အခန်း (၅၂၆-၅၃၀)
Vol. 36 Ch. 526-530
အခန်း ၅၂၆
ကုနင်းဂရုစိုက်သောကြောင့် ပျော်ရွှင်ရခြင်း
ကုမန့် စာအုပ်တစ်အုပ်အရွယ်ရှိသည့် ဘူးလေးနှစ်ဘူးကိုထုတ်ယူလိုက်ကာ ကုယင်ယင်နှင့် ကုချင်းရှီတို့အား ပေးလိုက်ပြီး၊
“ဒါ အန်တီနဲ့ အန်တီချင်က မင်းတို့အတွက်ပေးတဲ့လက်ဆောင်ပဲ။ ကြိုက်လားသိရအောင် ဖွင့်ကြည့်လိုက်ပါဦး။”
လက်ဆောင်နှစ်ခုမှာ များဖြစ်ကာ ပစ္စည်း၏တံဆိပ်ကိုမြင်သည်နှင့် ကုယင်ယင်နှင့် ကုချင်းရှီတို့၏မျက်လုံးများ လင်းလက်သွားတော့သည်။ သို့ပေမည့် လက်ဆောင်ကို ချက်ချင်းမယူရဲသေးဘဲ ကုချင်းယန်ကို ခွင့်ပြုချက်တောင်းသည့် အကြည့်လေးများဖြင့် ကြည့်လိုက်ကြသည်။
“ပစ္စည်းတွေက ကလေးတွေအတွက် အရမ်းတန်ဖိုးကြီးမနေလွန်းဘူးလား?” ကုချင်းယန်လဲ ထိုများမှာ အလွန်ဈေးကြီးသည့် တံဆိပ်များဖြစ်မှန်းသိသောကြောင့် ကုချင်နှင့်ကုမန့်ကို ပြောလိုက်သည်။
“မကြီးပါဘူး။ အခုခေတ်ကလေးတွေက ဒီတံဆိပ်ကို ကြိုက်ကြတယ်လေ။” ကုမန့် ကြွားဝါလိုသည့်သဘောနှင့် မဟုတ်ဘဲ အမှန်တကယ်ကို အခုခေတ်လူငယ်များကြိုက်ကြောင်းကို သိ၍ဝယ်လာခြင်းဖြစ်သည်။
ကုချင်နှင့် ကုမန့်တို့ စေတနာဖြင့် ပေးခြင်းဖြစ်ကြောင်း ကုချင်းယန်လဲ သိသောကြောင့် အတင်းအကြပ်ငြင်းမနေတော့ဘဲ၊
“ကောင်းပြီလေ၊ မင်းတို့ လက်ဆောင်ကိုယူပြီးရင် အန်တီတို့ကို ကျေးဇူးတင်လိုက်ဦး။”
ကုချင်းယန်၏ခွင့်ပြုချက်ကိုရသည်နှင့် ကုယင်ယင်နှင့်ကုချင်းရှီတို့ အလွန်စိတ်လှုပ်ရှားသွားကာ လက်ဆောင်အား ယူလိုက်ပြီး ကုမန့်နှင့်ကုချင်ကိုလဲ ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ အန်တီမန့်၊ အန်တီချင်!”
“ရပါတယ်ကွယ်။”
ထို့နောက် ကုချင်းယန်မှနေပြီး ကုမန့်တို့အားလုံးအတွက် အခါးရည်ကိုယ်တိုင်ကိုယ်ကျငှဲ့ပေးလေသည်။
မကြာခင်တွင်ပဲ ဝမ်ယွီလန်တစ်ယောက် ဟင်းသီးဟင်းရွက်များ ပင်လယ်စာများစွာဖြင့် အိမ်သို့ပြန်ရောက်လာခဲ့သည်။
“ယွီလန်၊ နင်အများကြီးဝယ်လာတာပဲ!”
“ငါတို့အားလုံးကော စားနိုင်ပါ့မလား?” ကုချင်နှင့်ကုမန့်က ဝမ်ယွီလန်၏လက်ထဲမှ အထုပ်အပိုးများကို မြင်ရာတွင် ပြောလိုက်ခြင်းဖြစ်သည်။
“စိတ်ပူမနေပါနဲ့၊ ငါတို့စားနိုင်သလောက်စားကြတာပေါ့။”
၆နာရီလဲထိုးပြီးနေပြီဖြစ်သောကြောင့် ချက်ပြုတ်ခြင်းအမှုပိုမြန်ဆန်စေရန်အတွက် ကုချင်နှင့်ကုမန့်လဲ ဝမ်ယွီလန်အား ဝင်ရောက်ကူညီပေးခဲ့သည်။
ကုနင်း၊ လင်ရှောင်းထင်နှင့် ကုချင်းယန်တို့သည်တော့ ဧည့်ခန်းထဲတွင် ရောက်တက်ရာရာစကားများပြောနေကြကာ ကုယင်ယင်နှင့် ကုချင်းရှီသည်တော့ သူတို့အခန်းထဲတွင် လက်ဆောင်အသစ်များကို လေ့လာစမ်းသာကြည့်နေကြသည်။
ကုချင်းယန်က လင်ရှောင်းထင်ကို ဘယ်မှာနေတာလဲ၊ ဘာအလုပ်လုပ်သလဲ သသည်ဖြင့် မေးခွန်းအတိုအထွာလေးများမေးခဲ့သည်။
လင်ရှောင်းထင်ကလဲ သူကစစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်းနှင့် မြို့တော်မှ မြို့နယ်စစ်တပ်တစ်ခုတွင် တာဝန်ထမ်းဆောင်သည့်အကြောင်းများပြောပြခဲ့ပေမည့် သူ့ရာထူးကိုတော့ မပြောခဲ့ပေ။ ကုချင်းယန်သည်တော့ လင်ရှောင်းထင်၏အသစ်အရွယ်နှင့်ဆိုလျှင် သေချာပေါက် သာမာန်စစ်သားတစ်ဦးမျှသာဖြစ်လောက်ဦးမည်ဟု ယူဆသောကြောင့် ရာထူးကို အထူးတလည်ထည့်မမေးတော့ပေ။
သို့ပေမည့် လင်ရှောင်းထင် စစ်အရာရှိတစ်ဦးဆိုသည်ကို သိလိုက်သည်နှင့် လူအများစုသည် စစ်အရာရှိများအပေါ် လေးစားသဘောကျကြကာ ကုချင်းယန်လဲ ထိုထဲတွင်ပါဝင်၍ အလွန်အထင်ကြီးသွားတော့သည်။
သူတို့စကားပြောနေကြစဉ်မှာပင် မီးဖိုခန်းထဲမှ လွင့်ပျံလာသည့် သရေကျဖွယ်အနံ့များကို ဧည့်ခန်းမှလူများရလိုက်ကြသည်။ ကုနင်းလဲ ထိုအနံ့မှာ ပင်လယ်စာများကို ချက်ပြုတ်ရာမှဖြစ်ပေါ်လာကြောင်း သိလိုက်သည်နှင့် ချက်ချင်း လင်ရှောင်းထင်ကို လှည့်ကြည့်မိလိုက်ပြီး လင်ရှောင်းထင်သည်လဲ ထိုအနံ့ကြောင့် အနည်းငယ်မျက်မှောင်ကြုတ်လို့နေသည်။
ကုနင်းချက်ချင်းပင် ခုံမှထကာ မီးဖိုခန်းသို့သွားကြည့်လိုက်ချိန်တွင် စားပွဲပေါ်၌ ပင်လယ်စာမျိုးစုံကိုမြင်ကာ အလွန်အံ့အားသင့်သွားရသည်။
သူမပင်လယ်စာကို အလွန်ကြိုက်သည်မှန်သော်လည်း လင်ရှောင်းထင်သည်တော့ ပင်လယ်စာနှင့်ဓါတ်မတည့်ပေ။
“ပင်လယ်စာကလွဲပြီး တခြားဟင်းရှိသေးလား? ရှောင်းထင်က ပင်လယ်စာနဲ့မတည့်လို့။” ကုနင်းမေးလိုက်သည်။
ထိုစကားကိုကြားသည်နှင့် မီးဖိုခန်းထဲမှလူများ ရုတ်တရက်ဆိုသလို သူတို့လုပ်လက်စများ ရပ်တန့်ကုန်ကြသည်။ ဝမ်ယွီလန်လဲ လင်ရှောင်းထင် ပင်လယ်စာနှင့်မတည့်မှန်း မသိထားပေ။ ကံအားလျှော်စွာဖြင့် သူမအခြားအသားများနှင့် ဟင်းသီးဟင်းရွက်များစွာကိုလဲ ဝယ်ခဲ့သေးသည်။
“ဟုတ်လား၊ စိတ်မပူနဲ့၊စိတ်မပူနဲ့၊ အန်တီတို့မှာ တခြားဟင်းပွဲတွေရှိသေးတယ်။”
ထိုတော့မှ ကုနင်းလဲ စိတ်ချသွားကာ ဧည့်ခန်းထဲသို့ပြန်သွားလိုက်သည်။ ကုနင်း ပြန်လာသည်ကို မြင်ချိန်တွင်တော့ လင်ရှောင်းထင်မှာ ကုနင်းသူ့ကိုဂရုစိုက်ပေးသည့်အတွက် အလွန်ပျော်ရွှင်နေတော့သည်။
ကုနင်း၏အကြည့်လင်ရှောင်းထင်ဆီသို့ရောက်သွားချိန်တွင် သူမကို ပြုံးပြနေသည်အားမြင်လိုက်သောကြောင့် ရင်ခုန်သွားရပြန်ကာ ချက်ချင်းပင် သူမစိတ်ကိုသူမပြန်ထိန်းလိုက်ရသည်။
လင်ရှောင်းထင်၏အပြုအမူတစ်ခုချင်းစီသည် အလွန်ဆွဲဆောင်မှုရှိကာ ကုနင်းလဲ သူ့ရဲ့ဆွဲဆောင်မှုများမှ မရုန်းထွက်နိုင်ပေ။ လင်ရှောင်းထင်၏ပုံမှန်အပြုံးလေးတစ်ခုကပင် သူမကိုရင်ခုန်အောင်လုပ်နိုင်စွမ်းရှိနေသည်။
ကုနင်းချက်ချင်း အမူအရာကိုထိန်းလိုက်သော်လည်း လင်ရှောင်းထင်ကတော့ မြင်ဖြစ်အောင်မြင်သွားကာ အလွန်ကျေနပ်ပျော်ရွှင်သွားရသည်။ ကုနင်း၏ရှက်သွေးဖြာသည့်မျက်နှာလေးကို လင်ရှောင်းထင် အလွန်သဘောကျလေသည်။
သို့ပေမည့် ကုနင်းသည်တော့ သူမအမူအရာကို ဆက်မထိန်းနိုင်မည်စိုးသောကြောင့် လင်ရှောင်းထင်ကို ထပ်မကြည့်တော့ပေ။
ည၇နာရီခွဲဝန်းကျင်တွင်တော့ ညစာအဆင့်သင့်ဖြစ်လို့နေပေပြီ။
ကုချင်းယန်က လင်ရှောင်းထင်နှင့်အတူ စကားပြောရင်း အရက်တစ်ခွက်လောက်သောက်ချင်သော်လည်း လင်ရှောင်းထင်က ကားပြန်မောင်းပေးရဦးမည်ဖြစ်၍ သူပဲလက်လျှော့လိုက်ရတော့သည်။
