← Chapters

အခန်း (၄၉၆-၅၀၀)

Vol. 34 Ch. 496-500

အခန်း (၄၉၆-၅၀၀)

Vol. 34 Ch. 496-500

အခန်း ၄၉၆

ရုပ်ရှင်ကားကြော်ငြာခြင်း

လုကျန်းတင်လိုက်သော ဓါတ်ပုံများသည် သူတို့ရိုက်ကူးရေးအဖွဲ့၏ ကန်တော့ပွဲအခမ်းအနား၊ အဓိကသရုပ်ဆောင်များ၊ ဇွန်ဘီဝတ်စုံဝတ်ဆင်ထားသည့် သရုပ်ဆောင်နှင့် ဝတ်စုံနီသရဲမဝတ်စုံကို ဝတ်ဆင်ထားသည့် စုထုံနျိုတို့၏ပုံများဖြစ်ကာ၊ အခြားသော ရိုက်ကူးရေးစက်ပစ္စည်းများ၊ ကြော်ငြာပိုစတာများနှင့် နောက်ဆုံးတွင်တော့ ဇွန်ဘီဝတ်စုံဝတ်ဆင်ထားသည့်လူအား စစ်သား၁၀ဦးမှ ဝန်းရံထားနေပုံတို့ကို တင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူတို့ရောက်ရှိနေသည့် Dမြို့ချန်ယန်းတောင်ဆိုသည့် တည်နေရာကိုလဲ ထည့်သွင်းဖော်ပြထားခဲ့လေသည်။

ထို့နောက်တွင်တော့ လုကျန်း@ခံကာ တွဲတင်ထားသည့်လူတိုင်းကလဲ ထိုသတင်းကို ပြန်တင်ပေးခဲ့ကြသည်။

ဟန်လန်ရွှယ် : ဇွန်ဘီ၊ သရဲမ၊ ထိတ်လန့်သည်းဖိုဇာတ်လမ်းတစ်ပုဒ်! ထပ်သိချင်သေးလား? အသည်းတထိတ်ထိတ်ရင်တဖိုဖိုဇာတ်လမ်းထဲမှာ အားလုံးပါတယ်နော်! [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

ပိုင်လင်း : အသည်းတထိတ်ထိတ်ရင်တဖိုဖိုဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်! ကျွန်မကတော့ တင်းထုံပါ! [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

စုထုံနျို : ကျွန်မကတော့ ဝတ်စုံနီသရဲမပါ! [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

သွမ့်လီရှင်း : @လုကျန်း နဲ့ @ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို ကျွန်မရဲ့ဇာတ်လမ်းကို သဘောကျပေးခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်၊ ကျွန်မကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းရေးသူပါ! [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း : ဖုန့်ဟွာမှ ပထမဆုံးအကြိမ် ရိုက်ကူးသော အသည်းတထိတ်ထိတ်ရင်တဖိုဖို! [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

အသည်းတထိတ်ထိတ်ရင်တဖိုဖို : [လုကျန်း၏သတင်းကို ပြန်လည်တင်ခြင်း]

သူတို့အားလုံး Weiboတွင် ပြန်တင်သည့်အခါတွင် ချန်ယန်းတောင် တည်နေရာကိုပါ တပါတည်း ထည့်သွင်းဖော်ပြခဲ့ကြသည်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏Weiboအကောင့်တစ်ခုတည်းသာ ကုနင်းက ကျန်းရွှင်းကျဲ့ကို ခိုင်းထားသောကြောင့် မြို့တော်တည်နေရာကိုသာပြလေသည်။

ကျန်းရွှင်းကျဲ့သည်တော့ ဇွန်ဘီအကြောင်းကို မသိရသေးဘဲ ကုနင်း ဇာတ်ကားတစ်ပုဒ်ရိုက်မည်ကိုသာ သိထားပြီး သူမ၏မြန်မြန်ဆန်ဆန် လုပ်ငန်းချဲ့ထွင်လုပ်ကိုင်နိုင်စွမ်းအပေါ် လေးစားမိလို့နေသည်။

လုကျန်းသည် ဖျော်ဖြေရေးလောကမှ ကန်ထုတ်ခြင်းခံထားရပြီး စုထုံနျိုသည်တော့ အချိန်အတော်ကြာသည်အထိ ကင်မရာရှေ့မထွက်ပေါ်ခဲ့ရသော်လည်း သူတို့၏Weiboကို စောင့်ကြည့်နေသူများစွာ ရှိနေစဲဖြစ်သည်။ သို့ပေမည့် ဟန်လန်ရွှယ်နှင့် ပိုင်လင်းတွင်တော့ စောင့်ကြည့်သူသန်းပေါင်းများစွာရှိထားလေသည်။ ထို့အတွက်ကြောင့် သူတို့သတင်းတစ်ပုဒ်တင်လိုက်လျှင်ချင်းပင် သူတို့၏ပရိတ်သတ်များအကြား ကြီးမားသည့် ရိုက်ခတ်မှုကြီးတစ်ခုဖြစ်သွားတော့သည်။

“ဘုရားရေ! ဇွန်ဘီဆိုတာ ဇာတ်ကားအတွက်တဲ့!”

“အိုး! ရိုက်ကူးရေးအတွက် လုပ်ရုံပေါ့! ငါ့မှာတော့ အစစ်ထင်ပြီး ညကအိပ်လို့တောင်မပျော်ခဲ့ဘူး!”

“အား! နောက်ဆုံးတော့ ငါတို့ဒါရိုက်တာလုပြန်လာပြီကွ!”

“ဒါရိုက်တာလုက ငါအကြိုက်ဆုံးဒါရိုက်တာပဲ! သူဇာတ်လမ်းအသစ်ရိုက်မှာကို စောင့်လိုက်ရတာ!”

“ဘုရားဘုရား၊ ငါ့ရဲ့နတ်သားလေး လန်ရွှယ်လေးက အဓိကမင်းသားတဲ့ ချစ်လိုက်တာ!”

“ပိုင်လင်းက အဓိကမင်းသမီးပဲ!”

“ပိုင်လင်းရေ အရမ်းချစ်တယ်။”

“ဝိုး၊ ထုံနျိုလဲ ဇာတ်ကားပြန်ရိုက်ပြီ၊ ဒီဝတ်စုံလေးနဲ့ လှလိုက်တာ။”

“ငါလဲ ထုံနျိုရဲ့ပရိတ်သတ်ပဲ သူအရမ်းကိုလှနေတယ်။”

“ဟေ့၊ ငါတို့နှစ်ယောက်လုံး ထုံနျိုရဲ့ပရိတ်သတ်တွေပဲဆိုတော့ အပြင်မှာတွေ့ကြရအောင်လား?”

“ဟေ့၊ စကားမလွှဲနဲ့၊ ဒါပေမယ့်လဲ တခါလောက်ချိန်းတွေ့ကြည့်ဖို့က အဆင်ပြေသားပဲ၊ ဟ-ဟ!”

ပရိတ်သတ်များဆိုသည်က သူတို့ချစ်ရသည့်အနုပညာရှင်များကို ချစ်ခင်နေရင်း အလုပ်ရှုပ်နေကြသူများဖြစ်ပေမည့် အချို့အဆိုးမြင်ဝါဒီသမားများသည်လဲ မကောင်းသည့်မှတ်ချက်များရေးကြလေသေးသည်။

“သရုပ်ဆောင်တွေရော ဒါရိုက်တာပါ နာမည်မည်မကြီးတဲ့လူတွေကြီးပဲ၊ ဒါကြောင့်ပဲ လူစိတ်ဝင်စားအောင် ဇွန်ဘီဇာတ်ကွက်ကို သုံးကြတာ။”

“ဟုတ်တယ်၊ ဟုတ်ယ်၊ ငါတော့ သူတို့အောင်မြင်နိုင်မယ်လို့မထင်ဘူး။”

“ဒါရိုက်တာလုကျန်းကြောင့် ဒီဇာတ်ကားထုတ်လွှင့်ခွင့်မရမှာကို သူတို့မစိုးရိမ်ကြဘူးလားပဲ?”

“စောင့်ကြည့်ရမှာပေါ့! သူတို့ဇာတ်လမ်းတောင်စရိုက်ရဲနေပြီဆိုမှတော့ ထုတ်လွှင့်ခွင့်ရလိမ့်မယ်လို့ ယုံကြည့်ချက်ရှိနေလို့ပေါ့။ မင်းက ငတုံးလား?”

“ဟုတ်တယ်၊ ဘယ်သူကမှ ထုတ်လွှင့်ခွင့်မရဘဲ အရှုံးပေါ်မယ့် ဇာတ်ကားတစ်ကားအတွက် ငွေပေါင်းများစွာ ဖြုန်းတီးမှာမဟုတ်ဘူး။”

လုကျန်း၏ဇာတ်ကားတွင် ရင်းနှီးမြှုပ်နှံရဲသည်ဆိုမှတော့ သူတို့တွင် ဤဇာတ်ကားကို အောင်အောင်မြင်မြင် ထုတ်လွှင့်ပြသခွင့်ရလိမ့်မည်ဟု ယုံကြည်ချက်ရှိနေပေလိမ့်မည်။ အဆိုးမြင်ဝါဒီသများသည် တခါတရံအကြောင်းအရင်း ခိုင်ခိုင်လုံလုံမရှိပါဘဲ အခြားလူများကို စကားဖြင့် တိုက်ခိုက်တတ်ကြပေသည်။

လူဘယ်လောက်များများ ဇာတ်လမ်းကို အားပေးခြင်း မကြိုက်နှစ်သက်ခြင်းအပေါ် ကုနင်းနှင့်လုကျန်းသည်တော့ ဂရုစိုက်မနေကြပေ။ သူတို့ဘက်မှ လုံလောက်သည့်ကျော်ကြားမှုမျိုးရရှိထားလျှင် ဇာတ်လမ်းစတင်ပြသသည့်အခါ ထိုလူများအနေနှင့် ဇာတ်ကား၏အရည်အသွေးကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့သွားကြပေလိမ့်မည်။ သို့ပေမည့် အချို့သောလူများသည်တော့ ဆက်လက် သံသယဝင်နေကြစဲပင်။

“ဒါဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုဆို အကြမ်းဖက်သမားဆိုတာကရော? တိုက်ဆိုင်မှုသက်သက်ပဲလို့တော့ လာမပြောနဲ့နော်။ ဇာတ်ဝင်ခန်းပဲဆို ဘာလို့မနေ့ကတည်းက သေချာမရှင်းပြကြတာလဲ?”

