← Chapters

အခန်း (၅၄၆-၅၅၀)

Vol. 37 Ch. 546-550

အခန်း (၅၄၆-၅၅၀)

Vol. 37 Ch. 546-550

အခန်း ၅၄၆

သူ့အပေါ် ဘာမှမခံစားရဘူးလား?

“ဘာ? နင်က အတန်းတွေမတက်တော့ဘဲ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစတော့မှ ဝင်ဖြေမယ်ပေါ့? နင်အောင်နိုင်တာ သေချာရဲ့လား?” ချောင်ဝမ်ရှင်း လုံးဝမထင်ထားသည့် စကားမျိုးကို ကြားလိုက်ရသည့်အတွက် အလွန်ထိတ်လန့်ကာ မျက်လုံးပြူးမျက်ဆံပြူးပင် ဖြစ်သွားတော့သည်။ ကုနင်း ဒီလောက်ထိ ရဲတင်းလိမ့်မည်ဟု သူမ မထင်ထားမိပေ။

“ကျောင်းအုပ်ကကော လက်ခံမှာလား? နင်ကျောင်းထုတ်ခံနေရရင်ကော?”

“စိတ်မပူပါနဲ့။ ငါသာ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်နေရင် ဘယ်သူမှ ငါ့ကိုတားလို့မရပါဘူး။ ” သူမသည် JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏ ပိုင်ရှင်လဲဖြစ်နေတာကြော်င့ သေချာပေါက် ကျောင်းအုပ်က လက်ခံလိုက်မည်ဟု ကုနင်းယုံကြည်ချက်ရှိနေခဲ့သည်။ အရည်အချင်းရှိသူများသည် ကျောင်းစာတွင် တော်ရုံတင်မကဘဲ စီးပွားရေးတွင်လဲ ကောင်းကောင်းဦးဆောင်နိုင်ကြလေသည်။ ထို့ကြောင့် ကျောင်းအုပ်က သူမလို အသက်ငယ်ငယ်လေးနှင့် ဘီလီယံနာဖြစ်နေသူကို ကျောင်းထုတ်လိမ့်မည်မဟုတ်ပေ။

“ထားပါ၊ နင်နိုင်ပါတယ်။” ကုနင်းယုံကြည်ချက်အလွန်ရှိနေပုံကို မြင်ရတာကြောင့် ချောင်ဝမ်ရှင်းလဲ သူမကိုယုံကြည်ဖို့သာ ရွေးချယ်လိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက အရမ်းထူးချွန်နေပြီးသားပဲမဟုတ်ပါလား။

ရုတ်တရက်ဆိုသလို ချောင်ဝမ်ရှင်းဝမ်းနည်းသည့်ဟန်ပေါက်သွားတာကြောင့် ကုနင်း သူမကိုမေးလိုက်သည်။

“ဘာဖြစ်နေတာလဲ?”

“ရှင်းပိုင်ကြောင့်ပေါ။ ငါတို့စစတွေ့တုန်းက ယွီဝမ်ကျင်းကို သူ့ရည်းစားလို့ထင်လိုက်လို့ သူ့ကိုမကောင်းတဲ့လူလို့ အထင်မှားသွားပြီး ယွီဝမ်ကျင်းကိုတောင်မှ ကူညီဖို့လုပ်မိသွားသေးတယ်။ ဒါပေမယ့် ဒီနေ့ ငါယွီဝမ်ကျင်းကို ဈေးဝယ်စင်တာတစ်ခုမှာ မြင်လိုက်တော့ သူက ငါ့ကိုမြင်တာနဲ့ ဆဲတော့တာပဲ။ လုံးဝအဓိပ္ပါယ်မရှိလိုက်တာ။ ငါက ရှင်းပိုင်နဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းရှိနေတာလို့တောင် ပြောလိုက်သေးတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ရှင်းပိုင်နဲ့ ငါ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တောင် မုန်းကြလဲ? ငါတို့က ဘယ်တော့မှ နီးစပ်လို့ရမယ့်လူတွေကို မဟုတ်ဘူး။” ချောင်ဝမ်ရှင်း ထပ်ပြီးသည်းမခံနိုင်တော့တာကြောင့် ကုနင်းကို ဖြစ်ခဲ့သမျှ ပြန်ပြောပြခဲ့သည်။

ချောင်ဝမ်ရှင်း၏စကားကြောင့် ကုနင်းအံ့ဩသွားကာ။

“ဟုတ်ရဲ့လား? နင်ရှင်းပိုင်နဲ့ တိုးတိုးတိတ်တိတ်တွဲနေတာမဟုတ်ဘူးလား?”

“ဖြစ်စရာလား? ဘယ်တော့မှမဖြစ်နိုင်ဘူး။” ချောင်ဝမ်ရှင်းချက်ချင်းငြင်းဆန်လိုက်သည်။

“ယွီဝမ်ရှင်းရဲ့သူငယ်ချင်းက မီးပုံးပွဲတော်တုန်းက ငါနဲ့ရှင်းပိုင် အပြင်အတူသွားတာကို မြင်လိုက်တာနဲ့ ငါတို့တွဲနေတယ်ဆိုပြီး ထင်သွားတော့တာပဲ။ ဒါပေမယ့် ငါတို့ မိသားစုတွေနဲ့အတူ သွားတာလေ။ နှစ်ယောက်တည်း လျှောက်လည်နေတာမှမဟုတ်တာ။”

ကုနင်းကတော့ ချောင်ဝမ်ရှင်း၏စကားကြောင့် အံ့ဩသွားရပြန်ကာ၊

“နင်ကဘယ်လိုလုပ် မီးပုံးပွဲတော်တုန်းက ရှင်းပိုင်နှင့်အပြင်လျှောက်လည်ဖြစ်သွားတာလဲ?”

“ငါတို့တွေ ပြီးခဲ့တဲ့တစ်ခေါက် လေဆိပ်မှာ သူနဲ့တွေ့တုန်းက သူ့ဦးလေးဆီသွားလည်မှာလို့ ရှင်းပိုင်ပြောခဲ့သေးတယ်လေ။ သူ့ဦးလေးဆိုတာက ငါ့ရဲ့ဦးလေးပဲဆိုရင် နင်ယုံနိုင်လား! ငါတို့မီးပုံပွဲတော်အတူ ဆင်နွှဲတုန်းကဆို ငါ့အမေနဲ့အဒေါ်က ငါတို့ကိုလက်ထပ်ပေးဖို့တောင် ကြံနေကြတာ။”

ကုနင်း ခနလောက်ပြန်တွေးမိသွားသည်။ အစတုန်းကတော့ ချောင်ဝမ်ရှင်းနှင့် ရှုကျင်းချန်ဆိုလျှင် အလွန်လိုက်ဖက်မည်ဟု သူမတွေးခဲ့ပေမည့် ကြည့်ရတာတော့ ချောင်ဝမ်ရှင်းနှင့် ရှင်းပိုင်ကပိုပြီး လိုက်ဖက်နေပုံပဲ။ သူတို့လောလောဆယ် တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်ကြဘူးဆိုပေမယ့် အမုန်းကနေ ချစ်မိသွားတယ်ဆိုတာ မရှိတာမှမဟုတ်ဘဲ။ ပြီးတော့ ထန်ယွင်ရုန်ကကိုယ်တိုင်ကလဲ ရှင်းပိုင်ကို သဘောကျနေသေးတယ်။

“နင်သူ့အပေါ် ဘာမှမခံစားရဘူးလား?” ကုနင်းမေးလိုက်သည်။

ထိုမေးခွန်းကြောင့် ချောင်ဝမ်ရှင်းနည်းနည်းလန့်သွားပေမည့် ချက်ချင်းပင် ပြန်ငြင်းလိုက်သည်။

“အင်း၊ ဘာမှမခံစားရဘူး။”

ချောင်ဝမ်ရှင်းလိမ်နေတာမှန်း ကုနင်းသိလိုက်တာကြောင့် ပြုံးသာပြုံးလိုက်မိပြီး လိုအပ်လျှင် သူတို့နှစ်ဦးကြားက ဆက်ဆံရေးအဆင်ပြေလာစေရန် ကြားဝင်ကူညီဖို့ပါ ဆုံးဖြတ်လိုက်သည်။

ည၉နာရီလဲထိုးခါနီးပြီဖြစ်တာကြောင့် ချောင်ဝမ်ရှင်း သူမအိမ်ဘက်သို့ပြန်သွားခဲ့သည်။

ထို့နောက် ကုနင်း သူမကျောင်းအုပ်ကိုဖုန်းလှမ်းဆက်ကာ၊

“ဟလို၊ ဆရာကြီး ညဘက်ကြီး အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မက ကုနင်းပါ။”

“ကုနင်း?” ကုနင်းဖုန်းဆက်တာကြောင့် ကျောင်းအုပ်အံ့ဩသွားခဲ့သည်။

“ငါဘာကူညီပေးရမလဲ?”

