အခန်း ၄၆၁-၄၆၅)
Vol. 31 Ch. 461-465
အခန်း ၄၆၁
ချောင်ဝမ်ရှင်း VS ရှင်းပိုင်
“မဟုတ်ဘူး။ ဝမ်ရှင်းပဲ Bမြို့ကိုပြန်မှာလေ။ ကျွန်မက Fမြို့ကို ပြန်မှာ။ အခုက လေယာဉ်ချိန်မရောက်သေးလို့ ဝမ်ရှင်းနဲ့ ခနအတူထိုင်ပေးနေတာ။” ကုနင်းပြန်ဖြေလိုက်သည်။
“ရှင်ကရော? ဘယ်ကိုသွားမလို့လဲ?”
ရှင်းပိုင်လဲ ကုနင်း၏အနားတွင် ဝင်ထိုင်လိုက်ရင်း၊
“ငါကBမြို့ကိုသွားမှာ။ မီးပုံးပွဲတော်အချိန်ရောက်တော့မှာဆိုတော့ ဦးလေးဆီသွားလည်မလို့လေ။”
ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင်ဖြစ်ပွားခဲ့သည့် ကိစ္စမှာ နားလည်မှုလွဲခြင်းသာဖြစ်ကြောင်း ရှင်းပိုင်ရော ချောင်ဝမ်ရှင်းပါ သိကြပေမည့် ထိုဆိုးရွားလှသည့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းကြောင့်ပင် သူတို့အချင်းချင်း မနှစ်သက်ကြတော့ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး ကုနင်းကိုသာ စကားပြောကြပြီး အချင်းချင်းမှာတော့ တစ်ဦးကိုတစ်ဦး လျစ်လျူရှုလို့ထားသည်။
ကုနင်းသည်လဲ သူတို့နှစ်ဦးကြားမှ ပြဿနာထဲတွင် ဝင်မပါလိုခြင်းကြောင့် ခွင့်တောင်းကာ သန့်စင်ခန်းသို့ထွက်လာခဲ့လိုက်သည်။
“ငါလဲလိုက်မယ်။” ကုနင်းထလိုက်သည်နှင့် ချောင်ဝမ်ရှင်းကလဲ ချက်ချင်းပင် သူမနောက်သို့ ထလိုက်လာခဲ့သည်။
“နင်ဘာလို့ သူ့ကိုမုန်းနေသေးတာလဲ? နင်တို့နှစ်ယောက် နားလည်မှုလွဲနေကြမှန်း သိပြီးသွားကြပြီလို့ ထင်နေတာ။” ကုနင်းက သံသယဖြစ်စွာဖြင့်မေးလိုက်သည်။
ချောင်ဝမ်ရှင်းကလဲ ချက်ချင်းပင်။
“ငါဒီတိုင်း သူ့ကိုသဘောမကျရုံပင် အဲ့ကိစ္စကြောင့်မဟုတ်ဘူး။”
“ဟုတ်ပါပြီ။ နင်နိုင်ပါတယ်။” ကုနင်းလဲ သူမပြောလဲ အပိုမှန်းသိနေ၍ လွှတ်ထားပေးလိုက်တော့သည်။
မကြာခင်အတွင်းမှာပဲ ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်းအပါအဝင် Bမြို့သို့သွားမည့်ခရီးသည်များ စတင်ကာ လေယာဉ်ပေါ်တက်ကြပေမည့် သူတို့နှစ်ဦးကတော့ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေနေစဲပင်။ သို့ပေမည့် သူတို့ချင်း ဘယ်လောက်ပင် တစ်ယောက်ကိုတစ်ယောက် သဘောမကျပါစေ ကံတရားကြီးက တိုက်ဆိုင်စွာဖြင့် သူတို့နှစ်ဦးကို ပထမတန်း၏ဘေးချင်းကပ်ထိုင်ခုံတွင် ထားရှိပေးလိုက်တော့သည်။
“သောက်***” နှစ်ယောက်လုံး ပြိုင်တူပင် ကြိမ်ဆဲလိုက်မိတော့သည်။ ထို့နောက်တွင် တစ်ချိန်တည်းလိုလိုပဲ တစ်ဦးကို တစ်ဦးကြည့်လိုက်မိကြပြန်သည်။
ချောင်ဝမ်ရှင်းမှာ ခပ်မြန်မြန်ပင် ရှင်းပိုင်ထံမှအကြည့်လွှဲလိုက်ခြင်းကြောင့် စိတ်အခြေအနေ အရမ်းမဆိုးရွားသွားခဲ့ပေ။
ထိုအချိန်တွင်ပဲ ရေမွှေးနံ့သင်းသင်းလေးက သူတို့နှာခေါင်းနားတွင် ဝေ့ဝဲလာကာ ရှင်းပိုင်၏နားစည်အတွင်းသို့ ညင်သာသည့်အမျိုးသမီးသံတစ်သံက ဝင်ရောက်လာခဲ့သည်။
“ဆရာ၊ လေယာဉ်က စတင်ထွက်ခွာတော့မှာ မို့လို့ လုံခြုံရေးအတွက် ခါးပတ်ကို ပတ်ပေးထားပါရှင့်။”
“ကျေးဇူးပါ။” ရှင်းပိုင် ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်ပြီး ချက်ချင်းပင် လုံခြုံရေးခါးပတ်ကိုပတ်ဖို့ လက်လှမ်းလိုက်သည်။ သို့ပေမည့် လေယာဉ်မယ်က သူ့နားဘေးတွင် ငုတ်တုတ်ထိုင်ပြီးလို့နေကာ၊
“ဆရာ၊ ကျွန်မကူညီပေးပါရစေ။”
သို့ပေမည့် ထိုလေယာဉ်မယ် လုံခြုံရေးခါးပတ်ကို မထိနိုင်သေးခင်တွင်ပဲ ရှင်းပိုင်က ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်သည်။
“လုပ်ပေးဖို့ မလိုပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။”
ယခုလို လေယာဉ်ပေါ်တွင် ကောင်းကောင်းမွန်မွန်ဆက်ဆံခံရခြင်းမှာ ရှင်းပိုင်အတွက် ပထမဆုံးအကြိမ်မဟုတ်သလို အကြောင်းရင်းကိုလဲ သူသေချာသိလို့ထားလေသည်။ လေယာဉ်မယ်အားလုံးသည် ပထမတန်းတွင် ထိုင်သည့် သူ့လိုခန့်ညားသည့် လူငယ်တစ်ယောက်ကို အမိဖမ်းချင်ကြခြင်းသာ။
ထိုလှပသည့်လေယာဉ်မယ်လေးလဲ သူမလက်ကို ပြန်ရုတ်လိုက်ပြီး စိတ်ပျက်သွားရကာ၊
“စိတ်အနှောက်အယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်၊ ဆရာ။”
ချောင်ဝမ်ရှင်းသည်တော့ ရယ်သာရယ်နေပြီး ဘာမှမပြောခဲ့ပေ။
မကြာမီအချိန်တွင်းမှာပဲ လေယာဉ်စတင်ထွက်ခွာခဲ့သည်။ တည်ငြိမ်သည့် အရှိန်ဖြင့် ဝေဟင်ထက်သို့ တက်ပြီးသွားသည်နှင့် လေယာဉ်မယ်မှာ အကြိမ်ပေါင်းများစွာ ရှင်းပိုင်အနားသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လျှောက်လှမ်းလာခဲ့ပေမည့် ရှင်းပိုင်သည်တော့ တစ်ချိန်လုံး ခေါင်းကိုငုံ့ကာ စာဖတ်လို့နေပြီး သူမကိုလျစ်လျူရှုထားခဲ့သည်။
နောက်ဆုံးတွင်တော့ လေယာဉ်ထဲတွင် ခရီးသည်များအား သောက်စရာများတည်ခင်းသည့် အချိန်သို့ရောက်ရှိလာခဲ့ကာ ထိုလေယာဉ်မယ်က အရင်ဦးဆုံး ရှင်းပိုင်ထံသို့သွားလိုက်ပြီး၊
“ဆရာ၊ ဘာများသောက်သုံးချင်ပါလဲ?”
“ကိုလာပေးပါ၊ ကျေးဇူးပဲ။” ရှင်းပိုင် ပြောသာပြောလိုက်ပေမည့် ထိုလေယာဉ်မယ်အား တစ်ချက်ပင် မကြည့်ပေ။
လေယာဉ်မယ်လဲ အလွန်စိတ်ပျက်သွားရပေမည့် စနစ်တကျ ယဉ်ကျေးမှုရှိစေရန် သင်တန်းပေးခြင်းခံထားရသောကြောင့် သူမ၏အမူအရာကို ထုတ်ဖော်ပြသခြင်းမရှိပေ။
“ရပါတယ်။ ခနလေးစောင့်ပေးပါ။”
မကြာခင်တွင်မှာပဲ ရှင်းပိုင်အတွက် ကိုလာတစ်ဖန်ခွက်ကို ငှဲ့ပေးလိုက်သည်။ ထိုလေယာဉ်မယ်မှာ ရှင်းပိုင်ကိုသာ အလွန်အာရုံစိုက်နေခြင်းဖြစ်သောကြောင့် ချောင်ဝမ်ရှင်းကို ဘာသောက်ချင်လဲ မေးဖို့ လုံးဝမေ့သွားခဲ့၍ ချောင်ဝမ်ရှင်းလဲ အလွန်မကျေမနပ်ဖြစ်သွားတော့သည်။
“ဟေ့၊ ကျွန်မအတွက်ကရော?”
လေယာဉ်မယ်လဲ တခနမျှကြောင်အသွားရပြီးနောက် ချက်ချင်းပင် ချောင်ဝမ်ရှင်းဘက်သို့လှည့်လိုက်ကာ၊
“အိုး၊ တောင်းပန်ပါတယ်။ မိန်းကလေး ဘာများသောက်ချင်ပါလဲ?”
