကိုယ်ပိုင်အိမ်ရှိထားပြီးပြီဖြစ်သည်။ ထို့အတွက်ကြောင့် သူမအိမ်စားရိတ် ယွမ်၃ထောင်ကိုသာ ရွေးချယ်လိုက်သည်။ စာချုပ်၏အဆုံးတွင်တော့ စုထုံနျို သူမ၏နာမည်နှင့်လက်မှတ်ကို ရေးထိုးလိုက်လေသည်။

“ကုမ္ပဏီ၏အဆောက်အဦးကတော့ အခုမှ ပြင်ဆင်နေတုန်းရှိသေးတယ်။ ဒီတော့ လောလောဆယ် စတူဒီယိုတစ်ခု ငှားထားတယ်။ မီးအိမ်ပွဲတော်ပြီးသွားရင် တီဗီဇာတ်လမ်းတွဲတစ်ပုဒ်ရိုက်ဖို့ စီစဉ်ထားတယ်။ ရှင်ကအခု ကျွန်မဆီမှာ အလုပ်လုပ်နေပြီဆိုပေမယ့် ဒါရိုက်တာကို သူ့စိတ်ကြိုက်သရုပ်ဆောင်ရွေးခွင့်ပေးမယ်လို့ ကတိပေးထားပြီးသွားပြီ။ ဒါကြောင့် ရှင် ဒီဇာတ်လမ်းအတွက် အဓိကသရုပ်ဆောင်ဖြစ်ခွင့်ရနိုင်ပါ့မလားဆိုတာကို ကျွန်မပြောနိုင်ဘူး။ ဒါပေမယ့် လူရွေးပွဲကိုတော့ ဝင်ဖြေလို့ရပါတယ်။ ရှင်က ကျွန်မကုမ္ပဏီကဖြစ်သွားပြီဆိုမှတော့ သေချာပေါက် အောင်မြင်လာအောင် လုပ်ပေးပါ့မယ်။ အဓိကသရုပ်ဆောင်နေရာကို မရရင်လဲ အနည်းဆုံး စကားနည်းနည်းပါးပါးပြောရတဲ့ အခန်းတစ်ခန်းခန်းတော့ပါအောင် လုပ်ပေးပါမယ်။ စိတ်မပူပါနဲ့၊ အနာဂါတ်မှာ ရှင့်အတွက် တခြားအခွင့်ရေးများစွာ ရှိပါသေးတယ်။”

“အိုး၊ပြီးတော့ ကျွန်မကုမ္ပဏီက အသစ်ဆိုတော့ နာမည်ကြီးအနုပညာရှင်တွေမရှိသေးဘူး။ ပြီးတော့ ကျွန်မတို့ဘက်က သရုပ်ဆောင်အသစ်တွေကိုပဲ ပိုသုံးဖြစ်လောက်မယ်။ အဲ့ဒီအတွက် စိတ်ထဲမထားပါနဲ့နော်။”

“ကိစ္စမရှိပါဘူး။ အခုနဲ့ကို ကျေးဇူးအများကြီးတင်နေပါပြီ။” စုထုံနျိုသည် ဇာတ်လမ်းတွဲတွင် စကားများများပြောရသည့် အခန်းပါသည့် ဖြစ်စေ မပါသည်ဖြစ်စေ ဂရုမစိုက်ပေ။ နောက်တစ်ကြိမ် တီဗီဖန်သားပြင်ထက်၌ ထွက်ပေါ်လာနိုင်မည်ကပင် သူမအတွက်ပျော်ရွှင်နေရပြီဖြစ်သည်။ ထို့အပြင် သူမအနေဖြင့် အနာဂါတ်တွင် အလုပ်ပိုကြိုးစား၍လဲရပေမည်။

“ဟုတ်ပါပြီ။ အလုပ်ချိန်ဇယားကိုတော့ နောက်မှအသိပေးပါ့မယ်။ အခုတော့ ပြန်လို့ရပါပြီ။”

ထို့နောက် ကုနင်းနှင့် စုထုံနျိုတို့ ပြန်လာခဲ့ကြသည်။

နေ့လည်၁၁နာရီထိုးခါနီးပြီဖြစ်၍ ကုနင်းနှင့်လင်ရှောင်းထင်တို့ အရင်ဆုံးနေ့လည်စာသွားစားခဲ့ကြသည်။ နေ့လည်စာစားပြီးနောက် ခနတဖြုတ်အနားယူလိုက်ကြပြီး နေ့လည်၂နာရီလောက်တွင် ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသို့သွားလိုက်သည်။

ဆေးဝါးထုတ်လုပ်မှုအပိုင်းသည် အားလုံးအဆင်သင့်အနေအထားဖြစ်နေပြီဖြစ်၍ ကုနင်း သူမ၏စိတ်စွမ်းအင်သလင်းကျောက်များထည့်ထားသည့် ပုလင်းကို ထုတ်ပေးလိုက်သည်။ ထိုပုလင်းထဲတွင် သလင်းကျောက်ပေါင်း၁၀၀ပါဝင်ပြီး တစ်လုံးကို ပုလဲလုံးအရွယ်အစားရှိကာ စိန်ပွင့်တစ်ပွင့်ကဲ့သို့ တောက်ပလင်းလက်လို့နေသည်။

