← Chapters

အခန်း (၅၀၁-၅၀၅)

Vol. 34 Ch. 501-505

အခန်း (၅၀၁-၅၀၅)

Vol. 34 Ch. 501-505

အခန်း ၅၀၁

အစားအသောက်တန်း

ကုနင်း ဘက်စ်ကားအကြီးကို မောင်းကာ ဟွမ်းဒင်သို့ပြန်လာပေမည့် လုကျန်းသည်တော့ စက်ပစ္စည်းများစောင့်ရှောက်ရန်အတွက် နေခဲ့လေသည်။ ကုနင်း သူမနှင့်အတူ ရှေးဟောင်းပစ္စည်းအစစ် သတ္တာကိုလဲ ယူခဲ့သေးသည်။ ထိုသို့ယူခဲ့ခြင်းမှာ လုကျန်းကို ထိန်းသိမ်းခွင့်မပြုလိုခြင်းကြောင့်မဟုတ်ဘဲ လုကျန်းကိုယ်တိုင်က ရှေးဟောင်းပစ္စည်းအစစ်များကို ထိန်းသိမ်းဖို့ရန် ဖိအားများနေသောကြောင့် ကုနင်းကပဲ သူမနှင့်အတူ ဟိုတယ်သို့ပြန်သယ်သွားလိုက်ရခြင်းဖြစ်သည်။

ကုနင်း Dမြို့တွင် အချိန်ကြာကြာနေမည်မဟုတ်ဘဲ အများဆုံးမှ ၄၊၅ရက်သာနေမည်ဖြစ်သောကြောင့် သူမမပြန်သွားခင် ရှေးဟောင်းပစ္စည်းအစစ်များအပိုင်းကို အရင်ဦးစွာ ကြိုတင်ရိုက်ကူးထားမည်ဖြစ်သည်။

“ဘော့စ်၊ အခုနားတော့မှာလား?” ဘက်စ်ကားပေါ်မှဆင်းလာကြသည်နှင့် ချူးဖေ့ဟန်မေးလိုက်ခြင်းဖြစ်သည်။

“မနားသေးပါဘူး။ ဘာလို့လဲ?” ကုနင်း မေးသာမေးလိုက်ပေမည့် ချူးဖေ့ဟန်၏အဖြေကိုတော့ သိထားပြီးဖြစ်လေသည်။ ချူးဖေ့ဟန်တို့ ညဘက်လျှောက်လည်ချင်နေကြခြင်းဖြစ်လောက်ကာ ကုနင်းအတွေးမှာ မှန်ပေသည်။

“အခုမှ အစောကြီးရှိသေးတာဆိုတော့ ငါတို့အပြင်ထွက်လျှောက်လည်ကြရအောင်လား?” ချူးဖေ့ဟန် အကြံပြုလိုက်သည်။

ထို့နောက် ချူးဖေ့ဟန်၊ ဟောင်ရန်နှင့်ကျန်းထန်ပင်းတို့အားလုံး၏အကြည့်များက ကုနင်းကိုပါ လိုက်ပါစေလိုဟန်များထင်ဟက်စွာဖြင့် ဝိုင်းကြည့်ကုန်ကြသည်။

ကုနင်းလဲ သက်ပြင်းသာချလိုက်ပြီး သဘောတူလိုက်ရတော့သည်။

“ကောင်းပြီလေ၊ အရင်ဆုံးတော့ ဟိုတယ်ထဲမှာ ခရီးဆောင်အိတ်တွေသွားထားကြတာပေါ့။”

ယခုအချိန်သည်က ည၉နာရီပင်မထိုးသေးသောကြောင့် အမှန်တကယ်ကို စောလွန်းနေသေးပေသည်။

“ဟေး!! ဘော့စ်ကတော့ အကောင်းဆုံးဘော့စ်ပဲ။” ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။ ထို့နောက် သူတို့အဖွဲ့ ကိုယ့်အခန်းကိုယ်သွားကာ ခရီးဆောင်အိတ်များထားလိုက်ပြီးနောက် ဟိုတယ်အပြင်သို့ပြန်ထွက်လာကြသည်။

“ငါတို့ဘယ်သွားကြမလဲ? ငါကတော့ Dမြို့နဲ့မရင်းနှီးဘူး။” ကုနင်းပြောလိုက်သည်။

“စိတ်မပူပါနဲ့။ Dမြို့မှာ ကျော်ကြားတဲ့ အစားအသောက်တန်းရှိတယ်လို့ ငါကြားဖူးတယ်။ ဒီနေရာကိုရောက်ပြီးခါမှ တစ်ခါလေးတောင် မမြည်းစမ်းရဘဲပြန်သွားရရင် ဘယ်လောက်တောင် ရှက်စရာကောင်းလဲ!” ချူးဖေ့ဟန်၏မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလင်းလက်လို့နေသည်။

“ဟုတ်တယ်၊ ငါလဲ ဒီကိုရောက်ကတည်းက လမ်းဘေးအစားအသောက်တွေကိုပဲ တွေးနေမိတာ။” ဟောင်ရန်သည်လဲ Dမြို့၏လမ်းဘေးအစားအသောက်များကို မြည်းစမ်းကြည့်ရန် အချိန်မဆွဲချင်တော့ပေ။

“မင်းတို့နှစ်ယောက်ကတော့ တကယ့်အစားသမားတွေပဲ! ဘာပဲဖြစ်ဖြစ် ငါတို့Dမြို့ကိုရောက်နေမှတော့ သွားကြည့်ရတာပေါ့။” ကျန်းထန်ပင်းသည်လဲ အရသာရှိသော အစားသောက်များ၏ဆွဲဆောင်မှုအား မငြင်းဆန်နိုင်ပေ။

“ဒါဆိုလဲ သွားကြတာပေါ့။” ချူးဖေ့ဟန်တို့ အစားအသောက်ကြောင်းပြောရင်းဖြင့် အလွန်စိတ်လှုပ်ရှားနေကြပုံကို ကြည့်ပြီး ကုနင်း ရယ်မောလိုက်မိသည်။

ထို့နောက် သူတို့တက္ကစီတစ်စီးငှားလိုက်ကာ အစားအသောက်တန်းသို့ထွက်လာခဲ့ကြသည်။

သူတို့အဖွဲ့ အစားအသောက်တန်းသို့ရောက်သည်နှင့် အနံ့များကြောင့်နှင့်ပင် အားလုံးသရေယိုလာကြတော့သည်။ ချူးဖေ့ဟန်သည်တော့ ထပ်ပြီးတောင့်မခံနိုင်တော့ဘဲ ကျန်သည့်သူငယ်ချင်းများအား မြန်မြန်လမ်းလျှောက်ကြရန် တိုက်တွန်းနေတော့သည်။

Dမြို့၏အစားအသောက်တန်းသည် နေ့ရောညပါ လူစည်ကားလှသောကြောင့် သူခိုးများစွာလဲရှိကာ ခိုးယူနိုင်ဖို့အခွင့်အရေးလဲများလှသောကြောင့် လာရောက်လည်ပတ်သူတိုင်းမှာ ကိုယ့်ပိုက်ဆံအိတ်ကိုယ် သေချာဂရုစိုက်ကြရသည်။ သို့ပေမည့် ကုနင်းတို့သူငယ်ချင်းအဖွဲ့သည်တော့ ခြွင်းချက်ဖြစ်သည်။

သူခိုးတစ်ယောက်က ချူးဖေ့ဟန်၏ပိုက်ဆံအိတ်အားခိုးရန်ကြိုးစားချိန်တွင်ပဲ ချူးဖေ့ဟန်က ထိုသူခိုးအားချက်ချင်းဖမ်းမိသွားကာ ရိုက်နှက်ပစ်တော့သည်။ ထို့နောက် သူမထိုသူခိုးအား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကာ၊

“ဒီလောက်လွယ်လွယ်ရမယ်လို့ထင်နေတာလား?”

သူခိုးသည်တော့ ချူးဖေ့ဟန်လို ငယ်ရွယ်သည့်မိန်းကလေးတစ်ဦးက ဤမျှ လျင်မြန်ဖြတ်လတ်ကာ ခွန်အားကြီးနေသည်မျိုး တစ်ကြိမ်တစ်ခါမှမမြင်ဖူးသောကြောင့် ထိတ်လန့်အံ့ဩလို့နေလေသည်။ ချူးဖေ့ဟန်လဲ ပျောက်ဆုံးသွားသည်များမရှိသောကြောင့် ထိုသူခိုးအား နောက်ဤသို့မလုပ်ရန် သတိပေးပြီးသာ ပြန်လွှတ်ပေးလိုက်သည်။

မကြာခင်တွင်ပဲ သူတို့အဖွဲ့ အနံ့မွှေးပျံ့လှသည့် အသားကင်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားကြကာ အသားကင်တံများစွာကို ချက်ချင်းလက်ငင်းရွေးယူကြတော့သည်။

သူတို့လက်ထဲ အသားကင်တံများ ရရှိသွားသည်နှင့် မအောင့်အီးနိုင်တော့ဘဲ အရသာရှိလှသည့်အသားများကို စတင်စားသုံးတော့သည်။ အသားကင်များမှာ အရသာရှိလှသော်လည်း လမ်းထဲ၌အခြားသော အစားသောက်ကောင်းများစွာက စောင့်ကြိုလို့နေသေးသောကြောင့် အလွန်အကျွံမစားကြပေ။

အသားကင်ဆိုင်မှ ထွက်လာပြီးနောက် အစားသောက်တန်းလမ်းအတွင်း ဆက်လက်လျှောက်လှမ်းရင်း သူတို့စားချင်သည်များတွေ့လျှင် ဝင်ရောက်စားသောက်ကြလေသည်။

ချူးဖေ့ဟန်တို့အား Dမြို့သို့လာရန် ကုနင်းခေါ်ထားခြင်းဖြစ်သောကြောင့် ယနေ့ညစားသောက်သမျှကို ကုနင်းကသာ ရှင်းပေးလေသည်။ သူတို့ချင်းကလဲ အရင်းနှီးဆုံးသော သူငယ်ချင်းများဖြစ်သောကြောင့် တစ်ဖက်လူက ကျွေးမွေးလာခဲ့လျှင် ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ငြင်းဆန်ခြင်းမရှိဘဲ စားသောက်ကြလေသည်။

