အခန်း (၅၁၁-၅၁၅)
Vol. 35 Ch. 511-515
အခန်း ၅၁၁
အနားမကပ်နဲ့
ကျန်သည့်ကားအစိတ်အပိုင်းများကိုတော့ ကုနင်းမဖယ်ထုတ်ပစ်ဘဲ ထန်ယွင်ဖန်း၏ပါးစပ်ထဲသို့သာ စွမ်းအင်သလင်းကျောက်ကို အလျင်အမြန်ထည့်ပေးလိုက်သည်။ တချိန်တည်းတွင်ပဲ ထန်ယွင်ဖန်းလက်ကို ဆုပ်ကိုင်ကာ စွမ်းအင်များအား ကူးပြောင်းပေးနေခဲ့သည်။ တကယ်တမ်း ကုနင်းကိုယ်တိုင် ထန်ယွင်ဖန်း၏ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ ကူးပြောင်းပေးလိုက်လျှင် စွမ်းအင်သလင်းကျောက်တိုက်ဖို့ရန် မလိုအပ်တော့ပေမည့် အနားတွင်က လူများစွာ စောင့်ကြည့်နေလေသည်။ သူမသာ လက်လေးကိုင်ပေးလိုက်ရုံဖြင့် ထန်ယွင်ဖန်း၏ဒဏ်ရာများ သက်သာအောင်လုပ်ပေးနိုင်သည်အား သတိထားမိသွားကြပါလျှင် မလိုအပ်သည့် ဆူပူမှုများဖြစ်ပေါ်လာနိုင်ပေသည်။
လူအချို့သည်တော့ ကုနင်း ထိုဒဏ်ရာရနေသည့်လူ၏ပါးစပ်ထဲသို့ တစ်စုံတစ်ခုထည့်ပေးလိုက်သည်ကို မြင်လိုက်ကြပြီး ဒဏ်ရာရသည့်လူအား ပိုထိခိုက်သွားစေမည်ကို စိုးရိမ်မိကြပေမည့် ဘာမှတော့ မပြောကြပေ။
ချွမ်မင်ခိုင်သည်လဲ ထန်ယွင်ဖန်း၏ဖုန်းလိုင်းကို မဖြတ်ချသေးသောကြောင့် ကုနင်း ကားတံခါးဖယ်လိုက်သံအားကြားရပြီး အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။
“ဟဲလို၊ တစ်ယောက်ယောက် ကျွန်တော်အသံကြားရလား?”
ကားနောက်ခန်းခုံအောက်တွင်ကျနေသည့် ဖုန်းမှ စကားပြောသံကို ကုနင်းကြားလိုက်သောကြောင့် သူမ၏အားနေသည့်လက်ဖြည့် ဖုန်းမျက်နှာပြင်အားထိလိုက်ရာ ချွမ်မင်ခိုင်၏နာမည်ကို မြင်လိုက်ရသည်။
“လူကြီးမင်းချွမ်၊ ကျွန်မကုနင်းပါ။ အခု ဦးလေးထန် ကားတိုက်မှုဖြစ်ထားလို့ ကျွန်မကယ်ပေးနေတယ်။ လူကြီးမင်းစိတ်ပူနေတာကို သိပေမယ့် သူအခု အဆင်ပြေနေပါပြီ။ ကျွန်မနောက်မှပြန်ဆက်လိုက်မယ်လေ။” ကုနင်းဖုန်းကို ပြန်ဖြေပေးလိုက်သည်။
“တော်သေးတာပေါ့။” ကုနင်း၏အသံကိုကြားလိုက်ရချိန်တွင် ချွမ်မင်ခိုင် အကြောင်းရင်းမရှိ စိတ်သက်သာရာရသွားခဲ့သည်။ ကုနင်းသာ ထန်ယွင်ဖန်းအနားတွင်ရှိနေသ၍ အဆင်ပြေသွားလိမ့်မည်ဟုလဲ ယုံကြည်နေမိသည်။ သို့ပေမည့် ထန်ယွင်ဖန်းအတွက်ကိုတော့ စိုးရိမ်ပူပန်နေစဲပင်။
“ကျွန်တော်အခု လေဆိပ်ကိုသွားနေပြီ၊ ညနေ၆နာရီခွဲလောက်ဆို Fမြို့ကိုရောက်လောက်မယ်။” ချွမ်မင်ခိုင် ဆက်ပြောလိုက်သည်။
“ကောင်းပါပြီ။ လောလောဆယ်တော့ ထန်ဖိုးဖိုးနဲ့ ကျန်တဲ့မိသားစုဝင်တွေကို မပြောထားပါနဲ့ဦး။ သူတို့စိုးရိမ်နေကြလိမ့်မယ်။” ကုနင်း၏တောင်းဆိုချက်ကို ချွမ်မင်ခိုင်လဲသဘောတူကာ ဖုန်းချလိုက်ကြသည်။
နောက်၂မိနစ်အတွင်းမှာပဲ လူနာတင်ယာဉ်နှင့် ရဲကားရောက်ရှိလာသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ကို ဦးဆောင်လာသူသည်က အန်းချင်၏ဖခင် ဗဟိုဆေးရုံ၏ဒါရိုက်တာဖြစ်သည့် အန်းကွမ်းမင်ဖြစ်ကာ ရဲအဖွဲ့ကိုတော့ ဖြင့် ယွင်ကျီစုန့်က ဦးဆောင်လာခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာ ပုံပျက်နေသည်ကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး အလိုမကျဖြစ်သွားကုန်သည်။
“ဟေ့၊ မင်းအဲ့မှာဘာလုပ်နေတာလဲ? အခင်းဖြစ်တဲ့နေရာကို ဖျက်ဆီးခွင့်မရှိဘူးဆိုတာ မသိဘူးလား?” ရဲတစ်ယောက်ကကုနင်းကို အော်ဟစ်ရင်းဖြင့် ဆွဲထုတ်ဖို့ရန် ပြင်လိုက်သည်။ သို့ပေမည့် သူ ကုနင်းကို မထိနိုင်သေးခင်တွင်ပဲ ကုနင်းက၊
“အနားမကပ်နဲ့!”
ကုနင်း၏အသံမှာ အေးစက်ကာ မလွန်ဆန်နိုင်လောက်သည့် အသံမျိုးဖြစ်သောကြောင့် ထိုရဲသားလဲ ကြောင်အကာ ရပ်တန့်သွားရသည်။
ကုနင်း၏အသံကို ကြားသည်နှင့် ယွင်ကျီစုန့် ချက်ချင်းမှတ်မိသားကာ ရဲသားအား ချက်ချင်းတားမြစ်လိုက်သည်။
“သူ့ကို လွှတ်ပေးထားလိုက်ဦး။ ယာဉ်မောင်းကို အရင်ထုတ်ကြတာပေါ့။”
ထို့နောက် ကျန်လူများက ယာဉ်မောင်းကို ကားထဲမှဆွဲထုတ်ကြကာ အစောက အော်ခဲ့သည့်ရဲသည်တော့ သိပ်မကျေနပ်ပေမည့် ယွင်ကျီစုန့်၏အမိန့်ကို နာခံရစဲပင်။
ယွင်ကျီစုန့်၏အသံကိုကြားလိုက်တော့ ကုနင်းလဲ ယွင်ကျီစုန့် ကိုယ်တိုင်ရောက်နေကြောင်းသိလိုက်ပေမည့် ထန်ယွင်ဖန်း၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များကူးပြောင်းပေးနေသည်ကိုသာ ဆက်ပြီးအာရုံစိုက်ထားခဲ့သည်။
ယွင်ကျီစုန့်လဲ ကုနင်းထိုဒဏ်ရာရနေသူအား ကယ်တင်နေခြင်းဖြစ်သောကြောင့် သူမနားသို့မသွားသလို တားမြစ်ခြင်းလဲမပြုခဲ့ပေ။
“လူကြီးမင်းယွင်…” အန်းကွမ်းမင်သည်တော့ နားမလည်နိုင်စွာဖြင့် ယွင်ကျီစုန့်အား ကြည့်လိုက်မိသည်။ ဘာကြောင့်များ ဒဏ်ရာရနေသူအား ထိုမိန်းမငယ်လေးအလိုကျ ထိတွေ့နေခွင့်ကိုပေးထားမှန်း အန်းကွမ်းမင်ဘယ်လိုမှ နားမလည်နိုင်ပေ။ ဒါက အရမ်းအန္တရာယ်များလွန်းတယ်လေ။
“သူက ကုနင်းပဲ။” ယွင်ကျီစုန့်အသံတိုးတိုးဖြင့် အသိပေးလိုက်သည်။
ကုနင်းဆိုသည်ကို ကြားရပြီး အန်းကွမ်းမင် အလွန်အံ့အားသင့်သွားမိသည်။ သူ့မျက်စိရှေ့တွင် ရှိနေသည့် မိန်းမငယ်လေးက ကုနင်းဖြစ်နေလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့သလို ထိုနာမည်ဖြင့် သူရင်းနှီးနေသည်ကိုကတော့ ထည့်ပြောနေရန်မလိုတော့ပေ။ အန်းကွမ်းမင်က စုအန်းယာ၏မွေးနေ့ပွဲနေ့တွင် အလုပ်ရှုပ်နေသောကြောင့် မတက်ရောက်နိုင်ခဲ့သော်လည်း ထိုနေ့ကဖြစ်ခဲ့သမျှကိုတော့ အသေးစိတ်ပြန်ကြားထားခဲ့ပြီး ကုနင်းအပေါ် အလွန်သဘောကျလို့နေသည်။
သူသည် ကျော်ကြားသည့်ဆရာဝန်တစ်ယောက်ဖြစ်ကာ ကုနင်း၏အထူးဆေးကို သိပ်မယုံကြည်သော်လည်း ထိုဆေးအကြောင်း အသေးစိတ်သိချင်နေစဲပင်။ ကုနင်းကို ဆက်သွယ်ကာ သူမ၏အထူးဆေးနှင့် ပတ်သတ်ပြီး လေ့လာလိုသော်လည်း ဘယ်လိုဆက်သွယ်ရမလဲမသိခဲ့ပေ။ လန်ယွီပင်းသည်လဲ ကုနင်း၏ခွင့်ပြုချက်မရှိဘဲနှင့် သူမဖုန်းနံပါတ်ကို မပေးလိုဟုဆိုကာ သူ့တောင်းဆိုချက်ကို ငြင်းဆန်ခဲ့လေသည်။
အခုလို ကုနင်းအား လူကိုယ်တိုင်တွေ့နေရချိန်တါင်တော့ သူမထိုဒဏ်ရာရနေသည့်လူအား မည်သို့ကုသပေးမည်လဲ ဆိုသည်အား အလွန်သိချင်ကာ စိတ်လှုပ်ရှားနေမိတော့သည်။
အန်းချင်နှင့် ကုနင်းတို့ ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြောင်း အန်းကွမ်းမင်မသိထားသလို သူ့ညီငယ် အန်းကွမ်းယောင်နှင့် ကုနင်းကြားက ပတ်သတ်မှုကိုလဲ မသိထားပေ။ ထိုအကြောင်းများကိုသိထားပါက ကုနင်းနှင့်လွယ်လွယ်ကူကူဆက်သွယ်၍ရခဲ့ပြီးပြီဖြစ်သည်။
နောက်များမှသာ ထိုအကြောင်းများကိုသိသွားပါက စောစောမသိခဲ့ရလေခြင်းဟုဆိုကာ အလွန်ဝမ်းနည်းနေမည်မှာ အသေချာပင်။
ယွင်ကျီစုန့်၏တားမြစ်ချက်ကြောင့် မည်သူမျှ ကုနင်းကို မနှောက်ယှက်ရဲကြတော့ပေ။
သို့ပေမည့် ကုနင်းဘယ်လောက်ပဲ ထန်ယွင်ဖန်း၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များထည့်သွင်းပေးနေပါစေ ဒဏ်ရာများက သွေးတိတ်ကာ အတော်လေးပျောက်ကင်းသွားပေမည့် ထန်ယွင်ဖန်းကတော့ သတိပြန်လည်လာခြင်းမရှိပေ။
ကုနင်းမျက်မှောင်ကြုတ်သွားတော့သည်။ ဘာလို့များလဲ?