“ဟုတ်သားပဲ! Dမြို့ရဲ့ရဲတွေက အကြမ်းဖက်သမားလို့ပဲပြောတာ၊ ဇာတ်ကားရိုက်နေတယ်လို့ လုံးဝမှမပြောခဲ့ကြတာ။”

ကံကောင်းစွာဖြင့် ရဲဘက်မှ အမှန်တကယ်တိုက်ဆိုင်မှုတစ်ခုသာဟု မြန်ဆန်စွာပြန်လည် ဖြေကြားလာခဲ့သည်။ သူတို့ဘက်မှ အကြမ်းဖက်သမားတစ်ဦးနောက်လိုက်ရင်း ချန်ယန်းတောင်သို့ရောက်သွားကာ မမျှော်လင့်ထားစွာဘဲ ဇာတ်ကားရိုက်ကွင်းတစ်ခုနှင့်တွေ့ဆုံခဲ့ရသည်။ ရိုက်ကူးရေးအဖွဲ့ဘက်က သူတို့ရိုက်ကူးနေသည့်အကြောင်းကို ထုတ်ဖော်မပြောပြလိုသောကြောင့် ရဲဘက်မှလဲ မပြောခဲ့ခြင်းဖြစ်ပေသည်ဟုပင်။

အချို့သောလူများသည်တော့ ရဲအရာရှိများ၏ပြောစကားကို ယုံကြည်လိုက်ကြသည်။ အချို့သောရိုက်ကူးရေးများသည် သူတို့၏ရိုက်ကူးရေးလုပ်ငန်းပြီးစီးခါနီးလောက်မှသာ ထုတ်ဖော်ကြော်ငြာကြခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်လေသည်။ လူအများ၏စိတ်ဝင်စားမှုနှုန်းသည် ကန့်သတ်ချက်ရှိလေသည်။ ရိုက်ကူးရေးအဖွဲ့မှသာ စောစောစီးစီးကြော်ငြာလိုက်လျှင် အချိန်ကြာလာသည်နှင့်အမျှ လူအပေါင်း၏စိတ်ဝင်စားမှုများသည်လဲ လျော့ကျသွားပေလိမ့်မည်။ အဓိကသည်တော့ ဇာတ်ကား၏အရည်အသွေးဆိုသော်လည်း ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ရိုက်ကူးရေးအဖွဲ့က သူတို့၏ရိုက်ကူးရေးအကြောင်းကို လျှို့ဝှက်ထားလိုခြင်းကို နားလည်ပေး၍ရလေသည်။

အချို့သောလူများသည်တော့ သံသယဝင်နေကြစဲဖြစ်ပေမည့် ထိုဇာတ်ကားတွင် ဇွန်ဘီအမှန်တကယ်ပါရှိနေခြင်းကြောင့် လူအများစုသည်တော့ ပို၍ပို၍ယုံကြည်လာခဲ့ကြသည်။ ထို့အပြင် ရိုက်ကူးရေးအဖွဲ့သည်လဲ သူတို့၏ဇာတ်ကားအတွက် အတော်လေးပြင်ဆင်ထားပုံရသောကြောင့် စိတ်လှုပ်ရှားဖို့ကောင်းလေသည်။ ထို့ထက်မက ကန်တော့ပွဲအခမ်းအနားဓါတ်ပုံများ၏ အချိန်သည်လဲ လွန်ခဲ့သည့်နှစ်ရက်မှရက်စွဲကို ပြထားလေသည်။

ထိုလူများမသိလိုက်သည်က ကင်မရာမှ အချိန်ကိုပြောင်းထားခြင်းဖြစ်ကြောင်းကိုပင်။

မကြာခင်တွင်ပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားသတင်းသည် ဇွန်ဘီသတင်းနှင့်ဆက်စပ်သွားသောကြောင့် လူများစွာ၏အာရုံစိုက်ခြင်းကို ပို၍ရရှိလာခဲ့သည်။ သို့ပေမည့် ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်များသည်က အလွန်နာမည်မကြီးကြဘဲ ပရိတ်သတ်အရေအတွက်မှာလဲ အကန့်အသတ်ရှိလေသောကြောင့် ကုနင်းကပဲ သူတို့ကိုကူညီပေးရန်အတွက် ကေ့ကိုလှမ်းပြောရသည်။

ကေလိုမျိုးနိုင်ငံတကာအဆင့်မြင့် ထိပ်တန်းဟက်ကာတစ်ဦး၏အကူအညီကြောင့် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားသည် Weiboတွင် အထူးသတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။ နောက်ဆုံးတော့ ဇာတ်ကားပိုစတာကို လူတချို့စတင်သတိထားလာမိကြတော့သည်။

“ဝိုး၊ ဒီပိုစတာက အရမ်းမိုက်တာပဲ။”

“ဟုတ်ပါ့၊ တကယ့်အစစ်အတိုင်းပဲ။”

“ကျွမ်းကျင်ပညာရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲတာပဲဖြစ်ရမယ်။”

“အဲ့တော့ကောဘာဖြစ်မှာမို့လို့လဲ? သူတို့ငှားထားတဲ့ သရုပ်ဆောင်တွေက Bအဆင့်တွေချည်းပဲ။ ဇာတ်ကားကတော့ ပိုစတာလို ကောင်းမယ်လို့ ငါတော့မထင်ဘူး။”

***

အခန်း ၄၉၇

ထန်ပင်းစန်

“ဇာတ်ကားကကောင်းမှာမဟုတ်ဘူး။ ငါတော့ လုံးဝမကြည့်ဘူး”

“မင်းဘာမင်း ကြည့်ကြည့် မကြည့်ကြည့် ဘယ်သူကဂရုစိုက်နေလို့လဲ!”

“ငါ့သူငယ်ချင်းတွေ၊ မိသားစုနဲ့ ငါနဲ့သိသမျှလူတိုင်းကိုလဲ ဒီဇာတ်ကားမကြည့်ဖို့ပြောဦးမှာ။”

“မင်းကတော့!”

“ထားလိုက်စမ်းပါ၊ သူတို့က အခုလောလောဆယ်တော့ Bအဆင့်သရုပ်ဆောင်တွေဆိုပေမယ့် သရုပ်ဆောင်တော့တကယ်ကောင်းကြတာ။ မင်းက Aအဆင့်သရုပ်ဆောင်ဖြစ်တယ်ဆိုတိုင်း အားလုံးသရုပ်ဆောင်ကောင်းတယ်ထင်နေတာလား? သူတို့က နာမည်ကြီးနေရုံပဲရှိတာ၊ ငါကတော့ သရုပ်ဆောင်ကောင်းတဲ့ ဘယ်သရုပ်ဆောင်ကိုမဆိုကြည့်တယ်။”

“မင်းအခုလိုပြန်ခံပြောနေတာ သူတို့တွေရဲ့ ရူးမိုက်တုံးအတဲ့ပရိတ်သတ်တစ်ယောက်မို့လို့ပဲဖြစ်ရမယ်။”

“အိုး၊ ဒါဆိုမင်းကတော့ လူကြိုက်များအောင်လုပ်ပြရုံလုပ်ပြနိုင်ပြီး အရည်အချင်းသေချာမရှိတဲ့ သရုပ်ဆောင်တွေရဲ့ အရူးပရိတ်သတ်ပဲဖြစ်ရမယ်။”

“ငါတို့ ဇာတ်ကားထွက်လာတာကို အရင်စောင့်ကြည့်ရအောင်လား? ကြည့်ပြီးမှ ဒါတွေဆက်ပြောကြမယ်လေ။”

“ဟုတ်တယ်၊ အခုက ဇာတ်လမ်းတောင်ထွက်မလာသေးဘဲနဲ့ ဆွေးနွေးနေဖို့စောသေးတယ်။”

ဇာတ်ကားအကြောင်းသတင်းသည် ပို၍ပို၍လူပြောများလာပေမည့် အဆိုးမြင်ဝါဒီသမားထက် ထောက်ခံအားပေးသူက ပို၍များပြားလေသည်။ သရုပ်ဆောင်များသည် Bအဆင့်သာဖြစ်ကြသော်လည်း သူတို့နာမည်ကို ကြားဖူးထားကြသူများသည်တော့ သူတို့ဘယ်လောက်အထိ သရုပ်ဆောင်ကောင်းကြောင်းကို သိကြလေသည်။ နာမည်ကိုပင်မကြားဖူးကြသူများထဲမှ အများစုသည်တော့ ဇာတ်ကားထွက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းပြီးခါမှ ဆွေးနွေးကြရန် ရွေးချယ်ကြလေသည်။ ထို့ကြောင့် အင်တာနက်ပေါ်တွင် ဇာတ်ကားအကြောင်း သရုပ်ဆောင်များအကြောင်း မကောင်းပြောသူမှာ အချိုးချကြည့်ရသော် နည်းပါးလှပေသည်။

ဇွန်ဘီအကြောင်း မည်သူမျှ ထပ်ပြီးအာရုံမရတော့သည်ကို သိမှပဲ ကုနင်းရော လုကျန်းပါ စိတ်အေးသွားကြတော့သည်။ အင်တာနက်ပေါ်မှ မကောင်းမြင်မှတ်ချက်များကိုတော့ဖြင့် သူမတို့ဂရုစိုက်ကြခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ဇာတ်ကားအကြောင်းကို လူပေါင်းများစွာ သိရှိသွားကြပေပြီ။

ထန်ယွင်ဖန်းသည်လဲ ကုနင်း၏အလုပ်အပေါ် လွန်စွာ စိုးရိမ်မိသောကြောင့် ဇာတ်ကားသတင်းသည် ဇွန်ဘီသတင်းကို ဖျောက်လိုက်နိုင်သည်အား ကြားရ၍ စိတ်သက်သာရာရသွားခဲ့သည်။

ဟန်တျန့်ကမ္ဘာစတူဒီယိုတွင်တော့ လီကျားယွဲ့သည် အပြာရောင်ရှေးခေတ်ဝတ်စုံကိုဝတ်ဆင်ထားပြီး အတော်လေးလှပလို့နေလေသည်။