“ဘော့စ်၊ ငါဓာတ်ပုံတစ်ပုံနှစ်ပုံလောက်ရိုက်ပြီး ငါတို့WeChatထဲကနေပို့လိုက်လို့ရလား?” ဟောင်ရန်၏စိတ်ထဲတွင် ခပ်ဆိုးဆိုးအတွေးများပေါ်လာသောကြောင့် ရုတ်တရက် ထမေးလိုက်လေသည်။

ကုနင်းက သူတို့ Dမြို့သို့လာရောက်ကူညီခြင်းအား အခြားသူငယ်ချင်းများအား လျှို့ဝှက်ထားရန် ပြောထားခြင်းကြောင့် ကျန်သူငယ်ချင်းများမှာ သူတို့အဖွဲ့အခု အစားအသောက်တန်းသို့ရောက်နေပြီး စားသောက်ပျော်ပါးနေသည်အား မသိကြပေ။

ကုနင်းလဲ ဟောင်ရန်၏အတွေးကို ရိပ်မိသောကြောင့် ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။

“အိုး! ငါလဲဓါတ်ပုံရိုက်ရမယ်!” ချူးဖေ့ဟန်သည်လဲ အလွန်စိတ်လှုပ်ရှားနေကာ အစားအသောက်တန်းနှင့် သူတို့လေးယောက်၏ဓါတ်ပုံများစွာကို ရိုက်ကူးယူပြီး ထိုပုံများကို WeChatမှတစ်ဆင့် ကျန်သူငယ်ချင်းများထံ ပို့တော့သည်။

ထိုအချိန်တွင် အခြားသူငယ်ချင်းများသည်တော့ အတန်းနားကြချိန်ဖြစ်သောကြောင့် စာဝင်လာသည်ကို ကြားသည်နှင့် ချက်ချင်းထုတ်ကြည့်ကြသည်။

ချင်ကျီရွှမ်း : ဘာလဲ? မင်းတို့ဘယ်တုန်းက Dမြို့ကိုရောက်သွားတာလဲ? ငါကဘာလို့ ဘာမှမသိရတာလဲ?

မုခယ် : ဟုတ်တယ်! မင်းတို့က အစားအသောက်ပုံတွေပို့ပြီး ငါတို့ကို ရန်စရဲတယ်ပေါ့! ငါစိတ်ဆိုးလာပြီနော်!

ကျန်းထန်ပင်း : @ချင်ကျီရွှမ်း မင်းပဲ ကျောင်းသားကောင်းလုပ်တော့မယ်လို့ မပြောခဲ့ဘူးလား? ဒါကြောင့် ငါတို့မပြောတော့တာလေ။

ချင်ကျီရွှမ်း : အမ်….

မုခယ် : ငါ့ကျတော့ကော? ဘာလို့မပြောကြတာလဲ?

ချူးဖေ့ဟန် : ထားစမ်းပါ! နင်က ထူးချွန်ကျောင်းသားမှန်း ငါတို့အားလုံးသိနေတာပဲ၊ နေ့တိုင်းကို အတန်းတွေတက်ရင်းပဲ အချိန်ကုန်နေတဲ့ဟာ။

မုခယ် : အဲ့ဒါနင်တို့အထင် တကယ်ကအဲ့လိုမှမဟုတ်တာ!

စုအန်းယာ : နင်တို့ ငါ့ကိုဘယ်လိုတောင် စွန့်ပစ်နိုင်ရတာလဲ! အရမ်းကိုနာကျင်သွားပြီ။

ယွီမီရှီ : ငါတော့ ပုံတွေမြင်ပြီး ဗိုက်ဆာလာပြီ။

ချူးဖေ့ဟန် : မုခယ်၊ မီရှီကိုခေါ်ပြီး အဆာပြေမုန့်ဝယ်ကျွေးလိုက်ဦး! သူဗိုက်ဆာနေပြီ။

ချူးဖေ့ဟန်ဘက်က ပေါ့ပေါ့ပါးပါး စနောက်လိုက်ခြင်းဖြစ်ပေမည့် မုခယ်သည်တော့ တခနမျှ ကြောင်အလို့သွားခဲ့ကာ၊ ထို့နောက်တွင်တော့ ယွီမီရှီဘက်သို့လှည့်လိုက်ပြီး

“မင်း မုန့်သွားစားချင်လား?”

“မစားတော့ပါဘူး။ ငါဒီတိုင်း စကားအဖြစ်ပြောလိုက်ရုံပါ။ ဗိုက်မဆာဘူး။” ယွီမီရှီ အနည်းငယ်ရှက်ရွံ့လို့နေလေသည်။ တကယ်တမ်း ယွီမီရှီဘက်ကလဲ မုခယ်နှင့်နှစ်ကိုယ်တည်း အပြင်ထွက်လည်ချင်ပေမည့် ရှက်နေခြင်းသာဖြစ်သည်။

ချင်ကျီရွှမ်း : ငါလဲဗိုက်ဆာတယ်! မုခယ် မင်းအခုဘယ်မှာလဲ? ငါနဲ့သွားစားရအောင်။

ချူးဖေ့ဟန် : @ချင်ကျီရွှမ်း၊ နင်ပျောက်ကွယ်သွားပေးစမ်းပါဟာ။

ချူးဖေ့ဟန် စာပို့နေရင်း စိတ်လေစွာဖြင့် သူမမျက်လုံးကို ဝေ့ဝိုက်မိသွားတော့သည်။

အန်းယိ : ငါနောက်ကျသွားတာပဲ! ဘာတွေဖြစ်ကုန်တာလဲ?

ဟောင်ရန် : ငါတို့အခု Dမြို့က အစားအသောက်တန်းကိုရောက်နေတာလေ။

ဟောင်ရန် : အပေါက်ဓါတ်ပုံတွေကို ပြန်ကြည့်လိုက်။

ချူးဖေ့ဟန် : အရမ်းကို အရသာရှိတာပဲ!

ကျန်းထန်ပင်း : တော်ပြီ၊ တော်ပြီ၊ ငါတို့ရဲ့သားရေယိုစရာမုန့်လေးတွေကို သွားစားရဦးမယ်၊ တာ့တာ!

ထို့နောက် ကျန်သူများအား လျစ်လျူရှုကာ ဆက်လက်ပြီး မုန့်ဆိုင်များသို့လှည့်ပတ်ကြတော့သည်။ မုခယ်နှင့်ကျန်သူငယ်ချင်းများသည်တော့ မကျေမနပ်နိုင်ဖြစ်နေကြပေမည့် သူတို့လုပ်နိုင်သည်ကမရှိပေ။

အဆုံးတွင်တော့ မုခယ်သည်လဲ ယွီမီရှီနှင့်နှစ်ကိုယ်တည်း အချိန်ဖြုန်းလိုသောကြောင့် အပြင်ထွက်ပြီး မုန့်သွားစားဖို့ ဆွယ်နေခဲ့ပြန်သည်။

***

အခန်း ၅၀၂

ပင်လယ်စာဆိုင်မှ ရန်ပွဲ

မုခယ်သည်လဲ ဗိုက်ဆာနေပြီဟု ဆိုလာကာ ယွီမီရှီကို သူနှင့်အတူ မုန့်လိုက်စားရန် ကမ်းလှမ်းနေခြင်းကြောင့် ယွီမီရှီလဲ ဆက်ငြင်းဆန်မနေတော့ဘဲ မုခယ်နှင့်လိုက်သွားတော့သည်။

တစ်ဖက်မြို့ရှိ ကုနင်းတို့အဖွဲ့သည်တော့ ပင်လယ်စာကြိုက်သူများဖြစ်သောကြောင့် ပင်လယ်စာဆိုင်တစ်ဆိုင်သို့သွားခဲ့ကြသည်။

ဤပင်လယ်စာဆိုင်သည် အတော်လေးလူကြိုက်များသောကြောင့် ယခုချိန်တွင်လဲ ဧည့်သည်များဖြင့် စည်ကားပြည့်လျှံလို့နေသည်။ ကုနင်းတို့အဖွဲ့ရောက်သွားချိန်တွင်တော့ စားပွဲအလွတ်တစ်လုံးသာကျန်နေတော့သည်။

သို့ပေမည့် သူမတို့ထိုင်ပြီးလျှင် ပြီးချင်းတွင်ပဲ သူမတို့ဘေးစားပွဲရှိ ယောက်ျားများစွာသည် ကုနင်းနှင့် ချူးဖေ့ဟန်တို့အား စူးစိုက်ကြည့်နေကြပြီးနောက် လူပုံအလယ်တွင်ပဲ ကျယ်ကျယ်လောင်လောင်နှင့် ကုနင်းတို့အကြောင်းကို ပြောဆိုတော့သည်။

“ဟိုဘက်ကအလှလေးနှစ်ယောက်ကို ကြည့်လိုက်စမ်း!”

“ငါတော့ သူတို့ခန္ဓာကိုယ်လေးတွေက ဘယလောက်တောင်လှနေမလဲ သိချင်နေပြီ။”

“ဒါဆိုလဲ သူတို့အဝတ်အစားတွေကို ချွတ်ပြီး ကြည့်လိုက်ပေါ့!”

“ဟ-ဟ၊ မင်းပြောတာမှန်တယ်!”

