အခန်း (၅၃၁-၅၃၅)
Vol. 36 Ch. 531-535
အခန်း ၅၃၁
ထန်ဟွမ်လုပ်ငန်းစုကသောင်းကနင်းဖြစ်ခြင်း
“သွားမှာပါ၊ ဒါပေမယ့် ငါ့အပေါ်အထင်သေးပြီး ဂုဏ်မောက်နေတဲ့နင်အခု ဘယ်လိုများနေနေလဲဆိုတာ သိချင်ရုံပါ။” ကျန်းရွှမ်းလင် ဝမ်ယွီလန်ကို အထင်သေးဟန်ဖြင့် ကြည့်ရင်းပြောလိုက်သည်။
“နင့်ကိုယ်နင်လဲပြန်ကြည့်ဦး! ဘယ်လိုတွေဝတ်ထားတာလဲ? တော်တော်ကို ဆင်းရဲနေတဲ့ပုံပဲ။ နင်သာ ငါ့ရည်းစားလုပ်ခဲ့ရင် အခုချိန်ဆို ဒီထက်အဆများစွာ ပိုကောင်းတဲ့ဘဝမှာနေနိုင်နေမှာ။”
ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ အကြောင်းအရာအလုံးစုံကို ကုနင်းခန့်မှန်းမိသွားတော့သည်။ ထိုလူက ဝမ်ယွီလန်ကိုလိုက်ခဲ့သူဖြစ်ပြီး အခုချိန်တွင်တော့ သူမရှေ့တွင် ကြွားလုံးထုတ်နေလေသည်။ နှစ်များစွာကြာပြီးတာတောင်မှ သူ့ကိုလက်မခံခဲ့သည့်ကိစ္စကို အခဲကြေနိုင်သေးပုံမပေါ်ပေ။ သူ့ပုံစံက အရည်အချင်းရှိသူတစ်ယောက်မဟုတ်ပေမည့် အခုလိုငွေရှာနိုင်ခဲ့တာကတော့ ထူးဆန်းဖွယ်အခိုက်အတန့်ဖြစ်ပုံပင်။
“နင့်ကိစ္စမဟုတ်ဘူး!” ဝမ်ယွီလန် ထိုလူကို ဒေါသတကြီးအော်ဟစ်လိုက်ကာ၊
“နင့်ငွေတွေလဲ ငါဂရုမစိုက်ဘူး။”
“နင်ကငွေကိုစိတ်မဝင်စားဘူး? အခုချိန်ထိ ငွေမကြိုက်တဲ့မိန်းမမျိုး ငါတစ်ခါမှကိုမတွေ့ဖူးသေးဘူး။ နင့်ဘာသာ ဇိမ်ခံပစ္စည်းတွေ မဝယ်နိုင်လို့ မကြိုက်ချင်ယောင်ဆောင်နေတာပါ။ သနားစရာပဲ!” ကျန်းရွှမ်းလင်၏မျက်လုံးထဲတွင် မိန်းမတိုင်းဟာ ချူစားနေသူချည်းဟုသာ မြင်လေသည်။ အခုချိန်ထိ သူ့ကိုချဉ်းကပ်ခဲ့ကြသည့် မိန်းမတိုင်းသည်လဲ သူချမ်းသာနေသည့်အတွက်ကြောင့်ပင်ဖြစ်ပေမည့် သူကလဲ ထိုသို့သော ဘဝမျိုးအပေါ် အလွန်ပျော်ရွှင်လို့နေသည်။
“ကျန်းရွှမ်းလင်၊ တော်သင့်နေပြီ။ ငါတို့က သာမာန်အတန်းဖော်ဖြစ်ခဲ့ရုံပဲ၊ နင့်စကားတွေက ငါ့သိက္ခာကို စော်ကားနေပြီ။” ဝမ်ယွီလန်ဘက်က ကျန်းရွှမ်းလင် ထိခိုက်အောင် လုပ်ဖူးသည့်ကိစ္စမရှိဘဲ ယခင် သူမကိုလိုက်သည့်အချိန်က ငြင်းခဲ့ရုံသာရှိသည်။ ဘာကြောင့်များ သူ့ကိုငြင်းလိုက်တာ သူဆင်းရဲနေတာကြောင့်ဟု တွေးထင်သွားရတာလဲ?
“မင်းက ငါဆင်းရဲနေလို့ ငါ့ကိုငြင်းခဲ့တာလေ!” ကျန်းရွှမ်းလင်ကတော့ အတင်းအကြပ်ငြင်းနေတုန်းပင်။
“နင်….” ဝမ်ယွီလန် ပြောစရာစကားမဲ့သွားရတော့သည်။
ဝမ်ယွီလန်ထိုလူကိုမကြိုက်သည်က အခြားအကြောင်းများစွာရှိနေခြင်းကြောင့်ပင်။ သူအခုချိန် ချမ်းသာသွားသည်ဆိုလျှင်တောင်မှ သူမကတော့ ကျောက်ရွှမ်းလင်ကို စကားပင် ပြောချင်စိတ်မရှိပေ။ သို့ပေမည့် သူမထိုအကြောင်းကို ထုတ်ပြောမည်တော့မဟုတ်ပေ။ မဟုတ်လျှင် ကျောက်ရွှမ်းလင် ရူးတောင်ရူးသွားနိုင်ပေသည်။
“ဟ-ဟ!” ကုနင်း ကျောက်ရွှမ်းလင်ကို ကြည့်ကာရယ်လိုက်သည်။
“ရှင်ဆင်းရဲလို့ တခြားမိန်းမတွေက မကြိုက်တာလို့ အတင်းအကြပ်ကောက်ချက်မချခင် ဘာကြောင့် ကိုယ့်ရုပ်ကို မှန်ထဲပြန်မကြည့်ရတာလဲ? ရှင်ကပုကွကွနဲ့ ရုပ်ဆိုးပြီး လူဝကြီးတစ်ယောက်ဆိုတာကို မသိဘူးလား? ရှင်က တခြားလူတွေရဲ့ လေးစားမှုနဲ့မထိုက်တန်ဘူး။ လှပတဲ့မိန်းကလေးတွေ ရှင့်နားကပ်နေကြတယ်ဆိုတာလဲ ရှင့်မှာငွေရှိနေလို့ပဲ။ ပြီးတော့ Gမြို့မှာ ယွမ်ဆယ်သန်းကျော်လောက်ချမ်းသာတဲ့လူဘယ်နှယောက်တောင်ရှိလဲ ရှင်သိရဲ့လား? ယွမ်သန်းရာကျော်ချမ်းသာတဲ့လူတွေတောင် ရှင့်လောက်မမောက်မာဘူး! ရှင့်ကိုယ်ရှင် ဘာထင်နေလဲ?”
ပုံမှန်ဆိုလျှင် ကုနင်းသည် သူမနှင့်မဆိုင်သည့်ကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း အခုချိန်တွင်တော့ ဤလူကို သေချာပေါက် သင်ခန်းစာပေးမှဖြစ်မည်ဟု တွေးမိလေသည်။
“မင်း…” ကျောက်ရွှမ်းလင်၏မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီရဲတက်လာတော့သည်။
တစ်ချိန်တည်းတွင်ပဲ ကုနင်း၏ ကျောက်ရွှမ်းလင်အပေါ် သုံးသပ်ချက်များကိုကြားပြီးနောက်တွင် အနားရှိရပ်ကြည့်နေသူများလဲ ဝမ်ယွီလန်ဘက်မှ ရပ်တည်လာကြတော့သည်။
“ဟုတ်တာပေါ့! Gမြို့မှာဆို သူက အချမ်းသာဆုံးထဲပါတာမှမဟုတ်တာ။”
“ပြောဆိုဆက်ဆံရေးကလဲ မကောင်းတာအသိသာချည်း။”
“သပ်သပ်မဲ့ ကြွားနေတာပါကွာ။”
“သူ့လိုလူကို ဘယ်သူကများကြိုက်နေမှာလဲ?”
“မကြိုက်လို့ငြင်းတာက ပုံမှန်ပဲကို သူ့ကိုက အကြောင်းမရှိအကြောင်းရှာ ရန်စနေတာပါ။”
“မင်းတို့….” ကျောက်ရွှမ်းလင်၏ဒေါသမျက်ဝန်းများ ကုနင်းဆီသို့ကျရောက်သွားကာ သူမကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေတော့သည်။ သို့ပေမည့် ထိုအချိန်တွင်ပဲ လင်ရှောင်းထင်၏အေးစက်သည့်မျက်လုံးအစုံနှင့် ကျောက်ရွှမ်းလင်ဆုံသွားတာကြောင့် အလွန်ကြောက်လန့်သွားကာ အသက်ရှူပင်ရပ်သွားသလို ခံစားလိုက်ရသည်။
“သွားကြစို့!” ကုနင်းလဲ ကျောက်ရွှမ်းလင်လိုလူနှင့် အချိန်မကုန်လိုသောကြောင့် အခြားလူများကို သွားရန်ပြောလိုက်သည်။ ကျောက်ရွှမ်းလင်လဲ လင်ရှောင်းထင်၏အကြည့်ကြောင့် ကြောက်လန့်နေ၍ သူတို့နောက်သို့ ဆက်မလိုက်ရဲတော့ပေ။ သို့ပေမည့် သူတို့အားလုံး ထွက်သွားချိန်တွင်တော့ ကျောက်ရွှမ်းလင်၏ မျက်နှာထက် ဆိုးဝါးသည့်အမူအရာများထွက်ပေါ်လာတော့သည်။
ဝမ်ယွီလန် စောင့်ကြည့်နေစမ်းပါ! မင်းတစ်နေ့နောင်တရစေရမယ်!
………..