လီကျားယွဲ့သည် စုထုံနျိုလောက်တော့မလှပေမည့် ဖျော်ဖြေရေးလောကတွင် ယခုလို အနည်းအကျဉ်းအောင်မြင်ကျော်ကြားသည်ဆိုမှတော့ သူမတွင်လဲ ကိုယ်ပိုင်လှပမှုရှိပေသည်။ မိတ်ကပ်ကလေးပါ ကူညီအားဖြည့်ပေးလိုက်ချိန်တွင်တော့ လီကျားယွဲ့၏အလှသည် အတော်အတန် ငေးမောသွားရလှနီးပါးပင်။ ဤတစ်ခေါက်တွင်တော့ လီကျားယွဲ့သည် ရှေးခေတ်အချစ်ဇာတ်လမ်းတစ်ပုဒ်တွင် ဇာတ်ပို့တစ်ဦးအဖြစ်ပါဝင်သရုပ်ဆောင်နေရခြင်းဖြစ်သည်။ သူမ၏ဇာတ်ရုပ်သည်က ဗီလိန်တစ်ဦးသာဖြစ်သော်လည်း ဇာတ်ကားတစ်ကားတွင် ဗီလိန်ဆိုသည်မှာလဲ မရှိမဖြစ်လိုအပ်လှပေသည်။

ယခုအချိန်တွင် လီကျားယွဲ့သည် ဇာတ်လမ်း၏အဓိကဇာတ်ဆောင်မင်းသားနှင့် တွဲဖက်သရုပ်ဆောင်ရသော အခန်းကို ရိုက်ကူးနေခြင်းဖြစ်သည်။

အဓိကဇာတ်ဆောင်မင်းသားသည် ငယ်ရွယ်သော်လည်း အောင်မြင်ကျော်ကြားကာ ကြည့်ကောင်းလှသောကြောင့် ထိုလူနှင့်သရုပ်ဆောင်ရသည်ကို လီကျားယွဲ့ စိတ်ဖိစီးလို့နေသည်။ ထို့အတွက်ကြောင့်ပင် သာမာန်လွယ်ကူသည့် ဇာတ်ကွက်လေးကိုပင် အမှားများဖြင့် မပြီးဆည်းနိုင်ဖြစ်နေရသည်။ ဒါရိုက်တာသည်လဲ လီကျားယွဲ့ကို အမြင်မကြည်တော့ဘဲ ဆူပူကြိမ်းမောင်းနေတော့သည်။

“ကျားယွဲ့၊ သတင်းဆိုး! သတင်းဆိုး!” လီကျားယွဲ့ သူမနားနေသည့်နေရာသို့ပြန်ရောက်လျှင်ချင်းတွင်ပင် သူမ၏လက်ထောက်က အော်ဟစ်ကာပြေးလာတော့သည်။

“ဘာဖြစ်တာလဲ?” လီကျားယွဲ့လဲ အစကတည်းက စိတ်မကြည်သောကြောင့် စိတ်မရှည်စွာဖြင့် ပြန်မေးလိုက်သည်။

“ဒီသတင်းဖတ်ကြည့်၊” လီကျားယွဲ့၏လက်ထောက်က သူမကို ဖုန်းထိုးပေးကာ သတင်းကို ကိုယ်တိုင်ဖတ်စေလိုက်သည်။ ဖုန်းမျက်နှာပြင်တွင်တော့ စုထုံနျို၏Weiboစာမျက်နှာကို ဖွင့်ထားလေသည်။

“ဘာ? စုထုံနျိုက ဇာတ်လမ်းရဲ့အဓိကမင်းသမီးလား?” လီကျားယွဲ့ မယုံမကြည်နိုင်ဖြစ်ရသလို ဒေါသလဲထွက်လို့လာကာ ဖုန်းကိုပေါက်ခွဲပစ်မိတော့မတတ်ပင်။ စုထုံနျို ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းမှ ထွက်သွားပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ဇာတ်ကားတစ်ကား၌ ခေါင်းဆောင်မင်းသမီးဖြစ်သွားခဲ့ကာ သူမ လီကျားယွဲ့သည်တော့ တီဗီဇာတ်လမ်းတွဲတစ်ခုတွင် ဇာတ်ပို့တစ်ယောက်သာဖြစ်နေသေးလေသည်။ ထို့အပြင် ထိုဇာတ်ကား၏ဒါရိုက်တာသည် လုကျန်းဖြစ်နေသေးသည်။

လီကျားယွဲ့သည် တုံးအသူတစ်ဦးမဟုတ်သောကြောင့် လုကျန်းကို ဇာတ်ကားပြန်လည်ရိုက်ကူးနိုင်ရန် အာဏာကြီးသည့် တစ်စုံတစ်ဦးက ထောက်ပံ့ပေးလိုက်ခြင်းသာဖြစ်ကြောင်း ချက်ချင်းနားလည်သွားလေသည်။ စုထုံနျိုသသည်လဲ တစ်စုံတစ်ယောက်၏အကူအညီဖြင့် စာချုပ်ဖျက်သိမ်းပြီးနောက် နောက်တစ်ကြိမ်ပြန်လည် သရုပ်ဆောင်ခွင့်ရသွားခဲ့ပေသည်။

လုကျန်းသည် လူသိများကာ အရည်အချင်းရှိသည့်ဒါရိုက်တာတစ်ဦးဖြစ်ပြီး ယနေ့အချိန်အထိ ချီးကျူးဂုဏ်ပြုမှုများစွာကို လက်ခံရရှိထားသူဖြစ်သည်။ စုထုံနျိုဘာကြောင့်များ ဤမျှလောက်ကံကောင်းသွားရသလဲ?

လီကျန်ားယွဲ့သည် စိတ်တိုလွန်း၍ ဘယ်လိုနည်းလမ်းကိုမဆိုသုံး၍ စုထုံနျို၏ဂုဏ်သတင်းကို ဖျက်ဆီးချင်ပစ်လာတော့သည်။ သို့ပေမည့် စုထုံနျိုသည် လူမှန်တစ်ယောက်ဖြစ်သောကြောင့် စုထုံနျို၏မကောင်းကြောင်းများကို သူမမရှာဖွေနိုင်ခဲ့ပေ။ စုထုံနျို၏ ယခင်မကောင်းသတင်းများကို မရှာနိုင်မှတော့ လီကျားယွဲ့အနေဖြင့် အသစ်တစ်ခုခုဖန်တီးလိုက်ရန်သာ ကြံစည်လိုက်တော့သည်။

မြို့တော်တွင်၊ ထန်ပင်းစန်တစ်ယောက် သူ၏ဥက္ကဌရုံးခန်းရှိ သူ၏စားပွဲတွင်ထိုင်ကာ စာရွက်စာတမ်းများဖတ်ရှုလို့နေသည်။ လုကျန်းဇာတ်ကားပြန်ရိုက်နေပြီဖြစ်သည့်အကြောင်းကိုတော့ သူယခုထိတိုင် မသိရှိသေးပေ။

ထိုအချိန်တွင်ပဲ ထန်ပင်းစန်၏ဖုန်းမှ မြည်လာခဲ့ကာ ခေါ်ဆိုသည်၏အမည်သည်တော့ ဖေးဖေးဟုပင်။

“ဘာလဲ?” ထန်ပင်းစန် အေးစက်စက်သာ ပြန်ဖြေလိုက်သည်။

“ဥက္ကဌထန်၊ လုကျန်းအခု ရုပ်ရှင်လောကထဲပြန်ဝင်လာပြီ!” တစ်ဖက်အမျိုးသမီးက အလောတကြီးနိုင်စွာဖြင့်ပြောလိုက်သည်။

“ဘာ? လုကျန်းက ရုပ်ရှင်ထပ်ရိုက်နေပြီ၊ ဟုတ်လား?” ထန်ပင်းစန် အလွန်အံ့အားသင့်သွားသည်။ လွန်ခဲ့သည့် နှစ်များက သူကိုယ်တိုင် လုကျန်းကို ရုပ်ရှင်လောကမှ ကန်ထုတ်ခဲ့ခြင်းဖြစ်သောကြောင့် ယခုအချိန်တွင် မည်သူကများ သူ့ကို ဆန့်ကျင်ရဲတာလဲ?

“ဟုတ်တယ်! ဥက္ကဌထန်၊ အခုလုကျန်းက ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီမှာ အလုပ်လုပ်ဝင်လုပ်နေပြီ။” တစ်ဖက်အမျိုးသမီးက ဒေါသတကြီးပြောလိုက်သည်။

လွန်ခဲ့သည့်၂နှစ်က လုကျန်း ရုပ်ရှင်လောကမှ ကန်ထုတ်ခံရခြင်းသည် သူမကြောင့်ဖြစ်သောကြောင့် လုကျန်းကို ဤလောကတွင် နောက်တစ်ကြိမ် ပြန်လည်မမြင်တွေ့လိုချေ။

ထျန်းဖေးဖေးဆိုသည်မှာ Bအဆင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို ထန်ပင်းစန်၏ မယားငယ်လဲဖြစ်သေးသည်။ သူမ၏သရုပ်ဆောင်အရည်အချင်းသည် မကောင်းလှသော်လည်း သူမ၏ခန္ဓာကိုယ်သည်တော့ အလွန်ဆွဲဆောင်မှုရှိလွန်းသောကြောင့် လူသိများသည် သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်ခဲ့သည်။ သူမ၏ခန္ဓာကိုယ်သည် ဆွဲဆောင်မှုရှိသည်ဆိုသော်လည်း မိန်းမပျက်တစ်ဦးတော့မဟုတ်ဘဲ မကောင်းသတင်းထွက်ထားခြင်းလဲလုံးဝမရှိသောကြောင့် ဂုဏ်သတင်းအရပြောရလျှင် ကောင်းသည့်ဘက်တွင်ရှိလေသည်။

ထိုသို့ဖြစ်ရခြင်းသည်လဲ ထန်ပင်းစန်လိုလူမျိုး၏မယားငယ်ဖြစ်နေခြင်းကြောင့် သူမအတွက် အခြားသော ထောက်ပံ့သူများနှင့် ဆက်ဆံဖို့ရန် မလိုတော့ခြင်းဖြစ်သည်။