ကုနင်းနှင့် ချူးဖေ့ဟန်အား နှမချင်းမစာမနာပြောဆိုနေသည်များအား ကြားရကာ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့ အလွန်ဒေါသထွက်သွားကြပေမည့် ထိုလူများကို ဟောင်ရန် ထရိုက်တော့မည့်အချိန်တွင်ပဲ ကုနင်းက ဟောင်ရန်အား အကြည့်တစ်ချက်ဖြင့် ဟန်တားလိုက်လေသည်။

ကုနင်းနှင့်ချူးဖေ့ဟန်သည်လဲ အလွန်ဒေါသထွက်နေကြပေမည့် သူမတို့တွင် ထိုလူများအားပညာပေးရန် ကိုယ်ပိုင်အစီစဉ်ရှိလေသည်။ ချူးဖေ့ဟန်သည်လဲ သူမတို့ကို ထိုသို့ညစ်ညစ်ညမ်းညမ်းပြောဆိုသူများအား သေချာပေါက် ပညာပေးလိုပေမည့် စားသောက်ဆိုင်ထဲတွင်တော့ မရိုက်နှက်လိုပေ။ စားသောက်ဆိုင်ပိုင်ရှင်သည်က အပြစ်မဲ့သူဖြစ်၍ ကြားထဲမှနေပြီး ဆိုင်ပိုင်ရှင်၏ပိုင်ဆိုင်မှုများအား မဖျက်ဆီးလိုသောကြောင့်ပင်။ ထိုလူများ သူမတို့အကြောင်းပြောနေသည်က သိပ်ပြီးရှင်းရှင်းလင်းလင်း ဒဲ့တိုးရန်စပြောဆိုခြင်းမဟုတ်ဟု ကုနင်းတွေးမိလေသည်။ သူမတို့ဘက်ကသာ ယခုလိုပြောဆိုနေသံကိုကြားရုံဖြင့် စတင်ရိုက်နှက်ပါက ကျိုးကြောင့်မသင့်လျော်ဘဲ စိတ်လိုက်မာန်ပါပြုလုပ်ဟန်သာပေါက်သွားပေလိမ့်မည်။

ထို့အပြင် ထိုလူများသည် ဤမျှနှင့်တော့ ပြောဆိုခြင်းရပ်တန့်သွားကြမည်မဟုတ်သောကြောင့် ကုနင်းအနေဖြင့် ထိုလူများအား ပညာကောင်းကောင်းပေးရန်အတွက် ကျိုးကြောင်းခိုင်လုံသည့် အကြောင်းပြချက်ကိုရှာရန်လဲ အခွင့်ရေးရှိနေပေသေးသည်။ ကုနင်း၏အထင်မှန်ကန်စွာဖြင့် မကြာမီတွင်ပဲ ထိုအဖွဲ့မှ လူတစ်ယောက် မတ်တပ်ထရပ်လိုက်ကာ ကုနင်းနှင့်ချူးဖေ့ဟန်အား တဏှာမျက်လုံးများဖြင့် ကြည့်ရင်း သူမတို့အနားသို့ ချဉ်းကပ်လာခဲ့သည်။

“ဟေ့၊ ကောင်မလေးတွေ၊ ငါတို့စားပွဲဆီလာပြီး ပျော်စရာလေးတွေ လာဖန်တီးကြပါလား?”

ကုနင်း၏ခွင့်ပြုချက်မရှိသောကြောင့် ဟောင်ရန်နှင့်ကျန်းထန်ပင်းမှာ မည်မျှပင် ဒေါသထွက်နေပါစေ သည်းခံထားရပေသည်။

ထိုလူက တစ်ဖန် ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့ဘက်သို့လှည့်လိုက်ပြီး၊

“ဟေ့၊ ကောင်လေးတွေ၊ ဒီမိန်းကလေးနှစ်ယောက် မင်းတို့အပိုင်မဟုတ်လား? သူတို့က လှသားပဲ။ ဒီအစ်ကိုကြီးတွေက သူတို့နဲ့ နည်းနည်းပါးပါး ပျော်ပါးချင်တယ်။”

ထိုစကားများကိုကြားသည်နှင့် ဘေးစားပွဲမှ အကျင့်ပျက်ယောက်ျားများမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်ရယ်မောကြတော့သည်။

စားသောက်ဆိုင်အတွင်းရှိ ကျန်လူများသည်တော့ ကုနင်းတို့အဖွဲ့အား သနားမိကြပေမည့် မည်သူမျှ သူမတို့ကို ကူညီဖို့ရန်မရဲကြပေ။

တစ်ဖန် ကုနင်းအား ဟောင်ရန် ထပ်ကြည့်လိုက်ပြန်ကာ သူမထံမှ ခွင့်ပြုချက်ကို အသံတိတ်တောင်းဆိုလိုက်သည်။

ရုတ်တရက်ဆိုသလိုပဲ ကုနင်း ဆွဲဆောင်မှုရှိရှိပြုံးလိုက်သောကြောင့် လူတိုင်း မင်သက်သွားကြကာ ဟောင်ရန်နှင့် ကျန်းထန်ပင်းလျှင်ပင် သူမ၏အလှကို သဘောကျသွားမိကြသည်။ ထို့နောက် ကုနင်းက နူးညံ့ညင်သာသည့်လေသံလေးဖြင့်၊

“ကျွန်မက တိုက်ခိုက်နိုင်တဲ့ ယောက်ျားမျိုးကို သဘောကျတယ်။ ရှင်တို့လေးယောက်သာ သူတို့နှစ်ယောက်ကို အနိုင်ချနိုင်ရင် ကျွန်မတို့ကလဲ ရှင်တို့အလိုကျနေပေးမယ်။”

ထိုအခါတွင်တော့ ဟောင်ရန်နှင့်ကျန်းထန်ပင်းလဲ ကုနင်း ထိုလူများကို ထောင်ချောက်ဆင်နေပြီမှန်း ချက်ချင်းသိလိုက်သောကြောင့် သူတို့၏ဒေါသများပြေလျော့သွားကာ မကြာခင်အချိန်အတွင်း ထိုလူများကို ရိုက်နှက်ဖို့ရန်အတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နေလိုက်တော့သည်။

သူမတို့၏ ‘ရိုးသားမှု’ကို ပိုမိုပေါ်လွင်စေရန်အတွက် ချူးဖေ့ဟန်ကပါ ထပ်ပြီး၊

“ဟုတ်တယ်၊ ဒီနေ့ သူတို့သာ ကျွန်မတို့ကို မကာကွယ်ပေးနိုင်ရင် သူတို့ကို ဆက်ပြီးလိုအပ်ဖို့အကြောင်းမရှိတော့ဘူးလေ။”

ထိုလူလေးယောက်သည်တော့ သူတို့၏အတတ်ကျွမ်းဆုံးအရာမှာ တိုက်ခိုက်ခြင်းသာဖြစ်သောကြောင့် ကုနင်းတို့စကားကို ကြားပြီး အလွန်စိတ်လှုပ်ရှားတက်ကြွကုန်တော့သည်။ ထို့အပြင် သတိူု့ဘက်က ယောကျ်ားကြီးလေးယောက်ဖြစ်ပြီး ဟောင်ရန်နှင့် ကျန်းထန်ပင်းသည်တော့ ဆယ်ကျော်သက်ကောင်လေးများသာဖြစ်သောကြောင့် သူတို့အနေဖြင့် အလွယ်တကူအနိုင်ရရှိမည်ဟုလဲ ယုံကြည်ချက်အပြည့်ရှိလို့နေလေသည်။ ထို့အတွက်ကြောင့် စပင်မတိုက်ခိုက်ရသေးဘဲ ထိုလူလေးယောက်မှာ အလွန်မောက်မာမော်ကြွားပြီး ယုံကြည်ချက်အပြည့်ရှိနေတော့သည်။ စားသောက်ဆိုင်ထဲရှိ ကျန်လူများသည်လဲ ထိုလူလေးယောက်ကဲ့သို့ပင် တွေးမိကြလေသည်။

“ကိစ္စမရှိပါဘူး။ တိုက်ကြတာပေါ့။” ထိုလူက ပြန်ပြောလိုက်ပြီးနောက် ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့အား လှည့်ကြည့်လိုက်ကာ၊

“မင်းတို့ ချရဲရဲ့လား?”

“သေချာတာပေါ့။” ဟောင်ရန် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

သို့ပေမည့် သူတို့အားလုံး စားသောက်ဆိုင်ထဲတွင်တော့ မတိုက်ခိုက်ကြဘဲ ငွေရှင်းကာ အပြင်သို့ထွက်လာကြသည်။

“ကောင်မလေး၊ သူတို့က လူကောင်းတွေမဟုတ်ဘူး။” စားသောက်ဆိုင်ပိုင်ရှင်က ကုနင်းကိုသတိပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့၊ ကျွန်မတို့အဆင်ပြေမှာပါ။” ကုနင်းပြန်ဖြေလိုက်ပြီးနောက် ဆိုင်အပြင်သို့လိုက်ထွက်သွားခဲ့သည်။

သူတို့အဖွဲ့ မြေအလွတ်တစ်နေရာအား ရှာလိုက်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်ကြပြီး သူတို့နှင့် ခပ်လှမ်းလှမ်းအကွာတွင်တော့ ရန်ပွဲအားကြည့်ရန်အတွက် လူအများစုဝေးလို့နေသည်။ သို့ပေမည့် ထိုကြည့်ရှုနေသူအများစုမှာ ကောင်လေးများဘက်မှသာ ရှုံးလိမ့်မည်ဟု သေချာပေါက် ယုံကြည်နေကြသည်။

“စလိုက်တာပေါ့!”

ကုနင်း စတင်တိုက်ခိုက်ဖို့ပြောလိုက်သည်နှင့် ချက်ချင်းပင် နှစ်ဖွဲ့လုံးစတင်တိုက်ခိုက်ကြတော့သည်။

တစ်ဖက်လူလေးယောက်သည် သာမာန်လူများနှင့်ယှဉ်လျှင် အတိုက်အခိုက်ကောင်းသည်ဟု ပြော၍ရသော်လည်း ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့သည်လဲ အားနည်းသည့်လူများဟုတ်မနေပေ။ အထူးသဖြင့် ကုနင်းနှင့်လေ့ကျင့်ထားပြီးသည့်နောက်တွင် သူတို့အဖို့ လူလေးယောက်ကို မိနစ်ပိုင်းအတွင်းမှာပဲ အလဲထိုးနိုင်ခဲ့ကြသည်။ လူအပေါင်းသည်တော့ နောက်ဆုံးရလဒ်ကြောင့် အလွန်အံ့အားသင့်နေကြသည်။ ထိုကောင်လေးနှစ်ဦးက လူကြီးလေးယောက်ကို ဤမျှ မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်ကြလိမ့်မည်ဟု သူတို့လုံးဝထင်မှတ်မထားခဲ့ကြပေ။

“ခင်ဗျားတို့ကများ ဘော့စ်ကို စော်ကားပြောရဲတယ်! အရှုံးသမားတွေ!”