အကြောင်းရင်းကို မသိသောကြောင့် ကုနင်းဆက်ပြီး စွမ်းအင်များကို ကူးပြောင်းပေးကာ ထန်ယွင်ဖန်းအား သတိပြန်လည်လာစေဖို့ရန် ကြိုးပမ်းတော့သည်။ သို့ပေမည့် သူမစွမ်းအားအလွန်အကျွံ့သုံးခဲ့သောကြောင့် ဖြူဖျော့လာခဲ့ပေမည့် ထန်ယွင်ဖန်းသည်တော့ သတိမေ့နေစဲပင်။ ကုနင်းလဲ သူမလက်ကို ပြန်ရုတ်လိုက်ကာ ထန်ယွင်ဖန်းအား ကားထဲမှ ရွှေ့ဖို့ရန် ပြင်လိုက်သည်။
ထိုအချင်းအရာကို မြင်သည်နှင့် ယွင်ကျီစုန့်အမြန်လျှောက်လာကာ၊
“ကောင်မလေးကု၊ ရဲတွေကို ရွှေ့ခိုင်းလိုက်ပါလား။”
ကုနင်းလို မိန်းမငယ်လေးတစ်ဦးက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်၏ကိုယ်ခန္ဓာအား ပျက်စီးနေသည့် ကားထဲမှနေပြီး ရွှေ့နိုင်လိမ့်မည်ဟု ယွင်ကျီစုန့်မထင်မိပေ။
“ကျေးဇူးပါ၊ ကျွန်မဘာသာပဲရွှေ့လိုက်ပါ့မယ်။” ကုနင်း စွမ်းအားများစွာကို အသုံးပြုခဲ့သော်လည်း ထန်ယွင်ဖန်းအား ကားထဲမှသယ်ထုတ်နိုင်သည့် ခွန်အားတော့ ကျန်နေစဲပင်။
ယွင်ကျီစုန့် နောက်ထပ်စကားထပ်ပြောမည်အပြုတွင်ပဲ ကုနင်းက ထန်ယွင်ဖန်းအား ကားပြင်သို့ခေါ်ထုတ်လာသောကြောင့် ယွင်ကျီစုန့် အံ့အားသင့်သွားတော့သည်။ အနားရှိလူတိုင်းလဲ ကုနင်း၏ခွန်အားကို ထပ်မံတွေ့လိုက်ရသောကြောင့် အလွန်အံ့အားသင့်သွားရပြန်သည်။
ထို့နောက် ကုနင်း ကားထဲတွင် ကျန်ခဲ့သည့် ထန်ယွင်ဖန်း၏ဖုန်းကို ပြန်ယူကာ တဆက်တည်း ဖုန်းပါဆက်လိုက်သည်။ ထိုအခါ ယွင်ကျီစုန့်က၊
“ကောင်မလေးကု၊ ဒဏ်ရာရထားတဲ့လူဘယ်လိုနေသေးလဲ?”
“ဒဏ်ရာတွေကတော့ ပျောက်လုနီးနီးပါပဲ။ ဒါပေမယ့် သတိကတော့မရသေးဘူး။ အရင်ဆုံး သူ့ကိုဆေးရုံပို့လိုက်ကြတာပေါ့။” ကုနင်း ယွင်ကျီစုန့်ကိုရော ဖုန်းခေါ်ထားသည့် ချွမ်မင်ခိုင်ကိုပါ ပြောလိုက်သည်။
ထန်ယွင်ဖန်း အသက်အန္တရာယ်ကင်းသွားပြီမှန်းသိတော့မှပင် ချွမ်မင်ခိုင်း စိတ်အေးသွားတော့သည်။
“မြန်မြန်လုပ်ကြ၊ ဒဏ်ရာရတဲ့လူကို ဆေးရုံကားပေါ် မြန်မြန်တင်ကြ!” ယွင်ကျီစုန့် အမိန့်ပေးလိုက်သည်နှင့် လူတစ်စုလဲ ခပ်မြန်မြန်ပင် ထန်ယွင်ဖန်းအား လူနာတင်ယာဉ်ပေါ်သို့ တင်ကြတော့သည်။
ကုနင်းသည်လဲ ချွမ်မင်ခိုင်နှင့် စကားနည်းနည်းလောက်ဆက်ပြောပြီးနောက် ဖုန်းပြန်ချလိုက်ပြန်သည်။
ကုနင်းမျက်နှာ အလွန်ဖြူဖျော့နေသည်ကို မြင်တော့ ယွင်ကျီစုန့်စိုးရိမ်သွားကာ၊
“ကောင်မလေးကု၊ မင်းအဆင်ပြေရဲ့လား? မင်းကြည့်ရတာ နေမကောင်းသလိုပဲ။”
“အဆင်ပြေပါတယ်။ အားသုံးတာ နည်းနည်းများသွားရုံပါ။”
ကုနင်း၏အဖြေကို ကြားမှသာ ယွင်ကျီစုန့် စိတ်အေးသွားသည်။
“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။ ငါက ဗဟိုဆေးရုံက ဒါရိုက်တာပါ။” ထိုအချိန်တွင်ပဲ အန်းကွမ်းမင်ရောက်လာကာ ကုနင်းကို ယဉ်ကျေးစွာပင်နှုတ်ဆက်လိုက်သည်။
ကုနင်းလဲ ပြုံးပြလိုက်ကာ၊
“တွေ့ရတာဝမ်းသာပါတယ်၊ ဒါရိုက်တာအန်း၊ လူကြီးမင်းက အန်းချင်ရဲ့အဖေမဟုတ်လား။”
***
အခန်း ၅၁၂
နောက်ဆုံးတော့ ဆုံကြပြီ
“မင်း အန်းချင်ကို သိတာလား?” အန်းကွမ်းမင် အလွန်အံ့အားသင့်သွားတော့သည်။
“သိတာပေါ့! ကျွန်မတို့က သူငယ်ချင်းအရင်းကြီးတွေပဲကို။” ကုနင်းပြုံးကာ ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။
ထိုထိတ်လန့်စရာသတင်းကြောင့် အန်းကွမ်းမင် ပင့်သက်ရှိုက်လိုက်မိတော့သည်။
“ဦးလေးယွင်၊ ကျွန်မကားမမောင်းနိုင်လောက်တော့ဘူးထင်တယ်။ ဒီကားကို ဆေးရုံဆီမောင်းခဲ့ပေးဖို့ ဦးလေးစီစဉ်ပေးလို့ရမလား? ကျွန်မကတော့ လူနာတင်ယာဉ်နဲ့လိုက်သွားမယ်လေ။” ကုနင်း ထန်ယွင်ဖန်းအား စိုးရိမ်နေသောကြောင့် သူနဲ့အတူ ဆေးရုံသို့လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
“ကိစ္စမရှိပါဘူး။ ဦးလေးမောင်းခဲ့ခိုင်းလိုက်မယ်။” ကုနင်းဘာကြောင့် သူ့ကိုယ်ပိုင်ကားနှင့်မလိုက်ဘဲ ဆေးရုံကားနှင့်သာ လိုက်ခြင်းလဲဆိုသည်ကို ယွင်ကျီစုန့် မေးမနေခဲ့ပေ။
ထို့နောက် ယွင်ကျီစုန့်က ကုနင်းနှင့်အတူ လူနာတင်ယာဉ်ထဲသို့လိုက်ဝင်လိုက်သည်။
အန်းကွမ်းမင်သည်တော့ ကုနင်း၏အထူးဆေးအကြောင်း အလွန်မေးချင်နေပေမည့် အခုက အချိန်ကောင်းမဟုတ်သေးကြောင်းလဲ နားလည်လေသည်။
အန်းကွမ်းမင် စလာတုန်းက လူနာတင်ယာဉ်ဖြင့်သာ လိုက်လာခြင်းဖြစ်သောကြောင့် အခုလဲ လူနာတင်ယာဉ်ဖြင့်သာ ပြန်ရမည်ဖြစ်သော်လည်း ကုနင်းက ထန်ယွင်ဖန်းနားနေနေသောကြောင့် သူသည်တော့ ကားရှေ့ခန်းထဲတွင်သာ ထိုင်လိုက်ရတော့သည်။
မကြာခင်တွင်ပဲ သူတို့အဖွဲ့ ဆေးရုံသို့ရောက်ရှိသွားကြတော့သည်။ အန်းကွမ်းမင်က လူနာလာမခေါ်ခင်ကတည်းက ဗီအိုင်ပီလူနာခန်းတစ်ခန်းကို ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်သည်။ လူနာ၏နောက်ခံကို အန်းကွမ်းမင်မသိထားသော်လည်း ယွင်ကျီစုန့်ကိုယ်တိုင်က အကြောင်းကြားလာခြင်းဖြစ်သောကြောင့် ထိုလူ၏ရာထူးနောက်ခံအင်အားကြီးမားမည်ဖြစ်ကြောင်း ခန့်မှန်းမိပြီးဖြစ်သည်။
“မိန်းကလေးကု၊ ဒီလူနဲ့သိတာလား?” ဒဏ်ရာရထားသည့်လူနာနှင့် တောက်လျှောက်ဆိုသလို ကုနင်းအတူလိုက်နေသောကြောင့် အန်းကွမ်းမင် သိချင်စိတ်ပြင်းပြစွာဖြင့် ထုတ်မေးမိသွားတော့သည်။
“သိပါတယ်။” ကုနင်းပြန်ဖြေလိုက်ပေမည့် အသေးစိတ်အကြောင်းအရာကိုတော့ မပြောသောကြောင့် အန်းကွမ်းမင်လဲ ဆက်မမေးသင့်မှန်း နားလည်သွားလေသည်။
သူတို့ဆေးရုံသို့ရောက်သည်နှင့် အဆင်သင့်စောင့်နေကြသော ဆရာဝန်များက ထန်ယွင်ဖန်းအား စစ်ဆေးရန်အတွက် ခေါ်သွားတော့သည်။