စားသောက်နေချိန်အတွင်းတွင်တော့ ကုချင်နှင့်ကုမန့်က နေ့လည်တုန်းကလိုပဲ လင်ရှောင်းထင်၏ထမင်းပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးခဲ့သည်။
ကုနင်းကတော့ သူမအမေနှင့်အဒေါ်က သူမကိုတော့ လျစ်လျူရှုပြီး လင်ရှောင်းထင်ကိုပဲ ဂရုစိုက်နေသောကြောင့် သူမကသာ သူစိမ်းတစ်ယောက်ဖြစ်နေသလို ခံစားလိုက်ရသည်။
တစ်ဖက်ရှိ ကုချင်းယန်နှင့် ဝမ်ယွီလန်သည်တော့ ကုချင်နှင့်ကုမန့်ဘာကြောင့်များ လင်ရှောင်းထင်၏ပန်းကန်ထဲသို့ ဟင်းများဆက်တိုက်ထည့်ပေးနေသလိုဆိုသည်ကို နားမလည်နိုင်ပေမယ့် ထုတ်လဲမမေးခဲ့ပေ။
ကုချင်နှင့်ကုမန့်သာ လင်ရှောင်းထင်က ကုနင်း၏သူငယ်ချင်းသာဖြစ်ကြောင်း ကြိုမပြောပြထားခဲ့လျှင် ကုနင်း၏ချစ်သူသာဖြစ်မည်ဟု ဝမ်ယွီလန်ယုံကြည်မိပေမည်။
ဝမ်ယွီလန်၏အမြင်တွင်တော့ လင်ရှောင်းထင်နှင့်ကုနင်းသည် အလွန်လိုက်ဖက်ညီလှသည်။ ကုနင်းသည် အခုချိန်တွင် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် လူပေါင်းစုံနှင့်သူမ မိတ်ဆွေဖွဲ့ထားခြင်းသည် နားလည်ပေးလို့ရနိုင်ပေ။ ထို့သို့ရင်းနှီးထားခြင်းကလဲ သူမလုပ်ငန်းအတွက် များစွာအကူအညီဖြစ်စေပေလိမ့်မည်။
၈နာရီခွဲတွင်တော့ အားလုံး ညစာစားလို့ပြီးသွားကြကာ ဧည့်ခန်းထဲတွင် အနားယူကြသည်။
ထိုအချိန်တွင်ပဲ ကုနင်းက ကုချင်းယန်နှင့်ဝမ်ယွီလန်အတွက် သူမပြင်ဆင်လာသည့် လက်ဆောင်များကို ထုတ်လိုက်ကာ၊
“ဦးလေး၊ ဒေါ်လေးတို့အတွက် လက်ဆောင်ပါ။ လက်ခံပေးပါနော်။”
“ဘယ်လို? ဦးလေးတို့အတွက်လဲ လက်ဆောင်ပြင်ခဲ့တာလား? သမီးကအငယ်ပဲ ဦးလေးတို့ကသာ သမီးကိုလက်ဆောင်ပေးသင့်တာပေါ့။”
“ဟုတ်သားပဲ!”
ကုချင်းယန်ရော ဝမ်ယွီလန်ပါ အလွန်အံ့အားသင့်သွားကြသည်။
“ရပါတယ်၊ သမီးက အန်တီချင်နဲ့ဦးလေးရွှီတို့အတွက်လဲ လက်ဆောင်ပေးခဲ့တာပကို။ ယူလိုက်ပါ။” ကုနင်း ကုချင်းယန်တို့လက်ထဲ လက်ဆောင်များအတင်းထိုးပေးလိုက်သည်။
“ဒါက….” သူတို့ကတော့ လက်ဆောင်ကိုလက်ခံရန် အနည်းငယ်တုံ့ဆိုင်းနေမိကြသည်။
“လက်ခံလိုက်ပါ။ နင်းနင်းရဲ့စေတနာပဲကို ငါတို့အားလုံးကိုလဲ သူဒီလိုပဲလက်ဆောင်ပေးတာ။” ကုချင်က တိုက်တွန်းလိုက်ကာ၊ ကုမန့်ကလဲ ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ လက်ခံလိုက်!”
“နင်းနင်း၊ ကျေးဇူးအများကြီးတင်ပါတယ်။” ကုချင်းယန်ရော ဝမ်ယွီလန်ပါ ပြောလိုက်ခြင်းဖြစ်သည်။
လက်ဆောင်ရ၍မပျော်သူဟူ၍ ဘယ်သူမှမရှိပေ။
ကုချင်းယန်နှင့် ဝမ်ယွီလန်တို့ ကုနင်းပေးသည့်လက်ဆောင်ကိုဖွင့်လိုက်ချိန်တွင်တော့ သေတ္တာလေးထဲတွင် မြင်လိုက်ရသည့်ပစ္စည်းကြောင့် အလွန်ထိတ်လန့်သွားတော့သည်။
“ဒါက….” ကုချင်းယန်၏ သေတ္တာထဲတွင် သူ၏လက်သီးစုပ်အရွယ်ခန့် ကျောက်စိမ်းဖီချူးတစ်ခုရှိနေသည်။
ကုနင်း၏လုပ်ငန်းမှာ ကျောက်စိမ်းလုပ်ငန်းဖြစ်ကြောင်း ကုချင်းယန်သိထားပြီးဖြစ်သောကြောင့် ဤဖီချူးသည်လဲ အစစ်ဖြစ်ကြောင်း သေချာလေသည်။ ဤကျောက်စိမ်းဖီချူးဘယ်လောက်တန်တယ်၊ ဘယ်လိုကျောက်စိမ်းအမျိုးအစားဖြစ်လဲဆိုသည်ကိုတော့ ကုချင်းယန်မသိပေမည့် ကျောက်စိမ်းဖီချူးများသည် အလွန်ဈေးကြီးမှန်းတော့သိကာ ဤတစ်ခုဆိုလျှင် ယွမ်တစ်သန်းပင်ကျော်နိုင်ပေသည်။
ကုနင်းပေးသည့်လက်ဆောင်ဆိုလျှင် သေချာပေါက် ဈေးပေါမည်မဟုတ်မှန်းကိုတော့ ကုချင်းယန်နားလည်ပေမည့် ဤမျှလောက်ထိဈေးကြီးမည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
ဝမ်ယွီလန် သူမ၏လက်ဆောင်သေတ္တာကို ဖွင့်လိုက်ချိန်တွင်လဲ အထဲတွင် ကျောက်စိမ်းလက်ဝတ်ရတနာများရှိနေသည်ကို မြင်လိုက်ရသောကြောင့် အလွန်ပျော်ရွှင်သွားတော့သည်။
***
အခန်း ၅၂၇
အိုက်ဝေ့ချန်၊ အိုက်ဝေ့ရွှင်း၊ အိုးနန်ယင်း
အမျိုးသမီးတိုင်း လက်ဝတ်ရတနာဆိုလျှင် သဘောကျနှစ်သက်ကြပေမည့် အချို့သည်တော့ ဝယ်ဝတ်ဖို့ရန် မတတ်နိုင်ကြပေ။
ဝမ်ယွီလန်သည် ဆင်းရဲသည့်မိသားစုမှဖြစ်ကာ ကုချင်းယန်နှင့်လက်ထပ်ပြီးနောက်တွင်မှ အဆင်ပြေသည့်ဘဝကိုရရှိခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် ဈေးကြီးလွန်းလှသည့် ဇိမ်ခံအမှတ်တံဆိပ် လက်ဝတ်ရတနာတစ်ဆင်ဆာကိုတော့ သူမမဝယ်နိုင်ဘဲ ယွမ်တစ်သောင်းဝန်းကျင်လောက်သာပေးရသည့် ရွှေတစ်ဆင်ဆာလောက်ကိုသာ သူမဘဝတစ်လျှောက်လုံးတွင် ဝယ်ဝတ်နိုင်ခဲ့သည်။
သို့ပေမည့် ယွမ်တစ်သောင်းဆိုသည်ကလဲ ဝမ်ယွီလန်တတ်နိုင်သည့် ပမာဏထက် ပိုလွန်နေပြီဖြစ်ပေမည့် လွန်ခဲ့သည့်နှစ်အနည်းငယ်က ကုချင်းယန်က သူမကို မင်္ဂလာနှစ်ပတ်လည် လက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် ထိုရွှေတစ်ဆင်ဆာကတော့ ဤကျောက်စိမ်းတစ်ဆင်ဆာနှင့် ဘယ်လိုမှကို မယှဉ်နိုင်ပေ။
JadeBeautyလက်ဝတ်ရတနာဆိုင်၏ ဈေးအနည်းဆုံး ကျောက်စိမ်းဆွဲပြားတစ်ခုကပင် ယွမ်သိန်းကျော်တန်သည်ဟု သူမကြားဖူးထားသောကြောင့် ကုနင်းသူမကိုပေးသည့် ကျောက်စိမ်းတစ်ဆင်ဆာသည် အလွန်ဈေးကြီးပေလိမ့်မည်။
ထိုတစ်ဆင်ဆာတွင် ကျောက်စိမ်းဆွဲပြား၊ ကျောက်စိမ်းနားဆွဲ၊ ကျောက်စိမ်းလက်ကောက်နှင့် ကျောက်စိမ်းလက်စွပ်တို့ပါရှိကာ JadeBeautyလက်ဝတ်ရတနာဆိုင်မှ ဈေးနှုန်းနှင့်ဆိုလျှင် စုစုပေါင်း ယွမ်တစ်သန်းကျော်ပေလိမ့်မည်။
ဤတိုက်ခန်းအတွက်ကလွဲ၍ ဝမ်ယွီလန်တွင် ဘယ်တုန်းကမျှ ယွမ်တစ်သန်းကျော်အောင် မပိုင်ဆိုင်ခဲ့ဖူးပေ။ သို့သည့်တိုင်အောင် တိုက်ခန်းအတွက် ချေးငွေကိုတော့ ယခုထိ ဆပ်နေကြရစဲပင်။
“နင်းနင်း၊ ဒီလက်ဆောင်က အရမ်းဈေးကြီးလွန်းတယ်။” ကုချင်းယန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ယူလိုက်ပါ။”
ကုနင်းအတင်းအကြပ်တိုက်တွန်းနေသောကြောင့် ကုချင်းယန်နှင့် ဝမ်ယွီလန်လဲ ကုနင်းကို ကျေးဇူးတင်ကာ လက်ဆောင်များကို လက်ခံလိုက်တော့သည်။
ခနလောက်အနားယူပြီး ၉နာရီထိုးခါနီးတွင်တော့ ကုမန့်တို့ ပြန်ထွက်လာခဲ့ကြသည်။
ကုချင်းယန်၏တိုက်ခန်းသည် သေးငယ်ကာ လူအများအပြားနေဖို့ရန်အတွက် အဆင်မပြေသောကြောင့် ကုချင်းယန်လဲ သူတို့တိုက်ခန်းတွင်နေဖို့ရန်အတွက် ဖိတ်ကြားမနေတော့ပေ။
ကုမန့်တို့ထွက်သွားချိန်တွင်တော့ ဝမ်ယွီလန်က ကုချင်းယန်ကို၊
“ချင်းယန်၊ နင်းနင်းက အရမ်းရက်ရောတာပဲ၊ ကျွန်မတို့ အရင်ကသူတို့အပေါ် ဆက်ဆံခဲ့မိတာပုံစံအတွက် ကိုယ့်ကိုကိုယ်တောင် ရှက်မိတယ်။”
