← Chapters

အခန်း (၅၁၆-၅၂၀)

Vol. 35 Ch. 516-520

အခန်း (၅၁၆-၅၂၀)

Vol. 35 Ch. 516-520

အခန်း ၅၁၆

ထန်ယွင်ဖန်းအား Bမြို့သို့ပြန်ခေါ်ခြင်း

ကုချင် ကုမန့်အတွက်စိုးရိမ်နေခြင်းဖြစ်ကြောင်း ကုနင်းနားလည်၍ ပြုံးမိသွားကာ၊

“အမေသာ လက်ထပ်ချင်တယ်ဆိုရင် သမီးလဲသေချာပေါက် လက်ခံတာပေါ့။ အမေရဲ့ကျန်ရှိနေတဲ့ဘဝသက်တမ်းမှာ ယုံကြည်ရတဲ့ခင်ပွန်းတစ်ယောက်ရပြီး ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနိုင်ဖို့ သမီးအမြဲမျှော်လင့်နေခဲ့တာ။ သမီးကလဲ မကြာခင် မြို့တော်ကိုသွားပြီး ကျောင်းတက်ရတော့မှာဆိုတော့ အမေနဲ့အတူရှိပေးနိုင်မယ့်အချိန်သိပ်မရှိတော့ဘူး။ အဲ့ဒါကြောင့် အမေ့ကိုတစ်ယောက်တည်း အထီးမကျန်နေစေချင်ဘူး။”

ကုနင်းသဘောတူသည်ကိုကြားလိုက်ရသောကြောင့် ကုချင် စိတ်အေးသွားတော့သည်။

စကားပြောဆိုပြီးသွားချိန်တွင်တော့ နောက်တစ်ရက်အတွက်ပါ ခွင့်တိုင်ရန်အတွက် ကုနင်း ကျန်းချိုးဟွာအား ဖုန်းဆက်လိုက်သည်။

ညဘက်တွင်တော့ ကုမန့် ထန်ယွင်ဖန်းအကြောင်းကိုသာ တချိန်လုံးစဉ်းစားနေမိသောကြောင့် အိပ်မပျော်နိုင်ခဲ့ပေ။

တစ်ဖက်ရှိ ကုနင်းသည်လဲ ထန်ယွင်ဖန်း သတိပြန်ရလာသည့်သတင်းအား မကြားခဲ့ရပေ။ ထိုသို့ဖြစ်လာမည်ဟု သူမတွေးထားပြီးသားဖြစ်ပေမည့် ဖြစ်လာပြန်တော့လဲ စိတ်မကောင်းဖြစ်ရသည်။ သူမ ထန်ယွင်ဖန်းကို အပြီးတိုင် ကုသပေးခဲ့ပြီးပြီဖြစ်သော်လည်း သတိမရလာခြင်းက အလွန်ထူးဆန်းလှပေသည်။

သူတို့မသိလိုက်သည်က တကယ်တမ်းထန်ယွင်ဖန်းသည် လွန်ခဲ့သည့်၁၉နှစ်တာကာလမှ အတိတ်နေ့ရက်တစ်ရက်ဆီသို့ အိပ်မက်ရှည်ကြီးတစ်ခုဖြင့် ရွက်လွှင့်နေခဲ့ခြင်းဖြစ်သည်။

နွေရာသီအားလပ်ရက်ဖြစ်၍ ထန်ယွင်ဖန်းနှင့်သူငယ်ချင်းနှစ်ဦး ရှုခင်းကြည့်ရန်အတွက် Dမြို့သို့ထွက်လာခဲ့ကြသည်။ သို့ပေမည့် ထိုသူငယ်ချင်းနှစ်ဦးက ထန်ယွင်ဖန်းအား သတ်ရန်ကြံစည်ခဲ့ကြပြီး တိုက်ခိုက်ရင်းဖြင့် ထန်ယွင်ဖန်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားသည်။

သူဘယ်လောက်အထိ သတိမေ့သွားလဲဆိုသည်ကိုတော့ မသိပေမည့် နောက်ဆုံးအချိန်တုန်းကတော့ အားကုန်ခမ်းကာ မြေပြင်ပေါ်သို့လဲကျသွားခဲ့ခြင်းဖြစ်သည်။

သူတစ်ဖန်ပြန်နိုးလာချိန်တွင်တော့ ဆေးရုံတစ်ခုတွင်ရောက်နေကာ သူ့ဘေးတွင် လှပသည့်မိန်းမငယ်လေးတစ်ဦးလဲ ရှိနေသည်။ သို့ပေမည့် သူ့မှတ်ဉာဏ်ထဲတွင် စဉ်းစားလို့ရတာ ဘာတစ်ခုမှမရှိသောကြောင့် သူ့အသက်ကိုကယ်တင်ခဲ့ကာ သူ့ကိုထိခိုက်အောင် မလုပ်နိုင်လောက်ဟု ထင်မိသည့် ထိုလှပသည့်မိန်းမငယ်လေးနောက်သို့ တောက်လျှောက်လိုက်နေခဲ့သည်။

…………..

နောက်တစ်နေ့မနက်တွင်တော့ ကုမန့်တစ်ယောက် မျက်ကွင်းများညိုကာ အလွန်ပင်းပန်းနွမ်းနယ်နေသည့်ပုံစံဖြင့် နိုးထလာခဲ့သောကြောင့် သူမတစ်ညလုံးအိပ်မပျော်ခဲ့ခြင်းဖြစ်ကြောင်း သိသာလှပေသည်။ ကုနင်းလဲ ပုံမှန်အတိုင်းပဲ ကုမန့်အတွက် စွမ်းအင်သလင်းကျောက်တစ်လုံးထည့်ထားသည့် ရေတစ်ဖန်ခွက်ငှဲ့ကာပေးလိုက်သည်။ ထိုရေကိုသောက်ပြီးချိန်တွင်တော့ ကုမန့်ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာတော့သည်။

ဒီနေ့လဲ ကုနင်း ကျောင်းမသွားဘဲ ကုမန့်နှင့်အတူ ဆေးရုံသို့လိုက်သွားခဲ့သည်။ မနေ့နေ့လည်ကတည်းက အခုထိ ထန်ယွင်ဖန်းတစ်ချက်ပင် သတိပြန်မရလာသောကြောင့် ချွမ်မင်ခိုင်မှာ အလွန်စိုးရိမ်နေပြီဖြစ်သည်။

“အချိန်ဒီလောက်ကြာနေတာတောင် ဥက္ကဌက အခုထိ သတိပြန်မရသေးဘူး! ဆရာဝန်တွေပြောတော့ သူအခြေအနေကောင်းနေပြီဆို။” ကုနင်းနှင့်ကုမန့်တို့ရောက်လာသည်နှင့် ချွမ်မင်ခိုင်စိုးရိမ်ပူပန်စွာပြောလိုက်သည်။

အမှန်တကယ်ကိုပင် ထန်ယွင်ဖန်း၏ခန္ဓာကိုယ်အခြေအနေအားလုံးကောင်းမွန်နေပေမည့် လုံးဝသတိပြန်ရလာခြင်းမရှိသောကြောင့် လူတိုင်းစိုးရိမ်လာကြတော့သည်။ အကြောင်းရင်းကိုလဲ ဘယ်သူမှမဖော်ထုတ်နိုင်ကြသောကြောင့် ကုသနည်းကိုလဲ မသိနိုင်ကြပေ။

ဤသို့သောအခြေအနေမျိုးတွင်တော့ ကုနင်းကိုယ်တိုင်လဲ အဖြေရှာမရတော့ပေ။

“နောက်တစ်ရက်လောက်စောင့်ကြည့်ကြတာပေါ့!” လောလောဆယ် စောင့်ကြည့်ရုံသာ တတ်နိုင်လေသည်။

သို့ပေမည့် နောက်တစ်ရက် ကုန်သွားသည့်အချိန်တွင်တောင်မှ ထန်ယွင်ဖန်း သတိပြန်မရလာသေးသောကြောင့် ချွမ်မင်ခိုင် ဆက်ပြီးသည်းမခံနိုင်တော့ပေ။

“မိန်းကလေးကု၊ ကျွန်တော်စိတ်မကောင်းပေမယ့် အခုက ထန်မိသားစုဝင်တွေကို ပြောပြသင့်တဲ့အချိန်ရောက်နေပါပြီ။”

သူတို့အစတုန်းက ထန်မိသားစုအား အသိမပေးခြင်းသည် ထန်ယွင်ဖန်းလဲ မကြာခင်ပြန်သတိရလာမည်ဖြစ်၍ မစိုးရိမ်စေချင်သောကြောင့်ဖြစ်ပေမည့် အခုတော့ နှစ်ရက်ကျော်သွားတာတောင်မှ ထန်ယွင်ဖန်း ပြန်သတိရလာမည့်အရိပ်အယောင်မရှိသောကြောင့် ထန်မိသားစုအား အသိပေးသည့်သည့်အချိန်ရောက်ပြီဟု ချွမ်မင်ခိုင်တွေးမိလေသည်။

သူသာဆက်ပြီးလျှို့ဝှက်ထားလို့ ထန်ယွင်ဖန်း ထပ်ပြီးတစ်ခုခုဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့လျှင် သူ့အနေနဲ့ ဘယ်လိုမှ တာဝန်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ကုနင်းလဲ ခနလောက်တွေးကြည့်လိုက်ပြီးနောက် သဘောတူလိုက်သည်။

“ဟုတ်တာပေါ့၊ အခုချိန် သူတို့ကိုပြောပြသင့်ပြီ၊ ဒါပေမယ့် အခုချက်ချင်းတော့ ထန်ဖိုးဖိုးကိုမပြောပါနဲ့ဦး။ ဒီလိုသတင်းဆိုးကို နားထောင်ဖို့ သူကအသက်ကြီးနေပြီ။ ထန်ဖိုးဖိုးပါ တစ်ခုခုဖြစ်သွားမှာစိုးရတယ်။”

ချွမ်မင်ခိုင်လဲ ထိုအချက်ကိုလက်ခံသောကြောင့် ထန်ယွင်ဟန်ကိုသာ ဖုန်းဆက်လိုက်သည်။

ထန်ယွင်ဟန် သတင်းကြားပြီးနောက်တွင်တော့ အလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် ထန်ယွင်ဖန်းအား ခေါ်ရန်အတွက် သီးသန့်ဂျက်လေယာဉ်တစ်စီးစီစဉ်တော့သည်။ ရဟတ်ယာဉ်အစား သီးသန့်ဂျက်လေယာဉ်ကိုသုံးခြင်းက ရဟတ်ယာဉ်သည် ပို၍နှေးသောကြောင့်ဖြစ်သည်။

ထို့အတွက်ကြောင့် နောက်နှစ်နာရီခွဲလောက်တွင် ထန်ယွင်ဖန်းအား လေဆိပ်သို့ခေါ်သွားရပေမည်။

