အခန်း (၄၉၁-၄၉၅)
Vol. 33 Ch. 491-495
အခန်း ၄၉၁
ရန်သူကို ဘယ်တော့မှလျှော့မတွက်နဲ့
ကုနင်း၏သိုင်းပညာအရည်အချင်း ကောင်းကြောင်း ထိုစစ်သားများသိထားသော်လည်း သူမနှင့် တရားတွင်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ဖူးခြင်းမရှိ၍ သူမ၏အရည်အချင်းအစစ်အမှန်ကို ရှင်းရှင်းလင်းလင်းမသိကြပေ။ ထို့ကြောင့် ထိုစစ်သား ကုနင်းနှင့် စတင်တိုက်ခိုက်သည့်အချိန်တွင် ကုနင်းကို ထိခိုက်အောင်လုပ်မိမည် စိုးသောကြောင့် သူ၏ခွန်အားအပြည့်အဝကို ထုတ်မသုံးခဲ့ပေ။ သို့ပေမည့် ကုနင်းသည်တော့ ထိုလူကို စက္ကန့်ပိုင်းအတွင်း အနိုင်ပိုင်းလိုက်နိုင်သောကြောင့် လူတိုင်းအံ့အားသင့်သွားကြတော့သည်။ သူတို့အားလုံး ပွဲကိုကြည့်ဖို့ရန် အဆင်သင့်တောင်မဖြစ်သေးသည့်အချိန်တွင်ပင် ပြိုင်ပွဲက ပြီးဆုံးလို့သွားခဲ့ပေပြီ။
ကုနင်းအနိုင်ယူလိုက်သည် စစ်သားသည်တော့ မြေပြင်ထက်တွင်ပဲ ကြောင်အကာ ဆက်လက်ရှိနေခဲ့ပြီး အရှက်ရသွားခဲ့သည်။
မိုင်းတွင်းမှ မိုင်းအလုပ်သမားများသည်လဲ သူတို့၏ပြိုင်ပွဲကို စိတ်ပြေလက်ပျောက်ကြည့်ရှုရန်အတွက် အားလုံးဝန်းရံနေကြသည်။
ဤမိုင်းတွင်းအား ရုပ်ရှင်ရိုက်ကူးရေးအတွက် ငှားရမ်းထားပြီးပြီဖြစ်ကာ မိုင်းလုပ်သားများ ယနေ့အလုပ်လုပ်ဖို့ရန် မလိုအပ်ကြသော်လည်း ပြင်ပသို့သတင်းများမပေါက်ကြားစေရန်အတွက် သူတို့ကို မိုင်းတွင်းမှ ပြန်ခွင့်မပေးခဲ့ပေ။
“ကိုယ့်ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။” ကုနင်း မြေပြင်တွင် လဲနေစဲဖြစ်သည့်စစ်သားအား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ထိုလူ အားအပြည့်မသုံးခြင်းက သူမကို မထိခိုက်စေလို၍မှန်း ကုနင်းသိသော်လည်း ဤအပြုအမူမျိုးသည် ကိုယ့်ပြိုင်ဘက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ချိန်မျိုးတွင် ရှိထားသင့်သည့် အရာမဟုတ်ပေ။
“ရှင်တို့ ကျွန်မနဲ့တိုက်ခိုက်မယ်ဆို ညှာတာဖို့မလိုဘူး။ ဘာလို့ဆို ရှင်တို့ခွန်အားအပြည့်အဝသုံးရင်တောင်မှ ကျွန်မကို အနိုင်ယူနိုင်ဦးမှာမဟုတ်လို့ဘဲ။” ကုနင်းကျန်သည့် စစ်သားများဘက်သို့လှည့်ကာ ပြောလိုက်သည်။ သူမ၏ယုံကြည်မှုရှိလှသည့်အမူအရာကြောင့် မည်သူမျှ သူမအပိုပြောနေသည်ဟု မထင်မိကြပေ။ ထို့အပြင် သူမကိုအနိုင်ယူဖို့ရန် ပို၍ပင် စိတ်အားထက်သန်ကုန်ကြသည်။
“ဒီတစ်လှည့်ကျွန်တော်ထွက်မယ်။” နောက်ထပ်စစ်သားတစ်ဦးက မတ်တပ်ထရပ်လိုက်သည်။
ပထမစစ်သားဖြစ်ခဲ့သည့် ပုံစံကိုမြင်ထားပြီးပြီဖြစ်၍ ဒုတိယစစ်သားသည်တော့ စတင်တိုက်ခိုက်ကတည်းက အားအပြည့်ကိုထုတ်သုံးထားခဲ့သည်။ သို့သော်လည်း ကုနင်းသည်တော့ ထိုစစ်သားအား ၁မိနစ်အတွင်းမှာပဲ အနိုင်ယူတိုက်ခိုက်နိုင်စဲပင်။
တကယ်တမ်း ၁မိနစ်အတွင်း ကုနင်းအနိုင်ယူခြင်းကို ခံရခြင်းသည် ဆိုးရွားသည်ရလဒ်မဟုတ်ပေ။ ဤလူများသည်က သာမာန်စစ်သားများသာဖြစ်ပြီး အထူးတပ်ဖွဲ့မှမဟုတ်သည့် အချက်ကလဲ ရှိလို့နေသေးသည်။
တတိယမြောက်နှင့် စတုတ္ထမြောက်စစ်သားသည်လဲ ရလဒ်အတူတူပင်ဖြစ်သည်။ ပဥ္စမမြောက်စစ်သားထွက်တော့မည့်အချိန်တွင်တော့ ကုနင်းက တစ်ခါတည်းသုံးယောက်အတူထွက်ရန်ပြောလိုက်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့အားလုံးရှုံးစဲရှုံးမြဲသာဖြစ်လေသည်။
“ကျွန်တော်တို့အားလုံး မင်းကိုပေါင်းတိုက်မယ်ဆိုရင်တောင်မှ နိုင်ဖို့မဖြစ်နိုင်လောက်သေးဘူးလား?” စစ်သားတစ်ဦးက ထို့သို့အမှန်တကယ်ဖြစ်မည်ဟု ထင်မိသော်လည်း သံသယအနည်းငယ်ဖြင့် မေးလိုက်သေးသည်။
ထိုစကားကြောင့် ကုနင်းထိုစစ်သားအားကြည့်ရင်း ထူးဆန်းစွာပြုံးပြလိုက်သောကြောင့် ထိုစစ်သားအနည်းငယ်ကြောက်ရွံ့သွားရသည်။ သံသယဝင်ဖို့ပင်မလိုစွာဖြင့် သူတို့အားလုံးအတူတူ ကုနင်းကိုတိုက်မည်ဆိုလျှင်ပင် နိုင်ဖို့ရန် မဖြစ်နိုင်ချေအလွန်များလှပေသည်။ ထိုအခိုက်မှာပင် စစ်သားများအားလုံး ရှက်ရွံ့သွားကြသည်။
“ငါကတော့ ဘယ်လိုပဲဖြစ်ဖြစ်ရှုံးမယ်လို့ထင်တယ်။” အခြားစစ်သားတစ်ဦးမှ ပြန်ဖြေလိုက်ကာ ကျန်လူများကလဲ ထောက်ခံသည့်အနေဖြင့် အသံတိတ်နေကြသည်။
“တကယ်ကိုရှက်ဖို့ကောင်းတာပဲ။”
“ဟုတ်ပါ့။”
“ဟုတ်ပါပြီ။ တကယ်တော့ ရှင်တို့အားလုံးတော်ကြပါတယ်။ ရှင်တို့လဲ ကျွန်မလို ပြင်းထန်ရက်စက်တဲ့ လေ့ကျင့်မှုမျိုးခံထားရရင် ကျွန်မလိုပဲ သန်မာကြမှာပါ။” အားလုံးဝမ်းနည်းနေသည်ကိုမြင်ပြီး ကုနင်းနှစ်သိမ့်ပေးလိုက်သည်။
ပြင်းထန်ရက်စက်တဲ့လေ့ကျင့်မှုမျိုး? သူတို့အားလုံး အံ့အားသင့်သွားသလို ကုနင်းထိုသို့ ပြင်းထန်ရက်စက်သည့် လေ့ကျင့်မှုမျိုးကို အောင်မြင်ရန် အလွန်ကြိုးစားခဲ့ရမည့်အတွက်လဲ ဝမ်းနည်းသွားကြရသည်။
ထို့အပြင် ယနေ့ဇွန်ဘီကိုသတ်တုန်းကလဲ ကုနင်းက သူမ၏ဆရာသည် ဇွန်ဘီသတ်ခြင်းကျွမ်းကျင်သူဟု ပြောထားခြင်းဖြစ်သောကြောင့် တိုက်ခိုက်နည်းကိုလဲ သူမ၏ဆရာဆီမှ သေချာသင်ထားပုံပေါ်လေသည်။ ဤသို့သော အချက်အလက်များအရ ကုနင်းသည် လျှို့ဝှက်ဆန်းကြယ်သည့် မိသားစုကြီးတစ်စုမှ အမွေဆက်ခံသူတစ်ဦးဖြစ်လောက်ပေမည်။
ထိုအချိန်တွင်ပဲ လေထဲမှနေပြီး ကျယ်လောင်လှသည့်ဆူညံသံတစ်သံအားကြားလိုက်ရကာ မော့ကြည့်လိုက်ကြချိန်တွင် ရဟက်ယာဉ်တစ်စီးပျံသန်းလာသည်ကိုမြင်ပြီး အားလုံး စကားပြောရပ်သွားကြတော့သည်။
ဤနေရာရှိ လူအနည်းငယ်လောက်မျှသာ ရဟက်ယာဉ်တစ်စီးကို အပြင်တွင် အမှန်တကယ်မြင်ဖူးကြခြင်း ဖြစ်သောကြောင့် ရဟက်ယာဉ်မြေပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ထိုနေရာတွင် လူများဝိုင်းဝန်းလာကြသည်။
ရဟက်ယာဉ်သက်ဆင်းပြီးသည်နှင့် ထိုထဲမှ အမျိုးသားနှစ်ဦးဆင်းလာခဲ့ကာ တစ်ဦးမှနေပြီး ကုနင်းကို အလွန်လေးစားသည့် အသံနေအသံထားဖြင့် မေးမြန်းလိုက်သည်။
“တွေ့ရတာအလွန်ဝမ်းသာပါတယ်၊ မိန်းကလေး။ မင်းက မိန်းကလေးကုများလား?”
