← Chapters

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

အခန်း (၄၇၁-၄၇၅)

Vol. 32 Ch. 471-475

အခန်း ၄၇၁

ဘယ်သူက မင်းမတ်လေးလဲ?

သူတို့ကြားတွင် ထိုသို့ ပြဿနာများရှိနေပါက ချောင်ဝမ်ကျွင်းအတွက် သူ့အကြံအစည်များ အောင်မြင်ဖို့ရာ ခက်ခဲသွားပေလိမ့်မည်။

“ရှင်ကျွန်မကို ထပ်ပြီးအပြစ်တင်ရဲရင်၊ နင်းနင်းကိုပြောပြီး ရှင့်ကိုအပြစ်ပေးဖို့ မတ်လေးအကူညီတောင်းခိုင်းလိုက်မှာ။” ချောင်ဝမ်ရှင်း ခြိမ်းခြောက်လိုက်သည်။

“မင်း…” ဤတစ်ကြိမ်တွင်တော့ ရှင်းပိုင် ကြက်သေသေလို့သွားတော့သည်။

“ဟုတ်ပြီ၊ဟုတ်ပြီ၊ ရန်မဖြစ်ကြနဲ့တော့။” ရှင်းချန်က ရှင်းပိုင်ကိုတားလိုက်သည်။ ချောင်ဝမ်ရှင်းကအတော်လေးရန်လိုနေခြင်းဖြစ်သော်လည်း သူမကမိန်းကလေးဖြစ်သောကြောင့် ရှင်းပိုင်ကိုသာ တားလိုက်ခြင်းဖြစ်သည်။

“အစ်ကိုက ကျွန်တော်မှားတယ်လို့ထင်နေတာလား? ကျွန်တော်အစကဘာမှမပြောခဲ့ဘူးလေ။ သူကသာ အရင်စပြီး အပြစ်တင်တာ။” ရှင်းပိုင် ပို၍ပင် ဒေါသထွက်သွားရတော့သည်။

ရှင်းချန်လဲ ဆက်ပြီး ညှိနှိုင်းပေးချင်ပေမည့် ဘာပြောလို့ပြောရမှန်းမသိတော့ပေ။

ရှင်းပိုင်လဲ ဆက်ပြီးမပြောတော့ပေ။ ချောင်ဝမ်ရှင်းသာ သူ့အပေါ် အပြစ်မတင်လာသ၍ သူ့ဘက်ကလဲ တိတ်တိတ်ဆိတ်ဆိတ်နေနေမည်ဖြစ်သည်။

“ဒါနဲ့ ဝမ်ရှင်း၊ မတ်လေးဆိုတာက ဘယ်သူတုန်း?” ချောင်ဝမ်ကျွင်း သိချင်စွာပြောလိုက်သည်။

“မင်းဘယ်ကတည်းက မတ်လေးတစ်ယောက်ရှိသွားတာလဲ?”

“နင်းနင်းရဲ့ ချစ်သူပေါ့။”

“ကုနင်း?” ချောင်ဝမ်ကျွင်း အံ့အားသင့်သွားသည်။

“သူကအခုမှ ၁၈နှစ်ပဲရှိသေးတာမဟုတ်ဘူးလား? ဒါတောင် ရည်းစားရှိနေပြီပေါ့?” ကုနင်းနှင့် ယခုထိတိုင် ချောင်ဝမ်ကျွင်းမတွေ့ဆုံဖူးသေးသော်လည်း သူမအကြောင်း များစွာကြားဖူးထားပြီးဖြစ်ကာ သူမအပေါ် အလွန်လေးစားသဘောကျမိနေပြီးဖြစ်သည်။

“ဟုတ်တယ်၊ သူကအရမ်းချော အရမ်းခန့်ပြီး အရမ်းလဲတော်သေးတယ်။” ချောင်ဝမ်ရှင်းက လင်ရှောင်းထင်အား ချီးကျူးနေကာ၊

“နင်းနင်းရဲ့ ရွေးချယ်မှုကတော့ တကယ်ကောင်းတယ်။”

ရှင်းပိုင်သည်လဲ သူ့ဘော့စ်ကို အလွန်ထူးချွန်သည်ဟုတွေးမိပြီး ကမ္ဘာပေါ်တွင် သူ့ဘော့စ်ကို ယှဉ်နိုင်သူအနည်းငယ်သာရှိလောက်မည်ဟုလဲ ထင်မိသည်။

ချောင်ဝမ်ကျွင်းလဲ ကုနင်း၏ချစ်သူကောင်လေးက အမှန်တကယ် ထူးချွန်သူတစ်ဦးဖြစ်လောက်မည်ဟု ယုံကြည်မိသော်လည်း သူမက အခုမှ ၁၈နှစ်သာရှိသေးလေသည်။

“ကုနင်းမှာ ချစ်သူရှိနေတာ အဘိုးကောသိရဲ့လား?”

“သိတာပေါ့။ သူတို့ချင်းတွေ့တောင်တွေ့ဖူးပြီးကြပြီ။” ချောင်ဝမ်ရှင်းပြန်ဖြေလိုက်သည်။

သူတို့အဘိုးကိုယ်တိုင်က သိထားပြီးသည့် ကိစ္စဖြစ်သောကြောင့် ချောင်ဝမ်ရှင်း ထပ်ပြီး မစိုးရိမ်နေတော့ပေ။ ထို့နောက် သူတို့၏ကားလေးမှာ ရှေးဟောင်းအဆောက်အဦးများစွာတည်ရှိနေသည့် ရှေးဟောင်းလမ်းသို့ ရောက်လာခဲ့သည်။ ဤအဆောက်အဦးများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ပြန်လည်ပြင်ဆင် ဆောက်လုပ်မှုများရှိခဲ့သော်လည်း ၎င်းတို့၏ ရှေးဟောင်းအငွေ့အသက်များကတော့ ပျောက်ကွယ်မသွားခဲ့ပေ။ ယခုအချိန်သည် မီးပုံးပွဲတော်နေ့ဖြစ်သောကြောင့် လမ်းမထက်၌ လူများစွာ သွားလာလှုပ်ရှားနေကာ လမ်းဘေးတစ်ဖက်တချက်စီတွင်လဲ မီးပုံးများစွာကို ချိတ်ဆွဲလို့ထားလေသည်။

အကယ်၍ လည်ပတ်သူများကသာ ခေတ်ပေါ်အဝတ်အစားများကို မဝတ်ဆင်ထားခဲ့လျှင် သူတို့ ရှေးခေတ်သို့ အချိန်ကူးပြောင်းလာခဲ့ပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။

မြို့အသီးသီး နယ်အသီးသီးတွင် အရွယ်အစားမျိုးစုံသည့် မီးပုံးများကို ပြသနေခြင်းဖြစ်သောကြောင့် ကုနင်းသည်လဲ ကုမန့်နှင့် ကုချင်တို့မိသားစုနှင့်အတူ ယနေ့ညတွင် မီးပုံးကြည့်ရှုရန် ထွက်လာခဲ့ကြသည်။

Fမြို့၏မီးပုံးပွဲတော်သည် နှစ်ကူး မီးပန်းများဖောက်သည့် နေရာဖြစ်သည့် ချင်းကျန်းရင်ပြင်တွင်သာ ကျင်းပလေသည်။

ဟောင်ရန်တို့ သူငယ်ချင်းများအဖွဲ့သည်လဲ ချင်းကျန်းရင်ပြင်သို့လာခဲ့သည်။ ကျန်းထျန်ပင်းနှင့် ချူဖေ့ဟန်တို့သာ တစ်ယောက်ချင်းစီလာကြပြီး ကျန်လူများကတော့ဖြင့် မိသားစုများနှင့် လာကြခြင်းဖြစ်သည်။

ကုချင်နှင့် ကုမန့်တို့သည် ဟောင်ရန်၏မိခင်နှင့် သူငယ်ချင်းများဖြစ်ပြီး မီးပုံးအလှအပများကို အတူကြည့်ရှုခံစားကြရန် ချိန်းဆိုထားကြသောကြောင့် ချင်းကျန်းရင်ပြင်သို့ရောက်သည်နှင့် ကုမန့်က ဟောင်ရန်၏အမေအား ဖုန်းဆက်ခေါ်လိုက်သည်။ သူတို့သည်လဲ ကားပါကင်တွင်သာရှိနေသောကြောင့် မကြာခင်တွင်ပဲ အချင်းချင်းတွေ့သွားကြတော့သည်။

အမျိုးသမီးလု၏မိသားစုသည်လဲ ဟောင်ရန်တို့မိသားစုနှင့်အတူ ပါလာခဲ့သည်။

အမျိုးသမီးလု၏ ခင်ပွန်းသည် လုကျီကျင်းဖြစ်ကာ သူတို့တွင် ၁၃နှစ်အရွယ် လုယီရှောင်းဟူသည့် အမျိုးသမီးတစ်ဦးရှိလေသည်။

အမျိုးသမီးဟောင်က သူတို့အားလုံးကို မိတ်ဆက်ပေးရာ မိနစ်ပိုင်းအတွက် အချင်းချင်း မိတ်ဆက်မှုများဖြင့် အလုပ်ရှုပ်သွားခဲ့ကြသည်။ ထို့နောက်တွင်တော့ ဟောင်ကျုံးလုံက တမင်ကို လုကျီကျင်းအား ကုနင်းနှင့်မိတ်ဆက်ပေးလိုက်သည်။

“ကျီကျင်း၊ သူက Gမြို့မှာ အရမ်းနာမည်ကြီးနေတဲ့ လက်ဝတ်ရတနာဆိုင်ရဲ့ ပိုင်ရှင်အစစ်၊ ကုနင်းပဲ။”

ဟောင်ကျုံးလုံသည် ကုနင်း ဤမျှငယ်ငယ်ရွယ်ရွယ်ဖြင့် အလွန်အောင်မြင်နေခြင်းကြောင့် သူမကိုအလွန်လေးစားသဘောကျနေခဲ့ခြင်းဖြစ်သည်။

ဟောင်ကျုံးလုံ၏မိတ်ဆက်ပေးမှုကို ကြားလိုက်ရတော့ လုကျီကျင်းအလွန်အံ့အားသင့်သွားခဲ့သည်။ သူသည်လဲ ကုနင်း၏အကြောင်းများကို ကြားဖူးထားခဲ့ပြီးဖြစ်ပေမည့် မိန်းကလေးစု၏မွေးနေ့ပွဲနေ့တုန်းက သူအလုပ်များနေ၍ ကုနင်းနှင့် ယခုထိတိုင် မတွေ့ဖူးခဲ့ပေ။

“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။” လုကျီကျင်းက ယဉ်ကျေးမှုအပြည့်ဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။ ကုနင်း၏အသက်အရွယ်ငယ်လွန်းသည့်အတွက်လဲ အထင်အမြင်သေးသည့် အမူအရာမျိုး လုံးဝမရှိနေပေ။ ထိုအစား ကုနင်းကို သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးလိုသဘောထားကာ အခြားလူများရှေ့တွင် သူမကို ချီးကျူးစကားဆိုခဲ့သည်။

“မိန်းကလေးကုက တကယ့်ကို ထူးချွန်ပြီးငယ်ရွယ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ပဲ။”

“အခုလိုချီးကျူးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ လူကြီးမင်းလု။” ကုနင်းသည် သူမအောင်မြင်နေသည့်အပေါ် မောက်မာခြင်းလဲ မရှိသလို နှိမ့်ချခြင်းလဲမရှိဘဲ ပုံမှန်အတိုင်း အော်မြင်သူတို့၏အရှိန်အဝါအတိုင်းသာ ပြောဆိုခြင်းကြောင့် လုကျီကျင်းပို၍ပင် လေးစားသွားမိတော့သည်။

“ငါကတော့ ဒီလိုထူးချွန်တဲ့သမီးမျိုးရှိတဲ့ ကုမန့်ကို အရမ်းမနာလိုဖြစ်တာပဲ။ ငါ့သားသာ ကုနင်းရဲ့ တစ်ဝက်လောက်ပဲ ထူးချွန်ဖို့ မျှော်လင့်တယ်။” အမျိုးသမီးဟောင်ကပြောလိုက်သည်။

“အမေ၊ ဒီလောက်လူတွေအများကြီးရှေ့မှာ ကျွန်တော့်ကို မကြိုက်ကြောင်း ပြောဖို့အထိလိုလို့လား?” ဟောင်ရန်က မကျေမနပ်ပြောလိုက်သည်။

“ဒါဆိုလဲ ငါနောက်ထပ်မပြောတော့အောင် မင်းရဲ့အရည်အချင်းကိုပြလေ။”

“ထားပါတော့။” ဟောင်ရန်က ဝမ်းနည်းနေသည့်အမူအရာဖြင့် ပြန်ဖြေလိုက်ရတော့သည်။

“ဟုတ်ပြီ၊ အထဲကိုဝင်ကြရအောင်။” ဟောက်ကျုံးလုံက ပြောလိုက်ကာ သူတို့အဖွဲ့ ချင်းကျန်းရင်ပြင်ထဲသို့ ဝင်သွားလိုက်ကြသည်။

ထန်ယွင်ဖန်းသည်တော့ တစ်ချိန်လုံးနောက်မှလိုက်လာနေခဲ့ကာ အခြားမိသားစုများက ပျော်ပျော်ရွှင်ရွှင်ရှိနေကြပြီး ကုမန့်သည်တော့ တစ်ယောက်တည်းဖြစ်နေကာ ကုနင်းတွင်လဲ အဖေရှိမနေသည်ကို မြင်လိုက်ရပြီး ထန်ယွင်ဖန်း၏ရင်ထဲမှ နာကျင်လာကာ သူမတို့အနားသို့ ချက်ချင်းပြေးသွားလိုက်ပြီး မိသားစုအဖြစ် ပြန်လည်ပေါင်းစည်းလိုက်ချင်ပေမည့် သူ့မှတ်ဉာဏ်များပြန်မရသေးခင် ရုတ်တရက်ကြီး ထွက်တွေ့လိုက်ဖို့ရန်ကလဲ မဖြစ်နိုင်သေးပေ။

သူ့အနေနှင့် ကုမန့်ကို သူမအားလုံးဝမေ့ပျောက်နေသည့် အမျိုးသားတစ်ယောက်နှင့် မျက်နှာချင်းမဆိုင်စေချင်လိုပေ။ ထိုသို့ဖြစ်ပါက ကုမန့်ပို၍ပင် နာကျင်သွားရပေလိမ့်မည်။ တစ်ချိန်တည်းတွင်ပဲ ထန်ယွင်ဖန်းမှာ သူ၏မှတ်ဉာဏ်များ တသက်လုံးပြန်မရနိုင်မည်ကိုလဲ စိုးရိမ်ကြောက်ရွံ့သွားမိသည်။ ထိုသို့သာဆိုလျှင် သူ၏ဇနီးနှင့်သမီးကို မျက်စိရှေ့တွင်ရှိနေလျှင်တောင်မှ ဘယ်လိုမှ မိသားစုပြန်လည်ပေါင်းစည်းနိုင်တော့မည်မဟုတ်သောကြောင့် ပို၍ပင် စိတ်ဆင်းရဲသွားရသည်။

ထို့ကြောင့် ထန်ယွင်ဖန်းသူ့ကိုသူ တွန်းအားပေးသည့်အနေဖြင့် အချိန်တစ်ခုသတ်မှတ်လိုက်တော့သည်။ သူသာ တစ်လအတွင်း မှတ်ဉာဏ်များပြန်လည်မရရှိခဲ့လျှင် ကုမန့်နှင့် ကုနင်းတို့ကို တန်းပြီးထွက်တွေ့လိုက်မည်ဖြစ်ကာ ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက်၏တာဝန်များကို အပြည့်အဝတာဝန်ယူလိုက်တော့မည်ဖြစ်သည်။

ကုမန့်သည်လဲ ကုနင်းကို ပြည့်စုံသည့် မိသားစုဘဝမပေးစွမ်းနိုင်သည့်အတွက် ဝမ်းနည်းနေခဲ့သည်။ ကုမန့်ဝမ်းနည်းနေကြောင်း ကုနင်းသိလိုက်သောကြောင့် သူမမိခင်၏လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

ကုနင်း၏နှစ်သိမ့်ပေးမှုကြောင့် မကြာခင်တွင်ပဲ ကုနင်း စိတ်သက်သာရာရသွားခဲ့သည်။ သူမယခုလိုဘဝမျိုးဖြင့် ၁၈နှစ်ပင် နေထိုင်ဖြတ်သန်းခဲ့ပြီးပြီဖြစ်၍ ထိုအကြောင်းကို ယခုအချိန်တွင် တွေးတောနေဖို့ရန်က အဓိပ္ပါယ်မဲ့လွန်းပေသည်။

အချိန်ခနကြာပြီးနောက်တွင်တော့ သူတို့ အန်းကွမ်းယောင်နှင့် အန်းရီကိုပါ တွေ့လိုက်ကြရသည်။

အန်းကွမ်းယောင်က ကုနင်း၏ဘယ်ဘက်တွင် ကပ်ရပ်လိုက်ကာ ကုနင်းကလဲ သူ့ကို ကုမန့်နှင့်မိတ်ဆက်ပေးလိုက်သည်။ သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြပေမည့် ထန်ယွင်ဖန်းသည်တော့ အနည်းငယ်အလှမ်းဝေးသောကြောင့် သူတို့ပြောနေသည်များကို မကြားရပေ။ သို့ပေမည့် သူတို့၏ပြောဆိုနေပုံများက အလွန်သဟဇာတဖြစ်နေသာကြောင့် ထန်ယွင်ဖန်းရင်ထဲ လှိုင်းထန်လာတော့သည်။

ဒီယောက်ျားက ဘယ်သူလဲ? သူတို့ရဲ့ဆက်ဆံရေးကဘယ်လိုလဲ? ကုမန့်ကသာ ထိုယောက်ျားကို ကြိုက်နှင့်နေပြီးသာဆိုလျှင် သူဘယ်လိုလုပ်သင့်လဲ ထန်ယွင်ဖန်းစဉ်းစားမရတော့ပေ။

သူ၏မှတ်ဉာဏ်များကို ယခုထိတိုက်ပြန်မရသေးသော်လည်း ကုမန့်နှင့်ကုနင်းက သူ့ဇနီးနှင့်သမီးဖြစ်သည်ကို သိထားပြီးပြီဖြစ်သောကြောင့် ကုမန့်ကို အခြားယောက်ျားတစ်ယောက်နှင့် အတူရှိနေမည်အား မမြင်လိုပေ။ သို့ပေမည့် ကုမန့်သာ ထိုလူနှင့်ပျော်ရွှင်နေမည်ဆိုလျှင်တော့ သူက ၁၈နှစ်လုံး သူမ၏ခင်ပွန်းတာဝန်မှ ပျက်ကွက်ခဲ့သလို ကုနင်းကိုလဲ တစ်ရက်ပင် ဂရုမစိုက်နိုင်ခဲ့သောကြောင့် သူ့တွင် ကြားဝင်ပါခွင့်မရှိပေ။

***

အခန်း ၄၇၂

လင်ရှောင်းထင်ပြောင်းလဲသွားပြီ

အချိန်ခနကြာပြီးနောက်တွင်တော့ ကုနင်းထံသို့ ချူးဖေ့ဟန်ဆက်သွယ်လာခဲ့ကာ မိနစ်အနည်းငယ်အကြာတွင် သူမနှင့် ကျန်းထန်ပင်းတို့ လာရောက်ပူးပေါင်းခဲ့ကြသည်။ အခုချိန်တွင်တော့ ချင်ကျီရွှမ်း၊ စုအန်းယာနှင့် ယွီမီရှီတို့သာ မရှိသေးခြင်းဖြစ်သည်။

ကုနင်းသည် လှပကာ လင်းလက်တောက်ပနေသည့် မီးပုံးများအလယ်တွင် ကိုယ်ဘာသာ ဓါတ်ပုံတစ်ပုံရိုက်လိုက်ပြီးနောက် လင်ရှောင်းထင်ထံသို့ ပို့ပေးလိုက်သည်။ ထိုအချိန်တွင် လင်ရှောင်းထင်သည် သူ့အဘိုးနှင့် စစ်တုရင်ကစားနေခဲ့သည်။ ဖုန်းထဲသို့ စာဝင်သံကြားသည်နှင့် ချက်ချင်းပင် ဖုန်းကိုဖွင့်ကာ စစ်ကြည့်လိုက်တော့သည်။ လင်ရှောင်းထင်သည် ကုနင်း၏စာနှင့် ဖုန်းခေါ်ဆိုမှုများအတွက် သီးခြားအသံကို ထည့်သွင်းထားခြင်းဖြစ်သောကြောင့် စာဝင်သံကြားလိုက်သည်နှင့် ကုနင်းထံမှ ဖြစ်ကြောင်းကို တန်းသိလိုက်ခြင်းဖြစ်သည်။

ကုနင်း၏စာကို ဖွင့်ဖတ်လိုက်ချိန် ကုနင်း၏ပြုံးရယ်နေသာ ဓါတ်ပုံကိုတွေ့လိုက်ရ၍ လင်ရှောင်းထင်သည်လဲ ပြုံးလိုက်မိကာ ထိုအပြုံးက ဆရာကြီးလင်အား ထိတ်လန့်အံ့ဩသွားစေလေသည်။

သူ့မြေးက ဘယ်တုန်းကတည်းက ပြုံးပုံပြုံးနည်းကို သင်ထားခဲ့တာလဲ? ထို့နောက်ချက်ချင်းပင် ထိုစာက ကုနင်းဆီကဖြစ်မည်မှန်း ဆရာကြီးလင် သိလိုက်တော့သည်။

ဆရာကြီးလင်လဲ ထိုစာကို ကြည့်ချင်မိကာ နည်းနည်းလောက်ဖြစ်ဖြစ် ချောင်းကြည့်နိုင်ရန်အတွက် လင်ရှောင်းထင်အနားသို့ ချဉ်းကပ်သွားလိုက်သည်။ မမျှော်လင့်ထားစွာပင် လင်ရှောင်းထင်က သူ့အပြုအမူအား သိသွားကာ ချက်ချင်းပင် ဖုန်းကိုကွယ်လိုက်ပြီး၊