“တကယ်တော့၊ ကျွန်မအလုပ်ကိစ္စရှိလို့ လတ်တလော Bမြို့မှာရှိနေရမှာ။ ပြီးတော့ ကျောင်းပျက်ထားတာလဲ တော်တော်များနေပြီဆိုတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်အထိ ကျွန်မကျောင်းမလာနိုင်လောက်လို့ပါ။ စိတ်မပူပါနဲ့။ ကျွန်မကိုယ့်ဘာသာ စာကိုဆက်လေ့လာနေပြီး စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်ရမယ်လို့ ကတိပေးပါတယ်။” ကုနင်း စာမေးပွဲမှ ဘာသာရပ်တိုင်းကို အမှတ်ကောင်းကောင်းနှင့် အလွယ်တကူအောင်နိုင်မည်ဟု သူမကိုယ်သူမယုံကြည်ချက်အပြည့်ရှိလေသည်။

“ရတာပေါ့၊ ကိစ္စမရှိဘူး။” ကျောင်းအုပ်အသာတကြည်ပင် လက်ခံလိုက်သည်။

“မနက်ဖြန် မင်းရဲ့အတန်းပိုင်ကိုခေါ်ပြီးပြောလိုက်မယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် သုံးရက်အလိုကျရင်တော့ မင်းငါတို့ဆီပြန်ရောက်ကြောင်း သတင်းလာပေးဦး။”

“ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာကြီး။”

“ရပါတယ်။ မင်းကငါတို့ကျောင်းရဲ့ဂုဏ်ဆောင်ပဲ။ မင်းစီးပွားရေးလုပ်ငန်းမှာအောင်မြင်နေတဲ့အကြောင်း တခြားကျောင်းအုပ်တွေ သတင်းကြားသွားကတည်းက ငါ့ကိုမနာလိုနေကြတာ။” ကျောင်းအုပ်က ပျော်ရွှင်ဝမ်းမြောက်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် ကုနင်းအကြံတစ်ခုရသွားကာ၊

“ဆရာကြီး၊ တကဘ်လို့စိတ်မရှိဘူးဆိုရင် ကျွန်မတို့ကျောင်းပြန်လည်ပြင်ဆင်ရေး ဒါမှမဟုတ် တခြားလိုအပ်တဲ့အရာတွေ ဖြည့်တင်းဖို့အတွက် ယွမ်ငါးသန်းလှူဒါန်းချင်ပါတယ်။”

အမှတ်၃အထက်တန်းကျောင်းသည် သာမာန်အထက်တန်းကျောင်းတစ်ခုသာဖြစ်ပြီး အဆောက်အဦးတော်တော်များများကလဲ နှစ်ကာလကြာရှည်နေပြီဖြစ်ကာ ကျောင်းအုပ်က ကျောင်းဆောင်များ ပြန်လည်ပြင်ဆင်ဖို့အတွက် နှင့် ကျောင်းအတွက်လိုအပ်သည့်ပစ္စည်းများထည့်သွင်းရန် ငွေကြေးတောင်းခံမှုလျှောက်ခဲ့သည်။ သို့ပေမည့် ထိုတင်သွင်းချက်မှာပယ်ချခံလိုက်ရလေသည်။ အခုတော့ ကုနင်းလဲ ချမ်းသာနေပြီဖြစ်တာကြောင့် သူမ၏ကျောင်းအတွက် တစ်ခုခုပြန်လုပ်ပေးချင်လေသည်။

“တ-တကယ်လား?” ကျောင်းအုပ်သည်တော့ သူပဲ နားကြားမှားသလားဟုပင် ထင်မိကာ အလွန်အံ့ဩထိတ်လန့်သွားခဲ့သည်။

“တကယ်ပါ။ မနက်ဖြန်ကျရင် ဆရာကြီးနဲ့ဆွေးနွေးဖို့အတွက် ကျွန်မလူတစ်ယောက်လွှတ်လိုက်ပါ့မယ်။”

“မင်းရဲ့မိဘတွေကကော သဘောတူရဲ့လား?” ကုနင်း ငွေအမြောက်အများရှာနိုင်သည်ဆိုသော်လည်း ကျောင်းသူအရွယ်သာဖြစ်တာကြောင့် မိဘများက သဘောမတူမည်ကို ကျောက်အုပ်ကြီး ပူပန်မိတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

“ကျွန်မမိဘတွေက အမြဲတမ်း ပံ့ပိုးပေးတဲ့သူတွေပါ။”

ထိုစကားကိုကြားကာမှ ကျောင်းအုပ်ကြီးလဲ စိတ်အေးသွားတော့သည်။

“ဒါဆို အရမ်းအဆင်ပြေတာပေါ့။”

“ကျေးဇူးအများကြီးတင်ပါတယ်။ ကုနင်း။”

ကုနင်းနှင့်ဖုန်းပြောပြီးနောက်တွင်တော့ ကျောင်းအုပ်ကြီး သူ၏ကျဆင်းနေသည့် မျက်ရည်စက်များကို သုတ်လိုက်တာကို ဇနီးဖြစ်သည့် ပိုင်နျန်လန် သတိပြုမိသွားကာ နားမလည်နိုင်စွာနှင့်၊

“ဘာဖြစ်လို့လဲ?”

ထိုအခါ ကျောင်းအုပ်ကြီးက သက်ပြင်းချလိုက်ကာ၊

“ကိုယ်တို့ကျောင်းရဲ့ နှစ်ကြာနေတဲ့ အဆောက်အဦးတွေ ပြန်ပြင်ဆင်ဖို့အတွက် အထက်ကို ငွေတောင်းခံလွှာတင်ထားတဲ့အကြောင်း ပြောဖူးတယ်မလား?”

***

အခန်း ၅၄၇

ကြိုးချပေးဖို့လိုလား?

“ဒီတော့?” ခင်ပွန်းဖြစ်သူ အရမ်းစိတ်လှုပ်ရှားနေလဲဆိုသည်ကို ပိုင်နျန်လန် နားမလည်သေးတာကြောင့် ထပ်ပြီးစကားထောက်လိုက်သည်။

“အဲ့ဒါကို၊ ကျောင်းသူတစ်ယောက်က ငါတို့ကျောင်း ပြန်လည်ပြင်ဆင်ရေးအတွက် ယွင်၅သန်း အခုလေးပဲ လှူဖို့ပြောသွားတယ်။” ကျောင်းအုပ်ကြီးပြောရင်းဖြင့်ပင် သူကြားခဲ့ရသည်က အိပ်မက်တစ်ခုမဟုတ်ဖို့ကိုလဲ ဆုတောင်းနေမိသည်။

“ဘာပြောလိုက်တယ်။ ကျောင်းသူတစ်ယောက်က? သူက အမွေဆက်ခံမယ့် ဒုတိယမျိုးဆက်တစ်ယောက်မို့လို့လား?” ပိုင်နျန်လန်ကတော့ ထိုကျောင်းသူက ချမ်းသာတဲ့မိသားစုမှဖြစ်လောက်မည်ဟု တွေးလိုက်မိသည်။

“မဟုတ်ဘူး။ သူက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ပဲ။”

ကုနင်း၏နောက်ခံအကြောင်းပြန်တွေးမိလိုက်တော့ ကျောင်းအုပ်ကြီးလဲ သူမ၏မယုံနိုင်စရာအရည်အချင်းကို မလေးစားမိဘဲမနေနိုင်ပေ။

“ဘာ? သူလား?” ပိုင်နျန်လန် အံ့အားသင့်သွားသည်။ သူမလဲ သူမခင်ပွန်း၏ ကျောင်းတွင် JadeBeautyလက်ဝတ်ရတနာလုပ်ငန်းက ပိုင်ရှင်တက်ရောက်နေကြောင်း ကြားသိထားပြီးဖြစ်ကာ ကုနင်းကို အလွန်လေးစားနေမိပြီးဖြစ်သည်။ ကုနင်း ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်မှုရနေသည်ကို ကြားပြီးကတည်းက သူမတွင်လဲ ကုနင်းကဲ့သို့ထူးချွန်သည့် ကလေးမျိုးရှိဖို့ရန် အမြဲဆန္ဒရှိနေခဲ့သည်။

ထိုအချိန်တွင်ပဲ သူငယ်ချင်းများနှင့် ဘက်စကတ်ဘောသွားကစားစသည့် ပိုင်နျန်လန်၏သားဖြစ်သူပြန်လာကာ တစ်ကိုယ်လုံးချွေးများစိုရွှဲနေကာ မကောင်းသည့်အနံ့အသက်များလဲ ထွက်နေတာကြောင့် ပိုင်နျန်လန် အလိုမကျဖြစ်သွားသည်။ ထို့နောက်တွင်တော့ ပိုင်နျန်လန်တစ်ယောက် သူမသားဖြစ်သူကို စတင်ဆူပူကြိမ်းမောင်းတော့သည်။ သူမသားကတော့ အမေဖြစ်သူ ဘာကြောင့်ရုတ်တရက်ကြီး သူ့ကိုစိတ်ဆိုးသွားလဲဆိုသည်ကို ဘယ်လိုမှနားမလည်နိုင်ခဲ့ပေ။

ခနအကြာတွင်တော့ အဖေဖြစ်သူ၏ကျောင်းမှ ထူးချွန်သည့်ကျောင်းသူတစ်ယောက်အကြောင်းကို နားထောင်ပြီးနောက်တွင်တော့ သူ့အမေဘာကြောင့်ဆူနေလဲဆိုသည်ကို သိသွားတော့သည်။ သို့ပေမည့် မကျေမနပ်တော့ဖြစ်မိသွားစဲပင်။ တကယ်တော့ သူကလဲ သူ့ရွယ်တူများနှင့်ယှဉ်လျှင် ကျောင်းတွင် ကျောင်းသားကောင်းတစ်ယောက်ပင်ဖြစ်သည်။ သို့ပေမည့် အမေဖြစ်သူကို တွန်းလှန်နိုင်ခြင်းမရှိတာကြောင့် စိတ်ရှည်ရှည်ဖြင့်သာ ဆူသမျှကို နားထောင်နေရတော့သည်။

………..

