အခန်း (၅၀၆-၅၁၀)
Vol. 34 Ch. 506-510
အခန်း ၅၀၆
လီကျားယွဲ့ အနုပညာလောကကနေ ထွက်သွားစမ်း!
လီကျားယွဲ့ဘက်က သူမ၏လက်ထောက်ကို အပြစ်အစားခံယူပေးမည်ဆိုပါက ယွမ်၂သိန်းပေးမည်ဟု ကတိပေးခဲ့သလိုု လက်ထောက်ကလဲ သူမအမေ၏ခွဲစိတ်စားရိတ်အတွက် ယွမ်၂သိန်းအရေးတကြီးလိုအပ်နေသောကြောင့် မငြင်းဆန်နိုင်တော့ဘဲ သဘောတူလိုက်တော့သည်။ ထို့နောက် လီကျားယွဲ့၏လက်ထောက်က Weiboပေါ်တွင် ‘ပါပါရာဇီမိန်းကလေး’ဆိုသူသည် သူမဖြစ်ကြောင်း၊ လီကျားယွဲ့ကို ကူညီလို၍ စုထုံနျိုကို တိုက်ခိုက်သည့် စကားများပြောခဲ့ကာ လီကျားယွဲ့၏ခွင့်ပြုချက်ကို မတောင်းခဲ့မိကြောင်း သတင်းတင်ခဲ့သည်။
လီကျားယွဲ့ဘက်ကလဲ သူမလက်ထောက်က သူမနောက်ကွယ်တွင် ထိုသို့သောလုပ်ရပ်မျိုးလုပ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြောင်း နှင့် စုထုံနျိုတွင် ဖြစ်ပျက်သွားသည့် ကိစ္စရပ်များအတွက် သူမလဲ စိတ်မကောင်းကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် လီကျားယွဲ့သည် သူမ၏လက်ထောက်ကိုလဲ အလုပ်ထုတ်လိုက်ပြီဖြစ်သည့် အကြောင်းကိုလဲ တခါတည်း ကြေညာထားခဲ့သေးသည်။
ထုန်ကျန်းသည်လဲ မကြာခင်တွင်ပဲ တစ်ပုံစံတည်း တုံ့ပြန်သတင်းတင်ခဲ့သည်။ သူတို့ဘယ်လောက်ပင် ပြောနေပါစေ အလိမ်အညာသည်က အလိမ်အညာပင်ဖြစ်ပြီး အင်တာနက်အသုံးပြုသူအများစုဘက် မယုံကြည်ကြပေ။ လူအများစုသည် လီကျားယွဲ့ဘက်က သူမ၏လက်ထောက်ကို အပြစ်ပုံချလိုက်ခြင်းဟုသာ ယုံကြည်နေပြီး အနည်းငယ်များသော လူစုသည်သာ လက်ထောက်ကို အပြစ်တင်ပြောဆိုကြပြီး လီကျားယွဲ့ကို သနားနေကြလေသည်။ မည်သို့ပင်ဖြစ်စေ၊ တစ်စုံတစ်ဦးက အပြစ်ကို ဝင်ခံလိုက်သောကြောင့် လောလောဆယ်အတွက် လီကျားယွဲ့ ဘေးကင်းသွားပြီဖြစ်သည်။ ထို့အပြင်၊ အနုပညာလောကတွင် နေ့စဉ်နေ့တိုင်း အသစ်သစ်သော သတင်းစွာ ဖြစ်ပျက်နေသောကြောင့် အချိန်သိပ်မကြာဘဲ သတင်းတစ်ခုပေါ်တစ်ခု လွှမ်းမိုးသွားကြရသည်။
လီကျားယွဲ့သည်က Bအဆင့် သရုပ်ဆောင်တစ်ဦးသာဖြစ်သောကြောင့် သူမအပေါ်အာရုံစိုက်မှု အလွန်မများပေ။ သူမဘက်က ဘယ်လိုမှ လက်ခံ၍မရနိုင်သော အမှားမျိုး မကျူးလွန်သ၍ အနုပညာလောကတွင် ပုံမှန်အတိုင်းဆက်လက်ရပ်တည်နေနိုင်မည်ဖြစ်သည်။ သို့ပေမည့် သူမ၏မကောင်းမှုများပေါ်ထွက်သွားသည်နှင့် ဤနယ်ပယ်မှလုံးဝအပြီးတိုင်ထွက်ခွာသွားရပေလိမ့်မည်။
လင်းရှောင်ရှားသည်တော့ လီကျားယွဲ့၏အပြုအမူကြောင့် အလွန်ဒေါသထွက်နေကာ၊
“သူ့လက်ထောက်ကို အပြစ်တွေလွှဲချလိုက်မှန်းအသိသာကြီးကို။ အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။”
အနုပညာသည်များလုပ်ခဲ့သည့် ကိစ္စရပ်များအတွက် လက်ထောက်များကို အပြစ်လွှဲချသည့် ဖြစ်ရပ်မျိုးက ထူးဆန်းသည်မဟုတ်၍ စုထုံနျိုသည်တော့ လက်ခံနိုင်လေသည်။ သို့ပေမည့် ထိုသို့လုပ်ရပ်မျိုးကို စုထုံနျိုမုန်းတီးသလို သူမအနေနဲ့လဲ ထိုသို့ဘယ်သောအခါမှလုပ်လိမ့်မည်မဟုတ်ပေ။
“စိတ်မပူပါနဲ့၊ အကောင်းဆုံးအပိုင်းက မရောက်သေးဘူး။” ကုနင်း သူတို့အားနှစ်သိမ့်ပေးလိုက်သည်။ ယခုလိုမျိုး လီကျားယွဲ့အလွယ်တကူ ရုန်းထွက်နိုင်ဖို့က မဖြစ်နိုင်ပေ။ သူမတို့အနေနဲ့လဲ စုထုံနျို၏နာမည်အား ရှင်းပေးဖို့ရန်က အဓိကဦးစားပေးဖြစ်လေသည်။
မမျှော်လင့်ထားစွာဘဲ ဖေးထျန်ဖျော်ဖြေရေးကုမ္ပဏီဘက်မှနေပြီး စုထုံနျို မည်သည့် ကိုယ့်ကျင့်သိက္ခာကင်းမဲ့သည့် အပြုအမူကိုမှ မလုပ်ထားပါဟု တရားဝင်ငြင်းဆိုပေးခဲ့သည်။ ဖေးထျန်ဘက်မှ အသေးစိတ်အကြောင်းအရာများကိုတော့ ထုတ်ဖော်မပြောခဲ့သော်လည်း စုထုံနျို၏ နာမည်ပျက်တော့ ရှင်းလင်းသွားခဲ့လေသည်။
ထို့နောက် အင်တာနက်ပေါ်တွင် စုထုံနျိုကို အပြစ်တင်ဝေဖန်သူများ တဖြည်းဖြည်းချင်း လျှော့ကျသွားတော့သည်။
ထိုသို့သော စိတ်ကျေနပ်ဖွယ်ရလဒ်ကြောင့် ကုနင်း၏ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စီမံခန့်ခွဲနိုင်သည့် စွမ်းရည်အပေါ် ထန်ယွင်ဖန်း သဘောကျသွားတော့သည်။ ကုမ္ပဏီတစ်ခုအား အုပ်ချုပ်လည်ပတ်ရန်အတွက် စီးပွားရေးလောကတွင် ဂုဏ်သတင်းထိန်းသိမ်းဖို့ရန်ကလဲ များစွာအရေးပါလှပေသည်။
လင်ရှောင်းထင်သည်တော့ ဤရက်ပိုင်းများအတွင်း အလုပ်များနေကာ နောက်ထပ်တာဝန်ကိုလဲ ပြန်ထမ်းဆောင်ရတော့မည်ဖြစ်သောကြောင့် လတ်တလော ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီနှင့်ပတ်သတ်၍ ကုနင်းပြဿနာကြီးကြုံနေရသည်ကို မသိရှိခဲ့ပေ။ လုရှောင်း၏ကူညီအုပ်ချုပ်ပေးမှုနှင့်ဆိုလျှင် ကုမ္ပဏီ၏စီမံအုပ်ချုပ်ရေးပိုင်း သေချာပေါက် ကောင်းမွန်မည်မှန်း လင်ရှောင်းထင် ယုံကြည်ပေမည့် ကုနင်းအတွက် စိုးရိမ်မိနေစဲပင်။
မြက်ခင်းပြင်ပေါ်တွင် ရဟတ်ယာဉ်တစ်စီး စတင်စက်နှိုးလိုက်သည်နှင့် လင်ရှောင်းထင်တို့အဖွဲ့သည်လဲ တာဝန်ထမ်းဆောင်ဖို့ရန် ထွက်ခွာချိန်ရောက်လာခဲ့သည်။ သို့သော် ရဟတ်ယာဉ်ပေါ်မတက်သေးခင် လင်ရှောင်းထင် သူ့ဖုန်းကိုထုတ်ကာ ကြည့်လိုက်ပြီး ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီ ပြဿနာကြုံခဲ့ကာ ယခုတော့ အဆင်ပြေသွားပြီဖြစ်သည့် သတင်းကို တွေ့လိုက်ရသည်။ ထို့အတွက်ကြောင့် သူတာဝန်ထမ်းဆောင်ဖို့သွားရတော့မည်ဖြစ်ကြောင်း ကုနင်းကို အသိပေးသည့် စာတစ်စောင်ပို့လိုက်လေသည်။
လင်ရှောင်းထင် ထမ်းဆောင်ရသည့် တာဝန်တိုင်းသည် အန္တရာယ်များလှသောကြောင့် ထိုစာကို ကုနင်းဖတ်ပြီးနောက်တွင် ကုနင်း စိုးရိမ်ပူပန်သွားရသည်။ လင်ရှောင်းထင်သည် သူ့အလုပ်တွင် ထူးချွန်ကာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း ဒဏ်ရာလုံးဝမရနိုင်သည်တော့ မဟုတ်ပေ။ သို့ပေမည့် ဤသည်က လင်ရှောင်းထင်၏ အလုပ်တာဝန်ဖြစ်သောကြောင့် ကုနင်းအနေနှင့် ဆုတောင်းပေးဖို့ရန်သာ တတ်နိုင်လေသည်။
‘ဂရုစိုက်နော်၊ ကျွန်မရှင်ပြန်လာတာကို စောင့်နေမယ်။’
ကုနင်းပြန်ပို့သည့် စာအား လင်ရှောင်းထင်ဖတ်ပြီးနောက် ရဟတ်ယာဉ်ပေါ်တက်လိုက်ကာ ထွက်ခွာသွားတော့သည်။