“ကိုယ်ရောပဲ!” ကုချင်းယန်လဲ သက်ပြင်းချကာ ထောက်ခံလိုက်မိသည်။
ကံကောင်း၍ သူတို့၏အပြုအမူများကို အချိန်မီပြောင်းလဲနိုင်ခဲ့လေသည်။
ထို့နောက် သူတို့နှစ်ယောက် ကုနင်းပေးခဲ့သည့်ကျောက်စိမ်းများ၏အမျိုးအစားကို သိရအောင် အင်တာနက်ပေါ်တွင်ရှာဖွေကြတော့သည်။ ကုချင်းယန်၏ဖီချူးသည် အလယ်အမြင့်ဆင့်ရေသားကျောက်အမျိုးအစားကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ဝမ်ယွီလန်၏ကျောက်စိမ်းလက်ဝတ်ရတနာများသည်တော့ အဆင့်မြင့် ခရမ်းရင်ရောင်ကျောက်စိမ်းမှနေပြီး ပြုလုပ်ထားခြင်းဖြစ်သည်။
ထိုပစ္စည်းတစ်ခုချင်းစီ၏ဈေးနှုန်းများကို သူတို့မသိသော်လည်း အားလုံးပေါင်းလျှင် အနည်းဆုံး ယွမ်၁၀သန်းကျော်မည်ဟု ခန့်မှန်းလိုက်မိသောကြောင့် နှစ်ယောက်လုံး အကြီးအကျယ်ထိတ်လန့်သွားကြတော့သည်။
“ဘုရားရေ! နင်းနင်းရက်ရာတာက လွန်လွန်းတယ်!” ဝမ်ယွီလန် သူမ၏ထိတ်လန့်အံ့အားသင့်နေမှုကို ထိုစကားလုံးတိုလေးဖြင့်သာ ဖော်ပြနိုင်တော့သည်။
ဤမျှဈေးကြီးသည့် ပစ္စည်းများကို လက်ခံလိုက်ရပြီးနောက် သူတို့ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ပေ။
………
ကုမန့်တို့ ရေပြာအိုင်သို့ပြန်ရောက်လာကာ လင်ရှောင်းထင်က ကားထဲတွင် စောင့်ကျန်ရစ်ပြီး ကုနင်းသည်တော့ ကုမန့်နှင့်ကုချင်ကို အပေါ်ထပ်သို့လိုက်ပို့ပေးခဲ့သည်။
ကုနင်းကားထဲသို့ ပြန်ရောက်သည်နှင့် ကားထိုင်ခုံပေါ်သို့ပင် လင်ရှောင်းထင် ကုနင်းကိုတွန်းလှဲလိုက်ကာ မိနစ်အတော်ကြာ ကုနင်းကို ပြင်းပြင်းပြပြနမ်းရှိုက်တော့သည်။ ကုနင်းနှင့်မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်ကာ နှစ်ပေါင်းများစွာကွဲကွာသွားရသလိုပင် ခံစားလို့နေရသည်။
“နင်းနင်း၊” လင်ရှောင်းထင် ကုနင်းမျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်း ခေါ်လိုက်ကာ သူ့မျက်ဝန်းထဲ၌ ပေါ်ထွက်နေသည့် စိတ်ဆန္ဒများကိုလဲ ဖုံးကွယ်မထားခဲ့ပေ။
“ဘာဖြစ်လဲ?” ကုနင်း ပြန်မေးလိုက်သည်။
“နင်းနင်း၊” လင်ရှောင်းထင် ထပ်ခေါ်လိုက်ပြန်သည်။
“ဘာတုန်း?” ကုနင်းအနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။
“နင်းနင်း၊” လင်ရှောင်းထင် နောက်ထပ်တစ်ကြိမ် ထပ်ခေါ်လိုက်ပြန်သည်။
“ဘာတုန်း?!” ဤတစ်ခေါက်တွင်တော့ ကုနင်းအနည်းငယ်စိတ်တိုလာမိသည်။
“ဘာမှမဟုတ်ဘူး။ မင်းနာမည်လေးကို ဒီတိုင်းခေါ်ကြည့်ချင်လို့။” လင်ရှောင်းထင် ပြုံးလိုက်သည်။
ကုနင်း ရယ်ချင်သွားကာ လင်ရှောင်းထင်ကို တွန်းထုတ်လိုက်ပြီး၊
“ကလေးဆန်လိုက်တာ။”
“နင်းနင်း၊ နင်းနင်း….” လင်ရှောင်းထင် ဆက်တိုက် ကုနင်းကို ခေါ်နေသေးပေမည့် ကုနင်းကတော့ ပြန်မထူးလာသောကြောင့် လင်ရှောင်းထင်ပဲ ရပ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ်၊ သူမနှင့်တစ်ညလုံးအချိန်ဖြုန်းနိုင်မည်ဖြစ်ကာ အချိန်တွေအများကြီးလဲ ကျန်နေသေးသောကြောင့် လောလောဆယ်တစ်နေရာသို့သွားကြဦးမည်ဖြစ်သည်။
“မင်း အိုက်ဝေ့ချန်နဲ့ အိုးနန်ယင်းတို့ကို မှတ်မိသေးလား? သူတို့ အရင်တစ်ခေါက်က JadeBeautyလက်ဝတ်ရတနာဆိုင် ဖွင့်ပွဲအခမ်းအနားကို တက်သေးတယ်လေ။ ကိုယ်တို့အခု သူတို့နှင့် ကလပ်မှာသွားတွေ့ကြရအောင်။” လင်ရှောင်းထင်ပြောလိုက်ကာ ကုနင်းလဲ လက်ခံလိုက်သည်။
“ကောင်းပြီလေ။”
ကုနင်း၏မှတ်ဉာဏ်အလွန်ကောင်းသောကြောင့် သူမ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းကို သေချာပေါက် မှတ်မိပေသည်။ လင်ရှောင်းထင်က သူတို့နှင့်တွေ့ဖို့ရန် သူမကိုခေါ်သွားမည်ဆိုကတည်းက ထိုလူများနှင့် လင်ရှောင်းထင် ရင်းနှီးကြောင်းသိသာပေသည်။
မကြာခင်တွင်ပဲ ကုနင်းနှင့်လင်ရှောင်းထင်တို့ အဆင့်မြင့်ကလပ်တစ်ခုသို့ရောက်ရှိလာခဲ့သည်။
ဗီအိုင်ပီသီးသန့်ခန်းတစ်ခုတွင်တော့ အိုက်ဝေ့ချန်၊ အိုးနန်ယင်းနှင့် အခြားအမျိုးသားနှစ်ဦးအပြင် အမျိုးသမီးတစ်ဦးလဲ ရှိလို့နေသည်။ အမျိုးသားနှစ်ယောက်သည်က အိုက်ဝေ့ချန်၏အစ်ကို အိုက်ဝေ့ရွှင်းနှင့် အိုက်ဝေ့ရွှင်း၏ရဲဘော်ရဲဘက် ကျောက်လန်ဖြစ်ကာ သူသည်လဲ မီးတောက်နီအဖွဲ့ဝင်ဖြစ်ပြီး အဆင့်၁၁နေရာတွင်ရှိလေသည်။ ထိုအကြောင်းအရာသည်လဲ အခြားလူများမသိထားသည့် လျှို့ဝှက်ချက်တစ်ခုပင်။
ကျန်အမျိုးသမီးသည်လဲ အိုက်မိသားစုဝင်ဖြစ်ကာ အိုက်ဝေ့ချန်နှင့် အိုက်ဝေ့ရွှင်း၏ ဝမ်းကွဲညီမ အိုက်လွေ့ရွှယ်ဖြစ်သည်။
အိုက်ဝေ့ရွှင်းသည် အသက်၃၀ရှိပြီဖြစ်ကာ အိုက်ဝေ့ချန်နှင့်ဆင်ပေမည့် အိုက်ဝေ့ချန်သည်က ပိုပြီးနူးညံ့ကာဆွဲဆောင်မှုရှိသည့် ပုံစံဖြစ်ကာ အိုက်ဝေ့ရွှင်းသည်တော့ စစ်သားတစ်ဦးလဲဖြစ်သောကြောင့် အနည်းငယ်တည်တန့်ပြီး ဆွဲဆောင်မှုရှိသည့်ပုံမျိုးဖြစ်သည်။
ကျောက်လန်သည် အသက်၂၆နှစ်ရှိပြီး ရှုကျင်းချန်ထက် နှစ်လငယ်သောကြောင့် သူ့အဆင့်မှာ ရှုကျင်းချန်၏အောက်သို့ရောက်နေခြင်းဖြစ်သည်။ သူ့မျက်နှာမှာ ထူးထူးခြားခြားဆွဲဆောင်မှုမရှိလှသော်လည်း ထူးချွန်သူတစ်ယောက်၏အရှိန်အဝါကတော့ ရှိစဲပင်။
အိုက်လွေ့ရွှယ်သည်တော့ အသက်၂၅နှစ်ဝန်းကျင် လှပသည့် မိန်းကလေးတစ်ဦးဖြစ်သည်။
ကျောက်လန်က အိုက်ဝေ့ရွှင်းနှင့်အတူလိုက်လာခြင်းဖြစ်သောကြောက် အိုက်ဝေ့ရွှင်းနှင့်သာ စကားပြောနေကာ အိုက်လွေ့ရွှယ်သည်တော့ အိုက်ဝေ့ချန်၊ အိုးနန်ယင်းတို့နှင့်အတူ ထိုင်နေသည်။ သူတို့အားလုံး သောက်စားရင်းနှင့် ကစားနေခဲ့ကြကာ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းသည်တော့ အကြည့်ဗလာများဖြင့် ကစားပွဲကိုလဲ အာရုံမစိုက်နိုင်ကြတာကြောင့် အိုက်လွေ့ရွှယ်လဲ ဘာမှမတတ်နိုင်ခဲ့ပေ။
အိုးနန်ယင်းသည်တော့ အိုက်ဝေ့ရွှင်းအကြောင်းကိုတွေးနေကာ အိုက်ဝေ့ချန်သည်တော့ သူမအကြောင်းကိုတွေးနေသောကြောင့် အလွန်ရှုပ်ထွေးသည့် သုံးပွင့်ဆိုင်အချစ်အရှုပ်တော်ပုံဖြစ်နေသည်။
အိုက်ဝေ့ရွှင်း ကျောက်လန်နှင့်သာ စကားပြောနေခြင်းကလဲ သူတို့အတူလာကြ၍သာမဟုတ်ဘဲ အိုးနန်ယင်းကိုရှောင်ချင်တာကြောင့်လဲပါလေသည်။ အိုးနန်ယင်း သူ့ကိုချစ်နေမှန်း အိုက်ဝေ့ရွှင်းသိပေမည့် သူကတော့ သူမကို ညီမလေးတစ်ယောက်လို့သာ သဘောထားလေသည်။
***
အခန်း ၅၂၈
နှလုံးသားလေးနာကျင်တယ်!
