အခန်း (၄၇၆-၄၈၀)
Vol. 32 Ch. 476-480
အခန်း ၄၇၆
နိုင်ရင် လွှတ်ပေးမယ်
ကုနင်း ဆိုင်တံခါးပိတ်ကာ ထွက်လာပြီးနောက် ကုမန့်အိမ်ပြန်ရောက်ပြီလား ဆေးရုံမှာပဲလား သိရအောင် ဖုန်းလှမ်းဆက်မေးလိုက်သည်။
ထို့နောက် ကုမန့်က အိမ်သို့ပြန်သည့်လမ်းတွင်ရောက်နေပြီဟုပြောသောကြောင့် ကုနင်းလဲ အိမ်သို့သာ ပြန်သွားလိုက်တော့သည်။
ကားပါကင်သို့ရောက်ကြချိန်တွင်တော့ ကုမန့်က ထန်ယွင်ဖန်းအား သူမအိမ်တွင်နေ့လည်စာအတူစားရန် ဖိတ်လိုက်သည်။ ထန်ယွင်ဖန်းလဲ သူမတို့နှင့်အတူ လိုက်ချင်ပေမည့် လောလောဆယ် သူ၏နောက်ခံအစစ်အမှန်ကို မဖော်ပြချင်သေးသောကြောင့် ငြင်းလိုက်ရသည်။ ထန်ယွင်ဖန်းက အလုပ်များနေသည်ဟုပြောသောကြောင့် ကုမန့်လဲ အတင်းမတိုက်တွန်းတော့ပေ။
ထန်ယွင်ဖန်း ထွက်သွားပြီးသည်နှင့် ကုနင်းကိုဖုန်းဆက်ကာ ကုမန့်နှင့်ကုချင်အား အိမ်သို့ဘေးကင်းကင်းဖြင့် ပြန်ပို့ပြီးသွားသည့်အကြောင်းပြောလိုက်သည်။
ကုနင်းက ထန်ယွင်ဖန်းအားထပ်မေးလိုက်ပြန်သည်။
“အမေ့ကို အခုအချိန်အတွင်း အမှန်တရားကိုပြောပြဖို့ စီစဉ်ထားလား ဒါမှမဟုတ် မှတ်ဉာဏ်တွေပြန်ရတဲ့အထိ စောင့်မှာလား?”
ထန်ယွင်ဖန်း အချိန်တခနခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကုမန့်ကို အချိန်အကြာကြီး စောင့်ခိုင်းခြင်းကမကောင်းမှန်း သူသိပေမည့် ချက်ချင်းကြီး အမှန်တရားကို ဖော်ထုတ်လိုက်ဖို့ရန်ကိုလဲ တုန့်ဆိုင်းနေမိသေးသည်။
“ဒီလောက်နှစ်တွေအများကြီးကြာထားပြီးတော့ မင်းအမေက ငါ့ကိုလက်မခံတော့မှ ကြောက်တယ်။”
ကုနင်းလဲ ထိုအချက်ကို လက်ခံလေသည်။
“ဒါဆို ကျွန်မအရင်ဆုံး အမေ့ရဲ့အမြင်ကိုမေးထားပြီး သူ့စိတ်ကိုပြင်ဆင်ထားနိုင်အောင် ကူညီပေးမယ်။”
“ကောင်းတာပေါ့။” ထန်ယွင်ဖန်း ပြန်ဖြေလိုက်သည်။
ကုနင်းအိမ်ပြန်ရောက်ချိန်တွင်တော့ နေ့လည်စာစားပြီးလို့ ကုချင်ပြန်ပြီးချိန်တွင် ကုမန့်နှင့် စကားပြောဖို့ရန် ဆုံးဖြတ်လိုက်သည်။
သူမတို့နေ့လည်စာစားနေချိန်တွင်ပဲ ချူးရွှမ်ဖန်က ကုနင်းကို ဖုန်းဆက်လာသောကြောင့် ကုနင်း သူမအခန်းထဲသို့သွားပြီးကာမှ ပြန်ဖြေလိုက်သည်။
ချူးရွှမ်ဖန် အတော်လေးကြိုးစားထားသောကြောင့် အဖြေရထားပြီးပြီဖြစ်သည်။ သူထိုမျှ ကြိုးစားထားခြင်းကလဲ ကုနင်းနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်နေခြင်းကြောင့်သာ။
ထိုလူမိုက်အဖွဲ့သည် အမှန်တကယ်ကိုပင် ချင်ဂိုဏ်းကဖြစ်ကြပေမည့် ချင်ဂိုဏ်း၏အရေးပါအရာရောက်သူများ လုံးဝမဟုတ်ပေ။ ချူးရွှမ်ဖန် ထိုသူများအား စစ်မေးလိုက်ချိန်တွင်တော့ သူတို့ကို မိန်ယန်းအလှပြင်ဆိုင်၏ပိုင်ရှင်က Kameiအလှပြင်ဆိုင်အား ဖျက်ဆီးပေးဖို့ရန် ငှားထားခြင်းဖြစ်ကြောင်း ဝန်ခံလာခဲ့သည်။ မိန်ယန်းအလှပြင်ဆိုင်၏ ဗီအိုင်ပီဖောက်သည်အများအပြားသည် Kameiအလှပြင်ဆိုင်ကြောင့် သူတို့ဆိုင်ကို စွန့်ခွာခဲ့ကြ၍ မိန်ယန်းအလှပြင်ဆိုင်၏ ပိုင်ရှင်က သူမဒေါသကို ဖြေလျှော့ရန်အတွက် လူမိုက်အဖွဲ့ငှားကာ Kameiအလှပြင်ဆိုင်ကို ဖျက်ဆီးစေခိုင်းခဲ့ခြင်းဖြစ်သည်။
မိန်ယန်းအလှပြင်ဆိုင်ပိုင်ရှင် ဤသို့လုပ်ရဲသည့်အကြောင်းအရင်းကတော့ သူမ၏အစ်ကိုသည် ကမ္ဘာလှည့်ခရီးသွားဌာနမှဒါရိုက်တာတစ်ဦးဖြစ်ခြင်းကြောင့်ပင်။ ထိုကမ္ဘာလှည့်ခရီးသွားဌာန၏ဒါရိုက်တာကတော့ ချင်ကျန်း၏ဖခင်ပင်ဖြစ်သည်။
ကုနင်းကို ချင်ကျန်းက ထိခိုက်အောင်လုပ်ခဲ့သလို ယခုတခါ ကုမန့်ကိုလဲ ချင်ကျန်း၏အဒေါ်က ထိခိုက်အောင်လုပ်ပြန်သောကြောင့် ကုနင်း၏မိသားစုနှင့် ချင်ကျန်းတို့မိသားစုမှာ ဘယ်လိုမှ အဆင်ပြေပြေနေနိုင်မည့်ထဲတွင် မပါဝင်ပုံပင်။
“သူတို့တွေအကုန် အခုငါ့လက်ထဲမှာရှိနေတယ်။ မင်းစိတ်ကြိုက် သူတို့ကို အပစ်ပေးလို့ရတယ်။” ချူးရွှမ်ဖန် ဆက်ပြောလိုက်သည်။
ဂိုဏ်းတစ်ခုတွင် အသက်တစ်သက်ဆိုသည်မှာ ပြောပလောက်အောင် အဖိုးမတန်ဘဲ လူမသိသူမသိသေသွားအောင် လုပ်ပစ်နိုင်သည့် နည်းလမ်းပေါင်းများစွာကလဲ ရှိနေသေးသည်။ ထိုလူမိုက်အဖွဲ့သည့် ကုမန့်၏ဆိုင်ကိုတင် ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ ကုမန့်နှင့် ကုချင်ကိုလဲ ဒဏ်ရာရသွားစေခဲ့ခြင်းကြောင့် သူတို့လုပ်ခဲ့သမျှအတွက် ထိုက်သင့်သလောက်ပြန်ပေးဆပ်ရမည်ဖြစ်သည်။
“ကျွန်မသူတို့ကိုမသတ်ချင်ဘူး။ ဒါပေမယ့် မသန်မစွမ်းဖြစ်အောင်တော့ လုပ်ပစ်မယ်။” ကုနင်းဒေါသအရမ်းထွက်နေသော်လည်း ကုမန့်အဆင်ပြေနေပြီဖြစ်သောကြောင့် ထိုလူများကို သတ်ပစ်သည်အထိ အလုပ်ရှုပ်ခံတော့မည်မဟုတ်ပေ။
“ရတယ်။ မင်းစိတ်တိုင်းကျသာလုပ်။” ချူးရွှမ်ဖန်ပြန်ဖြေလိုက်သည်။
“ဒါဆို နေ့လည်စာစားပြီးရင်တွေ့ကြတာပေါ့။”
“ကောင်းပြီလေ။”
တစ်ချိန်တည်းတွင်ပဲ ကုရှောင်ရှောင်၏အမှုသည်လဲ ယနေ့တရားရင်ဆိုင်ရမည်ဖြစ်သည်။ ကုချင်းယန်နှင့် ဝမ်ယွီလန်တို့ကတော့ ကုချင်းရှန်၏မိသားစုဝင်အဖြစ် လာခဲ့ကြပေမည့် ကုချင်းရှန်က ကုချင်နှင့်ကုမန့်ကိုတော့ ထည့်မသွင်းခဲ့ပေ။
မတော်တဆဆိုသလိုပဲ ယနေ့တွင်ပင် ကုမန့်၏ဆိုင်ကို လူမိုက်များက ဖျက်ဆီးခဲ့ကာ ကုချင်ရော ကုမန့်ပါ ဒဏ်များရကာ ကြောက်လန့်ခဲ့ကြရသောကြောင့် အိမ်တွင်သာ နားနေခဲ့ကြသည်။ သို့ပေမည့် ကုချင်းယန်က ကုချင်အား ဖုန်းလှမ်းဆက်ကာ သူတို့ Fမြို့သို့ရောက်နေသည့်အကြောင်း ပြောပြချိန်တွင်တော့ ကုချင်က သူတို့အားသည့်အချိန် သူမတို့နှင့်အတူ ထမင်းတစ်နပ်လောက်စားဖို့ရန် နွေးထွေးစွာဖြင့် ဖိတ်ကြားလိုက်သည်။
