← Chapters

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

အခန်း (၅၃၆-၅၄၀)

Vol. 36 Ch. 536-540

အခန်း ၅၃၆

ပိုင်ရွှယ်ယန်နှင့်တွေ့ဆုံခြင်း

“ဟုတ်ပါပြီ၊ ငါလာခဲ့မယ်။” ကုနင်း သဘောတူလိုက်တော့မှ ပိုင်ရွှယ်ယန် ကျေနပ်သွားတော့သည်။

ဖုန်းချပြီးနောက်တွင်တော့ ကုနင်းက သူမ Gမြို့မှ သူငယ်ချင်းတစ်ဦးနှင့် သွားတွေ့ဦးမည်ဖြစ်ကြောင်း ကုမန့်ကို အသိပေးလိုက်သည်။

ကုမန့်လဲ ကုနင်းဖုန်းပြောနေသည်ကို ကြားပြီးဖြစ်တာကြောင့် မတားခဲ့ပေ။

ထို့နောက် ကုမန့်က၊ “သမီးသူငယ်ချင်းနဲ့သွားတွေ့ရဦးမှာဆိုတော့၊ အမေတို့လဲ အခုပဲ အိမ်ပြန်လိုက်တော့မယ်လေ။ ရှောင်းထင် အရင်ဆုံးအန်တီတို့ကို ရေပြာအိုင်ပြန်လိုက်ပို့ပေးလို့ရလား။”

“အခုမှအစောကြီးရှိသေးတာကို၊ နေပါဦး။ နောက်မှ ချင်းယန် နင်တို့ကို ပြန်လိုက်ပို့ပေးလို့ရတာပဲ။” ဝမ်ယွီလန်က တားလိုက်ကာ ကုချင်းယန်ကလဲ ထောက်ခံလိုက်သည်။

“ရပါတယ်၊ ရှောင်းထင်ပဲ ပြန်ပို့ပေးလိမ့်မယ်။” ကုမန့်ထပ်ပြောလိုက်တာကြောင့် ကုချင်းယန်နှင့် ဝမ်ယွီလန်တို့လဲ အတင်းအကြပ်မနေခိုင်းတော့ဘဲ နောက်နေ့မှ အတူတူထပ်ဆုံရန် ချိန်းလိုက်သည်။

သို့ပေမည့် ကုမန့်က သူတို့ဘယ်အချိန် Fမြို့ကိုပြန်ဖြစ်မည်မှန်း မသိတာကြောင့် မနက်ဖြန်မှ အချိန်အတိအကျကို ဖုန်းပြန်ဆက်မည့်အကြောင်းသာ ပြောခဲ့သည်။

ကုနင်း ပိုင်ရွှယ်ယန်ကိုသွားတွေ့ဦးမည်ဖြစ်တာကြောင့် ဒီညလဲ သူမကို ဟိုတယ်တွင်သာ နေခိုင်းခြင်းက ပိုကောင်းမည်ဟု ကုမန့်တွေးမိလိုက်တာကြောင့်၊

“နင်းနင်း၊ သမီးရဲ့တိုက်ခန်းမှာက အိပ်ရာတစ်ခုပဲရှိတယ်။ သမီးအန်တီနဲ့အမေ ဟိုတယ်သွားအိပ်လိုက်ရမလား ဒါမှမဟုတ် သမီးပဲ ဟိုတယ်မှာ ထပ်အိပ်လိုက်မလား။ ဘယ်လိုစီစဉ်ထားလဲ?”

ကုမန့်၏စကားကြောင့် လင်ရှောင်းထင် အလွန်ပျော်မြူးသွားကာ ကုနင်းလဲ လင်ရှောင်းထင် ပုံစံကိုကြည့်လိုက်တာကြောင့် ရယ်ချင်သွားသည်။ သူမသာ သူမအမေနှင့်အဒေါ်နှင့်အတူ တိုက်ခန်းတွင်သာ တစ်ညလုံးပြန်နေပါက လင်ရှောင်းထင် တစ်ယောက်တည်း ဟိုတယ်တွင် အိပ်ရတော့မည်ဖြစ်သည်။ သူနှင့် ကုနင်းတို့တွေ့ရသည့် ရက်မှာ ရှားပါးတာကြောင့် တွေ့တုန်းတွေ့ခိုက် သူမနှင့် အချိန်ကြာကြာပိုရှိချင်မိသည်။ နေ့အချိန်တွင်လဲ အတူရှိနေနိုင်သည်ဆိုပေမည့် ကုနင်းနှင့်ဝေးဝေးနေရသည့်အပြင် သူ့စိတ်ခံစားချက်များကိုလဲ ထုတ်ဖော်ခွင့်မရရှိပေ။

“သမီးပဲ ဟိုတယ်မှာနေလိုက်ပါ့မယ်။”

ကုနင်းသည် လှပသည့် မိန်းမငယ်လေးတစ်ယောက်ဖြစ်တာကြောင့် ကုနင်းအန္တရာယ်ရှိမည်ကို ကုမန့်နှင့်ကုချင်တို့ စိုးရိမ်မိပေမည့် သူမသိုင်းတက်သည်ကို ပြန်တွေးမိလိုက်ပြီးနောက် စိတ်အေးသွားရပြန်သည်။

“ဒါနဲ့၊ အမေတို့ မနက်ဖြန် ဘယ်အချိန် ပြန်မှာလဲ?”

“သမီးအင်တာနက်ပေါ်ကနေ လေယာဉ်ချိန်ရှာကြည့်လိုက်ဦးမယ်။ ဒါပေမယ့် နေ့လည်ပိုင်းလောက်မှဖြစ်မယ်လို့တော့ထင်တယ်။”

ထို့နောက် ကုနင်း နှင့် လင်ရှောင်းထင်တို့ ကုချင်နှင့်ကုမန့်ကို ရေပြာအိုင်သို့ပြန်ပို့ခဲ့ကာ အယ်လန်၏ကော်ဖီဆိုင်သို့ ပြန်ထွက်လာကြသည်။

သူတို့နှစ်ဦးထွက်သွားပြီးနောက်မှ ကုချင်ကရုတ်တရက် အတွေးတစ်ခုပေါ်လာကာ ကုမန့်ကိုပြောလိုက်သည်။

“ရှောင်မန့်၊ နင်းနင်းနဲ့ရှောင်းထင်က အရမ်းရင်းနှီးနေကြတယ်လို့ မထင်ဘူးလား? သူတို့ ရည်းစားတွေများလား၊ ဒါမှမဟုတ် ရှောင်းထင်က နင်းနင်းကိုပိုးပန်းနေတာလား?” လင်ရှောင်းထင်ကတော့ သူ့စိတ်ခံစားချက်များကို လူကြီးများရှေ့တွင် ထုတ်ဖော်ပြသခြင်းမရှိပေမည့် ကုနင်းကတော့ ဤနှစ်ရက်အတွင်း လင်ရှောင်းထင် လိုက်ပါလုပ်ဆောင်ပေးခဲ့သည်များကို ကြည့်ကာ သူ့ကို ကုနင်း၏သာမာန်သူငယ်ချင်းတစ်ယောက်ဟု မထင်မိတော့ပေ။ သို့ပေမည့် ကုချင်း၏အထင်သာဖြစ်ပြီး သေချာတော့ မပြောနိုင်ပေ။

ကုမန့်သည်တော့ ထိုစကားကြောင့် အလွန်အံ့အားသင့်သွားတော့သည်။ ကုချင်းမထောက်ပြခင်အထိ လင်ရှောင်းထင် ကုနင်းအပေါ် အလွန်ဂရုစိုက်သည့်အကြောင်းကို သူမသတိမထားမိခဲ့ပေ။

“မဖြစ်နိုင်တာ၊ နင်းနင်းက အခုမှ၁၈နှစ်ပဲရှိသေးတယ်။”

“၁၈နှစ်တောင်ရှိနေတာပါနော်။ သူအရွယ်ရောက်နေပြီ။”

“ဒါကတော့….” ကုနင်းကို အခုလို ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ချစ်သူမထားစေချင်သေးတာကြောင့် ကုမန့် မျက်မှောင်ကြုတ်လိုက်မိသည်။

ကုမန့်စိုးရိမ်သွားသည်ကို မြင်လိုက်တော့မှပဲ ကုချင် သူမစကားများကိုလျှောချလိုက်ကာ၊

“ငါကမှန်းရုံမှန်းကြည့်တာပါ၊ မှားရင်လဲမှားနိုင်တာပဲ။ ပြောရရင် ရှောင်းထင်က ခန့်ညားပြီး ယုံကြည်ရတဲ့ကောင်းလေးတစ်ယောက်ပါ။ သူသာ တကယ်ပဲ

နင်းနင်းရဲ့ချစ်သူဖြစ်နေတယ်ဆိုရင်တောင်မှ မကောင်းတာမှမရှိပဲ။ စစ်တပ်အရာရှိတစ်ယောက်ဆိုမှတော့ ဖြောင့်မတ်တဲ့လူပဲဖြစ်မှာပါ။”

လူအများ၏အမြင်တွင်တော့ စစ်သားများသည် ရိုးသားကာ သစ္စာရှိသူများဖြစ်သည်။ ကုချင်ကတော့ လင်ရှောင်းထင်အပေါ် အလွန်အထင်ကြီးနေပြီဖြစ်သည်။

“ငါတော့ နင်းနင်းကိုယုံတယ်။ သူဘာလုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို ခွဲခြားသိမှာပါ။” ကုချင် ထပ်ပေါင်းပြောလိုက်သည်။

ထိုစကားကိုတော့ ကုမန့်လဲ လက်ခံလေသည်။

………..