ထန်ပင်းစန်တွင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုရှိသော်လည်း ထိုကုမ္ပဏီကို အုပ်ချုပ်ဖို့ရန် လူတစ်ယောက်ငှားထားသလို သူကိုယ်တိုင်ကလဲ အနုပညာသတင်းဖတ်သည်က ရှားသောကြောင့် စုထုံနျို၏သတင်းအကြောင်းကို ကြားလိုက်ရချိန်တွင် ပြဿနာက ဖြေရှင်း၍ပြီးသွားခဲ့ပေသည်။ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ထိုပြဿနာအား ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ဖန့်ထန်နှင့်လုယဲ့ကျီတို့၏ထောက်ခံမှုကိုပါ ရရှိခဲ့သောကြောင့်လဲ ထန်ပင်းစန်အလွန်အံ့အားသင့်သွားတော့သည်။
ထိုသို့ဆိုလျှင်တောင်မှ ထန်ပင်းစန်အနေနှင့် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို သိပ်ပြီးသတိထားမနေခဲ့ပေ။
မကြာခင်တွင်ပဲ လီကျားယွဲ့အကြောင်း ထိတ်လန့်စရာသတင်းများ အင်တာနက်ပေါ် တက်လာခဲ့ပြန်သည်။
အတင်းအဖျင်းလေးတွေပြောကြရအောင် တရားဝင်အကောင့် : လီကျားယွဲ့ရဲ့လက်ထောက်က စုထုံနျိုကို တိုက်ခိုက်တဲ့လူလို့ ငါတော့ မယုံဘူး။ ဒီမှာ ငါရှာတွေ့ထားတဲ့ လီကျားယွဲ့ရဲ့ လျှို့ဝှက်ချက်ကြီးတွေကို ကြည့်လိုက်ပါဦး။ @ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း @လီကျားယွဲ့ @စုထုံနျို @ထုံကျန်း [ပုံများနှင့်တကွ]
Weiboပေါ်မှ နာမည်ကြီး အတင်းအဖျင်းသတင်းများရေးသည့် အကောင့်သည် လီကျားယွဲ့၏မဖွယ်မရာဓါတ်ပုံများစွာကို တင်ပေးလာခဲ့သည်။ အမျိုးသားများ၏မျက်နှာများကိုတော့ ထိုလူများ၏သရုပ်မှန်အား ဖုံးကွယ်သည့်အနေဖြင့် ဝါးထားခဲ့သော်လည်း ထိုလူများသည် တစ်ယောက်တည်းမဟုတ်မှန်းကိုတော့ ခွဲခြားသိမြင်နိုင်ပေသည်။ ပုံထဲ၌ ထိုလူများအပြုအမူများကြောင့် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။ ထိုအမျိုးသားများနှင့် လီကျားယွဲ့၏အချို့သော အစိတ်အပိုင်းများအား ဝါးထားခဲ့သော်လည်း သူတို့အားလုံး အိပ်ရာထက်တွင် ချစ်ရည်လူးနေကြသည်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်သေးသည်။
‘အတင်းအဖျင်းလေးတွေပြောကြရအောင် တရားဝင်အကောင့်’တွင် စောင့်ကြည့်သူပေါင်း သန်း၃၀ကျော်ရှိသောကြောင့် အချိန်ခနလေးအတွင်းတွင်ပဲ ထိုသတင်းမှာ ပျံ့နှံ့သွားကာ အနုပညာလောကအတွင်း ဗုံးတစ်လုံးပစ်ထည့်လိုက်သကဲ့သို့ပင်။ နာရီဝက်အတွင်းတွင်ပဲ ထိုသတင်းသည် လူပြောအများဆုံးသတင်းဖြစ်သွားတော့သည်။
“ဘုရားရေ၊ လီကျားယွဲ့ကမှ တကယ့်မိန်းမပျက်ပဲ! ငါ့မျက်လုံးတွေတော့ သွားပါပြီ!”
“ဝိုး!!”
“ရွံစရာကြီး!”
“သူ့ကို အနုပညာလောကနေ တရားဝင်ထွက်သွားခိုင်းသင့်တယ်။”
“သူ့ကို ထောက်ခံခဲ့ကြတဲ့လူတွေ ဘယ်ရောက်ကုန်ကြပြီလဲ?”
ထိုအချိန်တွင်တော့ မည်သူကမျှ လီကျားယွဲ့ဘက်မှ ထောက်ခံမပေးရဲကြတော့ပေ။
“လီကျားယွဲ့၊ အနုပညာလောကကနေထွက်သွားစမ်း!”
“အနုပညာလောကကနေထွက်သွားစမ်း!”
မကြာခင်အချိန်တွင်ပဲ ‘လီကျားယွဲ့၊ အနုပညာလောကကနေထွက်သွားစမ်း!’ ဆိုသည်မှာ အင်တာနက်ပေါ်၌ ရှာဖွေမှုအများဆုံး ခေါင်းစဉ်ဖြစ်သွားတော့သည်။
လီကျားယွဲ့သည်တော့ ထိုသတင်းကိုဖတ်ပြီးနောက် အရုပ်ကြိုးပျက်လဲကျသွားရကာ ထုံကျန်းတွင်လဲ သက်ရောက်မှုတော်တော်ရှိခဲ့သည်။ သူတို့နှစ်ဦးလုံး ဖေးထျန်ဖျော်ဖြေရေးကုမ္ပဏီမှ အလုပ်ထုတ်ခဲ့လိုက်ရကြသည်။ ယခုအချိန်ကစပြီး လီကျားယွဲ့တစ်ယောက် အနုပညာလောကတွင် ခက်ခက်ခဲခဲရုန်းကန်ရှင်သန်ရပေတော့မည်။
စုထုံနျိုနှင့် လင်းရှောင်ရှားသည်တော့ သတင်းများဖတ်ပြီး အလွန်စိတ်လှုပ်ရှားနေသလို အလွန်လဲ ကျေနပ်အားရလို့နေကာ ဖုန့်ဟွာကုမ္ပဏီမှလူတိုင်းသည်လဲ ဤပြဿနာဖြစ်ပြီးနောက် ကုနင်းကို ပို၍ပင် လေးစားသွားကြတော့သည်။
***
အခန်း ၅၀၇
Fမြို့သို့ပြန်ခြင်း
‘အတင်းအဖျင်းလေးတွေပြောကြရအောင် တရားဝင်အကောင့်’သို့ သတင်းပေးပို့သူမှာ ကုနင်းဖြစ်ပေမည့် ထိုအဖွဲ့ဘက်ကလဲ သတင်းက ထိတ်လန့်အံ့အားသင့်စရာကောင်းနေသ၍ မည်သူပေးပို့လဲဆိုသည်ကို အာရုံမထားကြပေ။
ပြဿနာရှင်းပြီးသွားပြီဖြစ်၍ ကုနင်းနှင့် သူမ၏ဝန်ထမ်းများလဲ ဇာတ်ကားရိုက်ကူးရေးအတွက် ဆက်လက်လုပ်ဆောင်ကြတော့သည်။
တကယ်တမ်း ယခုစာသင်နှစ်ဝက်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုကြရတော့မည့် နှစ်ဝက်ဖြစ်သောကြောင့် ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့၏ စာလေ့လာရမည့် အချိန်အား ယူထားရသည့် အပေါ် ကုနင်း စိတ်မကောင်းဖြစ်မိ၍ သူမတို့အားလပ်ချိန်ရသည်နှင့် သူမ၏သင်ရိုးညွှန်းတမ်းစာအုပ်များအား ပေးလိုက်သည်။
ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့သည်က ကုနင်း၏အကူအညီဖြင့် ဤကဲ့သို့ စိတ်ဖိစီးစရာကောင်းလှသည့် စာသင်နှစ်မှ လွတ်မြောက်ချင်နေကြခြင်းဖြစ်သည်။ သို့ပေမည့် သူတို့မမျှော်လင့်ထားမိသည်က ကုနင်းကိုယ်တိုင် သူတို့၏စာလေ့လာခြင်းအား ကျပ်မတ်ပေးနေခြင်းဖြစ်သည်။ သူတို့အားလုံး မကြာမီအချိန်အတွင်း တက္ကသိုလ်တက်ကြရတော့မည်ဖြစ်၍ အချိန်ကိုအကျိုးရှိရှိအသုံးချကာ စာလေ့လာခြင်းက ပို၍ကောင်းပေမည်။ ထို့အပြင် ကုနင်းသည်လဲ အသင်အပြကောင်းလှသူတစ်ဦးဖြစ်သည်။ ချူးဖေ့ဟန်သည် စာတော်သလို ဟောင်ရန်နှင့်ကျန်းထန်ပင်းသည်လဲ ဉာဏ်ကောင်းလှသောကြောင့် ယခုလို စာသင်ယူရာတွင် သူတို့အတွက် အခက်အခဲမရှိကြပေ။
ရှေးဟောင်းပစ္စည်းအစစ်များကို အသုံးပြုကာ လေးရက်လောက်ရိုက်ကူးခဲ့ကြပြီးနောက် ထိုရှေးဟောင်းပစ္စည်းအစစ်များအား ကုနင်း တိတ်တဆိတ်သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ပြန်ထည့်လိုက်သည်။
ချူးဖေ့ဟန်နှင့်ကျန်သူငယ်ချင်းများသည်တော့ နောက်ထပ်တစ်ပတ်လောက် ဆက်နေဖို့လိုသေးပေမည့် ကုနင်းသည်တော့ ထန်ယွင်ဖန်းလဲ Fမြို့သို့ရောက်နေ၍ ပြန်ရပေမည်။ ကုမန့်တစ်ယောက်တည်း ထန်ယွင်ဖန်းနှင့် ရုတ်တရက်တွေ့ဆုံရမည်အား ကုနင်းစိတ်မချသောကြောင့် သူမလဲFမြို့သို့ပြန်ရခြင်းဖြစ်သည်။