Bမြို့ရှိ ထန်မိသားစုအိမ်တော်တွင်၊
စနေနေ့ဖြစ်သောကြောင့် ထန်မိသားစုဝင်အားလုံး အိမ်သို့ရောက်ရှိနေကြသည်။
လူတိုင်းမှာ ထန်ယွင်ဖန်း၏အခြေအနေအတွက် ဝမ်းနည်းနေကြရလေသည်။
“လေးရက်တောင်ရှိနေပြီ၊ ယွင်ဖန်းဘာလို့ သတိပြန်မရသေးတာလဲ?” ဤနေ့များအတွင်း ထန်ဟိုင်ဖုန်းသက်ပြင်းချနေရသည်မှာ ဘယ်နှကြိမ်မှန်းပင် မသိတော့ပေ။
ကံကောင်းထောက်မစွာဖြင့် ထန်ယွင်ဖန်းသတိမေ့မျောနေသော်လည်း ခန္ဓာကိုယ်အခြေအနေကတော့ အကောင်းအတိုင်းဖြစ်ကာ အသက်ရှူနှုန်းလဲ ပုံမှန်ပင်ဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် ထန်မိသားစုဝင်များ အလွန်စိုးရိမ်နေကြရမည်ဖြစ်သည်။
နေ့လည်စာစားပြီးသွားချိန်တွင်တော့ ချွမ်မင်ခိုင် အလျင်အမြန်နှင့် အိမ်ထဲသို့ဝင်လာခဲ့ကာ၊
“သခင်ကြီးထန်၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက ဘယ်လိုကနေပြီး သခင်လေးထန် သတိမေ့နေတာကို သိသွားကြလဲမသိဘူး။ တချို့လူတွေက ဥက္ကဌအသစ်ရွေးချယ်ဖို့ ငြင်းခုန်နေကြပြီ။” (ဆရာကြီးတွေနေရာမှာ သခင်ကြီးကိုပြောင်းလဲအသုံးပြုသွားပါမယ်။)
ထိုစကားကြောင့် ထန်ဟိုင်ဖုန်း အလွန်စိတ်ရှုပ်သွားရသည်။ အမှန်တရားဆိုသည်မှာ တချိန်ချိန်တော့ ပေါ်ထွက်လာမည်ဖြစ်၍ ထန်ယွင်ဖန်းသတင်းကို အခြားလူများသိသွားသည့် ကိစ္စကို ထန်ဟိုင်ဖုန်း မအံ့ဩသော်လည်း သတင်းလွှင့်သည့်လူကိုတော့ ဒေါသထွက်မိစဲပင်။
ထန်ယွင်ဟန် ဤသတင်းမပေါက်ကြားစေရန် အားလုံးကို သတိပေးခဲ့သော်လည်း သတင်းကတော့ ပေါက်ကြားသွားပေပြီ။ ကြည့်ရတာ သူတို့ထဲမှာ သစ္စဖောက်ရှိနေပုံပင်။ ထို့ကြောင့် ထန်ဟိုင်ဖုန်း အလွန်ဒေါသထွက်သွားကာ၊
“သတင်းဖြန့်တဲ့သူ ဘယ်သူဖြစ်ဖြစ် ထန်မိသားစုကနေ နှင်ထုတ်ပစ်မယ်။”
ထန်ယွင်ဖန်း သတိမေ့မျောနေသည်ကို လူအနည်းစုသာသိထားသောကြောင့် သတင်းဖြန့်သူကို ရှာဖို့ရန်မခက်ခဲပေ။
“ကောင်းပါပြီ၊ သခင်ကြီး။” ချွမ်မင်ခိုင် ပြန်ဖြေလိုက်သည်။
“ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကိုတော့ ငါကိုယ်တိုင် စကားသွားပြောမယ်။” ထန်ဟိုင်ဖုန်း ပြောရင်းဆိုရင်းနှင့်ပင် မတ်တပ်ထရပ်လိုက်သည်။
ထန်ဟိုင်ဖုန်းသည် အသက်၇၀ကျော်ပြီဖြစ်သော်လည်း ကုနင်း၏ဆေးလုံးများ အကူအညီကြောင့် အသက်၅၀အရွယ်လူတစ်ယောက်ကဲ့သို့သာ ထင်ရလေသည်။ ဤရက်များအတွင်း ထန်ယွင်ဖန်း၏အခြေအနေကြောင့် သူကောင်းကောင်းမအိပ်ရပေမည့် ဤသို့ကသောင်းကနင်းအခြေအနေကိုတော့ ထိန်းချုပ်နိုင်စွမ်းရှိသေးလေသည်။
ထန်မိသားစုဝင်အားလုံးလဲ ထန်ဟိုင်ဖုန်း၏ကျန်းမာရေးထိခိုက်သွားမည်ကို စိုးရိမ်ကြပေမည့် ယခုပြဿနာကို သူတစ်ယောက်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်တို့သည်လဲ ထန်ဟွမ်လုပ်ငန်းစုမှ ရှယ်ယာဝင်များဖြစ်သောကြောင့် ထန်ဟိုင်ဖုန်းနှင့်အတူ ကုမ္ပဏီသို့လိုက်သွားခဲ့သည်။
***
အခန်း ၅၃၂
ဥက္ကဌအသစ်ရွေးချယ်တင်မြှောက်မယ်?
သူတို့အားလုံးသည် ရှယ်ယာရှင်များသာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းမှလူများမဟုတ်ပေမည့် ပြောရေးဆိုခွင့်ကတော့ ရှိနေစဲပင်။
နေရာတိုင်းတွင် သိုးမည်းကတော့ ရှိနေမည်ဖြစ်ပြီး ထန်ဟွမ်လုပ်ငန်းစုလဲ ချွင်းချက်မဟုတ်ပေ။
ထန်ယွင်ဖန်း၏အုပ်ချုပ်မှုအောက်တွင် ထန်ဟွမ်လုပ်ငန်းစုသည် ကောင်းစွာတိုးတက်ဖွံ့ဖြိုးလာခဲ့ပေမည့် ကုမ္ပဏီ၏တောက်ပသည့်အနာဂါတ်ကတော့ ကုမ္ပဏီအတွင်း ငြိမ်းချမ်းမှုရှိခြင်းအပေါ်လဲ မူတည်လေသည်။ သို့ပေမည့် ရည်ရွယ်ချက်ကြီးတဲ့လူတွေကတော့ ဤသို့သောအခြေအနေမျိုးတွင် ငြိမ်နေကြမည်မဟုတ်ပေ။
ထို့ကြောင့် ထန်ယွင်ဖန်း သတိမေ့မျောနေသည့်သတင်းကို ကြားသည်နှင့် ထန်ယွင်ဖန်းနေရာကို အစားထိုးဖို့ရန် အစကတည်းက ရည်ရွယ်နေကြသည့် ထိုအကြံသမားဒါရိုက်တာများသည် ချက်ချင်းဆိုသလိုကို သရုပ်မှန်ဖော်ကြတော့သည်။ ထန်ဟိုင်ဖုန်းကလဲ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို အုပ်ချုပ်ဖို့ရန်အတွက် အလွန်အသက်ကြီးနေပြီဟု သူတို့ထင်ကြသလို ထန်မိသားစုထဲတွင် ထန်ယွင်ဖန်းကလွဲ၍လဲ စီးပွားရေးလုပ်ငန်းကိုဆက်ခံနိုင်သူမရှိသောကြောင့် သူတို့သဘောဖြင့်သူတို့ ဥက္ကဌအသစ်ရွေးချယ်ရန် ကြံစည်ကြတော့သည်။
သို့ပေမည့် ထန်ဟိုင်ဖုန်းရောက်ရှိလာခြင်းကြောင့် သူတို့အလွန်ထိတ်လန့်သွားကြတော့သည်။ ပို၍ထိတ်လန့်စရာကောင်းသည်က ထန်ဟိုင်ဖုန်းသည် အခုချိန်ထိကို ကျန်းမာသန်စွမ်းနေခြင်းကြောင့်ပင်။ ထန်ဟိုင်ဖုန်း အသက်ကြီးနေပြီ၊ ဘာမှဝင်မစွက်ဖက်နိုင်တော့ဘူးစု သူတို့တွေးခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ထန်ဟိုင်ဖုန်းတွင် နှလုံးရောဂါရှိသည်ဟုလဲ ကြားထားတာကြောင့် ထန်ယွင်ဖန်း၏ အခြေအနေကိုကြားသည်နှင့် အိပ်ရာထဲလဲသွားလောက်ပြီဟုလဲ တွေးထားသောကြောင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များဤသို့ ကြံစည်ရဲကြခြင်းဖြစ်သည်။
ထန်ဟိုင်ဖုန်း အနားယူသွားသည်မှာ နှစ်များစွာကြာပြီဖြစ်သော်လည်း လုပ်ငန်းစုများတွင် သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းကတော့ ကြီးမားနေစဲဖြစ်ကာ လူတိုင်းလဲ သူ့ကိုလေးစားကြသည်။
ထန်ဟိုင်ဖုန်းရောက်လာသည်နှင့် အကြံသမားဒါရိုက်တာများ ငြိမ်သက်ကုန်ကြသည်။ သို့ပေမည့် ငြိမ်ရုံသာငြိမ်နေခြင်းဖြစ်ပြီး သူတို့၏အကြံစည်ကို လက်လွှတ်လိုက်ခြင်းမျိုးမဟုတ်ပေ။
ဘုတ်အဖွဲ့အစည်းဝေးခန်းတွင်တော့၊ ထန်ဟိုင်ဖုန်းသည် ဥက္ကဌနေရာတွင်ထိုင်ကာ တည်ငြိမ်သည့်အကြည့်များဖြင့် အခန်းထဲမှ ဒါရိုက်တာတိုင်းကို လှည့်လည်ကြည့်ရှုပ်နေသောကြောင့် အခန်းတွင်း၌ မမြင်နိုင်သည့်ဖိအားထုကြီး သက်ရောက်လို့နေသည်။
“သခင်ကြီးထန်၊ တိုင်းပြည်တစ်ခုမှာ ဘုရင်မရှိလိုမဖြစ်သလိုဘဲ လုပ်ငန်းစုတစ်ခုအတွက်လဲ ဥက္ကဌမရှိလို့မဖြစ်ပါဘူး။ ဥက္ကဌထန် သတိမေ့မျောနေတာ ရက်များစွာကြာနေပြီဆိုတော့ ကျွန်တာ်တို့ ကုမ္ပဏီအကျိုးအတွက် ဥက္ကဌအသစ် ရွေးချယ်တင်မြှောက်ဖို့ အချိန်ကျပြီလို့ ထင်ပါတယ်။” ဟု ထန်မိသားစုအခွဲမှ ထန်ဟွမ်လုပ်ငန်းစု၏လေးယောက်မြောက်ရှယ်ရာရှင်တစ်ဦးဖြစ်သည့် ထန်သဲ့မင်က ပြောလိုက်လေသည်။