လင်ရှောင်းထင်နှင့်ကုနင်း နှစ်ယောက်တည်းရှိရချိန်တွင်တော့ လင်ရှောင်းထင်တစ်ယောက် သူ၏ချစ်ခြင်းများကို ကွယ်ဝှက်ထားခြင်းမရှိတော့ဘဲ ကားမောင်းနေတာတောင်မှ ကုနင်းကိုသာ ဆက်တိုက်လှည့်ကြည့်လို့နေတာကြောင့် ကုနင်းသတိပေးရတော့သည်။

“လမ်းကို သေချာကြည့်မောင်း! ကျွန်မကိုပဲ ကြည့်မနေနဲ့။”

“ကိုယ်တို့ဒီနေ့အတူသိပ်ရှိချိန်မရဘူးလေ၊ အခုမှ အတူတွေ့နိုင်တာကို ကြည့်ခွင့်လေးတော့ပေးပါဦး။” လင်ရှောင်းထင် အသနားခံသည့် လေသံလေးဖြင့် ပြောလိုက်တာကြောင့် ကုနင်း သူမျက်ဆံကိုသာ လှည့်လိုက်မိတော့သည်။

တကယ်တမ်း ကုချင်နှင့်ကုမန့်ရှေ့တွင်လဲ သူမကိုသာ ခနခနကြည့်နေတတ်ပြီး ကုချင်နှင့်ကုမန့်က သိပ်ပြီးအာရုံမစိုက်ကြခြင်းကြောင့်သာ မတွေ့သွားခြင်းဖြစ်သည်။

“ဘာပဲဖြစ်ဖြစ်၊ ရှင်အခုကားမောင်းနေတာလေ၊ သေချာဂရုစိုက်ဦး။”

“ဟုတ်ပါပြီ၊ ညအထိစောင့်ရသေးတာပေါ့။”

မကြာခင်တွင်ပဲ သူတို့နှစ်ဦး အယ်လန်၏ကော်ဖီဆိုင်သို့ရောက်သွားကြတော့သည်။

အခုမှည၉နာရီသာရှိသေးတာကြောင့် ကော်ဖီဆိုင်ထဲတွင် လူများစွာရှိနေစဲပင်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ဝင်သွားချိန်တွင် ပိုင်ရွှယ်ယန်က အယ်လန်နှင့်စကားပြောလို့နေသည်။

ကုနင်းကိုမြင်သည်နှင့် ပိုင်ရွှယ်ယန် ချက်ချင်းထရပ်လိုက်ကာ သူမကိုလှမ်းဖက်လိုက်ပြီး၊

“ကုနင်း၊ နင်လာပြီပေါ့၊ ငါအရမ်းလွမ်းနေတာ!”

ပိုင်ရွှယ်ယန်၏ပုံစံမှာ အချိန်ကြာမြင့်စွာ ကွဲကွာခဲ့ရသည့် ချစ်သူနှစ်ဦး ပြန်တွေ့ရသကဲ့သို့ပင်။

ပိုင်ရွှယ်ယန် ကုနင်းကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်အား မြင်တော့ လင်ရှောင်းထင် နဲနဲမကျေမနပ်ဖြစ်သွားသည်။ သူ့ကောင်မလေးကို သူကလွဲ၍ အခြားလူများ ထိုလောက်အထိဖက်ခြင်းကို လက်မခံနိုင်ပေ။

ထို့နောက် ပိုင်ရွှယ်ယန်လဲ ကုနင်းနောက်တွင် ရပ်နေသည့် လင်ရှောင်းထင်ကို သတိထားမိသွားကာ လင်ရှောင်းထင် ချောမောခန့်ညားသည့် ရုပ်ရည်ကြောင့် မှင်သက်သွားပြီး။

“ဘုရားရေ! ကုနင်း! ဒါနင့်ရည်းစားလား? သူအရမ်းချောတာပဲ။ အနုပညာရှင်များလား?”

“ဟုတ်တယ်၊ ငါ့ရည်းစားလေ၊ ဒါပေမယ့် အနုပညာရှင်တော့မဟုတ်ဘူး။”

ကုနင်း၏အတည်ပြုချက်ကိုကြားရချိန်တွင် အယ်လန်မအံ့ဩမိပေ။ ဒီနေ့ သူတို့ချင်း ပထမတစ်ခေါက်တွေ့ချိန်တုန်းက လင်ရှောင်းထင်၏ သူ့အပေါ် အမြင်မကြည်မှုကို ခံစားထားရခြင်းကြောင့် တွေးမိထားပြီးသားဖြစ်လေသည်။

“ကုနင်း၊ လူကြီးမင်းလင်၊ ထိုင်ကြပါဦး။” အယ်လန်ပဲ စပြီးထိုင်ဖို့ပြောလိုက်လေသည်။

***

အခန်း ၅၃၇

ငါဖွင့်ပြောတာကို ငြင်းလိုက်တယ်

ကုနင်းနှင့်လင်ရှောင်းထင်တို့က တစ်ဖက်ထိုင်ကာ အယ်လန်နှင့် ပိုင်ရွှယ်ယန်တို့ နှစ်ဦးက အခြားစားပွဲ၏တစ်ဖက်တွင် ထိုင်လိုက်ကြသည်။

“လူကြီးမင်းလင်၊ ဒီတစ်ခေါက်တော့ ကျွန်တော် ဧည့်ခံပါရစေ၊” အယ်လန်ပြုံးကာ လင်ရှောင်းထင်ကို ပြောလိုက်သည်။

“ကျေးဇူးပါပဲ။” လင်ရှောင်းထင် ဤတစ်ခေါက်တွင်တော့ မငြင်းတော့ပေ။ အရင်တစ်ခေါက်တုန်းက ကုမန့်လဲ ရှိနေကာ ကုမန့်ဆိုသူမှာ သူ့ရဲ့အနာဂါတ် ယောက္ခမလောင်းလဲဖြစ်နေတာကြောင့် အခြားလူတစ်ဦးဧည့်ခံတာမျိုး မဖြစ်ချင်၍ ငြင်းခဲ့ခြင်းဖြစ်သည်။

ပိုင်ရွှယ်ယန်သည်တော့ ကုနင်းနှင့်လင်ရှောင်းထင်ကို သိပြီးသားဆိုသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်ကာ၊

“ငါမှန်းကြည့်မယ်။ နင်တို့နှစ်ယောက် အတူနေပြီးသွားကြပြီမဟုတ်လား။”

ထိုအမေးကို လင်ရှောင်းထင်ကတော့ ကျေနပ်ပြုံးကြီးပြုံးရင်းတုံ့ပြန်လိုက်ကာ ကုနင်းကတော့ ရှက်သွေးဖြာလို့သွားရသည်။

“ဒီမှာမီနူး၊ နင်တို့ကြိုက်သလောသာမှာ။ အကုန်အယ်လန်ရှင်းဧည့်ခံလိမ့်မယ်။” ပိုင်ရွှယ်ယန်က ကုနင်းကို မီနူးကဒ်ကိုကမ်းပေးလိုက်ရင်း အယ်လန်ကိုလဲ ရန်သူတော်ကြီးတစ်ဦးနှယ် စောင်းကြည့်လိုက်သေးသည်။

အယ်လန်ကတော့ စိတ်မသက်မသာပြုံးလိုက်ပေမည့် သူတို့ဘယ်လောက်ပဲမှာမှာ သူကတော့မှုမည်မဟုတ်ပေ။

ကုနင်းနှင့်လင်ရှောင်းထင်မှာ အခုလေးတင် ထမင်းစားလာခဲ့ကြခြင်းဖြစ်တာကြောင့် ဗိုက်ပြည့်နေပြီဖြစ်၍ သောက်စရာနှစ်ခွက်နှင့် သစ်သီးအချိုပွဲတစ်ပွဲကိုသာ မှာလိုက်သည်။

သို့ပေမည့် ထိုသို့နဲနဲလေးမှာမှုကို ပိုင်ရွှယ်ယန်ကတော့ မကျေနပ်ဘဲ၊

“နင်တို့ဘာလို့ ဒီလောက်နဲနဲလေးမှာရတာလဲ?”

“ငါတို့အခုပဲ ညစာစားလာတာဆိုတော့ ဗိုက်ပြည့်နေလို့ပါ။”

“ထားပါတော့။”

“ငါ့ကိုလဲ မီနူးပေးဦး။” ထို့နောက် ပိုင်ရွှယ်ယန် မုန့်ငါးမျိုး၊ အသီးသုပ်တစ်ပွဲနှင့် စပါဂတီတို့ကို မှာလိုက်သည်။

ကုနင်းနှင့်အယ်လန်ကတော့ ပိုင်ရွှယ်ယန် အများကြီးမှာလိုက်တာကြောင့် အလွန်အံ့ဩသွားကာ၊ အယ်လန်က

“မင်းအကုန်လုံးစားနိုင်လို့လား?”

“ဘာလဲ? ရှင်ပဲ ဒီနေ့ကျွေးမယ်လို့ပြောထားတာမဟုတ်ဘူးလား?”