“ခင်ဗျားတို့ လူမှန်းသူမှန်းမသိတော့အောင်ကို ပညာပေးပစ်မယ်။”

ထိုလူလေးယောက်မှာ မြေပြင်ထက်တွင် လူးလိမ့်ကာ အော်ဟစ်လို့နေကြသည်။ ကောင်ငယ်လေးနှစ်ယောက်သည် သေချာလေ့ကျင့်ထားသူများဖြစ်ကာ သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

“တောင်းပန်ပါတယ်၊ ငါတို့ကိုလွှတ်ပေးပါ။”

“နောက်ထပ်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။”

ထိုလူများသည် စက္ကူကျားသာသာဖြစ်ကြသောကြောင့် သူတို့ထက် သန်မာသည့်လူများကိုတွေ့လိုက်ရရုံဖြင့် အလွယ်တကူ အရှုံးပေးလိုက်ကြပေသည်။

“ဟမ်? ခင်ဗျားတို့ကို လွယ်လွယ်လွှတ်ပေးလိမ့်မယ်လို့ထင်နေတာလား? အိပ်မက်သာမက်နေလိုက်!” ဟောင်ရန် မရပ်မနားဘဲ ထိုလူများကို ဆက်ကာ ရိုက်နှက်ကန်ကြောက်နေခဲ့သည်။ သူတို့မည်မျှပင် တောင်းပန်ခယနေပါစေ ဟောင်ရန်နှင့် ကျန်းထန်ပင်းသည်တော့ သူတို့ကို လွှတ်ပေးလိုက်ဖို့ရန် ရည်ရွယ်ချက်မရှိကြပေ။ သေချာပေါက် သေသည်အထိတော့ ရိုက်သတ်မည်မဟုတ်ဘဲ မှတ်လောက်သားလောက်အောင်တော့ ပညာပေးလိုက်မည်ဖြစ်သည်။

ရန်ပွဲပြီးသည့်နောက်တွင်တော့ ကုနင်းတို့အဖွဲ့ ပင်လယ်စာဆိုင်သို့ပြန်လည်ကာ ပျော်ပျော်ပါးပါးစားသောက်ခဲ့ကြသည်။ သူတို့အားလုံး စိတ်ပျော်ရွှင်နေသောကြောင့် တော်တော်များများစားလိုက်မိကာ ဗိုက်တင်းလွန်း၍ လမ်းပင်မလျှောက်နိုင်တော့ဘဲ လမ်းပေါ်တွင်ပင် လှဲအိပ်ချပစ်ချင်စိတ်များဖြစ်နေတော့သည်။ ကုနင်းသည်တော့ ညဘက်တွင် တအားမစားမိစေရန် သူမကိုယ်သူမထိန်းထားသောကြောင့် ထိုသို့မဖြစ်နေပေ။

သူမတို့ဟိုတယ်သို့ပြန်ရောက်ချိန်တွင်တော့ နောက်နေ့တွင်လဲ အလုပ်ရှိသေး၍ စောစောအိပ်ရာဝင်ကြကာ အလျင်အမြန်ပင် အိပ်ပျော်သွားကြတော့သည်။

***

အခန်း ၅၀၃

နောက်ထပ်သတင်းကြီးတစ်ပုဒ်ပျံ့သွားပြန်ပြီ

နောက်တစ်နေ့မနက်စောစောတွင်တော့ အင်တာနက်ပေါ်တွင် ထိတ်လန့်စရာ သတင်းကြီးတစ်ပုဒ်ပျံ့လို့နေသည်။

သရုပ်ဆောင်မင်းသမီးS လွန်ခဲ့သည့်တစ်နှစ်က အနုပညာလောကမှ အထုတ်ခံရသည့် အကြောင်းရင်းမှန်!

ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းမှ သရုပ်ဆောင်မင်းသမီးSသည် အာဏာရှိပုဂ္ဂိုလ်တစ်ဦး၏ ရွှေခြေသလုံးအားဖက်လို၍ ထိုလူ၏ဝိုင်ခွက်ထဲသို့ ဆေးခပ်ခဲ့သည်။ ထိုအခြင်းအရာသည်က လွန်ခဲ့သည့်တစ်နှစ် ထိုသရုပ်ဆောင်မင်းသမီးS အနုပညာလောကမှ ကန်ထုတ်ခံရခြင်း၏ အကြောင်းရင်းမှန်ပင်။ အခုချိန်တွင် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားတွင် အဓိကဇာတ်ဆောင်နေရာကို ရရှိရန်အတွက် သူမနောက်ကွယ်မှ ထောက်ပံ့ပေးနေသည့် အမျိုးသားက ဘယ်သူများလဲ? “ပါပါရာဇီမိန်းကလေး”အမည်ရှိ အင်တာနက်အသုံးပြုသူတစ်ဦး Weiboတွင်တင်လိုက်သည့်သတင်းက မကြာမီအချိန်အတွင်းမှာပဲ လူအများကြား ပျံ့နှံ့သွားခဲ့သည်။

မင်းသမီး၏နာမည်အပြည့်အစုံအား ထည့်သွင်းထားခြင်းမရှိသော်လည်း လူအပေါင်းသည်တော့ ချက်ချင်းပင် ဖေးထန်ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်ကာ ယခုအချိန်တွင် ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်လမ်း၏ ခေါင်းဆောင်မင်းသမီးဖြစ်နေသည့် စုထုံနျိုကို ရည်ရွယ်မှန်းသိသွားကြသည်။ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ ဇာတ်လမ်းကြော်ငြာကြောင့် စုထုံနျိုသည် လူအများ၏အာရုံစိုက်ခြင်းကိုခံနေရသောကြောင့် သတင်းထွက်လာသည်နှင့်ချက်ချင်းပင် သူမအပေါ် များစွာသော အပြစ်တင်ဝေဖန်မှုများ ကျရောက်လာတော့သည်။

မနက်စောစောအချိန်သာဖြစ်သေးသော်လည်း အင်တာနက်အသုံးပြုသူများသည်တော့ ထိုသတင်းကို ပြန်လည်မျှဝေဖို့ရန် တက်ကြွနေကြစဲဖြစ်လေသည်။

“ဘာ? စုထုံနျိုက အနုပညာလောကကနေ ကန်ထုတ်ခံထားရတာလား? သူတစ်နှစ်လောက်ဘာလို့များပျောက်သွားရတာလဲလို့ ငါအံ့ဩနေမိတာ။”

“ဟေ့၊ အဲ့ဒါအဓိကအချက်မဟုတ်ဘူးလေ။ သူဘာကြောင့် ကန်ထုတ်ခံထားရတာလဲဆိုတာကမှ အဓိကအချက်ပဲ။”

“ဒါတမင်သက်သက် ချောက်ချနေတာ! စုထုံနျိုက ကိုယ်ကျင့်သိက္ခာရှိတဲ့ မင်းသမီးတစ်ယောက်၊ သူဘယ်တော့မှ ဒီလိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူး။”

“သူက ယောက်ျားတစ်ယောက်ကို ဆေးခပ်ခဲ့တာလား? ဘုရားရေ၊ သူတကယ်ပဲ ယောက်ျားတစ်ယောက်နဲ့အိပ်ရဖို့ အရမ်းစိတ်အားထက်သန်နေတာပေါ့။”

“အချိန်ကိုက်ကြီးဖြစ်လွန်းတယ်လို့ မထင်ကြဘူးလား? စုထုံနျို ဇာတ်ကားအသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်မယ်လို့ ကြေညာရုံပဲရှိသေးတယ်၊ ရုတ်တရက်ကြီး ဒီသတင်းက ထွက်လာရော!”

“ဟုတ်တယ်၊ ဒါသူ့ကို မုန်းတဲ့လူတစ်ယောက်ယောက် တမင်လုပ်တာပဲဖြစ်ရမယ်!”

“ဒီသတင်းရေးတဲ့သူက ဉာဏ်နည်းလိုက်တာ။ ဘယ်မှာလဲ တိကျတဲ့သက်သေက!”

“ငါကတော့ မထင်ဘူး။ စုထုံနျိုက မြင်နေရသလို အပြစ်ကင်းတဲ့သူမဟုတ်လောက်ဘူး။ သူကမိန်းမပျက်တစ်ယောက်ပိုဖြစ်နိုင်တယ်။ ငါတို့မြင်နေရတာက သူကင်မရာရှေ့မှမို့ တမင်သရုပ်ဆောင်ထားတဲ့ ဇာတ်ရုပ်ပဲ။”

“ဟုတ်တယ်၊ ဟုတ်ယ်၊ ငါကတော့ စုထုံနျိုတစ်ယောက် ဖေးထန်ပိုင်ရှင် ဒါမှမဟုတ် လုကျန်းရဲ့အိပ်ရာပေါ် တွယ်တက်ခဲ့တာလို့ပဲထင်တယ်။ မဟုတ်ရင် သူဒီလိုအခွင့်အရေးမျိုး ဘယ်ရနိုင်ပါ့မလဲ!”

“မင်းတို့တွေ အရူးတွေပဲ!”

“ငါကတော့ အခုကစပြီး သူ့ကို အားမပေးတော့ဘူး။ စိတ်ပျက်သွားပြီ။”

“စကားကိုသတိထားပြောကြ၊ သူကမကောင်းတဲ့မိန်းကလေးမဟုတ်ဘူး။”

“နင်နဲ့ဘာဆိုင်လို့ ဝင်နာနေတာလဲ? သူကသေချာပေါက် မကောင်းတဲ့မိန်းမပျက်ပဲ!”

“နင်ကများ!”

အင်တာနက်အသုံးပြုသူများအချင်းချင်း အငြင်းပွားနေခဲ့ကြသည်။ ‘အသည်းတထိတ်ထိတ်ရင်ဖိုဖို’ ဇာတ်ကားသတင်းသည်လဲ လူပြောအများဆုံးစာရင်းတွင်သာ ရှိနေသေးသောကြောင့် စုထုံနျိုအကြောင်း ထိတ်လန့်စရာသတင်းသည်လဲ မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားခဲ့သည်။

ကုနင်းသည်လဲ ထိုသတင်းကို အိပ်ရာမှထထခြင်း ထန်ယင်ဖန်းက ဖုန်းဆက်ပြောသောကြောင့် သိလိုက်ရခြင်းဖြစ်သည်။

“နင်းနင်း၊ ဒီကိစ္စကို ကူပြီးဖြေရှင်းပေးဖို့လိုသေးလား?” ဤကိစ္စမျိုးကို ကုနင်းတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ထန်ယွင်ဖန်းသိပေမည့် ယခုအချိန်တွင် သူ့ကိုယ်သူ ကုနင်း၏အဖေတစ်ယောက်အဖြစ် မှတ်ယူထားပြီးဖြစ်၍ သမီးဖြစ်သူအတွက် အရာရာတိုင်းကို လုပ်ကိုင်ပေးချင်နေပေသည်။

“ကျေးဇူးပါ၊ ဒီကိစ္စကို သမီးဘာသာဖြေရှင်းနိုင်ပါတယ်။” ကုနင်းငြင်းဆိုလိုက်သည်။

“ဒါက သမီးကုမ္ပဏီကိစ္စဆိုတော့ ကုမ္ပဏီတစ်ခုကို ဘယ်လိုဦးစီးပြီး ပြဿနာဖြစ်ရင် ကိုယ်တိုင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သင်ယူသင့်တယ်မဟုတ်လား?”