သူမမသွားခင်ကိုတော့ ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့အတွက် ဟိုတယ်အခန်းခများ စီစဉ်ပေးခဲ့ကာ ဘက်စ်ကားအကြီးကိုတော့ဖြင့် ဟောင်ရန်အားမောင်းစေလိုက်သည်။ ချူးဖေ့ဟန်တို့ ရိုက်ကူးရမည့် အပိုင်းပြီးစီးသွားလျှင်တော့ ကုနင်း လာကြိုပေးပေလိမ့်မည်။
ကုနင်း Fမြို့သို့ရောက်ချိန်တွင် ညနေ၅နာရီဝန်းကျင်ရှိနေပြီဆိုသော်လည်း အိမ်သို့ချက်ချင်းမပြန်သေးဘဲ လန်ယွီပင်း၏အိမ်သို့သွားခဲ့သည်။
လန်ယွီပင်း၏သား လန်ထျန်းဟွာ၏ရောဂါအရှင်းပျောက်ကင်းသွားပြီဖြစ်သောကြောင့် လန်ယွီပင်းက ရှေ့များကတည်းက ကုနင်းကိုဖုန်းဆက်ကာ ကျေးဇူးတင်သည့်အနေဖြင့် သူ့မိသားစုနှင့်အတူ ညစာစားဖို့ရန် ဖိတ်ကြားခဲ့သည်။ ဆေးလုံးဖိုးကိုတော့ လန်ယွီပင်းပေးထားပြီးသားဖြစ်ပေမည့် ထိုငွေမျှလောက်ဖြင့် သူတို့ဘက်မှကျေးဇူးတင်မှုကို ဖော်ပြရန် မလုံလောက်ဟု ထင်မိလေသည်။
ကုနင်းလဲ အစတုန်းကတော့ ငြင်းဆိုပေမည့် လန်ယွီပင်းက အတင်းအကြပ်တောင်းဆိုနေသောကြောင့် အဆုံးတွင်သဘောတူလိုက်ရတော့သည်။ မနက်ဖြန်ဆိုလျှင် သူမအလုပ်များမည်ဖြစ်၍ ယနေ့ပင် လန်ယွီပင်းတို့အိမ်အား သွားလည်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကုနင်း ထိုအိမ်သို့ရောက်သွားသည်နှင့် လန်ယွီပင်းရော သူ၏ဇနီးကပါ ကုနင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပြီး ထပ်တလဲလဲကျေးဇူးတင်စကားဆိုနေတော့သည်။
“ဒါနဲ့ မိန်းကလေးကု၊ ကျွန်တော့်ရဲ့မိတ်ဆွေတော်တော်များများက မိန်းကလေးရဲ့ဆေးကိုလိုချင်တယ်ဆိုပြီး ဆက်သွယ်လာကြတယ်။” ကုနင်းနှင့်စကားပြောနေရင်းဖြင့် လန်ယွီပင်း ထိုကိစ္စအားသတိရကာ ပြောလိုက်သည်။
“ကျွန်မဆေးတွေကို ရောင်းတော့ရောင်းမှာပါ၊ ဒါပေမယ့် အလွယ်တော့ မရောင်းဘူး။ ဆေးအရေအတွက်ကလဲ အကန့်အသတ်ရှိတာဆိုတော့ ဆရာဝန်တွေကိုယ်တိုင်က လက်လွှတ်ထားရတဲ့ ရောဂါမျိုး သူတို့မှာမရှိဘူးဆိုရင် ကျွန်မမရောင်းပေးနိုင်ဘူး။” ကုနင်း အလေးအနက်ထားပြောလိုက်သည်။ သူမတွင် ဆေးများစွာရှိသော်လည်း အရေအတွက်ကတော့ ကန့်သတ်ချက်ရှိကာ ထိုဆေးကို အခြားသောဆေးဝါးများနှင့် မိတ်ကပ်ပစ္စည်းများ ဖော်စပ်ရာတွင်လဲ လိုအပ်နေသေးပေသည်။
ကုနင်း၏ရည်ရွယ်ချက်သည် ကြောင်းကျိုးခိုင်လုံသည်ဟု လန်ယွီပင်းတွေးမိလေသည်။ ထိုလူချမ်းသာများတွင် ပြင်းထန်သည့်ရောဂါများရှိမနေဘဲ နောင်တစ်ချိန် တစ်စုံတစ်ခုဖြစ်လာမည်အား ကြိုတင်ကာကွယ်လိုသည့် သဘောဖြင့်ဆေးကိုဝယ်ထားလိုခြင်းသာဖြစ်သည်။ ထို့အတွက်ကြောင့် ကုနင်းတွင်လဲ ငွေလိုအပ်နေခြင်းမရှိ၍ ထိုလူများအားမရောင်းပေးလိုပေ။ ထို့အပြင် ကုနင်းသည် ငွေတစ်ခုတည်းအတွက်ဖြင့် ထိုဆေးကိုရောင်းခြင်းမဟုတ်ဘဲ သူမဘက်မှ တန်ကြေးတစ်စုံတစ်ရာကို မတောင်းဆိုပါဘဲနှင့် ထိုဆေးဖြင့် ကယ်တင်ပေးခဲ့သည့်လူပေါင်းများစွာလဲ ရှိခဲ့ပေသည်။
ညစာစားပြီးသည့်နောက်တွင်တော့ ကုနင်း အိမ်သို့ပြန်လာခဲ့သည်။
သူမအိမ်သို့ပြန်ရောက်ချိန်တွင် ကုမန့်ရှိမနေခဲ့ဘဲ ကုချင်သာရှိနေခဲ့သောကြောင့် သူမအမေဘယ်သွားလဲဆိုသည်အား ကုချင်ကိုမေးလိုက်သည်။ ကုမန့်က ဝမ်ဆူးဖန်အိမ်သို့သွားလည်နေခြင်းဖြစ်သည်။ သို့ပေမည့် အခုတင် ည၈နာရီရှိနေပြီဖြစ်သောကြောင့် ကုမန့်အန္တရာယ်ဖြစ်မည်ကို ကုနင်းစိုးရိမ်မိ၍ ဖုန်းဆက်ကြည့်လိုက်သည်။
ကုနင်း ဖုန်းဆက်လိုက်သည်နှင့် ချက်ချင်းပင် ကုမန့်လဲ ကိုင်လိုက်ကာ တစ်ဖက်မှနေပြီး ယောကျ်ားတစ်ဦး၏အော်ဟစ်နေသံနှင့် အမျိုးသမီးတစ်ဦးငိုယိုနေသံများကို ကြားလိုက်ရသည်။ ထိုအမျိုးသမီးအသံမှာ ဝမ်ဆူးဖန်၏အသံဖြစ်ကြောင်းကိုလဲ ကုနင်းမှတ်မိလိုက်လေသည်။
ကုနင်းမျက်မှောင်ကြုတ်သွားမိသည်။ ထိုနေရာတွင် မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်နေကြောင်းသေချာနေသောကြောင့် ကုမန့်အတွက် စိုးရိမ်သွားမိတော့သည်။
“နင်းနင်း၊ အိမ်ပြန်ရောက်နေပြီလား?” ကုမန့်မေးလိုက်သည်။
လေဆိပ်မှနေပြီး လန်ယွီပင်း၏အိမ်သို့ အရင်သွားဦးမည်ဖြစ်ကြောင်း ကုမန့်ကို ကြိုပြောပြထားသောကြောင့် အခုလိုဖုန်းဆက်သည်က ကုနင်းအိမ်ပြန်ရောက်နေခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။
“ဟုတ် ပြန်ရောက်ပြီ၊ အမေရော အခုဘယ်မှာလဲ? ဘာတွေဖြစ်နေကြတာလဲ?”
“အမေ အခုဝမ်ဆူးဖန်ရဲ့အိမ်မှာ။ သမီးလာကြိုပေးပါလား။” ကုမန့်ပြောရင်းဖြင့် ကုနင်းကို အိမ်လိပ်စာပေးလိုက်သည်။ ပုံမှန်ဆိုလျှင် ကုနင်းကို အလုပ်ရှုပ်ခံပြီး လာကြိုခိုင်းလိမ့်မည်မဟုတ်ပေမည့် အခုချိန်တွင်တော့ တစ်ခုခုအခက်အခဲရှိနေခြင်းကြောင့် ဖြစ်နိုင်လေသည်။
ကောင်းယိနှင့်ချောင်ယသည်က အခြားမြို့တွင် ရှိနေခြင်းကြောင့် ကားကို ကားပါကင်တွင် ရပ်ထားခဲ့လေသည်။
ကုနင်းလဲ ချက်ချင်းအိမ်မှပြန်ထွက်လိုက်ကာ ကားပါကင်သို့သွားလိုက်ပြီးနောက် ကုမန့်ရှိရာသို့ ကားကို အလျင်အမြန်မောင်းနှင်သွားလိုက်သည်။
၁၀မိနစ်အကြာတွင်ပဲ ကုနင်း ဝမ်ဆူးဖန်၏အိမ်ရှိရာသို့ရောက်သွားခဲ့သည်။ ထိုနေရာသည် ပျက်စီးအိုဟောင်းနေသောလမ်းသွယ်တစ်ခုဖြစ်ကာ ဝမ်ဆူးဖန်၏ သေးငယ်သည့်နှစ်ထပ်တိုက်လေး အပြင်ဘက်တွင်တော့ စပ်စုနေသူများစွာရှိနေခဲ့သည်။
အိမ်ထဲမှထွက်ပေါ်လာသည့် အချို့သောအသံများကြောင့် အခြေအနေမကောင်းကြောင်းသိသာလှသည်။ တစ်ဖက်အမျိုးသားက အသံကိုတမင်ပိုကျယ်အောင် အော်ဟစ်ပြနေသောကြောင့် အပြင်ဘက်မှလူများ အလွယ်တကူကြားနေရလေသည်။
“ဝမ်ဆူးဖန်၊ မင်း ငါနဲ့လက်ထပ်ပြီးတာပဲ ၁၀နှစ်မကတော့ဘူး။ ငါ့အတွက်သားယောက်ျားလေးတစ်ယောက်တောင် မမွေးပေးနိုင်တဲ့အပြင် ဖောက်တောင် ဖောက်ပြန်နေတယ်တဲ့လား?” ထိုအမျိုးသားသည် တမင်ကို အခြားသူများကြားစေရန် အော်ဟစ်နေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် လူအများသည် သူတို့၏ရှက်စရာအတွင်းရေးပြဿနာများကို အခြားလူများမသိစေရန်အတွက် အသံကို တိုးနိုင်သမျှတိုးကာ ဆွေးနွေးတတ်ကြပေမည့် ဤလူသည်တော့ ပြောင်းပြန်ပင်။