ကုချင်ကတော့ အပြင်တွင်သာ ထွက်စားဖို့ရန် စီစဉ်ထားပေမည့် ကုနင်းသည်တော့ သူမတို့ ကုချင်းယန်တို့အား ဆွေမျိုးများအဖြစ် သတ်မှတ်ပြီးမှတော့ အိမ်တွင်သာ အတူစားခြင်းက ပိုကောင်းမည်ဟု တွေးမိလေသည်။ ပုံမှန်ဆိုလျှင် သူမတို့သည် ရင်းနှီးသည့်မိတ်ဆွေသူငယ်ချင်းများ သို့မဟုတ် ဆွေမျိုးရင်းချာများကိုသာ အိမ်သို့ထမင်းစားဖိတ်လေ့ရှိသည်။
ကုနင်း၏အတွေးကိုကြားလိုက်တော့ ကုချင်းယန်မှာ ကုနင်း သူတို့ကို အမှန်တကယ် ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နားလည်သွားပြီး အလွန်ခံစားသွားရကာ တပါတည်း စိတ်ပေါ့ပါးသွားခဲ့ရသည်။
ကုမန့် စိတ်ကြည်နေသည်ကို မနှောက်ယှက်ချင်သောကြောင့် လောလောဆယ် ထန်ယွင်ဖန်းအကြောင်းကို မပြောသေးရန် ကုနင်းဆုံးဖြတ်လိုက်တော့သည်။
ကုချင်ရော ကုမန့်ပါ ပင်ပန်းနေကြသောကြောင့် ဟင်းချက်စရာများ သွားမဝယ်ကြခင် အရင်ဆုံး ခနလောက် အနားယူလိုက်သည်။
ထိုအချိန်၌ ကုနင်းသည်တော့ ချူးရွှမ်ဖန်နှင့်တွေ့ဖို့ရန် ထွက်လာခဲ့သည်။
သူမအိမ်မှထွက်လာသည့်အချိန်တွင်ပဲ ထန်ယွင်ဖန်းမှ ဖုန်းခေါ်လာကာ သူ့ကုမ္ပဏီတွင် အရေးကြီးကိစ္စလုပ်ဆောင်စရာရှိ၍ Bမြို့သို့ပြန်မည်ဖြစ်ပြီး တတ်နိုင်သမျှ အမြန်ဆုံးပြန်လာမည့်အကြောင်း ပြောလာခြင်းဖြစ်သည်။
ကုနင်းလဲ နားလည်သောကြောင့်၊
“ဟုတ်တာပေါ့၊ ဦးလေးလဲ Fမြို့မှာနေတာကြာနေပြီဆိုတော့ ဥက္ကဌတစ်ယောက်အနေနှင့် ကုမ္ပဏီပြန်ပြီး အလုပ်ကိစ္စတွေ ပြန်ကြီးကြပ်သင့်ပါပြီ။”
ထန်ယွင်ဖန်းသည် ကုမန့်အတွက် အလုပ်ကိစ္စများကို ထားရစ်ကာ Fမြို့သို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ မီးပုံးပွဲတော်နေ့တွင်တောင်မှ အိမ်မပြန်သည်ကို ကြည့်ခြင်းအားဖြင့် သူ ကုမန့်ကို မည်မျှ စိုးရိမ်ပူပန်နေလဲဆိုသည်ကို ထုတ်ဖော်ပြခြင်း လုံလောက်နေပြီဖြစ်သည်။
ချူးရွှမ်ဖန်က ကုနင်းအား Fမြို့၏ ချင်ဂိုဏ်းအခြေစိုက်စခန်းတွင် တွေ့ဆုံရန်ချိန်းခဲ့သည်။ ထိုနေရာတွင်သာဆိုလျှင် ကုနင်းလုပ်ချင်တာ မှန်သမျှလုပ်နိုင်သလို ချင်ဂိုဏ်းမှအခြားလူများကိုလဲ ကုနင်း၏မျက်နှာကို မှတ်မိနေစေပြီး နောက်ထပ် ဤသို့သောပြဿနာမျိုး ထပ်မဖြစ်စေရန် ချူးရွှမ်ဖန် ရည်ရွယ်ကာ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။
ကုနင်း တက္ကစီတစ်စီးငှားကာ Fမြို့ရှိ ချင်ဂိုဏ်း၏အခြေစိုက်စခန်းဖြစ်သည့် ချင်ဟွားလုံခြုံရေးကုမ္ပဏီသို့ ထွက်ခွာခဲ့သည်။ ချင်ဂိုဏ်းအဖွဲ့သားများသည် သူတို့တွင် ထမ်းဆောင်စရာတာဝန်များရှိမနေလျှင် ချင်ဂိုဏ်းကလဲ သူတို့ကို အလကား ထောက်ပံ့ပေးနေမည်မဟုတ်သောကြောင့် ထိုလုံခြုံရေးလုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ကြရလေသည်။
ချူးရွှမ်ဖန်ကိုယ်တိုင် ဝင်ပေါက်သို့သွားကာ ကုနင်းအားကြိုဆိုချိန်တွင်တော့ ကုမ္ပဏီရှိ ကျန်လူအားလုံး အံ့အားသင့်ကုန်ကြတော့သည်။ သူတို့၏ခေါင်းဆောင်က သာမာန်လူတစ်ယောက်ကိုတော့ လူကိုယ်တိုင် ဘယ်တော့မှ ထွက်ကြိုမည်မဟုတ်သောကြောင့် အားလုံး ထိုမိန်းကလေး၏ နောက်ခံအားသိချင်နေမိကြလေသည်။
ချူးရွှမ်ဖန် ကုနင်းကို ဓါတ်လှေကားရှိရာသို့ လမ်းပြခေါ်ဆောင်သွားကာ လူမိုက်အဖွဲ့အားဖမ်းဆီးထားသည့် မြေအောက်ထပ်သို့ ဆင်းသွားခဲ့သည်။
သံဖြင့်ပြုလုပ်ထားသည့် မြေအောက်ခန်းတစ်ခုတွင်တော့ လူမိုက်၆ယောက်ကို သော့ခတ်ပိတ်လှောင်ထားလေသည်။
ချူးရွှမ်ဖန် အထဲသို့ဝင်လာသည်ကိုမြင်သည်နှင့် သူတို့အားလုံး စတင်တောင်းပန်ခယကြတော့သည်။
“ဒီတစ်ကြိမ်လေးပဲ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ နောက်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။”
“ခွင့်လွှတ်ပေးပါ။”
“ကျေးဇူးပြုပြီး၊ ခွင့်လွှတ်ပေးပါ။”
ချူးရွှမ်ဖန်က တစ်ခွန်းမျှပြန်မပြောသောကြောင့် ဤအချိန်တွင် ကုနင်းကသာ တကယ့်ဘော့စ်အစစ်ဖြစ်မှန်း သိသာလှပေသည်။
ကုချင်နှင့်ကုမန့်ကို ဒဏ်ရာရအောင်လုပ်ခဲ့သူများကို မြင်သည်နှင့် ကုနင်း၏ဒေါသများ ပြန်လည်ပေါ်ထွက်လာရကာ အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
“ရှင်တို့ကို ခွင့်လွှတ်ပေးစေချင်တယ်ပေါ့? ကိစ္စမရှိပါဘူး။ ရှင်တို့ ကျွန်မကို နိုင်အောင်ချနိုင်ရင် ရှင်တို့ကို လွှတ်ပေးမယ်။”
ထိုလူမိုက်များကတော့ ကုနင်း၏ အတိုက်အခိုက်စွမ်းရည် မည်မျှကောင်းလဲဆိုသည်ကို မသိပေမည့် ချူးရွှမ်ဖန်ကတော့ သိထားပြီဖြစ်သည်။ ယခုပုံစံအရ ကုနင်းက ထိုလူမိုက်များကို အခွင့်ရေးပေးနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်က သူတို့တွင် အနိုင်ရနိုင်ဖို့ မျှော်လင့်ချက်လုံးဝမရှိပေ။
လူမိုက်၆ယောက်မှာ ကုနင်းဘယ်သူလဲဆိုသည်ကိုမသိသော်လည်း ချူးရွှမ်ဖန်ရှေ့တွင်ပင် အမိန့်ပေးရဲနေသည်ကို ကြည့်ခြင်းအားဖြင့် အရေးပါသည့်လူတစ်ယောက်ဖြစ်ကြောင်းကိုတော့ ခန့်မှန်းမိလေသည်။ ထိုမိန်းကလေးက သူတို့ကိုပင် စိန်ခေါ်ရဲနေမှတော့ သေချာပေါက် မရိုးရှင်းဘူးဟု သိလိုက်ကြသည်။ သို့ပေမည့် သူတို့အားလုံးလဲ အလွန်လွတ်မြောက်ချင်နေကြ၍ ကုနင်း၏အဆိုကို လက်ခံလိုက်ကြသည်။ တကယ်တမ်း သူတို့ဘက်က လက်မခံနိုင်ဘူးဆိုလျှင်တောင်မှ ပုန်းကွယ်ရန်နေရာရှိမနေပေ။
“တံခါးဖွင့်ပေးပြီး ကျွန်မကို ဝင်ခွင့်ပေးပါ။” ကုနင်း ချူးရွှမ်ဖန်အား ပြောလိုက်သည်။