သူတို့အခုထိ တရားဝင်မိသားစုမဖြစ်သေးသောကြောင့် ကုနင်းနှင့်ကုမန့်မှာ ထန်ယွင်ဖန်းအား ပြန်ခေါ်သွားသည်ကို ကြည့်ရုံသာကြည့်နေနိုင်ပေသည်။ ထန်ယွင်ဖန်းကို Bမြို့သို့ပြန်ခေါ်သွားချိန်တွင် စွမ်းအင်သလင်းကျောက် အလုံး၂၀ပါဝင်သည့်ဆေးပုလင်းအား ကုနင်း ချွမ်မင်ခိုင်လက်ထဲသို့ထည့်ပေးလိုက်သည်။ ထို့နောက် ထန်ယွင်ဖန်းသာ ဆက်ပြီးသတိမရသေးလျှင် သုံးရက်နေလျှင် တစ်လုံးစီ တိုက်ပေးဖို့ရန်လဲ သတိပေးလိုက်သည်။ စွမ်းအင်သလင်းကျောက်သည် ပါးစပ်ထဲရောက်သည်နှင့် ချက်ချင်းအရည်ပျော်သွားမည်ဖြစ်သောကြောင့် ထန်ယွင်ဖန်းသတိလစ်နေတုန်း တိုက်ဖို့ရန်အတွက် အခက်အခဲမရှိပေ။ ထို့အပြင် ထန်ယွင်ဖန်း တစ်ခုခုဖြစ်လျှင်လဲ သူမကိုအမြန်ဆုံးအကြောင်းကြားပေးရန်နှင့် ချက်ချင်းလာခဲ့မည့်အကြောင်းကိုလဲ ချွမ်မင်ခိုင်အား ကုနင်းသတိပေးလိုက်ပြန်သေးသည်။

ထိုမျှနှင့်မပြီးသေးဘဲ ထန်ယွင်ဖန်း၏သတင်းကိုကြားပြီးနောက် ထန်ဟိုင်ဖုန်း နေထိုင်မကောင်းဖြစ်လျှင်လဲ ဆေးတစ်လုံးလောက်တိုက်လိုက်ရန်ပါပြောလိုက်သည်။

ချွမ်မင်ခိုက်သည်တော့ ကုနင်းကိုယုံကြည်ထားပြီးဖြစ်သောကြောင့် မေးမြန်းမနေဘဲ ဆေးပုလင်းအား ချက်ချင်းယူလိုက်သည်။

ထို့နောက် ကုနင်းကပဲ ထန်ယွင်ဖန်းအား လေဆိပ်သို့ပို့ပေးရန်အတွက် အန်ကွမ်းမင်အား လူနာတင်ယာဉ်တစ်စီးတောင်းဆိုလိုက်သည်။ အန်းကွမ်းမင်ကတစ်ဆင့် ထန်ယွင်ဖန်းကို Bမြို့သို့ပြန်ခေါ်သွားမည့်အကြောင်း ယွင်ကျီစုန့်အား တဖန်အကြောင်းကြားလိုက်သောကြောင့် ယွင်ကျီစုန့်လဲ ဆေးရုံသို့အမြန်ပြေးလာရတော့သည်။

ယွင်ကျီစုန့်ရောက်သွားသည့်အချိန်တွင် ချွမ်မင်ခိုင်တို့အဖွဲ့ အခုထိဆေးရုံကမထွက်သွားရသေးပေ။ သီးသန့်ဂျက်လေယာဉ်ရောက်လာဖို့ရန် နှစ်နာရီခွဲလောက်လိုသေးသောကြောင့် သူတို့ ဆေးရုံတွင်ပဲ စောင့်သည်က ပို၍အဆင်ပြေလေသည်။

“လူကြီးမင်းချွမ်၊ ခင်ဗျားတို့ Bမြို့ကိုပြန်တော့မလို့ဆို?” ယွင်ကျီစုန့်မေးလိုက်သည်။

“ဟုတ်တယ်၊ သူအခုထိသတိမရသေးဘူးဆိုတော့ Bမြို့ကိုပြန်တာက ပိုပြီးသင့်တော်မှာမို့လို့ပါ။” ချွမ်မင်ခိုင်ပြန်ဖြေလိုက်ပေမည့် ထန်ယွင်ဖန်း၏ရာထူးနာမည်ကိုတော့ ထည့်မပြောခဲ့ပေ။

နှစ်နာရီကြာပြီးနောက်တွင်တော့ ကုနင်း၊ ကုမန့်တို့နှင့်အတူ ချွမ်မင်ခိုင်တို့ ဆေးရုံမှစီစဉ်ပေးသည့် လူနာတင်ယာဉ်ဖြင့် ထန်ယွင်ဖန်းအား လေဆိပ်သို့ပို့ကြသည်။

လမ်းတစ်လျှောက်လုံး ကုမန့် ထန်ယွင်ဖန်းကိုပဲ စိုက်ကြည့်နေခဲ့ကာ အလွန်ဝမ်းနည်းနေပေမည့် အခြားလူများ မသိစေရန်အတွက် သူမခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။ သို့ပေမည့် ကုနင်းနှင့် ချွမ်မင်ခိုက်သည်တော့ ကုမန့်၏ပုံမှန်မဟုတ်သည့် အမူအရာများကို တွေ့ရှိနေပြီးသားပင်။

ကုနင်းကတော့ သူမလဲ ဘာမှလုပ်ပေးနိုင်တာမရှိ၍ ထုတ်ပြောခြင်းမရှိသလို ချွမ်မင်ခိုင်သည်လဲ ဘာမှမပြောပေ။ သူ ကုမန့်ကိုအလွန်သနားမိသော်လည်း အပြင်လူတစ်ယောက်ဖြစ်သောကြောင့် နှစ်သိမ့်ပေးဖို့ရန်လဲ မဖြစ်နိုင်ပေ။

မိနစ်၂၀ကြာပြီးနောက်တွင်တော့ လေဆိပ်သို့ရောက်ရှိလာကြသည်။

အားလုံးသေချာစီစဉ်ထားပြီးဖြစ်၍ လေဆိပ်သို့ရောက်သည်နှင့် သီးသန့်ဂျက်လေယာဉ်ရပ်ထားရာသို့ ဗီအိုင်ပီလမ်းကြောင်းမှ တစ်ခါတည်း မောင်းဝင်လာနိုင်ခဲ့သည်။

သီးသန့်ဂျက်လေယာဉ် ဆင်းသက်ပြီးသည်မှာ မိနစ်ပိုင်းမျှကြာပြီဖြစ်သောကြောင့် ကုနင်းတို့ရောက်သွားချိန်တွင် လူလေးယောက်စောင့်နေခဲ့သည်။

ထန်ယွင်ဖန်းအား Bမြို့သို့ သီးသန့်ဂျက်လေယာဉ်ဖြင့် ခေါ်သွားမည်ဖြစ်ကြောင်းကို ကုမန့်မသိထားသောကြောင့် အလွန်အံ့ဩသွားတော့သည်။ သီးသန့်ဂျက်လေယာဉ်ကိုတောင် သုံးတာဆိုတော့ သူက ရာထူးအရမ်းမြင့်တဲ့လူများလား!

မည်သို့ပင်ဖြစ်ပါစေ ထန်ယွင်ဖန်းကတော့ ကုမန့်အပေါ် မေ့ဖျောက်၍မရနိုင်သည့် ခံစားချက်မျိုး ချန်ထားခဲ့ပြီဖြစ်သည်။

လူနာတင်ယာဉ်က သီးသန့်ဂျက်လေယာဉ်ရှေ့တွင် ရပ်လိုက်ကာ ကားတံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် လူအချို့ရောက်လာပြီး ထန်ယွင်ဖန်းအား ဂျက်လေယာဉ်ပေါ်သို့ ကူရွှေ့ပေးကြသည်။

သီးသန့်ဂျက်လေယာဉ်၏တံခါးပြန်မပိတ်သေးခင်တွင်ပဲ ချွမ်မင်ခိုက်က ကုနင်းနှင့်ကုမန့်အား၊

“အခုလို ကူညီပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်မှ ပြန်ဆက်သွယ်လိုက်ပါ့မယ်။”

“ကောင်းပါပြီ။” ကုနင်းပြန်ဖြေလိုက်ကာ ချွမ်မင်ခိုင်လဲ လေယာဉ်ထဲဝင်ကာထွက်သွားတော့သည်။

သီးသန့်ဂျက်လေယာဉ်ပျံသန်းပျောက်ကွယ်သွားသည်အထိ ကုနင်းနှင့်ကုမန့်တို့ ရပ်ကြည့်နေခဲ့ကြသည်။ သို့ပေမည့် သူမတို့ လူနာတင်ယာဉ်ရှိရာသို့ ပြန်လာချိန်တွင်တော့ ရုတ်တရက်ဆိုသလို ကုမန့် လဲကျတော့မလိုဖြစ်သွားကာ ကံကောင်းစွာဖြင့်ဘေးမှ ကုနင်းက အချိန်မီတွဲပေးထားနိုင်ခဲ့သည်။

“အမေ!” ကုနင်းလဲ လန့်သွားကာ ချက်ချင်းပင် ကုမန့်အား သူမ၏စွမ်းအင်များကူးပြောင်းပေးတော့သည်။

“မိန်းကလေးကု၊ မင်းရဲ့အမေကို ဆေးရုံမှာစစ်ဆေးဖို့ပြန်ခေါ်သွားမလား?” ယာဉ်မောင်းက စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“ကျေးဇူးပါ၊ ကျွန်မအဆင်ပြေပါတယ်၊ နည်းနည်းလေးပင်ပန်းသွားရုံပါ။ အိမ်ကိုပဲပြန်ကြတာပေါ့။”

“ကျေးဇူးပါ၊ ကျွန်မတို့ကို ဖန်ဟွားအဆင့်မြင့်အိမ်ရာကိုပဲ ပြန်ပို့ပေးပါနဲ့။” ကုနင်းပြန်ဖြေလိုက်သည်။ သူမအနားမှာရှိနေသ၍ ကုမန့်အတွက် စိုးရိမ်စရာမလိုပေ။

***

အခန်း ၅၁၇

ယွင်ဖန်းဘာကြောင့် Fမြို့ကိုသွားတာလဲ?

“ကောင်းပါပြီ၊” လူနာတင်ယာဉ်မောင်းလဲ အတင်းအကြပ်မတိုက်တွန်းနေတော့ပေ။

ကုနင်း၏မှော်စွမ်းအင်အကူအညီဖြင့် ကုမန့်၏ခန္ဓာကိုယ်အခြေအနေပြန်ကောင်းလာပေမည့် စိတ်အခြေအနေမှာတော့ ဆိုးရွားနေစဲပင်။

သူမတို့အိမ်ပြန်ရောက်ချိန်တွင်တော့ ညနေ၅နာရီရှိပြီဖြစ်ကာ ဝမ်ဆူးဖန်က သူမတို့အတွက် ချက်ပြုတ်ပြင်ဆင်ပေးထားသည်။

“ပြန်ရောက်ကြပြီလား!” တံခါးဖွင့်သံကြားချိန်တွင် ဝမ်ဆူးဖန်လဲ မီးဖိုချောင်ထဲမှ ထွက်လာကာ၊

“ငါဒီနေ့ပဲ တိုက်ခန်းအသစ်ရှာတွေ့ပြီ၊ ညကျရင်ပြောင်းတော့မယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငါ့ကိုနေခွင့်ပေးထားတဲ့အတွက် ကျေးဇူးပဲနော်။”

“ညတွင်းချင်းကြီး တိုက်ခန်းအသစ်ကိုပြောင်းတော့မလို့လား?” ကုမန့်အံ့ဩသွားကာ၊

“နင်ကလဲ အလျင်လိုဖို့မလိုပါဘူး၊ ငါတို့က ဆက်ပြီးကူညီပေးချင်သေးတာကို။”

ကုမန့်သည် အမြဲတမ်းကြင်နာတတ်ပြီး သူတစ်ပါးအားကူညီလိုတတ်သူဖြစ်ကြောင်း ဝမ်ဆူးဖန်သိထားပြီးဖြစ်ပေမည့် သူမကတော့ ဆက်ပြီးမမှီခိုလိုတော့ပေ။

“အိုး၊ဒါနဲ့၊ နင့်တိုက်ခန်းအသစ်က ဘယ်နားမှာလဲ?” ကုမန့်ဆက်မေးလိုက်သည်။

“အလှပြင်ဆိုင်နဲ့သိပ်မဝေးဘူး။”

“အဲ့ဒီနေရာက လုံရောလုံခြုံရဲ့လား?”