Bမြို့တွင်တော့ ကုမန့်သည် ၁၁နာရီလောက်တွင်အိပ်သွားခဲ့တာကြောင့် ကုနင်းလဲ ချက်ချင်းပင် လင်ရှောင်းထင်ကိုလာဖို့ရန် စာပို့လိုက်တော့သည်။

လင်ရှောင်းထင်နေသည့် ဟိုတယ်သည် သူမအိမ်နှင့်သိပ်မဝေးလှတာကြောင့် ကုနင်း၏စာကို ရပြီးသည်နှင့် မကြာခင်မှာပင် ရောက်ရှိလာခဲ့သည်။ ထို့နောက် ကုနင်းကိုဆက်သွယ်လိုက်ကာ ကုနင်း၏အိပ်ခန်းသို့ရှိရာသို့ ကုနင်းခေါ်ဆောင်ရာအတိုင်း လိုက်သွားခဲ့သည်။

“ရှင့်အတွက် ကြိုးတစ်ချောင်းချထားပေးဖို့လိုသေးလား?” လင်ရှောင်းထင်အတွက် သုံးထပ်တိုက်တစ်ခုပေါ် ခိုတက်ဖို့ရန် အကူပစ္စည်းမလိုဘဲ အလွယ်တကူတက်နိုင်ကြောင်း ကုနင်းသိပေမည့် စနောက်လိုက်ခြင်းဖြစ်သည်။

“မလိုပါဘူး။” သူ့နေနှင့် လက်နှစ်ဖက်အကူအညီဖြင့်ပင် သုံးလွှာသို့ အလွယ်တကူတက်နိုင်ပေသည်။ ထို့နောက် ကုနင်းကို နှစ်များစွာကြာအောင် မတွေ့ရသည့်လူတစ်ယောက်လို ကြည့်လိုက်ပြီးနောက် တင်းကြပ်နေအောင် ဖက်ထားလိုက်သည်။

“နင်းနင်း၊ ကိုယ်အရမ်းလွမ်းနေတာ။” သူတို့မတွေ့ရသည်မှာ နေ့တစ်ဝက်သာရှိသေးလေသည်။

“ကျွန်မအမေရဲ့အခန်းက သိပ်ဝေးတာမဟုတ်လို့ တိုးတိုးတိတ်တိတ်နေမှဖြစ်မယ်။” ကုနင်း သတိပေးလိုက်သည်။

“ဟုတ်ပါပြီ၊ ကိုယ်မင်းကို ဖက်အိပ်ရုံပဲအိပ်မယ်၊ ဘာမှမလုပ်ဘူး။” ကုမန့်အခန်းနှင့်နီးကြောင်း လင်ရှောင်းထင်သိတာကြောင့် အသံကျယ်ကျယ်ထွက်အောင် မလုပ်ရဲပေမည့် ဤညအဖို့တောင် ကုနင်းကိုဖက်၍အိပ်ရရုံလောက်ဖြင့်ပင် ကျေနပ်နိုင်ပါသည်။

….

နောက်တစ်နေ့မနက်တွင်တော့ အလင်းရောင်စထွက်ကတည်းက လင်ရှောင်းထင်နိုးနေပြီဖြစ်သည်။ ကုမန့်သိသွားမည်စိုးတာကြောင့် နေ့ခင်းလင်းလင်းရှင်းရှင်းတွင်မှ ထွက်ဖို့ရန် အဆင်မပြေသောကြောင့် စောစောစီးစီးပင် ကုနင်း၏အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

မနက်အစောပိုင်းတွင် ချောင်ဝမ်ရှင်းတစ်ယောက် ကုနင်းဆီလာလည်လို၍ စောစောစီးစီးဖုန်းဆက်လာခဲ့သည်။ ချောင်ဝမ်ရှင်းပျင်းနေတာကြောင့် ကုနင်းနှင့်နည်းနည်းပါးပါး ပျော်စရာရှာချင်နေသည်။

“အမ်၊ ငါနောက်မှပြန်ခေါ်လိုက်မယ်။” ချောင်ဝမ်ရှင်းက ထန်ယွင်ဖန်းကိစ္စကို မသိသေးတာကြောင့် ကုနင်းအနေဖြင့် ချောင်ဝမ်ရှင်းကိုပြောသင့်မပြောသင့် သေချာမသိသေးပေ။

ထို့ကြောင့် ချောင်ဝမ်ရှင်းနှင့်ဖုန်းပြောပြီးသည်နှင့် ချက်ချင်းပင် ထန်ဟိုင်ဖုန်းဆီသို့ ဖုန်းဆက်လိုက်တော့သည်။

ထန်ဟိုင်ဖုန်းကလဲ တမင်သက်သက် ချောင်ဝမ်ရှင်းကို မပြောပြဘဲနေခြင်းမဟုတ်ဘဲ လူငယ်တွေစိုးရိမ်ကုန်ကြမည်စိုးသောကြောင့် မပြောသေးခြင်းသာဖြစ်သည်။ ချောင်ဝမ်ရှင်း ကုနင်းနှင့်အတူ တစ်နေ့လုံးရှိနေမည်ဆိုကတည်းက သိသွားဖို့ရန်လဲ မလိုတော့တာကြောင့် ကုနင်းကို ပြောပြခိုင်းဖို့ရန် ထန်ဟိုင်ဖုန်းခွင့်ပြုလိုက်တော့သည်။ ထို့ကြောင့် ကုနင်း ချောင်ဝမ်ရှင်းကိုဖုန်းပြန်ဆက်ကာ သူမတို့ ခနနေ ထန်အိမ်တော်သို့သွားကြမည့်အကြောင်းပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ချောင်ဝမ်ရှင်းအိပ်ရာမှ ချက်ချင်းထရတော့သည်။

အခုဆို မနက်၇နာရီခွဲပြီးနေပြီဖြစ်သော်လည်း ချောင်ဝမ်ရှင်းကတော့ အိပ်ရာထဲ လှဲနေစဲဖြစ်သည်။ သူမတွင် မနက်ပိုင်းပြေးသည့် အလေ့အကျင့်ရှိသော်လည်း တစ်ခါတရံတော့ အပျင်းကြီးလေသည်။ အထူးသဖြင့် အေးသည့်နေ့များတွင် အိပ်ရာထဲမှမထချင်ပေ။ ယခုအချိန်မှာ နွေဦးရာသီဖြစ်သော်လည်း အပြင်တွင်တော့ အေးနေစဲဖြစ်သည်။

ကုနင်း၏အိမ်သို့ ချောင်ဝမ်ရှင်းတစ်ယောက် မနက်၈နာရီလောက်တွင်ရောက်ရှိလာကာ သူမရောက်ချိန်တွင် စားပွဲပေါ်၌ မနက်စာကအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကုမန့်ကိုမြင်လိုက်သည်နှင့် ချောင်ဝမ်ရှင်း ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်လိုက်သည်။

“နင့်ကားနဲ့သွားချင်လား၊ ငါ့ကားနဲ့ပဲသွားမလား?” မနက်စာစားရင်း ချောင်ဝမ်ရှင်းကို ကုနင်းမေးလိုက်ခြင်းဖြစ်သည်။

“နင်နဲ့ပဲသွားတာပေါ့။” ချောင်ဝမ်ရှင်းလဲ ကုနင်းနှင့်အတူ တစ်နေကုန်အချိန်ဖြုန်းဖို့ရန် စိတ်ကူးထားခြင်းဖြစ်တာကြောင့် သူမကားကို ယူမနေတော့ပေ။

မနက်စာစားပြီးနောက် သုံးဦးသားအိမ်အောက်သို့ဆင်လာခဲ့ကြသည်။ သို့ပေမည့် ကုနင်း၏ကားဆိုသည်ကို ကုမန့်မြင်လိုက်ချိန်တွင်တော့ ထိုကားသည် ဇိမ်ခံကားLamborghiniဖြစ်နေကြောင်း ကုမန့် မှတ်မိလိုက်တာကြောင့် အလွန်အံ့အားသင့်သွားတော့သည်။

“နင်းနင်း၊ ဒီကားဘယ်လောက်တောင်ပေးရတာလဲ?” ကုမန့် အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်ရင်းမေးလိုက်သည်။

“အန်တီထန်ဝယ်ပေးတာပါ၊ ယွမ်၁၀သန်းတော့ကျောက်လောက်တယ်။”

“သူ-သူတို့အရမ်းရက်ရောလွန်းအားကြီးတာပဲ။”

ကုနင်းက ထန်ယွင်ဖန်း၏သမီးအရင်းဖြစ်ကြောင်း မသိသေးတာတောင်မှ ထန်မိသားစုဆီမှ ဇိမ်ခံကားတစ်စီးကို လက်ဆောင်အဖြစ်ရထားပြန်တာကြောင့် ထန်မိသားစု ဘယ်လောက်တောင် ရက်ရောလဲဆိုသည်က သိသာလှပေသည်။

“ကုနင်းပေးတဲ့လက်ဆောင်တွေက ပိုပြီးတန်ဖိုးရှိပါသေးတယ်။ ဒီဇိမ်ခံကားလောက်က ဘာမှမပြောပလောက်ပါဘူး။” ချောင်ဝမ်ရှင်း၏စကားကိုကြားကာမှ ကုမန့် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည။

ထို့နောက် အိမ်မှထွက်လာခဲ့ကြသည်။ ကုနင်းတို့အိမ်မှထွက်လာချိန်သည် ၈နာရီခွဲသာရှိသေးတာကြောင့် ကားလမ်းမကြပ်သေးပေ။

ကုနင်း၏ကားနောက်တွင်တော့ နောက်ထပ်ဇိမ်ခံကားတစ်စီးရှိနေကာ ကုနင်း၏ အဖြူရောင် Lamborghiniကားအကြောင်းကို စတင်ဆွေးနွေးပြောဆိုနေကြလေသည်။

***

အခန်း ၅၄၈

အမှန်တရား

“အဲ့ဒါ Lamborghiniနောက်ဆုံးထွက်မော်ဒယ်မဟုတ်လား? ကမ္ဘာပေါ်မှာတောင် အစီးလေးဆယ်ပဲရှိတာလို့ ငါကြားဖူးတယ်! ငါတောင်တစ်စီးလိုချင်တာကို မရလိုက်ဘူး။” ကုနင်းတို့အနောက်ရှိကားထဲမှ အမျိုးသားတစ်ဦးက အားကျသင့်လေသံဖြင့် ပြောလိုက်သည်။ ထိုအမျိုးသားသည်က ဖန်းကျီရွေ့ပင်ဖြစ်သည်။

ဖန်ကျီရွေ့၏ဇိမ်ခံကားထဲတွင် နောက်ထပ်ယောက်ျားလေးနှစ်ယောက်လဲရှိနေသေးကာ တစ်ယောက်ကတော့ ကွမ်းပင်းဖြစ်ပြီး ကျန်တစ်ယောက်ကိုတော့ မသိရသေးပေ။

“မောင်းတဲ့သူကို လိုက်ကြည့်ရအောင်!” ကွမ်းပင်းလဲ သိချင်စိတ်ဖြစ်နေလေသည်။ ထိုကားကိုမောင်းသူက သေချာပေါက် ချမ်းသာရင်ချမ်းသာ ထိုသို့မဟုတ်လျှင် နိုင်ငံရေးဘက်မှ အာဏာကြီးသည့်မိသားစုတစ်ခုခုမှဖြစ်ပေမလိမ့်မည်။

“ရတာပေါ့။”

ဖန်းကျီရွေ့လဲ သိချင်နေသောကြောင့် ချက်ချင်း ကားမောင်းနှုန်းကိုမြှင့်လိုက်သည်။ သို့ပေမည့် အဖြူရောင်Lamborghiniကားထဲမှ မောင်းသူကိုမြင်လိုက်ရချိန်တွင်တော့ ဖန်းကျီရွေ့ ထိတ်လန့်သွားကာ ရုတ်တရက် ဘရိတ်အုပ်မိသွားသည်။

မောင်းနေတဲ့သူက ကုနင်းပဲ!