“ကော်ဖီ။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။
လေယာဉ်မယ်က ချောင်ဝမ်ရှင်းထံ ကော်ဖီခွက်အား ကမ်းပေးလိုက်ပေမည့် ချောင်ဝမ်ရှင်းလက်လှမ်းယူလိုက်သည့်အချိန်တွင်ပဲ ရုတ်တရက်ဆန်စွာ လေယာဉ်မှာ လှုပ်ခါသွားခဲ့၍ သူမလက်ထဲရှိ ကော်ဖီခွက် အနည်းငယ် လူးလွန့်သွားကာ ရှင်းပိုင်ထံသို့ စင်သွားခဲ့သည်။
ချောင်ဝမ်ရှင်း မရယ်မိဘဲ မနေနိုင်ဖြစ်သွားရပေမည့် ရှင်းပိုင်သည်တော့ ဒေါသထွက်သွားတော့သည်။ ထို့နောက် ရှင်းပိုင် ရယ်ရွှင်နေသည့် ချောင်ဝမ်ရှင်းအား ကြည့်လိုက်ကာ အံတို့ကြိတ်လျက်၊
“ချောင်ဝမ်ရှင်း၊ မင်းတမင်သက်သက်လုပ်တာမလား။”
ချောင်ဝမ်ရှင်းသည်တော့ နည်းနည်းလေးပင် အပြစ်ရှိသလို မခံစားမိပေ။
သို့ပေမည့် လေယာဉ်မယ်မှာတော့ အလွန်ထိတ်လန့်သွားကာ အလျင်စလိုတောင်းပန်ရင်း၊
“ဆရာ၊ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကူသုတ်ပေးပါ့မယ်…” ပြောရင်းဆိုရင်းဖြင့်ပင် ပဝါတစ်ထည်ယူကာ ရှင်းပိုင်အပေါ် ဖိတ်စင်သွားသည့် ကော်ဖီစက်များအား ကူသုတ်ပေးရန် ပြင်လိုက်သည်။
“မလိုပါဘူး။ ကျွန်တော့်ဘာသာလုပ်လိုက်ပါ့မယ်။” ရှင်းပိုင် ထိုပဝါအားဆွဲယူလိုက်ကာ သူ့ရင်ဘက်ပေါ်မှ အစွန်းအထင်းများအား ကိုယ်တိုင်သုတ်လိုက်သည်။
လေယာဉ်မယ်လေးမှာတော့ ရှင်းပိုင်ထံမှ နှစ်ကြိမ်တိုင်တိုင် အငြင်းခံလိုက်ရ၍ စိတ်ပျက်သွားရကာ ထိုအမျိုးသားထံသို့ ချဉ်းကပ်ဖို့ရန် မဖြစ်နိုင်မှန်းသိလိုက်ပြီဖြစ်၍ တိတ်တဆိတ်သာ ထွက်ခွာသွားတော့သည်။
ရှင်းပိုင် ချောင်ဝမ်ရှင်းကို ထပ်ပြီး စိုက်ကြည့်လိုက်ပေမည့် သူမကတော့ အရယ်မရပ်နိုင်သေးပေ။ သူမဘယ်လောက်ပင် ရယ်ချင်နေသေးပါစေ ထပ်ပြီး အထင်လွဲသည့်ကိစ္စများမရှိလာစေရန်အတွက် မြန်မြန်ဆန်ဆန်ရှင်းပြလိုက်ရသည်။
“ဒါတမင်လုပ်တာမဟုတ်ပါဘူး။ လေယာဉ်လှုပ်သွားလို့ပါ။”
ရှင်းပိုင်မှာ ချောင်ဝမ်ရှင်းအား စိတ်တိုနေစဲဖြစ်ပေမည့် ဘာမှပြောမနေတော့ဘဲ သန့်စင်ခန်းရှိရာသို့သာ ထသွားလိုက်တော့သည်။
သူတို့အချင်းချင်း သဘောမကျကြသောကြောင့် စကားပြောဖို့ခက်ကြပြီး ပြဿနာတစ်စုံတစ်ရာသာ မရှိလျှက် နှစ်ဦးလုံး တိတ်ဆိတ်လို့နေလေသည်။
အချိန်ခနကြာပြီးနောက်တွင်တော့ ချောင်ဝမ်ရှင်းလဲ သန့်စင်ခန်းသို့သွားဖို့ရန်အတွက် ရှင်းပိုင်၏ရှေ့မှဖြတ်လျှောက်ရတော့သည်။ တိုက်ဆိုင်စွာပင် လေယာဉ်မှာ ထပ်မံလှုပ်ရမ်းလာပြန်သောကြောင့် ချောင်ဝမ်ရှင်း အရှိန်မထိန်းနိုင်ပဲ ရှင်းပိုင်၏ဘက်သို့ လဲကျသွားခဲ့သည်။ ချောင်ဝမ်ရှင်းလဲ အံ့ဩထိတ်လန့်စွာဖြင့် ဟန်ချက်ညီသွားစေရန် တစ်စုံတစ်ခုကို ထိန်းကိုင်ဖို့အတွက် လက်ကိုလှမ်းလိုက်ပေမည့် ဤတစ်ခေါက်တွင်တော့ သူမ၏လက်မှာ ရှင်းပိုင်၏ရင်ဘက်ရှိရာသို့ ကျရောက်သွားခဲ့သည်။
သို့ပေမည့် ရှင်းပိုင်ကတော့ ချောင်ဝမ်ရှင်းအား သဘောမကျ၍ သူမလဲကျသွားမည်ကို မြင်ချင်ကာ သူ့ကိုလဲ မထိစေချင်သောကြောင့် ထိုလက်ကို ပုတ်ထုတ်လိုက်တော့သည်။ သို့ပေမည့် ထိုသို့ပုတ်ထုတ်လိုက်သည့်အချိန်တွင်ပဲ နောက်ထပ်မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပြန်သည်။ ရှင်းပိုင်က သူမလက်ကိုပုတ်ထုတ်လိုက်ခြင်းကြောင့် ချောင်ဝမ်ရှင်း ဟန်ချက်မထိန်းနိုင်တော့ကာ သူမ၏လက်က မတော်တဆ ရှင်းပိုင်၏အောက်ပိုင်းမှ အဓိကနေရာသို့ ဖိချမိသွားတော့သည်။
ထိုသို့ရုတ်တရက်ဆန်သည့် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ရှင်းပိုင်အလွန်နာကျင်သွားရကာ ချောင်ဝမ်ရှင်းအား အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်တော့သည်။
“ချောင်ဝမ်ရှင်း!!” ရှင်းပိုင် အံ့ကြိတ်ကာ ချောင်ဝမ်ရှင်းကို စိုက်ကြည့်လိုက်တော့သည်။ သို့ပေမည့် ချောင်ဝမ်ရှင်း၏မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင်ပဲ ရှင်းပိုင်၏နှလုံးသားက မူမမှန်စွာ တစ်ချက်ခုန်လှုပ်သွားခဲ့သည်။
“ငါတောင်းပန်ပါတယ်၊ တကယ်-တကယ်ကိုမရည်ရွယ်ပါဘူး….” ချောင်ဝမ်ရှင်းအနေဖြင့် အမျိုးသားတစ်ယောက်၏ ထိုအင်္ဂါရပ်ကို ပထမဆုံးအကြိမ် ထိမိဖူးသွားခြင်းဖြစ်သောကြောင့် သူမမျက်နှာတစ်ပြင်လုံး နီရဲသွားကာ ချက်ချင်းပင် သန့်စင်ခန်းရှိရာသို့ ထပြေးသွားတော့သည်။
တစ်ဖက်ရှိ ရှင်းပိုင်မှာတော့ နာနာကျင်ကျင်ဖြင့်သာ နေရာတွင်ပင် ဆက်ထိုင်လို့နေရတော့သည်။ ဘယ်လိုလုပ်များ ဒီနေ့ဒီလောက်တောင် ကံဆိုးရတာလဲ? ဒီလေယာဉ်ကိုကြည့်ရတာ အမြဲတမ်း အချိန်အခါမှားယွင်းစွာ လှုပ်ရမ်းလေ့ရှိနေသည်များလား။ ယခုအချိန်တွင်တော့ ချောင်ဝမ်ရှင်း၏လက်ကို ပုတ်ထုတ်လိုက်မိသည့်အတွက် ရှင်းပိုင်အလွန်နောင်တရနေတော့သည်။ သူသာ ထိုသို့မပုတ်ထုတ်ခဲ့လျှင် သူလဲ ယခုလို နာကျင်ရလိမ့်မည်မဟုတ်ပေ။
ချောင်ဝမ်ရှင်းသည်တော့ သန့်စင်ခန်းအတွင်းသို့အလျင်အမြန်ဝင်သွားပြီးသည်နှင့် မှန်ထဲ၌ ချက်ပြီးသား ကျောက်ပုစွန်တစ်ကောင်လို နီရဲနေသည့် သူမမျက်နှာကို တွေ့လိုက်ရတော့သည်။ သူမချက်ချင်းပင် ရေပိုက်ကို ဖွင့်ချလိုက်ကာ သူမ၏ပူလောင်ကာ နီရဲနေသည့်မျက်နှာကို အေးသွားစေရန်အတွက် ရေအေးအေးဖြင့် ဆေးကြောလိုက်တော့သည်။ ထိုရေအေးကြောင့် သူမ၏မျက်နှာ နဂိုအတိုင်းပြန်ဖြစ်သွားပြီဆိုသော်လည်း သူမ၏နှလုံးကတော့ အဆတ်မပြတ်ပြင်းထန်စွာ ခုန်လှုပ်နေသေးသည်။
ချောင်ဝမ်ရှင်းမှာ သန့်စင်ခန်းအတွင်းမှ ပြန်ပင်မထွက်ရဲတော့ဘဲ မိနစ်၂၀ကျော်လောက် ထိုထဲတွင်ပဲ နေနေကာ အပြင်ဘက်မှ တစ်စုံတစ်ယောက်က စိတ်မရှည်စွာ တံခါးလာခေါက်သည်အထိပင်ဖြစ်သည်။
***
အခန်း ၄၆၂
လင်ရှောက်ရွှမ်း vs လင်ရှောက်ကျား
“ဟေ့၊ မင်းအထဲမှာ တစ်သက်လုံးနေနေတော့မှာလား?”
ချောင်ဝမ်ရှင်းလဲ ထိုတော့မှ သူမသန့်စင်ခန်းထဲတွင် အကြာကြီးရှိနေမိသည်ကို သတိထားမိသွားရသည်။ ကံကောင်းစွာဖြင့် သူမစိတ်တော်တော်ငြိမ်သွားပြီဖြစ်၍ အပြင်သို့ထွက်ပေးလိုက်သည်။ သို့ပေမည့် ရှင်းပိုင်နှင့် ထပ်ပြီးတွေ့ဆုံရမည့်အကြောင်းကို တွေးမိသွားချိန်တွင်တော့ ချောင်ဝမ်ရှင်း စိတ်မောရစဲပင်။ ထို့ကြောင့် ထိုင်ခုံအလွတ်များရှိမလားဟူ၍ သူမရှာကြည့်လိုက်ပေမည့် ကံမကောင်းစွာဖြင့် ထိုင်ခုံအလွတ်တစ်လုံးပင် ရှိမနေခဲ့ပေ။
ချောင်ဝမ်ရှင်းတစ်ယောက် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ သူမဘဝတွင် ဤမျှ ရှက်ရွံ့ဖွယ်ကောင်းသည့်အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှမကြုံခဲ့ဖူးရပေ။ နောက်ဆုံးတွင်တော့ ချောင်ဝမ်ရှင်း သူမ၏မူရင်းခုံတွင်သာ ပြန်သွားထိုင်လိုက်ရတော့သည်။
ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းနှင့် မည်သို့မည်ပုံ မျက်နှာချင်းဆိုင်ရမလဲဆိုသည်ကို မသိသောကြောင့် မျက်လုံးအကာကို တပ်ထားကာ ထိုင်ခုံတွင် လှဲနေလိုက်သည်။ သို့ပေမည့် သူအမှန်တကယ်အိပ်ပျော်သွားသလား မပျော်သွားသလားဆိုသည်ကိုတော့ သူကိုယ်တိုင်မှအပ မည်သူမျှသိမည်မဟုတ်ပေ။
ရှင်းပိုင် အိပ်နေသည်ကိုတွေ့လိုက်ရတော့မှပဲ ချောင်ဝမ်ရှင်း စိတ်အေးသွားရတော့သည်။ ထို့ကြောင့် တိုးတိုးတိတ်တိတ်ဖြင့် ရှင်းပိုင်အနားမှဖြတ်ကျော်ကာ သူမထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် သူမလဲ ချက်ချင်းပင် သူမ၏မျက်လုံးအကာအားတပ်လိုက်သည်။ သို့ပေမည့် ချောင်ဝမ်ရှင်း အိပ်လို့မပျော်နိုင်သလို အစောကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုလဲ မတွေးမိဘဲမနေနိုင်ပေ။
ချောင်ဝမ်ရှင်းသည်တော့ သူမနှင့် ရှင်းပိုင်တို့ တစ်နေရာတည်းတွင် ဘယ်သောအခါမှအတူတကွ ပေါ်မလာသင့်ဟု တွေးလိုက်မိသည်။ သူမတို့နှစ်ဦးဆုံးလိုက်မိတိုင်း ကောင်းသည့်အရာတစ်ခုပင် မဖြစ်ခဲ့ဖူးပေ။
Bမြို့မြေပြင်သို့ ဆင်းသက်ရန်အတွက် နောက်ထပ်နာရီဝက်မျှလိုသေးသောကြောင့် ထိုနာရီဝက်အတွင်း ချောင်ဝမ်ရှင်း အလွန်စိတ်ဒုက္ခရောက်ခဲ့ရတော့သည်။ နောက်ဆုံးတွင်တော့ လေယာဉ်ဆင်းသက်ချိန်သို့ရောက်ရှိလာခဲ့ကာ လေယာဉ်ပေါ်မှဆင်းချိန်တွင်လဲ ရှင်းပိုင်နှင့် ထပ်ပြီးမျက်နှာချင်းဆိုင်ရမည်မှန်း သတိရသွား၍ ချောင်ဝမ်ရှင်း အလွန်စိတ်လှုပ်ရှားနေရပြန်သည်။ ထိုအတွေးများဖြင့် သူမရူးပင်ရူးတော့မတက်ဖြစ်နေတော့သည်။
လေယာဉ်ရပ်သွားသည့်အချိန်တွင်တော့ ရှင်းပိုင်သည်လဲ ချောင်ဝမ်ရှင်းနှင့်တွေ့ရမည်အား နေရခက်လွန်းလှ၍ ချက်ချင်းပင် ခုံမှထကာ ထွက်သွားတော့သည်။
ရှင်းပိုင်ထွက်သွားသည်ကို သိလိုက်သောကြောင့် ချောင်ဝမ်ရှင်းလဲ သူမ၏မျက်လုံးအကာအားချွတ်လိုက်တော့သည်။ သို့ပေမည့် ရှင်းပိုင်ကို အသေအချာရှောင်နိုင်စေရန်အတွက် ခရီးသည် သုံးပုံနှစ်ပုံခန့် ထွက်သွားပြီးမှသာ သူမလေယာဉ်ပေါ်မှဆင်လာခဲ့သည်။
….