ထို့နောက်တွင်တော့ စွမ်းအင်သလင်းကျောက်တစ်လုံးကို ထုတ်ယူကာ စတင်စမ်းသပ်တော့သည်။ ရလဒ်တွင် ထိုသလင်းကျောက်အတွင်း၌ မည်သည့်ဓါတုပစ္စည်းများမပါဝင်သောကြောင့် စက်ရုံမှလူတိုင်း ထိတ်လန့်အံ့ဩသွားရပြန်သည်။ ပုံမှန်ဆိုလျှင် ရေ၌ပင် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပါဝင်ပေမည့် စွမ်းအင်သလင်းကျောက်တွင်တော့ တစ်မျိုးမှပါရှိခြင်းမရှိပေ။ စွမ်းအင်သလင်းကျောက်ထဲတွင် အန္တရာယ်ဖြစ်စေသည့် မည်သည့်ဓါတုပစ္စည်းမှမပါဝင်ခြင်းကြောင့် ဆေးထဲတွင် ထည့်သုံးဖို့ရန် အဆင်ပြေသွားပေပြီ။

ဆေးစက်ရုံမှ လုပ်သားအားလုံးလဲ စက်ပစ္စည်းများ၏အကူအညီဖြင့် ဆေးဝါးများကို စတင်ထုတ်လုပ်တော့သည်။ ပထမဆုံးထုတ်လုပ်သည့် ဆေးသည် အအေးမိပျောက်ဆေးပင်ဖြစ်လေသည်။

***

အခန်း ၄၅၉

ကောင်းရဲ့လား?

မူရင်းပါဝင်သည့်ဆေးပစ္စည်းများဖြစ်သည့် များထဲတွင် စွမ်းအင်သလင်းကျောက်အားပေါင်းထည့်ခြင်းဖြစ်သည်။ ပါဝင်မှုအညွှန်းထဲတွင်တော့ သေချာပေါက် စွမ်းအင်သလင်းကျောက်အကြောင်းကို ထည့်သွင်းရေးသားလိမ့်မည် မဟုတ်ပေ။

စွမ်းအင်သလင်းကျောက်၏ပမာဏမှာ မူရင်းပါဝင်သည့်ဆေးများ၏ဆယ်ပုံတစ်ပုံဖြစ်သည်။ မူရင်းပါဝင်သည့်ဆေးပစ္စည်းများသည် ၁ကီလိုဂရမ်ရှိလျှင် စိတ်စွမ်းအင်သလင်းကျောက်ကို ၁၀၀ဂရမ်ကိုထည့်သွင်းမည်ဖြစ်သည်။

နာရီများစွာကြာပြီးနောက်တွင်တော့ အအေးမိပျောက်ဆေးမှာ အဆင်သင့်ဖြစ်လို့နေပေပြီ။ ဒုတိယအကြိမ်စမ်းသပ်ချက်တွင်တော့ အရင်ထုတ်လုပ်သည့်ဆေးများကဲ့သို့ မည်သို့မျှကွာခြားသွားခြင်း မရှိဟု ရလဒ်ပြပေမည့် ဆေးစွမ်းသည်တော့ များစွာပြောင်းလဲသွားပေလိမ့်မည်။

တိုက်ဆိုင်စွာပင် ဝန်ထမ်းတစ်ယောက်မှာ အအေးမိနေသောကြောင့် စမ်းသပ်ခံဖြစ်သွားတော့သည်။ သူတို့ ဤဆေးအား နှစ်ကြိမ်နှစ်ခါစမ်းသပ်ပြီးပြီဖြစ်ကာ ဘေးဥပဒ်ဖြစ်စေသည့်အရာမပါရှိသောကြောင့် ထိုဝန်ထမ်းသည်လဲ စမ်းသပ်ရန်သဘောတူလိုက်သည်။ ဆေးလုံးက ထိုဝန်ထမ်း၏ခံတွင်းထဲသို့ဝင်သွားသည်နှင့်တပြိုင်နက် သူ၏ခန္ဓာကိုယ်အနှံ့သို့ အေးမြသည့်စီးကြောင်းတစ်ခုစီးဆင်းသွားကာ သက်သောင့်သက်သာခံစားချက်မျိုး ခံစားလိုက်ရသည်။ ထို့နောက် သုံးမိနစ်အတွင်းတွင်ပဲ နေလို့ပိုကောင်းလာခဲ့သည်။ အအေးမိပျောက်ဆေးတွင် စိတ်စွမ်းအင်သလင်းကျောက်ပါဝင်မှု မများသောကြောင့် လျင်လျင်မြန်မြန် ပျောက်ကင်းသွားမည်မဟုတ်သော်လည်း ထိုမျှအမြန်နှုန်းကပင် လူတိုင်းကိုအံ့အားသင့်စေဖို့ လုံလောက်လို့နေပေပြီ။

အလှပြင်ပစ္စည်းထုတ်လုပ်မည့် အပိုင်းကိုတော့ဖြင့် အသားရေထိန်းသိမ်းသည့် မျက်နှာဖုံးများ၊ အလှကုန်ခရမ်များ၊ လိုးရှင်းများ၊ စီရမ်များစသည်ဖြင့် ထုတ်လုပ်ကာ စွမ်းအင်သလင်းကျောက်ကိုတော့ ၂၀ရာခိုင်နှုန်းအထိ ထည့်သွင်းသွားမည်ဖြစ်သည်။