ထန်ပင်းစန်၏ မယားငယ်များထဲတွင် ထျန်းဖေးဖေးအိပ်ရာပေါ်မှ အရည်အချင်းသည် အလွန်ကောင်းမွန်သောကြောင့် ထန်ပင်းစန်မှာ သူမမရှိလျှင် မနေနိုင်လောက်သည်အထိဖြစ်နေသောကြောင့် အချိန်အကြာဆုံးခံနေခြင်းဖြစ်လေသည်။ ထို့အပြင် ထျန်းဖေးဖေးသည် ဉာဏ်ရည်လဲထက်မြက်လှသည်။ သူမလိုချင်သည့်အရာသည် ဖျော်ဖြေရေးလောကတွင် နေရာအတည်တကျရရှိရန်နှင့် ချမ်းသာကာ ကျော်ကြားဖို့ရန်သာဖြစ်သည်။ သူမကိုယ်ကို ထန်ပင်းစန်၏ ဇနီးမယားမဖြစ်နိုင်မှန်းသိသလို ထိုသို့အတွေးမျိုးလဲ လုံးဝမတွေးခဲ့ပေ။ သူမ၏စိတ်ထဲတွင်တော့ ထန်ပင်းစန်၏ ဇနီးမယားနေရာရရှိဖို့ထက် ရသလောက် အကျိုးအမြတ်ကိုသာ ရယူထားဖို့ရန်က အရေးအကြီးဆုံးဖြစ်လေသည်။

“ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ?” ထန်ပင်းစန်မျက်မှောင်ကြုတ်လိုက်မိသည်။ သူထိုကုမ္ပဏီနာမည်အား တစ်ခါမှမကြားဖူးခဲ့ပေ။

“ဟုတ်တယ်၊ အခုမှ စတည်ထောင်ကာစ ကုမ္ပဏီတစ်ခုပဲ။” ထျန်းဖေးဖေးပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ငါစုံစမ်းထားလိုက်မယ်၊ မစိုးရိမ်နေနဲ့။” ထန်ပင်းစန် နှစ်သိမ့်ပေးလိုက်သည်။ ထျန်းဖေးဖေး ထိုကိစ္စကြောင့် အလွန်မကျေမနပ်ဖြစ်နေသည်ကိုလဲ သူသိသလို သူကိုယ်တိုင်ကလဲ သူ၏အခွင့်အာဏာအား လာရောက်စိန်ခေါ်ခြင်းအား လွယ်လွယ်အလွတ်ပေးမည်မဟုတ်ပေ။ ထို့အပြင် သူ့အမိန့်ကိုပင် ဆန့်ကျင်အာခံရဲသည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းအကြောင်းကိုလဲ သိချင်လာမိသည်။

ထျန်းဖေးဖေးနှင့် ဖုန်းပြောပြီးသည်နောက် ထန်ပင်းစန် သူ၏အတွင်းရေးမှူးအားခေါ်လိုက်ကာ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီအကြောင်းကို စုံစမ်းခိုင်းစေလိုက်သည်။

***

အခန်း ၄၉၈

လုရှောင်း

ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီအကြောင်း စုံစမ်းဖို့ရန် ထန်ပင်းစန် အမိန့်ပေးပြီးသွားသည့်အချိန်တွင် မြို့တော်ရှိ အဆင့်မြင့်ကလပ်တစ်ခု၌ လူငယ်များစွာသည် ဘိလိယက်ထိုးလို့နေကြသည်။ သူတို့အားလုံးသည် သာမာန်လူများနှင့်မတူစွာဖြင့် ဒီဇိုင်နာချုပ်အမှတ်တံဆိပ်များကိုပင် ဝတ်ဆင်ထားကြသည်။

ဘိလိယက်ခုံနားရှိဆိုဖာထက်တွင်တော့ လှပသည့် အမျိုးသမီးများစွာထိုင်နေရင်း အင်တာနက်သုံးစွဲလို့နေသည်။ ရုတ်တရက်ဆိုသလို ထိုထဲမှအမျိုးသမီးတစ်ဦးက အံ့ဩထိတ်လန့်စွာဖြင့်၊

“စုထုံနျိုကို ဖျော်ဖြေရေးလောကကနေ ကန်ထုတ်ပစ်လိုက်ပြီမဟုတ်ဘူးလား? ဘာလို့ သူကအခု ဇာတ်လမ်းအသစ်မှာ ဝင်သရုပ်ဆောင်နေရတာလဲ?”

“ဘာ?”

လူတိုင်း ထိုစကားပြောလာသည့် အမျိုးသမီးအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင်ပဲ အမျိုးသားတစ်ဦးက သူ၏ကျူတံအား ဘိလိယက်ခုံပေါ်သို့ ပစ်ချလိုက်ကာ ထိုအမျိုးသမီးရှိရာသို့ လှမ်းလျှောက်သွားလိုက်သည်။ သူ၏ပုံစံမှာ အလွန်မကျေမနပ်ဖြစ်လို့နေပြီး ထိုအမျိုးသမီး၏လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သည်။ စုထုံနျို ဖျော်ဖြေရေးလောကသို့ ပြန်ဝင်လာသည့်သတင်းအား အတည်ပြုပြီးသည်နောက်တွင်တော့ ထိုအမျိုးသားပိုလို့ပင် ဒေါသထွက်လာတော့သည်။

ထိုအမျိုးသားသည်က ယဉ်ကျေးမှုဝန်ကြီးဌာနဒါရိုက်တာ၏သား ကုန်းလီကျွင်းဖြစ်သည်။ ကုန်းလီကျွင်းသည် စုထုံနျိုကို သဘောကျနှစ်သက်ခဲ့ပေမည့် ငြင်းဆန်ခြင်းခံခဲ့ရသောကြောင့် စုထုံနျိုကို ဖျော်ဖြေရေးလောကအတွင်းမှ ထွက်သွားရစေရန် လုပ်ဆောင်ခဲ့လေသည်။

ကုန်းလီကျွင်းသည် အရပ်ရှည်ကာ သန်မာပေမည့် ရုပ်ရည်သည်တော့ ကြည့်မကောင်းလှပေ။ ထိုသို့ဆိုလျှင်ပင် ကုန်းလီကျွင်း၏နောက်ခံမိသားစုအရှိန်အဝါကြောင့် သူ့နားဘေး၌ မိန်းမလှလေးပေါင်းများစွာ ဝန်းရံလို့နေသည်။ သို့ပေမည့် ထိုမိန်းမလှများထဲတွင် စုထုံနျိုသည်တော့ ပါဝင်ခြင်းမရှိပေ။ ထို့အတွက် ကုန်းလီကျွန်းသည် သူမျက်နှာပျက်ရမှုကို အဖတ်ဆယ်ချင်သည့်အတွက် စုထုံနျိုအား ဖျော်ဖြေရေးလောကမှကန်ထုတ်လိုက်ခြင်းဖြစ်သည်။

ကုန်းလီကျွင်း၏မိသားစုသည် မြို့တော်၏အဆင့်အတန်းမြင့်မိသားစုကြီးများကြားတွင် ဩဇာအာဏာသိပ်မရှိလှသောကြောင့် သူ့အနေဖြင့် Bအဆင့်သရုပ်ဆောင်မင်းသမီးများလောက်နှင့်သာ ဆော့ကစားနိုင်လေသည်။

“လီကျွင်း၊ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီက မင်းရဲ့အမိန့်ကိုတောင် လွန်ဆန်ရဲနေတယ်!” နောက်ထပ်အမျိုးသားငယ်တစ်ဦးက ဒေါသတကြီးပြောဆိုလိုက်သည်။ သူတို့အားလုံးသည် ကုန်းလီကျွင်း၏နောက်လိုက်များဖြစ်သောကြောင့် သဘာဝကျကျပင် ကုန်းလီကျွင်းဘက်မှသာ ရပ်တည်ကြလေသည်။

“ဟုတ်တယ်!” အားလုံးကလဲ သံယောင်လိုက်ထောက်ခံကြသည်။

ကုန်းလီကျွင်းလဲ ချက်ချင်းပင် ဖုန်းကိုထုတ်လိုက်ကာ ရှားကျီဟုန်ကိုဖုန်းဆက်လိုက်သည်။

ရှားကျီဟုန်သည် ကုန်းလီကျွင်းကိုကြောက်သော်လည်း ကုနင်းတွင်က သူ၏ရာထူးအာဏာကို အလွယ်တကူ ဖြုတ်ချနိုင်သည့် သက်သေများရှိနေသောကြောင့် သူမကိုတော့ဖြင့် ပို၍ကြောက်လေသည်။

“ကျွန်တော်တောင်းပန်ပါတယ်၊ ဒါပေမယ့် သူ့ဘက်မှာက ကျွန်တော့်ရဲ့လျှို့ဝှက်ချက်တွေရဲ့သက်သေအခိုင်အလုံရှိနေတယ်။ ခွင့်လွှတ်ပေးပါ သခင်လေး၊ ကျွန်တော်တို့နှစ်ယောက်လုံး အဲ့ဒီမိန်းကလေးကို သွားမရှုပ်သင့်ဘူးလို့ ထင်တယ်။ မဟုတ်ရင် သခင်လေးရဲ့ လျှို့ဝှက်ချက်တွေကိုလဲ သူအလွယ်လေးရှာနိုင်လောက်တယ်။ စုထုံနျိုဆိုတာ သရုပ်ဆောင်လေးတစ်ယောက်သာသာပါ။ ကျွန်တော်တို့တက်လမ်းကိုကော၊ ကြွယ်ဝချမ်းသာမှုတွေရော ဂုဏ်သတင်းကိုပါ ထိခိုက်အောင်လုပ်နိုင်တဲ့လူမဟုတ်ပါဘူး။ သခင်လေးအနေနဲ့ဆိုရင် လိုချင်သမျှမိန်းကလေးတိုင်းကို ရနိုင်နေတာပဲ!” ရှားကျီဟုန် တောင်းတောင်းပန်ပန်ဖြင့် ပြောဆိုလိုက်သည်။

ကုန်းလီကျွင်းသည် မောက်မာသည်ဆိုသော်လည်း တုံးအသူတစ်ယောက်တော့မဟုတ်သောကြောင့် ရှားကျီဟုန်၏စကားများမှာ ဖြစ်နိုင်ချေရှိသည်ဟု တွေးမိလေသည်။