အိုးနန်ယင်းကို အိုက်ဝေ့ရွှင်းရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်ကာ အိုးနန်ယင်းကလဲ သူနှင့်အကွာအဝေးတစ်ခုထားခဲ့သည်။ သို့ပေမည့် သူကြောင့်ပဲ သူမအသက်၃၀ရှိနေတာတောင်မှ တစ်ကိုယ်တည်းသမားဖြစ်နေတာက အိုက်ဝေ့ရွှင်းကို အပြစ်ရှိသလိုခံစားရစေသည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့တွဲဖြစ်ကြလျှင်လဲ ကောင်းမွန်သည့်ဆက်ဆံရေးမျိုးမရှိနိုင်မှန်း သိသောကြောင့် အိုက်ဝေ့ရွှင်းလက်မခံနိုင်ခဲ့ပေ။
“ဒါနဲ့၊ ရှောင်းထင်က တစ်ယောက်တည်းလာမှလား?” ကျောက်လန် အိုက်ဝေ့ရွှင်းကို မေးလိုက်သည်။
“မပြောတတ်ဘူး။ သူဘာမှတော့ မပြောထားဘူး။”
“ငါကတော့ ရှောင်းထင်ရဲ့ကောင်မလေးကိုတွေ့ဖူးချင်နေပြီ။ ဘယ်လိုမိန်းကလေးမျိုးကများ လင်ရှောင်းထင်လို မိန်းမတွေအပေါ်ဆို အေးစက်နိုင်လွန်းတယ်ဆိုတဲ့ လူကို ဆွဲဆောင်နိုင်သွားတာလဲ အရမ်းသိချင်တာပဲ! အစက ရှောင်းထင်တော့ တစ်ဘဝလုံးတစ်ကိုယ်တည်းသမားပဲဖြစ်နေတော့မယ်လို့ ထင်ခဲ့တာ။”
သူတို့အားလုံး စစ်မင်ဆီကနေပြီး လင်ရှောင်းထင်တွင် ချစ်သူရှိနေပြီဖြစ်ကြောင်း ကြားထားကြပေမည့် ထိုမိန်းကလေးကိုတော့ ဘယ်သူမှမမြင်ဖူးကြသေးပေ။ လင်ရှောင်းထင် မမေးရဲကြသည်ကလဲ သေချာတာကြောင့် စစ်မင်နှင့်ရှုကျင်းချန်ကိုသာ အသေးစိတ်မေးမြန်ကြရသည်။ သို့ပေမည့် စစ်မင်ရှော ရှုကျင်းချန်ပါ သူတို့ကို အများကြီးမပြောပြကြဘဲ ထိုမိန်းကလေးလှကြောင်းလောက်ကိုသာ ပြောခဲ့သည်။
လင်ရှောင်းထင်သည် အပြင်ပန်းပုံသဏ္ဌာန်လောက်ကိုသာ ကြည့်သူမဟုတ်သောကြောင့် ထိုမိန်းကလေးလှပရုံလောက်နှင့် လင်ရှောင်းထင်ကို ဆွဲဆောင်နိုင်သွားလိမ့်မည်ဟု သူတို့မယုံကြည်ကြပေ။
“ငါလဲအရမ်းသိချင်တယ်။” အိုက်ဝေ့ချန်လဲပြောလိုက်သည်။ တကယ်တမ်း မီးတောက်နီအဖွဲ့မှလူတိုင်း လင်ရှောင်းထင်၏ချစ်သူအကြောင်းကို သိချင်နေကြခြင်းဖြစ်သည်။ လင်ရှောင်းထင် မိန်းမတွေအပေါ် စိတ်ဝင်စားမှုမရှိခဲ့ခြင်းက သူတို့ကြားတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့ပေ။
အိုက်ဝေ့ရွှင်း အသက်၃၀အထိ တစ်ကိုယ်တည်းဖြစ်နေသော်လည်း သူ့အခြေအနေကတော့ လင်ရှောင်းထင်နှင့်မတူပေ။ သူချစ်နေသည့် မိန်းကလေးတစ်ယောက်ရှိသလို လက်လဲထပ်ချင်ပေမည့် ထိုမိန်းကလေးဘက်က သဘောမတူသေးပေ။ ထိုအကြောင်းကို ပြန်တွေးလိုက်မိသည်နှင့် အိုက်ဝေ့ရွှင်း ဝမ်းနည်းသွားရပြန်သည်။
ထိုအခိုက်အတန့်တွင်ပဲ တစ်ယောက်ယောက် တံခါးခေါက်လာတာကြောင့် အိုက်ဝေ့ရွှင်းကနေပြီး၊
“ဝင်ခဲ့ပါ!” ဟုပြောလိုက်ရာ တံခါးသည်လဲ ချက်ချင်းပွင့်လာတော့သည်။
ပထမဆုံးအခန်းထဲသို့ဝင်လာသူကတော့ စားပွဲထိုးတစ်ယောက်ဖြစ်ကာ သူ့နောက်တွင်တော့ လင်ရှောင်းထင်ပေါ်လာခဲ့သည်။
အစပိုင်းတွင်တော့ အားလုံးလင်ရှောင်းထင်တစ်ယောက်တည်း လာလိမ့်မည်ဟု တွေးခဲ့ကြပေမည့် သူ့နောက်တွင် မိန်းမငယ်လေးတစ်ဦးပါလာသောကြောင့် အားလုံး အံ့အားသင့်ကုန်ကြတော့သည်။ လင်ရှောင်းထင်သည် သူ့ချစ်သူသာမဟုတ်လျှင် ဘယ်မိန်းကလေးနှင့်မှ နီးနီးကပ်ကပ်နေလိမ့်မည်မဟုတ်ပေ။ စစ်မင်တို့ပြောခဲ့သလိုပဲ ထိုမိန်းကလေးသည် အမှန်တကယ်ကိုလှပပေသည်။
အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းသည်တော့ ကုနင်းကိုတွေ့ဖူးထားပြီးဖြစ်ကာ လင်ရှောင်းထင်၏ချစ်သူဖြစ်လောက်မည်ဟုလဲထင်ထားခဲ့ပြီးဖြစ်သည်။ သူတို့နှစ်ဦးအခုလို အတူတူတွဲလာချိန်တွင်တော့ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းတို့၏ထင်မြင်ချက်များ ပိုမိုသေချာသွားတော့သည်။
အိုက်လွေ့ရွှယ်သည်တော့ လင်ရှောင်းထင်ကိုရော ကုနင်းကိုပါ မသိပေမည့် သူတို့နှစ်ဦ၏ထင်ပေါ်လှသည့် ရုပ်ရည်သွင်ပြင်ကြောင့် မှင်သက်သွားရကာ အထူးသဖြင့် သူမအရင်တွေ့ဖူးခဲ့သမျှ ယောက်ျားတိုင်းထက် ပိုမိုခန့်ညားလှသည့် လင်ရှောင်းထင်ကြောင့် ပိုလို့ပင် မှင်သက်သွားရတော့သည်။ လင်ရှောင်းထင်၏ပုံမှန်အတိုင်း တည်ရှိနေသည့် အရှိန်အဝါသည် သူ့ကိုတွေ့လိုက်ရသည့် မည်သူ့ကိုမဆို ဆွဲဆောင်နိုင်ပေသည်။
လင်ရှောင်းထင် ကုနင်းကို အိုက်ဝေ့ရွှင်းနှင့် ကျောက်လန်တို့ဘေးမှ ဆိုဖာတွင် ထိုင်ခိုင်းစေလိုက်ကာ အိုက်ဝေ့ရွှင်းနှင့် ကျောက်လန်တို့က စနှုတ်ဆက်ကြသည်။
“ဟိုင်း၊”
“သူက?” အိုက်ဝေ့ရွှင်းမေးလိုက်ခြင်းဖြစ်သည်။
“ကုနင်းတဲ့၊ ငါ့ချစ်သူလေ။” လင်ရှောင်းထင် ဂုဏ်ယူဝံ့ကြွားနေဟန်ဖြင့် ပြောလိုက်သည်။
လင်ရှောင်းထင်၏ပုံမှန်မဟုတ်သော အပြုအမူကြောင့် အိုက်ဝေ့ရွှင်းရော ကျောက်လန်ပါ ရယ်ချင်သွားတော့သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု။” ကုနင်းကို အိုက်ဝေ့ရွှင်းနှင့် ကျောက်လန် ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်သည်။
“သူက အိုက်ဝေ့ရွှင်း၊ သူကတော့ ကျောက်လန်လို့ခေါ်တယ်။” လင်ရှောင်းထင် ကုနင်းကို သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။”
“ပြီးတော့ သူတို့က အိုက်ဝေ့ချန်နဲ့ အိုးနန်ယင်း၊ သူတို့ကိုတော့ မင်းအရင်ကတွေ့ဖူးထားတယ်လေ။” အိုက်လွေ့ရွှယ်ကိုတော့ လင်ရှောင်းထင် မသိသောကြောင့် မိတ်ဆက်မပေးခဲ့ပေ။ ထို့အပြင် လင်ရှောင်းထင်သည် နဂိုကတည်းကကို သူစိမ်းအမျိုးသမီးများကို မနှစ်သက်သည့်လူမျိုးဖြစ်လေသည်။