ထိုလူ၏ပြောစကားများ အမှန်ဟုတ်မဟုတ်ကိုတော့ ကုနင်းမသိပေမည့် တမင်လျှောက်ပြောနေခြင်းဖြစ်ဖို့ ပိုများလေသည်။ ထိုလူက တမင်ကို အော်ကြီးဟစ်ကျယ်ဖြင့် အပြစ်ကိုလွှဲချရင်း ကွာရှင်းလျှင် သူ့ဘက်က အကျိုးအမြတ်ပိုရစေရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ကုနင်းယုံကြည်နေမိသည်။
မည်သို့ပင်ဖြစ်စေ ကုနင်းအနေဖြင့် ပြဿနာအခြေအနေအား သေချာမသိသေးသောကြောင့် လွယ်လွယ်ကောက်ချက်ချဦးမည်မဟုတ်ပေ။ သူမ အိမ်တံခါးဆီသို့လျှောက်သွားရင်းဖြင့် အထဲမှ အခြေအနေများကိုသိစေရန် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ကြည့်လိုက်သည်။ အထဲတွင်တော့ ကုမန့်က ဝမ်ဆူးဖန်၏ပုခုံးမှနေပြီး ဖက်ထားပေးကာ ဆိုဖာပေါ်တွင် ထိုင်နေကြပြီး ဝမ်ဆူးဖန်မှာ ငိုယိုရင်းဖြင့် တစ်ကိုယ်လုံးတုန်ရီလို့နေပြီး ကုမန့်၏စိတ်အခြေအနေသည်တော့ တော်တော်လေးမကောင်းလှပေ။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင်တော့ အမျိုးသားတစ်ဦးက ဝမ်ဆူးဖန်အား စူးစိုက်ကာကြည့်လို့နေသည်။
“ယန်တကျီ၊ ဆူးဖန်ဘက်က အစကတည်းက ရှင်နဲ့ ကွာရှင်းပေးဖို့သဘောတူပေးပြီးနေပြီပဲ။ ဘာလို့ သူ့ကို အော်ဟစ်နေရသေးတာလဲ? ခနနေရင် ကျွန်မသမီးလာကြိုပေးတော့မှာပါ။” ကုမန့်ပြောလိုက်သည်။
ယန်တကျီအားရင်ဆိုင်ပြောရာတွင် ကုမန့်အနည်းငယ်ကြောက်ရွံ့နေမိသော်လည်း သူမ၏အခင်ဆုံးသူငယ်ချင်းဖြစ်သည့် ဝမ်ဆူးဖန်ကို ကာကွယ်ပေးရန်အတွက် အားခဲကာပြောလိုက်လေသည်။
***
အခန်း ၅၀၈
အပြစ်မဲ့သည့် အမျိုးသမီး
“မနက်ဖြန်ကျ တရားရုံးမှာတွေ့မယ်!” ယန်တကျီ နှာခေါင်းရှုံလိုက်ကာ ဆက်ပြီးမအော်ဟစ်တော့ပေ။
တံခါးက ဟထားသောကြောင့် ကုနင်း ကိုယ့်ဘာသာ တွန်းဖွင့်ပြီးသာ ဝင်သွားလိုက်သည်။
“ဘယ်သူလဲ?” ယန်တကျီဒေါသတကြီးအော်လိုက်သည်။
ကုနင်း အထဲသို့ဝင်လာသည်ကိုမြင်သည်နှင့် ကုမန့်ကချက်ချင်းပင်။
“အဲ့ဒါကျွန်မသမီး။”
ဝမ်ဆူးဖန်လဲ ကုနင်းကိုမြင်လိုက်ရပြီး ကသိကအောက်ဖြစ်သွားကာ စိတ်ကိုထိန်းပြီး မျက်ရည်များကို အလျင်အမြန်သုတ်လိုက်သည်။
ယန်တကျီသည်တော့ ကုနင်းကို တချက်သာကြည့်လိုက်ပြီးနောက် ဝမ်ဆူးဖန်ဘက်ပြန်လှည့်သွားကာ၊
“ငါ့အိမ်ထဲကနေ အခုချက်ချင်းထွက်သွားစမ်း! မနက်ဖြန် တရားရုံးမှာငါ့ကိုလာတွေ့ဖို့လဲ မေ့မနေနဲ့ဦး!”
“ယန်တကျီ နင်တစ်နေ့နောင်တရလိမ့်မယ်။” ကုမန့် ယန်တကျီအား စိုက်ကြည့်ကာပြောလိုက်ပြီးနောက် ဝမ်ဆူးဖန်နှင့် ခရီးဆောင်အိတ်ကို ဆွဲကာ ထွက်လာခဲ့သည်။
ကုနင်း ကုမန့်အားကူညီပြီး ခရီးဆောင်အိတ်အား ဆွဲပေးလိုက်ကာ သုံးယောက်သား ထိုအိမ်ထဲမှ ထွက်လာခဲ့ကြသည်။
အိမ်နီးနားချင်းများသည်တော့ ဝမ်ဆူးဖန်အပေါ် အထင်မြင်သေးသည့် အရိပ်အယောင်များ မဖော်ပြေပေ။ အကြောင်းသည်တော့ သူတို့ချင်းသည် နှစ်ပေါင်းများစွာ အိမ်နီးနားချင်းဖြစ်ခဲ့ကြပြီး ဝမ်ဆူးဖန်ဘယ်လိုလူစားမျိုးလဲ ဆိုသည်ကိုသိထားပြီးဖြစ်သောကြောင့် အထင်သေးမည့်အစား ဝမ်ဆူးဖန်အား သနားပင်သနားမိနေကြသေးသည်။ ယန်တကျီသည် သစ္စာရှိသည့် ယောက်ျားတစ်ယောက်မဟုတ်ပေ။ ကိုယ်တိုင်ကလဲ ငွေရှာနိုင်သည့် အရည်အချင်းမရှိသလို ဇနီးဖြစ်သူအပေါ်ကိုတောင်မှ ဖောက်ပြန်ခဲ့သေးသည်။ အိမ်နီးချင်းများသည် ဤနှစ်များအတွက် ယန်တကျီ အခြားအမျိုးသမီးတစ်ဦးနှင့် ချစ်သူရည်းစားကဲ့သို့ ပူးပူးကပ်ကပ်ရှိနေကြခြင်းအား တစ်ကြိမ်မက တွေ့ဖူးမြင်ဖူးထားကြပြီးဖြစ်သည်။ ထို့အတွက်ကြောင့် အိမ်နီးချင်းအားလုံးသည် ဝမ်ဆူးဖန်ဘက်မှဖြစ်ကာ တကယ်တမ်း ဖောက်ပြန်သူမှာ ယန်တကျီဖြစ်မည်ဟုပင် ယုံကြည်ထားကြလေသည်။
ကားထဲဝင်ထိုင်ပြီးသည်နှင့် ကုမန့်က၊
“နင်းနင်း၊ အိမ်ကိုပဲတန်းပြန်ကြတာပေါ့။ ဆူးဖန်လဲ အမေတို့နဲ့လိုက်နေလိမ့်မယ်။”
“ရတာပေါ့။” ဝမ်ဆူးဖန်သည် ကုမန့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ကြောင်း ကုနင်းနားလည်လေသည်။ လွန်ခဲ့သည့်လများက ကုမန့် စက်ရုံတွင် မတော်တဆဖြစ်တုန်းက ဝမ်ဆူးဖန်ကသာ သူမကို ကူညီပေးခဲ့သောကြောင့် ကုနင်းလဲ ဝမ်ဆူးဖန်၏အကူအညီအပေါ် အမြဲအမှတ်ရနေခဲ့သည်။
“အလုပ်ရှုပ်မခံကြပါနဲ့။ ဒီရက်ပိုင်း ငါဟိုတယ်တစ်ခုမှာပဲသွားနေလိုက်ပါ့မယ်။ ကွာရှင်းဖို့ကိစ္စအားလုံးပြီးသွားရင်တော့ တိုက်ခန်းတစ်ခန်းရှာနေလိုက်မယ်လေ။” ကုမန့်အပေါ် ထပ်ပြီးဒုက္ခမပေးလိုက်သောကြောင့် ဝမ်ဆူးဖန်ငြင်းပယ်လိုက်သည်။
“နင်ကဟိုတယ်မှာနေမလို့ပေါ့? သပ်သပ်မဲ့ပိုက်ဆံဖြုန်းတီးတာပဲ။ အိမ်မှာ ငါနဲ့နင်းနင်းနှစ်ယောက်ပဲရှိတာ၊ နင်လာနေလိုက်လို့ဘာမှမဖြစ်သွားဘူး။” ကုမန့်ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ သမီးတို့နဲ့ပဲလိုက်နေလိုက်ပါ။” ကုနင်းကပါ ဝင်ပြီးတိုက်တွန်းလိုက်သည်။
ဝမ်ဆူးဖန်လဲ ခနလောက်ပြန်တွေးကြည့်ပြီးနောက် လက်ခံလိုက်တော့သည်။ ကုမန့်ပြောသည်မှာ မှန်ပေသည်။ ဟိုတယ်တွင်နေပါက ငွေအများအပြားကုန်ကြမည်ဖြစ်ပြီး သူမတွင်လဲ အခုလတ်တလော ငွေများများစားစားရှိမနေပေ။ ထို့အပြင် သူမတွင် သမီးတစ်ယောက်လဲရှိနေသေးသည်။ ထို့ကြောင့် ဝမ်ဆူးဖန် ကုမန့်နှင့်ကုနင်း၏တိုက်တွန်းမှုကို လက်ခံပြီး ကျေးဇူးတင်စကားသာပြောလိုက်တော့သည်။
“ရပါတယ်။ ဒါနဲ့၊ အခုဘာတွေဖြစ်နေတာလဲဆိုတာ သမီးသိလို့ရလား?” ကုနင်းမေးလိုက်ခြင်းဖြစ်သည်။
ယခုပြဿနာသည် ဝမ်ဆူးဖန်၏ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကာ ကုနင်းဝင်ပါဖို့ရန် မသင့်တော်သော်လည်း ကုမန့်ပင်လျှင် ဝင်ပါပြီးနေပြီဖြစ်သောကြောင့် သူမအနေဖြင့် ဘေးထွက်ရပ်မနေလိုတော့ပေ။ ကုမန့်သာ ဝမ်ဆူးဖန်အား ကူညီချင်လျှင် သူမဘက်ကလဲ အကောင်းဆုံးပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။
နောက်ရက်များအတွင်း ကုနင်း၏အကူအညီကို ကုမန့်လိုဦးမည်ဖြစ်သောကြောင့် ဝမ်ဆူးဖန်နှင့်ပတ်သတ်သမျှ ကိစ္စအလုံးစုံကို ပြောပြလိုက်တော့သည်။