ထန်မိသားစုလုပ်ငန်းသည့် မိသားစုပိုင်လုပ်ငန်းဖြစ်သောကြောင့် ရှယ်ယာရှင်များထဲတွင် မိသားစုအခွဲမှလူအချို့ပါဝင်လေသည်။
ထန်ဟိုင်ဖုန်းက အနားယူသွားပြီဖြစ်သောကြောင့် ဒါရိုက်တာများက သူ့ကို သခင်ကြီးထန်ဟုသာ ခေါ်ဆိုကြခြင်းဖြစ်သည်။
“ဟုတ်တာပေါ့၊ မင်းပြောတာကို ငါလဲသဘောတူပါတယ်။ ငါတို့မှာဥက္ကဌမရှိဘူးဆိုတဲ့သတင်းသာ ပြိုင်ဘက်ကုမ္ပဏီကသိသွားရင် သေချာပေါက် အခွင့်ရေးယူပြီး ငါတို့ကို တိုက်ခိုက်ကြလိမ့်မယ်။” ၇ယောက်မြောက် ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်သည့် ဖူခိုင်းယွီကလဲ ထောက်ခံလိုက်သည်။
“ငါတို့မှာ ဥက္ကဌမရှိဘူးလို့ မင်းတို့ကိုဘယ်သူပြောလဲ? သခင်ကြီးထန်က အခုထိ ကျန်းမာသန်စွမ်းနေတာပဲ၊ ငါ့အထင်တော့ ဥက္ကဌထန်ပြန်မနိုးခင်အထိ သခင်ကြီးထန်ကပဲ ဥက္ကဌတာဝန်ယူနိုင်လိမ့်မယ်။” ၅ယောက်မြောက် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ထန်ကျီလင်းက ငြင်းဆိုလိုက်သည်။
ထန်ကျီလင်းသည်လဲ ထန်မိသားစုခွဲမှပဲဖြစ်ပေမည့် သူသည်တော့ ထန်မိသားစုအပေါ် သစ္စာရှိသူဖြစ်သောကြောင့် ဥက္ကဌအသစ်ရွေးချယ်သည့်အပေါ် ပထမဆုံး ငြင်းပယ်သူဖြစ်နေခြင်းပင်။
“ငါလဲ ကျီလင်းပြောတာကို သဘောတူတယ်။” ၈ယောက်မြောက် ဒါရိုက်တာကလဲ ထောက်ခံလိုက်သည်။
ဘုတ်အဖွဲ့မှ ၂ယောက်မြောက်နှင့် ၃ယောက်မြောက် ဒါရိုက်တာများဖြစ်သည့် ထန်ယွင်ဟန်နှင့် ထန်ယွင်ရုန်သည်တော့ သေချာပေါက်ကို ထန်ဟိုင်ဖုန်းဘက်မှ ရပ်တည်ကြသည်။
အဆုံးတွင်တော့ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ၉ယောက်ရှိသည့်အနက် ၅ဦးက ဥက္ကဌသစ်ရွေးချယ်ခြင်းကို သဘောမတူဘဲ ၂ယောက်သည်တော့ ကြားနေကာ ကျန်၂ယောက်သည်တော့ သဘောတူခဲ့ကြသည်။ အများစုက သဘောမတူကြတာကြောင့် အဆိုပြုချက်ကို ပယ်ဖျက်လိုက်ကြတော့သည်။
ဥက္ကဌနေရာရလိုသည့် ထန်သဲ့မင်နှင့် ဖူခိုင်းယွီတို့သည်တော့ သူတို့အကြံအစည် ပျက်ပြယ်သွားရတာကြောင့် အလွန်စိတ်ညစ်သွားတော့သည်။ အခုတော့ သူတို့ဘာမှမလုပ်နိုင်တော့ပေ။ ထန်ဟိုင်ဖုန်းရှိနေသ၍ သူတို့အနေဖြင့် နောက်ထပ်အခွင့်ကောင်းတစ်ခုရလာရန် စောင့်ဆိုင်းရုံသာ တတ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ်၊ ထန်ဟိုင်ဖုန်းလို လူအိုကြီးတစ်ယောက်ကတော့ ကုမ္ပဏီကို အချိန်အကြာကြီး စီမံကွပ်ကဲနိုင်လိမ့်မည်မဟုတ်ပေ။ ထန်ယွင်ဖန်းသာ တစ်သက်လုံ သတိမရလာတာ ဒါမှမဟုတ် သေဆုံးသွားခဲ့လျှင် သူတို့သေချာပေါက် ဥက္ကဌသစ် ပြန်ရွေးရပေလိမ့်မည်။
ထန်ယွင်ဖန်း ဥက္ကဌဖြစ်နေသည့်အချိန်တွင် သူ့ရဲ့ ကုမ္ပဏီအုပ်ချုပ်သည့် နည်းလမ်းများကို အကြံသမားများကြောက်ရတာကြောင့် ထန်ယွင်ဖန်းကို ဆွဲချဖို့ရန် အခွင့်ရေးလုံးဝမရခဲ့ကြပေ။ လောလောဆယ် ထန်ယွင်ဖန်း မရှိသည့်အချိန်တွင်တော့ သူတို့အကြံအစည်များ ဖြစ်မြောက်အောင်မြင်ရန် ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက် ရနိုင်ပေသည်။
ထို့နောက်တွင်တော့ ထန်ဟိုင်ဖုန်း ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
“မင်းတို့တွေ ယွင်ဖန်းသတိမေ့နေတယ်ဆိုတဲ့ စကားကိုဘယ်လိုကြားလာကြလဲတော့မသိဘူး။ ဒါပေမယ့် နောက်ထပ်ဒီလိုစကားမျိုး ငါထပ်မကြားချင်ဘူး။ ဘယ်သူပဲ သတင်းကိုဖွဖွ အဲ့လူအလုပ်ဖြုတ်ခံရမယ်မှတ်ပါ။”
“ကောင်းပါပြီ၊ သခင်ကြီးထန်။” အားလုံးတညီတညွတ်ပြန်ဖြေလိုက်ကြသည်။
ထန်ဟွမ်လုပ်ငန်းစုကို သစ္စာရှိထားသူများကတော့ သတင်းလွှင့်ကြမည်မဟုတ်သလို အကြံရှိသည့် ဒါရိုက်တာများကလဲ သူတို့၏စီးပွားရေးပြိုင်ဘက်ကုမ္ပဏီများက ထန်ဟွမ်လုပ်ငန်းစုကို အခွင့်ကောင်းယူကာ တိုက်ခိုက်ကြပြီး သူတို့အကြံအစည်ပါ ပျက်သွားမည်စိုးသောကြောင့် လျှို့ဝှက်ထားကြလိမ့်မည်ဖြစ်သည်။ သို့ပေမည့် အချို့လူများကတော့ တစ်မျိုးကြံကြလေသည်။ အစည်းအဝေးပြီးသွားသည်နှင့် ထန်သဲ့မင် သူ့ရုံးခန်းသို့ပြန်သွားကာ ဖုန်းတစ်ချက်ဆက်လိုက်သည်။
“ငါတို့အစီအစဉ်ကို နောက်ဆုတ်ထားရဦးမယ်။ အခု ထန်ဟိုင်ဖုန်းက ဥက္ကဌဖြစ်သွားပြီ။” ထန်သဲ့မင် စပြောလိုက်သည်။
“ဘာပြောတယ်? ထန်ဟိုင်ဖုန်းက ဥက္ကဌဖြစ်သွားတယ်ဟုတ်လား?” ဖုန်းတစ်ဖက်မှလူမှာ အလွန်အံ့ဩသွားခဲ့ပေမည့် တစ်ဖန် ပြန်တည်ငြိမ်သွားကာ၊
“သူက ဒီလိုစီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ဖို့ အရမ်းအသက်ကြီးနေပါပြီ။”
“မကြီးဘူး။ သူ့ပုံစံက အရမ်းကိုကျန်းမာနေတာပဲ။”
“ထားလိုက်ပါ၊ ထန်ယွင်ဖန်း သတိပြန်မရသေးသ၍ ကုမ္ပဏီကို ဆက်ခံနိုင်မယ့်လူ ထန်မိသားစုထဲမှာ တစ်ယောက်မှမရှိဘူး။ အခုခင်ဗျားအဓိကလုပ်ရမှာက ကြားနေဒါရိုက်တာနှစ်ယောက်ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ပဲ၊ ဒီလိုဆို ငါတို့နိုင်ဖို့ အခွင့်ရေးပိုရသွားပြီ။”
“ဟုတ်ပြီ၊ ငါနားလည်ပြီ။” ထန်သဲ့မင်ပြန်ဖြေကာ ဖုန်းချလိုက်တော့သည်။
……
Bမြို့အနီးရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ သုံးထပ်တိုက်ဗီလာ၏ ဒုတိယထပ်မှ စာကြည့်ခန်းတစ်ခန်းတွင်တော့ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် သူ၏စာကြည့်စားပွဲရှေ့တွင် ထိုင်ကာ လက်ထဲမှဖုန်းကိုကြည့်ရင်း ပြုံးလို့နေသည်။
ထန်ယွင်းဖန်း ကောင်းလှချည်လား၊ မင်းက ကျည်ဆံတွေကို ထပ်ခါထပ်ခါရှောင်နိုင်နေတယ်။ ဒါပေမယ့် နောက်တစ်ကြိမ်တော့ ငါကအလွတ်ပေးတော့မှာမဟုတ်ဘူး။
ထိုအချိန်တွင်ပဲ စာကြည့်ခန်းအခန်းတံခါးကို တစ်စုံတစ်ယောက်တံခါးခေါက်လာကာ ထိုလူကတော့ ဝမ်းသာအားရဖြင့် ချက်ချင်းဝင်ခိုင်းလိုက်သည်။
“ဝင်လာခဲ့။”
တံခါးဖွင့်လာသည့်အချိန်တွင်တော့ အရပ်ရှည်ရှည်နှင့်လှပသွယ်လျသည့် အသက်၂၀ကျော် မိန်းကလေးတစ်ဦး ဝင်လာကာ၊
“အဖေ။” ဟု ခေါ်လိုက်သည်။
“ရှင်းယွဲ့ပြန်ရောက်ပြီပေါ့။ သမီးထန်ဟွမ်လုပ်ငန်းစုမှာ အင်တာဗျူးဖြေခဲ့တာ အခြေအနေဘယ်လိုလဲ?”