“ကောင်မလေးကု၊ မင်းအိမ်ပြန်ပြီးနားရင်နားလိုက်ပါလား၊ ဒီနေ့မင်းလဲ တော်တော်ပင်ပန်းသွားရောပေါ့။” ယွင်ကျီစုန့်က ကုနင်းမျက်နှာအရောင်အသွေးပြန်မကောင်းလာသေးသောကြောင့် အကြံပြုလိုက်သည်။
“ရပါတယ်၊ ကျွန်မဒီမှာပဲ ဆက်နေဦးမယ်။”
ယွင်ကျီစုန့် အံ့ဩသွားရသည်။
“မင်းသူနဲ့သိတာလား?” သိမနေဘူးဆိုလျှင် သူမအနေဖြင့် ဤသို့လိုက်စောင့်ပေးစရာအကြောင်းမရှိပေ။
“သိပါတယ်။”
ယွင်ကျီစုန့် ကုနင်းနှင့်ဒဏ်ရာရနေသည့်လူကြားမှ ဆက်ဆံရေးကို အလွန်သိချင်နေသေးသော်လည်း ဆက်မမေးတော့ပေ။ ဒဏ်ရာရနေသည့်လူ၏ နောက်ခံအစစ်အမှန်ကို ယွင်ကျီစုန့်မသိသေးသော်လည်း ထန်ဟွမ်လုပ်ငန်းစု၏ အုပ်ချုပ်ရေးပိုင်းမှ ရာထူးကြီးသူတစ်ဦးဖြစ်လောက်မည်မှန်းကိုတော့ ခန့်မှန်းမိလေသည်။
ကုနင်းက ထိုထန်ဟွမ်လုပ်ငန်းစု၏ ရာထူးကြီးသူတစ်ဦးနှင့် တွေ့ဆုံဖူးနေခြင်းကတော့ အံ့အားသင့်ဖွယ်သတင်းပင်။ ကုနင်းနှင့် ပိုပြီးရင်းနှီးသူမှာ ယွင်ကျီစုန့်ဖြစ်သောကြောင့် ဤအကြောင်းကိုသိရချိန်တွင် အံ့အားအသင့်ဆုံးသူသည်လဲ ယွင်ကျီစုန့်ပင်ဖြစ်သည်။
စစ်ဆေးမှုရလဒ်များသည် မိနစ်အနည်းငယ်အကြာတွင်ပဲ ထွက်လာကာ ထန်ယွင်ဖန်းအခြေအနေကောင်းနေပြီး နာရီပိုင်းအတွင်း ပြန်သတိရလာလိမ့်မည်ဟု တာဝန်ခံဆရာဝန်တစ်ဦးက ပြောခဲ့သည်။
ကုနင်းသည်တော့ ထိုမျှ အလွယ်တကူနိုးလာလိမ့်မည်ဟု မထင်မိပေ။ ထန်ယွင်ဖန်း၏ကိုယ်ထဲသို့ သူမစွမ်းအင်အမြောက်အမြားကို ထည့်သွင်းပေးခဲ့ပြီးဖြစ်ကာ တကယ်တမ်းနိုးလာမည်ဆိုလျှင် မတော်တဆမှုနေရာမှာကတည်းက နိုးထသင့်နေပြီဖြစ်သည်။ သို့ပေမည့် ထန်ယွင်ဖန်းကတော့ ယခုအချိန်အထိ သတိလစ်နေစဲပင်။ ကုနင်းကို ထိုကိစ္စကြောင့် နားမလည်နိုင်တော့ဘဲ စိတ်ရှုပ်နေပေမည့် လောလောဆယ်တွင်တော့ ထန်ယွင်ဖန်းသတိရလာအောင် သူမလုပ်ပေးနိုင်သည့်အရာမရှိပေ။
ဒဏ်ရာရထားသည့်လူ၏အခြေအနေကောင်းကြောင်း သိရသည်နှင့် ယွင်ကျီစုန့် စိတ်အေးသွားတော့သည်။ ထို့နောက် ချွမ်မင်ခိုင်အား ကိစ္စ အားလုံးအဆင်ပြေပြီဖြစ်ကြောင်း ပြောပြဖို့ရန် ဖုန်းဆက်ခဲ့သည်။
သို့သော်လည်း ယွင်ကျီစုန့်ဖုန်းဆက်သည့်အချိန်တွင် ချွမ်မင်ခိုင်က လေယာဉ်ပေါ်ရောက်နေပြီဖြစ်ကာ ဖုန်းပိတ်ထားရသောကြောင့် မသိလိုက်ပေ။
လောလောဆယ် လူနာကို တိတ်တိတ်ဆိတ်ဆိတ် အနားယူခိုင်းဖို့ရန် လိုအပ်သောကြောင့် အန်းကွမ်းမင်နှင့် အခြားဆရာဝန်များ ပြန်သွားကြကာ ကုနင်းနှင့် ယွင်ကျီစုန့်လဲ လူနာခန်းထဲမှ ထွက်လာခဲ့ကြသည်။
ကုနင်း အခုလောလောဆယ် မပြန်ချင်သေးသောကြောင့် ကျောင်းအုပ်၏ကားအား ပြန်ပို့ပေးရန် ယွင်ကျီစုန့်ကိုသာ အကူညီတောင်းလိုက်ရတော့သည်။
ယွင်ကျီစုန့်မှာတော့ နှစ်ခါပင် ပြန်စဉ်းစားမနေဘဲ ချက်ချင်းပင် သူ့အတွင်းရေးမှူးအား ကားပြန်ပို့ရန် ညွှန်ကြားလိုက်သည်။
ထို့နောက်တွင်တော့ ယွင်ကျီစုန့်လဲ အစည်းအဝေးတစ်ခုတက်စရာရှိသောကြောင့် ပြန်သွားခဲ့ပြီး ညနေမှ တစ်ခေါက်ပြန်လာခဲ့မည်ဟု ကုနင်းကို ပြောခဲ့သည်။
ယွင်ကျီစုန့်ထွက်သွားပြီးနောက်တွင်တော့ ကုနင်း ထန်ယွင်ဖန်းအား ကြည့်ရင်းတစ်စုံတစ်ခုအားတွေးနေခဲ့ပြီးနောက် သူမစိတ်ကို သေချာပြင်ဆင်လိုက်ပြီး ကုမန့်အား ဖုန်းဆက်လိုက်သည်။
ကုနင်းဖုန်းဆက်လိုက်သည့်အချိန်တွင် ကုမန့်သည့် ဝမ်ဆူးဖန်အတွက် တိုက်ခန်းအသစ်သွားရှာနေချိန်ဖြစ်ပြီး ကုချင်၊ ဝမ်ဆူးဖန်တို့နှင့်အတူ တက္ကစီပေါ်တွင် ရှိနေသည်။
“ဟဲလို၊ နင်းနင်း၊ သမီးအတန်းတက်နေရတာမဟုတ်ဘူးလား? ဘာလို့ ဖုန်းဆက်တာလဲ?”
“အမေ၊ သူကားမတိုက်မှုဖြစ်ပြီး သတိလစ်နေတယ်။ အခုသမီးတို့ ဗဟိုဆေးရုံမှာ။”
“ဘာ?” ထိုစကားများကိုကြားသည်နှင့် ကုမန့်အလွန်ထိတ်လန့်သွားတော့သည်။ သူမ၏မှတ်ဉာဏ်များထဲတွင်လဲ ထိုလူသည် ကားတိုက်မှုဖြစ်ကာ သေဆုံးခဲ့ရလေသည်။ ၁၈နှစ်ကြာပြီးလို့ နောက်တစ်ကြိမ်ပြန်တွေ့ကြတော့မည့်အချိန်တွင်လဲ ထပ်ပြီးကားတိုက်မှုဖြစ်ပြန်လေသည်။ ထိုလူ သူမကို နောက်တစ်ကြိမ် ထပ်ပြီးစွန့်ပစ်သွားဦးမှာလား? မဖြစ်ရဘူး။ ဒီလိုအဖြစ်မျိုး ထပ်ဖြစ်ခွင့်မပြုနိုင်ဘူး။
ကုနင်း အလွန်ကြောက်ရွံ့ထိတ်လန့်သွားပုံကိုမြင်တော့ ကုချင်နှင့် ဝမ်ဆူးဖန်လဲ ရုတ်တရက် ဘာကြောင့် ထိုသို့ပြောင်းလဲသွားရမှန်း နားမလည်နိုင်တော့ပေ။ ထို့ကြောင့် ကုချင်က၊
“ဘာဖြစ်လို့လဲ?”
“ငါ-ငါအဲ့ဒီကိုသွားရမယ်။” ကုမန့် ကုချင်ကို ရှင်းပြနေဖို့ရန် အချိန်မရှိနေပဲ တက္ကစီယာဉ်မောင်းကိုသာ အလောတကြီးဖြင့်၊
“အခုချက်ချင်း ဗဟိုဆေးရုံကိုသွားပေးပါ။”
“ကောင်းပါပြီ။”
“ဘာတွေဖြစ်နေတာလဲ?” ကုချင်လဲ အနည်းငယ်စိုးရိမ်လာကာ ထပ်ပြီးမေးလိုက်သည်။
ကုမန့်လဲ အတတ်နိုင်ဆုံး သူမစိတ်ကိုပြန်ထိန်းချုပ်လိုက်ပေမည့် ထွက်လာသည့်အသံကတော့ တုန်ရီလို့နေစဲပင်၊
“လူကြီးမင်းထန် ကားတိုက်မှုဖြစ်လို့တဲ့။ အခု သူဗဟိုဆေးရုံမှာရောက်နေတယ်။”
“ဘာဖြစ်တယ်?” ကုချင်လဲ အလွန်ထိတ်လန့်သွားသည်။
သူမ ထန်ယွင်ဖန်းနှင့် တစ်ကြိမ်သာတွေ့ခဲ့ဖူးသော်လည်း ထိုလူသည် လူကောင်းတစ်ယောက်ဖြစ်ကာ ယုံကြည်ရသည့်လူလဲဖြစ်မှန်း သိသောကြောင့် ထိုလူ ကားတိုက်မှုဖြစ်ကြောင်း ကြားရချိန်တွင် စိုးရိမ်မိသွားသည်။ သို့ပေမည့် ကုမန့်ဘာကြောင့်များ ဒီလောက်တော့ အလွန်အကျွံကြောက်ရွံ့ထိတ်လန့်နေရလဲဆိုသည်ကိုတော့ ကုချင်နားမလည်နိုင်ခဲ့ပေ။
…….