ထန်ယွင်ဖန်းမှနေပြီး သူတို့အား ကုနင်းကို တရိုတသေဆက်ဆံရန် မှာကြားထားခြင်းကြောင့်ဖြစ်သည်။
“ဟုတ်ကဲ့၊ ကျွန်မပါ။”
“ဥက္ကဌထန်က ကျွန်တော်တို့ကို ပစ္စည်းပို့ခိုင်းလိုက်လို့ပါ။ အခုပဲ ပစ္စည်းတွေကို ချလိုက်ရတော့မလားဗျ?” ထိုအမျိုးသားကပဲ ဆက်ပြီးမေးမြန်းလိုက်သည်။
“ဟုတ်ကဲ့၊ ချလိုက်ပါတော့။” ထို့နောက် ကျန်ရှိနေသည့်စစ်သားများကို ပစ္စည်းများကို ဘက်စ်ကားအကြီးထဲသို့ ကူရွှေ့ပေးကြရန် ကုနင်းပြောလိုက်သည်။ ပစ္စည်းများအားလုံးရွှေ့ပြီးသွားသည်နှင့်တပြိုင်နက် ထိုအမျိုးသားနှစ်ယောက်သည် ချက်ချင်းပင် ရဟက်ယာဉ်ပေါ်သို့ပြန်တက်ကာ ထွက်ခွာသွားကြတော့သည်။
ထို့နောက် ကုနင်း ထန်ယွင်ဖန်းအား ဖုန်းဆက်ကာ ပစ္စည်းများလက်ခံရရှိပြီးပြီဖြစ်ကြောင်း အကြောင်းကြားလိုက်ပြီး သူမဘာကြောင့် အလောတကြီးလိုအပ်ရသည့် အကြောင်းကိုလဲ ပြောပြလိုက်သည်။ ထန်ယွင်ဖန်းသည်လဲ ကမ္ဘာပေါ်တွင် ဇွန်ဘီများအမှန်တကယ်ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့သောကြောင့် ကုနင်း၏စကားများကို ကြားသည်နှင့် အလွန်ထိတ်လန့်သွားခဲ့သည်။
လူအများသည် သည်းထိတ်ရင်ဖိုဇာတ်လမ်းများ၊ ပုံပြင်များကိုပင် လက်တွေ့လောက၌ တစ်ယောက်တည်း ကြည့်ဖို့ရန် အလွန်ကြောက်လန့်ကြသူများဖြစ်ကြလေသည်။
ထိတ်လန့်မိသွားပြီးနောက်တွင်တော့ ထန်ယွင်ဖန်း ချက်ချင်းသတိပြန်ဝင်သွားကာ ကုနင်းအဆင်ပြေရဲ့လားဆိုသည်ကို မေးမြန်းလိုက်သည်။ သူအမှန်တကယ်ထိတ်လန့်သွားသည်ဆိုသော်လည်း ကုနင်း၏ဘေးကင်းရေးကိုပို၍စိုးရိမ်ပူပန်မိလေသည်။ ထန်ယွင်ဖန်းသာ ယခုအချိန်အလုပ်များနေခြင်းမရှိပါကာ ချက်ချင်းပင် ကုနင်းရှိရာသို့အပြေးသွားလိုက်မိမည်ဖြစ်သည်။ ကုနင်းလဲ ထန်ယွင်ဖန်း၏စိုးရိမ်ပူပန်နေမှု ပြေပျောက်ရန်အတွက် အချိန်အတန်ကြာ ဖြေသိမ့်ပေးနေရတော့သည်။
ည၁၀နာရီဝန်းကျင်တွင်တော့ ချူးဖေ့ဟန်နှင့်သူငယ်ချင်းများ Dမြို့လေဆိပ်သို့ရောက်ရှိလာကြကာ ဟောင်ရန်က သူတို့ရောက်နေပြီဖြစ်ကြောင်း ကုနင်းကိုအကြောင်းကြားခဲ့သည်။
နာရီဝက်အကြာတွင်တော့ သူတို့အဖွဲ့ ချန်ယန်းတောင်သို့ ရောက်ရှိလာကြတော့သည်။
“ဘော့စ်၊ ဘာတွေများဆိုးရွားတာဖြစ်သွားလို့လဲ?” ကုနင်းနှင့်တွေ့မိချိန်တွင်တော့ သူတို့အားလုံး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်ကြတော့သည်။
“ကိစ္စကြီးတော့မဟုတ်ပါဘူး။ အရင်ဆုံး ဘက်စ်ကားပေါ်မှာသွားထိုင်ကြရအောင်! အပြင်မှာအေးတယ်!” ကုနင်း ဟောင်ရန်တို့အားဘက်စ်ကားရှိရာသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
ကားထဲတွင် ကင်မရာများရှိနေသည်ကို မြင်လိုက်ပြီးနောက် အားလုံးသိချင်သွားကာကြ၊
“ဘော့စ်၊ မင်းဇာတ်လမ်းများရိုက်မလို့လား?”
ချူးဖေ့ဟန်သည်က အနုပညာတွင် စိတ်ဝင်စားမှုအရှိဆုံးသူဖြစ်သောကြောင့် ကုနင်းကို စိတ်လှုပ်ရှားစွာဖြင့် ထပ်မေးလိုက်သည်။
“ဘော့စ်၊ ငါတို့ ဇာတ်လမ်းအတူတူရိုက်ကြမလို့လား?”
“ဟုတ်တယ်၊ ဒါပေမယ့် အခုတော့ နင်တို့ကိုအသေးစိတ်မပြောပြနိုင်သေးဘူး။ ကျန်တဲ့လူတွေအားလုံးရောက်ကာမှ တခါတည်းအကုန်ပြောပြမယ်။”
ကုနင်းက နောက်မှပြောပြမည်ဟု ဆိုလာခြင်းကြောင့် သူတို့လဲ ထပ်မမေးကြတော့ပေမည့် ချူးဖေ့ဟန်သည်တော့ အလွန်စိတ်လှုပ်ရှားနေစဲဖြစ်သည်။ ဟောင်ရန်နှင့်ကျန်းထန်ပင်းသည်တော့ ဇာတ်လမ်းရိုက်ကူးခြင်းအပေါ် စိတ်ဝင်စားမှုမရှိကြသော်လည်း ကုနင်းအတွက်ဆိုလျှင်တော့ လိုလိုလားလားပူးပေါင်းဆောင်ရွက်ပေးကြမည်ဖြစ်သည်။
ည၁၁နာရီအချိန်တွင်တော့ သွမ့်လီရှင်းလဲ ချန်ယန်းတောင်သို့ရောက်ရှိလာခဲ့သည်။
သွမ့်လီရှင်း ကုနင်းနှင့်တွေ့ချိန်တွင်တော့ သူမ၏ဘော့စ်အဖြစ်သာ နှုတ်ဆက်စကားဆိုလိုက်ပြီး ကုနင်းကလဲ သူမကို ဘက်စ်ကားပေါ်တွင်သာ နားနေရန်ပြန်ပြောလိုက်သည်။ အသေးစိတ်အကြောင်းအရာများကိုတော့ဖြင့် လုကျန်းရောက်လာချိန်မှသာ ပြောကြမည်ဖြစ်သည်။
***
အခန်း ၄၉၂
အသည်းတထိတ်ထိတ်ရင်တဖိုဖို
ဇာတ်လမ်းရိုက်ဖို့ရန်အတွက် အားလုံးအတူတကွ ဇာတ်ညွှန်းစဉ်းစားဖို့ရန် လိုအပ်သောကြောင့် သူတို့အားလုံး အမှန်တရားကို သိထားဖို့လိုအပ်ပေသည်။
ည၁၁နာရီခွဲအချိန်တွင်တော့ လုကျန်းနှင့်သူ၏အဖွဲ့သည်လဲ ချန်ယန်းတောင်သို့ရောက်လာခဲ့ကြသည်။
“တခြားလူတွေကို ကားထဲမှာပဲစောင့်ဖို့ပြောပြီး ဦးလေးလုပဲ ကျွန်မနဲ့လိုက်ခဲ့ပေးပါ။” ကုနင်း လုကျန်းအားပြောလိုက်သည်။
ထို့ကြောင့် ကျန်၁၅ယောက်က ကားထဲတွင်သာ နေခဲ့ပြီး လုကျန်းတစ်ယောက်သာ ထွက်လာခဲ့သည်။
“ဘော့စ်။” လုကျန်းသည်လဲ ကုနင်းကို လေးစားမှုအပြည့်ဖြင့် ခေါ်ဆိုလိုက်သည်။
“ဦးလေးလု တချက်လောက်လာကြည့်ပေးပါဦး။ အခုက အရေးပေါ်ကိစ္စဆိုတော့ စက်ပစ္စည်းအားလုံးကို ကျွန်မငှားထားလိုက်တာ။ ဒါပေမယ့် ဇာတ်လမ်းတစ်ပုဒ်ရိုက်ကူးဖို့က ဘာပစ္စည်းတွေလိုမှန်း ကျွန်မလဲသေချာမသိဘူးလေ။” ကုနင်း လုကျန်းအားဘက်စ်ကားရှိရာသို့ ခေါ်သွားကာ လက်ရှိ ရှိနေသည့် ရိုက်ကူးရေးပစ္စည်းများက လုံလောက်ရဲ့လားဆိုသည်ကို လိုက်ကြည့်ခိုင်းလိုက်သည်။
လုကျန်း ဘက်စ်ကားပေါ်သို့တက်လာသည်နှင့် သွမ့်လီရှင်းက သူ့ကိုမှတ်မိသွားကာ စိတ်လှုပ်ရှားသွားတော့သည်။ သွမ့်လီရှင်းသည် ဤသို့သော အရည်အချင်းပြည့်ဝသည့်ဒါရိုက်တာတစ်ဦး ဖျော်ဖြေရေးလောကမှ အထုတ်ခံလိုက်ရသည့်အပေါ် အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့ရသည်။ သို့ပေမည့် အခုတော့ လုကျန်းသည် ကုနင်းနှင့်အလုပ်တွဲလုပ်နေပြီဖြစ်ကာ သွမ့်လီရှင်းသည်လဲ သူနှင့်အတူလက်တွဲလုပ်ဆောင်ရတော့မည်ဖြစ်၍ အလွန်စိတ်လှုပ်ရှားနေမိတော့သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ဒါရိုက်တာလု။” သွမ့်လီရှင်းက လေးစားမှုအပြည့်ဖြင့်နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။” လုကျန်း၏ပုံစံသည်လဲ အလွန်ကြင်နာတတ်ပုံပေါက်လေသည်။
ကုနင်းမှနေပြီး သွမ့်လီရှင်းသည် ‘တော်ဝင်မောင်းမဆောင်’ဝတ္ထုအားရေးသားသူဖြစ်ကြောင်းနှင့် သူမတို့ကမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာတစ်ဦးလဲ ဖြစ်သည့်အကြောင်း လုကျန်းနှင့်မိတ်ဆက်ပေးလိုက်သည်။
လုကျန်းသည်လဲ ‘တော်ဝင်မောင်းမဆောင်’ဝတ္ထုအား အတော်လေးကျေနပ်သဘောကျခဲ့ပြီးဖြစ်သောကြောင့် ကုနင်းမိတ်ဆက်ပေးလာသည့် စာရေးသူက အလွန်ငယ်ရွယ်နေသည်ကို တွေ့လိုက်ရချိန် အလွန်အံ့အားသင့်သွားခဲ့ရသည်။