ကုနင်း နဉ်ချန်းခိုင်နှင့် အချိန်အတော်ကြာဆွေးနွေးပြောဆိုပြီးနောက်တွင်တော့ ဆိုင်နှင့်အပြင်အဆင်များကိုသာ ဖြစ်နိုင်သမျှ မြန်မြန်လေး စီမံဆောင်ရွက်ထားရန် ညွှန်ကြားလိုက်သည်။

ထို့နောက်တွင်တော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ ပြန်ထွက်လာခဲ့သည်။

သူမတို့ပြန်ထွက်လာသည့်အချိန်တွင် ညနေ၅နာရီထိုးခါနီးပြီဖြစ်သောကြောင့် ကုနင်းက ချောင်ဝမ်ရှင်းကို သူမတို့နှင့်အတူ ညစာစားရန်အတွက် ဖိတ်ကြားလိုက်သည်။

ကုနင်း ယနေ့တစ်နေ့လုံးအလုပ်ရှုပ်နေရသောကြောင့် လင်ရှောင်းထင်မှာ သူမနှင့် နှစ်ဦးတည်း အတူအချိန်ဖြုန်းဖို့ရန် အခွင့်ရေးများများစားစားမရခဲ့ပေ။ သို့ပေမည့် အခုတော့ ချောင်ဝမ်ရှင်းကိုပါ အတူခေါ်လိုက်ပြန်ပေသည်။ လင်ရှောင်းထင်အနည်းငယ် မပျော်မရွှင်ဖြစ်သွားရပေမည့် ထုတ်မပြောခဲ့ပေ။

ကုနင်းသည်လဲ လင်ရှောင်းထင်က သူမနှင့်နှစ်ယောက်တည်းရှိနေချင်မှန်း နားလည်ပေမည့် ချောင်ဝမ်ရှင်းကို ဟိုတယ်တွင် တစ်ယောက်တည်း ပစ်ထား၍လဲမဖြစ်သေးပေ။

…..

ထန်ယွင်ဖန်းသည်တော့ Dမြို့တွင် နှစ်ရက်မျှနေခဲ့ကာ ကုမန့်ကျောင်းတက်ခဲ့သည့် တက္ကသိုလ်သို့ သွားရောက်လည်ပတ်ခဲ့သလို သူမတော်တဆဖြစ်သည့် နေရာဟု ထင်မှတ်ရသည့် တံတားသို့လဲသွားရောက်ခဲ့ပေမည့် ထူးထူးခြားခြား ပြန်မှတ်မိသည့်အရာဟူ၍မရှိခဲ့ပေ။ ထို့ကြောင့် ထန်ယွင်ဖန်း၏ စိတ်ရှည်သည်းခံစိတ်များပင် ပျောက်ဆုံးလုနီးပါးဖြစ်နေရတော့သည်။

တခြားသော အကြောင်းအရာအချို့ကို မှတ်မိရန်အလို့ငှာ ထန်ယွင်ဖန်း Dမြို့မှ ထွက်လာပြီး Fမြို့သို့ဆက်သွားလိုက်ကာ Kameiအလှပြင်ဆိုင်ရှိရာသို့ လာခဲ့လိုက်သည်။ ထို့နောက် အနက်ရောင်နှာခေါင်းစည်းတစ်ခုကို ဝတ်ဆင်ကာ ထောင့်တစ်ထောင့်၌ပုန်းနေပြီး ကုမန့်ကို မြင်နိုင်ရန် စောင့်ဆိုင်းနေလိုက်သည်။

ညနေ၅နာရီခွဲလောက်တွင်တော့ ကုမန့်၏အလုပ်ပြီးသွားခဲ့သည်။ ယနေ့အတွက် ကုချင်မရှိသောကြောင့် ကုမန့်တစ်ယောက်တည်း အိမ်သို့ပြန်ရန်ပြင်ရတော့သည်။

နှစ်သစ်ကူးပွဲတော်ပြီးသည့်နောက်တွင် ရာသီဥတုမှာ ပူနွေးသည့်ဘက်သို့ ကူးပြောင်းလာပြီဖြစ်၍ ယနေ့သည် နေသာကာ သာယာလို့နေသည်။ ကုမန့်သည် ပုံမှန်အတိုင်း ဆံပင်ကို စုစည်းထားကာ မိတ်ကပ်ပါးပါးကို လိမ်းချယ်ထားပြီး အညိုရင့်ရောင် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသောကြောင့် သူမ၏ပုံစံမှာ ကျော့ရှင်းကာ ကျက်သရေရှိလို့နေသည်။

ထောင့်နားတွင် ပုန်းကွယ်နေသည့် ထန်ယွင်ဖန်းတစ်ယောက်က ကုမန့် အလှပြင်ဆိုင်မှထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ဖော်ပြ၍မရနိုင်သော ရင်းနှီးလှသည့် ခံစားချက်တစ်ခုကြောင့် ကြောင်အမှင်တက်လို့သွားရသည်။ သို့ပေမည့် ယခုထိတိုင် မှတ်ဉာဏ်များပြန်လည် သတိရလာခြင်းတော့ မရှိခဲ့ပေ။