Fမြို့သို့ရောက်ရန်က အချိန်၃နာရီခန့်လို၍ ကုနင်းသည်က လေယာဉ်ပေါ်၌သာရှိလို့နေသေးသည်။
…
တစ်ချိန်တည်းတွင်ပဲ လင်ရှောင်းထင်သည်လဲ လင်မိသားစုစံအိမ်တော်ရှိရာသို့ ပြန်ရောက်လို့နေပြီဖြစ်သည်။ လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှားမှာ ခြံဝန်းအတွင်း၌ အပြင်းအထန် ရန်ဖြစ်လို့နေသည်။
အကြောင်းအရင်းမှာတော့ ဘွန်ဇိုင်း(သက်ကြီးပင်ပု)တစ်ပင်ကြောင့်ပင်ဖြစ်သည်။
ထိုဘွန်ဇိုင်းပင်မှာ လင်ရှောက်ရွှမ်း၏အပင်ဖြစ်ပြီး ရှားပါးသည့် သစ်ခွမျိုးနွယ်တစ်မျိုးဖြစ်သည်။ လင်ရှောက်ရွှမ်းသည် ထိုဘွန်ဇိုင်းပင်အား ခြံထဲတွင် ထားရှိထားပေမည့် လင်ရှောက်ကျားက ထိုအပင်ကို တိုက်မိသွားခဲ့လေသည်။
လင်ရှောက်ကျားသည် သူမတိုက်မိသွားသော်လည်း သူမအပြစ်ဟုမခံစားရဘဲ လုံးဝမတောင်းပန်သည့်အပြင် လင်ရှောက်ရွှမ်းကိုပင် ပျက်ရယ်ပြုလှောင်ပြောင်ခဲ့သေးသည်။ လင်ရှောက်ရွှမ်းလဲ အလွန်ဒေါသထွက်သွားကာ လင်ရှောက်ကျား၏ အသစ်ရေးဆွဲထားသော ဒီဇိုင်းစာရွက်ကို အစိတ်စိတ်အမွှာမွှာ ဆုပ်ဖြဲပစ်လိုက်တော့သည်။
သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက အမြဲတမ်းမတည့်ဘဲရှိခဲ့ကြပေမည့် မည်သူ့ဘက်မှလဲမနိုင်ခဲ့ကြခြင်းကြောင့် အချိန်တိုင်းလိုလို အခုလိုမျိုး ခိုက်ရန်ဖြစ်ပွားနေတတ်သည်။ လင်ရှောက်ကျားမှာ မိန်းကလေးဖြစ်သောကြောင့် လင်ရှောက်ရွှမ်းမှာ ထိုးလိုက်၍လဲမရပေ။ လင်ရှောက်ကျားသည်လဲ ထိုအချက်ကိုသိလေသည်။ ထို့ကြောင့် သူမအနေဖြင့် လင်ရှောက်ရွှမ်းကိုမည်မျှမုန်းတီးနေပါစေ ရိုက်နှက်ဖို့မရဲခဲ့ပေ။
အိမ်တော်ထိန်းမှနေပြီး ထိုသူနှစ်ဦးကြားဖြန်ဖြေရန် ကြိုးပမ်းပေမည့် နောက်ဆုံးတွင်တော့ လက်လျှော့လိုက်ရတော့သည်။
“သခင်လေးလင်၊ ပြန်လာပါပြီလား။” လင်ချန်းကျီက လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်သည်။ လင်ရှောက်ရွှမ်းသည်လဲ လင်ရှောက်ကျားအား လျစ်လျူရှုခဲ့ကာ လင်ရှောင်းထင်ထံအမြန်ပြေးသွားလိုက်သည်။
“ရှောင်းထင်၊ မင်းနောက်ဆုံးတော့ အိမ်ပြန်လာပြီပေါ့၊ ငါ့နဲ့သိုင်းလေ့ကျင့်ပေးပါလား?”
လင်ရှောက်ရွှမ်းမှာ လင်ရှောင်းထင်အား မယှဉ်နိုင်သော်လည်း သူနှင့်လေ့ကျင့်နိုင်မည့် အခွင့်ရေးမှန်သမျှကို လက်လွှတ်မခံပေ။ ထိုသို့လေ့ကျင့်ခြင်းဖြင့် သူ၏အဆင့်ကိုလဲ တိုးမြှင့်နိုင်ပေသည်။
လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် လင်ရှောက်ကျား၏မျက်ဝန်းများအတွင်း အမှန်းတရားများဖြတ်သန်းသွားပေမည့် ထိပ်တိုက် ရန်စကားပြောဆိုဖို့ရန်တော့ မရဲပေ။ ထို့ကြောင့် သူမဘာသာ လှည့်ထွက်သွားလိုက်တော့သည်။
လင်ရှောင်းထင်သည်တော့ သူ့အပေါ် လင်ရှောက်ကျား မည်သို့ပင် သဘောထားပါစေ ဂရုစိုက်မနေဘဲ သူ့အဘိုးနှင့်တွေ့ပြီးသည်နှင့် လင်ရှောက်ရွှမ်းနှင့်အတူ လေ့ကျင့်ပေးပါမည်ဟုသာ ကတိပေးလိုက်သည်။
ယခုအချိန်သည် အေးလှသည့်ဆောင်းရာသီဖြစ်သောကြောင့် ဆရာကြီးလင်မှာ သူ၏စာကြည့်ခန်းအတွင်း၌သာ စာဖတ်လို့နေသည်။
“မင်းကို ပွဲတော်အတွင်း ထပ်မတွေ့ရတော့ဘူးလို့တောင် ထင်နေတာ။” လင်ရှောင်းထင် အခန်းထဲသို့ဝင်လာသည်နှင့် ချက်ချင်းပင် ဆရာကြီးလင်က မကျေမနပ်ပြောလိုက်သည်။
လင်ရှောင်းထင်လဲ ကြွေထည်ပုလင်းတစ်လုံးကို ထုတ်ယူကာ ဆရာကြီးလင်ရှေ့မှ စားပွဲပေါ်တွင် တင်ပေးလိုက်ပြီး၊
“ဒီမှာ အဘိုးအတွက်။”
“ကြွေထည်ပုလင်း? ဘာလဲ၊ ရှေးဟောင်းပစ္စည်းအစစ်လား?” ဆရာကြီးလင်မေးလိုက်သည်။
“ပုလင်းကိုမဟုတ်ဘူး၊ အထဲကပစ္စည်း။”
“အထဲကပစ္စည်း?” ဆရာကြီးလင် အံ့အားသင့်သွားရသည်။ ဆရာကြီးလင် ထိုပုလင်းကို ဖွင့်လိုက်ချိန်တွင်တော့ အထဲတွင် ပုလဲလုံးအရွယ် ဆေးလုံးတစ်လုံးတစ်လုံးရှိနေကာ ထိုဆေးလုံးမှာ စိန်ပွင့်တစ်ပွင့်နှယ် လင်းလက်တောက်ပလို့နေသည်။
“ဒါကဘာလဲ?”
“အထူးဆေး။ ဒီဆေးက အဘိုးရဲ့ခန္ဓာကိုယ်အတွက်ကောင်းတယ်၊ သုံးရက်တစ်ကြိမ်သောက်ပေးလို့ရတယ်။”
လင်ရှောင်းထင်သည် ကုနင်းကိုယုံကြည်ပေမည့် ဤဆေးမှာ သူ့အဘိုးဖြစ်သူအားပေးသည့် လက်ဆောင်ဖြစ်သောကြောင့် အရင်ဦးဆုံး သူကိုယ်တိုင်တစ်လုံးအစမ်းသောက်ကြည့်ခဲ့လေသည်။ ထိုဆေးလုံးမှာ သူ့ပါးစပ်ထဲသို့ဝင်သွားသည်နှင့် စက္ကန့်ပိုင်းအတွင်း အရည်ပျော်သွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့သို့ အေးမြသည့်စီးကြောင့်တစ်ခု စီးဆင်းလို့သွားလေသည်။ ထိုဆေးကို သောက်ပြီးသွားသည်နှင့် တပြိုင်နက် သူ၏ဒဏ်ရာဟောင်းအချို့ပင် ချက်ချင်းပျောက်ကင်းသွားရသည်။ ထိုတော့မှပင် ဆေးမှာ အမှန်တကယ်ကို အစွမ်းထက်ကြောင်း ကိုယ်တိုင်သိလိုက်ရတော့သည်။
ဆရာကြီးလင်လဲ ချက်ချင်းပင် ဆေးတစ်လုံးကို ထုတ်သောက်လိုက်ကာ သူသည်လဲ လင်ရှောင်းထင်ကဲ့သို့ ခံစားမှုများရရှိလိုက်ပြီး၊
“ဒါဘာဆေးလဲ? ငါ့ကိုယ်ထဲ အေးမြတဲ့စီးကြောင်းတစ်ခုဖြတ်သန်းသွားသလိုပဲ။ အရမ်းကို နေလို့ကောင်းတယ်။”
လင်ရှောင်းထင်မှာ သူကိုယ်တိုင်လဲ ထိုမေးခွန်းအတွက် အဖြေကိုမသိသောကြောင့် သူ့အဘိုး၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။
……
လင်းလိကျွမ်းနှင့် သူမ၏လူချမ်းသာ သူငယ်ချင်းနှစ်ဦး ယနေ့ ဈေးဝယ်ထွက်ကြလေသည်။ တစ်ဦးမှာတော့ ယခင်က ကုနင်းနှင့် ပြဿနာတက်ဖူးသည့် ကျင်းလန်ရှင်းဖြစ်ကာ ကျန်တစ်ဦးသည်တော့ လင်းလိကျွမ်းနှင့် သက်တူရွယ်တူ အမျိုးသမီးယန်းဟု ခေါ်လေသည်။
အမျိုးသမီးယန်းသည် လင်းလိကျွမ်းနှင့် ကျင်းလန်ရှင်းတို့၏ သူငယ်ချင်းအသစ်ဖြစ်ကာ သူမမိသားစုသည် ကုမိသားစုထပ်ပိုချမ်းသာပြီး ယွမ်သန်း၁၀၀ကျော်ချမ်းသာသောကြောင့် လင်းလိကျွမ်းမှာ တမင်ကို ထိုအမျိုးသမီးယန်အား ချဉ်းကပ်ထားခြင်းဖြစ်သည်။
“ကျွန်မကြားတာတော့ အခုတလော အရမ်းနာမည်ကြီးနေတဲ့ JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ ပိုင်ရှင်အစစ်က ၁၈နှစ်အရွယ်ကောင်မလေးတဲ့။ နာမည်က ကုနင်းဆိုလားပဲ၊ သူလဲ Fမြို့မှာနေတာပဲတဲ့။ သူကတကယ့်ကို ထူးချွန်တဲ့မိန်းကလေးပဲ။” အမျိုးသမီးယန်းသည် လင်းလိကျွမ်းနှင့် ကုနင်းတို့ကြားက ဆက်နွယ်မှုကို မသိထားသောကြောင့် လင်းလိကျွမ်းကို တမင်အပြစ်ရှာပြောဆိုနေခြင်းမဟုတ်ပေ။
ထိုစကားကိုကြားလိုက်ရတော့ လင်းလိကျွမ်း အလွန်မကျေမနပ်ဖြစ်သွားရသည်။ သူမ ကုနင်းနှင့် ကုနင်းတို့မိသားစုအားလုံးကို အလွန်မုန်းတီးပြီး သူတို့၏နာမည်များကိုကြားလိုက်ရတိုင်း သူမကို ဓါးနှင့်ထိုးသွင်းနေသလို ခံစားရလေသည်။ သူမ မနာကျင်ရပေမည့် အလွန်မုန်းတီးမိကာ အရှက်ခွဲခံနေရသလို ခံစားရပေသည်။ သူမအခုချိန်ထိ ကုနင်းရုတ်တရက် အလွန်ချမ်းသာသွားသည်အပေါ် မည်သို့တုန့်ပြန်ရမှန်း လက်ခံပေးရမှန်း မသိသေးပေ။
ထို့ကြောင့် သူမ၏သမီးဖြစ်သူလဲ ကုနင်းကဲ့သို့ အောင်မြင်သွားနိုင်ဖို့ရန်သာ ဆုတောင်းနေမိသည်။ ထို့သို့ဆိုလျှင် သူမအခြားလူများကို တမင်လိုက်ချဉ်းကပ်နေစရာမလိုတော့ဘဲ အခြားလူများကသာ သူမစိတ်ကျေနပ်စေရန် ခယနေကြမည်ဖြစ်သည်။
***
အခန်း ၄၆၃
ဆင်းရဲတဲ့ယောက်မလေး?