ယန်တကျီနှင့် ဝမ်ဆူးဖန်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ချစ်မြတ်နိုးခြင်းမရှိသော်လည်း အစပိုင်းတွင် ကွာရှင်းဖို့ရန်အထိတော့ စိတ်ကူးမရှိကြပေ။ သို့ပေမည့် သူမတို့နေသည့်လမ်းအား ပြန်လည်တည်ဆောက်ရေးလုပ်မည်ဖြစ်ကာ အိမ်ပိုင်ရှင်များအား ယွမ်သန်းချီကာ လျော်ကြေးပေးမည့်သတင်းကို ယန်တကျီကြားလိုက်ရချိန်တွင်တော့ ချက်ချင်းပင် ဝမ်ဆူးဖန်နှင့် ကွာရှင်းရန်အကြံရသွားပြီး ထိုငွေများဖြင့် သူ့ဘဝကို သက်သောင့်သက်သာဖြတ်သန်းနိုင်ရန်ကြံစည်တော့သည်။
ယန်တကျီအနေနှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့သည့်ဇနီးဖြစ်သူအား ကွာရှင်းလိုလျှင် အကြောင်းပြချက်ကောင်းတစ်ခုရှိဖို့ရန်လိုအပ်လေသည်။ ထို့အတွက်ကြောင့် သူ၏ယောက်ျားလေးသူငယ်ချင်းဖုန်းကို အသုံးပြုကာ ဝမ်ဆူးဖန်ထံသို့ အမည်မဖော်သည့် စာများစွာပို့ကာ ဝမ်ဆူးဖန်ကို ‘ဖောက်ပြန်သည်’ ဟု စွပ်စွဲခဲ့သည်။
ဝမ်ဆူးဖန်သည်က သာမန်ာအမျိုးသမီးတစ်ဦးသာဖြစ်သော်လည်း ဂုဏ်သိက္ခာရှိသူဖြစ်သည်။ သူမ၏ခင်ပွန်းက သူမအပေါ် အကြိမ်များစွာ ဖောက်ပြန်လိမ်လည်ထားခဲ့ကာ သူမနှင့်ကွာရှင်းချင်၍ သူမ၏ကိုယ်ကျင့်တရားကို မတရားစွပ်စွဲခဲ့သော်လည်း သူမကတော့ ဤအိမ်ထောင်ရေးအား ပြန်လည်အဖက်ဆယ်ဖို့ရန် မကောင်းတော့ဟု တွေးမိသောကြောင့် သဘောတူခဲ့သည်။
ယန်တကျီသည် ဇနီးအသစ်တစ်ယောက်ကိုလက်ထပ်ယူကာ သားတစ်ယောက်မွေးရန် စိတ်ဆုံးဖြတ်ထား၍ သူ၏သမီးဖြစ်သူကိုလဲ စွန့်ပစ်ခဲ့သည်။ ယခုတော့ ဝမ်ဆူးဖန်၏သမီးသည် ကျောင်းတွင်သာ နေထိုင်လေသည်။
ထိုအကြောင်းအရာများအားကြားပြီးနောက် ကုနင်းသည်လဲ ငွေအတွက်နှင့် ဇနီးနှင့်သမီးကို စွန့်ပစ်သည့် ယောက်ျားများအာ မုန်းတီးသူဖြစ်၍ အလွန်ဒေါသထွက်သွားတော့သည်။ ဝမ်ဆူးဖန် ထိုလူနှင့်ကွာရှင်းလိုက်ခြင်းက ကောင်းသောအရာပင်ဖြစ်သည်။
အခုချိန်တွင် ကုမန့်တို့ချမ်းသာသွားပြီမှန်း ဝမ်ဆူးဖန်သိထားပြီးဖြစ်သော်လည်း ကုမန့်၏လှပသော တိုက်ခန်းအတွင်းသို့ ဝင်သွားမိချိန်တွင်တော့ အံ့ဩရစဲပင်။
ကုနင်း ဝမ်ဆူးဖန်အတွက် ရေတစ်ခွက်ငှဲ့ပေးကာ ထိုထဲသို့ စွမ်းအင်သလင်းကျောက်ကိုလဲ တိတ်တဆိတ်ထည့်ပေးလိုက်သည်။ ဝမ်ဆူးဖန် အလွန်စိတ်သောကရောက်နေကာ ကောင်းကောင်းလဲမအိပ်ရသောကြောင့် အခြေအနေမကောင်းလှသည်ကို ကုနင်းသတိထားမိခဲ့သည်။ စွမ်းအင်သလင်းကျောက်ပါသည့် ရေကို ဝမ်ဆူးဖန်သောက်ပြီးချိန်တွင်တော့ အလွန်နေလို့ကောင်းသွားခဲ့သည်။ သို့ပေမည့် စွမ်းအင်သလင်းကျောက်သည့် ဝမ်ဆူးဖန်၏စိတ်အခြေအနေကိုတော့ ကုသမပေးနိုင်ခဲ့ပေ။
ဧည့်ခန်းထဲတွင် ကုမန့်နှင့်ဝမ်ဆူးဖန်တို့စကားထိုင်ပြောနေကြစဉ် ကုနင်းသည်တော့ ဧည့်သည်ခန်းအား ပြင်ဆင်ပေးနေသည်။ သူမတို့အိမ်တွင် ဧည့်သည်တစ်ခါမှလာမတည်းဖူးသောကြောင့် ဧည့်သည်ခန်းထဲမှ မွေ့ယာမှာ ဖောက်ပင်မဖောက်ရသေးပေ။
ခနအကြာတွင်တော့ ဝမ်ဆူးဖန်အတွက် အခုချိန်တွင် အနားယူဖို့ရန်က အရေးကြီးဆုံးဖြစ်၍ ကောင်းကောင်းအနားယူလိုက်ရန် ကုမန့်ပြောလိုက်သည်။ ဝမ်ဆူးဖန်သည် တစ်ကိုယ်တည်းသမားမဟုတ်ဘဲ သူမတွင် ထောက်ပံ့ပေးရမည့် သမီးတစ်ယောက်လဲ ရှိလို့နေသေးသည်။ ဝမ်ဆူးဖန် ပြိုလဲသွား၍မဖြစ်သလို သူမသည်လဲ စိတ်မာသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမဘယ်လောက်ပင် ကြေကွဲနေပါစေ ဘဝကိုအရှုံးပေးမည်မဟုတ်ဘဲ သူမသမီး၏ဘဝကောင်းမွန်ဖို့ ခရီးလမ်းကြောင်းအတွက်ကိုသာ တွေးတောနေခဲ့သည်။
ဝမ်ဆူးဖန် အိပ်ပျော်သွားချိန်တွင်တော့ ကုမန့်က ၊
“နင်းနင်း၊ ဆူးဖန်က အမေ့ရဲ့သူငယ်ချင်းကောင်းလေ၊ အခုသူလဲ ဒုက္ခရောက်နေတယ်။ အမေတို့တတ်နိုင်သလောက်ပေးသင့်တယ်လို့ အမေတို့ထင်တယ်။”
“အမေ၊ ဘယ်လိုစီစဉ်ချင်လဲ?” ကုနင်းပြန်မေးလိုက်သည်။
“သူ့မှာ ငွေသိပ်မရှိဘူး။ ဒီတော့ သူနေဖို့ တိုက်ခန်းအသစ်ရှာနိုင်အောင် ပိုက်ဆံနည်းနည်းချေးပေးရအောင်။ ပြီးတော့ စက်ရုံအလုပ်ကလဲ ပင်ပန်းတယ်၊ ဒါကြောင့် အမေတို့အလှပြင်ဆိုင်မှာပဲ အလုပ်ခန့်လိုက်ချင်တယ်။ လောလောဆယ်တော့ သူတတ်ထားတာသိပ်မရှိပေမည့် သင်ယူလို့ရပါတယ်။ လစာကိုလဲ အမေတို့မြင့်မြင့်လေးပေးလိုက်မယ်လေ။ သမီး ဘယ်လိုသဘောရလဲ?”
“ဒီအကြံကောင်းသားပဲ။”
ကုမန့်သာ ထန်ယွင်ဖန်းနှင့်အတူ ပြန်နေမည်ဆိုလျှင် သူမလဲ Bမြို့သို့လိုက်သွားရမည်ဖြစ်ပြီး ကုချင်တစ်ယောက်သာ အလှပြင်ဆိုင်အား ထိန်းသိမ်းရတော့မည်ဖြစ်သည်။ ဝမ်ဆူးဖန်သာ အလုပ်ဝင်လိုက်ပါက ကုမန့်မရှိသည့်အခါ ကုချင်ကို ကူညီပေးနိုင်ပေသည်။
“ဒါနဲ့၊ အမေ တွေ့ဖို့အတွက် စိတ်ကိုပြင်ဆင်ထားပြီးပြီလား?” ကုနင်း နာမည်ကိုထည့်မပြောသော်လည်း ထန်ယွင်ဖန်းကို ဆိုလိုခြင်းဖြစ်ကြောင်း သိသာပေသည်။ မနက်ဖြန်ဆိုလျှင် ထန်ယွင်ဖန်း Fမြို့သို့လာတော့မည်ဖြစ်ပြီး ဤပြဿနာကြီး မြန်မြန်ပြေလည်သွားဖို့ရန်လဲ ကုနင်းမျှော်လင့်သည်။ ထို့အပြင် ဤရက်များအတွင်း ကုမန့်လဲ သူမစိတိကို ပြင်ဆင်ပြီးလောက်ပေပြီ။
ကုမန့်ရုတ်တရက်ကြောင်အသွားရကာ၊
“ဒါက ၊ အမေတို့တွေ့လို့ရမှာပါ။”
နောက်တစ်နေ့တွင်တော့ ကုနင်း ကျောင်းသို့သွားကာ သူမ၏သူငယ်ချင်းအားလုံးလဲ သူမကို လာတွေ့ကြသည်။
“ဘော့စ်၊ မင်းတို့ Dမြို့မှာ ဘာတွေလုပ်ကြတာလဲ? ဘာလို့ ငါတို့ကိုလျှို့ဝှက်ထားတာလဲ?” ချင်ကျီရွှမ်းက ချက်ချင်းပင် မေးမြန်းလိုက်သည်။
***
အခန်း ၅၀၉
ထန်ယွင်ဖန်း ကားမတော်တဆဖြစ်ခြင်း ၁
ကုနင်း၊ ချူးဖေ့ဟန်၊ ဟောင်ရန်နှင့် ကျန်းထန်ပင်းတို့ Dမြို့တွင် ဘာသွားလုပ်ကြမှန်း ကျန်သူငယ်ချင်းများ မခန့်မှန်းနိုင်ကြသောကြောင့် အလွန်သိချင်နေကြလေသည်။
“ဟုတ်တယ်၊ ဘော့စ်၊ ဘာလို့တစ်ယောက်တည်းပြန်လာတာလဲ? ကျန်တဲ့လူတွေရော?” မုခယ်ကပါ မေးလိုက်သည်။
“သူတို့အခု ဇာတ်ကားရိုက်နေကြတယ်။ နောက်တစ်ပတ်လောက်အထိ ပြန်လာဦးမှာမဟုတ်ဘူး။” ကုနင်းပြန်ဖြေလိုက်သည်။
ကုနင်း၏စကားကြောင့် အားလုံး အလွန်အံ့အားသင့်သွားကာ၊
“ဘာ? ဇာတ်ကားရိုက်နေတယ်?”