ကုမန့်သည် ကိုယ်တိုင်ကားမမောင်းသလို ကောင်းယိနှင့်ချောင်ယလဲ သူမနှင့်အတူပါမလာသောကြောင့် တက္ကစီတစ်စီးငှားကာ အိမ်သို့ပြန်လာခဲ့သည်။ ထန်ယွင်ဖန်းလဲ သူ့ကားကို မောင်းနှင်ကာ ကုမန့်၏တက္ကစီနောက်မှနေပြီး ဖန်ဟွားအဆင့်မြင်အိမ်ရာသို့ လိုက်လာခဲ့လိုက်သည်။

မကြာခင်တွင်ပဲ အိမ်အတွက်ဟင်းချက်စရာများဝယ်ယူရန်အတွက် အနီးရှိဈေးသို့သွားရန် ကုမန့် ဖန်ဟွားအဆင့်မြင့်အိမ်ရာမှ ပြန်ထွက်လာခဲ့သည်။

ထိုနားတဝိုက်တွင် လူမိုက်သုံးယောက်လောက် လှည့်လည်နေခဲ့ပြီး ကုမန့်ကိုမြင်လိုက်ရသည်နှင့် သူမ၏ပိုက်ဆံအိတ်ကို လုရန်အတွက် အကြံရသွားကြတော့သည်။ ထို့နောက် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အချက်ပေးသလိုကြည့်လိုက်ကြပြီး ကုမန့်နောက်သို့ ကပ်လိုက်လာကြသည်။

ရုတ်ချည်းဆိုသလိုပင် ကပ်လိုက်လာရင်းမှ ကုမန့်၏ပိုက်ဆံအိတ်ကို ဆွဲလုကာထွက်ပြေးသွားသောကြောင့် ကုမန့်လဲ အလွန်ကြောက်ရွံ့တုန်လှုပ်သွားကာ အော်ဟစ်အကူအညီတောင်းခံတော့သည်၊

ကုမန့်က ထိုလူများနောက်သို့ လိုက်သွားချင်ပေမည့် သူမကို ထိခိုက်ဒဏ်ရာရအောင်လုပ်မည်ကိုလဲ ကြောက်ရွံ့နေလေသည်။

ထန်ယွင်ဖန်းသည် တစ်ချိန်လုံး ကုမန့်နောက်သို့ လိုက်နေသည်ဖြစ်၍ ချက်ချင်းဆိုသလိုပင် လူမိုက်များကို ဖမ်းဆီးလိုက်သည်။

ထန်ယွင်ဖန်းသည် အသက်ရနေသည်မှာ မှန်သော်လည်း အထူးတပ်ဖွဲ့ စစ်သားတစ်ယောက်ကဲ့သို့ ပြေးနိုင်လွှားနိုင် တိုက်ခိုက်နိုင်နေစဲပင်။ မိနစ်ပိုင်းအတွင်းတွင်ပဲ ထိုလူမိုက်သုံးဦးအား မြေပေါ်အလဲထိုးနိုင်ခဲ့ကာ ကုမန့်၏ပိုက်ဆံအိတ်ကို ပြန်ယူပေးလိုက်တော့သည်။ သို့ပေမည့် ကုမန့်လက်ထဲ ပိုက်ဆံအိတ်ကို ပေးပြီးသည်နှင့် ထန်ယွင်ဖန်းမှာ ကုမန့်ကိုမျက်လုံးချင်းဆုံကြည့်ဖို့ရန် အနည်းငယ်ရှက်ရွံ့သလို ခံစားနေရသောကြောင့် ချက်ချင်းလှည့်ထွက်လာခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ဆရာ။” ကုမန့် လေးစားစွာဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

ထန်ယွင်ဖန်းကလဲ အသံကိုနှိမ့်ကာ၊

“ရပါတယ်။”

“ဆရာ၊ စိတ်မရှိဘူးဆိုရင် ကျွန်မထမင်းတစ်နပ်လောက်လိုက်ကျွေးလို့ရမလား? ရှင့်ရဲ့ရဲရင့်မှုနဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ချင်လို့ပါ။” သူတို့ချင်း ယခုမှတွေ့သည့် သူစိမ်းသာဖြစ်သော်လည်း သူမကိုကူညီပေးခဲ့သောကြောင့် ကုမန့်အလွန်ကျေးဇူးတင်နေကာ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

“မလိုပါဘူး။ သွားတော့မယ်။” ထန်ယွင်ဖန်းမှ ကုမန့် သူ့မျက်နှာကို မမြင်သွားစေချင်သောကြောင့် ငြင်းဆိုလိုက်သည်။ ထို့နောက်တွင်တော့ ဖန်ဟွားအဆင့်မြင့်အိမ်ရာ အရောင်းခန်းမသို့သွားလိုက်သည်။ ထန်ယွင်ဖန်း ဖန်ဟွားအဆင့်မြင့်အိမ်ရာတွင် တိုက်ခန်းတစ်ခန်း ဝယ်ယူဖို့ရန်စီစဉ်ထားပြီး အထူးသဖြင့် ကုမန့်၏အိမ်နှင့်နီးသည့်နေရာတွင် ဝယ်ယူလိမ့်မည်ဖြစ်သည်။