“ကျွန်မလဲ အဲ့သတင်းကြားတယ်။ ဒီလောက်ထူးချွန်တဲ့သမီးမျိုး ရထားတဲ့ သူ့မိဘတွေကို မနာလိုတောင်ဖြစ်မိတယ်။” ကျင်းလန်ရှင်းသည် ကုနင်းနှင့်ပြဿနာတက်ဖူးသည်ဆိုသော်လည်း သူမနာမည်ကို မသိထားသလို လင်းလိကျွမ်းကလဲ သူမကိုမပြောပြထားသောကြောင့် လင်းလိကျွမ်းနှင့် ကုနင်းတို့ကြား ပတ်သတ်မှုရှိနေမည်မှန်း မမှန်းဆမိခဲ့ပေ။
ကုနင်းကို ချီးမွမ်းနေသည်များကိုကြားရ၍ လင်းလိကျွမ်း ကုနင်းကို မလိုမုန်းထားမှုများပို၍ များပြားလာပေမည့် ထိုအမျိုးသမီးနှစ်ဦးပြောသည်မှာ အမှန်တရားသာဖြစ်သောကြောင့် သူမဘာမှဝင်မပြောနိုင်ခဲ့ပေ။
“ကျွန်မလဲ သတင်းကြားပြီးတော့ Gမြို့ကို သွားကြည့်ခဲ့သေးတယ်။ JadeBeautyလက်ဝတ်ရတနာဆိုင်ရဲ့ ရတနာတွေက ကျွန်မသွားဖူးခဲ့သမျှ ဆိုင်တွေထက်ကို အရည်အသွေးမြင့်ပြီး အရမ်းလှတာ။ အဲ့ဒါနဲ့ ကျွန်မ နားဆွဲတစ်ရံရယ်၊ ဆွဲကြိုးရယ်၊ လက်ကောက်ရယ်တောင် ဝယ်ခဲ့သေးတယ်။ အဲ့ဒီသုံးမျိုးကို ယွမ်၁သန်းပေးခဲ့ရတယ်။” အမျိုးသမီးယန်က ကြွားဝါပြောဆိုလိုက်သည်။
“အမျိုးသမီးယန်၊ ကျွန်မတော့ ရှင့်ကိုအရမ်းအားကျနေပြီ။ ကျွန်မတို့ဆို ရှင့်လို ပစ္စည်းတွေကို ဈေးအဓိကမကြည့်ဘဲ မဝယ်နိုင်ဘူး။ ကျွန်မတို့အနေအထားနဲ့မတတ်နိုင်ဘူးလေ။” ကျင်းလန်ရှင်းက အမျိုးသမီးယန်က မြှောက်ပင့်ပြောဆိုလိုက်သည်။
တစ်ချိန်တည်းတွင်ပဲ ကုမန့်သည်လဲ အိမ်ပြန်ဖို့ပြင်နေသည်။ ယနေ့ကုနင်းပြန်လာတော့မည်ဖြစ်၍ သူမသမီးအတွက် ညစာကို ကိုယ်တိုင်ချက်ပြုတ်ကျွေးချင်၍ ကြိုတင်ပြင်ဆင်ရန် အချိန်လိုသောကြောင့် စောပြန်ခြင်းဖြစ်သည်။ သို့ပေမည့် သူမဈေးဝယ်စင်တာ၏အောက်ထပ်သို့ ဆင်းလိုက်သည့်အချိန်တွင်ပဲ လင်းလိကျွမ်းတို့နှင့် ထိပ်တိုက်တွေ့တော့သည်။
လင်းလိကျွမ်းမှာ အစကတည်းက သူမသူငယ်ချင်းများ၏ကုနင်းအပေါ် ချီးမွမ်းနေမှုကို ကြားပြီး စိတ်အခြေအနေမကောင်းနေခြင်းဖြစ်ကာ ကုမန့်ကိုပါ မြင်လိုက်ရချိန်တွင်တော့ သူမ၏စိတ်အခြေအနေမှာ အဆိုးဆုံးအနေအထားသို့ ရောက်သွားရတော့သည်။
အတိတ်အချိန်များတွင်တော့ လင်းလိကျွမ်းသည် အမြဲတမ်း ကုမန့်ထက် သာလွန်နေခဲ့ပေမည့် အခုချိန်တွင်တော့ သူမတို့ကြားမှ အလှည့်အပြောင်းမှာ အလွန်ကြီးမားလှလေသည်။ ထို့ကြောင့် ကုမန့်ကို မနာလိုဖြစ်ကာ တွေ့မြင်ရသည်ကို မုန်းတီးနေမိပြီး ကုမန့်နောက်တစ်ကြိမ် ပြန်၍ဆင်းရဲသွားဖို့ရန်ပင် မျှော်လင့်လို့နေသည်။
“အိုး၊ လိကျွမ်း၊ ဒါနင့်ရဲ့ ဆင်းရဲတဲ့ ယောက်မလေးမဟုတ်လား?” လင်းလိကျွမ်းဘက်က ဘာမှမပြောရသေးခင်တွင်ပင် ကျင်းလန်ရှင်းက အရင်ဦးစွာပြောလိုက်သည်။
ကုမန့်၏ယခုပုံစံမှာ လုံးဝဆင်းရဲသားတစ်ယောက်နှင့်မတူတော့ဘဲ ကောင်းကောင်းမွန်မွန်ဝတ်စား ဆင်ယင်ထားပုံက အမျိုးသမီးယန်ထက်ပင် ပို၍ အထက်တန်းကျကာ ကြော့ရှင်းလှပဟန်ပေါက်နေသေးသည်။
ကျင်းလန်ရှင်း၏စကားကိုကြားလိုက်ရတော့ လင်းလိကျွမ်း အနည်းငယ်နေရထိုင်ရခက်သွားတော့သည်။ တစ်ဖက်ရှိ အမျိုးသမီးယန်မှာတော့ မကျေမနပ်ပင်ဖြစ်သွားလေသည်။ ထို့ကြောင့် သူမ ကျင်းလန်ရှင်းအားကြည့်လိုက်ကာ၊
“အမျိုးသမီးဖန်း၊ ယွမ်သန်းဆယ်ဂဏန်းကျော်ဆိုတာ အရမ်းချမ်းသာတယ်လို့ မဆိုလိုပေမယ့် ဆင်းရဲတယ်လို့လဲ ပြောလို့မရဘူးလေ။”
ကျင်းလန်ရှင်း၏အမျိုးသားဘက်မှ မိသားစုနာမည်သည် ဖန်းဖြစ်သောကြောင့် အမျိုးသမီးယန်က ကျင်းလန်ရှင်းအား အမျိုးသမီးဖန်းဟု ခေါ်ဆိုလိုက်ခြင်းဖြစ်သည်။
အမျိုးသမီးယန်၏အပြောအရ သူမအနေနှင့် ကုမန့်ကို သိထားကြောင့် သိသာပေသည်။
“ဘာ?” ကျင်းလန်ရှင်း အလွန်အံ့ဩသွားခဲ့သည်။ သူကယွမ်သန်းဆယ်ဂဏန်းကျော်ချမ်းသာတယ်တဲ့လား?