“ဖယ်ပေး၊” လင်ရှောင်းထင်က ဆရာကြီးလင်အား အေးစက်စက်ကြည့်ကာပြောလိုက်သည်။

“ဒီကောင်စုတ်လေးတော့….” ဆရာကြီးလင်မှာစိတ်တိုသွားရပေမည့် ဘာမှပြန်မလုပ်နိုင်ခဲ့ပေ။ လင်ရှောင်းထင် သူ့ကိုစိတ်ဆိုးသွားမည်အား မဖြစ်စေချင်သလို ထိုကောင်မလေးနှင့်ပတ်သတ်၍လဲ တခြားတစ်ယောက်အား စုံစမ်းရှာဖွေဖို့ရန် စေလွှတ်ပြီးနှင့်ပြီဖြစ်သည်။

“ငါဆက်မကစားချင်တော့ဘူး။” ဆရာကြီးလင် စစ်တုရင်ကစားဖို့ရန် စိတ်မပါတော့ပေ။

“ကောင်းပြီလေ၊ ဒါဆိုလဲ ကျွန်တော်အခန်းပြန်တော့မယ်။” လင်ရှောင်းထင်က ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။ သူက စစ်တုရင်ကစားပွဲကို လုံးဝဂရုမစိုက်ဘဲ ချက်ချင်းပင် ထွက်သွားတော့သည်။

“မင်း…” ဆရာကြီးလင်သည်တော့ အလွန်အံ့အားသင့်နေမိတော့သည်။ သူ့မြေးက အဘိုးအရင်းထက် သူ့ရည်းစားကို ရွေးချယ်သွားတာပဲ။ တကယ်တော့ လင်ရှောင်းထင်သည် အမြဲတမ်းသူ့တာဝန်များဖြင့် အလုပ်များနေသလို အခုလဲ သူ့ရည်းစားနှင့်ချိန်းတွေ့ကာ အလုပ်များနေခြင်းကြောင့် ဆရာကြီးလင်မှာ သူ့ကို လင်ရှောင်းထင် အရမ်းချစ်ခင်တွယ်တာသည်ဟု ဘယ်တုန်းကမှ မခံစားမိခဲ့ပေ။ သို့သော်လည်း ဆရာကြီးလင်သည် သူ့မြေးဖြစ်သူပျော်ရွှင်ဖို့ကိုသာ မျှော်လင့်သောကြောင့် မကြာခင်တွင်ပဲ ထိုခံစားချက်များကို လက်ခံသွားနိုင်ခဲ့သည်။

လင်ရှောင်းထင်သည်တော့ သူ့အခန်းသို့ပြန်ရောက်သည်နှင့် ချက်ချင်းပင် ကုနင်းကို စာပြန်ပို့ခဲ့သည်။

လင်ရှောင်းထင် : နင်းနင်း၊ မင်းကိုယ့်ကို ဖျားယောင်းနေတာလား?

ကုနင်း ထိုစာကိုဖတ်ပြီးနောက် တစ်စက္ကန့်မျှကြောင်အသွားရသည်။ ဘာ?

ကုနင်း : မလုပ်ပါဘူး။

လင်ရှောင်းထင် : မင်းတစ်ယောက်တည်း ကိုယ့်ကိုဒီလိုဖျားယောင်းသွေးဆောင်နိုင်တာ။

ထိုစကားလုံးများကို ဖတ်ပြီးနောက် ကုနင်း၏မျက်နှာတစ်ပြင်လုံး နီရဲသွားရကာ : ရှင်ဘယ်အချိန်ကစပြီး ဒီလောက် စိတ်ခံစားချက်တွေပြင်းပြသွားရတာလဲ?

လင်ရှောင်းထင် : မင်းကိုယ့်ဆီရောက်လာကတည်းက။

ကုနင်းမှာ အသက်ရှုဖို့ရန်ပင် ခက်ခဲသွားရကာ သူမစာပို့နေသည့်လူမှာ လင်ရှောင်းထင်အစစ်ရော ဟုတ်ရဲ့လားဟူ၍ သံသယဝင်မိသွားတော့သည်။ လင်ရှောင်းထင်သာဆိုလျှင် ဤသို့သောစကားမျိုးကို ရေးလိမ့်မည်ဟု သူမမယုံကြည်နိုင်ခဲ့ပေ။

ကုနင်း : ရှင်ရှောင်းထင်ရောဟုတ်ရဲ့လား?

ကုနင်း၏စာကိုဖတ်ပြီးနောက် လင်ရှောင်းထင် တခနကြောင်အသွားပြီးမှ ကုနင်းဘာကိုဆိုလိုမှန်းသိသွားကာ ချက်ချင်းပင် ဖုန်းဆက်လိုက်တော့သည်။

လင်ရှောင်းထင် ဖုန်းခေါ်ဆိုသည်ကိုမြင်သည်နှင့် ကုနင်းလဲ ချက်ချင်းမဆိုင်းပင် ပြန်ဖြေလိုက်သည်။

“နင်းနင်း၊”

“ရှင့်ဖုန်းကို တစ်ယောက်ယောက် လက်ဆော့နေတယ်လို့ထင်လိုက်တာ။” ကုနင်း ထိုသို့ပြောလိုက်ပေမည့် အစောကတင် သူမကို လင်ရှောင်းထင်ပို့ထားသည့်စာကြောင့် ရှက်ရွံ့နေမိစဲပင်။

“မင်းကလွဲပြီး ကိုယ့်ဖုန်းကို တခြားတစ်ယောက် ကိုင်ဖို့ခွင့်ပြုထားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ မင်းကိုတော့ ကိုယ့်ရဲ့အရာအားလုံး ပုံအောပေးဖို့ ဆန္ဒရှိတယ်။”

ထိုစကားများကြောင့် ကုနင်း၏နှလုံးခုန်သံများ ဝုန်းဒိုင်းကြဲလာရကာ၊

“ဟုတ်ပါပြီ-ဟုတ်ပါပြီ၊ ဒီမှာကအရမ်းဆူတယ်။ ကျွန်မအိမ်ပြန်ရောက်မှပဲ ဖုန်းပြန်ခေါ်လိုက်မယ်။” ထို့နောက် တဖက်ကပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ ကုနင်းဖုန်းချလိုက်သည်။

သူတို့အကြိမ်ပေါင်းများစွာ အတူတူအိပ်ပြီးသွားကြပြီဆိုသော်လည်း ထိုသို့သောစကားမျိုးများကြားလိုက်ရလျှင် သူမရှက်ရွံ့မိနေရစဲဖြစ်သည်။

လင်ရှောင်းထင်သည်တော့ တစ်ဖက်က ဖုန်းချလိုက်သံကိုကြားရသည့်အချိန်တွင် ပြုံးရုံသာပြုံးလိုက်ပြီး စိတ်မဆိုးမိပေ။ ကုနင်းက သူမမိသားစုနှင့် အပြင်ထွက်လည်နေခြင်းဖြစ်ကြောင်းကို သူသိထားပြီး သူမကိုလဲ နှောင့်ယှက်လိုသည့် ဆန္ဒမရှိပေ။

Bမြို့တွင်တော့ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေကြပြီးနောက် မီးပုံးပျံရောင်းသူက သူတို့ကို စုံတွဲဟု အထင်မှားပြီး မီးပုံးပျံတစ်ခုတည်းသာ အတူဝယ်ကြရန် တိုက်တွန်းနေသောကြောင့် ထပ်မံပြီး ပြဿနာတက်ခဲ့ပြန်သည်။

သူတို့တစ်ယောက်ကိုတစ်ယောက် သဘောမကျကြသောကြောင့် အခြားလူများက သူတို့ကို စုံတွဲဟု ထင်မှတ်ကြချိန်တွင် နှစ်ယောက်လုံး စိတ်တိုသွားကြတော့သည်။

ချောင်ဝမ်ရှင်းက အထင်အမြင်သေးသည့် လေသံဖြင့်၊

“ဟေ့၊ ရှင့်မျက်လုံးမကောင်းဘူးလား? ကျွန်မတို့က စုံတွဲမဟုတ်ဘူး။ ကျွန်မက သူ့လိုယောကျ်ားမျိုးတွေကို မုန်းတယ်။”

ရှင်းပိုင်သည်လဲ မထူးမခြားနားလေသံဖြင့်ပင်၊

“ဘာ? မင်းလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ မိန်းမက တခြားလူတွေကို အကဲဖြတ်ဖို့ အရည်အချင်းမရှိဘူး။”

ထိုစကားကိုကြားတော့ ချောင်ဝမ်ရှင်း ဒေါသထွက်သွားတော့ကာ၊

“ရှင်ဘာပြောလိုက်တယ်? ကျွန်မက ရိုင်းစိုင်းကြမ်းတမ်းတယ်တဲ့လား? ရှင်ကသာ လူဆိုးတစ်ယောက်ဆိုတာ မမေ့လိုက်နဲ့။”

“ငါကလူဆိုး?” ရှင်းပိုင်လဲ အလွန်ဒေါသထွက်နေတော့သည်။ သူနှင့်ချောင်ဝမ်ရှင်းအတူရှိလိုက်သည်နှင့် ပြဿနာတစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေရသောကြောင့် သူမနှင့်အမှန်တကယ်ကို ဝေးဝေးနေသင့်သည်ဟု တွေးလိုက်မိတော့သည်။

“ကောင်းပြီလေ၊ ငါလဲ မင်းနဲ့စကားဆက်မများချင်သလို တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တဲ့ ကစားပွဲလဲ မကစားချင်တော့ဘူး။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေကြတာ ပိုကောင်းမယ်လို့ထင်တယ်။” ထို့နောက် ရှင်းပိုင်က ချက်ချင်းပင် ဘေးသို့ကပ်သွားတော့သည်။”

“ဝမ်ရှင်း၊ ငါကတော့ မင်းနည်းနည်းလွန်နေတာလို့ထင်တယ်။ ဘယ်ကတည်းကစပြီး ဒီလောက် ရိုင်းသွားရတာလဲ?” ချောင်ဝမ်ကျွင်းက အပြစ်တင်စကားဆိုလိုက်သည်။

“ညီမ….” ချောင်ဝမ်ရှင်းလဲ သူမအမှန်တကယ် ရိုင်းနေကြောင်းသိ၍ မည်သို့မည်ပုံရှင်းပြရမှန်းမသိ ဖြစ်သွားတော့သည်။ အချိန်ခနကြာပြီးနောက်တွင်တော့ သူတို့အားလုံး အနီးနားရှိ လက်ဖက်ရည်စံအိမ်တစ်ခုသို့ သွားကာ လက်ဖက်ရည်သောက်ကြသည်။

“ဒီမှာ ကျွန်မတောင်းပန်တယ်။ ဖြစ်ပြီးသမျှကို ထားလိုက်လို့ရလား?” ချောင်ဝမ်ရှင်း သူမကိုသူမပြန်သုံးသပ်ကာ သူမအမှားဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူမရှင်းပိုင်ကို သဘောမကျသည်ဘူးဆိုသော်လည်း သူတို့သည် ဆွေမျိုးများဖြစ်သောကြောင့် အမြဲတမ်း ရန်ဖြစ်နေ၍မရပေ။ ထို့ကြောင့် ရှင်းပိုင်အတွက် လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင်ငှဲ့ပေးကာ သူ့ကိုတောင်းပန်စကားဆိုလိုက်သည်။