ထန်ယွင်ဖန်းထွက်သွားသည်ကိုကြည့်ရင်းဖြင့် ကုမန့် ထိုလူနှင့် ရင်းနှီးနေသလိုခံစားလိုက်ရပေမည့် ရှည်ရှည်ဝေးဝေးဆက်တွေးမနေတော့ဘဲ ဈေးသို့သာ ဆက်သွားလိုက်သည်။

ကံကောင်းစွာဖြင့် ထန်ယွင်ဖန်းအတွက် ကုမန့်၏အိမ်နှင့် ညာဘက်မျက်စောင်းထိုးနေရာတွင် ပြင်ဆင်ပြီးသား အသင့်နေလို့ရသည့် တိုက်ခန်းတစ်ခန်း ဝယ်ယူနိုင်သွားခဲ့သည်။ တစ်နည်းပြောရလျှင်တော့ ထိုအိမ်မှနေပြီး ကုမန့်တိုက်ခန်း၏ဧည့်ခန်းကို တိုက်ရိုက်မြင်နိုင်ပေသည်။

…….

ကုနင်းနှင့်ချောင်ဝမ်ရှင်းသည်တော့ မနက်ဖြန်တွင် မြို့တော်မှထွက်ခွာမည်ဖြစ်ပြီး လေဆိပ်သို့ အတူတူဆင်းကြမည်ဖြစ်သည်။

ကုနင်း၏လေယာဉ်ချိန်မှာ ၁နာရီ၅၀မိနစ်တွင်ဖြစ်ပြီး ချောင်ဝမ်ရှင်းသည်တော့ ၁နာရီ၃၅မိနစ်တွင် လေယာဉ်ထွက်ခွာရမည်ဖြစ်၍ နေ့လည်စာစားပြီးသည်နှင့် သူတို့အတူတူ လေဆိပ်သို့သွားကြမည်ဖြစ်သည်။

ချောင်ဝမ်ရှင်းမှနေပြီး၊

“နင်းနင်း၊ ငါ့သူငယ်ချင်းက နင်စုထုံနျိုအတွက် လုပ်ပေးခဲ့တဲ့ ကိစ္စကို ကျေးဇူးတင်နေတယ်။”

စုထုံနျိုနှင့် အိုက်ရှင်းယွီသည် ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကာ အိုက်ရှင်းယွီနှင့် ချောင်ဝမ်ရှင်းသည်လဲ ရင်းနှီးသည့် သူငယ်ချင်းများဖြစ်လေသည်။ ထို့ကြောင့်အလိုလိုနေရင်းပင် အိုက်ရှင်းယွီကြောင့် ချောင်ဝမ်ရှင်းကလဲ ကုနင်းကို ကျေးဇူးတင်နေမိသည်။

“ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ ငါကိုယ်တိုင်ကိုက စုထုံနျိုနဲ့ စာချုပ်ချုပ်ချင်တာပါ။”

…..

ဟင်းချက်စရာများဝယ်ပြီးနောက်တွင်တော့ ကုမန့်အိမ်သို့ပြန်လာကာ သူမဘာသာ ချက်ပြုတ်ပြင်ဆင်တော့သည်။

တစ်ဖက်တိုက်ခန်းရှိ ထန်ယွင်ဖန်းသည်တော့ ကုမန့် တခါတရံ ဧည့်ခန်းသို့ဖြတ်သန်းသွားလာသည်ကို ကြည့်ရှုလို့နေလေသည်။

ညဘက်ရောက်ချိန်တွင်တော့ ကုမန့်သည် တစ်ကိုယ်တည်း ဧည့်ခန်းတွင်းရှိဆိုဖာတွင် ထိုင်ကာ တီဗီကြည့်လို့နေသည်။ ကုချင်ကတော့ သူမနှင့် စကားခနတဖြုတ်လာပြောပေမည့် မကြာခင်မှာပဲ ပြန်သွားသောကြောင့် တစ်ဖန် တစ်ယောက်တည်း ကျန်ခဲ့လို့နေပြန်သည်။

ကုနင်း တစ်ယောက်တည်းရှိနေပုံကိုမြင်ရသည်မှာ အထီးကျန်ဆန်လှသည်ဟုခံစားရသောကြောင့် ထန်ယွင်ဖန်း၏နှလုံးသားထဲတွင် မသက်မသာခံစားနေရကာ သူမနှင့်အတူအဖော်ပြုပေးလိုက်ချင်ပေမည့် အတိတ်အကြောင်းကိုတော့ဖြင့် တစ်ခုမျှသတိရခြင်းမရှိပေ။

……

ထိုညတွင်ပဲ လင်ရှောင်းထင်ကြောင့် ကုနင်းတွင် အိပ်ချိန်ပင် မရရှိခဲ့ပေ။ မနက်ဖြန်ဆိုလျှင် ကုနင်း မြို့တော်မှ ပြန်တော့မည်ဖြစ်ကာ သူတို့ချင်း ဘယ်သောအခါမှပြန်တွေးနိုင်မည်လဲ ဆိုသည်ကို လင်ရှောင်းထင်မသိသောကြောင့် ယနေ့ညတွင် အကြိမ်ပေါင်းမနည်း သူမကို အပိုင်သိမ်းလို့နေသည်။