ကျင်းလန်ရှင်း ချက်ချင်းဆိုသလိုပင် လင်းလိကျွမ်းအား လှည့်ကြည့်လိုက်သည်။ လင်းလိကျွမ်း၏ပုံစံကလဲ ကုမန့်ကို မနာလိုဖြစ်နေဟန်ပြနေ၍ အမျိုးသမီးယန်၏အပြောမှာ အမှန်ဖြစ်ကြောင်း သူမချက်ချင်းပင် နားလည်သွားတော့သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ကျင်းလန်ရှင်းထိတ်လန့်သွားရတော့သည်။
“မင်္ဂလာပါ၊ အမျိုးသမီးယန်။” ကုနင်း အမျိုးသမီးယန်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ပေမည့် သူမအသံတွင် ကပ်ဖားမြှောက်ပင့်လိုသည့် အနေအထားမပါဝင်ပေ။
“မင်္ဂလာပါ၊ ရှင်အခုအိမ်ပြန်တော့မလို့လား?” အမျိုးသမီးယန်ကလဲ ယဉ်ကျေးစွာပြန်လည်နှုတ်ဆက်လိုက်ကာ လင်းလိကျွမ်းနှင့် ကျင်းလန်ရှင်းတို့ရှေ့၌ ဆက်ဆံသလိုမျိုး ဂုဏ်မောက်သည့်ဟန်လုံးဝမဖော်ပြပေ။ အမျိုးသမီးယန်၏အမြင်တွင်တော့ ကုမန့်တွင် ယွမ်သန်းဆယ်ဂဏန်းကျော်လောက်သာရှိသော်လည်း သူမသည် အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့၏ သူငယ်ချင်းကောင်းဖြစ်လေသည်။ အမျိုးသမီးဟောင်နှင့်အမျိုးသမီးလုဆိုသည်မှာ အမှန်တကယ်မျိုးရိုးစဉ်ဆက်ချမ်းသာလာခဲ့သည့် အမျိုးသမီးများဖြစ်ပေသည်။ တစ်ခါတလေတွင်တော့ သူတို့၏ဆက်ဆံရေးကောင်းမှုအပေါ် အမျိုးသမီးယန် မနာလိုဖြစ်မိရသော်လည်း သူတို့နှင့် အဆင်ပြေပြေ နေခြင်းကပို၍ကောင်းမှန်းကိုတော့ နားလည်လေသည်။
ကုချင်နှင့်ကုမန့်သည် ဤရက်ပိုင်းများအတွင်း အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုတို့နှင့်အတူ ပွဲအခမ်းအနားများစွာကို တက်ရောက်ခဲ့ကြ၍ ချမ်းသာသည့်အမျိုးသမီးများစွာနှင့် သိကျွမ်းခဲ့ကြလေသည်။
အမျိုးသမီးဟောင်နှင့်အမျိုးသမီးလုသည်က ကုနင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်အစစ်ဖြစ်ကြောင်း သိထားကြပေမည့် ကုမန့်ကတော့ အခြားလူများကို ကုနင်းက သူမသမီးဖြစ်ကြောင်း မဖော်ထုတ်စေလိုပေ။ ထို့ကြောင့် ချမ်းသာသည့်အမျိုးသမီးအများစုမှာ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်အစစ်သည် ၁၈နှစ်အရွယ်မိန်းကလေးတစ်ဦးမှန်းသိကြသော်လည်း ကုမန့်၏သမီးဖြစ်သည်ကိုတော့ မသိထားကြပေ။
သို့သော်လည်း ကုချင်နှင့်ကုမန့်မှာ အမျိုးသမီးဟောင်နှင့်အမျိုးသမီးလုတို့၏ မိတ်ဆွေသူငယ်ချင်းဖြစ်နေမှတော့ မည်သူကမျှ သူမတို့ကို အထင်မသေးဝံ့တော့ပေ။
“ဟုတ်ပါတယ်၊ ကျွန်မကိုခွင့်ပြုပါဦး၊ အမျိုးသမီးယန်၊ အခုသွားမှဖြစ်တော့မှာမို့လို့ပါ။” ကုမန့်ပြောပြီးသည်နှင့် တန်းထွက်သွားခဲ့သည်။ အစမှနေအဆုံးအထိ ကုမန့်သည် လင်းလိကျွမ်းနှင့်ကျင်းလန်ရှင်းအား တစ်ချက်ပင် မကြည့်ခဲ့ပေ။
ထိုအချင်းအရာကိုမြင်လိုက်ရ၍ ကုမန့်နှင့်လင်းလိကျွမ်းတို့ အဆင်မပြေကြမှန်း အမျိုးသမီးယန် သတိထားမိသွားတော့သည်။ သူတို့ကြားမှ ဆက်ဆံရေးမှာ ဆိုးရွားသည့်အခြေအနေပင်ရှိနေနိုင်သေးသည်။ ထို့ကြောင့် အမျိုးသမီးယန် အချိန်ဆွဲမနေတော့ဘဲ လင်းလိကျွမ်း၊ကျင်းလန်ရှင်းတို့နှင့် ဝေးဝေးနေရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
လင်းလိကျွမ်း ဘယ်လောက်ပင် ကုမန့်ကိုမြင်ရသည်အား မုန်းသည်ဆိုဆို အခုလို လျစ်လျူရှုခံလိုက်ရခြင်းကိုတော့ ပိုလို့ပင် မကျေမနပ်ဖြစ်ရသည်။
“လိကျွမ်း၊ ဘာတွေဖြစ်ကုန်တာလဲ? နင့်ရဲ့ဆင်းရဲတဲ့ယောက်မက ဘယ်လိုလုပ်ရုတ်တရက်ကြီးချမ်းသာသွားရတာလဲ?” ကျင်းလန်ရှင်း မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။
လင်းလိကျွမ်းသည်တော့ ကုမန့်အကြောင်း တစ်ခွန်းပင်မပြောချင်၍ ကျင်းလန်ရှင်း၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သို့ပေမည့် အမျိုးသမီးယန်ကတော့၊
“သူက Kameiအလှပြင်ဆိုင်ရဲ့သူဌေးလေ။ သူက ကျွန်မတို့နဲ့ယှဉ်နိုင်လောက်တဲ့အထိ မချမ်းသာပေမယ့် ဆင်းရဲတဲ့အခြေအနေလဲမဟုတ်ဘူး။”
“ကောင်းပြီလေ၊ ဒီနေ့အတွက်လည်ပတ်မှုက လုံလောက်သွားပြီလို့ထင်တယ်။ ညဘက် ချိန်းထားတာလေးလဲရှိလို့ ကျွန်မအခုပြန်မှဖြစ်တော့မယ်။” အမျိုးသမီးယန်ကချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
“ဘာ?” ကျင်းလန်ရှင်းကတော့ သူတို့ဘက်မှပြန်ဖြေမှုကိုပင် မစောင့်ဘဲ အမျိုးသမီးယန်ရုတ်တရက်ကြီး ပြန်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အမျိုးသမီးယန်ကိုယ်တိုင်ကပဲ သူမတို့ကို ဈေးဝယ်ထွက်ရန် အရင်စခေါ်ထားခြင်းမဟုတ်ပါလား။
သို့ပေမည့် လင်းလိကျွမ်းသည်တော့ အမျိုးသမီးယန်ထွက်သွားခြင်းမှာ ကုမန့်ကြောင့်မှန်း နားလည်လိုက်သည်။ ထို့အတွက်ကြောင့် လင်းလိကျွမ်း ရူးတော့မလိုပင်ဖြစ်နေရကာ ဆက်ပြီးဈေးဝယ်ထွက်ဖို့ရန်လဲ စိတ်အခြေအနေမကောင်းတော့၍ သူမလဲ ပြန်လာခဲ့လိုက်သည်။
ထို့ကြောင့် ဈေးဝယ်စင်တာတွင် ကျင်းလန်ရှင်းတစ်ယောက်သာ ကျန်ခဲ့ရပြီး အလွန်ဒေါသထွက်နေရပေမည့် ထိုနှစ်ယောက်လုံးအား စိတ်အနှောက်အယှက်မပြုရဲသောကြောင့် သူမဒေါသများကိုသာ ခက်ခက်ခဲခဲပြန်မြိုသိပ်လိုက်ရတော့သည်။
လင်းလိကျွမ်းအိမ်သို့ပြန်ရောက်ချိန်တွင် ကုချင်းရှန်၊ ကုရှောင်ရှောင်နှင့် ကုချင်းယွမ်တို့လဲရှိနေကာ အားလုံး စိတ်အခြေအနေမကောင်းကြပေ။
ကုချင်းရှန်ကတော့ ကုမန့်ထံမှ ငွေမချေးနိုင်ခဲ့ခြင်းကြောင့် ဒေါသထွက်နေရပြီး လင်းလိကျွမ်းသည်တော့ ဈေးဝယ်စင်တာတွင်ဖြစ်ခဲ့သည့် ကိစ္စကြောင့် စိတ်မကြည်ဖြစ်နေကာ ကုရှောင်ရှောင်နှင့်ကုချင်းယွမ်တို့သည်လဲ သူတို့ကိုယ်ပိုင်ပြဿနာများကြောင့် စိတ်တိုလို့နေသည်။
လင်းလိကျွမ်း အိမ်သို့ပြန်ရောက်သည်နှင့် သူမ၏လက်ကိုင်အိတ်အား ဆိုဖာထက်သို့ ပစ်ပေါက်လိုက်ကာ ဒေါသတကြီးထိုင်ချလိုက်ပြီး၊
“ကျွန်မအခုအရမ်းစိတ်တိုနေတယ်။ ဒီနေ့ ကျွန်မအမျိုးသမီးယန်နဲ့ ဈေးဝယ်ထွက်ဖို့သွားတာကို အမျိုးသမီးယန်က ကုမန့်နဲ့တွေ့ပြီးတာနဲ့ ကျွန်မကို ဖယ်ချသွားတယ်။ သူ့ကိုသူဘယ်သူများထင်နေလဲပဲ? သူကများ ကျွန်မကို ဒီလိုပုံစံမျိုး ဆက်ဆံရဲတယ်။”
လင်းလိကျွမ်း သေချာပေါက်ကို ထိုစကားများအား အမျိုးသမီးယန်၏ရှေ့မှောက်တွင် မပြောရဲပေမည့် အမျိုးသမီးယန်၏နောက်ကွယ်တွင်တော့ မကောင်းကြောင်းမှန်သမျှ ပြောထွက်လေသည်။ သူမကသာ အမျိုးသမီးယန်ကျေနပ်စေရန် ခယကပ်ဖားနေသူဖြစ်ပြီး အခုလဲ အမျိုးသမီးယန်၏နောက်ကွယ်တွင် အပြစ်တင်ပြောဆိုနေပြန်သည်။
“ပြီးတော့ ကုမန့်က ကျွန်မကိုတောင် လျစ်လျူရှုနေရဲသေးတယ်။” လင်းလိကျွမ်းမှာ ပြန်တွေးမိလေ စော်ကားခံရသည်ဟု ခံစားမိလေပင်။
လင်းလိကျွမ်း၏ ပြစ်တင်ပြောဆိုနေမှုကြီးက ဆုံးခန်းမတိုင်နိုင်သောကြောင့် အစကတည်းက စိတ်မကြည်သည့် ကုချင်းရှန်လဲ သည်းမခံနိုင်တော့ကာ၊
“တော်လောက်ပြီ၊ အပြစ်တင်နေတာရပ်လိုက်တော့!”