ထို့နောက် ပစ္စည်းကိရိယာများကို စတင်စစ်ဆေးကြသည်။
“လိုအပ်တာအားလုံးပါ,ပါတယ်။” လုကျန်း စစ်ဆေးပြီးနောက် အတည်ပြုပေးလိုက်သည်။
ထန်ယွင်ဖန်းသည် ကုနင်းကို ပစ္စည်းပို့ဖို့ရန် လူများစီစဉ်ပေးခဲ့သောကြောင့် သူတို့ဘက်ကလဲ ရဟတ်ယာဉ်နှင့် သယ်လို့ရသမျှ ပစ္စည်းတိုင်းကို သယ်ဆောင်လာပေးကြခြင်းဖြစ်သည်။ ကံအားလျော်စွာဖြင့် ရဟတ်ယာဉ်တွင်က နေရာအကျယ်အဝန်းလုံလုံလောက်လောက်ပါရှိသောကြောင့် စက်ပစ္စည်းပေါင်းများစွာအား သယ်ယူလာနိုင်ခဲ့ကြသည်။
ထို့နောက် လောလောဆယ်တော့ ကိစ္စအသေးစိတ်အကြောင်းအရာများကို ချူးဖေ့ဟန်နှင့်သူငယ်ချင်းများအား လျှို့ဝှက်ထားသည်က ကောင်းမည်ဟု ကုနင်းထင်မိသောကြောင့် လုကျန်းနှင့်သွမ့်လီရှင်းကိုသာ သူမနှင့်အပြင်သို့ပြန်လိုက်ထွက်ခဲ့ရန် ပြောလိုက်သည်။
စစ်သားများသည်လဲ အပြင်တွင်ထွက်ရပ်နေကြသောကြောင့် သူတို့စီးလာသည့် ဘက်စ်ကားအငယ်လေးမှာ လွတ်နေရာ ကုနင်းက လုကျန်းနှင့်သွမ့်လီရှင်းအား ထိုကားထဲသို့ခေါ်ဆောင်သွားခဲ့သည်။
ကားထဲရောက်သည်နှင့် ဖြစ်ပျက်သမျှအလုံးစုံအား ကုနင်းပြောပြလိုက်သောကြောင့် လုကျန်းရော သွမ့်လီရှင်းပါ အချိန်အတော်ကြာ မှင်သက်ကြောင်အလို့နေကြသည်။ သွမ့်လီရှင်းသည်တော့ ဇွန်ဘီများအမှန်တကယ်ရှိသည်ဟု ကြားလိုက်ရ၍ အလွန်အံ့ဩကြောက်လန့်ကာ တုန်ရီနေတော့သည်။
ထို့နောက် ကုနင်း သူမဖုန်းကို ထုတ်လိုက်ကာ ဇွန်ဘီကိုမီးရှို့နေသည့် ဗီဒီယိုအား ထုတ်ပြလိုက်သည်။ သို့သော်လည်း သူတို့နှစ်ဦး ထပ်မံမကြောက်လန့်သွားစေရန်အတွက် အသံကိုတော့ ပိတ်ထားခဲ့သည်။
“ဒီသတင်းက အင်တာနက်ပေါ်မှာ ပျံ့နေပြီးပြီ၊ တချို့ကလဲ ယုံကြသလို တချို့ကတော့ သံသယဝင်ကြတယ်။ ကျွန်မတို့သာ သေချာကိုင်တွယ်မဖြေရှင်းနိုင်ရင် အကြောက်တရားကပျံ့နှံ့သွားပြီး အစိုးရအဖွဲ့ရဲ့လု်ပပိုင်ခွင့်အာဏာကိုပါ ထိခိုက်လာစေနိုင်တယ်။ ပြီးတော့ ကျွန်မကလဲ ကျွန်မကုမ္ပဏီကို တခါတည်း လူထုရှေ့ချပြချင်တယ်။ ဒါကြောင့် ပထမဆုံးဇာတ်လမ်းအနေနှင့် ဇွန်ဘီအကြောင်းကိုရိုက်မယ်။ ပြီးရင် အင်တာနက်ပေါ် ပုံတွေ ဗီဒီယိုအပိုင်းလေးတွေ ရိုက်ပြီးတင်လိုက်မယ်။ ဒါတွေပြီးသွားတော့မှ ဇာတ်လမ်းကြော်ငြာအတိအကျကိုလုပ်ကြမယ်။ ဒါပေမယ့် ယုံချင်စရာကောင်းအောင်လို့ ကင်မရာတွေရဲ့အချိန်ကို မနေ့ကအချိန်ကို ရွှေ့ထားမယ်။”
သွမ့်လီရှင်းနှင့် လုကျန်းလဲ နားလည်သွားသောကြောင့် ခေါင်းညိတ်ပြလိုက်ကြပေမည့် ထိတ်လန့်မှုသည်တော့ ပျောက်ကွယ်မသွားသေးပေ။
“ဇာတ်ညွှန်းကိုတော့ အခုကစပြီး မြန်နိုင်သမျှ မြန်မြန်လေးရေးပေးပါ။” ကုနင်းဆက်ပြောလိုက်သည်။
အခုချိန်သည် အရေးပေါ်ဖြစ်နေသောကြောင့် သူတို့တွင် ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြပေ။ ထိုသို့ဆိုလျှင်တောင်မှ သွမ့်လီရှင်းသည် ဝတ္ထုရေးဆရာမတစ်ဦးဖြစ်သလို လုကျန်းသည်လဲ ကျွမ်းကျင်ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် သူတို့အတွက် ချက်ချင်းလက်ငင်း ဇာတ်ညွှန်းတစ်ပုဒ်ရေးလိုက်ဖို့ရန်က ခက်ခဲလွန်းသည့်ကိစ္စရပ်မဟုတ်ပေ။
“ဟုတ်သားပဲ၊ ကျွန်မအရင်တုန်းက သည်းထိတ်ရင်ဖိုဇာတ်ညွှန်းရေးဖူးတယ်။ ရိုက်ကူးရေးကုမ္ပဏီတစ်ခုကို အဲ့ဒီဇာတ်ညွှန်းပို့လိုက်ပေမယ့် သူတို့က သဘောမကျကြဘူး။ အခုအခြေနေက အဲ့ဒီဇာတ်ညွှန်းနဲ့သင့်တော်မလား ဖတ်ကြည့်ပေးပါလား။” သွမ့်လီရှင်းပြောရင်းနှင့်ပင် သူမ၏လပ်တော့ပ်(လက်ဆွဲကွန်ပျူတာ)ကို ထုတ်ယူလိုက်သည်။
သွမ့်လီရှင်းသည် ဝတ္ထုရေးဆရာမဖြစ်သလို ဇာတ်ညွှန်းရေးသူလဲဖြစ်သောကြောင့် အချိန်ပြည့်သူမနှင့်အတူ လပ်တော့ပ်တစ်လုံးကိုသယ်ယူလာလေ့ရှိလေသည်။
ထိုစကားကြောင့် သွမ့်လီရှင်း၏အရည်အချင်းအားယုံကြည်ထားကြပြီးပြီဖြစ်သည့် ကုနင်းရော လုကျန်းပါ စိတ်လှုပ်ရှားသွားကြသည်။
ဇာတ်ညွှန်းဖိုင်ကိုဖွင့်လိုက်ပြီးသည်နှင့် မကြာခင်တွင်ပဲ အကျဉ်းချုပ်ဖော်ပြချက် စာလုံးရေထောင်ကျော်ကို ကုနင်းဖတ်၍ပြီးသွားခဲ့သည်။
ဇာတ်လမ်း၏အမည်သည် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ဟူ၍ဖြစ်သည်။ ဇာတ်လမ်းကြောင်းသည်က ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုတွင် ရှေးဟောင်းသုတေသီအဖွဲ့ ပိတ်မိနေသည့် သတင်းကို ဇာတ်လိုက်ဖြစ်သည့် မင်းသားနှင့်မင်းသမီးကကြားသိသွားခဲ့ကာ ထိုဂူသင်္ချိုင်းထဲတွင် သရဲများရှိနေခြင်းဖြစ်ရမည်ဟု တွေးထင်လိုက်ပြီးနောက် ကိုယ်တိုင်စစ်ဆေးကြည့်ရှုရန်အတွက် ထိုနေရာသို့သွားခဲ့ကြသည်။ အမှန်တကယ်လဲ သူတို့တွေးထင်သကဲ့သို့ သရဲများသာဖြစ်သည်။ ရှေးဟောင်းသုတေသီအဖွဲ့အား ကယ်ထုတ်နေချိန် မင်းသားနှင့် မင်းသမီးဘက်မှနေပြီး ကူညီပေးသည့် ဝတ်စုံနီသရဲမပေါ်လာခဲ့ကာ တစ်ဖွဲ့တည်းဖြစ်သွားကြသည်။ သို့သော်လည်း ထိုဝတ်စုံနီသရဲမသည်က ထိုမင်းသားနှင့်မင်းသမီးအား ရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှ သူမ၏ရန်သူများကို ကူညီသတ်ဖြတ်ပေးရန် အသုံးချချင်ရုံသာဖြစ်သောကြောင့် အဆုံးတွင်တော့ အဖွဲ့ပြန်ကွဲသွားကာ အချင်းချင်းပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ထိုဇာတ်ညွှန်းအားဖတ်ပြီးနောက် ကုနင်းအလွန်စိတ်ကျေနပ်သွားတော့သည်။ သူမတို့အနေနှင့် သရဲနေရာတွင် ဇွန်ဘီတစ်ကောင်အား အစားထိုးလိုက်ရန်သာဖြစ်လေသည်။
“အရမ်းကောင်းတာပဲ၊ ဒီဇာတ်လမ်းအရမ်းကိုကောင်းတယ်။ အဲ့ဒီရိုက်ကူးရေးကုမ္ပဏီက မင်းရဲ့ဇာတ်ညွှန်းကို လက်မခံခဲ့မိတာ အမှားကြီးပဲ။ ငါတို့ ဒီဇာတ်လမ်းကို မသုံးခင် သရဲနေရာမှာတော့ ဇွန်ဘီကို အစားထိုးဖို့လိုတယ်။ ဒီလိုဆို ရှေးဟောင်းသုတေသီအဖွဲ့ကို စစ်သားတွေက လာကယ်ပေးမှာဆို အရမ်းကိုအကျိုးကြောင်းသင့်သွားပြီ။” လုကျန်းသည်လဲ အလွန်သဘောကျနေခဲ့သည်။
လုကျန်း၏သဘောတူညီမှုကိုပါရရှိသောကြောင့် သွမ့်လီရှင်းအလွန်ဝမ်းသာသွားတော့သည်။ ဇာတ်ညွှန်းကို သူမအဆုံးသတ်အထိ ရေးပြီးသားဖြစ်သောကြောင့် မကြာမီအချိန်တွင်း ဇာတ်လမ်းစတင်ရိုက်ကူးနိုင်ပေလိမ့်မည်။