“ကျွေးတာပေါ့။ ဒါပေမယ့် မင်းအရမ်းစားပြီး ဗိုက်အောင့်ကုန်မှာစိုးလို့ပါ။”

“ရှင့်အပူမပါဘူး။” ပိုင်ရွှယ်ယန် အယ်လန်စကားကို တစ်ခွန်းမကျန်ပြန်ရန်တွေ့ကာ နောက်ထပ်တော့ ဆက်မပြောတော့ပေ။

မကြာခင်တွင်ပဲ မှာထားသမျှ စားသောက်စရာများ စားပွဲထက်တွင် ပြည့်သွားကာ ပိုင်ရွှယ်ယန်လဲ ချက်ချင်းပင် သူမဘာသာစစားတော့သည်။ ထိုတော့မှ ကုနင်းနှင့်အယ်လန်လဲ ပိုင်ရွှယ်ယန်တစ်ယောက် ဒေါသထွက်နေ၍ စားသောက်ခြင်းဖြင့် ဖြေသိမ့်နေခြင်းဖြစ်လောက်မည်ဟု နားလည်သွားကြတော့သည်။

ခနအကြာတွင်တော့ အယ်လန်က ပြန်ထွက်သွားခဲ့သည်။

“ဘာဖြစ်လို့လဲ? နင့်ကြည့်ရတာ စိတ်တိုနေသလိုပဲ။” အယ်လန် ထွက်သွားသည်နှင့် ကုနင်းမေးမြန်းလိုက်သည်။

ပိုင်ရွှယ်ယန် အယ်လန်အပေါ် ပြုမူပုံတွေအရ သူမစိတ်တိုနေခြင်းသည် အယ်လန်နှင့်တစ်နည်းနည်း ပတ်သတ်နေလောက်မည်ဟု ကုနင်းယုံကြည်မိသည်။ အယ်လန်က ပိုင်ရွှယ်ယန် သူ့ကိုကြိုက်နေသည့်အကြောင်းကို သိသွားပြီလားဆိုသည်ကို ကုနင်းမသိသလို အယ်လန်ဘက်ကလဲ ပိုင်ရွှယ်ယန်အပေါ် သဘောကျနေသည့် အရိပ်အယောင်မျိုးလဲ မမြင်ရတာကြောင့် အခြေအနေကို ခွဲခြမ်းကြည့်ဖို့ ခက်ခဲလေသည်။

သို့ပေမည့် သူတို့ကြားက အသက်ကွာခြားမှုအလွန်များလွန်းတာကြောင့် သူတို့နှစ်ယောက် တွဲဖြစ်ကြလိမ့်မည်ဟုတော့ ကုနင်းသိပ်မထင်မိပေ။ တစ်ယောက်နှင့်တစ်ယောက်သာ ချစ်နေပြီဆိုလျှင် အသက်အရွယ်ကွာခြင်းချက်က ပြဿနာတစ်ခုမဟုတ်တော့သော်လည်း လူအနည်းငယ်လောက်ကသာ ထိုအချက်ကို အချိန်အကြာကြီးထိန်းသိမ်းနိုင်ကြလေသည်။ အယ်လန်သည် အသက်၃၀ပြည့်ခါနီးနေပြီဖြစ်ကာ ပိုင်ရွှယ်ယန်သည်တော့ ၁၇နှစ်ပဲရှိသေးသည်။ သူမက အခုထိအရွယ်တောင်မရောက်သေးတာကြောင့် အယ်လန့်အမြင်တွင်တော့ ဆယ်ကျော်သက်ချာတိတ်မလေးသက်သက်သာ မြင်နေလောက်ပေမည်။

“ဘာမှမဖြစ်ပါဘူး။” ပိုင်ရွှယ်ယန်ပြန်ဖြေလိုက်သည်။

ပိုင်ရွှယ်ယန်ဘက်က ပြောပြလိုစိတ်မရှိနေမှတော့ ကုနင်းလဲ ဆက်မေးမနေတော့ပေ။

အချိန်အတော်ကြာသည်အထိ အယ်လန်ပြန်ရောက်မလာခဲ့သလို ပိုင်ရွှယ်ယန်သည်လဲ စိတ်လွင့်မြောနေသလိုလိုဖြစ်လို့လာခဲ့သည်။

“ငါတော်ပြီ။” ပိုင်ရွှယ်ယန် သူမမှာခဲ့သမျှရဲ့ သုံးပုံတစ်ပုံလောက်ကိုသာ စားခဲ့လေသည်။ တကယ်တမ်း သူမဗိုက်မဆာဘဲ ဒေါသကိုဖြေလျှော့ဖို့ရန် ဤသို့အများကြီးမှာခဲ့ခြင်းဖြစ်သည်။

“ကုနင်း၊ သူက ငါဖွင့်ပြောတာကို တန်းငြင်းလိုက်တယ်။” ပိုင်ရွှယ်ယန် ရုတ်တရက် အစမရှိအဆုံးမရှိ ထပြောလိုက်သည်။

အမ်….

ကုနင်းရုတ်တရက် အံ့ဩသွားရသည်။ ဒါဆို ပိုင်ရွှယ်ယန်က အယ်လန်ကို သူမခံစားချက်များကို ဖွင့်ပြောပြီး၍ အယ်လန်ကလဲ ပြန်ငြင်းပြီးနေပြီပေါ့။ ဒါပေမယ့် အယ်လန့်ပုံစံက ပိုင်ရွှယ်ယန်အနားမှာ အရင်လိုပဲ သက်တောင့်သက်သာ ဆက်နေနိုင်နေတာလဲ?

“ငါက သူ့ချစ်သူဖြစ်ဖို့ အရမ်းငယ်နေသေးတယ်တဲ့။ ငါကချာတိတ်လေးမို့လို့တဲ့။ ဒါပေမယ့် ငါ့အသက်က ၁၇နှစ်တောင်ရှိနေပြီလေ၊ နောက်နှစ်လလောက်ဆိုလဲ အသက်ပြည့်တော့မှာကို!”

“သူကပြောသေးတယ်၊ သူက အရွယ်ရောက်ပြီး ရင့်ကျက်တဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းမတွေကိုပဲ ကိုက်တာတဲ့။ ငါလဲ နောက်နှစ်နည်းနည်းလောက်ဆို အရွယ်ရောက်ပြီး ဆွဲဆောင်မှုရှိလာမှာပဲဟာ!”

ပိုင်ရွှယ်ယန်၏မကျေနပ်ချက်များကြောင့် ကုနင်း ဘာပြန်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။ ဒါက သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စများသာဖြစ်လေသည်။

“ငါက သူ့ချစ်သူဖြစ်ဖို့ အရမ်းငယ်နေတယ်လို့ ဘယ်လိုလုပ်ပြောရက်ရတာလဲ? သူကသာ ငါ့ချစ်သူဖြစ်ဖို့ အရမ်းအသက်ကြီးလွန်းနေတာမဟုတ်ဘူးလား? ငါကပဲ အဲ့လိုစကားမျိုးပြောသင့်တာလေ။” ပိုင်ရွှယ်ယန် ပြောရင်းပြောရင်းနှင့်ကို ဒေါသပြန်ထွက်လာရပြန်သည်။

ထိုအချိန်တွင်ပဲ အယ်လန်က သူတို့ဆီပြန်လာတာကြောင့် ပိုင်ရွှယ်ယန် ချက်ချင်း တိတ်သွားတော့သည်။ သို့ပေမည့် အယ်လန် သူတို့စားပွဲနားသို့မရောက်ခင်အချိန်လေးတွင်ပဲ အမျိုးသမီးတစ်ဦးက လမ်းမှာ ဖြတ်တားလိုက်သည်။

“ဟိုင်း၊ အယ်လန်!” ထိုအမျိုးသမီးက ညှို့ဓါတ်ပြင်းကာ နူးညံ့ညင်သာသည့်အသံဖြင့် အယ်လန်ကို နှုတ်ဆက်လိုက်သည်။ ထိုအမျိုးသမီးသည် သွယ်လျလှပကာ လှိုင်းတွန့်သဏ္ဌာန် အနီရောင် ဆံနွယ်ရှည်များလဲ ပိုင်ဆိုင်ပြီး ခန္ဓာကိုယ်ကို အသားပေးဖော်ပြသည့် အနက်ရောင် ဆွယ်တာအသားကပ်အင်္ကျီနှင့် အနက်ရောင် အသားကပ်ခြေအိတ်ရှည်ကို တွဲဖက်ဝတ်ဆင်ထားကာ သူမ၏အရပ်မြင့်မြင့်ကို ထပ်ပြီး ထင်ပေါ်သွားစေရန် အနီရောင် ဒေါက်မြင့်ဖိနပ်ကိုလဲ ဝတ်ဆင်ထားတာကြောင့် အလွန်ဆွဲဆောင်မှုရှိကာ လှပလွန်းပေသည်။

ထိုပုံစံကို ပိုင်ရွှယ်ယန်မြင်ကာ အလွန်စိတ်အနှောက်အယှက်ဖြစ်သွားပြီး ထိုအမျိုးသမီး၏နောက်ကျောကို သတ်တော့ဖြတ်တော့မည့်ပုံဖြင့် စိုက်ကြည့်နေတော့သည်။

တစ်ဖက်ရှိအယ်လန်သည်တော့ ထိုအမျိုးသမီးကိုမြင်လိုက်သည်နှင့် မနှစ်မျို့သည့်အရိပ်အယောင်များ မျက်ဝန်းထဲတွင်ဖြတ်ပြေးသွားသည်။ သို့ပေမည့် ပြန်ပြီးတော့ နှုတ်ဆက်စကားပြောနေစဲပင်။

“ဟိုင်း၊ မိန်းကလေးဝူ၊ ကျွန်တော်ဘာများလုပ်ပေးရမလဲ?”