ရှင်းပိုင်သည်လဲ အရမ်းအမှတ်အတေးထားတတ်သည့်လူမဟုတ်သလို ချောင်ဝမ်ရှင်းကိုယ်တိုင်က ထိုသို့ပြောလာသောကြောင့် စိတ်ထဲထည့်မနေတော့ပေ။ ချောင်ဝမ်ရှင်းက ကိုယ်တိုင်ကိုယ်ကျတောင်းပန်ခြင်းဖြစ်၍ သူလဲ လက်ခံလိုက်ကာ ကျေအေးသည့်သဘောနှင့် သူမငှဲ့ပေးသည့် လက်ဖက်ရည်အားသောက်လိုက်သည်။

သူတို့အချိန်အကြာကြီး လျှောက်မလည်ခဲ့ကြပဲ အိမ်သို့ပြန်လာကြချိန်တွင် ၁၁နာရီထိုးခါနီးသာရှိသေးသည်။

ရှင်းချန်က ချောင်ဝမ်ကျွင်း နှင့် ချောင်ဝမ်ရှင်းအား ချောင်အိမ်တော်သို့ အရင်ပြန်လိုက်ပို့ပြီးမှ ရှင်းပိုင်နှင့်အတူ ရှင်းအိမ်တော်သို့ ပြန်လာခဲ့သည်။ ရှင်းချန်တို့ထွက်သွားသည်နှင့် ချောင်ဝမ်ကျွင်းက ချောင်ဝမ်ရှင်းအား မေးမြန်းလိုက်သည်။

“မင်းဘာလို့ ရှင်းပိုင်ကို ဒီလောက်တောင် မုန်းနေရတာလဲ?”

ချောင်ဝမ်ရှင်းလဲ အမှန်တရားများကို ဖုံးကွယ်မနေဘဲ ဖြစ်ပျက်ခဲ့သမျှအား သူမအစ်ကို ထုတ်ပြောခဲ့သည်။ သို့သော်လည်း လေယာဉ်ပေါ်တွင် ရှင်းပိုင်ကို ဖိမိခဲ့သည့်ကိစ္စကတော့ အလွန်ရှက်စရာကောင်းလွန်း၍ ထုတ်မပြောခဲ့ပေ။

သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်များကို ကြားပြီးနောက်တွင်တော့ ချောင်ဝမ်ရှင်းကသာ အမှန်တကယ် အပြစ်ပြောခံရမည့်သူဖြစ်ပေမည့် သူမကပဲ ရှင်းပိုင်အပေါ် အပြစ်အားလုံး လွှဲချနေခြင်းကြောင့် ချောင်ဝမ်ကျွင်း စိတ်တိုသွားရတော့သည်။

ရှင်းချန်သည်လဲ လမ်းတွင် ရှင်းပိုင်အား သူနှင့် ချောင်ဝမ်ရှင်းကြားမှပြဿနာအကြောင်းမေးမြန်းခဲ့သည်။ ရှင်းပိုင်ကလဲ အမှန်အတိုင်းအားလုံးထုတ်ပြောခဲ့ကာ ချောင်ဝမ်ရှင်းကဲ့သို့ပင် လေယာဉ်ပေါ်မှ မတော်တဆမှုကိုတော့ ထိန်ချန်ထားခဲ့သည်။

“ဝမ်ရှင်းကပုံမှန်ဆိုရင်တော့ ရိုင်းစိုင်းတဲ့မိန်းကလေးမဟုတ်ပါဘူး။ မင်းတို့နှစ်ယောက်ကျမှပဲ မတည့်ကြတာ။ မင်းလဲ ဒီကိစ္စတွေကို မတွေးသင့်တော့ဘူး။” ရှင်းချန်မှာ ရှင်းပိုင်ကို ထပ်ပြီး အပြစ်မတင်ချင်တော့သောကြောင့် ခွင့်လွှတ်လိုက်ဖို့ရန်သာ တွန်းအားပေးတော့သည်။

***

အခန်း ၄၇၃

ဝှက်ဖဲချပြမယ်

ချောင်ဝမ်ကျွင်းနှင့် ချောင်ဝမ်ရှင်းတို့ အိမ်ထဲဝင်သွားသည်နှင့် ထန်ယွင်ရုန်က ချောင်ဝမ်ရှင်းအား မေးလိုက်သည်၊

“ရှောင်ရှင်း၊ သမီးရှင်းပိုင်ကို ဘယ်လိုသဘောရလဲ?”

အမျိုးသမီးရှင်းနှင့် ထန်ယွင်ရုန်တို့သည် ချောင်ဝမ်ကျွင်းတို့ အပြင်ထွက်လည်နေကြချိန်တွင် ရှင်းမိသားစုနေအိမ်၌ ရှင်းပိုင်နှင့် ချောင်ဝမ်ရှင်းတို့အကြောင်း ပြောဖြစ်ခဲ့ကြသည်။ ထန်ယွင်ရုန်သည်လဲ ရှင်းပိုင်အားအတော်လေး စိတ်တိုင်းကျနေခဲ့သည်။ သူမတို့မိသားစုသည် တစ်ဖက်သားကို နောက်ခံကြည့်ပြီးမှ ပေါင်းသင်းဆက်ဆံတတ်သည့် လူမျိုးမဟုတ်သော်လည်း သူတို့တွင်သာ ရွေးချယ်ခွင့်ရှိလျှင်တော့ သေချာပေါက် အဆင့်အတန်းတူညီသည့် မိသားစုကိုသာ ရွေးချယ်ပေလိမ့်မည်။

ရှင်းပိုင်၏မိသားစုသည် အလွန်ချမ်းသာသည့်အထဲတွင် မပါဝင်သော်လည်း ရှင်းပိုင်သည်တော့ အလွန်ထူးချွန်ကာ သူ့လို ငယ်ငယ်ရွယ်ရွယ်နှင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်နေသည့်လူမျိုးက ရှားပါးလှပေသည်။

“ဘယ်လိုမှသဘောမရပါဘူး။” ချောင်ဝမ်ရှင်း ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။

“ဘာကိုပြောချင်တာလဲ? သူ့ကို ကြိုက်လား မကြိုက်ဘူးလား?” ထန်ယွင်ရုန် ထပ်မေးလိုက်သည်။

“သူ့ကိုကြိုက်လား မကြိုက်ဘူးလား?” ချောင်ဝမ်ရှင်းမှာ သူမအမေ၏အမေးကြောင့် အံ့ဩသွားရပေမည့် မကြာခင်တွင်ပဲ ဘာကိုရည်ရွယ်ကာမေးလဲဆိုသည်ကို သိသွားကာ၊

“အမေ၊ သမီးတို့နှစ်ယောက်က တည့်တောင်မတည့်ဘူး။”

“ပေါက်ကရမပြောနဲ့။” ထန်ယွင်ရုန် အလိုမကျစွာဖြင့် ချောင်ဝမ်ရှင်းအား မျက်စောင်းထိုးလိုက်ကာ၊

“ဘယ်လိုလုပ်မတည့်ရတာလဲ? မင်းတို့က အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးကြတာလေ။”

“အမေ ထားလိုက်ပါ။ သူတို့ဘာသာ လွှတ်ထားပေးလိုက်ပါ။” ချောင်ဝမ်ကျွင်းက ချက်ချင်းပင် စကားဖြတ်ပြောလိုက်သည်။

“ငါ…” ထန်ယွင်ရုန်မှာ ဆက်ပြီးပြောချင်နေသေးသော်လည်း ချောင်ဝမ်ရှင်းကတော့ သူမအခန်းထဲသို့ဝင်သွားပြီဖြစ်သည်။ ချောင်ဝမ်ရှင်းအနေဖြင့် ရှင်းပိုင်အကြောင်း နောက်ထပ်တစ်ခွန်းတစ်လေပင် ထပ်မကြားချင်ကြောင်း သိသာလှပေသည်။ သူမအမြင်တွင်တော့ သူတို့နှစ်ယောင် တချိန်လုံးရန်ဖြစ်နေရခြင်းကြောင့် သူမနှင့်ရှင်းပိုင် ဘယ်လိုမှ တွဲဖို့မဖြစ်နိုင်ဟု ထင်မိလေသည်။ သို့ပေမည့် လေယာဉ်ပေါ်မှ အဖြစ်အပျက်အား ပြန်တွေးမိသွားချိန်တွင်တော့ ချောင်ဝမ်ရှင်း၏နှလုံးခုန်သံများ မြန်ဆန်လာကာ မျက်နှာသည်လဲ နီမြန်းလာရသည်။ သူမထိုကိစ္စထက်ပို၍ ရှက်ဖို့ကောင်းသည့် အဖြစ်မျိုး ဘယ်တုန်းကမှ မကြုံခဲ့မိဖူးပေ။

အမျိုးသမီးရှင်းသည်လဲ ရှင်းပိုင်တို့ အိမ်သို့ပြန်ရောက်သည်နှင့် ချောင်ဝမ်ရှင်းအပေါ် ဘယ်လိုသဘောထားလဲဆိုသည်အား တန်းမေးခဲ့သည်။ ရှင်းချန်နှင့်ချောင်းဝေကတော့ သူတို့အမေကို ဆက်မပြောရန် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှင်းပိုင်က ထိုအမေးအားပြန်မဖြေရသေးခင်တွင်ပဲ ရှင်းချန်က၊

“အမေ၊ ဒီကိစ္စကို သူတို့ဘာသာ စဉ်းစားပါလိမ့်မယ်၊ လွှတ်ပေးထားလိုက်ပါ။” ထိုသို့ပြောပြီးသည်နှင့် ရှင်းချန်က သူ့မိခင်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်သောကြောင့် အမျိုးသမီးရှင်းလဲ ဤကိစ္စအဆင်မပြေမှန်း နားလည်သွားလိုက်သည်။

သို့ပေမည့် ရှင်းပိုင် သူ့ကိုယ်ပိုင်အခန်းထဲသို့ ပြန်ရောက်ချိန်တွင်တော့ သူ့အဒေါ်‌ မေးခဲ့သည့် မေးခွန်းအကြောင်း မစဉ်းစားဘဲမနေနိုင်ခဲ့ပေ။ သူချောင်ဝမ်ရှင်းကို ဘယ်လိုသဘောရလဲ?