“လုံခြုံတယ်၊ အိမ်ငှားတစ်ယောက်တည်းမှာပဲသော့ရှိတာ။”

“ကောင်းတာပေါ့။”

အိမ်ပြန်ရောက်တော့မှပင် ကုနင်း ယွင်ကျီစုန့်အားဖုန်းဆက်ရန်အချိန်ရသွားပြီး ကုန်တင်ကားမောင်းသူအကြောင်းကိုမေးလိုက်သည်။

“တကယ်မတော်တဆမှုဆိုမှတော့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ကြရမှာပေါ့။ အသေးစိတ်အကြောင်းအရာကိုတော့ လူကြီးမင်ချွမ်ကို ငါပြောပြီးသွားပြီ။” ယွင်ကျီစုန့်ပြန်ဖြေလိုက်သည်။

ညစာစားချိန်တွင်တော့ ကုချင်တို့မိသားစုလဲ ရောက်လာကြသည်။

ကုချင်ရောက်လာသည်နှင့်တပြိုင်နက် ကုမန့်အား၊

“ရှောင်မန့်၊ လူကြီးမင်းထန် ဘယ်လိုနေသေးလဲ?”

ထန်ယွင်ဖန်းကို Bမြို့သို့ပြန်ခေါ်သွားသည်အား ကုချင် မသိထားသေးပေ။

“သူအခုထိ သတိမရသေးဘူး။ ပြီးတော့ ဒီနေ့လည်ကပဲ သူ့မိသားစုဘက်က Bမြို့ကိုပြန်ခေါ်သွားပြီ။”

“ဘာ? သူ့ကိုBမြို့ပြန်ခေါ်သွားပြီလား?” ကုချင်အံ့အားသင့်သွားသလို စိုးလဲစိုးရိမ်သွားသည်။ ထန်ယွင်ဖန်း Bမြို့ပြန်သွားပြီဆိုလျှင် ကုမန့်ကိုဘယ်လိုလုပ်ကြမလဲ?

“သူကအခုထိ သတိမေ့နေသေးတာဆိုတော့ ငါလဲဘာမှမလုပ်ပေးနိုင်ဘူးလေ။” ထန်ယွင်ဖန်းနှင့်အတူရှိနေသည်ဖြစ်စေ မရှိနေသည်ဖြစ်စေ သူသတိပြန်ရလာပြီး ဘေးကင်းဖို့ကိုသာ ကုမန့်မျှော်လင့်မိသည်။

ထိုတော့မှ ကုချင်လဲ အခုချိန်တွင် ထန်ယွင်ဖန်း၏ကျန်းမာရေးကသာ အရေးအကြီးဆုံးဖြစ်ကြောင်း ပြန်သတိရသွားတော့သည်။

ကုမန့်၏စိတ်အခြေအနေမကောင်းလှသောကြောင့် အစာစားချင်စိတ်မရှိ၍ ညစာကိုသိပ်မစားနိုင်ခဲ့ပေ။

ညစာစားပြီးနောက်တွင်တော့ ကုနင်းက ဝမ်ဆူးဖန်၏တိုက်ခန်းအသစ်ကို လိုက်ပို့ပေးပြီး ကုချင်ကတော့ ကုမန့်ကို နှစ်သိမ့်ရန်အတွက် နေခဲ့သည်။

……..

Bမြို့၊ ထန်မိသားစုစံအိမ်တော်၊

နေ့လည်ကတည်းက ထန်ယွင်ဟန်က ထန်ယွင်ရုန်တို့ဇနီးမောင်နှံအား ဒီညထန်မိသားစုစံအိမ်သို့လာရန် ဖုန်းဆက်ပြောထားပေမည့် အသေးစိတ်အကြောင်းအရာကိုတော့ မပြောပေ။

ထို့ကြောင့် ညနေ၆နာရီလောက်တွင် ထန်ယွင်ရုန်တို့ဇနီးမောင်နှံ ထန်မိသားစုစံအိမ်သို့ရောက်ရှိလာတော့သည်။ ထန်ယွင်ဟန်မှလွဲ၍ ဘယ်သူမှ အခြေအနေကိုမသိသေးပေမည့် ထန်ယွင်ဟန်ကတော့ ထန်ယွင်ဖန်းအိမ်ပြန်ရောက်မှသာ အသေးစိတ်အကြောင်းအရာများကို သူတို့အားပြောပြမည်ဟု ပြောထားသောကြောင့် စိတ်ရှည်ရှည်နှင့်သာ ထိုင်စောင့်နေရတော့သည်။

ညစာစားပြီးနောက် သူတို့အားလုံး ဧည့်ခန်းထဲတွင်ထိုင်ရင်း တီဗီကြည့်နေကြသည်။ ထန်ယွင်ဟန်က ည၈နာရီလောက်ဆိုလျှင်တော့ ထန်ယွင်ဖန်း အိမ်ပြန်ရောက်လောက်ပြီဟုပြောထားသောကြောင့် သူတို့အားလုံး စောင့်နေကြခြင်းဖြစ်သည်။

ည၇နာရီခွဲဝန်းကျင်တွင်တော့ ထန်မိသားစုပိုင်သီးသန့်ဂျက်လေယာဉ်သည် Bမြို့လေဆိပ်သို့ဆင်းသက်လာခဲ့သည်။ လေယာဉ်ထဲမှလူတစ်စုထွက်လာကာ ဗင်ကားဖြင့် ထန်မိသားစုအိမ်တော်သို့ ဆက်လာခဲ့သည်။

ထန်မိသားစုတွင် နိုင်ငံတကာအဆင့်မီကျော်ကြားသည့် မိသားစုဆရာဝင်များရှိထားပြီးဖြစ်သလို ထန်မိသားစုစံအိမ်တွင်ပဲ ဆေးပစ္စည်းကိရိယာအစုံအလင်ပါရှိသည့် အခန်းကိုလဲ သီးသန့်ထားရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ ဆေးရုံသို့သွားစရာမလိုဘဲ ထန်မိသားစုစံအိမ်သို့သာ တန်းပြန်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထန်ယွင်ဖန်းသည် ရာထူးအာဏာကြီးသည့်လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်။ သူဆေးရုံမှာရှိနေပြီး သတိမရသေးသည့်အခြေအနေမှန်း သတင်းပြန့်သွားပါက ရန်သူတော်များ အခွင့်အရေးယူတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။

ထန်မိသားစုသည် Bမြို့တွင် နံပါတ်၁အဆင့်ရှိသည့် မိသားစုဖြစ်ကာ မည်သူကမှ သူတို့ကို ရန်မစရဲသော်လည်း နိုင်ငံရေးဘက်မှာရော စီးပွားရေးဘက်မှာသာ အချိန်ကောင်းကိုစောင့်နေကြသည့် ရန်သူများစွာရှိ၍ ထန်ယွင်ဖန်း သတိလစ်နေသည့်ကိစ္စကို လျှို့ဝှက်ထားမှဖြစ်ပေမည်။

ယခုအချိန်တွင် ထန်ဟိုင်ဖုန်းလဲ အသက်ကြီးနေပြီဖြစ်ကာ ထန်ကျားယန်သည်လဲ ငယ်သေးသောကြောင့် ထန်မိသားစုတွင် ထန်ယွင်ဖန်းတစ်ယောက်သာ ကြီးမားကျယ်ပြန့်လှသည့်မိသားစုစီးပွားရေးကြီးကို ကိုယ်တွယ်ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် ထန်ကျားယန်သည် နိုင်ငံခြားတွင် ပညာသင်ယူနေစဲလဲဖြစ်သေးသည်။ မိသားစုစီးပွားရေး အရေးပေါ်အခြေအနေဖြစ်လာ၍ ထန်ကျားယန် ပြန်လာလျှင်တောင်မှ သူ့တွင် အတွေ့အကြုံရော အရည်အချင်းပါ မပြည့်စုံသေးသောကြောင့် အန္တရာယ်အတွင်းကျရောက်နေမည့် စီးပွားရေးကြီးတစ်ခုကို ထိန်းချုပ်ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယခုကိစ္စအား ထန်မိသားစုအနေဖြင့် တိုးတိုးတိတ်တိတ် ဖြေရှင်းခြင်းက အကောင်းဆုံးပင်ဖြစ်သည်။

ထို့အပြင် လက်ရှိထန်ယွင်ဖန်း၏ အခြေအနေသည် အလွန်ထူးဆန်းနေသည်။ သူ့ခန္ဓာကိုယ်စစ်ဆေးချက်များက အကောင်းအတိုင်းဖြစ်နေပေမည့် သတိလစ်နေစဲပင်။ ထို့ကြောင့် ဆေးရုံသို့ပြန်ပို့လိုက်လျှင်လဲ စစ်ဆေးချက်ရလဒ်က အတူတူပင်ထွက်လာဦးမည်ဖြစ်သည်။

သို့ပေမည့် ထန်ယွင်ဖန်း၏အခြေအနေဆိုးလာလျှင်တော့ သေချာပေါက် ဆေးရုံသို့ခေါ်သွားမည်ဖြစ်သည်။

ည၈နာရီဝန်းကျင်တွင်တော့ ထန်ယွင်ဖန်းအိမ်ပြန်ရောက်လာခဲ့သည်။ သူ့ကို လူနာတင်သင့်ကုတင်ဖြင့် ခေါ်လာသောကြောင့် ထန်မိသားစုဝင်အားလုံး အလွန်ထိတ်လန့်ကုန်ကြသည်။

အထူးသဖြင့် ဆရာကြီးထန်မှာ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် လဲပြိုကျတော့မတတ်ပင်ဖြစ်သွားပေမည့် အိမ်တော်ထိန်းက အချိန်မီ ကူတွဲထားပေးနိုင်ခဲ့သော်လည်း အသက်ရှူနှုန်းများ မြန်ဆန်ကာ မသက်မသာခံစားရနေစဲပင်။

ထိုအချင်းအရာကို ချွမ်မင်ခိုင်မြင်လိုက်သည်နှင့် ချက်ချင်းပင် ကုနင်းပေးလိုက်သော ဆေးပုလင်းထဲမှ တစ်လုံးယူက ဆရာကြီးထန်အား တိုက်လိုက်သည်။ စွမ်းအင်သလင်းကျောက်၏အကူအညီကြောင့် ထန်ဟိုင်ဖုန်း ချက်ချင်း နေလို့ပြန်ကောင်းသွားတော့သည်။

ချွမ်မင်ခိုင်သည် အစကတည်းက ကုနင်းကိုယုံကြည်ထားပြီးဖြစ်သော်လည်း ဆေး၏မယုံနိုင်စရာ အစွမ်းထက်မှုကို ကိုယ်တိုင်ကိုယ်ကျမြင်လိုက်ရချိန်တွင်တော့ အလွန်အံ့အားသင့်သွားမိစဲပင်။

“ဘာ-ဘာတွေဖြစ်သွားတာလဲ?” ချောင်ယွေ့ဟွာ အရင်ဆုံးထိတ်လန့်မှုမှ အသိပြန်ဝင်လာကာ မေးလိုက်သည်။

“အရင်ဆုံး ဆေးကုသအခန်းကိုသွားကြတာပေါ့!” ထန်ယွင်ဟန် ပြန်မဖြေသေးဘဲ ဆရာဝန်များအဆင်သင့်စောင့်နေသည့် ဆေးကုသခန်းသို့ ထန်ယွင်ဖန်းအားရွှေ့ရန် ပြောလိုက်သည်။

သူတို့ ဆေးကုသခန်းသို့ရောက်ရှိသွားသည်နှင့် ထန်ယွင်ဖန်းအား လူနာကုတင်ပေါ်သို့ ဂရုတစိုက်ရွှေ့တင်လိုက်ကာ ဆရာဝန်များလဲ လိုအပ်သည့်စမ်းသပ်မှုများကို ချက်ချင်းစတင်တော့သည်။

ထန်ဟိုင်ဖုန်းမှာတော့ ဆက်ပြီးစောင့်မနေနိုင်တော့ဘဲ စိုးရိမ်ပူပန်စွာဖြင့် ချွမ်မင်ခိုင်ကိုသာ မေးမြန်းတော့သည်။

“မင်ခိုင်၊ ဘာတွေဖြစ်သွားတာလဲ?”