“အယ်လန်၊ ကျွန်မနဲ့ခနလောက်လာထိုင်ပေးပါလား?”

“ကျွန်တော်ထိုင်ပေးချင်ပေမယ့် ကျွန်တော့်မိတ်ဆွေတွေကလဲ ကျွန်တော်လာမှာကို စောင့်နေကြလို့ပါ။”

“စိတ်မကောင်းစရာပဲ။ ကျွန်မက တစ်ယောက်တည်းလာတာလေ။ တကယ်လို့ ရှင်စိတ်မရှိဘူးဆို ကျွန်မရှင်တို့နဲ့လာထိုင်လို့ရမလား?” ထိုအမျိုးသမီးက အယ်လန့်ကို အလွတ်ပေးမည့်ပုံမပေါ်ပေ။ တကယ်တော့ အယ်လန်က ဆိုင်ကို တခါတလေမှလာတတ်ပြီး ထိုအမျိုးသမီးကတော့ အယ်လန့်ကိုတွေ့ရဖို့ရန် ဆိုင်ကို အမြဲလိုလိုလာနေတတ်လေသည်။ ကံဆိုးစွာဖြင့် သူမတွေ့ခွင့်ရသည့်ရက်က သိပ်မရှိပေ။ ထို့အတွက်ကြောင့် အခုလိုရှားရှားပါးပါးဆုံသည်နှင့် အယ်လန့်ကို အလွတ်မပေးတော့ခြင်းဖြစ်သည်။

“မရဘူး။” ပိုင်ရွှယ်ယန်က ဝင်ပြောလိုက်သည်။

“ဒါကျွန်မအတွက် သီးသန့်၊ သူစိမ်းလာထိုင်မှာမကြိုက်ဘူး။”

ထိုစကားကြောင့် မိန်းကလေးဝူလဲ ပိုင်ရွှယ်ယန်ကို လှည့်ကြည့်လိုက်မိကာ အလွန်မကျေမနပ်ဖြစ်သွားသည်။ တကယ်တော့ အယ်လန်ငြင်းလိုက်ကတည်းက သူမထွက်သွားတော့မည်ဟု တွေးထားခဲ့ပေမည့် ပိုင်ရွှယ်ယန်ကြောင့် စိတ်ကူးပြောင်းသွားပေပြီ။

သို့ပေမည့် ပိုင်ရွှယ်ယန်သည်တော့ ထိုအမျိုးသမီး၏မျက်နှာကို တွေ့လိုက်သည်နှင့် မထိန်းနိုင်စွာရယ်လိုက်မိသည်။ ထိုအမျိုးသမီးသည် မျက်နှာခွဲစိတ်ပြုပြင်မှုကို အကြိမ်များစွာပြုလုပ်ခဲ့ဟန်တူကာ သူမပုံစံကို ကြည့်ရသည်မှာ အလွန်ထူးဆန်းလွန်းလှပေသည်။ အခုဆိုလျှင် သူမမျက်နှာကို ပြင်ထားကြောင်း မည်သူမဆို အလွယ်တကူ ပြောနိုင်နေသည်အထိကို သိသာလို့နေပေပြီ။

“ဘာရယ်စရာရှိလို့လဲ?” ထိုအမျိုးသမီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

***

အခန်း ၅၃၈

ကလေးဆိုး?

“ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး။” ပိုင်ရွှယ်ယန် အပေါ်ယံသက်သက်ဖြေခြင်းဖြစ်ကြောင်း သိသာလှကာ သူမရယ်သံက မပျောက်သွားသည့်အပြင် ပိုလို့ပင်ကျယ်လာသေးသည်။

“နင်….” ထိုအမျိုးသမီး ဒေါသထွက်သွားတော့သည်။ သူမလဲ ငတုံးမဟုတ်တာကြောင့် ပိုင်ရွှယ်ယန် ဘာကြောင့် သူမကိုကြည့်ကာ ရယ်ကြောင်း ခန့်မှန်းမိလေသည်။

“စိတ်မဆိုးပါနဲ့၊ မဟုတ်ရင် ရှင့်နှာခေါင်းကြီး ဘေးရွေ့ပြီး မေးရိုးကြီးက အောက်ပြုတ်ကျသွားပါဦးမယ်။ အဲ့ဒါတွေပြန်တည့်ဖို့ ထပ်ပြီးငွေတွေကုန်နေလိမ့်မယ်။” ပိုင်ရွှယ်ယန် အမှန်ပင် ဂရုစိုက်နေဟန်ဖြင့် ပြောလိုက်သည်။

“နင်တော့….” ထိုအမျိုးသမီး ပိုလို့ပင် ဒေါသထွက်သွားပေမည့် တကယ်ကြီး သူမနှာခေါင်းနေရာရွေ့ကာ မေးရိုးလဲ ပြန်ကျသွားမည်စိုးသောကြောင့် မျက်နှာအနေအထားကိုတော့ သိပ်မလှုပ်ရဲပေ။ ထို့ကြောင့် သူမစိတ်ကို သူမထိန်းချုပ်လိုက်ပုံက အတော်လေးရယ်ချင်စရာကောင်းလှပေသည်။

“အယ်လန်!” ထို့နောက် အယ်လန်ကို စစ်ကူလှမ်းတောင်းဟန်ဖြင့် ခေါ်လိုက်သည်။

“မိန်းကလေးဝူ။ ကျွန်တော်တောင်းပန်ပါတယ်။ သူက ဒီတိုင်းကလေးဆိုးလေးတစ်ယောက်ဆိုတော့ သူ့ကို အပြစ်မယူနေပါနဲ့နော်။” အယ်လန်၏တောင်းပန်စကားကလဲ သာမာန်ကာလျှံကာနိုင်လှကာ ပိုင်ရွှယ်ယန်ကိုလဲ ဆူပူခြင်းမပြုပေ။

ဘာ? ကလေးဆိုး? အယ်လန်က ပိုင်ရွှယ်ယန်ဘက်မှ ရပ်တည်ခြင်းဖြစ်ကြောင်း ထိုအမျိုးသမီးနားလည်သွား၍ သူတို့နှင့်ဆက်ပြီး စကားများနေလို့လဲ သူမအတွက် အကျိုးထူးမည်မဟုတ်တာကြောင့် ပိုင်ရွှယ်ယန်ကိုသာ မျက်စောင်းထိုးကြည့်ကာ ဆိုင်ပြင်ပြန်ထွက်သွားတော့သည်။

အယ်လန် ပိုင်ရွှယ်ယန်ကို မဆူလိုက်ဘူးဆိုသော်လည်း သူမ၏ရိုင်းစိုင်းသည့်အပြုအမူကိုတော့ သဘောမကျပေ။ ပိုင်ရွှယ်ယန်က အလွန်ငယ်ရွယ်ကာ ပျက်ဆီးနေသည့် ကလေးပင်ဖြစ်သည်။

အယ်လန်၏မျက်လုံးထဲက သဘောမျက်သည့်အရိပ်အယောင်များကို ပိုင်ရွှယ်ယန်တော့ သတိမထားမိပေမည့် ကုနင်းကတော့ ချက်ချင်းသတိထားမိလိုက်သည်။

အယ်လန်သည် အမှန်တကယ်ရင့်ကျက်သည့်အမျိုးသမီးတစ်ဦးကိုသာ စိတ်ဝင်စားကာ ပိုင်ရွှယ်ယန်သည်တော့ ပျက်စီးနေသည့် ကလေးတစ်ယောက်သာဖြစ်တာကြောင့် လုံးဝကို သူ့အကြိုက်မဟုတ်ပေ။

လင်ရှောင်းထင်သည်လဲ သူ့ဘဝလက်တွဲဖော်ကို အရွယ်ရောက်ပြီး ရင့်ကျက်သည့်မိန်းကလေးမျိုးကိုသာ ရွေးချယ်မည့်သူဖြစ်သည်။

လင်ရှောင်းထင် ကုနင်းကို ကြိုက်သွားမိခြင်းကလဲ ကုနင်းသည် သူမအသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်နေသောကြောင့်သာဖြစ်ကြောင်း ကုနင်းသိလေသည်။ သူမလဲ ပိုင်ရွှယ်ယန်လို ပျက်စီးနေသည့် ကလေးဆိုးတစ်ယောက်သာဖြစ်ပါက လင်ရှောင်းထင် သူမကို ကြိုက်လိမ့်မည်မဟုတ်ပေ။ ကုနင်းတောင်မှ မရင့်ကျက်သည့် ကောင်လေးမျိုးကို မကြိုက်ပေ။ တကယ်တော့ ဘယ်သူကမှ ကိုယ့်ဘဝလက်တွဲဖော်ကို ငယ်ရွယ်လွန်းကာ မရင့်ကျက်သည့်လူစားမျိုး မဖြစ်လိုပေ။ ထိုသို့ဆိုပါက တစ်ဘဝစာလုံး ရင်မောရပေလိမ့်မည်။

ထို့နောက် အယ်လန် ကုနင်းတို့စားပွဲနားသို့ ဆက်လာကာ၊

“ငါသွားရတော့မှာမို့ မင်းတို့အေးဆေး စကားဆက်ပြောကြတော့နော်။”

ထိုစကားကြောင့် ပိုင်ရွှယ်ယန် သဘောမကျဟန်ဖြင့် နှာမှုတ်လိုက်ကာ တစ်ဖက်သို့လှည်သွားတော့သည်။ သူမပုံစံက အယ်လန်ကို ဂရုမစိုက်တော့ဘူးတာဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ အယ်လန် စောစောစီးစီးထွက်သွားတာကြောင့် နှမြောနေခြင်းဖြစ်သည်။ သို့ပေမည့် သူမ၏အပြုအမူများကြောင့်သာ အယ်လန်ထွက်သွားခြင်းဖြစ်သည်ကိုတော့ သူမမသိရှိခဲ့ပေ။