“ဒါပေမယ့်၊ အခုကအလောတကြီးလုပ်လိုက်တာဆိုတော့ ကျွန်မတို့မှာ သရုပ်ဆောင်တွေမရှိနေဘူး။ ဒါကြောင့် လောလောလတ်လတ်တင် ကျွန်မနဲ့စာချုပ်ချုပ်ထားတဲ့ မင်းသမီးတစ်ယောက်ကို လာကူခိုင်းထားတယ်၊ ကျန်တဲ့လူတွေကတော့ ကျွန်မသူငယ်ချင်းတွေပဲ။ စစ်သားတွေကကျတော့ လောလောဆယ် ယာယီသရုပ်ဆောင်အနေနဲ့ရော ဝန်ထမ်းအဖြစ်ပါ ပါဝင်ပေးကြလိမ့်မယ်။ ဦးလေးလုဘက်က ခပ်မြန်မြန်လေး နောက်ထပ် သရုပ်ဆောင်အချို့စီစဉ်ပေးလို့ရနိုင်မလား? အဆင်ပြေသွားရင်တော့ သူတို့ကို ဒီညတွင်းချင်းပဲ လာခိုင်းနိုင်ရင်ပိုကောင်းမယ်။ နေ့ဘက်သာဆို တခြားလူတွေ သိကုန်ကြလိမ့်မယ်။”
ညဘက်ပျံသန်းသည့် လေယာဉ်များစွာရှိသောကြောင့် အကယ်၍ ထိုသရုပ်ဆောင်များကသာ ပါဝင်ကူညီအားဖြည့်ပေးလိုလျှင် ချက်ချင်းလာ၍ရလေသည်။
“ရှာလို့တော့ရတာပေါ့၊ ဒါပေမယ့် ငါကအနုပညာလောကထဲက အထုတ်ခံထားရတဲ့လူဆိုတော့ ငြင်းလိုက်မှာစိုးတယ်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်ကြတာပေါ့။” လုကျန်းပြန်ဖြေလိုက်သည်။
လုကျန်းသည် အနုပညာလောကမှ ဖယ်ကျဉ်ခြင်းခံထားရသော်လည်း လူတိုင်းသည်တော့ ထိုကိစ္စအတွက်ကြောင့်နှင့် သူ့ကို အဆက်အသွယ်ဖြတ်လိုက်ကြခြင်းမဟုတ်ပေ။
“ငါတို့ ဇွန်ဘီနဲ့သရဲအတွက် ရှေးခေတ်ဝတ်စုံတွေလဲပိုလိုအပ်သေးတယ်။ အိုး၊ ပြီးတော့ ရှေးဟောင်းပစ္စည်းအတုလေးတွေလဲလိုသေးတယ်။” လုကျန်းထပ်ပေါင်းပြောလိုက်သည်။
“အဲ့ဒီကိစ္စကို ကျွန်မဖြေရှင်းလိုက်ပါ့မယ်။” ကုနင်းကပဲ ထိုကိစ္စအားတာဝန်ယူလိုက်လေသည်။
“ကောင်းပြီလေ။”
ထို့နောက် ကုနင်းနှင့် သွမ့်လီရှင်းတို့ ဘက်စ်ကားငယ်ထဲမှ ထွက်လာခဲ့ကြသည်။
သွမ့်လီရှင်း သူမ၏ဇာတ်ညွှန်းများကို ပုံနှိပ်ဖို့ရန်အတွက် ပုံနှိပ်စက်ကို မီးသွယ်ပေးရမည်ဖြစ်သောကြောင့် အလုပ်သမားများအိပ်ဆောင်မှနေပြီး မီးပလက်သွယ်ပေးရန်အတွက် စစ်သားတစ်ဦးအား ကုနင်းတာဝန်ပေးလိုက်သည်။
***
အခန်း ၄၉၃
Bအဆင့်သရုပ်ဆောင်များ ၁
ကုနင်း ဘက်စ်ကားအကြီးရှိရာသို့ပြန်သွားလိုက်ကာ ချူးဖေ့ဟန်တို့အားမေးလိုက်သည်။
“ငါတို့ဒီညတော့ ဒီမှာပဲအိပ်မှရမယ်။ အဆင်ပြေရဲ့လား?” ယခုအချိန်သည်က အကျပ်အတည်းကာလဖြစ်သောကြောင့် သူမတို့အနေနှင့်သည်းခံကာ နေရမည်ဖြစ်သည်။
“ကိစ္စမရှိဘူး။” ချူးဖေ့ဟန်တို့သည်လဲ ဤသို့အဆင်ပြေသလိုအိပ်ရသည့်အပေါ် ဂရုမထားပေ။
လုကျန်း၏အဖွဲ့သည်တော့ အခုလိုဘာကြောင့်များ အလောတကြီးရိုက်ကူးရေးလုပ်ရလဲဆိုသည်ကို သိချင်နေကြသော်လည်း သူတို့ကို အကြောင်းအရင်းပြောပြပေးမည့်သူကမရှိပေ။ ထို့ကြောင့်သူတို့စောင့်နေစဉ်အတွင်း အချိန်ကုန်မြန်စေရန်အတွက် အင်တာနက်သာသုံးနေကြတော့သည်။ သူတို့ယခုရောက်နေသည့်နေရာသည် Dမြို့ဖြစ်သောကြောင့် Dမြို့နှင့်ပတ်သတ်သည့် သတင်းများကိုသာ ဖတ်ကြည့်နေလိုက်သည်။ မကြာမီအချိန်တွင်းတွင်ပဲ တစ်ယောက်မှနေပြီး ဇွန်ဘီသတင်းကို တွေ့သွားခဲ့တော့သည်။
“ဘုရားရေ! ဒီသတင်းကိုကြည့်လိုက်ကြ! ဇွန်ဘီတစ်ကောင်ပဲ!”
“တကယ်ဟုတ်လို့လား? ဘယ်လိုလုပ် ဇွန်ဘီအစစ်ကထွက်လာမှာလဲ?”
ဗီဒီယိုကိုဖွင့်လိုက်သည်နှင့် တပြိုင်နက် ဇွန်ဘီ၏စူးစူးဝါးဝါးအော်သံများကြောင့် လူတိုင်း ကြောက်ရွံ့ ထိတ်လန့်ကုန်ကြတော့သည်။
“Dမြို့ရဲ့ ချန်ယန်းတောင်။ ဒါငါတို့အခုရောက်နေတဲ့ နေရာကြီးမဟုတ်ဘူးလား?” လူငယ်တစ်ဦးက ရုတ်တရက် သတိဝင်လာကာပြောလိုက်သည်။
“ဘာ? ဒီနေရာလား?”
ထိုစကားကြောင့် အားလုံးပို၍ပင် ကြောက်ရွံ့ကုန်တော့သည်။ ဤသတင်း အမှန်ဖြစ်စေ မဖြစ်စေ၊ သူတို့ရောက်နေသည့်နေရာသည်က ဇွန်ဘီထွက်လာသည့်နေရာဟု သိလိုက်ချိန်တွင်တော့ မည်သူမျှ မကြောက်လန့်မိဘဲ မနေကြပေ။
“ဒါရိုက်တာလု၊ ဒီဗီဒီယိုကတကယ်ကြီးလား?” တစ်ယောက်မှနေပြီး လုကျန်း၏ဝမ်းကွဲညီ လုယီချန်အားမေးလိုက်သည်။
လုယီချန်သည် အသက်၂၇နှစ်သာရှိသေးပြီး ငယ်ရွယ်သော်လည်း ရင့်ကျက်တည်ငြိမ်သူတစ်ယောက်ဖြစ်လေသည်။ သူသည်လဲ ဤဗီဒီယိုအားကြည့်ပြီး ကြောက်လန့်မိသော်လည်း အမှန်ဟုတ်မဟုတ် ခန့်မှန်းနေခြင်းက ကြောက်လန့်မှုကို ပို၍ကြီးမားစေခြင်းကြောင့် အေးဆေးတည်ငြိမ်စွာဖြင့်သာ ပြန်ဖြေလိုက်သည်။
“သတင်းမှားတွေအများကြီးရှိတာပဲ။ ဒီလောက်အဝေးကြီးကနေပြီး လူလား သရဲလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ? ငါ့အထင် ဒါကအကြမ်းဖက်သမားတစ်ယောက်ယောက် မတော်တဆ မီးလောင်ပြီးသေတာပဲဖြစ်မယ်။ ဒါကြောင့် အစိုးရအဖွဲ့ဘက်ကလဲ ဒီလူကို အကြမ်းဖက်သမားလို့ ထုတ်ပြန်ထားတာပေါ့။ သူကအကြမ်းဖက်သမားဆိုရင်တောင်မှ ဒီလိုမျိုးမီးလောင်သေရတာကတော့ တော်တော်လေး ရက်စက်ရာကျပါတယ်။”
လုယီချန်၏စကားများကြောင့် လူတိုင်းလဲ ထိုသို့ဖြစ်နိုင်လောက်ပါသည်ဟု တွေးလိုက်မိကြပေမည့် စိတ်လှုပ်ရှားတုန်လှုပ်နေမိကြစဲပင်။
စာတန်းရှည်တစ်ခုအား ကိုင်လာသည့် ကုနင်းသည်လဲ သူတို့ဆွေးနွေးပြောဆိုနေသည်ကို ကြားလိုက်ရသည်။ သို့သော်လည်း သူတို့အားလုံး ယုံကြည်လောက်ပြောဖို့ရန်က သူမသည် အလွန်ငယ်ရွယ်နေသောကြောင့် လုကျန်းကိုသာ အားလုံးကိုရှင်းပြပေးရန်အတွက် ချက်ချင်းသွားပြောရတော့သည်။ ထို့အပြင် သူမအနေနှင့် လူတိုင်းရှေ့တွင် သူမ၏နောက်ခံအစစ်အမှန်ကိုလဲ မဖော်ထုတ်လိုသေးပေ။
ထို့နောက် လုကျန်းကပဲ သူ့အဖွဲ့ထံသို့ပြန်သွားကာ လုယီချန်ပြောခဲ့သည့်အတိုင်း ပြန်ရှင်းပြလိုက်သည်။ လုကျန်းကိုယ်တိုင် ရှင်းပြသည်အားကြားရချိန်တွင်တော့ လူတိုင်းစိတ်အေးသွားကြတော့သည်။ ထို့နောက် သူတို့အားလုံး ရိုက်ကူးရေးအတွက် စတင်ပြင်ဆင်ကြတော့သည်။
မကြာခင်တွင်ပဲ လုကျန်းလဲ သရုပ်ဆောင်ရှာဖွေဖို့ရန်အတွက် ဖုန်းဆက်မှုပြီးစီးသွားခဲ့ကာ ရလဒ်အား ကုနင်းကို ပြန်တင်ပြခဲ့သည်။
“ဘော့စ်၊ ငါ၆ယောက်ကို ဆက်သွယ်ကြည့်လိုက်တာ ယောက်ျားလေး၂ယောက်နဲ့ မိန်းကလေး၁ယောက် စုစုပေါင်း၃ယောက်ကတော့ လာဖို့သဘောတူလိုက်တယ်။ ဒါပေမယ့် သူတို့အားလုံးက Bအဆင့်သရုပ်ဆောင်တွေ။ သူတို့အားလုံး သရုပ်ဆောင်ပိုင်းတော်ကြပေမယ့် နာမည်တော့မကြီးဘူး။ နှစ်ယောက်ကတော့ အခုမြို့တော်မှာ တစ်ယောက်က Bမြို့က။ သူတို့ ဒီညလေယာဉ်နဲ့ပဲ လာကြလိမ့်မယ်။”
လုကျန်းကိုယ်တိုင်က ထိုသုံးယောက်၏ သရုပ်ဆောင်စွမ်းရည်ကို လက်ခံနိုင်သည်ဆိုမှတော့ ကုနင်းအနေဖြင့် ထိုသုံးယောက် နာမည်ကြီးသည် မကြီးသည်ကို ဂရုစိုက်မနေတော့ပေ။