ထိုစကားကြောင့် ထန်ယွင်ဖန်းလဲ အတင်းအကြပ်မတိုက်တွန်းတော့ဘဲ၊

“ကောင်းပြီလေ၊ တစ်ခုခုလိုအပ်တာရှိရင်တော့ ချက်ချင်းသာလှမ်းပြောလိုက်။”

“ဟုတ်ကဲ့ပါ။” ကုနင်း သဘောတူလိုက်ပြီးနောက် ဖုန်းကိုချလိုက်သည်။

“နင်းနင်း၊ ဒါတမင်အပုပ်ချပြောတာပဲ။” ချူးဖေ့ဟန်နှင့် စုထုံနျိုတို့မရင်းနှီးကြသော်လည်း သူတို့အတူတူ တစ်ရက်တာအချိန်ကုန်ခဲ့ပြီးဖြစ်သောကြောင့် စုထုံနျိုဤသို့သော ကိစ္စမျိုးဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်ဟု သူမယုံကြည်နေသည်။

မည်သို့ပင်ဆိုစေ ကုနင်း၏အဖြေကိုတော့ သူမပို၍ယုံကြည်ပေသည်။

“သေချာတာပေါ့။” ကုနင်း၏အဖြေမှာ သေချာကြောင်း ခိုင်မာလို့နေသည်။ သူမ၏ပုံစံမှာတော့ အေးဆေးနေပြီး ဤကိစ္စအတွက် နည်းနည်းလေးတောင် စိုးရိမ်နေပုံမပေါ်ပေ။

အခြားသူများက တကယ့်အကြောင်းရင်းမှန်ကို မသိနိုင်သော်လည်း ကုနင်းသည်တော့ ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။

အင်တာနက်ပေါ် စုထုံနျိုအကြောင်း မဟုတ်မှန်တင်သည့် မုန်းတီးရေးသမားဘယ်သူလဲဆိုသည်ကို ကုနင်းအလွန်သိချင်နေမိသည်။ ထိုလူက စုထုံနျို စိတ်အနှောက်အယှက်ပြုမိခဲ့သည့် ယောက်ျား ဒါမှမဟုတ် အနုပညာလောကမှ သူမ၏ရန်သူဖြစ်လောက်သည်ဟုပင် ကုနင်းကိုယ့်ဘာသာ အလောင်းအစားလုပ်ကြည့်နေလိုက်သေးသည်။ မည်သူပင်ဖြစ်ပါစေ ကေ၏အကူအညီဖြင့် ကုနင်းအလွယ်တကူရှာဖွေတွေ့နိုင်ပေသည်။ ထို့ကြောင့် ကုနင်း ကေ့ထံသို့ဖုန်းဆက်ကာ ‘ပါပါရာဇီမိန်းကလေး’ ဆိုသူအကြောင်းကို တက်နိုင်သလောက်ရှာခိုင်းလိုက်သည်။

ထို့နောက် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ တာဝန်ခံဖြစ်သူ လုရှောင်းထံသို့ ကုနင်း ဖုန်းဆက်လိုက်သည်။ လုရှောင်းသည်လဲ ထိုသတင်းကိုကြားလျှင် ကြားခြင်း ကုနင်းထံဖုန်းဆက်ဖို့ ပြင်နေခြင်းဖြစ်ပေမည့် မမျှော်လင့်ထားစွာဘဲ ကုနင်းက အရင်ဖုန်းဆက်လာကာ သူမဘက်မှ သက်သေများစုဆောင်းပြီးလျှင် သူ့ကို တာဝန်ယူဖြေရှင်းပေးဖို့ ပြောလာခဲ့သည်။

ထို့နောက် ကုနင်း ချူးဖေ့ဟန်တို့အားခေါ်ပြီး ဘက်စ်ကားအကြီးကိုပင်မောင်းကာ လုကျန်းတို့နေသည့် ဟိုတယ်သို့ထွက်လာခဲ့သည်။

သရုပ်ဆောင်များသည်တော့ သူတို့၏သူဌေးဖြစ်သလို ရင်းနှီးမြှုပ်နှံလဲဖြစ်သည့် လူကကိုယ်တိုင် လာကြိုနေသောကြောင့် အနည်းငယ်နေရခက်နေကြပေမည့် အခုချိန်တွင် စုထုံနျို၏သတင်းကသာ အဓိကဖြစ်နေခဲ့သည်။

“ဘော့စ်၊ ကျွန်မတောင်းပန်ပါတယ်။” စုထုံနျို တောင်းပန်စကားဆိုလိုက်သည်။

အနုပညာရှင်တစ်ဦး မလိုချင်ဆုံးအရာသည်က သတင်းမှားထွက်ခြင်းပင်ဖြစ်သည်။ လုပ်ကြံပြောဆိုထားသည့် သတင်းဆိုသော်လည်း သေချာမကိုင်တွယ်မဖြေရှင်းနိုင်ခဲ့လျှင် သူမ၏ဂုဏ်သတင်းပျက်စီးသွားပေလိမ့်မည်။

“ကိစ္စမရှိပါဘူး။ ဒါမင်းရဲ့အမှားမှမဟုတ်တာ။” စုထုံနျိုသည်လဲ မတရားခံရသူသာဖြစ်သောကြောင့် ကုနင်း သူမကို အပြစ်မတင်ပေ။

“ဒါပေမယ့် ကျွန်မတို့အခုဘာဆက်လုပ်ကြမလဲ?” စုထုံနျို အနည်းငယ်ထိတ်လန့်လို့နေသည်။ ကုနင်း၏ကုမ္ပဏီသည် လူထုဆက်သွယ်ရေးဌာနမရှိသေးသည့် ဖျော်ဖြေရေးကုမ္ပဏီအသစ်လေးတစ်ခုသာဖြစ်သေးသည်။ ထို့ကြောင့် ကုနင်းအပေါ်သာ စုထုံနျိုအားကိုးမိလေသည်။

လုကျန်းသည်လဲ ကုနင်းသာရှိနေလျှင် မဖြေရှင်းနိုင်သည့်အရာဆိုသည်မှာ မရှိဟု ယုံကြည်နေသောကြောင့် သူမကိုသာ ကြည့်လိုက်မိသည်။

“မစိုးရိမ်ကြပါနဲ့။ ကျွန်မအခု သက်သေတွေစုဆောင်းနေပြီ၊ မကြာခင် သတင်းရတော့မယ်။ သတင်းကို အင်တာနက်ပေါ်မှာ စိတ်ကြိုက်ပျံ့ခွင့်ပေးလိုက်ပါ။ ဒီလိုနည်းနဲ့ပိုပြီး လူသိများသွားလိမ့်မယ်။ အခုချိန်မှာတော့ ရှင်က တိုက်ခိုက်ခံနေရပေမယ့် သက်သေတွေထွက်လာတာနဲ့ တခါတည်း နာမည်ကြီးသွားလိမ့်မယ်။” ကုနင်းပြန်ဖြေလိုက်သည်။

***

အခန်း ၅၀၄

ဆိုးရွားလှသော စွပ်စွဲချက်

လတ်တလောတွင်တော့ စုထုံနျိုအပေါ် ပြစ်တင်ဝေဖန်မှုများစွာ ရှိနေသည်မှန်သော်လည်း သူမနာမည်ကိုတော့ လူများ ပို၍ပို၍ သိလာကြပြီဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏နာမည်ပျက်ကို ဖြေရှင်းပြီးသွားသည်နှင့် အချိန်တိုအတွင်း သူမကျော်ကြားသွားပေလိမ့်မည်။ သူတို့အနေဖြင့် အလောလောဆယ်အချိန်တ သူမနာမည်ပျက်ကို ရှင်းပြီးသည်အား စောင့်ဆိုင်းနေရန် အချိန်တစ်ခုသာ လိုအပ်သည်။

ကုနင်းကိုယ်တိုင်က အင်တာနက်ပေါ်မှ သတင်းကို ပျံ့ချင်သလိုပျံ့ပါစေဟု ပြောလာသောကြောင့် ထိုကိစ္စကို သူမသေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ယုံကြည်ချက်အပြည့်ရှိနေခြင်းဖြစ်ပေမည်။

ကုနင်း၏စကားကြောင့် လူတိုင်း စိတ်သက်သာရာရသွားကြသည်။ သူတို့အတူတူ အချိန်ခနမျှရှိနေခဲ့ဖူးပြီးဖြစ်သောကြောင့် လူတိုင်း ကုနင်းအပေါ်ယုံကြည်နေကြတော့သည်။ ကုနင်းသည် အသက်၁၈နှစ်သာရှိသေးပေမည့် သူမ၏အပြုအမူအများသည်က အရွယ်ရောက်ကာ ရင့်ကျက်တည်ငြိမ်သူတစ်ဦးနှယ်ဖြစ်သည်။ သူမ၏ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းများ၊ လုပ်နိုင်ကိုင်နိုင်စွမ်းများကြောင့် လူတိုင်း သူမကိုခေါင်းဆောင်တစ်ဦးလို အလိုအလျောက်ပင် ဆက်ဆံမိသွားကြစေသည်။

ကုနင်းဘက်မှ ကတိပေးလိုက်ခြင်းကြောင့် အားလုံးလဲ စိတ်အေးလက်အေးဖြင့် ချန်ယန်းတောင်တွင် ရိုက်ကူးရေးဆက်လုပ်ရန်အတွက် ထွက်ခဲ့ကြတော့သည်။ သူတို့အားလုံး ချန်ယန်းတောင်သို့ ရောက်သည်နှင့် စတင်အလုပ်လုပ်ကြပြီး ကုနင်းသည်လဲ ထိုအချိန်မှာပင် ကေ့ထံမှ စာတစ်စောင်ရခဲ့သည်။

ကေ : ဘော့စ်၊ ‘ပါပါရာဇီမိန်းကလေး’ဆိုတဲ့တစ်ယောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ငါအခုပဲ အီးမေးလ်နဲ့ပို့ပေးလိုက်မယ်။ သွားစစ်ကြည့်လိုက်ဦး!