အယ်လန်ထွက်သွားပြီးကတည်းက ပိုင်ရွှယ်ယန် စားချင်သောက်ချင်စိတ်များလဲ ကုန်သွားပြီဖြစ်ကာ ကြောင်အအနှင့်ထိုင်နေတာကြောင့် ကုနင်းလဲ ဘာမှမလုပ်ပေးတတ်တော့ပေ။

မကြာခင်တွင်ပဲ ပိုင်ကတော်က ပိုင်ရွှယ်ယန်ကို အိမ်ပြန်လာတော့ရန် ဖု်နးဆက်ဆူပူလာတာကြောင့် သူတို့အားလုံး ကော်ဖီဆိုင်မှ ထွက်လာခဲ့ကြတော့သည်။ ပိုင်ရွှယ်ယန်တွင် ကားပါလာတာကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့ သူမကို လိုက်ပို့ပေးရန် မလိုတော့ပေ။

ကုနင်းတို့ ဟိုတယ်သို့ပြန်သည့် လမ်းတစ်လျှောက် လင်ရှောင်းထင်နှင့်အတူ ပိုင်ရွှယ်ယန်နှင့် အယ်လန်တို့အကြောင်း ဆွေးနွေးဖြစ်ကြသည်။

“အသက်အရွယ်က ကိစ္စမရှိပါဘူး။ ဒါပေမယ့် အကျင့်ချင်းလုံးဝမတူရင်ကတော့ သူတို့ဘဝလက်တွဲဖို့ ခက်ခဲတယ်။” လင်ရှောင်းထင်လဲ အယ်လန်ကို ပိုင်ရွှယ်ယန် အလွန်သဘောကျနေသည့်အကြောင်းနှင့် အယ်လန်ကလဲ ပိုင်ရွှယ်ယန်ကို လုံးဝကြိုက်နေသည်ကိုလဲ ရိပ်မိလေသည်။

“ဒါဆို၊ ဘာလို့ ကျွန်မကို ကြိုက်တာလဲ?” ကုနင်းရုတ်တရက် စကားပြောင်းမေးလိုက်သည်။

“ဒါကတော့၊” လင်ရှောင်းထင် ခနလောက်စဉ်းစားသွားပြီးမှ၊

“မင်းကို ပထမဆုံးအကြိမ်တွေ့ရကတည်းက ရင်ခုန်မိသွားတာ၊ ဒါပေမယ့် မင်းရဲ့ရင့်ကျက်တဲ့ပုံစံကပဲ ကိုယ့်ကိုဆွဲဆောင်နိုင်သွားတာကတော့ ငြင်းလို့မရဘူး။ ကိုယ်တို့ရဲ့အကျင့်ကတော်တော်လေးကိုတူတယ်လို့ ထင်မိလို့လေ။”

ကုနင်းထင်ထားသည့်အတိုင်းပင်။ တကယ်တော့ ကုနင်းလဲ ထိုသို့သာတွေးမိလေသည်။ လင်ရှောင်းထင်သာ မရင့်ကျက်သည့် ကောင်ဆိုးလေးတစ်ယောက်ဆိုပါက ကုနင်း ထိုလူကို ချစ်မိသွားလိမ့်မည်မဟုတ်ပေ။

“ဒါဆို တကယ်လို့ ကျွန်မနဲ့ရွယ်တူတွေလိုမျိုး အရမ်းဖြူစင်ပြီး တုံးအနေနေရင်ကော ကျွန်မကို ချစ်ဦးမှာလား?”

“မင်းကအဲ့လိုမဟုတ်တော့ ကိုယ်လဲမပြောတတ်ဘူး။ ဒါပေမယ့် အခုတော့ မင်းကကိုယ့်နှလုံးသားထဲ နစ်ဝင်နေပြီးပြီ။”

“ပြီးတော့ မင်းက ထက်မြက်တဲ့မိန်းကလေးဆိုတာ ကိုယ်သိတာပဲ၊ မင်းကို ယုံတယ်။”

လင်ရှောင်းထင် ကုနင်းနှင့်တွဲသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပေမည့် သူတို့ချင်း တစ်ခါမှစကားမများဖူးကြဘဲ အလွန်ချစ်ခင်ကြလေသည်။ ထို့အပြင် တစ်ယောက်ကို တစ်ယောက်လဲ နားလည်မှုအပြည့်ရှိကြသည်။

ပိုင်ရွှယ်ယန်နှင့် အယ်လန်အကြောင်းပြောနေရက်ကနေပြီး စကားလမ်းကြောင်းလွဲသွားကာ ကုနင်းတစ်ယောက်ကတော့ လင်ရှောင်းထင်၏စကားများကြောင့် ရင်ထဲထိသွားပြီဖြစ်သည်။

သူမတို့ဟိုတယ်သို့ပြန်ရောက်သည်နှင့် လင်ရှောင်းထင်ကတော့ ထုံးစံအတိုင်း ကုနင်းကို လှဲချဖို့ရန်တွေးလိုက်ပေမည့် ကုနင်းက သူ့ကိုတွန်းထုတ်လိုက်ကာ၊

“နေဦး၊ ကျွန်မလေယာဉ်လက်မှတ်အရင်ဝယ်လိုက်ဦးမယ်။”

လင်ရှောင်းထင် ကုနင်းကိုမလွှတ်ပေးချင်ပေမည့် ယနေ့ည ကြိုတင်ကာ လက်မှတ်ဝယ်ထားမှ ဆင်ပြေမည်မှန်းလည်းသိတာကြောင့် ကုနင်း အင်တာနက်မှတစ်ဆင့် လက်မှတ်မှာနေသည်ကို အနောက်မှနေ သိမ်းကြုံးဖက်ထားခဲ့သည်။

သို့ပေမည့် လင်ရှောင်းထင်၏လက်များကတော့ ငြိမ်သွားခြင်းမရှိဘဲ ကုနင်းခန္ဓာကိုယ်ထက် စုန်ချီဆန်ချီပွတ်တိုက်နေတာကြောင့် ကုနင်းစိတ်တိုလာကာ၊

“ခနလောက်ငြိမ်နေလို့မရဘူးလား? ကျွန်မလေယာဉ်လက်မှတ်ကြည့်ပါရစေဦး!”

လင်ရှောင်းထင်ကတော့ ဖြူစင်ရိုးသားသည့် ယုန်သူငယ်လေးနှယ်၊

“ဆက်လုပ်ပါ၊ ကိုယ်မင်းကို မဟုတ်တာမလုပ်ပါဘူး။”

ကုနင်းရယ်သာရယ်လိုက်မိတော့သည်။ ဒီလူကတော့ သူ့စိတ်ဆန္ဒတွေကို ထိန်းချုပ်ဖို့တောင် မကြိုးစားတော့ဘူးပဲ။ ကုနင်း သူမကိုယ်ပေါ်ရစ်ပတ်နေသည့် လင်ရှောင်းထင်၏လက်များကို တွန်းဖယ်လိုက်ကာ သတိပေးစကားဆိုလိုက်သည်။

“ကျွန်မကို ထပ်မထိနဲ့တော့ မဟုတ်ရင် တစ်ယောက်တည်း အိပ်ရမယ်။”

“ကောင်းပြီလေ၊ ကိုယ်အရင်သွားပြီး ရေချိုးထားနှင့်မယ်။ မြန်မြန်လုပ်နော်။ ကိုယ်ပြန်ထွက်လာရင် ပြီးနေတာကောင်းမယ်။”

ထို့နောက် လင်ရှောင်းထင် ရေချိုးခန်းထဲဝင်သွားတော့သည်။

ကုနင်း နောက်နေ့နေ့လည်စာ စားပြီးမှ သွားနိုင်ရန်အတွက်၂နာရီ၅၀မိနစ် လေယာဉ်ချိန်ကို ကြိုတင်မှာထားလိုက်သည်။

ကုနင်း လေယာဉ်လက်မှတ်မှာပြီးသွားသည့်အချိန်နှင့် လင်ရှောင်းထင် ပြန်ထွက်လာချိန် ကွက်တိဖြစ်သွားကာ နည်းနည်းမှပင် အချိန်ဆွဲမနေတော့ဘဲ အချိန်ကို အကျိုးရှိစွာ အသုံးချတော့သည်။

***

အခန်း ၅၃၉

ထန်မိသားစု

နောက်တစ်နေ့မနက်တွင်၊

ကုနင်း အရင်နေ့တုန်းကအတိုင်း ရေမျိုးချိုး အဝတ်အစားလဲကာ အရင်ဆုံးပြန်နှင့်ပြီး လင်ရှောင်းထင်ကတော့ သူမဖုန်းဆက်သည်ကို ဟိုတယ်တွင်သာ စောင့်နေရသည်။ ရုတ်တရက် ကုနင်း သူမကိုယ်သူမဖောက်ပြန်နေရသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေသည်မှာ ကြာပြီဆိုသော်လည်း သူမအမေကို ထုတ်ပြောဖို့အထိတော့ အချိန်မရောက်သေးပေ။

ကုနင်း အခန်းထဲမှထွက်လာချိန်တွင်ပဲ သခင်ကြီးပိုင်က သူမကိုဖုန်းဆက်လာတာကြောင့် ကုနင်းမချိပြုံးပြုံးလိုက်မိသွားသည်။ ပိုင်ရွှယ်ယန်ကတော့ သူမGမြို့ကိုရောက်နေသည့် အကြောင်း သခင်ကြီးပိုင်ကို သွားပြောလိုက်ပြီထင်သည်။

“ဟလို! သခင်ကြီးပိုင်!”