***
အခန်း ၄၆၄
ကုချင်းရှန်၏ အရှက်မဲ့သောမိသားစု
ကုချင်းရှန်၏အော်သံကြောင့် လင်းလိကျွမ်းလဲ ပါးစပ်မပိတ်ချင်ပိတ်ချင်နှင့် ပိတ်ထားလိုက်ရတော့သည်။
အချိန်တခုအထိ တိတ်ဆိတ်နေကြပြီးနောက် ကုချင်းယွမ်မှနေပြီး၊
“အဖေ၊ ကျွန်တော့ သူငယ်ချင်းတွေအားလုံး ကားတွေရှိနေကြပြီ။ ကျွန်တော့်ကိုလဲ ကားဝယ်ပေးပါဦး။”
သူတို့မိသားစုမှာ အချိန်အတော်ကြာထိ ချမ်းသာခဲ့ကြသော်လည်း ကုချင်းယွမ်ကို ဘွဲ့ရပြီးမှသာ ကားဝယ်ပေးရန် စီစဉ်ထားခြင်းဖြစ်၍ ကုချင်းရှန် အခုချိန်ထိ ကားမဝယ်ပေးထားရသေးပေ။ သို့ပေမည့် ကုချင်းယွမ်မှာ သူ့သူငယ်ချင်းအားလုံး၌ ကားများရှိနေပြီဖြစ်သောကြောင့် ဆက်ပြီးမစောင့်နိုင်တော့ပေ။
“ကား? ငါ့ကုမ္ပဏီက အခုပဲ ဒေဝါလီခံရလုနီးပါးဖြစ်နေတာကို မင်းကကားဝယ်ခိုင်းနေတယ်လား? အဓိပ္ပါယ်မရှိလိုက်တာ။” ကုချင်းရှန် ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။
“ဘာ? ကုမ္ပဏီက ဒေဝါလီခံရတော့မယ်?” အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်။
“ငါ လုပ်ငန်းကြီးတွေနဲ့လက်မှတ်မထိုးရတာ တော်တော်ကြာနေပြီ။ အခုအလုပ်သမားတွေအတွက် လစာကိုတောင် ငါဆုထားတဲ့ငွေတွေထဲကနေ သုံးပြီးပေးနေရတာ။”
ယခုခေတ်တွင် အိမ်တွင်းအလှဆင်လုပ်ငန်းကုမ္ပဏီများအရေအတွက်မှာ တိုးပွားလာခြင်းကြောင့် ကုချင်းရှန်၏ကုမ္ပဏီသည်လဲ ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုများစွာနှင့် ကြုံတွေ့နေရသည်။ ရလဒ်အနေနဲ့ကတော့ သူ့လုပ်ငန်း၏အခြေအနေမှာ ဆိုးရွားသည်ထက် ဆိုးရွားလာခဲ့သည်။ ဝန်ထမ်းများအတွက် လစာကိုတောင်မှ ကုချင်းရှန်၏အိတ်ထဲမှ စိုက်ထုတ်ကာ ပေးနေခြင်းဖြစ်ပေမည့် အချိန်ကြာကြာတောင့်ခံနိုင်မည်မဟုတ်ဘဲ မကြာခင် ဒေဝါလီခံသွားရနိုင်လေသည်။
“ကျွန်မတို့ ဘာ-ဘာဆက်လုပ်ကြမလဲ?” လင်းလိကျွမ်း အလွန်စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။
“အဖေ၊ ကုနင်းကအခု အရမ်းချမ်းသာနေပြီလေ။ သူ့အနေနဲ့ သမီးတို့အတွက် ယွမ်ဆယ်သန်းကျော်လောက်တော့ပေးနိုင်မှာပါ၊ ဒီလိုဆို ကုမ္ပဏီကို ကယ်တင်နိုင်ပြီပေါ့။” ကုရှောင်ရှောင် သူမတို့သာ တောင်းဆိုလျှင် ကုနင်းက လွယ်လွယ်ကူကူထုတ်ပေးလိမ့်မည့် ပုံစံဖြင့်ပြောလိုက်သည်။
ကုချင်းရှန်၏ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံငွေ ယွမ်သန်း၂၀လောက်သာရှိပေမည့် သူတို့ကတော့ ကုနင်းဆီမှ တစ်ခါတည်းဖြင့် ယွမ်ဆယ်သန်းမက လိုချင်နေကြလေသည်။
“ဟုတ်တာပေါ့၊ ရှင် ကုမန့်ဆီကနေ ငွေချေးလိုက်လို့ရတာပဲ။” လင်းလိကျွမ်းက ပြောလိုက်သည်။ သို့ပေမည့် ချေးသည်ဟုသာ သုံးနှုန်းလိုက်သော်လည်း သူတို့ကုမန့်ကို ပြန်ပေးကြမည်မဟုတ်မှန်းကတော့ အားလုံးစိတ်ထဲ၌ ရှိထားကြပြီးဖြစ်သည်။
“ငါဒီနေ့ ကုမန့်နဲ့ပြောပြီးသွားပြီ၊ ဒါပေမယ့် သူကမချေးပေးနိုင်ဘူးဆိုပြီး ငြင်းလိုက်တယ်။” ကုချင်းရှန် ဒေါသထွက်စွာပြောလိုက်သည်။
“ဘာ? သူကငြင်းလိုက်တယ်? ဘယ်လိုလုပ် ဒီလောက်တောင် သွေးအေးနိုင်ရတာလဲ? ရှင်က သူ့အစ်ကိုပဲလေ။” လင်းလိကျွမ်း အော်ဟစ်လိုက်သည်။
“ဟုတ်တယ်၊ သူဘယ်လိုလုပ်ဒီလောက်သွေးအေးနိုင်ရတာလဲ!” ကုရှောင်ရှောင်သည်လဲ သူတို့ဘက်ကပဲ မတရားခံရသူများသဖွယ် သံယောင်လိုက်ပြောလိုက်သည်။
ကုချင်းယွမ်ကတော့ ဝင်မပြောသော်လည်း တစ်ပုံစံတည်းသာ တွေးမိလေသည်။
ကုချင်းရှန်၏မိသားစုမှာ အရှက်မဲ့လွန်းကာ တစ်ကိုယ်ကောင်းဆန်လွန်းပြီး ဘယ်တော့မှ သူတို့အပြစ်ကို သူတို့မမြင်ကြဘဲ တခြားလူကိုသာ အပြစ်တင်တတ်ကြလေသည်။
ယခင်အတိတ်အချိန် ကုချင်နှင့်ကုမန့်တို့ ဆင်းရဲစဉ်အခါက သူတို့ဘယ်တုန်းကမှ မျှမျှတတဖြင့် ညီမများဟူ၍ ဆက်ဆံခဲ့ခြင်းမရှိပေ။ သို့ပေမည့် သူတို့ ကုချင်နှင့်ကုမန့်၏အကူအညီကိုလိုအပ်လာချိန်တွင်တော့ ကုချင်နှင့်ကုမန့်တို့က သေချာပေါက် သူတို့ကိုကူညီရမည်ဟု မှတ်ယူနေကြလေသည်။
ကုချင်းရှန် သက်ပြင်းတစ်ချက်ချလိုက်ရင်း၊
“ကုမန့်က အရင်တစ်ခေါက် ကုနင်း ခွဲစိတ်ဖို့ငွေလိုတုန်းက ငါမချေးပေးခဲ့တဲ့အတွက် အခုငါ့ကိုပြန်ငြင်းလိုက်တာပဲ။”
“ကုနင်းအခုကောင်းနေပြီပဲမဟုတ်ဘူးလား? သူကောင်းနေမှတော့ အဲ့ဒီအကြောင်းကို ရေးကြီးခွင်ကျယ်လုပ်ပြောနေစရာလိုသေးလို့လား။” လင်းလိကျွမ်းမှာ အနည်းငယ်ပင် ထိုတုန်းကိစ္စအတွက် အပြစ်ရှိသလိုမခံစားရပေ။
သူတို့မိသားစုမှာ ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးနေကြသူများပင်ဖြစ်တော့သည်။
ကုနင်း Fမြို့သို့ ညနေ၅နာရီခန့်တွင်ရောက်ရှိလာခဲ့သည်။ သူမလေယာဉ်ပေါ်မှဆင်းသည်နှင့် လင်ရှောင်းထင်ထံသို့ သူမဘေးကင်းကင်းနှင့်ပြန်ရောက်ပြီဖြစ်ကြောင်း စာပို့ထားလိုက်သည်။
သူမအိမ်သို့ပြန်လာသည့်လမ်းတွင် ကောင်းယိနှင့်ချောင်ယတို့အား ဖုန်းဆက်ကာ လုပ်ငန်းအခြေအနေများအကြောင်းကို မေးမြန်းလိုက်သည်။
ကံကောင်းစွာဖြင့် ကိစ္စအားလုံး အဆင်ပြေပြေရှိနေခဲ့သည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည်က လက်တလော အလုပ်ရှုပ်နေသောကြောင့် ဟိုတယ်နှင့်စားသောက်ဆိုင်များ ပြန်လည်ပြင်ဆင်ရေးအတွက် အခြားသော ဆောက်လုပ်ရေးကုမ္ပဏီများအား အလုပ်အပ်ထားရလေသည်။
သူမတို့ကုမ္ပဏီ၏စီမံခန့်ခွဲမှုအပိုင်းတွင် ဝန်ထမ်းအရေအတွက် အကန့်အသတ်ရှိခြင်းကြောင့် ကောင်းယိနှင့်ချောင်ယမှာ အခြားသော မြို့နှစ်မြို့တွင် ကြီးကြပ်ရေးမှူးများအဖြစ် အသီးသီးတာဝန်ထမ်းဆောင်နေရလေသည်။
ထို့နောက် ကုနင်း ကောင်းယိနှင့်ချောင်ယအား နောက်ထပ်တာဝန်တစ်ရပ်ထပ်ပေးလိုက်သည်။ သူတို့နှစ်ဦးရှိနေသည့် မြို့များတွင် အရည်အချင်းရှိကာ ကျွမ်းကျင်သည့် လူများရှာပြီး ကုမ္ပဏီအတွက် ခန့်အပ်ရန်ဖြစ်သည်။
လိုအပ်နေသည့် ရာထူးနေရာများအတွက် အခြားသော ကုမ္ပဏီများမှ ဆွဲဆောင်ခေါ်ယူဖို့ရန် ကုနင်းစိတ်မဝင်စားပေ။ ထိုသို့ဆိုလျှင် သူမ၏ကုမ္ပဏီမှလဲ ထိုလူများ အထက်ပါနည်းလမ်းအတိုင်း ထွက်သွားနိုင်လေသည်။ ထို့အတွက်ကြောင့် သူမကိုယ်ပိုင်လူရင်းများ ခန့်အပ်လေ့ကျင့်ပေးကာ သစ္စာရှိစေရန် လုပ်သွားမည်ဖြစ်သည်။
ကုနင်းအိမ်သို့ပြန်ရောက်ချိန်တွင်တော့ ညနေ၆နာရီထိုးလုနီးပြီဖြစ်ကာ ညနေစာမှာလဲ အဆင်သင့်ဖြစ်လို့နေပေပြီ။ ကုချင်နှင့်ကျန်းရှင်းရွှယ်လဲ သူမတို့အိမ်သို့ရောက်ရှိနေကာ ကျန်းရွှီသည်တော့ လုပ်ငန်းကိစ္စနှင့် အပြင်တွင်ညစာစားမည်ဖြစ်၍ မပါလာပေ။
ကုနင်း ဧည့်ခန်းအတွင်းသို့ဝင်လိုက်ပြီး မကြာခင်တွင်ပဲ အပြင်ဘက်မှနေ တစ်စုံတစ်ဦးစိုက်ကြည့်နေသည်ဟု အာရုံရလိုက်သည်။ ကုနင်း ချက်ချင်း လှည့်ပတ်မကြည့်ဘဲနှင့် လိုက်ကာအနားသို့တိုးကပ်သွားကာ သူမကိုယ်သူမကွယ်ထားရင်းဖြင့် ထိုအကြည့်ရှိမည့်နေရာသို့ လှမ်းကြည့်လိုက်သည်။
သို့ပေမည့် သူမတို့အိမ်သို့ကြည့်နေသည့် ထိုအကြည့်ပိုင်ရှင်မှာ ထန်ယွင်ဖန်းဖြစ်ကြောင်း ကုနင်းသိလိုက်ရချိန်တွင်တော့ အလွန်အံ့အားသင့်သွားရတော့သည်။ ထန်ယွင်ဖန်း တစ်စုံတစ်ခု စုံစမ်းသိရှိသွား၍လား သို့မဟုတ် မှတ်ဉာဏ်ပြန်ရသွားပြီလား?