ဖန်းကျီရွေ့၏ကား ရုတ်တရက်ထိုးရပ်သွားတာကြောင့် လမ်းဘေးမှအတားများကိုပင် ဝင်တိုက်မိတော့မလိုဖြစ်သွားရသည်။

“ဟေ့၊ မင်းတို့ကားဘယ်လိုမောင်းရလဲဆိုတာကော သိရဲ့လား?” ဖန်းကျီရွေ့တို့ကားနောက်ရှိ အခြားကားမောင်းသမားလဲ ရှေ့မှ ရုတ်တရုတ်သဲသဲဖြစ်သွားတာကြောင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။

ကံကောင်းစွာဖြင့် ဘယ်သူမှဒဏ်ရာအနာတရမရရှိခဲ့သောကြောင့် ထိုကားမောင်းသူလဲ ဆဲဆိုကြိမ်းမောင်းပြီးနောက်တွင် သူ့လမ်းသူဆက်မောင်းသွားတော့သည်။

ကုနင်းတို့ကားထဲတွင်တော့ ထိုအဖြစ်ကြောင့် နည်းနည်း ကြောက်ရွံ့သွားကြသည်။

“တော်တော်လေး၊ အန္တရာယ်များတာပဲ။” ကုနင်းပြောလိုက်ကာ ချောင်ဝမ်ရှင်းကလဲထောက်ခံလိုက်သည်။

“ဟုတ်ပါ့၊ လမ်းဘေးအတားတွေကိုတောင် ဝင်တိုက်မိတော့မလို့။”

ကုနင်း သူမနောက်မှ ဇိမ်ခံကားကိုဘယ်သူပိုင်မှန်းမသိသော်လည်း မောင်းသူနေရာကတော့ ဖန်းကျီရွေ့ဖြစ်တာကို သူမကားနောက်ကြည့်မှန်မတစ်ဆင့် မြင်လိုက်ရတာကြောင့် ဖန်းကျီရွေ့တစ်ယောက် သူမအဖြူရောင်Lamborghiniကား မောင်းနေသည်ကိုမြင်ပြီး လန့်သွားခြင်းဖြစ်လောက်မည်ဟု တွေးလိုက်မိသည်။

ကွမ်းပင်းသည်လဲ ဖန်းကျီရွေ့ရုတ်တရက်ပြုလုပ်လိုက်သည့် ကိစ္စအတွက် ထိတ်လန့်လို့နေသည်။

“ကျီရွေ့၊ ဘာလို့ရုတ်တရက်ကြီး ဘရိတ်အုပ်လိုက်ရတာလဲ? ဒီလိုလုပ်တာ အန္တရာယ်အရမ်းများတယ်ဆိုတာ မသိဘူးလား?”

“မောင်းနေတဲ့သူက ငါ့ဘော့စ်ပဲ။” ဖန်းကျီရွေ့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဘော့စ်၊ ဘာဘော့စ်လဲ?” ဖန်းကျီရွေ့၏သူငယ်ချင်းကတော့ သိချင်သွားသည်။

ကွမ်းပင်းသည်လဲ အလွန်အံ့ဩသွားကာ၊

“ဘာ? မိန်းကလေးကုမောင်းနေတာလား?” ကွမ်းပင်းသည်က‌ ကားနောက်ထိုင်ခုံတွင် ထိုင်နေခြင်းဖြစ်တာကြောင့် အဖြူရောင်Lamborghiniကား၏မောင်းသူကို သေချာမမြင်တွေ့လိုက်ရပေ။

“မိန်းကလေးကု? ကျီရွေ့ရဲ့ဘော့စ်က မိန်းကလေးလား?” ဖန်းကျီရွေ့၏သူငယ်ချင်းသည်တော့ အလွန်အံ့ဩသွားကာ သူ့နားသူတောင် မယုံနိုင်ဖြစ်သွားသည်။ ဖန်းကျီရွေ့ မိန်းမတွေကို ဘယ်လောက်တောင် အထင်အမြင်သေးလဲဆိုသည်ကို သူတို့အားလုံးသိထားကြပြီးသား မဟုတ်ပါလား။

“မိန်းကလေးကုက၊ တခြားလူတွေနဲ့မတူဘူး။ ငါတို့အားလုံး သူ့ကိုလေးစားကြတယ်။ ကျောက်ခန်းလင်ငါတို့ကို လက်စားချေဖို့လုပ်တုန်းက ငါတို့တွေ သေလုနီးနီးပဲ၊ အဲ့အချိန် ငါတို့ကို မိန်းကလေးကု လာကယ်ပေးတာ။ မင်းအဲ့တုန်းက အတူရှိမနေလို့ မိန်းကလေးကု ဘယ်လောက်တောင် မိုက်လဲ မသိတာ။ သူတစ်ယောက်တည်းနဲ့ ယောကျ်ားလေး၄ယောက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူသွားတာ။ ပြီးတော့ မိန်းကလေးကုက ထန်ကျားခိုင်ရဲ့ညီမတဲ့။ ကြည့်ရတာ သူတို့ဆွေမျိုးတော်တယ်လို့ထင်တယ်။” ကွမ်းပင်းလဲ အတော်စိတ်လှုပ်ရှားလို့နေသည်။ အစတုန်းကတော့ သူ ကုနင်းကို အထင်သေးခဲ့ပေမည့် မြင်းပြိုင်ပွဲပြီးကတည်းက စတင်ကာ သူမကို လေးစားလာမိလေသည်။ ကုနင်း သူတို့ကိုလာကယ်ပြီးချိန်တွင်တော့ လေးစားသဘောကျမှုအပြည့်အဝရှိသွားခဲ့ပြီဖြစ်သည်။

“တကယ်ကြီးလား?” ဖန်းကျီရွေ့၏သူငယ်ချင်းလဲ ဘယ်မိန်းကလေးကမှ ကွမ်းပင်းပြောသလို အံ့ဩဖို့ကောင်းသည်ဟု တခါမှမကြားဖူးတာကြောင့် အလွန်အံ့ဩသွားခဲ့သည်။

“တကယ်ပေါ့!” ဖန်းကျီရွေ့ ပြန်ဖြေလိုက်သည်။

“ထန်ကျားခိုင်ဆိုတာ Bမြို့ထိပ်တန်းထန်မိသားစုကမဟုတ်လား?”

“ဟုတ်တာပေါ့၊ ကုနင်းကြောင့်ပဲ ငါတောင် ထန်ကျားခိုင်နဲ့ တစ်စားပွဲတည်း ထမင်းအတူထိုင်စားဖူးသွားပြီ။” ကွမ်းပင် အလွန်ဂုဏ်ယူနေဟန်ဖြင့်ပြောလိုက်သည်။ သူနှင့်ထန်ကျားခိုင်ကြားက ကွာခြားချက်က အလွန်ကြီးမားလွန်းတာကြောင့် ထန်ကျားခိုင်ကို မနာလိုမဖြစ်ဘဲ ထန်ကျားခိုင်နှင့်ရင်းနှီးနိုင်ဖို့ရန်သာ မျှော်လင့်ပေသည်။

“ကျီရွေ့၊ မိန်းကလေးကုက မင်းရဲ့ဘော့စ်ဆိုမှတော့၊ ဘာလို့ ဒီညငါတို့မတွေ့ကြတာလဲ?” ဖန်းကျီရွေ့၏သူငယ်ချင်းက အကြံပေးလိုက်သည်။

“ငါနောက်မှ ဖုန်းဆက်ပြီး သူဒီညအားလားမေးကြည့်လိုက်မယ်။” ဖန်းကျီရွေ့လဲ ကုနင်းနှင့်တွေ့ချင်မိလေသည်။

ကုနင်းတို့ ထန်အိမ်တော်သို့ရောက်ချိန်တွင်တော့ ချောင်ဝမ်ရှင်းလဲ ထန်ယွင်ဖန်း ကားတိုက်မှုဖြစ်ကာ ၅ရက်နီးပါး သတိမေ့မျောနေခဲ့သည့်အကြောင်း သိရှိသွားတော့သည်။ ထို့အပြင် ကုနင်း ထန်ယွင်ဖန်းနှင့် အလွန်ဆင်တူနေရခြင်းမှာ သမီးအရင်းဖြစ်နေခြင်းကြောင့် ဆိုသည်ကိုလဲ သူမသိသွားခဲ့သည်။

ထိုသတင်းများက ချောင်ဝမ်ရှင်းကို အံ့အားသင့်သွားစေသလို အလွန်လဲ စိတ်လှုပ်ရှားသွားစေသည်။ ကုနင်းက ထန်ယွင်ဖန်း၏ သမီးအရင်းဆိုမှတော့ သူမနဲ့လဲ မောင်နှမဝမ်းကွဲတော်စပ်သွားပြီပေါ့! ကံတရားကြီးက တကယ့်ကို ဆန်းကြယ်လှပေသည်။ သို့ပေမည့် ထန်ယွင်ဖန်း၏ လက်ရှိအနေအတွက်ကိုလဲ သူမစိုးရိမ်မိပါသေးသည်။

ကုမန့်အတော်ထပ်သို့တက်သွားကာ ထန်ယွင်ဖန်းနှင့်စကားသွားပြောချိန်တွင်တော့ ကုနင်းထံ ဖန်းကျီရွေ့ဖုန်းဆက်လာခဲ့သည်။

“ဘော့စ်၊ Bမြို့ကိုရောက်နေတာ ဘာလို့ ငါတို့ကိုမပြောတာလဲ?”