“တစ်ယောက်ကတော့ အတွေ့အကြုံရှိတဲ့မင်းသားကြီးပဲ။ အသက်တော့ ငါနဲ့အတူတူပဲ ၄၀ကျော်လောက်ရှိပြီ။ နာမည်ကတော့ ကျောက်ချီကန်း။ သူဆို ရှေးဟောင်းသုတေသီခေါင်းဆောင်နေရာမှာ သရုပ်ဆောင်နိုင်မယ်လို့ထင်တယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အသက်၂၀ဝန်းကျင်လောက်ပဲ။ မင်းသားကတော့ ဟန်လန်ရွှယ်၊ မင်းသမီးကတော့ ပိုင်လင်း။ သူတို့နှစ်ယောက်ဆိုလဲ အဓိကမင်းသားမင်းသမီးနေရာမှာ သရုပ်ဆောင်နိုင်မယ်ထင်တယ်။” လုကျန်း သူ၏အတွေးများကိုပြောပြလိုက်ကာ ကုနင်းလဲ သဘောတူလေသည်။
ထို့နောက် ထိုသရုပ်ဆောင်သုံးဦး၏လေယာဉ်ဆိုက်လျှင် သွားကြိုပေးရန်အတွက် ယာဉ်မောင်းအား ကုနင်းအသိပေးလိုက်ပြန်သည်။ ထိုယာဉ်မောင်းသည် ကျန်းပါးဝမ့်မှ ကုနင်းနောက်လိုက်ရန်အတွက် လွှတ်ပေးထားခြင်းဖြစ်သောကြောင့် ကုနင်းပြောသမျှ အကုန်လုပ်ပေးလိမ့်မည်ဖြစ်သည်။
မကြာခင်တွင်ပဲ စုထုံနျိုနှင့် သူမ၏လက်ထောက် လင်းရှောင်ရှားတို့ရောက်ရှိလာကြသည်။
“မင်္ဂလာပါ၊ ဘော့စ်။” စုထုံနျိုရော လင်းရှောင်ရှားပါ ကုနင်းကို လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ဘေးတွင်ရှိနေသည့် လုကျန်းကို စုထုံနျိုမြင်လိုက်ရချိန်တွင်တော့ အံ့အားသင့်သွားကာ၊
“ဒါရိုက်တာလု။”
စုထုံနျိုသည် လုကျန်းနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က အလုပ်အတူလုပ်ခဲ့ဖူးလေသည်။ ထိုအစီစဉ်တွင် သူမသည် အဓိကသရုပ်ဆောင်မဟုတ်သော်လည်း လုကျန်းသည်တော့ သူမ၏သရုပ်ဆောင်အရည်အချင်းကို သဘောကျသောကြောင့် သူမနာမည်ကို မှတ်မိနေခဲ့သည်။
“ဟိုင်း၊ ထုံနျို!” လုကျန်းသည်လဲ စုထုံနျိုရောက်လာသောကြောင့် အံ့ဩသွားခဲ့ရသည်။
လုကျန်း ဖျော်ဖြေရေးလောကမှ ထုတ်ပယ်ခံထားရသည်ကို စုထုံနျိုသိပေမည့် ယခုတော့ ကုနင်းကြောင့် နောက်တဖန် ဤလောကတွင် ပြန်အခြေချနိုင်နေသည့်ပုံပင်။
“ဟိုင်း၊ မိန်းကလေးစု၊ တွေ့ရတာဝမ်းသာပါတယ်။” သွမ့်လီရှင်းသည်လဲ စုထုံနျိုအားအရင်ဦးစွာ နှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။”
ထို့နောက် ကုနင်းကပဲ သွမ့်လီရှင်းနှင့် စုထုံနျိုအား မိတ်ဆက်ပေးလိုက်ပြီး လုကျန်းဘက်သို့တဖန်ပြန်လှည့်လိုက်ကာ၊
“စုထုံနျိုက ကျွန်မနဲ့ပထမဆုံးစာချုပ်ချုပ်ထားတဲ့ သရုပ်ဆောင်ပဲ။ ဦးလေးတို့အချင်းချင်း သိထားပြီးသားဆိုတော့ ထပ်ပြီးမိတ်ဆက်ပေးဖို့မလိုတော့ဘူးပေါ့။ ဦးလေးလု စိတ်တိုင်းကျ သရုပ်ဆောင်ရမယ့်နေရာကို ရွေးချယ်လို့ရပါတယ်။ စုထုံနျိုအတွက် အထူးအလေးပေးစရာမလိုပါဘူး။” ကုနင်းနှင့်စာချုပ်ချုပ်ထားသည့် သရုပ်ဆောင်ဖြစ်သောကြောင့် လုကျန်းအနေနှင့် သတ်မှတ်ရခက်ခဲနေမည်စိုး၍ ကုနင်းပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။
လုကျန်း ခပ်ဟဟရယ်မောလိုက်ကာ၊
“ထုံနျိုက သရုပ်ဆောင်ကောင်းပါ၊ သူလဲပဲ အဓိကသရုပ်ဆောင်နေရာနဲ့သင့်တော်တယ်လို့ထင်တယ်။ ပိုင်လင်းရောက်ရင် မင်းတို့နှစ်ယောက် ဘယ်သူက ဗီလိန်နေရာရပြီး ဘယ်သူက သူရဲကောင်းနေရာရမလဲဆိုတာကို အစမ်းသရုပ်ဆောင်ပြီးဆုံးဖြတ်ကြတာပေါ့။”
သူမတို့နှစ်ယောက်လုံးသည် သရုပ်ဆောင်ကောင်းကြသောကြောင့် နှစ်ယောက်စလုံး အဓိကသရုပ်ဆောင်နေရာနှင့်လိုက်ဖက်လှပေသည်။
သို့ပေမည့် စုထုံနျိုသည်တော့ သူမသည်လဲ ဤဇာတ်လမ်းတွင် အဓိကသရုပ်ဆောင်ဖြစ်နိုင်သည့် အခွင့်ရေးရှိသည်ကို သိလိုက်ရကာ အလွန်အံ့အားသင့်သွားတော့သည်။ ဗီလိန်ဖြစ်ဖြစ် သူရဲကောင်းဖြစ်ဖြစ် အရေးမကြီးပေ။ သူမအနေဖြင့် ဘယ်ဇာတ်ကောင်မျိုးတွင်မဆို အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ပေသည်။ ပိုင်လင်းအကြောင်းကိုတော့ သူမကြားဖူးထားသော်လည်း အချင်းချင်းတော့ မတွေ့ဖူးကြပေ။
ပိုင်လင်းရော စုထုံနျိုပါ သရုပ်ဆောင်ကောင်းကြပေမည့် သူမတို့နှစ်ဦးနာမည်မကြီးသည့် အကြောင်းရင်းသည်တော့ ကွဲပြားလေသည်။ ပိုင်လင်းသည်က သူမ၏ကံမကောင်းမှုကြောင့် မကျော်ကြာခြင်းဖြစ်ပြီး စုထုံနျိုသည်တော့ ဖျော်ဖြေရေးလောက၏ ဖော်ပြမထားသော စည်းမျဉ်းကို ငြင်းဆန်ခြင်းကြောင့် မကျော်ကြားနိုင်တော့ခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ဤနှစ်များအတွင်း ကြိုးစားအားထုတ်ခဲ့မှုများနှင့်ဆိုလျှင် စုထုံနျိုသည် ကျော်ကြားသည့် သရုပ်ဆောင်တစ်ဦးဖြစ်နေလောက်ပေပြီ။ သူမသာ နာမည်ကြီးသည် သရုပ်ဆောင်တစ်ဦးဖြစ်နေခဲ့လျှင် အခြေနေများမှာ အလွန်ကွာခြားနေပေလိမ့်မည်။
“အခုလိုအခွင့်ရေးပေးတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။” စုထုံနျို လုကျန်းအား စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်မိသည်။
ခနတဖြုတ်စကားပြောကြပြီးနောက်တွင်တော့ သူတို့အားလုံး အနားယူဖို့ထွက်သွားကြတော့သည်။
သို့ပေမည့် သူတို့ရောက်ရှိနေသည့်နေရာသည် တောင်တစ်တောင်ဖြစ်သောကြောင့် စိတ်အေးလက်အေးအိပ်ပျော်ဖို့ရန်တော့ ခက်ခဲပေသည်။
မနက်၄နာရီ၂၀မိနစ်တွင်တော့ Bမြို့မှ ပိုင်လင်းရောက်ရှိလာကာ လုကျန်းက လုယီချန်နှင့်အတူ သူမကို ကြိုဆိုခဲ့သည်။
ပိုင်လင်းသည် အသက်၂၇နှစ်ရှိပြီဖြစ်ပြီး ဖျော်ဖြေရေးလောကတွင် ကျင်လည်လာသည်မှာ ၅နှစ်ရှိပြီဖြစ်သည်။ သူမ၏အလှသည်က မြင်လိုက်ရုံဖြင့် မူးမေ့လောက်သည်အထိ မလှပသော်လည်း အလွန်ဆွဲဆောင်မှုရှိနေစဲဖြစ်သည်။ ထို့အပြင် သူမကို ကြည့်မိလေ ပို၍ဆွဲလမ်းမိလေဖြစ်လောက်သည့် အလှမျိုးဖြစ်သည်။
ပိုင်လင်းတွင်လဲ လက်ထောက်တစ်ယောက်ပါလာခဲ့သည်။ သူမသည်က Bအဆင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို သူမ၏ကိုယ်စားလှယ်သည်က တစ်ချိန်တည်းဖြင့် သရုပ်ဆောင်များစွာအတွက် တာဝန်ယူနေရသူဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် သူမနှင့်မလိုက်ပေးနိုင်ခဲ့ပေ။ သူမ၏ကိုယ်စားလှယ်သည် လုကျန်း၏ကောင်းမွန်သောဂုဏ်သတင်းများကို ကြားဖူးခဲ့ပြီးဖြစ်သောကြောင့် ယခုလိုဆက်သွယ်လာချိန်တွင် ချက်ချင်းသဘောတူလက်ခံလိုက်ခြင်းဖြစ်သည်။
လုကျန်းသည် ဖျော်ဖြေရေးလောကမှ ဖယ်ထုတ်ခြင်းခံထားခဲ့ရသော်လည်း ယခုအချိန်တွင်တော့ ကုနင်း၏ထောက်ပံ့ပေးမှုကိုရရှိထားပြီဖြစ်သောကြောင့် ဤဇာတ်လမ်းသည် အောင်အောင်မြင်မြင်နှင့်ကို ထုတ်လွှင့်နိုင်ပေလိမ့်မည်။
***
အခန်း ၄၉၄
Bအဆင့်သရုပ်ဆောင်များ၂
