← Chapters

အခန်း (၅၂၁-၅၂၅)

Vol. 35 Ch. 521-525

အခန်း (၅၂၁-၅၂၅)

Vol. 35 Ch. 521-525

အခန်း ၅၂၁

ဒါသမီးသူငယ်ချင်း လင်ရှောင်းထင်ပါ

အားလုံးလေယာဉ်ပေါ်ရောက်သည့်အချိန်တွင်တော့ ကုချင်နှင့်ကုမန့်တို့သည် အထက်တန်းတွင်စီးကြခြင်းဖြစ်၍ သူမတို့အား လောင်ရယ်ခဲ့သည့်အမျိုးသမီးမှာ အရှက်ရသွားတော့သည်။ အထက်တန်းထိုင်ခုံနေရာကို ဝယ်နိုင်သူအများစုသည် အလွန်ချမ်းသာသူများသာဖြစ်ပြီး သူမကတော့ ထိုသို့သောလူများကို ငတုံးများဟူ၍ ခေါ်ခဲ့မိလေသည်။

လေယာဉ်ပြေးလမ်းကြောင်းပေါ်တွင် စတင်အရှိန်ယူလိုက်သည်နှင့် ကုချင်ရော ကုမန့်ပါ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားမိကြသည်။ လေယာဉ်လေပေါ်သို့မြင်တက်သွားချိန်တွင်တော့ သူမတို့တစ်ကိုယ်လုံးလေပေါ်မြောက်တတ်သွားသလို ခံစားလိုက်ကြရပြီး လေထဲတွင် တည်ငြိမ်စွာပျံသန်းသည့် အချိန်ရောက်မှသာ နှစ်ယောက်လုံး အနည်းငယ် နေသာထိုင်သာရှိသွားတော့သည်။

လင်ရှောင်းထင် Gမြို့လေဆိပ်သို့ မနက်၈နာရီခွဲတွင်ရောက်ရှိခဲ့ပြီး အိုက်ဝေ့ချန်အား သူ့အတွက် ကားတစ်စီးပို့ပေးရန်ပြောထားပေမည့် အိုက်ဝေ့ချန်ကိုယ်တိုင် မောင်းကာလာပို့ပေးသည်ကို မြင်ရချိန်တွင်တော့ အံ့ဩသွားရသည်။

“ဘာလို့ ကိုယ်တိုင်မောင်းလာရတာလဲ?” ပုံမှန်ဆိုလျှင် အိုက်ဝေ့ချန် သူ့အတွင်းရေးမှူးကိုသာ လင်ရှောင်းထင်အတွက် ကားသွားပို့ပေးရန် ပြောလိုက်လိမ့်မည်ဖြစ်၍ လင်ရှောင်းထင် မေးလိုက်ခြင်းဖြစ်သည်။

အိုက်ဝေ့ချန်လဲ သက်ပြင်းချလိုက်ကာ လူမိသွားသည့်အသံဖြင့်၊

“အိမ်က ကြင်ဖက်သွားတွေ့ခိုင်းနေလို့ မင်းကိုအကြောင်းပြချက်သုံးလိုက်တာ။” ကြင်ဖက်တွေ့ရခြင်းသည် အလွန်စိတ်ရှုပ်စရာအကောင်းဆုံးအလုပ်ပင်။

ထို့နောက် လင်ရှောင်းထင်အား ကြည့်ကာ နောက်ပြောင်လိုက်သည်။

“မင်းနာမည်က အတော်အသုံးဝင်တာပဲ။”

“မင်းအသက်လဲ ၂၈နှစ်တောင်ရှိနေပြီပဲ လက်ထပ်သင့်နေပြီ။”

အရင်တုန်းကဆိုလျှင်တော့ လင်ရှောင်းထင် လက်ထပ်သည့်အကြောင်းလုံးဝပြောမည်မဟုတ်ပေမည့် အခုချိန်တွင်တော့ သူကိုယ်တိုင်ပင် ကုနင်းနှင့် အလွန်လက်ထပ်ချင်နေပြီဖြစ်သည်။ သို့ပေမည့် ကံမကောင်းစွာဖြင့် ကုနင်းသည် အလွန်အသက်ငယ်နေခဲ့သည်။

“ငါ့အစ်ကိုဆို အခုအသက်၃၀ရှိနေတာတောင် လက်မထပ်ရသေးဘူး။ ငါလဲ အလျင်လိုဖို့မလိုပါဘူး။” အိုက်ဝေ့ချန် ဂရမစိုက်သေးသလိုပြောလိုက်ပေမည့် သူ၏ ဝမ်းနည်းကာ အထီးကျန်နေပုံစံကိုတော့ ဖျောက်ပစ်၍မရပေ။

တကယ်တမ်း အိုက်ဝေ့ချန်လဲ လက်ထပ်ချင်ပေမည့် သူသဘောကျသည့် အမျိုးသမီးက သူ့ကို သဘောမကျသလို သူကလဲ အခြားတစ်ယောက်အား ပြောင်းမကြိုက်နိုင်သေးသောကြောင့် အခုချိန်ထိ တစ်ယောက်တည်းဖြစ်နေခြင်းဖြစ်သည်။ သူ့အစ်ကိုဆိုလျှင်တော့ သူ့ကိုသဘောကျနေသည့် အမျိုးသမီးကို သူကပြန်သဘောမကျခြင်းပင်။

လင်ရှောင်းထင်လဲ အိုက်ဝေ့ချန်၏အခက်အခဲကိုနားလည်သောကြောင့် ဘာမှဆက်မပြောတော့ပေ။ ဒါက ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်၍ အများကြီးဝင်ပြောလို့မကောင်းပေ။

ထိုအကြောင်းအရာများကို များများပြောမိလေ ပို၍နာကျင်ရလေဖြစ်သောကြောင့် အိုက်ဝေ့ချန် စကားလမ်းကြောင်းလွှဲလိုက်ကာ၊

“ဒါနဲ့၊ ငါ့အစ်ကိုတောင် ဒီရက်ပိုင်းအတွင်း အိမ်ပြန်လာတော့မယ်။ မင်းအားရင် လာခဲ့ပါဦး။ ငါတို့အတူတူမသောက်ကြတာတောင် အတော်ကြာနေပြီ။”

“ဟုတ်ပါပြီ၊ ငါအားရင်ဆက်သွယ်လိုက်မယ်။”

ထို့နောက် အိုက်ဝေ့ချန် ပြန်ထွက်သွားတော့သည်။

အိုက်ဝေ့ချန် တစ်ခုမသိလိုက်သည်က သူ့အစ်ကို အိုက်ဝေ့ရွှင်းသည် သူ့ထက်ပင် လင်ရှောင်းထင်နှင့် အတူရှိချိန်ပိုများပေသည်။ အိုက်ဝေ့ချန်သည်ထားသည်က သူ့အစ်ကိုအိုက်ဝေ့ရွှင်းသည် တပ်ထဲတွင် လင်ရှောင်းထင်နှင့်သိကျွမ်းသည်ဟုသာဖြစ်ပြီး တကယ်တမ်းက အိုက်ဝေ့ရွှင်းသည် လင်ရှောင်းထင်ခေါင်းဆောင်နေသည့် မီးတောက်နီအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်နေခြင်းပင်။ မီးတောက်နီအဖွဲ့သားများသည် သူတို့၏ရာထူးအစစ်အမှန်ကို လျှို့ဝှက်ထားကြရသောကြောင့် မိသားစုဝင်များပင်လျှင် သူတို့မည်သည့်ရာထူးဖြင့် တာဝန်ထမ်းဆောင်နေရလဲဆိုသည်ကို မသိထားကြပေ။

၉နာရီဝန်းကျင်တွင်တော့ ကုနင်းစီးနင်းလာသည့် လေယာဉ်သည် Gမြို့လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။

ကုနင်းလေယာဉ်ပေါ်မှဆင်းဆင်းချင်းပင် ဖုန်းစက်ပြန်ဖွင့်လိုက်ကာ လင်ရှောင်းထင် သူတို့ကို ဝင်ပေါက်တွင်စောင့်နေသည်ဆိုသည့် စာအား တွေ့သွားသည်။

ကုချင်နှင့်ကုမန့်အား သူမတို့အတွက် Gမြို့တွင်ရှိနေမည့် နှစ်ရက်အတွင်းသီးသန့်ယာဉ်မောင်းတစ်ဦး ခန့်ထားသည်ဟု ကုနင်းပြောထားပြီးဖြစ်သည်။

ကုချင်နှင့်ကုမန့်လဲ ထိုကိစ္စကို သဘောတူကြပေမည့် လင်ရှောင်းထင်သည် သီးသန့်ယာဉ်မောင်းတစ်ဦး လုပ်ဖို့ရန်ထက် ချောမောလွန်းနေသောကြောင့် ကုနင်းစိုးရိမ်နေမိသည်။ ထို့အပြင် လင်ရှောင်းထင်၏အေးစက်စက် အမူအရာက ကုချင်နှင့်ကုမန့်အား စိတ်ထိခိုက်သွားစေနိုင်လေသည်။ ကုနင်းသူမချစ်သူကို တရားဝင်မိတ်မဆက်ပေးသေးသော်လည်း ပထမဆုံးတွေ့ဆုံခြင်းတွင်ပင် မကောင်းသည့်မှတ်ချက်များ ကျန်ရှိသွားမည့်အဖြစ်မျိုး မဖြစ်စေလိုပေ။

ထို့အကြောင်းကိုတွေးမိသွားသည်နှင့် ကုချင်နှင့်ကုမန့်အား၊

“အမေ၊ အန်တီ၊ တကယ်တော့ သီးသန့်ယာဉ်မောင်းဆိုတာ သမီးရဲ့သူငယ်ချင်းပါ။ သူကနည်းနည်း အေးစက်စက်နိုင်ပြီး ပြုံးတာတို့ စကားပြောရတာတို့လဲ မကြိုက်ဘူး။ အမေတို့ သူ့စရိုက်ကို စိတ်ထဲမထားကြပါနဲ့နော်။”