ထန်ရှင်းယွဲ့ကတော့ ယုံကြည်ချက်ရှိရှိပြုံးလိုက်ကာ၊
“အဖေကလဲ သမီးက Mနိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်ကနေ စီးပွားရေးအထူးပြုနဲ့ အောင်မြင်ခဲ့တဲ့ အတော်ဆုံးလူဆိုတာ သိရဲ့သားနဲ့! သေချာပေါက်ကို ငွေစာရင်းဌာနမှာ အလုပ်ရတာပေါ့။”
“ဟ-ဟ၊ အရမ်းကိုကောင်းတယ်။” ထိုလူအလွန်ကျေနပ်သွားသည်။
“သမီးအစ်ကိုက အသုံးမကျဘူးဆိုတော့ သမီးကပဲ ကြိုးစားရတော့မှာ။ အဖေသာ ထန်ဟွမ်လုပ်ငန်းစုတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဆိုရင် သေချာပေါက် သမီးကပဲ အမွေဆက်ခံသူဖြစ်ဖို့ ကတိပေးတယ်။”
ထိုစကားကြောင့် ထန်ရှင်းယွဲ့ အလွန်စိတ်လှုပ်ရှားသွားကာ၊
“အဖေ၊ မစိုးရိမ်ပါနဲ့။ အဖေ့ကို စိတ်မပျက်စေရဘူး။”
“ဒါနဲ့၊ အဖေ၊ သမီး ဒီနေ့ ထန်ဟွမ်လုပ်ငန်းစုမှာ အင်တာဗျူးသွားဖြေတော့ သခင်ကြီးထန်ကို တွေ့ခဲ့သေးတယ်။” ထန်ရှင်းယွဲ့အနည်းငယ်စိုးရိမ်နေမိကာ၊
“သူ့ကြည့်ရတာ အရမ်းကို ကျန်းမာနေပုံပဲ။ ထန်ဟွမ်လုပ်ငန်းစု အချိန်ကြာကြာ ကျပ်တည်းတဲ့အခြေအနေထဲမရောက်နေမှာ သမီးစိုးရိမ်တယ်။”
“အဖေသိပါတယ်၊ ဒါပေမယ့် စိတ်ပူစရာမလိုဘူး။ သူ့ကို ရက်ပိုင်းလောက် ဥက္ကဌနေရာနေခိုင်းလိုက်ပါ။” ထန်ဟိုင်ဖုန်း အချိန်ကြာကြာ ကုမ္ပဏီကို အုပ်ချုပ်နိုင်စွမ်းရှိလိမ့်မည်ဟု ထိုလူမထင်မိပေ။
“ကောင်းပါပြီ၊ အဖေ့ကိုပဲ ယုံလိုက်ပြီ။ သမီးသွားလို့ရပြီလား?” ထန်ရှင်းယွဲ့ ခွင့်တောင်းလိုက်သည်။
“သွား၊ သွား။” ထိုလူခွင့်ပြုလိုက်သည်နှင့် ထန်ရှင်းယွဲ့ထွက်သွားတော့သည်။
***
အခန်း ၅၃၃
ကုချင်းယန် ဒုက္ခတွေ့ခြင်း
ထန်ယွင်ဖန်း တစ်ယောက်တည်းနှင့်လဲ ထန်ဟွမ်လုပ်ငန်းစုကြီးတစ်ခုလုံးကို စီမံခန့်ခွဲဖို့ရန် မဖြစ်နိုင်ဘဲ သူ့ကိုကူညီပေးမည့် ယုံကြည်ရသည့်လက်ထောက်များနှင့် စီးပွားရေးပါတနာများစွာရှိလေသည်။
ထန်ယွင်ဖန်း၏ အတွင်းရေးမှူးနှစ်ယောက်ဖြစ်သည့် ချွမ်မင်ခိုင်နှင့် ယန်ဝေ့လွင်တို့သည် စီးပွားရေးစီမံမှုတွင် တော်ကြကာ ထန်ယွင်ဖန်းကို ပြဿနာများစွာ ကူညီဖြေးရှင်းပေးလေ့ရှိတာကြောင့် နှစ်ယောက်လုံး အတွေ့အကြုံများစွာရှိထားလေသည်။
ထို့ကြောင့် ထန်ယွင်ဖန်း ခနတဖြုတ်မရှိနေလျှင်ပင် ချွမ်မင်ခိုင်နှင့် ယန်ဝေ့လွင်တို့က ထန်ဟွမ်လုပ်ငန်းစုကို ကောင်းကောင်းစီမံထားနိုင်သည်။
ထန်ယွင်ဖန်း မကြာခင်ပြန်သတိရလာလျှင်တော့ ကုမ္ပဏီသည် ပုံမှန်အတိုင်း အထိအခိုက်မရှိ အဆင်ပြေသွားမည်ဖြစ်သည်။
ထန်ဟိုင်ဖုန်း အစည်းအဝေးပြီးသည်နှင့် ချက်ချင်းမပြန်သေးဘဲ ဥက္ကဌရုံးခန်းသို့ သွားခဲ့သည်။
“ထန်သဲ့မင်နဲ့ ဖူခိုင်းယွီတို့ကို ပိုပြီးစောင့်ကြည့်ထားကြ။” ထန်ဟိုင်ဖုန်း ချွမ်မင်ခိုင်နှင့် ယန်ဝေ့လွင်တို့ကို ပြောလိုက်ခြင်းဖြစ်သည်။
“ဟုတ်ကဲ့ပါ။” ချွမ်မင်ခိုင်နှင့် ယန်ဝေ့လွင်တို့လဲ ထန်သဲ့မင်နှင့် ဖူမင်ခိုင်တို့တွင် အကြံအစည်များရှိနေကြောင်း သိပေမည့် သူတို့နှစ်ယောက် တကယ်ပဲ အခြားလူတစ်ယောက်နှင့်ပေါင်းကာ ထန်ယွင်ဖန်းကို ဆန့်ကျင်ဖို့ ကြံစည်နေတာလားဆိုသည်ကိုတော့ အတိအကျမသိပေ။
ထန်ယွင်ဖန်း ကုမ္ပဏီတွင် ရှိနေစဉ်တုန်းကတော့ ထန်သဲ့မင်နှင့် ဖူခိုင်းယွီတို့နှစ်ယောက်လုံး သူတို့အကြံကို အကောင်အထည်ဖော်ရဲကြပေ။ တကယ်တော့ ဘုတ်အဖွဲ့တွင် ဒါရိုက်တာ၁၀ယောက်ရှိပေမည့် ထန်ယွင်ဖန်းက သစ္စာဖောက်သည့် ဒါရိုက်တာနှစ်ဦးကို အရင်တုန်းက ထုတ်ခဲ့ဖူးလေသည်။
ထိုနှစ်ယောက်သည်လဲ ထန်ဟွမ်လုပ်ငန်းစုတည်ထောင်သူများဖြစ်ကြသည်ဆိုလျှင်တောင် ကုမ္ပဏီကနေလဲ အကျိုးအမြတ်မြောက်များစွာ ရရှိထားကြပြီးဖြစ်သည်။ ထန်ဟွမ်လုပ်ငန်းစုသည် ဝန်ထမ်းများကိုရော ရှယ်ယာရှင်များကိုပါ ကောင်းကောင်းမွန်မွန်သာဆက်ဆံခဲ့သည်။ ထို့ကြောင့်လဲ ထန်ဟွမ်လုပ်ငန်းစုကို ထိခိုက်အောင် လုပ်သည့်မည်သူ့ကိုမဆို တန်းပြီး အလုပ်ဖြုတ်မည်ဖြစ်သည်။
………
Gမြို့တွင်တော့ ကုမန့်တို့အားလုံး ဈေးဝယ်စင်တာတွင် နှစ်နာရီကြာအောင် လည်ပတ်ခဲ့ကြပေမည့် ဘာမှကိုတော့ မဝယ်ခဲ့ပေ။
ကုမန့် နည်းနည်းပင်ပန်းလာတာကြောင့် အားလုံး ကော်ဖီဆိုင်တစ်ဆိုင်တွင် ဝင်နားကြရန် ဆုံးဖြတ်လိုက်သည်။
ကုနင်းလဲ ရုတ်တရက်ဆိုသလို သူမနှင့် ပိုင်ရွှယ်ယန်တို့ အရင်တစ်ခေါက်တုန်းကသွားခဲ့ဖူးသည့် ကော်ဖီဆိုင်ကို သတိရသွားကာ ထိုဆိုင်သို့သာသွားလိုက်သည်။ အယ်လန်လဲ ထိုအချိန်တွင် ကော်ဖီဆိုင်တွင်ရှိနေသောကြောင့် ကုနင်းကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုလေသည်။
“ဟိုင်း၊ ကုနင်း၊ မင်းလာတယ်ပေါ့။ မတွေ့ရတာတောင်ကြာပြီ။”
အခြားယောက်ျားတစ်ဦးက ကုနင်းကို လှိုက်လှိုက်လဲလဲကြိုဆိုနေသည်ကို မြင်ရသောကြောင့် သူတို့ချင်းသူငယ်ချင်းအဆင့်ဆိုသည်ကိုတော့ လင်ရှောင်းထင်သိသော်လည်း အနည်းငယ်မကျေမနပ်ဖြစ်မိစဲပင်။ သို့ပေမည့် လင်ရှောင်းထင် သူမကျေနပ်ကြောင်းကိုတော့ ထုတ်ဖော်မပြသပေ။
“ဟိုင်း၊ အယ်လန်။” ကုနင်းပြန်နှုတ်ဆက်လိုက်သည်။
အယ်လန်က ကုမန့်နှင့်အခြားလူများဘက်ကို ကြည့်လိုက်ကာ ယဉ်ကျေးပျူငှာစွာဖြင့် အမေးစကားဆိုလိုက်သည်။
“ဒီဘက်က လှပတဲ့အမျိုးသမီးတွေက မင်းရဲ့ဆွေမျိုးတွေလား?”