ကုနင်းလဲ ချက်ချင်းပင် သူမ၏အီးမေးလ်အားဖွင့်ကြည့်လိုက်သည်။

‘ပါပါရာဇီမိန်းကလေး’ဆိုသည်မှာ ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီမှ သရုပ်ဆောင်တစ်ဦးဖြစ်သည့် လီကျားယွဲ့ပင်ဖြစ်သည်။ သူမ၏ကွန်ပျူတာထဲတွင်လဲ ဝတ်လစ်စလစ်ပုံများစွာရှိနေသည်။ လီကျားယွဲ့သည် အင်တာနက်ပေါ် မကောင်းသတင်းဖြန့်လိုက်သည့်လူမှန်း နောက်တစ်ကြိမ်ပြန်စစ်စရာပင်မလိုလောက်အောင် သေချာလို့နေပေသည်။

လီကျားယွဲ့နှင့်စုထုံနျိုတို့၏ ဆက်ဆံရေးမှာ အဆင်မပြေကြလောက်မှန်း ကုနင်းချက်ချင်းပင် ခန့်မှန်းမိသွားတော့သည်။ ထို့ကြောင့်သာ စုထုံနျိုတစ်ယောက် လုကျန်း၏ဇာတ်ကားအသစ်တွင် ခေါင်းဆောင်မင်းသမီးနေရာ သရုပ်ဆောင်နိုင်မည့် အခွင့်အရေးရသွားသည်နှင့် ချက်ချင်းပင် သူမကို မကောင်းကြံတိုက်ခိုက်ခြင်းဖြစ်ပေသည်။

ကုနင်း လုရှောင်းထံသို့ ထိုသက်သေများအားပေးပို့ကာ သူမတို့ကုမ္ပဏီ၏တရားဝင်Weiboအကောင့်တွင် သတင်းတင်လိုက်ရန် ပြောလိုက်သည်။ သို့ပေမည့် သူမတို့ဘက်မှ အလျင်စလို ဖြေရှင်းဦးမည်မဟုတ်ပေ။ ဤမကောင်းသတင်းကို အခြေပြုပြီး လူအများ၏အာရုံစိုက်မှုကို ပိုရရန် အချိန်ကြာကြာလေး စောင့်ဆိုင်းဦးမည်ဖြစ်ပြီး နောက်မှသာ ဖြေရှင်းမည့် သက်သေအထောက်အထားများကို တင်လိုက်မည်ဟု ကုနင်းစီစဉ်ထားလေသည်။

ဤပြဿနာအား အဆုံးသတ်တွင် သေချာပေါက် ဖြေရှင်းနိုင်မည်ဟု ကုနင်းတွင် ယုံကြည်မှုအပြည့်ရှိထားပြီးဖြစ်သောကြောင့် လောလောဆယ်ဖြစ်လာမည့် ဆူပူမှုများကို သူမဂရုစိုက်မနေပေ။

ကုနင်းပို့ပေးလာသည့် အီးမေးလ်သက်သေများထဲမှ ဝတ်လစ်စလစ်ဓါတ်ပုံများအား လုရှောင်းမြင်လိုက်ပြီးနောက် အမျိုးသားတစ်ယောက်ဖြစ်နေတာတောင်မှ ရှက်ရွံ့သွားခဲ့ရသည်။

စုထုံနျိုသည်လဲ ကုနင်းကို အပြည့်အဝယုံကြည်ထားသောကြောင့် ဇာတ်ကားရိုက်ကူးရေးတွင်သာ သူမ၏အာရုံကို စူးစိုက်ထားခဲ့သည်။ နေ့လည်ပိုင်းတွင်တော့ ကေ၏အကူအညီဖြင့် စုထုံနျိုအကြောင်း ထိတ်လန့်စရာသတင်းထူးသည် Weiboတွင် လူပြောအများဆုံးသတင်းထူးအဖြစ် တည်ရှိသွားတော့သည်။

ထို့နောက်တွင်တော့ လုရှောင်း၏အလှည့်သို့ရောက်လာခဲ့ပေပြီ။

ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ : @ပါပါရာဇီမိန်းကလေး ထုတ်ဖော်ခဲ့သည့် ကျွန်တော်တို့ကုမ္ပဏီမှ မင်းသမီး@စုထုံနျို အကြောင်းသည် အမှားများသာဖြစ်ပါသည်။ ‘ပါပါရာဇီမိန်းကလေး’သည် သက်သေအထောက်အထားမရှိပါဘဲနှင့် ကျွန်တော်တို့ကုမ္ပဏီမှ သရုပ်ဆောင်တစ်ဦးအား ဆိုးဆိုးဝါးဝါးတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျွန်တော်တို့ဘက်မှ ‘ပါပါရာဇီမိန်းကလေး’၏ လုပ်ရပ်အပေါ် တရားစွဲဆိုသွားမည်ဖြစ်သည်။ ဒါတင်မကဘဲ ကျွန်တော်တို့ဘက်တွင် ‘ပါပါရာဇီမိန်းကလေး’ဆိုသူသည် @လီကျားယွဲ့ ဖြစ်ကြောင်း သက်သေအထောက်အထားခိုင်ခိုင်မာမာ ရရှိထားပြီးဖြစ်သည်။ မိန်းကလေးလီအနေနှင့် ကြောင်းကျိုးသင့်လျော်သည့် ဖြေရှင်းချက်မျိုး ကျွန်တော်တို့ဘက်ကို ပေးဖို့ရန် မျှော်လင့်ပါသည်။

တစ်ချိန်တည်းတွင်ပဲ @ဖေးထန်ဖျော်ဖြေရေးကုမ္ပဏီ ဘက်မှ လွန်ခဲ့သည့်တစ်နှစ်က စုထုံနျိုအား‌ ဖျော်ဖြေရေးလောကမှ ထုတ်ပယ်ခဲ့သည့် အကြောင်းရင်းအမှန်ကို တရားဝင်ထုတ်ဖော်ပေးဖို့ကိုလဲ ကျွန်တော်တို့ဘက်မှ ပြင်းပြင်းထန်ထန် တောင်းဆိုအပ်ပါသည်။ [သက်သေဓါတ်ပုံနှင့်တကွ]

လီကျားယွဲ့၏မဖွယ်မရာဓါတ်ပုံများကိုတော့ဖြင့် လုရှောင်းလောလောဆယ် ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ ထိုပုံများအား အကျိုးရှိရှိအသုံးချနိုင်မည့် အချိန်ကောင်းကို စောင့်လိုက်သည်။

ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏အကောင့်သည် မနေ့တစ်နေ့ကမှ စဖွင့်ထားသောကြောင့် စောင့်ကြည့်သူသိပ်မရှိသေးသော်လည်း အချိန်တခုကြာသည်နှင့် စောင့်ကြည့်သူသန်းပေါင်းများစွာ ရလာလိမ့်မည်ဟု လုရှောင်းယုံကြည်လေသည်။

လုရှောင်း ထိုသတင်းကိုတင်ပြီးသည်နှင့် လုကျန်းနှင့် အခြားသူများကိုလဲ ထိုသတင်းကိုပြန်လည်မျှဝေကြရန် ကုနင်းပြောလိုက်သည်။ စုထုံနျိုလဲ သူမကို အင်တာနက်သတင်းများဖြင့် တိုက်ခိုက်သူမှာ လီကျားယွဲ့ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် အနည်းငယ်အံ့အားသင့်သွားသော်လည်း သူတို့ချင်း အရင်ကတည်းက မတည့်ကြခြင်းဖြစ်သောကြောင့် မကြာမီအချိန်တွင်ပဲ လက်သင့်ခံနိုင်ခဲ့သည်။

ဟန်လန်ရွှယ်၊ ပိုင်လင်းနှင့်အခြားသော သရုပ်ဆောင်များသည်တော့ ဤပြဿနာအရှုပ်အထွေးကြားတွင် ဝင်မပါလို၍ သတင်းကိုပြန်မတင်ကြပေ။

မကြာခင်အချိန်အတွင်းတွင်ပဲ ထိုဖြေရှင်းချက်သတင်းအား လူပေါင်းများစွာစတင်အာရုံစိုက်မိသွားကြတော့သည်။

စုထုံနျို၏ သစ္စာရှိသော ပရိတ်သတ်အချို့သည်လဲ ချက်ချင်းလက်ငင်းပင် ထိုသတင်းအားပြန်လည်တင်ကြတော့သည်။

“လီကျားယွဲ့ ေ-ာက်ကောင်မ!”

“မကောင်းဆိုးဝါးမ!”

“လီကျားယွဲ့ကို မုန်းတယ်!”

“ဒီပုံတွေကို ပြင်ထားတာရောမဖြစ်နိုင်ဘူးလား?”