“သခင်လေးထန် ကားတိုက်မှုဖြစ်ခဲ့တာပါ၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်အခြေအနေအားလုံးကောင်းနေပေမည့် အကြောင်းရင်းမရှိ သတိမရလာသေးဘူး။”

ထိုစကားကြောင့် လူတိုင်းအလွန်ထိတ်လန့်သွားရပြန်သည်။

“ကားတိုက်တယ်? ဘယ်တုန်းကလဲ၊ ဘယ်မှာဖြစ်တာလဲ? ဘာလို့ ငါတို့ကိုအစောကတည်းက မပြောတာလဲ?” ထန်ဟိုင်ဖုန်း ဒေါသရော စိုးရိမ်စိတ်နဲ့ပါ မေးခွန်းထုတ်လိုက်သည်။

ယခုအချိန်တွင် ထန်ဟိုင်ဖုန်းသည် အသက်ကြီးသွားပြီဖြစ်သော်လည်း လူတိုင်းလေးစားရသည့် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေစဲဖြစ်သောကြောင့် ဤသို့သောလေသံမျိုးဖြင့် အမေးခံရချိန်တွင် ချွမ်မင်ခိုင် အလွန်စိတ်ဖိစီးသွားရတော့သည်။

“အရင်နေ့က သခင်လေးထန် Fမြို့ကိုသွားတဲ့အချိန် လေဆိပ်က ထွက်လာပြီး ညနေ၃နာရီဝန်းကျင်လောက်မှာ ကားတိုက်မှုဖြစ်သွားတာပါ။ ဆေးစစ်ဆေးမှုတွေလုပ်ပြီးတော့ သခင်လေးထန် ဒဏ်ရာအသေးအမွှားလောက်ပဲရတာဖြစ်ပြီး ပုံမျန်ပဲဆိုတာကြောင့် ကျွန်တော်လဲ သခင်လေးထန် မကြာခင်ပြန်သတိရလာမယ်လို့ထင်ပြီး ထန်မိသားစုဘက်ကို ချက်ချင်းအကြောင်းမကြားခဲ့တာပါ။ ဒါပေမယ့် သခင်လေးထန်က ၂ရက်အထိ သတိပြန်ရလာမယ့်အခြေအနေမရှိတာကြောင့် ကျွန်တော် သခင်လေးယွင်ဟန်ကိုပဲ ဖုန်းဆက်ပြောလိုက်တာပါ။”

“Fမြို့ကို? ဘာလို့ ယွင်ဟန်က Fမြို့ကိုသွားရတာလဲ? ငါတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက Fမြို့မှာ ဘာမှမရှိဘူးလေ။” ထန်ယွင်ဟန် နားမလည်နိုင်ဖြစ်သွားသည်။

***

အခန်း ၅၁၈

လင်းလိကျွမ်း မယားငယ်အား ရိုက်နှက်ခြင်း

“ဘာလို့လဲဆိုတော့….” ချွမ်မင်ခိုင် ဘယ်လိုရှင်းပြလို့ရှင်းပြရမှန်းမသိတော့ပေ။

ထိုအချိန်တွင်ပဲ စစ်ဆေးမှုများပြီးသွား၍ ဆရာဝန်ရောက်လာကာ၊

“သခင်လေးထန်မှာ အသေးအဖွဲ့ဒဏ်ရာတွေကလွဲရင် ကျန်တာအားလုံးကောင်းတယ်။ ဒါပေမယ့် ကျွန်တော်လဲ သခင်လေးဘာလို့ သတိပြန်ရမလာတာလဲဆိုတဲ့အကြောင်းရင်းကို ရှာလို့မရဘူး။”

ထန်ယွင်ဖန်း၏ ခန္ဓာကိုယ်အခြေအနေအားလုံးကောင်းနေပေမည့် သတိပြန်မရလာခြင်းကတော့ သတင်းဆိုးဖြစ်ကာ အကြောင်းရင်းကိုလဲ မည်သူမှ မသိကြပေ။

“ဒါဆို၊ ကောင်မလေးကုကို ဖုန်းဆက်ကြည့်လိုက်ရရော?” ထန်ဟိုင်ဖုန်း ရုတ်တရက်ဆိုသလို ကုနင်းအကြောင်းတွေးမိသွားသည်။ ထို့နောက် ချက်ချင်းပင် ကုနင်းကို ဖုန်းဆက်ရန်အတွက် သူ့ဖုန်းကိုပင် ထုတ်ဖို့လုပ်လိုက်တော့သည်။ ကုနင်းသာဆိုရင် ယွင်ဖန်းကို သေချာပေါက် သတိရလာအောင်လုပ်နိုင်လိမ့်မည်ဟုလဲ တွေးနေမိသည်။

ထန်ဟိုင်ဖုန်းသည် ကုနင်းကို အပြည့်အဝယုံကြည်ထားသူဖြစ်သည်။ ကုနင်းက သူ့နှလုံးရောဂါကိုပင် ပျောက်ကင်းအောင် ကုပေးနိုင်ခဲ့သောကြောင့် ထန်ယွင်ဖန်းကို အလွယ်တကူကုပေးနိုင်လိမ့်မည်ဟုလဲ ယုံကြည်နေသည်။

သို့ပေမည့် ထန်ဟိုင်းဖုန်း သူ၏ဖုန်းကိုထုတ်တော့မည့်အချိန်တွင်ပဲ ချွမ်မင်ခိုင်က တားလိုက်ကာ၊

“ဆရာကြီးထန်၊ မိန်းကလေးကုလဲ သခင်လေးထန်ကို စစ်ဆေးပြီးသွားပြီ၊ သူလဲ အကြောင်းရင်းကို ရှာမတွေ့ခဲ့ဘူး။”

“ဘာ? ကောင်မလေးကုလဲ ယွင်ဖန်းကို စစ်ဆေးပေးပြီးသွားပြီလား?” အားလုံးအံ့အားသင့်သွားကြတော့သည်။ သို့ပေမည့် လူတိုင်းမှာ ကုနင်းပင်လျှင် ထန်ယွင်ဖန်း သတိရလာစေရန် မစွမ်းဆောင်နိုင်ဟု ကြားသိရပြီး အံ့အားသင့်နေကြခြင်းဖြစ်သောကြောင့် ကုနင်းဘယ်လိုလုပ် ထန်ယွင်ဖန်းနှင့်တွေ့သွားလဲဆိုသည်ကို မေးဖို့ သတိမရကြပေ။

“ကောင်မလေးကုတောင်မှ အကြောင်းရင်းကိုရှာမရဘူးဆိုရင်၊ ဘယ်သူကများရှာနိုင်တော့မှာလဲ?” ထန်ဟိုင်ဖုန်း အလွန်စိတ်ဓါတ်ကျသွားကာ လဲကျလုမတတ်ဖြစ်သွားပြန်ပေမည့် ဤတစ်ကြိမ်တွင်လဲ ဘေးမှအိမ်တော်ထိန်းက အချိန်မီ ထိန်းပေးထားနိုင်ခဲ့သည်။

…….

Fမြို့တွင်၊

ကုနင်း ဝမ်ဆူးဖန်အိမ်သို့ပို့ပြီးပြန်လာချိန်၌ လမ်းကြပ်နေသောကြောင့် ဘေးဘီဝဲယာကို လျှောက်ကြည့်ရင်းအချိန်ဖြုန်းနေလိုက်သည်။ ထိုတခနတွင်ပဲ လမ်းဘေးတစ်နေရာ၌ လူများစွာစုရုံးနေသည်ကို သူမသတိထားလိုက်မိသည်။ အမျိုးသမီးနှစ်ဦးရန်ဖြစ်တာကို ကြည့်ရင်းလူစုနေကြသည့်ပုံပင်။

အခြားလူများရန်ဖြစ်သည်ကို ကုနင်းကြည့်ဖို့ရန် စိတ်မဝင်စားသော်လည်း ထိုရန်ဖြစ်နေကြသည့် အမျိုးသမီးနှစ်ဦး ဘယ်သူတွေလဲဆိုသည်ကို သူမသိလိုက်ရချိန်တွင်တော့ အလွန်စပ်စုချင်စိတ်များ ပြင်းထန်လာတော့သည်။ ထိုနှစ်ယောက်မှာ လင်းလိကျွမ်းနှင့် ကုချင်းရှန်၏အတွင်းရေးမှူး လျှိုယွီဝေ့တို့ပင်ဖြစ်ကာ ကုချင်းရှန်လဲ ထိုနားတွင်ရှိနေသည်။

ထိုအချင်းအရာကိုမြင်လိုက်သည်နှင့် ကုချင်းချက်ချင်းပင် ကားကိုလမ်းဘေးချရပ်လိုက်ပြီး ကားထဲမှနေကာ ထိုမယားငယ်နှိမ်နင်းသည့်ပြဇာတ်အား စောင့်ကြည့်နေတော့သည်။ ကုနင်း ကားရပ်လိုက်သည့်နေရာသည် ရန်ဖြစ်နေသည့်နေရာနှင့် နီးသောကြောင့် သူတို့ပြောနေသည့်စကားများကိုလဲ ရှင်းရှင်းလင်းလင်းကြားရလေသည်။