အယ်လန်၏ပြောပုံဆိုပုံကြောင့် ကုမန့်တို့အားလုံး ပျော်ရွှင်သွားကြသည်။ သူတို့အားလုံး ငယ်ငယ်ရွယ်ရွယ်မဟုတ်တော့သော်လည်း လှပနေကြစဲပင်။
“ဟုတ်တယ်။”
“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က အယ်လန်ပါ။”
“အယ်လန်၊ မင်္ဂလာပါ။”
“ဒီဘက်က ကိုလူချောကရော မင်းရဲ့အစ်ကိုလား၊ သူငယ်ချင်းလား?” အယ်လန် တစ်ဖက်က လင်ရှောင်းထင်ကိုလဲ လျစ်လျူမရှုပေ။ လင်ရှောင်းထင်၏ ရုပ်ရည်ရူပကာမှာလဲ လျစ်လျူရှုထား၍ ရနိုင်သည့် အနေအထားမဟုတ်သလို သူ့ကို သဘောမကျနေကြောင်းကလဲ ထင်သာမြင်သာရှိလှပေသည်။ အယ်လန်သည် ငတုံးတစ်ယောက်မဟုတ်သောကြောင့် လင်ရှောင်းထင်ဘာကြောင့် သူ့အပေါ် အေးစက်နေကြောင်းကိုလဲ ချက်ချင်းနားလည်လေသည်။
“သူက သူငယ်ချင်းပါ။”
“ကြိုဆိုပါတယ်၊” အယ်လန် လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်သည်။
လင်ရှောင်းထင် အယ်လန်ကို သဘောမတွေ့ပေမည့် ယဉ်ကျေးမှုကတော့ ရှိနေစဲပင်။
“ဟိုင်း။”
လင်ရှောင်းထင်၏ သမာန်ကာလျှံကာ နှုတ်ဆက်မှုကို အယ်လန်စိတ်ထဲမထားပေမည့်
“ဟုတ်ပါပြီ၊ မင်းတို့ကိုမနှောက်ယှက်တော့ဘူး။ လွတ်လွတ်လပ်လပ်နေကြပါ၊ လိုအပ်တာရှိရင်ပြောနော်။”
အယ်လန်ကတော့ သူတို့စားသောက်စားရိတ်ကို ယူဖို့စိတ်ကူးမရှိသော်လည်း လင်ရှောင်းထင်ကတော့ အတင်းပေးနေတာကြောင့် ကုမန့်တို့ ရယ်ကုန်တော့သည်။ ထို့ကြောင့် အယ်လန်က သူတို့ကိုလျှော့ဈေးပေးလိုပေမည့် လင်ရှောင်းထင်ကတော့ ငြင်းပယ်စဲပင်။
သူတို့ကော်ဖီဆိုင်မှထွက်လာချိန်တွင်တော့ ညနေ၄နာရီသာရှိသေးတာကြောင့် ဝမ်ယွီလန်၏အိမ်တွင် ညစာစားဖို့သွားကြသည်။
ကုချင်းယန်ကတော့ သူ့သူငယ်ချင်းများနှင့် အပြင်ထွက်သွားတာကြောင့် ဝမ်ယွီလန် ပြန်ရောက်ချိန်တွင် အိမ်၌ ကုချင်းရှီနှင့် ကုယင်ယင်သာ ရှိလေသည်။
သို့ပေမည့် ဝမ်ယွီလန်၊ ကုမန့်နှင့် ကုချင်တို့ ညစာချက်နေချိန်တွင်တော့ ဝမ်ယွီလန်၏ဖုန်းမြည်လာကာ ခေါ်ဆိုသူက ကုချင်းယန်ဖြစ်ပေမည့် တစ်ဖက်မှစကားပြောသူကတော့ သူစိမ်းတစ်ယောက်ဖြစ်လေသည်။
“ကုချင်းယန်ရဲ့ ဇနီးလား?”
ထိုအမေးကြောင့် ဝမ်ယွီလန်တစ်ယောက် ကုချင်းယန်တစ်ခုခုဖြစ်နေတာလားဟု မကောင်းသည့်ခံစားချက်များရသွားသည်။
“ဟုတ်ကဲ့၊ ကျွန်မပါ။ ရှင်ကဘယ်သူလဲ၊ ကျွန်မယောက်ျားရော ဘယ်မှာလဲ?” ဝမ်ယွီလန် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
ဝမ်ယွီလန်၏ စိုးရိမ်သံကိုကြားတာကြောင့် ကုချင်ရော ကုမန့်ပါ လှည့်ကြည့်လိုက်ကြသည်။
“ငါကချင်ဂိုဏ်းက လုံကော။ မင်းယောက်ကျား ကုချင်းယန်က တိဟောက်အသင်းတိုက်က ယွမ်၂သန်းတန်တဲ့ ရှေးဟောင်းပန်းအိုးကို ခွဲပစ်တယ်။ ယွမ်၂သန်းယူပြီး တိဟောက်အသင်းတိုက်ကို တစ်နာရီအတွင်းလာခဲ့။ မဟုတ်ရင်တော့ ငါတို့အဆိုးမဆိုနဲ့။” ထို့နောက် ဖုန်းချသွားတော့သည်။
“ဘာ?” ဝမ်ယွီလန် အလွန်ထိတ်လန့်သွားကာ လဲကျတော့မတတ်ပင်ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ? ဘာပြောသွားတာလဲ?” ကုချင်ရော ကုမန့်ပါ စိုးရိမ်ပူပန်စွာမေးလိုက်သည်။
“ချင်းယန်-ချင်းယန် ဒုက္ခရောက်နေပြီ!” ဝမ်ယွီလန်၏မျက်နှာ ဖြူဖျော့သွားကာ အသံမှာလဲ တုန်ရီလို့နေသည်။
“ဘာလို့လဲ? ချင်းယန်ဘာဖြစ်တာလဲ?”
ဝမ်ယွီလန်၏အမူအရာကြောင့် သေချာပေါက် ပြဿနာအကြီးကြီးတက်မည်မှန်း သိလိုက်တာကြောင့် ကုချင်ရော ကုမန့်ပါ အလွန်ထိတ်လန့်နေကြသည်။
ကုနင်းလဲ သူတို့စကားပြောနေသံကိုကြားသည်နှင့် ချက်ချင်းပင် မီးဖိုခန်းထဲသို့ လာခဲ့သည်။
ဝမ်ယွီလန်လဲ တုန်တုန်ရီရီဖြင့်၊
“အဲ့လူပြောတာတော့ ချင်ဂိုဏ်းက လုံကောတဲ့။ ချင်းယန်က တိဟောက်အသင်းတိုက်က ယွမ်၂သန်းတောင်တန်တဲ့ ရှေးဟောင်းပန်းအိုးတစ်လုံးကို ခွဲလိုက်တယ်တဲ့။ ဒါကြောင့် ငါ့ကို တစ်နာရီအတွင်း ယွမ်၂သန်းသာယူမလာဘူးဆိုရင် သူတို့က-သူတို့က…..”
ကုချင်းယန်ကို သူတို့ဘာလုပ်မလဲဆိုသည်ကို ဝမ်ယွီလန်မသိသော်လည်း ချင်ဂိုဏ်းမှ အဖွဲ့ဝင်ဆိုမှတော့ ကောင်းတာတော့လုပ်မည်မဟုတ်ပေ။
ဝမ်ယွီလန် ငိုတော့မတတ်ပင်။
“ဘာ?”