စုထုံနျိုကို ကူညီသွားခဲ့သည့်လူက ရှားကျီဟုန်၏လျှို့ဝှက်ချက်များကို သက်သေအခိုင်အလုံဖြင့် ရှာနိုင်သည်ဆိုမှတော့ ထိုလူသာ သူ့ကို အပြစ်ပေးလိုက်လျှင် လုပ်ဆောင်ဖို့ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ သရုပ်ဆောင်လေးတစ်ဦးကြောင့် အရာရာတိုင်းပျက်စီးကုန်ရလျှင်က ကောင်းကျိုးမရှိဟုလဲ ကုန်းလီကျွင်းနားလည်လေသည်။

ကုန်းလီကျွင်း၏ဖခင်သည်လဲ ထိုအတွက်နှင့်အကြိမ်ပေါင်းများစွာသတိပေးခဲ့ပြီးပြီဖြစ်သည်။ သူသာ ကုန်းမိသားစုကိုပါ ထိခိုက်စေမည့် ပြဿနာကြီးရှာခဲ့မည်ဆိုလျှင် သူ့ဖခင်တွင်က သားတစ်ယောက်မကရှိနေခြင်းသည့်အပြင် ကုန်းလီကျွင်းတစ်ယောက်အတွက်နှင့် ကုန်းမိသားစုကျဆုံးမည့်အဖြစ်မျိုး အဖြစ်ခံလိမ့်မည်မဟုတ်သောကြောင့် သေချာပေါက် သူ့ကို ကူညီပေးလိမ့်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ကုန်းလီကျွင်းမည်မျှပင် မကျေမနပ်ဖြစ်နေသည်ဆိုဆို လက်လျှော့လိုက်ရတော့သည်။

မကြာခင်တွင်ပဲ ထန်ပင်းစန်၏အတွင်းရေးမှူးသည် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီနှင့်သက်ဆိုင်သည့်အချက်အလက်များကို ရှာဖွေယူဆောင်လာပေးခဲ့လေသည်။ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏ပိုင်ရှင်သည် ၁၈နှစ်အရွယ်မိန်းကလေးတစ်ဦးဖြစ်သည့်အပြင် ကုမ္ပဏီသည်လဲ ယခုမှအသစ်တည်ထောင်ထားခြင်းဖြစ်သောကြောင့် ထန်ပင်းစန်အလွန်အံ့အားသင့်သွားရတော့သည်။ ထိုထက်မကသေး ထိုမိန်းမငယ်လေးသည် မြို့တော်မှလူပင်မဟုတ်ဘဲ တတိယတန်းစားမြို့တစ်မြို့မှဖြစ်နေသေးလေသည်။

ထန်ပင်းစန်သည်က ပထမတန်းစားမြို့တော်တွင် နေထိုင်သူဖြစ်သောကြောင့် တတိယတန်းစားမြို့ဆိုသည်မှာ သူ၏မျက်လုံးထဲတွင်တော့ သာမာန်မြို့ငယ်လေးတစ်မြို့သာဖြစ်လေသည်။

ထို့အတွက်ကြောင့် ထိုမိန်းကလေး သူ့ကို ဆန့်ကျင်ရဲခြင်းမှာ နုံအသောကြောင့်ဖြစ်နိုင်သလို လုကျန်းကို သူနှင်ထုတ်လိုက်ခြင်းဖြစ်ကြောင်းကို ထိုမိန်းကလေးအမှန်တကယ်သိခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု ယုံကြည်နေတော့သည်။ မည်သို့ပင်ဆိုစေ ထိုမိန်းကလေး မှတ်လောက်သားလောက်အောင် ဆုံးမမှဖြစ်ပေမည်။ သူတို့ ဇာတ်ကားစရိုက်နေပြီဆိုမှတော့ ဇာတ်ကားထွက်ခါနီးကျမှသာ ရုပ်ရှင်ရုံပေါ်တွင် တင်ပြခွင့်ပိတ်ရန်အတွက် ထန်ပင်းစန်ဘက်မှ ဖုန်းတစ်ချက်ဆက်လိုက်ရုံသာ လိုအပ်လေသည်။

ကုနင်း၏နောက်ခံသည် ကြီးကျယ်လိမ့်မည်ဟုလဲ ထန်ပင်းစန်မတွေးသောကြောင့် သူမအကြောင်း ထပ်ပြီးစုံစမ်းဖို့ရန် ဆက်မလုပ်သောကြောင့် ထိတ်လန့်စရာသတင်းများစွာကို ရှာတွေ့မည့်အခွင့်အရေးအား လက်လွတ်သွားခဲ့တော့သည်။

ထိုအချိန်နှင့်တချိန်တည်းတွင်ပဲ မြို့တော်ရှိ ဇိမ်ခံတိုက်ခန်းတစ်ခု၏ ဧည့်ခန်းတွင်တော့ အသက်၂၇နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဆိုဖာထက်တွင် လဲလျောင်းရင်း သီချင်းနားထောင်လို့နေသည်။ ထိုလူပုံစံသည် ဆွဲဆောင်မှုရှိလှသလို ကြော့ရှင်းကာ ခန့်ညားလို့လဲနေသည်။ သူသည်လဲ အင်တာနက်သုံးရင်း အချိန်ဖြုန်းနေခြင်းဖြစ်သောကြောင့် သတင်းတစ်ခုကိုဖတ်လိုက်မိသည်နှင့် ချက်ချင်းပင် လူတစ်ယောက်အား ဖုန်းဆက်လိုက်တော့သည်။

သူ့ဖုန်းကို တစ်ဖက်မှကိုင်လိုက်သည်နှင့် အလျင်စလိုပင်၊

“ဘော့စ်၊ ကျွန်တော့်ကို လောလောဆယ် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီကို စီမံဖို့ ခိုင်းထားတယ်မဟုတ်ဘူးလား? သူတို့ဇာတ်ကားတစ်ကားစရိုက်နေတာတောင် ဘာလို့ ကျွန်တော်က ဘာမှမသိရတာလဲ?”

ထိုလူသည်က လောလောဆယ် ကုနင်းကို ကူညီ၍ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီအား စီမံခန့်ခွဲဖို့ရန်အတွက် လင်ရှောင်းထင် ခန့်အပ်ထားသူဖြစ်ကာ နာမည်သည်တော့ လုရှောင်းဖြစ်ပြီး ယခုအချိန်တွင်တော့ လင်ရှောင်းထင်နှင့် ဖုန်းပြောနေခြင်းဖြစ်လေသည်။

လင်ရှောင်းထင်သည်လဲ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ဇာတ်ကားတစ်ကားစတင် ရိုက်ကူးနေသည်အား ကြားရကာ အံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင်မှ လင်ရှောင်းထင်က ပြန်ပြီး၊

“ဪ၊ ငါသူ့ကိုပြောဖို့မေ့နေတာပဲ။ အခု ဖုန်းဆက်ပြောလိုက်မယ်။”

ထို့နောက် ဖုန်းချသွားတော့သည်။

လုရှောင်းသည်တော့ လင်ရှောင်းထင်၏အဖြေကြောင့် ကြောင်အလို့နေသည်။ ဘာ? သူမေ့သွားတယ်? သူ့မှတ်ဉာဏ်ဘယ်ကတည်းက ဒီလောက်ဆိုးရွားသွားတာလဲ? မည်သို့ပင်ဆိုစေ သူယခုဘယ်လောက်ပင် မတရားခံရသလို ခံစားနေရပါစေ သူ့ဘော့စ်ကို ခွန်းတုန့်မပြန်နိုင်သလို ခွန်းတုန့်ပြန်ဖို့အတွက်လဲ သတ္တိမရှိပေ။

တကယ်တမ်း၊ လင်ရှောင်းထင်တစ်ယောက်သာမေ့သွားခြင်းမဟုတ်ဘဲ ကုနင်းသည်လဲ အလုပ်အရမ်းများနေသောကြောင့် လုရှောင်းကိစ္စကို လုံးဝမေ့သွားခဲ့လေသည်။

ကုနင်းထံသို့ လင်ရှောင်းထင်ဖုန်းဆက်လာချိန်တွင်တော့ သူမလဲ အနားယူဖို့ရန် ဘက်စ်ကားအကြီးပေါ်သို့ ပြန်ရောက်ကာစဖြစ်လေသည်။ ရိုက်ကူးရေးအဖွဲ့ဝင်အားလုံးသည် ကျွမ်းကျင်သူများဖြစ်သလို အလုပ်ကြိုးစားသူများလဲဖြစ်သောကြောင့် ရိုက်ကွင်းသည် အလွန်အဆင်ပြေပြေ ဆက်လက်ရိုက်ကူးလျက်ရှိလေသည်။ လင်ရှောင်းထင် ဖုန်းဆက်သည်ကို မြင်လိုက်ရသည်နှင့် ကုနင်းပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

“ဟိုင်း!” ကုနင်း ချက်ချင်းပင် ဖုန်းဖြေသည့်ခလုပ်အား နှိပ်ကာ ပြန်ဖြေလိုက်တော့သည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ နှစ်ယောက်လုံးသည် အလွန်အလုပ်များသည်များဖြစ်သောကြောင့် အခြားသော စုံတွဲများကဲ့သို့ မကြာခနဖုန်းမဆက်နိုင်ကြပေ။ သူတို့နှစ်ယောက်လုံး အားလပ်သည့်အချိန်မှသာ ချိန်းတွေ့ရင်း ထမင်းအတူစားလေ့ရှိခြင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးအလုပ်မှာရှိနေပေမည့် အလုပ်မရှုပ်သည့်ညများမှသာ တခါတရံဖုန်းဆက်ဖြစ်ကြသည်။

ကုနင်းသည် ကျောင်းသူသာဖြစ်သေးသောကြောင့် သူမကျောင်းရောက်နေချိန်များတွင်တော့ လင်ရှောင်းထင်အနေနှင့် စာများသာ တချိန်လုံးပို့နေခဲ့ပြီး တခါတရံနေ့လည်အားလပ်ချိ်နများတွင်တော့ ဖုန်းပြောခွင့်ရကြလေသည်။ သို့ပေမည့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်တော့ သူတို့နှစ်ဦးလုံး အလုပ်များနေကြသောကြောင့် ဖုန်းပင်မဆက်နိုင်ခဲ့ကြပေ။ သို့ပေမည့် သူတို့ချင်း မဆက်သွယ်ဖြစ်ကြလျှင်တောင်မှ ယခင်လိုပင် နက်နက်ရှိုင်းရှိုင်းချစ်နေကြစဲပင်။

***

အခန်း ၄၉၉

ဘော့စ်၊ မင်းမှာကားလိုင်စင်ရောရှိရဲ့လား?