လျှိုယွီဝေ့သည် သွယ်လျကာ ငယ်ရွယ်သည့်မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ရန်ဖြစ်ရာတွင် လင်းလိကျွမ်းအား မနိုင်,နိုင်သည်မှာ သိသာလှပေသည်။ ထို့အပြင် လင်းလိကျွမ်းတွင်က သူမကို ကူညီပေးမည့် ကျင်းလန်ရှင်းရှိနေသည့်အပြင် ကုချင်းရှန်အား တားထားပေးမည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးလဲ ရှိနေသေးသောကြောင့် ကုချင်းရှန်လဲ လျှိုယွီဝေ့အား ဝင်မကူညီပေးနိုင်တော့ပေ။ ထို့ကြောင့် လင်းလိကျွမ်းနှင့် ကျင်းလန်ရှင်းတို့ ကြိမ်ဖန်များစွာ လျှိုယွီဝေ့ပါးအား ရိုက်နှက်နေသောကြောင့် လျှိုယွီဝေ့ခဗျာ ပါးပြင်နှစ်ဖက်လုံး နီရဲယောင်ကိုင်နေရုံမက ဆံပင်များ အဝတ်အစားများလဲ ဖရိုဖရဲဖြစ်နေတော့သည်။

လင်းလိကျွမ်းသည်လဲ လျှိုယွီဝေ့နှင့်ရန်ဖြစ်ရာမှ မျက်နှာပေါ်တွင် ကုတ်ရာခြစ်ရာများစွာ ရှိနေပြီဖြစ်သည်။ သို့သော်လည်း ဒေါသတရားက ဖုံးလွှမ်းနေသောကြောင့် နာကျင်သည်ကိုပင် မခံစားနိုင်တော့ပေ။

ကုချင်းရှန်အား တားထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် လင်းလိကျွမ်း၏အစ်ကို လင်းတချိန်ပင်ဖြစ်သည်။

လင်းလိကျွမ်း ဒီကနေ့ရန်ပွဲအတွက် သေချာပြင်ဆင်လာခြင်းဖြစ်ကြောင်း မှန်းဆကြည့်နေဖို့ရန်ပင် မလိုပေ။

ကျင်းလန်ရှင်းသည် ဖောက်ပြန်မှုကို မျက်မြင်တွေ့ခဲ့ရသူဖြစ်သည်။ သူမ၏ညီမသည် လျှိုယွီဝေ့နေသည့်နေရာနှင့်အတူတူပင်ဖြစ်ကာ ပို၍ တိုက်ဆိုင်သည်က နေသည့်တိုက်ပင် တူနေလေသည်။ ပြီးခဲ့သည့်ညက ကျင်းလန်ရှင်းသည် သူမညီမအိမ်သို့သွားလည်ပြီး ကားပါကင်သို့အပြန် သူမကားဘေးတွင် ကုချင်းရှန်၏ကား ရပ်ထားသည်ကို မြင်လိုက်ရသည်။

ကုချင်းရှန်၏ကားထဲတွင်တော့ အမျိုးသမီးတစ်ဦးပါ ရှိနေကာ လျှိုယွီဝေ့ပင်ဖြစ်သည်။

သူတို့နှစ်ဦး၏ဆက်ဆံရေးဘယ်လိုဆိုတာကို ကျင်းလန်ရှင်းသေချာမသိသေးသော်လည်း ပုံမှန်မဟုတ်လောက်ဖူးဟုတော့ သူမခန့်မှန်းမိလေသည်။ ကျင်းလန်ရှင်း၏အထင် မှန်နေကာ ကုချင်းရှန်ရော လျှိုယွီဝေ့ပါ ကားထဲမှ ချက်ချင်းထွက်မလာကြဘဲ အထဲတွင် အနမ်းပေးနေကြသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည်နှင့် ကျင်းလန်ရှင်းအလွန်ထိတ်လန့်သွားကာ ချက်ချင်းပင် မှတ်မှတ်ရရဖြင့် သူတို့၏အပြုအမူများကို ဗီဒီယိုမှတ်တမ်းတင်ထားလိုက်သည်။

ယောက်ျားများသည် ဖောက်ပြန်ရသည်ကို နှစ်သက်ကြသည့်သူမှန်း သူမသိထားပြီးဖြစ်ပေမည့် လူမြင်ကွင်းကားပါကင်တွင် ဖြစ်ချင်တိုင်းဖြစ်တာကတော့ အလွန်ရဲတင်းလွန်းလှပေသည်။

ကျင်းလန်ရှင်းသည် ဖောက်ပြန်သည်အား အလွန်မှန်းတီးသူဖြစ်သည်။ သူမခင်ပွန်း၏သစ္စာတရားကိုပင် မယုံကြည်ပေမည့် သူမတွင် သက်သေအတိအကျလဲ မရှိနေသောကြောင့် အသံတိတ်ကာနေနေရခြင်းဖြစ်သည်။ သို့ပေမည့် အခုလိုမြင်ကွင်းမျိုးကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရချိန်တွင်တော့ လင်းလိကျွမ်း၏သူငယ်ချင်းတစ်ဦးအနေဖြင့် သေချာပေါက် သတင်းပို့ရမည်ပင်။

လျှိုယွီဝေ့သည် ကားထဲတွင်ပဲ ကုချင်းရှန်နှင့် နာရီဝက်လောက် အချိန်ဖြုန်းနေခဲ့ပြီးမှ ထွက်လာကာ လှေကားပေါ်သို့တက်သွားခဲ့သည်။

ကျင်းလန်ရှင်းသည် ချက်ချင်းကြီး လင်းလိကျွမ်းအား သတင်းပို့လိုက်ပါက လင်းလိကျွမ်းအလွန်ဒေါသထွက်ပြီး ဤပြဿနာအား သေချာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိလောက်မည်ကို စိုးရိမ်၍ နောက်နေ့မနက်မှသာ အကြောင်းကြားဖို့ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နောက်တစ်နေ့မနက် လင်းလိကျွမ်းကို သူမအိမ်သို့ခေါ်လိုက်ကာ မြင်ခဲ့သမျှကို ပြန်ပြောပြလိုက်တော့သည်။

လင်းလိကျွမ်းသည်တော့ ထင်ထားသလိုပင် ချက်ချင်းကို ဒေါသထွက်သွားခဲ့ကာ ကုချင်းရှန် ကုမ္ပဏီသို့ပင် ချက်ချင်းလိုက်သွားကာ ရန်သွားဖြစ်တော့မည်ဟန် ပြင်နေသောကြောင့် ကျင်းလန်ရှင်း အမြန်လှမ်းတားထားရသည်။

ကျင်းလန်ရှင်း၏အကြံပေးမှုဖြင့် လင်းလိကျွမ်းလဲ သူမအစ်ကို လင်းတချိန်အား အကူအညီတောင်းလိုက်သည်။ လင်းတချိန်မှာတော့ သေချာပေါက်ကို ဤကိစ္စမျိုး၌ အလွန်ကူညီပေးချင်နေတော့သည်။

ကုရှောင်ရှောင် ထောင်ကျသွားချိန်တွင် ကုချင်းရှန်၏ကုမ္ပဏီသည်လဲ ဒေဝါလီခံရလုနီးပါးဖြစ်နေသောကြောင့် လင်းတချိန်ထံမှ ယွမ်၂သန်းချေးခဲ့သောကြောင့် ယခုလို ကုချင်းရှန်က သူတို့မိသားစုအား အရှက်ရစေသည့် ကိစ္စမျိုး လုပ်လာချိန်တွင် လုံးဝသည်းမခံနိုင်တော့ပေ။

ထို့ကြောင့် ထိုနေ့ညနေတွင်ပဲ လင်းလိကျွမ်းတို့အဖွဲ့ ကုချင်းရှန်၏ကုမ္ပဏီသို့လိုက်သွားကာ စောင့်နေကြသည်။ ကုချင်းရှန်နှင့် လျှိုယွီဝေ့တို့ ထွက်လာသည်နှင့် တပြိုင်နက် သူတို့ထံသို့ ပြေးသွားကာ အော်ဟစ်ဆဲဆိုကြတော့သည်။ ထိုသို့လူကြားထဲ အော်ဟစ်ဆဲဆိုသည့်အတွက် မရှက်ဖူးလားဆိုလျှင်တော့ ထိုအုပ်စုမှာ အစကတည်းက ယဉ်ကျေးမှုမရှိဘဲ ရိုင်းစိုင်းကာ ကိုယ့်အတွက်ကိုယ်သာကြည့်သူများဖြစ်၍ မရှက်ကြပေ။

လျှိုယွီဝေ့အား ကျင်းလန်ရှင်းဖမ်းမိသွားသည်နှင့်တပြိုင်နက် လင်းလိကျွမ်းတစ်ယောက် စိတ်ကြိုက်ကို လျှိုယွီဝေ့အား ဆဲဆိုရိုက်နှက်လို့ရသွားတော့သည်။

“ဒီခွေးမ! နင်ကများ ငါ့ယောက်ျားနဲ့ ဖောက်ပြန်ရဲတယ်လား?”

“ကားထဲမှာတောင် ဖြစ်နေကြရအောင် ဘယ်လောက်တောင် အရှက်မရှိကြတာလဲ?” ကျင်းလန်ရှင်းကလဲ ပေါ်တင်ပင် လူကြားထဲ ထုတ်ပြောတော့သည်။ ဘယ်သူမှ မယားငယ်ဆိုလျှင် သဘောမကျသောကြောင့် လျှိုယွီဝေ့အား သနားပေးမည့်သူမရှိပေ။

အိပ်ရာပေါ်တင်မကဘဲ ကားထဲမှာတောင် ဖြစ်ချင်တိုင်းဖြစ်နေသည်ဆိုသည့်စကားအား ကြားသည့်နောက် လျှိုယွီဝေ့အား ပို၍ပင် စက်ဆုပ်သွားကြတော့သည်။

“အရှက်မရှိလိုက်တာ!”

“အေ့ပေါ့၊ အရှက်မရှိလို့ပဲ သူများယောကျ်ားနဲ့ဖောက်ပြန်တာပေါ့။”

“အဲ့ဒီမိန်းမက ဟိုလူရဲ့အတွင်းရေးမှူးထင်တယ်။”

“ဘာ၊ တကယ်လား? အမယ်လေး၊ ရုံးထဲမှာတင်ဖောက်ပြန်နေကြတာပေါ့!”

အနားမှလူများ၏ ဝေဖန်သံကိုကြားလေ လင်းလိကျွမ်း ပို၍ဒေါသများပေါက်ကွက်ထွက်လာလေဖြစ်ကာ လျှိုယွီဝေ့နှင့် သူမယောက်ျား ရုံးခန်းထဲတွင် ဖြစ်ချင်တိုင်းဖြစ်နေကြမည့် ပုံစံများကိုပင် မြင်ယောင်လာပြီး လျှိုယွီဝေ့အား ပိုလို့ပင် အားထည့်ရိုက်နှက်တော့သည်။

“နင်အဲ့လောက် ယောက်ျားတွေအောက်နေရတာကို သဘောကျနေလား? ဘယ်နှယောက်လောက်နဲ့လုပ်ခဲ့တာလဲ? လုံရောလုံလောက်ရဲ့လား? မလုံလောက်သေးရင် နင့်စိတ်ကြိုက်ခံလို့ရအောင် ငါနောက်ထပ် ဆယ်ယောက်လောက်ရှာပေးမယ်လေ!”