တကယ်တော့ ချောင်ဝမ်ရှင်းအကြောင်းနှင့်ပတ်သတ်လျှင် ဆိုးရွားတာကတော့မရှိပေ။ သူမသည် လှပကာ တရားမျှတမှုအပြည့်ရှိသည်။ မမျှော်လင့်ထားစွာဘဲ သူတို့ချင်းကတော့ တွေ့တိုင်းပြဿနာတက်နေရ၍ သူတို့သာ တွဲဖြစ်ခဲ့မည်ဆိုလျှင် ကောင်းသည့်အရာကတော့ ဖြစ်လာမည်မဟုတ်ပေ။

နောက်တစ်နေ့မနက်တွင်တော့ ကုမန့်က အလုပ်သို့ထွက်သွားကာ ကုနင်းသည်တော့ ထန်ယွင်ဖန်းအား ဖုန်းဆက်ခဲ့သည်။

ကုနင်းအနေဖြင့် ထန်ယွင်ဖန်းအား တစ်ချိန်လုံး သူမတို့အား တိတ်တဆိတ်စောင့်ကြည့်နေခွင့် ပေးထားမည်မဟုတ်ပေ။ ထန်ယွင်ဖန်းက ကုမန့်အပေါ် အတော်လေးအာရုံထားနေသည်ဆိုမှတော့ သူ ကုမန့်အနားကို ပြန်လာဖို့ရန် ဆန္ဒရှိနေပြီး စိုးရိမ်ပူပန်နေခြင်းသာဖြစ်ကြောင်း သိသာပေသည်။

ထန်ယွင်ဖန်းက ကုမန့်နှင့်မျက်နှာချင်းဆိုင်ဖို့ရန်အတွက် ရေရှည်စီမံကိန်းတစ်ခုလုပ်ဆောင်နေခြင်းကို ကုနင်းလက်ခံပေးလို့ရပေမည့် သူမ၏ဝှက်ဖဲကိုလဲ ဖော်ထုတ်နိုင်လေသည်။

ကုနင်းဖုန်းဆက်လာခြင်းကြောင့် ထန်ယွင်ဖန်း အလွန်အံ့အားသင့်သွားပေမည့် ကုနင်း သူရှိနေသည်ကို သိသွားပြီမှန်းကိုတော့ မသိသေးပေ။

“ဟလို။” ထန်ယွင်ဖန်း၏အသံမှာ နဂိုပြောနေကျလိုမျိုး အေးစက်မနေပဲ ညင်သာလို့နေသည်။

“ဟလို၊ ဦးလေးထန်။” ကုနင်းသူမ၏ဝှက်ဖဲကို မဖော်ထုတ်သေးခင် သူ့ကို ဦးလေးဟုသာ ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့သည်။

“ဦးလေး အခုFမြို့မှာရှိနေတာကို သိတယ်၊ ပြီးတော့ ကျွန်မအမေနောက်ကိုလဲ ရက်ပိုင်းလောက်လိုက်နေတယ်လေ။ ဒီတော့ ကျွန်မတို့ စကားပြောကြလို့ရမလား?”

ထိုစကားများကိုကြားတော့ ထန်ယွင်ဖန်း ထိတ်လန့်အံ့ဩသွားကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ ကုနင်းက သူရှိနေတာကို သိထားပြီးသားပေါ့။ ကုနင်းဘက်က သူ့ရည်ရွယ်ချက်ကို အထင်လွဲသွားမည်အား အနည်းငယ်စိုးရိမ်သွားမိသည်။

“ရတာပေါ့။” ကုနင်းက သိသွားပြီးမှတော့ ထန်ယွင်ဖန်းအနေဖြင့် သူမနှင့်သွားတွေ့လိုက်သည်က ပိုကောင်းသည်ဟု တွေးမိလေသည်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်မအိမ်ကိုပဲ လာပေးလို့ရမလား?” ထန်ယွင်ဖန်းက အိမ်လိပ်စာကို သိထားပြီးသားဖြစ်သောကြောင့် ကုနင်းအချိန်ကုန်ခံကာ ထပ်ပြောမနေတော့ပေ။

ကုမန့်လဲ ယခုအလုပ်သို့ထွက်သွားပြီဖြစ်သောကြောင့် ကုနင်းကို သူမအိမ်တွင်သွားတွေ့ရန် ထန်ယွင်ဖန်း သဘောတူလိုက်သည်။

ထန်ယွင်ဖန်း ကုနင်း၏အိမ်သို့သွားရာလမ်းတစ်လျှောက်တွင် အိမ်၌ ကုမန့်မရှိတာတောင်မှ အနားနီးလေ ပို၍စိတ်လှုပ်ရှားလာရလေသည်။ ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင်တော့ ကုနင်း၏အိမ်တံခါးမှ ခေါင်းလောင်းသံမြည်လာကာ ကုနင်းလဲ တံခါးထဖွင့်ပေးလိုက်သည်။

ထန်ယွင်ဖန်းကို မြင်ရချိန်တွင် ကုနင်းသည်တော့ ပုံမှန်အတိုင်း အေးအေးဆေးဆေးနှင့်၊

“ဦးလေးထန်၊ အထဲကိုဝင်ပါ။”

ထန်ယွင်ဖန်း အိမ်ထဲသို့ဝင်လိုက်ရင်း နွေးထွေးသည့်အပြင်အဆင်ရှိသည့် ကုနင်း၏အိမ်ထဲသို့ လှည့်ပတ်ကြည့်ရှုမိသည်။ ဤအိမ်သို့ သူပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သော်လည်း သူ့ဇနီးနှင့်သမီးနေထိုင်သည့်နေရာဖြစ်၍ ကိုယ်ပိုင်အိမ်သို့ပြန်ရောက်သွားသလိုမျိုး စိတ်လက်ပေါ့ပါးနေခဲ့သည်။

“ဦးလေးထန်၊ ထိုင်ပါဦး။” ကုနင်း ထန်ယွင်ဖန်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ကာ၊

“ဦးလေးထန်၊ လက်ဖက်ရည်လေးသောက်ပါဦး။”

ကုနင်းက သူ၏သမီးအရင်းဖြစ်မှန်းသိပြီးနောက်တွင် ယခုလို ကုနင်းက သူ့ကိုဦးလေးဟု ခေါ်သံအားကြားရာ၌ အလွန်ဝမ်းနည်းလာမိပေမည့် လောလောဆယ်အခြေအနေတွင်တော့ သူ့ဘက်က ဘာမှမပြောပြနိုင်သေးပေ။

“ဦးလေးထန်၊ ဒီရက်ပိုင်းအတွင်း ကျွန်မအမေနောက်ကို ဘာလို့များလိုက်နေရာတာလဲ? ကျွန်မက ထန်မိသားစုအပေါ် အမြတ်ထုတ်ချင်လို့ ချဉ်းကပ်လာတယ်လို့ ဒီနေရာအထိ ကိုယ်တိုင်လာပြီး ကျွန်မအကြောင်းကို စုံစမ်းနေတာလား? ” ကုနင်း အကြောင်းရင်းကို သိထားပြီးဖြစ်သော်လည်း တမင်တကာကို ထိုသို့မေးခွန်းမျိုးမေးလိုက်သည်။

“အဲ့လိုလုံးဝမဟုတ်ရပါဘူး။” ထန်ယွင်ဖန်း ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“ဒါဆိုဘာလို့လဲ?”

“ဦးလေးရဲ့အပြုအမူက သေချာပေါက် အထင်လွဲချင်စရာကောင်းနေတယ်လေ။”

“ငါ…” ထန်ယွင်ဖန်းလို စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားသည့် ထန်သခင်လေးပင်လျှင် ကုနင်း၏ရှေ့၌ စကားသေချာမပြောနိုင်တော့ပေ။

ကုနင်းက ဆက်ပြီးစကားစစ်ထိုးမနေဘဲ ထန်ယွင်ဖန်း ဖြေလာမည်ကိုသာစိတ်ရှည်ရှည်ဖြင့် စောင့်လို့နေသည်။

ထန်ယွင်ဖန်းလဲ မကြာခင်တွင်ပဲ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်နိုင်သွားကာ လိမ်ညာလိုက်သည်၊

“ငါFမြို့ကို စီးပွားရေးကိစ္စတစ်ခုကြောင့်လာတာ၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါနေတဲ့နေရာက မင်းတို့အိမ်နဲ့ မျက်စောင်းထိုးမှာရှိနေတယ် ဒါကြောင့် မင်းအကူအညီလိုရင်လဲပေးလို့ရအောင် မင်းမိသားစုအပေါ် နည်းနည်းအာရုံထားမိသွားတာပါ။ ပြီးတော့ အဖေကလဲ မင်းကိုအရမ်းသဘောကျနေတာလေ၊ မင်းကိုတော့ သူ့မြေးအရင်းအဖြစ် သတ်မှတ်ချင်တာဆိုတော့ မင်းရဲ့မိသားစုကိုလဲ ငါ့မိသားစုလို သဘောထားသင့်တာပေါ့။”

“ဆရာကြီးထန်က ကျွန်မကို သူ့မြေးအရင်းအဖြစ်မဟုတ်ဘဲ ဒီတိုင်းအပြင်လူကိုမှ မြေးအဖြစ်သတ်မှတ်ချင်တယ်ဆိုတာ သေချာရဲ့လား?” ကုနင်းပြုံးရင်းမေးလိုက်သည်။

“မင်း…” ကုနင်း ထိုအကြောင်းကို သိထားပြီးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ထန်ယွင်ဖန်း အလွန်ထိတ်လန့်အံ့ဩသွားခဲ့သည်။

ထိုအချင်းအရာကိုမြင်တော့ ကုနင်းလဲ သူမ၏ဝှက်ဖဲကို ထုတ်ပြလိုက်တော့သည်၊

“တကယ်တော့၊ ထန်ဘိုးဘိုးက သူ့ရဲ့ဒုတိယသားနဲ့ ကျွန်မကိုအရမ်းတူတယ်လို့ပြောဖူးပြီး၊ ဦးလေးကလဲ လွန်ခဲ့တဲ့၁၈နှစ်တုန်းက ၁နှစ်လောက်ပျောက်သွားခဲ့တယ်လို့ပြောကတည်းက ကျွန်မ ဒီကိစ္စတွေကို စုံစမ်းဖို့ လူလွှတ်ထားခဲ့တာ။ တိုက်ဆိုင်တဲ့အချက်တွေက အရမ်းများနေလို့ ဦးလေးက ကျွန်မအဖြေဖြစ်နိုင်မယ်လို့ အရမ်းသေချာနေတယ်။ ဒါပေမယ့် အမေကတော့ ဦးလေးကို သေပြီလို့ပဲထင်ထားတာလို့ အခုထိ ဒီအကြောင်းတွေ မပြောပြရသေးဘူး။ ဦးလေးကလဲ အဲ့ဒီနှစ်ပိုင်းတုန်းက ကိစ္စတွေအားလုံးကို သတိမရသလို အခုလက်ရှိ သဘောထားကိုလဲ ကျွန်မဘက်ကမသိသေးတော့ အမေ့ကို ကြိုပြောမိပြီး စိတ်မထိခိုက်စေချင်ဘူး။”

***

အခန်း ၄၇၄

ကုချင်နှင့်ကုမန့်တိုက်ခိုက်ခံရခြင်း

ကုနင်းက ဆက်ပြီး၊

“ဦးလေး Fမြို့ကိုလာပြီး ကျွန်မအမေနောက် ရက်ပိုင်းလောက်လျှောက်လိုက်နေတယ်ဆိုကတည်းက ဦးလေးက အဖြစ်မှန်ကိုလက်ခံပြီး မိသားစုပြန်လည်ပေါင်းစည်းချင်နေတာဖြစ်မယ်လို့ ကျွန်မထင်မိတယ်။”