ချူးရွှမ်ဖန်လဲ ကုနင်းအတွက် အခန်းတံခါးအား ဖွင့်ပေးလိုက်သည်နှင့် သူမလဲ ချက်ချင်း ဝင်သွားလိုက်တော့သည်။
ကုနင်းအထဲသို့ ဝင်လာသည်ကိုတွေ့သည်နှင့်လူမိုက်များမှာ မသိလိုက်မသိဘာသာဖြင့် နောက်သို့ဆုတ်လိုက်မိကြသည်။
“စလိုက်ကြရအောင်!” ကုနင်း ထိုလူမိုက်များအား တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
***
အခန်း ၄၇၇
ဧည့်သည်များ
လူမိုက်များအချင်းချင်း အချက်ပေးသလိုကြည့်လိုက်ကြပြီးသည်နှင့် ချက်ချင်းပင် ကုနင်းရှိရာသို့ ပြေးဝင်သွားလိုက်သည်။ ကုနင်းလဲ သူမဒေါသများကို ဖြေဖျောက်ရန်အတွက် ထိုလူမိုက်များကို အချိန်ဆွဲကာ ပျော်ပျော်ပါးပါး ရိုက်နှက်နေပေမည့် အသက်ကိုတော့ဖြင့် ချမ်းသာပေးထားသည်။
ကျန်သည့် မိနစ်များတစ်လျှောက် ကုနင်း၏ အရိုက်ခံနေရ၍ ထိုလူမိုက်များ၏ နာနာကျင်ကျင် အော်ဟစ်သံများ စူးရှပျံ့လွင့်လို့နေသည်။ ထိုအခန်း၏အပြင်ဘက်မှ လူများမဆိုထားနှင့် ချူးရွှမ်ဖန်တောင်မှ ထိုအသံများကြောင့် ကြောက်လန့်လာခဲ့သည်။
မိနစ်၂၀ကြာပြီးနောက်တွင်တော့ ကုနင်း စိတ်ကျေနပ်သွားခဲ့ကာ လူမိုက်များလဲ ညိုမဲဖူးယောင်လို့နေကာ အသိပင် သိပ်မကပ်ကြတော့ပေ။
“ပြီးသွားပြီ။ သွားကြတာပေါ့။” ကုနင်း ထိုလူများကို တစ်ချက်ပင် ပြန်လှည့်မကြည့်ပါဘဲ လှည့်ထွက်သွားခဲ့သည်။
အပြင်သို့ရောက်လာသည့်အချိန်တွင်မှ ကုနင်းက၊
“ရွှမ်ဖန် ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးပါ။ ဒါပေမယ့် ဒီညကျွန်မအိမ်ကို ဧည့်သည်လာမှမို့လို့ ဒီနေ့တော့ လိုက်မကျွေးတော့ဘူးနော်။”
“ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါကတောင် တောင်းပန်ရဦးမယ်။ ဒါပေမယ့် မင်းလိုက်ကျွေးမှာကိုတော့ မျှော်လင့်နေမယ်။” ချူးရွှမ်ဖန် ပြန်ဖြေလိုက်ကာ ကုနင်းထံသို့ စီစီတီဗီမှတ်တမ်းဖိုင်နှင့်တကွ ယွမ်၁သန်းတန် ချက်လက်မှတ်တစ်စောင်ကို ကမ်းပေးလိုက်ပြီး၊
“ဒါက ဒီပြဿနာအတွက် သက်သေတွေ ပြီးတော့ ချက်က မင်းအတွက်လျော်ကြေး။”
“ကျေးဇူးပါ၊ ဒါပေမယ့် ချက်လက်မှတ်ကိုတော့ ပြန်ယူထားလိုက်။ အခုကိစ္စရဲ့နောက်ကွယ်ကလူကိုယ်တိုင် ပြန်ဆပ်ဖို့အတွက် ကျွန်မလုပ်မှာ။”
ချူးရွှမ်ဖန်လဲ ကုနင်း စိတ်ဆုံးဖြတ်ချက်ထားပြီးဖြစ်ကြောင်း နားလည်သောကြောင့် ချက်လက်မှတ်ကို ပြန်သိမ်းထားလိုက်သည်။
“ငါ ချင်ဂိုဏ်းကလူအားလုံးကို မင်းကိုထပ်ပြီး ပြဿနာမရှာမိစေဖို့ သတိပေးထားလိုက်မယ်။ ဒီလိုကိစ္စမျိုး နောက်ထပ်မဖြစ်စေရဘူးလို့ ကတိပေးတယ်။”
“ကျေးဇူးပါ၊ သွားပြီနော်။” ထို့နောက် ကုနင်း ချင်ဂိုဏ်းမှပြန်ထွက်လာခဲ့သည်။
ကုနင်းထွက်သွားပြီးသည်နှင့် ချင်ဂိုဏ်းသားအားလုံးကို ကုနင်းနှင့် ကုနင်း၏လုပ်ငန်းများနှင့် အပေါင်းအပါအားလုံးကို မနှောက်ယှက်ရန်အတွက် ကြေဉာလိုက်သည်။
ချူးရွှမ်ဖန်နှင့် လမ်းခွဲခဲ့သည့်အချိန်သည် မစောတော့သောကြောင့် ကုနင်း မိန်ယန်းအလှပြင်ဆိုင်၏ပိုင်ရှင် ချင်လီလင်းနှင့် မနက်ဖြန်မှတွေ့ဖို့ရန် ဆုံးဖြတ်ခဲ့ပြီး အိမ်သို့သာ အရင်ပြန်သွားရန်အတွက် ဆုံးဖြတ်လိုက်သည်။
ကုနင်းအိမ်သို့ပြန်ရောက်ချိန်တွင် ကုမန့်နှင့်ကုချင်တို့မှာ ဈေးသွားကာ လိုအပ်သည့်ပစ္စည်းများ သွားဝယ်နေသည်။
ကုချင်းယန်တို့ဇနီးမောင်နှံ့သည်တော့ ညနေ၄နာရီခန့်တွင် တရားရုံးမှပြန်ထွက်လာခဲ့သည်။ ကုရှောင်ရှောင်ကြောင့် ကုချင်းရှန်တို့ဇနီးမောင်နှံမှာ ခံစားချက်များမကောင်းနေ၍ ကုချင်းယန်တို့အား ဧည့်ခံဖို့ စိတ်မပါကြသေးပေ။ ထို့ကြောင့် ကုချင်းယန်တို့ ဇနီးမောင်နှံလဲ တက္ကစီတစ်စီးငှားကာ ကုချင်၏နေအိမ်သို့ ထွက်လာခဲ့သည်။
ကုနင်းချမ်းသာသွားပြီဖြစ်ကြောင်း သူတို့သိထားပြီးပြီဖြစ်၍ သူမတို့မိသားစု ဖန်ဟွားအဆင့်မြင့်အိမ်ရာတွင် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်တွင် မအံ့ဩမိသော်လည်း ဖန်ဟွားအိမ်ရာသည် အမှန်တကယ်ကို အဆင့်အတန်းမြင့်မားလွန်းသည့် နေရာဖြစ်သောကြောင့် မနာလိုဖြစ်မိနေစဲပင်။ သို့သော်လည်း ယခုလိုအခြေအနေတွင် ကုနင်းကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လို့မရနိုင်တော့မှန်းသိထား၍ အရမ်းတော့ မနာလိုဝန်တိုကာ ကုနင်းကို မလိုမှန်းထားတော့ မဖြစ်ရဲပေ။
လမ်းတွင် အရင်ဆုံး ကုချင်းယန်တို့ဇနီးမောင်နှံတို့ ဈေးဝယ်စင်တာတစ်ခုသို့သွားကာ လက်ဆောင်ပေးရန်အတွက် သစ်သီးအချို့နှင့် ပန်းများဝယ်ယူလိုက်သည်။ ဤလက်ဆောင်များမှာ ဈေးမကြီးလှသော်လည်း ကုချင်နှင့်ကုမန့်တို့ဆီသို့ လက်ဗလာနှင့်သွားဖို့ရန်က မသင့်တော်ပေ။ ထို့နောက်တွင်တော့ ကုချင်တို့အိမ်သို့ ဆက်သွားခဲ့ကြသည်။
ကုချင်၏တိုက်ခန်းတွင် အားလုံးညစာစားကြမည်ဖြစ်၍ ကုချင်နှင့်ကုမန့်မှာ ဟင်းချက်စရာများဝယ်ပြီးသည်နှင့် ချက်ပြုတ်ရင်း အလုပ်ရှုပ်ကုန်ကြသည်။ ကျန်းရွှီသည်လဲ ကုချင်းယန်တို့ဇနီးမောင်နှံလာလည်မည်ဖြစ်၍ အိမ်သို့စောစောပြန်လာခဲ့သည်။
ကုချင်းယန်နှင့် ဝမ်ယွီလန်တို့ ကုချင်၏အိမ်သို့ရောက်လာသည့်အချိန်တွင် သူတို့နှင့် ကုချင်၊ကုမန့်တို့ကြားမှ ဘဝကွာခြားချက်အလွန်များပြားကြောင်း ရှင်းရှင်းလင်းလင်း ပိုသိသွား၍ အလွန်စိတ်လှုပ်ရှားနေကြတော့သည်။ ထို့ကြောင့် အိမ်တံခါးရှိခေါင်းလောင်းကို မတီးခင် မိနစ်ပိုင်းမျှ တုန့်ဆိုင်းနေမိကြသည်။
ကျန်းရွှီ လာ၍တံခါးဖွင့်ပေးကာ ကုချင်းယန်တို့အား နှုတ်ဆက်လိုက်သည်။
“ယောက်ဖ!”