အိုးနန်ယင်းသည်တော့ လင်ရှောင်းထင်နှင့်အလွန်ရင်းနှီးသောကြောင့် သူစိမ်းအမျိုးသမီးဆိုသည်ထဲ ထည့်တွက်၍မရပေ။ သူမသည် လင်ရှောင်းထင်၏ ဦးဆောင်မှုနောက်သို့လိုက်သူဖြစ်ကာ လင်ရှောင်းထင်ကလဲ သူမကို ညီမတစ်ယောက်နှယ်သဘောထားလေသည်။
သူတို့ကြားတွင် ဇာတ်လမ်းတစ်ပုဒ်လဲရှိလို့နေသေးသည်။ လွန်ခဲ့သည့်သုံးနှစ်က အိုးမိသားစုဝင်များ အမွေပိုင်ဆိုင်မှုအတွက် အချင်းချင်းတိုက်ခိုက်ခဲ့သည့်အချိန်တွင် အိုးနန်ယင်းသည် အရည်အချင်းရှိသည့် စီးပွားရေးသမားတစ်ဦးဖြစ်သောကြောင့် အိုးမိသားစုက အိုးနန်ယင်းကို အိုးမိသားစု၏အမွေခံဖြစ်စေလိုခဲ့သည်။ သို့ပေမည့် သူမဦးလေးက ထိုဆုံးဖြတ်ချက်ကို မကျေနပ်ဘဲ အိုးနန်ယင်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက် လူသတ်သမားတစ်ဦး ငှားရမ်းခဲ့သည်။
ထိုအချိန်တွင် အိုးနန်ယင်းနှင့်အတူ အိုက်ဝေ့ချန်လဲရှိနေခဲ့ကာ နှစ်ယောက်လုံး အသက်အန္တရာယ်ထဲကျရောက်ခဲ့ပြီး သူတို့ကို လင်ရှောင်းထင်က ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အိုးနန်ယင်းက ထိုအချိန်မှစကာ လင်ရှောင်းထင်နောက်လိုက်တစ်ဦးဖြစ်လာပြီး လင်ရှောင်းထင်သာ အကူအညီလိုလျှင် သူမတတ်စွမ်းသမျှ ပုံအောကာ ကူညီပေးမည့်သူဖြစ်လာခဲ့သည်။ အိုက်ဝေ့ချန်သည်လဲ ထိုအချိန်မှစကာ လင်ရှောင်းထင်၏နောက်လိုက်တစ်ဦးဖြစ်လာခဲ့သည်။
လင်ရှောင်းထင်သည် စကားနည်းသူဖြစ်သော်လည်း အဆက်အသွယ်ကောင်းများရှိခြင်းသည် အလွန်အရေးကြီးကြောင်းကိုတော့ နားလည်ထားသောကြောင့် ထိုနှစ်ယောက်ကို လက်ခံခဲ့လေသည်။ ထို့နောက် သူတို့မိသားစုများကလဲ အချင်းချင်း သိကျွမ်းကြကြောင်းကိုပါ တွေ့ရှိသွားကြသည်။
နောက်နှစ်များတွင်တော့ အိုက်မိသားစုနှင့် အိုးမိသားစုသည် ရှန်းရှစ်လုပ်ငန်းစုနှင့် လုပ်ငန်းတွဲလုပ်ခဲ့ကြပြီး အချင်းချင်းပံ့ပိုးကူညီခဲ့ကြသည်။
“မင်္ဂလာပါ မိန်းကလေးကု။” အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းလဲ ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းအိုက်၊ မိန်းကလေးအိုး!”
“သူက ကျွန်တော့်ရဲ့ဝမ်းကွဲညီမ အိုက်လွေ့ရွှယ်ပါ။” အိုက်ဝေ့ချန် မိတ်ဆက်ပေးလိုက်သည်။
ကုနင်းနှင့် အိုက်လွေ့ရွှယ်ကတော့ အချင်းချင်းနှုတ်ဆက်လိုက်ကြပေမည့် လင်ရှောင်းထင်သည်တော့ အိုက်လွေ့ရွှယ်ကို လျစ်လျူရှုထားလေသည်။
ထို့နောက် သူတို့စကားပြောလိုက်၊ စားလိုက်၊ သောက်လိုက်၊ ကစားလိုက်ဖြင့် အချိန်ဖြုန်းခဲ့ကြသည်။
“မိန်းကလေးကုက ရှောင်းထင်ရဲ့ချစ်သူဆိုမှတော့ ကျွန်တော်တို့ရဲ့သူငယ်ချင်းပဲပေါ့။ မင်းနာမည်ကိုပဲ ခေါ်ရင်အဆင်ပြေမလား?” အိုက်ဝေ့ရွှင်းကမေးလိုက်သည်။ ကုနင်းသည် လင်ရှောင်းထင်၏ချစ်သူဖြစ်သောကြောင့် သူတို့လဲ သူမနှင့်ခင်မင်ရင်းနှီးလိုလေသည်။ ထို့အပြင် လင်ရှောင်းထင်သည် သူမကို သူ့ချစ်သူအဖြစ် အသိအမှတ်ပြုထားသ၍ သူမအပေါ်လဲ အမြဲတမ်းသစ္စာရှိသွားမည်ဖြစ်သောကြောင့် သူတို့နှင့်ရင်းနှီးထား၍လဲ အဆင်ပြေလေသည်။
“ရတာပေါ့။” ကုနင်းပြန်ဖြေလိုက်ကာ အိုက်ဝေ့ရွှင်းက ထပ်ပြီး၊
“ကုနင်း၊ မင်းကဘယ်ကလဲ?”
“Fမြို့ကပါ။”
“အသက်ကရော?” ကျောက်လန်ပါ ဝင်မေးလိုက်သည်။
“၁၈နှစ်။”
“ဘာ?” သူက အခုမှ ၁၈နှစ်တဲ့လား? အိုက်ဝေ့ရွှင်းရော ကျောက်လန်ပါ ထိတ်လန့်သွားကြသည်။ လင်ရှောင်းထင်၏ ချစ်သူကောင်မလေးက ထိုမျှငယ်လွန်းနေမည်ဟု သူတို့မထင်ထားမိပေ။ အိုက်လွေ့ရွှယ်တောင်မှ အလွန်အံ့အားသင့်သွားရသည်။ အကြောင်းကတော့ သူမ၂၅နှစ်ရှိတာတောင်မှ တစ်ကိုယ်တည်းသမားဖြစ်နေသေးပြီး ကုနင်းသည်တော့ ၁၈နှစ်တည်းနှင့်တောင် ရည်းစားတစ်ယောက်ရနေပေပြီ။
အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းသည်တော့ ကုနင်း၏အသက်ကိုသိထားပြီးဖြစ်သောကြောင့် စိတ်လှုပ်မရှားသွားပေ။
ထို့နောက် အိုက်ဝေ့ရွှင်းနှင့် ကျောက်လန်တို့ စကားလမ်းကြောင်းပြောင်းသွားတော့သည်။
ခနကြာပြီးနောက်တွင်တော့ အိုက်ဝေ့ရွှင်းက လင်ရှောင်းထင်ကို အံစာဂိမ်းကစားရန်စိန်ခေါ်လိုက်ပြီး ရှုံးသည့်လူက အရက်တစ်ခွက်သောက်ကြေးဖြစ်သည်။
၆ပွဲကစားရာ လင်ရှောင်းထင်က ၃ကြိမ်ရှုံးခဲ့သောကြောင့် သူအရက်သုံးခွက်သောက်ခဲ့ရသည်။ လင်ရှောင်းထင်ရှုံးနေရသည့်အတွက် ကုနင်း၏နှလုံးသားလေးနာကျင်သွားရသောကြောင့် အိုက်ဝေ့ရွှင်းကို၊
“ကျွန်မ ရှင့်ကိုစိန်ခေါ်ပါရစေ!”
“ဘာလဲ? မင်းချစ်သူအတွက် ရင်နာသွားလို့လား?” အိုက်ဝေ့ရွှင်းစနောက်လိုက်သည်။
“ဟုတ်တယ်၊ သူ့အတွက် ကျွန်မအနိုင်ပြန်ယူမလို့။”
***
အခန်း ၅၂၉
လက်စားချေဖို့ အခွင့်ရေးတစ်ကြိမ်ပေးမယ်
“ကောင်းလိုက်တာ၊ မင်းဘယ်လိုပြန်ပြီး အနိုင်ယူမလဲ သိချင်နေပြီ။ ဒါပေမယ့် မင်းရှုံးသွားရင်တော့ မငိုနဲ့နော်!” အိုက်ဝေ့ရွှင်း ရယ်လိုက်သည်။ ကုနင်းစိန်ခေါ်သည်ကို အိုက်ဝေ့ရွှင်းမငြင်းဘဲ သူမဘယ်လိုအနိုင်ယူလိမ့်မလဲဆိုသည်ကိုသာ သိချင်နေမိသည်။
“ငိုစရာလား!” ကုနင်းပြုံးကာ ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်ပြီးနောက် အံ့စာခွက်ကိုကိုင်လိုက်သည်။ ထို့နောက် အံစာခွက်ကိုလှည့်ပတ်ခေါက်သည့်အသံများ ရှင်းလင်းပြတ်သားစွာပေါ်ပေါက်လာခဲ့ပြီး ကုနင်း ထိုအံစာခွက်ကို ဆောင့်ချလိုက်ပြီးနောက်တွင်တော့ အိုက်ဝေ့ရွှင်းကာ ပြုံးရင်းကြည့်လိုက်ကာ၊
“အကြီးလား? အသေးလား?”