“ဘာ? ဟလို? မင်းGမြို့ကိုလာတာ ဘာလို့ငါ့ကိုမပြောတာလဲ?” သခင်ကြီးပိုင်၏အသံက ဖုန်းထဲမှနေပြီး အကျယ်ကြီးထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ကုနင်းလဲ အလျင်စလိုပြန်ရှင်းပြရတော့သည်။

“ကျွန်မ အမေနဲ့အဒေါ်နဲ့အတူ ခရီးထွက်လာတာမို့လို့ မပြောတော့တာပါ။”

“ဒီနေ့ရောအားလား?” သခင်ကြီးပိုင်မေးလိုက်သည်။

သူမသာ အားသည်ဟု ဖြေလိုက်လျှင် သခင်ကြီးပိုင်က သေချာပေါက် သူနှင့်အတူ နေ့လည်စာစားဖို့ခေါ်ပေလိမ့်မည်။ ထို့ကြောင့် သခင်ကြီးပိုင်ကို အလုပ်မရှုပ်စေလိုတာကြောင့်၊

“စိတ်မကောင်းပါဘူး။ သခင်ကြီးပိုင် ကျွန်မ Fမြို့ကိုပြန်ဖို့ လေယာဉ်လက်မှတ်တောင် ဖြတ်ပြီးသွားပြီ။”

“ကောင်းပါပြီ၊ ဒါပေမယ့် မင်းနောက်တစ်ခါလာရင်တော့ ငါ့ကိုတွေ့ဖို့ အချိန်ဖယ်ထားဦးနော်။”

“ဟုတ်ကဲ့ပါ။”

…….

Bမြို့ ထန်အိမ်တော်တွင်၊

ထိုနေ့ နေ့လည်ခင်း၌ ကျောက်ယီရူဟုခေါ်သည့် နိုင်ငံခြားမှပြန်လာသည့် ကောလိပ်ပါမောက္ခတစ်ယောက် ထန်ဟိုင်ဖုန်းဆီသို့ လာလည်ခဲ့သည်။ ထန်ယွင်ဖန်း ဖြစ်နေသည့် အခြေအနေကို နားထောင်ပြီးနောက်တွင် ကျောက်ယီရူ တစ်ခုစဉ်းစားမိသွားကာ၊

“ဒီပြဿနာကို ကျွန်တော်ဖြေရှင်းနိုင်မယ်လိုထင်တယ်၊ ဒါပေမယ့် သခင်ကြီးတို့ဘက်က ကျွန်တော့် ကိုယုံပေးနိုင်ပါ့မလား။”

“ပြောကြည့်ပါ။”

ထန်အိမ်တော်ထဲရှိ လူတိုင်းလဲ ကျောက်ယီရူကို မျှော်လင့်ချက်ကြီးစွာဖြင့်ကြည့်နေကြသည်။ ထိုအခါ ကျောက်ယီရူက၊

“လူတစ်ယောက်က ကျန်းမာနေရဲ့သားနဲ့ သတိမေ့မျောနေတာက သူကိုယ်တိုင်က သတိပြန်မရချင်တာကြောင့်လို့ ကျွန်တော်ကြားဖူးတယ်။ ပုံမှန်ဆို၊ လူတွေက သူတို့စိတ်စွဲလန်းနေတဲ့အရာတွေကို မစွန့်လွှတ်နိုင်ကြဘူး၊ အဲ့ဒါကြောင့် သူတို့အိပ်မက်ထဲမှာ ပိတ်မိပြီး ပြန်မနိုးနိုင်ကြတာ။”

“မဖြစ်နိုင်လိုက်တာ!” ထန်ယွင်ဟန်ကတော့ မယုံကြည်နိုင်ပေ။

“ဖြစ်နိုင်ချေတော့ ရှိတာပဲ။” ထန်ဟိုင်ဖုန်းသည်တော့ ဖြစ်နိုင်လောက်သည်ဟု တွေးမိလေသည်။ ဘာပဲဖြစ်ဖြစ် အခုချိန်ထိ ဤသို့လက်ခံ၍ရနိုင်လောက်သည့် ဖြေရှင်းချက်မျိုးမှမရခဲ့ဖူးဘဲ။

ဤစကားများကြောင့် ချွမ်မင်ခိုက်တော့ မျက်မှောင်ကြုတ်သွားရသည်။ ထန်ယွင်ဖန်း အကြောင်း သူကောင်းကောင်းသိထားတာကြောင့် ထန်ယွင်ဖန်း၏စွဲလန်းမှုသည် လွန်ခဲ့သည့် ၁၈နှစ်က သူ့မှတ်ဉာဏ်များဖြစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့်နှင့် ထန်ယွင်ဖန်း ကြိမ်ဖန်များစွာ ထိန်းကွပ်မှုမဲ့သလို ဖြစ်သွားခဲ့ဖူးသည်မဟုတ်ပါလား။

“လူကြီးမင်းကျောက်၊ ဒါဆို ပြန်နိုးလာအောင် ဘယ်လိုလုပ်ရမလဲ?” ချွမ်မင်ခိုင်မေးလိုက်ခြင်းဖြစ်သည်။

“သူ့ရဲ့စွဲလန်းမှုကိုသာ အလုပ်တစ်ခုဆိုရင် ကျွန်တော်တို့က ပြီးပြတ်အောင် လုပ်ဆောင်ပေးပြီး သူ့နားမှာ ထပ်ခါတလဲလဲ သူ့ဆန္ဒပြီးမြောက်သွားတဲ့အကြောင်း ပြောပြပေးနေရင် သူလဲ စိတ်လျှော့ပြီး ပြန်နိုးလာပါလိမ့်မည်။ သူ့စွဲလန်းမှုက လူတစ်ယောက်ဆိုရင်တော့ သူ့နားမှာစကားပြောပေးဖို့ အဲ့ဒီလူကိုလိုအပ်ပါတယ်၊ ဒါမှသာ သူနိုးလာနိုင်မှာပါ။” ကျောက်ယီရူ ပြောပြလိုက်သည်။

“ဒါသ တကယ်ဆို ကျွန်တော်တို့ ယွင်ဟန်ရဲ့စွဲလန်းစိတ်ကို ရှာဖွေရမှာပေါ့။” ချောင်ယွေ့ဟွာလဲ သိပ်မယုံချင်ပေမည့် ထန်ယွင်ဖန်း နိုးလာနိုင်သည့် ဖြစ်နိုင်ချေမှန်သမျှကိုတော့ လက်လွှတ်ခံမည်မဟုတ်ပေ။

“ဟုတ်တာပေါ့၊ ဒါပေမယ့် ငါတို့ဘယ်သူမှ မသိကြဘူးလေ။”

ထန်ယွင်ဖန်းသည် ထန်မိသားစုဝင်အားလုံးနှင့် ခပ်ကင်းကင်းနေတာကြောင့် ဘယ်သူမှ သူ့အကြောင်း သေချာမသိကြပေ။

“ကျွန်မတို့သာ သူ့စွဲလန်းမှုကို မဖော်ထုတ်နိုင်ဘူးဆိုရင် သူဘယ်တော့မှပြန်သတိရနိုင်မှာမဟုတ်တော့ဘူးပေါ့။” ထန်ယွင်ရုန် စိုးရိမ်ပူပန်သွားရသည်။

“အဲ့လောက်လဲမဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကိုတစ်ချိန်လုံး စကားပြောပေးနိုင်မယ့် လူတစ်ယောက်ကို ရှာပြီး သူ့အတွက် အရေးကြီးလောက်မယ့် ကိစ္စတွေကိုပြောပြပေးနေလို့ရတယ်၊ ဒါဆို သူ့စွဲလန်းမှုကိုရှာပြီး ဖြေရှင်းတာလောက် ထိရောက်မှုမရှိပေမယ့်လဲ နိုးလာနိုင်ချေရှိသေးတယ်။ ဒါတွေအားလုံးကလဲ ခန့်မှန်းချက်ပဲရှိပါသေးတယ်။” ဒါက ခန့်မှန်းချက်သာဖြစ်သော်လည်း ကျောက်ယီရူကတော့ သူ့ခန့်မှန်းချက်မှန်သည်ဟု ထင်မိသည်။

အစပိုင်းတွင်တော့ ချွမ်မင်ခိုင် သူသိထားသည့် ထိတ်လန့်စရာလျှို့ဝှက်ချက်ကို ပြောပြဖို့ရန် တုံဆိုင်းနေပေမည့် ထန်ယွင်ဖန်း၏အသက်အန္တရာယ်နှင့်ဆိုင်နေတာကြောင့် ဖွင့်ပြောရတော့သည်။

“အမ်၊ ကျွန်တော် သခင်လေးထန်ရဲ့စွဲလန်းမှုကို သိလောက်မယ်ထင်တယ်။”

ချွမ်မင်ခိုင် သိထားသည့်ကိစ္စက ထန်ယွင်ဖန်း၏စွဲလန်းမှုဖြစ်သည်ဟု ယုံကြည်သော်လည်း စကားကို သတိထားပြောစဲပင်။