“ဖေ့ဟန်က သရုပ်ဆောင်ရတာကြိုက်တဲ့လူဆိုတော့ သူဇာတ်ကားရိုက်လဲဆိုတာ နားလည်ပေးလို့ရပေမယ့် ဟောင်ရန်နှင့် ကျန်းထန်ပင်းကရော အဲ့မှာဘာလိုက်လုပ်တာလဲ?” မုခယ်နားမလည်နိုင်ဖြစ်သွားသည်။
“ဟုတ်သားပဲ၊ ဘာလို့ငါ့ကျတော့မပြောတာလဲ? ပျော်စရာကောင်းမယ့်ပုံပဲ။ ငါသရုပ်ဆောင်တော့ သိပ်မကောင်းပေမယ့် သူတို့ထက်တော့ ပိုကောင်းမှာသေချာတယ်။” ချင်ကျီရွှမ်းကလဲ ဝင်ပြောလိုက်သည်။
“အရေးပေါ်အခြေအနေဖြစ်နေလို့ သူတို့လာကူညီပေးကြတာ။ သူတို့ရဲ့အချိန်တွေအများကြီးကို ရိုက်ကူးရေးအတွက် သုံးမိလို့တောင် ငါစိတ်မကောင်းဖြစ်နေရတာကို နင်တို့အချိန်တွေကိုပါ ထပ်မဖြုန်းချင်ပါဘူး။”
“ဘာပဲဖြစ်ဖြစ်၊ ဘာလို့ ငါတို့ကျမပြောဘဲ သူတို့ကိုပဲခေါ်သွားရတာလဲ?” ချင်ကျီရွှမ်းသည်တော့ သူ့ကို အဖတ်မလုပ်သလိုခံစားရ၍ မကျေမနပ်ဖြစ်နေသည်။
ကုနင်းရယ်လိုက်မိကာ၊
“နင်ပဲကျောင်းသားကောင်းတစ်ယောက်လုပ်တော့မယ်လို့မပြောဘူးလား? ငါသာနင့်ကိုခေါ်လိုက်ရင် နင်စာလုပ်တာအနှောက်အယှက်ဖြစ်သွားမှာပေါ့။”
ချင်ကျီရွှမ်း ဆွံ့အသွားကာ မည်သို့ပြန်ပြောရမလဲဆိုသည်ကို မသိတော့ပေ။ သူ့အတွက် ကျောင်းတစ်ပတ်နှစ်ပတ်လောက်ပျက်ခြင်းကမပြောပလောက်ပေမည့် သူကိုယ်တိုင်ကိုက ကျောင်းသားကောင်းတစ်ယောက်လုပ်တော့မည်ဟု ကြွေးကြော်ထားခြင်းဖြစ်၍ ကုနင်းသူ့ကိုမခေါ်ခြင်းမှာ ကြောင်းကျိုးညီညွတ်နေလေသည်။
ကျန်သူငယ်ချင်းများလဲ ချက်ချင်းပင် ချင်ကျီရွှမ်းအားရယ်နေတော့သည်။
“ဘာပဲဖြစ်ဖြစ်၊ ဘော့စ်သာ ငါတို့ကိုလိုရင် ကိစ္စမရှိပါဘူး။ ကျောင်းတစ်ပတ်နှစ်ပတ်လောက်ပျက်သွားလဲ ဂရုစိုက်စရာမှမလိုတာ။” မုခယ်ကပဲ ဝင်ပြောလိုက်ရသည်။
“ဟုတ်ပါပြီ။ အတန်းလဲစတော့မယ်။ ကိုယ့်အခန်းကိုပြန်ကြရအောင်။” ကုနင်း အားလုံးကို လူစုခွဲခိုင်းလိုက်သည်။
ပြီးခဲ့သည့်ညက ဝမ်ဆူးဖန် ပုံမှန်နှင့်မတူစွာ ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။ သူမတစ်ညလုံးအိပ်မပျော်နိုင်ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာဘဲ ကလေးတစ်ယောကနှယ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။ ထို့ကြောင့် နောက်တစ်နေ့ ဝမ်ဆူးဖန်နိုးလာချိန်တွင် ပင်ပန်းနွမ်းနယ်နေဟန် လုံးဝမပေါ်တော့ပေ။
ထိုသို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားနိုင်ခြင်းမှာ ကုနင်း၏စွမ်းအင်သလင်းကျောက်ကြောင့်ဖြစ်ပေမည့် ဝမ်ဆူးဖန်၏ ပူဆွေးနေမှုသည်တော့ ပျောက်ကွယ်မသွားပေ။
ဝမ်ဆူးဖန် ဧည့်သည်အခန်းထဲမှ ထွက်လာချိန်တွင် ကုမန့်က မနက်စာပင် ပြင်ဆင်လို့ပြီးနေပြီဖြစ်သောကြောင့် အနည်းငယ်ရှက်ရွံ့သွားရသည်။
မနက်စာစားနေစဉ်အတွင်း ကုမန့်က ဝမ်ဆူးဖန်ကို စက်ရုံအလုပ်မှနှုတ်ထွက်ရန်ဖျောင်းဖျတော့သည်။ ဝမ်ဆူးဖန်၏ မာနကို မထိပါးမိစေရန်အတွက် တစ်ဖက်လှည့်နှင့် သူမဆိုင်တွင် အကူညီလိုခြင်းကြောင့် လာလုပ်ပေးပါဟုပြောလိုက်သည်။
ဝမ်ဆူးဖန်သည်လဲ ကုမန့်သူမကို ကူညီပေးလိုကြောင်းနားလည်ပေမည့် ငြင်းဆန်လိုသော်လည်း နောက်ဆုံးတွင်တော့ ကုမန့်အတင်းအကြပ်တိုက်တွန်းသောကြောင့် လက်ခံခဲ့ရသည်။
၉နာရီလောက်တွင်တော့ ဝမ်ဆူးဖန်နှင့်အတူ တရားရုံးသို့ ကုမန့်ရော ကုချင်ပါလိုက်သွားပေးခဲ့သည်။
ကုမန့်နှင့်စပ်ဆက်၍ ကုချင်သည်လဲ ဝမ်ဆူးဖန်နှင့်ရင်းနှီးကာ ဝမ်ဆူးဖန်အတွက် သနားမိလေသည်။ သို့ပေမည့် ဝမ်ဆူးဖန် မြန်မြန်ကွာရှင်းလိုက်ခြင်းကလဲ သူမအတွက်ပိုကောင်းမည်ဟုလဲ ယုံကြည်လေသည်။
ထို့နောက် ကုမန့်က ဝမ်ဆူးဖန်လဲ အလှပြင်ဆိုင်အတွင် အတူတူအလုပ်လုပ်မည့်အကြောင်းကုချင်ကို ပြောပြကာ ကုချင်လဲ သဘောတူခဲ့သည်။ ကုမန့်ရော ကုချင်ပါ ကားမမောင်းတတ်ကြသောကြောင့် တက္ကစီတစ်စီးငှားကာ ထွက်လာကြသည်။
သိပ်ပင်မကြာလိုက်ဘဲ ကွာရှင်းဖို့ရန် လိုအပ်သည့်စာရွက်စာတမ်းအလုံးစုံပြင်ဆင်လို့ပြီးသွားပေမည့် ဝမ်ဆူးဖန်တို့ဇနီးမောင်နှံ့သည် ဆင်းရဲသူများဖြစ်ပြီး ဝမ်ဆူးဖန်၏နာမည်ဖြင့် ပိုင်ဆိုင်မှုတစ်စုံတစ်ရာလဲ မရှိသောကြောင့် ယခုလိုကွာရှင်းလိုက်ချိန်တွင် ဝမ်ဆူးဖန်အတွက် ဘာဆိုဘာမှမကျန်ခဲ့ပေ။ ယန်တကျီသည်လဲ ဝမ်ဆူးဖန်အား တစ်ပြားတစ်ချပ်ပင် မပေးခဲ့ပေ။ ဝမ်ဆူးဖန်တွင် စက်ရုံမှရရှိထားသည့် လစာဝမ်ထောင်ဂဏန်းလောက်သာ ကျန်ရှိလေသည်။
ထို့နောက် ကုချင်၊ ကုမန့်တို့နှင့်ပဲ ဝမ်ဆူးဖန် အလုပ်ထွက်ရန်အတွက် စက်ရုံသို့သွားခဲ့သည်။ သူမတို့ စက်ရုံသို့ရောက်ချိန်တွင်ပဲ စက်ရုံထဲမှ ထွက်လာသည့် ရွှီရှင်းလန်နှင့် တည့်တည့်တိုးတော့သည်။
ရွှီရှင်းလန်တစ်ယောက် ကုမန့်ကိုမြင်လိုက်သည်နှင့် စိတ်အခြေအနေပြောင်းသွားကာ၊
“အိုး၊ ဒါကုမန့်မဟုတ်လား? ဘာလဲ? အလုပ်သစ်ရှာမရလို့၊ ဒီကိုပြန်လာတာလား? နင့်ကိုပြောလိုက်မယ်၊ ဘယ်တော့မှ အလုပ်ပြန်ရမှာမဟုတ်ဘူး။” ရွှီရှင်းလန်၏စရိုက်သည် မောက်မာရိုင်းစိုင်းလေသည်။
“ဒီကိုအလုပ်ပြန်လျှောက်ဖို့လာတယ်လို့ ရှင့်ကိုဘယ်သူပြောနေလို့လဲ?” ကုမန့် မျက်စံဝေ့လိုက်မိကာ၊
“ဆူးဖန်အလုပ်ထွက်မှာမို့လို့ ကျွန်မလိုက်ခဲ့ပေးတာ။”
“ဘာ? အလုပ်ထွက်မယ်?” ထိုစကားကြောင့် ရွှီရှင်းလန် အံ့အားသင့်သွားပေမည့် သူမအစောကပြောခဲ့သည့်စကားအတွက် မရှက်သွားခဲ့ပေ။ သူမသည် အရှက်တရားပင်မရှိလောက်သည်အထိကို မောက်မာရိုင်းစိုင်းသူတစ်ဦးဖြစ်လေသည်။
“သူက ဒီထက်ပိုကောင်းတဲ့အလုပ်မျိုး ရှာတွေ့သွားလို့လား?” ရွှီရှင်းလန်မေးလိုက်သည်။
“ဟုတ်တာပေါ့။” ကုမန့်ပဲ ပြန်ဖြေလိုက်ပြီးနောက် ရွှီရှင်းလန်အား လျစ်လျူရှုကာ ဝမ်ဆူးဖန်နှင့်အတူ စက်ရုံထဲသို့ဝင်သွားပြီး ကုချင်လဲ နောက်မှလိုက်သွားခဲ့သည်။
“နင်တို့….” ရွှီရှင်းလန်မှာ လျစ်လျူရှုခြင်းခံလိုက်ရသောကြောင့် ဒေါသထွက်သွားပေမည့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဝမ်ဆူးဖန် အောင်အောင်မြင်မြင်ဖြင့် အလုပ်ထွက်နိုင်ခဲ့သည်။ ထို့နောက် သူတို့သုံးယောက် အလှပြင်ဆိုင်သို့ ထွက်လာခဲ့ကြသည်။ အလှပြင်ဆိုင်ကို ပြန်လည်ပြင်ဆင်နေစဲဖြစ်သော်လည်း ကုမန့်နှင့်ကုချင်သည်တော့ နေ့တိုင်း သွားရောက်စစ်ဆေးလေသည်။
အလှပြင်ဆိုင်ပြင်ဆင်နေသည်များကို စစ်ဆေးပြီးနောက်တွင်တော့ ဝမ်ဆူးဖန်အား တိုက်ခန်းအသစ်ရှာပေးရန် စီစဉ်ထားကြသည်။