အိုက်ဝေ့ရွှင်းကိုယ်တိုင်ကိုက ကုနင်းကို သူငယ်ချင်းအဖြစ်မှတ်ယူသည်ဆိုမှတော့ ကုနင်းလဲ သူ့ကို သူငယ်ချင်းအဖြစ်သာ ဆက်ဆံပြီး အကြီးမို့လို့ ယဉ်ကျေးသမှုလုပ်မနေတော့ပေ။
“အကြီး” အိုက်ဝေ့ချန် ခန့်မှန်းလိုက်ပြီး သူ့ပုံစံမှာ အလွန်ယုံကြည်ချက်ရှိလို့နေသည်။
ထို့နောက် ကုနင်း အံစာခွက်ကိုဖွင့်လိုက်ချိန်တွင်တော့ နံပါတ်အားလုံးပေါင်း၁၁ဖြစ်ကာ အကြီးဖြစ်သောကြောင့် အိုက်ဝေ့ရွှင်းမှန်သွားလေသည်။
အိုက်ဝေ့ရွှင်း ကျေနပ်စွာပြုံးရင်း ကုနင်းကိုကြည့်လိုက်ပေမည့် ကုနင်းကတော့ ဂရုစိုက်မနေပေ။
သူဤတစ်ခေါက်မှန်သွားသော်လည်း ကုနင်းကို ကျောက်စိမ်းမျက်ဝန်းရှိနေသူကတော့ ရှုံးလိမ့်မည်မဟုတ်ပေ။ ဒါက ညီမျှတဲ့ကစားပွဲတစ်ခုတော့ မဟုတ်ပေမည့် အိုက်ဝေ့ရွှင်းကလဲ မသိပေ။ ကုနင်းသာ ကျောက်စိမ်းမျက်ဝန်းကိုသုံးလျှင် မမျှတဘူးဆိုသော်လည်း သူမက အခြားလူကို ထိခိုက်စေလိုခြင်းမဟုတ်ဘဲ ပြိုင်ပွဲတွင်နိုင်ကာ အိုက်ဝေ့ရွှင်းကို အရက်များများပိုသောက်စေချင်ရုံသာဖြစ်သည်။
“အခု ငါ့အလှည့်ပေါ့!” အိုက်ဝေ့ရွှင်း ပြုံးလိုက်ကာ အံစာခွက်ကို ခေါက်လိုက်သည်။ ထို့နောက် အံစာခွက်ကို စားပွဲပေါ်ပြန်ချလိုက်ပြီး ကုနင်းကို၊
“အကြီးလား? အသေးလား?”
“အသေး။” ကုနင်းပြန်ဖြေလိုက်သည်။
အံစာခွက်ကိုဖွင့်လိုက်ချိန်တွင်တော့ စုစုပေါင်းတန်ဖိုး၁၁အောက်ငယ်၍ အသေးဖြစ်သောကြောင့် ဤတစ်ပွဲသရေသာဖြစ်သည်။
ထို့နောက်ဆက်ပြီး ကုနင်း၏ခန့်မှန်းချက်များက တောက်လျှောက်မှန်ကန်နေကာ အိုက်ဝေ့ရွှင်းသည်တော့ တခါတရံမှားသွားတတ်သည်။
အံစာကစားပွဲသည် အကြီးအသေးခန့်မှန်းရခြင်းဖြစ်ပြီး အံ့စာကလဲ သုံးတုံးပင်ပါဝင်တာကြောင့် ကံကောင်းပြီး အကြိမ်များစွာမှန်နိုင်သလို ကံဆိုးပြီး တခါတရံမှားသွားနိုင်တာလဲ ရှိသည်။
ကစားပွဲကို ဆက်လက်ကစားနေခဲ့ပြီးနောက်တွင်တော့ တစ်စုံတစ်ခုတော့ မှားယွင်းနေကြောင်း အိုက်ဝေ့ချန်ခံစားလာရတော့သည်။
သူတို့၁၀ပွဲကစားခဲ့ကြပြီး ၅ပွဲသရေကျကာ ၅ပွဲအိုက်ဝေ့ချန်ရှုံးခဲ့ပေမည့် ကုနင်းကတော့ တစ်ကြိမ်မှမရှုံးခဲ့သောကြောင့် အလွန်ထိတ်လန့်ဖွယ်ရလဒ်ဖြစ်လေသည်။
လူတိုင်းလဲ အလွန်အံ့အားသင့်နေကြကာ လင်ရှောင်းထင်တစ်ယောက်သာ ကုနင်းနိုင်သွားသည့်အကြိမ်တိုင်း အလွန်ဂုဏ်ယူနေဟန်ပြုမှုနေပြီး သိလဲသိချင်နေမိသည်။ ကုနင်းဘယ်လိုလုပ်ပြီးများ အကြိမ်တိုင်းနိုင်နေရတာလဲ? သူမကံကောင်းသည်ဆိုလျှင်တောင်မှ အနည်းဆုံးတစ်ကြိမ်လောက်တော့ ရှုံးသင့်သည်မဟုတ်လား!
“မင်းတစ်ခေါက်တောင်မရှုံးဘူး၊ တကယ့်ကိုရူးလောက်စရာပဲ!” အိုက်ဝေ့ချန် ဘယ်လိုမှမယုံကြည်နိုင်တော့ပေ။
“ရှင်မယုံဘူးပေါ့? ဒါဆိုလဲ ပြန်လက်စားချေဖို့ အခွင့်ရေးတစ်ကြိမ်ပေးမယ်လေ။” ကုနင်းပြောရင်းဖြင့် နောက်တစ်ကြိမ် စိန်ခေါ်လိုက်ပြန်သည်။
“ကောင်းပြီ၊ နောက်ထပ်ငါးပွဲဆက်ကစားကြတာပေါ့! ငါထပ်ရှုံးလိမ့်မယ်လို့တော့ မထင်ဘူး။” အိုက်ဝေ့ရွှင်းလဲ စိန်ခေါ်မှုကို ချက်ချင်းလက်ခံလိုက်သည်။ သို့ပေမည့် နောက်ထပ်၅ပွဲကစားပြီးချိန်တွင်လဲ ကုနင်းတစ်ကြိမ်မှမရှုံးခဲ့ပေ။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါအရှုံးပေးတယ်။” ကုနင်းနှင့်နောက်ထပ် ဘယ်နှပွဲပင်ကစားပါစေ ရှုံးဦးမည်မှန်း နားလည်သွားသောကြောင့် အိုက်ဝေ့ရွှင်း အရှုံးပေးလိုက်တော့သည်။
ရှုံးထားသည့်အကြိမ်ရေများအတွက် အရက်များစွာသောက်လိုက်ရသောကြောင့် အိုက်ဝေ့ရွှင်းသိပ်ပြီး နေလို့မကောင်းတော့ပေ။
“ငါစမ်းကြည့်မယ်!” ကျောက်လန်လဲ ပွဲစဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ပေမည့် ကုနင်းထပ်ပြီး ကံကောင်းနေနိုင်ဦးမည်ဟု မယုံသောကြောင့် သူမကို စိန်ခေါ်လိုက်သည်။
ကုနင်းကတော့ သေချာပေါက် ငြင်းလိမ့်မည်မဟုတ်ပေ။ သူတို့ဒီလောက်တောင် အရက်သောက်ချင်နေကြမှတော့ သူမကလဲ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့! ၇ပွဲကစားပြီးနောက်တွင်တော့ ကျောက်လန်သည် အိုက်ဝေ့ရွှင်းထက်ပင် ရှုံးသည့်အရည်အတွက်ပိုများပြီး ငါးခွက်တောင်သောက်လိုက်ရသောကြောင့် အရှုံးပေးလိုက်တော့သည်။
“တော်ပြီ၊ ငါအရှုံးပေးတယ်။”
တကယ်တော့ အိုက်ဝေ့ချန်လဲ ကုနင်းကို စိန်ခေါ်ဖို့ရန် စိတ်ကူးရှိခဲ့ပေမည့် အိုက်ဝေ့ရွှင်းရော ကျောက်လန်ပါ နှစ်ယောက်လုံးရှုံးကြပြီး နောက်ဆုံးအရက်တွေသာ ဆက်တိုက်သောက်လိုက်ရသောကြောင့် သူလဲ သေချာပေါက် နိုင်နိုင်မည်မဟုတ်မှန်း နားလည်သွားတော့သည်။
“မင်းဘယ်လိုများလုပ်လိုက်တာလဲ? သရေပွဲဖြစ်ရင်ဖြစ် မဖြစ်ရင် မင်းနိုင်သွားတာချည်းပဲ။” ကျောက်လန် မနေနိုင်စွာ မေးလိုက်သည်။
“ဒါလား၊ ကျွန်မက ခွက်ထဲမှာ အံစာတွေ အချင်းချင်းရိုက်မိသံကိုနားထောင်ပြီး စုစုပေါင်းရလဒ်ကို ခန့်မှန်းနိုင်လို့လေ။” ကုနင်းရုပ်တည်ကြီးဖြင့် လိမ်ညာလိုက်သည်။ သူမအနေဖြင့် အမှန်တရားကို ထုတ်ပြောဖို့ရန် မဖြစ်နိုင်ပေ။
ကျန်လူများလဲ အချို့လူများ အထူးသဖြင့် လောင်းကစားနတ်ဘုရားများတွင် ထိုသို့သော အံစာသံကိုနားထောင်ရုံဖြင့် ခန့်မှန်းနိုင်ကြောင်း ကြားဖူးနားဝများရှိသောကြောင့် ကုနင်းလိမ်နေခြင်းဟု မထင်ခဲ့ကြပေ။
လင်ရှောင်းထင်နှင့်ကုနင်းတို့ သိပ်ကြာကြာမနေခဲ့ဘဲ ည၁၁နာရီဝန်းကျင်တွင်ပြန်ခဲ့ကြကာ ကျန်လူများလဲ မကြာခင်တွင်ပဲ ပြန်ခဲ့ကြသည်။
ထို့နောက် လင်ရှောင်းထင်နှင့်ကုနင်းတို့ ဟွမ်းဒင်ဟိုတယ်ရှိရာသို့ တန်းမောင်းသွားခဲ့သည်။
လင်ရှောင်းထင်၏ပုံစံမှာ ယခင်အတိုင်းအေးဆေးတည်ငြိမ်နေပုံပေါ်ပေမည့် တကယ်တမ်း စိတ်ထဲတွင်တော့ လုံးဝမစောင့်နိုင်တော့ကာ ဟိုတယ်သို့ အမြန်ရောက်လို့နေသည်။ ထို့ကြောင့် ကားကို ပို၍ပို၍အရှိန်မြင့်ကာ မောင်းနှင့်နေခဲ့သည်။
ကုနင်းလဲ လင်ရှောင်းထင်၏လက်ရှိစိတ်အခြေအနေကို နားလည်ကာ ရယ်ချင်နေမိသည်။
“ကျွန်မတို့အရင်ဆုံးတစ်ခုခုဝင်စားဦးမလား?”