“ဘာ? တကယ်လား?” လူတိုင်း၏ အံ့ဩနေသည့် အကြည့်များက ချွမ်မင်ခိုင်ရှိရာသို့ ကျရောက်လာတော့သည်။

ချွမ်မင်ခိုင် ခေါင်းညိတ်ပြလိုက်ကာ၊ ထို့နောက် တည်ငြိမ်လေးနက်စွာဖြင့်၊

“ရာနှုန်းပြည့်တော့ မသေချာပေမယ့်၊ ဖြစ်နိုင်ချေများတယ်လို့တော့ ကျွန်တော်ထင်တယ်။ တကယ်တော့ သခင်လေးထန် Fမြို့ကိုသွားကာ သူ့စွဲလန်းမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ရပ်ကြောင့်ပါ။”

“ဘာအကြောင်းလဲ? မြန်မြန်ပြော။” ထန်ဟိုင်ဖုန်း စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်သည်။

“မြန်မြန်ပြောလေ။” အားလုံးကလဲ ချွမ်မင်ခိုင်ကို လောဆော်လိုက်ကြသည်။

“ကုနင်းနဲ့သူ့အမေကိုသွားတွေ့ဖို့ပါ။”

“ကုနင်းက သခင်လေးထန်နဲ့အရမ်းဆင်လွန်းတယ်လို့ အားလုံးမထင်မိကြဘူးလား? တကယ်တော့ ကုနင်းက သခင်လေးထန်၏သွေးသားရင်းပါ။”

“ဘာ?” အားလုံးထိတ်လန့်အံ့အားသင့်သွားကြကာ တစ်ချိန်တည်းတွင်ပဲ စိတ်လှုပ်ရှား ပျော်ရွှင်သွားခဲ့သည်။ ကုနင်းကို သူတို့အားလုံးသဘောကျပြီးဖြစ်ကာ မိသားစုဝင်အဖြစ်လဲ သတ်မှတ်ထားကြတာကြောင့် ကုနင်းက ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်နေခြင်းသည် တကယ့်ကို သတင်းကောင်းတစ်ခုပင်။ အရေးအကြီးဆုံးအချက်ကတော့ ထန်ယွင်ဖန်းတွင် သူ့သွေးသားရင်းချာတစ်ယောက် ရှိသွားခဲ့ပေပြီ။

ထန်ယွင်ဖန်း၏မိသားစုသည် သူ့တစ်သက်လုံး တစ်ကိုယ်တည်းနေသွားမည်အား စိုးရိမ်ပူပန်နေခဲ့ကြရသည်။

ထို့အပြင် တကယ်လို့များ ကုနင်းက သူတို့မိသားစု၏ပိုင်ဆိုင်မှုများကို တပ်မက်ကာ အပိုင်စီးချင်လာလျှင်ပင် သူတို့အရေးထားမည်မဟုတ်ပေ။ သူတို့အမြင်တွင်တော့ ငွေကြေးဆိုသည်မှာ ကိန်းဂဏန်းမျှသာဖြစ်ပြီး မိသားစုလောက် တန်ဖိုးမရှိပေ။

ကုနင်းတစ်ယောက်တည်း ထန်မိသားစု၏အမွေခံဖြစ်လာမည်ဆိုလျှင်ပင် ဘယ်သူမှသဘောမတူဘဲ နေမည်မဟုတ်ပေ။ ထန်မိသားစုစီးပွားရေးလုပ်ငန်း ပို၍တိုးတက်ကြီးပွားလာအောင် ထန်ယွင်ဖန်းတစ်ယောက်တည်းသာ ကြိုးစားခဲ့ခြင်းဖြစ်တာကြောင့် သူအနားယူသွားလျှင် သူ့သမီးက ဆက်ခံသည်မှာ ကြောင်းကျိုးညီညွတ်လှပေသည်။

“တကယ်ပဲလား?” ထန်ဟိုင်ဖုန်းလဲ အလွန်စိတ်လှုပ်ရှားနေသလို စိုးလဲစိုးရိမ်မိသည်။

***

အခန်း ၅၄၀

သူ့ကိုမုန်းလား?

“သူတို့အခုထိ ဒီအန်အေမစစ်ဆေးရသေးဘူးဆိုပေမယ့် အမှန်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။ တကယ်လို့ ကုနင်းက သခင်လေးထန်နဲ့ ရုပ်ဆင်နေတာက တိုက်ဆိုင်မှုတစ်ခုဆိုရင် သခင်လေးထန်က ကုနင်းနဲ့ သူ့အမေကို အရင်က တွေ့ဖူးတယ်လို့ တွေးနေမိတာလဲ တိုက်ဆိုင်မှုတစ်ခုဖြစ်နေမလား? တိုက်ဆိုင်မှုတွေများ ထပ်ခါထပ်ခါဖြစ်နေတာကြောင့် အမှန်တရားဖြစ်နိုင်ချေအရမ်းများပါတယ်။” ချွမ်မင်ခိုင်၏ ရှင်းပြချက်ကြောင့် ထန်ဟိုင်ဖုန်း စိတ်အေးသွားကာ အလွန်စိတ်လှုပ်ရှားလာတော့သည်။

“ဒါဆို၊ ဘာလို့အချိန်ဆွဲနေဦးမှာလဲ? ကုနင်းနှင့်သူ့အမေကို ကြိုဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်ပို့လိုက်တော့လေ၊ ဒီလိုဆို ယွင်ဖန်းလဲ မြန်မြန်ပြန်နိုးလာလိမ့်မယ်။” ထန်ယွင်ရုန်က စိုးရိမ်နေသောကြောင့် အလျင်စလိုပြောလိုက်ပေမည့် ထန်ဟိုင်ဖုန်းကတော့ သူမကို အပြစ်တင်မာန်မဲလိုက်သည်။

“ဒီလောက်လွယ်မယ်ထင်နေလား?”

ထန်ဟိုင်ဖုန်း၏အပြောကြောင့် လူတိုင်း နားမလည်စွာဖြင့် ထန်ဟိုင်ဖုန်းကို ဝိုင်းကြည့်မိသွားကြသည်။

“ယွင်ဖန်း မြန်မြန်နိုးလာနိုင်ဖို့က အရေးကြီးတယ်ဆိုပေမယ့် ကုနင်းကိုယ်တိုင် သူ့မျိုးရိုးကိုလက်ခံပြီး သူ့အမေနဲ့အတူ ထန်မိသားစုကို စိတ်လိုလက်ရပြန်လာဖို့ကလဲ အရေးကြီးသေးတယ်။ သူတို့ကို ယွင်ဖန်း သတိရဖို့အတွက် အကူပစ္စည်းတစ်ခုလို သုံးချင်နေတလား?”

ထန်ဟိုင်ဖုန်း၏စကားကိုကြားကာမှ ထန်ယွင်ရုန်၏အပြောက အနည်းငယ်တစ်ကိုယ်ကောင်းဆန်သည့် အနေအထားမှန်း သတိထားမိသွားကြသည်။ ထန်ယွင်ဖန်းသည် ထန်မိသားစုအတွက် အလွန်အရေးကြီးသည်ဆိုသော်လည်း သူ့သမီးအရင်းနှင့် ဇနီးကိုလဲ ထန်မိသားစုဝင်အဖြစ် သေသေချာချာသတ်မှတ်မှဖြစ်ပေမည်။

“သမီးတောင်းပန်ပါတယ်၊ သမီးပြောတာအလောကြီးသွားတယ်။” ထန်ယွင်ရုန် ချက်ချင်းပြန်တောင်းပန်လိုက်ကာ၊

“ဒါဆို သူတို့ကို ဘယ်အချိန်သွားခေါ်ကြမလဲ?”

“အရမ်းအလျင်လိုဖို့မလိုပါဘူး။” အခြေအနေတွေကို စီမံဖို့ဆိုလျှင် ထန်ဟိုင်ဖုန်းအနေနှင့် အကြောင်းအရာများကို ပိုပြီးအသေးစိတ်သိဖို့ရန် လိုအပ်ပေသေးသည်။

“လွန်ခဲ့တဲ့၁၈နှစ်က ယွင်ဖန်း ကားတိုက်မှုဖြစ်တာကြောင့် နင်းနင်းရဲ့အမေကို ထားခဲ့မိသွားတာဆိုပေမယ့် နင်းနင်းရဲ့အမေ ကိုယ်ဝန်ရှိနေတဲ့အချိန်ကြီး သူထားခဲ့မိတယ်ဆိုတဲ့ အမှန်တရားကတော့ မပြောင်းလဲသွားဘူး။ အဲ့ဒီကိစ္စက နင်းနင်းနဲ့ သူ့အမေကို တော်တော်လေးနာကျင်စေနိုင်တယ်။ နင်းနင်းရဲ့အမေလဲ နင်းနင်းကိုမွေးဖို့အတွက် အရမ်းခက်ခဲခဲ့မှာပဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းလဲ ခက်ခက်ခဲခဲရှင်သန်နေထိုင်ခဲ့ကြရသေးတယ်။ သူတို့ ယွင်ဖန်းကို မုန်းနေပြီး ထပ်မတွေ့ချင်ကြဘူးဆိုရင်ရော။”