ကုနင်းဘက်က သူမ၏ဝှက်ဖဲကိုဖော်ထုတ်ပြီးမှတော့ ထန်ယွင်ဖန်းလဲ သူမကို ပွင့်ပွင့်လင်းလင်းပြောရမည့် အချိန်ရောက်လာပေပြီ။

“ဟုတ်တယ်၊ မင်းက ငါ့သမီးအရင်းဆိုတဲ့ အချက်ကို လက်ခံတယ်၊ ဒါပေမယ့် အဲ့ဒီနှစ်တုန်းက မှတ်ဉာဏ်တွေကို အခုထိပြန်မရသေးဘူး၊ ဒီတော့ မင်းရဲ့အမေနဲ့ အခုချက်ချင်းကြီး ထွက်မတွေ့ရဲသေးဘူး။ ဒါကတာဝန်မဲ့ရာကျမှန်းသိပေမယ့် အခုလို မှတ်ဉာဏ်ပြန်မရသေးတဲ့ အချိန် မင်းအမေကို သွားတွေ့လိုက်ရင် ခံစားချက်အစစ်အမှန်အတိုင်း ဆက်ဆံပေးနိုင်မှာမဟုတ်ဘူး။ သူ့ကိုလဲ ပိုပြီး မခံစားသွားရစေချင်ဘူး။ ဒါကြောင့် အခုလိုအခြေအနေမျိုးကိုပဲ ဆက်ထိန်းသိမ်းထားတာက ငါတို့အားလုံးအတွက် ပိုကောင်းမယ်လို့ထင်တယ်။”

“ကျွန်မလဲသဘောတူပါတယ်၊ ဒါပေမယ့် ဦးလေးရဲ့မှတ်ဉာဏ်တွေပြန်မရသေးခင် အမေက တခြားတစ်ယောက်ကို ချစ်မိသွားမှာ မစိုးရိမ်ဘူးလား?”

ကုနင်း၏စကားများက ထန်ယွင်ဖန်းမနေ့က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းအား ပြန်လည်အမှတ်ရသွားစေခဲ့ကာ အလွန်ထိတ်လန့်သွားခဲ့သည်၊

“မင်း-မင်းအမေမှာ ကြိုက်နေတဲ့သူရှိနေပြီလား?”

ထန်ယွင်ဖန်း အလွန်စိုးရိမ်သွားသည်ကိုတွေ့လိုက်ရတော့ ကုနင်းကျေနပ်သွားကာ၊

“မရှိသေးပါဘူး။ ဒါပေမယ့် အမေ့အတွက် လက်တွဲဖော်တစ်ယောက်လောက်ရှာပေးဖို့တော့ ကျွန်မမှာ အစီစဉ်ရှိတယ်။ အမေက ၁၈နှစ်လုံးတစ်ကိုယ်တည်း ဖြတ်သန်းလာရတာ။ ပြီးတော့ နောက်နှစ်ဝက်ဆို ကျွန်မလဲ မြို့တော်မှာ ကျောင်းသွားတတ်တော့မှာဆိုတော့ အမေ့ကို တစ်ယောက်တည်းကြီး မထားခဲ့ချင်ဘူး။ ဒါကြောင့် အမေ့ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်မယ့် ယုံကြည်ရတဲ့လူတစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးချင်ပေမယ့် အခုဦးလေးလဲ ပေါ်လာပြီဆိုတော့ ဦးလေးတို့နှစ်ယောက်က အလိုက်ဖက်ဆုံးပဲ ဒါကြောင့် နှစ်ယောက်သား အမြန်ဆုံးပေါင်းစည်းနိုင်ဖို့ မျှော်လင့်တယ်။”

ထိုစကားများကိုကြားကာမှ ထန်ယွင်ဖန်း စိတ်အေးသွားရတော့သည်။

“အမေ ကျွန်မကိုဘာလို့ ကုနင်းလို့နာမည်ပေးခဲ့လဲ ဦးလေးသိလား?” ကုနင်းမေးလိုက်သည်။

“လွန်ခဲ့တဲ့ ၁၈နှစ်တုန်းက အမေပထမနှစ်ကျောင်းသူအရွယ်မှာပေါ့။ သူမတော်တဆနဲ့ ဒဏ်ရာရထားတဲ့ လူတစ်ယောက်ကို ကယ်ခဲ့တယ်။ ဒါပေမယ့် သူက မှတ်ဉာဏ်တွေပျောက်နေပြီး အမေ့အနားကလဲ မခွာသွေားလို့ အမေက သူ့ကို ‘နင်း’ဆိုပြီးခေါ်ခဲ့တာ။”

‘နင်း’ဆိုသည့်နာမည်အား ကြားလိုက်ရတော့ ထန်ယွင်ဖန်း၏ ခေါင်းက အနည်းငယ် ကိုက်ခဲ့လာရသည်။ ‘နင်း’ဆိုသည့်နာမည်က သူ့အတွက်အရေးကြီးသလိုမျိုး ထူးဆန်းသည့်ခံစားချက်များ ခံစားလိုက်ရပေမည့် မှတ်ဉာဏ်ကိုတော့ဖြင့် ပြန်မရခဲ့သေးပေ။

ကုနင်းက ဆက်ပြီး၊

“အစတုန်းကတော့ အမေက သနားကြင်နာတတ်ပြီး သူ့ကိုကယ်တင်ပေးခဲ့ပေမယ့် နောက်ကျတော့ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားခဲ့ကြတယ်။ ‘နင်း’က ထူးချွန်တဲ့လူဖြစ်လို့ နှစ်ဝက်အတွင်းမှာပဲ ကုမ္ပဏီတစ်ခုရဲ့ ကြီးကြပ်ရေးမှူးဖြစ်လာခဲ့တယ်။ ပြီးတော့ မကြာခင်မှာပဲ မန်နေဂျာရာထူးကိုရသွားခဲ့တယ်။ ဒါပေမယ့် အလုပ်ကိစ္စခရီးတစ်ခုထွက်တဲ့အချိန်မှာ ကားမတော်တဆမှုဖြစ်ပြီး ပျောက်သွားခဲ့တယ်။ အဲ့ဒီမတော်တဆမှုမှာ ‘နင်း’အပေါအဝင် လူ၆ယောက်ပျောက်ဆုံးသွားခဲ့တယ်။”

ကုနင်းပြောပြသည့် ဇာတ်ကြောင်းကိုနားထောင်ပြီးနောက် ထန်ယွင်ဖန်း၏စိတ်ထဲ မှတ်ဉာဏ်အပိုင်းအစများ ပေါ်ထွက်လာခဲ့ကာ ထိုမှတ်ဉာဏ်အပိုင်းအစများကို စုစည်းနိုင်ဖို့ရန် ကြိုးပမ်းပေမည့် မလုပ်နိုင်ခဲ့ပဲ နာကျင်မှုကသာ ပိုများလာခဲ့သည်။

သို့ပေမည့် ကုနင်းကတော့ ထန်ယွင်ဖန်း၏မှတ်ဉာဏ်များကို နှိုးဆွနိုင်ကြောင်းသိရသည်နှင့် မရပ်သွားဘဲ၊

“နောက်တော့၊ အမေက သူ့မှာကိုယ်ဝန်ရှိနေတာသိပြီး ကျောင်းထွက်လိုက်တယ်။”

ထို့နောက်ဆက်လက်ပြီး ကုနင်းက ကုမိသားစုတွင်ဖြတ်သန်းခဲ့ရသည့် ကုမန့်၏ဆိုးရွားလှသည့် ဘဝနှင့် လွန်ခဲ့သည့် ၁၈နှစ်အတွင်း သူမတို့နှစ်ယောက်ဖြတ်သန်းခဲ့သည့် ဘဝဇာတ်ကြောင်းများကိုပါ ထန်ယွင်ဖန်းအား ဆက်ပြောပြခဲ့သည်။

“တောင်းပန်ပါတယ်၊ မင်းတို့ဒီလိုဖြတ်သန်းခဲ့ရမယ်မှန်းမသိခဲ့ဘူး။ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။…” ထန်ယွင်ဖန်းသည်တော့ အထပ်ထပ်အခါခါတောင်းပန်နေပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့သည်။

ထန်ယွင်ဖန်း ဆက်ပြီး မှတ်ဉာဏ်ပြန်ပေါ်မလာတော့သည်ကိုသိတော့ ကုနင်းလဲ ဇာတ်လမ်းကြောင်းပြောပြနေခြင်းကို ရပ်တန့်လိုက်ကာ ထန်ယွင်ဖန်းအနားသို့သွားလိုက်ပြီး နားထင်သို့နှိပ်ပေးရင်း သူမ၏စွမ်းအင်များကို ဖြည့်သွင်းပေးလိုက်သည်။

ထန်ယွင်ဖန်းပြန်ပြီး စိတ်ငြိမ်သွားပြီဆိုတော့မှ ကုနင်းက၊

“ဦးလေးဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ? အခုပဲ အမေနဲ့တွေ့ချင်လား ဒါမှမဟုတ် မှတ်ဉာဏ်တွေပြန်ရတာကို စောင့်ချင်သေးလား?”

ကုနင်း၏စကားဆုံးသွားပြီးနောက် ထန်ယွင်ဖန်း ပြန်မပြောရသေးခင်မှာပဲ ကုနင်း၏ဖုန်းမှမြည်လာခဲ့ကာ ခေါ်ဆိုသူသည်တော့ Kameiအလှပြင်ဆိုင်ဘေးရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများရောင်းသည့် ဆိုင်ပိုင်ရှင် အမျိုးသမီးဖူပင်ဖြစ်သည်။ သူမသည်လဲ Kameiအလှပြင်ဆိုင်မှ အဖွဲ့ဝင်ဖြစ်သောကြောင့် အစောကတည်းက ကုချင်နှင့်ကုမန့်တစ်ခုခုဖြစ်လျှင် သူတို့ကိုယ်တိုင်မဆက်သွယ်နိုင်ပါက အမျိုးသမီးဖူက ဆက်သွယ်ပေးရန်အတွက် ကုနင်းနှင့်ဖုန်းနံပါတ်ချင်းလဲထားကြခြင်းဖြစ်သည်။ ထို့ကြောင့် ဖုန်းခေါ်ဆိုသူက အမျိုးသမီးဖူဖြစ်မှန်း ကုနင်းသိလိုက်ချိန်တွင် မကောင်းသည့်ခံစားချက်များရသွားတော့သည်။

“ဟလို အမျိုးသမီးဖူ။”

“မိန်းကလေးကု ဒီကိုမြန်မြန်လာခဲ့ပါ။ လူတစ်စုက မင်းတို့ဆိုင်ကို ဖျက်ဆီးနေပြီ။ ဒါပေမယ့် ဆိုင်ထဲမှာ သူတို့ဘယ်လိုတွေလုပ်နေကြလဲတော့ အတိအကျမသိဘူး။” အမျိုးသမီးဖူက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။

“ဘယ်လို? ရဲကိုအကြောင်းကြားထားပေပါ။ ကျွန်မအခုချက်ချင်းလာခဲ့ပါမယ်။” ကုနင်းအလွန်ထိတ်လန့်သွားရသည်။