“ကိစ္စမရှိပါဘူး။” ကုချင်ရော ကုမန့်ပါ ပြန်ဖြေလိုက်သည်။

ဝင်ပေါက်တွင်တော့ လင်ရှောင်းထင်တစ်ယောက် ကုနင်းတို့မိသားစုကို ရပ်စောင့်နေခဲ့သည်။ သူဘယ်နေရာကိုသွားသွားထင်ပေါ်နေပေမည့် သူ့ဘက်ကတော့ ကုနင်းထွက်လာဖို့ကလွဲလို့ ကျန်တာဂရုစိုက်ခြင်းမရှိပေ။

ကုနင်းတို့မိသားစုတွင် သီးသန့်ထုတ်စရာအိတ်လဲမပါသောကြောင့် ခပ်မြန်မြန်ပင် ထွက်လာခဲ့ကြသည်။

ကုနင်းထွက်လာသည်ကို လင်ရှောင်းထင်မြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့မျက်ဝန်းများထဲ၌ အချစ်စိတ်များ ပြည့်လျှမ်းလာတော့သည်။

ကုနင်းလဲ လင်ရှောင်းထင်ရှိနေသည့်နေရာကိုချက်ချင်း တွေ့သွားကာ သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို လျှို့ဝှက်ဖို့ရန်အတွက် အကြည့်ဖြင့် သတိပေးလိုက်ရသည်။

လင်ရှောင်းထင်လဲ ကုနင်းအရမ်းငယ်နေသေးသောကြောင့် သူမမိသားစုဘက်သို့ သူတို့၏ဆက်ဆံရေးကို အသိပေးဖို့ရန် မသင့်တော်သေးကြောင်းနားလည်၍ ချက်ချင်းပင် သူ့အကြည့်များကို ပြန်ပြင်လိုက်တော့သည်။ သို့ပေမည့် ကုမန့်တို့သူ့အနားသို့နီးလာလေ ပုံမှန်နှင့်မတူစွာ စိတ်လှုပ်ရှားမိရလေပင်။

ကုနင်း၊ ကုချင်နှင့် ကုမန့်တို့ လင်ရှောင်းထင်၏ရှေ့တည့်တည့်တွင် ရပ်လိုက်ကြချိန်တွင်တော့ လင်ရှောင်းထင်လဲ တည်ငြိမ်သည့်ပုံစံဖြစ်အောင် ပြန်ထိန်းချုပ်လိုက်သည်။

တစ်ဖက်ရှိ ကုချင်နှင့်ကုမန့်သည်တော့ လင်ရှောင်းထင်၏ ထင်ပေါ်လွန်းသည့် ရုပ်ရည်သွင်ပြင်ကြောင့် အလွန်အံ့အားသင့်နေခဲ့သည်။

“အမေ၊ အန်တီ၊ ဒါက သမီးရဲ့သူငယ်ချင်းလင်ရှောင်းထင်တဲ့၊ အမေတို့သူ့ကို ရှောင်းထင်လို့ပဲ ခေါ်ရင်ရတယ်။”

“တွေ့ရတာဝမ်းသာပါတယ်။” လင်ရှောင်းထင် အရင်ဦးစွာ ကုချင်နှင့်ကုမန့်အား နှုတ်ဆက်လိုက်သည်။

လင်ရှောင်းထင်အတတ်နိုင်ဆုံး ဆက်ဆံရလွယ်ကူသည့်ပုံပေါက်အောင်နေနေသော်လည်း သူ့ပုံစံက အရင်ကတည်းက အေးစက်သည့်ပုံဖြစ်သောကြောင့် တခနလေးအတွင်းမှာပဲ သူ့ရဲ့ဆက်ဆံပုံများကို အလုံးစုံပြောင်းလဲဖို့ရန် မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် ကုနင်းဆီကနေပြီး သူ့ရဲ့စရိုက်အကြောင်းကို ကုချင်နှင့်ကုမန့်တို့ ကြားခဲ့ပြီးဖြစ်၍ သိပ်ပြီး စိတ်ထဲမထားကြပေ။ ထို့အပြင် လင်ရှောင်းထင်သည် အလွန်ကြည့်ကောင်းသောကြောင့် ကုချင်ရော ကုမန့်ပါ အလွန်သဘောကျနေကြသည်။

“တွေ့ရတာဝမ်းသာပါတယ်ကွယ်။”

ကုချင်နှင့်ကုမန့်တို့က သူ့ကို ကုနင်း၏ချစ်သူမှန်း မသိထားကြသေးသည်ကို လင်ရှောင်းထင် သိထားပြီးဖြစ်သော်လည်း သူမတို့ဘက်က ဖော်ဖော်ရွေရွေဆက်ဆံလာသည့်အခါတွင်တော့ အလွန်ပျော်ရွှင်နေမိသည်။

လင်ရှောင်းထင်သည် ကုနင်း၏ချစ်သူဖြစ်သော်လည်း ကုချင်နှင့်ကုမန့်တို့ကိုတော့ ရင်းနှီးထားခြင်းမရှိသေးသောကြောင့် သူမတို့အား မည်သို့ခေါ်ဆိုရမည်မသိဖြစ်နေခဲ့သော်လည်း အခုတော့ ဘယ်လိုမှခေါ်မနေတော့ဘဲ ကုနင်းနှင့်သူ၏ဆက်ဆံရေးကို တရားဝင်ပြောပြီးသွားကာမှ အမေနဲ့အန်တီဟူ၍ ပြောင်းလဲခေါ်ဆိုတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ကုချင်နှင့်ကုမန့်သည်တော့ လင်ရှောင်းထင် သူတို့ကိုဘယ်လိုခေါ်ခေါ် အထူးတလည်ဂရုစိုက်ခြင်းမရှိပေ။

“သွားကြတာပေါ့၊ ကားကို အပြင်နားမှာတင်ရပ်ထားပါတယ်။” လင်ရှောင်းထင် ဦးဆောင်ကာ ကုနင်းတို့အားခေါ်သွားလိုက်သည်။

အိုက်ဝေ့ချန် ယနေ့ရွေးလာသည့်ကားသည် LandRoverဖြစ်ကာ မျက်လုံးထဲ သူ့အမြင်တွင်တော့ မျက်လုံးထဲ ထင်သာမြင်သာမရှိဆုံးကားဖြစ်ပေမည့် ကုချင်နှင့်ကုမန့်တို့၏မျက်လုံးထဲတွင်တော့ အထူးဇိမ်ခံကားတစ်စီးဖြစ်နေသည်။

***

အခန်း ၅၂၂

လင်ရှောင်းထင်ပန်းကန်ထဲ ဟင်းထည့်ပေးခြင်း

ထိုLandRoverကား၏ဈေးနှုန်းကို ကုချင်နှင့်ကုမန့်တို့မသိကြသော်လည်း ကျန်းရွှီ၏ Mercedes-Benzထက်တော့ ပို၍ဈေးကြီးမည်မှန်း ခန့်မှန်းမိကြသည်။

လင်ရှောင်းထင် ကုချင်နှင့်ကုမန့်တို့အတွက် အရင်ဆုံး ကားတံခါးဖွင့်ပေးပြီးမှ ကုနင်းအတွက်လဲ ကားတံခါးဖွင့်ပေးလိုက်သည်။ ကုချင်နှင့်ကုမန့်သည်တော့ ကားနောက်ခန်းတွင်ထိုင်ကာ ကုနင်းသည်တော့ လင်ရှောင်းထင်ဘေးတွင် ထိုင်လေသည်။

“နင်းနင်း၊ ကိုယ်တို့ဘယ်ကိုအရင်သွားကြမလဲ?” လင်ရှောင်းထင် ကုနင်းကို ကြည့်ကာမေးလိုက်သည်။

လင်ရှောင်းထင်၏အကြည့်တစ်ချက်နှင့်ပင် ကုနင်းရင်ခုန်သွားရသည်။ ထိုသို့ သာမာန်အကြည့်လေးကြောင့်ဖြင့်တောင် အလွယ်တကူညှို့ယူခံနေရ၍လဲ သူမကိုယ်သူမ အားမလိုအားမရဖြစ်သွားရသည်။

ကုနင်း သူမစိတ်ကို ပြန်ထိန်းချုပ်လိုက်ကာ၊

“အစောကြီးရှိသေးတယ်ဆိုတော့ အရင်ဆုံး ရေပြာအိုင်မှာ ခနလောက်သွားနားပြီး နေ့လည်စာအရင်စားကြတာပေါ့၊ ပြီးတော့မှJadeBeauty လက်ဝတ်ရတနာဆိုင်နဲ့ စက်ရုံကိုသွားကြမယ်လေ။”

“ကောင်းပြီ။” ထို့နောက် လင်ရှောင်းထင် လေဆိပ်မှထွက်ခွာလာခဲ့သည်။

လမ်းတစ်လျှောက်လုံးတွင်တော့ လင်ရှောင်းထင် စကားပြောဖို့ရန် အစရှာမရ၍ ဘာမှမပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။

ထို့နောက် ရေပြာအိုင်သို့ရောက်ကာ ကုနင်း၏တိုက်ခန်းသို့သွားလိုက်ကြပြီး တိုက်ခန်းသို့ရောက်သည်နှင့် လင်ရှောင်းထင် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ တီဗီကြည့်နေပြီး ကုနင်းကသူ့အတွက် အခါးရည်ပြင်ဆင်ပေးနေသည်။

“ရှောင်းထင်၊ သားကဘယ်ကလဲ?” လင်ရှောင်းထင်၏နောက်ခံကို စုံစမ်းလိုခြင်းမဟုတ်ဘဲ တစ်ယောက်တည်းဖြစ်နေ၍ စကားပြောပေးလိုခြင်းသဘောဖြင့် ကုမန့်မေးလိုက်သည်။

ထိုသို့ဆိုလျှင်တောင်မှ လင်ရှောင်းထင်ကတော့ အတည်ပေါက်ပြန်ဖြေစဲပင်။

“မြို့တော်ကပါ။”

“ဒါဆို Gမြို့မှာ အလုပ်လာလုပ်တာလား?” ကုနင်းက လင်ရှောင်းထင်သည် ဝန်ထမ်းတစ်ဦးမဟုတ်ဘဲ သူမ၏သူငယ်ချင်းဟု ပြောထားသောကြောင့် ကုချင် ထပ်မေးလိုက်ခြင်းဖြစ်သည်။

“မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်က မြို့တော်မှာပါပဲ၊ အခုက အားလပ်ရက်ရတာနဲ့ Gမြို့မှာ ခနလာအနားယူတာပါ။”

ထို့နောက် ကုမန့်နှင့်ကုချင်တို့ ဆက်မေးလောက်သည့် မေးခွန်းများအတွက် အကောင်းဆုံးဖြေဖို့ရန် လင်ရှောင်းထင်ပြင်ဆင်ထားလိုက်ပေမည့် နှစ်ယောက်လုံး ဆက်မမေးကြတော့သောကြောင့် လင်ရှောင်းထင် နားမလည်နိုင်ဖြစ်သွားသည်။ ဘာလို့ဆက်မမေးကြတော့တာလဲ? သူ့အပြုအမူကို သဘောမတွေ့ကြတာကြောင့်လား?