အမှတ်သုံးအထက်တန်းကျောင်း၏ကျောင်းအုပ်သည်တော့ ယွင်ကျီစုန့်၏ အတွင်းရေးမှူးဖုန်းဆက်သောကြောင့် အခန်းထဲမှ အလျင်အမြန်ထွက်လို့လာခဲ့သည်။ ကားပါကင်တွင် သူ့ကားရပ်ထားသည်ကိုမြင်ရသည်တွင် အံ့အားသင့်သွားကာ ကုနင်း ပြန်ရောက်တာကို ဘာကြောင့်သူ့အား လာမပြောလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားသည်။ သို့ပေမည့် သူ့ကားအား ယွင်ကျီစုန့်၏အတွင်းရေးမှူးက ကုနင်းကိုယ်စားမောင်းပို့လာကြောင်း ကြားလိုက်ရချိန်တွင်တော့ အလွန်ထိတ်လန့်သွားမိပေမည့် မကြာခင်တွင်ပဲ နားလည်ပေးနိုင်သွားသည်။
ကုနင်းနှင့် စုအန်းယာသည် အလွန်ရင်းနှီးသည့် သူငယ်ချင်းများဖြစ်ကာ ယွင်ကျီစုန့်သည်လဲ စုအန်းယာဖခင်၏ သူငယ်ချင်းဟောင်းတစ်ဦးဖြစ်သည်။ ထို့အတွက်ကြောင့် ကုနင်းကိုယ်စား ယွင်ကျီစုန့်၏အတွင်းရေးမှူးက ကားပြန်ပို့ပေးသည်မှာ နားလည်ပေး၍ရလေသည်။
……….
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင်တော့ ကုမန့်တို့ ဆေးရုံသို့ရောက်ရှိလာကြသည်။
ကုမန့် လူနာခန်းထဲသို့ဝင်လိုက်ချိန်တွင် ကုတင်ထက်၌ သတိကင်းမဲ့ကာ လဲလျောင်းနေသည့် အမျိုးသားအားမြင်လိုက်ရပြီး နှလုံးတစ်ခုလုံး ကွဲကြေသွားသလို ခံစားလိုက်ရကာ ထိန်းချုပ်မထားနိုင်စွာဖြင့် မျက်ရည်များလိမ့်ဆင်းလာတော့သည်။ ၁၈နှစ်တောင်ကြာသွားပေမည့် ဤအမျိုးသားသည်တော့ အသက်ကြီးမလာဘူးဟုပင် ထင်ရလောက်အောင် ခန့်ညားလို့နေစဲပင်။
***
အခန်း ၅၁၃
ကုမန့်၏ခံစားချက်
ကုမန့် ထန်ယွင်ဖန်းနှင့် ပြန်မဆုံရသေးခင်တုန်းက ဤအမျိုးသားအား သူမဆက်ပြီးချစ်နေစဲလား သူတို့ကြားမှ အမှတ်တရကောင်းများမှာ လေနှင့်အတူလွင့်သွားခဲ့သလို ပြန်တွေ့ရချိန်တွင် စိမ်းသက်နေမလားဆိုသည်ကို အကြိမ်ထောင်ချီမက တွေးတောခဲ့သည်။ သို့သော်လည်း ထိုအမျိုးသား၏မျက်နှာအား နောက်တစ်ကြိမ် ကိုယ်တိုင်ကိုယ်ကျပြန်မြင်လိုက်ရချိန်တွင်တော့ ဤလူအားသူမဘဝတစ်လျှောက်လုံး နက်နက်ရှိုင်းရှိုင်းချစ်နေမိစဲ ဆိုသည်ကို အတည်ပြုနိုင်သွားတော့သည်။
ကုချင်သည်တော့ ကုမန့်၏အမူအရာကို မတွေ့လိုက်သလို ကုတင်ထဲတွင်သတိလစ်နေသည့် ထန်ယွင်ဖန်းကိုလဲ သေချာမတွေ့လိုက်ပေ။ ထိုအစား ကုနင်းဘက်သို့သာလှည့်ကာ အခြေအနေအားမေးလိုက်သည်။
“နင်းနင်း၊ လူကြီးမင်းထန် ဘယ်လိုနေသေးလဲ?”
“အသက်အန္တရာယ်တော့ ကင်းသွားပါပြီ။ ဆရာဝန်ကတော့ နောက်နာရီပိုင်းလောက်ဆို သတိရလာမယ်လို့ပြောတယ်။”
အသေးစိတ်အကြောင်းအရာများကို ရှင်းပြဖို့ရန်သည်က ခက်သောကြောင့် ကုနင်းမပြောပြတော့ပေ။ ထန်ယွင်ဖန်း မကြာခင်ပြန်သတိရလာမည်မှန်း ကြားရသည်နှင့် ကုချင်သည်တော့ စိတ်အေးသွားပေမည့် ကုမန့်သည်တော့ စိုးရိမ်နေမိစဲပင်။
“အန်တီ၊ သမီးတို့ ဧည့်ခန်းထဲသွားထိုင်ကြရအောင်! အမေ့အတွက် သီးသန့်အချိန်နည်းနည်းလိုအပ်တယ်လေ။” ကုနင်း ကုချင်ကို ပြောလိုက်သည်။
ဤလူနာခန်းသည်က ဗီအိုင်ပီအခန်းဖြစ်သောကြောင့် ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းစသည်ဖြင့် လူနာခန်းအပြင် ထပ်မံပါရှိသေးသည်။
ဝမ်ဆူးဖန်သည်တော့ သူတို့ကြားမှ ဆက်ဆံရေးကို မသိသောကြောင့် ရှည်ရှည်ဝေးဝေးတွေးတောခြင်းမရှိပေမည့် ကုချင်သည်တော့ ကုမန့်အတွက်ဘာကြောင့် ထန်ယွင်ဖန်းနှင့်အတူရှိနိုင်ရန် သီးသန့်အချိန်ပေးသင့်လဲဆိုသည်ကို နားမလည်နိုင်စွာနှင့် ကြောင်အသွားရသည်။
သို့ပေမည့် ကုချင် ဘာမှတော့ ပြန်မေးမနေဘဲ ဝမ်ဆူးဖန်နှင့်အတူ လူနာခန်းထဲမှ ထွက်ခဲ့လိုက်သည်။
အပြင်သို့ရောက်သည်နှင့် ချက်ချင်းပင် ကုချင် ကုနင်းကိုမေးမြန်းတော့သည်။
“နင်းနင်း၊ သမီးအမေက ဘာလို့ အဲ့ထဲမှာ သီးသန့်အချိန်ပေးဖို့လိုတာလဲ?”
“အဲ့ဒါက ၊ အမေ့ကို တိုက်ရိုက်မေးလိုက်တာ ပိုကောင်းမယ်။” ကုမန့် ထိုကိစ္စကို မည်သို့မည်ပုံ ဖြေရှင်းမလဲဆိုသည်ကို ကုနင်းမသိသောကြောင့် ကိုယ်တိုင်သာမေးခိုင်းလိုက်သည်။
ကုချင် ထပ်မေးချင်သေးသော်လည်း အဆုံးတွေတော့ မမေးဖြစ်တော့ပေ။ ကုနင်းက ကုမန့်ကိုသာမေးဖို့ရန်ပြောနေမှတော့ သူမဆက်မမေးသည်က အကောင်းဆုံးဖြစ်ပေမည်။ သို့ပေမယ့်လဲ ကုမန့်နှင့် လူကြီးမင်းထန်တို့ကြားက ဆက်ဆံရေးကိုတော့ သိချင်နေမိစဲပင်။ ကုမန့်တစ်ယောက် လူကြီးမင်းထန်အား မြင်မြင်ချင်းချစ်မိသွားတာများဖြစ်နေမလား။
တကယ်တော့ လူကြီးမင်းထန်၏မျက်နှာကို အပြည့်အစုံ ကုချင်မမြင်ဖူးသော်လည်း ခန့်ညားမှန်းက သိသာကာ၊ ကြင်နာတတ်ပြီး ယုံကြည်ရသူလဲဖြစ်သောကြောင့် သူလဲ ထန်ယွင်ဖန်းအပေါ် ထင်မြင်ချက်ကောင်းများရှိလေသည်။ ကုနင်းသာ ထိုလူနှင့် လက်တွဲနိုင်ပါက ကုချင်ကပိုလိုပင် သူမတို့အား ပျော်ရွှင်ရပေဦးမည်။ သို့ပေမည့် ကုနင်းက ပထွေးတစ်ယောက်ရချင်ပါ့မလား? ကုနင်းဘက်က ထန်ယွင်ဖန်းကို လက်ခံသည်ဆိုလျှင်တောင်မှ ထန်ယွင်ဖန်းကရော ကုနင်းအပေါ် ကောင်းကောင်းဆက်ဆံပေးပါ့မလား?