“ငါအရေးကြီးကိစ္စလုပ်စရာရှိလို့လာရတာ။”

“ဒါဆို ဘယ်အချိန်အားမလဲ? ဒီညတွေ့ကြလို့ရမလား?”

“ဒီညတော့ မရလောက်ဘူး။ ငါအားတဲ့နေ့ကျပြန်ပြီး ဆက်သွယ်လိုက်မယ်လေ။”

“ကောင်းပါပြီ။”

ဖန်းကျီရွေ့ဖုန်းချပြီးသွားသည်နှင့် သူ့သူငယ်ချင်းများက ကုနင်းဒီညအားလားဆိုသည့်အကြောင်းကို မေးမြန်းကြတော့သည်။

“သူဒီညတော့ တွေ့ဖို့အချိန်မရှိသေးဘူးတဲ့၊ ဒါပေမယ့် အားတာနဲ့ ဆက်သွယ်လိုက်မယ်လို့ပြောတယ်။”

ဖန်းကျီရွေ့၏သူငယ်ချင်းများကတော့ ကုနင်းနှင့်မတွေ့ရတော့၍ အနည်းငယ်စိတ်ပျက်သွားကြပေမည့် သူတို့လဲ ဘာမှလုပ်နိုင်တာမရှိပေ။

……..

လင်ရှောင်းထင်သည် အလုပ်မလုပ်သည့် သူဌေးတစ်ယောက်တော့မဟုတ်ပေ။ ရှန်းရှစ်လုပ်ငန်းစုအတွက် အရည်အချင်းပြည့်ဝသည့် စီမံခန့်ခွဲသူများစွာကို ခန့်အပ်ထားပြီးဖြစ်ကာ လုပ်ငန်းပိုင်းနှင့် ငွေကြေးပိုင်းကို ဝင်ရောက်စစ်ဆေးဖြစ်သည်က ရှားလှသော်လည်း သူ့လုပ်ငန်းစု အခြားလုပ်ငန်းများနှင့် ယှဉ်လျှင်နောက်ကောက်မကျသွားစေရန်အတွက် လုပ်ဆောင်ပေးနေဖို့ လိုအပ်လို့နေစဲဖြစ်သည်။

ရှန်းရှစ်လုပ်ငန်းစု၏ရုံးချုပ်သည် မြို့တော်တွင် တည်ရှိခြင်းဖြစ်ပေမည့် အခြားမြို့ကြီးများတွင်လဲ ရုံးခွဲများစွာတည်ရှိလေသည်။

ရှန်းရှစ်လုပ်ငန်းစုသည် လင်ရှောင်းထင် တည်ထောင်ထားခြင်းမဟုတ်ဘဲ သူ၏အမေဘက်မှ အဖိုး၏ပိုင်ဆိုင်မှုဖြစ်သည်။ လင်ရှောင်းထင်၏မိခင် ကွယ်လွန်သွားသည့်အချိန်တွင် လင်ရှောင်းထင်ကသာ သူ့အဖိုး၏အမွေကို ဆက်ခံရမည့်သူဖြစ်လာခဲ့သည်။

လင်ရှောင်းထင် ရှန်းရှစ်လုပ်ငန်းစုကို လက်လွှဲယူလိုက်ချိန်တွင် လုပ်ငန်းသည် ထိပ်တန်းလုပ်ငန်း၂၀စာရင်းတွင်ပင် မပါရှိသေးပေ။ သို့ပေမည့် လင်ရှောင်းထင် လက်လွှဲယူခဲ့ပြီး ၅နှစ်အတွင်းမှာပဲ လင်ရှောင်းထင်၏ဦးဆောင်မှုဖြင့် လုပ်ငန်း၏အောင်မြင်မှုမှာ အမြန်ဆုံးနှုန်းနှင့် တိုးတက်အောင်မြင်လာခဲ့ပြီး လုပ်ငန်းတစ်ခုပြီးတစ်ခုကို ကျော်တက်ကာ ထိပ်တန်းလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

လုပ်ငန်းတစ်ခု၏ရုတ်တရက် မြန်ဆန်စွာ တိုးတက်အောင်မြင်လာမှုသည် လုပ်ငန်းတူများအတွက်တော့ အာရုံစိုက်စရာဖြစ်လာသည်မှာ ပုံမှန်ပင်။ ထို့ကြောင့်လဲ ရှန်းရှစ်လုပ်ငန်းစုကို နင်းခြေဖို့ရန် ကြံစည်သူအများအပြားရှိခဲ့သည်။

အစပိုင်းတွင်တော့ လင်ရှောင်းထင်အတွက် ထိုပြိုင်ဆိုင်မှုများကို ကိုယ်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲခဲ့ပေမည့် လင်ရှောင်းထင်နှင့်ရှန်းရှစ်လုပ်ငန်းစုတို့ အချိန်တိုအတွင်း အလွန်တိုးတက်အောင်မြင်လာချိန်တွင်တော့ ထိုစီးပွားရေးပြိုင်ဘက်များလဲ တစ်စတစ်စ အရှုံးပေးသွားကြလေသည်။

ရှန်းရှစ်လုပ်ငန်းစုနှင့် ထန်ဟွမ်လုပ်ငန်းစုတို့သည် ကျော်ကြားသည့် ပြည်တွင်းလုပ်ငန်းစုများဖြစ်ကြကာ လုပ်ငန်းနှစ်ခုကလဲ အချင်းချင်းပူးပေါင်းမှုပြုထားကြသည်။ လင်ရှောင်းထင်ရော ထန်ယွင်ဖန်းကပါ သူတို့၏စီးပွားရေးပြိုင်ဘက်များကို အရေးစိုက်ပြီး ပြိုင်ဆိုင်ကာ မကောင်းကြံစည်နေခြင်းမျိုးမရှိတာကြောင့် သူတို့လုပ်ငန်းကိုပဲ ပိုပြီးအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။

***

အခန်း ၅၄၉

စီအီးအိုရုံးခန်း

လင်ရှောင်းထင်နှင့် ထန်ယွင်ဖန်းတို့သည် ကိုယ်တိုင်က စတင်မကောင်းကြံစည်မည် မဟုတ်သော်လည်း သူတို့ကိုသာ တစ်ယောက်ယောက်က နောက်ကျောဓါးနှင့်ထိုးဖို့ ကြံစည်လာပါက တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပြန်လည်ပေးဆပ်ရအောင် လုပ်ကြမည့်သူများဖြစ်လေသည်။

စိတ်ဝင်စားဖို့ကောင်းသည့်အချက်သည်က ထန်ယွင်ဖန်းသည် ယခုထိတိုင် လင်ရှောင်းထင်က ရှန်းရှစ်လုပ်ငန်းစု၏ ပိုင်ရှင်အစစ်ဖြစ်ကြောင်း မသိထားသေးပေ။ သို့ပေမည့် အခုကစပြီး သူတို့ကြားတွင် ကုနင်းရှိနေတာကြောင့် သူတိုင်းလုပ်ငန်းချင်း‌ ပူးပေါင်းမှုသည်လဲ ပို၍ဟန်ချက်ညီကာ အဆင်ပြေလာပေလိမ့်မည်။ ကုနင်း၏မျက်နှာကိုထောက်ထားခြင်းအားဖြင့် သူတို့အချင်းချင်း အကျိုးအမြတ်တစ်ခုအတွက်နှင့် တစ်ဖက်ကိုတစ်ဖက် ထိခိုက်နစ်နာအောင် လုပ်ကြတော့လိမ့်မည်မဟုတ်ပေ။

ရှန်းရှစ်လုပ်ငန်းစု၏ Bမြို့ရုံးခွဲသည် မြို့တွင်းနှင့်အနီးအနားတွင် တည်ရှိပြီး ၃၂ထပ်မြင့်သည့် အဆောက်အဦးတစ်ခုဖြစ်ကာ စတုရန်းမီတာတစ်ထောင်ကျော်မျှကျယ်ဝန်းလေသည်။

ဟဲချီမင်းသည် ရှန်းရှစ်လုပ်ငန်းစု၏ Bမြို့ရုံးခွဲဥက္ကဌဖြစ်ကာ အသက်၄၀ကျော်ဝန်းကျင်ရှိပြီး လင်ရှောင်းထင်၏အဖိုးလက်ထပ်ကတည်းက ရှိသည့် လုံ့လဝီရိယရှိသော လူတစ်ယောက်ပင်ဖြစ်သည်။

လင်ရှောင်းထင်ခန့်အပ်ထားသမျှ အတွေ့အကြုံရှိသည့် စီမံခန့်ခွဲသူအများစုသည် သူ့အတွက် သစ္စာရှိရှိလုပ်ကိုင်ပေးကြသူများဖြစ်လေသည်။ ရှန်းရှစ်လုပ်ငန်းစု ယနေ့အချိန်တွင် အောင်မြင်နေရခြင်းကလဲ ထိုလူများအပေါ် တစ်စိတ်တစ်ပိုင်းမူတည်လေသည်။

လင်ရှောင်းထင် ရှန်းရှစ်လုပ်ငန်းစု၏ ဧည့်ခန်းမကြီးထဲသို့ဝင်လိုက်သည်နှင့် တပြိုင်နက် အနားမှလူတိုင်း၏အာရုံကို စွဲဆောင်သွားခဲ့ကာ အထူးသဖြင့် ဧည့်ကြိုစားပွဲမှ မိန်းမငယ်လေးများသည်တော့ မှင်တက်လို့နေသည်။

“ဝိုး! လူကြီးမင်းလင် ဒီနေ့လာတယ်ဟ! သူကတော့ အမြဲကို ကြည့်ကောင်းနေတော့တာပဲ!”