“ဖုန့်ဟွာဘက်က ဇာတ်ကားတစ်ကားရိုက်နေပေမယ့် သူ့ကိုတော့ ဘယ်သူမှမပြောကြဘူးလို့ လုရှောင်း ကိုယ့်ကိုဖုန်းဆက်တယ်။” လင်ရှောင်းထင် ကုနင်းကို ဘာမှမေးမြန်းခြင်းမပြုပဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။

“အိုး!” ကုနင်း လင်ရှောင်းထင် မပြောလာခင်အထိ လုရှောင်းကို သတိပင်လုံးဝမရသောကြောင့် အားနာသွားရကာ၊

“ကျွန်မတောင်းပန်ပါတယ်။ အခုရက်ပိုင်းအလုပ်များနေတာနဲ့ သူ့ကိုမပြောဖြစ်လိုက်ဘူး။”

“အလုပ်များနေတယ်?” လင်ရှောင်းထင် နားမလည်နိုင်ဖြစ်သွားရသည်။ ကုနင်းအတန်းတက်နေတာကို ဘာလို့ အလုပ်များသွားရတာလဲ?

“အမ်၊ တကယ်တော့ ကျွန်မအခု Dမြို့ကိုရောက်နေတာ။” ထို့နောက် ဖြစ်ပျက်သမျှအလုံးစုံကို လင်ရှောင်းထင်အား ကုနင်းပြောပြလိုက်တော့သည်။ လင်ရှောင်းထင်သည်လဲ ဇွန်ဘီတစ်ကောင်နှင့် ရင်ဆိုင်တွေ့ဖူးထားသောကြောင့် ကုနင်း၏အပြောကို ယုံကြည်လေသည်။ ထို့အပြင် ထန်ကျန်းဖုန်း ကုနင်းကိုပြဿနာရှာသည့်အကြောင်းအား ကြားရချိန်တွင်တော့ လင်ရှောင်းထင် အလွန်ဒေါသထွက်သွားတော့သည်။

လင်ရှောင်းထင်နှင့် တစ်ခန်းတည်းတွင်ရှိနေသည့် ရှုကျင်းချန်နှင့် ရှင်းပိုင်သည်တော့ လင်ရှောင်းထင် ဒေါသထွက်လာချိန်တွင် အနည်းငယ်ထိတ်လန့်ကုန်ကြတော့သည်။ သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပေမည့် မည်သူမျှ လင်ရှောင်းထင်ဘာကြောင့် ဒေါသထွက်နေလဲဆိုသည်ကို မသိကြပေ။ လင်ရှောင်းထင် ကုနင်းကို ဖုန်းဆက်သည်ဆိုတာကို သူတို့သိကြသော်လည်း ကုနင်းကတော့ လင်ရှောင်းထင်ကို စိတ်အနှောက်အယှက်ပေးလိမ့်မည်ဟုလဲ မထင်ကြပေ။ ကုနင်းကို တစ်ယောက်ယောက်ကသာ စိတ်အနှောက်အယှက်ပေးခြင်းဖြစ်လောက်ပေမည်၊ ထို့ကြောင့်သာ လင်ရှောင်းထင် ဒေါသထွက်ရခြင်းဖြစ်မည်။ ရှုကျင်းချန်ရော ရှင်းပိုင်ပါ ထိုအကြောင်းပြချက်ကသာ သူတို့ဘော့စ်ရုတ်တရက်ဒေါသထွက်သွားရသည့် အကြောင်းရင်းမှန်ဖြစ်လောက်မည်ဟု ယုံကြည်လိုက်ကြသည်။

“အဆင်ပြေပါတယ်၊ ပြဿနာတွေကို ကျွန်မဖြေရှင်းပြီးသွားပြီ။” ကုနင်း လင်ရှောင်းထင်အား ပြန်လည်စိတ်လျှော့စေလိုက်သည်။

“ကုမ္ပဏီနဲ့ပတ်သတ်ပြီး တစ်ခုခုပြဿနာဖြစ်တာနဲ့ လုရှောင်းကိုသာ ခေါ်လိုက်။ သူသေချာဖြေရှင်းပေးလိမ့်မယ်။”

“ဟုတ်ပါပြီ။”

“ပြီးတော့ ကိုယ်မင်းကို သူ့အကြောင်းပြောဖို့မေ့နေတယ်ဆိုပြီးလဲ ပြောလိုက်သေးတယ်။” လင်ရှောင်းထင် ထပ်ပေါင်းပြောပြလိုက်သည်။

“ဟ-ဟ” လင်ရှောင်းထင်ထံမှ ထိုသို့ဆင်ခြေမျိုးကြားလိုက်ရချိန်တွင် လုရှောင်း အလွန်မကျေမနပ်ဖြစ်သွားလောက်မည်ဟု ကုနင်းနားလည်လိုက်သောကြောင့် ရယ်လိုက်မိလေသည်။

ကုနင်းဘက်မှရယ်မောသံကိုကြားသောကြောင့် လင်ရှောင်းထင် အတော်လေးပျော်မြူးသွားတော့သည်။

လင်ရှောင်းထင်နှင့် ဖုန်းပြောပြီးသည်နှင့် ကုနင်း လုရှောင်းထံသို့ဖုန်းပြန်ဆက်လိုက်ကာ ဇာတ်လမ်းရိုက်ကူးနေသည့်အကြောင်းကို ပြောပြလိုက်ပေမည့် ဇွန်ဘီကိစ္စကိုတော့ဖြင့် ထည့်မပြောခဲ့ပေ။

တကယ်တမ်း လုကျန်းသည်သာ ရိုက်ကူးရေးအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည်။

လုရှောင်းသည်လဲ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏အလုပ်အမှုဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သောကြောင့် သူ့အနေနှင့် ကုမ္ပဏီမှဝန်ထမ်းများနှင့် ရင်းနှီးထားရန်လိုအပ်၍ ဝန်ထမ်းစာရင်းများပါရှိသည့် အီးမေးလ်တစ်စောင်ကို ကုနင်း ပို့ပေးလိုက်သည်။

လက်ရှိအချိန် Dမြို့အစိုးရရုံးထဲတွင်တော့ လူတိုင်းလူတိုင်း ကျန်းပါးဝမ့်အား လေးစားလို့နေလေပြီ။ သူတို့အားလုံးသည် နိုင်ငံရေးသမားချင်းဖြစ်၍ ပြိုင်ဘက်ရန်သူများဟု သတ်မှတ်၍ရကာ တစ်ဖက်လူက ကိစ္စအရှုပ်အထွေးများအား အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခြင်းကို မြင်ရခြင်းအား သဘောမတွေ့လှသော်လည်း ဇွန်ဘီသတင်းကြောင့် လူအပေါင်းအား ထိတ်လန့်ကြောက်ရွံ့စေခြင်းသည်က မကောင်းသည့်ကိစ္စရပ်ဖြစ်သောကြောင့် မည်သူကမျှ ထိုအမှန်တရားကို တစ်ဖက်လူအား ဖြုတ်ချချင်ရုံဖြင့် ထုတ်ဖော်ပြောကြားလိမ့်မည်မဟုတ်ပေ။

ထန်ကျန်းဖုန်းသည်လဲ ဇွန်ဘီသတင်းအား ဇာတ်ကားရိုက်ကူးရေးလုပ်သည့်သတင်းက ဖုံးလွှမ်းသွားသည်ကို သဘောမကျပေမည့် သူလုပ်နိုင်သည့်အရာဘာမှရှိမနေပေ။ ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ သူလဲ အဖမ်းခံလိုက်ရတော့သည်။ ထန်ကျန်းဖုန်းသည် အင်တာနက်တွင် လူအများထိတ်လန့်စေမည့် သတင်းကို ဖြန့်မှုကြောင့် နှစ်အနည်းငယ်ခန့် ထောင်ဒဏ်ချမှတ်ခံလိုက်ရတော့သည်။

တစ်ချိန်တည်းတွင်ပဲ ချန်ယန်းတောင်တွင်တော့ သတင်းထောက်များစွာ စုဝေးလို့နေသည်။ ကုနင်းသည်လဲ လုကျန်းဘေးတွင် ယှဉ်တွဲရပ်ကာ သတင်းထောက်များနှင့် တွေ့ဆုံခဲ့လေသည်။ လုကျန်းသည်တော့ သတင်းထောက်များစွာရောက်လာသည့်အတွက် ပျော်ရွှင်နေသလို မည်မျှပင် မေးမြန်းပါစေ ဝမ်းမြောက်ဝမ်းသာ ဖြေကြားပေးချင်နေတော့သည်။

ချူးဖေ့ဟန်၏သရုပ်ဆောင်စွမ်းရည်သည် မဆိုးလှဘဲ ကင်မရာရှေ့တွင် ပထမဆုံးအကြိမ် ရပ်ဖူးခြင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားနေပုံမရပေ။ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့သည်လဲ စိတ်လှုပ်ရှားခြင်းမရှိကြဘဲ ကောင်းစွာသရုပ်ဆောင်နိုင်ကြလေသည်။ ရှေးဟောင်းသုတေသနအဖွဲ့သားများအဖြစ် သရုပ်ဆောင်သည့် မိုင်းလုပ်သားများသည်တော့ စကားပြောစရာမလိုဘဲ ကင်မရာရှေ့တွင် သူတို့မျက်နှာကို ပြသထားရုံသာလိုလေသည်။

ညနေ၆နာရီတွင်တော့ တစ်နေ့တာလုပ်ငန်းဆောင်တာများ ပြီးစီးသွားခဲ့သည်။

သူတို့အားလုံး ဇာတ်ကားပြီးမြောက်ဖို့ရန် အလျင်လိုခြင်းမရှိဘဲ ပြီးခဲ့သည့်ညကလဲ အိပ်ရေးပျက်ထားကြသောကြောင့် ယနေ့ညတွင်တော့ ဟိုတယ်တွင်သာ အေးအေးဆေးဆေးအနားယူကြရန် ကုနင်းပြောကြားလိုက်သည်။ သူတို့ဟိုတယ်သို့မထွက်သွားခင်တွင် ကုနင်းကဘဲ နေရေးထိုင်ရေးကိစ္စများအတွက် မည်သို့မည်ပုံစီစဉ်ပေးရမလဲဆိုသည်ကို လုကျန်းအား မေးမြန်းခဲ့သည်။