ကုချင်၏စိတ်ထဲ မေးခွန်းပေါင်းများစွာ ပြေးလွှားနေပေမည့် လောလောဆယ်ကတော့ ထိုမေးခွန်းများအား ထုတ်မေးရန် အချိန်ကောင်းမဟုတ်သေးပေ။ ကုချင်သည် အမှန်တကယ်စိတ်ရင်းဖြင့် ကုမန့်ကိုရော ကုနင်းကိုပါ အဆင်ပြေစေချင်ပေသည်။
လူနာခန်းထဲတွင်တော့ ကုမန့်သည် အချိန်အတော်ကြာသည်အထိ မတ်တပ်ရပ်နေခဲ့ပြီးမှ ထန်ယွင်ဖန်း၏ကုတင်နား ဝင်ထိုင်လိုက်သည်။ ထို့နောက် ထန်ယွင်ဖန်း၏မျက်နှာကို စိုက်ကြည့်ရင်း သူမ၏ယခင်မှတ်ဉာဏ်များထဲမှ ‘နဉ်’နှင့် ယှဉ်ကြည့်နေမိသည်။
“ ‘နဉ်’ ၁၈နှစ်တောင်ကြာသွားခဲ့ပြီနော်။” ကုမန့် မျက်ရည်များကျဆင်းကာ တုန်ရီနေသည့်အသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ရှင့်ကို ဘယ်တော့မှ ထပ်ပြီးမတွေ့နိုင်တော့ဘူးလို့ ထင်ခဲ့တာ။ အိပ်မက်ထဲမှာပဲ ရှင့်မျက်နှာကို ပြန်မြင်နိုင်တော့မယ်လို့ ထင်ခဲ့မိတာ။ ရှင် ကားတိုက်မှုဖြစ်တယ်ဆိုတဲ့သတင်း ကြားလိုက်ရတုန်းက ဘယ်လောက်တောင်မှ ကျွန်မရင်တွေနာသွားခဲ့လဲဆိုတာ သိရဲ့လား? ကျွန်မရှင့်ကို အရမ်းစိုးရိမ်သွားခဲ့တာ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကျွန်မကို မျက်လုံးဖွင့်ပြီးကြည့်ပါဦး။”
ကုမန့် ငိုကြွေးရင်းဖြင့် ထန်ယွင်ဖန်းအား အချိန်အတော်ကြာ စကားပြောဆိုနေခဲ့သော်လည်း ထန်ယွင်ဖန်းသည်တော့ မြင်လဲ မမြင်နိုင်သလို ကြားလဲမကြားနိုင်ခဲ့ပေ။
ကုမန့်၏စကားပြောသံက သိပ်မကျယ်လှသောကြောင့် ကုချင်ရော ဝမ်ဆူးဖန်ပါ ရှင်းရှင်းလင်းလင်း မကြားရသလို ကုမန့်သည် မျက်ရည်များသည် တောက်လျှောက်ကျဆင်းနေပြီး ရှိုက်သံသိပ်မထွက်သောကြောင့် ကုမန့်ငိုနေလိမ့်မည်ဟုလဲ သူတို့ မထင်ခဲ့ကြပေ။
ထိုအချိန်တွင်ပဲ ကုနင်းထံသို့ ယွီမီရှီ၏စာဝင်လာခဲ့သည်။ ကုနင်းထွက်သွားချိန်ကတည်းက ယွီမီရှီအလွန် စိုးရိမ်နေခဲ့ပြီး ကုနင်း ကားမောင်းထွက်သွားသည်ကို ရပ်ကြည့်ရုံသာကြည့်နေနိုင်ခဲ့ကာ ဖုန်းလဲ မဆက်ရဲသောကြောင့် ယခုမှ စာသာပို့လိုက်ခြင်းဖြစ်သည်။
မုခယ်နှင့်အခြားသူငယ်ချင်းများအား ကုနင်းအကြောင်းကို ယွီမီရှီပြောပြလိုသော်လည်း ကုနင်းဘက်က စာပြန်မှသာ ပြောလိုက်တာကောင်းမည်ဟု ပြန်တွေးမိသွားသည်။
ယွီမီရှီ : နင်းနင်း၊ ဘာတွေဖြစ်သွားတာလဲ? အခုရော အဆင်ပြေသွားပြီလား? နင်အဆင်ပြေရင် စာလေးပြန်ပို့ပါဦး၊ ငါအရမ်းစိတ်ပူနေလို့။
ယွီမီရှီကို ဤစာမမြင်ခင်အထိ ကုနင်းလုံးဝသတိမရခဲ့သောကြောင့် အခုတော့ ချက်ချင်းပင် သူမအား စာပြန်ပို့တော့သည်။
ကုနင်း : ငါအဆင်ပြေပါတယ်၊ စိတ်ပူမနေနဲ့တော့။ ငါ့ဦးလေး ကားတိုက်မှုဖြစ်တယ်ဆိုတဲ့သတင်း ကြားလိုက်လို့ လန့်ပြီး ဆေးရုံကို အမြန်သွားလိုက်တာပါ။
ထိုစာကိုဖတ်ပြီးမှ ယွီမီရှီ သက်ပြင်းချနိုင်သွားတော့သည်။ သူမကတော့ ကုနင်းပြောသမျှကို ယုံကြည်ထားပြီးဖြစ်သည်။ ကုနင်းအဆင်ပြေတယ်လို့ပြောလာမှတော့ တကယ်အဆင်ပြေလို့ပင်ဖြစ်မည်။
သူတို့အတန်းပိုင်ဆရာမ ကျန်းချိုးဟွာသည်လဲ ကုနင်းအတွက် စိုးရိမ်နေခဲ့သည်။ ကုနင်း အတန်းချိန်မတက်ဘူးဆိုသည်ကို ကြားလိုက်ရသည်နှင့် ကုနင်းဘာဖြစ်မှန်းသိရအောင် သူမအတန်းသို့ အမြန်ပြန်လာခဲ့သည်။
ကုနင်းဆီမှ စာပြန်လာသည်ကိုရပြီးနောက် ယွီမီရှီလဲ ကျန်းချိူးဟွာကို ကုနင်းအဆင်ပြေနေသည်ဆိုသည့် အကြောင်းပြန်ပြောပြပေးခဲ့သည်။
ကားတိုက်ပြန်ပြီလား? ကျန်းချိုးဟွာ သူမဘာသာတွေးလိုက်မိသွားသည်။ ဘာကြောင့်များ ကုနင်းအနားကလူတွေ အမြဲတမ်းလိုလို ကားတိုက်မှုဖြစ်နေကြတာလဲ?
ကုနင်းဖုန်းကိုပြန်ချထားလိုက်သည့်အချိန်တွင်ပဲ အခန်းထဲသို့ အန်းချင်ဝင်လာခဲ့သည်။ ကြည့်ရတာ အန်းကွမ်းမင်က ကုနင်းဆေးရုံမှာရောက်နေကြောင်း ပြောပြလိုက်သောကြောင့် အန်းချင်တာဝန်ချိန်ကြီး ထွက်လာသည့်ပုံပင်။
“ဟဲလို၊ ဒေါက်တာအန်း!” အန်းချင်ဝင်လာသည်ကိုမြင်သည်နှင့် ကုချင်နှုတ်ဆက်လိုက်သည်။
“ဟဲလို၊ အန်းချင်။” ကုနင်းလဲနှုတ်ဆက်လိုက်သည်။
“နင်ဒီရောက်နေတယ်ကြားလို့၊ ငါလာကြည့်တာ၊ ဒဏ်ရာရတဲ့လူ ဘယ်လိုနေသေးလဲ?”
“အခုထိတော့ သတိမရသေးဘူး။”
“မကြာခင် သတိရလာမှာပါ၊ အရမ်းစိုးရိမ်မနေနဲ့။”
“အင်းပါ၊” ကုနင်းလဲ ထန်ယွင်ဖန်းမြန်မြန်သတိပြန်ရလာဖို့ မျှော်လင့်မိသည်။ ထိုသို့သာမဟုတ်လျှင် ကုမန့်ရော ကုနင်းပါမက ထန်မိသားစုဝင်များလဲ အလွန်စိုးရိမ်နေကြရမည်။
“ဒါနဲ့၊ နင်းနင်း၊ ငါ့ကို နည်းနည်းလောက်မျက်နှာသာမပေးချင်ဘူးလား?” အန်းချင်ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“အမ်၊ နင်ပြီးခဲ့တဲ့ စုအန်းယာမွေးနေ့ပွဲကိုတက်တုန်းက သူ့အသက်ကိုကယ်ခဲ့တယ်မလား? အဲ့သတင်းကိုကြားပြီးကတည်းက ငါ့အဖေက နင့်ရဲ့အထူးဆေးဝါးကိုအရမ်းစိတ်ဝင်စားနေတာ။ သူ့အတွက် တစ်လုံးလောက်ရောင်းပေးနိုင်မလား?” ထိုဆေးသည် အလွန်အဖိုးတန်မှန်း အန်းချင်သိသောကြောင့် ဆေးဖိုးအတိအကျပေးကာ ဝယ်ယူလိုခြင်းဖြစ်သည်။
“နင့်အဖေအတွက်ဆို ငါဆေးတစ်လုံးလောက်တော့ ပေးချင်တာပေါ့၊ ဒါပေမယ့်အမှန်အတိုင်းတော့ ပြောရဦးမယ်။ ဒီဆေးက ငါ့ဆရာရဲ့လျှို့ဝှက်ဆေးဖြစ်လို့ သူကလွဲလို့ ဘယ်သူမှ ဆေးဖော်စပ်နည်းကို သိဖို့မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူကဆုံးသွားပြီဆိုတော့ ငါအပါအဝင်အခြား ဘယ်သူမှ ဆေးဖော်စပ်နည်းကို ရှာနိုင်မှာလဲမဟုတ်ဘူး။” ကုနင်း အညာတစ်ဝက်အမှန်တစ်ဝက်ပြောလိုက်သည်။
“ဘာ?” အန်းချင်အံ့အားသင့်သွားသည်။
“ဟုတ်ပါပြီ၊ နင်စမ်းတော့ စမ်းကြည့်လိုက်ဦးပေါ့။” ကုနင်း စွမ်းအင်သလင်းကျောက်တစ်လုံးပါဝင်သည့် ကြွေပုလင်းငယ်လေးတစ်လုံးကို အန်းချင်အားထုတ်ပေးလိုက်သည်။
***
အခန်း ၅၁၄
ချွမ်မင်ခိုင်၏ရောက်ရှိလာခြင်း
အခြားလူများအနေဖြင့် စိတ်စွမ်းအင်သလင်းကျောက် ခေါ် အထူးဆေးဝါး၏ ဖော်စပ်နည်းအား ရနိုင်မည်မဟုတ်မှန်း ကုနင်းတွင် ယုံကြည်ချက်ရှိနေခြင်းကြောင့်ပင် ဈေးကြီးကြီးဖြင့်ရောင်းခြင်းဖြစ်သလို အခြားလူများ၏ သူမဆေးကို မကောင်းသည့်အကြံဖြင့် ဝယ်ယူကာ ကိုယ်တိုင်ဖော်စပ်ကြမည်ကိုလဲ မစိုးရိမ်ခြင်းဖြစ်သည်။
အန်းချင်ကတော့ ကုနင်းကိုယုံကြည်သော်လည်း သူမဖခင်သည်တော့ သိပ်ယုံလိမ့်မည်မဟုတ်သောကြောင့် စမ်းသပ်၍ရရန် ယူသွားဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် အန်းချင် ဆေးပုလင်းအားယူလိုက်ကာ၊