တကယ်တော့ လင်ရှောင်းထင်ကို ကုနင်း၏ချစ်သူမှန်းမသိသောကြောင့် ထိုမျှသာမေးမြန်းခြင်းဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ကုနင်း သူတို့အားလုံးအတွက် အခါးရည်ငှဲ့ပေးကာ အားလုံး ဧည့်ခန်းထဲတွင်ပင် ထိုင်ရင်းစကားဝိုင်းဖွဲ့ပြောခဲ့ကြသည်။

တချက်တချက် လင်ရှောင်းထင်၏အကြည့်များက ကုနင်းရှိရာသို့ကျရောက်လာပေမည့် ကုချင်ရော ကုမန့်ရော သိပ်အာရုံစိုက်ထားခြင်းမရှိ၍ သူတို့ကြားမှ ထူးခြားနေမှုများကို သတိမထားမိခဲ့ကြပေ။

၁၁နာရီလောက်တွင်တော့ အားလုံးနေ့လည်စာအတူစားကြကာ ကုချင်က လင်ရှောင်းထင်၏ပါးကန်ထဲသို့ ဟင်းများထည့်ပေးရင်း၊

“ရှောင်းထင်၊ ရှက်မနေနဲ့နော်။ နင်းနင်းရဲ့သူငယ်ချင်းဆိုမှတော့ အန်တီတို့နဲ့သူစိမ်းတွေမှမဟုတ်တော့တာ၊ ထည့်သာစား။”

လင်ရှောင်းထင် မှင်သက်သွားကာ ကုမန့်၏ကြင်နာပုံက သူ့မိခင်ရှိတုန်းကလို ခံစားသွားရသောကြောင့် ငိုချင်မိသွားသည်။

“ဘာဖြစ်လို့လဲ? ဒီဟင်းတွေမကြိုက်ဘူးလား?” လင်ရှောင်းထင် နှုတ်ဆိတ်နေသည်ကိုမြင်လိုက်ရသောကြောင့် ကုမန့် သူမအမှားလုပ်မိသွားခြင်းဖြစ်မည်ကို စိုးရိမ်သွားသည်။

“မဟုတ်ပါဘူး-မဟုတ်ပါဘူး။” လင်ရှောင်းထင် ခပ်မြန်မြန်ငြင်းဆိုလိုက်ကာ၊

“ကျွန်တော့်အမေကို သတိရသွားလို့ပါ။ ကျွန်တော်ငယ်ငယ်တုန်းကဆို အမေက ဒီလိုပဲ ပန်းကန်ထဲ ဟင်းတွေထည့်ပေးတတ်တယ်။ ကျွန်တော့်ကို အခုလိုမလုပ်ပေးကြတာ အချိန်တော်တော်ကြာနေပြီဆိုတော့ နည်းနည်းဝမ်းနည်းသွားလို့ပါ။”

လင်ရှောင်းထင် ကိုယ်တိုင်လဲ ဘာကြောင့် ထိုအကြောင်းများကို ထုတ်ပြောမိသွားမှန်းမသိသလို ကုနင်းတောင်မှာ လင်ရှောင်းထင် ရှင်းပြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမတို့စတွဲဖြစ်ကြကတည်းက လင်ရှောင်းထင် ဝမ်းနည်းမည်စိုး၍ သူ့မိဘများအကြောင်းကို ကုနင်းတစ်ခါမှမမေးခဲ့ဖူးပေ။ လင်ရှောင်းထင်လဲ ဘယ်အချိန်ဖြစ်ဖြစ် သူ့မိဘများအကြောင်းတွေးမိလျှင် ရင်နာရစဲဖြစ်ပေမည့် ယခုတစ်ခေါ်ထုတ်ပြောလိုက်ရချိန်တွင်တော့ စိတ်ထဲပေါ့ပါးသွားသည်။

လင်ရှောင်းထင်၏ပြောစကားမှနေပြီး သူ့မိခင်အားဆုံးရှုံးထားရသည်မှာ အတော်ကြာသွားလောက်ပြီမှန်း ကုချင်နှင့် ကုမန့်တို့ ခန့်မှန်းမိသွားသောကြောင့် အံ့ဩသွားရသလို အလွန်လဲ စိတ်မကောင်းဖြစ်မိသွားသည်။

လင်ရှောင်းထင်၏ဝမ်းနည်းစရာ အတိတ်မှတ်ဉာဏ်များအား ထပ်ပြီးမတူးဖော်လိုသောကြောင့် ကုချင်နှင့် ကုမန့်တို့ ဆက်ပြီးမမေးစမ်းကြတော့ပေ။

“ကဲပါ၊ အန်တီတို့ အခုလိုဆုံကြရတယ်ဆိုတာလဲ ကံကြမ္မာပဲပေါ့၊ စားကြရအောင်!” ကုမန့် ဆက်ပြီး လက်ရှောင်းထင်၏ပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးကာ မိခင်မေတ္တာငတ်မွတ်နေသည့် လင်ရှောင်းထင်အတွက် အနည်းငယ်ဖြည့်ဆည်းပေးလိုခြင်းဖြစ်သည်။ အခုချိန်မှ ဖြည့်ဆည်းပေးခြင်းမှာ အလွန်နောက်ကျနေပြီဆိုသော်လည်း ဘယ်လောက်ပင်နောက်ကျပါစေ လေးနက်ကာ အဓပ္ပါယ်ရှိလှပေသည်။

ကုမန့်၏ကြင်နာမှုကြောင့် လင်ရှောင်းထင် အလွန်ခံစားသွားရကာ သူမစေတနာကို တုန့်ပြန်ပေးသည့်အနေဖြင့် အတတ်နိုင်ဆုံး စားနိုင်သလောက်များများစားပေးခဲ့သည်။

နေ့လည်စာစားပြီးချိန်တွင်တော့ လင်ရှောင်းထင်က သန့်စင်ခန်းသွားမည်ဟုအကြောင်းပြကာ ကျသင့်ငွေအား တိတ်တဆိတ်ရှင်းခဲ့သည်။

ကုချင်နှင့်ကုမန့်တို့ လင်ရှောင်းထင် သူတို့စားသောက်သည့်ကုန်ကျငွေကို ရှင်းပေးလိုက်သည်အား သိလိုက်ရချိန်တွင် အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး၊ ကုမန့်က

“ရှောင်းထင်၊ အဲ့လိုရှင်းပေးဖို့မလိုပါဘူး။”

“ရပါတယ်၊ နင်းနင်းက ကျွန်တော့်သူငယ်ချင်းဆိုမှတော့ ထမင်းတစ်နပ်လောက်ကျွေးတာလောက်က ဘာမှမပြောပလောက်ပါဘူး။”

ကျသင့်ငွေကလဲ ရှင်းပြီးသွားပြီဖြစ်၍ ကုချင်နှင့်ကုမန့်တို့ အတင်းအကြပ်ပြန်ပေးဖို့ရန် ပြောမနေကြဘဲ လင်ရှောင်းထင်၏သိတတ်မှုကိုသာ အသိအမှတ်ပြုလိုက်တော့သည်။

ထို့နောက် သူတို့အဖွဲ့JadeBeautyလက်ဝတ်ရတနာဆိုင်သို့ ထွက်လာခဲ့လိုက်ကြသည်။

ကျိုးကျန်းဟုန်သာ ကုနင်းတို့မိသားစု အရောင်းဆိုင်သို့လာမည်အား ကြိုသိပါက မလိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်နေမည်စိုးသောကြောင့် ရောက်ခါနီးမှသာ ကုနင်း ဖုန်းဆက်အကြောင်းကြားခဲ့သည်။ သို့ပေမည့် ကျိုးကျန်းဟုန်ကလဲ ဆိုင်တွင်ရှိမနေဘဲ စက်ရုံသို့ရောက်နေလေသည်။

ထို့ကြောင့် ကုနင်း သူမအရောင်းပြခန်းသို့သွားပြီးလျှင် စက်ရုံသို့ဆက်လာမည်ဖြစ်၍ ကျိုးကျန်းဟုန်ကို စက်ရုံတွင်သာ စောင့်နေခိုင်းလိုက်သည်။

JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ အရောင်းဆိုင်သည် ဈေးဝယ်စင်တာတစ်ခု ပထမထပ်တွင်တည်ရှိကာ အဆင့်မြင့်လှသည့် ဆိုင်အပြင်အဆငများကြောင့် မည်သူမဆို အပြင်မှတစ်ချက်ကြည့်ရုံဖြင့် အဆင့်မြင့်လက်ဝတ်ရတနာဆိုင်ဖြစ်ကြောင်းသိနိုင်လေသည်။ ကုချင်နှင့်ကုမန့်သည်တော့ ဤဆိုင်ပိုင်ရှင်မှာ ကုနင်းဖြစ်ကြောင်း သိထားပြီးဖြစ်သော်လည်း အပြင်အဆင်ကိုကြည့်ကာ ဝင်ဖို့ရန်တုံ့ဆိုင်းနေကြသည်။

JadeBeautyလက်ဝတ်ရတနာဆိုင်သည် လက်ဝတ်ရတနာများကို ပြည့်ကျပ်နေအောင် ပြင်ဆင်ပြသထားခြင်းမဟုတ်ဘဲ လက်ဝတ်ရတနာများ၏အလှကို အဓိကပေါ်လွင်အောင် အကွာအဝေးတစ်ခုစီထားကာ စီချယ်ပြသထားသောကြောင့် လူအများ ရှင်းရှင်းလင်းလင်းဖြင့် ကြည့်ရှုနိုင်ပေသည်။

ဆိုင်ထဲတွင်တော့ ဝယ်သူ၁၇ယောက်လောက်နှင့် အရောင်းဝန်ထမ်းများစွာရှိနေကာ အလုပ်ရှုပ်နေကြပုံရလေသည်။

ကုနင်းတို့ဆိုင်ထဲဝင်လာသည်ကိုတွေ့သည်နှင့် အရောင်းဝန်ထမ်းတစ်ဦးက သူမအနားသို့ရောက်လာကာ နှုတ်ဆက်လိုက်သည်။

“မိန်းကလေးကု၊ တွေ့ရတာဝမ်းသာပါတယ်။”

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကတည်းက ဆိုင်မှဝန်ထမ်းအားလုံး ကုနင်း၏နောက်ခံအစစ်အမှန်ကို သိထားကြပြီဖြစ်ကာ ဤမျှအသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကုနင်းအောင်မြင်နေသည့်အတွက်လဲ အလွန်လေးစားနေကြသည်။

“ဟိုင်း၊ ကျွန်မတို့အတွက်အချိန်ပေးဖို့မလိုပါဘူး။ ကျွန်မပဲ သူတို့ကို လိုက်ပြလိုက်ပါ့မယ်။” ကုနင်းပြန်နှုတ်ဆက်လိုက်သည်။

“ကောင်းပါပြီ၊” ကုနင်း မလိုသောကြောင့် အရောင်းဝန်ထမ်းလဲ ပြန်ထွက်သွားတော့သည်။

***

အခန်း ၅၂၃

စကားစဖြတ်ခြင်း

အခြားသော အရောင်းဝန်ထမ်းများသည်လဲ ကုနင်းကိုမြင်ကာ အလွန်ပျော်ရွှင်သွားကြပေမည့် သူတို့အားလုံး ဝယ်သူများကို လက်ဝတ်ရတနာများမိတ်ဆက်ပေးရန် အလုပ်ရှုပ်နေကြသောကြောင့် ကုနင်းဆီသို့ ချက်ချင်းသွားကာ နှုတ်မဆက်နိုင်ကြပေ။

လက်ဝတ်ရတနာများ၏ဈေးနှုန်းကို ကုချင်နှင့်ကုမန့်တို့မြင်လိုက်ရချိန်တွင်တော့ အစကတည်းက ဤပစ္စည်းများမှာဈေးမပေါကြောင်း သိထားပြီးဖြစ်သော်လည်း အလွန်အံ့ဩကုန်ကြသည်။

“ဘုရားရေ! အရမ်းဈေးကြီးလိုက်ကြတာ! ကျောက်စိမ်းဆွဲပြားတစ်ခုတည်းကိုတောင်မှ ယွင်သုံးသိန်းကျော်တယ်။” ကုချင် အလွန်အံ့အားတကြီးဖြင့် ရေရွတ်လိုက်မိသည်။

“ဟုတ်ပါ့၊ ဒါတွေကို တကယ်ချမ်းသာတဲ့လူတွေပဲ တတ်နိုင်လောက်မယ်။” ကုမန့်ကပါ ကုချင်၏စကားကိုထောက်ခံလိုက်သည်။

“ယွင်သုံးသိန်း? အဲ့ဒါအနိမ့်ဆုံးဈေးမဟုတ်ဘူးလား? ပြီးတော့ ဒီဆိုင်ထဲက လက်ဝတ်ရတနာအများစုက ယွမ်တစ်သန်းအထက်မှာချည်းပဲ။ နင်တို့မဝယ်နိုင်ရင်လဲ အထဲကိုဝင်ကိုမလာသင့်ဘူး။” အနားရှိ အမျိုးသမီးတစ်ဦးက အထင်သေးဟန်ဖြင့်ပြောလိုက်သည်။ ထိုသိုသော ဘဝင်မြင့်နေသည့်မိန်းမများမှာ နေရာတိုင်းလိုလိုကို ရှိနေတော့တာပင်!

ကုချင်နှင့်ကုမန့်လဲ ထိုစကားကြောင့် ရှက်သွားရပြန်သည်။ သူတို့ စိတ်မသက်မသာဖြစ်သွားကြသော်လည်း သူတို့ကိုယ်တိုင်ကိုက တောသားမြို့တက်သလို အရာရာတိုင်းကို တအံ့တဩပြောဆိုနေမိခြင်းကိုလဲ ကိုယ့်ဘာသာသိကြသောကြောင့် ဘာမှပြန်ပြောမနေတော့ပေ။ သို့ပေမည့် ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ အတော်လေးကို မကျေမနပ်ဖြစ်သွားကြသည်။ ထို့ကြောင့် ကုနင်းက၊

“ရှင်ချမ်းသာနေတယ်ဆိုမှတော့ ဘာလို့မဝယ်လိုက်တာလဲ?”

“သေချာပေါက် ငါဝယ်နိုင်တာပေါ့။” ထိုအမျိုးသမီးက အမှန်တကယ်ကိုပင် တုံ့ဆိုင်းခြင်းမရှိ ကျောက်စိမ်းဆွဲပြားကို ဝယ်ဖို့လုပ်တော့သည်။ ထိုဆွဲပြားသည် အလွန်ဈေးကြီးသော်လည်း သူမချမ်းသာကြောင်း ကြွားဝါရန်အလို့ငှာ မပြောပလောက်သည့်ပမာဏဟန်ဖြင့် ဝယ်ခြင်းဖြစ်သည်။

“ဒီတစ်ခု ထုပ်လိုက်။ ဒီကဒ်ကနေ ယွင်ငါးသိန်းနဲ့ရှစ်ထောင်ဖြတ်လိုက်။”

ထိုကျောက်စိမ်းဆွဲပြားသည် အဆင့်မြင့်ခရမ်းရင့်ရောင်အမျိုးအစားဖြစ်ကာ အရွယ်အစားသိပ်မကြီးလှသော်လည်း ဈေးကတော့ အလွန်ကြီးလေသည်။

“ဟုတ်ကဲ့ပါ။” အရောင်းဝန်ထမ်းကတော့ နောက်ထပ်အရောင်းအဝယ်ထပ်တည့်သွားသောကြောင့် အလွန်စိတ်လှုပ်ရှားနေကာ သူမ၏ဘော့စ်ကုနင်းကိုလဲ အလွန်လေးစားသွားမိသည်။ ကုနင်းက ထိုအမျိုးသမီးအား စကားလေးတစ်ခွန်းပြောလိုက်ရုံဖြင့် ဤသို့အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။

ကုချင်နှင့်ကုမန့်ကတော့ ထိုအမျိုးသမီးတုံ့ဆိုင်းခြင်းမရှိ သူမ၏ဘဏ်ကဒ်ကိုထုတ်ကာ ငွေရှင်းလိုက်သောကြောင့် အံ့အားသင့်သွားကြတော့သည်။

ဘာပဲဖြစ်ဖြစ် ဤလက်ဝတ်ရတနာဆိုင်သည် ကုနင်းအပိုင်ဖြစ်သောကြောင့် ဤသို့ငွေများစွာတန်သည့် အရောင်းအဝယ်တည့်သွား၍ သူမတို့ ပျော်ရွှင်မိကြသည်။

ထိုအမျိုးသမီး ကောင်တာတွင် ငွေရှင်းပြီးပြန်လာသည်နှင့် ကုနင်းကို ဝင့်ဝင့်ကြွားကြွားကြည့်ကာ ရန်စသည့်လေသံဖြင့်၊

“ဟ၊အခုတော့ နင်ဘာပြောနိုင်သေးလဲ? ဒီဆိုင်က ပစ္စည်းတစ်ခုတလေကိုတောင် နင်တို့ဝယ်နိုင်ကြလို့လား?”

“ကျွန်မတို့က ဝယ်ဖို့မလိုပါဘူး။” ကုနင်းကတော့ အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။

“ဟ-ဟ၊ နင်တို့ဝယ်ဖို့မလိုတာမဟုတ်ဘဲ မဝယ်နိုင်တာပဲဖြစ်မှာပါ။” ထိုအမျိုးသမီးက ကုနင်းတို့ကို လှောင်ရယ်လိုက်သည်။

ထိုအမျိုးသမီးဘေးတွင်ရပ်နေသည့် အရောင်းဝန်ထမ်းသည်တော့ သူမ၏တုံးအမှုကြောင့် ရယ်ချင်နေတော့သည်။ ကုနင်းသည် JadeBeautyလက်ဝတ်ရတနာဆိုင်၏ပိုင်ရှင်ဖြစ်သောကြောင့် လက်ဝတ်ရတနာတိုင်းက သူမအပိုင်ချည်းသာဖြစ်လေသည်။ သို့ပေမည့် အရောင်းဝန်ထမ်းမှာ သူမ၏ဘော့စ်က တမင်ထောင်ချောက်ဆင်ကာ ဝယ်စေခဲ့ခြင်းမှန်း သိသောကြောင့် ထိုအမျိုးသမီးကို အမှန်တရားအားပြောပြဖို့ရန် ရည်ရွယ်ချက်မရှိပေ။

ထို့နောက် ကုနင်း ကုမန့်၏လက်ကို ဆွဲမြှောက်လိုက်ကာ ကုမန့်လက်ကောက်ဝတ်မှ ဖူလူရှိုးကျောက်စိမ်းလက်ကောက်ကို ထိုအမျိုးသမီးအားပြလိုက်ပြီး၊

“ရှင်ဒီကျောက်စိမ်းဘာအမျိုးအစားလဲဆိုတာကိုသိလား?”