“ဟုတ်ပါ့၊ သူကို ဒီမှာမြင်ရတာ တော်တော်ရှားတယ်။”

လင်ရှောင်းထင် အရင်လဲ ဤရုံးခွဲသို့လာဖူးတာကြောင့် ဧည့်ကြိုစားပွဲမှ မိန်းမငယ်လေးများမှာ လင်ရှောင်းထင်ကို သိနေကြပြီးဖြစ်သည်။ ဟဲချီမင်းကလဲ လင်ရှောင်းထင် ဘယ်အချိန်လာလာ သူ့ကိုမတားဖို့ ပြောထားလေသည်။ ဟဲချီမင်းက လင်ရှောင်းထင်၏ နောက်ခံအစစ်အမှန်ကိုတော့ မပြောပြထားသောကြောင့် ဝန်ထမ်းများက လင်ရှောင်းထင်ကို ဟဲချီမင်း၏ မိတ်ဆွေဟုသာ ထင်ကြလေသည်။

သို့ပေမည့် လင်ရှောင်းထင် ဓါတ်လှေကားရှိရာသို့လျှောက်သွားချိန်တွင်တော့ လူတစ်အုပ်ကလဲ လျှောက်လာကာ ထိုအဖွဲ့ကို ဦးဆောင်လာသူကတော့ လှပငယ်ရွယ်ကာ အရည်းအချင်းရှိပုံပေါ်သည့် အမျိုးသမီးတစ်ဦးဖြစ်လေသည်။ သူမ လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် မြင်မြင်ချင်းမှာပင် မှင်သက်မိသွားသည်။ သူမကတော့ လင်ရှောင်းထင်ကို လူအများရှေ့တွင် စကားသွားစပြောခြင်းမရှိပေမည့် လင်ရှောင်းထင်၏မျက်နှာကို သေချာမှတ်ထားကာ သူနှင့်နောက်တစ်ကြိမ် တွေ့ဆုံဖို့ရန် မှတ်ထားလိုက်သည်။

လင်ရှောင်းထင်သည်တော့ ထိုအဖွဲ့ကို လုံးဝလျစ်လျူရှုကာ စီအီးအိုအထူးသီးသန့် ဓါတ်လှေကားထဲသို့ဝင်သွားခဲ့သည်။ လင်ရှောင်းထင် ထိုဓါတ်လှေကားထဲဝင်သွားသည်ကို ထိုအမျိုးသမီးမြင်လိုက်သည်နှင့် မျက်ဝန်းများလင်းလက်သွားတော့သည်။

“သူဘယ်သူလဲ သွားစုံစမ်းခဲ့။” လင်ရှောင်းထင် စီအီးအိုအထူးသီးသန့် ဓါတ်လှေကားထဲဝင်သွားသည်နှင့်သူမဘေးမှ အတွင်းရေးမှူကို အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ၊ မဒမ်။”

ခနအကြာတွင်တော့ လင်ရှောင်းထင်တစ်ယောက် စီအီးအိုရုံးခန်းရှိသည့် ၃၂လွှာသို့ရောက်သွားခဲ့သည်။

လင်ရှောင်းထင် မလာခင်က ဟဲချီမင်းကို သူ့နောက်ခံအစစ်အမှန်ကို ထိန်းသိမ်းရန်အတွက် လာမကြိုဖို့ရန် ပြောကြားထားပြီးဖြစ်သည်။ ထို့ကြောင့် လင်ရှောင်းထင် အခန်းထဲသို့ဝင်သွားလိုက်မှသာ ဟဲချီမင်းက လေးစားမှုအပြည့်ဖြင့် နှုတ်ခွန်းဆက်လိုက်တော့သည်။

“ကြိုဆိုပါတယ်၊ သခင်လေးလင်။”

“ဟိုင်း၊” လင်ရှောင်းထင်ကတော့ အပေါ်ယံလောက်သာ ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် ဟဲချီမင်း၏အတွင်းရေးမှူးကလဲ လင်ရှောင်းထင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ချက်ချင်းပြန်ထွက်သွားတော့သည်။

ထို့နောက် ဟဲချီမင်းက လတ်တလော ကုမ္ပဏီဖွံ့ဖြိုးမှုအပိုင်းများကို လင်ရှောင်းထံသို့ အစီရင်ခံပေမည့် လင်ရှောင်းထင်ကိုယ်တိုင် စီစဉ်ဆောင်ရွက်ပေးဖို့ရန်တော့ မလိုအပ်ပေ။ တကယ်တော့ လင်ရှောင်းထင် ကိုယ်တိုင်ကလဲ စီးပွားရေးဘက်တွင် အရမ်းမတော်ပေမည့် သူ့အတွက် လုပ်ငန်းကောင်းတစ်ခုကိုလုပ်ဖို့ရန် လူမှန်ရွေးချယ်သည့်‌ နေရာမှာတော့ အလွန်အရည်အချင်းရှိသူဖြစ်လေသည်။

ကုမ္ပဏီဘက်က ခက်ခဲသည့်ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရကာ နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ချဖို့ရန်လိုအပ်လျှင်တော့ လင်ရှောင်းထင် ဝင်ရောက်ဆုံးဖြတ်ပေးပေလိမ့်မည်။

…….

ကုနင်းကတော့ နောက်တစ်ပတ်လဲ ဆက်ပြီးကျောင်းပျက်နေစဲပင်။

ကုနင်းကျောင်းရက်ရှည်ပျက်မည့်အကြောင်း ကုနင်းကိုယ်တိုင် ကျန်းချိုးဟွာကို မပြောထားတာကြောင့် အခုထိတိုင်မသိရသေးပေ။

ထိုအချိန်တွင်ပဲ ကျောင်းအုပ်က ကျန်းချိုးဟွာကို ခေါ်ယူကာ လာမည့်အတန်းချိန်များကို ဆက်တက်တော့မည်မဟုတ်ကြောင်း ပြောလာတာကြောင့် ကျန်းချိုးဟွာ အလွန်ထိတ်လန့်လို့သွားခဲ့သည်။

“ဘာ? သူက အတန်းတွေဆက်မတက်တော့ဘဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေခါနီးမှ တက်တော့မယ်ပေါ့? ကျောင်းအုပ်ကြီးကရော သဘောတူလိုက်တာလား?”

“တူလိုက်တယ်။” ကျောင်းအုပ်ကြီးကတော့ ထိုကိစ္စကို ပြဿနာကြီးတစ်ရပ်ဟုမတွေးမိပေ။

“တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေရဖို့က သိပ်မလိုတော့ဘူးလေ!” ကျန်းချိုးဟွာ ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။

“သူက ကိုယ့်သာသာ စာလေ့လာပြီး၊ စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့အောင်စေရမယ်လို့ ကတိပေးထားပါတယ်။ သိပ်ပြီး စိတ်ပူမနေပါနဲ့။”

ထိုသို့ဆိုလျှင်ပင် ကျန်းချိုးဟွာကတော့ ရူးမိုက်သည့်အကြံဉာဏ်ဟုသာ တွေးနေမိစဲဖြစ်သည်။ သို့သော်လည်း ကျောင်းအုပ်ကိုယ်တိုင်က သဘောတူထားပြီးဖြစ်သောကြောင့် သူမလဲ ကျောင်းအုပ်၏ဆုံးဖြတ်ချက်ကို မပြောင်းပေးနိုင်ပေ။

ယွီမီရှီနှင့်ကျန်လူများသည်တော့ ကုနင်း အလုပ်ရှုပ်နေပြီး အတန်းဆက်မတက်ဖြစ်တော့သည်ကို သိထားပြီးဖြစ်သောကြောင့် သူမကို အနှောက်အယှက်မပေးမိရန် မဆက်သွယ်ကြတော့ပေ။ ကုနင်း အားသည့်အချိန်ရောက်မှသာလျှင် သူမတို့ကို WeChatမှတစ်ဆင့် ဆက်သွယ်ပေလိမ့်မည်။

…….

ထန်အိမ်တော်တွင်တော့ ကုမန့်သည် ပုံမှန်အတိုင်း ထန်ယွင်ဖန်းနားတွင် စကားသွားပြောနေကာ ကုနင်းသည်တော့ ဧည့်ခန်းထဲတွင် ရှိနေသည်။

ယနေ့သည် တနင်္လာနေ့ဖြစ်သောကြောင့် ထန်ယွင်ဟန်တို့ အလုပ်သွားနေကြပြီး ထန်ဟိုင်ဖုန်း၊ ချောင်ဝမ်ရှင်းနှင့် ကုနင်းတို့သာ အိမ်တွင် ကျန်ခဲ့ကြသည်။

မကြာခင်တွင်ပဲ ချွမ်မင်ခိုင်ရောက်လာကာ ထန်ဟိုင်ဖုန်းနှင့်အတူ စီးပွားရေးကိစ္စဆွေးနွေးရန်အတွက် စာကြည့်ခန်းသို့လိုက်သွားခဲ့သည်။

“သခင်ကြီးထန်၊ ထန်သဲ့မင် အခုရက်ပိုင်း ချန်းကျုံးရှန်းနဲ့ ဝူပေါ်ယန်တို့ဆီ အသွားစိတ်နေပါတယ်။ ကျွန်တော့်အထင် သူတို့နှစ်ယောက်ဆီက ထောက်ခံမှုကို လိုချင်နေပုံပဲ။” ချွမ်မင်ခိုင် သူစောင့်ကြည့်ထားသည့် အခြေအနေကို တင်ပြလိုက်သည်။

ချန်းကျုံးရှန်း နှင့် ဝူပေါ်ယန်တိုသည် ထန်ဟွမ်လုပ်ငန်းစု ဥက္ကဌအသစ်ရွေးချယ်စဉ်က မဲမထည့်ခဲ့ကြသည့် ဒါရိုက်တာနှစ်ဦးဖြစ်သည်။

“ချန်းကျုံးရှန်းနဲ့ ဝူပေါ်ယန်တို့ဘက်ကကော ဘယ်လိုတုံ့ပြန်မှုရှိလဲ?”