ထိုစကားကြောင့် ကုချင်ရော ကုမန့်ပါ ကြောက်ရွံ့သွားကြသည်။ ချင်ဂိုဏ်းဆိုသည်မှာ ငွေအတွက်ဆိုလျှင် ဘာဖြစ်ဖြစ် လုပ်သည့်လူများဖြစ်တာကြောင့် သာမာန်လူတွေမဆိုထားနှင့် ချမ်းသာကာ အာဏာရှိသည့် လူများပင်လျှင် ချင်ဂိုဏ်းကို အပြစ်ပြုမိမည်အား ကြောက်ရွံ့ကြလေသည်။
***
အခန်း ၅၃၄
ကျန်းရွှမ်းလင် လက်တုံ့ပြန်ခြင်း
ကုနင်းကတော့ ထိုကိစ္စသိပ်မရိုးရှင်းလှဟု ထင်မိပေမည့် သေချာမသိရသေးတာကြောင့် ကြိုပြီး မဆုံးဖြတ်လိုက်ပေ။ ကုချင်းယန် ဒုက္ခတွေ့နေသည်ဆိုမှတော့ သူမဘက်က ကူညီပေးရမှာပေါ့။
“စိတ်မပူပါနဲ့၊ ရှောင်းထင်နှင့် သမီး ဦးလေးချင်းယန်ကို ပြန်ခေါ်လာခဲ့ပါ့မယ်။” ကုနင်း ဝမ်ယွီလန်တို့ကို နှစ်သိမ့်စကားဆိုလိုက်သည်။
“ဒါပေမယ့်…”ကုမန့်ကတော့ ကုနင်းအန္တရာယ်ဖြစ်မည်ကို စိုးရိမ်မိလေသည်။
“စိုးရိမ်စရာမလိုပါဘူး။ သမီးချင်ဂိုဏ်းက ရာထူးကြီးလူတွေအများကြီးနဲ့သိတယ်။ သမီးမျက်နှာကိုထောက်ပြီး ဦးလေးချင်းယန်ကို သူတို့ထိခိုက်အောင်လုပ်ကြမှာမဟုတ်ပါဘူး။”
ကုနင်း၏ပြောစကားကြောင့် အရင်တုန်းက JadeBeautyလက်ဝတ်ရတနာလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ချင်ဂိုဏ်းမှ လူများစွာတက်ရောက်ခဲ့ပြီး ယွမ်၁၀သန်းမကတန်ဖိုးရှိသည့် လက်ဆောင်တစ်ခုကိုလဲ ကုနင်းကို ပေးခဲ့သည့်အကြောင်း ကုမန့်သတိပြန်ရသွားတာကြောင့် ကုနင်းကို ယုံကာစောင့်နေဖို့ရန်သာ ဆုံးဖြတ်လိုက်ကြသည်။
တစ်ချိန်တည်းတွင်ပဲ ချင်ဂိုဏ်းက ငွေအတွက်ကြောင့်နှင့် ကုနင်းကို ထိခိုက်စေမည်ကိုတော့ စိုးရိမ်နေမိစဲပင်။ ချင်ဂိုဏ်းလိုနေရာမျိုးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိနေခြင်းက မဆိုးလှသော်လည်း အန္တရာယ်ကလဲဖြစ်စေနိုင်သေးသည်။
သို့ပေမည့် အခုချိန်တွင် ကုနင်းကသာ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တာကြောင့် ကုနင်းအဆင်ပြေပြေပြန်လာနိုင်ဖို့ရန်သာ ဆုတောင်းဖို့ရှိတော့သည်။
ကုနင်းက ချင်ဂိုဏ်းမှာရာထူးကြီးသူအချို့နှင့်သိတယ်ဆိုသည့် စကားပြောလိုက်သည်ကို လင်ရှောင်းထင်ကြားလိုက်ချိန်တွင်တော့ သူ့ချစ်သူကို သဝန်တိုသွားရတော့သည်။ စစ်ထူယဲ့နှင့်ပတ်သတ်သည့်ကိစ္စမှန်သမျှ သူဘယ်လိုမှမကျေနပ်ပေမည့် မျက်နှာအမူအရာကိုတော့ ထိန်းထားလေသည်။
“ရှောင်းထင်၊ နင်းနင်းကို စောင့်ရှောက်ပေးပါဦးနော်။” ကုမန့်တို့ မီးဖိုခန်းထဲမှထွက်လာကာ လင်ရှောင်းထင်ကို ပြောလိုက်သည်။
လင်ရှောင်းထင်က စစ်အရာရှိတစ်ဦးဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်ကို ကာကွယ်ဖို့လောက်တော့ သန်မာလိမ့်မည်ဟု ကုမန့်တွေးမိလိုက်ခြင်းဖြစ်သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော်သေချာစောင့်ရှောက်လိုက်ပါ့မယ်။” လင်ရှောင်းထင်ကလဲ ကတိတစ်ခုပေးသလိုမျိုး လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည်။
တကယ်လဲ လင်ရှောင်းထင် ကတိပေးခြင်းဖြစ်သည်။ ကုနင်းအနားတွင် သူရှိနေသ၍ သူမကို ဘယ်သူကမှ ထိခိုက်အောင်လုပ်ခွင့်ပြုမည်ဟုတ်ပေ။
ထို့နောက် လင်ရှောင်းထင်နှင့် ကုနင်းတို့ တိဟောက်အသင်းတိုက်သို့ထွက်လာခဲ့ကြသည်။
တိဟောက်အသင်းတိုက်သည် ၂၄နာရီဖွင့်သည့် ကလပ်ဖြစ်ပြီး နှစ်သစ်ကူးအကြိုညတစ်ရက်သာပိတ်လေသည်။
သူတို့နှစ်ဦး တိဟောက်အသင်းတိုက်ထဲသို့ဝင်သွားပြီးသည်နှင့် ကုနင်းက ဧည့်ကြိုစားပွဲသို့သွားလိုက်ကာ၊
“ကျွန်မ လုံကောကိုလာရှာတာပါ။ သူ့ကို ကုချင်းယန်ရဲ့မိသားစုရောက်နေတယ်လို့ ပြောပေးပါဦး။”
ဧည့်ကြိုလေးကလဲ ချက်ချင်းပင် လုံကောကိုဖုန်းဆက်လိုက်ပြီး လုံကော၏အမိန့်အတိုင်း ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ၆လွှာက သီးသန့်ခန်းနံပါတ်၇သို့သွားခိုင်းလိုက်သည်။
နံပါတ်၇သီးသန့်ခန်းတွင်တော့ ကုချင်းယန်တစ်ယောက် ရိုက်နှက်ထားခြင်းမခံရသလို ကြိုးတုပ်ခြင်းလဲမခံထားရပါဘဲနှင့် ခုံပေါ်တွင် တိတ်တိတ်လေးထိုင်လို့နေသည်။
ကုချင်းယန်နှင့်မျက်နှာချင်းဆိုင်မှာ ဆိုဖာထက်တွင်တော့ အသက်၃၀ကျော်ယောက်ျားတစ်ယောက်သည် ခြေထောက်ကိုချိတ်ထိုင်ရင်း ဆေးလိပ်သောက်လို့နေသည်။
ထိုလူကတော့ တိဟောက်အသင်းတိုက်၏ အလတ်တန်းမန်နေဂျာ လုံကောပင်ဖြစ်သည်။
လုံကော၏နောက်တွင်တော့ လုံကောလက်အောက်မှ သန်မာထွားကျိုင်းသည့်လူလေးဦး ရပ်နေကာ ကုချင်းယန်ကတော့ ထိုလူများကို ကြောက်ရွံ့နေပုံပင်။
သူကတော့ ယွမ်၂သန်းကို တတ်နိုင်မည်မဟုတ်ဘဲ ကုနင်းကသာ လောလောဆယ် သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ သို့ပေမည့် နောက်တစ်ချိန်မှာတော့ သေချာပေါက် ပြန်ဆပ်ဖို့ရန် စိတ်ကူးရှိပြီးဖြစ်သည်။
လုံကောဖုန်းချက်လိုက်ပြီးနောက် ကုချင်းယန်ကို ကြည့်လိုက်ကာ၊
“မင်းမိသားစုရောက်နေပြီ။ သူတို့ငွေလုံလုံလောက်လောက် ပါလာရင်တော့ မင်းဒီနေ့အဖို့ ကံကောင်းသွားမှာပေါ့။”
သို့ပေမည့် ကုချင်းယန်တို့မိသားစုတွင် ထိုမျှငွေပမာဏကို တတ်နိုင်လိမ့်မည်ဟု လုံကောမထင်ပေ။
မိသားစုလာပြီဆိုတော့မှ ကုချင်းယန် နည်းနည်းစိတ်အေးသွားရသည်။
မကြာခင်တွင်ပဲ သီးသန့်ခန်းတံခါးခေါက်သည့်အသံပေါ်ထွက်လာကာ မိန်းမငယ်လေးတစ်ဦးနှင့် အမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။
လုံကောကတော့ သူကုချင်းယန်၏ ဇနီးကိုဖုန်းဆက်ခေါ်ထားခြင်းဖြစ်တာကြောင့် ဤနှစ်ယောက်ကိုတွေ့ချိန်တွင် အနည်းငယ်စိတ်ရှုပ်သွားရသည်။ သူတို့နှစ်ယောက်က ကုချင်းယန်ရဲ့ သားနဲ့သမီးများလား?
“ကျွန်မတို့က ကုချင်းယန်ရဲ့မိသားစုဝင်တွေပဲ၊ အခု သူ့ကိုအိမ်ပြန်ခေါ်သွားဖို့လာခဲ့တာ။” ကုနင်းစပြောလိုက်သည်။
သူမတို့နောက်မှ တံခါးကလဲပြန်ပိတ်လို့သွားခဲ့သည်။
“နင်းနင်း!” ကုနင်းကို မြင်လိုက်သည်နှင့် ကုချင်းယန် စိတ်လှုပ်ရှားလွန်း၍ ငိုမိတော့မတတ်ပင်။ ကုနင်းရောက်နေပြီဆိုမှတော့ သူလုံခြုံသွားပေပြီ။
ကုနင်း၏မျက်နှာကို လုံကောသေချာတွေ့လိုက်ရချိန်တွင်တော့ ရုတ်တရက်ကြောင်အလို့သွားပြီးမှ ဆိုဖာထက်မှ ထိတ်လန့်စွာခုန်ထလိုက်ကာ၊
“မင်း-မင်းက မိန်းကလေးကုလား?”
လုံကော သူမကို မှတ်မိနေတာကြောင့် ကုနင်းနည်းနည်းအံ့ဩသွားမိပေမည့် စစ်ထူယဲ့က ချင်ဂိုဏ်းမှ ရာထူးကြီးအဖွဲ့ဝင်အချို့ကို သူမကိုမှတ်မိထားပြီး ကာကွယ်ပေးကြရန် ပြောထားခြင်းဖြစ်လောက်မည်ဟု သတိရသွားသည်။
“ဟုတ်ပါတယ်၊ ကျွန်မပါပဲ။”
ကုနင်းအတည်ပြုချက်ကို ကြားသည်နှင့် လုံကော နေရက်ခက်သွားတော့သည်။ ကုချင်းယန်သည် ကုနင်း၏မိသားစုဝင်ဖြစ်သည်ဆိုလျှင် ကုနင်းကို စိတ်အနှောက်အယှက်ပြုမိ၍ သူ့ကို စစ်ထူယဲ့အပြစ်ပေးပေလိမ့်မည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ မိန်းကလေးကု။ ကုချင်းယန်က မင်းရဲ့မိသားစုဝင်မှန်း မသိလိုက်လို့ပါ။ အမ်၊ မင်းရောက်နေပြီဆိုမှတော့ သူ့ကို အခုပဲ အိမ်ပြန်ခေါ်သွားလို့ရပါပြီ။” လုံကောမှာတော့ ကုနင်းသူ့ကို စိတ်တိုနေမည်ကို စိုးတာကြောင့် နည်းနည်းလန့်နေသည်။
လုံကော၏ ကုနင်းအပေါ် ဆက်ဆံပုံကြောင့် ကုချင်းယန် အလွန်အံ့အားသင့်သွားပေမည့် မကြာခင်တွင်ပဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ ချင်ဂိုဏ်းအဖွဲ့ဝင်များ တက်ရောက်သည့် ကိစ္စကို ပြန်အမှတ်ရသွားတော့သည်။ ထိုသို့ဆိုလျှင်ပင် ကုနင်း၏အဆက်အသွယ်များအပေါ် ကုချင်းယန် အံ့ဩနေမိတုန်းပင်။ ကြည့်ရတာ ကုနင်းက တကယ့်ကို ဩဇာလွှမ်းမိုးမှုကြီးရှိနေပုံပင်။
လုံကောဘက်က အလွန်ယဉ်ကျေးနေသော်လည်း ကုနင်းကတော့ သူ့ဘက်ကတောင်းပန်မှုကို လျစ်လျူရှုလိုက်ကာ၊
“ထားပါ၊ ကျွန်မဦးလေးက ယွမ်၂သန်းတန်တဲ့ ရှေးဟောင်းပန်းအိုးတစ်လုံးကို ခွဲလိုက်တယ်လို့ကြားတယ်။ လျော်ကြေးမပေးခင် အရင်ဆုံး ပစ္စည်းကို စစ်ကြည့်ရအောင် ရှေးဟောင်းအဖွဲ့အစည်းကိုသွားကြရင်ရော?”