“လင်းလိကျွမ်း တော်လိုက်တော့!” ကုချင်းရှန်မှာ သူဖောက်ပြန်နေသည့်အကြောင်း လူအများကြားထုတ်ဖော်ခံလိုက်ရသောကြောင့် အလွန်ထိတ်လန့်သွားကာ လင်းလိကျွမ်း၏စကားများကြောင့် နောက်ထပ်လူပိုသိသွားမည်ကို ကြောက်၍ အော်ကာတားလိုက်သည်။

“ဘာလဲ? နင့်မယားငယ် လူကြားထဲ အရိုက်ခံနေရတာကို မမြင်ချင်ဘူးပေါ့? ဟ-ဟ၊ ဒီလောက်နဲ့မပြီးသေးဘူး!” လင်းလိကျွမ်း၏ပုံစံမှာ ရူးသွပ်နေသလိုပင် လျှိုယွီဝေ့အား ဆက်တိုက်အားကုန်သုံးထပ်ရိုက်နေတော့သည်။

***

အခန်း ၅၁၉

လင်ရှောင်းထင်ဖုန်းခေါ်ဆိုခြင်း

ယခင်တုန်းကဆိုလျှင် ကုချင်းရှန်သည် လင်းလိကျွမ်းနှင့်အတူအိပ်ရမည့်အရေးကို အကြိမ်တိုင်းအကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်ခဲ့ပြီး တစ်ပတ်မှ တစ်ကြိမ်လောက် ဒါမှမဟုတ် နှစ်ပတ်နေမှ တစ်ကြိမ်လောက်အိပ်ဖြစ်လျှင်တောင်မှ ကုချင်းရှန်ဘက်က လိုလိုလားလားမရှိခဲ့ပေ။

လင်းလိကျွမ်းကတော့ ထိုသို့ဖြစ်ရခြင်းမှာ အလုပ်ပင်ပန်းခြင်းကြောင့်သာဖြစ်မည်ဟု ထင်မှတ်ခဲ့ပြီး အမြဲတမ်းနားလည်ပေးခဲ့ပေမည့် တကယ်တမ်းကျတော့ ထိုလူက သူ့အလိုကို ပိုဖြည့်စည်းပေးနေနိုင်သည့် နောက်မိန်းမတစ်ယောက်ရှိနေခြင်းဖြစ်သည်။

“မင်း….” ကုချင်းရှန်လဲ ဘယ်လိုဖြေရှင်းလို့ ဖြေရှင်းရမယ်မှန်းမသိတော့ပေ။ လျှိုယွီဝေ့သည် သူခနတဖြုတ်ကစားသည့် အိပ်ဖော်သာဖြစ်သောကြောင့် လင်းလိကျွမ်းကို ကွာရှင်းပေးလိမ့်မည်မဟုတ်ပေ။

ယောက်ျားများသည် သူတို့၏စိတ်အလိုဆန္ဒအတိုင်း နေတက်ကြပေမည့် တစ်ကိုယ်ကောင်းဆန်သည့် လူများလဲဖြစ်သေးသည်။ ကုချင်းရှန်သည် လက်ထပ်မင်္ဂလာဥပဒေအား ချိုးဖောက်ကာ သူကသာအရင်သစ္စာဖောက်ခဲ့သူဖြစ်သော်လည်း သူ့ဘက်က လင်းလိကျွမ်းနှင့်ကွာရှင်းလိုခြင်းမဟုတ်ဘဲ စိတ်ကစားရုံသာ ဖြစ်သောကြောင့် သူ့အမှားဟု လုံးဝမထင်ခဲ့ပေ။

လက်ထပ်ဖို့အတွက်ဆိုလျှင်တော့ ကုချင်းရှန်၏အမြင်တွင် လင်းလိကျွမ်းတစ်ယောက်ကသာ အမျိုးသမီးကုနေရာနှင့် လိုက်ဖက်သူဖြစ်လေသည်။ သို့ပေမည့် လင်းလိကျွမ်းသည်တော့ ကုချင်းရှန် သစ္စာရှိဖို့ကိုသာ အလိုလားဆုံးဖြစ်သည်။ ခေတ်တွေပြောင်းလဲသွားပြီဖြစ်သောကြောင့် လင်ယောက်ျားတွင် ဇနီးဖြစ်သူမှလွဲ၍ အခြားအမျိုးသမီးတစ်ဦးရှိနေခြင်းက လက်ခံပေး၍မရတော့ပေ။

“ကုချင်းရှန်၊ မင်းကများ ငါ့တို့ကို ဒီလိုမျိုးဆက်ဆံရဲတယ်ပေါ့! မင်းသမီးက လောလောလတ်လတ်တင် ထောင်ကျထားပြီး၊ မင်းရဲ့ကုမ္ပဏီကလဲ အခက်အခဲဖြစ်နေတာ။ ပြီးတော့ မင်းကုမ္ပဏီ ဒေဝါလီမခံရအောင် ငါကတောင် ငွေထုတ်ချေးပေးထားခဲ့သေးတယ်။ ဒါတောင်မှ မင်းက မယားငယ်ထားသေးတယ်ပေါ့? မင်းအရှက်ရောရှိသေးရဲ့လား?” လင်းတချိန်ကလဲ ကုချင်းရှန်အား အပြစ်တင်ပြောဆိုတော့သည်။

လင်းတချိန်သည်လဲ သူ့ဇနီးအပေါ် သစ္စာစောင့်သိသည့်ယောက်ျားတစ်ယောက်မဟုတ်သော်လည်း အခြားအမျိုးသမီးတစ်ယောက်ကိုတော့ သတ်သတ်မှတ်မှတ်ဖြင့် မယားငယ်အဖြစ် မထားခဲ့ပေ။ ထို့အပြင် ကုချင်းရှန်သည် သမီးဖြစ်သူ ကုရှောင်ရှောင်ကြောင့် စိတ်ခံစားနေရသည့် လင်းလိကျွမ်း၏နှလုံးသားကို ထပ်မံခွဲလိုက်ခြင်းဖြစ်သည်။ ဤလုပ်ရပ်မျိုးသည် လင်းမိသားစုကိုပါ မျက်နှာပျက်စေသောကြောင့် လင်းတချိန် ပိုလို့ပင် ဒေါသထွက်နေခြင်းဖြစ်သည်။

ကုချင်းရှန် ဘာမှဆက်မပြောနိုင်တော့ဘဲ နှုတ်ဆိတ်သွားတော့သည်။ ဤကိစ္စသည် သူ့အမှားမှန်းသိသော်လည်း စကားထဲထည့်ပြောနေရလောက်သည်အထိ ကြီးလေးသည့်အပြစ်ဟု မထင်မိပေ။ ထိုသို့ဆိုလျှင်တော့မှ လောလောဆယ် သူနှုတ်ဆိတ်နေခြင်းက ပို၍ကောင်းမည်မှန်းတော့ သိသေးပေသည်။

လင်းတချိန်၏စကားများကိုပါ ကြားရချိန်တွင်တော့ ဘေးနားမှဝိုင်းကြည့်နေသူများသည် ကုချင်းရှန်အား ပိုလို့ပင် အပြစ်တင်ပြောဆိုကြတော့သည်။

“ဘုရားရေ! ဒီလူတော်တော်အရှက်မရှိတာပဲ!”

“ဆိုးရွားလိုက်တာ!”

“သူ့အတွက်ထောက်ပံ့ပေးနေတဲ့ ဇနီးရှိတာတောင်မှ မယားငယ်ကထားလိုက်သေးတယ်။”

ထိုအချိန်တွင်ပဲ လင်းလိကျွမ်းတစ်ယောက် လျှိုယွီဝေ့အား အရှက်ခွဲရန် အကြံကောင်းတစ်ခုရသွားခဲ့ကာ ချက်ချင်းပင် လျှိုယွီဝေ့၏အဝတ်အစားများအား ဆုတ်ဖြဲတော့သည်။ သို့ပေမည့် ဆောင်းတွင်းကာလဖြစ်သောကြောင့် လွယ်လွယ်ကူကူနှင့် မလုပ်ဆောင်နိုင်ခဲ့ပေ။ လင်းလိကျွမ်း သူမ၏အကြံ မအောင်မြင်သေးခင်တွင်ပဲ ရဲများရောက်လာကာ သူတို့ကို လူစုခွဲခိုင်းတော့သည်။

လျှိုယွီဝေ့ကတော့ ဒဏ်ရာများစွာရရှိထားသောကြောင့် ရဲတစ်ယောက်က လူနာတင်ယာဉ်စီစဉ်ကာ သူမကို ဆေးရုံသို့ခေါ်သွားခဲ့ပြီး လင်းလိကျွမ်း၊ ကျင်းလန်ရှင်း၊ လင်းတချိန်နှင့် ကုချင်းရှန်တို့ကိုတော့ ရဲစခန်းသို့သာ ခေါ်ဆောင်သွားသည်။

နောက်ဘာဆက်ဖြစ်မလဲဆိုသည်ကိုတော့ ကုနင်းမသိတော့သလို စိတ်လဲမဝင်စားတော့သည်။ လင်းလိကျွမ်းနောက်ကွယ်တွင် ကုချင်းရှန်လုပ်ခဲ့သမျှ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ပေမည့် လင်းလိကျွမ်းသိသွားသည့်အချိန်က အတော်လေးနောက်ကျနေခဲ့ပြီဖြစ်သည်။

ကုနင်းအိမ်ပြန်ရောက်ချိန်တွင်တော့ ကုချင်နှင့် ကုမန့်သည် ဧည့်ခန်းထဲတွင် စကားပြောနေကြစဲဖြစ်သောကြောင့် ကုနင်း သူမမြင်ခဲ့ရသည့် ကုချင်းရှန်နှင့် လင်းလိကျွမ်းတို့၏ပြဿနာများကို သူတို့အား ပြန်ပြောပြခဲ့သည်။

ကုချင်ရော ကုမန့်ပါ အလွန်အံ့အားသင့်သွားရကာ သူမတို့နှင့် လင်းလိကျွမ်း မတည့်သည့်အပြင် မုန်းပင် မုန်းတီးနေကြသည်ဆိုသော်လည်း ကုချင်းရှန်၏လုပ်ရပ်သည် ဘယ်လိုမှ လက်ခံပေး၍မရနိုင်သောကြောင့် လင်းလိကျွမ်းကို သနားမိကြသည်။

သို့ပေမည့် သူမတို့နှင့်ကုချင်းရှန်တို့မိသားစုသည် အစကတည်းက အဆက်အသွယ်ဖြတ်ခဲ့ကြပြီးပြီဖြစ်သောကြောင့် အတင်းပြောသည့်အဆင့်လောက်တွင်သာ ရပ်ထားပြီး ကူညီပေးနေမည်မဟုတ်ပေ။

“အမေ၊ အန်တီ၊ သမီးတို့မနက်ဖြန် Gမြို့ကိုသွားကြရင်မကောင်းဘူးလား? JadeBeautyလက်ဝတ်ရတနာဆိုင်နဲ့ စက်ရုံကိုသွားလည်ကြမယ်လေ! ပြီးတော့ ဦးလေးချင်းယန်တို့ဆီလဲ သွားလည်လို့ရသေးတယ်။ သမီးတို့ သူတို့ဆီကို တစ်ခါမှသွားမလည်ဖူးကြဘူးမလား!” ကုနင်းအကြံပြုလိုက်သည်။

မနက်ဖြန်သည် သောကြာနေ့သာ ရှိသေးသော်လည်း ကုနင်း ခွင့်ထပ်တိုင်ထားပြီးပြီဖြစ်၍ အတန်းတက်စရာမလိုတော့ပေ။ ထို့အပြင် သူမ JadeBeautyလက်ဝတ်ရတနာဆိုင်နှင့် စက်ရုံကို သွားရောက်မစစ်ဆေးသည်က အတော်ကြာနေပြီဖြစ်ကာ အရေးအကြီးဆုံးသည်က ကုမန့်စိတ်အလှည့်အပြောင်း ဖြစ်စေလိုခြင်းဖြစ်သည်။