“ကျားယွဲ့ကို မတရားအပြစ်မတင်ကြနဲ့၊ ကျားယွဲ့က ဖြူစင်တယ်။”

“ဒါသက်သက်မဲ့ချောက်ချဖို့ကြံစည်ကြတာပဲ။”

“ဖု့န်ဟွာဖျော်ဖြေရေးကုမ္ပဏီဆိုတာ ဘယ်ကလဲ? ငါတော့ တခါမှဒီကုမ္ပဏီနာမည်ကိုမကြားဖူးဘူး။”

“ငါတော့ ဘယ်သူ့ပရိတ်သတ်မှမဟုတ်ဘူး။ ဒါပေမယ့် စုထုံနျိုကို ပိုယုံတယ်။”

“ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီက သူတို့ရဲ့သရုပ်ဆောင်ကို သေချာကာကွယ်တတ်ကြတာပဲ။”

“ငါက ကွန်ပျူတာသိပ္ပံပညာကို သင်ကြားနေတဲ့သူ။ ဒီပုံတွေက အစစ်တွေဆိုတာ ငါအာမခံတယ်။ စုထုံနျိုက လီကျားယွဲ့ချောက်ချတာ ခံလိုက်ရတာပဲ။”

“နင်ပြောတာသေချာလို့လား? စုထုံနျို ဖျော်ဖြေရေးလောက်က တစ်နှစ်လောက်အထုတ်ခံထားခဲ့ရတယ်ဆိုတာကတော့ အမှန်ပဲလေ။”

“ဟုတ်တယ်၊ မီးမရှိဘဲနဲ့တော့ မီးခိုးကထွက်လာမှာမဟုတ်ဘူး။ စုထုံနျိုသာ အရှက်မဲ့တဲ့ကိစ္စ ဒါမှမဟုတ် တရားမဝင်တဲ့ကိစ္စမျိုး တစ်ခုမှမလုပ်ခဲ့ဖူးရင် အခုလို အထုတ်ခံထားရစရာအကြောင်းမရှိဘူး။”

စုထုံနျို ဘာအတွက်ကြောင့် ၁နှစ်လောက် အနုပညာလောကမှ ထုတ်ပယ်ခံထားရလဲဆိုသည့် အကြောင်းရင်းမှန်အား သိရှိသူ အနည်းအကျဉ်းမျှသာရှိသောကြောင့် အများစုက စုထုံနျို မကောင်းသည့်ကိစ္စတစ်ခုခု လုပ်ခဲ့သည်ဟုသာ ခန့်မှန်းပြောဆိုနေကြလေသည်။

စုထုံနျို အာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား အပြစ်ပြုမိခြင်းကြောင့် ဖြစ်နိုင်ချေများလှသော်လည်း အင်တာနက်အသုံးပြုသူများသည်တော့ အမှန်တရားကို ဘယ်သောအခါမှသိကြလိမ့်မည်မဟုတ်ပေ။ ထို့အတွက်ကြောင့် ‘ပါပါရာဇီမိန်းကလေး’က စုထုံနျို အာဏာရှိသူတစ်ဦးအား ဆေးခတ်ခဲ့သည်ဟု မဟုတ်မမှန်သတင်းရေးထုတ်ဖော်လိုက်ချိန်တွင် လူအများစုက ထိုကိစ္စအား ယုံကြည်သွားကြတော့သည်။

ဟန်တျန့်ကမ္ဘာစတူဒီယိုတွင်တော့ လီကျားယွဲ့တစ်ယောက် သူမတင်လိုက်သည့်သတင်းအား လူပေါင်းများစွာ အာရုံစိုက်နေကြ၍ အလွန်စိတ်ပျော်လို့နေသည်။ သို့ပေမည့် မကြာမီအချိန်အတွင်းမှာပဲ ရိုက်ကူးရေးအဖွဲ့သားများက သူမအပေါ် အထင်အမြင်သေးစွာ ကြည့်နေကြသည်အားခံစားမိလိုက်သည်။

လီကျားယွဲ့အနည်းငယ်စိတ်ရှုပ်သွားပေမည့် အကြောင်းရင်းကိုတော့ဖြင့် မသိရသေးပေ။ ယခုအချိန်တွင် Weiboပေါ်၌ အပြစ်တင်ပြောဆိုခြင်းခံနေရသည်က သူမဖြစ်နေပြီဖြစ်ကြောင်းကို ယခုထိတိုင်မသိရှိသေးပေ။ ထိုအချိန်တွင်ပဲ သူမ၏လက်ထောက်ဖြစ်သူက အလျင်အမြန်ပြေးလာကာ အလွန်စိုးရိမ်ပူပန်နေဟန်ဖြင့်၊

“ကျားယွဲ့၊ ဒါကိုကြည့်လိုက်ဦး!” ပြောရင်းဖြင့် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏တရားဝင်Weiboအကောင့်မှ တင်ထားသည့်သတင်းအား လီကျားယွဲ့အားပြလိုက်သည်။

ထိုသတင်းအားဖတ်ရှုပြီးချိန်တွင်တော့ လီကျားယွဲ့အလွန်ထိတ်လန့်သွားခဲ့ကာ သူမအနားရှိလူများ ဘာကြောင့် သူမအပေါ် အထင်မြင်သေးကာ စက်ဆုပ်ရွံ့ရှာဟန်ဖြင့် ကြည့်နေလဲဆိုသည့် အကြောင်းရင်းကို သိရှိသွားတော့သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဘယ်လိုကြောင့် အခြေအနေများက ယခုကဲ့သို့ပြောင်းလဲသွားရသလဲဆိုသည်ကို လီကျားယွဲ့ နားမလည်နိုင်သလို ယခုပြဿနာအား သူမဘယ်လိုဖြေရှင်းရမလဲဆိုသည်ကိုလဲ မသိတော့ပေ။

***

အခန်း ၅၀၅

ကိုယ့်သေတွင်းကိုယ်တူးခြင်း

တချိန်တည်းတွင်ပဲ လီကျားယွဲ့၏ကိုယ်ပိုင်ဖုန်းသို့ သူမ၏ကိုယ်စားလှယ် ထုံကျန်း ဖုန်းဆက်လာခဲ့သည်။ ထုံကျန်းဘာအတွက်ကြောင့် သူမကိုဖုန်းခေါ်မှန်း လီကျားယွဲ့သိနေပြီဖြစ်၍ ဖုန်းကိုင်ဖို့ရန် တုံ့ဆိုင်းနေမိပေမည့် မကိုင်ဘဲနေ၍တော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမ ဘယ်သူမှမရှိသည့် တိတ်ဆိတ်သည့်နေရာတစ်နေရာသို့ လျှောက်သွားပြီးကာမှ ဖုန်းကိုင်လိုက်သည်။

“ဟိုင်း၊ ထုံ….” လီကျားယွဲ့ အဆုံးထိတောင် နှုတ်မဆက်နိုင်သေးခင်တွင်ပဲ တစ်ဖက်မှ ထုံကျန်းက ဒေါသတကြီးအော်ဟစ်လာတော့သည်။

“မင်း၊ စုထုံနျိုကို တိုက်ခိုက်တဲ့သတင်း Weiboမှာ တင်ခဲ့တာလား?”

“ကျွန်-ကျွန်မ…..” လီကျားယွဲ့ တုန်လှုပ်နေတော့သည်။ သူမ ဝန်မခံချင်ပေမည့် သူမငြင်းဆန်လျှင်တောင်မှ ထုံကျန်းက ယုံကြည်လိမ့်မည်မဟုတ်ပေ။

လီကျားယွဲ့၏တုန်လှုပ်နေသံကြောင့် ထုံကျန်း သူ၏အထင်မှန်ကန်ကြောင်း ပို၍သေချာသွားကာ ပိုလို့ပင် ဒေါသထွက်လာတော့သည်။

“မင်း စုထုံနျိုကို တိုက်ခိုက်တဲ့စာရေးတာ ဘာမှမဖြစ်ပေမယ့် အခုတော့ သူတို့လက်ထဲမှာ သက်သေအတိအကျရှိနေပြီ။ မင်းက ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ! ဒီပြဿနာကိုသာ မဖြေရှင်းနိုင်ဘူးဆိုရင် မင်းကို အလုပ်ထုတ်ပစ်ဖို့ ဥက္ကဌရှားက အမိန့်ပေးထားပြီးနေပြီ။”

“ဒါဆို ကျွန်-ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ?” လီကျားယွဲ့ ငိုမိတော့မတတ်ပင်၊

“ပုံတွေက တမင်ပြင်ထားတာတွေလို့ ပြောလိုက်ရင်ကော?”

“မင်းတကယ်အဲ့လိုတွေးတယ်ပေါ့?” ထုံကျန်း အလွန်ဒေါသထွက်သွားကာ၊

“လူတိုင်းကို မင်းလိုငတုံးလို့များထင်နေတာလား?”

“ကျွန်-ကျွန်မ ဒီကိစ္စကို ဝန်မခံနိုင်ဘူး။” လီကျားယွဲ့ အလွန်ထိတ်လန့်လို့နေတော့သည်။

ထုံကျန်းလဲ ခတ္တမျှ တိတ်ဆိတ်လို့သွားကာ၊

“ငါအခုချက်ချင်း အင်တာနက်ရေတပ်တစ်ဖွဲ့ငှားလိုက်မယ်။ ပြီးရင် စုထုံနျို တစ်နှစ်လောက် အနုပညာလောကကနေကန်ထုတ်ရတဲ့ ကိစ္စဘက်ကို အာရုံပြန်လွှဲလိုက်မယ်။”

အချို့လူများသည်တော့ ထိုသို့ဆက်တိုက် သတင်းများကိုအာရုံပြောင်းနေလျှင် အင်တာနက်ရေတပ်မှလုပ်နေကြောင်း သိနိုင်ပေမည့် မည်သူမျှတော့ ထိုသူတို့ကို ရပ်တန့်နိုင်ကြမည်မဟုတ်ပေ။

ထိုသို့သတင်းများကို အာရုံပြောင်းပြီးသွားသည်နှင့် လီကျားယွဲ့နှင့် သူမအဖွဲ့ စိတ်အေးကျေနပ်သွားတော့သည်။ သို့ပေမည့် ဘယ်လောက်မှပင် မကြာလိုက်ဘဲ ထိပ်တန်းအနုပညာရှင်နှစ်ဦးသည်လဲ လူထုအမြင်တိုက်ပွဲတွင် ပါဝင်လာခဲ့သည်။

ဖန့်ထန် : တခြားလူတွေ မင်းအပေါ်ကို မဆက်ဆံစေချင်တဲ့ပုံစံမျိုး မင်းဘက်ကလဲ တခြားလူတွေကို မဆက်ဆံရဘူး။ ငါကတော့ ကံကိုယုံတယ်။ @ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏တရားဝင်အကောင့်မှ ပြန်လည်ကူးယူခြင်း

(သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည်။)

လုယဲ့ကျီ : အဆုံးကျရင် အမှန်တရားဆိုတာ ပေါ်လာမှာပဲ။ အပြစ်မဲ့တဲ့လူတွေ မထိခိုက်စေဖို့ကိုပဲ ငါမျှော်လင့်တယ်။ @ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏တရားဝင်အကောင့်မှ ပြန်လည်ကူးယူခြင်း