အရေးကြီးဆုံးအချက်သည်က ပိုင်လင်းသည် ဤနှစ်များအတွင်း ဆက်တိုက်ဆိုသလို အောင်မြင်မှုမရရှိခဲ့သောကြောင့် သူမ၏ကိုယ်စားလှယ်သည် သူမအတွက် အလုပ်ရှာပေးရန် တွန့်ဆုတ်နေမိခဲ့သည်။ သို့ပေမည့် ရုတ်တရက်ဆိုသလို တစ်စုံတစ်ဦးက သူမကိုအလုပ်ကမ်းလှမ်းလာသည့်အတွက် သူမ၏ကိုယ်စားလှယ်လဲ ပိုင်လင်းလက်ခံသည်မခံသည်ကို စောင့်မနေဘဲ ချက်ချင်းသဘောတူခဲ့သည်။
ပိုင်လင်းကို ကြိုလာပြီးနောက် သူမကို ဘက်စ်ကားအကြီးထဲတွင် အနားယူရန်အတွက် လုကျန်းခေါ်ဆောင်သွားခဲ့သည်။
ဘက်စ်ကားအကြီးထဲမှ လူတိုင်းသည်က ကုနင်း၏နောက်ခံအစစ်အမှန်ကို သိထားကြသလို ပိုင်လင်းကိုပါ သူမကဘော့စ်အစစ်ဖြစ်ကြောင်း ပြောပြ၍ရလားဆိုသည်ကို လုကျန်းမေးလာချိန်တွင်လဲ ကုနင်းသဘောတူခဲ့သည်။
“ပိုင်လင်း၊ ဒါကကုနင်းတဲ့။ ဒီဇာတ်လမ်းရဲ့ရင်းနှီးမြှုပ်နှံသူလဲဖြစ်သလို ငါ့ရဲ့ဘော့စ်လဲဟုတ်တယ်။” လုကျန်းက ကားထဲရောက်သည်နှင့် ပိုင်လင်းကို ကုနင်းနှင့်မိတ်ဆက်ပေးလိုက်သည်။
ထိုစကားများကိုကြားသည်နှင့် ပိုင်လင်းအလွန်အံ့အားသင့်သွားရတော့သည်။ ဘုရားရေ! ဒီမိန်းကလေက အသက်၂၀တောင်မပြည့်လောက်သေးဘူးမလား! သို့ပေမည့် ကုနင်းသည် အလွန်ချမ်းသာသည့်မိသားစုမှဖြစ်ပြီး သည်းထိတ်ရင်ဖို့ ဇာတ်လမ်းများကို သဘောကျသူဖြစ်သောကြောင့် သူမမိသားစုကိုပူဆာကာ ကိုယ်တိုင်ဇာတ်လမ်းရိုက်ဖို့ ပြောခဲ့ခြင်းသာဖြစ်မည်ဟု ပိုင်လင်းတွေးလိုက်မိသည်။
ထိုသို့ဆိုလျှင်ပင် ကုနင်းသည် သူမကို အလုပ်ကမ်းလှမ်းခဲ့သူတစ်ဦးသာဖြစ်သောကြောင့် အထင်သေးသည့် အမူအရာမျိုး လုံးဝမထုတ်ဖော်ပြပေ။ သူမသာ ကုနင်းကို စိတ်အနှောက်အယှက်ပြုမိလျှင် ယခုအလုပ်ကို သူမဆုံးရှုံးသွားရပေလိမ့်မည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု!” ပိုင်လင်း လက်တစ်ဖက်ကို ဆန့်တန်းကာ ကုနင်းကို နှုတ်ဆက်လိုက်သည်။
ကုနင်းလဲ ပြန်၍လက်ဆွဲနှုတ်ဆက်လိုက်ကာ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်ခဲ့သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးပိုင်။ ကျွန်မတို့နဲ့ပူးပေါင်းမှုအတွက် ကြိုဆိုပါတယ်။”
“အရင်ဆုံးစာချုပ်နဲ့ ဇာတ်ညွှန်းကိုဖတ်ကြည့်ပါဦး။ ပြီးရင်တော့ စာချုပ်မှာလက်မှတ်မထိုးခင် စုထုံနျိုနဲ့ ရှင်ဘယ်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သင့်လဲ ဆိုတာကို အစမ်းသရုပ်ဆောင်ပြီးဆုံးဖြတ်ကြပါမယ်။” ကုနင်း ရှင်းပြလိုက်သည်။
ပိုင်လင်းအတွက် အဓိကအမျိုးသမီးဇာတ်ဆောင်နှစ်ယောက်၏ မိတ်ဆက်စာအနည်းငယ်ကိုသာရရှိမည်ဖြစ်ပြီး ဇာတ်ညွှန်းတစ်ပုဒ်လုံးကိုသိရဦးမည်မဟုတ်ပေ။
ကုနင်းတို့ဘက်က ဇာတ်ညွှန်းနှင့် စာချုပ်များကို ပုံနှိပ်ထားပြီးဖြစ်ကာ လုကျန်းသည်လဲ ဖုန်းစဆက်ကတည်းက ပိုင်လင်း၏ကိုယ်စားလှယ်နှင့် အနုပညာကြေးကို ပြောဆိုသဘောတူထားပြီးဖြစ်လေသည်။
“ကိစ္စမရှိပါဘူး။” ပိုင်လင်းပြန်ဖြေလိုက်ကာ လုကျန်း၏လက်ထဲမှ စာချုပ်နှင့်ဇာတ်ညွှန်းစာရွက်ကို ယူလိုက်သည်။ ထို့နောက် ဘက်စ်ကားနောက်ဘက်မှ ခုံအလွတ်ရှိရာသို့လျှောက်သွားလိုက်သည်။ စုထုံနျိုနှင့်လဲ ပြေပြေလည်လည်ပင် နှုတ်ဆက်လိုက်ကြပြီးနောက် သူမတို့၏ကိုယ်ပိုင်ကိစ္စများတွင်သာ အာရုံစိုက်ထားလိုက်ကြသည်။
နာရီဝက်အကြာတွင်တော့ ကျောက်ချီကန်းနှင့် ဟန်လန်ရွှယ်တို့ရောက်ရှိလာကြသည်။ သူတို့သည်လဲ လက်ထောက်များဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ ကျောက်ချီကန်းသည်က နာမည်ကြီးအနုပညာရှင်မဟုတ်သောကြောင့် သူ၏လုပ်ငန်းဆောင်တာ အများစုကို ကိုယ်တိုင်သာလုပ်လေသည်။ ဟန်လန်ရွှယ်သည်လဲ ပိုင်လင်းနှင့်အခြေအနေတူလေသည်။ သူသည်လဲ သူ၏ကိုယ်စားလှယ်ထံမှ လျစ်လျူရှုခံရလုနီးနီးဖြစ်နေသောကြောင့် ကိုယ်စားလှယ်က သူ့ကိစ္စများတွင် အလုပ်ရှုပ်ခံကာ လိုက်ပါပေးခြင်းမရှိတော့ပေ။
ဟန်လန်ရွှယ်သည် ငယ်ရွယ်ကာ ခန့်ညားသော်လည်း ယခုအချိန်တွင် ဤကဲ့သို့သောပုံစံမျိုးက အလွန်ပေါများလွန်းနေသောကြောင့် ကျော်ကြားမှုရဖို့ရန်က ခက်ခဲသွားလေသည်။ အဓိကအချက်သည်က သူ့တွင် ကောင်းမွန်သည့် အလုပ်အပ်ခံရခြင်းမျိုးရှိမနေခြင်းပင်။
ကုနင်းသည်လဲ ဘက်စ်ကားအပြင်ဘက်သို့ထွက်လာခဲ့သည်။ ကျောက်ချီကန်းနှင့်ဟန်လန်ရွှယ်တို့ကို ကြိုဆိုရန်တော့မဟုတ်ဘဲ သူမမြို့ထဲသို့သွားမည်ဖြစ်၍ ဘက်စ်ကားကြီးဖြင့် ကိုယ်တိုင်မောင်းသွားဖို့ရန်က မသင့်တော်သောကြောင့် ယာဉ်မောင်းအား သူမကိုကားငှားပေးရန် လာပြောခြင်းဖြစ်သည်။
ကျန်းပါးဝမ့်မှ ယာဉ်မောင်းကို ကုနင်းလိုသမျှ ဆောင်ရွက်ပေးရန် ပြောထားပြီးဖြစ်သောကြောင့် ကုနင်းအတွက် ကားကိုချက်ချင်းပင် ပေးလိုက်သည်။
ထို့နောက် လုကျန်းကပဲ ကျောက်ချီကန်းနှင့် ဟန်လန်ရွှယ်တို့ကား ကုနင်းနှင့်မိတ်ဆက်ပေးလိုက်သည်။ သူတို့နှစ်ဦးသည်လဲ ကုနင်းသည် ဤဇာတ်လမ်း၏ ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း သိလိုက်ရပြီး အလွန်အံ့အားသင့်သွားကာ သူတို့သည်လဲ ပိုင်လင်းကဲ့သို့ပင် ကုနင်းသည် အလွန်ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသူသာဖြစ်မည်ဟု တွေးလိုက်မိကြသည်။ သို့ပေမည့် သူတို့ဤနေရာသို့ရောက်နေခြင်းသည် ကိုယ်ပိုင်အလုပ်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရန်အတွက်သာဖြစ်သောကြောင့် ကုနင်းအပေါ် အထင်သေးသည့် အရိပ်အယောင်များလုံးဝမပြပေ။ ထို့ကြောင့် ကုနင်းကို ပုံမှန်အတိုင်းသာနှုတ်ဆက်လိုက်ကြပြီးနောက် ဘက်စ်ကားပေါ်သို့သွားကာ ဇာတ်ညွှန်းဖတ်ဖို့ရန် တက်သွားကြတော့သည်။
သွမ့်လီရှင်းအနေနှင့် ဤမျှများပြားသည့်သရုပ်ဆောင်များကို မြင်ဖူးခြင်းက ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေတော့သည်။
ပိုင်လင်းနှင့်စုထုံနျိုတို့အား ကျောက်ချီကန်းနှင့် ဟန်လန်ရွှယ်တို့မြင်သွားချိ်နတွင်လဲ အပြန်အလှန် ကောင်းကောင်းမွန်မွန်ပင်နှုတ်ဆက်လိုက်သည်။
ဘက်စ်ကားအကြီးကြီးထဲတွင် လူအနည်းငယ်သာရှိသောကြောင့် တစ်ယောက်ချင်းစီ နေရာကောင်းကောင်းယူနိုင်ကြလေသည်။ ဘက်စ်ကားထဲ၌ လူတိုင်းစုံသွားချိန်တွင်တော့ နေအလင်းရောင်ထွက်ဖို့ရန် ၂နာရီလောက်သာလိုတော့သည်။ ကံအားလျှော်စွာဖြင့် သူတို့အားလုံး လေယာဉ်ပေါ်တွင် အိပ်လာခဲ့ကြသောကြောင့် အခုချိန်တွင် ဇာတ်ညွှန်းကို အာရုံစိုက်ဖတ်ရှုနိုင်ကြလေသည်။