ဝမ်ဆူးဖန်သည်လဲ ကုမန့်နှင့်ကုနင်းအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုသောကြောင့် တိုက်ခန်းအသစ်အမြန်ဆုံးရှာနိုင်ချင်နေသည်။
သူမတို့ အလှပြင်ဆိုင်သို့သွားသည့်လမ်းတွင် ရုတ်တရက်ဆိုသလို အကြောင်းရင်းမရှိဘဲ ကုမန့်စိတ်ထဲ မသက်မသာခံစားလိုက်ရသည်။
တစ်ချိန်တည်းတွင်ပဲ ကုနင်းသည်လဲ ရှေ့ဖြစ်ပုံရိပ်တစ်ခုအားမြင်လိုက်ရသည်။ သူမ၏မြင်ကွင်းထဲတွင် လေဆိပ်မှထွက်လာသည့် အနက်ရောင်ကားတစ်စီးသည် နောက်မှပါလာသည့် ကုန်ကားကြီးတစ်စီးက ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ ထိုကားကို တိုက်ထုတ်သွားခဲ့လေသည်။ အရေးကြီးဆုံးအချက်သည်က ကားအနက်ရောင်၏နောက်ခန်းတွင် ထိုင်နေသူကို ကုနင်းမှတ်မိလိုက်ပြီး ထိုလူသည်က သွေးများဖြင့် ရွှဲရွှဲစိုနေသည့် ထန်ယွင်ဖန်းပင်ဖြစ်သည်။
ထိုမြင်ကွင်းအားမြင်လိုက်သည်နှင့် ကုနင်း အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သွေးမရှိတော့သလို ဖြူဖျော့သွားတော့သည်။ သူမရုတ်တရက် မတ်တပ်ထရပ်လိုက်သောကြောင့် ခုံတိုက်မိသံအကျယ်ကြီးပေါ်လာကာ အတန်းထဲမှ ကျန်လူများအားလုံးကို အံ့အားသင့်သွားစေသည်။
“တောင်းပန်ပါတယ်၊ ဆရာ၊ သမီးအရေးကြီးကိစ္စတစ်ခုရှိနေလို့။” ပြောရင်းဖြင့်ပင် ကုနင်း လွယ်အိတ်အား ကောက်လွယ်ကာ စာသင်ခန်းထဲမှ ကမန်းကတန်းထွက်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လုံးဝပျောက်သွားတော့သည်။
“ဆရာ၊ သမီးကိုလိုက်သွားခွင့်ပြုပါဦး။” ယွီမီရှီသည်လဲ ဆရာခွင့်ပြုသည်ကိုစောင့်မနေတော့ဘဲ ကုနင်းနောက်သို့ချက်ချင်းပြေးလိုက်သွားတော့သည်။ ကုနင်းသည် အမြဲလိုလိုအေးဆေးတည်ငြိမ်တတ်ပေမည့် ယနေ့တွင်တော့ စိတ်ကိုမထိန်းချုပ်နိုင်ဖြစ်နေသောကြောင့် တစ်ခုခုအရေးကြီးသည့် ကိစ္စဖြစ်နေခြင်းဖြစ်မည်။
ဆရာသည်လဲ ကုနင်းပုံစံက အလွန်စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း မြင်နေရသောကြောင့် သူမ၏ရိုင်းစိုင်းသည့် အပြုအမူအတွက် အပြစ်မတင်သလို ယွီမီရှီသည်လဲ ကုနင်း၏အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်သောကြောင့် သူမထွက်သွားသည်ကိုလဲ မတားခဲ့ပေ။
***
အခန်း ၅၀၉
ထန်ယွင်ဖန်း ကားမတော်တဆဖြစ်ခြင်း ၁
ရှောင်ဖေးဖေးနှင့် သူမသူငယ်ချင်းများမှလွဲ၍ ကျန်သည့် အတန်းဖော်များသည်လဲ ကုနင်းအတွက် စိုးရိမ်သွားကြသည်။ ရှောင်ဖေးဖေးတို့သူငယ်ချင်းအဖွဲ့သည်တော့ ကုနင်းမကောင်းတာတစ်ခုခုဖြစ်လေ ပို၍ ဝမ်းမြောက်ဝမ်းသာဖြစ်ကြလေပင်။
ကုနင်း စာသင်ခန်းထဲမှ ထွက်ပြီးသည်နှင့် ချက်ချင်းပင် ထန်ယွင်ဖန်းအားဖုန်းဆက်တော့သည်။ ထန်ယွင်ဖန်း ထိုကုန်တင်ကားကြီးအားရှောင်နိုင်ဖို့ရန် ကုနင်းမျှော်လင့်နေသည်။ သို့ပေမည့် သူမဆက်သွယ်လို့မရခဲ့ပေ။
ထို့ကြောင့် အခုချိန်တွင် ကုနင်းအနေဖြင့် ကားမတော်တဆမှုအား မဖြစ်ရန် တား၍မရတော့ကြောင်းသိလိုက်ကာ အခုချိန်တွင် ထိုမတော်တဆဖြစ်ရာနေရာသို့ သူမအမြန်ဆုံးသွားဖို့ တစ်နည်းသာရှိတော့သည်။ ထန်ယွင်ဖန်း အသက်ရှင်နေသ၍ သူမကယ်တင်ပေးနိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။
ကုနင်း ကျောင်းကစားကွင်းသို့ဖြတ်လျှောက်လာချိန်တွင် ကျောင်းအုပ်သည်လဲ ကားထဲမှ ထွက်လာသည်နှင့်ကြုံရသည်။ ကျောင်းအုပ်ကိုမြင်သည်နှင့် ကုနင်း ထိုနေရာသို့ အမြန်သွားလိုက်ကာ၊
“ကျောင်းအုပ်ကြီး သမီးကားခနယူသုံးလို့ရမလား? အရေးပေါ်အခြေအနေဖြစ်နေလို့ပါ။”
အရင်အချိန်တုန်းကဆိုလျှင် ကျောင်းအုပ်ကလဲ သူမကိုမသိသလို သေချာပေါက် သူ့ကားကိုငှားလိုက်မည်လဲမဟုတ်သောကြောင့် ကုနင်းဤသို့မေးမည်မဟုတ်ပေ။ သို့ပေမည့် ယခုအချိန်တွင်တော့ အရာအားလုံးကွဲပြားလို့သွားပြီဖြစ်သည်။ ရုတ်တရက်ဆန်ဆန် တောင်းဆိုလိုက်ခြင်းဖြစ်သော်လည်း ဤနည်းလမ်းကသာလျှင် မတော်တဆဖြစ်ရာနေရာသို့ အမြန်ဆုံးရောက်မည့်နည်းလမ်းဖြစ်လေသည်။
အစပိုင်းတွင်တော့ ကုနင်းရုတ်တရက်ရောက်လာကာ ကားငှားနေ၍ ကျောင်းအုပ်ကြီး အလိုမကျဖြစ်သွားသော်လည်း ကုနင်းပုံစံက အလွန်စိုးရိမ်ပူပန်နေပုံပေါက်သောကြောင့် သူလဲ ချက်ချင်းပင် ခွင့်ပြုလိုက်တော့သည်။
ကားသော့ကိုရပြီးသည်နှင့် ကုနင်းချက်ချင်းကားထဲသို့ဝင်ကာ အမြန်ဆုံးနှုန်းနှင့်မောင်းထွက်သွားသောကြောင့် ကျောင်းအုပ်ကြီးပင် ထိတ်လန့်သွားရတော့သည်။
ကုနင်းနောက်မှ လိုက်လာသည့် ယွီမီရှီသည်လဲ ကုနင်း ကားဖြင့်ထွက်သွားသည်ကို မြင်ကာ အလွန်အံ့အားသင့်သွားခဲ့သည်။ သို့ပေမည့် ကုနင်းထွက်သွားပြီဖြစ်သောကြောင့် သူမလဲ စာသင်ခန်းသို့သာပြန်လာခဲ့တော့သည်။ ကုနင်းကားအမြန်မောင်းသွားခြင်းဖြစ်သောကြောင့် ဖုန်းလဲ မဆက်ရဲခဲ့ပေ။ လောလောဆယ်တော့ ကုနင်းဘာမှမဖြစ်ဘဲ ဘေးကင်းစေဖို့သာ သူမအနေနှင့် ဆုတောင်းပေးနိုင်တော့သည်။
ကံကောင်းထောက်မစွာဖြင့်၊ ကားကြပ်သည့်အချိန်မဟုတ်သောကြောင့် နည်းနည်းပါးပါးသာ လမ်းရှုပ်လေသည်။ ကုနင်းသည်လဲ ကျွမ်းကျင်သည့် မောင်းနှင်သူတစ်ဦးဖြစ်သောကြောင့် ထိုရှုပ်ရှပ်ခတ်နေသည့် ကားများကို အရှိန်ပင် မလျှော့ဘဲ အလွယ်တကူ ရှောင်ရှားသွားနိုင်ခဲ့သည်။
အခြားသော ကားသမားများသည်လဲ ဤမျှရှုပ်နေသည့်လမ်းကြောင်းများအကြား မီးခိုးရောင် ကိုယ်ပိုင်ကားတစ်စီး အရှိန်မြန်မြန်ချောမွေ့စွာဖြင့် မောင်းနှင်သွားသည်ကို သတိထားမိကြကာ ဆဲဆိုကြပေမည့် ထိုမီးခိုးရောင်ကားပိုင်ရှင်၏ ကားမောင်းကျွမ်းကျင်မှုကိုတော့ အသိအမှတ်ပြုမိကြသည်။
လေဆိပ်သို့သွားသည့်လမ်းတစ်လျှောက် ထန်ယွင်ဖန်း ဖုန်းကိုင်ဖို့ရန်မျှော်လင့်ကာ ကုနင်းတောက်လျှောက် ဆက်သွယ်နေခဲ့သော်လည်း တစ်ဖက်က မအားသေးကြောင်းသာပြောနေခဲ့သည်။ ထိုအချိန်တွင်တော့ ကုနင်း အမှန်တကယ်ငိုချင်လာမိသည်။ သူမ ထန်ယွင်ဖန်းနှင့် အလွန်မရင်းနှီးသော်လည်း ဖအေနှင့်သမီးဖြစ်နေကြစဲပင်။ ထို့အပြင် ထန်ယွင်ဖန်းသည် သူမအပေါ် ကောင်းကောင်းဆက်ဆံကာ သူမလဲ ထန်ယွင်ဖန်းကဲ့သို့သော အဖေမျိုး ရှိနေသည့်အတွက် ပျော်ရွှင်မိခဲ့သည်။ ထို့ကြောင့် ထန်ယွင်ဖန်းလဲ အလောင်းကိုတော့ သူမမမြင်ချင်သေးပေ။
ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ သမီးတို့ကိုမထားသွားပါနဲ့၊ ကုမန့် အမေကလဲ အဖေ့ကိုလိုအပ်နေသေးတယ်၊ သမီးလဲ အဖေ့ကိုလိုအပ်သေးတယ်. သမီးတို့အခုထိ မိသားစုအဖြစ်ပြန်မဆုံကြရသေးဘူး။ ဒီလိုပုံစံမျိုးနဲ့တော့ အဖေ့ကို မဆုံးရှုံးချင်ဘူး!