ကုနင်း၏စကားကြောင့် ကုနင်းကတော့ သေချာပေါက် အမှန်တရားကိုမသိမချင်း အလွယ်တကူထွက်သွားမည်မဟုတ်ကြောင်း လုံကောနားလည်သွားကာ ဖြစ်ပျက်သမျှ အလုံးစုံကို ပြောပြရတော့သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက သူ့ဘော့စ်၏မိတ်ဆွေဖြစ်တာကြောင့် သူ့ဘက်က သူမအလိုမကျဖြစ်အောင် မလုပ်ရဲပေ။
“မိန်းကလေးကု၊ တကယ်တော့ လူကြီးမင်းကုခွဲလိုက်မိတဲ့ ရှေးဟောင်းပန်းအိုးဆိုတာက အတုပါ။” ကုနင်းစိတ်ဆိုးမည်စိုးတာကြောင့် သတိထားကာ လုံကော ဖြေလိုက်သည်။
သို့ပေမည့် ကုနင်းကတော့ အံ့ဩစရာအဖြေမဟုတ်သလိုမျိုး တည်တည်ငြိမ်ငြိမ်ရှိနေစဲပင်။ ကုနင်း၏အမူအရာကြောင့် လုံကောလဲ ချက်ချင်းဆိုသိလို ဤမိန်းကလေးသည် သာမာန်မဟုတ်ကြောင်း ခန့်မှန်းမိသွားတော့သည်။
“ဘာ? အတု? ဟုတ်လား?” ကုချင်းယန်ကတော့ ဘယ်လိုမှနားမလည်နိုင်တာကြောင့် အော်ပင်အော်မိသွားသည်။
ထို့နောက် လုံကောက အသေးစိတ်ဖြစ်ပျက်သမျှကို ပြန်ပြောပြခဲ့သည်။
ကျန်းရွှမ်းလင်က ကုချင်းယန်ကို မကောင်းကြံစည်ခြင်းဖြစ်သည်။ ကျန်းရွှမ်းလင်သည် ကုချင်းယန်၏သူငယ်ချင်းအချို့နှင့်သိထားတာကြောင့် သူတို့ကို ငွေပေးကာ ကုချင်းယန်ကို အပြင်ခေါ်ထုတ်ခိုင်းပြီး ထောင်ချောက်ဆင်ဖို့ရန် အကူညီတောင်းခဲ့သည်။
ကျန်းရွှမ်းလင်နှင့် လုံကောသည်လဲ ဇာတိတူပေမည့် အရမ်းတော့ မရင်းနှီးကြသော်လည်း ငွေကြောင့်နှင့် လုံကောကလဲ သူ့ကို ကူညီပေးခြင်းဖြစ်သည်။
***
အခန်း ၅၃၅
ပိုင်ရွှယ်ယန် ကုနင်းကို ဆက်သွယ်ခြင်း
ကျောက်ရွှမ်းလင်က လုံကောကို ယွမ်၁သိန်းပေးကာ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ ပန်းအိုးအတွက် ကုချင်းယန်ပေးမည့် ယွမ်၂သန်းကိုတော့ဖြင့် တစ်ယောက်တစ်ဝက်ခွဲယူရန် စီစဉ်ထားခြင်းဖြစ်သည်။
စစ်ထူယဲ့၏အမိန့်ကြောင့် ချင်ဂိုဏ်းအဖွဲ့ဝင်များတွင် အချိန်အတော်ကြာ အပိုဝင်ငွေရမည့် အလင်းယောင်ကို ဆုပ်ကိုင်ခွင့်မရှိခဲ့ပေမည့် လုံကောကတော့ ဤတစ်ကြိမ်တွင် လက်ခံခဲ့လေသည်။ မမျှော်လင့်ထားစွာဘဲ သူလက်ခံလိုက်သည့် ဆုံးဖြတ်ချက်မှာ အဆိုးရွားဆုံးမှားယွင်းမှုဖြစ်ခဲ့သည်။
“ကျန်းရွှမ်းလင်!!” ကုချင်းယန် အံ့ကြိတ်ကာ ဒေါသနှင့်ပြောလိုက်ပုံအရ ကျန်းရွှမ်းလင်ကို သူသိသည်မှာ အချိန်အတော်ကြာနေပုံပင်။
သူတို့ကောလိပ်တက်နေစဉ်အချိန်တုန်းက ဝမ်ယွီလန်ကို ကျန်းရွှမ်းလင် ပိုးပန်းခဲ့ပေမည့် ဝမ်ယွီလန်က ချက်ချင်းပြန်ငြင်းလိုက်တာကြောင့် ဝမ်ယွီလန်သည် ချမ်းသာသည့်လူကိုသာ ကြိုက်ပြီး ဆင်းရဲသူကတော့ အထင်သေးသည်ဟု မဟုတ်မမှန်သတင်းများ ဖြန့်ခဲ့လေသည်။ ကျန်းရွှမ်းလင်ဆိုသည်မှာ တစ်ဖက်သား၏ခံစားချက်ကို ထည့်မတွက်သည့် တစ်ကိုယ်ကောင်းဆန်သည့်လူဖြစ်ကာ သူ့အကျိုးကိုသာ ကြည့်သူဖြစ်သည်။ သူသာဆွဲဆောင်မှုရှိသည့် လူကြီးလူကောင်းတစ်ယောက်ဆိုလျှင် မိန်းကလေးများကို ဆွဲဆောင်နိုင်ခဲ့ပေလိမ့်မည်။ ကုချင်းယန်ဆိုလျှင် မချမ်းသာပေမည့် ဝမ်ယွီလန်အပေါ်ကိုတော့ အလွန်ကောင်းလေသည်။
ထို့အပြင် ကျန်းရွှမ်းလင်၏ရုပ်ရည်သွင်ပြင်သည် လူအများအာရုံစိုက်စရာမရှိတာကြောင့်လဲ မိန်းကလေးများက သူနှင့်ဆိုလျှင် ခပ်ခွာခွာသာနေကြခြင်းဖြစ်သည်။
ဤတစ်ကြိမ်အဖြစ်ကြောင့် ကုချင်းယန် ကျန်းရွှမ်းလင်ကို အဆုံးစွန်ထိမုန်းတီးနေပြီဖြစ်ကာ သူ့သူငယ်ချင်းဆိုသူများကိုလဲ မုန်းသွားပြီဖြစ်သည်။ ထို ‘သူငယ်ချင်းများ’ ဆိုသူတွေက ငွေအတွက်ကြောင့်နှင့် သူ့အပေါ် အလွယ်တကူသစ္စာဖောက်သွားခဲ့လေသည်။
“ကောင်းပြီလေ၊ လုံကော၊ တကယ်လို့ တစ်ယောက်ယောက်ကသာ ဆက်ပြီး ကျွန်မဦးလေးကို ထိခိုက်အောင်လုပ်လိုတယ်လို့ကြားရင် ဦးလေးကို ကူညီပေးပါဦးလား။” ကုနင်း ယဉ်ယဉ်ကျေးကျေးသာ တောင်းဆိုလိုက်သည်။
“ရတာပေါ့၊ ရတာပေါ့။” လုံကော ချက်ချင်းကို သဘောတူလိုက်သည်။ ကုချင်းယန်သာ ကုနင်း၏ဦးလေးဟု သူသိထားပါကာ ဤအကြံအစည်တွင် ပါဝင်ခဲ့မည်မဟုတ်ပေ။ အမှန်တရားပေါ်ပေါက်သွားပြီဖြစ်တာကြောင့် ကုနင်း ဆက်ပြီးအချိန်ဆွဲမနေတော့ဘဲ ကုချင်းယန်ကို ပြန်ခေါ်သွားတော့သည်။
သို့ပေမည့် ကျန်းရွှမ်းလင်ကိုတော့ ကုနင်း ခွင့်လွှတ်ပေးဖို့ရန် စိတ်ကူးမရှိပေ။
“နင်းနင်း၊ ဦးလေး တကယ်ကိုကျေးဇူးတင်ပါတယ်။ သမီးကြောင့်သာမဟုတ်ရင် ဦးလေးကို ရိုက်ရင်ရိုက်မဟုတ်ရင် အသတ်တောင်ခံသွားရနိုင်တယ်။” ကုချင်းယန်ကတော့ ပြန်ထွက်လာသည်အထိ ကြောက်ရွံ့တုန်လှုပ်နေစဲပင်။
“တကယ်တော့၊ သမီးကသာ ဦးလေးကိုတောင်းပန်သင့်တာပါ။ သမီးသာ သူ့ကို လူကြားထဲ အပြစ်မပြောခဲ့ရင် ဦးလေးကိုလဲ အခုလိုထောင်ချောင်ဆင်မှာမဟုတ်ဘူး။” ကုနင်း အပြစ်ရှိသလိုခံစားရကာ ပြန်ပြောလိုက်သည်။ ဝမ်ယွီလန်နှင့် ကျန်းရွှမ်းလင်တို့ ထိပ်တိုက်တွေ့ဆုံခြင်းက အခုမှပထမဆုံးအကြိမ်မဟုတ်ပေမည့် ကျန်းရွှမ်းလင်က သူမကို ပုံမှန်အတိုင်းလှောင်ပြောင်ရယ်မောရုံသာလုပ်ခဲ့ပြီး ဝမ်ယွီလန်ကိုရော ကုချင်းယန်ကိုပါ အမှန်တကယ်ထိခိုက်အောင် လုပ်ခဲ့ဖူးခြင်းမရှိပေ။ သို့ပေမည့် ဤတစ်ခေါက် ဈေးဝယ်စင်တာတွင် ကုနင်းနှင့်တွေ့လိုက်ရချိန်တွင်တော့ လူကြားထဲ မျက်နှာပျက်ခဲ့ရတာကြောင့် သူ့လို ကိုယ့်ဘက်ကိုသာကြည့်သည့်လူမျိုးက သေချာပေါက် ပြန်ကလဲစားချေခြင်းမှာ အထူးအဆန်းမဟုတ်ပေ။