ထန်ယွင်ဖန်း ကုနင်းတို့အိမ်အား ယခုလို ဆက်တိုက်စိုက်ကြည့်နေခြင်းမှာ အကြောင်းရင်းတစ်ခုခုရှိကြောင်း သိသာပေသည်။ ထို့အပြင် ထန်ယွင်ဖန်း မှတ်ဉာဏ်ပြန်ရသွားခြင်းမဟုတ်ဘဲ တစ်စုံတစ်ခု စုံစမ်း၍ရရှိသွားခြင်းကြောင့်သာ ဖြစ်မည်ဟု ကုနင်းခန့်မှန်းမိလိုက်သည်။ ထိုသို့သာမဟုတ်လျှင် ယခုလို ခိုးကြောင်ခိုးဝှက်ကြည့်နေမည့်အစား သူမတို့အိမ်သို့ တန်းပြီးလိုက်လာပေလိမ့်မည်။
ထန်ယွင်ဖန်းကြည့်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၍ ကုနင်းစိတ်အေးသွားရသည်။ ထို့နောက် သူမရှာတွေ့သွားပြီဖြစ်ကြောင်း ထုတ်ဖော်ခြင်းမပြုရန်ဆုံးဖြတ်လိုက်ကာ ထန်ယွင်ဖန်း တစ်ခုခု အကူအညီလိုချိန်မှသာ သူမထွက်လိုက်မည်ဟုလဲ စဉ်းစားလိုက်သည်။
“ညစာအဆင်သင့်ဖြစ်ပြီနော်။” ကုမန့်ပြောလိုက်သောကြောင့် သူတို့အားလုံး ထမင်းစားခန်းတွင် စုဝေးလိုက်ကြတော့သည်။
ထန်ယွင်ဖန်းသည်တော့ သူ့ကို ကုနင်းရှာတွေ့သွားပြီဖြစ်ကြောင်း လုံးဝမသိသေးပေ။ ထို့ကြောင့် မူလနေရာတွင်ပဲ ဆက်ရပ်နေကာ ကုနင်းတို့အိမ်၏ဧည့်ခန်းသို့ ကြည့်နေခဲ့သည်။ သို့ပေမည့် ကုနင်းတို့အားလုံးက ထမင်းစားခန်းသို့ ဝင်သွားကြကာ ဧည့်ခန်းထဲတွင် မည်သူမျှကျန်ရှိမနေခဲ့တော့ပေ။
ထန်ယွင်ဖန်းမှာ ဤရက်များအတွင်း နေရာမျိုးစုံသို့ လျှောက်သွားကာ လူအများအပြားဖြင့် တွေ့ဆုံခဲ့ပေမည့် တစ်ခုမှပြန်လည်မှတ်မိလာခြင်းမရှိသောကြောင့် သူလဲ စိတ်ဒုက္ခရောက်နေရလေသည်။
ထိုအချိန်တွင်ပဲ ထန်ယွင်ဖန်းထံသို့ ထန်ဟိုင်ဖုန်း ဖုန်းဆက်ခေါ်ဆိုလာခဲ့သည်။ ထန်ယွင်ဖန်းလဲ ချက်ချင်းပင် ဖုန်းကိုင်လိုက်ကာ၊
“အဖေ။”
“မင်းအခုထိ အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတုန်းလား? မနက်ဖြန်ဆို မီးပုံးပွဲတော်နော်။ မင်းပြန်လာဖြစ်လား?” ထန်ဟိုင်ဖုန်းသည် ထန်ယွင်ဖန်း Fမြို့တွင်ရှိနေကြောင်းမသိသေးဘဲ ထန်ယွင်ဖန်း၏ အတွင်းရေးမှူးက သူ့ကိုထန်ယွင်ဖန်း အလုပ်ကိစ္စနှင့်ခရီးထွက်သည်ဟုသာ ပြောပြထားလေသည်။
“ကျွန်တော့်ကို မစောင့်နေပါနဲ့။ ပြန်လာနိုင်ဖို့က မသေချာသေးဘူး။” ထန်ယွင်ဖန်းကိုယ်တိုင်ကလဲ သူFမြို့မှ ပြန်ထွက်သွားသင့် မသွားသင့်ကို ဝေခွဲမရနိုင်သေးပေ။
“ဟုတ်ပြီလေ။” ထန်ဟိုင်ဖုန်းပြန်ဖြေလိုက်သည်။
ညစာစားနေချိန်တွင်တော့ ကုမန့်နှင့် ကုချင်သည် ကုနင်းကို အစားများများစားဖို့ရန်သာ တွန်းအားပေးလို့နေသည်။
“သမီးလို ဆယ်ကျော်သက်အရွယ်တွေအားလုံး နေ့ရက်တိုင်းပျော်ပျော်ပါးပါးဖြတ်သန်းနေကြတာ။ သမီးကျတော့ စီးပွားရေးပဲလုပ်နေတယ်။ ကိုယ့်ကိုကိုယ်လဲပြန်ကြည့်ဦး။ အရမ်းပိန်နေပြီ။” ကုမန့်မှာ သူမသမီးဖြစ်သူက အလုပ်ကို ခက်ခက်ခဲခဲဖြင့် ဘဝကောင်းစားရေးအတွက် ကြိုးပမ်းလုပ်ကိုင်နေသည်ကို မြင်ရပြီး ငိုချင်လာခဲ့သည်။
“ဟုတ်တယ်၊ အန်တီတို့ရဲ့ အခုအနေအထားက အရမ်းကောင်းနေပါပြီ။ သမီးလဲ အနားယူသင့်တယ်။ သမီးမှာ အနာဂါတ်ရည်မှန်းချက်တွေ အစီစဉ်တွေရှိမှန်းသိပါတယ်။ တားလဲမတားပါဘူး။ ဒါပေမယ့် ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ရမယ်လေ။ ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိဘူး၊ ဟုတ်တယ်မလား?” ကုချင်ကလဲ ကုနင်းကို အလွန်ဂရုစိုက်လေသည်။
***
အခန်း ၄၆၅
စစ်ထူယဲ့၏အသက်ကို ကယ်တင်ခြင်း
ယခုလို အစစ်အမှန်ဂရုစိုက်ပေးသည့် မိသားစုကြီးရှိနေရ၍ ကုနင်းရင်ထဲအလွန် ကြည်နူးမိသွားရသည်။
“အမေ၊ အန်တီ၊ စိတ်မပူကြပါနဲ့။ သမီးကိုသမီးသေချာဂရုစိုက်ပါ့မယ်။” ကုနင်းပြန်ဖြေလိုက်သည်။
ထို့နောက် သူမအမေနှင့်အဒေါ်ပျော်ရွှင်စေရန် သူမအတတ်နိုင်ဆုံး ကြိုးစားကာ စားသောက်ပြနေပြီး နောက်ဆုံး လုံးဝထပ်မစားနိုင်တော့လောက်အောင် ပြည့်အင့်သွားမှသာ ရပ်လိုက်သည်။
ကုနင်းပြန်ရောက်နေမှန်း ချူးဖေ့ဟန် သတင်းကြားသွားသည်နှင့် တပြိုင်နက် သူမတို့သူငယ်ချင်းများ တွေ့ဆုံကြရန် ချိန်းလိုက်တော့သည်။ အချိန်းအချက်ပြုလုပ်သည့်နေရာသည်က တိဟိုင်အသင်းတိုက်နေရာဖြစ်ပေမည့် သူတို့ဘားရှိရာတွင်မနေကြပဲ သီးသန့်အခန်းတစ်ခန်းတွင်သာ ပျော်ပါးကြလေသည်။
အစကတော့ ကုနင်း သူမကျောင်းမှသူငယ်ချင်းများသာလာလိမ့်မည်ဟု တွေးမိပေမည့် သူမရောက်သွားချိန်တွင် စစ်ထူယဲ့နဲ့ ချူးရွှမ်ဖန်တို့လဲ အတူတကွရှိနေကြောင်း တွေ့လိုက်ရသည်။ သို့ပေမည့် ယနေ့တော့ သူမကျောင်းမှသူငယ်ချင်းအားလုံး မရှိနေဘဲ ဟောင်ရန်၊ မုခယ်နှင့်ယွီမီရှီတို့သာ လာကြသည်။
ကုနင်းအထဲသို့ဝင်သွားသည့်အချိန်တွင် ဟောင်ရန်နှင့်မုခယ်သည် ဘိလိယက်ထိုးနေကြပြီး ချူးဖေ့ဟန်နှင့်ယွီမီရှီသည်တော့ မြှားတိုပစ်တမ်းကစားနေကြသည်။
“ဟိုင်း၊ ဘော့စ်၊”
“ဟိုင်း၊ ကုနင်း။”
ကုနင်းဝင်လာသည်ကိုမြင်သည်နှင့် ဟောင်ရန်၊ မုခယ်၊ ယွီမီရှီ နှင့် ချူးဖေ့ဟန်တို့အားလုံး ကစားနေသည်များကိုရပ်လိုက်ကာ သူမကို နှုတ်ဆက်ကြသည်။
ကုနင်းလဲ သူတို့ကိုပြန်နှုတ်ဆက်လိုက်ပြီးနောက် အရက်သောက်နေကြသည့် စစ်ထူယဲ့နှင့်ချူးရွှမ်ဖန်တို့ ထိုင်နေသည့် ဆိုဖာရှိရာသို့ သွားလိုက်ကာ၊
“ဟိုင်း၊ စစ်ထူ၊ ရွှမ်ဖန်။”
ကုနင်း၏ပေါ့ပေါ့ပါးပါးနှုတ်ဆက်ဟန်ကြောင့် ချူးရွှမ်ဖန် အလွန်လေးစားမိသွားသည်။ သူ၏အမြင်တွင် ကုနင်းသည် တခြားသောမိန်းကလေးများနှင့် လွန်စွာကွဲထွက်လွန်းနေပေသည်။ စစ်ထူယဲ့၏ နောက်ခံအစစ်ကို ကုနင်းသိပြီးသွားပြီဆိုခြင်းက စစ်ထူယဲ့ကိုယ်တိုင်ပြောပြထားသောကြောင့် ချူးရွှမ်ဖန်သိထားပြီးပြီဖြစ်သည်။ ထို့ကြောင့် စစ်ထူယဲ့နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ကုနင်းယခုလိုမျိုး အလွန်အေးဆေးကာ သက်သောင့်သက်သာရှိနေသောကြောင့် ချူးရွှမ်ဖန် အလွန်အံ့ဩနေမိလေသည်။ စစ်ထူယဲ့ကို မကြောက်ပဲနေနိုင်သည့်လူမှာ အလွန့်အလွန်ပင် နည်းပါးလှကာ ချူးရွှမ်ဖန်ပင်လျှင် တခါတရံ စစ်ထူယဲ့ကို ကြောက်မိလေသည်။
ချူးရွှမ်ဖန် ပို၍အံ့ဩမိသည်က ကုနင်း၏ချစ်သူမှာ မြို့တော်ရှိ လင်မိသားစု၏အမွေခံ စစ်တပ်မှ အသက်အငယ်ဆုံး ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေခြင်းကြောင့်ပင်။
“ဟိုင်း၊ ကုနင်း၊ လာလေ၊ ဒီနားမှာထိုင်။” ချူးရွှမ်ဖန်က ကုနင်းကို ကြိုဆိုရင်း သူမအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးလိုက်သည်။
အပြင်လူများရှိနေလျှင် သူတို့အားလုံး မပျော်တတ်သောကြောင့် သီးသန့်ခန်းထဲတွင် စားပွဲထိုးများရှိမနေဘဲ ချူးရွှမ်ဖန်ကိုယ်တိုင်သာ ဝိုင်ကို ငှဲ့ပေးနေခြင်းဖြစ်သည်။
စစ်ထူယဲ့သည်တော့ ကုနင်းကိုကြည့်ကာ မကျေမနပ်ပြောလိုက်သည်။
“ကိုယ်ဖုန်းမဆက်တာနဲ့ မင်းဘက်ကအရင် ဘယ်တော့မှမဆက်လာဘူး။ နွေဦးပွဲတော်တုန်းကလဲ စာလေးတစ်စောင်ပဲ ပို့တယ်။”
စစ်ထူယဲ့၏ မကျေမနပ်အပြောကိုကြားလိုက်ရတော့ ချူးရွှမ်ဖန်ရော ချူးဖေ့ဟန်ပါ အံ့အားသင့်ကုန်ကြသည်။ သူတို့၏ဘော့စ်က ဘယ်ကတည်းက ဒီလိုအသေးအမွှားကိစ္စလေးကိုတောင် သည်းမခံနိုင်ဖြစ်သွားရတာလဲ? သူ ကုနင်းနှင့်တွေ့ပြီးကတည်းက အရမ်းကို ပြောင်းလဲသွားခဲ့တာပဲ။
ချူးရွှမ်ဖန်သည်တော့ စစ်ထူယဲ့က ကုနင်းကို ကြိုက်နေခြင်းကြောင့် ကုနင်းကို သီးသန့် မတူကွဲပြားစွာ ဆက်ဆံနေခြင်းဖြစ်ကြောင်း နားလည်လေသည်။ သို့ပေမည့် ချူးဖေ့ဟန်သည်တော့ ထိုအကြောင်းကို မသိသောကြောင့် အလွန်အံ့ဩမိကာ သူမ၏ပစ်မှတ်ကိုပင် လုံးဝလွဲချော်အောင် ပစ်မိသွားတော့သည်။
ယွီမီရှီသည်တော့ အကြောင်းရင်းကိုမသိသောကြောင့် ချူးဖေ့ဟန် ပစ်မှတ်ကို လုံးလုံးလွဲချော်သွားသည်ကိုပဲ အလွန်ထူးဆန်းသည်ဟု ခံစားမိလေသည်။
“တောင်းပန်ပါတယ်၊ ကျွန်မလဲ ပျင်းနေတာနဲ့ မခေါ်ဖြစ်လိုက်တာ။” ကုနင်းဝတ်ကျေတန်းကျေသဘောမျှသာ အဖြေပြန်ပေးလိုက်သည်။
စစ်ထူယဲ့လဲ ထိုအဖြေက ဝတ်ကျေတန်းကျေဖြေခြင်းသာဖြစ်ကြောင်းသိပေမည့် မည်သို့ပြန်၍ ခွန်းတုံ့ပြန်ရမည်မှန်း မသိတော့ပေ။
“နှစ်သစ်တုန်းက ကိုယ်မင်းကို လက်ဆောင်ပေးပေမယ့် မင်းကတော့ ကိုယ့်အတွက် လက်ဆောင်တစ်ခုတောင် မပြင်ပေးထားဘူးလား?” စစ်ထူယဲ့ မျက်မှောင်အနည်းငယ်ကြုတ်ရင်း မေးလိုက်သည်။
ထိုစကားကိုကြားလိုက်ရတော့ ချူးရွှမ်ဖန်ရော ချူးဖေ့ဟန်ပါ ထပ်ပြီး အံ့ဩသွားရပြန်သည်။ သူတို့ဘော့စ်က ဘယ်တုန်းကစပြီး လက်ဆောင်မက်သွားရတာလဲ?