“နင်းနင်း၊ ကိုယ့်ကိုပြောပါဦး၊ ကိုယ်ကောင်းရဲ့လား?” အမျိုးသားတိုင်းသည် သူတို့၏အိပ်ရာပေါ်မှ အရည်အချင်းအပေါ် သူတို့၏တွဲဖက်များဆီမှ ချီးကျူးမှုအား လိုချင်ကြလေသည်။

***

အခန်း ၄၆၀

တစ်ကိုယ်ကောင်းဆန်သည့် ကုချင်းရှန်

“သေ-သေချာပေါက် ကောင်းတာပေါ့။” လင်ရှောင်းထင်၏ အိပ်ရာထက်မှ စွမ်းဆောင်ရည်မှာ အလွန်တော်ကြောင်းကိုတော့ ကုနင်း လက်ခံမိပေမည့် ထိုသို့ အတည်ပြုချီးကျူးမှုကိုရသွားသည်နှင့် လင်ရှောင်းထင်၏ စိတ်နှင့်ခန္ဓာမှာ ပို၍ပင် ကြမ်းတမ်းလာခဲ့ပြီး ကုနင်းပင် မနည်းတားယူရတော့သည်။

…….

နောက်တစ်နေ့တွင်တော့ ကုမန့်နှင့်ကုချင်သည် မနက်၈နာရီခွဲကတည်းက အိမ်ကထွက်လာကာ ကျန်းရွှီက သူမတို့ကို ဈေးဝယ်စင်တာရှိရာသို့ လိုက်ပို့ပေးခဲ့ပြီးမှ သူ၏ဆိုင်ရှိရာသို့ ထွက်လာခဲ့သည်။

ကျန်းရွှီ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်သည် တစ်နေ့တခြား ပို၍ နာမည်ကြီးလာခဲ့သည်။ အထူးသဖြင့် ကုနင်း၏ဂုဏ်ပုဒ်ထွက်ပေါ်သွားချိန်တွင် စီးပွားရေးလုပ်ငန်းရှင်အများစုသည် ကုနင်း၏မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ကျန်းရွှီနှင့်ပူးပေါင်းလုပ်ဆောင်မှုများစွာကို ပြုလုပ်လာခဲ့ကြသည်။ ထို့ကြောင့် အခုချိန်သည် ကျန်းရွှီ၏အလုပ်အများဆုံးအချိန်ဟုလဲ ပြော၍ရပေသည်။

ကုချင်နှင့်ကုမန့်တို့ ဖန်ဟွားအဆင့်မြင့်အိမ်ရာမှထွက်လာသည်နှင့် ထန်ယွင်ဖန်းသည်လဲ မပျက်မကွက်ပင် သူမတို့နောက်မှ လိုက်ပါသွားခဲ့သည်။

……

ထိုမနက်အစောတွင်ပဲ လင်ရှောင်းထင်သည် ပုံမှန်အတိုင်း ကုနင်းအတွက် မနက်စာပြင်ဆင်ပေးထားခဲ့သည်။ သို့ပေမည့် ထူးခြားသည်က ကုနင်းသည် မနေ့ညက ပင်ပန်းကြီးစွာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခဲ့ရ၍ မနက်၉နာရီလောက်မှသာ နိုးထလာနိုင်ခဲ့ပေသည်။

မနက်စာစားပြီးနောက်တွင်တော့ လင်ရှောင်းထင်နှင့်ကုနင်းတို့ နောက်ထပ်တစ်ကြိမ် အိပ်ရာထက်၌အချိန်ဖြုန်းခဲ့ကြပြန်ပြီး ၁၀နာရီလောက်မှသာ ဟွမ်းဒင်ဟိုတယ်သို့သွားကာ ချောင်ဝမ်ရှင်းအား ကြိုခဲ့ကြသည်။

……

ကုချင်နှင့် ကုမန့်တို့ နေ့လည်စာစားချိန်တွင် ဆိုင်နားမှစားသောက်ဆိုင်တစ်ဆိုင်သို့သွားရောက်ခဲ့ကြပေမည့် မမျှော်လင့်ထားစွာပင် ကုချင်းရှန်က ရုတ်တရက် ထွက်ပေါ်လာကာ ကုချင်နှင့်ကုမန့်ထံမှ ငွေချေးတော့သည်။

“ရှောင်ချင်၊ ရှောင်မန့်၊ ငါအမှားတွေအများကြီးလုပ်ခဲ့မိမှန်းသိပါတယ်။ ဒါပေမယ့် ပြီးခဲ့တာတွေလဲ ပြီးသွားပြီပဲ။ ငါတို့က သွေးသားရင်းချာမောင်နှမတွေလေ။ ဒီတစ်ကြိမ်တော့ ငါ့ကိုကူညီပေးပါလား?” ကုချင်းရှန်တောင်းဆိုလိုက်သည်။ ယခုတစ်ခေါက်သည် ကုချင်နှင့်ကုမန့်အား ကုချင်းရှန် ပထမဆုံးအကြိမ် ယဉ်ယဉ်ကျေးကျေးပြောဆိုခြင်းဖြစ်သည်။