“နင်းနင်း၊ ဒါသမီးအမှားမဟုတ်ပါဘူး။ ကျန်းရွှမ်းလင်ဆိုတဲ့ကောင်ကမှာသာ မကောင်းတာ။” ကုချင်းယန် ကုနင်းကိုအပြစ်မတင်ပေမည့် ကျန်းရွှမ်းလင်ကိုတော့ အရင်ထက်ပိုလို့ပင် မုန်းတီးမိသည်။ သူသာ အားနည်းသည့်လူတစ်ယောက်မဟုတ်လျှင် သူနှင့် ကျန်းရွှမ်းလင်ကြားက မကျေလည်မှုမှာ ဤမျှ ကာလရှည်ကြာနေမည်မဟုတ်ပေ။ သို့ပေမည့် သူ့တွင်က ကျန်းရွှမ်းလင်ကို ပညာပြန်ပေးနိုင်မည့် အရည်အချင်းမရှိတာကြောင့် အခုထိ သည်းခံနေခဲ့ရပေသည်။
“ဦးလေး ကျန်းရွှမ်းလင်အကြောင်း ဘယ်လောက်အထိသိလဲ? သမီးကို သိသလောက်ပြောပြပါလား။” ကုနင်း ကုချင်းယန်ကို မေးလိုက်သည်။
“အများကြီးတော့ မသိဘူး။ သူက ပစ္စည်းတွေလက်ကားရောင်းတဲ့စီးပွားရေးလုပ်နေတာရယ် ယွမ်သန်းကျော်ချမ်းသာတာရယ်ပဲ သိတယ်။”
ကုနင်းဘာတွေကြံနေလဲဆိုသည်ကို လင်ရှောင်းထင်နားလည်တာကြောင့်၊
“ငါဖြေရှင်းလိုက်မယ်။”
“ကောင်းပြီလေ။” ကုနင်း မငြင်းဆန်ခဲ့ပေ။
လင်ရှောင်းထင်က သူမကိုကူညီပေးလိုနေခြင်းဖြစ်တာကြောင့် ကုနင်းငြင်းဆန်ခြင်းပြုမည်မဟုတ်ပေ။ သူမလူ၏ အရည်အချင်းကို ထုတ်ဖော်ဖို့အတွက်လဲ အခွင့်အရေးနည်းနည်းပါးပါးချန်ထားပေးသင့်သေးသည်မဟုတ်ပါလား။
ကုနင်းသည် အလွန်ထူးချွန်သည့် မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့် လင်ရှောင်းထင်မှာ တစ်ခါတလေ သူ့ကိုယ်သူအသုံးမဝင်သည့်လူဟုပင် ခံစားမိရသည်။ သူကိုယ်တိုင်က သူ့မိန်းကလေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိသည်ဟု မှတ်ယူထားသူဖြစ်တာကြောင့် ကုနင်း အခုလိုသဘောတူလိုက်ချိန်တွင် အလွန်ဝမ်းသာသွားတော့သည်။
သူတို့နှစ်ဦး၏စကားအသွားအလာအရ ကျန်းရွှမ်းလင်ကို ပညာပြတော့မည်မှန်း ကုချင်းယန် နားလည်လိုက်တာကြောင့် အလွန်စိတ်လှုပ်ရှားပျော်ရွှင်သွားတော့သည်။
ထို့နောက် ကုမန့်ကို ကုနင်းဖုန်းဆက်လိုက်ကာ ကုချင်းယန် အန္တရာယ်ကင်းသည့်အကြောင်း ပြောပြလိုက်သည်။
ကုနင်းက ကုချင်းယန် အန္တရာယ်ကင်းသည်ဟုပြောလိုက်သော်လည်း ကုမန့်၊ ကုချင်နှင့် ဝမ်ယွီလန်တို့ကတော့ လူကိုယ်တိုင် မမြင်တွေ့ရခင်အထိ စိုးရိမ်မိနေကြစဲပင်။
အခန်းထဲရှိ ကုချင်းရှီနှင့် ကုယင်ယင်တို့ကတော့ သူတို့အဖေ ဘာတွေဖြစ်နေလဲဆိုသည်ကို မသိဘဲ ဂိမ်းကစားနေကြစဲဖြစ်သည်။
ကုနင်းတို့ပြန်ရောက်ကာ ကုချင်းယန်ကိုတွေ့လိုက်မှပင် ဝမ်ယွီလန် စိတ်သက်သာရာရသွားတော့သည်။
“ဘာတွေဖြစ်သွားတာလဲ? ရှင်က ဘယ်လိုလုပ် ချင်ဂိုဏ်းရဲ့ ရှေးဟောင်းပန်းအိုးကို ခွဲမိသွားရတာလဲ?” ဝမ်ယွီလန် ကုချင်းယန်ကို မေးမြန်းလိုက်သည်။
ထိုတော့မှ ကုချင်းယန်လဲ ဖြစ်ပျက်ခဲ့သမျှကို ဝမ်ယွီလန်အား ပြန်ပြောပြလိုက်သည်။
ကျန်းရွှမ်းလင်၏ကြံစည်မှုသာဖြစ်ကြောင်း ကြားရသည်နှင့် ဝမ်ယွီလန် အလွန်ဒေါသထွက်သွားတော့သည်။ ကျန်းရွှမ်းလင်က သူမကိုလှောင်ပြောင်ရုံတင်မကဘဲ ဤတစ်ကြိမ်တွင်တော့ ထောင်ချောက်ဆင်သည်အထိပါ လွန်လာခဲ့သည်။ ယွမ်၂သန်းဆိုသည်မှာ သူမတို့အတွက် အလွန်များပြားသည့် ပမာဏဖြစ်ကာ ပေးဖို့ရန်လဲ မတတ်နိုင်ပေ။
ကံကောင်း၍ ကုနင်း သူတို့ကိုကူညီခဲ့ခြင်းကြောင့်သာ။ မဟုတ်လို့ကတော့ သူတို့မိသားစုဘဝတစ်ခုလုံး ပျက်စီးသွားရပေလိမ့်မည်။
“ကျန်းရွှမ်းလင် လူယုတ်မာ! ငါသူ့ကို တကယ်ရိုက်သတ်ပစ်ချင်လာပြီ!” ဝမ်ယွီလန် ဒေါသဖြင့် ပြောလိုက်သည်နှင့် ကုချင်းယန်က၊
“စိတ်မပူနဲ့တော့၊ နင်းနင်းဖြေရှင်းပေးလိမ့်မယ်။”
ကုချင်းယန်လဲ အိမ်ပြန်ရောက်နေပြီဖြစ်တာကြောင့် ဝမ်ယွီလန်လဲစိတ်လျှော့ကာ ထိုအကြောင်းကို ဘေးပို့လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့်သာ ညစာစားကြလေသည်။
ညစာစားပြီးနောက်တွင်တော့ ကုနင်းကို ပိုင်ရွှယ်ယန် ဖုန်းဆက်လာခဲ့သည်။
ကုနင်းဖုန်းကိုင်လိုက်သည်နှင့်တပြိုင်နက် တစ်ဖက်မှ ပိုင်ရွှယ်ယန်က ချက်ချင်း အပြစ်တင်တော့သည်။
“ကုနင်း! နင်Gမြို့ကိုရောက်နေတာ ငါ့ကိုဘာလို့မပြောတာလဲ?”
“ငါဒီကို အမေနဲ့အဒေါ်ကို အလည်အပတ်ခေါ်လာတာမို့လို့ ဘယ်သူ့ကိုမှမပြောထားပါဘူး။” ကုနင်းအလျင်စလိုရှင်းပြလိုက်ရသည်။
“အဲ့လိုဆိုလဲ ငါ့ကိုတော့ပြောပြရမှာပေါ့။”
“ဘာလဲ? ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား?”
ကုနင်းလဲ ပိုင်ရွှယ်ယန်ကို ရှင်းပြလေ ပိုအရစ်ခံရလေဖြစ်လောက်မည်ဟုတွေးမိတာကြောင့် နှုတ်ဆိတ်နေလိုက်တော့သည်။
“ဘာတုန်း? သူငယ်ချင်းတွေမဟုတ်ဘူးလားလို့?”
“ဟုတ်တာပေါ့၊ သူငယ်ချင်းတွေ့ပေါ့။”
“နင်အခုဘယ်မှာလဲ?”
“ငါ့ဦးလေးအိမ်မှာ။”
“ဒါဆို ငါ့ကိုဘာတွေ့ပါလား? ငါအခု အယ်လန်ရဲ့ကော်ဖီဆိုင်မှာ။”
ပိုင်ရွှယ်ယန်၏လေသံအရ သူမစိတ်အခြေအနေမကောင်းလောက်ဟု ကုနင်းတွေးမိလိုက်သည်။
***