“ကျေးဇူးပါ၊ နင့်ဘဏ်အကောင့်နံပါတ် ငါ့ကိုပို့ထားပေးလေ၊ ပြီးရင် ငါငွေလွှဲပေးလိုက်မယ်။”
“မလိုပါဘူး။ နင့်အဖေအတွက် ငါလက်ဆောင်ပေးတယ်လို့ပဲသဘောထားလိုက်။”
“ဘယ်လို?” အန်းချင်အလွန်အံ့အားသင့်သွားရသည်။ ဤဆေးလုံးတစ်လုံးကို ယွမ်တစ်သန်းတောင် တန်တယ်မဟုတ်လား! ဒါပေမယ့် ကုနင်းပုံစံကတော့ ဆေးဖိုးကိုအရေးစိုက်နေပုံမရပေ။ ယွမ်တစ်သန်းဆိုသည်မှာ အန်းမိသားစုအတွက်ပင် အလွန်များပြားသည့်ပမာဏဖြစ်ပေမည့် အန်းချင်၏ဖခင်သည်တော့ ကျွမ်းကျင်ဆေးပညာရှင်တစ်ဦးဖြစ်သောကြောင့် သူသာစိတ်ဝင်စားသွား၍ စမ်းသပ်လိုလျှင် ဈေးဘယ်လောက်ဆိုသည်ကို ဂရုစိုက်တော့သည့်လူမဟုတ်ပေ။
“မဖြစ်ဘူး၊ မဖြစ်ဘူး။ ဒါကယွမ်တစ်သန်းတောင် တန်တာလေ။ ဘယ်လိုလုပ်အလကားယူလို့ဖြစ်ပါ့မလဲ။”
“ဒီဆေးက အစွမ်းထက်တယ်ဆိုတာ မှန်ပေမယ့် ငါဒီဆေးတွေကိုရထားတုန်းကလဲ တစ်ပြားမှကုန်ခဲ့တာမဟုတ်ဘူး။ ပြီးတော့ ဒီဆေးနဲ့အသက်မွေးဝမ်းကြောင်းလုပ်တာလဲမဟုတ်ဘူးလေ။ ဒါကြောင့် နင်ဘာမှစိတ်မသန့်သလိုဖြစ်မနေနဲ့။ နင်တစ်ခုခုပြန်ပေးချင်နေရင်၊ ငါ့ဦးလေးဆေးရုံတက်နေတုန်း ဆေးရုံစားရိတ်ကို အလကားထားပေးလိုက်လေ။”
“ဒါကတော့…..” အန်းချင်ကတော့ ထိုမျှတန်ဖိုးကြီးသည့်ဆေးအား အလကားယူလိုက်ရမည်ကို စိတ်မသန့်ဖြစ်နေတုန်းပင်။
“ဟုတ်ပါပြီ၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲမဟုတ်ဘူးလား။” ကုနင်း အနည်းငယ်မကျေနပ်တော့သည့်ဟန် ဆောင်လိုက်ကာ၊
“နင်နောက်တစ်ခေါက်ထပ်ငြင်းတာနဲ့၊ ငါရောင်းတောင်မရောင်းပေးတော့ဘူးနော်။”
အန်းချင် တစ်ခုခုထပ်ပြောချင်ပေမည့် ဆက်မပြောနိုင်တော့ပေ။ သူမသာ လက်ဗလာဖြင့် အိမ်ပြန်သွားခဲ့လျှင် အန်းကွမ်းမင်အလွန်ဒေါသထွက်နေပေလိမ့်မည်။
“ကျေးဇူးအများကြီးတင်ပါတယ်။”
“နင့်ကို ညစာတစ်ရက်လောက်လိုက်ကျွေးဖို့တော့ ခွင့်ပြုမယ်မလား။”
“ရတာပေါ့၊” ကုနင်းချက်ချင်းသဘောတူလိုက်သည်။
ထို့နောက် အန်းချင်ပြန်သွားခဲ့သည်။
ကုချင်နှင့် ဝမ်ဆူးဖန်တို့ပင်ပန်းလျှင် ပြန်နားနိုင်ကြောင်း ကုနင်းပြောသော်လည်း ကုမန့်ကို သူတို့စိုးရိမ်နေကြသောကြောင့် မည်သူမျှမပြန်ကြပေ။
အချိန်အတော်ကြာသည်အထိ ကုမန့်လူနာခန်းထဲမှ ထွက်မလာခဲ့ပေ။ အချိန်သည်လဲ မစောတော့သောကြောင့် ကုချင်အား သူမတို့ညစာစားဖို့အတွက်တစ်ခုခုသွားဝယ်ရန် ကုနင်းတောင်းဆိုလိုက်ကာ ဝမ်ဆူးဖန်နှင့်ကုချင်တို့ ထွက်သွားခဲ့ကြသည်။
ကုမန့်သည်တော့ သူမစိတ်ကို သူမပြန်ထိန်းနိုင်ဖို့ရန် လူနာခန်းထဲ၌ အချိန်တစ်နာရီနီးနီး ထိုင်နေခဲ့ကာ သူမထွက်လာချိန်တွင်တော့ ထန်ယွင်ဖန်းအားစိုးရိမ်ကာ ငိုကြွေးခဲ့သောကြောင့် မျက်လုံးများ နီရဲဖောင်းကားနေတော့သည်။
ကုနင်းလဲ ချက်ချင်းပင် ရေသန့်တစ်ခွက်ငှဲ့ပေးကာ ထိုထဲသို့ စွမ်းအင်သလင်းကျောက်တစ်လုံးပါ ထည့်ပေးလိုက်သည်။
စွမ်းအင်သလင်းကျောက်၏အကူအညီဖြင့် ကုမန့်နေရထိုင်ရပိုကောင်းသွားကာ နီရဲဖောင်းကားနေသည့် မျက်လုံးလဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
“နင်းနင်း၊ သူ့မိသားစုကကော သူကားတိုက်မှုဖြစ်တာကို သိပြီးသွားပြီလား?”
“အခုထိမသိသေးဘူး။ ဒါပေမယ့် သူ့အတွင်းရေးမှူးကတော့ သိတယ်၊ ဒီကိုလဲ လိုက်လာနေပြီ။”
ကုမန့် ခေါင်းညိတ်လိုက်ကာ ထပ်မမေးတော့ဘဲ စိတ်လွတ်သည့်ပုံစံဖြင့် ဆိုဖာထက်တွင် ဝင်ထိုင်နေတော့သည်။
“သမီး အန်တီ့ကို စားစရာဝယ်လာပေးဖို့ပြောထားတယ်။ အမေ စားပြီးရင် အိမ်ပြန်တော့မလား၊ ဒါမှမဟုတ် သူနဲ့ဆက်နေဦးမလား?” ကုမန့်မည်သို့ဖြေလာမည်မှန်း သိထားပြီးဖြစ်သော်လည်း တမင်မေးလိုက်ခြင်းဖြစ်သည်။
“ဒီမှာပဲဆက်နေဦးမယ်။” ကုမန့် တုန့်ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။ ထန်ယွင်ဖန်းအခုထိ သတိမရသေးသည့်အချိန်တွင် သူမအနေဖြင့် စိတ်အေးလက်အေး ပြန်အိပ်နိုင်မည်မဟုတ်ပေ။
မကြာခင်တွင်ပဲ ကုချင်နှင့် ဝမ်ဆူးဖန်တို့ ပြန်လာကြသည်။
စားသောက်ပြီးချိန်တွင်တော့ ညနေ၆နာရီထိုးလို့သွားခဲ့ပေပြီ။ ထို့နောက် ကုချင်နှင့်ဝမ်ဆူးဖန်တို့အားအိမ်ပြန်နားကြဖို့ရန်နှင့် သူမနှင့် ကုမန့်ကတော့ နေခဲ့ဦးမည်ဖြစ်ကြောင်း ကုနင်းပြောလိုက်သည်။
ကုချင်ကတော့ ကုမန့်နှင့်လူကြီးမင်းထန်ကြားက ဆက်ဆံရေးကို အလွန်သိချင်နေမိသော်လည်း ကုမန့်အိမ်ပြန်ရောက်မှသာ မေးမည်ဟုပဲ ဆုံးဖြတ်လိုက်တော့သည်။
ကုမန့်ကတော့ ဝမ်ဆူးဖန်အား ယုံကြည်သောကြောင့် သူမအိမ်သော့ကို ပေးလိုက်သည်။
ကုနင်းနှင့် ဆင်တူလွန်းသည့် ထန်ယွင်ဖန်း၏မျက်နှာကို အတိအကျမြင်ဖူးခဲ့ခြင်းမရှိသောကြောင့်သာမဟုတ်လျှင် ကုချင်ဤမျှ စိတ်အေးနိုင်နေနိုင်မည်မဟုတ်ပေ။
ကုချင်နှင့် ဝမ်ဆူးဖန်ထွက်သွားပြီးနောက်တွင်တော့ ကုနင်းအကူအညီလိုသေးလာမေးရန်အတွက် အန်းကွမ်းမင်ပြန်ရောက်လာခဲ့သည်။ ဆေးအကြောင်း ကုနင်းကို သူအရမ်းမေးကြည့်ချင်နေသော်လည်း အခုကတော့အချိန်ကောင်းမဟုတ်သောကြောင့် မပြောနေတော့ပေ။
အန်းကွမ်းမင် မပြန်ခင်အချိန်အထိ ဆေးလက်ဆောင်ပေးခဲ့သည့်အတွက် ကုနင်းကို ထပ်ခါတလဲလဲကျေးဇူးတင်နေခဲ့သည်။
၆နာရီခွဲဝန်းကျင်တွင်တော့ ထန်ယွင်ဖန်း၏ဖုန်းသို့ ချွမ်မင်ခိုင်ဖုန်းဆက်လာသောကြောင့် ကုနင်းပဲ ကိုင်လိုက်သည်။
“မိန်းကလေးကု၊ ဥက္ကဌထန်ဘယ်လိုနေသေးလဲ?” ကုနင်းဖုန်းကိုင်လိုက်သည်နှင့်တပြိုင်နက် ချွမ်မင်ခိုင် စိုးရိမ်တကြီးမေးလိုက်သည်။
“သူအဆင်ပြေပါတယ်၊ ဒါပေမယ့် သတိတော့ရမလာသေးဘူး။”
“ကျွနတော်အခု Fမြို့ကိုရောက်နေပြီ၊ အခုပဲ ဆေးရုံကို ဆက်လာခဲ့မယ်။”
“ကောင်းပါပြီ။” ထို့နောက် သူမတို့ဖုန်းချလိုက်ကြသည်။
နောက်ထပ်နာရီဝက်အကြာတွင်တော့ ချွမ်မင်ခိုင် ဆေးရုံသို့ရောက်လာခဲ့သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု။” ကုနင်းသည် ထန်ယွင်ဖန်း၏ သမီးအရင်းဖြစ်ကြောင်း သိထားပြီးဖြစ်၍ ချွမ်မင်ခိုင် ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။ ထန်မိသားစုထဲတွင် ထန်ယွင်ဖန်းနှင့် သူသာ ထိုလျှိုဝှက်ချက်ကိုသိထားပြီးဖြစ်ပေမည့် ကုနင်း၏ဂုဏ်ပုဒ်အစစ်အမှန်အတိုင်းသာ ချွမ်မင်ခိုင် ဆက်ဆံပြောဆိုလေသည်။ ထို့အပြင် ကုနင်းကတော့ သူမ၏ဂုဏ်ပုဒ်အစစ်အမှန်ကို သိထားသလားဆိုသည်ကို ချွမ်မင်ခိုင်မသိသေးသောကြောင့် ‘မိန်းကလေးကု’ ဟူ၍သာ ဆက်ပြီးခေါ်နေခြင်းဖြစ်သည်။