ချူးရွှမ်ဖန်ကတော့ သူ့ဘော့စ်က လက်ဆောင်အားလုံးကိုမက်ခြင်းမျိုးမဟုတ်ဘဲ ကုနင်းပေးမည့် လက်ဆောင်ကိုသာ မက်ခြင်းဖြစ်ကြောင်း ချက်ချင်းနားလည်သွားလိုက်သည်။ စစ်ထူယဲ့သည် အမှန်ကိုပင် အခြားလူများပေးသည့် လက်ဆောင်များကို ဂရုမစိုက်ဘဲ ကုနင်းပေးလာမည့် လက်ဆောင်တစ်မျိုးတည်းကိုသာ လိုချင်နေသည်။
ကုနင်းသည်လဲ အံ့အားသင့်သွားကာ၊
“ရှင်ဒီလောက်ချမ်းသာတာကို ကျွန်မရဲ့လက်ဆောင်လိုချင်နေသေးတာလား?”
တစ်ဖက်မှ လက်ဆောင်ပေးလျှင် ကိုယ်ကလဲ ပြန်ပေးရသည်မှာ ယဉ်ကျေးမှုတစ်ရပ်ဖြစ်မှန်း သိသော်လည်း အခုလိုမျိုး စစ်ထူယဲ့က ပေါ်တင်တောင်းလာခြင်းကြောင့် ကုနင်းအံ့ဩသွားရသည်။
“လိုချင်တာပေါ့။” စစ်ထူယဲ့ အသေအချာကိုပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ၊ ကျွန်မရှင့်ကို လက်ဆောင်ပေးပါ့မယ်။” ကုနင်း၏စကားကြောင့် စစ်ထူယဲ့ အပြည့်အဝမပျော်ရသေးခင်တွင်ပဲ ကုနင်း၏နောက်ထပ်စကားက သူ့ကို စိတ်ဓါတ်ကျသွားစေတော့သည်။
“ဒီမှာရှိတဲ့လူအားလုံးကို ကျွန်မလက်ဆောင်ပေးမယ်။” ကုနင်းထပ်ပြောလိုက်သည်။
စစ်ထူယဲ့ အလွန်ဝမ်းနည်းသွားရသည်။ အားလုံးအတွက်ပေးသည့်လက်ဆောင်ဆိုသည်မှာ အဓိပ္ပါယ်မရှိတော့ပေ။ သို့ပေမည့် သူ့ဘက်ကဘာမှပြန်ပြော၍လဲ မရပေ။
“ငါတို့လဲ လက်ဆောင်ရမှာလား? ဘာလက်ဆောင်လဲ?” ဟောင်ရန်နှင့်အခြားလူများ ချက်ချင်းပင် ကုနင်းအနားသို့ဝိုင်းအုံလာကြသည်။ ကုနင်း၏လက်ဆောင်ဆိုလျှင် သေချာပေါက် ထူးခြားမည်မှန်း သူတို့အားလုံး သိထားပြီးဖြစ်သောကြောင့် အလွန်သိချင်နေကြသည်။
ကုနင်းလဲ အစောကတည်းက ကြိုတင်ပြင်ဆင်ထားသည့် ကြွေပုလင်းများစွာကို ထုတ်ယူလိုက်သည်။ ထိုကြွေပုလင်း တစ်လုံးစီတွင် ဆေး၃လုံးပါရှိလေသည်။
“ဒါက ဘယ်ရောဂါကိုပဲဖြစ်ဖြစ် ကုသပေးနိုင်တဲ့ အထူးဆေးဝါးတစ်မျိုးပဲ၊ အန္တရာယ်လဲမရှိဘူး။”
ထို့နောက် ဆေး၏အကျိုးသက်ရောက်ပုံအသေးစိတ်အား ကုနင်းရှင်းပြလိုက်သည်။ ဟောင်ရန်နှင့် ကုနင်း၏သူငယ်ချင်းများသည်တော့ စုအန်းယာအိမ်တွင် ထိုအကြောင်းကို ကြားဖူးထားကြပြီဖြစ်ကာ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ထားကြပြီးဖြစ်၍ အားလုံးယုံကြည်ကြသည်။
တစ်ဖက်ရှိ စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်သည်တော့ အလွန်အံ့ဩနေကာ ယုံလဲမယုံကြည်နိုင်ပေ။
“တကယ်ပြောနေတာလား?”
“တကယ်ပေါ့၊ ကျွန်တော်တို့ကိုယ်တိုင် မြင်ခဲ့တာ။” ကုနင်းတောင် ပြန်မဖြေရသေးခင် ဟောင်ရန်ကအရင်ဝင်ပြောလိုက်ကာ စုအိမ်တော်တွင်ဖြစ်ပျက်ခဲ့သည့် ကိစ္စအလုံးစုံကိုလဲ ပြောပြလိုက်သည်။ ဤကိစ္စသည် Fမြို့၏လူချမ်းသာများအကြား လျှို့ဝှက်ချက်တစ်ခုမဟုတ်သော်လည်း ချူးရွှမ်ဖန်လို Fမြို့တွင် သိပ်မနေသူများနှင့် ကျန်လူအတော်များများကတော့ မသိထားပေ။
ဟောင်ရန်၏ရှင်းပြချက်ကြောင့် သူတို့စတင်ယုံကြည်လာကြသည်။ ယခုထိတော့ သံသယအနည်းငယ်ရှိနေသေးသော်လည်း လက်ဆောင်ကို ဝမ်းမြောက်ဝမ်းသာဖြင့်သာ လက်ခံလိုက်ကြသည်။ သူတို့အနေဖြင့် ဒဏ်ရာရခြင်းသည် အထူးဆန်းမဟုတ်သောကြောင့် ဤဆေးမျိုးမှာ အမှန်တကယ်ကို လိုအပ်လေသည်။ ဤဆေး၏အရင်းအမြစ်ကိုတော့ဖြင့် အားလုံးသိချင်နေကြသော်လည်း မည်သူမျှ မမေးကြပေ။
ထို့နောက် သူတို့ဆက်လက်သောက်စားကစားခဲ့ကြသည်။
ရုတ်တရက်ဆိုသလိုပင် ကုနင်း၏မြင်ကွင်းထဲသို့ အနီရောင်အစက်အပျောက်တစ်ခု ဝင်ရောက်လာခဲ့သောကြောင့် ကုနင်းအံ့အားသင့်သွားတော့သည်။ သို့ပေမည့် တုံ့ဆိုင်းခြင်းမရှိဘဲ သူမခြေထောက်ကိုမြှောက်လိုက်ကာ အနားမှဆိုဖာကို ကန်ရွှေ့လိုက်တော့သည်။ ထိုဆိုဖာက ကုနင်း၏ပြင်းထန်လှသောကန်ချက်ကြောင့် ဘေးသို့ရွေ့သွားကာ တစ်ချိန်တည်းမှာပဲ လက်ဖြင့်လဲ တွန်းရွှေ့လိုက်သည်။
ဘာတွေဖြစ်သွားလဲဆိုသည်ကို မည်သူမျှသတိမထားမိသေးသည့်အချိန်တွင်ပဲ ထိုဆိုဖာသို့ ကျည်ဆန်ဖောက်ထွင်းသွားသည့်အသံကို သေချာကြားလိုက်ကြရတော့သည်။ ကျည်ဆံကိုမြင်လိုက်သည်နှင့် ထိုကျည်ဆန်က သူတို့အဖွဲ့တည်းမှ တစ်ဦးဦးကို ရည်ရွယ်ကာပစ်ကြောင်း တန်းပြီးနားလည်သွားခဲ့ကြသည်။
ကုနင်းလဲ ထိုစနိုက်ပါသမားရှိရာသို့ချက်ချင်းလှည့်ကြည့်လိုက်သည်တွင် စနိုက်ပါသမားလဲ အလွန်ကြောက်လန့်သွားကာ ချက်ချင်းပင် ပစ္စည်းများကိုထုတ်ပိုးပြီး ထွက်ပြေးသွားတော့သည်။
ချူးဖေ့ဟန်နှင့်အခြားလူများသည်တော့ ဤဖြစ်ရပ်ကြောင့် ကြောင်အနေကြပြီး ချူးရွှမ်ဖန်သည်တော့ စစ်ထူယဲ့အနားသို့ အလျင်အမြန်သွားလိုက်သည်။ စစ်ထူယဲ့၏ပုံစံမှာ ပုံမှန်အတိုင်းအေးအေးဆေးဆေးသာဖြစ်နေသော်လည်း တကယ်တမ်းတွင်တော့ အလွန်ဒေါသထွက်လို့နေသည်။ ဤကဲ့သို့သော မတော်တဆမှုမျိုးဖြစ်ထားပြီးဖြစ်၍ မည်သူမျှစိတ်အခြေအနေမကောင်းကြတော့ဘဲ တိဟိုင်အသင်းတိုက်မှထွက်လာခဲ့ကြသည်။
“ကျေးဇူးတင်ပါတယ်၊ ကုနင်း။” စစ်ထူယဲ့ပြောလိုက်သည်။ ကုနင်းကြောင့်သာမဟုတ်လျှင် သူအသတ်ခံရပြီးနှင့်ပေပြီ။
***
စာစဉ် ၃၁ ပြီး၏။