မိုးလင်းသည်နှင့် မော့ချန်ယိနှင့် အခြားစစ်သားနှစ်ဦးက သူတို့အားလုံးအတွက် မနက်စာဝယ်ပေးကြသည်။ အားလုံးအတွက် ပဲပေါင်း၊ ပေါင်မုန့်၊ ကြက်ဥနှင့်နို့များရရှိသောကြောင့် မဆိုးလှသည့် မနက်စာပင်။
ကုနင်းသည်က ကပ်စီးနည်းသူတစ်ဦးမဟုတ်သောကြောင့် မနက်စာကို မိုင်းလုပ်သားများနှင့်ပါ မျှဝေစားသုံးခဲ့သည်။
မနက်စာစားပြီးနောက် ဇာတ်လမ်းအတွက်လိုအပ်သည့် ရှေးဟောင်းပစ္စည်းအတုအချို့နှင့် ရှေးခေတ်ဝတ်စုံများဝယ်ယူရန်အတွက် ရှေးဟောင်းလမ်းသို့ ကုနင်းသွားခဲ့သည်။ ကုနင်းထွက်သွားသည်နှင့် ကျန်လူများသည်တော့ ရိုက်ကူးရေးအတွက် ပြင်ဆင်ကြတော့သည်။
တချိန်တည်းတွင်ပဲ ပိုင်လင်းနှင့်စုထုံနျိုသည်လဲ အစမ်းသရုပ်ဆောင်ရွေးချယ်မှုကိုခံယူကြသည်။ နောက်ဆုံးရလဒ်သည်က ပိုင်လင်းသည် လူသားအဓိကမင်းသမီးဇာတ်ကောင်နေရာရပြီး စုထုံနျိုသည်တော့ အဓိကသရဲအမျိုးသမီးဇာတ်ကောင်နေရာကို ရရှိလေသည်။
ဇာတ်လမ်းထဲရှိ လူသားအမျိုးသမီး၏နာမည်သည်က တင်းထုံဖြစ်သည်။
ဇာတ်ကောင်နေရာများချပြီးနောက် စုထုံနျိုသည် အထူးမိတ်ကပ်အပြင်အဆင်နှင့် ရှေးခေတ်ဝတ်စုံဝတ်ဖို့ရန် လိုအပ်လေသည်။ ဇာတ်လမ်းကြောင်းအရ၊ လူသားမင်းသား ထောင်မူရွှမ်းနှင့် လူသားမင်းသမီး တင်းထုံသည်သာ ဝတ်စုံနီသရဲမအား မြင်နိုင်ပေသည်။ ဇွန်ဘီဇာတ်ကောင်များအတွက်ကိုတော့ ရိုက်ကွင်းမှ ဝန်ထမ်းများက သရုပ်ဆောင်ပေးပေလိမ့်မည်။ ကျောက်ချီကန်းသည်တော့ ရှေးဟောင်းသုတေသီအဖြစ်သရုပ်ဆောင်မည်ဖြစ်ပြီး ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းသည်တော့ ကျောင်းသားများအဖြစ်သရုပ်ဆောင်မည်ဖြစ်သည်။
ရှေးဟောင်းသုတေသီအဖွဲ့က လူလေးယောက်တည်းဖြင့်သာ ဖွဲ့စည်း၍မရသောကြောင့် မိုင်းလုပ်သားများကိုလဲ ပါဝင်သရုပ်ဆောင်ပေးရန် ငှားရမ်းခဲ့ရသည်။ မိုင်းလုပ်သားများသည်တော့ ငွေနည်းနည်းပါးပါးရသ၍ အလွန်စိတ်တက်ကြွစွာဖြင့်ကို ပါဝင်လိုကြသည်။
ကုနင်း ရှေးဟောင်းလမ်းသို့ရောက်သွားချိန်သည် အလွန်စောနေသောကြောင့် အရင်ဆုံးရှေးခေတ်အနီရောင်ဝတ်စုံဝယ်ဖို့ရန်အတွက်သာ ဆိုင်တစ်ဆိုင်သို့သွားလိုက်သည်။ ကုနင်းအတော်လေး သဘောကျကာ လှပသည့်ဝတ်စုံအားဝယ်ယူလိုက်သည်။ ထို့နောက် ရှေးဟောင်းလမ်းဘက်သို့ပြန်မသွားခင် ရှေးဟောင်းသုတေသီအဖွဲ့သုံးဖို့ရန် လိုအပ်သည့် ပစ္စည်းကိရိယာအချို့ကိုလဲ ကုနင်းဝယ်ယူလိုက်သေးသည်။
ရိုက်ကွင်းတွင်ထည့်ဖို့ရန်အတွက် ရှေးဟောင်းပစ္စည်းအတုအချို့ကိုရော အစစ်များစွာကိုပါ ဝယ်ယူရန်စီစဉ်ထားလေသည်။ ထို့အပြင် ဇာတ်လမ်းထဲတွင် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကိုပါ ထည့်သွင်းကြော်ငြာလို့ရပေသည်။
ကုနင်း၏ကျွမ်းကျင်မှုကြောင့် မနက်၁၀နာရီကျော်လောက်တွင်ပင် ပစ္စည်းအားလုံးဝယ်ယူပြီးနိုင်ခဲ့သည်။
ထို့နောက် သူမချန်ယန်းတောင်သို့ပြန်လာကာ ရိုက်ကူးရေးစဖို့ရန်အတွက် စုထုံနျိုအား အနီရောင်ရှေးခေတ်ဝတ်စုံအား ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် ကြော်ငြာပိုစတာအတွက် အဓိကဇာတ်ဆောင်များကို ဓါတ်ပုံရိုက်ကူးကြသည်။
ကုနင်းသည်လဲ ကေကိုဖုန်းဆက်ကာ ကြော်ငြာပိုစတာလုပ်နည်းသိလားဆိုသည်ကို မေးမြန်းကြည့်လိုက်သည်တွင်
“ဘော့စ်၊ မင်း ငါ့ကို ဟက်ကာပဲလုပ်တတ်တယ်လို့ထင်နေတာလား? ကွန်ပျူတာနဲ့လုပ်လို့ရတဲ့ဟာမှန်သမျှ ငါမလုပ်နိုင်တာဘာမှမရှိဘူး။ မင်းမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပိုစတာဖြစ်ရမယ်လို့ ငါကတိပေးတယ်။”
ထို့နောက် အဓိကဇာတ်ဆောင်များ၏ နာမည်၊ မိတ်ဆက်ဗီဒီယိုများကို ကေထံသို့ ကုနင်းပို့ပေးလိုက်သည်။
အင်တာနက်ပေါ်တွင်တော့ ဇွန်ဘီအကြောင်း သတင်းသည် ပို၍ပို၍ အာရုံစိုက်ခံလာရကာ သတင်းထောက်များစွာသည်လဲ မနက်စောစောစီးစီးကတည်းက အရာရှိများကို မေးမြန်းစုံစမ်းရန်အတွက် အစိုးရရုံးရှေ့သို့ရောက်ရှိနေကြတော့သည်။
ကျန်းပါးဝမ့်သည်တော့ သူသည် ဤပြဿနာကို ဖြေရှင်းဖို့ရန် အဓိကတာဝန်ရှိသူဖြစ်သောကြောင့် အခြားသော နိုင်ငံရေးအသိုင်းအဝိုင်းမှ လုပ်ဖော်ကိုင်ဖက်များ၏ ထိုးနှက်တိုက်ခိုက်မှုကို ခံနေရသည်။ သူသာ ဤပြဿနာအား မဖြေရှင်းနိုင်လျှင် သူတို့အားလုံးဒုက္ခအကြီးအကျယ်ရောက်ကြပေလိမ့်မည်။
***
အခန်း ၄၉၅
ဇွန်ဘီနှင့် သရဲမ
ကျန်းပါးဝမ့်မှ ဇွန်ဘီသတင်းအား မဖျက်ချခိုင်းသလို ဖြေရှင်းခြင်းလဲမရှိသောကြောင့် အချိန်တိုလေးအတွင်းတွင်ပဲ ထိုသတင်းသည် တစ်နိုင်ငံလုံးအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့တော့သည်။
ကျန်းပါးဝမ့်သည်တော့၊
“ဒီပြဿနာက ငါ့တာဝန်ဆိုမှာတော့ ငါ့ဘာသာဖြေရှင်းပါမယ်။ တကယ်လို့ မဖြေရှင်းနိုင်ခဲ့ရင်လဲ ဖြစ်လာမယ့်အကျိုးဆက်ကို ကိုယ်တိုင်ခံမယ်။ မင်းတို့ဘက်ကမယုံဘူးဆိုရင် ကိုယ်တိုင်ဖြေရှင်းချင်ကြရင်လဲ ရပါတယ်၊ ဒါပေမယ့် ဖြစ်လာမယ့်အကျိုးဆက်ကိုလဲ မင်းတို့ဘာသာ ခံယူရမယ်။”
ကျန်းပါးဝမ့်သည် သူ့ကို အပြစ်တင်ဝေဖန်နေကြသည့် အရာရှိများက ကိုယ်တိုင်ထိုပြဿနာအား တာဝန်ခံရမည်ကို ကြောက်ရွံ့နေကြမှန်းနားလည်ထားလေသည်။ ထို့ကြောင့် သူထိုသို့ပြောလိုက်သည်နှင့် အပြစ်တင်ပြောဆိုနေမှုများ ချက်ချင်းပင် တိတ်သွားတော့သည်။
ရုပ်ရှင်ကြော်ငြာထွက်မလာခင်တွင်ပဲ ကုနင်းဇာတ်ဝင်ခန်းအတွက် လိုအပ်သည့် ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ရှေးဟောင်းပစ္စည်းအစစ်များအတွက်ကိုတော့ Bမြို့ရှေးဟောင်းဂူသင်္ချိုင်းတွင် သူမရှာတွေ့ထားခဲ့သည့် ပစ္စည်းအချို့ကို ခွဲထားလိုက်ခြင်းဖြစ်သည်။
“လှလိုက်တာ! ဘော့စ်၊ ဒီပစ္စည်းတွေဘယ်ကရလာတာလဲ? တကယ့်အစစ်တွေအတိုင်းပဲ!” ချူးဖေ့ဟန်က ရွှေတုံးတစ်တုံးကိုကောက်ယူလိုက်ရင်း၊
“လေးသားပဲ။”
“အစစ်ပဲကို လေးမှာပေါ့။” ကုနင်းအပြုံးတစ်ပွင့်ဖြင့်သာ ပြန်ဖြေလိုက်သည်။
“ဘာ? ဒါအစစ်လား?” လူတိုင်း ထိတ်လန့်အံ့ဩကုန်ကြကာ ချူးဖေ့ဟန်မှထပ်ပြီး၊
“ဘော့စ်၊ နင်နောက်နေတာလား?”
“ငါနောက်နေတယ်ထင်လို့လား?” ကုနင်း ချူးဖေ့ဟန်၏အမေးကို အမေးဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။
အားလုံးစက္ကန့်ပိုင်းမျှ ငြိမ်သက်ကုန်ကြပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်မိကြတော့သည်။ သူတို့မျက်စိရှေ့တွင် ရှိနေသည့် ရှေးဟောင်းပစ္စည်းအားလုံးက အစစ်တွေများဖြစ်နေမလား!
“တခြားဟာတွေကရော?”