“မင်္ဂလာပါ၊ လူကြီးမင်းချွမ်။” ကုနင်းနှုတ်ဆက်လိုက်သည်။
ချွမ်မင်ခိုင်ကတော့ ကုနင်းနှင့်ထန်ယွင်ဖန်း သားဖအရင်းဖြစ်ကြောင်းသိထားသည်မှာ သူနှင့်ထန်ယွင်ဖန်းနှစ်ယောက်သာဟု ထင်ထားခဲ့သော်လည်း ကုမန့်ကိုမြင်လိုက်ရချိန်တွင်တော့ ထိုသို့မဟုတ်မှန်း နားလည်သွားတော့သည်။ ကုမန့်၏ဓါတ်ပုံအား သူမြင်ဖူးထားသောကြောင့် ကုမန့်ကို ယခုလို အပြင်တွင် မြင်လိုက်ရချိန်တွင် ချက်ချင်းမှတ်မိသွားခဲ့သည်။
ကုမန့် ထန်ယွင်ဖန်းအားမြင်ပြီးပြီဆိုမှတော့ သေချာပေါက် မှတ်မိသွားလောက်ပေပြီ၊ သူတို့ချင်း ၁၈နှစ်တောင် ဝေးကွာခဲ့ရသော်လည်း ထန်ယွင်ဖန်း၏ပုံပန်းသဏ္ဌာန်က သိပ်ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော်လည်း ၁၈နှစ်ဆိုသည်မှာ တိုတောင်းလှသည့်ကာလတစ်ခုမဟုတ်သောကြောင့် ချွမ်မင်ခိုင်လဲ အတိအကျတော့ မပြောနိုင်ပေ။
သို့ပေမည့် ကုမန့်သာ ထန်ယွင်ဖန်းအား မမှတ်မိလျှင် ယခုလိုမျိုး ဝမ်းနည်းစိုးရိမ်စိတ်များရှိနေမည်မဟုတ်ပေ။ မည်သိုပင်ဖြစ်စေ ကုမန့် ထန်ယွင်ဖန်းအား မှတ်မိနေပြီမှန်း ချွမ်မင်ခိုင် ယုံကြည်နေသော်လည်း သူတို့အချင်းချင်း မိသားစုအဖြစ် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသေးသောကြောင့် ချွမ်မင်ခိုင်လဲ မသိသေးသလိုသာ ဟန်ဆောင်ရပေမည်၊
“ဒီဘက်က မဒမ်က မိန်းကလေးကုရဲ့ အမေဖြစ်မယ်ထင်တယ်။”
ကုနင်းလဲ ချွမ်မင်ခိုင် ကုမန့်အားမြင်လိုက်ချိန်တွင်ပြောင်းလဲသွားသည့်အမူအရာများကြောင့် အခုလိုမေးခြင်းက တမင် မသိသလိုဟန်ဆောင်ခြင်းသာဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ဟုတ်ပါတယ်၊ ဒါကျွန်မအမေ၊ ကုမန့်ပါ။”
“အမေ၊ ဒီဘက် လူကြီးမင်းချွမ်တဲ့။”
“တွေ့ရတာဝမ်းသာပါတယ်။” သူတို့အချင်းချင်း နှုတ်ဆက်လိုက်ပြီးနောက် လူနာခန်းထဲသို့ ဝင်သွားလိုက်ကြသည်။
ထန်ယွင်ဖန်း သတိပြန်မရသေးသည်ကို မြင်ရတော့ ချွန်မင်ခိုင် ဘာလုပ်လို့လုပ်ရမည်မှန်းမသိတော့ပေ။
“မိန်းကလေးကု၊ ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် အခြေအနေက ဒီထက်တောင်ပိုဆိုးနေမှာ။” ချွမ်မင်ခိုင် ကုနင်းကို စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။ ထန်ယွင်ဖန်းသည် အဖေရင်းဖြစ်ကြောင်း ကုနင်းသိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ့ဘော့စ်ရဲ့ကိုယ်စားတော့ ချွမ်မင်ခိုင်ကျေးဇူးတင်မြဲဖြစ်သည်။
***
အခန်း ၅၁၅
ကံကြမ္မာအလှည့်အပြောင်း
“လုပ်ပေးသင့်တာပါ။” ကုနင်း ထန်ယွင်ဖန်း၏အမျက်နှာသာပေးခံရမှုကို လိုချင်သောကြောင့် ကူညီပေးခြင်းမဟုတ်ဘဲ သူမလုပ်ကိုလုပ်သင့်သည့်အရာဟု ယူဆကာ လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထန်ယွင်ဖန်းသည် သူ၏အဖေရင်းဖြစ်သောကြောင့် အဖေရင်း၏အသက်ကို ကယ်ပေးရခြင်းထက် ပို၍ အရေးကြီးသည့်အရာမရှိတော့ပေ။
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင်တော့ ယွင်ကျီစုန့်လဲ ပြန်ရောက်လာခဲ့သည်။ သူချွမ်မင်ခိုင်ကိုတွေ့လိုက်ရချိန်တွင်တော့ ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။ ထန်မိသားစုသည် နိုင်ငံရေးရော စီးပွားရေးတွင်ပါ အင်အားကြီးသည့် မိသားစုတစ်ခုဖြစ်သည်။ ထန်မိသားစုသည် မြို့တော်မှာ အင်အားအကြီးဆုံးမိသားစုကြီးလေးခုနှင့်ပင် ယှဉ်၍ရသောကြောင့် မည်သူကမျှ ထန်မိသားစုကို ရန်မစရဲကြပေ။
ချွမ်မင်ခိုင်သည် ထန်ယွင်ဖန်း၏အတွင်းရေးမှူးတစ်ယောက်မျှသာဖြစ်သော်လည်း တတိယအဆင့်မြို့တစ်ခုမှ မြူနီစီပါယ်ပါတီကော်မတီမှ အတွင်းရေးမှူးတစ်ဦးထက်တော့ ပိုပြီးအဆင့်မြင့်နေစဲပင်။
“အတွင်းရေးမှူးယွင် အခုလိုကူညီပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ချွမ်မင်ခိုင် ဘယ်လောက်ပင် ယွင်ကျီစုန့်ထက် ရာထူးပိုမြင့်သည်ဆိုဆို မောက်မာသည့်အမူအရာမျိုးမပြပေ။ ထို့အပြင် သူကသာ ယွင်ကျီစုန့်ကို အကူအညီတောင်းထားသူဖြစ်သည်။ သို့ပေမည့် ကုနင်း ကားတိုက်မှုဖြစ်သည့်နေရာတွင် ရုတ်တရက်ပေါ်လာခြင်းကတော့ အံ့အားသင့်စရာပင်။
“ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ပြီးတော့ ကောင်မလေးကုကပဲ အများဆုံးကူညီပေးခဲ့တာပါ။” ယွင်ကျီစုန့်အမှန်အတိုင်းသာပြောလိုက်သည်။
ဤကားတိုက်မှုသည်အလွန်ပြင်းထန်ကာ ယာဉ်မောင်းပင် ဆိုးဆိုးရွားရွားဒဏ်ရာရသွားခဲ့ပြီး ထန်ယွင်ဖန်းကတော့ တစ်ယောက်တည်းနောက်ခန်းမှာထိုင်သူဖြစ်နေသည်။ ထန်ယွင်ဖန်းထိုင်သည့်နောက်ဘက်က ကားကိုယ်ထည်သည် ဆိုးဆိုးရွားရွားပိန်ရှုံ့နေပြီး ထန်ယွင်ဖန်း၏ကိုယ်ခန္ဓာတစ်ဝက်သည်လဲ ကားကြားထဲ ညပ်နေခဲ့သည်။ ထို့အတွက်ကြောင့် အပေါ်ယံဒဏ်ရာလောက်သာရခြင်းမျိုး လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း ဆေးရုံသို့ရောက်လာချိန်တွင်တော့ ထန်ယွင်ဖန်းတွင် အပေါ်ယံဒဏ်ရာမျှလောက်သာ ကျန်နေခဲ့တော့သည်။
အခြားလူများသည်တော့ ထန်ယွင်ဖန်းအလွန်ကံကောင်းသွားသည်ဟုတွေးနိုင်သော်လည်း ယွင်ကျီစုန့်ကတော့ ကုနင်းကူညီလိုက်ခြင်းကြောင့်ဟုသာ အပြည့်အဝယုံကြည်ထားသည်။
“အတွင်းရေးမှူးယွင်ကိုရော မိန်းကလေးကုကိုပါ ကူညီပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ” ချွမ်မင်ခိုင် ထပ်ပြီးကျေးဇူးတင်လိုက်သည်။
ယွင်ကျီစုန့်ကတော့ ဒဏ်ရာရနေသည့်လူ၏နောက်ခံအစစ်အမှန်ကို အလွန်သိချင်နေခဲ့သည်။ ဘယ်သူမို့လို့ ချွမ်မင်ခိုင်ကိုယ်တိုင်တောင် လာရတာလဲ? ထိုမေးခွန်းအတွက်အဖြေကို သူမသိသော်လည်း ဒဏ်ရာရထားသည့်လူမှာ အလွန်ရာထူးမြင့်သူ့လူတစ်ယောက်ဖြစ်လောက်ကြောင်းကိုတော့ ခန့်မှန်းမိလေသည်။
ပုံမှန်ဆိုလျှင် ထန်ယွင်ဖန်းသည် ၂နာရီလောက်ဆိုလျှင် နိုးလာသင့်ပေမည့် ၄နာရီကြာသွားတာတောင်မှ သတိမေ့နေစဲပင်။ အားလုံးလဲ ဘာမှမလုပ်ပေးနိုင်သောကြောင့် စိုးရိမ်ပူပန်နေရကာ လောလောဆယ် ဆက်ပြီးစောင့်နေဖို့သာရှိတော့သည်။