“သူတို့ပုံမှန်အနေအထားကနေ ကွဲထွက်နေတာမျိုးတော့ မတွေ့ရပါဘူး။ ဒါပေမယ့် သူတို့ချင်း တိတ်တဆိတ်ဆွေးနွေးမှုတွေ လုပ်နေလားဆိုတာတော့ ဘယ်သူမှမသိနိုင်သေးဘူး။”

ကျန်းကျုံးရှန်းနှင့် ဝူပေါ်ယန်တို့သည် ကုမ္ပဏီအတွက် အကျိုးများစွာဖြစ်ထွန်းအောင် လုပ်ပေးခဲ့ဖူးကာ ဘယ်တုန်းကမှတော့ ကုမ္ပဏီ၏အကျိုးစီးပွားထိခိုက်စေရန် လုပ်ဆောင်ဖူးခြင်းမရှိသေးပေမည့် ထန်ဟိုင်ဖုန်းအနေနှင့်တော့ ဆက်ပြီးသတိထားစောင့်ကြည့်ဖို့ရန် လိုအပ်သေးသည်။

“သခင်ကြီးထန်၊ ထန်သဲ့မင်ရဲ့ ကျောထောက်နောက်ခံနဲ့ပတ်သတ်ပြီး ကျွန်တော့် ခံစားချက်တွေမကောင်းဘူး။ အခုထိ အဲ့လူဘယ်သူလဲဆိုတာ ကျွန်တော် စုံစမ်းလို့မရသေးဘူး။ ထန်သဲ့မင်ရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကနေလဲ ဘာသံသယဖြစ်စရာ အချက်မှရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့်လဲ သူတို့ချင်း ဆက်သွယ်ဖို့ သီးသန့်လျှို့ဝှက်ဖုန်းတစ်ခုထားထားတာလဲ ဖြစ်နိုင်သေးတယ်။”

ထန်ဟွမ်လုပ်ငန်းစု အင်အားအလွန်ကြီးသည် မှန်သော်လည်း သူတို့သိချင်သမျှ အရာရာတိုင်းကိုတော့ ရှာနိုင်ခြင်းမရှိသေးပေ။

“သူတို့ကို ဆက်စောင့်ကြည့်ထားလိုက်ဦး။” ထန်ဟိုင်ဖုန်း ဆက်ပြီးစောင့်ကြည့်ဖို့ရန်သာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ သခင်ကြီး။”

သူတို့နှစ်ဦး စာကြည့်ခန်းထဲမှ မထွက်သွားခင် အခြားအကြောင်းအရာ တချို့ကိုလဲ ဆက်ပြီးဆွေးနွေးဖြစ်ခဲ့ကြသေးသည်။

“မိန်းကလေးကု၊ မင်းရဲ့ဆိုင်ပြင်ဆင်မှုက ဒီနေ့ဆိုလက်စသတ်ပါပြီ၊ မနက်ဖြန်ဆို သန့်ရှင်းရေးပါ အားလုံးပြီးပါလိမ့်မယ်။ မင်းရဲ့အလုပ်တွေပြီးသွားရင် ကျွန်တော့်ကို ပြောပေးပါ။ သခင်လေးထန်က ကြော်ငြာဖို့နဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ မင်းနဲ့အတူပူးပေါင်းဆောင်ရွက်ပေးဖို့ ငါ့ကိုမှာထားပါတယ်။”

***

အခန်း ၅၅၀

JadeBeautyလက်ဝတ်ရတနာလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ

“ကျေးဇူးပါ၊ လူကြီးမင်းချွမ်၊ ကျွန်မဒီမှာ ကိစ္စတွေပြီးသွားတာနဲ့ ဆက်သွယ်လိုက်ပါ့မယ်။” လူထုကို ကြေငြာဖို့ရန်အတွက် ထန်ဟွမ်လုပ်ငန်းစု၏ အထောက်အပံ့ကို ကုနင်းလိုအပ်ပေသေးသည်။

“ငါ့ကို လူကြီးမင်းချွမ်လို့ ခေါ်ဖို့မလိုပါဘူး။ သူစိမ်းတွေမှမဟုတ်တော့ဘဲ ဦးလေးချွမ်လို့သာ ခေါ်ပါ။” ကုနင်းကို သူအကြိမ်ရေအနည်းငယ်ခန့်သာ တွေ့ဖူးခဲ့သော်လည်း အခုချိန်တွင် ကုနင်းသည် ထန်မိသားစုဝင်တစ်ဦးဖြစ်နေပြီ ဖြစ်သောကြောင့် သူစိမ်းတစ်ယောက်မဟုတ်တော့ပေ။

“ဦးလေးချွမ်။”

“အဆင်ပြေရင် ကျွန်မကိုလဲ မိန်းကလေးကုလို့ ဆက်မခေါ်ဘဲ နာမည်အပြည့်အစုံကိုပဲ ခေါ်လို့ရပါတယ်။”

“ကောင်းပြီလေ၊ ကုနင်း။” ချွမ်မင်ခိုင် လုပ်စရာကိစ္စများရှိနေသေးတာကြောင့် ထန်အိမ်တော်တွင် ကြာကြာဆက်မနေဘဲ ပြန်ထွက်သွားခဲ့သည်။

ချွမ်မင်ခိုင်လာရောက်သတိပေးသွားသည့်အတွက် ရှေ့လာမည့်နေရက်များတွင် ကုနင်းအလုပ်အရမ်းရှုပ်ရပေဦးမည်။

Bမြို့လက်ဝတ်ရတနာဆိုင်ခွဲကို တစ်ပတ်အတွင်းဖွင့်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ အလွယ်တကူ စီစဉ်၍ရသည့် ဟွမ်းဒင်ဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ သို့ပေမည့် ထိုကိစ္စများမတိုင်မီ သူမGမြို့သို့ လူကိုယ်တိုင် သွားရောက်ဖို့ရန် လိုအပ်သေးသည်။ Bမြို့သို့ အဖိုးတန်လက်ဝတ်ရတနာပေါင်းများစွာကို သယ်ယူရမည်ဖြစ်၍ ကျိုးကျန်းဟုန်တစ်ယောက်တည်း လုပ်ပါက လုံခြုံရေးအတွက် အလုံးစုံ စိတ်ချရဦးမည်မဟုတ်ပေ။ သို့ပေမည့် နောက်အနာဂါတ်တွင်တော့ ကုနင်း Gမြို့မှတစ်ဆင့် လက်ဝတ်ရတနာများကို သယ်ယူတော့မည်မဟုတ်ဘဲ Bမြို့တွင်လဲ သီးသန့်စက်ရုံတစ်ခု တည်ဆောက်ဦးမည်ဖြစ်သည်။

နေ့လည်စာစားသောက်ပြီးလျှင်တော့ ကုနင်း ဖွင့်ပွဲအခမ်းအနားအတွက် ပွဲတက်ဂါဝန်များကို သွားရောက်စစ်ဆေးဖို့ရန် လိုအပ်သေးသည်။ ယုကျီကို သူမယုံကြည်ထားပြီးဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ စစ်ဆေးချင်သေးသည်။

မော်ဒယ်များကိုတော့ ထန်ဟွမ်လုပ်ငန်းစုလက်အောက်ရှိ ဖျော်ဖြေရေးလုပ်ငန်းအချို့မှ ငှားရမ်းသွားမည်ဖြစ်သည်။ အခုချိန်မှာတော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းအတွက် ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်ရေးအတွက် နောက်ဆုံးဆုံးဖြတ်ချက်မချရသေးပေ။ ထိုပြောရေးဆိုခွင့်ရှိသူသည် အနည်းဆုံးတစ်နှစ်ကတော့ သူမ၏အမှတ်တံဆိပ်အတွက် ကိုယ်စားပြုသူဖြစ်သွားမှာဖြစ်၍ အထူးအရေးကြီးလှပေသည်။ ထို့ကြောင့် ကုနင်းလက်အောက်တွင် အလုပ်လုပ်နေသည့် စုထုံနျိုကို ပထမရွေးချယ်မှုအဖြစ် ရွေးထားခဲ့သည်။ စုထုံနျိုသည် အရည်အချင်းရှိသည့် မင်းသမီးတစ်လက်ဖြစ်ကာ သူမ၏ဂုဏ်သိက္ခာပိုင်းကလဲ ပြောနေစရာမလိုအပ်ပေ။

စုထုံနျိုသည် လူထု၏အမြင်တွင်တော့ အရမ်းကျော်ကြားခြင်းမရှိနိုင်သလို အောင်မြင်မှုလဲ များစွာရရှိထားခြင်းမရှိသေးပေမည့် ကုနင်းကတော့ ထိုအတွက် စိုးရိမ်ခြင်းအလျဉ်းမရှိပေ။ စုထုံနျို သူမအတွက် အလုပ်လုပ်ပေးနေသ၍ သူမဘက်လဲ စုထုံနျို အောင်မြင်ကျော်ကြားဖို့ရန် တာဝန်ယူပေမည်။ ထို့အပြင် စုထုံနျိုသည် Aအဆင့်စာရင်းဝင်ခါနီးမင်းသမီးလဲဖြစ်သောကြောင့် သူမရွေးချယ်မှုမှန်လိမ့်မည်ဟု ကုနင်းယုံကြည်မှုအပြည့်ရှိသည်။

ကြော်ညာထွက်လာသည်နှင့် ကေ၏အကူအညီဖြင့် စုထုံနျိုလဲ ပြည်တွင်းမှာနာမည်ကြီးလာနိုင်ပေသည်။

ထိုကိစ္စအပြင် Bမြို့တွင် ရိုက်ကူးရေးပြီးခါနီးနေပြီဖြစ်သည့် ချူးဖေ့ဟန်တို့အဖွဲ့ကိုလဲ ကုနင်းသွားခေါ်ဖို့ လိုသေးသည်။