“ဖူလူရှိုး!” ထိုအမျိုးသမီးအလွန်ထိတ်လန့်အံ့ဩသွားသည်။ ဖူလူရှိုးကျောက်စိမ်းသည် အလွန်မှတ်မိလွယ်လွန်းသည်။ သို့ပေမည့် ကုမန့်တို့ ဖူလူရှိုးကျောက်စိမ်းမျိုးကို ဝယ်နိုင်လောက်မည်ဟုတော့ သူမမယုံကြည်ပေ။

“အစစ်ကောဟုတ်ရဲ့လား?”

သူမ၏ မယုံသလိုမေးခွန်းထုတ်ခြင်းအပေါ် ကုနင်းလုံးဝဒေါသမထွက်ပဲ ပြုံးပင်ပြုံးလိုက်ကာ၊

“ဒီကျောက်စိမ်းက JadeBeautyလက်ဝတ်ရတနာဆိုင်ကပဲဝယ်တာလေ။ အတူဖြစ်နိုင်ပါ့မလား?”

“ဘာပြောတယ်?” ကုမန့်တို့သည် သူ့ထက်ပင် ပို၍ချမ်းသာမှန်းသိသွားချိန်တွင်တော့ ထိုအမျိုးသမီးအလွန်ရှက်ရွံ့သွားရတော့သည်။

ကံကောင်းစွာဖြင့် ဆိုင်နေရာမှာအလွန်ကျယ်ကာ ဝယ်သူများသည်လဲ တစ်ယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ်မရှိနေကြ၍ သူမတို့ဖြစ်သွားသည့် ကိစ္စအား လူသိပ်မသိလိုက်ကြပေ။ မဟုတ်လျှင် လူအများအပြားရှေ့၌ သူမအရှက်ကွဲကာ ခေါင်းပင်ဖော်နိုင်တော့မည်မဟုတ်ပေ။

ထို့နောက် ထိုအမျိုးသမီး စကားတစ်ခွန်းပင် ထပ်မဆိုနိုင်တော့ဘဲ ရှက်ကာ ဆိုင်ထဲမှ အမြန်ထွက်သွားတော့သည်။

ဤသို့ဖြစ်သွားရခြင်းမှာ ထိုအမျိုးသမီး၏အမှားသာဖြစ်သောကြောင့် ကုနင်း၏အပြုအမူအပေါ် ကုချင်ရော ကုမန့်ပါ အပြစ်မတင်ကြဘဲ ဝမ်းသာလို့ပင်နေကြသည်။

လင်ရှောင်းထင်သည်တော့ ကုနင်းဘာလုပ်လုပ်ထောက်ခံမည့်လူဖြစ်ကာ ထိုအမျိုးသမီးကို ကုနင်းအလွန်သက်ညှာပေးလိုက်သည်ဟုပင် ထင်နေမိသေးသည်။ ထို့နောက် သူတို့ဆက်လက်ပြီး ဆိုင်ထဲ လှည့်ပတ်ကြည့်ကြလေသည်။

သူတို့နှင့်မဝေးလှသည့်နေရာတွင်တော့ လှပသည့် မိန်းမငယ်လေးနှစ်ဦး ပစ္စည်းများပြသထားသည့် ကောင်တာတွင် ကျောက်စိမ်းဆွဲပြားများကို ရွေးချယ်နေကြသည်။ ကုနင်းတို့သူတို့နား ရောက်လာချိန်တွင်တော့ လင်ရှောင်းထင်၏ မူးမေ့ချင်စရာကောင်းလှသည့် ထင်ရှားသော ရုပ်ရည်သွင်ပြင်ကို သတိထားမိသွားကြတော့သည်။

“ဟဲ့၊ အဲ့လူအရမ်းခန့်တာပဲ!”

“ဟုတ်သားပဲ၊ ငါတို့ သူ့ကို စကားသွားစကြည့်ရအောင်လား?”

“သူ့ရှေ့ကလျှောက်လာတဲ့မိန်းကလေးက သူ့ရည်းစားများလား? ငါတို့သွားစကားပြောလို့အဆင်ပြေပါ့မလား?”

“ဘယ်သိမလဲ၊ ရည်းစားဆိုရင်တောင် ဂရုမစိုက်ပါဘူး။”

“ဟုတ်ပြီလေ၊ သွားကြတာပေါ့။”

သူမတို့စကားပြောနေသံများမှာ သိပ်မကျယ်လှသော်လည်း လင်ရှောင်းထင်နှင့် ကုနင်းတို့ကတော့ သေချာကြားလိုက်ကာ မကျေမနပ်ဖြစ်သါားသည်။

ထိုအမျိုးသမီးနှစ်ယောက် လင်ရှောင်းထင်အနားသို့ရောက်လာသည်နှင့် တစ်ယောက်ကနေပြီး၊

“ဟိုင်း…”

“ထွက်သွား!” လင်ရှောင်းထင် အေးစက်သည့်လေသံဖြင့် ချက်ချင်းစကားဖြတ်လိုက်တော့သည်။

ထိုမိန်းကလေးနှစ်ဦးလဲ ရုတ်တရက်ကြောင်သွားပြီးမှ အလွန်ရှက်သွားကြတော့သည်။ ထိုယောက်ျားက သူမတို့၏ခံစားချက်ကို နည်းနည်းလေးတောင် ဂရုမစိုက်ပေ။

ကုနင်းတို့ မိသားစုလဲ ချက်ချင်းရပ်သွားကာ လင်ရှောင်းထင်ထံသို့ ပြန်လှည့်လာကြသည်။

အနားရှိလူများကလဲ ဤဇာတ်လမ်းကို အာရုံစိုက်လာသောကြောင့် ထိုမိန်းကလေးနှစ်ဦးပိုလို့ပင် ရှက်သွားကာ၊

“ဘာလို့ဒီလောက်ရိုင်းရတာလဲ? ကျွန်မတို့က ‘ဟိုင်း’လို့ပဲ နှုတ်ဆက်ရသေးတာလေ။ နည်းနည်းလောက် လူမှုရေးသိတတ်ပါဦးလား?” ထိုမိန်းကလေးက အပြစ်တင်လိုက်သည်။

“မင်းက ‘ဟိုင်း’လို့ပဲပြောရသေးတယ်ပေါ့? ငါတို့သိကြလို့လား? ပြီးတော့ စိတ်မကောင်းပါဘူး။ မင်းတို့အစောကပြောနေတာတွေအကုန် ငါကြားလိုက်တယ်။” လင်ရှောင်းထင် ပြန်ပြောလိုက်ပြီးနောက် ကုမန့်ကို ဖျတ်ကနဲကြည့်လိုက်ကာ ဆက်ပြီး၊

“ငါကအဲ့လောက်မလွယ်ဘူး။”

ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ကုမန့်တို့ရှေ့တွင် သူသည်သစ္စာရှိသူဖြစ်ကြောင်း တမင်သိစေလိုခြင်းဖြစ်ကြောင်း ကုနင်းချက်ချင်းနားလည်သွားတော့သည်။

“ဟ-ဟ၊ ဒီခန့်ညားတဲ့ကောင်လေးက ဒီလောက်ပေါ်တင်ကြီးပြန်ပြောလိမ့်မယ်လို့ ဒီမိန်းကလေးနှစ်ယောက်မထင်ထားလောက်ဘူး။”

“ဟုတ်ပါ့၊”

အနားရှိလူများက စတင် ပြောဆိုကြတော့သည်။

ကုချင်နှင့်ကုမန့်လဲ လင်ရှောင်းထင်၏တုံ့ပြန်ပုံမှာ အနည်းငယ်ရိုင်းသွားသည်ဟုထင်မိသော်လည်း သူ့လုပ်ရပ်မှန်သည်ဟုတော့ ယုံကြည်နေကြစဲပင်။

“ပါးစပ်ပိတ်ထားကြစမ်း!” ထိုမိန်းကလေး ဒေါသတကြီးအော်လိုက်ကာ၊

“ငါဘယ်သူလဲဆိုတာသိကြရဲ့လား? ငါကFမြို့ရဲ့အချမ်းသာဆုံးအဆင့်၇နေရာမှာရှိတဲ့ ဖူမိသားစုကပဲ! နင်တို့ဘယ်သူဖြစ်ဖြစ် ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ရင် အကျိုးဆက်အတွက်ပါ တစ်ခါတည်းကြိုပြင်ဆင်ထားကြ!”