Bမြို့ရှိ ထန်ယွင်ဖန်း၏ရုံးခန်းထဲမှ စားပွဲတွေင်တော့ ချွမ်မင်ခိုင်ထိုင်နေကာ ထန်ယွင်ဖန်းနှင့် စီးပွားရေးကိစ္စများ ဖုန်းဆက်လို့ပြောနေသည်။ ရုတ်တရက်ဆိုသလိုပဲ ဖုန်းထဲမှနေပြီး ကျယ်လောင်သည့်အသံတစ်ခုကြားလိုက်ကာ ထန်ယွင်ဖန်း၏အသံသည်လဲ ရုတ်ရက်ပြတ်တောက်သွားခဲ့သည်။
ချွမ်မင်ခိုင်၏နှလုံးတစ်ခုလုံး တင်းကြပ်တုန်လှုပ်သွားကာ၊
“ဟဲလို၊ ဘော့စ်? ကျွန်တော်ပြောတာ ကြားရရဲ့လား?”
သို့ပေမည့် တစ်ဖက်မှ ထန်ယွင်ဖန်း၏အသံကို လုံးဝမကြားရတော့သောကြောင့် တစ်ခုခုတော့ ဖြစ်နေပြီမှန်း ခန့်မှန်းမိသွားကာ ချက်ချင်းပင် နောက်ဖုန်းတစ်လုံးနှင့် တခြားတစ်ယောက်အားဆက်လိုက်ပြီး၊
“ဝေ့လွင်၊ ဘော့စ် ကားမတော်တဆဖြစ်တယ်နဲ့တူတယ်။ မင်းကုမ္ပဏီမှာနေလိုက်ဦး၊ ငါဘော့စ်ကို သွားရှာလိုက်ဦးမယ်။” ချွမ်မင်ခိုင် စိုးရိမ်ပူပန်ခြင်းများစွာဖြင့်ပြောလိုက်သည်။
ယန်ဝေ့လွင်သည် ထန်ယွင်ဖန်း၏နောက်ထပ် အတွင်းရေးမှူးတစ်ယောက်ဖြစ်သည်။ သူရော ချွမ်မင်ခိုင်ပါ ထန်ယွင်ဖန်း၏ ယုံကြည်ရသောလက်ထောက်များဖြစ်ပေမည့် သူသည်တော့ ကုနင်းနှင့် ထန်ယွင်ဖန်းကြားမှ ဆက်နွယ်မှုကို မသိထားသေးပေ။
“ဘာ?” ယန်ဝေ့လွင်လဲ အလွန်ထိတ်လန့်သွားကာ၊
“ရတယ်၊ ရတယ်၊ ငါကုမ္ပဏီကို ကြည့်ထားလိုက်မယ်။”
ထို့နောက် ချွမ်မင်ခိုင် လေဆိပ်မှ သူ့သူငယ်ချင်းတစ်ယောက်ဆီသို့ ဖုန်းဆက်ကာ Fမြို့သို့သွားသည့် အစောဆုံးလေယာဉ်လက်မှတ်တစ်စောင့်အား ဖြတ်ခိုင်းထားလိုက်သည်။ ထို့နောက်တွင်တော့ Fမြို့ရှိ မြူနီစီပါယ်ပါတီကော်မတီအထွေထွေအတွင်းရေးမှူး ယွင်ကျီစုန့်အား ဖုန်းဆက်ကာ လူနာတင်ယာဉ်ပြင်ဆင်ပေးရန် ပြောလိုက်သည်။
ထန်မိသားစုပိုင် ကုမ္ပဏီများသည် နိုင်ငံအနှံ့တွင်တည်ရှိပြီး အာဏာလဲရှိသောကြောင့် မြို့တိုင်းမှ ရာထူးကြီးအရာရှိ အနည်းဆုံး တစ်ယောက်နှစ်ယောက်လောက်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိလေသည်။
ဘယ်သူ ကားမတော်တဆဖြစ်လဲဆိုသည်ကိုတော့ ချွမ်မင်ခိုင်မပြောပြပေမည့် ထန်ဟွမ်လုပ်ငန်းစုမှလူဖြစ်ကြောင်းကိုတော့ ပြောခဲ့သည်။ ထို့ကြောင့် ယွမ်ကျီစုန့်လဲ အကောင်းဆုံးကြိုးစားလုပ်ဆောင်ပေးလေသည်။
ချွမ်မင်ခိုင် ကားပါကင်သို့ရောက်သည်နှင့် လေဆိပ်သို့အမြန်ဆုံးမောင်းနှင်သွားခဲ့ကာ ထန်မိသားစုဝင်များကိုတော့ အခြေအနေမသိရသေးဘဲ မစိုးရိမ်စေချင်၍ သတင်းမပို့ခဲ့ပေ။
…….
၈မိနစ်သာကြာခဲ့ပြီးနောက် ကုနင်း မတော်တဆဖြစ်သည့်နေရာသို့ ရောက်သွားခဲ့သည်။ ထန်ယွင်ဖန်း ကားမတော်တဆမှုဖြစ်သည်က ငါးမိနစ်သာကြာသေးပြီး ဆေးရုံကားရော ရဲကားများပါ မရောက်ရှိသေးပေ။
ကုနင်း ချက်ချင်းပင် ကားကို လမ်းဘေးကပ်ရပ်လိုက်ကာ လမ်းလယ်မှအတားကိုလဲ ခုန်ကျော်ပြီး တစ်ဖက်လမ်းရှိ ကိုယ်ပိုင်ကားဆီသို့ ပြေးသွားတော့သည်။
လူတိုင်းသည်က ကားတိုက်သည့်အရှိန်ကြောင့် ထိတ်လန့်နေစဲဖြစ်ကာ ကုနင်းကို မည်သူမှ သတိမထားမိကြပေ။
ထိုကိုယ်ပိုင်ကားထဲမှ ယာဉ်မောင်းသည်လဲ ဒဏ်ရာရနေပေမည့် မပြင်းထန်ဘဲ ထန်ယွင်ဖန်းသည်သာ အခြေအနေဆိုးလို့နေသည်။
ကုနင်း ရောက်သွားသည်နှင့်တပြိုင်နက် ပျက်စီးပိန်လိန်နေသည့် ကားတံခါးအား အားကုန်သုံး ဆွဲဖွင့်လိုက်သည်။
“ဟေ့၊ ကောင်မလေး၊ မင်းဘာလုပ်နေတာလဲ?” လူတစ်ယောက်က ကုနင်းကိုသတိထားမိသွားကာ သူမကိုတားလိုက်သည်။
“ဖယ်နေစမ်း။” ထိုလူက ကြင်နာသောအားဖြင့် သူမကို အနားမကပ်စေလိုခြင်းဖြစ်ကြောင်း ကုနင်းနားလည်ပေမည့် ယခုအချိန်သည်က အချိန်ဆွဲနေ၍မရသလို သူမ၏စိတ်အခြေအနေကလဲ ကောင်းမွန်မနေသောကြောင့် ယဉ်ယဉ်ကျေးကျေးပင်ပြန်မပြောနိုင်တော့ပေ။
ကုနင်း၏တုံ့ပြန်ပုံကြောင့် ဘေးနားရှိလူများလဲ ကုနင်းနှင့် ထိုထဲမှ ထိခိုက်သွားသူတို့ တစ်မျိုးမျိုးတော်စပ်မှုရှိလောက်သည်ဟု တွေးလိုက်မိသည်။
“ကောင်မလေး၊ ဒဏ်ရာရနေတဲ့လူကို မင်းထင်သလိုရွှေ့လိုက်ရင် သေသွားနိုင်တယ်။” အမျိုးသမီးတစ်ယောက်က ကုနင်းကို ဖျောင်းဖျဖို့ရန် ကြိုးစားလိုက်သည်။ သို့ပေမည့် ထိုအချိန်တွင်ပဲ ကားတံခါးကို ဖယ်လို့ရသွားခဲ့သောကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဖြစ်ကုန်တော့သည်။
ကုနင်းသည်တော့ ထိုလူများ ဘာတွေပြောနေကြလဲ ဘာတွေတွေးနေကြလဲဆိုသည်ကို လုံးဝဂရုမစိုက်အားဘဲ ဘောလောဆယ်မှာ ထန်ယွင်ဖန်း အသက်ရှင်နေသေးဖို့ရန်ကိုသာ ဆုတောင်းနေမိသည်။ ကားတံခါးကိုဖယ်ပြီးသည်နှင့် ကုနင်းချက်ချင်းပင် ထန်ယွင်ဖန်း၏အသံရှူသံအား စမ်းသပ်လိုက်ကာ ကံကောင်းစွာဖြင့် အသက်ရှူနေစဲပင်။ သို့ပေမည့် ထန်ယွင်ဖန်း၏ဒဏ်ရာက အလွန်ပြင်းထန်နေကာ အချိန်မရွေးအသက်ထွက်သွားနိုင်သောကြောင့် ကုနင်းစိတ်မအေးနိုင်သေးပေ။
***
စာစဉ် ၃၄ ပြီး၏။