ထိုစကားကြောင့် လင်ရှောင်းထင် အနည်းငယ်စိတ်အလိုမကျဖြစ်သွားရသည်။ သူလမ်းပေါ်တွင် ထပ်ပြီးအချိန်မဖြုန်းလိုတော့သည်ကာ သိသာလှသော်လည်း ကုနင်းဗိုက်ဆာနေမည်ကိုလဲ စိုးရိမ်သောကြောင့် ပြန်မေးလိုက်သည်။
“မင်းဗိုက်ဆာလို့လား?”
လင်ရှောင်းထင်၏ပုံစံကြောင့် ကုနင်းထိန်းထားမနိုင်တော့ဘဲ ရယ်လိုက်ကာ၊
“ကျွန်မကမဆာပါဘူး။ ဒါပေမယ့် ရှင်ဆာနေမှာစိုးရိမ်လို့။”
ထိုစကားကိုကြားတော့မှ လင်ရှောင်းထင် စိတ်အေးသွားကာ၊ ထူးဆန်းစွာပြုံးလိုက်ပြီး၊
“ကိုယ်ကဆာတော့ဆာတယ်၊ ဒါပေမယ့် အစားအသောက်တွေလောက်ကတော့ ကိုယ့်ကိုတင်းတိမ်စေမှာမဟုတ်ဘူး။”
“ရှင်ကတော့…” ကုနင်းချက်ချင်းဆိုသလို ရှက်သွေးဖြာသွားရတော့သည်။
ဤတစ်ခေါက်တွင်တော့ ကုနင်း ရှက်သွားပံကိုကြည့်ကာ ရယ်သူမှာ လင်ရှောင်းထင်ဖြစ်သွားကာ ကုနင်းကလဲ သူမသွားစမိသည့်အတွက် နောင်တရသွားတော့သည်။
သူတို့ဟိုတယ်သို့ရောက်သွားသည်နှင့် အခန်းတံခါးကိုချက်ချင်းပိတ်လိုက်ကာ အပေါက်မှာတင် စတင်နမ်းရှိုက်ကြတောသည်။ ကုနင်းတွင် မှော်စွမ်းအားရှိသောကြောင့် ဆောင်းတွင်းဖြစ်လင့်ကစား အနွေးထည်အထပ်ထပ်ဝတ်ရန်မလိုအပ်၍ အလွယ်တကူချွတ်လို့ အဆင်ပြေနေသည်။
ထို့ကြောင့် လင်ရှောင်းထင်လဲ အချိန်ဆွဲမနေတော့ဘဲ ရက်ပေါင်းများစွာ ကွဲကွာခဲ့ရသည်များကို အတိုးအရင်းချကာ စတင်လုပ်ဆောင်တော့သည်။
………Book 36 Part 529…………
အခန်း ၅၃၀
ကျောက်ရွှမ်းလင်
နောက်တစ်နေ့မနက်တွင်တော့…..
ကုနင်းနှင့်လင်ရှောင်းထင်တို့ အလွန်နောက်ကျမှအိပ်ဖြစ်ခဲ့ကြသော်လည်း ကုနင်းကတော့ နောက်နေ့မနက်၇နာရီတွင် ထလာစဲဖြစ်သည်။ ထို့နောက် လင်ရှောင်းထင်ကို ဟိုတယ်တွင် တစ်ယောက်တည်းချန်ခဲ့ကာ သူမကတော့ ရေပြာအိုင်အိမ်ရာသို့ ပြန်လာခဲ့ပြီး လင်ရှောင်းထင်ကိုတော့ သူမစာပို့လိုက်ကာမှ လာကြိုပေးရန် မှာခဲ့လေသည်။
သူတို့နှစ်ယောက်အတူပြန်သွားလျှင်က အလွန်သံသယဖြစ်ဖွယ်ကောင်းသောကြောင့် ဤသို့ခွဲပြန်ရခြင်းဖြစ်သည်။
လင်ရှောင်းထင်လဲ အခြေအနေကိုနားလည်သောကြောင့် ကုနင်းအလိုကျလွှတ်ပေးခဲ့ပေမည့် ထွက်မသွားခင် အချိန်အတော်ကြာအထိ အနမ်းပေးလိုက်သေးသည်။ တကယ်တမ်း သူမနှင့်ဆက်ပြီးအတူနေချင်သေးပေမည့် ကုနင်းလဲ အလျင်လိုနေသောကြောင့် ညနေမှသာပြန်တွေ့ရန် စိတ်လျှော့လိုက်ရတော့သည်။
ကုနင်း တက္ကစီပေါ်သို့ရောက်သည်နှင့် ကုမန့်အား ဖုန်းဆက်ကာ မနက်စာအတွက် ဘာစားမလဲ မေးလိုက်သည်။ သိပ်မကြာခင်ပဲ ကုနင်း မနက်စာအတွက် အပြည့်အစုံဝမ်ခြမ်းကာ ရေပြာအိုင်ရှိ သူမတိုက်ခန်းသို့ပြန်ရောက်လာခဲ့လေသည်။ ကုချင်နှင့်ကုမန့်ကတော့ ကုနင်းသည် ကိုယ်ကျင့်သိက္ခာပြည့်စုံသည် မိန်းကလေးတစ်ဦးဟုသာ ယုံကြည်ထားသောကြောင့် သူမညတုန်းက ဘယ်မှာအိပ်ခဲ့လဲဆိုသည်ကို အထူးတလည်မေးမြန်းခြင်းမပြုခဲ့ပေ။
မနက်စာစားပြီးနောက်တွင်တော့ နေ့လည်ဘက်တွင်သာ ဝမ်ယွီလန်နှင့်ချိန်းပြီး နေ့လည်စာအတူစားကာ ဈေးဝယ်ထွက်ဖို့ရန် ကုချင်နှင့်ကုမန့်တို့ချိန်းထားကြခြင်းဖြစ်၍ ယခုလောလောဆယ်အားနေကြသောကြောင့် ကုနင်းနှင့်အတူ ဧည့်ခန်းထဲတွင် တီဗီသာထိုင်ကြည့်နေလိုက်သည်။
ယနေ့သည် စနေနေ့ဖြစ်သောကြောင့် ဝမ်ယွီလန်၏အလုပ်အားရက်ဖြစ်လေသည်။
Gမြို့သည် Fမြို့ထက် ပိုကြီးသည့် ဒုတိယတန်းစားမြို့တစ်မြို့ဖြစ်သောကြောင့် အဆင့်မြင့်ဈေးဝယ်စင်တာများစွာ တည်ရှိပြီး သူတို့တွင် အထူးတလည် ဝယ်ယူစရာမရှိလျှင်တောင်မှ လျှောက်ပတ်ကြည့်ရတာကိုက ပျော်စရာကောင်းလေသည်။
မနက်၁၀နာရီဝန်းကျင်တွင်တော့ ကုနင်းလင်ရှောင်းထင်ကို ဖုန်းဆက်ကာ သူမတို့ကို လာကြိုစေလိုက်သည်။
ကုချင်နှင့်ကုမန့်ရှေ့တွင်တော့ လင်ရှောင်းထင်နှင့် ကုနင်း နီးနီးကပ်ကပ်မနေကြသောကြောင့် သူတို့နှစ်ဦး၏ဆက်ဆံရေးကို ဘယ်သူမှ မဖော်ထုတ်နိုင်ခဲ့ပေ။ သို့ပေမည့် ကုချင်နှင့်ကုမန့်တို့ သူတို့ဘက်ကို အာရုံမထားသည့်အချိန်များတွင်တော့ လင်ရှောင်းထင်တစ်ယောက် ကုနင်းကို စိုက်ကြည့်တတ်ပြီး ကုနင်းကလဲ ထိုအကြည့်များကြောင့် သူမစိတ်ကို သူမထိန်းချုပ်နိုင်စွမ်း လွတ်သွားရသည်မှာလဲ အကြိမ်များစွာပင်။ ကုနင်းအနည်းငယ် စိတ်ရှုပ်လာရပေမည့် ကုမန့်သိသွားမည်စိုးသောကြောင့် လင်ရှောင်းထင်ကို သေချာသတိပေးနိုင်ဘဲ လွှတ်သာထားလိုက်ရတော့သည်။
သူမတို့ ဝမ်ယွီလန်ကို သွားကြိုသည့်အချိန်တွင်တော့ ဝမ်ယွီလန်၏ စိတ်အခြေအနေက အုံ့မှိုင်းနေသည့်ပုံပေါ်နေသောကြောင့် ကုချင်နှင့်ကုမန့်တို့ စိုးရိမ်သွားကာ၊
“ယွီလန် ဘာဖြစ်နေတာလဲ?”