ကုချင်းယန်တို့ဘက်က ကျန်းရွှီကို အတိတ်တချိန်က လေးစားမှုတစ်စုံတစ်ရာ မပြခဲ့သောကြောင့် သူတို့အား ယောက်ဖဟုခေါ်သည်အား မကြားရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ ကုချင်းယန်တို့ဇနီးမောင်နှံလဲ ထိုအကြောင်းကိုသိသောကြောင့် အခုချက်ချိန်တွင် ကျန်းရွှီနှင့် မျက်နှာချင်းဆိုင်ဖို့ရန် အလွန်နေရခက်နေတော့သည်။
ကျန်းရွှီသည်တော့ အရင်ဖြစ်ခဲ့သည့်အကြောင်းအရာများအတွက် မခံစားနေတော့ကာ ကုချင်းယန်တို့အား နွေးထွေးပျူငှာစွာဖြင့်သာ ကြိုဆိုလိုက်သည်။
“ဟိုင်း၊ အထဲဝင်ကြပါ။”
ကုချင်းယန်နှင့် ဝမ်ယွီလန်တို့ အိမ်ထဲသို့ဝင်လိုက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုကာ သူတို့၏နေအိမ်ထက်အစများစွာသာကြောင်း ပိုသိလိုက်ရသည်။
ကုချင်းယန်တို့ ဇနီးမောင်နှံအသံအားကြားရသည်တွင် ကုချင်နှင့်ကုမန့်သည်လဲ မီးဖိုချောင်မှထွက်လာကာ၊
“လာကြ၊ လာကြ၊ ထိုင်ကြဦး။”
“ထိုင်ဦးနော်။ ဟင်းပွဲတွေအဆင်သင့်ဖြင့်ဖို့ လိုသေးတယ်။”
“ငါကောကူညီပေးမယ်လေ။” ဝမ်ယွီလန်သည်လဲ အရင်လို မာနကြီးသလို မနေတော့ဘဲ ကူညီဖို့ရန် မေးမြန်းရင်းဖြင့် မီးဖိုချောင်ထဲသို့ လိုက်ဝင်သွားလိုက်သည်။
“အလိုဆို ပိုကောင်းတာပေါ့။”
ကုချင်နှင့်ကုမန့်တို့အတွက် နောက်ထပ်အကူအညီမလိုတော့သော်လဲ ဤနည်းလမ်းက သူတို့မိသားစု ပြန်လည်ပေါင်းစည်းဖို့ရန်အတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်သောကြောင့် ငြင်းဆန်မနေကြတော့ပေ။ ကုချင်နှင့်ကုမန့်သည်လဲ ဝမ်ယွီလန်အပေါ် အလိုမကျသည့်အရိပ်အယောင်များမပြသလို ကြွားဝါသည့်အမူအရာလဲ မပြပါဘဲ ပြေပြေပြစ်ပြစ်ဖြင့်သာ စကားလေးပြောရင်း လုပ်ကိုင်နေကြတော့သည်။
ဆွေမျိုးများနှင့် ယခုလို နွေးနွေးထွေးထွေးပြောဆိုဆက်ဆံနိုင်ခြင်းမှာ ဝမ်ယွီလန်အတွက် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ယခင်က သူမကုချင်နှင့်ကုမန့်အပေါ် လုပ်ခဲ့သည့် လုပ်ရပ်များအတွက် အရှက်ရလာရတော့သည်။ ထို့ကြောင့် ဝမ်ယွီလန် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ကာ စိတ်ရင်းဖြင့် ဝန်ချတောင်းပန်လိုက်သည်။
“ကုချင်၊ ကုမန့်၊ ငါနင်တို့အပေါ် အရင်ကလုပ်ခဲ့မိတဲ့ ကိစ္စတွေအတွက် တောင်းပန်ပါတယ်။”
“အကုန်လုံးပြီးသွားခဲ့ပြီပဲ၊ ဒီအကြောင်းတွေ ထပ်ပြောမနေပါနဲ့တော့။”
“ဟုတ်တယ်၊ အခုချိန်မှာ ငါတို့အချင်းချင်း ပြေလည်နေကြတာကပဲ ဝမ်းသာစရာကောင်းနေပြီ။”
ကုချင်နှင့်ကုမန့်က ဝမ်ယွီလန်အား ခွင့်လွှတ်ပေးခဲ့ပြီး ဝမ်ယွီလန်သည်လဲ သူတို့ ယခုလို ကြင်နာစွာ ခွင့်လွှတ်ပေးခြင်းကြောင့် သူမအလွန်ကံကောင်းသည်ဟု ခံစားမိသွားရသည်။
ဧည့်ခန်းအတွင်းတွင်တော့ ကုချင်းယန်က ယနေ့တရားရုံးတွင် အမှုရင်ဆိုင်ခဲ့သည့်အကြောင်းများအား ကျန်းရွှီအား ပြန်ပြောပြနေခဲ့သည်။ ကုရှောင်ရှောင်က ထောင်ဒဏ်၃နှစ်ကျခံခဲ့ရပြီး သူမမိသားစုဘက်မှ ချန်းကျီယောင်၏မိသားစုကို လျော်ကြေးယွမ်၆သိန်းပေးဆောင်ရမည်ဖြစ်သည်။
ကျန်းရွှီလဲ ထိုရလဒ်များကိုကြားပြီးနောက် သက်ပြင်းသာချလိုက်မိသည်။ ကုချင်းရှန်တို့မိသားစုသည် သူတို့အား အတော်လေး ထိခိုက်နာကျင်စေခဲ့ခြင်းမှန်သော်လည်း ဤသတင်းများကြောင့် ကျန်းရွှီအနည်းငယ် စိတ်မကောင်းဖြစ်မိနေစဲပင်။ တစ်ချိန်တည်းတွင်ပဲ ကုရှောင်ရှောင်ကတော့ သူမကျူးလွန်ခဲ့သည့် ကိစ္စများအတွက် မကြာမီ သင်ခန်းစာကောင်းကောင်းရသွားလိမ့်မည်ဟုလဲ ယုံကြည်နေမိသည်။
မကြာခင်တွင်ပဲ ကုနင်းနှင့်ကျန်းရှင်းရွှယ်တို့ အိမ်သို့ပြန်ရောက်လာခဲ့ကြသည်။
“မင်္ဂလာပါ၊ ဦးလေး။” ကုနင်းရော ကျန်းရှင်းရွှယ်ပါ ယဉ်ယဉ်ကျေးကျေးပင် ကုချင်းယန်အား နှုတ်ဆက်လိုက်ကြသည်။ ကုချင်းရန်အပေါ် သူမတို့နှစ်ယောက်လုံး မရိုမသေမလေးမစားပုံစံမျိုး မပြုမူကြသော်လည်း ရင်းနှီးချင်သည့်အရိပ်အယောင်လဲ မပြပေ။ သူတို့ချင်း ဆွေမျိုးရင်းချာများဖြစ်သော်လည်း အတိတ်ကောင်းများရှိမနေခဲ့သည့်အချက်ကိုတော့ဖြင့် မေ့ပစ်၍ရမည်မဟုတ်ပေ။
***
အခန်း ၄၇၈
ကုမန့်အား အမှန်တရားကို ထုတ်ဖော်ပြောပြခြင်း
“ဟိုင်း၊ နင်းနင်း၊ ရှင်းရွှယ်။” ကုချင်းယန်လဲ အပြုံးလေးဖြင့်ပြန်နှုတ်ဆက်လိုက်သည်။ ကုနင်းနှင့်တွေ့ဆုံရသည်အား ကုချင်းယန် နေရခက်နေစဲဖြစ်ပေမည့် ကုနင်းဘက်က မျက်နှာထားမတင်းနေသောကြောင့် စိတ်အေးသွားခဲ့ရသည်။
Gမြို့၏အရေးပါသည့်ပုဂ္ဂိုလ်တစ်ဝက်နီးပါးလောက် JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သည့်အကြောင်း သတင်းများကို ပြန်တွေးမိသွားချိန်တွင်တော့ ကုချင်းယန်တစ်ယောက် ကုနင်းကို မလေးစားဘဲမနေနိုင်တော့ပေ။ ကုနင်း ထိုမျှများပြားသည့် ပုဂ္ဂိုလ်ကြီးများဖြင့် သိကျွမ်းနေသောကြောင့် ကုချင်းယန်အလွန်အံ့အားသင့်နေမိသည်။ ထိုကိစ္စကြီးကြောင့်လဲ ကုနင်းကို လုံးဝစိတ်အနှောင့်အယှက်မပြုရဲတော့ပေ။
မကြာခင်တွင်ပဲ ဟင်းပွဲအစုံအလင် စားပွဲထက်တွင် ပြင်ဆင်တည်ခင်းပြီးသွားကာ ကုချင်မှနေပြီး အားလုံးကိုခေါ်လိုက်သည်။
“ညစာအဆင်သင့်ဖြစ်ပြီနော်။ အားလုံးလာလို့ရပြီ။”
“ညစာသွားစားကြရအောင်။” ကျန်းရွှီက ကုချင်းယန်အား ထမင်းစားခန်းအတွင်းသို့ ဦးဆောင်ခေါ်သွားကာ ကုနင်းနှင့် ကျန်းရှင်းရွှယ်တို့လဲ သူတို့နှစ်ဦးနောက်မှ လိုက်ပါသွားခဲ့သည်။
ကုနင်းကို ဝမ်ယွီလန်မြင်လိုက်ရချိန်တွင်လဲ နေရက်ခက်နေစဲဖြစ်ကာ ယဉ်ယဉ်ကျေးကျေးဖြင့်ပင် နှုတ်ဆက်လိုက်သည်။
“ဟိုင်း နင်းနင်း၊ ရှင်းရွှယ်။”
“မင်္ဂလာပါ၊ ဒေါ်လေး။” ကုနင်းနှင့်ကျန်းရှင်းရွှယ်တို့လဲ ပြန်လည်နှုတ်ဆက်လိုက်ပေမည့် ထူးထူးခြားခြား အမူအရာတော့မပြပေ။
ကုနင်းဘက်က အဆင်ပြေနေသည်ကိုမြင်လိုက်မှပဲ ဝမ်ယွီလန်လဲ စိတ်အေးသွားရတော့သည်။ ထို့နောက် သူတို့အားလုံး ထမင်းစားပွဲတွင် နေရာယူဝင်ထိုင်လိုက်ကြသည်။
“ချင်းယန်၊ ငါတို့အရက်နည်းနည်းလောက်သောက်ကြရအောင်၊ အခုက နှစ်သစ်ကူးပဲလေ။” ကျန်းရွှီက စတင်အကြံပေးလိုက်သည်။
ကျန်းရွှီသည် အရက်သောက်ရသည်ကိုမကြိုက်ဘဲ နှစ်သစ်ကူးပွဲတော်တို့ မီးပုံးပွဲတော်တို့မှမဟုတ်လျှင် သူတစ်ယောက်တည်းရှိနေချိန်၌ ဘယ်တော့မှအရက်သောက်လေ့မရှိပေ။ ဒီနေ့တွင်တော့ ကုချင်းယန်လဲရှိနေ၍ နည်းနည်းပါးပါးသောက်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
“သောက်ကြတာပေါ့။” ကုချင်းယန်ကလဲ သဘောတူလိုက်သည်။