“ငါလဲလိုက်ခဲ့မယ်။” အမျိုးသမီးဖူ၏အသံကို ထန်ယွင်ဖန်းလဲ သေချာကြားလိုက်လေသည်။

ကုနင်းလဲ ငြင်းဆန်မနေတော့ဘဲ သူတို့အတူတူ ထွက်လာခဲ့လိုက်ကြသည်။ ထန်ယွင်ဖန်း၏ကားက အောက်ထပ်တွင်ရပ်ထားသောကြောင့် သူတို့ချက်ချင်းပင် ဈေးဝယ်စင်တာသို့ မောင်းထွက်လာခဲ့ကြသည်။

လမ်းတွင်တော့ ကုချင်နှင့်ကုမန့်ကို နှောင့်ယှက်သည့်အဖွဲ့မှာ မည်သူတွေဖြစ်နိုင်လဲကို ကုနင်းစဉ်းစားနေခဲ့ကာ ကုချင်နှင့်ကုမန့်၏လုံခြုံရေးအတွက်လဲ အလွန်စိုးရိမ်နေခဲ့သည်။

ပုံမှန်ဆိုလျှင် ဈေးဝယ်စင်တာသို့ရောက်ရန် ၁၅မိနစ်လောက်လိုပေမယ့် ထန်ယွင်ဖန်းက အမြန်မောင်းသောကြောင့် ၇မိနစ်ထဲနှင့် ရောက်သွားခဲ့သည်။

သူတို့ရောက်သွားချိန်တွင် အလှပြင်ဆိုင်တစ်ခုလုံး ပျက်စီးနေကာ ရဲများရောက်ရှိနေပြီဖြစ်သော်လည်း ဆိုင်ကိုဖျက်ဆီးခဲ့သူများကတော့ ထွက်သွားနှင့်လို့နေပြီဖြစ်သည်။

“မိန်းကလေး၊ ဒီထဲဝင်လာလို့မရပါဘူး။” ကုနင်းအထဲသို့ဝင်မည့်အချိန်တွင် ရဲတစ်ယောက်က သူမကိုတားလိုက်သည်။

“ကျွန်မက ဒီဆိုင်ပိုင်ရှင်ရဲ့သမီးပါ။” ထို့နောက် ကုနင်းနှင့်အတူ ထန်ယွင်ဖန်းပါ အထဲသို့လိုက်ဝင်သွားလိုက်သည်။

ကုမန့် မမှတ်မိစေရန်အတွက်လဲ ထန်ယွင်ဖန်းက နှာခေါင်းစည်းကိုတပ်ထားလေသည်။

ဆိုင်ထဲတွင်တော့ ကုချင်နှင့်ကုမန့်အပါအဝင် လူများစွာ ဒဏ်ရာရရှိနေခဲ့သည်။ ကုမန့်သည်တော့ ခေါင်းမှသွေးများထွက်နေကာ သတိလစ်လုနီးပါးပင်ဖြစ်နေသောကြောင့် အားလုံးထဲတွင် အဆိုးဆုံးအခြေအနေဖြစ်သည်။ လူနာတင်ယာဉ်က ယခုထိမရောက်ရှိလာသေးသောကြောင့် ကုမန့်က ဆိုဖာပေါ်တွင်သာ လဲလျောင်းလို့နေနိုင်ပြီး ကုချင်သည်တော့ သူမဘေးတွင်ရပ်ကာ စိုးရိမ်ပူပန်စွာဖြင့် ငိုကြွေးလို့နေသည်။

ကုချင်၏လက်မောင်းသည်တော့ သံလုံးဖြင့် အရိုက်ခံထားရသည့်အရာရှိကာ အခြားသောဝန်ထမ်းများသည်လဲ ဒဏ်ရာအမျိုးမျိုးရရှိထားကြပေမည့် ကံကောင်းစွာဖြင့် အားလုံးအသက်အန္တရာယ်မရှိကြပေ။

“အမေ၊ အန်တီ။” ကုနင်းသူတို့ထံသို့ပြေးသွားလိုက်ကာ ထန်ယွင်ဖန်းလဲ နောက်မှလိုက်လာခဲ့သည်။

ကုမန့်အသက်အန္တရာယ်ရှိနေသည်ကိုမြင်ရတော့ ထန်ယွင်ဖန်း၏ရင်ထဲမှ နာကျင်လာရကာ သူမသေဆုံးသွားမည်ကိုလဲ လွန်စွာ စိုးရိမ်သွားခဲ့သည်။

ထန်ယွင်ဖန်း အလွန်စိုးရိမ်ကြောက်လန့်နေသည်ကိုမြင်တော့ ကုနင်း နှစ်သိမ့်ပေးလိုက်သည်။

“အဆင်ပြေသွားမှာပါ။” ကုနင်းက ထန်ယွင်ဖန်းကို နှစ်သိမ့်ပေးရုံတင်မကဘဲ ဆက်တိုက်ငိုယိုနေသည့် ကုချင်ကိုလဲ နှစ်သိမ့်ပေးရသည်။ ထိုသို့ဆိုလျှင်တောင်မှ ထန်ယွင်ဖန်းကတော့ ကုမန့်၏အသက်အတွက် စိုးရိမ်နေရစဲပင်။

သူတို့က လူအများကြားတွင်ရှိနေသေးသောကြောင့် ကုနင်းအနေဖြင့် သူတို့ကို သူမစွမ်းအင်ဖြင့် တိုက်ရိုက် ကူးပြောင်းပေးခြင်းဖြင့် ကုသပေး၍မရပေ။ ထို့ကြောင့် စွမ်းအင်သလင်းကျောက်များကိုသာ ထုတ်ယူလိုက်ကာ သူတို့အားလုံးကို သောက်စေလိုက်သည်။ ကုမန့်သည်က ဒဏ်ရာအပြင်းဆုံးဖြစ်သောကြောင့် သူမသက်ကို မြန်နိုင်သမျှမြန်မြန် ကုနင်းကယ်တင်မှဖြစ်ပေမည်။

အခြားသောဒဏ်ရာရသူများကတော့ ကုနင်းပေးသည့်ဆေးကို ယူပြီးသည်နှင့် ဘာမှမေးမနေဘဲ ချက်ချင်းပင် သောက်လိုက်ကြသည်။

***

အခန်း ၄၇၅

လူကြီးမင်းထန်၊ ရှင်အအေးမိနေတာလား?

ဆေးသောက်ပြီးသွားသည့်နောက်တွင်တော့ တခြားဒဏ်ရာရနေသူအားလုံး မကြာခင်တွင်ပဲ ပြန်လည်ကောင်းမွန်လာကြကာ သူတို့အားလုံး ဆေးအစွမ်းသက်ရောက်ပုံကြောင့် အံ့အားသင့်နေကြတော့သည်။ သို့ပေမည့် အခုလေးတွင် ကြောက်ရွံ့ဖွယ်ရာ တိုက်ခိုက်မှုကိုခံထားရသောကြောင့် အားလုံး စိတ်အခြေအနေမကောင်းကြသေးပေ။

မကြာခင်အချိန်တွင်ပဲ ကုမန့်၏ခေါင်းမှ သွေးတိတ်သွားကာ သတိပြန်ကပ်လာခဲ့သည်။

“နင်းနင်း။” ကုမန့်က စိတ်လှုပ်ရှားစွာဖြင့် ကုနင်းကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ သူမခေါင်းကို ရိုက်မိသွားသည့်အချိန်တုန်းက သူမသာ ယခုအချိန်သေသွားခဲ့လျှင် ကုနင်းကို ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုသည့် အတွေးကသာ အရင်ဆုံးတွေးမိခဲ့ရသည်။

“အမေ၊ အဆင်ပြေသွားပါပြီ။ အခုဆင်ပြေသွားပြီ။” ကုနင်းပြောလိုက်သည်။

ကုမန့် အသက်အန္တရာယ်ကင်းသွားသည်ကိုမြင်တော့မှ ထန်ယွင်ဖန်းလဲ စိတ်အေးသွားရသည်။

ထို့နောက် ကုနင်းက ကုချင်ကို ကိစ္စများအားမေးမြန်းလိုက်သည်။

“အန်တီ၊ ဘာတွေဖြစ်သွားတာလဲ?”

“မသိဘူး။ ငါတို့ဆိုင်ဖွင့်ပြီးရုံရှိသေးတယ်၊ လူတစ်စုက ရုတ်တရက်ကြီး ပြေးဝင်လာပြီး ဘာမှမပြောဘဲနဲ့ သူတို့လက်ထဲက သံတုတ်တွေနဲ့ မြင်မြင်သမျှကို ဖျက်ဆီးတော့တာပဲ” ကုချင်မှာ အခုချိန်ထိ တုန်လှုပ်လို့နေကာ ကြောက်ရွံ့နေစဲဖြစ်သည်။

“အခုရက်ပိုင်းအတွင်း တစ်ယောက်ယောက်နဲ့ ပြဿနာတက်ထားကြသေးလား?” ကုနင်းထပ်မေးလိုက်သည်။

“မတက်ထားဘူး။” ကုချင်ရော ကုမန့်ပါ ပြန်ဖြေလိုက်သည်။

“ကျွန်မကြားတာတော့ သူတို့က ချင်ဂိုဏ်းကလို့ပြောနေတယ်။” ဆိုင်မန်နေဂျာက ဝင်ပြောလိုက်သည်။

“ချင်ဂိုဏ်း?” ထိုစကားကိုကြားသည်နှင့် လူတိုင်းထိတ်လန့်သွားကြတော့သည်။

သို့ပေမည့် ကုနင်းကတော့ မကျေမနပ်သာဖြစ်သွားခဲ့သည်။ ထို့နောက် သူမတို့မိသားစုဆိုင်ကို ဖျက်ဆီးရန်အတွက် တစ်ယောက်ယောက်က လူငှားခဲ့ခြင်းဖြစ်မည်မှန်း သိလိုက်ပေမည့် ထို့သို့လုပ်ခြင်းက သူမကြောင့်လား ကုချင်နှင့်ကုမန့်ကြောင့်လားဆိုသည်ကိုတော့ မသိပေ။

သူတို့သာ ကုနင်းကိုထိခိုက်စေရန် ရည်ရွယ်ခြင်းဆိုလျှင်တော့ အရင်ညက စစ်ထူယဲ့ကို သူမကယ်တင်လိုက်ခြင်းကြောင့်ဖြစ်မည်ဟု တွေးလိုက်မိသည်။ စစ်ထူယဲ့ကို သတ်ရန် ကြံစည်နေသူက သူမကယ်လိုက်ခြင်းကြောင့် ဒေါသထွက်ကာ ချင်ဂိုဏ်း၏နာမည်ကိုယူသုံးပြီး သူမကို ပြန်လက်စားချေခြင်း သို့မဟုတ် တကယ်ပဲ ချင်ဂိုဏ်းမှတစ်ယောက်ယောက်လဲ ဖြစ်နေနိုင်ပေသည်။