ထိပ်တန်းအနုပညာရှင်နှစ်ဦးကိုယ်တိုင်က ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှ နောက်ဆုံးတင်ထားသည့် သတင်းအား ပြန်တင်လိုက်ချိန်တွင် အနုပညာလောကတစ်ခုလုံး ဗုံးတစ်လုံးပေါက်ကွဲလိုက်သကဲ့သို့ ဆူပူသွားတော့သည်။

ဖန့်ထန်သည် အသက်၂၈နှစ်ရှိပြီဖြစ်ကာ ပရိတ်သတ်ပေါင်း သန်း၆၀ကျော်ရှိသည့် အကောင်းဆုံးသရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သည်။ လုယဲ့ကျီသည်တော့ အသက်၃၀ရှိပြီး ပရိတ်သတ်ပေါင်း သန်း၇၀ကျော်ရှိသည့် အကောင်းဆုံးသရုပ်ဆောင်မင်းသားတစ်ဦးပဲဖြစ်သည်။ နှစ်ယောက်လုံးသည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏တရားဝင်အကောင့်အား စောင့်ကြည့်သူစာရင်းတွင် ပါနေသောကြောင့် ဖုန့်ဟွာဘက်မှ သူတို့ရပ်တည်ကြကြောင်း သိသာပေသည်။

ပုံမှန်အားဖြင့် နာမည်ကြီးအနုပညာရှင်များသည် အင်တာနက်ပေါ်မှ အငြင်းပွားပြဿနာများတွင် ပါဝင်လိုခြင်းမရှိကြပေ။ သူတို့သာ ဝင်ပါလိုက်လျှင် သူတို့နှင့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကြား ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု သက်ရောက်သွားပေလိမ့်မည်။

မိနစ်ပိုင်းအတွင်းတွင်ပဲ ထိုသတင်းအား ပြန်တင်သည့်လူပေါင်း ၁သောင်းကျော်သွားခဲ့သည်။

ဖန့်ထန်နှင့် လုယဲ့ကျီ၏ပရိတ်သတ်များသည်က သူတို့အပေါ် အလွန်ယုံကြည်ကြသောကြောင့် သူတို့၏ရပ်တည်ချက်အပေါ် သံသယမဝင်ကြပေ။ ထို့ကြောင့် ထိုပရိတ်သတ်များသည်လဲ အလိုအလျောက်ပင် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီဘက်မှ ထောက်ခံပေးကြတော့သည်။ မကြာမီအချိန်အတွင်းတွင်ပဲ လီကျားယွဲ့တို့ဘက်မှ ငှားရမ်းထားသည့် အင်တာနက်ရေတပ်အဖွဲ့သည် ဖော်ထုတ်ခံလိုက်ရပြီး စုထုံနျိုနှင့် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီသည်တော့ Weiboပေါ်တွင် ပို၍ပို၍ပင် ထောက်ခံအားပေးသူများ ရရှိလာခဲ့သည်။

ဤတစ်ခေါက်တွင်တော့ ကေ၏အကူအညီမပါဘဲနှင့်ပင် စုထုံနျိုနှင့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် လူပြောအများဆုံးသတင်းဖြစ်လာခဲ့တော့သည်။ ထို့အပြင် စုထုံနျိုနှင့် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ၏ တရားဝင်Weiboအကောင့်များတွင်လဲ စောင့်ကြည့်သူများစွာ တိုးပွားလာတော့သည်။

ဖန့်ထန်နှင့် လုယဲ့ကျီတို့က ဖုန့်ဟွာနှင့်စုထုံနျိုတို့ဘက်မှ ရပ်တည်ကာ လီကျားယွဲ့အား ဆန့်ကျင်ပေးကြောင်း စုထုံနျို၏လက်ထောက် လင်းရှောင်ရှားသိလိုက်ရချိန်တွင် အလွန်အံ့အားသင့်ကာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။ ဖန့်ထန်နှင့် လုယဲ့ကျီသည် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိနေသည့်ပုံပင်။

စုထုံနျိုသည်တော့ ဇာတ်ကားရိုက်ကူးနေစဲဖြစ်၍ ကုနင်းဆီသို့သာသွားကာ လင်းရှောင်ရှားမေးရတော့သည်။

“ဘော့စ်၊ ဖန့်ထန်နဲ့ လုယဲ့ကျီတို့က ဘော့စ်ရဲ့ မိတ်ဆွေတွေလား?”

လင်းရှောင်ရှားမှာ အစောကလေးတင် အင်တာနက်ပေါ်၌ စုထုံနျိုအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည့် အဖြစ်အား လုံးဝမေ့ပျောက်သွားခဲ့ကာ ကုနင်းကိုသာ သိချင်စိတ်ပြင်းပြလွန်းနေသည့် မျက်လုံးများဖြင့် ကြည့်နေတော့သည်။

“ဘယ်သူတွေလဲ? ကျွန်မတော့မသိဘူး။” ကုနင်း မျက်မှောင့်ကြုတ်သွားရသည်။

“ဘာ? ဘော့စ် သူတို့ကို မသိဘူးပေါ့? ဒါပေမယ့် သူကအခုပဲ ကျွန်မတို့ကုမ္ပဏီရဲ့ တရားဝင်အကောင့်ကို စောင့်ကြည့်တဲ့အထဲထည့်သွားပြီး ကျွန်မတို့ကို ထောက်ခံတဲ့အနေနဲ့ သတင်းကိုတောင် ပြန်တင်ပေးသွားကြသေးတယ်။” လင်းရှောင်ရှား သူမဖုန်းမှတစ်ဆင့် ဖန့်ထန်နှင့် လုယဲ့ကျီတို့ပြန်တင်ထားသည့် သတင်းကို ကုနင်းအားပြလိုက်သည်။

ထိုစကားကြောင့် သတင်းကိုဖတ်ကြည့်လိုက်ပြီးနောက် ကုနင်းလဲ အခြေအနေအား နားလည်သလိုရှိသွားကာ၊

“အာ၊ ကျွန်မတို့ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာကို ဒီကိစ္စဖြေရှင်းလိုက်ဖို့ပြောထားတာဆိုတော့ သူတို့နှစ်ယောက်က သူ့မိတ်ဆွေတွေဖြစ်မယ်ထင်တယ်။”

“အဲ့လိုကိုး။” လင်းရှောင်ရှား ခေါင်းတညိတ်ညိတ်နှင့် သဘောပေါက်သွားတော့သည်။

“အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲ?” ကုနင်းမေးလိုက်သည်။

လင်းရှောင်ရှားသည်တော့ တောက်ပစွာပြုံးလိုက်ပြီး၊

“သူတို့ဘက်က ရေတပ်ငှားထားပေမယ့် ဖန့်ထန်နဲ့ လုယဲ့ကျီတို့ ကျွန်မတို့ဘက်က ထောက်ခံပေးပြီးတဲ့နောက် သူတို့ထက် ကျွန်မတို့ဘက်ကို ထောက်ခံပေးတဲ့လူက ပိုများလာတယ်။”

ကုနင်းသည်တော့ အရာအားလုံး သူမထိန်းချုပ်မှုအောက်တွင်ရှိနေသောကြောင့် ပြုံးရုံသာပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။

တစ်ဖက်မှ ထုံကျန်းနှင့် လီကျားယွဲ့တို့သည်လဲ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီက ဖန့်ထန်နှင့် လုယဲ့ကျီတို့နှင့် ရင်းနှီးနေသောကြောင့် အလွန်အံ့ဩထိတ်လန့်နေတော့သည်။ ထိုနှစ်ယောက်ထဲမှ မည်သူမဆို ဖေးထျန်ဖျော်ဖြေရေးကုမ္ပဏီမှ အနုပညာရှင်များထက် ပို၍နာမည်ကျော်ကြားလေသည်။

လီကျားယွဲ့လဲ စိုးရိမ်ပူပန်မှုများကြောင့် ငိုသံပါကြီးဖြင့် ထုံကျန်းအားဖုန်းဆက်လိုက်ကာ၊

“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ? ဖန့်ထန်နဲ့ လုယဲ့ကျီရဲ့ ပရိတ်သတ်တွေက အင်တာနက်ရေတပ်ထက်တောင် ပိုပြီးကြမ်းကြသေးတယ်။”

လီကျားယွဲ့‌ ကြောက်ရွံ့လွန်း၍ အသံရော ခန္ဓာကိုယ်တစ်ခုလုံးပါ တုန်ရီလို့နေကာ သူမပြဿနာအကြီးကြီးတက်နေပြီဖြစ်ကြောင်းလဲ နားလည်လေသည်။

ထုံကျန်းသည်တော့ သက်ပြင်းရှည်ကြီးတစ်ချက်သာချလိုက်ပြီး၊

“အခုတော့ ငါတို့အနေနဲ့ မင်းရဲ့ လက်ထောက်ကိုပဲ အပြစ်လွှဲချလို့ရတော့မယ်။”

လီကျားယွဲ့သည် ကြီးစွာသော အမှားကို ကျူးလွန်ခဲ့ခြင်းဖြစ်သော်လည်း သူမသည်က ကုမ္ပဏီအတွက် အတော်အတန် အသုံးဝင်သေးသည့်သူဖြစ်နေကာ သူမ၏လက်ထောက်သည်တော့ လုံးဝထည့်တွက်စရာမလိုသည့် လူမျိုးဖြစ်သည်။

“အိုး၊ ဟုတ်သားပဲ၊ ကျွန်မအခုပဲ သူ့ကိုပြောလိုက်မယ်။” လီကျားယွဲ့စိတ်အေးသွားတော့သည်။ သူမလို တစ်ကိုယ်ကောင်းဆန်သည့်လူမျိုးသည် အခြားအပြစ်မဲ့သည့်လူတစ်ယောက်အပေါ် သူမ၏အပြစ်များပုံချလိုက်ရမည်အား နည်းနည်းလေးပင် စိတ်မကောင်းမဖြစ်မိပေ။ ထို့အပြင် သူမ၏လက်ထောက်ကသာ သူမအပြစ်အတွက် ကိုယ်စားခံသွားရလျှင် သူမအဆင်ပြေသွားလိမ့်မည်ဟုလဲ ယုံကြည်နေသည်။

သူမ၏လက်ထောက် ထိုအကြံအစည်အား ကြားသိလိုက်ရချိန်တွင် အလွန်မယုံမကြည်နိုင်ဖြင့် စိတ်ထိခိုက်သွားရတော့သည်။

***

All Chapters