ထိုစကားကိုကြားသည်နှင့် အနားရှိလူအားလုံး ချက်ချင်းပါးစပ်ပိတ်သွားကြတော့သည်။ သူတို့ထဲက ဘယ်သူကမှ ဖူမိသားစုကို စိတ်အနှောက်အယှက်မပေးဝံ့ကြပေ။

***

အခန်း ၅၂၄

နာမည်ပျက်စာရင်း

ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ ထိုမိန်းကလေး ဖူမိသားစုကမှန်း ကြားရလျှင်တောင်မှ မတုန်လှုပ်ကြပေ။

“ကောင်းလိုက်တာ။ မိန်းကလေးဖူ၊ ရှင်အခုလို ယောက်ျားတကာကို စကားရောဖောရောလိုက်လုပ်တတ်တာ ရှင့်အဖိုးရောသိရဲ့လား?” ကုနင်း ဖူယင်းယင်းကို အဓိပ္ပါယ်ပါပါပြုံးရင်းဖြင့် ပြောလိုက်သည်။

“နင်….” ဖူယင်းယင်း အလွန်ဒေါသထွက်သွားတော့သည်။ သူမအဖိုးဖြစ်သူကတော့ သူမ၏အပြုအမူများကို သေချာပေါက် မသိထားပေ။ သိသာသိသွားလျှင် အလွန်ဒေါသထွက်ပေလိမ့်မည်။

သို့ပေမည့် ကုနင်းကတော့ သူမအဖိုးနှင့်အဆက်အသွယ်ရှိလိမ့်မည်ဟုတော့ သူမမယုံကြည်သောကြောင့် ကုနင်းကိုယဉ်ယဉ်ကျေးကျေးပြောဖို့ရန် စိတ်မဝင်စားပေ။ ထိုအစား ကုနင်းကို လူအများကြားတွင်ပင် ခြိမ်းခြောက်လိုက်သေးသည်။

“ငါ့အဖိုးသိသိမသိသိ နင့်ကိစ္စမဟုတ်ဘူး။ နင့်လိုဘာမဟုတ်တဲ့လူကများ၊ ငါ့ကိုအခုချက်ချင်းတောင်းပန်ရင်တောင်းပန် မဟုတ်ရင် ဆိုင်မန်နေဂျာကို ခေါ်ပြီး နင့်ကိုနာမည်ပျက်စာရင်းသွင်းပစ်မယ်!”

JadeBeautyလက်ဝတ်ရတနာဆိုင်၏ ‘သူဌေး’ ကျိုးကျန်းဟုန်နှင့် သူမအဖိုး ရင်းနှီးသောကြောင့် ဆိုင်မှဝန်ထမ်းများက သူမကို ကူညီပေးလိမ့်မည်ဟု ဖူယင်းယင်းတွေးနေခြင်းဖြစ်သည်။ ထို့အပြင် သူမ၏မိသားစုသည်လဲ ဩဇာအာဏာရှိသည့်မိသားစုဖြစ်နေသေးသည်။

“အိုး! တကယ်ကြီးလား?” ကုနင်း ထိန်းမနိုင်စွာဖြင့် ရယ်မိသွားတော့သည်။

အနားရှိ အရောင်းဝန်ထမ်းများသည်လဲ ဖူယင်းယင်းအား အရူးတစ်ယောက်ကို တွေ့ရသလိုကြည့်လိုက်မိကြသည်။ သူတို့ဘော့စ်ကို သူတို့ဘော့စ်ပိုင်သည့်ဆိုင်မှနေပြီး နှင်ထုတ်ချင်နေခြင်းသည် ကြားဖူးသမျှတွင် အရယ်ရဆုံးဟာသတစ်ပုဒ်ပင်ဖြစ်တော့သည်။ ဘယ်သူကမှ သူမလောက်ရယ်စရာကောင်းအောင် လုပ်နိုင်တော့မည်မဟုတ်ပေ။

ကုနင်းသည် အလွန်သဘောကောင်းကာ ရက်ရောသည့် ဘော့စ်တစ်ယောက်ဖြစ်သလို ဤလက်ဝတ်ရတနာတံဆိပ်သည်လဲ အလွန်လူကြိုက်များသောကြောင့် ဝန်ထမ်းများလဲ လစာကောင်းကောင်းရ၍ မည်သူမှ အလုပ်မပြုတ်လိုကြပေ။

“ဟ-ဟ၊ ဒါဆိုလဲ ဘာလို့မစမ်းကြည့်တာလဲ?” ကုနင်း လက်ပိုက်ကာ နောက်ထပ်ဟာသတစ်ပုဒ်ကို စောင့်ကြည့်လိုဟန်ဖြင့်ပြောလိုက်သည်။

“ကောင်းပြီလေ၊ နင်ကိုယ်တိုင်ပြောတာနော်!” ထို့နောက် ဖူယင်းယင်း ဆိုင်မန်နေဂျာဘက်သို့လှည့်လိုက်ကာ၊

“ဒီမှာ၊ ရှင် သူတို့ကို အခုချက်ချင်းမောင်းထုတ်ပြီး၊ နာမည်ပျက်စာရင်းသွင်းလိုက်၊ ဒီလိုဆိုရင် ဒီဆိုင်က လက်ဝတ်ရတနာတွေကိုပဲ ကျွန်မပိုဝယ်တော့မယ်။”

မန်နေဂျာကတော့ သူမ၏အမိန့်ကို လျစ်လျူရှုကာ၊

“စိတ်မကောင်းပါဘူး၊ မိန်းကလေးဖူ၊ ကျွန်တော်မလုပ်ပေးနိုင်ပါဘူး။”

“ဘာ?” ဖူယင်းယင်း သူမ၏စကားကို မန်နေဂျာက ငြင်းလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် ဒေါသများပေါက်ကွဲသည့်အဆင့်သို့ရောက်သွားကာ၊

“ကျွန်မက ဖူမိသားစုဝင်ဆိုတာ ရှင်မသိဘူးလား?”

မန်နေဂျာက နှုတ်ဆိတ်နေကာ ဖူယင်းယင်း၏ခြိမ်းခြောက်မှုအတွက် တုန်လှုပ်ခြင်းမရှိကြောင်း ပြသလေသည်။

နောက်ဆုံးမှာတော့ ကုနင်းကပဲ၊

“မိန်းကလေးဖူကို ဒီကနေထွက်သွားဖို့ပြောလိုက်ပါ၊ ဒီဆိုင်က သူ့ကိုမကြိုဆိုဘူး။”

“ကောင်းပါပြီ၊ ဘော့စ်။” မန်နေဂျာက လေးစားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ကုနင်းသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်ဖြစ်ကြောင်း လူအများကြီးမသိသေးကြသော်လည်း လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်တော့သောကြောင့် မန်နေဂျာက လူအများရှေ့တွင် ဘော့စ်ဟုသာ ခေါ်လိုက်လေသည်။

သို့ပေမည့် ဆိုင်ထဲမှ ကျန်လူများသည်တော့ အလွန်ထိတ်လန့်ကုန်ကြတော့သည်။ ဘာ? ဒီမိန်းမငယ်လေးက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်တဲ့လား? ကျိုးကျန်းဟုန်ကမှ ပိုင်ရှင်မဟုတ်ဘူးလား?

“မဖြစ်နိုင်တာ! သူ-သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်တဲ့လား? ကျိုးကျန်းဟုန်ကမှ ပိုင်ရှင်မဟုတ်ဘူးလား?” ဖူယင်းယင်း မယုံနိုင်စွာဖြင့်မေးလိုက်သည်။

“သူကမှ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ပိုင်ရှင်အစစ်ပါ၊ အမှုဆောင်ကျိုးက အထွေထွေမန်နေဂျာတစ်ဦးပါ။” မန်နေဂျာကပဲ ပြန်ဖြေလိုက်သည်။

ဖူယင်းယင်းမှာတော့ ကြောင်အသွားတော့သည်။ သူမမျက်စိရှေ့တွင်ရှိနေသည့် မိန်းမငယ်လေးက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်အစစ်ဖြစ်နေသောကြောင့် အလွန်အံ့ဩသွားရသည်။ သူမပြောဆိုခဲ့သမျှကို ပြန်တွေးမိပြီးနောက်တွင်တော့ ဖူယင်းယင်း အလွန်အရှက်ရသွားတော့သည်။

“မိန်းကလေးဖူ၊ အခုပဲဆိုင်ထဲကနေထွက်သွားပေးပါ။ မင်းရဲ့နာမည်ကို ကျွန်တော်တို့ရဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက နာမည်ပျက်စာရင်းသွင်းလိုက်ပါပြီ။” မန်နေဂျာမှနေပြီး ဖူယင်းယင်းအား ပြောလိုက်သည်။

“ရှင်ကများ ကျွန်မကို ဒီလိုမျိုးဆက်ဆံရဲတယ်ပေါ့!” ဖူယင်းယင်းအလွန်ဒေါသထွက်နေကာ ယဉ်ကျေးမှုပင်မရှိတော့ပေ။

“မိန်းကလေးဖူ၊ ကြွပါ။” မန်နေဂျာကတော့ သူမ၏စကားကိုဂရုစိုက်မနေဘဲ ထွက်သွားဖို့ရန်သာ လက်ဟန်အမူအရာပြလိုက်သည်။

ဖူယင်းယင်းဆက်ပြီး ပြောချင်နေသေးသော်လည်း လူတိုင်းက သူမကို အထင်သေးသည့်အကြည့်များဖြင့် ကြည့်နေသောကြောင့် ဘာမှမပြောနိုင်တော့ဘဲ ဒေါသတကြီးထွက်သွားတော့သည်။ ထို့နောက် ဖူယင်းယင်း၏နောက်သို့ သူမနှင့်အတူပါလာသည့် မိန်းကလေးလဲ လိုက်ပါသွားခဲ့သည်။

အားလုံး ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ပိုင်ရှင်ဖြစ်ကြောင်း သိသွားပြီဖြစ်၍ အချို့ဝယ်သူများမှာ သူမကို လေးစားသည့်အကြည့်များဖြင့် မကြည့်မိဘဲ မနေနိုင်တော့ပေ။

“နင်းနင်း၊ ဒီမိန်းကလေးရဲ့မိသားစုက အာဏာရှိပုံပဲ! သမီးဒီလိုမျိုးဆက်ဆံလိုက်လို့အဆင်ပြေပါ့မလား?” ကုနင်းတွင် ဩဇာအာဏာရှိသည့်မိသားစုများတွင် သူငယ်ချင်းမိတ်ဆွေများစွာရှိမှန်း ကုမန့်သိပေမည့် စိုးရိမ်မိနေစဲပင်။