အကယ်၍ သူတို့ကသာ ကုချင်နှင့်ကုမန့်ကို ရည်ရွယ်ကာ ထိခိုက်စေလိုခြင်းဖြစ်လျှင်တော့ Kameiအလှပြင်ဆိုင်သည် ဤနယ်တဝိုက်အလွန်ကျော်ကြားလာခြင်းကြောင့် ပြို်ငဘက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဦးက ကြံစည်ခြင်းဖြစ်နိုင်ပေသည်။ အထူးသဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပွဲတော်အပြီးတွင် သူမတို့ဆိုင်၏ ဖောက်သည်များက အလွန်တိုးပွားလာကာ လဝက်အတွင်းမှာပဲ ဝန်ထမ်းအသစ်၅ဦးပင် ထပ်ခန့်ခဲ့ရသည်။

ဤဖြစ်နိုင်ချေ၂ရပ်အပြင် အခြားဖြစ်နိုင်ချေများလဲ ရှိသေးသော်လည်း ကုနင်းကတော့ ဤ၂ချက်ကသာ အဖြစ်နိုင်ဆုံးဟု ထင်မိသည်။

“ချင်ဂိုဏ်း? သူတို့ကို တစ်ယောက်ယောက်က မင်းတို့ဆိုင်ကို ဖျက်ဆီးဖို့ ငှားခဲ့တာလို့ပဲ ထင်တယ်။” ထန်ယွင်ဖန်း၏အမြင်အရ ချင်ဂိုဏ်းကတော့ သူတို့ကို တစ်ယောက်ယောက်က ငှားခြင်းမဟုတ်ဘဲနှင့် ဤကဲ့သို့ အလှပြင်ဆိုင်လေးတစ်ခုကို အလုပ်ရှုပ်ခံကာ ပြဿနာရှာလိမ့်မည်မဟုတ်ပေ။

ထန်ယွင်ဖန်း၏အသံကို မကြားခင်အချိန်အထိ သူရှိနေမှန်း ကုမန့်သတိမထားမိခဲ့ပေ။

“ရှင်ပဲ!” ကုမန့်အံ့အားသင့်သွားခဲ့သည်။

ကုနင်းလဲ တခနကြောင်အသွားကာ ထန်ယွင်ဖန်းအား ကြည့်လိုက်မိသည်။

ထန်ယွင်ဖန်း ချက်ချင်းပင် ရှင်းပြလိုက်သည်။

“အရင်တစ်နေ့တုန်းက မင်းအမေရဲ့ပိုက်ဆံအိတ်ကို လူမိုက်အဖွဲ့လုနေတာတွေ့လို့ ဝင်ကူညီပြီး ပြန်ယူပေးခဲ့သေးတယ်။”

ထိုစကားကိုကြားတော့မှ ကုနင်းလဲ ထန်ယွင်ဖန်းနှင့် သူမအမေမည်သို့ သိနေလဲဆိုသည်ကို နားလည်သွားတော့သည်။

“အမေ၊ အန်တီ၊ ဒီလူကြီးမင်းနာမည်က ထန်ယွင်ဖန်းပါ။” ကုနင်း ကုချင်နှင့်ကုမန့်ကို မိတ်ဆက်ပေးလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ လူကြီးမင်းထန်။” ကုချင်ရော ကုမန့်ပါ နှုတ်ဆက်လိုက်ကာ ကုမန့်က ထပ်ပြီး၊

“အရင်တစ်နေ့က ကျွန်မကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

“ရပါတယ်။”

ကုမန့်နှင့် ပြောဆိုသည့်အချိန်တွင် ထန်ယွင်ဖန်း၏ပုံစံမှာ အေးစက်သည့်အမူအရာများ ကြောက်လန့်နေသည့် အမူအရာများ လုံးဝပျောက်ကွယ်သွားကာ ညင်သာနူးညံ့လို့နေသည်။ တကယ်တော့ ကုမန့်က သူ့အပေါ် အကောင်းမြင်မှုလေးရှိသွားစေချင်သောကြောင့် အတော်လေးစိတ်လှုပ်ရှားနေခဲ့ရသည်။ ထိုအချိန်တွင်ပဲ လူနာတင်ယာဉ်ရောက်ရှိလာခဲ့သည်။ လူတိုင်း အဆင်ပြေနေကြပြီဖြစ်သော်လည်း ကုနင်းက သူတို့ကို ဆေးရုံတွင် စစ်ဆေးမှုများ လုပ်ရန်အတွက် တိုက်တွန်းလိုက်သည်။

“ဦးလေးထန် အဆင်ပြေရင် ကျွန်မအမေနဲ့အဒေါ်တို့ကို ဆေးရုံခေါ်သွားပေပြီး အိမ်ကိုပါ ပြန်လိုက်ပို့ပေးလို့ရမလား? ကျွန်မဒီကိစ္စကို ရှင်းရဦးမှာမို့လို့။” ကုနင်းပြောလိုက်သည်။

“ရတာပေါ့။” ထန်ယွင်ဖန်း သဘောတူလိုက်သော်လည်း ဤကိစ္စတွင် ချင်ဂိုဏ်းက ပါဝင်ပတ်သတ်နေသောကြောင့် ကုနင်းတစ်ယောက်တည်း မကိုင်တွယ်နိုင်မည်ကိုလဲ စိုးရိမ်နေမိသည်။

“ဒီကိစ္စအတွက်ကော ငါ့အကူအညီလိုသေးလား?”

“ရပါတယ်၊ ကျွန်မဘာသာ ကိုင်တွယ်နိုင်ပါတယ်။”

“ဒါဆို လိုအပ်တာနဲ့ ချက်ချင်းလှမ်းပြောနော်။” ထန်ယွင်ဖန်း စိတ်ပူနေမိစဲပင်။ တကယ်ဆိုလျှင် ဤသို့သောပြဿနာများကို ကူညီဖြေရှင်းပေးကာ သူ့ဇနီးနှင့်သမီးကို ဂရုစိုက်ပေးသင့်ပေမည့် သူ့အကြောင်း အစစ်အမှန်ကို ထုတ်ဖော်မပြရသေးသောကြောင့် အခုချိန်က ဝင်ပါဖို့ရန် အချိန်ကောင်းမဟုတ်နေပေ။

“ကျေးဇူးပါ။” ကုနင်းပြန်ဖြေလိုက်ကာ ကုမန့်ကလဲ၊

“ကျေးဇူးအများကြီးတင်ပါတယ်၊ လူကြီးမင်းထန်။”

ထို့နောက် ကုနင်းကလွဲ၍ ကုမန့်တို့အားလုံး ထွက်သွားကြတော့သည်။

ရဲများကတော့ လူမိုက်များကို မကြာမီအချိန်အတွင်း တက်နိုင်သမျှအမြန်ဆုံး ဖမ်းဆီးပေးမည်ဟု ကုနင်းကိုပြောခဲ့ပေမည့် ကုနင်းကတော့ သူမဘာသာ ကိုင်တွယ်ဖြေရှင်းသည်က ပို၍မြန်ဆန်မည်ဟု တွေးမိလေသည်။

သူတို့အားလုံးထွက်သွားပြီးသည်နှင့် ကုနင်း လုံခြုံရေးကင်မရာများစစ်ဆေးလိုက်ကာ ဗီဒီယိုကို ကူးယူပြီးနောက် ချူးရွှမ်ဖန်အား ဖုန်းဆက်လိုက်သည်။

“ဟေ့ ဘာအကြောင်းထူးလို့လဲ?” ချူးရွှမ်ဖန်က ဖုန်းမည်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပြန်လည်ဖြေကြားခဲ့သည်။

“ဟိုင်း၊ ကျွန်မတို့တွေ့လို့ရမလား? ရှင့်အကူအညီလေးလိုလို့။”

“ရတာပေါ့။ မင်းအခုဘယ်မှာလဲ?” ကုနင်းက အကူအညီလိုခြင်းဖြစ်၍ ချူးရွှမ်ဖန် တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူလိုက်သည်။ သူ့ဘော့စ်က ကုနင်းကို ကြိုက်နေသလို သူ့ဘော့စ်ရဲ့အသက်ကိုလဲ သူမကယ်ခဲ့ခြင်းကြောင့် သူတတ်နိုင်သမျှ သူမကို ကူညီပေးရပေမည်။

ထို့နောက် ကုနင်းက ချူးရွှမ်ဖန်က အလှပြင်ဆိုင်တွင်သာ သူမကိုလာတွေ့ရန် ချိန်းဆိုလိုက်သည်။

“လူကြီးမင်းထန်၊ ရှင်အအေးမိနေတာလား?” ထန်ယွင်ဖန်းက တချိန်လုံး နှာခေါင်းစည်းကို ဝတ်ဆင်ထားသောကြောင့် ကုမန့်က စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

“အမ်၊ ကျွန်တော့်မှ ဓါတ်မတည့်တာရှိလို့ နှာခေါင်းစည်းဝတ်တာပါ။” ထန်ယွင်ဖန်း လိမ်ညာလိုက်သည်။

မိနစ်၂၀ကြားပြီးနောက်တွင်တော့ ချူးရွှမ်ဖန်ရောက်ရှိလာကာ အလှပြင်ဆိုင်အတွင်း ရှုပ်ပွနေသည်ကိုမြင်ပြီး အံ့အားတကြီးဖြင့်၊

“ဘယ်သူလုပ်သွားတာလဲ?”

“သူတို့ပြောတာကတော့ သူတို့က ချင်ဂိုဏ်းကတဲ့။” ကုနင်းပြန်ဖြေလိုက်သည်။

“ဘာ?” ချူးရွှမ်ဖန် အလွန်အံ့အားသင့်ကာ ဒေါသလဲထွက်သွားရသည်။ ဘယ်သူကများ ကုနင်းကို ထိခိုက်အောင်လုပ်ရဲတာလဲ? သူတို့ ကိုယ့်သေတွင်းကိုတူးနေကြတာပဲ။

ချူးရွှမ်ဖန်သည် လုံးဝကို ကုနင်း၏စကားအား သံသယမရှိပေ။

“စိတ်မပူပါနဲ့၊ ဘယ်သူလုပ်လဲဆိုတာ ငါအမြန်ဆုံး စုံစမ်းလိုက်မယ်။”

“သူတို့က တကယ်ပဲချင်ဂိုဏ်းကဟုတ်ရဲ့လားဆိုတာ မသေချာဘူး၊ ဒါကြောင့် သေချာစုံစမ်းကြည့်ပေးပါ။ ဒါက လုံခြုံရေးကင်မရာကရထားတဲ့ ဗီဒီယိုဖိုင်ပဲ။” ကုနင်း အစောကကူးယူထားသည့် ဗီဒီဖိုင်များကို ချူးရွှမ်ဖန်အားပေးလိုက်ကာ၊

“ဒီနောက်ကွယ်က စေခိုင်းတဲ့လူကို ရှင်သိရင် ကျွန်မကိုပဲပြန်ပြောပေးပါ။ ကျွန်မဘာသာ ဖြေရှင်းလိုက်ပါ့မယ်။”

“ကောင်းပြီလေ၊ ငါဒီနေ့အတွင်း အဖြေပြန်ပေးမယ်။” ချူးရွှမ်ဖန် ကုနင်းကို ကတိပေးလိုက်သည်။ ဤကိစ္စက ကုနင်းနှင့်ပတ်သတ်နေသည့်ကိစ္စဖြစ်သောကြောင့် သူ့ဘက်က အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးပေမည်။

***

All Chapters