ဤရက်များအတွင်း ကုမန့် စိတ်အခြေအနေမကောင်းခဲ့ပေမည့် ကုနင်း၏အဆိုပြုချက်ကိုတော့ စိတ်ဝင်စားသွားသည်။ သူမလဲ ဘာမှလုပ်စရာမရှိသောကြောင့် ခရီးတစ်ခေါက်လောက်ထွက်ခြင်းက မဆိုးလှပေ။

ကုချင်လဲ အလွန်စိတ်လှုပ်ရှားနေကာ နှစ်ယောက်လုံး သဘောတူလိုက်ကြသည်။ ထို့နောက် ကုနင်း မနက်ဖြန်မနက်၈နာရီ Gမြို့သို့သွားမည့် လေယာဉ်လက်မှတ်အား လှမ်းမှာခဲ့သည်။ Fမြို့မှနေပြီး Gမြို့သို့ ၁နာရီလောက်သာ လေယာဉ်စီးရမည်ဖြစ်သည်။

ကုချင် သူမအိမ်သို့ပြန်ရောက်ချိန်တွင်တော့ သူမတွင်ရှိသည့် အလှဆုံးဝတ်စုံများကို ရှာဖွေတော့သည်။

သူတို့ Gမြို့တွင် နှစ်ရက်ပဲနေမည်ဖြစ်၍ အဝတ်အစားသိပ်ထုပ်ပိုးနေစရာမလိုသော်လည်း ကုချင်ကတော့ သူမတွင်ရှိသမျှ အလှဆုံးအဝတ်အစားများကို ရွေးနေစဲပင်။

“ဘာတွေလုပ်နေတာလဲ?” ကျန်းရွှီ မေးကြည့်လိုက်သည်။

“နင်းနင်းက ရှောင်မန့်နဲ့ ကျွန်မကို မနက်ဖြန်Gမြို့ကိုလိုက်ပို့ပေးမယ်တဲ့! ကျွန်မတို့ JadeBeautyလက်ဝတ်ရတနာဆိုင်နဲ့ စက်ရုံကိုသွားကြည့်ပြီး ချင်းယန်တို့ဆီလဲ သွားလည်ကြဦးမှာ။” တကယ်တမ်း ကုနင်းက ကုမန့်စိတ်ပြောင်းစေရန် ရည်ရွယ်ကာခေါ်သွားခြင်းဖြစ်ကြောင်း ကုချင်သိလေသည်။

“ကောင်းသားပဲ။”

“ဒါနဲ့၊ ကုမန့်ရော ဘယ်လိုနေသေးလဲ? သူ့ကို ကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေသလိုပဲ။” ကျန်းရွှီထပ်မေးလိုက်သည်။

ထိုအခါတွင်တော့ ကုချင် သက်ပြင်းချလိုက်ကာ အကြောင်းအရာအလုံးစုံကို ကျန်းရွှီအား‌ ပြောပြလိုက်တော့သည်။

ဖြစ်စဉ်အစအဆုံးကို ကြားပြီးနောက်တွင်တော့ ကျန်းရွှီအလွန်အံ့ဩသွားရသည်။ ကုနင်း၏အဖေရင်းက အသက်ရှင်နေသေးတယ်တဲ့လား။

“ကံကြမ္မာအလှည့်အပြောင်းက ကြောက်စရာပဲ” ကျန်းရွှီလဲ ကုမန့် ၁၈နှစ်တာလုံး ဘယ်လောက်တောင် ခက်ခက်ခဲခဲဖြတ်သန်းလာရသည်ကို သိထားသူဖြစ်၍ အလွန်သနားမိလေသည်။ သူမ၏ဘဝတစ်လျှောက်လုံး ကောင်းကောင်းမွန်မွန်မနေခဲ့ရပေမည့် ယခုတွင်တော့ ကုနင်း၏အဖေရင်းက ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။

ကုချင်လဲ သက်ပြင်းချလိုက်ကာ သူမ၏ညီမငယ်အတွက် အလွန်သနားမိနေတော့သည်။

“ကုမန့်နဲ့ နင်းနင်းကရော ဘယ်လိုလုပ်ကြမယ်လို့ပြောလဲ?”

“ကုမန့်ကတော့ လူကြီးမင်းထန်ကို ချစ်နေတုန်းပဲ နင်းနင်းကလဲ ထောက်ခံတယ်၊ ဒါပေမယ့် သူကအခုထိသတိမရသေးဘူး။ ဒီတော့ သူသတိပြန်ရလာတာကိုပဲ စောင့်ရမှာပေါ့။”

…..

ည၁၁နာရီထိုးခါနီးတွင်တော့ ကုနင်းထံသို့ လင်ရှောင်းထင်ဖုန်းဆက်လာကာ သူရက်ပိုင်းလောက် ခွင့်ရ၍ သူမကိုလာတွေ့မည်ဟု ပြောလာခဲ့သည်။

တကယ်တော့ လင်ရှောင်းထင်က ကုနင်းကို အံ့ဩအောင်လုပ်ဖို့ရည်ရွယ်ထားခြင်းဖြစ်ပေမည့် အရင်တစ်ခေါက်တုန်းကလို ကုနင်း Fမြို့တွင်မရှိနေခြင်းမျိုး ဖြစ်မည်စိုးသောကြောင့် အရင်ဆုံးလှမ်းအသိပေးခြင်းဖြစ်သည်။

လင်ရှောင်းထင် ခွင့်ရက်ရကာ သူမနှင့်လာတွေ့မည်ဟု ကုနင်းကြားလိုက်ချိန်၌ ပုံမှန်ဆိုလျှင် သူမပျော်သွားမည်ဖြစ်သော်လည်း အခုချိန်တွင်တော့ ဝမ်းနည်းသွားရသည်။

“ဘာလို့ ကျွန်မကို‌ စောစောစီးစီးမပြောရတာလဲ? အခုပဲ ကျွန်မအမေနဲ့အဒေါ်ကို မနက်ဖြန်Gမြို့လိုက်ပို့ပေးမယ်လို့ ပြောပြီးသွားပြီ။”

ထိုစကားကြောင့် လင်ရှောင်းထင်လဲ တိတ်ဆိတ်သွားကာ ဝမ်းနည်းသွားတော့သည်။ သူတာဝန်ပြီးဆုံးသည်နှင့် ချက်ချင်းပင် ကုနင်းကို ဖုန်းဆက်ခဲ့ခြင်းဖြစ်ပေမည့် နောက်ကျသွားခဲ့ပေပြီ။

“ကိုယ်မင်းကို အရမ်းလွမ်းနေတာ၊ အရမ်းလဲ တွေ့ချင်တယ်။” လင်ရှောင်းထင်သည် တစ်နှစ်လုံးနေမှ ခွင့်ရက် ဘယ်နှရက်မှမရသောကြောင့် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

***

အခန်း ၅၂၀

တစ်ယောက်တည်းအိပ်ရမှာ အထီးမကျန်ဘူးလား?

ကုနင်းလဲ လင်ရှောင်းထင် အလွန်ဝမ်းနည်းသွားသည်ကို ဖုန်းတစ်ဖက်မှနေတောင် ခံစားမိသောကြောင့် အပြစ်ရှိသလိုခံစားသွားရပေမည့် ချက်ချင်းဆိုသလိုပင် အကြံကောင်းတစ်ခုရသွားခဲ့သည်။

“ရှင်Gမြို့ကိုသွားလိုက်ပါလား? တစ်မျိုးမထင်ဘူးဆိုရင် လာမယ့်နှစ်ရက်ကို ကျါန်မတို့အတွက် သီးသန့်ယာဉ်မောင်းလုပ်ပေးလေ၊ ကျွန်မတို့ဘယ်သွားသွား မောင်းပို့ပေးပေါ့။ ဘယ်လိုလဲ?”

“ကိစ္စမရှိဘူး။ ကိုယ်လုပ်ပေးမယ်။” လင်းရှောင်းထင် ချက်ချင်းပင် သဘောတူလိုက်သည်။ ကုနင်းအတွက် သီးသန့်ယာဉ်မောင်းလုပ်ပေးရခြင်းအတွက် စိတ်ထဲတစ်မျိုးဖြစ်နေမည်မဟုတ်ပေ။ ကုနင်း၏အမေနှင့် အဒေါ်ရှိနေခြင်းကြောင့် သူတို့အချင်းချင်း နမ်း၍မရသလို ထိတွေ့၍လဲမရနိုင်ပေမည့် ကုနင်းအနားတွင်တော့ ရှိနေနိုင်သေးသည်။ သို့ပေမည့် လင်ရှောင်းထင် သိပ်မကျေနပ်သေးဘဲ တစ်စုံတစ်ခုအားမျှော်လင့်ဟန်ဖြင့် မေးလိုက်သေးသည်။

“မင်းညကျရင် ဘယ်မှာအိပ်မှာလဲ?”

ဤအမေးသည် သာမာန်မေးခွန်းမျှသာဖြစ်သော်လည်း ကုနင်းကတော့ လင်ရှောင်းထင် ဘာကိုရည်ရွယ်လဲဆိုသည်ကို တန်းသိလေသည်။ ထို့ကြောင့် သူမရင်ခုန်နှုန်းမြန်ဆန်သွားကာ ပါးနှစ်ဖက်မှာလဲ နီမြန်းလာပြီး၊

“အမ်၊ အမေနဲ့အဒေါ်ကတော့ ကျွန်မတိုက်ခန်းမှာနေမှာပေါ့၊ ပြီးတော့ ကျွန်မကတော့ ဟိုတယ်မှာနေလို့ရလောက်မယ်။”

ကုနင်း၏အဖြေအားကြားသည်နှင့် လင်ရှောင်းထင်အလွန်စိတ်လှုပ်ရှားသွားကာ၊

“ကောင်းလိုက်တာ၊ ဒါဆို ကိုယ်လဲ မင်းနဲ့အတူ ဟိုတယ်မှာလိုက်နေမယ်။”

လင်ရှောင်းထင်၏စကားကိုကြားသည်နှင့် ကုနင်းစိတ်ထဲ အတွေးညစ်ညစ်များဝင်လာကာ ရန်ခုန်သံမြန်ဆန်လာပေမည့် ချက်ချင်းပင် ဘာမှမတွေးမိသလို ဟန်ဆောင်လိုက်ပြီး၊

“ရှင်နဲ့အတူတူ အိပ်မယ်လို့မပြောမိပါဘူးနော်။”

“ဘေဘီ၊ ကိုယ့်စိတ်ကို ကိုယ်မညာပါနဲ့။” လင်ရှောင်းထင် ခပ်သဲ့သဲ့ရယ်မောကာ စနောက်လိုက်သောကြောင့် ကုနင်းနှလုံးခုန်နှုန်း ထပ်မံမြန်ဆန်သွားရပြန်သည်။

လင်ရှောင်းထင်သည် ပုံမှန်ဆိုလျှင် အေးစက်စက်နိုင်လှသော်လည်း သူများများပြုံးရယ်လေ ပိုပြီးဆွဲဆောင်မှုရှိလေဖြစ်သည်။ လင်ရှောင်းထင် အခြားလူတိုင်းအပေါ်ကို အေးစက်စက်ဖြင့်သာ ဆက်ဆံသော်လည်း ကုနင်းအတွက်ဆိုလျှင်တော့ တစ်နေကုန် ရယ်ခိုင်းထားလျှင်ပင် ရယ်ပေးနေနိုင်ပေသည်။