ကျန်းရွှီက သူ၏အရက်ဗီရိုထဲမှနေပြီး ပုလင်းတစ်လုံးကို ထုတ်ယူလာခဲ့သည်။ ထိုပုလင်းသည်က နှစ်၃၀သက်တမ်းရှိသည့် မောင်းထိုက်အရက်ဖြစ်ကာ တစ်ပုလင်းတွင် အရက်၅၃ရာခိုင်နှုန်းနှင့် ၅၀၀မီလီလီတာပါရှိပြီး ယွမ်၄ထောင်ကျော်တန်ဖိုးရှိလေသည်။
ကုချင်းယန်သည်တော့ ထိုမျှဈေးကြီးသည့် ဝိုင်ဖြူအမျိုးအစားကို ဝယ်ဖို့ရန်မတတ်နိုင်ပေမည့် သေချာတော့ ကြားဖူးထားလေသည်။
တစ်ပုလင်းကို ယွမ်၄ထောင်ကျော်ပင်တန်သည့် မောင်းထိုက်ကိုမြင်လိုက်ရပြီး ခွက်အသေးလေးတစ်ခွက်နှင့်သောက်လျှင်ပင် ယွမ်ရာပေါင်းများစွာတန်သောကြောင့် ကုချင်းယန် သောက်ဖို့ရန် တုန့်ဆိုင်းနေရသည်။ ဤမျှဈေးကြီးသည့်အရက်မျိုး သူ့တစ်ဘဝလုံးသောက်ကြည့်ဖို့ရန် မတတ်နိုင်ခဲ့ပေ။ ကုချင်းယန်လို သူတို့မိသားစုထဲတွင် အချမ်းသာဆုံးလူပင်လျှင် ဤမျှဈေးကြီးသည့်အရက်ကို ဝယ်သောက်ဖို့ရန် မတတ်နိုင်ခဲ့ပေ။ ကုချင်းယန်မှာ အလွန်ဆုံးယွမ်၂ထောင်တန်အရက်ကိုသာလျှင် ဝယ်သောက်နိုင်လေသည်။
ညစာစားနေချိန်အတွင်း ကုချင်းယန်နှင့်ဝမ်ယွီလန်သာ နေရခက်နေကြပြီး ကျန်လူများကတော့ ပျော်ပျော်ရွှင်ရွှင်ပင် စားသောက်နေကြသည်။
ညစာစားပြီးနောက် သူတို့အားလုံး ဧည့်ခန်းထဲတွင် ထိုင်ကာ စကားဝိုင်းဖွဲ့ပြောဆိုနေကြပြီး ကုချင်းယန်က စာအိတ်နီ၂အိတ်ထုတ်ယူကာ ကုနင်းနှင့် ကျန်းရှင်းရွှယ်အား ကမ်းပေးလိုက်ပြီး၊
“ဒါသမီးတို့နှစ်ယောက်အတွက်၊ ပါတာကတော့ သိပ်တော့မများပေမယ့် မင်းတို့နှစ်ယောက်လုံး နှစ်သစ်မှာပျော်ရွှင်ကြပါစေ။”
အရင်အတိတ်အချိန်တုန်းကတော့ ယွမ်၁ထောင်ဆိုသည်မှာ ကုနင်းအတွက် အရမ်းများပြားလွန်းသည့် ပမာဏဖြစ်ပေမည့် အခုချိန်တွင်တော့ ဘာမှမဟုတ်တော့ပေ။
“ကျေးဇူးပါ။ ဦးလေး။” ကုနင်းရော ကျန်းရှင်းရွှယ်ပါ အထင်သေးသည့်အမူအရာမျိုးမပြဘဲ လက်ခံလိုက်ကြသည်။
ထိုသို့အမူအရာများကို မြင်တော့မှ ကုချင်းယန်လဲ စိတ်သက်သာရာရသွားခဲ့သည်။
ကုမန့်နှင့်ကုချင်သည်လဲ ကုချင်းရှီနှင့်ကုယင်ယင်တို့အဝတွက် စာအိတ်နီ၂အိတ်ပြင်ဆင်ပေးထာခဲ့ကာ ဝမ်ယွီလန်ကပဲ သူမကလေးတွေကိုယ်စား လက်ခံပေးထားခဲ့သည်။ ကုချင်းရှီနှင့်ကုယင်ယင်အတွက် ရည်ရွယ်ကာ ဆုမွန်ကောင်းတောင်းပေးသည့်အနေဖြင့် ကုချင်နှင့်ကုမန့်တို့ပြင်ဆင်ပေးထားခြင်းဖြစ်သောကြောင့် ငွေများများစားစားမပါပေ။
ည၉နာရီထိုးခါနီးလောက်တွင်တော့ ကုချင်းယန်နှင့်ဝမ်ယွီလန်တို့ပြန်သွားခဲ့သည်။ ကုချင်နှင့်ကုမန့်က သူတို့ကို သူမတို့အိမ်တွင်သာ နေဖို့ရန် ဖိတ်ခေါ်ပေမည့် ကုချင်းယန်နှင့်ဝမ်ယွီလန်ကတော့ ဟိုတယ်တွင်သာနေမည်ဟု ပြောကာ ငြင်းဆန်ခဲ့သည်။ ကျန်းရွှီကပင် သူတို့နှစ်ဦးအား ဟိုတယ်သို့ ကားဖြင့် ကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။
ကုချင်းယန်တို့ဇနီးမောင်နှံပြန်သွားပြီးနောက်တွင်တော့ ကုနင်းက သူမအိမ်သို့ပြန်သွားပေမည့် ကုမန့်သည်တော့ ကုချင်နှင့်စကားပြောရင်း အချိန်အတော်ကြတော့မှ ပြန်လာခဲ့သည်။
“နင်းနင်း၊ သမီးရဲ့ဦးလေးတို့မိသားစုက အရမ်းပြောင်းလဲသွားကြပြီပဲ။ အမေတို့က ဆွေမျိုးတွေပဲဆိုတော့ အတိတ်ကို အတိတ်မှာပဲ ထားပစ်လိုက်တာကောင်းမယ်။ တကယ်လို့ သူတို့တချိန်ချိန်မှာ အကူညီလိုခဲ့ရင် အမေ့မျက်နှာကိုထောက်ပြီး သူတို့ကို သမီးကူညီပေးလို့ရမလား?” ကုမန့်အိမ်သို့ပြန်ရောက်သည်နှင့် ကုနင်းအား မေးလိုက်သည်။
“အမေ၊ စိတ်မပူပါနဲ့။ သမီးကူညီပေးပါ့မယ်။” ထိုသို့သာ သဘောမထားလျှင် ကုနင်းလဲ သူတို့ကို အိမ်သို့ဖိတ်မည်အား သဘောတူမည်မဟုတ်ပေ။
“ကောင်းလိုက်တာ။” ကုမန့် ကျေနပ်သွားတော့သည်။
သူမတို့အိမ်ပြန်ရောက်ချိန်သည် အတော်လေးနောက်ကျလို့နေပြီဖြစ်သောကြောင့် ထန်ယွင်ဖန်းအကြောင်းကြားပြီး ကုမန့်အိပ်မပျော်နိုင်မည်စိုး၍ ကုနင်း မပြောသေးရန် ဆုံးဖြတ်လိုက်သည်။
ကုနင်း သူမအခန်းသို့ပြန်ရောက်ချိန်တွင် လင်ရှောင်းထင်အားဖုန်းဆက်ကာ ထန်ယွင်ဖန်းနှင့်ပတ်သတ်သမျှကို မချွင်းမချန်ဘဲ ပြောပြလိုက်သည်။ လင်ရှောင်းထင်သည်လဲ ကုနင်းတွင် ပျော်ရွှင်စရာပြီးပြည့်စုံသည်မိသားစုတစ်စုရရှိပြီး ထန်ယွင်ဖန်းကလဲ ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက် ဖြစ်နိုင်ဖို့ရန် မျှော်လင့်မိသည်။ အရေးအကြီးဆုံးကတော့ အရင်က ထန်ယွင်ဖန်းသည် ကုမန့်အား နှစ်နှစ်ကာကာ ချစ်မြတ်နိုင်းခဲ့သောကြောင့် ယခုအချိန်တွင် သူတို့ချင်းပြန်လည်နီးစပ်ဖို့ရန်က ပို၍လွယ်ကူသွားလိမ့်မည်ဖြစ်သည်။
“နင်းနင်း၊ ကိုယ်အခုတလော အလုပ်များမှာ မင်းကို ဖုန်းသိပ်မဆက်ဖြစ်လောက်တော့ဘူး။ ကိုယ်အားတာနဲ့တော့ မင်းကိုချက်ချင်းလာတွေ့မယ်နော်။” လင်ရှောင်းထင်ပြောလိုက်သည်။
“ရှင့်ကိုလွမ်းနေတော့မှာပဲ။”
“ကိုယ်လဲ လွမ်းနေမှာပါ။ ကိုယ့်ကိုယ်သေချာဂရုစိုက်။”
“ဟုတ်ပါပြီ။ ရှင်လဲ ဂရုစိုက်ဦး။”
……
နောက်တစ်နေ့မနက်တွင်တော့ ကုချင်နှင့်ကုမန့် အလှပြင်ဆိုင်ကို ပြန်လည်သန့်ရှင်းဖို့ရန် သွားဖို့လုပ်ပေမည့် ကုနင်းက သူတို့ကို တားမြစ်လိုက်သည်။ ကုနင်းက သူမတို့ဆိုင်အား လူငှားကာ ဖျက်ဆီးခိုင်းခဲ့သည့်လူဆီမှ လျော်ကြေးပြန်ရပြီးကာမှသာ ဆိုင်အား ပြန်ဖွင့်ရန် စီစဉ်ထားခဲ့သည်။
ကုချင်နှင့်ကုမန့်ကလဲ ကုနင်းဆိုလျှင် အပြည့်အဝယုံကြည်ထားသောကြောင့် သူမပြောသမျှကို သဘောတူခဲ့သည်။
နေ့လည်စာစားပြီးချိန်တွင်တော့ ကုနင်း ကုမန့်အား ဆိုဖာဆီသို့ လက်ဆွဲခေါ်သွားကာ၊
“အမေ၊ သမီးအမေနဲ့ စကားပြောချင်တာရှိလို့။”
“ဘာများလဲ?” ကုနင်း အရမ်းအလေးအနက်ထားနေပုံကိုတွေ့ရတော့ ကုမန့် အနည်းငယ်စိုးရိမ်သွားမိသည်။
“အဲ့ဒါက သမီးရဲ့ အဖေအရင်းအကြောင်းပါ။”
ထိုစကားကိုကြားတော့ ကုမန့်တုန်လှုပ်သွားကာ ဝမ်းနည်းသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး၊
“အဲ့ဒါဘာဖြစ်လို့လဲ?”
“သမီးအဖေရင်းက အသက်ရှင်နေနိုင်တယ်လို့ သမီးပြောခဲ့ဖူးတာကို အမေမှတ်မိလား? အမေနဲ့တွေ့တုန်းက အဖေ့မှတ်ဉာဏ်တွေပျော်နေခဲ့တာဆိုတော့ ကားမတော်တဆမှုဖြစ်ပြီးနောက် အမေနဲ့အတူရှိခဲ့တဲ့ တစ်နှစ်အကြောင်းကို မေ့ပြီး အရင်ကမှတ်ဉာဏ်တွေပြန်ရသွားတာဖြစ်နိုင်တယ်လေ။”
“သူကအခုထိအသက်ရှင်နေသေးပြီး အမေနဲ့အတူရှိခဲ့တဲ့အချိန်အကြောင်းပဲမေ့သွားတာဆိုရင်၊ ပြီးတော့ အခုထိလက်လဲမထပ်ရသေးဘူး။ အမေ့ကိုလဲ ချစ်နေသေးတယ်ဆိုရင်၊ တကယ်လို့ တကယ်လို့ပေါ့နော် အမေတို့သာ ထပ်ပြီးတွေ့ဆုံဖို့အခွင့်ရေးရမယ်ဆိုရင် အရင်အခြေအနေမျိုးရောက်အောင် အမေပြန်ကြိုးစားကြည့်ချင်သေးလား?”