“အမေ၊ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။ ဆရာကြီးဖူက သမီးDမြို့ကိုသွားတုန်းက ပထမဆုံးတွေ့ခဲ့တဲ့လူပဲ၊ သမီးနဲ့ဆက်ဆံရေးလဲကောင်းတဲ့၊ ဒီအတွက် သမီးကို အပြစ်တင်မှာမဟုတ်ပါဘူး။” ကုနင်းရှင်းပြလိုက်သည်။

လင်ရှောင်းထင်သည်တော့ ဖူမိသားစုဆိုသည်မှာ သူ့မိသားစုကို လုံးဝမယှဉ်နိုင်သည့် မိသားစုတစ်စုသာဖြစ်သောကြောင့် လုံးဝဂရုစိုက်ခြင်းမရှိပေ။

“တော်သေးတာပေါ့။” ထိုတော့မှ ကုမန့်စိတ်အေးသွားတော့သည်။

ထို့နောက် သူမတို့ စက်ရုံသို့ထွက်လာခဲ့ကြသည်။

ကုနင်းတို့ အရောင်းဆိုင်မှထွက်လာချိန်သည် ညနေ၃နာရီရှိပြီဖြစ်သောကြောင့် ကုမန့်အား ကုချင်းယန် သို့မဟုတ် ဝမ်ယွီလန်အား သူမတို့ အိမ်လာလည်မည့် အကြောင်း ကြိုတင်ဖုန်းဆက်ထားရန် ပြောလိုက်သည်။

ထို့နောက် ကုမန့်လဲ ကုချင်းယန်ကို ဖုန်းဆက်လိုက်သည်။ ကုမန့်တို့ အိမ်လာလည်မည်ကို ကုချင်းယန်ကြားသည်နှင့် အလွန်ပျော်ရွှင်သွားတော့သည်။ ကုချင်နှင့်ကုမန့်သည် သူ့အိမ်သို့တစ်ခါမှ အလည်မလာခဲ့ဖူးကြပေ။ တစ်ဆက်တည်းဆိုသလိုပဲ သူ့အိမ်သို့လဲ သူကိုက ကုမန့်နှင့်ကုချင်အား တစ်ခါမှအလည်မခေါ်ဖူးတာကြောင့်မှာ အပြစ်ရှိသလိုခံစားသွားရသည်။

ထို့နောက် ကုချင်းယန် ကုမန့်ကို သူ့အိမ်လိပ်စာအားပေးလိုက်ကာ သူညနေ၆နာရီလောက်ဆိုလျှင် အိမ်ပြန်ရောက်မည့်အကြောင်းကိုပါ ပြောလိုက်သည်။

ကုမန့်နှင့် ဖုန်းချပြီးသည့်နောက်တွင်တော့ ကုချင်းယန် ဝမ်ယွီလန်အား ချက်ချင်းဖုန်းဆက်ကာ ကုမန့်တို့လာလည့်မည့်အကြောင်းကိုလဲ ပြောလိုက်သည်။

ဝမ်ယွီလန်သည်လဲ ထိုသတင်းကို ကြားသည်နှင့် အလွန်ဝမ်းသာသွားကာ ညစာအတွက် ပင်လယ်စာဝယ်ချက်ဖို့ရန် ကြံစည်တော့သည်။

မကြာခင်တွင်ပဲ ကုနင်းတို့ကားလေး JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏စက်ရုံရှိရာသို့ ရောက်ရှိလာခဲ့တော့သည်။

“မင်္ဂလာပါ၊ ဘော့စ်၊ လူကြီးမင်းလန်၊” ကျိုးကျန်းဟုန်က လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။

“ဟိုင်း ဦးလေးကျိုး၊ ဒါက ကျွန်မရဲ့အမေ ကုမန့်၊ ဒီဘက်ကတော့ အဒေါ် ကုချင်ပါ။”

ထို့နောက် ဆက်ပြီးသူတို့အချင်းချင်း နှုတ်ဆက်လိုက်ကာကာ ကုနင်းက ကုချင်နှင့်ကုမန့်ကို စက်ရုံအတွင်းလှည့်ပတ်ကြည့်ရှုရန်အတွက် ဦးဆောင်ခေါ်သွားပေးသည်။

ကုချင်နှင့်ကုမန့်တို့ စက်ရုံထဲတွင်စုပုံထားသည့် ကျောက်စိမ်းပုံကြီးကို မြင်လိုက်ရသည်နှင့် အလွန်အံ့ဩကာ မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားကြတော့သည်။

***

အခန်း ၅၂၅

စက်ရုံချဲ့ထွင်ခြင်း

စက်ရုံထဲမှ ကျောက်စိမ်းပုံကြီးမှာ သူမတို့အရောင်းပြခန်းတွင် မြင်ခဲ့ရသည့် ကျောက်စိမ်းများထက် အဆများစွာပိုများပြီး အလွန်တရာအဖိုးတန်လေသည်!

“နင်းနင်း၊ ဒီကျောက်စိမ်းတွေအားလုံးဆို ဘယ်လောက်တောင်မှတန်တာလဲ?” ကုချင်မေးလိုက်မိသည်။

“ကျောက်စိမ်းက အရမ်းတန်ဖိုးရှိတယ်ဆိုပေမယ့် သူ့ကိုလိုချင်တဲ့သူမရှိဘူးဆိုရင် အသုံးမဝင်တဲ့ကျောက်တုံးတွေပဲ။ သူ့ကိုဝယ်ချင်နေကြတဲ့လူတွေရှိတော့မှသာ ယွင်သန်းရာကျော်တန်ဖိုးရှိသွားတာ။ ဒါကြောင့် သမီးတို့ထုတ်မရောင်းနိုင်ဘူးဆိုရင်တော့ ကျောက်တုံးပုံကြီးပဲ၊ ဘာမှအသုံးမဝင်တော့ဘူး။”

ကုနင်း၏စကားများကိုကြားရချိန်တွင် ကုချင်ရော ကုမန့်ပါ ပင့်သက်ရှိုက်မိသွားကြသည်။ ယွမ်သန်းရာကျော်တောင်တဲ့လား!

တကယ်တော့ ကုနင်း၏ပိုင်ဆိုင်မှုသည် ထို့ထက်မကများပြားလှကာ သူမ၏ရည်မှန်းချက်မှာ ဤနိုင်ငံတွင် နံပါတ်၁အချမ်းသာဆုံး အမျိုးသမီးတစ်ဦးဖြစ်ဖို့ရန်ပင်။

ကုချင်းယန်က ညနေ၆နာရီမှအိမ်ပြန်ရောက်မည်ဖြစ်၍ ကုနင်းတို့ ညနေတစ်ပိုင်းလုံး စက်ရုံတွင်သာ အချိန်ဖြုန်းခဲ့ကြသည်။ ထို့အပြင် ကုနင်းနှင့်ကျိုးကျန်းဟုန်တို့က JadeBeautyလက်ဝတ်ရတနာဆိုင်ခွဲဖွင့်ဖို့ကိစ္စကို ဆွေးနွေးခဲ့ကြပြီး လင်ရှောင်းထင်သည်တော့ အနားတွင်သာ တိတ်တိတ်လေးရှိလို့နေသည်။ သူ့တွင် ဘာမှလုပ်စရာမရှိသော်လည်း ကုနင်းအနားတွင်ရှိနေရသ၍ ပျင်းသည်ဟုလဲ မခံစားရပေ။

ကုချင်နှင့်ကုမန့်သည်တော့ စက်ရုံထဲမှ အရာရာတိုင်းမှာ အလွန်စိတ်ဝင်စားဖွင့်ကောင်းနေ၍ လျှောက်ပတ်ကြည့်နေလေသည်။

“Bမြို့မှာ ပြင်ဆင်မှုတွေတော့ ပြီးခါနီးနေပြီ၊ ဒီတော့ တစ်ပတ်လောက်ဆို ဖွင့်ပွဲအတွက် စပြီးပြင်ဆင်လို့ရပြီ၊ လက်ဝတ်ရတနာတွေရော အဆင်သင့်ပဲလား?” ကုနင်းမေးလိုက်သည်။

မြို့တော်နှင့် Bမြို့မှ ဆိုင်ခွဲများကို တပြိုင်နက်တည်းလိုလို ဖွင့်ဖိုစီစဉ်ထားခြင်းဖြစ်သော်လည်း Bမြို့တွင်က အကုန်အစုံပြင်ဆင်ထားပြီးပြီဖြစ်သောကြောင့် Bမြို့ဆိုင်ခွဲကို အရင်ဖွင့်လိုက်ဖို့ရန် ကုနင်းဆုံးဖြတ်လိုက်သည်။ သူမတို့တွင် ပြင်ဆင်စရာဟူ၍ ကောင်းမွန်လှပသည့် လက်ဝတ်ရတနာများသာရှိတော့သည်။

ပွဲအတွက်ဂါဝန်များကိုတော့ ယုကျီက ဝတ်စုံအသစ် ၁၁စုံမပြင်ပေးနိုင်တော့ဘဲ ငါးစုံသာပြီးကာ လိုအပ်သည်များကိုတော့ အရင်ရှိပြီးသား ဝတ်စုံများဖြင့် အစားထိုးသွားမည်ဖြစ်သည်။

ထန်ယွင်ဖန်း သတိမေ့မျောနေချိန်အတွင်း ကုနင်းသည်တော့ စီးပွားရေးကိစ္စများကို လုပ်ကိုင်နေခြင်းကြောင့် သူမသွေးမအေးမှန်းကို သူမကိုယ်တိုင်လဲသိပေမည့် သူမ၏အိပ်မက်နှင့် ဘဝကိုတော့ ရှင်သန်နေထိုင်ဖို့လိုသေးပေသည်။ ထို့အပြင် သူမသည် ကုနင်း၏ခန္ဓာကိုယ်ထဲသို့ရောက်နေသည့် ထန်အိုက်နင်း၏ဝိဉာဉ်သာဖြစ်လေသည်။ ထန်ယွင်ဖန်းကို သူမအဖေအဖြစ် အမှန်တကယ်မှတ်ယူပေမည့် ခံစားချက်များများစားစားတော့မရှိပေ။