“မင်းက ကိုယ်နဲ့မအိပ်ချင်ရင် ဘယ်သူနဲ့များသွားအိပ်မလို့လဲ?” လင်ရှောင်းထင် တမင်စနောက်လိုက်သည်။

ကုနင်းအလွန်အံ့ဩသွားရသည်။ လင်ရှောင်းထင် ဘယ်ကတည်းက ဤကဲ့သို့စနောက်တတ်သွားတာများလဲ? ဘယ်လိုပဲဖြစ်ဖြစ် ဤပုံစံမျိုးကလဲ သူမအကြိုက်ပင်။

“တစ်ယောက်တည်းအိပ်မှာပေါ့။”

“တစ်ယောက်တည်းအိပ်ရမှာ အထီးမကျန်ဘူးလား?” လင်ရှောင်းထင် တမင်တကာ အသံကို ဆွဲညှို့သည့်ပုံစံပေါက်အောင် ပြောလိုက်သည်။

ကုနင်းရုတ်တရက် ကြောင်အသွားတော့သည်။ သူမသာ လင်ရှောင်းထင်၏အသံကို မမှတ်မိထားလျှင် တစ်ဖက်လူကို လင်ရှောင်းထင်မဟုတ်လောက်ဟုပင် ထင်မိနိုင်ပေသည်။

“ရှောင်းထင်?” သို့ပေမည့် ကုနင်းသံသယနှင့် ခေါ်ကြည့်လိုက်မိစဲပင်။

“အင်း၊ ဘာဖြစ်လို့လဲ?” ကုနင်းတစ်ခုခုအတည်အတန့်ပြောစရာရှိလို့ ခေါ်သည်ဟု ထင်လိုက်သောကြောင့် လင်ရှောင်းထင် ပုံမှန်အသံနေအသံထားသို့ ပြန်ပြောင်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းရှင်အရမ်းပြောင်းလဲသွားတယ်ထင်လို့။”

လင်ရှောင်းထင် ပြန်မပြောနိုင်ဖြစ်သွားရသည်။ သူကိုယ်တိုင်ကတော့ ပြောင်းလဲသွားသည်ဟု မခံစားရပေ။ ဒီအတိုင်းကုနင်းနှင့်အတူရှိနေလျှင် စိတ်အေးသက်သာရှိသောကြောင့် မသိလိုက်မသိဘာသာဖြင့် သူ့နဂိုပုံစံမှ ကွဲထွက်သွားခြင်းဖြစ်သည်။

“ကိုယ့်အချစ်တွေကတော့ ဘယ်တော့မှမပြောင်းလဲပါဘူး။” လင်ရှောင်းထင် နူးညံ့ညင်သာစွာဖြင့် ပြန်ဖြေလိုက်သောကြောင့် ကုနင်းရင်ထဲထိရှသွားကာ ရှက်သွေးဖြာသွားတော့သည်။

ကုနင်းအတော်ရှက်နေပြီမှန်း လင်ရှောင်းထင်ခံစားမိသောကြောင့် သူမကို ဆက်ပြီးစနောက်မနေတော့ပေ။

“မနက်ဖြန် ဘယ်အချိန်Gမြို့ကိုသွားမှာလဲ?”

“၈နာရီလေယာဉ်နဲ့။”

“ကောင်းပြီလေ၊ ဒါဆို ကိုယ်လေဆိပ်ကိုလာကြိုပေးမယ်။”

“ဟင်! မြို့တော်ကနေGမြို့ကို သုံးနာရီလောက်လေယာဉ်စီးရတာလေ! ရှင် ကျွန်မတို့ကိုလာကြိုပေးဖို့ဆိုရင် နားချိန်ကောင်းကောင်းရှိမှာမဟုတ်တော့ဘူး။”

လင်ရှောင်းထင် အခုလေးတင် တာဝန်ထမ်းဆောင်ပြီးထားခြင်းဖြစ်သောကြောင့် သူ့ကို ကုနင်းထပ်ပြီးမပင်ပန်းစေလိုပေ။

“မင်းကို မြန်မြန်လေးတွေ့ချင်လို့ပါ၊ နားတာက လေယာဉ်ပေါ်မှာပဲ နားလိုက်လို့ရတယ်။”

“ဒါဆိုလဲ ပြီးရော။” ကုနင်းလဲ လင်ရှောင်းထင်ကို အလွန်တွေ့ချင်နေသောကြောင့် ဆက်မငြင်းနေတော့ပေ။

သူတို့နှစ်ဦးအချိန်အတော်ကြာ ဆက်ပြီးစကားပြောပြီးနောက်တွင်မှ ဖုန်းချလိုက်ကြသည်။

ထိုညတွင်တော့ ကုမန့်အား နောက်တစ်နေ့လန်းဆန်းနေစေရန်အတွက် ကုနင်း စိတ်စွမ်းအင်သလင်းကျောက်ပါသည့် ရေတစ်ခွက်ကို ကြိုတိုက်ထားသောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။

…….

နောက်တစ်နေ့မနက်တွင်တော့ လေယာဉ်ပထမဆုံးအကြိမ်စီးဖူးကြမည့် ကုချင်ရော ကုမန့်ပါ အလွန်စိတ်လှုပ်ရှားလို့နေသည်။

ကုနင်းက အထက်တန်းအဆင့်လေယာဉ်လက်မှတ်ကို ဝယ်ထားခြင်းဖြစ်၍ ဗီအိုင်ပီနားနေခန်းကို အသုံးပြုနိုင်သော်လည်း ကုမန့်နှင့်ကုချင်က လေဆိပ်ဝင်ပေါက်အကြောင်းအလွန်သိချင်နေကြသောကြောင့် နားနေခန်းတွင်မနေဘဲ ဝင်ပေါက်၌သာ သွားစောင့်နေကြသည်။

လေယာဉ်ပေါ်တက်ဖို့ရန် ၁၀မိနစ်ကျော်လိုသေးသောကြောင့် သူတို့သုံးယောက် ဂိတ်ပေါက်အပြင်ဘက်မှခုံများတွင် ထိုင်နေကြသည်။

“ရှောင်မန့်၊ နင်စိတ်လှုပ်ရှားနေလား? ငါတော့အရမ်းကိုစိတ်လှုပ်ရှားနေတယ်။” ကုချင် စိတ်လှုပ်ရှားလွန်၍ တုန်ရီနေသည့်အသံဖြင့် ကုမန့်အားမေးလိုက်သည်။

“ငါလဲအရမ်းစိတ်လှုပ်ရှားတယ်။”

“လေယာဉ်ကအမြန်ကြီးပျံတာဆိုတော့ ငြိမ်ရောငြိမ်ပါ့မလား? အရမ်းမြင့်သွားမှ ပြုတ်များကျနေမလား?” ကုချင် စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်သည်။

“ဟွန့်၊ တောသားတွေ” ကုချင်နှင့်ကုမန့်တို့ပြောနေသည့်စကားများကိုကြားကာ ဘေးနားတွင်ထိုင်နေသည့် အမျိုးသမီးက သူမတို့ကိုလှောင်ပြောင်လိုက်သည်။

ကုချင်နှင့်ကုမန့်တို့ကတော့ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားပေမည့် ကုနင်းသည်တော့ အလွန်မကျေမနပ်ဖြစ်သွားသည်။ ကုချင်နှင့်ကုမန့်သည် အမှန်တကယ်ကို တောသားမြို့တက်သလိုပုံမျိုးဖြစ်နေလျှင်တောင်မှ ကုနင်းကတော့ သူတို့ကို လှောင်ပြောင်ခြင်းအား ဘယ်လိုမှသည်းမခံနိုင်ပေ။ သို့ပေမည့် ဤကိစ္စမျိုးလောက်ဖြင့် ရန်ပြန်တွေ့နေရမည့် အဆင့်မဟုတ်သောကြောင့် ပြန်ပြောမနေတော့ပေ။ သို့ပေမည့် ထိုအမျိုးသမီးထပ်ပြီးသာ လှောင်ရယ်လာလျှင်တော့ သူမလဲဆက်ပြီးသည်းခံနေမည်မဟုတ်ပေ။

ထိုအမျိုးသမီးရယ်လိုက်တာကြောင့် ကုချင်ရော ကုမန့်ပါ ချက်ချင်းနှုတ်ဆိတ်သွားတော့သည်။

“အမေ၊ အန်တီ၊ ဘာမှမဖြစ်ပါဘူး။ အမေတို့က ပထမဆုံးအကြိမ်လေယာဉ်စီးတာဆိုတော့ စိတ်လှုပ်ရှားစိုးရိမ်နေတာက နားလည်ပေးလို့ရပါတယ်။” ကုနင်း ကုချင်နှင့်ကုမန့်တို့ကို နှစ်သိမ့်ပေးလိုက်သည်။

ကုချင်နှင့်ကုမန့်လဲ စိတ်ထဲမထားတော့ဘဲ ပြန်ပြုံးလိုက်ပေမည့် တစ်ဖက်အမျိုးသမီးကတော့ ငြိမ်မနေဘဲ ထပ်ပြီး၊

“ငတုံးတွေ၊”

“ပါးစပ်ပိတ်ထားစမ်း!” ကုနင်းချက်ချင်းပင် ထိုအမျိုးသမီးကို စူးစိုက်ကြည့်ကာ အေးစက်သည့်လေသံဖြင့် ဟန့်တားလိုက်သည်။ သူမ၏အကြည်စူးစူးကြောင့် ထိုအမျိုးသမီးအလွန်ကြောက်ရွံ့သွားတော့သည်။ ဘုရားရေ ဒီမိန်းကလေး တကယ်ကိုကြောက်ဖို့ကြောင်းတာပဲ! ထိုအမျိုးသမီးလဲ သူမဘာသာတွေးလိုက်မိကာ ချက်ချင်းပင် ကုနင်း၏အကြည့်များနှင့်လွှဲဖယ်နေလိုက်သည်။

“နင်းနင်း၊ ရပါတယ်၊” ကုနင်းစိတ်ဆိုးနေပြီကို မြင်သောကြောင့် ကုချင်နှင့်ကုမန့်တို့ အမြန်ပင် သူမစိတ်ပြေအောင် ပြောလိုက်ရသည်။ သူတို့လဲ ထိုအမျိုးသမီး၏အပြုအမူကို သဘောမကျပေမည့် ဤနေရာတွင်တော့ ဆူဆူပူပူဖြစ်အောင် မလုပ်လိုပေ။

ထိုအမျိုးသမီးလဲ သူမကို ကြောက်သွားပြီမှန်း မြင်လိုက်သောကြောင့် ကုနင်းဘာမှထပ်ပြောမနေတော့ပေ။

လေယာဉ်ပေါ်တက်ချိန်ရောက်လာသည်နှင့် လူတိုင်းစတင်ထွက်ခွာတော့သည်။ ကုချင်နှင့်ကုမန့်ကို လှောင်ရယ်ခဲ့သည့် အမျိုးသမီးလဲ သူတို့နှင့်လေယာဉ်အတူတူပင်ဖြစ်သည်။

All Chapters