ထိုအခါ လုကျန်းက၊

“ဇာတ်ကားပြီးဖို့က အချိန်အကြာကြီးလိုတယ်၊ ပြီးတော့ ဒီတောင်ပေါ်မှာတင်ကို အနည်းဆုံး၂ပတ်လောက်ရိုက်ကူးရမှာဆိုတော့ ကြယ်သုံးပွင့်ဟိုတယ်လောက်မှာတည်းရင်ကို လုံလောက်ပြီ။”

လုကျန်းဘက်က ထိုကိစ္စအားလုံးကို အစောကတည်းက စီစဉ်ထားပြီးပြီဖြစ်ကာ ကုနင်းက မေးရုံသာမေးမြန်းခြင်းဖြစ်သည်။ ချူးဖေ့ဟန်၊ ဟောင်ရန် နှင့် ကျန်းထန်ပင်းတို့ကိုတော့ ဟွမ်းဒင်ဟိုတယ်တွင်သာ တည်းရန်အတွက် ကုနင်းခေါ်သွားခဲ့သည်။ လူတိုင်းကလဲ ထိုလေးယောက်သည် ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြောင်းသိထားခြင်းကြောင့် မည်သူမျှ အထွန့်တက်ခြင်းမရှိကြပေ။

ထို့နောက် အားလုံးအတွက်နေရာမစီစဉ်ပေးခင် ဟိုတယ်ဧည့်ကြိုဌာနအား ကုနင်းဖုန်းခေါ်မေးမြန်းလိုက်သည်။ ကံကောင်းစွာဖြင့်ပင် သူတို့အားလုံးအတွက် အခန်းလွတ်လုံလုံလောက်လောက်ရှိလို့နေလေသည်။

အားလုံးစတင်ထွက်ခွာကြချိန်တွင် စစ်သား၁၀ဦးမှလွဲပြီး ကျန်လူအားလုံးသည်တော့ ဘက်စ်ကားအကြီးကြီး၏မောင်းနှင်သူနေရာတွင် ကုနင်းဝင်ထိုင်လိုက်သည်ကို မြင်ပြီး အလွန်အံ့အားသင့်ကုန်ကြသည်။ မိန်းမငယ်လေးတစ်ဦးက ဤသို့သောဘက်စ်ကားအကြီးကြီးကို မောင်းနှင်သည့်ပုံအား မြင်ရသည်မှာ ထူးဆန်းလွန်းလှပေသည်။

ကုနင်းသည် အသက်၁၈နှစ်သာရှိသေးပြီး ဘက်စ်ကားပေါ်ရှိ ကျန်လူများသည်တော့ သူမထက် အသက်ကြီးသူများသာဖြစ်ကြသည်။

“ကုနင်း၊ မင်း-မင်း ဒီဘက်စ်ကားကို ကိုယ်တိုင်မောင်းလာခဲ့တာလား?” လုကျန်းသံသယဝင်စွာဖြင့်မေးလိုက်သည်။

လူအနည်းငယ်လောက်ကသာ ကုနင်း၏နောက်ခံအစစ်ကို သိထားကြသောကြောင့် အားလုံးရှေ့တွင် သူမ၏နာမည်ကိုသာ ခေါ်ကြလေသည်။

“ဟုတ်တယ်လေ၊” ကုနင်းလဲ ထိုလူများ ဘာတွေတွေးနေမိပြီး ဘယ်လောက်တောင်အံ့ဩနေကြမလဲဆိုသည်ကို နားလည်လေသည်။

“ဘော့စ်၊ မင်းမှာ ယာဉ်မောင်းလိုင်စင်ရောရှိရဲ့လား?” ဟောင်ရန်က ထပ်မေးလိုက်သည်။

ကုနင်းပြုံးလိုက်ပြီး သူမ၏ယာဉ်မောင်းလိုင်စင်အား ထုတ်ယူလိုက်ကာ၊

“ဒီမှာလေ၊ ကိုယ်တိုင်စစ်ကြည့်ဦးမလား?”

ဟောင်ရန်လဲ ယာဉ်မောင်းလိုင်စင်အား လှမ်းယူကာ ကိုယ်တိုင်စစ်ကြည့်လိုက်သည်။

“မင်းအရင်လကမှ ရထားတာပဲ။” ကုနင်း၏အမောင်းစွမ်းရည်အား ဟောင်ရန် စိုးရိမ်မိသွားသည်။

“အေးဆေးပေါ့၊ ငါကကျွမ်းကျင်ယာဉ်မောင်းပါ။” ကုနင်း သူမ၏ယာဉ်မောင်းလိုင်စင်ကို ပြန်ယူလိုက်ပြီးနောက် ဘက်စ်ကားကို စတင်စက်နှိုးလိုက်သည်။

***

အခန်း ၅၀၀

ရှေ့ဖြစ်ကြိုမြင်ခြင်း

ကုနင်းကိုယ်တိုင်က ကျွမ်းကျင်သည်ဟု ပြောလာသောကြောင့် အားလုံးလဲ သူမကိုသာယုံကြည်ထားလိုက်တော့သည်။ အချို့လူများသည်တော့ ယခုမှ ကုနင်းနှင့်တွေ့ဖူးကြခြင်းဖြစ်သောကြောင့် အနည်းငယ်သံသယဝင်မိကြပေမည့် ကုနင်း၏ဦးဆောင်မှုအတိုင်းသာ လိုက်ပါလုပ်ဆောင်ကြလေသည်။

စစ်သားများစီးလာသည့် ဘက်စ်ကားအသေးသည်တော့ ရှေ့မှသွားပြီး ကုနင်းမောင်းသည့် ဘက်စ်ကားအကြီးမှာတော့ နောက်မှ လိုက်ပါလာကာ ရိုက်ကူးရေးအဖွဲ့သားများစီးနင်းသည့် ကားသည်တော့ နောက်ဆုံးမှနေရာယူခဲ့သည်။

ဟိုတယ်သို့သွားရာ လမ်းတစ်ဝက်တွင်တော့ ကုနင်း၏မြင်ကွင်းထဲ ရှေ့ပြေးပုံရိပ်များပေါ်ထွက်လာခဲ့သည်။ ကုန်းကျော်တံတားမှနေပြီး ကုန်ကားတစ်စီးသည် အရှိန်ပြင်းပြင်းနှင့် စစ်သားများပါလာသည့် ဘက်စ်ကားအသေးကို ဝင်တိုက်သည့်ပုံရိပ်အား ကုနင်းမြင်လိုက်ခြင်းဖြစ်သည်။

ထိုပုံရိပ်အားမြင်သည်နှင့် မကြာခင်အချိန်တွင်ပဲ ထိုမတော်တဆမှုဖြစ်ပျက်မည်မှန်း ကုနင်း သိလိုက်သောကြောင့် ချက်ချင်းပင် ကားဘရိတ်ကို ဖိနင်းလိုက်ကာ လမ်းဘေးတွင်ထိုးရပ်လိုက်သည်။ ကားထဲရှိလူတိုင်း အံ့အားသင့်သွားကြပေမည့် သူတို့၏အမေးစကားများမထွက်လာခင်တွင်ပဲ ကုနင်းက သူမဖုန်းကို ထုတ်ကာ မော့ချန်ယိအား ဆက်သွယ်လိုက်သည်။

ရှေ့မှဘက်စ်ကားအကြီးရပ်သွားသည်ကိုမြင်သည်နှင့်နောက်မှ ရိုက်ကူးရေးအဖွဲ့သားများ၏ကားသည်လဲ အလိုအလျောက်ရပ်သွားကြသည်။

ကံကောင်းစွာဖြင့် မော့ချန်ယိက ချက်ချင်းပင် ကုနင်း၏ဖုန်းကိုပြန်ဖြေလာခဲ့ကာ ကုနင်းကလဲ ချက်ချင်းပင် လေးနက်သည့်အသံဖြင့် အမိန့်ပေးလိုက်သည်။

“ကားကို အခုချက်ချင်းဘေးကပ်ရပ်လိုက်!”

ကုနင်း၏အမိန့်ကိုကြားသည်နှင့် တွေးတောခြင်းလဲမရှိသလို ထပ်ပြီးလဲ မေးမြန်းမနေဘဲ ယာဉ်မောင်းအား ကားရပ်ရန် မော့ချန်ယိ ပြောလိုက်သည်။

ကုန်းကျော်တံတားနားမရောက်ခင်၁၀မီတာအလိုတွင် သူတို့အားရပ်သွားပြီးသည်နှင့် ကုန်ကားတစ်စီးအရှိန်လွန်ကာ ကုန်းကျော်တံတားပေါ်မှ ကျော်ပြီး ပြုတ်ကျသွားခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဘက်စ်ကားအသေးထဲရှိ စစ်သားအားလုံး ထိတ်လန့်ကုန်ကြတော့သည်။ ကုန်းကျော်တံတားသည် မြေပြင်မှ သိပ်မမြင့်လှသော်လည်း ကုန်ကားသည်တော့ ဆိုးဆိုးရွားရွားပျက်စီးလို့သွားပြီး ထိုကားသယ်လာသည့် သစ်တုံးများလဲ လိမ့်ကျကုန်တော့သည်။ ကံအားလျော်စွာဖြင့် လမ်းပေါ်တွင်က ကားသိပ်မရှိလှသောကြောင့် အခြားထိခိုက်သွားသူများမရှိပေ။

ဘက်စ်ကားအကြီးရှိနေသည့်နေရာသည်က ကုန်ကားမှောက်သည့်နေရာနှင့် အနည်းငယ်ကွာဝေးပေမည့် ကျယ်လောင်သည့်ပြုတ်ကျသံကိုတော့ အားလုံးကြားလိုက်ကြရသည်။ ကုနင်းမှလွဲ၍ ကားထဲရှိလူတိုင်း ထိတ်လန့်အံ့အားသင့်နေကြတော့သည်။

မော့ချန်ယိနှင့်ကျန်စစ်သားများသည်တော့ ဒဏ်ရာရသူများကို ကယ်ဆယ်ရမည့် တာဝန်သိစိတ်အလိုအလျောက်ရှိနေကြသောကြောင့် ချက်ချင်းပင် ကားထဲမှပြေးထွက်လိုက်ကြသည်။ ကုနင်းသည်လဲ သူမမျက်စိရှေ့တွင် အပြစ်မဲ့သည့်လူများ သေကျေမည့်အဖြစ်အား မမြင်တွေ့လိုပေ။