သွေးသားရင်းချာမောင်နှမ? ကုချင်းရှန်သည် ကမ်းကုန်အောင် အရှက်မဲ့လွန်းသည့်လူပင်။ သူမတို့ငယ်ဘဝကတည်းက အနိုင်ကျင့်နှိပ်စက်ခဲ့ရုံတင်မကဘဲ ကုနင်းကားမတော်တဆဖြစ်ကာ သေမလိုဖြစ်နေသည့်အချိန်ကာလတွင်ပင် သူမတို့အတွက်‌ ငွေချေးပေးဖို့ရန် ငြင်းဆန်ခဲ့သေးသည်။ သို့ပေမည့် အခုချိန်တွင်တော့ သူက ရုတ်တရက် မိသားစုဟူသည့် အချက်ကိုချပြကာ သူတို့အတွက် ငွေချေးပေးဖို့ရန် ပြောဆိုနေသည်တဲ့လား?

ကုချင်နှင့်ကုမန့်သည်တော့ အေးစက်သည့်အမူအရာဖြင့်သာ၊

“မရဘူး။ ကျွန်မတို့မကူညီပေးနိုင်ဘူး။ နောက်ကိုလဲ ကျွန်မတို့နဲ့ဝေးဝေးနေပေးပါ။” ကုမန့်ပြန်ပြောလိုက်သည်။

“မင်း-မင်းတို့ဘယ်လိုလုပ် ဒီလောက်တောင် သွေးအေးကြရတာလဲ?” ကုချင်းရှန်အနေဖြင့် ယခုက ပထမဆုံးအကြိမ် ငွေချေးပေးဖို့ရန် အငြင်းခံရခြင်းမဟုတ်တော့သော်လည်း ယခုထိတိုင် အမှန်တရားကို လက်မခံနိုင်သေးပေ။

သူတို့က သွေးအေးတယ်တဲ့လား? ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် ကုချင် ဒေါသထွက်လာကာ၊

“နင်းနင်း ကားမတော်တဆမှုဖြစ်တုန်းက ကျွန်မတို့ ရှင်တို့ဆီက ယွမ်၁သောင်းလေးပဲချေးတာတောင် နှစ်ခါပြန် မစဉ်းစားပဲ ငြင်းခဲ့တယ်လေ။ အဲ့တုန်းက နင်းနင်းမှာ သေတောင်သေသွားနိုင်တဲ့ အခြေနေဖြစ်ခဲ့တာ။ ဒါတောင် အခုလိုအချိန်မျိုးမှာ ကျွန်မတို့က ယွမ်သန်းပေါင်းများစွာ ပြန်ချေးပေးလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလား?”

ငွေချေးပေးရန်က ကုချင်းရှန် သေချာပေါက် လုပ်ဆောင်ပေးရမည့် တာဝန်ဝတ္တရာမဟုတ်သော်လည်း ထိုအချိန်တုန်းက ကုချင်းရှန်သည် ချမ်းသာနေသလို ကုနင်းသည်လဲ အသက်အန္တရာယ်နှင့်ရင်ဆိုင်နေခဲ့ရပေသည်။ သို့ပေမည့် သူကတော့ သူမတို့အတွက် ကူညီပေးရန် တစ်ကိုယ်ကောင်းဆန်စွာ ငြင်းပယ်ခဲ့လေသည်။ ကုချင်းနှင့် ကုမန့်သည် တုံးအလွန်းသည့်လူများမဟုတ်သလို အားနည်းပျော့ညံ့သူများလဲ မဟုတ်တော့ပေ။ ထို့အတွက်ကြောင့် ကုမန့်အနေဖြင့် ကုချင်းရှန်အား ငွေမချေးပေးခြင်းသည် နားလည်ပေး၍ရနိုင်သည့် အခြေအနေပင်ဖြစ်သည်။

သူမတို့စားပွဲနှင့် ဘေးချင်းကပ်လျက်စားပွဲတွင် ထိုင်နေသည့် ထန်ယွင်ဖန်းသည်လဲ ကုမန့်တို့ပြောဆိုနေသည့် စကားများကို ရှင်းလင်းပြတ်သားစွာကြားခဲ့ရသည်။ ထန်ယွင်ဖန်းလဲ နင်းနင်း၏ တစ်ကိုယ်ကောင်းဆန်ကာ အရှက်မဲ့လှသည့် သွေးရင်းဦးလေးကို အလွန်ဒေါသထွက်သွားတော့သည်။

“နင်းနင်းက အခုဘာမှမဖြစ်တော့ဘူးလေ။ အဲ့ဒါကိစ္စကြီးမှမဟုတ်တော့တာ။” ကုချင်းရှန်သည်တော့ အနည်းငယ်ပင် အပြစ်ရှိသလိုမခံစားရဘဲ ချက်ချင်းငြင်းဆိုလိုက်သည်။

ထိုအချိန်တွင်တော့ ကုချင်ရော ကုမန့်ပါ ဆက်ပြီး သည်းခံနိုင်စွမ်းမရှိတော့ဘဲ ကုချင်က ဒေါသတကြီး အပြစ်တင်ကြိမ်းမောင်းတော့သည်။

“ဘယ်လိုလုပ်များ ဒီလိုစကားမျိုးပြောနိုင်ရတာလဲ?”