ကုမန့် ထိတ်လန့်သွားပေမည့် ကုနင်းက အကြောင်းတစ်ခုခု ခိုင်ခိုင်မာမာရှိမှသာ သူမကို ဤသို့သော မေးခွန်းမျိုးမေးမည်မှန်း သိသောကြောင့် ‘နင်း’ အသက်ရှင်နေသေးဖို့ ဖြစ်နိုင်ချေအတော်များပေသည်။
***
အခန်း ၄၇၉
အချိန်လိုတယ်
ကုမန့်၏မျက်ဝန်းအိမ်အတွင်း မျက်ရည်များစိုစွတ်လာကာ တုန်ရီလာခဲ့သည်။
“သူအသက်ရှင်နေသေးပြီး ဒီနှစ်တွေအတွင်း အမေတို့အတူရှိနေခဲ့တာကိုပဲ မေ့သွားရုံဆိုတာ သေချာရဲ့လား?”
“သမီးတစ်နေ့တုန်းက အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့တယ်၊ သူက သမီးကို သူ့သားနဲ့ အရမ်းတူတယ်လို့ပြောတယ်။ ပြီးတော့ သူ့သားကလဲ လွန်ခဲ့တဲ့ ၁၈နှစ်တုန်းက တစ်နှစ်လောက်ပျောက်သွားခဲ့ဖူးတယ်ပြောတယ်။ သူ့သားပြန်ရောက်တော့ သူပျောက်သွားခဲ့တဲ့ တစ်နှစ်အတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာတွေကို လုံးဝမေ့နေခဲ့တယ်တဲ့။ ဒါတိုက်ဆိုင်ရုံသက်သက်ပဲလို့ သမီးမထင်လို့ ကိုယ့်ဘာသာ စုံစမ်းကြည့်ခဲ့တယ်။”
“ရလဒ်ကဘယ်လိုလဲ?” ကုမန့် ပူပန်မှုအပြည့်ဖြင့်မေးလိုက်သည်။
“အခုထိတော့ DNA ရလဒ်မထွက်လာသေးပေမယ့် သူက သမီးအဖေရင်းဖြစ်မယ်ဆိုတာ သေချာတယ်။”
ထိုစကားကိုကြားလိုက်ပြီး ကုမန့် မျက်ရည်များကျလာကာ အသက်ရှုဖို့ရန်ပင် ခက်ခဲလာတော့သည်။ ကုနင်းလဲ ချက်ချင်းပင် သူမ၏စွမ်းအင်များကို ကုမန့်၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးကာ စိတ်ငြိမ်စေရန် ကူညီလိုက်သည်။
“သူ့မှာအခု ကိုယ်ပိုင်မိသားစုရှိနေပြီလား?” အခုချိန်လောက်ဆို ‘နင်း’သည် လက်ထပ်ပြီးကာ ကလေးပင်ရနေလောက်ပြီဟု ကုမန့်ယုံကြည်နေမိသည်။
“ဟင်အင်း၊ မရှိသေးဘူး။”
“ဘယ်လို?” ကုမန့်အလွန်အံ့အားသင့်သွားခဲ့သည်။
“သူ့မှတ်ဉာဏ်တွေပျောက်ဆုံးနေပေမယ့်လဲ သူ့စိတ်ထဲမှာ ထူးခြားတဲ့ခံစားချက်တွေရှိနေလို့ လက်ထပ်ဖို့ ငြင်းဆန်နေခဲ့တာတဲ့။” ကုနင်းရှင်းပြလိုက်သည်။
ကုမန့် နှုတ်ဆိတ်သွားက အတိတ်အချိန်များအား ပြန်လည်တွေးတောနေမိသည်။
သူမ ‘နင်း’အား နက်နက်ရှိုင်းရှိုင်း စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးခဲ့ခြင်းကြောင့် သူမဘယ်တုန်းကမှ လက်မထပ်ခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် သူမတို့ချင်းမတွေ့ဆုံရသည်မှာ ၁၈နှစ်ပင်ရှိလို့သွားပြီဖြစ်သောကြောင့် သူမနေဖြင့် ‘နင်း’ကို နောက်တစ်ကြိမ် မည်သို မျက်နှာချင်းဆိုင်ရမည်မှန်း မတွေးတတ်ပေ။
“သမီးကရော ဘယ်လိုသဘောရလဲ?” ကုမန့် ကုနင်း၏အတွေးကို မေးမြန်းလိုက်သည်။
ကုနင်းသာ ပျော်ရွှင်စရာမိသားစုတစ်ခုကို လိုချင်လျှင် သူမသဘောအတိုင်း ကုမန့်လုပ်ဆောင်ပေးမည်ဖြစ်ပေမည့် ကုနင်းသာ ယခုလိုအချိန်ရောက်မှ သူမတို့ဘဝကို ပြောင်းလဲမပစ်ချင်တော့လျှင်လဲ ထိုသဘောကို ကုမန့်သဘောတူမည်ဖြစ်သည်။ ယခုအချိန်တွင် ကုနင်းသည်သာ ကုမန့်၏ဘဝအတွက် အရေးအပါဆုံးသော လူတစ်ယောက်ဖြစ်ကာ သူမဘယ်လောက်ပဲ ထိုလူကို အရမ်းချစ်နေပါစေ ယောကျ်ားတစ်ယောက်အတွက်နှင့် ကုနင်းအား စိတ်ထိခိုက်နာကျင်အောင် သူမလုပ်လိမ့်မည်မဟုတ်ပေ။ ထိုလူက သူမသမီး၏ဖခင်ဆိုသော်လည်း သူ့တာဝန်သူ ၁၈နှစ်တောင် ပျက်ကွက်ထားခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့် ၁၈နှစ်အတွင်း သူမရှိဘဲနှင့်လဲ သူမတို့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့လေသည်။
ကုမန့်က သူမသာ ယောက်ျားတစ်ယောက်နှင့်တွေ့ဆုံလျှင် ကုနင်းခံစားရမည်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်မှန်း ကုနင်းလဲ နားလည်လေသည်။
“အမေ သမီးကြောင့်နဲ့ နှစ်ပေါင်းများစွာ တစ်ယောက်တည်းနေခဲ့ပြီးပြီ။ တချိန်လုံး သမီးကအမေနဲ့ရှိနေတာကြောင့် အမေအရမ်းအထီးမကျန်ခဲ့ရဘူးဆိုပေမယ့် မကြာခင် သမီးလဲ တက္ကသိုလ်သွားတက်ရတော့မှာ။ အိမ်မှာ အမေ့ကိုတစ်ယောက်တည်း မထားခဲ့ချင်ဘူး။ ဒါကြောင့် အမေနဲ့အတူရှိနေပေးဖို့ ယုံကြည်ရတဲ့ ယောက်ျားတစ်ယောက်ရှိနေတာ ပိုကောင်းမယ်လို့ထင်တယ်။ သမီးအဖေရင်း အသက်ရှင်နေသေးတာကို မသိခင်ကတည်းက ဒီအကြောင်းကို အမြဲတမ်းတွေးနေခဲ့မိတယ်။ အမေ၊ တကယ်တော့ သမီး သူ့ကိုတွေ့ပြီးသွားပြီ၊ တကယ်ကောင်းတဲ့လူပါ။” ကုနင်း ကုမန့်၏လက်ကိုကိုင်ရင်း သူမ၏အတွေးများကို ထုတ်ဖော်ပြောပြခဲ့သည်။
“ဒါပေမယ့် အဲ့ဒီတစ်နှစ်အကြောင်းကို မေ့နေတာဆိုတော့ အမေ့ကို လက်ခံနိုင်ပါ့မလား?” ကုမန့် မေးလိုက်မိသည်။
“လက်ခံမှာပါ။ အမေ့ဘက်က အမေ့ကိုမေ့နေတဲ့လူတစ်ယောက်ကို လက်မခံနိုင်မှာကိုပဲ သူကစိုးရိမ်နေတာ။”
ထိုစကားကိုကြားပြီး ကုမန့်မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်သွားတော့သည်။
“သူက အမေတို့ရဲ့ဖြစ်တည်မှုကို သိထားပြီးပြီပေါ့?” တစ်ချိန်တည်းတွင်ပဲ မကျေနပ်သည့်ခံစားချက်လေးလဲ ပေါ်ထွက်လာခဲ့သည်။ ထိုလူက သူမတို့အကြောင်း သိထားပြီးပြီဆိုလျှင် ဘာလို့ သူမတို့ကို လာမတွေ့ရတာလဲ? ထိုလူနှင့် သူမပြန်တွေ့သင့်သည်ဟု မသေချာသေးသော်လည်း ထိုလူ၏အမူအကျင့်အားလုံးကိုတော့ ဂရုစိုက်လေသည်။
ကုနင်းလဲ ကုမန့်၏အတွေးကို နားလည်လိုက်သောကြောင့်၊
“တကယ်တော့ အဲ့ဒီလူက ထန်ယွင်ဖန်းပါ။ သူလဲ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ဒီအကြောင်းတွေသိတာ၊ ပြီးတော့ အမေ့ဘက်က သူ့ကိုလက်မခံနိုင်မှာ စိုးရိမ်လို့ ရုပ်ဖျက်ပြီး ဒီရက်ပိုင်းအတွင်း အမေ့နောက်လိုက်နေခဲ့တာ။” ကုနင်းအမှန်အတိုင်းပဲ ပြောပြလိုက်တော့သည်။
“အမေ၊ အချိန်နည်းနည်းလိုသေးတယ်။” ကုမန့်ပြောရင်းဖြင့်ပင် သူမအိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ကုနင်းလဲ အရမ်းတွန်းအားမပေးဘဲ အနားယူလို့ရရန် လွှတ်ထားခဲ့ကာ သူမသည်တော့ ချင်လီလင်းနှင့် ပြဿနာဖြေရှင်းရန် အပြင်ထွက်လာခဲ့သည်။