ကိုလိန်းဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏စက်ရုံကလဲ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများထုတ်လုပ်မှု ပြီးစီးခါနီးပြီဖြစ်ကာ ရက်ပိုင်းအတွင်း စမ်းသပ်ချက်များ ပြုလုပ်ကြတော့မည်ဖြစ်သည်။ စမ်းသပ်မှုများပြီးသွားလျှင်တော့ ဈေးကွက်ထဲ တရားဝင်‌ စတင်ရောင်းချလို့ရသွားပေမည်။ သို့ပေမည့် နဉ်ချန်ခိုင်၏စီးပွားရေးရန်ဘက်များက စစ်ဆေးမှုမအောင်မြင်ရေးအတွက် ကြိုးပမ်းလာကြမည်ကတော့ အသေအချာပင်။ ထို့ကြောင့် ကုနင်း မြို့တော်ကိုလဲ ရက်ပိုင်းအတွင်း ကိုယ်တိုင်သွားရောက်ဖို့ရန် လိုအပ်ပေသေးသည်။

ချန်စန်းယိ၏ခြေထောက်သည်လဲ လုံးဝကောင်းမွန်သွားပြီဖြစ်ကာ အလုပ်စလုပ်နိုင်နေပြီဖြစ်တာကြောင့် ကုနင်း သူ့အတွက်လဲ ကိစ္စအချို့စီစဉ်ပေးရဦးပေမည်။

“နင်းနင်း၊ နင့်ရဲ့လက်ဝတ်ရတနာအမှတ်တံဆိပ်အတွက် ဘယ်သူ့ကိုပြောရေးဆိုခွင့်ရှိသူခန့်ဖို့ စိတ်ကူးထားလဲ?” ချောင်ဝမ်ရှင်း သိချင်နေလေသည်။

“စုထုံနျို။”

“ဘာ?” ချောင်ဝမ်ရှင်း အံ့ဩသွားရသည်။

“သူ့ရဲ့အောင်မြင်မှုက မလုံလောက်ဘူးလို့ နင်မထင်ဘူးလား? ဘာလို့ Aအဆင့်အနုပညာရှင်တွေကို မသုံးတာလဲ?”

စုထုံနျိုသည် ချောင်ဝမ်ရှင်း၏သူငယ်ချင်းဖြစ်သော်လည်း အဆင့်မြင့်လက်ဝတ်ရတနာ အမှတ်တံဆိပ်တစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ရလောက်သည်အထိ အောင်မြင်မှုမရှိသေးသည်ကတော့ ထိန်ချန်ထား၍မရပေ။

သူမတို့၏စကားဝိုင်းထဲသို့ ထန်ဟိုင်ဖုန်းလဲ ဝင်ရောက်လာကာ၊

“ဝမ်ရှင်းပြောတာမှန်တယ်။ အဖိုးတို့မိသားစုလက်အောက်က ဖျော်ဖြေရေးကုမ္ပဏီတွေမှာလဲ သရုပ်ဆောင်နဲနဲပါးပါးရှိတယ်။ သူတို့ထဲကနေ ရွေးလိုက်ရင်ရော။”

ကုနင်းပြုံးလိုက်ကာ၊

“အခုလိုအကြံပေးတာ ကျေးဇူးတင်ပါတယ်၊ ဖိုးဖိုး။ ဒါပေမယ့် သမီးရဲ့ဖျော်ဖြေရေးကုမ္ပဏီမှာ အလုပ်လုပ်တဲ့သရုပ်ဆောင်ကိုလဲ အခွင့်ရေးပေးချင်သေးလို့ပါ။”

သူမသာ ဤသို့မလုပ်ပေးပါက သူမကုမ္ပဏီတွင်လုပ်ကိုင်နေသည့် သရုပ်ဆောင်များ အောင်မြင်လူသိများလာဖို့ အခွင့်ရေးဘယ်တော့မှ ရတော့လိမ့်မည်မဟုတ်ပေ။

“ဘာ? သမီးကုမ္ပဏီမှာအလုပ်လုပ်တဲ့ သရုပ်ဆောင်၊ ဟုတ်လား? သမီးက ဖျော်ဖြေရေးလောကထဲလဲ ဝင်လုပ်နေပြီလား?” ထန်ဟိုင်ဖုန်း အလွန်အံ့အားသင့်သွားသည်။

“ဟုတ်ပါတယ်။” ကုနင်းပြန်ဖြေလိုက်ပေမည့် အတိအကျတော့ မရှင်းပြခဲ့ပေ။

ထန်ဟိုင်ဖုန်း တစ်ခုခုထပ်ပြောချင်သေးပေမည့် ဘာဆက်ပြောလို့ပြောရမှန်း မသိတော့ပေ။ တကယ်တမ်း၊ အခုလိုအချိန်မှာ သူကဘာများပြောနိုင်ဦးမှာလဲ? ကုနင်းက သူမကိုယ်တိုင်ကြိုးစားမှုဖြင့် အသက်ငယ်ငယ်လေးတွင် ဘီလီယံနာတစ်ယောက်ဖြစ်ကာ သူမလုပ်ငန်းများကိုလဲ အကောင်းဆုံးကိုင်တွယ်ထိန်းချုပ်နိုင်နေလေသည်။ ထို့ကြောင့် ထန်ဟိုင်ဖုန်းတွင် ကုနင်း၏ကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခု ထူထောင်ခြင်းလမ်းစဉ်ကို တားဆီးပိတ်ပင်ဖို့ရန် အခွင့်ကိုမရှိပေ။

သို့ပေမည့် ကုနင်းက အခုမှလုပ်ငန်းများကို စတင်တည်ထောင်ကာစရှိသေးတာကြောင့် သူမလုပ်သမျှလုပ်ငန်းနယ်ပယ်များတွင် အဓိကဘုံရန်သူတစ်ဦးမဖြစ်လာသေးပေ။ သူမသာ အင်အာကြီးလာခဲ့လျှင်တော့ သူမနှင့်စီးပွားတူပြိုင်ဘက်များက သူမကို ဆွဲချဖို့ရန် ကြိုးစားကာ သူမလဲ စီးပွားရေးရန်ပွဲထဲသို့ ပါဝင်သွားရပေလိမ့်မည်။

“ကောင်မလေးကု၊ မင်းဘာပဲလိုလို၊ အဖိုးကိုသာပြော၊ ဟုတ်ပြီလား?” ထန်ဟိုင်ဖုန်းအနေနှင့် သူ၏ချစ်လှစွာသော မြေးမလေးအတွက် အရာရာ ဖြည့်စည်းပေးချင်နေသည်။

“ဟုတ်ကဲ့ပါ၊ ဖိုးဖိုး။”

နိုင်ငံရေးလမ်းကြောင်းတွင် မင်းကိုယ်တိုင်အောင်မြင်မှုများရအောင် စွမ်းဆောင်နိုင်သ၍ အဆင်ပြေပေမည့် စီးပွားရေးလောကတွင်တော့ မတူညီပေ။ မင်းဘယ်လောက်ပဲ စွမ်းဆောင်ရည်ထက်မြက်နေပါစေ အခြားလူများနှင့်လဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေသေးသည်။ အင်အားကြီးသည့် အဆက်အသွယ်ကောင်းများမရှိထားပါက စီးပွားရေးတစ်ခု အောင်မြင်ဖို့ရန် မဖြစ်နိုင်ပေ။

ကုမန့် ထန်ယွင်ဖန်းကို နောက်ထပ်နှစ်နာရီကြာအောင် စကားပြောခဲ့သော်လည်း ထန်ယွင်းဖန်းဘက်က မည်သည့်တုံ့ပြန်မှုမှရမလာသေးတာကြောင့် အားလုံးစိုးရိမ်နေကြလေသည်။

နေ့လည်စာစားပြီးနောက် ကုနင်း ထန်အိမ်တော်မှ ပြန်ဖို့ပြင်လိုက်ပေမည့် ကုမန့်တစ်ယောက်တည်း အနေကြပ်နေမည်ကို စိုးရိမ်နေမိသေးသည်။ ထိုအခါ ကုမန့်က ထန်မိသားစုဝင်အားလုံးနှင့် သူမအဆင်ပြေကြောင်းနှင့် စိတ်ပူရန်မလိုကြောင်းပြောလာခဲ့သည်။

ကုနင်း စီးပွားရေးကိစ္စများနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများပါ‌ ဆောင်ရွက်စရာရှိတာကြောင့် ချောင်ဝမ်ရှင်းကို ခေါ်မသွားတော့ပေ။ ချောင်ဝမ်ရှင်းက သူမမလိုရသည့်အတွက် မကျေမနပ်ပြောပေမည့် အတင်းတော့ ခေါ်သွားဖို့ရန် မပြောပေ။

ကုနင်း ထန်အိမ်တော်မှထွက်လာပြီးသည်နှင့် ဂါဝန်များကို အရင်သွားကြည့်ဖို့ရန်အတွက် ယုကျီကို ဖုန်းဆက်လိုက်သည်။

ယုကျီကလဲ သူမဆိုင်တွင်သာ ရှိနေသောကြောင့် ကုနင်း လင်ရှောင်းထင်နှင့်အရင်တွေ့ပြီးလျှင် ယုကျီ၏ဆိုင်သို့သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် လင်ရှောင်းထင်သည် ဟဲချီမင်းနှင့်အတူ နေ့လည်စာစားနေသောကြောင့် ကုနင်း တခါတည်း ဟိုတယ်သို့သာ သွားကြိုလိုက်သည်။

ဟိုတယ်အပြင်ဘက်တွင် ဇိမ်ခံကားများစွာ ရပ်ထားသည်ဆိုသော်လည်း ကုနင်း၏ အကန့်အသတ်နှင့်ထုတ်ထားသော Lamborghiniကားကတော့ ထင်သာ မြင်သာရှိလွန်းပေသည်။ သူမဟိုတယ်အပြင်တွင် ကားကိုရပ်လိုက်သည်နှင့် အနားမှလူများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။

“ဝိုး၊ အဲ့ဒါ Lamborghiniနောက်ဆုံးထွက်မော်ဒယ်မဟုတ်လား? တစ်ကမ္ဘာလုံးမှာတောင် အစီး၄၀ပဲရှိတာလေ!”

“ဟုတ်သားပဲ! မိုက်လိုက်တာ!”

***

All Chapters