“ဒါကတော့….” အားလုံး တိတ်ဆိတ်ကုန်ကြတော့သည်။

ထန်ဟိုင်ဖုန်းပြောသည့် အချက်များသည် အမှန်တကယ်ဖြစ်နိုင်ချေရှိလွန်းလေသည်။ ထန်ယွင်ဖန်းက ကုနင်းနှင့်သူမအမေကို ကားတိုက်မှုကြောင့် မမျှော်လင့်ဘဲ ချန်ထားခဲ့မိသလို ဖြစ်သွားပေမည့် သူမတို့ကို စိတ်ထိခိုက်နာကျင်အောင် လုပ်ခဲ့သည်ဆိုသည့် အချက်ကိုတော့ မငြင်းနိုင်ပေ။ ထန်မိသားစုဝင်များလဲ ကုနင်းနှင့်သူမအမေတို့ ထန်ယွင်ဖန်းကို ခွင့်လွှတ်ပေးဖို့ရန် မျှော်လင့်ပေမည့် စကားဖြင့်ပြောရုံက အလေးအနက်မရှိပေ။ ခံရသည့်လူက ကိုယ်မဟုတ်ပါဘဲနှင့် အမှန်တကယ်ခံစားခဲ့ရသူကို အလွယ်တကူ ခွင့်လွှတ်ပေးရန် ပြောခြင်းက ကိုယ်ချင်းစာစိတ်မရှိဟန်ပေါက်လေသည်။

“ဒါဆို သမီးတို့ဘာဆက်လုပ်ကြမလဲ?” ထန်ယွင်ရုန် စိုးရိမ်စွာဖြင့်မေးလိုက်သည်။

ထို့နောက် ထန်ဟိုင်ဖုန်း ချွမ်မင်ခိုင်ဘက်ကို ပြန်လှည့်သွားကာ၊

“မင်ခိုင်၊ နင်းနင်းနဲ့ သူ့အမေရော ဒီအကြောင်းတွေကို သိလား?”

“ကျွန်တော့်အထင်တော့ သိနေကြပြီနဲ့တူတယ်။ ဒါပေမယ့် သူတို့အချင်းချင်း မိသားစုအဖြစ် ပြန်လက်မခံကြသေးခင်မှာပဲ သခင်လေးထန်က ကားတိုက်မှုဖြစ်သွားခဲ့တာ။”

“သူတို့ ယွင်ဖန်းကို ဘယ်လိုသဘောထားကြလဲ?”

“ကုကတော်ကတော့ သခင်လေးထန်ကို အရမ်းစိုးရိမ်နေတယ်၊ ဒါပေမယ့် သူတို့ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲတော့ ကျွန်တော်မသိဘူး။”

ထန်ဟိုင်ဖုန်း အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဒီလိုဆို သူတို့မှာ မျှော်လင့်ချက်တော့ ရှိနေသေးတာပဲ။

“ငါအခုပဲ နင်းနင်းကို ဖုန်းဆက်လိုက်မယ်။” ထန်ဟိုင်ဖုန်း သူ့စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ စာကြည့်ခန်းထဲပြန်ရောက်သော်လည်း ကုနင်းကို ချက်ချင်းဖုန်းမဆက်သေးဘဲ သူ့စိတ်ကို ခနလောက်ပြင်ဆင်နေလိုက်သည်။

ကုနင်းစားသောက်နေချိန်တွင် ထန်ဟိုင်ဖုန်းဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ခေါ်ဆိုသူအမည်ကိုတွေ့လိုက်ချိန်တွင်တော့ ထန်ယွင်ဖန်း တစ်ခုခုဖြစ်တာများဖြစ်နေမလားဆိုကာ စိုးရိမ်မိသွားခဲ့သည်။

သို့ပေမည့် ထန်ယွင်ဖန်းကြောင့် ကုမန့်၏ လက်ရှိစိတ်အခြေအနေကို မထိခိုက်စေချင်တာကြောင့် သူမအပြင်သို့ထွက်ပြီးတော့မှသာ ဖုန်းပြန်ဖြေလိုက်သည်။

“ဟလို၊ ဖိုးဖိုး။”

“ဟိုင်း၊ ကောင်မလေးကု၊ အခုဘာတွေလုပ်နေလဲ?” ထန်ဟိုင်ဖုန်း အတတ်နိုင်ဆုံးကို စိတ်ကို အေးအောင်လုပ်နေပေမည့် စိတ်လှုပ်ရှား တုန်လှုပ်နေသံကတော့ ထင်ဟပ်နေစဲပင်။

“သမီးအခု စားနေတာပါ။ ဖိုးဖိုး၊ ဦးလေးထန် တစ်ခုခုများထပ်ဖြစ်လို့လား?” ကုနင်း စိတ်ပူနေသံဖြင့်မေးလိုက်သည်။

ထန်ယွင်ဖန်းအား ကုနင်းစိုးရိမ်နေကြောင်း ကြားလိုက်ရကာ ထန်ဟိုင်ဖုန်း အနည်းငယ် စိတ်ချမ်းသာသွားသည်။ သို့ပေမယ့် ကုနင်းက ထန်ယွင်ဖန်းကို ဦးလေးထန်ဟုသာ ခေါ်ဆိုနေရတာကြောင့်တော့ စိတ်မကောင်းဖြစ်သွားရပြန်သည်။ ထန်ယွင်ဖန်းသည် ကုနင်း၏အဖေရင်းဖြစ်ပေမည့် သူတို့ချင်း တစ်ယောက်ကိုတစ်ယောက် တရားဝင်လက်မခံရသေးခင် ထပ်ပြီး ဝေးကွာနေရပြန်သည်။

“ဖြစ်တော့ဖြစ်တယ်၊ ဒါပေမယ့် ဖိုးဖိုးတို့ သမီးရဲ့အကူအညီလိုလို့။”

“သမီးဘာလုပ်ပေးရမလဲ?”

“အဖိုးရဲ့မိတ်ဆွေတစ်ယောက်ပြောတာတော့ ယွင်ဖန်း ပြန်မနိုးလာနိုင်တာ သူ့စိတ်စွဲလန်းမှုထဲမှာ ပိတ်မိနေတာလို့ပြောတယ်။” ထန်ဟိုင်ဖုန်း ကုနင်းကို တစ်ခါတည်း အားလုံးမပြောပြသေးဘဲ သူမ၏တုံ့ပြန်မှုအခြေအနေကို စောင့်ကြည့်လိုက်သေးသည်။

“စိတ်စွဲလန်းမှု?”

“ဘာများလဲ?”

ကုနင်းက သူမနှင့်ထန်ယွင်ဖန်း၏ အစစ်အမှန်ပတ်သတ်ဆက်နွယ်မှုအကြောင်းကို ထန်ဟိုင်ဖုန်း သိနေပြီမှန်း မသိထားသေးတာကြောင့် ထန်ဟိုင်ဖုန်း ဘာကိုဆိုလိုချင်မှန်း နားမလည်နိုင်ခဲ့ပေ။

“ကောင်မလေးကု၊ မင်းဘာလို့ ယွင်ဖန်းနဲ့အရမ်းတူနေရတာလဲဆိုတာ သိလား?”

ထိုစကားကိုကြားတော့မှ ကုနင်းလဲ ထန်ဟိုင်ဖုန်း ဆိုလိုသည့်ကိစ္စကို နားလည်သွားသည်။ ထန်ဟိုင်ဖုန်း သိပြီးနေမှတော့ သူမဘက်ကလဲ မသိချင်ယောင်ဆောင်နေဖို့မလိုတော့ပေ။

“ဟုတ်ကဲ့၊ သိပါတယ်။”

“ဒါဆို၊ သမီးနဲ့ သမီးရဲ့အမေကရော ယွင်ဖန်းအပေါ် ဘယ်လိုသဘောထားလဲ? သူ့ကို မုန်းနေကြလား?”

ထန်ဟိုင်ဖုန်း စိုးရိမ်နေသည်ကို ကုနင်းနားလည်တာကြောင့်

“ဖိုးဖိုး၊ သမီးတို့ မမုန်းပါဘူး။ ဒါတွေက ကားတိုက်မှုကြောင့်ပဲကို ဘယ်သူကမှအဲ့လိုမဖြစ်ချင်ကြဘူးလေ။”

“တကယ်တော့၊ ဦးလေးထန်က သမီးရဲ့အဖေရင်းဆိုတာကို သိထားတာ နဲနဲကြာနေပြီ၊ ဒါပေမယ့် သူကမှတ်ဉာဏ်ပျောက်ဆုံးနေတာဆိုတော့ သမီးလဲ ထုတ်မပြောနေတော့တာပါ။”

“နောက်တော့မှ၊ ဦးလေးထန်လဲ သူ့ဘာသာသိသွားပြီး၊ နည်းနည်းပါးပါးစုံစမ်းခဲ့တာ။ သမီးဘက်က လက်ခံပေးခဲ့တယ်ဆိုတာလဲ သမီးအမေကို ပျော်ရွှင်တဲ့ဘဝလေးမှာနေစေချင်လို့။ အစတုန်းကတော့ ဦးလေးထန်က သူ့မှတ်ဉာဏ်တွေပြန်ရရင် သမီးအမေနဲ့တွေ့ဖို့ စီစဉ်ထားခဲ့တာ။ ဒါမှသာ နှစ်ဦးနှစ်ဖက် တရားမယ်လို့ သူထင်တယ်လေ။ ဒါပေမယ့် သမီးအမေ မတော်တဆတွေ့သွားခဲ့မိတာကြောင့် အစီစဉ်ပြောင်းပြီး ထိပ်တိုက်တွေ့ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။ မမျှော်လင့်ဘဲနဲ့ သူFမြို့ကိုလာတဲ့လမ်းမှာပဲ ကားတိုက်မှုဖြစ်သွားခဲ့တယ်။”

***

စာစဉ် ၃၆ ပြီး၏။

All Chapters