ကုနင်း မိန်ယန်းအလှပြင်ဆိုင်သို့မသွားခဲ့ဘဲ ရဲစခန်းသို့သာသွားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကုနင်း ရဲစခန်းသို့ရောက်သည့်အချိန်တွင်ပဲ စခန်းထဲမှထွက်လာသည့် ယွင်ကျီစုန့်နှင့် တည့်တည့်တိုးတော့သည်။
“ဟိုင်း၊ ကောင်မလေးကု၊ မင်းဘာဖြစ်လို့ ဒီကိုလာရတာလဲ?” ယွင်ကျီစုန့်မှာ ကုနင်းကိုမြင်လိုက်ပြီး အံ့အားသင့်သွားရသည်။ လူများ ရဲစခန်းသို့လာရခြင်းအကြောင်းရင်းတစ်ခုတည်းသာရှိသောကြောင့် ကုနင်းအတွက် ယွင်ကျီစုန့် စိုးရိမ်သွားရသည်။
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းယွင်။” ကုနင်း ယွင်ကျီစုန့်အား ပြန်နှုတ်ဆက်လိုက်ကာ၊
“တကယ်တော့ မနေ့တုန်းက ကျွန်မအမေရဲ့အလှပြင်ဆိုင်ကို တစ်ယောက်ယောက်က လူမိုက်တစ်ဖွဲ့ငှားပြီး လာဖျက်ဆီးလို့၊ ကျွန်မလဲ သက်သေတွေရတာနဲ့ ဒီကိုလာခဲ့တာ။”
“ဘာ? ဘယ်သူကများလုပ်ရဲတာလဲ! လာခဲ့၊ ငါမင်းကို ဒါရိုက်တာနဲ့ တန်းတွေ့လို့ရအောင် ခေါ်သွားပေးမယ်။”
“ကျေးဇူးအများကြီးတင်ပါတယ်၊ လူကြီးမင်းယွင်။” ယွင်ကျီစုန့်ဘက်က လိုလိုလားလားဖြင့် ကူညီချင်နေမှတော့ ကုနင်းလဲ သူ့အလိုကိုလိုက်လိုက်သည်က ပို၍ကောင်းလေသည်။
“မင်းငါ့ကို ဦးလေးယွင်လို့ပဲ ခေါ်လို့ရပါတယ်။” ကုနင်းသည် သူ့အသက်ကိုကော စုအန်းယာ၏အသက်ကိုပါ ကယ်တင်ခဲ့သူဖြစ်သောကြောင့် ယွင်ကျီစုန့် သူမကို အလွန်လေးစားသဘောကျနေမိကာ သူမနှင့်မိတ်ဆွေအဆင့်အထိ ဖြစ်ချင်နေခဲ့သည်။ ကုနင်းသည် အမှန်တကယ်ကို ထူးချွန်သည့် ကောင်မလေးတစ်ဦးပင်။
“ဟုတ်ပါပြီ။ ဦးလေးယွင်။” ယွင်ကျီစုန့်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်းက ကောင်းလေသည်။
“အိုး၊ မင်္ဂလာပါ၊ ကျွန်တော်ဘာများကူညီပေးရမလဲ၊ လူကြီးမင်းယွင်?” ပြည့်သူ့လုံခြုံရေးဌာန၏ဒါရိုက်တာ လင်းယွဲ့ပေါ်မှာ ယွင်ကျီစုန့် ပြန်ဝင်လာခြင်းကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ ထို့နောက် ယွင်ကျီစုန့်၏နောက်မှ ကုနင်းပါ ဝင်လာသည်ကို မြင်လိုက်ရသည့်နောက်တွင်တော့ အလွန်အံ့အားသင့်သွားကာ၊
“မိန်းကလေးကု၊”
ပြီးခဲ့သည့်အခေါက် ကုနင်းကို ကျောင်းထဲတွင် ကျောင်းသူအများအပြားအား ရိုက်နှက်ခြင်းကြောင့် ဖမ်းခဲ့ချိန်တုန်းက လင်းယွဲ့ပေါ်သည် သူ့ခေါင်းဆောင်ဆီမှ တိုက်ရိုက်ဖုန်းဆက်ကာ ကုနင်းအား လွှတ်ပေးဖို့ရန် အမိန့်ပေးခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကုနင်းအပေါ် အလွန်သတိထားနေခဲ့ကာ ကုနင်းကိုထပ်ပြီး စိတ်အနှောက်အယှက်မပြုမိစေရန်အတွက် သူမမျက်နှာကိုပင် သေချာမှတ်ထားခဲ့ခြင်းဖြစ်သည်။
ကုနင်းသည် သာမာန်မိသားစုမှလာခြင်းဖြစ်သော်လည်း သူမနောက်ကွယ်တွင် ထောက်ပံ့ပေးနေသည့် အင်အားကြီးလူများစွာရှိနေသည်။ ထို့အပြင် ကုနင်းကို စုအန်းယာ၏မွေးနေ့ပါတီပွဲတွင်လဲ လျန့်ယိုပေါ် တွေ့ခဲ့ရပြီး သူမသည် သာမာန်မဟုတ်ဘဲ အင်အားကောင်းသည့် အဆက်အသွယ်ရှိနေကြောင်းကို သိခဲ့ရလေသည်။ ထို့အတွက်ကြောင့် လင်းယွဲ့ပေါ်မှာ ကုနင်းကို တလေးတစားဖြင့်ပင် ဆက်ဆံနေတော့သည်။
***
အခန်း ၄၈၀
သူ့မိသားစုကဘယ်လိုလဲ?
“ဒါရိုက်တာလင်းတွေ့ရတာဝမ်းသာပါတယ်။ အကြောင်းကတော့၊ မနေ့က ကျွန်မရဲ့အမေဆိုင်ကို လူမိုက်တစ်ဖွဲ့ လာဖျက်ဆီးသွားလို့ပဲ၊ ဒါကတော့ သက်သေအထောက်အထားတွေ။” ကုနင်း ချူးရွှမ်ဖန်ပေးထားသည့် ယူအက်စ်ဘီကိုထုတ်ယူကာ လင်းယွဲ့ပေါ်အား ပေးလိုက်သည်။
ကုနင်း၏စကားများကိုကြားသည်နှင့် လင်းယွဲ့ပေါ်ချက်ချင်းပင် ယူအက်စ်ဘီကိုယူကာ သက်သေများအား ကြည့်ရှုလိုက်သည်။ ထိုယူအက်စ်ဘီထဲတွင်တော့ လုံခြုံရေးကင်မရာမှ ဗီဒီယိုများပါရှိနေလေသည်။
ဗီဒီယိုကိုကြည့်ပြီးနောက်တွင်တော့ ချင်လီလင်းက စီးပွားရေးပြိုင်ဆိုင်လိုမှုကြောင့် ကုနင်းအမေ၏ဆိုင်အား ဖျက်ဆီးခဲ့ရန် လူမိုက်တစ်စုငှားခဲ့ခြင်းဖြစ်၍ လင်းယွဲ့ပေါ်ရော ယွင်ကျီစုန့်ပါ ဒေါသထွက်သွားကြတော့သည်။
“ကောင်မလေးကု၊ အခုရော မင်းအမေရဲ့အခြေအနေဘယ်လိုနေလဲ?” ယွင်ကျီစုန့်က စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။
“အမေက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်ဆိုပေမယ့် ကံကောင်းလို့ ကျွန်မမှာက အထူးဆေးရှိတယ်လေ။ ဒါကြောင့် ဆေးသောက်ပြီးတော့ တော်တော်လေးသက်သာသွားပြီ။ ဆေးကိုသာ ကျွန်မမဆောင်ထားမိဘူးဆိုရင်တော့ အမေ့အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်။” ကုနင်း အလေးအနက်ဖြင့် ပြောလိုက်သည်။
သူတို့နှစ်ယောက်လုံးလဲ ကုနင်း၏အထူးဆေးဝါးအကြောင်းကို သိထားပြီးဖြစ်သောကြောင့် သူမ၏အပြောကို သံသယမဝင်ကြပေ။ ဗီဒီယိုထဲတွင်လဲ ကုမန့်မှာ ခေါင်းသို့အရိုက်ခံရပြီးနောက် သွေးများဒလစက်ထွက်နေသည်ကို သူတို့သတိထားမိပြီးသားလဲဖြစ်သည်။ ဦးခေါင်းဆိုသည်မှာ လူ့ခန္ဓာကိုယ်တွင် ထိခိုက်အလွယ်ဆုံးသော အစိတ်အပိုင်းဖြစ်သောကြောင့် ထိုမျှပြင်းပြင်းထန်ထန်ရိုက်မိလျှင် အဆိုးဆုံးသေသည်အထိပင် ဖြစ်နိုင်လေသည်။
“မိန်းကလေးကု၊ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်ကိုယ်တွယ်ဖြေရှင်းပေးပါ့မယ်။” လင်းယွဲ့ပေါ်က ကုနင်းကို ကတိပေးလိုက်ကာ ချင်းလီလင်းကို သေချာအပြစ်ပေးဖို့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါရိုက်တာလင်း။”
“ရပါတယ်။”
ထို့နောက် ကုနင်းအိမ်သို့ပြန်လာခဲ့လိုက်သည်။
ကုနင်းထွက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် ချင်းလီလင်းအား ဖမ်းဆီးရန်အတွက် လင်းယွဲ့ပေါ် အမိန့်ပေးလိုက်တော့သည်။
ချင်းလီလင်းကတော့ သူမအကြံအစည်အောင်မြင်သွားပြီဟု ထင်နေခဲ့ပေမည့် ရုတ်တရက်ကြီး သူမဆိုင်သို့ ရဲများရောက်လာကာ မေးမြန်းခြင်းပင်မရှိဘဲ အဖမ်းခံလိုက်ရတော့သည်။
“ရှင်တို့ဘာလုပ်ကြတာလဲ? ကျွန်မက ကမ္ဘာလှည့်ခရီးသွားလာရေးဌာနကဒါရိုက်တာရဲ့ ညီမနော်။ ရှင်တို့ ကျွန်မကို ဖမ်းလို့မရဘူး။” ချင်းလီလင်း အော်ဟစ်ရုန်းကန်တော့သည်။