“ကားထဲမှာပဲနေကြပါ၊ အပြင်ကိုထွက်မလာကြနဲ့။” ကုနင်း ဘက်စ်ကားအကြီးပေါ်ရှိအခြားလူများအား သတိပေးကာ သူမသည်တော့ ကားထဲမှ ထွက်သွားခဲ့သည်။

ကားထဲမှ လူများအသိပြန်ဝင်လာကြချိန်တွင်တော့ ကုနင်းသည် ထွက်သွားနှင့်ပြီဖြစ်သည်။ ချူးဖေ့ဟန်တို့အားလုံး ကုနင်းကို သွားကူညီပေးချင်ကြပေမည့် ကုနင်းက ကားထဲတွင်သာနေခဲ့ရန် မှာခဲ့သောကြောင့် အားလုံး ကိုယ့်နေရာကိုယ်တွင်သာ ဆက်ထိုင်နေခဲ့ကြသည်။

ကုန်ကားထဲတွင်တော့ သွေးများဖုံးလွှမ်းနေသည့်လူနှစ်ယောက်သတိလစ်လို့နေသည်။ ကုန်းကျော်တံတားသည်က သိပ်မမြင့်လှသောကြောင့် ဒဏ်ရာပြင်းပြင်ထန်ထန်ရသွားကြသော်လည်း အသက်အန္တရာယ်မရှိကြပေ။

ရှည်ရှည်ဝေးဝေးတွေးနေကြခြင်းမရှိဘဲ မော့ချန်ယိနှင့် သူ၏အဖွဲ့သားများသည် ထိုဒဏ်ရာရလူနာနှစ်ဦးအား ကူညီဆွဲထုတ်လိုက်ကြကာ ကုနင်းသည်တော့ စွမ်းအင်သလင်းကျောက်အားထုတ်ယူပြီး ထိုလူများမြိုချစေရန် ဖိသွင်းလိုက်သည်။ မော့ချန်ယိနှင့်ကျန်စစ်သားများသည်တော့ ကုနင်းကို အလွန်ယုံကြည်လေးစားကြပြီးဖြစ်၍ မည်သူကမျှ သူမလုပ်ရပ်ကို တားမြစ်ခြင်းမရှိပေ။ စွမ်းအင်သလင်းကျောက်အား တိုက်ပြီးမကြာခင်တွင်ပဲ ထိုလူနှစ်ယောက်၏ဒဏ်ရာများ သက်သာလာခဲ့သည်။ သို့ပေမည့် ဒဏ်ရာပြင်းထန်ကြသည့်အတွက် အရှင်းပျောက်ကင်းရန်အတွက်ကတော့ နှစ်ပတ်မျှ အချိန်ယူဖို့လိုအပ်ပေသေးသည်။ ကုနင်းသည်လဲ လူများစွာရှေ့တွင် ရှင်းပြရ မခက်စေရန်အတွက် ထိုလူနှစ်ဦးအား ပျောက်ကင်းသည်အထိ မကုသပေးခဲ့ပေ။

ကုန်ကားမှောက်သွားခြင်းဖြစ်သောကြောင့် လမ်းလဲပိတ်သွားခဲ့သည်။

မော့ချန်ယိက ထိုဒဏ်ရာရသူနှစ်ဦးအား ဆေးရုံသို့လိုက်ပို့ပေးချင်ပေမည့် ကုန်ကားကြောင့် လမ်းပိတ်သွားကာ သူတို့လဲ ရွှေ့၍မနိုင်သောကြောင့် လူနာတင်ယာဉ်နှင့် မီးသတ်ကားတစ်စီးကိုသာ ဖုန်းဆက်ခေါ်လိုက်ကြတော့သည်။

သူတို့အားလုံး လုပ်စရာကိစ္စများပြီးသွားချိန်တွင်တော့ ကားမတော်တဆမှုမဖြစ်ခင် ကုနင်းဖုန်းဆက်ခဲ့သည့်ကိစ္စအား မော့ချန်ယိပြန်အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် ထိုကိစ္စကို ရှင်းပြစေလို၍ ကုနင်းအားလှည့်ကြည့်မိလိုက်သည်။

ကုနင်းသည်လဲ သူမအနေဖြင့် ကျိုးကြောင်းညီညွတ်သည့် ဖြေရှင်းချက်တစ်ခုပေးမှဖြစ်မည်ဖြစ်ပြီး တိုက်ဆိုင်ရုံသက်သက်ဟု ပြော၍မရကြောင်း နားလည်သောကြောင့် မော့ချန်ယိအား၊

“ကျွန်မ တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ ရှေ့ဖြစ်ကြိုမြင်သလို မြင်လိုက်ရတယ်၊ ဒါနဲ့ခံစားချက်မကောင်းတော့တာနဲ့ ရှင်တို့ကားကို ချက်ချင်းလှမ်းရပ်ခိုင်းလိုက်တာ။”

ထိုစကားများက အတော်လေးပုံမှန်မဟုတ်လှသော်လည်း ထိုအကြောင်းပြချက်မှလွဲ၍ ယခုဖြစ်သွားသည့်အခြေအနေအား ရှင်းပြနိုင်သည့် အကြောင်းပြချက်မရှိတော့ပေ။

“ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးကု။” မော့ချန်ယိက ရိုသေမှုအပြည့်ဖြင့် ကုနင်းကို ကျေးဇူးတင်စကားပြောလိုက်သည်။ ကုနင်းကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးလဲ ထိုကားမတော်တဆမှုတွင်ပါဝင်သွားကြပေလိမ့်မည်။ ကျန်သည့် စစ်ကားများသည်လဲ လေးစားမှုအပြည့်ဖြင့် ကုနင်းကို ကျေးဇူးတင်လိုက်ကြသည်။

“မိန်းကလေးကု၊ ကျေးဇူးအများကြီးတင်ပါတယ်။”

လေးနားမှ ဝိုင်းကြည့်နေကြသူများသည်တော့ စစ်သားများက မိန်းမငယ်လေးတစ်ယောက်ကို ဘာကြောင့်များ ဤမျှ ရိုရိုသေသေဆက်ဆံနေသလဲဆိုသည်အား သိချင်နေကြတော့သည်။

“ရပါတယ်၊ ဒါပေမယ့် ဒီကိစ္စကို ကျွန်မတို့ပဲသိထားကြမယ်နော်။”

“ကောင်းပါပြီ၊ မိန်းကလေးကု။”

ထိုမတော်တဆမှုဖြစ်ပြီးနောက်တွင်တော့ ကုနင်း၏ကြင်နာမှုကို သူတို့နှလုံးသားထဲတွင် ထာဝရမှတ်သားထားလိုက်ကြတော့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ လူနာတင်ယာဉ်ရောက်ရှိလာကာ ဒဏ်ရာရသူနှစ်ယောက်အား ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။ နောက်ဆယ်မိနစ်ကျော်ကြာသည့်နောက်တွင်တော့ မီးသတ်ကားလဲရောက်ရှိလာကာ ကုန်ကားကို ရွှေ့ပေးကြတော့သည်။

ချန်မော့ယိနှင့် အခြားလူများသည်တော့ သူတို့၏စစ်ဌာနသို့ပြန်သွားကြကာ နောက်တစ်နေ့ ရိုက်ကူးရေးရှိမှသာ သူတို့ကို ကုနင်းဖုန်းဆက်လှမ်းခေါ်ပေလိမ့်မည်။

ကုနင်း ဘက်စ်ကားအကြီးဆီသို့ပြန်ဆေရာက်ချိန်တွင်တော့ လူတိုင်းသည် အစောကအဖြစ်အပျက်အကြောင်းသိချင်နေကြတော့သည်။ ကုနင်းနှင့်ထိုကိစ္စတစ်ခုခုဆက်နွယ်နေကြောင်း သူတို့အားလုံး သိကြပေမည့် မည်သူမျှထုတ်မမေးရဲကြပေ။ ထို့ကြောင့် သူတို့၏စိုးရိမ်မှုများကို ပြေပျောက်စေရန်အတွက် မော့ချန်ယိအားပြောခဲ့သည့်အတိုင်း သူတို့ကိုလဲ ကုနင်းပြန်ရှင်းပြလိုက်သည်။

ကုနင်း၏ရှင်းပြချက်များကို နားထောင်ပြီးနောက် သူတို့အားလုံးလဲ စိတ်သက်သာရာရသွားကြတော့သည်။

ညစာအတွက်ကိုတော့ ကြယ်ငါးပွင့်ဟိုတယ်တွင်မစားကြဘဲ တခြားဟိုတယ်ကောင်းကောင်းတစ်ခုတွင်သာ စားသောက်လိုက်ကြသည်။ ညစာစားပြီးနောက် သရုပ်ဆောင်များက သူတို့အတွက်အခန်းများဆီသို့ပြန်သွားကြပြီး ကျန်သည့်ဝန်ထမ်းများသည်တော့ နောက်နေ့များအတွက် စီစဉ်စရာရှိသည်များကို စီစဉ်ရန် အစည်းအဝေးပြုလုပ်ကြသည်။ သူတို့အနေဖြင့် သရုပ်ဆောင်များအတွက် နောက်ထပ်အဝတ်အစားများထပ်ဝယ်ဖို့ရန် လိုအပ်သေးကာ အပိုအနေနှင့်လဲ ပြင်ဆင်ထားဖို့လိုသေးလေသည်။ ရိုက်ကူးရေးမစခင်ကတည်းက လိုအပ်သည့်ပြင်ဆင်မှုအားလုံးကို ကြိုတင်ပြင်ဆင်ထားမှ ဖြစ်ပေမည်။

ဤဇာတ်ကားအတွက် ကုနင်းယွမ်သန်း၁၀၀ရင်းနှီးမြှုပ်နှံခဲ့ပြီး လုကျန်းကလဲ အကောင်းဆုံးကြိုးစားမည်ဟု ကတိပေးခဲ့သည်။ ယခုဇာတ်လမ်းသည် အလောတကြီးရိုက်ကူးလိုက်ရခြင်းဖြစ်ပေမည့် အခက်အခဲတော့ ရှိမနေခဲ့ပေ။

All Chapters