ထန်ယွင်ဖန်းလဲ သတိမေ့မျောနေစဲဖြစ်ပေမည့် ခန္ဓာကိုယ်အခြေအနေကတော့ ကောင်းနေသောကြောင့် အသက်အန္တရာယ်ရှိလာမည်ကို ကုနင်းစိုးရိမ်နေဖို့ရန် မလိုအပ်ပေ။

“ကျွန်တော်အလုပ်သမားတွေ ထပ်ငှားထားလို့ ပြီးခါနီးနေပါပြီ။” ကျိုးကျန်းဟုန်ပြန်ဖြေလိုက်ကာ ဆက်ပြီး၊

“ဘော့စ်၊ ကျွန်တော်တို့ ဘေးက၂၀၀စတုရန်းမီတာကျယ်တဲ့စက်ရုံကြီးကို ငှားလို့ရမလား? အခုသုံးနေတဲ့စက်ရုံက နည်းနည်းသေးနေလို့။”

“ရတာပေါ့၊” ကုနင်းချက်ချင်းပင် သဘောတူလိုက်သည်။

ညနေ၅နာရီထိုးခါနီးတွင်တော့ ကုနင်းတို့အားလုံး စက်ရုံမှပြန်ထွက်လာခဲ့ကြသည်။

သို့ပေမည့် မထွက်သွားခင် ဝမ်ယွီလန်နှင့် ကုချင်းယန်တို့အတွက် လက်ဆောင်အနေဖြင့် ကျောက်စိမ်းဖီချူးတစ်စုံကို ကုနင်းယူသွားသေးသည်။ ထို့နောက် အဆင့်မြင့်ဈေးတစ်ခုသို့သွားလိုက်ကာ ကုချင်းယန်တို့အိမ်အတွက် သစ်သီးအချို့ကိုလဲ ဝယ်သွားသေးသည်။

ပြီးသွားလျှင်လဲ ကုချင်နှင့်ကုမန့်ကို လင်ရှောင်းထင် တိုက်ခန်းသို့ပြန်လိုက်ပို့ပေးရဦးမည်ဖြစ်သောကြောင့် ကုမန့်က သူမတို့နှင့်ပင် အတူတူညစာစားရန် ဖိတ်ကြားလိုက်သည်။

“အမေ၊ ညကျရင် သမီးတို့သူငယ်ချင်း‌တွေဆုံကြမှာမို့လို့ ဒီညအခန်းကိုပြန်လာမအိပ်တော့ဘူးနော်။” ကုနင်း ကုမန့်ကိုပြောလိုက်သည်။

“ရှောင်းထင်ရော သမီးနဲ့လိုက်မှာလား?”

“ဟုတ်၊ အခုသူငယ်ချင်းတွေက သူနဲ့လဲသူငယ်ချင်းတွေပဲလေ။ အားလုံးက ချမ်းသာပြီး အာဏာရှိတဲ့မိသားစုတွေကချည်းပဲ၊ ဒီတော့ သမီးရဲ့စီးပွားရေးအတွက် အကူအညီအရမ်းဖြစ်တယ်။” ကုနင်း မျက်တောင်တချက်ပင် မခတ်ပဲ လိမ်ညာလိုက်လေသည်။

“ကောင်းပြီလေ၊” ကုမန့်ကတော့ ကုနင်းပြောသမျှကို သံသယမဝင်ခဲ့ပေ။ ထို့အပြင် တိုက်ခန်းတွင်လဲ အိပ်ရာတစ်ခုသာရှိသောကြောင့် ကုနင်းသူတို့နှင့် အတူလာအိပ်လျှင်တောင်မှ ဆိုဖာပေါ်တွင်သာ အိပ်နေရမည်ဖြစ်သည်။

တစ်ဖက်ရှိလင်ရှောင်းထင်သည်တော့ ကျေနပ်အားရဟန်ဖြင့် အနည်းငယ်ပြုံးလိုက်သည်။

ကုမန့်နှင့် ကုချင်သည်တော့ လင်ရှောင်းထင်၏အမူအရာကို သတိမထားမိကြပေမည့် ကုနင်းသည်တော့သည် ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သောကြောင့် မျက်ဆံပင်လှန်မိသွားသည်။ ယောကျ်ားတွေများဘာလို့ အတူအိပ်ဖို့လောက်ချည်းပဲ တွေးနေကြတာလဲ?

သို့ပေမည့် ယောက်ျားတစ်ယောက်က မင်းကိုမချစ်တော့လျှင် အတူအိပ်ဖို့ရန်လဲ ဆန္ဒရှိတော့မည်မဟုတ်ကြောင်းကိုတော့ ကုနင်းနားလည်လေသည်။ ဤသို့ပြောရခြင်းက အနည်းငယ်ရှက်စရာတော့ ကောင်းလှပေမည့် ကုနင်းလဲ တခါတလေ လင်ရှောင်းထင်နှင့် အိပ်ချင်သည့် စိတ်ဆန္ဒများရှိသည်။

ကုနင်းတို့ ကုချန်းယန်အိမ်သို့ ၆နာရီဝန်းကျင်တွင် ရောက်သွားကာ တံခါးခေါက်လိုက်ချိနတွင် ကုချင်းယန်ကိုယ်တိုင် တံခါးလာဖွင့်ပေးပြီး ကုနင်းတို့ အထုပ်အပိုးများစွာဖြင့် ရောက်လာသည်ကိုမြင်ကာ၊

“ဒီလောက် လက်ဆောင်တွေအများကြီးယူလာဖို့မလိုပါဘူး။”

ထို့နောက် ကုချင်းယန်က ကုနင်းတို့အား အိမ်ထဲသို့ခေါ်လိုက်ကာ လင်ရှောင်းထင်ပါဝင်လာသည်ကိုတွေ့သည်နှင့် လင်ရှောင်းထင်၏ထင်ရှားလှသည့် ရုပ်ရည်သွင်ပြင်ကြောင်း မှင်သက်သွားတော့သည်။ ထို့ကြောင့် “သူက?” ဆိုကာ ကုနင်းကိုမေးလိုက်သည်။

“ဒါက သမီးရဲ့သူငယ်ချငး်လင်ရှောင်းထင်ပါ၊ သမီးတို့Bမြို့မှာနေမယ့်နှစ်ရက်အတွက် သူက ကားမောင်းပို့ပေးတာလေ။”

“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းလင်။” ကုချင်းယန် အကြောင်းပြချက်မရှိ လင်ရှောင်းထင်ကို ယဉ်ယဉ်ကျေးကျေးသာ နှုတ်ဆက်လိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်၊”

ဝမ်ယွီလန်သည်တော့ ဟင်းချက်စရာများသွားဝယ်နေကာ အိမ်သို့ပြန်မရောက်သေးဘဲ ကုယင်ယင်နှင့် ကုချင်းရှီသည်တော့ ဧည့်ခန်းထဲတွင် တီဗီကြည့်နေကြသည်။

ကုနင်းတို့အိမ်ထဲသို့ဝင်လာချိန်တွင် ကုယင်ယင်နှင့် ကုချင်းရှီတို့သည် သူတို့အရင်ကပြုမူခဲ့သလို မောက်မာဟန်ကိုထုတ်ဖော်မပြတော့ပေမည့် ခက်ခက်ခဲခဲဖြင့် ထိန်းချုပ်နေရစဲပင်။ ကုယင်ယင်နှင့် ကုချင်းရှီတို့၏ စရိုက်မှာမကောင်းသော်လည်း သူတို့လဲ ကလေးပေါက်စလေးတွေမဟုတ်တော့သောကြောင့် အခုချိန်တွင် အရာအားလုံးပြောင်းလဲနေပြီဖြစ်ကြောင်းကိုတော့ နားလည်ကြသည်။

ကုချင်းယန်နှင့် ဝမ်ယွီလန်တို့က သူတို့ကို ကုရှောင်ရှောင်ဖြစ်သွားသည့်ကိစ္စနှင့် ကုနင်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်အစစ်ဖြစ်ကြောင်းတို့ကို နားလည်အောင် သေချာပြောပြထားသောကြောင့် ကုယင်ယင်နှင့် ကုချင်းရှီတို့ ကုနင်းကို စိတ်ဒုက္ခမပေးရဲကြတော့ပေ။

ထို့အပြင် ကုချင်နှင့်ကုမန့်ဆီမှလဲ စာအိတ်နီအထူကြီးများကိုရခဲ့သောကြောင့် သူတို့ယခင်က လုပ်ခဲ့သည့်လုပ်ရပ်များအတွက်ပင် ရှက်နေမိကြသေးသည်။

အားလုံးထိုင်ပြီးသည့်အချိန်အထိ ကုယင်ယင်နှင့် ကုချင်းရှီတို့လာမနှုတ်ဆက်ကြသောကြောင့် ကုချင်းယန်က ကြိမ်းမောင်းလိုက်သည်၊

“ဟိုကလေးတွေ၊ ဘာလုပ်နေတာလဲ လာနှုတ်ဆက်ကြလေ။”

ကုချင်းယန် အစကတည်းက သူတို့ကို သတိပေးထားပြီးဖြစ်သော်လည်း သူတို့ကတော့ နှုတ်ဆက်နေကြလေသည်။ ကုချင်းယန် ကြိမ်းမောင်းသည်ကိုကြားမှပဲ သူတို့နှစ်ဦး ကုချင်နှင့်ကုမန့်ကို ရှက်ကိုးရှက်ကန်းဖြင့် လာနှုတ်ဆက်ကြတော့သည်။

“ဟ-ဟ၊ ရပါတယ်၊ ရပါတယ်။” သူတို့အရင်ကဘယ်လောက်ပဲ ရိုင်းခဲ့ပါစေ ကလေးတွေသာရှိသေးသောကြောင့် ကုချင်ရော ကုမန့်ပါ အပြစ်မယူနေကြတော့ပေ။

***

စာစဉ် ၃၅ ပြီး၏။

All Chapters