“ကမ္ဘာလှည့်ခရီးသွားဌာနရဲ့ဒါရိုက်တာတဲ့လား? မင်းကိုအခုချိန်မှာ မြို့တော်ဝန်တောင်မကယ်တင်နိုင်တော့ဘူး။ ဘာလို့ဆို အတွင်းရေးမှူးယွင်ကိုယ်တိုင်က မင်းကို ဥပဒေအရအပြစ်ပေးဖို့ အမိန့်ပေးထားပြီးသား။” ရဲတစ်ယောက်က ထေ့ငေါ့ပြောလိုက်သည်။
“ဘာပြောတယ်?” ထိုစကားများကိုကြားပြီး ချင်းလီလင်းအလွန်ထိတ်လန့်သွားခဲ့သည်။ သူမ ကုချင်နှင့်ကုမန့်အကြောင်းစုံစမ်းကြည့်တုန်းက သာမာန်လူများဟုသာ ဖော်ပြထားသောကြောင့် အတွင်းရေးမှူးယွင်ကိုယ်တိုင်ပါဝင်လာမည်ဟု သူမလုံးဝမတွေးခဲ့မိဖူးပေ။
မကြာခင်တွင်ပဲ Kameiအလှပြင်ဆိုင်ကို ဖျက်ဆီးဖို့ရန် ချင်းလီလင်းက လူမိုက်များငှားခဲ့သည်ဆိုသည့် သတင်းက ပျံ့နှံ့သွားခဲ့ကာ ဈေးဝယ်စင်တာမှ အခြားဆိုင်ပိုင်ရှင်များလဲ အလွန်အံ့အားသင့်နေကြတော့သည်။ အစတုန်းကတေတာ့ Kameiအလှပြင်ဆိုင်က ဂိုဏ်းတစ်ခုကို ရန်စခြင်းဖြစ်လောက်မည်ဟု အားလုံး ယုံကြည်နေကြပေမည့် မမျှော်လင့်ထားစွာပင် ဒါက သာမာန်စီးပွားရေးပြိုင်ဆိုင်မှုတစ်ခုဖြစ်နေလေသည်။
သက်သေအထောက်အထားခိုင်လုံသောကြောင့် ချင်းလီလင်းလဲ မငြင်းဆန်နိုင်တော့ပေ။ ထို့ကြောင့် သူမကို မနက်ဖြန်ဆိုလျှင် တရားရုံးထုတ်စစ်ဆေးတော့မည်ဖြစ်သည်။
ကုနင်းအိမ်ပြန်ရောက်ချိန်တွင်တော့ ကုမန့်နိုးနေပြီဖြစ်ကာ ဆိုဖာထက်တွင်ထိုင်ရင်း ထန်ယွင်ဖန်းအကြောင်း တွေးတောလို့နေသည်။
ကုနင်းသည်လဲ စိတ်ရှည်ရှည်ထားကာ သူမအမေကို ချက်ချင်းဆုံးဖြတ်ချက်ချဖို့ရန် မတိုက်တွန်းခဲ့ပေ။
“အမေ၊ သမီးတို့ဆိုင်ကိုဖျက်ဆီးသွားတဲ့ လူမိုက်တွေ ငှားတဲ့လူကို ရှာတွေ့ခဲ့ပြီ။” ကုနင်း ကုမန့်အားပြောပြလိုက်သည်။
“ဘယ်သူလဲ?” ကုမန့်လဲ ကုနင်းဘက်သို့ လှည့်လာကာ မေးလိုက်သည်။
“သူက မိန်ယန်းအလှပြင်ဆိုင်ရဲ့ပိုင်ရှင်ပဲ။ သူက သမီးတို့ကို မနာလိုလို့ လူမိုက်ငှားပြီး ဆိုင်ကိုဖျက်ဆီးခိုင်းတာ။ ကံကောင်းစွာနဲ့ပဲ သူ့ကိုဒီနေ့ဖမ်းမိသွားပြီး မနက်ဖြန်ဆို တရားရုံးတင်တော့မှာ။”
အကြောင်းရင်းကိုကြားပြီးနောက် ကုမန့်သက်ပြင်းသာချလိုက်မိသည်။ အောင်မြင်သည့်ဆိုင်တစ်ဆိုင်ကို ဦးဆောင်နေရခြင်းကလဲ အကောင်းတွေချည်းဟုတ်မနေပေ။
အချိန်တစ်ခုအထိ တိတ်ဆိတ်နေပြီးနောက် ကုမန့် တစ်စုံတစ်ခုပြောချင်နေပေမည့် အနည်းငယ်မဝံ့မရဲဖြစ်နေကာ အသံကျယ်ကျယ်လဲ ထုတ်မပြောခဲ့ပေ။ ထိုသို့ဖြစ်နေပုံကိုမြင်တော့ ကုနင်းကပင် ထုတ်မေးလိုက်ရသည်၊
“အမေ၊ ဘာပြောချင်လို့လဲ? ပြောလေ။”
“ထားလိုက်ပါတော့။” ကုမန့် လက်လျှော့သွားသည်။
ကုမန့်ဘက်ကမပြောချင်မှတော့ ကုနင်းလဲ အတင်းအကြပ်မေးမနေတော့ပေ။
နေ့လည်ပိုင်း ကုချင်လာလည်ချိန်တွင်တော့ ကုမန့်ကပဲ ချင်းလီလင်းလုပ်ခဲ့သမျှကို ကုချင်အားပြန်ပြောပြခဲ့သည်။ ချင်းလီလင်းအား ရဲမှဖမ်းပြီးသွားပြီဖြစ်ကြောင်း ကြားတော့မှသာ ကုချင်လဲ စိတ်အေးသွားတော့သည်။
ညစာစားချိန်တွင်တော့ ကုမန့် စားချင်သောက်ချင်စိတ်များမရှိနေ၍ ယခင်လိုပင်မစားနိုင်ခဲ့ပေ။ ညအချိန်တွင်တော့ ကုမန့် နောက်ဆုံး သူမမေးချင်နေသည်အား ကုနင်းကို ထုတ်မေးနိုင်ခဲ့တော့သည်။
“နင်းနင်း၊ သူဘယ်မှာနေတာလဲ?” သူဆိုသည်မှာ ထန်ယွင်ဖန်းအား ဆိုလိုခြင်းပင်ဖြစ်သည်။
“သူက Bမြို့မှာနေတာ။”
“တကယ်တော့၊ ဆရာကြီးထန်က သမီးကို သူ့မြေးအဖြစ်သတ်မှတ်ပြီးနေပြီ၊ ဒါပေမယ့် အခုထိတော့ ထန်ယွင်ဖန်းက သမီးရဲ့အဖေရင်းမှန်း သူမသိသေးဘူး။ ကြည့်ရတာ ကံကြမ္မာအလိုအရ သမီးတို့ကို ပြန်လည်ဆုံစည်းခွင့်ပေးလိုက်တာလို့ ထင်တယ်။ အမေ သူ့ကိုမတွေ့ဘူးဆိုရင်တောင်မှ သမီးတို့နဲ့ ထန်မိသားစုမှာ ဆက်နွှယ်မှုရှိနေတုန်းပဲ။”
ထန်ဟိုင်ဖုန်းက ကုနင်းကို သူ့မြေးအဖြစ်တရားဝန်သတ်မှတ်ပြီးနောက်တွင် ကုမန့်သည်လဲ ထန်မိသားစုဝင်များနှင့် တချိန်ချိန်တွေ့ရတော့မည်ဖြစ်သည်။
ကုမန့်၏အတွေးနှင့် ဆုံးဖြတ်ချက်ကို ကုနင်းအလေးပေးသည်ဆိုသော်လည်း သူမအမေ ထိုကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့ရန် ဆန္ဒရှိလေသည်။
“ဘာ? ဆရာကြီးထန်က သမီးကို သူ့မြေးအဖြစ်သတ်မှတ်ပြီးနေပြီပေါ့?” ကုမန့် အလွန်အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်၊ သမီးထန်မိသားစုအိမ်ကိုသွားတော့ သူ့ကိုလဲ အဲ့မှာတွေ့ခဲ့တာ။” ကုနင်းပြောသည့် သူဆိုသည်မှာလဲ ထန်ယွင်ဖန်းပင်ဖြစ်သည်။
“ဒါက….” ကုမန့် ဘာပြောလို့ပြောရမည်မှန်း မသိတော့ပေ။ ဒီလိုသာဆို ကုမန့်အနေဖြင့် သေချာပေါက်ကို ထန်မိသားစုနှင့် တစ်ချိန်ချိန်တွေ့ဆုံရတော့မည်ဖြစ်သည်။
“သူ့မိသားစုကဘယ်လိုလဲ?” ယောက္ခမမိသားစုဘက်နှင့် အဆင်ပြေပြေနေနိုင်ဖို့ရန်က အမြဲလိုလိုခက်ခဲသည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း ကုမန့်သိလေသည်။
“ဆရာကြီးထန်ရဲ့ဇနီးကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆုံးပါးသွားခဲ့ပြီ၊ သူ့မှာ သမီးတစ်ယောက်နဲ့ သားနှစ်ယောက်ပဲ ကျန်တော့တယ်။ အကြီးဆုံးသားကတော့ နိုင်ငံရေးသမားတစ်ယောက် သားငယ်ကတော့ စီးပွားရေးသမားဖြစ်တဲ့ ထန်ယွင်ဖန်းပဲ။ သူတို့အားလုံးက သမီးအပေါ်ကိုတော့ အရမ်းကောင်းကြတယ်။”
သို့ပေမည့် ကုမန့်ကတော့ ထပ်ပြီးတိတ်ဆိတ်လို့သွားရပြန်သည်။
နောက်တစ်နေ့ နေ့လည်ပိုင်းတွင်တော့ မုခယ်က ကုနင်းထံသို့ဖုန်းဆက်လာကာ၊
“ဘော့စ်၊ မင်းဆိုင်ကိစ္စကို ဘာလို့ ငါတို့ကိုမပြောရတာလဲ? မင်းအမေကော အခုဘယ်လိုနေသေးလဲ?” ကုနင်းဖုန်းကိုင်လိုက်သည်နှင့်ချက်ချင်းပင် မုခယ် မကျေနပ်ချက်များ စတင်ပြောတော့သည်။
“အမေက အခုနေကောင်းသွားပါပြီ။ နင်ဘယ်လိုလုပ်ဒီအကြောင်းတွေသိတာလဲ?” ကုနင်းသိချင်စွာဖြင့်မေးလိုက်သည်။
“ဟ-ဟ!” မုခယ် အထင်သေးသည့်အသံဖြင့်ရယ်မောလိုက်ကာ၊
“ချင်ကျန်းပေါ့ သူ့အဒေါ်အဖမ်းခံရတဲ့အကြောင်း ငါ့ကိုလာပြောပြပြီး မင်းကို ကူတောင်းပန်ပေးစေချင်နေတာ။ သူရူးများရူးနေတာလားပဲ? ငါသူ့ကိုကူညီမယ်လို့ ဘယ်လိုလုပ်ပြီးများထင်နိုင်ရတာလဲ?” မုခယ် ထိုစကားပြောရင်းဖြင့်ပင် ဒေါသထွက်လာရတော့သည်။
***
စာစဉ် ၃၂ ပြီး၏။