“အခုပဲ ချင်းရှန်က ချင်းယန်ကို ဖုန်းဆက်ပြီး လင်းလိကျွမ်းက သူနှင့်သူ့အတွင်းရေးမှူး ဖောက်ပြန်တဲ့ ကိစ္စသိသွားပြီး ကွာရှင်းချင်နေတယ်လို့ ပြောတယ်။ သူက လင်းလိကျွမ်းကို တားပေးဖို့ ငါတို့ကို အကူညီတောင်းနေတာ၊ ဒါပေမယ့် အားလုံးက သူလုပ်ခဲ့သမျှအမှားတွေလေ ငါတို့လဲ ဘာမှလုပ်ပေးနိုင်တာမှမဟုတ်တာ!” ဝမ်ယွီလန် ဒေါသတကြီးပြောလိုက်သည်။
ထိုအခြေအနေကို ကုချင်နှင့်ကုမန့်လဲ မကျေနပ်ကြပေ။ ထို့ကြောင့် ကုချင်က၊
“ငါတို့လဲ အဲ့ဒီသတင်းကြားပြီးသွားပြီ။ ဒီပြဿနာထဲ နင်ဝင်မပါတာပိုကောင်းမယ်၊ သူတို့ဘာသာပဲ ဖြေရှင်းခိုင်းလိုက်။”
“ငါတို့အဲ့ကိစ္စကြောင့် စိတ်ဆိုးတာလဲဟုတ်ပေမယ့် ချင်းရှန်က နင်တို့ဆီကနေတောင် သူ့အတွက် ငွေချေးပေးခိုင်းနေလို့ ပိုဆိုးတာ။ သူ့ကုမ္ပဏီက အခုအကြွေးထဲမြုပ်နေတယ်လေ။ ငါတို့လဲ ငြင်းလိုက်ရော ဆဲဆိုပါလေရောပဲ! ငါတို့အပေါ် ဘယ်လိုလုပ်ဒီလိုမျိုး ပြောဆိုနိုင်ရတာလဲ!” ဤအကြောင်းကတော့ ဝမ်ယွီလန် စိတ်အခြေအနေမကောင်းရခြင်း၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။
ကုချင်းရှန် သူ့ကုမ္ပဏီကို ကယ်တင်လို၍ ငွေချေးလိုက်မှန်း ဝမ်ယွီလန်နားလည်ပေမည့် ဘာကြောင့် သူတို့ကို သူ့အတွက် ယွမ်သန်းပေါင်းများစွာ ချေးပေးဖို့ပြောလဲဆိုသည်ကို သူမနားမလည်နိုင်ပေ။ သူမတို့ဘက်ကငြင်းလိုက်တာနဲ့လဲ အော်ဟစ်ဆဲဆိုလိုက်သေးသည်။ ဒီကိစ္စမျိုးကတော့ ဘယ်လိုမှ သည်းခံပေးနိုင်သည့်အရာမဟုတ်ပေ။
ထို့အပြင် ဝမ်ယွီလန်နှင့်ကုချင်းယန်တို့သည် အခုချိန်တွင် ကုချင်းရှန်ကို မယုံကြည်တော့ပေ။ သူတို့သာ ငွေချေးပေးလိုက်လျှင်လဲ ကုချင်းပြန်ဆပ်လိမ့်မည်ဟု မထင်ပေ။ ဝမ်ယွီလန်တို့လင်မယားသည် သာမာန်အစိုးရဝန်ထမ်းများသာဖြစ်သောကြောင့် ယွမ်သန်းပေါင်းများစွာကို ကြားမှပြန်ဆပ်ပေးဖို့ရန်လဲ မဖြစ်နိုင်သည့်ကိစ္စပင်။
ကုချင်းရှန်တို့မိသားစုသာ ကုနင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့လျှင် ကုနင်းဘက်က သေချာပေါက် သူတို့ကိုကူညီပေးပေလိမ့်မည်။ ကုချင်းယန်တို့မိသားစုသည် ကုမန့်အပေါ် ရိုင်းရိုင်းဆိုင်းဆိုင်းဆက်ဆံခဲ့ပေမည့် အလွန်အကျွံ့ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့ခြင်းမရှိသလို အချိန်မီလဲ သူတို့အပြုအမူကို ပြောင်းလဲပစ်နိုင်ခဲ့သောကြောင့် ကုနင်းက သူတို့အပေါ် ရက်ရောပေးခဲ့ခြင်းဖြစ်သည်။ ကုချင်းယန်တို့မိသားစု၏ အပြုအမူများပြောင်းလဲသွားရခြင်းသည် ကုနင်း၏ချမ်းသာမှုကို လိုချင်သောကြောင့်မဟုတ်ဘဲ သူမ၏စွမ်းရည်နှင့် အရည်အချင်းကြောင့်သာဖြစ်သည်။ ကုနင်းလိုအရည်အချင်းရှိသူတစ်ဦးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသော ဆွေမျိုးဖြစ်နေခြင်းက မကောင်းသည့်ကိစ္စမဟုတ်ပေ။
“ငါတို့ကတော့ ငွေချေးပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့ကို ဆာလောင်ပြီးသေတဲ့အဆင့်ရောင်တာကိုတော့ ကြည့်နေမှာမဟုတ်ပါဘူး။” ကုမန့် ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့်ပြောလိုက်သည်။
ကုမန့် ဘယ်လိုအချိန်မှာ ကြင်နာသင့်ပြီး ဘယ်လိုအချိန်မှာတော့ ခက်ထန်သင့်လဲဆိုသည်ကို နားလည်သွားခဲ့ပြီဖြစ်သောကြောင့် ကုနင်းလဲ စိတ်ချသွားတော့သည်။
“ကောင်းပြီလေ၊ သွားကြရအောင်။ ပျော်စရာတွေပဲတွေးသင့်တယ်။” ကုချင်လဲ ချက်ချင်းပင် စကားစဖြတ်ပေးလိုက်သည်။
နေ့လည်စာအတွက်ကတော့ ထုံးစံအတိုင်း လင်ရှောင်းထင်သာ ရှင်းပေးခဲ့သည်။
ထို့နောက်တွင်တော့ သူတို့အဖွဲ့ ဈေးဝယ်စင်တာသို့ ဆက်ထွက်လာကြသည်။
ရန်သူချင်း ထိပ်တိုက်တွေ့တယ်ဆိုတဲ့စကားက လုံးဝငြင်းဆိုလို့မရသည့် ဖြစ်နိုင်ချေအများဆုံး အမှန်တရားတစ်ခုပင်ဖြစ်သည်။
ဝမ်ယွီလန်သည် သိပ်မချမ်းသာသောကြောင့် ဈေးဝယ်စင်တာသို့ သိပ်မလာဖြစ်ပေမည့် အခုချိန်တွင်တော့ လာဖို့ရန် အခွင့်ရေးရသွား၍ လာရချိန်တွင်တော့ သူမသဘောမကျသည့် မိတ်ဆွေဟောင်းကြီးနှင့် ပက်ပင်းတိုးပါတော့သည်။
ထိုအမျိုးသားသည် အသက်၃၅နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ မျက်နှာသွင်ပြင်ထူးခြားမှုမရှိဘဲ နဲနဲတောင် ဝနေသေးသည်။ သူ့ကိုယ်သူတော့ ဒီဇိုင်နာချုပ်အဝတ်အစားများဝတ်ထားပေမည့် ဘယ်လောက်ပင် ဈေးကြီးတာကို ဝတ်ဝတ်အဆင့်အတန်းကတော့ မြင့်တက်မလာဘဲ ယခုမှရုတ်တရက်ထချမ်းသာလာသူတစ်ဦးဟုသာ ထင်မှတ်ရလေသည်။
“ဒါမဟုတ်မှ ငါ့ရဲ့အတန်းဖော်ဟောင်း ဝမ်ယွီလန်မဟုတ်လား? မတွေ့တာကြာပေါ့!” ထိုအမျိုးသားလဲ ဝမ်ယွီလန်ကိုတွေ့ကာ အံ့အားသင့်သွားပြီး ချက်ချင်းပင် နှုတ်ဆက်လိုက်ပေမည့် သူ့ပုံစံက အလွန်မောက်မာကြောင်းသိသာပေသည်။
ဝမ်ယွီလန်လဲ ထိုလူကိုသတိထားမိသွားသည်နှင့် အန်တောင်အန်ချင်မိသွားတော့သည်။
“တခြားလမ်းကသွားကြရအောင်!” ဝမ်ယွီလန် ကုမန့်ကိုဆွဲကာ ထိုလူကိုရှောင်ဖို့ ကြိုးစားလိုက်သည်။
သို့ပေမည့် ထိုလူကတော့ ဝမ်ယွီလန်ကို လွယ်လွယ်နှင့်ထွက်သွားခွင့်မပေးဘဲ သူမလမ်းကို ပိတ်ရပ်လိုက်ကာ၊
“ဘာတုန်း? ငါ့ကိုမမှတ်မိတော့ဘူးလား? ဟုတ်ပြီ၊ ငါကအရင်လိုဆင်းရဲသားလေး ကျန်းရွှမ်းလင်မဟုတ်တော့ဘဲ ယွမ်သန်းပေါင်းများစွာချမ်းသာတဲ့လူနေပေမယ့် မင်းကတော့ သာမာန်အစိုးရခိုင်းဖက်လေးဖြစ်နေလို့ ရှက်ပြီး ငါ့ကိုမမှတ်မိချင်ယောင်ဆောင်နေတာပဲ!”
ထိုလူ၏စကားများအရ ဝမ်ယွီလန်က သူ့ကိုဆင်းရဲတာကြောင့်နှင့် စွန့်ပစ်ခဲ့ပုံရလေသည်။ ကုနင်း အသေးစိတ်အခြေအနေကိုတော့ မသိပေမည့် ထိုအတိုင်းသာ အမှန်တရားဖြစ်လိမ့်မည်ဟုတော့ မယုံကြည်ပေ။
ဝမ်ယွီလန်သည် လှပသူတစ်ဦးဖြစ်သောကြောင့် သူမသာ ကန်းနေသူမဟုတ်လျှင် ဤကဲ့သို့ ရွက်ကြမ်းရည်ကြို အရပ်ပုကွကွနဲ့ လူဝတစ်ယောက်ကို ကြိုက်မိခဲ့လိမ့်မည်မဟုတ်ပေ။
ဝမ်ယွီလန်လဲ ဒေါသထွက်သွားကာ၊
“ကျန်းရွှမ်းလင်၊ တော်လိုက်တော့! ငါနင်နဲ့မပတ်သတ်ချင်ဘူး၊ အခုငါ့ရှေ့က ထွက်သွားစမ်း!”
***