ချွမ်မင်ခိုင်လဲ ရောက်နေပြီဖြစ်သောကြောင့် မကြာခင်တွင်ပဲ ကုနင်းနှင့်ကုမန့်တို့ အိမ်ပြန်ခဲ့ကြသည်။ ကုမန့်နှင့်ထန်ယွင်ဖန်းသည် တစ်ဦးနှင့်တစ်ဦး အသေအချာမတွေ့ရသေးသောကြောင့် ကုမန့်အနေဖြင့် တစ်ညလုံးစောင့်နေပေးဖို့ မသင့်တော်ပေ။
သူမတို့မထွက်သွားခင်တော့ အချိန်ဘယ်လောက်ပဲနောက်ကျနေပါစေ ထန်ယွင်ဖန်း သတိပြန်ရလာသည်နှင့်အကြောင်းကြားပေးရန် ချွမ်မင်ခိုင်အား ကုနင်းသတိပေးခဲ့သည်။
“အမေ၊ စိတ်မပူပါနဲ့၊ သူအဆင်ပြေသွားမှာပါ။” ကုနင်း ကုမန့်အား နှစ်သိမ့်ပေးလိုက်သည်။
ကုနင်းကိုပါ စိတ်မပူစေချင်သောကြောင့် ကုမန့်အားတင်းကာပြုံးပြလိုက်ပြီး၊
“ဟုတ်တာပေါ့၊ သူအဆင်ပြေသွားမှာပါ။”
ကုနင်းလဲ ကုမန့် စိတ်အခြေအနေမကောင်းသွားမှန်း သိသောကြောင့် ဘာမှထပ်မပြောတော့ပေ။ ဤလူထိခိုက်ရချိန်တွင် ကုမန့်အလွန်ခံစားရသောကြောင့် ထိုလူကို ကုမန့်ချစ်နေစဲဖြစ်ကြောင်းကတော့ သေချာလို့သွားခဲ့သည်။
ကုနင်းတို့ အိမ်ပြန်ရောက်ချိန်တွင် ည၉နာရီရှိပြီဖြစ်ပေမည့် ကုချင်နှင့်ဝမ်ဆူးဖန်သည်တော့ ဧည့်ခန်းထဲတွင် ကုမန့်ကို စောင့်လို့နေသည်။
“ရှောင်မန့်၊ လူကြီးမင်းထန် သတိရလာပြီလား?” ကုမန့်ဝင်လာသည်နှင့် ကုချင်က စိုးရိမ်တကြီးမေးလိုက်သည်။
“မရသေးဘူး။”
“ရှောင်မန့်၊” ကုချင်အနည်းငယ်တုန့်ဆိုင်းနေပေမည့် မေးဖို့ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
“နင်နဲ့ လူကြီးမင်းထန်ကြား တစ်ခုခုရှိနေတာလား?” ကုမန့်၏ အစ်မတစ်ယောက်ဖြစ်သောကြောင့် သေချာပေါက် ကုမန့်အတွက် စိုးရိမ်မိလေသည်။ သို့ပေမည့် ကုမန့်သာ သူ့ကို အကြောင်းအရင်းအားမပြောပြလိုလျှင်တော့ အတင်းအကြပ်မေးမည်မဟုတ်ပေ။
ကိစ္စအားလုံး ဤအခြေအနေသို့ရောက်လာပြီဖြစ်၍ ကုမန့်လဲ ကုချင်ကို အမှန်အတိုင်းပြောပြလိုက်ဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“တကယ်တော့၊ သူ-သူက နင်းနင်းရဲ့အဖေအရင်းပဲ။”
“ဘာ?” ထိုစကားကိုကြားကာ ကုချင် အလွန်အံ့ဩထိတ်လန့်လွန်း၍ ဆိုဖာပေါ်ကပင် မတ်တပ်ထရပ်မိသွားသည်။
“လူကြီးမင်းထန်က နင်းနင်းရဲ့အဖေလား? သူသေသွားပြီမဟုတ်ဘူးလား?” ရုတ်တရက်စဉ်းစားခြင်းမရှိဘဲ ကုချင် အကျယ်ကြီးပြောလိုက်မိသောကြောင့် နောင်တရသွားရသည်။
ထန်ယွင်ဖန်းမှာ လောလောဆယ် သတိမရသေးသေည့်အခြေအနေဖြစ်သောကြောင့် ထိုသို့သောစကားမျိုးမပြောသင့်ပေ။
ဝမ်ဆူးဖန်သည်လဲ ကုမန့်၏သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သောကြောင့် ကုမန့်၏ဘဝဇာတ်ကြောင်းကို သိထားပြီဖြစ်၍ ယခုသတင်းကို ကြားလိုက်ရချိန်တွင် အလွန်အံ့အားသင့်သွားတော့သည်။
“ဒါဆို၊ ပြီးခဲ့တဲ့ ၁၈နှစ်လုံး သူဘာလို့နင့်ကို ဘာမတွေ့သလို၊ လာလဲမရှာတာလဲ? အခုမှဘာလို့ရုတ်တရက်ကြီးပြန်ပေါ်လာတာလဲ?” ကုချင်၏လေသံက ထန်ယွင်ဖန်းအား အပြစ်တင်လိုသည့်ဟန်ပင်။
“သူကားတိုက်မှုဖြစ်ပြီးတဲ့နောက် ငါတို့အတူရှိခဲ့ဖူးတဲ့နှစ်က မှတ်ဉာဏ်တွေပျောက်သွားလို့ ငါ့ကိုလာမရှာနိုင်ခဲ့တာ။ သိပ်မကြာသေးခင်ကမှ သူနင်းနင်းနဲ့တွေ့ပြီး နင်းနင်းက သူနဲ့တူလွန်းလို့ အာရုံစိုက်မိသွားပြီး စုံစမ်းရာကနေ နင်းနင်းက သူ့သမီးအရင်းဖြစ်နေမှန်းသိလိုက်တာ။ ဒါပေမယ့် အခုထိတော့ အရင်အကြောင်းတွေ ပြန်သတိမရသေးဘူး။” ကုမန့်ပြောရင်းဖြင့်ပင် ပို၍ဝမ်းနည်းလာတော့သည်။
ထိုစကားများအား ကြားပြီးနောက်တွင်တော့ ကုချင် ထန်ယွင်ဖန်းအား ဆက်ပြီးအပြစ်မတင်တော့ပေ။
“ဒါဆို နင်အခုဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ?” ကုချင်မေးလိုက်သည်။
“သူက တစ်ယောက်တည်းပဲလား၊ ဒါမှမဟုတ်အိမ်ထောင်ကျသွားပြီလား?” သူသာ အိမ်ထောင်ကျပြီးသွားပြီဆိုလျှင် ကုမန့်နှင့်ပြန်ပေါင်းဖို့ရန်က ဘယ်လိုမှမဖြစ်နိုင်တော့ပေမည့် သူသာ အခုထိတစ်ယောက်တည်းသမားဆိုလျှင် ကုမန့်နှင့်ပြန်ပေါင်းဖို့ရန် အခွင့်အရေးရှိနေသေးသည်။
“သူက တချိန်လုံး လက်မထပ်ခဲ့ဘူး။ အမေနဲ့အတူရှိခဲ့တဲ့နှစ်ကမှတ်ဉာဏ်တွေပျောက်နေတယ်ဆိုပေမယ့် သူ့စိတ်ထဲမှာ အမေ့ရဲ့ပုံရိပ်တွေကတော့ မပျက်ပျယ်သွားတာကြောင့် တခြားဘယ်မိန်းမကိုမှ လက်မခံနိုင်ခဲ့ဘူး။” ကုနင်းပြန်ဖြေလိုက်သည်။
“သမီးနဲ့အမေက သူ့မိသားစုဝင်တွေဖြစ်မှန်း သိသွားတာနဲ့ သမီးတို့အတွက် ဖခင်တစ်ယောက်အနေနဲ့ရော ခင်ပွန်းတစ်ယောက်အနေနဲ့ပါ တာဝန်ယူဖို့ကြိုးစားခဲ့တယ်။ အခုလဲ အမေနဲ့မျက်နှာချင်းဆိုင်တွေ့ကြဖို့အတွက် Fမြို့ကိုလာခဲ့တာ။ မမျှော်လင့်ထားပါဘဲ သူလေဆိပ်ကနေလာတာလမ်းမှာတင် ကားတိုက်မှုထပ်ဖြစ်သွားတာပဲ။”
“ကံကြမ္မာအလှည့်အပြောင်းက ကြောက်စရာကောင်းလိုက်တာ။” ဝမ်ဆူးဖန် ရေရွတ်မိလိုက်သည်။
လွန်ခဲ့သည့်၁၈နှစ်ကားမတော်တဆမှုကြောင့် သူနဲ့ကုမန့်တို့ဝေးခဲ့ရကာ ကုမန့်ကလဲ သူသေသွားပြီဟုယုံကြည်ခဲ့သည်။ အခုလဲ ၁၈နှစ်ကြာပြီးလို့ သူတို့နှစ်ယောက် ပြန်ဆုံတွေ့တော့မည့်အချိန်တွင် ထပ်ပြီးကားတိုက်မှုဖြစ်ပြန်လေပြီ!
“နင့်ဘက်ကရော? သူ့ကိုလက်ခံချင်လား?” ကုချင် ကုမန့်အားဆက်မေးလိုက်သည်။
“ငါ-ငါသေချာမသိသေးဘူး။” ကုမန့်စိတ်ထဲအခုထိတိုင် မရှင်းလင်းသေးပေ။ ၁၈နှစ်ကြာပြီးတာတောင်မှ သူမထန်ယွင်ဖန်းအားချစ်နေစဲဆိုပေမည့် သူတို့ကြားအနည်းငယ်စိမ်းသက်နေသည်ကတော့ ငြင်းဆန်လို့မရနိုင်သည့်အမှန်တရားပင်။ ထို့အပြင် ထန်ယွင်ဖန်းကလဲ သူမကို မမှတ်မိသေးသလို နောင်အနာဂါတ်မှာလဲ မည်သို့ဖြစ်လာမည်မှန်းက မပြောနိုင်ပေ။
ကုမန့်အခုထိ စိတ်ကိုမပြင်ဆင်ရသေးဘူးဆိုမှတော့ ကုချင်လဲ ဆက်မမေးတော့ပေ။ သို့ပေမည့် ကုမန့်တုန့်ဆိုင်းနေကတည်းက သူမထန်ယွင်ဖန်းအား ချစ်နေစဲဆိုသည်က သေချာနေပေပြီ။
ကုမန့်တစ်ယောက်တည်း ကလေးကို၁၈နှစ်လုံးတစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့သည်ကို ကုချင်ပြန်တွေးမိလိုက်လျှင် သူမ၏ညီမငယ်အတွက် ရင်နာလာရသည်။ ထို့ကြောင့် ကုမန့်အိမ်ထောင်ထပ်ပြုဖို့ရန် မျှော်လင့်ခဲ့ပေမည့် ကုမန့်ကတော့ ကုနင်းကိုကာကွယ်လိုရပ် လက်ထပ်ရန် အမြဲတမ်းငြင်းဆိုခဲ့သည်။ ပထွေးဆိုသည်မှာ အဖေရင်းမဟုတ်သောကြောင့် ကုမန့်သည် သူမသမီးကို အမှန်တကယ်ဂရုမစိုက်မည်အား စိုးရိမ်ခဲ့သည်။ သို့ပေမည့် အခုတော့ အခြေအနေများပြောင်းလဲလို့သွားခဲ့ပေပြီ။
“နင်းနင်း၊ သမီးရောဘယ်လိုထင်လဲ?” ကုချင် ဤတစ်ခေါက်တွင်တော့ ကုနင်း၏အမြင်အားမေးလိုက်သည်။