“ကျွန်မတို့ဘက်က ဘာငွေမှချေးပေးမှာမဟုတ်ဘူး။ ကျွန်မတို့ကို ဘယ်လိုတွေးတွေးလဲ ဂရုမစိုက်ဘူး။” ကုမန့်ကလဲ အေးစက်သည့် လေသံဖြင့်ပြန်ပြောလိုက်သည်။

“ရှင်ဒီလောက်ငွေလိုနေရင် ကိုယ့်ကုမ္ပဏီကိုရောင်းလိုက်ပေါ့။ အရင်တုန်းကဆို ကျွန်မတို့လဲ တစ်နှစ်ကိုမှ ယွမ်သောင်းဂဏန်းလောက်နဲ့ အဆင်ပြေပြေနေနိုင်ခဲ့သေးတာ ရှင်တို့လဲ နေနိုင်မှာပါ။”

“ကုမန့်၊ မင်းငါတို့ကို ကောင်းကောင်းမွန်မွန်မနေနိုင်စေရဘူးလို့ ပြောလိုက်တာလား?” ကုချင်းရှန်၏အမြင်တွင်တော့ ကုမန့်၏စကားများမှာ သူတို့မိသားစု ဆင်းဆင်းရဲရဲနေရမည်ကို အလွန်မြင်ချင်နေသည်ဟု ထင်မိလေသည်။

“ဘယ်လိုပဲတွေးတွေးဂရုမစိုက်ဘူး။ ရှင်တို့ဘာသာ ရှင်တို့ ကောင်းကောင်းမွန်မွန်နေရရ မနေရရ ကျွန်မတို့နဲ့ ဘာမှမပတ်သတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ကို ထပ်ပြီးနှောက်ယှက်ဦးမယ်ဆိုရင်တော့ ရဲကိုခေါ်လိုက်တော့မယ်။”

“မင်းတို့…” ကုချင်းရှန် အလွန်ဒေါသထွက်နေရပေမည့် ဘာမှပြန်မပြောနိုင်တော့ပေ။ သူသည် အလွန်တစ်ကိုယ်ကောင်းဆန်သည့် လူဖြစ်သောကြောင့် ဘယ်သောအခါမှ သူလုပ်သည့်အမှားအတွက် သူ့ကိုယ်သူအပြစ်တင်မိလိမ့်မည်မဟုတ်ပေ။

“အား! သူဘယ်လိုလုပ်ဒီလောက်တောင် အရှက်မဲ့ရတာလဲ! ငါ့မှာ ဒီလိုအသုံးမဝင်တဲ့အစ်ကိုမျိုး ရှိနေရတာကို အရမ်းစိတ်တိုမိတယ်။” ကုချင်က ပေါက်ကွဲစွာပြောလိုက်သည်။

“ထားလိုက်ပါ-ထားလိုက်ပါ။ သူ့လိုလူတစ်ယောက်အတွက် ငါတို့စိတ်တိုနေဖို့ မတန်ပါဘူး။” ကုမန့်ကနေပဲ ကုချင်ကို နှစ်သိမ့်ပေးလိုက်ရသည်။

……

နေ့လည်၁၂နာရီဝန်းကျင်တွင်တော့ ကုနင်းနှင့်ချောင်ဝမ်ရှင်းတို့ လေဆိပ်သို့ထွက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လင်ရှောင်းထင်မှာ ကုနင်းနှင့် မခွဲချင်သောကြောင့် တိတ်ဆိတ်ငြိမ်သက်လို့နေပြီး ကုနင်းသည်လဲ ထိုသို့တူညီသည့် ခံစားချက်မျိုးရှိနေပေမည့် သူမတို့၏ကိုယ်ပိုင် လုပ်ငန်းတာဝန်များက ရှိလို့နေသေးပေသည်။

သူမတို့ လေဆိပ်သို့ရောက်ချိန်တွင်တော့ ကုနင်း ခရီးသည် နားနေဆောင်သို့ ဝင်ရောက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ လင်ရှောင်းထင်လိုက်ကြည့်လို့နေသည်။

ကုနင်းနှင့် ချောင်ဝမ်ရှင်းတို့ ဝင်ရမည့် အပေါက်၂ခုမှာ မဝေးသောကြောင့် လေယာဉ်ချိန်မရောက်ခင် အထိ အတူတကွ ထိုင်စောင့်နေလိုက်ကြသည်။

ထိုအချိန်တွင်ပဲ ရှင်းပိုင်ရောက်ရှိလို့လာခဲ့သည်။

သူတို့အားလုံး အချင်းချင်း တွေ့ဆုံမိသွားချိန်တွင်တော့ အလွန်အံ့ဩသွားကြရတော့သည်။

“ဟိုင်း၊ ကုနင်း မင်းလဲ Bမြို့ကိုသွားမလို့လား?” ရှင်းပိုင်က ချောင်ဝမ်ရှင်းအား သိသိသာသာပင် လျစ်လျူရှုကာ ကုနင်းကိုသာ မေးမြန်းလိုက်သည်။ ချောင်ဝမ်ရှင်းသည်လဲ တမင်ပင် ရှင်းပိုင်အား အကြည့်လွှဲလို့ထားလေသည်။

***

All Chapters