ဟောင်ရန်သည် အစကတော့ဖြင့် ရှေးဟောင်းပစ္စည်းများကို အပျော်ထိကိုင်ဆော့ကြည့်ဖို့ စိတ်ကူးထားသော်လည်း ကုနင်းက ရွှေတုံးသည်အစစ်ဖြစ်ကြောင်းပြောလာချိန်တွင်တော့ ထိုပစ္စည်းများကို သူထိမိမှ ကျိုးပဲကုန်မည်စိုးသောကြောင့် တုံ့ဆိုင်းသွားတော့သည်။ ဒါတွေက တော်တော်လေးတန်ဖိုးရှိပေမည်။ မျက်စိရှေ့ရှိ ပစ္စည်းအားလုံးအစစ်ဟူ၍တော့ မယုံကြည်နိုင်သေးပေ။
“ခရီးဆောင်အိတ်ထဲကပစ္စည်းတွေက အတု၊ မဟော်ဂနီသတ္တာထဲကမှ အစစ်တွေ။” ကုနင်းသည်တော့ ဘာမှမဟုတ်သလို အေးအေးဆေးဆေးပြန်ဖြေလိုက်ပေမည့် ချူးဖေ့ဟန်နှင့်အခြားသူများသည်တော့ အလွန်ထိတ်လန့်ကုန်ကြသည်။
“ဘော့စ်၊ မင်းရုပ်ရှင်ရိုက်တာမှာတောင် ရှေးဟောင်းပစ္စည်းအစစ်တွေသုံးရအောင် ဘယ်လောက်ထိတောင် ချမ်းသာနေတာလဲ?” ဟောင်ရန် အလွန်စိတ်လှုပ်ရှားနေရာ အသံအမြင့်ကိုပင် မထိန်းချုပ်နိုင်စွာဖြင့် မေးလိုက်တော့သည်။
အနားတဝိုက်မှလူများလဲ ထိုအသံကြောင့် လည်ပြန်ကြည့်ကာ အံ့ဩနေကြတော့သည်။ ဘာပြောလိုက်တယ်? ရိုက်ကူးရေးအတွက် ရှေးဟောင်းပစ္စည်းအစစ်တွေကိုသုံးတယ်တဲ့လား? ချက်ချင်းပင် ကုနင်းတို့အနားသို့ လုကျန်းနှင့် ကျောက်ချီကန်းအပါအဝင် လူတစ်အုပ်ကြီးဝန်းရံလာတော့သည်။
လုကျန်းသည် ဒါရိုက်တာတစ်ယောက်ဖြစ်သောကြောင့် ပုံမှန်အတိုင်းသိထားချင်ခြင်းဖြစ်ပြီး ကျောက်ချီကန်းသည်တော့ ရှေးဟောင်းပစ္စည်းကို အတော်အတန်မြတ်နိုးသူဖြစ်သောကြောင့် သိချင်လာခြင်းဖြစ်သည်။
“ဒီရှေးဟောင်းပစ္စည်းတွေက အစစ်တွေလား?” လုကျန်း ကုနင်းကို မေးလိုက်သည်။
“ဒီသတ္တာအသေးလေးထဲက လက်ဝတ်ရတနာတွေနဲ့ မဟော်ဂနီသတ္တာထဲက ရှေးဟောင်းပစ္စည်းတွေကပဲ အစစ်၊ ကျန်တဲ့ခရီးဆောင်အိတ်ထဲကဟာတွေကတော့ အတုတွေပါ။”
ကုနင်းထံမှအတည်ပြုစကားကိုကြားလိုက်ချိန်တွင် လူတိုင်းအလွန်အံ့အားသင့်သွားကာ အထူးသဖြင့် လုကျန်းသည်တော့ ဖိအားများသွားတော့သည်။
“မိန်းကလေးကု၊ ကျွန်တော်တချက်လောက်အနီးကပ်ကြည့်လို့ရမလား?” ကျောက်ချီကန်း ခွင့်ပြုပေးရန် မျှော်လင့်နေခဲ့သည်။
“ရတာပေါ့။”
ထို့နောက် အပေါ်ဆုံးတွင်ရှိနေသည့် ကြွေထည်ပုလင်းတစ်လုံးအား ကျောက်ချီကန်း ဂရုတစိုက်နှင့် မယူလိုက်သည်။ ထိုပုလင်းအားသူသာ သတိလက်လွတ်ထိချင်တိုင်းထိလိုက်လျှင် ကွဲသွားမည်ကို စိုးရွံ့နေလေသည်။ အကယ်၍များကွဲသွားခဲ့လျှင် ဤပစ္စည်းတန်ဖိုးကို သူပြန်လျော်ဖို့ရန် မတတ်နိုင်ပေ။
လုကျန်းသည်တော့ သူ့ဖိအားများကို ခက်ခက်ခဲခဲမြိုသိပ်လိုက်ရကာ၊
“မင်း-မင်းဘယ်လိုလုပ် ရိုက်ကူးရေးမှာ ရှေးဟောင်းပစ္စည်းအစစ်တွေ ထည့်သုံးရတာလဲ? ကွဲသွားမှာမစိုးရိမ်ဘူးလား?”
“သတိထားပြီးကိုင်တွယ်လို့ရတာပဲ။ ပြီးတော့ ဒီနည်းလမ်းက ကျွန်မတို့ဇာတ်လမ်းရဲ့အဓိက ရှေးဟောင်းပစ္စည်းပံ့ပိုးတဲ့ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ကို ကြော်ငြာဖို့လဲ အခွင့်ကောင်းပဲ။” ကုနင်းပြန်ပြောလိုက်သည်။
“ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်လား? ကျွန်တော်ကြားဖူးတယ်။ ရှေ့ရက်တွေတုန်းက သူ့ကိုလေလံတင်ရောင်းလိုက်တာ၊ ဝယ်တဲ့သူက ကောင်မလေးတစ်ယောက်ပဲ။” ထိုစကားပြောပြီးနောက် ကျောက်ချီကန်း ရုတ်တရက် ရပ်တန့်သွားကာ အံ့ဩထိတ်လန့်စွာဖြင့် ကုနင်းဘက်ကို လှည့်ကြည့်လိုက်ပြီး၊
“မင်းက….”
“ဟုတ်တယ်၊ ကျွန်မပါပဲ။” ကျောက်ချီကန်း ထိုသတင်းကို ကြားသိထားပြီးပြီဖြစ်သောကြောင့် ကုနင်းလဲ ချက်ချင်းပင် ဝန်ခံလိုက်သည်။
ဤဇာတ်လမ်း၏ရင်းနှီးမြှုပ်နှံသူက ကုနင်းမှန်း သိထားပြီးသားသူများသည်တော့ ဇာတ်လမ်းတစ်ပုဒ်အားရင်းနှီးမြှုပ်နှံခြင်းသည် ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်တန်ဖိုးထက် များစွာပိုများသောကြောင့် အရမ်းမအံ့ဩသွားကြပေ။ သို့သော်လည်း ကုနင်းရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်းမသိထားသူများသည်တော့ အလွန်ထိတ်လန့်ကုန်ကြသည်။ တော်တော်များများသည်လဲ ကုနင်း၏နောက်ခံအစစ်အမှန်ကို စတင်တွေးတောလာကြသည်။
ကုနင်း၏နောက်ခံအစစ်အမှန်ကို သူတို့မသိသော်လည်း ဒါရိုက်တာနှင့် သရုပ်ဆောင်များ၏ သူမအပေါ်ဆက်ဆံပုံအရ အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်လောက်မည်ကိုတော့ မှန်းဆမိကြသည်။
“ပုံမှန်အဆင်တန်ဆာနေရာမှာတော့ ရှေးဟောင်းပစ္စည်းအတုကို အသုံးပြုကြမယ်။ အစစ်တွေကိုတော့ အနီးကပ်ဆွဲရိုက်ရမယ့် နေရာမျိုးမှာသုံးတာပေါ့။ ဇာတ်ကားထွက်တဲ့အချိန်ကျရင် ဇာတ်လမ်းစစချင်းနဲ့ ကြော်ငြာပိုစတာတွေမှာ ရှေးဟောင်းပစ္စည်းအစစ်တွေရဲ့ ရင်းမြစ်ကို ထည့်ကြတာပေါ့။”
“ဟုတ်ပြီလေ” လုကျန်းသဘောတူလိုက်သည်။
နာရီဝက်အကြာတွင်တော့ ကေမှနေပြီး ဇာတ်လမ်းကြော်ငြာပိုစတာများကို ကုနင်းထံသို့ပြန်ပို့ပေးလာခဲ့သည်။ ထိုပိုစတာများကိုမြင်သည်နှင့် လုကျန်းအပါအဝင်လူတိုင်း ကြောက်ရွံ့ကုန်ကြတော့သည်။ ပိုစတာသည် အလွန်အသက်ဝင်လှကာ အပြင်လောကတွင် အမှန်တကယ်ဖြစ်ခဲ့သကဲ့သို့ပင်။
“ဒီပိုစတာကို ဘယ်သူလုပ်တာလဲ? အရမ်းအသက်ဝင်တာပဲ!” လုကျန်းမေးလိုက်ခြင်းဖြစ်သည်။
“ကျွန်မသူငယ်ချင်းပါ။” ကုနင်း ကေ၏နာမည်ကိုတော့ လုကျန်းအားမပြောပြပေ။
“ဦးလေးလု၊ စိတ်မရှိဘူးဆိုရင် ဇာတ်လမ်းကိုလဲ ကျွန်မသူငယ်ချင်းကို တည်းဖြတ်ခွင့်ပေးလို့ရမလား။” ကေက အစကတည်းက အကောင်းဆုံးတည်းဖြတ်ပေးမည်ဟု ကတိပေးထားပြီးဖြစ်သောလဲ အခြားလူများသည်တော့ ကေကိုမသိကြသောကြောင့် အရင်ဆုံးလုကျန်း၏အမြင်ကို ပြန်မေးခြင်းဖြစ်သည်။
လုကျန်းသည်လဲ ကုနင်းကို ယုံကြည်သူဖြစ်သောကြောင့် ချက်ချင်းသဘောတူလိုက်သည်။ ထို့အပြင် ဤပိုစတာ၏ပုံစံအရ ကုနင်း၏သူငယ်ချင်းဖြစ်သူ အထူးကျွမ်းကျင်သူဖြစ်လောက်ကြောင်းကိုလဲ နားလည်ထားသောကြောင့်ပင်။
“ကောင်းလိုက်တာ၊ ဒါဆို အခုပဲ Weiboမှာ ပုံနည်းနည်းလောက်တင်ထားလို့ရပြီထင်တယ်။”
အခုမှ တစ်ရက်သာရှိသေးသော်လည်း ဇွန်ဘီသတင်းသည်က တစ်နိုင်ငံလုံးအနှံ့ပျံ့နှံ့လို့နေပြီဖြစ်သည်။ သူတို့ဘက်မှသာ ဘာမှမလှုပ်ရှားလျှင် အားလုံးကြောက်ရွံ့ကုန်ကြလိမ့်မည်။
ကုနင်းသည်လဲ ‘ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ’ ဟူသည့်နာမည်ဖြင့် Weiboတွင် အကောင့်တစ်ခုဖွင့်ထားပြီးပြီဖြစ်သည်။
လုကျန်းမှနေပြီး အရင်ဆုံးသတင်းကိုစတင်လိုက်သည်။
လုကျန်း : ချန်ယန်းတောင်မှာ ဇွန်ဘီတင်မကဘူး သရဲမတစ်ကောင်လဲရှိနေတယ်! [ပုံ၁] [ပုံ၂] [ပုံ၃] [ပုံ၄] [ပုံ၅] @ဟန်လန်ရွှယ် @ပိုင်လင်း @စုထုံနျို @သွမ့်လီရှင်း @ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ @အသည်းတထိတ်ထိတ်ရင်တဖိုဖို
***
စာစဉ် ၃၃ ပြီး၏။